၉၁။ လွှတ်ပေးထားသည့်နည်းကို ကျွန်မ အသုံးပြုမည်မဟုတ်တော့ပါ
၂၀၂၁ခုနှစ်၊ ဇွန်လမှာ ကျွန်မအသင်းတော်မှာ ဗီဒီယိုအလုပ်ကို ကျွန်မ ကြီးကြပ်ရတယ်။ အလုပ်က များလာတော့ နောက်ထပ် အဖွဲ့တစ်ဖွဲ့ကို နောက်ဆက်တွဲလုပ်ပေးဖို့ ကျွန်မကို ပြောတယ်။ ကျွန်မ စဉ်းစားတယ်။ “ငါက အခု ဦးဆောင်နေရတဲ့အလုပ်နဲ့တင် အလုပ်ရှုပ်နေပြီ။ နောက်ထပ်အလုပ်ကိုတောင် စီမံရမယ်ဆိုရင် ပိုပြီးတော့တောင် အလုပ်ရှုပ်ပြီး ပင်ပန်းမှာမဟုတ်ဘူးလား” ပေါ့။ ဒါပေမဲ့ ဒီအဖွဲ့က ညီအစ်ကိုမောင်နှမတွေက အလုပ်နဲ့ ရင်းနှီးတာကို ကျွန်မ သိတယ်။ သူတို့အားလုံးက ကျွမ်းကျင်တယ်။ တာဝန်တွေမှာ ထိရောက်မှရှိတယ်။ ကြီးကြပ်စစ်ဆေးရလို့ ကျွန်မ အရမ်းစိတ်ပူရတာ၊ အချိန်တွေ၊ အားတွေ အများကြီးမစိုက်ထုတ်ရလောက်ဘူး။ အဲဒါနဲ့ သဘောတူလိုက်တယ်။ အစတော့ ကျွန်မက တစ်ခါတလေမှာ အဖွဲ့ရဲ့ အလုပ်အခြေအနေကို မေးတယ်။ တိုးတက်မှုက ပုံမှန်ရှိမရှိ၊ တစ်ယောက်ယောက်က တာဝန်မှာ အခက်အခဲတစ်ခုခုရှိမရှိပေါ့။ ကျွန်မက အသေးစိတ်ကြည့်သင့်တယ်လို့ သိပေမဲ့ ကျွန်မက နောက်ဆက်တွဲလုပ်ဖို့ တခြားအလုပ်လည်းရှိသေးတယ်လို့ တွေးမိတယ်။ ပြီးတော့ အဖွဲ့တိုင်းရဲ့ အသေးစိတ်အချက်တွေကို နားလည်အောင်လုပ်ရတာက အရမ်းအလုပ်များသလို ခံစားရတယ်။ အဖွဲ့မှာရှိတဲ့ အလုပ်က သာမန်တိုးတက်နေတယ်။ ဒါကြောင့် အကြောင်းအရာတွေကို နားလည်ဖို့ အချိန်အများကြီးမလိုဘူး။ ပြီးတော့လည်း အဖွဲ့ခေါင်းဆောင်ရှိတယ်။ ညီအစ်ကိုမောင်နှမတွေက စိတ်ချရပြီး သူတို့တာဝန်ကို ကောင်းကောင်းလုပ်တယ်။ အရင်သုံးလေးနှစ်မှာ ကြီးကြီးမားမားပြဿနာ တစ်ခုမှမရှိခဲ့ဘူး။ ဒါကြောင့် စိုးရိမ်စရာမလိုခဲ့ဘူး။ ကြီးကြပ်စစ်ဆေးတာ ကျွန်မနည်းနည်းလျှော့လုပ်လည်း ကိစ္စမရှိဘူး။ အဲဒါနဲ့ ဒီအဖွဲ့ရဲ့အလုပ်အကြောင်းကို ကျွန်မ သိပ်မမေးတော့ဘူး။
နှစ်လကျော်ကြာပြီးတဲ့နောက် တစ်နေ့မှာ အစ်ကိုတစ်ယောက်က ကျွန်မကို မှတ်ချက်ပေးတယ်။ အခုရက်ပိုင်းမှာ ဒီအဖွဲ့ကထုတ်တဲ့ ဗီဒီယိုနှစ်ခုမှာ ပြဿနာတွေရှိနေတယ်၊ တခြားအစ်မတွေက ဒါကို အချိန်မီမတွေ့ခဲ့ရင် အလုပ်နှောင့်နှေးသွားခဲ့မှာလို့ ပြောတယ်။ ကျွန်မက အစတော့ သိပ်မယုံဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ အဲဒီအစ်ကိုက ဗီဒီယိုထဲက ပြဿနာတွေရဲ့ စကရင်ရှော့ကို ကျွန်မဆီပို့လိုက်တယ်။ အဲဒါတွေက တကယ်ကို အဖွဲ့ရဲ့ ပြဿနာတွေပဲ။ အဖွဲ့က ညီအစ်ကိုမောင်နှမတွေက သူတို့တာဝန်တွေမှာ အရေးကြီးတဲ့ ပြဿနာတွေရှိနေတယ်။ ကျွန်မက ဘာလို့မသိခဲ့တာလဲ။ ဒီအလုပ်ကို ကျွန်မယူတာ သုံးလေးလရှိပြီ။ ဒါပေမဲ့ ဘယ်လိုအခြေအနေရှိနေသလဲဆိုတာ လုံးဝ မကြည့်ခဲ့ဘူး။ ကျွန်မက ဒီအတိုင်းထားထားလိုက်တာ။ အဖွဲ့ဝင်တွေက သူတို့တာဝန်တွေကို ဘယ်လိုထမ်းဆောင်တယ်ဆိုတာကို ကျွန်မ လုံးဝ မသိခဲ့ဘူး။ ဒီပြဿနာတွေက ကျွန်မ လက်တွေ့အလုပ်မလုပ်တာကြောင့် ဖြစ်တယ်ဆိုတာ သဘောပေါက်သွားတယ်။ ဒါကို ကျွန်မ စူးစမ်းကြည့်တော့ ကျွန်မ တွေ့သွားတယ်။ ဒီအချိန်ကာလမှာ ဒီအဖွဲ့မှာ ဘယ်သူကမှ အလုပ်ကို မကြီးကြပ်တော့ သူတို့တွေက သူတို့အတွေ့အကြုံကို အခြေခံပြီး တာဝန်ထမ်းဆောင်ကြတယ်။ ဘယ်သူကမှ တာဝန်မခံဘူး။ တစ်ခါတလေမှာ အလုပ်အရမ်းများရင် သူတို့က ဖြစ်သလိုလုပ်လာကြတယ်။ ဗီဒီယိုတွေကို စစ်ဖို့ လူနှစ်ယောက်က အတူတူလုပ်ပေမဲ့ သူတို့တွေက ဝတ်ကျေတမ်းကျေပဲလုပ်နေကြတာ။ ဒါကြောင့် ပြဿနာတွေကို ရှာမတွေ့ကြဘူး။ ဒါတွေအားလုံးကို ရင်ဆိုင်ရပြီး ကျွန်မ တော်တော်စိတ်တိုမိတယ်။ ဒီပြဿနာတွေက ရှာတွေ့ဖို့ မခက်ခဲဘူး။ ကျွန်မက ဒီအဖွဲ့ရဲ့အလုပ်ကို ကောင်းကောင်း နောက်ဆက်တွဲလိုက်လုပ်ခဲ့ရင် ဒါတွေကို သတိမထားမိတာဖြစ်မှာမဟုတ်ဘူး။ ကျွန်မက တော်တော်တာဝန်မသိတတ်တာပဲ။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆက်ပြီး သုံးသပ်တယ်။ လွန်ခဲ့တဲ့သုံးလမှာ ကျွန်မက ဘာကြောင့်သူတို့အလုပ်ကို လျစ်လျူရှုခဲ့သလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် မေးတယ်။
နောက်တော့ ဘုရားနှုတ်ကပတ်တော်ထဲမှာ ကျွန်မ ဖတ်ရတယ်။ “အယောင်ဆောင် ခေါင်းဆောင်များသည် အဖွဲ့ကြီးကြပ်သူများ၏ အလုပ်နှင့်ပတ်သက်သည့် အခြေအနေကို မည်သည့်အခါတွင်မျှ သိအောင်မလုပ်ကြ၊ သို့မဟုတ် မျက်ခြည်မပြတ် မစောင့်ကြည့်ကြသကဲ့သို့ အဖွဲ့ကြီးကြပ်သူများနှင့် အရေးကြီးသည့် အလုပ်အတွက် တာဝန်ရှိသော အမှုထမ်းများ၏ အသက်ဝင်ရောက်မှုအပြင် အလုပ်နှင့် တာဝန်အပေါ်ထားသော သဘောထား၊ ဘုရားသခင်အား ယုံကြည်မှု၊ သမ္မာတရားနှင့် ဘုရားသခင်အပေါ်ထားသော သဘောထား၊ ဘုရားသခင်အား ယုံကြည်မှုတို့နှင့် စပ်လျဉ်းသည့် အခြေအနေကို သိအောင်မလုပ်ကြ၊ သို့မဟုတ် မျက်ခြည်မပြတ် မစောင့်ကြည့်ကြ၊ သို့မဟုတ် သဘောပေါက်ဖို့ မကြိုးပမ်းကြပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် ၎င်းတို့၏ ပြောင်းလဲခြင်းများ၊ ၎င်းတို့၏ တိုးတက်မှု၊ သို့မဟုတ် ၎င်းတို့၏ အလုပ်ကာလတစ်လျှောက် ထွက်ပေါ်လာသည့် ပြဿနာအမျိုးမျိုး၊ အထူးသဖြင့် အသင်းတော်အလုပ်နှင့် ဘုရားသခင်ရွေးချယ်ထားသောသူများ၊ အမျိုးမျိုးသော အလုပ်အဆင့်အချိန်ကာလအတွင်းတွင် ဖြစ်ပေါ်သော အမှားများနှင့် လွဲချော်မှုများအပေါ် သက်ရောက်ခြင်းနှင့် ပတ်သက်သောအခါတွင် မိမိတို့ကိုယ်ကို သိရှိထားစေရန် မပြုလုပ်ကြပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤအမှားများနှင့် လွဲချော်မှုများကို ကိုင်တွယ်ပြီးခြင်းရှိမရှိနှင့်ပတ်သက်၍ အဘယ်အရာကိုမျှ မသိကြပေ။ ဤအသေးစိတ်အချက်များနှင့် ပတ်သက်၍ အဘယ်အရာကိုမျှ မသိကြဘဲ ပြဿနာပေါ်ပေါက်သည့်အခါတွင် ၎င်းတို့သည် မတုန်မလှုပ် ဖြစ်လာကြသည်။ သို့ရာတွင် အယောင်ဆောင် ခေါင်းဆောင်များ အလုပ်လုပ်သည့်အခါတွင် ၎င်းတို့သည် ဤအသေးစိတ်အချက်များနှင့်ပတ်သက်၍ ၎င်းတို့ လုံးဝ ဂရုမစိုက်ကြချေ။ အုပ်စုကြီးကြပ်သူများကို စီစဉ်ရုံမျှ စီစဉ်ပေးလိုက်ပြီး၊ ထို့နောက်တွင် အလုပ်ကို လွှဲပြောင်းပြီးသည့်နောက် ၎င်းတို့၏ လုပ်ငန်းတာဝန် ပြီးဆုံးပြီဟု ယူဆကြသည်။ ဤအရာဖြင့် ၎င်းတို့၏အလုပ်ပြီးမြောက်ကာ၊ မည်သည့် နောက်ဆက်တွဲပြဿနာမျှ ၎င်းတို့နှင့်မသက်ဆိုင်ဟု ယုံကြည်ကြသည်။ အကြောင်းမှာ အယောင်ဆောင်ခေါင်းဆောင်များသည် အုပ်စုအသီးသီး၏ ကြီးကြပ်သူများကို ကြီးကြပ်ကွပ်ကဲနိုင်ခြင်း၊ လမ်းပြနိုင်ခြင်းနှင့် နောက်ဆက်တွဲ အလုပ်လုပ်နိုင်ခြင်း မရှိကြသောကြောင့်၊ ၎င်းတို့သည် ဤနယ်ပယ်များ၌ မိမိတို့၏တာဝန်များကို မဖြည့်ဆည်းနိုင်သောကြောင့်၊ အလုပ်သည် ပျက်စီးရလေသည်။ ဤသည်မှာ ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုတော်ဆောင်တစ်ဦးအနေဖြင့် ပေါ့ဆခြင်းဆိုသည့် အဓိပ္ပာယ်ရပေသည်။ ဘုရားသခင်သည် လူသား၏ အတွင်းအကျဆုံး ဖြစ်တည်မှုကို ကြည့်ရှုသည်။ လူတို့သည် ဤစွမ်းရည်မရှိပေ။ ထို့ကြောင့် ၎င်းတို့အလုပ်လုပ်သောအခါ ပို၍ လုံ့လရှိရမည်။ ပို၍ အာရုံစိုက်သင့်ပြီး အမှုအရာများကို စစ်ဆေးရန်၊ ကြီးကြပ်ရန်၊ လမ်းပြမှုပေးရန်အတွက် အလုပ်ဆောင်ရွက်နေသောနေရာသို့ မကြာခဏသွားသင့်သည်။ ထိုအခါမှသာ အသင်းတော်အလုပ်သည် ပုံမှန် ရှေ့ဆက်နေသည်ကို ၎င်းတို့ သေချာစေနိုင်သောကြောင့်ဖြစ်သည်။ သိသိသာသာပင် အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့အလုပ်တွင် တာဝန် မသိတတ်ကြပေ။ ၎င်းတို့သည် အလုပ်ကို စီစဉ်သောအခါ အစကတည်းက တာဝန်မသိတတ်ကြပေ။ ၎င်းတို့သည် မည်သည့်အခါမျှ မကြီးကြပ်ပေ။ ဆက်မလုပ်ဆောင်ပေ။ လမ်းပြပေးခြင်းမရှိပေ။ အကျိုးဆက်အနေဖြင့် ပြဿနာမျိုးစုံ ပေါ်ပေါက်လာသည့်အခါတွင် မဖြေရှင်းနိုင်သလို၊ မိမိတို့၏ အလုပ်တွင် အောင်မြင်ဖို့ တကယ်ကို မပြင်ဆင်ထားသည့် ကြီးကြပ်သူအချို့သည် ၎င်းတို့၏ ကြီးကြပ်ရေးရာထူးတွင် ဆက်လက်တည်ရှိနေလေသည်။ အဆုံးတွင် အလုပ်သည် ထပ်ခါထပ်ခါ နှောင့်နှေးနေသည်။ ပြဿနာမျိုးစုံက မပြေလည်ဘဲ ကျန်ရှိနေပြီး အလုပ်က ပျက်စီးသွားသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်က ကြီးကြပ်သူများကို နားလည်ပြီး ကြီးကြပ်ရန်၊ ၎င်းတို့နှင့် ဆက်လက်ဆောင်ရွက်ရန် ပျက်ကွက်ခြင်း၏ ရလဒ်ဖြစ်သည်။ ယင်းသည် အယောင်ဆောင်ခေါင်းဆောင်များ၏ တာဝန်အပေါ် ပျက်ကွက်ခြင်းသက်သက်သာဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) အယောင်ဆောင်ခေါင်းဆောင်တွေက အဖွဲ့တစ်ခုစီမှာ ကြီးကြပ်သူတွေရှိတယ်ဆိုတော့ လွှတ်ပေးထားလို့ရတယ်လို့ ထင်တာကြောင့် သူတို့တာဝန်တွေကို လျစ်လျူရှုပြီး လက်တွေ့အလုပ်ကိုမလုပ်ကြဘူး၊ ဒါကြောင့် ရလဒ်အနေနဲ့ အသင်းတော်အလုပ်မှာ ပြဿနာတွေပေါ်လာတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်တော် မြင်ခဲ့တယ်။ အပြင်ပန်းမှာ အယောင်ဆောင်ခေါင်းဆောင်တွေက သိသာတဲ့မကောင်းမှုမလုပ်ဘူး။ ဒါပေမဲ့ သူတို့က အသင်းတော်အလုပ်မှာ တာဝန်မသိတတ်တာကြောင့် အလုပ်အမျိုးမျိုးရဲ့ တိုးတက်မှု၊ ထိရောက်မှုကို တော်တော်ထိခိုက်တယ်။ ဒါက အသင်းတော်အလုပ်ကို သွယ်ဝိုက်ပြီး နှောင့်ယှက်တာပဲ။ ဘုရားသခင်က ဘုရားအိမ်တော်ရဲ့ အလုပ်ရဲ့ ပုံမှန်၊ အစီအစဉ်တကျတိုးတက်မှုကို သေချာအောင်လုပ်ဖို့ ခေါင်းဆောင်နဲ့ အမှုဆောင်တွေကို အလုပ်ကို အချိန်မီ နောက်ဆက်တွဲလုပ်ပြီး ကြီးကြပ်ဖို့ အလိုရှိပါတယ်။ ဒါက ခေါင်းဆောင်၊ အမှုဆောင်တွေရဲ့ တာဝန်ဝတ္တရားပဲ။ ဒါပေမဲ့ ဒီအဖွဲ့ရဲ့အလုပ်ကို ကျွန်မ ယူပြီးကတည်းက ကျွန်မက အဖွဲ့ခေါင်းဆောင်ရှိနေတော့ အားလုံးက သာမန်အတိုင်း ဆက်သွားနေတယ်လို့ ထင်ခဲ့တယ်။ အဲဒါနဲ့ ကျွန်မက လွှတ်ထားပေးတဲ့နည်းကိုပဲ အလိုလို သုံးမိခဲ့တယ်။ သူတို့အလုပ်ကို လုံးဝ မစစ်ဆေးဘူး၊ နောက်ဆက်တွဲမလုပ်ဘူး။ လုပ်ငန်းစဉ်တွေမှာ ဟာကွက်တွေနဲ့ အသေးစိတ်အချက်တွေကို မစူးစမ်းဘူး။ သူတို့တွေက တာဝန်တွေမှာ အားလျော့လာပြီး ဖြစ်သလိုလုပ်တော့ သတိမထားမိခဲ့ဘူး။ တစ်ချိန်လုံးမှာ ကိုယ့်အယူအဆနဲ့ စဉ်းစားပုံကို အခြေခံပြီး သူတို့တွေက တာဝန်တွေကို လက်တွေ့ကျကျ၊ အလေးအနက်ထားပြီးလုပ်တယ်၊ ယုံကြည်စိတ်ချရတယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ အဲဒါနဲ့ သူတို့အလုပ်ကို ကြီးကြပ်ဖို့၊ နောက်ဆက်တွဲလုပ်ဖို့ မလိုဘူးလို့ ခံစားမိခဲ့တယ်။ ရလဒ်ကတော့ ကျွန်မတာဝန်မှာ ထိခိုက်ပြီး အနှောင့်အယှက်တွေဖြစ်သွားတယ်။ ကျွန်မက ကိုယ့်တာဝန်ကို လျစ်လျူရှုပြီး တကယ်ပဲ အယောင်ဆောင်ခေါင်းဆောင်ဖြစ်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် ကျွန်မ မြင်ခဲ့ပါတယ်။ ကျွန်မက မကောင်းမှုလုပ်ဖို့ မရည်ရွယ်ပေမဲ့ လက်တွေ့အလုပ်မလုပ်တာကြောင့် ရှာတွေ့နိုင်တဲ့ လမ်းလွဲမှုတွေ၊ ပြဿနာတွေက လုံးဝ ပြေလည်မသွားဘူး။ အခု ဗီဒီယိုအလုပ်မှာ ပြဿနာတွေ ပေါ်လာတယ်။ ဒါက ကျွန်မ ကိုယ့်တာဝန်မှာ ဖြစ်သလိုလုပ်ပြီး တာဝန်မသိတတ်တာနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်။ တခြားလူတွေက ပိုဆိုးတဲ့ထိခိုက်မှုတွေ၊ အကျိုးဆက်တွေကို ရှောင်ဖို့အတွက် ပြဿနာတွေကို အချိန်မီတွေ့ခဲ့ပေမဲ့ ဒီပြဿနာတွေကို ပြုပြင်ရတာက အလုပ်ကို ပြန်လုပ်ဖို့ အများကြီး အပင်ပန်းခံလုပ်ဖို့ လိုသေးတယ်။ ကျွန်မက ဖြစ်သလိုလုပ်ပြီး သက်သာတာကို တပ်မက်တာကို မြင်ခဲ့ပါတယ်။ အလုပ်ကို မကြီးကြပ်တာ၊ နောက်ဆက်တွဲမလုပ်တာက ကျွန်မအတွက် အချိန်နဲ့ စွမ်းအင် အများကြီးသက်သာတယ်။ ဒါပေမဲ့ အသင်းတော်အလုပ်ရဲ့ တိုးတက်မှုကို တိုက်ရိုက်နှောင့်နှေးစေခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေကို ဒါကို ပြန်လုပ်ရစေတယ်။ ကျွန်မက မကောင်းမှုလုပ်ပြီး အသင်းတော်အလုပ်ကိုပါ နှောင့်ယှက်ဖျက်ဆီးနေတာပါ။ ဒါကို ကျွန်မ သဘောပေါက်သွားတော့ တော်တော်ကြောက်သွားတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်တာကို မရပ်နိုင်ဘူး။ ကျွန်မက ဘာလို့ သတိမထားမိဘဲ လွှတ်ပေးထားတဲနည်းကို အကြာကြီးအသုံးပြုနိုင်ခဲ့တာလဲ။
