ထုတ်ဖော်ခံရခြင်းနှင့် ဖယ်ရှားရှင်းလင်းခံရခြင်းများစွာကို မျက်မြင်ကြုံတွေ့ပြီးနောက်တွင်

16.11.2024

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီမှာ၊ ယုဒတစ်ယောက်ရဲ့ သစ္စာဖောက်မှုကြောင့်၊ ကျွန်မရဲ့ ဘုရားကို ယုံကြည်ခြင်းနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ အိမ်ကို ရဲတွေရောက်လာကြတယ်။ တင်ပါးဆုံရိုးပျက်စီးတဲ့ရောဂါကြောင့် လမ်းမလျှောက်နိုင်ဘူးဆိုတာ သိလိုက်ရတော့ သူတို့က ကျွန်မကို မခေါ်သွားကြဘူး။ အဲဒီတုန်းက ဘာတာဝန်မှ ကျွန်မ မထမ်းဆောင်နိုင်ခဲ့ဘူး။ ကျွန်မရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ အန္တရာယ်တွေကြောင့်၊ ညီအစ်ကို မောင်နှမတွေက ကျွန်မအိမ်ကို လာလို့မရဘူး။ အစမှာတော့၊ ဒီပတ်ဝန်းကျင်မျိုးကို ဘုရားခွင့်ပြုထားမှန်း ကျွန်မ သိခဲ့တယ်။ ဒါပေမဲ့ ကျွန်မတာဝန်တွေကို မထမ်းဆောင်နိုင်တာ၊ အစေခံမှုကိုတောင် မထမ်းဆောင်နိုင်တာကို စဉ်းစားမိတဲ့အခါ ဒီပတ်ဝန်းကျင်ကတစ်ဆင့် ဘုရားက ကျွန်မကို ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းနေတာများလားလို့ တွေးမိတယ်။ အသင်းတော်မှာရှိတဲ့ လူအတော်များများက ပြီးခဲ့တဲ့ နှစ်နှစ်မှာ တစ်ယောက်ပြီး တစ်ယောက် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံခဲ့ရတာကိုလည်း တွေးမိတယ်။ ဝမ်းတောက်ကို ဥပမာအနေနဲ့ ကြည့်။ သူက စာနဲ့ပတ်သက်တဲ့ တာဝန်ကို လုပ်ခဲ့တယ်။ ဘုရားကို နှစ်တွေအများကြီး ယုံကြည်ခဲ့တယ်။ ငယ်ရွယ်တဲ့အချိန်နဲ့ အိမ်ထောင်ရေးကို စွန့်လွှတ်ခဲ့ပြီး၊ လေးဆယ်၊ ငါးဆယ်အရွယ်မှာတောင် လုံးဝ အိမ်ထောင်မပြုခဲ့ဘူး။ အိမ်ရဲ့အဝေးမှာ သူ့တာဝန်ကို အမြဲ လုပ်ခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ မယုံကြည်သူအနေနဲ့ ထုတ်ဖော်ခံရပြီး ရှင်းလင်းခံခဲ့ရတယ်။ လီလီလည်း ရှိသေးတယ်။ ဘုရားကို အချိန်တိုတို ယုံကြည်ပြီးတဲ့နောက်မှာ သူက သူ့ရဲ့ ယုံကြည်ခြင်းကို အာရုံစိုက်ဖို့ သူ့မိသားစု စီးပွားရေးလုပ်ငန်းကို စွန့်ခွာခဲ့တယ်။ လောကကြီးက သူ့ကို ဘယ်လိုပဲ အသရေဖျက်ပြီး လှောင်ပြောင်ပါစေ ဒါမှမဟုတ် သူ့သားက သူ့ကို ဘယ်လိုပဲ ဆန့်ကျင်ပါစေ၊ သူ့တာဝန်တွေကို သူ လုပ်တုန်းပဲ။ ပြီးတော့ ဧဝံဂေလိ ဖြန့်နေချိန်မှာ ဆင်းရဲဒုက္ခအများကြီး ခံစားပြီး အဖိုးအခပေးခဲ့တဲ့အပြင် လူတချို့ကိုလည်း ရခဲ့တယ်။ နောက်ဆုံးမှာ သူက ဆိုးယုတ်တဲ့လူတစ်ယောက်အနေနဲ့ ထုတ်ဖော်ခံရပြီး ရှင်းလင်းတာခံခဲ့ရတယ်။ ပြီးတော့ ယုဒလုပ်ခဲ့တဲ့အတွက် အမိခံလိုက်ရပြီးတဲ့နောက်မှာ ရှင်းလင်းခံခဲ့ရတဲ့ လူအတော်များများ ရှိတယ်။ ဒီရင်းနှီးတဲ့ လူတွေအားလုံးက တစ်ယောက်ပြီး တစ်ယောက် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရတာကို မြင်တဲ့အခါ၊ ဘုရားအမှုတော်က လူတိုင်း အမျိုးအစားအလိုက် ခွဲခြားခံရတဲ့ အဆင့်ထိ တကယ် ရောက်လာခဲ့ပြီဖြစ်တဲ့အပြင် အသင်းတော်က ကျွန်မကို မရှင်းလင်းခဲ့ပေမဲ့၊ ဒီပတ်ဝန်းကျင်ကတစ်ဆင့် ဘုရားက ကျွန်မကို ဖယ်ရှားရှင်းလင်းတာဟာ ဘုရားက ကျွန်မကို မလိုချင်တော့လို့ပဲလို့ ခံစားခဲ့ရတယ်။ ဒါကို တွေးမိတော့၊ ကျွန်မ အရမ်းအပျက်သဘောဆောင်ပြီး ဝမ်းနည်းမိတဲ့အပြင် တွေးရခက်ခဲ့တယ်။ ဘုရားက ဒီလူတွေအများကြီးကို ကယ်တင်ဖို့ မရွေးချယ်ခဲ့ဘူးလား။ ဘာလို့ သူတို့က နောက်ဆုံးမှာ တစ်ယောက်ပြီးတစ်ယောက် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံခဲ့ရတာလဲ။ ဒီလိုနဲ့ ဘုရားအမှုတော်ရဲ့ အဆုံးမှာ အများကြီး ကျန်မှာ မဟုတ်ဘူးလေ။ ဒါက တကယ်ကို ဘုရားရဲ့ ရည်ရွယ်ချက်များ ဖြစ်မလားပေါ့။ အထူးသဖြင့် တာဝန်တွေကို ထမ်းဆောင်တာနဲ့ ပတ်သက်လို့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်တဲ့အခါ၊ “အခု ငါက လမ်းတောင် မလျှောက်နိုင်ဘူး၊ ဘယ်လိုလုပ်ပြီး ကိုယ့်တာဝန်တွေကို ထမ်းဆောင်နိုင်မှာလဲ။ ဘုရားက လူတွေရဲ့ အတွင်းနှလုံးသားတွေကို စိစစ်တယ်။ ကျွန်မ အရမ်းဖောက်ပြန်ပျက်စီးတာကို သူသိတာဖြစ်ရမယ်။ ဒါကြောင့် ငါ့ကို အနာရောဂါကတစ်ဆင့် ဖယ်ရှားရှင်းလင်းတာပဲ။ သမ္မာတရားကို ငါ ဝီရိယရှိရှိ လိုက်စားတာ ဘာအသုံးဝင်လို့လဲ။ အနာဂတ်မှာ ငါ့အတွက် ကယ်တင်ခြင်း ရှိမှာမဟုတ်တဲ့အပြင် ကောင်းမွန်တဲ့ ဘာရလဒ်၊ ခရီးပန်းတိုင်မှ ရှိမှာ မဟုတ်ဘူး”လို့ပေါ့။ ကျွန်မ အရမ်းအပျက်သဘောဆောင်လာပြီး၊ ဘာကိုမှ မလုပ်ချင်ခဲ့ဘူး။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ချင်စိတ်မရှိဘဲ ဘုရားဆီဆုတောင်းတဲ့အခါ ဘာပြောရမှန်း မသိခဲ့ဘူး။ အပျက်သဘောနဲ့ ခဏခဏ ငိုနေမိတယ်။ ကျွန်မ အခြေအနေ မှားနေတာကို သိခဲ့တဲ့အပြင် အရမ်းအပျက်သဘောဆောင်ပြီးတော့ ဆက်မနေချင်ဘူး။ ဒါကြောင့် ဘုရားဆီ ကျွန်မ ဆုတောင်းတယ်။ “ဘုရားသခင်၊ ကျွန်မ အခြေအနေက အရမ်းဆိုးပါတယ်။ ကိုယ်တော် ကျွန်မကို မလိုချင်ဘဲ ဖယ်ရှားရှင်းလင်းခဲ့သလိုမျိုး ခံစားရတယ်။ ဘုရားသခင်၊ ကျေးဇူးပြုပြီး ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကို နားလည်ဖို့နဲ့ ဒီအပျက်သဘော အခြေအနေကနေ ကျွန်မကို လမ်းပြဦးဆောင်ပေးပါ”လို့ပေါ့။ ဘုရားဆီ ကျွန်မ ထပ်တလဲလဲ ဆုတောင်းခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ထဲက ဒီအပိုဒ်ကို အမှတ်တမဲ့ တွေ့ခဲ့တယ်။ “လတ်တလော နှစ်ကာလများတွင် အသင်းတော် အလုပ်သည် အလွန့်အလွန် များနေခဲ့သောကြောင့် အဖွဲ့အသီးသီးရှိ အသင်းသားများကို ပြောင်းရွှေ့ခြင်းနှင့် တာဝန်ပြောင်းခြင်းအပြင် ထုတ်ဖော်ခြင်း၊ ဖယ်ရှားရှင်းလင်းခြင်းနှင့် သန့်စင်ခြင်းတို့သည် အတော်ပင် မကြာခဏ ဖြစ်ပေါ်နေခဲ့သည်။ ဤအလုပ်ကို ဆောင်ရွက်သည့် လုပ်ငန်းစဉ်တွင် အသင်းသားများကို ပြောင်းရွှေ့ခြင်းသည် အထူးသဖြင့် အတိုင်းအတာအားဖြင့် မကြာခဏဖြစ်ကာ များပြားနေခဲ့သည်။ သို့ရာတွင် အပြောင်းအရွှေ့များ မည်မျှ ဖြစ်ပျက်ခဲ့သည်ဖြစ်စေ၊ သို့မဟုတ် အမှုအရာများ မည်မျှ ပြောင်းလဲသည်ဖြစ်စေ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပြီး တောင့်တသူများရှိ သမ္မာတရား လိုက်စားရန် စိတ်ပိုင်းဖြတ်ချက်သည် ပြောင်းလဲခြင်းမရှိ၊ ၎င်းတို့၏ ကယ်တင်ခြင်း ရရှိလိုစိတ်သည် ပြောင်းလဲခြင်း မရှိ၊ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းသည် ပြောင်းလဲခြင်း မရှိသကဲ့သို့ ၎င်းတို့သည် ကောင်းမွန်သည့် ဦးတည်ချက်ဖြင့် အမြဲ တိုးတက်နေကြပြီး မိမိတို့တာဝန်ကို ထမ်းဆောင်ရာတွင် ယနေ့ထိ ဆက်လက် အပတ်တကုတ်ကြိုးစားကြပြီး ဖြစ်သည်။ စဉ်ဆက်မပြတ် တာဝန်ပြောင်းခံရခြင်းမှတစ်ဆင့် ၎င်းတို့၏ မှန်ကန်သည့်နေရာကို ရှာတွေ့ပြီး မိမိတို့တာဝန်တွင် စည်းမျဉ်းများကို မည်သို့ ရှာဖွေရမည်ကို သင်ယူကြသည့်သူများထက်ပင် များစွာ ပိုတော်သည့်သူများ ရှိကြသည်။ သို့ရာတွင် သမ္မာတရား မလိုက်စားသူများ၊ အပြုသဘောဆောင်သော အရာများကို မချစ်သူများနှင့် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သောသူများသည် ကောင်းစွာ ထမ်းဆောင်ခြင်း မရှိကြချေ။ လူအချို့သည် အမှန်တွင် ၎င်းတို့၏ အတွင်းပိုင်း အခြေအနေက အလုံးစုံ ကမောက်ကမ ဖြစ်နေနှင့်ပြီး လုံးဝ ဝမ်းနည်းညိုးငယ်ကာ အပျက်သဘောဆောင်နေချိန် လတ်တလောတွင် မိမိတို့တာဝန်များကို ဆက်လက်ထမ်းဆောင်ရန် မိမိတို့ကိုယ်ကို ဖိအားပေးနေကြသည်။ သို့သော် ၎င်းတို့သည် အသင်းတော်ကို မစွန့်ခွာကြသေးသကဲ့သို့ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ကြသည့်အလား ထင်ရပြီး မိမိတို့ တာဝန်များကို ထမ်းဆောင်နေကြဆဲဖြစ်သော်လည်း အမှန်တွင် ၎င်းတို့၏ စိတ်နှလုံးများက ပြောင်းလဲပြီးဖြစ်ကာ ဘုရားသခင်ထံမှ ၎င်းတို့ သွေဖည်ကာ ဘုရားသခင်ကို စွန့်ပစ်ကြပြီးဖြစ်သည်။ လူအချို့သည် အိမ်ထောင်ပြုကာ မိမိတို့၏ ဘဝများကို ရှင်သန်ရန် အိမ်ပြန်သွားကြသည်။… လူအချို့သည် ၎င်းတို့၏ ချမ်းသာကြွယ်ဝလာမည့် အိပ်မက်များကို ဆက်လက်လိုက်စားအားထုတ်ကြသည်။ လူအချိူ့သည် အရာရှိ အလုပ်အကိုင်တစ်ခုကို ဆက်လက် လိုက်စားအားထုတ်ကြပြီး အရာရှိတစ်ဦး၊ သို့မဟုတ် ဗျူရိုကရက်တစ်ဦး ဖြစ်လာမည့် ၎င်းတို့၏ အိပ်မက်ကို အကောင်အထည်ဖော်ကြသည်။ အချို့တို့သည် သားသမီးများထွန်းကားဖို့ကို လိုက်စားကြသဖြင့် သားသမီးများကို မွေးပေးနိုင်သည့် ဇနီးမယားတစ်ဦးကို ယူကြသည်။ လူအချို့မှာ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုအတွက် လိုက်လံဖမ်းဆီးခြင်းခံရသည်၊ အားနည်းကာ မကျန်းမမာဖြစ်လာသည်အထိ နှစ်ချီ နှိပ်စက်ခံကြရပြီးနောက် ၎င်းတို့၏ ကျန်ရှိသည့် နှစ်ကာလများကို အသက်ရှင်နေထိုင်ရန် ၎င်းတို့၏ တာဝန်များကို စွန့်ပစ်ကာ အိမ်ပြန်သွားကြလေသည်။ လူတိုင်း၏ အခြေအနေသည် မတူပေ။ လူအချို့သည် မိမိတို့ ဆန္ဒအလျောက် စွန့်ခွာကြပြီး မိမိတို့ အမည်များကို စာရင်းမှဖျက်စေကြသည်။ အချို့မှာ ဖယ်ရှားခံရသည့် မယုံကြည်သူများဖြစ်ပြီး အချို့မှာ မကောင်းမှုမျိုးစုံ လုပ်ဆောင်ကာ နှင်ထုတ်ခံရကြသည်။ ဤလူများအားလုံး၏ အရိုးများအတွင်းတွင် မည်သည့်အရာ တည်ရှိသနည်း။ ၎င်းတို့၏ အနှစ်သာရသည် အဘယ်နည်း။ ထိုအရာကို သင်တို့ ရှင်းလင်းစွာ မြင်ကြပြီလော။...