၁၇။ သိမ်ငယ်ခြင်း ခံစားချက်များနောက်ကွယ်တွင် မည်သည့်အရာ ကွယ်ဝှက်ထားသနည်း
ခေါင်းဆောင်အနေနဲ့ ကျွန်မ အလုပ်စလုပ်တော့၊ ညီမ ချင်းရှောင်နဲ့ တွဲလုပ်ရတယ်။ ချင်းရှောင်မှာ အစွမ်းအစကောင်းရှိပြီး သူ့အလုပ်မှာ ရဲရင့်၊ ပြတ်သားတယ်၊ ကျွန်မကတော့ စိတ်ထဲရှိတာ မပြောတတ်ဘူး၊ အောက်ကျို့တဲ့ ပင်ကိုစရိုက်ရှိပြီး၊ ကျွန်မအလုပ်အတွက် လိုတဲ့ ကျွမ်းကျင်မှုတွေနဲ့ပတ်သက်ပြီး ရှက်စရာကောင်းအောင်ကို တစ်ပိုင်းတစ်စပဲနားလည်တာကို မြင်ရတော့ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ ညံ့ပြီး အရည်အချင်းမပြည့်မီဘူးလို့ ခံစားရတယ်။ ကျွန်မက ဘေးမှာ ထိုင်နေတုန်း၊ ပြဿနာမျိုးစုံကို ချင်းရှောင်က ကျွမ်းကျွမ်းကျင်ကျင် မိတ်သဟာယပြုပြီး ကိုင်တွယ်ပုံကို သတိပြုမိပြီးတဲ့နောက်မှာ၊ ကျွန်မမှာ ရှိရမဲ့အရည်အချင်း မရှိဘူးလို့ ပိုလို့တောင် ခံစားရပြီး ပိုပြီး စိတ်ဓာတ်ကျလာတယ်။ လအတော်ကြာ အဲဒီအခြေအနေမှာ ကျွန်မ ရှိနေခဲ့တယ်။ နောက်ပိုင်းမှာ၊ အသင်းတော် ခေါင်းဆောင်အနေနဲ့ ကျွန်မ ဆက်အစေခံခဲ့တယ်။ ဒါပေမဲ့ ကျွန်မကို လီဆူးလို့ ခေါ်တဲ့ တွဲဖက်အသစ် ပေးထားတယ်။ လီဆူးက လှပ၊ ယဉ်ကျေး၊ စွမ်းဆောင်နိုင်ပြီး အတွေ့အကြုံရှိသလို၊ ခြုံငုံကြည့်ရင် အောင်မြင်ပြီး ပညာတတ် ခေါင်းဆောင်မိန်းကလေးရဲ့ ပုံစံကို ပြပြီး ကျွန်မကတော့ ယုံကြည်စိတ်ချမှုမရှိဘဲ စကားပြောခဲ့တာ၊ ဘာစိတ်ဆုံးဖြတ်ချက်မှ မရှိခဲ့တာ၊ ကျွန်မ မသိတဲ့ လူတွေနား ဒါမှမဟုတ် လူအစုအဖွဲ့တွေ အများကြီးရှိတဲ့ အခြေအနေတွေမှာဆိုရင် ခဏခဏ စိတ်ပူပြီး ထွက်သွားတတ်တာ ခေါင်းဆောင်တစ်ယောက်နဲ့တူတာ နည်းနည်းမှတောင် မရှိခဲ့တာတွေကို မြင်တော့ ကျွန်မ စိတ်ဓာတ်မကျဘဲ မနေနိုင်ခဲ့ဘူး။ စုဝေးပွဲတစ်ခုကနေ လီဆူး ပြန်လာတိုင်းမှာ၊ ညီအစ်ကို မောင်နှမတွေရဲ့ လက်တလော အခြေအနေတွေနဲ့ပတ်သက်လို့ သူတို့ကို သူ မေးမြန်းပြီး၊ သူတို့ ပြဿနာတွေကို ဖြေရှင်းဖို့ ဘုရားနှုတ်ကပတ်တော်တွေကို သုံးပြီး မိတ်သဟာယပြုခဲ့ပုံကို သူက ပွင့်ပွင့်လင်းလင်း ဆွေးနွေးသလို ညီအစ်ကို မောင်နှမအားလုံးက သူ့ကို လေးစားမှု ဘယ်လောက်ရှိကြတယ်ဆိုတာကို ပြောပြလေ့ရှိတယ်။ ဒါတွေကို သူ ပြောနေတုန်းမှာ၊ သူက သာယာကြည်နူးမှုနဲ့ အမြဲ တောက်ပရွှန်းစိုနေခဲ့တယ်။ လီဆူးက ကိုယ့်ကိုယ်ကိုယ် နည်းနည်း ဩဇာအာဏာကြီးအောင်လုပ်နေပုံရတယ်ဆိုတာကို သတိထားမိပေမဲ့ သူ့မှာ အစွမ်းအစကောင်းနဲ့ အလုပ်လုပ်နိုင်စွမ်းတွေရှိပြီး ပြဿနာတွေ ဖြေရှင်းနိုင်တာကို ထောက်တဲ့အခါ ရံဖန်ရံခါ ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြတာတွေက ပြဿနာကြီးတစ်ခု မဟုတ်ဘူးလို့ ကျွန်မ ခံစားခဲ့တယ်။ ကျွန်မက သူနဲ့ ယှဉ်လို့မရဘူး၊ ကျွန်မမှာ သူ့ရဲ့ စိတ်ပြတ်သားမှုမျိုး မရှိဘူးလို့ တွေးမိတယ်။ အဲဒီနောက်မှာ၊ ပြဿနာတွေကို ကြုံရတဲ့အခါ၊ ကျွန်မ နောက်တွန့်ပြီး နောက်ဆုတ်တယ်။ ကိုယ့်ကိုယ်ကိုယ်မစွမ်းဆောင်နိုင်ဘူးလို့ တွေးတယ်၊ မိတ်သဟာယကို မပေးရဲခဲ့ဘူး။ တဖြည်းဖြည်းနဲ့ ကျွန်မအခြေအနေက ဆိုးသထက်ဆိုးလာခဲ့ပြီး၊ ကျွန်မမှာ ညံ့ဖျင်းတဲ့ အစွမ်းအစရှိတယ်၊ သမ္မာတရား စစ်မှန်မှု ကင်းမဲ့ပြီး၊ ခေါင်းဆောင်ဖြစ်ဖို့ အရည်အချင်းမရှိဘူးလို့ ပိုလို့တောင် ယုံကြည်ခဲ့တယ်။ အဲဒီ စိတ်ဓာတ်ကျတဲ့ အခြေအနေမှာ ကျွန်မ လူးလွန့်နေခဲ့ပြီး၊ ကျွန်မတာဝန်မှာ ဖြစ်သလိုပဲ လုပ်နေခဲ့မိတယ်။ သမ္မာတရားကို ရှာဖွေဖို့ ကျွန်မ အဆက်မပြတ် ပျက်ကွက်ခဲ့ပြီး၊ ကျွန်မရဲ့ အပျက်သဘောဆောင်တဲ့ မကောင်းတဲ့အချိန်ကနေ ကိုယ့်ကိုယ်ကိုယ် မဆွဲထုတ်နိုင်ခဲ့လို့၊ သိပ်မကြာခင်မှာပဲ ကျွန်မ အထုတ်ခံခဲ့ရတယ်။ တစ်နှစ်ကြာပြီးတော့၊ ညီအစ်ကို မောင်နှမတွေက ကျွန်မကို ခေါင်းဆောင်တစ်ယောက်အနေနဲ့ အစေခံဖို့အတွက် ထပ်ရွေးကြတယ်။ ညီမ ဝူဖန်နဲ့ ကျွန်မ တွဲလုပ်ရတယ်။ မကြာခင်မှာပဲ သူ့မှာ အစွမ်းအစကောင်းနဲ့ အလုပ်လုပ်နိုင်စွမ်းရှိတာကို ကျွန်မ သတိထားမိသလို၊ ကျွန်မတို့ အတူအလုပ်လုပ်တဲ့ အချိန်တိုင်းလိုလိုမှာ သူက ဦးဆောင်တဲ့ကဏ္ဍကို ယူတယ်။ အထူးသဖြင့် တစ်ကြိမ်မှာ၊ စုဝေးပွဲတစ်ခုကို ကျွန်မတို့ အတူဧည့်ခံတော့၊ ဝူဖန်က မိတ်သဟာယ အများစုကို လုပ်ခဲ့ပြီး၊ ညီအစ်ကို မောင်နှမတွေကလည်း သူတို့ကိုယ်ပိုင် မိတ်သဟာယနဲ့ အားတက်သရော ဝင်ပါကြတယ်။ ကျွန်မမှာတော့၊ မိတ်သဟာယပြုချင်ခဲ့ပေမဲ့၊ ထိထိရောက်ရောက် မိတ်သဟာယမပြုနိုင်မှာစိုးရိမ်လို့၊ စိတ်အနှောင့်အယှက်ဖြစ်တာကို ရှောင်ဖို့ ဘာမှမပြောဘဲ ပြီးသွားတယ်။ စုဝေးပွဲပြီးတော့ ကျွန်မ အတော်လေး စိတ်ဓာတ်ကျပြီး၊ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ ကျွန်မ အရည်အချင်း မရှိသေးဘူးလို့ပဲ တွေးခဲ့တယ်။ အလုပ်လုပ်ပေးသူတစ်ယောက်လို အထွေထွေ အရေးကိစ္စတွေနဲ့ ဆက်စပ်တဲ့ တာဝန်တစ်ခုခုကိုပဲ လုပ်ချင်ခဲ့ပြီး၊ ခေါင်းဆောင် မဖြစ်ချင်တာ့ဘူး။
တစ်နေ့တော့၊ ကျွန်မရဲ့ အခြေအနေကို ညီအစ်မနှစ်ယောက်၊ သုံးယောက်ဆီ ပြောပြခဲ့တယ်။ ကျွန်မရဲ့ အခြေအနေကို ချက်ချင်း မဖြေရှင်းရင် အတော် အန္တရာယ်များတယ်၊ ပြီးတော့ ကျွန်မအနေနဲ့ အချိန်တချို့ယူပြီး ဆင်ခြင်သုံးသပ်ဖို့လိုတယ်လို့ ညီအစ်မတစ်ယောက်က သတိပေးတယ်။ အဲဒီအခါမှပဲ ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိစိတ်နည်းနည်း ကျွန်မ ရသွားတယ်။ “ငါ ဘာလို့ အရမ်းညိုးငယ်နေတာလဲ။ တိုးတက်အောင် ကြိုးပမ်းဖို့ စိတ်ပိုင်းဖြတ်ချက် နည်းနည်းမှတောင် ဘာလို့ မရှိရတာလဲ”ပေါ့။ နောက်နေ့တွေမှာ၊ ဘုရားဆီ ကျွန်မ မရပ်မနား ဆုတောင်းတယ်၊ ကျွန်မရဲ့ အခြေအနေကို နားလည်အောင်၊ ကျွန်မရဲ့ ဝမ်းနည်းညိုးငယ်မှုကနေ လွတ်မြောက်အောင် ကျွန်မကို လမ်းပြဖို့ သူ့ကိုတောင်းလျှောက်ရင်းနဲ့ပေါ့။ နောက်ပိုင်းမှာ၊ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို အမှတ်မထင် တွေ့ခဲတယ်။ “ကလေးအရွယ်တွင် ၎င်းတို့၏ မိသားစုများနှင့် လူမှုရေး ပတ်ဝန်းကျင်များရှိ အခြားသူများက ‘ဤကလေးသည် နုံအသည်၊ ဉာဏ်ထိုင်းပြီး စကားပြော မပြေပြစ်သူတစ်ဦးဖြစ်သည်။ မိမိတို့ အနီးဝန်းကျင်ရှိ လူများကို အလွယ်တကူ ဘဝင်ကျစေနိုင်သည့် အလွန်စကားပြောကောင်းသော အခြားကလေးများကို ကြည့်ပါ။ ဤကလေးမှာမူ တစ်နေ့လုံး စူပုပ်၍သာ ရှိနေသည်။ လူများနှင့် ဆုံသည့်အခါ မည်သည့်အရာ ပြောရမည်ကို မသိပါ၊ တစ်စုံတစ်ရာ တလွဲလုပ်မိသည့်နောက်တွင် မည်သို့ ရှင်းပြရမည်၊ သို့မဟုတ် မိမိကိုယ်ကို မည်သို့ ရှင်းချက်ထုတ်ရမည်ကို မသိသကဲ့သို့ လူတို့ကို သဘောမကျအောင် မလုပ်နိုင်ပါ။ ဤကလေးသည် လူအတစ်ယောက်ဖြစ်သည်’ဟူသော အရာများကို ပြောဆိုရင်း ၎င်းတို့၏ သဘောမကျသော သုံးသပ်ချက်များကို ပေးရလောက်အောင် သာမန်ရုပ်ရည်ရှိကြကာ စိတ်ထဲရှိသမျှ မဖော်ပြတတ်သကဲ့သို့ ဉာဏ်သိပ်မထက်သည့် လူအချို့ရှိလေသည်။ မိဘများက ဤအရာကို ပြောကြသည်၊ ဆွေမျိုးများနှင့် မိတ်ဆွေများက ဤအရာကို ပြောကြပြီး ၎င်းတို့၏ ဆရာများကလည်း ဤအရာကို