၅၈။ လူတွေကို ဘယ်လို မှန်မှန်ကန်ကန် ဆက်ဆံရမလဲဆိုတာကို ကျွန်မ သိသွားပြီ
၂၀၂၃ ခုနှစ်မှာ၊ အသင်းတော် ခေါင်းဆောင်တာဝန်ကို ကျွန်မ လုပ်နေခဲ့ပြီး၊ ညီအစ်မ ဟေလီနဲ့ တွဲလုပ်ရတယ်။ အရင်တုန်းက၊ ဟေလီက ခေါင်းဆောင်ဖြစ်လာခဲ့ပြီး အလုပ်တာဝန် အမျိုးမျိုးရဲ့ စည်းမျဉ်းတွေကို နည်းနည်း သဘောပေါက်တယ်။ ကျွန်မတို့နှစ်ယောက် အလုပ်ကို ခွဲလုပ်ပြီးတဲ့နောက်မှာ၊ ဟေလီ တာဝန်ယူရတဲ့အလုပ်နဲ့ပတ်သက်လို့ ကျွန်မ သိပ်စိုးရိမ်စရာ မလိုခဲ့ဘူး။ တစ်ခါတလေ အလုပ်မှာ အခက်အခဲတွေ ကြုံရတဲ့အခါ၊ ဟေလီက ကျွန်မကို ကူညီနိုင်ခဲ့တယ်။ အလုပ်ပမာဏက များပေမဲ့၊ ကျွန်မတို့နှစ်ယောက် တွဲလုပ်တော့၊ ကျွန်မ သက်သောင့်သက်သာရှိတယ်။ ဇူလိုင်လမှာ၊ ဟေလီက တရားဟောဆရာမအနေနဲ့ အရွေးခံရပြီး၊ အသင်းတော် အတော်များများအတွက် တာဝန်တွေ ယူရတယ်။ အဲဒီမှာ ကျွန်မတို့ အသင်းတော်ရဲ့ အလုပ်က ကျွန်မအပေါ်ကိုပဲ ကျလာခဲ့ပြီး၊ အလုပ်ပမာဏကို မျှလုပ်ပေးမဲ့ တစ်ယောက်ယောက် အမြန်ဆုံးရှိဖို့ ကျွန်မ မျှော်လင့်ခဲ့တယ်။ နောက်ပိုင်းမှာ၊ ကျောက်စင်းက နောက်ထပ် အသင်းတော် ခေါင်းဆောင်အနေနဲ့ အရွေးခံခဲ့ရပြီး ကျွန်မက သူနဲ့ တွဲလုပ်ရတယ်။ ကျွန်မ အရမ်းဝမ်းသာခဲ့တယ်။ ကျောက်စင်းက ရေလောင်းတဲ့ သင်းထောက်အနေနဲ့ အစေခံခဲ့ပြီး အသင်းတော် အလုပ်တချို့ကို နားလည်တယ်လေ။ သူ အဲဒီအလုပ်နဲ့ မြန်မြန်ဆန်ဆန် ရင်းနှီးသွားမှာပဲပေါ့။ အခု အလုပ်မျှလုပ်ပေးမဲ့သူတစ်ယောက် ရှိပြီဆိုတော့၊ ကျွန်မ ဖိအားနည်းနည်း မရှိတော့ဘူး။ ကျောက်စင်းကို သူလုပ်ဖို့လိုတဲ့ အလုပ်တာဝန်တွေနဲ့ ပတ်သက်လို့ ကျွန်မ ပြောပြတယ်။ ဒါပေမဲ့ ကျောက်စင်းက နည်းနည်း အသက်ပိုကြီးတော့၊ ကိစ္စတွေကို တော်တော်နဲ့သူ သဘောမပေါက်နိုင်သလို၊ အလုပ်အများစုကို ကျွန်မကပဲ ပြီးအောင်လုပ်ရတုန်းပဲ။ ကျွန်မစိတ်ထဲမှာ မကျေလည်တဲ့စိတ် နည်းနည်းခံစားရတယ်။ အခုဆိုရင် ကျွန်မက ကိုယ့်အလုပ်ကို လုပ်ရရုံမက၊ ကျောက်စင်းကိုလည်း ကူပြီး လမ်းညွှန်ပေးရတယ်။ အဲဒါနဲ့အလုပ်ပမာဏက အရင်ထက် ပိုပြီးတောင် များသွားတယ်။ ဒါပေမဲ့ ကျွန်မ တွေးမိတယ်။ သုံးလေးရက်လောက် လက်တွေ့လုပ်ပြီးရင် ကျောက်စင်းက အလုပ်နဲ့ပတ်သက်လို့ ပိုရင်းနှီးသွားမယ် ထင်ပါတယ်ပေါ့။
တစ်နေ့ အစည်းအဝေးပြီးတဲ့နောက်၊ ရေလောင်းတဲ့အလုပ်ကို နောက်ဆက်တွဲမလုပ်ရသေးတာကို ကျွန်မ သတိထားမိလိုက်တယ်။ နောက်တော့ ကျောက်စင်းက ရေလောင်းတဲ့အလုပ်နဲ့ ပိုရင်းနှီးတာကြောင့် အဲဒါနဲ့ပတ်သက်လို့ သူ နောက်ဆက်တွဲလုပ်မှာပါလို့ ကျွန်မ ထင်ခဲ့တယ်။ ကျွန်မ အိမ်ရောက်တော့၊ ရေလောင်းတဲ့အလုပ်နဲ့ပတ်သက်လို့ နောက်ဆက်တွဲလုပ်ခဲ့လားလို့ ကျောက်စင်းကို ကျွန်မ အမြန်မေးလိုက်တယ်။ ကျောက်စင်းပြောတာက သူ စုဝေးပွဲ မလုပ်ရသေးလို့ မသိဘူးတဲ့။ ကျွန်မစိတ်ထဲမှာ ဒေါသက ချက်ချင်း အုံကြွလာတယ်။ “နင်သာ အလုပ်တချို့ လုပ်နိုင်ခဲ့ရင်၊ ငါ့ရဲ့ဖိအားတွေ လျော့သွားမှာ မဟုတ်လား။ အလုပ်ကို လူနှစ်ယောက် လုပ်တာနဲ့ ငါ တစ်ယောက်ထဲလုပ်တာ ဘာကွာလို့လဲ”လို့ ကျွန်မ တွေးမိတယ်။ အပြစ်တင်တဲ့ လေသံနဲ့ ကျွန်မ ပြောလိုက်တယ်။ “အစ်မက အလုပ်တချို့ လုပ်နိုင်ခဲ့ရင်၊ အလုပ်ပိုတွင်ကျယ်မှာ မဟုတ်လား။ အဲဒါကို မလုပ်အောင် ဘယ်ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက အစ်မကို တားဆီးနေလဲဆိုတာ စဉ်းစားပါ”လို့ပေါ့။ ကျောက်စင်းက ခဏလောက် ဘာမှမပြောဘူး။ အဲဒီအချိန်မှာ ဒီလိုစကားပြောတာက သူ့ကို စိတ်ကျဉ်းကျပ်စေမှာဖြစ်ပြီး၊ သူ့ကို ဒီလိုဆက်ဆံတာက ကျွန်မအတွက် သင့်တော်မှာမဟုတ်ဘူးဆိုတာကို ကျွန်မ သဘောပေါက်လိုက်တယ်။ အထူးသဖြင့် သူက ဒီအချိန်မှာ တမြည့်မြည့်နဲ့ စိတ်ညစ်နေရတဲ့အတွက်ပေါ့။ ဒါကို တွေးမိတော့၊ ကျွန်မစိတ်နှလုံးထဲမှာ နည်းနည်း အပြစ်ရှိသလို ခံစားခဲ့ရတယ်။
လဝက်လောက်ကြာပြီးတဲ့နောက်မှာ၊ လျူဝန်က ကျွန်မတို့နဲ့ ပူးပေါင်းလုပ်ဖို့ ခေါင်းဆောင်အနေနဲ့ အရွေးခံခဲ့ရတယ်။ လျူဝန်က သူ့တာဝန်တွေကို ကျေကျေပွန်ပွန် လုပ်ခဲ့ပြီး သူ့အလုပ်မှာ ဂရုစိုက်တတ်တယ်။ ဒါပေမဲ့ လူသစ်ဖြစ်နေတော့၊ အလုပ်တာဝန် အမျိုးမျိုးရဲ့ စည်းမျဉ်းတွေကို ကောင်းကောင်းသဘောမပေါက်ဘူး။ သူအလုပ်လုပ်နေတဲ့ အတောအတွင်းမှာ ပြဿနာတွေ အမြဲပေါ်ပြီး သူက အတော်နှေးသလို အလုပ်စွမ်းဆောင်ရည်တွေမှာလည်း ချို့တဲ့နေတယ်။ အဲဒါနဲ့ ဒါကို ဖာထေးဖို့အတွက် ကျွန်မရဲ့အကူအညီကို သူ ခဏခဏ လိုတယ်။ အစကတော့ ညီအစ်မနှစ်ယောက်ကို တွဲဖက်တွေအနေနဲ့ ရှိထားတာက အလုပ်ပမာဏကို ကူပြီး မျှလုပ်ပေးနိုင်မယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ အဲဒီအလုပ်ပမာဏက လျော့သွားမဲ့အစား၊ ကျွန်မရဲ့ဝန်ထုပ်ကို ပိုတိုးစေခဲ့တယ်။ ကျွန်မ ဖိအားအများကြီး ခံစားရတယ်။ ဒီတာဝန်ကို လုပ်တာက အရမ်းခက်ပြီး ပင်ပန်းတယ်။ ကျွန်မ စိတ်နှလုံးမှာ၊ အဲဒီညီအစ်မနှစ်ယောက်အပေါ် နည်းနည်း အထင်မသေးဘဲမနေနိုင်သလို၊ သူတို့ကို သိပ်စကားမပြောချင်ခဲ့ဘူး။ ကျွန်မကို