၂။ လူ့ဇာတိခံယူခြင်းဆိုသည်မှာ အဘယ်နည်း။ လူ့ဇာတိခံယူခြင်း၏ အနှစ်သာရမှာ အဘယ်နည်း။
ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-
“အစဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။” (ယော ၁:၁)
“နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသောသားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။” (ယော ၁:၁၄)
“ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။” (ယော ၁၄:၆)
“ယေရှုက၊ ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေး သလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြ တော်မူပါဟု သင်သည်အဘယ်သို့ဆိုသနည်း။ ငါသည် ခမည်းတော်၌ ရှိသည်ကိုလည်းကောင်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကိုလည်းကောင်း မယုံသလော။ ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို၎င်း ယုံကြလော့။ ငါ့ စကားကို မယုံလျှင်၊ ငါ့အမှုတို့ကိုထောက်၍ ယုံကြလော့။” (ယော ၁၄:၉-၁၁)
“ငါသည် ငါ့ခမည်းတော်နှင့် တလုံးတဝတည်းဖြစ်သည်။” (ယော ၁ဝ:၃၀)
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-
“လူ့ဇာတိခံယူခြင်း” သည် ဘုရားသခင် လူ့ဇာတိတွင် ပေါ်ထွန်းခြင်း ဖြစ်သည်၊ သူ၏ ဖန်ဆင်းခံ လူသားမျိုးနွယ်အကြားတွင် လူ့ဇာတိပုံသဏ္ဌာန်ဖြင့် အလုပ်လုပ်၏။ ထို့ကြောင့် ဘုရားသခင်အဖို့ လူ့ဇာတိခံယူရန်မှာ ရှေးဦးစွာ သူသည် ဇာတိပကတိ ဖြစ်လာရမည်၊ သာမန်လူ့သဘာဝနှင့် ဇာတိပကတိ ဖြစ်လာရမည်၊ ဤအရာမှာ အခြေခံအကျဆုံးသော မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။ အမှန်တွင် ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ သွယ်ဝိုက်သော အနက်အဓိပ္ပာယ်မှာ ဘုရားသခင်သည် လူ့ဇာတိထဲတွင် အသက်ရှင်၍ အလုပ်လုပ်ခြင်း၊ ဘုရားသခင်သည် သူ၏ အနှစ်သာရ၌ လူ့ဇာတိခံယူခြင်း၊ လူသားတစ်ယောက် ဖြစ်လာခြင်းပင်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ
သာမန် လူ့သဘာဝရှိသော ခရစ်တော်သည် ဝိညာဉ်တော်ကို အကောင်အထည်ဖော်သော ဇာတိပကတိဖြစ်ပြီး၊ သာမန် လူ့သဘာဝ၊ သာမန် အသိစိတ်နှင့် လူသားအတွေးအခေါ်တို့ ပိုင်ဆိုင်ထားသည်။ “အကောင်အထည်ဖော်ခံရခြင်း” ဆိုသည်မှာ ဘုရားသခင် လူသားဖြစ်လာခြင်း၊ ဝိညာဉ်တော် လူ့ဇာတိ ခံယူခြင်းကို ဆိုလိုသည်၊ ရှင်းရှင်းပြောရလျှင် ၎င်းမှာ ဘုရားသခင်ကိုယ်တိုင်က ဇာတိပကတိထဲတွင် သာမန် လူ့သဘာဝနှင့် ကိန်းဝပ်ပြီး၊ ၎င်းမှတစ်ဆင့် သူ၏ ဘုရားသဘောသဘာဝ အလုပ်ကို ဖော်ပြခြင်း ဖြစ်သည်၊ အကောင်အထည်ဖော်ခံရခြင်း သို့မဟုတ် လူ့ဇာတိခံယူခြင်း ဆိုသည်မှာ ဤအရာပင်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ
လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်မှာ ရိုးရိုးပုံမှန်လူသား တစ်ယောက်သည် ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်ကို ထမ်းဆောင်ခြင်း ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသခင်သည် သူ၏ဘုရားသဘောသဘာဝ အလုပ်ကို လူ့သဘာဝနှင့် ထမ်းဆောင်ပြီး၊ ဤနည်းဖြင့် စာတန်ကို နှိမ်နှင်းခဲ့ခြင်းဖြစ်သည်။ လူ့ဇာတိခံယူခြင်း ဆိုသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိခန္ဓာ တစ်ခု ဖြစ်လာခြင်းကို ဆိုလိုသည်၊ ယင်းသည် ဘုရားသခင်သည် ဇာတိပကတိ ဖြစ်လာခြင်း ဖြစ်သည်၊ ဇာတိပကတိပြုသော အလုပ်မှာ ဇာတိပကတိ၌ ပြည့်မြောက်သော၊ ဇာတိပကတိအားဖြင့် ဖော်ပြသော ဝိညာဉ်တော်၏ အလုပ်ပင်ဖြစ်သည်။ ဘုရားသခင်၏ ဇာတိပကတိမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်ကမျှ လူ့ဇာတိခံယူသော ဘုရားသခင်၏ အမှုတော်ကို ဖြည့်စွမ်းနိုင်ခြင်း မရှိပေ၊ ဆိုလိုသည်မှာ အခြားမည်သူတစ်ဦးမျှ မဟုတ်ဘဲ၊ ဘုရားသခင် ခံယူထားသော လူ့ဇာတိတစ်ခုတည်းသာ၊ ဤသာမန် လူ့သဘာဝ တစ်ခုတည်းသာ ဘုရားသဘောသဘာဝ၏ အလုပ်ကို ဖော်ပြနိုင်သည်။ အကယ်၍ သူ၏ ပထမအကြိမ် ကြွလာခြင်းတွင် ဘုရားသခင်သည် အသက်နှစ်ဆယ့်ကိုးနှစ် မတိုင်ခင်တွင် သာမန် လူ့သဘာဝ မရှိခဲ့ပါက၊ အကယ်၍ သူမွေးဖွားပြီးသည်နှင့် ချက်ချင်းပင် နိမိတ်လက္ခဏာများ ပြုနိုင်ခဲ့မည် ဆိုပါက၊ အကယ်၍ သူစကားပြောတတ်သည်နှင့် ချက်ချင်းပင် ကောင်းကင် ဘာသာစကားကို ပြောနိုင်ခဲ့မည် ဆိုပါက၊ အကယ်၍ ကမ္ဘာပေါ်၌ ပထမဆုံးအကြိမ် သူ၏ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် သူသည် လောကီရေးရာ အားလုံးကို နားလည်သဘောပေါက်ကာ၊ လူပုဂ္ဂိုလ်တိုင်းစီ၏ အတွေးများနှင့် ရည်ရွယ်ချက်များကို