(ဂ) ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ပတ်သက်၍

(၅၆၉) ဘုရားသခင်သည် အားလုံးထဲမှ ခေတ်နောက်အကျန်ဆုံးနှင့် အညစ်ညူးဆုံးသော နေရာတွင် လူ့ဇာတိခံလာခဲ့ပြီး ဘုရားသခင်သည် သူ၏ သန့်ရှင်းပြီး ဖြောင့်မတ်သော စိတ်သဘောထား အလုံးစုံကို ရှင်းရှင်းလင်းလင်း ပြသနိုင်သည်မှာ ဤနည်းဖြင့်သာ ဖြစ်သည်။ ပြီးလျှင် မည်သည့်အရာမှတစ်ဆင့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား ပြသခံရသနည်း။ ယင်းသည် လူသား၏ အပြစ်များကို သူ တရားစီရင်သည့်အချိန်၊ စာတန်ကို သူ တရားစီရင်သည့်အချိန်၊ အပြစ်ကို သူ စက်ဆုပ်သည့်အချိန်နှင့် သူ့ကို ဆန့်ကျင်ပြီး ပုန်ကန်သည့် ရန်သူများကို စက်ဆုပ်ရွံရှာသည့်အခါတွင် ပြသခံရပေသည်။ ယနေ့ ငါ ပြောဆိုသော နှုတ်ကပတ်တော်များသည် လူတို့၏ အပြစ်များကို တရားစီရင်ဖို့၊ လူတို့၏ မဖြောင့်မတ်ခြင်းကို တရားစီရင်ဖို့၊ လူသား၏ မနာခံမှုကို ကျိန်ဆဲဖို့ ဖြစ်ပေသည်။ ဘုရားသခင်၏ အလိုတော်နှင့် ကွဲလွဲသည့် အရာအားလုံးဖြစ်သော လူသား၏ ကောက်ကျစ်မှုနှင့် လှည့်စားမှု၊ လူသား၏ စကားများနှင့် လုပ်ရပ်များသည် တရားစီရင်ခြင်း ခံရမည် ဖြစ်ပြီး လူသား၏ မနာခံမှုကို အပြစ်အဖြစ် စွတ်စွဲရှုတ်ချခံရပေမည်။ သူ၏နှုတ်ကပတ်တော်များသည် တရားစီရင်ခြင်း၏ နိယာမများကို ဗဟိုပြုသည်။ သူသည် လူသား၏ မဖြောင့်မတ်မှုအား တရားစီရင်ခြင်း၊ လူသား၏ ပုန်ကန်မှုအား ကျိန်ဆဲခြင်းနှင့် လူသား၏ အကျည်းတန် မျက်နှာများအား ဖော်ထုတ်ခြင်းတို့ကို သူ၏ ကိုယ်ပိုင် ဖြောင့်မတ်သော စိတ်သဘောထား ထင်ရှားစေဖို့ရန် အသုံးပြုလေသည်။ သန့်ရှင်းခြင်းသည် သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို ကိုယ်စားပြုခြင်းတစ်ခု ဖြစ်ပြီး အမှန်တွင် ဘုရားသခင်၏ သန့်ရှင်းခြင်းသည် အကယ်စင်စစ် သူ၏ ဖြောင့်မတ်သော စိတ်သဘောထား ဖြစ်ပေသည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ယနေ့ နှုတ်ကပတ်တော်များ၏ ဆက်စပ်သည့် အကြောင်းအရာဖြစ်သည်- စကားပြောဖို့နှင့် တရားစီရင်ဖို့၊ ပြီးလျှင် သိမ်းပိုက်ခြင်းအမှုကို ဆောင်ရွက်ဖို့ ၎င်းတို့ကို ငါအသုံးပြု၏။ ဤအရာတစ်ခုတည်းသာ စစ်မှန်သော အမှုဖြစ်ပြီး၊ ဤအရာတစ်ခုတည်းသာ ဘုရားသခင်၏ သန့်ရှင်းခြင်းကို အပြည့်အဝ ထွန်းလင်းစေသည်။ သင့်အထဲတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အရိပ်အယောင် မရှိပါက၊ သင့်ကို ဘုရားသခင် တရားစီရင်မည် မဟုတ်သကဲ့သို့၊ သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကိုလည်း သင့်ကို ပြလိမ့်မည်မဟုတ်။ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိသည့်အတွက်၊ ဘုရားသခင်သည် သင့်ကို သက်ညှာမည် မဟုတ်ပေ၊ ထို့အပြင် သူ၏ သန့်ရှင်းခြင်း ပြသခံရသည်မှာ ဤအရာမှတဆင့် ဖြစ်သည်။ ဘုရားသခင်သည် လူသား၏ ညစ်ညူးခြင်းနှင့် ပုန်ကန်ခြင်းတို့ အလွန်ကြီးမားသည်ကို တွေ့သော်လည်း၊ သင့်ကို စကားမပြော သို့မဟုတ် သင့်ကို တရားမစီရင်သကဲ့သို့ သင်၏ မဖြောင့်မတ်မှုအတွက် သင့်ကို ပြစ်တင်ဆုံးမခြင်း မပြုပါက၊ သူသည် အပြစ်ကို မုန်းတီးမှု ရှိလိမ့်မည် မဟုတ်သောကြောင့် သူသည် ဘုရားသခင်မဟုတ်သည်ကို ဤအရာက သက်သေပြ ပေလိမ့်မည်။ သူသည် လူသားတမျှ ညစ်ညူးသောသူသာ ဖြစ်ပေလိမ့်မည်။ ယနေ့၊ သင့်ကို ငါ တရားစီရင်သည်မှာ သင်၏ အညစ်အကြေးကြောင့် ဖြစ်ပြီး၊ သင့်ကို ငါ ပြစ်တင်ဆုံးမသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ပုန်ကန်မှုကြောင့် ဖြစ်သည်။ ငါသည် သင့်အား ငါ၏ တန်ခိုးအာဏာကို ကြွားလုံးထုတ်နေခြင်း မဟုတ်သကဲ့သို့ သင့်ကို တမင်သက်သက် ဖိနှိပ်နေခြင်းလည်း မဟုတ်ပေ။ ဤအညစ်အကြေး နယ်မြေထဲတွင် မွေးဖွားခဲ့ကြသည့် သင်တို့သည် အညစ်အကြေးများဖြင့် အလွန်အကြီးအကျယ် ညစ်ညမ်းပြီးဖြစ်သောကြောင့် ဤအရာများကို ငါပြုခြင်း ဖြစ်ပေသည်။ သင်တို့သည် သင်တို့၏ သမာဓိနှင့် လူသားသဘာဝတို့ကို လုံးဝဆုံးရှုံးပြီးဖြစ်ကာ လောက၏ အညစ်ပတ်ဆုံးနေရာများ၌ မွေးဖွားသည့် ဝက်များကဲ့သို့ သင်တို့ ဖြစ်လာကြပြီးဖြစ်သည်၊ ထို့ကြောင့် သင်တို့ တရားစီရင်ခံရပြီး သင်တို့အပေါ် ငါ၏ အမျက်ဒေါသ ပွင့်ထွက်စေသည်မှာ ဤအရာကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရားဖြစ်ကြောင်းနှင့် ဘုရားသခင်သည် သန့်ရှင်းသော ဘုရားဖြစ်ကြောင်းတို့ကို သင် မြင်နိုင်ခဲ့သည်မှာ ဤတရားစီရင်ခြင်းကြောင့် အတိအကျ ဖြစ်ပေသည်။ သင်တို့ကို သူ တရားစီရင်ပြီး သင်တို့အပေါ်သို့ သူ၏ အမျက်ဒေါသကို ပွင့်ထွက်စေသည်မှာ သူ၏ သန့်ရှင်းခြင်းနှင့် သူ၏ ဖြောင့်မတ်ခြင်းတို့ကြောင့် အတိအကျ ဖြစ်ပေသည်။ လူသား၏ ပုန်ကန်မှုကို သူ မြင်သည့်အခါ သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို ဘုရားသခင် ထုတ်ဖော်ပြနိုင်သောကြောင့်၊ ပြီးလျှင် လူသား၏ အညစ်အကြေးကို ဘုရားသခင် မြင်သည့်အခါ သူ၏ သန့်ရှင်းခြင်းကို သူ ထုတ်ဖော်ပြနိုင်သောကြောင့်၊ ဤသည်မှာ သူသည် သန့်ရှင်းပြီး သန့်ပြန့်သော်လည်း၊ အညစ်အကြေး နယ်မြေထဲတွင် အသက်ရှင်သည့် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ကြောင်းကို ပြသရန် လုံလောက်ပေသည်။ လူတစ်ဦးသည် အခြားသူများနှင့်အတူ ဒုစရိုက်နွံထဲတွင် ပျော်မွေ့နေပြီး၊ သူနှင့်ပတ်သက်၍ သန့်ရှင်းသည့်အရာ ဘာမျှမရှိသကဲ့သို့၊ သူသည် ဖြောင့်မတ်သော စိတ်သဘောထားမရှိပါက၊ သူသည် လူသား၏ မတရားမှုကို တရားစီရင်ဖို့ရန် အရည်အချင်းမပြည့်မီသကဲ့သို့၊ လူသားနှင့်ဆိုင်သော တရားစီရင်ခြင်းကို ဆောင်ရွက်ဖို့ မသင့်တော်ပေ။ လူတစ်ဦးသည် အခြားတစ်ဦးအား တရားစီရင် မည်ဆိုပါက၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် စော်ကား နေကြသကဲ့သို့ ဖြစ်လိမ့်မည် မဟုတ်လော။ တစ်ဦးနှင့်တစ်ဦး တန်းတူညီမျှ ညစ်ပတ်ပေနေသော လူတို့သည် ၎င်းတို့နှင့် ထပ်တူထပ်မျှဖြစ်သော သူတို့ကို တရားစီရင်ဖို့ရန် အဘယ်သို့ အရည်အချင်း ရှိနိုင်မည်နည်း။ သန့်ရှင်းသော ဘုရားသခင် ကိုယ်တိုင်သာ ညစ်ပတ်ပေရေသော လူသားမျိုးနွယ်တစ်ခုလုံးကို တရားစီရင်နိုင်ပေသည်။ လူသား၏ အပြစ်များကို လူသားက အဘယ်သို့ တရားစီရင်နိုင်မည်နည်း။ လူသား၏ အပြစ်များကို လူသားက အဘယ်သို့ မြင်နိုင်မည်နည်း၊ ပြီးလျှင် ဤအပြစ်များကို ရှုတ်ချဖို့ရန် လူသားသည် အဘယ်သို့ အရည်အချင်းရှိနိုင်မည်နည်း။ ဘုရားသခင်သည် လူသား၏ အပြစ်များကို တရားစီရင်ဖို့ အရည်အချင်း မရှိပါက၊ သူသည် အဘယ်သို့ ဖြောင့်မတ်သော ဘုရားသခင်ကိုယ်တိုင် ဖြစ်နိုင်မည်နည်း။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ထုတ်ဖော်ပြ ခံရသည့်အခါ၊ လူတို့ကို တရားစီရင်ဖို့အလို့ငှာ ဘုရားသခင် စကားပြောပြီး၊ ထို့နောက်တွင်သာ သူ သန့်ရှင်းသည်ကို လူတို့ မြင်ပေသည်။ သူသည် လူသားကို ၎င်း၏ အပြစ်များအတွက် တရားစီရင်ပြီး ပြစ်တင်ဆုံးမသကဲ့သို့၊ လူသား၏ အပြစ်များကို တစ်ချိန်လုံး ဖော်ထုတ်စဉ်တွင်၊ မည်သည့်လူ သို့မဟုတ် မည်သည့်အရာမျှ ဤတရားစီရင်ခြင်းမှ မလွတ်မြောက်နိုင်ချေ။ ညစ်ညူးသောအရာ အားလုံးသည် သူ၏ တရားစီရင်ခြင်းခံရပြီး၊ ထို့ကြောင့်သာလျှင် သူ၏ စိတ်သဘောထားက ဖြောင့်မတ်သည်ဟု ဆိုနိုင်ပေသည်။ ထိုသို့မဟုတ်ပါက၊ သင်တို့သည် နာမည်နှင့် အမှန်တရား နှစ်ခုလုံးတွင် အဖြည့်ခံများဖြစ်သည်ဟု အဘယ်သို့ ပြောနိုင်မည်နည်း။

