စိတ်နှလုံး၏ လွတ်မြောက်ခြင်း

28.02.2021

ကျန်ရှင်း အမေရိကန်နိုင်ငံ

၂၀၁၆ခုနှစ်၊ အောက်တိုဘာလ မှာ ကျွန်မ ခင်ပွန်းနဲ့ ကျွန်မတို့က နိုင်ငံခြားမှာ ရှိနေတုန်း ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ကြပါတယ်။ လနည်းနည်းကြာတော့၊ ကျွန်မနဲ့အတူ ဘုရားရဲ့ အမှုတော်ကို လက်ခံခဲ့တဲ့ အစ်မဝမ်က မြန်မြန်ဆန်ဆန် တိုးတက်နေခဲ့တယ်။ လူတိုင်းက သူ့ကို အစွမ်းအစကောင်းလို့ ချီးမွမ်းကြတယ်။ တစ်ခါတုန်းက စည်းဝေးပွဲတစ်ခု အပြီးမှာ၊ အစ်မလင်းက “အစ်မဝမ်က ဘုရားနှုတ်ကပတ်တော်တွေနဲ့ပတ်သက်ပြီး၊ သူ လက်ခံပုံနဲ့ နားလည်ပုံတွေအကြောင်းကို၊ ဒီနေ့ သူ မိတ်သဟာယပြုခဲ့သမျှက စိတ်နှလုံးထဲက ပြောသွားတာတွေပဲ။ သူ ပြောတဲ့ဟာတွေမှာ အလင်းတချို့လည်း ပါတယ်။ ကျွန်မအတွက်တော့ တော်တော် အထောက်အကူဖြစ်တယ်” ဆိုပြီး ပြောတာကို ကျွန်မ ကြားခဲ့ရတယ်။ တကယ်တော့ လူတိုင်းက ဒီလိုပြောတာကို ကြားရတော့၊ အစပိုင်းမှာ ကျွန်မ သူ့ကို တော်တော် အားကျခဲ့တယ်။ ဒါပေမယ့် နည်းနည်းကြာလာတဲ့နောက်မှာ၊ ကျွန်မ စပြီး မကျေမချမ်း ဖြစ်လာတယ်။ ဘယ်လိုဖြစ်လို့ လူတိုင်းက သူ့ကို ချီးမွမ်းပြီး၊ ကျွန်မကိုတော့ မချီးမွမ်းတာလဲ။ ကျွန်မက လုံးဝ မကြီးထွားမရင့်ကျက်ခဲ့ဘူးလား။ ကျွန်မရဲ့ မိတ်သဟာယနဲ့ ပတ်သက်ပြီး တစ်ခုခု မှားနေလို့လားပေါ့။ တဖြည်းဖြည်းချင်းဆိုသလို၊ သူက ကျွန်မထက်သာတဲ့ ဆိုတဲ့ အချက်ကို ကျွန်မ လက်မခံချင်ဘဲ၊ သူ့ကို တိတ်တဆိတ် စပြီး ဆန့်ကျင်လာတော့တယ်။ ကျွန်မက ကိုယ့်ဘာသာ တွေးမိတယ်။ “ရှင်က ဘုရားနှုတ်ကပတ်တော်တွေကို မိတ်သဟာယပြုနိုင်သလို၊ ကျွန်မလည်း ပြုနိုင်တာပဲ။ ကျွန်မ ရှင့်ထက်သာတဲ့နေ့ ရောက်လာလိမ့်မယ်။ ဘုရားနှုတ်ကပတ်တော်တွေကနေ ရတဲ့ နားလည်မှုတွေ၊ အသိပညာတွေကို ကျွန်မ မှတ်ထားမယ်။ ဝတ်ပြုစည်းဝေးချိန်တွေကျမှ အဲဒါတွေကို မျှဝေမယ်။ အဲဒီနည်းနဲ့ဆိုရင်၊ ကျွန်မရဲ့မိတ်သဟာယကလည်း သိပ်ကောင်းပြီး၊ လက်တွေ့ကျတယ်ဆိုတာကို လူတိုင်း တွေ့လာလိမ့်မယ်” ပေါ့။

အဲဒီနောက်ပိုင်း ကာလတစ်ခု ကြာတဲ့အထိ၊ ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ ရပြီး နားလည် သမျှကို မှတ်စုစာအုပ်ထဲမှာ ရေးချထားခဲ့တယ်။ ဝတ်ပြုအစည်းအဝေးအတွက် အချိန်ရောက်တဲ့အခါ၊ အဲဒါတွေကို အစ်မဝမ်လိုပဲ ရှင်းရှင်းလင်းလင်း၊ စနစ်တကျ နဲ့ နည်းမှန်လမ်းမှန် ဖြစ်အောင် မိတ်သဟာယမှာ ဘယ်လို ဝေမျှနိုင်မလဲဆိုတာကို သိဖို့၊ အဲဒါတွေကို ကျွန်မရဲ့စိတ်နှလုံးထဲမှာ သေသေချာချာ တစိမ့်စိမ့် ချင့်ချိန်ခဲ့ရတယ်။ ဒါပေမယ့် အကြောင်းကြောင်းကြောင့်၊ ညီအစ်ကိုမောင်နှမတွေရှေ့မှာ ကျွန်မ ကိုယ်ရည်သွေးဖို့ ကြိုးစားလေလေ၊ ကိုယ့်ကိုယ်ကိုယ် အရူးဖြစ်အောင် လုပ်မိလေလေပါပဲ။ ကျွန်မ မိတ်သဟာယပြုဖို့ အချိန် ရောက်တာနဲ့ ဘာပြောရမှန်း မသိတော့တာမျိုး၊ ကျွန်မရဲ့စကားတွေက လုံး၀ ရောထွေးကုန်တာမျိုး ဖြစ်ကုန်ရော။ ကျွန်မ သေချာရှင်းလင်းအောင် ပြောပြချင်တဲ့ ရှုထောင့်တွေကို ရှင်းရှင်းလင်းလင်း မပြောပြနိုင်ခဲ့ဘူး။ ဝတ်ပြုအစည်းအဝေးဟာ နောက်ဆုံးမှာ ကျွန်မအတွက် အရမ်းကို အရှက်ကွဲရတာနဲ့ပဲ အဆုံးသတ်ခဲ့ပါတယ်။ တစ်နေ့ ကျွန်မ အိမ်ပြန်ရောက်ပြီးနောက်မှာ၊ ကျွန်မရဲ့ ခင်ပွန်းကို ကျွန်မ ပြောလိုက်တယ်။ “စည်းဝေးပွဲတွေမှာ ဘုရားနှုတ်ကပတ်တော်တွေအကြောင်း အစ်မဝမ် မိတ်သဟာယပြုတာက အလင်းပါတယ်လို့ ကြားမိတိုင်း၊ ကျွန်မတော့ တကယ်ကို အခံရခက်တယ်။” ဒါပေမယ့် ကျွန်မ စကားပြောလို့ မဆုံးခင်မှာ၊ ကျွန်မခင်ပွန်းက ကျွန်မကို စိန်းစိန်းဝါးဝါးကြည့်ပြီး၊ တကယ်ကို လေးလေးနက်နက် ပြောခဲ့တယ်၊ “အစ်မဝမ်ရဲ့ မိတ်သဟာယမှာ တကယ့်ကို အလင်းရှိတယ်၊ ပြီးတော့ အဲဒီမိတ်သဟာယက ငါတို့အတွက် အထောက်အကူ ဖြစ်တယ်။ ငါတို့က ဒီအတွက် ဘုရားသခင်ကို ကျေးဇူးတင်သင့်တာ။” “မင်း ခံစားရတဲ့ ဒီလို ခံရခက်တယ်ဆိုတာ မနာလိုစိတ်သက်သက် မဟုတ်ဘူးလား။” တဲ့။ သူ့စကားတွေက မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပဲ။ ကျွန်မက လက်မခံနိုင်ဘဲ ခေါင်းကို အမြန်ခါလိုက်တယ်။ “မဟုတ်ပါဘူး။ ကျွန်မက အဲဒီလိုမဟုတ်ဘူး” ပေါ့။ ကျွန်မခင်ပွန်းက ဆက်ပြောတယ်၊ “ငါတို့ညီအစ်ကိုမောင်နှမတွေအားလုံးက အစ်မဝမ်ရဲ့ မိတ်သဟာယကနေ ပျော်ရွှင်မှု ရကြတယ်။ ဒါပေမဲ့ အဲဒါကို ကြားရတဲ့ မင်းက ဘဝင်မကျဖြစ်တယ်။ အဲဒါဟာ သူက မင်းထက်ပို လုပ်နိုင်စွမ်းရှိလို့ မင်း မနာလို ဖြစ်နေတာ သက်သက်ပဲ။” ဒါကို ကြားရတော့၊ ကျွန်မ ပိုပြီးတော့ကို စိတ်ညစ်သွားတယ်။ ကျွန်မက တကယ်ပဲ အဲဒီလို မနာလိုစိတ်ရှိတဲ့လူတစ်ယောက်ဆိုတာ ဖြစ်နိုင်လား။ ကျွန်မ သူ့ကို ပြောလိုက်တယ်၊ “ဘာမှ မပြောပါနဲ့တော့။ ကျွန်မစိတ်ကို ငြိမ်အောင် လုပ်ပါရစေဦး။ ကျွန်မကိုယ်ကျွန်မ စဉ်းစားကြည့်ပါ့မယ်” ပေါ့။ အဲဒီနောက်မှာ၊ ကျွန်မရဲ့ ခင်ပွန်းက အသင်းတော်က အစ်မလျူကများ ကျွန်မကို ကူညီနိုင်မလားလို့ မျှော်လင့်ပြီး၊ ကျွန်မနဲ့ ပတ်သက်ပြီး ဖြစ်နေတာတွေကို သူ့ကို ပြောပြလိုက်တယ်။ အဲဒါကို ကြားတဲ့အချိန်မှာ ကျွန်မခင်ပွန်းကို ကျွန်မ အပြစ်တင်မိတယ်၊ “ရှင် ကျွန်မကို အရင် မမေးဘဲ၊ ဘာလို့ သူ့ကို သွားပြောရတာလဲ။ ဒါကို သူက လူတကာကို ပြောလိုက်ရင်၊ ကျွန်မကို ဘယ်လိုမြင်ကြတော့မလဲ” ပေါ့။ အဲဒီအကြောင်းကို ကျွန်မ ပိုတွေးလေ၊ ကျွန်မ ပိုစိတ်ညစ်လာလေပဲ။ ကျွန်မ ဘုရားသခင်ကို တိတ်တိတ်ကလေး ဆုတောင်းခဲ့တယ်။ “အို ဘုရားသခင်၊ ကျွန်မကို လမ်းပြမှုလေး ပေးသနားတော်မူပါ။ ကျေးဇူးပြုပြီး ကျွန်မကို ကူညီတော်မူပါ။”

နောက်တစ်နေ့ရောက်တော့၊ အဲဒီအချိန်တွေတစ်လျှောက်လုံးမှာ ကျွန်မ ထုတ်ဖော်ပြခဲ့မိတာတွေကို ပြန်ဆင်ခြင်မိတယ်။ များသောအားဖြင့် ကျွန်မက ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တဲ့အခါ၊ ကျွန်မ ရတဲ့ အလင်းမှန်သမျှကို ကိုယ့်ဘာသာ မှတ်ထားတယ်။ နောက်တော့မှ အဲဒါတွေကို ဝတ်ပြုအစည်းအဝေးတွေမှာ ဝေမျှတတ်တာကို ကျွန်မ သဘောပေါက်လိုက်တယ်။ တကယ်တော့ ဒါဟာ ကျွန်မရဲ့ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို အထင်ကြီးဖို့အတွက် သူများတွေ မသိတဲ့ အရာတွေကို ပြောချင်တဲ့ ဆန္ဒတစ်ခုသာ ဖြစ်တယ်။ အစ်မဝမ်ရဲ့မိတ်သဟာယမှာ အလင်းပါတာကို မြင်တဲ့အခါ၊ ကျွန်မ အမြဲတမ်း ဘဝင်မကျဖြစ်ခဲ့တယ်။ ပြီးတော့ သူ့ထက် သာချင်ခဲ့တယ်။ ကျွန်မဟာ တကယ့်ကို သူများတွေနဲ့ ရေလိုက်ငါးလိုက်နေတတ်တယ်၊ ပြီးတော့ အသေးအဖွဲတိုင်းကို ရေးကြီးခွင်ကျယ် လုပ်လိုစိတ် ဘယ်တော့မှ မရှိဘူး၊ ကျွန်မဟာ စိတ်နှလုံးမှာ ရိုးရှင်းသူတစ်ယောက် ဖြစ်တယ်ဆိုပြီး ထင်ခဲ့ဖူးတယ်။ ဒါပေမဲ့ အခုတော့ ကျွန်မက မနာလိုစိတ်ရှိသူတစ်ယောက် ဖြစ်နေနိုင်တယ်၊ ပြီးတော့ သူတို့ကို ကျွန်မဘာသာ တိတ်တိတ်လေး ဆန့်ကျင်ပြီး၊ လိုက်ပြိုင်တာမျိုးတောင် ဖြစ်နိုင်တယ်ဆိုတာတွေ ပေါ်လာတယ်။ ကျွန်မက အဲဒီလိုလူတစ်ယောက် ဖြစ်နိုင်ပါ့မလား။ ကျွန်မက အစ်မတစ်ယောက်ကို ဖုန်းဆက်လိုက်တယ်၊ ပြီးတော့ သူ့ကို မေးတယ်၊ “အစ်မ၊ ဝတ်ပြုအစည်းအဝေးတွေမှာ တခြား ညီအစ်ကို မောင်နှမတွေက ဘုရားနှုတ်ကပတ်တော်တွေ အကြောင်း မိတ်သဟာယပြုတဲ့အခါ အလင်းပါတာကို ကြားမိရင်၊ အစ်မ မနာလိုဖြစ်ဖူးလား။” သူက “မဖြစ်ဖူးပါဘူး” လို့ ဖြေတယ်၊ “တို့ညီအစ်ကိုမောင်နှမတွေရဲ့ မိတ်သဟာယမှာ အလင်းပါတယ်ဆိုရင်၊ အဲဒါက အစ်မအတွက် အထောက်အကူဖြစ်တယ်။ အဲဒါဆို အစ်မက တကယ် ပျော်မိတယ်။ အများကြီးလည်း ဝမ်းမြောက်တယ်” တဲ့။ သူ အဲဒီလိုပြောတာကို ကြားရတော့၊ ကျွန်မ ပိုလို့တောင် စိတ်ညစ်ခဲ့မိတယ်။ ကျွန်မက ခါးခါးသီးသီး မနာလိုဖြစ်ခဲ့တာပဲဆိုတာကို တော်တော်ကြီး ခံစားလိုက်မိတယ်။ တခြား ဘယ်သူကမှ အဲဒီအစ်မကို မနာလို မဖြစ်ခဲ့ဘူး။ ကျွန်မ တစ်ယောက်တည်းသာ ဖြစ်တာ။ အဲဒီလို အခြေအနေမှာ အသက်ရှင်သန်ရင်း၊ ကျွန်မ ဘုရားသခင်ကို ဆုတောင်းခဲ့တယ်။ “အို...ဘုရားသခင်၊ ကျွန်မက မနာလိုစိတ်ရှိသူတစ်ယောက် မဖြစ်ချင်ပါဘူး။ ဒါပေမဲ့ ဒီအစ်မရဲ့ သိပ်ကောင်းတဲ့ မိတ်သဟာယကို ကြားမိတဲ့အချိန်တိုင်း၊ ကျွန်မ သူ့ကို အလိုလို မနာလိုဖြစ်မိပါတယ်။ အို ဘုရားသခင်။ ကျွန်မ ဘာလုပ်ရမလဲ မသိပါဘူး။ ကျွန်မရဲ့ မနာလိုစိတ်အချုပ်အနှောင်တွေကို ဖယ်ရှားပစ်ဖို့ ကျေးဇူးပြုပြီး လမ်းပြတော်မူပါ...” ဆိုပြီးတော့ ကိုယ်တော့်ဆီ တောင်းလျှောက်မိတယ်၊

နောက်ပိုင်းမှာ၊ ကျွန်မတို့ အသင်းတော်က အစ်မလျူက ကျွန်မကို လာတွေ့တယ်။ သူက ကျွန်မရဲ့ အခြေအနေနဲ့ အညီ ကျွန်မကို မိတ်သဟာယပြုပေးတယ်၊ ပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ကျမ်းပိုဒ်တစ်ခုကိုလည်း ဖတ်ပြတယ်၊ “လူအချို့သည် သူတို့၏ ထင်ရှားကျော်ကြားမှုကို အခြားသောသူများက ခိုးယူသွားပြီး မိမိတို့ထက်သာလွန်မည်၊ ပြီးလျှင် မိမိတို့ကိုယ်တိုင် မသိကျိုးကျွန်ပြုခံရစဉ်၊ ထိုသူတို့ကအသိအမှတ်ပြုခြင်းကို ရရှိမည်ကို အမြဲစိုးရိမ်ကြ၏။ ဤအရာက သူတို့ကို အခြားသူများအား တိုက်ခိုက်ပြီး ဖယ်ကြဉ်စေသည်။ ဤသည်မှာ မိမိတို့ကိုယ်တိုင်ထက် တတ်စွမ်းနိုင်သူတို့ကို မနာလိုဝန်တိုခြင်း ကိစ္စရပ်တစ်ခု မဟုတ်လော။ ထိုသို့သော အပြုအမူက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်ပါသနည်း။ ယင်းမှာ မလိုတမာစိတ် ဖြစ်၏။ မိမိအတွက်ကိုသာ စဉ်းစားခြင်း၊ မိမိ၏ကိုယ်ပိုင် စိတ်ဆန္ဒများကိုသာ ဖြည့်ဆည်းခြင်းနှင့် အခြားသူများ၏ တာဝန်ဝတ္တရားများအတွက် စာနာထောက်ထားမှု လုံးဝမပြဘဲ မိမိ၏ ကိုယ်ပိုင် အကျိုးများအကြောင်းကိုသာ စဉ်းစားပြီး ဘုရားအိမ်တော်၏ အကျိုးများကို မစဉ်းစားခြင်း- ဤသို့သော