၆၆။ ကျွန်တော့်အလုပ်ဖော်အပေါ် ကျွန်တော် အထင်မသေးတော့ပါ
အသင်းတော်စာအုပ်တွေနဲ့ ပစ္စည်းတွေကို ကျွန်တော် စီမံခန့်ခွဲရတယ်။ ပစ္စည်းမျိုးစုံကို စီမံခန့်ခွဲပြီး သိမ်းဆည်းထားလား၊ သပ်သပ်ရပ်ရပ် စီစဉ်ထားသိုထားလား၊ အထုတ်အသွင်း မှတ်တမ်းတွေက ရှင်းလားဆိုတာတွေကို ကျွန်တော် စစ်ဆေးနေကျပါ။ ကျွန်တော် ပေါ့ဆခဲ့ရင် ပစ္စည်းတွေ ရှုပ်ကုန်မှာ ကျွန်တော် စိုးမိတယ်။ ကျွန်တော်နဲ့ အလုပ်အတူလုပ်တဲ့ အစ်ကိုချန်က ပေါ့ဆပြီး သန့်ရှင်းမှုကို အာရုံမစိုက်ဘူး။ တစ်ခါတလေ သူက ပစ္စည်းတွေကို ပစ်ချတယ်၊ စုပုံထားလိုက်တယ်။ ဒီတော့ သူနဲ့ပတ်သက်ရင် ကျွန်တော် အမြဲတမ်း စိတ်ပူရပြီး သူ့အလုပ်ကို အမြဲ စစ်ဆေးရတာပေါ့။ အစ်ကိုချန် ပစ္စည်းတွေ အထားမှားတာ ကျွန်တော် မြင်တိုင်း၊ ပစ္စည်းတွေအတွက် အထုတ်အသွင်း မှတ်တမ်းတွေ မရှင်းတာမြင်တိုင်း ကျွန်တော့်မှာ စိုးရိမ်ကြောင့်ကြလွန်းလို့ ဒေါသထွက်ပြီး သူ့ကို ကူညီဖို့ မိတ်သဟာယမပြုခဲ့ဘူး။ အစတော့ ကိုယ့်ညီအစ်ကိုရဲ့ ခံစားချက်တွေကို ဆင်ခြင်ပေးပြီး ကိုယ့်လေသံနဲ့ စကားအသုံးအနှုန်းကို သတိထားခဲ့ပါတယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ၊ အဲဒါတွေကို ကျွန်တော် ဂရုမစိုက်တော့ဘူး။ ဒီဟာမှားတယ်၊ ဟိုဟာမှားတယ်လို့ သူ့ကို အချိန်ပြည့်ပြောခဲ့တယ်။ တစ်ခါတလေ ဒေါသထွက်ပြီး သူ့ကို ဆူပူပြောဆိုမိတယ်။ “ဘာလို့ ပစ္စည်းတွေကို နေရာတလွဲတွေ ထားပြန်တာလဲ။ ဒီမှာတစ်ခု၊ ဟိုမှာ တစ်ခု လျှောက်ထားတယ်။ ကိုယ်တွေ့တဲ့နေရာမှာ ကိုယ်ပြန်ထားလို့မရဘူးလား။ အစ်ကို ကိစ္စပြီးရင် ပြန်ရှင်းလိုက်တာ ခဏလေးပဲ ကြာမှာ၊ ဒါပေမဲ့ အစ်ကို့မှာတော့ တစ်ခုခုကို မပြီးမပြတ် မထားရဘဲကို မနေနိုင်ဘူး။ ပြီးရင် ဘယ်တော့မှ ပြန်မရှင်းဘူး...” လို့ပေါ့။ အစ်ကိုချန်အပေါ် ကျွန်တော့်သဘောထားက ပိုပိုဆိုးလာတယ်။ တစ်ခါတလေ ရှုပ်နေတာတွေကို သူ့ကို ရှင်းခိုင်းဖို့ အမိန့်ပေးတဲ့ လေသံကို သုံးခဲ့တယ်။
တစ်ခါက အထုတ်အသွင်း မှတ်တမ်းတွေကို ကြည့်နေတဲ့အချိန်မှာ သူက တစ်ခုကို ပြင်ရေးထားတာ ဆိုးလွန်းလို့ ဖတ်လို့မရတာကို ကျွန်တော် တွေ့လိုက်ရတယ်။ ကျွန်တော် ချက်ချင်း ဒေါသတွေထွက်ပြီး တွေးမိတယ်။ “သူ ဒီမှာ ဘာရေးထားမှန်းတောင် ငါ မှန်းလို့မရဘူး။” လို့ပေါ့။ အစ်ကိုချန်ဆီ ချက်ချင်းသွားလိုက်တယ်။ ဆရာက တပည့်ကို ဆူသလိုမျိုး မှတ်တမ်းတွေကို ကိုင်ပြီး တစ်ခုချင်း ဘာလဲဆိုတာ မေးခဲ့တယ်။ ကျွန်တော် ပြောလိုက်တယ်။ “ကျွန်တော် အခု ဘာလုပ်ချင်လဲဆိုတာ အစ်ကိုသိလား။ ဒီမှတ်တမ်းတွေကို ခေါင်းဆောင်ဆီကို ယူသွားချင်တယ်။ ဒါမှ အစ်ကို့တာဝန်မှာ ဘယ်လိုနေတယ်ဆိုတာ၊ အစ်ကို ဘယ်လောက်ပေါ့ဆတယ်ဆိုတာကို သူတွေ့နိုင်မှာ။” လို့ပေါ့။ အစ်ကိုချန်က မျက်နှာမှာ အပြစ်ရှိပုံပေါက်လာပြီး နောင်မှာ အာရုံစိုက်ပါ့မယ်လို့ ပြောခဲ့တယ်။ ဒီတစ်ခါက မတော်တဆဖြစ်တာပါတဲ့။ သူမှတ်တမ်းလုပ်နေတုန်း အရေးကြီးကိစ္စကို ကိုင်တွယ်ဖို့ သူ့ဆီ ဖုန်းခေါ်တာနဲ့ သူမေ့သွားတာပါ ဒါပေမဲ့ သူ့ကို ရှင်းပြခွင့်မပေးဘဲ၊ ကျွန်တော် ဒေါသတကြီးပြောခဲ့တယ်။ “ဒါမျိုးထပ်ဖြစ်ရင်၊ မှတ်တမ်းစာရွက်ကို ခေါင်းဆောင်ဆီ တန်းပေးမှာ။ သူ့ကိုပဲ ကိုင်တွယ်ခိုင်းလိုက်မယ်။” လို့ပေါ့။ မကြာခင်မှာ အစ်ကိုချန်ရဲ့ မှတ်တမ်းစာရွက်တစ်ခုမှာ ဝါးတားတားအစွန်းအထင်းတစ်ခုကို ကျွန်တော် ထပ်တွေ့ပြန်တယ်။ ဒီတစ်ခါတော့ ကျွန်တော် ပိုတောင် ဒေါသထွက်သွားတယ်။ အစ်ကိုချန်ဆီကို မေးဖို့သွားလိုက်တယ်။ “အစ်ကို့ကို ပြောပြီးပြီဗျာ။ အစ်ကိုအမှားလုပ်ရင် နောက်တစ်နေရာမှာ ပြန်ရေးပါ။ အပေါ်က ထပ်ပြီးမရေးပါနဲ့လို့။ အစ်ကို အမှားပြင်ထားတာကို ကြည့်ဦး။ အစ်ကိုဘာရေးထားလဲ ဘယ်သူသိမှာလဲ။ ကျွန်တော် သေချာမမြင်ရဘူး။ အစ်ကို့ကို လာမေးနေရတယ်။ ဒါက စိတ်ရှုပ်စရာလို့ မထင်ဘူးလား။ အစ်ကိုမရှုပ်ရင်တောင် ကျွန်တော်ရှုပ်တယ်။” လို့ပေါ့။ ကျွန်တော် စိတ်တိုနေပြန်ပြီဆိုတာ တွေ့တော့ မှတ်တမ်းစာရွက်ကို ကောက်ကိုင်ပြီး သူက ပြောတယ်။ “ဒါဆို အစ်ကို ထပ်ပြင်ရေးလိုက်မယ်။” တဲ့။ ကျွန်တော် ဒေါသတကြီး အော်ပါလေရော။ “လုပ်မနေနဲ့တော့။ အဲဒါနဲ့ ပြင်လို့ရမှာ မဟုတ်ဘူး။” ပေါ့။ အဲဒါပြောပြီးတော့ ထွက်လာလိုက်တယ်။ လက်ထဲမှာ မှတ်တမ်းစာရွက်ကို ကိုင်ပြီး အဲဒီမှာ ထိုင်ရင်း ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ ကျွန်တော့်ညီအစ်ကိုကို ထားရစ်ခဲ့တယ်။ အဲဒီအချိန်မှာ နည်းနည်းလွန်သွားမှန်းကို ကျွန်တော် သဘောပေါက်ခဲ့တယ်။ ဒါပေမဲ့ သိပ်မတွေးဘဲ၊ ကိစ္စကလည်း ပြီးသွားတယ်။ နှစ်ရက်သုံးရက်ကြာတော့၊ အသေးအဖွဲကိစ္စတစ်ခုကြောင့် အစ်ကိုချန်ကို ကျွန်တော် စိတ်တိုပြန်ရော။ သူကလည်း ကျွန်တော့်ကို စိတ်တိုတယ်။ ပြီးတော့ ကျွန်တော်တို့ စကားများကြတယ်။ ကျွန်တော်တို့ သင့်သင့်မြတ်မြတ် အတူအလုပ်မလုပ်နိုင်တာ ခေါင်းဆောင်သိသွားတော့ ကျွန်တော့်ကို မိတ်သဟာယပြုပေးပြီး ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ် ဖတ်ပြခဲ့တယ်။ “အန္တိခရစ်တစ်ဦးသည် မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ၊ မည်သူနှင့် ပူးပေါင်းလုပ်ကိုင်သည်ဖြစ်စေ သဘောထားကွဲလွဲမှုများ၊ အငြင်းပွားမှုများ အစဉ်ရှိကြသည်။ ၎င်းတို့သည် သူတစ်ပါးတို့အား အစဉ် ဩဝါဒပေးလိုပြီး သူတစ်ပါးတို့ အလေးထားခြင်းကို ခံလိုကြသည်။ ဤသို့သောသူသည် မည်သူနှင့် ပူးပေါင်းလုပ်ကိုင်နိုင်သနည်း။ မည်သူနှင့်မျှ မလုပ်ကိုင်နိုင်ပေ။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ပြင်းလွန်းသည်။ ၎င်းတို့သည် မည်သူနှင့်မဆို ပူးပေါင်းလုပ်ကိုင်ရန် မတတ်နိုင်ရုံသာမက အခြားလူများကို အထက်စီးမှနေ၍ အစဉ်သဖြင့် ဩဝါဒပေးပြီး ချုပ်ချယ်သည်။ လူတို့၏ ကုပ်ပေါ်တွင် အစဉ်ခွစီးလိုပြီး လူတို့၏ နာခံမှုကို အတင်းအကြပ် တောင်းဆိုသည်။ ဤသည်မှာ စိတ်သဘောထားနှင့်ဆိုင်သည့် ပြဿနာတစ်ခုသက်သက် မဟုတ်ပေ။ ၎င်းတို့သည် အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရားမရှိဘဲ ၎င်းတို့၏ လူ့သဘာဝတွင်လည်း တစ်ခုခုက အလွန်ပင်မှားယွင်းနေသည်။...လူတို့ပုံမှန် ပေါင်းသင်းဆက်ဆံရန်အတွက် ပြည့်မီရမည့် အခြေအနေတစ်ခု ရှိသည်။ ၎င်းတို့သည် ပူးပေါင်းလုပ်ကိုင်ခြင်း မပြုနိုင်မီတွင် အနည်းဆုံး အသိစိတ်နှင့် ဆင်ခြင်တုံတရား၊ စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းရှိရမည်။ လူတို့အနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် ပူးပေါင်းလုပ်ကိုင်နိုင်ဖို့ဆိုလျှင် တစ်စိတ်တစ်ဝမ်းတည်းရှိရန်၊ မိမိတို့၏ အားနည်းချက်များကို သူတစ်ပါးတို့၏ အားသာချက်များဖြင့် ဖြည့်စွက်နိုင်ရန် လိုအပ်သည့်အပြင် စိတ်ရှည်ပြီး သည်းခံနိုင်ရန်၊ ပြုမူနေထိုင်ခြင်း အခြေခံစည်းမျဉ်း ရှိရန်လည်း လိုအပ်သည်။ ဤနည်းအားဖြင့်သာ ၎င်းတို့သည် အခင်အမင်မပြတ် အဆင်ပြေနိုင်သည်။ တစ်ခါတစ်ရံတွင် ပဋိပက္ခများ၊ အငြင်းပွားမှုများ ဖြစ်ပေါ်နိုင်သော်လည်း ဆက်လက်၍ ပူးပေါင်းလုပ်ကိုင်နိုင်ကြသည်။ အနည်းဆုံးအနေဖြင့် မည်သည့်ရန်လိုမှုမျှ ပေါ်ပေါက်လာမည် မဟုတ်ပေ။ လူ့သဘာဝ မရှိသူတိုင်းသည် ငါးခုံးမပင် ဖြစ်သည်။ သာမန်လူ့သဘာဝ ရှိသူတို့သည်သာ သူတစ်ပါးတို့နှင့် အလွယ်တကူ ပူးပေါင်းလုပ်ကိုင်ပြီး သူတစ်ပါးတို့ကို စိတ်ရှည်သည်းခံကြသည်။ ၎င်းတို့သည်သာ အခြားလူများ၏ ထင်မြင်ချက်များကို နားထောင်ကြလိမ့်မည်။ သူတစ်ပါးတို့နှင့် ဆွေးနွေးရန် အလုပ်လုပ်သောအခါ နှိမ့်ချကြလိမ့်မည်။ ၎င်းတို့သည်လည်း ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိပြီး သူတစ်ပါးတို့ကို ၎င်းတို့အပေါ် အလေးထားစေလိုသောဆန္ဒ အမြဲရှိသည်။ ၎င်းတို့၌လည်း ထိုရည်ရွယ်ချက်ရှိသည်ပင်။ သို့သော် ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသောကြောင့်၊ သမ္မာတရားကို ရှာဖွေနိုင်ပြီး မိမိကိုယ်ကို သိသောကြောင့်၊ ဤသို့သော အပြုအမူက မသင့်တော်သည်ကို ၎င်းတို့ခံစားရသောကြောင့်၊ စိတ်နှလုံးတွင် အပြစ်ကို ခံစားရပြီး ချုပ်တည်းနိုင်စွမ်း ရှိသောကြောင့် သူတစ်ပါးတို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ကြသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ပွင့်အန်ထွက်လာခြင်းပင်ဖြစ်သည်။ ၎င်းတို့သည် ဆိုးယုတ်သောလူများ မဟုတ်သကဲ့သို့ အန္တိခရစ်တစ်ဦး၏ အနှစ်သာရလည်း မရှိပေ။ ၎င်းတို့သည် သူတစ်ပါးတို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ကြသည်။ ၎င်းတို့သည် ဆိုးယုတ်သောလူများ၊ သို့မဟုတ် အန္တိခရစ်များဖြစ်နေလျှင် သူတစ်ပါးတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်နိုင်မည်မဟုတ်ပေ။ ဤသည်မှာ ဘုရားအိမ်တော်မှ ရှင်းထုတ်ခံရသည့် ဆိုးယုတ်သော လူများနှင့် အန္တိခရစ်များတွင် ဖြစ်ပျက်သောပုံစံဖြစ်သည်။ ၎င်းတို့သည် မည်သူနှင့်မျှ လိုက်ဖက်ညီစွာ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိပေ။ ထို့ကြောင့် ၎င်းတို့အားလုံးသည် ဖော်ထုတ်ခံရပြီး စွန့်ပစ်ခံရသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)) ဘုရားနှုတ်ကပတ်တော် ဖတ်ပြီးတော့၊ ခေါင်းဆောင်က ကျွန်တော့်ကို သတိပေးတယ်။ “လူတွေနဲ့တည့်ဖို့ဆိုတာ၊ သူတို့ကို အနည်းဆုံးတော့ လေးစားဖို့လိုတယ်။ ရှင်က အစ်ကိုချန်ကို ဒါမျိုး တစ်ချိန်လုံး အော်ပြီး အပြစ်တင်ရင်၊ သာမန်လေးစားမှုတောင် မရှိဘူးလေ။ ဒါဟာ ရှင်မာနထောင်လွှားလွန်းရာ မကျဘူးလား။ သူ့ကို တစ်နေ့လုံး မျက်လုံးဒေါက်ထောက်ကြည့်ပြီး သူလုပ်သမျှ ရှင်အထင်သေးတယ်။ ပြဿနာတွေကို ဘယ်တော့မှ မလွှတ်ပေးဘူး။ ဒါသင့်တော်ရဲ့လား။ အစ်ကိုချန်က အလုပ်ရှုပ်ပြီး သူ့မှတ်ဉာဏ်ကလည်း မကောင်းဘူး။ တချို့ပြဿနာတွေဟာ ရှောင်လို့မရဘူးလေ။ သူ့ကို ကောင်းကောင်း ဆက်ဆံပြီး ပိုမကူညီသင့်ဘူးလား။ အဲဒီအပြင် သူက မပြတ်တိုးတက်နေတာ။ ဒါပေမဲ့ ရှင်ကရော။ ရှင့်မှာ ရှင့်စိတ်သဘောထားနဲ့ လူ့သဘာဝမှာ ပြဿနာရှိနေတယ်။ လူတွေကို အမြဲအော်နေတာက ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားပဲ။ ရှင်က သူများမျက်ချေးပဲမြင်ပြီး ကိုယ့်မျက်ချေးကိုယ်မမြင်တာ မဟုတ်ဘူးလား။” တဲ့။
အဲဒီနောက်မှာ ခေါင်းဆောင်က ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်တော့်ကို ဖတ်ပြတယ်။ “သင်တို့ အဘယ်အရာကို ပြောမည်နည်း။ အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ခက်ခဲသလော။ လွယ်ကူသည်ဟုပင် သင်ပြောနိုင်သည်။ သို့ရာတွင် လူများသည် ဤအရာကို ခက်ခဲသည်ဟု အဘယ်ကြောင့် ခံစားနေရသေးသနည်း။ အကြောင်းမှာ ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့်ဖြစ်သည်။ လူ့သဘာဝ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသူများအတွက်မှာမူ၊ အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် အတော်အတန် လွယ်ကူပြီး ဤသည်မှာ ပျော်ရွှင်ဖွယ်တစ်ခုဟု ၎င်းတို့ ခံစားရနိုင်သည်။ အကြောင်းမှာ အမှုကိစ္စများကို မိမိတို့ဘာသာ ဖြစ်မြောက်အောင်မြင်ရန်မှာ မည်သူ့အတွက်မျှ မလွယ်ကူသဖြင့် ၎င်းတို့သည် မည်သည့်နယ်ပယ်တွင် ပါဝင်ပတ်သက်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့လုပ်ဆောင်နေသည့်အရာတွင်၊ အမှုအရာများကို ထောက်ပြဖို့နှင့် အကူအညီပေးဖို့ တစ်စုံတစ်ယောက် ရှိသည်မှာ အစဉ်သဖြင့် ကောင်းသောကြောင့် ဖြစ်သည်။ မိမိတို့ဘာသာ လုပ်ဆောင်ခြင်းထက် များစွာသာ၍ လွယ်ကူပေသည်။ ထို့အပြင် လူတို့၏ အစွမ်းအစက စွမ်းဆောင်နိုင်သည့်အရာ၊ သို့မဟုတ် ၎င်းတို့ ကိုယ်၌က တွေ့ကြုံနိုင်သည့်အရာတွင် အကန့်အသတ် ရှိပေသည်။ မည်သူတစ်ဦးတစ်ယောက်မျှ လုပ်ငန်းအားလုံးကို မကျွမ်းကျင်နိုင်ပေ။ လူတစ်ဦးအတွက် အရာအားလုံးကို သိဖို့၊ အရာအားလုံးကို သင်ယူဖို့၊ အရာအားလုံးကို ဖြစ်မြောက်အောင်မြင်ဖို့ မဖြစ်နိုင်ချေ။ ယင်းမှာ မဖြစ်နိုင်သကဲ့သို့၊ လူတိုင်းသည် ထိုသို့သော အသိစိတ်ကို ပိုင်ဆိုင်သင့်သည်။ ထို့ကြောင့်၊ သင်သည် မည်သည့်အရာကိုလုပ်လုပ်၊ ထိုအရာက အရေးကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ သင့်ကိုကူညီရန်၊ သင့်ကို နည်းပေးလမ်းညွှန်မှုများ ပေးရန်၊ အကြံဉာဏ်ပေးရန်နှင့် အမှုအရာများအတွက် သင့်ကိုကူညီရန် အမြဲတမ်း လူများရှိနေသင့်သည်။ ဤနည်းဖြင့် သင်သည် အမှုအရာများကို ပို၍မှန်ကန်စွာ လုပ်ဆောင်လိမ့်မည်ဖြစ်ကာ အမှားများလုပ်မိရန် ပို၍ခက်ခဲပြီး လမ်းကြောင်းလွဲရန် ဖြစ်နိုင်ခြေ ပို၍နည်းပါးလိမ့်မည်— ယင်းမှာ ကောင်းကျိုးအတွက်ချည်းသာ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)) ဘုရားနှုတ်ကပတ်တော် ဖတ်ပြီးတော့၊ ခေါင်းဆောင်က ထပ်မိတ်သဟာယပြုခဲ့ပြီး နောက်ဆုံးမှာ မေးတယ်။ “ပစ္စည်းတွေကို ကိုယ့်ဘာသာ စီမံခန့်ခွဲရမယ်ဆိုရင်၊ အမှားမရှိအောင် ရှင်လုပ်နိုင်မလား။” တဲ့။ ကျွန်တော် ရှက်ပြီးပြောခဲ့တယ်။ “မလုပ်နိုင်ပါဘူး။” ပေါ့။ ခေါင်းဆောင်က ပြောတယ်။ “အဲဒါ မှန်တယ်။ လူတိုင်းက အကုန်မသိနိုင်ဘူး။ လူတိုင်းက ကိုယ့်တာဝန်တွေ ထမ်းဆောင်ဖို့ အလုပ်ဖော် လိုကြတယ်။ ရှင်က သင့်သင့်မြတ်မြတ် ပူးပေါင်းမလုပ်နိုင်ရင်၊ ကိုယ့်တာဝန်ကို ဘယ်လိုကောင်းအောင် လုပ်နိုင်မှာလဲ။ ဒါကို ချင့်ချိန်ပြီး ကိုယ့်ပြဿနာတွေကို ဆင်ခြင်ဖို့ လိုတယ်။” တဲ့
