၃၇။ လူလည်ကျပြီး လှည့်စားတတ်ခြင်းမှ ရရှိခဲ့သည့် နာကျင်စရာ သင်ခန်းစာ
၂၀၂၀မှာ ကျွန်မက အသင်းတော်မှာ ဒီဇိုင်းအလုပ်လုပ်တယ်။ အဓိကက ပုံကြမ်းဆွဲတာပေါ့။ အချိန်နည်းနည်းကြာတော့ ပုံကြမ်းဆွဲရတာက တခြားအလုပ်ထက်ပိုပြီး ဖြည်းဖြည်းချင်းလုပ်ရတာကို တွေ့မိတယ်။ ကျွန်မကို ကြီးကြပ်တဲ့သူက တခြားအလုပ်ကိုလည်း ကြီးကြပ်နေရတာဆိုတော့ ကျွန်မတို့အလုပ်တွေကို အနီးကပ် လိုက်မကြည့်ဘူး။ ကျွန်မက စပြီး ခိုကပ်လာတယ်။ ဘယ်သူကမှ ကျွန်မကို အမြန်မလုပ်ခိုင်းဘူးဆိုတော့ အလှည့်ကျတာဝန်တွေပဲလုပ်တယ်။ ကျွန်မက နေ့တိုင်း ဘာမှမလုပ်ဘဲ မနေသရွေ့၊ ပုံနည်းနည်းပြီးနေသရွေ့ ဘာမှမဖြစ်ဘူးလို့ တွေးမိတယ်။ ဘာပဲဖြစ်ဖြစ် ဒါ သက်သာတဲ့အလုပ်ပဲ။ ကျွန်မက အမြန်လုပ်ဖို့၊ ဒုက္ခခံဖို့ လုံးဝမလိုပါဘူး ပေါ့။ ကျွန်မက အဖွဲ့မှာ အဓိကလူပဲ။ စည်းမျဉ်းတွေ၊ အလုပ်တွေအားလုံးနဲ့ ရင်းနှီးတယ်။ ဒီတော့ ကျွန်မက ဒီတာဝန်မှာ ရှိနေဖို့ သေချာတယ်၊ နောက်ဆုံးမှာ ကယ်တင်ခြင်းခံရမယ်လို့ တွေးမိတာပေါ့။ ဒီလိုအမြင်မျိုးရှိနေပြီး ကျွန်မက ကိုယ့်တာဝန်မှာ နေ့စဉ်ပန်းတိုင်၊ အစီအစဉ်တွေ ရှိမနေဘူး။ ကျွန်မ တတ်နိုင်သလောက်ပဲလုပ်ပြီးတော့ ဘယ်လောက်ပဲပြီးပြီး ထားလိုက်တယ်။ ကျွန်မက ဒိတိုင်းငြိမ်နေတဲ့ပုံစံလုံးဝမရှိဘူး။ ဒါပေမဲ့ လုံးဝ သက်သက်သာသာနေတယ်။ ပုံဆွဲတဲ့အခါ အာရုံစိုက်ရတာ တော်တော်ခက်တယ်။ ကျွန်မ ချက်တင်လုပ်တဲ့ ဆော့ဝဲမှာ ပေါ်လာတဲ့ မက်ဆေ့မှန်သမျှကို ချက်ချင်းစစ်တယ်။ အရေးကြီးတာ၊ အမြန်လိုတာရှိနေသည်ဖြစ်စေ ကျွန်မက စာပြန်တာတွေ၊ တခြားကိစ္စတွေကို လုပ်နေတာ။ ကျွန်မက ကိုယ်တိုင်သတိမထားမိဘဲ အချိန်တော်တော်များများဖြုန်းတီးပစ်တယ်။ တစ်ခါတလေမှာ ကျွန်မတို့က မနက်ပိုင်းစုဝေးပွဲရှိတယ်။ အချိန်ကို ကောင်းကောင်းအသုံးပြုရင် ပုံသုံးပုံပြီးနိုင်တယ်။ ဒါပေမဲ့ ပထမတစ်ခုပြီးသွားတော့ ကျွန်မက တော်တော်ကျေနပ်အားရသွားတယ်။ မနက်ပိုင်းစုဝေးပွဲလုပ်တာနဲ့ နေ့တစ််ဝက်ကုန်သွားပြီဆိုတော့ ပုံနှစ်ပုံဆွဲတာ လုံလောက်ပြီလို့ တွေးလိုက်တယ်။ အဲဒါနဲ့ ကျွန်မက အချိန်ဆွဲနေပြီးတော့ နောက်ဆုံးကျ နှစ်ပုံပဲပြီးတယ်။ ဒါတင်မဟုတ်ဘူး။ ကျွန်မက ပိုတဲ့အချိန်ကို သတင်းတွေကြည့်တယ်။ ကိုယ့်ရဲ့အသက်ဝင်ရောက်မှုကို မစဉ်းစားဘူး။ ကိုယ့်တာဝန်မှာ ဘာပြဿနာတွေရှိလဲဆိုတာ မစဉ်းစားဘူး။ အဲဒီအချိန်အတွင်းမှာ ကျွန်မက ကိုယ့်တာဝန်မှာပဲ အပင်ပန်းခံလုပ်တယ်။ ဘုရားနှုတ်ကပတ်တော်ဖတ်ဖို့၊ ကိုယ့်ကိုယ်ကိုယ်သုံးသပ်ဖို့ အာရုံမစိုက်ဘူး။ ဖောက်ပြန်ပျက်စီးမှုကို ပြပေမဲ့ ဒါကို ဖြေရှင်းဖို့ သမ္မာတရားကို မရှာဖွေဘူး။ ကျွန်မအလုပ်မှာ သီးသန့်အခက်အခဲတစ်ခုခုမရှိဘူး၊ ဒီဇိုင်းတွေလုပ်တာ အသင့်အတင့်ပြီးတယ်၊ ဒီတော့ ကျွန်မတာဝန်မှာ လုပ်တာ အဆင်ပြေပါတယ်ဆိုပြီး တွေးမိတယ်။
အလုပ်တွေက ဆက်တိုက်များလာတယ်။ ဒါပေမဲ့ ကျွန်မတို့ ပုံဆွဲတဲ့နှုန်းက နှေးလွန်းတော့ အလုပ်က စုပုံလာရော။ တကယ်ကို တစ်လလုံး နှောင့်နှေးသွားတဲ့ ဒီဇိုင်းတစ်ခုရှိတယ်။ ကြီးကြပ်ရေးမှူးက ဒီအကြောင်းကိုသိသွားပြီး ကျွန်မတို့ရဲ့ နေ့စဉ်အလုပ်ရလဒ်ကို လေ့လာကြည့်တော့ ကျွန်မတို့ အထွက်နှုန်းက ဘယ်လောက်နိမ့်ကျနေလဲဆိုတာ သူသဘောပေါက်သွားပြီး ကျွန်မတို့ကို ကိုယ့်တာဝန်မှာ ပျင်းလို့၊ လျစ်လျူရှုလို့ဆိုပြီး တော်တော် ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ဖြေရှင်းတယ်။ အလုပ်က စုပုံလာတာကို မြင်တာတောင်မှ ကျွန်မတို့က အရေးတကြီးဖြစ်တဲ့စိတ်တစ်ခုမရှိဘူး။ ဘယ်သူကမှ ဒါကို မတင်ပြဘူး။ ကျွန်မတို့က ပေါ့ဆတယ်။ တာဝန်မခံဘူး။ တာဝန်မှာ အချိန်ဆွဲကြတယ်။ ဒါက ဧဝံဂေလိအလုပ်အတွက် အနှောင့်အယှက်ဖြစ်သွားတယ်။ ကြီးကြပ်ရေးမှူးက ဒီလိုပြောတော့ ကျွန်မ တော်တော်အံ့အားသင့်သွားတယ်။ ကျွန်မက အကြမ်းဖျင်းအနေနဲ့ တော်တော်အလုပ်ရှုပ်နေပြီး အလုပ်အများကြီးပြီးတယ်လို့ ခံစားရတယ်။ ဂရုစိုက်တွက်ချက်ကြည့်တော့ ဘာလို့ အရမ်းနည်းနေရတာလဲ ပေါ့။ ဒါဆိုရင် ကျွန်မက အသင်းတော်ကို တွယ်ကပ်နေတဲ့ ကပ်ပါးကောင်ဖြစ်မသွားဘူးလား။ ဒီလိုဆက်ဖြစ်နေရင် ကျွန်မက အလုပ်ကထုတ်ခံရပြီး စွန့်ပစ်ခံရမှာပဲ။ အဲဒီနောက်တော့ ကြီးကြပ်ရေးမှူးရဲ့ ကြီးကြပ်မှုအောက်မှာ ကျွန်မတာဝန်မှာ ကျွန်မရဲ့ ထိရောက်မှုက နည်းနည်းတိုးတက်လာတယ်။ ဒါပေမဲ့ လုပ်ဖို့ရှိသေးတဲ့ ဒီဇိုင်းတွေအားလုံးကို မြင်ရတာ စိတ်မချမ်းသာဘူး။ အထူးသဖြင့် ကြီးကြပ်ရေးမှူးက အလုပ်ကို ပိုပြီးအနီးကပ်လိုက်ကြည့်တယ်။ တစ်ခါတလေမှာ အသေးစိတ်မေးခွန်းတွေမေးပြီး ကျွန်မတို့ အခက်အခဲဖြစ်တဲ့နေရာကို ကြည့်တယ်။ ကျွန်မတို့က ထပ်ပြီး ဖြစ်သလိုလုပ်နေတာကို သတိထားမိရင် သူက ပိုပြီး ကြမ်းတဲ့လေသံနဲ့ ကျွန်မတို့ကို ပြောတယ်။ ကျွန်မက စိတ်ရှုပ်တာပေါ့။ ပြောရတာလွယ်ပေမဲ့ လုပ်ရတာ ခက်တယ်။ သူက အရမ်းတောင်းဆိုလွန်းနေတယ်လို့ ကျွန်မ ခံစားရတယ်။ ဒီ ဒီဇိုင်းတွေကိုလုပ်ရတာ လွယ်တယ်လို့ သူထင်နေတာလားပေါ့။ ကျွန်မက အခုတောင် ကြိုးစားလုပ်နေရတာ။ ဒီလိုတောင်းဆိုတာတွေ ဆက်တိုက်လုပ်နေရင် ဘယ်လိုလုပ်မလဲ။ ကျွန်မက တန်ခိုးရှိတဲ့သူမဟုတ်ဘူးလေ။ ကျွန်မက အတိုက်အခံဖြစ်တဲ့ အခြေအနေမှာ ရှိနေတော့ ဒုက္ခခံချင်စိတ်၊ အဖိုးအခပေးဆပ်ချင်စိတ်ရှိမနေဘူး။ အမြန်လုပ်ဖို့အတွက် ကျွန်မ အပေါ်ယံအားစိုက်တာတွေက ကြီးကြပ်ရေးမှူးမြင်ဖို့အတွက်ပဲ။ အရမ်းနှေးနေရင် ကိုင်တွယ်ဖြေရှင်းခံရမှာ ကြောက်တယ်လေ။ ကျွန်မက တရွတ်တိုက်ဆွဲခေါ်ခံရသလို ခံစားရပြီး နေ့တိုင်း တအားပင်ပန်းနေတာ။ ပုံတွေအကုန်လုံးကို တစ်ခါတည်းပြီးသွားနိုင်ရင် ဘယ်လောက်ကောင်းမလဲဆိုတာကို ခဏခဏ စိတ်ကူးယဉ်ကြည့်တယ်။ တခြားအစ်မတွေရဲ့ တာဝန်တွေက အရမ်းသက်သာတယ်လို့ တွေးပြီး သူတို့တွေကိုတောင် အားကျမိတယ်။ နေ့တိုင်းလုပ်ဖို့အတွက် အဆုံးမရှိတဲ့ ဒီဇိုင်းတွေရှိနေတဲ့ ကျွန်မအလုပ်နဲ့ မတူဘူး ပေါ့။ ခက်ခဲပြီး ပင်ပန်းတယ်။ နှေးနှေးလုပ်ရင် ကိုင်တွယ်ဖြေရှင်းခံရမှာ။ ချပေးတဲ့အလုပ်က မကောင်းဘူးလို့ ကျွန်မ တွေးမိတယ်။ ကျွန်မက မှန်ကန်တဲ့ အခြေအနေမှာ ရှိမနေတော့ အချိန်ခဏလောက်အထိ အမြဲတမ်း အိပ်ချင်နေတယ်။ ညမှာ အများကြီးအိပ်ရပါတယ်။ ဒါပေမဲ့ နေ့ပိုင်းမှာ ကျွန်မက အိပ်တစ်ဝက်၊ နိုးတစ်ဝက်ဖြစ်နေတယ်။ ဒီဇိုင်းတွေကိုလုပ်ဖို့ ကျွန်မ အားတင်းထားရတယ်။ အဲဒီနောက်တော့ ကျွန်မနဲ့အတူလုပ်နေတဲ့ အစ်မနှစ်ယောက်က သူတို့အလုပ်မှာ ပြဿနာနည်းနည်းရှိတာကို ကျွန်မ သတိထားမိတယ်။ သူတို့ထဲကတစ်ယောက်က စည်းမျဉ်းတွေကို နားမလည်ဘဲ အသေးအဖွဲကိစ္စတွေကို ကြေးများနေတော့ တိုးတက်မှုက နှောင့်နှေးနေတယ်။ တခြားတစ်ယောက်ကျတော့ အမြဲတမ်း ဖြစ်သလိုလုပ်တယ်။ ဒါပေမဲ့ ကျွန်မက အဲဒါတွေကို ပေါ့ပေါ့ပါးပါးပဲ ထောက်ပြပြီး ဆက်ပြီး လိုက်မကြည့်တော့ဘူး။ ခေါင်းဆောင်ကိုလည်း ပြောမပြခဲ့ဘူး။ ကျွန်မတို့ အဖွဲ့ခေါင်းဆောင်က ပြဿနာတွေကို တွေ့သွားပြီး ကိုင်တွယ်တယ်။ ဒါပေမဲ့ အလုပ်က နှောင့်နှေးနေပြီ။
တစ်ရက်ကျတော့ ခေါင်းဆောင်က မျှော်လင့်မထားဘဲ ကျွန်မကို လာရှာပြီး ပြောတယ်။ “အစ်မက ဝတ်ကျေတန်းကျေလုပ်တယ်။ လူလည်ကျပြီး လှည့်စားတတ်တယ်။ ကိုယ့်တာဝန်ကို မသိတတ်ဘူး။ တစ်ယောက်ယောက်က တွန်းအားပေးမှပဲ အားစိုက်လုပ်တယ်။ အစ်မက ဘုရားအတွက် ကိုယ့်ကိုယ်ကိုယ်တကယ်အသုံးခံနေတာမဟုတ်ဘူး။ အစ်မရဲ့ အပြုအမူကို အခြေခံပြီး အစ်မကို ထုတ်လိုက်ပြီ။ ဒါပေမဲ့ ဆန္ဒရှိရင်တော့ ဒီဇိုင်းအလုပ်ကို အစ်မ အချိန်ပိုင်းလုပ်လို့ရတယ်။ နောက်ကျရင် အစ်မက နောင်တရတဲ့ပုံစံတွေ တကယ်ပြရင် အစ်မကို ပြန်ခေါ်မယ်” တဲ့။ ခေါင်းဆောင်က ကျွန်မကို ဖော်ထုတ်လိုက်တော့ ကျွန်မ ဆွံ့အသွားတယ်။ ဒါက တကယ်ပဲ ကျွန်မတာဝန်မှာ ကျွန်မလုပ်နေတဲ့ပုံစံပဲ။ ဒါပေမဲ့ အဲဒီအခြေအနေက ကျွန်မအတွက် အရမ်းကို ရုတ်တရက်ကြီးဖြစ်သွားသလို ခံစားရတယ်။ ဒီ လက်တွေ့အရှိတရားကို ချက်ချင်းလက်မခံနိုင်ဘူး။ ကျွန်မကြောင့် အလုပ်နှောင့်နှေးသွားပြီး တကယ့်ထိခိုက်မှုဖြစ်သွားတာကို ကျွန်မ အသိအမှတ်ပြုခဲ့ပါတယ်။ ကျွန်မ တော်တော်စိတ်ဆင်းရဲပြီး နောင်တတွေ၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာတွေနဲ့ပဲ ပြည့်နေခဲ့တယ်။ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားက လူသားရဲ့ ပုန်ကန်ပြစ်မှားမှုကို လုံးဝသည်းမခံဘူးဆိုတာ ခံစားရတယ်။ ဘုရားသခင်က လူတစ်ယောက်ကို ကြည့်တဲ့အခါမှာ သူက ဘယ်လိုကောင်းကောင်းပြုမူတဲ့ပုံစံရှိတယ်၊ ဘယ်လိုအလုပ်ရှုပ်တဲ့ပုံစံရှိတယ်ဆိုတာကို မကြည့်ပါဘူး။ သမ္မာတရားနဲ့ သူ့တာဝန်အပေါ် သူ့ရဲ့သဘောထားကို ကြည့်တာပါ။ ဒါပေမဲ့ ကျွန်မက ကိုယ့်တာဝန်အပေါ် တော်တော်ပေါ့လျော့တဲ့သဘောထားရှိတယ်။ ဖြစ်သလိုလုပ်တယ်။ အချိန်ဆွဲတယ်။ သူများတွေက ကျွန်မကို အမြဲတမ်း တွန်းနေရတယ်။ ကျွန်မက ကိုင်တွယ်ဖြေရှင်းခံရပြီးတဲ့နောက်မှာ မပြောင်းလဲခဲ့ဘူး။ ဟိုးအရင်ကတည်းက ဘုရားက ကျွန်မကို ရွံရှာခဲ့တယ်။ အထုတ်ခံရတာက ဘုရားရဲ့ ပြစ်တင်ဆုံးမမှုနဲ့ ပဲ့ပြင်ဆုံးမှုပါ။ ကျွန်မ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်မိတယ်။ ကိုယ်စိုက်တဲ့အတိုင်း ရိတ်နေရတာပဲ။ ကျွန်မရဲ့ အရင်က ပြစ်မှားမှုတွေကို ဖာထေးဖို့အတွက် နာခံပြီး ကိုယ့်ကိုယ်ကိုယ် တကယ်ပြန်သုံးသပ်ပြီး နောင်တရဖို့ အသင့်ဖြစ်နေခဲ့တယ်။ ဒါပေမဲ့ ကျွန်မ နားမလည်တာတစ်ခုက အစတော့ ကျွန်မက ကောင်းကောင်းလုပ်ချင်တယ်၊ ဒါဆို ဘာကြောင့် ကျွန်မတာဝန်ကို ဒီလိုပုံစံလုပ်မိသွားရတာလဲ။ အကြောင်းရင်းက ဘာလဲ။ ကျွန်မ ခေါင်းရှုပ်နေရင်းနဲ့ ဘုရားကို ဆုတောင်းတယ်။ ကျွန်မပြဿနာကို နားလည်အောင် ဉာဏ်အလင်းဖွင့်ပြဖို့ ဆုတောင်းပါတယ်။
နောက်တော့ ကျွန်မ ဘုရားဝတ်ပြုနေတုန်းမှာ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ဖတ်ပါတယ်။ “အမှန်တကယ်တွင် သင်၏ တာဝန်ကို ကျေပွန်စွာ၊ တာဝန်သိတတ်စွာ ထမ်းဆောင်လျှင် သင်၏ အတွေ့အကြုံများကိုပြောပြီး ဘုရားသခင်အတွက် သက်သေခံနိုင်ဖို့ ငါးနှစ်၊ သို့မဟုတ် ခြောက်နှစ်ပင်ကြာမည် မဟုတ်ဘဲအမျိုးမျိုးသော အသင်းတော် အလုပ်များသည် အလွန်ကောင်းသော ရလဒ်များရရှိသည့်အဖြစ်သို့ ဆောင်ရွက်ခြင်းခံရလိမ့်မည်။ သို့သော် သင်တို့သည် ဘုရားသခင်၏ အလိုတော်ကို သတိရှိဖို့ မလိုလားသကဲ့သို့ သမ္မာတရားဆီသို့လည်း မကြိုးပမ်းပေ။ မည်သို့ပြုလုပ်ရမည်ကို သင်တို့မသိသည့် အရာအချို့ရှိသည်။ ထို့ကြောင့် ညွှန်ကြားချက်အတိအကျကို သင်တို့ကို ငါပေးသည်။ သင်တို့က စဉ်းစားရန်မလိုပေ။ နားထောင်ပြီး ထိုအရာနှင့်ပတ်သက်၍ ဆက်လက် လုပ်ဆောင်ရန်သာ လိုသည်။ ယင်းမှာ သင်ခံယူရမည့် အနည်းငယ်သော တာဝန်သာဖြစ်သည်။ သို့သော် ယင်းသည်ပင်လျှင် သင်တို့ မလုပ်နိုင်ပေ။ သင်တို့၏ သစ္စာစောင့်သိမှုသည် မည်သည့်နေရာတွင်ရှိသနည်း။ မည်သည့်နေရာတွင်မျှ မတွေ့ရပေ။ သင်တို့လုပ်သမျှမှာ ကြား၍ကောင်းသောအရာများကို ပြောခြင်းသာဖြစ်သည်။ သင်၏ စိတ်နှလုံးတွင် မည်သည့်အရာကို လုပ်သင့်သည်ကို သိသည်။ သို့သော် သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခြင်းသာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်းဖြစ်သည်။ အခြေခံအရင်းအမြစ်တွင် ယင်းသည် သမ္မာတရားကို ချစ်ခြင်းကင်းမဲ့ခြင်းဖြစ်သည်။ သမ္မာတရားနှင့်အညီ မည်သို့ဆောင်ရွက်ရမည်ကို သင်တို့၏ စိတ်နှလုံးထဲတွင် အပြည့်အဝကောင်းစွာ သိသည်။ လက်တွေ့မလုပ်ဆောင်ခြင်းသာဖြစ်သည်။ ဤသည်မှာ အရေးကြီးသော ပြဿနာတစ်ခုဖြစ်သည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲ ယင်းကို စိုက်ကြည့်နေခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်ကို နာခံသူ လုံးဝ မဟုတ်ပေ။ ဘုရားအိမ်တော်တွင် တာဝန်တစ်ခုထမ်းဆောင်ရန် သင် အနည်းဆုံးလုပ်ဆောင်ရမည့်အရာမှာ သမ္မာတရားကို ရှာဖွေကာ လက်တွေ့လုပ်ဆောင်ပြီး စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ရန်ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်လျှင် သမ္မာတရားကို မည်သည့်နေရာတွင် သင် လုပ်ဆောင်နိုင်သနည်း။ ပြီးလျှင် မည်သည့်သမ္မာတရားကိုမျှ သင် လက်တွေ့မလုပ်ဆောင်လျှင် သင်က မယုံကြည်သူတစ်ယောက် ဖြစ်သည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ မဆိုထားနှင့်။ သမ္မာတရားကို လက်မခံဘဲ ဘုရားအိမ်တော်တွင် ကြုံရာကျပန်းသာပြုလုပ်နေလျှင် သင်၏ ရည်ရွယ်ချက်သည် အမှန်တကယ်တွင် အဘယ်နည်း။ သင်သည် ဘုရားသခင်၏ အိမ်တော်ကို သင်အငြိမ်းစားယူသည့်အိမ်၊ သို့မဟုတ် အလှူဂေဟာတစ်ခုအဖြစ် ပြုလုပ်လိုသလော။ ဤသို့ဆိုလျှင် သင်သည် မှားယွင်းနေပြီဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်သည် ကပ်ပါးရပ်ပါးများကို၊ အပျင်းခိုသူများကို မစောင့်ရှောက်ပေ။ ညံ့ဖျင်းသော လူ့သဘာဝရှိသူ၊ မိမိတို့၏ တာဝန်ကို ဝမ်းမြောက်စွာ မထမ်းဆောင်သူ၊ တာဝန်ထမ်းဆောင်ရန် မသင့်တော်သူမည်သူမဆို အားလုံး ဖယ်ရှားခံရမည်။ သမ္မာတရားကို လက်မခံသည့် မယုံကြည်သူအားလုံး ထုတ်ပယ်ခြင်းခံရမည်။ လူအချို့သည် သမ္မာတရားကို နားလည်သော်လည်း ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ယင်းကို လက်တွေ့မလုပ်ဆောင်ပေ။ ပြဿနာတစ်ခုကို မြင်သောအခါ မဖြေရှင်းသကဲ့သို့၊ တစ်စုံတစ်ခုသည် ၎င်းတို့၏ တာဝန်ဖြစ်သည်ကို သိသောအခါတွင်လည်း အစွမ်းကုန်မလုပ်ဆောင်ပေ။ သင်စွမ်းဆောင်နိုင်သော တာဝန်များကိုပင် မဆောင်ရွက်လျှင် သင်၏ တာဝန်ကိုထမ်းဆောင်ခြင်းတွင် မည်သည့်တန်ဖိုး၊ သို့မဟုတ် မည်သည့်သက်ရောက်မှု ရှိနိုင်သနည်း။ ဤနည်းဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်းသည် အဓိပ္ပာယ်ရှိသလော။ သမ္မာတရားကို နားလည်သော်လည်း လက်တွေ့မလုပ်ဆောင်နိုင်သော၊ ခံယူသင့်သော အခက်အခဲများကို မခံနိုင်သောသူ၊ ထိုသို့သောသူသည် တာဝန်ထမ်းဆောင်ရန် မသင့်တော်ပေ။ တာဝန်ထမ်းဆောင်သောသူအချို့သည် အမှန်တကယ်ပင် အစာစားရန်အတွက်သာ တာဝန်ထမ်းဆောင်ကြသည်။ ၎င်းတို့သည် သူတောင်းစားများဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်တွင် အလုပ်အနည်းငယ်လုပ်လျှင် နေစရာ၊ စားစရာ စားရိတ်ငြိမ်းလိမ့်မည်၊ အလုပ်ရှာရန်မလိုအပ်ဘဲ ထောက်ပံ့ခံရလိမ့်မည်ဟု ထင်ကြသည်။ ဤသို့သော အပေးအယူမျိုးရှိသလော။ ဘုရားအိမ်တော်သည် ငပျင်းများကို မပံ့ပိုးပေ။ သမ္မာတရားကို အနည်းငယ်မျှပင် လက်တွေ့မလုပ်ဆောင်သော၊ မိမိတို့၏ တာဝန်ထမ်းဆောင်ရာတွင် အစဉ်သဖြင့် ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုသောမည်သူမဆိုက ဘုရားသခင်ကို ယုံကြည်သည်ဟု ဆိုလျှင် ဘုရားသခင်က ၎င်းတို့အား အသိအမှတ်ပြုမည်လော။ ဤသို့သောသူအားလုံးသည် မယုံကြည်သူများဖြစ်ပြီး ဘုရားသခင်မြင်သည့်အတိုင်း မကောင်းမှုပြုသူများဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏တာဝန်ကို ကောင်းစွာထမ်းဆောင်ဖို့ရာ အကြင်သူသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ အနည်းဆုံး ပိုင်ဆိုင်ရမည်) ဘုရားနှုတ်ကပတ်တော်ကို သေချာစဉ်းစားကြည့်ရင်းနဲ့ သူက ကျွန်မရှေ့တည့်တည့်မှာ ကျွန်မကို ဖွင့်ပြနေသလို ခံစားရတယ်။ ကျွန်မတာဝန်ကို ကျွန်မလုပ်တဲ့ပုံစံကို သူက အတိအကျ ဖော်ပြတယ်။ ဖြစ်ခဲ့တာတွေကို တစ်ခုပြီးတစ်ခု ပြန်စဉ်းစားကြည့်တယ်။ ကြီးကြပ်ရေးမှူးက အလုပ်ကို သိပ်ပြီးလိုက်မစစ်တာကို ကျွန်မ သတိထားမိတော့ ဒါကို အခွင့်ကောင်းယူပြီး မရိုးမသားလုပ်တယ်။ ကောက်ကျစ်တယ်။ ကျွန်မက ငြိမ်နေတဲ့ပုံစံမရှိပေမဲ့ အလုပ်တွေသိပ်မပြီးဘူး။ အားလပ်ချိန်မှာ ကျွန်မက ကိုယ့်တာဝန်မှာ ဘာပြဿနာတွေရှိတဲ့အကြောင်း၊ ကျွန်မရဲ့ အသက်ဝင်ရောက်မှုအကြောင်းတွေကို မစဉ်းစားဘူး။ သိချင်စိတ်နဲ့ သတင်းတွေပဲ ကြည့်နေတယ်။ ကျွန်မစိတ်နှလုံးထဲမှာ မှန်ကန်တာ ဘာမှမရှိဘူး။ ကျွန်မက အလုပ်တိုးတက်မှုကို နှောင့်နှေးအောင်လုပ်နေတာကို လုံးဝ သတိမထားမိဘူး။ ကြီးကြပ်ရေးမှူးက ပြုပြင်တာ၊ ကိုင်တွယ်ဖြေရှင်းတာကို ခံရပြီးတဲ့နောက်မှာ ကျွန်မရဲ့ အလုပ်ထိရောက်မှုက နည်းနည်းတိုးတက်သွားတယ်။ ဒါပေမဲ့ ကျွန်မက အထုတ်မခံရဖို့အတွက်နဲ့ပဲ အားစိုက်ဖို့ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးနေတာပါ။ ကျွန်မက သူကြီးကြပ်ကွပ်ကဲတာကို အတိုက်အခံဖြစ်ပြီး မကျေနပ်ဘူး။ ကိုယ့်တာဝန်ကို လုပ်ရတာကိုတောင် စိတ်ရှုပ်လာတယ်။ ဒါက ကျေးဇူးအတင်မခံရတဲ့၊ ခက်တဲ့အလုပ်တစ်ခုလို ခံစားမိခဲ့တယ်။ ကျွန်မနဲ့အတူလုပ်တဲ့ အစ်မတစ်ယောက်က ဖြစ်သလိုလုပ်နေပြီး အလုပ်က နှောင့်နှေးနေတာကို သိပေမဲ့ ကျွန်မက မျက်ကွယ်ပြုတယ်။ ကျွန်မကကိုယ့်တာဝန်အပေါ်မှာ ဘာရိုးသားမှုမှမရှိတာကို သဘောပေါက်ခဲ့ပါတယ်။ ကျွန်မက သမ္မာတရားကို လုံးဝ လက်တွေ့မလုပ်ဘူး။ ဘုရားအလိုတော်ကို ထည့်မစဉ်းစားဘူး။ ကိုယ်ခန္ဓာသက်သောင့်သက်သာဖြစ်ဖို့ပဲ ဂရုစိုက်ခဲ့တယ်။ ကျွန်မက အသင်းတော်ဆီကနေ အလကားစားရဖို့ ကြည့်နေတဲ့ ကပ်ပါးကောင်တစ်ကောင်ပါပဲ။ ကျွန်မက အသိစိတ်၊ ဆင်ခြင်တုံတရားမရှိပါဘူး။ ဗိုက်ဝအောင်စားပြီး ကောင်းချီးတွေရဖို့ပဲ ဂရုစိုက်တဲ့ အဲဒီမယုံကြည်သူတွေနဲ့ ကျွန်မအပြုအမူက ဘာမှမကွာဘူး။ တာဝန်ကို ကျွန်မ ဒီလိုပုံစံနဲ့လုပ်နေတာက ကျွန်မက အလုပ်ကို နားမလည်လို့၊ သင့်တော်တဲ့ ကျွမ်းကျင်မှုမရှိလို့ မဟုတ်ပါဘူး။ ကျွန်မက လူ့သဘာဝကင်းမဲ့ပြီး သမ္မာတရားကို မလိုက်စားတာကြောင့်ပါ။ ပြီးတော့ ဇာတိပကတိ သက်သာတာကို တပ်မက်လို့ပါ။ ကျွန်မက အသင်းတော်မှာ တာဝန်ထမ်းဆောင်ဖို့ လုံးဝ မထိုက်တန်ပါဘူး။
ကျွန်မ ကိုယ့်ကိုယ်ကိုယ်သုံးသပ်ရင်းနဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို ဖတ်တယ်။ “ဘုရားသခင်ရွေးချယ်ထားသောလူအားလုံးသည် ယခုအခါတွင် ၎င်းတို့၏ တာဝန်များကို လက်တွေ့လုပ်ဆောင်နေကြသည်။ ဘုရားသခင်သည် လူအုပ်စုတစ်စုကို စုံလင်စေပြီး အခြားအုပ်စုကို ထုတ်ပယ်ရန်အတွက် လူတို့၏ တာဝန်ထမ်းဆောင်မှုကို အသုံးပြုသည်။ လူအမျိုးအစားတစ်ခုစီတိုင်းအား ထုတ်ဖော်ပြသည်မှာ တာဝန်ထမ်းဆောင်မှုဖြစ်ပြီး လှည့်စားသူ၊ မယုံကြည်သူနှင့် မကောင်းသောသူအမျိုးအစား တစ်မျိုးချင်းစီသည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရာတွင် ထုတ်ဖော်ခံရပြီး ထုတ်ပယ်ခံရသည်။ မိမိတို့၏ တာဝန်ကို သစ္စာရှိစွာထမ်းဆောင်သောသူတို့သည် ရိုးသားသူများ ဖြစ်ကြသည်။ အစဉ်သဖြင့် ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုသူများသည် လှည့်စားတတ်ပြီး ပါးနပ်သောသူများဖြစ်ကြသည်။ ၎င်းတို့သည် မယုံကြည်သူများဖြစ်ကြသည်။ မိမိတို့၏တာဝန်များကို ထမ်းဆောင်ရာတွင် အနှောင့်အယှက်နှင့်၊ အဖျက်အဆီးများ ဖြစ်စေသောသူများသည် ဆိုးယုတ်သောသူများဖြစ်ပြီး ၎င်းတို့သည် အန္တိခရစ်များ ဖြစ်ကြသည်။...လူအားလုံးတို့သည် သူတို့၏ တာဝန်ကိုထမ်းဆောင်ရာတွင် ထုတ်ဖော်ခြင်းခံရသည်။ လူတစ်ယောက်ကို တာဝန်တစ်ခုသာ ချပေးလော့။ မကြာခင်တွင် ထိုသူသည် ရိုးသားသူ၊ သို့မဟုတ် လှည့်စားသူဖြစ်မဖြစ်၊ သမ္မာတရားကို ချစ်သောသူဖြစ်မဖြစ်ကို ထုတ်ဖော်ပြခြင်းခံရလိမ့်မည်။ သမ္မာတရားကို ချစ်သောသူတို့သည် တာဝန်များကို ရိုးသားစစ်မှန်စွာ ထမ်းဆောင်နိုင်ပြီး ဘုရားအိမ်တော်၏ အလုပ်ကို ထိန်းသိမ်းနိုင်သည်။ သမ္မာတရားကို မချစ်သောသူတို့သည် ဘုရားအိမ်တော်၏အလုပ်ကို အနည်းငယ်မျှပင် မထိန်းသိမ်းကြပေ။ ၎င်းတို့သည် မိမိတို့တာဝန်များကို ထမ်းဆောင်ရာတွင် တာဝန်မသိတတ်ကြပေ။ ဤသည်မှာ မြင်ရန်မျက်လုံးရှိသူတို့အဖို့ မြင်သာပေသည်။ မိမိတို့၏ တာဝန်ကို ညံ့ဖျင်းစွာ ထမ်းဆောင်သောသူ မည်သူမဆိုသည် သမ္မာတရားကို ချစ်သူ၊ သို့မဟုတ် ရိုးသားသူမဟုတ်ပေ။ ၎င်းတို့အားလုံးသည် ထုတ်ဖော်ခံရပြီး စွန့်ပစ််ခြင်းခံရမည့် ပစ်မှတ်များဖြစ်သည်။ လူတို့သည် မိမိတို့တာဝန်ကို ကောင်းစွာထမ်းဆောင်ရန် တာဝန်သိစိတ်နှင့် ဝန်ထုပ်ဝန်ပိုး ထမ်းရွက်လိုစိတ်ရှိရမည်။ ဤနည်းအားဖြင့် အလုပ်သည် ကောင်းမွန်စွာ ပြီးမြောက်မည်မှာ သံသယရှိစရာမလိုပေ။ မဖြစ်သင့်သည့်တိုင်၊ လူတစ်ယောက်သည် တာဝန်သိစိတ်၊ သို့မဟုတ် ဝန်ထုပ်ဝန်ပိုးထမ်းရွက်လိုစိတ်မရှိ ဖြစ်လျှင်၊ အရာရာကို လုပ်ဆောင်ရန်အတွက် လှုံ့ဆော်နေရလျှင်၊ အစဉ်သဖြင့် အလျင်လိုနေပြီး ဝတ်ကျေတမ်းကျေပြုလျှင်၊ ပြဿနာများပေါ်ပေါက်သောအခါ အပြစ်ကို လွှဲချရန် ကြိုးစားကာ ပြဿနာများကို ကြာရှည်စေပြီး မပြေလည်ဘဲရှိနေလျှင် အလုပ်ကို