အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှဂန္တဝင်နှုတ်ကပတ်တော်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၃။ ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ နက်နဲမှုများနှင့် ပတ်သက်သည့် ဂန္တဝင် နှုတ်ကပတ်တော်များ

၁။ လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်၏။ ထို့ကြောင့် လူသားတို့အား သမ္မာတရား ပေးနိုင်သော ခရစ်တော်ကို ဘုရားသခင်ဟု ခေါ်၏။ ဤသည်တွင် အလွန်အကျူးဖြစ်ခြင်း တစ်စုံတစ်ရာမျှ မရှိပါ။ အဘယ်ကြောင့်ဆိုသော် သူ့တွင် ဘုရားသခင်၏ အနှစ်သာရရှိ၍ လူသားမှ ရနိုင်စွမ်းမရှိသော ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ၏အမှုအပေါ် ဉာဏ်ပညာ အမြော်အမြင်တို့ ရှိသောကြောင့်ဖြစ်၏။ မိမိကိုယ်ကို ခရစ်တော်ဟု ခေါ်သော်လည်း ဘုရားသခင်၏အမှုကို ဆောင်ရွက်နိုင်ခြင်း မရှိသူတို့သည် လိမ်ညာသူများ ဖြစ်ကြ၏။ ခရစ်တော်သည် ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင်၏ ကိုယ်ထင်ပြခြင်း ဖြစ်ရုံသာမက ဘုရားသခင်က လူသားတို့အကြား သူ၏အမှုကို အကောင်အထည်ဖော်၍ ပြီးဆုံးအောင် ပြုလုပ်စဉ် ခံယူသော အထူးဇာတိခန္ဓာလည်းဖြစ်၏။ ဤဇာတိခန္ဓာသည် မည်သည့်လူသားမဆို အစားထိုးနိုင်သည့်အရာ မဟုတ်ဘဲ ကမ္ဘာမြေကြီးရှိ ဘုရားသခင်၏အမှုကို လုံလောက်စွာ ထမ်းဆောင်နိုင်သည့် ဇာတိခန္ဓာဖြစ်၍ ဘုရားသခင်၏ စိတ်နေသဘောထားကို ဖော်ထုတ်ကာ ဘုရားသခင်ကို ကောင်းစွာကိုယ်စားပြုလျက် လူသားကို အသက်ပေးသော အရာဖြစ်၏။ အနှေးနှင့်အမြန်ပင် ခရစ်တော်၏အယောင်ကိုဆောင်သော ထိုသူအားလုံးတို့သည် ကျရှုံးကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ခရစ်တော်ဟု ဆိုကြသော်လည်း ၎င်းတို့တွင် ခရစ်တော်၏ အနှစ်သာရ လုံးဝမရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်၏ စစ်မှန်မှုကို လူသားက သတ်မှတ်၍ မရသော်လည်း ဘုရားသခင်ကိုယ်တိုင်ဖြေဆို၍ ဆုံးဖြတ်သည်ဟု ငါပြော၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်” မှ

၂။ လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်မှာ ဘုရားသခင်သည် လူ့ဇာတိတွင် ပေါ်ထွန်းပြီး၊ သူ၏ ဖန်ဆင်းခံ လူသားအကြားထဲတွင် အလုပ်လုပ်ရန် လူ့ဇာတိပုံသဏ္ဌာန်ကိုဆောင်လျက် ကြွဆင်းလာခြင်းကို ဆိုလိုသည်။ ထို့ကြောင့် ဘုရားသခင်အဖို့ လူ့ဇာတိခံယူရန်မှာ ရှေးဦးစွာ သူသည် ဇာတိခန္ဓာ ဖြစ်လာရမည်၊ သာမန်လူ့သဘာဝနှင့် ဇာတိခန္ဓာ ဖြစ်လာရမည်၊ ဤအရာမှာ အခြေခံအကျဆုံးသော မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။ အမှန်တွင်တော့ ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ သွယ်ဝိုက်သော အနက်အဓိပ္ပာယ်မှာ ဘုရားသခင်သည် လူ့ဇာတိထဲတွင် အသက်ရှင်၍ အလုပ်လုပ်ခြင်းပင် ဖြစ်ပြီး၊ ဘုရားသခင်သည် သူ၏ ပကတိသဘာဝ၌ လူ့ဇာတိခံယူခြင်း၊ လူသားတစ်ယောက် ဖြစ်လာခြင်းပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင် ကိန်းဝပ်သော ဇာတိခန္ဓာ၏ အနှစ်သာရ” မှ

၃။ လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်ပြီး ခရစ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ဖုံးလွှမ်းထားသည့် ဇာတိခန္ဓာဖြစ်သည်။ ယင်းဇာတိခန္ဓာမှာ အသွေးအသားတို့ဖြင့် တည်ဆောက်ထားသည့် မည်သည့် လူသားတစ်ဦးတစ်ယောက်နှင့်မျှ မတူညီပေ။ ဤသို့ကွဲပြားခြားနားရခြင်းမှာ ခရစ်တော်သည် အသွေးအသားဖြင့် တည်ဆောက်ထားခြင်း မဟုတ်ဘဲ ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်း ဖြစ်သောကြောင့်ဖြစ်သည်။ သူ၌ သာမန်လူ့သဘာဝနှင့် ပြီးပြည့်စုံသော ဘုရားသဘောသဘာဝ နှစ်မျိုးလုံးရှိသည်။ သူ၏ ဘုရားသဘောသဘာဝကို မည်သည့်လူသားမျှ ပိုင်ဆိုင်ထားခြင်းမရှိ။ သူ၏ဘုရားသဘောသဘာဝအားဖြင့်လည်း ဘုရားသခင်ကိုယ်တော်တိုင်၏ အလုပ်ကို လုပ်ဆောင်နေသည့် အတောအတွင်း သာမန်လူ့သဘာဝအတိုင်း အသွေးအသားဖြင့် သာမန်လှုပ်ရှားမှု အားလုံးတို့ကို ဆက်လက်လုပ်ဆောင်နေသည်။ လူ့သဘာဝဖြစ်စေ သို့မဟုတ် ဘုရားသဘောသဘာဝဖြစ်စေ နှစ်မျိုးစလုံးသည် ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်၏ အလိုတော်အတိုင်း နာခံလုပ်ဆောင်သည်။ ခရစ်တော်၏ဂုဏ်ဒြပ်မှာ ဝိညာဉ်တော်ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသဘောသဘာဝ ဖြစ်သည်။ ထို့ကြောင့် သူ၏ဂုဏ်ဒြပ်မှာ ဘုရားသခင် ကိုယ်တော်တိုင်ပင် ဖြစ်သည်၊ ယင်းဂုဏ်ဒြပ်မှာ သူ၏အလုပ်ကို နှောင့်ယှက်လိမ့်မည်မဟုတ်၊ သူ့အနေဖြင့် သူ၏အလုပ်ကို ဖျက်ဆီးမည့် မည်သည့်အမှုမျိုးကိုမျှ လုပ်ဆောင်လိမ့်မည် မဟုတ်၊ ထို့ပြင် သူ၏အလိုတော်ကို ဆန့်ကျင်ဖက်ပြုမည့် မည်သည့်စကားလုံးကိုမျှ သူမိန့်မြွက်လိမ့်မည် မဟုတ်ပါ။ ထို့ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ၏ကိုယ်ပိုင်စီမံခန့်ခွဲမှုကို အနှောင့်အယှက် ဖြစ်စေသည့် မည်သည့်အလုပ်ကိုမဆို ဘယ်သောအခါမျှ လုံးဝ လုပ်ဆောင်လိမ့်မည် မဟုတ်ပါ။ ဤသည်မှာ လူသားအားလုံး နားလည် သဘောပေါက်သင့်သည့်အရာ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်၏ဂုဏ်ဒြပ်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်၏ အလိုတော်ကို ဆောင်ခြင်းဖြစ်သည်” မှ

၄။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရ ရှိမည်ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကိုလည်း စွဲကိုင်ထားမည်ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက် သူပြုရမည့်အမှုကို လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက် သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားတို့ဆီသို့ သမ္မာတရားကို သယ်ဆောင်လာမည်၊ လူသားတို့အပေါ် အသက်တာကို အပ်နှင်းမည်၊ လူသားတို့အား လမ်းခရီးကို ပြမည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မပါဝင်သော ဇာတိပကတိသည် လူ့ဇာတိခံယူသော ဘုရားသခင် မဟုတ်သည်မှာ မုချဖြစ်၏၊ ဤသည်ကို သံသယဖြစ်ဖွယ် မရှိချေ။ ဘုရားသခင် ခံယူထားသော လူ့ဇာတိ ဟုတ်မဟုတ် စစ်ဆေးရန်အတွက် လူသားတို့သည် သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ စိစစ်ဆုံးဖြတ်ရပေမည်။ ဆိုလိုသည်မှာ ဘုရားသခင် ခံယူထားသော လူ့ဇာတိဟုတ်မဟုတ်၊ မှန်ကန်သော လမ်းခရီး ဟုတ်မဟုတ်ကို သူ၏အနှစ်သာရကိုကြည့်၍ ဆုံးဖြတ်ရမည်။ ထို့အတွက်ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိပကတိ ဟုတ်မဟုတ် ဆုံးဖြတ်ရာ၌က သူ၏အပြင်ပန်းပုံသဏ္ဌာန်ထက် သူ၏အနှစ်သာရ (သူ၏အမှု၊ သူ၏နှုတ်ကပတ်တော်များ၊ သူ၏စိတ်နေသဘောထားနှင့် အခြားသောအရာများစွာ) ကို ဂရုပြုရမည်မှာ အဓိကဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ အပြင်ပန်းပုံသဏ္ဌာန်ကိုသာမြင်ပြီး ဘုရားသခင်၏ အနှစ်သာရကို သတိမမူမိပါက ယင်းသည် လူသားတို့၏ မသိနားမလည်ခြင်းနှင့် နုံအခြင်းကို ပြနေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား မှ

၅။ ဘုရားသခင် လူ့ဇာတိခံယူခဲ့သည့် အကြောင်းမှာ သူ့အမှု၏အပြုခံအရာသည် စာတန်၏ဝိညာဉ်၊ သို့မဟုတ် အကောင်အထည်မရှိသော မည်သည့်အရာမျှမဟုတ်ဘဲ စာတန်၏ဖျက်ဆီးခြင်းကို ခံထားရသော ဇာတိခန္ဓာနှင့်လူ ဖြစ်သောကြောင့်ဖြစ်သည်။ လူ့ဇာတိခန္ဓာသည် ဖျက်ဆီးခြင်းကိုခံခဲ့ရသည့်အကြောင်းရင်း အတိအကျကြောင့် ဘုရားသခင်သည် ဇာတိခန္ဓာနှင့် လူသားကို သူ့အမှု၏ အပြုခံအရာဖြစ်စေခဲ့ခြင်းပင် ဖြစ်တော့သည်၊ ထို့အပြင် လူသားသည် ဖျက်ဆီးခြင်းခံရသည့် အရာဖြစ်သဖြင့် ဘုရားသခင်သည် သူ့ကယ်တင်ခြင်းအမှု၏ အဆင့်အားလုံးတောက်လျှောက်တွင် လူသားကို သူ့အမှု၏ တစ်ခုတည်းသော အပြုခံအရာဖြစ်စေခဲ့သည်။ လူသားသည် အသွေးနှင့်အသားနှင့် သေမျိုးဖြစ်ပြီး ဘုရားသခင်သည် လူသားကို ကယ်တင်နိုင်သော တစ်ဦးတည်းသောသူဖြစ်သည်။ ဤနည်းဖြင့် ဘုရားသခင်သည် သူ၏အမှုကို ဆောင်ရွက်ရန်အတွက် လူကဲ့သို့ တူညီသောပင်ကိုအရည်အချင်းများကို ပိုင်ဆိုင်သည့် လူ့ဇာတိကို ခံယူရပေမည်၊ သို့မှသာ သူ၏အမှုတွင် ပို၍ကောင်းသော အကျိုးသက်ရောက်မှုများကို ရနိုင်ပေလိမ့်မည်။ ဘုရားသခင်သည် သူ၏အမှုကို ဆောင်ရွက်ရန် လူ့ဇာတိခံယူရမည်၊ အကြောင်းမှာ လူသားသည် ဇာတိခန္ဓာနှင့်ဖြစ်ကာ အပြစ်ကို အောင်နိုင်ရန် သို့မဟုတ် ဇာတိပကတိမှ မိမိကိုယ်ကို ရုပ်သိမ်းရန် မစွမ်းသောအကြောင်းရင်း အတိအကျကြောင့်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်” မှ

၆။ လူသား၏ ဇာတိခန္ဓာဖောက်ပြန်ပျက်စီးမှုကို တရားစီရင်သည့် အမှုအတွက် ဇာတိခန္ဓာရှိသည့် ဘုရားသခင်ထက် ပို၍သင့်တော်ပြီး အရည်အချင်းရှိသောသူ မရှိပေ။ အကယ်၍ တရားစီရင်မှုကို ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက်ဆောင်ရွက်မည်ဆိုလျှင် အလုံးစုံကို ခြုံငုံနိုင်မည်မဟုတ်ပေ။ ထို့အပြင် ထိုသို့သောအမှုကို လူသားအနေဖြင့် လက်ခံရန် ခက်ခဲပေမည်၊ အကြောင်းမှာ လူသားသည် ပုန်ကန်ပြစ်မှား၍ မရနိုင်သော ဘုရားသခင်၏ စိတ်နေသဘောထားကို သာ၍ရှင်းလင်းစွာ တွေ့မြင်နိုင်ရန် မဆိုထားနှင့်၊ ဝိညာဉ်တော်သည် လူသားနှင့် မျက်နှာချင်းဆိုင်၍ပင် မရနိုင်သဖြင့် အကျိုးသက်ရောက်မှုများကို ချက်ချင်းမရှိနိုင်ပေ။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်မှသာလျှင် စာတန်ကို အပြည့်အဝအောင်နိုင်လိမ့်မည်ဖြစ်သည်။ သာမန်လူ့သဘာဝကို ပိုင်ဆိုင်ထားသော လူသားနှင့်တူညီသူတစ်ဦးအနေဖြင့် ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် လူသား၏ ဖြောင့်မတ်မှုမရှိခြင်းကို တိုက်ရိုက်တရားစီရင်ဆုံးဖြတ်နိုင်သည်၊ ယင်းသည် သူ၏ရှိရင်းစွဲ သန့်ရှင်းမြင့်မြတ်မှု၏ လက္ခဏာဖြစ်ပြီး၊ သူ၏သာမန်ထက်ထူးခြားမှုဖြစ်သည်။ ဘုရားသခင်သာလျှင် လူသားကို တရားစီရင်နိုင်သည့် အခြေအနေတွင်ရှိပြီး၊ ထိုအရည်အချင်းနှင့် ပြည့်မီသည်၊ အကြောင်းမှာ သူသည် သမ္မာတရားနှင့် ဖြောင့်မတ်မှုကို ပိုင်ဆိုင်သဖြင့် လူသားကို တရားစီရင်နိုင်လေသည်။ သမ္မာတရားနှင့် ဖြောင့်မတ်မှုမရှိသောသူတို့သည် အခြားသူများကို တရားစီရင်ရန် သင့်တော်မှုမရှိပေ။ အကယ်၍ ဤအမှုကို ဘုရားသခင်၏ဝိညာဉ်တော်က လုပ်ဆောင်ခဲ့ပါက ယင်းသည် စာတန်အပေါ် အောင်နိုင်ခြင်းဖြစ်လိမ့်မည် မဟုတ်ပေ။ ဝိညာဉ်တော်သည် သေမျိုးများထက် ပင်ကိုအားဖြင့် သာ၍ချီးမြှောက်ခြင်းခံရပြီး၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ပင်ကိုအားဖြင့် သန့်ရှင်းမြင့်မြတ်ကာ ဇာတိခန္ဓာအပေါ် အောင်နိုင်သည်။ အကယ်၍ ဝိညာဉ်တော်သည် ဤအမှုကို တိုက်ရိုက်လုပ်ဆောင်ပါက၊ သူ့အနေဖြင့် လူသား၏ မနာခံမှုအားလုံးကို တရားစီရင်နိုင်ခြင်း ရှိလိမ့်မည် မဟုတ်ပေ၊ ထို့ပြင် လူသား၏ မဖြောင့်မတ်မှုအားလုံးကို ဖော်ထုတ်နိုင်ခြင်းလည်း ရှိလိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ တရားစီရင်သည့် အမှုကို လူသား၏ ဘုရားသခင်အပေါ်ထားသော အယူအဆများမှတစ်ဆင့်လည်း လုပ်ဆောင်ခြင်းဖြစ်ပြီး၊ လူသား၌ ဝိညာဉ်တော်နှင့်ပတ်သက်၍ အယူအဆများ လုံးဝမရှိသောကြောင့်ဖြစ်သည်၊ ထို့ကြောင့် ဝိညာဉ်တော်သည် လူသား၏ မဖြောင့်မတ်မှုကို သာ၍ကောင်းမွန်စွာ ထုတ်ဖော်ပြသနိုင်စွမ်း မရှိပေ၊ ထိုသို့သော မဖြောင့်မတ်မှုကို အပြည့်အဝ ဖွင့်ချရန် ပို၍ပင်မစွမ်းသာပေ။ လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ့ကိုမသိသောသူများ အားလုံး၏ ရန်သူဖြစ်သည်။ လူသား၏ အယူအဆများနှင့် သူ့ကိုဆန့်ကျင်မှုများကို တရားစီရင်ခြင်းအားဖြင့် ဘုရားသခင်သည် လူသားမျိုးနွယ်၏ မနာခံမှုအားလုံးကို လှစ်ဟထုတ်ဖော်သည်။ ဇာတိခန္ဓာထဲရှိ သူ့အမှု၏ အကျိုးသက်ရောက်မှုများသည် ဝိညာဉ်တော်၏ အမှုအားဖြင့်ရလာသော အကျိုးသက်ရောက်မှုများထက် ပို၍သိသာထင်ရှားလေသည်။ သို့ဖြစ်၍ လူသားတစ်မျိုးနွယ်လုံးကို တရားစီရင်ခြင်းကို ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်ခြင်းမရှိပေ၊ ယင်းသည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ အမှုဖြစ်လေသည်။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်ကို လူသားသည် မြင်တွေ့၍ ကိုင်တွယ်နိုင်ပြီး ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် လူသားကို အပြည့်အဝ သိမ်းပိုက်နိုင်သည်။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်နှင့် ဆက်ဆံရေးတွင် လူသားသည် ဆန့်ကျင်မှုမှ နာခံမှုသို့၊ ညှဥ်းပန်းနှိပ်စက်မှုမှ လက်ခံမှုသို့၊ အယူအဆမှ အသိပညာသို့၊ ငြင်းဆန်ခြင်းမှ ချစ်ခြင်းမေတ္တာသို့ တိုးတက်ပြောင်းလဲသွားသည်။ ဤသည်တို့မှာ လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့်ဆိုင်သည့် အကျိုးသက်ရောက်မှုများ ဖြစ်သည်။ လူသားသည် ဘုရားသခင်၏ တရားစီရင်မှုကို လက်ခံခြင်းအားဖြင့်သာ ကယ်တင်ခြင်းခံရသည်၊ ဘုရားသခင်၏ နှုတ်ထွက်စကားတော်များဖြင့် ဘုရားသခင်ကို တဖြည်းဖြည်း သူသိလာသည်၊ ဘုရားသခင်ကို ဆန့်ကျင်နေစဉ်အတွင်း သူ၏သိမ်းပိုက်ခြင်းခံရ၍၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုကို လက်ခံသည့်ကာလအတွင်းတွင် အသက်အထောက်အပံ့ကို လူသားအနေဖြင့် လက်ခံရရှိသည်။ ဤအမှုအားလုံးသည် ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏ အမှုဖြစ်ပြီး ဝိညာဉ်တော်သွင်ပြင်လက္ခဏာအားဖြင့် ဘုရားသခင်လုပ်ဆောင်ခြင်းမဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်” မှ

၇။ ဘုရားသခင်သည် ခေတ်သစ်ကို ဖွင့်ပေးရန်အတွက် လူ့ဇာတိကို အတိအလင်း ခံယူခဲ့ပြီး၊ သူတကယ်ဘဲ ခေတ်သစ်ကို ဖွင့်ပေးခဲ့သည်၊ သူသည် တစ်ချိန်တည်းမှာဘဲ ခေတ်ဟောင်းကို အဆုံးသတ်ခဲ့သည်။ ဘုရားသခင်သည် အစနှင့်အဆုံး ဖြစ်သည်။ ဘုရားသခင်၏ လုပ်ငန်း လှုပ်ရှားမှုကို ချမှတ်ခဲ့သူမှာ သူကိုယ်တိုင်ပင်ဖြစ်သည့်အတွက် အရင်ခေတ်ကို အဆုံးသတ်မည့်သူမှာလည်း သူကိုယ်တိုင်ပင် ဖြစ်ရမည်။ ယင်းသည် သူစာတန်ကို အောင်နိုင်ခဲ့ပြီး ကမ္ဘာမြေကြီးကို စိုးမိုးနိုင်သည့် သက်သေဖြစ်သည်။ သူကိုယ်တိုင် လူသားအကြား လုပ်ဆောင်သည့် အချိန်တစ်ခုစီသည်၊ စစ်ပွဲသစ်တစ်ခု၏ အစပင်ဖြစ်သည်။ အသစ်သော အလုပ်၏ စတင်ခြင်းမရှိလျှင်၊ အလိုအလျောက်ပင် အဟောင်း၏ အဆုံးသတ်သည် ရှိလာမည် မဟုတ်ပေ။ အဟောင်း၏ အဆုံးသတ်မရှိလျှင် စာတန်နှင့် တိုက်ပွဲဝင်ခြင်းက အဆုံးသတ်ဖို့ နီးလာပြီဟူသော သက်သေမရှိပေ။ ဘုရားသခင် ကိုယ်တိုင်လာပြီး လူသားကြားတွင် လုပ်ဆောင်မှုအသစ်များကို ဆောင်ရွက်မှ သာလျှင်၊ လူသားသည် စာတန်၏အုပ်စိုးမှုကို အပြည့်အဝချိုးဖောက်ပြီး အသက်တာအသစ်နှင့် စတင်မှု အသစ်ကို ရရှိနိုင်မည်။ သို့မဟုတ်လျှင်၊ လူသားသည် ခေတ်ဟောင်းတွင် တစ်သက်လုံး နေထိုင်နေပြီး စာတန်၏ လွှမ်းမိုးမှုအဟောင်း အောက်၌သာ တစ်သက်လုံး နေရလိမ့်မည်။ ဘုရားသခင် ဦးဆောင်ခဲ့သည့် ခေတ်တစ်ခုစီတိုင်းတွင်၊ လူသားအချို့က လွတ်မြောက်မှုကို ရရှိခဲ့ပြီး၊ ထို့အတွက်ကြောင့် လူသားသည် ခေတ်သစ်ဆီသို့ ဘုရားသခင်၏ လုပ်ဆောင်မှုနှင့်အတူ ချီတက်လာခဲ့သည်။ ဘုရားသခင်၏ အောင်မြင်မှုသည် သူ့နောက် လိုက်လျှောက်သည့် သူများအားလုံး၏ အောင်မြင်မှုပင်ဖြစ်သည်။ ခေတ်ကာလကို အဆုံးသတ်ခြင်း ကို ဖန်ဆင်းခံလူသားများအား တာဝန်ပေးမည်ဆိုလျှင်၊ ယင်းသည် လူသား သို့မဟုတ် စာတန်၏ အမြင်မှပင် ဖြစ်စေ၊ ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သည့် သို့မဟုတ် သစ္စာဖောက်သည့် လုပ်ရပ်တစ်ခုထက်မပိုပါ၊ ဘုရားသခင်ကို နာခံခြင်းတစ်ခု မဟုတ်ပါ၊ ထို့နောက် လူသား၏ လုပ်ဆောင်မှုသည် စာတန်အတွက် တန်ဆာပလာတစ်ခု ဖြစ်လာပေလိမ့်မည်။ လူသားသည် နာခံမှုရှိပြီး ဘုရားသခင် ဖွင့်ပေးခဲ့သည့် ခေတ်တစ်ခုနောက်သို့ လိုက်မှသာလျှင်၊ စာတန်က အပြည့်အဝ ယုံကြည်ပေလိမ့်မည်။ ယင်းသည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ပင် ဖြစ်သည်။ ထို့ကြောင့် ငါပြောလိုသည်မှာ သင်တို့လိုအပ်သည်ကား လိုက်လျှောက်ရန်နှင့် နာခံရန်သာဖြစ်သည်၊ သင်တို့ထံမှ နောက်ထပ်မတောင်းဆိုပါ။ ယင်းသည် တစ်ဦးတစ်ယောက်စီက သူ၏တာဝန်ကို ထိန်းသိမ်း ထားပြီး သူ၏ လုပ်ငန်းဆောင်တာကို လုပ်ကိုင်ခြင်းအား ဆိုလိုပါသည်။ ဘုရားသခင်သည် သူ၏ကိုယ်ပိုင် အလုပ်ကို သူလုပ်ပြီး၊ လူသားက သူ့ကိုယ်စား လုပ်ပေးရန် မလိုအပ်ပေ၊ သို့မဟုတ် သူသည် ဖန်ဆင်းခံများ၏ အလုပ်ကိုလည်း ပါဝင်ပတ်သက်ခြင်း မရှိပေ။ လူသားသည် သူ၏ကိုယ်ပိုင်တာဝန်ကို ဆောင်ရွက်ပြီး ဘုရားသခင်၏ အလုပ်ကို ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။ ယင်းသည် စစ်မှန်သည့် နာခံခြင်းဖြစ်ပြီး စာတန်ကို အနိုင်ယူနိုင်သည့် သက်သေဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင်က ခေတ်သစ်ဆီသို့ လမ်းဖွင့် ပေးပြီးနောက်၊ သူကိုယ်တိုင်သည် လူသားများအကြားတွင် ဆက်လက်လုပ်ကိုင်ခြင်း မရှိတော့ပေ။ ထို့နောက် မှသာ လူသားသည် သူ၏တာဝန်ကို လုပ်ဆောင်ရန်နှင့် ဖန်ဆင်းခံတစ်ဦးအနေဖြင့် သူ၏အမှုကို ထမ်းရွက်ရန် ခေတ်သစ်ဆီသို့ တရားဝင် လှမ်းလာခဲ့သည်။ ယင်းတို့သည် မည်သူမျှ ဖောက်ဖျက်၍ မရသည့် လုပ်ဆောင်မှု ဥပဒေသများဖြစ်သည်။ ဤနည်းလမ်းဖြင့် လုပ်ဆောင်ခြင်းသည်သာလျှင် သင့်တင့်လျောက်ပတ်မှုရှိပြီး ယုတ္တိရှိသည်။ ဘုရားသခင်၏ အလုပ်ကို ဘုရားသခင်ကိုယ်တိုင်က လုပ်ဆောင်သည်။ သူ၏အလုပ်ကို စတင်လည်ပတ်စေသည်မှာ သူသာလျှင်ဖြစ်ပြီး၊ သူကပင် ယင်းကို အဆုံးသတ်သည်။ အလုပ်ကို စီစဥ်သည်မှာ သူသာလျှင် ဖြစ်ပြီး၊ ယင်းအား စီမံခန့်ခွဲသည်မှာလည်း သူသာလျှင် ဖြစ်သည်၊ ထို့ထက်မက အလုပ်ကို အောင်မြင် ပြည့်စုံစေသူမှာလည်း သူသာလျှင် ဖြစ်ပေသည်။ သမ္မာကျမ်းစာထဲတွင် ဖော်ပြထားသည့်အတိုင်း၊ “ငါသည်အစနှင့် အဆုံးဖြစ်သည်”၊ “ငါသည် ပျိုးကြဲသောသူနှင့် စပါးရိတ်သောသူဖြစ်သည်” ဟူ၍ဖြစ်သည်။ ယင်းတို့အားလုံးသည် သူကိုယ်တိုင် လုပ်ဆောင်ခဲ့သည့် သူ၏ အလုပ်မှ စီမံခန့်ခွဲမှုနှင့် ဆက်နွယ်နေသည်။ သူသည် အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၏ အုပ်ချုပ်သူဖြစ်သည်။ သူသည် အရာအားလုံးကို ထိန်းချုပ်ထားသူ ဖြစ်သည့်အတွက်၊ မည်သူမျှ ဘုရားသခင်ကိုယ်စား သူ့အလုပ်ကို မလုပ်နိုင်ပါ သို့မဟုတ် သူ့လုပ်ငန်းများကို အဆုံးသတ်စေရန် မပြုလုပ်နိုင်ပါ။ သူသည် ကမ္ဘာမြေကြီးကို ဖန်ဆင်းခဲ့သည့်အတွက်၊ ကမ္ဘာတစ်ခုလုံးကို သူ၏အလင်းရောင်ထဲတွင်နေရန် ဦးဆောင်မည်ဖြစ်ပြီး၊ သူ၏ အစီအစဉ်အားလုံးကို အကောင်အထည် ဖော်ရန်အတွက် ခေတ်တစ်ခုလုံးကို အဆုံးသတ်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)” မှ

၈။ ပထမဆုံး လူ့ဇာတိခံယူခြင်းသည် လူသားကို အပြစ်မှရွေးနုတ်ရန်ဖြစ်သည်၊ ယေရှု၏ ဇာတိခန္ဓာမှတစ်ဆင့် လူသားကို ရွေးနုတ်ရန်ဖြစ်သည်၊ ဆိုလိုသည်မှာ သူသည် လက်ဝါးကပ်တိုင်မှ လူကို ကယ်တင်ခဲ့သည်၊ သို့သော်လည်း ဖောက်ပြန်ပျက်စီးနေသော စာတန်စိတ်သဘောထားသည် လူ့အတွင်းတွင် ကျန်ရှိနေဆဲ ဖြစ်သည်။ ဒုတိယ လူ့ဇာတိခံယူခြင်းသည် အပြစ်ဖြေရာ ယဇ်အဖြစ် အစေခံရန် မဟုတ်တော့ဘဲ အပြစ်မှ ရွေးနုတ်ခံထားရသူတို့ကို အပြည့်အဝ ကယ်တင်ရန် ဖြစ်သည်။ ယင်းကိုလုပ်ဆောင်ခြင်းမှာ ခွင့်လွှတ်ခြင်းခံရသူတို့ကို သူတို့၏အပြစ်များမှ ကယ်ဆယ်ပေးပြီး အလုံးစုံ သန့်ရှင်းစေရန်ဖြစ်ကာ၊ စိတ်သဘောထား၌ ပြောင်းလဲမှုကို ရရှိစေခြင်းဖြင့် စာတန်၏ အမိုက်အမှောင် လွှမ်းမိုးမှုမှ လွတ်မြောက်ပြီး ဘုရားသခင်၏ ပလ္လင်ရှေ့သို့ ပြန်လာစေရန်ဖြစ်သည်။ ဤနည်းအားဖြင့်သာ လူသားသည် လုံးလုံးလျားလျား သန့်ရှင်းစင်ကြယ်စေခြင်း ခံရနိုင်သည်။ ပညတ်တော်ခေတ် ပြီးဆုံးပြီးသည့်နောက်တွင် ကျေးဇူးတော်ခေတ်၏ အစနှင့်အတူ ဘုရားသခင်သည် ကယ်တင်ခြင်း အလုပ်ကို စတင်ခဲ့သည်၊ ထိုအလုပ်သည် ဘုရားသခင်က လူသားမျိုးနွယ်၏ ပုန်ကန်မှုအတွက် သူတို့ကို တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဖြင့် လူသားမျိုးနွယ်ကို အလုံးစုံ သန့်စင်စေမည့်အချိန်ဖြစ်သည့် နောက်ဆုံးသောကာလအထိ ဆက်လက်တည်ရှိသည်။ ထိုအခါမှသာလျှင် ဘုရားသခင်သည် သူ၏ကယ်တင်ခြင်း အလုပ်ကို အဆုံးသတ်ပြီး အနားယူခြင်းထဲသို့ ဝင်ရောက်လိမ့်မည်။ သို့ဖြစ်ရာ အလုပ်အဆင့်သုံးဆင့်တွင် ဘုရားသခင်သည် နှစ်ကြိမ်သာလျှင် လူ့ဇာတိခံယူပြီး လူသားတို့ကြားတွင် သူ၏အလုပ်ကို ကိုယ်တိုင်ထမ်းဆောင်ခဲ့သည်။ ဤသို့ဖြစ်ရခြင်းမှာ အလုပ်အဆင့်သုံးဆင့်တွင် တစ်ဆင့်သည်သာလျှင် လူသားတို့ကို သူတို့၏အသက်တာများ၌ လမ်းပြရန်ဖြစ်ပြီး ကျန်နှစ်ဆင့်တွင်မူ ကယ်တင်ခြင်းအလုပ် ပါဝင်သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိကို ခံယူသည့်အခါမှသာလျှင် သူသည် လူသားနှင့်အတူ နေထိုင်နိုင်ပြီး ကမ္ဘာလောက၏ ဆင်းရဲဒုက္ခကို တွေ့ကြုံနိုင်ကာ သာမန်ဇာတိခန္ဓာထဲတွင် အသက်ရှင်နိုင်သည်။ ဤနည်းလမ်းအားဖြင့်သာ လူတို့ကို ဖန်ဆင်းခံသတ္တဝါများအနေဖြင့် သူတို့လိုအပ်သည့် လက်တွေ့ကျသော နှုတ်ကပတ်တော်ကို သူထောက်ပံ့ပေးနိုင်သည်။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းအားဖြင့် လူသားသည် လူ့ဇာတိကို ခံယူသော ဘုရားသခင်ကြောင့်သာ အလုံးစုံသော ကယ်တင်ခြင်းကို ဘုရားသခင်ထံမှ ရရှိခြင်းဖြစ်ပြီး သူ၏ဆုတောင်းခြင်းများ အဖြေပေးခံရသည့်အနေဖြင့် ကောင်းကင်ဘုံမှ တိုက်ရိုက်ရရှိခြင်း မဟုတ်ပေ။ အကြောင်းမှာ ဇာတိပကတိဖြစ်သည့် လူသားသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို ချဉ်းကပ်ရန်မဆိုထားနှင့် ဘုရားသခင်၏ ဝိညာဉ်တော်ကို မြင့်တွေ့ရန်ပင် မဖြစ်နိုင်သောကြောင့်ဖြစ်ပေသည်။ လူသားအနေဖြင့် ထိတွေ့ဆက်ဆံနိုင်သည့်အရာမှာ ဘုရားသခင်၏ လူ့ဇာတိခံယူထားသော ဇာတိခန္ဓာကိုသာဖြစ်ပြီး ဤနည်းအားဖြင့်သာလျှင် လူသားသည် နှုတ်ကပတ်တော်အားလုံးနှင့် သမ္မာတရားအားလုံးကို နားလည်သဘောပေါက်နိုင်ကာ အလုံးစုံသော ကယ်တင်ခြင်းကို ရရှိနိုင်သည်။ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းသည် လူသား၏အပြစ်များကို ဖယ်ရှားရန်နှင့် လူသားကို အလုံးစုံ သန့်စင်စေရန် လုံလောက်လိမ့်မည်။ သို့ဖြစ်ရာ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းနှင့်အတူ လူ့ဇာတိတွင်ရှိသော ဘုရားသခင်၏အလုပ်တစ်ရပ်လုံးသည် အဆုံးပိုင်းသို့ ရောက်သွားလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့်ဆိုင်သော အရေးပါမှုသည် ပြည့်စုံသွားလိမ့်မည်။ ထို့နောက်တွင်မူ လူ့ဇာတိထဲရှိ ဘုရားသခင်၏အလုပ်သည် အလုံးစုံ အဆုံးသတ်ပြီး ဖြစ်ပေလိမ့်မည်။ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းပြီးနောက်တွင် သူသည် သူ၏အလုပ်အတွက် လူ့ဇာတိကို တတိယအကြိမ်ခံယူမည် မဟုတ်ပေ။ အကြောင်းမှာ သူ၏စီမံခန့်ခွဲမှုတစ်ရပ်လုံးသည် အဆုံးသတ်ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ နောက်ဆုံးသောကာလတွင် လူ့ဇာတိခံယူခြင်းသည် သူရွေးချယ်ထားသော လူတို့ကို အပြည့်အဝ ရယူပြီးဖြစ်လိမ့်မည် ဖြစ်ပြီး၊ နောက်ဆုံးသော ကာလရှိ လူအားလုံးတို့သည် သူတို့၏ အမျိုးအစားအလိုက် ခွဲခြားခြင်း ခံကြရပြီးဖြစ်ပေလိမ့်မည်။ သူသည် ကယ်တင်ခြင်းအလုပ်ကို ဆက်လက်လုပ်ဆောင်တော့မည် မဟုတ်သကဲ့သို့ မည်သည့်အလုပ်ကို လုပ်ဆောင်ရန်အတွက်မျှ လူ့ဇာတိထံသို့ ပြန်လာလိမ့်မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