နောက်ပိုင်းမှာ ကျွန်မက ဘာလို့ လက်တွေ့မလုပ်သလဲဆိုတာကို ဘုရားနှုတ်ကပတ်တော်ဖတ်ခြင်းကတစ်ဆင့် ပိုသိလာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အယောင်ဆောင်ခေါင်းဆောင်များသည် တကယ့်အလုပ်ကို မလုပ်သော၊ သို့မဟုတ် မိမိတို့၏ တာဝန်များကို လျစ်လျူရှုနေသော ကြီးကြပ်သူများကို စုံစမ်းစစ်ဆေးမည်မဟုတ်ပေ။ ၎င်းတို့သည် ကြီးကြပ်သူတစ်ယောက် ရွေးချယ်ရန်သာလိုအပ်ပြီး အရာရာက အဆင်ပြေလိမ့်မည်ဟု ထင်မြင်ကြသည်။ ပြီးနောက်တွင် ကြီးကြပ်သူက အလုပ်ကိစ္စအားလုံးကို ကိုင်တွယ်လိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့လုပ်ရန် လိုအပ်သမျှမှာ စည်းဝေးမှုများ ရံဖန်ရံခါကျင်းပရန်သာဖြစ်သည်၊ အလုပ်ကို စောင့်ကြည့်ရန်၊ မည်သည့်အခြေအနေရှိသည်ကို မေးမြန်းရန် မလိုပေ၊ လက်လွှတ်ထားနိုင်သည်ဟု ထင်မြင်ကြသည်။...အယောင်ဆောင်ခေါင်းဆောင်များသည် တကယ့်အလုပ်ကို လုပ်နိုင်စွမ်းမရှိသကဲ့သို့၊ အုပ်စုခေါင်းဆောင်များနှင့် ကြီးကြပ်သူများ၏ အလုပ်ကို မည်သည့် အလေးအနက်ထားခြင်းမျှဖြင့် မချဉ်းကပ်ပေ။ လူများအပေါ် ၎င်းတို့၏အမြင်သည် ၎င်းတို့၏ ကိုယ်ပိုင် ထင်မြင်ချက်များနှင့် စိတ်ကူးများအပေါ်တွင်သာ အခြေခံလေသည်။ တစ်စုံတစ်ယောက်သည် အချိန်တစ်ခုကြာ ကောင်းစွာ စွမ်းဆောင်နိုင်ခဲ့သည်ကို မြင်လျက်၊ ဤသူသည် အစဉ်ထာဝရ ကောင်းမွန်လိမ့်မည်ဟုလည်းကောင်း၊ ထိုသူတို့သည် ပြောင်းလဲမည်မဟုတ်ဟုလည်းကောင်း ၎င်းတို့ ယုံကြည်ကြသည်။ ဤလူနှင့်ပတ်သက်၍ ပြဿနာရှိကြောင်း ပြောသည့်သူမည်သူ့ကိုမဆို ၎င်းတို့ မယုံကြည်ပေ။ ထိုလူအကြောင်း တစ်စုံတစ်ဦးက တစ်ခုခုကို ထောက်ပြသည့်အခါတွင် ၎င်းတို့ လျစ်လျူရှုကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် မိုက်မဲသည်ဟု သင်ထင်သလော။ ၎င်းတို့သည် နုံအပြီး မိုက်မဲကြသည်။ မည်သည့်အရာက ၎င်းတို့ကို နုံအစေသနည်း။ ၎င်းတို့သည် လူတို့အပေါ် လွယ်လင့်တကူ ယုံကြည်ကြသည်။ ဤလူကို ၎င်းတို့က ရွေးချယ်ခဲ့ချိန်တွင် ဤလူသည် ကျမ်းကျိန်ခဲ့ပြီး၊ ကတိသစ္စာပြုခဲ့ကာ မျက်နှာတွင် မျက်ရည်များစီးကျလျက် ဆုတောင်းခဲ့သောကြောင့် သူတို့သည် အားကိုး၍ ရနိုင်သည့်သဘောဖြစ်သည်၊ အနာဂတ်တွင် ထိုသူတို့နှင့်ပတ်သက်၍ မည်သည့်ပြဿနာမျှ လုံးဝ ရှိလိမ့်မည်မဟုတ်ဟု ယုံကြည်ကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် လူတို့၏ သဘာဝများအပေါ် သိနားလည်မှုမရှိပေ။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ တကယ့်အခြေအနေကို မသိနားမလည်ကြပေ။ ၎င်းတို့က၊ ‘ကြီးကြပ်သူတစ်ယောက်အဖြစ် ရွေးချယ်ခံရပြီးသည်နှင့် ထိုသူသည် မည်သို့ပြောင်းလဲနိုင်ပါသနည်း။ အလွန်လေးနက်ပြီး စိတ်ချယုံကြည်ရသည့်ပုံစံရှိသောသူတစ်ယောက်သည် အလုပ်ကို မည်သို့ ခေါင်းရှောင်နိုင်မည်နည်း။ ၎င်းတို့ ခေါင်းရှောင်မည်မဟုတ်၊ ဟုတ်ပါသလော။ ၎င်းတို့ များစွာ တည်ကြည်မှုရှိကြသည်’ ဟု ဆိုကြသည်။ အယောင်ဆောင်ခေါင်းဆောင်များတွင် ထိုသို့သော စိတ်ကူးများရှိပြီး မိမိတို့၏ကိုယ်ပိုင် ဝမ်းတွင်းအသိစိတ်ကို အလွန်ယုံကြည်လွန်းသောကြောင့်၊ ဤအရာက အဆုံး၌ ၎င်းတို့ကို အသင်းတော်အလုပ်တွင် ပေါ်ပေါက်သည့် ပြဿနာများစွာကို အချိန်မီ ဖြေရှင်းနိုင်စွမ်းမရှိဖြစ်စေကာ၊ ပါဝင်ပတ်သက်သည့် ကြီးကြပ်သူကို ချက်ချင်း အစားထိုးခြင်းနှင့် တာဝန်ပြောင်းရွှေ့ခြင်းမှ ဟန့်တားလေသည်။ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်စစ်စစ်များ ဖြစ်ပေသည်။ ဤတွင် ပြဿနာက အဘယ်နည်း။ မိမိတို့၏အလုပ်ပေါ် အယောင်ဆောင်ခေါင်းဆောင်များ၏ ကိုင်တွယ်ဖြေရှင်းပုံသည် ပေါ့ဆခြင်းနှင့် ဝတ်ကျေတမ်းကျေပြုခြင်းတို့နှင့် သက်ဆိုင်သလော။ အခြားတစ်ဖက်တွင် အဆင်းနီသော နဂါးကြီးသည် အရူးအမူး ဖမ်းဆီးနေသည်ကို ၎င်းတို့မြင်သောကြောင့်၊ မိမိတို့ကိုယ်ကိုယ် လုံခြုံစေဖို့ရာ ဦးဆောင်ရန် တစ်ယောက်ယောက်ကို ကြုံသလို ရွေးလိုက်ပြီး ဤသည်မှာ ပြဿနာကို ဖြေရှင်းလိမ့်မည်ဖြစ်ကြောင်းနှင့်၊ လုံးဝ အာရုံစိုက်ရန် မလိုကြောင်း ယုံကြည်ကြသည်။ ၎င်းတို့သည် စိတ်နှလုံးတွင် မည်သည့်အရာကို စဉ်းစားနေကြသနည်း။ ‘ဤသည်မှာ အလွန်ရန်လိုသော ပတ်ဝန်းကျင်တစ်ခုဖြစ်သည်။ ကျွန်ုပ် ခဏတာ ပုန်းကွယ်သင့်သည်’ ဟူ၍ ဖြစ်သည်။ ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာ သက်သောင့်သက်သာ ဖြစ်ခြင်းအတွက် လောဘတက်ခြင်းဖြစ်သည် မဟုတ်လော။ အယောင်ဆောင် ခေါင်းဆောင်များ၌လည်း အကြီးစား အားနည်းချက် ရှိပေသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်စိတ်ကူးများအပေါ်တွင် အခြေခံ၍ လူတို့ကို အလျင်အမြန် ယုံကြည်ကြသည်။ ဤသည်မှာ သမ္မာတရားကို နားမလည်ခြင်းကြောင့်ဖြစ်သည်မဟုတ်လော။ ဘုရားနှုတ်ကပတ်တော်သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အနှစ်သာရများကို မည်သို့ ထုတ်ဖော်သနည်း။ ဘုရားသခင်က မယုံကြည်ချိန်တွင် ၎င်းတို့သည် အဘယ်ကြောင့် လူတို့ကို ယုံကြည်သင့်သနည်း။ လူတို့ကို အသွင်အပြင်များအားဖြင့် ဝေဖန်မည့်အစား၊ ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးကို အဆက်မပြတ် စောင့်ကြည့်နေသည်။ ဤသို့ဆိုလျှင် အယောင်ဆောင်ခေါင်းဆောင်များသည် အခြားလူများကို ဝေဖန်ပြီး ထိုသူတို့ကို ယုံကြည်ကြသောအခါ အဘယ်ကြောင့် အလွန်ပင် ပေါ့တန်သင့်မည်နည်း။ အယောင်ဆောင် ခေါင်းဆောင်များသည် စိတ်ကြီးဝင်လွန်းသည် မဟုတ်လော။ ၎င်းတို့ စဉ်းစားသည်မှာ၊ ‘ဤလူကို ငါ ရိပ်စားမိချိန်တွင် ငါမမှားပေ။ မည်သည့်အရာကမျှ မလွဲချော်နိုင်ပေ။ ၎င်းတို့သည် လျှောက်လုပ်သောသူ၊ အပျော်အပါးမက်ပြီး ပင်ပန်းသောအလုပ်ကို မုန်းသောသူ သေချာပေါက်မဟုတ်ပေ။ ၎င်းတို့သည် လုံးဝ အားကိုးရပြီး ယုံကြည်ထိုက်သည်။ ၎င်းတို့ ပြောင်းလဲလိမ့်မည်မဟုတ်။ ပြောင်းလဲလျှင် ၎င်းတို့နှင့်ပတ်သက်ပြီး ငါမှားယွင်းသည်ဆိုသည့် သဘောဖြစ်မည် မဟုတ်လော’ ဟူ၍ ဖြစ်သည်။ ဤသည်မှာ အဘယ်သို့သော တွေးခေါ်ပုံမျိုးနည်း။ သင်သည် ကျွမ်းကျင်သူတစ်ယောက်ယောက် ဖြစ်သလော။ သင့်တွင် အရာဝတ္ထုများကို ထိုးဖောက်မြင်နိုင်သည့် အမြင်အာရုံရှိသလော။ ဤသည်မှာ သင်၏ အထူး ကျွမ်းကျင်မှုလော။ သင်သည် ဤလူနှင့် တစ်နှစ်၊ သို့မဟုတ် နှစ်နှစ် နေထိုင်နိုင်သည်။ သို့သော် ၎င်းတို့၏ သဘာဝကို လုံးလုံး ဖွင့်ချပြရန် သင့်တော်သည့် ပတ်ဝန်းကျင်တစ်ခုမရှိဘဲ ၎င်းတို့အမှန်တကယ် မည်သူမည်ဝါဖြစ်သည်ကို သင်မြင်နိုင်မည်လော။ ၎င်းတို့သည် ဘုရားသခင်၏ ဖော်ထုတ်ခြင်းကို မခံရလျှင်၊ သင်သည် ၎င်းတို့နှင့် သုံးနှစ်၊ သို့မဟုတ် ငါးနှစ်ပင် အတူယှဉ်တွဲနေထိုင်နိုင်ပြီး ၎င်းတို့က မည်သည့်သဘာဝနှင့် အနှစ်သာရအမျိုးအစားရှိသည်ကို မြင်ရန် ခက်ခဲနေဦးမည်ဖြစ်သည်။ ပြီးလျှင် သင်သည် ၎င်းတို့ကို သိပ်မတွေ့ရသောအခါ၊ ၎င်းတို့နှင့်အတူ သိပ်မရှိသောအခါ ဤသည်မှာ မည်မျှပင်ပို၍ မှန်ကန်သနည်း။ သင်သည် တစ်ခဏတာအမြင်၊ သို့မဟုတ် ၎င်းတို့အပေါ် အခြားလူတစ်ယောက်၏ အပြုသဘောဆောင်သော သုံးသပ်ချက်အပေါ် အခြေခံ၍ ၎င်းတို့ကို မစဉ်းမစားယုံကြည်ပြီး ထိုသို့သောလူတို့ကို အသင်းတော်အလုပ်အား အပ်နှံရဲသည်။ ဤတွင် သင်သည် အလွန်အမင်း မျက်ကန်းဖြစ်နေသည်မဟုတ်လော။ စိတ်မြန်လက်မြန် ပြုလုပ်နေခြင်းမဟုတ်သလော။ ၎င်းတို့အနေဖြင့် ဤသို့ အလုပ်လုပ်သောအခါ အယောင်ဆောင်ခေါင်းဆောင်များသည် အလွန်အမင်း တာဝန်မသိတတ်ခြင်း မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) အယောင်ဆောင်ခေါင်းဆောင်တွေက ပျင်းရိတယ်၊ မသိနားမလည်ဘူး၊ မိုက်မဲတယ်လို့ ဘုရားနှုတ်ကပတ်တော်က ဖွင့်ပြတယ်။ သူတို့တွေက လူတွေ၊ အကြောင်းအရာတွေကို ဘုရားနှုတ်ကပတ်တော်အပေါ် အခြေခံမကြည့်ဘဲ သူတို့အယူအဆတွေ၊ စိတ်ကူးတွေကို အခြေခံကြည့်တယ်။ ဒါပေမဲ့ သူတို့က လူတွေ၊ အကြောင်းအရာတွေကို သူတို့ ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်လို့ ခံစားမိကြတယ်။ သူတို့တွေက ဘယ်သူကိုမဆို သာမန်ကာလျှံကာယုံပြီး အလုပ်ကို လုံးဝ သူနဲ့ပဲထားပစ်နိုင်ကြတယ်။ သူတို့ကတော့ လွတ်ပေးထားတဲ့နည်းကို သုံးပြီး အဆင့်အတန်းရဲ့ အကျိုးအမြတ်တွေကို လောဘတကြီး ခံစားကြတယ်။ ကျွန်မက ဘုရားသခင်ဖော်ပြတဲ့ ပျင်းရိပြီး မိုက်မဲတဲ့ အယောင်ဆောင်ခေါင်းဆောင်ဖြစ်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ဖွင့်ပြခြင်းကတစ်ဆင့် နောက်ဆုံးမှာ ကျွန်မ မြင်ခဲ့ပါတယ်။ ကျွန်မရဲ့ ပျင်းရိတဲ့ သဘာဝကြောင့် ကျွန်မက အလုပ်တွေအများကြီးအတွက် တာဝန်ယူရတယ်၊ အဖွဲ့တိုင်းရဲ့အလုပ်ကို နောက်ဆက်တွဲလုပ်ရင် အရမ်းပင်ပန်းမယ်လို့ ခံစားမိတယ်။ အဲဒါနဲ့ အဖွဲ့တစ်ခုရဲ့အလုပ်ကို ကျွန်မက နောက်ဆက်တွဲလိုက်လုပ်ပြီး တခြားတစ်ခုကိုတော့ အဖွဲ့ခေါင်းဆောင်ကို ယုံကြည်ထားလိုက်တယ်။ အလုပ်က သာမန်တိုးတက်နေရင် နောက်ဆက်တွဲလုပ်ဖို့ အချိန်ကုန်စရာလိုဘူးလို့ ထင်ခဲ့တယ်။ ကျွန်မက ကိုယ့်တာဝန်မှာ အားစိုက်မှုတိုင်းကို ချွေတာတယ်ဆိုတာ မြင်ခဲ့ပါတယ်။ ကျွန်မက လွတ်ပေးထားတဲ့နည်းကို သုံးပြီးတော့ ကြီးကြပ်ရေးမှူးရာထူးကို ယူထားတယ်။ တကယ်ကို တာဝန်မသိတတ်ခဲ့တာပါ။ ကျွန်မက အရမ်းလည်း စိတ်ကြီးဝင်တယ်။ ကိုယ့်အယူအဆတွေ၊ စိတ်ကူးတွေကို အခြေခံပြီး ကျွန်မက အဖွဲ့ထဲက လူတိုင်းက တာဝန်တွေကို ကောင်းကောင်းလုပ်တယ်၊ ဒါကြောင့် စိုးရိမ်စရာမလိုဘူး၊ ပြီးတော့ ကျွန်မက သူတို့အလုပ်ကို နောက်ဆက်တွဲလိုက်မလုပ်ရင်တောင် သူတို့က ဆက်လုပ်လိမ့်မယ်လို့ ထင်ခဲ့တယ်။ အဲဒါနဲ့ ကျွန်မက သူတို့အလုပ်ကို သုံးလေးလကြာတဲ့အထိ မမေးဘူး၊ စောင့်မကြည့်ခဲ့ဘူး။ ဒါကြောင့်မို့ အလုပ်မှာ ပြဿနာတွေ ပေါ်လာတယ်။ ကျွန်မက သမ္မာတရားကို နားမလည်ခဲ့ဘူး။ အကြောင်းအရာတွေကို ရှင်းရှင်းလင်းလင်း မမြင်ခဲ့ဘူး။ ဒါတောင်မှ ကျွန်မက အထူးသဖြင့် ကိုယ့်ကိုယ်ကိုယ်ယုံပြီး ကျွန်မယုံတဲ့သူတွေက မမှားနိုင်ပါဘူးလို့ ထင်ခဲ့တယ်။ ကျွန်မက အရမ်းမာနထောင်လွှားပြီး မိုက်မဲခဲ့ပါတယ်။ ဒီအတွေးကြောင့် ကျွန်မ အရမ်းနောင်တရသွားတယ်။ လူတွေနဲ့ ကျွန်မတာဝန်ကို ဘုရားနှုတ်ကပတ်တော်နဲ့အညီဆက်ဆံတာက အရမ်းအရေးပါတယ်ဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မတာဝန်ကို ထမ်းဆောင်ဖို့ နည်းလမ်းရှာဖို့အတွက် ဆက်စပ်တဲ့ ဘုရားနှုတ်ကပတ်တော်အပိုင်းတွေကို ကျွန်မ စရှာတယ်။
မကြာခင်မှာပဲ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ရတယ်။ “အယောင်ဆောင်ခေါင်းဆောင်များသည် အလုပ်တိုးတက်မှု၏ အခြေအနေကို နားမလည်သောကြောင့် ၎င်းတို့သည် အလုပ်တွင် ပေါ်ပေါက်လာသည့် ပြဿနာများကိုဖြေရှင်းနိုင်စွမ်း ရှိဖို့ မဆိုထားနှင့်၊ အချိန်မီ ကိုင်တွယ်နိုင်စွမ်းမရှိကြဘဲ၊ ယင်းက ထပ်ခါထပ်ခါ နှောင့်နှေးမှုများ မကြာခဏဖြစ်စေသည်။ အချို့အလုပ်တွင် လူတို့သည် စည်းမျဉ်းများကို နားလည်သဘောပေါက်ခြင်း မရှိသောကြောင့်၊ ဦးဆောင်ရန် သင့်တော်သောသူ မည်သူမျှမရှိသောကြောင့် အလုပ်ကို ဆောင်ရွက်နေသောသူတို့သည် အပျက်သဘောဆောင်ခြင်း၊ မတက်မကြွဖြစ်ခြင်း၊ စောင့်ဆိုင်းခြင်းအခြေအနေတွင် မကြာခဏ တည်ရှိကြသည်။ ယင်းသည် အလုပ်တိုးတက်မှုကို အလွန်အမင်းထိခိုက်သည်။ ခေါင်းဆောင်က သူ၏ တာဝန်ကို ဖြည့်ဆည်းခဲ့ပြီးဖြစ်လျှင်၊ ဦးဆောင်လျှင်၊ အလုပ်ကို တိုးတက်အောင် လုပ်လျှင်၊ တွန်းပို့လျှင်၊ အလျင်အမြန်လုပ်စေလျှင်၊ လမ်းပြမှုပေးရန်အတွက် ပါဝင်သောအလုပ်အမျိုးအစားကို နားလည်သောသူကို တွေ့ရှိခဲ့ပြီးဖြစ်လျှင် အလုပ်သည် ထပ်ခါထပ်ခါ နှောင့်နှေးမှုများဖြစ်မည့်အစား ပို၍ လျင်မြန်စွာ တိုးတက်လိမ့်မည်။ ဤသို့ဆိုလျှင် ခေါင်းဆောင်များအတွက် အလုပ်၏ တကယ့်အခြေအနေကို နားလည်သဘောပေါက်ရန် မရှိမဖြစ်လိုအပ်သည်။ တိုးတက်မှုသည် အလုပ်၏ ထိရောက်မှုနှင့်လည်းကောင်း၊ ဤအလုပ်တွင် ထမြောက်အောင်မြင်ရန် ရည်ရွယ်ထားသော ရလဒ်တို့နှင့်လည်းကောင်း ဆက်နွှယ်နေသည့်အတွက်၊ အလုပ်သည် မည်သို့တိုးတက်နေသည်ကို နားလည်သဘောပေါက်ရန် ခေါင်းဆောင်များအတွက် အလွန်ပင် လိုအပ်သည်မှာ မှန်ပေသည်။ အလုပ်သည် မည်သို့တိုးတက်နေသည်ကို ခေါင်းဆောင်တစ်ယောက်က အနည်းငယ်မျှပင် နားလည်သဘောပေါက်ခြင်းမရှိပါက စစ်ဆေးခြင်း၊ သို့မဟုတ် စောင့်ကြည့်လေ့လာခြင်း မရှိပါက၊ တာဝန်တစ်ခုကို ထမ်းဆောင်နေသည့် လူအများစုသည် အပျက်သဘောဆောင်ကာ မတက်ကြွသည့် သဘောထားတစ်ခု ရှိလိမ့်မည်။ ၎င်းတို့သည် အလွန်အမင်း စိတ်မပါဖြစ်ကာ ဝန်ထမ်းစိတ်ရှိမည် မဟုတ်ပေ။ ၎င်းတို့သည် ပေါ့ဆပြီး ဝတ်ကျေတမ်းကျေဖြစ်လိမ့်မည်၊ သို့ဖြစ်၍ အလုပ်သည် နှေးကွေးစွာ တိုးတက်ဖို့ သေချာပေသည်။ လမ်းပြမှုနှင့် ကြီးကြပ်မှုပေးရန်၊ လူများကို ဆုံးမပဲ့ပြင်ကာ ကိုင်တွယ်ဖြေရှင်းရန် ဝန်ထမ်းစိတ်ထားသူနှင့် အလုပ်ကို နောကျေသူမရှိပါက၊ အလုပ်၏ ဖြစ်ထွန်းမှုနှင့် ထိရောက်မှုတို့သည် ပင်ကိုအားဖြင့် အလွန် နိမ့်ကျလိမ့်မည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက ဤအရာကိုပင် မမြင်နိုင်လျှင်၊ ၎င်းတို့သည် မိုက်မဲပြီး မျက်ကန်းနေကြသည်။ ထို့ကြောင့် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များက အလုပ်၏ တိုးတက်မှုအကြောင်း ပို၍ အချိန်မီ သိရှိဖို့၊ စောင့်ကြည့်စစ်ဆေးဖို့နှင့် မိမိတို့ကိုယ်တိုင် အကျွမ်းတဝင် ရှိအောင် လုပ်ဖို့သည် အရေးအကြီးဆုံးဖြစ်သည်။ လူများသည် ပျင်းရိသောကြောင့် အလုပ်တိုးတက်မှုကို