ကိုင်တွယ်ဖြေရှင်းခံရပြီးနောက် ဆင်ခြင်သုံးသပ်ခြင်း

23.01.2022

ကျွန်မ ဒီနှစ် ဇွန်လမှာ ခေါင်းဆောင်တစ်ယောက်အဖြစ် စပြီး အစေခံခဲ့တယ်။ မကောင်းမှုပြုသူတွေ၊ မယုံကြည်သူတွေနဲ့ အန္တိခရစ်တွေကို အသင်းတော်ကနေ ရှင်းထုတ်ပစ်ဖို့ ဘုရားအိမ်တော်ကလုပ်တဲ့ အလုပ်အစီအစဉ်တချို့ကို ကျွန်မ ဆက်လုပ်နေခဲ့တယ်။ ဒါမှ ဘုရားသခင် ရွေးချယ်ထားသူတွေ သူတို့ တာဝန်ကိုလုပ်ဖို့၊ ဘုရားအမှုတော်ကို ကြုံတွေ့ဖို့၊ သမ္မာတရားကို ရှာဖွေဖို့ ပိုကောင်းတဲ့ ပတ်ဝန်းကျင်တစ်ခုရှိမှာလေ။ ဒါကို ဆောင်ရွက်ဖို့အတွက် တခြားအသင်းတော်ခေါင်းဆောင်တွေနဲ့အတူ ကျွန်မ စလုပ်ခဲ့တယ်။ အရေးကြီးတဲ့ ပြဿနာတစ်ခု သီးသန့်ရှိနေတဲ့ အသင်းတော်တစ်ခုရှိတယ်။ မယုံကြည်သူတချို့က အသင်းတော်အသက်တာကို လုံးဝ ရှုပ်ထွေးအောင်ပြုလုပ်ခဲ့ပြီး ဒါကို ချက်ချင်းဖြေရှင်းဖို့ အထက်ခေါင်းဆောင်တစ်ယောက်က ကျွန်မကို ပြောတယ်။ သိပ်မကြာခင်မှာပဲ သူက ဒါနဲ့ပတ်သက်ပြီး ကျွန်မကို ထပ်ဆက်သွယ်မေးမြန်းတယ်။ ကျွန်မက အခြေအနေကို အကဲဖြတ်လို့ မပြီးသေးတော့ အသေအချာ မပြောနိုင်ခဲ့ဘူး။ ပြဿနာကို အမြန်မဖြေရှင်းထားတာကို မြင်ရတော့ ခေါင်းဆောင်က စိတ်လောပြီး ကျွန်မကို တော်တော်ကြမ်းကြမ်းတမ်းတမ်း ပြောတယ်။ ကျွန်မတာဝန်မှာ ပြီးမြောက်တာနဲ့ ပတ်သက်ပြီး သူက သိပ်မကျေနပ်တာကို မြင်ရတော့ ကျွန်မ စိုးရိမ်သွားတယ်။ ဒီအလုပ်ကို လုပ်ဖို့အတွက် ကျွန်မအစွမ်းအစက နည်းလွန်းနေတယ်လို့ သူ ထင်သွားမလားပေါ့။ ကျွန်မ လုံးဝ အချိန်ဖြုန်းလို့မဖြစ်ဘူး၊ သူ စိတ်မပျက်အောင် ပြဿနာကို တာဝန်ယူရမယ်လို့ စဉ်းစားမိတယ်။ ကျွန်မ အမြန်ပြီးအောင်လုပ်ချင်ခဲ့ပေမယ့်၊ အဲဒီအသင်းတော်မှာက ရှုပ်ထွေးတဲ့ အခြေအနေဖြစ်နေတာ။ ခေါင်းဆောင်တွေကို အခုမှ တင်မြှောက်ထားတာဖြစ်ပြီး အသင်းတော်မှာရှိတဲ့ လူတိုင်းကို ကောင်းကောင်းမသိဘူး။ ဒါကြောင့် စုံစမ်းစစ်ဆေးမှုက နှေးနေတယ်။ နောက်တော့ အထက်ပိုင်းခေါင်းဆောင်က ကျွန်မကို တိုးတက်မှုနဲ့ပတ်သက်ပြီး ထပ်မေးတယ်။ မပြီးသေးဘူးဆိုတာသိတော့ အချိန်ဆွဲနေလို့ဆိုပြီး ကျွန်မကို ဝေဖန်တယ်။ မယုံကြည်သူတွေကို မထုတ်ပယ်ရသေးလို့ အသင်းတော်အသက်တာက ဖရိုဖရဲဖြစ်နေတုန်းပဲ။ ဒါကြောင့် ဒါကို တာဝန်ယူဖြေရှင်းဖို့ သူက ကျွန်မကို ထပ်ပြီး တိုက်တွန်းတယ်။ ဝေဖန်ခံရပြီးနောက်မှာ ကျွန်မကိုယ်တိုင်ရဲ့ ပြဿနာကို အလေးအနက် မဆင်ခြင်ခဲ့ဘဲ အခြေအနေကို ဘယ်လိုပြောင်းပစ်ရမလဲဆိုတာကိုပဲ စဉ်းစားနိုင်ခဲ့တယ်။ ခေါင်းဆောင်က အသင်းတော်ရဲ့ ပြဿနာအပေါ် တကယ်ကို အာရုံစိုက်နေတာကို ကျွန်မ မြင်ရတယ်။ ဒါဆိုရင် ဒါကိုကိုင်တွယ်ဖို့ အရမ်းအချိန်ကြာနေရင် သူ ကျွန်မကို ဘယ်လိုထင်မလဲ ပေါ့။ ဒီအလုပ်လေးကိုတောင် မစီမံနိုင်ဘူးဆိုတော့ ကျွန်မက အစွမ်းအစနည်းပြီး လက်တွေ့အလုပ်ကို မလုပ်နိုင်ဘူးလို့ သူထင်မှာလား ပေါ့။ ကျွန်မ သူ့ကို ကောင်းကောင်းလုပ်ပြချင်ခဲ့တယ်။ ကျွန်မ တကယ့်အလုပ်ကို လုပ်နိုင်တယ်ဆိုတာ ပြချင်ခဲ့တယ်။ အဲဒါနဲ့ အဲဒီအသင်းတော်အပေါ်မှာ ကျွန်မရဲ့ အချိန်နဲ့အားအင် ရှိသမျှ စိုက်ထုတ်ခဲ့တယ်။ ခေါင်းဆောင်တွေနဲ့ နောက်ဆက်တွဲအလုပ်တွေလုပ်ပြီး လမ်းညွှန်ပေးတယ်။ အခြေအနေကို ကောင်းကောင်းသိတဲ့ အသင်းသားတွေကို ကျွန်မကိုယ်တိုင်သွားပြီး စကားပြောတယ်။ ဒါပေမဲ့ လူတွေကို ရှင်းထုတ်ဖို့ တခြားအသင်းတော်တွေရဲ့ အားထုတ်မှုနဲ့ပတ်သက်ပြီး ကျွန်မ သိထားရအောင် မလုပ်တော့ဘူး။ သာမန်ကာလျှံကာသူတို့ကို အမြန်စစ်ဆေးလိုက်တယ်။

တစ်ရက်မှာ ဖယ်ရှားဖို့လိုတဲ့ လူတချို့ သူတို့အသင်းတော်မှာရှိတယ်လို့ ပြောထားတဲ့ စာတစ်စောင်ကို အစ်မကျန်းဆီကနေ ရတယ်။ စာကို ကျွန်မ ဖျတ်ကနဲကြည့်လိုက်ပြီး သိပ်မစဉ်းစားခဲ့ဘူး။ ဒီအကြောင်းကို သူတို့ဆွေးနွေးပြီး တာဝန်ယူဖြေရှင်းနိုင်တယ်၊ ကျွန်မဆီကို ပြန်တင်ပြနိုင်တာပဲလို့ ကျွန်မ တွက်လိုက်တယ်။ ကျွန်မက အဲဒီ ပြဿနာဖြစ်နေတဲ့ အသင်းတော်နဲ့ ကျွန်မ အလုပ်ပြီးပြီလို့ ခေါင်းဆောင်ဆီကို ပြန်ပြီး မတင်ပြနိုင်မှာကိုပဲ ပိုပြီး စိတ်ပူနေခဲ့တယ်။ အစ်မကျန်းက ကျွန်မဆီကို စာထပ်ရေးတယ်။ တွဲဖက်အမှုဆောင်တချို့နဲ့ သူ ဆွေးနွေးခဲ့ပြီး ဘယ်သူတွေကို ဖယ်ရှားမယ်ဆိုတာ ဆုံးဖြတ်ပြီးပြီလို့ ပြောထားပြီး ကျွန်မဆီကို နာမည်တချို့ပို့လိုက်တယ်။ စာရင်းမှာပါတဲ့ ဘယ်သူ့ကိုမှ ကျွန်မ မသိဘူး။ အခြေအနေ အသေးစိတ်ကို နှိုက်နှိုက်ချွတ်ချွတ်မလေ့လာဘဲ ကျွန်မ အတည်ပြုလက်ခံပေးလိုက်တယ်။ အဲဒီတခြားအသင်းတော်နဲ့ပဲ ကျွန်မ အလုပ်ရှုပ်နေခဲ့တယ်။ တစ်ရက်မှာ အထက်ခေါင်းဆောင်က ရောက်လာပြီး အစ်ကိုဝမ်က ဘာကြောင့် အထုတ်ခံရတာလဲဆိုပြီး မေးတယ်။ သူက တရားမျှတတဲ့ စိတ်ရှိတယ်။ ဘုရားအိမ်တော်ရဲ့ အလုပ်ကို ထိန်းသိမ်းပြီး လူကောင်းတစ်ယောက် ဖြစ်တယ်။ သူ့တာဝန်ကို ကောင်းကောင်းလုပ်တယ်။ ဒါကြောင့် အသင်းတော်ကနေ ဘာလို့ အထုတ်ခံရတာလဲ တဲ့။ ကျွန်မ တကယ်ကို ဘာပြောရမှန်း မသိခဲ့ဘူး။ ကျွန်မက အစ်ကိုဝမ်ကို မသိဘူး။ သူ ဘယ်လို ဆောင်ရွက်လေ့ရှိလဲဆိုတာလည်း မသိဘူး။ သူ့နာမည်က အစ်မကျန်းရဲ့ စာရင်းထဲမှာပါတာကိုပဲ မှတ်မိတယ်။ နောက်တော့ ထုတ်ခံရတဲ့ တခြားလူတချို့ရဲ့ အပြုအမူတွေကို ခေါင်းဆောင်ကမေးတော့ ကျွန်မ ဘာမှကို မသိခဲ့ဘူး။ သူတို့ရဲ့ နာမည်တွေကိုတောင် ကျွန်မ မသိဘူး။ အဲဒါနဲ့ ကျွန်မက ဘာမှမသိပါဘူး၊ သူတို့ကို ကျွန်မ မသိဘူး၊ အစ်မကျန်းဆုံးဖြတ်တာပါလို့ ပြောလိုက်တယ်။ ကျွန်မနဲ့ ဘာမှမဆိုင်သလိုမျိုးနဲ့ ကျွန်မ ဝင်မပါခဲ့ဘူး။ သူ ကျွန်မကို ထပ်ပြီး ကိုင်တွယ်ဖြေရှင်းတယ်။ အစ်ကိုဝမ်က လုပ်တာ အဆင်ပြေနေပြီး ဘုရားအိမ်တော်ရဲ့အလုပ်ကို ထိန်းသိမ်းတယ်ဆိုရင် ဘာကြောင့်အထုတ်ခံရတာလဲ မေးတယ်။ ကျွန်မမှာ စည်းမျဉ်းတစ်ခုခု ရှိလားလို့ မေးတယ်။ “အသင်းတော်ခေါင်းဆောင်တွေက လူတွေကို ထုတ်ပယ်နေတာကို ဘာလို့ မကြီးကြပ်တာလဲ” ဆိုပြီး မေးတယ်။ “ဘာလို့ သူတို့လုပ်ချင်တာမှန်သမျှ လုပ်ခွင့်ပေးတာလဲ” တဲ့။ မေးခွန်းတွေ တစ်ခုပြီးတစ်ခု ရင်ဆိုင်ရပြီးတော့ ကျွန်မရဲ့ မာကျောနေတဲ့ နှလုံးသားက နည်းနည်း စပြီးနိုးကြားလာတယ်။ ကျွန်မက အဲဒီပရောဂျက်အတွက် တာဝန်ရှိပါတယ်။ ဒါပေမဲ့ ထုတ်ခံရတဲ့လူတွေနဲ့ပတ်သက်ပြီး ကျွန်မ ဘာမှမသိခဲ့ဘူး။ ဒါက တာဝန်ယူတာလား။ ကျွန်မရဲ့ ကျရှုံးမှုကို ကျွန်မ အသိအမှတ်ပြုခဲ့ပါတယ်။ ကျွန်မ ကောင်းကောင်းမလုပ်ခဲ့ဘူးဆိုတာပေါ့။ ပြီးတော့ သူက ကျွန်မကို ထပ်လုပ်ဖို့ပြောတယ်။

