ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၄၄

06.03.2021

စာတန်၏ စုံစမ်းသွေးဆောင်ခြင်း

ရှင်မဿဲ ၄:၁-၄ ထိုအခါ မာရ်နတ်၏ စုံစမ်းသွေးဆောင်ခြင်းကို ခံစေမည်အကြောင်း၊ ဝိညာဉ်တော်သည် ယေရှုကို တောသို့ ပို့ဆောင်တော်မူ၍၊ ယေရှုသည် အရက် လေးဆယ်ပတ်လုံး အစာအာဟာရကို မသုံးဆောင်ဘဲ နေပြီးမှ မွတ်သိပ်ခြင်းသို့ ရောက်တော်မူ၏။ ထိုအခါ စုံစမ်းသွေးဆောင်သောသူသည် ချဉ်းကပ်၍၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော်မှန်လျှင်၊ ဤကျောက်ခဲတို့ကို မုန့်ဖြစ်စေခြင်းငှါ အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။ ယေရှုကလည်း၊ လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရ မည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှ အားဖြင့် အသက်ကို မွေးရမည် ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ၏။

ဤစကားများသည် စာတန်သည် သခင်ယေရှုကို ပထမဆုံး အကြိမ် စုံစမ်းသွေးဆောင်ရန် ကြိုးစားရာတွင် သုံးခဲ့သည့် စကားများဖြစ်သည်။ မာရ်နတ် ပြောဆိုခဲ့သည့် အကြောင်းအရာမှာ အဘယ်နည်း။ “ကိုယ်တော်သည် ဘုရားသခင်၏ သားတော် မှန်လျှင်၊ ဤကျောက်ခဲတို့ကို မုန့်ဖြစ်စေခြင်းငှါ အမိန့် ရှိတော်မူပါ။” မာရ်နတ် ပြောခဲ့သည့် ဤစကားများသည် အတော်ရိုးရှင်းသော်လည်း၊ ၎င်းတို့၏ အနှစ်သာရနှင့်ပတ်သက်၍ ပြဿနာရှိပါသလော။ မာန်နတ်က၊ “ကိုယ်တော်သည် ဘုရားသခင်၏ သားတော်မှန်လျှင်၊” ဟု ပြောခဲ့သည်၊ သို့သော်လည်း ၎င်း၏ စိတ်နှလုံးထဲတွင် ယေရှုသည် ဘုရားသခင်၏ သားတော် ဖြစ်သည်ကို သိခဲ့သလော၊ မသိခဲ့သလော။ သူသည် ခရစ်တော်ဖြစ်သည်ကို ၎င်းက သိခဲ့သလော၊ မသိခဲ့သလော။ သိခဲ့ပါသည်။ သို့ဖြစ်လျှင် အဘယ်ကြောင့် ၎င်းသည်၊ “သားတော်မှန်လျှင်” ဟု ပြောခဲ့သနည်း။ ၎င်းမှာ ဘုရားသခင်ကို စုံစမ်းသွေးဆောင်ရန် ကြိုးပမ်းနေခဲ့ခြင်း ဖြစ်ပါသည်။ သို့သော် ထိုသို့လုပ်ဆောင်ရာတွင် ၎င်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ “ကိုယ်တော်သည် ဘုရားသခင်၏ သားတော်မှန်လျှင်၊” ဟု ၎င်းကပြောခဲ့သည်။ ၎င်း၏ စိတ်နှလုံးတွင် ယေရှုခရစ်သည် ဘုရားသခင်၏ သားတော် ဖြစ်သည်ကို ၎င်းက သိခဲ့၏၊ ၎င်း၏ စိတ်နှလုံးတွင် ဤအရာနှင့် ပတ်သက်၍ အလွန်ရှင်းသည်၊ သို့သော် ဤအရာကို သိသော်လည်း ၎င်းသည် သူ့ကို နာခံခဲ့သလော