လူတစ်ယောက်ကို မျက်စိစုံမှိတ် ကိုးကွယ်ခြင်းရဲ့ အကျိုးဆက်များ

12.03.2023

ဝမ်ယင်း တရုတ်နိုင်ငံ

၂၀၁၅ခုနှစ်မှာ ကျွန်မက အသင်းတော်ခေါင်းဆောင်အဖြစ် အရွေးခံခဲ့ရတယ်။ အဲဒီအချိန်တုန်းက အသင်းတော်မှာ ကိုင်တွယ်ဖို့လိုတဲ့ အစီရင်ခံစာတချို့ရှိတယ်။ ဒါပေမဲ့ ကျွန်မက အသင်းတော်မှာ စလုပ်တာ မကြာသေးဘူး။ အရင်က အစီရင်ခံစာတွေကို တစ်ခါမှ မကိုင်တွယ်ဖူးဘူး။ အစီရင်ခံစာတွေရဲ့ စည်းမျဉ်းတွေကို ကျွန်မက မရင်းနှီးဘူး။ ဘယ်လို ကိုင်တွယ်ရမှန်းမသိဘူးပေါ့။ အဲဒါနဲ့ ကျွန်မ တော်တော်စိတ်ပူတယ်။ အဲဒီနောက်တော့ အထက်ခေါင်းဆောင်ပိုင်းက ဝမ်ကျင်ကို အစီရင်ခံစာအလုပ်ကို ဦးဆောင်ခိုင်းတယ်။ သူက ယုံကြည်သူဖြစ်တာ နှစ်နှစ်ဆယ်နီးပါးရှိပြီး ခေါင်းဆောင်အနေနဲ့ အစေခံခဲ့တယ်၊ အခု အစီရင်ခံစာအလုပ်ကို ကြီးကြပ်ဖို့ တာဝန်ပေးခံရတယ်လို့ ကျွန်မ ကြားရတယ်။ ကျွန်မ စဉ်းစားတယ်။ “သူက သမ္မာတရားတွေ အများကြီးနားလည်ပြီး သမ္မာတရားရဲ့ စစ်မှန်မှုရှိမှာပဲ။ ငါတို့အတွက် တော်တော် အထောက်အကူဖြစ်မှာပဲ” ပေါ့။ အဲဒီနောက်တော့ ဝမ်ကျင်က အစီရင်ခံစာတွေနဲ့ပတ်သက်ပြီး တော်တော်ရှင်းလင်းပြီး ယုတ္တိရှိတဲ့ စိစစ်ချက်တွေပေးတာကို ကျွန်မ တွေ့ရတယ်။ သူက အစီရင်ခံစာတွေထဲမှာ ပါလာတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ရုံမကဘူး။ လက်တွေ့ဘဝ ဥပမာတွေသုံးပြီး ပိုင်းခြားသိမြင်ခြင်း သမ္မာတရားနဲ့ပတ်သက်ပြီး အသိအမြင်ပါတဲ့ မိတ်သဟာယလည်းပေးတယ်။ လူတိုင်းရဲ့ ပြဿနာတွေကို ကိုင်တွယ်ဖို့ သင့်တော်တဲ့ ဘုရားနှုတ်ကပတ်တော်အပိုဒ်တွေကိုလည်း ရှာတွေ့တယ်။ ဒီဟာကြောင့် ဝမ်ကျင်ကို ကျွန်မ တော်တော်အထင်ကြီးသွားတယ်။ သူက သမ္မာတရားရဲ့ စစ်မှန်မှုရှိပြီး သူ့ဆီကနေ ရသလောက်သင်ယူသင့်တယ်လို့ ကျွန်မ မြင်မိတာပေါ့။ အဲဒီနောက်တော့ စုဝေးပွဲတွေ လုပ်နေတုန်းမှာ ဝမ်ကျင်က တချို့ ခက်ခဲတဲ့ အစီရင်ခံစာတွေ၊ သူများတွေက ဒါတွေကို ဘယ်လို ကောင်းကောင်းမကိုင်တွယ်တာ၊ သူကတော့ စည်းမျဉ်းတွေကို အသုံးပြုပြီး ပြဿနာတွေကို ပြုပြင်ပြီးတော့ နောက်ဆုံး ဖြေရှင်းပေးလိုက်တာတွေကို ဆွေးနွေးတယ်။ နည်းနည်းကြာလာတော့ သူ မဖြေရှင်းနိုင်တဲ့ ပြဿနာမရှိဘူးလို့ ကျွန်မ မြင်လာပြီး ကျွန်မ မသိစိတ်ကနေ သူ့ကို နည်းနည်းလေးစားလာတယ်။ နောက်တစ်ခါမှာတော့ တော်တော်ရှုပ်ထွေးတဲ့ ကိစ္စတစ်ခုပါတဲ့ အစီရင်ခံစာတစ်ခုကို ကျွန်မတို့ ရတယ်။ ဒါပေမဲ့ ဝမ်ကျင်က စကားနည်းနည်းလောက်ပြောပြီး ဒီကိစ္စရဲ့ အဓိကအချက်ကို ဖော်ထုတ်လိုက်ပြီး ပြဿနာကို အမြန်ဖြေရှင်းလိုက်တယ်။ အစ်မတစ်ယောက်က သူ့ကို လေးစားပြီးပြောတယ်။ “ဒီစာထဲက ပြဿနာကို ကျွန်မတို့တွေ တစ်ယောက်မှ မကိုင်တွယ်နိုင်ဘူး။ ကျွန်မတို့ ကြီးကြပ်ရေးမှူး အစ်မလင်ယုဟန်တောင် မဖြေရှင်းနိုင်ဘူး။ ဒါပေမဲ့ အစ်မက တစ်ခါပဲ မိတ်သဟာယဖွဲ့လိုက်တာနဲ့ ပြဿနာ ပြေလည်သွားတယ်။ အစ်မက တကယ်အရည်အချင်းရှိတာပဲ” တဲ့။ ဝမ်ကျင်က ဒီလိုချီးမွမ်းတာခံရတာ ပျော်တဲ့ပုံစံရှိပြီး စိတ်လှုပ်ရှားရင်းနဲ့ ခေါင်းညိတ်တယ်။ လင်ယုဟန်ကို ဝေဖန်တဲ့ မှတ်ချက်တွေကိုတောင် ကျွန်မတို့ကို ပြောပြတယ်။ သူက သူ့ကိုယ်သူ ဩဇာရှိအောင်လုပ်နေပြီး လင်ယုဟန်ကို နှိပ်ကွပ်နေတယ်ဆိုတာကို ကျွန်မ သတိထားမိသလိုလိုဖြစ်နေတယ်။ ဒါပေမဲ့ နောက်တော့ သူပြောသမျှက မှန်တယ်လို့ပဲ ကျွန်မ သုံးသပ်လိုက်တယ်။ အဲဒါနဲ့ ဘာမှ ထပ်မစဉ်းစားတော့ဘူး။ အဲဒီအစား ကျွန်မစဉ်းစားတာက နောက်ကျရင် ကျွန်မက ဝမ်ကျင်လိုမျိုး လူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ရင် ကျွန်မတာဝန်ကို သေချာပေါက် ကောင်းကောင်းလုပ်နိုင်မှာပဲ ပေါ့။ ဝမ်ကျင်က သူ့တာဝန်မှာ ရှိတဲ့ပြဿနာတွေ၊ ကျရှုံးမှုတွေ၊ ဘယ်လိုဖောက်ပြန်ပျက်စီးမှုနဲ့ အားနည်းချက်တွေကို သူပြတယ်၊ ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို သူ ဘယ်လို ရှာဖွေတယ်ဆိုတာတွေကို တစ်ခါမှ မဆွေးနွေးဘူး။ ဒီတော့ ကြာလာတော့ လူတိုင်းက သူ့ကို လေးစားလာတယ်။ ကျွန်မလည်း ဝမ်ကျင်နဲ့ စုဝေးတဲ့အတွက် သမ္မာတရားတွေ ပိုပြီး နားလည်နိုင်တယ်လို့ ခံစားမိတယ်။ ကျွန်မက ဝမ်ကျင်လိုမျိုး ပြဿနာတွေကို ဖြေရှင်းနိုင်ချင်တော့ သူက အစီရင်ခံစာတွေကို ဘယ်လိုစိစစ်တယ်၊ ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေတွေအပေါ် ဘယ်ဘုရားနှုတ်ကပတ်တော်တွေကို သူ ဆက်စပ်ပြီး ဘယ်လို မိတ်သဟာယဖွဲ့တယ်ဆိုတာတွေကို ကြည့်ဖို့ သူတက်တဲ့ စုဝေးပွဲတိုင်းကို ကျွန်မ သွားတယ်။ ဘောပင်နဲ့ စာရွက်နဲ့ အကုန်လုံး ချရေးတယ်။ အဲဒီနောက်တော့ ကျွန်မက တွဲဖက်အမှုဆောင်တွေနဲ့ စုဝေးတဲ့အချိန်မှာ ကျွန်မ မိတ်သဟာယပြုတဲ့ဟာအများစုက ဝမ်ကျင်ဆီကနေ ကျွန်မ သင်ခဲ့ရတာတွေပဲ။ တွဲဖက်အမှုဆောင်တွေက ကျွန်မ မိတ်သဟာယကို အာရုံစိုက်နားထောင်ပြီး စာနဲ့တောင်ရေးမှတ်ကြတာကို မြင်ရတော့ ကျွန်မက ဝမ်ကျင်လိုမျိုး ပါရမီရှိတဲ့ အမှုဆောင်တစ်ယောက်ဖြစ်တယ်၊ သူများတွေက ကျွန်မလုပ်တာကို ကျေနပ်မှာပဲ၊ ဘုရားက ကျွန်မကို ချီးကျူးလိမ့်မယ်ဆိုပြီး ခံစားမိတယ်။