ကျွန်မ အချိန်အတော်ကြာ စိတ်မသက်မသာဖြစ်ခဲ့ရတယ်။ ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရတာက ဘုရားသခင်ဆီကလာမှန်း ကျွန်မသိပါတယ်။ ဒါပေမဲ့ ကျွန်မမှာ ဒီမကောင်းတဲ့ခံစားချက်ကြီး ဖြစ်နေတုန်းပဲ။ စိတ်ဆင်းရဲနေခဲ့ရတယ်။ ခေါင်းဆောင်က မေးတဲ့အကြောင်းကို ကျွန်မ စဉ်းစားနေမိတယ်။ “ဘာလို့ လူကောင်းတွေကို ထုတ်ပစ်တာလဲ။ ဘယ်သူက ဘုရားအိမ်တော်ကနေ ထုတ်ပယ်ပစ်သင့်တာလဲ။ မင်းမှာ စည်းမျဉ်းတောင် ရှိရဲ့လား” ဆိုတာ။ အဲဒီအရာတွေက ကျွန်မခေါင်းထဲမှာ ပဲ့တင်ထပ်နေတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မေးလိုက်တယ်။ “ဘာလို့ ဒီလောက် မိုက်မဲတာကို ငါလုပ်ခဲ့မိတာလဲ။ ငါက စည်းမျဉ်းတွေကို မသိတာလည်း မဟုတ်ဘူး။ ဒါဆိုရင် ဘာလို့ ဒီလို တရားလွန်အမှားမျိုးကို လုပ်ခဲ့တာလဲ။ ဘာလို့ ငါ မစုံစမ်းခဲ့တာလဲ” ပေါ့။ ဒါနဲ့ပတ်သက်ပြီး ရှုပ်ထွေးနေတုန်းမှာ၊ အစ်ကိုဝမ်နဲ့ တခြားလူတွေကို စူးစမ်းဖို့ အဲဒီအသင်းတော်ခေါင်းဆောင်ကို ကျွန်မ ရှာခဲ့တယ်။ အရင်လိုအမှားမျိုးထပ်မလုပ်မိအောင်ပေါ့။ ထုတ်ပယ်ဖို့ စာရင်းမှာပါတဲ့ လူတွေအားလုံးကို နှံ့နှံ့စပ်စပ် ပြန်ဆန်းစစ်လိုက်တယ်။ သိပ်ကြာခင်မှာပဲ အစ်ကိုဝမ်အပေါ် ညီအစ်ကိုမောင်နှမတွေရဲ့ အကဲဖြတ်မှုတွေ ရတယ်။ သူဟာ သူ့တာဝန်အပေါ် အရမ်းကောင်းတဲ့ သဘောထားရှိပြီး တရားမျှတတဲ့စိတ်ရှိတယ်၊ ဘုရားအိမ်တော်ရဲ့ အလုပ်ကို ထိန်းသိမ်းတယ်လို့ ပြောထားတယ်။ ထုတ်ပယ်ဖို့အတွက် စည်းမျဉ်းတွေနဲ့ သူမကိုက်ဘူး။ ကျွန်မ ဒါကိုတွေ့ရတော့ စိတ်မကောင်းဖြစ်ပြီး တော်တော် နေမထိထိုင်မသာဖြစ်ခဲ့တယ်။ ဘုရားသခင်ကို အမှန်တကယ်ယုံကြည်တဲ့သူတွေကို ကျွန်မ ထုတ်ပယ်မိခဲ့ပြီပဲ။ အစ်မကျန်းက ဒါကို ကိုင်တွယ်ခဲ့ပေမဲ့ ကျွန်မက ခေါင်းဆောင်ပဲ။ ဒါကြောင့် ကျွန်မက တံခါးမှူးအဖြစ် ပြုမူနေပြီး ကြီးကြပ်ခြင်းမရှိတာကြောင့် ကျွန်မတာဝန်ကို ပျက်ကွက်နေတာ မဟုတ်ဘူးလား။ အဲဒီနောက်မှာ အစ်ကိုဝမ်ကို သူ့တာဝန်ကို ကျွန်မတို့ ပြန်ပေးခဲ့တယ်။ ဒါနဲ့ပတ်သက်လို့ ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရတာဟာ အမှားသေးသေးလေးတစ်ခုကြောင့်မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် တကယ်ကို ဆင်ခြင်သုံးသပ်ဖို့ဖြစ်တယ်ဆိုတာ ကျွန်မ သိခဲ့ပါတယ်။ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းတယ်။ “အို ဘုရားသခင် ညီအစ်ကိုမောင်နှမတွေရဲ့ တိုင်ကြားခံရတာ၊ အထက်ခေါင်းဆောင်တွေရဲ့ ပြုပြင်ခံရ၊ ကိုင်တွယ်ဖြေရှင်းခံရတာဟာ ကိုယ်တော်ရဲ့ ဖြောင့်မတ်တဲ့ တရားစီရင်ခြင်းဖြစ်ပြီး ကျွန်မ သင်ယူသင့်တဲ့ သင်ခန်းစာတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်အရာဆိုတာ ကျွန်မ သေချာမသိပါဘူး။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို အမှန်တကယ်နားလည်ဖို့အတွက် ကျေးဇူးပြုပြီး ကျွန်မကိုအသိဉာဏ်ပွင့်လင်းစေတော်မူပါ” ဆိုပြီးတော့။

နောက်တော့ တစ်ရက်မှာ ကျွန်မ ဘာတွေကို ကြုံတွေ့ဖြတ်သန်းနေရတယ်ဆိုတာကို တခြားအသင်းသားတချို့ကို ကျွန်မ မျှဝေခဲ့တယ်။ ခေါင်းဆောင်က ကျွန်မကို ခိုင်းထားတဲ့ အသင်းတော်အပေါ် ကျွန်မရဲ့ အားအင်တွေအကုန်ထည့်နေပြီး တခြားအသင်းတော်တွေကို လျစ်လျူရှုနေတာကို ပြောပြလိုက်တယ်။ ကျွန်မ ဒါကိုပြောတော့ ရင်တုန်သွားမိတယ်။ ရှင်းလင်းတဲ့အလုပ်မှာ ဒီလို ကြီးမားတဲ့အမှားကို လုပ်တာဟာ ကျွန်မတာဝန်အပေါ် သတိမမူမိလိုက်တာ သက်သက်မဟုတ်ဘဲ ကျွန်မတာဝန်မှာ မမှန်တဲ့ရည်ရွယ်ချက်ရှိနေတာ၊ ကျွန်မရဲ့ ဂုဏ်သတင်းကိုပဲ ဂရုစိုက်နေတာပါ။ ဒီနေရာမှာ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအပေါ် စပြီး နည်းနည်းသတိပြုမိလာတယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ဖတ်တဲ့ ဗီဒီယိုတစ်ခုကို ကျွန်မ တွေ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အရှက်မရှိခြင်းထက်သာလွန်သည့်— အန္တိခရစ်တစ်ဦး၏ လူ့သဘာဝဆိုင်ရာ နောက်ထပ် ဝိသေသလက္ခဏာတစ်ခုမှာ— ထူးထူးခြားခြား တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်း ဖြစ်ပေသည်။ ၎င်းတို့သည် မည်မျှ တစ်ကိုယ်ကောင်းဆန်သနည်း။ ပြီးလျှင် ဤတစ်ကိုယ်ကောင်းဆန်ခြင်း၏ တိုက်ရိုက် အဓိပ္ပာယ် ဖွင့်ဆိုချက်မှာ အဘယ်နည်း။ ၎င်းတို့၏အကျိုးစီးပွားနှင့် သက်ဆိုင်သည့် မည်သည့်အရာမဆို ၎င်းတို့၏အာရုံစိုက်ခြင်းကို အပြည့်အဝ ရလေသည်။ ၎င်းတို့သည် ယင်းအတွက် ဒုက္ခခံလိမ့်မည်၊ အဖိုးအခပေးဆပ်လိမ့်မည်၊ ယင်း၌ အာရုံနစ်မွန်းနေလိမ့်မည်၊ ယင်း၌ မိမိတို့ကိုယ်ကို ဆက်ကပ်အပ်နှံထားလိမ့်မည်။ ယင်းတို့နှင့်မသက်ဆိုင်သည့် မည်သည့်အရာကိုမဆို ၎င်းတို့က လျစ်လျူရှုပြီး သတိပြုမိမည် မဟုတ်ချေ။ အခြားသူများက မိမိတို့သဘောရှိ လုပ်ဆောင်နိုင်သည်— တစ်စုံတစ်ဦးက သဘောထားကွဲစေခြင်း၊ သို့မဟုတ် အနှောင့်အယှက် ဖြစ်စေခြင်းကို ၎င်းတို့ ဂရုမစိုက်ကြပေ။ ပါးနပ်စွာဆိုရလျှင်၊ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် ကိစ္စကိုသာ စိတ်ဝင်စားသည်။ သို့ရာတွင် ဤလူစားမျိုးသည် ယုတ်မာသည်၊ ရွံစရာကောင်းပြီး စိတ်ပျက်စရာကောင်းသည်ဟုဆိုလျှင် သာ၍ မှန်ကန်တိကျပေသည်။ ၎င်းတို့ကို ‘တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်’ ဟု ငါတို့ သတ်မှတ်ကြသည်။ အန္တိခရစ်တို့ လူ့သဘာဝ၏ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့က မည်သို့ သူ့ဘာသာ ပေါ်လွင်သနည်း။ တစ်စုံတစ်ခုသည် ၎င်းတို့၏ဂုဏ်အဆင့်အတန်း၊ သို့မဟုတ် နာမည်ဂုဏ်သတင်းတို့နှင့် ပတ်သက်ပါက မည်သို့လုပ်ဆောင်ရမည်၊ သို့မဟုတ် မည်သို့ပြောဆိုရမည်ကို ၎င်းတို့ ဦးနှောက်ခြောက်ခံ စဉ်းစားသည်၊ ဟိုသည် ပြေးလွှား အလုပ်ရှုပ်နေခြင်းကို မရပ်တန့်ဘဲ၊ ဆင်းရဲဒုက္ခကို ဝမ်းမြောက်စွာ ခံယူလေသည်။ သို့ရာတွင် ဘုရားအိမ်တော်၏ အလုပ်နှင့် အခြေခံသဘောတရားတို့နှင့် ဆက်နွှယ်ပါက— ဆိုးယုတ်သော လူများက နှောင့်ယှက်ပြီး ဝင်ရောက်စွက်ဖက်ကာ၊ မကောင်းမှုမျိုးစုံကို ကျူးလွန်ပြီး အသင်းတော်၏အလုပ်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေလျှင်ပင်— ၎င်းတို့က မတုန်မလှုပ်နှင့် အရေးမစိုက်ဘဲ ရှိမြဲရှိသည်မှာ ယင်းက ၎င်းတို့နှင့် မည်သည့်အရာမျှ မသက်ဆိုင်သည့်အလားပင် ဖြစ်လေသည်။ ပြီးလျှင် တစ်စုံတစ်ဦးက ဤအရာကို သိရှိသွားပြီး ယင်းကို ဖော်ထုတ်ပါက မည်သည့်အရာကိုမျှ မမြင်ခဲ့မိကြောင်း ၎င်းတို့ပြောဆိုကာ မသိနားမလည်ယောင် ဆောင်လေသည်။ လူများက ၎င်းတို့ကို တိုင်ကြားပြီး ၎င်းတို့မည်သူဖြစ်သည်ကို ဖော်ထုတ်သည့်အခါ ၎င်းတို့က ထောင်းခနဲ ဒေါသထွက်ကြသည်။ တုံ့ပြန်ဖို့ နည်းလမ်းကို ဆွေးနွေးရန် အစည်းအဝေးများကို ကမန်းကတန်း ပြုလုပ်ကျင်းပသည်၊ ၎င်းတို့၏ နောက်ကွယ်တွင် မည်သူက လျှို့ဝှက်ကြံစည်ကြောင်း၊ ဂိုဏ်းခေါင်းဆောင်မှာ မည်သူဖြစ်ကြောင်း၊ ပါဝင်ပတ်သက်သည့်သူမှာ မည်သူဖြစ်ကြောင်း စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်သည်။ ၎င်းတို့သည် ယင်း၏အကြောင်းရင်းကို မသိရမချင်း၊ ထိုကိစ္စကို လုံးလုံးလျားလျား မဖြေရှင်းပြီးမချင်း အိပ်မည် မဟုတ်ချေ၊ သို့မဟုတ် စားမည် မဟုတ်ချေ။ တစ်ခါတစ်ရံတွင် ၎င်းတို့ကို စွပ်စွဲသူ၏ အပေါင်းပါများအားလုံးကိုပါ ဖြိုဖျက်ပြီးသည့်အခါမှသာ ၎င်းတို့ ဝမ်းမြောက်နိုင်သည့် အခြေအနေမျိုးပင် ဖြစ်သည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ သရုပ်သကန်ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် အသင်းတော် အလုပ်ကို လုပ်ဆောင်နေခြင်း ဖြစ်သလော။ ၎င်းတို့သည် မိမိတို့၏အာဏာနှင့် ဂုဏ်အဆင့်အတန်းတို့အတွက် ပြုမူနေခြင်းသက်သက်သာ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် လုပ်ငန်းကို လုပ်ဆောင်နေကြခြင်း ဖြစ်သည်။ ၎င်းတို့မည်သည့်အလုပ်ကို တာဝန်ယူဆောင်ရွက်ပါစေ၊ အန္တိခရစ်တစ်ဦးဖြစ်သည့် လူစားမျိုးသည် ဘုရားအိမ်တော်၏အကျိုးစီးပွားကို မည်သည့်အခါမျှ ထည့်တွက်စဉ်းစားခြင်း မရှိပေ။ ၎င်းတို့၏ကိုယ်ပိုင် အကျိုးစီးပွားများ ထိခိုက်ခြင်း ရှိမည် မရှိမည်ကိုသာ ၎င်းတို့ ဆင်ခြင်တွေးတောသည်၊ ၎င်းတို့ရှေ့တည့်တည့်တွင် ရှိသည့် လုပ်ငန်းဆောင်တာများကိုသာ တွေးသည်။ ဘုရားအိမ်တော်၏အလုပ်နှင့် အသင်းတော်အလုပ်သည် ၎င်းတို့၏အချိန်ပိုတွင် ၎င်းတို့ လုပ်ဆောင်သည့် အရာတစ်ခုသာ ဖြစ်ပြီး လုပ်ဆောင်သမျှ အရာတိုင်းအတွက် ၎င်းတို့ကို နှိုးဆော်ပေးဖို့ လိုအပ်သည်။ ၎င်းတို့ကိုယ်ပိုင်အကျိုးစီးပွားများကို ကာကွယ်ခြင်းသည် ၎င်းတို့၏ တကယ့် မွေးရာပါတာဝန် ဖြစ်သည်၊ ၎င်းတို့လုပ်ဆောင်လိုသည့်အရာများသည် တကယ့်စီးပွားရေးလုပ်ငန်းဖြစ်၏။ ၎င်းတို့အမြင်တွင် ဘုရားအိမ်တော်က စီစဉ်ပေးသည့် မည်သည့်အရာမဆို၊ သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသူများ၏ အသက်ဝင်ရောက်မှုနှင့်ဆက်နွှယ်သည့် မည်သည့်အရာမဆိုသည် အရေးမပါပေ။ အခြားလူများသည် မိမိတို့၏အလုပ်၌ မည်သည့်အခက်အခဲများ ရှိပါစေ၊ ၎င်းတို့ မည်သည့်ပြဿနာများကို ဖော်ထုတ်ပါစေ၊ ၎င်းတို့၏စကားများ မည်မျှ ရိုးသားစစ်မှန်ပါစေ၊ အန္တိခရစ်တို့သည် အရေးမထားကြပေ၊ ၎င်းတို့ ပါဝင်ပတ်သက်ခြင်း မရှိပေ၊ ဤအရာက ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်သည့်အလားပင် ဖြစ်သည်။ ၎င်းတို့သည် အသင်းတော်၏ကိစ္စများကို လုံးလုံး စိတ်မဝင်စားပေ၊ ဤအရေးကိစ္စများ မည်မျှအဓိကကျပါစေ စိတ်မဝင်စားပေ။ ပြဿနာက ၎င်းတို့၏ရှေ့တည့်တည့်တွင် ရှိလျှင်ပင်၊ ၎င်းတို့က ယင်းကို အင်တင်တင်နှင့် ဝတ်ကျေတမ်းကျေသာ ကိုင်တွယ်လေသည်။ အထက်က တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရပြီး ပြဿနာကို ဖြေရှင်းဖို့ အမိန့်ပေးခံရသည့်အခါမှသာလျှင် ၎င်းတို့က တကယ့်အလုပ်အနည်းငယ်ကို ဆောင်ကြီးအောင့်ကြီး လုပ်မည် ဖြစ်ပြီး အထက်ကမြင်ဖို့အတွက် တစ်ခုခုကို ပေးလိမ့်မည်။ မကြာမီတွင် ၎င်းတို့က မိမိတို့၏ကိုယ်ပိုင် လုပ်ငန်းကို ဆက်လက် လုပ်ကိုင်ကြလိမ့်မည်။ အသင်းတော်၏အလုပ်အပေါ်၊ ပို၍ကျယ်ပြန့်သော အခြေအနေ၏ အရေးပါသော အရာများအပေါ် ၎င်းတို့ စိတ်မဝင်စားဘဲ သတိမမူမိကြပေ။ ၎င်းတို့ရှာတွေ့သည့် ပြဿနာများကိုပင် ၎င်းတို့ လျစ်လျူရှုကြသည်၊ မေးခံရသည့်အခါ ကွေ့လည်ကြောင်ပတ် လုပ်ကာ၊ အလွန် မလိုလားမှုဖြင့်သာ ကိုင်တွယ်လေသည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ သရုပ်သကန် ဖြစ်သည် မဟုတ်လော။ ထို့အပြင် ၎င်းတို့သည် မည်သည့်တာဝန်ကို ထမ်းဆောင်နေပါစေ၊ ၎င်းတို့တွေးနိုင်သည့်အရာမှာ ထိုတာဝန်က ၎င်းတို့အပေါ် အများအမြင်ကို မြှင့်ပေးမည် ဟုတ်မဟုတ်ကိုသာ ဖြစ်သည်။ ယင်းက ၎င်းတို့၏နာမည်ဂုဏ်သတင်းကို မြှင့်တင်ပေးနိုင်သရွေ့၊ ၎င်းတို့က ယင်းကို လုပ်ဆောင်သည့်နည်းအား သင်ယူဖို့၊ ယင်းကို ဆောင်ရွက်ဖို့ နည်းလမ်းကို အကြံထုတ်ရာတွင် ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်။ ယင်းက ၎င်းတို့အား ထင်ပေါ်စေမည် ဟုတ်မဟုတ်ကိုသာ ၎င်းတို့ ဂရုစိုက်သည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ သို့မဟုတ် တွေးတောပါစေ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုအတွက်ကိုသာ တွေးတောကြသည်။ အုပ်စုထဲတွင် ၎င်းတို့က မည်သည့်တာဝန်ကို လုပ်ဆောင်နေပါစေ၊ မည်သူက မြင့်မားသည်၊ သို့မဟုတ် နိမ့်ကျသည်၊ မည်သူကနိုင်ပြီး၊ မည်သူက ရှုံးသည်၊ မည်သူ၌ ပို၍ ကြီးမားသော နာမည်ဂုဏ်သတင်း ရှိသည်တို့နှင့်ပတ်သက်၍သာ ယှဉ်ပြိုင်ကြသည်။ လူမည်မျှက ၎င်းတို့ကို အထင်ကြီးသည်၊ လူမည်မျှက ၎င်းတို့ကို နာခံသည်၊ ပြီးလျှင် ၎င်းတို့၌ နောက်လိုက်မည်မျှရှိသည်တို့ကိုသာ ၎င်းတို့ ဂရုစိုက်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ မိတ်သဟာယမပြုပေ၊ သို့မဟုတ် တကယ့်ပြဿနာများကို မည်သည့်အခါမျှ မဖြေရှင်းပေ၊ မိမိ၏ တာဝန်ကို ထမ်းဆောင်သည့်အခါတွင် အခြေခံသဘောတရားအတိုင်း အမှုအရာများကို မည်သို့ လုပ်ဆောင်ရမည့်အကြောင်း၊ ၎င်းတို့ သစ္စာရှိခဲ့ခြင်း ရှိမရှိ၊ ၎င်းတို့၏တာဝန်များကို ဖြည့်ဆည်းပြီးခြင်း ရှိမရှိ၊ စံသွေခဲ့ခြင်းရှိမရှိတို့ကို မည်သည့်အခါမျှ မပြောပေ။ ဘုရားအိမ်တော်က တောင်းဆိုသည့်အရာနှင့် ဘုရားသခင်၏ အလိုတော်သည် မည်သည့်အရာဖြစ်သည်တို့ကို ၎င်းတို့ တစ်စက်မျှ အာရုံမစိုက်ပေ။ ၎င်းတို့၏ကိုယ်ပိုင် ဂုဏ်အဆင့်အတန်းနှင့် ဩဇာတိက္ကမတို့အတွက်သာ ၎င်းတို့ ပြုမူလုပ်ဆောင်သည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ သရုပ်သကန် ဖြစ်သည် မဟုတ်လော။ ၎င်းတို့၏ လူ့သဘာဝသည် ၎င်းတို့၏ကိုယ်ပိုင် အလိုများ၊ ရည်မှန်းချက်များနှင့် အသိတရားကင်းမဲ့သော တောင်းဆိုမှုများဖြင့် ပြည့်လျှံနေသည်။ ၎င်းတို့ လုပ်ဆောင်သမျှကို ၎င်းတို့၏ကိုယ်ပိုင် ရည်မှန်းချက်များနှင့် အလိုများဖြင့် အုပ်စိုးထားသည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ အရင်းခံအကြောင်းနှင့် အစပြုမှတ်တို့မှာ ၎င်းတို့၏ကိုယ်ပိုင် ရည်မှန်းချက်များ၊ အလိုများနှင့် အသိတရားကင်းမဲ့သော တောင်းဆိုမှုများသာ ဖြစ်သည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ သမားရိုးကျ သရုပ်သကန်ဖြစ်သည် မဟုတ်လော။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “အသေးစိတ်ရှင်းလင်းချက် ၄- အန္တိခရစ်များ၏ ထူးခြားသော လက္ခဏာနှင့် ၎င်းတို့၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် အဖြစ်အနေတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၁)”) ဒါ မှန်တစ်ခုကို ကိုင်ထားသလိုပဲ။ ကျွန်မစိတ်နှလုံးအတွင်းထဲမှာ ဖုန်းကွယ်ထားတဲ့ ဒီဖောက်ပြန်ပျက်စီးမှုအားလုံးကို ပြနေတယ်။ ယုတ်မာတယ်။ ညစ်ပေတယ်။ စိတ်ပျက်စရာဖြစ်တယ်။ ဒါတွေ အားလုံးက ကျွန်မတာဝန်မှာ ကျွန်မ ပြသတဲ့ အကျည်းတန်အရာတွေပဲ။ ရှင်းလင်းရေးအလုပ်ကာလအတွင်းမှာ ကျွန်မက အလုပ်ရှုပ်နေတဲ့ ပုံပေါ်ခဲ့ပေမဲ့၊ ကျွန်မက ကျွန်မ ဒုက္ခခံရတဲ့အရာကို ရွေးချယ်နေတာပါ။ ကျွန်မက ဘုရားဖြစ်စေချင်သလိုမျိုး ဝန်ထုတ်တစ်ခုကို အမှန်တကယ် ထမ်းနေတာမဟုတ်ဘူး။ အထက်ခေါင်းဆောင်က အဲဒီအသင်းတော်တစ်ခုက တိုးတက်မှုအကြောင်းကို ပုံမှန်မေးနေတယ်။ ဒါကြောင့် ကျွန်မက အဲဒါကို ကောင်းကောင်း မကိုင်တွယ်ခဲ့ရင် ကျွန်မရဲ့ တကယ့် ဝိညာဉ်ရင့်ကျက်မှုကို မြင်ပြီး ကျွန်မကို ရာထူးတိုးပေးတာကို နောင်တရသွားမှာ စိုးခဲ့တယ်။ သူနဲ့ပတ်သက်လို့ အမြင်ကောင်းအောင် ထိန်းထားပြီး ကျွန်မအလုပ်မှာ တကယ့်ရလဒ်တွေရအောင် လုပ်နိုင်တယ်လို့ သူထင်အောင်လုပ်ချင်လို့၊ အဲဒီအသင်းတော်တစ်ခုအပေါ် တော်တော် အာရုံစိုက်ထားခဲ့ပြီး အသင်းတော်ခေါင်းဆောင်တွေနဲ့ နောက်ဆက်တွဲအလုပ်တွေလုပ်ပြီး လမ်းညွှန်ရုံမကဘဲ အသင်းသားတွေကို နားလည်အောင် ကိုယ်တိုင်ကြိုးစားခဲ့တယ်။ သူက ကျွန်မကို လုပ်နိုင်ကိုင်နိုင်တယ်လို့ မြင်အောင် ကျွန်မ ခေါင်းဆောင်အတွက် အမြန်ဆုံး ရလဒ်ကောင်းတွေ ရချင်ခဲ့တယ်။ ဒါပေမဲ့ တခြားအသင်းတော်တွေရဲ့ လုပ်ငန်းစဉ်တွေမှာ ကျွန်မ သိပ်မပါဝင်ခဲ့ဘူး။ ပြီးတော့ အစ်မကျန်းဆီက အဲဒီလူစာရင်းကို ကျွန်မမြင်တဲ့အခါမှာ မေးခွန်းတစ်ခုမှ မမေးခဲ့ဘူး။ သူတို့က ဘယ်သူတွေဆိုတာ၊ ဘာကြောင့်သူက ထုတ်ပစ်ချင်တယ်ဆိုတာ ကျွန်မ မသိခဲ့ဘူး။ ခေါင်းဆောင်တစ်ယောက်ဆီကနေ မျှော်လင့်ထားတဲ့ အခြေခံအကျဆုံး ကြီးကြပ်မှုနဲ့ တံခါးစောင့်မှုကို ကျွန်မ မလုပ်နိုင်ခဲ့ဘူး။ ဘုရားသခင်ဟာ အန္တိခရစ်တွေကို အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာတဲ့အတွက်၊ နာမည်နဲ့ ဂုဏ်အတွက်ပဲ အလုပ်လုပ်တဲ့အတွက် ဖော်ထုတ်ပါတယ်။ သူတို့ဟာ ကြွားဝါဖို့ အခွင့်အရေးပေးတဲ့ ဘာကိုမဆို လုပ်မှာဖြစ်ပြီး သူတို့နာမည်နဲ့ဂုဏ်အတွက် အကျိုးမဖြစ်တဲ့ ဘယ်အရာမဆို လျစ်လျူရှုလိမ့်မယ်။ သူတို့ဟာ ပိုပြီးကျယ်ပြန့်တဲ့ ဘုရားအိမ်တော်ရဲ့အလုပ်ကို မစဉ်းစားကြဘူး။ ဘုရားအလိုတော်နဲ့ သတ်မှတ်ချက်တွေကို ဂရုမစိုက်ကြဘူး။ ကျွန်မတာဝန်မှာ ကျွန်မရဲ့ ရည်ရွယ်ချက်တွေနဲ့ အပြုအမူတွေကို ကြည့်ရင် ကျွန်မက အန္တိခရစ်တစ်ယောက်နဲ့ ဘယ်လိုကွာခြားခဲ့လို့လဲ။ ဒါတွေအားလုံးက အသင်းတော်အလုပ်တွေပဲ။ ဒါကြောင့် ဘယ်အသင်းတော်မဆိုရဲ့ ရှင်းလင်းရေးအလုပ်က ကောင်းကောင်းမပြီးရင် ဘုရားအိမ်တော်ရဲ့အလုပ်ကို ထိခိုက်မှာပဲ။ ဒါပေမဲ့ ကျွန်မက ဒါကို စိတ်မပူခဲ့သလို၊ ဂရုမစိုက်ခဲ့ဘူး။ အလုပ်က ပြီးပြီလို့ ခေါင်းဆောင်ကို ဘယ်လိုသတင်းပို့ရမယ်ဆိုတာ၊ သူလက်ခံအောင် ဘယ်လိုလုပ်ရမယ်ဆိုတာပဲ စဉ်းစားနေခဲ့တယ်။ ကျွန်မရဲ့ နာမည်နဲ့ ဂုဏ်အဆင့်အတန်းကိုပဲ ရှာဖွေနေခဲ့တာပါ။ ခေါင်းဆောင်က အာရုံစိုက်တဲ့ ဘယ်ပရောဂျက်ကိုမဆို ကျွန်မရဲ့ အားထုတ်မှုနဲ့ အားအင်ကို စိုက်ထုတ်ထားခဲ့ပြီး၊ သူက