လူတို့သည် ဆိုးသော စိတ်သဘောထားတစ်ခု ပိုင်ဆိုင်ပြီး သူတို့အတွက် ဘုရားသခင်တွင် ချစ်ခြင်းမေတ္တာမရှိပါ။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ ကြားရတဲ့အချိန်မှာ၊ ဒါဟာ ကျွန်မ ဖြစ်နေခဲ့တဲ့ အခြေအနေ အစစ်ပဲလို့ ကျွန်မ ခံစားခဲ့ရတယ်။ ဘုရားနှုတ်ကပတ်တော်တွေနဲ့ ပတ်သက်တဲ့ အစ်မဝမ်ရဲ့ မိတ်သဟာယက ဉာဏ်အလင်းပေးတယ်၊ ဒါပေမယ့် ကျွန်မဟာ သူပြောသွားတဲ့အရာတွေကနေ သမ္မာတရားကို နားလည်ဖို့ မကြိုးစားသလို၊ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခုကိုလည်း ရှာဖို့ မကြိုးစားခဲ့ဘူး။ အဲဒါတွေနဲ့ပြောင်းပြန်၊ ကျွန်မက သူ့ကို မနာလိုဖြစ်တယ်။ ကျွန်မ မိတ်သဟာယပြုတာ မကောင်းတဲ့အခါမျိုး၊ ပြီးတော့ ကိုယ်ရည်မသွေးနိုင်တဲ့အပြင်၊ နောက်ဆုံး ကိုယ့်ကိုယ်ကိုယ် အရှက်ရစေတဲ့အခါမျိုးတွေမှာ၊ ကျွန်မစိတ်က ချာချာလည်လာပြီး၊ အပျက်သဘောဆောင်လာမယ်၊ စိတ်ညစ်မယ်။ ညီအစ်ကိုမောင်နှမတွေက အထင်သေးတော့မှာပဲဆိုပြီး အရမ်းကို စိုးရိမ်လာမယ်။ ကျွန်မဟာ တစ်ကိုယ်ကောင်းဆန်ပြီး၊ စက်ဆုပ်စရာ ကောင်းခဲ့ပါတယ်၊ ပြီးတော့ ကျွန်မက ထင်ပေါ်နိုင်ဖို့ကိုပဲ တွေးတယ်။ တစ်ယောက်ယောက်က ကျွန်မထက် သာနေတဲ့ မြင်ကွင်းကိုတော့ လုံးလုံး သည်းမခံနိုင်ခဲ့ဘူး။ အဲဒါက မနာလိုမရှုဆိတ် ဖြစ်နေတာ မဟုတ်ဘူးလား။ အဲဒီထဲမှာ သာမန်လူ့သဘာ၀ တစ်စက်မှ မရှိဘူး။ ပြန်တွေးလိုက်ရင်၊ ကျွန်မဟာ ဘုရားသခင်ကို မယုံကြည်ခင်ကလည်း အဲဒီလိုပဲ။ ကျွန်မရဲ့ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေ၊ အိမ်နီးချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပြောဆိုဆက်ဆံနေချိန်မျိုးမှာ၊ သူတို့တွေက ကျွန်မ ကောင်းကြောင်း ပြောတာကိုပဲ ကျွန်မ အမြဲတမ်း လိုချင်နေခဲ့တယ်။ တစ်ခါတလေ၊ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ကျွန်မရှေ့မှာ တခြားတစ်ယောက်ယောက်ရဲ့အလုပ်ကို ချီးမွမ်းတဲ့အခါမျိုးဆို၊ ကျွန်မက ကသိကအောက်ဖြစ်တော့တာပဲ။ သူများတွေ ကျွန်မကို အကောင်းပြောအောင်ဆိုပြီး၊ ကျွန်မအလုပ်ကို ကောင်းကောင်း လုပ်ဖို့ပဲ ကိုယ့်ကိုယ်ကိုယ် နှစ်မြှုပ်ထားလိုက်တယ်။ ပြီးတော့ ဘယ်လောက်ပဲ ခက်ခဲပင်ပန်းပါစေ၊ အဲဒီလိုလုပ်ဖို့ကို ကျွန်မ ပျော်ခဲ့တယ်။ ဒါကို သတိပြုမိတာမျိုး လုံး၀ မရှိခဲ့ဖူးဘူး။ တိုးတက်ချင်တဲ့ ဆန္ဒမျိုးလို့ပဲ ထင်ခဲ့တယ်။ အခုမှသာ အဲဒါတွေဟာ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ ပတ်သက်တဲ့ သရုပ်သကန်တွေဖြစ်မှန်း ကျွန်မ သဘောပေါက်ပြီ။ အဲဒီနောက်မှာ၊ ကျွန်မဟာ ဘုရားသခင် ရှေ့တော်မှောက်ကို မကြာမကြာ လာပြီး၊ ကျွန်မရဲ့ အခက်အခဲတွေ အကြောင်း သူ့ဆီမှာ ဆုတောင်းတယ်။ ဝတ်ပြုအစည်းအဝေးတွေထဲမှာ၊ ကျွန်မရဲ့ စိတ်နှလုံးကို ငြိမ်သက်စေဖို့ နဲ့ သူများတွေရဲ့ မိတ်သဟာယပြုခြင်းတွေကို နားထောင်ဖို့ကို ကျွန်မ အာရုံစိုက်ခဲ့တယ်။ ကျွန်မ မိတ်သဟာယပြုဖို့ အချိန် ရောက်တာနဲ့ အစ်မဝမ် မိတ်သဟာယပြုတာထက် ပိုသာအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို ကျွန်မ ထပ်မစဉ်းစားတော့ဘူး။ အဲဒီအစား၊ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ အေးအေးဆေးဆေး ဆင်ခြင်ကြည့်တယ်။ ပြီးတော့ အဲဒါတွေအပေါ် ကျွန်မ နားလည်မိတာကို မိတ်သဟာယမှာ ဝေမျှတယ်။ ဒီနည်းအတိုင်း လက်တွေ့လုပ်ဆောင်ရင်း၊ ကျွန်မမှာ ငြိမ်းအေးမှုနဲ့ လွတ်မြောက်မှုကို တကယ်ကို အများကြီးပိုပြီး ခံစားမိခဲ့တယ်။

အချိန်တစ်ခုလောက် ကြာပြီးတဲ့နောက်မှာ၊ ကျွန်မရဲ့ မနာလိုစိတ်ဟာ အရင်ကနဲ့စာရင် လျော့သွားတယ်လို့ ကျွန်မ တကယ်ခံစားခဲ့ရတယ်၊ ဒါပေမဲ့ ဆိုးယုတ်တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကတော့ တကယ်ကို နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတာပါ။ သူနဲ့လိုက်ဖက်ညီတဲ့ အခြေအနေမျိုးဆိုရင်၊ အလိုလို ပေါ်လာတတ်တယ်။ နောက်တော့ ဝတ်ပြုစည်းဝေးပွဲတချို့မှာ၊ တခြား ညီအစ်ကိုမောင်နှမတွေက အစ်မဝမ်ရဲ့ မိတ်သဟာယပြုခြင်းကို ချီးမွမ်းနေတာကို တွေ့တဲ့အချိန်တိုင်း၊ ကျွန်မမှာ မနာလိုစိတ်တချို့ ပြန်ဖြစ်လာပြန်တယ်။ အဲဒီနောက်ပိုင်း သူနဲ့ ကျွန်မကြားမှာ နည်းနည်း ခပ်ခွာခွာဖြစ်သွားမှန်း ခံစားမိခဲ့တယ်။ ဒါပေမယ့်၊ အဲဒီအခြေအနေထဲမှာ အသက်ရှင်နေရင်း၊ သူများတွေကို ဖွင့်မပြောရဲခဲ့ဘူး။ ကျွန်မ ဖွင့်ပြောခဲ့ရင်၊ သူတို့က ကျွန်မကို အထင်သေးကြမှာကို ကျွန်မ ကြောက်ခဲ့တယ်။ ဒါကြောင့် ဝတ်ပြုအစည်းအဝေးတွေမှာ ကျွန်မ တော်တော် အနေအထိုင်ကျပ်ခဲ့တယ်။

