၂၇။ ကြီးကြပ်မှုကို ကျွန်တော် လက်မခံရသည့် အကြောင်းပြချက်
ကျွန်တော်က အသင်းတော်မှာ လူသစ်တွေကို တစ်နှစ်ကျော် ရေလောင်းနေခဲ့ပါတယ်။ ကျွန်တော်တာဝန်ထမ်းဆောင်တဲ့တစ်လျှောက်မှာ တချို့သဘောတရားတွေကို တဖြည်းဖြည်းချင်း ကျွမ်းကျင်လာတယ်။ လူသစ်တွေကို ကျွန်မရေလောင်းတာကလည်း တိုးတက်လာတယ်။ ကျွန်တော်က ဒီတာဝန်ကို ထမ်းဆောင်တာမှာ အတွေ့အကြုံတချို့ရှိတယ်၊ အကူအညီမပါဘဲနဲ့တောင် လူသစ်တွေကို ကောင်းကောင်းရေလောင်းနိုင်တယ်လို့ ခံစားမိတယ်။ လူသစ်တွေက ပြဿနာတွေ၊ အခက်အခဲတွေ ရှိတဲ့အခါမှာ ကျွန်တော်က သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် သူတို့ကို ကူညီဖြေရှင်းပေးနိုင်တယ်။ ဒီတော့ ကျွန်တော်က ကိုယ့်တာဝန်ကို ဘယ်လိုကောင်းကောင်းလုပ်ရမယ်ဆိုတာ သိနေပြီလို့ ထင်တာပေါ့။ ကျွန်တော့်ကို လမ်းညွှန်ပေးဖို့ ဘယ်သူ့ကိုမှမလိုဘူး၊ သူများတွေက ကျွန်တော့်အလုပ်ကို ကြီးကြပ်ပြီး နောက်ကလိုက်လုပ်ဖို့ မလိုဘူးလို့ ထင်ခဲ့တယ်။ အဲဒါနဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ ကြီးကြပ်မှုနဲ့ အကြံတွေကို ကျွန်တော် လက်မခံခဲ့ဘူး။ ကျွန်တော်ရေလောင်းတဲ့လူသစ်တွေရဲ့ အသေးစိတ်အခြေအနေအပေါ် မှတ်ချက်သိပ်မပေးခဲ့ဘူး။ ကျွန်တော့်ကိုယ်ပိုင်နည်းတွေနဲ့ပဲ ကျွန်တော့်အလုပ်ကိုလုပ်ခဲ့တယ်။
တစ်နေ့တော့ ဖီအိုလိုင်ဆိုတဲ့ ကြီးကြပ်သူက လူသစ်တချို့အကြောင်းကို ကျွန်တော့်ကိုမေးတယ်။ မေးခွန်းနည်းနည်းလည်း မေးတယ်။ ဥပမာ စုဝေးပွဲတွေအကြောင်းကို လူသစ်တွေကို ကျွန်တော် ဘယ်လိုအသိပေးလဲ။ ဒီအစ်မ၊ ဒီအစ်ကိုက ဘာလို့ စုဝေးပွဲတွေမတက်တာလဲ။ လူသစ်တွေရဲ့ အခြေအနေတွေ၊ အခက်အခဲတွေကို နားလည်ဖို့ သူတို့နဲ့ ကျွန်တော် ခဏခဏ မိတ်သဟာယဖွဲ့သလားပေါ့။ ဒီမေးခွန်းတွေကို ကျွန်တော်ကြားတော့ တော်တော် အတိုက်အခံဖြစ်တယ်။ ကျွန်တော် စဉ်းစားတယ်။ “ငါက ကိုယ့်တာဝန်ကို မသိတတ်ဘဲ လုပ်နေတယ်လို့ သူထင်တာလား။ သူက ငါ့ကို မယုံဘူးလား” ပေါ့။ ကျွန်တော်က အရမ်းအာခံမိတယ်။ ကျွန်တော်က မထိန်းနိုင်ဘဲ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကိုပြပြီး သူ့ကိုလျစ်လျူရှုချင်တယ်။ လူသစ်တွေက စုဝေးပွဲတွေကိုလာဖို့ စိတ်ဝင်စားလားလို့ သူက မေးတယ်။ ကျွန်တော်က “စိတ်ဝင်စားပါတယ်” လို့ ဝတ်ကျေတန်းကျေပြောလိုက်ပြီး အသေးစိတ်တစ်ချက်မှ ရှင်းမပြဘူး။ စုဝေးပွဲတွေအကြောင်းကို လူသစ်တွေကို ကျွန်တော် ဘယ်လိုအသိပေးလဲလို့ သူကမေးတယ်။ ကျွန်တော်က စာတွေပို့တယ်လို့ သူ့ကိုပြောပြတယ်။ ဒါပေမဲ့ ကျွန်တော် သူတို့ကို ဘယ်လိုအသိပေးတယ်၊ ဘာအခက်အခဲတွေကို သူတို့ရင်ဆိုင်ရတယ်ဆိုတာမျိုးတွေကို အသေးစိတ်ရှင်းမပြဘူး။ နောက်တော့ သူက လူသစ်တွေနဲ့ ဘယ်သမ္မာတရားရှုထောင့်ကို ကျွန်တော် မိတ်သဟာယဖွဲ့လဲဆိုတာ မေးတယ်။ ကျွန်တော်က စိတ်မရှည်တော့ဘဲနဲ့ လူသစ်တွေနဲ့ ဘယ်လိုမိတ်သဟာယဖွဲ့ရမယ်ဆိုတာ ကျွန်တော် သိတယ်လို့ ပြောလိုက်တယ်။ ဒါပေမဲ့ ကျွန်တော် ဘာပြောတယ်၊ သူတို့က ဘယ်လို တုံ့ပြန်တယ် သူတို့က ဘာမေးခွန်းတွေရှိတယ်ဆိုတာတွေကို အသေးစိတ်မပြောပြခဲ့ဘူး။ သူက ကျွန်တော့်အဖြေကို မကျေနပ်ဘူး။ ကျွန်တော်က ဒီလူသစ်တွေကို ပံ့ပိုးကူညီနေသလားဆိုတာကို သူကပိုသိချင်တယ်။ သူက ကျွန်တော့်ကို လျှော့တွက်နေတယ်လို့ ကျွန်တော်က ထင်တယ်။ ကျွန်တော်က ကိုယ့်တာဝန်ကို ဘယ်လိုလုပ်ရမယ်ဆိုတာ မသိသလိုမျိုးပေါ့။ ဒါကြောင့် ကျွန်တော် အရမ်းအနေရခက်တယ်။ တစ်ခါတော့ ကျွန်တော်က စကားပြောတဲ့အခါ လူသစ်တွေရဲ့ ခံစားချက်တွေကို ထည့်မစဉ်းစားဘူးဆိုတာကို သူက သတိထားမိပြီး ပြောတယ်။ “အစ်ကိုက လူသစ်တွေရဲ့ ရှုထောင့်ကနေ စဉ်းစားရမယ်။ အစ်ကိုသာ လူသစ်ဖြစ်မယ်ဆိုရင် ဒီစကားတွေကို ကျေနပ်ပါ့မလား။ သူတို့ကို ပြန်ပြောချင်မလား” တဲ့။ သူ့စကားတွေကြောင့် ကျွန်တော် စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ ကျွန်တော်က နားလည်တယ်လို့ပြောလိုက်တယ်။ ဒါပေမဲ့ တကယ်တမ်း လက်မခံခဲ့ဘူး။ လူသစ်တွေကို ကျွန်တော်စကားပြောတဲ့ပုံစံက ပြဿနာရှိတယ်လို့ ကျွန်တော် မထင်ခဲ့ဘူး။ ကျွန်တော့်စိတ်နှလုံးထဲမှာတော့ ကိုယ့်ကိုယ်ကိုယ်ပြောတယ်။ “ဒီလူသစ်တွေကို စုဝေးပွဲတွေတက်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ ငါသိတယ်။ ဒီတော့ ငါ့နည်းလမ်းအတိုင်း ငါလုပ်မယ်” ပေါ့။ နောက်တစ်ခါကျတော့ လူသစ်တွေကို ကျွန်တော် ဘယ်လိုမိတ်သဟာယဖွဲ့လေ့ရှိလဲဆိုတာ သူက မေးတယ်။ ကျွန်တော်က စာပို့ပြီး ဖွဲ့တယ်လို့ပြောလိုက်တယ်။ သူက ကျွန်တော့်ကို လူသစ်တွေကို ဖုန်းခေါ်ပြောခိုင်းတယ်။ ဖုန်းခေါ်ပြောတာတွေက ပိုပြီးတိုက်ရိုက်ဖြစ်တယ်၊ တကယ့်ပြဿနာတွေကို နားလည်ဖို့ ပိုလွယ်တယ်၊ ဆက်ဆံရေးတည်ဆောက်ဖို့ ကူညီပေးတယ်လို့ပြောတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ကျွန်တော်က လက်မခံဘူး။ ကျွန်တော့်နည်းလမ်းက ပိုကောင်းတယ်လို့ ထင်တာ။ ကျွန်တော်က လူသစ်တွေကို စာတွေပို့တာနဲ့ပဲ ကျေနပ်နေပြီး သူပြောတာကို နားမထောင်ချင်ဘူး။ ကျွန်တော်တို့ ဆွေးနွေးတဲ့အခါမှာ ကျွန်တော်က စကားမပြောချင်တော့ဘူး။ အဲဒါနဲ့ ကျွန်တော်က တိတ်ဆိတ်နေတယ်၊ ဒါမှမဟုတ် အကျဉ်းချုံးပဲ ဖြေတယ်။ တစ်ယောက်ယောက်က လူသစ်တွေကို ကျွန်တော်ရေလောင်းတာနဲ့ပတ်သက်ပြီး ဆွေးနွေးချင်ရင် ကျွန်တော်က