အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ပေတရု၏ အသက်တာ

ပေတရုဟာ ဘုရားသခင် လူသားတွေကို ထိတွေ့ မိတ်ဆက်ပေးခဲ့တဲ့ စံနမူနာတစ်ခုဖြစ်ပြီး၊ သူဟာ လူသိများတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ဘာဖြစ်လို့ ဒီလို နှိမ့်နှိမ့်ချချ နေတတ်တဲ့ လူတစ်ယောက်က ဘုရားသခင်ရဲ့ စံနမူနာတစ်ခု ဖြစ်စေခဲ့ပြီး၊ နောက်ပိုင်းမျိုးဆက်တွေရဲ့ ချီးမြှောက်ခြင်းကို ခံခဲ့ရတာလဲ။ ဒီအချက်က ဘုရားသခင်အပေါ်မှာ သူ့ရဲ့ စိတ်ဖွင့်ဟချက်နဲ့ ဘုရားသခင်အပေါ် ထားရှိတဲ့ ချစ်ခြင်း မေတ္တာအတွက် ခံယူချက်တို့ကို ထားထားလို့မရဘူးဆိုတာ ပြောပြစရာ မလိုပါဘူး။ ဘုရားအတွက် ပေတရုရဲ့ နှလုံးသားက ချစ်ခြင်းမေတ္တာကို ဘယ်နေရာမှာ ဖော်ပြသလဲဆိုတာနဲ့ သူ့ဘဝ အတွေ့အကြုံက ဘယ်လိုမျိုးလဲ ဆိုတာကို သိဖို့အတွက်ကတော့ အဲဒီခေတ်က ပေတရုကို မြင်ဖို့အတွက်၊ အဲဒီအချိန်ကာလရဲ့ ဓလေ့တွေကို ကြည့်ရှုဖို့အတွက် ကျေးဇူးတော်ကာလကို ပြန်သွားရပါမယ်။

ပေတရုက ယုဒမျိုးနွယ် သာမန်လယ်သမား မိသားစုတစ်စုမှ မွေးဖွားခဲ့ပါတယ်။ သူ့မိဘတွေက မိသားစု တစ်ခုလုံးကို လယ်လုပ်ခြင်းအားဖြင့် ထောက်ပံ့ခဲ့ပြီး သူက ကလေးတွေထဲမှာ အကြီးဆုံးဖြစ်ပါတယ်။ သူ့မှာ ညီအစ်ကို မောင်နှမ လေးယောက်ရှိတယ်။ ဒါက ပြောပြဖို့ အဓိက အကြောင်းအရာတော့ မဟုတ်ဘူးပေါ့။ ပေတရုက ကျွန်တော်တို့ရဲ့ အဓိက ဇာတ်ကောင်ပါပဲ။ သူ အသက် ၅ နှစ်အရွယ်မှာစပြီး သူ့မိဘတွေက သူစာဖတ်တတ်အောင် သင်ပေးခဲ့တယ်။ အဲဒီအချိန်ကာလတုန်းက ယုဒလူမျိုးတွေဟာ ပညာအတော်အတန် တတ်ခဲ့ကြပါတယ်။ စိုက်ပျိုးရေး၊ စီးပွားရေးနဲ့ ရောင်းဝယ်ရေးတွေမှာ တော်တော် ဖြစ်မြောက်ခဲ့ကြတယ်။ အဲဒီလို လူမှုပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုအောက်မှာ ပေတရုရဲ့ မိဘနှစ်ပါးလုံးက ပိုမိုကောင်းမွန်တဲ့ ပညာရေးကို ရရှိခဲ့ကြတယ်။ သူတို့က ကျေးလက်ဒေသမှာ နေတာဆိုပေမဲ့ သူတို့မှာ ဒီနေ့ခေတ် သာမန် တက္ကသိုလ် ကျောင်းသားတစ်ယောက်နဲ့ ယှဉ်နိုင်လောက်တဲ့ အသိပညာဗဟုသုတ တော်တော်ရှိခဲ့ပါတယ်။ ဒီလို အခြေအနေမျိုးမှာ မွေးဖွားလာတာက ပေတရုအတွက် ကံကောင်းခြင်း တစ်ခုပဲဆိုတာ ရှင်းပါတယ်။ သူဟာ သိပ်တော်ပြီး အသစ်အဆန်းကိုလည်း လွယ်လွယ်ကူကူ သင်ယူနိုင်တယ်။ သူကျောင်းစတက်ပြီးနောက်မှာ သိပ်မကြိုးစားရဘဲနဲ့ တစ်ခြား အကြောင်းအရာတွေကနေ ကောက်ချက် ချခြင်းတွေ ပြုလုပ်နိုင်ခဲ့တယ်။ သူ့မိဘတွေက ဒီလိုတော်တဲ့ သားတစ်ယောက် ရှိတဲ့အတွက် ဂုဏ်ယူကြတယ်။ ဒါကြောင့် သူ့မိဘတွေဟာ သူကျောင်းတက်ပြီး အဲဒီအချိန်ကာလက ရုံးဌာနတစ်ခုခုမှာ နေရာရဖို့ ရည်ရွယ်ပြီးတော့ တတ်နိုင်သလောက် ကြိုးပမ်းကြပါတယ်။ မထင်မှတ်ဘဲ ပေတရုက ဘုရားသခင်အပေါ်မှာ စိတ်ဝင်စားလာခဲ့ပါတယ်။ ဒါကြောင့် သူ ၁၄ နှစ်အရွယ် အထက်တန်းကျောင်း ရောက်တဲ့အခါမှာတော့ သူလေ့လာနေရတဲ့ ရှေးခေတ် ဂရိယဉ်ကျေးမှု အကြောင်းတွေကို ငြီးငွေ့လာပြီး၊ အထူးသဖြင့် ရှေးခေတ်ဂရိသမိုင်းမှာ ပါဝင်တဲ့ စိတ်ကူးယဉ် အကြောင်းအရာ တွေနဲ့ လူတွေကို ရွံ့မုန်းလာခဲ့တယ်။ အဲဒီအချိန်ကနေစပြီး သူ့ရဲ့လူငယ်ဘဝ အစပြုတဲ့အချိန်ကို ရောက်နေတဲ့ ပေတရုဟာ လူသားဘဝကို စူးစမ်းလေ့လာဖို့အတွက် အစပြုခဲ့ပြီး၊ လူမှုပတ်ဝန်းကျင်နဲ့ စတင် ထိတွေ့လာခဲ့ပါတယ်။ လူတွေဟာ ကိုယ့်ကိုယ်ကိုယ် လိမ်ညာကြရင်းနဲ့ အဓိပ္ပါယ်မရှိတဲ့ ဘဝတွေထဲမှာ နေနေကြပြီး၊ အောင်မြင်ဖို့၊ ချမ်းသာဖို့ အတွက် ကြိုးစားကြရင်း၊ သူတို့ရဲ့ဘဝတွေကို ဖျက်စီးနေကြတာကို ပေတရုဟာ ရှင်းရှင်းလင်းလင်း တွေ့မြင်တဲ့အတွက် သူ့မိဘတွေ သိသိနဲ့ခံယူခဲ့တဲ့ နာကျင်မှုတွေကို သူက ပြန်လည်မပေးဆပ်ခဲ့ဘူး။ ဒါကို သူမြင်တဲ့ အကြောင်းက သူနေထိုင်နေတဲ့ လူမှုပတ်ဝန်းကျင်နဲ့ တော်တော် ဆက်စပ်နေပါတယ်။ လူတွေမှာ အသိပညာရှိလေလေ၊ လူအချင်းချင်း ဆက်ဆံမှုတွေက ပိုမို ရှုပ်ထွေးလေလေဖြစ်ပြီး၊ လူတွေရဲ့ အတွင်းပိုင်း လောကပတ်ဝန်းကျင်တွေက ပိုပြီး ရှုပ်ထွေးလေလေ၊ လူတွေရှိတဲ့နေရာမှာ လစ်ဟာမှုတွေ ပိုလာလေလေ ပါပဲ။ ဒီလို အခြေအနေတွေမှာ ပေတရုဟာ သူ့ရဲ့ အားလပ်ချိန်တွေမှာ နေရာတိုင်းကိုသွားကာ စူးစမ်း လေ့လာမှုတွေ ပြုလုပ်ခဲ့ပြီး၊ သူစူးစမ်းလေ့လာခဲ့တဲ့ သူတွေထဲမှာ အများစုက ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေပါပဲ။ လူသားလောကမှာ မသိမြင်နိုင်တဲ့ အရာအားလုံးက ဘာသာရေးလောကမှာ ခွဲခြား သိရှိနိုင်တယ်လို့ သူ့နှလုံးသားမှာ ခံစားခဲ့ပုံ ရပါတယ်။ ဒါကြောင့် သူဟာ ဝတ်ပြုကိုးကွယ်ခြင်း အစီအစဥ်တွေ တက်ရောက်ဖို့အတွက် သူ့အိမ်နားမှာရှိတဲ့ ဘုရားရှိခိုးကျောင်း တစ်ခုဆီကို မကြာခဏ သွားရောက်ခဲ့တယ်။ သူ့မိဘတွေက ဒါကို မသိခဲ့ဘူး။ သိပ်ကောင်းမွန်တဲ့ ပညာရေးနဲ့ အပြုအမူတွေရှိခဲ့တဲ့ ပေတရုဟာ မကြာခင်မှာပဲ ကျောင်းမသွားချင်တော့တဲ့စိတ် ဖြစ်လာပါတော့တယ်။ သူ့မိဘတွေရဲ့ ကြီးကြပ် ညွှန်ကြားမှု အောက်မှာ သူဟာ အထက်တန်းကျောင်းကို အောင်ရုံလေး အောင်သွားခဲ့ ပါတယ်။ သူဟာ အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီး ဗဟုသုတပင်လယ်ထဲကနေ ကမ်းခြေဘက်ကို ကူးခတ်လာခဲ့ပါတယ်။ အဲဒီအချိန်ကနေစပြီး သူ့ကိုဘယ်သူမှ ပညာသင်ပေးခြင်း၊ ပိတ်ပင်တားမြစ်ခြင်းတို့ မရှိခဲ့ပါဘူး။

သူကျောင်းပြီးသွားတဲ့နောက်မှာ စာအုပ်အမျိုးအစား ပေါင်းစုံကို စဖတ်ခဲ့တယ်။ ဒါပေမဲ့ ၁၇ နှစ်အရွယ်မှာ သူဟာ လူမှုနယ်ပယ် အတွေ့အကြုံမှာ အားနည်းနေတုန်းပါပဲ။ သူဘွဲ့ရပြီး ကျောင်းကနေ ထွက်ခဲ့ပြီးတဲ့အခါမှာ သူတတ်နိုင်သလောက် စာတွေဖတ်ရင်း၊ ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်တွေ တက်ရင်းနဲ့ လယ်စိုက်ပျိုးရေး လုပ်ပြီးတော့ သူရပ်တည်ခဲ့တယ်။ သူ့အပေါ်မှာ မျှော်လင့်ချက် အပြည့်ထားခဲ့တဲ့ သူ့မိဘတွေကတော့ ဒီ‘’ပုန်ကန်တတ်တဲ့သား’’ အတွက် ကောင်းကင်ကို မကြာခဏ ကျိန်ဆဲခဲ့ပါတယ်။ ဒါပေမဲ့လည်း ဖြောင့်မတ်ခြင်းကို ဆာလောင် ငတ်မွတ်တဲ့ သူ့နှလုံးသားကတော့ ရပ်တန့်လို့ မရခဲ့ပါဘူး။ သူဟာ အခက်အခဲတွေ အများကြီး ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ သူ့မှာ ထက်သန်တဲ့ နှလုံးသားတစ်ခု ရှိတယ်။ ဒါကြောင့် မိုးရွာပြီးစ မြက်ကလေးတွေလိုပဲ သူဟာ ရှင်သန်ကြီးထွား လာခဲ့ပါတယ်။ မကြာခင်မှာပဲ သူဟာ ဘာသာရေးလောကမှာ အဆင့်မြင့် ပုဂ္ဂိုလ်တွေနဲ့ ကြုံတွေ့ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ သူ့ရဲ့ နှလုံးသား တောင့်တမှုက ပြင်းထန်တဲ့အတွက် သူဟာ ဒီလူတွေနဲ့ ခဏခဏတွေ့ဖြစ်ခဲ့ပြီး သူ့အချိန် အားလုံးနီးပါးက သူတို့တွေ ကြားထဲမှာပဲ ကုန်ဆုံးပါတယ်။ သူ့ရဲ့ ကျေနပ် ပျော်ရွှင်မှုတွေထဲမှာ နှစ်မြုပ်နေစဉ်မှာပဲ ဒီလူတွေကြားထဲမှာ အများစုဟာ အပြောနဲ့သာ ယုံကြည်မှုရှိကြပြီး၊ သူတို့နှလုံးသားမှာတော့ အမှန်တကယ် နှစ်မြုပ်ထားခြင်း မရှိဘူးဆိုတာကို သူဟာ ရုတ်တရက် တွေ့ရှိလိုက်ရပါတယ်။ ပေတရုရဲ့ ရိုးရှင်း၊ ဖြောင့်မှန်တဲ့ နှလုံးသားက ဒီလို ထိုးနှက်ချက်မျိုးကို ဘယ်လိုခံနိုင်ရည် ရှိပါ့မလဲ။ သူဆက်ဆံခဲ့တဲ့ လူအားလုံးနီးပါးဟာ လူရေခြုံထားတဲ့ သားရဲတွေဆိုတာ၊ လူ့အသွင်အပြင် ရှိနေတဲ့ တရိစ္ဆာန်တွေဆိုတာကို တွေ့ရှိလိုက်ရတယ်။ အဲဒီအချိန်တုန်းက ပေတရုဟာ အလွန်ကို ရိုးအခဲ့ပါတယ်။ ဒါကြောင့် အချိန် တော်တော်များများမှာ နှလုံးသားထဲကနေ သူတို့ကို ဖြောင်းဖျ ပြောဆိုခဲ့တယ်။ ဒါပေမဲ့ လိမ်လည် လှည့်စားတတ်တဲ့ ဘာသာရေး ပုဂ္ဂိုလ်တွေက စိတ်အားထက်သန် ပြင်းပြနေတဲ့ လူငယ်တစ်ယောက်ရဲ့ အသနားခံမှုကို ဘယ်လိုများ နားထောင်နိုင်ပါ့မလဲ။ အဲဒီအချိန်မှာ ပေတရုဟာ လူ့ဘဝရဲ့ တကယ့်ဘာမှမရှိခြင်းကို ခံစားခဲ့ရပြီး၊ ဘဝမှာ သူ ပထမဆုံး ခြေလှမ်းစတဲ့ အချိန်မှာပဲ ကျရှုံးခဲ့ပါတယ်။ တစ်နှစ်ကြာပြီးတဲ့နောက်မှာ သူဟာ ဘုရားရှိခိုးကျောင်း ကနေ ထွက်ခဲ့ပြီးတော့ သူ့ရဲ့ ကိုယ်ပိုင် လွတ်လပ်တဲ့ဘဝကို စတင်ခဲ့ပါတယ်။

၁၈ နှစ်အရွယ် ပေတရုဟာ အတားအဆီးတစ်ခု ကြုံတွေ့ခံစားပြီးတဲ့နောက်၊ သူဟာ အတွေ့အကြုံ များပြီး ပိုရင့်ကျက်လာတယ်။ သူ့ရဲ့ ငယ်ရွယ် ရိုးအမှုတို့ ပျောက်ကွယ်သွားခဲ့ပြီး၊ သူ့မှာရှိခဲ့တဲ့ အပြစ်ကင်းစင်မှု ရိုးသားမှုတို့ဟာ သူကြုံရတဲ့ အတားအဆီးအားဖြင့် ကြင်နာမှုကင်းမဲ့စွာ ဖုံးကွယ်ခံလိုက်ရပါတယ်။ အဲဒီအချိန်က စပြီး သူဟာ တံငါသည်အဖြစ်နဲ့ သူ့ဘဝကို စတင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ ငါးဖမ်းလှေပေါ်မှာ သူတရားဟောတာကို နားထောင်နေတဲ့ လူတွေကို မြင်နိုင်ပါတယ်။ သူဟာ အသက်ရှင် ရပ်တည်နိုင်ဖို့အတွက် ငါးဖမ်းပြီး နေရာတိုင်းမှာ တရားဟောပါတယ်။ သူပြောတဲ့အရာတွေက အဲဒီအချိန်က လူတွေရဲ့ နှလုံးသားနဲ့ အတော် ကိုက်ညီနေတဲ့အတွက် သူတရားဟောခံရတဲ့ လူတိုင်းဟာ သူ့ရဲ့ တရားဟောချက်တွေကို အတော်လေး စိတ်ဝင်စားခဲ့ကြတယ်။ လူတွေက သူ့ရဲ့ ရိုးသားမှုကြောင့် နှစ်သက်ခံစားခဲ့ရပြီး၊ သူဟာ သူတစ်ပါးကို မိမိစိတ်ရင်းနဲ့ ဆက်ဆံဖို့၊ ကောင်းကင်၊ မြေကြီးနဲ့ အရာအားလုံးရဲ့ အရှင်သခင်ကို ဖိတ်ခေါ်ဖို့၊ မိမိရဲ့ ကိုယ်ကျင့်တရားကို လျစ်လျူရှုပြီး မကောင်းသော အရာတွေကို