ယေရှုကို ပေတရု သိကျွမ်းလာခဲ့ပုံ
ယေရှုနှင့် အတူရှိခဲ့သည့် အချိန်အတောအတွင်းတွင် ပေတရုသည် ယေရှု၌ နှစ်သက်ဖွယ် ပင်ကိုလက္ခဏာရပ်များစွာ၊ အတုယူထိုက်သည့် သွင်ပြင်များစွာနှင့် သူ့ကို ပံ့ပိုးပေးခဲ့သည့် သွင်ပြင်များစွာကို မြင်ခဲ့သည်။ ယေရှု၌ ဘုရားသခင်၏ ဖြစ်တည်ခြင်းကို နည်းလမ်းများစွာဖြင့် ပေတရု တွေ့မြင်ခဲ့ပြီး နှစ်သက်ဖွယ် အရည်အသွေးများစွာကို မြင်ခဲ့သော်လည်း၊ အစပထမတွင် ယေရှုကို သူ မသိခဲ့ပေ။ ပေတရုသည် အသက် ၂၀ အရွယ်ရောက်သည့်အချိန်တွင် ယေရှုနောက်သို့ လိုက်ခဲ့ပြီး ခြောက်နှစ်ကြာ သူ့နောက်ဆက်လိုက်ခဲ့သည်။ ထိုအချိန် အတောအတွင်းတွင်၊ ယေရှုကို သူ လုံးဝ သိကျွမ်းမလာခဲ့ပေ။ ယေရှုကို ကြည်ညိုခြင်းသက်သက်ကြောင့်သာ ပေတရုက သူ့နောက်သို့ လိုက်လိုနေခဲ့ခြင်းဖြစ်သည်။ ဂါလိလဲ ပင်လယ်ကမ်းခြေတွင် သူ့ကို ယေရှုက ပထမဆုံး ခေါ်ခဲ့ချိန်တွင်၊ “ရှိမုန်ဗာယောန၊ ငါ၏ နောက်သို့ လိုက်မည်လော” ဟု မေးခဲ့သည်။ ပေတရုက၊ “ကောင်းကင်ဘုံ အဖက စေလွှတ်သော သူနောက် ကျွန်ုပ် လိုက်ရပါမည်။ သန့်ရှင်းသော ဝိညာဉ်တော် ရွေးချယ်သောသူကို ကျွန်ုပ် အသိအမှတ်ပြုရပါမည်။ ကိုယ်တော့်နောက် ကျွန်ုပ်လိုက်ပါမည်” ဟု ပြောခဲ့၏။ ထိုအချိန်တွင်၊ ပရောဖက်များထဲမှ အကြီးမြတ်ဆုံးသောသူနှင့် ဘုရားသခင်၏ သားတော်ဖြစ်သော ယေရှုဟု အမည်ရသည့် လူအကြောင်းကို ပေတရု ကြားနှင့်ပြီးဖြစ်ကာ သူ့ကို ရှာတွေ့ဖို့ နှင့် သူ့ကို တွေ့မြင်ဖို့ အခွင့်အရေးတစ်ရပ်အတွက် ပေတရုက စဉ်ဆက်မပြတ် မျှော်လင့်နေခဲ့ပေသည် (အဘယ်ကြောင့်ဆိုသော် ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် သူ ဦးဆောင်ခံနေခဲ့ရသည့်ပုံ ဖြစ်သောကြောင့် ဖြစ်သည်)။ ကိုယ်တော့်ကို ပေတရုက တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ဘဲ၊ သူ့အကြောင်း ကောလာဟလများကိုသာ ကြားခဲ့ရသော်လည်း၊ ယေရှုကို တမ်းတခြင်းနှင့် ကြည်ညိုခြင်းက သူ၏ စိတ်နှလုံးထဲတွင် တဖြည်းဖြည်း ကြီးထွားခဲ့ပြီး၊ တစ်နေ့တွင် ယေရှုကို တွေ့မြင်ရန် တမ်းတခဲ့ပေသည်။ ပြီးလျှင် ပေတရုကို ယေရှုက မည်သို့ခေါ်ဝေါ်ခဲ့ပါသနည်း။ ယေရှုသည်လည်း ပေတရုဟု ခေါ်ဝေါ်သည့် လူတစ်ဦးအကြောင်းကို ကြားဖူးခဲ့ပေ၏၊ သို့တိုင်- “ရှိမုန်ဗာယောနဟု ခေါ်ဝေါ်သော သူတစ်ဦးရှိရာ ဂါလိလဲ ပင်လယ်သို့သွားလော့”- ဟု သူ့ကို ညွှန်ကြားခဲ့သည်မှာ သန့်ရှင်းသော ဝိညာဉ်တော် မဟုတ်ခဲ့ပေ။ ရှိမုန်ဗာယောနဟု ခေါ်ဝေါ်သူတစ်ဦးရှိသည်၊ ပြီးလျှင် လူတို့က သူ၏ တရားဒေသနာကို ကြားခဲ့ကြသည်၊ သူသည်လည်း ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားကို ဟောပြောခဲ့သည်၊ ပြီးလျှင် သူပြောသည့်အရာကို ကြားသည့်လူအားလုံး မျက်ရည်များကျသည်အထိ တို့ထိခံရကြသည်ဟု တစ်စုံတစ်ဦးပြောသည်ကို ယေရှု ကြားခဲ့ရပေသည်။ ဤအရာကို ကြားပြီးနောက်တွင်၊ ထိုလူနောက် ဂါလိလဲ ပင်လယ်သို့ ယေရှု လိုက်ခဲ့သည်၊ ယေရှု၏ ခေါ်ခြင်းကို ပေတရု လက်ခံခဲ့သည့်အချိန်တွင်၊ သူ့နောက်သို့ ပေတရုလိုက်ခဲ့သည်။
ယေရှုနောက်လိုက်သည့် အချိန်အတောအတွင်းတွင်၊ ကိုယ်တော်နှင့်ပတ်သက်သည့် အယူအဆများစွာ ပေတရု ဖြစ်ပေါ်ခဲ့ပြီး မိမိ၏ ကိုယ်ပိုင်ရှုထောင့်အမြင်မှနေ၍ သူ့ကို အမြဲ ဝေဖန်မိခဲ့သည်။ ပေတရုသည် ဝိညာဉ်တော်နှင့် သက်ဆိုင်၍ သိနားလည်မှု အတိုင်းအတာတစ်ခု ရှိသော်လည်း သူ၏ သိနားလည်မှုက အနည်းငယ် မရှင်းမလင်းဖြစ်လေသည်၊ ထို့ကြောင့် သူက၊ “ကောင်းကင်ဘုံ အဖက စေလွှတ်သော သူနောက် ကျွန်ုပ် လိုက်ရပါမည်။ သန့်ရှင်းသော ဝိညာဉ်တော် ရွေးချယ်သောသူကို ကျွန်ုပ် အသိအမှတ်ပြုရပါမည်။” ဟု ပြောခြင်း ဖြစ်သည်။ ယေရှု လုပ်ဆောင်ခဲ့သည့် အရာများကို သူ နားမလည်ခဲ့သကဲ့သို့ ၎င်းတို့နှင့် ပတ်သက်၍ ရှင်းလင်းမှု မရှိခဲ့ချေ။ ကိုယ်တော့်နောက် အချိန်အတန်ကြာ လိုက်ပြီးနောက်တွင်၊ ကိုယ်တော် လုပ်ဆောင်ခဲ့သည့်အရာ၊ ပြောခဲ့သည့်အရာနှင့် ယေရှုကိုယ်တိုင်ကို ပေတရုက စိတ်ဝင်စားမှုတိုးလာခဲ့သည်။ ယေရှုက ချစ်ခင်မှုနှင့် လေးစားမှု နှစ်ခုလုံးကို ဖြစ်စေသည်ဟု သူ ခံစားလာခဲ့ရသည်။ ကိုယ်တော်နှင့်အတူ သူ ပေါင်းဖော်ရန်နှင့် သူ့ထံပါးတွင် နေဖို့ နှစ်သက်ခဲ့ပြီး ယေရှု၏ နှုတ်ကပတ်တော်များကို နားထောင်ခြင်းက သူ့ကို အထောက်အပံ့နှင့် အကူအညီပေးခဲ့သည်။ ယေရှုနောက် သူလိုက်ခဲ့သည့်အချိန်အတွင်းတွင်၊ သူ၏ လုပ်ရပ်များ၊ နှုတ်ကပတ်တော်များ၊ လှုပ်ရှားမှုများနှင့် မျက်နှာအမူအရာများ ဖြစ်သည့် ကိုယ်တော့် အသက်တာ၊ နှင့်ပတ်သက်သော အရာတိုင်းကို ပေတရုက လေ့လာပြီး နှလုံးသွင်းခဲ့သည်။ ယေရှုက သာမန်လူများကဲ့သို့ မဟုတ်ခဲ့ကြောင်းကို နက်ရှိုင်းသော နားလည်မှုတစ်ရပ် သူရရှိခဲ့သည်။ သူ၏ လူသား ပုံပန်းက အလွန်အမင်း သာမန်ဖြစ်ခဲ့သော်လည်း သူသည် လူသားအတွက် ချစ်ခြင်းမေတ္တာ၊ သနားကရုဏာနှင့် သည်းခံခြင်းတို့ဖြင့် ပြည့်ခဲ့ပေသည်။ သူလုပ်ဆောင်ခဲ့သည့်အရာတိုင်း သို့မဟုတ် ပြောဆိုခဲ့သည့်အရာတိုင်းက အခြားသူအတွက် ကြီးမားသော အထောက်အကူဖြစ်ခဲ့ပြီး ပေတရုသည် ယခင်က သူ တစ်ခါမျှ မမြင်ဖူးခဲ့သကဲ့သို့ မပိုင်ဆိုင်ဖူးခဲ့သော အရာများကို ယေရှုထံမှ မြင်တွေ့ကာ ရရှိခဲ့သည်။ ယေရှုက ထည်ဝါခံ့ညားသော အရပ်အမောင်းဖြစ်စေ ပုံမှန်မဟုတ်သော လူသားသဘာဝ တစ်ခုတစ်လေဖြစ်စေ မရှိခဲ့သော်လည်း၊ သူနှင့်ပတ်သက်၍ အမှန်ပင် သာမန်ထက်ထူးကဲပြီး ရှားပါးသော ဟန်ပန်တစ်ခု ရှိခဲ့ပေသည်။ ယင်းကို ပေတရုက အပြည့်အစုံ မရှင်းပြနိုင်သော်လည်း၊ ယေရှုက အခြားလူတိုင်းနှင့် မတူကွဲပြားစွာ ပြုမူခဲ့သည်ကို သူ မြင်နိုင်ခဲ့သည်၊ အဘယ့်ကြောင့်ဆိုသော် ယေရှုလုပ်ဆောင်ခဲ့သည့်အရာများသည် သာမန်လူတို့ လုပ်ဆောင်သည့်အရာများနှင့် အလွန်ကွဲပြားသောကြောင့် ဖြစ်သည်။ ယေရှုနှင့် သူထိတွေ့ဆက်ဆံရသည့် အချိန်များမှ၊ ပေတရုက ယေရှု၏ အကျင့်စရိုက်သည် သာမန်လူတစ်ဦး၏ အကျင့်စရိုက်မှ ကွဲပြားသည်ကိုလည်း မြင်တွေ့ခဲ့သည်။ ကိုယ်တော်သည် တည်ကြည်စွာ အမြဲ ပြုမူခဲ့ပြီး ဘယ်သောအခါမျှ အလျင်စလိုမဖြစ်၊ အကြောင်းအရာတစ်ခုကို ဘယ်သောအခါမျှ ချဲ့ကားပြောဆိုခြင်း မရှိသကဲ့သို့ အရေးမကြီးလေဟန် မလုပ်ခဲ့ပေ၊ ပြီးလျှင် သူသည် သူ၏အသက်တာကို သာမန်ဘ၀ရော ကြည်ညိုဖွယ်ဖြစ်သည့် အဖြစ်ပါ ဖော်ပြသည့် ပုံစံတစ်ခုဖြင့် သူ့ဘ၀ကို ပြုမူနေထိုင်ခဲ့သည်။ စကားစမြည်ပြောဆိုရာတွင်၊ ယေရှုသည် ရွှင်ပျသည့်တိုင် တည်ငြိမ်အေးချမ်းသော ပုံစံတစ်ခုဖြင့် အမြဲဆက်ဆံရင်း၊ ပွင့်ပွင့်လင်းလင်းနှင့် ချေငံစွာ စကားပြောခဲ့လေသည်၊ သို့တိုင် သူ၏ အမှုဆောင်ရွက်နေစဉ်တွင် သူ၏ ဂုဏ်သိက္ခာကို ဘယ်သောအခါမျှ သူ မဆုံးရှုံးခဲ့ပေ။ ယေရှုက တစ်ခါတစ်ရံ စကားနည်းသော်လည်း အခြားအချိန်များတွင် မရပ်မနားပြောခဲ့သည်ကို ပေတရု မြင်ခဲ့သည်။ တစ်ခါတစ်ရံ သူ အလွန်ပျော်ရွှင်ခဲ့သည်မှာ မြူးထူးပြီး ဆော့ကစားနေသော ချိုးငှက်အလား ထင်ရပြီး အခြားအချိန်များတွင် သူ အလွန်ဝမ်းနည်းသည်မှာ ခြေကုန်လက်ပန်းကျကာ မောပန်းနွမ်းနယ်သော မိခင်တစ်ဦးအလား ၀မ်းနည်းပူဆွေးမှုဖြင့် ဆို့နင့်နေပုံရလျက် လုံးဝ စကားမပြောခဲ့ပေ။ တစ်ခါတစ်ရံတွင် သူသည် ရန်သူတစ်ဦးကို သတ်ဖြတ်ရန် တစ်ဟုန်ထိုး ၀င်၍တိုက်ခိုက်နေသည့် ရဲရင့်သော စစ်သားတစ်ဦးအလား ဒေါသဖြင့် ပြည့်လေသည်၊ သို့မဟုတ် တစ်ချို့အချိန်များတွင် သူသည် ဟိန်းဟောက်နေသည့် ခြင်္သေ့ တစ်ကောင်နှင့်ပင် ဆင်တူလေသည်။ တစ်ခါတစ်ရံ သူ ရယ်မောခဲ့သည်၊ အခြားအချိန်များတွင် သူ ဆုတောင်းပြီး ငိုကြွေးခဲ့သည်။ ယေရှု အဘယ်သို့ ပြုမူပါစေ၊ ပေတရုသည် သူ့အတွက် အကန့်အသတ်မဲ့ ချစ်ခြင်းနှင့် လေးစားခြင်းတို့ တိုးပွားလာခဲ့သည်။ ယေရှု၏ ရယ်မောခြင်းက သူ့ကို ပျော်ရွှင်ခြင်းဖြင့် ပြည့်စေခဲ့သည်၊ ကိုယ်တော်၏ ဝမ်းနည်းခြင်းက သူ့ကို ပူဆွေးမှုထဲသို့ ထိုးဆင်းစေခဲ့သည်၊ ကိုယ်တော်၏ အမျက်ဒေါသက သူ့ကို ထိတ်လန့်စေသော်လည်း၊ ကိုယ်တော်၏ ကရုဏာ၊ ခွင့်လွှတ်ခြင်းနှင့် လူတို့အပေါ် ကိုယ်တော်ပြုသည့် တင်းကျပ်သော တောင်းဆိုမှုများက သူ့ကို ယေရှုအား အမှန်ချစ်လာစေပြီး ကိုယ်တော့်ကို စစ်မှန်သော ကြည်ညိုခြင်းနှင့် တောင့်တခြင်းတို့ကို ဖြစ်ပေါ်လာစေခဲ့သည်။ ဟုတ်ပေ၏၊ နှစ်များစွာ ယေရှုနှင့်အတူ အသက်ရှင်ပြီးမှ ဤအရာအားလုံးကို ပေတရု တဖြည်းဖြည်း နားလည်လာခဲ့ခြင်း ဖြစ်ပေသည်။
ပေတရုသည် အထူးသဖြင့် စဉ်းစားချင့်ချိန်တတ်သော လူတစ်ဦးဖြစ်ခဲ့ပြီး၊ ပင်ကို အသိဉာဏ်ဖြင့် မွေးဖွားခဲ့သည်၊ သို့တိုင် ယေရှုနောက်လိုက်နေသည့်အချိန်တွင် မိုက်မဲသော အရာများစွာ သူ လုပ်ဆောင်ခဲ့သည်။ ကနဦးအစတွင်၊ ယေရှုနှင့် ပတ်သက်၍ အယူအဆအချို့ သူရှိခဲ့သည်။ သူက၊ “ကိုယ်တော်သည် ပရောဖက်တစ်ပါးဖြစ်သည်ဟု လူတို့ ပြောကြသည်၊ ထို့ကြောင့် ကိုယ်တော် အသက် ရှစ်နှစ်ရှိပြီး အမှုအရာများကို နားလည်စပြုခဲ့ချိန်တွင်၊ ကိုယ်တော်က ဘုရားသခင်ဖြစ်သည်ကို ကိုယ်တော်သိခဲ့ပါသလား။ ကိုယ်တော်သည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေစွဲခဲ့သည်ကို သိခဲ့ပါသလား” ဟု မေးခဲ့သည်။ ယေရှုက၊ “ငါ မသိခဲ့ပါ။ သင့်အဖို့ ငါသည် သာမန်လူတစ်ဦးမျှကဲ့သို့ ဖြစ်ပုံမရသလော။ ငါသည် အခြားမည်သူမဆိုနှင့် အတူတူပင်ဖြစ်သည်။ ဖခမည်းတော် စေလွှတ်သော လူသည် သာမန်ထက် ထူးကဲသောသူတစ်ဦး မဟုတ်ဘဲ၊ သာမန်လူတစ်ဦးဖြစ်သည်။ ထို့အပြင် ငါ လုပ်ဆောင်သည့် အလုပ်သည် ငါ၏ ကောင်းကင်ဘုံရှင် ဖခမည်းတော်၊ ငါ၏ သဏ္ဌာန်၊ ငါ၏ ဇာတိအဖြစ်တော်နှင့် ဤအသွေးအသား ခန္ဓာကို ကိုယ်စားပြုသော်လည်း၊ ငါ၏ ကောင်းကင်ဘုံရှင် ဖခမည်းတော်ကို အပြည့်အဝ ကိုယ်စားမပြုနိုင်- သူ၏ တစ်စိတ်တစ်ပိုင်းသာ ကိုယ်စားပြုနိုင်ပေသည်။ ငါသည် ဝိညာဉ်တော်မှ လာသော်လည်း၊ သာမန်လူတစ်ဦး ဖြစ်ဆဲရှိပြီး ငါ၏ ခမည်းတော်က ကမ္ဘာမြေပေါ်သို့ သာမန်ထက် ထူးကဲသောသူတစ်ဦးအနေဖြင့်မဟုတ်ဘဲ သာမန်လူတစ်ဦးအဖြစ် ငါ့ကို စေလွှတ်ခဲ့သည်” ဟု ပြန်ဖြေခဲ့သည်။ ဤအရာကို ပေတရုကြားသည့်အခါမှသာ ယေရှုနှင့်သက်ဆိုင်သည့် သိနားလည်မှု အနည်းငယ် သူရရှိခဲ့သည်။ ယေရှု၏ အမှု၊ သူ၏ သွန်သင်ခြင်း၊ သူ၏ ထိန်းကျောင်းခြင်း နှင့် သူ၏ အားဖြည့်ပေးခြင်းတို့နှင့်ဆိုင်သည့် မရေမတွက်နိုင်သော အချိန်နာရီများကို သူ ဖြတ်သန်းပြီးနောက်တွင်သာ များစွာ သာ၍နက်ရှိုင်းသော သိနားလည်မှုကို သူ ရရှိခဲ့ခြင်းဖြစ်သည်။ ယေရှု အသက် ၃၀ အရွယ်ရောက်သည့်အချိန်တွင်၊ ပေတရုကို သူ၏ ဖြစ်အံ့သော ကားစင်တင်ခံရခြင်းနှင့် လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်ဖို့ရန် အမှု၏ အဆင့်တစ်ခု- ကားစင်တင်ခံရခြင်း အမှု- လုပ်ဆောင်ဖို့ ကြွလာခဲ့သည့်အကြောင်းကို သူ ပြောပြခဲ့သည်။ ကားစင်တင် ခံရခြင်းပြီးနောက် သုံးရက်အကြာတွင် လူသားသည် ထမြောက်လိမ့်မည် ဖြစ်ကြောင်းနှင့် ထမြောက်သည်နှင့်တစ်ပြိုင်နက် ရက် ၄၀ ကြာ လူတို့ထံ သူ ပေါ်ထွန်းလိမ့်မည့်အကြောင်းကိုလည်း ပေတရုကို သူပြောခဲ့သည်။ ဤစကားများကို ကြားသည်တွင်၊ ပေတရု ဝမ်းနည်းခဲ့ပြီး ဤစကားများကို နှလုံးသွင်းခဲ့သည်၊ ထိုအချိန်မှစ၍ ယေရှုနှင့် သူ တိုး၍တိုး၍ရင်းနှီးခဲ့သည်။ အချိန်အတန်ကြာ တွေ့ကြုံပြီးနောက်တွင်၊ ပေတရုသည် ယေရှု လုပ်ဆောင်သည့်အရာတိုင်းသည် ဘုရားသခင်၏ ဖြစ်တည်မှုနှင့် ဆိုင်ကြောင်းကို နားလည်လာခဲ့ပြီး ယေရှုက သူမတူထူးကဲစွာ ချစ်ဖွယ်ကောင်းသည်ဟု သူ တွေးလာခဲ့သည်။ ဤသိနားလည်မှု သူ ရှိလာခဲ့ချိန်တွင်မှ သန့်ရှင်းသော ဝိညာဉ်တော်က သူ့ကို အတွင်းမှ ဉာဏ်အလင်းပေးခဲ့ခြင်း ဖြစ်သည်။ ထိုအခါတွင် ယေရှုသည် သူ၏ တပည့်တော်များနှင့် အခြားနောက်လိုက်များထံ လှည့်ပြီး၊ “ယောဟန်၊ ငါ အဘယ်သူဖြစ်သည်ဟု သင်ဆိုသနည်း” ဟု မေးလေသည်။ ယောဟန်က၊ “ကိုယ်တော်သည် မောရှေဖြစ်ပါ၏” ဟု ပြန်ဖြေခဲ့သည်။ ထို့နောက် သူသည် လုကာထံသို့ လှည့်လေသည်- “လုကာ၊ သင်ရော ငါ အဘယ်သူဖြစ်သည်ဟု ဆိုသနည်း။” လုကာက “ကိုယ်တော်သည် ပရောဖက်များထဲမှ အကြီးမြတ်ဆုံးသောသူ ဖြစ်ပါ၏” ဟု ပြန်ဖြေခဲ့သည်။ ထို့နောက် သူက ညီအစ်မတစ်ဦးကို မေးခဲ့ပြီး သူမက “ကိုယ်တော်သည် ပရောဖက်များထဲမှ ထာဝရ အဆက်ဆက် နှုတ်ကပတ်တော်များစွာ မိန့်ဆိုသည့် အကြီးမြတ်ဆုံးသော ပရောဖက် ဖြစ်ပါ၏။ အဘယ်သူ၏ ပရောဖက်ပြုချက်မျှ ကိုယ်တော်၏ ပရောဖက်ပြုချက်များတမျှ မကြီးမြတ်သကဲ့သို့ ကိုယ်တော်၏ အသိပညာထက် အဘယ်သူ၏ အသိပညာမျှ မသာလွန်ပါ။ ကိုယ်တော်သည် ပရောဖက်တစ်ပါး ဖြစ်သည်” ဟု ပြန်ဖြေခဲ့သည်။ ထို့နောက် ယေရှုသည် ပေတရုထံသို့ လှည့်ကာ၊ “ပေတရု ငါအဘယ်သူဖြစ်သည်ဟု သင်ဆိုသနည်း” ဟု မေးခဲ့သည်။ ပေတရုက၊ “ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏ သားတော် ဖြစ်ပါ၏။ ကိုယ်တော်သည် ကောင်းကင်မှ ကြွလာခဲ့ပါ၏။ ကိုယ်တော်သည် ကမ္ဘာမြေမှ မဟုတ်ပါ။ ဘုရားသခင်၏ ဖန်ဆင်းခြင်းများနှင့် ကိုယ်တော်မတူပါ။ ကျွန်ုပ်တို့သည် ကမ္ဘာမြေပေါ်တွင် ရှိကြပြီး ကိုယ်တော်သည် ဤနေရာ၌ ကျွန်ုပ်တို့နှင့်အတူ ရှိပါ၏၊ သို့သော် ကိုယ်တော်သည် ကောင်းကင်ဘုံနှင့်ဆိုင်ပြီး လောကနှင့် မသက်ဆိုင်သလို ကိုယ်တော်သည် ကမ္ဘာမြေနှင့် မသက်ဆိုင်ပါ” ဟု ပြန်ဖြေခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်က သူ့ကို ဉာဏ်အလင်းပေးခဲ့သည်မှာ သူ၏ အတွေ့အကြုံမှတဆင့်ဖြစ်ပြီး ယင်းက သူ့အား ဤသိနားလည်မှု ရလာနိုင်စေခဲ့ခြင်း ဖြစ်သည်။ ဤဉာဏ်အလင်းပေးခံရခြင်းနောက်တွင်၊ သူသည် ယေရှုလုပ်ဆောင်ခဲ့သမျှတိုင်းကို သာ၍ပင် ကြည်ညိုခဲ့ပြီး ကိုယ်တော်ကို သာ၍ပင် ချစ်ဖွယ်ကောင်းသည်ဟု တွေးထင်ခဲ့ကာ ယေရှုနှင့် ခွဲခွာဖို့ရန် သူ၏ စိတ်နှလုံးထဲတွင် အမြဲ ဝန်လေးခဲ့ပေသည်။ ထို့ကြောင့်၊ ယေရှုသည် သူကားစင်တင်ခံရကာ ရှင်ပြန်ထမြောက်ပြီးသည့်နောက် မိမိကိုယ်ကိုယ် ပေတရုထံ ပထမဆုံးအကြိမ် ထုတ်ဖော်ပြခဲ့ချိန်တွင်၊ ထူးကဲသော ပျော်ရွှင်မှုဖြင့် “သခင်၊ ကိုယ်တော် ထမြောက်ပြီပဲ။” ဟု ပေတရု ငိုကြွေးခဲ့သည်။ ထို့နောက်၊ ငိုကြွေးလျက်၊ ပေတရုသည် အလွန်အမင်း ကြီးမားသော ငါးတစ်ကောင်ကို ဖမ်းပြီး၊ ချက်ပြုတ်ကာ ယေရှုကို တည်ခင်းခဲ့သည်။ ယေရှုသည် ပြုံးလိုက်သော်လည်း စကားမပြောခဲ့ပေ။ ယေရှု ရှင်ပြန်ထမြောက်ခဲ့ပြီးဖြစ်သည်ကို ပေတရုက သိခဲ့သော်လည်း၊ ယင်း၏ နက်နဲမှုကို သူ နားမလည်ခဲ့။ သူက ယေရှုကို စားဖို့ ငါးပေးလိုက်သည့်အချိန်တွင်၊ ယေရှုက မငြင်းခဲ့သော်လည်း စကားမပြောခဲ့သကဲ့သို့၊ စားသောက်ဖို့ရန် မထိုင်ခဲ့ပေ။ ယင်းအစား၊ သူ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ ဤသည်မှာ ပေတရုအဖို့ အလွန်ကြီးမားသော တုန်လှုပ်မှုတစ်ခုဖြစ်ခဲ့ပြီး ထို့နောက်တွင်မှ ရှင်ပြန်ထမြောက်ခဲ့သည့် ယေရှုသည် ယခင်ယေရှုနှင့် မတူကြောင်းကို သူ နားလည်ခဲ့သည်။ ဤအရာကို သူ နားလည်သည်နှင့်တစ်ပြိုင်နက်၊ ပေတရုသည် ဝမ်းနည်းကြေကွဲခဲ့သည်၊ သို့သော် သခင်သည် သူ၏ အမှုကို ပြည့်စုံစေခဲ့ပြီးဖြစ်သည်ကို သိခြင်းမှလည်း စိတ်သက်သာရာ သူရရှိခဲ့သည်။ ယေရှုက သူ၏ အမှုကို ပြည့်စုံစေခဲ့ပြီးဖြစ်ကြောင်း၊ လူသားနှင့် ကိုယ်တော်အတူ နေထိုင်ခြင်းအချိန် ကုန်ဆုံးသွားပြီဖြစ်ကြောင်းနှင့်၊ လူသားအနေဖြင့် ယခုမှစ၍ မိမိ၏ ကိုယ်ပိုင်လမ်းကို လျှောက်ရမည်ဖြစ်ကြောင်းတို့ကို သူသိခဲ့သည်။ တစ်ခါက သူ့ကို ယေရှု ပြောပြခဲ့ဖူးသည်- “သင်သည်လည်း ငါသောက်သည့် ခါးသောခွက်မှ သောက်ရမည် (ဤသည်မှာ ရှင်ပြန်ထမြောက်ပြီးနောက် သူ ပြောခဲ့သည့်အရာ ဖြစ်သည်)။ ငါလျှောက်ခဲ့သည့် လမ်းကို သင်သည်လည်း လျှောက်ရမည်။ သင်သည် ငါ့အတွက် သင်၏ အသက်ကို စွန့်ရမည်။” ယခုနှင့် ကွဲပြားလျက်၊ ထိုအချိန်က အမှုသည် မျက်နှာချင်းဆိုင် ပြောဆိုဆွေးနွေးသည့် ပုံစံမဟုတ်ခဲ့ပေ။ ကျေးဇူးတော်ခေတ်အတွင်းတွင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသည် အထူးသဖြင့် ကွယ်ဝှက်ခဲ့ပြီး ပေတရုသည် အခက်အခဲများစွာကို ဖြတ်သန်း၍ ဆင်းရဲဒုက္ခခံခဲ့ရသည်။ တစ်ခါတစ်ရံတွင်၊ ပေတရုသည်- “ဘုရားသခင်။ အကျွန်ုပ်၌ ဤအသက်မှလွဲ၍ ဘာမျှမရှိပါ။ ကိုယ်တော့်အဖို့ များစွာမထိုက်တန် လှသော်လည်း ယင်းကို ကိုယ်တော့်ထံ ကျွန်ုပ် ဆက်ကပ်လိုပါ၏။ လူတို့သည် ကိုယ်တော့်ကို ချစ်ဖို့ မထိုက်တန်သည့်အပြင် သူတို့၏အချစ်နှင့် နှလုံးများသည် တန်ဖိုးမဲ့သော်လည်း၊ လူသားများ၏ စိတ်နှလုံး၏ ဆန္ဒကို ကိုယ်တော်သိကြောင်း ကျွန်ုပ် ယုံကြည်ပါသည်။ လူသားတို့၏ ခန္ဓာများက ကိုယ်တော်၏ လက်သင့်ခံခြင်းနှင့် မသင့်လျော်သော်လည်း ကိုယ်တော် ကျွန်ုပ်၏ စိတ်နှလုံးကို လက်ခံဖို့ ကျွန်ုပ် ဆန္ဒရှိပါ၏” ဟု ကြွေးကြော်သည်အထိ ဖြစ်ခဲ့သည်။ ဤသို့သော ဆုတောင်းချက်များကို မြွက်ဆိုခြင်းက သူ့ကို ခွန်အားပေးခဲ့ပြီး အထူးသဖြင့် သူက- “ကျွန်ုပ်၏ စိတ်နှလုံးကို