အဲဒီနောက်တော့ ဝမ်ကျင်ကို ကျွန်မ ပိုပိုပြီး အားကိုးလာတယ်။ ခက်တဲ့ အစီရင်ခံစာတွေ၊ အစီရင်ခံစာအမှုဆောင်တွေရဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရတဲ့အခါမှာ ဘုရားကို ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေဖို့ ဘုရားရှေ့မှာ ကျွန်မ ငြိမ်သက်ခြင်းမရှိခဲ့ဘူး။ ဝမ်ကျင်က မိတ်သဟာယဖွဲ့ဖို့လာလိုက်တာနဲ့ ကျွန်မပြဿနာတွေအားလုံး ပြေလည်သွားမယ်လို့ ထင်ခဲ့တာပေါ့။ တဖြည်းဖြည်းနဲ့ ကျွန်မစိတ်နှလုံးထဲမှာ ဘုရားရဲ့ အဆင့်အတန်းက ပျောက်သွားပြီး ဝမ်ကျင်ရဲ့ အဆင့်အတန်းက လုံးဝ ပိုပြီး ကြီးလာနေတယ်။ ဘုရားသခင်ထက် လူတစ်ယောက်ကိုပိုပြီး အားကိုးခဲ့တယ်။ ကြာလာတော့ အသင်းတော်အလုပ်မှာရှိတဲ့ အရိုးရှင်းဆုံး ပြဿနာတွေကိုတောင် ကျွန်မ နားလည်ရခက်လာတယ်။ စုဝေးပွဲအချိန်မှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းဖွင့်ပြမှုကို ကျွန်မ မိတ်သဟာယမဖွဲ့နိုင်ဘူး။ အယူဝါဒဆိုင်ရာ အသိပညာကိုပဲ ကျွန်မ ပြောဆိုပြီး လူတွေရဲ့ အသက်ဝင်ရောက်မှုပြဿနာတွေကို မဖြေရှင်းနိုင်ဘူး။ ဘုရားက ကျွန်မကို ကျောခိုင်းသွားသလို ခံစားရပြီး အရမ်းဒုက္ခ ခံစားခဲ့ရတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ကျွန်မက ကိုယ့်ကိုယ်ကိုယ် မသုံးသပ်ဘူး။

စုဝေးပွဲတစ်ခုမလုပ်ခင်မှာ လမ်းတွေက နှင်းတွေကြောင့် ပိတ်နေပြီး ဘယ်ကားမှ မသွားနိုင်ဘူး။ ဝမ်ကျင်က သူ မလာနိုင်တော့ဘူးလို့ပြောပြီး ကျွန်မနဲ့ ကျွန်မ တွဲဖက်ကို စုဝေးပွဲကို ဦးဆောင်စီစဉ်ဖို့ ပြောတယ်။ ဒါကို ကျွန်မ ကြားလိုက်တော့ အားကိုးရာမဲ့သွားသလို ခံစားရတယ်။ စုဝေးပွဲမှာ အစီရင်ခံစာမှာပါတဲ့ ပြဿနာရဲ့ အရင်းအမြစ်ကို ကျွန်မ အဖြေမရှာနိုင်ဖြစ်ပြီး လုံးဝကို ပျာသွားတယ်။ ဒါပေမဲ့ သူများတွေကို ဘုရားကို ဆုတောင်းပြီး အားကိုးဖို့၊ ဘုရားနှုတ်ကပတ်တော်ထဲမှာ သမ္မာတရားစည်းမျဉ်းတွေကိုရှာဖို့ ကျွန်မ ညွှန်ပြမပေးခဲ့ဘူး။ အဲဒီအစား ဝမ်ကျင်ရောက်လာပြီး လက်ရှိရှိနေတဲ့ အရေးတကြီးကိစ္စကို ဖြေရှင်းလိုက်ဖို့ပဲ ဆန္ဒဖြစ်မိတယ်။ စုဝေးပွဲ အဆုံးသတ်တော့ အကျိုးမဖြစ်ခဲ့ဘဲ ကျွန်မတာဝန်ကို မဖြည့်ဆည်းခဲ့တာကြောင့် ကျွန်မ အပြစ်ရှိသလို ခံစားရတယ်။ ဒါပေမဲ့ ဘုရားရဲ့ ရည်ရွယ်ချက်ကို ကျွန်မ မရှာသေးဘူး။ ဝမ်ကျင်ရောက်လာပြီး ပြဿနာကို ဖြေရှင်းဖို့တစ်ခုတည်းကိုပဲ မျှော်လင့်နေခဲ့တယ်။ နောက်တစ်ခါကျတော့ ဝမ်ကျင်က ကျွန်မတို့အတွက် စုဝေးပွဲတစ်ခုကို ဦးဆောင်ပေးမယ်လို့ ပြောတယ်။ ဒါပေမဲ့ တစ်မနက်လုံး သူ့အရိပ်အယောင်တောင် မတွေ့ရဘူး။ အရင်တစ်ခေါက်ကလိုပဲ သူမလာနိုင်မှာကို ကျွန်မ လန့်ပြီးတော့ ကြောက်စိတ်တွေဖြစ်လာတယ်။ သူမလာရင် လူတိုင်းရဲ့ ပြဿနာတွေကို ကျွန်မ မဖြေရှင်းနိုင်မှာကို စိတ်ပူတာပေါ့။ နေ့လည်စာစားပြီးတော့ တံခါးဖွင့်သံကို ရုတ်တရက်ကြားလိုက်ရပြီး ဝမ်ကျင်ရောက်လာပြီဆိုတာ ကျွန်မ သိလိုက်တယ်။ ကျွန်မရဲ့ ကယ်တင်ရှင်ရောက်လာတော့ အပျော်လွန်ပြီး သူ့ကို နှုတ်ဆက်ဖို့ အမြန်သွားလိုက်တယ်။ ဒါပေမဲ့ အိမ်ဝင်းကို ဖြတ်သွားနေတုန်းမှာ ကျွန်မဟန်ချက်မညီဖြစ်သွားပြီး ခြေချင်းဝတ် အဆစ်လွဲသွားတယ်။ ကျွန်မ ခြေချင်းဝတ်က ဘောလုံးတစ်လုံးလို ရောင်လာပြီး အရမ်းနာတော့ လမ်းလျှောက်လို့မရဘူး။ ဒါပေမဲ့ ဝမ်ကျင်ရောက်လာပြီဆိုတော့ စုဝေးပွဲကို အမြန်လာဖို့ လူတိုင်းကို ကျွန်မက အကြောင်းကြားရမှာ။ သူတို့ပြဿနာတွေကို သူဖြေရှင်းပေးတာကို ဘယ်သူမှ လွတ်မသွားအောင်ပေါ့။ ဝေဒနာကို တွန်းကန်ရင်းနဲ့ အစ်မတစ်ယောက်ရဲ့အိမ်ကို ကျွန်မ သွားလိုက်တယ်။ ဒါပေမဲ့ တံခါးကို ကျွန်မ ခေါက်တော့မယ့်အချိန်မှာပဲ တစ်ခုခုကြောင့် ကျွန်မ ဟန်ချက်မညီဖြစ်ပြီး မြေပေါ်လဲကျသွားတယ်။ ကြိုးစားပြီး ပြန်ထပြီးတဲ့နောက်မှာ ကျွန်မညာလက်ဝါးက သွေးတွေနဲ့ ကျောက်မီးသွေးတွေ ပေနေတာကို တွေ့ရတယ်။ ဒီလိုဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်တော့ ကျွန်မစိတ်နှလုံးထဲမှာ ကြောက်စိတ်ဖြစ်လာတယ်။ ဝမ်ကျင်ကိုစောင့်နေတုန်းမှာ ကျွန်မ ခံစားရတဲ့ တောင့်တမှုက သိပ်ပြီး ပုံမှန်မဟုတ်တာကို ကျွန်မ ဝိုးတိုးဝါးတားနဲ့ သတိထားမိတယ်။ ဘုရားက ငါ့ကို ပဲ့ပြင်ဆုံးမနေတာလား ပေါ့။ အဲဒါနဲ့ ဘုရားကို ဆုတောင်းပြီး အဖြေရှာတယ်။ အဲဒီနောက်မှာ ဒီ ဘုရားနှုတ်ကပတ်တော်တွေကို တွေ့ရတယ်။ “ဘုရားသခင်ကို ယုံကြည်သောလူတို့သည် ဘုရားသခင်ကို နာခံကာ ကိုးကွယ်သင့်သည်။ မည်သည့်လူကိုမျှ မချီးမြှောက် သို့မဟုတ် မကြည်ညိုနှင့်။ သင်သည် ဘုရားသခင်အား ပထမနေရာ ပေးပြီး သင် ကြည်ညိုသောသူများကို ဒုတိယနေရာ ပေးကာ သင့်ကိုယ်သင် တတိယနေရာ ပေးခြင်း မပြုရ။ မည်သည့်လူမျှ သင်၏ စိတ်နှလုံးတွင် နေရာ မယူသင့်သကဲ့သို့၊ လူတို့ကို- အထူးသဖြင့် သင် ကြည်ညို လေးစားသူများကို- ဘုရားသခင်နှင့် တန်းတူဟု မယူဆသင့်ပေ။ ဤသည်မှာ ဘုရားသခင်ဖို့ သည်းမခံနိုင်ဖွယ်ရာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်၌ ဘုရားသခင် ရွေးချယ်ထားသောသူများ လိုက်နာရမည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တော် ဆယ်ရပ်) ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဆင်ခြင်ကြည့်တယ်။ ဝမ်ကျင်နဲ့ ကျွန်မ ဆက်ဆံခဲ့တဲ့ မြင်ကွင်းတွေအများကြီးက ကျွန်မ စိတ်ထဲမှာ ရုပ်ရှင်တစ်ခုထဲက ဗီနီယက်ပုံရိပ်တွေလို ပေါ်လာတယ်။ ဝမ်ကျင်ကို ကျွန်မ တွေ့ကတည်းက သူက ပါရမီရှိတယ်၊ စကားပြောကောင်းတယ်၊ တရားဟောကောင်းတယ်၊ အထူးသဖြင့် ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ တော်တယ်ဆိုတာ ကျွန်မ တွေ့ခဲ့တယ်။ ကျွန်မ ဘာလုပ်ရမှန်းမသိတဲ့ စာတွေတစ်ခုပြီး တစ်ခုကို သူက စိစစ်ပြီး မိတ်သဟာယဖွဲ့ပြီးတော့ လွယ်လွယ်လေး ဖြေရှင်းခဲ့တယ်။ ကျွန်မက မသိစိတ်ကနေ သူ့ကို စပြီး ကိုးကွယ်လာတယ်။ သူနဲ့အတူ စုဝေးပြီး သူ့မိတ်သဟာယကို နားထောင်ရင် သမ္မာတရားကို နားလည်ပြီး အသိအမြင်ရမှာပဲလို့ ထင်ခဲ့တယ်။ သူနဲ့ မစုဝေးရရင် သမ္မာတရားကိုရဖို့ အခွင့်အရေးတစ်ခုကို ဆုံးရှုံးရသလို ဖြစ်မှာပဲ ပေါ့. ဘုရားကို ဆုတောင်းပြီး သမ္မာတရားကို ရှာဖို့ထက် ဝမ်ကျင်နဲ့ စုဝေးပြီး မိတ်သဟာယဖွဲ့ဖို့ကို ကျွန်မ အလေးသာလာခဲ့တယ်။ ဝမ်ကျင်ကို လုံးဝ အားကိုးခဲ့တယ်။ ပြဿနာတွေ ပေါ်လာတဲ့အခါ ဘုရားကို ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေတာ မလုပ်ဘဲ သူလာပြီးတော့ မိတ်သဟာယဖွဲ့ပြီး ဖြေရှင်းတာကိုပဲ စောင့်ခဲ့တယ်။ လမ်းတွေပိတ်ပြီး သူမလာတဲ့အခါမှာ သူမပါဘဲ ကျွန်မတို့မလုပ်နိုင်ဘူးလို့ ခံစားမိခဲ့တယ်။ ကျွန်မက ဆင်ခြင်ကြည့်လေလေ၊ ကြောက်လာလေလေပဲ။ ဘုရားကို ယုံကြည်သူတွေက အရာအားလုံးထက် ဘုရားကို ကြောက်ရွံ့သင့်တယ်။ ဘုရားကို ကိုးကွယ်ပြီး အထင်ကြီးလေးစားသင့်တယ်။ ကျွန်မတို့ စိတ်နှလုံးထဲမှာ ဘယ်သူမှ နေရာတစ်ခု ရှိမနေသင့်ဘူး။ ဒါပေမဲ့ ကျွန်မ စိတ်နှလုံးထဲမှာ ဘုရားအတွက် နေရာမရှိခဲ့ဘူး။ အဲဒီအစား ကျွန်မ ကိုးကွယ်တဲ့သူကို မြှောက်စားခဲ့ပြီး သူတို့ကို ကြည်ညိုခဲ့တယ်။ ကျွန်မက ဘုရားကို ယုံကြည်ပေမဲ့ လူတစ်ယောက်ကို ကိုးကွယ်နေတာဖြစ်ပြီး ကိုယ်တိုင်မသိဘဲ ဘုရားရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားနေခဲ့တာပါ။ ဒီအခြေအနေက ကျွန်မအတွက် သတိပေးချက်တစ်ခုဖြစ်ပြီး ကာကွယ်ပေးတဲ့ ပုံစံတစ်ခုပါပဲ။ ဘုရားကို ကျွန်မ အမြန်ဆုတောင်းပြီး နောင်တရဖို့ အသင့်ဖြစ်နေခဲ့တာပေါ့။