...ဘုရားသခင်၏ သန့်ရှင်းခြင်း ပေါ်လွင်သည်မှာ ညစ်ညူးမှု နယ်မြေမှလာသော လူတို့မှတဆင့် ဖြစ်သည်။ ယနေ့၊ သူသည် ညစ်ညူးမှု နယ်မြေနှင့်ဆိုင်သော ဤလူတို့၌ ပြသသည့် ညစ်ညူးမှုကို အသုံးပြုပြီး တရားစီရင်၏၊ တရားစီရင်မှုအလယ်၌ သူ၏ဖြစ်ခြင်းသည် ဤသို့ ထုတ်ဖော်ပြ ခံရသည်။ အဘယ်ကြောင့် သူ တရားစီရင်သနည်း။ သူသည် အပြစ်ကို စက်ဆုပ်သောကြောင့် တရားစီရင်ခြင်း နှုတ်ကပတ်တော်များကို ပြောဆိုနိုင်ခြင်းဖြစ်သည်။ သူသည် လူသားမျိုးနွယ်၏ ပုန်ကန်မှုကို မစက်ဆုပ်ပါက၊ အဘယ်ကြောင့် အမျက်ဒေါသ အလွန် ထွက်နိုင်ရမည်နည်း။ သူ၏အတွင်းတွင် စက်ဆုပ်မှု၊ ရွံရှာမှု မရှိပါက၊ လူတို့၏ ပုန်ကန်မှုကို သူ အရေးမစိုက်ပါက၊ သူသည် လူသားကဲ့သို့ ညစ်ညူးသောသူ ဖြစ်သည်ကို ယင်းက သက်သေပြပေလိမ့်မည်။ လူသားကို သူ တရားစီရင်ပြီး ပြစ်တင်ဆုံးမနိုင်သည်မှာ ညစ်ညူးခြင်းကို သူ စက်ဆုပ်သောကြောင့်ဖြစ်ပြီး၊ သူ စက်ဆုပ်သည့်အရာသည် သူ့ထံတွင် မရှိပေ။ သူ့အထဲတွင် ဆန့်ကျင်ခြင်းနှင့် ပုန်ကန်ခြင်းတို့ ရှိပါကလည်း၊ ရန်လိုပြီး ပုန်ကန်တတ်သောသူတို့ကို သူ စက်ဆုပ်လိမ့်မည်မဟုတ်။ နောက်ဆုံးသော ကာလ၏ အမှုကို ဣသရေလ၌ သူ ဆောင်ရွက်ခဲ့ပါက၊ ယင်းမှာ အဓိပ္ပါယ်ရှိလိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့် နောက်ဆုံးသောကာလ အမှုကို အားလုံးထဲတွင် အမှောင်ဆုံးနှင့် ခေတ်အနောက်ကျဆုံးသော နေရာဖြစ်သည့် တရုတ်ပြည်၌ လုပ်ဆောင်နေသနည်း။ ယင်းမှာ သူ၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို ပြသဖို့အလို့ငှာ ဖြစ်ပေသည်။ အတိုချုပ်အနေဖြင့်၊ နေရာက ပိုမှောင်လေ၊ ဘုရားသခင်၏ သန့်ရှင်းခြင်းကို ရှင်းရှင်းလင်းလင်း ပိုပြသနိုင်လေ ဖြစ်သည်။ အမှန်တွင်၊ ဤအရာအားလုံးသည် ဘုရားသခင်၏ အမှုအတွက်အလို့ငှာ ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအမှု ဒုတိယအဆင့်၏ အကျိုးတရားများကို ရရှိပုံ

(၅၇၀) ငါသည် နတ်ဆိုးတို့၏ လုပ်ရပ်အမျိုးမျိုးကို ရှင်းလင်းစွာ တွေ့မြင်ခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ နတ်ဆိုးများ (မှားယွင်းသော ရည်ရွယ်ချက်များ ရှိသူများ၊ ဇာတိပကတိနှင့် ကြွယ်ဝမှုတို့ကို လိုချင်တပ်မက်မောသူများ၊ မိမိတို့ကိုယ်ကိုယ် ချီးမြှောက်သောသူများ၊ အသင်းတော်ကို ဖျက်လိုဖျက်ဆီး လုပ်သောသူများ၊ အစရှိသည်ဖြင့်) ၏ အသုံးချခြင်းခံရသော လူတစ်ယောက်ချင်းစီကိုလည်း ငါသည် ထိုးထွင်းမြင်တွေ့ခဲ့လေပြီ။ နတ်ဆိုးများကို နှင်ထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် အရာရာအားလုံးသည် ပြီးဆုံးသွားသည်ဟု မယူဆလေနှင့်။ သင့်အား ငါ ပြောကြားမည်။ ယခုမှစ၍ ငါသည် ထိုလူတို့အား တစ်ယောက်ပြီးတစ်ယောက် ရှင်းထုတ်ပစ်ကာ၊ ထိုသူတို့အား မည်သည့်အခါမျှ အသုံးပြုလိမ့်မည်မဟုတ်။ ဆိုလိုသည်မှာ နတ်ဆိုးများ၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရသူ မည်သူမဆို ငါ၏ အသုံးပြုခြင်း ခံရလိမ့်မည် မဟုတ်ဘဲ၊ နှင်ထုတ်ခြင်း ခံရလိမ့်မည်။ ငါ့တွင် ခံစားချက်များ မရှိဟု မထင်လေနှင့်။ ဤအရာကို သိလော့။ ငါသည် သန့်ရှင်းသော ဘုရားသခင် ဖြစ်ပြီး၊ ညစ်ညမ်းသော ဗိမာန်တော်တွင် နေထိုင်လိမ့်မည် မဟုတ်။ ငါသည် ငါ့အပေါ် အပြည့်အဝ သစ္စာရှိပြီး ငါ၏ဝန်ထုပ်ဝန်ပိုးကို ထောက်ထားနိုင်သော လူများဖြစ်သည့် ရိုးသားဖြောင့်မတ်ပြီး ဉာဏ်ပညာရှိသူများကိုသာ အသုံးပြုသည်။ အဘယ့်ကြောင့်ဆိုသော် ထိုသို့သော လူတို့သည် ငါ၏ ကြိုတင်ခွဲခန့် မှတ်သားထားခြင်းကို ခံခဲ့ရသောသူတို့ ဖြစ်သောကြောင့် ဖြစ်ပြီး ၎င်းတို့အပေါ်တွင် နတ်ဆိုးများ၏ အဘယ်လုပ်ဆောင်မှုမျှ လုံးဝမရှိပေ။ အရာတစ်ခုအား ငါရှင်းလင်းအောင်‌ပြောမည်- ယခုမှစ၍ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှု မရှိသော သူအားလုံးတို့၌ နတ်ဆိုးများ၏လုပ်ဆောင်မှု ရှိကြသည်။ ငါ ထပ်လောင်း ပြောဆိုမည်- နတ်ဆိုးများ လုပ်ဆောင်မှုရှိသည့် မည်သူ တစ်ဉီးတစ်ယောက်ကိုမျှ ငါမလိုလားပေ။ ၎င်းတို့ အားလုံးသည် မရဏနိုင်ငံသို့ ၎င်းတို့၏ ဇာတိပကတိနှင့်အတူ ပစ်ချခြင်းကို ခံရလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၇၆)