သူတို့ မေးခွန်းတွေမေးတဲ့အခါ ကျွန်မ စိတ်မရှည်ဘူး။ သူတို့က စိတ်ကျဉ်းကျပ်သွားပြီး ထပ်မမေးရဲကြဘူး။ အကျိုးဆက်အနေနဲ့ သူတို့က စွမ်းဆောင်နိုင်စွမ်းမရှိတော့ တချို့အလုပ်တွေက နှောင့်နှေးသွားတယ်။ အဲဒီအချိန်တစ်လျှောက်မှာ ညီအစ်မနှစ်ယောက်လုံးက အရမ်း အပျက်သဘောဆောင်ခဲ့ကြတယ်။ သူတို့ ဘာမှ မစွမ်းဆောင်ခဲ့ကြသလို သူတို့တာဝန်တွေကို ထမ်းဆောင်တဲ့အလုပ်နဲ့ မကိုက်ဘူးလို့ သူတို့ ခံစားရပြီး၊ သူတို့ မထိရောက်ဘူးလို့ ကျွန်မ အပြစ်တင်နေတုန်းပါပဲ။ အခု ကျွန်မတွဲဖက်တွေ ရှိတော့ သူတို့မပါတဲ့ အရင်ကထက် ပိုလို့တောင် ကျွန်မ ပင်ပန်းတယ်လို့ ထင်ရတယ်။ သုံးယောက်အတွက် အလုပ်ဖြစ်ပေမဲ့ ကျွန်မပဲ အများဆုံး လုပ်လိုက်ရပြီး၊ အရမ်းထိခိုက်နစ်နာတယ်လို့ ခံစားရတယ်။ ကျွန်မ မလုပ်ရင်၊ အလုပ်နှောင့်နှေးပြီး ကျွန်မ တာဝန်ခံရမှာကို ကြောက်တာပေါ့။ အဲဒီအကြောင်းကို တွေးရင်းနဲ့ ကျွန်မ အရမ်းမတရားခံရသလိုမျိုး မျက်ရည်တွေ ထိန်းမရအောင် ကျလာတယ်။ ဒီပတ်ဝန်းကျင်ကို ဘယ်လို ရင်ဆိုင်ရမယ်မှန်း ကျွန်မ မသိခဲ့ဘူး။ နေ့တိုင်း သက်ပြင်းချပြီး အရမ်းကို စိတ်ဓာတ်ကျမိတယ်။ ဒီအသင်းတော်ကိုသာ ကျွန်မ စွန့်ခွာနိုင်ခဲ့ရင် ကောင်းမယ်လို့ တွေးမိပေမဲ့ နောက်တော့ ရှောင်ပြေးတာက ပြဿနာအတွက် ဖြေရှင်းချက်မဟုတ်ဘူးလို့ သဘောပေါက်လိုက်တယ်။ အဲဒါနဲ့ ဆုတောင်းဖို့အတွက် ဘုရားရှေ့ကိုလာပြီးတော့ “ဘုရားသခင်၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ အများကြီး ကျွန်မ ထုတ်ဖော်ပြခဲ့တာ သိပါတယ်။ ဒါပေမဲ့ အဲဒါတွေကို ဘယ်ကစပြီး နားလည်ရမှန်း မသိပါဘူး။ ကျေးဇူးပြုပြီး ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို သိနိုင်အောင် ကျွန်မကို ဉာဏ်အလင်းပေးပြီး ဦးဆောင်လမ်းပြပါ” ဆိုပြီး ပြောလိုက်တယ်။ ကျွန်မ ရှာဖွေရာမှာ ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရတယ်- “လူ၏ မွေးရာပါ စိတ်သဘောထားသည် စိတ်မြန်လက်မြန်ဖြစ်ခြင်းနှင့် သက်ဆိုင်သည်။ လူတစ်ဦး၏ အကျိုးစီးပွားများ၊ ဝင့်ကြွားခြင်း၊ သို့မဟုတ် မာနတို့ ထိခိုက်နစ်နာသည့်အခါ၊ သူသည် သမ္မာတရားကို နားမလည်ပါက၊ သို့မဟုတ် သမ္မာတရားစစ်မှန်မှုမရှိပါက၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထိုထိခိုက်နစ်နာမှုအပေါ် မိမိ၏ သဘောထားအမြင်အား လမ်းညွှန်စေစားခွင့်ပေးလိမ့်မည်ဖြစ်ပြီး၊ သူသည် စိတ်လိုက်မာန်ပါ ပြုလုပ်တတ်ကာ မဆင်မခြင် ပြုမူလိမ့်မည်။ ထိုအခါ ထိုသူ ထင်ရှားစေပြီး၊ ထုတ်ဖော်ပြသည့်အရာသည် စိတ်မြန်လက်မြန်ဖြစ်ခြင်း ဖြစ်သည်။ စိတ်မြန်လက်မြန်ဖြစ်ခြင်းသည် အပြုသဘောဆောင်သည့်အရာလော၊ အပျက်သဘောဆောင်သည့်အရာလော။ အပျက်သဘောဆောင်သည့်အရာဖြစ်သည်မှာ သိသာ၏။ လူတစ်ဦးအတွက် စိတ်မြန်လက်မြန်ဖြစ်သည့် ပုံစံဖြင့် အသက်ရှင်ရန်မှာ ကောင်းသည့်အရာ မဟုတ်ပေ။ ဘေးအန္တရာယ် ဆောင်ကြဉ်းဖွယ်ရှိသည်။ တစ်စုံတစ်ယောက်သည် အမှုအရာများ မိမိအပေါ် ကျရောက်သည့်အခါ စိတ်မြန်လက်မြန်ဖြစ်ခြင်းက ပေါ်လွင်လျှင်၊ ထိုလူသည် သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်ကို ကျိုးနွံနာခံသောလူတစ်ဦး ဖြစ်ပါသလော။ သိသာစွာပင် ထိုသို့သော လူတစ်ဦးသည် ဘုရားသခင်ကို မကျိုးနွံမနာခံသည်မှာ သေချာ၏။ လူတို့အတွက် ဘုရားသခင် စီစဉ်သည့် အမျိုးမျိုးသော လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများနှင့် ပတ်ဝန်းကျင်များအတွက်မူ၊ တစ်စုံတစ်ဦးသည် ယင်းတို့ကို ဘုရားသခင်ထံမှ လက်မခံနိုင်ဘဲ၊ ထိုအစား လူ့နည်းလမ်းတစ်ခုဖြင့် ယင်းတို့ကို ဆောင်ရွက်ပြီး ဖြေရှင်းပါက၊ အဆုံးတွင် ယင်းမှ မည်သည့်အကျိုးဆက်ဖြစ်လိမ့်မည်နည်း။ (ဘုရားသခင်သည် ထိုလူကို ပစ်ပယ်လိမ့်မည်။) ဘုရားသခင်သည် ထိုသူကို ရွံရှာလိမ့်မည်။ ထို့ကြောင့် ယင်းသည် လူတို့အတွက် တည်ဆောက်စရာ ဖြစ်လိမ့်မည်လော။ (ဖြစ်မည်မဟုတ်ပါ။) ၎င်းတို့သည် မိမိတို့ဘဝတွင် အခွင့်အရေး ဆုံးရှုံးရလိမ့်မည်ဖြစ်သည်သာမက၊ အခြားသူများအတွက်လည်း တည်ဆောက်စရာဖြစ်လိမ့်မည်မဟုတ်။ ထို့ထက်ပင်ပို၍၊ ၎င်းတို့သည် ဘုရားသခင်ကို အရှက်ရစေပြီး၊ ၎င်းတို့ကို ပစ်ပယ်စေလိမ့်မည်။ ထိုသို့သော လူတစ်ဦးသည် မိမိတို့၏ သက်သေကို ဆုံးရှုံးပြီး သွားသည့်နေရာတိုင်းတွင် ကြိုဆိုခြင်း မခံရပေ။ သင်သည် ဘုရားအိမ်တော်သားတစ်ဦးဖြစ်သည့်တိုင်၊ သင်၏ လုပ်ရပ်များတွင် အမြဲ စိတ်မြန်လက်မြန်ဖြစ်ပါက၊ အမှုအရာများကို လူ့နည်းလမ်းနှင့် ဖောက်ပြန်ပျက်စီး၊ စာတန်ဆန်သော စိတ်သဘောထားဖြင့် လုပ်ဆောင်လျက်၊ သင့်အထဲရှိ ပင်ကိုဖြစ်သောအရာကို အမြဲ ဖော်ထုတ်ပြီး၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အမြဲ ထုတ်ဖော်ပြပါက၊ နောက်ဆုံး အကျိုးဆက်မှာ သင်သည် မကောင်းမှုကို လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်း ဖြစ်လိမ့်မည်။ ပြီးလျှင် တစ်ချိန်လုံး သင် နောင်တမရဘဲရှိနေပြီး၊ သမ္မာတရား လိုက်စားသည့်လမ်းကြောင်းပေါ် နင်းမလျှောက်နိုင်ဖြစ်ပါက၊ သင်သည် ထုတ်ဖော်ခံရကာ ဖယ်ရှားရှင်းလင်းခံရလိမ့်မည်။ ထိုအရာကို ဖြေရှင်းရန် စာတန်ဆန်သော စိတ်သဘောထားကို အားထားခြင်းဖြင့်အသက်ရှင်ခြင်းနှင့် သမ္မာတရား မရှာဖွေခြင်း၏ ပြဿနာသည် ကြီးလေးသည့် ပြဿနာတစ်ခု မဟုတ်လော။ ပြဿနာ၏ သွင်ပြင်လက္ခဏာတစ်ခုမှာ အကြင်သူသည် မိမိကိုယ်ပိုင် ဘဝတွင် တိုးတက်ခြင်းမရှိ၊ ပြောင်းလဲခြင်း မရှိပေ၊ ထို့အပြင်၊ အကြင်သူသည် အခြားသူများကို ဆိုးဆိုးရွားရွား လွှမ်းမိုးလိမ့်မည်။ အသင်းတော်တွင် မည်သည့်ရည်ရွယ်ချက်ကောင်းကိုမျှ ၎င်းတို့ ဆောင်ရွက်လိမ့်မည်မဟုတ်သကဲ့သို့၊ မနှစ်မြို့ခြင်းနှင့် စက်ဆုပ်ခြင်းတို့ကို ဖိတ်ခေါ်လျက် ထမင်းစားပွဲပေါ်တွင် တုံ့ပြန်လူးလာ ပျံသန်းနေသည့် နံစော်သော ယင်ကောင်တစ်ကောင်ကဲ့သို့ အသင်းတော်နှင့် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့ထံ ကြီးမားသည့် ဒုက္ခပြဿနာကို ဆောင်ကြဉ်းလိမ့်မည်။ သင်တို့သည် ဤလူစားမျိုး ဖြစ်ချင်ကြသလော။ (မဖြစ်ချင်ပါ။)” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို လက်ခံခြင်းအားဖြင့်သာ ဖောက်ပြန်သော စိတ်သဘောထားကို ဖြေရှင်းနိုင်၏) ဘုရားဖော်ထုတ်ခဲ့တာက ကျွန်မရဲ့ လက်ရှိ အခြေအနေပဲ။ ဘာလို့ ကျွန်မက ကျွန်မရဲ့ တွဲဖက် ညီအစ်မတွေကို စိတ်အနှောင့်အယှက်ဖြစ်ပြီး တစ်ဇောက်ကန်းစိတ်တောင် ပွင့်ထုတ်ပြီး ဒေါသထွက်ရတာလဲ။ ဘာလို့လဲဆိုတော့ သူတို့က ဦးဆောင်ဖို့ အရွေးခံခဲ့ရတဲ့နောက်မှာ ကျွန်မရဲ့ မျှော်လင့်ချက်တွေကို မပြည့်မီခဲ့ကြလို့ပဲ။ အလုပ်ပမာဏကို တိုက်ရိုက် မျှလုပ်ပေးပြီး ကျွန်မရဲ့ ဖိအားကို သက်သာစေမဲ့အစား၊ သူတို့က သူတို့နဲ့ မိတ်သဟာယပြုပြီး သူတို့အလုပ်မှာရှိတဲ့ အားနည်းချက်တွေကို ကူဖြေရှင်းပေးဖို့ ကျွန်မရဲ့ အားအင်ကို ပိုလိုအပ်နေခဲ့ကြတယ်။ သူတို့က ကျွန်မရဲ့အချိန်ကို ဖြုန်းပြီး ကျွန်မ ခန္ဓာကိုယ်ကို မသက်မသာဖြစ်စေတယ်လို့ ကျွန်မ ခံစားရတယ်။ အဲဒါနဲ့ ကျွန်မစိတ်နှလုံးမှာ အတိုက်အခံ ဖြစ်သွားတယ်။ ကျွန်မက သမ္မာတရားကို မရှာဖွေဘဲ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားထဲမှာ အသက်ရှင်ပြီး သူတို့အပေါ် အထင်သေးတယ်။ ဒေါသထွက်တယ်။ တဇောက်ကန်းစိတ်ကို ဖွင့်ချတယ်။ ဒါက သူတို့ကို အပျက်သဘောဆောင်လာစေသလို၊ စိတ်ကျဉ်းကျပ်စေတယ်။ ကျွန်မတို့ အလုပ်ကို ထိခိုက်နေတယ်။ ကျွန်မ တကယ်ကို လူ့သဘာဝ မရှိခဲ့တာပဲ။
နောက်ပိုင်းမှာ၊ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေ ကျွန်မ ဖတ်တယ်- “အချို့သော အထူးတာဝန်များ၊ သို့မဟုတ် ပို၍အားသွန်ခွန်စိုက် လုပ်ရပြီး ပင်ပန်းသောတာဝန်များအား ထမ်းဆောင်ခြင်းနှင့် ပတ်သက်လျှင် တစ်ဖက်၌ လူတို့သည် ထိုတာဝန်များအား မည်သို့ထမ်းဆောင်ရမည်ကိုလည်းကောင်း၊ မည်သည့်ဆင်းရဲဒုက္ခများကို ခါးစီးခံသင့်သည်ကိုလည်းကောင်း၊ ၎င်းတို့၏တာဝန်များအား မည်သို့ထိန်းသိမ်းပြီး ကျိုးနွံနာခံသင့်သည်ကိုလည်းကောင်း အစဉ်ချင့်ချိန်စဉ်းစားရမည်။ အခြားတစ်ဖက်၌ လူတို့သည် ၎င်းတို့၏ ရည်ရွယ်ချက်များ၌ မည်သည့်မသန့်စင်မှုများရှိနေသည်ကိုလည်းကောင်း၊ ထိုအရာများက ၎င်းတို့၏တာဝန်ထမ်းဆောင်မှုကို မည်သို့နှောင့်နှေးစေသည်ကိုလည်းကောင်း ဆန်းစစ်ရမည်။ လူတို့သည် ဆင်းရဲဒုက္ခခံစားခြင်းအပေါ် အလွန်အမင်း မနှစ်မြို့ခြင်းဖြင့် မွေးဖွားလာခဲ့သည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ ပို၍ဆင်းရဲဒုက္ခခံစားခြင်းမှ စိတ်အားထက်သန်ခြင်း၊ သို့မဟုတ် ဝမ်းမြောက်ခြင်းကို ပိုမရရှိပေ။ ဤသို့သောလူများ မရှိပေ။ လူတို့အနေဖြင့် ၎င်းတို့၏အသွေးအသားက ဆင်းရဲဒုက္ခကို ခါးစီးခံရသည်နှင့်တစ်ပြိုင်နက် စိတ်ပူခြင်းနှင့် စိတ်သောကရောက်ခြင်းသည် လူ၏ ဇာတိပကတိသဘာဝ ဖြစ်သည်။ သို့သော် ယခုတွင် သင်တို့ထမ်းဆောင်သောတာဝန်၌ ဆင်းရဲဒုက္ခမည်မျှကို သင်တို့ ခါးစီးခံရမည်နည်း။ သင်၏ဇာတိပကတိက အနည်းငယ် ပင်ပန်းခြင်း၊ အနည်းငယ် အားသွန်ခွန်စိုက် လုပ်ရခြင်းတို့ကိုသာ ခါးစီးခံဖို့လိုသည်။ သင်သည် ဤအနည်းငယ်မျှသော ဆင်းရဲဒုက္ခကိုပင် ခါးစီးမခံနိုင်လျှင် စိတ်ဓာတ်ခိုင်မာမှုရှိသည်ဟု သတ်မှတ်နိုင်သလော။ သင့်ကို ဘုရားသခင်အား အမှန်တကယ် ယုံကြည်သည်ဟု သတ်မှတ်၍ရနိုင်သလော။ (သတ်မှတ်၍မရနိုင်ပါ။) ဤသည်မှာ အလုပ်မဖြစ်ပေ။...