အဲဒီနောက်တော့ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်၏ အဆင့်သည် မည်သို့ဖြစ်စေ သမ္မာတရားအနည်းငယ်အပေါ် ၎င်းတို့နားလည်ပြီး ဆုကျေးဇူးအနည်းငယ် ရှိခြင်းကြောင့် ၎င်းတို့ကို သင်တို့ကိုးကွယ်သည့်အပြင် သမ္မာတရား၏ စစ်မှန်မှုကို ၎င်းတို့ ပိုင်ဆိုင်သည်၊ သင်တို့ကို ၎င်းတို့ကူညီနိုင်သည်ဟု ယုံကြည်လျှင်၊ အရာအားလုံး၌ ၎င်းတို့ကို ကြည်ညိုလေးစားပြီး မှီခိုလျှင်၊ ဤအရာမှတစ်ဆင့် ကယ်တင်ခြင်းကို ရယူရန် ကြိုးစားလျှင် သင်တို့သည် မိုက်မဲပြီး အသိဉာဏ်မဲ့ကြကာ အဆုံး၌ အားလုံးက အလဟဿဖြစ်သွားလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် စမှတ်က ပင်ကိုအားဖြင့် မှားယွင်းနေသောကြောင့်ဖြစ်သည်။ လူတစ်ယောက်သည် သမ္မာတရားမည်မျှကို နားလည်သည်ဖြစ်စေ ခရစ်တော်၏ ကိုယ်စား မည်သူမျှ မရပ်တည်နိုင်ပေ။ ၎င်းတို့ မည်မျှ ဆုကျေးဇူးရှိပါစေ ဤသည်မှာ ၎င်းတို့က သမ္မာတရားကို ပိုင်ဆိုင်သည်ဟု မဆိုလိုပေ။ ထို့ကြောင့် လူများကို ကိုးကွယ်၊ ကြည်ညိုလေးစားပြီး လိုက်လျှောက်သူတို့သည် အဆုံးတွင် အားလုံးထုတ်ပယ်ခြင်းခံရမည်။ ၎င်းတို့အားလုံး ရှုတ်ချခံရမည်။ လူများသည် ဘုရားသခင်ကို ယုံကြည်သည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်ကို ကြည်ညိုလေးစားပြီး ဘုရားသခင်နောက်ကို လိုက်ရုံသာရှိသည်။ ခေါင်းဆောင်များအကြားတွင် ၎င်းတို့၏ရာထူးအဆင့်က မည်သို့ရှိပါစေ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သာမန်လူများပင် ဖြစ်သည်။ သင်က ၎င်းတို့ကို သင်၏ကြီးကြပ်သူများအဖြစ် မြင်ပါက၊ သင့်ထက် ၎င်းတို့က သာလွန်ကြောင်း၊ ၎င်းတို့သည် သင့်ထက် ပို၍ သာ၍ အရည်အချင်း ရှိကြောင်း၊ ပြီးလျှင် ၎င်းတို့က သင့်ကို ဦးဆောင်သင့်ကြောင်း၊ ၎င်းတို့သည် အဘက်ဘက်တွင် အခြားလူတိုင်းထက် အရည်အသွေးပိုပြည့်မီကြောင်း သင်ခံစားရပါက ယင်းမှာ မှားယွင်းသည်- ယင်းမှာ သင်၏ ထင်ယောင်ထင်မှား ဖြစ်ခြင်းသာ ဖြစ်သည်။ ပြီးလျှင် ဤထင်ယောင်ထင်မှား ဖြစ်ခြင်းက မည်သည့်အကျိုးဆက်များကို ဖြစ်စေသနည်း။ ဤအရာသည် သင့်ကို လက်တွေ့အရှိတရားနှင့် မကိုက်ညီသည့် သတ်မှတ်ချက်များဖြင့် သင်၏ခေါင်းဆောင်များကို မရည်ရွယ်ဘဲ အကဲဖြတ်မိစေလိမ့်မည်။ ပြီးလျှင် ၎င်းတို့တွင်ရှိသော ပြဿနာများနှင့် အားနည်းချက်များကို မှန်ကန်စွာ ကိုင်တွယ်နိုင်ခြင်းမရှိ ဖြစ်လိမ့်မည်။ တစ်ချိန်တည်းမှာပင် သင်မသိလိုက်မီတွင် သင်သည် ၎င်းတို့ကို ကိုးကွယ်နေကာ ၎င်းတို့သည် သင်၏ဘုရားများ ဖြစ်လာကြသည်အထိ သင်သည် ၎င်းတို့၏ ဟန်ပါသည့်အသွင်၏၊ ပင်ကိုစွမ်းရည်များ၏ အကြီးအကျယ် ဆွဲဆောင်ခြင်းကိုလည်း မသိလိုက်ပါဘဲနှင့် ခံရလိမ့်မည်။ ၎င်းတို့သည် သင်၏ကိုးကွယ်ခြင်းခံရသူ၊ သင်၏အတုယူစံထားထိုက်သူ စဖြစ်လာသည့် အချိန်မှစပြီး သင်သည် ၎င်းတို့၏နောက်လိုက်များထဲမှ တစ်ဦးဖြစ်လာသည့် အချိန်အထိ ထိုလမ်းကြောင်းသည် သင့်ကို ဘုရားသခင်ထံမှ မရည်ရွယ်ဘဲ ဝေးကွာစေမည့် လမ်းကြောင်းဖြစ်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၆)နက်နဲသော ဒေသနာတစ်ခုကို ဟောကြားနိုင်သည့်သူ သို့မဟုတ် အာဝဇ္ဇန်း ကောင်းသူ မည်သူကိုမဆို လူအချို့က သဘောကျကြပြီး၊ ဒေသနာများ ဟောကြားသည့်အခါ အဟန့်ကောင်းသည့် ဟန်ပန်ရှိသည့်သူများအား ငမ်းငမ်းတက်လိုချင်ကြသည်။ ဤသည်မှာ ရှိရမည့် မှန်ကန်သော အမြင်ဖြစ်သလော။ ထိုသို့သော ပန်းတိုင်တစ်ခုကို ရှာဖွေဖို့ သင့်တော်သလော။ (မသင့်တော်ပါ။) သို့ဆိုလျှင် အဘယ်အရာသည် မှန်ကန်သနည်း။ သင်သည် အဘယ်လူစားမျိုး ဖြစ်လာဖို့ ကြိုးစားသင့်သနည်း။ (ခပ်လျှိုလျှိုနေသကဲ့သို့ အသိတရားရှိရှိ လက်တွေ့ကျသော စိတ်နေစိတ်ထားဖြင့် မိမိတို့ တာဝန်ကို ထမ်းဆောင်သူ၊ ကောင်းမွန်စွာ ပြုမူပြီး လက်တွေ့ကျသောနည်းဖြင့် ဆောင်ရွက်သောသူဖြစ်သည်။) မှန်ပေသည်။ သင်တို့သည် မည်သို့ပင်ဖြစ်စေ ဆုတောင်းခြင်းမှ လမ်းမလွဲဘဲ၊ ဘုရားနှုတ်ကပတ်တော်များမှ လမ်းမလွဲဘဲ လက်တွေ့ကျသော နည်းလမ်းဖြင့် ပြုမူပြီး လုပ်ဆောင်ရမည်။ ဘုရားသခင် ရှေ့မှောက်သို့ မကြာခဏ လာရောက်ပြီး သူနှင့် စစ်မှန်သော မိတ်သဟာယပြုလော့။ ဤသည်တို့မှာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အဓိကကျသောအရာများ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို ရယူခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ရယူခြင်းဖြစ်၏) ဘုရားကို ယုံကြည်သူတစ်ယောက်အနေနဲ့ ဘုရားရှေ့ကို ကျွန်မတို့ ခဏခဏလာရမယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် ကျွန်မ သိရတယ်။ အရာရာမှာ ကျွန်မတို့က ဘုရားကို ဆုတောင်းသင့်တယ်။ သမ္မာတရားကို ရှာဖွေသင့်တယ်။ ဘုရားရဲ့ တောင်းဆိုချက်တွေအတိုင်း တာဝန်တွေကို ဖြည့်ဆည်းသင့်တယ်။ အရာအားလုံးထက် သူ့ကို ကြောက်ရွံ့ပြီး ဘယ်သူ့ကိုမှ လုံးဝ မကိုးကွယ်သင့်ဘူး။ သူတို့ပါရမီတွေ၊ အလုပ်မှာ သူတို့ရဲ့ စွမ်းရည်တွေ၊ ပြဿနာတွေကို ဖြေရှင်းတဲ့ သူတို့ရဲ့ အရည်အချင်းတွေက ဘယ်လိုပဲ ဖြစ်ပါစေ ဒါတွေအားလုံးကို ဘုရားသခင်က ချပေးတာပါ။ လူတွေက အသိအမြင်ပါတဲ့ မိတ်သဟာယတွေပေးတာဟာ ဘုရားရဲ့ ဉာဏ်အလင်းဖွင့်ပြမှုကတစ်ဆင့်ဖြစ်ပါတယ်။ သူတို့ရဲ့ မိတ်သဟာယက လမ်းကြောင်းတစ်ခုကို ရှင်းလင်းပြရင် ဘုရားနှုတ်ကပတ်တော်နဲ့၊ သမ္မာတရားနဲ့ ညီနေလို့ပါ။ ကျွန်မနားမလည်တာတွေကို သူတို့နဲ့အတူ ရှာဖွေပြီး သူတို့အားသာချက်တွေကနေ သင်ယူနိုင်တယ်။ ဒါပေမဲ့ သူတို့က ဘယ်လောက်ကောင်းကောင်း မိတ်သဟာယပြုပါစေ နောက်ဆုံးမှာ ဘုရားသခင်ဆီက လာတယ်လို့ မှတ်ယူသင့်ပြီး လူတွေကိုပဲ မကိုးကွယ်သင့်ပါဘူး။ အဲဒီနောက်တော့ ဘုရားနှုတ်ကပတ်တော်နဲ့အညီ ကျွန်မ လက်တွေ့လုပ်တယ်။ ဝမ်ကျင်ကိုပဲ အရမ်းမှီခိုနေတာကို ရပ်လိုက်တယ်။ ပြဿနာတွေရှိတဲ့အခါ ဘုရားကို ဆုတောင်းပြီး ဘုရားနှုတ်ကပတ်တော်တွေမှာ သက်ဆိုင်တဲ့ သမ္မာတရားစည်းမျဉ်းတွေကို ရှာတယ်။ တစ်ခါတလေမှာ ကျွန်မ တစ်ခုခုကို အဖြေရှာမရရင် ဝမ်ကျင်ကို မေးတယ်။ ဒါပေမဲ့ ကျွန်မက သူ့ကိုပဲ လုံးဝ လေးစားနေမယ့်အစား ဘုရားရှေ့မှာ သတိရှိရှိနဲ့ ကိုယ့်ကိုယ်ကိုယ် ငြိမ်သက်စေတယ်။ ဘယ်သမ္မာတရားရှုထောင့်ကို သူ မိတ်သဟာယပြုတယ်ဆိုတာကို အာရုံစိုက်တယ်။ တဖြည်းဖြည်းနဲ့ ဝမ်ကျင်အပေါ်ကို ပိုပြီး သာမန်ဖြစ်တဲ့ အမြင်ရှိလာတယ်။ အစီရင်ခံစာတွေထဲက တချို့ပြဿနာတွေကို ဖြေရှင်းနိုင်ခဲ့တယ်။ နောက်ပိုင်းမှာ ဝမ်ကျင်က တခြားအသင်းတော်မှာ ခေါင်းဆောင်အဖြစ် အရွေးခံရတယ်။ သူမရှိတဲ့အချိန်မှာ ကျွန်မ ပျာတာတာ မဖြစ်တော့ဘူး။ စုဝေးပွဲအချိန်တွေမှာ ခက်ခဲတဲ့ပြဿနာတွေ ပေါ်လာတဲ့အခါ ကျွန်မက သူများတွေနဲ့အတူ ဘုရားကို ဆုတောင်းပြီး အားကိုးတယ်။ ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် လက်တွေ့လုပ်ဖို့ လမ်းကြောင်းရှာတယ်။ ပြဿနာကို ကျွန်မ မဖြေရှင်းနိုင်တော့မှပဲ ခေါင်းဆောင်၊ ဒါမှမဟုတ် သမ္မာတရားကိုနားလည်သူ တစ်ယောက်ယောက်ကို မေးတယ်။ ကျွန်မတို့ ပြဿနာတွေက တဖြည်းဖြည်း ပြေလည်သွားပြီး နည်းနည်းတိုးတက်လာတာကို ကျွန်မ ကြုံတွေ့ရတယ်။