အချိန်နှင့်တပြေးညီနားလည်ခြင်းကို ပိုင်ဆိုင်သော ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ၏ လမ်းပြမှု၊ တွန်းအားပေးမှု၊ နောက်မှ လိုက်လံဆောင်ရွက်မှုမရှိဘဲ၊ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ မရှိဘဲ လူတို့သည် ခိုကတ်ခြင်း၊ ပျင်းရိခြင်း၊ ဝတ်ကျေတမ်းကျေလုပ်ဆောင်ခြင်းတို့ ဖြစ်ဖွယ်ရှိသည်။ ယင်းသည် ၎င်းတို့၏အလုပ်အပေါ် ၎င်းတို့၏ သဘောထားဖြစ်လျှင် ဤအလုပ်၏ တိုးတက်မှုသည် အလွန်အမင်း ထိခိုက်မည်ဖြစ်ပြီး ထိရောက်မှုသည်လည်း ထိခိုက်လိမ့်မည်။ ဤအခြေအနေများကို ကြည့်လျှင် အရည်အချင်းပြည့်မီသော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်၏ အချက်အလက်တိုင်းကို ချက်ချင်း လိုက်လံမှတ်သားပြီး ဝန်ထမ်းများနှင့်၊ အလုပ်နှင့်သက်ဆိုင်သော အခြေအနေကို သိရှိထားသင့်သည်။ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များကဲ့သို့ လုံးဝ မဖြစ်သင့်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) ဘုရားနှုတ်ကပတ်တော်က ကျွန်မတို့တာဝန်မှာ အရည်အချင်းပြည့်မီဖို့အတွက် လက်တွေ့လုပ်ဖို့လမ်းကြောင်းတစ်ခုကို ထောက်ပြတယ်။ ခေါင်းဆောင်၊ သို့မဟုတ် ကြီးကြပ်သူတစ်ယောက်အနေနဲ့ ကျွန်မတို့တာဝန်မှာ တာဝန်ခံရမယ်။ ဇာတိပကတိရဲ့ သက်သာမှုကို မတပ်မက်ရဘူး။ အလုပ်အတွက် တာဝန်သိတတ်ရမယ်။ ကိစ္စတွေကို အချိန်မီ နောက်ဆက်တွဲလုပ်ရမယ်။ စူးစမ်းရမယ်။ စောင့်ကြည့်ပြီး စစ်ဆေးရမယ်။ အလုပ်မှာပါဝင်တဲ့သူတွေအတွက် ပြဿနာတွေကို အချိန်မီ တွေ့ပြီး လွဲနေတာတွေကို ပြန်တည့်ဖို့အတွက် သူတို့အခြေအနေတွေ၊ တာဝန်တွေရဲ့ အသေးစိတ်အချက်တွေကို အမြဲတမ်းသိထားအောင် လုပ်ရမယ်။ လူတွေက စုံလင်ခြင်းမခံရသေးတာကြောင့် အားလုံးက ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေရှိတယ်။ ဒါကြောင့် သူတို့အခြေအနေတွေက ကောင်းနေတဲ့အချိန်မှာ တာဝန်တွေကို ကျေပွန်စွာ၊ တာဝန်သိစွာ၊ ထိရောက်စွာနဲ့ ထမ်းဆောင်နိုင်တယ်။ ဒါပေမဲ့ ဒါက သူတို့ဟာ လုံးဝ စိတ်ချရတယ်ဆိုတဲ့ သဘောမဟုတ်ဘူး။ သူတို့အခြေအနေတွေက သာမန်မဟုတ်တဲ့အခါ၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ နေတဲ့အခါမှာ သူတို့က တမင်ရည်ရွယ်တာမဟုတ်ဘဲ ဖြစ်သလိုလုပ်ကြပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်တာတွေကို လုပ်ကြတယ်။ ဒါကြောင့် လူတွေက သူတို့တာဝန်တွေကို ထမ်းဆောင်တဲ့အခါ ခေါင်းဆောင်၊ အမှုဆောင်၊ ကြီးကြပ်သူတွေက အလုပ်ကို စစ်ပြီး နောက်ဆက်တွဲလုပ်ဖို့လိုတယ်။ ပြဿနာတွေ တွေ့တဲ့အခါမှာ အချိန်မီ ပြန်တည့်ဖို့ လိုတယ်။ ဒါ သူတို့တာဝန်ပဲ။ ဒီလိုအပ်ချက်တွေကို ကျွန်မ နားလည်သွားတာနဲ့ အဖွဲ့ရဲ့ အလုပ်ကို စကြီးကြပ်စစ်ဆေးပြီး လေ့လာတယ်။ သူတို့ရဲ့သွေဖည်မှုတွေကို ပြင်ဖို့ စုဝေးပွဲတွေ ပုံမှန်သွားတယ်။ ပြဿနာတွေ တွေ့တဲ့အခါမှာ အဖွဲ့ခေါင်းဆောင်ကို အချိန်မီပြောပြတယ်။ နောက်ပိုင်းမှာ အလုပ်အစီအစဉ်နဲ့ အဖွဲ့တိုးတက်မှုကိုလည်း ကျွန်မတို့အတူတူ ဆွေးနွေးတယ်။ အလုပ်က စီစဉ်ထားတဲ့အချိန်တွင်းမှာ ပြီးသွားတယ်။ တခြားလူတွေကို သူတို့လိုအပ်တဲ့နေရာမှာ တာဝန်တွေ စီစဉ်ပေးနိုင်အောင်လို့ အလုပ်အတွက် လိုအပ်တဲ့သူတွေအတွက် အမှုထမ်းတွေကို လျှော့ချပေးတယ်။ ဒီလို လက်တွေ့လုပ်ပြီးတဲ့နောက်မှာ ကျွန်မ တော်တော်စိတ်သက်သာသွားတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်မတာဝန်ရှိတဲ့အပိုင်းမှာရှိတဲ့အလုပ်ကို အရင်ကထက်ပိုပြီး ဝီရိယရှိရှိနဲ့ ကြီးကြပ်စစ်ဆေးတယ်။ အခု ကျွန်မက သမ္မာတရားကို လက်တွေ့လုပ်နေပြီ၊ ပြောင်းလဲမှုနည်းနည်းရှိလာပြီလို့ ထင်တာ။ အခြေအနေအသစ်ပေါ်လာတော့ ကျွန်မ ထုတ်ဖော်ခံရပြန်ရော။
မကြာခင်မှာပဲ ကျွန်မအလုပ်ပမာဏာက မြှင့်လာတယ်။ ကျွန်မတာဝန်မှာ အလုပ်တစ်ခုကိုပြီးဖို့ အချိန်အများကြီးသုံးရတယ်။ ကျွန်မက အရင်က အဖွဲ့တိုင်းရဲ့အလုပ်ကို ကြီးကြပ်စစ်ဆေးတယ်။ ကိစ္စတွေက အခု တည်ငြိမ်သွားပြီလို့ ထင်တာ။ အဖွဲ့တိုင်းရဲ့ အသေးစိတ်အချက်တွေကို ဆက်တိုက်မေးနေဖို့က အချိန်နဲ့ အားအင် အများကြီးကုန်တယ်။ အဲဒါကြောင့် ကျွန်မအချိန်စာရင်းက အရမ်းကျပ်ပြီး ဖိအားအရမ်းများတယ်။ ကျွန်မ တွေးမိတယ်။ ကျွန်မ အရမ်းစိတ်ပူမနေရအောင်လို့ အလုပ်တချို့ကို အဖွဲ့တစ်ခုခုဆီကို ခွဲပေးလို့ရနိုင်မလားပေါ့။ အဖွဲ့တစ်ခုကို ကျွန်မစဉ်းစားမိတယ်။ အဲဒီမှာ အဖွဲ့ခေါင်းဆောင်နှစ်ယောက်လုံးက တာဝန်မှာ တက်ကြွပြီး အဖိုးအခပေးဆပ်နိုင်တယ်။ အဖွဲ့ထဲက အလုပ်ကို သူတို့ကို ကျွန်မ လွှဲပြောင်းပေးပြီး အသေးစိတ် ကြီးကြပ်စစ်ဆေးခိုင်းရင် ကျွန်မက အကြောင်းအရာတွေရဲ့ ဦးတည်ချက်ကိုကြည့်ပြီး အလုပ်အစည်းအဝေးတွေကို ပုံမှန်တက်တာပဲလုပ်ရမယ်။ ကျန်တာတွေကို သူတို့ကိုပဲ ကိုင်တွယ်ခိုင်းရင် ပြဿနာသိပ်ရှိမှာမဟုတ်ဘူး။ အဲဒီလိုနဲ့ ကျွန်မရဲ့ ပြဿနာဟောင်းက ပြန်ပြီး ခေါင်းထောင်လာတယ်။ ကျွန်မက ကိုယ့်အလုပ်သစ်မှာ စိတ်နှစ်လုပ်ပြီး အဲဒီအဖွဲ့ရဲ့အလုပ်ရဲ့ အသေးစိတ်အချက်တွေကို သိပ်မမေးတော့ဘူး။ အဖွဲ့ခေါင်းဆောင်တွေက ကိစ္စတွေကို ကိုင်တွယ်နိုင်တယ်၊ ပြဿနာရှိရင် သူတို့ ကျွန်မကိုလာပြောတာကို စောင့်လို့ရတယ်လို့ ကျွန်မ ခံစားမိတယ်။ တစ်နေ့တော့ ကျွန်မက ကိစ္စတွေကို မှန်မှန်ကန်ကန်နဲ့ မကြီးကြပ်မစစ်ဆေးဘူး၊ သူတို့အလုပ်ကို အသေးစိတ်မမေးဘူးဆိုပြီး အဖွဲ့ခေါင်းဆောင်တစ်ယောက်က ထောက်ပြတယ်။ အဖွဲ့ထဲကလူတချို့က အချိန်ဆွဲနေပြီး ပျင်းနေကြတယ်။ ဒါပေမဲ့ ကျွန်မက နောက်ဆက်တွဲလိုက်လုပ်ပြီး ဖြေရှင်းတာတွေ မလုပ်ဘူး။ အလုပ်တိုးတက်မှုကို ထိခိုက်နေတယ်ပေါ့။ ဒါကို ကျွန်မကြားတော့ အတိုက်အခံဖြစ်မိတယ်။ ကျွန်မက တွေးတယ်။ “ရှင်တို့ အဖွဲ့ခေါင်းဆောင်နှစ်ယောက်က မကိုင်တွယ်နိုင်ဘူးလား။ အခု ကျွန်မက တခြားအလုပ်တွေရှိနေတယ်။ ကျွန်မက အရမ်းစေ့စပ်ပြီး အလုပ်တိုင်းကို အချိန်တွေအများကြီးယူရင် ပြီးနိုင်ပါဦးမလား။ ရှင်တို့က ကျွန်မကို အရမ်းခိုင်းနေတာမဟုတ်ဘူးလား” ပေါ့။ ဒါပေမဲ့ ကျွန်မငြင်းတာတွေကြောင့် ကျွန်မ နည်းနည်း စိတ်မသက်မသာဖြစ်မိတယ်။ နောက်တော့ ကျွန်မ ပြန်စဉ်းစားကြည့်ပြီးတော့ ကျွန်မက သူတို့အလုပ်ရဲ့ အသေးစိတ်အချက်တွေကို သိပ်ပြီး နောက်ဆက်တွဲလိုက်မလုပ်ဘူးဆိုတာ သတိထားမိသွားတယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေတွေ၊ သူတို့က တာဝန်မှာ စည်းမျဉ်းနဲ့ညီမညီ သူတို့အလုပ် အရည်အသွေးတွေ အားလုံးက ကျွန်မ နားမလည်တဲ့အရာတွေပဲ။ ဒီနေရာမှာ ကျွန်မ စပြီး တွေးမိတယ်။ အရင်တုန်းက ကျွန်မက လွတ်ပေးထားတဲ့နည်းကိုသုံးပြီး တာဝန်မှာ စည်းဖောက်ခဲ့တယ်။ ဒါဆို ဘာလို့ ကျွန်မက ဒါကိုပဲ ထပ်လုပ်နေရတာလဲ။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ထဲက ဒါကို ကျွန်မ ဖတ်ရတယ်။ “ငါ့နောက်ကွယ်တွင် လူအများအပြားသည် ရာထူးဂုဏ် အဆင့်အတန်းနှင့် သက်ဆိုင်သည့် အကျိုးကျေးဇူးများကို အငမ်းမရဖြစ်ကြသည်။ သူတို့သည် အစားအသောက်ကို တဝတပြဲ စားသောက်ကြပြီး အိပ်စက်ခြင်းကို နှစ်ခြိုက်ပြီ၊ ဇာတိပကတိကိုလုံးဝ ဂရုစိုက်ကာ ဇာတိပကတိကို ရှောင်လွှဲ၍မရဟု အစဉ် စိုးရိမ်နေ၏။ ထိုသူတို့သည် အသင်းတော်တွင် သူတို့၏ သင့်လျော်ရာတာဝန်ကို မဆောင်ရွက်ဘဲ၊ အသင်းတော်ကို ကပ်စားကြသည်။ သို့မဟုတ်ပါက ၎င်းတို့သည် သြဇာအာဏာရှိသော အနေအထားမှ အခြားသူများအပေါ် ဆရာလုပ်ကာ ၎င်းတို့၏ ညီအစ်ကို မောင်နှမများကို ငါ့နှုတ်ကပတ်တော်များဖြင့် ဆိုဆုံးမပေသည်။ ၎င်းတို့သည် ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်နေကြသည်ဟု ဆိုမြဲဆိုနေကြပြီး ၎င်းတို့သည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများဟု အစဉ်အမြဲ ဆိုကြသည်- ဤသည်မှာ ရယ်ဖွယ်ပင် မဟုတ်လော။ အကယ်၍ သင့်ထံတွင် မှန်ကန်သော ရည်ရွယ်ချက်များရှိငြား၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ အစေမခံနိုင်ပါက၊ သင်သည် မိုက်မဲနေခြင်းသာ ဖြစ်သည်။ သို့သော် အကယ်၍ သင်၏ ရည်ရွယ်ချက်များသည် မမှန်ကန်ကြဘဲ၊ သင်သည် ဘုရားသခင်ကို အစေခံသည်ဟု ဆိုနေသေးပါက၊ သင်သည် ဘုရားသခင်ကို ဆန့်ကျင်သောသူတစ်ဦး ဖြစ်ပြီး ဘုရားသခင်၏ အပြစ်ပေးခြင်းကို ခံထိုက်ပေသည်တကား။ ငါ၌ ထိုကဲ့သို့သောလူများအပေါ် သနားကြင်နာမှု မရှိလိုက်လေခြင်း။ ထိုသူတို့သည် ဘုရားသခင်၏အိမ်တော်တွင် ကပ်စားကြကာ ဇာတိပကတိနှင့်ဆိုင်သော ဇိမ်ခံစရာတို့ကို အစဉ်တပ်မက်ကြပြီး ဘုရားသခင်၏အကျိုးများအတွက် ထည့်သွင်းစဉ်းစားခြင်း မရှိကြပေ။ ထိုသူတို့သည် အစဉ် မိမိကောင်းကျိုးရှာပြီး ဘုရားသခင်၏အလိုတော်ကို အလေးမပေးကြပေ။ ၎င်းတို့ ပြုသမျှတို့ကို ဘုရားသခင်၏ ဝိညာဉ်တော်က စိစစ်ခြင်းကို ၎င်းတို့လက်မခံကြပေ။ ၎င်းတို့သည် ၎င်းတို့၏ ညီအစ်ကိုမောင်နှမများကို အစဉ်ပင် အကွက်ဆင်ပြီး လှည့်ဖြားကြသည်။ ထို့အပြင် စပျစ်ခြံတစ်ခြံထဲရှိ မြေခွေးကဲ့သို့ မျက်နှာနှစ်ဘက်ရှိသောကြောင့်၊ စပျစ်သီးများကို အစဉ်ခိုးကာ စပျစ်ခြံကို ဖြတ်နင်းသွားကြသည်။ ထိုသို့သောသူများသည် ဘုရားသခင်၏ ရင်းနှီးသူများ ဖြစ်နိုင်သလော။ သင်သည် ဘုရားသခင်၏ ကောင်းချီးများကို ရရှိရန် သင့်လျော်သလော။ သင်သည် သင်၏အသက်နှင့် အသင်းတော်အတွက် မည်သည့်ဝန်ထုပ်ဝန်ပိုးကိုမျှ မယူပေ။ သင်သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ရရှိရန် သင့်လျော်သလော။ သင်ကဲ့သို့သောသူကို မည်သူက ယုံကြည်စိတ်ချဝံ့မည်နည်း။ သင်သည် ထိုကဲ့သို့ အစေခံသောအခါ၊ ဘုရားသခင်သည် သင့်အား ပို၍ကြီးမားသော တာဝန်ကို အပ်နှံမည်လော။ ဤသည်မှာ အမှုတော်ကို နှောင့်နှေးကြန့်ကြာမှုများ ဖြစ်စေမည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အလိုတော်နှင့် သဟဇာတရှိစွာ အစေခံနည်း) “သင်၌ မည်မျှအရည်အချင်းရှိသည်၊ သင်၏အစွမ်းအစက မည်မျှကြီးမားသည်၊ သို့မဟုတ် သင်မည်မျှပညာတတ်သည်ဆိုသည်တို့ကို မေ့ထားလော့။ အရေးပါသည့်အရာမှာ တကယ့်အလုပ်ကို သင်လုပ်မလုပ်၊ ခေါင်းဆောင်တစ်ယောက်အဖြစ် တာဝန်ဝတ္တရားများကို သင်ဖြည့်ဆည်းခြင်း ရှိမရှိဖြစ်သည်။ သင်ခေါင်းဆောင်ဖြစ်နေသည့် သင်၏ အချိန်ကာလအတွင်းတွင် သင်၏ တာဝန်ဝတ္တရားနယ်ပယ်အတွင်းတွင်ရှိသော အသေးစိတ် အလုပ်တိုင်းတွင် ပါဝင်လုပ်ဆောင်ခဲ့သလော၊ အလုပ်လုပ်ဆောင်နေစဉ်တွင် ပေါ်ပေါက်လာသော ပြဿနာမည်မျှကို သင် ထိရောက်စွာ ဖြေရှင်းခဲ့သနည်း၊ သင်၏ အလုပ်၊ သင်၏ ခေါင်းဆောင်မှု၊ သင်၏ လမ်းပြမှုတို့ကြောင့် လူမည်မျှသည် သမ္မာတရား၏ အခြေခံသဘောတရားများအား နားလည်လာခဲ့ကြသနည်း၊ အသင်းတော်၏ အလုပ်မည်မျှသည် ခရီးရောက်ခဲ့ပြီး ရှေ့ဆက်တိုးခဲ့သနည်း။ အရေးပါသည့်အရာမှာ ဤအရာများဖြစ်သည်။ ဘုရားစာမည်မျှကို သင်ထပ်ခါထပ်ခါ ရွတ်ဆိုနိုင်ပုံ၊ စကားလုံးများနှင့် အယူဝါဒမည်မျှကို သင်ကျွမ်းကျင်တတ်မြောက်ထားပုံတို့ကို မေ့ထားလော့။ နေ့စဉ် ပင်ပန်းစွာလုပ်ကိုင်လျက် သင်အချိန်မည်မျှ ကုန်ဆုံးခဲ့သည်၊ မည်မျှ မောပန်းသည်တို့ကို မေ့ထားလော့။ လမ်းပေါ်တွင် သင်မည်မျှအချိန်ကုန်ဆုံးစေခဲ့သည်၊ အသင်းတော်မည်မျှကို သင်သွားရောက်လည်ပတ်ခဲ့သည်၊ စွန့်စားမှုများကို မည်မျှအထိ သင်လုပ်ဆောင်ခဲ့သည်၊ သင်မည်မျှ ဒုက္ခခံပြီးဖြစ်သည်၊ ဤအရာအားလုံးကို မေ့ပစ်လော့။ သင်၏တာဝန်နယ်ပယ်အတွင်းရှိ အလုပ် မည်မျှထိရောက်ပြီးဖြစ်သည်၊ ယင်းသည် ရလဒ်တစ်ခုတလေ ရရှိပြီးခြင်း ရှိမရှိ၊ ဘုရားအိမ်တော်၏ စီစဉ်မှုများနှင့် သင်ရရှိသင့်သည့် ရည်မှန်းချက်များ မည်မျှကို သင် စွမ်းဆောင်ပြီးဖြစ်သည်၊ ယင်းတို့ထဲမှ မည်မျှကို သင်အကျိုးဖြစ်ထွန်းစေပြီးဖြစ်သည်၊ ယင်းတို့ကို သင်မည်မျှကောင်းမွန်စွာ အကျိုးဖြစ်ထွန်းစေပြီးဖြစ်သည်၊ ယင်းတို့ကို မည်မျှကောင်းမွန်စွာ နောက်ဆက်တွဲ လုပ်ထားပြီးဖြစ်သည်၊ သင်၏အလုပ်၌ ပေါ်ပေါက်လာသည့် ကြီးကြပ်ခြင်းနှင့်ဆိုင်သော ပြဿနာများ၊ သွေဖည်မှုများ၊ သို့မဟုတ် စည်းမျဉ်းချိုးဖောက်မှုများတို့နှင့် ဆက်နွှယ်သည့် ပြဿနာမည်မျှကို သင် ဖြေရှင်းခဲ့၊ ပြုပြင်ခဲ့၊ ထေမိစေခဲ့သည်၊ လူသားအရင်းအမြစ် စီမံခန့်ခွဲရေး၊ စီမံအုပ်ချုပ်ရေး၊ သို့မဟုတ် အထူးအလုပ်တာဝန်မျိုးစုံတို့နှင့် ဆက်နွှယ်သော ပြဿနာမည်မျှကို သင် ကူညီဖြေရှင်းခဲ့သည်၊ ပြီးလျှင် ယင်းတို့ကို သင်သည် စည်းမျဉ်းများနှင့်အညီဖြစ်စေ၊ ဘုရားအိမ်တော်၏ သတ်မှတ်ချက်များအရဖြစ်စေ ဖြေရှင်းခဲ့ခြင်း ရှိမရှိ စသည်တို့ကိုသာ ကြည့်လော။ ဤအရာများအားလုံးသည် ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုဆောင်တစ်ဦးက မိမိ၏ တာဝန်များကို ဖြည့်ဆည်းခြင်း ရှိမရှိ စစ်ဆေးဖို့ စံနှုန်းများ ဖြစ်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) အဆင့်အတန်းရဲ့ အကျိုးကျေးဇူးကို တပ်မက်သူတွေ ဉာဏ်များပြီး လှည့်ကွက်တွေသုံးသူတွေ၊ ကိုယ့်ရဲ့ ဇာတိပကတိ အကျိုးစီးပွားကို စဉ်းစားသူတွေအပေါ်ကို ဘုရားသခင်က ရွံရှာ၊ စက်ဆုပ်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ တွေ့ခဲ့ပါတယ်။ ဒီလိုလူတွေက သူတို့တာဝန်မှာ ဘာအပြုသဘောဆောင်တာကိုမှ မလုပ်နိုင်ဘူး။ သူတို့တာဝန်မှာ လမ်းလွဲတာတွေကို ချက်ချင်းရှာတွေ့ပြီး ပြန်တည့်မတ်တာလည်း မလုပ်နိုင်ဘူး။ သူတို့တာဝန်မသိတတ်တာကြောင့် တာဝန်တွေမှာ ထိခိုက်တာတွေတောင်ဖြစ်စေနိုင်တယ်။ အသင်းတော်အလုပ်ကို အနှောင့်အယှက်တွေဖြစ်စေနိုင်တယ်။ ဒီလိုလူတွေက သူတို့တာဝန်တွေမှာ ရိုးသားစစ်မှန်မှုလုံးဝ ကင်းမဲ့ပြီး ဘုရားရဲ့ စေခိုင်းချက်နဲ့ မထိုက်တန်ပါဘူး။ သူတို့က နောင်တမရရင် နောက်ဆုံးမှာ ဘုရားသခင်က မုန်းတီးပြီး စွန့်ပစ်တာကို ခံရမှာပါ။ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေကို အကဲဖြတ်ဖို့အတွက် ဘုရားရဲ့ စံနှုန်းက သူတို့တွေက လမ်းတွေ ဘယ်လောက်လျှောက်ခဲ့ကြတယ်၊ ဘယ်လောက်လုပ်ခဲ့ကြတယ်ဆိုတာမဟုတ်ဘူး။ လက်တွေ့အလုပ်လုပ်သလား၊ သူတို့တာဝန်ကတစ်ဆင့် တကယ့်ရလဒ်တွေ ထွက်သလားဆိုတာပဲ။ ဘုရားနှုတ်ကပတ်တော်က ဖွင့်ပြတဲ့အရာက ကျွန်မကို အရှက်ရစေတယ်။ အသင်းတော်က ကျွန်မအတွက် ဗီဒီယိုတွေလုပ်တဲ့ အရေးကြီးတဲ့အလုပ်ကို ကိုင်တွယ်ဖို့ စီစဉ်ပေးတယ်။ တာဝန်ကိုပိုပြီး ထမ်းရွက်ခိုင်းတယ်။ ရာထူးတိုးပေးပြီး လေ့ကျင့်ပေးတယ်။ ဒါပေမဲ့ ကျွန်မက လူ့သဘာဝမရှိဘူး။ ကျွန်မတာဝန်မှာ ဒုက္ခမခံချင်ဘူး။ အလုပ်ပမာဏက နည်းနည်းလေး များလာရင် ကျွန်မစဉ်းစားနိုင်တာက သိပ်ဒုက္ခမခံရအောင်၊ စိတ်မပူရအောင် ဘယ်လိုလုပ်မလဲဆိုတာပဲ။ ပိုပြီးစိတ်ပူရတာကြောင့် ကျွန်မ ဇာတိပကတိက ပင်ပန်းမှာကို ကြောက်မိတယ်။ ကျွန်မက ကိုယ့်တာဝန်မှာ လက်တွေ့အလုပ်မလုပ်ဘူးလို့ ညီအစ်ကိုမောင်နှမတွေက ထောက်ပြတဲ့အခါ ကျွန်မက ကိုယ့်ကိုယ်ကိုယ် မှန်ကြောင်းပြဖို့ ဆင်ခြေမျိုးစုံရှာတယ်။ ကျွန်မက ဘုရားသခင် ဖော်ပြသလိုပါပဲ။ “ထိုသူတို့သည် ဘုရားသခင်၏အိမ်တော်တွင် ကပ်စားကြကာ ဇာတိပကတိနှင့်ဆိုင်သော ဇိမ်ခံစရာတို့ကို အစဉ်တပ်မက်ကြပြီး ဘုရားသခင်၏အကျိုးများအတွက် ထည့်သွင်းစဉ်းစားခြင်း မရှိကြပေ။ ထိုသူတို့သည် အစဉ် မိမိကောင်းကျိုးရှာပြီး။” ကျွန်မက ကြီးကြပ်ရေးမှူးအနေနဲ့ အသင်းတော်အလုပ် ပုံမှန်တိုးတက်နေအောင် သေချာလုပ်ဖို့အတွက် ကျွန်မလုပ်ပိုင်ခွင့်ထဲက အလုပ်အားလုံးကို အချိန်မီ နောက်ဆက်တွဲလိုက်လုပ်ပြီး စောင့်ကြည့်သင့်တယ်။ လွဲနေတာတွေ၊ ဟာကွက်တွေကို မြင်တဲ့အခါမှာ ချက်ချင်း ဖြေရှင်းသင့်တယ်။ ဒါက ကျွန်မတာဝန်ပဲ။ ဒါပေမဲ့ ကျွန်မက ကောက်ကျစ်တဲ့ မြေခွေးလိုပဲ။ လှည့်စားတယ်။ ဉာဏ်များတယ်။ တာဝန်ကို မသိတတ်ဘူး။ ကျွန်မက အလုပ်ကို တကယ်မလုပ်ဘဲနဲ့ ကြီးကြပ်ရေးမှူးရာထူးကို ယူထားတယ်။ အလုပ်အသေးစိတ်အချက်တွေကို မကြီးကြပ်မစစ်ဆေးဘူး။ ရလဒ်အနေနဲ့ အဖွဲ့ရဲ့ ပြဿနာတွေကို အချိန်မီ မတွေ့ဘူး၊ မဖြေရှင်းမိဘူး။ အလုပ်က ထိရောက်မှုမရှိဖြစ်လာတယ်။ ဒါကြောင့် အသင်းတော်အလုပ်ရဲ့ ပုံမှန်တိုးတက်မှုကို ထိခိုက်လာတယ်။ ကျွန်မက ကိုယ့်တာဝန်ကို တကယ်ထမ်းဆောင်နေတာ လုံးဝ မဟုတ်ပါဘူး။ ကျွန်မက ကိုယ့်ရာထူးကို အသုံးမကျဘဲ ယူထားတာ သိသာပါတယ်။ လူတိုင်းကို ပြောင်ပြောင်တင်းတင်း လှည့်စားပြီး လက်တွေ့အလုပ်မလုပ်ဘူး။ ကျွန်မက အရမ်းကို မယုံကြည်ထိုက်ပါဘူး။ အသင်းတော်က ကျွန်မအတွက် အလုပ်စီစဉ်ပေးပြီး တာဝန်ယူခိုင်းတယ်။ ဒါပေမဲ့ ကျွန်မက လွှတ်ပေးထားတဲ့နည်းလမ်းကို သုံးတယ်။ ကျွန်မက တကယ်ကို ဒီလိုအရေးကြီးတဲ့တာဝန်နဲ့ မတန်ပါဘူး။ ကိုယ့်တာဝန်ကို ဒီလို တာဝန်မသိတဲ့ သဘောထားနဲ့ အမြဲတမ်းဆက်ဆံရင် လက်တွေ့အလုပ်ကို မလုပ်သေးဘူးဆိုရင် အဆုံးမှာ ဘုရားက မုန်းတီးပြီး ထုတ်ပယ်တာကိုပဲ ခံရနိုင်တယ်။ ဒါကို စဉ်းစားရင်းနဲ့ ကျွန်မ နည်းနည်းကြောက်လာတယ်။ အဲဒါနဲ့ ကျွန်မရဲ့ မမှန်ကန်တဲ့ အခြေအနေကို ပြောင်းလဲတဲ့နေရာမှာ လမ်းပြဖို့ အလုပ်မှာ ကျွန်မ တာဝန်သိတတ်ပြီး ကိုယ့်တာဝန်တွေကို ဖြည့်ဆည်းဖို့ ဆန္ဒရှိပါတယ်ဆိုတာပြောဖို့ ဘုရားကို ဆုတောင်းတယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ထဲမှာ လက်တွေ့လုပ်ဖို့ လမ်းကြောင်းတွေကို ကျွန်မ တွေ့တယ်။ “ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သော လူတို့သည် ၎င်းတို့ကိုယ်ပိုင် အကျိုးအမြတ်များနှင့် နစ်နာဆုံးရှုံးမှုများကို တွက်ချက်မနေဘဲ ၎င်းတို့၏ တာဝန်များကို တလိုတလား ထမ်းဆောင်ကြသည်။ သင်သည် သမ္မာတရားကို လိုက်စားသောသူ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သင်၏ တာဝန်ကို ထမ်းဆောင်သောအခါ သင်၏ အသိတရားနှင့် ဆင်ခြင်တုံတရားကို အမြဲပင် အားထားပြီး အမြဲ အမှန်တကယ် အလုပ်ကြိုးစားရမည်။ အမှန်တကယ် အလုပ်ကြိုးစားခြင်းဆိုသည်မှာ မည်သည့်အဓိပ္ပာယ် ဖြစ်သနည်း။ အလုပ်ဖြစ်ရုံမျှသာရှိသော အားစိုက်မှုအချို့ကို လုပ်ဆောင်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခ အနည်းငယ်ခံစားခြင်းမျှဖြင့်သာ ကျေနပ်ပြီး သင်၏တာဝန်ကို လုံးဝ အလေးအနက်မထားလျှင်၊ သို့မဟုတ် သမ္မာတရား၏စည်းမျဉ်းများကို မရှာဖွေလျှင် ဤသည်မှာ ပေါ့ဆခြင်း၊ ဝတ်ကျေတမ်းကျေပြုခြင်းမှလွဲ၍ အခြားမဟုတ်ပေ။ ဤသည်မှာ အမှန်တကယ် အားစိုက်ထုတ်ခြင်းမဟုတ်ပေ။ အားစိုက်ထုတ်ရာတွင် အဓိကသော့ချက်သည် မိမိ၏စိတ်နှလုံးကို နှစ်မြှုပ်လုပ်ဆောင်ခြင်း၊ မိမိစိတ်နှလုံးတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း၊ ဘုရားသခင်၏အလိုတော်ကို အလေးထားခြင်း၊ ဘုရားသခင်ကို မနာခံဘဲ ဘုရားသခင်ကို နာကျင်စေခြင်းအား ကြောက်လန့်ခြင်း၊ သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်ပြီး ဘုရားသခင်ကို ကျေနပ်စေရန် မည်သည့် ဆင်းရဲဒုက္ခကိုမဆို ခံခြင်းတို့ဖြစ်သည်။ သင့်တွင် ဘုရားသခင်ကို ဤနည်းဖြင့် ချစ်သော စိတ်နှလုံးတစ်ခုရှိလျှင် သင်၏ တာဝန်ကို မှန်ကန်စွာ ထမ်းဆောင်နိုင်လိမ့်မည်။ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်အား