(ခ) ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့် ပတ်သက်၍
(၅၅၄) ခေတ်ကို အဆုံးသတ်ခြင်းနှင့်ဆိုင်သည့် သူ၏ နောက်ဆုံး အမှုတွင်၊ ဘုရားသခင်၏ စိတ်သဘောထားသည် လူအားလုံးကို လူသိရှင်ကြား တရားစီရင်ရန်နှင့် သူ့ကို စစ်မှန်ရိုးသားသည့် စိတ်နှလုံးဖြင့် ချစ်သောသူတို့ကို စုံလင်စေရန်အလို့ငှာ မဖြောင့်မတ်သည့် အရာအားလုံးကို သူ ထုတ်ဖော်ပြသည့် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့်သက်ဆိုင်သည့် စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဤသို့သော စိတ်သဘောထားသည်သာလျှင် ခေတ်ကို အဆုံးသတ်စေနိုင်သည်။ နောက်ဆုံးသော ကာလသည် ရောက်ရှိနှင့်ပြီ ဖြစ်သည်။ ဖန်ဆင်းခြင်းထဲက အရာအားလုံးသည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ သဘာဝအပေါ် အခြေခံ၍ မတူကွဲပြားသော အမျိုးအစားများအဖြစ် ခွဲခြားခံရလိမ့်မည်။ ဤသည်မှာ ဘုရားသခင်က လူသားမျိုးနွယ်၏ အဆုံးသတ်နှင့် ၎င်းတို့၏ ပန်းတိုင်ကို ထုတ်ဖော်ပြသည့် အချိန် အခိုက်အတန့် ဖြစ်သည်။ အကယ်၍ လူတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မကြုံကြရပါက၊ ၎င်းတို့၏ မနာခံမှုနှင့် မဖြောင့်မတ်မှုကို ဖော်ထုတ်ခြင်း နည်းလမ်းရှိလိမ့်မည် မဟုတ်ပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်သာ ဖန်ဆင်းခြင်း အားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြ ခံရနိုင်ပေသည်။ လူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ခံရသော အခါမှသာ သူ၏စရိုက်အမှန်ကို ပြသသည်။ မကောင်းမှု ပြုသူများကို မကောင်းသောသူများနှင့်အတူ၊ ကောင်းသောသူများကို ကောင်းသောသူများနှင့်အတူ ထားရှိလိမ့်မည်ဖြစ်ပြီး၊ လူသားမျိုးနွယ် အားလုံးသည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရကြလိမ့်မည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်၊ မကောင်းသော သူများသည် အပြစ်ဒဏ်ပေးခံရပြီး ကောင်းသောသူများသည် ဆုလာဘ်များရရှိကာ လူအားလုံးတို့သည် ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံကြရဖို့အလို့ငှာ၊ ဖန်ဆင်းခြင်း အားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြခံရလိမ့်မည်။ ဤအမှုအားလုံးကို ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ရရှိရပေမည်။ လူသား၏ ဖောက်ပြန်ပျက်စီးခြင်းသည် အမြင့်ဆုံးသို့ ရောက်ရှိပြီးဖြစ်ကာ သူ၏ မနာခံခြင်းသည် အလွန့်အလွန် ပြင်းထန်လာသောကြောင့်၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ အဓိကအားဖြင့် ပေါင်းစပ်ထားပြီး၊ နောက်ဆုံးသောကာလအတွင်းတွင် ထုတ်ဖော်ပြခံရသည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည်သာ လူကို အပြည့်အဝ ပြောင်းလဲနိုင်ပြီး ပြည့်စုံစေနိုင်ပေသည်။ ဤစိတ်သဘောထားသည်သာ မကောင်းမှုကို ဖော်ထုတ်နိုင်ပြီး၊ ထိုသို့ဖြင့် မဖြောင့်မတ်သောသူအားလုံးကို ပြင်းထန်စွာ အပြစ်ပေးနိုင်သည်။ ထို့ကြောင့် ဤသို့သော စိတ်သဘောထားတစ်ခုသည် ခေတ်၏အရေးပါမှုနှင့် ပြည့်ဝပြီး၊ သူ့စိတ်သဘောထား၏ ထုတ်ဖော်ချက်နှင့် ဖော်ပြချက်သည် ခေတ်သစ် အသီးသီး၏ အမှုအတွက် ပေါ်လွင်ထင်ရှားလေသည်။ ယင်းမှာ ဘုရားသခင်သည် သူ၏စိတ်သဘောထားကို ထင်ရာမြင်ရာနှင့် အရေးပါမှုမရှိဘဲ ထုတ်ဖော်ပြသည် မဟုတ်ပေ။ အကယ်၍ နောက်ဆုံးသောကာလအတွင်း လူ၏အဆုံးသတ်ကို ထုတ်ဖော်ပြရာတွင် ဘုရားသခင်သည် လူသားကို ဖြောင့်မတ်သော တရားစီရင်မှု မခံရစေဘဲ၊ ယင်းထက် သည်းခံခြင်း၊ စိတ်ရှည်ခြင်းနှင့် ခွင့်လွှတ်ခြင်းတို့ကို သူ့အားပြသရင်းနှင့် ဖြောင့်မတ်သော တရားစီရင်မှု တစ်စက်မျှမရှိဘဲ သူ၏အပြစ်များ မည်မျှကြီးမားသည်ဖြစ်စေ လူသားကို အပြစ်လွှတ်ပေးရင်း၊ လူသားအပေါ် အဆုံးမဲ့ ကရုဏာနှင့် ချစ်ခြင်းမေတ္တာတို့ကို ချပေးသနားဆဲဖြစ်ပြီး သူ့အပေါ် ဆက်လက် ချစ်ခင်ပါက၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအားလုံးသည် မည်သည့်အချိန်တွင် အဆုံးသတ်ခြင်းသို့ ရောက်လိမ့်မည်နည်း။ ဤသို့သော စိတ်သဘောထားသည် လူတို့ကို လူသားမျိုးနွယ်၏ သင့်လျော်သော ပန်းတိုင်ထဲသို့ မည်သည့်အချိန်တွင်မှ ဦးဆောင်မည်နည်း။ ဥပမာအားဖြင့် အစဉ်အမြဲ ချစ်ခင်တတ်သော တရားသူကြီး၊ ကြင်နာသော မျက်နှာနှင့် နူးညံ့သော နှလုံးသားရှိသည့် တရားသူကြီးတစ်ဦးကို ကြည့်လော့။ သူသည် လူတို့ကို ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုများ မည်သို့ပင်ရှိသည်ဖြစ်စေ ချစ်ပြီး ၎င်းတို့ မည်သူဖြစ်စေကာမူ သူသည် ၎င်းတို့ကို ချစ်ခင်ပြီး သည်းခံလေသည်။ ထိုသို့ဆိုပါက၊ သူသည် မျှတသော တရားစီရင်ချက်ကို မည်သည့်အခါတွင်မှ ချမှတ်နိုင်မည်နည်း။ နောက်ဆုံးသောကာလအတွင်းတွင် ဖြောင့်မတ်သော တရားစီရင်မှု သည်သာ လူသားကို ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားနိုင်ပြီး၊ လူကို နယ်ပယ်သစ်သို့ ဆောင်ယူနိုင်ပေသည်။ ဤနည်းဖြင့် ခေတ်တစ်ခုလုံးသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် ဖြောင့်မတ်သော စိတ်သဘောထားမှတစ်ဆင့် အဆုံးသို့ ရောက်ရှိပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)
(၅၅၅) ငါ၏နာမသည် တိုင်းနိုင်ငံအားလုံးနှင့် ဦးတည်ရာ အားလုံး၌ အိမ်တစ်အိမ်မှ တစ်အိမ်သို့ ပျံ့နှံ့လိမ့်မည်ဖြစ်ပြီး စကြဝဠာလောက တစ်ဝှမ်းလုံး လူကြီးများရော ကလေးများပါ ၎င်းတို့၏ နှုတ်များမှ ဟစ်အော်ကြလိမ့်မည်။ ဤသည်မှာ အကြွင်းမဲ့ သမ္မာတရားတစ်ရပ် ဖြစ်သည်။ ငါသည် အတုမရှိ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည့်အပြင်၊ ငါသည် တစ်ဆူတည်းသော ဘုရားသခင်၏ ဇာတိအဖြစ်တော်လည်း ဖြစ်သည်။ ထို့ထက်ပင်ပို၍၊ ဇာတိပကတိ အလုံးစုံဖြစ်သော ငါသည် ဘုရားသခင်၏ စုံလင်သော သရုပ်သကန်ဖြစ်သည်။ ငါ့ကို မကြည်ညိုဘဲ နေဝံ့သူ၊ မိမိတို့၏ မျက်စိများတွင် ခုခံမှုကို ဖော်ပြဝံ့သူနှင့် ငါ့အား အာခံသော စကားများ ပြောဝံ့သောသူ မည်သူမဆိုတို့သည် ငါ၏ကျိန်ခြင်းများနှင့် အမျက်ကြောင့် ဧကန်မုချ သေကြရမည် (ငါ၏အမျက်ကြောင့် ကျိန်ခြင်း ရှိလိမ့်မည်)။ ထို့အပြင် ငါ့ကို သစ္စာမစောင့်သိဝံ့သူ သို့မဟုတ် ရင်းနှီးကျွမ်းဝင်ခြင်း မရှိဘဲ နေဝံ့သောသူ မည်သူမဆိုနှင့် ငါ့ကို လှည့်ဖြားရန် ကြိုးစားဝံ့သောသူ မည်သူမဆိုသည် ငါ၏ အမုန်းတရားကြောင့် ဧကန်အမှန် သေကြရမည်။ ငါ၏ ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်နှင့် တရားစီရင်ခြင်းတို့သည် ထာဝရကာလပတ်လုံး တည်တံ့လိမ့်မည်။ ဦးစွာပထမ၊ ငါသည် ချစ်တတ်ပြီး သနားကရုဏာနှင့် ပြည့်သော်ငြားလည်း၊ ဤသည်မှာ ငါ၏ပြီးပြည့်စုံသော ဘုရားသဘောသဘာဝ၏ စိတ်သဘောထား မဟုတ်ပေ။ ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်နှင့် တရားစီရင်ခြင်းတို့သည် စုံလင်သော ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည့် ငါ၏ စိတ်သဘောထားတွင် ဖွဲ့စည်းပါဝင်ရုံမျှ ဖြစ်သည်။ ကျေးဇူးတော်ခေတ်အတောအတွင်းတွင်၊ ငါသည် ချစ်တတ်ပြီး ကရုဏာတရား ပြည့်ဝသည်။ ငါပြီးစီးရမည့်အမှုကြောင့် ငါသည် မေတ္တာနှင့် သနားကရုဏာတို့ ပိုင်ဆိုင်ခဲ့သည်။ သို့သော်၊ နောက်ပိုင်းတွင် ထိုသို့သော အရာများ မလိုအပ်တော့ပေ (ထို့အပြင် ထိုအချိန်ကတည်းကစပြီး တစ်ခုမှ မရှိတော့ပေ)။ ယင်းသည် ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်နှင့် တရားစီရင်ခြင်းသာ ဖြစ်ပြီး၊ ဤသည်မှာ ငါ၏ စုံလင်သော ဘုရားသဘာဝနှင့် ယှဉ်တွဲရှိနေသော ငါ၏ ပုံမှန် လူ့သဘာဝ၏ စုံလင်သော စိတ်သဘောထား ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၇၉)
(၅၅၆) ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို နားလည်ဖို့ လူတစ်ဦးသည် ဘုရားသခင်၏ ခံစားချက်များကို ဦးစွာနားလည်ရမည်- ကိုယ်တော် မည်သည်ကိုမုန်းသည်၊ ကိုယ်တော် မည်သည်ကိုရွံရှာသည်၊ ကိုယ်တော် မည်သည်ကိုချစ်သည်၊ ကိုယ်တော် မည်သူ့ကိုသည်းခံပြီး သနားကြင်နာသည်၊ ထို့ပြင် ကိုယ်တော်သည် မည်သို့သော လူမျိုးအပေါ် သနားကြင်နာမှုကို ပေးအပ်သည် စသည်တို့ဖြစ်သည်။ ဤသည်မှာ အရေးကြီးသည့်အချက်တစ်ခု ဖြစ်သည်။ လူတစ်ဦးသည် ဘုရားသခင်က မည်မျှလောက်ချစ်ပါစေ၊ သူက လူတို့အတွက် ကရုဏာနှင့် ချစ်ခြင်းမေတ္တာ မည်မျှလောက်ရှိပါစေ ဘုရားသခင်သည် သူ၏ အဆင့်အတန်းနှင့် အနေအထားကို စော်ကားသော မည်သူ့ကိုမျှ သည်းမခံသည်သာမက၊ သူ၏ဂုဏ်သိက္ခာကို စော်ကားသော မည်သူ့ကိုမှလည်း သည်းမခံသည်ကို နားလည်ထားရမည်။ ဘုရားသခင်သည် လူတို့ကို ချစ်သော်လည်း လူတို့ကို သူ အလိုမလိုက်ပါ။ သူသည် လူတို့ကို သူ၏အချစ်၊ သူ၏ကရုဏာနှင့် သူ၏သည်းခံခြင်းကို ပေးသော်လည်း၊ သူသည် သူတို့ကို ဘယ်သောအခါမျှ ဖူးဖူးမှုတ်မထားပါ။ ဘုရားသခင်၌ သူ၏ နည်းဥပဒေသများနှင့် သူ၏ ကန့်သတ်ချက်များ ရှိသည်။ ဘုရားသခင်၏ အချစ်ကို သင် မည်မျှ ခံစားရပြီးပါစေ၊ ထိုအချစ်က မည်မျှ နက်ရှိုင်းနေပါစေ၊ သင်သည် ဘုရားသခင်ကို အခြားလူတစ်ယောက်အား ဆက်ဆံသကဲ့သို့ လုံးဝမဆက်ဆံရပါ။ ဘုရားသခင်က လူတို့ကို အဆုံးစွန်ရင်းနှီးမှုဖြင့် ဆက်ဆံသည်မှာ မှန်သော်လည်း အကယ်၍ လူတစ်ယောက်သည် ဘုရားသခင်ကို တစ်ခြားလူတစ်ယောက်ကဲ့သို့ပင်၊ သူသည် အခြားဖန်ဆင်းခံ သက်ရှိကဲ့သို့ပင်၊ သူငယ်ချင်းတစ်ယောက်သဖွယ် သို့မဟုတ် ကိုးကွယ်ခံအရာဝတ္ထုတစ်ခုကဲ့သို့ သဘောထားမိလျှင် ဘုရားသခင်သည် သူ၏မျက်နှာကို ဖုံးကွယ်ထားပြီး ထိုလူများကို စွန့်ပစ်ထားလိမ့်မည်။ ဤသည်မှာ သူ၏ စိတ်သဘောထားဖြစ်ပြီး၊ လူတို့သည် ဤအကြောင်းကိစ္စကို ပေါ့ပေါ့တန်တန် မှတ်ယူ၍ မဖြစ်ပေ။ ထို့ကြောင့် ငါတို့သည် ဘုရားသခင်၏ စိတ်သဘောထား နှင့်ပတ်သက်၍ သူမိန့်ဆိုသည့် ဤကဲ့သို့သော နှုတ်ကပတ်တော်များကို တွေ့ရလေ့ရှိသည်- သင်သည် လမ်းများ မည်မျှကို ခရီးပြုပြီးပါစေ၊ သင် အလုပ်မည်မျှကို ပြုလုပ်ပြီးပါစေ သို့မဟုတ် ဒုက္ခမည်မျှကို ကြံ့ကြံ့ခံပြီးပါစေ ဘုရားသခင်၏ စိတ်သဘောထားကို သင်စော်ကားမိသည်နှင့် ဘုရားသခင်သည် သင်တို့တစ်ဦးချင်းအား သင်ပြုလုပ်ထားသည့် အရာကို အခြေခံ၍ ပြန်ပေးဆပ်လိမ့်မည်။ ဤအရာက ဆိုလိုသည်မှာ ဘုရားသခင်က လူတို့ကို အဆုံးစွန်သော ရင်းနှီးမှုနှင့် ဆက်ဆံသော်လည်း လူတို့က ဘုရားသခင်ကို သူငယ်ချင်းကဲ့သို့ သို့မဟုတ် ဆွေမျိုးကဲ့သို့ ဆက်ဆံ၍ မရပါ။ ဘုရားသခင်ကို သင့် “အပေါင်းအဖော်” ဟု မခေါ်နှင့်။ သူ့ထံက ချစ်ခြင်းမေတ္တာမည်မျှ သင်ရထားသည်ဖြစ်စေ၊ သူက သင့်ကို သည်းခံမှုမည်မျှ ပေးထားသည်ဖြစ်စေ သင်သည် ဘုရားသခင်ကို သင်၏ မိတ်ဆွေသဖွယ် မဆက်ဆံရပါ။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားပင် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၇)
