သမ္မာတရားအပေါ် သစ္စာရှိပါ။ စိတ်ခံစားချက်အပေါ် သစ္စာမရှိပါနှင့်
ကျားဟောင် တရုတ်နိုင်ငံ ဇူလိုင်၊ ၂၀၁၇ခုနှစ်မှာ ခေါင်းဆောင်တစ်ယောက်ဆီကနေ ကျွန်မ စာစောင်ရတယ်။ အသင်းတော်က မယုံကြည်သူတွေကို...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ တစ်နေ့မှာ၊ ကျွန်မ စုဝေးပွဲတစ်ခုကနေ ပြန်လာပြီးတဲ့နောက် ညီအစ်မတစ်ယောက်က ကျွန်မဆီကို အပြေးအလွှား ရောက်လာပြီးတော့ ကျွန်မကို ပြောပါတယ်၊ အထွေထွေကိစ္စရပ်တွေနဲ့ဆိုင်တဲ့ ချိုလင်းလို့ခေါ်တဲ့ သင်းထောက်တစ်ဦးနဲ့ အသင်းတော်ခေါင်းဆောင်တစ်ဦး အဖမ်းခံခဲ့ရတယ်ဆိုတာကိုပါ။ ကျွန်မ စုဝေးပွဲတွေအတွက် အပြင်ထွက်တဲ့အခါတိုင်း အရမ်းသတိထားဖို့ကိုလည်း သူက တိုက်တွန်းခဲ့ပါတယ်။ ကျွန်မ တော်တော်လေး ထိတ်လန့်သွားပြီး တွေးလိုက်တယ်၊ “ငါက ချိုလင်းနဲ့ အမြဲတမ်း စုဝေးပွဲလုပ်ပြီး သူ့အိမ်ကိုလဲ ခဏခဏ သွားတာ။ ရဲတွေက ငါ့ကို သတိပြုမိနေပြီလား။ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ငါ ဘုရားသခင်ကို ယုံကြည်တဲ့အတွက် တိုင်ကြားခံခဲ့ရပြီး၊ အဲဒီအချိန်က ရဲတွေက ငါ့ကို ဗီဒီယို ရိုက်ထားခဲ့တာ။ ငါသာ ထပ်အဖမ်းခံရရင် ဒါက နောက်တစ်ကျော့ ပြစ်မှုဖြစ်သွားမှာပဲ၊ ပြီးတော့ သူတို့သာ ငါ့ကို မသတ်ရင်၊ ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်မှာ သေချာတယ်” လို့ပေါ့။ အဲဒီနောက် မကြာခင်မှာပဲ နောက်ထပ် အသင်းတော်ခေါင်းဆောင်တစ်ယောက် ရောက်လာပြီးတော့ နောက်ဆက်တွဲကိစ္စတွေကို သူကိုင်တွယ်မယ်လို့ ပြောခဲ့ပါတယ်။ လူသစ်တွေအနေနဲ့ နှိပ်စက်ညှဉ်းပန်းမှုနဲ့ အခက်အခဲတွေ ကြုံရတဲ့အခါ ခိုင်ခိုင်မာမာ ရပ်တည်နိုင်အောင် သူတို့ကို ရေလောင်းပြီး ထောက်ပံ့ပေးဖို့ သူက ကျွန်မကို တောင်းဆိုခဲ့တယ်။ သူ ကျွန်မကို အဲဒီတာဝန်ကို ပေးတဲ့အခါ ကျွန်မ ရုတ်တရက် ထိတ်လန့်သွားပြီး တွေးမိတယ်၊ “အခြေအနေတွေက ဒီလောက် အန္တရာယ်များနေတာ၊ သူက ငါ့ကို ရှေ့တန်းပို့နေတာမဟုတ်ဘူးလား” လို့ပေါ့။ ညီအစ်ကိုမောင်နှမတွေ နည်းမျိုးစုံတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ခံစားနေရတဲ့ ပုံရိပ်တွေက ကျွန်မစိတ်ထဲမှာ တစ်ခုပြီးတစ်ခု ပေါ်လာခဲ့တယ်။ ကျွန်မ စိုးရိမ်လာပြီး တွေးမိတာပေါ့၊ “ရဲတွေဆီမှာ ငါ့ရဲ့ ဗီဒီယို ရှိတယ်။ သူတို့ ငါ့ကို ဖမ်းမိတာနဲ့၊ ငါ့ကို သက်သက်ညှာညှာမလုပ်မှာ သေချာတယ်။ ငါသာ ညှဉ်းပန်းနှိပ်စက်မှုကို မခံနိုင်ဘဲ ယုဒ ဖြစ်သွားခဲ့ရင်၊ ငါဟာ ကယ်တင်ခြင်းကို မရရှိနိုင်ရုံသာမကဘဲ ငရဲကို ဆင်းပြီး အပြစ်ပေးခံရမှာပဲ။ ဒီနှစ်တွေအတွင်း ငါ့ယုံကြည်ခြင်းမှာ ငါလုပ်ခဲ့သမျှ အရာအားလုံး၊ မိသားစုကို စွန့်လွှတ်တာ၊ ငါ့အလုပ်အကိုင်ကို စွန့်ပစ်တာ၊ ကိုယ့်ကိုယ်ကိုယ် အသုံးခံတာ၊ ဆင်းရဲဒုက္ခခံတာ၊ အဖိုးအခပေးဆပ်တာတွေအားလုံးက၊ အလဟဿ ဖြစ်သွားမှာ မဟုတ်ဘူးလား” လို့ပေါ့။ ဒါတွေအားလုံးကို သဘောပေါက်လိုက်တော့ ကျွန်မဟာ ဧည့်ခံတဲ့နေရာမှာပဲ ပုန်းအောင်းနေပြီး အပြင်မထွက်ဘဲ နေချင်စိတ် ပေါက်သွားတယ်။ ဒါက အခြေအနေကိုင်တွယ်ဖို့ ပိုပြီးလုံခြုံတဲ့ နည်းလမ်းဖြစ်မယ်လို့ ကျွန်မ ထင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီနောက် ဒီလိုတွေးခေါ်ပုံက မှားနေမှန်း ကျွန်မ သဘောပေါက်ခဲ့တယ်၊ ဒီလို အရေးကြီးတဲ့ အခိုက်အတန့်တစ်ခုမှာ ကျွန်မက တွန့်ဆုတ်ကြောက်ရွံ့ပြီး ကိုယ့်အကျိုးစီးပွားကိုပဲ ကာကွယ်နေမယ်ဆိုရင် တစ်ကိုယ်ကောင်းဆန်ရာ ကျမှာ မဟုတ်ဘူးလား။ ခေါင်းဆောင်က အန္တရာယ်ကို စွန့်စားပြီး နောက်ဆက်တွဲကိစ္စတွေကို ကိုင်တွယ်နေတာ၊ သူသာ ကျွန်မလိုမျိုး အန္တရာယ် အရိပ်အယောင်လေး မြင်တာနဲ့ နောက်တွန့်သွားရင်၊ ဘယ်သူက နောက်ဆက်တွဲကိစ္စတွေကို ကိုင်တွယ်မှာလဲ။ ဒါကို သဘောပေါက်လိုက်တော့ တွန့်ဆုတ်ကြောက်ရွံ့နေပေမဲ့လည်း ကျွန်မ အဲဒီတာဝန်ကို လက်ခံခဲ့တုန်းပဲ။
