ကြွားဝါပြီးနောက် သင်ယူခဲ့ရသော ကြမ်းတမ်းသည့် သင်ခန်းစာတစ်ခု
၂၀ဝ၉ မှာ ခေါင်းဆောင်နေရာတစ်ခုကို အစ်မဝင်ယူခဲ့တယ်။ အစ်မရဲ့ အထက်ခေါင်းဆောင်က စုဝေးပွဲကို ဦးစီးလုပ်ဖို့ လာတိုင်းမှာ လူတိုင်းက သူ့ဘေးမှာ ဝိုင်းအုံလာပြီး ပြဿနာတွေအပေါ် မိတ်သဟာယဖွဲ့ပြဖို့ သူ့ကို တောင်းဆိုကြတယ်။ အစ်မလည်း သိပ်အားကျမိတာပေါ့။ ငါလည်း ဘယ်အချိန်မှ ဘုရားနှုတ်ကပတ်တော်ကို အဲဒီလောက်ကောင်းအောင် မိတ်သဟာယဖွဲ့နိုင်မှာလဲ၊ လူတိုင်း ငါ့ကို ထောက်ခံပြီး ငါ့ဘေးမှာ ဝိုင်းအုံနေအောင် လုပ်နိုင်မှာလဲလို့ တွေးမိတယ်။ အဲဒီလိုဆို သိပ်ကောင်းမှာပဲလို့ပေါ့။ အဲဒီနှစ်နောက်ပိုင်းမှာ ကွန်မြူနစ်ပါတီက အကြီးစား ဖမ်းဆီးစစ်ဆေးရေး နောက်တစ်ခုကို စတင်ခဲ့တော့ အခြေအနေတွေက အန္တရာယ်ရှိလာတယ်။ အစ်မတို့ ခေါင်းဆောင်တွေက အစ်မတို့အတွက် စုဝေးပွဲတွေ လာမကျင်းပနိုင်တော့ဘူး။ အဆင့်ပိုမြင့်တဲ့ ခေါင်းဆောင်တွေက အစ်မတို့ကို ခဏခဏ ရေလောင်းပေးနေတော့ အစ်မက ဘယ်လောက်ကောင်းအောင် မိတ်သဟာယပြုပါစေ သူတို့ပြောခဲ့တာကို သံယောင်လိုက်နေတာလို့ တခြားလူတွေ ထင်မှာပဲဆိုပြီး အစ်မတွေးမိတယ်။ ဒါပေမဲ့ သူတို့က မလာဘူးဆိုတော့ ဒါက အစ်မရဲ့ တကယ့်ကျွမ်းကျင်မှုတွေကို ပြဖို့ အခွင့်အရေးတစ်ခုပဲပေါ့။ အစ်မလည်း သူတို့လိုပဲ မိတ်သဟာယပြုနိုင်ပြီး ပြဿနာတွေကို ဖြေရှင်းနိုင်တယ်၊ သူတို့အကူအညီမပါဘဲ အရာရာကို ကိုင်တွယ်နိုင်တယ်ဆိုတာ လူတိုင်းကို ပြဖို့အတွက် ဘုရားနှုတ်ကပတ်တော်တွေကို ပိုပြီး သင်ယူရမယ်။ ဒါဆိုရင် လူတိုင်းရဲ့ ပံ့ပိုးထောက်ခံမှုကို အစ်မရမှာပဲပေါ့။ အဲဒါနဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ဖို့ အစောကြီး အိပ်ရာစထတယ်၊ အဓိကအချက်ကို အဖြေရှာပြီး နားလည်မှုအသစ်ကို မိတ်သဟာယပြုဖို့ ဦးနှောက်ခြောက်အောင် စဉ်းစားတယ်၊ လူတိုင်းကို ကူညီဖို့အတွက်လေ။ အစ်မက အစွမ်းအစရှိတယ်၊ အကင်းပါးတယ်၊ အစ်မမိတ်သဟာယက စိတ်ကို နိုးကြွစေတယ်လို့ လူတွေထင်ပြီး အစ်မကို အမြင်သစ်နဲ့ မြင်ကြစေဖို့ စုဝေးပွဲတွေမှာ လူတွေဉာဏ်အလင်းပွင့်အောင် ကူညီပေးဖို့ ဘာတွေပြောနိုင်မလဲဆိုတာကို အစ်မ အမြဲစဉ်းစားတယ်။ ပြီးတော့ အစ်မက အမြဲတမ်း တခြားလူတွေကိုပဲ အရင်မိတ်သဟာယပြုခိုင်းတယ်။ ပြီးမှ အစ်မရဲ့ နားလည်မှုကို မျှဝေတယ်။ အဲဒီလိုနဲ့ အစ်မရဲ့ မိတ်သဟာယက အပြည့်စုံဆုံးနဲ့ ဉာဏ်အလင်းအပွင့်ဆုံး ဖြစ်အောင်ပေါ့။