ကျွန်တော် ပြန်ရောက်လာတော့ တကယ် ဝမ်းနည်းမိတယ်။ ကိုယ့်မှာရှိတဲ့ ပြဿနာကြီးကို ကျွန်တော် ဘယ်လိုများ သတိမပြုမိနိုင်ရတာလဲ။ ကျွန်တော့် လူ့သဘာဝက ကောင်းပြီး ကိုယ့်ညီအစ်ကိုမောင်နှမတွေနဲ့ အဆင်ပြေနိုင်တယ်လို့ ကျွန်တော် တွေးဖူးတယ်။ ဒါပေမဲ့ ကိုယ့်တာဝန်မှာ အစ်ကိုချန်နဲ့ ပူးပေါင်းကတည်းက ကျွန်တော်က အမြဲ ကိုယ့်ကိုယ်ကိုယ် မှန်တယ်ထင်တယ်။ ကိုယ့်စိတ်ကူးတွေ၊ လုပ်ရပ်တွေက မှန်တယ်ထင်ခဲ့တယ်။ ကိုယ့်ဆန္ဒအတိုင်း ကိုယ်လိုချင်တာကို သူ့ကို အတင်းအကျပ်လုပ်ခိုင်းတယ်။ သူ့ကို သမ္မာတရားကို မိတ်သဟာယပြုပေးပြီး ကူညီတာမျိုး မရှိခဲ့ဘူး။ ကျွန်တော်က ဒေါသထွက်တယ်၊ သူ့ကို စွပ်စွဲပြီး အပြစ်တင်တယ်။ ကျွန်တော့်မှာ လူ့သဘာဝ၊ ဆင်ခြင်တုံတရား မရှိခဲ့ဘူး။ ကျွန်တော့်ညီအစ်ကိုထက် ပိုတော်တယ်လို့ အမြဲခံစားရလို့ သူ့ကို အထင်သေးခဲ့တယ်။ သူ့ကို ကျွန်တော်က အကောင်းမမြင်တော့ သူ့အားသာချက်နဲ့ အားနည်းချက်တွေကို မှန်မှန်ကန်ကန် မဖော်ထုတ်နိုင်ဘူး။ ကျွန်တော်က အချိန်တိုင်း ကြွားပြီး သူ့ကို နှိမ်ခဲ့တယ်။ နဂိုက အစ်ကိုချန်နဲ့ ကျွန်တော်တို့က ပစ္စည်းတွေကို အတူစီမံဖို့ တာဝန်ရှိပေမဲ့၊ ကျွန်တော်က သူနဲ့ ဘာတစ်ခုမှ မဆွေးနွေးခဲ့ဘူး။ ကျွန်တော် အမြဲတမ်း တစ်ကိုယ်ကောင်းဆန်ပြီး ဆုံးဖြတ်ခွင့်ရမှရတယ်။ အစ်ကိုချန်ကို အမိန့်တွေ ပေးခဲ့တယ်။ သူ့ကို သင်ခန်းစာတွေပေးဖို့ ကြိုးစားရင်း ကလေးလေးလို ခဏခဏ ဆူပူတယ်။ ကျွန်တော့် စိတ်သဘောထားက အရမ်း မာနထောင်လွှားပြီး ဘုရားက အဲဒါကို မုန်းခဲ့တယ်။
ကျွန်တော်က မာနထောင်လွှားသလို၊ အမြဲတမ်း သူများတွေကို ကိုယ့်ကို အတင်းနားထောင်ခိုင်းတယ်။ ဒါပေမဲ့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမှန်း မသိခဲ့ဘူး။ ဘုရားဆီကို ဆုတောင်းပြီး ဘုရားနှုတ်ကပတ်တော်ထဲမှာ ဆီလျော်တဲ့ အပိုင်းကို ရှာခဲ့တယ်။ တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်ထဲမှာ ကျွန်တော် ဖတ်ခဲ့ရတယ်။ “အန္တိခရစ်များ၌ သူတစ်ပါးတို့အား ထိန်းချုပ်ပြီး စိုးမိုးလိုသည့် ရည်မှန်းချက်နှင့် ဆန္ဒတစ်ခု အစဉ်ရှိနေကြသည်။ ၎င်းတို့သည် လူတို့နှင့် ဆက်ဆံရာတွင် ၎င်းတို့အား မည်သို့မြင်ကြသည်ကို အစဉ်သိလိုကြသည်။ ၎င်းတို့သည် လူတို့၏ စိတ်နှလုံးတွင် အဆင့်အတန်းရှိသလော၊ လူတို့၏ လေးစားကိုးကွယ်ခြင်း ခံရသလောဆိုသည်တို့ကို အစဉ်သိရှိလိုကြသည်။ အန္တိခရစ်သည် မျက်နှာလိုမျက်နှာရလုပ်သူများ၊ သူ့ကို မြှောက်ပင့်ပြီး ဖားသူများကို ကြုံတွေ့သောအခါ အထူးသဖြင့် ပျော်ရွှင်သည်။ သူသည် ထိုလူကို အထက်စီးမှနေ၍ စတင် ဩဝါဒပေးလိမ့်မည်။ အနှစ်မရှိသော စကားများ ပြောရသည်ကို အရသာတွေ့လိမ့်မည်။ ထိုလူအတွက် သမ္မာတရားအဖြစ် လက်ခံရန် စည်းကမ်းများ၊ နည်းလမ်းများ၊ အယူဝါဒများ၊ အယူအဆများကို သွတ်သွင်းလိမ့်မည်။ သူသည် ‘ဤအရာများကို သင်လက်ခံနိုင်လျှင် သမ္မာတရားကိုချစ်ပြီး လိုက်စားသည့်သူ ဖြစ်လိမ့်မည်’ ဟု ဆိုပြီး ဤအရာကို အမွှမ်းတင်ခြင်းပင် ပြုလုပ်လိမ့်မည်။ မရိပ်စားမိသောလူများသည် အန္တိခရစ်ပြောသည့်အရာက မရေမရာဖြစ်သည်ဟု မြင်သော်လည်း၊ သမ္မာတရားနှင့် ကိုက်ညီသလောဆိုသည်ကို မသိသော်လည်း မှန်ကန်သည်ဟု ထင်ကြလိမ့်မည်။ အန္တိခရစ်ပြောသည့်အရာသည် မမှားကြောင်း၊ သမ္မာတရားကို ချိုးဖောက်သည်ဟု မဆိုနိုင်ကြောင်းသာ ၎င်းတို့က ခံစားရလိမ့်မည်။ ဤသို့ဖြင့် ၎င်းတို့သည် အန္တိခရစ်ကို နာခံကြသည်။ လူတစ်ယောက်က အန္တိခရစ်ကို ခွဲခြားသိမြင်နိုင်ပြီး ဖော်ထုတ်နိုင်လျှင် ယင်းသည် အန္တိခရစ်ကို ဒေါသထွက်စေလိမ့်မည်။ အန္တိခရစ်သည် ထိုသူအား မပြောမဆိုနှင့် စွပ်စွဲမှုများ၊ ရှုတ်ချမှုများ၊ ခြိမ်းခြောက်မှုများကို စွတ်ပြောလိမ့်မည်ဖြစ်ပြီး အင်အားပြသလိမ့်မည်။ မရိပ်စားမိသောသူသည် လုံးဝ ဦးကျိုးသွားပြီး တလေးတစားဖြင့် ကြမ်းပြင်ပေါ်တွင် ပြားပြားဝပ်နေလိမ့်မည်။ ထိုသူသည် အန္တိခရစ်ကို ကိုးကွယ်လာမည်၊ အားထားလာမည်၊ ကြောက်ပင် ကြောက်လာလိမ့်မည်။ အန္တိခရစ်၏ ဦးဆောင်မှု မရှိလျှင်၊ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်ပေးမည့် အန္တိခရစ် မရှိလျှင် စိတ်နှလုံးထဲတွင် ရေစုန်မျောနေမည့်အလား၊ ဤအရာများကို ၎င်းတို့ဆုံးရှုံးသွားလျှင် ဘုရားသခင်က ၎င်းတို့အား အလိုရှိမည် မဟုတ်သည့်အလား ဤလူတို့၌ ကျွန်ပြုခံထားရသော ခံစားချက် ရှိကြလိမ့်မည်။ ၎င်းတို့တွင် လုံခြုံစိတ်ချသည့် ခံစားချက်မရှိပေ။ ဤသို့ဖြစ်သောအခါ လူတို့သည် မလုပ်ဆောင်မီတွင် အန္တိခရစ်၏ မျက်နှာရိပ်မျက်နှာကဲကို ကြည့်ရန် သင်ယူကြသည်။ ထိုအန္တိခရစ် စိတ်ဆိုးမည်စိုးသောကြောင့်ဖြစ်သည်။ ၎င်းတို့အားလုံးသည် ထိုသူ စိတ်ကျေနပ်စေရန် မျက်နှာချိုသွေးလိုကြ၏။ ထိုအန္တိခရစ်နောက်သို့ လိုက်ရန် အခိုင်အမာ စိတ်ပိုင်းဖြတ်ထားကြ၏။ အန္တိခရစ်သည် သူလုပ်သည့် အလုပ်အားလုံးတွင် အယူဝါဒစကားများပြောသည်။ သူသည် လူတို့ကို စည်းကမ်းများလိုက်နာရန် ညွှန်ကြားရာတွင် တော်သည်။ သို့သော် မည်သည့်သမ္မာတရားစည်းမျဉ်းများကို စောင့်ထိန်းသင့်သည်၊ သို့မဟုတ် တစ်စုံတစ်ခုကို အဘယ်ကြောင့်လုပ်သင့်သည်၊ သို့မဟုတ် ဘုရားအလိုတော်က မည်သည့်အရာဖြစ်သည်၊ သို့မဟုတ် ဘုရားအိမ်တော်က အလုပ်ကို မည်သို့စီစဉ်သည်တို့ကိုကား မည်သည့်အခါမျှ ၎င်းတို့မပြောပေ။ မည်သည့်အလုပ်က မရှိမဖြစ်လိုအပ်ပြီး အရေးကြီးဆုံးဖြစ်သည်၊ သို့မဟုတ် ကောင်းစွာလုပ်ဆောင်ရမည့် အဓိကအလုပ်က မည်သည့်အလုပ်ဖြစ်သည်တို့ကို မည်သည့်အခါမျှ မပြောပေ။ အန္တိခရစ်တစ်ယောက်သည် ဤအရေးပါသော အရာများနှင့် ပတ်သက်ပြီး မည်သည့်အရာကိုမျှ မပြောပေ။ သူသည် အလုပ်လုပ်ရာတွင်၊ အလုပ်ကို စီစဉ်ရာတွင် သမ္မာတရားကို မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် သမ္မာတရားစည်းမျဉ်းများကို နားမလည်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူလုပ်နိုင်သမျှသည် လူတို့ကို စည်းကမ်းနှင့် အယူဝါဒအချို့အား လိုက်နာရန် ညွှန်ကြားခြင်းပင်ဖြစ်သည်။ တစ်ယောက်ယောက်က သူ၏ ပြောဆိုမှုများနှင့် စည်းကမ်းများကို ချိုးဖောက်လျှင် ဝေဖန်အပြစ်တင်ခြင်းကို ခံရပေလိမ့်မည်။ အန္တိခရစ်တစ်ယောက်သည် သူ၏အလုပ်ကို လုပ်သောအခါတွင် ဘုရားအိမ်တော်ကို ခေါင်းစဉ်တပ်လေ့ရှိပြီး အထက်စီးမှနေ၍ သူတစ်ပါးတို့အား ဩဝါဒပေးသည်။ အန္တိခရစ်ပေးသည့် ဩဝါဒများ၏ လွှမ်းမိုးခြင်းကို အလွန်အမင်း ခံရသဖြင့် အန္တိခရစ်တောင်းဆိုသည့်အတိုင်း မလုပ်ဆောင်လျှင် ဘုရားသခင်ကို အပြည့်အဝ တန်ဖိုးမထားခြင်း ဖြစ်လိမ့်မည်ဟုပင် ခံစားရသောသူအချို့ရှိသည်။ ဤသို့သောသူမျိုးသည် အန္တိခရစ်၏ ထိန်းချုပ်မှုအောက်သို့ ရောက်နေပြီဖြစ်သည်။ ဤသည်မှာ အန္တိခရစ်ဘက်မှ ကြည့်လျှင် မည်သို့သောအပြုအမူမျိုး ဖြစ်သနည်း။ ကျွန်ပြုခြင်းပင် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)) ဘုရားဖော်ပြတာက ကျွန်တော့်အခြေအနေ အတိအကျပဲ။ အစ်ကိုချန်နဲ့ အလုပ်လုပ်တော့ သူ့ကို အေးတယ်လို့ သိရတယ်။ အလုပ်မှာ တစ်ခုခုမှားတဲ့အခါ ကျွန်တော်က သူ့ကို ဝေဖန်တော့ သူက လက်ခံပြီး ချေပဖို့ မကြိုးစားခဲ့ဘူး။ သူက ပျော့ညံ့ပြီး ဩဇာပေးလို့လွယ်တယ်လို့ ထင်ခဲ့တယ်။ ဒါနဲ့ ကျွန်တော်က သူ့အပေါ် ဗိုလ်ကျလွန်းပြီး အရာရာမှာ ဆုံးဖြတ်ခွင့်ရမှရတယ်။ အချိန်တော်တော်များများ၊ သူနဲ့ ကိစ္စတွေဆွေးနွေးရင် ကျွန်တော်က ဟန်ပြလုပ်ခဲ့တယ်။ အဆုံးမှာ လုပ်ရမယ့်ဟာကို ကျွန်တော် ဆုံးဖြတ်တယ်။ အဲဒီအပြင် ပစ္စည်းတွေ စီမံဖို့ ကျွန်တော် ဖန်တီးထားတဲ့ ကြိုတင်ကာကွယ်မှုတချို့က ပြဿနာမရှိဘဲ ပစ္စည်းတွေ စီမံဖို့ အထောက်အကူဖြစ်ပုံပေါ်ပေမဲ့၊ ဒီကြိုတင်ကာကွယ်မှုတွေကို ဆီလျော်တဲ့ စည်းမျဉ်းတွေအရ ကျွန်တော် ဖန်တီးခဲ့တာ မဟုတ်ဘူး။ အစ်ကိုချန်ရဲ့ ပြဿနာတွေကို ကိုင်တွယ်ဖို့ ဖန်တီးခဲ့တာ။ သူ့အတွက် အံဝင်ခွင်ကျဖြစ်အောင် လုပ်ထားတယ်လို့ ပြောလို့ရတယ်။ ဒီကြိုတင်ကာကွယ်မှုတွေကို သူမလုပ်နိုင်တိုင်း သူ့ကို စွပ်စွဲပြီး အပြစ်တင်ဖို့ ဆင်ခြင်ရှိခဲ့သလို၊ သူလည်း ပြန်ချေပဖို့ နည်းလမ်းမရှိခဲ့ဘူး။ နောက်ဆုံးတစ်ခေါက်ကလိုပဲ၊ ကျွန်တော် လမ်းညွှန်တဲ့အတိုင်း မှတ်တမ်းစာရွက်ကို သူမလုပ်တော့ သူ့ကို ကျွန်တော်က ဆူဖို့ ဝန်မလေးဘဲ၊ ကိုယ်လိုချင်တာ အတင်းလုပ်ခိုင်းတယ်။ အဲဒီနေ့က သူပြောတာ သတိရမိတယ်။ “မင်း ပစ္စည်းတွေရှင်းနေတာ တွေ့တာနဲ့ အစ်ကို ပုန်းဖို့ ကြိုးစားတယ်။ အစ်ကိုမှန်အောင် မလုပ်ရင် မင်းထပ်ပြီး ဝေဖန်မှာစိုးလို့။” တဲ့။ ဒီအတွေးကြောင့် စိတ်ညစ်ရတယ်။ ကျွန်တော် ဖွင့်ပြတဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားက ကိုယ့်ညီအစ်ကိုကို စိတ်ဆင်းရဲစေပြီး စိတ်ကျဉ်းကျပ်စေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်က ထုတ်ဖော်သလိုပဲ။ “တစ်ယောက်ယောက်က သူ၏ ပြောဆိုမှုများနှင့် စည်းကမ်းများကို ချိုးဖောက်လျှင် ဝေဖန်အပြစ်တင်ခြင်းကို