(၅၇၁) ဘုရားသခင်၏ ဝိညာဉ် ဝတ်ဆင်ခဲ့သည့် ခန္ဓာသည် ဘုရားသခင်ကိုယ်တိုင်၏ ခန္ဓာဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်သည် အထွတ်အထိပ်ဖြစ်၏။ သူသည် အနန္တတန်ခိုးရှိသည်၊ သန့်ရှင်းပြီး ဖြောင့်မတ်လေသည်။ အလားတူပင်၊ သူ၏ခန္ဓာသည်လည်း အထွတ်အထိပ်ဖြစ်ပြီး၊ အနန္တတန်ခိုးရှိကာ သန့်ရှင်း၍ ဖြောင့်မတ်လေသည်။ ထိုသို့သော ခန္ဓာတစ်ခုသည် ဖြောင့်မတ်ပြီး လူသားမျိုးနွယ်အဖို့ အကျိုးပြုသည့်အရာ၊ သန့်ရှင်းပြီး၊ မွန်မြတ်ကာ အနန္တတန်ခိုးနှင့်ပြည့်စုံသည့် အရာကိုသာ လုပ်ဆောင်နိုင်လေသည်။ သူသည် သမ္မာတရားကို ချိုးဖောက်သည့်၊ ကိုယ်ကျင့်တရားနှင့် တရားမျှတမှုတို့ကို ချိုးဖောက်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်စွမ်းမရှိသည့်အပြင် ဘုရားသခင်၏ ဝိညာဉ်ကို သစ္စာဖောက်သည့်အရာ မည်သည့်အရာကိုမဆို သာ၍ပင် လုပ်နိုင်စွမ်းမရှိပေ။ ဘုရားသခင်၏ ဝိညာဉ်သည် သန့်ရှင်း၏၊ ထို့ကြောင့် သူ၏ ခန္ဓာကို စာတန်က မဖျက်ဆီးနိုင်ပေ။ သူ၏ ခန္ဓာသည် လူသား၏ ဇာတိပကတိနှင့် ကွဲပြားသော အနှစ်သာရ ရှိလေသည်။ အကြောင်းမူကား၊ စာတန်၏ ဖျက်ဆီးခြင်းခံရသည်မှာ ဘုရားသခင်မဟုတ်ဘဲ လူဖြစ်သောကြောင့် ဖြစ်သည်။ စာတန်သည် ဘုရားသခင်၏ ခန္ဓာကို ဖောက်ပြန်ပျက်စီးစေဖို့ မဖြစ်နိုင်ပေ။ ထို့ကြောင့်၊ လူသားနှင့် ခရစ်တော်သည် နေရာတစ်ခုတည်းအတွင်း နေထိုင်ကြသည် ဆိုသည့်အချက် ရှိသော်ငြားလည်း၊ စာတန်၏ ဝင်ပူးခြင်းခံရကာ၊ အသုံးပြုခံရပြီး အမိဖမ်းခံရသည်မှာ လူသားသာ ဖြစ်သည်။ ဆန့်ကျင်ဖက်အနေဖြင့်၊ ခရစ်တော်ကို စာတန်၏ ဖောက်ပြန်ပျက်စီးခြင်း ထာဝရ မသက်ရောက်နိုင်ပေ၊ အဘယ့်ကြောင့်ဆိုသော် စာတန်သည် အမြင့်ဆုံးသော နေရာသို့ တက်ကြွခြင်းငှာ ဘယ်သောအခါမျှ တတ်စွမ်းနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်ထံ ဘယ်သောအခါမျှ တိုးဝင်ချဉ်းကပ် နိုင်လိမ့်မည် မဟုတ်သောကြောင့်ဖြစ်သည်။ ယနေ့တွင်၊ စာတန်၏ ဖျက်ဆီးခြင်းခံရသည်နှင့်အမျှ ငါ့ကို သစ္စာဖောက်သည်မှာ လူသားမျိုးနွယ်သာ ဖြစ်သည်ကို သင်တို့အားလုံး သိသင့်၏။ သစ္စာဖောက်ခြင်းသည် ခရစ်တော် နည်းနည်းမျှ ပါဝင်သည့် ကိစ္စရပ် ဘယ်သောအခါမျှ ဖြစ်လိမ့်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၂)

(၅၇၂) ဘုရားသခင်ကိုယ်တော်တိုင်သည် မနာခံခြင်း၏ အရိပ်လက္ခဏာ မပိုင်ဆိုင်ပေ။ သူ၏ အနှစ်သာရက ကောင်းမွန်သည်။ သူသည် လှပမှုနှင့် ကောင်းမွန်မှုအားလုံးအပြင် ချစ်ခြင်းမေတ္တာ အားလုံး၏ ဖော်ပြချက်ဖြစ်သည်။ ဇာတိခန္ဓာ၌ပင်လျှင် ဘုရားသခင်သည် ခမည်းတော် ဘုရားသခင်ကို မနာခံသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ပေ။ မိမိအသက်ကို စတေးကာ ဆုံးရှုံးအနစ်နာခံလျက်ပင်၊ သူသည် စိတ်နှလုံးအကြွင်းမဲ့ ထိုသို့ လုပ်ဆောင်ရန် လိုလားနေမည် ဖြစ်ပြီး၊ အခြားရွေးချယ်မှုကို ပြုလုပ်မည်မဟုတ်ပေ။ ဘုရားသခင်သည် မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူခြင်းနှင့် မိမိကိုယ်ကိုယ် ကြီးကျယ်ခြင်းတို့၏ အရိပ်လက္ခဏာများ မရှိပေ၊ သို့မဟုတ် စိတ်ကြီးဝင်ခြင်းနှင့် မာနထောင်လွှားမှုတို့၏ အရိပ်လက္ခဏာများ မရှိပေ။ သူသည် ကောက်ကျစ်မှု အရိပ်လက္ခဏာများ မပိုင်ဆိုင်ပေ။ ဘုရားသခင်ကို မနာခံသည့်အရာ မည်သည့်အရာမဆိုသည် စာတန်ထံမှ လာသည်။ စာတန်သည် အကျည်းတန်မှုနှင့် ဆိုးယုတ်မှု အားလုံး၏ အရင်းအမြစ်ဖြစ်သည်။ လူသားသည် စာတန်၏ အရည်အသွေးများနှင့် တူညီသည့် အရည်အသွေးများ ရှိရသည့်အကြောင်းရင်းမှာ လူသားသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းနှင့် စီမံပြုပြင်ခြင်းခံရပြီး ဖြစ်သောကြောင့် ဖြစ်သည်။ ခရစ်တော်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း မခံရလေပြီ၊ ထို့ကြောင့် သူသည် ဘုရားသခင်၏ ထူးခြားသော လက္ခဏာများကိုသာ ပိုင်ဆိုင်ပြီး၊ စာတန်၏ မည်သည့်လက္ခဏာမျှ မပိုင်ဆိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်၏ အနှစ်သာရမှာ ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုတော်ကို နာခံခြင်းဖြစ်သည်

(၅၇၃) “ဘုရားသခင်၏ သန့်ရှင်းခြင်း” ဆိုသည်မှာ ဘုရားသခင်၏အနှစ်သာရမှာ အပြစ်အနာအဆာ ကင်းကြောင်း၊ ဘုရားသခင်၏ချစ်ခြင်းမေတ္တာက ကိုယ်ကျိုးငဲ့ခြင်းမရှိ၊ လူသားကို ဘုရားသခင်ပေးသော အရာအားလုံးသည် ကိုယ်ကျိုးငဲ့ခြင်း မရှိသည်ကို ဆိုလိုကြောင်း သင်၏ နှလုံးသားဗဟိုချက်မှ သင်သိမည့်နေ့ တစ်နေ့အထိ၊ ဘုရားသခင်၏ အနှစ်သာရအပေါ် သင်တို့၏ ထိုးထွင်းသိမြင်မှုကို အခြေခံသည့် သိနားလည်ခြင်းသည် ထိုအရာကို သင်ယူလေ့လာရန်၊ ခိုင်မာစေရန်၊ ခံစားရန်နှင့် ကြုံတွေ့ရန် ကြာရှည်သောအချိန်ကာလတစ်ခု လိုအပ်သေး၏။ ပြီးလျှင် ဘုရားသခင်၏ သန့်ရှင်းခြင်းသည် အပြစ် အနာအဆာကင်းပြီး အပြစ်တင်စရာမရှိသည်ကို သင်သိလာလိမ့်မည်။ ဘုရားသခင်၏ ဤအနှစ်သာရနှင့်ဆိုင်သည့် ဤသွင်ပြင် လက္ခဏာများသည် သူ၏ အဆင့်အတန်းကို ကြွားလုံးထုတ်ရန် သူအသုံးပြုသော စကားလုံးများသက်သက်မဟုတ်ဘဲ၊ ယင်းထက် ဘုရားသခင်သည် လူတစ်ဦးတစ်ယောက်စီတိုင်းအား တည်ငြိမ်သော ရိုးသားမှန်ကန်မှုဖြင့် ဆက်ဆံရန် သူ၏အနှစ်သာရကို အသုံးပြုခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်၏ အနှစ်သာရသည် အဓိပ္ပာယ်မဲ့မဟုတ်သကဲ့သို့ အယူအဆရေးရာ သို့မဟုတ် အယူဝါဒဆိုင်ရာလည်း မဟုတ်ပေ၊ ပြီးလျှင် ယင်းသည် အသိပညာတစ်မျိုး မဟုတ်သည်မှာလည်း အသေအချာပင်ဖြစ်၏။ ယင်းသည် လူသားအတွက် ပညာရေးတစ်မျိုးမဟုတ်ပေ။ ထိုအစား၊ ဘုရားသခင်ကိုယ်တိုင်၏ လုပ်ဆောင်ချက်များနှင့်ဆိုင်သော စစ်မှန်သည့် ထုတ်ဖော်ပြခြင်းနှင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းနှင့်ဆိုင်သည့် ထုတ်ဖော်ထားသော အနှစ်သာရဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)

(၅၇၄) ငါ ပြောဆိုသော ဘုရားသခင်၏ သန့်ရှင်းခြင်းဆိုသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ ခဏမျှ စဉ်းစားကြည့်လော့။ ဘုရားသခင်၏ သန့်ရှင်းခြင်းသည် သူ၏ ဖြောင့်မတ်မှန်ကန်ခြင်းလော။ ဘုရားသခင်၏ သန့်ရှင်းခြင်းသည် သူ၏ သစ္စာနှင့် ပြည့်စုံတော်မူခြင်းလော။ ဘုရားသခင်၏ သန့်ရှင်းခြင်းသည် သူ၏ ကိုယ်ကျိုးမငဲ့ခြင်းလော။ သူ၏ နှိမ့်ချခြင်းလော။ လူသားအတွက် သူ၏ ချစ်ခြင်းမေတ္တာလော။ ဘုရားသခင်သည် လူသားအပေါ် သမ္မာတရားနှင့် အသက်ကို အခမဲ့ ပေးသနား၏- ဤသည်မှာ သူ၏ သန့်ရှင်းခြင်းလော (ဟုတ်ပါသည်။) ဘုရားသခင် ထုတ်ဖော်ပြသည့် ဤအရာအလုံးစုံသည် အတုမဲ့ဖြစ်ပြီး ဖောက်ပြန်ပျက်စီးသော လူ့သဘာဝအတွင်းတွင် မတည်ရှိသကဲ့သို့၊ မြင်လည်း မမြင်ရပေ။ လူသားအပေါ် စာတန်၏ ဖျက်ဆီးခြင်း ဖြစ်စဉ်အတွင်း၌ ထိုအရာတစ်စက်ကလေးကိုမျှ မမြင်ရသကဲ့သို့၊ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတွင်လည်းကောင်း၊ စာတန်၏ အနှစ်သာရ သို့မဟုတ် သဘောသဘာဝတွင်လည်းကောင်း မမြင်ရပေ။ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းသည် အတုမရှိ ဖြစ်သည်။ ဘုရားသခင်ကိုယ်တိုင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းသည်သာ ဤသို့သော အနှစ်သာရမျိုးကို ပိုင်ဆိုင်၏၊ ဘုရားသခင် ကိုယ်တိုင်သာလျှင် ဤသို့သော အနှစ်သာရမျိုးကို ပိုင်ဆိုင်၏။...သန့်ရှင်းခြင်း၏ အနှစ်သာရသည် စစ်မှန်သော ချစ်ခြင်းဖြစ်သော်လည်း၊ ယင်းထက်ပို၍ သမ္မာတရား၊ ဖြောင့်မတ်ခြင်းနှင့် အလင်း၏ အနှစ်သာရဖြစ်သည်။ “သန့်ရှင်းသည်” ဟူသော စကားလုံးသည် ဘုရားသခင်အတွက် အသုံးပြုသော အခါမှသာ သင့်လျော်၏။ ဖန်ဆင်းခြင်းထဲက မည်သည့်အရာကမျှ “သန့်ရှင်းသည်” ဟု ခေါ်ဆိုခြင်း မခံထိုက်ပေ။ ဤကို လူသားက နားလည်ရမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)

