၁၀။ နားလည်သယောင် ဟန်ဆောင်ခြင်းက ကျွန်မကို ထိခိုက်ခဲ့သည်
အသင်းတော်အတွက် ဒီဇိုင်းအလုပ်ကို ကျွန်မ လုပ်ပေးခဲ့ဖူးတယ်။ အချိန်ကြာလာတော့ ဒီဇိုင်းနဲ့ ပုံမျိုးစုံ လုပ်ပြီးသွားတဲ့အခါ ကျွန်မရဲ့ ကျွမ်းကျင်မှုတွေ အရမ်းတိုးတက်သွားပြီး အဖွဲ့ခေါင်းဆောင်အနေနဲ့ အရွေးခံခဲ့ရတယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်။ “အဖွဲ့ခေါင်းဆောင်အနေနဲ့ အရွေးခံရတာက အလုပ်မှာ ငါ ကျွမ်းကျင်မှုနဲ့ ပါရမီတချို့ ရှိတယ်၊ တခြား ညီအစ်ကို မောင်နှမတွေထက် ပိုတော်ပြီး ဒီအလုပ်ကို ကြီးကြပ်နိုင်တယ်ဆိုတဲ့ သဘောပဲ။ ဒီတာဝန်ကို ငါ တန်ဖိုးထားရမယ်၊ ကြိုးစားလုပ်ရမယ်၊ သမ္မာတရားရဲ့ စည်းမျဉ်းတွေ ရှာပြီး အကောင်းဆုံး လုပ်ရမယ်။ အသင်းတော်အလုပ်ကို ဟန့်တားမဲ့ အမှားတွေ လုပ်လို့မရဘူး။ လူတိုင်းကို ငါက အဖွဲ့ခေါင်းဆောင်ဖြစ်ဖို့ သင့်တော်တယ်ဆိုတာ ပြရမယ်”လို့ပေါ့။
တစ်နေ့မှာ အသင်းတော် ခေါင်းဆောင်က လာပြောတယ်။ “အသင်းတော်က ဓမ္မတေး ဗီဒီယိုတစ်ခုအတွက် နောက်ခံပုံတစ်ခု လိုတယ်။ အရင်နောက်ခံတွေထက် လုပ်ရတာ ပိုခက်မယ်။ ခုချိန်မှာ တခြားလူတွေအားလုံးက ဒီဇိုင်းအမျိုးမျိုး လုပ်ပြီး အလုပ်များနေကြတော့ တခြားလူကို ခေါ်လုပ်ခိုင်းတာက တိုးတက်မှုကို နှောင့်နှေးစေမှာပဲ။ အဲဒါကို အစ်မကို လုပ်စေချင်တယ်။ အစ်မလုပ်နိုင်မယ် ထင်လား”တဲ့။ ခေါင်းဆောင်က ဒီလိုပြောတာ ကြားတော့ တွေးမိတယ်။ “အရင်က အဲဒီလိုခက်တဲ့ နောက်ခံကို ငါ လုံးဝ မလုပ်ဖူးတော့ ရလဒ်ကောင်းတွေရဖို့ အာမခံနိုင်ပါ့မလားဆိုတာ မသေချာဘူး” ပေါ့။ ဒါပေမဲ့လည်း တွေးမိတယ်။ “ခေါင်းဆောင်နဲ့ ညီအစ်ကို မောင်နှမတွေက ဒီပရောဂျက်ကို အာရုံစိုက်နေကြမှာပဲ။ အခုဆိုရင် ဒီတာဝန်ကို ငါလုပ်တာ နှစ်နှစ်ကျော်ပြီ။ ခက်ခဲတဲ့ ပြဿနာနဲ့ အလုပ်တာဝန်တွေ အတော်အသင့်ကိုင်တွယ်ခဲ့ပြီး ထိုက်သင့်တဲ့ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေလည်း ရှိပြီ။ ဒီလိုခက်တဲ့ နောက်ခံကို လုပ်ဖို့ကြိုးစားတာ ဒါပထမဆုံးအကြိမ် ဖြစ်နိုင်တော့ မတွေးထားတဲ့ ပြဿနာတချို့ ကျိန်းသေရှိမှာ။ ဒါပေမဲ့ ဒီလိုအလုပ်မျိုးကိုတောင် ကိုင်တွယ်မဖြေရှင်းနိုင်ရင် တခြားလူတွေအားလုံးက ငါ့ကို ဘာများ ထင်ကြမလဲ။ ဒါကို မကိုင်တွယ်နိုင်ရင် ငါက ပါရမီရှိတဲ့ အမှုဆောင်မဟုတ်သလို ဘာတိုးတက်မှုမှ မရှိဘူးလို့ ထင်ကြမလား။ တခြား ညီအစ်ကို မောင်နှမအားလုံးက သူတို့ပရောဂျက်တွေကို လုပ်နေကြပြီး ဒီအချိန်မှာ ငါနဲ့ အလုပ်လုပ်ဖို့ တခြားတစ်ယောက်ယောက်ကို ပို့ရမယ်ဆိုရင် ကြီးမားတဲ့ တာဝန်တွေကို ငါ မကိုင်တွယ်နိုင်ဘူး၊ အားကိုးလို့မရသလို ခေါင်းဆောင်မှုအတွက် အရည်အချင်းမမီဘူးလို့ သေချာပေါက် ထင်ကြမှာပဲ။ အဲဒါကို ဖြစ်ခွင့်ပေးလို့ မရဘူး။ ဘာပဲဖြစ်ဖြစ် ဒီပရောဂျက်ကို ငါတာဝန်ယူရမယ်။ အားလုံးကို မှန်မှန်ကန်ကန် လုပ်နိုင်အောင်လို့ ကိုယ်မသိတာကို ရှာကြည့်လိုက်မယ်။ ပြီးတော့ ခက်ခဲတဲ့ တာဝန်တွေကို ငါကိုင်တွယ်နိုင်မှန်း လူတိုင်းကို ပြမယ်”ပေါ့။ စိတ်ဆုံးဖြတ်လိုက်ပြီး စိတ်ချယုံကြည်မှုနဲ့ ကျွန်မ ပြန်ပြောလိုက်တယ်။ “ကိစ္စမရှိဘူး၊ ကျွန်မ လုပ်နိုင်တယ်။ ဒါက တခြားနောက်ခံတွေထက် မဆိုစလောက် ပိုခက်ပြီး ကျွမ်းကျင်မှုလိုအပ်တာပါ။ နည်းနည်း ပိုအားထုတ်လိုက်တာနဲ့ အရည်အသွေးကောင်းဖို့ အာမခံနိုင်ပါတယ်”ပေါ့။ ကျွန်မ စိတ်ချယုံကြည်မှုရှိပုံရတာကို မြင်တော့ ခေါင်းဆောင်က ခေါင်းညိတ်တယ်။ “ဒီနောက်ခံအတွက် အချိန်သိပ်မရဘူး။ ဓမ္မတေးနောက်ကွယ်က အဓိပ္ပာယ်နဲ့ ခံစားချက်ကို ဒီဇိုင်းက ထင်ဟပ်ဖို့ လိုတာလေ။ အဲဒီ ဒီဇိုင်းလုပ်နေတုန်း အခက်အခဲတစ်ခုခု ရှိရင် ချက်ချင်း ကျွန်တော့်ကို ဆက်သွယ်လိုက်”တဲ့။ ပြီးတော့ ကြီးကြပ်ရေးမှူးက ပြောသေးတယ်။ “အဲဒါကို ဖြစ်အောင် တကယ်မလုပ်နိုင်ရင် အသိပေးပါ။ အစ်မကို လာကူညီဖို့ တစ်ယောက်ယောက်ကို တာဝန်ပေးလိုက်မယ်”တဲ့။ စိတ်လှုပ်ရှား၊ တုန်လှုပ်ရင်းနဲ့ ကျွန်မ သဘောတူ ခေါင်းညိတ်လိုက်တယ်။ ကောင်းကောင်းလုပ်ရင် အလေးစားခံရမဲ့ အဲဒီလို အရေးကြီးတဲ့ ဒီဇိုင်းကို လုပ်နေရတော့ ကျွန်မ စိတ်လှုပ်ရှားမိပေမဲ့ အဲဒီလို ခက်ခဲတဲ့ တာဝန်ကို ကျွန်မ ကိုင်တွယ်နိုင်ပါ့မလားဆိုတာကိုလည်း စိုးရိမ်မိတယ်။ သူတို့လိုချင်တဲ့ အရည်အသွေးကို ကျွန်မပေးနိုင်မလား မသေချာဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် လူတိုင်းကို စိတ်ပျက်အောင်လုပ်လို့မဖြစ်ဘူး။ ဒီရှားပါး အခွင့်အရေးကို အပြည့်အဝ အသုံးချနိုင်ဖို့ ချက်ချင်း ရှာဖွေစူးစမ်းမှု စလုပ်ရမယ်။ လုပ်ရင်းကိုင်ရင်း ကြိုးစားစမ်းသပ်ကြည့်ရမယ်။ ဘယ်လိုပဲ ခက်ခဲပါစေ ဒီတာဝန်ကို ကျွန်မ ပြီးအောင်လုပ်မယ်ပေါ့။
ဒီဇိုင်းလုပ်နေတုန်းမှာ အချိန်က အကုန်မြန်သလိုဖြစ်ပြီး ပြဿနာမျိုးစုံ ပေါ်လာတယ်။ ဖိအားတွေတိုးလာတာကို ခံစားခဲ့ရတယ်။ ခေါင်းဆောင်နဲ့ ကြီးကြပ်ရေးမှူးက ကျွန်မရဲ့ အလုပ်အခြေအနေနဲ့ ပြဿနာ ရှိမရှိကို ခဏခဏ မေးကြတယ်။ အရမ်းကို စိတ်လှုပ်ရှားလွန်းပြီး အားလုံး “အဆင်ပြေတယ်” လို့သာ ပြောလိုက်တာ။ တကယ်က ကျွန်မ တုန်လှုပ်နေတာ။ ဒီဇိုင်းက အဓိကအရေးပါတဲ့ ပြောင်းလဲမှုနဲ့ တိုးတက်မှုတချို့ လိုအပ်နေသေးတယ်။ နောက်ဆုံးရလဒ် ဘယ်လို ထွက်လာမယ်မှန်း ကျွန်မ တကယ်မသိခဲ့ပါဘူး။ ကောင်းကောင်း ဖြစ်မလာရင် လူတိုင်းက ကျွန်မရဲ့ ကျွမ်းကျင်မှု အဆင့်မှန်ကို မြင်သွားမှာ။ ကျွန်မက မစွမ်းဆောင်နိုင်ဘဲ ကြွားဖို့သာ ကြိုးစားနေတယ်လို့ ပြောကြမှာပဲ။ ပြီးအောင်လုပ်မယ်လို့ ကတိပေးခဲ့မှတော့ ကတိပျက်ရင် ကိုယ့်ရှူးကိုယ်ပြန်ပတ်တော့မယ်လို့ တွေးမိလို့ မတတ်သာဘဲ လက်ခံပြီး လုပ်ရင်းနဲ့ပဲ ကိစ္စတွေကို နားလည်အောင် လုပ်ခဲ့ရတယ်။ စိတ်ကူးအနှစ်ချုပ် မရသေးလို့ အကြံထုတ်ဖို့ အချိန်အတော်ကြာ စဉ်းစားခဲ့ရတယ်။ တစ်ခါ ခေါင်းဆောင်က စတူဒီယိုကို လာပြီး ကျွန်မ အလုပ်လုပ်တာကို စောင့်ကြည့်တယ်၊ ဒါကြောင့် အားလုံး အဆင်ပြေနေတယ်လို့ ထင်သွားအောင် ပိုလွယ်တဲ့ အပိုင်းကို ကျွန်မ တမင်ပြောင်းလိုက်ပြီး အမြန်ဆွဲလိုက်တယ်။ ဒါပေမဲ့ တကယ်တော့ စိတ်လှုပ်ရှားလွန်းလို့ ကျွန်မ လက်ဖဝါးမှာ ချွေးတွေရွှဲနေတာ။ ခေါင်းဆောင် ထွက်သွားတာနဲ့ ပိုခက်တဲ့ အပိုင်းကို ပြောင်းလိုက်ပြီး ဦးနှောက်ခြောက်ခံ စဉ်းစားရပြန်ရော။ ခေါင်းဆောင်က ကျွန်မအရည်အချင်းကို မေးခွန်းထုတ်မှာ စိုးရိမ်လို့ ပြဿနာရှိတာကို ဝန်မခံချင်ခဲ့ဘူး။ ကိုယ်က စကားကြီးစကားကျယ်တွေ ပြောထားပြီးမှတော့ ကတိဖျက်တာဟာ ရှက်စရာကောင်းမှာပဲလို့ တွေးမိတယ်။ အံကိုကြိတ်ပြီး လုပ်ရင်းနဲ့ ကိစ္စတွေကို အဖြေရှာခဲ့ရတယ်။ ဒါပေမဲ့ တိုးတက်မှု နှောင့်နှေးပြီး ကျွန်မ စိတ်တွေ ချုံးချုံးကျသွားတယ်။ နောက်ဆုံးညမှာ ဒီဇိုင်းကို ပြီးအောင် လုပ်ရင်းနဲ့ တော်တော်မိုးချုပ်မှ အိပ်ခဲ့တယ်။ ခေါင်းဆောင်နဲ့ ကြီးကြပ်ရေးမှူးက တစ်ချက်ကြည့်ပြီး ကောင်းပုံရပေမဲ့ နည်းနည်း ပြင်ဖို့လိုတယ်လို့ ပြောကြတယ်။ ကိုယ့်တာဝန်လုပ်ရတဲ့ ကျေနပ်မှုကို ကျွန်မ ခံစားခဲ့ရသေးဘူး။ ကျွန်မ လမ်းပျောက်သလို ခံစားရပြီး ပျော်အောင် မနေနိုင်ခဲ့ဘူး။
နောက်ပိုင်း ဝတ်ပြုဆုတောင်းချိန်အတွင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ရတယ်။ “သင်သည် သင်၏ အသက်တာ၌ စွပ်စွဲသည့်အသိစိတ် မကြာခဏရှိပါက၊ သင်၏ စိတ်နှလုံးသည် အနားမရနိုင်ပါက၊ သင်သည် ငြိမ်သက်ခြင်း သို့မဟုတ် ဝမ်းမြောက်ခြင်း မရှိပါက၊ ပြီးလျှင် ကိစ္စအမျိုးစုံနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ခြင်းနှင့် သောကရောက်ခြင်းတို့၏ မကြာခဏ ဖိစီးခြင်းခံရပါက ဤသည်မှာ အဘယ်အရာကို ဖော်ပြသနည်း။ သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြောင်း၊ ဘုရားသခင်အတွက် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာမရပ်တည်ကြောင်းကို ဖော်ပြရုံမျှသာတည်း။ သင်သည် စာတန်၏ စိတ်သဘောထား အလယ်တွင် အသက်ရှင်သည့်အခါ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ မကြာခဏပျက်ကွက်နိုင်ခြေရှိပြီး သမ္မာတရားကို ကျောခိုင်းဖို့၊ တစ်ကိုယ်ကောင်းဆန်ပြီး ဆိုးယုတ်ဖို့ ဖြစ်နိုင်ခြေရှိလေသည်။ သင်သည် သင်၏ပုံရိပ်၊ သင်၏နာမည်ကောင်းနှင့် ဂုဏ်အဆင့်အတန်း၊ ပြီးလျှင် သင်၏အကျိုးစီးပွားများကိုသာ ထိန်းသိမ်းသည်။ သင့်အတွက်သာ အစဉ် အသက်ရှင်ခြင်းက သင့်အား အစဉ် ကြီးစွာသော နာကျင်မှုဖြစ်စေသည်။ သင်သည် အလွန်များစွာသော တစ်ကိုယ်ကောင်းဆန်သည့် အလိုဆန္ဒများ၊ အရှုပ်အယှက်များ၊ သံယောဇဉ်များ၊ ဒွိဟများနှင့် ဒုက္ခများစွာတို့ သင့်ထံတွင် ရှိသည်မှာ သင်၌ အနည်းဆုံးသော ငြိမ်သက်ခြင်း၊ သို့မဟုတ် ဝမ်းမြောက်ခြင်းတို့မရှိချေ။ ဖောက်ပြန်ပျက်စီးသော ဇာတိပကတိအတွက် အသက်ရှင်ခြင်းသည် အလွန်အမင်း ဒုက္ခခံစားရခြင်း ဖြစ်လေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အသက်အတွင်း ဝင်ရောက်ခြင်းသည် တာဝန် ထမ်းဆောင်ခြင်းဖြင့် စတင်သည်) ဘုရားနှုတ်ကပတ်တော်ကို စဉ်းစားရင်းနဲ့ သဘောပေါက်သွားတယ်။ ဒီဇိုင်းပြီးသွားတဲ့နောက် ပင်ပန်းနွမ်းနယ်ပြီး စိတ်မချမ်းမြေ့ရတဲ့ အကြောင်းရင်းက အဆင့်အတန်းကို ကျွန်မ အရမ်းတပ်မက်လွန်းလို့ပဲ။ ကိုယ့်တာဝန်မှာရှိတဲ့ ချို့ယွင်းချက်တွေကို ဖုံးကွယ်ဖို့ သူများတွေ ယုံမှားသွားအောင် ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်ဖုံးဖိခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ပိုနားလည်စေခဲ့တဲ့ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို အမှတ်မထင်တွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူတို့ကိုယ်တိုင်သည် အဖန်ဆင်းခံအရာများ ဖြစ်ကြ၏။ အဖန်ဆင်းခံ အရာများက အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်းကို ရရှိနိုင်ပါသလော။ စုံလင်ခြင်းနှင့် အပြစ်အနာအဆာကင်းခြင်းကို ၎င်းတို့ ရရှိနိုင်ပါသလော။ အရာရာတိုင်းတွင် ကျွမ်းကျင်မှုကို ရရှိနိုင်သလော၊ အရာရာတိုင်းကို နားလည်လာနိုင်ပြီး အရာရာတိုင်းကို ထိုးဖောက်သိမြင်နိုင်ပြီး အရာရာကို စွမ်းဆောင်နိုင်သလော။ မဖြစ်စေနိုင်ပေ။ သို့သော်၊ လူသားများထဲတွင်၊ ဖောက်ပြန်ပျက်စီးခြင်းများနှင့် ဆိုးရွားသော အားနည်းချက်တစ်ခု ရှိ၏။ ကျွမ်းကျင်မှု သို့မဟုတ် တတ်ကျွမ်းမှုတစ်ခု သူတို့ သင်ယူသည်နှင့်တစ်ပြိုင်နက်၊ သူတို့ တတ်စွမ်းနိုင်ကြသည်၊ သူတို့က အဆင့်အတန်းနှင့် တန်ဖိုးရှိသူများ ဖြစ်ကြပြီး ကျွမ်းကျင်အတတ်ပညာရှင်များ ဖြစ်ကြသည်ဟု လူတို့က ခံစားမိကြသည်။ ၎င်းတို့သည် မည်သို့ပင် ထူးခြားမှုမရှိသည်ဖြစ်စေ၊ ၎င်းတို့အားလုံးသည် နာမည်ကြီးသော၊ သို့မဟုတ် အဆင့်မြင့်သောပုဂ္ဂိုလ်တစ်ယောက်ယောက်အဖြစ် ပြရုပ်တင်လိုကြသည်။ အသေးစား နာမည်ကြီးသူတစ်ယောက်ယောက်အဖြစ် ပြောင်းလဲလိုကြသည်။ ချို့ယွင်းချက်တစ်ခုမှမရှိဘဲ ၎င်းတို့က စုံလင်ပြီး အပြစ်အနာအဆာကင်းသည်ဟု လူတို့ကို ထင်စေလိုကြသည်။ သူတစ်ပါးတို့၏အမြင်တွင် ၎င်းတို့သည် ကျော်ကြားလာကာ၊ အာဏာကြီး၍၊ ထင်ရှားသောပုဂ္ဂိုလ်တစ်ဦးဖြစ်လိုပြီး စွမ်းအားကြီးလိုကြသည်။ မလုပ်နိုင်သည့်အရာမရှိဘဲ၊ မည်သည့်အရာကိုမဆို စွမ်းဆောင်နိုင်လိုကြသည်။ ၎င်းတို့သည် အခြားလူတို့၏ အကူအညီကို ရှာဖွေလျှင် ၎င်းတို့သည် မစွမ်းဆောင်နိုင်၊ အားနည်းသည်၊ နိမ့်ကျသည် ဆိုသည့်ပုံပေါ်မည်၊ လူတို့သည် ၎င်းတို့အား အထင်သေးကြမည်ဟု ထင်မြင်ကြသည်။ ဤအကြောင်းကြောင့် ၎င်းတို့သည် အစဉ်သဖြင့် လှည့်ဖြား၍ဟန်ပြလိုကြသည်။ လူအချို့ကို တစ်စုံတစ်ခု လုပ်ခိုင်းသည့်အခါ မည်သို့လုပ်ဆောင်ရသည်ကို ၎င်းတို့ အမှန်တကယ် မသိသော်ငြားလည်း သိသည်ဟု ပြောကြသည်။ ထို့နောက်တွင် ၎င်းတို့သည် ထိုအကြောင်းကို တိတ်တဆိတ် ရှာဖွေကြပြီး မည်သို့လုပ်ဆောင်ရမည်ကို သင်ယူဖို့ ကြိုးစားကြသော်လည်း နှစ်ရက်သုံးရက် လေ့လာပြီးသည့်နောက် မည်သို့လုပ်ရမည်ကို ၎င်းတို့နားမလည်ကြသေး။ ၎င်းတို့ အခြေအနေမည်သို့ရှိသည်ကို အမေးခံရသည့်အခါ ၎င်းတို့က ‘မကြာမီ ပြီးမည်၊ မကြာမီပြီးမည်’ ဟု ပြောကြသည်။ သို့ရာတွင် ၎င်းတို့၏စိတ်နှလုံးထဲ၌ ‘မရသေးဘူး။ ငါ ဘာမှ မသိ။ ငါ ဘာလုပ်ရမည်ကိုလည်း မသိ။ ငါ လက်လျှော့၍မဖြစ်ပေ၊ ဆက်၍ ဟန်ဆောင်ရမည်၊ ငါ၏ အားနည်းချက်များ၊ မသိနားမလည်မှုများကို လူတို့အား မြင်ခွင့်ပေး၍ မဖြစ်။ ငါ့ကို အထင်သေးခွင့်ပြု၍ မဖြစ်။’ ဟု ၎င်းတို့ တွေးနေကြသည်။ ဤသည်မှာ အဘယ်ပြဿနာနည်း။ ဤသည်မှာ မည်သို့ပင်ဖြစ်စေ သိက္ခာဆည်ရန် ကြိုးစားသည့် အသက်ရှင်နေစဉ်ဖြစ်သော ငရဲဖြစ်သည်။ ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုးနည်း။ ဤသို့သောသူများ၏ မာနထောင်လွှားမှုသည် အကန့်အသတ်မရှိပေ။ ၎င်းတို့သည် အသိစိတ်အားလုံး ပျောက်ဆုံးပြီးဖြစ်သည်။ ၎င်းတို့သည် လူတိုင်းကဲ့သို့ မဖြစ်လိုပေ။ သာမန်၊ ပုံမှန်လူများမဖြစ်လိုကြဘဲ မဟာလူသား၊ အဆင့်မြင့်သောသူတစ်ယောက်၊ အစွမ်းထက်သူတစ်ယောက်ယောက် ဖြစ်လိုကြသည်။ ဤသည်မှာ အလွန်ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်သည်။ အားနည်းချက်များ၊ ချို့ယွင်းချက်များ၊ မသိနားမလည်မှု၊ မိုက်မဲမှုနှင့် သာမန်လူ့သဘာဝအတွင်းမှ သိနားလည်မှု ကင်းမဲ့ခြင်းနှင့် စပ်လျဉ်း၍၊ ယင်းတို့အားလုံးကို သူတို့ ဖုံးကွယ်ပြီး အခြားသူများကို မြင်ခွင့်မပေးဘဲ မိမိတို့ကိုယ်ကိုယ် ဆက်လက် အယောင်ဆောင်ကြလေသည်။...ထိုသို့သော လူတို့သည် အမြဲ စိတ်ကူးယဉ်တတ်ကြသည် မဟုတ်လော။ သူတို့ အိပ်မက်မက်နေကြခြင်း မဟုတ်လော။ သူတို့သည် မိမိကိုယ်ကိုယ် အဘယ်သူများ ဖြစ်ကြသည်ကို မသိကြသလို၊ သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်ရမည်ကိုလည်း မသိကြ။ လက်တွေ့ကျသည့် လူသားများကဲ့သို့ တစ်ကြိမ်မျှ သူတို့ လုံးဝ မပြုမူဖူးကြ။ မိမိတို့ကိုယ်ကိုယ် ပြုမူနေထိုင်ရာတွင်၊ လူတို့သည် ဤလမ်းမျိုးကို ရွေးချယ်လျှင်၊ သူတို့ အောက်ခြေမလွတ်မည့်အစား အမြဲ စိတ်ကူးယဉ်ကြသည်ဆိုလျှင်၊ အမြဲ ပျံသန်းချင်ကြလျှင်၊ ပြဿနာများ သူတို့ကြုံရဖို့ သေချာပေသည်။ အသက်တာတွင် ၎င်းတို့ ရွေးချယ်သည့် လမ်းကြောင်းသည် မမှန်ကန်ပါ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် မှန်ကန်သော လမ်းကြောင်းပေါ် စတင်ရန် ပြည့်စုံရမည့် သတ်မှတ်ချက် ငါးချက်) ဘုရားနှုတ်ကပတ်တော်က ကျွန်မရဲ့ လက်ရှိအခြေအနေကို ဖော်ထုတ်ခဲ့တယ်။ ဒီဇိုင်းမှာ အလုပ်လုပ်တာ နည်းနည်း ကြာပြီဆိုတော့ တချို့တလေကို ကျွမ်းကျင်တတ်မြောက်ပြီး အဖွဲ့ခေါင်းဆောင်အနေနဲ့ အရွေးခံခဲ့ရတယ်၊ ကျွန်မ စွမ်းဆောင်နိုင်ပြီး ရှားပါးတဲ့ ပါရမီရှင်ပဲလို့ ကျွန်မ တွေးခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ဒီလို တွေးခဲ့လို့ ကျွန်မရဲ့ ချို့ယွင်းချက်တွေကို တခြားလူတွေ သတိပြုမိပြီး အလုပ်အတွက် မသင့်တော်ဘူးလို့ ပြောမှာ စိုးတာနဲ့ ကျွန်မအပေါ် သူတို့ ဘာတွေးတယ်ဆိုတာကို အထူး အာရုံစိုက်ခဲ့တယ်။ အထူးသဖြင့် ဒီနောက်ခံပုံနဲ့ ပတ်သက်ပြီးတော့ အရင်က အဲဒီလောက်ခက်တာတစ်ခုမှ မလုပ်ဖူးသလို အောင်မြင်မလားဆိုတာ မသေချာခဲ့ဘူး။ ဒါပေမဲ့ ကိုယ့်ဂုဏ်နဲ့ အဆင့်အတန်းကို ထိန်းဖို့၊ ကြီးကြပ်ရေးမှူးနဲ့ ခေါင်းဆောင်ရဲ့ ယုံကြည်မှုရဖို့ အားလုံးပဲ အဆင်ပြေနေသလိုမျိုး ဟန်ဆောင်ခဲ့တယ်။ ပြဿနာတွေ ကြုံပြီး မတိုးတက်လာတဲ့အခါ အကူအညီ တောင်းမဲ့အစား တစ်ကိုယ်တည်းပဲ အပြင်းအထန်ကြိုးစားခဲ့တယ်။ ကိုယ့်တိုးတက်မှုတို့၊ ပြဿနာရှိမရှိတို့ ခေါင်းဆောင်ကမေးတော့ လုံးဝ လမ်းပျောက်နေခဲ့ပေမဲ့ ကျွန်မရဲ့ ပြဿနာတွေကို မပြောပြခဲ့ဘူး၊ အဲဒီအစား သူ့ကို လိမ်ညာ၊ လှည့်စားဖို့ ရွေးခဲ့တာဟာဆိုရင် အလုပ်ပြီးအောင် ကျွန်မလုပ်နိုင်တယ်လို့ သူ ထင်အောင် အရမ်းကျွမ်းကျင်မှုရှိသလို ဟန်ဆောင်တဲ့အထိပါပဲ။ ကိုယ့်ရဲ့ ချို့ယွင်းချက်တွေကို ဖုံးကွယ်ဖို့ ကဏ္ဍတိုင်းမှာ ဟန်လုပ်ခဲ့တယ်။ ဘာကိုမဆို ကျွန်မ လုပ်နိုင်ပြီး အရာရာကို သိတယ်လို့ တခြားလူတွေ ထင်အောင် ပါရမီရှိတဲ့ အမှုဆောင်လို အမြဲ ဟန်ဆောင်ခဲ့တယ်။ ကျွန်မက အရမ်းကို စိတ်ကြီးဝင်ပြီး မာနထောင်လွှားမှန်း သဘောပေါက်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်က ပြောတယ်။ “လူတို့ကိုယ်တိုင်သည် အဖန်ဆင်းခံအရာများ ဖြစ်ကြ၏။ အဖန်ဆင်းခံ အရာများက အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်းကို ရရှိနိုင်ပါသလော။ စုံလင်ခြင်းနှင့် အပြစ်အနာအဆာကင်းခြင်းကို ၎င်းတို့ ရရှိနိုင်ပါသလော။ အရာရာတိုင်းတွင် ကျွမ်းကျင်မှုကို ရရှိနိုင်သလော၊ အရာရာတိုင်းကို နားလည်လာနိုင်ပြီး အရာရာတိုင်းကို ထိုးဖောက်သိမြင်နိုင်ပြီး အရာရာကို စွမ်းဆောင်နိုင်သလော။ မဖြစ်စေနိုင်ပေ။” အမှန်ပါပဲ၊ ဖောက်ပြန်ပျက်စီးတဲ့ လူတစ်ယောက်က ဘယ်လိုလုပ် ပြီးပြည့်စုံပြီး အားလုံး စွမ်းဆောင်နိုင်မှာလဲ။ ကိုယ့်တာဝန်မှာ တချို့ကိစ္စတွေကို နားမလည်တာ၊ မစွမ်းဆောင်နိုင်တာက ပုံမှန်ပဲလေ။ ဒါပေမဲ့ ကျွန်မက ကိုယ့်ချို့ယွင်းချက်တွေအပေါ် အဲဒီလို သဘောမထားခဲ့ဘူး။ အဲဒီအစား ပါရမီရှိတဲ့ အမှုဆောင်လို ကိုယ့်ကိုယ်ကိုယ် မရမကပုံဖော်ခဲ့တယ်။ သာမန် အဖန်ဆင်းခံအနေနဲ့ပဲ အမြင်မခံချင်ခဲ့ဘူး။ ပြီးပြည့်စုံပြီး ခြောက်ပြစ်ကင်း သဲလဲစင်ဖြစ်ဖို့ ကြိုးစားခဲ့တယ်။ ဆင်ခြင်တုံတရား ပျောက်ဆုံးသွားအောင် အရမ်း မာနထောင်လွှားခဲ့တယ်။ ကိုယ့်ပုံစံအမှန်ကို တခြားလူတွေ မြင်မှာစိုးလို့ ကိုယ့်တာဝန်မှာ အမြဲ ဟန်လုပ်နေပြီး တစ်ခုခု နားမလည်တဲ့အခါ အကူအညီ မတောင်းခဲ့လို့ မြန်မြန် ပြီးသွားသင့်တဲ့အချိန်မှာ ဒီဇိုင်းက တိုးတက်မှု နှေးကွေးသွားခဲ့ပြီး ကျွန်မ စိတ်တွေချုံးချုံးကျလာခဲ့တယ်။ ခြောက်ပြစ်ကင်းသဲလဲစင်နေအောင် ကြိုးစားခဲ့တာ ကျွန်မမိုက်မဲမှန်း သဘောပေါက်သွားတယ်။ ကျွန်မရဲ့ ချို့ယွင်းချက်တွေကို ရင်ဆိုင်ဖို့ သတ္တိမရှိဘဲ အမြဲ ဖုံးကွယ်ခဲ့တယ်။ ရလဒ်ကတော့ တာဝန်မှာ ပင်ပန်းပြီး မရိုးမသားဖြစ်ခဲ့ရုံမက အသင်းတော် အလုပ်ကိုလည်း နှောင့်နှေးစေခဲ့တာပဲ။ ဒါကို သဘောပေါက်တော့ ဘုရားဆီ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်။ ကိုယ်တော်ရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ လမ်းပြမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါကြောင့်သာ ဒီလိုဖုံးနေတာက သနားစရာကောင်းတာကို မြင်ခဲ့ရတာပါ။ နောင်လက်တွေ့လုပ်ဆောင်မှုနဲ့ ပတ်သက်လို့ ကျွန်မရဲ့ အမြင်မှားတွေကို ပြင်ပြီး ကျွန်မရဲ့ ချို့ယွင်းချက်တွေအပေါ် မှန်ကန်တဲ့ သဘောထားရှိဖို့၊ နားမလည်တဲ့အခါ မေးမြန်းဖို့၊ ဖုံးကွယ်မှုကို ရှောင်ကြဉ်ပြီး တာဝန်ကို လက်တွေ့ကျကျနဲ့ ရိုးရိုးသားသား လုပ်ဖို့ အသင့်ပါ” လို့ပေါ့။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ကို နောက်ထပ် ဖတ်ခဲ့တယ်။ “ယင်းမှာ မည်သည့်ပြဿနာပင်ဖြစ်ပါစေ ဖြစ်ပေါ်လာသည့် မည်သည့်ပြဿနာကိုမဆို ဖြေရှင်းဖို့ သင် သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး မည်သည့်နည်းလမ်းနှင့်မျှ သင်ဟန်မဆောင်ရ၊ သို့မဟုတ် အခြားသူများအတွက် အယောင်ဆောင်မလှည့်စားရ။ သင်၏အားနည်းချက်များ၊ သင်၏ချို့ယွင်းချက်များ၊ သင်၏အမှားများ၊ သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ— ယင်းတို့အားလုံးနှင့်ပတ်သက်၍ လုံးဝ ပွင့်ပွင့်လင်းလင်းရှိပြီး မိတ်သဟာယပြုလော့။ ယင်းတို့ကို အတွင်း၌ မသိမ်းထားနှင့်။ သင့်ကိုယ်သင် မည်သို့ဖွင့်ဟဖို့ကို သင်ယူခြင်းသည် အသက်သို့ ဝင်ရောက်ခြင်း၏ ပထမခြေလှမ်းဖြစ်ပြီး၊ ယင်းမှာ အောင်နိုင်ဖို့ အခက်ဆုံးဖြစ်သည့် ပထမဆုံး အခက်အခဲတစ်ခုဖြစ်သည်။ ယင်းကို သင်အောင်နိုင်ပြီးသည်နှင့်၊ သမ္မာတရားကို ဝင်ရောက်ခြင်းသည် လွယ်ကူပေသည်။ ဤခြေလှမ်းကို လှမ်းခြင်းက အဘယ်သဘောကို ဆောင်သနည်း။ ယင်းက သင်၏စိတ်နှလုံးကို ဖွင့်ပြီး ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ အပြုသဘောဆောင်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သည်ဖြစ်စေ သင်၌ရှိသမျှ အားလုံးကို ပြခြင်းကို ဆိုလိုလေသည်။ ဘုရားသခင်ထံမှ မည်သည့်အရာမျှ မကွယ်ဝှက်ဘဲ၊ မည်သည့်အရာမျှ မဖုံးကွယ်ဘဲ၊ မမျိုသိပ်ဘဲ လှည့်စားမှုနှင့် လှည့်ကွက်ကင်းကာ၊ အခြားသူများကို အလားတူ ပွင့်လင်းပြီး ရိုးသားရင်း၊ အခြားသူများနှင့် ဘုရားသခင် မြင်ဖို့ရာ သင့်ကိုယ်သင် ထုတ်ဖော်ပြခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် အလင်းတွင် အသက်ရှင်ပြီး ဘုရားသခင်က သင့်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမည်သာမက၊ အခြားသူများကလည်း သင်သည် အခြေခံသဘောတရားနှင့်အညီ၊ ပွင့်လင်းမြင်သာသည့် အတိုင်းအတာတစ်ခုဖြင့် ပြုမူကြောင်း မြင်နိုင်လိမ့်မည်။ သင်၏ ဂုဏ်သတင်း၊ ပုံရိပ်နှင့် အဆင့်အတန်းတို့ကို ကာကွယ်ရန် မည်သည့်နည်းလမ်းများကိုမျှ အသုံးပြုရန် မလိုသကဲ့သို့ သင်၏ အမှားများကို ဖုံးကွယ်ရန်၊ သို့မဟုတ် ဟန်ဆောင်ရန်လည်း မလိုအပ်ပေ။ ဤအသုံးမဝင်သော အားစိုက်ထုတ်မှုများကို သင် ဆောင်ရွက်ရန် မလိုပေ။ ဤအရာများကို သင် လက်လွှတ်နိုင်ပါက သင်သည် အလွန်ပင် သက်သောင့်သက်သာဖြစ်လိမ့်မည်။ သင်သည် ချည်နှောင်မှုများ၊ သို့မဟုတ် နာကျင်မှု မရှိဘဲ အသက်ရှင်လိမ့်မည် ဖြစ်ပြီး သင်သည် အလင်းတွင်သာ လုံးဝ အသက်ရှင်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ကိုယ့်တာဝန်ကို ကောင်းကောင်းလုပ်ပြီး ဘုရားရဲ့ ချီးကျူးတာ ခံချင်ရင် အဓိကက သမ္မာတရား ရှာဖို့ဖြစ်မှန်း ကျွန်မ သဘောပေါက်သွားတယ်။ ဘာဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ကျွန်မ ပြပါစေ၊ တာဝန်မှာ ဘာပြဿနာတွေ ရှိပါစေ လမ်းပြမှု ရှာဖို့ ဘုရားဆီ ဆုတောင်းရင်း ဖွင့်ပြောရမယ်၊ ဂုဏ်နဲ့ အဆင့်အတန်းအတွက် ဆန္ဒကို စွန့်ပစ်ရမယ်၊ ညီအစ်ကို မောင်နှမတွေနဲ့ မိတ်သဟာယပြုရမယ်၊ ဖုံးကွယ်မှုနဲ့ ဟန်ဆောင်မှုကို ရှောင်ကြဉ်ရမယ်၊ လူတိုင်းကို ကိုယ့်အရှိအတိုင်းမြင်ခွင့်ပေးရမယ်၊ ကိုယ်စွမ်းဆောင်နိုင်တာကိုပဲ လုပ်ရမယ်၊ မစွမ်းဆောင်နိုင်တဲ့အခါ ဝန်ခံပြီး တခြားလူတွေနဲ့ သမ္မာတရား ရှာရမယ်။ ကိုယ့်တာဝန်ကို ဒီလိုလုပ်တော့ ပင်ပန်းနွမ်းနယ်တာနဲ့ ချုပ်တည်းရတာ လျော့သွားမှာပဲ။ ပျော်ဖို့ကောင်းမှာ။ ဒါကို သဘောပေါက်သွားတော့ ဒီဇိုင်းလုပ်ငန်းစဉ်တစ်ခုလုံးအပေါ် ကိုယ့်အတွေးတွေကို ညီအစ်ကို မောင်နှမတွေနဲ့ မိတ်သဟာယမှာ ဖွင့်ပြောခဲ့ပြီး သူတို့နဲ့ ဆွေးနွေးဖို့ ကိုယ်ကြုံခဲ့ရတဲ့ ပြဿနာတွေကို တင်ပြခဲ့တယ်။ ညီအစ်ကို မောင်နှမတွေက ကျွန်မကို နည်းစနစ်သစ်တချို့ သင်ပေးပြီး အကြံသစ်တချို့ ပေးခဲ့ကြတယ်။ အဲဒီနောက်မှာ နောက်ခံအတွက် လုပ်ရတဲ့အချိန်အားလုံးက တကယ်ကို ချောချောမွေ့မွေ့ ဖြစ်သွားခဲ့တယ်။ နောက်ပိုင်းမှာ တချို့ ညီအစ်ကို မောင်နှမတွေက ပြောတယ်။ “အစ်မရဲ့ နောက်ခံပုံတွေ ကြည့်ရတာ အရင်ကဟာတွေထက် အများကြီး ပိုကောင်းတယ်။ အစ်မရဲ့ အတွေ့အကြုံနဲ့ သင်ယူခဲ့တာကို တစ်ချိန်ချိန်မှာ ကျွန်မတို့ကို ဝေမျှပေးလို့ရမလား”တဲ့။ ဒါကိုကြားတော့ ကျွန်မ အရမ်းဝမ်းသာသလို ကိုယ့်တာဝန်ကို လက်တွေ့ကျကျ ဖြည့်ဆည်းခဲ့ပြီလို့ ခံစားခဲ့တယ်။ နောက်ခံကို ဒီဇိုင်းလုပ်တဲ့ ကိုယ့်အတွေ့အကြုံကို ပြန်တွေးကြည့်တော့ ချို့ယွင်းချက်တွေရှိတာ ဘာမှမမှားသလို အဲဒါတွေကို တခြားလူတွေ သိတာက ဘာမှမထိခိုက်မှန်း သဘောပေါက်သွားတယ်။ ဖွင့်ပြောပြီး သမ္မာတရား ရှာနိုင်တာ၊ ကိုယ့်ရဲ့ မမှန်ကန်တဲ့ ရည်ရွယ်ချက်နဲ့ ဆန္ဒတွေကို ဘေးဖယ်နိုင်တာက အရေးကြီးဆုံး အရာပဲ။ ဒီလိုအလုပ်လုပ်ရင်းနဲ့ စိတ်အေးချမ်းပြီး စိတ်သက်သာရာရနိုင်တယ်။
