(ဃ) အရာခပ်သိမ်းတို့အတွက် အသက်၏ အရင်းအမြစ်အဖြစ် ဘုရားသခင်နှင့် ပတ်သက်၍

(၅၈၃) အသက်၏ လမ်းခရီးသည် မည်သူမဆို ပိုင်ဆိုင်နိုင်သည့် အရာတစ်ခု မဟုတ်သကဲ့သို့၊ မည်သူမဆို အလွယ်တကူ ရယူနိုင်သောအရာ တစ်ခုလည်း မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် အသက်သည် ဘုရားသခင်ထံမှသာ လာနိုင်သောကြောင့်ဖြစ်၏၊ ဆိုလိုသည်မှာ ဘုရားသခင် ကိုယ်တိုင်သည်သာ အသက်၏အနှစ်သာရကို ပိုင်ဆိုင်ပြီး၊ ဘုရားသခင်ကိုယ်တိုင်သာ အသက်၏ လမ်းခရီး ရှိလေသည်။ ထို့ကြောင့် ဘုရားသခင်သာလျှင် အသက်၏အရင်းအမြစ်ဖြစ်ပြီး၊ အစဉ်စီးဆင်းနေသော ရှင်သန်သည့် အသက်စမ်းရေဖြစ်၏။ ကမ္ဘာလောကကို သူဖန်ဆင်းခဲ့ချိန်ကတည်းမှစ၍ ဘုရားသခင်သည် အသက်၏ စွမ်းအားပါဝင်သည့် အမှုများစွာကို လုပ်ဆောင်ပြီး ဖြစ်သည်၊ လူသားထံ အသက် ဆောင်ကြဉ်းပေးသည့် အမှုများစွာကို လုပ်ဆောင်ပြီးဖြစ်သကဲ့သို့၊ လူသားအနေဖြင့် အသက်ရရှိစေနိုင်ရန် အလို့ငှာ ကြီးမားသော အဖိုးအခတစ်ခုကို ပေးဆပ်ပြီးဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် ကိုယ်တော်တိုင်သည် ထာဝရအသက်ဖြစ်ပြီး၊ ဘုရားသခင် ကိုယ်တော်တိုင်သည် လူသားကို ရှင်ပြန်ထမြောက်စေသည့် လမ်းခရီး ဖြစ်သောကြောင့် ဖြစ်၏။ ဘုရားသခင်သည် လူသား၏နှလုံးသားမှ မည်သည့်အခါမျှ ကင်းမဲ့ခြင်းမရှိသကဲ့သို့၊ လူသားအလယ်တွင် တစ်ချိန်လုံး အသက်ရှင်နေပေသည်။ သူသည် လူသား အသက်ရှင်မှု၏ လွှမ်းမိုးစေ့ဆော်မှု၊ လူသားဖြစ်တည်မှု၏ အရင်းအမြစ်နှင့် မွေးဖွားပြီးနောက် လူ၏ ဖြစ်တည်မှုအတွက် ကြွယ်ဝသော သိုက် ဖြစ်သည်။ သူသည် လူသားကို ပြန်လည်မွေးဖွားဖို့ ဖြစ်စေပြီး၊ ၎င်းကို ၎င်း၏အခန်းကဏ္ဍတိုင်း၌ ဇွဲနပဲကြီးစွာ ရှင်သန်နိုင်စေ၏။ သူ၏တန်ခိုးနှင့် သူ၏ငြှိမ်းသတ်၍မရသော အသက် အင်အားကြောင့် လူသားသည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် အသက်ရှင်ပြီး ဖြစ်သည်၊ ယင်းကာလတစ်လျှောက်လုံး ဘုရားသခင်၏ အသက်တန်ခိုးသည် လူသား တည်ရှိမှု၏ အဓိကပံ့ပိုးမှုဖြစ်ကာ၊ မည်သည့်သာမန်လူသားကမျှ ပေးဆပ်ဖူးခြင်းမရှိသော အဖိုးအခကို ဘုရားသခင် ပေးဆပ်ပြီးဖြစ်သည်။ ဘုရားသခင်၏ အသက်အင်အားသည် မည်သည့်တန်ခိုးကိုမဆို အောင်နိုင်၏။ ထို့အပြင် မည်သည့်တန်ခိုးထက်မဆို သာလွန်၏။ သူ၏အသက်သည် ထာဝရဖြစ်၏၊ သူ၏တန်ခိုးသည် ထူးကဲသာလွန်ကာ၊ သူ၏ အသက်အင်အားကို မည်သည့် အဖန်ဆင်းခံ သတ္တဝါ၊ သို့မဟုတ် မည်သည့် ရန်သူအင်အားကမျှ မလွှမ်းမိုးနိုင်ပေ။ အချိန်၊ သို့မဟုတ် နေရာကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ အသက်အင်အားသည် တည်ရှိ၍ ၎င်း၏တောက်ပသောရောင်ခြည်ကို ထွန်းလင်း၏။ ကောင်းကင်နှင့် မြေကြီးသည် ကြီးမားသော ပြောင်းလဲမှုများကို ကြုံကောင်းကြုံရနိုင်သော်လည်း၊ ဘုရားသခင်၏ အသက်မှာမူ ထာဝရ မပြောင်းလဲပေ။ ဘုရားသခင်သည် အရာခပ်သိမ်း၏ တည်ရှိခြင်း အရင်းအမြစ်ဖြစ်ပြီး၊ ၎င်းတို့တည်ရှိခြင်း၏ ရေသောက်မြစ် ဖြစ်သည့်အတွက်၊ အရာခပ်သိမ်း မတည်သော်လည်း၊ ဘုရားသခင်၏ အသက်သည် ဆက်လက်တည်ရှိလိမ့်မည်။ လူသား၏အသက်သည် ဘုရားသခင်ထံမှ အစပြု၏။ ကောင်းကင်၏ တည်ရှိခြင်းသည် ဘုရားသခင်ကြောင့်ဖြစ်ပြီး၊ ကမ္ဘာမြေကြီး တည်ရှိခြင်းသည် ဘုရားသခင်၏ အသက်တန်ခိုးကြောင့်ဖြစ်၏။ အသက်၏ စွမ်းအားရှိသည့် မည်သည့်အရာမျှ ဘုရားသခင်၏ အချုပ်အခြာ အာဏာကို ကျော်လွန်နိုင်ခြင်း မရှိသကဲ့သို့၊ အားမာန်ရှိသည့် မည်သည့်အရာမျှ ဘုရားသခင်၏ သြဇာ အာဏာပိုင်နက်မှ မလွတ်မြောက်နိုင်ပေ။ ဤနည်းဖြင့် မည်သူပင်ဖြစ်စေ အယောက်တိုင်း ဘုရားသခင်၏ အုပ်စိုးမှုအောက် နာခံရမည်၊ အယောက်တိုင်း ဘုရားသခင်၏ ကွပ်ကဲမှုအောက်တွင် အသက်ရှင်ရမည်ဖြစ်ပြီး၊ မည်သူမျှ သူ၏လက်မှ မလွတ်မြောက်နိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်