အဲဒီနောက် မကြာခင်မှာပဲ အထက်ခေါင်းဆောင်တစ်ယောက်က ကျွန်မဆီကို စာရေးတယ်။ ဝမ်ကျင်က အလုပ်မှာ သူ့ပါရမီတွေကို အားကိုးနေပြီး သမ္မာတရားကို မရှာဘူး တဲ့။ သူ့ကို သူများတွေလေးစားပြီး ကိုးကွယ်အောင် အမြဲတမ်း ကိုယ်ရည်သွေးပြီး သူ့ကိုယ်သူ ဂုဏ်တင်နေတယ်။ သူက ကိုင်တွယ်ဖြေရှင်းတာကို လက်မခံဘူး။ သူ့ကိုယ်သူ ပြန်ဆင်ခြင်မကြည့်ဘူး။ အန္တိခရစ်လမ်းကြောင်းကို လျှောက်လို့ သူက ဖော်ထုတ်ခံရပြီး အယောင်ဆောင်ခေါင်းဆောင်ဖြစ်တဲ့အတွက် အထုတ်ခံရတယ်။ ဒီဟာက ကျွန်မအပေါ် အလေးအနက် သက်ရောက်မှုရှိသွားတယ်။ ဝမ်ကျင်နဲ့ ကျွန်မ အတူရှိတဲ့အချိန်တွေမှာ ဒီအပြုအမူတွေကို သူက ပြနေပြီ။ သူ့တာဝန်မှာ ဘာဖောက်ပြန်ပျက်စီးမှုကို ဖွင့်ပြခဲ့တယ်၊ ဘယ်လို ကျရှုံးမှုတွေကို သူ ကြုံတွေ့ခဲ့တယ်ဆိုတာတွေကို သူက တစ်ခါမှ မဆွေးနွေးဘူး။ သူ့အောင်မြင်မှုတွေအကြောင်းပဲ ပြောတယ်။ သူမဖြေရှင်းနိုင်တဲ့ ပြဿနာ မရှိသလိုမျိုးပေါ့။ ရလဒ်အနေနဲ့ လူတိုင်းက သူ့ကို အထင်ကြီးလေးစားပြီး ကိုးကွယ်ကြတယ်။ နောက်ပိုင်းမှာ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မ တွေ့တယ်။ “အခြားသူများသည် မိမိတို့ကိုယ်ကိုယ်အကြောင်း ထပ်တလဲလဲ သက်သေခံဖို့၊ မိမိတို့၏ သြဇာအာဏာ အရှိန်အဝါကို မြှင့်တင်ဖို့နှင့် လူများနှင့် အဆင့်အတန်းအတွက် ဘုရားသခင်နှင့် ယှဉ်ပြိုင်ရန် မိမိတို့၏ ရာထူးများကို အသုံးပြုကောင်း အသုံးပြုကြစဉ်တွင်၊ ၎င်းတို့သည် လူများကို သိမ်းသွင်းနိုင်ဖို့နှင့် ထိန်းချုပ်ဖို့ စဉ်ဆက်မပြတ် ကြိုးစားရင်း၊ လူတို့ကို ၎င်းတို့အား ကိုးကွယ်စေရန် နည်းလမ်းအမျိုးမျိုးနှင့် ဆောင်ရွက်မှုအမျိုးမျိုးကို အသုံးပြုကြလေသည်။ အချို့သည် ဘုရားသခင်ကဲ့သို့ ဆက်ဆံခြင်းခံရနိုင်ဖို့အလို့ငှာ၊ ၎င်းတို့မှာ ဘုရားသခင် ဖြစ်သည်ဟု တွေးထင်စေရန် လူများကို တမင်တကာ လှည့်စားကြသည်။ ၎င်းတို့သည် ဖောက်ပြန်ဖျက်ဆီးခြင်း ခံခဲ့ရဖူးသည်- ၎င်းတို့သည်လည်း ဖောက်ပြန်ပျက်စီးပြီး မာနထောင်လွှားသော သူများဖြစ်သည်၊ ၎င်းတို့ကို မကိုးကွယ်ကြဖို့နှင့် သူတို့မည်မျှကောင်းစွာ လုပ်ဆောင်ကြသည်ဖြစ်စေ ထိုအရာအားလုံးမှာ ဘုရားသခင်၏ ချီးမြှောက်ခြင်းကြောင့် ဖြစ်ပြီး၊ မည်သို့ပင်ဖြစ်စေ ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို ၎င်းတို့ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု တစ်စုံတစ်ဦးကို မည်သည့်အခါတွင်မျှ ပြောမည်မဟုတ်။ အဘယ့်ကြောင့် ဤအရာများကို ၎င်းတို့ မပြောကြသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် လူတို့၏ စိတ်နှလုံးထဲ၌ မိမိတို့၏နေရာ ဆုံးရှုံးသွားမည်ကို အလွန်အမင်း စိုးရွံ့ကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်ကို မည်သည့်အခါတွင်မျှ မချီးမြှောက်ဘဲ ဘုရားသခင်အတွက် မည်သည့်အခါတွင်မျှ သက်သေ မခံကြပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)) ဘုရားနှုတ်ကပတ်တော်နဲ့ ယှဉ်ပြီး သူ့ကို ကြည့်တဲ့အခါမှာ ဝမ်ကျင်အကြောင်းကို ကျွန်မ နည်းနည်းသိလာတယ်။ သူက အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာ သမ္မာတရားကို သူ ဘယ်လိုရှာဖွေတယ်၊ ခက်ခဲတဲ့စာတွေ တစ်ခုပြီးတစ်ခုကို ဘယ်လို အလွယ်တကူ ကိုင်တွယ်တယ်၊ သူများတွေရဲ့ ပြဿနာတွေကို ဘယ်လိုကူဖြေရှင်းပေးတယ်ဆိုတာတွေကို ခဏခဏ မိတ်သဟာယဖွဲ့တယ်။ ဒါပေမဲ့ သူကိုယ်တိုင်ရဲ့ ဖောက်ပြန်မှုတွေ၊ ချို့ယွင်းချက်တွေကို သိပ်မပြောဘူး။ သူ့ဖောက်ပြန်ပျက်စီးမှုနဲ့ အားနည်းချက်ကို သိပ်ပြီး ဖွင့်မပြောဘူး။ သူ မှားပြီး အကဲဖြတ်တဲ့၊ နားမလည်နိုင်တဲ့ ပြဿနာ၊ စာတစ်ခုခုကို တစ်ခါမှ မဆွေးနွေးဘူး။ အဲဒါတွေကြောင့် သူ့အားနည်းချက်တွေကို ဘယ်လိုပေါ်လွင်စေတယ် ဆိုတာ လုံးဝ မဆွေးနွေးဘူး။ သူနားမလည်တဲ့ ပြဿနာတွေအကြောင်း၊ သူများတွေက သူ့ကို ဘယ်လိုကူညီခဲ့ပြီး ဒါကြောင့်မို့ ဘယ်သမ္မာတရားရှုထောင့်ကို သူနားလည်သွားတယ်ဆိုတဲ့ အကြောင်းတွေကို လည်း တစ်ခါမှ မပြောဘူး။ သူဟန်လုပ်ထားတဲ့ ပြည့်စုံမှုရှိတဲ့ အယောင်ဆောင်မျက်နှာဖုံးကိုပဲ လူတွေကို မြင်ခွင့်ပေးတယ်။ ကျွန်မတို့က သူ့ကို ကိုးကွယ်ပြီး ချီးမွမ်းကြတဲ့အခါမှာ သူက လူတွေကိုပဲ မကိုးကွယ်ဖို့ကို မိတ်သဟာယမဖွဲ့ဘူး။ တော်တော်ကို သဘောတွေ့ပြီး ပျော်နေတဲ့ပုံစံပဲရှိတယ်။ ဘုရားနှုတ်ကပတ်တော်နဲ့ ယှဉ်ပြီး သူ့အပြုအမူကို ရိပ်စားမိတော့ သူက သူ့အလုပ်နဲ့ တရားဟောတာတွေမှာ သူ့အရည်အချင်းတွေကိုပဲ အားကိုးတယ်၊ ဘုရားကို လုံးဝ မချီးမြှောက်ဘူး၊ သက်သေမခံဘူး၊ သူများတွေကို လှည့်စားဖို့အတွက် သူ့ကိုယ်သူပဲ အစွမ်းပြတယ်၊ ဒါကြောင့် လူတွေက သူ့ရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ အားနည်းချက်တွေကို မမြင်တော့ဘဲ သူ့ကို ကိုးကွယ်ပြီး သူ့နောက်လိုက်ကြတယ်ဆိုတာ ကျွန်မ မြင်သွားတယ်။ သူက လူတွေရဲ့ စိတ်နှလုံးထဲမှာ နေရာရဖို့အတွက် ဒီလိုပြုမူတာပါ။ ဘယ်လောက် သစ္စာဖောက်ပြီး ဆိုးယုတ်သလဲ။ ဒါပေမဲ့ သူ့အပြုအမူကို ကျွန်မ မရိပ်စားမိရုံမကဘူး။ သူပါရမီတွေ၊ ပြဿနာကို ဖြေရှင်းတဲ့ ကျွမ်းကျင်မှုနဲ့ အရည်အချင်းတွေကိုတောင် လေးစားခဲ့တယ်။ သူက သမ္မာတရားကို နားလည်တယ်၊ သမ္မာတရားရဲ့ စစ်မှန်မှုရှိတယ်လို့ ကျွန်မ ထင်ပြီးတော့ သူ့ကို ကိုးကွယ်ခဲ့တယ်။ ကျွန်မ တော်တော်ကို မျက်စိကန်းနေခဲ့တာပဲ။