(၅၅၇) ထိပါးစော်ကားခြင်းအပေါ် ဘုရားသခင်၏သည်းမခံခြင်းသည် သူ၏အတုမရှိသော အနှစ်သာရဖြစ်သည်။ ဘုရားသခင်၏အမျက်ဒေါသသည် သူ၏အတုမရှိသော စိတ်သဘောထားဖြစ်သည်။ ဘုရားသခင်၏ဘုန်းအာနုဘော်သည် သူ၏အတုမရှိသော အနှစ်သာရဖြစ်သည်။ ဘုရားသခင်၏ ဒေါသနောက်ကွယ်ရှိ နိယာမသည် သူသာလျှင်ပိုင်ဆိုင်သည့် သူ၏ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်တို့၏ ထုတ်ဖော်ချက်ဖြစ်သည်။ ဤနိယာမသည် အတုမရှိ ဘုရားသခင် ကိုယ်တော်တိုင်၏ အနှစ်သာရဆိုင်ရာ သင်္ကေတတစ်ခုလည်းဖြစ်ကြောင်းကို ပြောစရာမလိုပေ။ ဘုရားသခင်၏ စိတ်သဘောထားသည် သူ၏ကိုယ်ပိုင်ရှိရင်းစွဲအနှစ်သာရဖြစ်ပြီး ယင်းသည် အချိန်ကုန်လွန်သည်နှင့် လိုက်ပြောင်းလဲခြင်းလုံးဝမရှိသကဲ့သို့ တည်နေရာ အပြောင်းအလဲများကိုလိုက်၍လည်း မပြောင်းလဲပေ။ သူ၏ရှိရင်းစွဲစိတ်သဘောထားသည် သူ၏ပင်ကိုအနှစ်သာရဖြစ်သည်။ သူ၏အမှုကို မည်သူ့အပေါ်၌ သူပြုသည်ဖြစ်စေ သူ၏အနှစ်သာရသည် မပြောင်းလဲသကဲ့သို့ သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားသည်လည်း မပြောင်းလဲချေ။ လူတစ်ယောက်သည် ဘုရားသခင်ကို ဒေါသထွက်စေသည့်အခါ ဘုရားသခင်ထုတ်လွှတ်သည့်အရာသည် သူ၏ရှိရင်းစွဲစိတ်သဘောထားဖြစ်သည်။ ဤအချိန်၌ သူ့ဒေါသနောက်ကွယ်မှ အခြေခံမူက မပြောင်းလဲသကဲ့သို့ သူ၏အတုမရှိသည့် ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်တို့ကလည်း မပြောင်းလဲပေ။ သူ၏အနှစ်သာရက ပြောင်းလဲသောကြောင့်၊ သို့မဟုတ် သူ၏စိတ်သဘောထားမှ မတူညီသည့် သဘောတရားများ ထွက်ပေါ်လာသောကြောင့် သူဒေါသထွက်လာခြင်း မဟုတ်ဘဲ သူ့အပေါ် လူသား၏ ဆန့်ကျင်မှုသည် သူ၏စိတ်သဘောထားကို ထိပါးစော်ကားသောကြောင့်ဖြစ်၏။ ဘုရားသခင်ကို လူသား၏ ပြောင်ပြောင်တင်းတင်း ရန်စခြင်းက ဘုရားသခင်၏ ကိုယ်ပိုင်ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်အတွက် အလွန်ပြင်းထန်သည့် စိန်ခေါ်မှုတစ်ခုပင် ဖြစ်သည်။ ဘုရားသခင်၏အမြင်တွင် လူသားက သူ့ကို စိန်ခေါ်သည့်အခါ လူသားသည် သူ့ကိုယှဉ်ပြိုင်နေခြင်းဖြစ်ပြီး သူ၏ဒေါသကို အကဲစမ်းနေခြင်းဖြစ်သည်။ လူသားက ဘုရားသခင်ကို ဆန့်ကျင်သည့်အခါ၊ လူသားက ဘုရားသခင်ကို ယှဉ်ပြိုင်သည့်အခါ၊ လူသားက ဘုရားသခင်၏ ဒေါသကို အဆက်မပြတ် အကဲစမ်းသည့်အခါ- ဤကဲ့သို့သောအချိန်မျိုးမှာ အပြစ်တရားထကြွသောင်းကျန်းသည့် အချိန်ဖြစ်သည်- ဘုရားသခင်၏ အမျက်ဒေါသသည် အလိုအလျောက် ထုတ်ဖော်ပြီး ထွက်ပေါ်လာလိမ့်မည်။ ထို့ကြောင့် သူ၏အမျက်ဒေါသကို ဘုရားသခင်၏ဖော်ပြချက်က ဆိုးယုတ်သော စွမ်းအားခပ်သိမ်းသည် မတည်ရှိတော့မည့် သင်္ကေတတစ်ခုဖြစ်ပြီး ရန်လိုသည့် စွမ်းအားခပ်သိမ်းသည် ဖျက်ဆီးခံရမည့် သင်္ကေတတစ်ခုဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ အတုမရှိမှုနှင့် ဘုရားသခင့်အမျက်ဒေါသ၏ အတုမရှိမှုဖြစ်သည်။ ဘုရားသခင်၏ ဂုဏ်သိက္ခာနှင့် သန့်ရှင်းခြင်းတို့ စိန်ခေါ်ခံရသည့်အခါ၊ လူသားက တရားမျှတမှု၏ စွမ်းအားများကို ပိတ်ဆို့ထားပြီး ၎င်းတို့ကို မမြင်သည့်အခါ ဘုရားသခင်သည် သူ၏အမျက်ဒေါသကို စေလွှတ်လိမ့်မည်။ ဘုရားသခင်ကို ယှဉ်ပြိုင်သည့်၊ သူ့ကိုဆန့်ကျင်ပြီး သူ့ကိုရင်ဆိုင်သည့် စွမ်းအားခပ်သိမ်းသည် ဘုရားသခင်၏ အနှစ်သာရကြောင့် ဆိုးယုတ်ကာ ဖောက်ပြန်ပျက်စီးပြီး မတရားကြပေ။ ၎င်းတို့သည် စာတန်ထံမှလာပြီး စာတန်နှင့်သက်ဆိုင်၏။ ဘုရားသခင်သည် တရားမျှတပြီး အလင်းဖြစ်သည့်အပြင် အပြစ်အနာအဆာကင်းမဲ့စွာ သန့်စင်မွန်မြတ်သောကြောင့် ဘုရားသခင်၏ အမျက်ဒေါသကို ထုတ်လွှတ်လိုက်သောအခါ ဆိုးယုတ်၍ ဖောက်ပြန်ပျက်စီးပြီး စာတန်နှင့်သက်ဆိုင်သည့် အရာအားလုံးသည် ပျောက်ကွယ်သွားလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)
(၅၅၈) ဘုရားသခင်က သူ၏ဒေါသကို စေလွှတ်လိုက်သည့်အခါ ဆိုးယုတ်သည့် စွမ်းအားများသည် ဟန့်တားခံရပြီး ဆိုးယုတ်သည့်အရာများသည် ဖျက်ဆီးခံရကာ တရားမျှတပြီး အပြုသဘောဆောင်သည့်အရာများက ဘုရားသခင်၏ ဂရုစိုက်မှုနှင့် အကာအကွယ်တို့ကို ရရှိခံစားပြီး ရှေ့ဆက်ခွင့်ရလေသည်။ တရားမမျှတကာ အနုတ်သဘောဆောင်ပြီး ဆိုးယုတ်သည့်အရာများသည် တရားမျှတပြီး အပြုသဘောဆောင်သည့်အရာများ၏ ပုံမှန်လှုပ်ရှားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ပင်တားဆီးခြင်း၊ နှောင့်ယှက်ခြင်း၊ သို့မဟုတ် ဖျက်ဆီးခြင်းတို့ ပြုလုပ်သောကြောင့် ဘုရားသခင်က သူ၏အမျက်ဒေါသကို ထုတ်လွှတ်သည်။ ဘုရားသခင့်ဒေါသ၏ပန်းတိုင်သည် သူ၏ကိုယ်ပိုင်ဂုဏ်ဒြပ်နှင့် ဝိသေသလက္ခဏာကို ကာကွယ်ရန်မဟုတ်ဘဲ တရားမျှတ၍ အပြုသဘောဆောင်ကာ လှပပြီး ကောင်းမွန်သည့်အရာများ၏ ဖြစ်တည်မှုကို ကာကွယ်ရန်၊ လူသားမျိုးနွယ်၏ ပုံမှန်ရှင်သန်ရပ်တည်ရေး နိယာမများနှင့် အစီအစဉ်ကျမှုတို့ကို ကာကွယ်ရန်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင့်အမျက်ဒေါသ၏ အကြောင်းခံဇာစ်မြစ်ဖြစ်သည်။ ဘုရားသခင်၏ ဒေါသသည် သူ့စိတ်သဘောထား၏ အလွန်သင့်လျော်ပြီး သဘာဝကျကာ မှန်ကန်သည့် ထုတ်ဖော်ချက်ဖြစ်သည်။ သူ၏ဒေါသထဲ၌ ဆန္ဒရမ္မက်များ၊ ကောက်ကျစ်ခြင်း၊ အန္တရာယ်ပေးခြင်း၊ အကြမ်းဖက်ခြင်း၊ ဆိုးယုတ်ခြင်း၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၌ရှိသည့် အခြားသော လက္ခဏာများ ပါဝင်နေရန်မဆိုထားနှင့်၊ တစ်ဖက်လှည့် ရည်ရွယ်ချက်များပင် မရှိသကဲ့သို့ လှည့်စားခြင်း၊ သို့မဟုတ် အကွက်ချစီစဉ်ခြင်းတို့လည်း မရှိပေ။ ဘုရားသခင်က သူ၏ဒေါသကို မထုတ်လွှတ်မီတွင် အကြောင်းအရာတိုင်း၏ အနှစ်သာရကို လုံးဝရှင်းလင်းစွာနှင့် ပြည့်စုံစွာသိမြင်ထားပြီးဖြစ်သည့်အပြင် တိကျပြီး ရှင်းလင်းသည့် အနက်ဖွင့်ချက်များနှင့် သုံးသပ်ချက်များကိုလည်း ဖော်ထုတ်ပြီးဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ပြုလေသမျှ အရာရာတိုင်း၌ သူ၏ရည်ရွယ်ချက်သည် သူ၏သဘောထားကဲ့သို့ပင် ရှင်းလင်းပြတ်သား၏။ သူသည် ယောင်ချာချာဖြစ်ခြင်း၊ မျက်ကန်းခြင်း၊ စိတ်လိုက်မာန်ပါပြုခြင်း၊ သို့မဟုတ် ဂရုမစိုက်ခြင်းတို့ မရှိသည့်အပြင် အခြေခံမူမရှိသည့်သူလည်း လုံးဝမဟုတ်ပေ။ ဤသည်မှာ ဘုရားသခင့်အမျက်ဒေါသ၏ လက်တွေ့ကျသည့် ရှုထောင့်ဖြစ်ပြီး လူသားမျိုးနွယ်က ၎င်း၏ပုံမှန်ဖြစ်တည်မှုကို ရရှိထားခြင်းမှာ ဘုရားသခင့်အမျက်ဒေါသ၏ လက်တွေ့ကျသည့် ဤရှုထောင့်ကြောင့်ဖြစ်သည်။ ဘုရားသခင်၏အမျက်ဒေါသ မရှိပါက လူသားမျိုးနွယ်သည် ပုံမှန်မဟုတ်သည့် လူနေမှုအခြေအနေများထဲသို့ ကျဆင်းသွားမည်ဖြစ်ပြီး တရားမျှတကာ လှပကောင်းမွန်သည့် အရာအားလုံးသည် ဖျက်ဆီးခံရကာ တည်ရှိတော့မည် မဟုတ်ပေ။ ဘုရားသခင်၏အမျက်ဒေါသ မရှိပါက ဖန်ဆင်းခံသတ္တဝါတို့အတွက် ဖြစ်တည်မှုနိယာမများနှင့် စည်းမျဉ်းများသည် ပျက်စီးသွားလိမ့်မည်၊ သို့မဟုတ် လုံးလုံးလျားလျား ဖြိုဖျက်ခံရလိမ့်မည်။ လူသားကို ဖန်ဆင်းပြီးကတည်းက ဘုရားသခင်သည် လူသားမျိုးနွယ်၏ ပုံမှန်ဖြစ်တည်မှုကို ကာကွယ်ရန်နှင့် တည်တံ့စေရန်အတွက် သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို အဆက်မပြတ် အသုံးပြုခဲ့သည်။ သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားထဲ၌ အမျက်ဒေါသနှင့် ဘုန်းအာနုဘော်တို့ ပါဝင်သောကြောင့် ဆိုးယုတ်သည့်လူများအားလုံး၊ အရာဝတ္ထုနှင့် ပစ္စည်းအားလုံးတို့အပြင် လူသားမျိုးနွယ်၏ ပုံမှန်ဖြစ်တည်မှုကို ထိခိုက်ပြီး နှောင့်ယှက်သည့် အရာအားလုံးသည် သူ၏အမျက်ဒေါသကြောင့် အပြစ်ဒဏ်ခတ်ခံရပြီး ထိန်းချုပ်ခံရကာ ဖျက်ဆီးခံကြရသည်။ လွန်ခဲ့သည့် ထောင်စုနှစ်အချို့တစ်လျှောက်၌ ဘုရားသခင်သည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့် သူ၏အမှု၌ ဘုရားသခင်ကို ဆန့်ကျင်သည့်အပြင် စာတန်၏ ကြံရာပါများနှင့် လက်ပါးစေများကဲ့သို့ ပြုမူသည့် ညစ်ညမ်းပြီး ဆိုးယုတ်သော ဝိညာဉ်အားလုံးကို ရိုက်ချ၍ ဖျက်ဆီးဖို့ရန်အတွက် သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို အဆက်မပြတ် အသုံးပြုနေခဲ့သည်။ ထို့ကြောင့် ဘုရားသခင်၏ လူသားကို ကယ်တင်ခြင်းအမှုသည် သူ၏အစီအစဉ်အတိုင်း အမြဲတမ်း ရှေ့ဆက်သွားနေခဲ့ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ အမျက်ဒေါသ တည်ရှိမှုကြောင့် လူသားတို့၏ အဖြောင့်မတ်ဆုံးသော အကြောင်းတရားများသည် တစ်ခါမျှ မဖျက်ဆီးခံရပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)