အရမ်းအပျက်သဘောဆောင်ပြီး စိတ်ရှုပ်လာတာကို တွေ့ရတယ်။ သူတို့က ကျွန်တော့်ကို လှောင်ရယ်နေကြတယ်၊ သိမ်ငယ်အောင်လုပ်တယ်၊ ကျွန်တော်က တန်ဖိုးမရှိဘူး၊ ကိုယ့်တာဝန်ကို ဘယ်လိုလုပ်ရမယ်ဆိုတာ မသိတဲ့သူ၊ မယုံကြည်ထိုက်တဲ့သူလို့ထင်တယ်လို့ ကျွန်တော် ခံစားမိတယ်။ ကျွန်တော်က ကိုယ့်တာဝန်ကို ကောင်းကောင်းလုပ်တယ်၊ လူသစ်တွေကို ဘယ်လိုရေလောင်းရမယ်ဆိုတာ သိတယ်၊ နောက်ကလိုက်လုပ်ရမယ့် ကိုယ်ပိုင်နည်းလမ်းတွေရှိတယ် ကျွန်တော်က ကြီးကြပ်သူထက်ပိုပြီး ပါရမီရှိတယ်လို့ ထင်ခဲ့တယ်။ အဲဒါနဲ့ ကျွန်တော်က သူ့အကြံကိုမယူဘူး။ ကျွန်တော်က ပါးစပ်နဲ့ သဘောတူခဲ့ပေမဲ့ ကျွန်တော် ကတိပေးခဲ့တဲ့အတိုင်း သိပ်ပြီး လက်တွေ့မလုပ်ဘူး။ ကိုယ်ပိုင်သတ်မှတ်ချက်တွေနဲ့ လူသစ်တွေကို ရေလောင်းတာ၊ မိတ်သဟာယဖွဲ့တာ ဆက်လုပ်ဖို့ အာရုံစိုက်ခဲ့တယ်။
စုဝေးပွဲတစ်ခုလုပ်နေတုန်းမှာ ဘုရားနှုတ်ကပတ်တော်ကို ကျွန်တော်ဖတ်ပြီး နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ် နည်းနည်းနားလည်သွားတယ်။ ဘုရားသခင်က ပြောသည်- “အချို့သော လူများသည် ပြုပြင်ခြင်း၊ သို့မဟုတ် ကိုင်တွယ်ဖြေရှင်းခြင်းကို လက်မခံကြချေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် အခြားသူများပြောနေသည့်အရာသည် သမ္မာတရားနှင့် ကိုက်ညီသည်ကို ၎င်းတို့ ရှင်းရှင်းလင်းလင်း သိကြသော်လည်း၊ ၎င်းတို့ လက်မခံကြချေ။ ဤလူများသည် အလွန် မာနထောင်လွှားပြီး မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူကြသည်။ ၎င်းတို့ မာနထောင်လွှားသည်ဟု ငါ အဘယ်ကြောင့် ပြောရသနည်း။ အကြောင်းမှာ ၎င်းတို့သည် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို လက်မခံပါက၊ ၎င်းတို့သည် နာခံခြင်းမရှိသကဲ့သို့၊ ၎င်းတို့ နာခံခြင်းမရှိပါက၊ မာနထောင်လွှားကြသည် မဟုတ်လော။ ၎င်းတို့သည် မိမိတို့၏ လုပ်ရပ်များက ကောင်းသည်ဟု တွေးထင်ကြသလို၊ အမှားတစ်ခုတလေ ၎င်းတို့ ပြုလုပ်မိပြီးဖြစ်သည်ဟု မတွေးထင်ကြပေ။ ယင်းက ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မသိကြကြောင်းကို ဆိုလိုပေသည်။ ဤသည်မှာ မာနထောင်လွှားခြင်း ဖြစ်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မာနထောင်လွှားသော သဘာဝတစ်ခုသည် ဘုရားသခင်အပေါ် လူသား၏ခုခံခြင်း၏ အရင်းအမြစ်၌ ရှိသည်) “မည်သူတစ်ယောက်ကိုမျှ မိမိတို့ကိုယ်ကိုယ် စုံလင်သည် သို့မဟုတ် ဂုဏ်ရှိပြီး မြင့်မြတ်သည် သို့မဟုတ် အခြားသူများနှင့် ကွဲပြားခြားနားသည်ဟု မတွေးထင်စေနှင့်။ ဤအရာအားလုံးသည် လူသား၏ မာနထောင်လွှားသော စိတ်သဘောထားနှင့် မသိနားမလည်ခြင်းတို့အားဖြင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ မိမိကိုယ်ကို ကွဲပြားခြားနားသည်ဟု အမြဲတမ်း တွေးထင်ခြင်း- ဤသည်မှာ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုက ဖြစ်စေသည်။ မိမိတို့၏ အားနည်းချက်များကို မည်သည့် အခါမျှ လက်ခံနိုင်ခြင်းမရှိဘဲ၊ မိမိတို့၏ အမှားများနှင့် ရှုံးနိမ့်မှုများကို မည်သည့်အခါမျှ ထိပ်တိုက် ရင်ဆိုင်နိုင်ခြင်း မရှိခြင်း- ဤအရာကို မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခု အားဖြင့် ဖြစ်စေသည်။ အခြားသူများကို မိမိထက် မည်သည့်အခါမျှ ပို၍မြင့်မားခွင့်မပြု၊ သို့မဟုတ် မိမိထက် ပို၍သာခွင့်မပြု- ဤအရာကို မာန ထောင်လွှားသည့် စိတ်သဘောထားတစ်ခု အားဖြင့် ဖြစ်စေသည်။ အခြားသူများကို မိမိတို့ထက်ပို၍ သာလွန်သွားဖို့ဖြစ်စေ၊ အင်အားကောင်းသွားဖို့ဖြစ်စေ မည်သည့်အခါမျှ ခွင့်မပြုပေ- ဤအရာကို မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုက ဖြစ်စေသည်။ အခြားသူများကို မိမိထက် ပို၍ကောင်းသော အတွေးအခေါ်များ၊ အကြံပြုချက်များနှင့် အမြင်ရှုထောင့်များ မည်သည့်အခါမျှ ရှိခွင့်မပြု၊ ပြီးလျှင် ၎င်းတို့က ခွင့်ပြုသည့်အခါတွင်လည်း အပျက်သဘောဆောင်လာကာ၊ စကားပြောဖို့ ဆန္ဒမရှိဘဲ၊ စိတ်သောကရောက်ပြီး၊ စိတ်ပျက် အားလျော့ကာ စိတ်ညစ်လာကြသည်- ဤအရာများ အားလုံးသည် မာနထောင်လွှားသည့် စိတ်သဘောထားကြောင့် ဖြစ်ပေါ်ခြင်း ဖြစ်သည်။ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုသည် သင့်ကို အခြားသူများ၏ လမ်းပြမှုကို လက်ခံနိုင်စွမ်း မရှိစေဘဲ၊ သင်ကိုယ်တိုင်၏ အားနည်းချက်များကို ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်း မရှိဖြစ်စေကာ၊ သင်ကိုယ်တိုင်၏ ရှုံးနိမ့်ခြင်းများနှင့် အမှားများကို လက်ခံနိုင်စွမ်း မရှိစေဘဲ၊ သင်၏ ဂုဏ်သတင်းကို ကာကွယ်စေနိုင်သည်။ ထို့အပြင် တစ်စုံတစ်ယောက်က သင့်ထက် ပိုသာသည့်အခါ၊ ယင်းက သင်၏ စိတ်နှလုံးတွင် အမုန်းတရားနှင့် မနာလိုစိတ်များ ဖြစ်ပေါ်စေနိုင်ပြီး၊ သင်သည် ဘောင်ခတ်ခံရနိုင်သည်မှာ သင်၏တာဝန်ကို ထမ်းဆောင်ဖို့ ဆန္ဒမရှိတော့ဘဲ၊ ထိုတာဝန်ကို ထမ်းဆောင်ရာတွင် ကရော်ကမည်နိုင်လာသည် အထိပင် ဖြစ်တော့သည်။ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုသည် ဤအပြုအမူများနှင့် အလေ့အကျင့်များကို သင်၌ ဖြစ်ပေါ်စေသည်။ သင်တို့သည် ဤအသေးစိတ် အချက်အလက်များ အားလုံးကို နည်းနည်းချင်း ပိုမိုနက်ရှိုင်စွာ တူးဆွရှာဖွေနိုင်ကာ၊ ယင်းတို့ကို ထိုးဖောက်ကျော်လွှား