(၅၈၄) အရာခပ်သိမ်းကို ဘုရားသခင် ဖန်ဆင်းခဲ့ကတည်းက၊ ထိုအရာအားလုံးသည် စနစ်ကျသည့် နည်းလမ်းနှင့် သူ ပြဋ္ဌာန်းထားသည့် နိယာမများနှင့်အညီ လည်ပတ်နေကြပြီး ဆက်လက် တိုးတက်နေကြပြီးဖြစ်သည်။ သူ၏ အကြည့်အောက်တွင်၊ သူ၏ အုပ်စိုးမှုအောက်တွင်၊ လူသားမျိုးနွယ်သည် ရှင်သန်ပြီးဖြစ်ကာ တစ်လျှောက်လုံးတွင် အရာခပ်သိမ်းသည် စနစ်ကျသည့် နည်းလမ်းဖြင့် ဖွံ့ဖြိုးတိုးတက်နေပြီး ဖြစ်သည်။ ဤနိယာမများကို ပြောင်းလဲနိုင်သည့်အရာ သို့မဟုတ် ဖျက်ဆီးနိုင်သည့်အရာ မည်သည့်အရာမျှ မရှိပေ။ သတ္တဝါအားလုံး ပွားများနိုင်သည်မှာ ဘုရားသခင်၏ အုပ်စိုးမှုကြောင့် ဖြစ်ပြီး သတ္တဝါအားလုံး ရှင်သန်နိုင်သည်မှာ သူ၏ အုပ်စိုးမှုနှင့် စီမံခန့်ခွဲမှုကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် သတ္တဝါအားလုံး ဖြစ်တည်လာသည်၊ ရှင်သန်သည်၊ ပျောက်ကွယ်ကာ အစီအစဉ်တကျပုံစံဖြင့် ပြန်ဝင်စား ကြလေသည်။ နွေဦးရာသီ ရောက်သည့်အခါတွင်၊ ဖွဲဖွဲရွာနေသည့် မိုးက လတ်ဆတ်သည့် ရာသီနှင့်ဆိုင်သော ခံစားချက်ကို ဆောင်ကြဉ်းလာပြီး ကမ္ဘာမြေကို စွတ်စိုစေသည်။ မြေပြင်သည် စတင်ပျော့‌ပျောင်းလာကာ မြက်ပင်များက မြေဆီလွှာကို ဖြတ်သန်းထိုးတက်ကာ အညှောင့်စထွက်စဉ်တွင်၊ သစ်ပင်များက တဖြည်းဖြည်း အစိမ်းရောင် သန်းလာကြသည်။ ဤသက်ရှိအရာ အားလုံးက ကမ္ဘာမြေကြီးဆီသို့ လတ်ဆတ်သည့် ရှင်သန်တက်ကြွမှု ဆောင်ကြဉ်းလာသည်။ ဤသည်မှာ သတ္တဝါအားလုံး ဖြစ်တည်လာပြီး ရှင်သန်လာနေချိန်ကဲ့သို့ပင် ဖြစ်သည်။ တိရစ္ဆာန်မျိုးစုံသည် နွေဦး၏ နွေးထွေးမှုကို ခံစားပြီး နှစ်သစ်တစ်ခုကို စတင်ရန် ၎င်းတို့၏ တွင်းများထဲမှ ထွက်လာကြသည်။ သက်ရှိသတ္တဝါ အားလုံးသည် နွေရာသီအတွင်းတွင် နေပူစာလှုံကြပြီး ရာသီဥတုက သယ်ဆောင် လာသည့် နွေးထွေးမှုကို နှစ်သက်ခံစားကြသည်။ ၎င်းတို့ လျင်မြန်စွာ ကြီးထွားကြသည်။ သစ်ပင်များ၊ မြက်ပင်များနှင့် အပင်အမျိုးအစား အားလုံးသည် အလွန် လျင်မြန်သည့်နှုန်းဖြင့် ကြီးထွားနေကြသည်မှာ နောက်ဆုံးတွင် ဖူးပွင့်ကာ အသီးသီးကြသည်အထိ ဖြစ်သည်။ လူသားတို့ အပါအဝင် သက်ရှိသတ္တဝါအားလုံးသည် နွေရာသီအတွင်းတွင် အလွန်အလုပ်များကြသည်။ ဆောင်းဦးရာသီတွင်၊ မိုးသည် ဆောင်းဦးရာသီ၏ အေးမြမှုကို သယ်ဆောင်လာပြီး သက်ရှိသတ္တဝါ အမျိုးအစားအားလုံးသည် ရိတ်သိမ်းခြင်း ရာသီ ရောက်ရှိခြင်းကို စတင်ခံစားကြရသည်။ အရာအားလုံးသည် အသီးသီးကြပြီး၊ ဆောင်းရာသီအတွက် ပြင်ဆင်ရာတွင် အစားအစာရှိရန်အလို့ငှာ လူသားတို့သည် ဤအသီးအနှံ အမျိုးအစား အမျိုးမျိုးကို စတင်ရိတ်သိမ်း ကြသည်။ ဆောင်းရာသီတွင် အရာအားလုံးသည် အေးမြသည့်ရာသီ စတင်လာသည်နှင့်အမျှ ဆိတ်ငြိမ်မှုနှင့် ငြိမ်သက်မှုတို့တွင် တဖြည်းဖြည်း စတင်နေသားကျ လာကြပြီး၊ လူတို့သည်လည်း ဤရာသီ အတောအတွင်းတွင် အနားယူကြလေသည်။ တစ်ရာသီမှ တစ်ရာသီ၊ နွေဦးရာသီမှ နွေရာသီ၊ ဆောင်းဦးရာသီ၊ ဆောင်းရာသီသို့၊ ကူးပြောင်းခြင်း- ဤပြောင်းလဲမှုများသည် ဘုရားသခင် တည်ထောင်ခဲ့သည့် နိယာမများအတိုင်း အားလုံး ဖြစ်ပေါ်ကြခြင်း ဖြစ်သည်။ သူသည် ဤနိယာမများကို အသုံးပြုလျက် အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်ကို ဦးဆောင်ပြီး ခြားနားသည့်အပူချိန်များနှင့် ရာသီဥတုများရှိသည့် ရှင်သန်ခြင်းအတွက် ပတ်ဝန်းကျင်တစ်ခုကို ပြင်ဆင်ရင်း၊ လူသားမျိုးနွယ်အတွက် ထူးကဲဆန်းစုံပြီး စိတ်ဝင်စားဖွယ်ကောင်းသော ဘဝလမ်းခရီး တစ်ခုကို ဖန်တီးခဲ့သည်။ ထို့ကြောင့် ရှင်သန်ခြင်းအတွက် ဤစနစ်ကျသည့် ပတ်ဝန်းကျင်မျိုးအတွင်းတွင်၊ လူသားများသည် စနစ်ကျသည့်နည်းလမ်းတစ်ခုဖြင့် ရှင်သန်ကာ တိုးပွားနိုင်လေသည်။ လူသားများက ဤနိယာမများကို မပြောင်းလဲနိုင်သကဲ့သို့၊ မည်သည့် လူ သို့မဟုတ် သတ္တဝါကမျှ ယင်းတို့ကို မချိုးဖောက်နိုင်ပေ။ မရေတွက်နိုင်သော ပြောင်းလဲမှုများ ဖြစ်ပွားပြီးဖြစ်သော်လည်း- ပင်လယ်များက ကွင်းပြင်များ ဖြစ်လာစဉ် ကွင်းပြင်များက ပင်လယ်များဖြစ်လာကာ- ဤနိယာမများက ဆက်လက် တည်ရှိနေသည်။ ဘုရားသခင် တည်ရှိသောကြောင့်၊ ပြီးလျှင် သူ၏အုပ်စိုးမှုနှင့် သူ၏စီမံခန့်ခွဲမှုကြောင့် ထိုနိယာမများ တည်ရှိပေသည်။ ဤစနစ်ကျသည့် ပိုမိုကြီးမားသည့် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သော ပတ်ဝန်းကျင်မျိုးဖြင့်၊ လူတို့၏ ဘဝများသည် ဤနိယာမများနှင့် စည်းမျဉ်းများအတွင်းတွင် ရှေ့ဆက်လေသည်။ ဤနိယာမများအောက်တွင် လူတို့၏ မျိုးဆက်များ တစ်ဆက်ပြီးတစ်ဆက် ဖြစ်ပေါ်စေပြီး လူတို့၏ မျိုးဆက် တစ်ဆက်ပြီးတစ်ဆက်သည် ထိုနိယာမများ အောက်တွင် ရှင်သန်ကြပြီး ဖြစ်သည်။ လူတို့သည် ရှင်သန်ခြင်းအတွက် ဤစနစ်ကျသည့် ပတ်ဝန်းကျင်အပြင်၊ မျိုးဆက် တစ်ဆက်ပြီးတစ်ဆက်အတွက် ဘုရားသခင် ဖန်ဆင်းခဲ့သည့် များစွာသော အရာအားလုံးကို မွေ့လျော်ကြပြီး ဖြစ်သည်။ ဤနိယာမအမျိုးအစားများသည် ပင်ကိုအားဖြင့် ဖြစ်သည်ဟု ခံစားကြပြီး ယင်းတို့ကို အထင်သေးစွာ အလေးမမှုကြသော်လည်း၊ ၎င်းတို့သည် ဤနိယာမများကို ဘုရားသခင်က စီစဉ်ညွှန်ကြားနေသည်၊ ဤနိယာမများအပေါ် ဘုရားသခင် အုပ်စိုးနေသည်ဆိုသည်ကို မခံစားနိုင်ကြသော်လည်း၊ မည်သို့ပင်ဖြစ်စေကာမူ ဘုရားသခင်သည် ဤမပြောင်းလဲသည့်အမှုတွင် အမြဲ ပါဝင်ပတ်သက်ပေသည်။ ဤမပြောင်းလဲသည့် အမှုတွင် သူ၏ရည်ရွယ်ချက်သည် လူသားမျိုးနွယ်၏ ရှင်သန်ခြင်းနှင့် လူသားမျိုးနွယ်က ဆက်လက်ရှင်သန်နိုင်ဖို့အလို့ငှာ ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၉)

(၅၈၅) ဘုရားသခင်သည် အရာခပ်သိမ်း၏ လည်ပတ်မှုကို အုပ်စိုးသည့် စည်းမျဉ်းများကို အမိန့်ပေးချုပ်ကိုင်သည်။ သူသည် အရာခပ်သိမ်း၏ ဆက်လက်ရှင်သန်နိုင်ရေးကို အုပ်ချုပ်သည့် စည်းမျဉ်းများကို ထိန်းချုပ်သည်။ သူသည် အရာခပ်သိမ်းကို သေကြေပျက်စီး မသွားအောင် သို့မဟုတ် ပျောက်ကွယ်မသွားအောင် ထိန်းချုပ် ထားပြီး၊ အချင်းချင်း အားလည်းဖြည့်ပြီး မှီလည်းမှီခိုစေသည်။ ထိုမှသာ လူသားမျိုးနွယ်သည် ဆက်လက်ရှင်သန်နိုင်မည်။ ထိုမှသာ သူတို့သည် ထိုသို့သော ပတ်ဝန်းကျင်မျိုးတွင် ဘုရားသခင်၏ လမ်းပြမှုအောက်၌ နေထိုင်နိုင်မည်။ ဘုရားသခင်သည် ဤလည်ပတ်မှုစည်းမျဉ်းများ၏ အရှင်သခင်ဖြစ်ပြီး၊ မည်သူတစ်ဦး တစ်ယောက်ကမျှ ၎င်းတို့ကို ကြားဝင်နှောင့်ယှက် မရနိုင်သကဲ့သို့၊ ပြောင်းလဲ၍မရနိုင်ပါ။ ဘုရားသခင် ကိုယ်တိုင်သာလျှင် ဤစည်းမျဉ်းများကို သိနားလည်ပြီး သူကိုယ်တိုင်ကသာ ၎င်းတို့ကို စီမံခန့်ခွဲသည်။ သစ်ပင်များ မည်သည့်အချိန် အညှောက်ပေါက်မည်၊ မိုး မည်သည့်အချိန်ရွာမည်၊ ကမ္ဘာမြေကြီးက အပင်များကို ရေနှင့် အာဟာရ မည်မျှပေးမည်၊ မည်သည့်ရာသီတွင် သစ်ရွက်များ ကြွေကျမည်၊ မည်သည့်ရာသီတွင် သစ်ပင်များ အသီးသီးမည်၊ နေရောင်ခြည်က သစ်ပင်ကို အာဟာရမည်မျှပေးမည်၊ နေရောင်ခြည်၏ ကျွေးမွေးခံလာရပြီးနောက် သစ်ပင်များက မည်သည့်အရာကို ရှူထုတ်ပေးမည်- ဤအရာများအားလုံးအား ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည့်အချိန်တွင် မည်သူမျှ မချိုးဖောက်နိုင်သည့် စည်းမျဉ်းများအဖြစ် သူကြိုတင် ပြဌာန်း ထားခဲ့သည်။ အသက်ရှိသည်ဖြစ်စေ၊ သို့မဟုတ် လူ့အမြင်တွင် အသက်မဲ့သည်ဖြစ်စေ ဘုရားသခင်ဖန်ဆင်းခဲ့သည့် အရာများမှာ သူ့အနေဖြင့် သူတို့ကိုထိန်းချုပ်ပြီး သူတို့အပေါ် အုပ်စိုးသည့်နေရာဖြစ်သော သူ၏လက်ထဲတွင် တည်နေကြသည်။ ဤစည်းမျဉ်းများကို မည်သူကမျှ မပြောင်းလဲနိုင်သကဲ့သို့ မဖောက်ဖျက်နိုင်ပါ။ တစ်နည်းအားဖြင့် ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းသည့်အချိန်တွင် သစ်ပင်သည် ကမ္ဘာမြေကြီးမရှိဘဲ အမြစ်များနှင့် အညှောက်တို့ကို ချမှတ်၍ မရနိုင်သည့်အပြင် မကြီးထွားနိုင်မည့်အကြောင်း၊ ကမ္ဘာမြေကြီးသည် သစ်ပင်များ မရှိလျှင် ခြောက်သွေ့သွားမည့်အကြောင်း၊ သစ်ပင်သည် ကျေးငှက်တို့၏ နားခိုရာအိမ် ဖြစ်လာသင့်ပြီး လေဒဏ်မှ သူတို့ အကာအကွယ်ယူရမည့် နေရာဖြစ်လာမည့်အကြောင်း ကြိုတင် ပြဋ္ဌာန်းထားပြီး ဖြစ်ခဲ့သည်။ သစ်ပင်တစ်ပင်က နေရောင်ခြည် မရှိလျှင် ရှင်သန်နိုင်မည်လော။ (မရှင်သန်နိုင်ပါ။) သစ်ပင်က ကမ္ဘာမြေကြီးနှင့်သာလျှင်လည်း မရှင်သန်နိုင်ပါ။ ဤအရာများ အားလုံးမှာ လူသားမျိုးနွယ်အတွက်၊ လူသားမျိုးနွယ်၏ ဆက်လက် ရှင်သန်မှုအတွက် ဖြစ်သည်။ လူသည် သစ်ပင်မှ လတ်ဆတ်သည့် လေကို ရရှိပြီး လူသည် သစ်ပင်မှ ကာကွယ်ပေးထားသည့် ကမ္ဘာမြေကြီးပေါ်တွင် နေထိုင်ကြရသည်။ လူသားသည် နေရောင်ခြည် သို့မဟုတ် အမျိုးမျိုးသော သက်ရှိအရာများမရှိဘဲ အသက်မရှင်နိုင်ပါ။ ဤဆက်နွယ်မှုများမှာ ရှုပ်ထွေးသော်လည်း အရာခပ်သိမ်းတို့သည် အချင်းချင်း ခွန်အားဖြည့်ပေးနိုင်ရန်၊ အချင်းချင်း မှီခိုရန်နှင့် အတူတကွ တည်ရှိရန် အလို့ငှာ ဘုရားသခင်က ၎င်းတို့ကိုအုပ်စိုးသည့် စည်းမျဉ်းများအား ဖန်ဆင်းခဲ့သည်ကို သင် အမှတ်ရဖို့လိုသည်။ အခြားနည်းဖြင့် ဆိုရသော် သူဖန်ဆင်းခဲ့သည့် အရာတစ်ခုစီတိုင်းတွင် တန်ဖိုးနှင့် အရေးပါမှုတို့ ရှိကြသည်။ အကယ်၍ အရာတစ်ခုခုကို အရေးပါမှုမရှိဘဲ ဖန်ဆင်းခဲ့သည်ဆိုလျှင်၊ ဘုရားသခင်က ၎င်းကို ပျောက်ကွယ်စေမည် ဖြစ်သည်။ ဤသည်မှာ အရာခပ်သိမ်းကို ထောက်ပံ့ရန် ဘုရားသခင်အသုံးပြုသည့် နည်းလမ်းများထဲက တစ်ခုပင်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၇)

