၉၃။ ကျွန်တော့် အမျိုးသမီးရဲ့ ရောဂါအတွက် ကျွန်တော် မပူတော့ပါဘူး
၂၀၀၅ ခုနှစ် နွေဦးမှာ ကျွန်တော်နဲ့ ကျွန်တော့်အမျိုးသမီး ဟွေကျွမ်တို့က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို လက်ခံရရှိတဲ့ ကံကောင်းသူတွေဖြစ်ခဲ့ကြတယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့နှစ်ယောက်စလုံး အသင်းတော်မှာ တာဝန်ကိုယ်စီ ထမ်းဆောင်ခဲ့ကြတာပေါ့။ တာဝန်ထမ်းဆောင်ရင်း အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ကြုံရတိုင်း ကျွန်တော်တို့ အတူတူ ဆုတောင်းတယ်၊ ရှာဖွေတယ်၊ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ကြတယ်။ ပြီးတော့ တစ်ယောက်ကိုတစ်ယောက် ကူညီပြီး မိတ်သဟာယဖွဲ့ကြတယ်။ ဘုရားနှုတ်ကပတ်တော် လမ်းပြမှုအောက်မှာ သမ္မာတရားတချို့ကို ကျွန်တော်တို့ နားလည်လာကြတယ်။ မသိလိုက်ဘာလိုက်နဲ့ ဆယ်နှစ်ကျော် ကုန်သွားပြီး ကျွန်တော်တို့နှစ်ယောက်စလုံး အသက် ၆၀ ကျော်လာကြပြီလေ။ ကျန်းမာရေးတွေကလည်း ကျလာကြပြီ၊ အထူးသဖြင့် ကျွန်တော့်အမျိုးသမီးပေါ့။ သူ့မှာ သွေးတိုးရောဂါရှိတော့ ဆေး ခဏခဏသောက်နေရတယ်။ တစ်ခါတလေ ရောဂါအခြေအနေ ဆိုးလာရင် ခေါင်းမူးပြီး မလှုပ်နိုင်တော့ဘူး။ နှလုံးနဲ့ အစာအိမ်ကလည်း တော်တော်ဆိုးတဲ့ အခြေအနေမှာရှိတယ်။ နေ့စဉ်ဘဝမှာ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်တယ်၊ မိတ်သဟာယဖွဲ့ပြီး ကူညီဖေးမခဲ့ကြတယ်၊ ကျွန်တော်လည်း စိတ်ချမ်းသာပြီး ကျေနပ်ရောင့်ရဲခဲ့တာပေါ့။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလထဲက တစ်ရက်မှာ အထက်ခေါင်းဆောင်တွေဆီက စာတစ်စောင် ရတယ်။ တခြားဒေသမှာ ဧဝံဂေလိအလုပ်ကို သွားပြီး ကြီးကြပ်ပေးဖို့ ကျွန်တော့်ကို ပြောတယ်။ ဒီစာကို မြင်တော့ ကျွန်တော် အရမ်းဝမ်းသာသွားတယ်။ ဒါဟာ ဘုရားသခင်က ကျွန်တော့်ကို ကျေးဇူးပြုပြီး ချီးမြှောက်တာဖြစ်မှန်း သိခဲ့တယ်လေ။ ကျွန်တော်က စည်းမျဉ်းတချို့ကို နားလည်ပြီး ဧဝံဂေလိတရား ဟောပြောတဲ့နေရာမှာ အတွေ့အကြုံတချို့ ရှိခဲ့ပေမဲ့၊ သမ္မာတရားကို မိတ်သဟာယဖွဲ့တဲ့နေရာမှာ အများကြီး လိုအပ်နေခဲ့တုန်းပဲ။ တခြားနေရာသွားပြီး တာဝန်ထမ်းဆောင်ရင် လေ့ကျင့်ဖို့ အခွင့်အရေး ပိုရမယ်၊ ညီအစ်ကို မောင်နှမတွေနဲ့လည်း ခဏခဏ ပြောဆိုဆွေးနွေးနိုင်မှာ ဖြစ်ပြီး မြန်မြန်ဆန်ဆန်လည်း တိုးတက်လာမှာပဲ။ ပြီးတော့ ဧဝံဂေလိအလုပ်ဆိုတာ ဘုရားအိမ်တော်ရဲ့ အဓိကအလုပ်လေ။ သူ့ရှေ့မှောက်ကို လူတွေပိုရောက်လာပြီး ကယ်တင်ခြင်းကို လက်ခံဖို့ဆိုတာ ဘုရားသခင်ရဲ့ အရေးတကြီးအဖြစ်ဆုံး ရည်ရွယ်ချက်ဖြစ်တယ်။ ဒါကြောင့် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို အလေးထားပြီး ဧဝံဂေလိအလုပ်မှာ ပူးပေါင်းဆောင်ရွက်ရမယ်။ ဒါကို တွေးမိတော့ အမျိုးသမီးဆီ ခေါင်းလှည့်ကြည့်ပြီး တွေးလိုက်တယ်။ “ငါ သွားလိုက်ရင် သူ ဘယ်လို ဖြစ်သွားမလဲ။ အိမ်မှာ သူတစ်ယောက်တည်း ကျန်ခဲ့မှာ။ သွေးတိုးကလည်းရှိနေပြီ။ အပေါ်သွေး ၁၆၀-၁၈၀၊ အောက်သွေး ၁၂၀-၁၃၀ လောက်ရှိတယ်။ ရောဂါထရင် အိပ်ရာကနေ လန်ကျသွားမလို၊ အခန်းက ပြိုကျမလို ခံစားရပြီး လှုပ်တောင်မလှုပ်ရဲဘဲ အိပ်ရာထဲ လဲနေတတ်တာ။ သူ့ကို ဂရုစိုက်ဖို့ ငါဘေးနားမှာ မရှိရင် သူ အဆင်ပြေပါ့မလား” ပေါ့။ ကျွန်တော် စိုးရိမ်စိတ်တွေထဲမှာ မနစ်မွန်းဘဲ မနေနိုင်ခဲ့ဘူး။ အမျိုးသမီး မျက်လုံးမှာ မျက်ရည်တွေ ဝဲနေတာ မြင်တော့ “ဘာဖြစ်လို့လဲ” လို့ ကျွန်တော် မေးလိုက်တယ်။ သူ ခဏလောက် ငြိမ်နေပြီးမှ ပြောတယ်။ “ရှင် ထွက်သွားရင် ကျွန်မမှာ ရင်ဖွင့်စရာလူတစ်ယောက်မှ ရှိတော့မှာ မဟုတ်ဘူး။ အသက်ကလည်း ကြီးလာပြီ၊ လူကလည်း နေမကောင်းဘူး။ ရှင် ဘေးနားမှာ ရှိနေရင် အားကိုးလို့ရတယ်၊ ဂရုစိုက်ပေးမယ့်လူ ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲလေ” တဲ့။ အမျိုးသမီးက ကျွန်တော့်စိတ်နှလုံးထဲက အတွေးတွေကို ထုတ်ပြောလိုက်တာပါပဲ။ “ငါ သွားလိုက်ရင် သူ ဝမ်းနည်းပက်လက်ဖြစ်ပြီး စိတ်မကောင်း ဖြစ်နေမလား။ ပြီးတော့ သူ့အခြေအနေ ပိုဆိုးလာပြီး သွေးတိုး ရုတ်တရက် ထိုးတက်လာရင် သူ ဘယ်လိုလုပ်မလဲ။ သားကလည်း အသင်းတော်မှာ တာဝန်ထမ်းဆောင်နေတော့ ငါတို့နဲ့ အတူမရှိနိုင်ဘူး။ သူ့ဘေးနားမှာ ငါရှိနေရင်တော့ သူ့ကို ပြုစုစောင့်ရှောက်ပေးလို့ ရနိုင်သေးတယ်။ လူတွေ ပြောကြတယ်လေ ‘ငယ်ဖော် ကြီးဖက်’ တဲ့။ အသက်ကြီးလာရင် အတူတူရှိပြီး တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်သင့်တယ်ဆိုတဲ့ အယူအဆရှိတယ်” ပေါ့။ ဒါကို တွေးမိတော့ ဘာလုပ်ရမှန်းမသိ ဖြစ်ခဲ့တယ်။ ခေါင်းထဲမှာ ဒီကိစ္စကိုပဲ ဆက်တိုက် စဉ်းစားနေပေမဲ့ ဆုံးဖြတ်ချက်ချလို့ကို မရနိုင်ခဲ့ဘူး။ အနီးအနားက ညီအစ်မတွေ လာကြည့်ပေးကြပေမဲ့ ကျွန်တော်က စိတ်ပဲပူနေမိတယ်၊ “သူ ရောဂါထဖောက်ပြီး တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ ငါ မရှိဘဲ သူ နေနိုင်ပါ့မလား။ ဘယ်သူက သူ့ကို ဂရုစိုက်မှာလဲ။ ခေါင်းဆောင်တွေဆီ စာရေးပြီး ငါတို့ရဲ့ တကယ့်အခက်အခဲတွေကို ရှင်းပြပြီး တခြားလူ ရှာခိုင်းလိုက်ရင် ကောင်းမယ်ထင်တယ်” ဆိုပြီး တွေးမိတယ်။ ဒါပေမဲ့ နောက်တော့ တွေးမိပြန်တယ်၊ “ဧဝံဂေလိအလုပ်ကို ကြီးကြပ်ရတာက ကြီးလေးတဲ့ တာဝန်ပဲ။ ဒီတာဝန် ငါ့ဆီ ရောက်လာတာက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်ပဲ။ သွားမလုပ်ဘဲနေရင် မနာခံရာ ရောက်မယ်။ ဒါပေမဲ့ ငါ သွားလိုက်ရင် ငါ့မိန်းမက ဘာဖြစ်သွားမလဲ။ သူ့ကို ပစ်ထားလို့လည်း မရပြန်ဘူး” ပေါ့။ ဒါနဲ့ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်။ “အို ဘုရားသခင်...