၂။ တိတ်ဆိတ်ခြင်း နောက်ကွယ်မှာ ဘယ်အရာပုန်းကွယ်နေပါသလဲ
ကျွန်မက ကိုယ့်ဂုဏ်သိက္ခာကို အရမ်းဂရုစိုက်ပြီး တခြားသူတွေ ကျွန်မကို ဘယ်လိုမြင်မလဲဆိုတာကို အမြဲစိုးရိမ်ခဲ့တယ်။ စုဝေးပွဲတွေ တက်တဲ့အခါတိုင်း ကျွန်မ အရမ်းစိတ်လှုပ်ရှားတယ်၊ ကိုယ် ဆုတောင်းတာ ဒါမှမဟုတ် မိတ်သဟာယပြုတာ မကောင်းရင် သူများတွေ အထင်သေးမှာကို အမြဲကြောက်နေခဲ့တာ။ ဆုမတောင်းခင် အခါတိုင်း၊ ကျွန်မက သုံးရမဲ့ စကားလုံးတွေကို အတိအကျစဉ်းစားပြီး ကြိုတင်ပြင်ဆင်ထားတတ်တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ ပတ်သက်ပြီး မိတ်သဟာယပြုတဲ့အခါ၊ ကိုယ့်မှာ အတွေ့အကြုံဆိုင်ရာ နားလည်မှုတချို့ရှိရင် သိပ်မစိုးရိမ်ဘူး။ ဒါပေမဲ့ နားလည်မှုမရှိဘဲ ဘာကို မိတ်သဟာယပြုရမှန်း မသိတဲ့အခါ၊ ရင်ထဲမှာ တလှပ်လှပ်ဖြစ်သလိုမျိုး နှလုံးက အရမ်းခုန်လာပြီး လက်ဖဝါးတွေမှာ ချွေးတွေစို့နေတတ်တယ်။ နေ့စဉ်ဘဝမှာ တခြားသူတွေက ကျွန်မရဲ့ အားနည်းချက်တွေကို သတိထားမိရင် ကျွန်မ အရမ်းကို ရှက်ရွံ့မိတယ်၊ သူတို့ကို မျက်နှာချင်းမဆိုင်ရဲတော့ဘူး၊ ကျွန်မလုပ်သမျှ လုပ်ရပ်တိုင်းက အရမ်းဘောင်ခတ်ခံရသလို ဖြစ်သွားတယ်။ ဒီလိုအခြေအနေမျိုးမှာ ရှင်သန်နေရလို့ ကျွန်မ မကြာမကြာ ဖိနှိပ်ခံရပြီး နာကျင်ခဲ့ရတယ်။
ကျွန်မ စာနဲ့ပတ်သက်တဲ့အလုပ်ကို လေ့ကျင့်ခါစက အချိန်ကို မှတ်မိသေးတယ်။ အဲဒီတုန်းက ကြီးကြပ်ရေးမှူးက ကျွန်မတို့နဲ့အတူ စုဝေးပွဲလုပ်ဖို့ ရောက်လာခဲ့တယ်။ ကျွန်မရဲ့တွဲဖက် ညီအစ်မ ယန်မင်က အရမ်းတိတိကျကျ မိတ်သဟာယပြုနေတာကို ကျွန်မတွေ့တော့ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “နင် နည်းနည်းလောက်ပဲ မိတ်သဟာယပြုလို့မရဘူးလား။ ငါသိတာတွေကို နင်က ပြောသွားပြီးပြီ၊ ဒီတော့ ခဏနေ ငါ မိတ်သဟာယပြုရင် ထပ်တူဖြစ်နေမှာပေါ့။ အဲဒီအခါ ကြီးကြပ်ရေးမှူးက ငါ့မှာ သိနားလည်မှုအသစ်မရှိဘူးလို့ သေချာပေါက် ထင်သွားမှာပဲ။ ငါက တခြားအပိုင်းတွေအကြောင်း မိတ်သဟာယပြုပြီး ထိထိမိမိ မရှိခဲ့ရင်၊ ကြီးကြပ်ရေးမှူးက ငါ့ရဲ့ သမ္မာတရားကို နားလည်နိုင်စွမ်းက ညံ့ဖျင်းပြီး ငါ့ရဲ့မိတ်သဟာယက လိုရင်းမရောက်ဘူးလို့ ထင်သွားမလား” ပေါ့။ ကျွန်မ ပိုတွေးလေလေ၊ ပိုစိုးရိမ်လာလေလေပဲ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တစ်ပိုဒ်ကို ကြည့်လိုက်၊ နောက်တစ်ပိုဒ်ကို ကြည့်လိုက်နဲ့ ဘယ်နှုတ်ကပတ်တော်ကနေ ဝေမျှဖို့ သိနားလည်မှုတချို့ ထုတ်ယူနိုင်မလဲဆိုတာကို ချင့်ချိန်နေခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်မစိတ်တွေက ရှုပ်ယှက်ခတ်နေတော့ အလေးအနက်ချင့်ချိန်ဖို့ စိတ်ကိုငြိမ်အောင် မထားနိုင်ခဲ့ဘူး။ အချိန်အကြာကြီး ဖတ်ပြီးတဲ့နောက်မှာတောင် ဘယ်ကစရမှန်း ကျွန်မ မသိသေးဘူး။ ယန်မင် ဝေမျှပြီးတဲ့အခါ ကြီးကြပ်ရေးမှူးက ဆက်ပြီး မိတ်သဟာယပြုဖို့ ကျွန်မ တကယ်ကို မျှော်လင့်ခဲ့တယ်၊ ဒါဆိုရင် ကျွန်မ မိတ်သဟာယပြုစရာ လိုတော့မှာ မဟုတ်ဘူးလေ။ ဒါပေမဲ့ မမျှော်လင့်ဘဲနဲ့ ယန်မင်ပြီးသွားတဲ့အခါမှာ ကြီးကြပ်ရေးမှူးက ကျွန်မကို မိတ်သဟာယပြုခိုင်းခဲ့တယ်။ ကိုယ့်မှာ သိနားလည်မှုမရှိဘူးလို့ ပြောလိုက်ရင် တခြားသူတွေက အထင်သေးမှာကို စိုးရိမ်လို့ ကျွန်မ နောက်ဆုံးမှာ တိတ်တိတ်နေလိုက်တယ်။ လူတိုင်းက ကျွန်မ မိတ်သဟာယပြုဖို့ စောင့်နေမှန်း ကျွန်မသိပေမဲ့ ကျွန်မမှာ အရမ်းကို ချုပ်တည်းခံနေရသလို ခံစားခဲ့ရတယ်။ အဲဒီအချိန်မှာ ညီအစ်မတစ်ယောက်က ကျွန်မကို တဲ့တိုး သတိပေးခဲ့တယ်၊ “အစ်မ နားလည်သလောက် မိတ်သဟာယပြုသင့်တယ်။ မိတ်သဟာယပြုတာ မကောင်းမှာနဲ့ တခြားသူတွေ အထင်သေးမှာကို ကြောက်နေပြီး ပိုကောင်းအောင် ဘယ်လိုမိတ်သဟာယပြုမလဲ ဒါမှမဟုတ် မိတ်သဟာယပြုတာကို လုံးဝရှောင်မလဲဆိုတာကို ဆက်ပြီးစဉ်းစားနေမယ်ဆိုရင် ဒါက ကိုယ့်ကိုယ်ပိုင်ပုံရိပ်ကို ကာကွယ်နေတာပဲ။ အစ်မရဲ့ရည်ရွယ်ချက်က လူတွေ အစ်မကို အထင်ကြီးစေချင်တာနဲ့ သူတို့ရဲ့စိတ်နှလုံးထဲမှာ နေရာတစ်နေရာရချင်တာပဲ” တဲ့။ အဲဒီစကားသုံးလေးခွန်းက ကျွန်မရဲ့ နှလုံးသားကို တည့်တည့်ထိမှန်သွားတယ်။ ညီအစ်ကိုမောင်နှမတွေကို မော့မကြည့်ရဲဘူး၊ ကျွန်မမျက်နှာတစ်ခုလုံး ပူထူသွားတယ်၊ စိတ်ထဲမှာတော့ အတိုက်အခံလုပ်ချင်စိတ် ဖြစ်မိပြီး “ငါ ဒီလိုမဖြစ်သင့်ဘူးဆိုတာကို ငါလည်း သိပါတယ်၊ ဒါပေမဲ့ ငါ ဒါကို ကျော်လွှားလို့ကိုမရဘူး” လို့ တွေးမိတယ်။ ကျွန်မ တစ်ချိန်လုံး တိတ်ဆိတ်နေတာကို မြင်တော့ တခြားလူတွေက ဘာမှဆက်မပြောကြတော့ဘူး။ အဲဒီအချိန်မှာ အခြေအနေက တော်တော်ကို အနေရခက်သွားတယ်။ စုဝေးပွဲအပြီးမှာ ကျွန်မ တောက်လျှောက် စိတ်ဆင်းရဲနေခဲ့ပြီး ကိုယ့်တာဝန်တွေကို အပြည့်အဝ မလုပ်နိုင်ခဲ့ဘူး။ နောက်တစ်ခါမှာ ညီအစ်မကျန်းရှင်က သူရေးထားတဲ့ ဇာတ်ညွှန်းတစ်ခုအပေါ် အကြံပြုချက်ပေးဖို့ ကျွန်မနဲ့ ယန်မင်ကို တောင်းဆိုခဲ့တယ်။ ခဏအကြာမှာ ယန်မင်က သူတွေ့တဲ့ ပြဿနာတွေကို ထောက်ပြခဲ့တယ်။ သူပြောပြီးတဲ့အခါမှာ ကျန်းရှင်က ကျွန်မ ဘာပြဿနာတွေ တွေ့သလဲလို့ မေးခဲ့တယ်။ ကျွန်မ စဉ်းစားမိတယ်၊ “အတွေးအခေါ်က သိပ်မရှင်းလင်းဘူးလို့ ထင်ရပေမဲ့၊ ပြဿနာတွေက ဘယ်နေရာမှာလဲဆိုတာ ငါ မသေချာဘူး။ ငါ ဘာပြောသင့်လဲ။ ငါသာ မှားပြောမိရင် အရမ်းရှက်စရာကောင်းမှာပဲ” ပေါ့။ အထင်သေးမခံရအောင် ကျွန်မ တိတ်တိတ်နေလိုက်တယ်။ ကျန်းရှင်က ကျွန်မကို ထပ်မေးတယ်၊ ကျွန်မက အပေါ်ယံမှာ တည်ငြိမ်နေသယောင်ရှိပေမဲ့ စိတ်ထဲမှာတော့ စိုးရိမ်နေခဲ့တယ်၊ “ငါ ခုထိ စဉ်းစားလို့မရသေးဘူး။ ငါ ဘာပြောရမလဲ။ ငါသတိထားမိတဲ့ ပြဿနာအသေးအမွှားလေးတွေကို ပြောလိုက်လို့၊ မှန်နေရင်တော့ ကောင်းပါတယ်၊ ဒါပေမဲ့ မှားနေရင်ရော၊ ဇာတ်ညွှန်းလုပ်တာ အချိန်နည်းနည်းကြာနေပြီးတော့ ပြဿနာတွေကိုတောင် ရွေးမထုတ်နိုင်ဘူး၊ ငါက တကယ်ကို ညံ့ဖျင်းလွန်းတယ်လို့ ကျန်းရှင်ထင်သွားမလား” ပေါ့။ ဒီအချိန်မှာ ကျန်းရှင်က စိတ်မရှည်တော့ဘဲ ပြောတယ်၊ “တိတ်တိတ်ကြီးပဲ မနေပါနဲ့။ တစ်ခုခု သတိထားမိရင် မြင်တာကိုပြော။ မမြင်ရင်လဲ မမြင်ဘူးလို့သာပြောလိုက်” တဲ့။ လူတိုင်းက ကျွန်မကို တိတ်တဆိတ် ကြည့်နေကြတယ်။ အဲဒီအချိန်မှာ ကျွန်မ အရမ်းကို အနေရခက်ပြီး ရှက်လွန်းလို့ မြေကြီးထဲသာ တိုးဝင်သွားချင်စိတ် ပေါက်သွားတယ်။ ကျွန်မလည်း စိတ်မပါတပါနဲ့ ပြောလိုက်တယ်။ “အခုလောလောဆယ် မဆွေးနွေးသေးဘဲ ထားလိုက်ရအောင်၊ အစ်မရေးထားတဲ့အတိုင်းပဲ လောလောဆယ် ထားလိုက်ပါ” လို့ပေါ့။ လူတိုင်းမှာလည်း ကိုယ့်အလုပ်ကိုယ်ပြန်လုပ်ဖို့ကလွဲပြီး တခြားရွေးစရာမရှိခဲ့ဘူး။ ကျွန်မ အဲဒီမှာထိုင်နေရင်း အရမ်းရှက်ပြီး အကြီးအကျယ် စိတ်ဆင်းရဲနေခဲ့တယ်။ အစောက မြင်ကွင်းကို တွေးကြည့်ရင်း ညီအစ်မနှစ်ယောက်က ကျွန်မကို ဘယ်လိုမြင်မလဲဆိုတာကို မခန့်မှန်းဘဲ မနေနိုင်ခဲ့ဘူး။ ကျွန်မ စဉ်းစားလေလေ ပိုပြီးစိတ်မကောင်းဖြစ်လာလေလေပဲ၊ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့လည်း စိတ်မပါတော့ဘူး၊ ရင်ထဲမှာ ကျောက်တုံးကြီး တစ်တုံး ဖိထားသလို ခံစားရတယ်။ ကိုယ်က ဒီလိုအခြေအနေမျိုးမှာ မကြာမကြာ ရှင်သန်နေရတာကို တွေးမိတော့၊ ကျွန်မ အရမ်းနာကျင်ပြီး ဘယ်သင်ခန်းစာကို သင်ယူသင့်မှန်း မသိခဲ့ဘူး၊ ဒါနဲ့ ဘုရားသခင်ဆီကို ကျွန်မ ဆုတောင်းခဲ့တယ်၊ ကျွန်မရဲ့အခြေအနေမှန်ကို နားလည်ဖို့ ကိုယ်တော့်ရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ လမ်းပြခြင်းကို တောင်းလျှောက်ခဲ့တယ်။
နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နှစ်ပိုဒ်ကို ဖတ်ခဲ့ပြီး ကိုယ့်အခြေအနေနဲ့ပတ်သက်ပြီး နားလည်မှုတချို့ ရခဲ့တယ်။ ဘုရားသခင်က ပြောသည် “သင်၏ အသက်တာ၌ စွပ်စွဲသည့်အသိစိတ် မကြာခဏရှိပါက သင်၏ စိတ်နှလုံးသည် အနားမရနိုင်ပါက၊ သင်သည် ငြိမ်သက်ခြင်း သို့မဟုတ် ဝမ်းမြောက်ခြင်း မရှိပါက၊ ပြီးလျှင် ကိစ္စအမျိုးစုံနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ခြင်းနှင့် သောကရောက်ခြင်းတို့၏ မကြာခဏ ဖိစီးခြင်းခံရပါက ဤသည်မှာ အဘယ်အရာကို ဖော်ပြသနည်း။ သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြောင်း၊ ဘုရားသခင်အတွက် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ မရပ်တည်ကြောင်းကို ဖော်ပြရုံမျှသာတည်း။ သင်သည် စာတန်၏ စိတ်သဘောထား အလယ်တွင် အသက်ရှင်သည့်အခါ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ မကြာခဏ ပျက်ကွက်နိုင်ခြေရှိပြီး သမ္မာတရားကို သစ္စာဖောက်ဖို့၊ တစ်ကိုယ်ကောင်းဆန်ပြီး ဆိုးယုတ်ဖို့ ဖြစ်နိုင်ခြေရှိလေသည်။ သင်သည် သင်၏ပုံရိပ်၊ သင်၏နာမည်နှင့် ဂုဏ်အဆင့်အတန်း၊ ပြီးလျှင် သင်၏အကျိုးစီးပွားများကိုသာ ထိန်းသိမ်းသည်။ သင့်အတွက်သာ သင် အစဉ်သဖြင့် အသက်ရှင်ခြင်းက သင့်အား အစဉ် ကြီးစွာသော နာကျင်မှု ဖြစ်စေသည်။ သင်သည် အလွန်များစွာသော တစ်ကိုယ်ကောင်းဆန်သည့် အလိုဆန္ဒများ၊ အနှောင်အဖွဲ့များ၊ သံယောဇဉ်များ၊ ဒွိဟများနှင့် စိတ်အနှောင့်အယှက်များစွာတို့ သင့်ထံတွင် ရှိသည်မှာ သင်၌ အနည်းဆုံးသော ငြိမ်သက်ခြင်း၊ သို့မဟုတ် ဝမ်းမြောက်ခြင်းတို့မရှိချေ။ ဖောက်ပြန်ပျက်စီးသော ဇာတိပကတိအတွက် အသက်ရှင်ခြင်းသည် အလွန်အမင်း ဒုက္ခခံစားရခြင်း ဖြစ်လေသည်။ သမ္မာတရားကို လိုက်စားသောသူတို့မှာ မတူပေ။ သမ္မာတရားကို ၎င်းတို့ သာ၍ နားလည်လေ၊ သာ၍ လွတ်လပ်ကာ လွတ်မြောက်လေ ဖြစ်လာကြသည်။ သမ္မာတရားကို ၎င်းတို့ သာ၍ လက်တွေ့လုပ်ဆောင်လေ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း သာ၍ ရှိလေဖြစ်သည်။ သမ္မာတရားကို ၎င်းတို့ ရရှိကြသည့်အခါ အလင်းတွင် ၎င်းတို့ လုံးဝ အသက်ရှင်ကြလိမ့်မည်၊ ဘုရားသခင်၏ ကောင်းချီးများကို မွေ့လျော်ကာ မည်သည့် စိတ်ဆင်းရဲမှုကိုမျှ ရှိကြလိမ့်မည် မဟုတ်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အသက်ဝင်ရောက်ခြင်းသည် တာဝန် ထမ်းဆောင်ခြင်းဖြင့် စတင်သည်) “လူအချို့မှာ ညံ့ဖျင်းသောအစွမ်းအစကြောင့်၊ သို့မဟုတ် နုံသောကြောင့်၊ ရှုပ်ထွေးသောအတွေးများ မရှိသောကြောင့် စကားသိပ်မပြောခြင်း ဖြစ်သော်လည်း အန္တိခရစ်များက စကားသိပ်မပြောသောအခါတွင် အကြောင်းပြချက် တစ်မျိုးတည်းကြောင့် မဟုတ်ပေ။ ယင်းသည် စိတ်သဘောထားနှင့်သက်ဆိုင်သော ပြဿနာ ဖြစ်သည်။ ၎င်းတို့သည် အခြားလူများနှင့် တွေ့ဆုံသောအခါတွင် စကားပြောခဲပြီး အမှုကိစ္စများအပေါ် ၎င်းတို့၏ အမြင်များကို အလွယ်တကူ မဖော်ပြပေ။ ၎င်းတို့အမြင်များကို အဘယ်ကြောင့် မဖော်ပြသနည်း။ ရှေးဦးစွာ ၎င်းတို့သည် သမ္မာတရားကင်းမဲ့ပြီး အမှုအရာများကို ရှင်းရှင်းလင်းလင်း မသိမြင်နိုင်ပေ။ ၎င်းတို့စကားပြောလျှင် အမှားများပြုလုပ်နိုင်ပြီး ၎င်းတို့ကို ရိပ်စားမိခြင်း ခံရနိုင်သည်။ အထင်သေးခံရခြင်းကို ၎င်းတို့ကြောက်ရွံ့သည်။ ထို့ကြောင့် ၎င်းတို့သည် တိတ်ဆိတ်ဟန်ဆောင်ပြီး နက်နဲဟန်ဆောင်ကာ အခြားလူတို့အနေဖြင့် ၎င်းတို့ကို ခန့်မှန်းရန် ခက်ခဲအောင်လုပ်ဆောင်သည်။ အမြော်အမြင်ရှိပြီး သာမန်ထက်ထူးကဲသည့်ပုံစံပေါ်စေသည်။ ဤအယောင်ဆောင်မှုဖြင့် လူတို့သည် အန္တိခရစ်အား လျှော့မတွက်ရဲပေ။ ပြီးလျှင် ၎င်းတို့၏ တည်ငြိမ်သည့်ပုံစံနှင့် ဣန္ဒြေရသော အပြင်ပန်းကို မြင်တွေ့ပြီး လူတို့သည် ၎င်းတို့အား ပို၍ပင် အထင်ကြီးပြီး မစော်ကားရဲပေ။ ဤသည်မှာ အန္တိခရစ်များ၏ စဉ်းလဲသော၊ ကောက်ကျစ်ဆိုးယုတ်သော သွင်ပြင်လက္ခဏာဖြစ်သည်။ ၎င်းတို့၏ အမြင်အများစုသည် သမ္မာတရားနှင့် မကိုက်ညီဘဲ လူသားအယူအဆများနှင့် စိတ်ကူးများသာဖြစ်ကာ လူအများရှေ့ထုတ်ပြရန် မထိုက်တန်သောကြောင့် ၎င်းတို့၏ အမြင်များကို အလွယ်တကူ မဖော်ပြပေ။ ထို့ကြောင့် ၎င်းတို့သည် တိတ်ဆိတ်စွာနေသည်။ စိတ်အတွင်းတွင် ၎င်းတို့သည် လေးစားမှုရရန်အတွက် ၎င်းတို့ ထုတ်လွှတ်နိုင်သည့် အလင်းတစ်ခုခုကို ရရှိဖို့ မျှော်လင့်သည်။ သို့သော် ၎င်းတို့၌ ဤအရာကင်းမဲ့သောကြောင့် သမ္မာတရားအား မိတ်သဟာယဖွဲ့စဉ်တွင် တိတ်ဆိတ်စွာနေကာ ပုန်းကွယ်နေပြီး အခွင့်အရေးကို စောင့်ဆိုင်းနေသော တစ္ဆေတစ်ကောင်ကဲ့သို့ အမှောင်ထဲတွင် ချောင်းနေသည်။ အခြားလူများက အလင်းကို ထုတ်ပြောသည်ကို ၎င်းတို့မြင်သောအခါ ၎င်းတို့၏ ကိုယ်ပိုင်အဖြစ် ပြုလုပ်ရန်အတွက် နည်းလမ်းများကို ရှာပြီး ကြွားဝါရန်အတွက် ယင်းကို အခြားပုံစံဖြင့် ဖော်ပြသည်။ ဤသည်မှာ အန္တိခရစ်များ ကောက်ကျစ်ပုံဖြစ်သည်။ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့သည် ထင်ပေါ်ပြီး သာလွန်ရန် ကြိုးပမ်းသည်။ ထိုအခါမှသာ ၎င်းတို့က ကျေနပ်နှစ်သက်ကြသည်။ ၎င်းတို့သည် အခွင့်အရေးမရှိလျှင် ရှေးဦးစွာ သိုသိုသိပ်သိပ်နေပြီး မိမိတို့၏ အမြင်များကို မိမိတို့ဘာသာ သိမ်းထားသည်။ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်မှုဖြစ်သည်။ ဥပမာ ဘုရားအိမ်တော်မှ တရားဒေသနာတစ်ပုဒ်ကို ထုတ်ပြန်သောအခါ ဘုရားနှုတ်ကပတ်တော်နှင့်တူသည်ဟု အချို့လူများက ဆိုသည်။ ပြီးလျှင် အခြားသောသူတို့က အထက်မှ မိတ်သဟာယနှင့်ပိုတူသည်ဟု ထင်မြင်သည်။ အတော်အတန်ပင် ရိုးရှင်းသည့်စိတ် ရှိသောသူတို့က ၎င်းတို့စိတ်တွင် ရှိသည့်အရာကို ပြောသည်။ သို့သော် အန္တိခရစ်များက ဤအရာနှင့်ပတ်သက်ပြီး ထင်မြင်ချက်ရှိလျှင်ပင် ဖုံးကွယ်ထားသည်။ ၎င်းတို့သည် အများစု၏ အမြင်ကို ကြည့်ရှုလေ့လာပြီး လိုက်လျှောက်ရန် ပြင်ဆင်ထားသော်လည်း အမှန်တကယ်တွင် ယင်းကို ၎င်းတို့ဘာသာ နှံ့နှံ့စပ်စပ် သဘောမပေါက်နိုင်ပေ။ ဤသို့ပါးနပ်ပြီး ကလိမ်ကျသော လူတို့သည် သမ္မာတရားကို နားလည်နိုင်သလော၊ သို့မဟုတ် စစ်မှန်သော ပိုင်းခြားသိမြင်မှု ရှိသလော။ သမ္မာတရားကို နားမလည်သောသူတစ်ဦးသည် မည်သည့်အရာကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်သနည်း။ မည်သည့်အရာကိုမျှ ထိုးထွင်းသိမြင်နိုင်ခြင်း မရှိပေ။ လူအချို့သည် အမှုအရာများကို ရှင်းရှင်းလင်းလင်း မသိမြင်နိုင်သည့်တိုင် လေးနက်ဟန်ဆောင်ကြသည်။ အမှန်တကယ်တွင် ၎င်းတို့သည် ပိုင်းခြားသိမြင်မှုကင်းမဲ့ပြီး အခြားလူများက ၎င်းတို့အား ရိပ်စားမိမည်ကို စိုးရိမ်ကြသည်။ ဤသို့သော အခြေအနေ၌ မှန်ကန်သော သဘောထားမှာ ‘ဤအမှုကိစ္စကို ငါတို့ မသိမြင်နိုင်။ ငါတို့မသိသည့်အတွက် ပေါ့ဆစွာ မပြောဆိုသင့်။ မမှန်ကန်စွာပြောဆိုခြင်းသည် အပျက်သဘောဆောင်သော သက်ရောက်မှု ရှိနိုင်သည်။ အထက်ကပြောသည့်အရာကို ငါစောင့်ကြည့်မည်’ ဟူ၍ ဖြစ်သည်။ ဤသည်မှာ ရိုးသားစွာပြောဆိုခြင်းမဟုတ်လော။ ဤသည်မှာ ရိုးရှင်းသော ဘာသာစကားဖြစ်သည်။ သို့တိုင်အောင် အန္တိခရစ်များက အဘယ်ကြောင့် မပြောသနည်း။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ကန့်သတ်ချက်များကို သိမြင်လျက် ရိပ်စားမိခြင်းအား မခံလိုပေ။ သို့သော် ဤအရာ၏ နောက်ကွယ်တွင် စက်ဆုပ်ဖွယ် ရည်ရွယ်ချက်တစ်ခုလည်း ရှိသည်။ လေးစားခြင်းခံရရန် ဖြစ်သည်။ ဤသည်မှာ ရွံရှာဖွယ်အဖြစ်ဆုံးသောအရာ မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၆) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မရဲ့အခြေအနေနဲ့ အပြုအမူကို ဖော်ထုတ်ခဲ့တယ်။ ကျွန်မက ဘုရားသခင် ဖော်ပြတဲ့အတိုင်း အတိအကျပဲ၊ ဘယ်တော့မှ ကျွန်မရဲ့အမြင်တွေကို အလွယ်တကူ မဖော်ပြဘူး၊ ကျွန်မရဲ့ အတွေးအမြင်အမှန်ကို မထုတ်ဖော်ခဲ့ဘူး။ စုဝေးပွဲတွေအတွင်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ ပတ်သက်ပြီး မိတ်သဟာယပြုတဲ့အခါ ဒါမှမဟုတ် ပြဿနာတွေကို ဆွေးနွေးတဲ့အခါ၊ ကျွန်မက နားလည်သလောက် မိတ်သဟာယမပြုခဲ့သလို၊ ဖြူစင်တဲ့နည်းလမ်းနဲ့ဖွင့်ဟပြီး တွေးမိသမျှကို မပြောခဲ့ဘူး။ အဲဒီအစား၊ ကျွန်မက မှားပြောမိမှာ၊ ကောင်းကောင်းမပြောနိုင်မှာ၊ ဒါမှမဟုတ် လိုရင်းမရောက်တာတွေဖြစ်ပြီး ဒီလိုနဲ့ တခြားသူတွေက ကျွန်မကို အထင်သေးမှာကို စိုးရိမ်ခဲ့တယ်။ ကျွန်မရဲ့ တကယ့် ဝိညာဉ်ရင့်ကျက်မှုကို ဖော်ထုတ်မိမှာ၊ တခြားသူတွေက ကျွန်မကို ထိုးထွင်းသိမြင်ပြီး ကျွန်မက ဘာမှမဟုတ်ဘူးလို့ ပြောမှာကို အမြဲကြောက်နေခဲ့တယ်။ ဒါကြောင့်၊ ကျွန်မက အမြဲတမ်း နောက်ဆုံးမှပြောရဖို့ သေချာလုပ်တယ်၊ တခြားသူတွေကို အရင်မိတ်သဟာယပြုခိုင်းတယ်၊ ဒါမှမဟုတ် စုဝေးပွဲတစ်ခုလုံးမှာတောင် တိတ်ဆိတ်နေခဲ့ပြီး၊ ညီအစ်ကိုမောင်နှမတွေရှေ့မှာ အမြဲတမ်း စကားနည်းပြီး နက်နဲတဲ့ပုံစံ ဟန်ဆောင်ခဲ့တယ်။ ကျွန်မရဲ့ အားနည်းချက်တွေ ဒါမှမဟုတ် ပြဿနာတွေ ဖော်ထုတ်ခံရတဲ့အခါ၊ ကျွန်မ အရမ်းရှက်ပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ စိတ်မပါတော့ဘဲ စိတ်ထဲမှာ ပြင်းပြင်းထန်ထန် နာကျင်ပြီး အရမ်းစိတ်ဆင်းရဲနေခဲ့ရတယ်။ အခု ကျွန်မနားလည်သွားတာက၊ ကျွန်မ အရမ်း နာကျင်နေရတာဟာ ကိုယ့်သိက္ခာနဲ့ အဆင့်အတန်းကို လွန်လွန်ကဲကဲ ကာကွယ်နေလို့၊ လူတွေရဲ့စိတ်ထဲက ကျွန်မရဲ့ ပုံရိပ်ကို ကာကွယ်နေလို့၊ ပြီးတော့ အကျိုးဆက်အနေနဲ့ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်ဖုံးကွယ်ဖို့ အစွမ်းကုန် ကြိုးစားနေခဲ့လို့၊ စိတ်ရင်းမှန်တဲ့ စကားတစ်ခွန်းတောင် မပြောရဲခဲ့လို့ဆိုတာပါပဲ။ ဘုရားသခင် ပြောခဲ့သလိုပဲ၊ ကျွန်မက တစ္ဆေတစ်ကောင်လိုပဲ၊ အမြဲတမ်း အမှောင်ထောင့်တွေမှာ ပုန်းနေပြီး အလင်းထဲကို ထွက်လာဖို့ ကြောက်နေခဲ့တယ်။ ကျွန်မ ယုံကြည်သူဖြစ်တာ အချိန်နည်းသေးပြီး သာမန်အဆင့် အစွမ်းအစပဲ ရှိတော့၊ သမ္မာတရားတော်တော်များများကို နားမလည်တာ၊ အမှုအရာတော်တော်များများကို ထွင်းဖောက်မမြင်နိုင်တာတွေက၊ တကယ်ကို ပုံမှန်ပါပဲ။ “နားမလည်ရင် နားမလည်ဘူးလို့ ပြောလိုက်ရုံပဲ။ ဒါက ရိုးရှင်းတဲ့ကိစ္စတစ်ခု ဖြစ်သင့်တယ်”၊ ဒါပေမဲ့ ကျွန်မအတွက်ကတော့ အရမ်းခက်ခဲခဲ့တယ်။ ကိုယ့်အကြောင်းကို မသိအောင် ဒါမှမဟုတ် အထင်သေးမခံရအောင်လို့၊ ပြီးတော့ ကိုယ့်သိက္ခာနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့၊ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ပြီး ညီအစ်ကိုမောင်နှမတွေကို လှည့်စားဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားခဲ့တယ်။ ကျွန်မ တကယ်ကို အရမ်း လှည့်ဖြားတတ်ခဲ့တာပဲ။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်မှုကနေတဆင့်သာ ဒါဟာ တကယ်တော့ ဆိုးညစ်တဲ့ စိတ်သဘောထားတစ်ခုဖြစ်မှန်း ကျွန်မ သိခဲ့ရတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်လေလေ၊ ကိုယ်က ရုပ်ဆိုးပြီး စက်ဆုပ်စရာကောင်းတယ်၊ လူ့ပုံသဏ္ဌာန်ကင်းမဲ့ပြီး ရှက်စရာကောင်းတယ်လို့ ပိုပြီးခံစားရလေလေပဲ။ ဒီလိုနဲ့ ကျွန်မက ဒီအခြေအနေကို ပြောင်းပြန်လှန်ချင်ပြီး ဒီလိုမျိုး ဆက်ပြီးမရှင်သန်ချင်တော့ဘူး။
နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်၊ “သင့်အပေါ် မည်သည့်အရာ ကျရောက်သည်ဖြစ်စေ သင်သည် အမှန်တရားကို ပြောပြီး ရိုးသားသော လူတစ်ဦးဖြစ်လိုလျှင် သင်၏ မာန်မာနနှင့် ဝင့်ဝါမှုကို လက်လွှတ်နိုင်ရမည်။ တစ်စုံတစ်ခုကို သင် နားမလည်သောအခါ သင် နားမလည်ကြောင်း ပြောလော့။ တစ်စုံတစ်ခုကို သင် မရှင်းလင်းသောအခါ သင် မရှင်းလင်းကြောင်း ပြောလော့။ အခြားသူများက သင့်အား အထင်သေးမည် သို့မဟုတ် သင့်အား လျှော့၍တွေးမည်ကို မကြောက်နှင့်။ စိတ်ရင်းအတိုင်း တစ်သမတ်တည်း စကားပြောခြင်းနှင့် ဤနည်းအတိုင်း အမှန်တရားကို ပြောခြင်းဖြင့် သင့်စိတ်နှလုံးထဲတွင် ပျော်ရွှင်မှု၊ ငြိမ်သက်ခြင်းနှင့် လွတ်လပ်ခြင်း၊ လွတ်မြောက်ခြင်းအသိတို့ကို တွေ့ရှိမည်ဖြစ်ပြီး သင့်အား ဝင့်ဝါမှုနှင့် မာန်မာနတို့က နောက်ထပ် ဘောင်ခတ်တော့မည် မဟုတ်ပေ။ မည်သူနှင့် ပေါင်းသင်းဆက်ဆံသည် ဖြစ်စေ သင် အမှန်တကယ် စဉ်းစားသည့်အရာကို ဖော်ပြနိုင်သည်၊ အခြားသူများအား သင့်စိတ်နှလုံးကို ဖွင့်ဟနိုင်သည်၊ ပြီးလျှင် သင်မသိသည့် အရာများအား သိယောင်မဆောင်လျှင် ယင်းမှာ ရိုးသားသော သဘောထားဖြစ်သည်။ သင်သည် အမှန်တရားကို အမြဲတမ်း ပြောသောကြောင့် တစ်ခါတစ်ရံ လူတို့က သင့်အား အထင်သေးကောင်းသေးပြီး မိုက်မဲသည်ဟု ခေါ်ကောင်းခေါ်နိုင်သည်။ ထိုသို့သော အခြေအနေမျိုးတွင် သင် ဘာလုပ်သင့်သနည်း။ သင်သည် ‘လူတိုင်းက ကျွန်ုပ်အား မိုက်မဲသည်ဟု ခေါ်လျှင်ပင် ရိုးသားသော လူတစ်ဦးဖြစ်ပြီး လိမ်လည်လှည့်ဖြားသော လူတစ်ဦး မဖြစ်ဖို့ ကျွန်ုပ် စိတ်ပိုင်းဖြတ်သည်။ ကျွန်ပ်သည် မှန်ကန်ရိုးသားစွာနှင့် အချက်အလက်များအတိုင်း စကားပြောမည်။ ကျွန်ုပ်သည် ဘုရားရှေ့၌ ညစ်ညမ်းရိုင်းစိုင်းပြီး ဖောက်ပြန်ပျက်စီးကာ အသုံးမကျသော်လည်း ဟန်ဆောင်မှု သို့မဟုတ် ဖုံးကွယ်မှုမရှိဘဲ အမှန်တရားကို ပြောနေဦးမည်’ ဟု ပြောသင့်သည်။ သင်သည် ဤပုံစံအတိုင်း စကားပြောလျှင် သင့်စိတ်နှလုံးက တည်ငြိမ်ပြီး အေးချမ်းမည်ဖြစ်၏။ ရိုးသားသော လူတစ်ဦးဖြစ်ဖို့အတွက် သင်၏ ဝင့်ဝါမှုနှင့် မာန်မာနကို လက်လွှတ်ရမည်ဖြစ်ပြီး အမှန်တရားကို ပြောရန်နှင့် သင်၏ စစ်မှန်သော ခံစားချက်များကို ဖော်ပြရန်အတွက် အခြားသူများ၏ လှောင်ပြောင်သရော်မှုနှင့် အထင်သေးခြင်းကို မကြောက်သင့်ပေ။ အခြားသူများက သင့်အား အရူးတစ်ယောက်ကဲ့သို့ သဘောထားလျှင်ပင် ငြင်းခုံခြင်း သို့မဟုတ် သင့်ကိုယ်သင် ခုခံကာကွယ်ခြင်း မပြုသင့်ပေ။ အကယ်၍ သင်သည် ဤပုံစံအတိုင်း သမ္မာတရားအား လက်တွေ့လုပ်ဆောင်နိုင်လျှင် ရိုးသားသော လူတစ်ဦး ဖြစ်လာနိုင်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောသူလူတစ်ဦးကသာ စစ်မှန်သော လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်သည်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မမှာ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု ရှိလာခဲ့တယ်။ ဝင့်ဝါခြင်းနဲ့ မာနရဲ့ ဘောင်ခတ်မှုတွေ၊ ချည်နှောင်မှုတွေကနေ လွတ်မြောက်ဖို့အတွက် ကျွန်မဟာ ရိုးသားတဲ့သူတစ်ယောက်အဖြစ် လက်တွေ့လုပ်ဆောင်ဖို့ လိုအပ်ခဲ့တယ်။ ကျွန်မရဲ့ မာနကို စွန့်လွှတ်ပြီး ဖြူစင်တဲ့နည်းလမ်းနဲ့ ဖွင့်ဟတတ်ဖို့ သင်ယူရမယ်။ တစ်ခုခုမသိရင် မသိဘူးလို့ ပြောရုံပဲ၊ နားမလည်ရင် နားမလည်ဘူးလို့ ပြောလိုက်ရုံပဲ။ မှားပြောမိလို့ ဒါမှမဟုတ် ကိုယ့်ရဲ့နားလည်မှုမရှိတာကို ဝန်ခံလို့ အထင်သေးခံရရင်တောင်၊ အဲဒီအခါမှာ ကျွန်မဟာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ရှေ့မှာ တစ်ကြိမ်လောက် ရိုးသားတဲ့သူတစ်ယောက် ဖြစ်ခဲ့မှာဖြစ်လို့၊ အဲဒါက ကျွန်မကို စိတ်သက်သာရာရပြီး လွတ်မြောက်တယ်လို့ ခံစားရစေမှာပဲ။ ဒါက တခြားသူတွေဆီက ချီးမွမ်းခြင်းနဲ့ အထင်ကြီးလေးစားမှုကို ရတာထက် ပိုပြီးအဓိပ္ပာယ်ရှိတယ်။ ဒီလိုတွေးမိတဲ့အခါ ကျွန်မမှာ စိုးရိမ်ပူပန်မှုတွေ သိပ်မရှိတော့ဘဲ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲချင်စိတ် ဖြစ်လာခဲ့တယ်။ နောက်ပိုင်းမှာ၊ စုဝေးပွဲတွေမှာ ဘုရားနှုတ်ကပတ်တော်တွေနဲ့ပတ်သက်ပြီး မိတ်သဟာယပြုတာပဲဖြစ်ဖြစ်၊ ပြဿနာတွေဆွေးနွေးတာပဲဖြစ်ဖြစ်၊ ကျွန်မ ဟန်ဆောင်ဖို့ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ဖို့ ကြိုးစားချင်တဲ့အခါတိုင်း ဘုရားသခင်ဆီကို ဆုတောင်းပြီး ကိုယ့်ရဲ့မှားယွင်းတဲ့ ရည်ရွယ်ချက်တွေကို သတိရှိရှိနဲ့ ပုန်ကန်ခဲ့တယ်။ ကျွန်မ နားလည်သလောက် မျှဝေတယ်၊ နားမလည်ရင်လဲ နားမလည်ဘူးလို့ပြောပြီး ကျွန်မရဲ့ အတွေးအမြင်အမှန်ကို ထုတ်ဖော်ခဲ့တယ်။ ဒီလို လက်တွေ့လုပ်ဆောင်တော့ ကျွန်မရဲ့စိတ်နှလုံးထဲမှာ တဖြည်းဖြည်းနဲ့ ပိုလွတ်မြောက်လာတယ်လို့ ခံစားခဲ့ရတယ်။
နောက်ပိုင်းမှာ ကွန်မြူနစ်ပါတီရဲ့ ဖမ်းဆီးခြင်းကို ခံရလို့ ကျွန်မ ခြောက်လကြာအောင် တာဝန်တွေကို မထမ်းဆောင်နိုင်ခဲ့ဘူး။ ကျွန်မ လွတ်မြောက်လာပြီးတဲ့နောက်မှာ ခေါင်းဆောင်က ကျွန်မကို စာနဲ့ပတ်သက်တဲ့ တာဝန်ကို ဆက်ပြီးထမ်းဆောင်ဖို့ စီစဉ်ပေးခဲ့တယ်။ အဖွဲ့ထဲက ညီအစ်ကိုမောင်နှမတွေအားလုံးက စာနဲ့ပတ်သက်တဲ့အလုပ်မှာ လေ့ကျင့်ခါစအသစ်တွေ ဖြစ်နေလို့ ခေါင်းဆောင်က ကျွန်မကို ယာယီအနေနဲ့ အဖွဲ့ခေါင်းဆောင်တာဝန်ယူဖို့ အကြံပြုခဲ့တယ်။ ဒီတာဝန်ကို မထမ်းဆောင်တာ အချိန်အတော်ကြာပြီဖြစ်လို့ ဇာတ်ညွှန်းရေးတဲ့အခါ လက်မသွက်တော့သလို ခံစားရပြီး၊ နေ့လယ်ခင်းတစ်ခုလုံးမှာ အများကြီးမရေးနိုင်ခဲ့ဘူး။ ကျွန်မ စိတ်ပူလာတဲ့အချိန်မှာ၊ ညီအစ်မတစ်ယောက်က သူ့ဇာတ်ညွှန်းထဲက ပြဿနာတွေကို ရှင်းရှင်းလင်းလင်းမမြင်နိုင်လို့ ကျွန်မကို အကူအညီတောင်းခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်မ စိတ်ကိုငြိမ်အောင်မထားနိုင်ခဲ့ဘူး၊ ဇာတ်ညွှန်းကို ဖတ်ပြီးတဲ့နောက်မှာလည်း ပြဿနာတစ်ခုမှ ရှာမတွေ့ခဲ့ဘူး။ ဘာပြဿနာတွေရှိလဲလို့ သူမေးတဲ့အခါ ကျွန်မ စကားထစ်ပြီး မဖြေနိုင်ခဲ့ဘူး၊ အဲဒါက ကျွန်မကို ချက်ချင်းပဲ တော်တော်မျက်နှာပူသွားစေခဲ့တယ်။ ကျွန်မ တွေးလိုက်တယ်၊ “ငါက အဖွဲ့ခေါင်းဆောင်ပဲ၊ အဖွဲ့ဝင်တွေ ရှင်းရှင်းလင်းလင်းမမြင်နိုင်တဲ့ ပြဿနာတွေကို ကူညီဖြေရှင်းပေးရမှာပေါ့။ အခု ငါက ရှင်းရှင်းလင်းလင်း မဖြေနိုင်တော့၊ သူက၊ ‘အစ်မက အဖွဲ့ခေါင်းဆောင်၊ အစ်မအရည်အချင်းက ဒီလောက်ပဲလား’ လို့ ပြောမလား” ပေါ့။ ကျွန်မ တကယ်ကို ရှက်မိတယ်။ အဲဒီညနေမှာ၊ ကျွန်မ ရေးတာကို တစ်ဝက်တစ်ပျက်နဲ့ ရပ်ထားတဲ့ ဇာတ်ညွှန်းကို ကြည့်ရင်း၊ တခြားညီအစ်မတွေကို တစ်ချက်ကြည့်ခိုင်းချင်ခဲ့တယ်၊ ဒါပေမဲ့ ဒီဇာတ်ညွှန်းကို ဒီလောက်ကမောက်ကမဖြစ်အောင် လုပ်ထားရင် ကျွန်မရဲ့ အဆင့်က သိပ်မကောင်းနိုင်ဘူးလို့ သူတို့ပြောမှာကို စိုးရိမ်ခဲ့တယ်။ ကျွန်မ အရမ်းတွေဝေနေပြီး အချိန်အတော်ကြာအောင် ညီအစ်မတွေကို မပြရဲခဲ့ဘူး။ အဲဒီအချိန်မှာ ကျွန်မရဲ့အခြေအနေက မမှန်ဘူးဆိုတာကို သတိထားမိခဲ့တယ်။ ကျွန်မက တခြားသူတွေ ကိုယ့်အားနည်းချက်ကို မြင်မှာကြောက်ပြီး ကိုယ့်သိက္ခာနဲ့ အဆင့်အတန်းကို ကာကွယ်နေခဲ့တာပဲ။ ဒါနဲ့ ကျွန်မ ဘုရားသခင်ဆီကို ဆုတောင်းပြီး ဒီအခြေအနေကို သတိရှိရှိနဲ့ ပြောင်းပြန်လှန်ခဲ့တယ်။ ပြီးတော့ ဇာတ်ညွှန်းကို ညီအစ်မတွေကို ပြခဲ့တယ်။ သူတို့ရဲ့ မိတ်သဟာယပြုခြင်းနဲ့ အကူအညီတွေကြောင့် အဲဒါကို ဘယ်လိုဆက်ရေးရမလဲဆိုတဲ့ လမ်းကြောင်းလေးနည်းနည်း ရခဲ့တယ်။
နောက်ပိုင်းမှာ ကျွန်မဟာ ကိုယ့်မာနကြောင့် အမြဲတမ်း ဘောင်ခတ်ခံနေရတယ်ဆိုတာကို သဘောပေါက်ခဲ့တယ်။ တစ်ခါတလေမှာ ဆုတောင်းခြင်းနဲ့ ဒီအခြေအနေကို နည်းနည်းလောက် ပြောင်းပြန်လှန်နိုင်ခဲ့ပေမဲ့ ကျွန်မရဲ့ ပြဿနာကတော့ လုံးဝ မပြေလည်ခဲ့ဘူးဆိုတာ သေချာတယ်။ ကျွန်မ တွေးမိတယ်၊ “ဟန်ဆောင်တာနဲ့ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်တာက အရမ်းနာကျင်ပြီး ပင်ပန်းတယ်ဆိုတာ သိရဲ့သားနဲ့ ဘာကြောင့် ကျွန်မက ဒီလိုအခြေအနေမျိုးမှာပဲ ခဏခဏ ရှင်သန်နေမိရတာလဲ” လို့ပေါ့။ ကျွန်မ ရှာဖွေရင်းနဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်ခဲ့ရတယ်၊ “လူများသည် အခြားသူများက ၎င်းတို့အား အထင်ကြီးစေရန်နှင့် ၎င်းတို့၏ အမှားများ သို့မဟုတ် ချို့ယွင်းချက်များကို မမြင်နိုင်စေဖို့အလို့ငှာ၊ အစဉ် အယောင်ဆောင်သည့်အခါ၊ မိမိတို့ကိုယ်ကို အစဉ် ဖုံးဖိဖာထေးသည့်အခါ၊ အမြဲ ဆိုက်ထုတ်ကြသည့်အခါ၊ မိမိတို့၏ အကောင်းဆုံးဘက်ကို လူများအား တင်ဆက်ဖို့ အစဉ် ကြိုးစားနေသည့်အခါ ယင်းက အဘယ်သို့သော စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားခြင်း၊ ဟန်ဆောင်ခြင်း၊ သူတော်ကောင်း ယောင်ဆောင်ခြင်းဖြစ်သည်၊ ယင်းသည် စာတန်ဆန်သော စိတ်သဘောထား ဖြစ်သည်၊ ကောက်ကျစ်ဆိုးယုတ်သည့်အရာတစ်ခု ဖြစ်သည်။ စာတန်ဆန်သော အစိုးရစနစ်၏ အဖွဲ့ဝင်များကို ကြည့်လော့။ ၎င်းတို့သည် အမှောင်ထဲတွင် မည်မျှတိုက်ခိုက်ပါစေ၊ မည်မျှရန်စပါစေ၊ မည်မျှသတ်ဖြတ်ပါစေ ထိုသူတို့ကို မည်သူကမျှ တိုင်ကြားခွင့်၊ သို့မဟုတ် ဖော်ထုတ်ခွင့်မရှိချေ။ ၎င်းတို့၏ မကောင်းဆိုးဝါး မျက်နှာကို လူများမြင်မည်ကို ကြောက်ကြသည်။ ယင်းကို ဖုံးကွယ်ဖို့ ၎င်းတို့တတ်နိုင်သမျှ အရာအားလုံး လုပ်ဆောင်ကြသည်။ လူပုံအလယ်တွင် ၎င်းတို့သည် လူများကို မည်မျှချစ်ကြောင်း၊ ၎င်းတို့သည် မည်မျှကြီးမြတ်ကာ၊ ဘုန်းကျက်သရေရှိပြီး မမှားနိုင်ကြောင်းပြောလျက် မိမိတို့ကိုယ်ကို ဖုံးဖိဖာထေးဖို့ အဆုံးစွန် လုပ်ဆောင်ကြသည်။ ဤသည်မှာ စာတန်၏သဘာဝ ဖြစ်သည်။ စာတန်သဘာဝ၏ အထင်ရှားဆုံးအင်္ဂါရပ်မှာ လှည့်ကွက်နှင့် လှည့်ဖြားမှုဖြစ်သည်။ ဤလှည့်ကွက်နှင့် လှည့်ဖြားမှုတို့၏ ရည်မှန်းချက်သည် အဘယ်နည်း။ လူများကို လှည့်စားဖို့၊ ၎င်း၏အနှစ်သာရနှင့် စရိုက်မှန်တို့ကို မမြင်အောင် ထိုသူတို့အား တားဆီးပြီး ထိုသို့ဖြင့် ၎င်း၏အုပ်စိုးမှု ကြာရှည်စေဖို့ ပန်းတိုင်ကို အောင်မြင်ရရှိဖို့ ဖြစ်သည်။ သာမန်လူများ၌ ထိုသို့သော အာဏာနှင့် ဂုဏ်အဆင့်အတန်း ရှိချင်မှရှိမည် ဖြစ်သော်လည်း ၎င်းတို့သည်လည်း အခြားသူများအား ၎င်းတို့ကို အလေးပေးသောအမြင် စွဲကိုင်စေဖို့အပြင် လူများက သူတို့၏စိတ်နှလုံးထဲ၌ ၎င်းတို့အား မြင့်မားသော ထင်မြင်ယူဆချက်ရှိဖို့နှင့် ၎င်းတို့အား မြင့်မားသော ဂုဏ်အဆင့်အတန်းဆီသို့ မြှင့်တင်ပေးဖို့ကို ဆန္ဒရှိကြသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား ဖြစ်ပေသည်။...လူတို့သည် အခြားလူများက ၎င်းတို့ကို ပြည့်စုံသည်ဟု ထင်စေရန်အတွက် အစဉ်သဖြင့် မိမိတို့ကိုယ်ကို အယောင်ဆောင်နေကြသည်။ အခြားလူများရှေ့တွင် ကြွားဝါကြသည်။ ပုံပန်းသဏ္ဌာန်ဖမ်းပြီး ဟန်လုပ်ကြသည်။ မိမိတို့ကိုယ်ကို တန်ဆာဆင်ကြသည်။ ဤတွင် ၎င်းတို့၏ ရည်ရွယ်ချက်သည် ဂုဏ်အဆင့်အတန်းရရှိရန်ဖြစ်သည်။ ဤသို့ဖြင့် ဂုဏ်အဆင့်အတန်း၏ အဆောင်အယောင်များကို ခံစားရနိုင်ရန်ဖြစ်သည်။ သင်သည် ဤအရာကို မယုံကြည်ပါက ယင်းကို သေချာစွာ တွေးတောဆင်ခြင်လော့။ သင်သည် အဘယ့်ကြောင့် လူများအား သင့်ကို အစဉ် အထင်ကြီးစေချင်ရသနည်း။ သင်သည် လူတို့ကို သင့်အား ကိုးကွယ်ပြီး အထင်ကြီးလေးစားစေရန် ပြုလုပ်လိုသည်။ ထို့ကြောင့် သင်သည် နောက်ဆုံးတွင် အာဏာရယူပြီး ဂုဏ်အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ခံစားနိုင်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် စည်းမျဉ်းများ) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်မှုကနေတစ်ဆင့်၊ အမြဲတမ်း ဟန်ဆောင်ပြီး ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်နေတာဟာ မာနထောင်လွှားပြီး ဆိုးယုတ်ကာ လှည့်ဖြားတတ်တဲ့ စာတန်ရဲ့ စိတ်သဘောထားတွေရဲ့ သရုပ်သကန်တစ်ခုဖြစ်မှန်း ကျွန်မ တွေ့ခဲ့ရတယ်။ ဒီစာတန်ဆန်တဲ့ စိတ်သဘောထားတွေရဲ့ လွှမ်းမိုးမှုအောက်မှာ ကျွန်မက လူတွေ ကျွန်မကို အထင်ကြီးစေချင်ပြီး သူတို့ရဲ့စိတ်ထဲမှာ ကျွန်မရဲ့အဆင့်အတန်းနဲ့ ပုံရိပ်ကို ထိန်းသိမ်းထားချင်ခဲ့တယ်။ သမ္မာတရား စည်းမျဉ်းတော်တော်များများကို ကျွန်မနားမလည်မှန်း၊ အားနည်းချက်တွေအများကြီးရှိမှန်း သိသိကြီးနဲ့တောင်၊ တခြားသူတွေက ကျွန်မရဲ့ အားနည်းချက်တွေကို မြင်ပြီး ကျွန်မက မကောင်းဘူးလို့ ထင်မှာကို မလိုလားခဲ့ဘူး။ ဒါကြောင့် စုဝေးပွဲတွေမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ပတ်သက်ပြီး မိတ်သဟာယပြုတာပဲဖြစ်ဖြစ်၊ ပြဿနာတွေကို ဆွေးနွေးတာပဲဖြစ်ဖြစ်၊ အဲဒါက ကျွန်မကို ရှက်စေနိုင်ရင်၊ မျက်နှာပူစေနိုင်ရင်၊ ဒါမှမဟုတ် ကျွန်မရဲ့မာနကို ထိခိုက်စေနိုင်ရင် ကျွန်မက ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်ဖုံးကွယ်ဖို့၊ တင်းတင်းကြပ်ကြပ် ပတ်ရစ်ထားဖို့ အစွမ်းကုန် ကြိုးစားခဲ့တယ်၊ ကိုယ့်ရဲ့မကောင်းတဲ့ဘက်ကို ဖုံးကွယ်ပြီး ကောင်းတဲ့ဘက်ကိုတော့ တခြားသူတွေရဲ့စိတ်ထဲမှာ ကိုယ့်အတွက် ကောင်းမွန်တဲ့ပုံရိပ်တစ်ခု တည်ဆောက်ဖို့ ပြသခဲ့တယ်။ ကျွန်မက စာတန်ကြောင့် ဒီလောက်နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးနေပြီး ဆင်ခြင်တုံတရားကင်းမဲ့လောက်အောင် မာနထောင်လွှားနေမှန်း ကျွန်မမြင်ခဲ့ရတယ်။ ကျွန်မက ဘာမှမရှိတဲ့၊ ဆင်းရဲနွမ်းပါးပြီး သနားစရာကောင်းတဲ့ သာမန်ဖောက်ပြန်ပျက်စီးသူတစ်ယောက်ဆိုတာ ရှင်းနေခဲ့သားနဲ့၊ အမြဲ ဟန်ဆောင်ပြီး တခြားသူတွေဆီက အထင်ကြီးမှုကို ရယူချင်ခဲ့တယ်။ ကျွန်မက တကယ်ကို အရှက်မရှိဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် သတိမပြုမိခဲ့ဘူး။ ဖောက်ပြန်ပျက်စီးတဲ့ လူသားအားလုံးဟာ၊ အဆင့်အတန်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သူတို့အတွက် နာမည်ရချင်ကြတယ်၊ တခြားသူတွေရဲ့ ချီးကျူးမှုနဲ့ အထင်ကြီးမှုကို ခံချင်ကြတယ်၊ ပြီးတော့ လူတိုင်းကို သူတို့ကို ကိုးကွယ်စေချင်ကြတယ်လို့ ကျွန်မတွေးမိတယ်။ အထူးသဖြင့် တရုတ်ကွန်မြူနစ်ပါတီရဲ့ စာတန်ဆန်တဲ့ အစိုးရကတော့ အမြဲတမ်း ကောင်းတဲ့စကားတွေပြောရင်း ရက်စက်ကြမ်းကြုတ်တဲ့ အမှုတွေကို ကျူးလွန်ခဲ့တယ်။ အပြင်ပန်းမှာတော့ အရာအားလုံး အဆင်ပြေနေသယောင် ဟန်ဆောင်ပြီး သူ့ရဲ့ “ကြီးမြတ်၊ ခမ်းနားပြီး မှန်ကန်တဲ့” ပုံရိပ်ကို မြှင့်တင်တယ်၊ ကမ္ဘာ့ပြည်သူလူထုကို လှည့်စားဖို့နဲ့ အရူးလုပ်ဖို့ မှားယွင်းတဲ့ အသွင်အပြင်တွေကို သုံးတယ်၊ ဒါပေမဲ့ လျှို့ဝှက်ပြီး ဘာသာရေးယုံကြည်ချက်တွေကို နှိမ်နင်းဖိနှိပ်တယ်၊ လူ့အခွင့်အရေးတွေကို လုယူတယ်၊ မရေမတွက်နိုင်တဲ့ လူတွေကို သတ်ဖြတ်ပြီး ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်တယ်။ သူ ဘယ်လောက် မကောင်းတာတွေ လုပ်ခဲ့ပါစေ၊ ဘယ်လောက် ဆိုးယုတ်တဲ့အမှုတွေ ကျူးလွန်ခဲ့ပါစေ၊ ဒီအရာတွေကို လူထုရှေ့မှာ ဖော်ထုတ်ပြီး သူ့ရဲ့ဆိုးယုတ်ပြီး ကြမ်းကြုတ်တဲ့ မျက်နှာအစစ်အမှန်ကို ပြဖို့ ဘယ်တော့မှ မဝံ့ရဲဘူး။ လှည့်စားခြင်းနဲ့ လိမ်လည်ခြင်းဟာ စာတန်ရဲ့ အကျင့်ပါနေတဲ့ နည်းဗျူဟာတွေပဲဆိုတာကို ကျွန်မ သဘောပေါက်ခဲ့တယ်။ ကျွန်မရဲ့ ကိုယ်ပိုင်လုပ်ရပ်တွေကို ဆင်ခြင်သုံးသပ်ကြည့်တယ်၊ ကျွန်မမှာ အားနည်းချက်တွေနဲ့ ပြဿနာတွေရှိပေမဲ့ တခြားသူတွေကို မြင်ခွင့်ပေးပြီး အပျက်သဘောပြောတာကို မခံချင်ခဲ့ဘူး၊ စိတ်ဆင်းရဲခံနေရတယ်ဆိုရင်တောင်မှ ဟန်ဆောင်ပြီး ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ဖို့ကိုပဲ ပိုနှစ်သက်ခဲ့တယ်၊ ပြီးတော့ စကားပြောတာ၊ မိတ်သဟာယပြုတာ၊ အမူအကျင့်၊ ဒါမှမဟုတ် ကျင့်ကြံပြုမူတာတွေမှာ တခြားသူတွေကို မှားယွင်းတဲ့ ပုံရိပ်တစ်ခုကို ပြသခဲ့တယ်၊ တခြားသူတွေကို ကျွန်မရဲ့အစစ်မှန်ဆုံးဘက်ကို မမြင်အောင် တားဆီးခဲ့တယ်။ ကျွန်မ စဉ်းစားလေလေ၊ ကိုယ်က တကယ်ကို အရမ်းအတုအယောင်နိုင်တယ်၊ စာတန်လိုပဲ လှည့်စားခြင်းနဲ့ လိမ်လည်ခြင်းတွေနဲ့ ပြည့်နေပြီး လုံးဝကို ရုပ်ဆိုးပြီး စက်ဆုပ်စရာကောင်းတယ်လို့ ပိုပြီးခံစားရလေလေပဲ။ အရင်ကတော့ တခြားသူတွေကို ကိုယ့်ရဲ့အားနည်းချက်တွေနဲ့ ချို့ယွင်းချက်တွေကို မြင်ခွင့်ပေးတာက ရှက်စရာကောင်းတယ်လို့ အမြဲခံစားခဲ့ရတယ်၊ ဒါပေမဲ့ အဲဒီအချိန်မှာမှ စာတန်ရဲ့ မာနထောင်လွှားကောက်ကျစ်ဆိုးယုတ်ပြီး လှည့်ဖြားတတ်တဲ့ စိတ်သဘောထားတွေနဲ့အတိုင်း အသက်ရှင်နေထိုင်တာ၊ ကိုယ့်ကိုယ်ကိုယ် အဆက်မပြတ် ဟန်ဆောင်ပြီး တခြားသူတွေကို လှည့်စားနေတာ၊ ဘာလူ့ပုံသဏ္ဌာန်မှမရှိဘဲ ရှင်သန်နေရတာက၊ တကယ်တမ်းမှာ ရှက်စရာကောင်းပြီး ဂုဏ်သိက္ခာမဲ့တဲ့ အရာဖြစ်မှန်း ကျွန်မ သဘောပေါက်ခဲ့တယ်။ ဘုရားသခင်က ဒါကို စက်ဆုပ်ရွံရှာပြီး မုန်းတီးရုံသာမက ညီအစ်ကိုမောင်နှမတွေကလည်း ဒါကို ထိုးဖောက်မြင်သွားတာနဲ့တစ်ပြိုင်နက် စက်ဆုပ်ရွံရှာပြီး မနှစ်မြို့ဖြစ်သွားမှာပဲ။ ကျွန်မ နောင်တမရရင်၊ တစ်ခုတည်းသော အဆုံးသတ်က ဘုရားသခင်ရဲ့ ဖယ်ရှားရှင်းလင်းခြင်းကို ခံရဖို့ပဲ ဖြစ်မှာပါ။ ဒီလိုတွေးမိတဲ့အခါ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေအပေါ် စက်ဆုပ်ရွံရှာစိတ် နည်းနည်းဖြစ်လာပြီး အဲဒီလိုမျိုး ဆက်ပြီးမရှင်သန်ချင်တော့ဘူး။