မိမိတာဝန်ကို ထမ်းဆောင်ခြင်း၌ ဆင်းရဲဒုက္ခကို ခါးစီးခံနိုင်ခြင်းသည် လွယ်ကူသောအလုပ်မဟုတ်ပေ။ သီးသန့်အလုပ်တစ်မျိုးကို ကောင်းစွာထမ်းဆောင်ရန်လည်း မလွယ်ကူပေ။ ဤအရာများကို လုပ်ဆောင်နိုင်သောလူတို့အတွင်းတွင် ဘုရားနှုတ်ကပတ်တော်၏ သမ္မာတရားက အလုပ်လုပ်နေသည်မှာ သေချာသည်။ ၎င်းတို့က ဆင်းရဲဒုက္ခနှင့် မောပန်းနွမ်းနယ်ခြင်းကို မကြောက်ရွံ့ဘဲ မွေးဖွားလာခြင်းမဟုတ်။ ဤသို့သောသူကို မည်သည့်နေရာ၌ တွေ့နိုင်သနည်း။ ဤလူတို့အားလုံးတွင် တွန်းအားအချို့ရှိသည်။ ပြီးလျှင် ၎င်းတို့၏ အခြေခံအုတ်မြစ်အဖြစ် ဘုရားနှုတ်ကပတ်တော်၏ သမ္မာတရားအချို့ရှိသည်။ ၎င်းတို့၏ တာဝန်ကို စတင်ထမ်းဆောင်သောအခါတွင် ၎င်းတို့၏အမြင်များနှင့် ရပ်တည်ချက်များက ပြောင်းလဲသည်။ ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ခြင်းက ပို၍လွယ်ကူလာပြီး ဇာတိပကတိနှင့်ဆိုင်သော ဆင်းရဲဒုက္ခနှင့် ပင်ပန်းနွမ်းနယ်မှုတစ်ခုခုအား တောင့်ခံခြင်းသည် ၎င်းတို့အတွက် အရေးမပါသကဲ့သို့ ခံစားရသည်။ သမ္မာတရားကို နားမလည်သောသူတို့နှင့် အမှုအရာများအပေါ် အမြင်မပြောင်းလဲသောသူတို့သည် လူသားစိတ်ကူးများ၊ အယူအဆများ၊ တစ်ကိုယ်ကောင်းဆန်သော အလိုဆန္ဒများနှင့် တစ်ကိုယ်ရေနှစ်သက်မှုများအတိုင်း အသက်ရှင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရန် တွန့်ဆုတ်ပြီး စိတ်မပါကြပေ။ ဥပမာအားဖြင့် ညစ်ပေပြီး ပင်ပန်းသောအလုပ်ကို လုပ်ရခြင်းနှင့်ပတ်သက်လျှင် လူအချို့က ‘ဘုရားအိမ်တော်၏ အစီအစဉ်များကို ကျွန်ုပ်နာခံမည်။ အသင်းတော်က ကျွန်ုပ်အတွက် မည်သည့်တာဝန်ကို စီစဉ်ပေးသည်ဖြစ်စေ၊ ယင်းတာဝန်က ညစ်ပေသည်ဖြစ်စေ၊ ပင်ပန်းသည်ဖြစ်စေ၊ အထင်မကြီးစရာဖြစ်စေ၊ မထူးခြားသည်ဖြစ်စေ ကျွန်ုပ်ထမ်းဆောင်မည်။ ကျွန်ုပ်တွင် တောင်းဆိုချက်များမရှိ။ ယင်းကို ကျွန်ုပ်၏တာဝန်အဖြစ် လက်ခံမည်။ ဤသည်မှာ ဘုရားသခင်က ကျွန်ုပ်အား အပ်နှံသော တာဝန်ပေးစေခိုင်းချက်ဖြစ်သည်။ ပြီးလျှင် အနည်းငယ်သော ညစ်ပေခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းတို့သည် ကျွန်ုပ် ခါးစီးခံသင့်သော ဆင်းရဲဒုက္ခများဖြစ်သည်’ ဟု ဆိုကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် ၎င်းတို့အလုပ်၌ ပါဝင်လုပ်ဆောင်သောအခါ ဆင်းရဲဒုက္ခတစ်ခုခုကို ခါးစီးခံနေရသည်ဟု လုံးဝ မခံစားရပေ။ အခြားလူများက ညစ်ပေပြီး မောပန်းသည်ဟု မြင်နိုင်သော်လည်း ၎င်းတို့ကမူ လွယ်ကူသည်ဟု မြင်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ စိတ်နှလုံးက တည်ငြိမ်ပြီး အနှောင့်အယှက်ကင်းသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အတွက် လုပ်ဆောင်နေခြင်း ဖြစ်သောကြောင့် ယင်းသည် ခက်ခဲသည်ဟု မခံစားကြရပေ။ လူအချို့က ညစ်ပေသော၊ ပင်ပန်းသော၊ သို့မဟုတ် ထူးခြားမှုမရှိသောအလုပ်ကို လုပ်ဆောင်ခြင်းသည် ၎င်းတို့၏ အဆင့်အတန်းနှင့် ကိုယ်ကျင့်စရိုက်ကို စော်ကားခြင်းဖြစ်သည်ဟု သတ်မှတ်သည်။ အခြားလူများက ၎င်းတို့ကို မလေးစားခြင်း၊ အနိုင်ကျင့်ခြင်း၊ သို့မဟုတ် ၎င်းတို့ကို အထင်သေးခြင်းအဖြစ် မြင်သည်။ ရလဒ်အနေဖြင့် တစ်ပုံစံတည်းသော အလုပ်တာဝန်များနှင့် အလုပ်ပမာဏကို ရင်ဆိုင်ရသောအခါတွင်ပင် ၎င်းတို့က အားသွန်ခွန်စိုက်လုပ်ရသည်ဟု မြင်သည်။ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့စိတ်နှလုံးတွင် မကျေမနပ်ဖြစ်သည့် ခံစားချက်ကို ထားရှိကြသည်။ အမှုအရာများက ၎င်းတို့ အလိုရှိသည့်ပုံစံအတိုင်းမဖြစ်၊ သို့မဟုတ် ယင်းတို့သည် ကျေနပ်ဖွယ်မရှိဟု ခံစားကြရသည်။ စိတ်အတွင်းတွင် ၎င်းတို့သည် အပျက်သဘောဆောင်ခြင်းနှင့် အတိုက်အခံများဖြင့် ပြည့်နေသည်။ အဘယ်ကြောင့် အပျက်သဘောဆောင်ပြီး အတိုက်အခံ ဖြစ်ကြသနည်း။ အကြောင်းရင်းမှာ အဘယ်နည်း။ အများအားဖြင့် ယင်းမှာ တာဝန်ထမ်းဆောင်ခြင်းဖြင့် ၎င်းတို့သည် လစာမရရှိသောကြောင့် ဖြစ်သည်။ ယင်းမှာ အခမဲ့အလုပ်လုပ်နေသကဲ့သို့ ခံစားရသည်။ ဆုလာဘ်များရှိလျှင် ၎င်းတို့အတွက် လက်ခံနိုင်ဖွယ်ဖြစ်ကောင်း ဖြစ်နိုင်သည်။ သို့သော် ဆုလာဘ်များအား ၎င်းတို့ ရမည်မရမည်ကို ၎င်းတို့မသိပေ။ ထို့ကြောင့် တာဝန်ထမ်းဆောင်ခြင်းသည် ထိုက်တန်ခြင်းမရှိဟု လူတို့ခံစားကြရပြီး အလဟဿအလုပ်လုပ်ခြင်းနှင့် တန်းတူထားကြသည်။ ထို့ကြောင့် ၎င်းတို့သည် တာဝန်ထမ်းဆောင်ခြင်းနှင့်ပတ်သက်လျှင် မကြာခဏဆိုသလို အပျက်သဘောဆောင်ပြီး အတိုက်အခံ ဖြစ်လာကြသည်။ ဤသည်မှာ မမှန်ကန်သလော။ ပွင့်လင်းစွာ ပြောဆိုရလျှင် ဤလူတို့သည် တာဝန်ထမ်းဆောင်လိုစိတ်မရှိကြပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ သိရတာက သမ္မာတရားကို လက်တွေ့မလုပ်သလို ဇာတိပကတိကို ထောက်ထားတဲ့သူတွေဟာ သူတို့ကိုယ်ပိုင် ရုပ်ပိုင်းဆိုင်ရာ အကျိုးစီးပွားတွေအကြောင်းပဲ စဉ်းစားကြတယ်ဆိုတာပါပဲ။ သူတို့က သူတို့အလုပ်တွေကို တာဝန်တွေအနေနဲ့ သဘောမထားကြဘူး။ သူတို့ ပိုလုပ်တဲ့အခါ၊ အခွင့်အရေး ဆုံးရှုံးတယ်လို့ ခံစားရလို့ ညည်းညူပြီး အတိုက်အခံလုပ်ကြတယ်။ ဒါက သူတို့တာဝန်တွေကို လုပ်နေတာ မဟုတ်ဘူး။ ကျွန်မကိုယ်တိုင်နဲ့ ယှဉ်ကြည့်တဲ့အခါ၊ ကျွန်မနဲ့ တွဲလုပ်တဲ့ ညီအစ်မတွေက အသစ်ဖြစ်ပြီး သူတို့တာဝန်တွေကို အမှီအခိုကင်းကင်းနဲ့ မလုပ်နိုင်ခဲ့ကြသလို၊ ကျွန်မရဲ့ မိတ်သဟာယနဲ့ အကူအညီ လိုအပ်ကြလို့၊ ကျွန်မရဲ့ ကျန်တဲ့အချိန်ကို သူတို့ ဖြုန်းနေတယ်လို့ တွေးပြီး မကျေနပ်ချက်တွေနဲ့ ကျွန်မ ပြည့်ခဲ့တယ်။ သူတို့ကို ကျွန်မ စကားပြောချင်စိတ်မရှိဘဲ ဒါမှမဟုတ် သူတို့တာဝန်ယူရတဲ့ အလုပ်နဲ့ပတ်သက်လို့ ဂရုစိုက်ချင်စိတ်မရှိဘဲ ကျွန်မ ဒေါသထွက်ပြီး တဇောက်ကန်းစိတ် ပွင့်ထွက်ခဲ့တယ်။ အသင်းတော် အလုပ်ကို ကျွန်မတာဝန်အနေနဲ့ ကျွန်မ လုံးဝ မစဉ်းစားခဲ့ဘူး၊ ဒါမှမဟုတ် အသင်းတော်အလုပ်မှာ ဆုံးရှုံးမှုတွေကို တားဆီးဖို့အတွက် တာဝန်တွေကို အဲဒီညီအစ်မတွေ အမြန်ယူနိုင်အောင်လို့ ဘယ်လို ကူညီပေးရမယ်ဆိုတာကို ကျွန်မ လုံးဝ မစဉ်းစားခဲ့ဘူး။ ကျွန်မက ထပ်ပြီး စကားပြောချင်စိတ်တောင်မရှိတော့ဘူး၊ ဒါမှမဟုတ် အချိန်နဲ့ အားအင်ကို ထပ်ပြီး မကုန်ချင်တော့ဘူး။ ကျွန်မရဲ့ အပြုအမူကို ကျွန်မတာဝန်တွေကို သစ္စာရှိရှိ ထမ်းဆောင်နေတာလို့ ဘယ်လိုလုပ် ယူဆလို့ရမှာလဲ။ အသိစိတ်နဲ့ ဆင်ခြင်တုံတရားရှိတဲ့ လူတစ်ယောက်က ဘယ်ပတ်ဝန်းကျင်မှာမဆို ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားကို မစဉ်းစားဘူး။ ဘယ်လောက်ပဲ ဆင်းရဲဒုက္ခခံပြီး ပင်ပန်းပါစေ၊ ဘုရားကို သစ္စာရှိပြီး သူ့တာဝန်တွေကို လုပ်တယ်။ ဒါပေမဲ့ ရုပ်ပိုင်းဆိုင်ရာ သက်သာပြီး အဆင်ပြေတာကို ကျွန်မ အမြဲ တွေးခဲ့တယ်။ ကိစ္စတွေက နည်းနည်း ခက်ခဲတဲ့အခါ၊ ကျွန်မ စိတ်ထိခိုက်ပြီး အခွင့်အရေး ဆုံးရှုံးတယ်လို့ တွေးပြီး ဒီပတ်ဝန်းကျင်ကနေ လွတ်မြောက်ချင်ခဲ့တယ်။ ဒီအရာအားလုံးကို ဇာတိတပ်မက်ပြီး တစ်ကိုယ်ကောင်းဆန်မှု၊ ဆိုးယုတ်မှုနဲ့ဆိုင်တဲ့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေက ဖြစ်စေခဲ့တာပါ။ ကျွန်မက ကျွန်မနဲ့တွဲလုပ်တဲ့ ညီအစ်မတွေကို အရမ်းထိခိုက်စေတဲ့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားထဲမှာ အသက်ရှင်ခဲ့တာပါ။ သူတို့က နေ့တိုင်း စကားမပြောခင် ကျွန်မရဲ့ အမူအရာကို စောင့်ကြည့်ကြတယ်။ တစ်ခါတလေ သူတို့မှာ ထင်မြင်ချက်တွေရှိတာ သိသာပေမဲ့ ကျွန်မ ဒေါသတကြီး တုံ့ပြန်မှာသိပြီး မှားတာတစ်ခုခု ပြောမိမှာစိုးကြတယ်။ အကျိုးဆက်အနေနဲ့ သူတို့ အစက ဖြည့်ဆည်းနိုင်ခဲ့ကြတဲ့ တာဝန်တွေကို ပြည့်ပြည့်ဝဝ မဖြည့်ဆည်းနိုင်ကြဘူး။ ဒါကို ကျွန်မတာဝန် ကျွန်မလုပ်နေတာလို့ ဘယ်လိုလုပ် ယူဆလို့ရနိုင်မှာလဲ။ တကယ်တမ်းတော့ မကောင်းမှုလုပ်ပြီး အနှောင့်အယှက် ဖြစ်စေတာပဲ။ အဲဒီအကြောင်းကို အခုတွေးတော့၊ ကျွန်မအပြုအမူမှာ တကယ်ကို ကျွန်မ အကျည်းတန်ခဲ့တာပဲ။
နောက်ပိုင်းမှာ ဘာလို့ သက်သာတာကို ကျွန်မ အမြဲမက်ပြီး၊ ကျွန်မရဲ့ ရုပ်ပိုင်းဆိုင်ရာ အကျိုးစီးပွားတွေကို စဉ်းစားခဲ့လဲဆိုတာ ရှာဖွေခဲ့တယ်။ ဒီလိုပြောတဲ့ ဘုရားနှုတ်ကပတ်တော်တွေ ကျွန်မ ဖတ်ရတယ်- “လူတို့သည် ဘုရားသခင်၏ အမှုကို တွေ့ကြုံရပြီး သမ္မာတရားကို နားလည်ပြီးသည်အထိ အတွင်း၌ သူတို့ကို ထိန်းချုပ်၍ အုပ်စိုးသည်မှာ စာတန်၏ သဘာဝဗီဇဖြစ်၏။ အတိအကျဆိုရလျှင် ထိုသဘာဝဗီဇကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ ဥပမာ၊ သင်သည် အဘယ်ကြောင့် တစ်ကိုယ်ကောင်းဆန်ရသနည်း။ သင်၏ကိုယ်ပိုင် ရာထူးဂုဏ်ဒြပ်ကို အဘယ်ကြောင့် ကာကွယ် သနည်း။ သင်သည် အဘယ်ကြောင့် ထိုသို့သော အားကောင်းသည့် ခံစားချက်များ ရှိသနည်း။ ထိုမဖြောင့်မတ်သော အရာများကို သင်သည် အဘယ်ကြောင့် မွေ့လျော်ခံစားသနည်း။ သင်သည် အဘယ်ကြောင့် ထိုမကောင်းမှုများကို နှစ်သက်သနည်း။ ထိုသို့သော အရာများကို သင်၏ ကြိုက်နှစ်သက်ခြင်း၏ အခြေခံအကြောင်းရင်းက အဘယ်နည်း။ ဤအရာတို့သည် အဘယ်အရပ်က လာကြသနည်း။ ၎င်းတို့အား လက်ခံသည်ကို သင် အဘယ်ကြောင့် အလွန်ပျော်ရွှင်နေသနည်း။ ဤအရာများအားလုံး၏ နောက်ကွယ်ရှိ အဓိက အကြောင်းရင်းမှာ လူသားအတွင်းတွင် စာတန်၏အဆိပ်ရှိခြင်းကြောင့် ဖြစ်ကြောင်း ယခုတွင် သင်တို့အားလုံး နားလည်လာကြပြီ။ ဤသို့ဆိုလျှင် စာတန်၏ အဆိပ်ဆိုသည်မှာ အဘယ်နည်း။ ယင်းကို မည်သို့ ဖော်ပြနိုင်သနည်း။ ဥပမာအားဖြင့်၊ သင်က ‘လူများ အဘယ်သို့ အသက်ရှင်နေထိုင်သင့်သနည်း။ လူများသည် အဘယ်အရာအတွက် အသက်ရှင်သင့်သနည်း’ ဟု မေးပါက၊ သူတို့က ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသော စကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ အတွေးအခေါ်နှင့် တွေးခေါ်မှုစနစ်တို့သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ လူများသည် အဘယ်အရာကို လိုက်စားသည်ဖြစ်စေ ထိုသို့လုပ်ဆောင်ခြင်းသည် မိမိတို့ကိုယ်တိုင်အတွက်သာ ဖြစ်သည်— ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုအတွက်သာ အသက်ရှင်ကြသည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဟူသော ဤအရာမှာ လူသား၏အသက် ဒဿနအမြင်ဖြစ်ပြီး ယင်းက လူသား၏ သဘာဝကိုလည်း ကိုယ်စားပြုလေသည်။ ဤစကားများသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ သဘာဝ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဆိုးယုတ်သော သဘာဝ၏ အမှန်တကယ် ပြယုဂ်ဖြစ်လာနှင့်ပြီးဖြစ်သည်။ ဤဆိုးယုတ်သော သဘာဝသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဖြစ်တည်မှုအတွက် အခြေခံအချက် ဖြစ်လာနှင့်ပြီးဖြစ်သည်။ နှစ်ထောင်ချီကြာသည်အထိ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် လက်ရှိအချိန်ကာလအထိ စာတန်၏ အဆိပ်ဖြင့် အသက်ရှင်ခဲ့ပြီးဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း) “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော”ဆိုတဲ့ စာတန်ရဲ့ အဆိပ်တွေနဲ့ ကျွန်မ အသက်ရှင်နေခဲ့မှန်း ဘုရားနှုတ်ကပတ်တော်တွေကနေ မြင်ခဲ့တယ်။ ကျွန်မလုပ်သမျှတိုင်းက ကျွန်မကိုယ်တိုင်အတွက်ပဲ။ ကိုယ့်အတွက်ကိုယ်မကြည့်တဲ့သူ ဘယ်သူမဆိုက မိုက်မဲတာပဲလို့ တွေးနေမိခဲ့တယ်။ ဒါကြောင့် ကျွန်မတာဝန်ကို လုပ်တဲ့နေရာမှာ၊ ကျွန်မရဲ့ အတွေးနဲ့ လုပ်ရပ်အားလုံးကို ကိုယ်ကျိုးကြည့်ခြင်းက တွန်းအားပေးခဲ့တာပါ။ ဟေလီထွက်သွားကတည်းက၊ ကျွန်မ ဆင်းရဲဒုက္ခခံတာ လျော့ပြီး ပင်ပန်းတာ သက်သာနိုင်အောင်လို့ ကျွန်မဝန်ထုပ်ကို ပေါ့စေဖို့ အလုပ်ပမာဏကို မျှလုပ်ပေးမဲ့ သူတစ်ယောက်ယောက် မကြာခင် ရှိဖို့ မျှော်လင့်ခဲ့တယ်။ ကျောက်စင်းက အလုပ်နဲ့ အကျွမ်းဝင်တာ နှေးပြီး သိပ်မကူညီနိုင်တာကို မြင်တော့၊ ကျွန်မ အဖက်မတန်သလို သဘောထားပြီး တခြားတွဲဖက်ကို လိုချင်ခဲ့တယ်။ ဒါပေမဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့၊ လျူဝန်က စည်းမျဉ်းတွေကို ကောင်းကောင်း သဘောမပေါက်သလို၊ သူ့အလုပ်က ခဏခဏ စိစစ်တည်းဖြတ်ဖို့ လိုခဲ့တယ်။ ကျွန်မတဇောက်ကန်းစိတ်ပွင့်ထွက်ပြီး သူတို့ကို ဒေါသထွက်ခဲ့တယ်။ သူတို့က အလုပ်ပမာဏကို ကူမျှမလုပ်ပေးကြရုံမက၊ သူတို့နဲ့ မိတ်သဟာယပြုတာကို ပိုအားထုတ်ဖို့ ကျွန်မကို တောင်းဆိုတယ်လို့ ကျွန်မ ခံစားနေမိတယ်။ ဒါက ကျွန်မကို ပိုလို့တောင် အနားယူဖို့ အချိန်နည်းသွားစေခဲ့သလို၊ သူတို့အပေါ် ကျွန်မ အရမ်းမကျေမချမ်းဖြစ်ခဲ့တယ်။ သူတို့အလုပ်မှာ အခက်အခဲတွေ ကြုံတဲ့အခါ၊ ဒုက္ခခံပြီး ကျွန်မ ဝင်မပါချင်ခဲ့ဘူး။ အဲဒါက မပြေလည်တဲ့ ပြဿနာတွေနဲ့ အလုပ်မှာ နှောင့်နှေးမှုတွေ ဖြစ်စေခဲ့တယ်။ ကျွန်မ အနစ်နာခံလိုစိတ်ပိုရှိပြီး သူတို့ကို စိတ်ရှည်ရှည် ကူညီချင်ခဲ့မယ်ဆိုရင်၊ ကျွန်မကို ရုပ်ပိုင်းအရ ပင်ပန်းစေမှာဖြစ်ပေမဲ့၊ ကျွန်မတို့ ပူးပေါင်းလုပ်ခဲ့ရင်၊ အသင်းတော် အလုပ်က ချောချောမောမော တိုးတက်နိုင်ခဲ့မှာပဲ။ ဒါပေမဲ့ ကျွန်မ ကိုယ်ပိုင် ရုပ်ပိုင်းဆိုင်ရာ အကျိုးစီးပွားကိုပဲ ကျွန်မ စဉ်းစားခဲ့တယ်။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော”ဆိုတဲ့ စာတန်ရဲ့ အဆိပ်တွေနဲ့ ကျွန်မ အသက်ရှင်ရင်းနဲ့ ကျွန်မ အရမ်းကို တစ်ကိုယ်ကောင်းဆန်၊ ဆိုးယုတ်ပြီး လူ့သဘာဝ မဲ့လာခဲ့တယ်။ အလုပ်မှာ နှောင့်နှေးမှုတွေတောင် ဖြစ်စေခဲ့တယ်။ ကျွန်မ မပြောင်းလဲရင်၊ နောက်ဆုံးမှာ ဘုရားကပစ်ပယ်ပြီး ဖယ်ရှားတာကို ခံရမှာပဲ။ ဘုရားရှေ့မှာ ကျွန်မလာပြီး ဆုတောင်းတယ်။ “ဘုရားသခင်၊ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ဆိုတဲ့ စာတန်ရဲ့ အဆိပ်နဲ့ ကျွန်မ ခုတလော အသက်ရှင်နေမိခဲ့သလို၊ ဒီဟာကြောင့် ကျွန်မ ပြောရက်စရာမရှိအောင် စိတ်ဆင်းရဲခဲ့ပါတယ်။ ကျွန်မ တခြားလူတွေကို အပြစ်မတင်ရင်၊ ဘုရားကို အပြစ်တင်နေမိတယ်။ ကျွန်မ ဒီလို အသက်ဆက်မရှင်ချင်တော့ပါဘူး။ စာတန်ဆန်တဲ့ အဆိပ်တွေရဲ့ ချုပ်နှောင်မှုကနေ ချိုးဖျက်လွတ်မြောက်ဖို့ ကျွန်မကို ကျေးဇူးပြုပြီး ဦးဆောင်လမ်းပြပါ”လို့ပေါ့။
နောက်ပိုင်းမှာ၊ ကျွန်မ သေချာတွေးကြည့်တယ်။ လူတွေကို စည်းမျဉ်းတွေအတိုင်း ဘယ်လို ဆက်ဆံသင့်လဲပေါ့။ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိတယ်- “ဦးစွာပထမ သမ္မာတရားကို သင် နားလည်ရမည်။ သမ္မာတရားကို သင်နားလည်သည်နှင့် တစ်ပြိုင်နက် သင့်အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သဘောပေါက်ရန် လွယ်ကူလိမ့်မည်ဖြစ်ပြီး ဘုရားသခင်က လူတို့အား တောင်းဆိုထားသည့် လူများအား ဆက်ဆံရန်နည်းလမ်းအတွက် စည်းမျဉ်းများကို သင်သိလိမ့်မည်။ လူများကို သင်မည်သို့ ဆက်ဆံရမည်ကို သင်သိလိမ့်မည် ဖြစ်ပြီး ၎င်းတို့ကို ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ သင် ဆက်ဆံနိုင်လိမ့်မည်။ သင်သည် သမ္မာတရားကို နားမလည်လျှင် ဘုရားရည်ရွယ်ချက်များကို သေချာပေါက် နားလည်နိုင်လိမ့်မည် မဟုတ်သကဲ့သို့ အခြားသူများကို စည်းမျဉ်းနှင့်အညီ ဆက်ဆံလိမ့်မည် မဟုတ်ချေ။ အခြားသူများကို သင်မည်သို့ ဆက်ဆံရမည်ဆိုသည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲတွင် ရှင်းရှင်းလင်းလင်း ပြသထား၏၊ သို့မဟုတ် အရိပ်အမြွက်ပြထား၏။ လူသားမျိုးနွယ်ကို ဘုရားသခင် ဆက်ဆံသည့် သဘောထားမှာ ၎င်းတို့ အချင်းချင်းဆက်ဆံရာတွင် လူတို့ ခံယူသင့်သည့် သဘောထား ဖြစ်သည်။ လူအယောက်စီတိုင်းကို ဘုရားသခင်က မည်သို့ ဆက်ဆံပါသနည်း။ လူအချို့တို့သည် ဝိညာဉ်ရင့်ကျက်မှု