သွားနိုင်စွမ်းရှိပြီး ယင်းတို့ကို နားလည်သဘောပေါက် နိုင်စွမ်းရှိပါက၊ ပြီးလျှင် ဤအတွေးအခေါ်များကို ဖြည်းဖြည်းချင်း စွန့်လွှတ်နိုင်စွမ်းရှိပြီး၊ ဤမှားယွင်းသော အယူအဆများကို ဖြည်းဖြည်းချင်း စွန့်လွှတ်နိုင်စွမ်းရှိပြီး၊ ၎င်းတို့အားဖြင့် ဘောင်ခတ်ခြင်း မခံရပါက၊ ပြီးလျှင် သင်၏တာဝန်ကို ထမ်းဆောင်ရာတွင်၊ သင့်အတွက် သင့်တော်သည့် ရာထူးအဆင့်အတန်းကို ရှာဖွေနိုင်ပြီး အခြေခံ သဘောတရားများအတိုင်း ပြုမူကာ သင် ထမ်းဆောင်နိုင်ပြီး ထမ်းဆောင်သင့်သည့် တာဝန်ကို ထမ်းဆောင်ပါက၊ အချိန်ကြာလာသည်နှင့်အမျှ သင်တို့၏ တာဝန်များကို ပိုမိုကောင်းမွန်စွာ ထမ်းဆောင်နိုင်လိမ့်မည်။ ဤသည်မှာ သမ္မာတရား၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်မှုဖြစ်သည်။ သင်သည် သမ္မာတရား၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်နိုင်ပါက၊ အခြားသူများအတွက် သင်သည် လူသားပုံသဏ္ဌာန်တစ်ခု ရှိပုံပေါ်လိမ့်မည်ဖြစ်ပြီး၊ လူများက ‘ဒီလူက သူ့ရာထူးအဆင့်အတန်းအတိုင်း သူကိုယ်သူ ပြုမူနေထိုင်ပြီး သူက သူ့ရဲ့ တာဝန်ကို စဉ်းစားချင့်ချိန်တတ်တဲ့ နည်းလမ်းတစ်ခုနဲ့ ထမ်းဆောင်နေတယ်။ သူက သူ့ရဲ့ တာဝန်ကို ထမ်းဆောင်ဖို့ သဘာဝကျခြင်း၊ ဒေါသထွက်လွယ်ခြင်း၊ ဒါမှမဟုတ် သူ့ရဲ့ ဖောက်ပြန်ပျက်စီးပြီး စာတန်ဆန်တဲ့ စိတ်သဘောထားတို့ပေါ်မှာ မှီခိုခြင်း မရှိဘူး။ သူက ထိန်းထိန်းသိမ်းသိမ်း ပြုမူတယ်၊ သူ့မှာ ဘုရားသခင်ကို ချစ်ကြောက်ရိုသေတဲ့ စိတ်နှလုံးတစ်ခု ရှိတယ်၊ သူက သမ္မာတရားကို ချစ်စိတ်ရှိပြီး၊ သူကိုယ်တိုင်ရဲ့ ဇာတိပကတိနဲ့ သူ့ရဲ့ နှစ်သက်လိုလားမှုတွေကို စွန့်လွှတ်ထားပြီးပြီလို့ သူ့ရဲ့ အပြုအမူနဲ့ အမူအရာတွေက ဖွင့်ပြနေတယ်။’ ဟု ပြောလိမ့်မည်။ မိမိကိုယ်ကိုယ် ဤသို့ ပြုမူနေထိုင်ခြင်းသည် ချီးကျူးဖွယ်ကောင်းလိုက်လေတကား။ သင်၏ အားနည်းချက်များကို အခြားသူများက တင်ပြလာသည့် အခါသမယများတွင် သင်သည် သင်၏ အားနည်းချက်များနှင့် ပျော့ကွက်များကို လက်ခံနိုင်စွမ်း ရှိရုံသာမက၊ အကောင်းမြင်ကာ၊ သင်၏ အားနည်းချက်များနှင့် ပျော့ကွက်များကို ဣန္ဒြေဖြင့် ရင်ဆိုင်နိုင်လေသည်။ သင်၏ စိတ်အခြေအနေသည် အစွန်းရောက်မှုများ၊ စိတ်ပြင်းထန်မှုများ ကင်းဝေးလျက် အတော်အတန် ပုံမှန်ဖြစ်လေသည်။ ဤသည်မှာ လူသားပုံသဏ္ဌာန် တစ်ခုရှိခြင်း ဆိုသည့်အရာ မဟုတ်လော။ ထိုကဲ့သို့သော လူများသာလျှင် မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်လေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် အခြေခံသဘောတရားများ) အရင်တုန်းက ကျွန်တော်က မာနမထောင်လွှားဘူးလို့ ထင်ခဲ့တာ။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်ဖွင့်ပြခြင်းကတစ်ဆင့် ကျွန်တော်က အရမ်းမာနထောင်လွှားတယ်ဆိုတာ မြင်ခဲ့တယ်။ ကြီးကြပ်သူက လူသစ်တွေကို ရေလောင်းဖို့ နည်းလမ်းကောင်းတချို့ကို ကျွန်တော့်ကိုပြောပြတော့ ကျွန်တော်က လုံးဝ လက်မခံဘူး။ လူသစ်တွေကို ကျွန်တော် ဘယ်လိုရေလောင်းသလဲဆိုတာကို သူကမေးတော့ ကျွန်တော်က တိတ်ဆိတ်နေတယ်၊ ဒါမှမဟုတ် အကျဉ်းချုံးပဲဖြေတယ်။ ကျွန်တော်က သိက္ခာမကျချင်တာကြောင့်၊ ဒါမှမဟုတ် လူသစ်တွေကိုရေလောင်းတာမှာ ကျွန်တော့်ရဲ့ အားနည်းချက်တွေကို သူများတွေ မမြင်စေချင်တာကြောင့်ပေါ့။ အရာရာတိုင်းက ကျွန်တော်နဲ့ အဆင်ပြေတယ်၊ ကျွန်တော့်တာဝန်မှာ ဘာမှမှားတာမရှိဘူး၊ ကြီးကြပ်တာတွေ၊ သူများတွေရဲ့ အကူအညီတွေမပါဘဲ ကိုယ့်တာဝန်ကို ထမ်းဆောင်နိုင်တယ်လို့ သူများတွေကို ကျွန်တော် မြင်စေချင်တယ်။ ကျွန်တော်က တကယ်ကို မာနထောင်လွှားလွန်းခဲ့တာပါ။ ကျွန်တော့်အလုပ်ကို ကြီးကြပ်ရတဲ့ အစ်မထက်ပိုပြီး ကျွန်တော်က ပါရမီရှိတယ်၊ လူသစ်တွေကို ဘယ်လိုရေလောင်းရမယ်ဆိုတာ သိတယ်၊ ကိုယ်ပိုင်နည်းလမ်းတွေရှိတယ်၊ အဲဒါတွေက ကောင်းကောင်းအလုပ်ဖြစ်တယ်လို့လည်း ကျွန်တော် ခံစားမိတယ်။ အဲဒါနဲ့ သူ့အကြုံတွေကို လက်ခံဖို့ တွန့်ဆုတ်နေခဲ့တယ်။ ကျွန်တော့် စိတ်နှလုံးအတွင်းထဲမှာ ကျွန်တော်က သူ့အကြံကို လက်ခံရင် ကျွန်တော့်အရည်အချင်းက သူ့ထက်နိမ့်တယ်ဆိုတဲ့သဘောပဲလို့ ကျွန်တော် ယုံကြည်နေခဲ့တယ်။ ဒါဆိုရင် ရှက်စရာဖြစ်မှာပဲ။ သူများတွေက ကျွန်တော့်ကို ဘယ်လိုထင်မလဲ။ အဲဒါနဲ့ အပြင်ပန်းမှာ ကျွန်တော်က သူ့အကြံတွေကို လက်ခံလိုက်တယ်။ ဒါပေမဲ့ အဲဒါတွေကို သိပ်လက်တွေ့မလုပ်ခဲ့ပါဘူး။ ကျွန်တော့်ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားက ကျွန်တော့်ကို သမ္မာတရားနဲ့ ဝေးစေတယ်၊ သူများတွေရဲ့ အကြံကို လက်ခံတာကို တားဆီးတယ်၊ ကိုယ်ပိုင်အမြင်တွေကို ဖက်တွယ်ထားအောင်လုပ်ခဲ့တယ်။ ဒါက ဘုရားကို ဆန့်ကျင်ပုန်ကန်တာပဲ။ အဲဒီနောက်မှာ ကျွန်တော် စိတ်လျှော့လိုက်ပြီး ကျွန်တော့်အစ်မရဲ့ အကြံကို စဉ်းစားတယ်။ သူ့မှာလည်း ကောင်းတဲ့အချက်ရှိတယ်၊ စမ်းကြည့်သင့်တယ်လို့ တွေးမိတယ်။ အဲဒါနဲ့ လူသစ်တွေကို ကျွန်တော် ဖုန်းဆက်လိုက်တယ်။ ဖုန်းနဲ့က သူတို့နဲ့ ဆက်သွယ်ပြီး သူတို့ပြဿနာတွေကို နားလည်ဖို့ သူတို့ကို ချက်ချင်းကူညီဖို့ ပိုလွယ်တယ်လို့ ကျွန်တော် ခံစားမိတယ်။ သူ့အကြံကို ကျွန်တော် လက်တွေ့လုပ်ပြီး လူသစ်တွေကိုရေလောင်းတဲ့ ကျွန်တော့်အလုပ်က ပိုထိရောက်လာတာကို မြင်တော့ ကျွန်တော် တော်တော်ရှက်မိတယ်။ ဒီကိစ္စမှာ ကျွန်တော်က ကိုယ့်တာဝန်ကို အကြာကြီးလုပ်ခဲ့ပေမဲ့ ကျွန်တော့်မှာ အားနည်းချက်တွေ အများကြီးရှိသေးတယ်ဆိုတာ မြင်ခဲ့ရတယ်။ ကျွန်တော့်အစ်မရဲ့ အကူအညီနဲ့ လမ်းပြမှုမပါဘဲနဲ့ ကျွန်တော့်အလုပ်ရဲ့ ရလဒ်တွေက တိုးတက်မှာမဟုတ်ဘူး။ ကျွန်တော်က သူများတွေထက် မသာဘူး၊ ကျွန်တော့်တာဝန်ကို ကိုယ့်ဘာသာ ကောင်းအောင်မလုပ်နိုင်ဘူးဆိုတာကိုလည်း သဘောပေါက်ခဲ့တယ်။