ဘုရားသခင်ထံ လုံးလုံးလျားလျား ဆက်ကပ်အပ်နှံဖို့ ကျွန်ုပ် လိုလားလျက်ရှိသည်။ ဘုရားသခင်အတွက် ဘာတစ်ခုမျှ ကျွန်ုပ် မလုပ်ဆောင်နိုင်သော်လည်း၊ ဘုရားသခင်ကို သစ္စာရှိစွာ စိတ်ကျေနပ် စေဖို့နှင့် သူ့ထံ မိမိကိုယ်ကိုယ် စိတ်နှလုံးအကြွင်းမဲ့ ဆက်ကပ်ဖို့ ကျွန်ုပ် လိုလားနေပါသည်။ ဘုရားသခင်အနေဖြင့် ကျွန်ုပ်၏ စိတ်နှလုံးအပေါ် အရေးထားကိုထားရမည်ဟု ကျွန်ုပ် ယုံကြည်သည်” ဟု ဆုတောင်းသော အခါတွင် ဖြစ်သည်။ သူက၊ “ဘုရားသခင်ကို ချစ်ခြင်းနှင့်ဆိုင်သည့် ကျွန်ုပ်၏ အတွေးများနှင့် ကျွန်ုပ်၏ စိတ်နှလုံး၏ ဆန္ဒကို ဘုရားသခင်က လက်ခံဖို့မှလွဲ၍ ကျွန်ုပ်၏ဘဝတွင် ဘာကိုမျှ ကျွန်ုပ် မတောင်းဆိုပါ။ သခင်ယေရှုနှင့် အလွန်ကြာမြင့်စွာ ကျွန်ုပ် ရှိခဲ့သော်လည်း သူ့ကို ကျွန်ုပ် မချစ်ခဲ့ပါ၊ ယင်းသည် ကျွန်ုပ်၏ အကြီးမားဆုံးသော အကြွေးဖြစ်၏။ ကျွန်ုပ် သူနှင့်အတူ နေခဲ့သော်လည်း၊ သူ့ကို ကျွန်ုပ် မသိခဲ့ပါ။ ပြီးလျှင် ကိုယ်တော်၏ ကွယ်ရာတွင် မလျော်ကန်သော အရာအချို့ကိုပင် ကျွန်ုပ်ပြောခဲ့သည်။ ဤအရာများကို စဉ်းစားမိခြင်းက သခင်ယေရှုကို သာ၍ပင် အကြွေးတင်ရှိကြောင်း ကျွန်ုပ်ကို ခံစားမိစေသည်” ဟုပြောခဲ့ပေသည်။ ဤပုံစံဖြင့် သူ အမြဲ ဆုတောင်းခဲ့သည်။ သူက၊ “ကျွန်ုပ်သည် မြေမှုန့်ထက် လျော့ပါ၏။ ဘုရားသခင်ထံ ဤသစ္စာရှိသော စိတ်နှလုံးကို ဆက်ကပ်အပ်နှံခြင်းမှလွဲ၍ ကျွန်ုပ် ဘာမျှမတတ်နိုင်ပါ” ဟု ပြောခဲ့သည်။
သူ၏ခန္ဓာ လုံးဝ ပြိုကွဲပျက်စီးလုနီး ဖြစ်ခဲ့ချိန်တွင် ပေတရု၏ အတွေ့အကြုံများထဲ၌ အထွတ်အထိပ်အခြေအနေတစ်ခု ရှိခဲ့သည်၊ သို့သော် ယေရှုက သူ့ကို အတွင်းမှ ခွန်အားပေးဆဲ ဖြစ်သည်။ တစ်ကြိမ်တွင်၊ ပေတရုထံ ယေရှု ပေါ်လာခဲ့သည်။ ပေတရုသည် ကြီးမားသော ဆင်းရဲဒုက္ခကို ခံခဲ့ရပြီး သူ၏ နှလုံးသား ကွဲကြေသည်ကို ခံစားခဲ့ရချိန်တွင်၊ ယေရှုက- “သင်သည် ကမ္ဘာမြေပေါ်တွင် ငါနှင့်အတူ ရှိခဲ့ပြီး၊ ငါသည် ဤနေရာတွင် သင်နှင့်အတူ ရှိခဲ့၏။ ကောင်းကင်ဘုံ၌ ငါတို့အတူ မရှိမီဖြစ်ခဲ့သော်လည်း၊ တကယ်တမ်းမူ ယင်းသည် ဝိညာဉ်လောကနှင့်ဆိုင်သည်။ ယခု ငါသည် ဝိညာဉ်လောကသို့ ပြန်ပို့ခံရပြီး သင်သည် ကမ္ဘာမြေပေါ်တွင် ရှိ၏၊ အဘယ်ကြောင့်ဆိုသော် ငါသည် ကမ္ဘာမြေနှင့် မသက်ဆိုင်၊ သင်သည်လည်း ကမ္ဘာမြေနှင့် မသက်ဆိုင်သော်လည်း ကမ္ဘာမြေပေါ်တွင် သင်၏ လုပ်ငန်းတာဝန်ကို သင်ဖြည့်ဆည်း ရပေမည်။ သင်သည် အစေခံတစ်ဦး ဖြစ်သည့်အားလျော်စွာ၊ သင်၏ တာဝန်ကို ဖြည့်ဆည်းရမည်” ဟု သူ့ကို ညွှန်ကြားခဲ့သည်။ ဘုရားသခင်၏ ထံပါးသို့ သူ ပြန်သွားနိုင်မည်ကို ကြားရခြင်းက ပေတရုကို နှစ်သိမ့်မှုပေးခဲ့သည်။ ထိုအချိန်တွင်၊ ပေတရုသည် အင်မတန် မချိတင်ကဲဝေဒနာခံစားရသည်မှာ အိပ်ရာမှမထနိုင်သည် အထိ ဖြစ်လုနီးပါး ဖြစ်ခဲ့သည်။ သူသည်၊ “ဘုရားသခင်ကို ကျွန်ုပ် စိတ်ကျေနပ်မှု မပေးနိုင်သည်အထိ ကျွန်ုပ် အလွန် ဖောက်ပြန်ပျက်စီးသည်” ဟု ပြောသည့်အခြေအနေထိ နောင်တရ ခဲ့သည်။ သူ့ထံ ယေရှု ပေါ်လာပြီး- “ပေတရု၊ တစ်ခါက ငါ့ရှေ့တွင် သင် ပြုခဲ့သည့် သန္နိဋ္ဌာန်ကို သင် မေ့လျော့ပြီးဖြစ်နိုင်မည်လော။ ငါ ပြောခဲ့သည့် အရာအားလုံးကို သင် အမှန်တကယ် မေ့လျော့ပြီလော။ ငါ့ထံ သင်ပြုခဲ့သည့် သန္နိဋ္ဌာန်ကို သင် မေ့လျော့ပြီလော” ဟု ပြောခဲ့သည်။ ယေရှုဖြစ်ကြောင်းကို မြင်သည့်အခါ၊ ပေတရုသည် မိမိ၏အိပ်ရာမှထပြီး ယေရှုက ဤကဲ့သို့ သူ့ကို နှစ်သိမ့်ခဲ့သည်- “ငါသည် ကမ္ဘာမြေနှင့်မဆိုင်၊ သင့်ကို ငါ ပြောနှင့်ပြီးဖြစ်သည်- ဤအရာကို သင် နားလည်ရမည်၊ သို့သော် သင့်ကို ငါ ပြောခဲ့သည့် အခြားတစ်စုံတစ်ရာကို သင် မေ့လျော့ပြီလော။ ‘သင်သည်လည်း ကမ္ဘာမြေနှင့် မဆိုင်၊ လောကနှင့် မဆိုင်။’ ယခုအချိန်တွင် သင် လုပ်ဆောင်ဖို့လိုအပ်သည့် အလုပ် ရှိသည်။ ဤသို့ သင် ဝမ်းနည်းကြေကွဲ၍ မဖြစ်။ ဤသို့ သင် ဆင်းရဲဒုက္ခခံ၍ မဖြစ်ပေ။ လူနှင့် ဘုရားသခင်သည် ကမ္ဘာတစ်ခုတည်းတွင် အတူမတည်ရှိနိုင်သော်လည်း၊ ငါ၌ ငါ၏ အလုပ်ရှိပြီး သင်၌ သင်၏ အလုပ်ရှိ၏၊ တစ်နေ့ သင်၏ အလုပ်ပြီးစီးသည့်အချိန်တွင် ငါတို့သည် လောကတစ်ခုတွင် အတူတကွ ရှိကြလိမ့်မည်ဖြစ်ပြီး၊ ငါနှင့်အတူ သင်အစဉ်ထာဝရရှိစေဖို့ သင့်ကို ငါ ဦးဆောင်လမ်းပြမည်။” ဤအရာကို ကြားပြီးနောက်တွင် ပေတရုသည် နှစ်သိမ့်မှုရခဲ့ပြီး ပူပန်သောကပြေပျောက်ခဲ့သည်။ ဤဆင်းရဲဒုက္ခမှာ သူ သည်းခံပြီး တွေ့ကြုံရမည့် အရာတစ်ခုဖြစ်သည်ကို သူ သိခဲ့ပြီး ထိုအချိန်မှစ၍၊ စေ့ဆော်မှု သူခံစားခဲ့ရသည်။ ယေရှုသည် သူ့ကို အထူးဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြခြင်းတို့ကို ပေးလျက် အဓိကကျသည့် အခိုက်အတန့်တိုင်းတွင် သူ့ထံ အထူးသဖြင့် ပေါ်လာခဲ့ပြီး သူ့အပေါ် အမှုများစွာ ပြုခဲ့သည်။ မည်သည့်အရာကို ပေတရု နောင်တအရဆုံး ဖြစ်ခဲ့သနည်း။ “ကိုယ်တော်သည် ခရစ်တော်တည်း ဟူသော အသက်ရှင်တော်မူသည့် ဘုရားသခင်၏ သားတော်ဖြစ်ပါ၏” ဟု ပေတရုက ပြောပြီးသည့်နောက် မကြာမီတွင်၊ (ဤသို့ သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင် မထားသော်လည်း) ယေရှုက နောက်ထပ်မေးခွန်းတစ်ခုကို ပေတရုအား မေးခဲ့သည်။ ယေရှုက သူ့ကို၊ “ပေတရု။ ငါ့ကို သင် ချစ်ဖူးသလော” ဟု မေးခဲ့သည်။ ကိုယ်တော် ဆိုလိုသည့်အရာကို ပေတရုက နားလည်ခဲ့ပြီး၊ “သခင် တစ်ခါက ကောင်းကင်ဘုံ၌ ရှိသော ခမည်းတော်ကို ကျွန်ုပ် ချစ်ခဲ့ပါ၏၊ သို့သော် ကိုယ်တော့်ကို တစ်ကြိမ်တစ်ခါမျှ မချစ်ဖူးသည်ကို ကျွန်ုပ် ဝန်ခံပါ၏” ဟု ပြောခဲ့သည်။ ထို့နောက် ယေရှုက၊ “ကောင်းကင်ဘုံ၌ရှိသော ခမည်းတော်ကို လူတို့သည် မချစ်ကြလျှင်၊ ကမ္ဘာမြေပေါ်ရှိ သားတော်ကို သူတို့ အဘယ်သို့ ချစ်နိုင်မည်နည်း။ လူတို့သည် ခမည်းတော်ဖြစ်သော ဘုရားသခင်က စေလွှတ်လိုက်သည့် သားတော်ကို မချစ်လျှင်၊ ကောင်းကင်ဘုံရှိ ခမည်းတော်ကို ၎င်းတို့ မည်သို့ ချစ်နိုင်မည်နည်း။ လူတို့သည် ကမ္ဘာမြေပေါ်ရှိ သားတော်ကို အမှန်ချစ်ကြလျှင်၊ ကောင်းကင်ဘုံ၌ရှိသော ခမည်းတော်ကို သူတို့ အမှန်ချစ်ကြပေသည်” ဟု ပြောခဲ့သည်။ ဤစကားများကို ပေတရု ကြားသည့်အခါ၊ သူ လိုအပ်နေခဲ့သည့် အရာကို သူ နားလည်ခဲ့သည်။ သူသည် “တစ်ခါက ကောင်းကင်ဘုံ၌ ရှိသော ဖခမည်းတော်ကို ကျွန်ုပ် ချစ်ခဲ့ပါ၏၊ သို့သော် ကိုယ်တော့်ကို တစ်ကြိမ်တစ်ခါမျှ မချစ်ဖူးပါ” ဆိုသော သူ၏ စကားများနှင့်ပတ်သက်၍ မျက်ရည်များကျသည်အထိ သူ အမြဲ နောင်တရခဲ့သည်။ ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းနှင့် ကောင်းကင်သို့ တက်ကြွခြင်း ပြီးနောက်တွင်၊ ဤစကားများအပေါ် သာ၍ပင် နောင်တရ၍ ဝမ်းနည်းကြေကွဲမှုကို သူခံစားခဲ့သည်။ အတိတ်က သူ၏ အလုပ်နှင့် သူ၏ မျက်မှောက် ဝိညာဉ်အသက်တာကို ပြန်အမှတ်ရလျက်၊ ဘုရားသခင်၏ အလိုတော်ကို မဖြည့်ဆည်းခဲ့ခြင်းနှင့် ဘုရားသခင်၏ စံနှုန်းများနှင့် မကိုက်ခဲ့ခြင်းကြောင့် နောင်တရ၍ အကြွေးတင်ရှိခြင်းကို အမြဲခံစားရရင်း ယေရှု၏ ရှေ့မှောက်သို့ ဆုတောင်းခြင်းဖြင့် မကြာခဏ သူလာလေ့ရှိခဲ့သည်။ ဤပြဿနာများက သူ၏ အကြီးမားဆုံးသော ဝန်ထုပ်များ ဖြစ်လာခဲ့သည်။ သူက၊ “ကျွန်ုပ်၌ ရှိသမျှအရာအားလုံးနှင့် ကျွန်ုပ်၏ ဖြစ်တည်မှုအားလုံးကို ကိုယ်တော့်ထံ တစ်နေ့ ကျွန်ုပ်ဆက်ကပ်ပါမည်၊ ပြီးလျှင် အဖိုးအတန်ဆုံး မည်သည့်အရာကိုမဆို ကိုယ်တော့်အား ကျွန်ုပ် ပေးပါမည်” ဟု ပြောခဲ့သည်။ သူက၊ “ဘုရားသခင်။ ကျွန်ုပ်တွင် ယုံကြည်ခြင်း တစ်ခုတည်းနှင့် ချစ်ခြင်းတစ်ခုတည်းသာ ရှိပါ၏။ ကျွန်ုပ်၏ ဘဝသည် ဘာမျှထိုက်တန်ခြင်းမရှိပါ။ ကျွန်ုပ်ကိုယ်ခန္ဓာသည်လည်း ဘာမျှထိုက်ခြင်းမရှိပါ။ ကျွန်ုပ်တွင် ယုံကြည်ခြင်း တစ်ခုတည်းနှင့် ချစ်ခြင်းတစ်ခုတည်းသာ ရှိပါ၏။ ကျွန်ုပ်၏ စိတ်ထဲတွင် ကိုယ်တော်၌ ယုံကြည်ခြင်းရှိပြီး ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် ကိုယ်တော့်အတွက် ချစ်ခြင်းရှိပါ၏။ ဤအရာနှစ်ခုသာ ကျွန်ုပ် ကိုယ်တော့်ကို ပေးဖို့ရှိပြီး အခြားမည်သည့်အရာမျှ မရှိပါ” ဟု ပြောခဲ့သည်။ ယေရှု၏ စကားများအားဖြင့် ပေတရု အလွန်ခွန်အားရခဲ့သည်၊ အဘယ့်ကြောင့် ဆိုသော် ယေရှု ကားစင်တင်မခံရမီတွင်၊ ပေတရုကို သူက၊ “ငါသည် ဤလောကနှင့် မစပ်ဆိုင်၊ ပြီးလျှင် သင်သည်လည်း ဤလောကနှင့် မစပ်ဆိုင်ပေ” ဟု ပြောခဲ့သောကြောင့် ဖြစ်သည်။ နောက်ပိုင်းတွင်၊ ကြီးမားသည့် နာကျင်မှုကို ခံစားရသည့်အခြေအနေအထိ ပေတရုရောက်ရှိသည့်အချိန်တွင်၊ ယေရှုက သူ့ကို၊ “ပေတရု၊ သင် မေ့လျော့ပြီလော။ ငါသည် ဤလောကနှင့် စပ်ဆိုင်ခြင်းမရှိ၊ စောစီးစွာ ငါ ထွက်ခွာခဲ့သည်မှာ ငါ၏ အမှုအတွက်သာ ဖြစ်သည်။ သင်သည်လည်း ဤလောကနှင့် မစပ်ဆိုင်၊ သင် အမှန်တကယ် မေ့လျော့သွားပြီလော။ သင့်ကို ငါ နှစ်ကြိမ် ပြောပြီးဖြစ်သည်၊ သင် အမှတ်မရသလော” ဟု သတိရစေခဲ့သည်။ ဤအရာကို ကြားသည့်အခါ၊ ပေတရုက၊ “ကျွန်ုပ် မမေ့လျော့ပါ” ဟု ပြောခဲ့သည်။ ထို့နောက် ယေရှုက၊ “တစ်ခါက သင်သည် ပျော်စရာအချိန်တစ်ခုနှင့် ငါ၏ ထံပါး၌ အချိန်ကာလတစ်ခုကို ငါနှင့်အတူ ကောင်းကင်ဘုံတွင် ကုန်ဆုံးခဲ့သည်။ သင် ငါ့ကို လွမ်းဆွတ်သတိရပြီး ငါ သင့်ကို လွမ်းဆွတ်မိသည်။ ငါ့အမြင်တွင် ဖန်ဆင်းခြင်းများက ဖော်ပြရန်မထိုက်သော်လည်း၊ အပြစ်ကင်းစင်ပြီး ချစ်ဖွယ်ကောင်းသူ တစ်ဦးကို ငါ အဘယ်သို့ မချစ်ဘဲ နေနိုင်မည်နည်း။ ငါ၏ ကတိကို သင် မေ့လျော့ပြီလော။ ကမ္ဘာမြေပေါ်တွင် ငါ၏ စေခိုင်းသည့် တာဝန်ကို သင် လက်ခံရမည်။ သင့်ကို ငါ အပ်ခဲ့သည့် အလုပ်ကို သင် ဖြည့်ဆည်းရမည်။ ငါ၏ ထံပါးတွင် ရှိဖို့ရန် တစ်နေ့ သင့်ကို ငါ ဧကန်မုချ ဦးဆောင်လမ်းပြမည်” ဟု ပြောခဲ့သည်။ ဤအရာကို ကြားပြီးနောက်တွင်၊ ပေတရုသည် သာ၍ပင် ခွန်အားရခဲ့ပြီး သာ၍ပင် ကြီးမားသော လှုံ့ဆော်မှုကို ရရှိခဲ့သည်မှာ ကားတိုင်ပေါ် သူရှိခဲ့ချိန်တွင်၊ “ဘုရားသခင်။ ကိုယ်တော့်ကို ကျွန်ုပ် ကျေနပ်လောက်အောင် မချစ်နိုင်ပါ။ ကျွန်ုပ်ကို သေဖို့ ကိုယ်တော်စေခိုင်းလျှင်ပင်၊ ကိုယ်တော့်ကို ကျွန်ုပ် ကျေနပ်လောက်အောင် မချစ်နိုင်သေးပါ။ ကျွန်ုပ်၏ ဝိညာဉ်ကို ကိုယ်တော် မည်သည့်နေရာတွင် စေလွှတ်ပါစေ၊ ကိုယ်တော်၏ အတိတ်က ကတိများကို ကိုယ်တော် ပြည့်စုံစေသည်ဖြစ်စေ၊ မပြည့်စုံစေသည်ဖြစ်စေ၊ နောက်ပိုင်းတွင် ကိုယ်တော် မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ ကိုယ်တော့်ကို ကျွန်ုပ်ချစ်ပြီး ကိုယ်တော့်ကို ကျွန်ုပ် ယုံကြည်ပါ၏” ဟု ပြောနိုင်ခဲ့လေသည်။ သူ ဆုပ်ကိုင်ခဲ့သည်မှာ သူ၏ ယုံကြည်ခြင်းနှင့် စစ်မှန်သော ချစ်ခြင်းဖြစ်သည်။