တွဲဖက်အမှုဆောင်အစည်းအဝေးတစ်ခုမှာ တချို့အဖွဲ့ခေါင်းဆောင်တွေက သူတို့တာဝန်မှာ ပျင်းရိပြီး တာဝန်မယူဘဲ သူတို့အလုပ်မှာ နောက်ကျနေတာကို အစ်မတွေ့ရတယ်။ ဒီဟာကြောင့် နည်းနည်းစိတ်ပူသွားပြီး တွေးမိတယ်။ သူတို့ကို ဘုရားအမှုတော်ရဲ့လားရာ ပြပေးပြီး သူတို့တာဝန်ထမ်းရာမှာ တိုက်တွန်းပေးဖို့ ဘုရားနှုတ်ကပတ်တော်တွေကို ငါရှာရမယ်၊ ဒါဆိုရင် ငါ့မိတ်သဟာယက သူတို့ကို ကူညီပေးတယ်ဆိုတာ သူတို့သိလိမ့်မယ်ဆိုပြီးတော့လေ။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို နားလည်ခြင်းနဲ့ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်တချို့ သူတို့ကို အစ်မဖတ်ပြတယ်။ ပြီးတော့ လည်ချောင်းရှင်းပြီး ပြောလိုက်တယ်။ “ဘုရားသခင်က ပေါ်ထွန်းလာပြီး သမ္မာတရားကို ဖော်ပြနေတယ်။ ဒါက စုံလင်စေခြင်းခံရဖို့အတွက် လက်မလွတ်သင့်တဲ့၊ တန်ဖိုးဖြတ်မရတဲ့ အခွင့်အလမ်းတစ်ခုပဲ။ ကျွန်မတို့က ကိုယ့်တာဝန်မှာ ခိုကတ်နေရင်း အေးအေးဆေးဆေးလုပ်ပြီး အချိန်ဖြုန်းနေရင် ငိုကြွေးပြီး အံသွားခဲကြိတ်နေရရင်းနဲ့ အောင်မြင်သူတွေဖြစ်လာဖို့ ကိုယ့်အခွင့်အရေးကို ဆုံးရှုံးပြီး ကပ်ဘေးတွေထဲကို ကျရောက်ရလိမ့်မယ်” ပေါ့။ အစ်မက ပိုပိုပြီး စိတ်ထက်သန်လာတာနဲ့အမျှ သူတို့လည်း ပိုပြီးတော့ စူးစိုက်နားထောင်ကြပြီး ပြောလာတယ်လေ။ ခိုကတ်နေတာတွေ ရပ်ပြီး သူတို့တာဝန်ကို ကောင်းကောင်းလုပ်ပါ့မယ်တဲ့။ ညီအစ်မတစ်ယောက်ဆို ခံစားချက်အပြည့်နဲ့ ပြောတယ်။ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို သူခဏခဏဖတ်ဖူးပေမဲ့ တကယ်နားမလည်ခဲ့ဘူးတဲ့။ အစ်မရဲ့ မိတ်သဟာယကြောင့် သူ့မှာ အရေးတကြီး သဘောထား ရှိသွားပြီ၊ ဖြစ်သလိုလုပ်တာတွေ၊ သူ့တာဝန်မှာ အချောင်ခိုတာတွေကို ရပ်ပါ့မယ်။ သူ့အလုပ်ကို စိတ်နှစ်ပြီးလုပ်ပါ့မယ်တဲ့လေ။ တခြားခေါင်းဆောင်တွေပြောခဲ့တာကိုပဲ အစ်မသံယောင်လိုက်ပြနေတာလို့ လူတိုင်းထင်မှာကို အစ်မ မလိုချင်ခဲ့ဘူး။ အဲဒါနဲ့ အစ်မတို့က ဘုရားနှုတ်ကပတ်တော်ကို တကယ်တွေးဆဖို့လိုတယ်၊ ပြီးတော့ အစ်မတို့နဲ့အတူ စုဝေးနိုင်တဲ့ အထက်ပိုင်းခေါင်းဆောင်မရှိဘဲ အစ်မတို့ကို ရေလောင်းပေးဖို့ ဘယ်သူမှမရှိတဲ့ ဒီလိုခက်ခဲတဲ့ အခြေအနေအောက်မှာ အစ်မတို့ ဘုရားသခင်ကို ဆုတောင်းပြီး သူ့နှုတ်ကပတ်တော်တွေကို အလေးအနက် တွေးဆရမယ်လို့ သူတို့ကို ပြောပြလိုက်တယ်။ ဒါဆိုရင် ကိုယ်တော်က အစ်မတို့ကို လမ်းပြပြီး ဉာဏ်အလင်းပွင့်စေမယ်ပေါ့။ အဲဒီမှာ တခြားညီအစ်မတစ်ယောက်က တလေးတစား ပြောလာရော။ “အစ်မက တကယ်ကို အစွမ်းအစရှိပြီး ဘုရားနှုတ်ကပတ်တော်ကို နားလည်တယ်။ ကျွန်မက အစ်မလို ထိုးထွင်းသိမြင်မှု မရှိဘူး” တဲ့။ ဘုရားသခင်က မျက်နှာမလိုက်ဘူး။ အစ်မတို့က အဖိုးအခပေးဆပ်ဖို့ပဲ လိုတယ်လို့ အစ်မပြောလိုက်တယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ကျိတ်ပြီး ကျေနပ်နေခဲ့တာ။ ကိုယ့်အားထုတ်မှုတွေက အချည်းနှီးမဖြစ်ဘဲ အစ်မက တကယ့်ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ပုံ ပေါ်နေခဲ့တာလေ။ လူတိုင်းက အစ်မကို ပိုပြီးတော့တောင် လေးစားဖို့အတွက် အစ်မဆက်ပြီး အလုပ်လုပ်နေချင်ခဲ့တယ်။
နောက်ပိုင်းမှာ ညီအစ်မတစ်ယောက်က သူ့မိသားစုဟာ ကွန်မြူနစ်ပါတီရဲ့ အလိမ်အညာတွေကို ယုံစားမိသွားပြီး သူ့ကို စုဝေးပွဲတွေသွားဖို့၊ တာဝန်ထမ်းဆောင်ဖို့ ခွင့်မပြုဘူး၊ သူဖမ်းခံရမှာကို ကြောက်နေကြတယ်လို့ ပြောတယ်။ သူက အခက်ကြုံနေရပြီး ဘယ်လိုကျော်ဖြတ်ရမယ်ဆိုတာ မသိဘူးလေ။ အစ်မက အဆင်းနီတဲ့ နဂါးကြီးရဲ့ လှည့်ကွက်တွေကို ဘယ်လိုသတိပြုမိလာပြီး အစ်မရဲ့ ဆေးပညာလေ့လာမှုတွေကို စွန့်လွှတ်ခဲ့ပုံ၊ ပြီးတော့ ကိုယ့်တာဝန်ထမ်းဆောင်ဖို့ မိသားစုရဲ့ အတားအဆီးကို ဘယ်လိုကျော်လွှားခဲ့ပုံတွေ ဝေမျှလိုက်တယ်။ အစ်မက ကိုယ်ဒုက္ခခံခဲ့ရပုံတွေကို တကယ်ခံစားချက်ထည့်ပြီး သူတို့ကို ပြောပြလိုက်တယ်။ နောက်တော့ အဲဒီအချိန်မှာ ခေါင်းဆောင်တွေက အစ်မကို တန်ဖိုးထားပြီး ပျိုးထောင်ပေးတာရယ်၊ အစ်မသင်ယူခဲ့တဲ့အရာနဲ့ ဘယ်လိုကြီးထွားလာပုံရယ်ကို ပြောခဲ့တယ်။ ဘုရားသခင်က လူတွေကို တကယ်မျက်နှာမလိုက်ဘူး။ ဒါပေမဲ့ အစ်မတို့သာ အမှန်တကယ် အသုံးခံရင် ဘုရားက ကောင်းချီးပေးမယ်ဆိုတာ အစ်မမြင်ခဲ့တယ်ပေါ့။ အဲဒီလိုတွေ ပြောပြီးတဲ့နောက် အဲဒီမှာရှိတဲ့ လူတချို့က မှတ်ချက်ပေးတယ်။ အသက်ငယ်ငယ်လေးနဲ့ ကိုယ့်တာဝန်အတွက် အရာရာကို စွန့်လွှတ်ခဲ့ရတာဟာ အစ်မအတွက် လွယ်မှာမဟုတ်ဘူးနော်တဲ့။ ယှဉ်ကြည့်လိုက်ရင် သူတို့အခက်အခဲတွေက ဘာမှမပြောပဘူး။ သူတို့က သေချာ အားမထုတ်တာပါတဲ့လေ။ ဘုရားအတွက် အရာရာ စွန့်လွှတ်ဖို့ခွန်အား အစ်မကို ပေးခဲ့တာက ဘုရားနှုတ်ကပတ်တော်တွေပဲလို့ အစ်မပြောခဲ့ပေမဲ့ အစ်မက ပိုတော်တဲ့ အားထုတ်သူတစ်ယောက်လို့ တကယ် ခံစားမိခဲ့တယ်။ ဒီလိုနဲ့ ဒီစုဝေးပွဲပြီးနောက်မှာ ညီအစ်ကိုမောင်နှမတွေက အစ်မကို ပိုပြီး လေးစားလာကြတယ်။ အစ်မလည်း သူတို့ရဲ့ ကြည်ညိုမှုအားလုံးထဲမှာ ပျော်မွေ့နေခဲ့တယ်။ သူတို့ရဲ့ လေးစားမှုကို ပိုပြီးတော့တောင် ရဖို့အတွက် ဘုရားနှုတ်ကပတ်တော်နဲ့ပတ်သက်လို့ ပိုကြိုးစားဖို့နဲ့ ဘယ်လိုမိတ်သဟာယဖွဲ့ရမယ်ဆိုတာ စဉ်းစားဖို့ သိပ်အားသန်နေခဲ့တယ်။ စုဝေးပွဲတွေမှာ ညီအစ်ကိုမောင်နှမတစ်ယောက်က အခက်အခဲတစ်မျိုးမျိုးကို ပြောလာတဲ့အချိန်တိုင်းမှာ ဘုရားသခင်ဆီက သင့်တော်တဲ့ နှုတ်ကပတ်တော်တွေကို အစ်မအမြန်ရှာတယ်။ အဲဒီနောက် လက်တွေ့ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ အစ်မရဲ့ မိတ်သဟာယနဲ့ အရည်အချင်းကို လူတိုင်းက ချီးမွမ်းကြရော။ အစ်မဆို ပျော်မဆုံးမော်မဆုံးပေါ့။ ငါတကယ်ပဲ အစွမ်းအစသိပ်ရှိပြီး ကောင်းကောင်း မိတ်သဟာယပြုနိုင်ပုံပဲ၊ ခေါင်းဆောင်ပိုင်းရဲ့ အကူအညီမပါတာတောင် လူတွေရဲ့ ပြဿနာတွေကို ငါဖြေရှင်းနိုင်တုန်းပဲလို့ အစ်မခံစားမိခဲ့တယ်။ အသင်းတော်တွေဆီ လှည့်ပတ်သွားပြီးတဲ့နောက် အစ်မကိုယ့်ကိုယ်ကိုယ် သိပ်ဂုဏ်ယူနေခဲ့တယ်။ ပြဿနာတွေအများကြီးကို အစ်မဖြေရှင်းခဲ့ပြီး လူတိုင်းက အစ်မရဲ့ မိတ်သဟာယကို နားထောင်ရတာ ကြိုက်ကြတယ်လို့ အစ်မခံစားမိတယ်။ လက်တွေ့အလုပ်ကို အစ်မတကယ်လုပ်နိုင်တယ်လို့ ထင်ပြီးတော့ တွဲဖက်အမှုဆောင်တွေကို သေချာရှင်းပြချင်ခဲ့တယ်။ အစ်မရဲ့ မိတ်သဟာယက ဘယ်လောက်ထိရောက်တယ်ဆိုတာ သူတို့သိအောင်ပေါ့။ အဲဒါနဲ့ လူတိုင်းရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ဘုရားနှုတ်ကပတ်တော်တွေအပေါ် အစ်မဘယ်လိုမိတ်သဟာယဖွဲ့တယ်ဆိုတဲ့ ဖြစ်ကြောင်းကုန်စင်ကို တန်ဖိုးရှိတဲ့အရာတစ်ခုလိုမျိုး သူတို့ကို ဝမ်းပန်းတသာ ပြောပြလိုက်တယ်။ ပြောရင်းနဲ့ ပိုပြီးတော့ အသက်ပါလာတယ်။ တခြားလူတွေက နားထောင်ပြီး မှတ်သားကြတယ်။ အပြည့်အဝ အာရုံစိုက်နေကြတယ်။ အသေးစိတ်ကအစ မရလိုက်မှာကြောက်ပြီး အစ်မပြောတာက ဘယ်ဘုရားနှုတ်ကပတ်တော်အပိုဒ်လဲဆိုပြီး မေးကြတယ်။ ညီအစ်မလီက ပြောတယ်။ “အစ်မမှာ သိပ်ကောင်းတဲ့ အစွမ်းအစနဲ့ မိတ်သဟာယရှိတယ်။ ခေါင်းဆောင်တွေ မလာနိုင်ပေမဲ့ အစ်မက ကျွန်မတို့ စုဝေးပွဲတွေကို ဆက်လုပ်ပေးတယ်။ အစ်မရဲ့ မိတ်သဟာယကလည်း တိုးတက်လာတယ်။ အစ်မရဲ့ ပုံမှန်စုဝေးပွဲတွေ မရှိရင် သူများတွေနဲ့ ဘယ်လိုမိတ်သဟာယပြုရမယ်ဆိုတာ ကျွန်မတို့ သိမှာမဟုတ်ဘူး” တဲ့။ သူက လေးစားမှုတွေနဲ့ ပြည့်လျှံနေတာ။ ဒါကို ကြားတော့ အစ်မက ပိုလို့တောင် ကျေနပ်သွားပြီး အစ်မဘယ်လောက်လုပ်နိုင်တယ်ဆိုတာ နောက်ဆုံးတော့ သူတို့မြင်နိုင်ပြီလို့ ခံစားမိတယ်။ သူများတွေပြောတာကို လိုက်ပြောတာက ဘာမှအရာမထင်ဘူး။ အစ်မက ပြဿနာတွေကို ဖြေရှင်းနိုင်တယ်။ ဒါက တကယ့်ကျွမ်းကျင်မှုပဲပေါ့။ အဲဒီနောက်မှာ အစ်မရဲ့ တွဲဖက်အမှုဆောင်တွေက အစ်မနဲ့အတူ ရှာဖွေဖို့အတွက် သူတို့ရဲ့ မေးခွန်းတွေ၊ ပြဿနာတွေအားလုံးကို အစ်မဆီ ယူလာကြတယ်။ သူတို့နဲ့ မိတ်သဟာယပြုဖို့ ဘုရားနှုတ်ကပတ်တော်တွေကို အစ်မအသုံးပြုတယ်။ သူတို့ရဲ့ အသိအမှတ်ပြုတဲ့ အကြည့်တွေကို မြင်ရတော့ အရာရာမှာ အစ်မက အဓိကပဲလို့ ခံစားမိခဲ့တယ်။