ပြောကြသည်။ ဤပတ်ဝန်းကျင်က ထိုသို့သော လူတစ်ဦးချင်းအပေါ် အတန်ငယ်၊ မမြင်နိုင်သော ဖိအားတစ်ခု ပေးလေသည်။ ဤပတ်ဝန်းကျင်များကို တွေ့ကြုံခြင်းမှတစ်ဆင့် ၎င်းတို့တွင် ပုံသေအတွေးအခေါ်တစ်မျိုးကို မရည်ရွယ်ဘဲ ဖြစ်ပေါ်လာသည်။ မည်သည့် ပုံသေအတွေးအခေါ်မျိုးနည်း။ ၎င်းတို့သည် ကြည့်မကောင်းကြောင်း၊ သိပ်နှစ်လိုဖွယ်မကောင်းကြောင်းနှင့် အခြားသူများသည် ၎င်းတို့ကို လုံးဝ မမြင်ချင်ကြကြောင်း တွေးထင်ကြလေသည်။ ၎င်းတို့အနေဖြင့် စာလေ့လာရာတွင် မတော်၊ ဉာဏ်ထိုင်းသည်ဟု ယုံကြည်ကြပြီး အခြားသူများရှေ့တွင် ဖွင့်ဟစကားပြောရန် အမြဲ ရှက်ကြလေသည်။ လူများက ၎င်းတို့ကို တစ်စုံတစ်ရာ ပေးသည့်အခါ ‘ငါသည် အဘယ်ကြောင့် အမြဲ အလွန် အားစေးမိနေသနည်း။ အဘယ်ကြောင့် အခြားသူများသည် အင်မတန် စကားပြောပြေပြစ်သူများဖြစ်ကြသနည်း။ ငါတကယ်ကို နုံအသည်’ဟု မိမိတို့ကိုယ်ကို တွေးလျက် ကျေးဇူးတင်စကားပြောရန် အလွန် ရှက်ကြလေသည်။ မသိစိတ်၏ စေ့ဆော်မှုအရ ၎င်းတို့သည် အသုံးမကျကြဟု ၎င်းတို့ တွေးမိကြသော်လည်း ထိုမျှအသုံးမကျခြင်း၊ ထိုမျှနုံအခြင်းကို အသိအမှတ်ပြုရန် မလိုမလားဖြစ်နေကြဆဲ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့က ‘ငါသည် ထိုမျှ အမှန်တကယ် နုံအပါသလား။ ငါသည် ထိုမျှ ဆိုးပါသလား’ဟု မိမိတို့ကိုယ်ကို အမြဲ မေးကြလေသည်။ ၎င်းတို့၏ မိဘများက ၎င်းတို့ကို မနှစ်သက်သကဲ့သို့ ၎င်းတို့၏ ညီအစ်ကို မောင်နှမများ၊ ၎င်းတို့၏ ဆရာ၊ ဆရာမများ၊ သို့မဟုတ် ၎င်းတို့၏ အတန်းဖော်များကလည်း ၎င်းတို့ကို မနှစ်သက်ကြချေ။ ပြီးလျှင် ရံဖန်ရံခါ ၎င်းတို့၏ မိသားစုဝင်များ၊ ဆွေမျိုးများနှင့် မိတ်ဆွေများက ‘သူ အရပ်ပုသည်၊ သူ၏ မျက်လုံးများနှင့် နာခေါင်းက သေးပြီး ထိုသို့သော သွင်ပြင်များဖြင့် အရွယ်ရောက်သည့်အခါ သူ အောင်မြင်လိမ့်မည်မဟုတ်’ဟု ၎င်းတို့ကို ပြောဆိုကြလေသည်။ ထို့ကြောင့် မှန်ထဲကို ၎င်းတို့ ကြည့်သည့်အခါ ၎င်းတို့ မျက်လုံးများ ဧကန်အမှန် သေးငယ်သည်ကို မြင်ကြလေသည်။ ဤအခြေအနေတွင် ၎င်းတို့ စိတ်နှလုံး အတွင်းနက်နက် နေရာများရှိ အတိုက်အခံလုပ်ခြင်း၊ စိတ်မကျေနပ်ခြင်း၊ မလိုမလားဖြစ်ခြင်းနှင့် လက်မခံခြင်းတို့သည် ၎င်းတို့ကိုယ်ပိုင် အားနည်းချက်များ၊ ချို့တဲ့မှုများနှင့် ပြဿနာများကို လက်ခံခြင်းနှင့် အသိအမှတ်ပြုခြင်းအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားလေသည်။ ဤလက်တွေ့အရှိတရားကို ၎င်းတို့ လက်ခံနိုင်ကြသော်လည်း ၎င်းတို့ စိတ်နှလုံး၏ အတွင်းနက်နက် နေရာများတွင် ထပ်တလဲလဲဖြစ်သော စိတ်ခံစားမှုတစ်ခုက ဖြစ်ပေါ်လေသည်။ ဤစိတ်ခံစားမှုကို မည်သို့ ခေါ်ပါသနည်း။ သိမ်ငယ်မှု ဖြစ်သည်။ သိမ်ငယ်သော လူများသည် ၎င်းတို့၏ အားသာချက်များက မည်သည့်အရာဖြစ်သည်ကို မသိကြချေ။ ၎င်းတို့က နှစ်လိုဖွယ်မကောင်းကြောင်းသာ တွေးကြသည်၊ အမြဲ နုံအသည်ဟု ခံစားကြပြီး အမှုအရာများအား မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို မသိကြချေ။ တိုတိုပြောရလျှင် မည်သည့်အရာကိုမျှ ၎င်းတို့ လုပ်ဆောင်နိုင်ခြင်းမရှိ၊ ၎င်းတို့သည် ဆွဲဆောင်မှုမရှိ၊ လိမ္မာပါးနပ်ခြင်းမရှိသကဲ့သို့ တုံ့ပြန်ရာတွင် နှေးကွေးသည်ဟု ခံစားကြလေသည်။ ၎င်းတို့သည် အခြားသူများနှင့် ယဉ်၍ မထူးခြားသကဲ့သို့ ၎င်းတို့၏ စာလေ့လာမှုများတွင် ရမှတ်ကောင်းများ မရကြချေ။ ထိုသို့သော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာပြီးနောက် သိမ်ငယ်မှုနှင့်ဆိုင်သည့် ဤပုံသေအတွေးအခေါ်က တဖြည်းဖြည်း ထိန်းချုပ်လေသည်။ ထိုအရာသည် သင်၏ စိတ်နှလုံးနှင့် ငြိတွယ်လာပြီး သင်၏ စိတ်ကို နေရာအပြည့်ယူ၍ စွဲကျန်နေသော စိတ်ခံစားမှုတစ်မျိုးအဖြစ်သို့ ပြောင်းသွားလေသည်။ သင် အရွယ်ရောက်နှင့်ပြီးသည်ဖြစ်စေ၊ လောကထဲသို့ ထွက်သွားပြီးသည်ဖြစ်စေ၊ အိမ်ထောင်ပြုပြီး သင်၏ အလုပ်အကိုင်ကို ထူထောင်သည်ဖြစ်စေ၊ ပြီးလျှင် သင်၏ လူမှုအဆင့်အတန်းက မည်သို့ပင်ဖြစ်ပါစေ သင်၏ ကြီးပြင်းသည့် ပတ်ဝန်းကျင်တွင် နေရာယူထားခဲ့သည့် ဤသိမ်ငယ်မှုနှင့်ဆိုင်သော ခံစားချက်ကို ဖယ်ရှားရန် မဖြစ်နိုင်ပေ။ ဘုရားသခင်ကို သင် စတင်ယုံကြည်ပြီး အသင်းတော်တွင် ပါဝင်သည့်နောက်တွင်ပင် သင်သည် သာမန် အသွင်အပြင်ရှိသည်၊ ညံ့ဖျင်းသည့် ဉာဏ်ရည် အစွမ်းအစရှိသည်၊ စိတ်ထဲရှိသမျှ မဖော်ပြတတ်သကဲ့သို့ မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ဟု တွေးနေဆဲဖြစ်သည်။ သင်က ‘ငါလုပ်နိုင်သည့်အရာကိုသာ ငါ လုပ်မည်။ ခေါင်းဆောင်ဖြစ်ရန် စိတ်ပြင်းပြဖို့ မလိုပါ၊ နက်နဲသော သမ္မာတရားများကို ငါလိုက်စားရန် မလိုအပ်ပါ။ အရေးပါမှု အနည်းဆုံးသူ ဖြစ်ခြင်းဖြင့်သာ ငါ ကျေနပ်မည်။ အခြားသူများအား ငါ့အပေါ် ဆက်ဆံချင်သလို ဆက်ဆံခွင့်ပေးမည်’ဟု တွေးသည်။ အန္တိခရစ်များနှင့် အယောင်ဆောင်ခေါင်းဆောင်များ ထွက်ပေါ်သည့်အခါ ၎င်းတို့ကို သင် မပိုင်းခြားမသိမြင်နိုင်၊ သို့မဟုတ် မဖော်ထုတ်နိုင်ဟုလည်းကောင်း၊ သင်သည် ယင်းကို လုပ်ဆောင်ခြင်းအတွက် မသင့်တော်ဟုလည်းကောင်း ခံစားရသည်။ သင်ကိုယ်တိုင်က အယောင်ဆောင် ခေါင်းဆောင်၊ သို့မဟုတ် အန္တိခရစ်တစ်ဦး မဖြစ်သရွေ့ လုံလောက်ပြီ၊ အနှောင့်အယှက်များနှင့် ဆူပူမှုများ သင် မဖြစ်စေသရွေ့ အဆင်ပြေသည်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင်ရာထူးတွင် သင် ရပ်တည်နိုင်သရွေ့ လုံလောက်ပြီဟု သင် ခံစားသည်။ သင်၏ စိတ်နှလုံး အတွင်းနက်နက်နေရာများတွင် သင်သည် လုံလောက်အောင် တော်ခြင်းမရှိသကဲ့သို့ အခြားသူများလောက် မတော်ကြောင်း၊ အခြားသူများသည် ကယ်တင်ခြင်း ခံရသူများ ဖြစ်ကောင်းဖြစ်နိုင်ပြီး သင်သည် အလွန်ဆုံးအနေဖြင့် အစေခံသူတစ်ဦးဖြစ်သည်ဟု သင် ခံစားရသည်။ ထို့ကြောင့် သင်သည် သမ္မာတရား လိုက်စားခြင်း အလုပ်တာဝန်အတွက် စံမမီဟု ခံစားရသည်။ သမ္မာတရား မည်မျှ သင်နားလည်နိုင်သည်ဖြစ်စေ၊ သင် ရှိသည့် အစွမ်းအစမျိုးရှိပြီး သင် ပုံပန်းအတိုင်း ဖြစ်ရသည်မှာ ဘုရားသခင်က ကြိုတင်စီမံထားသဖြင့် ဖြစ်သည်ကို မြင်ရရာတွင် သူသည် အစေခံသူတစ်ဦးမျှသာ ဖြစ်ရန် သင့်ကို သူ ကြိုတင်စီမံထားခြင်း ဖြစ်ကောင်းဖြစ်နိုင်ကြောင်းနှင့် သင်သည် သမ္မာတရား လိုက်စားခြင်း၊ ခေါင်းဆောင်တစ်ဦး ဖြစ်လာခြင်း၊ တာဝန်နှင့်ဆိုင်သည့် ရာထူးတစ်ခုရှိသော တစ်စုံတစ်ဦး ဖြစ်လာခြင်း၊ သို့မဟုတ် ကယ်တင်ခံခြင်းနှင့် မည်သည့်ပတ်သက်မှုမျှ မရှိဟု ခံစားနေရဆဲ ဖြစ်သည်။ ထိုအစား သင်သည် အရေးမပါဆုံးသော လူတစ်ဦး ဖြစ်ရန် လိုလားနေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁)) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်ကြည့်တဲ့အခါ၊ ကျွန်မက သိမ်ငယ်တဲ့ ခံစားချက်တွေနဲ့ ချည်နှောင်ခံခဲ့ရတာကို သဘောပေါက်သွားတယ်။ ကျွန်မ ငယ်ငယ်ကတည်းက၊ ကျွန်မမှာ သာမန်ရုပ်ပဲ ရှိတယ်လို့ အမြဲ တွေးခဲ့တယ်။ စိတ်ထဲရှိတာကို