တစ်ညနေတော့ အစ်မလျူက ကျွန်မကို ဖုန်းဆက်ပါတယ်။ ကျွန်မ ခုတစ်လော အခက်အခဲတစ်ခုခုများ တွေ့ကြုံနေလားလို့ သူက စိုးရိမ်တကြီး မေးရှာတယ်။ ကျွန်မက မရေမရာပဲ တုံ့ပြန်ခဲ့တယ်။ “ကျွန်မက အရမ်း ဖောက်ပြန်ပျက်စီးနေလို့လား။ ဘုရားသခင်က ကျွန်မလိုလူတစ်ယောက်ကို ကယ်တင်ဖို့ ငြင်းမှာမို့လို့လား” ပေါ့။ သူ ကျွန်မကို အထင်သေးလာမှာ ကြောက်တာနဲ့၊ ကျွန်မလည်း ဘာမှ ထပ်မပြောခဲ့ဘူး။ အဲဒီနောက်မှာ အစ်မလျူက ဘုရားနှုတ်ကပတ်တော်တွေထဲက ကျွန်မရဲ့အခြေအနေနဲ့ဆိုင်တဲ့ ကျမ်းပိုဒ်တစ်ခုကို ဖတ်ပြပါတယ်၊ “အချို့က ရိုးသားသူတစ်ဦးဖြစ်ရန် ပွင့်လင်းကာ မိမိကိုယ်ကိုယ် ဖွင့်ဟရမည်ဖြစ်သည်ကို ကြားသည့်ခါ ၎င်းတို့က၊ ‘ရိုးသားရန် ခက်ခဲသည်။ ကျွန်ုပ်တွေးသမျှကို အခြားသူများအား ပြောပြရမည်လော။ အပြုသဘောဆောင်သောအရာများကို မိတ်သဟာယဖွဲ့ခြင်းမှာ မလုံလောက်သလော။ အခြားသူများအား ကျွန်ုပ်၏ မကောင်းသော သို့မဟုတ် ဖောက်ပြန်ပျက်စီးသော ဘက်ကို ပြောပြရန်မလိုအပ်ပေ၊ ကျွန်ုပ်ပြောပြရန်လိုသလော’ ဟု ဆိုကြ၏။ အကယ်၍ သင် ဤအရာများကို အခြားသူတို့အား မပြောပါက၊ သင့်ကိုယ်သင် လေ့လာဆန်းစစ်ခြင်း မပြုပါက သင်သည် သင့်ကိုယ်သင် မည်သည့်အခါမျှ သိလိမ့်မည်မဟုတ်၊ သင်သည် မည်သည့်အရာဖြစ်ကြောင်း မည်သည့်အခါမျှ သတိပြုမိလိမ့်မည်မဟုတ်ဘဲ အခြားသူများက သင့်ကို ဘယ်သောအခါမျှ ယုံကြည်နိုင်လိမ့်မည် မဟုတ်ပေ။ ဤသည်မှာ အမှန်တရားဖြစ်သည်။ အကယ်၍ သင့်အား အခြားသူများ ယုံကြည်စေလိုလျှင် သင်သည် ပထမဦးစွာ ရိုးသားရမည်။ ရိုးသားသည့် လူတစ်ဦးအနေဖြင့်၊ သင်၏ စိတ်နှလုံးကို အယောက်တိုင်း တွေ့မြင်နိုင်ဖို့အလို့ငှာ၊ သင် တွေးနေသည့် အရာအားလုံးကို မြင်နိုင်ပြီး၊ သင်၏ သရုပ်မှန်ကို ရိပ်ခနဲ မြင်နိုင်ဖို့အလို့ငှာ၊ ဦးစွာပထမ သင်၏ စိတ်နှလုံးကို ဖွင့်ပြရမည်။ သင်သည် မိမိကိုယ်ကိုယ် ရုပ်ဖျက်ဖို့ သို့မဟုတ် ကြည့်ကောင်းစေရန် ပြရုပ်တင်ဖို့ မကြိုးစားရ။ ထိုအခါမှသာ လူတို့သည် သင့်ကို ယုံကြည်ပြီး ရိုးသားသည်ဟု ယူဆကြလိမ့်မည်။ ဤသည်မှာ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်ဖြစ်ပြီး ရိုးသားသော လူတစ်ဦးဖြစ်ခြင်း၏ မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်”) ဘုရားရဲ့ အဲဒီနှုတ်ကပတ်တော်တွေကို ဖတ်ပြပြီးတော့၊ သူက ကျွန်မကို မိတ်သဟာယပြုပါတယ်၊ “အစ်မတို့ဟာ သမ္မာတရားကို ရှာဖွေဖို့ ပွင့်ပွင့်လင်းလင်း ဖွင့်ပြောပြီး မိတ်သဟာယပြုရမယ်။ ဒါဟာ ဝိညာဉ်ရေးရာ လွတ်ငြိမ်းမှု ရဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။ အဲဒါဟာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ နဲ့ ရိုးသားတဲ့ လူတစ်ယောက် ဖြစ်ဖို့ နည်းလမ်းတစ်ခုလည်း ဖြစ်တယ်။ အဲဒါကို လုပ်ခြင်းအားဖြင့်၊ အစ်မတို့ဟာ ကိုယ့်ညီအစ်ကိုမောင်နှမတွေဆီက အကူအညီကို လက်ခံရရှိနိုင်မယ်။ ဒါက အစ်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ပိုပြီးမြန်မြန်ဆန်ဆန် ပြေလည်စေတယ်။ လွတ်ငြိမ်းခြင်းဆိုတဲ့ ခံစားမှုတစ်ခုကိုလည်း ပေးတယ်။ အစ်မတို့က ကိုယ့်အခက်အခဲတွေကို ချမပြချင်ဘူးဆိုရင်၊ စာတန်ရဲ့ လှည့်စားမှုမှာ အလွယ်တကူပြိုလဲပြီး၊ အစ်မတို့ရဲ့ အသက်တာတွေဟာလည်း ဆုံးရှုံးခြင်းတွေ ခံစားရတတ်တယ်။” အစ်မလျူရဲ့မိတ်သဟာယကို နားထောင်ပြီးတော့၊ ကျွန်မလည်း သတ္တိမွေးပြီး၊ ကျွန်မ ကြုံတွေ့နေရတာတွေကို ပြောပြလိုက်တယ်။ အဲဒီနောက်မှာ အစ်မလျူက ဘုရားနှုတ်ကပတ်တော်တွေထဲက နောက်ထပ်ကျမ်းပိုဒ်တစ်ခုကို ဖတ်ပြတယ်၊ “ဘုရားသခင် ကယ်တင်သော လူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းနည်းလမ်းဖြင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသူများ ဖြစ်သည်၊ သူတို့သည် အပြစ်အနာအဆာ နည်းနည်းမျှမရှိကြသည့် စုံလင်သော လူများ မဟုတ်ကြသလို၊ လက်တွေ့ဘဝနှင့် ကင်းကွာလျက် အသက်ရှင်ကြသည့် လူများမဟုတ်ကြပါ။ အချို့အတွက်၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးခြင်း ဖော်ထုတ်ခံရသည်နှင့်တပြိုင်နက်၊ သူတို့က၊ ‘ထပ်ပြီး ဘုရားသခင်ကို ငါ ခုခံမိပြန်ပြီ၊ ဘုရားသခင်ကို ငါ နှစ်တွေအများကြီး ယုံကြည်ခဲ့တယ်၊ ဒါပေမဲ့ ငါ မပြောင်းလဲသေးဘူး။ ဘုရားသခင် ငါ့ကို မလိုချင်တော့တာ သေချာပါတယ်’ ဟု တွေးကြသည်။ ဤအရာသည် အဘယ်သို့သော သဘောထားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်အပေါ် လက်လျှော့လိုက်ကြပြီး ဘုရားသခင်က ၎င်းတို့ကို မလိုချင်တော့ဟု တွေးကြသည်။ ဤသည်မှာ ဘုရားသခင်ကို နားလည်မှုလွဲခြင်းကိစ္စတစ်ခု မဟုတ်ပါလော။ သင် အပျက်သဘော အလွန်ဆောင်သည့်အခါ၊ စာတန်အတွက် သင်၏ ချပ်ဝတ်တန်ဆာတွင် အက်ကြောင်းရာများကို ရှာတွေ့ဖို့ အလွယ်ကူဆုံးဖြစ်သည်၊ ယင်းက အောင်မြင်သည်နှင့် တစ်ပြိုင်နက်၊ အကျိုးဆက်များမှာ မတွေးတတ်အောင် ဖြစ်သည်။ ထို့ကြောင့်၊ အခက်အခဲမည်မျှတွင် သင်ရှိနေပါစေ၊ သို့မဟုတ် အပျက်သဘောဆောင်မှုကို မည်မျှ သင်ခံစားရပါစေ၊ သင် မည်သည့်အခါမျှ အရှုံးမပေးရ။ အသက်တာ ကြီးထွားမှုဖြစ်စဉ်နှင့် ကယ်တင်ခံနေရစဉ်တွင်၊ လူတို့သည် မှားသောလမ်းကြောင်းကို တစ်ခါတစ်ရံ ယူကြတတ်ကြသည်၊ သို့မဟုတ် လမ်းလွဲသွားတတ်ကြ၏။ ၎င်းတို့အသက်တာတွင် မရင့်ကျက်မှုအချို့ကို ၎င်းတို့ ခဏတာ ပြသတတ်ကြသည်၊ သို့မဟုတ် တစ်ခါတစ်ရံ အားနည်းလာပြီး အပျက်သဘောဆောင်လာကြကာ၊ မှားယွင်းသော အရာများကို ပြောကြသည်၊ ခြေချော်ပြီး လဲကျသည်၊ သို့မဟုတ် ကျရှုံးမှုကို ခံစားကြရသည်။ ဘုရားသခင်၏ ရှုထောင့်အမြင်အရ၊ ထိုသို့သော အရာများအားလုံးသည် သာမန်ဖြစ်ပြီး ယင်းတို့အပေါ် ကိုယ်တော် အရေးတယူ လုပ်လိမ့်မည်မဟုတ်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်ခြင်းတွင် အသက်တာထဲ ဝင်ရောက်ခြင်းက အရေးကြီးဆုံးဖြစ်သည်”)

အစ်မက ဒီမိတ်သဟာယကို ကျွန်မကို ဝေမျှခဲ့တယ်။ “အစ်မတို့အားလုံးဟာ စာတန်ကြောင့် ပြင်းပြင်းထန်ထန် ဖောက်ပြန်ပျက်စီးကြတယ်။ အစ်မတို့က မာနထောင်လွှားတယ်၊ ကောက်ကျစ်တယ်၊ ဆိုးယုတ်ပြီး ကြမ်းတမ်းတယ်။ ဒီစာတန်နဲ့ ဆိုင်တဲ့ စိတ်သဘောထားတွေက အစ်မတို့ အားလုံးထဲမှာ နက်နက်ရှိုင်းရှိုင်း ခိုင်ခိုင်မာမာ အမြစ်တွယ်နေတယ်၊ ဒါတွေက အစ်မတို့ရဲ့သဘာ၀တွေတောင် ဖြစ်လာပြီ။ ဒီအကြောင်းကြောင့်၊ အစ်မတို့ရဲ့ အပြုအမူ နဲ့ စိတ်နေစိတ်ထားတွေက အခြေအနေတိုင်းမှာ ဖောက်ပြန်ပျက်စီးမှုကို ဖွင့်ပြတယ်။ အဲဒါတွေကြောင့် အစ်မလည်း တကယ်ကို ဒေါသဖြစ်ခဲ့ဖူးတယ်။ အစ်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို အစ်မမှာ သိနားလည်မှုတချို့ ရှိတယ်၊ အဲဒါကို ထုတ်ဖော်ပြမိသွားရင်လည်း နောင်တရတယ်။ ဒါဆို အစ်မက အဲဒါကို ဘာဖြစ်လို့ နောက်တစ်ကြိမ် ထပ်လုပ်တော့မှာလဲ။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ၊ အစ်မရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားက တကယ်ကို စိုးရိမ်စရာကောင်းမှန်း နောက်ဆုံးမှာ အစ်မ နားလည်လိုက်တယ်။ ပြီးတော့ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုဟာ ညတွင်းချင်း ဖြစ်လာတဲ့ အရာတစ်ခုမဟုတ်တာကို သဘောပေါက်လိုက်တယ်။ လူတွေဟာ ကိုယ့်ကိုယ်ကိုယ် နည်းနည်းလေး သတိပြုမိသွားပြီဆိုရုံနဲ့ မပြောင်းလဲနိုင်ဘူး။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ရေရှည် တရားစီရင်ခြင်း နဲ့ ပြစ်တင်ဆုံးမခြင်းတို့ မပါဘဲ၊ ပြုပြင်ခြင်းနဲ့ ကိုင်တွယ်ဖြေရှင်းခြင်း မပါဘဲ၊ ပြီးတော့ စမ်းသပ်မှုတွေ နဲ့ စစ်ဆေးခြင်း မပါဘဲ၊ စစ်မှန်တဲ့ ပြောင်းလဲမှုဆိုတာ မဖြစ်နိုင်ပါဘူး။ တရားစီရင်ခြင်း နှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ဆောင်ရွက်ဖို့ ဘုရားသခင် ကြွလာခြင်းရဲ့ ရည်ရွယ်ချက်က အစ်မတို့ကို သန့်စင်ဖို့နဲ့ ပြောင်းလဲဖို့ပါ။ စာတန်က အစ်မတို့ကို ဘယ်လောက် နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးထားစေတယ်ဆိုတာ ကိုယ်တော် သိတယ်။ ပြီးတော့ သူက အစ်မတို့ရဲ့ ဝိညာဉ်အသက်တာရယ်၊ အစ်မတို့ရဲ့ စိတ်သဘောထားတွေကို ပြောင်းလဲဖို့ ကြိုးစားတာမှာ အစ်မတို့ ကြုံရတဲ့ အခက်အခဲတွေရယ်ကို သတိပြုမိတယ်၊ ဒါကြောင့် သမ္မာတရားကို ရှာဖွေသူတွေနဲ့ ပတ်သက်ပြီး သူက ခွင့်လွှတ်ပြီး စိတ်ရှည်တာဖြစ်တယ်။ အစ်မတို့အနေနဲ့ သမ္မာတရားနောက် လိုက်တာမှာ စိတ်ပိုင်းဖြတ်မှု ရှိဖို့၊ ပြီးတော့ အစ်မတို့စိတ်သဘောထားတွေ ပြောင်းလဲဖို့ကို စိတ်ပါလက်ပါ ကြိုးစားဖို့ ဘုရားက မျှော်လင့်တယ်။ ဒါကြောင့် အစ်မတို့က ကိုယ့်ကိုယ်ကိုယ် မှန်မှန်ကန်ကန် သုံးသပ်ရမယ်။ အစ်မတို့က ဘုရားနှုတ်ကပတ်တော်တွေကို ပို စားသောက်ရမယ်၊ နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်း နဲ့ ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံရမယ်၊ ဇာတိပကတိကို စွန့်လွှတ်ပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမယ်။ အဲဒါမှ တစ်နေ့မှာ၊ အစ်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေဟာ ပြောင်းလဲဖို့ အကြောင်းဖန်လာမယ်။” တဲ့။

ပြီးတော့ ကျွန်မတို့နှစ်ယောက် ဘုရားနှုတ်ကပတ်တော်တွေထဲက နောက်ထပ်ကျမ်းပိုဒ်တစ်ခုကို ဖတ်ကြတယ်၊ “ရာထူး မျက်နှာ သို့မဟုတ် နာမည်ဂုဏ်သတင်းတို့ကို့ ထိုအရာက ပတ်သက်မိသည်နှင့်တပြိုင်နက်၊ လူတိုင်း၏ စိတ်နှလုံးများက မျှော်လင့်စောင့်စားချက်ဖြင့် ခုန်တက်သွားကြပြီး သင်တို့အသီးသီးက ထင်ပေါ်ချင်ကြသည်၊ ကျော်ကြားချင်ကြပြီး အသိအမှတ်ပြုခံချင်ကြသည်။ လူတိုင်းက အလျှော့ပေးရန် မလိုလားကြ၊ ယင်းအစား ယှဉ်ပြိုင်ခြင်းက စိတ်ကသိကအောက်ဖြစ်စေကာ ဘုရားအိမ်တော်ထဲတွင် ခွင့်မပြုထားသော်လည်း အမြဲ ဖက်ပြိုင်ချင်ကြသည်။ သို့သော်၊ ယှဉ်ပြိုင်မှုမရှိဘဲ သင်တို့သည် မရောင့်ရဲနိုင်ကြသေး။ တစ်စုံတစ်ဦးက ထင်ပေါ်သည်ကို သင်မြင်သည့်အခါ၊ မနာလိုဝန်တိုမှုကို သင်ခံစားရသည်၊ မုန်းတီးမှုကို ခံစားရပြီး ယင်းမှာ မျှတခြင်းမရှိဟု သင်ခံစားရသည်။ ‘ဘာကြောင့် ငါ မထင်ပေါ်နိုင်ရတာလဲ။ အဲဒီလူက ဘာလို့ အမြဲ ထင်ပေါ်ရတဲ့သူဖြစ်ရပြီး ငါ့အလှည့် ဘယ်တော့မှ မရောက်ရတာလဲ။’ ထို့နောက် သင်သည် မကျေမချမ်းမှုအနည်းငယ် ခံစားရ၏။ ယင်းကို သင် ချုပ်တည်းရန် ကြိုးစားသော်လည်း သင် မတတ်နိုင်။ ဘုရားသခင်ထံ သင် ဆုတောင်းပြီး တစ်ခဏမျှ သင် သက်သာသလို ခံစားရသော်လည်း နောက်ပိုင်းတွင်၊ ဤကဲ့သို့သော ကိစ္စရပ်မျိုးကို တစ်ဖန် သင် ကြုံရသည်နှင့်တစ်ပြိုင်နက် ယင်းကို သင် မကျော်လွှားနိုင်ပေ။ ဤအရာက ရင့်ကျက်မှုမရှိသည့် ဝိညာဉ်အသက်တာ အခြေအနေကို ပြသသည် မဟုတ်လော။ ထိုသို့သော အခြေအနေတွေထဲ လူတစ်ဦး ကျဆင်းရခြင်းသည် ထောင်ချောက် တစ်ခုမဟုတ်လော။ ဤသည်တို့မှာ လူသားများကို ချည်နှောင်သော စာတန်၏ ဖောက်ပြန်ပျက်စီးသည့် သဘာဝ၏ အချုပ်အနှောင်များ ဖြစ်ကြသည်။...သင်သည် အခြားသူတို့ကို ထောက်ခံဖို့ နှင့် သူတို့ကို ထင်ပေါ်ခွင့်ပေးဖို့ရန် ဤအရာများကို လက်လွှတ်ဖို့နှင့် ဘေးဖယ်ထားဖို့ သင်ယူရမည်။ ထင်ပေါ်ဖို့ သို့မဟုတ် ဂုဏ်အသရေကို ရရှိရန် အခွင့်အရေးတစ်ခုကို သင် ကြုံရသည့်အခိုက်တွင် အခွင့်အရေးယူဖို့ မကြိုပမ်းနှင့်၊ သို့မဟုတ် လောမကြီးနှင့်။ စွန့်လွှတ်ဖို့ရန် သင် သင်ယူရမည်၊ သို့သော် သင်၏ တာဝန်ကို ဆောင်ရွက်ခြင်းအား နှောင့်နှေးရမည်မဟုတ်။ တိတ်တဆိတ် မထင်ပေါ်ခြင်းဖြင့် အလုပ်လုပ်ပြီး သင်၏ တာဝန်ကို သစ္စာစောင့်သိစွာ ဆောင်ရွက်စဉ် အခြားသူများကို မကြွားဝါသော လူတစ်ဦး ဖြစ်လော့။ သင်၏ သိက္ခာနှင့် အဆင့်အတန်းတို့ကို သင် လက်လွှတ်လေလေ၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများကို သင် လက်လွှတ်လေလေ၊ ပိုငြိမ်းချမ်းမှုရှိလေလေ ဖြစ်လာလိမ့်မည်ဖြစ်ပြီး သင်၏ စိတ်နှလုံးအတွင်း၌ နေရာပိုပွင့်လာလေလေဖြစ်ကာ သင်၏အခြေအနေ ပိုတိုးတက်လာလေလေ ဖြစ်လိမ့်မည်။ သင် ပိုမိုကြိုးပမ်းပြီး ယှဉ်ပြိုင်လေလေ၊ သင်၏ အခြေအနေက ပိုမိုမှောင်မိုက်လေလေ ဖြစ်လိမ့်မည်။ သင်မယုံလျှင် စမ်းကြည့်လော့။ ဤအခြေအနေမျိုးကို သင် ပြောင်းလဲလိုပြီး ဤအရာများအားဖြင့် အထိန်းအချုပ်မခံလိုလျှင်၊ ယင်းတို့ကို သင် ဦးစွာ ဘေးဖယ်ထားပြီး စွန့်လွှတ်ရမည်။ သို့မဟုတ်လျှင်၊ သင် ပိုမို ကြိုးပမ်းလေလေ၊ အမှောင်ထုက သင့်ကို ဝိုင်းရံ လေလေ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ မနာလို ဝန်တိုမှုနှင့် မုန်းတီးမှုတို့ကို သာ၍ သင်ခံစားရလေလေဖြစ်ကာ သင်၏ ရယူလိုသည့်စိတ်ဆန္ဒက ပို၍သာ သန်မာလာလိမ့်မည်ဖြစ်သည်။ သင်၏ ရယူလိုသည့်ဆန္ဒ ပိုမိုသန်မာလေလေ၊ ထိုသို့လုပ်ဆောင်နိုင်စွမ်း လျော့နည်းလေလေ ဖြစ်လိမ့်မည်ဖြစ်ပြီး ရရှိမှုလျော့နည်းသည်နှင့်အမျှ သင်၏ မုန်းတီးမှု တိုးပွားလေလေ ဖြစ်လိမ့်မည်။ သင်၏ မုန်းတီးမှု တိုးပွားသည်နှင့်အမျှသင်သည် အတွင်း၌ ပိုတိုး၍ မှောင်မိုက်လေလေ ဖြစ်မည်။ အတွင်း၌ သင် မှောင်မိုက်လေလေ၊ သင်၏တာဝန်ကို ပိုမိုညံ့ဖျင်းစွာ သင်ဆောင်ရွက်လေလေဖြစ်ပြီး၊ သင်၏တာဝန်ကို ပိုမိုညံ့ဖျင်းစွာ သင်ဆောင်ရွက်လေလေ၊ သင် အသုံးဝင်မှု လျော့နည်းလေလေ ဖြစ်လိမ့်မည်။ ဤသည်မှာ ချိတ်ဆက်ထားသော ရုန်းမထွက်နိုင်သည့် ဝဲသြဃ ဖြစ်သည်။ သင်သည် သင်၏တာဝန်ကို မည်သည့်အခါတွင်မျှ ကောင်းစွာ မဆောင်ရွက်နိုင်ပါက၊ တဖြည်းဖြည်း ဖယ်ရှားခံရလိမ့်မည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”)

ဘုရားရဲ့နှုတ်ကပတ်တော်တွေကို အစ်မက မိတ်သဟာယပြုပြလိုက်တော့၊ ကျွန်မ နားလည်သွားတယ်။ ကျွန်မရဲ့မနာလိုစိတ်က နာမည်ကောင်းနဲ့ ဂုဏ်ဒြပ်ကို အပြင်းအထန်လိုချင်တဲ့ ဆန္ဒကနေ ပေါ်ထွက်လာတာပဲ။ ကျွန်မရဲ့စိတ်သဘောထားကလည်း အရမ်းကို မာနထောင်လွှားခဲ့တယ်။ ကျွန်မထဲမှာ သွတ်သွင်းခံထားရတာတွေက တရုတ်ကွန်မြူနစ်ပါတီရဲ့ ပညာရေး၊ စာတန်ရဲ့ ဘဝဒဿနတွေမျိုးစုံ၊ ပြီးတော့ ကလေးဘဝက အဆိပ်အတောက်တွေပါပဲ။ ဥပမာ၊ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏၊” “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏။” ဆိုတာတွေ “ထင်ရှားကျော်ကြားမှုရရှိခြင်း သည် သူ၏ဘိုးဘေးများအတွက် ဂုဏ်အသရေ ယူဆောင်လာသည်။” ဆိုတာမျိုးတွေ။ ဒီစာတန်နဲ့ဆိုင်တဲ့ အဆိပ်တွေက ကျွန်မကို မောက်မာစေတယ်၊ စိတ်ကြီးဝင်စေတယ်၊ တစ်ကိုယ်ကောင်းဆန်စေတယ်၊ ပြီးတော့ စက်ဆုပ်စရာဖြစ်စေရင်း၊ ကျွန်မရဲ့ နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း နေရာယူနေခဲ့တယ်။ ကျွန်မဟာ အထူးသဖြင့် ရည်မှန်းချက်ကြီးလာပြီး