ထို့ကြောင့် ဘုရားသခင်ကို ၎င်းတို့ စတင်ယုံကြည်ကြချိန်တွင် ၎င်းတို့သည် စိတ်ထက်သန်မှုဖြင့် ပြည့်ခဲ့ကြသည်၊ မိမိတို့ အိမ်များ၊ မိမိတို့၏ အလုပ်များကို စွန့်ခဲ့ကြပြီး မကြာခဏ ပေးကမ်းလှူဒါန်းမှုများ ပြုခဲ့ကြကာ ဘုရားအိမ်တော်အတွက် ဘေးအန္တရာယ်များသော အလုပ်များကို တာဝန်ယူခဲ့ကြသည်။ သို့ရာတွင် ၎င်းတို့ကို သင်ကြည့်လိုက်ရာတွင် ၎င်းတို့အားလုံးသည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို စစ်မှန်ရိုးသားစွာ အသုံးခံခဲ့ကြသည်။ ထို့ကြောင့် ယခုတွင် ၎င်းတို့ အဘယ်သို့ဖြစ်ပြီး ပြောင်းလဲသွားပြီး ဖြစ်သနည်း။ ဘုရားသခင်က ၎င်းတို့ကို မနှစ်သက်ခဲ့သကဲ့သို့ အစကတည်းမှ ၎င်းတို့ကို အသုံးပြုခဲ့ကြသောကြောင့်လော။ (မဟုတ်ပါ။) ဘုရားသခင်သည် လူတိုင်းကို မျှတစွာနှင့် တန်းတူ ဆက်ဆံပြီး အားလုံးကို အခွင့်အရေးများ ပေးသည်။ ၎င်းတို့အားလုံးသည် အသင်းတော်အသက်တာကို အသက်ရှင်ခဲ့ကြသည်၊ ဘုရားနှုတ်ကပတ်တော်များကို စားသောက်ခဲ့ကြပြီး ဘုရားသခင်၏ ထောက်ပံ့ပေးခြင်း၊ ရေလောင်းပေးခြင်းနှင့် ထိန်းကျောင်းပေးခြင်းခံရလျက် အသက်ရှင်ခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့သည် အဘယ်သို့ ဖြစ်ပြီး အလွန် ပြောင်းလဲသွားရသနည်း။ ဘုရားသခင်ကို ၎င်းတို့ စတင်ယုံကြည်ခဲ့ချိန်က ၎င်းတို့၏ အပြုအမူနှင့် အသင်းတော်ကို ၎င်းတို့ စွန့်ခွာခဲ့သည့်အချိန်က ၎င်းတို့၏ အပြုအမူမှာ ၎င်းတို့သည် လူနှစ်ဦးကဲ့သို့ ဖြစ်ကြသည်။ ဘုရားသခင်သည် ၎င်းတို့အား မျှော်လင့်ချက် ပျောက်ဆုံးစေပြီလော။ ဘုရားအိမ်တော်နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များက ၎င်းတို့အား ပြင်းပြင်းထန်ထန် စိတ်ပျက်စေပြီလော။ ဘုရားသခင်၊ ဘုရားသခင် မိန့်မြွက်သည့် စကားများ၊ သို့မဟုတ် ဘုရားသခင် လုပ်ဆောင်သည့် အမှုတော်သည် ၎င်းတို့၏ ဂုဏ်သိက္ခာကို ထိခိုက်စေပြီလော။ (မဟုတ်ပါ။) သို့ဆိုလျှင် အကြောင်းရင်းမှာ အဘယ်နည်း။ ဤအရာကို အဘယ်သူ ရှင်းပြနိုင်သနည်း။...(ဘုရားသခင်၊ ဤလူများသည် ဘုရားသခင်ကို စတင် ယုံကြည်လာခဲ့ကြချိန်တွင် ၎င်းတို့၏ စိတ်ထက်သန်မှုနှင့် ကောင်းမွန်သော ကြံရွယ်ချက်အပေါ် ၎င်းတို့ မှီခိုခဲ့ကြပြီး အချို့သော အရာများကို ၎င်းတို့ လုပ်ဆောင်နိုင်ခဲ့ကြသော်လည်း ယခုတွင် ဘုရားအိမ်တော်သည် ယင်း၏ အလုပ်အားလုံးကို ပိုပိုပြီး လေးနက်စွာ သဘောထားနေသည်။ လူတို့က အမှုအရာများအား သမ္မာတရား စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ရန် ဘုရားအိမ်တော်က တောင်းဆိုသည်။ သို့သော် ဤလူများသည် သမ္မာတရားကို လက်မခံကြပါ။ မိမိတို့ တာဝန်များကို ထမ်းဆောင်နေချိန်တွင် မိမိတို့ နှစ်သက်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ရင်း ဒေါသတကြီး လျှောက်ရမ်းကြပြီး မကြာခဏ ပြုပြင်ခံရကြသည်။ ထို့ကြောင့် မိမိတို့ နေသည့်အတိုင်း ကြုံရာကျပန်း ဆက်နေ၍မရတော့ကြောင်း သူတို့ တိုး၍ ခံစားရပြီး နောက်ဆုံးတွင် ဘုရားအိမ်တော်ကို သူတို့ စွန့်ခွာကြသည်။ ဤသည်မှာ အကြောင်းအရင်းတစ်ခု ဖြစ်သည်ဟု ကျွန်ုပ် ထင်ပါသည်။) ၎င်းတို့ နေသည့်အတိုင်း ကြုံရာကျပန်း ဆက်နေ၍ မရဟူသည်မှာ ပြောဆိုခြင်းသည် မှန်ကန်သည့် အရာတစ်ခုလော။ (ဟုတ်ပါသည်။) ၎င်းတို့ နေသည့်အတိုင်း ကြုံရာကျပန်း ဆက်နေ၍မရဟူသည်မှာ အမှုအရာများကို ဖြစ်သလိုလုပ်ကြသည့် လူများနှင့် စပ်လျဉ်း၍ ပြောဆိုထားခြင်း ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်လာသည့်၊ အမှုအရာများကို ဖြစ်သလိုမလုပ်ကြသည့်၊ အလွန် စိတ်ထက်သန်ကြသည့်၊ ဤကိစ္စရပ်ကို အလွန် လေးနက်စွာ သဘောထားကြသည့် လူအချို့ ရှိသည်။ ထို့ကြောင့် ၎င်းတို့သည် အဘယ်သို့ဖြစ်ပြီး ဆက်လုပ်ဆောင်နေခဲ့ကြခြင်း မရှိသနည်း။ (အဘယ်ကြောင့်ဆိုသော် သူတို့၏ တကယ့် သဘောသဘာဝအားဖြင့် ဤလူများသည် သမ္မာတရားကို မချစ်ကြပေ။ ၎င်းတို့သည် ကောင်းချီးများ ရရှိရန်အတွက် ဘုရားသခင်ကို ယုံကြည်လာကြခြင်း ဖြစ်သည်။ ဘုရားအိမ်တော်က သမ္မာတရားအကြောင်း အမြဲ ပြောဆိုနေသည်ကို သူတို့ မြင်ကြပြီး သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကာ ထိုသမ္မာတရားအပေါ် အတိုက်အခံလုပ်ကြ၍ စုဝေးပွဲများ တက်ရောက်ပြီး တရားဒေသနာများကို နားထောင်ရန် ဆန္ဒ နည်းသည်ထက် နည်းလာကြကာ ဤသည်မှာ သူတို့ ဖော်ထုတ်ခံရသည့်ပုံစံ ဖြစ်သည်။) ဤသည်မှာ အခြေအနေတစ်မျိုးဖြစ်ပြီး ဤကဲ့သို့သော လူများစွာ ရှိသည်။ မိမိတို့၏ တာဝန်များကို ပေါ့ပေါ့ဆဆ ပုံစံဖြင့် အမြဲ ထမ်းဆောင်ကြသည့်၊ မိမိတို့ တာဝန်ကို မည်သည့်အခါတွင်မျှ ကောင်းစွာ ထမ်းဆောင်ခြင်း မရှိကြသည့်၊ သို့မဟုတ် မည်သည့်တာဝန်ကိုမဆို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ ထိုအတွက် တာဝန်ယူခြင်း မရှိသည့် လူအချို့လည်း ရှိသည်။ ၎င်းတို့ မတတ်စွမ်းနိုင်ခြင်း၊ သို့မဟုတ် ၎င်းတို့၏ အစွမ်းအစသည် အလုပ်နှင့် ကိုက်ညီမှုမရှိခြင်း မဟုတ်၊ ၎င်းတို့သည် မနာခံတတ်သကဲ့သို့ ဘုရားအိမ်တော် တောင်းဆိုသည့်အရာအတိုင်း အမှုအရာများကို ၎င်းတို့ မလုပ်ဆောင်ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ဒေါသတကြီး လျှောက်ရမ်းကာ မိမိတို့ နှစ်သက်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်သောကြောင့် နောက်ဆုံးတွင် အနှောင့်အယှက်များနှင့် ဆူပူမှုများ ဖြစ်စေသည်အထိတိုင် မိမိတို့ လုပ်ဆောင်လိုသည့် မည်သည့်ပုံစံဖြင့်မဆို အမှုအရာများကို အမြဲ လုပ်ဆောင်ကြလေသည်။ ၎င်းတို့ မည်သို့ ပြုပြင်ခံရသည်ဖြစ်စေ၊ နောင်တမရကြသောကြောင့် နောက်ဆုံးတွင် မောင်းထုတ်ခြင်း ခံရကြသည်။ မောင်းထုတ်ခံရကြသည့် ဤလူများသည် အလွန် စက်ဆုပ်ဖွယ် စိတ်သဘောထားတစ်ခုနှင့် မာနထောင်လွှားသော လူ့သဘာဝတစ်ခု ရှိကြသည်။ ၎င်းတို့ သွားသည့်နေရာတိုင်းတွင် အဆုံးအဖြတ် ပေးလိုကြသည်။ လူတိုင်းကို အထင်သေးကြပြီး နောက်ဆုံး ဖယ်ရှားခံရသည်အထိတိုင် အာဏာရှင်များကဲ့သို့ ပြုမူကြလေသည်။ အချို့သော လူများသည် အစားထိုးခံရကာ ဖယ်ရှားရှင်းလင်းခြင်းခံရသည့်နောက်၊ ၎င်းတို့ သွားသည့် မည်သည့်နေရာတွင်မဆို မည်သည့်အရာမျှ အဆင်ပြေချောမွေ့ခြင်း မရှိသကဲ့သို့ မည်သူကမျှ ၎င်းတို့ကို တန်ဖိုးထားခြင်း မရှိ၊ သို့မဟုတ် ၎င်းတို့ကို အာရုံစိုက်ခြင်း မရှိကြကြောင်း ခံစားကြရသည်။ မည်သူကမျှ ၎င်းတို့ကို အထင်ကြီးခြင်း မရှိကြတော့ပေ။ ၎င်းတို့သည် အဆုံးအဖြတ် မပေးနိုင်ကြတော့ပေ။ မိမိတို့ အလိုရှိသည့်အရာကို မရနိုင်ကြသကဲ့သို့ ကောင်းချီးမင်္ဂလာများ ရရှိရန် မဆိုထားနှင့်၊ အဆင့်အတန်း တစ်ခုတလေ ရရှိမည့် မျှော်လင့်ချက်လည်း မရှိကြပေ။ ၎င်းတို့သည် အသင်းတော်ထဲတွင် ကြုံရာကျပန်း နေလို့ရမည့် မျှော်လင့်ချက် မရှိတော့၊ ထိုအတွက် ၎င်းတို့ စိတ်ဝင်စားမှုမရှိကြတော့ဟု ခံစားကြရပြီး