ကောင်းစွာပြီးမြောက်နိုင်ဦးမည်လော။ ဤသို့သော တာဝန်ထမ်းဆောင်မှုသည် ထိရောက်မှုရှိနိုင်သလော။ ၎င်းတို့သည် ၎င်းတို့အတွက် စီစဉ်ပေးသော မည်သည့်အလုပ်ကိုမျှ လုပ်ဆောင်လိုမည် မဟုတ်ပေ။ အလုပ်တွင် အကူအညီလိုအပ်နေသော အခြားလူများအား ၎င်းတို့မြင်သည့်အခါ အရေးစိုက်မည်မဟုတ်ပေ။ အမိန့်ပေးသည့်အခါမှသာ၊ မဖြစ်မနေ လုပ်ဆောင်ရမည့်အချိန်ရောက်ပြီး ရွေးချယ်စရာမရှိတော့သည့်အခါမှသာ ၎င်းတို့က အနည်းငယ် လုပ်ဆောင်ကြလိမ့်မည်။ ဤသည်မှာ ၎င်းတို့သည် မိမိတို့၏တာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်မည် မဟုတ်ပေ။ ငှားရမ်းထားသော အလုပ်သမားဖြစ်လိမ့်မည်။ ငှားရမ်းထားသော အလုပ်သမားသည် တစ်ရက်စာ လုပ်ခအတွက် တစ်ရက်စာ၊ တစ်နာရီလုပ်ခအတွက် တစ်နာရီစာ လုပ်ကိုင်ရင်း အလုပ်ရှင်တစ်ယောက်အတွက် အလုပ်လုပ်သည်။ ၎င်းတို့သည် လုပ်ခရရှိရန် စောင့်မျှော်လျက်ရှိသည်။ ၎င်းတို့သည် သူဌေးက မမြင်သည့် မည်သည့်အလုပ်ကိုမဆို လုပ်ရန် ကြောက်ရွံ့ကြသည်။ ၎င်းတို့သည် ၎င်းတို့လုပ်ဆောင်သည့် မည်သည့်အရာမဆိုအတွက် ဆုချီးမြှင့်ခြင်းမခံရမည်ကို ကြောက်ရွံ့ကြသည်။ ၎င်းတို့သည် အယောင်ပြအတွက်သာ အစဉ် အလုပ်လုပ်ကြသည်။ ဤသည်မှာ ၎င်းတို့သည် သစ္စာမရှိဟု ဆိုလိုသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ရိုးသားခြင်းအားဖြင့်သာ စစ်မှန်သော လူသားအဖြစ် အသက်ရှင်နိုင်သည်) “ဘုရားသခင်ကို ယုံကြည်ခြင်းသည် အသက်တာတွင် မှန်ကန်သောလမ်းကြောင်းကို လျှောက်ခြင်းဖြစ်ပြီး သမ္မာတရားကို လိုက်စားရမည်။ ဤသည်မှာ ဝိညာဉ်၏၊ အသက်၏ အရေးကိစ္စဖြစ်ပြီး မယုံကြည်သူများ၏ ကြွယ်ဝချမ်းသာမှုနှင့် ဂုဏ်ကျက်သရေတို့နောက်လိုက်ခြင်း၊ မိမိအတွက် ထာဝရအမည်တွင်ရန် ကြိုးစားခြင်းတို့နှင့် ကွာခြားသည်။ ဤသည်တို့မှာ မတူညီသောလမ်းများဖြစ်သည်။ မယုံကြည်သူများသည် ၎င်းတို့၏ အလုပ်အကိုင်များတွင် အလုပ်ကို မည်သို့နည်းနည်းလုပ်ပြီး ပိုက်ဆံများများရအောင် လုပ်နိုင်မည်ဆိုသည်ကိုလည်းကောင်း၊ ဝင်ငွေပိုရရှိရန် ၎င်းတို့ အသုံးချနိုင်သည့် မယုံကြည်ရသော လှည့်ကွက်များကိုလည်းကောင်း စဉ်းစားကြသည်။ မည်သို့ချမ်းသာအောင်လုပ်ပြီး ၎င်းတို့မိသားစုကို ကြွယ်ဝအောင်လုပ်ရမည်ကို တစ်နေကုန် စဉ်းစားကြသည်။ ၎င်းတို့၏ ပန်းတိုင်ကို ရရှိရန်အတွက် မသမာသောနည်းများကိုပင် ထုတ်သုံးကြသည်။ ဤသည်မှာ မကောင်းမှုလမ်းကြောင်းဖြစ်သည်။ စာတန်၏ လမ်းကြောင်းဖြစ်သည်။ မယုံကြည်သူများလျှောက်သည့် လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သူများလျှောက်သည့်လမ်းကြောင်းသည် သမ္မာတရားကို လိုက်စားပြီး အသက်ကိုရရှိသည့် လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်နောက်လိုက်ပြီး သမ္မာတရားကို ရရှိသည့်လမ်းကြောင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ရိုးသားခြင်းအားဖြင့်သာ စစ်မှန်သော လူသားအဖြစ် အသက်ရှင်နိုင်သည်) မယုံကြည်သူတွေ အလုပ်လုပ်တာက အပေးအယူတစ်ခုပဲ။ ပိုက်ဆံရဖို့အတွက်၊ ကိုယ့်အကျိုးစီးပွားအတွက်ပဲဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ တွေ့ခဲ့ပါတယ်။ သူတို့က ဘာမှမလုပ်ဘဲနဲ့တောင် ပိုက်ဆံရချင်တာ။ တစ်ယောက်ယောက်က သူတို့အလုပ်ကို စစ်ရင် သူတို့က ဟန်လုပ်ပြီး အလုပ်နည်းနည်းလုပ်တယ်။ ဒါပေမဲ့ ဘယ်သူကမှ ကြည့်မနေတဲ့အချိန်မှာ သူတို့က စိတ်မချရဘူး။ လှည့်စားတတ်တယ်။ သူတို့အလုပ်က ဘယ်အခြေအနေမှာပဲ ရောက်နေပါစေ စိတ်မပူကြဘူး။ ပိုက်ဆံပဲ လိုချင်ကြတာ။ ကျွန်မကလည်း လုံးဝ ဒီလိုပဲဆိုတာ သဘောပေါက်သွားတယ်။ ကျွန်မတာဝန်မှာ ဖိအား၊ အခက်အခဲတစ်ခုမှမရှိတဲ့အခါမှာ၊ ဒုက္ခမခံရတဲ့အခါ၊ အဖိုးအခမပေးဆပ်ရတဲ့အခါမှာ ဒီတာဝန်က တကယ်ကို မဆိုးဘူးပဲလို့ ခံစားမိတယ်။ ကျွန်မက ဒီအတိုင်းထိုင်မနေသရွေ့၊ အလုပ်တချို့ပြီးနိုင်သရွေ့ အထုတ်မခံရဘူး၊ အသင်းတော်မှာ နေဖို့ အရည်အချင်းပြည့်မီမယ်၊ နောက်ဆုံးမှာ ကယ်တင်ခြင်းခံရမယ်လို့ တွေးတယ်။ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်ပေါ့။ ကျွန်မက တော်တော် ပျင်းရိနေတဲ့ပုံစံမရှိဘူး။ သူများတွေက ဘာပြဿနာမှမမြင်ကြဘူး။ ဒါပေမဲ့ ကျွန်မက အားကုန်မလုပ်ဘူး။ အလုပ်နည်းနည်းနဲ့ပဲ ကျေနပ်ရောင့်ရဲနေတာ။ ကျန်တဲ့အချိန်တွေမှာ ကျွန်မက အရေးမပါတဲ့ အချက်အလက်တချို့ကို ကြည့်တယ်။ ဆန်းသစ်တဲ့ဟာတချို့ကို ရှာဖို့ အရေးမကြီးတာတွေကို စစ်ကြည့်နေတယ်။ အမြဲတမ်း အချိန်ဖြုန်းနေတာပါ။ ဒါက မယုံကြည်သူတစ်ယောက်က သူဌေးတစ်ယောက်အတွက် အလုပ်လုပ်နေတာနဲ့ ဘာမှမကွာဘူး။ အလုပ်က နှောင့်နှေးနေတော့ ကျွန်မက အရေးမကြီးသလို နေပြီး အရေးတကြီးဖြစ်တဲ့စိတ် တစ်ခုမှမရှိခဲ့ဘူး။ ကိုင်တွယ်ဖြေရှင်းခံရပြီး ဖော်ထုတ်ခံရတော့ ကျွန်မက သိက္ခာနည်းနည်းဆည်ပြီး အထုတ်မခံရဖို့အတွက် နည်းနည်းပိုအားစိုက်လိုက်တယ်။ ဒါပေမဲ့ စံသတ်မှတ်ချက်တွေ ထုတ်လိုက်တာနဲ့ ကျွန်မက အတိုက်အခံဖြစ်ပြီး စောဒကတက်တယ်။ ပိုလွယ်ပြီး ပိုသက်သာတဲ့တာဝန်တစ်ခုကို ပြောင်းချင်တယ်။ ကျွန်မက တာဝန်ထမ်းဆောင်နေတဲ့ပုံစံရှိပေမဲ့ ကြီးကြပ်ရေးမှူးမြင်ဖို့အတွက် တာဝန်ကို ပြီးအောင်လုပ်နေတာသက်သက်ပဲ။ ကိုယ့်တာဝန်အပေါ်၊ ဘုရားအပေါ်မှာ ရိုးသားမှုမရှိဘူး။ ကောင်းကင်နိုင်ငံတော်ရဲ့ ကောင်းချီးနဲ့ လဲလှယ်ဖို့အတွက် သေးငယ်တဲ့ အဖိုးအခကိုပဲ ကျွန်မက ပေးဆပ်ချင်တယ်။ ဒါက ဘုရားသခင်နဲ့ အပေးအယူတစ်ခုလုပ်ဖို့ ကြိုးစားနေတာပဲ။ တာဝန်ထမ်းဆောင်တဲ့ ဒီနှစ်တွေအားလုံးပြီးတဲ့နောက်မှာ ကျွန်မက စိတ်မချရတဲ့၊ ကောက်ကျစ်တဲ့သူအဖြစ် ဖော်ထုတ်ခံရမယ်လို့ လုံးဝ စိတ်မကူးမိခဲ့ဘူး။ ဘုရားသခင်က ကျွန်မကို ပေးခဲ့တာတွေနဲ့ ဘုရားနှုတ်ကပတ်တော်ရဲ့ အာဟာရကို ကျွန်မ ခံစားခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ကိုယ့်တာဝန်မှာ သက်သာလွယ်ကူတာကိုပဲ ရှာတယ်။ ဒုက္ခမရောက်စေတဲ့ဟာမှန်သမျှကို လုပ်တယ်။ အသင်းတော်အလုပ်နဲ့ ဘုရားရဲ့ အရေးတကြီးဖြစ်တဲ့ အလိုတော်ကို လုံးဝ ထည့်မစဉ်းစားဘူး။ ကျွန်မက ဘုရားအပေါ်ကြောက်ရွံ့ခြင်းမရှိပါဘူး။ ဒါက ဘယ်လိုလုပ်ပြီး တာဝန်ထမ်းဆောင်တာဖြစ်မှာလဲ။ ကျွန်မက အသင်းတော်အလုပ်ကို နှောင့်နှေးအောင်လုပ်တယ်ဆိုတာ ရှင်းပါတယ်။ ကျွန်မက အသင်းတော်ကနေ အလကားရယူနေတဲ့ အခွင့်အရေးသမားတစ်ယောက်ဖြစ်ခဲ့တယ်။ ကျွန်မ ပြန်သုံးသပ်ရင်းနဲ့ သဘောပေါက်သွားတယ်။ ကျွန်မ အရမ်းတစ်ကိုယ်ကောင်းဆန်နေတာက “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏”၊ “အရာရှိတစ်ဉီး ဖြစ်လာခြင်းမှာ အစားကောင်းနှင့် ဝတ်ကောင်းစားလှများအတွက် ဖြစ်သည်”၊ “ဘဝသည် တိုတောင်း၏။ ဘဝတွင် ပျော်နိုင်တုန်းပျော်ပါ” ဆိုတာမျိုး ဆိုးယုတ်တဲ့ အတွေးအခေါ်တွေကို ကိုင်စွဲနေတာကြောင့်ပဲ။ ဒါတွေက ကျွန်မရဲ့ တကယ့်ဘဝဖြစ်လာတယ်။ ဒါတွေနဲ့ အသက်ရှင်နေရင်းနဲ့ ကျွန်မက ကိုယ့်လုပ်ရပ်တွေမှာ ကိုယ့်ရဲ့ဇာတိပကတိအတွက်ပဲ ထည့်စဉ်းစားတယ်။ ကျွန်မတို့ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ကြင်နာရမယ်၊ ကိုယ့်ကိုယ်ကို ပင်ပန်းအောင်လုပ်ပြီး အလုပ်အရမ်းလုပ်တာက မတန်ဘူးလို့ ခံစားမိခဲ့တယ်။ လွတ်လပ်ပြီး လွယ်ကူတာက အရမ်းကောင်းတယ်။ စိတ်ပူပြီး ပင်ပန်းတာက ဆုံးရှုံးရတဲ့ အခြေအနေတစ်ခုပဲ။ ကျွန်မက ကိုယ့်တာဝန်မှာ အဲဒီသဘောထား အမြဲတမ်းရှိတယ်။ ဝတ်ကျေတန်းကျေလုပ်ပြီး နှေးကွေးတယ်။ ဒါကြောင့်နောက်ဆုံးကျတော့ အသင်းတော်အလုပ်က နှောင့်နှေးပြီး ကိုယ်ပိုင်သိက္ခာက ပျက်စိးသွားတာပဲ။ ကျွန်မက ယုံကြည်သူတစ်ယောက်ဖြစ်ပေမဲ့ ဘုရားနှုတ်ကပတ်တော်တွေကို လက်တွေ့လု့ပ်ရမယ့်အစား စာတန်ရဲ့ အတွေးမှားတွေအတိုင်း အသက်ရှင်တယ်။ ပိုပြီးတော့ တစ်ကိုယ်ကောင်းဆန်လာပြီး ကောက်ကျစ်လာတယ်။ စာရိတ္တပျက်လာတယ်။ ကျွန်မက ဂုဏ်သိက္ခာမရှိဘူး။ ယုံကြည်ဖို့ မထိုက်တန်ပါဘူး။ အလုပ်မှာ မယုံကြည်သူတစ်ယောက်အတွက်တောင်မှ ကိစ္စတွေကို ဒီလို အခွင့်အရေးယူတတ်တဲ့ စိတ်ထားနဲ့ ချဉ်းကပ်ရင် ခဏလောက်တော့ ရချင်ရနိုင်ပေမဲ့ နည်းနည်းကြာလာရင် သူများတွေက ရိပ်စားမိလာမှာပဲ။ ပြီးတော့ ကျွန်မက အသင်းတော်မှာ၊ လူတွေရဲ့ စိတ်နှလုံးကို မြင်တဲ့ ဘုရားရှေ့တည့်တည့်မှာ တာဝန်ထမ်းဆောင်နေတာပါ။ ကျွန်မက လှည့်ကွက်တွေ၊ လှည့်စားတာတွေလုပ်တယ်။ ကျွန်မကို ခဏလောက်အထိ မသိကြပေမဲ့ ဘုရားသခင်က အကုန်လုံးကို လုံးဝ ရှင်းရှင်းလင်းလင်း မြင်တယ်။ ကျွန်မက သူ့အတွက် လုံးဝ အမှန်တကယ် အသုံးမခံနေဘဲ ဖြစ်ရုံလောက်ပဲလုပ်တယ်ဆိုတာ သူမြင်တယ်။ ဒီအချိန်မှာ ကျွန်မ တွေးမိတယ်။ ကျွန်မက အလုပ်မှာ အမြဲတမ်း အိပ်ချင်ပြီး နုံးနေတာ၊ ဘုရားရဲ့ တည်ရှိမှုကို မခံစားရတာ မဆန်းဘူးပေါ့။ ဒါဟာ ကျွန်မက လူလည်ကျပြီး လှည့်စားတတ်တာကြောင့်ပဲ။ ဒါကို ဘုရားက စက်ဆုပ်ရွံရှာတယ်။ သူက ဟိုးအရင်ကတည်းက သူ့မျက်နှာကို ကျွန်မဆီကနေ ပုံးကွယ်နေပြီ။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အလုပ်မရှိတော့ ကျွန်မက အရမ်းထုံထိုင်းလာတယ်။ ဒါကြောင့် အလုပ်ကို ဘယ်လောက် ကောင်းကောင်းသိပါစေ၊ ဘယ်လောက် အတွေ့အကြုံရှိပါစေ ကျွန်မလုပ်တာ ကောင်းမှာမဟုတ်ဘူး။
နောက်ပိုင်းမှာ တာဝန်တစ်ခုမှာ ဝတ်ကျေတန်းကျေလုပ်တဲ့ သဘာဝကို ကျွန်မအတွက် ရှင်းလင်းပြပေးတဲ့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မဖတ်တယ်။ ဘုရားရဲ့ စိတ်သဘောထားကို ချိုးဖောက်လို့မရနိုင်ဘူးဆိုတာကိုလည်း ကျွန်မ မြင်နိုင်ခဲ့တယ်။ ဘုရားသခင်က ပြောသည်- “ဘုရားသခင်၏ တာ၀န်ပေးစေခိုင်းချက်များကို သင် မည်သို့ ယူမှတ်သည်မှာ အလွန့်အလွန် အရေးကြီးသည်။ ဤအရာသည် အလွန်လေးနက်သော ကိစ္စရပ်တစ်ခု ဖြစ်သည်။ လူတို့အပေါ် ဘုရားသခင် အပ်နှံထားသည့်အရာကို သင် မပြည့်စုံစေနိုင်လျှင်၊ သင်သည် သူ၏ မျက်မှောက်တော်တွင် အသက်ရှင်ရန် မသင့်တော်သကဲ့သို့၊ အပြစ်ပေးခံရသင့်ပေသည်။ ဘုရားသခင် အပ်နှံသည့် မည်သည့် တာဝန်များကိုမဆို ပြည့်စုံစေသင့်သည်မှာ၊ ကောင်းကင်က ချမှတ်ထားပြီး မြေကြီးက အသိအမှတ်ပြုထားခြင်းဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ အထွတ်အထိပ် တာဝန်ဖြစ်ပြီး၊ ၎င်းတို့၏ တကယ့် အသက်တမျှပင် အရေးကြီးပေသည်။ ဘုရားသခင်၏ တာ၀န်ပေး စေခိုင်းချက်များကို သင် အလေးအနက်မထားလျှင်၊ သင်သည် သူ့ကို အဆိုးရွားဆုံးသော နည်းလမ်းဖြင့် သစ္စာဖောက်နေခြင်း ဖြစ်သည်၊ ဤတွင်၊ သင်သည် ယုဒထက် ပိုမိုကြေကွဲဝမ်းနည်းဖွယ်ကောင်းပြီး ကျိန်ဆဲခံရသင့်ပေသည်။ လူတို့သည် ၎င်းတို့အပေါ် ဘုရားသခင် အပ်နှံသည့်အရာကို ရှုမြင်ပုံနှင့်ပတ်သက်၍ အကုန်အစင် သိနားလည်မှုတစ်ခု ရရှိရမည်ဖြစ်ပြီး၊ အနည်းဆုံးအနေဖြင့်၊ လူသားမျိုးနွယ်ကို သူ အပ်နှံသည့် တာဝန်ပေးစေခိုင်းချက်များသည် ဘုရားသခင်ထံမှ ချီးမြှောက်ခြင်းများနှင့် အထူး မျက်နှာသာပေးခြင်းများ ဖြစ်သည်၊ ၎င်းတို့သည် ဂုဏ်ကျက်သရေအရှိဆုံးသော အရာများ ဖြစ်သည်ကို သဘောပေါက်ရမည်။ အခြားအရာအားလုံးကို စွန့်ပစ်နိုင်သည်- လူတစ်ဦးသည် မိမိ၏ အသက်ကို စွန့်လွှတ်ရမည်ဖြစ်လျှင်ပင်၊ သူသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းမြဲ ဖြည့်ဆည်းရမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း) “တစ်ကြိမ်တွင် ငါသည် လူတစ်ယောက်ကို တစ်စုံတစ်ခုလုပ်ဆောင်ရန် အပ်နှံခဲ့သည်။ ထိုသူအား အလုပ်အကြောင်းကို ငါရှင်းပြသောအခါ သူသည် သူ၏ မှတ်စုစာအုပ်တွင် သေချာမှတ်သားသည်။ မှတ်သားရာတွင် သူသည် မည်မျှ ဂရုစိုက်သည်ကို ငါမြင်သည်။ သူသည် အလုပ်အတွက် တာဝန်ခံယူသည့်စိတ်၊ ဂရုစိုက်ပြီး တာဝန်သိတတ်သောသဘောထားကို ခံစားရသည့်ပုံစံရှိသည်။ ထိုသူအား အလုပ်ကို ပေးအပ်ပြီးသည့်နောက်တွင် အခြေအနေကို သိရရန် ငါစောင့်နေခဲ့သည်။ နှစ်ပတ်ကြာသွားပြီးသည့်တိုင် အကြောင်းမပြန်သေးပေ။ ထို့ကြောင့် ငါသည် ထိုသူအား မိမိဘာသာ လိုက်ရှာပြီး သူ့အား ငါပေးအပ်ခဲ့သောအလုပ်က မည်သို့အခြေအနေရှိသည်ကို မေးမြန်းသည်။ သူက ‘အိုး၊ ကျွန်တော် မေ့သွားတယ်။ ဘာအလုပ်လဲဆိုတာ ထပ်ပြောပြပါဦး။’ ဟုဆိုသည်။ သူ၏ အဖြေနှင့်ပတ်သက်၍ သင်တို့ မည်သို့ခံစားရသနည်း။ ဤသည်မှာ အလုပ်တစ်ခု လုပ်ဆောင်သောအခါတွင် ထိုသူရှိသော သဘောထားမျိုးဖြစ်သည်။ ငါက ‘ဒီလူက တကယ်ကို မယုံကြည်ထိုက်ဘူး။ ငါ့နားက အမြန်ထွက်သွားတော့။ မင်းကို ထပ်ပြီး မမြင်ချင်ဘူး။’ ဟု တွေးမိသည်။ ဤသည်မှာ ငါခံစားရသည့် ပုံစံဖြစ်သည်။ ထို့ကြောင့် သင်တို့ကို ငါ အမှန်တရားတစ်ခု ပြောပြမည်။ သင်သည် ဘုရားနှုတ်ကပတ်တော်များကို လူလိမ်တစ်ယောက်၏ လိမ်ညာမှုများနှင့် မည်သည့်အခါမျှ မဆက်စပ်ရပေ။ ဤသို့လုပ်ဆောင်ခြင်းသည် ဘုရားသခင်အတွက် စက်ဆုပ်စရာဖြစ်သည်။ ကတိတည်သည်၊ ပြောသည့်အတိုင်းလုပ်သည်ဟု ဆိုသောသူအချို့ရှိသည်။ ဤသို့ဆိုလျှင် ဘုရားနှုတ်ကပတ်တော်များနှင့် ပတ်သက်လာလျှင် ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ကြားသည့်အခါတွင် ထိုနှုတ်ကပတ်တော်များက ပြောသည့်အတိုင်း ၎င်းတို့လုပ်နိုင်သလော။ ၎င်းတို့၏ ပုဂ္ဂိုလ်ရေးကိစ္စများကို လုပ်ဆောင်ကဲ့သို့ ဂရုတစိုက် ဆောင်ရွက်နိုင်သလော။ ဘုရားသခင်၏ စာကြောင်းတိုင်းသည် အရေးကြီးသည်။ သူသည် ပေါ့ပေါ့တန်တန် မပြောပေ။ လူတို့သည် သူပြောသည့်အရာကို ဆောင်ရွက်ပြီး အကောင်အထည်ဖော်ရမည်။ ဘုရားသခင်က စကားပြောသောအခါ သူသည် လူတို့နှင့် တိုင်ပင်နေခြင်းဖြစ်သလော။ သေချာပေါက် မဟုတ်ပေ။ သူသည် သင့်အား ရွေးချယ်ဖြေဆိုရသော မေးခွန်းများမေးနေခြင်းဖြစ်သလော။ သေချာပေါက် မဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်နှင့် စေခိုင်းချက်သည် အမိန့်များဖြစ်ကြောင်း၊ လူသားသည် ယင်းတို့ပြောသည့်အတိုင်း ပြုမူပြီး ဆောင်ရွက်ရမည်ဖြစ်ကြောင်းကို သင် နားလည်သဘောပေါက်နိုင်လျှင် သင်သည် ယင်းတို့ကို ဆောင်ရွက် အကောင်အထည်ဖော်ရန် ဝတ္တရားရှိသည်။ ဘုရားနှုတ်ကပတ်တော်များသည် ဟာသသက်သက်ဖြစ်သည်၊ မိမိနှစ်သက်သလို လုပ်ဆောင်နိုင်သည့်၊ သို့မဟုတ် မလုပ်ဆောင်၍ရသည့် သာမန်ကာလျှံကာ မှတ်ချက်များဖြစ်သည်ဟု သင်က ထင်မြင်ပြီး ယင်းတို့ကို ဤသို့မှတ်ယူလျှင် သင်သည် အသိစိတ်လုံးဝမရှိဘဲ လူတစ်ယောက်ဟု ခေါ်ရန် မထိုက်တန်ပေ။ ဘုရားသခင်က သင့်ကို မည်သည့်အခါမျှ နောက်တစ်ဖန် စကားပြောဆိုမည်မဟုတ်ပေ။ လူတစ်ယောက်သည် ဘုရားသခင်၏ တောင်းဆိုချက်များ၊ ဘုရားသခင်၏ အမိန့်များနှင့် စေခိုင်းချက်တို့နှင့် ပတ်သက်လာလျှင် ကိုယ်ပိုင်ရွေးချယ်မှုများ အစဉ်ပြုလုပ်ပြီး ဝတ်ကျေတမ်းကျေ သဘောထားတစ်ခုဖြင့် ဆက်ဆံလျှင် သူသည် ဘုရားသခင် စက်ဆုပ်သည့်သူမျိုးဖြစ်သည်။ သင့်အား ငါက တိုက်ရိုက်အမိန့်ပေးသည့်၊ စေခိုင်းသည့်အရာများတွင် သင်သည် သင့်အား ကြီးကြပ်ပြီး တိုက်တွန်းရန်၊ သင့်အား ကြပ်မတ်စစ်ဆေးရန် ငါကို အစဉ်လိုအပ်နေပြီး ငါအား အစဉ်စိုးရိမ်စေပြီး မေးမြန်းစုံစမ်းမှုများပြုလုပ်စေနေလျှင်၊ နေရာတိုင်းတွင် သင့်အား ငါစစ်ဆေးရန် လိုအပ်နေလျှင် သင်သည် ထုတ်ပယ်ခံရသင့်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၃ (အပိုင်း ၂)) ဖန်ဆင်းခံတစ်ယောက်က ဘုရားသခင်ပြောသမျှ၊ သူတောင်းဆိုသမျှကို ဆောင်ရွက်ရမယ်၊ လိုက်နာရမယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ သိခဲ့ရတယ်။ ကျွန်မတို့က ဘုရားနှုတ်ကပတ်တော်ကို အလေးအနက်မထားဘဲ အလုပ်မှာ သူများတွေက ကြီးကြပ်တာ၊ သတိပေးတာတွေကို အမြဲတမ်းလိုအပ်နေရင် တစ်ယောက်ယောက်က တွန်းအားပေးမှ စိတ်မပါတပါနဲ့ နည်းနည်းပဲလုပ်ရင် ဒါက အခြေခံအားဖြင့် ဘုရားကို လှည့်စားလိမ်ညာနေတာပဲ။ ဘုရားသခင်အတွက် ဒါက စက်ဆုပ်ရွံရှာဖွယ်ဖြစ်တယ်။ ဒီလိုလူမျိုးက ဘုရားနှုတ်ကပတ်တော်ကို ကြားဖို့၊ အသင်းတော်မှာ နေဖို့ မထိုက်တန်ဘူး။ ထုတ်ပစ်သင့်တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို စဉ်းစားကြည့်တော့ ကျွန်မ တော်တော်ကြောက်သွားတယ်။ အထူးသဖြင့် သူ ဒီလိုပြောတဲ့အပိုင်းမှာပေါ့။ “ဒီလူက တကယ်ကို မယုံကြည်ထိုက်ဘူး။ ငါ့နားက အမြန်ထွက်သွားတော့။ မင်းကို ထပ်ပြီး မမြင်ချင်ဘူး။” အရင်က ကျွန်မတာဝန်မှာ လုပ်ခဲ့တဲ့ မကောင်းမှုတွေကို နောင်တရပြီး အပြစ်ရှိသလို ခံစားမိပြီး မျက်ရည်တွေက မျက်နှာမှာ ဆက်တိုက်စီးကျလာနေတယ်။ ကျွန်မတာဝန်အပေါ် ကျွန်မသဘောထားကို ပြန်ကြည့်ကြည့်တော့ ဘုရား ဖော်ထုတ်ခဲ့သလိုပါပဲ။ အရမ်းကို ပေါ့ပေါ့တန်တန်ပါပဲ။ ဒီအချိန်က နိုင်ငံတော်ဧဝံဂေလိတရားကို ချဲ့ထွင်ဖို့ အရမ်းအရေးပါတဲ့ ကာလပဲ။ တခြားညီအစ်ကိုမောင်နှမတွေအားလုံးက အရမ်းကို တာဝန်ထမ်းဆောင်ချင်နေကြတာ။ ဒါပေမဲ့ ကျွန်မက ဇာတိပကတိ သက်သာတာတွေကို တပ်မက်နေတယ်။ ကိုယ့်တာဝန်မှာ အေးအေးဆေးဆေး၊ ဝတ်ကျေတန်းကျေလုပ်တယ်။ ထိရောက်ဖို့ မကြိုးစားဘဲနဲ့ အစေခံရတာနဲ့တင် ရောင့်ရဲနေတယ်။ ဒါက ကျွန်မရဲ့ အလုပ်ရလဒ်တွေကို ထိခိုက်သွားတယ်။ ကျွန်မက လျော့ရဲတဲ့ဖြစ်တယ်။ တာဝန်မှာ ပျက်ကွက်တယ်။ အချိန်ဖြုန်းတယ်။ ကိုယ့်ကျေနပ်မှုအတွက်ပဲ စဉ်းစားတယ်။ အသင်းတော်က ကျွန်မကို ဒီလောက်အရေးကြီးတဲ့ တာဝန်ကို အပ်နှံခဲ့တယ်။ ဒါပေမဲ့ ကျွန်မက လုံးဝ တန်ဖိုးမထားဘူး။ အလေးအနက်မထားဘူး။ ကျွန်မက ဒါကို အသင်းတော်ကိုမှီပြီး အသက်ရှင်ဖို့ အရင်းအနှီး၊ အလဲအလှယ်ပစ္စည်းအဖြစ် မြင်ခဲ့တယ်။ ဒုက္ခခံတာ၊ အဖိုးအပေးဆပ်တာ လုံးဝမရှိဘူး။ အလုပ်ကို ဘယ်လိုတိုးတက်အောင်လုပ်ရမယ်ဆိုတာ မစဉ်းစားဘူး။ ကျွန်မက တတ်နိုင်သလောက် အနည်းဆုံးပဲလုပ်တယ်။ ကိုယ့်တိုးတက်မှုက ဘယ်လောက်နှေးနေတယ်၊ ဘုရားအလိုတော်က ဘယ်လောက်အရေးတကြီးဖြစ်နေတယ်ဆိုတာကို ဂရုမစိုက်ဘူး။ ကိုယ့်ကိုယ်ကိုယ် မပင်ပန်းအောင်ဘဲ ဂရုစိုက်ခဲ့တယ်။ ကျွန်မက ကိုယ့်တာဝန်မှာ လျစ်လျူရှုပြီး အလေးမထားခဲ့ပါဘူး။ အလုပ်ဖြစ်ရုံလောက်ပဲ လုပ်ချင်ပြီး ဖြစ်နိုင်သမျှ အချိန်ဆွဲတယ်။ ဘုရားသခင်က ကျွန်မ စိတ်နှလုံးထဲမှာ ဘယ်နေရာမှမရှိပါဘူး။ ကျွန်မက သူ့အပေါ်ကြောက်ရွံမှုလုံးဝ မရှိဘူး။ ကိုယ့်တာဝန်အပေါ် အရမ်းကို ပေါ့ဆတာက ကျွန်မက ခွေးထက်တောင် နိမ့်ကျမသွားဘူးလား။ ခွေးတွေက သူတို့ပိုင်ရှင်တွေအပေါ် သစ္စာရှိတယ်။ သူတို့ပိုင်ရှင်က သူတို့အနားမှာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူတို့တာဝန်ကို ထမ်းဆောင်ပြီး သူတို့ပိုင်ရှင်ရဲ့အိမ်ကို စောင့်ရှောက်တယ်။ ကျွန်မလုပ်တဲ့ ပုံစံကို အခြေခံကြည့်ရင် ဒီတာဝန်ကို ဆက်ပြီးထမ်းဆောင်ဖို့ မထိုက်တန်ပါဘူး။ အဲဒီနေ့ကစပြီး ကျွန်မ နောင်တရပြီး ကျွန်မအကြွေးတင်ခဲ့တာတွေအတွက် ပေးဆပ်မယ်လို့ ကျိန်ဆိုခဲ့တယ်။
နောက်တော့ ဘုရားဝတ်ပြုရင်းနဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ အဲဒါက နောက်ကျရင် တာဝန်ကို ဘယ်လိုထမ်းဆောင်ရမယ်ဆိုတဲ့ လမ်းကြောင်းတစ်ခု ပေးခဲ့ပါတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ဘုရားသခင်က သင်္ဘောဆောက်ဖို့ သူ၏ အမိန့်ကို ထုတ်ပြန်ပြီးသည်နှင့်တစ်ပြိုင်နက် နောဧသည် သူ၏စိတ်နှလုံး၌ မည်သည့်အရာကို စဉ်းစားခဲ့သနည်း။ ‘ယနေ့မှစ၍ သင်္ဘောတည်ဆောက်ခြင်းကဲ့သို့ မည်သည့်အရာကမျှ အရေးမပါပေ။ မည်သည့်အရာကမျှ ဤအရာလောက် အရေးကြီးပြီး အလျင်မလိုပေ။ ဖန်ဆင်းရှင်၏ စိတ်နှလုံးမှ စကားများကို ငါကြားခဲ့ပြီဖြစ်သည်။ သူ၏အရေးတကြီးဖြစ်သော အလိုတော်ကို ငါခံစားခဲ့ရပြီဖြစ်သည်။ ထို့ကြောင့် ငါနှောင့်နှေး၍မဖြစ်။ ဘုရားသခင်ပြောဆိုပြီး စေခိုင်းထားသည့် သင်္ဘောကို ငါအလျင်အမြန်ဆုံး တည်ဆောက်ရမည်။’ ဟု သူတွေးသည်။ နောဧ၏ သဘောထားမှာ အဘယ်နည်း။ လျစ်လျူမရှုဝံ့ခြင်းဖြစ်သည်။ ပြီးလျှင် သူသည် မည်သည့်ပုံစံဖြင့် သင်္ဘောကို အကောင်အထည်ဖော်ခဲ့သနည်း။ နှောင့်နှေးခြင်းမရှိဘဲ ဖြစ်သည်။ သူသည် ဘုရားသခင်ပြောဆိုသည့်၊ ညွှန်ကြားသည့် အသေးစိတ်အချက်အလက်တစ်ခုစီကို ပေါ့ဆခြင်း၊ သို့မဟုတ် ဝတ်ကျေတမ်းကျေပြုခြင်း လုံးဝ မရှိဘဲ၊ အလျင်မြန်ဆုံးဖြင့်၊ သူ၏အားအင်အလုံးစုံဖြင့် ဆောင်ရွက်ခဲ့ပြီး အကောင်အထည်ဖော်ခဲ့သည်။ အနှစ်ချုပ်အားဖြင့် ဖန်ဆင်းရှင်၏ တောင်းဆိုမှုအပေါ် နောဧ၏ သဘောထားသည် နာခံခြင်း ဖြစ်သည်။ ယင်းကို အရေးမစိုက်ခြင်း မရှိသကဲ့သို့၊ စိတ်မပါခြင်းလည်း မရှိပေ။ ဤအစား သူသည် အသေးစိတ်အချက်အလက်တိုင်းကို မှတ်တမ်းတင်လျက် ဖန်ဆင်းရှင်၏ အလိုတော်ကို နားလည်ရန် လုံ့လဝီရိယရှိစွာ ကြိုးစားခဲ့သည်။ ဘုရားသခင်၏ အရေးတကြီးဖြစ်သော အလိုတော်ကို