ကြောက်စိတ်ဖြင့် တွန့်ဆုတ်တော့မည်မဟုတ်
မုယွီ တရုတ်နိုင်ငံ ညီအစ်မတစ်ယောက် စက်တင်ဘာ၂ရက်နေ့မှာ အဖမ်းခံရတယ်လို့ ကြားရတယ်။ အဲဒီနေ့မှာ ကျွန်မက ခေါင်းဆောင်ရဲ့ အိမ်ကို သွားနေတာ၊ ဒါပေမဲ့...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၃ ခုနှစ်၊ မတ်လတုန်းက အသင်းတော်မှာ တရားဒေသနာအလုပ်ကို ကျွန်မ တာဝန်ယူခဲ့တယ်။ အဲဒီတုန်းက တစ်ယောက်တည်းလုပ်ရတော့ အလုပ်ဝန်က တော်တော်လေး များတယ်။ တစ်နေ့မှာ ခေါင်းဆောင်တွေက ဒီတာဝန်မှာ ကျွန်မနဲ့တွဲဖက်ဖို့ လီချင်းကို စီစဉ်ပေးလိုက်တယ်။ ဒါကို ကြားတော့ ကျွန်မ အရမ်းဝမ်းသာသွားတာပေါ့။ အချိန်အတိုင်းအတာတစ်ခုထိ ပျိုးထောင်ပေးပြီးနောက်မှာ လီချင်းက တဖြည်းဖြည်းနဲ့ တစ်ယောက်တည်း အလုပ်လုပ်နိုင်လာတယ်။ ကျွန်မရဲ့ ဝန်က အတော်လေး ပေါ့သွားပြီး ပြောမပြတတ်အောင်ကို ပျော်သွားတယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ဒီလိုအလုပ်လုပ်တာ သိပ်ပင်ပန်းမှာ မဟုတ်သလို စည်းမျဉ်းတွေကို လေ့လာဖို့ ငါ အချိန်ပိုရမှာပဲ။ တရားဒေသနာ အရည်အသွေးလည်း တက်လာမှာပဲ” လို့ပေါ့။ ကျွန်မ ပျော်နေတုန်းမှာပဲ၊ မမျှော်လင့်ဘဲနဲ့ ရက်နည်းနည်းကြာတော့ ခေါင်းဆောင် လီဂျင်က လီချင်းနဲ့ စုဝေးပွဲတစ်ခု စီစဉ်လိုက်တယ်။ ကျွန်မ လန့်သွားပြီး တွေးလိုက်မိတယ်။ “သူက လီချင်းနဲ့ ဘာကိစ္စတွေ့တာလဲ။ အခုတလော ရေလောင်းတဲ့သူတွေ တကယ် လိုအပ်နေတာ၊ ပြီးတော့ ကြီးကြပ်ရေးမှူးလည်း မရှိဘူး။ တခြားအဖွဲ့တွေကနေ လူပြောင်းဖို့လိုတဲ့အကြောင်း ခေါင်းဆောင်တွေ ပြောဖူးတယ်။ လီချင်းက လူသစ်တွေကို ရေလောင်းတာ တော်တော့ လီဂျင်က သူ့ကို အဲဒီတာဝန် ပြောင်းပေးမလို့များ စီစဉ်နေတာလား။ တစ်ယောက်တည်း လီချင်း အလုပ်လုပ်နိုင်အောင်လို့ ငါ့မှာ အရမ်းကို ကြိုးစားပျိုးထောင်ပေးခဲ့ရတာ၊ ဒီတော့ သူ ပြောင်းရွေ့ခံရရင် သူ့ကို ပျိုးထောင်ပေးခဲ့တဲ့ ငါ့ရဲ့အချိန်တွေ၊ အားထုတ်မှုတွေ အလကားဖြစ်သွားမှာပဲ မဟုတ်လား။ သူထွက်သွားရင် အလုပ်တွေအားလုံး ငါ့ခေါင်းပေါ် ပြန်ရောက်လာပြီး လူသစ်တစ်ယောက်ယောက်ကို ရှာပြီး ပျိုးထောင်ပေးရမှာပဲ။ အဲဒီလိုဆိုရင် တန်ဖိုးရှိတဲ့ တရားဒေသနာတချို့ကို အချိန်မီ စိစစ်ရွေးချယ်ပြီး တင်ပြနိုင်မှာ မဟုတ်တော့ဘူး၊ အဲဒီလိုဆိုရင် အလုပ်က ဘယ်လိုလုပ် ထိရောက်နိုင်တော့မှာလဲ” ပေါ့။ ဒါတွေအားလုံးကို တွေးပြီး ကျွန်မ တော်တော်လေး အတိုက်အခံဖြစ်သွားတယ်။ “ဒီကိစ္စနဲ့ပတ်သက်ပြီး ခေါင်းဆောင်တွေဆီ စာရေးပြီး လီချင်းကို နေရာမပြောင်းဘဲ ထားလို့ရမရ ကြည့်ရမယ်” လို့ ကျွန်မ တွေးလိုက်တယ်။ စာထဲမှာ ကျွန်မ ထပ်ခါတလဲလဲ အလေးထားရေးပြီး လီချင်းက စာနဲ့ပတ်သက်တဲ့ တာဝန်တွေနဲ့ အတော်လေး ကိုက်ညီမှုရှိတယ်၊ ခေါင်းဆောင်တွေအနေနဲ့ သူ့ကို ကျွန်မတို့အဖွဲ့မှာပဲ ဆက်ထားသင့်တယ်လို့ အရိပ်အမြွက်ပြောလိုက်တယ်။ ပြီးတော့ ခေါင်းဆောင်တွေကို ကျွန်မက၊ “အစ်မတို့အနေနဲ့ အဖွဲ့သားတွေကို မျက်စိမှိတ်ပြီး နေရာပြောင်းလို့မရဘူး။ အဲဒီလို စီစဉ်တာက စည်းမျဉ်းတွေနဲ့ မကိုက်ညီဘူး” လို့လည်း ပြောလိုက်တယ်။ ပြီးတော့ ဒီကိစ္စကို ကျွန်မ ထပ်စဉ်းစားမိတယ်၊ “လတ်တလော ရေလောင်းတဲ့အလုပ်မှာ ဝန်ထမ်းလိုနေတယ်၊ ကြီးကြပ်ရေးမှူးလည်း မရှိဘူး။ စာနဲ့ပတ်သက်တဲ့အလုပ်က ပုံမှန်လည်ပတ်နေတာကို ခေါင်းဆောင်တွေ သတိထားမိပြီး အလုပ်တစ်ခုလုံးအပေါ် သူတို့ရဲ့ ဆန်းစစ်မှုပေါ်မူတည်ပြီး ဒီလိုစီစဉ်တာ ဖြစ်နိုင်တယ်။ အခု လူသစ်တွေကို ပံ့ပိုးပေးဖို့ ရေလောင်းတဲ့သူတွေ မလောက်ဘူး၊ လီချင်းကို လွှတ်ပေးဖို့ ငါငြင်းနေမယ်ဆိုရင် ငါ့မှာ လူ့သဘာဝမရှိတဲ့ပုံ ပေါက်မနေဘူးလား” လို့ပေါ့။ ဒါကို တွေးမိတော့ ကျွန်မ အရမ်း အတိုက်အခံ မဖြစ်တော့ပါဘူး။ နောက်ပိုင်းမှာ ခေါင်းဆောင်တွေက လီချင်းကို ရေလောင်းတဲ့တာဝန် ထမ်းဆောင်ဖို့ တကယ်ပဲ ပြောင်းလိုက်တော့ ကျွန်မ စိတ်နည်းနည်း ပျက်သွားတယ်။
လီချင်းထွက်သွားပြီးနောက်မှာ ကျွန်မ အရင်လိုပဲ ကိုယ့်အလုပ်တွေကို အချိန်ဇယားနဲ့ကျပ်ကျပ်တည်းတည်း လုပ်ရပြီး စာနဲ့ပတ်သက်တဲ့အလုပ် လုပ်တဲ့ အဖွဲ့သားတွေ သူတို့အလုပ်မှာ ကြုံရတဲ့ အခက်အခဲတွေနဲ့ ပြဿနာတွေကို ဖြေရှင်းပေးရင်း၊ စာတွေပြန်ရင်း၊ တရားဒေသနာတွေ စိစစ်ရွေးချယ်ရင်းနဲ့ အလုပ်ရှုပ်နေတော့တာပေါ့။ လီချင်း မရှိတော့တာနဲ့ အလုပ်တွေက ချက်ချင်း ပုံလာတာကို ကျွန်မ တွေ့လိုက်ရတယ်။ အကဲဖြတ်ရမယ့် တရားဒေသနာတွေကို အချိန်မီ မစိစစ်နိုင်၊ မတင်ပြနိုင်ဖြစ်လာတယ်၊ ဒါကြောင့် အလုပ်ရဲ့ ထိရောက်မှု ကျဆင်းသွားမှာကို ကျွန်မ စိုးရိမ်လာတယ်၊ အဲဒါဆိုရင် အလုပ်အတွက် ကျွန်မမှာ ဝန်တာထားတဲ့စိတ် မရှိဘူးလို့ ခေါင်းဆောင်တွေ ထင်သွားနိုင်တယ်လေ။ ဒီအတွေးတွေက ကျွန်မရဲ့ အတိုက်အခံဖြစ်တဲ့စိတ်တွေကို လှုံ့ဆော်ပေးခဲ့တယ်။ “ပြီးခဲ့တဲ့ တစ်နှစ်ကျော်လောက်အတွင်းမှာ ညီအစ်ကိုမောင်နှမ တချို့နဲ့ ငါ တွဲဖက်လုပ်ခဲ့ဖူးတယ်။ တချို့က ရာထူးတိုးသွားကြတယ်၊ တချို့ကျတော့ တခြားတာဝန်တွေဆီ ပြောင်းရွှေ့ခံခဲ့ကြရတယ်။ နောက်ဆုံးကျတော့ ငါတစ်ယောက်တည်းပဲ အမြဲ ကျန်ရစ်ခဲ့တာ။ သူတို့တွေက လာလိုက်သွားလိုက်နဲ့၊ ငါကျတော့ ကြမ်းပြင်မှာ ရိုက်ထားတဲ့ သံချောင်းတစ်ချောင်းလို ဒီနေရာမှာပဲ တစ်ယောက်တည်း ရှိနေရတယ်။ ငါက ပျိုးထောင်ပေးတဲ့ အထူးကျွမ်းကျင်သူ ဖြစ်လာပြီပဲ။ အလုပ်တွေအများကြီးက ငါတစ်ယောက်တည်းအပေါ် ပုံလာတာ၊ ခေါင်းဆောင်တွေက ငါကြုံနေရတဲ့ အခက်အခဲတွေကို ဘာလို့ ထည့်မစဉ်းစားပေးကြတာလဲ။ ငါ ပျိုးထောင်ပေးလိုက်တဲ့သူတွေထဲက ဘယ်သူမှ နောက်ဆုံးမှာ ငါ့အလုပ်ဝန်ကို မျှပြီးမယူပေးခဲ့ကြဘူး။ တခြားတစ်ယောက်ယောက်ကို ငါ ပျိုးထောင်ပေးရင်တောင်မှ သူလည်း နေရာပြောင်းခံရရင် ဘယ်လိုလုပ်မလဲ။ အားလုံး အလကားဖြစ်ကုန်မှာပေါ့” လို့ပေါ့။ ဒီလိုတွေဖြစ်ပြီးတဲ့နောက်မှာ ဘယ်သူ့ကိုမှ ရှာဖွေဖို့၊ ပျိုးထောင်ပေးဖို့ ကျွန်မ အလျင်မလိုတော့ဘူး။ အလားအလာရှိတဲ့သူတစ်ယောက်ကို အမှတ်မထင် တွေ့ရင်တောင်မှ သူ့ကို ပျိုးထောင်ပေးဖို့ အားစိုက်ထုတ်ချင်စိတ် မရှိတော့ဘူး။ အဲဒီအချိန်တုန်းက စာပိုင်းဆိုင်ရာ အမှုဆောင်တစ်ယောက်ဖြစ်တဲ့ ဒေါင်ဖေးကို ကျွန်မ သိတယ်။ သူက စည်းမျဉ်းတချို့ကို နားလည်သဘောပေါက်နိုင်တယ်၊ သူ့တာဝန်အတွက် ဝန်တာထားတဲ့စိတ်လည်း အတော်အသင့်ရှိတယ်၊ ပြီးတော့ ပျိုးထောင်ပေးလို့ရတဲ့ သူတစ်ယောက်ဖြစ်တယ်။ အဖွဲ့ခေါင်းဆောင်အနေနဲ့သာ ရာထူးတိုးပေးလိုက်ရင် ပိုပြီးတော့တောင် မြန်မြန် တိုးတက်မယ့်သူပေါ့။ ဒါပေမဲ့ ကျွန်မ တွေးလိုက်မိတယ်။ “တကယ်လို့ ငါက သူ့ကို ရာထူးတိုးပေးပြီး ပျိုးထောင်ပေးလိုက်လို့ သူ့အရည်အချင်းတွေ တိုးတက်လာရင် ခေါင်းဆောင်တွေက သူ့ကို ပါရမီရှင်တစ်ယောက်အဖြစ် အသိအမှတ်ပြုပြီးတော့ ထပ်ပြီး ရာထူးတိုးပေးကောင်း ပေးနိုင်တယ်။ အဲဒါဆိုရင် သူ့ကို ပျိုးထောင်ပေးဖို့ ငါစိုက်ထုတ်ခဲ့တဲ့ အားထုတ်မှုတွေအကုန်လုံး အလကားဖြစ်သွားမှာ မဟုတ်လား။ အများကြီး အားစိုက်ထုတ်ဖို့လိုပေမဲ့ ကိုယ့်ကို အကျိုးမပြုတဲ့အရာတစ်ခုကို မလုပ်ချင်ပါဘူး” လို့ပေါ့။ အဲဒီအတွေးနဲ့ပဲ ဒေါင်ဖေးကို ရာထူးတိုးပေးဖို့ကိစ္စ ခေါင်းဆောင်တွေကို မပြောတော့ဘူးလို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ နောက်ပိုင်းမှာ လူတွေကို ပျိုးထောင်ပေးတဲ့အလုပ်နဲ့ပတ်သက်ပြီး ခေါင်းဆောင်တွေက စာရေးမေးတဲ့အခါ အလုပ်ဝန် အရမ်းများနေလို့ အကုန်လုံးကို နိုင်အောင်မလုပ်နိုင်ပါဘူးလို့ ပြောပြီး ကျွန်မ ဆင်ခြေပေးခဲ့တယ်။ ကျွန်မကြောင့် လူတွေကို ပျိုးထောင်ပေးတဲ့အလုပ်က ဘေးဖယ်ထားတာခံခဲ့ရတယ်။ ကျွန်မရဲ့ အခြေအနေ မမှန်ဘူးဆိုတာရယ်၊ ဒီအခြေအနေမှာ ရှိနေတာက အလုပ်ကို နှောင့်နှေးစေမယ်ဆိုတာရယ်ကို ကျွန်မ သဘောပေါက်လိုက်တယ်။ ဒါကြောင့် ကျွန်မ ဘုရားသခင်ရှောက်မှောက်ကိုလာပြီး ဆုတောင်းခဲ့တယ်၊ ကျွန်မရဲ့ ပြဿနာကို သတိပြုမိအောင် ဉာဏ်ပွင့်စေဖို့နဲ့ ဒီမှားယွင်းတဲ့ အခြေအနေထဲကနေ ရုန်းထွက်နိုင်အောင် ကူညီပေးဖို့ သူ့ကို တောင်းလျှောက်ခဲ့တယ်။
တစ်နေ့မှာ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်လိုက်ရတယ်။ “အစွမ်းအစကောင်း ရှိသူတစ်ယောက်သည် အခြားတာဝန်တစ်ခုကို ထမ်းဆောင်ရန် အန္တိခရစ်လက်အောက်မှ ရွှေ့ပြောင်းရလျှင် အန္တိခရစ်၏ စိတ်နှလုံးတွင် ယင်းကို အလျှော့မပေးဘဲ အာခံပြီး ငြင်းဆန်သည်။ နုတ်ထွက်ချင်ပြီး ခေါင်းဆောင်ဖြစ်ရန်၊ သို့မဟုတ် အသင်းအဖွဲ့အကြီးအကဲဖြစ်ရန် စိတ်ထက်သန်မှုမရှိပေ။ ဤသည်မှာ မည်သည့်ပြဿနာဖြစ်သနည်း။ ၎င်းတို့သည် အသင်းတော်၏ အစီအစဉ်များအပေါ် အဘယ်ကြောင့် နာခံခြင်းမရှိသနည်း။ ၎င်းတို့၏ ‘ညာလက်ရုံး’ ကို ရွှေ့ပြောင်းခြင်းသည် ၎င်းတို့အလုပ်၏ ရလဒ်များနှင့် တိုးတက်မှုကို ထိခိုက်မည်၊ အကျိုးဆက်အနေဖြင့် ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို ထိခိုက်မည်၊ ဤအတွက်ကြောင့် ၎င်းတို့သည် ရလဒ်များကို သေချာစေရန် မဖြစ်မနေ ပို၍ အလုပ်လုပ်ရကာ ပို၍ ဒုက္ခခံရသည်ဟု ထင်မြင်ကြသည်။ ဤသည်မှာ ၎င်းတို့ လုံးဝ မလုပ်ဆောင်လိုသည့်အရာဖြစ်သည်။ ၎င်းတို့သည် သက်သာခြင်းကို အကျင့်ဖြစ်လာကြသည်။ ပို၍ အလုပ်ကြိုးစားခြင်း၊ သို့မဟုတ် ဒုက္ခခံခြင်း မပြုလုပ်လိုပေ။ ထို့ကြောင့် ထိုလူကို လွှတ်မပေးလိုပေ။ ဘုရားအိမ်တော်က ရွှေ့ပြောင်းမှုကို မရမက ပြုလုပ်လျှင် ၎င်းတို့က များစွာ စောဒကတက်ပြီး ၎င်းတို့၏ ကိုယ်ပိုင်အလုပ်ကိုပင် စွန့်လွှတ်လိုက်ချင်ကြသည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ပြီး မယုတ်မာသလော။ ဘုရားသခင်ရွေးချယ်ထားသောလူများကို အဓိကအားဖြင့် ဘုရားအိမ်တော်က ဗဟိုမှ စီမံခန့်ခွဲသင့်သည်။ ဤအရာက မည်သည့်ခေါင်းဆောင်၊ အဖွဲ့အကြီးအကဲ၊ သို့မဟုတ် သီးခြားလူတစ်ဦးချင်းစီနှင့်မျှ မသက်ဆိုင်ပေ။ လူတိုင်းက အခြေခံသဘောတရားအတိုင်း ပြုမူဆောင်ရွက်ရမည်။ ဤသည်မှာ ဘုရားအိမ်တော်၏ စည်းမျဉ်းဖြစ်သည်။ အန္တိခရစ်များသည် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့်အညီ မဆောင်ရွက်ကြပေ၊ ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် အကျိုးစီးပွားများအတွက် အစဉ်ကြံစည်ကာ ၎င်းတို့၏ အာဏာနှင့် အဆင့်အတန်းကို ခိုင်မာစေရန် အစွမ်းအစကောင်းရှိသော ညီအစ်ကိုမောင်နှမများကို ၎င်းတို့အား အစေခံစေကြသည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာခြင်းမဖြစ်သလော။ အပြင်ပန်းတွင် အစွမ်းအစကောင်းရှိသူများကို ၎င်းတို့အနားတွင် ထားပြီး ဘုရားအိမ်တော်က ထိုသူတို့အား ရွှေ့ပြောင်းသည်ကို ခွင့်မပြုခြင်းသည် ၎င်းတို့က အသင်းတော်အလုပ်အတွက် စဉ်းစားပေးသကဲ့သို့ မြင်ရသည်။ သို့သော် အမှန်တကယ်တွင် ၎င်းတို့က ၎င်းတို့၏ ကိုယ်ပိုင်အာဏာနှင့် အဆင့်အတန်းကိုသာ စဉ်းစားနေကြခြင်းဖြစ်သည်။ အသင်းတော်အလုပ်အတွက် လုံးဝ မစဉ်းစားပေ။ ၎င်းတို့က အသင်းတော်အလုပ်ကို ညံ့ဖျင်းစွာလုပ်ဆောင်ပြီး ဖြုတ်ချခံရမည်ကိုလည်းကောင်း၊ ၎င်းတို့၏ အဆင့်အတန်း ဆုံးရှုံးရမည်ကိုလည်းကောင်း ကြောက်ကြသည်။ အန္တိခရစ်များက ဘုရားအိမ်တော်၏ ပိုမိုကျယ်ပြန့်သောအလုပ်အတွက် မစဉ်းစားကြပေ။ ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်အဆင့်အတန်းအတွက်သာ စဉ်းစားသောအခါ ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ဆုံးရှုံးနစ်နာခြင်းအတွက် လိပ်ပြာမလုံခြင်း မရှိဘဲ ၎င်းတို့၏ကိုယ်ပိုင် အဆင့်အတန်းကိုသာ ကာကွယ်ပြီး အသင်းတော်၏အလုပ် ထိခိုက်နစ်နာသည်အထိ မိမိတို့၏ အဆင့်အတန်းနှင့် အကျိုးစီးပွားတို့ကို ကာကွယ်ကြသည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာပေသည်။ ထိုသို့သော အခြေအနေတစ်ခုဖြင့် ရင်ဆိုင်ရသည့်အခါ ယုတ်စွအဆုံး အကြင်သူသည် မိမိ၏အသိစိတ်ဖြင့် ‘ဤလူများအားလုံးသည် ဘုရားသခင်၏ အိမ်တော်နှင့်သက်ဆိုင်သည်၊ ၎င်းတို့သည် ငါ၏ကိုယ်ပိုင် ပိုင်ဆိုင်မှု မဟုတ်။ ငါသည်လည်း ဘုရားသခင်၏အိမ်တော်သား တစ်ဦးဖြစ်ပေသည်။ ဘုရားအိမ်တော်က လူများ ပြောင်းရွှေ့ခြင်းကို တားဆီးဖို့ ငါ၌ အဘယ်အခွင့်ရှိသနည်း။ ငါ့ကိုယ်ပိုင် တာဝန်နယ်ပယ်အတွင်းရှိ အလုပ်ကိုသာ အာရုံစိုက်နေမည့်အစား ဘုရားအိမ်တော်၏ အကျိုးစီးပွားအလုံးစုံကို ငါဆင်ခြင်တွေးတောသင့်သည်’ ဟု သင်တွေးရမည်။ ယင်းတို့မှာ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ပိုင်ဆိုင်သည့် လူများ၌ တွေးသင့်သည့် အတွေးများဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်သည့်သူများ ပိုင်ဆိုင်သင့်သည့် ဆင်ခြင်တုံတရား ဖြစ်သည်။ ဘုရားအိမ်တော်သည် အလုံးစုံသောအလုပ်ကို ပါဝင်လုပ်ဆောင်ပြီး အသင်းတော်များက အလုပ်၏ အပိုင်းကဏ္ဍများကို ပါဝင်လုပ်ဆောင်သည်။ ထို့ကြောင့် ဘုရားအိမ်တော်တွင် အသင်းတော်ထံမှ အထူးလိုအပ်ချက် ရှိသည့်အခါ ခေါင်းဆောင်များ၊ အမှုဆောင်များအတွက် အရေးအကြီးဆုံးမှာ ဘုရားအိမ်တော်၏ အစီအစဉ်များကို နာခံခြင်းဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်တို့သည် ထိုသို့သော အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို မပိုင်ဆိုင်ကြပေ။ ၎င်းတို့အားလုံးသည် အတော်လေး တစ်ကိုယ်ကောင်းဆန်ကြသည်၊ ကိုယ့်အတွက်သာ တွေးကြပြီး အသင်းတော်၏ အလုပ်နှင့်ပတ်သက်၍ မစဉ်းစားကြပေ။ ၎င်းတို့မျက်စိရှေ့တည့်တည့်မှ အကျိုးအမြတ်များကိုသာ ၎င်းတို့ ထည့်တွက်စဉ်းစားကြသည်။ ဘုရားအိမ်တော်၏ ပိုမိုကျယ်ပြန့်သောအလုပ်ကို ၎င်းတို့ မစဉ်းစားကြပေ။ ထို့ကြောင့် ၎င်းတို့သည် ဘုရားအိမ်တော်၏ အစီအစဉ်များကို လုံးဝ နာခံနိုင်စွမ်းမရှိပေ။ ၎င်းတို့သည် အလွန်အမင်း တစ်ကိုယ်ကောင်းဆန်ပြီး ဆိုးယုတ်လေသည်။ ဘုရားသခင်၏ အိမ်တော်၌ ၎င်းတို့သည် အဟန့်အတားဖြစ်စေဖို့ပင် လုံလုံလောက်လောက် ရဲတင်းပြီး တစ်စုံတစ်ခု လုပ်ဆောင်ဖို့ပင် ငြင်းဆန်ရဲကြသည်။ ဤလူများသည် လူ့သဘာဝ မရှိဆုံးသော လူများဖြစ်သည်၊ ၎င်းတို့သည် ဆိုးယုတ်သော လူများဖြစ်ကြ၏။ အန္တိခရစ်များက ထိုလူစားမျိုးများဖြစ်ပေသည်။ ၎င်းတို့က အသင်းတော်၏ အလုပ်ကိုလည်းကောင်း၊ ညီအစ်ကိုမောင်နှမများကိုလည်းကောင်း၊ ပြီးလျှင်၎င်းတို့၏ တာဝန်နယ်ပယ်အတွင်းရှိသော ပိုင်ဆိုင်မှုအားလုံးကိုပင် မိမိတို့၏ ကိုယ်ပိုင် ပုဂ္ဂလိက ပိုင်ဆိုင်မှုအဖြစ် အစဉ်သဖြင့် သဘောထားပြုမူကြသည်။ ဤအရာများ မည်သို့ ဖြန့်ဝေသည်၊ ပြောင်းရွှေ့သည်၊ အသုံးချသည်တို့မှာ ၎င်းတို့ သဘောဖြစ်ပြီး ဘုရားအိမ်တော်က ဝင်စွက်ဖက်ခွင့် မရှိဟု ၎င်းတို့ ယုံကြည်ကြသည်။ ယင်းတို့က ၎င်းတို့၏လက်ထဲသို့ ရောက်သည်နှင့်၊ ယင်းတို့ကို စာတန် ပိုင်ဆိုင်ထားသည့်အလား ဖြစ်သည်။ မည်သူ တစ်ဦးတစ်ယောက်ကမျှ ထိခွင့်မရှိပေ။ ၎င်းတို့သည် ဩဇာအာဏာကြီးသောသူများ၊ အာဏာရှင်ဆန်ဆန် ထင်တိုင်းကြဲများဖြစ်ပြီး ၎င်းတို့၏ပိုင်နက်ထဲသို့သွားသည့်သူ မည်သူမဆိုသည် ၎င်းတို့၏ အမိန့်များနှင့် စီစဉ်မှုများကို အလွန်လိမ္မာပြီး ပျော့ပြောင်းသော ပုံစံဖြင့် နာခံရမည် ဖြစ်ကာ ၎င်းတို့၏ အသုံးအနှုန်းများကို အရိပ်အကဲကြည့်ရမည် ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့၏ ကိုယ်ကျင့်စရိုက်အတွင်းရှိ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ သရုပ်သကန်ဖြစ်လေသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အလုပ်ကို ထည့်တွက်စဉ်းစားခြင်း မရှိကြပေ။ စည်းမျဉ်းကို အနည်းငယ်မျှ မလိုက်လျှောက်ကြသည့်အပြင် မိမိတို့၏ကိုယ်ပိုင် အကျိုးစီးပွားများနှင့် ဂုဏ်အဆင့်အတန်းတို့ကိုသာ တွေးလေသည်၊ ယင်းတို့သည် အန္တိခရစ်များ၏ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ဆိုးယုတ်မှု ဝိသေသလက္ခဏာများသာ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၄- အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက်နှင့် ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၁)) “ဒေသခံဗိုလ်ကျသူတွေ”၊ “တောင်ပေါ်ဘုရင်တွေ” နဲ့ “စာတန် ပိုင်ဆိုင်ထားသလိုမျိုး” ဆိုတဲ့ ဘုရားသခင် ဖော်ထုတ်ထားတဲ့ စကားလုံးတွေကို ကျွန်မ ဖတ်လိုက်ရတဲ့အခါ ကျွန်မ စိတ်နှလုံးက ထိုးဖောက်ခံရသလို ခံစားခဲ့ရတယ်။ အန္တိခရစ်တွေက သူတို့အလုပ်မှာ သူတို့ရဲ့ ကိုယ်ပိုင် အကျိုးအမြတ်နဲ့ ဆုံးရှုံးတာတွေကိုပဲ ထည့်စဉ်းစားကြပြီး ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို ဘယ်တော့မှ မစဉ်းစားကြဘူး။ သူတို့ တာဝန်ယူရတဲ့ နယ်ပယ်အတွင်းမှာရှိတဲ့ လူတွေ ပျိုးထောင်ခံရတာကို မြင်တဲ့အခါ ဒါက သူတို့ရဲ့ ဇာတိပကတိ၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် အကျိုးရှိတာကို မြင်တဲ့အခါ ဒီလူတွေကို သူတို့အနားမှာပဲ ထားချင်ကြပြီး ကိုယ်ပိုင်ပစ္စည်းလို သဘောထားကြတယ်။ အလုပ်က လိုအပ်လို့ ဆိုရင်တောင်မှ သူတို့ခွင့်ပြုချက်မရှိဘဲ ဒီလူတွေကို ဘယ်သူမှ နေရာပြောင်းခွင့်မရှိဘူး။ တကယ်လို့ ဘုရားအိမ်တော်က စည်းမျဉ်းတွေအပေါ်အခြေခံပြီး သူတို့ တာဝန်ယူရတဲ့ နယ်ပယ်ထဲက လူတွေကို နေရာပြောင်းမယ်ဆိုရင် သူတို့က ဒါကို တားဆီးဖို့ ကြိုးစားကြမှာပဲ။ သူတို့က ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို စွန့်စားရမှာထက် အသင်းတော်ရဲ့ အလုပ်တစ်ခုလုံးကို နှောင့်နှေးအောင် လုပ်ချင်ကြတယ်။ အဲဒီလိုလူတွေက ဘုရားသခင် ပြောထားတဲ့ “ဒေသခံဗိုလ်ကျသူတွေ” နဲ့ “တောင်ပေါ်ဘုရင်တွေ” လိုမျိုးပဲ၊ သူတို့က တစ်ကိုယ်ကောင်းဆန်တယ်၊ စက်ဆုပ်ဖွယ်ကောင်းပြီး လူ့သဘာဝ မရှိကြဘူး။ ကျွန်မရဲ့ အပြုအမူတွေက ဘုရားသခင် ဖော်ထုတ်ထားတဲ့ အန္တိခရစ်တွေရဲ့ အပြုအမူတွေလိုပဲ ဖြစ်ခဲ့တယ်။ ကျွန်မက အသင်းတော်အလုပ်အတွက် ဒါမှမဟုတ် ဘုရားကို ကျေနပ်စေဖို့အတွက် စာနဲ့ပတ်သက်တဲ့ အမှုဆောင်တွေကို ပျိုးထောင်ပေးချင်တာ မဟုတ်ဘဲ ကျွန်မရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ဆန္ဒတွေကို ဖြည့်ဆည်းဖို့အတွက်ပဲ ဖြစ်နေတယ်။ တစ်ယောက်ယောက်က အလုပ်ဝန် မျှယူပေးတာက ကျွန်မအတွက် ပိုသက်သာစေမယ်၊ ပြီးတော့ အလုပ်ရဲ့ ထိရောက်မှု တိုးတက်လာရင် သူများတွေက ကျွန်မကို အထင်ကြီးကြမယ်လေ။ ဒါကြောင့် ကျွန်မ ပျိုးထောင်ပေးထားတဲ့သူတွေ နေရာပြောင်းခံရတဲ့အခါ ကျွန်မ လုံးဝ လက်မခံနိုင်ခဲ့ဘူး။ ကျွန်မ အပင်ပန်းခံ ပျိုးထောင်ပေးထားတဲ့သူတွေက အလုပ်ကို မျှလုပ်ပေးသင့်တယ်၊ ပြီးတော့ ခေါင်းဆောင်တွေအနေနဲ့ ကျွန်မ သဘောတူညီချက်မပါဘဲ သူတို့ကို ဒီအတိုင်း နေရာပြောင်းလို့မရဘူးလို့ ကျွန်မ ခံစားခဲ့ရတယ်။ လီချင်းကို နေရာပြောင်းတာကို ကျွန်မ အင်တင်တင်နဲ့ သဘောတူခဲ့ပေမဲ့ အလုပ်ရဲ့ ထိရောက်မှု ကျဆင်းလာတဲ့အခါ ခေါင်းဆောင်က သူ့ကို နေရာမပြောင်းလိုက်သင့်ဘူးဆိုပြီး ကျွန်မ ညည်းညူလာတယ်၊ ပြီးတော့ ကျွန်မရဲ့ မကျေနပ်ချက်တွေကို အလုပ်ပေါ်မှာတောင် ပုံချခဲ့မိတယ်။ ဒေါင်ဖေးက ရာထူးတိုးပေးပြီး ပျိုးထောင်ပေးလို့ရတဲ့သူမှန်း ကျွန်မ ရှင်းရှင်းလင်းလင်း သိပေမဲ့ သူ့ကို ပျိုးထောင်ပေးပြီးတာနဲ့ ခေါင်းဆောင်တွေက သူ့ကိုပါ နေရာပြောင်းလိုက်လို့၊ ကျွန်မမှာ အကူမရှိဘဲ ကျန်နေခဲ့မှာကို ကျွန်မ ကြောက်ခဲ့တယ်။ ဒါကြောင့် ဒေါင်ဖေးက ပျိုးထောင်ပေးဖို့ တန်တဲ့သူပါလို့ ခေါင်းဆောင်တွေကို မပြောဘဲ ကျွန်မရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် ဆက်ပြီး အလုပ်လုပ်ပေးဖို့ သူ့ကို