၉။ လူ့ဇာတိခံယူခြင်း၏ အရေးပါအရာရောက်မှုမှာ သာမန်ဖြစ်သည့် ပုံမှန်လူသား တစ်ယောက်သည် ဘုရားသခင်ကိုယ်တိုင်၏ အလုပ်ကို ထမ်းဆောင်ခြင်း ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသခင်သည် သူ၏ဘုရားသဘောသဘာဝ အလုပ်ကို လူ့သဘာဝနှင့် ထမ်းဆောင်ပြီး၊ ဤနည်းဖြင့် စာတန်ကို နှိမ်နှင်းခဲ့ခြင်းဖြစ်သည်။ လူ့ဇာတိခံယူခြင်း ဆိုသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိခန္ဓာ ခံယူခြင်းကို ဆိုလိုသည်၊ ဘုရားသခင် ဇာတိခန္ဓာ ဖြစ်လာခြင်းပင်ဖြစ်သည်၊ လူ့ဇာတိတွင် သူပြုသော အလုပ်မှာ ဇာတိခန္ဓာတွင် ပြည့်မြောက်သော၊ ဇာတိခန္ဓာအားဖြင့် ဖော်ပြသော ဝိညာဉ်တော်၏ အလုပ်ပင်ဖြစ်သည်။ ဘုရားသခင်၏ ဇာတိခန္ဓာမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်ကမျှ လူ့ဇာတိခံယူသော ဘုရားသခင်၏ အမှုတော်ကို ဖြည့်စွမ်းနိုင်ခြင်း မရှိပေ၊ ဆိုလိုသည်မှာ အခြားမည်သူတစ်ဦးမျှ မဟုတ်ဘဲ၊ ဘုရားသခင် ခံယူထားသော လူ့ဇာတိတစ်ခုတည်းသာ၊ ဤသာမန် လူ့သဘာဝ တစ်ခုတည်းသာ ဘုရားသဘောသဘာဝ၏ အလုပ်ကို ဖော်ပြနိုင်သည်။ အကယ်၍ သူ၏ ပထမအကြိမ် ကြွလာခြင်းတွင် ဘုရားသခင်သည် အသက်နှစ်ဆယ့်ကိုးနှစ်မတိုင်ခင်တွင် သာမန် လူ့သဘာဝ မရှိခဲ့ပါက၊ အကယ်၍ သူမွေးဖွားပြီးသည်နှင့် ချက်ချင်းပင် နိမိတ်လက္ခဏာများ ပြုနိုင်ခဲ့မည် ဆိုပါက၊ အကယ်၍ သူစကားပြောတတ်သည်နှင့် ချက်ချင်းပင် ကောင်းကင် ဘာသာစကားကို ပြောနိုင်ခဲ့မည် ဆိုပါက၊ အကယ်၍ ကမ္ဘာပေါ်၌ ပထမဆုံးအကြိမ် သူ၏ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် သူသည် လောကီရေးရာများကို နားလည်သဘောပေါက်ကာ၊ လူပုဂ္ဂိုလ်တိုင်းစီ၏ အတွေးများနှင့် ရည်ရွယ်ချက်များကို ထိုးထွင်းသိမြင်နိုင်မည် ဆိုပါက၊ ထိုသို့သော လူတစ်ဦးသည် သာမန်လူသားတစ်ယောက်ဟု ခေါ်ဆိုခြင်းခံခဲ့ရမည် မဟုတ်သည့်အပြင်၊ ထိုသို့သော ဇာတိခန္ဓာမှာလည်း လူသားဇာတိခန္ဓာဟု ခေါ်ဆိုခြင်း ခံခဲ့ရမည် မဟုတ်ပေ။ အကယ်၍ ခရစ်တော်သည် ဤအတိုင်းဖြစ်ခဲ့မည်ဆိုပါက၊ ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်နှင့် အနှစ်သာရသည်လည်း ပျောက်ဆုံးသွားမည် ဖြစ်သည်။ သာမန် လူ့သဘာဝအား သူပိုင်ဆိုင် ခဲ့ခြင်းမှာ သူသည် လူ့ဇာတိကို ခံယူထားသော ဘုရားသခင်ဖြစ်ကြောင်းကို သက်သေပြသည်၊ သာမန်လူသားတစ်ဦး၏ ကြီးထွားမှုဖြစ်စဉ်ကို သူခံယူခဲ့သည့် အချက်သည်လည်း သူသည် သာမန်ဇာတိခန္ဓာဖြစ်ကြောင်းကို ဆက်လက် ထင်ရှားစေသည်၊ ထို့အပြင် သူ၏အလုပ်မှာ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဘုရားသခင်၏ ဝိညာဉ်တော်တို့ လူ့ဇာတိ ခံယူခြင်းဖြစ်ကြောင်းကို ဖော်ပြသည့် လုံလောက်သော သက်သေပင်ဖြစ်သည်။ အလုပ်၏ လိုအပ်ချက်များအရ ဘုရားသခင်သည် လူ့ဇာတိ ခံယူခြင်းဖြစ်သည်၊ တစ်နည်းဆိုရလျှင် အလုပ်၏ ဤအဆင့်မှာ ဇာတိခန္ဓာနှင့် လုပ်ဆောင်ရန် လိုအပ်ပြီး၊ သာမန် လူ့သဘာဝနှင့် လုပ်ဆောင်ရန် လိုအပ်သည်။ ဤအရာသည် “လူ့ဇာတိ ခံယူလာသော နှုတ်ကပတ်တော်” နှင့် “လူ့ဇာတိတွင် ပေါ်လာသော နှုတ်ကပတ်တော်” အတွက် ကြိုတင်လိုအပ်သည့်အချက်ဖြစ်ပြီး၊ ဘုရားသခင်၏ လူ့ဇာတိ ခံယူသည့် အကြိမ်နှစ်ကြိမ်စလုံး၏ နောက်ကွယ်မှ ဖြစ်ရပ်အမှန်ပင် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင် ကိန်းဝပ်သော ဇာတိခန္ဓာ၏ အနှစ်သာရ” မှ

၁၀။ ဘုရားသခင်သည် လူ့ဇာတိခံယူသောကြောင့် သူသည် သူ၏ဇာတိခန္ဓာအတွင်း သူ၏အနှစ်သာရကို ရုပ်အကောင်အထည်ပေါ်စေသဖြင့် သူ၏ဇာတိခန္ဓာသည် သူ၏အလုပ်ကို ဆောင်ရွက်ရန် လုံလောက်၏။ ထို့ကြောင့် လူ့ဇာတိခံယူသည့် အတောအတွင်း ဘုရားသခင့် ဝိညာဉ်တော်၏ အလုပ်အားလုံးကို ခရစ်တော်၏ အလုပ်ဖြင့် အစားထိုးလိုက်သည်၊ ထို့ပြင် လူ့ဇာတိခံယူသည့်အချိန် တစ်လျှောက်လုံးတွင် အလုပ်အားလုံး၏ အဓိကအချက်အချာ၌ ခရစ်တော်၏အလုပ် ရှိပေသည်။ ထိုအလုပ်သည် အခြားသော ခေတ်အဆက်ဆက်မှ မည်သည့်အလုပ်မျိုးနှင့်မျှ ရောယှက်နေ၍ မရပါ။ ဘုရားသခင်သည် လူ့ဇာတိခံယူသောကြောင့် သူ့ဇာတိခန္ဓာ၏ ကိုယ်ပိုင်လက္ခဏာနှင့်အညီ အလုပ်လုပ်သည်၊ လူ့ဇာတိကို သူခံယူသည့်အတွက် သူလုပ်သင့်လုပ်ထိုက်သောအလုပ်ကို ဇာတိခန္ဓာဖြင့် လုပ်ဆောင်ပြီးစီးသည်။ ဘုရားသခင်၏ ဝိညာဉ်တော်ဖြစ်စေ သို့မဟုတ် ခရစ်တော်ပင်ဖြစ်စေ၊ နှစ်မျိုးစလုံးမှာ ဘုရားသခင် ကိုယ်တော်တိုင်ပင်ဖြစ်ပြီး သူလုပ်သင့်လုပ်ထိုက်သော အလုပ်ကို သူလုပ်ဆောင်ပြီး သူဖော်ဆောင်သင့်သော အမှုတော်ကိုလည်း သူဖော်ဆောင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်၏ဂုဏ်ဒြပ်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်၏ အလိုတော်ကို ဆောင်ခြင်းဖြစ်သည်” မှ

၁၁။ သူ၏အမှုတော်လုပ်ငန်းများ လုပ်နေသည့်အတောအတွင်း အသက်ရှင်သည့် လူ့ဇာတိခံဘုရားသခင်၏အသက်တာသည် လူ့သဘာဝနှင့် အကြွင်းမဲ့သော ဘုရား၏သဘောသဘာဝ နှစ်မျိုးလုံး ပင်ဖြစ်သည်။ အကယ်၍သာ လူ့ဇာတိခံ ဘုရားသခင်သည် သူ၏မွေးဖွားသည့်အချိန်မှစ၍ သဘာဝလွန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကိုပြပြီး သူ၏အမှုတော်ကို စိတ်အားထက်သန်စွာနှင့် စတင်ခဲ့မည်ဆိုပါက၊ သူ့တွင် ခန္ဓာဆိုင်ရာ အနှစ်သာရရှိလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူ၏လူ့သဘာဝသည် သူ၏ခန္ဓာဆိုင်ရာ အနှစ်သာရအတွက် တည်ရှိခြင်းဖြစ်သည်၊ လူ့သဘာဝ မရှိဘဲနှင့် လူ့ဇာတိရှိမလာနိုင်၊ လူ့သဘာဝမရှိသော ပုဂ္ဂိုလ်တစ်ယောက်သည်လည်း သက်ရှိလူသား တစ်ဦးမဟုတ်ပေ။ ဤနည်းလမ်းအားဖြင့် ဘုရားသခင်၏ ဇာတိခန္ဓာ၏ လူ့သဘာဝသည် ဘုရားသခင် ခံယူထားသော လူ့ဇာတိ၏ ပင်ကိုဂုဏ်ဒြပ်ဖြစ်သည်။ “ဘုရားသခင်သည် လူ့ဇာတိခံယူသောအခါ သူသည် အကြွင်းမဲ့ ဘုရား၏သဘောသဘာဝ ဖြစ်ပြီး၊ လူသားလုံးဝမဟုတ်” ဟု ပြောမည်ဆိုလျှင် ဘုရားသခင်ကို စော်ကားခြင်းပင်ဖြစ်သည်၊ အကြောင်းမှာ ဤသဘောထားသည် လူ့ဇာတိခံယူခြင်း၏ အခြေခံသဘောတရားကို ချိုးဖောက်သဖြင့် မဖြစ်နိုင်သော ရပ်တည်ချက် ဖြစ်သည်။ သူ၏အမှုတော်ကို စတင်ထမ်းဆောင်သည့် နောက်ပိုင်းတွင်ပင်လျှင် သူ၏အလုပ်ကို ဆောင်ရွက်ချိန်တွင် သူ၏ ဘုရားသဘောသဘာဝသည် လူသားအပြင်ပန်းသဏ္ဌာန်၌ ကိန်းဝပ်ဆဲပင်ဖြစ်သည်၊ ထိုအချိန်တွင်ပင် သူ၏လူ့သဘာဝသည် သူ၏ဘုရားသဘောသဘာဝကို သာမန်ဇာတိခန္ဓာထဲ၌ အလုပ်လုပ်နိုင်ရန် အခွင့်ပေးသည့် ရည်ရွယ်ချက် တစ်ခုတည်းအတွက်သာ အကျိုးဆောင်ပေးသည်။ ထို့ကြောင့် အလုပ်ကို ဆောင်ရွက်သူမှာ သူ၏လူ့သဘာဝထဲတွင် ကိန်းဝပ်နေသည့် ဘုရား၏သဘောသဘာဝပင်ဖြစ်သည်။ လုပ်ဆောင်နေသည်မှာ သူ၏ဘုရားသဘောသဘာဝဖြစ်ပြီး သူ၏လူ့သဘာဝ မဟုတ်သော်ငြားလည်း ယင်းမှာ သူ၏လူ့သဘာဝထဲ သိုဝှက်ထားသည့် ဘုရား၏သဘောသဘာဝ ဖြစ်သည်၊ အခြေခံအားဖြင့် သူ၏အလုပ်ကို သူ၏အကြွင်းမဲ့သော ဘုရား၏သဘောသဘာဝက လုပ်ဆောင်ခြင်းဖြစ်ပြီး သူ၏လူ့သဘာဝက လုပ်ဆောင်ခြင်း မဟုတ်ပေ။ သို့သော်လည်း အလုပ်ကို ထမ်းရွက်သူမှာကား သူ၏ဇာတိခန္ဓာပင်ဖြစ်သည်။ သူသည် လူသားတစ်ဦးဖြစ်ပြီး ဘုရားသခင်လည်းဖြစ်သည်ဟု ပြောနိုင်သည်၊ အကြောင်းမှာ ဘုရားသခင်သည် လူ့ခန္ဓာအပြင်ပန်းသဏ္ဌာန်နှင့်၊ လူသားအနှစ်သာရရော ဘုရားသခင်၏ အနှစ်သာရတို့နှင့်ပါ ဇာတိခန္ဓာအထဲတွင် နေထိုင်သည့် ဘုရားသခင် ဖြစ်လာသောကြောင့်ဖြစ်သည်။ သူသည် ဘုရားသခင်၏ အနှစ်သာရနှင့် လူသားတစ်ယောက် ဖြစ်သည့်အတွက် ဖန်ဆင်းခံ မည်သည့်လူသားထက်မဆို ကြီးမြတ်ပြီး၊ ဘုရားသခင်၏အလုပ်ကို ထမ်းဆောင်နိုင်သည့် မည်သည့်လူသားထက်မဆိုလည်း ကြီးမြတ်သည်။ ထို့ကြောင့် သူကဲ့သို့ပင် လူ့ခန္ဓာအပြင်ပန်းသဏ္ဌာန် ရှိကြသည့်သူများထဲတွင်၊ လူ့သဘာဝကို ပိုင်ဆိုင်ကြသည့်သူများထဲတွင်၊ သူတစ်ပါးတည်းသာလျှင် လူ့ဇာတိခံယူသည့် ဘုရားသခင် ကိုယ်တိုင်ဖြစ်ပြီး အခြားသူအားလုံးမှာမူ ဖန်ဆင်းခံလူသားများသာ ဖြစ်သည်။ ထိုသူအားလုံးတို့တွင် လူ့သဘာဝရှိကြသော်လည်း ဖန်ဆင်းခံလူသားများ၌ လူ့သဘာဝမှလွဲ၍ ဘာမျှမရှိကြပေ၊ လူ့ဇာတိခံယူသော ဘုရားသခင်ကမူ ကွဲပြားခြားနားသည်၊ သူ၏ဇာတိခန္ဓာထဲတွင် သူသည် လူ့သဘာဝရှိရုံသာမက ပိုအရေးကြီးသည်မှာ ဘုရား၏သဘောသဘာဝ ရှိနေခြင်းဖြစ်သည်။ သူ၏လူ့သဘာဝကို သူ့ဇာတိခန္ဓာ၏ အပြင်ပန်းသဏ္ဌာန်နှင့် သူ၏နေ့စဉ်အသက်တာတွင် မြင်နိုင်သော်ငြားလည်း သူ၏ဘုရားသဘောသဘာဝကိုမူ သိမြင်ရန် ခက်ခဲသည်။ သူ၏ ဘုရားသဘောသဘာဝသည် သူ၌ လူ့သဘာဝရှိမှသာ ဖော်ပြခြင်း ဖြစ်သည့်အတွက်နှင့် လူများစိတ်ကူးထားသကဲ့သို့ သဘာဝလွန် မဟုတ်သည့်အတွက်၊ ၎င်းကိုမြင်နိုင်ရန်မှာ လူတို့အဖို့ အလွန်တရာပင် ခက်ခဲလှသည်။ ယနေ့ကာလတွင်ပင် လူ့ဇာတိခံယူသော ဘုရားသခင်၏ စစ်မှန်သော အနှစ်သာရကို နားလည်နိုင်ရန်မှာ လူတို့အတွက် အခက်ခဲဆုံးပင်ဖြစ်သည်။ အမှန်တွင်မူ ထိုအကြောင်းအရာကို ဤမျှရှည်လျားစွာ ငါပြောပြီးသော နောက်ပိုင်းတွင်ပင်၊ သင်တို့အများစုအတွက် ထိုအရာမှာ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုပင် ဖြစ်နေပေဦးမည်ဟု ငါမျှော်လင့်သည်။ ဤအရေးကိစ္စမှာ အလွန်ပင်ရိုးရှင်း၏၊ ဘုရားသခင်သည် ဇာတိခန္ဓာဖြစ်လာသည့်အတွက်၊ သူ၏ အနှစ်သာရသည် ဘုရား၏သဘောသဘာဝနှင့် လူ့သဘာဝတို့ ပေါင်းစပ်ထားခြင်းပင်ဖြစ်သည်။ ဤပေါင်းစပ်ခြင်းကို ဘုရားသခင်ကိုယ်တိုင်၊ ကမ္ဘာပေါ်၌ရှိသော ဘုရားသခင် ကိုယ်တိုင်ဟု ခေါ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင် ကိန်းဝပ်သော ဇာတိခန္ဓာ၏ အနှစ်သာရ” မှ

၁၂။ လူ့ဇာတိခံယူသော ဘုရားသခင်၏ လူ့သဘာဝသည် ဇာတိခန္ဓာထဲရှိ သာမန် ဘုရားသဘောသဘာဝ၏ အလုပ်ကို ထိန်းသိမ်းရန် တည်ရှိသည်။ သူ၏ သာမန် လူသားအတွေးအခေါ်သည် သူ၏သာမန် လူ့သဘာဝနှင့် သူ၏ ခန္ဓာဆိုင်ရာ လုပ်ဆောင်မှုအားလုံးကို ထောက်မသည်။ သူ၏ သာမန် လူသားအတွေးအခေါ်သည် ဇာတိခန္ဓာထဲရှိ ဘုရားသခင်၏ အလုပ်အားလုံးကို ထောက်မရန် တည်ရှိသည်ဟု ပြော၍ရသည်။ အကယ်၍ ထိုဇာတိခန္ဓာသည် သာမန် လူသားစိတ်ကို မပိုင်ဆိုင်ပါက၊ ဘုရားသခင်လည်း ထိုဇာတိခန္ဓာထဲတွင် လုပ်ဆောင်နိုင်မည် မဟုတ်သကဲ့သို့ ဇာတိခန္ဓာထဲ၌ သူလုပ်ဆောင်ရန် လိုအပ်သည့် အရာကိုလည်း ဘယ်သောအခါမျှ ပြီးမြောက်အောင် လုပ်နိုင်မည် မဟုတ်ပေ။ လူ့ဇာတိခံယူသော ဘုရားသခင်သည် သာမန်လူသား စိတ်ကို ပိုင်ဆိုင်သော်ငြားလည်း၊ သူ၏အလုပ်သည် လူသားအတွေးအခေါ်နှင့် ညစ်ညူးရောနှောနေခြင်း မရှိပေ၊ သူသည် စိတ်ရှိသော လူ့သဘာဝကို ပိုင်ဆိုင်ဖို့ လိုအပ်သောကြောင့်၊ သူသည် လူ့သဘာဝထဲမှ အလုပ်ကို သာမန်လူသား အတွေးအခေါ်များကို အသုံးချခြင်းဖြင့် မဟုတ်ဘဲ သာမန်စိတ်နှင့် လုပ်ဆောင်သည်။ သူ့ဇာတိခန္ဓာ၏ အတွေးအခေါ်များ မည်မျှပင် မြင့်မားနေပါစေ၊ သူ၏အလုပ်၌ ဆင်ခြင်တွေးခေါ်မှု သို့မဟုတ် အတွေးအခေါ်၏ လက္ခဏာမရှိပေ။ တစ်နည်းဆိုရလျှင်၊ သူ၏အလုပ်သည် သူ့ဇာတိခန္ဓာ၏ စိတ်အားဖြင့် သန္ဓေတည်လာခြင်း မဟုတ်ဘဲ၊ သူ၏ လူ့သဘာဝထဲရှိ ဘုရားသဘောသဘာဝ အလုပ်၏ တိုက်ရိုက် ဖော်ပြချက်ပင် ဖြစ်သည်။ သူ၏ အလုပ်အားလုံးသည် သူကျေပွန်အောင် ဆောင်ရွက်ရန် လိုအပ်သည့် အမှုတော်ပင်ဖြစ်ပြီး၊ ထိုအရာတစ်ခုကမျှ သူ၏ဦးနှောက်အားဖြင့် သန္ဓေတည်လာခြင်း မဟုတ်ပေ။ ဥပမာအားဖြင့် နာမကျန်းသူကို ကျန်းမာစေခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ခြင်းနှင့် ကားတိုင်တွင် အသေခံခြင်းတို့မှာ သူ၏ လူ့စိတ်မှ ထုတ်လုပ်သည့်အရာများ မဟုတ်ပေ၊ ၎င်းအရာများကို လူသားစိတ်ရှိသည့် မည်သည့် လူသားမျှ ဖြစ်မြောက်အောင်မြင်အောင် လုပ်နိုင်မည် မဟုတ်ပေ။ ထိုနည်းတူစွာပင်၊ ယနေ့ကာလ၏ သိမ်းပိုက်ခြင်း အလုပ်သည် လူ့ဇာတိခံယူသော ဘုရားသခင်က ထမ်းဆောင်ရမည့် အမှုတော်ဖြစ်ပြီး၊ ၎င်းမှာ လူသားဆန္ဒမှဖြစ်လာသော အလုပ် မဟုတ်ပေ၊ ၎င်းသည် သူ၏ဘုရားသဘောသဘာဝက လုပ်ဆောင်သင့်သည့် အလုပ်ဖြစ်ပြီး၊ မည်သည့် ဇာတိပကတိ ဆန်သော လူသားကမျှ မစွမ်းဆောင်နိုင်သည့် အလုပ်ဖြစ်သည်။ ထို့ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်သည် သာမန် လူသားစိတ်ကို ပိုင်ဆိုင်ရမည်၊ သာမန် လူ့သဘာဝကို ပိုင်ဆိုင်ရမည်၊ အဘယ်ကြောင့်ဆိုသော် သူ၏အလုပ်ကို သူသည် လူ့သဘာဝ၌ သာမန်စိတ်နှင့် ထမ်းဆောင်ရမည် ဖြစ်သောကြောင့်ဖြစ်သည်။ ဤအရာသည် လူ့ဇာတိခံယူသော ဘုရားသခင်အလုပ်၏ အနှစ်သာရဖြစ်ပြီး၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ အနှစ်သာရ စင်စစ်လည်း ဖြစ်သည်။

ယေရှုသည် အလုပ်ကို မဆောင်ရွက်မီ သူသည် သူ၏သာမန်လူ့သဘာဝတွင် နေထိုင်ရုံမျှသာ နေထိုင်ခဲ့သည်။ သူသည် ဘုရားသခင်ဖြစ်ကြောင်းကို မည်သူမျှမပြောနိုင်ခဲ့၊ သူသည် လူ့ဇာတိခံယူသော ဘုရားသခင်ဖြစ်ကြောင်းကို မည်သူမျှမသိခဲ့ကြပေ၊ လူတို့က သူ့ကို လုံးလုံးလျားလျား သာမန်လူသားတစ်ယောက်အဖြစ်သာ သိရှိခဲ့ကြသည်။ သူ၏ အကြွင်းမဲ့သော ရိုးရိုးသာမန်လူ့သဘာဝမှာ ဘုရားသခင်သည် ဇာတိခန္ဓာထဲသို့ လူ့ဇာတိခံယူခဲ့ပြီးဖြစ်ကြောင်းနှင့် ကျေးဇူးတော်ခေတ်ဆိုသည်မှာ လူ့ဇာတိခံယူသော ဘုရားသခင့်အလုပ်၏ခေတ်ပင်ဖြစ်ကြောင်း၊ ဝိညာဉ်တော်အလုပ်၏ ခေတ်မဟုတ်ကြောင်း သက်သေပင်ဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိခန္ဓာထဲတွင် ပြည့်ဝစုံလင်စွာ သဏ္ဌာန်ဖော်ပြီးဖြစ်ကြောင်းနှင့် ဘုရားသခင် လူ့ဇာတိခံယူသည့်ခေတ်တွင် သူ၏ဇာတိခန္ဓာသည် ဝိညာဉ်တော်၏အလုပ်အားလုံးကို ဆောင်ရွက်မည်ဖြစ်ကြောင်းတို့၏ သက်သေပင်ဖြစ်သည်။ သာမန် လူ့သဘာဝရှိသော ခရစ်တော်သည် ဝိညာဉ်တော်ကို သဏ္ဌာန်ဖော်ဆောင်ထားသော ဇာတိခန္ဓာဖြစ်ပြီး၊ သာမန် လူ့သဘာဝ၊ သာမန် အသိစိတ်နှင့် လူသားအတွေးအခေါ်တို့ ပိုင်ဆိုင်ထားသည်။ “သဏ္ဌာန်ဖော်ဆောင် ခံရခြင်း” ဆိုသည်မှာ ဘုရားသခင် လူသားဖြစ်လာခြင်း၊ ဝိညာဉ်တော် လူ့ဇာတိ ခံယူခြင်းကို ဆိုလိုသည်၊ ရှင်းရှင်းပြောရလျှင် ၎င်းမှာ ဘုရားသခင်ကိုယ်တိုင်က ဇာတိခန္ဓာထဲတွင် သာမန် လူ့သဘာဝနှင့် ကိန်းဝပ်ပြီး၊ ၎င်းမှတစ်ဆင့် သူ၏ ဘုရားသဘောသဘာဝ အလုပ်ကို ဖော်ပြခြင်း ဖြစ်သည်၊ သဏ္ဌာန်ဖော်ဆောင် ခံရခြင်း သို့မဟုတ် လူ့ဇာတိခံယူခြင်း ဆိုသည်မှာ ဤအရာပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင် ကိန်းဝပ်သော ဇာတိခန္ဓာ၏ အနှစ်သာရ” မှ

၁၃။ ဘုရားသခင်သည် လူသားတို့အကြား သူ၏အမှုကိုဆောင်ရွက်ရန်၊ လူသားကို သူကိုယ်တိုင် သူ့ကိုယ်သူ ဖော်ပြရန်နှင့် လူသားအား သူ့ကိုကြည့်ခွင့်ပြုရန် ကမ္ဘာမြေကြီးကို လာခြင်းဖြစ်၏။ ဤသည်မှာ သေးငယ်သည့် ကိစ္စတစ်ရပ်လော။ ဤသည်မှာ အမှန်စင်စစ် လွန်စွာထူးခြား၏။ လူသားမှ စိတ်ကူးယဉ်သကဲ့သို့ ဘုရားသခင်သည် သူ့အပေါ် လူသားက ကြည့်ရန် လာခဲ့သည်မဟုတ်။ ဘုရားသခင်သည် စစ်မှန်၍ မရေမရာ၊ အနှစ်သာရကင်းမဲ့သူ မဟုတ်ကြောင်း နားလည်စေရန်နှင့် ဘုရားသခင်သည် မြင့်မားသည်သာမက စိတ်နှလုံးနှိမ့်ချခြင်းလည်းရှိကြောင်း နားလည်စေရန် ကြွရောက်လာခဲ့ခြင်း မဟုတ်ပေ။ ဤသည်မှာ ဤမျှလွယ်ကူနိုင်မည်လော။ အတိအကျအားဖြင့် စာတန်သည် လူသား၏ဇာတိပကတိအား ဖျက်ဆီးခဲ့ကာ၊ လူသားသည် ဘုရားသခင်က ကယ်တင်ရန်ရည်ရွယ်သူ ဖြစ်သဖြင့်၊ ဘုရားသခင်က ဇာတိပကတိခံယူ၍ စာတန်နှင့် တိုက်ပွဲဝင်ကာ လူသားကို ကိုယ်တိုင်လမ်းပြရမည် ဖြစ်သည်။ ဤသည်သာလျှင် သူ၏အမှုအတွက် အကျိုးရှိ၏။ ဘုရားသခင်၏ လူ့ဇာတိခံယူသော ဇာတိပကတိ နှစ်ရပ်သည် စာတန်ကို ရှုံးနိမ့်စေရန် တည်ရှိခဲ့၍ လူသားကို ပိုမိုကောင်းမွန်စွာ ကယ်တင်နိုင်ရေးအတွက်လည်း တည်ရှိခဲ့၏။ ဤသည်မှာ စာတန်နှင့်တိုက်ပွဲဝင်သူမှာ- ဘုရားသခင်၏ ဝိညာဉ်ဖြစ်စေ၊ ဘုရားသခင်၏ လူ့ဇာတိခံယူသော ဇာတိပကတိဖြစ်စေ- ဘုရားသခင်သာ ဖြစ်နိုင်သောကြောင့်ဖြစ်သည်။ အတိုအားဖြင့်ဆိုလျှင်၊ စာတန်နှင့် တိုက်ပွဲဝင်နေသူသည် စာတန်၏ ဖျက်ဆီးခြင်းခံရသည့် လူသားမဆိုထားနှင့် ကောင်းကင်တမန်များပင် မဟုတ်နိုင်ပေ။ ကောင်းကင်တမန်များသည် ဤအမှုကိုပြုရန် တန်ခိုးမရှိပေ။ ထို့အပြင် လူသားသည် သာ၍ပင် စွမ်းဆောင်နိုင်ခြင်း မရှိပေ။ ထို့ကြောင့် ဘုရားသခင်သည် လူသားတို့၏အသက်တာအပေါ် အမှုဆောင်လိုပါက၊ လူသားအပေါ် ဆောင်ရွက်ရန် သူကိုယ်တိုင် ကမ္ဘာမြေကြီးပေါ်သို့ ကြွလာလိုပါက၊ သူကိုယ်တိုင် ဇာတိပကတိ ခံယူရမည်ဖြစ်သည်။ ဆိုလိုသည်မှာ သူကိုယ်တိုင် ဇာတိပကတိ ယူတင်ဝတ်ဆောင်၍ သူ၏ကိုယ်ပိုင်ဝိသေသ လက္ခဏာနှင့် သူဆောင်ရွက်ရမည့် အမှုအားဖြင့်၊ လူသားအကြားကြွလာ၍ သူကိုယ်တိုင် လူသားကို ကယ်တင်ရမည် ဖြစ်၏။ သို့မဟုတ်ပါက ဤအမှုကို ဆောင်ရွက်သူမှာ ဘုရားသခင်၏ဝိညာဉ် သို့မဟုတ် လူသားဖြစ်ပါက၊ ဤတိုက်ပွဲသည် ထိရောက်မှုရှိရန် အစဉ်ပျက်ကွက်မည်ဖြစ်၍ မည်သည့်အခါမျှ ပြီးဆုံးမည် မဟုတ်ပေ။ လူသားတို့အကြား စာတန်ကို ဆန့်ကျင်တိုက်ပွဲဝင်ရန် ဘုရားသခင်ကိုယ်တိုင် လူ့ဇာတိခံယူမှသာလျှင် လူသားသည် ကယ်တင်ခြင်းရရှိရန် အခွင့်အလမ်း ရှိမည်ဖြစ်သည်။ ထို့အပြင်၊ ထိုအခါမှသာလျှင် စာတန်သည် အရှက်ရ၍ ခေါင်းပုံဖြတ်ရန် အခွင့်အလမ်းများ သို့မဟုတ် အကောင်အထည်ဖော်ရန် အစီအစဉ်များ မရှိဘဲ ကျန်ရစ်လိမ့်မည်။ ဘုရားသခင်၏ ဝိညာဉ်သည် လူ့ဇာတိခံယူသော ဘုရားသခင်မှ ဆောင်ရွက်သည့်အမှုကို ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသည့်အပြင် ဇာတိပကတိဆန်သူ မည်သည့်လူသားမျှ ဘုရားသခင်၏ ကိုယ်စား ဆောင်ရွက်နိုင်စွမ်း သာ၍ပင် မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူဆောင်ရွက်သည့်အမှုသည် လူသား၏ အသက်တာအတွက်ဖြစ်၍ လူသား၏ ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲရန်ဖြစ်သောကြောင့် ဖြစ်၏။ လူသားသည်သာ ဤတိုက်ပွဲတွင် ပါဝင်ရမည်ဆိုပါက သူသည် အလွန်ဝမ်းနည်းဖွယ်ကောင်းစွာ ကစဉ့်ကလျား ထွက်ပြေးမည်သာဖြစ်၍ လူသား၏ ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲနိုင်စွမ်း လုံးဝရှိမည်မဟုတ်ပေ။ လူသားကို လက်ဝါးကပ်တိုင်မှ ကယ်တင်နိုင်စွမ်း သို့မဟုတ် ပုန်ကန်စိတ်ရှိသည့် လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ သို့ရာတွင် အခြေခံသဘောတရားအရ သာမန်အမှုအနည်းငယ်သာ သို့မဟုတ် စာတန်ရှုံးနိမ့်ခြင်းနှင့် မသက်ဆိုင်သည့် အမှုကိုသာ လုပ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် အဘယ်ကြောင့် စိတ်အနှောင့်အယှက်ခံမည်နည်း။ စာတန်ရှုံးနိမ့်စေရန်မဆိုနှင့် လူသားကို မရရှိနိုင်သည့်အမှုမှာ မည်သည့်အဓိပ္ပာယ် ရှိမည်နည်း။ ထို့ကြောင့် စာတန်နှင့်တိုက်ပွဲမှာ ဘုရားသခင်ကိုယ်တိုင်သာလျှင် အကောင်အထည်ဖော်နိုင်မည် ဖြစ်ကာ လူသားက လုပ်ဆောင်ရန် စွမ်းဆောင်ရည် လုံးဝမရှိပေ။ လူသား၏တာဝန်မှာ နာခံရန်နှင့် လိုက်နာရန်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လူသားသည် ခေတ်ကာလအသစ်တစ်ရပ် ဖွင့်လှစ်သည့်အမှုကို မပြုနိုင်သကဲ့သို့ စာတန်နှင့် တိုက်ပွဲဝင်သည့်အမှုကိုလည်း အကောင်အထည်ဖော်နိုင်ခြင်း မရှိပေ။ စာတန်ကိုရှုံးနိမ့်စေသော ဘုရားသခင်ကိုယ်တိုင်၏ ဦးဆောင်မှုဖြင့်သာ လူသားသည် ဖန်ဆင်းရှင်ကျေနပ်အောင် ပြုလုပ်နိုင်မည် ဖြစ်သည်။ ဤတစ်ခုတည်းကိုသာ လူသားသည် ပြုလုပ်နိုင်၏။ ထို့ကြောင့် တိုက်ပွဲအသစ်တစ်ခု စတင်တိုင်း၊ ဆိုလိုသည်မှာ ခေတ်သစ်တစ်ခု၏ အမှုစတင်တိုင်း၊ ဤအမှုကို ဘုရားသခင်ကိုယ်တိုင် ဆောင်ရွက်ခြင်းဖြစ်၏။ ဤနည်းအားဖြင့် သူသည် ခေတ်တစ်ခေတ်လုံးကို ဦးဆောင်လမ်းပြကာ လူသားမျိုးနွယ်တစ်ရပ်လုံးအတွက် လမ်းကြောင်းသစ်တစ်ရပ်ကို ဖွင့်ပေးခြင်းဖြစ်၏။ ခေတ်သစ်တစ်ခုစီ၏အရုဏ်သည် စာတန်နှင့်တိုက်ပွဲအသစ် စတင်ခြင်းဖြစ်၏။ ဤနည်းအားဖြင့် လူသားသည် ပို၍သစ်လွင်လှပသော လောကနှင့် ဘုရားသခင်ကိုယ်တိုင်က လမ်းပြဦးဆောင်သည့် ခေတ်သစ်သို့ ဝင်ရောက်ခြင်းဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း” မှ