တဖြည်းဖြည်းနဲ့ ခက်ခဲတဲ့ ပရောဂျက်တွေအတွက် အရည်အသွေးရှိတဲ့ ဒီဇိုင်းတွေကို ကျွန်မ ပေးနိုင်ခဲ့ပြီး တခြားညီအစ်ကို မောင်နှမတွေထက် အချောသတ်ဒီဇိုင်းတွေကို ပိုလုပ်နိုင်ခဲ့တယ်။ သူတို့က ဒီဇိုင်းစိတ်ကူးတွေနဲ့ ပတ်သက်လို့ ကျွန်မကို အကြံ အမြဲတောင်းကြပြီး တခြား နည်းစနစ်ဆိုင်ရာ မေးခွန်းတွေ မေးကြတယ်။ ပထမတော့ ကိုယ်သိတာကိုပဲ သူတို့ကို ပြောပြခဲ့ပေမဲ့ မေးတဲ့လူများလာတော့ ကျွန်မ အမှတ်တမဲ့ စဉ်းစားမိလာတယ်၊ “အခု လူတိုင်းက ငါ့ပါရမီတွေကို သတိပြုမိကြပြီထင်တယ်။ နို့မို့ ငါ့ကို ဘာလို့ အကြံတောင်းမှာလဲ”ပေါ့။ ဒီကျေနပ်စရာခံစားချက်ကို တော်တော် အရသာတွေ့လာပြီး ကိုယ့်ကိုယ်ကိုယ် အတော်လေး အားရနေတာ ကျွန်မ သတိတောင် မထားမိဘူး။ ဒါပေမဲ့လည်း လုံးလုံးမမျှော်လင့်ထားတာ ဖြစ်လာခဲ့တယ်။ ဓမ္မတေးတစ်ပုဒ်အတွက် ကျွန်မ ဒီဇိုင်းလုပ်ခဲ့တဲ့ နောက်ခံပုံတစ်ခုမှာ စည်းမျဉ်းကို ချိုးဖောက်တဲ့ ပြဿနာတစ်ခု ခေါင်းဆောင်က သတိထားမိပြီး ကျွန်မကို အဲဒီအကြောင်း ခေါ်ပြောတယ်။ အဲဒီပုံမှာ အဲဒီနေ့မှာပဲ ပြင်ဖို့လိုတယ်၊ မဟုတ်ရင် အလုပ် နှောင့်နှေးသွားမယ်လို့ ပြောပြီး ကိုယ့်ဘာသာ ပြင်နိုင်မလား၊ တခြားလူတွေဆီက အကူအညီလိုလားလို့ မေးတယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်။ “ဒီပုံကို ငါ ဒီဇိုင်းလုပ်ခဲ့တာပဲ၊ သူများကို လွှဲပေးလိုက်ရင် ငါက သိပ်မကျွမ်းကျင်ပုံပေါက်သွားမှာ မဟုတ်လား။ စကားကြီးစကားကျယ်သာပြောတာ အရေးကြီးတဲ့အခါကျတော့ မလုပ်နိုင်ဘူးလို့ ထင်ကြမှာပဲ မဟုတ်လား။ မဖြစ်ပါဘူး။ ငါ အခုမှ လက်လျှော့လို့မရဘူး။ ဒီပြဿနာကို ကိုယ့်ဘာသာ ပြင်နိုင်ရင် ငါဟာ ကိုယ့်အလုပ်ကို လုပ်နိုင်တဲ့ အားကိုးရပြီး ပျိုးထောင်ထိုက်မှန်း လူတိုင်း သိကြမှာပဲ” လို့ပေါ့။ ဒါကို သဘောပေါက်တော့ စည်းမျဉ်းအတိုင်း ကိုယ့်ဘာသာ ပြင်ပါ့မယ်လို့ ခေါင်းဆောင်ကို ပြောလိုက်တယ်။ ပြင်နေတုန်းမှာ ပုံတစ်ပုံအတွက် စိတ်ကူးကောင်းကောင်း ထုတ်လို့ကို မရဘူးဖြစ်နေတယ်။ အချိန်နည်းလာပြီး အဲဒီစိတ်ကူးအတွက် အကျပ်ရိုက်နေသေးလို့ ကျွန်မ တကယ် စိတ်ဖိစီးသွားခဲ့ပြီး အဲဒါကို အမြန်ဆုံး ပြီးသွားစေချင်တယ်။ ဒါပေမဲ့ ဒီဇိုင်းကို ကျွန်မ ဘယ်လိုပဲပြင်ပြင် အလုပ်ကိုမဖြစ်ခဲ့ဘူး။ မနက် ၅ နာရီထိ အဲဒီစိတ်ကူးအတွက် အကျပ်ရိုက်ခဲ့ပေမဲ့ ဘာကိုမှ မစဉ်းစားနိုင်သေးဘူး။ ကိုယ့်မှာ ဘာလို့ ဒီပြဿနာရှိနေတာလဲလို့ အဲဒီအချိန်ကျမှ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မေးမိလာတယ်။ ကျွန်မဒီဇိုင်းက စည်းမျဉ်းချိုးဖောက်ရတဲ့ အကြောင်းရင်းက ကျွန်မ နားမလည်ခဲ့တဲ့ စည်းမျဉ်းအပိုင်းတချို့ ရှိလို့ဆိုတာ ကျွန်မ ရုတ်တရက် သဘောပေါက်သွားတယ်။ ဒါကို ပြင်နေရတာကိုက အလုပ်ကို နှောင့်နှေးစေပြီးသားဖြစ်နေပြီ။ ကျွန်မပြုပြင်တာက ကိစ္စတွေကို ပြေလည်စေမလားတောင် မသေချာဘူး။ ဒီပုံကလည်း အရေးပေါ် လိုအပ်နေလို့ အကူအညီတချို့ တောင်းသင့်မှန်း သိခဲ့တယ်။ ဒါပေမဲ့ ကိုယ့်အဆင့်အတန်းနဲ့ ဂုဏ်သတင်းကို ထိန်းသိမ်းပြီး ကိုယ့်ချို့ယွင်းချက်တွေကို ဖုံးကွယ်ဖို့ တစ်ယောက်တည်းပဲ အပြင်းအထန်ကြိုးစားခဲ့တယ်။ အသင်းတော် အလုပ်ကို ကျွန်မ နှောင့်နှေးစေခဲ့တာ မဟုတ်လား။ ဒါကို သဘောပေါက်တော့ အရမ်းအပြစ်ရှိသလို ခံစားရပြီး နောင်တရဖို့ ဘုရားဆီ အမြန်ဆုတောင်းခဲ့တယ်။ “အို ဘုရားသခင်။ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား ချည်နှောင်တာ ကျွန်မ ခံရပြီးပါပြီ။ ကျွန်မမှာ ပြဿနာ ရှိတာနဲ့ တခြားလူတွေ လေးစားအောင် ကိစ္စတွေ အဆင်ပြေချင်ယောင်ဆောင်ခဲ့တယ်။ ကိုယ့်ချို့ယွင်းချက်တွေကို ရင်မဆိုင်နိုင်ပါဘူး။ ကိုယ့်တာဝန်ကို ဒီနည်းနဲ့လုပ်ရတာ ပင်ပန်းလိုက်တာ။ ဘုရားသခင်၊ ကိုယ်တော့်နှုတ်ကပတ်တော်နဲ့အညီ လက်တွေ့လုပ်နိုင်ဖို့ ကိုယ့်ဖောက်ပြန်ပျက်စီးခြင်းကို သတိပြုမိပြီး ကိုယ့်ဘဝင်မြင့်ခြင်းကို စွန့်ဖို့ လမ်းပြတော်မူပါ။” ဆုတောင်းပြီးနောက်မှာ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိခဲ့တယ်။ “သင်သည် နာမည်ဂုဏ်သတင်းကြီးမှု၊ မြင့်မြတ်မှုနှင့် ဂုဏ်အဆင့်အတန်းကို အစဉ်ရှာဖွေနေသည်။ သင်သည် ချီးမြှောက်ခြင်းကို အစဉ်ရှာဖွေသည်။ ဘုရားသခင်သည် ၎င်းအဖြစ်ကိုတွေ့ပါက မည်သို့ခံစားရမည်နည်း။ ကိုယ်တော်သည် ၎င်းကို စက်ဆုပ်ပြီး သင်နှင့် ဝေးကွာသွားလိမ့်မည်။ သင်သည် နာမည်ဂုဏ်သတင်းကြီးမှု၊ မြင့်မြတ်မှု စသောအရာများနောက်ကို လိုက်လေလေဖြစ်ပြီး၊ အခြားသူများထက် သာလွန်သော၊ အောင်မြင်သော၊ ထူးချွန်သော၊ အရေးပါသောသူ ဖြစ်လိုလေလေ၊ ဘုရားသခင်သည် သင့်အားစက်ဆုပ်လေလေ ဖြစ်သည်။ သင့်ကိုယ်သင် မဆင်ခြင်သလို နောင်တမရလျှင် ဘုရားသခင်သည် သင့်ကို စက်ဆုပ်ရွံရှာပြီး စွန့်ပစ်လိမ့်မည်။ ဘုရားသခင် စက်ဆုပ်သောသူ မဖြစ်လေနှင့်။ ဘုရားသခင် ချစ်သောသူတစ်ဦး ဖြစ်အောင်နေလော့။ ဤသို့ဆိုလျှင် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို အကြင်သူသည် မည်သို့ ရရှိနိုင်သနည်း။ သမ္မာတရားကို ကျိုးကျိုးနွံနွံ လက်ခံခြင်း၊ ဖန်ဆင်းခံတစ်ဦး၏ နေရာတွင် ရပ်တည်ခြင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်များအားဖြင့် အသိတရားရှိရှိနှင့် လက်တွေ့ကျသော စိတ်သဘောထားဖြင့် ပြုမူဆောင်ရွက်ခြင်း၊ မိမိ၏တာဝန်ကို ကောင်းစွာထမ်းဆောင်ခြင်း၊ ရိုးသားသောသူတစ်ဦးဖြစ်ဖို့ ကြိုးစားခြင်းနှင့် စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ခြင်းအားဖြင့် ဖြစ်ပေသည်။ ဤသည်မှာ လုံလောက်ပေသည်။ ဘုရားသခင်သည် ကျေနပ်လိမ့်မည်။ လူတို့သည် ရည်မှန်းချက်များကို မကိုင်စွဲထားရန်၊ သို့မဟုတ် အချည်းနှီး အိပ်မက်များကို လက်သင့်မခံရန်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းကို မရှာဖွေရန်၊ သို့မဟုတ် လူအများထဲတွင် ထင်ပေါ်ဖို့ မကြိုးစားရန် သေချာလုပ်ရမည်။ ထို့အပြင် ၎င်းတို့သည် လူသားတို့အလယ်တွင် သာလွန်ပြီး အခြားသူများအား ၎င်းတို့ကို ကိုးကွယ်စေသည့် ထင်ရှားကျော်ကြားသူတစ်ဦး၊ သို့မဟုတ် စွမ်းအားရှင်တစ်ဦး ဖြစ်ဖို့ မကြိုးစားရပေ။ ယင်းမှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အလိုဆန္ဒဖြစ်ပြီး ယင်းမှာ စာတန်လျှောက်သော လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်သည် ထိုသို့သော လူများကို မကယ်တင်ပေ။ အကယ်၍ လူများက ကျော်ကြားမှု၊ အကျိုးအမြတ်များနှင့် ဂုဏ်အဆင့်အတန်းတို့ကို လိုက်စားဆဲဖြစ်ပြီး နောင်တရဖို့ ငြင်းဆန်နေဆဲဖြစ်ပါက၊ ၎င်းတို့အတွက် ကုစားမှု မရှိပေ၊ ပြီးလျှင် ၎င်းတို့အတွက် အဆုံးသတ် တစ်ခုတည်းသာ ရှိသည်။ ဖယ်ရှားခံရဖို့ ဖြစ်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်) ဘုရားနှုတ်ကပတ်တော်က ကျွန်မရဲ့ အခြေအနေ အတိအကျကို ရည်ညွှန်းခဲ့တယ်။ ဂုဏ်သတင်း၊ အဆင့်အတန်းနဲ့ လေးစားမှုနောက် ကျွန်မ အမြဲလိုက်ခဲ့တယ်။ ဒီဇိုင်းအချောထည်တွေကို တခြားလူတွေထက် ကျွန်မ ပိုလုပ်နိုင်ပြီး ခက်ခဲတဲ့ပရောဂျက်တွေကို အာမခံ အရည်အသွေးနဲ့ ပြီးစီးတဲ့အခါ မရည်ရွယ်ဘဲ ကျွန်မ မာနထောင်လွှားလာခဲ့တယ်။ ဒါ့အပြင် တခြားလူတွေက ကျွန်မကို မေးခွန်းတွေ လာလာမေးနေကြတော့ အရမ်းစိတ်ကျေနပ်ပြီး လေးစားခံရတဲ့ ခံစားချက်ကို အရသာတွေ့နေခဲ့တယ်။ ကိုယ့်ပုံတစ်ခုက ပြဿနာရှိလို့ ပြန်ပို့လာတာကို အချိန်ကုန်သက်သာအောင် တခြားညီအစ်ကို မောင်နှမတွေကို ကူပြင်ခိုင်းဖို့ ခေါင်းဆောင်က အကြံပြုတော့ အသင်းတော်ရဲ့ အလုပ်ကို မစဉ်းစားခဲ့ဘူး၊ တခြားလူတွေကို ကူပြင်ခိုင်းလိုက်လို့ ကိုယ့်ညံ့ဖျင်းမှုပေါ်သွားမှာကိုပဲ စိုးခဲ့တယ်။ ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ထိန်းသိမ်းပြီး အထင်သေးခံရတာကို ရှောင်ဖို့ ကိုယ့်ဘာသာ ပြင်ခဲ့တယ်။ ပြဿနာတွေ ကြုံရတော့ အကူအညီတောင်းမဲ့အစား အံကြိတ်ပြီး ဦးနှောက်ခံစဉ်းစားတာနဲ့ အားလုံး ကြာကုန်တာပေါ့။ အပြင်ပန်းမှာ ကိုယ့်တာဝန်အတွက် အချိန်ပို လုပ်နေခဲ့ပုံရပေမဲ့ တကယ်တော့ ကျွန်မက အားကိုးရတယ်ဆိုတာ လူတွေသိသွားအောင် ပုံကိုပြင်ရင်းနဲ့ ကိုယ့်အစွမ်းတွေကို သက်သေပြဖို့ ကြိုးစားနေခဲ့တာပါ။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အင်မတန် တက်မက်ခဲ့မှန်း တွေ့ခဲ့ရတယ်။ ဘုရားက ကျွန်မတို့အတွေးတွေကို ကြည့်ရှုစစ်ဆေးတယ်။ တခြားလူတွေကို လှည့်စားနိုင်ရင်တောင် ဘုရားကို လှည့်စားနိုင်မှာ မဟုတ်ဘူး။ ကိုယ့်ချို့ယွင်းချက်တွေကို ဘယ်လိုပဲ ကောင်းကောင်း ဖုံးကွယ်ပါစေ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား မပြောင်းလဲသလို သမ္မာတရား မရခဲ့ရင် ဘုရားက ကျွန်မကို စက်ဆုပ်ပြီး ထုတ်ပယ်ဦးမှာပဲ။ ဂုဏ်နဲ့ အဆင့်အတန်းကို လိုက်စားရာမှာ အသင်းတော်အလုပ်ကို ကျွန်မ နှောင့်နှေးစေခဲ့မိတယ်။ ဘုရားဆီ နောင်တမရသလို ကိုယ့်ကိုယ်ကိုယ် မဆင်ခြင်ရင် ကိုယ့်ကိုရော သူများကိုပါ လှည့်စားပြီး ကိုယ့်ကိုယ်ကိုယ်ဒုက္ခပေးနေမှာပဲ။ ဒါကို သဘောပေါက်တော့ ဒီဇိုင်းမှာ တော်တဲ့ ညီအစ်မတစ်ယောက်ကို ကျွန်မ အမြန်အကူအညီတောင်းခဲ့တယ်။ ပုံကို ဘယ်လိုပြင်ရမယ်ဆိုတာ ကျွန်မတို့ ဆွေးနွေးခဲ့ပြီး နောက်ပိုင်းမှာ ကျွန်မ အများကြီး ပိုရှင်းတဲ့ စိတ်ကူးတွေရခဲ့တယ်။ သိပ်မကြာခင်မှာ ပြင်တာ ပြီးသွားတယ်။
နောက်ပိုင်းမှာ ကိုယ့်ချို့ယွင်းချက်တွေကို ဘာလို့ ဖုံးကွယ်ဖို့ အမြဲ ကြိုးစားခဲ့တယ်ဆိုတာကို ဆက်ဆင်ခြင်ခဲ့တယ်။ ကျွန်မ တော်တော် စိတ်ထိခိုက်ခဲ့ရတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် တွေ့ခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ကိစ္စအနည်းငယ်ကို လုပ်နိုင်စွမ်းမရှိခြင်းနှင့်ပတ်သက်၍ အရှက်ရစရာတစ်ခုတလေ ရှိသလော။ မည်သည့်ပုဂ္ဂိုလ်သည် အရာရာကို လုပ်နိုင်သနည်း။ ယင်းနှင့်ပတ်သက်၍ အရှက်ရစရာ မည်သည့်အရာမျှ မရှိချေ။ သင်သည် သာမန်လူတစ်ဦးသာ ဖြစ်သည်ကို မမေ့နှင့်။ လူများသည် လူများသာဖြစ်သည်။ တစ်စုံတစ်ခုကို သင် မလုပ်ဆောင်နိုင်လျှင် ပြောသာပြောလော့။ အဘယ်ကြောင့် ဟန်ဆောင်ရသနည်း။ သင် အစဉ် ဟန်ဆောင်နေလျှင် အခြားသူများက ယင်းကို ရွံရှာပြီး အနှေးနှင့်အမြန် သင် ဖော်ထုတ်ခံရသည့်အချိန်နေ့ရက် ရောက်လာကာ သင်သည် သိက္ခာ၊ သို့မဟုတ် ဂုဏ်ရှိတော့မည် မဟုတ်ချေ။ ယင်းမှာ အန္တိခရစ်တို့၏ စိတ်သဘောထားဖြစ်သည်။ ၎င်းတို့သည် အရာအားလုံးကို လုပ်ဆောင်နိုင်သည့်သူ၊ အရာအားလုံး၌ စွမ်းဆောင်နိုင်ပြီး နှံ့စပ်သည့်သူ စွယ်စုံရများအဖြစ် အစဉ် ပုံဖမ်းကြသည်။ ဤသည်မှာ ပြဿနာဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် ရိုးသားသော သဘောထားရှိခဲ့ပါက မည်သည့်အရာကို လုပ်ဆောင်ကြမည်နည်း။ ၎င်းတို့က ‘ကျွန်တော်က ဒီအရာမှာ မကျွမ်းကျင်ဘူး။ အတွေ့အကြုံနည်းနည်းပဲ ရှိတာပါ။ ဒါပေမဲ့ အခု ကျွန်တော်တို့ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေက အရင်ကထက် ပိုရှုပ်ထွေးလာတယ်။ ကျွန်တော် လုပ်နိုင်တာ မှန်သမျှကို ကျွန်တော် ပြောပြီးပြီဖြစ်သလို ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာအသစ်တွေကို ကျွန်တော် နားမလည်ဘူး။ ကျွန်တော်တို့ရဲ့ တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ကြဖို့ဆိုရင် နောက်ထပ်နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုတချို့ လိုအပ်လိမ့်မယ်။ အဲဒါကို နားလည်တာနဲ့ ကိုယ့်တာဝန်ကို ထိထိရောက်ရောက် ထမ်းဆောင်နိုင်လိမ့်မယ်။ ဘုရားသခင်က ကျွန်တော်တို့ကို ဒီတာဝန်ကို ပေးအပ်ခဲ့တာဖြစ်ပြီး အဲဒါကို ကောင်းကောင်းလုပ်ဖို့က ကျွန်တော်တို့ တာဝန်ပါ။ ကိုယ့်တာဝန်အတွက် တာဝန်သိစိတ်ရှိရှိနဲ့၊ နောက်ထပ်နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုတချို့ ပိုရှိသင့်ပါတယ်’ ဟု ပြောကြမည်။ ယင်းမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။ တစ်စုံတစ်ဦးသည် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားရှိပါက ဤသည်ကို ၎င်းတို့ လုပ်ဆောင်မည် မဟုတ်ချေ။ ၎င်းတို့တွင် အသိစိတ်အနည်းငယ်ရှိပါက ‘ကျွန်တော်လုပ်တတ်တာ ဒီလောက်ပဲ။ ကျွန်တော့်ကို အရမ်းကြီး မမှန်းထားပါနဲ့။ ကျွန်တော် ဟန်လုပ်မှာ မဟုတ်ပါဘူး။ အဲဒီနည်းနဲ့ဆို ပိုလွယ်ကူမယ် မဟုတ်လား။ အမြဲတမ်း ဂိုက်ဆိုက်ပေးပြီး ဟန်ဆောင်နေရတာ ပင်ပန်းလွန်းလှပါတယ်။ တစ်ခုခုကို ဘယ်လိုလုပ်ရမှန်း မသိရင် လုပ်ဖို့နည်းလမ်းကို ကျွန်တော်တို့ အတူသင်ယူကြမယ်။ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ရအောင် ကျွန်တော်တို့ ပူးပေါင်းလုပ်ဖို့ လိုတယ်။ ကျွန်တော်တို့အားလုံး တာဝန်သိတတ်တဲ့ သဘောထား ရှိဖို့လိုတယ်’ ဟူသော အရာတစ်ခုကို ပြောကြလိမ့်မည်။ ဤသည်ကို လူများတွေ့မြင်သည့်အခါ ၎င်းတို့က တွေးကြသည်။ ‘ဒီလူက ငါတို့အားလုံးထက် ပိုတော်တယ်။ တစ်ခုခုဖြစ်လာတဲ့အခါ သူတို့ရဲ့ ကျွမ်းကျင်မှုနဲ့ပတ်သက်ပြီး ဖြစ်ကတတ်ဆန်း မပြောဘူး။ သူများကို မနှပ်ချဘူး၊ ဒါမှမဟုတ် တာဝန်ကို ခေါင်းရှောင်ဖို့ မကြိုးစားဘူး။ အဲဒီအစား ကိုယ့်ဘာသာ တာဝန်ယူတယ်။ ပြီးတော့ လေးနက်ပြီး တာဝန်သိတဲ့ သဘောထားနဲ့ လုပ်ဆောင်တယ်။ ဒါဟာ အလုပ်နဲ့ ကိုယ့်တာဝန်အပေါ် တာဝန်သိ၊ လေးနက်တဲ့သဘောထားရှိတဲ့ လူကောင်းတစ်ယောက်ပဲ။ သူတို့က ယုံကြည်စိတ်ချရတယ်။ ဒီအရေးကြီးတဲ့ ပရောဂျက်ကို သူတို့ကို လွှဲပြောင်းပေးတာ ဘုရားအိမ်တော် မှန်တယ်။ ဘုရားသခင်က လူရဲ့အတွင်းအကျဆုံးဖြစ်ခြင်းကို တကယ်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးတာပဲ’ ဟူ၍ ဖြစ်သည်။ ဤကဲ့သို့ မိမိ၏ တာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့် ဤလူသည် မိမိ၏ကျွမ်းကျင်မှုကို တိုးတက်ကောင်းမွန်အောင် လုပ်နိုင်ပြီး လူတိုင်း၏ ထောက်ခံချက်ကို ရနိုင်ပေသည်။ ဤထောက်ခံချက်က အဘယ်နေရာမှ လာသနည်း။ ပထမဦးစွာ မိမိ၏တာဝန်အပေါ် ထိုလူ၏ လေးနက်ပြီး တာဝန်သိသော သဘောထားမှ လာသည်။ ဒုတိယအနေဖြင့် လက်တွေ့အကျိုးမျှော်သော သဘောထားနှင့် သင်ယူဖို့ လိုလားမှုတို့ရှိသည့် ရိုးသားသူတစ်ဦး ဖြစ်နိုင်စွမ်းမှလာသည်။ ပြီးလျှင် တတိယအနေဖြင့် ထိုသူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြခြင်းနှင့် ဉာဏ်အလင်းပေးခြင်းတို့ကို ခံရသည့် ဖြစ်နိုင်ခြေကိုလည်း ထည့်မတွက်ဘဲထား၍ မရနိုင်ပေ။ ဤလူစားမျိုးသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာရှိပြီး ဤသည်မှာ အသိစိတ်နှင့် အသိတရားရှိသည့် လူများ စွမ်းဆောင်ရရှိနိုင်သည့် အရာတစ်ခုဖြစ်သည်။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးပြီး ချို့တဲ့နိုင်သည်။ ၎င်းတို့ မလုပ်ဆောင်နိုင်သည့် အရာများစွာ ရှိနေနိုင်သည်။ သို့ရာတွင် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းသည် မှန်ကန်သည့်လမ်းကြောင်းတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဟန်မဆောင် သို့မဟုတ် မလှည့်စားပေ။ မိမိတို့၏တာဝန်အပေါ် လေးနက်ပြီး တာဝန်သိသော သဘောထားရှိသည်။ ပြီးလျှင် သမ္မာတရားအပေါ် ကိုင်းရှိုင်းပြီး တမ်းတသည့် သဘောထားရှိသည်။ အန္တိခရစ်များသည် ထိုအရာများကို မည်သည့်အခါမျှ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ချေ။ အကြောင်းမှာ ၎င်းတို့ တွေးတောသည့် နည်းလမ်းသည် သမ္မာတရားကို ချစ်ပြီး လိုက်စားသည့်သူများ တွေးတောသည့်နည်းလမ်းနှင့် မည်သည့်အခါမျှ တူလိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။ ယင်းမှာ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ၎င်းတို့သည် စာတန်၏ သဘာဝရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အာဏာရယူရန်ဖြစ်သည့် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင် စွမ်းဆောင်ရရှိဖို့ရန်အလို့ငှာ ဆိုးယုတ်သော စိတ်သဘောထားဖြင့် အသက်ရှင်ကြသည်။ ၎င်းတို့သည် လူများက ၎င်းတို့ကို ကိုးကွယ်ပြီး ၎င်းတို့နောက်လိုက်စေရန် မည်သည့်နည်းဖြင့်မဆို ထိုလူများကို လှည့်စားရင်း ပူးပေါင်းလုပ်ကြံမှုများနှင့် လျှို့ဝှက်ကြံစည်မှုများကို ကြံစည်ဖို့ နည်းလမ်းအမျိုးမျိုးဖြင့် အစဉ်ကြိုးစားကြသည်။ သို့ဖြစ်၍ လူများကို နှစ်ပေါက်တစ်ပေါက်ရိုက်ဖို့ရန်အလို့ငှာ ဟန်ဆောင်ဖုံးကွယ်ရန်၊ လှည့်စားရန်၊ လိမ်လည်ရန်၊ တစ်ပတ်ရိုက်ရန်၊ ၎င်းတို့သည် အစဉ် မှန်ကန်ကြောင်း၊ အရာရာကို သိကြောင်းနှင့် လုပ်ဆောင်နိုင်ကြောင်း၊ ၎င်းတို့သည် အခြားသူများထက် ပိုထက်မြက်ပြီး ပိုအမြော်အမြင်ရှိကာ ပို၍နားလည်ကြောင်း၊ အရာရာတွင် အခြားသူများထက် ပိုတော်ကြောင်း၊ အရာရာတွင် အခြားသူများထက် သာလွန်ကြောင်းနှင့် မည်သည့်အုပ်စုတွင်မဆို အတော်ဆုံးလူဖြစ်ကြောင်းကိုပင် လူများကို ယုံကြည်စေဖို့ရာ နည်းလမ်းမျိုးစုံကို ၎င်းတို့ စဉ်းစားကြသည်။ ဤသည်မှာ ၎င်းတို့၌ ရှိသည့် လိုအပ်ချက်မျိုးဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားဖြစ်လေသည်။ ထို့ကြောင့် ၎င်းတို့သည် ဟန်ဆောင်ဖို့ သင်ယူကြပြီး၊ ယင်းက အလေ့အထနှင့် အပြုအမူမျိုးစုံကို ဖြစ်ပေါ်စေလေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈ (အပိုင်း ၃)) အန္တိခရစ်တွေက သဘာဝအားဖြင့် ဒုက္ခပေးပြီး ဆိုးယုတ်တယ်။ သူတို့ရဲ့ အဆင့်အတန်းနဲ့ ဂုဏ်ကို ထိန်းသိမ်းဖို့ ဘာမဆိုလုပ်လိမ့်မယ်။ ဟန်လုပ်ကြတယ်၊ လိမ်ပြီး လှည့်စားကြတယ်။ အသင်းတော်ကနေ နှင်ထုတ်ခံခဲ့ရတဲ့ အန္တိခရစ်တစ်ယောက်ကို တွေးမိတယ်။ ကိုယ်အခြေခိုင်ပြီး လေးစားမူရဖို့ ပြဿနာနဲ့ ရင်ဆိုင်ရချိန်မှာ အကူအညီ မရှာဘဲ သူသိတာထက် ပိုသိသယောင် ဟန်ဆောင်ခဲ့တယ်။ သူ့ရဲ့ အဆင့်အတန်းနဲ့ ပုံရိပ်ကို ထိန်းသိမ်းဖို့ အသင်းတော်အလုပ်ကို နှောင့်နှေးစေချင်ခဲ့တယ်။ သူ့ရဲ့ အောင်မြင်မှုတွေကိုပဲ ပြောပြီး ကျရှုံးမှုတွေ မပြောဘူး။ အချိန်တော်တော်များများမှာ အသင်းတော် အလုပ်ကို နှောင့်ယှက်နေခဲပေမဲ့ လုံးဝ နောင်တမရဘူး။ ဒီအတွက် နောက်ဆုံးမှာ အသင်းတော်ကနေ နှင်ထုတ်ခံခဲ့ရတယ်။ သူ့အပြုအမူကို ကျွန်မအပြုအမူနဲ့ ယှဉ်ကြည့်ခဲ့တယ်။ ကိုယ့်တာဝန်မှာ သမ္မာတရားနဲ့ စည်းမျဉ်းတွေ ရှာဖွေတာကို အာရုံမစိုက်ခဲ့ဘူး။ ဘုရား စိစစ်တာကို လက်မခံခဲ့ဘူး၊ လက်တွေ့ကျကျ မလုပ်ခဲ့ဘူး။ ပြီးတော့ တခြားလူတွေရဲ့ လေးစားမှုရှာဖို့ အမြဲ ဟန်လုပ်ခဲ့တယ်။ ကျွန်မဒီဇိုင်းနဲ့ ပတ်သက်လို့ ပြဿနာရှိတာ သိသာပေမဲ့ ဘယ်လိုပြင်ရမယ်ဆိုတဲ့ ရှင်းလင်းတဲ့ စိတ်ကူး မရှိတာတောင် ညီအစ်ကို မောင်နှမတွေနဲ့ ဘာကိုမှ မရှာဖွေ၊ မဆွေးနွေးခဲ့ဘူး။ အဲဒီအစား ကိုယ့်ဘာသာ ပြင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အသင်းတော် အလုပ်ကို မစဉ်းစားခဲ့သလို မျှော်လင့်ချက်ရေးရေးလေးရှိနေသရွေ့ အသင်းတော် အလုပ်နှောင့်နှေးတာက အရေးမကြီးဘဲ အရေးအကြီးဆုံးက ကိုယ့်ပုံရိပ်ကို ထိန်းသိမ်းဖို့ ဖြစ်သလိုမျိုးနဲ့ ကိုယ့် အားနည်းချက်တွေကို လူမြင်မခံချင်ခဲ့ဘူး။ ကျွန်မပုံရိပ်နဲ့ အဆင့်အတန်းကို ထိခိုက်နိုင်တဲ့အရာကို ဖုံးကွယ်ဖို့ အစွမ်းကုန်ကြိုးစားခဲ့တယ်။ အဲဒီလိုလုပ်ရတာဟာ အရမ်းကို ပင်ပန်းပြီး ခက်ခဲရင်တောင်မှပေါ့။ “ပုံရိပ်ကောင်း”ဆိုတာကို ဆုံးရှုံးရတာက ကိုယ့်ဘဝကို ဆုံးရှုံးသလိုမျိုး ခံစားခဲ့တယ်။ ကျွန်မရဲ့ လုပ်ရပ်တွေက အန္တိခရစ်ရဲ့ စိတ်သဘောထားကို လှစ်ပြခဲ့တယ်။ ဒါကိုသဘောပေါက်တော့ နည်းနည်း ကြောက်သွားတယ်။ အန္တိခရစ်လို မကောင်းမှုမျိုးစုံ လုပ်ချင်မှ လုပ်ခဲ့လိမ့်မယ်၊ ဒါပေမဲ့ ဂုဏ်၊ အဆင့်အတန်းနဲ့ တခြားလူတွေရဲ့ လေးစားမှုကို ကျွန်မ အမြဲ ရှာနေခဲ့တယ်။ စိတ်မချရအောင်ကို ပြုမူပြီး တခြားလူတွေကို လှည့်စားနေခဲ့တာပဲ။ ဒီစိတ်သဘောထားကို မဖြေရှင်းရင် နောက်ဆုံးမှာ ဘုရားရဲ့ ဖော်ထုတ်၊ ထုတ်ပယ်တာ ခံရမှာပဲ။ ဒါနဲ့ ဘုရားနှုတ်ကပတ်တော်အရ လက်တွေ့လုပ်ဖို့ ကိုယ့်မောက်မာမှုနဲ့ အဆင့်အတန်းကို စွန့်ချင်စိတ်နဲ့ ဘုရားဆီ ဆုတောင်းပြီး နောင်တရခဲ့တယ်။
နောက်ပိုင်းမှာ ကျွန်မဒီဇိုင်းမှာ ကိုယ်မကိုင်တွယ်နိုင်တဲ့ ပြဿနာတွေ ရှိရင် တစ်ယောက်ယောက်ကို အမြန် ဆက်သွယ်ပြီး မိတ်သဟာယမှာ ဖွင့်ပြောတယ်။ သူတို့ အကြံတွေကို ရှာဖွေ၊ နားထောင်ရင်းနဲ့ပေါ့။ တစ်ခါတလေ သူတို့ကိုပါ ဒီဇိုင်းဝင်လုပ်ခိုင်းတယ်။ တစ်ခါဆို ဒီဇိုင်းမှာ နောက်ထပ် ပြဿနာပေါ်ပြီး တော်တော်ကြာ စဉ်းစားပြီးတာတောင် တိုးတက်အောင် မလုပ်နိုင်ခဲ့ဘူး။ အလုပ်အခြေအနေကို ခေါင်းဆောင်က မေးတော့ ကျွန်မ လိမ်ညာချင်ခဲ့ပေမဲ့ အဆင့်အတန်းနဲ့ ဂုဏ်သတင်းကို ထိန်းသိမ်းဖို့ ကြိုးစားနေပြန်ပြီဆိုတာ ချက်ချင်း သိလိုက်တယ်။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော်ကို တွေးမိတယ်။ “သင်သည် မည်သည့်အရာကိုမျှ ထိန်းထားခြင်းမရှိလျှင်၊ ဟန်လုပ်ခြင်း၊ အယောင်ဆောင်ခြင်း၊ ဟန်ဆောင်လှည့်စားခြင်းမရှိလျှင်၊ ညီအစ်ကိုမောင်နှမများထံသို့ မိမိကိုယ်ကို ဖွင့်ချလျှင် သင်၏ အတွင်းအကျဆုံး အယူအဆများနှင့်အတွေးများကို မဖုံးကွယ်ဘဲ ယင်းအစား သင်၏ ရိုးသားသော သဘောထားကို အခြားလူတို့ မြင်ခွင့်ပေးလျှင်၊ ဤသို့ဆိုလျှင် သမ္မာတရားသည် သင့်အတွင်း၌ တဖြည်းဖြည်းချင်း အမြစ်တွယ်လိမ့်မည်။ နည်းနည်းချင်း အသီးအပွင့်ဖြစ်ထွန်းလိမ့်မည်။ အကျိုးရလဒ်များ ထွက်ရှိလိမ့်မည်။ သင်၏ စိတ်နှလုံးသည် တိုး၍ ရိုးသားလျှင်၊ ဘုရားဘက်သို့ တိုး၍ လှည့်လျှင်၊ သင်သည် သင့်တာဝန်ကို ထမ်းဆောင်သည့်အခါတွင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ဖို့ သိပြီး ဤအကျိုးစီးပွားများကို သင် မကာကွယ်နိုင်သောအခါ သင် လိပ်ပြာမလုံလျှင် ဤသည်မှာ သမ္မာတရားက သင့်အပေါ်၌ သက်ရောက်မှုရှိပြီး သင်၏ဘဝ ဖြစ်လာခဲ့ပြီဆိုသည့် သက်သေဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေက အရမ်းလှုံ့ဆော်ပေးတယ်။ ဆက်ပြီး ဟန်လုပ်မနေသင့်မှန်း ကျွန်မ သိခဲ့တယ်။ ရိုးရိုးသားသား တည်တည်ငြိမ်ငြိမ်နဲ့ ကိုယ့်ချို့ယွင်းချက်တွေကို ရင်ဆိုင်ရမယ်။ ကျွန်မအပေါ် တခြားလူတွေ ဘာကိုပဲ တွေးကြပါစေ အမှန်အတိုင်း ပြောပြီး တခြားလူတွေနဲ့ ဖြေရှင်းချက်တစ်ခု ရှာရမယ်။ အဲဒီနေ့မှာ အလုပ်စုဝေးပွဲတစ်ခု ရှိလို့ ကိုယ့်ပြဿနာနဲ့ ဖောက်ပြန်ပျက်စီးခြင်းအကြောင်းကို မိတ်သဟာယမှာ ကျွန်မ ဖွင့်ပြောလိုက်တယ်။ စကားပြောပြီးတော့ စိတ်အေးသွားတယ်။ တခြားလူတွေနဲ့ အရာရာကို ဆွေးနွေးလိုက်တဲ့အခါ သူတို့က ဒီဇိုင်းကို ပြင်ဖို့ နည်းလမ်းတစ်ခု ကူစဉ်းစားပေးခဲ့ကြပြီး မကြာခင်မှာ ကျွန်မ ပြင်လို့ပြီးသွားတယ်။ ကျွန်မ အရမ်းပျော်မိတယ်။ ဖွင့်ပြောတာနဲ့ ရိုးသားတာ တကယ် ဘယ်လောက်ကောင်းမှန်း ခံစားနိုင်ခဲ့တယ်။ ဒါကို ကျွန်မ သဘောပေါက်ပြီး ပြောင်းလဲမှု ရနိုင်ခဲ့တာက ဘုရားရဲ့ ကယ်တင်ခြင်းကြောင့်ပါပဲ။ ဘုရားကျေးဇူးတော်ပဲ။