(၅၇၅) ကမ္ဘာမြေကြီးပေါ်သို့ ဘုရားသခင် ကြွလာခဲ့ချိန်တွင်၊ သူသည် လောကနှင့် မသက်ဆိုင်ခဲ့သကဲ့သို့၊ လောကကို ပျော်မွေ့ရန် လူ့ဇာတိခံယူခဲ့ခြင်း မဟုတ်ပေ။ အမှုပြုခြင်းက သူ၏ စိတ်သဘောထားကို ထုတ်ဖော်ပြပြီး အဓိပ္ပါယ်အရှိဆုံး ဖြစ်မည့်နေရာမှာ သူမွေးဖွားခဲ့သော နေရာဖြစ်သည်။ ယင်းမှာ သန့်ရှင်းသော တိုင်းပြည်ဖြစ်စေ၊ ညစ်ညူးသော တိုင်းပြည် တစ်ပြည်ဖြစ်စေ၊ မည်သည့်နေရာတွင် သူအမှုပြုပါစေ၊ သူသည် သန့်ရှင်း၏။ အရာအားလုံးသည် စာတန်၏ ဖျက်ဆီးခြင်း ခံရပြီးဖြစ်သော်လည်း၊ လောကထဲရှိ အရာရာတိုင်းကို သူ ဖန်ဆင်းထားခြင်းဖြစ်၏။ သို့သော်လည်း အရာအားလုံးသည် သူနှင့် သက်ဆိုင်ဆဲဖြစ်၏။ ၎င်းတို့ အားလုံးသည် သူ၏ လက်ထဲတွင် ရှိကြသည်။ သူသည် သူ၏ သန့်ရှင်းခြင်းကို ထုတ်ဖော်ပြဖို့အလို့ငှာ ညစ်ညူးသော တိုင်းပြည်တစ်ပြည်သို့ ကြွလာပြီး ထိုနေရာတွင် အမှုပြုလေသည်။ သူသည် ဤအရာကို သူ၏အမှုအတွက်သာ ပြုခြင်းဖြစ်သည်၊ ဆိုလိုသည်မှာ ဤညစ်ညူးသောတိုင်းပြည်မှ လူတို့ကို ကယ်တင်ရန်အလို့ငှာ၊ သူသည် ထိုသို့သော အမှုကိုပြုဖို့ ကြီးစွာသော အရှက်ရခြင်းကို ခံရပ်လေသည်။ ဤသည်မှာ‌ လူသားမျိုးနွယ်အားလုံးအတွက် သက်သေခံဖို့ရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ ထိုသို့သော အမှုက လူတို့ကို ပြသသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဖြစ်ပြီး၊ ယင်းသည် ဘုရားသခင်၏ကြီးစိုးမှုကို ပို၍ကောင်းစွာ ပြသနိုင်သည်။ အခြားသူများက အထင်အမြင်သေးသည့် အောက်တန်းကျသော လူစုတစ်စုကို ကယ်တင်ခြင်းတွင် သူ၏ကြီးမြတ်ခြင်းနှင့် ဖြောင့်မတ်တည်ကြည်ခြင်းတို့ ထင်ရှားပေသည်။ ညစ်ညူးသော တိုင်းပြည်တစ်ခုတွင် မွေးဖွားခြင်းက သူသည် အရေးမပါသည်ကို သက်သေပြခြင်း လုံးဝ မဟုတ်ပေ။ ယင်းက သူ၏ ကြီးမြတ်ခြင်းနှင့် လူသားမျိုးနွယ်အတွက် သူ၏ စစ်မှန်သော ချစ်ခြင်းမေတ္တာကို ဖန်ဆင်းထားသောအရာအားလုံးအား မြင်ခွင့်ပေးခြင်း သက်သက် ဖြစ်သည်။ ထိုသို့ သူလုပ်ဆောင်လေလေ၊ လူသားအတွက် သူ၏ဖြူစင်သော ချစ်ခြင်းမေတ္တာ၊ သူ၏ အပြစ်အနာအဆာ မရှိသော ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြလေလေ ဖြစ်သည်။ ဘုရားသခင်သည် သန့်ရှင်းပြီး ဖြောင့်မတ်၏။ သူသည် ညစ်ညူးသော တိုင်းပြည်တစ်ပြည်တွင် မွေးဖွားခဲ့ပြီး၊ ညစ်ညူးမှုနှင့် ပြည့်နှက်နေသော လူတို့နှင့်အတူ အသက်ရှင်သော်လည်း၊ ကျေးဇူးတော်ခေတ်တွင် အပြစ်သားများ နှင့်အတူ ယေရှု အသက်ရှင်ခဲ့သည့်အတိုင်း သူ၏အမှုအားလုံးသည် လူသားမျိုးနွယ်အားလုံး၏ ရှင်သန်ရေးအတွက် လုပ်ဆောင်ခြင်း မဟုတ်လော။ လူသားမျိုးနွယ်အနေဖြင့် ကြီးမားသော ကယ်တင်ခြင်းကို ရရှိနိုင်ဖို့အလို့ငှာသာ ဖြစ်သည်မဟုတ်သလော။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်က၊ သူသည် အပြစ်သားများ နှင့်အတူ နှစ်အနည်းငယ် အသက်ရှင်ခဲ့သည်။ ယင်းမှာ ရွေးနုတ်ခြင်းအတွက် ဖြစ်ခဲ့သည်။ ယနေ့တွင် သူသည် ညစ်ညူးကာ အရေးမပါသော လူတစ်စုနှင့်အတူ နေထိုင်လျက် ရှိသည်။ ဤသည်မှာ ကယ်တင်ခြင်းအတွက် ဖြစ်သည်။ သူ၏အမှုအားလုံးသည် သင်တို့လူသားများ အတွက် မဟုတ်လော။ လူသားမျိုးနွယ်ကို ကယ်တင်ရန် မဟုတ်ခဲ့ပါက၊ သူသည် နွားစားခွက်ထဲတွင် မွေးဖွားခဲ့ပြီးနောက် အဘယ်ကြောင့် အပြစ်သားများနှင့်အတူ နှစ်ပေါင်းများစွာ အသက်ရှင်ပြီး ဒုက္ခဆင်းရဲခံခဲ့မည်နည်း။ ပြီးလျှင် လူသားမျိုးနွယ်ကို ကယ်တင်ရန် မဟုတ်ခဲ့ပါက၊ သူသည် အဘယ်ကြောင့် ဒုတိယအကြိမ် လူ့ဇာတိပြန်လည်ခံယူကာ၊ နတ်ဆိုးများ စုဝေးရာ ဤတိုင်းပြည်တွင် မွေးဖွားပြီး စာတန်၏ နက်ရှိုင်းစွာ ဖျက်ဆီးခြင်း ခံခဲ့ရသော ဤလူတို့နှင့်အတူ အသက်ရှင်လိမ့်မည်နည်း။ ဘုရားသခင်သည် သစ္စာရှိသည် မဟုတ်လော။ သူ့အမှု၏ မည်သည့်အပိုင်းသည် လူသားမျိုးနွယ်အတွက် မဟုတ်ခဲ့သနည်း။ မည်သည့် အပိုင်းသည် သင်တို့၏ ကံကြမ္မာအတွက် မဟုတ်ခဲ့သနည်း။ ဘုရားသခင်သည် သန့်ရှင်းတော်မူ၏- ဤသည်မှာ ပြောင်းလဲ၍ မရနိုင်ပေ။ သူသည် ညစ်ညူးသော တိုင်းပြည်တစ်ပြည်သို့ ကြွလာခဲ့သော်လည်း၊ အညစ်အကြေးများဖြင့် ညစ်ညမ်းမသွားခဲ့ပေ။ ဤအရာအားလုံးမှာ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အလွန့်အလွန် ကိုယ်ကျိုးမငဲ့သကဲ့သို့၊ သူခံရပ်သည့် ဒုက္ခဆင်းရဲနှင့် အရှက်ရခြင်းတို့သည် အလွန့်အလွန် ကြီးမားသည်ကိုသာ ဆိုလိုနိုင်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မောဘ၏ သားစဉ်မြေးဆက်များကို ကယ်တင်ခြင်း အဓိပ္ပါယ်