ထို့ကြောင့် ထွက်ခွာရန် ရွေးချယ်ကြသည်။ ဤကဲ့သို့သော လူများစွာ ရှိ၏။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၄))ဘုရားသခင်အား ယုံကြည်ခြင်းလမ်းသည် ကျောက်ဆောင်ကျောက်ခဲအပြည့်ဖြင့် ညီညာခြင်းမရှိပေ။ ဤအရာကို ဘုရားသခင်က ချမှတ်ထားခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ လူတို့၏ ဆန္ဒအတိုင်းဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ သို့မဟုတ် လူတို့၏ အယူအဆများ၊ စိတ်ကူးများနှင့်ညီသည်ဖြစ်စေ၊ မညီသည်ဖြစ်စေ၊ သို့မဟုတ် လူတို့အဖို့ ကြိုတင်သိမြင်နိုင်သောအရာဖြစ်စေ၊ မသိမြင်နိုင်သောအရာဖြစ်စေ ဤဖြစ်ပျက်ခြင်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သူ၏ စီစဉ်ညွှန်ကြားမှုမှ ခွဲခြား၍ မရနိုင်ပေ။ ဘုရားသခင်က သူလုပ်ဆောင်သောအရာအားလုံးကို လုပ်ဆောင်ခြင်းသည် လူတို့ကို သင်ခန်းစာယူစေပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိစေသဖြင့် ထူးခြားသော အဓိပ္ပာယ်ရှိသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိခြင်း၏ ပန်းတိုင်သည် ဘုရားသခင်ကို လူတို့ အတိုက်အခံလုပ်သင့်ကြောင်း မဟုတ်သကဲ့သို့ လူတို့သည် ဘုရားသခင်ကို သိနားလည်လျက်ဘုရားသခင်နှင့် ယှဉ်ပြိုင်ရန် စွမ်အားနှင့် အရင်းအနှီးပို၍ ရှိသင့်ကြောင်းလည်း မဟုတ်ပေ။ ထိုထက် လူတို့အပေါ်သို့ အမှုအရာများ ကျရောက်သောအခါ ထိုအရာများကို ဘုရားသခင်ထံမှ လက်ခံပြီး ယင်းကို နားလည်ဖို့အတွက် သမ္မာတရားကို ရှာဖွေရန် သင်ယူသင့်ကာ ထို့နောက်တွင် စစ်မှန်သော ကျိုးနွံနာခံမှုကို ရရှိရန် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်ပြီး ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ခြင်းဖြစ်ပေါ်ရန် လုပ်ဆောင်သင့်ခြင်းဖြစ်သည်။ ဤအရာကို သင်တို့ နားလည်သလော။ (နားလည်ပါသည်။) ထိုသို့ဆိုလျှင် သင်တို့သည် ထိုအရာကို မည်သို့ လက်တွေ့လုပ်ဆောင်ကြသနည်း။ ဤအရာများနှင့်စပ်လျဉ်း၍ သင်တို့၏ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းသည် မှန်ကန်သလော။ သင်တို့အပေါ်သို့ ကျရောက်သော အမှုအရာတစ်ခုချင်းစီကို ကျိုးနွံနာခံခြင်းနှလုံးသား၊ သမ္မာတရားကို ရှာဖွေခြင်းသဘောထားဖြင့် ဆက်ဆံသလော။ သင်တို့သည် သမ္မာတရားကို လိုက်စားသောသူဖြစ်လျှင် ထိုသို့သော စိတ်နေစိတ်ထားကို ပိုင်ဆိုင်လိမ့်မည်။ သင်တို့အပေါ်သို့ မည်သည့်အရာကျရောက်ပါစေ ယင်းကို ဘုရားသခင်ထံမှ လက်ခံလိမ့်မည်ဖြစ်ပြီး၊ သမ္မာတရားကို ရှာဖွေပြီး ဘုရား၏ ရည်ရွယ်ချက်များကို သဘောပေါက်ဖို့ ဆက်လက်လုပ်ဆောင်ကာ ဘုရားနှုတ်ကပတ်တော်အရ လူများ၊ အမှုအရာများကို ရှုမြင်လိမ့်မည်။ သင်တို့အပေါ်သို့ ကျရောက်သောအရာများအားလုံးတွင် သင်တို့သည် ဘုရားသခင်၏ အမှုတော်ကို ကြုံတွေ့ပြီး သိရှိနိုင်လိမ့်မည်ဖြစ်ကာ ဘုရားသခင်အပေါ် ကျိုးနွံနာခံနိုင်စွမ်းရှိလိမ့်မည်။ သင်သည် သမ္မာတရားကို လိုက်စားသောသူတစ်ယောက် မဟုတ်လျှင် သင့်အပေါ် မည်သည့်အရာ ဖြစ်ပျက်လာသည်ဖြစ်စေ သင်သည် ဘုရားနှုတ်ကပတ်တော်နှင့်အညီ ကိုင်တွယ်ဖြေရှင်းမည် မဟုတ်သကဲ့သို့ သမ္မာတရားကိုလည်း ရှာဖွေမည် မဟုတ်ပေ။ သင်သည် ရလဒ်အနေဖြင့် မည်သည့်သမ္မာတရားကိုမျှ လုံးဝ မရရှိဘဲ ဖြစ်သလိုသာ လုပ်ဆောင်လိမ့်မည်။ ဘုရားသခင်သည် လူတို့အား သမ္မာတရားကို ရှာဖွေစေဖို့ လေ့ကျင့်ပေးရန်၊ သူ၏ လုပ်ဆောင်မှုများကို နားလည်မှုရှိစေရန်၊ သူ၏ အနန္တတန်ခိုးရှိခြင်းနှင့် ဉာဏ်ပညာကို မြင်တွေ့ရန်၊ ဤသို့အားဖြင့် ၎င်းတို့၏ဘဝ တဖြည်းဖြည်းချင်း ကြီးထွားတိုးတက်ရန်အလို့ငှာ ၎င်းတို့၏ အယူအဆများနှင့် မကိုက်ညီသည့် အရာများစွာကို စီစဉ်ပေးခြင်းအားဖြင့် ၎င်းတို့ကို စုံလင်အောင် ပြုလုပ်သည်။ သမ္မာတရားကို လိုက်စားသူများသည် ဘုရားသခင်၏ အမှုတော်ကို ကြုံတွေ့ပြီး သမ္မာတရားကို ရရှိကာ ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရသော်လည်း သမ္မာတရားကို မလိုက်စားသူတို့မူကား ဖယ်ရှားရှင်းလင်းခံရသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် သမ္မာတရားကို လိုက်စားသူတို့သည် ၎င်းတို့အပေါ် မည်သည့်အရာ ဖြစ်ပျက်လာသည်ဖြစ်စေ သမ္မာတရားကို ရှာဖွေနိုင်သဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုနှင့် ဉာဏ်အလင်းဖွင့်ပြမှုရှိပြီး ထိုအတွက်ကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကာ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်နိုင်၍ ဘုရားသခင်၏ စုံလင်ခြင်းကို ခံရသောကြောင့် ဖြစ်သည်။ သမ္မာတရားကို မချစ်သောသူတို့မှာမူ ဘုရားသခင်၏ အမှုတော်သည် ၎င်းတို့၏ အယူအဆများနှင့် မကိုက်ညီသည်ကို မြင်သော်လည်း သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် ဤအရာကို မပြုပြင်ဘဲ အပျက်သဘောပင် ဆောင်ပြီး ညည်းပင် ညည်းညူနိုင်ကြသောကြောင့်ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ဘုရားသခင်အပေါ် ၎င်းတို့၏ အယူအဆများမှာ တိုးပွားလာပြီး ၎င်းတို့သည် ဘုရားသခင်ကို စတင်သံသယဝင်ကာ ငြင်းဆန်လာကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် ဘုရားသခင့် အမှုတော်၏ နှင်ထုတ်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းကို ခံကြရလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၁)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ဘုရားရဲ့ ရည်ရွယ်ချက်ကို ကျွန်မ နားလည်သွားတယ်။ ဘုရားက ဘယ်ပတ်ဝန်းကျင်မျိုးကို စီစဉ်ညွှန်ကြားပါစေ၊ အဲဒီကနေ လူတွေက သင်ခန်းစာတွေ ယူနိုင်မယ်၊ သမ္မာတရားကို ရှာနိုင်ပြီး၊ လူအမျိုးမျိုး၊ အဖြစ်အပျက်အမျိုးမျိုးနဲ့ အမှုအရာအမျိုးမျိုးကို ပိုင်းခြားသိမြင်နိုင်မယ်၊ အဲဒီလိုနဲ့ ဘုရားကို အစစ်အမှန် ယုံကြည်ပြီး သမ္မာတရား လိုက်စားသူတွေကို စုံလင်စေနိုင်မယ်လို့ သူက မျှော်လင့်တယ်။ ဒါပေမဲ့ သမ္မာတရားကို မလိုက်စားသူတွေကတော့ ဘုရား စီစဉ်ညွှန်ကြားတဲ့ ပတ်ဝန်းကျင်တွေကနေ သမ္မာတရား ရှာဖို့၊ သင်ခန်းစာယူဖို့ မလိုလားဘဲ အဲဒီအစား သူတို့က အပျက်သဘောဆောင်ပြီး ဘုရားကို ညည်းညူကြတယ်။ အဲဒီလိုနဲ့ နောက်ဆုံးမှာ သူ့ရဲ့ ဖယ်ရှားရှင်းလင်းတာကို ခံရလိမ့်မယ်။ အခု၊ အသင်းတော်မှာ လူတွေက တစ်ယောက်ပြီးတစ်ယောက် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရတာကို ကျွန်မ မြင်နေရတဲ့အပြင် ရောဂါကြောင့် ကျွန်မတာဝန်တွေကို ထမ်းဆောင်နိုင်စွမ်းမရှိတာ စဉ်းစားမိတဲ့အခါ၊ ဘုရားက ကျွန်မကို ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းနေတယ်လို့ တွေးမိတယ်၊ အဲဒါက ကျွန်မကို အပျက်သဘောဆောင်စေတယ်။ ဒီအရာအားလုံးကို သမ္မာတရား ရှာဖွေပြီးတော့ ဖြေရှင်းဖို့ လိုတယ်။ အပျက်သဘောထဲမှာ ကျွန်မ ဆက်အသက်ရှင်လို့ မဖြစ်ဘူး။ ကျွန်မ ထုတ်ဖော်နေတဲ့အရာနဲ့ပတ်သက်လို့ ကျွန်မ သုံးသပ်ခဲ့တယ်။ လူတွေကို ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းဖို့ ဒီပတ်ဝန်းကျင်တွေကို ဘုရားက စီစဉ်ညွှန်ကြားခဲ့တယ်၊ ဘုရားက လူတွေကို သူ့သဘောတစ်ခုတည်းနဲ့ မလိုချင်ဘူးလို့ ခံစားခဲ့ရတယ်။ ဒီရှုထောင့်က မှန်ခဲ့ရဲ့လား။ ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆရာကတစ်ဆင့်၊ ကိစ္စတစ်ခုကို ကျွန်မ နားလည်သွားတယ်။ ဘုရားက လူတွေအားလုံးကို ဆက်ဆံပုံမှာ ဖြောင့်မတ်တယ်။ ဘုရားက ကျွန်မတို့ကို ထောက်ပံ့ဖို့ သမ္မာတရားအများကြီး ဖော်ပြပြီးပြီ။ ကဏ္ဍအားလုံးမှာ စည်းမျဉ်းနဲ့ လမ်းကြောင်းတွေကို ရှင်းရှင်းလင်းလင်း ရှင်းပြပြီး၊ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ အသက်ရှင်ပြီး မှားတဲ့ လမ်းကြောင်း လျှောက်တဲ့ အကျိုးဆက်တွေကိုလည်း ပြောပြခဲ့တယ်။ အဲဒီနောက် ဘုရားက လူတွေကို စစ်ဆေးဖို့၊ သမ္မာတရား စည်းမျဉ်းတွေနဲ့အညီ သူ့တို့ ပြုမူနိုင်ပြီး သူတို့ရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်မလားဆိုတာ မြင်ရဖို့ ပတ်ဝန်းကျင်တွေကို စီစဉ်ညွှန်ကြားတယ်။ ဒီကာလအတောအတွင်းမှာ၊ ဘုရားက လမ်းခရီးတစ်ခုခု ရွေးဖို့ လူတွေကို အတင်းမလုပ်ဘူး၊ အကျပ်မကိုင်ဘူး။ သူက လူတွေကို လွတ်လပ်ခွင့်ပေးတယ်။ လူတွေက ဘုရား စီစဉ်ညွှန်ကြားတဲ့ ပတ်ဝန်းကျင်မှာ သမ္မာတရားကို ရှာဖွေပြီး ကျိုးနွံနာခံနိုင်ရင်၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြီး သိနိုင်ရင်၊ ပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေအတိုင်း လက်တွေ့လုပ်နိုင်ရင်၊ သူတို့ ကြုံရတဲ့ ပတ်ဝန်းကျင်က သူတို့ စုံလင်အောင်ပြုတာခံရမဲ့ နည်းလမ်းတစ်ခုပဲ။ ဒါပေမဲ့ ဘုရားစီစဉ်ညွှန်ကြားတဲ့ ပတ်ဝန်းကျင်ကို သူတို့ အတိုက်အခံလုပ်ပြီး သမ္မာတရားကို မရှာရင်၊ ဒီပတ်ဝန်းကျင်က သူတို့ကို ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းတာဖြစ်တယ်။ လူတစ်ယောက်ရဲ့ နောက်ဆုံး အဆုံးသတ်က သူ့ကိုယ်ပိုင် ရွေးချယ်မှုတွေ၊ သူ လျှောက်တဲ့ လမ်းတွေနဲ့ ဆက်စပ်တယ်။ ဘုရားနှုတ်ကပတ်တော်တွေက ပြောတဲ့အတိုင်းပေါ့။ “အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်) အသင်းတော်ထဲက ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံခဲ့ရသူတွေကို စဉ်းစားတဲ့အခါ၊ အဲဒါက သူတို့ရဲ့ တစ်ကိုယ်ရေ ရွေးချယ်မှုတွေနဲ့ သမ္မာတရားလိုက်စားဖို့ သူတို့ရဲ့ပျက်ကွက်မှုတွေနဲ့ အားလုံး ဆက်စပ်တယ်။ ဝမ်းတောက်လိုပေါ့။ အစမှာ သူက သူ့တာဝန်တွေကို လုပ်ဖို့ အရာရာကို စွန့်လွှတ်ခဲ့ပေမဲ့၊ သမ္မာတရားကို လက်ခံဖို့ တစ်စိုက်မတ်မတ် ငြင်းပြီး လူတွေနဲ့ ကိစ္စတွေကို စိစစ်လွန်းခဲ့တယ်။ ခေါင်းဆောင်တွေရဲ့ မိတ်သဟာယကို သူ နားမထောင်ခဲ့ဘဲ သူ့တာဝန်ကိုလည်း လုပ်ဖို့ မလိုလားခဲ့ဘူး။ သူက စိတ်မရှည်ဘဲနဲ့လည်း ပြောခဲ့တယ်။ “သူတို့က ဘုရားအမှုတော် အဆုံးသတ်တော့မယ်လို့ နေ့တိုင်းပြောပေမဲ့ ဘယ်ချိန် အဲဒီလိုဖြစ်မယ်ဆိုတာ ဘယ်သူသိလို့လဲ။ ကျွန်တော် အလုပ်လုပ်ပြီး ငွေရှာချင်တယ်”တဲ့။ ဘုရားကို ယုံကြည်ခြင်းနဲ့ တာဝန်တွေကို ထမ်းဆောင်ခြင်းရဲ့ အရေးပါမှုကို ခေါင်းဆောင်က မိတ်သဟာယပြုခဲ့ပေမဲ့ ဝမ်က ဟန်လုပ်နေတယ်။ “အဲဒါဆိုလည်း ကျွန်တော့်ကို ထုတ်လိုက်။ ကျွန်တော် ဒီတာဝန်ကို မလုပ်နိုင်ဘူး”လို့ ပြောတယ်။ သူအထုတ်ခံရပြီးတဲ့နောက်မှာ ညီအစ်ကို မောင်နှမတချို့က တာဝန်ကို ထမ်းဆောင်တာနဲ့ပတ်သက်လို့ သူ့ကို မိတ်သဟာယပြုခဲ့ပြီး၊ သူက “ခင်ဗျားတို့ ကျွန်တော့်ကို ဘယ်လိုပဲ မိတ်သဟာယပြုပါစေ၊ ကျွန်တော့်တာဝန်ကို ကျွန်တော်ထမ်းဆောင်မှာ မဟုတ်ဘူး။ ခင်ဗျားတို့ဆန္ဒရှိရင် လုပ်ပါ၊ ကျွန်တော့်ကို နှင်ထုတ်လိုက်”တဲ့။ လီလီကတော့၊ ကိစ္စတွေကို သူ စွန့်လွှတ်နိုင်ခဲ့ပေမဲ့၊ သူ့ကိုယ်သူ အသုံးခံပြီး သူ့တာဝန်တွေကို ထမ်းဆောင်နိုင်ခဲ့ပေမဲ့၊ ဘုရားဆီကနေ အမှုအရာတွေကို လက်မခံခဲ့ဘဲ သမ္မာတရားကို လက်ခံဖို့ ပွင့်ပွင့်လင်းလင်း ငြင်းခဲ့တယ်၊ လူတွေနဲ့ ကိစ္စတွေကို စိစစ်လွန်းခဲ့တယ်။ အသင်းတော် အသက်တာကို အဖျက်အမှောင့်လုပ်ပြီး ညီအစ်ကို မောင်နှမတွေကိုတောင် ဝေဖန်ခဲ့တယ်။ သူနဲ့ မိတ်သဟာယပြုဖို့ ညီအစ်ကို မောင်နှမတွေက အကြိမ်အတော်များများ ကြိုးစားခဲ့ပေမဲ့၊ သူက ပြောင်းလဲဖို့ ငြင်းခဲ့တယ်။ နောက်တော့ သူ့ရဲ့ ဧဝံဂေလိ ဖြန့်ဝေတာက ဘာအသီးအပွင့်မှ မဖြစ်ခဲ့ဘူး။ ဧဝံဂေလိ အလုပ်မှာ အဖျက်အမှောင့်တွေ ဖြစ်စေပြီးတော့ အပျက်သဘောတောင် သူ ဖြန့်တယ်။ ခေါင်းဆောင်ပိုင်းရဲ့ ပြုပြင်တာခံရတဲ့အခါ၊ သူက လက်ခံပုံရခဲ့ပေမဲ့၊ နောက်ပိုင်းမှာ ခေါင်းဆောင်နဲ့ပတ်သက်လို့ သူ့ရဲ့ မကျေနပ်ချက်ကို ဖြန့်တယ်။ တခြားလူတွေကို သူ့ဘက်ဆွဲခေါ်ပြီး၊ ခေါင်းဆောင်ပေါ် အာဃာတထားစေခဲ့တယ်။ နောင်တရတာ ဘာဆိုဘာမှ မပြခဲ့ဘူး။ သမ္မာတရားကို လက်ခံဖို့ တစ်စိုက်မတ်မတ် ငြင်းပယ်တာ၊ သူတို့ ကြုံရတဲ့ အခြေအနေတွေကတစ်ဆင့် သူတို့ကိုယ်သူတို့ သူတို့ကိုယ်သူတို့ သုံးသပ်ပြီးသိဖို့ ပျက်ကွက်တာ၊ သူတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေအတိုင်း ပြုမူတတ်လေ့ရှိတာ၊ အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်တာတွေကြောင့် သူတို့ ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရတယ်ဆိုတာကို မြင်ရတယ်။ ဒါပေမဲ့ ဘုရားကလူတွေကို တစ်ဖက်သတ် ဖယ်ရှားရှင်းလင်းချင်တယ်၊ သူက လူတွေကို မလိုချင်တော့ဘူးလို့ ကျွန်မ မမှန်မကန် ယုံကြည်ခဲ့မိတယ်။ ဒါက ဘုရားကို အထင်လွဲတာပဲ။ အဲဒါကို ဘုရားအပေါ် ပြစ်မှားစော်ကားတာလို့တောင် ယူဆလို့ရတယ်။ ကျွန်မတာဝန်ကို ထွက်မထမ်းဆောင်အောင် တားဆီးတဲ့ ရောဂါတစ်ခု ကျွန်မရခဲ့ပုံနဲ့ ကျွန်မ ပတ်ဝန်းကျင်မှာရှိတဲ့ အန္တရာယ်တွေကြောင့် ညီအစ်ကို မောင်နှမတွေက ကျွန်မနဲ့ ဆက်သွယ်လို့မရပုံတွေကိုလည်း တွေးမိတယ်။ ဘုရားက ကျွန်မကို ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းခဲ့တယ်လို့ ယုံကြည်ခဲ့ပေမဲ့၊ ဒါကလည်း ဘုရားကို အထင်လွဲတာပါပဲ။ တကယ်တော့၊ ဘုရားက ကျွန်မကို စစ်ဆေးဖို့၊ ကျွန်မ ဘယ်လမ်းကြောင်း ရွေးမယ်ဆိုတာကို မြင်ဖို့ အဲဒီလိုပတ်ဝန်းကျင်တွေကို စီစဉ်ညွှန်ကြားခဲ့တာပဲ။ ကျွန်မ အပျက်သဘောထဲမှာ အသက်ရှင်ရင်းနဲ့ ဘုရားနှုတ်ကပတ်တော်တွေကို မဖတ်၊ ဘုရားဆီ ဆုမတောင်း၊ သူ့ကို တိုးဝင်ချဉ်းကပ်တာ မလုပ်ဘဲ ဒါမှမဟုတ် ဘုရားကို စွန့်ပစ်ဖို့တောင် စဉ်းစားရင်းနဲ့ ဆက်ညည်းညူပြီး အထင်လွဲနေခဲ့ရင်၊ ဒီပတ်ဝန်းကျင်က ကျွန်မကို တကယ် ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းမှာပဲ။ ဒါပေမဲ့ ဒီပတ်ဝန်းကျင်မှာ ကျွန်မက ကျိုးနွံနာခံရင်၊ ကျွန်မ ထုတ်ဖော်နေတဲ့ ဖောက်ပြန်ပျက်စီးခြင်းတွေကို သုံးသပ်ပြီး သတိပြုတဲ့အပြင် ဖြေရှင်းဖို့ သမ္မာတရားကို ရှာရင်၊ ဒီပတ်ဝန်းကျင်မျိုးက ကျွန်မကို စုံလင်အောင်ပြုတာ ဖြစ်နေခဲ့မှာ။ ဒီအရာတွေကို နားလည်လိုက်တော့ ကျွန်မရဲ့ စိတ်နှလုံးက အများကြီး အားတက်သွားတယ်။ အခု ဒီပတ်ဝန်းကျင်မှာ ကျွန်မတာဝန်တွေကို ကျွန်မ ထမ်းဆောင်နိုင်ပေမဲ့၊ ကျိုးနွံနာခံဖို့လိုတယ်၊ သမ္မာတရား ရှာပြီး ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့ လိုတယ်။

ကျွန်မ တွေးဆနေမိတယ်။ ဒီပတ်ဝန်းကျင်နဲ့ ရင်ဆိုင်ရတဲ့အခါ ဘာလို့ ကျွန်မ အရမ်းအပျက်သဘောဆောင်ရတာလဲပေါ့။ အဲဒီအချိန် ဘုရားနှုတ်ကပတ်တော်မှာ ဒီအပိုဒ်ကို ကျွန်မ ဖတ်ရတယ်။ “လူတို့သည် ကောင်းချီးခံစားရရန်၊ ဆုလာဘ်ချီးမြှင့်ခြင်းခံရရန်၊ ဆုသရဖူရရှိရန်အတွက် ဘုရားသခင်ကို ယုံကြည်ကြသည်။ လူတိုင်း၏ စိတ်နှလုံးတွင် ဤအရာ တည်ရှိသည်မဟုတ်လော။ ဤအရာတည်ရှိသည်မှာ အမှန်တရားဖြစ်သည်။ ထိုအကြောင်းကို လူတို့က မကြာခဏ မပြောကြသော်လည်း၊ ကောင်းချီးများရရန် ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ဆန္ဒကိုပင် ဖုံးကွယ်သော်လည်း လူတို့၏ စိတ်နှလုံးအတွင်းတွင်ရှိသော ဤဆန္ဒနှင့် ရည်ရွယ်ချက်သည် အစဉ် ပြောင်းလဲ၍ မရနိုင်ပေ။ လူတို့သည် ဝိညာဉ်ရေးရာ သဘောတရားများကို မည်မျှ နားလည်သည်ဖြစ်စေ၊ အတွေ့အကြုံ၊ သို့မဟုတ် အသိပညာ မည်မျှရှိသည်ဖြစ်စေ၊ မည်သည့်တာဝန်ကို ထမ်းဆောင်နိုင်သည်ဖြစ်စေ၊ မည်မျှ ဒုက္ခခံနိုင်သည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ အဖိုးအခ ပေးဆပ်နိုင်သည်ဖြစ်စေ၊ ၎င်းတို့စိတ်နှလုံး အတွင်းနက်နက်ထဲတွင် ကွယ်ဝှက်နေသော ကောင်းချီးရလိုသည့် စိတ်ဓာတ်လှုံ့ဆော်မှုကို မည်သည့်အခါမျှ လက်မလွှတ်နိုင်ဘဲ အစေခံရာတွင် အစဉ်သဖြင့် တိတ်ဆိတ်စွာ အားသွန်ခွန်စိုက်လုပ်ဆောင်သည်။ ဤသည်မှာ လူတို့၏ စိတ်နှလုံးအတွင်းထဲရှိ အနက်ဆုံးနေရာတွင် မြုပ်နှံထားသောအရာ မဟုတ်လော။ ကောင်းချီးမင်္ဂလာများ ရရှိဖို့ဖြစ်သည့် ဤလှုံ့ဆော်မှုမရှိလျှင် သင်တို့သည် မည်သို့ခံစားရမည်နည်း။ မည်သည့်သဘောထားနှင့် တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင်နောက် လိုက်မည်နည်း။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဖုံးကွယ်နေသော