(၅၈၆) ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ချိန်တွင် ယင်းတို့ကို ဟန်ချက်ညီစေရန်၊ တောင်များနှင့် အင်းအိုင်များ၊ အပင်များနှင့် တိရစ္ဆာန်မျိုးစုံ၊ ငှက်များနှင့် ပိုးမွှားများ၏ အသက်ရှင်သန်မှု အခြေအနေများကို ဟန်ချက်ညီစေရန် နည်းစနစ် မျိုးစုံကို အသုံးပြုခဲ့သည်။ သူ၏ ရည်မှန်းချက် ပန်းတိုင်မှာ သူထူထောင်ခဲ့သည့် နိယာမများအောက်တွင် သက်ရှိသတ္တဝါ မျိုးစုံကို ရှင်သန်နေထိုင်ပြီး ပွားများခွင့်ပေးရန် ဖြစ်သည်။ ဖန်ဆင်းခြင်း အရာများထဲမှ မည်သည့်အရာမျှ ဤနိယာမများ၏ အပြင်ဘက်သို့ သွား၍ မရနိုင်သကဲ့သို့၊ ဤနိယာမများကို ချိုးဖောက်၍ မရနိုင်ပေ။ ဤအခြေခံ ပတ်ဝန်းကျင် အမျိုးအစား အတွင်းတွင်သာ လူသားများသည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဘေးကင်းစွာနှင့် ပွားများစွာ ရှင်သန်နိုင်ပေသည်။ မည်သည့် သက်ရှိသတ္တဝါမဆိုသည် ဘုရားသခင် ထူထောင်ထားသည့် အရေအတွက် သို့မဟုတ် နယ်ပယ်ကို ကျော်သွားပါက၊ သို့မဟုတ် သူ ချမှတ်သည့် ကြီးထွားမှုနှုန်း၊ မျိုးပွားမှု အကြိမ်ရေ သို့မဟုတ် အရေအတွက်ကို ကျော်လွန်ပါက၊ လူသားမျိုးနွယ်၏ ရှင်သန်မှု အတွက် ပတ်ဝန်းကျင်သည် ပျက်စီးမှု အဆင့်အမျိုးမျိုးကို ခံစားရပါပေမည်။ ပြီးလျှင် တစ်ချိန်တည်းတွင်၊ လူသားမျိုးနွယ်၏ ရှင်သန်မှုသည် ခြိမ်းခြောက် ခံရပေမည်။ သက်ရှိသတ္တဝါ အမျိုးအစား တစ်ခုက အရေအတွက် အလွန်များလျှင်၊ လူများ၏ အစားအစာကို လုယက်လိမ့်မည်၊ လူများ၏ ရေ အရင်းအမြစ်များကို ဖျက်ဆီးလိမ့်မည် ဖြစ်ပြီး၊ ၎င်းတို့၏ မွေးရပ်မြေများကို ဖျက်ဆီးကြလိမ့်မည်။ ထိုသို့ဖြင့် လူသားမျိုးနွယ်၏ မျိုးပွားမှု သို့မဟုတ် ရှင်သန်မှု အခြေအနေသည် ချက်ချင်း ထိခိုက်ခံရပေမည်။...သက်ရှိသတ္တဝါများ၏ အမျိုးအစားတစ်မျိုးသာ သို့မဟုတ် အမျိုးအစား အချို့သည် ၎င်းတို့၏သင့်တော်သည့် အရေအတွက်ကို ကျော်လွန်သွားပါက၊ ရှင်သန်မှုအတွက် လူသားမျိုးနွယ်၏ နေရာအတွင်းရှိ လေ၊ အပူချိန်၊ အစိုဓာတ်နှင့် လေထု ဖွဲ့စည်းမှုပင်လျှင် အဆိပ်သင့်လိမ့်မည်ဖြစ်ပြီး အဆင့်အမျိုးမျိုးအထိ ဖျက်ဆီးခံရလိမ့်မည်။ ဤအခြေအနေများအောက်တွင်၊ လူသားတို့၏ ရှင်သန်မှုနှင့် ကံကြမ္မာသည် ဤဂေဟစနစ်ဆိုင်ရာ အကြောင်းရင်းများက ဖြစ်ပေါ်စေသည့် ခြိမ်းခြောက်မှုများကိုလည်း ခံရလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ဤဟန်ချက်ညီမှုများ ဆုံးရှုံးသွားပါက၊ လူတို့ အသက်ရှူသည့်လေသည် ပျက်စီးလိမ့်မည်၊ ၎င်းတို့သောက်သည့်ရေ ညစ်ညမ်းလိမ့်မည် ဖြစ်ကာ၊ ၎င်းတို့လိုအပ်သည့် အပူချိန်သည်လည်း ပြောင်းလဲသွားလိမ့်မည် ဖြစ်ကာ၊ အဆင့်အမျိုးမျိုးထိ ထိခိုက်ခံရပေလိမ့်မည်။ ထိုအရာဖြစ်ပါက လူသားမျိုးနွယ်နှင့် ပင်ကိုအားဖြင့် သက်ဆိုင်သည့် ရှင်သန်မှုအတွက် ပတ်ဝန်းကျင်များသည် အလွန် ကြီးမားသည့် ထိခိုက်မှုများနှင့် စိန်ခေါ်မှုများကို ခံရလိမ့်မည် ဖြစ်သည်။ လူသားတို့၏ ရှင်သန်မှုအတွက် အခြေခံ ပတ်ဝန်းကျင် ဖျက်ဆီးခံရပြီးဖြစ်သည့် ဤဖြစ်ရပ်မျိုးတွင်၊ လူသားမျိုးနွယ်၏ ကံကြမ္မာနှင့် ရှေ့ရေးသည် မည်သည့်အရာ ဖြစ်မည်နည်း။ ဤသည်မှာ အလွန် အရေးကြီးသည့် ပြဿနာ တစ်ခု ဖြစ်သည်။ လူသားမျိုးနွယ်အတွက် ဖန်ဆင်းခြင်း အရာအသီးသီးသည် မည်သည့် အကြောင်းရင်းအတွက် တည်ရှိရသည်၊ သူ ဖန်ဆင်းခဲ့သည့် အမှုအရာ အမျိုးအစားတိုင်းက မည်သည့် အခန်းကဏ္ဍ ရှိကြသည်၊ အမှုအရာ အသီးသီးက လူသားမျိုးနွယ်အပေါ် မည်သည့် သက်ရောက်မှုမျိုးရှိပြီး၊ မည်သည့် အဆင့်ထိ ယင်းက လူသားမျိုးနွယ်အတွက် အကျိုးပြုသည်ကို ဘုရားသခင် သိသည့်အတွက်ကြောင့်၊ ဘုရားသခင်၏ စိတ်နှလုံးထဲတွင် ဤအရာ အားလုံးအတွက် အစီအစဉ် တစ်ခုရှိပြီး သူ ဖန်ဆင်းခဲ့သည့် အမှုအရာ အားလုံး၏ သွင်ပြင်လက္ခဏာ တစ်ခုစီတိုင်းကို သူ စီမံသောကြောင့်၊ ယင်းမှာ သူ လုပ်ဆောင်သည့် အမှုအရာ တစ်ခုစီတိုင်းသည် လူသားမျိုးနွယ်အတွက် အလွန် အရေးကြီးရသည့် အကြောင်းရင်း ဖြစ်သည်။ ထို့ကြောင့် ယခုမှစ၍၊ ဘုရားသခင်၏ ဖန်ဆင်းခြင်း အရာအားလုံးထဲတွင် ဂေဟစနစ်ဆိုင်ရာ ဖြစ်ရပ်အချို့ သို့မဟုတ် ဘုရားသခင်၏ ဖန်ဆင်းခြင်း အရာများထဲတွင် သဘာဝနိယာမ အချို့ အလုပ်လုပ်သည်ကို သင် သတိပြုမိသည့်အခါတိုင်းတွင်၊ ဘုရားသခင် ဖန်ဆင်းခဲ့သည့် အရာ တစ်ခုစီတိုင်း၏ လိုအပ်မှုနှင့်ပတ်သက်၍ သင်သည် သံသယဖြစ်လိမ့်မည် မဟုတ်တော့ပေ။ အရာခပ်သိမ်းနှင့်ဆိုင်သည့် ဘုရားသခင်၏ စီမံခန့်ခွဲမှုများနှင့် လူသားမျိုးနွယ်အတွက် သူ၏ ထောက်ပံ့ခြင်း နည်းလမ်း အမျိုးမျိုးတို့ကို ထင်ရာမြင်ရာ ဝေဖန်အကဲဖြတ်မှုများ ပြုလုပ်ရန် မသိနားမလည်သည့် စကားများကို သင် အသုံးပြုတော့မည် မဟုတ်ပေ။ သူ၏ ဖန်ဆင်းခြင်း အရာအားလုံးအတွက် ဘုရားသခင်၏ နိယာမများနှင့်ပတ်သက်၍ ထင်ရာမြင်ရာ ကောက်ချက်ချခြင်းများလည်း သင် ပြုလိမ့်မည် မဟုတ်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၉)