မပြောပြတတ်ခဲ့ဘူး၊ အောက်ကျို့တဲ့ ပင်ကိုစရိုက်ရှိခဲ့တယ်။ ခဏခဏ ဝမ်းနည်းညိုးငယ်ပြီး၊ ရှက်ကြောက်တတ်သလို၊ မကောင်းတဲ့ သိမ်ငယ်မှု အစွဲအလမ်းတစ်ခုကို ခံစားခဲ့ရတယ်။ ကျွန်မရဲ့ လောကီ အသက်မွေးအလုပ်လုပ်တဲ့ အတောအတွင်းမှာလည်း အဲဒီပြဿနာ ရှိခဲ့တယ်။ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေက အပြောကောင်းတယ်၊ မြှောင့်ပင့်ပြောတဲ့နေရာမှာ ကျွမ်းကြတယ်၊ သူတို့ရဲ့ အလုပ်သမားတွေကို စီမံခန့်ခွဲမှုမှာ ပြတ်သားပြီး၊ တချို့ဆိုရင် သူတို့အထက်လူကြီးတွေရဲ့ အထင်ကြီးတာတောင် ခံရတယ်။ ဆန့်ကျင်ဘက်အနေနဲ့ ကျွန်မက စိတ်ထဲရှိတာ မပြောတတ်ဘူး၊ ဌာနအသီးသီးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းနိုင်စွမ်းမရှိဘူး။ ကျွန်မအလုပ်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ စိတ်ပြတ်သားမှု မရှိခဲ့သလို ထုတ်လုပ်ရေးနယ်ပယ်မှာ ပြဿနာတွေ ဖြစ်ပေါ်တဲ့အခါ၊ တခြားလူတွေက သူတို့ရဲ့ အဆက်အသွယ်တွေကို သုံးပြီး ပြဿနာ ပြေလည်သွားဖို့ မှန်ကန်တဲ့အရာတွေကို ပြောကြတယ်။ ဒါပေမဲ့ ကျွန်မက ဒီလိုမဟုတ်ဘူး။ ကိုယ့်ဘာသာ စကားကိုပြောမထွက်နိုင်ခဲ့ဘူး၊ ပြဿနာက မပြေမလည် ရှိနေပြီး၊ သန့်စင်ခန်းထဲ ကိုယ့်ဟာကိုယ် လှောင်ပိတ်ပြီး ငိုပဲငိုနေမိတယ်။ ယုံကြည်ခြင်းရှိလာပြီးတဲ့နောက်မှာ၊ ကျွန်မထက် ပိုပညာတတ်၊ အစွမ်းအစကောင်းရှိကြပြီး၊ သူတို့အလုပ်မှာ တည်ကြည်ခိုင်မာသလို ရဲရင့်ကြတဲ့ ညီအစ်ကို မောင်နှမတွေကို အားကျလာခဲ့တယ်။ ကျွန်မက သူတို့နဲ့ ယှဉ်လို့မရဘူးလို့ပဲ ခံစားရပြီး အတော် စိတ်ကျဉ်းကျပ်လာခဲ့တယ်။ အကျိုးဆက်အနေနဲ့ ကျွန်မ ခဏခဏ အပျက်သဘောဆောင်တယ်၊ တွ့န်ဆုတ်တယ်၊ ရှောင်တတ်ပြီး၊ သိမ်ငယ်တဲ့ခံစားချက်ကို ခံစားခဲ့ရတယ်။ ဒါက ချင်းရှောင်နဲ့ လီဆူးတို့နဲ့ ကျွန်မရဲ့ တွဲဖက်မှုမှာ ဖြစ်ခဲ့ပုံပဲ။ သူတို့က အပြောကောင်းပြီး အစွမ်းအစကောင်းနဲ့ အလုပ်လုပ်နိုင်စွမ်းရှိလို့၊ သူတို့ထက် ကျွန်မ နိမ့်ကျတယ်လို့ ခံစားခဲ့တယ်။ လီဆူးက သူ့ကိုယ်သူ ဩဇာအာဏာကြီးအောင်လုပ်နေတာကို သတိပြုမိတဲ့အခါ၊ အဲဒါကို သူ့အလုပ်မှာ သူ့ရဲ့ စိတ်ပြတ်သားမှု လက္ခဏာအနေနဲ့ သဘောထားပြီး၊ ပြဿနာတစ်ခုလို့တောင် ကျွန်မ မတွေးခဲ့ဘူး။ ဒီသိမ်ငယ်တဲ့ စိတ်ခံစားချက်မှာ ကျွန်မ နစ်နေခဲ့တယ်၊ ကျွန်မရဲ့ အခြေအနေက ဆက်ကျဆင်းနေခဲ့တယ်။ ကျွန်မတာဝန်မှာ ကျွန်မ ကောင်းကောင်း လုပ်မနေခဲ့ဘဲ နောက်ဆုံးမှာ အထုတ်ခံရတယ်။ ခေါင်းဆောင်အနေနဲ့ အစေခံဖို့ ညီအစ်ကို မောင်နှမတွေက ကျွန်မကို နောက်တစ်ခါထပ်ပြီးရွေးချယ်တာဖြစ်ပေမဲ့၊ ကျွန်မစိတ်ထဲမှာ သိမ်ငယ်နေတုန်းပဲဖြစ်သလို ကျွန်မကိုယ်ကျွန်မ အစွမ်းအစညံ့ဖျင်းတယ်၊ ဘာကိုမှ ကောင်းကောင်း လုပ်နိုင်စွမ်းမရှိသလို၊ အစေခံသူဖြစ်ဖို့ သေချာပြီး၊ ကယ်တင်ခြင်းရမှာ မဟုတ်ဘူးလို့ ယုံကြည်ခဲ့တယ်။ သိမ်ငယ်တဲ့ စိတ်ခံစားချက်တွေမှာ ကျွန်မ နက်နက်ရှိုင်းရှိုင်း ချည်နှောင်ခံရပြီး ပိတ်မိနေခဲ့တာကို ကျွန်မ သဘောပေါက်ခဲ့တယ်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် လူ့ဇာတိခံပြီး ဒုက္ခမျိုးစုံကို ခါးစီးခံခဲ့ပြီးတော့ သူ့ရဲ့ ကယ်တင်ခြင်းကျေးဇူးတော်ကို လူတွေ ပိုရနိုင်ဖို့၊ ကယ်တင်ခြင်းရပြီး ကပ်ဘေးတွေမှာ အသက်ရှင်ကျန်ရစ်ဖို့အတွက် ဆက်တိုက် သမ္မာတရားကို ဖော်ပြပြီး လူသားမျိုးနွယ်ကို ရေလောင်းတယ်၊ ပံ့ပိုးပေးတယ်ဆိုတာကို ကျွန်မ တွေးမိတယ်။ ဒီအခွင့်အရေးကို လူတွေက လွဲချော်သွားရင်၊ လာမဲ့ ကပ်ဘေးတွေနဲ့ ထာဝရ ပြစ်ဒဏ်ကို သူတို့ မလွဲမသွေ ရင်ဆိုင်ရမှာပဲ။ ဘုရားရဲ့ ရည်ရွယ်ချက်တွေကို ကျွန်မ နားမလည်ခဲ့ဘူး၊ အပျက်သဘောနဲ့ အထင်လွဲမှုမှာ နွံနစ်ပြီး၊ ကျွန်မ ကယ်တင်ခြင်း ရမှာမဟုတ်ဘူးဆိုတဲ့ အယူအဆကို ကြိတ်မှိတ်လက်ခံထားလိုက်တော့တယ်။ ကြိုးစားပြီး သမ္မာတရားကို လိုက်တောင်မလိုက်စားချင်ခဲ့ဘူး။ အရမ်းကိုပဲ ပုန်ကန်တတ်ခဲ့ပြီး ကျွန်မရဲ့ လုပ်ရပ်တွေက ဘုရားအတွက် ထိခိုက်နစ်နာစရာဖြစ်ခဲ့တယ်။ ဒီအရာအားလုံးကို သဘောပေါက်သွားတော့၊ အတော် အပြစ်ရှိသလို ခံစားရပြီး ဘုရားသခင်ကို အကြွေးတင်ခဲ့တယ်။ စိတ်ဓာတ်ကျခြင်းထဲမှာ ကျွန်မ ဆက်ပြီး နစ်မြောမနေနိုင်ခဲ့ဘူး။ ဒါကြောင့် ဘုရားဆီ ဆုတောင်းခဲ့တယ်။ “အို ဘုရားသခင်။ ကိုယ်တော့်ဆီ ကျွန်မ နောင်တရဖို့ အသင့်ပါပဲ။ သိမ်ငယ်ခြင်းနဲ့ ဆိုင်တဲ့ ဒီအပျက်သဘော ခံစားချက်တွေကနေ ကျွန်မကို ဦးဆောင်လမ်းပြပါ”လို့ပေါ့။
နောက်ပိုင်းမှာ၊ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို အမှတ်မထင် တွေ့ခဲတယ်။ “နောက်ဆုံးအနေဖြင့် သင်တို့ကို ငါ ပြောပြလိုသည့် တစ်စုံတစ်ရာ ရှိ၏။ သင်၏ ကယ်တင်ခြင်း ရရှိမှုကို ထိခိုက်ကာ ကယ်တင်ခြင်းအတွက် သင်၏ မျှော်လင့်ချက်ကို ဖျက်ဆီးသည့် ခံစားချက် အသေးအဖွဲ သို့မဟုတ် ရိုးရှင်းသည့်၊ အရေးမပါသည့် စိတ်ခံစားချက်ကို ကျန်ရှိသည့် သင့်ဘဝအချိန်များတွင် တွယ်ငြိခွင့်မပေးနှင့်။ နားလည်သလော။ (နားလည်ပါသည်။) သင်၏ ဤစိတ်ခံစားမှုသည် အပျက်သဘောသာဆောင်ရုံသာမက သာ၍ တိကျစွာဆိုရလျှင် စင်စစ်အားဖြင့် ဘုရားသခင်နှင့် သမ္မာတရားကို ဆန့်ကျင်၏။ ဤသည်မှာ သာမန်လူ့သဘာဝအတွင်းရှိ စိတ်ခံစားမှုတစ်ခု ဖြစ်သည်ဟု သင် တွေးကောင်းတွေးမည်ဖြစ်သော်လည်း ဘုရားသခင်၏ အမြင်တွင် ဤသည်မှာ ရိုးရှင်းသည့် စိတ်ခံစားမှု ကိစ္စတစ်ခုသာ မဟုတ်ဘဲ ဘုရားသခင်ကို ဆန့်ကျင်ခြင်း နည်းလမ်းတစ်ခု ဖြစ်သည်။ ထိုအရာမှာ အပျက်သဘောဆောင်သော စိတ်ခံစားချက်များအားဖြင့် ထင်ရှားသည့်အပြင် ဘုရားသခင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို အတိုက်အခံလုပ်ရန် လူတို့အသုံးပြုသော နည်းလမ်းတစ်ခု ဖြစ်သည်။ ထို့ကြောင့် သမ္မာတရားကို လိုက်စားရန် သင်အလိုရှိသည်ဟု ငါ ယူဆလျက် ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများကို သင် ထိန်းသိမ်းနေကာ ခေါင်းမာစွာ၊ မိုက်မဲစွာ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး သူနှင့် ပြိုင်ဆိုင်နေခြင်း ရှိမရှိဆိုသည်ကို မြင်ရန် သင့်ကိုယ်သင် စေ့စေ့စပ်စပ် ဆန်းစစ်လိမ့်မည်ဟု ငါ မျှော်လင့်သည်။ ဆန်းစစ်ခြင်းမှတစ်ဆင့် အဖြေကို သင် ရှာဖွေတွေ့ရှိပြီးဖြစ်ပါက၊ အသိတရားရလာပြီးဖြစ်ကာ ရှင်းလင်းသည့် အသိစိတ်တစ်ခု ရရှိပြီးဖြစ်ပါက ပထမဦးစွာ ဤစိတ်ခံစားမှုများကို လက်လွှတ်ရန် သင့်ကို ငါ တောင်းဆိုသည်။ ထိုအရာများကို ချစ်ခင်မြတ်နိုးခြင်း မရှိနှင့်၊ သို့မဟုတ် ဖက်တွယ်မထားနှင့်။ အကြောင်းမှာ ထိုအရာများက သင့်ကို ဖျက်ဆီးကြလိမ့်မည်၊ သင်၏ ခရီးပန်းတိုင်ကို ဖျက်ဆီးကြလိမ့်မည်ဖြစ်ပြီး သမ္မာတရား လိုက်စားခြင်းနှင့် ကယ်တင်ခြင်း ရရှိရာတွင် သင် ရှိထားသည့် အခွင့်အရေးနှင့် မျှော်လင့်ချက်တို့ကို ထိုအရာများက ဖျက်ဆီးလိမ့်မည်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁)) ဒီစာပိုဒ်က ကျွန်မအပေါ် အရမ်းသက်ရောက်မှု ရှိခဲ့တယ်။ အရင်တုန်းက၊ အပျက်သဘောဆောင်တဲ့ ခံစားမှုတွေက ဆိုးရွားတဲ့ ပြဿနာ ဖြစ်စေမှန်း ကျွန် မလုံးဝ မတွေးမိခဲ့ဘူး။ ဘုရားရဲ့ စိစစ်မှုကို ဖတ်ရာကနေ၊ ကျွန်မ သဘောပေါက်သွားတယ်။ အပျက်သဘောဆောင်တဲ့ ခံစားမှု အခြေအနေမှာ အသက်ရှင်ခြင်းရဲ့ အနှစ်သာရက ဘုရားသခင်နဲ့ သမ္မာတရားကို ဆန့်ကျင်တယ်ဆိုတာပေါ့။ ဒီပြဿနာကို ကျွန်မ မဖြေရှင်းရင်၊ ကယ်တင်ခြင်းရမဲ့ အခွင့်အရေးတစ်ခုခုကို လက်လွှတ်ရမှာပဲ။ ဒီသိမ်ငယ်တဲ့ စိတ်ခံစားချက်နဲ့ အသက်ရှင်ခဲ့တဲ့ ကျွန်မရဲ့ နှစ်ကာလတွေကို ပြန်ဆင်ခြင်ကြည့်ခဲ့တယ်။ ပိုပါရမီရှိပြီး ကျွန်မထက် ပိုကြီးမားတဲ့ အစွမ်းအစနဲ့ အလုပ်လုပ်နိုင်စွမ်းရှိတဲ့ ညီအစ်ကို ဒါမှမဟုတ် ညီအစ်မတစ်ယောက်နဲ့ ကြုံရတာနဲ့တစ်ပြိုင်နက်၊ ကျွန်မ သိမ်ငယ်တယ်၊ စိတ်ဓာတ်ကျဆင်းသွားခဲ့တယ်။ အတိုက်အခံလုပ်တတ်လာပြီး ကျွန်မအခြေအနေရဲ့ လက်တွေ့အရှိတရားကို မကျေမနပ်ဖြစ်လာတယ်။ ကျွန်မရဲ့ အခြေအနေကို ရင်ဆိုင်ဖြေရှင်းပြီး အသိအမှတ်ပြုဖို့ မလိုမလားဖြစ်နေခဲ့ပြီး အစွမ်းမဲ့သလို ခံစားခဲ့တယ်။ တခြားလူတွေရဲ့ အားသာချက်တွေကနေ ဘယ်လို သင်ယူနိုင်မယ်၊ ဒါမှမဟုတ် ကျွန်မတာဝန်ကို ကောင်းကောင်းလုပ်နိုင်အောင် သူတို့နဲ့ဘယ်လို တွဲဖက်ရမယ်ဆိုတာကို ဒုက္ခခံမစဉ်းစားခဲ့ဘူး။ ဒီအစား ဘုရားသခင် ကျွန်မကို ပေးခဲ့တဲ့ အစွမ်းအစ၊ ဆုကျေးဇူးတွေနဲ့ စိတ်ပြတ်သားမှုမရှိခြင်းတွေအတွက် ဘုရားသခင်ကို ကျွန်မ အပြစ်တင်ခဲ့တယ်။ ကျွန်မက ဘုရားကို တိတ်တဆိတ် ဆန္ဒပြရင်းနဲ့ ထပ်တလဲလဲဖြစ်တဲ့ အပျက်သဘော အခြေအနေတစ်ခုမှာ အသက်ရှင်ခဲ့ပြီး၊ တစ်ခါတလေ ကိုယ့်တာဝန်ကိုတောင် မလုပ်ချင်ခဲ့ဘူး။ ဒီနှစ်တွေမှာ ကျွန်မရဲ့ ယုံကြည်ခြင်းမှာ သိမ်ငယ်တဲ့ စိတ်ခံစားချက်နဲ့ လှောင်ပိတ်ခံခဲ့ရပြီး၊ စိတ်ဓာတ်ကျပြီး မတက်မကြွဖြစ်တဲ့ အချိန်တွေထဲကို ခဏခဏ ကျဆင်းသွားခဲ့တယ်။ သမ္မာတရားကို လိုက်စားလိုစိတ်မရှိခဲ့သလို၊ အားထုတ်မှုတချို့ သုံးပြီး မတက်မကြွ အလိုက်သင့်လုပ်ရတာကို ကျေနပ်ခဲ့တယ်။ အကျိုးဆက်အနေနဲ့၊ ဘုရားကို ယုံကြည်နေရင်း ကျွန်မတာဝန်ကို အမြဲ ထမ်းဆောင်ပြီး၊ လက်တွေ့လုပ်ဖို့ အခွင့်အရေးတွေ အများကြီးရှိခဲ့ပေမဲ့၊ ဘဝမှာ ကျွန်မရဲ့ တိုးတက်မှုက နည်းပါးခဲ့တယ်။ ကျွန်မက အရင်အတိုင်းကို သနားစရာကောင်းပြီး နုံချာခဲ့တယ်။ ဘုရားရဲ့ အမှုတော်က အဆုံးသတ်လုနီးပါး ဖြစ်လာခဲ့ပြီဖြစ်သလို၊ သမ္မာတရားရဖို့ မရေမတွက်နိုင်တဲ့ အခွင့်အရေးတွေကို ကျွန်မ လွဲချော်ခဲ့ပြီးပြီ။ ပြီးတော့ ကျွန်မရဲ့ ဘဝက ဆုံးရှုံးမှုတွေ ခံစားခဲ့ရပြီးပြီ။ ကျွန်မရဲ့ အခြေအနေကို မပြောင်းလဲရင်၊ ကယ်တင်ခြင်းရဖို့ ကျွန်မရှိခဲ့တဲ့ အခွင့်အရေးတစ်ခုတလေကို ကျွန်မ ဖျက်ဆီးမိမှာပဲ။ ဒါကြောင့် ကျွန်မရဲ့ သိမ်ငယ်တဲ့ စိတ်ခံစားချက်နောက်မှာ ဘယ်ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ ရှိနေတယ်ဆိုတာ နားလည်အောင် ကြိုးစားရင်းနဲ့ ဘုရားဆီ ဆုတောင်းခဲ့တယ်။
နောက်ပိုင်းမှာ၊ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို အမှတ်မထင် တွေ့ခဲတယ်။ “သမ္မာတရားကို ရှာဖွေရမည့်အစား လူအများစုတွင် ၎င်းတို့၏ ကိုယ်ပိုင်သေးနုပ်သော လုပ်ငန်းစဉ်များရှိသည်။ ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများ၊ ဂုဏ်သိက္ခာ၊ အခြားသူများ၏ စိတ်ထဲတွင် ၎င်းတို့ရှိနေသည့် နေရာ သို့မဟုတ် အဆင့်အတန်းတို့သည် ၎င်းတို့အတွက် အလွန်အရေးကြီးသည်။ ၎င်းတို့ မြတ်နိုးသည်မှာ ဤအရာများသာ ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို လုံးဝ လက်မလွတ်စတမ်း ဖက်တွယ်ထားကြပြီး ၎င်းတို့၏ အသက်စင်စစ်တမျှ မှတ်ယူကြသည်။ ၎င်းတို့ကို ဘုရားသခင်က မည်သို့မြင်သည်၊ သို့မဟုတ် သဘောထားသည်မှာ သာမည အရေးကြီးသောအရာ ဖြစ်သည်။ အချိန်တစ်ခဏတွင် ၎င်းတို့သည် ယင်းကို လျစ်လျူရှုကြသည်။ အချိန်တစ်ခဏတွင် ၎င်းတို့သည် အဖွဲ့၏ အကြီးအကဲဖြစ်ခြင်းရှိမရှိ၊ အခြားလူတို့သည် ၎င်းတို့ကို အထင်ကြီးလေးစားပြီး ၎င်းတို့၏ စကားများသည် ဩဇာလွှမ်းမိုးနိုင်ခြင်း ရှိမရှိတို့ကိုသာ ထည့်တွက်စဉ်းစားသည်။ ၎င်းတို့ ဦးစွာအလေးထားသည့်ကိစ္စမှာ ထိုရာထူးကို နေရာယူရန်ဖြစ်သည်။ ၎င်းတို့သည် အဖွဲ့တစ်ခုတွင် ရှိသောအခါ လူအားလုံးနီးပါးက ဤအဆင့်အတန်းမျိုး၊ ဤအခွင့်အလမ်းမျိုးကို ရှာဖွေကြသည်။ ၎င်းတို့က အလွန်ပါရမီရှိပါက၊ အကြီးဆုံးသောသူဖြစ်ချင်ကြသည်မှာ အမှန်ဖြစ်၏။ ၎င်းတို့သည် အလယ်အလတ် အရည်အချင်းရှိလျှင် အဖွဲ့ထဲက ပိုမြင့်သော နေရာတွင် ရှိချင်ကြဆဲဖြစ်သည်။ ၎င်းတို့သည် အဖွဲ့တွင် နိမ့်သည့်နေရာ၌ရှိပြီး ပုံမှန်အစွမ်းအစနှင့် အရည်အချင်းရှိလျှင် ၎င်းတို့သည်သူတစ်ပါးက ၎င်းတို့အား အထင်ကြီး လေးစားသည်ကိုလည်း လိုချင်ကြလိမ့်မည်၊ မိမိတို့ကို အခြားသူများ အထင်သေးစေချင်ကြမည် မဟုတ်ပေ။ ဤလူတို့၏ ဂုဏ်သိက္ခာသည် ၎င်းတို့ သတ်မှတ်ထားသည့် စံနှုန်းဖြစ်သည်။ ဤအရာတို့ကို ၎င်းတို့က ကိုင်စွဲထားရသည်။ ၎င်းတို့တွင် သမာဓိမရှိနိုင်ကြသည့်အပြင် ဘုရားသခင်၏ နှစ်သက်သဘောကျမှု သို့မဟုတ် လက်ခံမှုကိုလည်း ၎င်းတို့မပိုင်ဆိုင်နိုင်ကြပေ။ သို့သော် ၎င်းတို့သည် အခြားသူများကြားတွင် ၎င်းတို့ရရှိဖို့ ကြိုးပမ်းထားသည့် အလေးထားခံရမှုကိုဖြစ်စေ၊ အဆင့်အတန်းကိုဖြစ်စေ၊ အထင်ကြီးမှုကိုဖြစ်စေ လုံးဝဥဿုံ အဆုံးရှုံးမခံနိုင်ကြ။ ဤသည်မှာ စာတန်၏ စိတ်သဘောထားပင် ဖြစ်သည်။ သို့ရာတွင် လူတို့သည် ဤအရာကို သတိမပြုမိကြပေ။ ၎င်းတို့သည် အဆုံးထိ ဤသိက္ခာ တစ်ပိုင်းတစ်စကို ဖက်တွယ်ထားရမည်ဆိုသည်မှာ ၎င်းတို့၏ ယုံကြည်မှုဖြစ်သည်။ ဤအချည်းနှီးဖြစ်ပြီး အပေါ်ယံဖြစ်သော အရာများကို အပြည့်အဝ စွန့်လွှတ်ပြီး ဘေးဖယ်လိုက်သည့်အခါမှသာ ၎င်းတို့သည် စစ်မှန်သော လူတစ်ဦးဖြစ်လာမည်ကို ၎င်းတို့ သတိမပြုမိကြပေ။ လူတစ်ဦးသည် စွန့်ပစ်သင့်သည့် ဤအရာများကို အသက်ကဲ့သို့ ကာကွယ်စောင့်ရှောက်နေလျှင် သူ့ဘဝကား ဆုံးပြီဖြစ်သည်။ မည်သည့်အရာကို ဆုံးရှုံးရတော့မည်ကို ၎င်းတို့ မသိကြပေ။ ထို့ကြောင့် ၎င်းတို့ ပြုမူဆောင်ရွက်သောအခါတွင် တစ်စုံတစ်ခုကို အစဉ်သဖြင့် ပြန်စွဲကိုင်ထားသည်။ မိမိတို့၏ ကိုယ်ပိုင်ဂုဏ်နှင့် အဆင့်အတန်းကို ကာကွယ်ရန် အစဉ် ကြိုးစားကြသည်။ ၎င်းတို့ကိုယ်တိုင်၏ ရည်ရွယ်ချက်ပန်းတိုင်များအတွက်သာ ပြောဆိုလျက် ၎င်းတို့၏ ကိုယ်ပိုင်အတုအယောင်ကာကွယ်မှုအတွက် ဤအရာတို့ကို ဦးစားပေးကြသည်။ ၎င်းတို့လုပ်သမျှ အရာရာတိုင်းသည် ၎င်းတို့ကိုယ်တိုင်အတွက်ဖြစ်သည်။ ထင်ပေါ်သည့်အရာ မှန်သမျှဆီသို့ ၎င်းတို့က အပြေးအလွှားသွားကြပြီး ၎င်းတို့က ထိုအရာနှင့်သက်ဆိုင်သည်ကို လူတိုင်းအား သိစေကြသည်။ အမှန်တကယ်တွင် ယင်းမှာ ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်ပေ။ သို့သော် ၎င်းတို့သည် မည်သည့်အခါမျှ အနောက်တွင် မကျန်ရစ်ခဲ့လိုပေ။ ၎င်းတို့ကို အခြားလူများက အထင်သေးကြမည်ကို အစဉ် ကြောက်ရွံ့ကြသည်။ ၎င်းတို့သည် အချည်းနှီးဖြစ်သည်၊ မည်သည့်အရာကိုမျှ လုပ်နိုင်စွမ်းမရှိ၊ မည်သည့်ကျွမ်းကျင်မှုမျှမရှိဟု အခြားလူတို့က ပြောမည်ကို ၎င်းတို့က အစဉ်သဖြင့် ကြောက်ရွံ့ကြသည်။ ဤအရာအားလုံးကို ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားများက ညွှန်ကြားထားသည် မဟုတ်သလော။ သင်သည် သိက္ခာနှင့် အဆင့်အတန်းတို့ကဲ့သို့ အရာများကို စွန့်လွှတ်နိုင်သည့်အခါ ပို၍ သက်သောင့်သက်သာရှိပြီး လွတ်လပ်လိမ့်မည်။ သင်သည် ရိုးသားခြင်းသို့ ဦးတည်သည့်လမ်းကြောင်းပေါ်တွင် ခြေချမိလိမ့်မည်။ သို့သော် လူများစွာအတွက် ဤသည်မှာ ရရှိရန် မလွယ်ကူပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရာကတစ်ဆင့် ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မရဲ့ ညံ့ဖျင်းတဲ့ အစွမ်းအစကြောင့် ဒါမှမဟုတ် ကျွန်မက စိတ်ထဲရှိတာ မပြောတတ်သလို သာမန်ရုပ်သွင်ရှိလို့ သိမ်ငယ်တဲ့ ခံစားချက်တွေကို ခံစားရတာမဟုတ်ဘဲ၊ အဲဒါထက် စာတန်က ကျွန်မရဲ့ လိုက်စားမှုနဲ့ ပတ်သက်ပြီး မှားတဲ့ အမြင်တချို့နဲ့ ကျွန်မခေါင်းထဲကို အယူတွေရိုက်သွင်းထားခဲ့လို့ပဲဆိုတာကိုပေါ့။ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကျွန်မ အရမ်းအရေးထားခဲ့တယ်။ “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည် နိမ့်ရာသို့ စီးဆင်း၏”၊ “သစ်ပင်ကသစ်ခေါက်များလိုသကဲ့သို့ လူသည် မိမိ၏ မာနလိုအပ်သည်” ဆိုတာနဲ့ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏”ဆိုတဲ့ စာတန်ဆန်တဲ့ အဆိပ်တွေရဲ့ လွှမ်းမိုးတာကို အမှုမဲ့အမှတ်မဲ့ ခံခဲ့ရတယ်။ နာမည်ဂုဏ်သတင်း၊ အဆင့်အတန်းနဲ့ တခြားလူတွေရဲ့ လေးစားမှုထက် အဘယ်အရာမှ ကျွန်မအတွက် အရေးမကြီးခဲ့ဘူး။ ဒီအရာတွေကို ရရှိခြင်းအားဖြင့်ပဲ အဓိပ္ပာယ်ရှိတဲ့၊ တန်ဖိုးရှိတဲ့ ဘဝတစ်ခုကို အသက်ရှင်နေတာဖြစ်မယ်လို့ ကျွန်မ တွေးခဲ့တယ်။ ကျွန်မရဲ့ လောကီ အသက်မွေးအလုပ်မှာ လိမ္မာပါးနပ်ပြီး ထက်မြက်တဲ့၊ စိတ်ထဲရှိတာပြောတတ်ပြီး၊ တခြားလူတွေနဲ့ ဆက်ဆံရာမှာကျွမ်းကျင်တဲ့၊ သူတို့ အထက်လူကြီးတွေရဲ့ အသိအမှတ်ပြုတာနဲ့ သဘောကျတာကို ခံရတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ကျွန်မ အမြဲ အားကျခဲ့တယ်။ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေလိုပဲ ကျွန်မလည်း ကျွန်မရဲ့အထက်လူကြီးတွေ သဘောကျတာကို ခံချင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မမှာ သာမန်ပုံပန်းရှိလို့၊ စိတ်ထဲရှိတာ မပြောတတ်သလို၊ အဆက်အသွယ်လုပ်တဲ့နေရာမှာ မတော်လို့ နိမ့်ကျတယ်လို့ ကျွန်မ ခံစားခဲ့တယ်။ ပြဿနာတွေကို ကြုံရတဲ့အခါ၊ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို မပြောပြဘူး။ အဲဒီအစား သန့်စင်ခန်းထဲမှာ ကိုယ့်ဘာသာ ပိတ်ထားပြီး ငိုဖို့ ရွေးခဲ့တယ်။ ကျွန်မရဲ့ ပြဿနာတွေကို တခြားတစ်ယောက်ယောက်ကသိရင်၊ ကျွန်မကို အထင်သေးပြီး အရိုအသေနည်းသွားမှာကို စိုးရိမ်ခဲ့တယ်။ အဲဒီအချိန်အတောအတွင်းမှာ ကျွန်မ အရမ်းဆင်းရဲဒုက္ခခံခဲ့ရတယ်။ ဘုရားကို ယုံကြည်မှုထားပြီးတဲ့နောက်မှာ၊ ဘာသာတရားမရှိသူတွေရဲ့ ရှုထောင့်နဲ့ ကျွန်မ ဆက်အသက်ရှင်ခဲ့တယ်။ ခေါင်းဆောင် ဒါမှမဟုတ် ကြီးကြပ်ရေးမှူးအနေနဲ့ အစေခံဖို့ဆိုရင် ခေါင်းဆောင်တစ်ယောက်ရဲ့ ဟန်ပန်ရှိရတယ်၊ ပြတ်သားမှုနဲ့ စကားပြောရမယ်၊ ထင်ရှားတဲ့ ပုံပန်းရှိရမယ်၊ အစီအစဉ်တွေကို ပြုလုပ်နိုင်စွမ်းရှိပြီး၊ အလုပ်လုပ်နိုင်စွမ်းကောင်းရမယ်လို့ တွေးနေခဲ့တယ်။ အဲဒီလိုနဲ့ သူတို့သွားတဲ့နေရာတိုင်းမှာ အလေးစားခံရမယ်၊ သူတို့ကိုယ်သူတို့ လူသိအောင်လုပ်နိုင်ပြီး အရမ်းအရေးထားခံရမယ်ပေါ့။ ကျွန်မတွဲဖက်ခဲ့ရတဲ့ ညီအစ်ကို မောင်နှမတွေက ကျွန်မထက် ပိုစွမ်းဆောင်နိုင်တာ၊ ခံယူချက်နဲ့ စကားပြောပြီး၊ ကောင်းမွန်တဲ့ အလုပ်လုပ်နိုင်စွမ်းရှိကြတာကို မြင်တဲ့အခါ၊ ကဏ္ဍတိုင်းမှာ ကျွန်မက စိတ်ပျက်စရာပဲလို့ပဲ တွေးခဲ့တယ်။ တခြားလူတွေရဲ့ လေးစားမှုကို ကျွန်မ မရနိုင်ခဲ့လို့၊ အရမ်းအရေးထားမခံခဲ့ရသလို၊ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် ကျွန်မဆန္ဒ မပြည့်ခဲ့လို့၊ ခေါင်းဆောင်အနေနဲ့ ကျွန်မ အစေမခံချင်တော့ဘဲ အဲဒီပတ်ဝန်းကျင်ကို ရှောင်ပြီး၊ မတူကွဲပြားတဲ့ လူတစ်စုမှာ ပါဝင်ဖို့ပဲ ဆန္ဒရှိခဲ့တယ်။ ဒါက ကျွန်မရဲ့ အားနည်းချက်တွေနဲ့ မစွမ်းဆောင်နိုင်မှုတွေပေါ်လွင်တာကို ရှောင်ရှားခွင့်ပေးမှာဖြစ်ပြီး သက်တူရွယ်သူတွေရဲ့ အထင်သေးတာကို ခံရမှာမဟုတ်ဘူးလို့ ကျွန်မထင်ခဲ့တယ်။ ဒီအရာအားလုံးကို ဆင်ခြင်သုံးသပ်တဲ့အခါ၊ စာတန်ရဲ့ အဆိပ်တွေက ကျွန်မစိတ်နှလုံးမှာ နက်နက်နဲနဲ အမြစ်တွယ်နှင့်ပြီးဖြစ်မှန်းကို သဘောပေါက်ခဲ့တယ်။ အဆင့်အတန်းနဲ့ တခြားလူတွေရဲ့ ရိုသေမှုနဲ့ လေးစားမှုကို ကျွန်မ ရှာခဲ့တယ်။ ဒါတွေကို အပြုသဘောဆောင်တဲ့အရာတွေလို မြင်ပြီးတော့နဲ့ပေါ့။ ကျွန်မရဲ့ တစ်ကိုယ်ရေ ဆန္ဒတွေ မပြည့်ဝတာနဲ့တစ်ပြိုင်နက်၊ ကျွန်မတာဝန်ကို လုပ်ချင်စိတ်မရှိတော့ဘူး၊ အပျက်သဘောဆောင်လာတယ်၊ ဆန့်ကျင်လိုပြီး၊ ဘုရားရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို မကျိုးနွံမနာခံနိုင်ခဲ့ဘူး။ ကျွန်မက စာတန်ရဲ့ နက်နက်ရှိုင်းရှိုင်း ဖျက်ဆီးတာကို အရမ်းခံခဲ့ရပြီး နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် ကျွန်မရဲ့ လိုအင်ဆန္ဒ အရမ်းအားကောင်းခဲ့မှန်း အသိတရားရလာခဲ့တယ်။ အဲဒီလိုသာ ကျွန်မဆက်ဖြစ်ရင်၊ ဘုရားက ကျွန်မကို စက်ဆုပ်လာပြီး ဖယ်ရှားရှင်းလင်းမှာပဲ။ မှားတဲ့လမ်းကြောင်းကို ကျွန်မ ဆက်သွားဖို့ မလိုလားတော့သလို၊ ဘုရားဆီ နောင်တရဖို့၊ ဘုရားရဲ့ တောင်းဆိုချက်တွေအတိုင်း ကျွန်မတာဝန်ကို လက်တွေ့ကျကျလုပ်ပြီး၊ သူ့ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ အသင့်ဖြစ်ခဲ့တယ်။
နောက်ပိုင်းမှာ၊ ဒီဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကိုလည်း အမှတ်မထင် တွေ့ခဲတယ်။ “သိမ်ငယ်မှု ခံစားချက်များကို သင်၏ စိတ်နှလုံးတွင် နက်ရှိုင်းစွာ သွတ်သွင်းထားသည့်အခါ ထိုအရာများက သင့်အပေါ် နက်နဲသည့် သက်ရောက်မှုရှိသည်သာမက လူများနှင့် အမှုအရာများအပေါ် သင်၏ အမြင်များ၊ ပြီးလျှင် သင်၏ ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ချက်များအပေါ်လည်း စိုးမိုးလေသည်။ ထို့ကြောင့် သိမ်ငယ်မှု ခံစားချက်များ၏ စိုးမိုးခြင်းခံရသူများသည် လူများနှင့် အမှုအရာများကို မည်သို့ မြင်ကြပါသနည်း။ ၎င်းတို့သည် အခြားသူများကို မိမိတို့ထက် ပိုတော်သည်ဟု မှတ်ယူကြပြီး အန္တိခရစ်များကိုလည်း မိမိတို့ကိုယ်တိုင်ထက် တော်သည်ဟု ရှုမြင်ကြလေသည်။ အန္တိခရစ်များသည် ဆိုးယုတ်သော စိတ်သဘောထားများ ရှိကြပြီး လူ့သဘာဝ ညံ့ဖျင်းသော်လည်း ၎င်းတို့က ထိုအန္တိခရစ်များကို အတုယူကာ လေ့လာသင်ယူရမည့် စံနမူနာထားထိုက်သူများအဖြစ် သဘောထားကြဆဲ ဖြစ်သည်။ ၎င်းတို့က မိမိတို့ကိုယ်ကို ‘ကြည့်ပါ၊ သူတို့တွင် မကောင်းသည့် စိတ်သဘောထားနှင့် ဆိုးယုတ်သည့် လူ့သဘာဝတို့ ရှိကြသော်လည်း ဆုကျေးဇူးရှိပြီး အလုပ်တွင် ငါ့ထက် သာ၍ တတ်စွမ်းနိုင်ကြသည်။ သူတို့သည် အခြားသူများရှေ့တွင် မိမိတို့၏ စွမ်းရည်များကို အေးအေးဆေးဆေး ပြသနိုင်ကြပြီး အလွန်များသည့် လူတို့ရှေ့တွင် မျက်နှာပူခြင်း၊ သို့မဟုတ် ရင်တုန်ပန်းတုန်ဖြစ်ခြင်းမရှိဘဲ စကားပြောနိုင်ကြသည်။ သူတို့ တကယ်ကို သတ္တိရှိကြသည်။ ငါသည် သူတို့နှင့်ယှဉ်မရပါ။ ငါလုံလောက်အောင် သတ္တိမရှိပါ’ဟုပင် ဆိုကြသည်။ ဤအရာကို မည်သည့်အရာက ဖြစ်စေသနည်း။ အကြောင်းရင်း တစ်စိတ်တစ်ပိုင်းမှာ သင်၏ သိမ်ငယ်မှု ခံစားချက်များက လူတို့၏ အနှစ်သာရများအပေါ် သင်၏ အကဲဖြတ်မှုအပြင် အခြားသူတို့ကို ရှုမြင်ခြင်းနှင့် ပတ်သက်လာသည့်အခါ သင်၏ ရှုထောင့်အမြင်နှင့် ရှုထောင့်ကို ထိခိုက်ပြီးခြင်း ဖြစ်ပေသည်။ ဤသို့ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁)) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်ကြည့်တဲ့အခါ သိမ်ငယ်တဲ့ စိတ်ခံစားချက်တွေက လူတွေနဲ့ အမှုအရာတွေပေါ် ကျွန်မတို့ ရှုမြင်ပုံကို လွှမ်းမိုးနိုင်မှန်း ကျွန်မ သဘောပေါက်ခဲ့တယ်။ ကျွန်မက သိမ်ငယ်တဲ့ စိတ်ခံစားချက်တွေထဲ နွံနစ်နေတုန်းမှာ၊ လူတွေရဲ့ အပြင်ပန်း သတိပြုမိနိုင်တဲ့ ဆုကျေးဇူးတွေ၊ အစွမ်းအစတွေ၊ စိတ်ပြတ်သားမှုနဲ့ စကားပြော၊ ပြုမူနိုင်စွမ်းတွေကိုပဲ အာရုံစိုက်ခဲ့ပုံကို ကျွန်မ သုံးသပ်ဆင်ခြင်ခဲ့တယ်။ ဒီလက္ခဏာတွေက လူတွေရဲ့ အစွမ်းအစကို ကျွန်မ အကဲဖြတ်တဲ့ စံနှုန်းတွေဖြစ်ခဲ့တယ်။ ဒါပေမဲ့ သူတို့ရဲ့ လူ့သဘာဝ၊ အနှစ်သာရနဲ့ သူတို့ လျှောက်တဲ့ လမ်းကြောင်းတွေကို ပိုင်းခြားသိမြင်ခြင်းအပေါ် ကျွန်မ အလေးထားဖို့ ပျက်ကွက်ခဲ့တယ်။ လီဆူးနဲ့ ကျွန်မ တွဲဖက်တုန်းက၊ သူ့ စိတ်ထဲက ရှိတာကို သူ ပြောနိုင်ပြီး၊ စိတ်ပြတ်ပြတ်သားသားနဲ့ သူ စကားပြောပြီး ပြုမူတဲ့ပုံစံတွေကိုပဲ ကျွန်မ သတိပြုမိခဲ့တယ်။ ဒါပေမဲ့ သူ့အပြုအမူတွေကို ပိုင်းခြားသိမြင်ခြင်းအပေါ် အလေးထားဖို့ ပျက်ကွက်ခဲ့တယ်။ ကျွန်မနဲ့မတူဘဲ သူ့မှာ အရင်းအနှီးရှိတယ်၊ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဩဇာအာဏာကြီးအောင်လုပ်ဖို့က သူ့အတွက် ပုံမှန်ပဲလို့တောင် တွေးခဲ့တယ်။ ကျွန်မ အရမ်း နားဝေတိမ်တောင်ဖြစ်ခဲ့တယ်။
နောက်ပိုင်းမှာ ကျွန်မ စမေးမိတယ်။ လူတွေရဲ့ အစွမ်းအစကို သူတို့ရဲ့ စိတ်ထဲရှိတာဖော်ပြနိုင်မှု၊ ဆုကျေးဇူးတွေ၊ စကားပြောမှာ ပြတ်သားမှုနဲ့ အလုပ်လုပ်နိုင်စွမ်းတွေပေါ် အခြေခံပြီး အကဲဖြတ်တာက အမှန်ကန်ဆုံး အကဲဖြတ်နည်းလမ်း ဟုတ်မဟုတ်ဆိုတာပေါ့။ နောက်တော့ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မ အမှတ်မထင် တွေ့ခဲ့တယ်။ “လူတို့၏ အစွမ်းအစများကို ငါတို့ မည်သို့ တိုင်းတာကြသနည်း။ ဤအရာကို လုပ်ဆောင်ရန် သင့်လျော်သည့် နည်းလမ်းမှာ သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားနှင့် သမ္မာတရားကို ၎င်းတို့ သဘောပေါက်နားလည်နိုင်ခြင်း ရှိမရှိ ဟူသည်တို့ကို ကြည့်ခြင်းအားဖြင့် ဖြစ်သည်။ လူအချို့သည် အထူးပြုပညာအချို့ကို အလွန်မြန်ဆန်စွာ သင်ယူနိုင်ကြသော်လည်း သမ္မာတရားကို ကြားသည့်အခါ ၎င်းတို့ မရှင်းမလင်း ဖြစ်လာကာ ငိုက်မြည်းသွားကြသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့သည် နားဝေတိမ်တောင် ဖြစ်လာကြသည်၊ ၎င်းတို့ ကြားသည့်မည်သည့်အရာကိုမျှ နားမဝင်သကဲ့သို့ ကြားနေသည့်အရာကို နားလည်းမလည်ကြပေ။ ယင်းမှာ ညံ့ဖျင်းသည့် အစွမ်းအစ ဟူသည့်အရာဖြစ်သည်။ လူအချို့နှင့်ပတ်သက်၍ ၎င်းတို့တွင် ညံ့ဖျင်းသည့် အစွမ်းအစ ရှိကြောင်းကို ၎င်းတို့အား သင် ပြောပြသည့်အခါ လက်မခံကြပေ။ အလွန် ပညာတတ်ပြီး နှံ့စပ်ခြင်းက ၎င်းတို့အနေဖြင့် အစွမ်းအစကောင်း ရှိသည့်သဘော ဖြစ်သည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ကောင်းမွန်သည့် ပညာရေးက မြင့်မားသည့် အစွမ်းအစကို ပြသသလော။ မပြသပေ။ လူတို့၏ အစွမ်းအစကို မည်သို့ တိုင်းတာသင့်သနည်း။ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားကို ၎င်းတို့ သဘောပေါက်နားလည်သည့် ပမာဏပေါ် အခြေခံ၍ တိုင်းတာသင့်ပေသည်။ ဤသည်မှာ ထိုအရာကို လုပ်ဆောင်ခြင်းနှင့်ဆိုင်၍ အတိကျအမှန်ကန်ဆုံးသော နည်းလမ်းဖြစ်သည်။ လူအချို့သည် ကျလောက်အောင် အပြောကောင်းကြသည်၊ ဉာဏ်ထက်ကြပြီး အခြားလူတို့ကို ကိုင်တွယ်ရာတွင် အထူးသဖြင့် ကျွမ်းကျင်ကြသည်။ သို့သော် တရားဒေသနာများကို နားထောင်ကြသည့်အခါ မည်သည့်အရာကိုမျှ ၎င်းတို့ လုံးဝ နားမလည်နိုင်ကြသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ ယင်းတို့ကို သဘောပေါက်နားလည်ခြင်း မရှိကြချေ။ ၎င်းတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အကြောင်းကို ၎င်းတို့ ပြောဆိုသည့်အခါ အတွေ့အကြုံနုသူများသာ ဖြစ်သည်ကို မိမိတို့ကိုယ်ကို ထုတ်ဖော်ကာ ၎င်းတို့တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိကြောင်း အခြားသူတို့အား သိစေလျက် စကားများနှင့် အယူဝါဒများကို အမြဲ ပြောဆိုကြလေသည်။ ဤလူများသည် ညံ့ဖျင်းသည့် အစွမ်းအစရှိသည့် လူများ ဖြစ်သည်။ ထို့ကြောင့် ထိုသို့သောလူများသည် ဘုရားအိမ်တော်အတွက် အလုပ်လုပ်ရန် အရည်အချင်းရှိကြသလော။ (မရှိကြပါ။) အဘယ်ကြောင့်နည်း။ (၎င်းတို့တွင် သမ္မာတရား စည်းမျဉ်းများ ကင်းမဲ့သည်။) မှန်ပေ၏၊ ဤသည်မှာ ယခု သင်တို့ နားလည်သင့်သည့်အရာတစ်ခု ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းခြင်းအဖို့ အရေးကြီးသည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရာကတစ်ဆင့် လူတွေရဲ့ အစွမ်းအစကို သူတို့ ပညာတတ်ပုံ၊ အပြင်ပန်း သတိထားမိနိုင်စရာ ဘယ်ဆုကျေးဇူးတွေ သူတို့ ပိုင်ဆိုင်တယ်၊ သူတို့ ဉာဏ်ထက်ပုံ၊ ဒါမှမဟုတ် သူတို့ စိတ်ထဲရှိတာ ဖော်ပြတတ်ပုံတွေပေါ် အခြေခံပြိး အကဲမဖြတ်သင့်ဘဲ၊ အဲဒါထက် ဘုရားနှုတ်ကပတ်တော်တွေအပေါ် မှန်ကန်တဲ့ သိနားလည်မှု သူတို့ ရနိုင်ပြီး၊ ဘုရားနှုတ်ကပတ်တော်တွေရဲ့ စစ်မှန်မှုကို သဘောပေါက်နိုင်ခြင်းရှိမရှိဆိုတဲ့အပေါ် အခြေခံပြီး အကဲဖြတ်သင့်မှန်းကို ကျွန်မ သင်ယူခဲ့ရတယ်။ ဆိုလိုတာက၊ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို သူ့နှုတ်ကပတ်တော်တွေကတစ်ဆင့် သူတို့ သဘောပေါက်နိုင်ပြီး၊ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ အနှစ်သာရကို ဘုရားနှုတ်ကပတ်တော်တွေကတစ်ဆင့် သိလာနိုင်ခြင်းရှိမရှိဆိုတာပေါ့။ လီဆူးမှာ ဆုကျေးဇူးတချို့ ရှိပေမဲ့၊ စိတ်ထဲရှိတာ ဖော်ပြတတ်ပြီး ပြတ်ပြတ်သားသား ပြုမူဆောင်ရွက်ခဲ့ပေမဲ့၊ သူ့ကိုယ်သူ စစ်မှန်တဲ့ သိနားလည်မှု ဒါမှမဟုတ် ဘုရားနှုတ်ကပတ်တော်တွေနဲ့ဆိုင်တဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တစ်ခုခုကို