ကျွန်မ တာဝန်နယ်ပယ်ထဲမှာပဲ ထားရှိခဲ့တယ်။ အသင်းတော်က အလုပ်ရဲ့ လိုအပ်ချက်အပေါ် အခြေခံပြီး လူတွေကို နေရာပြန်ချပေးတာ၊ စီစဉ်တာတွေ လုပ်တယ်။ ဥပမာ၊ လူသစ်တွေကို ရေလောင်းဖို့ လူမလောက်လို့၊ လီချင်းကို တာဝန်ပြန်ချပေးခဲ့တယ်လေ။ လီချင်းကို တာဝန်ပြန်ချပေးလိုက်တော့ သူက ဒီတာဝန်ကို ယူနိုင်ပြီး လူသစ်တွေကို အချိန်မီ ရေလောင်းတာ၊ ပံ့ပိုးတာတွေ လုပ်နိုင်သွားတယ်။ ခေါင်းဆောင်တွေက အသင်းတော်ရဲ့ အလုပ်တစ်ခုလုံးကို ထည့်စဉ်းစားပြီး ဒီလိုစီစဉ်တာဖြစ်လို့ ဒါက စည်းမျဉ်းတွေနဲ့ ကိုက်ညီမှုရှိတယ်။ ဒါပေမဲ့ ကျွန်မက ဒါတွေ ဘာတစ်ခုမှ ထည့်မစဉ်းစားခဲ့ဘူး။ ကိုယ့်ရဲ့ မျက်စိရှေ့မှာရှိတဲ့ အကျိုးကျေးဇူးတွေကိုပဲ ကျွန်မ ဂရုစိုက်ခဲ့တယ်။ အလုပ်က ကျွန်မအတွက် မပင်ပန်းဘဲ တခြားလူတွေရှေ့မှာ ကျွန်မ နာမည်ရနိုင်သရွေ့ ကိစ္စမရှိဘူး။ တခြားဘာကိုမှ ကျွန်မ ဂရုမစိုက်ဘူးပေါ့။ ကျွန်မ တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းလိုက်တာ။ တကယ်တမ်းကျတော့ ပါရမီရှိသူတွေကို ပျိုးထောင်ပေးတာက ဘုရားအိမ်တော်ရဲ့ အလုပ်တစ်ခုလုံးအတွက် လုပ်ဆောင်တာဖြစ်တယ်။ အလုပ်တစ်ခုမှာ ဝန်ထမ်းမလောက်တော့ရင် အထူးကျွမ်းကျင်မှုတွေရှိတဲ့သူတွေကို သူတို့ရဲ့ အထူးကျွမ်းကျင်မှုတွေနဲ့ အလုပ်ရဲ့ လိုအပ်ချက်တွေပေါ် အခြေခံပြီး သင့်တော်တဲ့ တာဝန်တွေ ခန့်အပ်သင့်တယ်။ ဒါမှ အသင်းတော်အလုပ်က စနစ်တကျနဲ့ အစီအစဉ်တကျ တိုးတက်နိုင်မှာ ဖြစ်တယ်။ အသိစိတ်နဲ့ ဆင်ခြင်တုံတရားရှိတဲ့သူတွေက ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ထည့်စဉ်းစားပြီး အစွမ်းအစကောင်းရှိတဲ့သူတွေကို ရာထူးတိုးပေးမယ်၊ သူတို့ကို လုံ့လဝီရိယရှိရှိ ညွှန်ကြားပြီး ပျိုးထောင်ပေးမှာပဲ။ ဒါမှ သူတို့က ဘုရားအိမ်တော်အလုပ်အတွက် အသုံးဝင်လာနိုင်မှာလေ။ ဒါပေမဲ့ ကျွန်မက အသင်းတော်အလုပ်ကို ထည့်မစဉ်းစားခဲ့ဘူး။ ညီအစ်ကိုမောင်နှမတွေက ကျွန်မရဲ့ တာဝန်နယ်ပယ်ထဲမှာရှိတဲ့ အဖွဲ့မှာ ပါဝင်သရွေ့ ကျွန်မလူတွေ ဖြစ်သွားသလို၊ ကျွန်မ အသုံးပြုဖို့အတွက်ပဲ ဖြစ်သလို၊ ဘယ်သူကမှ သူတို့ကို ပြောင်းရွေ့ပိုင်ခွင့်မရှိသလိုမျိုး ဖြစ်ခဲ့တယ်။ ဒီညီအစ်ကိုမောင်နှမတွေကို ကျွန်မရဲ့ ကိုယ်ပိုင် ပိုင်ဆိုင်မှုလို သဘောထားခဲ့တယ်။ ကျွန်မက ဘုရားသခင် ဖော်ထုတ်ထားတဲ့ “ဒေသခံဗိုလ်ကျသူတွေ” နဲ့ “တောင်ပေါ်ဘုရင်တွေ” ပြုမူတဲ့ပုံစံအတိုင်းပဲ ပြုမူနေခဲ့တာ မဟုတ်လား။ ဒီအရာတွေကို တွေးဆကြည့်ရင်း ကျွန်မ နည်းနည်း ကြောက်လာတယ်။
နောက်တော့ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို သတိရလာလို့ ကျွန်မ ရှာဖတ်လိုက်တယ်။ ဘုရားသခင်က ပြောသည် “ဘုရားသခင်သည် သူ၏ အနှစ် ၆၀၀၀ စီမံခန့်ခွဲမှု အစီအစဉ်ကို လုပ်ဆောင်နေပြီး သူ၏ ကြီးမားသည့်အဖိုးအခအားလုံးက ထိုအရာအတွက် ဖြစ်သည်။ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို ဆန့်ကျင်လျှင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို တမင်တကာ ထိခိုက်နစ်နာစေပြီး ၎င်းတို့၏ တစ်ကိုယ်ရေ အကျိုးစီးပွားများနှင့် ၎င်းတို့၏ တစ်ကိုယ်ရေ သိက္ခာနှင့် အဆင့်အတန်းအတွက် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို အထိခိုက်ခံလျက် တမင်တကာ လိုက်စားပြီး ဘုရားအိမ်တော်၏ အလုပ်ကို တားဆီးခံရစေကာ ပျက်စီးစေကာ ဘုရားအိမ်တော်အတွက် ရုပ်ဝတ္ထုဆိုင်ရာနှင့် ဘဏ္ဍာရေးဆိုင်ရာ ပျက်စီးဆုံးရှုံးမှု တစ်ပုံတစ်ခေါင်းပင် ဖြစ်စေလျက် အသင်းတော်၏ အလုပ်ကို ဖြိုဖျက်ဖို့ တွန့်ဆုတ်ခြင်းမရှိလျှင် ထိုသို့သော လူတို့သည် ခွင့်လွှတ်ခံရသင့်သည်ဟု သင်တို့ ထင်ကြသလော။ (ခွင့်လွှတ်မခံရသင့်ပါ။) ၎င်းတို့ကို ခွင့်လွှတ်၍မရဟု သင်တို့အားလုံး ပြောကြသည်။ သို့ဆိုလျှင် ထိုသို့သောလူများနှင့်ပတ်သက်၍ ဘုရားသခင် ဒေါသထွက်သလော။ မုချ ဒေါသထွက်ပေသည်။...သင်သည် ဘုရားသခင်နောက်လိုက်သည်၊ ကယ်တင်ခြင်း လိုက်စားသည်၊ ဘုရားသခင်၏ စိစစ်မှုနှင့် လမ်းပြမှုတို့ကို လက်ခံပြီး ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှုတို့ကို လက်ခံကာ ကျိုးနွံနာခံသည်ဟု ဆက်ပြောနေသော်လည်း ဤစကားလုံးများကို သင် ပြောနေစဉ်တစ်လျှောက်လုံး အသင်းတော်၏ အလုပ်အမျိုးမျိုးကို သင် နှောင့်ယှက်၊ အဖျက်အမှောင့်လုပ်ကာ ဖျက်ဆီးနေပြီး သင်၏ အဖျက်အမှောင့်လုပ်ခြင်း၊ နှောင့်ယှက်ခြင်းနှင့် ဖျက်ဆီးခြင်းတို့ကြောင့်၊ သင်၏ ပေါ့ဆမှု သို့မဟုတ် တာဝန်ကို တမင်ပျက်ကွက်ခြင်းကြောင့် သို့မဟုတ် သင်၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများကြောင့်၊ ပြီးလျှင် သင်၏ ကိုယ်ကျိုးစီးပွားများကို လိုက်စားခြင်းအတွက် ဘုရားအိမ်တော်၏ အကျိုးစီးပွားများ၊ အသင်းတော်၏ အကျိုးစီးပွားများနှင့် အခြားကဏ္ဍ အမြောက်အမြား ထိခိုက်ခံရပြီးဖြစ်လျှင် ဘုရားအိမ်တော်၏ အလုပ်က ဆိုးရွားစွာ အဖျက်အမှောင့်လုပ်ခြင်းခံရကာ နှောင့်ယှက်ခံရပြီးသည်အထိပင် ဖြစ်လျှင် ဘုရားသခင်သည် သင်၏ အသက်စာစောင်ရှိ သင်၏ အဆုံးသတ်ကို မည်သို့ ချိန်ဆသင့်သနည်း။ သင့်ကို မည်သို့ သတ်မှတ်သင့်သနည်း။ တရားမျှတစွာ ပြောရလျှင် သင် အပြစ်ဒဏ်ခံထိုက်ခြင်းပင် ဖြစ်သည်။ ဤအရာကို သင်၏ ပြစ်ဒဏ်နှင့် ထိုက်တန်ခြင်းဟု ခေါ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၁)) ဘုရားသခင်ရဲ့ ပြင်းထန်တဲ့ စကားလုံးတွေနဲ့ မျက်နှာချင်းဆိုင် တရားစီရင်ခံလိုက်ရသလို ကျွန်မ ခံစားခဲ့ရပြီး ဘုရားသခင်ရဲ့ စိတ်သဘောထားက ပုန်ကန်ပြစ်မှားတာ မခံဘူးဆိုတာကို ကျွန်မ ခံစားသိရှိလိုက်ရတယ်။ အလုပ်အမျိုးမျိုးက ပိုပြီးထိထိရောက်ရောက် တိုးတက်နိုင်တာ သေချာဖို့အတွက် ပါရမီရှိသူတွေကို ပျိုးထောင်ပေးဖို့ ဘုရားအိမ်တော်က တောင်းဆိုတယ်။ ဒါပေမဲ့ ကျွန်မက ကိုယ့်အလုပ် ပိုသက်သာရဖို့နဲ့ အသိအမှတ်ပြုတာကို ရဖို့အတွက်ပဲ လူတွေကို ပျိုးထောင်ပေးခဲ့တယ်။ ကျွန်မ ပျိုးထောင်ပေးလိုက်တဲ့သူတွေ နေရာပြောင်းခံရတဲ့အခါ ကျွန်မ ညည်းညူလာတယ်၊ ကျွန်မရဲ့ အခက်အခဲကို ထည့်မစဉ်းစားပေးဘူးဆိုပြီး ခေါင်းဆောင်တွေကို မကျေနပ်ပြောတယ်၊ ပြီးတော့ တခြားတစ်ဦးတလေကို ပျိုးထောင်ပေးဖို့ ငြင်းပြီးတေ့ာ့ ကိုယ့်တာဝန်အပေါ်တောင် ဒေါသပုံချခဲ့တယ်။ ဒေါင်ဖေးက ပျိုးထောင်ပေးဖို့ သင့်တော်ပြီး အဲဒါက သူ့အသက်တာ ကြီးထွားဖို့အတွက်ရော အသင်းတော် အလုပ်အတွက်ပါ အကျိုးရှိမယ်ဆိုတာကို ကျွန်မ ကောင်းကောင်း သိခဲ့တယ်။ ဒါပေမဲ့ သူ့ကို ပျိုးထောင်ပေးလိုက်ရင် သူပါ နေရာပြောင်းခံရမှာကို ကျွန်မ စိုးရိမ်ခဲ့တယ်။ ဒါကြောင့် သူ့ရဲ့ တိုးတက်မှုကို ကျွန်မ ဖုံးဖိထားပြီး မပျိုးထောင်ဖို့ ရွေးချယ်ခဲ့တယ်။ ပါရမီရှိတဲ့လူတွေကို ပျိုးထောင်ပေးတဲ့ အသင်းတော်ရဲ့အလုပ်ကို တမင်တကာ ဟန့်တားပြီးတော့ ကိုယ့်အကျိုးစီးပွား ဖြည့်ဆည်းဖို့အတွက် အသင်းတော်ရဲ့ အကျိုးစီးပွားကို ကျွန်မ စတေးနေခဲ့တာ၊ ဒါက ဘုရားသခင်ကို ဗြောင်ကျကျ အာခံနေတာပဲ။ ဒီပုံစံအတိုင်းသာ ကျွန်မ ဆက်သွားရင် သေချာပေါက် ဘုရားသခင်ရဲ့ ဖယ်ရှားရှင်းလင်းတာကို ခံရမှာ။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်မ ကြောက်စိတ်တွေနဲ့ ပြည့်သွားပြီး ဘုရားသခင်ရှေ့မှာ ဒူးထောက်ပြီး ဝန်ချတောင်းပန်ခဲ့တယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်လိုက်ရတယ်။ “သင့်ကိုယ်ကျိုးအတွက် တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် လှည့်ကွက်များသည် သင့်အထဲ၌ ပေါ်ထွက်လာပြီး ယင်းကို သင်သဘောပေါက်သောအခါ ယင်းကို ဖြေရှင်းဖို့ရန်အတွက် ဘုရားသခင်ကို ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေသင့်ပေသည်။ သင်သတိပြုသင့်သည့် ပထမဆုံးအရာမှာ အနှစ်သာရအားဖြင့် ဤနည်းအတိုင်း လုပ်ဆောင်ခြင်းက သမ္မာတရားစည်းမျဉ်းများနှင့်ဆန့်ကျင်ကာ ယင်းသည် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသော အပြုအမူဖြစ်သည်၊ ယင်းက အသိတရားနှင့် ဆင်ခြင်တုံတရား ရှိသောလူတို့ ပြုသင့်သည့်အရာ မဟုတ်ချေ။ သင့်ကိုယ်ပိုင် အကျိုးစီးပွားများနှင့် တစ်ကိုယ်ကောင်းဆန်မှုများကို ဘေးဖယ်ထားပြီး အသင်းတော်၏ အလုပ်ကို စဉ်းစားသင့်သည်။ ယင်းက ဘုရားသခင်၏ရည်ရွယ်ချက်များ နှင့် အညီ ဖြစ်၏။ ဆုတောင်းခြင်းနှင့် မိမိကိုယ်ကို ပြန်လည်ဆင်ခြင်ခြင်း ပြုလုပ်ပြီးနောက် ထိုသို့လုပ်ဆောင်ခြင်းသည် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသည်ကို သင်အမှန်တကယ် သဘောပေါက်ပါက မိမိကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်ခြင်းကို ဘေးဖယ်ခြင်းက လွယ်ကူလိမ့်မည်။ သင်၏ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ကိုယ်ကျိုးအတွက် အကြံအစည်များကို သင်ဘေးဖယ်သောအခါ တည်ငြိမ်သွားသည်ဟု ခံစားရမည်၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ရှိမည်၊ ထို့အပြင် အသိတရားနှင့် ဆင်ခြင်တုံတရားရှိသော လူတစ်ဦးသည် အသင်းတော်၏ အလုပ်ကို စဉ်းစားသင့်ကြောင်း၊ ထိုသူသည် မိမိတို့၏ တစ်ကိုယ်ရေ ကိုယ်ကျိုးစီးပွားများအပေါ်၌သာ အာရုံမစူးစိုက်သင့်ကြောင်း၊ ယင်းက အလွန် တစ်ကိုယ်ကောင်း ဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းကာ အသိတရား၊ သို့မဟုတ် ဆင်ခြင်တုံတရား ကင်းမဲ့မည်ဖြစ်ကြောင်း ခံစားရလိမ့်မည်။ ကိုယ်ကျိုးမငဲ့ဘဲ အသင်းတော်အလုပ်အတွက် စဉ်းစားခြင်းနှင့် ဘုရားသခင်အား ကျေနပ်စေရန် တစ်ခုတည်းအတွက်သာ အမှုအရာများကို လုပ်ဆောင်ခြင်းသည် တရားမျှတပြီး ဂုဏ်သိက္ခာရှိသည့်အပြင် သင့်အသက်ရှင်ခြင်းအပေါ် တန်ဖိုးတက်စေမည်ဖြစ်သည်။ ကမ္ဘာမြေပေါ် ဤသို့အသက်ရှင်ရင်း