သို့မဟုတ် ကိုးကွယ်ခဲ့သလော။ မကိုးကွယ်ခဲ့ပါ။ ၎င်းက အဘယ်အရာကို လုပ်ဆောင်လိုခဲ့သနည်း။ ၎င်းက သခင်ယေရှုကို ဒေါသထွက်စေပြီးနောက် ၎င်း၏ ရည်ရွယ်ချက်များနှင့်အညီ ပြုမူစေရန် ဤနည်းလမ်းနှင့် ဤစကားများကို အသုံးပြုချင်ခဲ့သည်။ ဤသည်မှာ မာန်နတ်၏ စကားများ နောက်ကွယ်က အဓိပ္ပါယ် မဟုတ်ခဲ့ပါသလော။ စာတန်၏ စိတ်နှလုံးထဲတွင် ဤသည်မှာ သခင်ယေရှုခရစ်တော် ဖြစ်မှန်း ရှင်းလင်းစွာ သိခဲ့သော်လည်း မည်သို့ပင်ဖြစ်စေ ဤစကားများကို ပြောဆိုခဲ့သည်။ ဤသည်မှာ စာတန်၏ သဘာဝဖြစ်သည် မဟုတ်လော။ စာတန်၏ သဘာဝက အဘယ်အရာနည်း။ လှည့်ဖြားရန်၊ ဆိုးယုတ်ရန်နှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိရန် ဖြစ်ပါသည်။ ဘုရားသခင်ကို ချစ်ကြောက်ရိုသေမှုမရှိခြင်းမှ မည်သည့် အကျိုးဆက်များ ပေါ်ပေါက်မည်နည်း။ ၎င်းသည် ဘုရားသခင်ကို တိုက်ခိုက်လိုခဲ့သည် မဟုတ်လော။ ၎င်းသည် ဘုရားသခင်ကို တိုက်ခိုက်ရန် ဤနည်းလမ်းကို အသုံးပြုချင်ခဲ့သောကြောင့်၊ “ကိုယ်တော်သည် ဘုရားသခင်၏ သားတော် မှန်လျှင်၊ ဤကျောက်ခဲတို့ကို မုန့်ဖြစ်စေခြင်းငှါ အမိန့် ရှိတော်မူပါ” ဟူ၍ ပြောခဲ့သည်။ ဤသည်မှာ စာတန်၏ ဆိုးယုတ်သော ရည်မှန်းချက် မဟုတ်သလော။ ၎င်းသည် အမှန်တကယ်တွင် အဘယ်အရာကို လုပ်ဆောင်ရန် ကြိုးပမ်း နေခဲ့သနည်း။ ၎င်း၏ရည်ရွယ်ချက်မှာ အလွန် သိသာထင်ရှား လှသည်။ ၎င်းသည် သခင်ယေရှု ခရစ်တော်၏ ရပ်တည်ချက်နှင့် ပင်ကိုလက္ခဏာကို ငြင်းပယ်ရန် ဤနည်းလမ်းကို အသုံးပြုဖို့ ကြိုးပမ်းနေခဲ့ခြင်းဖြစ်သည်။ ထိုစကားများဖြင့် စာတန် ဆိုလိုသည့် အရာမှာ၊ “သင်သည် ဘုရားသခင်၏ သားတော်မှန်လျှင်၊ ဤကျောက်ခဲတို့ကို မုန့်အဖြစ်သို့ ပြောင်းလိုက်ပါ။ သင်မလုပ် နိုင်ပါက သင်သည် ဘုရားသခင်၏သားတော် မဟုတ်၊ ထို့ကြောင့် သင်၏အမှုတော်ကို မဆောင်ရွက်သင့်တော့ပါ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ထိုသို့ မဟုတ်လော။ ၎င်းသည် ဘုရားသခင်ကို တိုက်ခိုက်ရန် ဤနည်းလမ်းကို အသုံးပြုချင်ခဲ့သည်၊ ၎င်းသည် ဘုရားသခင်၏အမှုကို ဖြိုဖျက်ပြီး ဖျက်ဆီးချင်ခဲ့သည်။ ဤသည်မှာ ၎င်း၏ ယုတ်မာမှုဖြစ်သည်။ ၎င်း၏ ယုတ်မာမှုသည် ၎င်း၏ သဘာဝကို သဘာဝအတိုင်း ဖော်ပြခြင်း ဖြစ်ပါသည်။ သခင်ယေရှုခရစ်တော်သည် ဘုရားသခင်၏ သားတော်၊ ဘုရားသခင်ကိုယ်တော်တိုင်၏ တကယ့် လူ့ဇာတိခံယူခြင်း ဖြစ်သည်ကို ၎င်းက သိခဲ့သော်လည်း၊ ဘုရားသခင်ကို နောက်မှ ထပ်ကြပ် မကွာလိုက်ရင်း၊ ဘုရားသခင်ကို မရမကတိုက်ခိုက်ကာ ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ရန်နှင့် တမင်ဖျက်ဆီးရန် လွန်စွာအားထုတ်လျက်၊ ဤသို့သောအရာကို ၎င်းမလုပ်ဆောင်ဘဲ မနေနိုင်ပေ။