(၅၇၆) သင်၏ စိတ်ကူးများ၊ သင်၏ အတွေးများ၊ သင်၏ အပြုအမူ၊ သင်၏ စကားများနှင့် လုပ်ဆောင်ချက်များ- ဤအမူအရာများအားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့အဖို့ အဖြည့်ခံတစ်ခုနှင့် မညီမျှသလော။ သင်တို့၏ အမူအရာများသည် ဘုရားနှုတ်ကပတ်တော်များက ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ သရုပ်သကန်များ ဖြစ်သည် မဟုတ်လော။ သင်၏ အတွေးများနှင့် စိတ်ကူးများ၊ သင်၏ ကြံရွယ်ချက်များနှင့် သင့်အထဲတွင် ထုတ်ဖော်ပြခံရသည့် ဖောက်ပြန်ပျက်စီးခြင်းသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအပြင်၊ သူ၏ သန့်ရှင်းခြင်း တို့ကို ပြသလေသည်။ ဘုရားသခင်သည်လည်း အညစ်အကြေး နယ်မြေထဲတွင် မွေးဖွားခဲ့ပေသည်၊ သို့တိုင် သူသည် အညစ်အကြေးအားဖြင့် ဖျက်ဆီးခြင်းမခံရဘဲ ရှိနေလေသည်။ သင်ကဲ့သို့ သူသည် သင်နှင့်အလားတူ ညစ်ပတ်ပေရေသော လောကထဲတွင် အသက်ရှင်ခဲ့သော်လည်း သူသည် ဆင်ခြင်တုံတရားနှင့် သိမြင်နားလည်မှုတို့ ပိုင်ဆိုင်ပြီး အညစ်အကြေးကို စက်ဆုပ်ရွံရှာလေသည်။ သင်သည် သင်၏ စကားများနှင့် လုပ်ရပ်များတွင် ညစ်ပတ်ပေရေသောအရာ တစ်ခုတစ်လေမျှပင် သတိပြုမိနိုင်လိမ့်မည် မဟုတ်သော်လည်း ဘုရားသခင်က သတိပြုမိနိုင်ပြီး ၎င်းတို့ကို သင့်အား သူ ထောက်ပြလေသည်။ သင်၏ ဟောင်းနွမ်းသောအရာများဖြစ်သည့် သင်၏ ရည်မွန်ယဉ်ကျေးခြင်း၊ ထိုးထွင်းသိမြင်မှုနှင့် အသိတို့ ကင်းမဲ့မှုနှင့် သင်၏ နောက်သို့ပြန်သွားသော အသက်ရှင်သည့် နည်းလမ်းများသည် ယနေ့ ထုတ်ဖော်ပြခြင်းများအားဖြင့် အလင်းထဲသို့ ရောက်လာပြီးဖြစ်သည်။ ထို့ကြောင့် လူတို့သည် ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်သော စိတ်သဘောထားတို့ကို ရှုမြင်ကြရသည်မှာ ဘုရားသခင်သည် ထိုသို့အမှုပြုဖို့ရန် ကမ္ဘာမြေသို့ ကြွလာခြင်းအားဖြင့်သာ ဖြစ်သည်။ သူသည် သင့်ကို သိနားလည်မှုရှိစေရင်း၊ သင့်ကို တရားစီရင်ကာ ပြစ်တင်ဆုံးမလေသည်။ တစ်ခါတစ်ရံတွင်၊ သင်၏ ဘီလူးသရဲစီးသော သဘာဝသည် ထင်ရှားပြီး ကိုယ်တော်က ယင်းကို သင့်အား ထောက်ပြသည်။ သူသည် လူသား၏ အနှစ်သာရကို အကုန်အစင်သိလေသည်။ သူသည် သင်တို့ကြားတွင် အသက်ရှင်သည်၊ သင်စားသကဲ့သို့ အစာကိုစားပြီး ပတ်ဝန်းကျင် တစ်ခုတည်းတွင် အသက်ရှင်သည်- သို့သော် ထိုသို့ဖြစ်လျက်ပင် သူသည် သာ၍သိ၏။ သူသည် သင့်ကို ဖော်ထုတ်နိုင်ပြီး လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ရိပ်စားမိနိုင်သည်။ အသက်ရှင်ခြင်းအတွက် လူ၏ ဒဿနများ၊ လူ၏ ကောက်ကျစ်မှုနှင့် လှည့်ဖြားမှုတို့ထက် သူပိုမိုစက်ဆုပ်သောအရာ မရှိချေ။ လူတို့၏ ဇာတိနှင့်ဆိုင်သော ဆက်ဆံရေးများကို အထူးသဖြင့် စက်ဆုပ်လေသည်။ သူသည် အသက်ရှင်ခြင်းအတွက် လူ၏ အတွေးအခေါ်များနှင့် အကျွမ်းတဝင်မရှိနိုင်သော်လည်း လူတို့ ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ရှင်းလင်းစွာ မြင်ပြီး ဖော်ထုတ်နိုင်လေသည်။ လူသားကို စကားပြောပြီး အမှုပြုဖို့ရန် ဤအမှုအရာများမှတဆင့် သူ အမှုပြုသည်၊ လူတို့ကို တရားစီရင်ဖို့နှင့် သူ၏ကိုယ်ပိုင် ဖြောင့်မတ်ပြီး သန့်ရှင်းသော စိတ်သဘောထားတို့ကို ထင်ရှားစေဖို့ ဤအမှုအရာများကို သူ အသုံးပြုလေသည်။ ထိုသို့ဖြင့် လူတို့သည် သူ၏ အမှုအဖို့ အဖြည့်ခံများ ဖြစ်လာကြပေသည်။ လူ့ဇာတိခံ ဘုရားသခင်သည်သာ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် စာတန်၏ အကျည်းတန်သော မျက်နှာများအားလုံးကို ပေါ်လွင်စေနိုင်သည်။ သူသည် သင့်ကို အပြစ်မပေးသကဲ့သို့၊ သူ၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းအဖို့ အဖြည့်ခံတစ်ဦးအနေဖြင့် သင့်ကို အသုံးပြုရုံမျှပြုသော်လည်း၊ သင်သည် အလွန်ညစ်ညမ်းသည့်အတွက် အရှက်ရပြီး မိမိကိုယ်ကိုယ် ကွယ်ဝှက်ဖို့ နေရာရှာမတွေ့ပေ။ သူသည် လူသားအထဲ၌ ဖော်ထုတ်ခံရသည့် အရာများကို အသုံးပြုလျက် စကားပြောပြီး ဤအရာများ အလင်းသို့ ဆောင်ယူခြင်း ခံရသည့်အခါမှသာ လူတို့သည် ဘုရားသခင် မည်မျှ သန့်ရှင်းသည်ကို သတိပြုမိလာကြပေသည်။ သူသည် လူတို့အထဲရှိ မစင်ကြယ်မှု အနည်းငယ်မျှကိုပင်၊ ၎င်းတို့ စိတ်နှလုံးများထဲက ညစ်ညူးသော အတွေးများကိုပင် လျစ်လျူမရှုပေ။ လူတို့၏ စကားများနှင့် လုပ်ရပ်များသည် သူ၏ အလိုတော်နှင့် ကွဲလွဲပါက၊ ၎င်းတို့ကို သူ ခွင့်မလွှတ်ပေ။ သူ၏ နှုတ်ကပတ်တော်များ၌၊ လူသားများ သို့မဟုတ် အခြားမည်သည့်အရာမဆို၏ ညစ်ညူးမှုအတွက် နေရာမရှိပေ- ထိုအရာအားလုံး အလင်းသို့ ဆောင်ယူခြင်း ခံရပေမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအမှု ဒုတိယအဆင့်၏ အကျိုးတရားများကို ရရှိပုံ

(၅၇၇) လူသားနှင့်ပတ်သက်၍ အမှုအရာများ ပေါ်တွင် ဘုရားသခင်သည် အလားတူ အမြင်မျိုးများ ကိုင်စွဲထားသည်ကို သင် မည်သည့်အခါတွင်မျှ တွေ့ရ လိမ့်မည်မဟုတ်သည့်အပြင် ကိစ္စရပ်များကို ကိုင်တွယ်ရန် လူသားမျိုးနွယ်၏ ရှုထောင့်အမြင်များ၊ အသိပညာ၊ သိပ္ပံပညာ၊ အတွေးအခေါ် သို့မဟုတ် စိတ်ကူးများကို သူအသုံးပြုသည်ကို တွေ့ရလိမ့်မည်မဟုတ်။ ယင်းထက် ဘုရားသခင် လုပ်ဆောင်သမျှတိုင်းနှင့် သူထုတ်ဖော် ပြသမျှတိုင်းသည် သမ္မာတရားနှင့် ဆက်စပ် နေသည်။ ဆိုလိုသည်မှာ၊ သူပြောခဲ့သော နှုတ်ကပတ်တော်တိုင်းနှင့် သူလုပ်ဆောင်ခဲ့သော လုပ်ဆောင်ချက်တိုင်းသည် သမ္မာတရားနှင့် စပ်ဆိုင်သည်။ ဤသမ္မာတရားသည် အခြေအမြစ်မရှိသော စိတ်ကူးအချို့၏ ရလဒ်မဟုတ်ပေ။ ဤသမ္မာတရားနှင့် ဤနှုတ်ကပတ်တော်များကို ဘုရားသခင်က သူ၏ အနှစ်သာရနှင့် သူ၏ အသက်တို့ကို အကြောင်းပြု၍ ဖော်ပြထားခြင်းဖြစ်သည်။ ဤနှုတ်ကပတ်တော်များနှင့် ဘုရားသခင် လုပ်ဆောင်ခဲ့သမျှ အရာခပ်သိမ်း၏ အနှစ်သာရသည် သမ္မာတရား ဖြစ်သောကြောင့်၊ ဘုရားသခင်၏ အနှစ်သာရသည် သန့်ရှင်းသည်ဟု ငါတို့ပြောနိုင်သည်။ တစ်နည်းအားဖြင့် ဆိုသော်၊ ဘုရားသခင် ပြောဆို၊ လုပ်ဆောင်သမျှ အရာခပ်သိမ်းတို့သည် လူတို့ထံ အသက်ပါခြင်းနှင့် အလင်းကို ယူဆောင်လာပေးသည်၊ လူတို့ကို အပြုသဘောဆောင်သော အရာများနှင့် ထိုအပြုသဘောဆောင်သော အရာများ၏ စစ်မှန်မှုကို မြင်ခွင့်ပေးပြီး ၎င်းတို့အနေဖြင့် မှန်ကန်သော လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ဖို့အလို့ငှာ လူသားမျိုးနွယ်အတွက် လမ်းညွှန်ပေးသည်။ ဤအရာအားလုံးကို ဘုရားသခင်၏ အနှစ်သာရနှင့် သူ၏ သန့်ရှင်းခြင်းနှင့်ဆိုင်သော အနှစ်သာရတို့က သတ်မှတ် ထားခြင်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)