တစ်နေ့တော့ ကြီးကြပ်သူက ကျွန်တော့်ကို လူသစ်တစ်ယောက်ရဲ့ အခြေအနေနဲ့ သုံးလေးရက်ကြာတဲ့အထိ စုဝေးပွဲတွေကို သူဘာလို့မလာလဲဆိုတာ မေးတယ်။ ကျွန်တော် ရှင်းပြပြီးတဲ့နောက်မှာ သူက တခြားမေးခွန်းနည်းနည်းမေးတယ်။ ကျွန်တော့်တာဝန်ကို ဘယ်လိုလုပ်တယ်ဆိုတာ အသေးစိတ်ပိုပြီး သိချင်တာပေါ့။ ကျွန်တော် ရှက်မိပြီး အရမ်း အတိုက်အခံဖြစ်တယ်။ သူ့ရဲ့ ဘယ်မေးခွန်းကိုမှ ကျွန်တော် မဖြေချင်ဘူး။ ဘာကြောင့်လဲဆိုရင် သူကြီးကြပ်တာ၊ ကျွန်တော့်အလုပ်ကို မေးတာကို ကျွန်တော် လက်မခံချင်ဘူးလေ။ ဒါက နောက်တစ်ခါ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားပဲဆိုတာ သဘောပေါက်လိုက်တယ်။ အဲဒါနဲ့ ဒီလိုပတ်ဝန်းကျင်တွေမှာ နာခံဖို့ သင်ယူတဲ့နေရာမှာ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးခြင်းကို သိမြင်တဲ့နေရာ၊ သူများတွေရဲ့ ကြီးကြပ်မှုနဲ့ လမ်းပြမှုကို လက်ခံတဲ့နေရာမှာ လမ်းပြပေးဖို့အတွက် ကျွန်တော့်စိတ်နှလုံးထဲမှာ ဘုရားကို ဆုတောင်းလိုက်တယ်။ အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်တော် ဖတ်တယ်။ “အန္တိခရစ်တို့သည် အခြားမည်သူမဆို၏ ပါဝင်ပတ်သက်မှု၊ မေးမြန်းမှုများ၊ သို့မဟုတ် ကြီးကြပ်မှုတို့ကို တားမြစ်သကဲ့သို့၊ ဤတားမြစ်ချက်သည် နည်းအချို့တွင် ပေါ်လွင်လေသည်။ တစ်ခုမှာ ရိုးရိုးရှင်းရှင်း ငြင်းဆိုခြင်း ဖြစ်သည်။ ‘ကျွန်ုပ် အလုပ်လုပ်နေချိန်တွင် ဝင်ရောက်စွက်ဖက်ခြင်း၊ မေးခွန်းများ မေးမြန်းခြင်းနှင့် ကျွန်ုပ်ကို ကြီးကြပ်ခြင်းတို့ကို ရပ်ပါ။ ကျွန်ုပ်လုပ်သည့် မည်သည့်အလုပ်မဆိုသည် ကျွန်ုပ်၏ တာဝန်ဖြစ်သည်။ လုပ်ရမည့်ပုံနှင့်ပတ်သက်၍ ကျွန်ုပ်၌ အကြံရှိပြီးဖြစ်သလို၊ ကျွန်ုပ်ကို စီမံခန့်ခွဲဖို့ မည်သူ့ကိုမျှ ကျွန်ုပ် မလိုအပ်ပါ’ ဟူ၍ ဖြစ်သည်။ ဤသည်မှာ မကွယ်မထောင့် ငြင်းဆန်ခြင်း ဖြစ်သည်။ နောက်ထပ် သရုပ်သကန်မှာ ‘ဟုတ်ပါပြီ။ အနည်းငယ် မိတ်သဟာယပြုပြီး အလုပ်ကို မည်သို့လုပ်သင့်သည်ကို ကြည့်ကြပါစို့’ဟု ပြောလျက်၊ သဘောပေါက်လက်ခံလွယ်သည့် အသွင်ဖြစ်သည်၊ သို့သော်လည်း အခြားသူများက အမှန်တကယ် မေးခွန်းများ စတင် မေးမြန်းပြီး ၎င်းတို့အလုပ်ကြောင်း ပိုသိရဖို့ ကြိုးစားသောအခါ၊ သို့မဟုတ် ထိုသူတို့က ပြဿနာအနည်းငယ်ကို ထောက်ပြပြီး အကြံပြုချက်အနည်းငယ် ပေးသောအခါ၊ ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ (၎င်းတို့သည် သဘောပေါက်လက်ခံခြင်း မရှိပါ။) မှန်ပေသည်။ ၎င်းတို့သည် လက်ခံဖို့ တကယ်ကို ငြင်းဆိုကြသည်။ ၎င်းတို့သည် အခြားသူများ၏ အကြံပြုချက်များကို ငြင်းပယ်ဖို့ မူမမှန်သော အကြောင်းပြချက်များနှင့် ဆင်ခြေများကို ရှာကြသည်။ ၎င်းတို့သည် အမှားကို အမှန်၊ အမှန်ကို အမှားသို့ပြောင်းသော်လည်း၊ အမှန်မှာမူ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့သည် ယုတ္တိကို အတင်းသွတ်သွင်းနေကြောင်း၊ အနှစ်မဲ့သည့်စကားများ ပြောနေကြောင်း၊ ဤသည်မှာ ထင်မြင်ချက် ဖြစ်ကြောင်း၊ ၎င်းတို့၏စကားများ၌ အခြားလူများပြောဆိုသည့်အရာ၏ စစ်မှန်မှုတစ်ခုမျှ မရှိကြောင်း ၎င်းတို့ သိကြလေသည်။ သို့သော် ၎င်းတို့၏ ဂုဏ်အဆင့်အတန်းကို ကာကွယ်ဖို့၊ ၎င်းတို့သည် မှားကြောင်းနှင့် အခြားလူများက မှန်ကန်ကြောင်း ကောင်းစွာ သိလျက်နှင့်၊ အခြားလူများ၏ အမှန်ကို အမှားအဖြစ်သို့ ပြောင်းလဲကာ မိမိတို့၏ ကိုယ်ပိုင်အမှားကို အမှန်အဖြစ်သို့ ပြောင်းလဲဆဲဖြစ်သည်။ ပြီးလျှင် ၎င်းတို့ရှိသည့်နေရာတွင် မှန်ကန်ပြီး သမ္မာတရားနှင့်ကိုက်ညီသည့် အမှုကိစ္စများကို လက်တွေ့အကောင်အထည်ဖော်ဖို့၊ သို့မဟုတ် မိတ်ဆက်ပေးဖို့ ခွင့်မပြုဘဲ၊ ဆက်လက် ဆောင်ရွက်ကြလေသည်။...၎င်းတို့၏ ရည်မှန်းချက်မှာ အဘယ်နည်း။ ယင်းမှာ အခြားသူများ ဝင်ရောက်စွက်ဖက်ခြင်း၊ မေးမြန်းခြင်း၊ သို့မဟုတ် ကြီးကြပ်ခြင်းကို တားဆီးဖို့နှင့် ၎င်းတို့ ထိုသို့ပြုမူဆောင်ရွက်ခြင်းသည် ခိုင်လုံကြောင်း၊ မှန်ကန်ကြောင်း၊ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များနှင့် ကိုက်ညီကာ၊ လုပ်ရပ်စည်းမျဉ်းများနှင့် ကိုက်ညီကြောင်း၊ ခေါင်းဆောင်အနေဖြင့် ၎င်းတို့သည် စည်းမျဉ်းလိုက်နာကြောင်းကို ညီအစ်ကိုမောင်နှမများ တွေးစေဖို့ ဖြစ်လေသည်။ အမှန်တွင် အသင်းတော်၌ လူအနည်းငယ်သာလျှင် သမ္မာတရားကို နားလည်ကြသည်။ အများစုသည် သေချာပေါက် ချင့်ချိန်နိုင်စွမ်း မရှိကြချေ။ သူတို့သည် ဤအန္တိခရစ်တို့ကို ၎င်းတို့၏အရှိအတိုင်း မမြင်နိုင်ကြသကဲ့သို့၊ ၎င်းတို့၏ လှည့်စားခြင်းကို အလိုအလျောက် ခံကြရသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၂)) “စာတန် ပြုမူဆောင်ရွက်သည့်အခါတွင် အခြားမည်သူ၏ ဝင်ရောက်စွက်ဖက်မှုကိုမျှ ခွင့်မပြုပေ။ ၎င်းလုပ်ဆောင်သမျှ၌ ဆုံးဖြတ်ပိုင်ခွင့်ရှိလိုပြီး အရာရာကို