မလုပ်ဖို့၊ အားလုံးသော အရာတွေထဲက သူတို့ချစ်တဲ့ဘုရားကို စိတ်ကျေနပ်စေဖို့ လူတွေကို သင်ကြားပေးခဲ့ပါတယ်။ မကြာခဏပဲ လူတွေက သူ့ရဲ့ တရားဟောချက် ဒေသနာတွေကို နားထောင်ပြီးရင် နက်နက်နဲနဲ ခံစားကြရတယ်။ သူတို့အားလုံးဟာ ပေတရုအားဖြင့် စိတ်ခံစား ပြောင်းလဲခဲ့ကြပြီး ခါးသီးစွာ ငိုကြွေးခဲ့ကြပါတယ်။ အဲဒီအချိန်တုန်းက သူ့နောက်ကိုလိုက်တဲ့ လူတိုင်းဟာ သူ့ကို သိပ်လေးစားခဲ့ကြတယ်။ သူတို့အားလုံးက ဆင်းရဲကြပြီး အဲဒီအချိန်က လူမှုအခြေအနေရဲ့ လွှမ်းမိုးမှုကြောင့် သူ့မှာ နောက်လိုက်တွေ ရှိလာခဲ့ပါတယ်။ သူဟာ အဲဒီအချိန်တုန်းက လူမှုအသိုင်းအဝိုင်းထဲက ဘာသာရေးလောကရဲ့ ဖိနှိပ်မှုကိုလည်း ခံခဲ့ရတယ်။ ဒီအချက်ကြောင့် သူဟာ အမြဲတမ်း လှည့်လည် သွားလာနေရပြီး၊ နှစ်နှစ်ကြာအထိ တစ်ဦးတည်းနေထိုင်ခဲ့တယ်။ သူဟာ ဒီနှစ်နှစ်အတွင်း ဆန်းပြားတဲ့ အတွေ့အကြုံတွေ ရရှိခဲ့ပြီး၊ အသိပညာလဲ တော်တော်ရခဲ့တယ်။ သူအရင်က မသိခဲ့တဲ့ အကြောင်းအရာတွေ အများကြီး သင်ယူရရှိခဲ့တယ်။ အဲဒီအချိန်မှာ ပေတရုဟာ သူ ၁၄ နှစ်အရွယ် တုန်းကနဲ့ လုံးဝမတူတော့တဲ့ လူတစ်ယောက် ဖြစ်နေခဲ့ပါတယ်။ ဘယ်အချက်မှ မတူတော့တဲ့ပုံပါပဲ။ အဲဒီ နှစ်နှစ်ထဲမှာ သူဟာ လူပေါင်းစုံနဲ့ ကြုံတွေ့ခဲ့ရပြီး၊ လူမှုအသိုင်းအဝိုင်းနဲ့ ပတ်သက်တဲ့ အမှန်တရား မျိုးစုံကို တွေ့မြင်ခဲ့တယ်။ အဲဒီအချိန်ကနေစပြီး ပေတရုဟာ ဘာသာရေးလောကမှာရှိတဲ့ ကိုးကွယ်မှု အစဉ်အလာတွေကနေ တဖြည်းဖြည်းနဲ့ ထွက်လာခဲ့ ပါတယ်။ အဲဒီအချိန်တုန်းက သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်လုပ်ပုံကြောင့် သူဟာ တော်တော် သက်ရောက်မှု ရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ယေရှုဟာလည်း အလုပ်လုပ်တာ နှစ်အနည်းငယ် ရှိနေပါပြီ။ ဒီတော့ သူ့ရဲ့ လုပ်ဆောင်ချက်တွေကလည်း အဲဒီအချိန်တုန်းက သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ သက်ရောက်မှုတွေလည်း ရှိခဲ့တယ်။ ဒါပေမဲ့ သူက ယေရှုနဲ့ မတွေ့သေးဘူး။ ဒါကြောင့် သူတရားဟောတဲ့အခါမှာ အဲဒီခေတ်က သူတော်စင်တွေ ဘယ်တော့မှ မရခဲ့တဲ့ အရာတွေ အများကြီး သူရခဲ့တယ်။ သူက ယေရှုအကြောင်းကို နည်းနည်းပါးပါး ကြားထားတာတွေကတော့ ရှိတာပေါ့။ ဒါပေမဲ့ သူနဲ့ မျက်နှာချင်းဆိုင် တွေ့ဖို့ အခွင့်အရေး တစ်ခါမှ မရခဲ့ဘူး။ သူဟာ သန့်ရှင်းသော ဝိညာဉ်တော်ကနေ မွေးဖွားလာတဲ့ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကို တွေ့ရဖို့ သူ့နှလုံးသားကနေ ဆာငတ် တောင့်တပြီးတော့ပဲ နေခဲ့ပါတယ်။

တစ်ခုသော ညနေဆည်းဆာအချိန်မှာ ပေတရုဟာ သူ့လှေနဲ့ ငါးဖမ်းနေပါတယ် (အဲဒီအချိန်က ဂါလိလဲလို့ ခေါ်ဝေါ်တဲ့ ပင်လယ်ကမ်းခြေအနားမှာ)၊ သူ့လက်ထဲမှာ ငါးမျှားတံ ကိုင်ထားပေမဲ့၊ သူ့စိတ်ထဲမှာတော့ တစ်ခြားအကြောင်းအရာတွေ ရှိနေတယ်။ ပင်လယ်ပြင်ကျယ်ထဲမှာ သွေးရေအိုင်တစ်ခုလို ရေမျက်နှာပြင်ပေါ် ညနေဆည်းဆာရဲ့ နေရောင်ဟာ တောက်ပနေတယ်။ လေးလေးနက်နက် တွေးနေသလို မြင်ရတဲ့ ပေတရုရဲ့ ငယ်ရွယ်ပေမဲ့ အေးဆေး တည်ငြိမ်တဲ့ မျက်နှာမှာ အလင်းရောင်ဟာ ထင်ဟပ်နေတယ်။ အဲဒီအချိန်မှာပဲ လေညှင်းလေးတစ်ခု တိုက်ခတ်သွားတယ်။ ရုတ်တရက် သူဟာ သူ့ဘဝမှာ အထီးကျန်နေသလို ခံစားလိုက်ရပြီး၊ ကြေကွဲဝမ်းနည်းတဲ့ ခံစားချက်တစ်ခုကို သူခံစားလိုက်ရတယ်။ ပင်လယ်မှာရှိတဲ့ရေဟာ လှိုင်းလုံးတွေ တစ်ခုပြီးတစ်ခု ရိုက်ခတ်တိုင်း အလင်းရောင်ကို ထပ်ဟပ်လာစေတယ်။ ဒါဟာ သူ့မှာ ငါးဖမ်းဖို့အတွက် စိတ်ဝင်စားမှု မရှိဘူးဆိုတာရဲ့ သက်သေပဲ။ အကြောင်းအရာမျိုးစုံရဲ့ အတွေးထဲ နစ်မြောနေတဲ့ အချိန်မှာပဲ သူ့နောက်က လူတစ်ယောက်က “ယုဒအမျိုး ရှိမုန်၊ ယောနရဲ့သား၊ သင့်ရဲ့ ဘဝနေ့ရက်တွေက အထီးကျန်ပါတယ်။ သင်ငါ့နောက်ကို လိုက်မလား”လို့ ပြောတာကို ကြားလိုက်ရတယ်။ ဒီစကားကို ပေတရု ကြားလိုက်တော့ ထိတ်လန့်သွားပြီး၊ သူ့လက်မှာကိုင်ထားတဲ့ ငါးမျှားတံက လွတ်ကျသွားပြီး၊ ခဏနေတော့ ရေအောက်မှာ နစ်မြုပ်သွားတယ်။ ပေတရုက မြန်မြန်ဆန်ဆန်ပဲ လှည့်ကြည့်လိုက်တော့ သူ့လှေပေါ်မှာ ရပ်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်တယ်။ ပေတရု သူ့ကို ခေါင်းအဆုံး ခြေအဆုံး ကြည့်လိုက်တယ်။ ပခုံးထိကျနေတဲ့ သူ့ဆံပင်တွေက နေရောင်မှာ ရွှေဝါရောင် ခပ်ပါးပါးတောက်နေပြီး သူ့ရဲ့အဝတ်က မီးခိုးရောင်ပါ။ အရပ်က အလယ်အလတ်ရှိပြီး သူ့ဝတ်စုံက ယုဒလူမျိုး အတိုင်းပါပဲ။ ဆည်းဆာအရောင်မှာ သူ့ရဲ့မီးခိုးရောင် အဝတ်က နည်းနည်း အနက်ရောင်သန်းနေပြီး၊ သူ့မျက်နှာက အနည်းငယ် လင်းလက်နေတယ်။ ပေတရုက ယေရှုကို မြင်ရဖို့ သုံးလေးကြိမ်လောက် ကြိုးစားခဲ့ပေမဲ့ အကြိမ်တိုင်းမှာ မလုပ်နိုင်ခဲ့ဘူး။ အဲဒီအချိန်မှာပဲ ဒီလူဟာ သူ့နှလုံးသားထဲက မြင့်မြတ်တဲ့သူပဲဆိုတာကို သူ့စိတ်ဝိညာဉ်ထဲ သူယုံကြည်ခဲ့တယ်။ ဒါကြောင့် သူ့လှေပေါ်မှာပဲ သူဦးညွှတ်လိုက်တယ်။ “ကောင်းကင်နိုင်ငံတော်ရဲ့ ဧဝံဂေလိတရားကို ဟောကြားဖို့အတွက် လာခဲ့တဲ့ အရှင်သခင်ဆိုတာများ ဖြစ်မလား။ ကိုယ်တော့်အကြောင်းကို ကျွန်တော်ကြားဖူးပါတယ်။ ဒါပေမဲ့ ကိုယ်တော့်ကို ကျွန်တော်တစ်ခါမှ မမြင်ဖူးဘူး။ ကျွန်တော် ကိုယ်တော့်နောက်ကို လိုက်ချင်ခဲ့တယ်။ ဒါပေမဲ့ ကိုယ်တော့်ကို မရှာနိုင်ခဲ့ဘူး”လို့ ပြောလိုက်တယ်။ ယေရှုကတော့ သူ့လှေ အတွင်းပိုင်းထဲကိုဝင်ပြီး တိတ်ဆိတ်စွာနဲ့ ထိုင်နှင့်ပြီး ဖြစ်နေပါပြီ။ “ထပြီး ငါ့နားမှာ လာထိုင်ပါ။ ငါ့ကို အမှန်တကယ် ချစ်ခင်သူကို ရှာဖွေပြီး၊ ကောင်းကင်နိုင်ငံတော်ရဲ့ ဧဝံဂေလိတရားကို ဖြန့်ဝေဖို့ ငါလာခဲ့တာပါ။ ငါနဲ့နှလုံးသားချင်း တူညီတဲ့သူတွေကို ရှာဖွေဖို့ နေရာအနှံ့ကို သွားနေတာ။ သင်ဆန္ဒရှိပါသလား”လို့ သူကပြောတယ်။[က] “ကောင်းကင်ဘုံမှ အဖက စေလွတ်လိုက်တဲ့ သူနောက်ကို ကျွန်တော်လိုက်ရမယ်။ သန့်ရှင်းသော ဝိညာဉ်တော် ရွေးချယ်ခဲ့တဲ့သူကို ကျွန်တော် အသိအမှတ် ပြုရမယ်။ ကောင်းကင်ဘုံမှ အဖကို ကျွန်တော်ချစ်တဲ့အတွက် ဘာဖြစ်လို့ ကျွန်တော် လိုက်ဖို့ဆန္ဒ မရှိရမှာလဲ”လို့ ပေတရုက ပြန်ပြောတယ်။ ပေတရုရဲ့ စကားထဲမှာ သူ့ရဲ့ ဘာသာရေး အယူတွေဟာ အတော်အတန် ပြင်းထန်နေပေမဲ့ ယေရှုဟာ ကျေနပ်စွာနဲ့ ပြုံးပြီး၊ သူ့ခေါင်းကို ညိတ်လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ ပေတရုအပေါ်မှာ ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်း ခံစားချက်တစ်ခုက သူ့ကိုယ်ထဲမှာ ကြီးထွားလာခဲ့ပါတယ်။