ကျွန်တော် ဒီတာဝန်ကို ထမ်းဆောင်ချင်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးရဲ့ ရောဂါက တကယ်အခက်အခဲ ဖြစ်နေပါတယ်။ အို ဘုရားသခင်...ကျွန်တော် ဘာလုပ်ရမှန်း မသိတော့ပါဘူး။ ကျေးဇူးပြုပြီး လမ်းပြပေးတော်မူပါ” ပေါ့။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို သတိရလိုက်တယ်။ “အရာခပ်သိမ်းတွင် ဘုရားမိသားစု၏ အကျိုးစီးပွားများကို ပထမဦးစွာ စဉ်းစားဆင်ခြင်ခြင်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်သို့ရှိသနည်း) ကျွန်တော်က ဖန်ဆင်းခံတစ်ယောက် ဖြစ်တယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံပြီး အသင်းတော်အလုပ်ကို ဦးစားပေးရမယ်ဆိုတာ နားလည်လိုက်ပါတယ်။ ဧဝံဂေလိ ဟောပြောတာနဲ့ တာဝန်ထမ်းဆောင်တာဟာ ရှောင်လွှဲလို့မရတဲ့ တာဝန်ဖြစ်ပြီး ကျွန်တော် ကျိုးနွံနာခံရမှာပါ။
နောက်တစ်နေ့ မနက်ကျတော့ ကျွန်တော့်အမျိုးသမီးက အိပ်ရာထဲ လှဲနေတာကို ကျွန်တော်တွေ့ခဲ့တယ်။ သွေးတိုး ပြန်ထပြီး ခေါင်းမူးလွန်းလို့ မထနိုင်ဘဲ မျက်နှာကလည်း ဖြူဖျော့ပြီး ချောင်ကျနေတယ်။ ကျွန်တော့်စိတ်နှလုံးက ဂနာမငြိမ် ပြန်ဖြစ်သွားတယ်။ “သူ့ရောဂါက အချိန်မရွေး ထဖောက်နိုင်တာပဲ၊ ရေထသောက်ရင်း မူးလဲသွားရင် ဘယ်လိုလုပ်မလဲ။ ပြီးတော့ အဲဒီကနေ တခြားရောဂါတွေ ဆက်ဖြစ်လာရင်၊ လေတောင်ဖြတ်သွားရင် ဘယ်လိုလုပ်မလဲ။ သူ ဒီလိုဖြစ်နေတော့၊ သူ့ကို ထားခဲ့ဖို့ ငါ စိတ်မဖြောင့်ဘူး။ အထူးသဖြင့် အသက်ကြီးလာလေ ရောဂါထဖောက်ဖို့ အခွင့်အရေး ပိုများလေပဲ။ ကျွန်တော် ဂရုစိုက်ပေးတာကို သူပိုပြီးတော့တောင် လိုမှာပဲ။ ခေါင်းဆောင်ဆီကို စာရေးပြီး ငါနဲ့အတူတူ တာဝန်ထမ်းဆောင်ဖို့ အမျိုးသမီးပါ အတူလိုက်လို့ရမလား မေးလို့ရနိုင်တာပဲ။ ပြီးတော့ ဧည့်ခံတာဝန်ကို သူလုပ်နိုင်တယ်။ ဒါဆိုရင် ငါ သူ့အတွက် စိတ်ပူစရာ မလိုတော့ဘူး” ဆိုပြီး တွေးမိတယ်။ နောက်တော့ ကျွန်တော် စာရေးလိုက်တယ်။ ဒါပေမဲ့ ရေးပြီးသားစာကို ကြည့်ပြီး ကျွန်တော် တော်တော် စိတ်မသက်မသာဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ် မေးမိတယ်။ “ငါ ဒီစာရေးပြီး ဘာလုပ်နေတာလဲ။ အခြေအနေတွေ သတ်မှတ်နေတာပဲ မဟုတ်ဘူးလား။ ငါက ယုံကြည်သူ တစ်ယောက်ပဲ၊ ဒါပေမဲ့ ကိုယ့်ဆန္ဒနဲ့ မကိုက်ညီတဲ့ တာဝန်နဲ့ ကြုံလာရတော့ ငြင်းဖို့ ဆင်ခြေပေးနေတာပဲ။ ဒီလိုလုပ်တာက ဘယ်နေရာမှာ ကျိုးနွံနာခံရာ ရောက်လို့လဲ။ ငါ့အလိုအတိုင်း လုပ်ပေးဖို့ပဲ ဘုရားသခင်ကို တောင်းဆိုနေတာ မဟုတ်လား။ ငါ့မှာ ဆင်ခြင်တုံတရားဆိုတာ ရှိရဲ့လား” ပေါ့။ ကျွန်တော့်အမျိုးသမီးက ဘယ်လောက် မသက်မသာဖြစ်နေရသလဲဆိုတာကို ကျွန်တော် ထပ် ကြည့်လိုက်ပြီး ကျွန်တော့်စိတ်တွေ ရှုပ်ထွေးသွားတယ်။ တစ်ဖက်မှာက ဧဝံဂေလိဟောပြောရမယ့် တာဝန်၊ နောက်တစ်ဖက်မှာက အမျိုးသမီးရဲ့ ရောဂါ။ သူ့ကို စိတ်ပူပေမဲ့ တာဝန်ကိုလည်း မစွန့်လွှတ်ချင်ဘူး။ အဲဒီအချိန်မှာ အမျိုးသမီးက ခေါင်းသိပ်မမူးတော့တာနဲ့ ကျွန်တော်တို့နှစ်ယောက် ဒူးထောက်ပြီး ဘုရားသခင်ဆီ ဆုတောင်းလိုက်ကြတယ်။ ကျွန်တော် ပြောလိုက်တယ်။ “ဘုရားသခင်၊ ကျွန်တော် တာဝန်လက်ခံဖို့ လိုလားနေပါတယ်။ ဒါပေမဲ့ ကျွန်တော့် ဝိညာဉ်အသက်တာ ငယ်လွန်းလို့ အမျိုးသမီးကို ဘေးဖယ်မထားနိုင်ပါဘူး။ ကျေးဇူးပြုပြီး လမ်းပြပေးတော်မူပါ” ပေါ့။
ဝတ်ပြုတဲ့အချိန်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီး လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတချို့ တွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘုရားသခင်သည် လူတို့ကို အတင်းအကျပ်ခိုင်းရန်၊ ချည်နှောင်ရန် သို့မဟုတ် ကြိုးကိုင်ညွှန်ကြားရန် မည်သည့်အခါမျှ ရည်ရွယ်ခြင်း မရှိခဲ့ပေ။ ဘုရားသခင်သည် လူတို့ကို မည်သည့်အခါမျှ ဘောင်မခတ်ပေ သို့မဟုတ် အတင်းအကျပ် မခိုင်းသည့်အပြင် လူတို့ကို သာ၍ပင် အတင်းအကျပ် မပြုပေ။ ဘုရားသခင်က လူတို့အား ပေးသည့်အရာမှာ လုံလောက်သော လွတ်လပ်ခွင့် ဖြစ်သည်၊ သူသည် လူတို့အား ၎င်းတို့ လျှောက်လှမ်းသင့်သော လမ်းကြောင်းကို ရွေးချယ်ခွင့်ပြုသည်။ သင်သည် ဘုရားအိမ်တော်၌ ရှိနေလျှင်ပင်၊ သင်သည် ဘုရားသခင်၏ ကြိုတင်ခွဲခန့်မှတ်သားခြင်းနှင့် ရွေးချယ်ခြင်းကို ခံရလျှင်ပင် သင်သည် မည်သို့ပင်ဖြစ်စေ လွတ်လပ်သည်။ သင်သည် ဘုရားသခင်၏ အမျိုးမျိုးသော တောင်းဆိုချက်များနှင့် အစီအစဉ်များကို ငြင်းပယ်ရန် ရွေးချယ်နိုင်သည် သို့မဟုတ် ၎င်းတို့ကို လက်ခံရန် ရွေးချယ်နိုင်သည်၊ ဘုရားသခင်သည် သင့်အား လွတ်လပ်စွာ ရွေးချယ်ရန် အခွင့်အရေးကို ပေးသည်။ သို့သော် သင်မည်သည့်အရာကို ရွေးချယ်သည်ဖြစ်စေ၊ သင်မည်သို့ ပြုမူသည်ဖြစ်စေ၊ သင်ရင်ဆိုင်ရသော ကိစ္စရပ်တစ်ခုကို ကိုင်တွယ်ရာတွင် သင်၏ အမြင်ရှုထောင့် မည်သို့ရှိသည်ဖြစ်စေ၊ ယင်းကို ဖြေရှင်းရန် သင်နောက်ဆုံးတွင် မည်သည့်နည်းလမ်းများကို အသုံးပြုသည်ဖြစ်စေ သင်၏ လုပ်ဆောင်ချက်များအတွက် သင်တာဝန်ယူရမည်။ သင်၏ နောက်ဆုံးအဆုံးသတ်သည် သင်၏ ပုဂ္ဂိုလ်ရေး တရားစီရင်မှုများနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များအပေါ် အခြေမခံဘဲ ဘုရားသခင်က သင့်အပေါ် မှတ်တမ်းတင်နေခြင်း ဖြစ်သည်။ ဘုရားသခင်သည် များစွာသော သမ္မာတရားများကို ဖော်ပြပြီးနောက်နှင့် လူတို့သည် ဤများစွာသော သမ္မာတရားများကို ကြားပြီးနောက်တွင် ဘုရားသခင်သည် လူတစ်ဦးစီ၏ အမှားအမှန်များကို တိတိကျကျ အကဲဖြတ်မည်ဖြစ်ပြီး လူတစ်ဦးစီ၏ နောက်ဆုံးအဆုံးသတ်ကို သူပြောဆိုခဲ့သည့်အရာ၊ သူတောင်းဆိုသည့်အရာနှင့် လူတို့အတွက် သူဖော်ထုတ်ခဲ့သော စည်းမျဉ်းများကို အခြေခံ၍ ဆုံးဖြတ်မည်ဖြစ်သည်။ ဤကိစ္စတွင် ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များသည် ဘုရားသခင်က လူတို့ကို ကြိုးကိုင်ညွှန်ကြားနေခြင်း သို့မဟုတ် သူက ၎င်းတို့ကို ချည်နှောင်နေခြင်း မဟုတ်ပေ၊ သင်သည် လွတ်လပ်သည်။ သင်သည် ဘုရားသခင်ကို သတိထားရှောင်ရန် မလိုအပ်သကဲ့သို့ ကြောက်ရွံ့ရန် သို့မဟုတ် စိုးရိမ်ပူပန်ရန်လည်း မလိုအပ်ပေ။ သင်သည် အစမှအဆုံး လွတ်လပ်သူတစ်ဦး ဖြစ်သည်။ ဘုရားသခင်သည် သင့်အား လွတ်လပ်သော ပတ်ဝန်းကျင်တစ်ခု၊ လွတ်လပ်စွာ ရွေးချယ်ရန် ဆန္ဒတစ်ခုနှင့် လွတ်လပ်စွာ ရွေးချယ်ရန် နေရာတစ်ခုကို ပေးလျက် သင့်အား မိမိကိုယ်တိုင် ရွေးချယ်စေပြီး သင်အဆုံးသတ် ရရှိသည့် မည်သည့်အဆုံးသတ်မဆိုသည် သင်လျှောက်လှမ်းသော လမ်းကြောင်းအားဖြင့် လုံးလုံးလျားလျား ဆုံးဖြတ်ခြင်းခံရသည်။ ဤသည်မှာ မျှတသည် မဟုတ်လော။ (ဟုတ်ပါသည်။) အဆုံးစွန်၌ သင်သည် ကယ်တင်ခြင်းခံရပြီး ဘုရားသခင်ကို ကျိုးနွံနာခံကာ ဘုရားသခင်နှင့် သဟဇာတဖြစ်သူတစ်ဦး ဖြစ်လျှင် သင်သည် ဘုရားသခင် လက်ခံသောသူတစ်ဦး ဖြစ်လျှင် ယင်းမှာ သင်၏ မှန်ကန်သော ရွေးချယ်မှုများကြောင့် သင်ရရှိသည့်အရာ ဖြစ်သည်၊ အဆုံးစွန်၌ သင်သည် ကယ်တင်ခြင်းမခံရဘဲ ဘုရားသခင်နှင့် သဟဇာတ မဖြစ်နိုင်လျှင်၊ ဘုရားသခင်၏ ရယူခြင်းကို သင်မခံရလျှင်၊ သင်သည် ဘုရားသခင် လက်ခံသောသူတစ်ဦး မဟုတ်လျှင် ယင်းမှာလည်း သင်၏ ကိုယ်ပိုင် ရွေးချယ်မှုများကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် သူ၏အလုပ်တွင် ဘုရားသခင်သည် လူတို့အား ရွေးချယ်ရန် လွတ်လပ်မှုများစွာကို ပေးပြီး လူတို့အား အကြွင်းမဲ့ လွတ်လပ်ခွင့်ကိုလည်း ပေးသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) ဘုရားနှုတ်ကပတ်တော် ဖတ်ပြီးတဲ့နောက်မှာ နောက်ဆုံးတော့သဘောပေါက်သွားတယ်။ “ဘုရားသခင်က ကျွန်တော့်ကို လွတ်လွတ်လပ်လပ် ရွေးချယ်ပိုင်ခွင့် ပေးထားတယ်။ ကျွန်မအပေါ် တာဝန်ကျရောက်လာတဲ့အခါ ကျွန်တော့်ရွေးချယ်မှုနဲ့ လျှောက်တဲ့လမ်းကြောင်းကို ဘုရားသခင် ကြည့်နေတယ်။ ဘုရားသခင်ကို ကျိုးနွံနာခံပြီး ဖန်ဆင်းခံတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်မလား၊ ဒါမှမဟုတ် တာဝန်ကို ဘေးဖယ်ထားပြီး အမျိုးသမီးကို စောင့်ရှောက်ဖို့ အိမ်မှာနေဖို့ ရွေးချယ်မလား ဆိုတာပေါ့။ ခေါင်းဆောင်တွေက ကျွန်တော့်ကို ဧဝံဂေလိအလုပ် ကြီးကြပ်ခိုင်းတယ်။ ဒါက တာဝန်ထမ်းဆောင်ရင်း လေ့ကျင့်ဖို့ အခွင့်အရေး ပေးမှာပဲ။ ဒီနောက်ကွယ်မှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက် ရှိတယ်။ ဘေးအန္တရာယ်တွေက ပိုပိုဆိုးလာနေပြီ။ လူတော်တော်များများက ဘုရားသခင်ရဲ့ အသံတော်ကို မကြားဖူးသေးဘဲ စာတန်ရဲ့ ညှဉ်းပန်းမှုနဲ့ အန္တရာယ်ပြုမှုအောက်မှာ ဒုက္ခခံနေရတုန်းပဲ။ သူတို့ ဘေးအန္တရာယ်ထဲ ကျရောက်သွားတာကို ဘုရားသခင် မမြင်ချင်ဘူး။ ဧဝံဂေလိဟောပြောပြီး နောက်ဆုံးသောကာလ အမှုတော်ကို သက်သေခံမယ့်သူတွေ ပိုများလာဖို့ ကိုယ်တော် မျှော်လင့်နေတာပဲ” ပေါ့။ ဒါပေမဲ့ ဧဝံဂေလိအလုပ်မှာ ပူးပေါင်းဆောင်ရွက်ဖို့ လူတွေ အရေးတကြီး လိုအပ်မှန်း သိရက်နဲ့ အမျိုးသမီး နေမကောင်းဖြစ်မှာ စိုးရိမ်လို့ ကျွန်တော် အိမ်မှာနေပြီး သူ့ကို စောင့်ရှောက်ချင်ခဲ့တယ်။ တာဝန်ကို ငြင်းဆန်ပြီး ရှောင်လွှဲချင်ခဲ့တယ်။ သူ့ကျန်းမာရေးအခြေအနေနဲ့ ဧည့်ခံတာဝန်မလုပ်နိုင်မှန်း သိသိကြီးနဲ့တောင် ကျွန်တော်နဲ့ လိုက်ပြီး အဲဒီတာဝန်ကို လုပ်စေချင်ခဲ့သေးတယ်။ ကျွန်တော့်အပြုအမူက ဘုရားသခင်ကို ကျိုးနွံနာခံမှု လုံးဝ မရှိမှန်း တကယ်ကို ပြသခဲ့တာပဲ။ အမျိုးသမီးကို စောင့်ရှောက်ချင်လို့သာ တာဝန်မထမ်းဆောင်နိုင်ရင် ဘုရားသခင်က ကျွန်တော့်အပေါ် မြုပ်နှံထားတဲ့ ကြီးမားတဲ့ အဖိုးအခကို ပြန်ဆပ်နိုင်မှာ မဟုတ်တဲ့အပြင် ကိုယ့်တာဝန်ကို ထမ်းဆောင်ရာမှာ လေ့ကျင့်ခွင့်နဲ့ သမ္မာတရားရရှိခွင့်ကိုလည်း ဆုံးရှုံးရမှာဖြစ်ပြီး ကျွန်တော့်ရဲ့ အသက်ဝင်ရောက်မှုကိုလည်း ထိခိုက်စေမှာပဲ။ အသင်းတော်အလုပ်ကို ကျွန်တော် ဦးစားပေးပြီး တာဝန်ကို တက်တက်ကြွကြွ လက်ခံရမယ်။ ဒါက ဖန်ဆင်းခံတစ်ယောက် လုပ်သင့်တဲ့အရာတစ်ခုပဲလေ။