သူသဘောပေါက်ခဲ့သည့်အခါ ပို၍လျင်မြန်စွာပြုလုပ်ရန်၊ သူ့အပေါ် ဘုရားသခင်အပ်နှံခဲ့သည့်အရာကို အလျင်အမြန်ဆုံး ပြီးမြောက်စေရန် ဆုံးဖြတ်ခဲ့သည်။ ‘အလျင်အမြန်ဆုံး’ ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းသည် ယခင်က တစ်လကြာမည့် အလုပ်များကို တတ်နိုင်သမျှ အချိန်အနည်းဆုံးဖြင့် ပြီးမြောက်စေခြင်း၊ အချိန်မဆွဲခြင်း၊ အချိန်ရွှေ့ပြီး လုပ်ဆောင်ခြင်းတို့မရှိဘဲ၊ ပရောဂျက်တစ်ခုလုံးကို အစွမ်းကုန် မနားတမ်းဆောင်ရွက်ရင်း သတ်မှတ်ချိန်ထက် သုံးရက်၊ သို့မဟုတ် ငါးရက်ခန့် ကြိုတင်ကာ ပြီးစီးအောင် လုပ်ဆောင်ခြင်းကို ဆိုလိုသည်။ အလုပ်တစ်ခုစီကို ဆောင်ရွက်စဉ်တွင် ပုံမှန်အားဖြင့် သူသည် ဆုံးရှုံးမှုများနှင့် အမှားများကို နည်းနိုင်သမျှနည်းစေရန်၊ ထပ်ခါထပ်ခါပြုလုပ်ရသည်အထိ မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်ရန် အစွမ်းကုန် ကြိုးစားလိမ့်မည်။ တာဝန်နှင့် လုပ်ငန်းစဉ်တိုင်းကို အချိန်မီ ပြီးမြောက်အောင် ပြုလုပ်ပြီးမည်ဖြစ်ပြီး ကောင်းစွာ လုပ်ဆောင်ကာ အရည်အသွေးကို သေချာစေလိမ့်မည်။ ဤသည်မှာ အချိန်မဆွဲခြင်းကို ဖော်ပြခြင်း အစစ်အမှန်ဖြစ်သည်။ ထို့ကြောင့် သူသည် အချိန်မဆွဲဘဲ လုပ်ဆောင်နိုင်ခြင်း၏ မရှိမဖြစ်လိုအပ်ချက်မှာ အဘယ်နည်း။ (ဘုရားသခင်၏ အမိန့်ကို သူ နားညောင်းခဲ့သည်။) မှန်သည်။ ထိုအရာသည် သူ၏ အချိန်မဆွဲဘဲနေနိုင်ခဲ့ခြင်းအတွက် မရှိမဖြစ် လိုအပ်ချက်နှင့် အကြောင်းအရာဖြစ်သည်။ ဤသို့ဆိုလျှင် နောဧသည် အဘယ်ကြောင့် အချိန်မဆွဲဘဲ လုပ်ဆောင်နိုင်ခဲ့သနည်း။ နောဧသည် စစ်မှန်သောနာခံမှုကို ပိုင်ဆိုင်သည်ဟု အချို့လူတို့က ဆိုကြသည်။ ထိုသို့ဆိုလျှင် ဤသို့စစ်မှန်သောနာခံမှုကို သူ့အား ရရှိခွင့်ပေးသည့် မည်သည့်အရာကို သူပိုင်ဆိုင်ခဲ့သနည်း။ (သူသည် ဘုရားသခင်၏ အလိုတော်ကို အလေးထားပါသည်။) မှန်ပေသည်။ နှလုံးသားရှိခြင်းဆိုသည်မှာ ဤအရာကို ဆိုလိုသည်။ နှလုံးသားရှိသောသူတို့သည် ဘုရားသခင်၏ အလိုတော်ကို အလေးထားနိုင်ကြသည်။ နှလုံးသားမရှိသောသူတို့သည် အနှစ်မရှိသည့် အခွံ၊ လူပြက်များဖြစ်ကြသည်။ ‘ဤသည်မှာ ဘုရားသခင်အတွက် မည်မျှအရေးတကြီးဖြစ်သည်ကို ငါဂရုမစိုက်။ ငါအလိုရှိသည့်အရာကို လုပ်ဆောင်မည်။ မည်သို့ပင်ဖြစ်စေ ငါသည် အလဟဿနေထိုင်ခြင်းမဟုတ်၊ ပျင်းရိခြင်းမဟုတ်’ ဟူ၍ ၎င်းတို့သည် ဘုရားအလိုတော်ကို အလေးထားရကောင်းမှန်း မသိကြ။ ဤသို့သောသဘောထားမျိုး၊ ဤသို့သော အပျက်သဘောဆောင်ခြင်းမျိုး၊ တက်ကြွမှု လုံးဝမရှိခြင်း- ဤသည်မှာ ဘုရားသခင်၏အလိုတော်ကို အလေးမထားသလို ဘုရားအလိုတော်ကို မည်သို့ အလေးထားရမည်ကိုလည်း နားလည်သည့်သူတစ်ဦး မဟုတ်ပေ။ ဤဖြစ်ရပ်တွင် ၎င်းတို့သည် စစ်မှန်သည့် ယုံကြည်ခြင်းကို ပိုင်ဆိုင်သလော။ သေချာပေါက် မပိုင်ဆိုင်ပေ။ နောဧသည် ဘုရားအလိုတော်ကို အလေးထားသည်။ သူ့တွင် စစ်မှန်သော ယုံကြည်ခြင်းရှိပြီး၊ ထိုသို့ဖြင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံပြီး အားထုတ်မှုအချို့ ပြုလိုခြင်းမျှဖြင့် မလုံလောက်ပေ။ သင်သည် ဘုရားသခင်၏ အလိုတော်ကိုလည်း အလေးထားရမည်။ အစွမ်းကုန် ဆောင်ရွက်ပြီး ဆက်ကပ်အပ်နှံရမည်ဖြစ်သည်။ ယင်းက လူတို့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိဖို့ လိုအပ်လေသည်။ ယင်းသည် လူတို့တွင် ရှိရမည့်အရာဖြစ်ပြီး နောဧတွင် တွေ့ရှိရသည့်အရာဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၃ (အပိုင်း ၂)) နောဧက ဘုရားသခင်ရဲ့ လက်ခံမှုကို ရတာဟာ သူက ဘုရားအပေါ်စစ်မှန်တဲ့ ယုံကြည်ခြင်းရှိပြီး ဘုရားအလိုတော်ကို အရေးထားလို့ဖြစ်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ မြင်တွေ့ခဲ့ပါတယ်။ ဘုရားရဲ့ စေခိုင်းမှုကို သူရရှိပြီးတဲ့အခါမှာ သင်္ဘောကြီးကို တည်ဆောက်ဖို့ကို ဉီးစားပေးလုပ်တယ်။ သူ့ကိုယ်ခန္ဓာဒုက္ခကို၊ ဘယ်လောက်ခက်ခဲမယ်ဆိုတာကို သူ မစဉ်းစားဘူး။ အဲဒီ စက်မှုအကြိုခေတ်ကာလမှာ ဒီလောက်ကြီးတဲ့ သင်္ဘောကြီး တည်ဆောက်ဖို့က ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အားထုတ်မှုအများကြီးလိုမှာပဲ။ ပြီးတော့ သူများတွေ လှောင်ပြောင်တာကို ခံခဲ့ရတယ်။ ဒီအခြေအနေတွေအောက်မှာ နောဧက ဘုရားရဲ့စေခိုင်းချက်ကို ပြီးအောင်လုပ်ဖို့ နှစ် ၁၂၀အထိ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ နေခဲ့တယ်။ နောက်ဆုံးတော့ ဘုရားရဲ့ စိတ်နှလုံးကို သက်သာစေခဲ့တယ်။ နောဧက ဘုရားအတွက် သူ့ကိုယ်သူ တကယ်အသုံးခံခဲ့ပြီး ဘုရားရဲ့ ယုံကြည်မှုနဲ့ ထိုက်တန်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မကကျတော့ ဘယ်သူမှ ကျွန်မကို တွန်းအားပေးတာ၊ စောင့်ကြည့်တာမရှိရင် ဒီအခွင့်အရေးကို ပျင်းရိဖို့၊ မရိုးသားဖို့၊ အသွေးအသား သက်သာတာကို တပ်မက်ဖို့ အသုံးချခဲ့တယ်။ အလုပ်မှာ အချိန်ဆွဲတယ်။ ကျွန်မကြောင့် ဘယ်လောက်နှောင့်နှေးတာတွေဖြစ်သလဲဆိုတာ လုံးဝ အရေးမစိုက်ဘူး။ ကျွန်မက တကယ်ကို လူ့သဘာဝမရှိဘူး။ ဘုရားရဲ့ ကယ်တင်ခြင်းနဲ့ မထိုက်တန်ပါဘူး။ အခုတော့ ကျွန်မ သိသွားပြီ။ တာဝန်ထမ်းဆောင်တာဟာ နောဧက သင်္ဘောကို တည်ဆောက်သလိုဖြစ်သင့်တယ်။ အမှန်တကယ်လုပ်ဖို့ လိုတယ်။ ရှေ့ဆက်ဖို့အတွက်၊ ပိုပြီးထိရောက်အောင် လုပ်ဖို့အတွက် စက္ကန့်တိုင်းကို အသုံးချရမယ်။ ဘယ်သူကမှ ကျွန်မကို တွန်းအားမပေးဘူး၊ မစစ်ဘူးဆိုရင်တောင် တာဝန်သိတတ်ပြီး တတ်နိုင်သမျှလုပ်ဖို့ လိုပါတယ်။ ဒါက အသိတရားနဲ့ လူ့သဘာဝရှိတဲ့သူတစ်ယောက်ဖြစ်ဖို့ တစ်ခုတည်းသောနည်းလမ်းပဲ။
အဲဒီနောက်တော့ ကျွန်မအချိန်ကို စပြီး စီစဉ်တယ်။ ဒီဇိုင်းအလုပ်ကို မလုပ်တဲ့အချိန်မှာ ကျွန်မရဲ့ အားလပ်ချိန်ကို တခြားတာဝန်မှာ ကူညီပေးဖို့ အသုံးပြုတယ်။ ကိုယ့်အခြေအနေကို အနီးကပ်စောင့်ကြည့်တယ်။ ကျွန်မ အချိန်ဇယားက တကယ်ကို နေ့တိုင်း ပြည့်နေပေမဲ့ တော်တော်ငြိမ်းချမ်းပါတယ်။ အရင်ကထက် ကျွန်မတာဝန်ကို ပိုပြီး စိတ်နှစ်လုပ်ခဲ့တယ်။ တစ်ခါတလေမှာ အလုပ်က ပြီးခါနီးဖြစ်ပြီး အားလျော့ချင်စိတ်ဖြစ်လာတဲ့အခါ ဒါမှမဟုတ် ကျွန်မက ကောင်းကောင်းအချိတ်အဆက်မိအောင် မလုပ်လို့ ပုံကြမ်းဆွဲတာက နှောင့်နှေးနေတဲ့အခါ ကျွန်မက ကိုယ့်ကိုယ်ကိုယ် အလိုလိုက်ချင်လာတယ်။ ကျွန်မက အဖွဲ့ဝင်မဟုတ်ဘူး၊ ဘယ်သူကမှ ကျွန်မကို ရှေ့ဆက်ဖို့ တွန်းအားမပေးဘူးလို့ စဉ်းစားတယ်။ ပြီးတော့လည်း ကျွန်မက တခြားအလုပ်ကို ကူပေးနေတာဆိုတော့ ဒီဇိုင်းအလုပ် နည်းနည်းပိုနှေးသွားတာက အကျိုးအကြောင်းသင့်ပါတယ်ပေါ့။ ဒါကို စဉ်းစားရင်းနဲ့ ကျွန်မက မှန်ကန်တဲ့ အခြေအနေမှာ ရှိမနေတာကို သတိထားမိပြီး ဒါကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို အမြန်ရှာဖွေတယ်။ ဘုရားနှုတ်ကပတ်တော်ထဲက