ကောင်းချီးရရှိဖို့ဖြစ်သည့် ဤစိတ်ဓာတ်လှုံ့ဆော်မှုကို ဖယ်ရှားပစ်လိုက်လျှင် လူတို့သည် မည်သည့်အရာ ဖြစ်လာမည်နည်း။ လူများစွာက အပျက်သဘောဆောင်လာခြင်း ဖြစ်နိုင်သည်။ အချို့မှာ မိမိတို့၏တာဝန်များတွင် စိတ်အားလျော့လာမည်။ ၎င်းတို့၏ ဝိညာဉ်က ပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည့်အလား ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် စိတ်ဝင်စားမှု ပျောက်သွားပေမည်။ ၎င်းတို့၏ စိတ်နှလုံးက ဆွဲယူခံခဲ့ရပြီးသည့် ပုံပေါ်နေမည်။ ဤအတွက်ကြောင့် ကောင်းချီးရရန် စိတ်ဓာတ်လှုံ့ဆော်မှုသည် လူတို့၏ စိတ်နှလုံးတွင် နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်နေသည့်အရာ ဖြစ်သည်ဟု ငါပြောရခြင်းဖြစ်သည်။ ၎င်းတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်သည်နှင့်အမျှ သို့မဟုတ် အသင်းတော်အသက်တာကို ရှင်သန်သည်နှင့်အမျှ ၎င်းတို့၏ မိသားစုများကို စွန့်လွှတ်နိုင်ပြီး ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို ဝမ်းမြောက်စွာ အသုံးခံနိုင်သည်၊ ယခုအခါတွင် ကောင်းချီးရရန် ၎င်းတို့၏ စိတ်ဓာတ်လှုံ့ဆော်မှုအပေါ် အသိရှိသည်၊ ဤစိတ်ဓာတ်လှုံ့ဆော်မှုကို ဘေးဖယ်ထားပြီးဖြစ်ကာ ဤအရာ၏ အုပ်စိုးခြင်း၊ သို့မဟုတ် ချုပ်ချယ်ခြင်းကို မခံရတော့ဟု မိမိတို့ကိုယ်ကို ခံစားရခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့နောက်တွင် ၎င်းတို့တွင် ကောင်းချီးခံစားလိုသည့် စိတ်ဓာတ်လှုံ့ဆော်မှု မရှိတော့ဟု ၎င်းတို့က ထင်မြင်ကြသည်။ သို့သော် ဘုရားသခင်က ဤသို့ မယုံကြည်ပေ။ လူတို့သည် အကြောင်းကိစ္စများကို အပေါ်ယံသာ ရှုမြင်သည်။ စမ်းသပ်မှုများမပါဘဲ ၎င်းတို့က မိမိတို့ကိုယ်ကို ကျေနပ်ကြသည်။ အသင်းတော်ကို ၎င်းတို့ မစွန့်ခွာသရွေ့၊ သို့မဟုတ် ဘုရားသခင်၏ အမည်နာမကို မငြင်းပယ်သရွေ့၊ ဘုရားသခင်အတွက် ဆက်လက် အသုံးခံသရွေ့ ၎င်းတို့က ပြောင်းလဲသွားပြီဟု ယုံကြည်ကြသည်။ ၎င်းတို့သည် တာဝန်ထမ်းဆောင်ရာတွင် တစ်ကိုယ်ရေ စိတ်အားထက်သန်မှု၊ သို့မဟုတ် ခဏတာ ရုတ်တရက်ဖြစ်ပေါ်သော ဆန္ဒတို့အားဖြင့် တွန်းအားပေးခြင်းမခံရတော့ဟု ခံစားမိကြသည်။ ထိုအစား ၎င်းတို့က သမ္မာတရားကို လိုက်စားနိုင်သည်၊ တာဝန်ထမ်းဆောင်စဉ်တွင် သမ္မာတရားကို အဆက်မပြတ်ရှာဖွေပြီး လက်တွေ့လုပ်ဆောင်နိုင်သည်၊ ဤနည်းအားဖြင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက သန့်စင်ခံရပြီး စစ်မှန်သော ပြောင်းလဲမှုအချို့ကို ရရှိသည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ သို့ရာတွင် လူတစ်ယောက်၏ ခရီးပန်းတိုင်၊ အဆုံးသတ်တို့နှင့် တိုက်ရိုက်ဆက်နွှယ်သောအရာများ ဖြစ်ပျက်သောအခါ ၎င်းတို့ မည်သို့ ပြုမူကြသနည်း။ သမ္မာတရားကို အလုံးစုံ ထုတ်ဖော်ပြထားပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘဝ ကြီးထွားတိုးတက်ခြင်း၏ အညွှန်းခြောက်ခု) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတဲ့နောက်မှာ၊ ကျွန်မက ကောင်းချီးတွေ ရဖို့ပဲ ဘုရားကို ယုံကြည်နေခဲ့မိမှန်း သဘောပေါက်လိုက်တယ်။ အရင်တုန်းက၊ ဘယ်အခြေအနေနဲ့မှ ရင်မဆိုင်ရတဲ့အခါ၊ ကျွန်မတာဝန်တွေကို တက်တက်ကြွကြွ ထမ်းဆောင်နိုင်ခဲ့တယ်။ အသင်းတော်က တာဝန်ပေးတဲ့ ဘယ်အလုပ်ကိုမဆို တာဝန်ယူလုပ်နိုင်ခဲ့တယ်။ ရောဂါ ခံစားနေရချိန်မှာတောင်၊ ကျွန်မတာဝန်တွေကို မရမက ထမ်းဆောင်ခဲ့တယ်။ ဒါပေမဲ့ ခုတော့၊ ပြင်းထန်တဲ့ ရောဂါနဲ့ ကျွန်မက ဘာတာဝန်မှ မထမ်းဆောင်နိင်ဘဲ ညီအစ်ကို မောင်နှမတွေက ကျွန်မနဲ့ ဆက်သွယ်လို့မရဘူး။ ဘုရားက ကျွန်မကို ဖယ်ရှားရှင်းလင်းခဲ့ပြီး ကျွန်မမှာ ကောင်းမွန်တဲ့ အဆုံးသတ်၊ ခရီးပန်းတိုင် မရှိတော့ဘူးလို့ ခံစားခဲ့တယ်။ ကျွန်မ ဘာတာဝန်မှ မထမ်းဆောင်ချင်တော့တဲ့အထိ၊ သမ္မာတရားကို မလိုက်စားချင်တော့တဲ့အထိ၊ တိုးတက်ဖို့ မကြိုးစားချင်တော့တဲ့အထိ အပျက်သဘောဆောင်လာခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကိုတောင် ဖတ်ချင်စိတ်မရှိဘဲ အပျက်သဘောအခြေအနေထဲမှာ အသက်ရှင်ခဲ့တယ်။ ကောင်းချီးတွေ ရဖို့အတွက် ကျွန်မက ကျွန်မတာဝန်တွေကို တက်တက်ကြွကြွ ထမ်းဆောင်နေခဲ့တာ ဖြစ်နေခဲ့တယ်။ အပြန်အလှန်အနေနဲ့ ဘုရားဆီကနေ ကောင်းမွန်တဲ့ အဆုံးသတ်နဲ့ ခရီးပန်းတိုင် ရဖို့အတွက်ပဲ။ ကောင်းချီးတွေ ရမဲ့ မျှော်လင့်ချက်တစ်ခုမှ မရှိတော့တာကို မြင်တဲ့အခါ၊ ဘုရားကို ယုံကြည်ဖို့ စိတ်တွန်းအား ပျောက်ဆုံးသွားတယ်။ ကျွန်မရဲ့ ဘုရားကို ယုံကြည်မှုနဲ့ တာဝန်ထမ်းဆောင်မှုမှာ ဘာရိုးသားစစ်မှန်မှုမှ မရှိဘူး။ ကျွန်မရဲ့ ဘုရားကို ယုံကြည်တာက ရိုးသားစစ်မှန်တယ်၊ ကျွန်မက သမ္မာတရား လိုက်စားတဲ့သူတစ်ယောက်ဖြစ်တယ်၊ တစ်ခုခု ဖြစ်တဲ့အခါတိုင်းမှာ၊ ဖြေရှင်းဖို့ သမ္မာတရားကို ချက်ချင်းရှာတယ်လို့ တွေးလေ့ရှိခဲ့တယ်။ ဒီအတွေ့အကြုံက ကျွန်မကို လုံးဝ ထုတ်ဖော်ခဲ့တယ်။ ကောင်းချီးတွေအတွက် ဘာမျှော်လင့်ချက်မှ မရှိတော့တာကို မြင်တဲ့အခါ၊ ကျွန်မ အပျက်သဘောဆောင်လာပြီး သမ္မာတရား မရှာတော့ဘူး။ ကျွန်မက ဘယ်လိုလုပ်ပြီး သမ္မာတရားကို လိုက်စားတဲ့သူတစ်ယောက် ဖြစ်နိုင်မှာလဲ။ ဒီပတ်ဝန်းကျင်မျိုးကို ကျွန်မ မကြုံခဲ့ဘဲ ကျွန်မတာဝန်တွေကို ဆက်ထမ်းဆောင်နိုင်မယ်ဆိုရင်တောင်၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားမပြောင်းလဲရင်၊ ပြီးတော့ ဘုရားကို ယုံကြည်ပြီး ကျွန်မရဲ့တာဝန်တွေကို ထမ်းဆောင်တဲ့အပေါ် ကျွန်မရဲ့ စိတ်လှုံ့ဆော်မှုနဲ့ အမြင်တွေ မမှန်ရင်၊ နောက်ဆုံးမှာ၊ သမ္မာတရား မရတဲ့အတွက် ကျွန်မက ဘုရားရဲ့ ဖယ်ရှားရှင်းလင်းတာခံရမဲ့ ပစ်မှတ်တစ်ခု ဖြစ်မှာ။ ကျွန်မ စိတ်နှလုံးထဲမှာ နောင်တရပြီး အကြွေးတင်သလို ခံစားရလို့၊ “ဘုရားသခင်၊ ကျွန်မ အသိတရား တကယ်ကို ကင်းမဲ့ပါတယ်။ ကိုယ်တော့်ကို စစ်မှန်စွာ ကျွန်မ မယုံခဲ့ပါဘူး။ အားလုံးက ကောင်းချီးတွေအတွက် ဖြစ်ပါတယ်။ ဘုရားသခင်၊ နောင်တရပြီး ပြောင်းလဲဖို့ ကျွန်မ လိုလားနေပါတယ်။ ကျွန်မရဲ့ အနာဂတ် အဆုံးသတ် ဘာပဲဖြစ်ပါစေ၊ ကိုယ်တော့်ကို ကျွန်မ လေးလေးနက်နက် ယုံကြည်ပြီး ကိုယ်တော့်နောက် လိုက်ပါ့မယ်။ သမ္မာတရားကို ဝီရိယရှိရှိ လိုက်စားပါ့မယ်” လို့ ပြောပြီး ဘုရားဆီ ဆုတောင်းခဲ့တယ်။

နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ပြီး ကျွန်မရဲ့ အမြင်ရှုထောင့်တွေနဲ့ပတ်သက်လို့ အသိတချို့ကို ရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “‘ဘုရားသခင်သည် လူတိုင်းကို ကယ်တင်ခြင်း ခံရစေချင်သည့်အပြင် မည်သူ့ကိုမျှ ထာဝရပြစ်ဒဏ် မခံစားစေချင်ဘူး မဟုတ်သလော။ အကယ်၍ ဘုရားသခင်သည် ပြုမူလုပ်ဆောင်ဖို့ ထိုနည်းလမ်းမျိုးကို အသုံးပြုခဲ့ပါက လူမည်မျှသည် ကယ်တင်ခြင်း ခံရနိုင်မည်နည်း’ ဟု မေးသောသူတို့ ရှိ၏။ တုံ့ပြန်သည့်အနေဖြင့် ဘုရားသခင်က ‘လူမည်မျှသည် ငါ၏ နှုတ်ကပတ်တော်များကို အရေးစိုက်ပြီး ငါ၏နည်းလမ်းကို လိုက်လျှောက်သနည်း’ ဟု မေးမည်ဖြစ်သည်။ ထိုသို့သောသူတို့ များစွာရှိ၏။ ဤသည်မှာ ဘုရားသခင်၏ အမြင်ဖြစ်ပြီး သူ့အလုပ်၏ နည်းစနစ်ဖြစ်သည်။ ဘုရားသခင်က ထပ်၍ ဘာမျှမလုပ်တော့ချေ။ ဤအကြောင်းအရာနှင့် ပတ်သက်၍ လူသား၏ အယူအဆမှာ အဘယ်နည်း။ ‘ဘုရားသခင်သည် ဤလူသားမျိုးနွယ်ကို သနားသည်။ သူသည် ဤလူသားမျိုးနွယ်အတွက် ပူပန်သည်။ ထို့ကြောင့် သူသည် အဆုံးတိုင်အောင် တာဝန်ယူပေးရခြင်း ဖြစ်၏။ အကယ်၍ လူသားက သူ့အား အဆုံးတိုင်အောင် လိုက်လျှောက်ပါက ထိုသူသည် မလွဲမသွေ ကယ်တင်ခံရမည်’ ဟူ၍ဖြစ်သည်။ ဤအယူအဆသည် မှန်သလော၊ မှားသလော။ ယင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသလော။ ကျေးဇူးတော်ခေတ်တွင် လူတို့အနေဖြင့် ဤအယူအဆများရှိခြင်းက ပုံမှန်ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်ကို မသိခဲ့ကြပေ။ နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် လူတို့အား ဤသမ္မာတရားအားလုံးကို ပြောပြပြီးဖြစ်ကာ လူတို့အား ကယ်တင်သည့် သူ့အလုပ်၏ စည်းမျဉ်းများကိုလည်း ၎င်းတို့ထံ ရှင်းလင်းစေပြီးဖြစ်သည်။ ထို့ကြောင့် လူတို့အနေဖြင့် ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဤအယူအဆများ ရှိနေသေးသည်မှာ အလွန် ရယ်ဖွယ်ကောင်းလေသည်။ ဘုရားသခင်က သူ့အား ဤသမ္မာတရားအားလုံးကို ပြောပြခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အဆုံးတွင် သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်သည့်အပြင် မည်ကဲ့သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိဟု ပြောနေဦးမည်ဖြစ်ကာ ထိုသို့သော ပုန်ကန်ပြီး ဖောက်ပြန်သော စကားများကို ပြောနေသေးသဖြင့် ထိုကဲ့သို့သော လူတစ်ဦးသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရနိုင်သလော။ ‘ဘုရားသခင်သည် ထိုမျှကြီးမားသော အလုပ်ကို လုပ်ဆောင်သည်။ သူသည် ကမ္ဘာပေါ်ရှိ လူတစ်ဝက်ထက် ပို၍ရယူသင့်ပြီး ဘုရားသခင်၏ ဘုန်းတော်ထင်ရှားခြင်းကို သက်သေခံဖို့အတွက် လူအရေအတွက်များစွာ၊ ဩဇာအာဏာကြီးသော အင်အားစုနှင့် အဆင့်အတန်း မြင့်မားသော ထိတ်ထိတ်ကြဲ အများအပြားတို့ကို အသုံးပြုသင့်သည်။ ယင်းမှာ အံ့ဩဖွယ်ပါတကား’ ဟု အမြဲတမ်း စဉ်းစားသောသူ အချို့ရှိလေသည်။ ဤသည်မှာ လူသား၏ အယူအဆဖြစ်၏။ သမ္မာကျမ်းစာထဲတွင်၊ ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းနှစ်ခုလုံးတွင် ကယ်တင်ခံခဲ့ရပြီး စုံလင်အောင်ပြုခြင်းခံခဲ့ရသူ အားလုံးပေါင်း မည်မျှရှိခဲ့သနည်း။ အဆုံးတွင် မည်သူသည် ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်နိုင်ခဲ့သနည်း။ (ယောဘနှင့် ပေတရုတို့ ဖြစ်ပါသည်။) ၎င်းတို့နှစ်ဦးသာ ဖြစ်ခဲ့သည်။ ဘုရားသခင်၏အမြင်တွင် သူ့ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခြင်းသည် အမှန်တွင် သူ့ကို သိကျွမ်းခြင်း၊ ဖန်ဆင်းရှင်ကို သိကျွမ်းခြင်းနှင့်ဆိုင်သည့် စံနှုန်းများကို ပြည့်မီခြင်း ဖြစ်သည်။ အာဗြဟံနှင့်နောဧကဲ့သို့ လူများသည် ဘုရားသခင်၏အမြင်တွင် ဖြောင့်မတ်ခဲ့ကြသော်လည်း ၎င်းတို့သည် ယောဘနှင့် ပေတရုတို့၏ အောက်အဆင့်တစ်ခုတွင် ရှိနေခဲ့ကြဆဲ ဖြစ်သည်။ ဟုတ်ပေ၏၊ ထိုအချိန်က ဘုရားသခင်သည် များလှစွာသော အမှုကို မလုပ်ဆောင်ခဲ့ပေ။ ယခုလုပ်ဆောင်သည့်အတိုင်း လူတို့ကို သူ မထောက်ပံ့ခဲ့သကဲ့သို့ ဤမျှများပြားသည့် ရှင်းလင်းသော နှုတ်ကပတ်တော်တို့ကို မပြောဆိုသကဲ့သို့ ဤမျှကြီးမားသည့် အတိုင်းအတာတစ်ခုဖြင့် ကယ်တင်ခြင်းအမှုကိုလည်း သူ မလုပ်ဆောင်ခဲ့ပေ။ သူသည် များစွာသော လူတို့ကို ရယူခဲ့ကောင်း ရယူနိုင်ခဲ့မည် မဟုတ်သော်လည်း ဤသည်မှာ သူ၏ ကြိုတင်စီမံမှုအတွင်းတွင် ရှိနေဆဲဖြစ်၏။ ဤတွင် ဖန်ဆင်းရှင်၏ စိတ်သဘောထား၏ မည်သည့် သွင်ပြင်လက္ခဏာကို မြင်၍ရနိုင်သနည်း။ ဘုရားသခင်သည် လူများစွာကို ရယူဖို့ မျှော်လင့်ထားသော်လည်း အမှန်တွင် များစွာသော လူတို့သည် ရယူခြင်းမခံရနိုင်ပါက ဤလူသားမျိုးနွယ်သည် ဘုရားသခင်က သူ၏ ကယ်တင်ခြင်း အမှုတော်ကို လုပ်ဆောင်နေစဉ်တွင် သူ၏ရယူခြင်းကို မခံရနိုင်ပါက ဘုရားသခင်သည် ၎င်းတို့ကို တကယ်တမ်းတွင် သာ၍ ပစ်ပယ်ကာ စွန့်ပစ်ဖို့ကိုသာ လိုလားပေမည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ စိတ်အတွင်းကျကျ အသံတော်နှင့် အမြင်ဖြစ်သည်။ ဤအရာနှင့်စပ်လျဉ်း၍ လူသားသည် ဘုရားသခင်အပေါ် မည်သည့် တောင်းဆိုချက်များ သို့မဟုတ် အယူအဆများ ရှိသနည်း။ ‘ကိုယ်တော်သည် ကျွန်ုပ်ကို ကယ်တင်ရန် အလိုတော်ရှိသည့်အတွက် အဆုံးထိ ကိုယ်တော်၌ တာဝန်ရှိပါသည်၊ ပြီးလျှင် ကိုယ်တော်သည် ကျွန်ုပ်ကို ကောင်းချီးမင်္ဂလာများ ကတိပြုခဲ့သည်၊ ထို့ကြောင့် ယင်းတို့ကို ကိုယ်တော် ကျွန်ုပ်အားပေးရမည်ဖြစ်ပြီး ကျွန်ုပ်အား ရယူခွင့်ပေးရမည်ဖြစ်သည်’ ဟူ၍ဖြစ်သည်။ လူသား၏အတွင်းတွင် ‘ရမည်’ ဟူသော အရာများစွာ၊ တောင်းဆိုချက်များစွာ ရှိပြီး ဤသည်မှာ သူ၏ အယူအဆများထဲမှ တစ်ခု ဖြစ်သည်။ အခြားသူတို့က ‘ဘုရားသခင်သည် ထိုသို့သော ကြီးမြတ်သည့်အမှု၊ အနှစ်ခြောက်ထောင် စီမံခန့်ခွဲခြင်း အစီအစဉ်ကို လုပ်ဆောင်ရာတွင် အဆုံး၌ လူနှစ်ဦးကိုသာ သူ ရယူလျှင် ယင်းမှာ ဝမ်းနည်းဖွယ်ကောင်းမည် ဖြစ်သည်။ သူ၏ လုပ်ရပ်များသည် အချည်နှီးဖြစ်မည် မဟုတ်လော’ ဟု ပြောကြသည်။ လူသားက ထိုသို့ မဖြစ်သင့်ဟု ထင်သော်လည်း ဘုရားသခင်သည် လူနှစ်ဦးကိုပင်လျှင် ရယူရန် လိုလိုလားလား ရှိပေသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်အစစ်မှာ ထိုနှစ်ဦးကို ရယူဖို့မျှမဟုတ်ဘဲ ထိုထက်ပို၍ ရယူဖို့ဖြစ်သော်လည်း လူတို့သည် အသိတရားမရကြသကဲ့သို့ နားမလည်ကြဘဲ ဘုရားသခင်ကို ၎င်းတို့အားလုံး နားလည်မှုလွဲပြီး ခုခံကြသည့်အပြင် အားလုံးက အလားအလာမရှိသကဲ့သို့ အသုံးမကျပါက ဘုရားသခင်သည် ၎င်းတို့ကို မပိုင်ဆိုင်ခြင်းကို သာ၍လိုလားပေမည်။ ယင်းမှာ ဘုရားသခင်၏ စိတ်သဘောထား ဖြစ်သည်။ လူအချို့က ‘ယင်းသည် ဟန်ကျမည်မဟုတ်။ သို့ဆိုလျှင် စာတန်သည် ရယ်နေမည် မဟုတ်လော’ ဟု ပြောကြသည်။ စာတန် ရယ်ကောင်းရယ်နေနိုင်သည်၊ သို့သော် ယင်းသည် ဘုရားသခင်၏ နှိမ်နင်းပြီးသောရန်သူ ဖြစ်ဆဲပင် မဟုတ်လော။ ဘုရားသခင်သည် လူသားမျိုးနွယ်ထဲမှ စာတန်ကို ပုန်ကန်နိုင်ပြီး ၎င်း၏ ထိန်းချုပ်မှုကို မခံရသည့်သူအချို့ကို ရယူပြီးဖြစ်ဆဲ ဖြစ်သည်။ ဘုရားသခင်သည် စစ်မှန်သော ဖန်ဆင်းခံများကို ရယူပြီး ဖြစ်သည်။ ဘုရားသခင်၏ရယူခြင်း မခံရသေးသူများသည် စာတန်၏ ဖမ်းဆီးခြင်းခံရသည် မဟုတ်လော။ သင်တို့သည် စုံလင်အောင်ပြုခြင်း မခံရကြသေးပေ၊ သင်တို့သည် စာတန်နောက် လိုက်နိုင်စွမ်းရှိကြသလော။ (လိုက်နိုင်စွမ်းမရှိကြပါ။) လူအချို့က ‘ဘုရားသခင်သည် ကျွန်ုပ်ကို မလိုချင်လျှင်ပင် စာတန်နောက် ကျွန်ုပ် လိုက်လိမ့်ဦးမည်မဟုတ်။ ၎င်းက ကျွန်ုပ်ကို ကောင်းချီးမင်္ဂလာများ ပေးရန်ကမ်းလှမ်းလျှင်ပင် ယင်းတို့ကို ကျွန်ုပ် ယူမည်မဟုတ်’ ဟု ပြောကြသည်။ ဘုရားသခင် မရယူရသေးသည့်သူတစ်ဦးမျှ စာတန်နောက် မလိုက်ကြချေ။ ဘုရားသခင်သည် ဘုန်းအသရေကို ဤသို့ဖြင့် ရရှိသည် မဟုတ်လော။ ဘုရားသခင်ရယူသည့် လူအရေအတွက် သို့မဟုတ် ၎င်းတို့ကို သူရယူသည့် အတိုင်းအတာတို့နှင့်ပတ်သက်၍ လူတို့၌ အယူအဆများ ရှိကြသည်။ ဘုရားသခင်က ထိုသူအနည်းငယ်တို့ကိုသာ မရယူသင့်ဟု ၎င်းတို့ ယုံကြည်ကြသည်။ လူသားက ထိုသို့သော အယူအဆတစ်ခု ဖြစ်ပေါ်စေနိုင်သည်မှာ တစ်နည်းအားဖြင့် လူသားသည် ဘုရားသခင်၏ စိတ်ကို နားမလည်နိုင်သကဲ့သို့ သူ မည်သည့်လူစားမျိုးအား ရယူချင်သည်ကို နားမလည်နိုင်သောကြောင့် ဖြစ်သည်၊ လူသားနှင့် ဘုရားသခင်ကြားတွင် အကွာအဝေးတစ်ခု အမြဲရှိ၏။ နောက်တစ်နည်းအားဖြင့် ထိုသို့သော အယူအဆတစ်ခု ရှိဖို့ဆိုသည်မှာ လူသားက မိမိကိုယ်ကို နှစ်သိမ့်ဖို့နှင့် သူကိုယ်တိုင်၏ ကံကြမ္မာ၊ အနာဂတ်တို့နှင့် ပတ်သက်သရွေ့ မိမိကိုယ်ကို လွတ်မြောက်စေဖို့ နည်းလမ်းတစ်ခု ဖြစ်ပေသည်။ လူသားက ‘ဘုရားသခင်သည် အလွန်နည်းပါးသော လူတို့ကို ရယူထားပြီ၊ ကျွန်ုပ်တို့အားလုံးကို ရယူပါက သူ့အတွက် အသရေ တင့်တယ်လိုက်မည် ဖြစ်ခြင်းပါတကား။ ဘုရားသခင်က လူတစ်ဦးကိုမျှ မစွန်ပစ်ခဲ့ဘဲ အယောက်တိုင်းကို သိမ်းပိုက်ခဲ့ပြီး အယောက်တိုင်းသည် အဆုံးတွင် စုံလင်အောင်ပြုခြင်းခံရကာ လူတို့ကို ဘုရားသခင်၏ ရွေးချယ်ခြင်း၊ ကယ်တင်ခြင်းတို့နှင့်ဆိုင်သည့် ပြောဆိုမှုက အချည်းနှီး မဖြစ်သကဲ့သို့ သူ၏ စီမံခန့်ခွဲခြင်းအမှုသည် အချည်းနှီး ဖြစ်မလာခဲ့ပါက စာတန်သည် သာ၍ပင် အရှက်ရမည် မဟုတ်လော။ ဘုရားသခင်သည် သာ၍ကြီးမားသော ဘုန်းအသရေကို ရရှိမည် မဟုတ်လော’ ဟု ယုံကြည်လေသည်။ ဤအရာကို ၎င်းက ပြောနိုင်သည်မှာ တစ်စိတ်တစ်ဒေသအားဖြင့် သူသည် ဖန်ဆင်းရှင်ကို မသိသောကြောင့် ဖြစ်သကဲ့သို့ သူကိုယ်တိုင်၏ တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက် ရှိသောကြောင့် ဖြစ်သည်။ သူသည် သူ၏ အနာဂတ်နှင့်ပတ်သက်၍ စိုးရိမ်ပူပန်သည်၊ ထို့ကြောင့် ယင်းကို ဖန်ဆင်းရှင်၏ ဘုန်းအသရေနှင့် ချိတ်ဆက်ပြီး ထိုသို့ဖြင့် သူသည် ကုသိုလ်လဲရ ဝမ်းလဲရသည်ဟု တွေးထင်လျက် သူ၏စိတ်နှလုံး သက်သာရာရလေသည်။ ထိုမျှမက သူက ‘ဘုရားသခင်အနေဖြင့် လူတို့အား ရရှိပြီး စာတန်အား အရှက်ရစေသည်မှာ စာတန်၏ အရှုံးနှင့်ပတ်သက်၍ ခိုင်မာသော အထောက်အထားဖြစ်၏။ ယင်းမှာ ငှက်သုံးကောင်အား ကျောက်ခဲတစ်လုံးတည်းဖြင့် ပစ်သတ်ခြင်းပါတကား’ ဟုလည်း ခံစားမိသည်။ လူတို့သည် မိမိကိုယ်ကို မည်သို့ အကျိုးရှိအောင် လုပ်ရမည်ကို တွက်ချက်ရာ၌ အမှန်တကယ် တော်ကြသည်။ ဤအယူအဆသည် အတော်ပင် ပါးနပ်သည်မဟုတ်လော။ လူတို့၌ တစ်ကိုယ်ကောင်းဆန်သော စေ့ဆော်မှုများရှိကာ ဤစေ့ဆော်မှုများ၌ ပုန်ကန်မှုနှင့်ဆိုင်သော အရာတစ်ခုရှိသည် မဟုတ်လော။ ဘုရားသခင်အပေါ် ပြုလုပ်သော တောင်းဆိုမှုတစ်ခုရှိသည် မဟုတ်လော။ ထိုအထဲ၌ ဘုရားသခင်အပေါ် ‘ကိုယ်တော်သည် ကျွန်ုပ်တို့အား ရွေးကောက်ခဲ့ပြီ။ ခေါ်ဆောင်ခဲ့ပြီ။ ကျွန်ုပ်တို့အပေါ် များစွာ အလုပ်လုပ်ခဲ့ပြီ။ ကျွန်ုပ်တို့အပေါ် ကိုယ်တော်၏ အသက်နှင့် ကိုယ်တော်၏ အလုံးစုံကို နှင်းအပ်ခဲ့ပြီ။ ကျွန်ုပ်တို့အပေါ် ကိုယ်တော်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို နှင်းအပ်ခဲ့ပြီ။ ထို့ပြင် ဤနှစ်ကာလများတစ်လျှောက် ကျွန်ုပ်တို့အား ကိုယ်တော့်နောက်သို့ လိုက်စေခဲ့ပြီ။ အကယ်၍ ကိုယ်တော်သည် အဆုံး၌ ကျွန်ုပ်တို့အား မရရှိနိုင်ခဲ့လျှင် အဘယ်မျှ ဆုံးရှုံးမှု ကြီးလိမ့်မည်နည်း’ ဟူသည့် မဖွင့်ဟသော ပုန်ကန်မှုရှိ၏။ ထိုကဲ့သို့သော ဆင်ခြေဆင်လက်သည် ဘုရားသခင်အား အကျပ်ကိုင်ဖို့၊ မိမိတို့ကို မလွှဲသာအောင် ရယူစေဖို့ ကြံစည်အားထုတ်ခြင်း ဖြစ်၏။ ယင်းမှာ ဘုရားသခင်အနေဖြင့် ၎င်းတို့ကို မရယူပါက ၎င်းတို့သည် အခွင့်အရေးဆုံးရှုံးသွားမည် မဟုတ်၊ ဆုံးရှုံးမှုကို ခံစားရမည်မှာ ဘုရားသခင်သာ ဖြစ်သည်ဟု ပြောနေခြင်းဖြစ်၏။ ဤပြောဆိုချက်မှာ မှန်ကန်သလော။ ဤအရာထဲတွင် လူသား၏ တောင်းဆိုမှုများရော၊ သူ၏ စိတ်ကူးများနှင့် အယူအဆများပါ ရှိ၏။ ဘုရားသခင်သည် ထိုမျှကြီးမားသော အလုပ်ကိုလုပ်သောကြောင့် လူပေါင်းမည်မျှကိုမဆို မဖြစ်မနေ ရယူရမည် ဟူ၍ဖြစ်သည်။ ဤ ‘မဖြစ်မနေ’ ဟူသည့်အရာက မည်သည့်နေရာမှ လာသနည်း။ ယင်းသည် လူသား၏ စိတ်နှလုံးခိုင်မာပြီး ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထား ပေါင်းစပ်မှုအနည်းငယ်နှင့်အတူ သူ၏ အယူအဆများနှင့် စိတ်ကူးများ၊ သူ၏ မတန်တဆ တောင်းဆိုမှုများနှင့် သူ၏ ဝင့်ဝါမှုတို့မှ လာသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းကို စတင်နိုင်သည် (၂)) ဘုရားနှုတ်ကပတ်တော်တွေကနေ၊ ကျွန်မကိုယ်ပိုင် အယူအဆနဲ့ဆိုင်တဲ့ ပိုင်းခြားသိမြင်မှုတချို့ ရခဲ့တယ်။ အရင်တုန်းက၊ လူတွေကို ဘုရားက ထုတ်ဖော်တာ၊ ဖယ်ရှားရှင်းလင်းတာ မလုပ်သင့်ဘူး၊ သူ ဘုန်းအသရေ ပိုရနိုင်အောင် လူတွေကို ပိုရသင့်တယ်လို့ ကျွန်မ တွေးခဲ့တယ်။ ဒါကြောင့် အသင်းတော်ထဲမှာ လူတွေ တစ်ယောက်ပြီးတစ်ယောက် ထုတ်ဖော်၊ ဖယ်ရှားရှင်းလင်းခံရတာကို မြင်တော့ ကျွန်မ တွေးရခက်သွားတယ်။ လူတွေအများကြီး ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရတော့၊ နောက်ဆုံးမှာ လူဘယ်လောက် ကယ်တင်ခံရမှာလဲပေါ့။ အထူးသဖြင့် ရောဂါကြောင့် ကျွန်မတာဝန်တွေကို မထမ်းဆောင်နိုင်တဲ့အချိန်မှာ၊ ဘုရားက ကျွန်မကိုလည်း ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းနေတယ်လို့ ခံစားရတယ်။ ဘုရားကို အထင်လွဲပြီး၊ ကျွန်မ စိတ်နှလုံးထဲမှာ သူ့ကို ငြင်းတောင်ငြင်းခုံခဲ့တယ်။ “လူတွေကို ကယ်တာက ဘုရားရဲ့ အလုပ်မဟုတ်လား။ ဘာလို့ ကျွန်မတို့က နောက်ဆုံးမှာ အားလုံး ဖယ်ရှားရှင်းလင်းခံနေကြရတာလဲ”လို့ပေါ့။ ဒါက ဘုရားရဲ့ အမှုတော်နဲ့ပတ်သက်လို့ ကျွန်ရဲ့ အသိကင်းမဲ့တာကို ပြခဲ့တယ်။ တကယ်တော့၊ လူတွေကို ကယ်တင်ဖို့ ဘုရားရဲ့ ရည်ရွယ်ချက်က မပြောင်းမလဲ ရှိနေပါတယ်။ သူက ပိုများတဲ့ လူတွေကို ရဖို့ မျှော်လင့်နေတယ်။ လူတွေက ဘုရားအတွက် သစ္စာစောင့်သိမှုနဲ့ အလုပ်လုပ်ဖို့ လိုလားသရွေ့၊ သူက သူတို့ကို အလွယ်တကူ ဖယ်ရှားရှင်းလင်းမှာ မဟုတ်ဘူး။ ဒါပေမဲ့ လူတွေက ဘုရားရဲ့ ကယ်တင်ခြင်းကို တန်ဖိုးမထားရင်၊ အခြေအနေတွေနဲ့ ရင်ဆိုင်ရတဲ့အခါ သမ္မာတရားကို မရှာရင်၊ ဘုရားရဲ့ သတ်မှတ်ချက်တွေအတိုင်း သူတို့တာဝန်တွေကို မထမ်းဆောင်ရင်၊ သူတို့ရဲ့ အလုပ်နဲ့ ကောင်းကျိုးထက် ဆိုးကျိုးကို ပိုလုပ်မိသွားခဲ့ရင်၊ ဘုရားက အဲဒီလိုလူတွေကို လက်လျှော့လိုက်ချင်မှာပဲ။ ဘုရားရဲ့ စိတ်သဘောထားက ဖြောင့်မတ်ပြီး သန့်ရှင်းတယ်။ သူက လူတွေရဲ့ အရေအတွက်ကို မရှာဘဲ အရည်အချင်းကို ရှာတယ်။ သူ ရယူဖို့ အလိုရှိတာက သူ့ကို အစစ်အမှန် ကိုးကွယ်ပြီး သူနဲ့ သဟဇာတဖြစ်နိုင်တဲ့ စစ်မှန်တဲ့ ဖန်ဆင်းခံတွေပဲ။ အဲဒီလိုလူတွေ နည်းနေရင်တောင်မှပေါ့။ ပြီးတော့ ဘုရားက ထုတ်ဖော်၊ ဖယ်ရှားရှင်းလင်းတာထက် ပိုများတဲ့ လူတွေကို ကယ်မယ်ဆိုတဲ့ ကျွန်မရဲ့ မျှော်လင့်ချက်က ကျွန်မကိုယ်ပိုင် တစ်ကိုယ်ကောင်းစိတ်ပါနေတယ်။ ဘာလို့လဲဆိုရင် အဲဒီအခြေအနေမှာ၊ကျွန်မက ဖယ်ရှားရှင်းလင်းခံရမှာ မဟုတ်ဘဲ ကျွန်မရဲ့ ရှေ့ရေးနဲ့ ခရီးပန်းတိုင်က သေချာမှာဖြစ်လို့ပဲ။ ဒါကြောင့် ဘုရားရဲ့ ထုတ်ဖော်၊ ဖယ်ရှားရှင်းလင်းခံရသလိုမျိုး ခံစားရတဲ့အခါ ကျွန်မ အပျက်သဘောဆောင်လာပြီး သမ္မာတရားကို မလိုက်စားချင်တော့ဘူး။ ကျွန်မ စိတ်နှလုံးထဲမှာ ဘုရားကို ကျိုးကြောင်းပြပြောဆိုခဲ့တယ်။ ကျွန်မတို့ကို ကယ်တင်ဖို့ ဘုရားက မရွေးချယ်ခဲ့ဘူးလား။ ကျွန်မတို့ အများကြီးက တစ်ယောက်ပြီးတစ်ယောက် ဘာလို့ ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံနေခဲ့ရတာလဲပေါ့။ ကျွန်မရဲ့ ဆိုလိုချက်က ဘုရားက ကျွန်မတို့ မဖယ်ရှားမရှင်းလင်းသင့်ဘူး။ သူက အဆုံးထိ ကယ်တင်သင့်တယ်ပေါ့။ ဒါက ပေါလုစကားတွေနဲ့ သဘာဝ အတူတူပဲ မဟုတ်လား။ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေသြဝါဒစာဒုတိယစောင် ၄:၇-၈) ဒါက ဘုရားကို ကန့်ကွက်တာပဲ။ အဲဒါက အဲဒီလို ဆိုးယုတ်တဲ့ စိတ်သဘောထားပဲ။ တကယ်တော့၊ ဘုရားက ဘယ်ပတ်ဝန်းကျင်ကို စီစဉ်ညွှန်ကြားပါစေ၊ အဲဒါက အဲဒီထဲက သမ္မာတရားကို ကျွန်မတို့ကို ရှာစေဖို့နဲ့ သမ္မာတရားကို ရစေဖို့ပဲ။ ဒါမှ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖယ်ရှားပြီး ကယ်တင်ခံရနိုင်ဖို့ပဲ။ ဒီပတ်ဝန်းကျင်လိုမျိုးပဲပေါ့။ ကျွန်မရဲ့ အယူအဆတွေနဲ့ မကိုက်ညီတဲ့အပြင် ကျွန်မကို နာကျင်မှုတချို့ ဖြစ်စေခဲ့ပေမဲ့၊ ကျွန်မထဲမှာရှိတဲ့ ကောင်းချီးရဖို့ စိတ်လှုံ့ဆော်မှုကို ထုတ်ဖော်တယ်၊ ကျွန်မရဲ့ ဘုရားကို ယုံကြည်မှုနဲ့ တာဝန်ထမ်းဆောင်မှု နောက်ကွယ်က ရောထွေးတဲ့ ရည်ရွယ်ချက်တွေကို သတိပြုမိစေတဲ့အပြင် လှည့်ပြန်စေပြီး ပြောင်းလဲနိုင်စေခဲ့တယ်။ ဒီပတ်ဝန်းကျင်က ကျွန်မအတွက် ကယ်တင်ခြင်းဖြစ်မှန်း မြင်ခဲ့ရတယ်။ ဘုရားက ကျွန်မတို့ကို ကယ်တင်ဖို့ အပင်ပန်းခံအားထုတ်မှုတွေ လုပ်ပြီးပြီ။ ကျွန်မတို့ကို ထောက်ပံ့ပေးဖို့ သမ္မာတရားကို ဖော်ပြရုံမက၊ ကျွန်မတို့ကို သန့်စင်ပြီး စုံလင်အောင်ပြုဖို့ ကျွန်မတို့အတွက် တွေ့ကြုံဖို့ ပတ်ဝန်းကျင်အမျိုးမျိုးကိုလည်း စီစဉ်ညွှန်ကြားပေးတယ်။ ဒါတောင်၊ ကျွန်မက ဘုရားစီစဉ်ညွှန်ကြားတဲ့ ပတ်ဝန်းကျင်တွေနဲ့ပတ်သက်လို့ အတိုက်အခံလုပ်၊ ညည်းညူခဲ့တယ်။ အဲဒါကို တကယ် တန်ဖိုးမထားခဲ့ဘူး။ သူ့ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့ ဘုရားက ကျွန်မကို ရွေးချယ်တာဟာ သူ့ရဲ့ ကျေးဇူးတော် ဖြစ်နှင့်နေပြီ။ သူ့ကို ကျွန်မ ကျေးဇူးတင်သင့်တယ်။ နောက်ဆုံးမှာ ကျွန်မ ကောင်းချီးတွေ မရရင်တောင်၊ ကောင်းမွန်တဲ့ အဆုံးသတ် မရှိရင်တောင်၊ ဘုရားကို ကျွန်မ ကျိုးနွံနာခံသင့်တုန်းပဲဖြစ်ပြီး သူနဲ့ မငြင်းခုံသင့်ဘူး။