ထိုးထွင်းသိမြင်နိုင်မည် ဆိုပါက၊ ထိုသို့သော လူတစ်ဦးသည် သာမန်လူသားတစ်ယောက်ဟု ခေါ်ဆိုခြင်းခံရနိုင်ခဲ့မည် မဟုတ်သည့်အပြင်၊ ထိုသို့သော ဇာတိပကတိမှာလည်း လူသားဇာတိပကတိဟု ခေါ်ဆိုခြင်း ခံနိုင်ခဲ့ရမည် မဟုတ်ပေ။ အကယ်၍ ခရစ်တော်သည် ဤအတိုင်းဖြစ်ခဲ့မည်ဆိုပါက၊ ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်နှင့် အနှစ်သာရသည်လည်း ပျောက်ဆုံးသွားမည် ဖြစ်သည်။ သူ သာမန် လူ့သဘာဝ ပိုင်ဆိုင်ခြင်းမှာ သူသည် လူ့ဇာတိခံယူထားသော ဘုရားသခင်ဖြစ်ကြောင်းကို သက်သေပြသည်၊ သာမန်လူသားတစ်ဦး၏ ကြီးထွားမှုဖြစ်စဉ်ကို သူကြုံရသည်ဟူသည့် အချက်သည်လည်း သူသည် သာမန် ဇာတိပကတိ ဖြစ်ကြောင်းကို ဆက်လက် ထင်ရှားစေသည်၊ ထို့အပြင် သူ၏အလုပ်မှာ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဘုရားသခင်၏ ဝိညာဉ်တော်တို့ လူ့ဇာတိခံယူခြင်းဖြစ်ကြောင်းကို ဖော်ပြသည့် လုံလောက်သော သက်သေပင်ဖြစ်သည်။ သူ့အလုပ်၏ လိုအပ်ချက်များအရ ဘုရားသခင်သည် လူ့ဇာတိခံယူခြင်း ဖြစ်သည်၊ တစ်နည်းဆိုရလျှင် အလုပ်၏ ဤအဆင့်မှာ ဇာတိပကတိ၌ လုပ်ဆောင်ရန် လိုအပ်ပြီး၊ သာမန် လူ့သဘာဝနှင့် လုပ်ဆောင်ရန် လိုအပ်သည်။ ဤအရာသည် “လူ့ဇာတိ ခံယူသော နှုတ်ကပတ်တော်” နှင့် “လူ့ဇာတိတွင် ပေါ်လာသော နှုတ်ကပတ်တော်” အတွက် ကြိုတင်လိုအပ်သည့်အချက်ဖြစ်ပြီး၊ ဘုရားသခင်၏ လူ့ဇာတိ ခံယူသည့် အကြိမ်နှစ်ကြိမ်စလုံး၏ နောက်ကွယ်မှ ဖြစ်ရပ်အမှန်ပင် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ
ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ သွယ်ဝိုက်သော အနက်အဓိပ္ပာယ်မှာ ဘုရားသခင်သည် လူ့ဇာတိထဲတွင် အသက်ရှင်၍ အလုပ်လုပ်ခြင်း၊ ဘုရားသခင်သည် သူ၏ အနှစ်သာရ၌ လူ့ဇာတိခံယူခြင်း၊ လူသားတစ်ယောက် ဖြစ်လာခြင်းပင်ဖြစ်သည်။ သူ၏ လူ့ဇာတိခံအသက်တာနှင့် အလုပ်ကို အဆင့်နှစ်ဆင့် ခွဲခြား၍ရသည်။ ပထမအဆင့်မှာ သူ၏ အမှုတော်ကို မထမ်းဆောင်ခင် နေထိုင်ရှင်သန်ခဲ့သော အသက်တာဖြစ်သည်။ သူသည် သာမန်လူသားမိသားစု၊ လုံး၀ သာမန်လူ့သဘာဝဖြင့် လူ့ဘဝ၏ သာမန်ကိုယ်ကျင့်တရားများ၊ ပညတ်တရားများကို လိုက်နာရင်း၊ (အစားအစာ၊ အဝတ်အထည်၊ နေထိုင်စရာ၊ အိပ်ခြင်းစသည့်) သာမန်လူသား လိုအပ်ချက်များ၊ သာမန် လူ့အားနည်းချက်များနှင့် သာမန် လူ့ခံစားမှုများနှင့် နေထိုင်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင်၊ ဤပထမအဆင့် အတောအတွင်း သူသည် ဘုရား၏သဘောသဘာဝ မဟုတ်၊ လုံး၀ သာမန် လူ့သဘာဝ၌ သာမန်လူသား၏ လုပ်ဆောင်မှုများ အားလုံးတွင် ပါဝင်လုပ်ဆောင်ရင်း အသက်ရှင် နေထိုင်သည်။ ဒုတိယအဆင့်မှာ သူ၏ အမှုတော် စတင်ထမ်းဆောင်ပြီးနောက် အသက်ရှင် နေထိုင်သည့် အသက်တာ ဖြစ်သည်။ သူသည် သဘာဝလွန်ဖြစ်သည့် အပြင်ပန်းလက္ခဏာ ဘာမျှမပြဘဲ သာမန်လူ့ကိုယ်ထည်ဖြင့် သာမန် လူ့သဘာဝထဲတွင် ကျိန်းဝပ်နေသေးသည်။ သို့သော်လည်း သူသည် သူ၏အမှုတော်အတွက်သက်သက်သာ အသက်ရှင်ပြီး၊ ဤအချိန်အတောအတွင်း သူ၏သာမန်လူ့သဘာဝမှာ သူ၏ ဘုရားသဘောသဘာဝ၏ သာမန်အလုပ် ဆက်လက်တည်ရှိနိုင်ရန်အတွက် လုံးဝ တည်ရှိသည်၊ အဘယ်ကြောင့်ဆိုသော် ထိုအချိန်သို့ရောက်သောအခါ သူ၏ သာမန်လူ့သဘာဝသည် အမှုတော်ဆောင်နိုင်စွမ်းရှိသည့် အနေအထားအထိ ရင့်ကျက်လာပြီ ဖြစ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သာမန်လူ့သဘာဝနှင့် အကြွင်းမဲ့ဘုရားသဘောသဘာဝ နှစ်မျိုးစလုံး၏ အသက်တာလည်းဖြစ်သော သူ့အသက်တာ၏ ဒုတိယအဆင့်သည် သူ၏အမှုတော်ကို သူ၏သာမန်လူ့သဘာဝနှင့် ထမ်းဆောင်ရန် ဖြစ်သည်။ သူ့အသက်တာ၏ ပထမအဆင့် အတောအတွင်းတွင် သူသည် လုံး၀ သာမန်လူ့သဘာဝထဲ နေရခြင်း၏ အကြောင်းရင်းမှာ သူ၏လူ့သဘာဝသည် ဘုရားသဘောသဘာဝ အလုပ်၏ အလုံးစုံကို ထိန်းသိမ်းနိုင်ခြင်း မရှိသေး၊ မရင့်ကျက်သေး၍ ဖြစ်သည်၊ သူ၏လူ့သဘာဝ ရင့်ကျက်လာပြီး သူ၏အမှုတော်အား ထမ်းဆောင်နိုင်စွမ်း ရှိလာသည့် နောက်ပိုင်းတွင်မှ သူထမ်းဆောင်သင့်သည့် သူ၏အမှုတော်ကို စတင်ထမ်းဆောင်နိုင်ခြင်း ဖြစ်သည်။ ဇာတိပကတိအနေနှင့် သူသည် ကြီးထွား ရင့်ကျက်ရန် လိုအပ်သည့်အတွက် သူ့အသက်တာ၏ ပထမအဆင့်သည် သာမန်လူ့သဘာဝ အသက်တာပင်ဖြစ်ပြီး၊ ဒုတိယအဆင့်၌မူ သူ၏လူ့သဘာဝသည် သူ၏အလုပ်နှင့် အမှုတော်ကို ထမ်းဆောင်နိုင်စွမ်း ရှိသည့်အတွက် သူ၏အမှုတော်လုပ်ငန်းများ လုပ်နေသည့်အတောအတွင်း အသက်ရှင်သည့် လူ့ဇာတိခံဘုရားသခင်၏အသက်တာသည် လူ့သဘာဝနှင့် ဘုရား၏သဘောသဘာဝ လုံးလုံးလျားလျား နှစ်မျိုးလုံး ပင်ဖြစ်သည်။ အကယ်၍ လူ့ဇာတိခံ ဘုရားသခင်သည် သူမွေးဖွားသည့် အချိန်မှစ၍ သဘာဝလွန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကိုပြပြီး သူ၏အမှုတော်ကို လေးနက်စွာ စတင်ခဲ့မည်ဆိုပါက၊ သူ့တွင် ခန္ဓာဆိုင်ရာ အနှစ်သာရရှိလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူ၏လူ့သဘာဝသည် သူ၏ခန္ဓာဆိုင်ရာ အနှစ်သာရအတွက် တည်ရှိခြင်းဖြစ်သည်၊ လူ့သဘာဝ မရှိဘဲနှင့် လူ့ဇာတိ မရှိနိုင်၊ လူ့သဘာဝမရှိသော ပုဂ္ဂိုလ်တစ်ယောက်သည်လည်း လူသားတစ်ဦး မဟုတ်ပေ။ ဤနည်းအားဖြင့် ဘုရားသခင်၏ ဇာတိပကတိ၏ လူ့သဘာဝသည် ဘုရားသခင် ခံယူထားသော ဇာတိပကတိ၏ ပင်ကိုဂုဏ်ဒြပ်ဖြစ်သည်။ “ဘုရားသခင်သည် လူ့ဇာတိခံယူသောအခါ သူသည် အကြွင်းမဲ့ ဘုရား၏သဘောသဘာဝ ဖြစ်ပြီး၊ လူသားလုံးဝမဟုတ်” ဟု ဆိုခြင်းသည် ဘုရားသခင်ကို စော်ကားခြင်းပင်ဖြစ်သည်၊ အကြောင်းမှာ ဤထွက်ဆိုချက်မျိုး လုံး၀မရှိဘဲ၊ လူ့ဇာတိခံယူခြင်း၏ အခြေခံသဘောတရားကို ချိုးဖောက်သောကြောင့် ဖြစ်သည်။ သူ၏အမှုတော်ကို စတင်ထမ်းဆောင်သည့် နောက်ပိုင်းတွင်ပင်လျှင်၊ သူ၏အလုပ်ကို ဆောင်ရွက်ချိန်၌ သူသည် သူ၏ ဘုရားသဘောသဘာဝထဲ၌ လူသားအပြင်ပန်းကိုယ်ထည်နှင့်အတူ နေထိုင်ဆဲပင်ဖြစ်သည်၊ ထိုအချိန်၌ပင် သူ၏လူ့သဘာဝသည် သူ၏ဘုရားသဘောသဘာဝကို သာမန်ဇာတိပကတိ၌ အလုပ်လုပ်စေသည့် ရည်ရွယ်ချက် တစ်ခုတည်းအတွက်သာ ဆောင်ရွက်ပေးသည်။ ထို့ကြောင့် အလုပ်ကို ဆောင်ရွက်သူမှာ သူ၏လူ့သဘာဝထဲတွင် ကိန်းဝပ်နေသည့် ဘုရား၏သဘောသဘာဝ ဖြစ်သည်။ လုပ်ဆောင်နေသည်မှာ သူ၏ဘုရားသဘောသဘာဝဖြစ်ပြီး သူ၏လူ့သဘာဝ မဟုတ်သော်ငြားလည်း ယင်းဘုရား၏သဘောသဘာဝကို သူ၏လူ့သဘာဝထဲ သိုဝှက်ထားသည်၊ အနှစ်သာရအားဖြင့် သူ၏အလုပ်ကို သူ၏ ဘုရား၏သဘောသဘာဝ လုံးလုံးလျားလျားက လုပ်ဆောင်ခြင်းဖြစ်ပြီး သူ၏လူ့သဘာဝက လုပ်ဆောင်ခြင်း မဟုတ်ပေ။ သို့သော်လည်း အလုပ်ကို ထမ်းရွက်သည်မှာကား သူ၏ဇာတိပကတိ ဖြစ်သည်။ သူသည် လူသားတစ်ဦးဖြစ်ပြီး ဘုရားသခင်လည်းဖြစ်သည်ဟု ပြောနိုင်သည်၊ အကြောင်းမှာ ဘုရားသခင်သည် လူ့ကိုယ်ထည်နှင့်၊ လူသားအနှစ်သာရသာမက ဘုရားသခင်၏ အနှစ်သာရပါ ရှိသည့် ဇာတိပကတိထဲတွင် နေထိုင်သည့် ဘုရားသခင် ဖြစ်လာသောကြောင့် ဖြစ်သည်။ သူသည် ဘုရားသခင်၏ အနှစ်သာရနှင့် လူသားတစ်ယောက် ဖြစ်သည့်အတွက် ဖန်ဆင်းခံ မည်သည့်လူသားမဆို၏ အထက်၌ရှိပြီး၊ ဘုရားသခင်၏အလုပ်ကို ဆောင်ရွက်နိုင်သည့် မည်သည့်လူသားမဆို၏ အထက်၌လည်း ရှိသည်။ ထို့ကြောင့် သူကဲ့သို့ပင် လူ့ခန္ဓာအပြင်ပန်းကိုယ်ထည် ရှိကြသည့်သူများထဲတွင်၊ လူ့သဘာဝကို ပိုင်ဆိုင်ကြသည့်သူများထဲတွင်၊ သူတစ်ပါးတည်းသာလျှင် လူ့ဇာတိခံယူသည့် ဘုရားသခင် ကိုယ်တိုင်ဖြစ်ပြီး အခြားသူအားလုံးမှာမူ ဖန်ဆင်းခံလူသားများသာ ဖြစ်သည်။ ထိုသူအားလုံးတို့တွင် လူ့သဘာဝရှိကြသော်လည်း ဖန်ဆင်းခံလူသားများ၌ လူ့သဘာဝမှလွဲ၍ ဘာမျှမရှိကြပေ၊ လူ့ဇာတိခံယူသော ဘုရားသခင်ကမူ ကွဲပြားခြားနားသည်၊ သူ၏ဇာတိပကတိ၌ သူသည် လူ့သဘာဝရှိရုံသာမက ပိုအရေးကြီးသည်မှာ ဘုရား၏သဘောသဘာဝ ရှိနေခြင်းဖြစ်သည်။ သူ၏လူ့သဘာဝကို သူ့ဇာတိပကတိ၏ အပြင်ပန်းသဏ္ဌာန်နှင့် သူ၏နေ့စဉ်အသက်တာတွင် မြင်နိုင်သော်ငြားလည်း သူ၏ဘုရားသဘောသဘာဝကိုမူ သိမြင်ရန် ခက်ခဲသည်။ သူ၏ ဘုရားသဘောသဘာဝသည် သူ၌ လူ့သဘာဝရှိမှသာ ဖော်ပြခြင်း ဖြစ်သည့်အတွက်နှင့် လူများစိတ်ကူးထားသမျှ သဘာဝလွန် မဟုတ်သည့်အတွက်၊ ၎င်းကိုမြင်နိုင်ရန်မှာ လူတို့အဖို့ အလွန်တရာပင် ခက်ခဲလှသည်။ ယနေ့ကာလတွင်ပင် လူ့ဇာတိခံယူသော ဘုရားသခင်၏ စစ်မှန်သော အနှစ်သာရကို နားလည်နိုင်ရန်မှာ လူတို့အတွက် အခက်ခဲဆုံး ဖြစ်သည်။ ထိုအကြောင်းအရာကို ဤမျှရှည်လျားစွာ ငါပြောပြီးသော နောက်ပိုင်းတွင်ပင်၊ သင်တို့အများစုအတွက် ထိုအရာမှာ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုပင် ဖြစ်နေပေဦးမည်ဟု ငါမျှော်လင့်သည်။ အမှန်တွင်၊ ဤအရေးကိစ္စမှာ အလွန်ပင်ရိုးရှင်း၏၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်လာသည့်အတွက်၊ သူ၏ အနှစ်သာရသည် ဘုရား၏သဘောသဘာဝနှင့် လူ့သဘာဝတို့ ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ဤပေါင်းစပ်ခြင်းကို ဘုရားသခင်ကိုယ်တော်တိုင်ဟု၊ ကမ္ဘာပေါ်၌ရှိသော ဘုရားသခင် ကိုယ်တော်တိုင်ဟု ခေါ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ
သခင်ယေရှုအမှုပြုနေခဲ့သော အချိန်ကာလတွင် ဘုရားသခင်၌ လူသားထုတ်ဖော်ပြမှုများစွာ ရှိခဲ့သည်ကို လူတို့က မြင်နိုင်ခဲ့သည်။ ဥပမာအားဖြင့် သူသည် ကနိုင်သည်၊ မင်္ဂလာဆောင်များကို တက်ရောက်နိုင်သည်၊ လူတို့နှင့် ဆက်ဆံနိုင်သည်၊ ၎င်းတို့နှင့် စကားပြောနိုင်ပြီး၊ ၎င်းတို့နှင့် အမှုအရာများကို ဆွေးနွေးနိုင်ပေသည်။ ထို့အပြင် သခင်ယေရှုသည် သူ၏ဘုရားသဘောသဘာဝကို ကိုယ်စားပြုသော အမှုများစွာကို ပြီးစီးခဲ့ပြီး ဤအမှုအားလုံးသည် ဘုရားသခင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် ဖော်ပြချက်နှင့် ထုတ်ဖော်ခြင်းတို့ အမှန်ဖြစ်ပေသည်။ ဤအချိန်ကာလအတောအတွင်းတွင်၊ ဘုရားသခင်၏ ဘုရား သဘောသဘာဝသည် လူတို့မြင်နိုင်ပြီး တို့ထိနိုင်သော နည်းလမ်းတစ်ခုဖြင့် သာမန်ဇာတိခန္ဓာထဲ၌ အမှန်တကယ် ဖြစ်ပေါ်လာသောအခါတွင်၊ ဘုရားသခင်သည် သိမြင်နားလည်ခြင်းမှ ပေါ်လိုက်ပျောက်လိုက်ဖြစ်သည် သို့မဟုတ် သူ့ထံ နီးကပ်၍မရနိုင်ဟု လူတို့ မခံစားရတော့ပေ။ ဆန့်ကျင်ဘက်အနေနှင့် ၎င်းတို့သည် ဘုရားသခင်၏ အလိုကို သဘောပေါက်ဖို့ သို့မဟုတ် လူသား၏ လှုပ်ရှားမှုတိုင်းမှတစ်ဆင့်၊ နှုတ်ကပတ်တော်များမှတစ်ဆင့်၊ ပြီးလျှင် အမှုမှတစ်ဆင့် သူ၏ ဘုရားသဘာဝကို နားလည်ရန် ကြိုးစားနိုင်ခဲ့ကြသည်။ လူ့ဇာတိခံ လူသားသည် သူ၏ လူ့သဘာဝမှတစ်ဆင့် ဘုရားသခင်၏ ဘုရားသဘာဝကို ဖော်ပြပြီး လူသားမျိုးနွယ်ထံ ဘုရားသခင်၏ အလိုကို အသိပေးခဲ့သည်။ ပြီးလျှင် ဘုရားသခင်၏ အလိုနှင့် စိတ်သဘောထားတို့နှင့် သက်ဆိုင်သော သူ၏ ဖော်ပြချက်မှတစ်ဆင့် ဝိညာဉ်လောက၌ ကျိန်းဝပ်သည့် မြင်၍မရသော သို့မဟုတ် ထိတွေ့၍မရသော ဘုရားသခင်ကိုလည်း လူတို့ထံ ထုတ်ဖော်ပြခဲ့သည်။ လူတို့ မြင်ခဲ့သောအရာမှာ အသွေးအသားနှင့် ဖန်တီးထားသည့်၊ လက်ဆုပ်လက်ကိုင် ပြနိုင်သော ပုံသဏ္ဌာန်ဖြင့်ရှိသည့် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သည်။ ထို့ကြောင့် လူ့ဇာတိခံ လူသားသည် ဘုရားသခင် ကိုယ်တော်တိုင်၏ ပင်ကိုလက္ခဏာ၊ ဘုရားသခင်၏ အဆင့်အတန်း၊ ပုံသဏ္ဌာန်၊ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့ကဲ့သို့သော အရာများကို ခိုင်မာစေပြီး လူသားဆန်စေခဲ့သည်။ လူသား၏ အပြင်ပန်း အသွင်အပြင်သည် ဘုရားသခင်၏ ပုံသဏ္ဌာန်နှင့် စပ်လျဉ်း၍ အကန့်အသတ် အချို့ရှိခဲ့သော်လည်း၊ သူ၏အနှစ်သာရနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းသည် ဘုရားသခင် ကိုယ်တော်တိုင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းတို့ကို လုံးဝ ကိုယ်စားပြုနိုင်ခဲ့သည်- ဖော်ပြခြင်းပုံစံတွင် ကွာခြားချက် အချို့သာ ရှိလေသည်။ လူသားသည် ဘုရားသခင် ကိုယ်တော်တိုင်၏ ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းတို့ကို သူ၏ လူ့သဘာဝနှင့် သူ၏ ဘုရားသဘောသဘာဝ ပုံစံနှစ်ခုလုံးဖြင့် ကိုယ်စားပြုခဲ့သည်ဆိုသည်ကို ငါတို့ မငြင်းနိုင်ပေ။ သို့သော် ဤအချိန်ကာလအတွင်းတွင် ဘုရားသခင်သည် လူ့ဇာတိ မှတစ်ဆင့် အမှုပြုခဲ့သည်၊ လူ့ဇာတိ၏ ရှုထောင့်မှ စကားပြောဆိုခဲ့ပြီး လူသား၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းတို့ဖြင့် လူသားမျိုးနွယ်ရှေ့တွင် ရပ်ခဲ့ပြီး၊ ဤအရာက လူသားမျိုးနွယ်အလယ်တွင် ဘုရားသခင်၏ စစ်မှန်သော နှုတ်ကပတ်တော်များနှင့်အမှုကို လူတို့အား ကြုံကာ ခံစားရန် အခွင့်အလမ်းကို ပေးခဲ့သည်။ ယင်းက နှိမ့်ချခြင်း အလယ်တွင် သူ၏ ဘုရားသဘောသဘာဝနှင့် သူ၏ ကြီးမြတ်ခြင်းတို့ကို လူတို့အား ထိုးထွင်းသိမြင်ခွင့်လည်း ပေးခဲ့သည့်အပြင်၊ ဘုရားသခင်၏ စစ်မှန်ခြင်းနှင့် လက်တွေ့အရှိတရားနှင့်သက်ဆိုင်သည့် ပဏာမ သိနားလည်ခြင်းနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက် တစ်ရပ်ကို ရရှိခွင့်ပေးခဲ့သည်။ သခင်ယေရှုပြီးစီးခဲ့သော အမှု၊ သူ၏အမှုပြုသော နည်းလမ်း၊ သူစကားပြောသော ရှုထောင့်တို့သည် ဝိညာဉ်လောကထဲရှိ ဘုရားသခင်၏ စစ်မှန်သော ဇာတိအဖြစ်တော်မှ ကွာခြားသော်လည်း၊ သူနှင့်ပတ်သက်သည့် အရာရာတိုင်းသည် လူသားမျိုးနွယ်က ယခင်က လုံးဝ မမြင်ဖူးသော ဘုရားသခင်ကိုယ်တော်တိုင်ကို အမှန်တကယ် ကိုယ်စားပြုခဲ့သည်- ဤအရာကို ငြင်း၍မရပေ။ ဆိုလိုသည်မှာ ဘုရားသခင်က မည်သို့သောပုံသဏ္ဌာန်ဖြင့် ပေါ်ထွန်းသည်ဖြစ်စေ၊ မည်သည့်ရှုထောင့်မှ သူစကားပြောသည် ဖြစ်စေ၊ သို့မဟုတ် လူသားမျိုးနွယ်ကို မည်သည့်ပုံသဏ္ဌာန်ဖြင့် သူရင်ဆိုင်သည်ဖြစ်စေ ဘုရားသခင်သည် မိမိကိုယ်ကိုယ်မှလွဲ၍ မည့်သည့်အရာကိုမျှ ကိုယ်စားမပြုပေ။ သူသည် မည်သည့်လူသားကိုမျှ ကိုယ်စားမပြုနိုင်သကဲ့သို့၊ ဖောက်ပြန်ပျက်စီးသော မည်သည့်လူသားမျိုးနွယ်ကိုမျှလည်း ကိုယ်စားမပြုနိုင်ပေ။ ဘုရားသခင်သည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ပြီး၊ ဤအရာကို ငြင်း၍မရနိုင်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)