တစ်နေ့မှာ ခေါင်းဆောင်က နောက်နေ့မှာ ကျွန်မတို့အဖွဲ့ဆီကို စုဝေးပွဲလာလုပ်မယ်လို့ စာပို့ခဲ့တယ်။ ကျွန်မတွေးမိတယ်၊ “ခေါင်းဆောင်ရောက်လာရင်၊ သူက ငါတို့ရဲ့ လတ်တလောအခြေအနေတွေ ဘယ်လိုရှိလဲဆိုတာ သေချာပေါက်မေးမှာပဲ။ ငါ ဘယ်အပိုင်းတွေကို ပြောသင့်လဲ။ လတ်တလောမှာ ငါက အဆင့်အတန်းကို ချစ်ပြီး ကြီးကြပ်ရေးမှူးဖြစ်ချင်စိတ်ရှိတာကို သဘောပေါက်ခဲ့တယ်၊ ဒါပေမဲ့ အဲဒါကို ပြောရတာ အရမ်းရှက်စရာကောင်းမှာပဲ။ ငါ့ရဲ့ သမ္မာတရားနားလည်မှုက တိမ်တယ်၊ တကယ့်အတွေ့အကြုံတွေလည်း အများကြီးမရှိသေးဘူး၊ ဒါတောင်မှ ကြီးကြပ်ရေးမှူးရာထူးကို ယူချင်နေသေးတယ်။ ငါဒါကို ပြောလိုက်ရင် ညီအစ်ကိုမောင်နှမတွေက ငါ့ကို ကိုယ့်နေရာကိုယ်မသိဘူး၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတယ်လို့ ပြောကြမလား” ပေါ့။ ကျွန်မ စဉ်းစားလေလေ ပိုပြီးရှက်စရာကောင်းတယ်လို့ ထင်လာလေလေပဲ၊ ပြောထွက်ဖို့ သတ္တိမရှိတော့ဘူး၊ “ငါ့ရဲ့ အပြုသဘောဆောင်တဲ့ ဝင်ရောက်မှု အတွေ့အကြုံတွေအကြောင်း နည်းနည်းလောက်ပဲ ပြောလိုက်ရင်ကောင်းမလား။ ဒါပေမဲ့ ခေါင်းဆောင်က ငါတို့ရဲ့မှားယွင်းတဲ့အခြေအနေတွေနဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ စုဝေးပွဲကို လာတာလေ။ ငါသာ ရင်မဖွင့်ရင် ငါက ရိုးသားတဲ့သူတစ်ယောက် မဟုတ်ဘူး၊ ပြီးတော့ ငါ့ပြဿနာတွေကလည်း ပြေလည်သွားမှာမဟုတ်ဘူး” လို့ တွေးနေမိတယ်။ ကျွန်မစိတ်ထဲမှာ လှိုင်းထန်နေခဲ့တယ်။ ခေါင်းဆောင်က ကျွန်မကို အဆင့်အတန်းကို အလွန်အမင်း စိတ်ပူပြီး ကိုယ့်ကိုယ်ကိုယ် သတိပြုမိခြင်း ကင်းမဲ့တယ်လို့ အထင်မြင်သွားမှာကို စိုးရိမ်ခဲ့တယ်၊ ဒါကြောင့် ကျွန်မ ထုတ်ပြောဖို့ သတ္တိမရှိခဲ့ဘူး။ စုဝေးပွဲအတွင်းမှာ တခြားညီအစ်ကိုမောင်နှမတွေက သူတို့ရဲ့အခြေအနေတွေကို ဝေမျှပြီးတဲ့နောက်မှာ ခေါင်းဆောင်က ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တချို့ကို ရှာပြီး ကျွန်မကို ဖတ်ခိုင်းခဲ့တယ်၊ ကျွန်မက ကျမ်းပိုဒ်တစ်ခုကို ဖတ်မိသွားတယ် “လူများသည် အခြားသူများက ၎င်းတို့အား အထင်ကြီးစေရန်နှင့် ၎င်းတို့၏ အမှားများ သို့မဟုတ် ချို့ယွင်းချက်များကို မမြင်နိုင်စေဖို့အလို့ငှာ၊ အစဉ် အယောင်ဆောင်သည့်အခါ၊ မိမိတို့ကိုယ်ကို အစဉ် ဖုံးဖိဖာထေးသည့်အခါ၊ အမြဲ ဆိုက်ထုတ်ကြသည့်အခါ၊ မိမိတို့၏ အကောင်းဆုံးဘက်ကို လူများအား တင်ဆက်ဖို့ အစဉ် ကြိုးစားနေသည့်အခါ ယင်းက အဘယ်သို့သော စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားခြင်း၊ ဟန်ဆောင်ခြင်း၊ သူတော်ကောင်း ယောင်ဆောင်ခြင်းဖြစ်သည်၊ ယင်းသည် စာတန်ဆန်သော စိတ်သဘောထား ဖြစ်သည်၊ ကောက်ကျစ်ဆိုးယုတ်သည့်အရာတစ်ခု ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် စည်းမျဉ်းများ) ဘုရားသခင်ရဲ့ တရားစီရင်ခြင်း နှုတ်ကပတ်တော် ဒီကျမ်းပိုဒ်ကို ထပ်ပြီးဖတ်လိုက်ရတော့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်နဲ့ မသက်မသာဖြစ်ခြင်းကို ခံစားခဲ့ရတယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်ပြီး ဖုံးကွယ်ချင်နေတုန်းပဲ၊ ခေါင်းဆောင်အပေါ် ကောင်းတဲ့အထင်အမြင်တစ်ခု ထားခဲ့ဖို့ မျှော်လင့်နေတယ်၊ ဒါဟာ ကိုယ့်ကိုယ်ကိုယ်နဲ့ တခြားသူတွေကို လှည့်စားနေတာပဲ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေတစ်ဆင့် အတုအယောင်လုပ်တာနဲ့ ဟန်ဆောင်တာဟာ ဘုရားသခင် စက်ဆုပ်ရွံရှာတဲ့အရာဖြစ်တယ်ဆိုတာကိုလည်း ကျွန်မ နားလည်ခဲ့တယ်။ ဘုရားသခင်က ကျွန်မတို့ကို ရိုးသားတဲ့သူတွေဖြစ်ဖို့ အမြဲတမ်း တောင်းဆိုခဲ့တယ်။ ရိုးသားတဲ့သူတစ်ယောက်ဟာ ရိုးစင်းစွာနဲ့ ရင်ဖွင့်နိုင်တယ်၊ ဘုရားသခင်ကိုရော လူတွေကိုပါ မလှည့်စားဘူး၊ ဒါက ဘုရားသခင် နှစ်သက်တဲ့အရာပဲ။ ဒီလိုတွေးမိတော့ ကျွန်မ သတ္တိမွေးပြီး ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ ကိုယ့်အခြေအနေကို မိတ်သဟာယပြုခဲ့တယ်။ မိတ်သဟာယပြုပြီးတဲ့နောက်မှာ ကျွန်မ စိတ်ထဲမှာ အရမ်း ပေါ့ပါးသွားတယ်လို့ ခံစားခဲ့ရပြီး၊ ခေါင်းဆောင်ရဲ့ မိတ်သဟာယပြုခြင်းကနေတစ်ဆင့် ကိုယ့်အခြေအနေကို ပိုပြီးရှင်းရှင်းလင်းလင်း နားလည်လာခဲ့ပြီး လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်ဖို့ လမ်းကြောင်းတစ်ခုကိုလည်း တွေ့ရှိခဲ့တယ်။ အဲဒီစုဝေးပွဲအတွင်းမှာ ကျွန်မက နားလည်သလောက် မိတ်သဟာယပြုပြီး စိတ်ထဲရှိသမျှကို ဖော်ပြခဲ့တယ်။ ဘုရားသခင်ရဲ့ လမ်းပြမှုကို ရှင်းရှင်းလင်းလင်း ခံစားခဲ့ရပြီး သမ္မာတရားတချို့ကိုလည်း ပိုပြီးနားလည်လာခဲ့တယ်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းရဲ့ ချိုမြိန်မှုကို ကျွန်မ မြည်းစမ်းခဲ့ရတယ်။
နောက်ပိုင်းမှာ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မဖတ်ခဲ့တယ်။ “ယင်းမှာ မည်သည့်ပြဿနာပင်ဖြစ်ပါစေ ဖြစ်ပေါ်လာသည့် မည်သည့်ပြဿနာကိုမဆို ဖြေရှင်းဖို့ သင် သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး မည်သည့်နည်းလမ်းနှင့်မျှ သင်ဟန်မဆောင်ရ၊ သို့မဟုတ် အခြားသူများအတွက် အယောင်ဆောင်မလှည့်စားရ။ သင်၏အားနည်းချက်များ၊ သင်၏ချို့ယွင်းချက်များ၊ သင်၏အမှားများ၊ သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ယင်းတို့အားလုံးနှင့်ပတ်သက်၍ လုံးဝ ပွင့်ပွင့်လင်းလင်းရှိပြီး မိတ်သဟာယပြုလော့။ ယင်းတို့ကို အတွင်း၌ မသိမ်းထားနှင့်။ သင့်ကိုယ်သင် မည်သို့ဖွင့်ဟဖို့ကို သင်ယူခြင်းသည် အသက်ဝင်ရောက်ခြင်း၏ ပထမခြေလှမ်းဖြစ်ပြီး၊ ယင်းမှာ အောင်နိုင်ဖို့ အခက်ဆုံးဖြစ်သည့် ပထမဆုံး အခက်အခဲတစ်ခု ဖြစ်သည်။ ယင်းကို သင်အောင်နိုင်ပြီးသည်နှင့် သမ္မာတရားကို ဝင်ရောက်ခြင်းသည် လွယ်ကူပေသည်။ ဤခြေလှမ်းကို လှမ်းခြင်းက အဘယ်သဘောကို ဆောင်သနည်း။ ယင်းက သင်၏စိတ်နှလုံးကို ဖွင့်ပြီး ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ အပြုသဘောဆောင်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သည်ဖြစ်စေ သင်၌ရှိသမျှ အားလုံးကို ပြခြင်းကို ဆိုလိုလေသည်။ ဘုရားသခင်ထံမှ မည်သည့်အရာမျှ မကွယ်ဝှက်ဘဲ၊ မည်သည့်အရာမျှ မဖုံးကွယ်ဘဲ၊ မမျိုသိပ်ဘဲ လှည့်စားမှုနှင့် လှည့်ကွက်ကင်းကာ အခြားသူများကို အလားတူ ပွင့်လင်းပြီး ရိုးသားရင်း၊ အခြားသူများနှင့် ဘုရားသခင် မြင်ဖို့ရာ သင့်ကိုယ်သင် ထုတ်ဖော်ပြခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် အလင်းတွင် အသက်ရှင်ပြီး ဘုရားသခင်က သင့်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမည်သာမက၊ အခြားလူများက သင်သည် စည်းမျဉ်းနှင့်အညီ ပွင့်လင်းမြင်သာသည့် အတိုင်းအတာတစ်ခုဖြင့် ပြုမူကြောင်း မြင်နိုင်လိမ့်မည်။ သင်၏ ဂုဏ်သတင်း၊ ပုံရိပ်နှင့် အဆင့်အတန်းတို့ကို ကာကွယ်ရန် မည်သည့်နည်းလမ်းများကိုမျှ အသုံးပြုရန် မလိုသကဲ့သို့ သင်၏ အမှားများကို ဖုံးကွယ်ရန်၊ သို့မဟုတ် ဟန်ဆောင်ရန်လည်း မလိုအပ်ပေ။ ဤအသုံးမဝင်သော အားစိုက်ထုတ်မှုများကို သင် ဆောင်ရွက်ရန် မလိုပေ။ ဤအရာများကို သင် လက်လွှတ်နိုင်ပါက သင်သည် အလွန်ပင် သက်သောင့်သက်သာ ဖြစ်လိမ့်မည်။ သင်သည် ဘောင်ခတ်မှုများ၊ သို့မဟုတ် နာကျင်မှု မရှိဘဲ အသက်ရှင်လိမ့်မည် ဖြစ်ပြီး သင်သည် အလင်းတွင်သာ လုံးဝ အသက်ရှင်လိမ့်မည်။ သင်မိတ်သဟာယပြုသည့်အချိန်တွင် မည်သို့ဖွင့်ဟပြောဆိုရမည်ကို သင်ယူခြင်းသည် အသက်ဝင်ရောက်မှုတွင် ပထမ အဆင့်ဖြစ်သည်။ ဆက်လက်၍ မည်သည့်အရာက မှားသည်၊ ဘုရားသခင်က မည်သည့်အရာကို မနှစ်သက်သည်ကို မြင်ရန် သင်၏ အတွေးများနှင့် လုပ်ရပ်များကို စိစစ်ဖို့ သင်ယူရန်လိုပြီး ၎င်းတို့ကို ချက်ချင်း ပြောင်းပြန်လှန်ကာ၊ ပြုပြင်ဖို့ လိုအပ်သည်။ ထိုအရာများကို ပြုပြင်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ သင့်အတွင်းရှိ စာတန်နှင့်သက်ဆိုင်သော အရာများကို ဖယ်ရှားပြီး ၎င်းတို့ကို သမ္မာတရားနှင့် အစားထိုးနေစဉ်တွင်၊ သမ္မာတရားကို လက်ခံပြီး စတင် နားလည်သဘောပေါက်ဖို့ ဖြစ်သည်။ ယခင်က သင်သည် အရာရာကို သင်၏ လှည့်ဖြားတတ်သော စိတ်သဘောထားအတိုင်း လုပ်ဆောင်ခဲ့သည်၊ ယင်းက လိမ်ညာခြင်းနှင့် လှည့်စားခြင်း ဖြစ်သည်။ မလိမ်ညာဘဲ မည်သည့်အရာမျှ သင်လုပ်ဆောင်၍ မရနိုင်ဟု သင်ခံစားရသည်။ ယခုအခါ သမ္မာတရားကို သင်နားလည်ပြီး အမှုကိစ္စများကို စာတန် လုပ်ဆောင်သည့် နည်းလမ်းများအား ရွံရှာသောကြောင့် ထိုနည်းအတိုင်း သင် မပြုမူတော့ချေ၊ သင်သည် ရိုးသားသည့်၊ သန့်စင်သည့်၊ ကျိုးနွံနာခံသည့် စိတ်အနေအထားနှင့် လုပ်ဆောင်သည်။ သင်သည် မည်သည့်အရာကိုမျှ ထိမ်ချန်ထားခြင်းမရှိလျှင်၊ ဟန်လုပ်ခြင်း၊ အယောင်ဆောင်ခြင်း၊ သို့မဟုတ် အမှုကိစ္စများကို ဖုံးဖိခြင်းမရှိလျှင်၊ ညီအစ်ကိုမောင်နှမများထံသို့ မိမိကိုယ်ကို ဖွင့်ချလျှင် သင်၏ အတွင်းအကျဆုံး အယူအဆများနှင့်အတွေးများကို မဖုံးကွယ်ဘဲ ယင်းအစား သင်၏ ရိုးသားသော သဘောထားကို အခြားလူတို့ မြင်ခွင့်ပေးလျှင်၊ ဤသို့ဆိုလျှင် သမ္မာတရားသည် သင့်အတွင်း၌ တဖြည်းဖြည်းချင်း အမြစ်တွယ်လိမ့်မည်။ နည်းနည်းချင်း အသီးအပွင့်ဖြစ်ထွန်းလိမ့်မည်။ အကျိုးရလဒ်များ ထွက်ရှိလိမ့်မည်။ သင်၏ စိတ်နှလုံးသည် တိုး၍ ရိုးသားလျှင်၊ ဘုရားဘက်သို့ တိုး၍ လှည့်လျှင်၊ သင်သည် သင့်တာဝန်ကို ထမ်းဆောင်သည့်အခါတွင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ဖို့ သိပြီး ဤအကျိုးစီးပွားများကို သင် မကာကွယ်နိုင်သောအခါ သင် လိပ်ပြာမလုံလျှင် ဤသည်မှာ သမ္မာတရားက သင့်အပေါ်၌ သက်ရောက်မှုရှိပြီး သင်၏ဘဝ ဖြစ်လာခဲ့ပြီဆိုသည့် သက်သေဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းကို ပြသခဲ့တယ်။ ကျွန်မရဲ့ အားနည်းချက်တွေနဲ့ ချို့ယွင်းချက်တွေကို ဖွင့်ဟတတ်ဖို့ သင်ယူရမယ်၊ ကိုယ့်ကိုယ်ကိုယ် မဖုံးကွယ်ရဘူး၊ ဟန်မဆောင်ရဘူး၊ ကိုယ့်ရဲ့ ဝင့်ဝါမှုနဲ့ မာနကို မထိန်းသိမ်းရဘူး၊ ပြီးတော့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ရိုးသားတဲ့လူတစ်ယောက် ဖြစ်ရမယ်။ ဒါဟာ သမ္မာတရားထဲကို ဝင်ရောက်ခြင်းရဲ့ ပထမဆုံးခြေလှမ်းပဲ။ အဲဒီနောက်မှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ဖို့ တိတ်ဆိတ်ခြင်းကို အသုံးမပြုတော့ဘူး။ ရှင်းရှင်းလင်းလင်းမမြင်နိုင်တဲ့ ပြဿနာတွေကို ကြုံရရင် ရှင်းရှင်းလင်းလင်းမမြင်ဘူး၊ ဘယ်လိုဖြေရှင်းရမှန်းမသိဘူးလို့ ပြောပြီး၊ တခြားညီအစ်ကိုမောင်နှမတွေကိုလည်း တက်တက်ကြွကြွနဲ့ မေးမြန်းခဲ့တယ်။ ပြဿနာတွေကို ဆွေးနွေးဖို့ အတူတကွ မိတ်သဟာယပြုတဲ့အခါ၊ ကျွန်မ နားလည်သလောက် ဝေမျှပြီး စိတ်ထဲရှိတဲ့အတိုင်း တည့်တည့်မတ်မတ်နဲ့ ဟန်ဆောင်မှုမရှိဘဲ ပြောခဲ့တယ်။ ဒီလိုနည်းနဲ့ အချိန်နည်းနည်းလောက် လက်တွေ့လုပ်ဆောင်ပြီးတဲ့နောက်၊ ဟန်ဆောင်မှုမရှိဘဲ၊ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ခြင်းမရှိဘဲ ဖြူစင်တဲ့နည်းလမ်းနဲ့ ဖွင့်ဟရတာက တဖြည်းဖြည်း ပိုလွယ်ကူလာပြီး၊ ဒါက ရှက်စရာကောင်းတယ်လို့ မခံစားရတော့ဘူး။ အခုဆိုရင် စုဝေးပွဲတွေမှာပဲဖြစ်ဖြစ်၊ ဆုတောင်းတာ၊ မိတ်သဟာယပြုတာ၊ ဒါမှမဟုတ် ညီအစ်ကိုမောင်နှမတွေနဲ့ ပေါင်းသင်းဆက်ဆံတာပဲဖြစ်ဖြစ်၊ ကျွန်မ ကိုယ့်ရဲ့မာန ဒါမှမဟုတ် ပုံရိပ်ကို စိတ်မပူတော့ဘူး၊ အရင်ကလို စိုးရိမ်တာ၊ စိတ်လှုပ်ရှားတာ၊ ဒါမှမဟုတ် စိတ်ဆင်းရဲတာတွေလည်း မဖြစ်တော့ဘူး။ ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကနေ လွတ်မြောက်လာတာက ကျွန်မဘဝကို အများကြီး ပိုပေါ့ပါး၊ ပိုလွတ်မြောက်ပြီး ပိုရိုးရှင်းလာစေတယ်လို့ ခံစားရတယ်။ အခုအချိန်အထိ ကျွန်မက သေးငယ်တဲ့ ပြောင်းလဲမှုတစ်ခုပဲ လုပ်နိုင်သေးပေမဲ့၊ သမ္မာတရားကို ဆက်လိုက်စားပြီး တိုးတက်အောင်ကြိုးပမ်းဖို့ ကျွန်မ ဆန္ဒရှိပါတယ်။