(၅၅၉) လူသားမျိုးနွယ်သည် မိုက်မဲပြီး ပညာမဲ့သော်လည်း လူသားမျိုးနွယ်တစ်ခုလုံးကို ဘုရားသခင်၏ ဆက်ဆံမှုက သနားကရုဏာနှင့် သည်းခံမှုအပေါ်၌ အဓိကအခြေခံထားသည်။ သူ၏အမျက်ဒေါသကိုမူ အချိန်အများစုနှင့် ဖြစ်ရပ်အများစု၌ ဖုံးကွယ်ထားပြီး ၎င်းကို လူသားက မသိပေ။ ရလဒ်အနေနှင့် ဘုရားသခင်က သူ၏အမျက်ဒေါသအား ဖော်ပြခြင်းကို မြင်ရဖို့ရန် လူသားအတွက် ခဲယဉ်းပြီး သူ၏အမျက်ဒေါသကို နားလည်ဖို့ရန်လည်း ခဲယဉ်းသည်။ ထိုသို့ဖြင့် လူသားသည် ဘုရားသခင်၏အမျက်ဒေါသကို ပေါ့ပေါ့တန်တန် သဘောထားလေ၏။ လူသားကို သည်းခံခြင်းနှင့် ခွင့်လွှတ်ခြင်းဆိုင်ရာ ဘုရားသခင်၏နောက်ဆုံးအမှုနှင့် အဆင့်ကို လူသားရင်ဆိုင်ရသည့်အခါ- ဆိုလိုသည်မှာ ဘုရားသခင်၏ နောက်ဆုံးသနားကရုဏာနှင့် သူ၏နောက်ဆုံးသတိပေးချက်တို့က လူသားတို့ထံ ရောက်လာသည့်အခါ- လူတို့အနေဖြင့် ဘုရားသခင်ကို ဆန့်ကျင်ဖို့ရန် ဤနည်းလမ်းကိုပင် အသုံးပြုဆဲဖြစ်ပြီး နောင်တရဖို့ရန်၊ သူတို့၏လမ်းများကို ပြင်ဆင်ဖို့ရန်နှင့် ဘုရားသခင်၏သနားကရုဏာကို လက်ခံဖို့ရန် မည်သည့်အားထုတ်မှုမျှ မပြုလုပ်ပါက ဘုရားသခင်သည် သူ၏သည်းခံမှုနှင့် စိတ်ရှည်မှုတို့ကို သူတို့အား ပေးသနားတော့မည် မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေနှင့် ထိုအချိန်တွင် ဘုရားသခင်က သူ၏သနားကရုဏာကို ပြန်ရုပ်သိမ်းမည်ဖြစ်သည်။ ထို့နောက်တွင် သူ၏အမျက်ဒေါသကိုသာ သူစေလွှတ်လိမ့်မည်။ သူ၏အမျက်ဒေါသကို မတူညီသည့် နည်းလမ်းများဖြင့် သူဖော်ပြနိုင်၏။ လူတို့ကို အပြစ်ဒဏ်ခတ်ပြီး ဖျက်ဆီးဖို့ရန် မတူညီသည့် နည်းလမ်းများကို သူအသုံးပြုနိုင်သကဲ့သို့ပင်ဖြစ်သည်။
သောဒုံမြို့ကို ဖျက်ဆီးဖို့ရန် မီးကို ဘုရားသခင်အသုံးပြုခြင်းသည် လူသားမျိုးနွယ်၊ သို့မဟုတ် အခြားမည်သည့်အရာကိုမဆို လုံးလုံးလျားလျား အမြစ်ဖြတ်သည့် သူ၏အမြန်ဆုံးနည်းလမ်းပင်ဖြစ်သည်။ သောဒုံမြို့သားတို့ကို လောင်ကျွမ်းစေခြင်းက သူတို့၏ရုပ်ခန္ဓာများကိုသာ ဖျက်ဆီးခဲ့ခြင်းမဟုတ်ပေ။ မြို့ထဲရှိ လူတို့သည် ရုပ်လောကနှင့် လူသားတို့မမြင်နိုင်သည့်လောက နှစ်ခုစလုံး၌ မတည်ရှိတော့စေရေးအတွက် သူတို့၏ဝိညာဉ်၊ သူတို့၏စိတ်နှင့် သူတို့၏ကိုယ်ခန္ဓာအလုံးစုံတို့ကို ဖျက်ဆီးခဲ့သည်။ ဤသည်မှာ ဘုရားသခင်က သူ့အမျက်ဒေါသကို ထုတ်ဖော်သည့်နည်းနှင့် ဖော်ပြသည့်နည်းတစ်ခုဖြစ်သည်။ ဤထုတ်ဖော်ခြင်းနှင့် ဖော်ပြခြင်းပုံစံက ဘုရားသခင်၏အမျက်ဒေါသဆိုင်ရာ အနှစ်သာရ၏ ရှုထောင့်တစ်ခုဖြစ်သည်။ ၎င်းသည် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ အနှစ်သာရကို ထုတ်ဖော်ခြင်း အလိုအလျောက် ဖြစ်သကဲ့သို့ပင်ဖြစ်သည်။ ဘုရားသခင်က သူ၏အမျက်ဒေါသကို ထုတ်လွှတ်သည့်အခါ သူသည် မည်သည့်သနားကရုဏာ၊ သို့မဟုတ် မည်သည့်စာနာသနားမှုကိုမျှ မထုတ်ဖော်ပြတော့သကဲ့သို့ သူ၏သည်းခံခြင်း၊ သို့တည်းမဟုတ် စိတ်ရှည်ခြင်းတို့ကိုလည်း ထပ်မပြတော့ပေ။ သူ့ကို ဆက်ပြီး စိတ်ရှည်စေဖို့၊ သူ၏သနားကရုဏာကို ထပ်ပေးဖို့၊ သူ၏သည်းခံခြင်းကို နောက်တစ်ကြိမ် ပေးသနားဖို့ ဖျောင်းဖျနိုင်သည့် လူ၊ အရာဝတ္ထု၊ သို့မဟုတ် အကြောင်းပြချက်တို့ မရှိပေ။ ဤအရာများအစား ဘုရားသခင်သည် ခဏလေးမျှ တုံ့ဆိုင်းခြင်းမရှိဘဲ သူဆန္ဒရှိသည့်အတိုင်းပြုလျက် သူ၏အမျက်ဒေါသနှင့် ဘုန်းအာနုဘော်တို့ကို စေလွှတ်လိမ့်မည်။ သူသည် သူ၏ကိုယ်ပိုင်ဆန္ဒနှင့်အညီ လျင်မြန်ပြီး ရှင်းလင်းသည့်ပုံစံနှင့် ဤအရာများကို လုပ်ဆောင်လိမ့်မည်။ ဤသည်မှာ လူသားအနေဖြင့် ထိပါးခြင်း မပြုလုပ်ရသည့် သူ၏အမျက်ဒေါသနှင့် ဘုန်းအာနုဘော်ကို ဘုရားသခင်ထုတ်လွှတ်သည့် နည်းလမ်းဖြစ်သည်။ ထို့ပြင် သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ ရှုထောင့်တစ်ခု၏ ဖော်ပြချက်လည်း ဖြစ်သည်။ ဘုရားသခင်က လူသားအပေါ် ပူပန်ခြင်းနှင့် ချစ်ခြင်းတို့ ပြသည်ကို လူတို့မြင်သောအခါ သူတို့သည် သူ၏အမျက်ဒေါသကို သတိမပြုမိနိုင်ကြ၊ သူ၏ဘုန်းအာနုဘော်ကို မမြင်နိုင်ကြ၊ သို့တည်းမဟုတ် ထိပါးစော်ကားမှုအပေါ် သူ၏သည်းမခံခြင်းကို မခံစားနိုင်ကြပေ။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် သနားကရုဏာ၊ သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာသက်သက်ပင် ဖြစ်သည်ဟု ဤအရာများက လူတို့ကို ယုံကြည်သွားစေခဲ့သည်။ သို့သော်လည်း ဘုရားသခင်က မြို့တစ်မြို့ကို ဖျက်ဆီးခြင်း၊ သို့မဟုတ် လူသားမျိုးနွယ်တစ်စုကို ရွံမုန်းခြင်းကို တစ်ဦးတစ်ယောက်က တွေ့ရသည့်အခါ လူသားကို ဖျက်ဆီးခြင်းထဲရှိ သူ၏အမျက်ဒေါသနှင့် သူ၏ဘုန်းအာနုဘော်တို့က လူတို့အား သူ၏ဖြောင့်မတ်သည့် စိတ်သဘောထား၏ အခြားတစ်ဖက်ကို ရိပ်ခနဲမြင်စေသည်။ ဤသည်မှာ ထိပါးစော်ကားခြင်းကို ဘုရားသခင်၏ သည်းမခံခြင်းဖြစ်သည်။ ထိပါးစော်ကားခြင်းကို သည်းမခံသည့် ဘုရားသခင်၏ စိတ်သဘောထားသည် မည်သည့်ဖန်ဆင်းခံသတ္တဝါမဆို၏ စိတ်ကူးနိုင်စွမ်းထက် သာလွန်သည်။ ဖန်ဆင်းခံမဟုတ်သည့် သတ္တဝါများထဲ၌ မည်သူကမျှ ထိုအရာကို ဝင်စွပ်ဖက်ခြင်း၊ သို့မဟုတ် ထိခိုက်စေခြင်းတို့ မပြုလုပ်နိုင်ပေ။ ထို့ပြင် ထိုအရာကို တူအောင်တုခြင်း၊ သို့တည်းမဟုတ် အတုခိုးခြင်းလည်း သာ၍ပင် မပြုလုပ်နိုင်ကြပေ။ ထို့ကြောင့် ဘုရားသခင်၏ စိတ်သဘောထားနှင့် ပတ်သက်သည့် ဤရှုထောင့်သည် လူသားမျိုးနွယ် အသိသင့်ဆုံးသော ရှုထောင့်တစ်ခုဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင်၌သာ ဤကဲ့သို့စိတ်သဘောထားမျိုးရှိသည်။ ထို့ပြင် ဘုရားသခင်ကိုယ်တော်တိုင်သာလျှင် ဤကဲ့သို့စိတ်သဘောထားမျိုးကို ပိုင်ဆိုင်သည်။ ဘုရားသခင်သည် ဆိုးသွမ်းမှု၊ အမှောင်ထု၊ ပုန်ကန်ခြင်းနှင့် စာတန်၏ ဆိုးယုတ်သော လုပ်ရပ်များကို-လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေပြီး ဝါးမျိုခြင်း- စက်ဆုပ်ရွံရှာသည့်အတွက်ကြောင့်၊ သူနှင့်ဆန့်ကျင်သည့် အပြစ်၏လုပ်ရပ်အားလုံးကို စက်ဆုပ်ရွံရှာသည့်အတွက်ကြောင့်၊ ထို့ပြင် သူ၏သန့်ရှင်းပြီး ညစ်ညမ်းခြင်းမရှိသည့် အနှစ်သာရကြောင့် ဘုရားသခင်သည် ထိုသို့သောဖြောင့်မတ်သည့် စိတ်သဘောထားကို ပိုင်ဆိုင်သည်။ ဤအကြောင်းကြောင့် ဖန်ဆင်းခံ၊ သို့တည်းမဟုတ် ဖန်ဆင်းခံမဟုတ်သည့် သတ္တဝါတို့က သူ့အား ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ခြင်းကိုသော်လည်းကောင်း ယှဉ်ပြိုင်ခြင်းများကိုသော်လည်းကောင်း သူခံမည်မဟုတ်ခြင်းဖြစ်သည်။ တစ်ခါက သူသနားကရုဏာပြခဲ့ဖူးသည့်၊ သို့မဟုတ် သူရွေးချယ်ခဲ့ဖူးသည့် လူပုဂ္ဂိုလ်ပင်လျှင် သူ၏စိတ်သဘောထားကို ရန်စပြီး သူ၏စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းဆိုင်ရာ အခြေခံမူများကို ဖောက်ဖျက်လိုက်သည်နှင့် သူသည် သနားကရုဏာ၊ သို့တည်းမဟုတ် တွန့်ဆုတ်ခြင်းတို့ အနည်းငယ်မျှမရှိဘဲ ထိပါးစော်ကားမှုကို သည်းမခံသော သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို ထုတ်လွှတ်ပြီး ထုတ်ဖော်ပြလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)
(၅၆၀) ဘုရားသခင်၏ အမျက်ဒေါသကို သွန်ချခြင်းက သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ ဖော်ပြချက်၏ ရှုထောင့်တစ်ခုဖြစ်သော်လည်း ဘုရားသခင်၏ဒေါသသည် ၎င်း၏ပစ်မှတ်အပေါ် မဆင်မခြင်လုပ်ခြင်း လုံးဝမရှိသကဲ့သို့၊ အခြေခံမူမပါဘဲ လုပ်ခြင်းလည်း လုံးဝမရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် ဘုရားသခင်က အမျက်ထွက်ရာ၌ လျင်မြန်ခြင်း လုံးဝမရှိသကဲ့သို့ သူ၏အမျက်ဒေါသနှင့် သူ၏ဘုန်းအာနုဘော်ကို ပေါ့ပေါ့တန်တန် ထုတ်ဖော်ခြင်းလည်း မပြုပေ။ ထို့အပြင် ဘုရားသခင်၏ အမျက်ဒေါသသည် အတော်ပင် ထိန်းထိန်းချုပ်ချုပ်ရှိပြီး ချင့်ချင့်ချိန်ချိန် ရှိသည်။ လူသား၏ ထောင်းခနဲ ဒေါသူပုံထတတ်ပုံမျိုး၊ သို့မဟုတ် ဒေါသအိုး ပေါက်ကွဲပုံမျိုးနှင့် လုံးဝနှိုင်းယှဉ်၍မရပေ။ လူသားနှင့် ဘုရားသခင်တို့၏ စကားစမြည်ပြောဆိုမှုများစွာကို သမ္မာကျမ်းစာထဲ၌ မှတ်တမ်းတင်ထားသည်။ ထိုစကားစမြည်ပြောဆိုမှုများထဲတွင် ပါဝင်သော လူပုဂ္ဂိုလ်အချို့၏ စကားလုံးများက ပေါ့တန်ကာ ပညာမဲ့ပြီး ကလေးကလားဆန်သည်။ သို့သော်လည်း ဘုရားသခင်က သူတို့ကို ရိုက်မချသကဲ့သို့ သူတို့ကို ရှုတ်လည်း မရှုတ်ချခဲ့ပေ။ အထူးသဖြင့် ယောဘစမ်းသပ်ခံရသည့်ကာလအတောအတွင်း၌ ယောဘ၏ မိတ်ဆွေသုံးယောက်နှင့် အခြားလူများက ယောဘကို ပြောခဲ့သည့် စကားများကို ယေဟောဝါဘုရားသခင်က ကြားပြီးနောက်တွင် ထိုသူတို့ကို သူမည်သို့ဆက်ဆံခဲ့သနည်း။ သူတို့ကို သူရှုတ်ချခဲ့သလော။ သူတို့အပေါ် ဒေါသူပုန်ထခဲ့သလော။ ထိုသို့ ဘာတစ်ခုမျှ သူမလုပ်ခဲ့ပေ။ ထိုအစား သူတို့ကိုယ်စား အသနားခံတောင်းလျှောက်ဖို့၊ သူတို့အတွက် ဆုတောင်းပေးဖို့ ယောဘကို ဘုရားသခင်ပြောခဲ့ပြီး သူကိုယ်တော်တိုင်ကမူ သူတို့အမှားများကို ဗွေမယူခဲ့ပေ။ ဤဖြစ်ရပ်များအားလုံးသည် လက်ရှိအခြေအနေအတိုင်း ဖောက်ပြန်ပျက်စီး၍ ပညာမဲ့သည့် လူသားမျိုးနွယ်ကို ဘုရားသခင်က ဆက်ဆံသည့် အဓိကသဘောထားကို ကိုယ်စားပြုသည်။ ထို့ကြောင့် ဘုရားသခင်၏ အမျက်ဒေါသကို ထုတ်လွှတ်ခြင်းက သူ့စိတ်နေစိတ်ထား၏ ဖော်ပြချက် လုံးဝမဟုတ်သကဲ့သို့၊ သူ၏ခံစားချက်များကို ဖွင့်ချခြင်းလည်း လုံးဝမဟုတ်ပေ။ ဘုရားသခင်၏ အမျက်ဒေါသက လူသားနားလည်သကဲ့သို့ လုံးလုံး ဒေါသပေါက်ကွဲခြင်း မဟုတ်ပေ။ ဘုရားသခင်က သူ၏ကိုယ်ပိုင်စိတ်နေစိတ်ထားကို မထိန်းချုပ်နိုင်၍၊ သို့မဟုတ် သူ၏ဒေါသက ရေဆူမှတ်ကိုရောက်သွားပြီး ဖွင့်ချမှရတော့မည်ဖြစ်၍ သူ၏အမျက်ဒေါသကို ထုတ်လွှတ်ခြင်းမဟုတ်ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူ၏အမျက်ဒေါသသည် သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ ပြသချက်ဖြစ်ပြီး စစ်မှန်သည့် ဖော်ပြချက်ဖြစ်သည်။ ထို့ပြင် ဤသည်မှာ သူ၏သန့်ရှင်းသည့် အနှစ်သာရနှင့် သက်ဆိုင်သည့် ပုံဆောင်ထုတ်ဖော်ခြင်းပင် ဖြစ်သည်။ ဘုရားသခင်သည် အမျက်ဒေါသဖြစ်၏။ ထို့ပြင် သူသည် ထိပါးစော်ကားမှုကို သည်းမခံပေ- ဤသည်မှာ ဘုရားသခင်၏ဒေါသသည် အကြောင်းတရားများကို ခွဲခြားမှုမရှိဟုလည်းကောင်း၊ အခြေခံမူမရှိဟုလည်းကောင်း မဆိုလိုပေ။ အကြောင်းတရားများကို မခွဲခြားသော ဒေါသပေါက်ကွဲခြင်းမျိုးဖြစ်သည့် အခြေခံမူမရှိဘဲ ကြုံသလို ဒေါသအိုးပေါက်ကွဲခြင်းမျိုးကို ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်က အထူးသီးသန့် မူပိုင်ခွင့်ယူထား၏။ လူတစ်ယောက်၌ ဂုဏ်ဒြပ်ရှိသွားသည်နှင့် ထိုသူသည် သူ၏စိတ်နေစိတ်ထားကို ထိန်းချုပ်ဖို့ရန် မကြာခဏပင် အခက်တွေ့လိမ့်မည်။ ထို့ကြောင့် သူ၏မကျေနပ်မှုကို ဖော်ပြပြီး သူ၏ခံစားချက်များကို ဖွင့်ချဖို့ရန် အခွင့်အရေးများကို ပျော်ပျော်ကြီးနှင့် အမိအရ သူဆုပ်ကိုင်လိမ့်မည်။ သူ၏အရည်အချင်းကို ထုတ်ဖော်ပြရန်အပြင် သူ၏ဂုဏ်ဒြပ်နှင့် ဝိသေသလက္ခဏာများသည် သာမန်လူတို့နှင့် မတူကွဲပြားကြောင်း အခြားလူများ သိစေဖို့ရန်အတွက် သူသည် သိသာသည့် အကြောင်းပြချက်မရှိပါဘဲနှင့် မကြာခဏ ထောင်းခနဲ ဒေါသူပုန်ထပြလိမ့်မည်။ မှန်ပေ၏၊ ဂုဏ်ဒြပ်မရှိသော ဖောက်ပြန်ပျက်စီးသည့် လူတို့က မကြာခဏ ထိန်းမနိုင်သိမ်းမရဖြစ်ကြလိမ့်မည်။ သူတို့၏ကိုယ်ပိုင်အကျိုးစီးပွားများ ထိခိုက်ပျက်စီးမှုကြောင့် သူတို့သည် မကြာခဏ ဒေါသထွက်ကြသည်။ သူတို့၏ ကိုယ်ပိုင်ဂုဏ်ဒြပ်နှင့် ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်သည် မိမိတို့၏ခံစားချက်များကို မကြာခဏဖွင့်ချပြီး မိမိတို့၏မာနထောင်လွှားသည့် သဘာဝကို ထုတ်ဖော်ပြလိမ့်မည်။ လူသားသည် အပြစ်တရား၏ ဖြစ်တည်မှုကို ကာကွယ်ရန်နှင့် ထိန်းသိမ်းရန်အလို့ငှာ ထောင်းခနဲ ဒေါသအိုးပေါက်ကွဲပြီး သူ၏ခံစားချက်များကို ဖွင့်ချလိမ့်မည်။ ဤလုပ်ရပ်များသည် လူသားက သူ၏မကျေနပ်မှုကို ဖော်ပြသည့် နည်းလမ်းများဖြစ်သည်။ ၎င်းတို့သည် မစင်ကြယ်ခြင်းများ၊ လျှို့ဝှက်ကြံစည်ခြင်းများနှင့် ခြေပုန်းခုတ်ခြင်းများ၊ လူသား၏ဖောက်ပြန်ပျက်စီးခြင်းနှင့် ဆိုးယုတ်ခြင်းတို့နှင့် ပြည့်လျှံနေပြီး၊ အခြားမည်သည့်အရာထက်မဆို လူသား၏ ခက်ထန်သည့် ရည်မှန်းချက်များ၊ ဆန္ဒများနှင့် ပြည့်လျှံနေသည်။ တရားမျှတမှုသည် ဆိုးသွမ်းမှုနှင့် ထိပ်တိုက်တွေ့သည့်အခါ၌ လူသားသည် တရားမျှတမှု၏ ဖြစ်တည်မှုကို ကာကွယ်ရန်သော်လည်းကောင်း၊ ထိန်းသိမ်းရန်သော်လည်းကောင်း ဒေါသူပုန်ထလိမ့်မည်မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေနှင့် တရားမျှတခြင်း၏ စွမ်းအားတို့ ခြိမ်းခြောက်ခံရသည့်အခါ၊ ညှဉ်းဆဲခံရပြီး တိုက်ခိုက်ခံရသည့်အခါ လူသား၏သဘောထားသည် လျစ်လျူရှုခြင်း၊ ရှောင်ကြဉ်ခြင်း၊ သို့မဟုတ် တွန့်ဆုတ်ခြင်းတို့ ဖြစ်သည်။ သို့သော်လည်း ဆိုးယုတ်မှု၏ စွမ်းအားများနှင့် ရင်ဆိုင်ရသည့်အခါ လူသား၏သဘောထားသည် ဖြည့်ဆည်းပေးခြင်း၊ မျက်နှာချိုသွေးခြင်းတို့ ဖြစ်သည်။ ထို့ကြောင့် လူသား၏ စိတ်ဖွင့်ချခြင်းသည် ဆိုးယုတ်သည့် စွမ်းအားတို့အတွက် လွတ်လမ်းတစ်လမ်းဖြစ်ပြီး ဇာတိပကတိလူသားတို့၏ ထကြွသောင်းကျန်းနေပြီး တားဆီး၍မရသော ဆိုးယုတ်သည့်အပြုအမူဆိုင်ရာ ဖော်ပြချက်တစ်ခုဖြစ်သည်။ သို့သော်လည်း ဘုရားသခင်က သူ၏အမျက်ဒေါသကို ထုတ်လွှတ်သည့်အခါ ဆိုးယုတ်သည့် စွမ်းအားခပ်သိမ်းသည် ရပ်သွားလိမ့်မည်။ လူသားကို အန္တရာယ်ပြုသည့် အပြစ်တရားအားလုံးသည် ရပ်တန့်သွားလိမ့်မည်။ ဘုရားသခင်၏အမှုကို ပိတ်ပင်တားဆီးသည့် ရန်လိုသောစွမ်းအားခပ်သိမ်းသည် သိသာထင်ရှားလာမည်၊ ကွဲပြားလာပြီး ကျိန်ဆဲခြင်းကိုခံရမည်။ ထို့ပြင် ဘုရားသခင်ကို ဆန့်ကျင်သည့် စာတန်၏ ကြံရာပါအားလုံးသည် အပြစ်ဒဏ်ခတ်ခံရမည်ဖြစ်ပြီး အမြစ်ပါမကျန် ဖယ်ရှားခံရမည်ဖြစ်သည်။ သူတို့၏နေရာတွင် ဘုရားသခင်၏အမှုသည် ပိတ်ပင်တားဆီးမှုတို့ မရှိဘဲ ရှေ့ဆက်လိမ့်မည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်သည် စီစဉ်ထားချက်နှင့်အညီ တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက် တိုးတက်ဖြစ်ပေါ်လာလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ရွေးချယ်ထားသည့် လူများသည် စာတန်၏နှောင့်ယှက်ခြင်းနှင့် လှည့်စားခြင်းမှ လွတ်ကင်းလိမ့်မည်။ ထို့ပြင် ဘုရားသခင်၏နောက်ကို လိုက်သူများသည် ငြိမ်သက် အေးချမ်းသည့် ပတ်ဝန်းကျင်ထဲတွင် ဘုရားသခင်၏ ဦးဆောင်မှုနှင့် အထောက်အပံ့ကို မွေ့လျော်ကြရလိမ့်မည်။ ဘုရားသခင်၏ အမျက်ဒေါသသည် ဆိုးယုတ်သည့်စွမ်းအားတို့ ထပ်ဆင့်ပွားများခြင်းနှင့် ထကြွသောင်းကျန်းတို့ မရှိစေရန် တားဆီးပေးသည့် အကာအကွယ်တစ်ခုဖြစ်သည်။ ထို့ပြင် ၎င်းသည် တရားမျှတပြီး အပြုသဘောဆောင်သည့်အရာများအားလုံး၏ ဖြစ်တည်မှုနှင့် ပြန့်ပွားခြင်းကို ကာကွယ်ပေးပြီး ဖိနှိပ်ခံရခြင်းနှင့် ဖျက်လိုဖျက်ဆီး လုပ်ခံရခြင်းတို့ မခံရအောင် ထိုအရာများကို ထာဝရစောင့်ကြပ်ပေးသည့် အကာအကွယ်တစ်ခုလည်း ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)
(၅၆၁) ဘုရားသခင်၏ လုပ်ဆောင်ချက်တစ်ခုစီနှင့် ကြုံတွေ့ဆက်ဆံရသည့်အခါ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် အခြားသဘောသဘာဝများနှင့် ကင်းလွတ်ကြောင်း၊ သန့်ရှင်းပြီး ခြောက်ပြစ်ကင်းကြောင်း သင်စိတ်ချနေရမည်။ ဤလုပ်ဆောင်ချက်များ၌ လူသားမျိုးနွယ်ကို ဘုရားသခင်က ရိုက်ချခြင်း၊ အပြစ်ဒဏ်ခတ်ခြင်းနှင့် ဖျက်ဆီးခြင်းတို့ ပါဝင်သည်။ ခြွင်းချက်မရှိဘဲ ဘုရားသခင်၏ လုပ်ရပ်တစ်ခုစီတိုင်းကို သူ၏ရှိရင်းစွဲစိတ်သဘောထားအပြင် သူ၏အစီအစဉ်နှင့် ယတိပြတ်ကိုက်ညီအောင် ပြုထားခြင်းဖြစ်ပြီး လူသားမျိုးနွယ်၏ အသိပညာ၊ ရိုးရာဓလေ့နှင့် ဒဿနအမြင်တို့ မပါဝင်ပေ။ ဘုရားသခင်၏ လုပ်ရပ်တစ်ခုစီတိုင်းသည် သူ၏စိတ်သဘောထားနှင့် အနှစ်သာရတို့၏ ဖော်ပြချက်ဖြစ်ပြီး ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်နှင့်သက်ဆိုင်သော မည်သည့်အရာနှင့်မျှ မဆက်စပ်ပေ။ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ချစ်ခြင်း၊ သနားကရုဏာထားခြင်းနှင့် သည်းခံခြင်းတို့သည်သာ ခြောက်ပြစ်ကင်း၍ အရောအနှောကင်းပြီး သန့်ရှင်းမြင့်မြတ်သည်ဟု လူတို့က ယူဆကြကာ ဘုရားသခင်၏ ဒေါသူပုန်ထခြင်းနှင့် သူ၏အမျက်ဒေါသတို့သည်လည်း အလားတူပင် အရောအနှောကင်းကြောင်းကိုမူ မည်သူမျှ မသိပေ။ ထို့အပြင် ဘုရားသခင်က အဘယ့်ကြောင့် ထိပါးစော်ကားမှုကို သည်းမခံသနည်း၊ သို့မဟုတ် သူ၏ဒေါသူပုန်ထခြင်းသည် အဘယ့်ကြောင့် အလွန်ကြီးမားသနည်းဆိုသည့် မေးခွန်းမျိုးကို မည်သူမျှ မဆင်ခြင်ကြည့်ကြပေ။ ဆန့်ကျင်ဘက်အနေနှင့် အချို့က ဘုရားသခင်၏ အမျက်ဒေါသကို ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်၏ ဒေါသစိတ်ကဲ့သို့ ဒေါသပေါက်ကွဲခြင်းနှင့် အမြင်မှားကြပြီး ဘုရားသခင်၏ဒေါသကို ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်၏ ဒေါသူပုန်ထခြင်းနှင့် အတူတူပင်ဖြစ်သည်ဟု အထင်မှားကြသည်။ ဘုရားသခင်၏ ဒေါသူပုန်ထခြင်းက လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို သဘာဝအလျောက် ထုတ်ဖော်ခြင်းကဲ့သို့ ဖြစ်သည်ဟုပင် တလွဲယူဆကြသည်။ ဘုရားသခင်၏ အမျက်ဒေါသကို ထုတ်လွှတ်ခြင်းက ဖောက်ပြန်သော လူတို့အနေဖြင့် စိတ်မချမ်းမြေ့စရာ အခြေအနေနှင့် ရင်ဆိုင်ရသောအခါ ထွက်လာတတ်သည့် လူတို့၏ဒေါသကဲ့သို့ ဖြစ်သည်ဟုလည်း တလွဲယူဆကြကာ ဘုရားသခင်၏ အမျက်ဒေါသကို ထုတ်လွှတ်ခြင်းသည် သူ့စိတ်နေစိတ်ထား၏ ဖော်ပြချက်ဖြစ်သည်ဟု ယုံကြည်ကြသည်။ ဤမိတ်သဟာယပြီးသည့်နောက် သင်တို့တစ်ယောက်ချင်းစီတိုင်း၌ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့်စပ်လျဉ်း၍ တလွဲယူဆခြင်းများ၊ စိတ်ကူးထင်မြင်ချက်များ၊ သို့မဟုတ် မှန်းဆချက်များ မရှိတော့ဖို့ ငါမျှော်လင့်သည်။ ငါ၏နှုတ်ကပတ်တော်များကို ကြားပြီးနောက် သင်တို့အနေဖြင့် နှလုံးသားထဲ၌ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ အမျက်ဒေါသကို အမှန်တကယ် သိမြင်ခြင်းရှိနိုင်ဖို့၊ ဘုရားသခင်၏ အမျက်ဒေါသအပေါ် ယခင်က မှားယွင်းစွာ နားလည်ထားခြင်းများကို ဘေးဖယ်ထားနိုင်ဖို့၊ ဘုရားသခင့်အမျက်ဒေါသ၏ အနှစ်သာရအပေါ် သင်တို့၏မှားယွင်းသည့် ယုံကြည်မှုများနှင့် အမြင်များကို ပြောင်းလဲပစ်နိုင်ဖို့ ငါမျှော်လင့်သည်။ ထို့အပြင် သင်တို့၏နှလုံးသားထဲ၌ ဘုရားသခင့်စိတ်သဘောထား၏ တိကျသည့် အဓိပ္ပာယ်ဖွင့်ဆိုချက် ရှိနိုင်ဖို့၊ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားအပေါ် မည်သည့်သံသယမျှ မရှိတော့ဖို့၊ ဘုရားသခင်၏ စိတ်သဘောထားစစ်စစ်အပေါ် လူသား၏ မည်သည့်ကျိုးကြောင်းဆင်ခြင်မှုများ၊ သို့မဟုတ် စိတ်ကူးထင်မြင်မှုများကိုမျှ မသတ်မှတ်ဖို့ ငါမျှော်လင့်သည်။ ဘုရားသခင်၏ဖြောင့်မတ်သည့် စိတ်သဘောထားသည် ဘုရားသခင်၏ကိုယ်ပိုင်အနှစ်သာရစစ်စစ်ဖြစ်သည်။ လူသားက ရေးသားထားသည့်အရာသော်လည်းကောင်း၊ ပုံသွင်းထားသည့်အရာသော်လည်းကောင်း မဟုတ်ပေ။ သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားပင်ဖြစ်ပြီး မည်သည့်ဖန်ဆင်းခံနှင့်မျှ ဆက်နွှယ်ခြင်း၊ သို့မဟုတ် ဆက်စပ်ခြင်းမရှိပေ။ ဘုရားသခင်ကိုယ်တော်တိုင်က ဘုရားသခင်ကိုယ်တော်တိုင်ပင်ဖြစ်သည်။ သူသည် ဖန်ဆင်းခြင်းအစိတ်အပိုင်းတစ်ခု ဘယ်တော့မျှ ဖြစ်လာမည် မဟုတ်ပေ။ သူ့အနေဖြင့် ဖန်ဆင်းခံသတ္တဝါဝင်တစ်ဦး ဖြစ်လာလျှင်ပင် သူ၏ရှိရင်းစွဲစိတ်သဘောထားနှင့် အနှစ်သာရသည် ပြောင်းလဲမည်မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်ကို သိခြင်းက အရာဝတ္ထုတစ်ခုကို သိခြင်းနှင့် မတူပေ။ ဘုရားသခင်ကို သိခြင်းသည် တစ်ခုခုကို ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း မဟုတ်သကဲ့သို့ လူတစ်ယောက်ကို နားလည်ခြင်းအဖြစ်နှင့်လည်း မတူညီပေ။ အကယ်၍ လူသားသည် အရာဝတ္ထုတစ်ခုကိုသိဖို့၊ သို့မဟုတ် လူတစ်ယောက်ကို နားလည်ဖို့အတွက်သုံးသည့် သူ၏အယူအဆ၊ သို့တည်းမဟုတ် နည်းလမ်းကို ဘုရားသခင်ကို သိဖို့ရန် အသုံးပြုလျှင် သင်သည် ဘုရားသခင်၏အကြောင်းကို ဘယ်တော့မျှ သိနိုင်မည်မဟုတ်ပေ။ ဘုရားသခင်ကိုသိခြင်းက အတွေ့အကြုံ၊ သို့မဟုတ် စိတ်ကူးထင်မြင်ခြင်းအပေါ်မှာ အမှီမပြုပေ။ ထို့ကြောင့် သင်သည် သင်၏အတွေ့အကြုံ၊ သို့မဟုတ် စိတ်ကူးထင်မြင်မှုကို ဘုရားသခင်အပေါ် ဘယ်တော့မျှ သတ်မှတ်ခြင်း မပြုရပေ။ သင်၏အတွေ့အကြုံနှင့် စိတ်ကူးထင်မြင်မှုတို့က မည်မျှပင်ကြွယ်ဝနေပါစေ ၎င်းတို့က အကန့်အသတ်ရှိသည်။ ထို့အပြင် သင်၏စိတ်ကူးထင်မြင်မှုက သမ္မာတရားနှင့် ကိုက်ညီရန် မဆိုထားနှင့်၊ အချက်အလက်များနှင့်ပင် ကိုက်ညီခြင်း မရှိပေ။ ၎င်းက ဘုရားသခင်၏ စိတ်သဘောထားအမှန်အပြင် အနှစ်သာရအမှန်တို့နှင့်လည်း သဟဇာတမဖြစ်ပေ။ ဘုရားသခင်၏ အနှစ်သာရကို နားလည်ဖို့ရန် သင်၏စိတ်ကူးထင်မြင်မှုကို အမှီပြုလျှင် သင်ဘယ်တော့မျှ အောင်မြင်မည်မဟုတ်ပေ။ တစ်ခုတည်းသော လမ်းကြောင်းမှာ ဤသို့ဖြစ်သည်- ဘုရားသခင်ထံမှလာသည့် အရာအားလုံးကို လက်ခံလော့၊ ထို့နောက် ၎င်းကို တဖြည်းဖြည်းနှင့် တွေ့ကြုံခံစားပြီး နားလည်လော့။ သင်၏ပူးပေါင်းလုပ်ဆောင်မှုကြောင့်၊ သမ္မာတရားအပေါ် သင်၏ငတ်မွတ်ဆာလောင်မှုကြောင့် ဘုရားသခင်သည် သူ့ကိုအမှန်တကယ်နားလည်ပြီး သိဖို့ရန် သင့်ကို ဉာဏ်အလင်းဖွင့်ပြသည့်နေ့ ရောက်လာလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)