အဲဒီနောက်တော့ ဒီ ဘုရားနှုတ်ကပတ်တော်အပိုဒ်တွေကို ကျွန်မ တွေ့မိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အပြင်ပန်းအားဖြင့် ဝိညာဉ်ရေးပြည့်ဝသယောင်၊ မြင့်မြတ်သယောင် ခံ့ညားပြီး ကြီးမြတ်သယောင် ထင်ရသောသူများ၏ လှည့်စားခြင်းကို မကြာခဏခံရသော လူအချို့ရှိလေသည်။ ကျမ်းဟောင်းတရားများ နှင့် အယူဝါဒများကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သောသူများနှင့် ၎င်းတို့၏ အဟောအပြောနှင့် လုပ်ရပ်များမှာ လေးစားထိုက်သယောင် ထင်ရသောသူများနှင့်ပတ်သက်၍၊ ၎င်းတို့၏ လှည့်စားခြင်းကို ခံရသူများသည် ၎င်းတို့လုပ်ရပ်များ၏ အနှစ်သာရ၊ ၎င်းတို့လုပ်ဆောင်ချက်များ၏ နောက်ကွယ်မှ နိယာမများ၊ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်များမှာ မည်သည်တို့ဖြစ်ကြောင်းကို မည်သည့်အခါမျှ ကြည့်ရှုစစ်ဆေးခြင်း မပြုလုပ်ဖူးကြပေ။ ထို့အပြင် သူတို့သည် ထိုလူတို့က ဘုရားသခင်ကို အမှန်တကယ် နာခံခြင်းရှိ မရှိကို မည်သည့်အခါမျှ စစ်ဆေးကြည့်ရှုခြင်း မရှိခဲ့ကြသည့်အပြင်၊ ထိုလူတို့သည် ဘုရားသခင်ကို စစ်မှန်စွာ ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သောသူ ဟုတ်မဟုတ်ကို မည်သည့်အခါမျှ မစိစစ်ခဲ့ကြဖူးပေ။ သူတို့သည် ထိုလူတို့၏ လူ့သဘာဝ၏အနှစ်သာရကို မည်သည့်အခါမျှ သတိပြုမိခဲ့ခြင်း မရှိပေ။ ထို့ထက် ထိုသူတို့နှင့် သိကျွမ်းလာသည့် ပထမခြေလှမ်းမှစတင်ကာ သူတို့သည် တဖြည်းဖြည်းချင်း ထိုလူတို့ကို အားကျခြင်း၊ ကြည်ညိုလေးစားခြင်း ဖြစ်လာပြီး၊ အဆုံးတွင် ထိုလူတို့သည် သူတို့၏ ကိုးကွယ်ရာပုဂ္ဂိုလ်များ ဖြစ်လာတော့သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ)လူတို့သည် ပေါ့တန်သော အကြောင်းအရာများ သို့မဟုတ် လေးနက်သော အကြောင်းအရာများ၊ သို့တည်းမဟုတ် ကျမ်းဟောင်းတရားများ နှင့် သြဝါဒများ သို့မဟုတ် စစ်မှန်မှုအပေါ် အာရုံစိုက်သည်ဖြစ်စေ၊ မစိုက်သည်ဖြစ်စေ သူတို့သည် ၎င်းတို့ လိုက်နာစောင့်ထိန်းသင့်ဆုံးသော အရာကို လိုက်နာစောင့်ထိန်းခြင်း မရှိသည့်အပြင် ၎င်းတို့ အသိသင့်ဆုံးသောအရာမှာ မည်သည့်အရာ ဖြစ်ကြောင်းကိုလည်း မသိကြချေ။ ဤအရာ၏ အကြောင်းရင်းမှာ လူတို့သည် သမ္မာတရားကို လုံးဝ မနှစ်သက်ခြင်းကြောင့် ဖြစ်သည်။ သို့ဖြစ်၍ သူတို့သည် ဘုရားသခင်၏ မိန့်မြွက်ချက်များတွင် တွေ့ရသော လက်တွေ့ကျင့်သုံးမှု နိယာမများကို ရှာဖွေရန်နှင့် လက်တွေ့လုပ်ဆောင်ရန် အချိန်နှင့်လုံ့လ မစိုက်ထုတ်လိုကြခြင်း ဖြစ်သည်။ ထိုအစား ၎င်းတို့သည် ဖြတ်လမ်းများကို အသုံးပြုရန်နှင့် ကောင်းသောအလေ့အထနှင့် ကောင်းသောအပြုအမူ ဖြစ်မည်ဟု ၎င်းတို့ နားလည်သိကျွမ်းသော အရာတို့ကို ပေါင်းရုံးရန် ပို၍နှစ်သက်ကြသည်။ ထိုအခါ ဤအကျဉ်းချုပ်သည် လိုက်လျှောက်ရမည့် ၎င်းတို့၏ကိုယ်ပိုင် ရည်မှန်းချက်ပန်းတိုင်ဖြစ်လာပြီး ယင်းကို လက်တွေ့ကျင့်သုံးရမည့် သမ္မာတရားအဖြစ် ၎င်းတို့ သဘောထားကြသည်။ ဤအရာ၏ တိုက်ရိုက် အကျိုးဆက်မှာ လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်အတွက် လူ၏ ကောင်းသောအပြုအမူကို အစားထိုးသည့် အရာတစ်ခုအဖြစ် အသုံးပြုကြသည်၊ ၎င်းက ဘုရားသခင်ထံ မျက်နှာလိုမျက်နှာရလုပ်ရန် လူတို့၏ လိုအင်ဆန္ဒကိုလည်း ဖြည့်ဆည်းပေးသည်။ ဤအရာက သူတို့အား သမ္မာတရားနှင့် ဆန့်ကျင်ရန် အသာစီးရစေပြီး ယင်းကို လူတို့က ဘုရားအား အကြောင်းပြချက်ပေးပြီး ယှဉ်ပြိုင်ရန် အတွက်လည်း အသုံးပြုကြသည်။ တစ်ချိန်တည်းတွင် လူတို့သည် ဘုရားသခင်ကို မရိုးမဖြောင့်စွာဖြင့် ဘေးဖယ်ထားပြီး ၎င်းတို့၏ ကိုးကွယ်ရာပုဂ္ဂိုလ်များကို ဘုရားသခင်၏ နေရာ၌ ထားကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ) ကျွန်မ ယုံကြည်လာတဲ့ နှစ်တွေအများကြီးမှာ ဒီလွဲမှားနေတဲ့ အယူအဆ အမြဲတမ်းရှိခဲ့တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် ကျွန်မ မြင်သွားတယ်။ ကောင်းကောင်းအလုပ်လုပ်ပြီး တရားဟောတဲ့၊ ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ တော်ပြီး ပါရမီရှိတဲ့လူတွေက သမ္မာတရားကို အလိုလို နားလည်ပြီးသားဖြစ်ပြီး သမ္မာတရားရဲ့ စစ်မှန်မှုရှိတယ်လို့ ကျွန်မ ယူဆခဲ့တယ်။ သမ္မာတရားရဲ့ စစ်မှန်မှုက ဘာလဲဆိုတာ ကျွန်မ လုံးဝမသိဘူးဆိုတာ သဘောပေါက်သွားတယ်။ ဘုရားသခင်က လူတွေရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေသန့်စင်ပြီး သမ္မာတရားရဲ့ စစ်မှန်မှုထဲကို ဝင်ရောက်ပြီး တကယ့်လူသားပုံသဏ္ဌာန်တစ်ခုနဲ့ အသက်ရှင်နေထိုင်ခွင့်ပေးဖို့အတွက် သမ္မာတရားကို ဖော်ပြပြီး တရားစီရင်ခြင်းအမှုကို ပြုပါတယ်။ လူတစ်ယောက်က သူများတွေရဲ့ ပြဿနာတွေကို ဖြေရှင်းပြီး တခြားလူတွေကို ရိပ်စားမိနိုင်တာပဲရှိတယ်၊ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ကိုင်တွယ်ဖြေရှင်းခြင်းကိုပါ လက်မခံနိုင်ဘူးဆိုရင် သူက ဘယ်လောက် ပါရမီရှိပါစေ၊ ဘယ်လောက်ကောင်းကောင်း အလုပ်လုပ်ပြီး တရားဟောပါစေ သမ္မာတရားရဲ့ စစ်မှန်မှုမရှိသေးပါဘူး။ ဝမ်ကျင်က သူ့ကိုယ်သူသိခြင်းနဲ့ပတ်သက်ပြီး လုံးဝ မပြောဘူး။ သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဘယ်တော့မှ ဖွင့်မပြဘူး၊ မစိစစ်ဘူး။ သမ္မာတရားကို လက်မခံဘူး။ ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းတာခံရတဲ့အခါ တကယ်မနာခံဘူး။ သူက ဘယ်လိုလုပ် သမ္မာတရားရဲ့ စစ်မှန်မှုရှိနိုင်မှာလဲ။ သူက အစီရင်ခံစာတွေကိုပဲ ကိုင်တွယ်နိုင်တာ။ အလုပ်အတွေ့အကြုံနည်းနည်းရှိပြီး စည်းမျဉ်းတွေကို နည်းနည်းပိုသိလို့ပါ။ ဒါပေမဲ့ ဒါက သူ့မှာ သမ္မာတရားရဲ့ စစ်မှန်မှုရှိတယ်လို့ မဆိုလိုပါဘူး။ သမ္မာတရားကို ကျွန်မ နားမလည်ဘဲ သူ့ကို မရိပ်စားမိနိုင်ခဲ့ဘူး။ သူ့ကို မျက်စိစုံမှိတ် ကိုးကွယ်ပြီး အရမ်းလေးစားရသူအဖြစ်တောင် မှတ်ယူခဲ့တယ်။ သူ့ကို အတုခိုးပြီး လိုက်တုဖို့ ကြိုးစားခဲ့တယ်။ ဘယ်လောက် မိုက်မဲလိုက်သလဲ။ ယုံကြည်ခြင်းကို ဒီလို ကျင့်သုံးနေပြီး ကျွန်မက အရမ်းကို အန္တရာယ်ကျရောက်နေတာပါ။