(၅၇၈) သင်သည် ဘုရားသခင်၏ သန့်ရှင်းခြင်းကို နားလည် သဘောပေါက် လာသည့်အခါ ဘုရားသခင်ကို သင် အမှန်တကယ် ယုံကြည်နိုင်လိမ့်မည်။ သင်သည် ဘုရားသခင်၏ သန့်ရှင်းခြင်းကို နားလည်သဘောပေါက်လာသည့်အခါ “အတုမရှိ ဘုရားသခင် ကိုယ်တော်တိုင်” ဟူသော စကားလုံးတို့၏ အဓိပ္ပါယ် အစစ်အမှန်ကို အမှန်တကယ် နားလည်နိုင်လိမ့်မည်။ သင့်အနေဖြင့် ဤတစ်လမ်းအပြင် သင်ရွေးလျှောက်နိုင်သည့် အခြားလမ်းကြောင်းများရှိသည်ကို တွေးလျက် သင်သည် စိတ်ကူးယဉ်တော့မည် မဟုတ်သကဲ့သို့၊ သင့်အတွက် ဘုရားသခင် စီစဉ်ထားသော အရာရာတိုင်းကို သစ္စာဖောက်ရန်လည်း လိုလားတော့မည် မဟုတ်ပေ။ ဘုရားသခင်၏ အနှစ်သာရသည် သန့်ရှင်းသောကြောင့် ယင်းသည် ဘုရားသခင် အားဖြင့်သာလျှင် ဖြောင့်မတ်သော အလင်းလမ်းကြောင်းပေါ် အသက်တာတစ်လျှောက် သင်လျှောက်လှမ်းနိုင်သည်ဟု အဓိပ္ပာယ် ရ၏။ ဘုရားသခင်အားဖြင့်သာ ဘဝ၏ အဓိပ္ပာယ်ကို သင်သိနိုင်၏။ ဘုရားသခင်အားဖြင့်သာ စစ်မှန်သော လူ့သဘာဝကို သင် အသက်ရှင်နေထိုင်နိုင်ပြီး သမ္မာတရားကို ပိုင်ဆိုင်နိုင်သကဲ့သို့ သိလည်းသိနိုင်သည်။ ဘုရားသခင်အားဖြင့်သာ သမ္မာတရားမှ အသက်ကို သင်ရရှိနိုင်သည်။ ဘုရားသခင်ကိုယ်တိုင်သာ သင့်အား မကောင်းမှုမှ ရှောင်ကြဉ်ရန် ကူညီပေးနိုင်ပြီး စာတန်၏ အန္တရာယ်နှင့် ထိန်းချုပ်မှုမှ သင့်အား ကယ်တင်ပေးနိုင်၏။ ဆင်းရဲဒုက္ခကို သင် မခံစားရတော့ရန်အလို့ငှာ ဘုရားသခင် မှအပ သင့်အား မည်သူမျှ၊ မည်သည့်အရာကမျှ ဒုက္ခပင်လယ် အတွင်းမှ မကယ်တင်နိုင်ပေ။ ဤသည်မှာ ဘုရားသခင်၏ အနှစ်သာရအားဖြင့် သတ်မှတ်ခြင်း ဖြစ်၏။ ဘုရားသခင် ကိုယ်တိုင်သည်သာ သင့်ကို လုံးဝကိုယ်ကျိုးမငဲ့ဘဲ ကယ်တင်၏၊ ဘုရားသခင်သည်သာ သင်၏အနာဂတ်၊ သင်၏ ကံကြမ္မာနှင့် သင်၏အသက်တာအတွက် အခြေခံအားဖြင့် တာဝန်ရှိပြီး၊ သူသည် သင့်အတွက် အရာခပ်သိမ်းကို စီစဉ်ပေး၏။ ဤသည်မှာ ဖန်ဆင်းခံဖြစ်စေ၊ ဖန်ဆင်းခံ မဟုတ်သည့်အရာဖြစ်စေ မည်သည့် အရာကမျှ မစွမ်းဆောင်နိုင်သည့် အရာတစ်ခုဖြစ်သည်။ ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခံမဟုတ်သည့်အရာတို့က ဘုရားသခင်၏ အနှစ်သာရကဲ့သို့သော အနှစ်သာရကို မပိုင်ဆိုင်သောကြောင့် မည်သည့်လူ သို့မဟုတ် မည်သည့်အရာကမျှ သင့်အား ကယ်တင်ရန် သို့မဟုတ် သင့်အား ဦးဆောင်လမ်းပြရန် အစွမ်းအစမရှိချေ။ ဤသည်မှာ လူသားအဖို့ ဘုရားသခင်၏ အနှစ်သာရနှင့်ဆိုင်သော အရေးပါမှု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)

(၅၇၉) ငါသည် တစ်လျှောက်လုံး လူသားကို တင်းကျပ်သော စံနှုန်းတစ်ခု သတ်မှတ်ထားပြီးဖြစ်သည်။ အကယ်၍ သင်၏ သစ္စာစောင့်သိမှုသည် ရည်ရွယ်ချက်များနှင့် သတ်မှတ်ချက်များဖြင့် လာပါက၊ ၎င်းတို့၏ ရည်ရွယ်ချက်များမှတစ်ဆင့် ငါ့ကို လှည့်ဖြားပြီး၊ သတ်မှတ်ချက်များဖြင့် ငါ့ကို ခြိမ်းခြောက်ညှစ်ယူသောသူတို့ကို ငါ စက်ဆုပ်သည့်အတွက်၊ သင်၏ သစ္စာစောင့်သိမှုဟု ခေါ်သောအရာမရှိဘဲသာ နေလိုက်ချင်သည်။ လူ့အနေဖြင့် ငါ့အား လုံးဝ သစ္စာစောင့်သိကြရန်နှင့်- ယုံကြည်ခြင်း- ဟူသော စကားလုံး တစ်လုံးအတွက်- သက်သေပြရန်အလို့ငှာ- အရာခပ်သိမ်းကို လုပ်ဆောင်ဖို့ကိုသာ ငါ အလိုရှိသည်။ ငါသည် သင်တို့ကို စစ်မှန်ရိုးသားမှုဖြင့် အမြဲ ဆက်ဆံခဲ့ပြီး၊ ထို့ကြောင့် သင်တို့သည်လည်း ငါ့အပေါ် စစ်မှန်သော ယုံကြည်ခြင်းဖြင့် ပြုမူရန် ငါ ဆန္ဒရှိသည့်အတွက်၊ ငါကို ဝမ်းမြောက်စေရန် ကြိုးစားဖို့ သင်တို့၏ ချော့လုံးမြောက်လုံးများ အသုံးပြုခြင်းကို ငါ စက်ဆုပ်ရွံရှာသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ်တစ်ယောက် ဖြစ်သလော

(၅၈၀) မည်ကဲ့သို့သော လူမျိုးကို ငါ လိုချင်သည်ကို သင်သိရမည်။ မဖြူစင်သော သူများကို နိုင်ငံတော်အထဲသို့ ဝင်ရောက်ရန် အခွင့်မပြုထားပေ၊ မဖြူစင်သော သူများကို သန့်ရှင်းသောမြေအား အသရေဖျက်စေရန် အခွင့်မပြုထားပေ။ သင်သည် အလွန်များသော အလုပ်ကို လုပ်ဆောင်ပြီးဖြစ်ကာ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ အဆုံး၌ သင်သည် မနှစ်မြို့ဖွယ်ရာ ညစ်ညူးနေဆဲ ဖြစ်ပါက၊ သင်သည် ငါ့နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုသည်မှာ ကောင်းကင်ဘုံ၏ ဥပဒေသအဖို့ သည်းမခံနိုင်ဖွယ် ဖြစ်ပေလိမ့်မည်။ ကမ္ဘာလောကကို အုတ်မြစ်ချသည့် အချိန်မှသည် ယနေ့အထိ၊ ငါ့ကို မျက်နှာလို မျက်နှာရ ပြုကြသော ထိုသူများအား ငါ့နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ လွယ်ကူစွာ ဝင်ရောက်ခွင့် မပေးဖူးပေ။ ဤသည်မှာ ကောင်းကင်ဘုံဆိုင်ရာ စည်းမျဉ်း ဖြစ်ပြီး၊ မည်သူမျှ ချိုးဖောက်၍မရနိုင်။ သင်သည် အသက်အား ရှာဖွေရမည်။ ယနေ့ခေတ်တွင် ပြီးပြည့် စုံလင်စေခြင်း ခံရမည့် သူများသည် ပေတရုကဲ့သို့သော သူများ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် စိတ်သဘောထားတွင် ပြောင်းလဲမှုများကို ရှာဖွေသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်အား သက်သေခံရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး အနေဖြင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် လိုလားနေကြသူများ ဖြစ်သည်။ ဤကဲ့သို့သော လူများသာ စုံလင်စေခြင်း ခံရပေလိမ့်မည်။ အကယ်၍ သင်သည် ဆုလာဘ်များကိုသာ မျှော်လင့်ပြီး၊ သင်၏ကိုယ်ပိုင် အသက်စိတ်သဘောထားကို ပြောင်းလဲရန် မကြိုးစားပါက၊ သင်၏ အားထုတ်မှု အားလုံးသည် အချည်းနှီး ဖြစ်သွားလိမ့်မည်၊ ဤသည်မှာ ပြောင်းလဲ၍ မရနိုင်သော သမ္မာတရားတစ်ခု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်