၁၄။ သခင်ယေရှုအလုပ်လုပ်နေသော အချိန်ကာလတွင် ဘုရားသခင်၌ လူသား၏ ဖော်ထုတ်ပြသချက်တို့ များစွာရှိသည်ဆိုသည်ကို လူတို့က မြင်နိုင်ခဲ့သည်။ ဥပမာ သူသည် ကနိုင်သည်၊ မင်္ဂလာဆောင်များကို တက်ရောက်နိုင်သည်၊ လူတို့နှင့် ဆက်ဆံနိုင်သည်၊ စကားပြောနိုင်သည်၊ ထို့ပြင် သူတို့နှင့် ဆွေးနွေးနိုင်သည်။ ၎င်းတို့အပြင် သခင်ယေရှုသည် သူ၏ဘုရားသဘောသဘာဝကို ကိုယ်စားပြုသော အလုပ်များစွာကို ပြီးမြောက်ခဲ့ပြီး ဤအလုပ်များအားလုံးကလည်း ဘုရားသခင်၏ စိတ်သဘောထားကို ဖော်ပြခြင်းနှင့် ဖွင့်ပြခြင်းအမှန်ပင်ဖြစ်သည်။ ဤအချိန်ကာလအတောအတွင်း ဘုရားသခင်၏ ဘုရားသဘောသဘာဝသည် လူတို့မြင်နိုင်၊ တို့ထိနိုင်သော သာမန်ဇာတိခန္ဓာထဲ၌ အမှန်တကယ်ဖြစ်ပေါ်လာသောအခါ ဘုရားသခင်သည် ပေါ်လိုက်ပျောက်လိုက်ဖြစ်သည်ဟု သူတို့မခံစားရတော့ပေ၊ သူနှင့် နီးစပ်အောင် မလုပ်နိုင်ဟူ၍ မခံစားရတော့ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူတို့သည် လူသားတော်၏ လှုပ်ရှားမှုတိုင်း၊ နှုတ်ကပတ်တော်တို့နှင့် အလုပ်တို့မှတစ်ဆင့် ဘုရားသခင်၏ အလိုတော်ကို သဘောပေါက်နိုင်ရန်၊ သို့မဟုတ် သူ၏သဘောသဘာဝကို နားလည်နိုင်ရန် ကြိုးစားနိုင်ခဲ့ကြသည်။ လူ့ဇာတိခံယူထားသော လူသား၏ သားသည် သူ၏ လူ့သဘောသဘာဝမှတစ်ဆင့် ဘုရား၏သဘောသဘာဝကို ဖော်ပြပြီး လူသားမျိုးနွယ်အား ဘုရားသခင်၏ အလိုတော်ကို အသိပေးခဲ့သည်။ တဖန် ဘုရားသခင်၏ အလိုတော်နှင့် စိတ်သဘောထား၏ ဖော်ပြချက်မှတစ်ဆင့် ဝိညာဉ်လောက၌ မြင်၍ သို့မဟုတ် ထိတွေ့၍မရသော ဘုရားသခင်ကိုလည်း လူတို့အား ထုတ်ဖော်ခဲ့သည်။ လူတို့ မြင်ခဲ့သောအရာက အသွေးအသားနှင့် အရိုးနှင့် ထိတွေ့နိုင်သော ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သည်။ ထို့ကြောင့် လူ့ဇာတိခံယူသော လူသားသည် ဘုရားသခင်၏ ကိုယ်ပိုင် ဝိသေသလက္ခဏာ၊ အဆင့်အတန်း၊ ပုံသဏ္ဌာန်၊ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့ကို ခိုင်မာစေပြီး လူသားဆန်စေခဲ့သည်။ လူသား၏ အပြင်ပန်း အသွင်အပြင်က ဘုရားသခင်၏ ပုံသဏ္ဌာန်နှင့်ပတ်သက်ပြီး အကန့်အသတ်တစ်ချို့ရှိခဲ့သော်လည်း သူ၏အနှစ်သာရနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းသည် ဘုရားသခင်၏ ကိုယ်ပိုင် ဝိသေသလက္ခဏာနှင့် အဆင့်အတန်းတို့ကို လုံးဝ ကိုယ်စားပြုနိုင်ခဲ့သည်၊ ဖော်ပြခြင်းပုံစံ၌ ကွာခြားချက် အချို့သာ ရှိသည်။ လူသား၏ လူ့သဘာဝဖြစ်စေ၊ သူ၏ ဘုရားသဘောသဘာဝဖြစ်စေ၊ သူသည် ဘုရားသခင်၏ ကိုယ်ပိုင် ဝိသေသလက္ခဏာနှင့် အဆင့်အတန်းကို ကိုယ်စားပြုခဲ့သည်ဆိုခြင်းကို ငါတို့ မငြင်းနိုင်ပေ၊ သို့သော်လည်း ဤအချိန်ကာလအတွင်း၌ ဘုရားသခင်သည် လူ့ဇာတိမှတစ်ဆင့် အလုပ်လုပ်ခဲ့သည်၊ လူ့ဇာတိ၏ ရှုထောင့်မှ ပြောဆိုခဲ့ပြီး လူသား၏ ဝိသေသလက္ခဏာနှင့် အဆင့်အတန်းတို့နှင့်အညီ လူသားမျိုးနွယ်ရှေ့၌ ရပ်ခဲ့ပြီး၊ ဤအချက်က လူသားမျိုးနွယ်ကြားတွင် ဘုရားသခင်၏ စစ်မှန်သော နှုတ်ကပတ်တော်တို့နှင့် လုပ်ဆောင်မှုကို ကြုံတွေ့ပြီး သိရှိခံစားရန် အခွင့်အလမ်းကို လူတို့အား ပေးခဲ့သည်။ ဤအချက်သည် နှိမ့်ချခြင်းအလယ်တွင် သူ၏ ဘုရားသဘောသဘာဝနှင့် သူ၏ကြီးမြတ်ခြင်းကို လူတို့အား ထိုးထွင်းသိမြင်စေပြီး၊ ဘုရားသခင်၏ စစ်မှန်ခြင်းနှင့် လက်တွေ့အရှိတရားအပေါ် ပဏာမနားလည်ခြင်းနှင့် ပဏာမအဓိပ္ပာယ် တစ်ရပ်ကို ရရှိစေခဲ့သည်။ သခင်ယေရှုပြီးမြောက်ခဲ့သော အလုပ်၊ သူ၏လုပ်ဆောင်သောနည်းလမ်း၊ သူစကားပြောသော ရှုထောင့်တို့သည် ဝိညာဉ်ရေးရာနယ်ပယ်တွင် ဘုရားသခင်၏ တကယ့်ပုဂ္ဂိုလ်နှင့် ကွာခြားသော်လည်း သူနှင့်ပတ်သက်သောအရာရာတိုင်းက လူတို့ ယခင်က တစ်ခါမျှ မမြင်ဖူးသော ဘုရားသခင်ကိုယ်တော်တိုင်ကို အမှန်တကယ် ကိုယ်စားပြုခဲ့သည်။ ၎င်းကို ငြင်း၍မရပေ။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်က မည်သို့သောပုံသဏ္ဌာန်နှင့် ပေါ်ထွန်းသည်ဖြစ်စေ၊ မည်သည့်ရှုထောင့်မှ သူစကားပြောသည်ဖြစ်စေ၊ သို့မဟုတ် လူသားမျိုးနွယ်ကို မည်သည့်ပုံသဏ္ဌာန်နှင့် သူရင်ဆိုင်သည်ဖြစ်စေ ဘုရားသခင်သည် သူ့ကိုယ်သူမှလွဲပြီး မည့်သည့်အရာကိုမျှ ကိုယ်စားမပြုပေ။ သူသည် မည်သည့်လူသားကိုမျှ ကိုယ်စားမပြုနိုင်ပေ။ သူသည် ဖောက်ပြန်ပျက်စီးသော မည်သည့်လူသားကိုမျှ ကိုယ်စားမပြုနိုင်ပေ။ ဘုရားသခင်သည် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်သည်။ ၎င်းကို ငြင်းပယ်၍မရပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” မှ

၁၅။ ဘုရားသခင်၏ ဂုဏ်ဒြပ်ကိုယ်၌က သြဇာအာဏာကို ဆုပ်ကိုင်ထားသည်၊ သို့သော် သူသည် မိမိထံမှလာသော သြဇာအာဏာအတိုင်း အပြည့်အဝ လိုက်နာဆောင်ရွက်နိုင်သည်။ ဝိညာဉ်တော်၏ အလုပ်ဖြစ်စေ သို့မဟုတ် ဇာတိခန္ဓာ၏ အလုပ်ဖြစ်စေ မည်သည့်အလုပ်မျှ အခြားသောအရာနှင့် ပဋိပက္ခမရှိပါ။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဖန်ဆင်းခံ အရာအားလုံးအပေါ်ရှိ သြဇာအာဏာပင် ဖြစ်သည်။ ဘုရားသခင်၏ ဂုဏ်ဒြပ်ပါသော ဇာတိခန္ဓာသည်လည်း သြဇာအာဏာ ပိုင်ဆိုင်သည်၊ သို့သော် ဇာတိခန္ဓာထဲရှိ ဘုရားသခင်သည်လည်း ကောင်းကင်ဘုံ၌ရှိသော ခမည်းတော်၏အလိုတော်ကို လိုက်နာသည့် အလုပ်အားလုံးကို ဆောင်ရွက်နိုင်သည်။ ဤအရာကို မည်သည့်လူသားတစ်ဦးတစ်ယောက်မျှ မကြိုးပမ်းနိုင် သို့မဟုတ် စိတ်ကူးမပေါက်နိုင်ကြ။ ဘုရားသခင် ကိုယ်တော်တိုင်က သြဇာအာဏာဖြစ်သည်၊ သို့သော် သူ၏ဇာတိခန္ဓာက သူ၏ သြဇာအာဏာအတိုင်း လိုက်နာဆောင်ရွက်နိုင်သည်။ ယင်းမှာ “ခရစ်တော်သည် ခမည်းတော်ဘုရားသခင်၏ အလိုတော်ကို နာခံသည်” ဟူသော စကား၏ အတွင်းကျသည့် အနက်အဓိပ္ပာယ်ဖြစ်သည်။ ဘုရားသခင်သည် ဝိညာဉ်တော်ဖြစ်ပြီး ကယ်တင်ခြင်းအလုပ်ကို ဆောင်ရွက်နိုင်သည်၊ ထိုနည်းတူ ဘုရားသခင်သည် လူသားဖြစ်လာနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ၊ ဘုရားသခင်ကိုယ်တော်တိုင်က သူ၏အလုပ်ကို လုပ်ဆောင်သည်၊ နှစ်ဦးနှစ်ဖက် ပဋိပက္ခသို့ ဦးတည်သော အလုပ်မျိုးကို လုပ်ရန်မဆိုထားနှင့် သူသည် မိမိအလုပ်အပေါ် အနှောင့်အယှက် မပြုသကဲ့သို့ ဝင်ရောက်မစွက်ဖက်ပေ၊ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်တော်က လုပ်ဆောင်သောအမှုနှင့် ဇာတိခန္ဓာက လုပ်ဆောင်သောအမှု၏ ဂုဏ်ဒြပ်မှာ ထပ်တူပင်ဖြစ်သောကြောင့်ဖြစ်သည်။ ဝိညာဉ်တော်ဖြစ်စေ သို့မဟုတ် ဇာတိခန္ဓာဖြစ်စေ နှစ်မျိုးစလုံးသည် တစ်ခုသော အလိုတော်ကို ဖြည့်စွက်ရန်နှင့် တူညီသော အလုပ်တစ်ခုတည်းကို စီမံခန့်ခွဲရန် လုပ်ဆောင်သည်။ ဝိညာဉ်တော်နှင့် ဇာတိခန္ဓာတို့၌ ကွဲပြားခြားနားသော အရည်အချင်းနှစ်မျိုး ရှိကြသော်လည်း၊ ၎င်းတို့၏ ဂုဏ်ဒြပ်တို့မှာမူ တူညီကြသည်၊ နှစ်မျိုးစလုံး၌ ဘုရားသခင်ကိုယ်တော်တိုင်၏ ဂုဏ်ဒြပ်ရှိပြီး ဘုရားသခင်ကိုယ်တော်တိုင်၏ ကိုယ်ပိုင်လက္ခဏာရှိကြသည်။ ဘုရားသခင်ကိုယ်တော်တိုင်၌ မနာခံခြင်း၏ အရိပ်လက္ခဏာမရှိ၊ သူ၏ ဂုဏ်ဒြပ်မှာ ကောင်းမွန်သည်။ ဘုရားသခင်သည် လှပမှုနှင့် ကောင်းမွန်မှု အားလုံးတို့အပြင် ချစ်ခြင်းမေတ္တာ အားလုံးတို့၏ ဖော်ပြချက်ပင်ဖြစ်သည်။ ဇာတိခန္ဓာ၌ပင်လျှင် ဘုရားသခင်သည် ခမည်းတော်ဘုရားသခင်ကို မနာခံသည့် မည်သည့်အရာကိုမျှ မလုပ်ပါ။ မိမိဘဝကို စတေးရမည့်၊ ပေးဆပ်ရမည့် အခြေအနေမျိုး၌ပင်လျှင် သူသည် စိတ်နှလုံးအပြည့်အဝဖြင့် အလိုတော်ကို နာခံလိမ့်မည်ဖြစ်ပြီး အခြားသောအရာကို ရွေးချယ်လိမ့်မည်မဟုတ်ပါ။ ဘုရားသခင်၌ မိမိကိုယ်ကိုမှန်သည်ဟုထင်ခြင်းနှင့် မိမိကိုယ်ကို အရေးပါသည်ဟု ထင်ခြင်းတို့၏ အရိပ်လက္ခဏာမရှိပါ၊ သို့မဟုတ် မာန်မာနကြီးမှုနှင့် စိတ်ကြီးဝင်မှုတို့၏ အရိပ်လက္ခဏာ မရှိပါ၊ ဘုရားသခင်၌ မရိုးဖြောင့်သော စိတ်သဘော လုံးဝမရှိပါ။ ဘုရားသခင်ကို မနာခံသည့်အရာ အားလုံးမှာ စာတန်ထံမှ လာသည်၊ စာတန်သည် ရုပ်ဆိုးအကျည်းတန်မှုနှင့် ဆိုးသွမ်းမိုက်မဲမှု အားလုံးတို့၏ အရင်းအမြစ်ဖြစ်သည်။ လူသားတို့၌ စာတန်ကဲ့သို့သော စရိုက်များရှိနေရခြင်းမှာ လူသားသည် စာတန်၏ ယိုယွင်းဖျက်ဆီးခြင်းနှင့် ပြုပြင်ခြင်းကို ခံခဲ့ရသောကြောင့်ဖြစ်သည်။ ခရစ်တော်သည် စာတန်၏ ယိုယွင်းဖျက်ဆီးခြင်း မခံခဲ့ရပါ၊ ထိုအကြောင်းကြောင့် သူ၌ ဘုရားသခင်၏ ပင်ကိုလက္ခဏာများသာလျှင်ရှိပြီး စာတန်၏ပင်ကိုလက္ခဏာ တစ်ခုမျှ မရှိပါ။ ဘုရားသခင်သည် ဇာတိခန္ဓာဖြင့် အသက်ရှင်နေစဉ်အတောအတွင်း သူ၏အလုပ်မှာ မည်မျှပင် ခက်ခဲကြမ်းတမ်းပါစေ၊ သို့မဟုတ် ဇာတိခန္ဓာမှာ မည်မျှပင် အားနည်းနေပါစေ ခမည်းတော်ဘုရားသခင်၏ အလိုတော်ကို မနာခံဘဲ စွန့်ပယ်ရန် မဆိုထားနှင့် သူ၏အလုပ်ကို အနှောင့်အယှက်ဖြစ်စေသော မည်သည့်အရာမျိုးကိုမျှ လုပ်လိမ့်မည် မဟုတ်ပါ။ ခမည်းတော် ဘုရားသခင်၏ အလိုတော်ကို ဆန့်ကျင်ရမည်ထက် သူသည် ဇာတိခန္ဓာ၏ နာကျင်မှုများကိုသာ ခံစားပေလိမ့်မည်၊ ယင်းမှာ ယေရှုက သူ၏ဆုတောင်းပဌာနာထဲ၌ ပြောထားသကဲ့သို့ ဖြစ်သည်၊ “အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေသော်။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည့်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည့်အတိုင်း ဖြစ်ပါစေသော်။” လူသားမှန်လျှင် ရွေးချယ်လိမ့်မည်၊ သို့သော် ခရစ်တော်မှာ မရွေးခဲ့ပါ။ သူ၌ ဘုရားသခင် ကိုယ်တော်တိုင်၏ ကိုယ်ပိုင်လက္ခဏာရှိသော်လည်း၊ ခမည်းတော် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေမြဲဖြစ်ပြီး ဇာတိခန္ဓာ၏ ရှုထောင့်မှတစ်ဆင့် ခမည်းတော် ဘုရားသခင်က သူ့ကို တာဝန်ပေးစေခိုင်းထားသောအရာကို ဖြည့်ဆည်းလုပ်ဆောင်သည်။ ယင်းမှာ လူသားတို့ မကြိုးပမ်း မဆောင်ရွက်နိုင်သော အရာမျိုးဖြစ်သည်။ စာတန်ထံမှ လာသောအရာတွင် ဘုရားသခင်၏ဂုဏ်ဒြပ် မရှိနိုင်ပါ၊ ဘုရားသခင်ကို မနာခံဘဲ ဆန့်ကျင်ပုန်ကန်သည့် သဘောသာရှိသည်။ ဘုရားသခင်၏ အလိုတော်ကို လိုလားစွာ နာခံရန်မဆိုထားနှင့်၊ ဘုရားသခင်ကို အပြည့်အဝပင် မနာခံနိုင်ပါ။ ခရစ်တော်မှလွဲ၍ လူသားအားလုံးတို့မှာ ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သည့်အရာကို လုပ်နိုင်ကြသည်၊ ဘုရားသခင် တာဝန်ပေးစေခိုင်းထားသည့် အလုပ်မျိုးကိုမူ မည်သူမျှ တိုက်ရိုက် မဆောင်ရွက်နိုင်ပါ၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုကို ၎င်းတို့ထမ်းဆောင်ရမည့် ကိုယ်ပိုင်တာဝန်ဝတ္တရားကဲ့သို့ မည်သူမျှ မမှတ်ယူနိုင်ပါ။ ခမည်းတော် ဘုရားသခင်၏ အလိုတော်ကို ကျိုးနွံနာခံခြင်းမှာ ခရစ်တော်၏ ဂုဏ်ဒြပ်ဖြစ်သည်၊ ဘုရားသခင်ကို မနာခံဘဲ ဆန့်ကျင်ပုန်ကန်မှုမှာ စာတန်၏ ပင်ကိုလက္ခဏာဖြစ်သည်။ ဤစရိုက်နှစ်မျိုးမှာ တစ်ခုနှင့်တစ်ခု သဟဇာတ မဖြစ်နိုင်ပါ၊ ထို့ပြင် စာတန်၏ စရိုက်များရှိသည့် မည်သူကိုမဆို ခရစ်တော်ဟု ခေါ်၍မရပါ။ လူသားသည် ဘုရားသခင်၏နေရာတွင် ဘုရားအလုပ်ကို မလုပ်နိုင်ရသည့် အကြောင်းရင်းမှာ လူသား၌ ဘုရားသခင်၏ မည်သည့်ဂုဏ်ဒြပ်မျှ မရှိနေသောကြောင့်ဖြစ်သည်။ လူသားသည် သူ၏ကိုယ်ပိုင်အကျိုးအမြတ်များနှင့် သူ၏အနာဂတ်အလားအလာများ အတွက်သာ ဘုရားအတွက် အလုပ်လုပ်တတ်သည်၊ သို့သော် ခရစ်တော်မှာမူ ခမည်းတော် ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ရန်အတွက် အလုပ်လုပ်ခြင်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်၏ဂုဏ်ဒြပ်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်၏ အလိုတော်ကို ဆောင်ခြင်းဖြစ်သည်” မှ

၁၆။ ခရစ်တော်၏ လူ့သဘာဝကို သူ၏ဘုရားသဘောသဘာဝက လွှမ်းမိုးထိန်းချုပ်ထားသည်။ သူသည် ဇာတိခန္ဓာထဲ၌ ရှိနေသော်လည်း၊ သူ၏ လူ့သဘာဝမှာ လူသားတစ်ယောက်၏ ခန္ဓာကိုယ် တည်ဆောက်ထားသကဲ့သို့နှင့် လုံးလုံးမတူညီပါ။ သူ့ထံ၌ ကိုယ်ပိုင်တစ်မူထူးခြားသော ဝိသေသလက္ခဏာရပ်ရှိပြီး ထိုအရာကိုလည်း သူ၏ဘုရားသဘောသဘာဝက လွှမ်းမိုးထိန်းချုပ်ထားသည်။ သူ၏ဘုရားသဘောသဘာဝထဲ၌ အားနည်းမှု မရှိ၊ ခရစ်တော်၏ အားနည်းမှုမှာ သူ၏လူ့သဘာဝကို ရည်ညွှန်းခြင်းဖြစ်သည်။ အတိုင်းအတာ တစ်ခုအထိ ယင်းအားနည်းမှုက သူ၏ဘုရားသဘောသဘာဝကို ဘောင်ခတ်ထားသည်၊ သို့သော် ယင်းအကန့်အသတ်မှာ နယ်ပယ်အချို့နှင့် အချိန်အတိုင်းအတာအချို့ အတွင်း၌သာရှိပြီး အတိုင်းမသိ ကျယ်ပြန့်မနေပါ။ သူ၏ဘုရားသဘောသဘာဝ အလုပ်မျိုးကို ဆောင်ရွက်ရသည့်အခါ၌ လူ့သဘာဝကို ဂရုမထားဘဲ ဆောင်ရွက်ပြီးစီးသည်။ ခရစ်တော်၏ လူ့သဘာဝကို သူ၏ဘုရားသဘောသဘာဝက တစ်ခုလုံး စီမံညွှန်ကြားပေးသည်။ သူ့လူ့သဘာဝ၏ သာမန်ဘဝမှအပ လူ့သဘာဝ၏ လုပ်ဆောင်မှုအားလုံးတို့ကို သူ၏ဘုရားသဘောသဘာဝက လွှမ်းမိုးထားပြီး အကျိုးသက်ရောက်စေသည့်အပြင် စီမံညွှန်ကြားပေးသည်။ ခရစ်တော်၌ လူ့သဘာဝ ရှိနေလင့်ကစား၊ ထိုလူ့သဘာဝသည် သူ့ဘုရားသဘောသဘာဝ၏ အလုပ်ကို မနှောင့်ယှက်ချေ။ ဤသို့ဖြစ်ရခြင်းမှာ ခရစ်တော်၏ လူ့သဘာဝကို သူ၏ဘုရားသဘောသဘာဝက စီမံလမ်းညွှန်ပေးမှုကြောင့်ပင်ဖြစ်သည်၊ သူ၏လူ့သဘာဝမှာ အခြားသူများ ရှေ့မှောက်၌ ရင့်ကျက်သည့်ပုံစံမျိုး မရှိသော်ငြားလည်း သူ့ဘုရားသဘောသဘာဝ၏ သာမန်အလုပ်ကို ထိခိုက်မှု မရှိပါ။ သူ၏လူ့သဘာဝမှာ ယိုယွင်းဖျက်ဆီးခြင်း မခံခဲ့ရဟု ငါပြောရာတွင်၊ ခရစ်တော်၏ လူ့သဘာဝကို သူ၏ဘုရားသဘောသဘာဝမှ တိုက်ရိုက် စီမံလမ်းညွှန်ပေးနိုင်ခြင်းနှင့် ခရစ်တော်သည် သာမန်လူသားထက် သာလွန်သည့် အသိတရားအား ပိုင်ဆိုင်ထားခြင်းကို ဆိုလိုသည်။ သူ၏ လူ့သဘာဝအနေဖြင့် အလုပ်ကို ဆောင်ရွက်ရာ၌ ဘုရားသဘောသဘာဝ၏ စီမံလမ်းညွှန်မှုကို ခံယူမှသာ အသင့်လျော်ဆုံး ဖြစ်ပါသည်၊ သူ၏လူ့သဘာဝမှာ ဘုရားသဘောသဘာဝ၏အလုပ်ကို အကောင်းဆုံး ဖော်ပြပေးနိုင်သကဲ့သို့ ယင်းသို့သော အလုပ်ကိုလည်း အကောင်းဆုံး ကျိုးနွံနာခံ လုပ်ဆောင်နိုင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်၏ဂုဏ်ဒြပ်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်၏ အလိုတော်ကို ဆောင်ခြင်းဖြစ်သည်” မှ