နောက်နေ့ မွန်းတည့်လောက်မှာ၊ ဧည့်ခံတဲ့ညီအစ်မတစ်ယောက်နဲ့ သူ့ညီမလေးတို့ ရဲတွေဖမ်းတာ ခံခဲ့ရတယ်လို့ ကျွန်မ ကြားခဲ့ရတယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါ သူတို့နဲ့ သိပ်မကြာသေးခင်ကမှ အတူတူစုဝေးပွဲတက်ခဲ့တာ၊ အခု သူတို့ အဖမ်းခံလိုက်ရပြီ။ ငါသာ အပြင်ထွက်ရင် ငါလည်း အဖမ်းခံရမှာ မဟုတ်ဘူးလား” လို့ပေါ့။ ကျွန်မ အရမ်းကို ဝေခွဲမရဖြစ်ခဲ့တယ်၊ ကျွန်မသာ အပြင်ထွက်ရင် အဖမ်းခံရနိုင်တယ်၊ ဒါပေမဲ့ ကျွန်မသာ အိမ်ထဲမှာပဲနေရင်၊ တခြားညီအစ်ကိုမောင်နှမတွေက ဒီညီအစ်မနှစ်ယောက် အဖမ်းခံရတဲ့အကြောင်း ကြားရမှာ မဟုတ်ဘူး။ ကျွန်မသာ သူတို့ကို ချက်ချင်း အသိမပေးရင်၊ သူတို့လည်း အဖမ်းခံရမယ့် အန္တရာယ်မှာ ရှိနေမှာပဲ။ ဒါကို သဘောပေါက်လိုက်တော့၊ ဖြစ်ခဲ့တာတွေကို သူတို့ကို သွားအကြောင်းကြားဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်၊ စုဝေးပွဲတွေကို ယာယီရပ်ဆိုင်းထားဖို့နဲ့ သူတို့ရဲ့ ဘုရားနှုတ်ကပတ်တော် စာအုပ်အားလုံးကို ဝှက်ထားဖို့ သူတို့ကို တောင်းဆိုခဲ့တယ်။ ကျွန်မ ပြန်ရောက်ပြီးနောက်မှာ တွေးမိတယ်၊ “ငါ လုံးဝ အပြင်ထပ်ထွက်လို့ မရတော့ဘူး။ ဒါက အရမ်းကို အန္တရာယ်များလွန်းတယ်” လို့ပေါ့။ ကျွန်မ အံ့ဩသွားရတာက၊ အဲဒီနေ့ ညနေစောင်းလောက်မှာ ညီအစ်ကို ဝမ်ဘင်က ကျွန်မဆီကို ရောက်လာပြီးတော့၊ ခေါင်းဆောင်တွေက အလုပ်ကိစ္စ ဆွေးနွေးဖို့အတွက် သူ့အိမ်မှာ စုဝေးပွဲလုပ်ဖို့ အစက စီစဉ်ထားခဲ့ပေမဲ့၊ သူ့မိန်းမက အခုလေးတင် အဖမ်းခံလိုက်ရပြီး သူကတော့ တံတိုင်းကျော်ပြီး ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ကျွန်မကို ပြောပြခဲ့တယ်။ ခေါင်းဆောင်တွေကို သူ့အိမ်ကို မသွားဖို့ ချက်ချင်း အကြောင်းကြားရမယ်လို့ ညီအစ်ကိုဝမ်က ပြောခဲ့ပါတယ်။ ကျွန်မ ပိုပြီးတော့တောင် ကြောက်သွားပြီး အထိတ်တလန့်ဖြစ်လို့ ကျွန်မခြေထောက်တွေ ခွေယိုင်ကျသွားတယ်။ ကျွန်မ တွေးမိတယ်၊ “ရဲတွေက နင့်ကို နောက်ယောင်ခံလိုက်ပြီး စောင့်ကြည့်နေခဲ့ရင် ငါ အပြင်ထွက်လိုက်တာနဲ့ သူတို့က ငါ့ကို သေချာပေါက် ဖမ်းမှာပဲ။ အဲဒီရဲတွေက ဘုရားသခင် ရွေးချယ်ထားတဲ့ လူတွေအပေါ်မှာ အရမ်းကို ရက်စက်ကြမ်းကြုတ်တယ်၊ ပြီးတော့ သူတို့ ဖမ်းဖို့ ငါက ပစ်မှတ်ထားခံနေရတာ။ သူတို့သာ ငါ့ကို ဖမ်းပြီး ရိုက်သတ်လိုက်ရင်၊ ငါ့အမျိုးသားနဲ့ ကလေးကို ဘယ်တော့မှ ပြန်တွေ့ရတော့မှာ မဟုတ်ဘူး” လို့ပေါ့။ ဒါပေမဲ့ ရဲတွေလက်ကနေ သီသီလေး လွတ်မြောက်လာခဲ့တဲ့ ဝမ်ဘင်ကလွဲရင်၊ တခြား ရနိုင်တဲ့တစ်ယောက်တည်းသောသူက အသက်ကြီးတဲ့ အစ်မတစ်ယောက်ပဲ ရှိတယ်။ အဲဒီအစ်မက အသက် ၈၀ နီးပါးရှိပြီး၊ သိပ်ပြီး လှုပ်လှုပ်ရှားရှား မလုပ်နိုင်ဘူး။ ဒါ့အပြင် အပြင်မှာလဲ မှောင်နေပြီ၊ ဒါကြောင့် ခေါင်းဆောင်တွေဆီကို စာပို့ပေးဖို့က ကျွန်မအပေါ်မှာပဲ မူတည်နေခဲ့တယ်။ ကျွန်မ ဘုရားသခင်ဆီကို ခပ်သုတ်သုတ် ဆုတောင်းခဲ့ပြီးတော့ ကျွန်မ ဖတ်ခဲ့ဖူးတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ပြန်အမှတ်ရခဲ့တယ်။ “လူတို့၏ သစ္စာမရှိခြင်းသည် ၎င်းတို့က အစဉ်သဖြင့် မိမိတို့ကိုယ်ကို ကာကွယ်ပြီး တစ်စုံတစ်ခုကို ရင်ဆိုင်ရသောအခါတိုင်းတွင် လိပ်က သူ၏အခွံထဲသို့ ပြန်ဝင်သကဲ့သို့ နောက်ဆုတ်ခြင်း၊ ခေါင်းကို အပြင်သို့ ပြန်မထုတ်မီတွင် ကိစ္စများပြီးသွားသည်အထိ စောင့်ခြင်း၌ ပေါ်လွင်သည်။ ၎င်းတို့သည် မည်သည့်အရာနှင့် ကြုံရသည်ဖြစ်စေ အစဉ်သဖြင့် သတိထားနေကြသည်။ စိတ်သောက၊ စိုးရိမ်မှုနှင့် ပူပန်မှုများစွာရှိသည်။ အသင်းတော်၏အလုပ်ကို ရပ်တည်ပြီး မခုခံနိုင်ပေ။ ဤတွင် ပြဿနာသည် အဘယ်နည်း။ ယုံကြည်ခြင်း ကင်းမဲ့မှုမဟုတ်သလော။ သင်သည် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းမရှိ။ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ရှိသည်ဟု သင် မယုံကြည်။ ပြီးလျှင် သင်၏အသက်၊ သင်၏အရာရာတိုင်းသည် ဘုရားသခင်၏ လက်ထဲတွင် ရှိသည်ကို သင်မယုံကြည်ပေ။ ‘ဘုရားသခင်၏ ခွင့်ပြုချက်မရှိဘဲ စာတန်သည် သင့်ကိုယ်ခန္ဓာပေါ်မှ အမွေးတစ်မျှင်ကိုပင် မထိရဲပေ’ ဟု ဘုရားသခင် ပြောသည့်အရာကို သင်မယုံကြည်ပေ။ သင်သည် ကိုယ့်မျက်စိကိုယ် အားကိုးပြီး အချက်အလက်များကို အကဲဖြတ်သည်။ သင်သည် သင်၏ ကိုယ်ပိုင်တွက်ချက်မှုများအပေါ် အခြေခံပြီး အကဲဖြတ်ကာ အစဉ်သဖြင့် သင့်ကိုယ်သင် ကာကွယ်နေသည်။...အဘယ်ကြောင့် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းမရှိသနည်း။ လူတို့၏ အတွေ့အကြုံများသည် အလွန်ပေါ့တန်ပြီး ဤအရာများကို ၎င်းတို့ မသိမြင်နိုင်သောကြောင့်ဖြစ်သလော၊ သို့မဟုတ် သမ္မာတရားကို အလွန်နည်းပါးစွာ နားလည်သောကြောင့် ဖြစ်သလော။ အကြောင်းရင်းမှာ အဘယ်နည်း။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် တစ်ခုခု သက်ဆိုင်သလော။ လူတို့သည် အလွန်ဉာဏ်များသောကြောင့်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် အမှုအရာမည်မျှကို ကြုံတွေ့ရသည်ဖြစ်စေ၊ ၎င်းတို့ရှေ့တွင် အချက်အလက်မည်မျှကို ထားရှိသည်ဖြစ်စေ၊ ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်မှုဖြစ်သည်ကိုလည်းကောင်း၊ လူတစ်ယောက်၏ ကံကြမ္မာသည် ဘုရားသခင်၏ လက်ထဲတွင် ရှိသည်ကိုလည်းကောင်း မယုံကြည်ပေ။ ဤသည်မှာ တစ်ချက်ဖြစ်သည်။ အခြားသော ကြီးမားသည့် ပြဿနာမှာ လူတို့သည် မိမိတို့ကိုယ်ကို အလွန်ဂရုစိုက်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အတွက်လည်းကောင်း၊ ဘုရားအမှုတော်အတွက်လည်းကောင်း၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများအတွက်လည်းကောင်း၊ ဘုရားသခင်၏ အမည်နာမအတွက်လည်းကောင်း၊ ဘုရားသခင်၏ ဘုန်းတော်အတွက်လည်းကောင်း မည်သည့်အဖိုးအခမျှ ပေးဆပ်လိုစိတ် မရှိ၊ သို့မဟုတ် အနစ်နာခံလိုစိတ် မရှိပေ။ ၎င်းတို့သည် အန္တရာယ်အနည်းဆုံးသော အရာတစ်ခုမျှကိုပင် လုပ်ဆောင်လိုစိတ်မရှိ။ လူတို့သည် မိမိတို့ကိုယ်ကို ဂရုစိုက်လွန်းသည်။ လူတို့သည် သေခြင်းတရား၊ အရှက်ရခြင်း၊ ဆိုးယုတ်သောလူများ၏ ပိတ်ဆို့ခံရခြင်း၊ မည်သည့်အကျပ်အတည်းမျိုးမဆိုသို့ ကျရောက်ခြင်းတို့ကို ကြောက်သောကြောင့် ၎င်းတို့သည် မည်သည့်အန္တရာယ်ရှိသော အခြေအနေသို့မဆို မဝင်ရောက်စေရန် ကြိုးပမ်းလျက် ၎င်းတို့၏ ကိုယ်ပိုင်အသွေးအသားကို ထိန်းသိမ်းဖို့ အစွမ်းကုန် လုပ်ဆောင်ကြသည်။ တစ်ဖက်တွင် လူတို့အားလုံးသည် အလွန်ဉာဏ်များသည်ဆိုသည်ကို ဤအပြုအမူက ပြသသည်။ အခြားတစ်ဖက်တွင် ၎င်းတို့၏ မိမိရှင်သန်မှုအတွက် ကြိုးပမ်းခြင်းနှင့် တစ်ကိုယ်ကောင်းဆန်မှုကို ဖွင့်ပြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၉)) ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုနဲ့ ဖော်ထုတ်မှုတွေက ရင်ထဲ အတော်လေး ထိသွားတယ်။ ကျွန်မ အရမ်းကို ရှက်သွားတယ်၊ ကျွန်မက ဘုရားသခင် ဖော်ပြခဲ့တဲ့ ပုံစံအတိုင်းပဲ ပြုမူနေခဲ့တာလေ။ အန္တရာယ်မရှိဘဲ အရာအားလုံး ချောချောမွေ့မွေ့ ရှိနေတဲ့အခါ၊ အမှုအရာအားလုံးအပေါ်မှာ ဘုရားသခင်က အချုပ်အခြာအာဏာကိုင်စွဲထားတယ်၊ ဘုရားသခင်က အရာအားလုံးကို ထိန်းချုပ်ထားတယ်၊ လူသားရဲ့ ကံကြမ္မာက ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိတယ်၊ ပြီးတော့ အခြေအနေ ဘယ်လောက်ပဲ ခက်ခဲခက်ခဲ၊ ကျွန်မတို့ဟာ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ပြီး ဘုရားသခင်အတွက် သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်သင့်တယ်လို့ ကျွန်မ အမြဲပြောတယ်။ အခုတော့ ကျွန်မဟာ ကြွေးကြော်သံတွေကိုပဲ ရွတ်ဆိုနေခဲ့ပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းဖြည့်ဆည်းတာနဲ့ ဘုရားသခင်ကို ကျေနပ်စေတာတွေက ကျွန်မရဲ့ ရည်မှန်းချက်တွေပဲ ဖြစ်ခဲ့မှန်း ကျွန်မ သိလိုက်ရတယ်။ ခေါင်းဆောင်တွေက အဖမ်းခံရမယ့် အန္တရာယ်မှာ ရှိနေပြီး သူတို့ဆီ စာတစ်စောင် ပို့ပေးဖို့ ဝမ်ဘင်က ကျွန်မကို တောင်းဆိုခဲ့တယ်၊ လူ့သဘာဝ နည်းနည်းလေးရှိတဲ့ ဘယ်သူမဆို အသင်းတော်ရဲ့ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားပြီး စာကို ချက်ချင်း ပို့ပေးမှာပဲ၊ ဒါပေမဲ့ ကျွန်မက တစ်ကိုယ်ကောင်းဆန်ပြီး လှည့်ဖြားတတ်ခဲ့တယ်၊ ကိုယ့်လုံခြုံရေးကိုပဲ ထည့်သွင်းစဉ်းစားခဲ့တယ်။ ကျွန်မ စာပို့လိုက်ရင် နောက်ယောင်ခံလိုက်ခံရပြီး အဖမ်းခံရမှာကို ကြောက်လို့ မသွားချင်ခဲ့ဘူး၊ ကျွန်မ အဖမ်းခံရရင် ညှဉ်းပန်းနှိပ်စက်ခံရမှာကို စိုးရိမ်ခဲ့တယ်။ ဒီအန္တရာယ်ရှိတဲ့ အခိုက်အတန့်မှာ၊ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွား၊ ဒါမှမဟုတ် ကျွန်မရဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ လုံခြုံရေးကို ကျွန်မ တစ်စက်မှ ထည့်မတွေးခဲ့ဘူး။ ကျွန်မက အသက်ကို ဖက်တွယ်ပြီး သေမှာကို ကြောက်နေခဲ့တယ်၊ အသက်ရှင်ကျန်ရစ်ဖို့ လိုအပ်တာမှန်သမျှကိုပဲ ကျွန်မလုပ်နေခဲ့တယ်။ ကျွန်မဟာ ယုံကြည်သူတစ်ယောက်ဖြစ်ဖို့ မထိုက်တန်ခဲ့ဘူး။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်မ ချီတုံချတုံမဖြစ်တော့ဘဲ၊ ကျွန်မရဲ့ အီးဘိုက်နဲ့ ခေါင်းဆောင်တွေဆီကို စာ ချက်ချင်း ပို့ပေးခဲ့တယ်။ စာကို လက်ခံရရှိပြီးတဲ့နောက်မှာ၊ ခေါင်းဆောင်တွေက ဝမ်ဘင်ရဲ့ အိမ်ကို မသွားခဲ့ကြဘူး။