(၅၈၇) အကယ်၍ ဖန်ဆင်းခြင်း အရာခပ်သိမ်းသည် ၎င်းတို့၏ ကိုယ်ပိုင် နိယာမများ ဆုံးရှုံးခဲ့လျှင်၊ ၎င်းတို့သည် တည်ရှိတော့မည် မဟုတ်ပေ။ အကယ်၍ အရာခပ်သိမ်း၏ နိယာမများသည် ဆုံးရှုံးသွားပါက၊ အရာခပ်သိမ်းထဲတွင် ရှိသည့် သက်ရှိသတ္တဝါတို့သည် ရှေ့ဆက်နိုင်မည် မဟုတ်တော့ပေ။ လူသားမျိုးနွယ်သည်လည်း ရှင်သန်မှုအတွက် ၎င်းတို့ မှီခိုရသည့် ၎င်းတို့၏ပတ်ဝန်းကျင်ကို ဆုံးရှုံးသွားမည် ဖြစ်သည်။ လူသားမျိုးနွယ်သည် ဤအရာအားလုံး ဆုံးရှုံးသွားပါက၊ ၎င်းတို့ ရှင်သန်နေကြပြီးသည့်အတိုင်း မျိုးဆက်များ တစ်ဆက်ပြီး တစ်ဆက် ရှင်သန်ကာ ပွားများဖို့ ဆက်လက် လုပ်ဆောင်နိုင်ကြမည် မဟုတ်ပေ။ ယခုအချိန်ထိ လူသားများ ရှင်သန်ပြီးဖြစ်သည့် အကြောင်းရင်းမှာ ဘုရားသခင်သည် ၎င်းတို့ကို ပြုစုစောင့်ရှောက်ရန်၊ မတူညီသော နည်းလမ်းများဖြင့် လူသားမျိုးနွယ်ကို ပြုစုစောင့်ရှောက်ရန် ဖန်ဆင်းခြင်း အရာခပ်သိမ်းအား ထောက်ပံ့ပေးထားပြီး ဖြစ်သောကြောင့် ဖြစ်သည်။ လူသားမျိုးနွယ်သည် ယခုအချိန်ထိ၊ မျက်မှောက်ခေတ် အထိ ရှင်သန်ပြီးဖြစ်သည်မှာ ဘုရားသခင်သည် လူသားမျိုးနွယ်ကို မတူညီသည့် နည်းလမ်းများဖြင့် ပြုစုစောင့်ရှောက် သောကြောင့်သာ ဖြစ်သည်။ သင့်လျော်ပြီး သဘာဝ နိယာမများက ကောင်းမွန်သည့် အစီအစဉ်ဖြင့် ရှိကြသည့် ရှင်သန်မှုအတွက် သတ်မှတ်ထားသော ပတ်ဝန်းကျင်တစ်ခုဖြင့်၊ ကမ္ဘာမြေ၏ မတူညီသော လူအမျိုးအစားအားလုံး၊ မတူညီသော လူမျိုးစုအားလုံးသည် သူတို့၏ ကိုယ်ပိုင် ပြဋ္ဌာန်းထားသည့် နယ်မြေများအတွင်းတွင် ရှင်သန်နိုင်ကြလေသည်။ ယင်းတို့ကို ချမှတ်ထားသည်မှာ ဘုရားသခင် ဖြစ်သောကြောင့်၊ ဤနယ်မြေများ သို့မဟုတ် နယ်နိမိတ်များကို မည်သူမျှ ကျော်မသွားနိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၉)

(၅၈၈) ဝိညာဉ်လောကသည် အရေးကြီးသောနေရာတစ်ခု၊ ရုပ်ဝတ္ထုလောကနှင့် ကွဲပြားသောနေရာ တစ်ခု ဖြစ်သည်။ ယင်းသည် အရေးကြီးသည်ဟု ငါအဘယ်ကြောင့် ပြောသနည်း။ ဤအရာကို ငါတို့ အသေးစိတ် ဆွေးနွေးကြမည်။ ဝိညာဉ်လောက၏ တည်ရှိခြင်းသည် လူသားမျိုးနွယ်၏ ရုပ်ဝတ္ထုလောကနှင့် ခွဲခြား၍မရအောင် ဆက်စပ်နေသည်။ ယင်းသည် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အုပ်စိုးမှုထဲက လူသား၏ ရှင်ခြင်းနှင့် သေခြင်းသံသရာတွင် အဓိကအခန်းကဏ္ဍတစ်ခုကို ဆောင်ရွက်သည်။ ဤသည်မှာ ယင်း၏အခန်းကဏ္ဍဖြစ်ပြီး၊ ဤသည်မှာ ယင်း၏တည်ရှိခြင်းက အရေးကြီးရသည့် အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။ ယင်းသည် အာရုံငါးပါးအဖို့ မသိသာသောနေရာတစ်ခုဖြစ်သောကြောင့်၊ ဝိညာဉ်လောက တည်ရှိသည်၊ မတည်ရှိသည်ကို မည်သူမျှ တိကျစွာ အကဲမဖြတ်နိုင်ပေ။ ယင်း၏ အမျိုးမျိုးသော အင်အားများသည် လူသား တည်ရှိမှုနှင့် အတွင်းကျကျ ဆက်စပ်နေသည်၊ ယင်း၏ အကျိုးဆက်အနေဖြင့် လူသားမျိုးနွယ်၏ အသက်တာ စနစ်ကျမှုသည် ဝိညာဉ်လောကအားဖြင့် ကြီးမားစွာ လွှမ်းမိုး ခံရလေသည်။ ဤသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာ ပါဝင်သလော မပါဝင်သလော။ ပါဝင်ပါသည်။ ဤအရာကို ငါပြောသောအခါ၊ ဤအကြောင်းအရာကို ငါအဘယ်ကြောင့် ဆွေးနွေးနေသည်ကို သင်တို့နားလည်ကြ၏။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် ယင်းသည် ဘုရားသခင်၏ အချုပ်အခြာ အာဏာအပြင်၊ သူ၏စီမံအုပ်ချုပ်မှုတို့နှင့် သက်ဆိုင်သောကြောင့် ဖြစ်သည်။ လူတို့အဖို့ မြင်၍မရနိုင်သည့်- ဤကဲ့သို့သော လောကတစ်ခုတွင်၊ ယင်း၏ ကောင်းကင်ဘုံနှင့်ဆိုင်သော အမိန့်ပြန်တမ်း၊ အမိန့်နှင့် စီမံအုပ်ချုပ်မှုစနစ်တို့သည် ရုပ်ဝတ္ထုလောကနှင့်ဆိုင်သော မည်သည့်နိုင်ငံမဆို၏ ဥပဒေများနှင့် စနစ်တိုင်းထက် များစွာသာလွန်ပြီး၊ ဤလောက၌ အသက်ရှိနေသည့် မည်သည့်သတ္တဝါကမျှ ယင်းတို့ကို ဆန့်ကျင်ဝံ့မည်မဟုတ် သို့မဟုတ် ချိုးဖောက်ဝံ့မည် မဟုတ်ပေ။ ဤအရာက ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီမံအုပ်ချုပ်မှုတို့နှင့် ဆက်စပ်သလော။ ဝိညာဉ်လောကတွင်၊ ရှင်းလင်းသည့် စီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်များ၊ ရှင်းလင်းသည့် ကောင်းကင်ဘုံနှင့်ဆိုင်သော အမိန့်ပြန်တမ်းများနှင့် ရှင်းလင်းသော ပြဋ္ဌာန်းချက်များ ရှိ၏။ ကွဲပြားသောအဆင့်များနှင့် အမျိုးမျိုးသော နယ်ပယ်များတွင်၊ အခြွေအရံများသည် ကောင်းကင်ဘုံနှင့် သက်ဆိုင်သော အမိန့်ပြန်တမ်းတစ်ရပ်ကို ချိုးဖောက်ခြင်း၏အကျိုးဆက်က မည်သည့်အရာဖြစ်သည်ကို ၎င်းတို့သိကြသည့်အတွက်၊ ၎င်းတို့၏တာဝန်များကို တင်းကျပ်စွာ လိုက်နာစောင့်ထိန်းကြပြီး စည်းမျဉ်းနှင့် စည်းကမ်းများကို လိုက်နာကြသည်။ ဘုရားသခင်က ဆိုးယုတ်သူကို မည်သို့ အပြစ်ပေးပြီး၊ ကောင်းသူကို မည်သို့ ဆုလာဘ်ချီးမြှင့်သည်၊ ပြီးလျှင် အရာခပ်သိမ်းအပေါ် သူ မည်သို့စီမံအုပ်ချုပ်ကာ အုပ်စိုးသည်ကို ၎င်းတို့ ရှင်းလင်းစွာသိကြလေသည်။ ထို့အပြင် သူသည် ကောင်းကင်ဘုံနှင့်သက်ဆိုင်သော အမိန့်ပြန်တမ်းများနှင့် ပြဋ္ဌာန်းချက်များကို မည်သို့ ဆောင်ရွက်သည်ကို ၎င်းတို့ ရှင်းလင်းစွာ မြင်ကြလေသည်။ ဤသည်တို့သည် လူသားမျိုးနွယ်တို့ နေထိုင်သော ရုပ်ဝတ္ထုလောကနှင့် ကွဲပြားသလော။ ဧကန်အမှန် ကြီးမားစွာ ကွဲပြားပေသည်။ ဝိညာဉ်လောကသည် ရုပ်ဝတ္ထုလောကနှင့် လုံးဝကွဲပြားသော လောကတစ်ခုဖြစ်၏။ ကောင်းကင်ဘုံနှင့် သက်ဆိုင်သော အမိန့်ပြန်တမ်းများနှင့် ပြဋ္ဌာန်းချက်များ ရှိသည့်အတွက်၊ ဤအရာက ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ စီမံအုပ်ချုပ်မှု၊ ထို့အပြင် သူ၏စိတ်သဘောထားအပြင်၊ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို ခြုံငုံပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)