(၅၈၁) ဘုရားသခင်သည် သူ၏ဖြစ်ခြင်းအတိုင်း သူဖြစ်ပြီး သူ၏ရှိခြင်းအတိုင်း သူရှိပေသည်။ သူဖော်ပြသမျှနှင့် ထုတ်ဖော်သမျှတို့သည် သူ၏အနှစ်သာရနှင့် သူ၏ကိုယ်ပိုင်လက္ခဏာတို့၏ ကိုယ်စားပြုခြင်းများဖြစ်သည်။ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းအပါအဝင် သူ၏အနှစ်သာရနှင့် ကိုယ်ပိုင်လက္ခဏာတို့သည် မည်သည့်လူသားကမျှ အစားထိုး၍မရနိုင်သော အရာများဖြစ်သည်။ သူ၏စိတ်နေသဘောထား၌ လူသားမျိုးနွယ်အတွက် သူ၏ချစ်ခြင်း၊ လူသားမျိုးနွယ်ကို နှစ်သိမ့်ပေးမှု၊ လူသားမျိုးနွယ်အပေါ် မုန်းတီးမှု၊ ထိုမျှမက လူသားမျိုးနွယ်အပေါ် အစုံအစေ့ နားလည်မှုတို့ အကျုံးဝင်သည်။ သို့သော်လည်း လူသား၏ပင်ကိုစရိုက်မှာမူ အကောင်းမြင်ခြင်း၊ ထကြွလုံ့လရှိခြင်း၊ သို့မဟုတ် စာနာစိတ်မရှိခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ဘုရားသခင်၏ စိတ်နေသဘောထားမှာ သက်ရှိသက်မဲ့ အရာအားလုံးတို့ကို အုပ်စိုးသောသူနှင့် သက်ဆိုင်ပြီး ဖန်ဆင်းခြင်းခပ်သိမ်း၏ သခင်နှင့် သက်ဆိုင်သည်။ သူ၏ စိတ်နေသဘောထားသည် ဂုဏ်ပြုခြင်း၊ တန်ခိုး၊ မြင့်မြတ်ခြင်း၊ ကြီးမြတ်ခြင်းကို ကိုယ်စားပြုပြီး အရေးကြီးဆုံးမှာ သာလွန်ကြီးစိုးခြင်းကို ကိုယ်စားပြုသည်။ သူ၏စိတ်နေသဘောထားသည် သြဇာအာဏာ၏ သင်္ကေတဖြစ်ပြီး ဖြောင့်မတ်သောအရာအားလုံး၏ သင်္ကေတဖြစ်ကာ လှပ၍ ကောင်းမွန်သည့်အရာအားလုံး၏ သင်္ကေတလည်း ဖြစ်ပေသည်။ ထိုထက်မက ထိုစိတ်နေသဘောထားသည် အမှောင်ထုနှင့် မည်သည့် ရန်သူအင်အားကမျှ အနိုင်ယူ၍မရနိုင်သောက၊ သို့မဟုတ် ထိပါး၍ မရနိုင်သော သူ၏ သင်္ကေတဖြစ်ပြီး၊ မည်သည့်ဖန်ဆင်းခံ သတ္တဝါကမျှ ပုန်ကန်ပြစ်မှား၍ မရနိုင်သော (ပုန်ကန်ပြစ်မှားခြင်းကိုလည်း သူသည်းခံမည် မဟုတ်ပေ) သူ၏ သင်္ကေတလည်း ဖြစ်သည်။ သူ၏စိတ်နေသဘောထားသည် အမြင့်ဆုံးသောတန်ခိုး၏ သင်္ကေတဖြစ်၏။ မည်သည့်လူကမျှ၊ သို့မဟုတ် မည်သည့်လူအများကမျှ သူ၏အမှု၊ သို့တည်းမဟုတ် သူ၏စိတ်နေသဘောထားကို မနှောင့်ယှက်နိုင်ပေ၊ သို့မဟုတ် နှောင့်ယှက်ခွင့်ရှိမည်လည်း မဟုတ်ပေ။ သို့သော် လူသား၏ ပင်ကိုစရိုက်မှာမူ သားရဲတိရစ္ဆာန်ထက် လူသားက အနည်းငယ် သာလွန်မှု၏ သင်္ကေတမျှသာဖြစ်သည်။ လူသားသည် သူကိုယ်၌က မည်သည့်သြဇာအာဏာမျှမရှိ၊ မည်သည့်လုပ်ပိုင်ခွင့်မျှမရှိ၊ ထို့ပြင် မိမိကိုယ်ကို ကျော်လွန်နိုင်စွမ်းလည်း မရှိပေ၊ သို့သော်လည်း သူ၏အနှစ်သာရ၌မူ သူသည် လူအမျိုးမျိုး၊ ဖြစ်ရပ်အမျိုးမျိုးနှင့် အခြေအနေအမျိုးမျိုးတို့၏ ပြုသမျှ နုရမည့် ကြောက်ဒူးတုန်နေသူဖြစ်သည်။ ဘုရားသခင်၏ ဝမ်းသာခြင်းသည် ဖြောင့်မတ်ခြင်းနှင့် အလင်းတို့၏ တည်ရှိမှုနှင့် ထွက်ပေါ်လာမှုတို့ကြောင့်ဖြစ်သည်၊ အမှောင်ထုနှင့် ဆိုးယုတ်မှုတို့၏ ပျက်စီးမှုကြောင့်ဖြစ်သည်။ လူသားမျိုးနွယ်အတွက် အလင်းနှင့် ကောင်းမွန်သော အသက်တာကို ယူဆောင်လာပေးခြင်းအပေါ် သူဝမ်းမြောက်သည်၊ သူ၏ဝမ်းသာခြင်းသည် ဖြောင့်မှန်သော ဝမ်းသာခြင်းဖြစ်ပြီး အပြုသဘောဆောင်သော အရာအားလုံးတို့ တည်ရှိမှု၏ သင်္ကေတဖြစ်ကာ ထိုမျှမက မင်္ဂလာရှိခြင်း၏ သင်္ကေတလည်းဖြစ်၏။ ဘုရားသခင်၏ ဒေါသမှာ မတရားမှု၏ တည်ရှိခြင်းနှင့် နှောင့်ယှက်ခြင်းတို့က လူသားမျိုးနွယ်အပေါ် သင့်ရောက်စေသော အန္တရာယ်ကြောင့် ဖြစ်သည်၊ ဆိုးယုတ်မှုနှင့် အမှောင်ထုတို့၏ တည်ရှိမှုကြောင့်ဖြစ်သည်၊ သမ္မာတရားကို နှင်ထုတ်သော အမှုအရာများ၏ တည်ရှိမှုကြောင့်ဖြစ်သည်၊ ထိုမျှမက ကောင်းမွန်ပြီး လှပသောအရာများကို ဆန့်ကျင်သည့် အမှုအရာများ၏ တည်ရှိမှုကြောင့်ဖြစ်သည်။ သူ၏ဒေါသသည် အပျက်သဘောဆောင်သော အရာများအားလုံး မတည်ရှိတော့ခြင်း၏ သင်္ကေတဖြစ်ပြီး ထိုထက်ပို၍ သူ့သန့်ရှင်းခြင်း၏ သင်္ကေတပင်ဖြစ်သည်။ သူ၏ဝမ်းနည်းမှုမှာ မျှော်လင့်ချက်များ သူထားခဲ့သော်ငြားလည်း အမှောင်ထုထဲသို့ ကျဆင်းသွားသော လူသားမျိုးနွယ်ကြောင့်ဖြစ်ပြီး လူသားအပေါ် သူပြုသောအမှုမှာ သူ၏မျှော်မှန်းချက်များအတိုင်း ဖြစ်မလာ သောကြောင့်ဖြစ်ကာ သူချစ်သော လူသားမျိုးနွယ်မှာ အလင်းထဲတွင် အားလုံးမနေနိုင်ကြသောကြောင့်ဖြစ်သည်။ အပြစ်ကင်းမဲ့သော လူသားမျိုးနွယ်အတွက်၊ ရိုးသားသော်လည်း ပညာမဲ့သော လူသားအတွက်၊ ထို့ပြင် လူကောင်းဖြစ်သော်လည်း မိမိကိုယ်ပိုင်အမြင်များ ကင်းမဲ့နေသော လူသားအတွက် သူဝမ်းနည်းရသည်။ သူ၏ဝမ်းနည်းမှုမှာ သူ၏ကောင်းမြတ်ခြင်းနှင့် သူ့ကရုဏာတို့၏ သင်္ကေတဖြစ်ပြီး လှပခြင်းနှင့် ကြင်နာခြင်းတို့၏ သင်္ကေတဖြစ်သည်။ သူ၏ပျော်ရွှင်မှုသည် သူ၏ရန်သူများကို အနိုင်ရခြင်းနှင့် လူသား၏ စိတ်ရင်းကောင်းကို ရရှိခြင်းတို့မှ လာသည်မှာ မှန်ပေ၏။ ထိုမျှမက ထိုပျော်ရွှင်မှုသည် ရန်သူ့အင်အား အားလုံးတို့၏ နှင်ထုတ်ခံရခြင်းနှင့် ပျက်စီးခြင်းတို့မှ ပေါ်ပေါက်လာပြီး ကောင်းမွန်ပြီး ငြိမ်းအေးသော အသက်တာကို လူသားမျိုးနွယ်တို့ ရရှိခြင်းကြောင့် ပေါ်ပေါက်လာသည်။ ဘုရားသခင်၏ ပျော်ရွှင်မှုသည် လူသား၏ ဝမ်းသာမှုနှင့် မတူပေ၊ စင်စစ်အားဖြင့် ထိုပျော်ရွှင်မှုသည် အသီးအပွင့်ကောင်းများကို စုဆောင်းရခြင်း၏ ခံစားချက်ဖြစ်ပြီး ဝမ်းသာမှုထက် ပို၍ကြီးမားသော စိတ်ခံစားချက် ဖြစ်သည်။ သူ၏ပျော်ရွှင်မှုသည် ဤအချိန်မှစ၍ ရှေ့လျှောက်တွင် လူသားမျိုးနွယ်တို့ ဆင်းရဲဒုက္ခမှ လွတ်မြောက်ခြင်း၏ သင်္ကေတဖြစ်ပြီး အလင်းလောကသို့ လူသားမျိုးနွယ်ဝင်ရောက်ခြင်း၏ သင်္ကေတလည်း ဖြစ်၏။ သို့သော်ငြားလည်း လူသားမျိုးနွယ်၏ စိတ်ခံစားမှုများမှာမူ သူ၏ကိုယ်ပိုင်အကျိုးအလို့ငှာသာ ထွက်ပေါ်လာခြင်းဖြစ်ပြီး ဖြောင့်မြတ်ခြင်း၊ အလင်း၊ သို့မဟုတ် လှပသောအရာအလို့ငှာ ထွက်ပေါ်လာခြင်း မဟုတ်သကဲ့သို့ ယုတ်စွအဆုံး ကောင်းကင်ဘုံက ချပေးသနားသော ကျေးဇူးတော်အလို့ငှာ ထွက်ပေါ်လာခြင်းလည်း မဟုတ်ပေ။ လူသားမျိုးနွယ်၏ စိတ်ခံစားမှုများမှာ တစ်ကိုယ်ကောင်းဆန်ပြီး အမှောင်လောကနှင့် သက်ဆိုင်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အစီအစဉ်အလို့ငှာ တည်ရှိဖို့ဝေးစွ၊ ဘုရားသခင်၏ အလိုတော်အတွက်ပင် မတည်ရှိပေ၊ ထို့ကြောင့် လူသားနှင့် ဘုရားသခင်ကို တစ်ချိန်တည်းတွင် အတူပြော၍ မရနိုင်ချေ။ ဘုရားသခင်သည် အစဉ်အမြဲ အထွတ်အထိပ်ဖြစ်၍ အမြဲဂုဏ်သရေရှိသည်၊ လူသားမှာမူ အစဉ်အမြဲ ယုတ်ညံ့၍ အစဉ်အမြဲ သုံးမရပေ။ ဤသို့ဖြစ်ရခြင်းမှာ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် စွန့်လွှတ်မှုများ အမြဲပြုပေးကာ သူ့ကိုယ်သူ ပေးအပ်မြှုပ်နှံထားသောကြောင့် ဖြစ်သည်၊ သို့သော်လည်း လူသားမှာမူ အစဉ်အမြဲ မိမိအတွက်သာလျှင် ရယူပြီး ကြိုးပမ်းလေ၏။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ရှင်သန်ရေးအတွက် အစဉ်အမြဲ အပတ်တကုတ် ကြိုးပမ်းနေသော်လည်း လူသားကမူ အလင်းအတွက်၊ သို့မဟုတ် ဖြောင့်မတ်ခြင်းအတွက် မည်သည့်အရာကိုမျှ လုံးဝမထောက်ကူပေးပေ။ လူသားအနေဖြင့် တစ်ခဏတာမျှ လုံ့လစိုက်ထုတ်လျှင်ပင် ထိုးနှက်ချက် တစ်ခုကိုမျှပင် ခံနိုင်မည်မဟုတ်ပေ၊ အကြောင်းမှာ လူသား၏လုံ့လသည် သူ့ကိုယ်ပိုင်အကျိုးအတွက်သာ အစဉ်အမြဲ ဖြစ်နေပြီး အခြားသူများအတွက် မဟုတ်သောကြောင့်ပင် ဖြစ်သည်။ လူသားသည် အစဉ်အမြဲ တစ်ကိုယ်ကောင်းဆန်၏၊ ဘုရားသခင်ကမူ အစဉ်အမြဲ ကိုယ်ကျိုးမငဲ့ပေ။ ဘုရားသခင်သည် တရားမျှတသောအရာ၊ ကောင်းသောအရာနှင့် လှပသောအရာအားလုံး၏ အရင်းအမြစ်ဖြစ်ပြီး လူသားမှာမူ အကျည်းတန်ပြီး ဆိုးယုတ်သော အရာအားလုံးကို ဆက်ခံကာ ထင်ရှားအောင် ပြုလုပ်သူဖြစ်၏။ ဘုရားသခင်သည် သူ၏ဖြောင့်မတ်ပြီး လှပသည့် အနှစ်သာရကို မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ပေ၊ သို့သော် လူသားကမူ အချိန်မရွေး၊ အခြေအနေမရွေး၌ ဖြောင့်မတ်ခြင်းကို သစ္စာဖောက်ကာ ဘုရားသခင်ထံမှ လမ်းလွဲသွားကြရန် ကောင်းကောင်းတတ်နိုင်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန်မှာ အလွန်အရေးကြီးပေ၏