ကြမ်းတမ်းလာတယ်။ ကျွန်မ ဘာပဲလုပ်လုပ် တခြားလူတွေထက် သာချင်စိတ်ဖြစ်လာတယ်။ ကျွန်မက လူ့အဖွဲ့အစည်းထဲမှာ အဲဒီပုံစံအတိုင်း ရှိခဲ့တာပါ။ ပြီးတော့ အသင်းတော်ထဲမှာလည်း အဲဒီပုံစံပဲ။ ဝတ်ပြုအစည်းအဝေးတွေမှာ မိတ်သဟာယပြုရင်း၊ ဆုတောင်းနေရင်းနဲ့ကို၊ ကျွန်မက သူများတွေထက် သာချင်နေတုန်းပဲ။ ပြီးတော့ ကျွန်မ တကယ်ပျော်ခဲ့တာတွေက ကျွန်မကို သူများတွေ ချီးမွမ်းတဲ့အချိန်တွေပါပဲ။ တစ်ယောက်ယောက်က ကျွန်မထက် သာတာကို သက်သေပြလိုက်တာနဲ့တစ်ပြိုင်နက်၊ ကျွန်မက လက်မခံနိုင်ဘဲ မနာလိုဖြစ်လာတယ်။ စိတ်ထဲမှာလည်း အဲဒီလူကို အတိုက်အခံပြုပြီး ဆန့်ကျင်မိလာတယ်။ သူတို့ထက် တကယ်ကို မသာနိုင်တော့ဘူးဆိုရင်၊ ကျွန်မကိုယ်ကျွန်မ မှန်မှန်ကန်ကန် မသုံးသပ်နိုင်တော့ဘဲ၊ အပျက်သဘောဆောင်တာတွေ၊ နားလည်မှုလွဲတာတွေထဲမှာ တလည်လည်ဖြစ်နေရော။ ဘုရားသခင်ကိုတောင် အထင်လွဲလာမယ်။ ပြီးတော့ ကျွန်မက ဘုရားရဲ့ကယ်တင်ခြင်းကို ခံရနိုင်မှာမဟုတ်ဘူးလို့ တွေးမယ်။ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးခြင်းက ကျွန်မကို မာနထောင်လွှားစေတယ်၊ ပျက်စီးလွယ်စေတယ်၊ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းစေတယ်ဆိုတာတွေကို ကျွန်မ မြင်ခဲ့တယ်။ ပြီးတော့ ကျွန်မရဲ့အသက်တာက ထုတ်မပြောချင်လောက်အောင် စိတ်မချမ်းမြေ့စရာ ဖြစ်လာတယ်လေ။ ဘုရားနှုတ်ကပတ်တော်တွေထဲကနေ လက်တွေ့လုပ်ဆောင်တဲ့လမ်းတစ်ခုကို ကျွန်မ ရှာတွေ့ခဲ့တယ်။ ကျွန်မအနေနဲ့ အမှုအရာတွေကို ဘေးဖယ်ထားဖို့၊ စွန့်လွှတ်ဖို့၊ ဘုရားနှုတ်ကပတ်တော်တွေအတိုင်း လက်တွေ့လုပ်ဆောင်ဖို့ဆိုတာတွေကို သင်ယူရမယ်။ ကျွန်မဟာ ကိုယ့်ကိုယ်ပိုင် ဇာတိပကတိကို စွန့်လွှတ်ဖို့ နဲ့ ကျွန်မရဲ့ အတ္တနဲ့ အဆင့်အတန်းတို့ကို ဘေးဖယ်ထားဖို့ သင်ယူရမယ်၊ ပြီးတော့ အစ်မဝမ်ရဲ့အားသာချက်တွေကနေ ပိုပြီး သင်ယူရမယ်။ ကျွန်မရဲ့ကိုယ်ပိုင် အားနည်းချက်တွေကို အစားဖြည့်ရမယ်။ ဒါက သမ္မာတရားတွေကို ပိုနားလည်ပြီး၊ ပိုရရှိနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းပါပဲ။

နောက်ပိုင်းမှာ၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲက ဒီကျမ်းပိုဒ်ကို ကျွန်မ ဖတ်ရတယ်။ “လူတစ်စုံတစ်ယောက် မဟုတ်ပေ။ လုပ်ငန်းဆောင်တာများသည် မတူပေ။ ကိုယ်တစ်ခုတည်းရှိ၏။ အသီးသီးက မိမိ၏ တာဝန်ကို လုပ်ဆောင်သည်၊ အသီးသီးက မိမိ၏ နေရာတွင်ရှိပြီး အကောင်းဆုံးလုပ်ဆောင်နေပြီး- မီးပွင့်တစ်ခုစီအတွက် ပြိုးပြိုးပြက်ပြက် အလင်းရောင်တစ်ခု ရှိသည်- အသက်တာ၌ ရင့်ကျက်မှုကို ရှာဖွေနေကြ၏။ ထိုသို့ဖြင့် ငါသည် စိတ်ကျေနပ်ခြင်း ရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၂၁)) ဘုရားသခင်ဆီက ဒီ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတာနဲ့တစ်ပြိုင်နက်၊ ကျွန်မ နားလည်မိလိုက်တာက လူတစ်ယောက်ချင်းစီအတွက် ဘုရားသခင် ပေးသနားတော်မူတဲ့ အစွမ်းအစနဲ့ ဆုကျေးဇူးတွေဟာ ကွဲပြားတာကြောင့်၊ လူတစ်ယောက်ချင်းစီအတွက် သူ့ရဲ့ သတ်မှတ်ချက်တွေကလည်း ကွဲပြားပါတယ်။ တကယ်တော့ ကျွန်မတို့ရဲ့ တာဝန်တွေ ထမ်းဆောင်ဖို့ ကျွန်မတို့ အစွမ်းကုန် လုပ်ဆောင်သမျှ၊ ဘုရားသခင်ရဲ့နှလုံးသားကို နှစ်သိမ့်စေပါလိမ့်မယ်။ အစ်မဝမ်ဟာ အစွမ်းအစကောင်းရှိပြီး၊ သမ္မာတရားကို မြန်မြန်ဆန်ဆန် နားလည်နိုင်တယ်။ ဒီနေ့ ဘုရားသခင်က ကျွန်မတို့ အတူတကွ စုဝေးဖို့ စီစဉ်ပေးတယ်၊ ပြီးတော့ ကျွန်မတို့တွေ သမ္မာတရားကို နားလည်ပြီး၊ ဘုရားနှုတ်ကပတ်တော်တွေရဲ့ စစ်မှန်မှုထဲ အတူတကွ ဝင်ရောက်နိုင်ကြအောင်၊ အချင်းချင်းရဲ့ အားသာချက်တွေကနေ သင်ယူဖို့၊ ကျွန်မတို့ရဲ့ကိုယ်ပိုင် အားနည်းချက်တွေကို အစားထိုးကြဖို့ဆိုတာ ဘုရားရဲ့ရည်ရွယ်ချက်ပါပဲ။ ကျွန်မအနေနဲ့ ကိုယ်ပိုင် အားသာချက်တွေ၊ အားနည်းချက်တွေကို မှန်မှန်ကန်ကန် ဖြေရှင်းသင့်ပါတယ်။ ဘုရားသခင်က ကျွန်မအတွက် ဘယ်လိုအစွမ်းအစမျိုးကိုပဲ စီမံပေးထားပါစေ၊ ကျွန်မဟာ သူ့စည်းမျဉ်းနဲ့ စီစဉ်မှုတွေကို နာခံရမယ်၊ ကျွန်မရဲ့ရည်ရွယ်ချက်တွေကို ပြုပြင်ရမယ်။ ပြီးတော့ သမ္မာတရားကို အလုံးစုံသောစိတ်နှလုံးနဲ့ ရှာဖွေရမယ်။ ကျွန်မ နားလည်သလောက်ကို မိတ်သဟာယပြုသင့်ပြီး၊ ကျွန်မ သိသလောက်ကို လက်တွေ့လုပ်ဆောင်သင့်တယ်။ ကျွန်မအနေနဲ့ အစွမ်းကုန် ကြိုးစား အလုပ်လုပ်သင့်တယ်။ ဒီနည်းအားဖြင့် ဘုရားသခင်က ကျွန်မကို ဉာဏ်အလင်းပေးပြီး၊ လမ်းပြပါလိမ့်မယ်။ ဒီရည်ရွယ်ချက်ကြောင့်၊ အခုပြောမယ့် သန္နိဌာန်ကို ဘုရားသခင်ရှေ့မှာ ကျွန်မ ချမှတ်ခဲ့ပါတယ်။ အခုကစပြီး၊ သမ္မာတရားကို ရှာဖွေရာမှာ အားထုတ်ကြိုးစားဖို့၊ သဘောထားသေးသိမ်ပြီး၊ အမြင်ကျဉ်းပြီးတော့ ကိုယ့်ထက် ပိုစွမ်းဆောင်နိုင်တဲ့ လူတွေကို မနာလိုတာကို ရပ်ဖို့၊ ပြီးတော့ ဘုရားသခင်ရဲ့ အလိုတော်ကို ဖြည့်ဆည်းတဲ့အနေနဲ့ စစ်မှန်တဲ့ လူသားတစ်ယောက်ရဲ့ ပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်ဖို့တို့ကို ကျွန်မ ဆန္ဒရှိပါတယ်။