နောက်ပိုင်းမှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် တွေ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သင် လေးစားအားကျသည်မှာ ခရစ်တော်၏နှိမ့်ချမှု မဟုတ်ဘဲ ထင်ရှားသည့် အဆင့်အတန်း ရှိသော သိုးထိန်းယောင်ဆောင်သူများကို ဖြစ်သည်။ သင်သည် ခရစ်တော်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှု၊ သို့မဟုတ် ဉာဏ်ပညာကို မကြည်ညိုဘဲ၊ ကမ္ဘာလောက၏ ဆိုးညစ်မှုတွင် မွေ့လျော်နေသည့်အကျင့်သီလမဲ့သူများကို ကြည်ညိုပေသည်။ ခေါင်းချရန် နေရာ မရှိသော ခရစ်တော်၏ နာကျင်မှုဝေဒနာကို သင် လှောင်သွေးသွမ်းသည်၊ သို့သော် လှူဖွယ်ပစ္စည်းများကို ရှာဖွေပြီး၊ သောက်စားပျော်ပါးမှုတွင် အသက်ရှင်သည့် အလောင်းကောင်များကို သင် လေးစားအားကျ၏။ သင်သည် ခရစ်တော်နှင့်အတူ ဆင်းရဲဒုက္ခခံစားရန် လိုလားမနေဘဲ၊ သင့်ကို ဇာတိပကတိ၊ စကားလုံးများနှင့် ထိန်းချုပ်မှုတို့ကိုသာ ပေးသည့် အဆင်အခြင်မဲ့သော အန္တိခရစ်များ၏ ရင်ခွင်ထဲသို့ ဝမ်းပန်းတသာ ခြေစုံပစ်ဝင်သည်။ ယခုတွင်ပင် သင်၏ နှလုံးသားသည် ၎င်းတို့ထံ၊ ၎င်းတို့၏ဂုဏ်သတင်းထံ၊ ၎င်းတို့၏ အဆင့်အတန်းထံ၊ ၎င်းတို့၏ လွှမ်းမိုးမှုထံသို့ လှည့်ထားဆဲ ဖြစ်သည်။ သို့တိုင်အောင် သင်သည် ခရစ်တော်၏အမှုကို လက်ခံရန် ခက်ခဲပြီး၊ ယင်းကို သင် လက်ခံလိုခြင်း မရှိသည့် သဘောထား တစ်ခုကို ဆက်လက် စွဲကိုင်လေသည်။ ဤသည်မှာ သင်သည် ခရစ်တော်ကို အသိအမှတ်ပြုရန် ယုံကြည်ခြင်း ကင်းမဲ့သည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ သင့်အနေဖြင့် ယနေ့ထိ ခရစ်တော်နောက်သို့ လိုက်ရသည့်အကြောင်းရင်းမှာ သင်သည် အခြားရွေးစရာ မရှိခဲ့သောကြောင့်သာ ဖြစ်သည်။ ဟိတ်ဟန်ကြီးသော ပုံရိပ်တသီတတန်းသည် သင့်နှလုံးသားတွင် အစဉ်အမြဲ လွှမ်းမိုးနေသည်။ ၎င်းတို့၏ စကားလုံးတိုင်းနှင့် လုပ်ရပ်တိုင်းကို သင်တို့ မမေ့လျော့နိုင်ကြသကဲ့သို့၊ ၎င်းတို့၏ ဩဇာညောင်းသော စကားလုံးများနှင့် လက်ရာများကို သင်မမေ့နိုင်ပေ။ သင်တို့၏နှလုံးသားတွင် ၎င်းတို့သည် အစဉ်အမြဲ အမြင့်ဆုံးနှင့် ထာဝရ သူရဲကောင်းများ ဖြစ်ကြသည်။ သို့ရာတွင် ယနေ့၏ ခရစ်တော်အတွက်မူ ထိုသို့မဟုတ်ပေ။ သူသည် သင်၏နှလုံးသားတွင် အစဉ်ထာဝရ အရေးမပါသကဲ့သို့၊ အစဉ်ထာဝရ ရိုသေလေးစားခြင်း မခံထိုက်ပေ။ အကြောင်းမှာ သူသည် အလွန်သာမန် ဖြစ်လွန်းပြီး၊ နည်းပါးလွန်းသည့် ဩဇာအရှိန်အဝါရှိကာ မြင့်မြတ်မှုမှ အလွန် အလှမ်းဝေးသောကြောင့် ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ်တစ်ယောက် ဖြစ်သလော) ဘုရားသခင်ရဲ့ တရားစီရင်ခြင်း နှုတ်ကပတ်တော်တွေက ထိရှပါတယ်။ နှိမ့်ချစွာ လူ့ဇာတိခံခဲ့ပြီး သူ့ကိုယ်သူ အရှိန်အဝါကြီးအောင် ဘယ်တော့မှ မလုပ်ဘူးဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ သူဟာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် သမ္မာတရားတွေကိုပဲ ဖော်ပြတာပါ။ ဘုရားသခင်ရဲ့ နှိမ့်ချခြင်းက သူ့ရဲ့ ဂုဏ်သရေရှိခြင်း၊ ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်းကို ဖော်ပြမှုပဲ။ ကျွန်မတို့ရဲ့ လေးစားမှုနဲ့ အရမ်းကို ထိုက်တန်ပါတယ်။ ဒါပေမဲ့ ဝမ်ကျင်က ခေါင်းဆောင်ဖြစ်ခဲ့တာ၊ ပြဿနာတွေကို ဖြေရှင်းနိုင်တာ၊ ခံယူချက်နဲ့ စိတ်ဓာတ်ခွန်အားနဲ့ စကားပြောနိုင်တာကို ကျွန်မ မြင်တော့ သူ့ကို လေးစားခဲ့တယ်။ ကျွန်မက ဘုရားကို ကိုးကွယ်ခြင်းမရှိဘဲ ယုံကြည်ခဲ့တယ်။ ခရစ်တော်ရဲ့ နှိမ့်ချခြင်းနဲ့ ချစ်ဖွယ်ကောင်းခြင်းကို မကြည်ညိုခဲ့ဘူး။ အဲဒီအစား ခမ်းနားပြီး ကြီးကျယ်တဲ့ ပုဂ္ဂိုလ်တွေကို ကိုးကွယ်ခဲ့တယ်။ အဆင့်မြင့်တဲ့ အကျင့်စရိုက်ရှိသူ၊ အလုပ်လုပ်ပြီး တရားဟောဖို့ ပါရမီနဲ့ အရည်အချင်းရှိသူတွေကို ပိုအထင်ကြီးတယ်။ ကိုယ်လေးစားရသူတွေအဖြစ်တောင် သူတို့ကို မြင်ခဲ့တယ်။ ဒါဟာ ဘုရားရဲ့ စိတ်သဘောထားကို တကယ်ကို ပုန်ကန်ပြစ်မှားပါတယ်။ သာမန်လူဘယ်သူကိုမဆို ကျွန်မတို့ အထင်ကြီးလေးစားတာ မဖြစ်သင့်ဘူး။ ဘုရားသခင်ကသာ သမ္မာတရားဖြစ်ပြီး နာခံပြီးကိုးကွယ်သင့်တာပါ။ ဘုရားနှုတ်ကပတ်တော်က ပြောတယ်။ “သမ္မာတရားကို တန်ဖိုးမထားသူ အားလုံးသည် မယုံကြည်သူများနှင့် သမ္မာတရားကို သစ္စာဖောက်သူများ ဖြစ်ကြသည်ဟု ငါပြော၏။ ထိုသို့သောသူများသည် ခရစ်တော်၏ လက်ခံမှုကို မည်သည့်အခါမျှ ရကြမည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ်တစ်ယောက် ဖြစ်သလော) ကျွန်မက နှစ်ချီပြီး ယုံကြည်ခဲ့ပေမဲ့ သမ္မာတရားကို မရှာဖွေခဲ့ဘူး။ ဘုရားသခင်အပေါ် အသိအမြင် နည်းနည်းလေးမှ မရှိဘူး။ ဖောက်ပြန်ပျက်စီးတဲ့သူကိုတောင် ကျွန်မက အမြတ်တနိုးဖြစ်ခဲ့ပြီး သူ့နောက်လိုက်ပြီး ကိုးကွယ်ခဲ့တယ်။ ဒါပေမဲ့လည်း ခရစ်တော်ကိုတော့ မကိုးကွယ်ဘူး။ သမ္မာတရားကို တန်ဖိုးမထားဘူး။ ဒါဘုရားကို သစ္စာမဲ့ပြီး မယုံကြည်သူလို ပြုမူတာပဲ။ နောင်တမရရင် ဘုရားက ကျွန်မကို စိတ်ကုန်ပြီး ထုတ်ပယ်ပစ်မှာ။