၁၇။ ပထမ လူ့ဇာတိခံယူသော ဘုရားသခင်သည် လူ့ဇာတိခံယူခြင်း၏ အလုပ်ကို ပြီးမြောက်အောင် မလုပ်ဆောင်ခဲ့ပေ၊ သူသည် အလုပ်၏ ပထမအဆင့်ကိုသာ ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ ၎င်းသည် ဘုရားသခင်အတွက် ဇာတိခန္ဓာထဲ၌ လုပ်ဆောင်နိုင်ရန် လိုအပ်ခဲ့သည်။ ထို့ကြောင့် လူ့ဇာတိခံယူခြင်း၏ အလုပ်ကို ပြီးဆုံးစေရန် အလို့ငှာ၊ ဘုရားသခင်သည် ဇာတိခန္ဓာထဲသို့ နောက်တစ်ကြိမ် ပြန်ကြွလာခဲ့ပြီး၊ ဇာတိခန္ဓာ၏ သာမန် သဘောနှင့် စစ်မှန်သောသဘော အားလုံးကို အသက်ရှင်နေထိုင်သွားသည်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အကြွင်းမဲ့ ပုံမှန်ဖြစ်သော သာမန် ဇာတိခန္ဓာထဲတွင် ထင်ရှားပြသစေခြင်း ဖြစ်သည်၊ ဤနည်းအားဖြင့် သူမလုပ်ဆာင်ရသေးသည့် ဇာတိခန္ဓာထဲမှ အလုပ်ကို အဆုံးသတ်သွား၏။ ဒုတိယအကြိမ် ခံယူသော ဇာတိခန္ဓာသည် အနှစ်သာရအားဖြင့် ပထမအကြိမ်နှင့် တူသော်လည်း၊ ပထမအကြိမ်ထက် သာ၍ပင် လက်တွေ့ကျသည်၊ သာ၍ပင် သာမန်ဖြစ်သည်။ အကျိုးဆက်အနေနှင့်၊ ဒုတိယအကြိမ် ခံယူသော ဇာတိခန္ဓာ၏ ခံစားရသော ဆင်းရဲဒုက္ခသည် ပထမအကြိမ်ထက် ပို၍ ကြီးမားသည်၊ သို့သော် ဤဆင်းရဲဒုက္ခသည် လူ့ဇာတိ၌ လုပ်ဆောင်သော သူ့အမှုတော်၏ ရလဒ်သာဖြစ်ပြီး၊ ၎င်းသည် ယိုယွင်းပျက်စီး နေသော လူသားများ၏ ဆင်းရဲဒုက္ခနှင့် ကွဲပြားခြားနားသည်။ ၎င်းသည်လည်း သူ့ဇာတိခန္ဓာ၏ သာမန်သဘောနှင့် စစ်မှန်သောသဘောမှ ပေါ်ထွက်လာသည်။ သူ၏ အမှုတော်ကို သူသည် အကြွင်းမဲ့ သာမန်ဖြစ်ကာ စစ်မှန်သော ဤဇာတိခန္ဓာထဲတွင် ထမ်းဆောင်သည့်အတွက်၊ ဇာတိခန္ဓာသည် အကြီးအကျယ် ခက်ခဲမှုကို ခံရပ်ရမည်။ သူ၏ဇာတိခန္ဓာမှာ ပို၍ လက်တွေ့ကျပြီး သာမန်ဖြစ်လေလေ၊ သူ၏ အမှုတော်ကို ထမ်းဆောင်ရာတွင် ပို၍ သဆင်းရဲဒုက္ခခံစားရလေလေ ဖြစ်လိမ့်မည်။ ဘုရားသခင်၏အလုပ်သည် အလွန်သာမန်ဖြစ်သော ဇာတိခန္ဓာထဲတွင် ဖော်ပြခြင်းခံရသည်၊ လုံးဝသဘာဝလွန် မဟုတ်သော ဇာတိခန္ဓာလည်း ဖြစ်သည်။ သူ၏ ဇာတိခန္ဓာသည် သာမန် ဖြစ်ပြီး လူသားအား ကယ်တင်ခြင်း အလုပ်ကိုလည်း ပခုံးထမ်းရမည် ဖြစ်သဖြင့်၊ သူသည် သဘာဝလွန် ဇာတိခန္ဓာက ခံရမည့် ဆင်းရဲဒုက္ခထက် ပို၍ ကြီးမားသော အတိုင်းအတာကို ခံစားခဲ့ရသည်၊ ဤဆင်းရဲဒုက္ခ အားလုံးသည် သူ့ဇာတိခန္ဓာ၏ သာမန်သဘောနှင့် လက်တွေ့ကျသော သဘောမှ ပေါ်ထွက် လာသည်။ သူတို့၏ အမှုတော်များကို ထမ်းဆောင်နေစဉ်အတွင်း ကြုံတွေ့ခဲ့ရသည့် ဇာတိခန္ဓာ နှစ်ခု၏ ဆင်းရဲဒုက္ခမှ လူ့ဇာတိခံယူသော ခန္ဓာ၏ အနှစ်သာရကို တွေ့မြင်နိုင်သည်။ ဇာတိခန္ဓာသည် ပို၍ သာမန်ဖြစ်လေလေ၊ အလုပ်ကို ဆောင်ရွက်ချိန်တွင် သူသည် ကြံ့ကြံ့ခံရမည့် အခက်အခဲ ပို၍ ကြီးမားလေလေ ဖြစ်သည်၊ အလုပ်ကို လုပ်ဆောင်သည့် ဇာတိခန္ဓာသည် ပို၍ စစ်မှန်လေလေ၊ လူများ၏ အယူ အဆများ ပို၍ ပြင်းထန်လာလေလေ ဖြစ်ပြီး၊ သူ့အပေါ် ဘေးအန္တရာယ်များ ပို၍ကျရောက်လာနိုင်လေလေ ဖြစ်သည်။ သို့ဆိုသော်ငြားလည်း ဇာတိခန္ဓာသည် ပို၍ စစ်မှန်လေလေ၊ ဇာတိခန္ဓာသည် လိုအပ်ရာများနှင့် သာမန် သက်ရှိ လူသားတစ်ယောက်၏ အသိစိတ်အပြည့်အစုံတို့ကို ပို၍ ပိုင်ဆိုင်လေလေ ဖြစ်ပြီး၊ ဘုရားသခင်၏ အလုပ်ကို ဇာတိခန္ဓာထဲ၌ သာ၍ဆောင်ရွက်နိုင်လေလေဖြစ်သည်။ ကားတိုင်ပေါ်တွင် သံမှို ရိုက်နှက်ခြင်း ခံခဲ့ရသည်မှာ ယေရှု၏ ဇာတိခန္ဓာပင် ဖြစ်ပြီး၊ အပြစ်ဖြေရာယဇ်အနေနှင့် ပေးအပ် ခဲ့သော သူ၏ ဇာတိခန္ဓာ် ဖြစ်သည်၊ သူစာတန်ကို အနိုင်ယူပြီး လူသားကို လက်ဝါးကပ်တိုင်မှ အကြွင်းမဲ့ ကယ်တင်ခဲ့ခြင်းမှာလည်း သာမန်လူ့သဘာဝရှိသော ဇာတိခန္ဓာ အားဖြင့်ပင် ဖြစ်သည်။ ထို့အပြင် ဒုတိယအကြိမ် လူ့ဇာတိခံယူသော ဘုရားသခင်သည် သိမ်းပိုက်အောင်မြင်သော အလုပ်ကို ထမ်းဆောင်ပြီး စာတန်ကို အနိုင်ယူခြင်းမှာလည်း ပြီးပြည့်စုံသော ဇာတိခန္ဓာ အနေနှင့်ပင် ဖြစ်သည်။ လုံး၀ သာမန်ဖြစ်ပြီး စစ်မှန်သော ဇာတိခန္ဓာမှသာလျှင် သိမ်းပိုက်အောင်နိုင်ခြင်း အလုပ်တစ်ခုလုံးကို ထမ်းဆောင်နိုင်မည်ဖြစ်ပြီး အားမာန်အပြည့်နှင့် သက်သေခံနိုင်မည်ဖြစ်သည်။ ဆိုလိုသည်မှာ်၊ သဘာဝလွန်သော အံ့သြဖွယ်ရာများနှင့် ဖွင့်ပြချက်များမှတစ်ဆင့် မဟုတ်ဘဲ၊ ဇာတိခန္ဓာထဲရှိ ဘုရားသခင်၏ စစ်မှန်ခြင်းနှင့် သာမန်သဘောာမှတစ်ဆင့်သာ လူသားအား သိမ်းပိုက်အောင်နိုင်ခြင်း အလုပ်ကို ထိထိရောက်ရောက် လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ ဤလူ့ဇာတိခံယူသော ဘုရားသခင်၏ အမှုတော်မှာ စကားပြောရန်ဖြစ်ပြီး၊ ဤနည်းဖြင့် လူသားကို သိမ်းပိုက်အောင်နိုင်ပြီး စုံလင်စေရန် ဖြစ်သည်၊ တစ်နည်းဆိုရလျှင်၊ ဇာတိခန္ဓာထဲတွင် သဏ္ဌာန်ဖော်ထားသော ဝိညာဉ်တော်၏ အလုပ်၊ ဇာတိခန္ဓာ၏ တာဝန်မှာ စကားပြောရန်ဖြစ်ပြီး ဤနည်းအားဖြင့် လူသားကို လုံး၀သိမ်းပိုက်အောင်နိုင်၊ ဖွင့်ပြကာ စုံလင်စေပြီး ပယ်ရှင်းရန်ပင် ဖြစ်သည်။ ထို့ကြောင့် သိမ်းပိုက်အောင်နိုင်ခြင်း အလုပ်အားဖြင့် ဇာတိခန္ဓာထဲရှိ ဘုရားသခင် အလုပ်သည် အပြည့်အဝ ပြီးမြောက် အောင်မြင်မည် ဖြစ်သည်။ ကနဦး ရွေးနုတ်ကယ်တင်ခြင်း အလုပ်သည် လူ့ဇာတိခံယူခြင်း အလုပ်၏ အစအဦးပိုင်းမျှသာ ဖြစ်သည်၊ သိမ်းပိုက်အောင်နိုင်ခြင်း အလုပ်ကို လုပ်ဆောင်သည့် ဇာတိခန္ဓာသည် လူ့ဇာတိခံယူခြင်း၏ အလုပ်တစ်ခုလုံးကို ပြီးပြည့်စုံစေ လိမ့်မည် ဖြစ်သည်။ လိင်သတ်မှတ်ချက်တွင်၊ တစ်ဦးသည် အမျိုးသားဖြစ်ပြီး အခြားတစ်ဦးမှာ အမျိုးသမီး ဖြစ်သည်၊ ဤတွင် ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်သည် ပြီးပြည့်စုံသွားပြီ ဖြစ်သည်။ ၎င်းသည် ဘုရားသခင်နှင့် ပတ်သက်သည့် လူသားများ၏ အယူအဆ လွဲမှားများကို ပပျောက်စေသည်၊ သူသည် အမျိုးသား၊ အမျိုးသမီး နှစ်မျိုးစလုံးဖြစ်နိုင်ပြီး၊ လူ့ဇာတိခံယူသော ဘုရားသခင်သည် အနှစ်ချုပ်အားဖြင့် လိင်သတ်မှတ်ချက် မရှိပေ။ ဘုရားသခင်သည် ယောက်ျားနှင့် မိန်းမ နှစ်မျိုးစလုံးကို ဖန်ဆင်းခဲ့ပြီး၊ သူသည် ကျား၊မ အကြား ခွဲခြားမှု မပြုပေ။ အလုပ်၏ ဤအဆင့်တွင် ဘုရားသခင်သည် နိမိတ် လက္ခဏာများနှင့် အံ့ဖွယ်သောအမှုများကို မလုပ်ဆောင်သည်မှာ အလုပ်သည် နှုတ်ကပတ်တော်များအားဖြင့်သာ ရလဒ်များကို ရရှိရန်အတွက် ဖြစ်သည်။ ထို့အပြင်၊ ဤသို့ဖြစ်ရခြင်းအကြောင်းရင်းမှာ လူ့ဇာတိခံယူသော ဘုရားသခင်၏အလုပ်မှာ ဤအကြိမ်တွင် နာမကျန်းသောသူကို ကျန်းမာစေရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ရန် မဟုတ်ဘဲ၊ စကားပြောခြင်းအားဖြင့်သာ လူသားကို သိမ်းပိုက်အောင်နိုင်ရန်ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသခင် ခံယူထားသော ဤလူ့ဇာတိမှ ပိုင်ဆိုင်ထားသော ပင်ကိုစွမ်းရည်မှာ နှုတ်ကပတ်တော်များကို ပြောဆိုပြီး လူသားကို သိမ်းပိုက်အောင်နိုင်ရန်ပင် ဖြစ်သည်၊ နာမကျန်းသူကို ကျန်းမာစေရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ရန်မဟုတ်ပေ။ သာမန် လူ့သဘာဝထဲရှိ သူ၏အလုပ်သည် အံ့သြဖွယ်ရာများကို ပြုလုပ်ရန် မဟုတ်၊ နာမကျန်းသူကို ကျန်းမာစေရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ရန်လည်း မဟုတ်ဘဲ၊ စကားပြောရန်သာ ဖြစ်သည်၊ ထို့ကြောင့် ဒုတိယအကြိမ် ခံယူသော ဇာတိခန္ဓာသည် လူများအတွက် ပထမတစ်ကြိမ်ထက် ပို၍ သာမန်ဖြစ်သည်ဟု ထင်ရသည်။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် မုသားမဟုတ်မှန်း သိမြင်ကြ သော်လည်း၊ ဤလူ့ဇာတိခံယူသော ဘုရားသခင်သည် ယေရှု လူ့ဇာတိခံယူခြင်းနှင့် ကွဲပြားခြားနားပြီး၊ သူတို့ နှစ်ဦးစလုံးသည် လူ့ဇာတိခံယူသော ဘုရားသခင်ဖြစ်သော်လည်း၊ သူတို့သည် လုံး၀တူညီနေခြင်းကား မဟုတ်ပေ။ ယေရှုသည် ပုံမှန် လူ့သဘာဝ၊ သာမန် လူ့သဘာဝကို ပိုင်ဆိုင်ခဲ့သော်လည်း၊ သူသည် နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်ရာများနှင့် ဒွန်တွဲနေခဲ့သည်။ ဤလူ့ဇာတိခံယူသော ဘုရားသခင်တွင် လူသားမျက်လုံးများ အနေနှင့် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများသော်လည်းကောင်း၊ နာမကျန်း သောသူကို ကျန်းမာစေခြင်းသော် လည်းကောင်း၊ နတ်ဆိုးများကို မောင်းထုတ်ခြင်းသော် လည်းကောင်း၊ ပင်လယ်ပေါ်၌ လမ်းလျှောက်ခြင်းကိုသော် လည်းကောင်း၊ ရက်လေးဆယ် အစာရှောင်ခြင်းကိုသော် လည်းကောင်း အစရှိသည်တို့ကို မြင်တွေ့ရလိမ့်မည် မဟုတ်ပေ။ သူသည် ယေရှု လုပ်ဆောင်ခဲ့သည့် အလုပ်ကိုပင် မလုပ်ဆောင်ပေ၊ အကြောင်းမှာ သူ၏ ဇာတိခန္ဓာသည် အနှစ်သာရအားဖြင့် ယေရှု၏ ဇာတိခန္ဓာနှင့် ကွဲပြားခြားနားသောကြောင့် မဟုတ်ဘဲ၊ သူ၏ အမှုတော်မှာ နာမကျန်းသောသူကို ကျန်းမာ စေရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ရန် မဟုတ်သည့် အတွက်ကြောင့်ပင် ဖြစ်သည်။ သူသည် သူ၏ ကိုယ်ပိုင် အလုပ်ကို မဖြိုဖျက်ပေ၊ သူ၏ ကိုယ်ပိုင်အလုပ်ကို မနှောင့်ယှက််ပေ။ သူသည် လူသားကို သူ၏ စစ်မှန်သော နှုတ်ကပတ်တော်များအားဖြင့် သိမ်းပိုက်အောင်နိုင်သည့်အတွက်၊ လူသားကို အံ့သြဖွယ်ရာများနှင့် ချိုးနှိမ်ရန် မလိုအပ်တော့ပေ၊ ထို့ကြောင့် ဤအဆင့်သည် လူ့ဇာတိခံယူခြင်း အလုပ်ကို ပြီးပြည့်စုံစေရန် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင် ကိန်းဝပ်သော ဇာတိခန္ဓာ၏ အနှစ်သာရ” မှ

၁၈။ ဘုရားသခင်လုပ်ဆောင်ခဲ့သည့် အမှုအဆင့်အသီးသီးတို့၌ ၎င်းတို့၏ကိုယ်ပိုင် လက်တွေ့ကျသော ရည်ရွယ်ချက်ရှိသည်။ ထိုစဉ်အချိန်က ယေရှုကြွလာခဲ့သောအခါ၊ သူသည် အမျိုးသားတစ်ဦး ဖြစ်ခဲ့သည်၊ ယခုတစ်ကြိမ် ဘုရားသခင်ကြွလာသောအခါမူ သူသည် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဤအရာမှ ဘုရားသခင်သည် အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးလုံးကို သူ၏အမှုအတွက် ဖန်ဆင်းခဲ့သည်ဆိုခြင်းကို သင်မြင်နိုင်သည်၊ ထို့ပြင် သူ့ထံတွင် ကျားမခွဲခြားခြင်း မရှိပေ။ သူ၏ဝိညာဉ်တော် ကြွလာသည့်အခါတွင် သူ့အနေဖြင့် သူနှစ်သက်သည့် မည်သည့်ဇာတိခန္ဓာကိုမဆို ခံယူနိုင်ပြီး သူ့ကို ကိုယ်စားပြုနိုင်သည့် ဇာတိခန္ဓာကို ခံယူနိုင်ပေသည်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ဘုရားသခင်ခံယူသော ဇာတိခန္ဓာဖြစ်နေသရွေ့၊ ယင်းသည် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သည်။ အကယ်၍ ယေရှုကြွလာခဲ့သည့် အချိန်တွင် သူ့အနေဖြင့် အမျိုးသမီးအသွင်နှင့် ပေါ်လာခဲ့ပါလျှင်၊ တစ်နည်းအားဖြင့် အကယ်၍ သားယောက်ျားမဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်သော သမီးမိန်းကလေးဖြစ်ခဲ့လျှင် အမှု၏ထိုအဆင့်သည် ထပ်တူညီစွာ ပြီးပြည့်စုံခဲ့မည်ပင် ဖြစ်သည်။ အကယ်၍ ထိုကဲ့သို့သာ ဖြစ်ခဲ့မည်ဆိုပါက၊ အမှု၏ ယခုလက်ရှိအဆင့်ကို အမျိုးသားက ပြီးမြောက်အောင် လုပ်ဆောင်ရမည်ဖြစ်ပြီး၊ အမှုသည်လည်း ထပ်တူညီစွာပင် ပြီးမြောက်လာမည်ဖြစ်သည်။ အဆင့်အသီးသီးတွင် လုပ်ဆောင်ခဲ့သော အမှုသည် ညီတူညီမျှပင် အရေးပါသည်။ မည်သည့်အဆင့်၏ အမှုကမျှ ထပ်ကျော့မပြန်သကဲ့သို့ အခြားအဆင့်တစ်ခုနှင့်လည်း ကွဲပြားဆန့်ကျင်ခြင်း မရှိချေ။ ထိုအချိန်က ယေရှုသည် သူ၏အမှုကို လုပ်ဆောင်ရာ၌ တစ်ပါးတည်းသောသားတော်ဟူ၍ ခေါ်ဝေါ်သမုတ်ခြင်းကို ခံခဲ့ရသည်၊ ထို့ပြင် “သား” ဆိုသည့်အရာမှာ အမျိုးသားကို ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။ သို့ဖြစ်လျှင် ဤအဆင့်တွင် အဘယ်ကြောင့် တစ်ပါးတည်းသောသားတော်သည် ဖော်ပြခြင်းမခံရသနည်း။ အဘယ်ကြောင့်ဆိုသော် အမှု၏လိုအပ်မှုများသည် ယခုအခါတွင် ယေရှုကဲ့သို့ မဟုတ်ဘဲ ကျားမပြောင်းလဲရန် လိုအပ်လာသောကြောင့်ဖြစ်သည်။ ဘုရားသခင်အတွက်မူ ကျားမကွဲပြားခြင်း မရှိပေ။ သူသည် သူ၏စိတ်ဆန္ဒရှိသည့်အတိုင်း သူ၏အမှုကို လုပ်ဆောင်သည်၊ ထို့ပြင် သူ၏အမှုကို လုပ်ဆောင်ရာတွင် သူသည် မည်သည့်ချုပ်နှောင်ကန့်သတ်မှုကိုမျှ မခံရဘဲ အထူးသဖြင့် လွတ်လပ်ပေသည်။ မည်သို့ပင်ဖြစ်စေကာမူ အမှု၏အဆင့်တိုင်းတွင် ၎င်းတို့၏ကိုယ်ပိုင်လက်တွေ့ကျသော ရည်ရွယ်ချက်ရှိသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်” မှ

၁၉။ ယေရှု၏ အလုပ်၌ လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်မှာ ပြီးပြည့်စုံခဲ့ခြင်းမရှိဟု ငါပြောရခြင်းမှာ အဘယ်ကြောင့်နည်း။ အကြောင်းမှာ နှုတ်ကပတ်တော်သည် ဇာတိခန္ဓာ လုံးလုံးလျားလျား ဖြစ်မလာခဲ့ သောကြောင့်ဖြစ်သည်။ ယေရှုပြုခဲ့သည့်အရာမှာ ဇာတိခန္ဓာထဲရှိ ဘုရားသခင် အလုပ်၏ တစ်စိတ် တစ်ပိုင်းမျှသာ ဖြစ်သည်၊ သူသည် ရွေးနုတ်ကယ်တင်ခြင်း အလုပ်ကိုသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ လူသားအား လုံး၀ ရယူပိုင်ဆိုင်ခြင်း အလုပ်ကို မလုပ်ဆောင်ခဲ့ပေ။ ဤအကြောင်းကြောင့်ပင် ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် နောက်တစ်ကြိမ် လူ့ဇာတိခံယူခြင်းဖြစ်သည်။ အလုပ်၏ ဤအဆင့်သည်လည်း သာမန်ဇာတိခန္ဓာ၌ ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး၊ လုံး၀ သာမန်ဖြစ်သော လူသားတစ်ဦးမှ ထမ်းဆောင်ခဲ့ခြင်းလည်း ဖြစ်သည်၊ ထိုသူ၏ လူ့သဘာဝမှာ စိုးစဉ်းမျှပင် ထူးကဲသာလွန်ခြင်း မရှိပေ။ အခြားတစ်နည်းနှင့် ဆိုရလျှင်၊ ဘုရားသခင်သည် လုံး၀ သက်ရှိလူသား ဖြစ်လာခဲ့ပြီး၊ သူ၏ကိုယ်ပိုင် လက္ခဏာသည် ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာဖြစ်ပြီး၊ အလုပ်ကို ထမ်းဆောင်နေသည့် လုံး၀သက်ရှိလူသား၊ လုံး၀ ဇာတိခန္ဓာဖြစ်သည်။ လူ့အမြင်တွင် သူသည် လုံး၀ ထူးကဲသာလွန်ခြင်း မရှိသော ဇာတိခန္ဓာပင် ဖြစ်ပြီး၊ ကောင်းကင် ဘာသာစကားကို ပြောဆိုနိုင်သော ပကတိ သာမန်လူပုဂ္ဂိုလ် တစ်ဦး၊ စည်းဝေးခန်းမကြီးများတွင် ဘာသာရေး၏ အတွင်းကျသော အမှန်တရားကို ထုတ်ဖော်ပြရန် မဆိုထားနှင့် အံ့သြဖွယ် နိမိတ်လက္ခဏာများ ဘာမျှမပြသူ၊ အံ့ဖွယ်ရာများ ဘာမျှ မလုပ်ဆောင်သူသာ ဖြစ်သည်။ ဒုတိယ အကြိမ် ခံယူသော ဇာတိခန္ဓာ၏ အလုပ်သည် လူများအတွက် ပထမ အကြိမ်နှင့် လုံးဝ မတူကွဲပြား နေသကဲ့သို့ ထင်ရသည်၊ ထိုကဲ့သို့ ကွဲပြားလှသည့်အတွက် သူတို့နှစ်ခုတွင် တူသောအရာ ဘာမျှ မရှိဟု ထင်မှတ်ရပြီး၊ ပထမ အလုပ်နှင့်သက်ဆိုင်သော မည်သည့်အရာကိုမျှ ဤကာလတွင် မမြင်တွေ့နိုင်ပေ။ ဒုတိယအကြိမ် ခံယူသော ဇာတိခန္ဓာ၏ အလုပ်သည် ပထမအကြိမ်၏ အလုပ်နှင့် ကွဲပြားခြားနားသော်လည်း၊ ထိုအချက်က သူတို့၏ အရင်းအမြစ်သည် တစ်ခုတည်းမဟုတ်၊ အရင်းအမြစ်ချင်းမတူဟု သက်သေမပြပေ။ သူတို့၏ အရင်းအမြစ်သည် တစ်ခုတည်း ဟုတ်၊ မဟုတ် ဆိုသည်မှာ သူတို့၏ အပြင်ပိုင်းသဏ္ဌာန်များအပေါ်၌ မူတည်ခြင်း မရှိဘဲ၊ ဇာတိခန္ဓာများမှ လုပ်ဆောင်ခဲ့သည့် အလုပ်၏ သဘာဝ အပေါ်တွင်သာ မူတည်သည်။ သူ့အလုပ်၏ အဆင့်သုံးဆင့် အတောအတွင်း၊ ဘုရားသခင်သည် နှစ်ကြိမ် လူ့ဇာတိခံယူခဲ့ပြီး၊ နှစ်ကြိမ်စလုံးတွင် ဘုရားသခင်၏ လူ့ဇာတိခံယူသော အလုပ်သည် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ပေးသည်၊ အလုပ်သစ်တစ်ခုကို အစပြုပေးသည်၊ လူ့ဇာတိခံယူခြင်းများသည် တစ်ခုနှင့်တစ်ခု အပြန်အလှန်ပြည့်စုံစေသည်။ ဇာတိခန္ဓာနှစ်ပါးသည် အရင်းအမြစ် တစ်ခုတည်းမှ အမှန်တကယ်လာသည် ဆိုခြင်းကို လူသားမျက်လုံးများဖြင့် မြင်နိုင်ရန်မှာမူ မဖြစ်နိုင်ပေ။ ထိုသို့မြင်နိုင်ဖို့ဆိုသည်မှာ လူသားမျက်လုံးနှင့် လူသားစိတ်တို့၏ တတ်စွမ်းနိုင်သည်ထက် လွန်သည်ဆိုခြင်းကို ပြောရန်ပင် မလိုအပ်ပေ။ သို့သော် ၎င်းတို့၏ အနှစ်သာရ၌မူ ၎င်းတို့သည် အတူတူပင်ဖြစ်သည်၊ အကြောင်းမှာ သူတို့၏ အလုပ်သည် ဝိညာဉ်တော်တစ်ပါးတည်းမှ အရင်းပြုသောကြောင့် ဖြစ်သည်။ ခံယူသော ဇာတိခန္ဓာ နှစ်ပါးသည် တူညီသော အရင်းအမြစ်မှ ပေါ်ထွက်လာခြင်း ဟုတ်၊ မဟုတ်ဆိုသည်ကို သူတို့ မွေးဖွားခဲ့သည့် ခေတ်ကာလနှင့် နေရာဒေသများအားဖြင့် သို့မဟုတ် ထိုကဲ့သို့သော အခြားအကြောင်းရင်းများဖြင့် ဆုံးဖြတ်၍ မရဘဲ၊ သူတို့မှ ဖော်ပြသည့် ဘုရားသဘောသဘာဝ အလုပ်အားဖြင့်သာ ဆုံးဖြတ်၍ ရမည်ဖြစ်သည်။ ဒုတိယအကြိမ် ခံယူသော ဇာတိခန္ဓာသည် ယေရှုလုပ်ဆောင်ခဲ့သော အလုပ်နှင့်သက်ဆိုင်သော မည်သည့်အရာကိုမျှ ဆောင်ရွက်ခြင်းမရှိပေ၊ အကြောင်းမှာ ဘုရားသခင်၏ အလုပ်သည် လုပ်ရိုး လုပ်စဉ်များကို မလိုက်နာဘဲ၊ အကြိမ်တိုင်းတွင် ၎င်းသည် လမ်းအသစ်ကို ဖွင့်ပေးသောကြောင့် ဖြစ်သည်။ ဒုတိယအကြိမ် ခံယူသော ဇာတိခန္ဓာသည် လူများ၏ စိတ်ထဲရှိသော ပထမ ဇာတိခန္ဓာအပေါ် ထင်မြင်ချက်ကို နက်ရှိုင်းစေရန် သို့မဟုတ် ခိုင်ခံ့စေရန် မရည်ရွယ်ဘဲ၊ ဖြည့်စွက်ရန်နှင့် စုံလင်စေရန်၊ ဘုရားသခင်နှင့် ပတ်သက်သည့် လူသား၏ အသိ ပညာကို နက်ရှိုင်းစေရန်၊ လူတို့၏ နှလုံးသားများထဲ၌ တည်ရှိသော စည်းကမ်းများ အားလုံးကို ချိုးဖျက်ရန်နှင့် သူတို့၏ နှလုံးသားများထဲ၌ ရှိသော ဘုရားသခင်နှင့် ပတ်သက်သည့် မှားယွင်းသော ပုံရိပ်ကို သုတ်သင် ပယ်ရှင်းရန် ဖြစ်သည်။ ဘုရားသခင် ကိုယ်ပိုင်အလုပ်၏ မည်သည့်သီးသန့်အဆင့် တစ်ဆင့်ကမျှ လူသားကို သူနှင့်ပတ်သက်သည့် စုံလင်သည့် အသိပညာကို မပေးနိုင်ဟု ပြော၍ရသည်၊ တစ်ဆင့်စီသည် တစ်စိတ် တစ်ပိုင်းကိုသာ ပေးပြီး၊ အလုံးစုံကို မပေးပေ။ ဘုရားသခင်သည် သူ၏ စိတ်သဘောထားကို အပြည့်အဝ ဖော်ပြခဲ့ပြီး ဖြစ်သော်လည်း၊ လူသား၏ နည်းပါးသော နားလည်နိုင်စွမ်းကြောင့် ဘုရားသခင်နှင့် ပတ်သက်သော သူ၏ အသိပညာမှာ မပြည့်မစုံဘဲ ရှိနေသည်။ လူ့ဘာသာ စကားကို အသုံးပြု၍ ဘုရားသခင်၏ စိတ်သဘောထား အလုံးစုံကို ဖော်ပြရန်မှာ မဖြစ်နိုင်ပေ၊ သူ့အလုပ်၏ အဆင့်တစ်ဆင့်တည်းက ဘုရားသခင်ကို အပြည့်အဝ ဖော်ပြနိုင်ရန်မှာ ထိုထက် မည်မျှ သာ၍နည်းမည်နည်း။ သူ့သာမန် လူ့သဘာဝဖြင့် ကွယ်ဝှက်ထားသော ဇာတိခန္ဓာဖြင့် သူအလုပ်လုပ်ပြီး သူ၏ ခန္ဓာသဏ္ဌာန်အားဖြင့် မဟုတ်ဘဲ သူ၏ဘုရားသဘောသဘာဝ၏ ဖော်ပြမှုများအားဖြင့်သာ သူ့ကို သိကျွမ်းနိုင်သည်။ သူ၏ အမျိုးမျိုးသော အလုပ်အားဖြင့် လူသားက သူ့အားသိကျွမ်း လာနိုင်စေရန် ဘုရားသခင်သည် ဇာတိခန္ဓာထဲသို့ ဆင်းကြွလာခြင်းဖြစ်ပြီး၊ သူ့၏အလုပ် အဆင့်များသည် တစ်ဆင့်နှင့် တစ်ဆင့်လုံးဝ မတူပေ။ ဤနည်းလမ်းအားဖြင့်သာ လူသားသည် ရှုထောင့်တစ်ခုတည်းတွင်ပင် ပိတ်မိမနေဘဲ ဇာတိခန္ဓာထဲရှိ ဘုရားသခင် အလုပ်နှင့် ပတ်သက်သည့် ပြည့်စုံသော အသိပညာကို ရရှိနိုင်မည်ဖြစ်သည်။ ခံယူသော ဇာတိခန္ဓာ နှစ်ခု၏ အလုပ်သည် ကွဲပြားခြားနား သော်ငြားလည်း၊ ဇာတိခန္ဓာများ၏ အနှစ်သာရနှင့် သူတို့ အလုပ်များ၏ အရင်း အမြစ်မှာ ထပ်တူပင် ဖြစ်သည်၊ သူတို့သည် အလုပ်၏ မတူကွဲပြားသော အဆင့်နှစ်ဆင့်ကို ထမ်းဆောင်ရန် တည်ရှိပြီး၊ မတူကွဲပြားသော ခေတ်နှစ်ခေတ်တွင် ပေါ်ထွက်လာခြင်းသာ ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ၊ ဘုရားသခင်၏ ခံယူသော ဇာတိခန္ဓာများသည် အနှစ်သာရချင်းတူပြီး အရင်းအမြစ်တူသည်၊ ဤအရာသည် မည်သူမျှ ငြင်းဆို၍ မရနိုင်သော သမ္မာတရားပင် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင် ကိန်းဝပ်သော ဇာတိခန္ဓာ၏ အနှစ်သာရ” မှ

၂၀။ ယေရှုသည် “နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏” နှင့်စပ်ဆိုင်သည့် အနှစ်သာရကိုသာ ဖြည့်ဆည်းခဲ့သော အလုပ်၏ အဆင့်တစ်ဆင့်ကို လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်၏ သမ္မာတရားသည် ဘုရားသခင်နှင့် အတူရှိပြီး၊ ဘုရားသခင်၏ ဝိညာဉ်တော်မှာ ဇာတိခန္ဓာနှင့် အတူရှိကာ သူ့ထံမှ ခွဲခြားထား၍ မရပါ၊ ဆိုလိုသည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာသည် ဘုရားသခင်၏ ဝိညာဉ်တော်နှင့် အတူရှိကာ၊ ယင်းသည် လူ့ဇာတိခံယူသော ယေရှုမှာ ဘုရားသခင်၏ ပထမဆုံးသော လူ့ဇာတိခံယူခြင်းဖြစ်သည်ဆိုခြင်း၏ သာ၍ကြီးမားသော သက်သေပင်ဖြစ်သည်။ အလုပ်၏ ဤအဆင့်သည် “နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူ၏” နှင့်စပ်ဆိုင်သည့် အတွင်းပိုင်း အနက်အဓိပ္ပာယ်ကို ဖြည့်ဆည်းခဲ့ပြီး၊ “နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏” အတွက် သာ၍နက်ရှိုင်းသည့် အနက်အဓိပ္ပာယ်ကို ပံ့ပိုးပေးခဲ့ကာ၊ “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏” ဟူသည့် နှုတ်ကပတ်တော်များကို သင့်အနေဖြင့် ခိုင်မာစွာယုံကြည်ရန် ခွင့်ပြုပေးလေသည်။ ဆိုလိုသည်မှာ ဖန်ဆင်းချိန်တွင် ဘုရားသခင်၌ နှုတ်ကပတ်တော်များ ရှိသည်၊ သူ၏ နှုတ်ကပတ်တော်များမှာ သူနှင့်အတူရှိခဲ့ကာ သူ့ထံမှ ခွဲခြားထား၍ မရခဲ့ချေ၊ ထို့ပြင် နောက်ဆုံးသောခေတ်သည် သူ့နှုတ်ကပတ်တော်များ၏ အာဏာနှင့် တန်ခိုးကို သာ၍ပင် ရှင်းလင်းအောင် ပြုလုပ်ပြီး၊ လူသားအား သူ့နှုတ်ကပတ်တော်များ အားလုံးကို မြင်တွေ့ရန်၊ သူ၏ နှုတ်ကပတ်တော်များ အားလုံးကို နာကြားရန် ခွင့်ပြုပေးသည်။ ယင်းသည် နောက်ဆုံးသောခေတ်၏ အလုပ်ပင် ဖြစ်သည်။ သင်သည် ဤအရာများကို အူမချေးခါးမကျန် သိရှိလာရမည် ဖြစ်သည်။ ယင်းမှာ ဇာတိပကတိကို သိရှိခြင်း၏ ကိစ္စရပ် မဟုတ်ဘဲ၊ နှုတ်ကပတ်တော်နှင့် ဇာတိပကတိကို သိရှိခြင်း၏ ကိစ္စရပ်သာ ဖြစ်သည်။ ဤသည်မှာ သင်သက်သေခံရမည့် အရာဖြစ်ပြီး၊ လူတိုင်း သိရမည့်အရာလည်း ဖြစ်သည်။ ဤသည်မှာ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း၏ အလုပ်၊ ထို့ပြင် ဘုရားသခင် လူ့ဇာတိခံယူသည့် နောက်ဆုံးအကြိမ် ဖြစ်သောကြောင့် ယင်းသည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို လုံးလုံးလျားလျား စုံလင်စေကာ၊ ဇာတိခန္ဓာထဲရှိ ဘုရားသခင်၏ အလုပ်အားလုံးကို ထုတ်ဆောင်လျက် စေ့စေ့စပ်စပ် ဆောင်ရွက်ပြီး ဇာတိခန္ဓာထဲရှိ ဘုရားသခင်ဖြစ်ခြင်း၏ ခေတ်ကာလကို အဆုံးသတ်စေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၄)” မှ