(၅၈၉) ဘုရားသခင်သည် ဝိညာဉ်လောကတွင် ကောင်းကင်ဘုံနှင့်သက်ဆိုင်သော အမိန့်ပြန်တမ်းများ၊ အမိန့်များနှင့် စနစ်များ အမျိုးမျိုးကို ထူထောင်ပြီးဖြစ်ကာ၊ ဤအရာများကို ကြောငြာပြီးသည်နှင့် တစ်ပြိုင်နက်၊ ယင်းတို့ကို ဘုရားသခင် သတ်မှတ်ထားသည့်အတိုင်း ဝိညာဉ်လောကရှိ တရားဝင် ရာထူးအမျိုးမျိုးတွင် ရှိသော သတ္တဝါများက အလွန်တင်းကျပ်စွာ ဆောင်ရွက်ကြပြီး၊ ယင်းတို့ကို မည်သူကမျှ မချိုးဖောက်ဝံ့ကြပေ။ ထို့ကြောင့် လူ့လောကရှိ လူသားမျိုးနွယ်၏ ရှင်ခြင်းနှင့်သေခြင်း သံသရာ၌၊ တစ်စုံတစ်ဦးသည် တိရစ္ဆာန်တစ်ကောင်အဖြစ် ဝင်စားသည်ဖြစ်စေ၊ လူသားတစ်ဦးအဖြစ် ဝင်စားသည်ဖြစ်စေ၊ နှစ်ခုလုံးအတွက် ဥပဒေများရှိ၏။ ဤဥပဒေများသည် ဘုရားသခင်ထံမှ လာသောကြောင့်၊ မည်သူမျှ မချိုးဖောက်ဝံ့ကြသကဲ့သို့ မည်သူမျှ ချိုးဖောက်နိုင်ခြင်းလည်း မရှိပေ။ လူတို့ မြင်ရသည့် ရုပ်ဝတ္ထုလောကသည် ပုံမှန်ဖြစ်ကာ စနစ်တကျ ရှိသည်မှာ ဘုရားသခင်၏ ဤအချုပ်အခြာ အာဏာကြောင့်နှင့် ထိုသို့သော ဥပဒေများ တည်ရှိသောကြောင့်သာ ဖြစ်သည်။ လူသားများသည် ၎င်းတို့အဖို့ လုံးဝ မြင်၍မရနိုင်သည့် အခြားလောကနှင့်အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ တည်ရှိနိုင်ပြီး ယင်းနှင့်အတူ သဟဇာတဖြစ်စွာ အသက်ရှင်နိုင်သည်မှာ ဘုရားသခင်၏ ဤအချုပ်အခြာ အာဏာကြောင့်သာ ဖြစ်သည်- ထိုအရာအားလုံးကို ဘုရားသခင်၏ အချုပ်အခြာအာဏာမှ ခွဲခြား၍မရနိုင်ပေ။ လူတစ်ဦး၏ သွေးသားဘဝ သေဆုံးပြီးနောက်၊ ဝိညာဉ်သည် အသက်ရှိဆဲဖြစ်ပြီး၊ ထို့ကြောင့် ယင်းသည် ဘုရားသခင်၏ စီမံအုပ်ချုပ်မှုအောက်တွင် မရှိပါက၊ မည်သည့်အရာ ဖြစ်မည်နည်း။ ထိုဝိညာဉ်သည် နေရာတိုင်းကို ကျူးကျော် ဝင်ရောက်ရင်း၊ နေရာအနှံ့ သွားလာမည်ဖြစ်ကာ၊ လူ့လောကရှိ သက်ရှိအရာများကိုပင် အန္တရာယ်ပေးလိမ့်မည်။ ထိုသို့သော အန္တရာယ်သည် လူသားမျိုးနွယ်အပေါ်တွင်သာမက၊ အပင်များနှင့် တိရစ္ဆာန်များအပေါ်လည်း အန္တရာယ်ပြုနိုင်ပေမည်- သို့သော် ပထမဆုံး အန္တရာယ်ပြုခံရမည်မှာ လူတို့ ဖြစ်ပေမည်။ ဤသည်သာ ဖြစ်ခဲ့ပါက- ထိုသို့သော ဝိညာဉ်တစ်ခုသည် စီမံအုပ်ချုပ်မှု မရှိဘဲ၊ လူတို့ကို အစစ်အမှန် အန္တရာယ်ပြုကာ ဆိုးညစ်သည့် အရာများကို အမှန်တကယ် လုပ်ဆောင်ခဲ့ပါက- ဝိညာဉ်လောကတွင်လည်း ဤဝိညာဉ်သည် သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ခြင်းခံရလိမ့်မည်။ အမှုအရာများသည် ဆိုးရွားခဲ့ပါက၊ ထိုဝိညာဉ်သည် မကြာခင် တည်ရှိတော့မည် မဟုတ်သကဲ့သို့၊ ဖျက်ဆီးခြင်းခံရပေမည်။ ဖြစ်နိုင်ပါက၊ ယင်းကို တစ်နေရာရာတွင် ထားရှိမည်ဖြစ်ပြီး၊ ထို့နောက် ပြန်ဝင်စားစေလိမ့်မည်။ ဆိုလိုသည်မှာ ဝိညာဉ်အမျိုးမျိုးနှင့်ဆိုင်သည့် ဝိညာဉ်လောက၏ စီမံအုပ်ချုပ်မှုကို အဆင့်များနှင့် စည်းမျဉ်းများနှင့်အညီ ညွှန်ကြားကာ ဆောင်ရွက်ပေသည်။ လူသား၏ ရုပ်ဝတ္ထုလောကသည် ပရမ်းပတာ ဖြစ်ခြင်းထဲသို့ မကျရောက်သည်မှာ၊ ရုပ်ဝတ္ထုလောက၏ လူသားများသည် ပုံမှန်စိတ်နေစိတ်ထား၊ ပုံမှန် ဆင်ခြင်တုံတရားနှင့် စနစ်တကျရှိသော သွေးသားဘဝကို ပိုင်ဆိုင်သည်မှာ ထိုသို့သော စီမံအုပ်ချုပ်မှုကြောင့်သာ ဖြစ်သည်။ လူသားမျိုးနွယ်သည် ထိုသို့သော သာမန်ဘဝတစ်ခု ရှိသည့်နောက်တွင်သာ ဇာတိပကတိ၌ အသက်ရှင်သူတို့သည် ဆက်လက် ရှင်သန်နိုင်လိမ့်မည်ဖြစ်ပြီး၊ မျိုးဆက်များတစ်လျှောက် မျိုးပွားနိုင်လိမ့်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)