သင်သည် ပွင့်လင်းရိုးသားကာ၊ သာမန်လူ့သဘာဝနှင့် လူသား၏ စစ်မှန်သောပုံရိပ်ဖြင့် အသက်ရှင်နေခြင်းဖြစ်ပြီး သင်သည် လိပ်ပြာသန့်သည်သာမက ဘုရားသခင်က သင့်အပေါ် အပ်နှင်းထားသော အရာများအားလုံးနှင့်လည်း ထိုက်တန်ပေသည်။ သင်သည် ဤကဲ့သို့အသက်ရှင်လေ ပို၍တည်ငြိမ်သည်ဟု ခံစားရလေ၊ ပို၍ငြိမ်သက်ပြီး ဝမ်းမြောက်ကာ ပို၍ မျှော်လင့်ချက်ရှိသည်ဟု ခံစားရလေဖြစ်မည်။ သို့ဖြစ်လျှင် ဘုရားသခင်၌ မှန်ကန်သော ယုံကြည်မှုလမ်းကြောင်းပေါ် သင်စတင်လျှောက်လှမ်းနှင့်ပြီးဖြစ်လိမ့်မည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ခြင်းအားဖြင့် သမ္မာတရားကို ရရှိနိုင်သည်) ကျွန်မတို့ တစ်ကိုယ်ကောင်းဆန်မှုကို ထုတ်ဖော်မိပြီး ကိုယ့်အကျိုးစီးပွား ဖြည့်ဆည်းဖို့ ကြိုးစားတဲ့အခါ သမ္မာတရားကို ရှာဖွေပြီး ကိုယ့်ကိုယ်ကို ပုန်ကန်ရမယ်လို့ ဘုရားသခင်က ပြောတယ်။ ဒီလို ပြုမူတဲ့အခါ ကျွန်မတို့က ဖြောင့်မှန်တာဖြစ်ပြီး၊ တရားမျှတယ်၊ ရိုးရိုးစင်းစင်းနဲ့ ရိုးရိုးသားသား အသက်ရှင်တာဖြစ်တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ ဉာဏ်အလင်းရသလို ခံစားလိုက်ရပြီး လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းကို တွေ့သွားတယ်။ အစ်မလီချင်း ပြောင်းရွေ့ခံရတုန်းက၊ ကျွန်မ မကျေနပ်ချက်တွေ၊ အပျက်သဘောတွေနဲ့ တုံ့ပြန်ခဲ့ပြီး ပါရမီရှိတဲ့လူကို ဖိနှိပ်ဖို့ လှည့်ကွက်တွေ သုံးခဲ့တာကို ကျွန်မ သတိရမိတယ်။ ဒီလိုလုပ်တာက အရမ်း စက်ဆုပ်စရာကောင်းပြီး ညစ်ပတ်လွန်းတယ်။ ကိုယ့်အကျိုးစီးပွားကို ထိခိုက်စေတဲ့ ကိစ္စမျိုး ထပ်ကြုံရရင် ကိုယ့်အတွက်ကိုပဲ ကျွန်မ မစဉ်းစားသင့်ဘူး။ အဲဒီအစား ကျွန်မ ဘုရားနှုတ်ကပတ်တော်အတိုင်း လက်တွေ့လုပ်ဆောင်သင့်တယ်၊ ကိုယ့်အကျိုးစီးပွားကို လက်လွှတ်ဖို့ သင်ယူပြီး ပါရမီရှိတဲ့လူတွေကို အသင်းတော်ဆီ ပေးအပ်သင့်တယ်။ နောက်ပိုင်း အလုပ်တွေကို ပြန်သုံးသပ်ကြည့်တော့ ကျွန်မဆီမှာ အလုပ်တွေ ပုံနေခဲ့ပြီး တရားဒေသနာကောင်းတွေကို အချိန်မီ မရွေးချယ်နိုင်၊ မတင်ပြနိုင်ခဲ့ဘူး၊ ဒါက အလုပ်တာဝန်တွေကို ကျွန်မ ထိထိရောက်ရောက် ဦးစားပေးနိုင်စွမ်းမရှိတာနဲ့ ဆက်စပ်မှုရှိနေခဲ့တယ်ဆိုတာကို ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မ လက်ထဲက အလုပ်တွေကို ပိုပြီး စဉ်းစဉ်းစားစားနဲ့ ထိရောက်အောင် စီစဉ်ဖို့လိုခဲ့တယ်၊ အရေးကြီးတဲ့အလုပ်တွေကို ဦးစားပေးပြီး သိပ်အလျင်မလိုတဲ့ အလုပ်တွေကို ခဏဆိုင်းထားရမယ်။ ဒီလိုဆိုရင် အလုပ်တွေ နှောင့်နှေးတော့မှာ မဟုတ်ဘူး။ ဒါတွေအားလုံးကို အသမိအမှတ်ပြုမိတော့ ဒေါင်ဖေးကို အဖွဲ့ခေါင်းဆောင်အဖြစ် ရာထူးတိုးပေးဖို့ကိစ္စ ခေါင်းဆောင်တွေနဲ့ ကျွန်မ တိုင်ပင်ခဲ့တယ်။ ဒေါင်ဖေးက ပျိုးထောင်ပေးဖို့ သင့်တော်တယ်လို့ ခေါင်းဆောင်တွေက သဘောတူကြတော့ သူ့ကို သင်ပြပေးဖို့ ကျွန်မ အားထုတ်ခဲ့တယ်။ ဇာတိပကတိကို ပုန်ကန်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုက်တဲ့အခါ ကျွန်မ ရင်ထဲမှာ ငြိမ်သက်ခြင်းနဲ့ တည်ငြိမ်အေးဆေးခြင်းကို ခံစားလိုက်ရပြီး ကျွန်မ ထူးထူးခြားခြားပဲ စိတ်ချမ်းသာမိတယ်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှာ ချန်ဂျင်းက စာနဲ့ပတ်သက်တဲ့ တာဝန်ကို စပြီးလေ့ကျင့်ခဲ့တယ်။ အစပိုင်းမှာ ချန်ဂျင်းက အလုပ်နဲ့ မရင်းနှီးတော့ အလုပ်က အရမ်းခက်တယ်လို့ ခံစားရတာကြောင့် ဒီတာဝန်ကို သူ မထမ်းဆောင်ချင်ခဲ့ဘူး။ ဒါနဲ့ ကျွန်မက သူ့ကို မျက်နှာချင်းဆိုင် မိတ်သဟာယပြုပေးဖို့ စီစဉ်လိုက်တယ်။ အချိန်အတိုင်းအတာတစ်ခုထိ လေ့ကျင့်ပေးပြီးတဲ့နောက် တဖြည်းဖြည်းနဲ့ သူက ဒီတာဝန်ကို လုံ့လဝီရိယရှိရှိ ထမ်းဆောင်ချင်စိတ် ရှိလာတယ်။ ဒီရလဒ်ကို မြင်ရတော့ ကျွန်မ အရမ်းဝမ်းသာသွားတယ်။ မမျှော်လင့်ဘဲနဲ့ ရက်နည်းနည်းကြာတော့ ရေလောင်းတဲ့အလုပ်အတွက် လူမလောက်တာကြောင့် ချန်ဂျင်းက အရင်တုန်းက လူသစ်တွေကို ရေလောင်းဖူးတာ ခေါင်းဆောင်တွေ သတိထားမိပြီး သူ့ကို ရေလောင်းတဲ့တာဝန် ပြောင်းပေးဖို့ စီစဉ်ကြပါလေရော။ ဒီသတင်းကို ကြားတော့ ကျွန်မ လန့်သွားပြီး တွေးလိုက်မိတယ်။ “ချန်ဂျင်းက ငါတို့ ကြိုးစားပျိုးထောင်ပေးခဲ့တဲ့ စာနဲ့ပတ်သက်တဲ့ အဖွဲ့သားတစ်ယောက်လေ။ တကယ်လို့ သူ နေရာပြောင်းခံရရင် ပျိုးထောင်ပေးဖို့ နောက်ထပ်တစ်ယောက် ငါ ထပ်ရှာရဦးမယ်။ တစ်ယောက်မှ ရှာမရရင် အလုပ်ရဲ့ ထိရောက်မှုက သေချာပေါက် ကျဆင်းသွားမှာ” လို့ပေါ့။ ခေါင်းဆောင်တွေနဲ့ပတ်သက်လို့ မကျေနပ်ချက်တချို့ ကျွန်မမှာ ရှိလာတယ်။ အဲဒီအချိန်မှာ ကျွန်မရဲ့ အခြေအနေ မမှန်တာကို ရုတ်တရက် သဘောပေါက်ပြီး ဘုရားနှုတ်ကပတ်တော်တွေကို ပြန်သတိရလာတယ်။ “ဘုရားအိမ်တော်၏ အလုပ်က လိုအပ်သောအခါတွင် ၎င်းတို့သည် မည်သူဖြစ်စေ လူတိုင်းက