(၅၆၂) ဘုရားသခင်သည် သူ၏လုပ်ဆောင်ချက်တို့၌ မပြတ်သားခြင်း၊ သို့မဟုတ် တွန့်ဆုတ်ခြင်းတို့ မည်သည့်အခါမျှမရှိပေ။ သူ၏လုပ်ဆောင်ချက်များနောက်က အခြေခံမူများနှင့် ရည်ရွယ်ချက်များအားလုံးသည် ရှင်းလင်းပြီး ပွင့်လင်းမြင်သာ၏၊ သန့်စင်ပြီး ခြောက်ပြစ်ကင်း၏။ အတွင်း၌ လှည့်ကွက်များ၊ သို့မဟုတ် လျှို့ဝှက်အကြံအစည်များ ရောထွေးနေခြင်း လုံးဝမရှိပေ။ တစ်နည်းပြောရလျှင် ဘုရားသခင်၏အနှစ်သာရထဲ၌ အမှောင်ထုသော်လည်းကောင်း၊ ဆိုးယုတ်ခြင်းသော်လည်းကောင်း မပါဝင်ပေ။ နိနေဝေမြို့သားများ၏ ဆိုးညစ်သည့် လုပ်ရပ်များက သူ့ရှေ့ကို ရောက်လာသည့်အတွက်ကြောင့် ဘုရားသခင်က ဒေါသထွက်ခဲ့သည်။ ထိုအချိန်တုန်းက သူ၏ဒေါသသည် သူ၏အနှစ်သာရမှ ဆင်းသက်သည်။ သို့သော်လည်း ဘုရားသခင်၏ဒေါသသည် ပျောက်ကွယ်သွားပြီး သူ၏သည်းခံခြင်းကို နိနေဝေမြို့သားတို့အပေါ် နောက်တစ်ကြိမ် ချပေးသနားသည့်အခါ သူဖွင့်ပြသည့်အရာအားလုံးက သူ၏ကိုယ်ပိုင်အနှစ်သာရပင် ဖြစ်နေသေး၏။ ဤပြောင်းလဲမှုတစ်ခုလုံးက ဘုရားသခင်အပေါ် လူသား၏သဘောထား ပြောင်းလဲမှုကြောင့်ဖြစ်သည်။ ဤအချိန်ကာလတစ်ခုလုံးအတွင်း၌ ဘုရားသခင်၏ ထိပါးစော်ကား၍မရသည့် စိတ်သဘောထားက ပြောင်းလဲမသွားပေ။ ဘုရားသခင်၏ သည်းခံသည့် အနှစ်သာရက ပြောင်းလဲမသွားပေ။ ထို့ပြင် ဘုရားသခင်၏ မေတ္တာကရုဏာနှင့်ပြည့်စုံသော အနှစ်သာရက ပြောင်းလဲမသွားပေ။ လူတို့က ဆိုးညစ်သည့် လုပ်ရပ်များကို ကျူးလွန်ပြီး ဘုရားသခင်ကို ထိပါးစော်ကားသည့်အခါ သူ့ဒေါသကို သူတို့အပေါ် ကျရောက်စေလိမ့်မည်။ လူတို့က အမှန်တကယ် နောင်တရသည့်အခါ ဘုရားသခင်၏ နှလုံးသားသည် ပြောင်းလဲမည်ဖြစ်ပြီး သူ၏ဒေါသသည် ရပ်တန့်သွားလိမ့်မည်။ လူတို့က ဘုရားသခင်ကို ခေါင်းမာမာနှင့် ဆက်ပြီးဆန့်ကျင်နေလျှင် သူ၏ဒေါသက ရပ်စဲလိမ့်မည် မဟုတ်ဘဲ သူ၏အမျက်ဒေါသသည် ထိုသူတို့ဖျက်ဆီးခံရသည့်အထိ တစ်စပြီးတစ်စ သူတို့အပေါ် ဖိအားပေးသွားမည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင့်စိတ်သဘောထား၏ အနှစ်သာရဖြစ်သည်။ ဘုရားသခင်က အမျက်ဒေါသကို ဖော်ပြနေသည်ဖြစ်စေ၊ သို့မဟုတ် သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှုကို ဖော်ပြနေသည်ဖြစ်စေ ဘုရားသခင့်စိတ်သဘောထား၏ ထုတ်ဖော်ချက်မှတစ်ဆင့် ပြသသည့်အရာကို လူသား၏လုပ်ဆောင်ချက်၊ အပြုအမူနှင့် လူသား၏နှလုံးသားအတွင်းရှိ ဘုရားသခင်အပေါ်ထားသော သဘောထားတို့က သတ်မှတ်သည်။ ဘုရားသခင်က သူ၏အမျက်ဒေါသကို လူတစ်ယောက်အပေါ်မှာ အဆက်မပြတ် သက်ရောက်စေလျှင် ဤလူ၏နှလုံးသားသည် ဘုရားသခင်ကို ဆန့်ကျင်သည်မှာ သံသယဖြစ်စရာ မလိုပေ။ ဤလူ့အနေဖြင့် တစ်ခါမျှ အမှန်တကယ် နောင်တရဖူးခြင်း မရှိသည့်အတွက်ကြောင့်၊ ဘုရားသခင်ရှေ့၌ ဦးညွှတ်ခြင်း၊ သို့မဟုတ် ဘုရားသခင်အပေါ် စစ်မှန်သည့် ယုံကြည်မှုကို ပိုင်ဆိုင်ခြင်း မရှိသည့်အတွက်ကြောင့် သူသည် ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံခြင်းကို တစ်ခါမျှ မရရှိခြင်းဖြစ်သည်။ လူတစ်ဦးသည် ဘုရားသခင်၏ ဂရုစိုက်မှု၊ သနားကရုဏာနှင့် သည်းခံခြင်းတို့ကို မကြာခဏလက်ခံရရှိလျှင် ဤလူ၏နှလုံးသား၌ ဘုရားသခင်ကို စစ်မှန်သည့်ယုံကြည်ခြင်းရှိပြီး သူ့နှလုံးသားသည် ဘုရားသခင်အား မဆန့်ကျင်သည်ကို ယုံမှားဖွယ်ရာမရှိပေ။ ဤသူသည် ဘုရားသခင်ရှေ့၌ မကြာခဏ အမှန်တကယ် နောင်တရသည်။ ထို့ကြောင့် ဘုရားသခင်၏ ပဲ့ပြင်ဆုံးမခြင်းက ဤလူအပေါ်သို့ မကြာခဏ သက်ရောက်လျှင်ပင် သူ၏အမျက်ဒေါသက ကျရောက်မည် မဟုတ်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)
(၅၆၃) နိနေဝေမြို့သားတို့အပေါ် ဘုရားသခင်က မည်မျှပင် စိတ်ဆိုးခဲ့ပါစေ သူတို့သည် အစာရှောင်ခြင်းကို ကြေညာခဲ့ပြီး ပြာများနှင့် လျှော်တေအဝတ်ကို ဝတ်ဆင်ပြီးသည်နှင့် သူ၏နှလုံးသားသည် တဖြည်းဖြည်းပျော့ပြောင်းလာပြီး သူ၏စိတ်ကို သူစတင်ပြောင်းခဲ့၏။ သူတို့၏မြို့ကို သူဖျက်ဆီးမည့်အကြောင်း သူတို့ကို ကြေညာလိုက်သည့်အခါ-သူတို့၏အပြစ်များအတွက် သူတို့၏ဝန်ခံခြင်းနှင့် နောင်တရခြင်းတို့ မတိုင်ခင်အချိန်၌- ဘုရားသခင်က သူတို့ကို ဒေါသထွက်နေဆဲပင်ဖြစ်သည်။ သူတို့သည် နောင်တရသည့် လုပ်ရပ်တသီတသန်းကြီးကို လုပ်ဆောင်ပြီးသည်နှင့် နိနေဝေမြို့သားတို့အပေါ် ဘုရားသခင်၏ဒေါသသည် သူတို့အတွက် သနားကရုဏာနှင့် သည်းခံခြင်းအဖြစ် တဖြည်းဖြည်းပြောင်းလဲသွားခဲ့သည်။ အဖြစ်အပျက်တစ်ခုတည်းတွင် ဘုရားသခင့်စိတ်သဘောထား၏ ဤရှုထောင့်နှစ်ခုကို တစ်ချိန်ထဲ၌ ထုတ်ဖော်ပြခြင်းနှင့်ပတ်သက်၍ မကိုက်ညီမှု တစ်ခုမျှမရှိပေ။ ဤမကိုက်ညီမှုမရှိခြင်းကို မည်ကဲ့သို့နားလည်ပြီး သိရှိနိုင်မည်နည်း။ နိနေဝေမြို့သားတို့က နောင်တရခဲ့သည့်အခါ ဘုရားသခင်သည် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည့် ဤအနှစ်သာရနှစ်ခုကို တစ်လှည့်စီ ထုတ်ဖော်ဖွင့်ပြခဲ့ပြီး ဘုရားသခင့်အနှစ်သာရ၏ စစ်မှန်ခြင်းနှင့် ထိပါးစော်ကား၍ မရနိုင်ခြင်းကို လူတို့အား မြင်စေခဲ့သည်။ ဘုရားသခင်က လူတို့အား အောက်ပါအကြောင်းများကိုပြောဖို့ သူ၏သဘောထားကို အသုံးပြုခဲ့သည်- ဘုရားသခင်က လူတို့ကို သည်းမခံခြင်း၊ သို့မဟုတ် သူတို့အပေါ်မှာ သနားကရုဏာ မပြလိုခြင်းမျိုး မဟုတ်ဘဲ စင်စစ်အားဖြင့် လူတို့က ဘုရားသခင်အပေါ် အမှန်တကယ် နောင်တရခြင်းသာ ရှားပါးနေခြင်းဖြစ်၏၊ ထို့ပြင် လူတို့က မိမိတို့၏ဆိုးယုတ်သည့်လမ်းများကို အမှန်တကယ်ထားခဲ့ပြီး မိမိတို့၏လက်ထဲမှာရှိသည့် အဓမ္မအမှုများကို စွန့်လွှတ်ခြင်းက ရှားပါးနေခြင်းသာဖြစ်သည်။ တစ်နည်းပြောရလျှင် ဘုရားသခင်က လူသားကို ဒေါသထွက်သည့်အခါ လူသားသည် အမှန်တကယ် နောင်တရနိုင်ဖို့ သူမျှော်လင့်၏။ လူသား၏ စစ်မှန်သည့် နောင်တကို မြင်ရဖို့ သူဧကန်အမှန်မျှော်လင့်သည်။ ထိုကဲ့သို့ဖြစ်လာပါက သူသည် လူသားအပေါ် သူ၏သနားကရုဏာနှင့် သည်းခံခြင်းကို ရက်ရက်ရောရော ဆက်လက်၍ ချပေးသနားမည်ဖြစ်သည်။ ဆိုလိုသည်မှာ လူသား၏ ဆိုးယုတ်သည့် အပြုအမူက ဘုရားသခင်၏ အမျက်ဒေါသကို ဖြစ်ပွားစေသော်လည်း ဘုရားသခင်ကို နားထောင်ပြီး သူ့ရှေ့၌ အမှန်တကယ် နောင်တရသူများအပေါ်၊ ထို့ပြင် မိမိတို့၏ဆိုးယုတ်သည့်လမ်းများကို ရှောင်ပြီး မိမိတို့လက်ထဲရှိ အဓမ္မအမှုများကို စွန့်လွှတ်နိုင်သည့်သူတို့အပေါ်၌မူ ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံခြင်းတို့ကို ချပေးသနားသည်။ နိနေဝေမြို့သားများအပေါ် သူ၏ဆက်ဆံမှုတွင် ဘုရားသခင်၏ သဘောထားကို အလွန်ပင် ရှင်းရှင်းလင်းလင်း ထုတ်ဖော်ထားသည်။ ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံခြင်းတို့ကို ရရှိဖို့ လုံးဝမခဲယဉ်းပေ။ သူတောင်းဆိုသည့်အရာမှာ စစ်မှန်သည့် နောင်တဖြစ်သည်။ လူတို့အနေဖြင့် မိမိတို့၏ ဆိုးယုတ်သည့်လမ်းများကို ရှောင်ပြီး မိမိတို့လက်ထဲရှိ အဓမ္မအမှုများကို စွန့်လွှတ်လျှင် ဘုရားသခင်က သူ၏နှလုံးသားကို ပြောင်းလဲမည်ဖြစ်ပြီး သူတို့အပေါ် သူ၏သဘောထားကို ပြောင်းလဲမည် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)