နောက်ပိုင်းမှာ ဝမ်ကျင်က စီစီပီဖမ်းတာခံရတော့ ယုဒလိုပြုမူခဲ့တယ်လို့ ကျွန်မ ကြားရတယ်။ ညီအစ်ကိုမောင်နှမတချို့အကြောင်းကို သူ ဖော်ကောင်လုပ်ခဲ့တယ်။ သူပြန်လွတ်လာတော့ နောင်တမရသေးဘူး။ နောက်ဆုံးတော့ အသင်းတော်ကနေ နှင်ထုတ်ခံရတယ်။ ဝမ်ကျင်က တာဝန်တွေအများကြီး ထမ်းဆောင်တာ၊ ပါရမီရှိတာ၊ တရားဟောစွမ်းရည်ကောင်းတွေရှိတာ၊ ပြဿနာတွေကို ဖြေရှင်းဖို့ ဘုရားနှုတ်ကပတ်တော်ကို အသုံးပြုနိုင်တာတွေရှိပေမဲ့ သူ့ကိုယ်သူသိမြင်ဖို့ မလိုက်စားဘဲ သမ္မာတရားကို လက်မခံတာကြောင့် နှစ်များစွာ ယုံကြည်ခဲ့ပေမဲ့ သမ္မာတရားရဲ့ စစ်မှန်မှု နည်းနည်းလေးမှ မရှိတာကြောင့် ဒီအခြေအနေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ သေချာကို ဖော်ထုတ်ခံရပြီး ထုတ်ပယ်ခံခဲ့ရတယ်ဆိုတာ ကျွန်မ မြင်ခဲ့ပါတယ်။ အဲဒီနောက်တော့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေ့တယ်။ “မည်ကဲ့သို့သော လူမျိုးကို ငါ လိုချင်သည်ကို သင်သိရမည်။ မဖြူစင်သော သူများကို နိုင်ငံတော်အထဲသို့ ဝင်ရောက်ရန် အခွင့်မပြုထားပေ၊ မဖြူစင်သော သူများကို သန့်ရှင်းသောမြေအား အသရေဖျက်စေရန် အခွင့်မပြုထားပေ။ သင်သည် အလွန်များသော အလုပ်ကို လုပ်ဆောင်ပြီးဖြစ်ကာ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ အဆုံး၌ သင်သည် မနှစ်မြို့ဖွယ်ရာ ညစ်ညူးနေဆဲ ဖြစ်ပါက၊ သင်သည် ငါ့နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုသည်မှာ ကောင်းကင်ဘုံ၏ ဥပဒေသအဖို့ သည်းမခံနိုင်ဖွယ် ဖြစ်ပေလိမ့်မည်။ ကမ္ဘာလောကကို အုတ်မြစ်ချသည့် အချိန်မှသည် ယနေ့အထိ၊ ငါ့ကို မျက်နှာလို မျက်နှာရ ပြုကြသော ထိုသူများအား ငါ့နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ လွယ်ကူစွာ ဝင်ရောက်ခွင့် မပေးဖူးပေ။ ဤသည်မှာ ကောင်းကင်ဘုံဆိုင်ရာ စည်းမျဉ်း ဖြစ်ပြီး၊ မည်သူမျှ ချိုးဖောက်၍မရနိုင်။ သင်သည် အသက်အား ရှာဖွေရမည်။ ယနေ့ခေတ်တွင် ပြီးပြည့် စုံလင်စေခြင်း ခံရမည့် သူများသည် ပေတရုကဲ့သို့သော သူများ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် စိတ်သဘောထားတွင် ပြောင်းလဲမှုများကို ရှာဖွေသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်အား သက်သေခံရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး အနေဖြင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် လိုလားနေကြသူများ ဖြစ်သည်။ ဤကဲ့သို့သော လူများသာ စုံလင်စေခြင်း ခံရပေလိမ့်မည်။ အကယ်၍ သင်သည် ဆုလာဘ်များကိုသာ မျှော်လင့်ပြီး၊ သင်၏ကိုယ်ပိုင် အသက်စိတ်သဘောထားကို ပြောင်းလဲရန် မကြိုးစားပါက၊ သင်၏ အားထုတ်မှု အားလုံးသည် အချည်းနှီး ဖြစ်သွားလိမ့်မည်၊ ဤသည်မှာ ပြောင်းလဲ၍ မရနိုင်သော သမ္မာတရားတစ်ခု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်) ကိုယ့်ရဲ့ ပါရမီတွေ၊ အလုပ်ဘယ်လောက်လုပ်တယ်၊ ဘယ်လောက် တရားဟောတယ်ဆိုတာတွေကို အခြေခံပြီး ကယ်တင်ခြင်းကိုမရဘဲ သမ္မာတရားကို ရှာဖွေသလား၊ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းကို လက်ခံပြီး နာခံနိုင်သလား၊ အသက်စိတ်သဘောထား ပြောင်းလဲမှုကို ရရှိနိုင်သလားဆိုတာတွေအပေါ်ပဲ အခြေခံတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်က ဖော်ပြပါတယ်။ ပေတရုက သူ့ယုံကြည်ခြင်းမှာ အရာရာမှာ ဘုရားကို ချီးမွမ်းထောမနာပြုပြီး သမ္မာတရားကို ရှာဖွေခဲ့တယ်။ သမ္မာတရားနဲ့ အသက်ကို ရယူခြင်းကို အရာအားလုံးထက်အမြင့်မှာ ထားခဲ့တယ်။ ဒါကြောင့် သူက ပေါလုလောက် မလုပ်ခဲ့ပေမဲ့ ဘုရားရဲ့ တရားစီရင်ခြင်းကို ကြုံတွေ့ပြီးတဲ့နောက်မှာ သေခြင်းကို နာခံနိုင်ခဲ့တယ်။ အဆုံးမှာ ဘုရားအတွက် ကြီးမြတ်တဲ့ သက်သေကိုခံပြီး ဘုရားရဲ့ ချီးကျူးခြင်းကို ရရှိခဲ့တယ်။ ပေတရုလျှောက်ခဲ့တဲ့ လမ်းကြောင်းကနေ လက်တွေ့လုပ်ဖို့ လမ်းတစ်ခုကို ကျွန်မ တွေ့ခဲ့တယ်။ ပါရမီရှိတဲ့လူတွေကို ကျွန်မ မလေးစားတော့ဘူး။ သူတို့လိုဖြစ်ဖို့ အားမထုတ်တော့ဘူး။ အဲဒီထက် သမ္မာတရားကို အလေးအနက် ရှာဖွေဖို့၊ ဘုရားနှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဖို့ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကျွန်မတာဝန်ကို ထမ်းဆောင်ဖို့ စိတ်ပိုင်းဖြတ်လိုက်တယ်။ ဒါကသာ မှန်ကန်တဲ့လမ်းကြောင်းပဲ။