ခံရပေလိမ့်မည်။ အန္တိခရစ်တစ်ယောက်သည် သူ၏အလုပ်ကို လုပ်သောအခါတွင် ဘုရားအိမ်တော်ကို ခေါင်းစဉ်တပ်လေ့ရှိပြီး အထက်စီးမှနေ၍ သူတစ်ပါးတို့အား ဩဝါဒပေးသည်။ အန္တိခရစ်ပေးသည့် ဩဝါဒများ၏ လွှမ်းမိုးခြင်းကို အလွန်အမင်း ခံရသဖြင့် အန္တိခရစ်တောင်းဆိုသည့်အတိုင်း မလုပ်ဆောင်လျှင် ဘုရားသခင်ကို အပြည့်အဝ တန်ဖိုးမထားခြင်း ဖြစ်လိမ့်မည်ဟုပင် ခံစားရသောသူအချို့ရှိသည်။ ဤသို့သောသူမျိုးသည် အန္တိခရစ်၏ ထိန်းချုပ်မှုအောက်သို့ ရောက်နေပြီဖြစ်သည်။” ကျွန်တော့်ပြဿနာက လေးနက်မှန်း နောက်ဆုံးမှာ သဘောပေါက်လိုက်တယ်။ အစ်ကိုချန်နဲ့ တွဲလုပ်ကတည်းက ကျွန်တော့် အန္တိခရစ် စိတ်သဘောထားကို ထုတ်ဖော်ခဲ့တယ်။ အဲဒီအချိန်က ကျွန်တော့်မှာ ဘာအဆင့်အတန်းမှ မရှိပေမဲ့၊ အဆင့်အတန်းသာရှိခဲ့ရင်၊ လူတွေကို စိတ်ကျဉ်းကျပ်အောင်လုပ်ဖို့နဲ့ ထိန်းချုပ်ဖို့ ပိုတောင် လွယ်ဦးမှာ။ အဲဒီအချိန်မှာ ကျွန်တော်က အန္တိခရစ်တစ်ယောက်ပဲ ဖြစ်မှာ မဟုတ်လား။ ကျွန်တော်ဟာ သမ္မာတရားကို ရှာဖွေတာ၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်တာမှာ အာရုံစိုက်လေ့မရှိဘူး။ သတိမထားမိဘဲ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ခဏခဏ ပြခဲ့မိတယ်။ ကျွန်တော်က တော်တော်ကို ခံစားချက်မဲ့တာပဲ။
ဘုရားနှုတ်ကပတ်တော်တွေကို တွေးမိတယ်။ “သင်သည် ဘုရားအိမ်တော်သားတစ်ဦးဖြစ်သည့်တိုင် သင်၏ လုပ်ရပ်များတွင် အစဉ် စိတ်မြန်လက်မြန်လုပ်ဆောင်လျှင်၊ သင့်တွင်ရှိသော သဘာဝအတိုင်းဖြစ်သည့်အရာကို အစဉ် ဖော်ထုတ်လျှင်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အစဉ် ဖွင့်ပြလျှင်၊ အမှုအရာများကို လူသား၏ နည်းလမ်းဖြင့်လည်းကောင်း၊ ဖောက်ပြန်ပျက်စီးသော၊ ဆိုးယုတ်သော စိတ်သဘောထားဖြင့်လည်းကောင်း လုပ်ဆောင်လျှင် နောက်ဆုံးအကျိုးဆက်သည် သင်၏ မကောင်းမှုကို လုပ်ဆောင်ခြင်းနှင့် သင်၏ ဘုရားသခင်ကို အာခံခြင်း ဖြစ်လိမ့်မည်။ သင်သည် ထိုတစ်ချိန်လုံးတွင် နောင်တမရဘဲ ရှိပြီး သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းပေါ်တွင် မလျှောက်လှမ်းနိုင်လျှင် သင်သည် ဖော်ထုတ်ခံရပြီး ထုတ်ပယ်ခံရမည်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို လက်ခံခြင်းအားဖြင့်သာ ဖောက်ပြန်သော စိတ်သဘောထားကို ဖြေရှင်းနိုင်၏) အစ်ကိုချန်ကို ကျွန်တော် ဘယ်လိုဆက်ဆံခဲ့တယ်ဆိုတာ ပြန်တွေးမိတယ်။ ကိုယ့်မကျေနပ်ချက်နဲ့ မဲဖို့၊ ခဏတာ သာယာမှုလေးအတွက် ကိုယ်ညီအစ်ကိုရဲ့ ခံစားချက်တွေကို လုံးလုံး လျစ်လျူရှုခဲ့တယ်။ မှတ်တမ်းစာရွက်က ဖတ်မရလို့ ကျွန်တော် ဒေါသထွက်တော့ အမှားလုပ်မိတဲ့ကလေးလို အစ်ကိုချန်ကို ကျွန်တော် ဩဝါဒခြွေခဲ့တယ်။ သူက စကားတစ်လုံးမှ မပြောဘဲ ထိုင်နေတယ်။ သူမှားကြောင်းဝန်ခံတော့၊ သူပြောတာကို ကျွန်တော်က အေးတိအေးစက်နဲ့ ငြင်းခဲ့တယ်။ အဲဒီပုံရိပ်က ကျွန်တော့်စိတ်ထဲမှာ စွဲနေတယ်။ မေ့ဖို့မဖြစ်နိုင်ဘူး။ အဲဒါကို ကျွန်တော် တွေးလိုက်တော့ ကိုယ့်စိတ်နှလုံးထဲက နောင်တနဲ့ နာကျင်မှုကို ပြောမပြနိုင်ခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ် မေးမိတယ်။ “ကိုယ့်ညီအစ်ကိုကို ဘာလို့ ဒီလိုဆက်ဆံနိုင်ရတာလဲ။ သူ့ကို လုံးဝ မိတ်သဟာယမပြုဘူး၊ မကူညီဘူး။ ဒီတော့ သူ့ကို ဆူဖို့ ကိုယ့်မှာ ဘာအခွင့်တွေများရှိလို့လဲ။ ဘယ်လိုသတ္တိနဲ့ သူ့ကို ကိုယ့်အစ်ကိုပါလို့ ခေါ်ရတာလဲ။” လို့ပေါ့။ မေးခွန်းတိုင်းက ကျွန်တော့်ကို ဆွံ့ဆစေတယ်။ အရင်က အစ်ကိုချန်ကို အပြစ်တင်ရမယ်လို့ အမြဲထင်ခဲ့တယ်။ သူသာ အမှားအများကြီးရှိတာ၊ ပြဿနာ အများကြီး ရှာတာပေါ့။ အခုတော့ သဘောပေါက်ခဲ့တယ်။ တကယ်ပြဿနာရှိခဲ့တာ ကျွန်တော်ပဲ။ မပြောင်းလဲခဲ့တာ ကျွန်တော်ပဲ။ အရမ်းမာနထောင်လွှားပြီး လူမဆန်ခဲ့တာ ကျွန်တော်ပဲ။ ကျွန်တော် ပြင်းပြင်းထန်ထန် နောင်တရမိတယ်။ ဒါနဲ့ ဘုရားကို တိတ်တိတ် ဆုတောင်းပြီး နောင်တရချင်တယ်လို့ ပြောမိတယ်။