အဲဒီအချိန်မှာ လူတိုင်းက အစ်မအပေါ် တကယ်နွေးထွေးကြတယ်။ နောက်စုဝေးပွဲတစ်ခုမှာ ညီအစ်မတစ်ယောက်က အစ်မစက်ဘီးစီးလာတာကို မြင်ပြီး အစ်မကို ကူညီရပ်ပေးဖို့ အပြေးရောက်လာတယ်။ ပြီးတော့ အစ်မအထဲဝင်သွားတော့ လူတိုင်းက အစ်မနားမှာ ဝိုင်းအုံလာကြပြီး ဟိုဟိုဒီဒီကိစ္စတွေကို ကိုင်တွယ်တဲ့နေရာမှာ ကူညီပေးဖို့နဲ့ တချို့အခြေအနေကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာတွေကို မေးကြတယ်။ သူတို့အားလုံးကို အစ်မ မမောမပန်းနဲ့ ကူညီပေးလိုက်တယ်။ အခြေအနေက ဒီလိုပုံစံနဲ့ သွားနေခဲ့တယ်။ တချို့ညီအစ်ကိုမောင်နှမတွေက သူတို့ပြဿနာတွေနဲ့ပတ်သက်ပြီး ဆုတောင်းတာ၊ သမ္မာတရားကို ရှာဖွေတာမလုပ်တော့ဘဲ အစ်မဆီကို အကြံဉာဏ်တောင်းဖို့ တန်းရောက်လာကြတယ်။ အစ်မအလုပ်ဖော်နဲ့ တခြားတွဲဖက်အမှုဆောင်တွေကတောင် ကိစ္စတွေကို မကိုင်တွယ်ခင်မှာ အစ်မရဲ့ မိတ်သဟာယကို စောင့်ကြတယ်။ လုံးဝ အရာရာတိုင်းမှာ အစ်မအကြံဉာဏ်ကို ယူကြတယ်။ ကိုယ့်ကိုယ်ကိုယ် တော်တော်ကျေနပ်နေတုန်းပဲ။ အစ်မက တော်ကိုတော်တာ၊ အသင်းတော်မှာ အဓိကပုဂ္ဂိုလ်တစ်ယောက်ပဲလို့ ခံစားမိခဲ့တယ်။ တစ်ခါတော့ တွဲဖက်အမှုဆောင်တစ်ယောက်က ပြောတယ်။ အသင်းတော်တစ်ပါးက ဧဝံဂေလိသင်းထောက်တစ်ယောက်ဟာ တအားမာနကြီးတယ်။ စည်းမျဉ်းတွေကို မလိုက်နာဘူး။ ဘယ်သူ့ကိုမှ နားမထောင်ဘူးတဲ့။ အစ်မက ဘုရားနှုတ်ကပတ်တော်တွေဟာ သိပ်အာဏာရှိတယ်။ သူဘယ်လောက်မာနကြီးပါစေ ဒါကို သူနားထောင်ရမယ်လို့ တွေးမိတယ်။ သူတို့မိတ်သဟာယက မကောင်းဘူး၊ အသင်းတော်အလုပ်ကို လုပ်ရာမှာ ပိုကျွမ်းကျင်တဲ့သူလိုတာ ရှင်းပါတယ်လို့ တွေးမိတယ်။ ပြဿနာ ဖြေရှင်းနည်းကို အစ်မဆီကနေ သူတို့သင်ယူနိုင်ဖို့အတွက် အစ်မကိုယ်တိုင်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒါနဲ့ အစ်မ သင်းထောက်အစည်းအဝေးကျင်းပပြီး အန္တိခရစ်တွေရဲ့ မာနထောင်လွှားမှု၊ ခေါင်းမာမှုနဲ့ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်ကို လုံးဝအသံမာမာနဲ့ ဖတ်ပြလိုက်တယ်။ ဧဝံဂေလိအသင်းထောက်က ဘေးမှာ သွားထိုင်ပြီး စီရင်ချက်ချခံရတဲ့ ရာဇဝတ်သားတစ်ယောက်လို ခေါင်းငိုက်စိုက်ချထားရော။ ဒါကို အစ်မက မြင်တော့ ချက်ကောင်းကိုထိတဲ့ ဘုရားနှုတ်ကပတ်တော်တွေ ရှာနိုင်တဲ့ ကိုယ့်အရည်အချင်းကို ပိုပြီးတော့တောင် အကြိုက်တွေ့သွားတယ်။ နောက်တော့ သူ့လုပ်ရပ်တွေရဲ့ သဘာဝနဲ့ သူဒီလိုဆက်လုပ်နေရင် ရှောင်လို့မရနိုင်တဲ့ အကျိုးဆက်တွေကို အစ်မ ပိုင်းခြားစိစစ်ပြတယ်။ သူက လုံးဝအောက်ကျို့ကျို့နဲ့ သူ့အမှားတွေကို အသိအမှတ်ပြုပြီး စည်းမျဉ်းတွေကို သူစလိုက်နာချင်ပါတယ်လို့ ပြောတယ်။ သူ့လိုလူတွေကို ဘုရားသခင်ရဲ့ အခက်ထန်ဆုံး နှုတ်ကပတ်တော်တွေ အသုံးပြုပြီး ကိုင်တွယ်ဖြေရှင်းဖို့လိုတယ်လို့ အစ်မတွေးနေမိတယ်။ အစ်မပြန်သွားပြီး လူတိုင်းနဲ့ တွေ့တဲ့အခါမှာ အစ်မရဲ့ မိတ်သဟာယကြောင့် ဧဝံဂေလိသင်းထောက်က လက်ခံယုံကြည်သွားပြီလို့ ချက်ချင်းပဲ သူတို့ကို ပြောပြပြီး ဖြစ်ရပ်တစ်ခုလုံးကို လုံးဝအသေးစိတ် ပြောပြလိုက်တယ်။ သင့်တော်တဲ့ ကျမ်းပိုဒ်ကို ရှာနိုင်တဲ့ အစ်မရဲ့ အရည်အချင်းကို လူတိုင်းက ပိုပြီးတော့တောင် သဘောကျသွားတယ်။ အစ်မလည်း ငါ့မှာ သမ္မာတရားရဲ့ စစ်မှန်မှုရှိတယ်၊ ဘယ်အရာကမှ ငါ့ကို အခက်မတွေ့စေနိုင်ဘူးလို့ ခံစားရပြီး ဘဝင်ခိုက်နေခဲ့တယ်။ ဒါပေမဲ့ အစ်မတို့ အစည်းအဝေးပြီးတဲ့နောက်မှာ အဖွဲ့ခေါင်းဆောင်တစ်ယောက်ပြောတာကို ကြားရတော့ အစ်မလန့်သွားရော။ ခရစ်တော်က အသင်းတော်တွေထဲမှာ ရှိနေပြီး လူတွေကို ရေလောင်းပြီး ထိန်းကျောင်းနေတယ်။ အစ်မရဲ့ မိတ်သဟာယက ကောင်းလွန်းတော့ အစ်မက ဘုရားဖြစ်နေမလား တွေးမိတယ်လို့ လူသစ်ညီအစ်မတစ်ယောက်က အစ်မတို့ နောက်ဆုံးစုဝေးပွဲအပြီးမှာ သူ့ကို လာပြောတယ်တဲ့။ အစ်မဆို စိတ်ချောက်ချားသွားတာ။ ဘယ်လိုဖြစ်ပြီး သူမမြင်နိုင်ရတာလဲပေါ့။ အစ်မက ဖောက်ပြန်ပျက်စီးတဲ့ လူသားတစ်ယောက်ပဲလေ။ ခရစ်တော်ရဲ့ အနှစ်သာရနဲ့ ဖောက်ပြန်ပျက်စီးတဲ့ လူသားတွေကြား ကွာခြားချက်ကို အစ်မ ချက်ချင်း မိတ်သဟာယပြုလိုက်တယ်။ ဒါပေမဲ့ အစ်မ တကယ်ကို ရတက်မအေးခဲ့ဘူး။ လူတွေကို ဘုရားရှေ့အစား ကိုယ့်ရှေ့ကို ခေါ်ဆောင်မိနေတာလား။ ငါ့မိတ်သဟာယက ဘုရားနှုတ်ကပတ်တော်တွေအကြောင်းပဲကို ဘယ်လိုလုပ် ဒီလိုဖြစ်နိုင်တာလဲပေါ့။ ဒါပေမဲ့ နောက်တော့ အစ်မတွေးမိတယ်။ သူက သမ္မာတရားကို နားမလည်တဲ့ လူသစ်တစ်ယောက်ဖြစ်နေတာကြောင့် ဖြစ်မယ်ပေါ့။ တခြားလူအများစုက အစ်မရဲ့ မိတ်သဟာယဟာ သူတို့ကို အကျိုးပြုလို့ အစ်မကို ထောက်ခံပြီး အစ်မရဲ့ မိတ်သဟာယကို