လူမျိုးအပေါင်းတို့၊ ဝမ်းမြောက်ကြလော့။
ငါ၏ အလင်းတွင်၊ လူတို့သည် အလင်းကို တစ်ဖန် မြင်ကြ၏။ ငါ၏ နှုတ်ကပတ်တော်ထဲတွင်၊ လူတို့သည် ၎င်းတို့ မွေ့လျော်သည့် အရာများကို ရှာတွေ့ကြ၏။ ငါသည် အရှေ့အရပ်မှ လာ၏၊ အရှေ့အရပ်မှ ငါ နှုတ်ခွန်းဆက်သည်။ ငါ၏ ဘုန်းအသရေ ထွန်းတောက်သည့်အခါ၊ တိုင်းနိုင်ငံအားလုံးသည် ထွန်းလင်းကြ၏၊ အားလုံး အလင်းသို့ ဆောင်ယူခြင်းခံရကြ၏၊ အမှောင်ထဲတွင် တစ်ခုမျှ မကျန်ရှိပေ။ နိုင်ငံတော်ထဲတွင်၊ ဘုရားသခင်နှင့်အတူ ဘုရားသခင်၏လူတို့ အသက်ရှင်ကြသော အသက်တာသည် အတိုင်းထက်အလွန် ပျော်ရွှင်ဖွယ်ဖြစ်သည်။ ရေထုသည် လူတို့၏ မင်္ဂလာရှိသော အသက်တာများ၌ ဝမ်းမြောက်ခြင်းဖြင့် ကခုန်ကြသည်၊ တောင်များသည် ငါ၏ အလျှံပယ်ရှိခြင်းကို လူတို့နှင့်အတူ မွေ့လျော်ကြ၏။ လူအားလုံးသည် ငါ၏ နိုင်ငံတော်ထဲတွင် ကြိုးပမ်းနေကြသည်၊ ကြိုးစားလုပ်ဆောင်နေကြသည်၊ ၎င်းတို့၏ သစ္စာစောင့်သိခြင်းကို ပြသနေကြသည်။ နိုင်ငံတော်ထဲတွင်၊ ပုန်ကန်ခြင်း မရှိတော့ပေ၊ ခုခံခြင်း မရှိတော့ပေ။ ကောင်းကင်နှင့် မြေကြီးတို့သည် အချင်းချင်း မှီခိုကြသည်၊ လူသားနှင့် ငါသည် ဘဝ၏ ချိုမြိန်သော ကြီးစွာဝမ်းမြောက်ခြင်းများ တစ်လျှောက်၊ တစ်ဦးကိုတစ်ဦး အားထားလျက် နက်ရှိုင်းသော ခံစားချက်ဖြင့် ချဉ်းကပ်ကြ၏။...ဤအချိန်တွင်၊ ငါသည် ကောင်းကင်ဘုံ၌ ငါ၏ အသက်တာကို စနစ်တကျ စတင်သည်။ စာတန်၏ နှောင့်ယှက်မှု မရှိတော့သကဲ့သို့ လူတို့သည် ချမ်းသာထဲသို့ ဝင်စားကြ၏။ စကြဝဠာတစ်လျှောက်လုံးတွင်၊ ငါ၏ အရွေးချယ်ခံ လူတို့သည် ငါ၏ ဘုန်းအသရေအတွင်း၌ အသက်ရှင်ကြပြီး၊ လူတို့အလယ် အသက်ရှင်နေသည့် လူများကဲ့သို့မဟုတ်ဘဲ၊ ဘုရားသခင်နှင့်အတူ အသက်ရှင်သည့် လူများကဲ့သို့ တုနှိုင်းမမှီ ကောင်းကြီးခံစားရကြသည်။ လူသားမျိုးနွယ်အားလုံးသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ဖြတ်သန်းကြရပြီးဖြစ်ကာ ဘဝ၏ ခါးသီးမှုနှင့် ချိုမြိန်မှု အနည်အနှစ်ကို သောက်သုံးကြရပြီးဖြစ်သည်။ ယခုတွင်၊ ငါ၏ အလင်းတွင် အသက်ရှင်ရင်း၊ အဘယ်သို့ မဝမ်းမြောက်ဘဲ နေနိုင်မည်နည်း။ ဤနှစ်သက်ဖွယ်သော အခိုက်အတန့်ကို အဘယ်သို့ ပေါ့ပေါ့တန်တန် စွန့်လွှတ်ပြီး တစ်စတစ်စ လက်လွှတ် ဆုံးရှုံးနိုင်မည်နည်း။ အသင် လူတို့။ သင်တို့ စိတ်နှလုံးများထဲတွင် ငါ့အတွက် သီချင်းသီဆိုပြီး ဝမ်းမြောက်မှုဖြင့် ကခုန်ကြလော့။ သင်တို့၏ စစ်မှန်သော စိတ်နှလုံးများကို ချီမကာ ငါ့ထံ ပူဇော်ကြလော့။ သင်တို့၏ စည်များကို တီးကြပြီး ငါ့အတွက် ဝမ်းမြောက်စွာ တီးခတ်ကြလော့။ ငါသည် ငါ၏ ဝမ်းမြောက်ပျော်ရွှင်ခြင်းကို စကြဝဠာတစ်လျှောက် ဖြာထွက်စေ၏။ ငါ၏ အသရေတင့်တယ်သော မျက်နှာကို လူတို့အား ငါထုတ်ဖော်ပြ၏။ ငါသည် ကျယ်သောအသံဖြင့် ဟစ်ကြွေးမည်။ စကြဝဠာကို ငါ ကျော်လွန်မည်။ ငါသည် လူတို့အလယ် စိုးစံနှင့်ပြီ။ ငါသည် လူတို့၏ ချီးမြှောက်ခြင်းခံရ၏။ အထက်ကောင်းကင်ပြာ၌ ငါသည် တဖြည်းဖြည်းသွားပြီး လူတို့သည် ငါနှင့်အတူ လျှောက်လှမ်းသွားကြသည်။ လူတို့အလယ် ငါ လျှောက်လှမ်းကာ ငါ၏ လူတို့သည် ငါ့ကို ဝန်းရံကြသည်။ လူတို့၏ စိတ်နှလုံးများ ဝမ်းမြောက်ကြ၏၊ ၎င်းတို့၏ သီချင်းများက အမြင့်ဆုံးကောင်းကင်ဘုံကို အက်ကွဲသွားစေရင်း စကြဝဠာကို လှုပ်ခါကြ၏။ စကြဝဠာသည် မြူဖြင့် မပိတ်ဖုံးတော့ပေ။ ရွှံ့နွံများ မရှိတော့ပေ၊ အညစ်အကြေး စုဝေးမှု မရှိတော့ပေ။ စကြဝဠာ၏ သန့်ရှင်းသူများတို့။ သင်တို့သည် ငါ၏စစ်ဆေးမှုအောက်တွင် သင်တို့၏ စစ်မှန်သော မျက်နှာထားကို ပြကြ၏။ သင်တို့သည် အညစ်အကြေးဖြင့် ဖုံးလွှမ်းသော လူများမဟုတ်ဘဲ၊ ကျောက်စိမ်းကဲ့သို့ သန့်စင်သော သန့်ရှင်းသူများဖြစ်၏၊ သင်တို့အားလုံးသည် ငါ၏နှစ်သက်မြတ်နိုးရသူများ ဖြစ်ကြ၏၊ သင်တို့သည် ငါ၏ ပျော်ရွှင်ဝမ်းမြောက်မှု ဖြစ်ကြ၏။ အရာခပ်သိမ်းသည် အသက်ပြန်ရှင်လာကြ၏။ သန့်ရှင်းသူများအားလုံးသည် ငါ၏ နွေးထွေးသော ထွေးပွေ့မှုထဲ ဝင်ရောက်ရင်း၊ ငိုကြွေးခြင်းမရှိတော့၊ စိုးရိမ်ပူပန်ခြင်းမရှိတော့ဘဲ၊ မိမိတို့ကိုယ်ကိုယ် ငါ့ထံ ဆက်ကပ်ရင်း၊ ငါ၏ အိမ်သို့ ပြန်လာကြရင်း ကောင်းကင်ဘုံတွင် ငါ့ကို အစေခံရန် ပြန်လာကြ၏၊ ပြီးလျှင် ၎င်းတို့၏ ဇာတိမြေတွင် ငါ့ကို စဉ်ဆက်မပြတ် ချစ်ခင်ကြလိမ့်မည်။ ထာဝရကာလပတ်လုံး ဘယ်သောအခါမျှ ပြောင်းလဲခြင်းမရှိပေ။ ဝမ်းနည်းပူဆွေးမှုသည် အဘယ်မှာနည်း။ မျက်ရည်များသည် အဘယ်မှာနည်း။ ဇာတိပကတိသည် အဘယ်မှာနည်း။ ကမ္ဘာမြေကြီး ကုန်လွန်သွားသော်လည်း ကောင်းကင်သည် ထာဝရဖြစ်၏။ လူအပေါင်းတို့ထံ ငါ ပေါ်ထွန်းပြီး လူအပေါင်းတို့သည် ငါ့ကို ချီးမွမ်းကြ၏။ ဤအသက်တာ၊ ဤအလှတရား၊ ရှေးအတီတေ အချိန်ကာလမှ အဆုံးသတ်ကာလအထိ၊ ပြောင်းလဲမည်မဟုတ်။ ဤသည်မှာ နိုင်ငံတော် အသက်တာဖြစ်သည်။