(၅၉၀) သက်ရှိသတ္တဝါတစ်ခု၏ သေဆုံးခြင်းသည်- ရုပ်ခန္ဓာအသက် အဆုံးသတ်ခြင်းသည်- ထိုသက်ရှိသတ္တဝါသည် ရုပ်ဝတ္ထုလောကမှ ဝိညာဉ်လောကထဲသို့ ကူးပြောင်းပြီးဖြစ်သည်ကို ညွှန်ပြသည်၊ အသစ်သော ရုပ်ခန္ဓာအသက်၏ မွေးဖွားခြင်းမှာမူ သက်ရှိသတ္တဝါ တစ်ခုသည် ဝိညာဉ်လောကမှ ရုပ်ဝတ္ထုလောကသို့ ရောက်လာပြီးဖြစ်ကာ ၎င်း၏အခန်းကဏ္ဍကို စတင်တာဝန်ယူကာ ဆောင်ရွက်သည်ကို ညွှန်ပြပေသည်။ ယင်းသည် သတ္တဝါတစ်ခု၏ ထွက်ခွာခြင်းဖြစ်စေ ရောက်ရှိခြင်းဖြစ်စေ၊ နှစ်ခုလုံးသည် ဝိညာဉ်လောက၏အလုပ်မှ ခွဲခြား၍မရပေ။ တစ်စုံတစ်ဦးသည် ရုပ်ဝတ္ထုလောကထဲသို့ ရောက်လာသည့်အချိန်တွင်၊ မည်သည့် မိသားစုသို့ ထိုလူ သွားမည်၊ ၎င်းတို့ဆိုက်ရောက်မည့် ခေတ်၊ ၎င်းတို့ဆိုက်ရောက်မည့်အချိန်နှင့် ၎င်းတို့ဆောင်ရွက်မည့် အခန်းကဏ္ဍအဖို့၊ ဝိညာဉ်လောကတွင် ဘုရားသခင်က သင့်တော်သည့် အစီအမံများနှင့် ချမှတ်ချက်များ ဖော်ဆောင်ထား နှင့်ပြီး ဖြစ်သည်။ ထို့သို့ဖြင့် ဤလူ၏အသက်တာတစ်ခုလုံး- ၎င်းတို့ လုပ်ဆောင်သည့်အရာများနှင့် ၎င်းတို့ လျှောက်လှမ်းသည့် လမ်းကြောင်းများသည်- သွေဖည်မှု စိုးစဉ်းမျှမရှိဘဲ ဝိညာဉ်လောကတွင် ပြဌန်းထားသည့် အစီအစဉ်များအတိုင်း ရှေ့ဆက်လိမ့်မည်။ ထို့အပြင် ရုပ်ခန္ဓာအသက် အဆုံးသတ်သည့်အချိန်နှင့် ယင်းအဆုံးသတ်သည့် ပုံစံနှင့် နေရာတို့သည် ဝိညာဉ်လောကအဖို့ ရှင်းလင်းသိသာကာ ထိုးထွင်းသိမြင်နိုင်ပေသည်။ ဘုရားသခင်သည် ရုပ်ဝတ္ထုလောကကို အုပ်စိုးပြီး၊ ဝိညာဉ်လောကကိုလည်း အုပ်စိုးကာ၊ သူသည် ဝိညာဉ်တစ်ပါး၏ ပုံမှန် ရှင်ခြင်းနှင့်သေခြင်း သံသရာကို နှောင့်နှေးစေမည် မဟုတ်သကဲ့သို့၊ ထိုသံသရာနှင့်ဆိုင်သည့် အစီအစဉ်များတွင် မည်သည့် အမှားများမျှ ကျူးလွန်နိုင်မည် မဟုတ်ပေ။ ဝိညာဉ်လောက၏ တရားဝင်ရာထူးများ၌ ရှိသည့် အစောင့်အသီးသီးသည် ဘုရားသခင်၏ ညွှန်ကြားချက်များ၊ စည်းမျဉ်းများနှင့်အညီ ၎င်းတို့၏ တာဝန်တစ်ခုချင်းစီကို ထမ်းဆောင်ကာ ၎င်းတို့ လုပ်သင့်သော အရာများကို လုပ်ကြပေမည်။ ထို့ကြောင့် လူသားမျိုးနွယ်၏လောကတွင်၊ လူသားက ရှုမြင်ရသည့် ရုပ်ဝတ္ထု ဖြစ်စဉ်တိုင်းသည် စနစ်တကျရှိပြီး၊ ပရမ်းပတာများ မပါရှိပေ။ ဤအရာအားလုံးမှာ ဘုရားသခင်၏ အရာခပ်သိမ်းအပေါ် စနစ်တကျ အုပ်ချုပ်မှုကြောင့်အပြင်၊ သူ၏ သြဇာအာဏာသည် အရာခပ်သိမ်းအပေါ် အုပ်စိုးသည်ဆိုသည့် အချက်ကြောင့်လည်း ဖြစ်သည်။ သူ၏ အုပ်စိုးမှုတွင် လူသားများ နေထိုင်သည့် ရုပ်ဝတ္ထုလောက ပါဝင်သည့်အပြင်၊ လူသားမျိုးနွယ်၏ နောက်ကွယ်ရှိ မမြင်နိုင်သော ဝိညာဉ်လောကလည်း ပါဝင်၏။ ထို့ကြောင့် လူသားများသည် ကောင်းမွန်သောဘဝ ရှိလိုပြီး ကောင်းမွန်သော ပတ်ဝန်းကျင်များတွင် နေထိုင်ရန် မျှော်လင့်ပါက၊ မြင်၍ရနိုင်သည့် ရုပ်ဝတ္ထု လောကတစ်ခုလုံးဖြင့် ထောက်ပံ့ပေး ခံရခြင်းအပြင်၊ ၎င်းတို့ကို မည်သူမျှ မမြင်နိုင်သည့်၊ လူသားမျိုးနွယ်ကိုယ်စား သက်ရှိသတ္တဝါတိုင်းကို အုပ်ချုပ်ကာ စနစ်တကျရှိသည့် ဝိညာဉ်လောကဖြင့်လည်း ထောက်ပံ့ပေးရမည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)

(၅၉၁) ကမ္ဘာကြီးထဲသို့ သင်ငိုယိုကာ ရောက်ရှိလာသည့်အချိန်မှစ၍ သင်သည် သင်၏တာဝန်ကို စတင်ဖြည့်ဆည်းရပေတော့သည်။ ဘုရားသခင်၏ အစီအစဉ်နှင့် သူ၏ချမှတ်ဆုံးဖြတ်မှုအတွက် သင်၏ကဏ္ဍကို သင်ဆောင်ရွက်ပြီး သင့်ဘဝ၏ ခရီးစဉ်ကို စတင်ရတော့သည်။ သင့်နောက်ကြောင်းနှင့် သင့်ရှေ့ဆက်ခရီးတို့ မည်သို့ပင် ဖြစ်နေစေကာမူ မည်သူတစ်ဦးတစ်ယောက်ကမျှ ကောင်းကင်ဘုံ၏ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်ခြင်းများကို မရှောင်နိုင်သကဲ့သို့၊ မိမိကံတရားကို ထိန်းချုပ်နိုင်သူလည်း မရှိပေ၊ အကြောင်းမှာ အရာခပ်သိမ်းကို အုပ်စိုးတော်မူသော ဘုရားသခင်တစ်ပါး တည်းသာလျှင် ထိုသို့သောအရာများကို လုပ်နိုင်သောကြောင့်ဖြစ်သည်။ လူသားစတင်ဖြစ်တည်လာသည့်နေ့မှစကာ ဘုရားသခင်သည် စကြဝဠာကို စီမံခန့်ခွဲလျက်၊ အရာအားလုံးအတွက် ပြောင်းလဲမှု စည်းမျဉ်းများနှင့် ၎င်းတို့ရွေ့လျားသည့် လမ်းကြောင်းကို လမ်းညွှန်ပြသပေးလျက် ဤကဲ့သို့ အမှုပြုလာခဲ့သည်။ ခပ်သိမ်းသော အရာများနည်းတူ လူသားသည် ဘုရားသခင်ထံမှ ချိုမြိန်သာယာမှု၊ မိုးရေနှင့် နှင်းစက်နှင်းပေါက်တို့၏ အာဟာရပေးမှုကို တိတ်တဆိတ်နှင့် အမှုမဲ့အမှတ်မဲ့ ရရှိနေသည်၊ ခပ်သိမ်းသောအရာများနည်းတူ လူသားသည် ဘုရားသခင်၏လက်တော်၏ စီစဉ်ညွှန်ကြားမှုအောက်တွင် အမှုမဲ့အမှတ်မဲ့ နေထိုင်လျက်ရှိသည်။ လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ဘုရားသခင်သည် လက်၌ကိုင်ဆောင်ထားပြီး၊ လူသား၏ ဘဝတစ်ခုလုံးကို ဘုရားသခင်သည် သူ၏မျက်လုံးများဖြင့် ကြည့်ရှုလျက်ရှိသည်။ သင်သည် ဤအချက်ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ် အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့်အညီ ရွေ့လျားပြောင်းလဲကာ ပြန်လည်စတင်ပြီး ကွယ်ပျောက်သွားရမည်ဖြစ်သည်။ ဤသည်မှာ အရာအားလုံးကို ဘုရားသခင်တာဝန်ယူသည့် နည်းလမ်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်

(၅၉၂) ဘုရားသခင်သည် ဤကမ္ဘာကြီးကို ဖန်ဆင်းခဲ့ပြီး၊ အသက်ကို သူအပ်နှင်းပေးခဲ့သည့် သက်ရှိသတ္တဝါဖြစ်သော လူသားကို ထိုအထဲသို့ ခေါ်ဆောင်ခဲ့သည်။ ထို့နောက် လူသားသည် မိဘဆွေမျိုးများရှိလာပြီး တစ်ဦးတည်း မဟုတ်တော့ပေ။ လူသားသည် ဤရုပ်ဝတ္ထုကမ္ဘာကြီးကို စတင်တွေ့မြင်သည့်အချိန်မှစကာ သူသည် ဘုရားသခင်၏ စီမံမှု အတွင်းတွင်သာ တည်နေရန် စီရင်ခြင်းခံခဲ့ရသည်။ ဘုရားသခင်ထံမှ ဇီဝအသက်သည် သက်ရှိတစ်ဦးချင်းစီတိုင်းကို အရွယ်ရောက်သူအဖြစ် ကြီးထွားလာရန် တောက်လျှောက်ပံ့ပိုးပေးသည်။ ဤဖြစ်စဉ်အတွင်းတွင် လူသားသည် ဘုရားသခင်၏ စောင့်ရှောက်မှုအောက်၌ ကြီးထွားနေသည်ဟု မည်သူမျှ မခံစားရကြပေ၊ ယင်းအစား လူသားသည် သူ့မိဘ၏ ချစ်ခင်ကြင်နာသည့် စောင့်ရှောက်မှုအောက်တွင် ကြီးထွားလာပြီး၊ သူ၏ကြီးထွားမှုကို သူ့အသက်၏ပင်ကိုအသိစိတ်က လမ်းပြပေးသည်ဟု ၎င်းတို့ယုံကြည်ကြသည်။ အကြောင်းရင်းမှာ လူသားသည် သူ့အား အသက်ကို အပ်နှင်းပေးခဲ့သောသူကို မသိသောကြောင့်၊ သို့မဟုတ် ထိုအသက်သည် မည်သည့်အရပ်မှ လာသည်ကို မသိသောကြောင့် ဖြစ်သည်၊ အသက်၏ပင်ကိုအသိစိတ်က အံ့ဖွယ်တို့အား မည်ကဲ့သို့ ဖန်တီးပေးသည်ကို သာ၍ပင် မသိကြသောကြောင့်လည်းဖြစ်သည်။ လူသားသည် အစားအစာမှာ အသက်ဆက်ရန် အခြေခံဖြစ်ကြောင်း၊ ဇွဲရှိခြင်းသည် သူတည်ရှိနေခြင်း၏ အရင်းအမြစ်ဖြစ်ကြောင်းနှင့် သူ့စိတ်ထဲရှိ ယုံကြည်မှုများသည် သူဆက်လက်ရှင်သန်နိုင်ရန် မှီခိုနေရသည့် အရင်းအနှီးဖြစ်သည်ဟုသာ သိရှိကြသည်။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ထောက်မမှုတို့ကို လူသားသည် လုံး၀ သတိမမူမိပေ၊ ထို့ကြောင့် သူ့အပေါ် ဘုရားသခင်အပ်နှင်းပေးထားသော အသက်ကို သူဖြုန်းတီးပစ်သည်...။ ဘုရားသခင်က နေ့ရောညပါ စောင့်ရှောက်သည့် ဤလူသားတို့အထဲမှ တစ်ဦးတစ်ယောက်မျှပင် မိမိအသိနှင့်မိမိ ဘုရားသခင်ကို မဝတ်ပြုမကိုးကွယ်ကြပေ။ ဘုရားသခင်သည် သူမျှော်လင့်ချက်မထားထားသော လူသားအပေါ် သူစီစဉ်ထား သည့်အတိုင်း ဆက်လက် လုပ်ဆောင်လျက်ရှိသည်။ သူထိုသို့ ပြုလုပ်ရခြင်းမှာ တစ်နေ့တွင် လူသားသည် သူ၏အိပ်မက်မှ နိုးထကာ ဘဝ၏တန်ဖိုးနှင့် အဓိပ္ပာယ်၊ ဘုရားသခင်က သူ့ကိုပေးထားသည့် အရာအားလုံးအတွက် ပေးဆပ်ခဲ့ရသည့် အဖိုးအခနှင့် လူသားအနေဖြင့် သူ့ထံပြန်လှည့်လာစေရန် ဘုရားသခင်သည် စိတ်ထက်သန်သော ဂရုစိုက်မှုဖြင့် စောင့်ဆိုင်းနေသည်ကို ရုတ်တရက် နားလည်စေရန် ဖြစ်သည်။...