ဒါကို ကျွန်မ ဖတ်တယ်။ “လူများက ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သည့်အခါတွင် အမှန်တကယ်ပင် ၎င်းတို့သည် ၎င်းတို့လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်နေကြသည်။ သို့သော် သင်သည် ဘုရားသခင် ရှေ့မှောက်တွင် ယင်းကို လုပ်ဆောင်ပါက၊ သင်သည် ရိုးသားသည့် သဘောထားနှင့် စိတ်နှလုံးပါလျက် တာဝန် ထမ်းဆောင်ပြီး ဘုရားကိုနာခံပါက ဤသဘောထားသည် သာ၍ မှန်ကန်လိမ့်မည် မဟုတ်လော။ ထို့ကြောင့် သင်သည် သင်၏နေ့စဉ်အသက်တာတွင် ဤသဘောထားကို မည်သို့ လက်တွေ့ကျင့်သုံးသင့်သနည်း။ သင်သည် ‘ဘုရားသခင်ကို စိတ်နှလုံးပါလျက် ရိုးသားမှုဖြင့် ဝတ်ပြုကိုးကွယ်ခြင်း’ ကို သင်၏လက်တွေ့အရှိတရား ဖြစ်စေရမည်။ သင်ခိုကပ်ချင်ပြီး ဟန်ပြသာ လုပ်ချင်သည့်အချိန်တိုင်း၊ စိတ်မချရသည့်နည်းလမ်းနှင့် ပြုမူချင်ပြီး အပျင်းထူချင်သည့် အချိန်တိုင်းနှင့် သင်အာရုံပျံ့လွင့်သည့်အချိန် သို့မဟုတ် သင့်ကိုယ်သင် ပျော်လိုက်ချင်သည့်အချိန်တိုင်းတွင် ထိုအရာကို ခြေသိမ်းခေါင်းပိုက် သင်စဉ်းစားဆင်ခြင်သင့်၏- ‘ဤသို့ပြုမူခြင်းဖြင့် ငါသည် ယုံကြည်စိတ်ချ၍မရ ဖြစ်နေသလော။ ဤသည်မှာ ငါ၏တာဝန်ကို စိတ်ပါလက်ပါ လုပ်ဆောင်ခြင်းလော။ ဤအရာကို လုပ်ဆောင်ခြင်းဖြင့် ငါသစ္စာပျက်နေသလော။ ဤအရာကို လုပ်ဆောင်ခြင်းဖြင့် ငါ့ကို ဘုရားသခင် အပ်နှင်းထားသည့် တာဝန်ပေးစေခိုင်းချက်နှင့် လျော်ညီအောင် အသက်ရှင်ဖို့ ငါပျက်ကွက်နေခြင်းလော။’ ဤသည်မှာ သင့်ကိုယ်သင် သုံးသပ်ဆင်ခြင်သင့်သည့်ပုံ ဖြစ်သည်။ သင်သည် သင်၏တာဝန်တွင် အစဉ်ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုကာ သစ္စာမရှိသကဲ့သို့၊ သင်သည် ဘုရားသခင်ကို နာကျင်စေခဲ့သည်ကို သိလာနိုင်လျှင် မည်သည့်အရာကို ပြုလုပ်သင့်သနည်း။ သင်က ‘ဤတွင် တစ်ခုခုမှားနေသည်ကို ထိုအခိုက်အတန့်တွင် ငါခံစားရသည်။ သို့သော် ယင်းကို ပြဿနာအဖြစ် ငါ သဘောမထားခဲ့ပေ။ ပေါ့ဆစွာဖြင့် ဖော့ပြောလိုက်သည်။ ယခုမှသာ ငါသည် တကယ်ကို ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုသည်၊ ငါ၏ တာဝန်ကို စံမီအောင် မထမ်းဆောင်ခဲ့ဆိုသည်ကို သဘောပေါက်ခဲ့သည်။ ငါသည် အမှန်ပင် အသိစိတ်နှင့် ဆင်ခြင်တုံတရားကင်းမဲ့သည်’ ဟု ပြောဆိုသင့်သည်။ သင်သည် ပြဿနာကို တွေ့ရှိပြီး သင့်ကိုယ်သင် အနည်းငယ်သိလာသည်။ ထို့ကြောင့် ယခုအခါတွင် သင့်ကိုယ်သင် ပြောင်းလဲရမည်။ သင့်တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် သင်၏ သဘောထားက မှားယွင်းသည်။ သင်သည် အပိုအလုပ်တစ်ခုကဲ့သို့ ယင်းကို ဂရုမစိုက်။ ယင်းကို စိတ်နှစ်မြုပ်လုပ်ကိုင်ခြင်းမရှိ။ သင်သည် ဤသို့ ထပ်မံ၍ ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုလျှင် ဘုရားကို ဆုတောင်းပြီး ဘုရားသခင်ကို သင့်အား ပဲ့ပြင်ဆုံးမကာ ရိုက်နှက်ဆုံးမစေရမည်။ မိမိတာဝန်ကို ထမ်းဆောင်ရာတွင် ဤသို့သော စိတ်ရှိရမည်။ ထိုမှသာ အမှန်တကယ် နောင်တရနိုင်သည်။ မိမိ၏ အသိစိတ်ကရှင်းလင်းပြီး တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် မိမိသဘောထားက ပြောင်းလဲမှသာ မိမိကိုယ်ကို ပြောင်းလဲပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မကြာခဏ ဖတ်ရှုပြီး သမ္မာတရားကို တစိမ့်စိမ့် စဉ်းစားဆင်ခြင်ခြင်း၌သာလျှင် ရှေ့ဆက်ရာ လမ်းကြောင်းရှိသည်) ဘုရားနှုတ်ကတော်ကို ဖတ်တော့ လက်တွေ့လုပ်ဖို့ လမ်းကြောင်းက ပိုရှင်းလင်းသွားတယ်။ တာဝန်တစ်ခုက ဘုရားက ကျွန်မတို့ကို ပေးတဲ့ စေခိုင်းချက်တစ်ခုပဲ။ တစ်ယောက်ယောက်က ကျွန်မတို့ကို ကြီးကြပ်ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘုရားရဲ့ စိစစ်မှုကို လက်ခံပြီး အားကုန်လုပ်သင့်ပါတယ်။ နည်းနည်းလောက်လုပ်ဖို့အတွက် တစ်ယောက်ယောက်က တွန်းအားပေးဖို့ အမြဲတမ်းလိုနေတာက ဆက်ကပ်အပ်နှံမှုမရှိတာပဲ။ သူများတွေကတောင် ဒါကို အရမ်းဆိုးလွန်းတယ်လို့ မြင်ကြတယ်။ ကျွန်မ ဒီလိုဆက်လုပ်နေလို့ မဖြစ်တော့ဘူး။ ဘုရားသခင်အပေါ်ကြောက်ရွံ့ခြင်းရှိပြီး သူ့ရဲ့ စိစစ်မှုကို လက်ခံရမယ်။ ကျွန်မကို တွန်းအားပေးဖို့ သူများတွေကို မလိုအပ်ဘဲ ကိုယ့်တာဝန်မှာ တက်ကြွသင့်တယ်။ တာဝန်နှစ်ခုလုံးမှာ အရမ်းအလုပ်များပြီး ကျွန်မက အဖိုးအခပေးဆပ်ဖို့ လိုတဲ့အခါမှာ ကျွန်မ အချိန်ဇယားကို ကြိုဆွဲပြီး ကျွန်မ တတ်နိုင်သမျှ အကောင်းဆုံးလုပ်တယ်။ ဖြစ်လိုမလုပ်ဖို့ ကြိုးစားတယ်။ ကိစ္စတွေကို ဒီလို ချဉ်းကပ်တဲ့အခါမှာ အချိန်နည်းနည်းကြာတော့ ကျွန်မ တာဝန်မှာ ရလဒ်နည်းနည်း စမြင်လာရတယ်။ အရင်ကထက်ပိုအားစိုက်ခဲ့ပြီး အားနည်းနည်းသုံးတယ်။ ဒါပေမဲ့ လုံးဝ မပင်ပန်းဘူး။ စိတ်အေးပြီး ငြိမ်သက်ခြင်းရှိတယ်။ ကျွန်မတာဝန်မှာ အခက်အခဲတွေကို ကြုံရတဲ့အခါမှာ သမ္မာတရားကို ရှာဖွေခြင်းကတစ်ဆင့် မျှော်လင့်မထားတဲ့ အကျိုးအမြတ်တွေရခဲ့တယ်။ ကျွန်မရဲ့ နည်းပညာပိုင်း ကျွမ်းကျင်မှုနဲ့ အသက်ဝင်ရောက်မှုမှာပါ တိုးတက်မှုရှိလာတယ်။
၂၀၂၁၊ ဇွန်လရဲ့ နေ့တစ်နေ့မှာ ခေါင်းဆောင်က ကျွန်မနဲ့ စကားပြောဖို့ ရောက်လာတယ်။ ကျွန်မကို ဒီဇိုင်းအလုပ်လုပ်ဖို့ ပြန်ပြီး တာဝန်ပေးတယ်လို့ပြောတယ်။ ကျွန်မ အရမ်းစိတ်လှုပ်ရှားပြီး ဘာပြောရမှန်းတောင်မသိဘူး။ ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိတယ်။ ကျွန်မတာဝန်အပေါ် ဒီပြောင်းလဲမှုက ကျွန်မက ဘယ်လောက် ပျင်းတယ်၊ တစ်ကိုယ်ကောင်းဆန်တယ်၊ ယုတ်မာတယ်ဆိုတာကို ပြခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် တကယ်ကို မုန်းမိတယ်။ ဘုရားအပေါ် ကြောက်ရွံ့မှုနည်းနည်းရှိလာတယ်။ တစ်ခါတလေမှာ ကျွန်မက ပျင်းရိနေတုန်းပဲ။ အဲဒီမှာ ဘုရားကို ဆုတောင်းပြီး ကျွန်မစိတ်နှလုံးကို စောင့်ကြည့်ဖို့၊ ဝတ်ကျေတန်းကျေလုပ်ပြီး မရိုးမသားလုပ်တဲ့အခါ၊ ကောက်ကျစ်တဲ့အခါမှာ ကျွန်မကို ချက်ချင်း ဖော်ထုတ်၊ အပြစ်ဖော်ဆုံးမပြီး ပဲ့ပြင်ဆုံးမဖို့ ဘုရားသခင်ကို ဆုတောင်းတယ်။ ဒါကို လက်တွေ့စလုပ်ကတည်းက ကျွန်မက လူလည်ကျပြီး လှည့်စားတတ်တာတွေ တော်တော်နည်းသွားပြီး ကျွန်မတာဝန်မှာ ပိုကောင်းတဲ့ရလဒ်တွေ ရလာတယ်။ ဒါက နည်းနည်းပိုပင်ပန်းတယ်။ ဒါပေမဲ့ တော်တော်ကို ကျေနပ်အားရမိတယ်။ နောက်ပိုင်းမှာ ခေါင်းဆောင်က ကျွန်မကို ပြောတယ်။ ကျွန်မက တာဝန်ကို အရင်ကထက် တော်တော်ပိုပြီး ကောင်းအောင်လုပ်လာတယ်တဲ့။ ဒီလိုကြားရတော့ ကျွန်မ တကယ်ကို စိတ်ထဲမှာ ခံစားရပြီး အားလည်းတက်တယ်။ ကျွန်မလုပ်တာ မလုံလောက်သေးဘူး၊ ဆက်ပြီး ကြိုးစားလုပ်ဖို့လိုတယ်ဆိုတာ ကျွန်မ သိခဲ့တယ်။ ဘုရားသခင်က ကျွန်မကို ပြစ်တင်ဆုံးမပြီး ပဲ့ပြင်ဆုံးမတဲ့အတွက် ကျေးဇူးတင်တယ်။ အဲဒါက ကျွန်မတာဝန်အပေါ် ကျွန်မသဘောထားပြောင်းအောင် ကူညီပေးပါတယ်။