၂၁။ ခရစ်တော်၏အလုပ်နှင့် ဖော်ပြမှုတို့က သူ၏ဂုဏ်ဒြပ်ကို သတ်မှတ်ပေးသည်။ ခရစ်တော်သည် မိမိအား တာဝန်ပေးစေခိုင်းထားသည့် အရာကို စစ်မှန်သော နှလုံးသားနှင့်အတူ ပြီးပြည့်စုံစေနိုင်သည်။ စစ်မှန်သော နှလုံးသားဖြင့် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သူကိုးကွယ်နိုင်သည့်အပြင် ခမည်းတော် ဘုရားသခင်၏ အလိုတော်ကိုလည်း စစ်မှန်သော နှလုံးသားဖြင့် ရှာဖွေနိုင်သည်။ ယင်းအချက်အားလုံးတို့ကို သူ၏ဂုဏ်ဒြပ်က သတ်မှတ်ပေးသည်။ ထိုနည်းတူ သူ၏ပင်ကိုဖွင့်ပြခြင်းကိုလည်း သူ၏ ဂုဏ်ဒြပ်က သတ်မှတ်ပေးသည်၊ ယင်းကို ပင်ကိုဖွင့်ပြခြင်းဟု ခေါ်ဆိုရသည့် အကြောင်းရင်းမှာ သူ၏ဖော်ပြမှုသည် တုပလုပ်ဆောင်ခြင်းမျိုး မဟုတ်၊ သို့မဟုတ် လူသား၏ပညာဖြင့် ရနိုင်ကောင်းသည့် ရလဒ်မဟုတ်၊ သို့မဟုတ် နှစ်ပေါင်းများစွာ လူသားတို့ ပြုစုပျိုးထောင်လာခြင်း၏ ရလဒ်လည်း မဟုတ်သောကြောင့်ဖြစ်သည်။ ခရစ်တော်သည် ထိုအရာကို မသင်ယူခဲ့ပါ၊ သို့မဟုတ် ထိုအရာနှင့် သူ့ကိုယ်သူလည်း မဆင်မြန်းခဲ့ပါ၊ စင်စစ်အားဖြင့် ထိုအရာများမှာ သူ့အထဲ၌ မွေးရာပါဖြစ်သည်။ လူသားက သူ၏အလုပ်၊ သူ၏ဖွင့်ထုတ်ပြမှု၊ သူ၏လူ့သဘာဝနှင့် သူ့သာမန်လူ့သဘာဝ၏ အသက်တာတစ်ခုလုံးကို ငြင်းဆန်ကောင်း ငြင်းဆန်ပါလိမ့်မည်၊ သို့သော် ခရစ်တော်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားဖြင့် ဝတ်ပြုကိုးကွယ်သည့်အကြောင်း မည်သူမျှမငြင်းဆိုနိုင်ပါ။ ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုတော်ကို ဖြည့်ဆည်းပေးရန် သူကြွလာခဲ့သည့်အကြောင်းနှင့် ခရစ်တော်သည် ဟန်ဆောင်မှုကင်းလျက် ခမည်းတော် ဘုရားသခင်ကို ရှာဖွေနေကြောင်း စသည်တို့ကို မည်သူမျှ မငြင်းဆန်နိုင်ပါ။ ခရစ်တော်၏ ပုံသဏ္ဌာန်မှာ အာရုံခံစားမှုများကို စိတ်ကျေနပ်မှု မဖြစ်စေသော်ငြားလည်း၊ သူ၏ အကျယ်တဝင့် ဟောပြောချက်ထဲ၌ အံ့မခန်းဖွယ်အကြောင်းများ မပါသော်ငြားလည်း၊ ထို့ပြင် သူ့အလုပ်အကိုင်မှာ လူတို့တွေးထင်ထားသကဲ့သို့ ကမ္ဘာကို တုန်သွားစေလောက်သော သို့မဟုတ် ကောင်းကင်ဘုံကို လှုပ်ခါသွားစေလောက်သော အရာမျိုးလည်း မဟုတ်သော်ငြား၊ သူသည် ခရစ်တော်စင်စစ်ဖြစ်သည်၊ စစ်မှန်သော နှလုံးသားဖြင့် ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုတော်ကို ဖြည့်ဆည်းပေးသူ၊ ကောင်းကင်ဘုံရှိ ခမည်းတော်ကို အပြည့်အဝ ကျိုးနွံနာခံသူဖြစ်ပြီး သေသည့်တိုင်အောင် နာခံသောသူဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ဂုဏ်ဒြပ်မှာ ခရစ်တော်၏ ဂုဏ်ဒြပ်ပင် ဖြစ်သောကြောင့်ဖြစ်သည်။ ဤသမ္မာတရားကို လူသားအနေဖြင့် ယုံကြည်နိုင်ရန် အင်မတန်ခက်ခဲပါသည်၊ သို့သော် ယင်းမှာ အမှန်တကယ် တည်ရှိနေသော အကြောင်းအရာဖြစ်သည်။ ခရစ်တော်၏ အမှုတော်သည် အကုန်အစင် ပြီးမြောက်သွားသောအခါ၌၊ သူ၏လုပ်ဆောင်မှုမှတစ်ဆင့် သူ၏စိတ်သဘောထားနှင့် သူ၏ဖြစ်ခြင်းမှာ ကောင်းကင်ဘုံမှ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဖြစ်ခြင်းအား ကိုယ်စားပြုသည်ကို လူများ တွေ့မြင်နိုင်မည် ဖြစ်သည်။ ထိုအချိန်၌ ခရစ်တော်၏ လုပ်ဆောင်မှုအားလုံး၏ အချုပ်က ခရစ်တော်သည် အမှန်စင်စစ် လူ့ဇာတိခံယူသော နှုတ်ကပတ်တော်ဖြစ်သည် ဆိုခြင်းနှင့် လူသားကဲ့သို့ အသွေးအသားဖြင့် တည်ဆောက်ထားခြင်းမျိုး မဟုတ်ဆိုခြင်းကို သက်သေပြုနိုင်ပေမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်၏ဂုဏ်ဒြပ်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်၏ အလိုတော်ကို ဆောင်ခြင်းဖြစ်သည်” မှ

၂၂။ လူ့ဇာတိခံယူထားသော ဘုရားသခင်၏ အသွင်အပြင်သည် လူသားတစ်ယောက်နှင့် အတိအကျတူသော်လည်း၊ သူသည် လူသား၏ အသိပညာကို လေ့လာသင်ယူပြီး လူသား၏ ဘာသာစကားကို ပြောသော်လည်း၊ တစ်ခါတရံ၌ လူသားမျိုးနွယ်၏ နည်းလမ်းများ သို့မဟုတ် ဖော်ပြချက်များမှတစ်ဆင့် သူ၏ စိတ်ကူးတို့ကိုပင်လျှင် သူဖော်ပြသော်လည်း လူသားတို့ကို သူမြင်သောပုံစံ၊ အမှုအရာတို့၏ အနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးသော လူတို့က လူသားမျိုးနွယ်နှင့် အမှုအရာတို့၏ အနှစ်သာရကို မြင်သောပုံစံသည် လုံးဝမတူပေ။ သူ့ရှုထောင့်နှင့် သူရပ်တည်သောအမြင့်သည် ဖောက်ပြန်ပျက်စီးသောလူတစ်ယောက် မရရှိနိုင်သော အရာတစ်ခုဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က သမ္မာတရားဖြစ်သော်ကြောင့်၊ သူဝတ်ဆင်သော ဇာတိခန္ဓာသည်လည်း ဘုရားသခင်၏အနှစ်သာရ ရှိပြီး သူ၏အတွေးတို့နှင့် သူ၏လူ့သဘာဝမှ ဖော်ပြသောအရာသည်လည်း သမ္မာတရားဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူတို့အတွက် ဇာတိခန္ဓာထဲမှာ သူဖော်ပြသောအရာသည် သမ္မာတရား၏ပံ့ပိုးပေးခြင်းနှင့် အသက်တာအတွက် ပံ့ပိုးပေးခြင်း ဖြစ်သည်။ ဤပံ့ပိုးခြင်းတို့က လူတစ်ယောက်အတွက်မဟုတ်ဘဲ လူသားမျိုးနွယ်အားလုံးအတွက် ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော မည်သူမဆို သူ့စိတ်ထဲမှာ သူနှင့်ဆက်စပ်သောသူ အနည်းငယ်သာရှိသည်။ သူဂရုစိုက်သော၊ သူစိတ်မအေးသောလူ တစ်ချို့သာရှိသည်။ ဘေးဒုက္ခ နီးကပ်လာသောအခါ သူ၏သားသမီးတို့၊ အိမ်ထောင်ဘက် သို့မဟုတ် မိဘတို့ကို သူအရင်စဉ်းစားသည်ပြီး ပို၍ ပရဟိတဆန်သောလူက အများဆုံးအနေဖြင့် ဆွေမျိုးတစ်ချို့၊ သို့မဟုတ် မိတ်ဆွေကောင်းတစ်ယောက်ကို စဉ်းစားမည်၊ ထပ်ပြီး စဉ်းစားသေးသလော။ မည်သည့်အခါမျှ မစဉ်းစားပေ။ အဘယ့်ကြောင့်ဆိုသော် လူသားတို့သည် အမှန်တကယ်တွင်မူ လူသားတို့ပင်ဖြစ်ပြီး လူတစ်ယောက်၏ ရှုထောင့်နှင့် အမြင့်မှသာ အရာရာတိုင်းကို သူတို့ ကြည့်ရှုနိုင်သည်။ သို့သော်လည်း လူ့ဇာတိခံယူထားသော ဘုရားသခင်က ဖောက်ပြန်ပျက်စီးသောလူနှင့် လုံးဝ ကွာခြား၏။ ဘုရားသခင်၏ လူ့ဇာတိက မည်မျှပင် သာမန်ဖြစ်ပါစေ၊ ပုံမှန်ဖြစ်ပါစေ၊ မည်မျှပင် နိမ့်ကျပါစေ သို့မဟုတ် လူတို့က သူ့ကို မည်မျှလောက်ထိ အထင်သေးပါစေ၊ လူသားမျိုးနွယ်အပေါ် သူ၏ အတွေးတို့နှင့် သဘောထားတို့က မည်သည့်လူသားမျှ မပိုင်ဆိုင်နိုင်သော မည်သည့်လူသားမျှ မတုပနိုင်သော အရာများဖြစ်သည်။ သူသည် လူသားမျိုးနွယ်ကို ဘုရားသဘောသဘာဝ၏ ရှုထောင့်မှ၊ ဖန်ဆင်းရှင်အနေနှင့် သူ၏နေရာ၏ အမြင့်မှူ အမြဲတမ်း ကြည့်ရှုလေ့လာလိမ့်မည်။ လူသားမျိုးနွယ်ကို ဘုရားသခင်၏ အနှစ်သာရနှင့် တွေးတောပုံမှတစ်ဆင့် သူအမြဲတမ်း မြင်လိမ့်မည်။ လူသားမျိုးနွယ်ကို သာမန်လူတစ်ယောက်၏အမြင့်၊ ဖောက်ပြန်ပျက်စီးသောလူတစ်ယောက်၏ အမြင့်မှ သူလုံးဝ မမြင််နိုင်ပေ။ လူတို့က လူသားမျိုးနွယ်ကို ကြည့်သောအခါမှာ လူသား၏အမြင်နှင့် ကြည့်ကြပြီး၊ တိုင်းတာချက်တစ်ခုအနေနှင့် လူသား၏ အသိပညာ၊ လူသား၏ စည်းမျဉ်းနှင့် အယူအဆများကဲ့သို့ အရာတို့ကို အသုံးပြုကြသည်။ ဤသည်မှာ လူတို့ သူတို့၏မျက်လုံးဖြင့် မြင်နိုင်သော အတိုင်းအတာအတွင်းမှာ ဖြစ်သည်၊ ဖောက်ပြန်ပျက်စီးသော လူတို့ ရရှိနိုင်သော အတိုင်းအတာအတွင်းမှာ ဖြစ်သည်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ကြည့်သောအခါမှာ ဘုရား၏အမြင်နှင့် သူကြည့်ပြီး၊ တိုင်းတာချက်တစ်ခုအနေဖြင့် သူ၏အနှစ်သာရနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို အသုံးပြုသည်။ ဤနယ်ပယ်မှာ လူတို့ မမြင်နိုင်သောအရာတို့ ပါဝင်ပြီး၊ ဤနေရာသည် လူ့ဇာတိခံယူသော ဘုရားသခင်နှင့် ဖောက်ပြန်ပျက်စီးသောလူသားတို့ လုံးဝ ကွဲပြားသောနေရာ ဖြစ်သည်။ ဤကွဲပြားမှုက လူသားနှင့် ဘုရားသခင်၏ မတူညီသော အနှစ်သာရအားဖြင့် သတ်မှတ်ပြီး၊ သူတို့၏ ဝိသေသ လက္ခဏာတို့နှင့် နေရာများအပြင် အမှုအရာများကို သူတို့မြင်သော အမြင်နှင့် အမြင့်တို့ကို ပိုင်းခြားသတ်မှတ်သည်က ဤမတူညီသော အနှစ်သာရတို့ပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” မှ

၂၃။ ဘုရားသခင်၏ ၀ိညာဉ်တော်ကဝတ်ဆင်သော ဇာတိပကတိသည် ဘုရားသခင်၏ ဇာတိပကတိဖြစ်သည်။ ဘုရားသခင်၏ ၀ိညာဉ်တော်သည် အကြီးမြတ်ဆုံးဖြစ်သည်၊ သူသည် အနန္တတန်ခိုးရှိသည်၊ သန့်ရှင်းမြင့်မြတ်၍၊ ဖြောင့်မတ်သည်။ ထိုနည်းတူစွာ သူ၏ဇာတိပကတိသည်လည်း အကြီးမြတ်ဆုံးဖြစ်သည်၊ အနန္တတန်ခိုးရှိသည်၊ သန့်ရှင်းမြင့်မြတ်၍၊ ဖြောင့်မတ်သည်။ ထိုကဲ့သို့သောဇာတိပကတိသည် ဖြောင့်မတ်သော၊ လူသားမျိုးနွယ်အတွက် အကျိုးပြုသောအရာ၊ သန့်ရှင်းသော၊ ဂုဏ်အသရေရှိသောအရာနှင့် တန်ခိုးကြီးသောအရာများကိုသာ လုပ်ဆောင်နိုင်စွမ်းရှိသည်။ သမ္မာတရား၊ ကောင်းသောအကျင့်သီလနှင့် ဖြောင့်မတ်ခြင်းကို ချိုးဖေါက်သောအရာများကို မဆိုထားနှင့်၊ ဘုရားသခင်၏၀ိညာဉ်တော်ကို သစ္စာဖောက်မည့် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်စွမ်းမရှိပေ။ ဘုရားသခင်၏၀ိညာဉ်တော်သည် သန့်ရှင်းမြင့်မြတ်သောကြောင့် သူ၏ဇာတိပကတိမှာ စာတန်အားဖြင့် ဖောက်ပြန်ပျက်စီးခြင်း မရှိနိုင်ပေ။ သူ၏ဇာတိပကတိသည် လူသား၏ဇာတိပကတိနှင့် အနှစ်သာရ ကွဲပြားလေသည်။ စာတန်၏ ဖောက်ပြန်ဖျက်ဆီးခြင်းခံရသည့်အရာမှာ ဘုရားသခင်မဟုတ်၊ လူသားပင်ဖြစ်သောကြောင့်၊ စာတန်သည် ဘုရားသခင်၏ ဇာတိပကတိအား ဖောက်ပြန်ဖျက်ဆီးနိုင်ခြင်းငှာ မတတ်နိုင်ချေ။ ထို့ကြောင့် လူသားနှင့်ခရစ်တော်သည် တစ်နေရာတည်းတွင် ရှိနေကြသည်မှန်သော်လည်း၊ လူသာလျှင် စာတန်၏ သိမ်းပိုက်ခြင်း၊ အသုံးပြုခြင်းနှင့် ထောင်ချောက်ဆင်ဖမ်းခြင်းကို ခံရသည်။ ဆန့်ကျင်ဖက်အားဖြင့်၊ ခရစ်တော်မှာမူ စာတန်၏ ဖောက်ပြန်ဖျက်ဆီးခြင်းမှ ထာဝရကင်းလွတ်လေသည်။ အဘယ်ကြောင့်ဆိုသော် စာတန်သည် အမြင့်ဆုံးသောအရပ်သို့ တက်ရောက်နိုင်စွမ်း ဘယ်တော့မှမရှိသည့်အပြင် ဘုရားသခင်အပါးသို့ ချဉ်းကပ်နိုင်စွမ်းလည်း ဘယ်တော့မှမရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဆိုးရွားလှသော ပြဿနာ- သစ္စာဖောက်ခြင်း (၂)” မှ

၂၄။ ယနေ့ပြောသည့် လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင်မှာ လူ့သဘာဝ အားဖြင့်ရော ဘုရား၏ သဘောသဘာဝ အားဖြင့်ပါ အလုပ်လုပ်သည်။ လက်တွေ့ကျသော ဘုရားသခင် ပေါ်လာခြင်းဖြင့် ကိုယ်တော်၏ ပုံမှန် လူသားအလုပ်နှင့် အသက်တာ၊ ကိုယ်တော်၏ ပြီးပြည့်စုံသည့် ဘုရားသဘောသဘာဝနှင့် သက်ဆိုင်သော အလုပ်တို့ကို ရရှိအောင်မြင်သည်။ ကိုယ်တော်၏ လူ့သဘာဝနှင့် ဘုရား၏ သဘောသဘာဝတို့ကို တစ်ခုတည်းအဖြစ် ပေါင်းစည်းထားပြီး၊ ထိုနှစ်ခုလုံး ၏ အလုပ်မှာ နှုတ်ကပတ်တော်အားဖြင့် ပြီးမြောက်သည်။ လူ့သဘာဝတွင်ဖြစ်စေ၊ ဘုရား၏ သဘောသဘာဝတွင် ဖြစ်စေ ကိုယ်တော်သည် နှုတ်ကပတ်တော်များကို မြွက်ဆိုသည်။ ဘုရားသခင်သည် လူ့သဘာဝထဲတွင် အလုပ်လုပ်သောအခါ လူသားမျိုးနွယ်၏ ဘာသာစကားကို ပြောသည်။ သို့မှသာ လူသားတို့ စိတ်ဝင်စားပြီး နားလည်ကြပါလိမ့်မည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်တို့ကို ရိုးရှင်းစွာ ပြောထားပြီး၊ နားလည်ရလွယ်သည့်အတွက် ယင်းတို့ကို လူအားလုံးတို့ထံ ထောက်ပံ့ပေးနိုင်သည်။ ဤလူများသည် အသိပညာ ကြွယ်ဝသည်ဖြစ်စေ၊ ပညာရေးအားနည်းသည် ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို သူတို့အားလုံး လက်ခံရရှိနိုင်ကြသည်။ ဘုရား၏ သဘောသဘာဝထဲရှိ ဘုရားသခင်၏ အလုပ်ကို နှုတ်ကပတ်တော်များမှ တစ်ဆင့် ဆောင်ရွက်သည်။ ထိုအလုပ်မှာ ထောက်ပံ့ခြင်းနှင့် ပြည့်ဝသည်။ အသက်နှင့် ပြည့်ဝသည်။ ထိုအလုပ်၌ လူသားတို့ အကြံဉာဏ်များဖြင့် စွန်းထင်းခြင်းမရှိ။ လူသားတို့ နှစ်သက်မှုများ မပါဝင်။ ထို့ပြင် လူသားတို့၏ အကန့်အသတ်များ မပါရှိ။ သာမန် လူ့သဘာဝ၏ ဘောင်အတိုင်းအတာ အပြင်ဘက်တွင် ရှိ၏။ ထိုအလုပ်ကို လူ့ဇာတိထဲ၌လည်း ဆောင်ရွက်သည်။ သို့သော် ၎င်းသည် ဝိညာဉ်တော်၏ တိုက်ရိုက် ဖော်ပြချက် ဖြစ်သည်။ အကယ်၍ လူသားတို့သည် လူ့သဘာဝထဲရှိ ဘုရားသခင်၏ အလုပ်ကိုသာလျှင် လက်ခံပါက၊ ၎င်းတို့သည် အချို့သော နယ်ပယ်အတွင်းတွင် မိမိကိုယ်မိမိ ကန့်သတ်ထားလိမ့်မည် ဖြစ်ပါသည်။ ထို့ကြောင့် ၎င်းတို့တွင် အနည်းငယ် ပြောင်းလဲသွားဖို့ရာ ရေရှည် ကိုင်တွယ်ဆုံးမခြင်း၊ ပြုပြင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့ လိုပါလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော် မပါလျှင် သူတို့သည် လမ်းဟောင်းများကိုသာ အမြဲတမ်း ခိုကိုးနေပါလိမ့်မည်။ ဘုရားသဘောသဘာဝ၏ အလုပ်ဖြင့်သာ ဤရောဂါများနှင့် ချို့တဲ့ခြင်းတို့ကို ပြုပြင်နိုင်ပါလိမ့်မည်။ ထိုအခါမှသာ လူသားများ ပြီးပြည့်စုံနိုင်ပါသည်။ ကိုင်တွယ်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းတို့ကို အားဖြည့်ခြင်းအစား၊ အပြုသဘောဆောင်သည့် အထောက်အပံ့သာ လိုပါသည်။ ချို့ယွင်းချက်များကို ပြန်လည်ပြုပြင်ရန် နှုတ်ကပတ်တော်ကို အသုံးပြုခြင်း၊ လူသားတို့၏ အခြေအနေတိုင်းကို ဖော်ပြရန် နှုတ်ကပတ်တော်ကို အသုံးပြုခြင်း၊ လူသားတို့၏ အသက်တာများ၊ လူသားတို့၏ ဖွင့်ဟချက်တိုင်း၊ လူသားတို့၏ အပြုအမူတိုင်းကို လမ်းညွှန်ရန် နှုတ်ကပတ်တော်များကို အသုံးပြုခြင်း၊ လူသားတို့၏ ကြံရွယ်ချက်များ စိတ်ပါဝင်စားမှုများကို ဖော်ထုတ်ပြသရန် နှုတ်ကပတ်တော်များကို အသုံးပြုခြင်းတို့ လိုအပ်သည်။ ဤသည်မှာ လက်တွေ့ကျသော ဘုရားသခင်၏ အလုပ်အစစ်အမှန် ဖြစ်သည်။ ထို့ကြောင့် လက်တွေ့ကျသော ဘုရားသခင်အပေါ် သင့်သဘောထားတွင် သင်သည် ကိုယ်တော်၏ လူ့သဘာဝ ရှေ့မှောက်တွင် အညံ့ခံပြီး ကိုယ်တော့်ကို အသိအမှတ်ပြု လက်ခံသင့်သည်။ ထို့အပြင် ဘုရား၏ သဘောသဘာဝနှင့် သက်ဆိုင်သော အလုပ်နှင့် နှုတ်ကပတ်တော်များကိုလည်း လက်ခံကာ နာခံသင့်သည်။ ဘုရားသခင်၏ လူ့ဇာတိ၌ ပေါ်လာမှု ဆိုသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်၏ အလုပ်နှင့် နှုတ်ကပတ်တော် အားလုံးတို့သည် ကိုယ်တော်၏ ပုံမှန်လူ့သဘာဝနှင့် ကိုယ်တော် ခံယူသော ဇာတိခန္ဓာမှတစ်ဆင့် လုပ်ဆောင်သည်ဟု ဆိုလိုသည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ကိုယ်တော်၏ လူသားအလုပ်ကို လမ်းညွှန်ပြီး လူ့ဇာတိထဲရှိ ဘုရားသဘောသဘာဝ၏ အလုပ်ကို လုပ်ဆောင်သည်။ လူ့ဇာတိကို ခံယူသော ဘုရားသခင်ထံတွင် လူ့သဘာဝထဲရှိ ဘုရားသခင်၏ အလုပ်နှင့် ဘုရား၏ သဘောသဘာဝ အကြွင်းမဲ့ဖြစ်သော အလုပ်၊ ဤနှစ်မျိုးလုံးကို သင်တွေ့နိုင်သည်။ ဤသည်မှာ လူ့ဇာတိ၌ ဘုရားသခင် ပေါ်လာမှု၏ ပိုမို၍ပင် လက်တွေ့ကျသော အရေးပါမှုဖြစ်ပါသည်။ ဤအချက်ကို သင်ရှင်းလင်းစွာ တွေ့မြင်နိုင်ပါက၊ ဘုရားသခင်၏ အမျိုးမျိုးသော ကဏ္ဍအားလုံးတို့နှင့် သင်ဆက်သွယ်နိုင်ပါ လိမ့်မည်။ ဘုရား၏ သဘောသဘာဝထဲရှိ ကိုယ်တော်၏ အလုပ်ပေါ်တွင် အကောင်းဆုံး အလွန်အကျွံရှုမြင်ခြင်းနှင့် လူ့သဘာဝထဲရှိ ကိုယ်တော်၏ အလုပ်ပေါ်တွင် အထင်အမြင် အလွန်သေးခြင်းတို့ကို သင်ရပ်တန့်လိမ့်မည် ဖြစ်ပြီး၊ အစွန်းမရောက်ဘဲ လမ်းမလွဲသွားဘဲ နေမည်ဖြစ်သည်။ ယေဘုယျအားဖြင့် လက်တွေ့ကျသော ဘုရားသခင်၏ အနက်အဓိပ္ပာယ်မှာ ဝိညာဉ်တော်က လမ်းညွှန်ပေးသော ကိုယ်တော်၏ လူ့သဘာဝ အလုပ်နှင့် ဘုရား၏ သဘောသဘာဝ အလုပ်တို့ကို သူ၏ လူ့ဇာတိမှတစ်ဆင့် ဖော်ပြခြင်းဖြစ်သည်။ ထို့ကြောင့် လူသားများက ကိုယ်တော်သည် ထင်ရှားကြောင်း၊ အသက်ရှိကြောင်းနှင့် စစ်မှန်ကြောင်း၊ အမှန်တကယ်ဖြစ်ကြောင်း မြင်တွေ့ရမည် ဖြစ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့ကျသော ဘုရားသခင်ဆိုသည်မှာ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည်” မှ

၂၅။ လူသား၏ ဇာတိခန္ဓာကို စာတန်မှ ဖျက်ဆီးခဲ့ပြီး၊ အဆုံးစွန်မျက်ကွယ်စေခဲ့ကာ ကြီးစွာဒုက္ခပေးခဲ့သည်။ ဘုရားသခင်သည် ဇာတိခန္ဓာထဲ၌ ကိုယ်တိုင်ကိုယ်ကျ အမှုလုပ်ဆောင်ခဲ့ရခြင်း၏ အခြေခံအကျဆုံး အကြောင်းရင်းမှာ သူ၏ကယ်တင်ခြင်းကို ခံရသည့်အရာသည် ဇာတိခန္ဓာရှိသော လူသားဖြစ်သောကြောင့်နှင့် စာတန်သည်လည်း လူသား၏ဇာတိခန္ဓာကို အသုံးပြုကာ ဘုရားသခင်၏ အမှုကို နှောင့်ယှက်သောကြောင့်ဖြစ်သည်။ စာတန်နှင့် တိုက်ပွဲသည် အမှန်စင်စစ် လူသားကို သိမ်းပိုက်သည့် အမှုဖြစ်ပြီး၊ တစ်ချိန်တည်းတွင် လူသားသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရသည့်အရာလည်းဖြစ်သည်။ ဤနည်းဖြင့် လူ့ဇာတိခံယူထားသော ဘုရားသခင်၏ အမှုသည် မုချလိုအပ်သော အရာဖြစ်သည်။ စာတန်သည် လူသား၏ဇာတိခန္ဓာကို ဖျက်ဆီးခဲ့သည်၊ ဤသို့ဖြင့် လူသားသည် စာတန်၏ ပြယုဂ်တစ်ခုဖြစ်လာပြီး ဘုရားသခင်က အနိုင်ယူရမည့် အရာတစ်ခု ဖြစ်လာသည်။ ဤနည်းဖြင့် စာတန်နှင့် တိုက်ပွဲဝင်သည့်အမှုနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုသည် ကမ္ဘာကြီးပေါ်တွင် ဖြစ်ပွားကာ စာတန်နှင့် တိုက်ပွဲဝင်ရန်အတွက် ဘုရားသခင်သည် လူသားတစ်ဦး ဖြစ်လာရခြင်းဖြစ်သည်။ ဤသည်မှာ အဆုံးစွန် လက်တွေ့ကျမှု၏ အမှုပင်တည်း။ ဘုရားသခင်သည် ဇာတိခန္ဓာဖြင့် အလုပ်လုပ်နေသည့်အခါ သူသည် စာတန်နှင့် ဇာတိခန္ဓာအားဖြင့် အမှန်တကယ် တိုက်ပွဲဝင်နေခြင်းဖြစ်သည်။ သူသည် ဇာတိခန္ဓာနှင့် အလုပ်လုပ်စဉ်တွင် သူသည် ဝိညာဉ်ရေးရာနယ်ပယ်၌ သူ၏အမှုကို လုပ်နေခြင်းဖြစ်ပြီး၊ ဝိညာဉ်ရေးရာနယ်ပယ်မှ သူ၏အမှုတစ်ခုလုံးကို ကမ္ဘာပေါ်တွင် စစ်မှန်လာစေရန် လုပ်ဆောင်သည်။ သိမ်းပိုက်ခြင်းခံရသောသူသည် သူ့ကိုမနာခံသော လူသားဖြစ်ပြီး၊ အနိုင်ယူခြင်းခံရမည့်သူသည် သူနှင့် ရန်ဘက်ဖြစ်သော စာတန်၏ပြယုဂ် (ဤသည်မှာလည်း လူသားပင်ဖြစ်၏) ဖြစ်သည်၊ ထို့ပြင် နောက်ဆုံး၌ ကယ်တင်ခြင်းခံရမည့်သူမှာလည်း လူသားပင်ဖြစ်သည်။ ဤနည်းအားဖြင့် ဖန်ဆင်းခံတစ်ဦး၏ အပြင်ပန်းသဏ္ဌာန်ရှိသည့် လူသားတစ်ဦးဖြစ်လာရန် သူ့အတွက် ပို၍ပင် လိုအပ်လာသည်၊ သို့မှသာ ဘုရားသခင်သည် စာတန်နှင့် စစ်မှန်သောတိုက်ပွဲကို ပြုနိုင်ကာ သူ့ကို မနာခံသော၊ သူကဲ့သို့ အပြင်ပန်းသဏ္ဌာန်ကို ပိုင်ဆိုင်ထားသော လူသားကို သိမ်းပိုက်၍၊ သူ့ကဲ့သို့ အပြင်ပန်းသဏ္ဌာန်ရှိပြီး စာတန်၏ အန္တရာယ်ပြုမှုကို ခံခဲ့ရသော လူသားတို့ကို ကယ်တင်နိုင်ပေမည်။ သူ၏ရန်သူမှာ လူသားဖြစ်သည်၊ သူသိမ်းပိုက်မည့်အရာမှာ လူသားဖြစ်ပြီး၊ သူ၏ကယ်တင်ခြင်းကို ခံရမည့်အရာမှာ သူဖန်ဆင်းခဲ့သော လူသားဖြစ်သည်။ ထို့ကြောင့် သူသည် လူသားဖြစ်လာရမည် ဖြစ်ပြီး ဤနည်းအားဖြင့် သူ၏အမှုသည်ပို၍ လွယ်ကူသွားသည်။ သူသည် စာတန်ကို ချေမှုန်းကာ လူသားမျိုးနွယ်ကို သိမ်းပိုက်နိုင်သည်၊ ထို့အပြင် လူသားမျိုးနွယ်ကိုလည်း ကယ်တင်နိုင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်” မှ

၂၆။ လူသားသည် စာတန်၏ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး၊ သူသည် ဘုရားသခင်၏ ဖန်ဆင်းမှုအားလုံးထဲ၌ အမြင့်ဆုံးအရာဖြစ်သဖြင့် လူသားသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လိုအပ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်းခံရသူသည် လူသားဖြစ်ပြီး စာတန်မဟုတ်ပေ၊ ကယ်တင်ခြင်းခံရမည့်အရာမှာ လူသား၏ ဇာတိခန္ဓာနှင့် လူသား၏စိတ်ဝိညာဉ်ဖြစ်ပြီး နတ်ဆိုးမဟုတ်ပေ။ စာတန်သည် ဘုရားသခင်၏ သုတ်သင်ခြင်းကို ခံရမည့်အရာဖြစ်ပြီး၊ လူသားသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရမည့်အရာဖြစ်သည်၊ ထို့ပြင် လူသား၏ ဇာတိခန္ဓာကို စာတန်က ဖျက်ဆီးခဲ့ပြီးဖြစ်၍ ပထမဆုံး ကယ်တင်ရမည့်အရာမှာ လူသား၏ဇာတိခန္ဓာပင် ဖြစ်သည်။ လူ့ဇာတိခန္ဓာသည် အကြီးအကျယ် ဖျက်ဆီးခြင်းကို အများဆုံးခံခဲ့ရပြီး၊ ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သည့်အရာ ဖြစ်လာကာ ဘုရားသခင်၏တည်ရှိမှုကို ပို၍ပင် ပွင့်လင်းစွာ ဆန့်ကျင်၍ ငြင်းဆန်သည်။ ဤဖောက်ပြန်ပျက်စီးနေသော ဇာတိခန္ဓာသည် ပြောင်းလဲရန် အလွန်ပင်ခက်ခဲလှပြီး၊ ဇာတိခန္ဓာ၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားကို ကိုင်တွယ်ရန်၊ သို့မဟုတ် ပြောင်းလဲရန်လောက် ခက်ခဲသည့်အရာမရှိပေ။ စာတန်သည် လူ့ဇာတိခန္ဓာထဲသို့ နှောင့်ယှက်မှုများဖြင့် ဂြိုဟ်မွှေရန် ဝင်ရောက်လာပြီး၊ ဘုရားသခင်၏ အမှုကို နှောင့်ယှက်ရန် လူ့ဇာတိခန္ဓာကို အသုံးပြုကာ ဘုရားသခင်၏ အစီအစဉ်ကို ထိခိုက်စေခဲ့သဖြင့် လူသားသည် ဘုရားသခင်၏ရန်သူ၊ စာတန်ဖြစ်သွားသည်။ လူသားသည် ကယ်တင်ခံရရန်အတွက် သူသည် ပထမဆုံးအနေဖြင့် သိမ်းပိုက်ခြင်းကို ခံရမည်။ ဤအကြောင်းကြောင့် ဘုရားသခင်သည် အခက်အခဲကို ပိုင်နိုင်စွာ ဖြေရှင်းကာ သူပြုလုပ်ရန် ရည်ရွယ်သော အမှုကိုပြုရန် လူ့ဇာတိခံယူပြီး စာတန်ကို တိုက်ပွဲဝင်ခြင်းဖြစ်သည်။ သူ၏ရည်မှန်းချက်မှာ သူ့ကို ဆန့်ကျင်ပုန်ကန်သော စာတန်ကြောင့် ဖောက်ပြန်ပျက်စီးကာ ကျရှုံး၊ ပျက်သုဉ်းခဲ့ရသော လူသားမျိုးနွယ်ကို ကယ်တင်ရန်ဖြစ်သည်။ ဘုရားသခင်သည် လူသားကို သိမ်းပိုက်သည့် သူ၏အမှုအားဖြင့် စာတန်ကို အနိုင်ယူကာ တစ်ဆက်တည်းတွင် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို ကယ်တင်သည်။ ဤနည်းအားဖြင့် ဘုရားသခင်သည် တစ်ကြိမ်တည်းနှင့် ပြဿနာနှစ်ခုကို ဖြေရှင်းလေသည်။ လူသားနှင့် ပို၍ကောင်းစွာ ဆက်သွယ်နိုင်ရန်နှင့် လူသားကို ပို၍အောင်မြင်စွာ သိမ်းပိုက်နိုင်ရန် သူသည် ဇာတိခန္ဓာနှင့် အလုပ်လုပ်သည်၊ ဇာတိခန္ဓာနှင့် စကားပြောသည်၊ ဇာတိခန္ဓာနှင့် အမှုအားလုံးကို ပြုသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်” မှ