(၅၈၂) ထိပါးစော်ကားခြင်းအပေါ် ဘုရားသခင်၏သည်းမခံခြင်းသည် သူ၏အတုမရှိသော အနှစ်သာရဖြစ်သည်။ ဘုရားသခင်၏အမျက်ဒေါသသည် သူ၏အတုမရှိသော စိတ်သဘောထားဖြစ်သည်။ ဘုရားသခင်၏ဘုန်းအာနုဘော်သည် သူ၏အတုမရှိသော အနှစ်သာရဖြစ်သည်။ ဘုရားသခင်၏ ဒေါသနောက်ကွယ်ရှိ နိယာမသည် သူသာလျှင်ပိုင်ဆိုင်သည့် သူ၏ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်တို့၏ ထုတ်ဖော်ချက်ဖြစ်သည်။ ဤနိယာမသည် အတုမရှိ ဘုရားသခင် ကိုယ်တော်တိုင်၏ အနှစ်သာရဆိုင်ရာ သင်္ကေတတစ်ခုလည်းဖြစ်ကြောင်းကို ပြောစရာမလိုပေ။ ဘုရားသခင်၏ စိတ်သဘောထားသည် သူ၏ကိုယ်ပိုင်ရှိရင်းစွဲအနှစ်သာရဖြစ်ပြီး ယင်းသည် အချိန်ကုန်လွန်သည်နှင့် လိုက်ပြောင်းလဲခြင်းလုံးဝမရှိသကဲ့သို့ တည်နေရာ အပြောင်းအလဲများကိုလိုက်၍လည်း မပြောင်းလဲပေ။ သူ၏ရှိရင်းစွဲစိတ်သဘောထားသည် သူ၏ပင်ကိုအနှစ်သာရဖြစ်သည်။ သူ၏အမှုကို မည်သူ့အပေါ်၌ သူပြုသည်ဖြစ်စေ သူ၏အနှစ်သာရသည် မပြောင်းလဲသကဲ့သို့ သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားသည်လည်း မပြောင်းလဲချေ။ လူတစ်ယောက်သည် ဘုရားသခင်ကို ဒေါသထွက်စေသည့်အခါ ဘုရားသခင်ထုတ်လွှတ်သည့်အရာသည် သူ၏ရှိရင်းစွဲစိတ်သဘောထားဖြစ်သည်။ ဤအချိန်၌ သူ့ဒေါသနောက်ကွယ်မှ အခြေခံမူက မပြောင်းလဲသကဲ့သို့ သူ၏အတုမရှိသည့် ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်တို့ကလည်း မပြောင်းလဲပေ။ သူ၏အနှစ်သာရက ပြောင်းလဲသောကြောင့်၊ သို့မဟုတ် သူ၏စိတ်သဘောထားမှ မတူညီသည့် သဘောတရားများ ထွက်ပေါ်လာသောကြောင့် သူဒေါသထွက်လာခြင်း မဟုတ်ဘဲ သူ့အပေါ် လူသား၏ ဆန့်ကျင်မှုသည် သူ၏စိတ်သဘောထားကို ထိပါးစော်ကားသောကြောင့်ဖြစ်၏။ ဘုရားသခင်ကို လူသား၏ ပြောင်ပြောင်တင်းတင်း ရန်စခြင်းက ဘုရားသခင်၏ ကိုယ်ပိုင်ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်အတွက် အလွန်ပြင်းထန်သည့် စိန်ခေါ်မှုတစ်ခုပင် ဖြစ်သည်။ ဘုရားသခင်၏အမြင်တွင် လူသားက သူ့ကို စိန်ခေါ်သည့်အခါ လူသားသည် သူ့ကိုယှဉ်ပြိုင်နေခြင်းဖြစ်ပြီး သူ၏ဒေါသကို အကဲစမ်းနေခြင်းဖြစ်သည်။ လူသားက ဘုရားသခင်ကို ဆန့်ကျင်သည့်အခါ၊ လူသားက ဘုရားသခင်ကို ယှဉ်ပြိုင်သည့်အခါ၊ လူသားက ဘုရားသခင်၏ ဒေါသကို အဆက်မပြတ် အကဲစမ်းသည့်အခါ- ဤကဲ့သို့သောအချိန်မျိုးမှာ အပြစ်တရားထကြွသောင်းကျန်းသည့် အချိန်ဖြစ်သည်- ဘုရားသခင်၏ အမျက်ဒေါသသည် အလိုအလျောက် ထုတ်ဖော်ပြီး ထွက်ပေါ်လာလိမ့်မည်။ ထို့ကြောင့် သူ၏အမျက်ဒေါသကို ဘုရားသခင်၏ဖော်ပြချက်က ဆိုးယုတ်သော စွမ်းအားခပ်သိမ်းသည် မတည်ရှိတော့မည့် သင်္ကေတတစ်ခုဖြစ်ပြီး ရန်လိုသည့် စွမ်းအားခပ်သိမ်းသည် ဖျက်ဆီးခံရမည့် သင်္ကေတတစ်ခုဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ အတုမရှိမှုနှင့် ဘုရားသခင့်အမျက်ဒေါသ၏ အတုမရှိမှုဖြစ်သည်။ ဘုရားသခင်၏ ဂုဏ်သိက္ခာနှင့် သန့်ရှင်းခြင်းတို့ စိန်ခေါ်ခံရသည့်အခါ၊ လူသားက တရားမျှတမှု၏ စွမ်းအားများကို ပိတ်ဆို့ထားပြီး ၎င်းတို့ကို မမြင်သည့်အခါ ဘုရားသခင်သည် သူ၏အမျက်ဒေါသကို စေလွှတ်လိမ့်မည်။ ဘုရားသခင်ကို ယှဉ်ပြိုင်သည့်၊ သူ့ကိုဆန့်ကျင်ပြီး သူ့ကိုရင်ဆိုင်သည့် စွမ်းအားခပ်သိမ်းသည် ဘုရားသခင်၏ အနှစ်သာရကြောင့် ဆိုးယုတ်ကာ ဖောက်ပြန်ပျက်စီးပြီး မတရားကြပေ။ ၎င်းတို့သည် စာတန်ထံမှလာပြီး စာတန်နှင့်သက်ဆိုင်၏။ ဘုရားသခင်သည် တရားမျှတပြီး အလင်းဖြစ်သည့်အပြင် အပြစ်အနာအဆာကင်းမဲ့စွာ သန့်စင်မွန်မြတ်သောကြောင့် ဘုရားသခင်၏ အမျက်ဒေါသကို ထုတ်လွှတ်လိုက်သောအခါ ဆိုးယုတ်၍ ဖောက်ပြန်ပျက်စီးပြီး စာတန်နှင့်သက်ဆိုင်သည့် အရာအားလုံးသည် ပျောက်ကွယ်သွားလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “အနိုင်ယူခြင်း မခံရနိုင်သော သင်္ကေတ”။

ခ။ မူရင်းစာသားတွင် “ပုန်ကန်ပြစ်မှားခြင်းကို မခံရနိုင်သော (ထို့ပြင် ပုန်ကန်ပြစ်မှားခံရခြင်းကို သည်းမခံသော) သင်္ကေတ”။

အရှေ့သို့- (ခ) ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့် ပတ်သက်၍

နောက်တစ်ခုသို့- (ဃ) အရာခပ်သိမ်းတို့အတွက် အသက်၏ အရင်းအမြစ်အဖြစ် ဘုရားသခင်နှင့် ပတ်သက်၍

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။