ယခုတွင်၊ စာတန် ပြောဆိုခဲ့သည့်- “ဤကျောက်ခဲတို့ကို မုန့်ဖြစ်စေခြင်းငှါ အမိန့်ရှိတော်မူပါ။” ဟူသည့် ဤစကားစုကို ဆန်းစစ် ကြည့်စို့။ ကျောက်ခဲကို ပေါင်မုန့်အဖြစ်သို့ ပြောင်းရန်- ဤအရာက အဓိပ္ပာယ်တစ်ခုခု ရှိသလော။ အစားအစာရှိလျှင် အဘယ်ကြောင့် မစားသနည်း။ အဘယ်ကြောင့် ကျောက်ခဲကို အစားအစာအဖြစ် ပြောင်းလဲရန် လိုသနည်း။ ဤတွင် အဓိပ္ပာယ် မရှိဟု ဆို၍ရသလော။ ထိုအချိန်က သခင်ယေရှုသည် အစာရှောင် နေခဲ့သော်လည်း သူသည် ဧကန်မုချ စားစရာ အစာရှိခဲ့သလော။ ရှိခဲ့ပါသည်။ သို့ဆိုလျှင် ဤနေရာတွင် စာတန် စကားများ၏ ရယ်ဖွယ်ရာကောင်းခြင်းကို ငါတို့မြင်ရသည်။ စာတန်၏ သစ္စာမဲ့မှုနှင့် မလိုမုန်းထားစိတ်တို့အားလုံးအတွက် ငါတို့သည် ယင်း၏ ယုတ္တိမဲ့ခြင်းနှင့် ရယ်ဖွယ်ကောင်းခြင်းကို မြင်ရဆဲ ဖြစ်သည်။ ၎င်း၏ မလိုမုန်းထားသော သဘာဝကို သင်မြင်ရသည့် အမှုအရာများစွာကို စာတန်က လုပ်ဆောင်သည်။ ၎င်းသည် ဘုရားသခင်၏ အမှုကို ဖျက်ဆီးသည့်အရာများ လုပ်ဆောင် နေသည်ကို သင် တွေ့နိုင်ပြီး ဤအရာကို မြင်သည့်အခါ ၎င်းသည် မနှစ်သက်ဖွယ်ဖြစ်ကာ ဒေါသထွက်စရာ ကောင်းသည်ကို သင်မြင်ရသည်။ သို့ရာတွင် အခြားတစ်ဘက်၌ ၎င်း၏ စကားလုံးများနှင့် လုပ်ဆောင်မှုများနောက်ကွယ်က ကလေးဆန်ပြီး ရယ်ဖွယ်ရာဖြစ်သော သဘာဝကို သင်မတွေ့သလော။ ဤသည်မှာ စာတန်၏ သဘာဝနှင့် ပတ်သက်၍ ထုတ်ဖော်ပြခြင်းတစ်ခု ဖြစ်သည်။ ၎င်းသည် ထိုသို့သော သဘာဝရှိသည့်အတွက်၊ ထိုသို့သော အရာကို လုပ်ဆောင်လိမ့်မည်ဖြစ်သည်။ ယနေ့လူများအဖို့၊ ဤစကားစုသည် ယုတ္တိမရှိသကဲ့သို့ ရယ်ဖွယ်ရာ ဖြစ်သည်။ သို့ရာတွင် စာတန်သည် ထိုသို့သော စကားများကို ဧကန်အမှန် ပြောနိုင်စွမ်းရှိလေသည်။ ၎င်းကို မသိမနားလည်သောသူနှင့် အဓိပ္ပါယ်မရှိသောသူဟု ငါတို့ပြော၍ရပါသလော။ စာတန်၏ ဆိုးယုတ်မှုသည် နေရာတိုင်းတွင်ရှိပြီး အစဉ်မပြတ် ထုတ်ဖော်ပြခြင်း ခံရလျက် ရှိသည်။ ပြီးလျှင် သခင်ယေရှုက ယင်းကို မည်ကဲ့သို့ပြန်ဖြေ ခဲ့သနည်း။ “လူသည် မုန့်အားဖြင့် အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှ အားဖြင့် အသက်ကိုမွေးရမည်။” ဤစကားလုံးများတွင် တန်ခိုး တစ်ခုတစ်လေ ရှိသလော။ ရှိပါ၏။ ယင်းတို့တွင် တန်ခိုး ရှိသည်ဟု ငါတို့ အဘယ်ကြောင့် ပြောသနည်း။ အဘယ့်ကြောင့် ဆိုသော် ဤနှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်သောကြောင့် ဖြစ်သည်။ ကိုင်း၊ လူသည် ပေါင်မုန့်အားဖြင့်သာ အသက်ရှင်သလော။ သခင်ယေရှုသည် ရက် လေးဆယ်ပတ်လုံး အစာရှောင်ခဲ့သည်။ အစာငတ်ပြီး သူသေသွားသလော။ မသေသွားပါ။ အစာငတ်ပြီး သူမသေပါ၊ ထို့ကြောင့် စာတန်က “ကိုယ်တော်သည် ကျောက်ခဲများကို အစာအဖြစ်ပြောင်းလဲလျှင် ကိုယ်တော့်တွင် စားစရာရှိမည်မဟုတ်လော။ သို့ဆိုလျှင် ကိုယ်တော်သည် အစာရှောင်ရန်မလို၊ ဆာလောင်မှုကို ခံနေရန် မလိုတော့မည် မဟုတ်လော။” ဟူသောအရာများကို ပြောဆိုခြင်းဖြင့် ကျောက်ခဲများကို အစာအဖြစ်ပြောင်းလဲစေရန် သူ့ကို တိုက်တွန်းလျက် ချဉ်းကပ်ခဲ့သည်။ သို့ရာတွင် ယေရှုက၊ “လူသည် မုန့်အားဖြင့် အသက်ကိုမွေးရမည်မဟုတ်၊” ဟု ပြောဆိုခဲ့သည်။ ဆိုလိုသည်မှာ လူသည် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်တွင် အသက်ရှင်သော်လည်း သူ၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ရှင်သန်ခွင့်၊ အသက်ရှုခွင့်ပေးသည်မှာ အစာ မဟုတ်ဘဲ ဘုရားသခင်၏နှုတ်က မိန့်မြွက်သော နှုတ်ကပတ်တော် တစ်ခွန်းစီတိုင်း ဖြစ်သည်။ တစ်ဘက်တွင်၊ ဤနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်၏။ ၎င်းတို့သည် လူတို့ကို ၎င်းတို့အနေဖြင့် ဘုရားသခင်အပေါ် မှီခိုနိုင်ပြီး ဘုရားသခင်သည် သမ္မာတရားဖြစ်သည်ဟု ခံစားစေလျက် ယုံကြည်ခြင်းပေးလေသည်။ အခြားတစ်ဘက်တွင်၊ ဤနှုတ်ကပတ်တော်များတွင် လက်တွေ့ကျသော ရှုထောင့် ရှိသလော။ သခင်ယေရှုသည် ရက် လေးဆယ်ပတ်လုံး အစာရှောင်ပြီးနောက် သူသည် မတ်တပ်ရပ်နေပြီး အသက်ရှင် နေဆဲ ဖြစ်သည်မဟုတ်လော။ ဤသည်မှာ စစ်မှန်သော သာဓက တစ်ခု မဟုတ်လော။ သူသည် မည်သည့် အစာကိုမျှ ရက် လေးဆယ်ပတ်လုံး မစားခဲ့ချေ၊ သို့သော်လည်း သူသည် အသက်ရှင်ဆဲဖြစ်ခဲ့သည်။ ဤသည်မှာ သူ၏ နှုတ်ကပတ်တော် နှင့်ဆိုင်သော သမ္မာတရားကို အတည်ပြုနေသည့် အားကောင်းသော သက်သေအထောက်အထား ဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် ရိုးရှင်းသော်လည်း သခင်ယေရှုအတွက် စာတန်က သူ့ကို