တစ်ညနေခင်းတွင်၊ ပေတရုအပါအဝင် တပည့်တော်အချို့သည် ယေရှုနှင့်အတူ ငါးဖမ်းလှေတစ်စင်းပေါ်တွင် ရှိခဲ့ကြပြီး ပေတရုက ယေရှုကို အလွန်ရိုးစင်းသော မေးခွန်းတစ်ခု မေးခဲ့သည်- “သခင်။ ကျွန်ုပ်၌ အလွန်အချိန်ကြာမြင့်စွာ ရှိထားခဲ့သည့် မေးခွန်းတစ်ခုကို ကိုယ်တော့်ကို မေးလိုပါ၏။” ယေရှုက၊ “ဤသို့ဆိုလျှင် မေးလော့” ဟု ပြန်ဖြေခဲ့သည်။ ထို့နောက် ပေတရုက၊ “ပညတ်တော်ခေတ်အတွင်းတွင် ပြီးမြောက်ခဲ့သည့် အမှုသည် ကိုယ်တော်၏ လုပ်ဆောင်ချက်လော” ဟု မေးခဲ့သည်။ ယေရှုက၊ “ဤသူငယ် နုံအလိုက်ပါဘိ” ဟု ပြောသကဲ့သို့ ပြုံးလိုက်သည်။ ထို့နောက် သူက ရည်ရွယ်ချက်ဖြင့်၊ “၎င်းမှာ ငါ၏ လုပ်ဆောင်ချက်မဟုတ်။ ယေဟောဝါနှင့် မောရှေတို့၏ လုပ်ဆောင်ချက်ဖြစ်သည်” ဟု ဆက်ပြောခဲ့သည်။ ဤအရာကို ပေတရုက ကြားပြီး၊ “သြော်။ သို့ဆိုလျှင် ယင်းက ကိုယ်တော်၏ လုပ်ဆောင်ချက် မဟုတ်ပေဘူးပေါ့” ဟု အံ့အားသင့်စွာပြောခဲ့သည်။ ဤအရာကို ပေတရုပြောသည်နှင့်တစ်ပြိုင်နက်၊ ယေရှုက နောက်ထပ်စကားမပြောတော့ပေ။ ပေတရုက “လုပ်ဆောင်ခဲ့သူမှာ ကိုယ်တော်မဟုတ်၊ ထို့ကြောင့် ကိုယ်တော်၏ လုပ်ဆောင်ချက် မဟုတ်သည်နှင့်အညီ ပညတ်တရားကို ဖျက်ဆီးဖို့ ကိုယ်တော်ကြွလာခဲ့သည်မှာ အံ့သြစရာမရှိပါ” ဟု မိမိဘာသာ တွေးခဲ့သည်။ သူ၏ စိတ်နှလုံးသည်လည်း အေးချမ်းသွားခဲ့သည်။ နောက်ပိုင်းတွင်၊ ပေတရု အတော်အတန် နုံအသည်ကို ယေရှု နားလည်ခဲ့သော်လည်း ထိုအချိန်က ပေတရု၌ သိနားလည်မှု လုံး၀မရှိခဲ့ခြင်းကြောင့် ယေရှုသည် အခြားမည်သည့်အရာကိုမျှ မပြောဆိုခဲ့သကဲ့သို့ သူ့ကို တိုက်ရိုက် မချေပခဲ့ပေ။ တစ်ခါတုန်းက ပေတရုအပါအဝင် လူများစွာ ရှိခဲ့သည့် တရားဇရပ်တစ်ခုတွင် တရားဒေသနာတစ်ခုကို ယေရှုဟောကြားခဲ့သည်။ သူ၏ တရားဒေသနာထဲတွင်၊ ယေရှုက၊ “ကျေးဇူးတော်ခေတ်အတွင်းတွင် လူသားမျိုးနွယ်အားလုံးကို အပြစ်မှ ရွေးနုတ်ဖို့ ရွေးနုတ်ခြင်းအမှုကို ထာဝရအဆက်ဆက်မှ လာမည့်သူတစ်ဦးက ပြုလိမ့်မည်၊ သို့သော် လူသားကို အပြစ်မှ ဦးဆောင်လမ်းပြရာတွင် မည်သည့် စည်းမျဉ်းအားဖြင့်မျှ သူသည် ဘောင်ခတ်ခံရလိမ့်မည်မဟုတ်။ သူသည် ပညတ်တရားမှ ထွက်သွားလိမ့်မည်ဖြစ်ပြီး ကျေးဇူးတော်ခေတ်ထဲသို့ ဝင်ရောက်လိမ့်မည်။ လူသားမျိုးနွယ် အားလုံးကို သူ ရွေးနုတ်လိမ့်မည်။ ပညတ်တော်ခေတ်မှ ကျေးဇူးတော်ခေတ်ထဲသို့ သူသည် ရှေ့ဆက်လှမ်းသွားလိမ့်မည်၊ သို့တိုင် ယေဟောဝါထံမှ လာသည့် သူ့ကို အဘယ်သူမျှ မသိ။ မောရှေ လုပ်ဆောင်ခဲ့သည့် အလုပ်ကို ယေဟောဝါက ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ယေဟောဝါ လုပ်ဆောင်ခဲ့သည့် အမှုကြောင့် မောရှေသည် ပညတ်တရားကို မူကြမ်းရေးခဲ့ခြင်းဖြစ်သည်” ဟု ပြောခဲ့လေသည်။ ဤအရာကို ပြောပြီးသည်နှင့်၊ သူသည် “ကျေးဇူးတော်ခေတ်အတွင်းတွင် ကျေးဇူးတော်ခေတ်၏ ပညတ်ချက်များကို ဖျက်သိမ်းသောသူတို့သည် ဘေးဒုက္ခနှင့် ရင်ဆိုင်ရလိမ့်မည်။ သူတို့သည် ဗိမာန်တော်ထဲတွင် ရပ်ပြီး ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ရရှိရမည်ဖြစ်ကာ သူတို့အပေါ်သို့ မီးကျလိမ့်မည်” ဟု ဆက်ပြောခဲ့သည်။ ဤစကားများကို ကြားရခြင်းက ပေတရုအပေါ် အတော်အတန် သက်ရောက်မှုရှိခဲ့ပြီး သူ၏ အတွေ့အကြုံ ကာလတစ်လျှောက်တွင်၊ ယေရှုသည် ပေတရုနှင့် ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း စကားပြောရင်း သူ့ကို ထိန်းကျောင်းကာ အားပေးခဲ့သည်၊ ယင်းက ပေတရုကို ယေရှုနှင့်ပတ်သက်၍ အနည်းငယ်မျှ ပိုမိုကောင်းမွန်သော သိနားလည်မှုပေးခဲ့သည်။ ထိုနေ့က ယေရှု ဟောပြောခဲ့သည့်အရာနှင့် ငါးဖမ်းလှေပေါ်တွင် သူတို့ရှိချိန် ယေရှုကို သူမေးခဲ့သည့် မေးခွန်း၊ ယေရှုပေးခဲ့သည့် အဖြေအပြင် ကိုယ်တော် ပြုံးခဲ့ပုံတို့ကို ပေတရုပြန်တွေးကြည့်စဉ်၊ အရာအားလုံးကို ပေတရု နောက်ဆုံးတွင် နားလည်လာခဲ့သည်။ နောက်ပိုင်းတွင်၊ သန့်ရှင်းသော ဝိညာဉ်တော်က ပေတရုကို ဉာဏ်အလင်းပေးခဲ့ပြီး ထို့နောက်တွင်မှ ယေရှုက အသက်ရှင်သော ဘုရားသခင်၏ သားဖြစ်သည်ကို သူ နားလည်ခဲ့သည်။ ပေတရု၏ သိနားလည်ခြင်းက သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းမှ လာသော်လည်း သူ၏ သိနားလည်ခြင်းတွင် ဖြစ်စဉ်တစ်ခု ရှိခဲ့ပေသည်။ ယေရှုသည် အသက်ရှင်သော ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း ပေတရု နားလည်လာခဲ့သည်မှာ မေးခွန်းများမေးခြင်း၊ ယေရှု ဟောပြောခြင်းကို ကြားခြင်း၊ ထို့နောက် ယေရှု၏ အထူးမိတ်သဟာယပြုခြင်းနှင့် သူ၏ အထူးထိန်းကျောင်းပေးခြင်းကို လက်ခံရရှိခြင်းတို့မှ တစ်ဆင့်ဖြစ်ခဲ့သည်။ ယင်းကို နေ့ချင်းညချင်း ရရှိခဲ့ခြင်း မဟုတ်ပေ။ ယင်းသည် ဖြစ်စဉ်တစ်ခုဖြစ်ပြီး ဤအရာသည် သူ၏ နောက်ပိုင်းအတွေ့အကြုံများတွင် အကူအညီတစ်ခု ဖြစ်လာခဲ့သည်။ အဘယ်ကြောင့် ယေရှုသည် အခြားလူများ၌ စုံလင်စေခြင်း အမှုကို မပြုဘဲ ပေတရု၌သာ ပြုခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် ယေရှုသည် အသက်ရှင်သော ဘုရားသခင်၏ သားတော်ဖြစ်သည်ကို ပေတရုကသာ နားလည်ခဲ့သောကြောင့် ဖြစ်သည်။ အခြားမည်သူမျှ ဤအရာကို မသိခဲ့ပေ။ ကိုယ်တော့်နောက်လိုက်သည့် မိမိတို့၏အချိန်ကာလ၌ များစွာသိခဲ့ကြသည့် တပည့်တော်များစွာ ရှိခဲ့ကြသော်လည်း၊ ၎င်းတို့၏ အသိပညာမှာ အပေါ်ယံဖြစ်ခဲ့သည်။ ဤသည်မှာ စုံလင်ခံရခြင်း၏ နမူနာအဖြစ် ပေတရုကို ယေရှု ရွေးချယ်ခဲ့သည့် အကြောင်းရင်းဖြစ်သည်။ ထိုအချိန်က ပေတရုကို ယေရှုပြောခဲ့သည့်အရာသည် ၎င်းတို့၏ အသိပညာနှင့် အသက်တာဝင်ရောက်ခြင်းတို့က ပေတရု၏အသိပညာနှင့် အသက်တာ ဝင်ရောက်ခြင်းကို မီရမည်ဖြစ်သည့် ယနေ့ လူတို့ကို ကိုယ်တော်ပြောသည့် အရာဖြစ်သည်။ အယာက်တိုင်းကို ဘုရားသခင် စုံလင်စေမည်မှာ ဤသတ်မှတ်ချက်၊ ဤလမ်းကြောင်းနှင့်အညီ ဖြစ်သည်။ ယနေ့လူတို့အား စစ်မှန်သော ယုံကြည်ခြင်းနှင့် စစ်မှန်သော ချစ်ခြင်းမေတ္တာ ရှိရန် အဘယ်ကြောင့် သတ်မှတ်ထားသနည်း။ ပေတရု တွေ့ကြုံခဲ့သည့်အရာကို သင်တို့သည်လည်း တွေ့ကြုံရမည်ဖြစ်သည်။ ပေတရု သူ၏ အတွေ့အကြုံများမှ ရရှိခဲ့သည့် အသီးအပွင့်များသည် သင်တို့အထဲ တွင်လည်း ထင်ရှားရမည်ဖြစ်ပြီး