ဤကမ္ဘာမြေကြီးထဲသို့ ရောက်ရှိလာသူ အားလုံးသည် အသက်ရှင်ခြင်းနှင့် သေခြင်းကို ကြုံတွေ့ရမည်ဖြစ်ပြီး၊ ၎င်းတို့အထဲမှ အများစုသည် သေဆုံးခြင်းနှင့် ပြန်လည်မွေးဖွားခြင်း သံသရာကို ကြုံတွေ့ခဲ့ကြပြီးဖြစ်သည်။ အသက်ရှင်နေသူများသည် မကြာမီတွင် သေဆုံးရမည်ဖြစ်ပြီး၊ သေဆုံးသူများသည် မကြာမီ ပြန်လာရလိမ့်မည်။ ဤအရာအားလုံးသည် သက်ရှိတစ်ဦးစီအတွက် ဘုရားသခင် စီစဉ် ပေးထားသော ဘဝလမ်းကြောင်းဖြစ်သည်။ ဤလမ်းကြောင်းနှင့် သံသရာသည် လူသားကို ဘုရားသခင်မှ မြင်တွေ့စေလိုသည့် အမှန်တရားအတိအကျပင် ဖြစ်သည်၊ ဘုရားသခင်မှ လူသားအပေါ် အပ်နှင်းထားသော အသက်သည် အဆုံးမရှိကြောင်း၊ အသွေးအသား၊ အချိန်၊ သို့မဟုတ် နေရာတို့၏ နှောင်ဖွဲ့ထားခြင်းကို မခံရကြောင်းပင် ဖြစ်သည်။ ယင်းမှာ လူသားအပေါ် ဘုရားသခင် အပ်နှင်းပေးထားသော အသက်၏နက်နဲရာဖြစ်ပြီး အသက်သည် သူ့ထံမှလာကြောင်း သက်သေလည်းဖြစ်သည်။ အသက်သည် ဘုရားသခင်ထံမှ လာသည်ကို လူအတော်များများက မယုံကြည်ကြသော်ငြားလည်း၊ ဘုရားသခင်၏ တည်ရှိမှုကို ၎င်းတို့ယုံကြည်သည်ဖြစ်စေ၊ ငြင်းဆိုသည်ဖြစ်စေ လူသားတို့သည် ဘုရားသခင်ထံမှ လာသောအရာအားလုံးကို မလွဲဧကန် မွေ့လျော်နေကြပေသည်။ အကယ်၍ ဘုရားသခင်သည် တစ်နေ့၌ ရုတ်တရတ် စိတ်ပြောင်းကာ ကမ္ဘာကြီးပေါ်တွင် တည်ရှိသော အရာအားလုံးနှင့် သူပေးခဲ့သောအသက်ကို ပြန်သိမ်းလိုပါက အရာအားလုံးသည် တည်ရှိတော့မည်မဟုတ်ပေ။ ဘုရားသခင်သည် သူ၏စွမ်းအားနှင့် သြဇာအာဏာတို့ကို အရင်းခံ၍ အရာအားလုံးကို စည်းစနစ်ကျနစေခြင်းဖြင့် သက်ရှိသက်မဲ့ အရာအားလုံးကို သူ၏အသက်ကိုအသုံးပြု၍ ထောက်ပံ့သည်။ ယင်းမှာ မည်သူမျှ စိတ်ကူး၍မရနိုင်သည့် သို့မဟုတ် နားမလည်နိုင်သည့် အမှန်တရားဖြစ်ပြီး၊ ဤနားမလည်နိုင်သော အမှန်တရားများသည် ဘုရားသခင်၏ အသက်စွမ်းအားအတွက် သက်သေခံချက်နှင့် ၎င်း၏ သရုပ်သကန်ပင်ဖြစ်သည်။ ယခုသင့်ကို လျှို့ဝှက်ချက်တစ်ခု ငါပြောပြမည်၊ ဘုရားသခင့်အသက်၏ ကြီးမားမှုနှင့် သူ့အသက်၏ တန်ခိုးကို မည်သည့်ဖန်ဆင်းခံကမျှ ဉာဏ်မမီနိုင်ပေ။ ဤအချက်သည် ယခု၊ ယခင်နှင့် နောင်လာမည့် ကာလအတွက်လည်း ထိုအတိုင်းပင် ဖြစ်နေမည်ဖြစ်သည်။ ငါပေးမည့် ဒုတိယလျှို့ဝှက်ချက်မှာ ဤအရာဖြစ်သည်။ ဖန်ဆင်းခံအရာ အားလုံးသည် သက်ရှိပုံသဏ္ဌာန်အရ၊ သို့မဟုတ် တည်ဆောက်ပုံအရ မည်သို့ပင် ကွဲပြားနေစေကာမူ ၎င်းတို့အားလုံးအတွက် အသက်၏ အရင်းအမြစ်သည် ဘုရားသခင်ထံမှ လာ၏။ သင်သည် မည်သည့်သက်ရှိအမျိုးအစား ဖြစ်နေစေကာမူ ဘုရားသခင် ချမှတ်ထားသည့် အသက်လမ်းကြောင်းကို မချိုးဖောက် နိုင်ပေ။ မည်သို့ပင်ဖြစ်စေ လူသားအနေဖြင့် အောက်ပါအချက်ကို နားလည်ရန်သာ ငါအလိုရှိသည်- ဘုရားသခင်၏ စောင့်ရှောက်မှု၊ ထိန်းသိမ်းမှုနှင့် ထောက်ပံ့ပေးမှုတို့ မရှိပါက လူသားသည် မည်မျှပင် ဝီရိယရှိရှိ ကြိုးစားစေကာမူ၊ သို့မဟုတ် မည်မျှပင် အားသွန်ခွန်စိုက် ရုန်းကန်စေကာမူ သူရရှိရန် ရည်ရွယ်ထားသမျှ အရာအားလုံးကို မရနိုင်ပေ။ ဘုရားသခင်ထံမှ အသက်ထောက်ပံ့ပေးခြင်း မရှိပါက လူသားသည် အသက်ရှင်ခြင်း၏ တန်ဖိုးနှင့် အသက်၏အဓိပ္ပာယ်တို့ကို ဆုံးရှုံးရမည်ဖြစ်သည်။ ဘုရားသခင်သည် သူ့အသက်၏တန်ဖိုးကို ပေါ့ပြက်ပြက်ဖြုန်းတီးပစ်သော လူသားကို မည်သို့လျှင် အလွန်အမင်း ပူပင်ကြောင့်ကြကင်းမဲ့ခွင့် ပေးထားနိုင်မည်နည်း။ ယခင်က ငါပြောခဲ့သည့်အတိုင်း ဘုရားသခင်သည် သင့်အသက်၏ အရင်းအမြစ် ဖြစ်သည်ကို မမေ့နှင့်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်