(၅၆၄) ဘုရားသခင်က နိနေဝေမြို့သားများအပေါ် သူ၏နှလုံးသားကို ပြောင်းလဲခဲ့သည့်အခါ သူ၏သနားကရုဏာနှင့် သည်းခံခြင်းတို့သည် အရေခြုံဗန်းပြတစ်ခု ဖြစ်သလော။ မည်သို့ဖြစ်နိုင်ပါ့မည်နည်း။ သို့ဆိုလျှင် အခြေအနေတစ်ခုတည်းကို ဘုရားသခင်ကိုင်တွယ်ဖြေရှင်းနေစဉ်တွင် ဘုရားသခင့်စိတ်သဘောထား၏ ဤရှုထောင့်နှစ်ရပ်ကြား ပြောင်းလဲခြင်းက ဘာကိုပြသနည်း။ ဘုရားသခင်၏ စိတ်သဘောထားသည် ပြည့်ဝစုံလင်၏- စိတ်ပိုင်းထားခြင်း လုံးဝမရှိပေ။ သူ့အနေဖြင့် လူတို့အပေါ်၌ ဒေါသကို ပြနေသည်ဖြစ်စေ၊ သနားကရုဏာနှင့် သည်းခံခြင်းကို ပြနေသည်ဖြစ်စေ၊ ၎င်းတို့အားလုံးက သူ၏ဖြောင့်မတ်သည့် စိတ်သဘောထား၏ ဖော်ပြချက်များပင်ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားသည် ချက်ချာပြီး အထင်းသားမြင်သာကာ အမှုအရာများ ပြောင်းလဲဖြစ်ပေါ်ခြင်းအပေါ်မူတည်၍ သူ၏အတွေးများနှင့် သဘောထားတို့ကို သူပြောင်းလဲသည်။ နိနေဝေမြို့သားတို့အပေါ် သူ၏သဘောထား ပြောင်းလဲခြင်းက သူ၌ သူ၏ကိုယ်ပိုင်အတွေးနှင့် စိတ်ကူးများရှိကြောင်းကို လူသားမျိုးနွယ်အား ပြသည်။ သူသည် စက်ရုပ်သော်လည်းကောင်း၊ မြေရုပ်တုသော်လည်းကောင်း မဟုတ်ဘဲ အသက်ရှင်သည့် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်သည်။ နိနေဝေမြို့သားတို့ကို သူတို့၏သဘောထားများအရ သူတို့၏အတိတ်များကို ခွင့်လွှတ်နိုင်သကဲ့သို့ သူတို့ကို သူဒေါသထွက်နိုင်သည်။ နိနေဝေမြို့သားတို့အပေါ် ကံဆိုးခြင်းများ ကျရောက်စေဖို့ သူဆုံးဖြတ်နိုင်သကဲ့သို့ သူတို့၏နောင်တကြောင့် သူ၏ဆုံးဖြတ်ချက်ကိုလည်း သူပြောင်းလဲနိုင်သည်။ လူတို့က ဘုရားသခင်၏ စိတ်သဘောထားကို သိရန်ကြိုးစားရာ၌ ပုံသေနည်းများ အသုံးပြုရခြင်းကို နှစ်သက်သကဲ့သို့ စည်းမျဉ်းများကို တင်းတင်းကျပ်ကျပ် ကျင့်သုံးလိုကြပြီး ဘုရားသခင်ကို ဘောင်ခတ်၍ အဓိပ္ပာယ်သတ်မှတ်ရန် ထိုသို့သော စည်းမျဉ်းများကို အသုံးပြုလိုကြသည်။ ထို့ကြောင့် လူသား၏အတွေးနယ်ပယ်အရမူ ဘုရားသခင်သည် စဉ်းစားခြင်းမပြုသကဲ့သို့ အခြေအမြစ် ခိုင်လုံသည့် စိတ်ကူးများလည်း မရှိပေ။ အမှန်စင်စစ်မှာမူ ဘုရားသခင်၏ အတွေးများသည် အကြောင်းအရာများနှင့် ပတ်ဝန်းကျင်တို့ ပြောင်းလဲမှုများနှင့်အညီ အစဉ်တစိုက် ပြောင်းလဲနေသည်။ ဤအတွေးများက ပြောင်းလဲနေစဉ်တွင် ဘုရားသခင့်အနှစ်သာရ၏ မတူညီသည့် ရှုထောင့်များက ထုတ်ဖော်ခံရလေသည်။ ဤပြောင်းလဲမှုဖြစ်စဉ်ကာလအတွင်း ဘုရားသခင်က သူ၏စိတ်နှလုံးသားကို ပြောင်းလဲသည့်အချိန်အတိအကျတွင် သူသည် လူသားမျိုးနွယ်ကို သူ့အသက်၏ဖြစ်တည်မှုစစ်စစ်နှင့် သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားက အင်တိုက်အားတိုက် အသက်ပါခြင်းနှင့် ပြည့်ဝနေကြောင်း ပြသသည်။ တစ်ချိန်တည်းမှာပင် သူ၏အမျက်ဒေါသ၊ သူ၏သနားကရုဏာ၊ သူ၏ချစ်ခင်ကြင်နာခြင်းနှင့် သူ၏သည်းခံခြင်းတို့၏ ဖြစ်တည်မှုဆိုင်ရာ အမှန်တရားကို လူသားမျိုးနွယ်အား သက်သေပြဖို့ သူ၏ကိုယ်ပိုင် စစ်မှန်သည့်ထုတ်ဖော်ခြင်းများကို ဘုရားသခင်အသုံးပြုသည်။ အကြောင်းအရာများ တိုးတက်ပြောင်းလဲမှုအရ သူ၏အနှစ်သာရကို အချိန်မရွေး၊ နေရာမရွေးတွင် ထုတ်ဖော်ပြလိမ့်မည်။ ခြင်္သေ့တစ်ကောင်၏ အမျက်ဒေါသအပြင် မိခင်တစ်ဦး၏ သနားကရုဏာနှင့် သည်းခံခြင်းတို့ကို သူပိုင်ဆိုင်သည်။ သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားက မည်သူ့ကိုမျှ မေးခွန်းထုတ်ခြင်း၊ ချိုးဖောက်ခြင်း၊ ပြောင်းလဲခြင်း၊ သို့မဟုတ် ပုံစံပျက်အောင်ပြုလုပ်ခြင်းတို့ကို ခွင့်မပြုပေ။ အမှုအရာများ အားလုံးနှင့် အကြောင်းအရာများ အားလုံးထဲတွင် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို- ဆိုလိုသည်မှာ ဘုရားသခင်၏ အမျက်ဒေါသနှင့် ဘုရားသခင်၏ သနားကရုဏာကို- အချိန်မရွေး၊ နေရာမရွေးတွင် ထုတ်ဖော်ပြနိုင်သည်။ သူသည် ဤရှုထောင့်များကို ဖန်ဆင်းခြင်း၏ နေရာတိုင်းတွင် အသက်ပါစွာ ဖော်ပြပြီး ၎င်းတို့ကို အချိန်တိုင်းတွင် အသက်ပါတက်ကြွမှုဖြင့် အကောင်အထည်ဖော်၏။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် အချိန်၊ သို့မဟုတ် နေရာတို့၏ ကန့်သတ်ထားခြင်းကို မခံရပေ။ တစ်နည်းပြောရလျှင် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို အချိန်၊ သို့မဟုတ် နေရာတို့၏ ဘောင်ခတ်သတ်မှတ်ချက်များအရ စက်ယန္တရားဆန်ဆန် ဖော်ပြခြင်းလည်း မဟုတ်၊ ထုတ်ဖော်ခြင်းလည်း မဟုတ်ဘဲ ထိုအစား အချိန်တိုင်း နေရာတိုင်း၌ ပကတိလွတ်လပ်မှုဖြင့် ထုတ်ဖော်ဖွင့်ပြခြင်းဖြစ်သည်။ ဘုရားသခင်က သူ၏နှလုံးသားကို ပြောင်းလဲပြီး သူ၏အမျက်ဒေါသအား ဖော်ပြခြင်းကို ရပ်တန့်ကာ နိနေဝေမြို့အား မဖျက်ဆီးဘဲ စိတ်ချုပ်တည်းလိုက်ခြင်းကို သင်မြင်သည့်အခါ ဘုရားသခင်သည် သနားကရုဏာ၊ မေတ္တာနှင့်သာ ပြည့်စုံသည်ဟု သင်ဆိုနိုင်သလော။ ဘုရားသခင်၏ အမျက်ဒေါသတွင် အနှစ်မရှိသည့် စကားလုံးများသာလျှင် ပါဝင်သည်ဟု သင်ဆိုနိုင်သလော။ ဘုရားသခင်သည် ပြင်းထန်သည့် အမျက်ဒေါသဖြင့် ဒေါသူပုန်ထပြီး သူ၏သနားကရုဏာကို ရုပ်သိမ်းလိုက်သောအခါ လူသားမျိုးနွယ်အပေါ် သူသည် စစ်မှန်စွာမချစ်ဟု သင်ဆိုနိုင်သလော။ လူတို့၏ ဆိုးယုတ်သည့် လုပ်ရပ်များကို တုံ့ပြန်သည့်အနေနှင့် ပြင်းထန်သည့် ဤအမျက်ဒေါသကို ဘုရားသခင်ဖော်ပြ၏။ သူ၏အမျက်ဒေါသသည် ခြောက်ပြစ်ကင်း၏။ ဘုရားသခင်၏ နှလုံးသားသည် လူတို့၏ နောင်တကြောင့် တို့ထိခံရသည်။ သူ၏နှလုံးသားကို ပြောင်းလဲစေသည်မှာလည်း ဤနောင်တပင် ဖြစ်သည်။ သူတို့ထိခံရသည့်အခါ၊ သူ၏နှလုံးသားပြောင်းလဲသည့်အခါ၊ ထို့ပြင် လူသားအပေါ် သူ၏သနားကရုဏာနှင့် သည်းခံခြင်းတို့ကို ပြသသည့်အခါ ဤအရာအားလုံးသည် လုံးလုံးလျားလျား ခြောက်ပြစ်ကင်း၏။ ၎င်းတို့သည် သန့်ရှင်း၍ ဖြူစင်ကာ ပြစ်မျိုးမှဲ့မထင်ဖြစ်ပြီး အရောအနှောကင်း၏။ ဘုရားသခင်၏ သနားကရုဏာက သနားကရုဏာမှလွဲ၍ အခြားဘာမျှ မဟုတ်သကဲ့သို့ ဘုရားသခင်၏ သည်းခံခြင်းသည်လည်း သည်းခံခြင်းသက်သက်သာဖြစ်သည်။ လူသား၏နောင်တနှင့် လူသားအပြုအမူ၏ အပြောင်းအလဲများနှင့်အညီ သူ၏စိတ်သဘောထားသည် အမျက်ဒေါသ၊ သို့မဟုတ် သနားကရုဏာနှင့် သည်းခံမှုတို့ကို ထုတ်ဖော်ပြ၏။ သူ့အနေဖြင့် မည်သည့်အရာကိုပင် ထုတ်ဖော်ပြီး ဖွင့်ပြသည်ဖြစ်စေ အားလုံးက သန့်စင်ပြီး တိုက်ရိုက်ဖြစ်သည်။ သူ၏အနှစ်သာရသည် ဖန်ဆင်းခြင်းထဲရှိ အနှစ်သာရအားလုံးနှင့် ကွဲပြား၏။ ဘုရားသခင်သည် သူ့လုပ်ဆောင်ချက်များ၏အောက်ခြေရှိ အခြေခံမူများကို ဖော်ပြသည့်အခါ ၎င်းတို့သည် ချို့ယွင်းချက်များ၊ သို့မဟုတ် အပြစ်အနာအဆာများ ကင်း၏၊ ထို့ပြင် သူ၏အတွေးများ၊ စိတ်ကူးများအပြင် သူချမှတ်သည့် ဆုံးဖြတ်ချက် တစ်ခုစီတိုင်းနှင့် သူပြုသည့် လုပ်ဆောင်ချက်တစ်ခုစီတိုင်းသည်လည်း ထိုကဲ့သို့ပင် ဖြစ်သည်။ ဘုရားသခင်က ထိုကဲ့သို့ ဆုံးဖြတ်ပြီး ထိုကဲ့သို့ လုပ်ဆောင်သောကြောင့် သူ၏လုပ်ငန်းများကိုလည်း ထိုကဲ့သို့ ပြည့်စုံစေသည်။ သူ့လုပ်ငန်းများ၏ရလဒ်များက မှန်ကန်ပြီး ပြောစရာမရှိသည်မှာ ၎င်းတို့၏ အရင်းအမြစ်က ချို့ယွင်းချက်ကင်းပြီး အပြစ်အနာအဆာကင်းသည့် အကြောင်းရင်းအတိအကျကြောင့်ဖြစ်သည်။ ဘုရားသခင်၏ အမျက်ဒေါသသည် ခြောက်ပြစ်ကင်း၏။ အလားတူပင် မည်သည့်ဖန်ဆင်းခံမျှ မပိုင်သည့် ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံခြင်းတို့သည်လည်း သန့်ရှင်းပြီး ခြောက်ပြစ်ကင်းကာ တွေးတောသုံးသပ်ခြင်းနှင့် တွေ့ကြုံခံစားခြင်းတို့ကို ကြံ့ကြံ့ခံနိုင်သည်။
နိနေဝေဇာတ်လမ်းကို နားလည်ပြီးနောက် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ အနှစ်သာရ၏ အခြားဘက်ကို သင်တို့မြင်ကြသလော။ ဘုရားသခင်၏ အတုမရှိသည့် ဖြောင့်မတ်သော စိတ်သဘောထား၏ အခြားဘက်ကို မြင်သလော။ ဤစိတ်သဘောထားမျိုးကို လူသားမျိုးနွယ်ထဲ၌ ပိုင်ဆိုင်သောသူရှိသလော။ ဘုရားသခင်၏ အမျက်ဒေါသဖြစ်သည့် ဤအမျက်ဒေါသမျိုးကို ပိုင်ဆိုင်သောသူ ရှိသလော။ ဘုရားသခင်ပိုင်ဆိုင်သော အရာဖြစ်သည့် သနားကရုဏာနှင့် သည်းခံခြင်းကို ပိုင်ဆိုင်သောသူ ရှိသလော။ ဖန်ဆင်းခံများထဲမှ မည်သူက ထိုမျှလောက် ကြီးမားသော အမျက်ဒေါသကို စေ့ဆော်နိုင်ပြီး လူသားမျိုးနွယ်ကို ဖျက်ဆီးရန်၊ သို့မဟုတ် ဘေးဒုက္ခကျရောက်စေရန် ဆုံးဖြတ်နိုင်သနည်း။ ထို့ပြင် လူသားအပေါ် သနားကရုဏာကို ချပေးသနားဖို့၊ သည်းခံဖို့၊ ခွင့်လွှတ်ဖို့နှင့် ထိုသို့အားဖြင့် လူသားကိုဖျက်ဆီးရန် ယခင်ကဆုံးဖြတ်ချက်ကို ပြောင်းလဲဖို့ မည်သူက အရည်အချင်းမီသနည်း။ ဖန်ဆင်းရှင်သည် သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို သူ၏ကိုယ်ပိုင်အတုမရှိသည့် နည်းလမ်းများနှင့် အခြေခံမူများမှတစ်ဆင့် ဖော်ပြသည်။ လူများ၊ အဖြစ်အပျက်များ၊ သို့မဟုတ် အကြောင်းအရာများ၏ ထိန်းချုပ်မှုကိုသော်လည်းကောင်း၊ ကန့်သတ်မှုများကိုသော်လည်းကောင်း သူမခံရပေ။ သူ၏ အတုမရှိသည့် စိတ်သဘောထားကြောင့် သူ၏အတွေးများနှင့် စိတ်ကူးများကို မည်သူကမျှ မပြောင်းလဲနိုင်သကဲ့သို့ သူ့ကို ဖျောင်းဖျပြီး သူ၏ဆုံးဖြတ်ချက် တစ်ခုတလေကို ပြောင်းလဲစေရန်လည်း မည်သူမျှမလုပ်နိုင်ပေ။ ဖန်ဆင်းခြင်းအားလုံး၌ တည်ရှိသည့် အပြုအမူနှင့် အတွေးအလုံးစုံသည် သူ၏ဖြောင့်မတ်သည့် စိတ်သဘောထား၏ တရားစီရင်မှုအောက်၌ တည်ရှိသည်။ အမျက်ဒေါသကို သူကျင့်သုံးမည်လော၊ သနားကရုဏာကို သူကျင့်သုံးမည်လောဆိုသည်ကို မည်သူကမျှ မထိန်းချုပ်နိုင်ပေ။ ဖန်ဆင်းရှင်၏ အနှစ်သာရသာလျှင်၊ သို့မဟုတ် တစ်နည်းပြောရပါက ဖန်ဆင်းရှင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကသာလျှင် ၎င်းကို ဆုံးဖြတ်နိုင်သည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ အတုမရှိသည့် သဘာဝဖြစ်သည်။
နိနေဝေမြို့သားတို့အပေါ် ဘုရားသခင်၏ သဘောထား ပြောင်းလဲခြင်းကို ခွဲခြမ်းစစ်ဆေးပြီး နားလည်ခြင်းမှတစ်ဆင့် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားအတွင်း၌ တွေ့ရသည့် သနားကရုဏာကို ဖော်ပြဖို့ရန် “အတုမရှိ” ဟူသည့်စကားလုံးကို သင်တို့အသုံးပြုနိုင်သလော။ ဘုရားသခင်၏ အမျက်ဒေါသသည် သူ၏အတုမရှိ ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ အနှစ်သာရ၏ ရှုထောင့်တစ်ခုဖြစ်သည့်အကြောင်းကို ယခင်က ပြောခဲ့သည်။ ယခု ဘုရားသခင်၏ အမျက်ဒေါသနှင့် ဘုရားသခင်၏ သနားကရုဏာဖြစ်သည့် ရှုထောင့်နှစ်ခုကို သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားအနေနှင့် ငါအဓိပ္ပာယ်ဖွင့်ဆိုမည်။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် သန့်ရှင်းသည်။ ၎င်းသည် ထိပါးစော်ကားခြင်းကိုသော်လည်းကောင်း၊ မေးခွန်းထုတ်ခြင်းကိုသော်လည်းကောင်း သည်းမခံပေ။ ၎င်းသည် ဖန်ဆင်းခံ၊ သို့မဟုတ် ဖန်ဆင်းခံမဟုတ်သည့် သတ္တဝါများထဲ၌ မည်သူကမျှ မပိုင်ဆိုင်သည့် အရာဖြစ်သည်။ နှစ်ခုစလုံးက ဘုရားသခင်အတွက် အတုမရှိဖြစ်ပြီး အထူးသီးသန့်ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ အမျက်ဒေါသသည် သန့်ရှင်းပြီး ထိပါးစော်ကား၍မရနိုင်ပေ။ ထိုနည်းတူပင် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ အခြားရှုထောင့်တစ်ခုဖြစ်သည့် ဘုရားသခင်၏ သနားကရုဏာသည် သန့်ရှင်းပြီး ထိပါးစော်ကား၍ မရနိုင်ပေ။ ဖန်ဆင်းခံ၊ သို့မဟုတ် ဖန်ဆင်းခံမဟုတ်သည့် မည်သည့်သတ္တဝါမဆို ဘုရားသခင်၏လုပ်ဆောင်ချက်များထဲ၌ သူ့ကို အစားထိုး၍သော်လည်းကောင်း၊ ကိုယ်စားပြု၍သော်လည်းကောင်း မရနိုင်သကဲ့သို့ သောဒုံမြို့ကို ဖျက်ဆီးခြင်း၌၊ သို့မဟုတ် နိနေဝေမြို့ကို ကယ်တင်ခြင်း၌ မည်သူကမျှ သူ့ကို အစားထိုး၍သော်လည်းကောင်း၊ ကိုယ်စားပြု၍သော်လည်းကောင်း မရနိုင်ခဲ့ပေ။ ဤသည်မှာ ဘုရားသခင်၏ အတုမရှိ ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ စစ်မှန်သည့် ဖော်ပြချက်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)