ပေတရု တွေ့ကြုံခဲ့သည့် နာကျင်မှုကို သင်တို့သည်လည်း တွေ့ကြုံရပေမည်။ သင်တို့ လျှောက်လှမ်းကြသည့် လမ်းကြောင်းသည် ပေတရု လျှောက်လှမ်းခဲ့သည့် လမ်းကြောင်းနှင့် အတူတူပင်ဖြစ်သည်။ သင်တို့ ဒုက္ခခံရသည့် နာကျင်မှုသည် ပေတရု ဒုက္ခခံခဲ့ရသည့် နာကျင်မှုဖြစ်သည်။ ဘုန်းအသရေကို သင်တို့ ရရှိသည့်အချိန်နှင့် စစ်မှန်သော အသက်တာကို သင်တို့ အသက်ရှင်နေထိုင်သည့်အချိန်တွင်၊ ပေတရု၏ ပုံသဏ္ဌာန်ကို သင်တို့ အသက်ရှင်နေထိုင်ခြင်း ဖြစ်သည်။ လမ်းကြောင်း တူညီပြီး လူတစ်ဦးသည် ထိုလမ်းကြောင်းကို လိုက်လျှောက်ခြင်းဖြင့် စုံလင်ခံရပေသည်။ သို့သော် သင်တို့၏ အရည်အချင်းသည် ပေတရု၏ အရည်အချင်းနှင့် နှိုင်းယှဉ်ရာတွင် အတော်အတန် ချို့တဲ့နေ၏။ အဘယ်ကြောင့်ဆိုသော် အချိန်ကာလများ ပြောင်းလဲပြီဖြစ်ပြီး လူသား၏ ဖောက်ပြန်ပျက်စီးခြင်း အတိုင်းအတာ သည်လည်း ပြောင်းလဲပြီဖြစ်သည့်အတွက်၊ ပြီးလျှင် ယုဒပြည်သည် ရှေးဟောင်း ယဉ်ကျေးမှုတစ်ခုရှိသည့် တာရှည်တည်တံ့သော တိုင်းပြည်ဖြစ်သောကြောင့်ဖြစ်၏။ ဤအကြောင်းကြောင့် သင်တို့၏ အရည်အချင်းကို တိုးတက်စေဖို့ တတ်နိုင်သမျှ သင်တို့ လုပ်ဆောင်ရမည်။
ပေတရုသည် အလွန်စဉ်းစားချင့်ချိန်တတ်သည့်လူ၊ သူလုပ်သမျှ တိုင်း၌ လျင်သောသူဖြစ်ပြီး အလွန်အမင်း ရိုးသားသောသူလည်း ဖြစ်သည်။ အနှောင့်အယှက်များစွာ သူ ခံစားခဲ့ရသည်။ လူ့အဖွဲ့အစည်းနှင့် ပထမဆုံး သူထိတွေ့ခဲ့သည်မှာ သူကျောင်းတက်ပြီး တရားဇရပ်သို့လည်း သွားခဲ့သည့် အသက် ၁၄ နှစ်အရွယ်တွင်ဖြစ်သည်။ စိတ်အားထက်သန်မှုများစွာ သူ ရှိခဲ့ပြီး ဝတ်ပြုအစည်းအဝေးများကို တက်ရောက်ရန် သူအမြဲလိုလား နေခဲ့သည်။ ထိုအချိန်တွင်၊ ယေရှုသည် သူ၏ အမှုကို တရားဝင် မစတင်ခဲ့သေးပေ။ ဤသည်မှာ ကျေးဇူးတော်ခေတ်၏ အစသာ ဖြစ်ခဲ့သည်။ ပေတရုသည် အသက် ၁၄ နှစ်အရွယ်တွင် ဘာသာရေး ပုဂ္ဂိုလ်များနှင့် စတင် ထိတွေ့လာခဲ့သည်။ သူ အသက် ၁၈ ရောက်သည့်အချိန်တွင်၊ ဘာသာရေး လက်ရွေးစင်လူစုနှင့် ထိတွေ့ခဲ့ရသော်လည်း၊ ဘာသာတရား၏ မြင်ကွင်းများနောက်ကွယ်က ပရမ်းပတာဖြစ်ခြင်းကို သူ မြင်ခဲ့သည့်နောက်တွင် ထိုအရာမှ သူဆုတ်ခွာခဲ့သည်။ ဤလူများ အဘယ်မျှ လည်သည်၊ ကောက်ကျစ်ပြီး ကြိတ်ကြံနေကြသည်ကို မြင်သည့်အခါ၊ သူသည် အလွန်အမင်း စက်ဆုပ်လာခဲ့ပြီး (ဤသည်မှာ ထိုအချိန်က သူ့ကို စုံလင်စေဖို့ သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုသည့်ပုံစံ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်က သူ့ကို အထူးသဖြင့် တို့ထိပြီး သူ့အပေါ် အထူးလုပ်ဆောင်ချက်အချို့ ပြုခဲ့သည်) ထို့ကြောင့် အသက် ၁၈ နှစ်အရွယ်တွင် တရားဇရပ်မှ သူ စွန့်ခွာခဲ့သည်။ သူ၏ မိဘများက သူ့ကို ညှဉ်းပန်းနှိပ်စက်ခဲ့ပြီး သူ့ကို ယုံကြည်ခွင့်မပေးခဲ့ပေ (၎င်းတို့သည် နတ်ဆိုးများနှင့် မယုံကြည်သူများ ဖြစ်ခဲ့ကြသည်)။ နောက်ဆုံးတွင်၊ ပေတရုသည် အိမ်ကို စွန့်ခွာခဲ့ပြီး နှစ်နှစ်ကြာ ငါးဖမ်းရင်းနှင့် တရားဟောရင်း နေရာတကာ ခရီးသွားခဲ့သည်၊ ထိုအချိန်အတော အတွင်းတွင် အတော်အတန် လူအနည်းငယ်ကိုလည်း သူ ဦးဆောင်ခဲ့သည်။ ယခုတွင် ပေတရု လျှောက်လှမ်းခဲ့သည့် တိကျသည့်လမ်းကြောင်းကို သင် ရှင်းရှင်းလင်းလင်း မြင်နိုင်သင့်ပေသည်။ ပေတရု၏ လမ်းကြောင်းကို သင် ရှင်းရှင်းလင်းလင်း မြင်နိုင်လျှင် ယနေ့ လုပ်ဆောင်နေသည့် အမှုနှင့်ပတ်သက်၍ သင် သေချာလိမ့်မည်၊ ထို့ကြောင့် သင်သည် ညည်းညူခြင်း ရှိမည်မဟုတ် သို့မဟုတ် မတုန်မလှုပ် ဖြစ်မည်မဟုတ်၊ သို့မဟုတ် မည်သည့်အရာကိုမျှ တောင့်တမည်မဟုတ်ပေ။ ထိုအချိန်က ပေတရု၏ စိတ်နေစိတ်ထားကို သင် တွေ့ကြုံသင့်သည်။ သူသည် ဝမ်းနည်းမှု ဖိစီးနေခဲ့သည်။ အနာဂတ်တစ်ခု သို့မဟုတ် မည်သည့် ကောင်းချီးမင်္ဂလာကိုမျှ သူ မတောင်းဆိုခဲ့တော့ပေ။ အကျိုးအမြတ်၊ ပျော်ရွှင်ခြင်း၊ ကျော်ကြားမှု သို့မဟုတ် လောကထဲရှိ ပစ္စည်းဥစ္စာတို့ကို သူ မရှာဖွေခဲ့ပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပေးဆပ်ဖို့နှင့် သူ လုံးဝအဖိုးတန်ဆုံးဟု ယူဆသည့် အရာကို ဘုရားသခင်အား ဆက်ကပ်ဖို့ဖြစ်သော အဓိပ္ပါယ်အရှိဆုံး အသက်တာကို အသက်ရှင်ဖို့သာ သူ ကြိုးစားခဲ့သည်။ ထို့နောက်တွင် သူ၏ စိတ်နှလုံးထဲ၌ ကျေနပ်ခဲ့ရသည်။ သူက၊ “သခင်ယေရှုခရစ်တော်၊ တစ်ချိန်က ကိုယ်တော့်ကို ကျွန်ုပ် ချစ်ခဲ့သော်လည်း ကိုယ်တော့်ကို ကျွန်ုပ် ဘယ်သောအခါမျှ စစ်မှန်စွာမချစ်ခဲ့ပါ။ ကိုယ်တော့်၌ ကျွန်ုပ် ယုံကြည်ခြင်းရှိသည်ဟု ပြောခဲ့သော်လည်း၊ စစ်မှန်သော နှလုံးသားဖြင့် ကိုယ်တော့်ကို ကျွန်ုပ် ဘယ်သောအခါမျှ မချစ်ခဲ့ပါ။ ကိုယ်တော့်ကို အထင်ကြီးရုံ ကြီးခဲ့သည်၊ ကြည်ညိုရုံကြည်ညိုခဲ့ပြီး ကိုယ်တော့်ကို လွမ်းဆွတ်ရုံသာ ဖြစ်ခဲ့သော်လည်း ကိုယ်တော့်ကို ဘယ်သောအခါမျှ မချစ်ခဲ့သကဲ့သို့ ကိုယ်တော်၌ ယုံကြည်ခြင်း စစ်မှန်စွာမရှိခဲ့ပါ” ဟူသော စကားများဖြင့် ယေရှုထံ မကြာခဏ ဆုတောင်းခဲ့သည်။ သူ သန္နိဋ္ဌာန်ချဖို့ရန် သူစဉ်ဆက်မပြတ် ဆုတောင်းခဲ့ပြီး သူသည် ယေရှု၏ နှုတ်ကပတ်တော်များအားဖြင့် အမြဲ ခွန်အားရခဲ့ကာ ၎င်းတို့မှ စိတ်လှုံ့ဆော်မှုကို ရယူခဲ့သည်။ နောက်ပိုင်းတွင်၊ အတွေ့အကြုံ ကာလတစ်ခု အပြီးနောက်၊ ယေရှုက သူ့ကို နောက်ထပ် တမ်းတဖို့ ဆွပေးရင်း ပေတရုကို စစ်ဆေးခဲ့သည်။ သူက၊ “သခင်ယေရှုခရစ်တော်။ ကိုယ်တော့်ကို ကျွန်ုပ် လွမ်းဆွတ်လှပြီး ကိုယ်တော့်ကို ဖူးမျှော်ဖို့ တောင့်တမိပါ၏။ ကျွန်ုပ် ချို့တဲ့လွန်းလှပြီး ကိုယ်တော်၏ ချစ်ခြင်းကို