နောက်ပိုင်းမှာ ကျွန်တော် တွေးမိတယ်။ “ငါ့ စိတ်နှလုံးထဲမှာ ဘာလို့ ငါ့မိန်းမကို လက်မလွှတ်နိုင်ရတာလဲ။ သူ့ကို စောင့်ရှောက်ဖို့အတွက်နဲ့ပဲ တာဝန်ကို ရှောင်လွှဲဖို့တောင် တွေးမိတယ်” ပေါ့။ ဆင်ခြင်သုံးသပ်ကြည့်တော့မှ ကျွန်တော်က လူ့ဇာတိဆိုင်ရာ ခံစားချက်တွေထဲမှာ အသက်ရှင်နေလို့ဆိုတာ သဘောပေါက်သွားတယ်။ ဘုရားနှုတ်ကပတ်တော်ကို ကျွန်တော် ဖတ်လိုက်တယ်။ “ငါသည် လူ့ဇာတိဆိုင်ရာ ခံစားချက် မရှိသည့်အတွက် လူများကို ၎င်းတို့၏ ခံစားချက်များအား ဖော်ပြခွင့် ငါမပေးသည့်အပြင် လွန်ကဲသောအတိုင်းအတာ တစ်ခုအထိ လူတို့၏ ခံစားချက်များကို ငါ တိုး၍ မုန်းတီးမိပြီဖြစ်သည်။ ငါသည် ဘေးဖယ်ခံခဲ့ရကာ ထိုသို့ဖြင့် ၎င်းတို့၏အမြင်ထဲတွင် ငါသည် ‘အခြားသူ’ ဖြစ်သွားခဲ့သည်မှာ လူသားတို့အကြားက ခံစားချက်များကြောင့် ဖြစ်သည်။ ငါသည် မေ့လျော့ခြင်း ခံရပြီးဖြစ်သည်မှာ လူသားတို့အကြားရှိ ခံစားချက်များကြောင့် ဖြစ်သည်။ သူ၏ ‘အသိစိတ်’ကို အခွင့်ကောင်းယူ၍ မလွတ်တမ်း အသုံးချသည်မှာ လူသား၏ ခံစားချက်များကြောင့် ဖြစ်သည်။ သူသည် ငါ၏ပြစ်တင်ဆုံးမမှုကို အစဉ်ပင် အလွန်အမင်း မနှစ်မြို့သည်မှာ လူသား၏ ခံစားချက်များကြောင့် ဖြစ်သည်။ ငါ့ကို မျှတမှုမရှိသကဲ့သို့ မတရားဟု ဆိုကာ ငါ၏အမှုအရာများကို ကိုင်တွယ်ရာတွင် လူသား၏ ခံစားချက်များကို ငါ အလေးဂရုမပြုဟု သူဆိုသည်မှာ လူသား၏ ခံစားချက်များကြောင့် ဖြစ်ပေသည်။ ငါသည် မြေကြီးပေါ်တွင် ဆွေမျိုးသားချင်းများလည်း ရှိပါသလော။ ငါ၏ စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံးအတွက် အစားအစာ သို့မဟုတ် အိပ်စက်ခြင်းကို မစဉ်းစားဘဲ နေ့ရောညပါ ငါကဲ့သို့ မည်သူ အလုပ်လုပ်ဖူးသနည်း။ လူသားသည် ဘုရားသခင်နှင့် အဘယ်သို့ နှိုင်းယှဉ်၍ရနိုင်မည်နည်း။ လူသားသည် ဘုရားသခင်နှင့် အဘယ်သို့ သဟဇာတ ဖြစ်နိုင်မည်နည်း။ ဖန်ဆင်းသော ဘုရားသခင်သည် ဖန်ဆင်းခံရသော လူသားနှင့် အဘယ်သို့ အမျိုးအစား တူနိုင်မည်နည်း။ ငါသည် မြေကြီးပေါ်တွင် လူသားနှင့်အတူတကွ မည်သို့ အစဉ်နေပြီး ပြုမူနိုင်မည်နည်း။ ငါ၏ စိတ်နှလုံးအတွက် အဘယ်သူ ပူပန်နိုင်သနည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၈)) “လူအချို့သည် အလွန့်အလွန် စိတ်အာရုံခံစားချက် ပြင်းပြကြလေသည်။ နေ့စဉ် ၎င်းတို့ ပြောဆိုသမျှတွင်လည်းကောင်း၊ ၎င်းတို့ ကျင့်ကြံပြုမူပုံနှင့် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းပုံတို့တွင်လည်းကောင်း ၎င်းတို့သည် မိမိတို့၏ ခံစားချက်များဖြင့် အသက်ရှင်နေထိုင်ကြ၏။ ၎င်းတို့သည် ထိုလူ့အတွက် ခံစားရ၊ သည်လူ့အတွက် ခံစားရပြီး ဆက်ဆံရေးများနှင့် ခံစားချက်များဆိုင်ရာ ကိစ္စရပ်များ၌ အာရုံစိုက်ရင်းဖြင့်သာ ၎င်းတို့၏ နေ့ရက်များကို ကုန်ဆုံးစေကြ၏။ ၎င်းတို့ ကြုံတွေ့သည့်အရာတိုင်း၌ ခံစားချက် နယ်ပယ်ထဲတွင် ၎င်းတို့ အသက်ရှင်ကြလေသည်။...၎င်း၏ စိတ်ခံစားချက်များသည် အလွန်ပြင်းထန်လှ၏။ စိတ်ခံစားချက်များသည် ဤလူ၏ ဆိုးရွားလွန်းသော ချို့ယွင်းချက် ဖြစ်သည်ဟု ဆိုနိုင်သည်။ သူသည် အရာရာတိုင်းတွင် သူ့စိတ်ခံစားချက်များ၏ ဘောင်ခတ်ခြင်းကို ခံရသည်။ သူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိပေ၊ သို့မဟုတ် အခြေခံသဘောတရားအတိုင်း ပြုမူနိုင်စွမ်း မရှိပေ။ ပြီးလျှင် သူသည် ဘုရားသခင်ကို မကြာခဏ ဆန့်ကျင်ပုန်ကန်တတ်သည်။ စိတ်ခံစားချက်များသည် ၎င်းတို့၏ အကြီးမားဆုံး အားနည်းချက်၊ ၎င်းတို့၏ ဆိုးရွားလွန်းသော ချို့ယွင်းချက်ဖြစ်သည်။ ၎င်းတို့၏ စိတ်ခံစားချက်များက ၎င်းတို့ကို အတိဒုက္ခရောက်အောင် လုံးလုံး လုပ်နိုင်ပြီး လုံးဝ ဖျက်ဆီးပစ်နိုင်သည်။ အလွန်အကျွံ သံယောဇဉ်တွယ်တာသော လူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိပေ၊ သို့မဟုတ် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်စွမ်း မရှိပေ။ ၎င်းတို့သည် ဇာတိပကတိနှင့် အာရုံများနေကြသည်။ မိုက်မဲပြီး နားဝေတိမ်တောင် ဖြစ်နေကြသည်။ အလွန်အမင်း သံယောဇဉ်တွယ်တာခြင်းသည် ထိုသို့သော လူစား၏ သဘာဝပင် ဖြစ်ပြီး ဤလူစားသည် သူ၏ စိတ်ခံစားချက်များအတိုင်း အသက်ရှင်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း) ဘုရားနှုတ်ကပတ်တော် ဖတ်ပြီးတဲ့နောက် လူတွေကြားမှာရှိတဲ့ ခံစားချက်တွေကို ဘုရားသခင် ဘာလို့ စက်ဆုပ်ရွံရှာလဲဆိုတာ နားလည်သွားတယ်။ လူတွေက ခံစားချက်တွေကြားမှာ အသက်ရှင်တဲ့အခါ ကိုယ့်တာဝန်ကို နည်းနည်းလေးမှ ထည့်မတွက်တော့ဘဲ ဘုရားသခင်ကိုတောင် သစ္စာဖောက်နိုင်စွမ်း ရှိလာကြတယ်လေ။ အခု ဘုရားသခင်ရဲ့ ဧဝံဂေလိအမှုက တိုင်းနိုင်ငံတိုင်းကို ပျံ့နှံ့နေပြီ။ ညီအစ်ကို မောင်နှမတွေက ဧဝံဂေလိဟောပြောပြီး ဘုရားသခင်အတွက် တက်တက်ကြွကြွ သက်သေခံနေကြတယ်။ ကျွန်တော်က ဧဝံဂေလိဟောပြောတာနဲ့ပတ်သက်တဲ့ သမ္မာတရားတွေ၊ စည်းမျဉ်းတွေကို နည်းနည်း နားလည်တယ်၊ ဧဝံဂေလိအလုပ်မှာလည်း ရလဒ်တချို့ ရထားတာဆိုတော့ ကျွန်တော် တာဝန်ထမ်းဆောင်ရမှာလေ။ ဒါပေမဲ့ ကျွန်တော်က ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို အလေးမထားဘဲ အမျိုးသမီးရဲ့ ကျန်းမာရေးကိုပဲ စိတ်ပူနေခဲ့တယ်။ သူ တစ်ယောက်တည်း အိမ်မှာ အထီးကျန်နေမှာ၊ နေမကောင်းဖြစ်ရင် ပြုစုမယ့်လူ တစ်ယောက်မှ မရှိမှာကို စိုးရိမ်နေခဲ့တာ။ ကျွန်တော်က ခံစားချက်တွေရဲ့ ထိန်းချုပ်တာ ခံနေရပြီး ဧဝံဂေလိအလုပ်ကို လုံးဝ ထည့်မစဉ်းစားခဲ့ဘူး။ အိမ်မှာ အမျိုးသမီးကို စောင့်ရှောက်ဖို့အတွက် အပြင်ထွက်ပြီး တာဝန်မထမ်းဆောင်တော့ဘူးလို့ ခေါင်းဆောင်တွေဆီ စာရေးချင်ခဲ့တယ်။ ဒါမှမဟုတ် ကျွန်တော် သူ့ကို စောင့်ရှောက်လို့ရအောင် သူပါ လိုက်ပြီး ဧည့်ခံဝတ်ပြုတဲ့ တာဝန်လုပ်လို့ ရမလား မေးချင်ခဲ့တယ်။ စဉ်းစားကြည့်ရင် အမျိုးသမီးက ကျန်းမာရေး သိပ်မကောင်းတော့ ဧည့်ခံဝတ်ပြုတဲ့ တာဝန်ကို သူထမ်းဆောင်ဖို့ဆိုတာ စည်းမျဉ်းနဲ့ လုံးဝ ဆန့်ကျင်နေတာ။ ဒါပေမဲ့ လင်မယား သံယောဇဉ်ကြောင့် ဘုရားအိမ်တော်က လူတွေအပေါ် အသုံးပြုတဲ့ စည်းမျဉ်းတွေကို ကျွန်တော် ထည့်မစဉ်းစားခဲ့ဘူး။ အတူတူ ရှိနေပြီး သူ့ကို စောင့်ရှောက်နိုင်ရင် လုံလောက်ပြီလို့ပဲ တွေးခဲ့တာ။ အမျိုးသမီးအပေါ်ထားတဲ့ ကျွန်တော့်ခံစားချက်တွေက ကြီးမားလွန်းမှန်း ကျွန်တော် သဘောပေါက်လိုက်တယ်။ စိတ်နှလုံးထဲမှာ အမျိုးသမီးအပေါ် ကျွန်တော်ထားတဲ့ ခံစားချက်တွေက ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားနဲ့ တာဝန်ထက် ပိုအလေးသာနေတယ်။ ဒီလိုဆိုရင် ဘုရားသခင်က ကျွန်မရဲ့ စိတ်နှလုံးထဲမှာ ဘယ်နေရာမှာများ ရှိခဲ့လဲ။ ကျွန်တော်က ခံစားချက်တွေအတိုင်း အသက်ရှင်နေပြီး အရာရာမှာ ခံစားချက်တွေရဲ့ ဘောင်ခတ်တာ ခံနေရတာ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့၊ ဘုရားသခင်ကို ကျိုးနွံနာခံဖို့ ဆိုတာထားလိုက်တော့၊ ကိုယ့်တာဝန်ကိုတောင် မလုပ်နိုင်ခဲ့ဘူး။ ဒီလိုအပြုအမူက ဘုရားသခင် လုံးဝ စက်ဆုပ်ရွံရှာတဲ့အရာပဲ။ ကျွန်တော် ဘုရားသခင်ဆီ အမြန် ဆုတောင်းလိုက်တယ်။ “အို ဘုရားသခင်၊ ကျွန်တော့်ရဲ့ ခံစားချက်တွေကြောင့် ကိုယ်တော့်ကို အမှန်တကယ် ကျိုးနွံနာခံနိုင်ခြင်း မရှိဘဲ တာဝန်ကိုတောင် ရှောင်လွှဲချင်ခဲ့ပါတယ်။ ကျွန်တော့်မှာ အသိစိတ်မရှိပါဘူး။ ဘုရားသခင်၊ ကျွန်တော် နောင်တရဖို့ ဆန္ဒရှိပါတယ်။ ကျွန်တော့် ခံစားချက်တွေရဲ့ ဘောင်ခတ်မှုကနေ ရုန်းထွက်ပြီး တာဝန်ကို ကောင်းကောင်းဖြည့်ဆည်းဖို့ လမ်းပြပေးတော်မူပါ” လို့ပေါ့။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ထပ်ဖတ်ပြီး ကျွန်တော့်စိတ်နှလုံးက ပိုလင်းလက်လာတယ်။ ဘုရားသခင်က ပြောသည် “ဘုရားသခင်သည် သင့်အတွက် အိမ်ထောင်ကို စီမံခဲ့ပြီး သင့်အား လက်တွဲဖော်တစ်ယောက်ပေးခဲ့သည်။ သင်သည် အိမ်ထောင်ထဲသို့ ဝင်ရောက်သော်လည်း ဘုရားသခင်ရှေ့၌ သင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းက မပြောင်းလဲပေ။ သင်သည် သင်ဖြစ်နေဆဲဖြစ်သည်။ သင်သည် မိန်းမတစ်ယောက်ဖြစ်လျှင် ဘုရားရှေ့၌ သင်သည် မိန်းမတစ်ယောက်ဖြစ်နေဆဲ ဖြစ်သည်။ သင်သည် ယောက်ျားတစ်ယောက်ဖြစ်လျှင် သင်သည် ဘုရားရှေ့၌ ယောက်ျားတစ်ယောက် ဖြစ်ဆဲ ဖြစ်သည်။ သို့သော် သင်တို့နှစ်ဦးလုံးတွင် တူညီသည့်အရာတစ်ခုရှိသည်။ ယင်းမှာ သင်သည် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ သင်တို့အားလုံးသည် ဖန်ဆင်းရှင်ရှေ့၌ ဖန်ဆင်းခံများဖြစ်ကြသည်။ အိမ်ထောင်၏ စည်းဘောင်အတွင်းတွင် သင်တို့သည် အချင်းချင်း သည်းခံပြီး ချစ်ကြသည်။ အချင်းချင်း ကူညီထောက်ပံ့ကြသည်။ ဤသည်မှာ သင်တို့၏ တာဝန်များကို ဖြည့်ဆည်းခြင်းဖြစ်သည်။ သို့ရာတွင် ဘုရားသခင်ရှေ့၌ သင်ဖြည့်ဆည်းသင့်သည့် တာဝန်များနှင့် သင်ပြီးမြောက်သင့်သည့် တာဝန်ကို သင်၏ လက်တွဲဖော်အပေါ် သင်ဖြည့်ဆည်းသင့်သည့် တာဝန်များနှင့် အစားထိုး၍မရပေ။ ထို့ကြောင့် သင်၏ လက်တွဲဖော်အပေါ် သင်၏တာဝန်များနှင့် ဘုရားရှေ့တွင် ဖန်ဆင်းခံတစ်ယောက် ထမ်းဆောင်သင့်သည့် တာဝန်ကြား၌ ဆန့်ကျင်ကွဲလွဲမှုရှိလျှင် သင်ရွေးချယ်သင့်သည့်အရာမှာ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ရန်နှင့် သင်၏ လက်တွဲဖော်အပေါ် သင်၏ တာဝန်များကို မဖြည့်ဆည်းရန်ဖြစ်သည်။ ဤသည်မှာ သင်ရွေးချယ်သင့်သည့် ဦးတည်ချက်နှင့် ရည်ရွယ်ချက်ဖြစ်သည်။ သင် ပြီးမြောက်သင့်သည့် တာဝန်လည်းဖြစ်သည်မှာ အမှန်ပင် ဖြစ်သည်။ သို့ရာတွင် လူအချို့မှာ အိမ်ထောင်ရေး သာယာပျော်ရွှင်မှုအား လိုက်စားခြင်း၊ သို့မဟုတ် ၎င်းတို့၏ လက်တွဲဖော်အပေါ် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းခြင်း၊ ၎င်းတို့၏ လက်တွဲဖော်ကို ဂရုစိုက်ခြင်း၊ ကြည့်ရှုစောင့်ရှောက်ခြင်း၊ ချစ်ခြင်းတို့ကို ဘဝတွင် ၎င်းတို့၏ တာဝန်အဖြစ်သို့ မှားယွင်းစွာ ရောက်စေကြသည်။ ၎င်းတို့သည် ၎င်းတို့၏ လက်တွဲဖော်ကို ၎င်းတို့၏ကောင်းကင်၊ ၎င်းတို့၏ ကံကြမ္မာအဖြစ် မှတ်ယူကြသည်။ ဤသည်မှာ မှားယွင်း၏။...