အဲဒီနောက်တော့ ကျွန်မတာဝန်ကို ထမ်းဆောင်တဲ့အခါမှာ ဘုရားကို အားကိုးပြီး သမ္မာတရား စည်းမျဉ်းတွေကို ရှာဖို့ကို အာရုံစိုက်တယ်။ တရားဟောနိုင်တဲ့ ပါရမီရှိသူတွေကို တွေ့တဲ့အခါ သူတို့ကို မှန်ကန်တဲ့အလင်းနဲ့ မြင်ဖို့ ကျွန်မ သတိရှိရှိနဲ့လုပ်တယ်။ သူတို့မိတ်သဟာယက သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းဖွင့်ပြမှုရှိတဲ့အခါ ဒါ ဘုရားဆီကလာတယ်လို့ ကျွန်မ မှတ်ယူတယ်။ သူတို့စိတ်ကူးတွေက စည်းမျဉ်းတွေနဲ့ညီတဲ့အခါ ကျွန်မက လက်ခံပြီး နာခံတယ်။ စည်းမျဉ်းတွေနဲ့မညီရင် ကျွန်မက မစဉ်းမစားနားထောင်တာမလုပ်ဘူး။ သူတို့နဲ့အတူ သမ္မာတရားကို ရှာတယ်။ ဒီလိုပုံစံနဲ့ အချိန်တစ်ခုလောက်အထိ လက်တွေ့လုပ်ပြီးတဲ့နောက်မှာ ကျွန်မ ပိုလွတ်လပ်ပြီး ပိုစိတ်အေးသလို ခံစားရတယ်။ ကျွန်မတာဝန်မှာ လက်တွေ့လုပ်ဖို့လမ်းကြောင်းတွေကိုလည်း ကျွန်မ ခွဲခြားဖော်ထုတ်နိုင်ပြီး ရလဒ်တချို့ရနိုင်ခဲ့တယ်။ ကျေးဇူးတော်ပဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဝိညာဉ်ရေးရာ တိုက်ပွဲ

ယန်ကျိ အမေရိကန်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူတို့၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းမှ ယနေ့အထိ၊ လူတွေသည်...

နောက်ထပ် မကြွားဝါတော့ပါ

မော့ဝင် စပိန်နိုင်ငံ၂၀၁၈ခုနှစ်တွင် ကျွန်တော်က အသင်းတော်မှာ ဧဝံဂေလိတရား ဟောဖို့ တာဝန်ယူထားရသည့်အချိန်ဖြစ်ပြီး နောက်ပိုင်းမှာ ထိုတာဝန်အတွက်...

ကြီးကြပ်မှုကို ကျွန်တော် လက်မခံရသည့် အကြောင်းပြချက်

ဖာဖီးရပ့်စ် အာဖရိကတိုက် ကျွန်တော်က အသင်းတော်မှာ လူသစ်တွေကို တစ်နှစ်ကျော် ရေလောင်းနေခဲ့ပါတယ်။ ကျွန်တော်တာဝန်ထမ်းဆောင်တဲ့တစ်လျှောက်မှာ...

လက်တွေ့အလုပ်လုပ်ရန် ပျက်ကွက်ခြင်း၏ အကျိုးဆက်များ

ရှောင်မော့ တရုတ်နိုင်ငံ အခုရက်ပိုင်းမှာ တချို့ ညီအစ်ကိုမောင်နှမတွေက တိုင်တယ်။ အဖွဲ့ခေါင်းဆောင်ရှင်ရွေက မာနကြီးပြီး အာဏာရှင်ဆန်တယ်၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။