ကိုယ့်ညီအစ်ကိုမောင်နှမတွေကို စည်းမျဉ်းတွေအတိုင်း ဆက်ဆံဖို့နည်းလမ်းကို ရှာခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်မှာ ဖတ်ရတယ်။ “ညီအစ်ကိုမောင်နှမများ မည်သို့ပြောဆိုဆက်ဆံရမည် ဆိုသည်နှင့်ပတ်သက်၍ စည်းမျဉ်းများ ရှိရမည်။ သူတစ်ပါး၏ အမှားပေါ်တွင် အမြဲ အာရုံမစိုက်နှင့်၊ သို့ရာတွင် မိမိကိုယ်မိမိ မကြာခဏ ပြန်လည်သုံးသပ်လော့၊ အခြားသူများကို နှောင့်ယှက်ခြင်း၊ သို့မဟုတ် ထိခိုက်ခြင်း ဖြစ်စေသည့် သင်တို့လုပ်ဆောင်ခဲ့သည့်အရာကို နောက်ပိုင်းတွင် ၎င်းတို့အား ဝန်ခံဖို့ အခြေအနေကို ဖန်တီးယူလော့။ မိမိကိုယ်ကို ဖွင့်ဟပြီး မိတ်သဟာယဖွဲ့ရန် သင်ယူလော့။ ဤအရာက အပြန်အလှန် နားလည်မှုရှိစေလိမ့်မည်။ ထို့အပြင် လူတို့သည် ၎င်းတို့အပေါ်သို့ မည်သည့်အရာ ကျရောက်ပါစေ ဘုရားနှုတ်ကပတ်တော်ကို အခြေခံပြီး အမှုအရာများကို ကြည့်ရှုသင့်သည်။ သမ္မာတရား စည်းမျဉ်းများကို ၎င်းတို့နားလည်နိုင်ပြီး လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းကို ရှာနိုင်လျှင် စိတ်နှလုံးတစ်လုံးတစ်ဝတည်း ဖြစ်လိမ့်မည်။ ညီအစ်ကိုမောင်နှမများကြားရှိ ဆက်ဆံရေးသည် သာမန်ဖြစ်လိမ့်မည်။ မယုံကြည်သူများကဲ့သို့ စာနာစိတ်ကင်းကာ အေးစက်ပြီး ရက်စက်ကြလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် အချင်းချင်းအပေါ် သံသယဝင်ပြီး သတိထားသည့် ၎င်းတို့၏ စိတ်အခြေအနေကို ဖယ်ရှားကြလိမ့်မည်။ ညီအစ်ကိုမောင်နှမများသည် အချင်းချင်း ပို၍ရင်းနှီးလာကြလိမ့်မည်။ တစ်ယောက်နှင့်တစ်ယောက် ပံ့ပိုပေးနိုင်ကြမည်။ အချင်းချင်း ချစ်နိုင်ကြလိမ့်မည်။ အချင်းချင်း ရှောင်ခွာခြင်း၊ အချင်းချင်း မနာလိုဖြစ်ခြင်း၊ အချင်းချင်း ယှဉ်ကြည့်ခြင်း၊ အချင်းချင်း တိတ်တဆိတ် ယှဉ်ပြိုင်ပြီး အာခံခြင်းတို့အစား ၎င်းတို့၏ စိတ်နှလုံးတွင် စိတ်ထားကောင်း ရှိလိမ့်မည်။ အချင်းချင်း သည်းခံပြီး ကြင်နာနိုင်စွမ်းရှိမည်။ အချင်းချင်း ကူညီပံ့ပိုးကြလိမ့်မည်။ လူတို့သည် မယုံကြည်သူများကဲ့သို့ ဖြစ်နေလျှင် ၎င်းတို့၏ တာဝန်ကို မည်သို့ကောင်းစွာ ထမ်းဆောင်နိုင်မည်နည်း။ ဤအရာက ၎င်းတို့၏ အသက်ဝင်ရောက်မှုကို ထိခိုက်မည်သာမက သူတစ်ပါးတို့ကိုလည်း ထိခိုက်ပြီး သက်ရောက်လိမ့်မည်။...လူတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်ရှင်သောအခါ ဘုရားသခင်ရှေ့တွင် ငြိမ်သက်ခြင်းရှိရန် အလွန်ခက်ခဲသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားနှုတ်ကပတ်တော်အတိုင်း အသက်ရှင်ရန် အလွန်ခက်ခဲသည်။ ဘုရားသခင်ရှေ့တွင် အသက်ရှင်ရန်အတွက် သင့်ကိုယ်သင် မည်သို့ဆင်ခြင်သုံးသပ်ပြီး သိမြင်ရမည်ကို သင်ယူရမည်။ ဘုရားသခင်ထံ အမှန်တကယ် ဆုတောင်းရမည်။ ထို့နောက်တွင် ညီအစ်ကိုမောင်နှမများနှင့် မည်သို့အဆင်ပြေအောင် ဆက်ဆံရမည်ကို သင်ယူရမည်။ သင်တို့သည် အချင်းချင်း သည်းခံရမည်၊ အချင်းချင်း သက်ညှာရမည်၊ အချင်းချင်းနှင့် ပတ်သက်၍ မည်သည့်အရာက ထူးခြားချက်ဖြစ်သည်၊ သူတစ်ပါးတို့၏ အားသာချက်များက မည်သည့်အရာဖြစ်သည်တို့ကို မြင်နိုင်ရမည်။ ပြီးလျှင် အခြားလူများ၏ ထင်မြင်ချက်များနှင့် မှန်ကန်သည့်အရာများကို လက်ခံရန် သင်ယူရမည်။ သင့်ကိုယ်သင် အလိုမလိုက်နှင့်။ ဆန္ဒရိုင်းများမရှိနှင့်။ အခြားလူများထက် သာသည်ဟု အစဉ်မထင်မြင်နှင့်။ ထို့နောက်တွင် သင့်ကိုယ်သင် ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦးဦးအဖြစ် ထင်မြင်ပြီး အခြားလူများကို သင်ပြောသည့်အတိုင်း လုပ်ဆောင်ရန်၊ သင့်ကို နာခံရန်၊ သင့်ကို အထင်ကြီးလေးစားရန်၊ သင့်ကို ချီးမြှောက်ရန် အတင်းခိုင်းစေခြင်း မပြလုပ်နှင့်။ ဤသည်မှာ လျော်ကန်မှုမရှိပေ။...ဤသို့ဆိုလျှင် ဘုရားသခင်က လူတို့ကို မည်သို့ဆက်ဆံသနည်း။ ဘုရားသခင်က လူတို့မည်သို့ပုံစံရှိသည်၊ အရပ်ရှည်သလော၊ တိုသလောဆိုသည်တို့ကို ဂရုမစိုက်ပေ။ ထိုအစား လူတို့၏ စိတ်နှလုံးသည် ကြင်နာခြင်းရှိသလော၊ သမ္မာတရားကို ၎င်းတို့ချစ်သလော၊ ဘုရားကို ချစ်ပြီး နာခံသလောဆိုသည်တို့ကို ဘုရားသခင်က ကြည့်သည်။ ဤသည်မှာ လူတို့အပေါ် သူ၏ အပြုအမူကို အခြေခံသည့်အရာ ဖြစ်သည်။ လူတို့သည်လည်း ဤသို့လုပ်ဆောင်နိုင်လျှင် သူတစ်ပါးတို့ကို မျှတစွာ ဆက်ဆံနိုင်မည်။ ဤသို့ဖြင့် သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီလိမ့်မည်။ ရှေးဦးစွာ ဘုရားအလိုတော်ကို နားလည်ရမည်။ လူတို့အပေါ် ဘုရားသခင်က မည်သို့ပြုမူသည်ကို ငါတို့သိသောအခါ ငါတို့၌လည်း လူတို့အပေါ် မည်သို့ပြုမူရမည်ဆိုသည်နှင့်ပတ်သက်ပြီး စည်းမျဉ်းနှင့် လမ်းကြောင်းတစ်ခုရှိလာသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရား၏ စစ်မှန်မှုကို ဝင်ရောက်ခြင်း လက်တွေ့လုပ်ဆောင်မှုနှင့်သက်ဆိုင်သည့် စည်းမျဉ်းများ) ဟုတ်တယ်။ ကိုယ့်တာဝန်မှာ အချင်းချင်း ဆက်ဆံကြတဲ့အခါမှာ၊ ကျွန်တော်တို့က သာမန်လူ့သဘာဝကို အနည်းဆုံး အသက်ရှင်နေထိုင်သင့်တယ်။ အချင်းချင်း ပံ့ပိုးကူညီသင့်တယ်။ သည်းခံစိတ်ရှည်ပြီး အချင်းချင်း စောင့်ရှောက်သင့်တယ်။ လူတွေ စည်းမျဉ်းတွေကို ဆန့်ကျင်တဲ့အခါ သမ္မာတရားကို မိတ်သဟာယပြုသင့်တယ်။ ဆိုးရွားတဲ့ကိစ္စတွေမှာ သူတို့ကို ဖော်ထုတ်၊ ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းနိုင်တယ်။ ဒါကသာ စည်းမျဉ်းနဲ့ကိုက်ညီတဲ့ တစ်ခုတည်းသောလမ်းပဲ။ ညီအစ်ကိုမောင်နှမတွေဟာ နေရာအမျိုးမျိုးက လာကြတယ်။ လူတိုင်းရဲ့ နေထိုင်မှု အခြေအနေတွေ၊ အတွေ့အကြုံ၊ အသက်နဲ့ အစွမ်းအစတို့ကလည်း ကွဲပြားတယ်။ သူတို့ချို့ယွင်းချက်တွေ၊ အားနည်းချက်တွေ ဘာပဲဖြစ်ပါစေ သူတို့ကို ကောင်းကောင်း ဆက်ဆံသင့်တယ်၊ အရမ်း မတောင်းဆိုသင့်ဘူး။ သူတို့ကို စဉ်းစားပေးပြီး သည်းခံသင့်တယ်။ အစ်ကိုချန်းက ထိန်းသိမ်းတာ တော်သလို၊ အလုပ်များနေကျပဲ။ အဲဒီအပြင် သူက ပစ္စည်းတွေ အထုတ်အသွင်းကို စီမံခန့်ခွဲရာမှာလည်း တော်တယ်။ ကျွန်တော်က တာဝန်ပိုယူခဲ့သင့်သလို၊ ပိုနားလည်ပေးသင့်တာ။ ကိုယ့်သဘောအတိုင်း လုပ်ဖို့ သူ့ကို အတင်းမခိုင်းခဲ့သင့်ဘူး။ အဲဒါဟာ လုံးဝ လူ့သဘာဝ မရှိတာပဲ။ ကျွန်တော့်အစ်ကိုက ထိန်းသိမ်းတာတော်တယ်။ သူ့ပြင်ဆင်တဲ့အလုပ်မှာ တာဝန်သိတယ်။ သူ့တာဝန်မှာ ဒုက္ခခံရတာကို မကြောက်ဘူး။ ဒါနဲ့တင် သူဟာ ကျွန်တော့်ထက် အများကြီးသာနေခဲ့တာ။ ဒါပေမဲ့ ကိုယ့်အစ်ကိုရဲ့ အားသာချက်တွေကို ကျွန်တော် မကြည့်ခဲ့ဘူး။ သူ့အားနည်းချက်တွေကို အာရုံစိုက်တယ်၊ သူ့ကို စွပ်စွဲပြီး ဆူပူတယ်။ တော်တော် မာနထောင်လွှားပြီး မိုက်မဲတာပဲ။
နောက်ပိုင်းမှာ ကျွန်တော် ကိုယ့်အခြေအနေကို သတိရှိရှိနဲ့ ပြောင်းပြီး စည်းမျဉ်းတွေအတိုင်း လက်တွေ့လုပ်ဆောင်ခဲ့တယ်။ ကိစ္စတွေ ထပ်ဖြစ်လာတော့၊ ကျွန်တော် ပိုတည်ငြိမ်သွားသလို အစ်ကိုချန်ကိုလည်း ပိုနားလည်လာတယ်။ တစ်ခါ ကျွန်တော် တောက်တိုမည်ရလုပ်ဖို့ အပြင်ထွက်သွားတယ်။ အစ်ကိုချန်က ကိစ္စတွေကို သူ့ဘာသာ စီမံဖို့ ကျန်ခဲ့တယ်။ ခဏကြာတော့ အခြေအနေဘယ်လိုရှိလဲ မေးဖို့ အစ်ကိုချန်ကို ကျွန်တော် ဖုန်းခေါ်လိုက်တယ်။ တည်တည်ငြိမ်ငြိမ် သတိထားပြီး သူက ပြောတယ်။ “ဘယ်လိုထင်လဲ။ မင်းထင်တဲ့အတိုင်း အတိအကျပဲပေါ့။” တဲ့။ ဒါကို ကြားတော့ ကျွန်တော် တော်တော် ဝမ်းနည်းရတယ်။ ကျွန်တော့်ညီအစ်ကိုက ဘာလို့ဒါမျိုးပြောရတာလဲ။ ဒါဟာ အရင်က သူ့ကို ကျွန်တော်ဆက်ဆံပုံက ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက လာပြီး သူက ဘာမှမလုပ်ဘဲ၊ ဘာတစ်ခုမှ ကောင်းတာမလုပ်ဘူးလို့ အမြဲ ခံစားရစေလို့ မဟုတ်လား။ အဲဒါကို ကျွန်တော် ပိုတွေးလေ၊ ပိုနာကျင်လေပဲ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့ ကိုယ့်စိတ်ပိုင်းဖြတ်ချက်ကို အားကောင်းစေခဲ့တယ်။ အစ်ကိုချန်ကို နှစ်သိမ့်စကားပြောခဲ့တယ်။ “နေရာလွဲနေတာတွေ လိုက်ရှာပြီး အချိန်ယူပြီး ရှင်းလိုက်ပါ။ အစ်ကိုက တခြားဟာတွေနဲ့ အလုပ်ရှုပ်နေကျဆိုတော့၊ နည်းနည်းရှုပ်တာကတော့ ရှောင်လို့မရနိုင်ဘူး။ ရှင်းဖို့ အချိန် တကယ်မရှိဘူးဆိုလည်း၊ ကျွန်တော်ပြန်လာမှ အတူတူလုပ်လို့ရပါတယ်။” လို့ပေါ့။ ဖုန်းပြောပြီးတော့ အစ်ကိုချန်က သူ့ဘာသာ စီမံနိုင်မှာ မဟုတ်ဘူးလို့ ထင်လို့၊ အစ်မတစ်ယောက်ကို သူ့ကို ကူညီခိုင်းလိုက်တယ်။ အရင်က ဒါမျိုးဖြစ်ခဲ့တုန်းက သူ့အမှားအတွက် ကျွန်တော် သူ့ကို အမြဲဆူပူပြီး အပြစ်တင်ခဲ့တယ်။ အခု ဒါဖြစ်တော့ သူ့ကို မိတ်သဟာယပြုပြီး ကူညီနိုင်တယ်လေ။ ဒါက သူ့ကို စိတ်ချမ်းသာပြီး စိတ်သက်သာရာရစေတာပေါ့။ ကျွန်တော် ဘုရားကို အရမ်းကျေးဇူးတင်တယ်။ အခု ကိုယ့်မာနထောင်လွှားတဲ့ စိတ်သဘောထားအပေါ် နားလည်မှုတချို့ ရပြီး ကိုယ့်ကိုယ်ကိုယ် နည်းနည်း ချုပ်တည်းလာနိုင်တယ်။ ဒါဟာ ဘုရားနှုတ်ကပတ်တော် ဖတ်တဲ့ ရလဒ်ပဲ။ ဒါက ပြောင်းလဲမှု သေးသေးလေးပဲ၊ ကိုယ့်ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားမှာ အခြေခံကျတဲ့ ပြောင်းလဲမှုနဲ့ မတူဘူးဆိုပေမဲ့ ဒါက ကောင်းတဲ့အစလို့ ကျွန်တော် ထင်မိလို့၊ ကျွန်တော် ပျော်တယ်။ ဘုရားနှုတ်ကပတ်တော်အရ လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်ရင်၊ ကိုယ့်ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို စွန့်ပစ်နိုင်မယ်လို့ ကျွန်တော် ယုံတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်တယ်။