ထေမိစေရန် မပြုနိုင်ပါ။ မကြာမီ ကျွန်ုပ်ကို ခေါ်ဆောင်သွားဖို့ ကိုယ်တော့်ကို ကျွန်ုပ် အနူးအညွတ် တောင်းပန်ပါ၏။ မည်သည့်အချိန်တွင် ကျွန်ုပ်ကို ကိုယ်တော် လိုအပ်မည်နည်း။ မည်သည့်အချိန်တွင် ကျွန်ုပ်ကို ခေါ်ဆောင်သွားမည်နည်း။ ကိုယ်တော်၏ မျက်နှာကို မည်သည့်အချိန်တွင် ကျွန်ုပ် ဖူးမျှော်ရမည်နည်း။ ဤခန္ဓာကိုယ်၌ အသက်မရှင်လိုတော့ပါ၊ ဖောက်ပြန်ပျက်စီးသောသူ ဆက်ဖြစ်လာဖို့ ကျွန်ုပ် ဆန္ဒမရှိတော့သကဲ့သို့ ဆက်လက်၍ ပုန်ကန်ဖို့လည်း ကျွန်ုပ် ဆန္ဒမရှိပါ” ဟု ပြောခဲ့သည်။ ကျွန်ုပ်၌ ရှိသမျှအရာရာကို ကိုယ်တော့်အား ချက်ချင်းပင် ဆက်ကပ်ရန် အသင့်ရှိပါ၏၊ ကိုယ်တော့်ကို ဆက်လက်၍ ဝမ်းနည်းစေဖို့ ကျွန်ုပ် ဆန္ဒမရှိပါ။ ဤသည်မှာ သူ ဆုတောင်းသည့်ပုံဖြစ်သော်လည်း ယေရှုက သူ့အထဲတွင် မည်သည့်အရာ စုံလင်စေမည်ကို ထိုအချိန်က သူ မသိခဲ့ပါ။ သူ၏ စစ်ဆေးခံရခြင်းနှင့်ဆိုင်သည့် မချိတင်ကဲဝေဒနာ အတော အတွင်းတွင်၊ ယေရှုသည် သူ့ထံ တစ်ဖန် ပေါ်လာခဲ့ပြီး၊ “ပေတရု၊ ငါ၏ စုံလင်ခြင်း ပုံဆောင်ခဲတစ်ခုဖြစ်သည့် အသီးအပွင့်တစ်ခုနှင့် ငါ မွေ့လျော်မည့်အရာ သင်ဖြစ်လာသည်အထိ ငါသည် သင့်ကို စုံလင်အောင် ပြုဖို့ ဆန္ဒရှိသည်။ ငါ့အတွက် သင် အမှန်တကယ် သက်သေခံနိုင်သလော။ သင်လုပ်ဆောင်ရန် ငါ စေခိုင်းသည့်အရာကို လုပ်ဆောင်ပြီးပြီလော။ ငါ ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များကို သင် အသက်ရှင်နေထိုင် ပြီးပြီလော။ တစ်ချိန်က သင် ငါ့ကို ချစ်ခဲ့သည်၊ သို့သော် သင်ငါ့ကို ချစ်ခဲ့သော်လည်း ငါ့ကို သင် အသက်ရှင်နေထိုင်ပြီးပြီလော။ ငါ့အတွက် သင် မည်သည့်အရာ လုပ်ဆောင်ပြီးပြီနည်း။ သင်သည် ငါ၏ ချစ်ခြင်းမေတ္တာနှင့် မထိုက်သည်ကို သင်သတိပြုမိသော်လည်း ငါ့အတွက် သင် မည်သည့်အရာကို လုပ်ဆောင်ပြီးပြီနည်း” ဟု ဆိုခဲ့သည်။ ယေရှုအတွက် သူ ဘာမျှ မလုပ်ဆောင်ခဲ့သည်ကို ပေတရုမြင်ခဲ့ပြီး ဘုရားသခင်အား သူ၏ အသက်တာကို ပေးရန် သူ၏ယခင်ကျမ်းသစ္စာကို သူ သတိရခဲ့သည်။ ထို့ကြောင့်၊ သူသည် နောက်ထပ် မညည်းညူတော့သကဲ့သို့ ထိုအချိန်မှစ၍ သူ၏ ဆုတောင်းချက်များက များစွာ သာ၍ကောင်းမွန်လာခဲ့သည်။ သူက၊ “သခင်ယေရှုခရစ်တော်။ တစ်ချိန်က ကိုယ်တော့်ကို ကျွန်ုပ် စွန့်ခွာခဲ့ပြီး ကိုယ်တော်ကလည်း ကျွန်ုပ်ကို စွန့်ခွာခဲ့ပါ၏။ ကျွန်ုပ်တို့သည် ခွဲခွာသည့်အချိန်နှင့် အဖော်ပြုလျက် အတူတကွ ရှိချိန်တို့ ရှိခဲ့ကြပါ၏။ သို့သော်လည်း အခြားအရာအားလုံးထက် ကိုယ်တော်သည် ကျွန်ုပ်ကို ပိုချစ်ပါ၏။ ကိုယ်တော့်ကို ကျွန်ုပ် အဖန်ဖန် ပုန်ကန်မိခဲ့ပြီး အဖန်ဖန် ဝမ်းနည်းကြေကွဲစေခဲ့ပါ၏။ ထိုသို့သော အရာများကို အကျွန်ုပ် အဘယ်သို့ မေ့လျော့နိုင်ပါမည်နည်း။ အကျွန်ုပ်အပေါ် ကိုယ်တော်ပြုခဲ့သည့် အမှုနှင့် ကျွန်ုပ်ကို ကိုယ်တော် အပ်နှံခဲ့သည့်အရာကို စိတ်ထဲတွင် အစဉ်မှတ်ထားလျက်နေပြီး ကျွန်ုပ် ဘယ်သောအခါမျှ မမေ့လျော့ပါ။ ကျွန်ုပ်အပေါ် ကိုယ်တော်ပြုခဲ့သည့် အမှုအတွက် ကျွန်ုပ်တတ်နိုင်သမျှ အရာရာကို ကျွန်ုပ် လုပ်ဆောင်ပြီးပါပြီ။ ကျွန်ုပ် လုပ်ဆောင်နိုင်သည့်အရာကို ကိုယ်တော်သိပြီး ထိုထက် မည်သည့် ကဏ္ဍ၌ ကျွန်ုပ် ပါ၀င်နိုင်သည်ကို ကိုယ်တော်သိပါ၏။ ကိုယ်တော်၏ စီစဉ်ညွှန်ကြားမှုများကို နာခံဖို့ ကျွန်ုပ် ဆန္ဒရှိပြီး ကျွန်ုပ်၌ ရှိသမျှအရာရာကို ကိုယ်တော့်အား ဆက်ကပ်ပါမည်။ ကိုယ်တော့်အတွက် ကျွန်ုပ် လုပ်ဆောင်နိုင်သည့်အရာကို ကိုယ်တော်သာ သိပါ၏။ စာတန်က ကျွန်ုပ်ကို အလွန် အရူးလုပ်ပြီး ကိုယ်တော့်ကို ကျွန်ုပ် ပုန်ကန်မိခဲ့သော်လည်း၊ ထိုအပြစ်များအတွက် ကျွန်ုပ်ကို ကိုယ်တော် အမှတ်ရသည် မဟုတ်ကြောင်းနှင့် ထိုအပြစ်များအပေါ် အခြေခံ၍ ကျွန်ုပ်ကို မဆက်ဆံကြောင်းကို ကျွန်ုပ် ယုံကြည်ပါ၏။ ကျွန်ုပ်၏ အသက်တာ တစ်ခုလုံးကို ကိုယ်တော့်အား ဆက်ကပ်ဖို့ ကျွန်ုပ် ဆန္ဒရှိပါ၏။ မည်သည့်အရာကိုမျှ ကျွန်ုပ် မတောင်းဆိုသကဲ့သို့ အခြားသော မျှော်လင့်ချက်များ သို့မဟုတ် အစီအစဉ်များ ကျွန်ုပ်တွင် မရှိပါ။ ကိုယ်တော်၏ ရည်ရွယ်ချက်များအတိုင်း ပြုမူဖို့နှင့် ကိုယ်တော်၏ အလိုတော်ကို လုပ်ဆောင်ဖို့သာ ကျွန်ုပ် ဆန္ဒရှိပါ၏။ ကိုယ်တော်၏ ခါးသောခွက်မှ ကျွန်ုပ်သောက်ပါမည်၊ ကျွန်ုပ်ကို စေခိုင်းဖို့ ကိုယ်တော်ပိုင်ပါ၏” ဟု ပြောရင်း ဆုတောင်းခဲ့သည်။
သင်တို့ လျှောက်လှမ်းသည့် လမ်းကြောင်းနှင့်ပတ်သက်၍ သင်တို့ ရှင်းလင်းရမည်။ အနာဂတ်တွင် သင်တို့ လျှောက်လှမ်းမည့် လမ်းကြောင်း၊ မည်သည့်အရာကို ဘုရားသခင် စုံလင်စေမည်ဆိုသည်နှင့် သင်တို့ကို မည်သည့်အရာ အပ်နှံထားသည်တို့နှင့်ပတ်သက်၍ သင်တို့ ရှင်းလင်းရမည်။ တစ်နေ့တွင်၊ သင်တို့ စစ်ဆေးခံရကောင်း ခံရလိမ့်မည်ဖြစ်ပြီး ထိုအချိန်ရောက်လာသည့်အခါ၊ ပေတရု၏ အတွေ့အကြုံများမှ လှုံ့ဆော်အားပေးမှု သင်တို့ ရယူနိုင်လျှင်၊ ပေတရု၏ လမ်းကြောင်းကို သင်တို့ အမှန်တကယ် လျှောက်လှမ်းနေခြင်းဖြစ်ကြောင်း ထိုအရာက ပြသလိမ့်မည်။ ပေတရုသည် သူ၏ စစ်မှန်သော ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် ဘုရားသခင်အဖို့ သူ၏ သစ္စာရှိခြင်းတို့အတွက် ဘုရားသခင်၏ ချီးကျူးခြင်းကို ခံခဲ့ရသည်။ ပြီးလျှင် သူ့ကို ဘုရားသခင် စုံလင်စေခဲ့သည်မှာ သူ၏ ရိုးသားမှုနှင့် ဘုရားသခင်အတွက် သူ၏ စိတ်နှလုံးထဲရှိ တောင့်တမှုတို့ကြောင့် ဖြစ်ခဲ့ပေသည်။ ပေတရုကဲ့သို့ သင်သည်လည်း အလားတူ ချစ်ခြင်းမေတ္တာနှင့် ယုံကြည်ခြင်း အမှန်တကယ်ရှိလျှင်၊ ယေရှုက သင့်ကို ဧကန်မုချ စုံလင်စေလိမ့်မည်။