ထိန်းချုပ်လိုကာ၊ မည်သူမျှ မကြီးကြပ်ရပေ၊ သို့မဟုတ် မေးမြန်းခြင်းတစ်ခုတလေ မပြုရပေ။ တစ်ဦးတစ်လေက ဝင်ရောက်စွက်ဖက်ပါက၊ သို့မဟုတ် ကြားဝင်နှောင့်ယှက်ပါက၊ ဤသည်မှာ သာ၍ပင် လက်သင့်ခံနိုင်ဖွယ် မရှိပေ။ ဤသည်မှာ အန္တိခရစ်တစ်ဦး ပြုမူဆောင်ရွက်သည့် ပုံစံဖြစ်သည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ မည်သူမျှ မေးမြန်းခြင်းတစ်ခုတလေ ပြုခွင့်မရှိသကဲ့သို့၊ နောက်ကွယ်တွင် ၎င်းတို့ မည်သို့စီမံဆောင်ရွက်ပါစေ၊ မည်သူမျှ ဝင်ရောက်စွက်ဖက်ခွင့် မရှိချေ။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ အပြုအမူဖြစ်သည်။ ၎င်းတို့၌ အလွန်အမင်း မာနထောင်လွှားသည် စိတ်သဘောထားရှိပြီး အသိစိတ် အလွန်အမင်း ကင်းမဲ့သောကြောင့် ဤသို့ ၎င်းတို့ ပြုမူဆောင်ရွက်ခြင်းဖြစ်ပေသည်။ ၎င်းတို့သည် နာခံခြင်း လုံးလုံး ကင်းမဲ့ကြသကဲ့သို့၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ၎င်းတို့အား ကြီးကြပ်ခွင့်၊ သို့မဟုတ် ၎င်းတို့၏ အလုပ်ကို ကြည့်ရှုစစ်ဆေးခွင့် မပြုကြပေ။ ဤသည်တို့သည် ဧကန်အမှန် မကောင်းဆိုးဝါးတစ်ဦး၏ လုပ်ရပ်များဖြစ်ကာ၊ သာမန်လူတစ်ဦး၏ လုပ်ရပ်များနှင့် လုံးလုံး ကွာခြားလေသည်။ အလုပ်လုပ်သည့်သူ မည်သူမဆိုသည် အခြားသူများ၏ ပူးပေါင်းဆောင်ရွက်ခြင်းကို လိုအပ်သည်။ အခြားလူများ၏ အကူအညီ၊ အကြံပြုချက်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများကို ၎င်းတို့ လိုအပ်သည်။ ပြီးလျှင် ကြီးကြပ်သည့်သူ၊ သို့မဟုတ် စောင့်ကြည့်သည့်သူ တစ်စုံတစ်ဦးရှိပါက၊ ဤသည်မှာ မကောင်းသည့်အရာတစ်ခု မဟုတ်ပေ။ ယင်းမှာ လိုအပ်ပေသည်။ နေရာတစ်နေရာတွင် အမှားများဖြစ်လာပြီး ယင်းတို့သည် စောင့်ကြည့်နေသည့် လူများ၏ ခွဲခြားဖော်ထုတ်ခြင်းကို ခံရပြီး ချက်ချင်း ပြုပြင်ခြင်းခံရပါက၊ ဤသည်မှာ ကြီးမားသော အထောက်အကူတစ်ခု မဟုတ်သလော။ ထို့ကြောင့် ထက်မြက်သော လူများက အမှုအရာများကို လုပ်ဆောင်သည့်အခါတွင်၊ အခြားလူများ၏ ကြီးကြပ်ခံရခြင်း၊ စောင့်ကြည့်လေ့လာခံရခြင်းနှင့် မေးခွန်းများ မေးမြန်းခံရခြင်းတို့ကို နှစ်သက်ကြသည်။ မတော်တဆ အမှားတစ်ခု တကယ် ဖြစ်ပေါ်လာပြီး ဤလူများက ယင်းကို ထောက်ပြနိုင်ကာ ထိုအမှားကို ချက်ချင်း ပြုပြင်နိုင်ခဲ့ပါက၊ ဤသည်မှာ မမျှော်လင့်ထားသည့် အကျိုးအမြတ်တစ်ခု မဟုတ်လော။ ဤလောကထဲရှိ မည်သူတစ်ဦးတစ်ယောက်မျှ အခြားသူများ၏ အကူအညီ မလိုသည့်သူ မရှိချေ။ လူများသည် မွေးရာပါ အထီးကျန်စိတ်ဝေဒနာ၊ သို့မဟုတ် စိတ်ကျရောဂါ ခံစားနေရသည့်အခါ၊ ၎င်းတို့သည် ပုံမှန် မဟုတ်တော့ပေ။ မိမိတို့ကိုယ်ကိုယ် ထိန်းချုပ်နိုင်ခြင်း မရှိတော့ပေ။ လူများ၏ စိတ်နှင့် အသိစိတ်တို့သည် ပုံမှန်ဖြစ်ပြီး ၎င်းတို့သည် အခြားသူများနှင့် ဆက်သွယ်ပြောဆိုလိုခြင်းသာ မရှိလျှင်၊ ၎င်းတို့ လုပ်သည့် မည်သည့်အရာကိုမျှ လူများကို မသိစေလိုလျှင်၊ နောက်ကွယ်တွင် စီမံလျက်၊ တိတ်တဆိတ်၊ ပုန်းကွယ်ကာ၊ သီးသန့် ဆောင်ရွက်လိုပြီး အခြားမည်သူမဆို ပြောဆိုသည့်အရာကိုမျှ နားမထောင်လျှင်၊ ထိုသို့သော လူများသည် အန္တိခရစ်များဖြစ်သည် မဟုတ်လော။ ဤသည်မှာ အန္တိခရစ်တစ်ဦးဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၂)) ဒီနှုတ်ကပတ်တော်တွေက ကျွန်တော့်အတွက် ဘုရားရဲ့ တရားစီရင်ခြင်းလို ခံစားမိတယ်။ ကျွန်တော်က ဘုရားသခင်ဖွင့်ပြသလို ပြုမူနေတယ်ဆိုတာ သတိထားမိတယ်။ ကျွန်တော့်တာဝန်မှာ သူများတွေရဲ့ အကြံနဲ့ ကြီးကြပ်မှုကို လက်ခံဖို့ ကျွန်တော့်အတွက် တော်တော်ခက်တယ်။ ကျွန်တော့်မှာ အခက်အခဲတွေရှိရင်တောင် ဒါတွေကို ကျွန်တော် လုံးဝ မထုတ်ပြဘူး၊ သူများတွေကို သိခွင့်မပေးဘူး။ ဘာကြောင့်လဲဆိုရင် ဒီအလုပ်ကို ကျွန်တော့်ကို ပေးထားတာကြောင့် ကျွန်တော်က တာဝန်ရှိတယ်၊ ကျွန်တော့်မှာ ဆုံးဖြတ်ခွင့်ရှိတယ်၊ ကိုယ့်နည်းလမ်းအတိုင်းလုပ်နိုင်တယ်လို့ ခံစားမိလို့ပေါ့။ ကိုယ့်တာဝန်ကို ဘယ်လိုလုပ်ရမယ်ဆိုတာ သိတယ်၊ ကြီးကြပ်သူမလိုဘူး၊ ကျွန်တော့်ကိုစောင့်ကြည့်ဖို့၊ အကြံပေးဖို့တစ်ယောက်ယောက်လည်းမလိုဘူးလို့ ကျွန်တော် ခံစားမိခဲ့တယ်။ ကျွန်တော်က သူများတွေရဲ့ အကြံကို ကျွန်တော့်အားနည်းချက်ကို ရှုတ်ချတာ ကျွန်တော့်အရည်အချင်းတွေကို မေးခွန်းထုတ်တာလို့ မှတ်ယူတယ်။ ဒါကြောင့် ကျွန်တော်က မကြားချင်ဘူး။ အခုတော့ ဒါဟာ မာနထောင်လွှားခြင်း၊ မိုက်မဲခြင်းဖြစ်တယ်ဆိုတာ ကျွန်တော် မြင်ခဲ့တယ်။ ဒါက သာမန်လူ့သဘာဝက ပိုင်ဆိုင်သင့်တဲ့ အသိစိတ်မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ မာနထောင်လွှားတဲ့ သဘာဝကြောင့် ကျွန်တော်က ဘယ်သူ့ကိုမှ မနာခံဘူး၊ သူများတွေရဲ့ ကြီးကြပ်မှုနဲ့ အကြံတွေကို လုံးဝ လက်မခံဘူး။ ကျွန်တော်က အမြဲတမ်း အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိချင်ပြီး ကိုယ့်သဘောအတိုင်း လူသစ်တွေကို ရေလောင်းချင်တယ်။ အရင်တုန်းက ကျွန်တော်က ကိုယ့်နည်းလမ်းနဲ့ လူသစ်တွေကို နောက်ကလိုက်လုပ်ပေးတာသက်သက်ပဲ။ စာတွေပဲပို့ပြီး လူသစ်တွေကို သိပ်စကားမပြောတာတွေပေါ့။ တချို့လူသစ်တွေက သုံးလေးရက်အထိ ကျွန်တော့်ကိုစာမပြန်ရင် ကျွန်တော်က ဘေးဖယ်ထားလိုက်တယ်။ ကျွန်တော်နဲ့ ဆက်သွယ်ချင်တဲ့ လူသစ်တွေနဲ့ ဆက်ပြီးစုဝေးတယ်။ ရလဒ်အနေနဲ့ အချို့လူသစ်တွေကို အချိန်မီရေမလောင်းနိုင်ဘူး။ လူသစ်တွေက အရမ်းထိရှလွယ်တယ်။ အချိန်မရွေးနုတ်ထွက်ပြီး ယုံကြည်တာရပ်သွားနိုင်တယ်။ တချို့ကဆို စုဝေးပွဲအဖွဲ့ကနေတောင် နုတ်ထွက်သွားတယ်။ ကျွန်တော့်လုပ်ရပ်တွေက အန္တိခရစ်နဲ့ အတူတူပဲမဟုတ်ဘူးလား။ အန္တိခရစ်တွေက သူများတွေ ကြီးကြပ်တာကို မခံချင်ဘူး။ သူများတွေဆီက အကြံကို လုံးဝ မယူဘူး။ အရာရာကို သူတို့ဘာသာ ထိန်းချုပ်ချင်တယ်။ ကိုယ့်နည်းလမ်းအတိုင်း၊ ကိုယ့်ထင်မြင်ချက်အတိုင်းလုပ်ချင်တယ်။ ဘယ်သူ့ကိုမှ မနာခံဘူး။ သူတို့အလုပ်ကို ကောင်းကောင်းလုပ်ဖို့ သူများတွေနဲ့ ပူးပေါင်းပြီး မဆောင်ရွက်ဘူး။ ကျွန်တော်က အန္တိခရစ်ရဲ့လမ်းကြောင်းကို လျှောက်နေတယ်ဆိုတာ မြင်ခဲ့တယ်။ ကျွန်တော် ကြောက်သွားတယ်။ ကျွန်တော် ဒီလိုဆက်လုပ်နေရင် ဘုရားသခင် မုန်းတာကို ခံရမှာပဲ။ ဘုရားသခင်မုန်းတဲ့သူတွေရဲ့ဘဝတွေမှာ တန်ဖိုးမရှိဘူး။ ဘုရားအမြင်မှာ သူတို့က ရန်သူတွေပဲ။ လူတိုင်းက ကိုယ်ပိုင်အားနည်းချက်တွေ၊ ချို့ယွင်းချက်တွေရှိတယ်၊ ဒါကြောင့် သူများတွေရဲ့ အကြံနဲ့ အကူအညီတွေလိုတယ်ဆိုတာကိုလည်း ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်တော် သင်ယူခဲ့ရတယ်။ ကိုယ့်တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်ဖို့အတွက် လူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။ ကြီးကြပ်သူက ကျွန်တော့်အလုပ်ကို နောက်ကလိုက်လုပ်ပြီး ကျွန်တော့်ကို အကြံတွေပေးပြီးတော့ ကူညီနေတာပါ။ ကျွန်တော်က ဒါကို လက်တွေ့လုပ်တဲ့အခါမှာ အသုံးဝင်ပေမဲ့ လက်မခံချင်ခဲ့ဘူး၊ ဒီပုံစံနဲ့ ကျွန်တော်က အသင်းတော်ကို ထိခိုက်ခဲ့တယ်ဆိုတာကိုလည်း ကျွန်တော် မြင်ခဲ့တယ်။ ဒါက အရမ်းအရေးကြီးတဲ့ကိစ္စပါ။
အဲဒီနောက်မှာ ကျွန်တော် ဘုရားနှုတ်ကပတ်တော်တချို့ကို ဖတ်တယ်။ “တစ်စုံတစ်ယောက်သည် အချိန်အနည်းငယ်သုံး၍ သင့်ကို စောင့်ကြည့်စစ်ဆေးသည့်အခါ၊ သို့မဟုတ် လေ့လာသည့်အခါ၊ သို့မဟုတ် အသေးစိတ်မေးခွန်းများ မေးသောအခါတွင်လည်းကောင်း၊ တစ်ခါတစ်ရံတွင် ၎င်းတို့၏ သဘောထားသည်ပင် အနည်းငယ် ကြမ်းတမ်းသောအခါ၊ သင့်ကို အနည်းငယ် ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်သောအခါ၊ ပဲ့ပြင်ဆုံးမပြီး အပြစ်တင်သောအခါတွင်လည်းကောင်း ဤအရာအားလုံးတို့သည် ဘုရားအိမ်တော်၏ အလုပ်အပေါ်တွင် ၎င်းတို့၌ သိတတ်မှုရှိသော၊ တာဝန်သိတတ်သော သဘောထားတစ်ခု ရှိသောကြောင့်ဖြစ်သည်။ ဤအပေါ်တွင် သင်သည် အပျက်သဘောဆောင်သော အတွေးများ၊ သို့မဟုတ် ခံစားချက်များ မရှိသင့်ပေ။ အခြားလူတို့၏ ကြီးကြပ်မှု၊ စောင့်ကြည့်လေ့လာမှုနှင့် မေးခွန်းထုတ်မှုတို့ကို သင်လက်ခံနိုင်လျှင် ယင်းမှာ အဘယ်အဓိပ္ပာယ်ရသနည်း။ ယင်းကသင့်စိတ်နှလုံးတွင် သင်သည် ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံသည်ဟု အဓိပ္ပာယ်ရသည်။ သင်သည် သင့်အပေါ် လူတို့၏ ကြီးကြပ်မှု၊ စောင့်ကြည့်လေ့လာမှုနှင့် မေးခွန်းထုတ်မှုတို့ကို လက်မခံလျှင်၊ ဤအရာအားလုံးတို့ကို သင်က ငြင်းဆန်လျှင် ဘုရားသခင်၏ စိစစ်မှုကို သင်လက်ခံနိုင်စွမ်းရှိသလော။ ဘုရားသခင်၏ စိစစ်ခြင်းသည် ပို၍ အသေးစိတ်ကာ နှံ့စပ်ပြီး လူတို့၏မေးခွန်းထုတ်ခြင်းထက် ပို၍ တိကျမှန်ကန်သည်။ ဘုရားသခင်တောင်းဆိုသောအရာသည် ဤထက် ပို၍ အသေးစိတ်ပြီး တိကျမှုရှိကာ နှံ့စပ်၏။ ထို့ကြောင့် ဘုရားသခင်ရွေးချယ်ထားသောသူများ၏ စောင့်ကြည့်စစ်ဆေးခြင်းကို သင် လက်မခံနိုင်လျှင်၊ ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံနိုင်ကြောင်း သင်၏ အခိုင်အမာပြောဆိုချက်သည် အနှစ်မဲ့သော စကားများ မဟုတ်သလော။ ဘုရားသခင်၏ စိစစ်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို သင်လက်ခံနိုင်ဖို့အတွက်၊ သင်သည် ဘုရားအိမ်တော်၏ စောင့်ကြည့်စစ်ဆေးခြင်းကို ဦးစွာ လက်ခံနိုင်ရမည် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) “သင့်တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိလျှင် သင်သည် ဘုရားသခင်၏ စိစစ်ခြင်းကို အလိုအလျောက် လက်ခံရရှိနိုင်စွမ်းရှိလိမ့်မည်။ သို့သော် ဘုရားသခင် ရွေးချယ်သောလူတို့၏ ကြီးကြပ်မှုကိုလည်း လက်ခံရန် သင်ယူရမည်။ ယင်းမှာ သင့်ထံမှ စိတ်ရှည်ခြင်း၊ လက်ခံခြင်းလိုအပ်သည်။ တစ်စုံတစ်ဦးက သင့်ကို ကြီးကြပ်နေကြောင်း၊ သင်၏အလုပ်ကို ကြည့်ရှုစစ်ဆေးနေကြောင်း၊ သို့မဟုတ် သင်မသိဘဲ သင့်ကို စုံစမ်းစစ်ဆေးနေကြောင်း သင်မြင်ပါက၊ သင် စိတ်ဆိုးပြီး ဤလူကို ရန်သူတစ်ဦးကဲ့သို့ သဘောထားကာ ၎င်းကို စက်ဆုပ်ပါက၊ ပြီးလျှင် ၎င်းပျောက်ကွယ်သွားစေဖို့ တောင့်တရင်း၊ ၎င်းကို သစ္စာဖောက်အဖြစ်ပင် တိုက်ခိုက်ကာ ကိုင်တွယ်ဖြေရှင်းပါက၊ ဤသည်မှာ ပြဿနာဖြစ်သည်။ ယင်းသည် အလွန်အမင်း မဆိုးယုတ်သလော။ ဤအရာနှင့် နတ်ဆိုးတစ်ကောင် အကြား ကွာခြားချက်မှာ အဘယ်နည်း။ ဤသည်မှာ လူများကို မျှတစွာ ဆက်ဆံခြင်း ဖြစ်သလော။ သင်သည် လမ်းကြောင်းမှန်ကို လျှောက်ပြီး မှန်ကန်သော နည်းလမ်းဖြင့် ပြုမူဆောင်ရွက်လျှင် လူများက သင့်အား စုံစမ်းစစ်ဆေးခြင်းမှ သင်သည် မည်သည့်အရာကို ကြောက်ဖို့လိုသနည်း။ သင်၏စိတ်နှလုံးထဲတွင် ပုန်းလျှိုးကွယ်လျှိုး ဖြစ်နေသည့် အရာတစ်ခုရှိသည်။ သင်၏စိတ်နှလုံးထဲတွင် ပြဿနာရှိကြောင်း