အသင်းတော်ရဲ့ နောက်ထပ်အစည်းအဝေးက မြန်မြန်ဆန်ဆန်ပဲ ပြန်ရောက်လာတယ်။ ကျွန်မဟာ အစ်မဝမ်ကို ဘယ်လောက် မနာလိုဖြစ်ခဲ့တယ် ဆိုတဲ့အကြောင်းရယ်၊ ကျွန်မဆီမှာ ပေါ်ခဲ့တဲ့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားလက္ခဏာတွေရယ်ကို ညီအစ်ကိုမောင်နှမတွေဆီ ဖွင့်ပြောချင်ခဲ့တယ်။ ဒါပေမယ့် အဲဒါကို ကျွန်မ တွေးလိုက်တာနဲ့ သူတို့ ကျွန်မကို ဘယ်လိုမြင်မယ်ဆိုတာရယ်၊ ပြီးတော့ ကျွန်မက သူ့ကို ဘယ်လောက် မနာလိုဖြစ်ခဲ့တယ်ဆိုတာသာ သူသိသွားရင်၊ အစ်မဝမ်က ကျွန်မကို ဘယ်လိုထင်မလဲ ဆိုတာရယ်ကို ကြောက်လာတယ်။ စိတ်ထဲမှာလည်း အဲဒီအခြေအနေကို ရင်ဆိုင်ဖို့ နည်းနည်း ဝန်လေးနေခဲ့တယ်။ ကျွန်မစိတ်ထဲမှာ တိတ်တိတ်ကလေး၊ ဘုရားသခင်ဆီကို ဆုတောင်းခဲ့တယ်။ ကျွန်မက “အိုဘုရားသခင်၊ ကိုယ်တော် ကျွန်မကို ယုံကြည်မှု နဲ့ သတ္တိတို့ပေးတော်မူပါ။ ကျွန်မရဲ့ ဝင့်ဝါမှု နဲ့ အဆင့်အတန်းတို့ကို ဘေးဖယ်ထားဖို့၊ မိတ်သဟာယထဲမှာ ကျွန်မရဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ ပွင့်ပွင့်လင်းလင်း ဝေမျှဖို့၊ ပြီးတော့ ကျွန်မတို့ကြားက အဟန့်အတားတွေကို ပျောက်ကွယ်သွားစေဖို့ ကျွန်မ ဆန္ဒရှိပါတယ်။ ဘုရားသခင်၊ ကျွန်မကို ကိုယ်တော် လမ်းပြနိုင်ပါစေ” လို့ ပြောမိတယ်။ ဆုတောင်းပြီးနောက်မှာ၊ ကျွန်မ ပိုပြီး ငြိမ်းချမ်းသွားသလို ခံစားခဲ့ရတယ်၊ ဒါကြောင့် ကျွန်မရှိခဲ့တဲ့ အခြေအနေနဲ့ ကျွန်မ ဖြတ်ကျော်ခဲ့တဲ့ အကြောင်းအရာအားလုံးတို့ကို ကျွန်မ ပြောပြခဲ့တယ်။ ကျွန်မ ပြောတာတွေကို နားထောင်ပြီးသွားတော့၊ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို အထင်မသေးရုံမကဘူး၊ ရိုးသားမှုကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းရှိတဲ့ ကျွန်မရဲ့ သတ္တိကို သဘောကျချီးမွမ်းကြတယ်။ ဘုရားရဲ့နှုတ်ကပတ်တော်တွေအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းကသာ လူတွေရဲ့ ဆိုးယုတ်တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖယ်ချွတ်နိုင်ပြီး၊ လွတ်ငြိမ်းမှုနဲ့ လွတ်မြောက်မှုကို ရနိုင်တယ်ဆိုတာ၊ ကျွန်မရဲ့အတွေ့အကြုံကြောင့် သူတို့တွေ နားလည်သွားတယ်လို့ ပြောပြကြတယ်။ အဲဒီလို အခြေအနေတစ်ခုကို နောက်တစ်ခါ သူတို့ကြုံခဲ့ရင်၊ ဘာလုပ်ရမယ်ဆိုတာကို သူတို့သိပြီလို့လည်း ပြောခဲ့ကြတယ်။ နောက်ပိုင်း ဝတ်ပြုအစည်းအဝေးတွေမှာ၊ အစ်မဝမ်ရဲ့ အားသာချက်အများကြီးကို ကျွန်မ တွေ့ခဲ့တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို စားသောက်တဲ့ အချိန်မှာ၊ သူက သူ့ရဲ့ မိတ်သဟာယမှာ သူ့ကိုယ်ပိုင် အခြေအနေကို တစ်သားတည်းဖြစ်အောင် လုပ်နိုင်တယ်။ သူက ပြဿနာတစ်ခုကို ကြုံတွေ့တဲ့အခါတိုင်း၊ ဘုရား ရှေ့တော်မှောက် လာဖို့နဲ့ ဘုရားရဲ့ရည်ရွယ်ချက်တွေကို ရှာဖွေဖို့၊ ပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေထဲက လက်တွေ့လုပ်ဆောင်ခြင်းအတွက် လမ်းကြောင်းတစ်ခုကို ရှာဖွေဖို့တို့မှာ သူအာရုံစိုက်နိုင်ခဲ့တယ်။ သူ့ရဲ့ ဒီအားသာချက်တွေကို မြင်မိသွားတော့မှ၊ သူဟာ ကျွန်မရဲ့ပြိုင်ဘက် မဟုတ်ဘဲ၊ ကျွန်မကို ကူညီနိုင်သူတစ်ယောက် ဖြစ်တယ်ဆိုတာကို ကျွန်မ နားလည်လိုက်တယ်။ အဲဒီတော့မှပဲ၊ ကျွန်မတို့ကို အတူတကွအလုပ်လုပ်စေတဲ့ ဘုရားအစီအစဉ်ရဲ့ ရည်ရွယ်ချက်ဟာ ကျွန်မတို့တစ်ယောက်စီရဲ့ အားနည်းချက်တွေကို ဖာထေးအစားထိုးဖို့အတွက် တစ်ယောက်ရဲ့အားသာချက်တွေကို တစ်ယောက်က သင်ယူမိစေဖို့ ဖြစ်တယ်ဆိုတာ၊ ကျွန်မ လှိုက်လှိုက်လှဲလှဲ နားလည်ခဲ့တယ်။ အဲဒီလို စဉ်းစားမိတဲ့အချိန်မှာ၊ ကျွန်မက အဆီးအတားကနေ လုံးလုံး လွတ်ကင်းသွားသလို ခံစားလိုက်ရတယ်။ အခုတော့ ဝတ်ပြုအစည်းအဝေးတိုင်းက ပျော်မွေ့မှုတစ်မျိုး ဖြစ်တယ်လို့ ကျွန်မ ခံစားရတယ်။ မနာလိုစိတ်ရဲ့လွှမ်းမိုးတာကို ကျွန်မ ထပ်ပြီး မခံရတော့ပါဘူး။ ကိုယ့်ကိုယ်ပိုင် အားနည်းချက်တွေကို အစားဖြည့်ဖို့ သူများတွေရဲ့ အားသာချက်တွေကို ထုတ်သုံးနိုင်တယ်။ သူတို့နဲ့ သဟဇာတဖြစ်အောင် နေထိုင်နိုင်တယ်။ ပြီးတော့ ဝိညာဉ်ထဲမှာ လွတ်ငြိမ်းတယ်လို့ ခံစားရပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘဝင်မြင့်ခြင်းမှ လွတ်မြောက်ရန်မှာ မလွယ်ကူပါ

ဟွမ်အိုက် ဂျပန်နိုင်ငံ ၂၀၂၀ခုနှစ်၊ ဇူလိုင်လမှာ ဗီဒီယိုအလုပ် လိုအပ်ချက်တွေကြောင့် ကြီးကြပ်သူက ညီမကို ဗီဒီယိုတွေလုပ်ဖို့ စီစဉ်ပေးတယ်။...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။