ရဲတွေက ဆက်ဖမ်းဆီးနေခဲ့ပြီး ညီအစ်ကိုမောင်နှမတွေ တစ်ယောက်ပြီးတစ်ယောက် အဖမ်းခံခဲ့ရတယ်။ အသင်းတော်ထဲက ညီအစ်ကိုမောင်နှမအများစုက စုဝေးပွဲတွေကို ယာယီရပ်ဆိုင်းထားခဲ့ကြပေမဲ့၊ ကျွန်မရဲ့ ရေလောင်းတာနဲ့ ထောက်ပံ့မှုကို လိုအပ်နေသေးတဲ့ လူသစ်တချို့တော့ ရှိနေသေးတယ်။ ကျွန်မ နည်းနည်းဝေခွဲမရဖြစ်မိတယ်။ ဖမ်းဆီးမှုတွေ အများကြီးလုပ်နေတာနဲ့အတူ၊ လူသစ်တွေက စုဝေးပွဲတွေ မတက်နိုင်တဲ့အတွက် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို နားမလည်နိုင်ဘဲ အချိန်မရွေး အသင်းတော်ကနေ ထွက်သွားနိုင်တယ်။ ဒါပေမဲ့ ရဲတွေက ဓာတ်ပုံထဲက ညီအစ်ကိုမောင်နှမတွေကို ရွေးထုတ်ဖို့ အဖမ်းခံရတဲ့ ညီအစ်ကိုမောင်နှမတွေကို အတင်းအကျပ်ခိုင်းနေတယ်လို့ ကျွန်မ ကြားခဲ့ရတယ်။ ညီအစ်ကိုမောင်နှမ သုံးယောက်ကို ရွေးထုတ်တဲ့ ဘယ်သူ့ကိုမဆို သူတို့က လွှတ်ပေးမှာတဲ့။ တစ်ယောက်ယောက်ကသာ ကျွန်မကို သစ္စာဖောက်လိုက်ရင်၊ ကျွန်မဟာ အရမ်းကို အန္တရာယ်ရှိတဲ့ အခြေအနေတစ်ခုမှာ ရောက်သွားမှာပဲ။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်မ နည်းနည်း တွန့်ဆုတ်သွားတယ်။ အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်မှာ ပြောထားတာကို ကျွန်မ ပြန်အမှတ်ရခဲ့တယ်။ “လူတို့ စွမ်းဆောင်နိုင်သည့်အရာကို ၎င်းတို့က ပြီးမြောက်အောင်မြင်ရန် အစွမ်းကုန် လုပ်ဆောင်သင့်သည်။ ကျန်သည့်အရာမှာ ဘုရားသခင် လုပ်ဆောင်ခြင်း၊ သူ၏ အချုပ်အခြာအာဏာကို ကျင့်သုံးပြီး စီစဉ်ညွှန်ကြားခြင်း၊ လမ်းပြခြင်းတို့နှင့်သာ ဆိုင်သည်။ ဤသည်မှာ ငါတို့ အနည်းဆုံး စိုးရိမ်ပူပန်ရသည့်အရာ ဖြစ်သည်။ ငါတို့၏နောက်တွင် ဘုရားသခင် ရှိသည်။ ငါတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင် ရှိသည်သာမက၊ ငါတို့၌ စစ်မှန်သော ယုံကြည်ခြင်းလည်း ရှိသည်။ ဤသည်မှာ ဝိညာဉ်ရေးရာ အထောက်အပံ့တစ်ခု မဟုတ်ပေ။ အမှန်တွင်၊ ဘုရားသခင်က မမြင်ကွယ်ရာတွင်ရှိပြီး လူတို့ဘက်တွင် ၎င်းတို့နှင့်အတူ အမြဲ ရှိသည်။ လူတို့က မည်သည့်အရာကိုမဆို လုပ်ဆောင်သည့်အခါတိုင်း သို့မဟုတ် မည်သည့်တာဝန်ကိုမဆို ထမ်းဆောင်သည့်အခါတိုင်း၊ သူက စောင့်ကြည့်နေသည်။ သူသည် သင့်ကို ထိန်းသိမ်းကာ ကာကွယ်ပေးလျက် သင့်ကို အချိန်မရွေး နေရာမရွေး ကူညီရန်ရှိနေသည်။ လူတို့ လုပ်ဆောင်သင့်သည့်အရာမှာ ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို ပြီးမြောက်အောင်မြင်ရန် အစွမ်းကုန် လုပ်ဆောင်ဖို့ ဖြစ်သည်။ ဤသည်မှာ သင်တို့ လုပ်ဆောင်သင့်သည့်အရာဖြစ်ကြောင်း၊ ဤသည်မှာ သင်တို့အား ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ဖြစ်ကြောင်း၊ သင်တို့ သတိပြုမိလာသရွေ့၊ သင်တို့၏ စိတ်နှလုံးထဲတွင် ခံစားရသရွေ့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် မြင်ရသရွေ့၊ သင်တို့၏ ပတ်ဝန်းကျင်ရှိ လူများက သတိပေးသရွေ့၊ သို့မဟုတ် ဘုရားသခင်က သင်တို့အား သတင်းအချက်အလက်တစ်ခုခုကို ပေးသည့် အချက်ပြမှု သို့မဟုတ် နိမိတ်တစ်ခုတလေကို ပေးသရွေ့ သင်တို့သည် မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းသင့်ပြီး ဘာမျှမလုပ်ဘဲ ထိုင်နေခြင်း သို့မဟုတ် ဘေးစည်းတွင် ကြည့်နေခြင်း မပြုသင့်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၁)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို နှစ်သိမ့်ပြီး အားပေးခဲ့တယ်။ ကျွန်မ ယုံကြည်စိတ် ဝင်လာခဲ့ပြီး ဒီအန္တရာယ်ရှိတဲ့ အခြေအနေက ကျွန်မကို ဘုရားသခင် စမ်းသပ်တဲ့ နည်းလမ်းတစ်ခုပဲဆိုတာကို သိခဲ့တယ်။ ဘုရားသခင်က ကျွန်မရဲ့ စကားနဲ့လုပ်ရပ်တိုင်းကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေခဲ့တယ်၊ ပြီးတော့ ကျွန်မ ဘယ်လောက်ပဲ ဆင်းရဲဒုက္ခခံရခံရ၊ ကျွန်မဟာ သစ္စာစောင့်သိပြီး ဘယ်လိုလူ၊ ဖြစ်ရပ်၊ ဒါမှမဟုတ် အမှုအရာကမှ ဟန့်တားတာကို ခံလို့မဖြစ်ဘူး။ ဘုရားသခင်က ကျွန်မရဲ့ ကျောက်ဆောင်ပဲ၊ ပြီးတော့ အပြင်လောကမှာ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ အန္တရာယ်များနိုင်ပါစေ၊ ဒါမှမဟုတ် အဆင်းနီသော နဂါးကြီးက ဘယ်လောက်ပဲ ဆိုးယုတ်ပြီး ကြမ်းရမ်းနေပါစေ၊ သူတို့အားလုံးဟာ ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိပြီး သူ့ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အချုပ်အခြာအာဏာကို ခံရတာပါ။ အခြေအနေက ပိုအရေးကြီးပြီး သေရေးရှင်ရေးတမျှဖြစ်လေလေ၊ ကျွန်မက ကိုယ့်တာဝန်ကို ပိုပြီး ကောင်းကောင်း ထမ်းဆောင်ရလေလေဖြစ်ပြီး၊ ဘုရားသခင်အတွက် သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ပြီး စာတန်ကို အရှက်ခွဲမှာပါ။ ဒါကို သိလိုက်တော့၊ ကျွန်မရုပ်ဖျက်ပြီး လူသစ်တွေကို ရေလောင်းဖို့ ချက်ချင်း ထွက်သွားခဲ့တယ်။
အဲဒီနောက်မှာ အသင်းတော်က ညီအစ်ကိုမောင်နှမ ဆယ်ယောက်ကျော် ဆက်တိုက် အဖမ်းခံခဲ့ရပြီး ကျွန်မ နေထိုင်ဖို့ လုံခြုံတဲ့ ဧည့်ခံအိမ်တွေ မရှိတော့ဘူး။ လမ်းတစ်လျှောက် လမ်းလျှောက်နေရင်း၊ စူးစူးရှရှကြေကွဲမှုကို ကျွန်မ ခံစားခဲ့ရပြီး ကျွန်မမျက်လုံးတွေထဲကနေ မျက်ရည်တွေ စီးကျလာခဲ့တယ်။ ကျွန်မ တွေးမိတယ်၊ “ဒီလို ခြေသလုံးအိမ်တိုင်နဲ့ လှည့်လည်သွားလာနေရတဲ့ ဘဝက ဘယ်တော့မှ အဆုံးသတ်မှာလဲ။ ငါ့ညီအစ်ကိုမောင်နှမတချို့က အဖမ်းခံရတယ်၊ တချို့ကတော့ သစ္စာဖောက်ခံရတယ်။ ဘယ်ဧည့်ခံတဲ့အိမ်မှ အခု လုံခြုံမှု မရှိတော့ဘူး၊ ဒါဆို ငါ ဘယ်ကို သွားနိုင်မလဲ” လို့ပေါ့။ ကျွန်မ ဘုရားသခင်ဆီကို တိတ်တဆိတ် ဆုတောင်းပြီး ကျွန်မအတွက် လမ်းတစ်ခု ဖွင့်ပေးဖို့ သူ့ကို တောင်းဆိုခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မ ကိုယ်တော့်နှုတ်ကပတ်တော် ဒီတစ်ပိုဒ်ကို ပြန်အမှတ်ရခဲ့တယ်။ “ဘုရားသခင်သည် လူများနှင့်အတူ ရှိသည်ကိုလည်းကောင်း၊ ၎င်းတို့၌ အခက်အခဲတစ်ခုတလေ ရှိလျှင် ၎င်းတို့သည် သူ့ထံ ဆုတောင်းပြီး ရှာဖွေဖို့သာ လိုအပ်သည်ကိုလည်းကောင်း၊ ဘုရားသခင်အတွက်ဆိုလျှင် မည်သည့်အရာကမျှ ပြီးမြောက်အောင်မြင်ရန် မခက်ခဲသည်ကိုလည်းကောင်း သင် အချိန်ပြည့် သတိရရမည်။ သင့်တွင် ဤယုံကြည်ခြင်းရှိရမည်။ ဘုရားသခင်သည် အရာခပ်သိမ်း၏ အချုပ်အခြာအာဏာရှင်ဖြစ်ကြောင်း သင် ယုံကြည်သည့်အတွက် တစ်စုံတစ်ရာ သင့်အပေါ် ကျရောက်သည့်အခါ သင် အဘယ်ကြောင့် ကြောက်ရွံ့ကာ မှီခိုအားကိုးစရာမရှိဟု ခံစားရဆဲဖြစ်သနည်း။ ဤအရာက သင်သည် ဘုရားသခင်အပေါ် မှီခိုအားကိုးခြင်း မရှိသည်ကို သက်သေပြ၏။ ဘုရားသခင်ကို သင်၏ အထောက်အပံ့နှင့် သင်၏ ဘုရားအဖြစ် သင် မခံယူလျှင် သူသည် သင်၏ ဘုရားသခင် မဟုတ်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ကျွန်မကို ဘုရားနှုတ်ကပတ်တော်တွေ အမှတ်ရစေခဲ့တာက၊ ဘုရားသခင်က အမှုအရာအားလုံးအပေါ်မှာ အချုပ်အခြာအာဏာကို ကိုင်စွဲတယ်၊ ပြီးတော့ ကျွန်မတို့က ဘုရားသခင်ကို အမှန်တကယ် အားကိုးနေသရွေ့ သူက ကျွန်မတို့ကို လမ်းပြမှာပဲဆိုတာကိုပေါ့။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်မ ယုံကြည်စိတ်တချို့ ပြန်ရလာခဲ့တယ်။ ကျွန်မ လမ်းလျှောက်ရင်း ဆက်ပြီး တွေးနေခဲ့တယ်၊ ပြီးတော့ အသက်ကြီးတဲ့ အစ်မတစ်ယောက်ရဲ့ အိမ်က အတော်လေး လုံခြုံသေးတယ်ဆိုတာကို ရုတ်တရက် သတိရပြီး အဲဒီကို ချက်ချင်း ဦးတည်သွားခဲ့တယ်။ အဲဒီအစ်မက ကျွန်မကို ချက်ချင်း လက်ခံခဲ့တယ်။ အဲဒီအချိန်မှာမှ ဘုရားသခင်ဟာ လူသားအတွက် မယိမ်းမယိုင်တဲ့ ထောက်မမှု ဖြစ်တယ်ဆိုတာကို ကျွန်မ အမှန်တကယ် ခံစားမိခဲ့တယ်၊ ပြီးတော့ အခက်အခဲတွေ ပေါ်ပေါက်လာတဲ့အခါ ရင်ဆိုင်ဖို့ ဘုရားသခင်ကို အားကိုးရမှာက လူသားအပေါ်မှာပဲ မူတည်တယ်။
တစ်နေ့ လူသစ်တွေကို ရေလောင်းပြီးနောက်မှာ မေးခွန်းတချို့ မေးဖို့ အရင်ဧည့်ခံတဲ့အိမ်တစ်ခုကို ကျွန်မ သွားခဲ့တယ်။ ကျွန်မအံ့ဩရတာက၊ အဲဒီဧည့်ခံတဲ့ညီအစ်မက သူ့အိမ်ကို အခုလေးတင် ရှာဖွေခံလိုက်ရပြီး ကျွန်မ ချက်ချင်း ထွက်သွားသင့်တယ်လို့ ပြောခဲ့တယ်။ ကျွန်မ လမ်းကြားလေးတစ်ခုထဲကို မြန်မြန်သွက်သွက် ထွက်ပြေးခဲ့တယ်။ ကျွန်မ နောက်ယောင်ခံလိုက်ခံနေရမှာကို စိုးရိမ်ခဲ့ပြီး ကျွန်မရဲ့ ရင်တွေ တဒိန်းဒိန်း ခုန်နေခဲ့တယ်။ ကျွန်မ တွေးမိတယ်၊ “ရဲတွေဆီမှာ ငါ့အချက်အလက်တွေ ရှိနေပြီသား။ ဒီတစ်ခါ ငါသာ သူတို့လက်ထဲ ရောက်သွားရင်၊ သူတို့ ငါ့ကို သေချာပေါက် ရိုက်သတ်မှာပဲ” လို့ပေါ့။ ကျွန်မ ပိုတွေးလေ၊ ပိုကြောက်လာလေဖြစ်ပြီး ကျွန်မရဲ့ ရင်က တင်းကျပ်နေခဲ့တယ်။ ကျွန်မ ဘုရားသခင်ဆီကို အဆက်မပြတ် ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ ဒီတစ်ခါ သမီးသာ ရဲတွေလက်ထဲ ရောက်သွားခဲ့ရင်၊ ဒါက ကိုယ်တော်ရဲ့ ခွင့်ပြုချက်နဲ့ပဲ ဖြစ်မှာပါ။ သမီး ကျိုးနွံနာခံဖို့ ဆန္ဒရှိပါတယ်။ ကျေးဇူးပြုပြီး သမီးကို ယုံကြည်မှု၊ ခွန်အားနဲ့ ဆင်းရဲဒုက္ခကို ခံနိုင်ရည်ရှိတဲ့ စိတ်ဆန္ဒကိုသာ ပေးသနားတော်မူပါ၊ ဒါမှ သမီး ကိုယ်တော့်အတွက် သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ပြီး စာတန်ကို အရှက်ခွဲနိုင်မှာပါ” လို့ပေါ့။ ဆုတောင်းပြီးနောက်မှာ ကျွန်မ ဘုရားနှုတ်ကပတ်တော် ဒီစကားတွေကို ပြန်အမှတ်ရခဲ့တယ်။ “သေခြင်းနှင့်ဆိုင်သည့် ကိစ္စရပ်သည် အခြားသော ကိစ္စရပ်များကဲ့သို့ တူညီသည့် သဘောသဘာဝ ရှိပေသည်။ ထိုအရာသည် လူ၏ အလိုဆန္ဒဖြင့် ပြောင်းလဲ၍ရနိုင်ရန် မဆိုထားနှင့် မိမိတို့ကိုယ်ကိုအတွက် ရွေးချယ်ရန်မှာ လူတို့ သဘောအတိုင်း မဟုတ်ပေ။ သေခြင်းသည် ဘဝတွင်ရှိသည့် အခြားသော အရေးပါသည့် မည်သည့်အဖြစ်အပျက်နှင့်မဆို တူညီပေသည်။ ဖန်ဆင်းရှင်၏ ကြိုတင်စီမံထားခြင်းနှင့် အချုပ်အခြာအာဏာ အောက်တွင် လုံးဝ ရှိ၏။ တစ်စုံတစ်ဦးသည် သေဖို့အတွက် အနူးအညွတ် တောင်းပန်မည်ဆိုပါက ၎င်းတို့ သေချာပေါက် သေကောင်း မသေနိုင်ပေ။ အသက်ရှင်ဖို့ အနူးအညွတ် တောင်းပန်မည်ဆိုလျှင် သေချာပေါက် ရှင်ကောင်းမရှင်နိုင်ပေ။ ဤအရာအားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ကြိုတင်စီမံထားခြင်းအောက်တွင် ရှိပြီး ဘုရားသခင်၏ ဩဇာအာဏာအားဖြင့်၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအားဖြင့်၊ ပြီးလျှင် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များအားဖြင့် ပြောင်းလဲကာ ဆုံးဖြတ်ထားခြင်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၄)) “အကယ်၍ သင်ပြုလုပ်သမျှသည် ဘုရားသခင်အတွက် သင်လုပ်ဆောင်လိုသော အရာ၊ သင်၏တာဝန်ကို မည်သို့ဖြည့်ဆည်းလိုပြီး ဘုရားသခင်အတွက် မည်မျှ အသုံးခံလိုပြီး ဘုရားသခင်အတွက် မည်မျှအားထုတ်ကြိုးပမ်းလိုသည်တို့နှင့် ပတ်သက်သည့် ဆောင်ပုဒ်များကို ကြွေးကြော်ခြင်းသာ ဖြစ်ပါက ယင်းမှာ အချည်းနှီးဖြစ်၏။ လက်တွေ့အရှိတရားသည် သင့်အပေါ်ကျရောက်သောအခါ၊ သင့်အား မိမိ၏အသက်ကို စွန့်လွှတ်ပူဇော်ရန် တောင်းဆိုသောအခါ သင်သည် နောက်ဆုံးအခိုက်အတန့်တွင်ကျမှ ညည်းညူခြင်းရှိမရှိ၊ လိုလားလက်ခံခြင်းရှိမရှိ၊ အမှန်တကယ် ကျိုးနွံနာခံခြင်းရှိမရှိဟူသည်မှာ သင်၏ ဝိညာဉ်ရင့်ကျက်မှုကို စမ်းသပ်ခြင်း ဖြစ်သည်။ အကယ်၍ သင်၏အသက်ကို သင့်ထံမှ နုတ်ယူတော့မည့်ဆဲဆဲ အခိုက်အတန့်တွင် သင်သည် အေးအေးသက်သာဖြစ်ကာ လိုလားလက်ခံပြီး ညည်းညူခြင်းမရှိ ကျိုးနွံနာခံပါက၊ မိမိ၏ တာဝန်များ၊ ဝတ္တရားများနှင့် အလုပ်တာဝန်များကို အဆုံးတိုင်အောင် ဖြည့်ဆည်းခဲ့ပြီးပြီဟု ခံစားရပါက၊ သင်၏စိတ်နှလုံးသည် ဝမ်းမြောက်ပြီး ငြိမ်းချမ်းနေပါက၊ အကယ်၍ သင်သည် ဤကဲ့သို့ ထွက်ခွာသွားပါက ဘုရားသခင်အတွက်မူ သင်သည် လုံးဝ မထွက်ခွာသွားသေးပေ။ ထို့ထက် အခြားလောက၌ အခြားပုံသဏ္ဌာန်ဖြင့် အသက်ရှင်နေခြင်း ဖြစ်၏။ သင်၏ အသက်ရှင်မှုပုံစံကို ပြောင်းလဲလိုက်ခြင်းသာ ဖြစ်သည်။ အမှန်တကယ် မည်သည့်နည်းနှင့်မျှ သင်မသေဆုံးသေးချေ။ လူမူကား ယင်းကို ‘ဤသူသည် အသက်ငယ်ငယ်ဖြင့် သေဆုံးရသည်။ သနားစရာ ကောင်းလိုက်လေခြင်း’ ဟု မြင်သည်။ သို့သော် ဘုရားသခင်၏ အမြင်တွင်မူ သင်သည် သေဆုံးသွားခြင်းသော်လည်းကောင်း၊ ဒုက္ခခံစားရန် ထွက်ခွာသွားခြင်းသော်လည်းကောင်း မဟုတ်ပေ။ ထိုအစား ကောင်းချီးမင်္ဂလာများ ခံစားမွေ့လျော်ရန်၊ ဘုရားသခင်နှင့် ပို၍နီးကပ်လာရန် ထွက်ခွာသွားခြင်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်သည် ဘုရားသခင်၏ အမြင်တွင် သင်၏တာဝန် ထမ်းဆောင်ရာတွင် စံမီပြီးဖြစ်သည်။ သင်သည် ယခု သင်၏တာဝန်ကို အပြီးသတ် လုပ်ခဲ့ပြီ ဖြစ်သည်၊ ဖန်ဆင်းခံ လူတန်းစားများကြားတွင် ဤတာဝန်ကို သင်ဆက်လက်ထမ်းဆောင်ရန် ဘုရားသခင် အလိုမရှိတော့ပေ။ ဘုရားသခင်အတွက်မှာမူ သင်၏ ‘ထွက်ခွာသွားခြင်း’ ကို ‘ထွက်ခွာသွားခြင်း’ ဟု မခေါ်၊ သင်သည် ‘ခေါ်တော်မူခြင်း ခံရခြင်း’၊ ‘ယူဆောင်သွားခြင်း ခံရခြင်း’၊ သို့မဟုတ် ‘ခေါ်ဆောင်သွားခြင်း ခံရခြင်း’ ဖြစ်ပြီး ယင်းက ကောင်းသောအရာ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဧဝံဂေလိတရားဟောခြင်းသည် ယုံကြည်သူများအားလုံး ကောင်းမွန်စွာ ဖြည့်ဆည်းရမည့် တာဝန်ဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ချင့်ချိန်စဉ်းစားရင်း ကျွန်မ သဘောပေါက်ခဲ့တယ်၊ လူသားရဲ့ အသက်နဲ့ သေခြင်းက လူတွေ ရွေးချယ်ခွင့်ရှိတဲ့အရာ မဟုတ်ဘူး။ သူတို့က သေချင်လို့ သေသွားမှာ မဟုတ်သလို အသက်ဆက်ရှင်ချင်လို့လည်း ရှင်ကျန်နေမှာ မဟုတ်ဘူး။ အားလုံးဟာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ ကြိုတင်သတ်မှတ်မှုအောက်မှာ ရှိတယ်။ နောက်ပြီး ကျွန်မ သဘောပေါက်ခဲ့တာကတော့ ဖန်ဆင်းခံတွေက ဖန်ဆင်းရှင်ရဲ့ လူသားကို ကယ်တင်ခြင်း ဧဝံဂေလိတရားကို ဖြန့်ဝေနိုင်တာ၊ သူတို့ရဲ့ တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းနိုင်တာ၊ ပြီးတော့ အဆင်းနီတဲ့ နဂါးကြီးက ခရစ်ယာန်တွေကို အရူးအမူး ဖမ်းဆီးနေတဲ့ ဆိုးရွားတဲ့ ပတ်ဝန်းကျင်တစ်ခုမှာတောင် သူတို့ရဲ့ တာဝန်တွေကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်တာက ဘုရားသခင်ကို ပျော်ရွှင်စေတယ်။ ခေတ်အဆက်ဆက်က သူတော်စင်တွေဟာ သခင့်ရဲ့ ဧဝံဂေလိတရားကို ဖြန့်ဝေဖို့ သူတို့ရဲ့ အဖိုးတန်တဲ့ အသက်တွေကို စတေးခဲ့ကြပုံကို ကျွန်မ တွေးမိခဲ့တယ်။ တချို့က ခဲနဲ့ ပေါက်သတ်ခံခဲ့ရတယ်၊ တချို့ကတော့ မြင်းတွေနဲ့ ဆွဲသတ်ခံခဲ့ရတယ်၊ သူတို့တွေဟာ အမျိုးစုံတဲ့ ဆိုးဆိုးရွားရွား သေခြင်းတရားတွေနဲ့ ကြုံတွေ့ခဲ့ကြရတယ်။ သူတို့ရဲ့ သေခြင်းတရားတွေဟာ ရက်စက်ပြီး ကြေကွဲစရာကောင်းတယ်လို့ လူတွေက ထင်နိုင်ပေမဲ့ ဘုရားသခင်ကတော့ သူတို့ရဲ့ သေခြင်းတရားတွေကို အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိတယ်လို့ ရှုမြင်တယ်။ ကျွန်မအတွက်ကတော့၊ အန္တရာယ်ရှိတဲ့ အခြေအနေတစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်မက သေမှာကို ကြောက်တယ်၊ ကိုယ့်အသက်ကို တန်ဖိုးထားတယ်၊ ပြီးတော့ သေခြင်းတရားက တကယ်တမ်း ဘာလဲ၊ သေခြင်းတရားရဲ့ အဓိပ္ပာယ်က ဘာလဲဆိုတာကို နားမလည်နိုင်ခဲ့ဘူး။ ကျွန်မသာ တစ်နေ့နေ့မှာ ရဲတွေလက်ထဲ တကယ် ရောက်သွားခဲ့ရင် သေမှာကို ကျွန်မကြောက်တဲ့အတွက် ဘုရားသခင်ကို သစ္စာဖောက်ပြီး ယုဒ ဖြစ်သွားခဲ့ရင်၊ ကျွန်မဟာ အချိန်တိုင်းအတွက် အပြစ်သားတစ်ယောက် ဖြစ်သွားမှာဖြစ်ပြီး ကျွန်မရဲ့ ကိုယ်ခန္ဓာ၊ စိတ်ဝိညာဉ်နဲ့ ဝိညာဉ်တို့ဟာ ထာဝရ အပြစ်ပေးတာကို ခံရမှာပါပဲ၊ အဲဒါက တကယ့်သေခြင်းတရား ဖြစ်မှာပါ။ အဆင်းနီသော နဂါးကြီးက ဘယ်လောက်ပဲ ရက်စက်ကြမ်းကြုတ်ပြီး ဆိုးယုတ်နေပါစေ၊ သူက လူသားရဲ့ ဇာတိပကတိကိုပဲ ဖျက်ဆီးနိုင်တယ်။ ကျွန်မသာ တကယ် ရဲတွေရဲ့ ဖမ်းဆီးခြင်းကို ခံရပြီး ရိုက်သတ်ခံရမယ်ဆိုရင်၊ ကျွန်မဟာ ဖြောင့်မတ်ခြင်းအတွက် ညှဉ်းဆဲနှိပ်စက်ခြင်းကို ခံခဲ့မှာပါ။ ကျွန်မရဲ့ ဇာတိပကတိ ပျက်စီးသွားပေမဲ့ ကျွန်မရဲ့ စိတ်ဝိညာဉ်ကတော့ ဘုရားသခင်ရဲ့ လက်တွေထဲမှာ ရှိနေဦးမှာပဲ။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်မ သေခြင်းတရားကို သိပ်မကြောက်တော့ဘူး။
အဲဒီနောက်မှာ ကျွန်မ ဘုရားနှုတ်ကပတ်တော်မှာ ပြောထားတာကို ပြန်အမှတ်ရခဲ့တယ်။ “ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ် တိုးချဲ့ခြင်းကာလတွင် ဘုရားသခင်နောက် လိုက်သောသူတိုင်းက မိမိတို့၏တာဝန်ကို ထမ်းဆောင်နေကြပြီး ၎င်းတို့အားလုံးသည် အဆင်းနီသော နဂါးကြီး၏ နှိမ်နင်းခြင်းနှင့် ရက်စက်သော နှိပ်စက်ညှဉ်းပန်းခြင်းကို အကြိမ်ကြိမ် တွေ့ကြုံခဲ့ပြီး ဖြစ်သည်။ ဘုရားသခင်၏ နောက်လိုက်ခြင်း လမ်းကြောင်းသည် ကြမ်းတမ်းပြီး မချောမွေ့သည့်အပြင် အလွန်အမင်း ခက်ခဲသည်။ နှစ်နှစ်သုံးနှစ်မက ဘုရားသခင်နောက် လိုက်ခဲ့ပြီးသူ မည်သူမဆိုသည် ဤအရာကို မိမိတို့ကိုယ်တိုင် တွေ့ကြုံခဲ့ပြီးဖြစ်လိမ့်မည်။ လူတစ်ဦးစီတိုင်း ထမ်းဆောင်သည့် တာဝန်သည် သတ်မှတ်ထားသော တာဝန်ဖြစ်စေ သို့မဟုတ် ယာယီစီစဉ်မှုဖြစ်စေ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှုများမှ လာခြင်းဖြစ်သည်။ လူတို့သည် မကြာခဏ အဖမ်းခံရကောင်း ခံရနိုင်ပြီး အသင်းတော်၏ အလုပ်သည် နှောင့်ယှက်ခြင်းနှင့် ဖျက်ဆီးခြင်းကို ခံကောင်း ခံရနိုင်သည်။ ပြီးလျှင် တာဝန်များကို ထမ်းဆောင်ရမည့် လူတို့၊ အထူးသဖြင့် လူနည်းစုထဲတွင်ရှိသည့် အစွမ်းအစကောင်းများနှင့် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုတို့ရှိသော လူများ သိသိသာသာ ပြတ်လပ်မှု ရှိကောင်းရှိမည်။ သို့သော် ဘုရားသခင်၏ ဦးဆောင်မှုကြောင့်၊ သူ၏ ဘုန်းတန်ခိုးနှင့် ဩဇာအာဏာကြောင့် ဘုရားသခင်၏အိမ်တော်သည် အခက်ခဲဆုံး ကာလများထဲမှ ဖြတ်ကျော်လာပြီးဖြစ်ကာ ယင်း၏အလုပ်အားလုံးမှာ လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။ လူ့အနေဖြင့် ဤအရာသည် မဖြစ်နိုင်သည့်ပုံပေါက်သော်လည်း ဘုရားသခင်အနေဖြင့် မည်သည့်အရာမျှ ဖြစ်မြောက်အောင်မြင်ရန် မခက်ခဲပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဧဝံဂေလိတရားဟောခြင်းသည် ယုံကြည်သူများအားလုံး ကောင်းမွန်စွာ ဖြည့်ဆည်းရမည့် တာဝန်ဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ချင့်ချိန်စဉ်းစားရင်း ကျွန်မ တော်တော့်ကို ရှင်းလင်းသွားတယ်။ အခြေအနေတွေ ဘယ်လောက်ပဲ ခက်ခဲခက်ခဲ၊ ဘုရားသခင်က အမြဲတမ်း သူ့ရဲ့ သြဇာအာဏာနဲ့ တန်ခိုးကိုသုံးပြီး လူတွေကို အဲဒီအခြေအနေတွေကနေ တစ်ဆင့်ပြီးတစ်ဆင့် ဦးဆောင်လမ်းပြခဲ့တယ်။ ဥပမာအနေနဲ့၊ မောရှေက ဣသရေလလူမျိုးတွေကို