နောက်ပိုင်းမှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို အမှတ်တမဲ့ ကျွန်မတွေ့တယ်။ “ယခုအချိန်မှစ၍ ထိုသမ္မာတရားကို လေးနက်စွာ စတင်လိုက်စားပါ၊ သို့သော် သင် မည်သို့ လိုက်စားသင့်သနည်း။ ဘုရားသခင်ကို သင် မကြာခဏ ပုန်ကန်မိသည့် ကိစ္စရပ်များအပေါ် သင် သုံးသပ်ရန် လိုအပ်သည်။ ဘုရားသခင်သည် သင့်ကို သင်ခန်းစာတစ်ခု သွန်သင်ရန်၊ ဤကိစ္စရပ်များမှတစ်ဆင့် သင့်ကို ပြောင်းလဲစေရန်၊ သူ၏ နှုတ်ကပတ်တော်များကို သင့်အထဲတွင် ပုံသွင်းရန်၊ သမ္မာတရား စစ်မှန်မှု၏ သွင်ပြင်လက္ခဏာတစ်ခုထဲသို့ သင့်ကို ဝင်ရောက်စေရန်နှင့် ထိုကိစ္စရပ်များတွင် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတိုင်း အသက်ရှင်ခြင်းမှ သင့်ကို တားဆီးရန်၊ ပြီးလျှင် ထိုအစား ဘုရားနှုတ်ကပတ်တော်များအတိုင်း သင် အသက်ရှင်ရန်အတွက်၊ သူ၏ နှုတ်ကပတ်တော်များ သင့်အထဲတွင် ဖြစ်ပေါ်စေပြီး သင်၏ အသက်ဖြစ်လာစေရန်အတွက် ဘုရားသခင်သည် သင့်အတွက် အခြေအနေများကို အကြိမ်ကြိမ် စီစဉ်ထားပြီးဖြစ်သည်။ သို့ရာတွင်၊ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း မရှိသကဲ့သို့ သမ္မာတရားကို လက်ခံခြင်းမရှိ၊ သူ၏ နှုတ်ကပတ်တော်များကို သင် လိုက်လျှောက်သင့်သည့် စည်းမျဉ်းများအဖြစ် သဘောထားခြင်း မရှိသကဲ့သို့ သူ၏ နှုတ်ကပတ်တော်များကို အသက်ရှင်နေထိုင်ခြင်းမရှိဘဲ၊ ဤကိစ္စရပ်များတွင် ဘုရားသခင်ကို သင် မကြာခဏ ပုန်ကန်မိလေသည်။ ဤအရာက ဘုရားသခင်ကို ထိခိုက်နာကျင်စေပြီး၊ အကြိမ်ကြိမ် သင်သည် ကယ်တင်ခြင်းအတွက် သင်၏ အခွင့်အရေးကို ဆုံးရှုံးလေသည်။ ထို့ကြောင့် သင်သည် မိမိကိုယ်ကို မည်သို့ ပြောင်းလဲစေသင့်သနည်း။ ယနေ့တွင် အစပြုလျက်၊ သုံးသပ်ဆင်ခြင်ခြင်းမှတစ်ဆင့် သင် သတိပြုမိနိုင်ပြီး ရှင်းလင်းစွာ သိနိုင်သည့် ကိစ္စရပ်များတွင်၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားချက်ကို သင် ကျိုးနွံနာခံသင့်သည်၊ သူ၏ နှုတ်ကပတ်တော်များကို သမ္မာတရား စစ်မှန်မှုအဖြစ် လက်ခံသင့်ပြီး၊ သင် အသက်ရှင်သည့်ပုံစံကို ပြောင်းလဲသင့်ပေသည်။ ဤကဲ့သို့သော အခြေအနေများကို သင် ကြုံရသည့်အခါ၊ သင်၏ ဇာတိပကတိနှင့် သင်၏ နှစ်သက်မှုများကို သင် ပုန်ကန်သင့်ပြီး သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်သင့်သည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။)...သို့ရာတွင်၊ ကယ်တင်ခြင်းကို ရရှိရန် သင် ဆန္ဒရှိပါက၊ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံကာ သမ္မာတရားနှင့် အသက်ကို ရရှိရန် သင် ဆန္ဒရှိပါက၊ ဘုရားနှုတ်ကပတ်တော်များကို သာ၍ ဖတ်ရှုရမည်၊ သမ္မာတရားအား နားလည်ခြင်းကို ကြိုးပမ်းရရှိရမည်။ သူ၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ကာ ကျိုးနွံနာခံနိုင်ရမည်ဖြစ်ပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရား စည်းမျဉ်းများကို ထိန်းသိမ်းခြင်းဖြင့် အစပြုနိုင်ရမည်။ ဤသည်တို့မှာ စာကြောင်းအနည်းငယ်သာဖြစ်သော်လည်း၊ ယင်းတို့ကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်၊ တွေ့ကြုံရမည်ကို လူတို့ မသိကြပေ။ မည်သို့ဆိုစေ၊ သင်၏ အစွမ်းအစ သို့မဟုတ် ပညာရေးကို ပဓာနမထားဘဲ၊ ပြီးလျှင် သင်၏ အသက်အရွယ် သို့မဟုတ် ယုံကြည်ခြင်း နှစ်ကာလများကို ပဓာနမထားဘဲ၊ မည်သို့ပင်ဖြစ်စေ သင်သည် မှန်ကန်သည့် ရည်မှန်းချက်များနှင့် ဦးတည်ချက်တို့ဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းမှန်ပေါ်တွင် ရှိပါက၊ ပြီးလျှင် သင် လိုက်စားအားထုတ်ပြီး၊ အသုံးပြုသည့်အရာမှာ သမ္မာတရား လိုက်စားခြင်းအတွက်သာ ဖြစ်ပါက၊ နောက်ဆုံးတွင် သင် ရရှိမည့်အရာမှာ ဧကန်မုချ သမ္မာတရား စစ်မှန်မှုနှင့် ဘုရားနှုတ်ကပတ်တော်များ သင်၏ အသက်ဖြစ်လာခြင်း ဖြစ်လိမ့်မည်။ ပထမဦးစွာ သင်၏ ရည်မှန်းချက်ပန်းတိုင်ကို သတ်မှတ်လော့၊ ထို့နောက် ဤလမ်းကြောင်းအတိုင်း တဖြည်းဖြည်း လက်တွေ့လုပ်ဆောင်လော့။ အဆုံးတွင် တစ်စုံတစ်ရာကို သင် မုချ ရရှိလိမ့်မည်။ ဤအရာကို သင်တို့ ယုံကြည်ကြပါသလော။ (ယုံကြည်ပါသည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂၀)) ဘုရားနှုတ်ကပတ်တော်တွေက လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို ပြခဲ့တယ်။ ကျွန်မ သမ္မာတရားကို ရှာဖွေပြီး ကယ်တင်ခံရချင်ရင်၊ ဘုရားစီစဉ်ညွှန်ကြားတဲ့ ပတ်ဝန်းကျင်တွေကို ကျိုးနွံနာခံရမယ်၊ သမ္မာတရားကို ရှာပြီး ဘုရားနှုတ်ကပတ်တော်တွေအတိုင်း လက်တွေ့လုပ်ရမယ်။ အခု ကျွန်မ ဘာတာဝန်မှ မထမ်းဆောင်နိုင်ပေမဲ့၊ ညီအစ်ကို မောင်နှမတွေနဲ့ ဆက်သွယ်လို့ မရပေမဲ့၊ ဒီအခြေအနေမှာ ဘုရားရဲ့ ကွယ်ကာမှုကို ကျွန်မ မြင်ရပြီးပြီ။ ကျွန်မရဲ့ ပြင်းထန်တဲ့ ရောဂါရှိပေမဲ့၊ ဘုရားက ကျွန်မကို ထွက်သက်တစ်ခုစီတိုင်း ပေးခဲ့ပြီး ကျွန်မ အသက်ရှင်နေတုန်းပဲ။ အိမ်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်နိုင်တုန်းပဲလေ။ ကျွန်မကို ဘုရားက သူ့နှုတ်ကပတ်တော်တွေကို ဖတ်ခွင့် မပိတ်ပင်ခဲ့ဘူး။ ဒါပေမဲ့ ကျေးဇူးတင်ရမှန်း ကျွန်မ မသိခဲ့ဘူး။ ဘုရားရဲ့ ကွယ်ကာမှုကို တန်ဖိုးထားမဲ့အစား၊ အပျက်သဘောဆောင်ပြီး သူ့ကို အထင်လွဲခဲ့တယ်။ ကျွန်မ တကယ်ကို ကျိုးကြောင်းမသင့်တာပဲ။ ကျွန်မရဲ့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကို ကိုင်တွယ်ဖို့ ဆီလျော်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပိုသုံးသပ်ပြီး သိဖို့လိုတယ်။ အဲဒါက သမ္မာတရား လိုက်စားခြင်းရဲ့ သရုပ်သကန် ဖြစ်မှာပဲ။

အချိန်တစ်ခုကြာပြီးတဲ့နောက်မှာ၊ ဧဝံဂေလိ တရားဒေသနာတွေကို ရွေးရင်းနဲ့ ကျွန်မရဲ့တာဝန်တွေကို ကျွန်မ ထပ်ထမ်းဆောင်နိုင်ခဲ့တယ်။ ကျွန်မရဲ့တာဝန်ကို ထမ်းဆောင်ဖို့ ကျွန်မကို နောက်ထပ် အခွင့်အရေးပေးတဲ့အတွက် ဘုရားကို အရမ်း ကျေးဇူးတင်မိတယ်။ ကျွန်မတာဝန်ကို ထမ်းဆောင်နေချိန်မှာ၊ ကျွန်မ ထုတ်ဖော်ခဲ့တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဆန်းစစ်တာ ကျွန်မ အာရုံစိုက်ခဲ့တယ်။ တစ်ခါတလေ၊ ကျွန်မတာဝန်မှာ ရလဒ်တချို့ ရခဲ့ရင်၊ ကျွန်မ သိပ်တော်တာပဲလို့တွေးပြီး ကိုယ့်ကိုယ်ကိုယ် မကျေနပ်ဘဲမနေနိုင်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်မရဲ့ တာဝန်ထမ်းဆောင်မှုက သိပ်အကျိုးမဖြစ်တဲ့အခါ၊ ဒါမှမဟုတ် လမ်းကြောင်းလွဲသွားတဲ့အခါ၊ ကျွန်မ အပျက်သဘောဆောင်လာတယ်၊ တခြားလူတွေ ကိုယ့်ကို ဘယ်လိုမြင်မယ်ဆိုတာ ပူပန်ခဲ့တယ်။ ကိုယ်တိုင်နဲ့ပတ်သက်လို့ ဒီလို ထုတ်ဖော်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ကျွန်မက ဖြေရှင်းချက်အတွက် ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖွေခဲ့တယ်။ ဒီလို အတန်ကြာ လက်တွေ့လုပ်ပြီးတဲ့နောက်မှာ ကျွန်မစိတ်နှလုံးထဲမှာ အရမ်းအားရပ်ကျေနပ်ခဲ့တယ်။ ဘုရားသခင်ကို သူ့ရဲ့ လမ်းပြမှုအတွက် ကျေးဇူးတင်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်မရဲ့ရွေးချယ်မှု

၂၀၁၂ မတ်လတုန်းက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို ကျွန်မအမေက ကျွန်မကိုမျှဝေခဲ့တယ် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို...

တာဝန်ထမ်းဆောင်ခြင်းသည် ဝါရင့်ခြင်းနှင့် မသက်ဆိုင်ပါ

ရှန့်ကျင့် တောင်ကိုရီးယားနိုင်ငံ ကျွန်တော်က ဓမ္မသီချင်းတွေ အသံသွင်းတဲ့နေရာမှာ သုံးလေးနှစ်လောက်ထိ ပါဝင်ခဲ့ပါတယ်။ ကျွန်တော်က ဘုရားကို...

ကောင်းချီးများကို လိုက်စားခြင်းသည် ဘုရားအလိုတော်နှင့် ညီပါသလား

ခဲ့လော့ဒ် အင်္ဂလန်နိုင်ငံ ၂၀၁၈ ခုနှစ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလအမှုတော်ကို လက်ခံဖို့ ကျွန်တော် အခွင့်ကောင်းရခဲ့တယ်။...

အတွေ့အကြုံသက်သေခံချက်ဆောင်းပါးတွေကို ရေးခြင်းရဲ့ အကျိုးအမြတ်တွေကို ကျွန်မ အခု သိပါပြီ

၂၀၂၀ တုန်းက ကျွန်မက အသင်းတော်ခေါင်းဆောင်တစ်ယောက်ပါ။ တချို့ ညီအစ်ကိုမောင်နှမတွေက အတွေ့အကြုံသက်သေခံချက်ဆောင်းပါးကောင်း သုံးလေးခုရေးတာကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။