သင်သိလျှင်၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို သင်လက်ခံသင့်သည်။ ဤသည်မှာ သင့်တင့်လျောက်ပတ်ပေသည်။ သင်၌ ပြဿနာရှိသည်ကို သင်သိသော်လည်း၊ သင့်ကို ကြီးကြပ်ဖို့၊ သင်၏ အလုပ်ကို ကြည့်ရှုစစ်ဆေးဖို့၊ သင်၏ ပြဿနာကို စုံစမ်းစစ်ဆေးဖို့ မည်သူ့ကိုမျှ ခွင့်မပြုပါက၊ သင်သည် အလွန်အမင်း ယုတ္တိမတန်ခြင်း ဖြစ်သည်၊ သင်သည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ပြီး ခုခံနေခြင်း ဖြစ်သည်။ ဤအခြေအနေတွင် သင်၏ ပြဿနာသည် ပို၍ပင် ဆိုးရွားလေသည်။ ဘုရားသခင် ရွေးချယ်ထားသောလူများက သင်သည် မကောင်းမှုပြုသူတစ်ဦး၊ သို့မဟုတ် မယုံကြည်သူတစ်ဦး ဖြစ်သည်ဟု သိမြင်ပါက၊ အကျိုးဆက်များသည် သာ၍ပင် ဒုက္ခပေးမည်ဖြစ်သည်။ ထို့ကြောင့် အခြားသူများ၏ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊ စောင့်ကြည့်စစ်ဆေးခြင်းတို့ကို လက်ခံနိုင်သည့် သူများသည် အသိတရားအရှိဆုံးဖြစ်ကြသည်။ ၎င်းတို့၌ သည်းခံခြင်းနှင့် ပုံမာန်လူ့သဘာဝ ရှိလေသည်။ သင်သည် မှားသည့်အရာတစ်ခုခု ပြုလုပ်နေသည်၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ထုတ်ပြခြင်း ရှိသည်ကို သင်သိရသည့်အခါ၊ လူများနှင့် သင် ဖွင့်ပြောနိုင်ပြီး ဆွေးနွေးပြောဆိုနိုင်ပါက၊ ဤအရာက သင့်အနီးအနားရှိလူများကို သင့်အား စောင့်ကြည့်ဖို့ ကူညီပေးလိမ့်မည် ဖြစ်သည်။ ကြီးကြပ်မှုကို လက်ခံဖို့ သေချာပေါက် လိုအပ်သော်လည်း အဓိကအချက်မှာ မိမိကိုယ်ကိုယ် အစဉ်မပြတ် ဆင်ခြင်သုံးသပ်လျက်၊ ဘုရားသခင်ထံ ဆုတောင်းဖို့နှင့် သူ့အပေါ် မှီခိုကိုးစားဖို့ဖြစ်သည်။ အထူးသဖြင့် မှားယွင်းသောလမ်းကို သင်လျှောက်ပြီးဖြစ်သည့်အခါ၊ သို့မဟုတ် တစ်စုံတစ်ခုကို မမှန်မကန်ပြုပြီးသည့်အခါ၊ သို့မဟုတ် သင်သည် အာဏာရှင်ဆန်ပြီး တစ်ဖက်သတ်ဆန်သော လုပ်ရပ်ကို လုပ်ဆောင်တော့မည်ဖြစ်ပြီး အနီးရှိ တစ်စုံတစ်ဦးက ယင်းကို ဖော်ပြပြောဆိုပြီး သင့်ကို သတိပေးသည့်အခါ၊ ယင်းကို သင် လက်ခံဖို့ လိုအပ်ပြီး သင့်ကိုယ်သင် အမြန်ဆင်ခြင်သုံးသပ်ကာ သင်၏အမှားကို ဝန်ခံဖို့နှင့် ယင်းကို ပြုပြင်ဖို့ လိုအပ်သည်။ ဤအရာက သင့်အား အန္တိခရစ်တို့၏ လမ်းကြောင်းပေါ် ခြေချခြင်းမှ တားဆီးနိုင်သည်။ သင့်ကို ဤနည်းအားဖြင့် ကူညီပြီး သတိပေးသူ တစ်စုံတစ်ဦးရှိပါက၊ သင်သည် ယင်းကို မသိလိုက်ဘဲ ထိန်းသိမ်းနေခြင်း ဖြစ်သည်မဟုတ်လော။ သင် ထိန်းသိမ်းနေသည်— ယင်းမှာ သင်၏ထိန်းသိမ်းထားခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်) သူများတွေကြီးကြပ်တာခံခြင်းရဲ့ အရေးကြီးမှုနဲ့ အကျိုးအမြတ်တွေကို ဘုရားနှုတ်ကပတ်တော်က အရမ်းရှင်းလင်းအောင်ပြောထားတယ်။ အရင်တုန်းက ကြီးကြပ်ခံခြင်းရဲ့ အကျိုးအမြတ်တွေကို ကျွန်တော် တကယ်တမ်း နားမလည်ခဲ့ဘူး။ ဒါကြောင့် ကျွန်တော့်ကို ကြီးကြပ်တဲ့သူတွေကို အတိုက်အခံလုပ်တယ်။ သူတို့က ကျွန်တော့်အလုပ်ကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ၊ ကျွန်တော့်ကို အထင်သေးနေတာလို့ ထင်ခဲ့တာ။ ကျွန်တော့်စိတ်ထဲမှာ လူတစ်ယောက်က အလုပ်အကြောင်းလေ့လာဖို့ ကျွန်တော့်ဆီလာရင် ကျွန်တော်က တာဝန်မသိတတ်ဘူး၊ အလုပ်ကိုမလုပ်နိုင်ဘူး၊ ကျွန်တော့်တာဝန်ကို ကောင်းကောင်းမလုပ်နိုင်ဘူး၊ သူများတွေလောက်မလုပ်နိုင်ဘူးလို့ သူက ခံစားရသလိုမျိုးပေါ့။ ဒါကြောင့် ကျွန်တော့်အပေါ် သူများတွေက ကြီးကြပ်တာကို အရမ်းအတိုက်အခံဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော့်အမြင်က မှားပြီး သမ္မာတရားနဲ့မညီဘူးဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်တော် မြင်ခဲ့ပါတယ်။ ကျွန်တော်က ကျွန်တော့်အလုပ်မှာ အားနည်းချက်တချို့ရှိတယ်။ တိုးတက်ဖို့အတွက် ညီအစ်ကိုမောင်နှမတွေရဲ့ အကူအညီကို လိုတယ်။ ဒါပေမဲ့ ကျွန်တော်က ကြီးကြပ်မှုကို လက်ခံဖို့ ငြင်းဆန်တယ်။ ဒီလိုဆိုရင် ကျွန်တော့်အလုပ်က အမှားတွေကို ပြုပြင်ပြီး ကျွန်တော့်အလုပ်ကို ပိုကောင်းအောင်လုပ်နိုင်ပါဦးမလား။ ကျွန်တော့်အလုပ်ကို မေးဖို့က ညီအစ်ကိုမောင်နှမတွေအတွက် အရမ်းအရေးကြီးတယ်။ ဘာကြောင့်လဲဆိုရင် သူတို့က အလုပ်ကို တာဝန်ခံနေပြီး သူတို့တာဝန်ကို ထမ်းဆောင်နေတာပါ။ ကျွန်တော်က တိတ်ဆိတ်ပြီး ငြင်းဆန်တဲ့ သဘောထားမရှိခဲ့သင့်ဘူး။ ကျွန်တော်က ပွင့်လင်းပြီးတော့ ကျွန်တော့်အလုပ်က ကျွန်တော့်အခက်အခဲတွေနဲ့ တကယ့်အခြေအနေကို ပြောပြသင့်တယ်။ ဒါဆိုရင် အသင်းတော်အလုပ်အတွက် ပိုကောင်းမယ်။ ကြီးကြပ်မှုကို လက်ခံခြင်းအားဖြင့် ကျွန်တော့်ရဲ့ ကိုယ်ပိုင်ချို့ယွင်းချက်တွေကို မြင်နိုင်တယ်။ ကျွန်တော်က တာဝန်ကို စည်းမျဉ်းတွေနဲ့အညီလုပ်သလားဆိုတာ ဆင်ခြင်ကြည့်နိုင်တယ်။ အခု ဘုရားအလိုတော်ကို ကျွန်တော် နားလည်သွားတယ်။ သူများတွေက ကျွန်တော့်အလုပ်ကို ခဏခဏ ကြီးကြပ်စစ်ဆေးနေတာက လူသစ်တွေကို ကျွန်တော်က အထင်မှားအောင်လုပ်တာ၊ လက်လျှော့တာ၊ ကိုယ်ပိုင်ဆန္ဒတွေကြောင့် ပျက်စီးစေတာမဖြစ်အောင် တားဆီးပေးနိုင်တယ်။ ဒါက တကယ်ပဲ ကျွန်တော့်အတွက် ဘုရားရဲ့ ကွယ်ကာခြင်းပါပဲ။