လူ့ဇာတိခံ ဘုရားသခင်၏ အပြင်ပန်း အသွင်အပြင်သည် လူသားတစ်ယောက်နှင့် အတိအကျ တူသော်လည်း၊ သူသည် လူသား၏ အသိပညာကို လေ့လာသင်ယူပြီး လူသား၏ ဘာသာစကားကို ပြောသော်လည်း၊ တစ်ခါတစ်ရံ၌ လူသားမျိုးနွယ်၏ကိုယ်ပိုင် နည်းလမ်းများ၊ သို့မဟုတ် စကားပြောပုံများမှတစ်ဆင့် သူ၏ စိတ်ကူးတို့ကိုပင်လျှင် သူဖော်ပြသော်လည်း၊ လူသားတို့နှင့် အမှုအရာတို့၏ အနှစ်သာရကို သူမြင်သောပုံစံသည် ဖောက်ပြန်ပျက်စီးသော လူတို့က လူသားမျိုးနွယ်နှင့် အမှုအရာတို့၏ အနှစ်သာရကို မြင်သောပုံစံနှင့် လုံးဝမတူပေ။ သူ၏ ရှုထောင့်နှင့် သူရပ်တည်သော အမြင့်သည် ဖောက်ပြန်ပျက်စီးသောလူတစ်ယောက် မရရှိနိုင်သော အရာတစ်ခု ဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် သမ္မာတရားဖြစ်သောကြောင့်၊ သူ ယူတင်ဝတ်ဆင်သော ဇာတိခန္ဓာသည်လည်း ဘုရားသခင်၏ အနှစ်သာရ ပိုင်ဆိုင်ပြီး၊ သူ၏အတွေးများနှင့် သူ၏လူ့သဘာဝက ဖော်ပြသောအရာသည်လည်း သမ္မာတရားဖြစ်သောကြောင့် ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူတို့အတွက် ဇာတိခန္ဓာ ထဲ၌ သူဖော်ပြသောအရာသည် သမ္မာတရားနှင့် အသက်၏ ပံ့ပိုးပေးခြင်းများ ဖြစ်သည်။ ဤပံ့ပိုးခြင်းတို့က လူတစ်ယောက် အတွက်သာ မဟုတ်ဘဲ၊ လူသားမျိုးနွယ် အားလုံးအတွက် ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော မည်သည့်လူမဆို၏ စိတ်နှလုံးထဲတွင် သူနှင့် ပေါင်းဖော်သော လူ အနည်းငယ်သာ ရှိသည်။ ၎င်းတို့သည် ဤလက်တစ်ဆုပ်စာ လူများအတွက်သာ ဂရုစိုက်ပြီး ပူပန်သည်။ ကပ်ဘေး အလားအလာရှိသောအခါ၊ ၎င်းတို့၏ သားသမီးများ၊ အိမ်ထောင်ဖက်၊ သို့မဟုတ် မိဘတို့ကို ပထမဦးစွာ စဉ်းစားကြသည်။ အဆုံးစွန်အနေဖြင့်၊ သာ၍ သနားကရုဏာနှင့် ပြည့်စုံသောသူက ဆွေမျိုးတချို့၊ သို့မဟုတ် မိတ်ဆွေကောင်းအတွက် အတွေးတချို့ ချန်ထားပေမည်၊ သို့သော် ထိုသို့သော သနားကရုဏာနှင့် ပြည့်စုံသည့်လူ၏ အတွေးများသည် ထို့ထက် တိုးချဲ့ပါသလော။ မည်သည့်အခါမျှ မတိုးချဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် လူသားများသည် အမှန်တွင်တော့ လူသားများဖြစ်ကြပြီး ၎င်းတို့သည် အရာရာတိုင်းကို လူသားတစ်ဦး၏ အမြင့်နှင့် ရှုထောင့်မှသာ ကြည့်နိုင်ကြသောကြောင့် ဖြစ်သည်။ သို့သော် လူ့ဇာတိခံ ဘုရားသခင်သည် ဖောက်ပြန်ပျက်စီးသောလူတစ်ဦးနှင့် လုံးဝ ကွာခြား၏။ ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာသည် မည်မျှ သာမန်ဖြစ်ပါစေ၊ ပုံမှန်ဖြစ်ပါစေ၊ မည်မျှ နိမ့်ကျပါစေ၊ သို့မဟုတ် လူတို့က သူ့အပေါ် မည်သည့်စက်ဆုပ်မှုဖြင့် အထင်သေးပါစေ၊ လူသားမျိုးနွယ်အပေါ် သူ၏ အတွေးများနှင့် သဘောထားတို့က မည်သည့်လူသားမျှ မပိုင်ဆိုင်နိုင်သောအရာများ၊ မည်သည့် လူသားမျှ မတုပနိုင်သော အရာများဖြစ်သည်။ သူသည် လူသားမျိုးနွယ်ကို ဘုရားသဘောသဘာဝ၏ ရှုထောင့်မှ၊ ဖန်ဆင်းရှင်အနေနှင့် သူ၏နေရာ အမြင့်မှ အမြဲကြည့်ရှု လေ့လာလိမ့်မည်။ သူသည် လူသားမျိုးနွယ်ကို ဘုရားသခင်၏ အနှစ်သာရနှင့် စိတ်နေစိတ်ထားမှတစ်ဆင့် အမြဲမြင်လိမ့်မည်။ သူသည် လူသားမျိုးနွယ်ကို သာမန် လူတစ်ဦး၏ နိမ့်ကျသော အမြင့်၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးသောလူတစ်ဦး၏ ရှုထောင့်မှ လုံးဝ ကြည့်၍မရပေ။ လူတို့က လူသားမျိုးနွယ်ကို ကြည့်သောအခါ၊ လူသားအမြင်ဖြင့် ထိုသို့ကြည့်ကြပြီး၊ လူသား အသိပညာ၊ လူသား စည်းမျဉ်းနှင့် အယူအဆများကဲ့သို့သော အရာတို့ကို ၎င်းတို့၏ အတိုင်းအတာအဖြစ် အသုံးပြုကြသည်။ ဤသည်မှာ လူတို့က ၎င်းတို့၏မျက်လုံးများဖြင့် မြင်နိုင်သော အတိုင်းအတာအတွင်းနှင့် ဖောက်ပြန်ပျက်စီးသော လူတို့ ရရှိနိုင်သော အတိုင်းအတာအတွင်းတွင် ဖြစ်သည်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ကြည့်သောအခါ၊ ဘုရား၏ အမြင်ဖြင့် သူကြည့်ပြီး၊ တိုင်းတာချက်တစ်ခုအနေဖြင့် သူ၏အနှစ်သာရနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို အသုံးပြုသည်။ ဤနယ်ပယ်သည် လူတို့ မမြင်နိုင်သောအရာများ ပါဝင်ပြီး၊ ဤသည်မှာ လူ့ဇာတိခံ ဘုရားသခင်နှင့် ဖောက်ပြန်ပျက်စီးသောလူသားတို့ လုံးဝ ကွဲပြားသောနေရာ ဖြစ်သည်။ ဤကွဲပြားမှုကို လူသားနှင့် ဘုရားသခင်၏ မတူညီသော အနှစ်သာရအားဖြင့် သတ်မှတ်ထား၏- ၎င်းတို့၏ ပင်ကိုလက္ခဏာများနှင့် ရာထူးများအပြင် အမှုအရာများကို ၎င်းတို့မြင်သော ရှုထောင့်နှင့် အမြင့်တို့ကို ပိုင်းခြားသတ်မှတ်သည်မှာ ဤမတူညီသော အနှစ်သာရများ ဖြစ်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)
လူ့ဇာတိခံ ဘုရားသခင်ကို ခရစ်တော်ဟုခေါ်ပြီး ခရစ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်က ဆင်မြန်းထားသည့် ဇာတိခန္ဓာ ဖြစ်သည်။ ဤဇာတိခန္ဓာသည် အသွေးအသားရှိသည့် မည်သည့် လူနှင့်မျှ မတူညီပေ။ ဤသို့ ကွဲပြားခြားနားရခြင်းမှာ ခရစ်တော်သည် အသွေးအသားနှင့် မဆိုင်သောကြောင့် ဖြစ်သည်။ သူသည် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်း ဖြစ်၏။ သူသည် ပုံမှန်လူ့သဘာဝနှင့် ပြီးပြည့်စုံသော ဘုရားသဘောသဘာဝ နှစ်ခုလုံးရှိသည်။ သူ၏ ဘုရားသဘောသဘာဝကို မည်သည့်လူကမျှ မပိုင်ဆိုင်ပေ။ သူ၏ဘုရားသဘောသဘာဝက ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုကို ဆောင်ရွက်နေစဉ်တွင်၊ သူ၏ ပုံမှန်လူ့သဘာဝက ဇာတိခန္ဓာထဲက သူ၏ ပုံမှန် လှုပ်ရှားမှု အားလုံးကို အားဖြည့်ပေးလေသည်။ သူ၏ လူ့သဘာဝဖြစ်စေ သို့မဟုတ် ဘုရားသဘောသဘာဝ ဖြစ်စေ နှစ်ခုလုံးသည် ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုကို ကျိုးနွံနာခံလေသည်။ ခရစ်တော်၏အနှစ်သာရမှာ ဝိညာဉ်တော် ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသဘောသဘာဝ ဖြစ်သည်။ ထို့ကြောင့် သူ၏အနှစ်သာရသည် ဘုရားသခင် ကိုယ်တော်တိုင်နှင့် သက်ဆိုင်ပေသည်။ ဤအနှစ်သာရသည် သူကိုယ်တိုင်၏ အမှုကို နှောင့်ယှက်လိမ့်မည်မဟုတ်၊ ပြီးလျှင် သူကိုယ်တိုင်၏ အမှုကို ဖျက်ဆီးမည့် မည်သည့်အရာကိုမဆို သူ လုပ်ဆောင်ဖို့ ဖြစ်နိုင်မည် မဟုတ်သကဲ့သို့၊ သူကိုယ်တိုင်၏ အလိုနှင့် ဆန့်ကျင်သည့် မည်သည့် စကားကိုမျှ တစ်ကြိမ်တစ်ခါမျှ သူ မိန့်မြွက်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် လူ့ဇာတိခံ ဘုရားသခင်သည် သူ၏ကိုယ်ပိုင်စီမံခန့်ခွဲမှုကို နှောင့်ယှက်သည့် မည်သည့်အမှုကိုမျှ မည်သည့်အခါတွင်မျှ လုံးဝ လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။ ဤသည်မှာ လူအားလုံး နားလည်သင့်သည့်အရာ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အနှစ်သာရသည် လူသားကို ကယ်တင်ရန်နှင့် ဘုရားသခင်၏ ကိုယ်ပိုင်စီမံခန့်ခွဲမှုအတွက် ဖြစ်သည်။ ထိုနည်းတူစွာ ခရစ်တော်၏ အမှုသည်လည်း လူသားကို ကယ်တင်ရန်နှင့် ဘုရားသခင်၏ အလိုအတွက် ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူသည်ကို ထောက်ဆလျှင်၊ သူသည် သူ၏ဇာတိခန္ဓာအတွင်းရှိ သူ၏အနှစ်သာရကို ရုပ်အကောင်အထည် ပေါ်စေသဖြင့် သူ၏ဇာတိခန္ဓာသည် သူ၏အမှုကို ဆောင်ရွက်ရန် လုံလောက်၏။ ထို့ကြောင့် လူ့ဇာတိခံခြင်း အချိန်ကာလအတွင်းတွင် ဘုရားဝိညာဉ်တော်၏ အလုပ်အားလုံးကို ခရစ်တော်၏ အမှုအားဖြင့် အစားထိုးလိုက်ပြီး၊ လူ့ဇာတိခံယူခြင်းအချိန် တစ်လျှောက်လုံးတွင် အမှုအားလုံး၏ အဓိက အချက်အချာတွင် ခရစ်တော်၏အမှု ရှိပေသည်။ ယင်းသည် အခြားမည်သည့်ခေတ်မဆိုမှ အမှုဖြင့် ရောယှက်၍ မရပေ။ ပြီးလျှင် ဘုရားသခင်သည် လူ့ဇာတိခံလာသည့်အတွက်၊ သူသည် သူ၏ဇာတိခန္ဓာ၏ ပင်ကိုလက္ခဏာဖြင့် အမှုပြုသည်။ လူ့ဇာတိ ခံလာသည့်အတွက် သူသည် သူလုပ်သင့်သောအမှုကို ဇာတိခန္ဓာဖြင့် လုပ်ဆောင်ပြီးစီးသည်။ ဘုရားသခင်၏ ဝိညာဉ်ဖြစ်စေ သို့မဟုတ် ခရစ်တော်ဖြစ်စေ၊ နှစ်ခုလုံးသည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ပြီး သူလုပ်သင့်သော အမှုကို သူလုပ်ဆောင်ပြီး သူဆောင်ရွက်သင့်သော အမှုတော်ကို သူ ဆောင်ရွက်လေသည်။
ဘုရားသခင်၏ တကယ့် အနှစ်သာရ ကိုယ်၌က သြဇာအာဏာကို ကိုင်စွဲသော်လည်း၊ သူသည် မိမိထံမှလာသော သြဇာအာဏာကို အပြည့်အဝ ကျိုးနွံနာခံနိုင်ပေသည်။ ဝိညာဉ်၏ အလုပ်ဖြစ်စေ သို့မဟုတ် ဇာတိခန္ဓာ၏ အလုပ်ဖြစ်စေ၊ တစ်ခုနှင့်တစ်ခု ကွဲလွဲဆန့်ကျင်ခြင်း မရှိပေ။ ဘုရားသခင်၏ ဝိညာဉ်သည် ဖန်ဆင်းခြင်းအားလုံးအပေါ် သြဇာအာဏာ ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရဖြင့် ဇာတိခန္ဓာသည်လည်း သြဇာအာဏာကို ပိုင်ဆိုင်သည်၊ သို့သော် လူ့ဇာတိ၌ ရှိသော ဘုရားသခင်သည် ကောင်းကင်ဘုံရှိ ခမည်းတော်၏အလိုကို လိုက်နာသည့် အမှုအားလုံးကို လုပ်ဆောင်နိုင်သည်။ ဤအရာကို မည်သည့်လူတစ်ဦးတစ်ယောက်မျှ မရရှိနိုင် သို့မဟုတ် စိတ်ကူးမပေါက်နိုင်ကြပေ။ ဘုရားသခင် ကိုယ်တော်တိုင်သည် သြဇာအာဏာ ဖြစ်သည်၊ သို့သော် သူ၏ဇာတိခန္ဓာက သူ၏ သြဇာအာဏာကို ကျိုးနွံနာခံနိုင်သည်။ ဤသည်မှာ “ခရစ်တော်သည် ခမည်းတော် ဘုရားသခင်၏ အလိုကို နာခံသည်။” ဟု ပြောသည့်အခါ သွယ်ဝိုက်ညွှန်းဆိုသည့်အရာ ဖြစ်သည်။ ဘုရားသခင်သည် လူသား ဖြစ်လာနိုင်သကဲ့သို့၊ ဘုရားသခင်သည် ဝိညာဉ်တော် ဖြစ်ပြီး