(၅၆၅) နိနေဝေမြို့သည် သောဒုံ၌ ရှိသောသူများကဲ့သို့ ဖောက်ပြန်ပျက်စီးသော၊ ဆိုးယုတ်၍ ရုန့်ရင်းကြမ်းကြုတ်သော လူများနှင့် ပြည့်နေခဲ့လင့်ကစား၊ သူတို့၏နောင်တက ဘုရားသခင်၏နှလုံးသားကို ပြောင်းလဲစေခဲ့ပြီး သူတို့ကို မဖျက်ဆီးရန် ဆုံးဖြတ်စေခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ညွှန်ကြားချက်များကို သူတို့၏သဘောထားပုံက သောဒုံမြို့သားများနှင့် သိသိသာသာ ကွာခြားသော သဘောထားတစ်ခုကို ထင်ထင်ရှားရှား ပြသောကြောင့်လည်းကောင်း၊ ထို့နောက် ဘုရားသခင်ထံ သူတို့၏ ရိုးသားသော နာခံခြင်းနှင့် သူတို့၏အပြစ်များအတွက် ရိုးသားသော နောင်တရခြင်းအပြင်၊ အဖက်ဖက်၌ သူတို့၏ စစ်မှန်၍ လှိုက်လှဲသော အပြုအမူများကြောင့်လည်းကောင်း၊ ဘုရားသခင်သည် သူ၏ လှိုက်လှဲသော သနားခြင်းကို နောက်တစ်ကြိမ် ပြခဲ့ပြီး ယင်းကို သူတို့အပေါ် နှင်းအပ်ခဲ့သည်။ လူသားမျိုးနွယ်အပေါ် ဘုရားသခင်နှင်းအပ်ပေးသောအရာနှင့် လူသားမျိုးနွယ်အတွက် သူ၏သနားခြင်းကို အဘယ်သူမျှ တုပရန်မဖြစ်နိုင်ပေ၊ ဘုရားသခင်၏ သနားကရုဏာ၊ သို့မဟုတ် သည်းခံခြင်းကိုဖြစ်စေ၊ လူသားမျိုးနွယ်အပေါ် သူ၏စစ်မှန်သော ခံစားချက်များကိုဖြစ်စေ အဘယ်ပုဂ္ဂိုလ်ကမျှ မပိုင်ဆိုင်နိုင်ချေ။ မြင့်မားသောအဆင့်မှဆိုပါက ကြီးမြတ်သော လူယောက်ျား၊ သို့မဟုတ် လူမိန်းမကဲ့သို့ ပြောဆိုမည့်သူ၊ သို့တည်းမဟုတ် အမြင့်ဆုံးအဆင့်မှဆိုပါက လူသားမျိုးနွယ်၊ သို့မဟုတ် ဖန်ဆင်းရာများအပေါ် ဤကဲ့သို့သော ထုတ်ပြန်ချက်မျိုး ပြုလုပ်မည့် ကြီးမြတ်သော လူယောက်ျား၊ သို့မဟုတ် လူမိန်းမ၊ သို့တည်းမဟုတ် အာဂလူဟုပင် သင်မှတ်ယူသည့်လူ တစ်စုံတစ်ယောက် ရှိသလော။ လူသားမျိုးနွယ်တွင် မည်သူသည် လူ့လောက၏ အသက်ရှင်မှု အနေအထားများကို မိမိလက်ဖဝါးကဲ့သို့ သိနိုင်သနည်း။ လူ့လောက၏ ဖြစ်တည်ခြင်းအတွက် မည်သူသည် ဝန်တာထားကာ တာဝန်ယူနိုင်သနည်း။ မြို့တစ်မြို့ဖျက်ဆီးခြင်းကို ကြေညာရန် မည်သူသည် အရည်အချင်းမီသနည်း။ ထို့ပြင် မြို့တစ်မြို့ကို ခွင့်လွှတ်ရန် မည်သူသည် အရည်အချင်းမီသနည်း။ သူတို့ကိုယ်တိုင်ဖန်ဆင်းရာကို သူတို့ချစ်ခင်မြတ်နိုးသည်ဟု မည်သူဆိုနိုင်သနည်း။ ဖန်ဆင်းရှင်သာလျှင် ဖြစ်၏။ ဖန်ဆင်းရှင်သာလျှင် ဤလူသားမျိုးနွယ်အပေါ် ကြင်နာယုယခြင်း ထားသည်။ ဖန်ဆင်းရှင်သာလျှင် ဤလူသားမျိုးနွယ်ကို သိမ်မွေ့ခြင်းနှင့် ချစ်ခင်ကြင်နာခြင်းကို ပြသည်။ ဖန်ဆင်းရှင်သာလျှင် ဤလူသားမျိုးနွယ်အတွက် စစ်မှန်၍ မချိုးနှိမ်နိုင်သော ချစ်ခင်ကြင်နာခြင်း စွဲကိုင်ထားသည်။ ထိုနည်းတူပင် ဖန်ဆင်းရှင်သာလျှင် ဤလူသားမျိုးနွယ်အပေါ် သနားကရုဏာနှင်းအပ်နိုင်ကာ မိမိ၏ဖန်ဆင်းရာအားလုံးကို ချစ်ခင်မြတ်နိုးနိုင်သည်။ သူ၏နှလုံးသားသည် လူသား၏လုပ်ရပ်တစ်ခုစီတိုင်းတွင် ခုန်ပေါက်၍ နာကျင်သည်၊ လူသား၏ ဆိုးယုတ်မှုနှင့် ဖောက်ပြန်ပျက်စီးမှုအပေါ် သူသည် ဒေါသထွက်ကာ သောကရောက်ပြီး ဝမ်းနည်းကြေကွဲသည်၊ လူသား၏ နောင်တနှင့် ယုံကြည်မှုအတွက် သူသည် ကျေနပ်ကာ ပျော်ရွှင်၍ ခွင့်လွှတ်ပြီး ဂုဏ်ယူဝင့်ကြွားသည်၊ သူ၏အတွေးများနှင့် စိတ်ကူးများ တစ်ခုစီတိုင်းသည် လူသားမျိုးနွယ်အတွက် ဖြစ်တည်နေ၍ လူသားကို ဗဟိုပြုနေသည်၊ သူ၏ ဖြစ်ခြင်းနှင့် အရာအားလုံးကို လူသားမျိုးနွယ်အတွက်သာလျှင် ဖော်ပြထားသည်၊ သူ၏ခံစားချက်တစ်ခုလုံးသည် လူသားမျိုးနွယ်၏ ဖြစ်တည်မှုနှင့်အတူ ရောယှက်နေသည်။ လူသားမျိုးနွယ်အဖို့အလို့ငှာ သူသည်သွားလာပြီး အပူတပြင်းလုပ်ဆောင်သည်၊ သူသည် သူ့အသက်၏ အပိုင်းအစတိုင်းကို တိတ်တိတ်ဆိတ်ဆိတ် ထုတ်လွှတ်ပေးသည်၊ သူသည် သူ့အသက်၏ မိနစ်တိုင်း၊ စက္ကန့်တိုင်းကို ဆက်ကပ်ထားသည်။...သူသည် မိမိကိုယ်တိုင်၏အသက်ကို နှမြောရကောင်းမှန်း လုံးဝမသိခဲ့ပေ၊ သို့သော်လည်း သူသည် သူကိုယ်တိုင်ဖန်ဆင်းခဲ့သော လူသားမျိုးနွယ်ကို အမြဲချစ်ခင်မြတ်နိုးခဲ့သည်။...သူသည် ဤလူ့လောကအတွက် သူ၌ရှိသမျှအားလုံးကို ပေးအပ်သည်။...သူသည် သူ၏သနားကရုဏာနှင့် သည်းခံခြင်းကို ဆုလာဘ်အတွက် မျှော်လင့်ချက်မပါဘဲ အကြွင်းမဲ့ချပေးသည်။ လူသားမျိုးနွယ်က သူ၏အသက်ထောက်ပံ့ခြင်းကို ရရှိပြီး၊ သူ့မျက်စိရှေ့တွင် ဆက်လက်အသက်ရှင် ရပ်တည်နိုင်ရန်အတွက်သာ သူဤသို့ပြုလုပ်သည်။ လူသားမျိုးနွယ်အနေဖြင့် တစ်နေ့တွင် သူ၏ရှေ့မှောက်၌ ကျိုးနွံနာခံကာ၊ သူသာလျှင် လူသား၏ဖြစ်တည်မှုကို အာဟာရဖြစ်စေပြီး ဖန်ဆင်းရာအားလုံး၏ အသက်ကို ဖြည့်စွမ်းပေးသောသူဖြစ်ကြောင်း သိရန်အလို့ငှာ သူဤသို့ ပြုလုပ်ခြင်းဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)
(၅၆၆) ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံခြင်းသည် ဧကန်အမှန် တည်ရှိသော်လည်း၊ ဘုရားသခင်သည် သူ၏ အမျက်ကို လွှတ်သည့်အချိန် ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့သည်လည်း ပြစ်မှားခြင်းကို သည်းခံမည် မဟုတ်သော ဘုရားသခင်၏ သဘောထားကို လူအား ပြသပေသည်။ လူသည် ဘုရားသခင်၏ ပညတ်များကို အပြည့်အဝ နာခံနိုင်စွမ်းရှိပြီး ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ပြုမူနိုင်စွမ်းရှိသည့်အခါ၊ ဘုရားသခင်သည် လူသားအပေါ် သူ၏ သနားကရုဏာ၌ အလျှံပယ်ဖြစ်လေသည်။ လူသည် ဖောက်ပြန်ပျက်စီးခြင်း၊ မုန်းတီးမှုနှင့် ကိုယ်တော့်ကို ရန်လိုမှုတို့ဖြင့် ပြည့်နှက်သည့်အခါတွင်၊ ဘုရားသခင်သည် အကြီးအကျယ် အမျက်ထွက်လေ၏။ သူသည် မည်သည့် အတိုင်းအတာအထိ အကြီးအကျယ် အမျက်ထွက်သနည်း။ ဘုရားသခင်သည် လူ၏ အတိုက်အခံပြုခြင်းနှင့် မကောင်းမှု ဒုစရိုက်များကို မမြင်ရတော့သည်အထိ၊ ၎င်းတို့သည် သူ၏မျက်စိရှေ့မှောက်တွင် မရှိကြတော့သည့်အထိ သူ၏အမျက်သည် ရှည်ကြာလိမ့်မည်။ ထို့နောက်တွင်မှ ဘုရားသခင်၏ အမျက်ဒေါသသည် ကွယ်ပျောက်လိမ့်မည်။ တစ်နည်းအားဖြင့် လူသည် မည်သူဖြစ်ပါစေ၊ အကယ်၍ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်နှင့် ဝေးကွာလာပြီး ဘုရားသခင်ထံမှ လှည့်ထွက်သွားကာ၊ မည်သည့်အခါမျှ ပြန်လာခြင်းမရှိပါက၊ တွေ့မြင်ရသည်မှာ သို့မဟုတ် ၎င်းတို့၏ ဓမ္ဓဓိဌာန်မကျသော လိုအင်များအရ၊ ၎င်းတို့သည် မိမိတို့၏ ခန္ဓာကိုယ် သို့မဟုတ် မိမိတို့၏ အတွေးတွင် ဘုရားသခင်ကို မည်သို့ ကိုးကွယ်ကာ လိုက်လျှောက်ပြီး နာခံရန် ဆန္ဒရှိကြသည်ဖြစ်စေ၊ ဘုရားသခင်၏ အမျက်သည် မရပ်မနား ပွင့်အန်ထွက်မည် ဖြစ်သည်။ ယင်းမှာ လူကို လုံလောက်သော အခွင့်အရေးများ ပေးထားလျက်၊ ဘုရားသခင်သည် သူ၏ အမျက်ဒေါသကို အလွန်အမင်း ထုတ်လွှတ်သည့်အခါတွင်၊ ထုတ်လွှတ်သည်နှင့်တစ်ပြိုင်နက် ပြန်ရုပ်သိမ်းခြင်းငှာ မည်သို့မျှ ဖြစ်နိုင်မည်မဟုတ်သကဲ့သို့၊ သူသည် ထိုသို့သော လူသားမျိုးနွယ်နှင့် သက်ဆိုင်၍၊ တစ်ဖန် လုံးဝ သနားကရုဏာနှင့် သည်းခံခြင်း ရှိမည် မဟုတ်ပေ။ ဤသည်မှာ ပုန်ကန်ပြစ်မှားခြင်းကို သည်းမခံသည့် ဘုရားသခင်၏ စိတ်သဘောထား၏ တစ်ဘက်ခြမ်း ဖြစ်သည်။...သူသည် ကြင်နာမှုရှိကာ လှပပြီး ကောင်းမြတ်သောအရာများအပေါ် သည်းခံပြီး သနားကရုဏာ ရှိသည်။ ဆိုးယုတ်ပြီး အပြစ်နှင့်ပြည့်ကာ ကောက်ကျစ်သော အရာများအပေါ် သူသည် အကြီးအကျယ် အမျက်ထွက်သည်မှာ သူ၏အမျက်၌ မရပ်စဲနိုင်လောက်အောင် ဖြစ်ပေသည်။ ဤသည်တို့မှာ ဘုရားသခင်၏ စိတ်သဘောထား၏ အဓိကကျပြီး အရေးပါဆုံးသော ရှုထောင့်နှစ်ခု- အလျှံပယ်ဖြစ်သော သနားကရုဏာနှင့် အလွန် လေးနက်သော အမျက်ဒေါသ- ဖြစ်သည့်အပြင်၊ ဘုရားသခင်သည် ၎င်းတို့ကို အစမှအဆုံး ထုတ်ဖော်ပြခဲ့ပြီးဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)