မရင့်သန်သေးပေ။ သို့မဟုတ် ငယ်ရွယ်ကြသည်၊ သို့မဟုတ် တိုတောင်းသည့် အချိန်တစ်ခုသာ ဘုရားသခင်ကို ယုံကြည်ဖူးကြ၏။ သို့မဟုတ် သဘာဝ အနှစ်သာရအားဖြင့် ဆိုးရွားခြင်း မရှိ၊ မလိုမုန်းထားခြင်း မရှိသော်လည်း အနည်းငယ် မသိနားမလည်ပေ၊ သို့မဟုတ် အစွမ်းအစနည်းကြသည်။ သို့မဟုတ် ၎င်းတို့သည် အကန့်အသတ်များစွာကို ခံရပြီး သမ္မာတရားကို နားမလည်ကြသေးပေ၊ အသက်ဝင်ရောက်မှု မရှိကြသေး၊ ထို့ကြောင့် မိုက်မဲသော အရာကို လုပ်ဆောင်ခြင်း သို့မဟုတ် မသိနားမလည်သည့် လုပ်ရပ်ကို ကျူးလွန်ခြင်းမှ ထိန်းသိမ်းဖို့ရန် သူတို့အတွက် ခက်ခဲပေသည်။ သို့သော် ဘုရားသခင်သည် လူများ၏အတိတ်မှ မိုက်မဲမှုများကို မစွဲလမ်းပေ။ ၎င်းတို့၏ စိတ်နှလုံးများကို သူကြည့်ရှုသည်။ ၎င်းတို့က သမ္မာတရားကို လိုက်စားဖို့ သန္နိဋ္ဌာန်ထားရှိလျှင် ၎င်းတို့ မှန်ကန်ပြီး ဤသည်မှာ သူတို့၏ ရည်မှန်းချက်ဖြစ်သည့်အခါ ထို့နောက် ဘုရားသခင်က သူတို့ကို စောင့်ကြည့်နေသည်၊ သူတို့အတွက် စောင့်ဆိုင်းနေပြီး သူတို့ကို ဝင်ရောက်ခွင့်ရရန် အချိန်နှင့် အခွင့်အရေးကို သူတို့အား ပေးနေ၏။ ပြစ်မှားခြင်းတစ်ခုတည်းအတွက် ဘုရားသခင်က သူတို့ကို ပယ်ဖျက်ခြင်း မဟုတ်ပေ။ ယင်းက လူများ လုပ်ဆောင်လေ့ရှိသည့်အရာတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် လူများကို မည်သည့်အခါမျှ ထိုကဲ့သို့ မဆက်ဆံပေ။ ဘုရားသခင်သည် လူများကို ထိုနည်းလမ်းဖြင့် မဆက်ဆံလျှင် လူများသည် အခြားသူများကို အဘယ်ကြောင့် ထိုနည်းလမ်းဖြင့် ဆက်ဆံရသနည်း။ ဤအရာက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မပြသလော။ ဤသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အတိအကျ ဖြစ်ပေသည်။ မသိနားမလည်ဘဲ မိုက်မဲသော လူတို့ကို ဘုရားသခင်က မည်သို့ ဆက်ဆံသည်၊ မရင့်ကျက်သည့် ဝိညာဉ်အသက်တာရှိသူတို့ကို သူ မည်သို့ ဆက်ဆံသည်၊ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ပုံမှန်ထုတ်ဖော်ချက်များကို သူ မည်သို့ ဆက်ဆံပုံနှင့် မလိုမုန်းထားသော သူတို့ကို သူ ဆက်ဆံပုံတို့ကို သင် ကြည့်ရှုလေ့လာရမည်။ ဘုရားသခင်သည် လူအမျိုးမျိုးကို နည်းလမ်းအမျိုးမျိုးဖြင့် ဆက်ဆံပြီး၊ မတူညီသော လူတို့၏ အခြေအနေ အမြောက်အမြားကို စီမံခန့်ခွဲနည်းအမျိုးမျိုးလည်း သူ့ထံတွင် ရှိ၏။ ဤသမ္မာတရားများကို သင်နားလည်ရမည်။ ဤသမ္မာတရားများကို သင်နားလည်ပြီးသည်နှင့်၊ ထိုအခါတွင် အမှုအရာများကို သင် မည်သို့ တွေ့ကြုံခံစားဖို့ကိုလည်းကောင်း၊ လူတို့ကို စည်းမျဉ်းများနှင့်အညီ မည်သို့ ဆက်ဆံဖို့ကိုလည်းကောင်း သင် သိလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို ရရှိရန်၊ အနီးအနားတွင်ရှိသော လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများမှ သင်ယူရမည်) လူတွေနဲ့ ဆက်ဆံရာမှာ ဘုရားက စည်းမျဉ်းတွေ ရှိတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ မြင်ခဲ့ရတယ်။ သူက ဝိညာဉ်ရင့်ကျက်မှု နည်းပါးတဲ့သူတွေကိုစိတ်ရှည်သည်းခံပေးပြီး သူတို့ကို ကြီးထွားဖို့ အခွင့်အရေးတွေပေးတယ်။ ဒါပေမဲ့ ကျွန်မက တခြားလူတွေ ရင်ဆိုင်ခဲ့ရတဲ့ တကယ့် ပြဿနာတွေကို မစဉ်းစားဘဲ၊ အရမ်းမြင့်မားတဲ့ မျှော်လင့်ချက်တွေ ရှိခဲ့တယ်။ ကျောက်စင်းက အသက်ပိုကြီးပြီး ဒါနဲ့ စိမ်းတယ်။ ဒါကြောင့် အစမှာတော့ အလုပ်ကို သူ မရင်းနှီးတာ သူ့အတွက် ပုံမှန်ပဲလေ။ သူ့အခက်အခဲတွေကို နားလည်ပေးပြီး ချစ်ခင်တဲ့ အားပေးမှုကို ပေးမဲ့အစား၊ သူ့အလုပ်ကို သူ ထမ်းဆောင်နေတဲ့အတွက် အလုပ်ကို ချက်ချင်း တာဝန်ယူဖို့ သူ့ကို ကျွန်မ တောင်းဆိုခဲ့တယ်။ လျူဝန်က လုပ်တာနှေးပြီး အလုပ်များတဲ့အခါ စိတ်ရှုပ်ထွေးသွားတတ်တယ်။ ဒါပေမဲ့ သူက သူ့တာဝန်တွေကို လုပ်တဲ့နေရာမှာ တည်ငြိမ်ပြီး လေးနက်သလို တကယ့် အလုပ်တာဝန်တွေကို ကိုင်တွယ်နိုင်တယ်။ ဒါပေမဲ့၊ အလုပ်နဲ့ သူတို့ကိုယ်သူတို့ ရင်းနှင်းအောင် ညီအစ်မတွေကို ကျွန်မ မကူညီခဲ့သလို၊ အလွန်အကျွံ မြင့်မားတဲ့ မျှော်လင့်ချက်တွေ ရှိခဲ့တယ်။ သူတို့က ကျွန်မရဲ့ မျှော်လင့်ချက်တွေကို မပြည့်မီနိုင်တဲ့အခါ၊ စိတ်မကျေနပ်တာကို ကျွန်မပြခဲ့ပြီး သူတို့ကို စိတ်ကျဉ်းကျပ်သွားစေခဲ့တယ်။ ခေါင်းဆောင်အနေနဲ့ ပထမဆုံး ကျွန်မတာဝန်တွေကို ထမ်းဆောင်ခဲ့တဲ့အချိန်ကို စဉ်းစားမိတယ်။ အဲဒီတုန်းက ကျွန်မ ဘာမှမသိခဲ့ဘူး။ စည်းမျဉ်းတချို့ကို ကျွန်မ သဘောပေါက်ခဲ့တာက ညီအစ်ကို မောင်နှမတွေက အမြဲကူညီပေးခဲ့ကြလို့ပါ။ ဒါပေမဲ့ နောက်တော့၊ ကျွန်မက ကျွန်မရဲ့တွဲဖက် ညီအစ်မတွေဆီကနေ အလွန်အကျွံ တောင်းဆိုခဲ့ပြီး သူတို့အတွက် ကိစ္စတွေကို ခက်ခဲအောင် လုပ်ခဲ့တယ်။ ကျွန်မ တကယ်ကို လူ့သဘာဝကင်းမဲ့ခဲ့တာပါ။ ဒါကို တွေးမိတော့၊ ကျွန်မ အရမ်းရှက်မိတယ်။