၂၇။ ဘုရားသခင်၏ လူကိုကယ်တင်ခြင်းမှာ ဝိညာဉ်တော်နှင့် ဝိညာဉ်တော်၏ ကိုယ်ပိုင်လက္ခဏာဆိုင်ရာ နည်းလမ်းကို တိုက်ရိုက်အသုံးပြုပြီး လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပေ၊ အကြောင်းမှာ သူ၏ဝိညာဉ်တော်ကို လူသားသည် ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည် ချဉ်းကပ်နိုင်ခြင်း မရှိသောကြောင့်ဖြစ်သည်။ သူ့အနေဖြင့် ဝိညာဉ်တော်၏အမြင်ကို တိုက်ရိုက်အသုံးပြု၍ လူသားကို ကယ်တင်ရန် ကြိုးပမ်းခဲ့ပါက လူသားသည် သူ၏ကယ်တင်ခြင်းကို လက်ခံရရှိနိုင်မည် မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် ဖန်ဆင်းခံထားရသော လူသားတစ်ဦး၏ ပြင်ပပုံသဏ္ဌာန်ကိုသာ မယူတင် မဝတ်ဆင်ခဲ့ပါက လူတို့သည် ဤကယ်တင်ခြင်းကို ရရှိနိုင်မည်မဟုတ်ပေ။ အကြောင်းမှာ မည်သူတစ်ဦးတစ်ယောက်ကမျှ ယေဟောဝါ၏ တိမ်တိုက်အနီးသို့ မသွားနိုင်ကြသကဲ့သို့ပင် လူသည် သူ့ကို ချဉ်းကပ်ခြင်း မပြုနိုင်သောကြောင့် ဖြစ်သည်။ ဖန်ဆင်းခံလူသားတစ်ဦး ဖြစ်လာခြင်းအားဖြင့်သာလျှင်၊ ဆိုလိုသည်မှာ သူ၏ နှုတ်ကပတ်တော်များကို သူခံယူတော့မည်ဖြစ်သော ဇာတိခန္ဓာအထဲသို့ ထည့်သွင်းခြင်းအားဖြင့်သာလျှင်၊ သူ့နောက်လိုက်သော သူအားလုံးထဲသို့ သူသည် နှုတ်ကပတ်တော်၏ အလုပ်ကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နိုင်မည်။ သို့မှသာလျှင် လူသည် သူ၏နှုတ်ကပတ်တော်ကို ကိုယ်တိုင်ကိုယ်ကျ ကြားနိုင်မြင်နိုင်မည်၊ သူ၏နှုတ်ကပတ်တော်ကို ရရှိနိုင်မည်ဖြစ်ပြီး ဤသို့အားဖြင့် အပြည့်အဝ ကယ်တင်ခြင်းကို ခံရနိုင်ပေမည်။ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိကို မခံယူခဲ့ပါက အသွေးအသားရှိသော မည်သည့်လူသားကမျှ ယင်းသို့ ကြီးမြတ်သော ကယ်တင်ခြင်းကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့ မည်သည့်လူသားတစ်ဦးတစ်ယောက်ကမျှ ကယ်တင်ခြင်း ခံရမည်မဟုတ်ပေ။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူအများကြားတွင် တိုက်ရိုက် အလုပ်လုပ်ခဲ့ပါက လူအားလုံးသည် ပြင်းစွာဒဏ်ပေးခံရလိမ့်မည်ဖြစ်သည်၊ သို့မဟုတ်ပါက ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံရန် နည်းလမ်းမရှိသောကြောင့် သူတို့သည် စာတန်၏ ဖမ်းဆီးချုပ်ထားခြင်းကို အပြည့်အဝ ခံခဲ့ရလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

၂၈။ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိမခံယူခဲ့ပါက သူသည် လူသားအတွက် မမြင်တွေ့နိုင်၊ မထိတွေ့နိုင်သော ဝိညာဉ်တော်အဖြစ် ဆက်လက်ရှိနေခဲ့လိမ့်မည် ဖြစ်သည်။ လူသားသည် ဇာတိပကတိနှင့်ဖြစ်တည်သော ဖန်ဆင်းခံဖြစ်သဖြင့် လူသားနှင့် ဘုရားသခင်သည် မတူညီသော လောကများနှင့် သက်ဆိုင်ကြပြီး ကွဲပြားခြားနားသော သဘာဝများ ရှိကြသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိပကတိနှင့်ဖြစ်တည်သော လူသားနှင့် သဟဇာတမဖြစ်ပေ၊ ထို့ကြောင့် သူတို့အကြားတွင် မည်သည့်ဆက်ဆံရေးကိုမျှ တည်ဆောက်၍ မရနိုင်ပေ၊ လူသားသည် ဝိညာဉ်တစ်ပါးအဖြစ်သို့ ပြောင်းလဲနိုင်ခြင်း မရှိသည်ကိုမူ ပြောစရာပင် မလိုချေ။ သို့ဖြစ်ရာ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ၏မူလအလုပ်ကို လုပ်ရန် ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်လာရပေသည်။ ဘုရားသခင်သည် အမြင့်ဆုံးသောနေရာသို့ တက်ကြွသွားနိုင်သကဲ့သို့ လူသားတို့အကြားတွင် အလုပ်လုပ်ပြီး သူတို့အလယ်၌ နေထိုင်လျက် ဖန်ဆင်းခံ လူသားဖြစ်လာရန် သူ့ကိုယ်သူ နှိမ့်ချနိုင်သည်၊ သို့သော်လည်း လူသားကမူ အမြင့်ဆုံးသောနေရာသို့ မတက်နိုင်၊ ဝိညာဉ်လည်း မဖြစ်လာနိုင်ပေ၊ ထို့ပြင် သူသည် အနိမ့်ဆုံးသောနေရာသို့ သာ၍ပင် မဆင်းသက်နိုင်ပေ။ ဤအကြောင်းကြောင့်ပင် ဘုရားသခင်သည် သူ၏အလုပ်ကို လုပ်ဆောင်ရန် လူ့ဇာတိကို ခံယူရသည်။ ထိုနည်းတူပင် ပထမအကြိမ်လူ့ဇာတိခံယူစဉ်အတောအတွင်း လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာသာလျှင် သူ၏လက်ဝါးကပ်တိုင်တွင် အသေခံခြင်းအားဖြင့် လူသားကို ရွေးနုတ်နိုင်ခဲ့သည်၊ ဘုရားသခင်၏ ဝိညာဉ်တော်အတွက်မူ လူသားအတွက် အပြစ်ဖြေရာယဇ်အဖြစ် လက်ဝါးကပ်တိုင်တွင် အသေခံရန် လုံးဝဖြစ်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် လူသားအတွက် အပြစ်ဖြေရာယဇ်အနေနှင့် အစေခံရန် တိုက်ရိုက်လူ့ဇာတိခံယူနိုင်၏၊ သို့သော်လည်း လူသားသည် ဘုရားသခင်က သူတို့အတွက် ပြင်ဆင်ထားပေးသော အပြစ်ဖြေရာယဇ်ကို ယူရန် ကောင်းကင်ဘုံသို့ တိုက်ရိုက် မတက်သွားနိုင်ပေ။ သို့ဖြစ်ရာ လူသားသည် အပြစ်ဖြေရာယဇ်ကို ရယူရန်ဝေးစွ သူသည် ကျဆုံးပြီးဖြစ်သည့်အပြင် ကောင်းကင်ဘုံသို့ မတက်သွားနိုင်သည့်အတွက် ဤကယ်တင်ခြင်းကို ရယူရန်အလို့ငှာ ကောင်းကင်ဘုံသို့ တက်စရာမလိုရန် လူသားအနေဖြင့် လုပ်နိုင်သမျှမှာ ကောင်းကင်နှင့် မြေကြီးအကြား အကြိမ်အနည်းငယ် ခေါက်တုံ့ခေါက်ပြန် သွားလာပေးရန် ဘုရားသခင်ကို တောင်းဆိုဖို့ပင် ဖြစ်ခဲ့လိမ့်မည်။ သို့ဖြစ်ရာ ယေရှုသည် လူသားတို့အကြားသို့ ကြွလာကာ လူသားအနေဖြင့် လုံးဝမစွမ်းဆောင်နိုင်သော အလုပ်ကို သူကိုယ်တိုင်လုပ်ရန် လိုအပ်ခဲ့သည်။ ဘုရားသခင် လူ့ဇာတိခံယူသည့်အခါတိုင်းသည် လုံးဝလိုအပ်သောကြောင့်သာ ဖြစ်သည်။ အကယ်၍ မည်သည့်အဆင့်ကိုမဆို ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်နိုင်ခဲ့မည် ဆိုပါလျှင် သူသည် လူ့ဇာတိခံယူခြင်း၏ အရှက်တကွဲအကျိုးနည်းခြင်းကို ခံခဲ့လိမ့်မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

၂၉။ ကယ်တင်ခြင်းခံရမည့် သူများအားလုံးအတွက် ဝိညာဉ်တော်၏ အသုံးပြုနိုင်သော တန်ဖိုးသည် ဇာတိခန္ဓာထက် သာ၍ သေးငယ်သည်။ ဝိညာဉ်တော်၏ အမှုသည် စကြဝဠာ တစ်ခုလုံး၊ တောင်တန်းများ၊ မြစ်များ၊ ရေကန်များနှင့် သမုဒ္ဒရာတို့ အားလုံးအပေါ်၌ လွှမ်းခြုံနိုင်သော်လည်း ဇာတိခန္ဓာ၏ အမှုသည် သူနှင့် ထိတွေ့မှုရှိသော သူအားလုံးအတွက် ပို၍ထိရောက်စွာ ပတ်သက်အကျုံးဝင်လေသည်။ ထို့အပြင် ထိတွေ့နိုင်သော ပုံသဏ္ဌာန်ရှိသည့် ဘုရားသခင်၏ ဇာတိခန္ဓာကို လူသားအနေဖြင့် ပို၍နားလည်ကာ ပို၍ယုံကြည်နိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်သော လူ၏အသိပညာကို ပို၍နက်ရှိုင်းစေနိုင်ကာ၊ ဘုရားသခင်၏ လုပ်ဆောင်ချက်အမှန်များနှင့်ပတ်သက်၍ ပို၍လေးနက်သော ထင်မြင်ချက်များကို လူသားတို့ထံတွင် ချန်ထားခဲ့နိုင်ပါသည်။ ဝိညာဉ်တော်၏ အမှုသည် နက်နဲမှုဖြင့် ဖုံးကွယ်နေပြီး၊ သေမျိုးဖြစ်သည့် လူသားတို့အတွက် နားလည်ရန်ခက်ခဲလှကာ၊ တွေ့မြင်နိုင်ရန် ပို၍ပင်ခက်ခဲသဖြင့် သူတို့သည် အနှစ်သာရမဲ့သော ထင်မြင်ချက်များအပေါ်တွင် မှီခိုခြင်းသာ ပြုနိုင်သည်။ သို့ရာတွင် ဇာတိခန္ဓာ၏ အမှုသည် သာမန်ဖြစ်ပြီး၊ အရှိတရားအပေါ်တွင် အခြေခံကာ ကြွယ်ဝသော ဉာဏ်ပညာရှိသည်၊ ထို့ပြင် လူသား၏ ခန္ဓာမျက်လုံးဖြင့် မြင်တွေ့နိုင်သည့် အချက်အလက်တစ်ခုဖြစ်သည်၊ လူသည် ဘုရားသခင့်အမှု၏ ဉာဏ်ပညာကို ကိုယ်တိုင် တွေ့ကြုံခံစားနိုင်ကာ များပြားလှသော သူ၏စိတ်ကူးစိတ်သန်းများကို အသုံးချရန် မလိုအပ်တော့ပေ။ ဤသည်မှာ ဇာတိခန္ဓာရှိသည့် ဘုရားသခင့်အမှု၏ တိကျမှန်ကန်မှုနှင့် စစ်မှန်သောတန်ဖိုးဖြစ်သည်။ ဝိညာဉ်တော်သည် လူတို့မမြင်နိုင်သော အရာများကိုသာ လုပ်နိုင်ပြီး လူတို့တွေးထင်ရန် ခက်ခဲသောအရာများ၊ ဥပမာ- ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း၊ ဝိညာဉ်တော်၏ လှုပ်ရှားခြင်းနှင့် ဝိညာဉ်တော်၏ လမ်းညွှန်ခြင်းတို့ကိုသာ ပြုနိုင်သည်၊ သို့ရာတွင် စိတ်နှလုံးရှိသော လူသားတို့အတွက် ဤအရာတို့မှာ ရှင်းလင်းသော အဓိပ္ပာယ်ကို မထောက်ပံ့ပေးနိုင်ချေ။ ယင်းတို့သည် စိတ်ထိခိုက်စေသော သို့မဟုတ် ကျယ်ပြန့်သော အဓိပ္ပာယ်ကိုသာ ပေးအပ်ပြီး နှုတ်ကပတ်တော်များဖြင့် ညွှန်ကြားချက်တစ်ခုကို မပေးအပ်နိုင်ပေ။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏အမှုမှာမူ အလွန်ပင်ကွာခြားသည်။ ထိုအမှု၌ နှုတ်ကပတ်တော်များ၏ တိကျမှန်ကန်သော လမ်းညွှန်မှုရှိပြီး၊ ရှင်းလင်းသော အလိုတော်နှင့် ရှင်းလင်းသော လိုအပ်သည့် ပန်းတိုင်တို့ရှိသည်။ သို့ဖြစ်၍ လူတို့သည် မှန်းဆချက်များကို ပြုလုပ်ရန်မဆိုထားနှင့်၊ စမ်းတဝါးဝါးပင် သွားလာနေစရာ၊ သို့မဟုတ် သူတို့အတွေးအထင်များကို အသုံးပြုစရာ မလိုတော့ပေ။ ဤသည်မှာ ဇာတိခန္ဓာနှင့်ဆိုင်သည့်အမှု၏ ကြည်လင်ပြတ်သားမှုဖြစ်ပြီး ထိုအမှုနှင့် ဝိညာဉ်တော်၏ အမှုတို့ ကြီးမားစွာကွာခြားမှုဖြစ်သည်။ ဝိညာဉ်တော်၏အမှုသည် ကန့်သတ်ထားသော နယ်ပယ်တစ်ခုအတွက်သာ သင့်လျော်ပြီး၊ ဇာတိခန္ဓာ၏အမှုကို အစားမထိုးနိုင်ပေ။ ဇာတိခန္ဓာ၏အမှုသည် ဝိညာဉ်တော်၏အမှုထက် လူသားကို ပို၍တိကျပြီး လိုအပ်သော ပန်းတိုင်များ၊ ပို၍စစ်မှန်တန်ဖိုးရှိသော အသိပညာများပေးသည်။ ဖောက်ပြန်ပျက်စီးသော လူသားအတွက် အကြီးမားဆုံးသော တန်ဖိုးရှိသည့်အမှုမှာ တိကျမှန်ကန်သော နှုတ်ကပတ်တော်များ၊ လိုက်လျှောက်ရန် ရှင်းလင်းသော ပန်းတိုင်များကို ထောက်ပံ့ပေးသောအမှုဖြစ်ပြီး မြင်တွေ့နိုင်ကာ ထိတွေ့နိုင်သော အမှုဖြစ်သည်။ လက်တွေ့ကျသောအမှုနှင့် အချိန်မီလမ်းညွှန်မှုတို့သည်သာလျှင် လူသား၏အကြိုက်များနှင့် သင့်လျော်ပြီး၊ စစ်မှန်သောအမှုသာလျှင် လူကို သူ၏ ဖောက်ပြန်ပျက်စီး၍ စာရိတ္တပျက်ပြားသော စိတ်သဘောထားမှ ကယ်တင်နိုင်သည်။ ဤအရာကို လူ့ဇာတိခံယူသော ဘုရားသခင်အားဖြင့်သာလျှင် ရရှိနိုင်သည်၊ လူ့ဇာတိခံယူသော ဘုရားသခင်သာလျှင် လူသား၏ ယခင်က ဖောက်ပြန်ပျက်စီး၍ စာရိတ္တပျက်ပြားသော စိတ်သဘောထားမှ လူသားကို ကယ်တင်နိုင်သည်။ ဝိညာဉ်တော်သည် ဘုရားသခင်၏ ရှိရင်းစွဲအနှစ်သာရဖြစ်သော်လည်း ဤသို့သောအမှုကို သူ၏ဇာတိခန္ဓာဖြင့်သာ လုပ်ဆောင်နိုင်သည်။ အကယ်၍ ဝိညာဉ်တော်သည် တစ်ဦးတည်းသာ အလုပ်လုပ်မည်ဆိုပါက၊ သူ၏အမှုသည် အကျိုးသက်ရောက်မှုရှိရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ယင်းမှာ ရှင်းလင်းသော အမှန်တရားဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်” မှ

၃၀။ သမ္မာတရားကို ရှာဖွေကာ ဘုရားသခင်၏ ပေါ်ထွန်းမှုကို တောင့်တသောသူအားလုံးအတွက် ဝိညာဉ်တော်၏အမှုသည် စိတ်ထိတွေ့မှု သို့မဟုတ် ဖွင့်ပြချက်နှင့် ရှင်းမပြနိုင်သော၊ တွေးထင်မထားနိုင်သော အံ့သြဖွယ်ခံစားချက်နှင့် ကြီးမြတ်သော၊ မြင့်မြတ်သော၊ နှစ်လိုဖွယ်ကောင်းသော ခံစားချက်တို့ကိုသာ ထောက်ပံ့ပေးနိုင်သည်၊ သို့သော်လည်း ထိုအရာသည် အားလုံးအတွက် ရယူရန်မဖြစ်နိုင်၊ မရရှိနိုင်သောအရာလည်း ဖြစ်သည်။ လူသားနှင့် ဘုရားသခင်၏ဝိညာဉ်တော်သည် သူတို့ကြားတွင် ကြီးမားသော အကွာအဝေးတစ်ခု ရှိဘိသည့်အလား တစ်ဦးနှင့်တစ်ဦး အဝေးမှသာ ကြည့်နိုင်ကြပြီး၊ မမြင်ရသော အပိုင်းအခြားတစ်ခုက ခွဲခြားထားသည့်နှယ် သူတို့သည် မည်သည့်အခါမျှ တူညီနိုင်ခြင်းမရှိပေ။ အမှန်တွင်မူ ယင်းသည် ဝိညာဉ်တော်က လူသားကိုပေးထားသော အထင်မှားစေသည့်အရာ တစ်ခုဖြစ်သည်၊ အကြောင်းမှာ ဝိညာဉ်တော်နှင့် လူသားသည် တစ်မျိုးတစ်စားတည်း မဟုတ်သောကြောင့်ဖြစ်ပြီး၊ ဝိညာဉ်တော်နှင့် လူသားသည် တူညီသော လောကကြီးထဲတွင် မည်သည့်အခါမျှ ယှဉ်တွဲနေထိုင်နိုင်မည် မဟုတ်သောကြောင့်ဖြစ်ကာ၊ ဝိညာဉ်တော်၌ လူနှင့်ဆိုင်သောအရာ ဘာမျှမရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူသားထံတွင် ဝိညာဉ်တော်လိုအပ်ချက် မရှိပေ၊ အကြောင်းမှာ ဝိညာဉ်တော်သည် လူသားတို့က အလိုအပ်ဆုံးသော အမှုကို တိုက်ရိုက်မဆောင်ရွက်နိုင်သောကြောင့်ဖြစ်သည်။ ဇာတိခန္ဓာ၏အမှုသည် လူသားတို့ကို လိုက်လျှောက်ရမည့် စစ်မှန်သော ရည်ရွယ်ချက်များ၊ ရှင်းလင်းသော နှုတ်ကပတ်တော်များနှင့် သူသည် စစ်မှန်ကာ ပုံမှန်ဖြစ်သည်ဟူသောခံစားမှု၊ သူသည် နှိမ့်ချပြီး သာမန်ဖြစ်သည်ဟူသောခံစားမှု စသည်တို့ကို ပေးသည်။ လူသားသည် သူ့ကို ကြောက်ရွံ့ကောင်း ကြောက်ရွံ့နိုင်သော်လည်း လူအများစုအတွက် သူသည် နားလည်ဆက်စပ်နိုင်ရန် လွယ်ကူသည်။ လူသားသည် ဘုရားသခင်၏ မျက်နှာကို မြင်တွေ့နိုင်သည်၊ သူ၏အသံကိုကြားနိုင်ပြီး သူ့ကို အဝေးမှကြည့်ရန် မလိုအပ်ပေ။ ဤဇာတိခန္ဓာသည် လူသားတို့နှင့် တူညီသော ကမ္ဘာလောကကြီးထဲတွင် ရှိနေသဖြင့် ဤဇာတိခန္ဓာသည် လူသားတို့အတွက် ချဉ်းကပ်နိုင်သည်ဟု ခံစားရပြီး၊ ဝေးကွာခြင်း၊ နားမလည်နိုင်ခြင်းမရှိဘဲ၊ မြင်နိုင် ထိတွေ့နိုင်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်” မှ

၃၁။ ဘုရားသခင် လူ့ဇာတိ မဖြစ်ခင်က သူပြောသောအရာအများအပြားက လုံးဝခပ်သိမ်း ဘုရား၏သဘောသဘာဝမှ လာသောအတွက်ကြောင့် ၎င်းတို့ကို လူတို့ နားမလည်ခဲ့ကြချေ။ သူ့ပြောစကား၏ ရှုထောင့်နှင့် ဆက်စပ်စဉ်းစားရမည့်အကြောင်းအရာတို့က လူသားမျိုးနွယ်အတွက် မမြင်နိုင်၊ လက်လှမ်းမမီနိုင်ချေ၊ ထိုအရာတို့ကို လူတို့မမြင်နိုင်သော ဝိညာဉ်လောကမှ ဖော်ပြခဲ့ခြင်းဖြစ်သည်။ ဇာတိပကတိ၌နေထိုင်ခဲ့သော လူတို့အတွက် ဝိညာဉ်လောကကို ဖြတ်သန်းမသွားနိုင်ခဲ့ချေ။ သို့သော်လည်း ဘုရားသခင်က လူ့ဇာတိဖြစ်လာပြီးနောက်တွင် သူသည် လူသားမျိုးနွယ်ကို လူ့သဘာ၀၏ ရှုထောင့်မှ စကားပြောခဲ့ပြီး ဝိညာဉ်လောက၏ နယ်ပယ်မှ သူထွက်လာပြီး ၎င်းကို ကျော်လွန်သွားခဲ့သည်။ သူသည် လူသားမျိုးနွယ်က ဘုရားသခင်ကို သိပြီးနားလည်ရန်၊ သူတို့၏ တတ်နိုင်စွမ်းရှိသော အတိုင်းအတာအတွင်းမှ သူ၏ရည်ရွယ်ချက်နှင့် သူလိုအပ်သော စံသတ်မှတ်ချက်တို့ကို သူတို့တတ်နိုင်သောအဆင့်အထိ နားလည်သဘောပေါက်ရန်၊ လူသားတို့လက်ခံနိုင်သော နည်းလမ်းတို့ကို အသုံးပြုရင်း လူသားတို့ စိတ်ကူးထင်မြင်၍ရသောအရာများ၊ သူတို့မြင်ခဲ့သောအရာများ၊ သူတို့ဘဝ၌ ကြုံတွေ့ခဲ့ရသောအရာများ၊ သူတို့နားလည်နိုင်သော ဘာသာစကားတစ်ခုနှင့်၊ သူတို့နားလည်နိုင်သော အသိပညာတို့မှတစ်ဆင့် သူ၏ ဘုရားသခင်စိတ်သဘောထား၊ အလိုတော်နှင့် သဘောထားတို့ကို သူဖော်ပြနိုင်ခဲ့သည်။ ၎င်းသည် ဘုရားသခင်၏ လူ့သဘာဝထဲက အလုပ်၏ နည်းလမ်းနှင့် အခြေခံစည်းမျဉ်းတို့ဖြစ်သည်။ ဘုရားသခင်၏ နည်းလမ်းတို့နှင့် လူ့ဇာတိ၌ သူ၏အလုပ်လုပ်ပုံ သဘောတရားတို့သည် လူ့သဘာဝအားဖြင့် သို့မဟုတ် လူ့သဘာဝမှတစ်ဆင့် အများစုရရှိသော်လည်း ဘုရား၏သဘောသဘာဝနှင့် တိုက်ရိုက်လုပ်ဆောင်ခြင်းအားဖြင့် မရရှိနိုင်သော ရလဒ်တို့ကို အမှန်တကယ် ရရှိခဲ့သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” မှ

၃၂။ ယခုအခါ လူသည် လူ့ဇာတိခံယူသော ဘုရားသခင်၏ အလုပ်မှာ အမှန်တကယ် အလွန်ထူးခြားသည်ကို မြင်သည်၊ ထို့ပြင် ထိုအထဲ၌ လူသားမရရှိနိုင်သောအရာ အများအပြား ရှိသည်။ ယင်းတို့မှာ နက်နဲရာအချက်များနှင့် အံ့သြဖွယ်ရာများ ဖြစ်သည်။ သို့ဖြစ်ရာ လူများစွာတို့သည် နာခံခဲ့ကြပြီးဖြစ်သည်။ အချို့သောသူများသည် သူတို့မွေးဖွားသည့် နေ့ရက်ကတည်းက မည်သည့်လူကိုမျှ မနာခံခဲ့ဖူးသော်လည်း၊ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူတို့မြင်သည့် အချိန်တွင်မူ သူတို့ထိုသို့ပြုမူသည်ကို သတိမမူမိဘဲ သူတို့သည် အပြည့်အဝ နာခံကြသည်၊ ထို့ပြင် သူတို့သည် လေ့လာဆန်းစစ်ရန်သော်လည်းကောင်း၊ သို့မဟုတ် တစ်စုံတစ်ရာပြောရန်သော်လည်းကောင်း မစွန့်စားကြပေ။ လူသားတို့သည် နှုတ်ကပတ်တော်အောက်သို့ ကျရောက်လျက်ရှိပြီး နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းအောက်တွင် ဝမ်းလျားမှောက်လျက်သား ရှိနေသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူကို တိုက်ရိုက်စကားပြောဆိုခဲ့မည်ဆိုလျှင် သူတို့အားလုံးသည် အသံကို နာခံကြလိမ့်မည်၊ ဖွင့်ပြခြင်း နှုတ်ကပတ်တော်များမပါဘဲနှင့် လဲကျကြလိမ့်မည်၊ ဒမာသက်မြို့သို့ သွားရာလမ်းတွင် ရှင်ပေါလုသည် အလင်းရောင်ထဲ၌ မြေကြီးပေါ် လဲကျသွားသကဲ့သို့ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ဤနည်းလမ်းဖြင့် အလုပ်ဆက်လုပ်ခဲ့မည်ဆိုပါက လူသည် နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းမှတစ်ဆင့် သူ၏ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးမှုကို မည်သည့်အခါမျှ သိနိုင်လိမ့်မည် မဟုတ်ဘဲ ကယ်တင်ခြင်းကိုလည်း ရရှိမည်မဟုတ်ပေ။ လူ့ဇာတိခံယူခြင်းမှ တစ်ဆင့်သာလျှင် သူသည် သူ၏နှုတ်ကပတ်တော်များကို လူအယောက်ချင်းစီတိုင်း၏ နားများဆီသို့ ကိုယ်တိုင်ကိုယ်ကျ ပို့ဆောင်နိုင်သည်၊ ထိုသို့အားဖြင့် နားရှိသော လူအားလုံးတို့သည် သူ၏နှုတ်ကပတ်တော်များကို ကြားနိုင်ပြီး သူ၏တရားစီရင်ခြင်းအလုပ်ကို နှုတ်ကပတ်တော်အားဖြင့် ရရှိကြမည်။ ယင်းသည်သာလျှင် သူ၏နှုတ်ကပတ်တော်အားဖြင့် ရရှိသောရလဒ်ဖြစ်သည်၊ လူသားတို့ နာခံရန်အလို့ငှာ ခြောက်လှန့်ရန် ဝိညာဉ်တော်က ပေါ်ထွက်လာခြင်း မဟုတ်ပေ။ ယင်းသို့သော လက်တွေ့ကျပြီး ထူးခြားသော လုပ်ငန်းမှတစ်ဆင့်သာလျှင် နှစ်ပေါင်းများစွာတိုင်အောင် အတွင်းတွင် နက်ရှိုင်းစွာ ပုန်းကွယ်နေသော လူ၏စိတ်သဘောထားဟောင်းများကို အပြည့်အဝ ဖော်ထုတ်နိုင်ခြင်းဖြစ်သည်၊ ထိုသို့အားဖြင့် လူသည် ယင်းကို အသိအမှတ်ပြုပြီး ပြောင်းလဲနိုင်ရန်ဖြစ်သည်။ ဤအရာအားလုံးသည် လူ့ဇာတိခံယူသော ဘုရားသခင်၏ လက်တွေ့ကျသော အလုပ်ဖြစ်သည်၊ ထိုအလုပ်ထဲ၌ လက်တွေ့ကျသည့်နည်းဟန်ဖြင့် စကားပြောဆိုပြီး တရားစီရင်ခြင်းကို ဆောင်ရွက်လျက်၊ သူသည် လူအပေါ်တွင် တရားစီရင်ခြင်း၏ ရလဒ်များကို နှုတ်ကပတ်တော်အားဖြင့် စွမ်းဆောင်ရရှိသည်။ ယင်းသည် လူ့ဇာတိခံယူသော ဘုရားသခင်၏ အခွင့်အာဏာနှင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့်ဆိုင်သော အရေးပါမှုဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ အခွင့်အာဏာကို သိအောင်လုပ်ရန်၊ နှုတ်ကပတ်တော်၏ အလုပ်အားဖြင့် ရရှိလာသော ရလဒ်များကို သိအောင်လုပ်ရန်နှင့် ဝိညာဉ်တော်သည် လူ့ဇာတိခံယူပြီး လူတို့ကို နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းမှတစ်ဆင့် သူ၏အခွင့်အာဏာအား ထင်ရှားစေသည်ကို သိအောင်လုပ်ရန်တို့အတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သူ၏ ဇာတိခန္ဓာသည် ရိုးရိုးသာမန်လူ့သဘာဝ၏ ပြင်ပသဏ္ဌာန်ဖြစ်သော်လည်း၊ ယင်းမှာ သူသည် အခွင့်အာဏာနှင့် ပြည့်ဝကြောင်း လူသားကိုပြသည့်၊ သူသည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ကြောင်းနှင့် သူ၏နှုတ်ကပတ်တော်များသည် ဘုရားသခင် ကိုယ်တော်တိုင်၏ ဖော်ပြချက်ဖြစ်သည် ဆိုခြင်းတို့ကို လူသားအားပြသည့် သူ၏နှုတ်ကပတ်တော်များအားဖြင့် ရရှိသည့် ရလဒ်များဖြစ်သည်။ ဤနည်းလမ်းအားဖြင့် သူသည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ကြောင်း၊ သူသည် လူ့ဇာတိခံယူသော ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်ကြောင်းနှင့် သူ့ကို မည်သူမျှ ပုန်ကန်ပြစ်မှားခြင်း မပြုနိုင်ကြောင်းကို လူသားအား သူပြသသည်။ နှုတ်ကပတ်တော်အားဖြင့် သူ၏ တရားစီရင်ခြင်းကို မည်သူမျှ မကျော်လွှားနိုင်ပေ၊ ထို့ပြင် မည်သည့်အမိုက်မှောင် အင်အားစုကမျှ သူ၏အခွင့်အာဏာကို မလွှမ်းမိုးနိုင်ပေ။ သူသည် လူ့ဇာတိကိုခံယူသော နှုတ်ကပတ်တော်ဖြစ်သောကြောင့်၊ သူ၏အခွင့်အာဏာကြောင့်၊ ထို့ပြင် နှုတ်ကပတ်တော်အားဖြင့် သူ၏တရားစီရင်ခြင်းတို့ကြောင့် လူသည် သူ့ကို လုံးဝဥဿုံ နာခံသည်။ သူခံယူသော ဇာတိခန္ဓာအားဖြင့် ယူဆောင်လာသော အလုပ်သည် သူပိုင်ဆိုင်သော အခွင့်အာဏာဖြစ်သည်။ လူ့ဇာတိကို သူခံယူခဲ့သည့်အကြောင်းရင်းမှာ ဇာတိခန္ဓာသည်လည်း အခွင့်အာဏာကို ပိုင်ဆိုင်နိုင်သောကြောင့်ဖြစ်သည်၊ ထို့ပြင် သူသည် လူသားတို့အကြားတွင် လက်တွေ့ကျသောနည်းဟန်အားဖြင့်၊ လူတို့အနေဖြင့် မြင်နိုင်ပြီး ထိတွေ့နိုင်သော နည်းလမ်းအားဖြင့် အလုပ်ကို အကောင်အထည် ဖော်နိုင်စွမ်းရှိသောကြောင့် ဖြစ်သည်။ ဤအလုပ်သည် အခွင့်အာဏာအလုံးစုံကို ပိုင်ဆိုင်သော ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် တိုက်ရိုက်လုပ်ဆောင်သော အလုပ်ထက် ပိုမိုလက်တွေ့ကျပြီး ရလဒ်များသည်လည်း ပိုမိုထင်ရှားသည်။ ဤသို့ဖြစ်ရခြင်းမှာ ဘုရားသခင်ခံယူသော ဇာတိခန္ဓာသည် လက်တွေ့ကျသော နည်းလမ်းဖြင့် ပြောဆိုနိုင်ပြီး အလုပ်လုပ်နိုင်သောကြောင့် ဖြစ်သည်။ သူ့ဇာတိခန္ဓာ၏ ပြင်ပသဏ္ဌာန်သည် မည်သည့် အခွင့်အာဏာကိုမျှ ဆုပ်ကိုင်ထားခြင်းမရှိဘဲ လူ့အနေဖြင့် ချည်းကပ်နိုင်သည်၊ သို့သော်လည်း သူ၏အနှစ်သာရကမူ အခွင့်အာဏာကို သယ်ဆောင်ထားသည်၊ သို့သော် သူ၏အခွင့်အာဏာကို မည်သူမျှ မမြင်နိုင်ပေ။ သူသည် စကားပြောသောအခါနှင့် အလုပ်လုပ်သောအခါ လူသည် သူ့အခွင့်အာဏာ၏ တည်ရှိမှုကို သတိမပြုမိနိုင်ပေ။ ယင်းအချက်က လက်တွေ့ကျသော သဘာဝရှိသည့်အလုပ်ကို လုပ်ဆောင်ရာ၌ သူ့အတွက် လွယ်ကူချောမောစေသည်။ ထို့ပြင် လက်တွေ့ကျသော ယင်းအလုပ်အားလုံးသည် ရလဒ်များ ရရှိနိုင်သည်။ သူသည် အခွင့်အာဏာအား ဆုပ်ကိုင်ထားသည်ကို မည်သူကမျှ မသိသော်လည်း၊ သို့မဟုတ် သူကို ပုန်ကန်ပြစ်မှား၍ မရနိုင်သည်ကို မမြင်နိုင်သော်လည်း၊ သို့မဟုတ် သူ၏အမျက်ဒေါသကို မမြင်နိုင်သော်လည်း၊ သူ၏ဖုံးကွယ်ထားသော အခွင့်အာဏာ၊ သူ၏ဖုံးကွယ်ထားသော အမျက်ဒေါသနှင့် လူအများရှေ့တွင် သူပြောကြားသော နှုတ်ကပတ်တော်များမှတစ်ဆင့် သူသည် သူ့နှုတ်ကပတ်တော်၏ ရည်ရွယ်ထားသော ရလဒ်များကို ရရှိသည်။ တစ်နည်းဆိုရလျှင် သူ၏အသံနေအသံထားမှတစ်ဆင့်၊ သူ့ဟောပြောချက်၏ လေးနက်မှုနှင့် သူ့နှုတ်ကပတ်တော်များ၏ ဉာဏ်ပညာအလုံးစုံမှတစ်ဆင့် လူသည် လုံးဝဥဿုံ ယုံကြည်လက်ခံသည်။ ဤနည်းအားဖြင့် လူသည် အခွင့်အာဏာ ရှိပုံမရသော လူ့ဇာတိခံယူသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နာခံ၏၊ ထိုသို့အားဖြင့် ဘုရားသခင်၏ ရည်မှန်းချက်ဖြစ်သော လူသားကို ကယ်တင်ခြင်းမှာ ပြည့်စုံသွားသည်။ ဤသည်မှာ သူ၏လူ့ဇာတိခံယူခြင်းဆိုင်ရာ အရေးပါမှု၏ အခြားသောရှုထောင့်ဖြစ်သည်၊ ယင်းမှာ သာ၍လက်တွေ့ကျစွာ ပြောဆိုရန်နှင့် သူ့နှုတ်ကပတ်တော်များ၏ လက်တွေ့သဘောကို လူသားအပေါ်သို့ သက်ရောက်မှုရှိစေရန် ဖြစ်သည်၊ ထိုသို့အားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ဆိုင်ရာ တန်ခိုးကို လူတို့မျက်မြင်တွေ့ရှိစေရန် ဖြစ်သည်။ ထို့ကြောင့် ဤအလုပ်ကို လူ့ဇာတိခံယူခြင်းမှတစ်ဆင့် မပြုလုပ်ခဲ့ပါက ရလဒ်အနည်းဆုံးကိုပင် ရမည်မဟုတ်ဘဲ အပြစ်သားများကို အပြည့်အဝ ကယ်တင်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