(၅၆၇) လူများက ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရားသခင် ဖြစ်ပြီး လူသည် အဆုံးထိ ဘုရားသခင်နောက်သို့ လိုက်သမျှ ကာလပတ်လုံး၊ ဘုရားသခင်သည် အဖြောင့်မတ်ဆုံး ဖြစ်သည့်အတွက်၊ သူသည် လူသားအပေါ် ဧကန်မုချ သမာသမတ်ကျလိမ့်မည်ဟု ဆိုကြသည်။ လူသည် အဆုံးထိ သူ့နောက်သို့ လိုက်ပါက၊ ဘုရားသခင်သည် လူသားကို ဘေးဖယ်ထားနိုင်မည်လော။ ငါသည် လူသားအားလုံးအပေါ် သမာသမတ်ကျကာ လူအားလုံးအား ငါ၏ ဖြောင့်မတ်သော စိတ်သဘောထားဖြင့် တရားစီရင်သည်၊ သို့သော် လူသားနှင့်သက်ဆိုင်သည့် ငါပြုသော သတ်မှတ်ချက်များအဖို့ သင့်လျော်သည့် အခြေအနေများရှိပြီး၊ ၎င်းတို့ မည်သူဖြစ်သည်ကို ပဓာနမထားဘဲ၊ ငါတောင်းဆိုသောအရာကို လူသားအားလုံး ပြီးမြောက်ရမည်။ သင်၏ အရည်အချင်းများ မည်သို့ရှိသည် သို့မဟုတ် ယင်းတို့ကို သင် မည်မျှကြာ ကိုင်စွဲပြီးဖြစ်သည် ဆိုသည်ကို ငါ ဂရုမစိုက်ပေ။ သင်သည် ငါ၏ လမ်းခရီး၌ လျှောက်လှမ်းခြင်း ရှိမရှိဆိုသည်နှင့် သမ္မာတရားကို သင်ချစ်ခြင်း သို့မဟုတ် ဆာငတ်ခြင်း ရှိမရှိဆိုသည်တို့ကိုသာ ငါ ဂရုစိုက်သည်။ သင်သည် သမ္မာတရားမရှိဘဲ၊ ယင်းအစား ဂရုစိုက်ခြင်း သို့မဟုတ် အလေးထားခြင်းမရှိဘဲ လိုက်လျှောက်ရုံမျှ လိုက်လျှောက်ရင်း၊ ငါ၏ အမည်နာမကို အရှက်ရစေကာ ငါ၏လမ်းခရီးအတိုင်း မပြုမူပါက၊ ထိုအချိန်တွင် ငါသည် သင့်ကို ဒဏ်ခတ်မည်ဖြစ်ပြီး၊ သင်၏မကောင်းမှုအတွက် သင့်ကို ငါ အပြစ်ပေးမည်၊ ထိုအခါ သင်သည် ပြောစရာ မည်သည့်အရာ ရှိလိမ့်မည်နည်း။ ဘုရားသခင်သည် မဖြောင့်မတ်ဟု သင်ပြောနိုင်လိမ့်မည်လော။ ယနေ့တွင် ငါပြောပြီးသော စကားများကို သင် အသုံးပြုပါက၊ သင်သည် ငါလက်ခံသော လူစားမျိုးဖြစ်လိမ့်မည်။ ဘုရားသခင် နောက်လိုက်စဉ်တွင်၊ သင်သည် အမြဲ ဒုက္ခဆင်းရဲ ခံစားရသည်၊ သင်သည် သူ့နောက်သို့ အေးအတူပူအမျှ လိုက်လျှောက်ပြီး ဖြစ်ကာ၊ သူနှင့် အကောင်း အဆိုး အတူဝေမျှခံစားပြီးဖြစ်သည်ဟု သင်ဆိုသော်လည်း၊ သင်သည် ဘုရားသခင်ပြောခဲ့သည့် စကားများကို အသက်ရှင်နေထိုင်ခြင်း မရှိလေပြီ။ နေ့ရက်တိုင်းတွင် သင်သည် ဘုရားသခင်အတွက် အလုပ်များကာ ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံရန်သာ ဆန္ဒရှိပြီး၊ အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်နေထိုင်ရန် ဘယ်သောအခါမျှ သင် မစဉ်းစားဖူးပေ။ သင်က “မည်သို့ဆိုစေ၊ ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ကျွန်ုပ် ယုံကြည်သည်။ ကျွန်ုပ် သူ့အတွက် ဒုက္ခဆင်းရဲခံပြီးဖြစ်သည်၊ သူ့အတွက် အလုပ်များပြီးဖြစ်သကဲ့သို့၊ ကျွန်ုပ်ကိုယ်ကျွန်ုပ် သူ့အတွက် ဆက်ကပ် အပ်နှံထားပြီးဖြစ်ကာ၊ မည်သည့် အသိအမှတ်ပြုခြင်းကိုမျှ မရရှိသော်လည်း၊ ကျွန်ုပ် ကြိုးစားလုပ်ဆောင်ပြီးဖြစ်သည်။ သူသည် ကျွန်ုပ်ကို အောက်မေ့သတိရမည်မှာ သေချာပါသည်” ဟုလည်း သင်ပြောသည်။ ဘုရားသခင် ဖြောင့်မတ်သည်မှာ အမှန်ဖြစ်၏။ သို့သော် ဤ ဖြောင့်မတ်ခြင်းသည် မည်သည့် မစင်ကြယ်ခြင်းနှင့်မျှ မစွန်းထင်းသကဲ့သို့၊ ယင်းသည် လူသားတို့၏ အလိုဆန္ဒ မပါရှိပေ၊ ပြီးလျှင် ဇာတိပကတိ သို့မဟုတ် လူသား၏ ကိစ္စတို့ဖြင့် စွန်းထင်းခြင်း မရှိပေ။ ပုန်ကန်တတ်ပြီး ဆန့်ကျင်သောသူအားလုံး၊ သူ၏လမ်းခရီးကို မလိုက်နာသောသူအားလုံးသည် အပြစ်ပေးခံရလိမ့်မည်။ မည်သူမျှ ခွင့်လွှတ်ခြင်းကို မခံရသကဲ့သို့၊ မည်သူ့ကိုမျှ ချမ်းသာမပေးပေ။ လူအချို့က “ယနေ့တွင် ကိုယ်တော့်အတွက် ကျွန်ုပ် အလုပ်များပါ၏။ အဆုံးသတ်ရောက်သောအခါ၊ ကျွန်ုပ်အား ကောင်းချီးအနည်းငယ် ပေးနိုင်ပါမည်လော” ဟု ဆိုသည်။ သို့ဆိုလျှင် သင့်ကို ငါမေးမည်၊ “သင်သည် ငါ့နှုတ်ကပတ်တော်များကို လိုက်နာစောင့်ထိန်းပြီးပြီလော။” သင်ပြောဆိုသော ဖြောင့်မတ်မှုသည် အရောင်းအဝယ် တစ်ခုအပေါ် မှီတည်နေသည်။ ငါသည် ဖြောင့်မတ်ပြီး လူသားအားလုံးအပေါ် သမာသမတ်ကျကာ တကယ့်အဆုံးထိ ငါ့နောက်လိုက်သူအားလုံးသည် ကယ်တင်ခြင်းကို ခံရပြီး ငါ၏ ကောင်းချီးမင်္ဂလာများကို ရရှိဖို့ သေချာသည်ဟုသာ သင်ထင်သည်။ “တကယ့်အဆုံးထိ ငါ့နောက်သို့ လိုက်သောသူ အားလုံးသည် ကယ်တင်ခံရဖို့ သေချာသည်” ဟူသော ငါ့နှုတ်ကပတ်တော်များတွင် သိုဝှက်သော အဓိပ္ပာယ်ရှိသည်- တကယ့်အဆုံးထိ ငါ့နောက်သို့ လိုက်သောသူတို့သည် ငါ၏ အပြည့်အဝ ရယူခြင်း ခံရမည့်သူများ ဖြစ်သည်၊ ၎င်းတို့သည် ငါ၏ သိမ်းပိုက်ခြင်းခံရပြီးနောက် သမ္မာတရားကို ရှာဖွေကာ စုံလင်စေခြင်း ခံကြရသူများဖြစ်သည်။ မည်သည့် သတ်မှတ်ချက်များကို သင် စွမ်းဆောင်ရရှိပြီး ပြီနည်း။ သင်သည် တကယ့်အဆုံးထိ ငါ့နောက်လိုက်ခြင်းကိုသာ စွမ်းဆောင်ရရှိပြီး ဖြစ်သည်၊ သို့သော် အခြားမည်သည့်အရာရှိသေးသနည်း။ ငါ့စကားများကို သင် လိုက်နာစောင့်ထိန်းပြီးပြီလော။ သင်သည် ငါ၏ သတ်မှတ်ချက် ငါးခုထဲမှ တစ်ချက်ကိုပြီးမြောက်ပြီးဖြစ်သော်လည်း၊ ကျန်ရှိသော လေးချက်ကို ပြီးမြောက်ရန် သင် မည်သည့် ရည်ရွယ်ချက်မျှ မရှိပေ။ သင်သည် အရိုးရှင်းဆုံး၊ အလွယ်ကူဆုံးလမ်းကိုသာ တွေ့ရှိပြီးဖြစ်ကာ၊ ကံကောင်းဖို့သာ မျှော်လင့်နေသည့် သဘောထားတစ်ခုဖြင့် ယင်းကို လိုက်စားပြီး ဖြစ်သည်။ သင်ကဲ့သို့သော ထိုလူတစ်ဦးအပေါ် ငါ၏ ဖြောင့်မတ်သော စိတ်သဘောထားသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းထဲမှ တစ်ခု ဖြစ်သည်။ ယင်းသည် ဖြောင့်မတ်သော ဒဏ်ခတ်ခံခြင်းတစ်ခုဖြစ်ပြီး ယင်းသည် မကောင်းမှု ပြုလုပ်သူအားလုံးနှင့်ဆိုင်သည့် ဖြောင့်မတ်သော ပြစ်ဒဏ်ပေးခြင်း ဖြစ်သည်။ ငါ့လမ်း၌ မလျှောက်လှမ်းသော သူအားလုံးသည် တကယ့်အဆုံးထိ ၎င်းတို့လိုက်လျှောက်လျှင်ပင် ဧကန်မုချ အပြစ်ပေး ခံရလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ဖြစ်၏။ ဤဖြောင့်မတ်သော စိတ်သဘောထားကို လူသားအား ပြစ်ဒဏ်ပေးရာတွင် ဖော်ပြသည့်အခါ၊ လူသားသည် မှင်တက်ကာ၊ ဘုရားသခင် နောက်သို့လိုက်စဉ် ဘုရားသခင်၏လမ်းခရီး၌ မလျှောက်ခဲ့သည်ကို သူနောင်တရလိမ့်မည်။ “ထိုအချိန်တွင်၊ ဘုရားသခင် နောက်လိုက်စဉ် ငါသည် အနည်းငယ်သာ ဒုက္ခခံစားခဲ့သော်လည်း ဘုရားသခင်၏လမ်းခရီး၌ မလျှောက်လှမ်းခဲ့ပါ။ မည်သည့်ဆင်ခြေများ ရှိသနည်း။ ပြစ်တင်ဆုံးမခံရခြင်းမှလွဲ၍ အခြားရွေးချယ်စရာမရှိပါ။” သို့တိုင် သူ့စိတ်ထဲတွင် သူက၊ “မည်သို့ပင်ဆိုစေ၊ တကယ့်အဆုံးထိ ကျွန်ုပ် လိုက်လျှောက်ပြီး ဖြစ်သည်။ ထို့ကြောင့် ကိုယ်တော် ကျွန်ုပ်ကို ပြစ်တင်ဆုံးမလျှင်ပင်၊ ယင်းသည် အလွန်ပြင်းထန်သော ပြစ်တင်ဆုံးမခြင်း မဖြစ်နိုင်သကဲ့သို့၊ ဤပြစ်တင်ဆုံးမမှုကို အရယူပြီးနောက် ကိုယ်တော်သည် ကျွန်ုပ်ကို အလိုရှိလိမ့်ဦးမည် ဖြစ်သည်။ ကိုယ်တော်သည် ဖြောင့်မတ်သကဲ့သို့၊ ကျွန်ုပ်အား ထိုနည်းဖြင့် အစဉ်ထာဝရ ဆက်ဆံလိမ့်မည် မဟုတ်သည်ကို ကျွန်ုပ် သိပါ၏။ အဆုံးတွင်တော့၊ ကျွန်ုပ်သည် ရှင်းထုတ်ခြင်း ခံရမည့် သူများနှင့် မတူပါ။ ရှင်းထုတ်ခြင်း ခံရမည့်သူများသည် ပြင်းထန်သော ပြစ်တင်ဆုံးမခြင်း တစ်ခုကို ရရှိလိမ့်မည်ဖြစ်သည်၊ ကျွန်ုပ်၏ ပြစ်တင်ဆုံးမခြင်းမှာမူ သာ၍ပေါ့ပါးလိမ့်မည်” ဟု တွေးနေပေသည်။ ဖြောင့်မတ်သော စိတ်သဘောထားသည် သင်ပြောသကဲ့သို့ မဟုတ်ပေ။ မိမိတို့ အပြစ်များကို ဝန်ခံရာတွင် တော်သည့်သူများကို သက်ညှာစွာ ဆက်ဆံသည်မှာ မဟုတ်ပေ။ ဖြောင့်မတ်ခြင်းသည် သန့်ရှင်းခြင်းဖြစ်ပြီး လူသား၏ ပုန်ကန်ပြစ်မှားမှုကို သည်းမခံသော စိတ်သဘောထားတစ်ခု ဖြစ်ကာ၊ ညစ်ညူးသော အရာများ နှင့် မပြောင်းလဲသောအရာများ အားလုံးသည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်း ခံရသော အရာဖြစ်သည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် ပညတ်ချက်မဟုတ်ဘဲ၊ စီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်ဖြစ်သည်- ယင်းသည် နိုင်ငံတော်အတွင်းရှိ စီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်ဖြစ်ပြီး၊ ဤစီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်သည် သမ္မာတရားကို မပိုင်ဆိုင်သကဲ့သို့၊ မပြောင်းလဲသေးသောသူ မည်သူမဆိုနှင့်ဆိုင်သည့် ဖြောင့်မတ်သော အပြစ်ပေးခြင်းဖြစ်ကာ၊ ကယ်တင်ခြင်းအတွက် အကန့်အသတ်အတိုင်းအတာ မရှိပေ။ အကြောင်းမှာ လူအသီးသီးသည် အမျိုးအစားအလိုက် ခွဲခြားသည့်အခါ၊ ကောင်းသောသူများသည် ဆုလာဘ်ချီးမြှင့်ခံရမည်ဖြစ်ပြီး ဆိုးယုတ်သောသူများသည် အပြစ်ပေးခြင်းကို ခံရမည်ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းသည် လူ၏ခရီးပန်းတိုင်ကို ရှင်းလင်းစေလိမ့်မည့် အချိန် ဖြစ်သည်။ ကယ်တင်ခြင်းအမှု အဆုံးသတ်မည့် အချိန်ဖြစ်သည်၊ ယင်းနောက်တွင် လူကိုကယ်တင်ခြင်း အမှုကို နောက်ထပ် လုပ်ဆောင်တော့မည်မဟုတ်သကဲ့သို့၊ ဒဏ်ခတ်ခံရခြင်းသည် မကောင်းမှုကို ကျူးလွန်သူတိုင်းအပေါ်သို့ ကျရောက်လိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ
(၅၆၈) ငါ့ကိုချစ်ပြီး မိမိကိုယ်ကို ငြင်းပယ်သူတို့အား ငါ၏သနားကရုဏာကို ဖော်ပြ၏။ သို့သော်လည်း ကောက်ကျစ်စဉ်းလဲသူတို့အပေါ် ကျရောက်သည့် အပြစ်ဒဏ်မှာ ငါ၏ဖြောင့်မတ်သော စိတ်သဘောထား၏ သက်သေအတိအကျဖြစ်ပြီး ငါ့အမျက်ဒေါသအား သက်သေခံချက် သာ၍ပင် ဖြစ်၏။ ဘေးဒုက္ခ ရောက်လာသည့်အခါ ငါ့ကိုဆန့်ကျင်သူ အားလုံးသည် ၎င်းတို့အပေါ် အငတ်ဘေးနှင့် ကပ်ဆိုးကျရောက်သည်နှင့်အမျှ ငိုကြွေးကြလိမ့်မည်။ ကောက်ကျစ် စဉ်းလဲမှုအမျိုးမျိုး ကျူးလွန်ခဲ့သော်လည်း ငါ့နောက်သို့ နှစ်ပေါင်းများစွာ လိုက်ခဲ့သူများသည် မိမိတို့၏အပြစ်များအတွက် ပေးဆပ်ရခြင်းမှ လွတ်မြောက်လိမ့်မည် မဟုတ်။ ၎င်းတို့သည်လည်း နှစ်သန်းပေါင်းများစွာ တစ်လျှောက်လုံး မြင်တွေ့ရခဲသော ဘေးဒုက္ခမျိုးထဲသို့ ထိုးဆင်း၍ စဉ်ဆက်မပြတ် ထိတ်လန့်တုန်လှုပ်၊ ကြောက်ရွံ့ခြင်း၌ အသက်ရှင်ရလိမ့်မည်။ ထို့အပြင် ငါ့အပေါ်၌ သစ္စာစောင့်သိမှုကို ပြသပြီးဖြစ်သော ငါ၏နောက်လိုက်များသည် ဝမ်းမြောက်၍ ငါ၏အစွမ်းသတ္တိကို ချီးမွမ်းကြလိမ့်မည်။ သူတို့သည် ပြောမပြနိုင်လောက်သော ရောင့်ရဲတင်းတိမ်မှုကို ကြုံတွေ့ရပြီး ယခင်က လူသားမျိုးနွယ်အပေါ် ငါမနှင်းအပ်ခဲ့ဖူးသော ဝမ်းမြောက်ခြင်းအလယ် အသက်ရှင်ကြလိမ့်မည်။ အကြောင်းမူကား ငါသည် လူသား၏ ကောင်းမွန်သော လုပ်ဆောင်ချက်များကို တန်ဖိုးထား၍ ၎င်းတို့၏ ဆိုးယုတ်သော လုပ်ဆောင်ချက်များကို စက်ဆုပ်သောကြောင့်ဖြစ်၏။ ငါသည် လူသားမျိုးနွယ်ကို စတင်ဦးဆောင်ခဲ့စဉ်မှစ၍ ငါ၏စိတ်တော်နှင့် တညီတညွတ်တည်းဖြစ်သော လူတစ်စုကိုရရှိရန် စိတ်အားထက်သန်စွာဖြင့် မျှော်လင့်နေခဲ့သည်။ သို့သော်လည်း ငါ၏စိတ်တော်နှင့် တညီတညွတ်တည်း မရှိသောသူတို့ကိုမူ ငါသည် မည်သည့်အခါမျှ မေ့လျော့ခြင်း မရှိပေ။ ထိုသူတို့အပေါ် အပြစ်ဒဏ်ခတ်ရန် အခွင့်အရေးကို မြင်တွေ့ရလျှင် ငါသည် သဘောတွေ့မည် ဖြစ်ပြီး၊ ယင်းအခွင့်အရေးကိုသာ စောင့်စားလျက် ငါ့နှလုံးသားထဲတွင် သူတို့ကို ငါအမြဲတစေ စက်ဆုပ်ရွံရှာ၏။ ယခု ငါ၏နေ့ရက်သည် နောက်ဆုံးတွင် ရောက်လာပြီဖြစ်ပြီး ငါသည် ဆက်လက် စောင့်ဆိုင်းရန် မလိုတော့ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့