၇၅။ အယောင်ဆောင်ခြင်းနှင့် ဖုံးကွယ်ခြင်း၏ အဖိုးအခများ
၂၀၁၈ခုနှစ်၊ အောက်တိုဘာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ ခြောက်လကြာပြီးတဲ့နောက်မှာ ကျွန်မ အသင်းတော်မှာ ရေလောင်းသင်းထောက်အဖြစ် အစေခံခဲ့တယ်။ ဒီတာဝန်ကိုစလုပ်တော့ အခက်အခဲတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ဆုတောင်းပြီးတော့ ညီအစ်ကိုမောင်နှမတွေနဲ့အတူ ရှာဖွေပြီးတဲ့နောက်မှာ စည်းမျဉ်းတချို့ကို ကျွန်မ တဖြည်းဖြည်းချင်း ကျွမ်းကျင်လာပြီး ကိုယ့်တာဝန်မှာ ရလဒ်တချို့ရလာတယ်။ အတွေ့အကြုံ သက်သေခံချက်တွေရေးတာကိုလည်း လေ့ကျင့်တယ်။ ကိုယ့်ကိုယ်ကိုယ် ခဏခဏ ပြန်ဆင်ခြင်တယ်။ နေ့တိုင်းပဲ ကျွန်မ အရမ်းကျေနပ်မိတယ်။
ဒီနှစ် ဇန်နဝါရီလထဲက နေ့တစ်နေ့မှာ ကျွန်မခေါင်းဆောင်က ကျွန်မကိုပြောတယ်။ “အစ်မက အသက်ဝင်ရောက်မှုမှာ တိုးတက်မှုတချို့ရှိတယ်။ ဒါကြောင့် အစ်မကို တရားဟောဆရာမလုပ်ဖို့ ကျွန်မတို့ ရွေးလိုက်တယ်။ အစ်မ လုပ်ချင်လား” တဲ့။ ကျွန်မက ဒါကိုကြားရတော့ ဝမ်းသာသွားတယ်။ အဲဒါနဲ့ သဘောတူပြီး ပြောလိုက်တယ်။ “ကျွန်မ အကောင်းဆုံးလုပ်ပါမယ်” ပေါ့။ ခေါင်းဆောင်ကပြောတယ်။ “အစ်မရေးတဲ့ အတွေ့အကြုံသက်သေခံချက်တွေက တော်တော်ကောင်းတယ်။ ကိုယ့်အသက်ဝင်ရောက်မှုမှာ ဝန်တာထားတဲ့ ညီအစ်ကိုမောင်နှမတွေပဲ တရားဟောဆရာတွေအဖြစ် အစေခံနိုင်တာ။ အဲဒါဆို သူတို့က ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို တကယ်ဖြေရှင်းပေးနိုင်တယ်လေ” တဲ့။ ဒီလိုကြားရတော့ ကျွန်မ ဂုဏ်ယူမိတယ်။ အထူးသဖြင့် ကျွန်မက အသက်ဝင်ရောက်မှုတချို့ရှိလို့ ဒီတာဝန်ကို ထမ်းဆောင်ဖို့ အပြောခံရတာဆိုတာကို ကြားတဲ့အခါမှာပေါ့။ ဒီတာဝန်ကို ကောင်းကောင်းလုပ်နိုင်တယ်လို့ ကျွန်မ ခံစားမိတယ်။ အဲဒီနောက်တော့ ခေါင်းဆောင်က ကျွန်မကို အသင်းတော်တချို့ရဲ့အလုပ်တွေအတွက် တာဝန်ယူခိုင်းပြီး စည်းမျဉ်းတွေအများကြီး သင်ပေးတယ်။ အလုပ်နယ်ပယ်က ပိုကြီးလာပြီး ကျွန်မတာဝန်ယူရတဲ့ တာဝန်တွေလည်း အများကြီးရှိတယ်။ အဲဒါနဲ့ ကျွန်မ စိတ်ဖိစီးလာပြီး ဒါကိုမလုပ်နိုင်မှာကို နည်းနည်းစိတ်ပူတယ်။ ကျွန်မနဲ့တူတဲ့ တာဝန်ကိုပဲ လုပ်ခဲ့တဲ့ ညီအစ်ကိုမောင်နှမတွေက ဒီအလုပ်နဲ့ ရင်းနှီးတာကို ကျွန်မမြင်ရတယ်။ ဒါပေမဲ့ ဒီတာဝန်မှာ ကျွန်မက အသစ်ဖြစ်ပြီး ဘယ်လိုလုပ်ရမှန်းမသိဘူး။ ကျွန်မအခက်အခဲတွေကို ပြောပြချင်တယ်။ ဒါပေမဲ့ ကျွန်မခေါင်းဆောင်က ချီးကျူးတာတွေကို တွေးမိတယ်။ ဒီအသင်းတော်တွေရဲ့ အလုပ်ကို ဘယ်လိုလုပ်ရမှန်း ကျွန်မ နားမလည်ဘူးဆိုတာကို သူသိရင် သူက ကျွန်မကို ဘယ်လိုထင်မလဲပေါ့။ ကျွန်မက မလုပ်နိုင်ဘူး၊ ကျွန်မကို ရွေးလိုက်တာ မှားတာပဲလို့ သူ ထင်မှာလားပေါ့။ ပြီးတော့လည်း အခု ကျွန်မက တရားဟောဆရာမဖြစ်နေပြီ။ ကျွန်မက အလုပ်နဲ့တောင် မရင်းနှီးရင် အသင်းတော်ခေါင်းဆောင်တွေကို ဘယ်လိုကူညီပံ့ပိုးပေးနိုင်မှာလဲပေါ့။ ဒီလိုစဉ်းစားရင်းနဲ့ ကျွန်မလည်ပင်းထဲမှာ တစ်ဆို့လာတယ်။ ကျွန်မက ရိုးရိုးသားသားပြောဖို့ကို အရမ်းရှက်နေတာ။
တစ်ခါတော့ ကျွန်မတို့ အထက်ခေါင်းဆောင်က ကျွန်မတို့အလုပ်အကြောင်းကို ကျွန်မတို့နဲ့ ဆွေးနွေးတယ်။ အစ်မဆီဗီးယားနဲ့ အစ်ကိုရီကာဒိုက ခေါင်းဆောင်ဆီက မေးခွန်းတွေကို ဖြေတာမှာ အရမ်းတက်ကြွပြီး အလုပ်ရဲ့ ကဏ္ဍတစ်ခုစီကို ဘယ်လိုလုပ်ရမယ်ဆိုတာကိုလည်း သိတာကို ကျွန်မ တွေ့ရတယ်။ ခေါင်းဆောင်က ကျွန်မကိုမေးတယ်။ “အခက်အခဲတစ်ခုခုရှိလား” တဲ့။ ကျွန်မ စဉ်းစားတယ်။ “ငါတို့အားလုံးက ဒီတာဝန်ကိုပဲ လုပ်တာ။ ငါက ရှိတယ်လို့ပြောလိုက်ရင် ခေါင်းဆောင်က ငါ့ကို ဘယ်လိုထင်မလဲ။ ငါက အလုပ်လုပ်ဖို့ အရည်အချင်းမရှိဘူးလို့ သူထင်မှာလား” ပေါ့။ ကျွန်မက လိမ်ပြောလိုက်တယ်။ “ဘာမှမရှိပါဘူး” ပေါ့။ နောက်ပိုင်းမှာ ခေါင်းဆောင်က ကျွန်မတို့နဲ့ တွေ့တဲ့အချိန်တိုင်းမှာ ကျွန်မ သိပ်စကားမပြောဘူး။ ပြောတဲ့အခါမှာ ကျွန်မနားမလည်တာတွေအများကြီးရှိတာကို သူများတွေမသိအောင်လုပ်ဖို့ ဘယ်လိုဖြေရမယ်ဆိုတာကို အမြဲတမ်း အရင်ဆုံး စဉ်းစားတယ်။ သူတို့ ကျွန်မကို အထင်သေးမှာကြောက်လို့လေ။ ဒီနည်းနဲ့ ကျွန်မက ဆက်ပြီး ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ပြီး အယောင်ဆောင်နေခဲ့တာ။ ကျွန်မ တော်တော်စိတ်ကျဉ်းကျပ်ပြီး ကိုယ့်တာဝန်မှာ ပိုပိုပြီး မတက်မကြွဖြစ်လာတယ်။ အဖွဲ့ကနေထွက်ပြီး အစည်းအဝေးတွေတောင် မသွားချင်ခဲ့ဘူး။ ဒါပေမဲ့ ဒါတောင်မှပဲ ကျွန်မအခြေအနေကို ဘယ်သူ့ကိုမှ ဖွင့်မပြောချင်ဘူး။ ကျွန်မရဲ့ ကောင်းတဲ့ဘက်ကိုပဲ သူများတွေကို ပြချင်ခဲ့တယ်။ တစ်နေ့တော့ အသင်းတော်က အလုပ်အခြေအနေကိုသိရဖို့ အသင်းတော်ခေါင်းဆောင်နှစ်ယောက်နဲ့ ကျွန်မ ချိန်းလိုက်တယ်။ သူတို့နဲ့တွေ့တော့ တစ်ယောက်က စိတ်ထက်ထက်သန်သန်နဲ့ ပြောတယ်။ “ကျွန်မတို့အလုပ်မှာ အစ်မဦးဆောင်တာ အရမ်းကောင်းတယ်။ အစ်မနဲ့အတူ အစည်းအဝေးသွားရတာကို ကြိုက်တယ်။ အစ်မရဲ့ မိတ်သဟာယကို ကြားရချိန်တိုင်း အစ်မကို လေးစားတယ်။ နောင်ကျရင် ကျွန်မက အစ်မလိုဖြစ်ဖို့ မျှော်လင့်တယ်” တဲ့။ တခြားခေါင်းဆောင်ကပြောတယ်။ “ကျွန်မတို့တာဝန်ကို အစ်မနဲ့အတူလုပ်ရတာ ပျော်တယ်။ အစ်မရဲ့ မိတ်သဟာယက ကျွန်မတို့ကို အမြဲတမ်းအလင်းပေးတယ်” တဲ့။ အဲဒီအချိန်မှာ ကျွန်မကို အရမ်းအထင်မကြီးဖို့ သူတို့ကို ကျွန်မ ပြောချင်တယ်။ ဘာကြောင့်လဲဆိုရင် ကျွန်မက ဖောက်ပြန်ပျက်စီးမှုရှိပြီး တာဝန်မှာ အခက်အခဲတွေရှိလို့၊ ဖိအားအောက်မှာ အပျက်သဘောဆောင်မှာဖြစ်လို့လေ။ ဒါပေမဲ့ နောက်တော့ တွေးမိတယ်။ “သူတို့ကို အမှန်ပြောလိုက်ရင် နောင်ကျရင် ငါ့ကို အရမ်းအထင်ကြီးပါဦးမလား။ သူတို့မှာ မေးခွန်းတွေရှိရင် ငါ့ကို မေးကြဦးမှာလား” ပေါ့။ ကျွန်မ စိတ်ထဲမှာ ချီတုံချတုံဖြစ်နေပြီး နောက်ဆုံးတော့ အမှန်အတိုင်းမပြောလိုက်ဘူး။
နောက်တစ်ခါမှာတော့ အသင်းတော်သင်းထောက်တချို့နဲ့ ကျွန်မ အစည်းအဝေးလုပ်တယ်။ သူတို့က တချို့အလုပ်တွေကိုမလုပ်နိုင်ဘဲ အခက်အခဲတွေရှိနေတယ်လို့ ပြောတယ်။ ကျွန်မ သူတို့ကို နှစ်သိမ့်လိုက်တယ်။ “မပူပါနဲ့။ ကျွန်မတို့အားလုံးက တာဝန်ကို အခုမှစလုပ်တာ။ သင်ယူလေ့လာရင်းနဲ့ နားလည်လာမှာပါ” ပေါ့။ အပြင်ပန်းကကြည့်ရင် ကျွန်မပြောတာက ဘာမှမမှားဘူး။ ဒါပေမဲ့ တကယ်တမ်းက ကျွန်မလည်း မလုပ်နိုင်ဘူးလေ။ ကျွန်မရဲ့ တကယ့်ဝိညာဉ်ရင့်ကျက်မှုကို သူတို့မြင်မှာကို အရမ်းစိတ်ပူတာကြောင့် ရိုးရိုးသားသားမပြောရဲခဲ့ဘူး။ သူတို့ပြဿနာတွေကို လုံးဝ မဖြေရှင်းတဲ့ နည်းနည်းအားပေးတာပဲ ကျွန်မ လုပ်ခဲ့တယ်။ ကျွန်မက ဆက်ပြီး ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ပြီး ဟန်ဆောင်နေတော့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့လမ်းပြမှုကို မခံစားရဘူး။ အရမ်းအားနည်းပြီး နေ့တိုင်း အရမ်းပင်ပန်းရတယ်။ ကျွန်မ ခဏခဏ တွေးတယ်။ “ငါက တခြားလူတိုင်းလို ဘာလို့ အသင်းတော်အလုပ်ကို ရိုးရိုးလေး မလုပ်နိုင်တာလဲ” ပေါ့။ ကျွန်မအခက်အခဲတွေကို ခေါင်းဆောင်နဲ့ ရှာဖွေသင့်တယ်ဆိုတာ ကျွန်မသိတယ်။ ဒါပေမဲ့ ပြောပြလိုက်ရင် ခေါင်းဆောင်က ကျွန်မကို ဘယ်လိုထင်မလဲဆိုတာကို စိတ်ပူနေခဲ့တာ။ ကျွန်မ စဉ်းစားတယ်။ “ငါက အသက်ဝင်ရောက်မှုရှိတယ်လို့ ခေါင်းဆောင်ကပြောလို့ ဒီတာဝန်ကို ငါ့ကိုပေးတာ။ ဒီတော့ ငါက သမ္မာတရားကို လိုက်စားတဲ့ အစွမ်းအစကောင်းရှိသူတစ်ယောက်လို့ သူ ထင်တာဖြစ်ရမယ်။ ငါနားမလည်တာတွေ အများကြီးရှိပြီး အသင်းတော်အလုပ်ကို မလုပ်နိုင်တာကို သူသိရင် ငါ့ကို တရားဟောဆရာမအဖြစ် ရွေးတာက မှားတယ်လို့ သူ သေချာပေါက်ထင်မှာပဲ” ပေါ့။ ဒါကို စဉ်းစားရင်းနဲ့ ကျွန်မက ပြောဖို့ကို ပိုပြီးတောင်ကြောက်သွားတယ်။ ကျွန်မအခြေအနေက ပိုပိုဆိုးလာပြီး မှောင်မိုက်ခြင်းနဲ့ ဒုက္ခထဲမှာ အသက်ရှင်နေခဲ့ရတယ်။ ဘုရားသခင်ကို ကျွန်မ ဆုတောင်းတယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင် ဒီပတ်ဝန်းကျင်ကို ဘယ်လိုကြုံတွေ့ရမယ်ဆိုတာ သမီး မသိပါဘူး။ သမီးကို ဦးဆောင်လမ်းပြဖို့ ကိုယ်တော်ကို တောင်းလျှောက်ပါတယ်” ပေါ့။
တစ်နေ့တော့ အစည်းအဝေးတစ်ခုမှာ ဒီအချိန်ကာလအတွင်း ကျွန်မတို့ အတွေ့အကြုံအကြောင်းကို အထက်ခေါင်းဆောင်က ကျွန်မတို့ကို မေးတယ်။ သူများတွေက သူတို့တာဝန်မှာရှိတဲ့ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ အားနည်းချက်တွေကို ဖွင့်ပြောကြတယ်။ ကျွန်မက ကိုယ့်အခြေအနေအကြောင်းပြောဖို့ သတ္တိရှိသွားတယ်။ ခေါင်းဆောင်က ကျွန်မကို ကူညီဖို့ သူ့အတွေ့အကြုံကို အသုံးပြုပြီး ပြောတယ်။ “ခေါင်းဆောင်တွေ၊ အမှုဆောင်တွေအနေနဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်းလုပ်ဖို့ အကုန်လုံးကို နားလည်ဖို့ မလိုဘူး။ ဒီအယူအဆက မှားတယ်။ ကျွန်မတို့က သာမန်လူတွေပဲ။ ဒီတော့ တချို့အရာတွေကို နားမလည်ပြီး မရိပ်စားမိနိုင်တာက သာမန်ပါပဲ။ ဒါပေမဲ့ ကျွန်မတို့က အကုန်သိ၊ အကုန်တတ်ဖြစ်ချင်ပြီး ကိုယ်ပိုင်အားနည်းချက်တွေကို မှန်မှန်ကန်ကန် မကိုင်တွယ်နိုင်ရင်၊ ဂုဏ်အဆင့်အတန်းနဲ့ ပုံရိပ်ကို ထိန်းသိမ်းချင်ရင် ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်ပြီး သူများတွေကို လှည့်စားဖို့ မျက်နှာဖုံးတပ်ပြီး ကျွန်မတို့ရဲ့ တကယ့် ဝိညာဉ်ရင့်ကျက်မှုကို သူများတွေကို လုံးဝ မြင်ခွင့်မပေးရင် ဒီလိုအသက်ရှင်ရတာ စိတ်ညစ်စရာပါပဲ” တဲ့။ နောက်တော့ ခေါင်းဆောင်က ကျွန်မဆီကို ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ် ပို့လိုက်တယ်။ “ပုံမှန်၊ သာမန်ဖြစ်သောသူတစ်ယောက် မည်သို့ ဖြစ်ရမည်နည်း။ လူတို့သည် ဘုရားသခင်ပြောသကဲ့သို့ ဖန်ဆင်းခံတစ်ဦး၏ မှန်ကန်သင့်လျော်သောနေရာကို မည်သို့ယူရမည်နည်း။ လူတို့သည် မဟာလူသား၊ သို့မဟုတ် ကြီးမြတ်သော ပုဂ္ဂိုလ်အချို့အဖြစ် အဘယ်သို့ ကြိုးစား၍ မရနိုင်သနည်း။...