မဆွေးနွေးနိုင်ခဲ့ပုံကို ကျွန်မ တွေးမိတယ်။ နေရာအတော်များများမှာ ညီအစ်ကို မောင်နှမတွေက သူ့ကိုယ်သူ ဩဇာအာဏာကြီးအောင်လုပ်တဲ့ သူ့ရဲ့အပြုအမူကို ထောက်ပြခဲ့ကြတယ်။ ဒါပေမဲ့ သူက ပြဿနာကို အသိအမှတ်ပြုပေမဲ့လည်း အဲဒီလို အပြုအမူရဲ့ သဘောသဘာဝနဲ့ ဆိုးရွားတဲ့ အကျိုးဆက်တွေကို လုံးဝ သဘောမပေါက်ခဲ့ဘူး။ သူ့တာဝန်ကို လုပ်နေပေမဲ့၊ သူ့ကိုယ်သူ အမြဲ ဩဇာအာဏာကြီးအောင်လုပ်ပြီး တခြားလူတွေကို နှိမ်တောင်နှိမ်ခဲ့တယ်။ အထုတ်ခံရပြီးတဲ့နောက်မှာတောင် သူ့ကိုယ်သူ ချီးမြှောက်ပြီး ဒီပြဿနာကို မသုံးသပ်ခဲ့ဘူး၊ ပြဿနာကို သိတဲ့အသိမရခဲ့ဘူး။ ဒီအရာကနေ၊ လီဆူးက ဆုကျေးဇူးတချို့ ပိုင်ဆိုင်ခဲ့ပေမဲ့၊ အစွမ်းအစကောင်းရှိတဲ့သူတစ်ယောက်မဟုတ်မှန်း ကျွန်မ မြင်ခဲ့တယ်။ ပေါလုရဲ့ ပုံစံကို ဘုရားက စိစစ်ခဲ့ပုံကို ကျွန်မ တွေးမိတယ်။ ပေါလုက ဆုကျေးဇူးရှိတယ်၊ စာစောင်အများကြီး ရေးခဲ့ပြီး၊ လူအများကြီးဆီ ဧဝံဂေလိ ဖြန့်ခဲ့တယ်။ ဒါပေမဲ့ သူက သမ္မာတရားကို သဘောမပေါက်နိုင်ခဲ့ဘဲ နောက်ဆုံးမှာ သူ့ရဲ့ စာတန်ဆန်တဲ့၊ ဘုရားကို အတိုက်အခံလုပ်တဲ့ သဘာဝကို သတိမပြုမိနိုင်ခဲ့ဘူး။ အဲဒီလိုနဲ့၊ ပေါလုကို အစွမ်းအစကောင်းရှိတယ်လို့ ယူဆလို့ မရဘူး။ ဒီအရာအားလုံးကို သဘောပေါက်သွားတော့၊ ကျွန်မ နည်းနည်းပိုရှင်းသွားတယ်။ သမ္မာတရားကို ကျွန်မ နားမလည်ခဲ့သလို၊ ပညာကောင်းကောင်းတတ်တာ၊ စိတ်ထဲရှိတာကို ဖော်ပြတတ်ပြီး စိတ်ပြတ်သားတာက အစွမ်းအစကောင်းရှိတဲ့ သဘောဖြစ်ပြီး ဒီလက္ခဏာတွေ ကင်းမဲ့တာက ညံ့ဖျင်းတဲ့ အစွမ်းအစရဲ့ လက္ခဏာတစ်ခုပဲလို့ အမြဲတွေးခဲ့မှန်း တွေ့ရတယ်။ ရလဒ်အနေနဲ့၊ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ခေါင်းဆောင် ဒါမှမဟုတ် အမှုဆောင်ဖြစ်ဖို့ အရည်အချင်းမပြည့်မီတဲ့ အစွမ်းအစညံ့ဖျင်းတဲ့ လူတစ်ယောက်အနေနဲ့ ခဏခဏ သတ်မှတ်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ၊ ကျွန်မသဘောပေါက်သွားတယ်၊ တစ်ယောက်ယောက်ရဲ့ အစွမ်းအစကို အကဲဖြတ်ဖို့၊ အဓိကအနေနဲ့ အဲဒီလူက ဘုရားနှုတ်ကပတ်တော်တွေကို ဘယ်လောက်ကောင်းကောင်း သဘောပေါက်တယ်၊ သမ္မာတရားကို သူ သဘောပေါက်နိုင်ခြင်းရှိမရှိဆိုတာနဲ့ သူ့တာဝန်ကို စည်းမျဉ်းအတိုင်း လုပ်နိုင်ခြင်း ရှိမရှိဆိုတာတွေကို ကြည့်သင့်တယ်ဆိုတာပေါ့။ လူတွေနဲ့ အမှုအရာတွေကို ရှုမြင်ဖို့ အမှန်ဆုံးနည်းလမ်းက ဘုရားနှုတ်ကပတ်တော်အတိုင်း ဖြစ်ပါတယ်။
နောက်ပိုင်းမှာ၊ နောက်ထပ် ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ် အမှတ်မထင်တွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ထို့ကြောင့် သင့်ကိုယ်သင် မည်သို့ မှန်ကန်တိကျစွာ အကဲဖြတ်ပြီး သိမြင်ကာ သိမ်ငယ်သော ခံစားချက်မှ ထွက်ပြေးလွတ်မြောက်နိုင်မည်နည်း။ မိမိနှင့်ဆိုင်သည့် အသိပညာရရှိခြင်း၊ သင်၏ လူ့သဘာဝ၊ အစွမ်းအစနှင့် ပါရမီတို့က မည်ကဲ့သို့ရှိဖြစ်ပြီး မည်သည့် အားသာချက်များ သင်၌ ရှိသည်ဆိုသည်တို့ကို သိရှိအောင်လုပ်ခြင်းအတွက် အခြေခံအကြောင်းရင်းအဖြစ် ဘုရားနှုတ်ကပတ်တော်များကို သင် ခံယူသင့်သည်။ ဥပမာအားဖြင့် သင်သည် သီချင်းဆိုခြင်းကို နှစ်သက်လေ့ရှိပြီး ကောင်းစွာ သီဆိုသော်လည်း သင်သည် ဂီတသံစဉ် အတက်အကျ ခွဲခြားနိုင်စွမ်း မရှိကြောင်းနှင့် သင်၏ သီဆိုခြင်းသည် ကီးမကိုက်ကြောင်း ပြောလျက် သင့်ကို လူအချို့က ဝေဖန်မြဲဝေဖန်ကာ သေးသိမ်စေသောကြောင့် ယခု သင်သည် ကောင်းစွာ သီချင်းဆိုနိုင်ခြင်းမရှိဟု ခံစားရပြီး အခြားသူများရှေ့တွင် ထိုသို့မလုပ်ဆောင်ဝံ့တော့ဟု ဆိုပါစို့။ ထိုလောကီဆန်သည့်လူစု၊ ထိုနားဝေတိမ်တောင်ဖြစ်သော လူများနှင့် သာမညောင်ည လူများက သင်နှင့်ပတ်သက်၍ မှန်ကန်တိကျမှုမရှိသော အကဲဖြတ်ချက်များနှင့် ဝေဖန်သုံးသပ်မှုများကို ပြုလုပ်သောကြောင့် သင်၏ လူ့သဘာဝက ရထိုက်သည့် လုပ်ပိုင်ခွင့်များသည် လျော့ကျကာ သင်၏ ပါရမီသည် ချုပ်ထိန်းခြင်း ခံခဲ့ရသည်။ အကျိုးဆက်အနေဖြင့် သင်သည် သီချင်းတစ်ပုဒ်ကိုပင် မဆိုဝံ့သကဲ့သို့ သင့်အနီးအနားတွင် မည်သူမျှ မရှိသည့်အခါ သို့မဟုတ် မိမိတစ်ဦးတည်း ရှိသည့်အခါတွင်သာ သင်သည် လက်လွှတ်ပြီး သီချင်းအော်ဆိုဖို့ သတ္တိရှိလေသည်။ ယေဘုယျအားဖြင့် သင်သည် ဆိုးဆိုးရွားရွား သိုသပ်ချုပ်တည်းထားသောကြောင့် သင်တစ်ဦးတည်း မဟုတ်သည့်အခါ သီချင်း မဆိုဝံ့ချေ။ တစ်ဦးတည်း ရှိသည့်အခါတွင်သာ သင်သည် ကျယ်ကျယ်နှင့် ကြည်လင်စွာ သီချင်းဆိုနိုင်သည့်အချိန်ကို မွေ့လျော်ရင်း သီချင်း ဆိုဝံ့ပြီး ယင်းမှာ ကောင်းလိုက်သည့်၊ လွတ်မြောက်လိုက်သည့် အချိန်ပါတကား။ ထိုသို့ ဖြစ်သည် မဟုတ်လော။ သင့်ကို လူတို့လုပ်ဆောင်သည့် ထိခိုက်နစ်နာမှုကြောင့်၊ သင် အမှန်တကယ် လုပ်ဆောင်နိုင်သည့်အရာက မည်သည့်အရာ ဖြစ်သည်၊ မည်သည့်အရာတွင် သင် တော်ပြီး မည်သည့်အရာတွင် မတော်သည်ဆိုသည်တို့ကို သင် ရှင်းလင်းစွာ မသိ၊ မမြင်နိုင်ချေ။ ဤအခြေအနေမျိုးတွင် သင်သည် မှန်ကန်သည့် အကဲဖြတ်မှု ပြုလုပ်ပြီး ဘုရားနှုတ်ကပတ်တော်များအတိုင်း သင့်ကိုယ်သင် မှန်မှန်ကန်ကန် နှိုင်းဆချင့်ချိန်ရမည်ဖြစ်သည်။ သင် သိရှိပြီးသည့်အရာနှင့် သင်၏ အားသာချက်များ တည်ရှိသည့်နေရာကို သင် သတ်မှတ်သင့်ပြီး သင် လုပ်နိုင်သည့် မည်သည့်အရာကိုမဆို သွား၍ လုပ်ဆောင်သင့်သည်။ သင် မလုပ်နိုင်သည့် အရာများ၊ သင်၏ အားနည်းချက်များနှင့် ချို့တဲ့ခြင်းများအတွက်မူ ထိုအရာများကို သင် ဆင်ခြင်သုံးသပ်ကာ သိသင့်ပြီး သင်၏ အစွမ်းအစက မည်သည့်အရာနှင့်တူသည်ဆိုသည်ကိုလည်းကောင်း ထိုအရာက ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်ကိုလည်းကောင်း မှန်ကန်တိကျစွာ အကဲဖြတ်ပြီး သိရှိသင့်သည်။ သင်၏ ကိုယ်ပိုင် ပြဿနာများအပေါ် နားမလည်နိုင်လျှင်ဖြစ်စေ၊ ရှင်းလင်းသည့် သိမြင်မှု မရရှိနိုင်လျှင်ဖြစ်စေ သင့်အနီးအနားရှိ သိနားလည်မှုရှိသည့်လူများကို သင့်အပေါ် အကဲဖြတ်ချက်ပြုလုပ်ရန် တောင်းဆိုသင့်သည်။ ၎င်းတို့ ပြောဆိုသည့်အရာ မှန်ကန်တိကျခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သင့်အဖို့ ကိုးကားပြီး ဆင်ခြင်စဉ်းစားရန် အနည်းဆုံးအနေဖြင့် တစ်စုံတစ်ခုကို သင့်အား ပေးမည်ဖြစ်ပြီး မိမိကိုယ်ကို အခြေခံကျသော အကဲဖြတ်ချက် သို့မဟုတ် သရုပ်ဖော်ခြင်းတစ်ခု ရရှိဖို့ သင့်ကို ထောက်ကူပေးမည်ဖြစ်သည်။ ထိုအခါ သင်သည် သိမ်ငယ်မှုကဲ့သို့သော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများနှင့်ဆိုင်သော ပဓာနကျသည့် ပြဿနာကို ဖြေရှင်းနိုင်ပြီး ထိုအရာများမှ တဖြည်းဖြည်း လွတ်လာလိမ့်မည်။ အကြင်သူသည် ထိုအရာများကို ပိုင်းခြားသိမြင်နိုင်ပါက၊ ထိုအရာများကို သတိပြုမိပြီး သမ္မာတရားကို ရှာဖွေနိုင်ပါက ထိုသို့သော သိမ်ငယ်မှု ခံစားချက်များသည် ဖြေရှင်းရန် လွယ်ကူပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁)) “ဘုရားသခင် မြင်တွေ့လိုသောအရာမှာ သင်သည် သမ္မာတရားလိုက်စားမှုကို လက်လျှော့ရန် မဟုတ်သကဲ့သို့ မိမိကိုယ်ကို မျှော်လင့်ချက်ပျက်သုဉ်းနေသည့် လူတစ်ဦး၏စိတ်ထားကို မြင်တွေ့လိုသည် မဟုတ်ပေ။ သင်သည် မှန်ကန်သော ဤအဖြစ်မှန်အားလုံးကို သဘောပေါက်သောအခါ သမ္မာတရားကို ပို၍ တည်ကြည်ခိုင်မာသော၊ ရဲရင့်သော၊ ယုံကြည်စိတ်ချသော ပုံစံဖြင့် သွား၍ လိုက်စားနိုင်ကာ ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရားသခင်ဖြစ်ကြောင်း ရှင်းလင်းစွာ အသိအမှတ်ပြုသည်ကို ဘုရားသခင် မြင်တွေ့လိုသည်။ သင်သည် လမ်းဆုံးသို့ ရောက်လာသောအခါ သင့်အတွက် ဘုရားသခင်ချမှတ်ထားသည့် စံချိန်စံညွှန်းကို သင်ရောက်ရှိပြီး သင်သည် ကယ်တင်ခြင်းလမ်းမပေါ် ရှိနေသရွေ့ ဘုရားသခင်သည် သင့်အပေါ် လက်လျှော့မည်မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းကို စတင်နိုင်သည် (၂)) ဘုရားနှုတ်ကပတ်တော်မှာ၊ ကျွန်မရဲ့ သိမ်ငယ်တဲ့ ခံစားချက်တွေကို ဖြေရှင်းဖို့ လမ်းကြောင်းတစ်ခု တွေ့ခဲ့တယ်။ ကျွန်မအနေနဲ့ အမှုအရာတွေကို ဘုရားနှုတ်ကပတ်တော်အတိုင်း ရှုမြင်ရမယ်၊ ကျွန်မရဲ့ အားသာချက်နဲ့ အားနည်းချက်တွေအပေါ် မှန်ကန်တဲ့ သိနားလည်မှု ရရမယ်၊ ကိုယ်လုပ်နိုင်စွမ်းရှိတဲ့အရာကို အကောင်းဆုံး လုပ်ရမယ်၊ ပြီးတော့ ကျွန်မ သဘောမပေါက်တဲ့အရာ ဒါမှမဟုတ် မပြီးမြောက်နိုင်တဲ့အရာကို မှန်မှန်ကန်ကန် ကိုင်တွယ်ပြီး ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေရမယ်။ ခေါင်းဆောင်နဲ့ ကြီးကြပ်ရေးမှူးအနေနဲ့ ပထမဆုံး ကျွန်မ စလုပ်ခဲ့ချိန်ကို ပြန်တွေးမိတယ်။ အစမှာ၊ လုံ့လရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် တကယ့်အလုပ်တချို့ကို ကျွန်မ လုပ်နိုင်ခဲ့ပေမဲ့၊ နောက်ပိုင်းမှာ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့အသက်ရှင်လို့ အပျက်သဘောဆောင်တာကြောင့်၊ ကျွန်မတာဝန်မှာ ခိုကပ်ပြီး ရလဒ်တွေမကောင်းတာကြောင့် အထုတ်ခံခဲ့ရတယ်။ ကျွန်မရဲ့ ညံ့ဖျင်းတဲ့ အစွမ်းအစက ကျွန်မအထုတ်ခံရတဲ့ တစ်ခုတည်းသော အကြောင်းရင်း မဟုတ်ခဲ့တာ သေချာတယ်။ အမှန်တော့၊ ညီအစ်ကို မောင်နှမတွေအားလုံးက ကျွန်မမှာ သာမန်အစွမ်းအစရှိတယ်၊ အစွမ်းအစ မညံ့ဘူးလို့ ပြောခဲ့ပါတယ်။ တခြားညီအစ်ကို မောင်နှမတွေနဲ့ တွဲလုပ်တဲ့အခါ ကျွန်မက ဝီရိယရှိရှိ အလုပ်လုပ်ခဲ့ရင်၊ အလုပ်တစ်ခုခုကို ပြီးအောင်လုပ်နိုင်သေးတယ်လို့ပေါ့။ ဒီအရာအားလုံးကို သဘောပေါက်သွားတဲ့နောက်မှာ၊ ကျွန်မကိုယ်တိုင်အပေါ် မှန်ကန်တဲ့ သဘောထား ရခဲ့တယ်။ ကျွန်မမှာ အကောင်းဆုံး အစွမ်းအစမရှိခဲ့ဘူး။ ပြီးတော့ တချို့ကိစ္စတွေနဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေကို သိပ်သဘောမပေါက်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်မ ချို့တဲ့နေတာတွေကို ဖာထေးဖို့အတွက် ညီအစ်ကိုမောင်နှမတွေဆီကနေ အမြဲတမ်းအကူအညီတောင်းလို့ရပြီး ကျွန်မရဲ့ အစွမ်းအစတိုးတက်ဖို့ အလုပ်ကြိုးစားလို့ရတယ်။ ဒီလိုနဲ့၊ တိုးတက်မှုတစ်ခုခုကို ကျွန်မ လုပ်နိုင်ခဲ့မှာပဲ။ ဒီအသိတရားတွေ ရသွားတဲ့နောက်မှာ၊ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ကျွန်မ တွေ့ခဲ့ပြီး အများကြီး ပိုစိတ်အေးသွားတယ်။ သိမ်ငယ်တဲ့ စိတ်ခံစားချက်ရဲ့ ချည်နှောင်တာကို ခံဖို့ ကျွန်မ မလိုလားတော့သလို၊ ကျွန်မတာဝန်ကို ကောင်းကောင်းလုပ်ပြီး ဘုရားကို စိတ်ကျေနပ်စေဖို့ သမ္မာတရား လက်တွေ့လုပ်တာကို အာရုံစိုက်ဖို့ အသင့်ဖြစ်ခဲ့တယ်။
နောက်ပိုင်းမှာ တစ်ခါကျတော့၊ စာအလုပ်ကြီးကြပ်ရေးမှူးအနေနဲ့ အစေခံတဲ့ ရှောင်ယီလို့ခေါ်တဲ့ ညီအစ်မနဲ့ အဖွဲ့ငယ်စုဝေးပွဲတစ်ခုကို ကျွန်မ တက်ခဲ့တယ်။ ရှောင်ယီက ဘုရားနှုတ်ကပတ်တော်တွေအပေါ် သူ့မိတ်သဟာယကတစ်ဆင့် ဘုရားရဲ့ ရည်ရွယ်ချက်တွေကို ပြောပြနိုင်ခဲ့တယ်။ ပြီးတော့ သူ့ကိုယ်ပိုင် အတွေ့အကြုံကနေ သင်ခန်းစာတွေကို သူ့မိတ်သဟာယမှာ ပေါင်းစပ်နိုင်ခဲ့တယ်။ အဲဒါတွေအားလုံးက တက်ရောက်သူတွေအတွက် အတော်လေး မျက်စိဖွင့်ပေးရာရောက်တယ်။ သူ့မိတ်သဟာယတစ်လျှောက်မှာ ညီအစ်ကို မောင်နှမအားလုံးက ခေါင်းညိတ်ပြီး မှတ်စုတွေယူကြတယ်။ ဒါကို မြင်တော့ ကျွန်မ နောက်တစ်ကြိမ်ထပ်ပြီး မသိမသာ သိမ်ငယ်တဲ့ ခံစားချက်ရလာတယ်။ ရှောင်ယီက ကျွန်မထက် ပိုစွမ်းဆောင်နိုင်ပြီး ခေါင်းဆောင်အနေနဲ့ အစေခံဖို့ ပိုအရည်အချင်းပြည့်မီတယ်လို့ ခံစားနေမိတယ်။ ဒါပေမဲ့ ဒီသိမ်ငယ်တဲ့ စိတ်ခံစားချက်တွေ ပေါ်လာတော့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ သတိရတယ်။ “သင် သိရှိပြီးသည့်အရာနှင့် သင်၏ အားသာချက်များ တည်ရှိသည့်နေရာကို သင် သတ်မှတ်သင့်ပြီး သင် လုပ်နိုင်သည့် မည်သည့်အရာကိုမဆို သွား၍ လုပ်ဆောင်သင့်သည်။ သင် မလုပ်နိုင်သည့် အရာများ၊ သင်၏ အားနည်းချက်များနှင့် ချို့တဲ့ခြင်းများအတွက်မူ ထိုအရာများကို သင် ဆင်ခြင်သုံးသပ်ကာ သိသင့်ပြီး သင်၏ အစွမ်းအစက မည်သည့်အရာနှင့်တူသည်ဆိုသည်ကိုလည်းကောင်း ထိုအရာက ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်ကိုလည်းကောင်း မှန်ကန်တိကျစွာ အကဲဖြတ်ပြီး သိရှိသင့်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁)) အမှန်ပဲ၊ လူတိုင်းမှာ မတူတဲ့ အစွမ်းအစနဲ့ မတူတဲ့ အားသာချက်တွေ ရှိတယ်။ ဒါက ဘုရားရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေရဲ့ ရလဒ်ပဲ။ ကျွန်မမှာ ဘယ်အစွမ်းအစမျိုးရှိပါစေ၊ ကျွန်မတာဝန်နဲ့ ဝတ္တရားတွေကို ကျွန်မ အမြဲ ဖြည့်ဆည်းသင့်တယ်။ ကျွန်မမှာ အကောင်းဆုံး အစွမ်းအစမရှိခဲ့သလို၊ တခြားလူတွေလောက် စိတ်ထဲရှိတာ သိပ်မပြောတတ်ပေမဲ့ ဘုရားနှုတ်ကပတ်တော်နဲ့ဆိုင်တဲ့ သိနားလည်မှုနဲ့ အတွေ့အကြုံတချို့ ကျွန်မမှာ ရှိသရွေ့၊ မှန်ကန်တဲ့ ရည်ရွယ်ချက် ထားသင့်ပြီး၊ ကျွန်မတာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့ ကျွန်မရဲ့ သိနားလည်မှုကို မိတ်သဟာယပြုသင့်တယ်။ ဒါက ကျွန်မ လုပ်သင့်တဲ့အရာပါပဲ။ ဒါကို သဘောပေါက်ပြီးတဲ့နောက်မှာ၊ ကျွန်မ အများကြီး ခံစားရသက်သာသွားတယ်။ သိမ်ငယ်တဲ့ စိတ်ခံစားချက်တွေရဲ့ လွှမ်းမိုးတာ မခံရတော့ဘူး။ ဘုရားနှုတ်ကပတ်တော်အတိုင်း လက်တွေ့လုပ်ဆောင်ဖို့၊ ကျွန်မ နားလည်သမျှ အရာရာတိုင်းကို မိတ်သဟာယပြုပြီး ကျွန်မတာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့ အသင့်ဖြစ်ခဲ့တယ်။ အဲဒီနောက်မှာ၊ ဘုရားနှုတ်ကပတ်တော်တွေနဲ့ဆိုင်တဲ့ ကျွန်မရဲ့ သိနားလည်မှုနဲ့ အသိတွေကို ကျွန်မ မိတ်သဟာယပြုခဲ့တယ်။ ကျွန်မရဲ့ မိတ်သဟာယက ညီအစ်ကို မောင်နှမတွေအတွက် အကျိုးရှိပြီး အထောက်အကူဖြစ်ပုံကို မြင်ရတဲ့အခါ၊ ဘုရားကို ကျေးဇူးတင်မိပါတယ်။ ကျွန်မအနေနဲ့ တိုးတက်မှု ရှိပြီး ကျွန်မမှာရှိတဲ့အရာကို ရရှိခဲ့တာက ဘုရားနှုတ်ကပတ်တော်ရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ လမ်းပြမှုကတစ်ဆင့်သာ ဖြစ်ပါတယ်။