၃၃။ ဇာတိခန္ဓာနှင့်နေထိုင်သူ အားလုံးအတွက် မိမိတို့၏ စိတ်သဘောထားကို ပြောင်းလဲခြင်းသည် လိုက်လျှောက်ရမည့် ပန်းတိုင်များကို လိုအပ်ပြီး၊ ဘုရားသခင်ကို သိခြင်းသည် ဘုရားသခင်၏ လုပ်ဆောင်ချက် အမှန်များနှင့် ဘုရားသခင်၏ မျက်နှာတော်အမှန်အား မျက်မြင်တွေ့ခြင်းကို လိုအပ်သည်။ ဤနှစ်ခုစလုံးကို လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာမှသာ စွမ်းဆောင်နိုင်ပြီး၊ နှစ်ခုစလုံးကို သာမန်ဖြစ်သော စစ်မှန်သည့် ဇာတိခန္ဓာဖြင့်သာ ဖြစ်မြောက်စေနိုင်သည်။ ဤသည်မှာ လူ့ဇာတိခံယူခြင်းကို လိုအပ်ရသည့် အကြောင်းရင်းနှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က လူ့ဇာတိခံယူခြင်းကို လိုအပ်ရခြင်း အကြောင်းရင်းဖြစ်သည်။ လူသားတို့သည် ဘုရားသခင်ကို သိရန်လိုအပ်သဖြင့်၊ မရေရာဘဲ သဘာဝထက်လွန်ကဲသော ဘုရားများ၏ ပုံရိပ်များကို သူတို့၏နှလုံးသားများမှ လွင့်ပျောက်သွားအောင် ပြုရမည်၊ ထို့ပြင် သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပယ်ထုတ်ပစ်ရန် လိုအပ်သဖြင့် သူတို့သည် ပထမဆုံးအနေနှင့် သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိရမည်။ အကယ်၍ လူတို့၏နှလုံးသားများထဲမှ မရေရာသော ဘုရားများ၏ပုံရိပ်များကို ဖယ်ထုတ်ပစ်ရန်အတွက် လူသားကသာ လုပ်ဆောင်ပါက သူသည် သင့်လျော်သော အကျိုးသက်ရောက်မှုကို ရရှိမည်မဟုတ်ပေ။ လူသားတို့၏နှလုံးသားများထဲရှိ မရေရာသော ဘုရားများ၏ပုံရိပ်များကို စကားလုံးများဖြင့်သာ မြင်သာအောင်ပြခြင်း၊ ဖယ်ရှားခြင်း၊ သို့မဟုတ် အပြည့်အဝ နှင်ထုတ်ခြင်း မပြုနိုင်ပေ။ ထိုသို့ပြုလျှင် လူတို့ထံတွင် နက်ရှိုင်းစွာ အမြစ်စွဲနေသော ဤအရာများကို ပပျောက်စေရန်မှာ နောက်ဆုံးအချိန်အထိ ဖြစ်နိုင်မည်မဟုတ်ပေ။ ဤအရာတို့ကို လူတို့ တဖြည်းဖြည်း သိလာခွင့်ပေးရန် လက်တွေ့ကျသော ဘုရားသခင်နှင့် ဘုရားသခင်၏ ပုံရိပ်စစ်တို့သာလျှင် ဤမရေရာသော၊ သဘာဝလွန်သောအရာများကို အစားထိုးနိုင်ကာ၊ ဤနည်းအားဖြင့်သာ သတ်မှတ်ထားသော အကျိုးသက်ရောက်မှုကို ရရှိနိုင်သည်။ လူတို့သည် ယခင်အတိတ်က သူတို့ရှာဖွေခဲ့သော ဘုရားသခင်သည် ရေရာမှုမရှိဘဲ သဘာဝလွန်ဖြစ်နေသည်ကို အသိအမှတ်ပြုသည်။ ဤအကျိုးဆက်ကို ရယူနိုင်သည့်အရာမှာ လူတစ်ဦးဦး၏ သင်ကြားမှုဖြစ်ရန် မဆိုထားနှင့်၊ ဝိညာဉ်တော်၏ တိုက်ရိုက်လမ်းညွှန်မှုကြောင့်ပင် မဟုတ်ဘဲ၊ လူ့ဇာတိခံယူသော ဘုရားသခင်သာဖြစ်သည်။ လူ့ဇာတိခံယူသည့် ဘုရားသခင်သည် သူ၏အမှုကို တရားဝင်ဆောင်ရွက်သောအခါ လူသား၏အယူအဆများသည် ဖော်ထုတ်လှန်ထားခြင်း ခံရသည်၊ အကြောင်းမှာ လူ့ဇာတိခံယူသည့် ဘုရားသခင်၏ သာမန်ဖြစ်ခြင်းနှင့် စစ်မှန်ခြင်းသည် လူသား၏စိတ်ကူးထဲမှ မရေရာသော၊ သဘာဝလွန်သည့် ဘုရားနှင့် ပကတိဆန့်ကျင်ဘက် ဖြစ်နေခြင်းကြောင့်တည်း။ လူသား၏ မူလအယူအဆများကို လူ့ဇာတိခံယူသော ဘုရားသခင်နှင့် သူတို့၏ ဆန့်ကျင်ကွဲလွဲမှုဖြင့်သာ ထုတ်ဖော်နိုင်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်နှင့် နှိုင်းယှဉ်ခြင်းမရှိဘဲ လူသား၏ အယူအဆများကို ထုတ်ဖော်နိုင်ခြင်းမရှိပေ၊ တစ်နည်းဆိုရသော် အမှန်တရားနှင့်နှိုင်းယှဉ်ပြခြင်းမရှိဘဲ မရေရာသော အရာများကို ထုတ်ဖော်နိုင်ခြင်းမရှိပေ။ မည်သူမျှ ဤအမှုကို စကားလုံးများသုံး၍ လုပ်နိုင်စွမ်းမရှိပေ၊ ထို့အပြင် မည်သူမျှ ဤအမှုကို စကားလုံးများသုံး၍ ရှင်းရှင်းလင်းလင်း ပြောနိုင်စွမ်းမရှိပေ။ ဘုရားသခင်ကိုယ်တော်တိုင်သာလျှင် သူ၏ကိုယ်ပိုင်အမှုကို လုပ်ဆောင်နိုင်ပြီး သူ့ကိုယ်စား ဤအမှုကို မည်သူကမျှ လုပ်ဆောင်ပေးနိုင်ခြင်းမရှိပေ။ လူသား၏ ဘာသာစကားသည် မည်မျှပင် ကြွယ်ဝနေစေကာမူ လူသားသည် ဘုရားသခင်၏စစ်မှန်မှုနှင့် သာမန်ဖြစ်မှုအကြောင်းကို ရှင်းရှင်းလင်းလင်း ပြောပြနိုင်စွမ်းမရှိပေ။ ဘုရားသခင်သည် လူသားတို့အလယ်တွင် ကိုယ်တိုင်အမှုပြုကာ သူ၏ပုံရိပ်နှင့် သူ၏ဖြစ်ခြင်းကို အပြည့်အဝ ပြသမှသာလျှင် လူသားသည် ဘုရားသခင်ကို ပို၍လက်တွေ့ကျကျသိကာ ပို၍ရှင်းလင်းစွာ တွေ့နိုင်မည်ဖြစ်သည်။ ဤရလဒ်ကို ဇာတိခန္ဓာရှိသည့် မည်သည့်လူကမျှ မရယူနိုင်ပေ။ ဘုရားသခင်၏ ဝိညာဉ်တော်သည်လည်း ဤရလဒ်ကို စွမ်းဆောင်နိုင်စွမ်း မရှိသည်မှာ အမှန်ပင်ဖြစ်သည်။ ဘုရားသခင်သည် ဖောက်ပြန်ပျက်စီးနေသော လူသားကို စာတန်၏ လွှမ်းမိုးမှုမှ ကယ်တင်နိုင်သော်လည်း၊ ဤအမှုကိုမူ ဘုရားသခင်၏ဝိညာဉ်တော်မှ တိုက်ရိုက်လုပ်ဆောင်နိုင်ခြင်း မရှိပေ၊ ထို့အစား ဤအမှုကို ဘုရားသခင်၏ ဝိညာဉ်တော်မှ ယူတင်ဝတ်ဆင်ထားသည့် ဇာတိခန္ဓာ၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာကသာ လုပ်ဆောင်နိုင်သည်။ ဤဇာတိခန္ဓာသည် လူဖြစ်ပြီး ဘုရားလည်းဖြစ်သည်၊ သာမှန်လူ့သဘာဝရှိသော လူသားတစ်ယောက်နှင့် ဘုရားသဘောသဘာဝ အပြည့်အဝရှိသော ဘုရားသခင်လည်းဖြစ်သည်။ ထို့ကြောင့် ဤဇာတိခန္ဓာသည် ဘုရားသခင်၏ ဝိညာဉ်တော်မဟုတ်သော်လည်း၊ ဝိညာဉ်တော်နှင့် အလွန်ကွာခြားလှသော်လည်း၊ ဤဇာတိခန္ဓာသည် ဝိညာဉ်တော်ဖြစ်ပြီး ဇာတိခန္ဓာလည်းဖြစ်သော၊ လူသားတို့ကို ကယ်တင်သော၊ လူ့ဇာတိခံယူသည့် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်နေဆဲပင်ဖြစ်သည်။ သူ့ကို မည်သို့ခေါ်သည်ဖြစ်စေ နောက်ဆုံးတွင်ကား လူသားမျိုးနွယ်ကို ကယ်တင်သည့် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်နေဆဲပင်ဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိခန္ဓာနှင့် ခွဲခြား၍မရဘဲ ဇာတိခန္ဓာ၏အမှုသည်လည်း ဘုရားသခင့်ဝိညာဉ်တော်၏ အမှုပင်ဖြစ်သောကြောင့် ဖြစ်လေသည်၊ ဤအမှုကို ဝိညာဉ်တော်၏ သွင်ပြင်လက္ခဏာကို အသုံးပြု၍ မလုပ်ဆောင်ဘဲ၊ ဇာတိခန္ဓာ၏ သွင်ပြင်လက္ခဏာကို အသုံးပြု၍ လုပ်ဆောင်ခြင်းမျှသာဖြစ်သည်။ ဝိညာဉ်တော်မှ တိုက်ရိုက်လုပ်ဆောင်ရန် လိုအပ်သည့် အလုပ်များသည် လူ့ဇာတိခံယူခြင်းကို မလိုအပ်ပေ၊ ထို့ပြင် ဇာတိခန္ဓာက လုပ်ဆောင်ရန်လိုအပ်သည့် အမှုကိုလည်း ဝိညာဉ်တော်မှ တိုက်ရိုက်လုပ်ဆောင်နိုင်ခြင်း မရှိဘဲ၊ လူ့ဇာတိခံယူသည့် ဘုရားသခင်မှသာလျှင် လုပ်ဆောင်နိုင်သည်။ ယင်းသည် ဤအမှုတော်အတွက် လိုအပ်သည့်အရာ၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်မှ လိုအပ်သည့်အရာဖြစ်သည်။ ဘုရားသခင့်အမှု၏ အဆင့်သုံးဆင့်အတွင်းတွင် အဆင့်တစ်ဆင့်ကိုသာလျှင် ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်ခြင်းဖြစ်ပြီး ကျန်အဆင့်နှစ်ဆင့်ကိုမူ ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်ခြင်း မဟုတ်ဘဲ လူ့ဇာတိခံယူသော ဘုရားသခင်က လုပ်ဆောင်ခြင်းဖြစ်သည်။ ဝိညာဉ်တော်က လုပ်ဆောင်သော ပညတ်တော်ခေတ်၏ အမှုတွင် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲခြင်းမပါဝင်သကဲ့သို့ ဘုရားသခင်နှင့်ပတ်သက်သော လူ၏အသိပညာနှင့်လည်း မည်သည့်ဆက်စပ်ခြင်းမျှ မရှိပေ။ သို့ရာတွင် ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်ထဲမှ ဘုရားသခင့်ဇာတိခန္ဓာ၏ အမှုတွင် လူသား၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားနှင့် ဘုရားသခင်နှင့် ပတ်သက်သော လူ၏အသိပညာတို့ပါဝင်ကာ၊ ကယ်တင်ခြင်းအမှု၏ အရေးကြီး၍ အရေးပါလှသော အပိုင်းဖြစ်လေသည်။ ထို့ကြောင့် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်ပြီး၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ တိုက်ရိုက်လုပ်ဆောင်မှုကို ပို၍လိုအပ်သည်။ လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသော ဘုရားသခင်မှ မိမိတို့ကို ထိန်းကျောင်းရန်၊ ပံ့ပိုးရန်၊ ရေလောင်းပေးရန်၊ ကျွေးမွေးရန်၊ တရားစီရင်ရန်နှင့် ပြစ်တင်ဆုံးမရန်တို့ကို လိုအပ်သည်၊ ထို့အပြင် လူသားသည် လူ့ဇာတိခံယူသော ဘုရားသခင်ထံမှ ပို၍များသော ကောင်းချီးနှင့် ပို၍ကြီးမားသော ရွေးနုတ်ခြင်းတို့ကို လိုအပ်သည်။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်သာလျှင် လူသား၏ ယုံကြည်စိတ်ချရသူ၊ လူသား၏သိုးထိန်း၊ လူသားအတွက် အမြဲရှိနေသော အကူအညီဖြစ်နိုင်ပြီး၊ ဤအရာအားလုံးသည် ယနေ့နှင့် ယခင်အတိတ်ကာလများမှ လူ့ဇာတိခံယူခြင်းကို လိုအပ်မှုဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်” မှ

၃၄။ နိုင်ငံတော်ခေတ်၌ လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ့ကိုယုံကြည်သူများအားလုံးကို သိမ်းပိုက်ရန်အတွက် နှုတ်ကပတ်တော်များပြော၏။ ဤအရာမှာ “လူ့ဇာတိ၌ ပေါ်လာသော နှုတ်ကပတ်တော်” ပင်ဖြစ်သည်။ ဘုရားသခင်သည် နောက်ဆုံးသောကာလ၌ ဤအမှုကို လုပ်ဆောင်ရန် ရောက်လာခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် လူ့ဇာတိ၌ ပေါ်လာသော နှုတ်ကပတ်တော်၏ ရည်ရွယ်ချက်အစစ်အမှန်ကို ဖြစ်မြောက်စေဖို့ ရောက်လာခြင်းဖြစ်သည်။ သူသည် နှုတ်ကပတ်တော်များကိုသာ ပြောဆိုသည်၊ ထို့ပြင် အချက်အလက်များပေါ်ထွန်းလာမှု သိပ်မရှိပေ။ ဤအရာသည်ပင် လူ့ဇာတိ၌ ပေါ်လာသော နှုတ်ကပတ်တော်၏ အနှစ်သာရဖြစ်သည်။ ထို့ပြင် လူ့ဇာတိခံယူသော ဘုရားသခင်က နှုတ်ကပတ်တော်များကို ပြောဆိုသောအခါ ယင်းသည် လူ့ဇာတိထဲ၌ နှုတ်ကပတ်တော် ပေါ်လာခြင်းဖြစ်ပြီး၊ နှုတ်ကပတ်တော်က လူ့ဇာတိထဲသို့ ကြွဆင်းလာခြင်းဖြစ်သည်။ “အစဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍...။” ဤအရာ (လူ့ဇာတိထဲ၌ နှုတ်ကပတ်တော်ပေါ်လာခြင်း၏ အမှု) သည် နောက်ဆုံးသောကာလ၌ ဘုရားသခင်ပြီးမြောက်အောင်လုပ်မည့် အမှုဖြစ်ပြီး ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ် တစ်ခုလုံး၏ နောက်ဆုံးအခန်းလည်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လောကသို့ကြွလာပြီး သူ၏နှုတ်ကပတ်တော်များကို လူ့ဇာတိထဲတွင် ထင်ရှားပြခြင်း ဖြစ်သည်။ ယနေ့လုပ်ပြီးသောအရာ၊ အနာဂတ်တွင် လုပ်မည့်အရာ၊ ဘုရားသခင်က အထမြောက်အောင် လုပ်မည့်အရာ၊ လူသား၏ နောက်ဆုံးပန်းတိုင်၊ ကယ်တင်ခြင်း ခံရမည့်သူများ၊ ဖျက်ဆီးခြင်း ခံရမည့်သူများ စသည်တို့နှင့် ပတ်သက်သော ဤအမှုသည် အဆုံး၌ ပြီးမြောက်အောင် လုပ်သင့်သည့် အမှုဖြစ်ပြီး ထိုအမှုနှင့်ပတ်သက်သော အကြောင်းအရာအားလုံးကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီးဖြစ်သည်၊ ထို့အပြင် ထိုအရာများအားလုံးသည် လူ့ဇာတိ၌ ပေါ်လာသော နှုတ်ကပတ်တော်၏ ရည်ရွယ်ချက်အစစ်အမှန်ကို အထမြောက်စေခြင်းအလို့ငှာဖြစ်သည်။ ယခင်က ထုတ်ပြန်ခဲ့သည့် စီမံခန့်ခွဲမှုဆိုင်ရာ အမိန့်များနှင့် ဥပဒေသများ၊ ဖျက်ဆီးခြင်း ခံရမည့်သူများ၊ ချမ်းသာခြင်းထဲသို့ ဝင်ရောက်ကြမည့်သူများ စသည်တို့နှင့်ပတ်သက်သော နှုတ်ကပတ်တော်များအားလုံးသည် ပြည့်စုံရမည် ဖြစ်သည်။ ဤသည်မှာ နောက်ဆုံးသောကာလ၌ လူ့ဇာတိခံယူသော ဘုရားသခင်က ပြီးမြောက်အောင်လုပ်မည့် အဓိကအမှုဖြစ်သည်။ ဘုရားသခင် ရှေးမဆွက ခွဲခန့်မှတ်သားထားသောသူများသည် မည်သည့်နေရာနှင့် ဆိုင်ကြောင်း၊ ဘုရားသခင် ရှေးမဆွက ခွဲခန့်မှတ်သားထားခြင်း မရှိသောသူများသည် မည်သည့်နေရာနှင့် ဆိုင်ကြောင်း၊ သူ၏လူများနှင့် သူ၏သားများကို မည်ကဲ့သို့အမျိုးအစား ခွဲခြားသတ်မှတ်မည်ဖြစ်ကြောင်း၊ ဣသရေလပြည်သည် မည်သို့ဖြစ်သွားလိမ့်မည်၊ အဲဂုတ္တုပြည်သည် မည်သို့ဖြစ်သွားလိမ့်မည် စသည်တို့ကို ဘုရားသခင်သည် လူတို့အား နားလည်စေသည်။ အနာဂတ်တွင် ထိုအရာများအကြောင်း ပြောထားသော နှုတ်ကပတ်တော်တိုင်းသည် ပြည့်စုံလိမ့်မည်။ ဘုရားသခင့်အမှု၏ အဆင့်များသည် အရှိန်မြင့်လာလျက်ရှိသည်။ ခေတ်တိုင်းခေတ်တိုင်းတွင် အဘယ်အရာကိုလုပ်ရမည်၊ နောက်ဆုံးသောကာလ၌ လူ့ဇာတိခံယူသော ဘုရားသခင်က အဘယ်အရာကိုလုပ်ရမည်၊ ထို့ပြင် လုပ်ဆောင်ရမည့် သူ၏အမှုတော် စသည်တို့ကို လူသားအား ထုတ်ဖော်ပြသရန် နည်းလမ်းများအဖြစ် ဘုရားသခင်သည် နှုတ်ကပတ်တော်ကို အသုံးပြုသည်။ ထို့ပြင် ဤနှုတ်ကပတ်တော်များ အားလုံးသည် လူ့ဇာတိတွင် ပေါ်လာသော နှုတ်ကပတ်တော်၏ ရည်ရွယ်ချက်အစစ်အမှန်ကို အထမြောက်စေရန်အလို့ငှာ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်” မှ

၃၅။ ဘုရားသခင်က ကမ္ဘာကြီးထဲကို ကြွလာခြင်းသည် “နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူသည်” ဟူသောအချက်ကို ကနဦး ပြည့်စုံစေဖို့ဖြစ်ပြီး ပြောရမည်ဆိုလျှင် ဘုရားသခင် ကြွလာခြင်းသည် သူ၏ နှုတ်ကပတ်တော်များကို (ဓမ္မဟောင်းထဲက မောရှေအချိန်ကဲ့သို့ ဘုရားသခင်သည် ကောင်းကင်မှ တိုက်ရိုက် စကားပြောခြင်းမျိုး မဟုတ်ဘဲ) လူ့ဇာတိထဲမှ ထုတ်ဖော်ရန်ပင်ဖြစ်သည်။ ထို့နောက် သူ၏ နှုတ်ကပတ်တော်တိုင်းသည် နှစ်တစ်ထောင် နိုင်ငံတော်ကာလတွင် ပြည့်စုံမည် ဖြစ်သည်။ ထိုနှုတ်ကပတ်တော်များသည် လူများ၏ မျက်လုံးများရှေ့တွင် မြင်တွေ့နိုင်သော အချက်အလက်များ ဖြစ်လာလိမ့်မည်ဖြစ်ပြီး လူများသည် ထိုအရာများကို ခြားနားခြင်း စိုးစဉ်းမျှမရှိဘဲ သူတို့၏ ကိုယ်ပိုင်မျက်လုံးများကို အသုံးပြုကာ ရှုမြင်ရကြ လိမ့်မည်ဖြစ်သည်။ ဤအရာသည် ဘုရားသခင် လူ့ဇာတိကိုခံယူခြင်း၏ အမြင့်ဆုံးအဓိပ္ပာယ်ဖြစ်သည်။ ပြောရမည်ဆိုလျှင်၊ ဝိညာဉ်တော်၏ အမှုသည် လူ့ဇာတိမှတစ်ဆင့်၊ နှုတ်ကပတ်တော်များမှတစ်ဆင့် ပြည့်စုံလာခြင်းဖြစ်သည်။ ဤအရာသည် “နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူသည်” နှင့် “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏” တို့၏ စစ်မှန်သော အဓိပ္ပာယ်ပင်ဖြစ်သည်။ ဘုရားသခင် တစ်ပါးတည်းသာ ဝိညာဉ်တော်၏ အလိုကို ပြောနိုင်ပြီး လူ့ဇာတိထဲ၌ရှိသော ဘုရားသခင်ကသာ ဝိညာဉ်တော်ကိုယ်စား ပြောနိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကသာ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၌ ပေါ်လွင်စေပြီး လူတိုင်းက ထိုအရာများ၏ လမ်းညွှန်မှုကို ခံရသည်။ လူတိုင်းက ဤနယ်ပယ်အတွင်းမှာသာ ရှိနေရပြီး မည်သူကမှ လွတ်ငြိမ်းခွင့် မရပါ။ ဤဖွင့်ဆိုချက်များမှသာ လူများသည် သိလာကြရခြင်းဖြစ်ပြီး၊ ဤနည်းလမ်းနှင့် မရသောသူများသည် အကယ်၍ သူတို့သာ ကောင်းကင်မှ ဖွင့်ဆိုချက်များ ရနိုင်သည်ဟု ယုံကြည်နေလျှင် စိတ်ကူးနှင့် ရူးနေကြခြင်း ဖြစ်သည်။ လူအားလုံးကို ယုံကြည်အောင် ပြုခြင်းမှာ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းမှာ ဖော်ပြထားသော အခွင့်အာဏာ ဖြစ်သည်။ ကြည်ညိုထိုက်သော ပညာရှင်များနှင့် ဘာသာရေး ခေါင်းဆောင်များပင်လျှင် ဤနှုတ်ကပတ်တော်များကို မပြောပြနိုင်ပါ။ သူတို့အားလုံးသည် ထိုနှုတ်ကပတ်တော်များအောက်၌ ကျိုးနွံအပ်နှံရမည်၊ မဟုတ်လျှင် မည်သူမှ နောက်တဆင့်ကို တက်လှမ်းနိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် စကြဝဠာကို အောင်နိုင်ဖို့ နှုတ်ကပတ်တော်များကို အသုံးပြုပါလိမ့်မည်။ ဤအရာများကို သူခံယူထားသော လူ့ဇာတိနှင့် လုပ်ဆောင်မည် မဟုတ်ဘဲ စကြဝဠာ တစ်လျှောက်လုံးမှာ ရှိနေသော လူအားလုံးကို သိမ်းပိုက် အောင်နိုင်ဖို့ ဘုရားသခင်၏ နှုတ်ကထွက်လာပြီး လူ့ဇာတိခံယူသော ဖွင့်ဆိုချက်များအားဖြင့် လုပ်ဆောင်မည်ဖြစ်သည်။ ဤအရာသာ နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူခြင်းဖြစ်ပြီး ဤအရာသာ လူ့ဇာတိ၌ နှုတ်ကပတ်တော် ပေါ်လာခြင်း ဖြစ်သည်။ ဤအရာသည် လူများအတွက်ဆိုလျှင် ဘုရားသခင်က လုပ်ဆောင်မှုများစွာ မလုပ်ခဲ့ဟု ထင်ရသကဲ့သို့ ဖြစ်နေသော်လည်း၊ လူများနှံ့နှံ့စပ်စပ် ယုံကြည်ဖို့နှင့် ကြောက်ရွံ့ရိုသေဖို့ ဘုရားသခင်က သူ၏ နှုတ်ကပတ်တော်များကို မြွက်ဆိုရုံပဲ ရှိပါသည်။ အချက်အလက်များ မရှိလျှင် လူများသည် အော်ဟစ်၊ ကြွေးကြော်ကြမည်ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သာဆိုလျှင် သူတို့ ဆိတ်ငြိမ်ကျသွားမည် ဖြစ်သည်။ ဘုရားသခင်သည် ဤအရာများကို အမှန်ပြည့်စုံစေမည် ဖြစ်သည်၊ အဘယ့်ကြောင့်ဆိုလျှင် ဤအရာသည် သူ၏ ရေရှည်စီမံကိန်းဖြစ်သော နှုတ်ကပတ်တော် ဤလောကကို ရောက်ရှိခြင်းအား အကောင်အထည်ဖော်ခြင်း ဖြစ်သောကြောင့်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ” မှ