ရှေးဦးစွာ သင်ကိုယ်တိုင်၏ ရာထူးတွင် ပိတ်မိမနေနှင့်။ ‘ငါက ခေါင်းဆောင်ဖြစ်တယ်။ အဖွဲ့ရဲ့ ဦးဆောင်သူဖြစ်တယ်။ ကြီးကြပ်ရေးမှူးဖြစ်တယ်။ ဘယ်သူကမှ ဒီအလုပ်ကို ငါ့ထက်ပိုမသိဘူး။ ကျွမ်းကျင်မှုတွေကို ဘယ်သူမှ ငါ့လောက်နားမလည်ဘူး’ ဟူ၍ မပြောနှင့်။ သင် ကိုယ်တိုင်ခန့်ထားသောရာထူးတွင် ပိတ်မိမနေနှင့်။ ပိတ်မိသည်နှင့် တစ်ပြိုင်နက် ယင်းသည် သင်၏ လက်နှင့်ခြေများကို ချည်နှောင်လိမ့်မည်။ သင်ပြောသည့်၊ လုပ်ဆောင်သည့်အရာအပေါ် သက်ရောက်လိမ့်မည်။ သင်၏ ပုံမှန်် စဉ်းစားပုံနှင့် အကဲဖြတ်ပုံကိုလည်း သက်ရောက်လိမ့်မည်။ ဤအဆင့်အတန်း၏ အချုပ်အနှောင်များမှ သင့်ကိုယ်သင် လွတ်မြောက်အောင်ပြုလုပ်ရမည်။ ရှေးဦးစွာ သင့်၌ ရှိသည်ဟု သင့်ဘာသာစိတ်ကူးသော ဤတရားဝင်ရာထူးမှ သင့်ကိုယ်သင် နှိမ့်ချပြီး သာမန်လူတစ်ယောက်၏ နေရာတွင် ရပ်တည်ပါ။ ရပ်တည်လျှင် သင်၏ သဘောထားက ပုံမှန််ဖြစ်လာလိမ့်မည်။ သင်သည် ‘ဒါကို ဘယ်လိုလုပ်ရမလဲ ငါမသိဘူး။ အဲဒါကိုလည်း နားမလည်ဘူး။ သုတေသနနဲ့ လေ့လာတာတွေ နည်းနည်းလုပ်ရမယ်’ သို့မဟုတ် ‘ဒါကို ငါ လုံးဝ မကြုံဖူးဘူး။ ဒါကြောင့် ဘာလုပ်ရမယ်ဆိုတာ ငါမသိဘူး’ ဟူ၍လည်း ဝန်ခံပြီး ပြောရမည်။ သင်သည် အမှန်တကယ်ထင်မြင်သည့်အရာကို ပြောခြင်း၊ ရိုးသားစွာ စကားပြောဆိုခြင်းကို လုပ်ဆောင်နိုင်စွမ်းရှိသောအခါ ပုံမှန်အသိစိတ်ကို သင် ပိုင်ဆိုင်လိမ့်မည်။ သူတစ်ပါးတို့က သင်၏ အစစ်အမှန်ကို သိလိမ့်မည်။ ထိုသို့ဖြင့် သင့်အပေါ်တွင် သာမန်အမြင်ရှိလိမ့်မည်။ သင်သည် ဟန်လုပ်ဖို့လိုမည်မဟုတ်သကဲ့သို့ သင့်အပေါ် ကြီးမားသော ဖိအားတစ်ခုတလေရှိမည်မဟုတ်ပေ။ ထို့ကြောင့် သင်သည် လူတို့နှင့် ပုံမှန်ဆက်သွယ်ပြောဆိုနိုင်လိမ့်မည်။ ဤသို့ အသက်ရှင်ခြင်းသည် လွတ်လပ်ပြီး လွယ်ကူသည်။ အသက်ရှင်ရသည်မှာ ပင်ပန်းသည်ဟု မြင်သော မည်သူမဆိုသည် မိမိတို့ကိုယ်တိုင်ကြောင့် ဤသို့ ဖြစ်ခြင်းဖြစ်သည်။ အယောင်မဆောင်နှင့်၊ သို့မဟုတ် ဟန်မလုပ်နှင့်။ လူတိုင်းက သတိထားမိပြီး နားလည်ဖို့ရန်အလို့ငှာ ရှေးဦးစွာ သင်၏ စိတ်နှလုံးတွင် စဉ်းစားနေသည့်အရာ၊ သင်၏ တကယ့် အတွေးများနှင့်ပတ်သက်၍ ဖွင့်ပြောပါ။ ရလဒ်အနေဖြင့် သင်၏ စိတ်ပူပန်မှုများ၊ သင်နှင့် သူတစ်ပါးတို့ကြားရှိ အတားအဆီးများနှင့် သံသယများသည် ဖယ်ရှားခံရလိမ့်မည်။ သင်သည်လည်း အခြားတစ်စုံတစ်ခုကြောင့် အခက်အခဲဖြစ်ရသည်။ သင့်ကိုယ်သင် အဖွဲ့၏ ဦးဆောင်သူ၊ ခေါင်းဆောင်၊ အမှုဆောင်၊ သို့မဟုတ် ရာထူးနှင့် အဆင့်တန်းရှိသူတစ်ယောက်အဖြစ် အစဉ် သတ်မှတ်သည်။ သင်သည် တစ်စုံတစ်ခုကို နားမလည်၊ မလုပ်ဆောင်နိုင်ဟုပြောလျှင် သင့်ကိုယ်သင် သိက္ခာချနေသည် မဟုတ်လော။ သင်၏စိတ်နှလုံးတွင် ဤအချုပ်အနှောင်များကို ဘေးဖယ်ထားသောအခါ၊ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်အဖြစ် သင့်ကိုယ်သင် စဉ်းစားခြင်းကို ရပ်လိုက်သောအခါ၊ သင်သည် အခြားလူတို့ထက် ပိုသာသည်ဟု စဉ်းစားခြင်းကို ရပ်လိုက်ပြီး သင်သည် အခြားလူတိုင်းနှင့်တူသော သာမန်လူတစ်ယောက်ဖြစ်သည်၊ သင်သည် သူတစ်ပါးတို့ထက် နိမ့်ကျသည့် အချို့နယ်ပယ်များရှိသည်ဟု ခံစားရသောအခါ၊ သင်သည် ဤသဘောထားနှင့် သမ္မာတရား၊ အလုပ်နှင့်ဆက်နွှယ်သော ကိစ္စများကို မိတ်သဟာယဖွဲ့သောအခါ သက်ရောက်မှုက ကွာခြားပြီး တုံ့ပြန်ခံစားရသည်မှာလည်း ကွာခြားသည်။ သင်၏ စိတ်နှလုံးတွင် အစဉ်သဖြင့် သံသယများရှိလျှင်၊ အစဉ်ဖိစီးပြီး အခက်အခဲဖြစ်လျှင်၊ ဤအရာများကို သင်ဖယ်ရှားလိုသော်လည်း မဖယ်ရှားနိုင်လျှင် ဘုရားသခင်အား အလေးအနက်ဆုတောင်းခြင်း၊ သင့်ကိုယ်သင် သုံးသပ်ခြင်း၊ သင်၏ အားနည်းချက်များကို မြင်ခြင်း၊ သမ္မာတရားဆီသို့ ကြိုးပမ်းခြင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့အားဖြင့် သင်သည် ထိုသို့လုပ်ဆောင်ရာတွင် ထိရောက်မှုရှိနိုင်သည်။ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ရာထူးတစ်ခုခုဖြင့်၊ သို့မဟုတ် ရာထူးတစ်ခုကို အသုံးပြုလျက်ဖြင့် ပြောဆို ပြုမူခြင်းမပြုနှင့်။ ရှေးဦးစွာ ဤအရာအားလုံးကို တစ်ဖက်တွင် ထားလိုက်ပြီး သင့်ကိုယ်သင် သာမန်လူတစ်ယောက်၏နေရာတွင် ထားပါ။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည်”) “သင်၏စိတ်နှလုံးတွင် သင်သည် မည်သို့သောလူမျိုးဖြစ်သည်၊ သင်၏ အနှစ်သာရ အဘယ်သို့ရှိသည်၊ သင်၏ ကျရှုံးမှုများနှင့် ဖောက်ပြန်ပျက်စီးမှုကို ဖွင့်ပြခြင်းများက မည်သည့်အရာများဖြစ်သည်တို့ကို သင် ရှင်းလင်းစွာ သိရှိလျှင် ဤအရာကို အခြားလူများနှင့် ပွင့်လင်းစွာ မိတ်သဟာယဖွဲ့သင့်သည်။ ဤသို့ဖြင့် သင်၏ အခြေအနေမှန်က မည်သို့ရှိသည်၊ သင်၏ အတွေးများနှင့် ထင်မြင်ချက်များက မည်သို့ရှိသည်တို့ကို ၎င်းတို့ မြင်တွေ့နိုင်ဖို့ဖြစ်သည်။ ဤသို့အားဖြင့် ဤကဲ့သို့သော အရာများနှင့်ပတ်သက်ပြီး သင့်တွင် မည်သည့်အသိပညာရှိသည်ကို ၎င်းတို့ သိရှိဖို့ရန််ဖြစ်သည်။ သင်သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ မည်သူမျှ မသိရန်အလို့ငှာ် အယောင်မဆောင်နှင့်၊ သို့မဟုတ် ဟန်မလုပ်နှင့်။ သင်၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးခြင်းနှင့် ကျရှုံးမှုများကို သူတစ်ပါးတို့အား မဖုံးကွယ်နှင့်။ ဤသို့သော အတုအယောင် အပြုအမူမျိုးသည် သင်၏ စိတ်နှလုံးတွင် အဟန့်အတားတစ်ခုရှိနေသည့်သဘော ဖြစ်သည်။ ဖောက်ပြန်ပျက်စီးခြင်းတစ်ခုလည်းဖြစ်သည်။ ယင်းသည် လူတို့ကို နောင်တရခြင်း၊ ပြောင်းလဲခြင်းမှ တားဆီးနိုင်သည်။ သင်သည် ဘုရားသခင်ထံ ဆုတောင်းရမည်။ သင့်အတွက် အခြားလူတို့က ချီးမွမ်းခြင်း၊ သင့်အား ၎င်းတို့ ပုံပေးသည့် ဂုဏ်ကျက်သရေနှင့် ၎င်းတို့ပေးအပ်သော သရဖူများကဲ့သို့သော အတုအယောင်ဖြစ်သောအရာများအား သုံးသပ်ခြင်း၊ စိစစ်ခြင်းတို့ကို ထိန်းသိမ်းရမည်။ ဤအရာများက သင့်အပေါ်တွင် ဖြစ်စေသော ထိခိုက်နစ်နာမှုကို သင်မြင်ရမည်။ ထိုသို့ပြုလုပ်ရာတွင် သင်သည် သင်ကိုယ်တိုင်၏ ဆောင်ရွက်မှုကို သိလိမ့်မည်။ မိမိကိုယ်ကိုယ် သိမြင်မှုကို ရရှိလိမ့်မည်။ သင့်ကိုယ်သင် မဟာလူသားအဖြစ်၊ သို့မဟုတ် ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ယောက်ယောက်အဖြစ် မြင်တော့မည်မဟုတ်ပေ။ ဤသို့သော မိမိကိုယ်ကိုယ် သိမြင်မှုကို သင် ရရှိသည်နှင့် သမ္မာတရားကို လက်ခံရန်၊ ဘုရားနှုတ်ကပတ်တော်များနှင့် သင်၏ စိတ်နှလုံးတွင်းသို့ လူသားအပေါ် ဘုရားသခင်တောင်းဆိုသောအရာကို လက်ခံရန်၊ သင့်အပေါ် ဖန်ဆင်းရှင်၏ ကယ်တင်ခြင်းကို လက်ခံရန်၊ တည်ကြည်ခိုင်မာစွာဖြင့် သာမန်လူတစ်ယောက်ဖြစ်ရန်၊ လက်တွေ့ဆန်သောသူဖြစ်ရန်၊ ဖန်ဆင်းခံဖြစ်သော သင်နှင့် ဖန်ဆင်းရှင်ဖြစ်သော ဘုရားသခင်ကြား သာမန်ဆက်ဆံရေးကို တည်ဆောက်ရန် သင့်အတွက် လွယ်ကူလာလိမ့်မည်။ ဤသည်မှာ ဘုရားသခင်က လူတို့အပေါ် တောင်းဆိုသောအရာ အတိအကျဖြစ်ပြီး ၎င်းတို့အဖို့ လုံးဝ ရယူနိုင်သောအရာတစ်ခုလည်းဖြစ်သည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည်”) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတော့ ဒီအချိန်ကာလအတွင်း ကျွန်မအခြေအနေကို စပြီး ပြန်ဆင်ခြင်ကြည့်တယ်။ ကျွန်မက အသက်ဝင်ရောက်မှုရှိတာကြောင့် တရားဟောဆရာမတစ်ယောက်ဖြစ်တယ်လို့ ခေါင်းဆောင်ကပြောတဲ့အခါ ကျွန်မက ဂုဏ်ယူပြီး အားရကျေနပ်တယ်။ ဒီလိုအရေးကြီးတာဝန်တစ်ခုအတွက် အရွေးခံရတာဟာ ကျွန်မက သမ္မာတရားကို လိုက်စားပြီး အလုပ်ကို လုပ်နိုင်တာကြောင့်လို့ ခံစားမိတယ်။ ဒါပေမဲ့ ဒီတာဝန်ကို တကယ်တမ်း စလုပ်တော့ အသင်းတော်အလုပ်တွေ အများကြီးကို ကျွန်မ နားမလည်ဘူးဆိုတာ နောက်ဆုံးမှာ မြင်ရတယ်။ ကျွန်မခေါင်းဆောင်က မိတ်သဟာယပြုတဲ့ တချို့စည်းမျဉ်းတွေကို ကျွန်မ သဘောမပေါက်ဘူး။ ဖိအားအရမ်းဖြစ်တာကြောင့် ခဏခဏ အားနည်းပြီး အပျက်သဘောဆောင်လာတယ်။ ဒါပေမဲ့ ကျွန်မက ကိုယ့်ရဲ့တကယ့်အခြေအနေကို ဖွင့်မပြောဘူး။ ဘာပြဿနာမှမရှိဘူးလို့ ပြောပြီး ခေါင်းဆောင်ကို လှည့်စားခဲ့တယ်။ ကျွန်မက အရည်အချင်းမပြည့်မီဘူးလို့ထင်ပြီး အထင်သေးမှာကို ကြောက်လို့ပေါ့။ အသင်းတော်ခေါင်းဆောင်တွေ၊ သင်းထောက်တွေက ကျွန်မကို ချီးမွမ်းကြပြီး လိုက်လုပ်ရမယ့် စံနမူနာအဖြစ်တောင် ထင်တာကို ကျွန်မ ကြားရတော့ ကျွန်မဖောက်ပြန်ပျက်စီးမှုနဲ့ အားနည်းချက်တွေကို ဖွင့်ပြောပြီး ကျွန်မကို အထင်ကြီးလေးစားတာ မဖြစ်တော့အောင် ကျွန်မရဲ့ တကယ့်ဝိညာဉ်ရင့်ကျက်မှုကို အသိပေးသင့်တာကို ကျွန်မ သိပေမဲ့ အမှန်တရားတွေကို သိပြီးတဲ့နောက်မှာ ကျွန်မကို အထင်မကြီးတော့မှာကို စိုးရိမ်ခဲ့တယ်။ အဲဒါနဲ့ ငြိမ်နေခဲ့တယ်။ ကျွန်မက သိသိသာသာပဲ ဘယ်လိုဖြေရှင်းရမယ်ဆိုတာကို မသိတဲ့ မေးခွန်းတချို့ကို ခေါင်းဆောင်တွေ၊ သင်းထောက်တွေက ကျွန်မကို မေးတဲ့အခါမှာတောင် ဖွင့်ပြောပြီး သူတို့နဲ့ ဆွေးနွေးတာမလုပ်ခဲ့ဘူး။ ကျွန်မနားမလည်တာကို နားလည်ဟန်ဆောင်ပြီး ဝတ်ကျေတန်းကျေစကားတွေနဲ့ ဖြေခဲ့တယ်။ ခဏခဏပဲ ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်ပြီး မှားယွင်းတဲ့ အမြင်တွေပေးခဲ့တယ်။ အားလုံးက ကျွန်မက “တရားဟောဆရာမ” ဆိုတဲ့ ရာထူးမှာ ပိတ်မိနေလို့ပဲ။ တရားဟောဆရာမအနေနဲ့ ကျွန်မရဲ့ နားလည်မှုနဲ့ အသိပညာက သူများတွေထက် သာသင့်တယ်၊ အားနည်းချက်တွေ မရှိသင့်ဘူး၊ အပျက်သဘောဆောင်တာ၊ အားနည်းတာ မဖြစ်သင့်ဘူးလို့ ထင်ခဲ့တယ်။ ဒါက သူများတွေ ကျွန်မကို အထင်ကြီးပြီး လက်ခံဖို့ တစ်ခုတည်းသောနည်းလမ်းပဲလို့ ထင်ခဲ့တယ်။ ကျွန်မရဲ့ ဂုဏ်အဆင့်အတန်းနဲ့ ပုံရိပ်ကို ထိန်းသိမ်းဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ဖို့ မျက်နှာဖုံးတပ်ခဲ့တယ်။ အပြစ်ကင်းတဲ့သူအဖြစ် ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်ခဲ့တယ်။ ကျွန်မက ညှင်းပန်းခံရပြီး အပျက်သဘောဆောင်၊ အားနည်းတာကို ခံစားရတဲ့အချိန်မှာတောင် “တရားဟောဆရာမ” ဆိုတဲ့ ရာထူးကို ထိန်းသိမ်းဖို့ ကိုယ့်စိတ်နှလုံးကို ဖွင့်ပြီး အကူအညီတောင်းရမယ့်အစား တိတ်တဆိတ်ပဲ တစ်ယောက်တည်း ငိုတယ်။ ဒီရာထူးက ကျွန်မအတွက် ခံယူဖို့ ခက်ခဲပြီး ပင်ပန်းလွန်းပါတယ်။ အသင်းတော်က ကျွန်မကို တရားဟောဆရာမ ဖြစ်စေတဲ့အခါမှာ ကျွန်မကို လက်တွေ့လုပ်ဆောင်ဖို့ အခွင့်အလမ်းပေးနေတာပါ။ ကိုယ့်တာဝန်မှာ သမ္မာတရားကို ပိုရှာဖွေပြီး နားလည်ခွင့်ပေးနေတာ။ ဒါပေမဲ့ ကျွန်မက လမ်းမှန်ကို မလိုက်ဘူး။ ကျော်ကြားမှုနဲ့ စည်းစိမ်နောက်လိုက်ဖို့ ဒီအခွင့်အရေးကို ကျွန်မ အသုံးပြုခဲ့တယ်။ ဒါက ဘုရားအလိုတော်ကို ဆန့်ကျင်တာမဟုတ်ဘူးလား။ ဘုရားသခင်က ကျွန်မတို့ကို အစွမ်းထက်သူတွေ၊ ကြီးမြတ်သူတွေ မဖြစ်စေချင်ဘူး။ ဘုရားသခင်က ကျွန်မတို့ကို ဖန်ဆင်းခံရဲ့ နေရာမှာရပ်ပြီး ပုံမှန်၊ သာမန်လူတွေဖြစ်စေချင်တယ်။ သမ္မာတရားကို လက်တွေ့ကျတဲ့နည်းလမ်းနဲ့ လိုက်စားပြီး ကိုယ့်အားနည်းချက်တွေကို ရိုးရိုးသားသား ရင်ဆိုင်စေချင်တယ်။ ကျွန်မတို့ နားမလည်တဲ့ပြဿနာတွေအတွက် ညီအစ်ကိုမောင်နှမတွေကို ဖွင့်ပြောပြီး အကူအညီတောင်းစေချင်တယ်။ ဒါက ကျွန်မတို့ ပိုင်ဆိုင်သင့်တဲ့ အသိစိတ်ပဲ။
နောက်ပိုင်းမှာ ကျွန်မအခြေအနေအတွက် သီးသန့်ဖြစ်တဲ့ ဘုရားနှုတ်ကပတ်တော်အပိုဒ်တွေကို ကိုးကားထားတဲ့ ညီအစ်ကိုမောင်နှမတချို့ရေးထားတဲ့ အတွေ့အကြုံသက်သေခံချက်တွေကို ကျွန်မ ဖတ်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အခြေအနေမှာ မည်သို့ဖြစ်ပါစေ၊ ၎င်းတို့ မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ၊ အန္တိခရစ်သည် ၎င်းအနေဖြင့် အားမနည်းကြောင်း၊ ၎င်းသည် အစဉ် စိတ်ဓာတ်ကြံ့ခိုင်ကာ၊ ယုံကြည်စိတ်ချမှု အပြည့်ရှိ၍ လုံးဝ အပျက်သဘောမဆောင်ကြောင်း အသွင်အပြင်ကို ကြိုးစားပြီး ပြလိမ့်မည်။ ၎င်းတို့၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုကိုဖြစ်စေ၊ ဘုရားအပေါ် စစ်မှန်သော သဘောထားကိုဖြစ်စေ မည်သည့်အခါမျှ မထုတ်ဖော်ပေ။ အမှန်တကယ်တွင် ၎င်းတို့၏စိတ်နှလုံး နက်ရှိုင်းရာတွင်၊ ၎င်းတို့ လုပ်နိုင်သည့်အရာ လုံးဝ မရှိဟု ၎င်းတို့ အမှန်တကယ် ယုံကြည်သလော။ ၎င်းတို့၌ အားနည်းခြင်း မရှိကြောင်း၊ အပျက်သဘောဆောင်ခြင်း မရှိကြောင်း၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးမှု ပွင့်အန်ထွက်လာခြင်း မရှိကြောင်း ၎င်းတို့ အမှန်တကယ် ယုံကြည်ကြသလော။ လုံးဝ မယုံကြည်ပေ။ ၎င်းတို့သည် ဟန်ဆောင်ရာ၌ တော်သည်၊ အမှုကိစ္စများကို ကွယ်ဝှက်ထားရာ၌ ကျွမ်းကျင်ကြသည်။ ၎င်းတို့၏ ကြံ့ခိုင်ပြီး ဂုဏ်သရေရှိသည့်ဘက်ကို လူများအား ပြလိုကြသည်။ ၎င်းတို့၏အားနည်းပြီး စစ်မှန်သည့် ဘက်ကို ထိုသူတို့အား မမြင်စေလိုကြပေ။ ၎င်းတို့၏ရည်ရွယ်ချက်က သိသာထင်ရှားပေသည်။ ယင်းမှာ သိက္ခာရှိဖို့၊ လူများ၏စိတ်နှလုံးထဲ၌ ၎င်းတို့ရထားသည့် နေရာကို ကာကွယ်ဖို့သက်သက်ပင် ဖြစ်သည်။ အခြားသူများအရှေ့တွင် ၎င်းတို့၏ကိုယ်ပိုင် အပျက်သဘောဆောင်ခြင်းနှင့် အားနည်းချက်တို့ကို ဖွင့်ဟလျှင်၊ ၎င်းတို့၏ ပုန်ကန်လိုစိတ်ရှိပြီး ဖောက်ပြန်ပျက်စီးသောဘက်ကို ထုတ်ဖော်ပြလျှင်၊ ဤသည်မှာ ၎င်းတို့၏ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့အဖို့ ကြီးလေးသော ထိခိုက်မှု ဖြစ်လိမ့်မည် ဖြစ်ပြီး— ကောင်းကျိုးထက် ဆိုးကျိုးက ပိုဖြစ်စေသည်ဟု ၎င်းတို့ ထင်မြင်ကြသည်။ ထို့ကြောင့် ၎င်းတို့က မိမိတို့၏အားနည်းချက်၊ ပုန်ကန်လိုစိတ်နှင့် အပျက်သဘောဆောင်ခြင်းတို့ကို စိတ်ထဲတွင်သာ ထားရှိလိုကြသည်။ ပြီးလျှင် လူတိုင်းက ၎င်းတို့၏ အားနည်းပြီး ပုန်ကန်လိုသည့်ဘက်ကို တွေ့သည့်နေ့ရက်ကို ရောက်လာလျှင်၊ ၎င်းတို့က ဖောက်ပြန်ပျက်စီးပြီး လုံးဝ မပြောင်းလဲသည်ကို သူတို့ တွေ့မြင်သည့်အခါ၊ ၎င်းတို့က ဆက်လက် ဟန်ဆောင်ရမည် ဖြစ်သည်။ ၎င်းတို့က ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိခြင်း၊ သာမန်လူတစ်ဦးဖြစ်ခြင်း၊ သေးငယ်ပြီး အရေးမပါသောသူတစ်ဦးဖြစ်ခြင်းကို ဝန်ခံလျှင်၊ လူများ၏ စိတ်နှလုံးထဲတွင် ၎င်းတို့၏နေရာကို ဆုံးရှုံးကာ လူတိုင်း၏ကြည်ညိုမှုနှင့် မြတ်နိုးမှုတို့ကို ဆုံးရှုံးပြီး၊ သို့ဖြစ်၍ လုံးလုံး ရှုံးနိမ့်ရလိမ့်မည်ဟု ထင်မြင်ကြသည်။ ထို့ကြောင့် မည်သည့်အရာပင် ဖြစ်ပါစေ၊ လူများကို ၎င်းတို့ ဖွင့်ပြောမည် မဟုတ်ဘဲ၊ မည်သည့်အရာဖြစ်ပါစေ၊ ၎င်းတို့၏အာဏာနှင့် ဂုဏ်အဆင့်အတန်းတို့ကို အခြားမည်သူတစ်ဦးကိုမျှ ပေးမည် မဟုတ်ပေ။ ထိုအစား ၎င်းတို့က ယှဉ်ပြိုင်ဖို့ အစွမ်းကုန်ကြိုးစားကာ၊ မည်သည့်အခါမျှ လက်လျှော့မည် မဟုတ်ပေ။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၁၀)”) နောက်တစ်ပိုဒ်မှာ ဘုရားသခင်က လူတွေ ဂုဏ်အဆင့်အတန်းနောက်လိုက်ခြင်းရဲ့ သဘာဝနဲ့ အကျိုးဆက်တွေကို ဖွင့်ပြထားတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “သင်သည် နာမည်ဂုဏ်သတင်းကြီးမှု၊ မြင့်မြတ်မှုနှင့် ဂုဏ်အဆင့်အတန်းကို အစဉ်ရှာဖွေနေသည်။ သင်သည် ဂုဏ်သရေကို အစဉ်ရှာဖွေသည်။ ဘုရားသခင်သည် ၎င်းအဖြစ်ကိုတွေ့ပါက မည်သို့ခံစားရမည်နည်း။ ကိုယ်တော်သည် ၎င်းကို စက်ဆုပ်ပြီး မကြည့်လိုပေ။ သင်သည် နာမည်ဂုဏ်သတင်းကြီးမှု၊ မြင့်မြတ်မှု စသောအရာများနောက်ကို လိုက်လေလေဖြစ်ပြီး၊ အခြားသူများထက် သာလွန်သော၊ အောင်မြင်သော၊ ထူးချွန်သော၊ ဂရုပြုထိုက်သောသူ ဖြစ်လိုလေလေ၊ ဘုရားသခင်သည် သင့်အားစက်ဆုပ်လေလေ ဖြစ်သည်။ သင်သည် သင့်ကိုယ်သင် ဆန်းစစ်ခြင်းမရှိလျှင်၊ ဘုရားသခင်သည် သင့်ကို စက်ဆုပ်ရွံရှာပြီး စွန့်ပစ်လိမ့်မည်။ ဘုရားသခင် စက်ဆုပ်သောသူ မဖြစ်လေနှင့်။ ဘုရားသခင် ချစ်သောသူတစ်ဦး ဖြစ်အောင်နေလော့။ ဤသို့ဆိုလျှင် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို အကြင်သူသည် မည်သို့ ရရှိနိုင်သနည်း။ သမ္မာတရားကို ကျိုးကျိုးနွံနွံ လက်ခံခြင်း၊ ဖန်ဆင်းခံတစ်ဦး၏ နေရာတွင် ရပ်တည်ခြင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်များအားဖြင့် အသိတရားရှိရှိနှင့် လက်တွေ့ကျသော စိတ်သဘောထားဖြင့် ပြုမူဆောင်ရွက်ခြင်း၊ မိမိ၏တာဝန်ကို ကောင်းစွာထမ်းဆောင်ခြင်း၊ ရိုးသားသောသူတစ်ဦးဖြစ်ဖို့ ကြိုးစားခြင်းနှင့် စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ခြင်းအားဖြင့် ဖြစ်ပေသည်။ ဤသည်မှာ လုံလောက်ပေသည်။ ဘုရားသခင်သည် ကျေနပ်လိမ့်မည်။ လူတို့သည် လူတို့သည် ရည်မှန်းချက်များကို မကိုင်စွဲထားရန်၊ သို့မဟုတ် အချည်းနှီး အိပ်မက်များကို လက်သင့်မခံရန်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းကို မရှာဖွေရန်၊ သို့မဟုတ် လူအများထဲတွင် ထင်ပေါ်ဖို့ မကြိုးစားရန် သေချာလုပ်ရမည်။ ထို့အပြင် ၎င်းတို့သည် လူသားတို့အလယ်တွင် သာလွန်ပြီး အခြားသူများအား ၎င်းတို့ကို ကိုးကွယ်စေသည့် ထင်ရှားကျော်ကြားသူတစ်ဦး၊ သို့မဟုတ် စွမ်းအားရှင်တစ်ဦး ဖြစ်ဖို့ မကြိုးစားရပေ။ ယင်းမှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အလိုဆန္ဒဖြစ်ပြီး ယင်းမှာ စာတန်လျှောက်သော လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်သည် ထိုသို့သော လူများကို မကယ်တင်ပေ။ အကယ်၍ လူများက ကျော်ကြားမှု၊ အကျိုးအမြတ်များနှင့် ဂုဏ်အဆင့်အတန်းတို့ကို လိုက်စားဆဲဖြစ်ပြီး နောင်တရဖို့ ငြင်းဆန်နေဆဲဖြစ်ပါက၊ ၎င်းတို့အတွက် ကုစားမှု မရှိပေ၊ ပြီးလျှင် ၎င်းတို့အတွက် အဆုံးသတ် တစ်ခုတည်းသာ ရှိသည်။ ဖယ်ရှားခံရဖို့ ဖြစ်ပေသည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်”) ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ချင့်ချိန်စဉ်းစားပြီး အန္တိခရစ်တွေက ကြောင်သူတော်တွေပဲဆိုတာ မြင်ခဲ့တယ်။ သူများတွေရဲ့ စိတ်နှလုံးထဲမှာ နေရာရဖို့အတွက် သူတို့က အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် သရုပ်ပြပြီး ဖုံးဖိကြတယ်။ ဘယ်တော့မှ အမှန်အတိုင်းမပြောဘူး။ သူတို့ရဲ့ အားနည်းတဲ့ဘက်၊ အမှန်ဖြစ်တဲ့ဘက်ကို သူများတွေကို လုံးဝ မြင်ခွင့်မပေးဘူး။ လူတိုင်းက သူတို့နောက်လိုက်ပြီး သူတို့ကို ကိုးကွယ်အောင် သူများတွေရဲ့ ချီးမွမ်းတာ၊ လေးစားတာကိုရဖို့အတွက် သူတို့က သမ္မာတရားကို နားလည်ပြီး အပြစ်ကင်းတဲ့သူတွေအဖြစ် အယောင်ဆောင်ကြတယ်။ သူတို့သဘာဝက အထူးသဖြင့် မာနထောင်လွှားပြီး ဆိုးယုတ်တယ်။ ကိုယ့်အပြုအမူကို ဆင်ခြင်ကြည့်ခဲ့ပြီး ကျွန်မက အန္တိခရစ်နဲ့ အတူတူပဲဆိုတာ မြင်ခဲ့ပါတယ်။ အသင်းတော်က ကျွန်မကို တရားဟောဆရာမ ဖြစ်စေခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ဒါကို ဘုရားဆီက စေခိုင်းချက်အဖြစ် လက်မခံခဲ့ဘူး။ ဘယ်လို လက်တွေ့ကျရမယ်၊ တာဝန်ကို ကောင်းအောင်လုပ်ရမယ်၊ သန့်စင်ရိုးသားရမယ်ဆိုတာ မစဉ်းစားခဲ့ဘူး။ အဲဒီအစား အကုန်သိ၊ အကုန်တတ်အဖြစ် အမြဲတမ်း ဟန်ဆောင်တယ်။ သူများတွေရဲ့ စိတ်နှလုံးမှာ ကျွန်မအတွက် နေရာရှိဖို့၊ ကျွန်မကို ဝန်းရံပြီး ကိုးကွယ်ဖို့အတွက် ကျွန်မက သူများတွေကို ကိုယ့်ကို အထင်ကြီးစေချင်တယ်။ အစွမ်းအစကောင်းရှိပြီး ဘယ်ပြဿနာမဆို ဖြေရှင်းနိုင်တယ်လို့ ထင်စေချင်ခဲ့တယ်။ ကျွန်မက