နောက်ပိုင်းမှာ ကျွန်မ ရှာဖွေကြည့်နေတုန်း ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရတယ်- “ညီအစ်ကိုမောင်နှမများ ပြောဆိုဆက်ဆံသည့်ပုံစံတွင် စည်းမျဉ်းများ ရှိရမည်။ သူတစ်ပါး၏ အမှားများပေါ်တွင် အမြဲ အာရုံမစိုက်နှင့်၊ ထိုအစား မိမိကိုယ်မိမိ မကြာခဏ ဆန်းစစ်ရမည်။ ထို့နောက်တွင် အခြားလူများကို နှောင့်ယှက်ခြင်း၊ သို့မဟုတ် ထိခိုက်ခြင်း ဖြစ်စေခဲ့သည့် မည်သည့်အရာများအား သင်လုပ်ဆောင်ခဲ့သည်ကို ၎င်းတို့အား သင် တက်ကြွစွာ ဝန်ခံရမည်။ ပြီးလျှင် မိမိကိုယ်ကို ဖွင့်ဟပြီး မိတ်သဟာယဖွဲ့ဖို့ သင်ယူရမည်။ ဤနည်းအားဖြင့် အပြန်အလှန် နားလည်မှုကို သင်စွမ်းဆောင်ရရှိနိုင်သည်။ ထို့အပြင် သင့်အပေါ် မည်သည့်အရာ ကျရောက်ပါစေ သင်သည် ဘုရားနှုတ်ကပတ်တော်များကို အခြေခံပြီး အမှုအရာများကို ကြည့်ရှုသင့်သည်။ သမ္မာတရား စည်းမျဉ်းများကို လူများ နားလည်နိုင်ပြီး လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းကို ရှာနိုင်လျှင် ၎င်းတို့သည် စိတ်နှလုံးတစ်လုံးတစ်ဝတည်း ဖြစ်လာလိမ့်မည်။ ပြီးလျှင် ညီအစ်ကိုမောင်နှမများကြားရှိ ပေါင်းသင်းဆက်ဆံရေးသည် ပုံမှန်ဖြစ်လိမ့်မည်။ ၎င်းတို့သည် ဘာသာတရားမရှိသူများတမျှ ဂရုမစိုက်ဘဲ အေးစက်ပြီး ရက်စက်ကြလိမ့်မည် မဟုတ်ပေ။ ပြီးလျှင် ၎င်းတို့သည် အပြန်အလှန် သံသယဝင်ပြီး သတိထားသည့် ၎င်းတို့၏ စိတ်အခြေအနေကို ဖယ်ရှားကြလိမ့်မည်။ ညီအစ်ကိုမောင်နှမများသည် အချင်းချင်း ပို၍ရင်းနှီးလာကြလိမ့်မည်။ တစ်ယောက်နှင့် တစ်ယောက် ပံ့ပိုးပေးနိုင်ကြပြီး ချစ်နိုင်ကြလိမ့်မည်။ အချင်းချင်း ဖယ်ကြဉ်ခြင်း၊ အချင်းချင်း မနာလိုဖြစ်ခြင်း၊ တစ်ယောက်နှင့် တစ်ယောက် နှိုင်းယှဉ်ကြည့်ခြင်း၊ ပြီးလျှင် အချင်းချင်း တိတ်တဆိတ် ယှဉ်ပြိုင်ပြီး အာခံခြင်းတို့အစား ၎င်းတို့၏ စိတ်နှလုံးတွင် စေတနာကောင်း ရှိလိမ့်မည်။ အချင်းချင်း သည်းခံပြီး သနားကရုဏာထားနိုင်စွမ်းရှိမည်။ တစ်ယောက်နှင့် တစ်ယောက် ပံ့ပိုးပြီး ကူညီကြလိမ့်မည်။...လူတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်ရှင်သောအခါ ဘုရားသခင်ရှေ့တွင် ငြိမ်သက်ခြင်းရှိရန် အလွန်ခက်ခဲပြီး ယင်းမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားနှုတ်ကပတ်တော်အတိုင်း အသက်ရှင်ရန် အလွန်ခက်ခဲသည်။ ဘုရားသခင်ရှေ့တွင် အသက်ရှင်ရန်အတွက် သင့်ကိုယ်သင် မည်သို့ဆင်ခြင်သုံးသပ်ပြီး သိမြင်ရမည်ကို သင်ယူရမည်။ ဘုရားသခင်ထံ အမှန်တကယ် ဆုတောင်းရမည်။ ထို့နောက်တွင် ညီအစ်ကိုမောင်နှမများနှင့် မည်သို့အဆင်ပြေအောင် ဆက်ဆံရမည်ကို သင်ယူရမည်။ သင်တို့သည် အချင်းချင်း သည်းခံရမည်၊ အချင်းချင်း သက်ညှာရမည်၊ ပြီးလျှင် အခြားသူများ၏ အားသာချက်များနှင့် အရည်အချင်းများက မည်သည့်အရာများ ဖြစ်သည်ကို မြင်နိုင်ရမည်။ ပြီးလျှင် အခြားလူများ၏ ထင်မြင်ချက်များနှင့် မှန်ကန်သည့်အရာများကို လက်ခံရန် သင်ယူရမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မတို့ကို ရှင်းရှင်းလင်းလင်း ပြောပါတယ်။ ညီအစ်ကို မောင်နှမတွေနဲ့ ကျွန်မတို့ ဆက်ဆံရာမှာ၊ သူတို့ရဲ့ အားနည်းချက်တွေအပေါ် အမြဲ အာရုံမစိုက်သင့်ဘဲ၊ အဲဒီအစား သူတို့ရဲ့ အားသာချက်တွေနဲ့ အရည်အချင်းတွေကို မြင်သင့်တယ်တဲ့။ ကျွန်မတို့ အချင်းချင်း သည်းခံပြီး အချင်းချင်းရဲ့ အားသာချက်နဲ့ အားနည်းချက်တွေကို ဖြည့်စွက်ဖို့ လိုတယ်။ ကျောက်စင်းက ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို မိတ်သဟာယပြုတဲ့နေရာမှာ ပိုတော်တယ်။ တစ်ခါတလေ ညီအစ်ကို မောင်နှမတွေရဲ့ ပြဿနာတွေကို ကျွန်မ မရိပ်စားနိုင်ခဲ့တဲ့အချိန်မှာ ကျောက်စင်းက အဲဒီပြဿနာတွေကို မိတ်သဟာယပြုပြီး ဖြေရှင်းဖို့ ဆီလျော်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာနိုင်ခဲ့တယ်။ လျူဝန်က အလုပ်လုပ်တာနှေးပေမဲ့၊ ပြဿနာတွေကို သေချာ စေ့စေ့စပ်စပ်စဉ်းစားပြီး သူ့တာဝန်တွေကို လေးလေးနက်နက်၊ တာဝန်သိသိနဲ့ လုပ်တယ်။ ကျွန်မက အလုပ်များတဲ့အချိန်မှာ၊ ဝတ်ကျေတမ်းကျေ လုပ်တတ်တယ်။ ဒါပေမဲ့ လျူဝန်က ရံဖန်ရံခါ ကျွန်မကို အပြစ်ဖော်ဆုံးမတယ်။ အဲဒါကလည်း ကျွန်မအတွက် အထောက်အကူဖြစ်ပြီး ကျွန်မနဲ့ ကိုက်တယ်။ ကျွန်မတို့ သုံးယောက်က အတူ စိတ်တူသဘောတူ အလုပ်လုပ်ပြီး အချင်းချင်းရဲ့ အားသာချက်နဲ့ အားနည်းချက်တွေကို ဖြည့်စွက်ပေးတာက ကျွန်မတို့ အလုပ်ကို သေချာပေါက် တိုးတက်စေမှာပဲ။ နောက်ပိုင်းမှာ ကျွန်မအခြေအနေနဲ့ပတ်သက်လို့ ကျွန်မရဲ့ တွဲဖက် ညီအစ်မတွေဆီ ဖွင့်ပြောခဲ့ပြီး၊ အချင်းချင်းရဲ့ ပြဿနာတွေကို ကျွန်မတို့ ထောက်ပြခဲ့ကြတယ်။ မိတ်သဟာယကတစ်ဆင့်၊ ကျွန်မတို့ တွဲဖက်ပြီးလုပ်ကြတာနဲ့ သက်ဆိုင်တဲ့ လမ်းကြောင်းနဲ့ ဦးတည်ချက်ကို ကျွန်မတို့ ရှာတွေ့ခဲ့ကြပြီး၊ ကျွန်မ စိတ်နှလုံးမှာ၊ တကယ်ကို စိတ်အေးလက်အေး ဖြစ်သွားတယ်။ ဘုရားသခင် စီစဉ်ပေးတဲ့ ပတ်ဝန်းကျင်က ကျွန်မဘဝကြီးထွားမှုအတွက် အကျိုးရှိတာကို မြင်တော့၊ ဘုရားသခင်ကို ကျွန်မ တကယ် ကျေးဇူးတင်မိတယ်။