ထွက်မြောက်ရာလမ်း ဦးဆောင်ခဲ့တဲ့အခါ၊ သူတို့ရှေ့မှာ ပင်လယ်နီက ရှိနေပြီး စစ်တပ်ကြီးက သူတို့ကို နောက်ကနေ လိုက်ဖမ်းခဲ့တယ်၊ လူတွေက သူတို့ရဲ့ အယူအဆတွေနဲ့ စိတ်ကူးစိတ်သန်းတွေထဲမှာ ဣသရေလလူမျိုးတွေဟာ သေချာပေါက် သေဆုံးခြင်းနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ယုံကြည်ခဲ့ကြပေမဲ့ ဣသရေလလူမျိုးတွေကို စစ်သားတွေ အန္တရာယ်ပြုဖို့ ဘုရားသခင် ခွင့်မပြုခဲ့ဘူး။ သူက မောရှေကို သူ့ရဲ့ တောင်ဝှေးနဲ့ ပင်လယ်နီကို ညွှန်ပြခိုင်းခဲ့တယ်၊ ပြီးတော့ ရေတွေက ကွဲထွက်သွားပြီး ခြောက်သွေ့တဲ့ မြေလမ်းတစ်ခု ပေါ်လာခဲ့တယ်၊ ဒါက ဣသရေလလူမျိုးတွေကို ပင်လယ်ဖြတ်ကူးခွင့် ပေးခဲ့တယ်။ စစ်သားတွေ ပင်လယ်ကို ဖြတ်ကူးဖို့ ကြိုးစားတဲ့အခါ၊ ရေတွေက ခြောက်သွေ့တဲ့ မြေကြီးကို ဖုံးလွှမ်းသွားပြီး စစ်တပ်တစ်ခုလုံးကို ရေနစ်သေဆုံးစေခဲ့တယ်။ ဒါက ကျွန်မတို့ကို ဘုရားသခင်ရဲ့ အနန္တတန်ခိုး၊ ဉာဏ်ပညာနဲ့ အံ့ဩစရာကောင်းတဲ့ လုပ်ဆောင်ချက်တွေကို ပြသတယ်။ ကျွန်မသာ ကျွန်မအစ်မရဲ့ အိမ်ကို နာရီဝက်စောပြီး သွားခဲ့ရင်၊ ကျွန်မ အဖမ်းခံခဲ့ရနိုင်တယ်လေ၊ ဒါပေမဲ့ ဘုရားသခင်ရဲ့ အံ့ဩစရာကောင်းတဲ့ ကာကွယ်စောင့်ရှောက်မှုကြောင့် ကျွန်မ ဘေးကင်းလုံခြုံနေခဲ့တယ်။ ဒါတွေအားလုံးကို သဘောပေါက်လိုက်တော့ ကျွန်မ ဘုရားသခင်ဆီမှာ သန္နိဋ္ဌာန်တစ်ခု ချခဲ့တယ်၊ ကိုယ်တော်သာ ကျွန်မကို ရဲတွေဖမ်းဆီးတာ ခံရဖို့ ခွင့်ပြုခဲ့ရင်၊ ကျွန်မဟာ သူ့ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ ဆန္ဒရှိပါတယ်။ ကျွန်မသာ ရိုက်သတ်ခံရရင် ဒါက ဖြောင့်မတ်ခြင်းအတွက် ညှဉ်းဆဲနှိပ်စက်ခြင်းကို ခံရတာဖြစ်ပြီး အဓိပ္ပာယ်ရှိမှာပါပဲ။ ဒါတွေအားလုံးကို နားလည်သဘောပေါက်ပြီးနောက်မှာ ကျွန်မ အတော်လေး စိတ်အေးချမ်းသွားတယ်။ ဘယ်သူမှ ကျွန်မကို နောက်ယောင်ခံမလိုက်နေဘူးဆိုတာ သေချာအောင်လုပ်ပြီးနောက်မှာ၊ ကျွန်မဟာ လျှို့ဝှက်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ညီအစ်ကိုမောင်နှမတွေကို မြန်မြန်ဆန်ဆန် ဆက်သွယ်ပြီး ပုန်းအောင်းနေဖို့ သူတို့ကို ပြောခဲ့တယ်။
ဒီကိုယ်ပိုင်အတွေ့အကြုံကနေတစ်ဆင့်၊ စီစီပီက လူသားကို ဖျက်ဆီးပြီး ထိခိုက်စေတဲ့ နတ်ဆိုးတစ်ကောင် ဖြစ်တယ်ဆိုတာကို သိမြင်ခဲ့ရတယ်။ သူတို့က ညီအစ်ကိုမောင်နှမတွေကို တစ်ယောက်ပြီးတစ်ယောက် ဖမ်းဆီးခဲ့ပြီး အမျိုးအစားစုံပြီး စက်ဆုပ်စရာ နည်းဗျူဟာတွေဖြစ်တဲ့ သူတို့ကို ခြိမ်းခြောက်တာ၊ ကတိတွေနဲ့ လာဘ်ထိုးတာ၊ ညှဉ်းပန်းနှိပ်စက်တာတွေကို သုံးခဲ့တယ်၊ အားလုံးက ဘုရားသခင်ကို သူတို့ သစ္စာဖောက်ပြီး အချင်းချင်း သစ္စာဖောက်အောင်လုပ်ဖို့ပေါ့။ သူတို့ဟာ ကျိန်စာသင့်နေတာပါ၊ အဲဒီအပြင် ဆိုးယုတ်မှုရဲ့ ပြယုဂ်စစ်စစ်ပါပဲ။ ကျွန်မက သူတို့ကို အူလှိုက်သည်းလှိုက် မုန်းတီးတယ်၊ ငြင်းပယ်ပြီး ပုန်ကန်ခဲ့တယ်။ ဒါ့အပြင် ကျွန်မဟာ ဘုရားသခင်ကို အဆုံးစွန်အထိ လိုက်လျှောက်ဖို့ ကျွန်မရဲ့ သန္နိဋ္ဌာန်မှာ ပိုပြီးတော့တောင် ခိုင်မာလာခဲ့တယ်။ ဒီအတွေ့အကြုံတစ်လျှောက်လုံးမှာ ဆင်းရဲဒုက္ခနည်းနည်းခံရပြီး ကြောက်ရွံ့ထိတ်လန့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့၊ ဒါကို ဖြတ်သန်းခဲ့ရတာက ကျွန်မရဲ့ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတဲ့ စာတန်ဆန်တဲ့ သဘာဝကို သိမြင်နိုင်အောင် ကူညီပေးခဲ့ပြီး ဘုရားသခင်ရဲ့ အနန္တတန်ခိုး၊ အချုပ်အခြာအာဏာနဲ့ အံ့ဩစရာ လုပ်ဆောင်ချက်တွေကို မျက်မြင်တွေ့ရှိခွင့် ပေးခဲ့တယ်။ ဒါက ကျွန်မကို ဘုရားသခင်အပေါ်မှာ ယုံကြည်ခြင်း ပိုရှိစေခဲ့တယ်။ ဒါက ကျွန်မ ဘယ်တော့မှ မမေ့နိုင်မယ့် အတွေ့အကြုံတစ်ခုဖြစ်ပြီး ကျွန်မကို အဖိုးတန်တဲ့ ဘဝအတွေ့အကြုံကို ပေးခဲ့ပါတယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
ကျားဟောင် တရုတ်နိုင်ငံ ဇူလိုင်၊ ၂၀၁၇ခုနှစ်မှာ ခေါင်းဆောင်တစ်ယောက်ဆီကနေ ကျွန်မ စာစောင်ရတယ်။ အသင်းတော်က မယုံကြည်သူတွေကို...
ရှောင်မိ ဂျပန်နိုင်ငံ ၂၀၂၂ခုနှစ်၊ ဇွန်လမှာ ညီမက အသင်းတော်ခေါင်းဆောင်အနေနဲ့ အရွေးခံရတယ်။ ညီမ တာဝန်ယူရမဲ့ အလုပ်တွေ၊ ရမဲ့ အတော်များတဲ့...
ရှောင်ဝေ စပိန်နိုင်ငံ မနှစ်တုန်းက အစ်မလျူနဲ့ ကျွန်မက အသင်းတော်ရဲ့ ဗီဒီယိုအလုပ်မှာ ဦးဆောင်ရတယ်။ သူက ကျွန်မထက်ပိုပြီး...
ရှန့်ရှန့် အမေရိကန်နိုင်ငံ ကလေးတစ်ယောက်အနေနဲ့ ကျွန်မ မိဘတွေနဲ့ ဆရာတွေက လူကောင်းတစ်ယောက်ဖြစ်ဖို့နဲ့ ကျေးဇူးတင်တတ်ဖို့ သွန်သင်ပေးခဲ့တယ်။...