မာနထောင်လွှားပြီး ကျိုးကြောင်းမသင့်ခဲ့ပါဘူး။ ကျွန်မက ရာထူးအတွက် ဘုရားသခင်နဲ့ ယှဉ်ပြိုင်နေတာပဲ မဟုတ်ဘူးလား။ ကျွန်မ စဉ်းစားသမျှ၊ လုပ်သမျှတိုင်းက လုံးဝ ဘုရားကို ဆန့်ကျင်တယ်။ အထူးသဖြင့် ဘုရားသခင်က ဒီလိုပြောတာကို ကျွန်မ မြင်တဲ့အခါမှာပေါ့။ “အကယ်၍ လူများက ကျော်ကြားမှု၊ အကျိုးအမြတ်များနှင့် ဂုဏ်အဆင့်အတန်းတို့ကို လိုက်စားဆဲဖြစ်ပြီး နောင်တရဖို့ ငြင်းဆန်နေဆဲဖြစ်ပါက၊ ၎င်းတို့အတွက် ကုစားမှု မရှိပေ၊ ပြီးလျှင် ၎င်းတို့အတွက် အဆုံးသတ် တစ်ခုတည်းသာ ရှိသည်။ ဖယ်ရှားခံရဖို့ ဖြစ်ပေသည်။” ဒါက ကျွန်မအတွက် ဘုရားရဲ့ သတိပေးချက်ဆိုတာ ကျွန်မ သိခဲ့ပါတယ်။ ကျွန်မက ကျော်ကြားမှုနဲ့ အဆင့်အတန်းကို ရှာဖွေတဲ့ လမ်းကြောင်းကို ဆက်လျှောက်ရင် ဘုရားသခင်က ငြင်းပယ်တာကို သေချာပေါက် ခံရပြီး နောက်ဆုံးမှာ ထုတ်ပယ်ခံရမှာပါ။ ကျွန်မ နောင်တရချင်တယ်၊ ကယ်တင်ခံရဖို့ ကျွန်မ အခွင့်အရေးကို မဆုံးရှုံးချင်ဘူး၊ သန့်စင်ပြီး ရိုးသားသူတစ်ယောက်ဖြစ်အောင် လိုက်စားဖို့ လိုလားနေပါတယ်ဆိုတာတွေကို ပြောဖို့ ဘုရားကို ဆုတောင်းခဲ့တယ်။
နောက်တစ်နေ့မှာ ကျွန်မရဲ့ အထက်ခေါင်းဆောင်က ကျွန်မကို အစည်းအဝေးစာရွက်စာတမ်းတစ်ခုပြင်ဆင်ခိုင်းတယ်။ သူက အစည်းအဝေးမှာ မိတ်သဟာယဖွဲ့ဖို့ သုံးလေးခုလောက်ပြောပြပြီး ကျွန်မနားလည်လားဆိုတာ မေးတယ်။ တကယ်တော့ အဲဒီအချိန်မှာ ကျွန်မ သိပ်မရှင်းဘူး။ ဒါပေမဲ့ ကျွန်မက အစွမ်းအစနည်းပြီး အစည်းအဝေးစာရွက်စာတမ်းတစ်ခုကို မကိုင်တွယ်နိုင်ဘူးလို့ သူပြောမှာကို ကြောက်ပြီး လိမ်ပြီးတော့ နားလည်တယ်လို့ပြောလိုက်တယ်။ ဒါပေမဲ့ တကယ်တမ်း စလုပ်တော့ ဘယ်လိုစီစဉ်ရမယ်ဆိုတာ ကျွန်မ မသိဘူး။ ကျွန်မ တော်တော်စိတ်လှုပ်ရှားနေပြီး လက်မှာ ချွေးတွေထွက်နေတယ်။ ဘာလုပ်ရမယ်ဆိုတာမသိဘူး။ အဲဒါနဲ့ ဘုရားကို ဆုတောင်းလိုက်တယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင် သမီးဟာ စာတန်ရဲ့ ဖျက်ဆီးခြင်းကို အရမ်းခံထားရပါတယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းရဲ့ ထိန်းချုပ်မှုကို ခံနေရဆဲပါပဲ။ ဇာတိပကတိကို စွန့်ပစ်ပြီး ရိုးသားခြင်းမလုပ်နိုင်ပါဘူး။ လက်တွေ့လုပ်ဆောင်မှုနည်းလမ်းရှာရာမှာ သမီးကို ဦးဆောင်လမ်းပြတော်မူပါ” ဆိုပြီးတော့။
ဘုရားနှုတ်ကပတ်တော်မှာ ကျွန်မ ဖတ်ရတယ်။ “လူအချို့ကို အသင်းတော်က မြှင့်တင်ပေးပြီး ပြုစုပျိုးထောင်ပေးသည်၊ ပြီးလျှင် ဤသည်မှာ ကောင်းသည့်အရာတစ်ခုဖြစ်သည်၊ ယင်းမှာ လေ့ကျင့်ပေးခြင်းခံရဖို့ ကောင်းမွန်သည့် အခွင့်အရေး ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ချီးမြှောက်ခြင်းနှင့် ကျေးဇူးပြုခြင်းတို့ကို ခံခဲ့ရသည်ဟု ပြောနိုင်သည်။ သို့ဆိုလျှင် ၎င်းတို့သည် မိမိတို့၏တာဝန်ကို မည်သို့ ထမ်းဆောင်သင့်သနည်း။ ၎င်းတို့ လိုက်နာသင့်သည့် ပထမဆုံး အခြေခံသဘောတရားသည် သမ္မာတရားကို နားလည်ဖို့ဖြစ်သည်။ ၎င်းတို့က သမ္မာတရားကို နားမလည်သည့်အခါ၊ ၎င်းတို့ သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး ရှာဖွေပြီးသည့်နောက်တွင် ၎င်းတို့ နားမလည်သေးပါက၊ အတူတကွ မိတ်သဟာယပြုကာ ရှာဖွေဖို့ သမ္မာတရား နားလည်သူတစ်ဦးကို ၎င်းတို့ ရှာဖွေနိုင်သည်။ ယင်းက ပြဿနာဖြေရှင်းခြင်းကို ပို၍ မြန်ဆန်စေပြီး ပို၍ အချိန်ကိုက်ဖြစ်စေလိမ့်မည်။ သင်သည် သမ္မာတရားကို သိနားလည်မှု ရရှိရန်နှင့် ပြဿနာကို ဖြေရှင်းရန်အလို့ငှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင့်ဘာသာ ဖတ်ရှုခြင်း၌ အချိန်ပိုသုံးဖို့ကိုလည်းကောင်း၊ ဤနှုတ်ကပတ်တော်များကို စဉ်းစားချင့်ချိန်ခြင်းဖြင့် အချိန်ပိုသုံးဖို့ကိုလည်းကောင်း အာရုံစိုက်ပါက၊ ဤသည်မှာ အလွန် နှေးကွေးသည်။ ‘အဝေးမှ ရေသည် အရေးပေါ် ရေငတ်ခြင်းကို ပြေစေမည်မဟုတ်’ ဟူသည့် ဆိုရိုးရှိသည့်အတိုင်းပင် ဖြစ်သည်။ သမ္မာတရားနှင့် ပတ်သက်လာသည့်အခါ၊ သင်သည် မြန်မြန်ဆန်ဆန် တိုးတက်လိုပါက၊ အခြားသူများနှင့် လိုက်ဖက်ညီညီ အလုပ်လုပ်ဖို့နည်းလမ်း၊ ပို၍များသော မေးခွန်းများမေးဖို့ နည်းလမ်းနှင့် ပို၍ ရှာဖွေဖို့နည်းလမ်းတို့ကို သင်ယူလေ့လာရမည်။ သို့မှသာလျှင် မည်သည့်နှောင့်နှေးမှုမျှ မရှိဘဲ၊ သင်၏အသက်တာက လျင်မြန်စွာ ကြီးထွားမည် ဖြစ်ပြီး သင်သည် ပြဿနာများကို အချိန်မီ ဖြေရှင်းနိုင်လိမ့်မည် ဖြစ်သည်။ သင်သည် ရာထူးတိုးခံရစဖြစ်ပြီး အစမ်းခန့်ကာလတွင်သာ ရှိသေးကာ၊ သမ္မာတရားကို အမှန်တကယ် နားမလည်သောကြောင့်၊ သို့မဟုတ် သမ္မာတရား၏ စစ်မှန်မှုကို မပိုင်ဆိုင်သောကြောင့်— သင်သည် ဤဝိညာဉ်ရင့်ကျက်မှု မရှိသေးသောကြောင့်— သင်၏ ရာထူးတိုးခြင်းက သင်သည် သမ္မာတရား၏ စစ်မှန်မှုကို ပိုင်ဆိုင်သည့်သဘောဖြစ်သည်ဟု မတွေးလေနှင့်။ ဤသည်မှာ မမှန်ကန်ပေ။ သင်သည် အလုပ်အပေါ် ဝန်ထမ်းစိတ်ရှိပြီး ခေါင်းဆောင်တစ်ဦး၏ အစွမ်းအစကို ပိုင်ဆိုင်ရုံသက်သက်ကြောင့်၊ သင်သည် ရာထူးတိုးခြင်းနှင့် ပျိုးထောင်ပေးခြင်းတို့အတွက် ရွေးချယ်ခံရခြင်း ဖြစ်သည်။ သင်၌ ဤအသိစိတ်ရှိသင့်သည်။ ရာထူးတိုးပေးခြင်းနှင့် အသုံးပြုခြင်း ခံရပြီးသည့်နောက်တွင်၊ သင်သည် ခေါင်းဆောင်၊ သို့မဟုတ် အမှုတော်ဆောင်တစ်ဦး၏ ရာထူးတွင် ထိုင်ကာ၊ သင်၌ သမ္မာတရား၏ စစ်မှန်မှု ရှိသည်ဟုလည်းကောင်း၊ သင်သည် သမ္မာတရားကို လိုက်စားသူတစ်ဦး ဖြစ်သည်ဟုလည်းကောင်း သင်ယုံကြည်လျှင်— ညီအစ်ကိုမောင်နှမများ၌ မည်သည့်ပြဿနာများ ရှိပါစေ၊ သင်က နားလည်သယောင်၊ ဝိညာဉ်ရေးဆန်သယောင် ဟန်ဆောင်လျှင်— ဤသည်မှာ မိုက်မဲသည့် နည်းလမ်းဖြစ်ပြီး ယင်းက သူတော်ကောင်း အယောင်ဆောင်ဖာရိရှဲများကဲ့သို့ တူညီသောနည်းလမ်းပင် ဖြစ်သည်။ သင်သည် မှန်မှန်ကန်ကန် စကားပြောဆိုပြီး ပြုမူလုပ်ဆောင်ရမည်။ သင် နားမလည်သည့်အခါတွင်၊ အခြားသူများကို မေးနိုင်သည်၊ သို့မဟုတ် အထက်မှ အဖြေများကို ရှာနိုင်သည်၊ အထက်နှင့် မိတ်သဟာယပြုနိုင်သည်— ဤအရာတစ်ခုမျှ ရှက်စရာအကြောင်း မရှိပေ။ သင် မမေးလျှင်ပင်၊ သင်၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုကို အထက်က သိဦးမည် ဖြစ်ပြီး၊ သင်၌ သမ္မာတရား၏ စစ်မှန်မှု မရှိသည်ကို သိလိမ့်မည်။ ရှာဖွေခြင်းနှင့် မိတ်သဟာယပြုခြင်းတို့သည် သင်လုပ်သင့်သည့် အရာဖြစ်သည်။ ဤသည်မှာ သာမန်လူ့သဘာဝတွင် တွေ့ရှိသင့်သည် အသိစိတ်ဖြစ်ပြီး ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ လိုက်နာသင့်သည် စည်းမျဉ်းဖြစ်သည်။ ယင်းသည် အရှက်ရစရာတစ်ခု မဟုတ်ပေ။” (အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ အသင်းတော်က ကျွန်မကို လက်တွေ့လုပ်ဆောင်ဖို့ အခွင့်အရေးတစ်ခု ပေးဖို့အတွက် ပြီးတော့ အလုပ်ကို ဘယ်လိုလုပ်ရမယ်ဆိုတာ သင်ယူနိုင်ဖို့အတွက် ကျွန်မကို တရားဟောဆရာမအဖြစ် ရာထူးတိုးပေးခဲ့တာဆိုတာ ကျွန်မ နားလည်ခဲ့ပါတယ်။ ဒါက ကျွန်မဟာ သူများတွေထက်သာတယ်၊ သူများတွေထက်မြင့်တယ်၊ အရာရာကိုသိတယ်ဆိုတဲ့ သဘောမဟုတ်ဘူး။ ဒီတာဝန်ကို ကျွန်မက ခုမှ စလုပ်တာ။ ကျွန်မ မလုပ်နိုင်တဲ့အလုပ်တွေ အများကြီးရှိပြီး နားမလည်နိုင်တဲ့ စည်းမျဉ်းတွေရှိပါတယ်။ ဒါက လုံးဝ ပုံမှန်ပါပဲ။ ပြီးတော့လည်း ကျွန်မက အတွေ့အကြုံသက်သေခံချက်တွေကို ရေးနိုင်တယ်ဆိုတာ ကျွန်မမှာ အပေါ်ယံ အတွေ့အကြုံနဲ့ ဘုရားနှုတ်ကပတ်တော်အပေါ် နားလည်မှုတချို့ရှိတယ်လို့ပဲ ဆိုလိုတာပါ။ ကျွန်မက သမ္မာတရားကို နားလည်ပြီး သမ္မာတရားစစ်မှန်မှုတွေကို ပိုင်ဆိုင်တာမဟုတ်ဘူး။ ကျွန်မ ဘုရားသခင်ကို ယုံကြည်တာ မကြာသေးဘူး။ သမ္မာတရားကို နားမလည်သေးဘူး။ ကျွန်မ ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက မပြောင်းလဲသေးပါဘူး။ ဒါကြောင့် ကိုယ့်အားနည်းချက်တွေနဲ့ ချို့ယွင်းချက်တွေကို မှန်မှန်ကန်ကန် ဆက်ဆံသင့်တယ်။ အမှုအရာတွေကို နားမလည်တဲ့အခါ ညီအစ်ကိုမောင်နှမတွေနဲ့ ရှာဖွေပြီး မိတ်သဟာယပြုသင့်တယ်။ ဒါက ဘာမှရှက်စရာမရှိပါဘူး။ ကျွန်မက နားမလည်တဲ့ချိန်မှာ နားလည်ဟန်ဆောင်တာက ရှက်စရာပါ။ ဒါကြောင့်မို့ ပြဿနာတွေ အများကြီးကို အချိန်မီ မဖြေရှင်းနိုင်ခဲ့ဘဲ အသင်းတော်အလုပ် နှောင့်နှေးသွားတယ်။ သမ္မာတရားကိုရှာဖွေဖို့ အခွင့်အရေးကို ထပ်ခါထပ်ခါ ဆုံးရှုံးရပြီး အပျက်သဘောဆောင်မှု၊ အားနည်းမှုနဲ့ အသက်ရှင်ခဲ့ရတယ်။ ကျွန်မ တော်တော်မိုက်မဲခဲ့တာပါ။ ဒီလိုဆက်သွားလို့ မဖြစ်ဘူးလေ။ ကျွန်မ ရည်ရွယ်ချက်တွေကို မှန်ကန်အောင်ပြင်ဆင်ရမယ်။ ဖွင့်ပြောရမယ်။ ညီအစ်ကိုမောင်နှမတွေနဲ့ရှာဖွေ၊ မိတ်သဟာယပြုပြီး တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ရမယ်။
အဲဒီနောက်တော့ အစည်းအဝေး စာရွက်စာတမ်းကို ဘယ်လိုစီစဉ်ရမယ်ဆိုတာကို ခေါင်းဆောင်ကို ကျွန်မ မေးတယ်။ သူက ကျွန်မကို စိတ်ရှည်ရှည်နဲ့ မိတ်သဟာယပြုပေးတယ်။ ကျွန်မ ကျင့်သားရလာပြီးတော့ မကြာခင်မှာပဲ စာရွက်စာတမ်းတွေကို အမျိုးအစားခွဲလိုက်တယ်။ အစည်းအဝေးကလည်း တော်တော်ထိရောက်တယ်။ ကျွန်မ သက်သောင့်သက်သာဖြစ်ပြီး စိတ်အေးသွားရတယ်။ အခု တာဝန်ထမ်းဆောင်တဲ့အခါမှာ ပြဿနာတွေ။ အခက်အခဲတွေ အများကြီး ကြုံရတုန်းပဲ။ ဒါပေမဲ့ ဆုတောင်းပြီး ဘုရားကို အမှီပြုနိုင်တယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ အကူအညီကို ခဏခဏရှာဖွေတယ်။ အစည်းအဝေးတွေလုပ်တဲ့အချိန်မှာ ညီအစ်ကိုမောင်နှမတွေကိုလည်း ကျွန်မအကြောင်းကို ဖွင့်ပြောပြီး ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ အားနည်းချက်တွေကို မြင်ခွင့်ပေးတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကျွန်မတော်တော် စိတ်အေးပြီး လုံခြုံတယ်။ ကျေးဇူးတော်ပါပဲ။