ကြောက်ရွံ့ခြင်းမရှိလျှင် သင်၏တာဝန်ကိုထမ်းဆောင်သောအခါ တာဝန်ခံမှုရှိမည်မဟုတ်ပေ။ စိတ်ဝင်စားမှုရှိမည်မဟုတ်ပေ။ မလွဲမသွေပင် ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုလိမ့်မည်။ မည်သည့် စစ်မှန်သောအကျိုးမျှ မဖြစ်ထွန်းဘဲ အပေါ်ယံသာ လုပ်ဆောင်လိမ့်မည်။ ဤသည်မှာ တာဝန်ထမ်းဆောင်ခြင်းမဟုတ်ပေ။ သင့်တွင် အမှန်တကယ်ပင် တာဝန်သိစိတ်ရှိလျှင်၊ သင်၏တာဝန်ကိုထမ်းဆောင်ခြင်းသည် သင်၏ တစ်ကိုယ်ရေတာဝန်ဖြစ်ကာ၊ တာဝန်မထမ်းဆောင်လျှင်၊ သင်သည် အသက်ရှင်ရန် မထိုက်တန်ဘဲ သားရဲတစ်ကောင်ဖြစ်သည်ဟူ၍လည်းကောင်း၊ သင်၏တာဝန်ကို မှန်ကန်စွာထမ်းဆောင်မှသာ လူသားဟု ခေါ်ဆိုထိုက်သည်ဟူ၍လည်းကောင်း၊ သင်၏ကိုယ်ပိုင်အသိတရားကို ရင်ဆိုင်နိုင်သည်ဟူ၍လည်းကောင်း ခံစားရလျှင်၊ သင့်တာဝန်ကိုထမ်းဆောင်ရာတွင် ဤတာဝန်ခံယူစိတ်ရှိလျှင် သင်သည် အရာရာတိုင်းကို တာဝန်ကျေပွန်စွာ လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ပြီး သမ္မာတရားကို ရှာဖွေနိုင်ကာ အမှုအရာများကို စည်းမျဉ်းနှင့်အညီ လုပ်ဆောင်နိုင်လိမ့်မည်။ ဤသို့ဖြင့် သင်၏ တာဝန်ကို မှန်ကန်စွာ ထမ်းဆောင်နိုင်ပြီး ဘုရားသခင်ကို ကျေနပ်စေနိုင်လိမ့်မည်။ အကယ်၍ သင့်အား ဘုရားသခင်ပေးအပ်သည့် တာဝန်နှင့် သင်ထိုက်တန်လျှင်၊ သင့်အတွက် ဘုရားသခင်အနစ်နာခံ စွန့်လွှတ်ခဲ့သော အရာအားလုံးနှင့်လည်းကောင်း၊ သင့်အပေါ် ဘုရားသခင်၏ မျှော်မှန်းချက်များနှင့်လည်းကောင်း သင်ထိုက်တန်လျှင် ဤသည်မှာ အမှန်တကယ် ကြိုးစားလုပ်ဆောင်ခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏တာဝန်ကို ကောင်းစွာထမ်းဆောင်ဖို့ရာ အကြင်သူသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ အနည်းဆုံး ပိုင်ဆိုင်ရမည်) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ အရမ်းရှက်သွားတယ်။ ဘုရားသခင်ကို ကျွန်မ နှစ်တွေအများကြီး ယုံကြည်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေ အများကြီးဖတ်တယ်။ ဒါပေမဲ့ အလုပ်နည်းနည်းပိုလုပ်တာက ဇာတိပကတိ ပိုပင်ပန်းပြီး စိတ်ပူရတဲ့သဘောပဲလို့ ထင်ခဲ့တယ်။ အဲဒါနဲ့ ဒါက ဒုက္ခပေးပြီး ပင်ပန်းတယ်လို့ မြင်ပြီးတော့ လွှတ်ပေးထားတဲ့နည်းကို အသုံးပြုခဲ့တယ်။ ကျွန်မသဘာဝက ဘယ်လောက် တစ်ကိုယ်ကောင်းဆန်ပြီး ပျင်းရိတယ်ဆိုတာ ဘုရားသခင်အပေါ် ရိုးသားစစ်မှန်မှုမရှိဘူးဆိုတာ၊ ကိုယ့်တာဝန်အတွက် တကယ်တာဝန်ခံယူမှုမရှိဘူးဆိုတာ ကျွန်မ မြင်ခဲ့ပါတယ်။ ကြီးကြပ်ရေးမှူးအနေနဲ့ ကျွန်မက ကြီးကြပ်ရေးမှူးလုပ်သင့်တဲ့အလုပ်ကို မလုပ်ခဲ့ဘူး။ ကျွန်မက ကိုယ့်တာဝန်ကို ပျက်ကွက်နေတာပါ။ မိသားစုခွေးတစ်ကောင်ကတောင်မှ အိမ်ကို ကာကွယ်ပြီး ပိုင်ရှင်အပေါ် သစ္စာရှိနိုင်တယ်။ ကျွန်မက ဖန်ဆင်းခံတစ်ယောက်ဖြစ်ပေမဲ့ ဖန်ဆင်းခံရဲ့ တာဝန်ကို မဖြည့်ဆည်းခဲ့ဘူး။ ကျွန်မက လူသားလို့ ခေါ်ဖို့ ဘယ်လိုထိုက်တန်မှာလဲ။ ကျွန်မထက်ပိုပြီး အလုပ်တွေ တာဝန်ယူရတဲ့၊ တာဝန်တွေကို စစ်မှန်စွာထမ်းဆောင်တဲ့ ဒုက္ခခံပြီး အဖိုးအခပေးဆပ်နိုင်တဲ့၊ တာဝန်တွေမှာ အချိန်ပိုပြီး ကုန်ဆုံးစေနိုင်တဲ့၊ အားလုံးကို ပင်ပန်းပြီး လဲပြိုတာတွေ မဖြစ်ဘဲလုပ်နိုင်တဲ့ ညီအစ်ကိုမောင်နှမတွေ အသင်းတော်မှာ အများကြီးရှိပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ ဘုရားအလိုတော်ကို သူတို့ ထည့်စဉ်းစားလေလေ၊ ဘုရားက သူတို့ကို ကောင်းချီးပေးလေလေ အသက်တာမှာ သူတို့ ကြီးထွားလေလေပဲ။ ပြန်စဉ်းစားကြည့်ရင် ကျွန်မအလုပ်ပမာဏက သင့်တင့်ပါတယ်။ မနိုင်မနင်းမဟုတ်ပါဘူး။ ကျွန်မက ဇာတိပကတိကို စွန့်လွှတ်သရွေ့၊ ဒုက္ခခံပြီး အဖိုးအခပေးဆပ်သရွေ့ အဖွဲ့တစ်ခုစီရဲ့ အသေးစိတ်အချက်တွေကို နောက်ဆက်တွဲလိုက်လုပ်ဖို့ လုံးဝဖြစ်နိုင်ပါတယ်။ အဲဒီနောက်တော့ ကျွန်မ အလုပ်အချိန်စာရင်းကို ပြန်စီစဉ်တယ်။ ကျွန်မတာဝန်ယူရတဲ့နယ်ပယ်ထဲက အရာရာတိုင်းကို အချိန်စာရင်းအသစ်နဲ့အညီ နောက်ဆက်တွဲလိုက်လုပ်တယ်။ ကျွန်မတာဝန်မှာရှိတဲ့ ဘယ်အရာကမှ လုံးဝ မနှောင့်နှေးတော့ဘူး။
တစ်နေ့တော့ ကျွန်မက ဂရုမက်ဆေ့ချ်တွေဖတ်နေတယ်။ ပြီးတော့ အဖွဲ့ရဲ့အလုပ်မှာ လမ်းလွဲတာတချို့ကို တွေ့မိတယ်။ ပြဿနာကို ကျွန်မ အမြန်စစ်ဆေးပြီး အဖွဲ့ခေါင်းဆောင်နဲ့ ဆွေးနွေးပြီးတော့ ဖြေရှင်းချက်တစ်ခုတွေ့သွားတယ်။ ဒီအချိန်မှာ ကျွန်မ တော်တော်အံ့သြသွားတယ်။ လက်တွေ့အလုပ်ကိုလုပ်တယ်ဆိုတာ အဖွဲ့ထဲမှာ လူတွေကို တစ်နေကုန်စောင့်ကြည့်နေတဲ့သဘောမဟုတ်ဘူး။ ဒါက နည်းနည်းလေးပိုပြီး ဝီရိယရှိရင် လုပ်နိုင်တဲ့အရာတစ်ခုပဲ။ အရင်တုန်းက ကျွန်မက ဒီဂရုမက်ဆေ့ချ်တွေကို လုံးဝ မဖတ်လုနီးပါးပဲ။ ပြဿနာတွေက ဒီမှာတင် ချပြထားတယ်။ ဒါပေမဲ့ ကျွန်မက လုံးဝ သတိမထားမိဘူး။ ကျွန်မက နည်းနည်းပိုပြီး အားစိုက်တဲ့အခါမှာ ပြဿနာတွေ၊ လမ်းလွဲတာတွေကို ရှာတွေ့နိုင်တယ်။ အလုပ်ကို မထိခိုက်လာအောင်လို့ ဒါတွေကို အချိန်မီ ဖြေရှင်းနိုင်တယ်။ အဲဒီနောက်တော့ သူတို့အလုပ်အကြောင်းသိအောင်လို့ အဖွဲ့ထဲက အဖွဲ့ဝင်တိုင်းနဲ့ စကားပြောတယ်။ ဒီလုပ်ငန်းစဉ်ကနေ နောက်ထပ်လမ်းလွဲတာတွေ တွေ့လာရတယ်။ အဖွဲ့ခေါင်းဆောင်နဲ့ ကျွန်မက သူတို့တွေနဲ့အတူ စည်းမျဉ်းတွေကို မိတ်သဟာယဖွဲ့တယ်။ လမ်းလွဲတာတွေက အမြန် ပြေလည်သွားတယ်။ အလုပ်ထိရောက်မှုက တိုးတက်သွားတယ်။ ကျွန်မက အဲဒီနေ့တွေမှာ နည်းနည်းပိုပြီး အလုပ်ရှုပ်ပေမဲ့ ဒီလို လက်တွေ့လုပ်ပြီးတဲ့နောက်မှာ တော်တော်စိတ်အေးပြီး ငြိမ်းချမ်းသွားတယ်။
ဘုရားသခင်ရဲ့လမ်းပြခြင်းအတွက် ဘုရားကို အရမ်းကျေးဇူးတင်မိတယ်။ ဒီအတွေ့အကြုံတွေကတစ်ဆင့် ကျွန်မရဲ့ တစ်ကိုယ်ကောင်းဆန်ပြီး ပျင်းရိတဲ့ သဘာဝကို နည်းနည်းသိမြင်လာတယ်။ တာဝန်မသိတတ်တာ၊ သက်သာတာကို တပ်မက်တာက အလုပ်ကို နှောင့်နှေးစေနိုင်တယ်၊ ပိုဆိုးလာရင် အသင်းတော်အလုပ်ကို အနှောင့်အယှက်ဖြစ်စေနိုင်တယ်ဆိုတာကိုလည်း ကျွန်မ တွေ့ခဲ့ပါတယ်။ ကြီးကြပ်ရေးမှူးတစ်ယောက်အနေနဲ့ ကျွန်မ လွှတ်ပေးထားတဲ့နည်းကို သုံးလို့ မရတော့ဘူး။ အလုပ်ကို ခဏခဏ ကြီးကြပ်ပြီး နောက်ဆက်တွဲလုပ်ရမယ်။ ပြဿနာတွေကို ခွဲခြားဖော်ထုတ်ပြီး ဖြေရှင်းရမယ်။ ဒီနည်းနဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်ခြင်းကသာ ရလဒ်ကောင်းတွေရပြီး ဘုရားအလိုတော်ကို ကျေနပ်စေနိုင်ပါတယ်။