ထို့ကြောင့် မည်သို့ပင်ဖြစ်စေ အိမ်ထောင်၏ စည်းဘောင်အတွင်းတွင် ဖြစ်နိုင်သမျှနည်းလမ်းဖြင့် အိမ်ထောင်ရေး သာယာပျော်ရွှင်မှုကို လိုက်စားသော၊ သို့မဟုတ် မည်သည့်စွန့်လွှတ်အနစ်နာခံမှုကိုမဆို ပြုလုပ်သော မည်သည့်အိမ်ထောင်ဖက်မဆို၏ လုပ်ရပ်များကို ဘုရားသခင်က အမှတ်ရမည်မဟုတ်ပေ။ သင်သည် သင်၏လက်တွဲဖော်အပေါ် သင်၏ တာဝန်၊ ဝတ္တရားများကို မည်မျှကောင်းမွန်စွာ၊ ပြည်စုံစွာဖြည့်ဆည်းပါစေ၊ သင့်လက်တွဲဖော်၏ မျှော်မှန်းချက်များကို သင်မည်မျှ ပြည့်မီအောင်လုပ်ဆောင်နိုင်ပါစေ၊ တစ်နည်းအားဖြင့် သင်၏ အိမ်ထောင်ရေး သာယာပျော်ရွှင်မှုကို မည်မျှကောင်းမွန်စွာ၊ မည်မျှပြည့်စုံစွာ ထိန်းသိမ်းပါစေ၊ သို့မဟုတ် ထိုအရာက မည်မျှအားကျဖွယ်ဖြစ်ပါစေ သင်သည် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ဖြည့်ဆည်းပြီးဖြစ်သည်ဟု မဆိုလိုသကဲ့သို့ သင်သည် စံမီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်သည်ဟုလည်း သက်သေမပြပေ။ သင်သည် ပြည့်စုံသော ဇနီး၊ သို့မဟုတ် ပြည့်စုံသော ခင်ပွန်းဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ယင်းသည် အိမ်ထောင်၏ စည်းဘောင်အတွင်းတွင် ကန့်သတ်ခံထားရသည်။ ဖန်ဆင်းရှင်က သူ၏ရှေ့တွင် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို သင်မည်သို့ ထမ်းဆောင်သည်၊ မည်သည့်လမ်းကြောင်းမျိုးကို သင်လိုက်လျှောက်သည်၊ ဘဝအပေါ် သင်၏ သဘောထားအမြင်ကမည်သည့်အရာဖြစ်သည်၊ ဘဝတွင် မည်သည့်အရာကို သင်လိုက်စားသည်၊ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို သင်မည်သို့ ပြီးမြောက်အောင်လုပ်ဆောင်သည်ဆိုသည်တို့အပေါ် အခြေခံပြီး သင်က မည်သို့သောသူမျိုးဖြစ်သည်ကို တိုင်းတာသည်။ ဘုရားသခင်သည် ဖန်ဆင်းခံတစ်ယောက်အနေဖြင့် သင် လိုက်လျှောက်သော လမ်းကြောင်းနှင့် သင်၏အနာဂတ် ခရီးပန်းတိုင်ကို ဤအရာများဖြင့် တိုင်းတာသည်။ သင်သည် ဇနီး၊ သို့မဟုတ် ခင်ပွန်းတစ်ယောက်အဖြစ် သင်၏ တာဝန်၊ ဝတ္တရားများအား အဘယ်သို့ ဖြည့်ဆည်းသည်၊ သို့မဟုတ် သင်၏ လက်တွဲဖော်အပေါ် သင်၏ ချစ်ခြင်းသည် သူ့အား ကျေနပ်စေခြင်းရှိမရှိဆိုသည်တို့အပေါ် အခြေခံပြီး ဤအရာများကို သူ မတိုင်းတာပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၁)) ဘုရားနှုတ်ကပတ်တော်က ဇနီးမောင်နှံတွေ တစ်ယောက်အပေါ်တစ်ယောက် ဖြည့်ဆည်းသင့်တဲ့ တာဝန်တွေကို ရှင်းရှင်းလင်းလင်း မိတ်သဟာယပြုထားတယ်။ ကိုယ့်တာဝန်ကို မနှောင့်နှေးစေနိုင်တဲ့ အခြေအနေမျိုးမှာ ဇနီးမောင်နှံတွေက တစ်ယောက်ကိုတစ်ယောက် ထောက်ထားစာနာသင့်တယ်၊ ဂရုစိုက်သင့်တယ်၊ ကူညီဖေးမသင့်တယ်။ အရင်တုန်းက ကျွန်တော့်ကြောင့် တာဝန်မနှောင့်နှေးတဲ့အချိန်မှာ၊ အမျိုးသမီး ကျန်းမာရေး မကောင်းတဲ့အချိန်မှာ ကျွန်တော် သူ့အနားနေပြီး ဂရုစိုက်ပေးခဲ့တယ်။ ဒါက ခင်ပွန်းသည်တစ်ယောက်အနေနဲ့ တာဝန်နဲ့ ဝတ္တရားကို ဖြည့်ဆည်းနေခဲ့တာပါ။ ဒါပေမဲ့ ဒါဟာ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်နဲ့ ဝတ္တရားကို လုပ်ဆောင်နေတယ်လို့ မဆိုလိုဘူး။ အသင်းတော်က အလုပ်လုပ်ဖို့ ကျွန်တော့်ကို လိုအပ်လာတဲ့အခါ အသင်းတော်အလုပ်ကို ဦးစားပေးပြီး ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ဖြည့်ဆည်းဖို့ ကျွန်တော့်မှာ တာဝန်ရှိတယ်။ ဆိုလိုတာက အမျိုးသမီးကို စောင့်ရှောက်တာနဲ့ တာဝန်ထမ်းဆောင်တာက ပဋိပက္ခဖြစ်လာရင် တာဝန်ထမ်းဆောင်တာကိုပဲ ရွေးချယ်သင့်တယ်။ ဒါက မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်သလို ကျွန်တော် ကောင်းကောင်းဖြည့်ဆည်းသင့်တဲ့ တာဝန်နဲ့ ဝတ္တရားလည်း ဖြစ်တယ်။ အခု ဧဝံဂေလိအလုပ်မှာ ပူးပေါင်းဆောင်ရွက်ဖို့ လူတွေ အရေးတကြီး လိုအပ်နေတယ်။ ဧဝံဂေလိဟောပြောပြီး ဘုရားသခင်အတွက် သက်သေခံတာက ကျွန်တော့်ရဲ့ ဝတ္တရားနဲ့ အထူးဝာာဝန်ပါပဲ။ တာဝန်ထမ်းဆောင်ဖို့ ကျွန်တော် ပြတ်ပြတ်သားသား ရွေးချယ်ရမယ်။ ဒါပေမဲ့ ကျွန်တော်က “လင်နဲ့မယား သိပ်ချစ်ကြရမယ်” တို့၊ “ငယ်ဖော် ကြီးဖက်” တို့ဆိုတဲ့ စာတန်ဆန်တဲ့ အယူအဆတွေထဲမှာ နစ်မွန်းနေခဲ့တာကိုး။ ဇနီးမောင်နှံကြားက သံယောဇဉ်ကို အရာအားလုံးထက် ပိုအရေးကြီးတယ်လို့ သတ်မှတ်ခဲ့တယ်။ အသက်ကြီးလာတာနဲ့အမျှ အတူတူနေပြီး တစ်ယောက်ကိုတစ်ယောက် အဖော်ပြုရမယ်၊ ဂရုစိုက်ရမယ်၊ ကူညီဖေးမရမယ်၊ အမြဲတမ်း အတူတူ ရှိရမယ်လို့ တွေးခဲ့တယ်။ အထူးသဖြင့် အမျိုးသမီး ကျန်းမာရေး မကောင်းတော့ သူ့ကို စောင့်ရှောက်တာက ခင်ပွန်းသည်တစ်ယောက်ရဲ့ တာဝန်ကို ကျွန်တော် ဖြည့်ဆည်းနေတာပဲ၊ ကျွန်တော် ဘေးနားရှိမှ သူ စိတ်သက်သာရာရပြီး အိုဇာတာ ကောင်းမှာလို့ တွေးခဲ့တာ။ ကျွန်တော့်စိတ်ထဲမှာ အမျိုးသမီးရဲ့ ရောဂါနဲ့ အနာဂတ်ဘဝအကြောင်း အတွေးတွေနဲ့ ပြည့်နေခဲ့တယ်၊ အသင်းတော်ရဲ့ ဧဝံဂေလိအလုပ်ကို လုံးဝ ထည့်မစဉ်းစားခဲ့ဘူး။ ဧဝံဂေလိဟောပြောပြီး ဘုရားသခင်အတွက် သက်သေခံရမယ့် အထူးတာဝန်ကို ဘယ်လို ပြီးမြောက်အောင် လုပ်ရမလဲ ဆိုတာလည်း မစဉ်းစားခဲ့ဘူး။ တာဝန်ကိုတောင် ငြင်းချင်ခဲ့သေးတယ်။ ဇနီးမောင်နှံကြားက တာဝန်တွေ ဖြည့်ဆည်းတာကို သမ္မာတရား လက်တွေ့လုပ်ဆောင်တာလို့ မှတ်ယူခဲ့တယ်။ ကျွန်တော့်အမျိုးသမီးကို စောင့်ရှောက်ပြီး အဖော်ပြုတာကို ဘဝရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်လို့ မြင်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်က ဉာဏ်ပွင့်စေပြီး ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်ပြီးတာတောင်မှ အိမ်မှာနေပြီး သူ့ကို စောင့်ရှောက်ဖို့ ရွေးချယ်ခဲ့သေးတယ်။ စိတ်နှလုံးထဲမှာ အမျိုးသမီးကို အရာအားလုံးထက်၊ ဘုရားသခင်ထက်တောင် ပိုဦးစားပေးခဲ့တာ။ ကျွန်တော် တကယ် ပုန်ကန်ခဲ့တာပဲ။ “ငယ်ဖော် ကြီးဖက်” ဆိုတဲ့ စာတန်ဆန်တဲ့ အမြင်နဲ့ အမှုအရာတွေကို ရှုမြင်ခဲ့တယ်။ အိမ်မှာနေပြီး အမျိုးသမီးကို