သတ်သတ်မှတ်မှတ် မခိုင်းတဲ့ ဘယ်အရာမဆိုအပေါ် အလေးမထားခဲ့ဘူး။ ကျွန်မက ဘုရားအလိုတော်ကို လုံးဝ မထောက်ထားခဲ့ဘူး။ တော်တော်တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာခဲ့ပါတယ်။ ကျွန်မခေါင်းဆောင်က ကျွန်မအလုပ်ကို မကြီးကြပ်ခဲ့ရင်၊ ကျွန်မကို ကိုင်တွယ်ဖြေရှင်းပြီး မထိန်းချုပ်ခဲ့ရင် သူတို့တာဝန်မှာ ကိစ္စတွေပြီးမြောက်နေတဲ့ တကယ့်ယုံကြည်သူတွေကို ကျွန်မ ထုတ်ခွင့်ပေးမိမှာပဲ။ ဒါဟာ မကောင်းတဲ့ လုပ်ရပ်ဖြစ်ပြီး ကျွန်မက လက်တွေ့အလုပ်ကိုမလုပ်တဲ့ မကောင်းတဲ့ခေါင်းဆောင်ဖြစ်သွားမယ်။ ကျွန်မက ကဏ္ဍတိုင်းမှာ အားနည်းနေတာကို တွေ့ခဲ့ရတယ်။ ခေါင်းဆောင်အဖြစ် အစေခံပြီး အဲဒီအလုပ်အားလုံးကို တာဝန်ယူနိုင်တာဟာ ဘုရားသခင်ဆီက ကြီးမားတဲ့ မြှင့်တင်မှုနဲ့ ယုံကြည်အပ်နှံမှုဖြစ်ပါတယ်။ ကျွန်မ အဲဒါကို စတာဝန်ယူခဲ့တုန်းက ဘုရားအလိုတော်ကို ထောက်ထားပြီး ကျွန်မတာဝန်ကို ဖြည့်ဆည်းမယ်လို့ ဘုရားကို ကတိပေးခဲ့တယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ကျွန်မက ဘုရားကို လိမ်ညာနေခဲ့တာပါ။ ကျွန်မ အဲဒီလိုမျိုး စဉ်းစားမိတော့ တကယ်ကို နာကျင်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတယ်လို့ ခံစားမိတယ်။ မျက်ရည်တွေက စပြီး စီးကျလာတယ်။ အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းတီးမိပြီး ဘုရားကို စိတ်ပျက်စေခဲ့ပြီလို့ ခံစားရတယ်။ ကိုယ့်ကိုယ်ကိုယ် သင်ယူချင်ခဲ့ပြီး တကယ်ကို နောင်တရပြီး ပြောင်းလဲချင်ခဲ့ပါတယ်။

ကျွန်မ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ဖတ်ခဲ့တယ်။ “တစ်စုံတစ်ဦးက ၎င်းသည် သမ္မာတရားကို ချစ်ကြောင်းနှင့် ၎င်းသည် သမ္မာတရားကို လိုက်စားကြောင်း ပြောသော်လည်း ၎င်း၏ပန်းတိုင်က ဂုဏ်အဆင့်အတန်း ရဖို့၊ မိမိကိုယ်ကို ထင်ပေါ်ဂုဏ်တက်စေဖို့၊ ကြွားဝါဖို့၊ လူများက ၎င်းကို အထင်ကြီးစေဖို့၊ မိမိ၏တစ်ကိုယ်ရေ အကျိုးစီးပွားကို ရရှိဖို့ဖြစ်ပြီး ၎င်း၏တာဝန်ကို ထမ်းဆောင်ခြင်းသည် ဘုရားသခင်ကို နာခံဖို့ဖြစ်စေ၊ စိတ်ကျေနပ်စေဖို့ဖြစ်စေ မဟုတ်ဘဲ၊ ထိုအစား နာမည်ဂုဏ်သတင်း၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းကို ရရှိဖို့ ဖြစ်ပါက ၎င်း၏လိုက်စားမှုသည် လျော်ကန်ခြင်းမရှိပေ။ ထိုသို့ဖြစ်၍ ဘုရားသခင်၏အမှု၊ အသင်းတော်၏အလုပ်၊ ပြီးလျှင် ဘုရားအိမ်တော်၏ အလုပ်နှင့်ပတ်သက်ပါက ၎င်းတို့သည် အဟန့်အတားတစ်ခုဖြစ်သလော၊ သို့မဟုတ် ၎င်းတို့သည် ဤအရာများကို ရှေ့ဆက်တိုးတက်ဖို့ ကူညီပေးသလော။ ၎င်းတို့သည် အဟန့်အတားဖြစ်သည်မှာ သိသာထင်ရှားပေသည်။ ၎င်းတို့သည် ဤအရာများ ရှေ့ဆက်တိုးတက်အောင် မလုပ်ပေ။ အသင်းတော်၏ အလုပ်ကို လုပ်ဆောင်သည့် အောင်လံတံခွန် လွှင့်သော်လည်း မိမိတို့၏ကိုယ်ပိုင် ပစ္စည်းဥစ္စာနှင့် ဩဇာတိက္ကမကို လိုက်စားကာ၊ မိမိတို့၏ကိုယ်ပိုင် လုပ်ငန်းကို လုပ်ဆောင်ပြီး၊ မိမိတို့၏ကိုယ်ပိုင် အုပ်စုလေး၊ မိမိတို့၏ကိုယ်ပိုင် နိုင်ငံလေးကို ဖန်တီးသူအားလုံး— ဤခေါင်းဆောင်မျိုး၊ သို့မဟုတ် ဤအမှုတော်ဆောင်မျိုးသည် မိမိတို့၏တာဝန်ကို ထမ်းဆောင်နေခြင်းလော။ ၎င်းတို့ လုပ်သမျှ အလုပ်အားလုံးသည် ဘုရားအိမ်တော်၏အလုပ်ကို အထူးသဖြင့် အဆက်ပြတ်စေကာ၊ နှောင့်ယှက်ပြီး၊ ထိခိုက်စေသည်။ ထို့ကြောင့် လူများ၏ ကြွယ်ဝမှုနှင့် ဩဇာတိက္ကမတို့ကို လိုက်စားသည့် သဘောသဘာဝမျိုးစုံကို သုံးသပ်ခြင်းအားဖြင့် လူများသည် ကြွယ်ဝမှုနှင့် ဩဇာတိက္ကမတို့ကို မည်သို့မသိမသာ လိုက်စားပါစေ၊ ပြီးလျှင် ထိုသို့သော လိုက်စားမှုသည် လူသားအဖို့ မည်မျှလျော်ကန်ပုံရပါစေ၊ ပြီးလျှင် ၎င်းတို့သည် မည်မျှကြီးမားသော အဖိုးအခကို ပေးပါစေ၊ အဆုံးသတ်ရလဒ်သည် ဘုရားသခင်၏အလုပ်ကို ဖြိုဖျက်ဖို့၊ နှောင့်ယှက်ဖို့နှင့် ထိခိုက်စေဖို့သာ ဖြစ်သည်။ ၎င်းတို့တာဝန် ထမ်းဆောင်ခြင်းသည် ဘုရားအိမ်တော်၏အလုပ်ကို နှောင့်ယှက်ရုံသာမက၊ ဘုရားသခင် ရွေးချယ်ထားသော သူများ၏ အသက်ဝင်ရောက်မှုကိုလည်း ပျက်စီးစေသည်။ ဤအလုပ်မျိုး၏ သဘာဝမှာ အဘယ်နည်း။ ယင်းမှာ ဖြိုဖျက်ခြင်း၊ နှောင့်ယှက်ခြင်းနှင့် ထိခိုက်စေခြင်းတို့ဖြစ်သည်။ ဤအရာကို အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်ခြင်းအဖြစ် သတ်မှတ်၍ မရနိုင်သလော။ လူများ မိမိတို့၏အကျိုးစီးပွားများကို ဘေးဖယ်ထားဖို့ ဘုရားသခင်က တောင်းဆိုသည့်အခါ၊ သူသည် လူများ၏လွတ်လပ်ခွင့်ကို ပိတ်ပင်နေခြင်း မဟုတ်သကဲ့သို့၊ ဘုရားသခင်၏အကျိုးစီးပွားများကို ၎င်းတို့အား ဝေမျှခံစားစေခြင်း မရှိသောကြောင့် မဟုတ်ပေ။ ထို့ထက် ယင်းမှာ လူတို့သည် မိမိတို့ကိုယ်ပိုင် အကျိုးအမြတ်များနောက်ကို လိုက်ရင်း ဘုရားသခင့်အိမ်တော်၏ အလုပ်ကို ထိခိုက်နစ်နာစေကြသောကြောင့် ဖြစ်သည်၊ ညီအစ်ကိုမောင်နှမများ၏ ပုံမှန်ဝင်ရောက်မှုကို အနှောင့်အယှက် ပေးကြပြီးလျှင် လူတို့၌ ပုံမှန် အသင်းတော်အသက်တာနှင့် ပုံမှန် ဝိညာဉ်ရေးအသက်တာ မရှိရန်ပင် ဟန့်တားကြသည်။ ပို၍ပင် စိုးရိမ်ရသောအရာမှာ လူတို့က မိမိတို့ကိုယ်ပိုင် ကျော်ကြားမှု၊ အခွင့်အလမ်းနှင့် ဂုဏ်အဆင့်အတန်းတို့နောက် လိုက်သောအခါ ထိုသို့သော အပြုအမူမျိုးကို ဘုရားသခင့်အမှုတော်၏ ပုံမှန်တိုးတက်မှုအား အဆုံးစွန် အတိုင်းအတာအထိ ထိခိုက်နစ်နာစေပြီး တားဆီးပိတ်ပင်ရာနှင့် လူတို့အလယ်တွင် ဘုရားသခင်၏ အလိုတော်အား ပုံမှန်လုပ်ဆောင်ခြင်းမှ ဟန့်တားရာ၌ စာတန်နှင့်အတူ ပူးပေါင်းနေခြင်းအဖြစ် လက္ခဏာဖော်ပြနိုင်ပေသည်။ ဤသည်မှာ မိမိတို့၏ကိုယ်ပိုင်အကျိုးအမြတ်များနောက် လူတို့လိုက်ခြင်း၏ သဘောသဘာဝပင်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော်၊ လူများက မိမိတို့၏ကိုယ်ပိုင် အကျိုးစီးပွားများကို လိုက်စားခြင်းနှင့်ပတ်သက်သည့် ပြဿနာမှာ ၎င်းတို့ လိုက်စားသည့် ပန်းတိုင်များသည် စာတန်၏ပန်းတိုင်များ ဖြစ်နေခြင်းပင် ဖြစ်သည်— ယင်းတို့သည် ယုတ်မာပြီး မတရားသည့်ပန်းတိုင်များ ဖြစ်သည်။ လူများသည် ဤအကျိုးစီးပွားများကို လိုက်စားသည့်အခါ၊ ၎င်းတို့သည် စာတန်၏တန်ဆာပလာတစ်ခု အမှတ်တမဲ့ ဖြစ်လာသည်၊ ၎င်းတို့သည် စာတန်အတွက် လမ်းကြောင်းတစ်ခုဖြစ်လာသည်၊ ထို့အပြင် ၎င်းတို့သည် စာတန်၏ပြယုဂ်ဖြစ်လာသည်။ ဘုရားသခင်၏အိမ်တော်နှင့် အသင်းတော်တို့၌ ၎င်းတို့သည် အပျက်သဘောဆောင်သော ကဏ္ဍကို ပါဝင်လုပ်ဆောင်ကြသည်။ ဘုရားအိမ်တော်၏ အလုပ်၊ အသင်းတော် ပုံမှန်အသက်တာနှင့် အသင်းတော်ရှိ ညီအစ်ကိုမောင်နှမများ၏ ပုံမှန်လိုက်စားမှုတို့အပေါ် ၎င်းတို့ဖြစ်စေသည့် အကျိုးသက်ရောက်မှုသည် နှောင့်ယှက်ဖို့နှင့် ထိခိုက်စေဖို့ဖြစ်သည်။ ၎င်းတို့၌ အပျက်သဘောဆောင်သည့် အကျိုးသက်ရောက်မှု ရှိပေသည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၁)”) နာမည်နဲ့ ဂုဏ်အဆင့်အတန်းအတွက်အလုပ်လုပ်တာ၊ ကျွန်မကိုယ်တိုင်ရဲ့ လုပ်ငန်းကို စီမံတာဟာ အခြေခံအားဖြင့် စာတန်ရဲ့ လက်ပါးစေအဖြစ် ပြုမူတာ၊ ဘုရားအိမ်တော်ရဲ့ အလုပ်ကို နှောင့်ယှက်ပြီး တမင်ဖျက်ဆီးတာ ဘုရားအလိုတော် ပြီးမြောက်ရေးကို တားဆီးနေတာဖြစ်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ပြသခဲ့တယ်။ ကျွန်မရဲ့ အပြုအမူတွေကို ဆင်ခြင်တဲ့အခါမှာ ဘုရားသခင်ဟာ ကျွန်မအပြုအမူရဲ့ အနှစ်သာရကို ဖော်ထုတ်ခဲ့တယ်ဆိုတာ မြင်ရပါတယ်။ နောက်ဆုံးသောကာလမှာ ဘုရားသခင်ဟာ လူတွေကို သူတို့အမျိုးအစားလိုက် ခွဲခြားပြီး ကောင်းသူကို ဆုချီးမြှင့်ပြီး မကောင်းသူကို အပြစ်ဒဏ်ခတ်နေပါတယ်။ အသင်းတော်ကို ရှင်းလင်းတာက ဘုရားအိမ်တော်ကို တအိအိနဲ့ အယုံသွင်းဝင်လာကြတဲ့ မယုံကြည်သူတွေနဲ့ မကောင်းမှုပြုသူတွေကို အပြင်ထုတ်ပစ်ဖို့ပါ။ သူတို့က ဘုရားသခင်ကို အမှန်တကယ် မယုံကြည်ဘူး။ သမ္မာတရားကို အမှန်တကယ်မလိုက်စားဘူး။ သူတို့တာဝန်ကို ကောင်းကောင်းမလုပ်ဘူး။ ဒါကြောင့် အသင်းတော်မှာ သူတို့နေရင် ဘုရားနှုတ်ကပတ်တော်နဲ့ အသက်ဝင်ရောက်မှုအပေါ် ညီအစ်ကိုမောင်နှမတွေရဲ့ အတွေ့အကြုံမှာ သူတို့က ဝင်တားဆီးနေမှာပဲ။ ဒါမှမဟုတ် ဘုရားအိမ်တော်ရဲ့ အလုပ်ကို နှောင်ယှက်တဲ့ မကောင်းမှုကိုတောင် လုပ်နိုင်ပါတယ်။ ရှင်းလင်းရေးအလုပ်က အသင်းတော်ကို သန့်ရှင်းသွားစေဖို့ပါ။ သမ္မာတရားကို လိုက်စားဖို့ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို အမှန်တကယ်ယုံကြည်သူတွေကို ပေးဖို့ပါ။ ဒါမှ သူတို့တွေ သမ္မာတရားကို အမြန်သင်ယူနိုင်ပြီး ယုံကြည်ခြင်းမှာ လမ်းကြောင်းမှန်ပေါ်ကို ရောက်မှာလေ။ ဘုရားသခင်က သမ္မာတရားကိုလိုက်စားပြီး သူ့အတွက် ကိုယ့်ကိုယ်ကိုယ် အသုံးခံဖို့ ဆန္ဒရှိတဲ့သူတွေကို ကယ်တင်ပေမဲ့ ဘုရားအိမ်တော်ကို ထိုးဖောက်ဝင်ရောက်သူတွေ၊ စာတန်နဲ့သက်ဆိုင်ပေမဲ့ ကောင်းချီးလိုချင်သူတွေကတော့ ဖော်ထုတ်ခံရပြီး ဖယ်ရှားခံရတယ်။ ဒါဟာ ဘုရားရဲ့ ဖြောင့်မတ်ခြင်းပဲ။ ရှင်းလင်းရေးအလုပ်က အသင်းတော်ရဲ့ လူတွေကို ဆက်ဆံခြင်းစည်းမျဉ်းတွေနဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို တကယ်ပြသပါတယ်။ ကျွန်မက ကျွန်မတာဝန်မှာ ဘုရားအလိုတော်ကို မထောက်ထားခဲ့ဘဲ ကျွန်မနာမည်နဲ့ ဂုဏ်အဆင့်အတန်းကို ကာကွယ်ဖို့ အမြဲစဉ်းစားနေခဲ့တာဆိုတာ ကျွန်မ သဘောပေါက်ခဲ့ပါတယ်။ အဲဒီလိုနည်းနဲ့ ကျွန်မကို အကူအညီမဖြစ်စေတဲ့ အလုပ်အပေါ်မှာ ကျွန်မက ပေါ့ဆပြီး ဥပေက္ခာပြုခဲ့တယ်။ တရားမျှတတဲ့၊ ဘုရားအိမ်တော်ရဲ့ အလုပ်ကို ထိန်းသိမ်းပြီး သူတို့တာဝန်ကို ဖြည့်ဆည်းတဲ့လူတွေကို ပေါ့ပေါ့တန်တန်နဲ့ ဖယ်ရှားပစ်နေခဲ့တယ်။ ဒါက ဘယ်လိုလုပ် ကိုယ့်တာဝန်ကို ထမ်းဆောင်တာဖြစ်မှာလဲ။ ဒါက ဘုရားကို ဆန့်ကျင်ပြီး လုပ်နေတာမဟုတ်ဘူးလား။ ကျွန်မက ကိုယ့်တာဝန်မှာ တာဝန်မသိတတ်ခဲ့ဘူး။ အစ်မကျန်းကို သူစိတ်ကူးပေါက်သလို လူတွေကို ထုတ်ပစ်ခွင့်ပေးခဲ့တယ်။ အသင်းတော်မှာ မကောင်းမှုပြုသူတချို့ကို ထားပြီးတော့ သူတို့တာဝန်မှာ စိတ်နှစ်ထားပြီး ဘုရားအိမ်တော်ရဲ့အလုပ်ကို ထိန်းသိမ်းတဲ့ ဘုရားသခင်ရွေးချယ်ထားသူတချို့ကို ထုတ်ပစ်တယ်။ ကျွန်မက စာတန်ရဲ့ လက်ပါးစေအနေနဲ့ အစေခံနေပြီး ဘုရားအိမ်တော်ကို နှောင့်ယှက်နေတာမဟုတ်ဘူးလား။ လူတွေကို နစ်နာအောင်လုပ်နေတာမဟုတ်ဘူးလား။ ကျွန်မ ဒါကို သဘောပေါက်တာနဲ့တစ်ပြိုင်နက် ကျွန်မဟာ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေတာကို ခံရပြီး လူသားနဲ့တောင် မဆင်တူဘူးဆိုတာ မြင်ခဲ့ရတယ်။ ညီအစ်ကိုမောင်နှမတွေအတွက်၊ ဘုရားရဲ့ စေခိုင်းချက်အတွက် တာဝန်မယူခဲ့ဘူး။ ကျွန်မ စိတ်နှလုံးထဲမှာ ကျွန်မက ဘုရားသခင်၊ ဘုရားအိမ်တော်နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အကျိုးစီးပွားကို ထည့်မစဉ်းစားခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ် ပိုပြီးအမြင်ကောင်းအောင်၊ ခေါင်းဆောင်ရဲ့ ထောက်ခံမှုကိုရအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို တွေးနေခဲ့တယ်။ ဒီစက်ဆုပ်ရာရည်ရွယ်ချက်နဲ့တောင်မှ ကျွန်မက သူများတွေ ချီးမွမ်းတာ၊ ဘုရားဆီက ဆုချီးမြှင့်တာကို လိုချင်ခဲ့တယ်။ ဒါ အရှက်မရှိတာ မဟုတ်ဘူးလား။ ကျွန်မက တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာဖြစ်သလို၊ လုံးဝ ကိုယ့်အတွက်ကိုယ် လုပ်တယ်ဆိုတာ မြင်ခဲ့ပါတယ်။ ဘုရားသခင်က ဖြောင့်မတ်ပြီး သန့်ရှင်းတယ်။ ကျွန်မတို့ စိတ်နှလုံးတွေထဲကို မြင်တယ်။ ဘယ်သူမှ သူ့ကို အရူးလုပ်လို့မရဘူး။ အယောင်ဆောင်ဖို့ ကြိုးစားတာနဲ့ ကျွန်မတန်ဖိုးကို ပြောင်းလဲလို့မရပါဘူး။ ကျွန်မ စိတ်နှလုံးကို ကျွန်မတာဝန်အပေါ် အပ်နှံထားရမှာဖြစ်ပြီး လှည့်စားမှုကို အားမကိုးရပါဘူး။ အဲဒီလိုအရာမျိုးက လူတွေကို ခဏလောက် အရူးလုပ်နိုင်ပေမဲ့ အနှေးနဲ့အမြန် ဖော်ထုတ်ခံရမှာပဲ။ ကျွန်မက ဘုရားရှေ့မှာ ရိုးသားတဲ့ စိတ်နှလုံးရှိပြီး သမ္မာတရားကို မလိုက်စားရင် အဲဒီ ကျရှုံးခဲ့တဲ့ အယောင်ဆောင်ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေလိုပဲ ဘုရားသခင်ရဲ့ ဖော်ထုတ်ခြင်းကိုခံရပြီး ဖယ်ရှားခံရဖို့ သေချာပါတယ်။ ဒါကို သဘောပေါက်တော့ ကျွန်မက ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရတာဟာ ဘယ်လောက် အကျိုးရခဲ့သလဲဆိုတာ ပြပါတယ်။ ဘုရားသခင်က ကျွန်မကို ပြုပြင်ခြင်း၊ ဖော်ထုတ်ခြင်းမရှိဘဲနဲ့ ဒါကို လုံးဝ သဘောပေါက်မှာမဟုတ်ဘူး။ မှောင်မိုက်ထဲကို တည့်တည့်သွားတဲ့ အဲဒီလမ်းကြောင်းကို ကျွန်မ လျှောက်ပြီး ဘုရားရဲ့ စွန့်ပစ်ခြင်းကို ခံရမှာပဲ။ ကျွန်မဟာ ဘယ်လောက် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာတယ်၊ ကျွန်မက ကိုယ့်တာဝန်မှာ ဘုရားအပေါ် စစ်မှန်မှုမရှိပေမဲ့ ဘုရားက ကျွန်မကို ကယ်တင်ချင်တယ်၊ ဒါကြောင့် သူများတွေရဲ့ ကြီးကြပ်မှုနဲ့ ခေါင်းဆောင်ရဲ့ စစ်ဆေးမှုတွေကတစ်ဆင့် ကျွန်မရဲ့ ပြစ်မှားမှုတွေနဲ့ မကောင်းတဲ့လုပ်ရပ်ကို သူ ဖွင့်ပြခဲ့တယ်ဆိုတာ ကျွန်မ မြင်ခဲ့ပါတယ်။ ဒါက ကျွန်မကို ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်စေပြီး နောင်တရပြီး ပြောင်းလဲဖို့ အခွင့်အရေးတစ်ခုကို ပေးခဲ့ပါတယ်။ ဒီအတွေးက ကျွန်မကို နောင်တတွေ၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှုတွေနဲ့ ပြည့်စေခဲ့ပြီး ဘုရားသခင်အပေါ် အရမ်းအကြွေးတင်သလိုခံစားရပြီး ကျေးဇူးတင်ခဲ့ပါတယ်။ ကျွန်မ တိတ်တဆိတ် ဆုတောင်းခဲ့တယ်။ “ဘုရားသခင် ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးခြင်းက အရမ်းနက်ပြီး ကိုယ်တော့်အလိုတော်ကို ကျွန်မ မထောက်ထားပါဘူး။ ဘုရားအိမ်တော်ရဲ့အလုပ်ကို ကျွန်မ နှောင့်ယှက်ခဲ့မိတယ်။ ကိုယ်တော်ကို ကျေနပ်စေဖို့အတွက် ကျွန်မ အခုကနေစပြီး တကယ်နောင်တရပြီး ကျွန်မတာဝန်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ချင်ပါတယ်” ဆိုပြီးတော့။

အဲဒီနောက် ကျွန်မ ဝတ်ပြုတဲ့အချိန်မှာ ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တယ်။ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သော သူများသည် အမှုအရာများကို လုပ်ဆောင်နေချိန်တွင် ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံနိုင်ကြသည်။ သင်သည် ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံသောအခါ၊ သင်၏စိတ်နှလုံးသည် အမြင်မှန်ရစေခြင်း ခံရသည်။ အကယ်၍ သင်သည် အခြားသူများ မြင်စေရန်အတွက်သာ လုပ်ဆောင်ပြီး ဘုရားသခင်၏စိစစ်ခြင်းကို လက်မခံပါက၊ သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင် ရှိသေးသလော။ ဤကဲ့သို့သောလူများမှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိကြချေ။ သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ကိုယ်ပိုင်အဆင့်အတန်း၊ သိက္ခာ၊ သို့မဟုတ် ဂုဏ်သတင်းကို မစဉ်းစားနှင့်။ လူ၏ အကျိုးစီးပွားများကိုလည်း ထည့်သွင်းမစဉ်းစားနှင့်။ သင်သည် ပထမဦးစွာ ဘုရားသခင်၏အိမ်တော်၏အကျိုးများကို စဉ်းစားရမည်ဖြစ်ပြီး ယင်းတို့ကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏အလိုတော်ကို အရေးထားသင့်ပြီး၊ သင်၏ တာဝန်ကို ဖြည့်ဆည်းရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ သစ္စာရှိဖို့ သင် အစွမ်းကုန် လုပ်ဆောင်ပြီးခြင်း ရှိမရှိ၊ သင်၏ တာဝန်များကို ဖြည့်ဆည်းရန် အကောင်းဆုံး သင် လုပ်ဆောင်ပြီး သင်၏အရာအားလုံး ပေးပြီးခြင်း ရှိမရှိဆိုသည်အပြင်၊ သင်၏ တာဝန်နှင့် ဘုရားအိမ်တော်၏ အမှုကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဆင်ခြင်ခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားခြင်းဖြင့် အစပြုသင့်သည်။ ဤအရာများကို သင် ထည့်သွင်းစဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးလော့၊ ပြီးလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။ သင်၏အရည်အချင်း ညံ့ဖျင်းပါက၊ သင်၏အတွေ့အကြုံ ပေါ့တန်ပါက သို့မဟုတ် သင်၏ အသက်မွေးမှု အလုပ်တွင် မကျွမ်းကျင်ပါက၊ သင်၏အလုပ်၌ အမှားအယွင်းများ သို့မဟုတ် အပြစ်အနာအဆာများ အချို့ ရှိကောင်းရှိနိုင်ပြီး၊ ရလဒ်များမှာလည်း အလွန်ကောင်းချင်မှ ကောင်းပေမည်- သို့သော် သင်သည် သင်၏ အကောင်းဆုံး အားထုတ်မှုကို ပေးပြီးဖြစ်ပေလိမ့်မည်။ သင် လုပ်ဆောင်သောအရာများ၌ သင်၏ ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကို စဉ်းစားခြင်းမရှိ သို့မဟုတ် သင်၏အကျိုးကို ထည့်သွင်းစဉ်းစားခြင်း မပြုသကဲ့သို့၊ ထိုသို့ပြုမည့်အစား ဘုရားသခင်၏အိမ်တော်၏ အလုပ်ကို စဉ်ဆက်မပြတ် ထည့်သွင်းစဉ်းစားပြီး၊ ယင်း၏ အကျိုးများကို စဉ်းစားနေကာ၊ သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်သောအခါ၊ သင်သည် ဘုရားသခင်ရှေ့၌ ကောင်းသောအကျင့်များကို စုဆောင်းနေခြင်း ဖြစ်လိမ့်မည်။ ဤကောင်းသော လုပ်ဆောင်ချက်များ ရှိကြသောလူများသည် သမ္မာတရား၏ လက်တွေ့အရှိတရားကို ပိုင်ဆိုင်သောသူများ ဖြစ်သည်၊ ထိုသို့ဖြင့် ၎င်းတို့သည် သက်သေခံကြပြီး ဖြစ်သည်။ အကယ်၍ သင်သည် သင်၏တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကိုသာ စဉ်ဆက်မပြတ် ဖြည့်ဆည်းရင်း၊ ဇာတိပကတိအားဖြင့်အမြဲ အသက်ရှင်နေပါက၊ ထိုသို့သော လူများသည် သမ္မာတရား၏လက်တွေ့အရှိတရားကို ပိုင်ဆိုင်ခြင်းမရှိပေ။ ဤသည်မှာ ဘုရားသခင်ကို ဂုဏ်သရေညှိုးခြင်း ဆောင်ကြဉ်းမှု၏ အမှတ်အသားဖြစ်၏။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုစိတ်ရှိတဲ့ တကယ့်ယုံကြည်သူတွေဟာ ဘုရားသခင်ရဲ့ စိစစ်မှုကို လက်ခံနိုင်တယ်ဆိုတာ ဒါက ကျွန်မကို ပြသပါတယ်။ သူတို့ဟာ အထင်ကြီးခံရဖို့၊ သူများတွေကို ကျေနပ်အောင်လုပ်ဖို့၊ နာမည်နဲ့ ဂုဏ်အဆင့်အတန်းနောက်ကိုလိုက်ဖို့ မကြိုးစားကြဘဲ ဘုရားအိမ်တော်ရဲ့အလုပ်ကို ဦးစားပေးတယ်။ အိမ်တော်ရဲ့ အကျိုးစီးပွားကို ကာကွယ်ပြီး ဘုရားရဲ့စေခိုင်းချက်အပေါ် သူတို့ကိုယ်သူတို့ ဆက်ကပ်တယ်။ ဒါက ဖန်ဆင်းခံတစ်ယောက်လုပ်သင့်တဲ့အရာပါ။ ဒါက ကျွန်မတို့ တာဝန်မှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အလုပ်၊ ဘုရားရဲ့လမ်းပြမှုနဲ့ ကောင်းချီးတို့ကို ရဖို့ တစ်ခုတည်းသောနည်းလမ်းပဲ။ ကျွန်မဟာ ဆိုးယုတ်တဲ့ သဘာဝနဲ့ ရှင်သန်နေခဲ့တယ်။ နာမည်နဲ့ ဂုဏ်အဆင့်အတန်းနောက်လိုက်တယ်။ ဘုရားအိမ်တော်ရဲ့အလုပ်ကို နှောင့်ယှက်တယ်။ အစွန်းအထင်းဖြစ်စေပြီး ဘုရားအပေါ် အကြွေးတင်ခဲ့တယ်။ ကျွန်မရဲ့ ကိုယ်ကျိုးအတွက် နာမည်နဲ့ ဂုဏ်အဆင့်အတန်းကို ရှာဖွေတာဟာ ဘယ်လောက် တစ်ကိုယ်ကောင်းဆန်တယ်ဆိုတာ၊ ကျွန်မက ဘုရားကိုဆန့်ကျင်တဲ့ အန္တိခရစ်ရဲ့ လမ်းကြောင်းပေါ်မှာဆိုတာ ကျွန်မ တကယ်မြင်ခဲ့ပါတယ်။ လိုက်စားခြင်းနဲ့ပတ်သက်လို့ ကျွန်မရဲ့ လွဲမှားနေတဲ့ အမြင်ကို ပြောင်းပြီး ဘုရားရှေ့မှာ ဖြူစင်၊ ်ရိုးသားတဲ့နှလုံးသားနဲ့နေဖို့ အမှန်တကယ် ဆန္ဒရှိခဲ့ပါတယ်။ အထက်ခေါင်းဆောင်တွေက ကျွန်မကို ဘယ်လိုထင်ပါစေ၊ သူများတွေက ဘယ်လိုမြင်ပါစေ၊ ကျွန်မလုပ်နိုင်တာမှန်သမျှ အစွမ်းကုန်လုပ်ပြီး ကျွန်မတာဝန်ကို အလေးအနက်လုပ်ဖို့ အဆင်သင့်ဖြစ်နေခဲ့တယ်။

အဲဒီကစပြီး ကျွန်မတာဝန်မှာ ဘာပရောဂျက်ဖြစ်ပါစေ၊ ဘယ်အသင်းတော်ဖြစ်ပါစေ ကျွန်မတာဝန်တွေကို ဖြည့်ဆည်း်ပြီး စည်းမျဉ်းကိုလိုက်နာဖို့ အလုပ်လုပ်တယ်။ ဘယ်ပရောဂျက်က ကျွန်မအတွက် အမြင်ကောင်းစေမယ်ဆိုတာ တွက်ချက်ဖို့၊ ခေါင်းဆောင်ရဲ့ ချီးမွမ်းတာကိုရဖို့ မလုပ်ဘူး။ ကျွန်မတာဝန်မှာ အများကြီးပိုပြီး စိတ်အေးချမ်းသလို၊ ဖောက်ပြန်ပျက်စီးခြင်းကို ကျွန်မ ထုတ်ဖော်ပြတဲ့အချိန်တွေမှာ သတိရှိရှိနဲ့ စွန့်ပစ်နိုင်တယ်။ သိပ်မကြာသေးခင်တုန်းက ရေလောင်းပေးတဲ့အလုပ်အပေါ် ပြန်အာရုံစိုက်ပြီး တခြားအလုပ်တွေအပေါ် အချိန်လျှော့လုပ်ဖို့ ခေါင်းဆောင်က ကျွန်မကို ခိုင်းတယ်။ တစ်နေ့မှာ ရေလောင်းပေးတဲ့အလုပ်မှာ ဘယ်လိုကောင်းကောင်းကိုင်တွယ်ရမယ်ဆိုတာ တွေးနေတုန်း တစ်ယောက်က အသင်းတော်ပြဿနာတချို့ကို ပြောပြတာကို ကျွန်မ ကြားလိုက်ရတယ်။ ကျွန်မ ဘာလုပ်ရမှန်းမသိဖြစ်သွားတယ်။ ငါ အဲဒါကို စူးစမ်းပြီး တာဝန်ယူဖြေရှင်းသင့်လား။ ပြဿနာက နားလည်ဖို့အတွက် အချိန်နည်းနည်းလိုမယ်။ ဒါဆိုရင် အဲဒီမှာ ငါ အချိန်ကုန်ရင် ရေလောင်းပေးတဲ့အလုပ်ကို လျစ်လျူရှုသလိုဖြစ်မလား ပေါ့။ ခေါင်းဆောင်က ငါ့ကို အဲဒီအပေါ်မှာ အာရုံစိုက်စေချင်တာ။ ဒါဆို အဲဒါနဲ့ပတ်သက်လို့ ် အတော်ကြာ တိုးတက်မှုမရှိရင် ငါက အရည်အချင်းမရှိတဲ့ပုံပေါ်နေမလား ပေါ့။ အဲဒီအသင်းတော်မှာ ကိစ္စတွေကို ကိုင်တွယ်ဖို့ တခြားတစ်ယောက်ကို လွှတ်ဖို့ ကျွန်မ စဉ်းစားတယ်။ အဲဒီအတွေးပေါ်လာတဲ့ အခိုက်အတန့်မှာ ကျွန်မ နေမထိထိုင်မထိခံစားခဲ့ရတယ်။ အားလုံးက အသင်းတော်အလုပ်ဖြစ်ပြီး ကျွန်မရဲ့ တာဝန်တွေပဲ။ ဒါကြောင့် ခေါင်းဆောင်က စီစဉ်တာကိုပဲလုပ်ပြီး တခြားအလုပ်တွေကို အလေးမထားရင် အန္တိခရစ်လို၊ အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်လို နာမည်နဲ့ ဂုဏ်အဆင့်အတန်းကို ရှာတာမဟုတ်ဘူးလား။ အဲဒါနဲ့ ကိစ္စတွေကို စူးစမ်းဖို့အတွက် အခြေအနေကို ကောင်းကောင်းသိတဲ့သူတစ်ယောက်ကို ရှာလိုက်တယ်။ အဲဒီလို အားထုတ်ရင်းနဲ့ ဘုရားရဲ့လမ်းပြမှုကို ကျွန်မ မြင်ခဲ့ရတယ်။ အဲဒီအသင်းတော်ထဲက ပြဿနာတွေက ကျွန်မကြားတာထက် အများကြီးပိုဆိုးနေတာကို တွေ့လိုက်ရတယ်။ ကိစ္စတွေကို တာဝန်ယူဖြေရှင်းဖို့အတွက် တခြားခေါင်းဆောင်တစ်ယောက်နဲ့ ကျွန်မ သွားလိုက်တယ်။ အနှောင့်အယှက်ဖြစ်စေတဲ့ မယုံကြည်သူတချို့ကို ထုတ်ပစ်လိုက်ပြီး တာဝန်မသိတတ်ဖြစ်ပြီး တကယ့်အလုပ်ကို အချိန်အတော်ကြာ မလုပ်တဲ့ အယောင်ဆောင်ခေါင်းဆောင်တချို့ကို ထုတ်ပယ်လိုက်တယ်။ အဲဒီအနှောင့်အယှက်ပေးတဲ့ မကောင်းမှုပြုသူတွေ အသင်းတော်ကနေ ဖယ်ရှားခံရတာကိုမြင်ရတော့ အသင်းတော်အသက်တာက ရှုပ်ထွေးမှာ မဟုတ်တော့ဘူးဆိုတာ သိရတော့ ကျွန်မ တော်တော်ပျော်မိတယ်။ အခု နာမည်နဲ့ ဂုဏ်အဆင့်အတန်းနောက်ကိုမလိုက်ဘဲ ကျွန်မတာဝန်ကို လက်တွေ့ကျကျလုပ်နိုင်ပြီ။ ဒါတွေအားလုံးက ဘုရားသခင်ရဲ့ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်းနဲ့ ကိုင်တွယ်ဖြေရှင်းခြင်းတို့ကြောင့်ပါ။ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ကျေးဇူးတင်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

“မိမိကိုယ်ကို စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံခြင်း”သည် အမှန်တကယ် သူတော်ကောင်းတရားတစ်ခု ဖြစ်သလော

အရင်က၊ တခြားလူတွေကို ကျွန်မ သည်းခံပြီး သဘောထားကြီးသင့်တယ်၊ သူတို့ရဲ့ ခံစားချက်တွေကို ထောက်ထားပြီး၊ သူတို့ရဲ့ အခက်အခဲတွေကို...

ကောင်းကင်နိုင်ငံတော်ဆီသို့ သွားသည့်လမ်းကြောင်းတွင် ကျွန်ုပ်ကို မည်သူတားဆီးသနည်း

ဟိန်ရှင်း ဗီယက်နမ်နိုင်ငံ ၂၀၂၀ ခုနှစ်၊ ဩဂုတ်လမှာ ညီမတစ်ယောက်က အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ အွန်လိုင်းစုဝေးပွဲကို ဖိတ်ခေါ်ခဲ့တယ်။...

အကဲဖြတ်ချက်တစ်ခု ရေးသားခြင်းအပေါ် သုံးသပ်ချက်များ

ထန်ထန် တရုတ်နိုင်ငံ ပြီးခဲ့တဲ့ ဧပြီလတုန်းက အသင်းတော်ရဲ့ စာအရေးအသားအလုပ်မှာ ငါက ဦးဆောင်ရတယ်။ တစ်ရက်ကျတော့ အပေါ်ခေါင်းဆောင်တစ်ယောက်ဆီက...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။