(၅၉၃) ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်စိုးပြီး အရာခပ်သိမ်းကို စီမံအုပ်ချုပ်သောသူ ဖြစ်၏။ သူသည် ရှိသမျှအားလုံးကို ဖန်ဆင်းခဲ့၏။ ရှိသမျှအားလုံးကို စီမံအုပ်ချုပ်ပြီး၊ ရှိသမျှအားလုံးအပေါ် အုပ်စိုးကာ ရှိသမျှအားလုံးအတွက် ထောက်ပံ့ပေး၏။ ဤသည်မှာ ဘုရားသခင်၏ အဆင့်အတန်းဖြစ်ပြီး၊ သူ၏ ပင်ကိုလက္ခဏာဖြစ်၏။ အရာခပ်သိမ်းနှင့် ရှိသမျှအရာ အားလုံးအတွက် ဘုရားသခင်၏ စစ်မှန်သော ပင်ကိုလက္ခဏာမှာ ဖန်ဆင်းရှင်နှင့် ဖန်ဆင်းခြင်းအားလုံးကို အုပ်ချုပ်သူ ဖြစ်၏။ ယင်းမှာ ဘုရားသခင် ပိုင်ဆိုင်သော ပင်ကိုလက္ခဏာဖြစ်ပြီး၊ သူသည် အရာခပ်သိမ်းတို့အလယ်တွင် အတုမရှိဖြစ်၏။ လူသားမျိုးနွယ်ထဲတွင် ဖြစ်စေ၊ ဝိညာဉ်လောကတွင်ဖြစ်စေ- ဘုရားသခင်၏ သတ္တဝါများထဲမှ မည်သူကမျှ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းကို တူအောင်တုရန် သို့မဟုတ် အစားထိုးရန် မည်သည့်နည်းလမ်း သို့မဟုတ် မည်သည့်အခွင့်အလမ်းမျှ အသုံးမပြုနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အရာခပ်သိမ်းတို့ အလယ်တွင် ဤပင်ကိုလက္ခဏာ၊ တန်ခိုး၊ သြဇာအာဏာနှင့် ဖန်ဆင်းခြင်းအပေါ် အုပ်ချုပ်နိုင်စွမ်းကို ပိုင်ဆိုင်သောသူ- ငါတို့၏ အတုမရှိသော ဘုရားသခင် ကိုယ်တော်တိုင်- တစ်ဦးတည်းသာ ရှိသောကြောင့် ဖြစ်သည်။ သူသည် အရာခပ်သိမ်းအလယ် နေထိုင်ကာ ရွေ့လျားသွားလာသည်။ သူသည် အရာခပ်သိမ်း၏အထက် အမြင့်ဆုံးသောနေရာသို့ တက်ကြွနိုင်၏။ သူသည် လူသားဖြစ်လာခြင်း၊ အသွေးအသား ရှိသည့် သူတို့ထဲမှ တစ်ဦးဖြစ်လာခြင်း၊ လူတို့နှင့် မျက်နှာချင်းဆိုင်လာခြင်းနှင့် ၎င်းတို့နှင့်အတူ အကောင်းအဆိုးများကို မျှဝေခံစားခြင်းဖြင့် သူ့ကိုယ်သူ နှိမ့်ချနိုင်၏၊ သို့သော် တစ်ချိန်တည်းတွင် သူသည် ရှိသမျှအရာ အားလုံး၏ ကံကြမ္မာနှင့် ယင်းတို့အားလုံး ရွေ့လျားသည့်ဦးတည်ရာကို ဆုံးဖြတ်ရင်း၊ ရှိသမျှအရာအားလုံးကို ကွပ်ကဲအုပ်ချုပ်လေသည်။ ထို့အပြင် သူသည် လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာကို လမ်းပြပြီး၊ လူသားမျိုးနွယ်၏ ဦးတည်ချက်ကို ထိန်းကျောင်းပေး၏။ ဤကဲ့သို့သော ဘုရားသခင်တစ်ပါးကို သက်ရှိသတ္တဝါအားလုံးက ဝတ်ပြု ကိုးကွယ်သင့်သည်၊ နာခံသင့်ပြီး သိရှိသင့်ပေသည်။ ထို့ကြောင့် သင်သည် လူသားမျိုးနွယ်ထဲမှ မည်သည့်အုပ်စု သို့မဟုတ် မည်သည့် အမျိုးအစားနှင့်သက်ဆိုင်သည်ဖြစ်စေ၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ ဘုရားသခင် နောက်လိုက်ခြင်း၊ ဘုရားသခင်အား ရိုသေလေးမြတ်ခြင်း၊ ဘုရားသခင်၏ အုပ်ချုပ်မှုကို လက်ခံခြင်းနှင့် သင်၏ကံကြမ္မာအတွက် သူ၏ အစီအစဉ်များကို လက်ခံခြင်းသည်သာ မည်သည့် လူမဆိုနှင့် မည်သည့် သက်ရှိသတ္တဝါအတွက်မဆို တစ်ခုတည်းသော ရွေးချယ်စရာ- လိုအပ်သော ရွေးချယ်စရာ- ဖြစ်၏။ ဘုရားသခင်၏ အတုမရှိမှုတွင်၊ လူတို့က သူ၏သြဇာအာဏာ၊ သူ၏ ဖြောင့်မတ်သော စိတ်သဘောထား၊ သူ၏အနှစ်သာရနှင့် အရာခပ်သိမ်းအဖို့ သူထောက်ပံ့ပေးသည့် နည်းလမ်းများ အားလုံး လုံးဝ အတုမရှိသည်ကို တွေ့ကြ၏။ ဤအတုမရှိမှုသည် ဘုရားသခင်ကိုယ်တိုင်၏ စစ်မှန်သော ပင်ကိုလက္ခဏာကို သတ်မှတ်ပြီး သူ၏အဆင့်အတန်းကိုလည်း သတ်မှတ်၏။ ထို့ကြောင့် သတ္တဝါတို့ အားလုံးထဲတွင်၊ ဝိညာဉ်လောကထဲရှိ သို့မဟုတ် လူသားမျိုးနွယ်အလယ်ရှိသည့် မည်သည့် သက်ရှိသတ္တဝါမဆို ဘုရားသခင်၏ကိုယ်စား ရပ်တည်ရန် ဆန္ဒရှိပါက၊ ဘုရားသခင်ကို တုပရန် မည်သည့် ကြိုးပမ်းမှုမဆိုကဲ့သို့ အောင်မြင်ဖို့ ဖြစ်နိုင်မည် မဟုတ်ပေ။ ဤသည်မှာ အမှန်တရားဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)

(၅၉၄) ငါ၏နောက်ဆုံးအလုပ်သည် လူသားကို အပြစ်ပေးရန်အတွက်သာ မဟုတ်ဘဲ၊ လူသား၏ ပန်းတိုင်ကို စီစဉ်ရန် အတွက်လည်းဖြစ်၏။ ထိုထက်မက ယင်းသည် ငါ၏ ပြုမူလုပ်ဆောင်ချက်များကို လူအားလုံး အသိအမှတ်ပြုရန်အလို့ငှာ ဖြစ်သည်။ ငါပြုလုပ်ခဲ့သည့် အမှုအရာအားလုံးသည် မှန်ကန်ကြောင်းနှင့် ငါပြုလုပ်ခဲ့သည့် အမှုအရာ အားလုံးသည် ငါ၏ စိတ်သဘောထားကို ဖော်ပြခြင်းဖြစ်ကြောင်း လူခပ်သိမ်းတို့အား ငါသိစေလို၏။ လူသားမျိုးနွယ်ကို မွေးဖွားခဲ့သည့်အရာသည် လူသား၏လုပ်ဆောင်ချက် မဟုတ်၊ သဘာဝကြောင့် သာ၍ပင်မဟုတ်ဘဲ ဖန်ဆင်းခြင်းတွင် သက်ရှိအရာတိုင်းကို အာဟာရပေးသည်မှာ ငါ ဖြစ်သည်။ ငါမရှိလျှင် လူသားမျိုးနွယ်သည် ပျက်စီးခြင်းသို့သာ ရောက်ပြီး ကပ်ဘေးများစွာ၏ဒုက္ခကို ခံစားရလိမ့်မည်။ လှပသည့်နေနှင့်လ သို့မဟုတ် စိမ်းလန်းစိုပြေသည့် ကမ္ဘာမြေကို မည်သည့်လူသားမျှ နောက်ထပ် မြင်တွေ့ရလိမ့်မည် မဟုတ်ပေ။ လူသားမျိုးနွယ်သည် အလွန်အေးစက်သော ညများနှင့် ရှောင်လွှဲမရသည့် သေမင်း၏အရိပ်လွှမ်းမိုးသော ချိုင့်ဝှမ်းနှင့်သာ ကြုံတွေ့ရလိမ့်မည်။ ငါသာလျှင် လူသားမျိုးနွယ်၏ တစ်ခုတည်းသော ကယ်တင်ရာဖြစ်၏။ ငါသာလျှင် လူသားမျိုးနွယ်၏ တစ်ခုတည်းသော မျှော်လင့်ရာ ဖြစ်သည်သာမက၊ ငါသည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ တည်ရှိခြင်းအတွက် တည်မှီရာဖြစ်သည်။ ငါမရှိလျှင် လူသားမျိုးနွယ်သည် ချက်ချင်း လုံးဝဥဿုံရပ်တန့်သွားမည်။ ငါ့ကို မည်သူမျှ အလေးမစိုက်သော်လည်း၊ ငါမရှိလျှင် လူသားမျိုးနွယ်သည် ရုတ်တရက် ဖြစ်ပွားသည့် ကပ်ဘေးဒဏ်ခံရပြီး တစ္ဆေအမျိုးမျိုးတို့၏ ဖဝါးအောက် နင်းချေခြင်းခံရလိမ့်မည်။ အခြားမည်သူမျှ မပြုနိုင်သည့်အမှုကို ငါပြုခဲ့ပြီဖြစ်ပြီး လူသားသည် ငါ့ကို အချို့သော ကောင်းမှုများဖြင့် ကျေးဇူးပြန်ဆပ်ရန်သာ ငါမျှော်လင့်သည်။ ငါ့ကို ကျေးဇူးဆပ်နိုင်သူတို့မှာ အလွန်နည်းပါးသော်လည်း၊ ငါသည် ဤလူ့လောကတွင် ငါ၏ခရီးကို အဆုံးသတ်ပြီး ငါ၏ဖွင့်လှစ်ပြခြင်းအမှု၏ နောက်တစ်ဆင့်ကို စတင်ဦးမည် ဖြစ်သည်၊ အကြောင်းမူကား ဤနှစ်ပေါင်းများစွာ လူသားအကြား ငါ၏ခေါက်တုံ့ခေါက်ပြန် အပူတပြင်း လုပ်ဆောင်မှုသည် အကျိုးဖြစ်ထွန်းပြီးဖြစ်၍ ငါသည် အလွန်ကျေနပ်၏။ ငါအရေးစိုက်သည်မှာ လူအရေအတွက် မဟုတ်ဘဲ၊ သူတို့၏ ကောင်းမှုများသာ ဖြစ်၏။ မည်သို့ပင်ဖြစ်စေကာမူ သင်တို့ကိုယ်တိုင်၏ ပန်းတိုင်အတွက် ကောင်းမှုများအလုံအလောက် သင်တို့ပြင်ဆင်မည်ဟု ငါမျှော်လင့်၏။ ထိုအခါ ငါကျေနပ်လိမ့်မည်။ သို့မဟုတ်ပါက သင်တို့ အပေါ်ကျရောက်လာမည့် ဘေးအန္တရာယ်ကို သင်တို့တစ်ဦးမျှ ရှောင်နိုင်မည် မဟုတ်။ ဤဘေးဒုက္ခသည် ငါ့ထံမှစတင်၍ ငါစီစဉ်ညွှန်ကြားခြင်း ဖြစ်သည်မှာ မှန်ပေသည်။ ငါ၏အမြင်၌ သင်တို့သည် ကောင်းမွန်ပုံ မပေါက်လျှင် သင်တို့သည် ဘေးဒုက္ခခံစားရခြင်းမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့

အရှေ့သို့- (ဂ) ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ပတ်သက်၍

နောက်တစ်ခုသို့- ၁၂။ နိုင်ငံတော်ခေတ်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် ပညတ်တော်များနှင့် ပတ်သက်သည့် နှုတ်ကပတ်တော်များ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။