ဂရုစိုက်ဖို့ ကိုယ့်တာဝန်တွေကို ခေါင်းရှောင်ဖို့ကိုတောင် ပိုလိုလားခဲ့တယ်။ ကျွန်တော် တော်တော် တစ်ကိုယ်ကောင်းဆန်ခဲ့တာပဲ။ အမျိုးသမီးကို ဘယ်လောက်ပဲ ကောင်းကောင်း စောင့်ရှောက်ပါစေ၊ ဒါဟာ အိမ်ထောင်ဘက်တစ်ယောက်ရဲ့ တာဝန်နဲ့ ဝတ္တရားကို ကျေပွန်တာ သက်သက်ပါပဲ။ သမ္မာတရား လက်တွေ့လုပ်ဆောင်တာ မဟုတ်ပါဘူး။ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ကောင်းကောင်းဖြည့်ဆည်းတာ၊ ဧဝံဂေလိအလုပ်မှာ ကိုယ့်တာဝန်တွေကို ဖြည့်ဆည်းပြီး အထူးဝာာဝန်ကို ပြီးမြောက်အောင် လုပ်တာကမှ ကျွန်တော့်ဘဝကို တန်ဖိုးရှိစေပြီး အဓိပ္ပာယ်ရှိစေတာပါ။ ဒါက ကျွန်တော် လိုက်စားသင့်တဲ့ ပန်းတိုင်တွေပဲ။ ဘုရားသခင်ကို သူ့ကို ယုံကြည်ပြီး ကယ်တင်ခံရဖို့အတွက် ကျွန်တော့်ကို အခွင့်အရေး ပေးခဲ့တယ်။ တာဝန်ထမ်းဆောင်ရင်း လေ့ကျင့်ဖို့နဲ့ သမ္မာတရား ရရှိဖို့ အခွင့်အရေး ပေးထားတယ်။ ဒါတောင် ကျွန်တော်က ဘုရားမေတ္တာကို ပြန်ပေးဆပ်ဖို့အတွက် တာဝန်ကို ကောင်းကောင်း မထမ်းဆောင်နိုင်သေးဘူး။ စာတန်ဆန်တဲ့ အမြင်တွေကိုတောင် စွဲကိုင်ထားပြီး ဘုရားသခင်အပေါ် သစ္စာစောင့်သိမှု၊ ကျိုးနွံနာခံမှု မရှိခဲ့ဘူး။ ကျွန်တော် တကယ်ကို အသိစိတ်နဲ့ လူ့သဘာဝ ကင်းမဲ့ခဲ့တာ။ ဒါက ကျွန်တော့်ကိုဘုရားသခင် စက်ဆုပ်ရွံရှာစေမယ့်အပြင် နောက်ဆုံးမှာ ကျွန်တော့်ကို ပျက်စီးရာလမ်း ရောက်စေမှာပဲ။
နောက်ပိုင်းမှာ ကျွန်တော် သဘောပေါက်ခဲ့တာက အမျိုးသမီးကို စိတ်မချနိုင်ဘဲ ကျွန်တော် ဘေးနားရှိမှ သူ့ကို ကောင်းကောင်း စောင့်ရှောက်နိုင်မယ်လို့ တွေးတာဟာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို ယုံကြည်မှု မရှိတာကို ပြနေတာပဲ။ ဘုရားနှုတ်ကပတ်တော်ကို ပြန်သတိရလိုက်တယ်။ “လူ၏ကံကြမ္မာကို ဘုရားသခင်၏လက်များက ထိန်းချုပ်ထား၏။ သင်သည် မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိပေ။ လူသည် မိမိအရေးအတွက် အစဉ်အမြဲ အလုပ်ရှုပ်ကာ လှုပ်ရှားသွားလာနေလျှင်ပင် သူသည် မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်း မရှိဆဲသာဖြစ်ပေသည်။ သင်သည် မိမိ၏ ကိုယ်ပိုင်အလားအလာများကို သိနိုင်လျှင်၊ မိမိ၏ ကံကြမ္မာကို ထိန်းချုပ်နိုင်လျှင် သင့်ကို ဖန်ဆင်းခံတစ်ဦးဟု ခေါ်ဆိုခြင်း ခံရဦးမည်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏ပုံမှန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း) “မည်သူသည် ငါ့အတွက် သူတို့ကိုယ်သူတို့ အမှန်တကယ် ပြည့်ဝစွာ အသုံးခံကာ သူတို့၏ အရာအားလုံးကို ငါ့အတွက် ဆက်ကပ်နိုင်သနည်း။ သင်တို့ အားလုံးသည် စိတ်မပါ့တပါဖြစ်နေကြပြီး သင်တို့၏ အတွေးများသည် တဝဲလည်လည် ဖြစ်ကာ အိမ်၊ အပြင်လောက၊ အစားအစာနှင့် အဝတ်အစားများအကြောင်း တွေးနေကြသည်။ သင်သည် ငါ့အရှေ့ ဤနေရာတွင် ရှိနေပြီး ငါ့အတွက် အမှုအရာများကို လုပ်ဆောင်နေသော်လည်း သင်၏ စိတ်နှလုံးအတွင်းထဲတွင်မူ သင်သည် အိမ်ရှိ သင်၏ ဇနီးသည်၊ သားသမီးများနှင့် မိဘများအကြောင်းကို တွေး၍နေသေးသည်။ ဤအရာအားလုံးသည် သင်၏ ဥစ္စာဖြစ်သလော။ ၎င်းတို့ကို ငါ၏ လက်ထဲသို့ သင်အဘယ်ကြောင့် မအပ်နှံသနည်း။ ငါ့ကို သင် ယုံကြည်ကိုးစားခြင်း မရှိသလော။ ထိုသို့မဟုတ်လျှင် ငါသည် သင့်အတွက် မဆီလျော်သော စီစဉ်ပြင်ဆင်မှုများကို ပြုလိမ့်မည်ဟူ၍ သင်စိုးရိမ်သောကြောင့် ဖြစ်သလော။ သင်သည် သင်၏ဇာတိပကတိ မိသားစုကို အဘယ်ကြောင့် အမြဲတစေ ပူပန်ပြီး သင်ချစ်ရသူများအတွက် အဘယ်ကြောင့် အမြဲစိုးရိမ်ကြောင့်ကြနေသနည်း။ ငါသည် သင်၏ နှလုံးသားထဲတွင် ကျိန်းသေနေရာတစ်ခု ရှိသလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၅၉)) ကျွန်တော့်ကံကြမ္မာက ဘုရားလက်ထဲမှာ ရှိသလို အမျိုးသမီးရဲ့ ကံကြမ္မာကလည်း ဘုရားလက်ထဲမှာ ရှိပြီး သူ့ကံကြမ္မာကို ကျွန်တော် မထိန်းချုပ်နိုင်ဘူးဆိုတာ ဘုရားနှုတ်ကပတ်တော်ကြောင့် ကျွန်တော် နားလည်သွားတယ်။ သူ့ကျန်းမာရေး အခြေအနေ၊ နေမကောင်း ဖြစ်မဖြစ်၊ ရောဂါ ပိုဆိုးလာမလာ ဆိုတာတွေအားလုံးက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာအောက်မှာ ရှိတယ်။ ကျွန်တော် ဘေးနားနေပြီး စောင့်ရှောက်ရုံနဲ့ သူ ရောဂါကင်းသွားမှာမျိုး မဟုတ်ဘူး။ ဒီအချိန်မှာ ကျွန်တော် နေ့တိုင်း သူ့ဘေးနားနေပြီး စောင့်ရှောက်နေတာပဲ၊ ဒါပေမဲ့ သူ့မှာ သွေးတိုးရောဂါ ရှိနေပြီး မူးလွန်းလို့ မလှုပ်ရှားနိုင်သေးဘူးဆိုတာ အမှန်တရားပဲ မဟုတ်ဘူးလား။ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို ကျွန်တော် တကယ် နားမလည်သလို အမှန်တကယ် ယုံကြည်ခြင်း၊ ကျိုးနွံနာခံခြင်းလည်းမရှိဘူးဆိုတာ၊ ကျွန်တော့်အမျိုးသမီးရဲ့ ရောဂါနဲ့ ပတ်သက်လာရင် ကျွန်တော်က အမြဲတမ်းကိုယ်တိုင် ကြိုးစားထိန်းချုပ်ချင်ပြီး ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကနေ ရုန်းထွက်ချင်နေတယ်ဆိုတာကို သဘောပေါက်သွားတယ်။ ကျွန်တော် တကယ် ဆင်ခြင်တုံတရား ကင်းမဲ့ခဲ့တာ။ ပုံမှန်ဆိုရင်တော့ ကျွန်တော်ကဘုရားသခင်က အရာရာကို အချုပ်အခြာအာဏာကိုင်စွဲတယ်လို့ပြောပြီး ကြွေးကြော်သံတွေပဲ အော်ဟစ်နေပေမဲ့ စိတ်နှလုံးထဲမှာ ဘုရားသခင်အတွက် နေရာမရှိခဲ့ဘူး။ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ သြဇာအာဏာကို တကယ် နားမလည်ခဲ့ဘူး။ ဘုရားသခင်က ကျွန်တော့်ကို တကယ် စမ်းသပ်တဲ့အခါကျတော့ ကျွန်တော် လုံးဝသက်သေမခံခဲ့ဘူး။ ကျွန်တော် သူ့ကို ဘုရားလက်ထဲ မအပ်နှံရဲဘူး။ ဒီလိုဆို ကျွန်တော့်မှာ ဘုရားသခင်အပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်း ဘယ်လိုလုပ် ရှိမှာလဲ။ ဘုရားသခင်က အရာရာကို ထိန်းချုပ်ပြီး အချုပ်အခြာအာဏာကိုင်စွဲတယ်။ ကျွန်တော့်အမျိုးသမီးက ဘယ်လောက် ဒုက္ခခံစားရမယ်၊ ဘာတွေ ကြုံတွေ့ရမယ်၊ အနှောင့်အယှက်တွေ ဘယ်လောက် ရင်ဆိုင်ရမယ်၊ ရောဂါ ပိုဆိုးလာမလား၊ လေဖြတ်သွားမလား ဆိုတာတွေအားလုံး ဘုရားလက်ထဲမှာပဲ ရှိတယ်။ တကယ်လို့ သူ့ရောဂါ ပိုဆိုးလာမယ်၊ လေဖြတ်မယ်လို့ ဘုရားသခင်က ကြိုတင်သတ်မှတ်ထားရင် ကျွန်တော် ဘေးနားမှာ ရှိနေရင်တောင် ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး။ သူက လေဖြတ်ဖို့ ကြိုတင်ပြဋ္ဌာန်းထားခံရရင် လေဖြတ်မှာပဲ။ တကယ်လို့ ရောဂါ ပိုမဆိုးဘူး၊ လေမဖြတ်ဘူးလို့ ဘုရားသခင်က အမိန့်နဲ့ ပြဋ္ဌာန်းထားရင် သူ့ကို စောင့်ရှောက်ဖို့ ကျွန်တော် ဘေးနားမရှိရင်တောင် သူ့ရောဂါ ပိုဆိုးသွားမှာ မဟုတ်ဘူး။ တစ်ခါက ကျွန်တော် သိခဲ့ဖူးတဲ့ ဆေးရုံအုပ်ကြီး တစ်ယောက်အကြောင်း တွေးမိတယ်။ တစ်နေ့မှာတော့ သူ့ဇနီးက ကောင်းကောင်းမွန်မွန်ပဲ၊ နောက်တစ်နေ့ကျတော့ နေမကောင်းလို့ ဆေးရုံတင်လိုက်ရတယ်။ စစ်ကြည့်လိုက်တော့ အခြေအနေဆိုးနေတဲ့ ကင်ဆာရှိတာကို တွေ့လိုက်ရတယ်။ ဒီဆေးရုံအုပ်ကြီးက ဆေးပညာ ကျွမ်းကျင်ပြီး သူ့ဇနီးဘေးနားမှာ နေခဲ့ပေမဲ့ ဘာမှ မတတ်နိုင်ခဲ့ဘူး။ နောက်ဆုံးတော့ ဆေးကုသမှု မအောင်မြင်ဘဲ ဇနီးသည် ဆုံးသွားရှာတယ်။ ပြီးတော့ ကျွန်တော်နဲ့ အတူအလုပ်လုပ်ဖူးတဲ့ ညီအစ်ကိုတစ်ယောက် ရှိတယ်။ သူက အသက် ၇၀ ရှိပြီ။ သူ့ဇနီးက ဆုံးသွားပြီ၊ သားသမီးတွေကလည်း တခြားနေရာမှာ အလုပ်လုပ်နေကြတယ်။ တစ်ခါတလေ သူ နေမကောင်းရင် ဘေးနားမှာ ဘယ်သူမှ မရှိဘူး။ ဒါပေမဲ့ ဘုရားသခင်ကို မှီခိုပြီး သင်ခန်းစာယူတယ်၊ တာဝန်ကို ပုံမှန်ထမ်းဆောင်ပြီး သူ့ ကျန်းမာရေးက ပြန်ကောင်းနေတာပဲ။ လူတွေက ကိုယ့်ကံကြမ္မာကို မထိန်းချုပ်နိုင်သလို သူများ ကံကြမ္မာကိုလည်း မထိန်းချုပ်နိုင်ဘူး ဆိုတာ ဒီကနေ ကျွန်တော် မြင်ခဲ့တယ်။ လူတိုင်းရဲ့ ကံကြမ္မာက ဘုရားလက်ထဲမှာပဲ ရှိတယ်။ ပြန်စဉ်းစားကြည့်တော့ ကျွန်တော့်အမျိုးသမီးကလည်း ဘုရားသခင်ကို ယုံကြည်တာပဲ။ ဒါက သူ စိတ်အခြေအနေ မကောင်းရင်၊ နေမကောင်းရင် ဘုရားသခင်ဆီ ဆုတောင်းပြီး သမ္မာတရား ရှာဖွေနိုင်တယ်ဆိုတဲ့ သဘောပဲ။ ဘုရားနှုတ်ကပတ်တော်ရဲ့ လမ်းပြမှု၊ ဉာဏ်ပွင့်မှုနဲ့မှ သူ့စိတ်နှလုံး ငြိမ်းချမ်းပြီး တည်ငြိမ်နိုင်မှာ။ ကျွန်တော်က သူ့ကို ဘယ်လောက်ပဲ ကောင်းကောင်း ဂရုစိုက်ပါစေ၊ သူ နေမကောင်းဖြစ်ရင် ကျွန်တော် ဘာမှ ကူညီနိုင်မှာ မဟုတ်ဘူး။ သူ့ကို ဘုရားလက်ထဲ အပ်နှံလိုက်ရမယ်။ ဘုရားနှုတ်ကပတ်တော် လမ်းပြမှုအောက်မှာ ကျွန်တော့်အမျိုးသမီးရဲ့ ရောဂါအတွက် ကျွန်တော် မပူတော့ဘူး၊ စိတ်သောကမရောက်တော့ဘူး။ စိတ်နှလုံးက ပေါ့ပါးပြီး လွတ်လပ်သွားတယ်။ အဲဒါနဲ့ ကျွန်တော် တာဝန်သွားထမ်းဆောင်ဖို့ ဆန္ဒရှိတာကို ခေါင်းဆောင်တွေဆီ စာရေးပြီး ပြောလိုက်တယ်။
နောက်ပိုင်းမှာ အမျိုးသမီး ကျန်းမာရေး နည်းနည်း ပြန်ကောင်းလာတယ်။ သူ့စိတ်နှလုံးထဲမှာ ဘုရားသခင်အတွက် နေရာမရှိခဲ့မှန်း၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို မယုံကြည်ခဲ့မှန်း သူ သဘောပေါက်သွားတယ်။ အားကိုးရာအနေနဲ့ ကျွန်တော့်ကို သူစိတ်ချလို့ ကျွန်တော့်ကို သူထွက်မသွားစေချင်ခဲ့တာလေ။ သူလည်း သူ့ကိုယ်သူ ဆင်ခြင်သုံးသပ်ပြီး ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို နာခံချင်စိတ် ရှိလာတယ်။ ကျွန်တော် ဘယ်သွားပြီး တာဝန်ထမ်းဆောင်ထမ်းဆောင် သူက ကျွန်တော့်ကို အားပေးတယ်။ သူ့အတွက် စိတ်မပူစေချင်ဘူး။ သူက ဘုရားသခင်ဆီ ဆုတောင်းမယ်၊ ကိုယ်တော့်ကို မှီခိုပြီး နှုတ်ကပတ်တော်တွေကို တွေ့ကြုံမယ်၊ ပြီးတော့ သူ့ရဲ့ အသက်ဝင်ရောက်မှုကို အာရုံစိုက်မယ်ဆိုပြီး ပြောတယ်။ နောက်ပိုင်းမှာ ကျွန်တော် တခြားဒေသကို သွားပြီး ဧဝံဂေလိအလုပ်ကို ကြီးကြပ်ပေးခဲ့တယ်။ မကြာခင်မှာပဲ အမျိုးသမီးရဲ့ ရောဂါ တော်တော် သက်သာသွားတယ်၊ သူ တတ်နိုင်သလောက် တာဝန်ထမ်းဆောင်နေတယ်လို့ ကြားလိုက်ရတယ်။
ဒီအတွေ့အကြုံကနေတစ်ဆင့် ကျွန်တော် သဘောပေါက်လိုက်တာက ကျွန်တော်ဟာ ခံစားချက်တွေကို အလေးထားလွန်းခဲ့တယ် ဆိုတာပါပဲ။ ခံစားချက်တွေကြောင့် တာဝန်ကိုတောင် ငြင်းပယ်ပြီး ဘုရားသခင်ကို သစ္စာဖောက်နိုင်ခဲ့တယ်။ ဘုရားသခင်အပေါ် သစ္စာစောင့်သိမှု၊ ကျိုးနွံနာခံမှု လုံးဝ မရှိခဲ့မှန်း ပြသခဲ့တာပေါ့။ အမျိုးသမီးရဲ့ ရောဂါကို ဘယ်လို ရှုမြင်ရမလဲ ဆိုတာကိုလည်း ကျွန်တော် နားလည်သွားခဲ့ပြီ။ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံပြီး ကိုယ့်တာဝန်ကို ဦးစားပေးဖို့ လိုလားလာခဲ့တယ်။ ကျွန်တော့်အပေါ်ထားတဲ့ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ကယ်တင်ခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။