ကျွန်တော် နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ဖတ်တယ်။ “မည်သူမဆို အမှားကင်းသည်ဟု သင်တို့ ထင်သလော။ လူတို့သည် မည်မျှ သန်စွမ်းသည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ စွမ်းဆောင်နိုင်ပြီး ပါရမီရှိသည်ဖြစ်စေ၊ ၎င်းတို့သည် ခြောက်ပြစ်ကင်း မဟုတ်သေးပေ။ ဤအရာကို လူများ သတိပြုမိရမည်။ ယင်းမှာ အမှန်တရားဖြစ်သည်။ ယင်းမှာ လူတို့သည် မိမိတို့၏ကိုယ်ပိုင် အရည်အချင်းများနှင့် အားသာချက်များ၊ သို့မဟုတ် အမှားများအပေါ် ထားရှိသင့်သည့် သဘောထားလည်း ဖြစ်ပေသည်။ ဤသည်မှာ လူတို့ ပိုင်ဆိုင်သင့်သည့် စဉ်းစားချင့်ချိန်နိုင်စွမ်း ဖြစ်သည်။ ဤသို့သော ဆင်ခြင်တုံတရားဖြင့် သင်သည် သင်ကိုယ်တိုင်၏ အားသာချက်များနှင့် အားနည်းချက်များအပြင် အခြားသူတို့၏ ယင်းအချက်များကိုပါ သင့်လျော်စွာ ကိုင်တွယ်နိုင်မည်ဖြစ်ပြီး၊ ဤအချက်သည် သင့်အား ၎င်းတို့နှင့်အတူ သဟဇာတဖြစ်စွာ အလုပ်လုပ်နိုင်စေလိမ့်မည်။ သင်သည် သမ္မာတရား၏ ဤရှုထောင့်ကို နားလည်ပြီးဖြစ်ကာ၊ သမ္မာတရား၏ လက်တွေ့အရှိတရား ဤသွင်ပြင်လက္ခဏာအတွင်း ဝင်ရောက်နိုင်လျှင်၊ သင့်တွင်ရှိသော မည်သည့်အားနည်းချက်ကိုမဆို ချိန်ညှိရန် အချင်းချင်းရှိ အားသာချက်များကို အသုံးပြုရင်း၊ သင်၏ညီအစ်ကိုမောင်နှမများနှင့် သဟဇာတဖြစ်လျက် အဆင်ပြေနိုင်သည်။ ဤနည်းအားဖြင့် မည်သည့်တာဝန်ကို ထမ်းဆောင်နေသည်ဖြစ်စေ သို့မဟုတ် မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ သင်သည် ယင်းအမှုအရာတွင် အစဉ်သဖြင့် ပိုမိုကောင်းမွန်လာပြီး ဘုရားသခင်၏ကောင်းချီးကို ရရှိလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) လူတိုင်းက သူတို့ကိုယ်ပိုင်အားသာချက်တွေ၊ အားနည်းချက်တွေရှိတယ်၊ ဒီကမ္ဘာမှာ ပြည့်စုံတဲ့လူမရှိဘူးဆိုတာ ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် ကျွန်တော် နားလည်ခဲ့ပါတယ်။ လူတွေက ဘယ်လောက်အစွမ်းထက်ပါစေ သူတို့မှာ အားနည်းချက်တွေရှိပြီး သူများတွေဆီက အကူအညီလိုပါသေးတယ်။ အသင်းတော်မှာ ဘာတာဝန်ကိုပဲ ထမ်းဆောင်ပါစေ သူများတွေရဲ့ အကူအညီ၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ ခွဲလို့မရနိုင်ဘူး။ ကျွန်တော်တို့က စာတန်ကြောင့် အရမ်းကို ဖောက်ပြန်ပျက်စီးနေကြတော့ ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ အမြဲတမ်း ပြုမူကြတယ်။ ဒါကြောင့် စည်းမျဉ်းတွေကနေ လွဲသွားတာကို ရှောင်ကြဉ်ပြီး အမှားတွေကို လျှော့ချဖို့အတွက် ညီအစ်ကိုမောင်နှမတွေရဲ့ သတိပေးချက်တွေ၊ ကြီးကြပ်မှုတွေကို လိုပါတယ်။ အလုပ်မှာ ကျွန်တော့်ပြဿနာတွေကို နားလည်ဖို့အတွက် သူများတွေက ကျွန်တော့်ဆီလာတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် တိုးတက်စေဖို့အတွက် အခွင့်အရေးတစ်ခုအဖြစ် ဒါကို အသုံးပြုသင့်တယ်။ ကျွန်တော့် အားနည်းချက်တွေကို ဖာထေးဖို့အတွက် သူတို့အားသာချက်တွေကို သင်ယူသင့်တယ်။ ဒါဆိုရင် ကျွန်တော့်အတွက်၊ အသင်းတော်အလုပ်အတွက် အကူအညီဖြစ်မှာပဲ။ ကျွန်တော်က ကျွန်တော့်အလုပ်ကို ကြီးကြပ်တဲ့ အစ်မအပါအဝင် ဘယ်သူ့ထက်မှ ပိုမတော်ဘူးဆိုတာ ကျွန်တော် ရှင်းရှင်းလင်းလင်း မြင်ခဲ့ပါတယ်။ သူများတွေရဲ့ လမ်းပြမှုနဲ့ အကြံဉာဏ်ကို ကျွန်တော် လက်ခံသင့်တယ်။ ကျွန်တော့်ရဲ့ လမ်းလွဲမှုတွေ၊ အမှားတွေကို ပြုပြင်သင့်တယ်။ ကိုယ့်အားနည်းချက်တွေကို ဖွင့်ပြရဲပြီး သူများတွေဆီက အကူအညီရှာဖွေသင့်တယ်။ ဒါက သာမန်အသိစိတ်နဲ့ လူ့သဘာဝရှိတဲ့သူပဲ။ ဒါကို သိပြီးတော့ ကျွန်တော့်ရဲ့ မှားယွင်းနေတဲ့ အမြင်တွေကို စပြီး လွတ်ချခဲ့တယ်။ ဘယ်သူ့ရဲ့ ကြီးကြပ်မှုမှမပါဘဲ လူသစ်တွေကို ကျွန်တော် ရေလောင်းနိုင်သလို မခံစားရတော့ဘူး။ အဲဒီအစား ကျွန်တော့်မှာ အားနည်းချက်တွေအများကြီးရှိတယ်။ မပြည့်စုံဘူးလို့ ခံစားမိတယ်။ အဲဒီနောက်မှာ ကျွန်တော့်အစ်မရဲ့ အကြံဉာဏ်ကို စပြီး လက်ခံခဲ့တယ်။ သူက မေးခွန်းတွေ မေးတဲ့အခါ၊ လူသစ်တွေရဲ့ အခြေအနေတွေနဲ့ပတ်သက်တဲ့ အချက်တစ်ခုခုကို သိချင်တဲ့အခါမှာ ကျွန်တော်က ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး သူ့ကို အသေးစိတ် ပြောပြတယ်။ ဒီလိုနဲ့ ကျွန်တော်က ကိုယ့်တာဝန်မှာ ပိုပြီး ထိရောက်မှုရှိလာတယ်။
တစ်နေ့တော့ ကျွန်တော့်အစ်မက လူသစ်တွေရဲ့ အခြေအနေကို ကျွန်တော့်ကို မေးတယ်။ ကျွန်တော်က သူ့မေးခွန်းတွေကို သံသယမရှိဘဲ ဖြေပေးတယ်။ တချို့လူသစ်တွေက ပုံမှန်မတက်ကြတဲ့အကြောင်းပြချက်တွေနဲ့ပတ်သက်ပြီး အသေးစိတ်ပြောပြခဲ့တယ်။ သူက ကျွန်တော့်ကို တချို့အဓိကအချက်တွေကို သတိပေးတယ်။ ကျွန်တော်က ရေးချထားပြီး အဲဒါတွေကို လုပ်တယ်။ သူများတွေဆီက အကြံဉာဏ်ယူတာ အရမ်းကောင်းတယ်ဆိုတာ ကျွန်တော် မြင်သွားတယ်။ တစ်ခါတလေမှာ သူက ကျွန်တော့်အားနည်းချက်တွေကို ထောက်ပြတဲ့အခါမှာ ကျွန်တော်က ချက်ချင်းလက်မခံနိုင်ပေမဲ့ သူက ကျွန်တော့်ကို ကူညီဖို့လာတယ်ဆိုတာ ကျွန်တော် နားလည်တယ်လေ။ ဒီတော့ ကျွန်တော်က အပျက်သဘောဆောင်ပြီး မခုခံသင့်ဘူး။ ဆုတောင်းပြီး ရှာဖွေဖို့အတွက် ကျွန်တော် ဘုရားရှေ့ကိုလာခဲ့တယ်။ ဒါက ကျွန်တော်နဲ့ အသင်းတော်အလုပ်အတွက် နှစ်ခုလုံးကို အကျိုးဖြစ်စေတယ်။ ကျွန်တော့်တာဝန်က လူသစ်တွေရဲ့ အခြေခံအုတ်မြစ်ကို လမ်းမှန်ပေါ်မှာချပေးဖို့အတွက် သူတို့ကို ကောင်းကောင်းရေလောင်းပေးဖို့ပဲ။ သူများတွေရဲ့ ကြီးကြပ်မှုကို လက်ခံပြီး ကိုယ့်တာဝန်ကို ကျွန်တော် ကောင်းကောင်းထမ်းဆောင်ချင်စိတ်ရှိနေခဲ့ပါတယ်။