၃၆။ ဇာတိခန္ဓာထဲရှိ ဘုရားသခင့်အမှု၏ အကောင်းဆုံးသောအရာမှာ တိကျမှန်ကန်သော နှုတ်ကပတ်တော်များနှင့် တိုက်တွန်းနှိုးဆော်မှုများ၊ သူ့နောက်သို့လိုက်သော လူသားမျိုးနွယ်အတွက် သူ၏တိကျမှန်ကန်သောအလိုတော် စသည်တို့ကို ဘုရားသခင်အနေဖြင့် ချန်ရစ်ထားနိုင်ခြင်းဖြစ်သည်၊ ထိုသို့အားဖြင့် ထိုအရာပြီးနောက်တွင် သူ၏နောက်လိုက်များသည် ဇာတိခန္ဓာထဲရှိ သူ၏အမှုအားလုံးနှင့် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူ၏အလိုတော်တို့အား ဤလမ်းကို လက်ခံသောသူတို့ထံ ပို၍တိကျမှန်ကန်စွာနှင့် ပို၍ရုပ်လုံးပေါ်စွာ လက်ဆင့်ကမ်းပေးနိုင်မည်ဖြစ်သည်။ လူတို့ကြားမှ ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏အမှုသည်သာလျှင် ဘုရားသခင်၏ဖြစ်ခြင်းနှင့် လူသားတို့နှင့် အတူတကွနေထိုင်ခြင်း အစရှိသည့် အချက်တို့ကို စစ်မှန်စွာ အထမြောက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ဤအမှုသည်သာလျှင် ဘုရားသခင်၏ မျက်နှာတော်ကိုကြည့်ရန်၊ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံရရန်နှင့် ဘုရားသခင်၏ ကိုယ်ပိုင်နှုတ်ကပတ်တော်တို့ကို ကြားရန်ဖြစ်သည့် လူသား၏ စိတ်ဆန္ဒကို ဖြည့်ဆည်းနိုင်ပေမည်။ ယေဟောဝါသည် လူသားမျိုးနွယ်ကို စွန့်ခွာသွားသည့်အခါမှသာ လူ့ဇာတိခံယူသော ဘုရားသခင်သည် ခေတ်ကိုအဆုံးသတ်ကာ မရေရာသော ဘုရားသခင်အပေါ် လူသားမျိုးနွယ်တို့ ယုံကြည်ကြသည့်ခေတ်ကိုလည်း နိဂုံးချုပ်ပေးသည်။ အထူးသဖြင့် နောက်ဆုံးလူ့ဇာတိခံယူသည့် ဘုရားသခင်သည် ပို၍စစ်မှန်သော၊ ပို၍လက်တွေ့ကျသော၊ ပို၍သာယာသော ခေတ်တစ်ခေတ်ထဲသို့ လူသားမျိုးနွယ်အားလုံးကို ပို့ဆောင်ပေးသည်။ သူသည် ပညတ်တော်နှင့် အယူဝါဒခေတ်ကို အဆုံးသတ်ရုံသာမကဘဲ ပို၍အရေးကြီးသည်မှာ စစ်မှန်ပြီး သာမန်ဖြစ်သော၊ ဖြောင့်မတ်ပြီး သန့်ရှင်းမြင့်မြတ်သော၊ စီမံခန့်ခွဲမှုအစီအစဉ်၏ အမှုကိုဖွင့်လှစ်ပြီး လူသားမျိုးနွယ်၏ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ပန်းတိုင်ကို ပြသသော၊ လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး စီမံခန့်ခွဲမှုအမှုကို အဆုံးသတ်ပေးသော၊ နှစ်ထောင်ပေါင်းများစွာ ပုန်းကွယ်နေခဲ့သော ဘုရားသခင်တစ်ပါးကို လူသားမျိုးနွယ်အား သူထုတ်ဖော်ပြသည်။ မရေရာသောခေတ်ကို သူသည် လုံးဝအဆုံးသတ်ကာ၊ လူသားမျိုးနွယ်တစ်ရပ်လုံးမှ ဘုရားသခင်၏ မျက်နှာတော်ကို ရှာဖွေရန်ဆန္ဒရှိသော်လည်း ထိုသို့မလုပ်ဆောင်နိုင်သောခေတ်ကို နိဂုံးချုပ်၍၊ လူသားမျိုးနွယ်တစ်ရပ်လုံး စာတန်ကို အစေခံသည့်ခေတ်ကို သူသည်ကုန်ဆုံးစေပြီး၊ လူသားတစ်မျိုးနွယ်လုံးကို လုံးဝအသစ်ဖြစ်သော ခေတ်ဆီသို့ ဦးဆောင်သွားသည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ ဝိညာဉ်တော်မဟုတ်ဘဲ ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏အမှုဆိုင်ရာ ရလဒ်ဖြစ်သည်။ ဘုရားသခင်သည် သူ၏ဇာတိခန္ဓာနှင့် အမှုဆောင်သောအခါ သူ၏နောက်လိုက်များသည် မရေရာသော၊ ဒွိဟဖြစ်စေသော အရာများနောက်သို့ လိုက်လံရှာဖွေခြင်းနှင့် စမ်းတဝါးဝါးသွားလာခြင်းတို့ကို မပြုကြတော့ပေ၊ ထို့ပြင် မရေရာသော ဘုရားသခင်၏ အလိုတော်ကို ခန့်မှန်းခြင်းကိုလည်း ရပ်တန့်ကြသည်။ ဘုရားသခင်သည် ဇာတိခန္ဓာနှင့် သူ၏အမှုကို ဖြန့်ဝေသောအခါ သူ့နောက်သို့လိုက်သူများသည် ဇာတိခန္ဓာဖြင့် သူလုပ်ဆောင်ခဲ့သော အမှုကို ဘာသာတရားများနှင့် ဂိုဏ်းဂဏများအားလုံးထံသို့ လက်ဆင့်ကမ်းပေးကြလိမ့်မည်၊ ထို့ပြင် သူတို့သည် လူသားတစ်မျိုးနွယ်လုံး၏ နားထဲသို့ ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးကို ပြောဆိုကြလိမ့်မည်။ သူ၏ဧဝံဂေလိတရားကို လက်ခံရရှိသော သူတို့က ကြားနာခဲ့သော အရာအားလုံးသည် သူ့အမှု၏ စစ်မှန်သော အချက်များဖြစ်လိမ့်မည်ဖြစ်ပြီး၊ လူသားက ကိုယ်တိုင်တွေ့မြင်ကြားသိရသောအရာများ ဖြစ်လိမ့်မည်ဖြစ်၍၊ မှန်ကန်မှုများဖြစ်ကာ ကောလာဟလများ ဖြစ်လိမ့်မည်မဟုတ်ပေ။ ဤအချက်များသည် ဘုရားသခင်က သူ၏အမှုကို ဖြန့်ဝေနေသည့် သက်သေများဖြစ်ပြီး၊ သူ၏အမှုကို ဖြန့်ကျက်ရာတွင် သူအသုံးပြုသော တန်ဆာပလာများလည်းဖြစ်သည်။ ဤအချက်များမရှိပါက သူ၏ဧဝံဂေလိတရားသည် နိုင်ငံအားလုံးနှင့် နေရာအားလုံးသို့ ပျံ့နှံ့လိမ့်မည် မဟုတ်ပေ၊ ဤအချက်အလက်များ မရှိဘဲ လူသားတို့၏ ထင်မြင်ချက်များသာရှိပါက ဘုရားသခင်သည် စကြဝဠာတစ်ခုလုံးကို သိမ်းပိုက်ခြင်းအမှုကို မည်သည့်အခါမျှ ဆောင်ရွက်နိုင်မည် မဟုတ်ပေ။ လူသားအတွက် ဝိညာဉ်တော်သည် ကိုယ်ထည်မရှိ၊ တွေ့မြင်နိုင်ခြင်းမရှိပေ၊ ထို့ပြင် ဝိညာဉ်တော်၏အမှုသည် လူသားအတွက် ဘုရားသခင့်အမှု၏ အချက်အလက်များ၊ သို့မဟုတ် အထောက်အထားတို့ကို ဆက်လက်ချန်ထားနိုင်စွမ်းမရှိပေ။ လူသားသည် ဘုရားသခင်၏ မျက်နှာတော်အစစ်အမှန်ကို မည်သည့်အခါမျှ တွေ့နိုင်မည်မဟုတ်ဘဲ၊ မတည်ရှိသည့် မရေရာသော ဘုရားသခင်ကိုသာ အမြဲတမ်းယုံကြည်နေလိမ့်မည်။ လူသားသည် ဘုရားသခင်၏ မျက်နှာတော်ကို မည်သည့်အခါမျှ တွေ့ရမည် မဟုတ်သကဲ့သို့ ဘုရားသခင်ကိုယ်တိုင်ကိုယ်ကျ ပြောကြားသော နှုတ်ကပတ်တော်များကိုလည်း မည်သည့်အခါမျှ ကြားသိရမည် မဟုတ်ပေ။ လူသားတို့၏ တွေးထင်မှုများသည် အမှန်စင်စစ် အလဟဿဖြစ်ပြီး ဘုရားသခင်၏ မျက်နှာတော် အစစ်အမှန်ကို အစားမထိုးနိုင်ပေ၊ ဘုရားသခင်၏ ရှိရင်းစွဲ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုကို လူသားသည် တူအောင်မတုနိုင်ပါ။ လူသားတို့အကြားတွင် ကိုယ်တိုင်ကိုယ်ကျ အမှုဆောင်သည့် လူ့ဇာတိခံယူသော ဘုရားသခင်မှသာလျှင် ကောင်းကင်ဘုံမှ မမြင်ရသော ဘုရားသခင်နှင့် သူ၏အမှုကို ကမ္ဘာကြီးပေါ်သို့ ယူဆောင်လာနိုင်မည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်သည် လူသားတို့ထံ ပေါ်ထွန်းလာပြီး၊ လူသားသည် ဘုရားသခင်ကိုတွေ့မြင်ကာ၊ ဘုရားသခင်၏ မျက်နှာတော်အစစ်အမှန်ကို သိရှိလာသည့် အကောင်းဆုံးသော နည်းလမ်းဖြစ်သည်၊ လူ့ဇာတိမခံယူသော ဘုရားသခင်မှ ဤအရာကို မစွမ်းဆောင်နိုင်ပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်” မှ

၃၇။ ဤဇာတိခန္ဓာသည် လူတို့မလုပ်နိုင်သည့်အမှုကို ပြုနိုင်ခြင်းမှာ သူ၏အတွင်းမှ အနှစ်သာရသည် မည်သည့်လူသားနှင့်မျှ မတူခြင်းကြောင့်ဖြစ်သည်၊ ထို့ပြင် လူသားတို့ကို သူကယ်တင်နိုင်ခြင်း၏ အကြောင်းရင်းမှာ သူ၏သွင်ပြင်လက္ခဏာသည် လူသားတို့၏ သွင်ပြင်လက္ခဏာနှင့် ကွာခြားခြင်းကြောင့် ဖြစ်သည်။ ဤဇာတိခန္ဓာသည် လူသားမျိုးနွယ်အတွက် အလွန်အရေးကြီးသည်၊ အကြောင်းမှာ သူသည် လူသားဖြစ်သည့်အပြင် ဘုရားသခင်လည်း သာ၍ဖြစ်သောကြောင့် ဖြစ်သည်၊ ထို့အပြင် သူ့အနေဖြင့် ဇာတိခန္ဓာရှိသော မည်သည့်သာမန်လူသားကမျှ မပြုလုပ်နိုင်သည့် အမှုကိုလုပ်ဆောင်နိုင်ပြီး ကမ္ဘာကြီးပေါ်တွင် သူနှင့်အတူနေထိုင်သော ဖောက်ပြန်ပျက်စီးနေသည့် လူသားကို ကယ်တင်နိုင်ခြင်းကြောင့်ဖြစ်သည်။ သူသည် လူသားနှင့် ပုံစံတူသော်လည်း လူ့ဇာတိခံယူသည့် ဘုရားသခင်သည် တန်ဖိုးရှိသည့် မည်သည့်လူသားထက်မဆို လူသားမျိုးနွယ်အတွက် ပို၍အရေးကြီးသည်၊ အကြောင်းမှာ ဘုရားသခင်၏ဝိညာဉ်တော် မလုပ်ဆောင်နိုင်သော အမှုကို သူလုပ်ဆောင်နိုင်သောကြောင့်ဖြစ်ပြီး၊ ဘုရားသခင်ကိုယ်တော်တိုင်ကို ဘုရားသခင်၏ ဝိညာဉ်တော်ထက် ပို၍သက်သေခံနိုင်စွမ်းရှိကာ၊ ဘုရားသခင်၏ဝိညာဉ်တော်ထက် လူသားမျိုးနွယ်ကို အပြည့်အဝ ရယူနိုင်စွမ်းရှိသောကြောင့်ဖြစ်သည်။ ရလဒ်အနေဖြင့် ဤဇာတိခန္ဓာသည် ရိုးရိုးသာမန်ဖြစ်သော်လည်း လူသားမျိုးနွယ်အတွက် သူ၏ထောက်ပံ့ကူညီမှုနှင့် လူသားမျိုးနွယ်တည်ရှိမှုအတွက် သူ၏အရေးပါမှုတို့သည် သူ့ကို လွန်ကဲစွာ တန်ဖိုးရှိစေပြီး၊ ဤဇာတိခန္ဓာ၏ စစ်မှန်သောတန်ဖိုးနှင့် အရေးပါမှုကို မည်သည့်လူသားကမျှ တိုင်းတာ၍ မရနိုင်ပေ။ ဤဇာတိခန္ဓာသည် စာတန်ကို တိုက်ရိုက် မဖျက်ဆီးနိုင်သော်လည်း သူ့အနေဖြင့် လူသားကို သိမ်းပိုက်ရန်၊ စာတန်ကို ချေမှုန်းရန်၊ သူ့အုပ်စိုးမှုအောက်တွင် စာတန်ကို အပြည့်အဝနာခံလာအောင်ပြုရန် သူ၏အမှုကို အသုံးပြုနိုင်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူခဲ့သောကြောင့် သူသည် စာတန်ကို နှိမ်နင်းနိုင်ကာ လူသားမျိုးနွယ်ကို ကယ်တင်နိုင်ခြင်းဖြစ်သည်။ သူသည် စာတန်ကို တိုက်ရိုက်မဖျက်ဆီးပေ၊ သို့သော် စာတန်က ဖျက်ဆီးခဲ့သော လူသားတို့ကို သိမ်းပိုက်ရန်အတွက် အမှုဆောင်ရန် လူ့ဇာတိခဲ့ယူခဲ့ခြင်းဖြစ်သည်။ ဤနည်းဖြင့် သူသည် ဖန်ဆင်းခံများအကြားတွင် မိမိကိုယ်ကိုအတွက် ပို၍ကောင်းသော သက်သေကိုခံနိုင်ပြီး ဖောက်ပြန်ပျက်စီးနေသော လူတို့ကို ပို၍ကယ်တင်နိုင်ပေသည်။ လူ့ဇာတိခံယူသည့် ဘုရားသခင်၏ စာတန်ကို နှိမ်နင်းခြင်းသည် ဘုရားသခင်၏ ဝိညာဉ်တော်က စာတန်ကို တိုက်ရိုက်ဖျက်ဆီးသည်ထက် ပို၍ကြီးမားသော သက်သေကိုခံနိုင်ကာ ပို၍ဆွဲဆောင်မှုရှိသည်။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် ဖန်ဆင်းရှင်ကို သိခြင်းအရာ၌ လူသားတို့ကို ပို၍ကောင်းစွာ ကူညီနိုင်ပြီး၊ ဖန်ဆင်းခံများအကြားတွင် မိမိကိုယ်ကိုအတွက် ပို၍ကောင်းသော သက်သေကို ခံနိုင်လေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်” မှ

၃၈။ ယခုတစ်ကြိမ်မှာ ဘုရားသခင်သည် ဝိညာဉ်ခန္ဓာကိုယ်ထဲမှာ မဟုတ်ဘဲ အလွန်သာမညကျသော ခန္ဓာကိုယ်ထဲတွင် လုပ်ဆောင်ရန် ကြွဆင်းလာသည်။ ၎င်းမှာ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူသည့် ခန္ဓာကိုယ်ဖြစ်ရုံသာမက ဘုရားသခင်ပြန်ကြွလာသည့် ခန္ဓာကိုယ်လည်း ဖြစ်ပါသေးသည်။ ၎င်းမှာ အလွန်သာမညကျသော ဇာတိခန္ဓာဖြစ်သည်။ သူ့အထဲတွင် အခြားသူတို့နှင့် မတူသည့်အရာတစ်ခုကိုမျှ သင်မမြင်နိုင်သော်လည်း၊ ယခင်က တစ်ခါမျှ မကြားဖူးသည့် သမ္မာတရားများကို သင်ကြားရနိုင်သည်။ ယင်းကဲ့သို့ မထင်မရှားသည့် ဇာတိခန္ဓာသည် ဘုရားသခင်ထံမှ သမ္မာတရားဆိုင်ရာ နှုတ်ကပတ်တော်များအားလုံး၏ ပြယုဂ်ဖြစ်ပြီး၊ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏အမှုကို ထမ်းဆောင်သောအရာဖြစ်ကာ၊ လူသားများ သိရှိလာရန်အလို့ငှာ လူသားတို့အတွက် ဘုရားသခင်၏ စိတ်သဘောထားတစ်ရပ်လုံးကို ဖော်ပြမှုလည်းဖြစ်သည်။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကိုမြင်ရဖို့ စိတ်ပြင်းပြမနေခဲ့သလော။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သိနားလည်ဖို့ စိတ်ပြင်းပြမနေခဲ့သလော။ သင်သည် လူသားမျိုးနွယ်၏ ခရီးဆုံးပန်းတိုင်ကိုမြင်ရဖို့ စိတ်ပြင်းပြမနေခဲ့သလော။ သူသည် မည်သည့်လူသားကမျှ သင့်ကို ပြောပြနိုင်စွမ်းမရှိခဲ့သည့် ဤလျှို့ဝှက်ချက်များ အားလုံးကို သင့်အားပြောပြပြီး၊ သင်နားမလည်သည့် သမ္မာတရားများကိုပင် သင့်အားပြောပြဦးမည် ဖြစ်သည်။ သူသည် ဘုရားသခင့်နိုင်ငံတော်အတွင်းသွားရာ သင်၏တံခါးဝဖြစ်ပြီး ခေတ်သစ်ထဲသို့ သင့်ကိုလမ်းပြမည့်သူဖြစ်သည်။ ယင်းကဲ့သို့သော သာမညဇာတိခန္ဓာသည် ဉာဏ်မမီနိုင်သည့် များစွာသောနက်နဲမှုများကို စွဲကိုင်ထားသည်။ သူ၏လုပ်ဆောင်ချက်များကို သင့်အနေနှင့် သိနားလည်ဖို့ ခက်ခဲနိုင်သော်လည်း သူလုပ်ဆောင်သည့် အမှုအားလုံး၏ ပန်းတိုင်မှာ သူသည် လူသားယုံကြည်သကဲ့သို့ သာမညဇာတိခန္ဓာ မဟုတ်သည်ကို မြင်ရဖို့အတွက် လုံလောက်သည်။ အကြောင်းမှာ သူသည် ဘုရားသခင်၏အလိုတော်ကိုလည်းကောင်း၊ ဘုရားသခင်က နောက်ဆုံးသောကာလ၌ လူသားမျိုးနွယ်တို့ထံ ပြသနေသည့် စောင်မမှုကိုလည်းကောင်း ကိုယ်စားပြုနေ၍ ဖြစ်သည်။ သင်သည် ကောင်းကင်နှင့် မြေကြီးကို လှုပ်ခါပစ်နေကြသည်ဟု ထင်ရသည့် သူပြောဆိုသော နှုတ်ကပတ်တော်များကို မကြားနိုင်သော်လည်း၊ သို့မဟုတ် မီးလျှံကဲ့သို့ တောက်ပနေသည့် သူ၏မျက်လုံးများကို မမြင်နိုင်သော်လည်း၊ သူ၏သံလှံတံဖြင့် ဆုံးမပဲ့ပြင်မှုကို သင်သည် မခံစားရနိုင်သော်လည်း၊ သင်သည် သူ၏နှုတ်ကပတ်တော်များထဲတွင် ဘုရားသခင်၏ အမျက်ဒေါသကို ကြားနိုင်ပြီး ဘုရားသခင်သည် လူသားတို့အပေါ် ကရုဏာပြကြောင်းကို သင်သိနိုင်သည်၊ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့် ဉာဏ်ပညာကို မြင်တွေ့နိုင်သည့်အပြင်၊ လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် ထားရှိသည့် ဘုရားသခင်၏ ပူပန်မှုနှင့် စောင်မမှုကိုလည်း သင်နားလည်သဘောပေါက်နိုင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့် အမှုအား ဆောင်ရွက်ခဲ့သည်ကို သင်သိပါသလား” မှ

၃၉။ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏အမှုက ကောင်းကင်ဘုံရှိ ဘုရားသခင်သည် မြေကြီးပေါ်ရှိ လူသားများအကြား၌ နေထိုင်နေခြင်းကို လူသားတို့အား မြင်တွေ့စေလျက် လူသားအနေဖြင့် ဘုရားသခင်အား သိရှိလာစေရန်၊ နာခံရန်၊ ရိုသေလေးမြတ်ရန်နှင့် မေတ္တာထားရှိရန် သူ့ကိုထောက်ကူပေးဖို့ဖြစ်သည်။ ဤအကြောင်းကြောင့် သူသည် ဒုတိယအကြိမ် လူ့ဇာတိကို ခံယူရန် ပြန်ကြွဆင်းလာခဲ့ခြင်းပင် ဖြစ်သည်။ ယနေ့တွင် လူသားက မြင်နေရသည့် ဘုရားသခင်သည် လူသားကဲ့သို့ပင်၊ နှာခေါင်းတစ်ပေါက်နှင့် မျက်လုံးနှစ်လုံးပါသည့် ဘုရားသခင်၊ မထူးခြားသော ဘုရားသခင်ဖြစ်သည်မှာ မှန်သော်လည်း၊ နောက်ဆုံးမှာတော့ ထိုလူသားသာ မရှိခဲ့လျှင်၊ ကောင်းကင်နှင့် မြေကြီးတို့သည် အကြီးအကျယ် ပြောင်းလဲသွားကြမည်ဖြစ်ကြောင်း၊ ထိုလူသားသာ မရှိခဲ့လျှင်၊ ကောင်းကင်သည် မှောင်မည်းလာမည်ဖြစ်ပြီး၊ မြေကြီးသည် ကမောက်ကမဖြစ်လာလျက်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မွတ်သိပ်ကာ ကပ်ဘေးဆိုက်လာမည်ဖြစ်ကြောင်းကို ဘုရားသခင်က ပြသပေးမည် ဖြစ်သည်။ နောက်ဆုံးသောကာလတွင် လူ့ဇာတိခံယူသော ဘုရားသခင်၏ ကယ်တင်ခြင်း မရှိလျှင်၊ ဘုရားသခင်သည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ရှေးကတည်းက ငရဲပြည်၌ ဖျက်ဆီးခဲ့ပြီးဖြစ်မည်ကို သူပြသပေးမည်ဖြစ်သည်၊ ဤဇာတိခန္ဓာသာ မရှိလျှင်၊ သင်တို့သည် အပြစ်သားများနှင့် အလောင်းကောင်များ၏ အကြီးအကဲအဖြစ် ထာဝရ ရှိနေကြမည်ဖြစ်သည်။ ထိုဇာတိခန္ဓာသာ မရှိလျှင်၊ လူသားမျိုးနွယ်တစ်ရပ်လုံးသည် ကပ်ဘေးကြီးကို မလွဲဧကန် ရင်ဆိုင်လာရမည်ဖြစ်ပြီး နောက်ဆုံးသောကာလတွင် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ပိုပြီးပြင်းထန်သည့် ဒဏ်ခတ်မှုမှ လွတ်မြောက်ရန် ခဲယဉ်းမည်ကို သင်တို့သိသင့်သည်။ ယင်းသာမညဇာတိခန္ဓာသာ မမွေးခဲ့ပါက၊ သင်တို့အားလုံးသည် မည်သို့ပင်ရှာကြံကြစေကာမူ အသက်ရှင်၍လည်း မရနိုင်၊ သေ၍လည်း မရနိုင်သည့် အခြေအနေကို ရင်ဆိုင်ကြရမည်၊ ထိုဇာတိခန္ဓာသာ မရှိလျှင်၊ သင်တို့သည် ယနေ့တွင် သမ္မာတရားကို ရယူနိုင်ကြမည် မဟုတ်ဘဲ ဘုရားသခင်၏ ပလ္လင်ရှေ့မှောက်ကို ရောက်လာနိုင်ကြမည် မဟုတ်ပေ။ စင်စစ်အားဖြင့် သင်တို့သည် သင်တို့၏ ကြီးလေးလှသည့် အပြစ်များကြောင့် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကိုခံကြရလိမ့်မည်။ သင်တို့သိပါ၏လော။ ဘုရားသခင်က လူ့ဇာတိသို့ ပြန်လာခဲ့ခြင်းကြောင့်သာ မဟုတ်လျှင်၊ မည်သူ၌မျှ ကယ်တင်ခံရမည့် အခွင့်အလမ်းရှိခဲ့မည် မဟုတ်ပေ၊ ထို့ပြင် ဤဇာတိခန္ဓာ၏ ကြွလာခြင်း မရှိခဲ့လျှင်၊ ဘုရားသခင်သည် ခေတ်ဟောင်းကို အဆုံးသတ်ပစ်ခဲ့သည်မှာ ကြာလှပြီးဖြစ်လိမ့်မည်။ သို့ဖြစ်လျှင်၊ သင်တို့သည် ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူမှုကို ငြင်းပယ်နိုင်တုန်းပင်လော။ သင်တို့သည် ယင်းသာမညလူသားထံမှ ကြီးမားစွာ အကျိုးခံစားရနိုင်သည်ဖြစ်လေရာ၊ သင်တို့သည် သူ့ကို အဘယ်ကြောင့် အလွယ်တကူ လက်မခံလိုကြသနည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့် အမှုအား ဆောင်ရွက်ခဲ့သည်ကို သင်သိပါသလား” မှ

၄၀။ အဆုံးတွင် လူမျိုးတိုင်းသည် ထိုသာမည လူသားကို ဝတ်ပြုကြမည်ဖြစ်သကဲ့သို့ ထိုမထင်မရှားလူသားကို ကျေးဇူးတင်ရုံသာမက နာခံကြမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ်တင်ပေးမည့် သမ္မာတရား၊ အသက်နှင့် လမ်းခရီးကို ယူဆောင်ပေးခဲ့ပြီး ဘုရားသခင်နှင့် လူသားအကြားက ပဋိပက္ခကို ပြေလည်စေလျက် ဘုရားသခင်နှင့် လူသားကို ပိုမိုရင်းနှီးစေပြီး ဘုရားသခင်နှင့် လူသားအကြားတွင် အတွေးအခေါ်များကို ဆက်သွယ်ဖလှယ်ရန် လုပ်ဆောင်ပေးခဲ့သည်မှာ ထိုသူပင် ဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ဘုန်းတန်ခိုး သာ၍ကြီးထွားလာအောင် လုပ်ဆောင်ပေးခဲ့သည်မှာလည်း ထိုသူပင်ဖြစ်သည်။ ထိုကဲ့သို့သော သာမညလူသားသည် သင့်အနေနှင့် ယုံကြည်ပြီး ကြည်ညိုထိုက်သူ မဟုတ်သလော။ ယင်းကဲ့သို့သော သာမည ဇာတိခန္ဓာကို ခရစ်တော်ဟူ၍ မခေါ်ဆိုထိုက်ပေသလော။ ထိုသာမည လူသားသည် လူများအကြား၌ ဘုရားသခင်၏ပြယုဂ် မဖြစ်နိုင်သလော။ လူသားမျိုးနွယ်ကို ကပ်ဘေးမှ ချမ်းသာရာရရန် ကူပေးသည့် ထိုသာမညလူသားကို ချစ်မြတ်နိုးလျက် စွဲကိုင်ထားရန် မထိုက်တန်သလော။ သင်တို့က သူ၏နှုတ်မှ မိန့်ကြားခဲ့သည့် သမ္မာတရားများကို ငြင်းပယ်လျက် သင်တို့အကြား၌ သူ၏နေထိုင်မှုကို စက်ဆုပ်ကြမည်ဆိုလျှင် သင်တို့၏ ကံကြမ္မာမှာ မည်သို့များ ဖြစ်လာမည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့် အမှုအား ဆောင်ရွက်ခဲ့သည်ကို သင်သိပါသလား” မှ

၄၁။ ခရစ်တော်ပြောဆိုခဲ့သည့် သမ္မာတရားကို အားကိုးခြင်းမရှိဘဲ အသက်ရရှိလိုသူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် ရယ်စရာအကောင်းဆုံး သူများဖြစ်၍ ခရစ်တော်ယူဆောင်လာသည့် အသက်၏လမ်းခရီးကို လက်မခံသူတို့သည် စိတ်ကူးယဉ်၌ ပျောက်ဆုံးနေသူများ ဖြစ်ကြ၏။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော်ကို လက်မခံသူများသည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာမှုကို ထာဝရခံရမည်ဖြစ်သည်ဟု ငါဆို၏။ ခရစ်တော်သည် နောက်ဆုံးသောကာလတွင် နိုင်ငံတော်သို့ လူသားဝင်ရောက်ရန် တံခါးပေါက်ဖြစ်၍ မည်သူမျှ ရှောင်ကွင်း၍ မရနိုင်ပါ။ ခရစ်တော်ကို အမှီမပြုလျှင် မည်သူမျှ ဘုရားသခင်၏ စုံလင်စေခြင်းကို မခံရနိုင်ပါ။ သင်သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက် သူ၏နှုတ်ကပတ်တော်များကို လက်ခံရမည်ဖြစ်ပြီး သူ၏လမ်းခရီးကို နာခံရမည်ဖြစ်သည်။ သမ္မာတရားကို လက်ခံခြင်းမရှိဘဲ၊ သို့မဟုတ် အသက်၏ထောက်ပံ့မှုကို လက်မခံဘဲ ကောင်းချီးမင်္ဂလာ ရရှိရေးကိုသာ သင်မစဉ်းစားရပါ။ သူ့ကို စစ်မှန်စွာ ယုံကြည်သူအားလုံး အသက်ရရှိစေရန် ခရစ်တော်သည် နောက်ဆုံးသောကာလတွင် လာခြင်းဖြစ်သည်။ သူ၏အမှုသည် ခေတ်အဟောင်းကို အဆုံးသတ်၍ ခေတ်အသစ်ထဲသို့ ဝင်ရောက်ရန်ဖြစ်ကာ ခေတ်အသစ်သို့ ဝင်ရောက်မည့်သူအားလုံး လိုက်လျှောက်ရမည့် လမ်းကြောင်းဖြစ်၏။ သူ့ကို အသိအမှတ်ပြုနိုင်စွမ်း သင့်တွင်မရှိဘဲ ပြစ်တင်ရှုတ်ချခြင်း၊ ပုတ်ခတ်ပြောဆိုခြင်း၊ သို့မဟုတ် သူ့ကို ညှဉ်းပန်းနှိပ်စက်ခြင်းပင် ပြုပါက သင်သည် ထာဝရလောင်ကျွမ်းခံရ၍ ဘုရားသခင်၏ နိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရောက်ရမည် မဟုတ်သည်မှာ သေချာ၏။ အဘယ်ကြောင့်ဆိုသော် ဤခရစ်တော်ကိုယ်တိုင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖော်ပြချက်၊ ဘုရားသခင်၏ ဖော်ပြချက်၊ ဘုရားသခင်က ကမ္ဘာမြေကြီးတွင် သူ၏အမှုကို ဆောင်ရွက်ရန် တာဝန်ပေးစေခိုင်းခဲ့သူ ဖြစ်သောကြောင့်ဖြစ်၏။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော်က ဆောင်ရွက်ခဲ့သည့် အရာအားလုံးကို သင်လက်မခံနိုင်ပါက သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ပုတ်ခတ်ပြောဆိုခြင်းဖြစ်သည်ဟု ငါပြော၏။ သန့်ရှင်းသော ဝိညာဉ်တော်ကို ပုတ်ခတ်ပြောဆိုသူတို့ ခံစားရမည့် အကျိုးအပြစ်မှာ အားလုံးအတွက် သက်သေပြရန် မလိုပါ။ သင်သည် နောက်ဆုံးသောကာလ ခရစ်တော်ကို ဆန့်ကျင်ပြီးနောက် သူ့ကိုငြင်းပယ်ပါက အကျိုးသက်ရောက်မှုများကို သင့်ကိုယ်စား ခံစားပေးနိုင်သူ တစ်ဦးမျှ မရှိဟုလည်း ငါသင့်ကို ပြော၏။ ထို့အပြင် ယနေ့မှစ၍ သင်သည် ဘုရားသခင်၏ ထောက်ခံမှုကိုရရှိရန် အခွင့်အရေး နောက်တစ်ရပ်ရှိမည် မဟုတ်ပါ။ သင့်ကိုယ်သင် ရွေးနုတ်ရန် ကြိုးစားလျှင်ပင် သင်သည် ဘုရားသခင်၏မျက်နှာကို နောက်တစ်ကြိမ် မြင်ရတော့မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သင်ဆန့်ကျင်သောသူမှာ လူသားတစ်ဦးမဟုတ်၊ သင်ငြင်းပယ်သောသူမှာ သေးနုပ်သည့်သတ္တဝါမဟုတ်ဘဲ ခရစ်တော်ဖြစ်သောကြောင့် ဖြစ်၏။ ဤအကျိုးသက်ရောက်မှုကို သင်သိပါသလား။ သင်ပြုလိုက်သည်မှာ သေးငယ်သည့် အမှားတစ်ရပ် မဟုတ်ဘဲ အလွန်စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ပြစ်မှုတစ်ရပ်ဖြစ်၏။ ထို့ကြောင့် သမ္မာတရား ရှေ့မှောက်တွင် အစွယ်မထုတ်ရန်၊ သို့မဟုတ် အမှုမဲ့အမှတ်မဲ့ ကဲ့ရဲ့ပြစ်တင်ပြောဆိုမှုများ မလုပ်ရန် လူတိုင်းကို ငါအကြံပြု၏။ အဘယ်ကြောင့်ဆိုသော် သမ္မာတရားသည်သာ သင့်ကို အသက်ပေးနိုင်၍ သမ္မာတရားမှလွဲ၍ မည်သည့်အရာကမျှ သင့်ကို ပြန်လည်မွေးဖွားခွင့်နှင့် ဘုရားသခင်၏မျက်နှာကိုမြင်ခွင့် ပေးနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်” မှ

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားမှာ “အနေနှင့်” ဖြစ်သည်။

ခ။ မူရင်းစာတွင် “အလုပ်ကို” ဟူသည့် စကားစုမပါဝင်ပါ။

ဂ။ မူရင်းစာသား၌ “နှင့်နှစ်ခုလုံးတို့မှာ” ဟု ရေးထားသည်။

ယခင်က:၂။ နောက်ဆုံးသော ကာလ ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်နှင့် ပတ်သက်သည့် ဂန္တဝင် နှုတ်ကပတ်တော်များ

နောက်တစ်ခုသို့:၄။ သမ္မာကျမ်းစာနှင့် ပတ်သက်သည့် ဂန္တဝင် နှုတ်ကပတ်တော်များ

  • လူ့ဇာတိခံယူခြင်း၏ နက်နဲသောအရာ (၁)

    ကျေးဇူးတော်ခေတ်ကာလတွင်၊ ယောဟန်သည် ယေရှုအတွက် လမ်းကြောင်း ခင်းပေးခဲ့သည်။ သူသည် ဘုရားသခင် ကိုယ်တိုင်၏ အလုပ်ကို မလုပ်နိုင်ဘဲ လူသား၏ တာဝန်ကို ကျေပွန်ရုံ…

  • ပညတ်တော်ခေတ်မှ အမှုတော်

    ဣသရေလလူမျိုးတို့အပေါ် ယေဟောဝါဆောင်ရွက်ခဲ့သောအမှုသည် လောကီနှင့်ဆိုင်သည့် ဘုရားသခင်၏ မူလနေရာဖြစ်သော လူသားမျိုးနွယ်အကြား၌ ဖြစ်ပေါ်ခဲ့ပြီး ယင်းနေရာမှာ သူ…

  • သင်သည်ဘုရားသခင်ကိုဝတ်ပြုဆည်းကပ်ခြင်းအစဉ်ပြုသင့်သည်

    သန့်ရှင်းသောဝိညာဉ်တော်သည် ယခုအသင်းတော်တွင်း၌ မည်သို့လုပ်ဆောင်လျက်ရှိ ပါသနည်း။ သင်နားလည်သဘောပေါက်ပါသလား။ ညီအကိုမောင်နှမတို့၏ အကြီးဆုံးသော အခက်အခဲများမ…

  • ဘုရားသခင်၏ ယနေ့ကာလ အမှုကို သိခြင်း

    ယနေ့ခေတ်၌ ဘုရားသခင်၏အမှုကို သိဖို့ဆိုသည်မှာ အဓိကအားဖြင့် နောက်ဆုံးသောကာလ၌ လူ့ဇာတိခံယူသော ဘုရားသခင်၏ အဓိကအမှုတော်ကို သိခြင်းနှင့် ဘုရားသခင်သည် မည်သည့…

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