ဘုရားအိမ်တော်၏ ညှိနှိုင်းဆောင်ရွက်မှုနှင့် အစီအစဉ်များကို နာခံသင့်သည်။ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ဦးက ၎င်းတို့သည် သူ၏ပိုင်ဆိုင်မှုဖြစ်သည့်အလား သို့မဟုတ် သူ၏ ဆုံးဖြတ်ချက်ကို ခံရမည့်အလား ထိန်းချုပ်ခြင်းကို လုံးဝ မခံသင့်ပေ။ ဘုရားအိမ်တော်၏ ဗဟိုချုပ်ကိုင်ထားသော အစီအစဉ်များအပေါ် ဘုရားသခင် ရွေးချယ်ထားသောလူများက နာခံခြင်းသည် လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတသည်၊ ပြီးလျှင် ဤအစီအစဉ်များကို မည်သူမျှ အာခံ၍မရနိုင်ပေ။ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင် တစ်ယောက်ယောက်က စည်းမျဉ်းနှင့်မညီသည့် ထင်ရာမြင်ရာလုပ်သော ရွှေ့ပြောင်းမှုတစ်ခုကို လုပ်ဆောင်မှသာ ဤအခြေအနေတွင် ဤအစီအစဉ်ကို မနာခံခြင်း ပြုလုပ်နိုင်သည်။ စည်းမျဉ်းများနှင့်အညီ ပုံမှန်ရွှေ့ပြောင်းမှုကို ပြုလုပ်လျှင် ဘုရားသခင် ရွေးချယ်ထားသောလူများ အားလုံးက နာခံသင့်သည်။ မည်သည့်ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်ကမျှ မည်သူကိုမဆို ထိန်းချုပ်ခွင့်၊ သို့မဟုတ် ထိန်းချုပ်စရာအကြောင်းတစ်ခုမျှ မရှိပေ။ ဘုရားအိမ်တော်၏ အလုပ်မဟုတ်သည့် အလုပ်တစ်ခုတလေ ရှိသည်ဟု သင်တို့ပြောမည်လော။ ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိကို ဖြန့်ဝေခြင်း မပါဝင်သည့် အလုပ်တစ်ခုတလေ ရှိသလော။ ယင်းသည် ဘုရားအိမ်တော်၏ အလုပ်ချည်းသာ ဖြစ်သည်၊ အလုပ်အသီးသီးသည် တန်းတူဖြစ်ပြီး ‘သင်၏အလုပ်’ နှင့် ‘ကျွန်ုပ်၏အလုပ်’ ဟူ၍ မရှိချေ။ ရွှေ့ပြောင်းခြင်းသည် စည်းမျဉ်းနှင့်ကိုက်ညီပြီး အသင်းတော်အလုပ်၏ လိုအပ်ချက်များကို အခြေခံလျှင် ဤလူများသည် ၎င်းတို့ကို အလိုအပ်ဆုံးနေရာသို့ သွားသင့်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၄- အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက်နှင့် ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၁)) ညီအစ်ကိုမောင်နှမတွေဆိုတာ ဘုရားအိမ်တော်နဲ့ သက်ဆိုင်ပြီး ဘယ်သူမှ မပိုင်ဘူးဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်လိုက်တယ်။ ပြောင်းရွေ့တာက စည်းမျဉ်းတွေနဲ့ ကိုက်ညီနေသရွေ့ ဘယ်သူမှ ဝင်စွက်ဖက်ခွင့်မရှိဘူး၊ ပြီးတော့ ကျွန်မတို့အားလုံးက ကျိုးနွံနာခံရမယ်လေ။ အရင်တုန်းက ကိုယ့်အကျိုးစီးပွားအတွက် ဒေါင်ဖေးကို ကျွန်မ ဘယ်လို ဖိနှိပ်ခဲ့လဲဆိုတာ ဆင်ခြင်သုံးသပ်မိတယ်။ အဲဒီကိစ္စ တွေးမိတိုင်း ကျွန်မ စိတ်မသက်မသာခံစားရတယ်။ အဲဒီအချိန်တုန်းက လူသစ်တွေကို ပံ့ပိုးပေးဖို့ ရေလောင်းတဲ့သူတွေ အရေးတကြီး လိုအပ်နေတာ၊ ပြီးတော့ ချန်ဂျင်းက အဲဒီနယ်ပယ်မှာ အတွေ့အကြုံတချို့ရှိတယ်။ ခေါင်းဆောင်တွေရဲ့ အစီအစဉ်က အလုပ်ရဲ့ လိုအပ်ချက်အပေါ် အခြေခံထားမှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ ကျွန်မက ကိုယ့်အကျိုးစီးပွားတစ်ခုတည်းကိုပဲ အာရုံစိုက်လို့ မရဘူး၊ အသင်းတော်အလုပ်နဲ့ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်၊ ပြီးတော့ ချန်ဂျင်းအနေနဲ့ သူ့ကိုအလိုအပ်ဆုံးနေရာမှာ တာဝန်ထမ်းဆောင်ရဖို့ သေချာအောင် ကျွန်မ လုပ်ဖို့လိုမယ်။ နောက်ပိုင်းမှာ သူ ရေလောင်းတဲ့တာဝန်ဆီ ပြောင်းသွားတယ်။ သူ မထွက်ခင်မှာ စာနဲ့ပတ်သက်တဲ့ တာဝန်နဲ့ သင့်တော်တဲ့ ညီအစ်မနှစ်ယောက်ကို ထောက်ခံပေးခဲ့တယ်။ အချိန်တစ်ခုကြာ ပျိုးထောင်ပေးပြီးတဲ့နောက်မှာ သူတို့နှစ်ယောက်စလုံး အလုပ်တချို့ကို တာဝန်ယူနိုင်လာခဲ့ကြတယ်၊ ပြီးတော့ အဖွဲ့သား အပြောင်းအရွှေ့တွေကြောင့် စာနဲ့ပတ်သက်တဲ့အလုပ်က နှောင့်နှေးမသွားခဲ့ပါဘူး။ ကျွန်မရဲ့ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတဲ့ စာတန်ဆန်တဲ့ သဘာဝအတိုင်း ဆက်မအသက်ရှင်တော့ဘဲ ဘုရားနှုတ်ကပတ်တော်အတိုင်း လက်တွေ့လုပ်ဆောင်လိုက်တဲ့အခါ ကျွန်မရဲ့ စိတ်နှလုံးထဲမှာ နက်ရှိုင်းတဲ့ ငြိမ်သက်ခြင်းနဲ့ အေးချမ်းမှုကို ခံစားခဲ့ရတယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
မုယွီ တရုတ်နိုင်ငံ ညီအစ်မတစ်ယောက် စက်တင်ဘာ၂ရက်နေ့မှာ အဖမ်းခံရတယ်လို့ ကြားရတယ်။ အဲဒီနေ့မှာ ကျွန်မက ခေါင်းဆောင်ရဲ့ အိမ်ကို သွားနေတာ၊ ဒါပေမဲ့...
ကျိုးချိန် တရုတ်နိုင်ငံ ကျွန်တော် အသက် ၄၇ နှစ်ရောက်တော့၊ မျက်စိမှုန်တာ မြန်လာတယ်။ ကိုယ့်မျက်လုံးတွေကို ဂရုမစိုက်ရင်၊ တဖြည်းဖြည်း အမြင်အာရုံ...
ခေါင်ရင့် ဂျပန်နိုင်ငံ ညီမက အသင်းတော်မှာ ရေလောင်းတဲ့အလုပ်ကို ဦးဆောင်ရတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို...
ယောင်ရှော့ တရုတ်နိုင်ငံဤနှစ်အစပိုင်းတွင် အစ်မကျန်းနှင့် ကျွန်မသည် အသစ်တည်ထောင်ထားသော အသင်းတော်တစ်ခုကို အတူတကွ ပံ့ပိုးပေးကြသည်။ အစ်မကျန်းသည်...