ပေတရုဟာ ယေရှုနောက်ကို နှစ်အနည်းငယ်လိုက်ခဲ့ပြီး လူတွေမှာ မရှိတဲ့အရာတွေကို ယေရှုဆီမှာ တွေ့ခဲ့ရတယ်။ သူ့နောက်ကို တစ်နှစ်ကြာ လိုက်ပြီးတဲ့နောက်မှာ ယေရှုက သူ့ကို တမန်တော် ၁၂ ပါးရဲ့ ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့တယ်။ (ဒါက ယေရှုရဲ့ စိတ်နှလုံးသားနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်ပြီး လူတွေက ဒါကို လုံးဝမမြင်နိုင်ကြဘူး။) ယေရှုရဲ့ အပြုအမူတိုင်းဟာ သူ့ဘဝအတွက် စံနမူနာ ယူစရာဖြစ်ခဲ့ပြီး၊ အထူးသဖြင့် ယေရှုရဲ့ တရားဒေသနာတွေဟာ သူ့နှလုံးသားမှာ ထွင်းထုထားခဲ့ပါတယ်။ သူဟာ ယေရှုအပေါ် အလွန်ကို စိတ်နှစ်မြုပ်ပြီး အလွန်ကိုပဲ ထည့်သွင်း စဉ်းစားပေးတတ်ပါတယ်။ ယေရှုအပေါ်မှာ အထွန့်တက် ငြင်းခုန်ခြင်း တစ်ခါမှ မရှိခဲ့ဘူး။ ဒါကြောင့် ပေတရုဟာ သူဘယ်သွားသွား ယေရှုရဲ့ သစ္စာရှိတဲ့ အဖော်တစ်ယောက် ဖြစ်ခဲ့တယ်။ ပေတရုဟာ ယေရှုရဲ့ သင်ကြားချက်တွေ၊ သူ့ရဲ့ နူးညံ့တဲ့ စကားလုံးတွေနဲ့ သူဘာစားတယ်၊ ဘာဝတ်တယ် ဆိုတာတွေ၊ သူ့ရဲ့ နေ့စဉ်ဘဝနဲ့ သူ့ရဲ့ ခရီးသွားခြင်းတို့ကို လေ့လာကြည့်ရှု ခဲ့ပါတယ်။ ယေရှုရဲ့ စံနမူနာအတိုင်း သူတတ်နိုင်သမျှ လိုက်လျှောက်တယ်။ သူဟာ ဘဝင်မမြင့်ဘူး။ ဒါပေမဲ့ သူ့ရဲ့အရင်က ဟောင်းနွမ်းနေပြီဖြစ်တဲ့ အရာတွေအားလုံးကို ထားခဲ့ပြီး၊ ယေရှုရဲ့ စကားလုံးနဲ့ လုပ်ဆောင်မှု စံနမူနာတွေကို လိုက်လျှောက်ခဲ့တယ်။ အဲဒီအချိန်တုန်းက ပေတရုဟာ ကောင်းကင်၊ မြေကြီးနဲ့ ရှိသမျှအရာ အားလုံးဟာ အနန္တဘုန်းတန်ခိုးရှင်ရဲ့ လက်ထဲမှာရှိတယ်ဆိုတာကို ခံစားခဲ့ရတယ်။ ဒါကြောင့် သူ့မှာ ကိုယ်ပိုင် ရွေးချယ်မှု မရှိခဲ့ဘူး။ ဒါပေမဲ့ ယေရှုရဲ့ အပြုအမူအားလုံးကို သူ့ရဲ့ စံနမူနာအဖြစ် ထားခဲ့တယ်။ ယေရှုဟာ သူလုပ်ခဲ့တဲ့အပေါ်မှာ ဘဝင်မြင့်ခြင်း မရှိသလို၊ သူ့ကိုယ်သူ ကြွားဝါခြင်းလည်းမရှိဘူး၊ ဒါတွေကို မပြုလုပ်ဘဲ သူဟာ လူတွေကို ချစ်ခြင်းမေတ္တာနဲ့ ထိတွေ့တယ်ဆိုတာကို သူ့အသက်တာကနေ သူတွေ့မြင်နိုင်ခဲ့တယ်။ မတူညီတဲ့ အခြေအနေတွေမှာ ပေတရုဟာ ယေရှုက ဘယ်လိုလူမျိုးလဲဆိုတာကို မြင်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ယေရှုမှာ ရှိသမျှအရာ အားလုံးဟာ ပေတရုအတွက် စံနမူနာယူစရာတွေပဲ ဖြစ်လာခဲ့တာပါ။ သူတွေ့ကြုံရတာတွေထဲမှာ သူဟာ သခင်ယေရှုရဲ့ ချစ်ခင် နှစ်သက်ဖွယ်ကောင်းမှုကို ပိုပိုပြီး ခံစားခဲ့ရတယ်။ သူက ဒီလိုမျိုးပြောတယ် - “စကြာဝဠာမှာ အနန္တတန်ခိုးရှင်ကို ငါရှာဖွေခဲ့ပြီး ကောင်းကင်၊ မြေကြီးနဲ့ အရာအားလုံးရဲ့ အံ့သြဖွယ်ရာတွေကို တွေ့မြင်ခဲ့ရတယ်။ ဒါကြောင့် အနန္တတန်ခိုးရှင်ရဲ့ ချစ်ခင် နှစ်သက်ဖွယ်ကောင်းမှုကို လေးလေးနက်နက် ခံစားခဲ့ရတယ်။ ဒါပေမဲ့ ငါ့နှလုံးသားမှာ ဘယ်တုန်းကမှ စစ်မှန်တဲ့ ချစ်ခြင်းမရှိခဲ့ဘူး။ အနန္တတန်ခိုးရှင်ရဲ့ ချစ်ခင် နှစ်သက်ဖွယ်ကောင်းမှုကို ငါ့မျက်လုံးနဲ့ တစ်ခါမှ မမြင်ခဲ့ဖူးဘူး။ ဒီနေ့တော့ အနန္တတန်ခိုးရှင်ရဲ့ အမြင်မှာ ငါ့ကို သူမျက်နှာသာပေးပြီး ကြည့်ရှုစောင့်မခဲ့ပြီ၊ ဘုရားရဲ့ ချစ်ခင် နှစ်သက်ဖွယ် ကောင်းမှုကို နောက်ဆုံးမှာ ခံစားခဲ့ရပြီးတော့ လူသားအားလုံးက သူ့ကို ချစ်ဖို့အတွက် သက်သက်ပဲ အရာအားလုံးကို ဖန်ဆင်းခဲ့ခြင်း မဟုတ်ဘူးဆိုတာ သိရှိခဲ့ရတယ်။ ငါရဲ့ နေ့စဉ်အသက်တာမှာ သူ့ရဲ့ အဆုံးမရှိတဲ့ ချစ်ခင် နှစ်လိုဖွယ်ကောင်းမှုကို တွေ့ရှိခဲ့တယ်။ ဒီနေ့ အခြေအနေမျိုးအထိပဲ ကန့်သတ်ထားတာမျိုး ဘယ်လို ဖြစ်နိုင်မှာလဲ။” အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ ပေတရုဆီမှာလည်း နှစ်လိုဖွယ်ကောင်းမှုတွေကို တွေ့ရှိ လာရတယ်။ သူဟာ ယေရှုအပေါ်မှာ သိပ်နာခံတယ်။ သူ့မှာ အခက်အခဲအချို့ ကြုံခဲ့ရတာလည်း ရှိတာပေါ့။ ယေရှုဟာ တရားဟောဖို့အတွက် သူ့ကို နေရာအမျိုးမျိုးကို ခေါ်သွားတဲ့အခါမှာ ပေတရုဟာ သူ့ကိုယ်သူ အမြဲနှိမ့်ချပြီး ယေရှုရဲ့ ဒေသနာတွေကို နားထောင်ခဲ့ပါတယ်။ သူနောက်လိုက်ဖြစ်လာတာ ကြာလို့ဆိုပြီး စိတ်ကြီးဝင်တာမျိုး တစ်ခါမှ မဖြစ်ပါဘူး။ ယေရှုက သူကြွလာခဲ့တဲ့ အကြောင်းရင်းက လက်ဝါးကပ်တိုင်မှာ အသေခံဖို့အတွက် ဖြစ်တယ်ဆိုတာ သူ့ကိုပြောပြီးနောက်မှာ၊ သူဟာ မကြာခဏပဲ အရမ်းဝမ်းနည်းပြီး တစ်ယောက်တည်း တိတ်တဆိတ် ငိုကြွေးခဲ့တယ်။ ဒါပေမဲ့ အဲဒီ “ကံအကြောင်းမလှ”တဲ့နေ့ဟာ ရောက်လာခဲ့ ပါတယ်။ ယေရှု အဖမ်းခံရပြီးနောက် ပေတရုဟာ သူ့ငါးဖမ်းလှေထဲမှာ တစ်ယောက်ထဲ ငိုကြွေးခဲ့ပြီး ဒီအရာအတွက် အများကြီး ဆုတောင်းခဲ့တယ်။ ဒါပေမဲ့ သူ့နှလုံးသားထဲမှာတော့ ဒါဟာ အဖဘုရားရဲ့ အလိုဖြစ်ပြီး ဘယ်သူမှ ပြောင်းလဲလို့ မရနိုင်ဘူးဆိုတာကို သိခဲ့ပါတယ်။ သူဟာ ချစ်ခြင်းမေတ္တာရဲ့ သက်ရောက်မှုကြောင့် အမြဲတမ်း ဝမ်းနည်းငိုကြွေးခဲ့တယ်။ ဒါက လူသားရဲ့ အားနည်းချက်ပါ။ ဒီတော့ ယေရှုဟာ ကားတိုင်မှာ သံမှိုဆွဲနှက် ခံရမယ်ဆိုတာကို သူသိတော့ ယေရှုကို “ကိုယ်တော်ထွက်ခွာသွားပြီး နောက်မှာ ကျွန်တော်တို့ဆီကို ကိုယ်တော်ပြန်လာပြီး ကျွန်တော်တို့ကို ကြည့်ရှု စောင့်ရှောက်ဦးမှာလား။ ကျွန်တော်တို့ ကိုယ်တော့်ကို မြင်တွေ့ခွင့် ရဦးမှာလား”လို့ မေးခဲ့တယ်။ ဒီစကားလုံးတွေဟာ ရိုးရှင်းပေမဲ့ လူသားရဲ့ သဘောတွေ အပြည့် ပါဝင်နေပါတယ်။ ယေရှုဟာ ပေတရုရဲ့ ဒုက္ခကိုသိတယ်။ ဒါကြောင့် သူ့ရဲ့ ချစ်ခြင်းမေတ္တာ ကနေတစ်ဆင့် သူ့ရဲ့ အားနည်းချက်ကို နားလည်သိမြင် ပေးပါတယ်။ “ပေတရု၊ ငါ သင့်ကို ချစ်ခဲ့တယ်။ ဒါကို သိသလား။ သင်ပြောတဲ့အရာဟာ အကြောင်းရင်းမရှိပေမဲ့၊ ငါ ရှင်ပြန်ထမြောက်အပြီးမှာ လူသားတွေ ကြားထဲ ရက် ၄၀ ရှိနေလိမ့်မယ် ဆိုတာကို အဖက ကတိပြုခဲ့တယ်။ ငါ့ရဲ့ ဝိညာဉ်တော်က သင်တို့ကို ကျေးဇူးတော် မကြာခဏ ချပေးသနား လိမ့်မယ်ဆိုတာကို မယုံကြည်ဘူးလား”လို့ ပြောခဲ့တယ်။ နောက်တော့ ပေတရုဟာ နည်းနည်း စိတ်သက်သာရာ ရခဲ့ပါတယ်။ ဒါပေမဲ့ ပြည့်စုံမှု မဟုတ်တဲ့ ပြဿနာတစ်ခု ရှိနေတယ်ဆိုတာကို သူအမြဲတမ်း ခံစားခဲ့ရတယ်။ ဒါကြောင့် ယေရှု ရှင်ပြန်ထမြောက်အပြီးမှာ သူ့ဆီကို ပထမဆုံးအကြိမ် ပွင့်လင်းစွာ လာတွေ့ခဲ့တယ်။ ဒါပေမဲ့ ပေတရုဟာ သူ့ရဲ့သဘောထားကို ဆက်ကိုင်စွဲထားခြင်းကို ရှောင်ကြဉ်ဖို့အတွက် ယေရှုဟာ သူ့အတွက် ပေတရု ကောင်းမွန်စွာ ပြင်ဆင်ပေးခဲ့တဲ့ အစားအစာကို ငြင်းခဲ့ပြီး မျက်စိတစ်မှိတ် အတွင်းမှာ ပျောက်ကွယ်သွားခဲ့တယ်။ အဲဒီအချိန်မှာပဲ ပေတရုဟာ ယေရှုကို ပိုပြီး နက်ရှိုင်းစွာ နားလည်လာခဲ့ပြီး သခင်ယေရှုကို ပိုပြီးတော့တောင် ချစ်မြတ်နိုးခဲ့ပါတယ်။ ယေရှု ရှင်ပြန်ထမြောက်ပြီး နောက်မှာ သူဟာ ပေတရုထံကို မကြာခဏ ကိုယ်ထင်ပြခဲ့ပါတယ်။ သူကိုယ်ထင်ပြတဲ့ အချိန်တိုင်းက သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှု ပြီးမြောက်ပြီး၊ အမှုအသစ်တစ်ခု စတင်တော့မယ့် အချိန်တွေမှာ ဖြစ်ပါတယ်။

ပေတရုဟာ သူ့ဘဝတစ်လျှောက်လုံးမှာ ငါးဖမ်းခြင်းအားဖြင့် အသက်မွေးခဲ့ပါတယ်။ ဒါပေမဲ့ တရားဟောခြင်းနဲ့ ပိုပြီးရှင်သန်ခဲ့ပါတယ်။ သူ့ရဲ့ နောက်ပိုင်းနှစ်တွေမှာ ရှင်ပေတရု သြဝါဒစာ ပထမစောင်နဲ့ ဒုတိယစောင်ကို ရေးသားခဲ့တယ်။ နောက်ပြီး အဲဒီအချိန်ကာလက ဖိလဒေလဖိအသင်းတော်ကို စာစောင် အများအပြား ရေးသားခဲ့ပါတယ်။ အဲဒီအချိန်ကာလက လူတွေဟာ သူ့ကြောင့် အလွန်ကို နှစ်သက် ခံစားခဲ့ကြပါတယ်။ သူဟာ သူ့ကိုယ်ပိုင် အသိအပေါ်ကိုပဲ အခြေခံပြီး လူတွေကို သင်ပြပေးခြင်း ဘယ်တော့မှ မပြုလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ သူဟာ ဘဝအသက်တာအတွက် သင့်တော်တဲ့ ပံ့ပိုးမှုတွေ ပေးခဲ့ပါတယ်။ သူ့ဘဝမှာ သူ့ဘဝတစ်လျှောက် ယေရှုရဲ့ သင်ကြားချက်တွေကို ဘယ်တော့မှ မမေ့ခဲ့ပါဘူး။ သူဟာ ကြိုက်နှစ်သက်ဆဲပါပဲ။ ယေရှုနောက် လိုက်စဉ်တုန်းက ယေရှုရဲ့ ချစ်ခြင်းမေတ္တာကို သူ့ရဲ့အသေခံခြင်းနဲ့ ပြန်လည်ပေးဆပ်ဖို့ ပြင်ဆင်ခဲ့ပြီး၊ အရာအားလုံးအပေါ်မှာ ယေရှုကို စံနမူနာထားဖို့ ပြင်ဆင်ခဲ့ပါတယ်။ ယေရှုဟာ သူ့ကို ဒီအရာကို ကတိပေးခဲ့တယ်၊ သူ အသက် ၅၃ နှစ်မှာ (ယေရှုနဲ့ ခွဲခွာပြီးနောက် နှစ် ၂၀ ကျော်အကြာ) သူ့ရဲ့ ခံယူပြင်ဆင်ချက်ကို သိမြင်စေဖို့၊ ယေရှုဟာ သူ့ရှေ့မှာ ကိုယ်ထင်ပြခဲ့တယ်။ ဒီအခြင်းအရာပြီးနောက် ၇ နှစ်ကြာပြီးတဲ့အချိန်မှာ ပေတရုဟာ သူ့ကိုယ်သူ သိမြင်ရင်းနဲ့ သူ့ဘဝကို ကုန်ဆုံးခဲ့တယ်။ ၇ နှစ်ကြာပြီး တစ်ရက်မှာတော့ လက်ဝါးကပ်တိုင်မှာ ပြောင်းပြန် ကားစင်တင်ခံရရင်း သူ့ရဲ့ အံ့သြဖွယ်ဘဝကို အဆုံးသတ် ခဲ့ရပါတယ်။

အောက်ခြေမှတ်စုများ -

(က) မူရင်းစာသားမှာ “သူပြောတယ်” ဆိုတာကို ဖယ်ထုတ်ထားပါတယ်။

ယခင်က:ငါးခုမြောက်သော မိန့်မြွက်ချက်အား ရှင်းလင်းချက်

နောက်တစ်ခုသို့:ကိုးခုမြောက် မိန့်မြွက်ချက်၏ အနက်ဖွင့်

သင်နှစ်သက်နိုင်သည့် အရာများ