ကယ်တင်ခြင်း အမှုကို လုပ်ဆောင်နိုင်သည်။ မည်သို့ပင် ဆိုစေကာမူ၊ ဘုရားသခင် ကိုယ်တော်တိုင်သည် သူ၏အမှုကို လုပ်ဆောင်သည်။ ဝိညာဉ်တော်နှင့် လူ့ဇာတိတို့ လုပ်ဆောင်သည့် အမှု၏ အနှစ်သာရသည် တူညီသည့်အတွက်၊ သူသည် သက်သက် ကွဲလွဲသည့် အမှုကို ဆောင်ရွက်ဖို့ မဆိုထားနှင့်၊ သူသည် အနှောင့်အယှက် မပြုသကဲ့သို့ ဝင်ရောက်လည်းမစွက်ဖက်ပေ။ ဝိညာဉ်တော် ဖြစ်စေ သို့မဟုတ် လူ့ဇာတိဖြစ်စေ နှစ်ခုလုံးသည် တစ်ခုသော အလိုတော်ကို ဖြည့်ဆည်းရန်နှင့် တူညီသော အမှုကို စီမံခန့်ခွဲရန် လုပ်ဆောင်သည်။ ဝိညာဉ်တော်နှင့် ဇာတိခန္ဓာတို့သည် ခြားနားလွန်၍ နှိုင်းယှဉ်မရသော အရည်အသွေး နှစ်မျိုး ရှိကြသော်လည်း၊ ၎င်းတို့၏ အနှစ်သာရမှာ တူညီလေသည်။ နှစ်ခုလုံးသည် ဘုရားသခင် ကိုယ်တိုင်၏ အနှစ်သာရရှိပြီး၊ ဘုရားသခင်ကိုယ်တော်တိုင်၏ ပင်ကိုလက္ခဏာ ရှိကြသည်။ ဘုရားသခင်ကိုယ်တော်တိုင်သည် မနာခံခြင်း၏ အရိပ်လက္ခဏာ မပိုင်ဆိုင်ပေ။ သူ၏ အနှစ်သာရက ကောင်းမွန်သည်။ သူသည် လှပမှုနှင့် ကောင်းမွန်မှုအားလုံးအပြင် ချစ်ခြင်းမေတ္တာ အားလုံး၏ ဖော်ပြချက်ဖြစ်သည်။ ဇာတိခန္ဓာ၌ပင်လျှင် ဘုရားသခင်သည် ခမည်းတော် ဘုရားသခင်ကို မနာခံသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ပေ။ မိမိအသက်ကို စတေးကာ ဆုံးရှုံးအနစ်နာခံလျက်ပင်၊ သူသည် စိတ်နှလုံးအကြွင်းမဲ့ ထိုသို့ လုပ်ဆောင်ရန် လိုလားနေမည် ဖြစ်ပြီး၊ အခြားရွေးချယ်မှုကို ပြုလုပ်မည်မဟုတ်ပေ။ ဘုရားသခင်သည် မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူခြင်းနှင့် မိမိကိုယ်ကိုယ် ကြီးကျယ်ခြင်းတို့၏ အရိပ်လက္ခဏာများ မရှိပေ၊ သို့မဟုတ် စိတ်ကြီးဝင်ခြင်းနှင့် မာနထောင်လွှားမှုတို့၏ အရိပ်လက္ခဏာများ မရှိပေ။ သူသည် ကောက်ကျစ်မှု အရိပ်လက္ခဏာများ မပိုင်ဆိုင်ပေ။ ဘုရားသခင်ကို မနာခံသည့်အရာ မည်သည့်အရာမဆိုသည် စာတန်ထံမှ လာသည်။ စာတန်သည် အကျည်းတန်မှုနှင့် ဆိုးယုတ်မှု အားလုံး၏ အရင်းအမြစ်ဖြစ်သည်။ လူသားသည် စာတန်၏ အရည်အသွေးများနှင့် တူညီသည့် အရည်အသွေးများ ရှိရသည့်အကြောင်းရင်းမှာ လူသားသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းနှင့် စီမံပြုပြင်ခြင်းခံရပြီး ဖြစ်သောကြောင့် ဖြစ်သည်။ ခရစ်တော်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း မခံရလေပြီ၊ ထို့ကြောင့် သူသည် ဘုရားသခင်၏ ထူးခြားသော လက္ခဏာများကိုသာ ပိုင်ဆိုင်ပြီး၊ စာတန်၏ မည်သည့်လက္ခဏာမျှ မပိုင်ဆိုင်ပေ။ အမှုသည် မည်မျှခက်ခဲကြမ်းပါစေ သို့မဟုတ် လူ့ဇာတိသည် မည်မျှအားနည်းပါစေ၊ လူ့ဇာတိဖြင့် အသက်ရှင်စဉ်တွင် ဘုရားသခင်သည် ခမည်းတော် ဘုရားသခင်၏ အလိုကို မနာခံမှုဖြင့် စွန့်ပယ်ရန် မဆိုထားနှင့် ဘုရားသခင် ကိုယ်တိုင်၏အမှုကို နှောင့်ယှက်ဖြစ်သည့် မည်သည့်အရာကိုမျှ လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။ သူသည် ခမည်းတော် ဘုရားသခင်၏ အလိုကို သစ္စာဖောက်ဖို့ထက် လူ့ဇာတိ၏ နာကျင်မှုများကိုသာ ခံစားချင်ခဲ့သည်။ ယင်းမှာ ယေရှုက သူ၏ဆုတောင်းချက်ထဲတွင်၊ “အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေသော်။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည့်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည့်အတိုင်း ဖြစ်ပါစေသော်။” ဟု ပြောသကဲ့သို့သာ ဖြစ်သည်။ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ရွေးချယ်မှုများ ပြုလုပ်ကြသော်လည်း၊ ခရစ်တော်သည် မပြုလုပ်ပေ။ သူသည် ဘုရားသခင် ကိုယ်တိုင်၏ ပင်ကိုလက္ခဏာရှိသော်လည်း၊ ခမည်းတော် ဘုရားသခင်၏ အလိုကို ရှာဖွေဆဲဖြစ်ပြီး လူ့ဇာတိ၏ ရှုထောင့်မှ ခမည်းတော် ဘုရားသခင်က သူ့ကို တာဝန်ပေးစေခိုင်းထားသော အရာကို ဖြည့်ဆည်းလေသည်။ ဤသည်မှာ လူသားက ကြိုးပမ်း၍မရရှိနိုင်သည် အရာတစ်ခု ဖြစ်သည်။ စာတန်ထံမှ လာသောအရာသည် ဘုရားသခင်၏အနှစ်သာရ မရှိနိုင်ပေ။ ဘုရားသခင်ကို မနာခံသကဲ့သို့၊ ဆန့်ကျင်သည့် အရာတစ်ခုသာ ရှိနိုင်သည်။ ယင်းသည် ဘုရားသခင်၏ အလိုကို လိုလားစွာ နာခံရန်မဆိုထားနှင့်၊ ဘုရားသခင်ကို အပြည့်အဝပင် မနာခံနိုင်ပေ။ ခရစ်တော်မှလွဲ၍ လူအားလုံးတို့သည် ဘုရားသခင်ကို ဆန့်ကျင်သည့်အရာ လုပ်ကောင်းလုပ်ဆောင်နိုင်ပြီး၊ ဘုရားသခင် အပ်နှင်းထားသည့် အမှုကို လူတစ်ဦးတစ်ယောက်ကမျှ တိုက်ရိုက် မဆောင်ရွက်နိုင်ပေ။ ဘုရားသခင်၏ စီမံခန့်ခွဲမှုကို ၎င်းတို့ ထမ်းဆောင်ရမည့် ကိုယ်ပိုင် တာဝန်အဖြစ် မည်သူမျှ မမှတ်ယူနိုင်ပေ။ ခရစ်တော်၏ အနှစ်သာရသည် ခမည်းတော် ဘုရားသခင်၏ အလိုကို ကျိုးနွံနာခံခြင်း ဖြစ်သည်။ ဘုရားသခင်ကို မနာခံခြင်းသည် စာတန်၏ ထူးခြားသော လက္ခဏာဖြစ်သည်။ ဤစရိုက်နှစ်ခုသည် သဟဇာတ မဖြစ်သကဲ့သို့၊ စာတန်၏ စရိုက်များရှိသည့် မည်သူကိုမဆို ခရစ်တော်ဟု ခေါ်၍မရနိုင်ပေ။ လူသားသည် ဘုရားသခင်၏ကိုယ်စား ဘုရားသခင်၏ အမှုကို မလုပ်နိုင်ရသည့် အကြောင်းရင်းမှာ လူသားသည် ဘုရားသခင်၏ မည်သည့် အနှစ်သာရမျှ မရှိသောကြောင့်ဖြစ်သည်။ လူသားသည် သူ၏ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားများနှင့် အနာဂတ် အလားအလာများအတွက် ဘုရားအတွက် အလုပ်လုပ်သော်လည်း၊ ခရစ်တော်သည် ခမည်းတော် ဘုရားသခင်၏ အလိုကို လုပ်ဆောင်ရန် အမှုပြုပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်၏ အနှစ်သာရမှာ ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုတော်ကို နာခံခြင်းဖြစ်သည်
ဘုရားသခင်၏ ဝိညာဉ် ဝတ်ဆင်ခဲ့သည့် ခန္ဓာသည် ဘုရားသခင်ကိုယ်တိုင်၏ ခန္ဓာဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်သည် အထွတ်အထိပ်ဖြစ်၏။ သူသည် အနန္တတန်ခိုးရှိသည်၊ သန့်ရှင်းပြီး ဖြောင့်မတ်လေသည်။ အလားတူပင်၊ သူ၏ခန္ဓာသည်လည်း အထွတ်အထိပ်ဖြစ်ပြီး၊ အနန္တတန်ခိုးရှိကာ သန့်ရှင်း၍ ဖြောင့်မတ်လေသည်။ ထိုသို့သော ခန္ဓာတစ်ခုသည် ဖြောင့်မတ်ပြီး လူသားမျိုးနွယ်အဖို့ အကျိုးပြုသည့်အရာ၊ သန့်ရှင်းပြီး၊ မွန်မြတ်ကာ အနန္တတန်ခိုးနှင့်ပြည့်စုံသည့် အရာကိုသာ လုပ်ဆောင်နိုင်လေသည်။ သူသည် သမ္မာတရားကို ချိုးဖောက်သည့်၊ ကိုယ်ကျင့်တရားနှင့် တရားမျှတမှုတို့ကို ချိုးဖောက်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်စွမ်းမရှိသည့်အပြင် ဘုရားသခင်၏ ဝိညာဉ်ကို သစ္စာဖောက်သည့်အရာ မည်သည့်အရာကိုမဆို သာ၍ပင် လုပ်နိုင်စွမ်းမရှိပေ။ ဘုရားသခင်၏ ဝိညာဉ်သည် သန့်ရှင်း၏၊ ထို့ကြောင့် သူ၏ ခန္ဓာကို စာတန်က မဖျက်ဆီးနိုင်ပေ။ သူ၏ ခန္ဓာသည် လူသား၏ ဇာတိပကတိနှင့် ကွဲပြားသော အနှစ်သာရ ရှိလေသည်။ အကြောင်းမူကား၊ စာတန်၏ ဖျက်ဆီးခြင်းခံရသည်မှာ ဘုရားသခင်မဟုတ်ဘဲ လူဖြစ်သောကြောင့် ဖြစ်သည်။ စာတန်သည် ဘုရားသခင်၏ ခန္ဓာကို ဖောက်ပြန်ပျက်စီးစေဖို့ မဖြစ်နိုင်ပေ။ ထို့ကြောင့်၊ လူသားနှင့် ခရစ်တော်သည် နေရာတစ်ခုတည်းအတွင်း နေထိုင်ကြသည် ဆိုသည့်အချက် ရှိသော်ငြားလည်း၊ စာတန်၏ ဝင်ပူးခြင်းခံရကာ၊ အသုံးပြုခံရပြီး အမိဖမ်းခံရသည်မှာ လူသားသာ ဖြစ်သည်။ ဆန့်ကျင်ဖက်အနေဖြင့်၊ ခရစ်တော်ကို စာတန်၏ ဖောက်ပြန်ပျက်စီးခြင်း ထာဝရ မသက်ရောက်နိုင်ပေ၊ အဘယ့်ကြောင့်ဆိုသော် စာတန်သည် အမြင့်ဆုံးသော နေရာသို့ တက်ကြွခြင်းငှာ ဘယ်သောအခါမျှ တတ်စွမ်းနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်ထံ ဘယ်သောအခါမျှ တိုးဝင်ချဉ်းကပ် နိုင်လိမ့်မည် မဟုတ်သောကြောင့်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၂)
ဘုရားသခင်သည် ဖောက်ပြန်ပျက်စီးနေသော လူသားကို စာတန်၏ စွမ်းအားမှ ကယ်တင်နိုင်သော်လည်း၊ ဤအမှုကို ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက် မပြီးမြောက်နိုင်ပေ။ ထို့ထက် ဤအမှုကို ဘုရားသခင်၏ ဝိညာဉ်တော်မှ ယူတင်ဝတ်ဆင်ထားသည့် ဇာတိခန္ဓာ၊ ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာကသာ လုပ်ဆောင်နိုင်သည်။ ဤလူ့ဇာတိသည် လူဖြစ်ပြီး ဘုရားလည်းဖြစ်သည်၊ ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်သည့် လူသားတစ်ယောက်နှင့် ဘုရားသဘောသဘာဝ အပြည့် ပိုင်ဆိုင်သော ဘုရားသခင်လည်း ဖြစ်သည်။ ထို့ကြောင့် ဤလူ့ဇာတိသည် ဘုရားသခင်၏ ဝိညာဉ်တော် မဟုတ်သကဲ့သို့၊ ဝိညာဉ်တော်နှင့် အလွန် ကွာခြားလှသော်လည်း၊ ယင်းသည် ဝိညာဉ်တော် ဖြစ်ပြီး လူ့ဇာတိလည်း ဖြစ်သော၊ လူသားကို ကယ်တင်သည့် လူ့ဇာတိခံ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်ဆဲဖြစ်သည်။ သူ့ကို မည်သို့ခေါ်သည်ဖြစ်စေ နောက်ဆုံးတွင် လူသားမျိုးနွယ်ကို ကယ်တင်သည့် ဘုရားသခင် ကိုယ်တိုင် ဖြစ်နေဆဲဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူ့ဇာတိနှင့် ခွဲခြား၍မရသကဲ့သို့၊ လူ့ဇာတိ၏ အမှုသည်လည်း ဘုရားသခင့်ဝိညာဉ်တော်၏ အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုကို ဝိညာဉ်တော်၏ ပင်ကိုလက္ခဏာကို အသုံးပြုခြင်းဖြင့် လုပ်ဆောင်ထားခြင်း မဟုတ်ဘဲ၊ လူ့ဇာတိ၏ ပင်ကိုလက္ခဏာကို အသုံးပြုခြင်းဖြင့် လုပ်ဆောင်ထားခြင်းမျှသာ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်