စုံစမ်းနှောင့်ယှက်သည့်အခါမှသာ ဤနှုတ်ကပတ်တော်များကို သူ‌ ပြောဆိုခဲ့သလော သို့တည်းမဟုတ် ၎င်းတို့သည် သူ၏ တစ်စိတ်တစ်ပိုင်း အလိုအလျောက် ဖြစ်နှင့်ကြသလော။ တစ်နည်းအားဖြင့်ဆိုရလျှင်၊ ဘုရားသခင်သည် သမ္မာတရားဖြစ်ပြီး ဘုရားသခင်သည် အသက်ဖြစ်သည်၊ သို့သော် ဘုရားသခင်၏ သမ္မာတရားနှင့် အသက်မှာ နောက်ပိုင်းတွင်မှ ဖြည့်စွက်ထားခြင်း ဖြစ်သလော။ နောက်ပိုင်း အတွေ့အကြုံမှ ပေါက်ဖွားလာခဲ့ကြခြင်း ဖြစ်သလော။ မဟုတ်ပေ- ထိုနှုတ်ကပတ်တော်များသည် ဘုရားသခင်တွင် မွေးရာပါဖြစ်သည်။ ဆိုလိုသည်မှာ သမ္မာတရား နှင့် အသက်သည် ဘုရားသခင်၏ အနှစ်သာရဖြစ်သည်။ သူ့အပေါ် မည်သည့်အရာ ဖြစ်ပျက်ပါစေ၊ သူထုတ်ဖော်သမျှသည် သမ္မာတရား ဖြစ်၏။ သူ၏ စကားပါ အကြောင်းအရာက ရှည်သည်ဖြစ်စေ တိုသည်ဖြစ်စေ- ဤသမ္မာတရား၊ ဤနှုတ်ကပတ်တော်များသည် လူသားကို ရှင်သန်စေနိုင်ပြီး အသက်ပေးနိုင်သည်။ ၎င်းတို့သည် လူတို့ကို သမ္မာတရား ရရှိစေနိုင်ပြီး လူ့အသက်တာ လမ်းကြောင်းနှင့် ပတ်သက်၍ ကြည်လင်ပြတ်သားမှုကို ရရှိစေနိုင်ကာ ဘုရားသခင်၌ ယုံကြည်ခြင်း ရှိစေနိုင်သည်။ တစ်နည်းအားဖြင့်၊ ဤနှုတ်ကပတ်တော်များကို ဘုရားသခင် အသုံးပြုခြင်း၏ အရင်းအမြစ်မှာ အပြုသဘောဆောင်၏။ သို့ဖြစ်ရာ ဤအပြုသဘောဆောင်သော အရာသည် သန့်ရှင်းသည်ဟု ငါတို့ပြောနိုင်သလော။ ပြောနိုင်ပါသည်။ စာတန်၏ ထိုစကားများသည် စာတန်၏သဘာဝမှ လာသည်။ စာတန်သည် ၎င်း၏ ဆိုးယုတ်ပြီး မလိုမုန်းထားသည့် သဘာဝကို နေရာတိုင်းတွင် အစဉ်တစိုက် ထုတ်ဖော်ပြသည်။ ကိုင်း၊ ဤထုတ်ဖော်ပြချက်များကို စာတန်သည် အလိုအလျောက် ပြုသလော။ ဤအရာကို လုပ်ဆောင်ရန် ၎င်းကို တစ်ဦး တစ်ယောက်က လှုံ့ဆော်သလော။ တစ်ဦးတစ်ယောက်က ၎င်းကို ကူညီသလော။ တစ်ဦးတစ်ယောက်က ၎င်းကို အတင်းအကျပ် စေခိုင်းသလော။ မစေခိုင်းပါ။ ဤထုတ်ဖော်ပြချက်အားလုံးကို ၎င်းသည် မိမိသဘောအလျောက် ပြုလုပ်ခြင်းဖြစ်သည်။ ဤသည်မှာ စာတန်၏ ဆိုးယုတ်သည့်သဘာဝ ဖြစ်သည်။ ဘုရားသခင်ပြုသည့် မည်သည့်အရာကို မဆို၊ ပြီးလျှင် ဘုရားသခင် မည်သို့ပြုသည်ဖြစ်စေ၊ စာတန်သည် နောက်မှ ထက်ကြပ် မကွာလိုက်သည်။ စာတန်ပြောပြီး လုပ်ဆောင်သည့် ဤအရာများ၏ အနှစ်သာရနှင့် စစ်မှန်သော သဘာဝမှာ စာတန်၏ အနှစ်သာရဖြစ်သည်- ဆိုးယုတ်ပြီး မလိုမုန်းထားသော အနှစ်သာရဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။