ကြိုက်ကြတယ်။ ဒီလိုပုံစံနဲ့ ပြန်စဉ်းစားကြည့်တော့ ဒီကိစ္စကို အစ်မသိပ်အလေးအနက်မထားခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ် ပြန်မဆင်ခြင်ကြည့်ခဲ့ဘူး။ ဒီလိုပုံစံနဲ့ပဲ တစ်ရှိန်ထိုး ဆက်သွားခဲ့တယ်။ လူတိုင်းရဲ့ ချီးမွမ်းမှုနဲ့ လေးစားမှုထဲမှာ ပျော်မွေ့နေခဲ့တယ်။
ဘာလိုလိုနဲ့ ၂၀၁၀၊ မတ်လကို ရောက်လာတယ်။ တစ်နေ့မှာ ဧည့်ရှင်အိမ်နားကို အစ်မရောက်လာတော့ အဲဒီမှာ တာဝန်ကျတဲ့ အရပ်ဝတ်နဲ့ အရာရှိတွေက အစ်မကို မူးယစ်ဆေးရောင်းဝယ်လို့ဆိုပြီး ဖမ်းတယ်။ အစ်မက သူတို့ရှာနေတဲ့လူမဟုတ်မှန်း သဘောပေါက်သွားတော့ အစ်မကို လွှတ်ပေးလိုက်တယ်။ ဒါပေမဲ့ အစ်မကို သံသယနည်းနည်း ဝင်နေကြတုန်းပဲ။ တခြားအဖွဲ့ဝင်တွေကို ကာကွယ်ဖို့အတွက် အသင်းတော်က အစ်မကို တာဝန်ကနေ ဆိုင်းငံ့လိုက်ပြီး တခြားလူတွေနဲ့ ယာယီအဆက်အသွယ်ဖြတ်ထားခိုင်းတယ်။ အစတော့ အစ်မနဲ့ တွဲပေးထားတဲ့ ညီအစ်မက အသင်းတော်မှာရှိတဲ့ ပြဿနာအဝဝအကြောင်း အစ်မကို မေးဖို့အတွက် ညတိုင်းလာတယ်။ တခြားလူတွေနဲ့ သူမိတ်သဟာယပြုတဲ့အချိန်မှာ သူတို့က သူ့ကို အထင်သေးကြပြီး အရေးမစိုက်ကြဘူးလို့ သူက ပြောတယ်။ သူက အရာရာတိုင်းကို သူ့ဘာသာ မကိုင်တွယ်နိုင်သလိုမျိုး စိတ်ဓာတ်ကျနေတာ။ အစ်မက ကိုယ့်ကိုယ်ကိုယ် မဆင်ခြင်သေးဘဲ သူနဲ့ ဘုရားအလိုတော်ကို ဆက်ပြီး မိတ်သဟာယဖွဲ့နေခဲ့တယ်။ ဂုဏ်သိက္ခာအတွက် စိတ်မပူဖို့၊ ဘုရားကို အမှီပြုဖို့ပေါ့။ ဒီပြဿနာတွေကို ဖြေရှင်းဖို့ မိတ်သဟာယပြုနည်းကိုလည်း သူ့ကို ပြောပြတယ်။ အစ်မရဲ့ လုံခြုံရေးက သိပ်လည်း မစိုးရိမ်ရတဲ့အကြောင်း အစ်မခေါင်းဆောင်ကို တစ်ခုခုပြောသင့်သလား အစ်မတွေးနေခဲ့တယ်။ ကိုယ့်တာဝန်ကို ပြန်စလုပ်နိုင်အောင်ပေါ့။ အသင်းတော်က အစ်မကို လိုအပ်နေတာကြောင့်လေ။ ဒါပေမဲ့ သုံးလေးရက်ကြာတော့ သူပြောလာတယ်။ အစ်မကို မြှောက်စားလွန်းပြီး အရာရာတိုင်း အစ်မကို မေးတဲ့အပြင် သမ္မာတရား စည်းမျဉ်းတွေကို ရှာဖွေတဲ့နေရာမှာ အာရုံမစိုက်၊ စိတ်နှလုံးထဲမှာ ဘုရားသခင်မရှိလို့ ခေါင်းဆောင်က သူ့ကို ကိုင်တွယ်ဖြေရှင်းခဲ့တယ်တဲ့။ ဒီကိစ္စရဲ့ သဘာဝနဲ့ အကျိုးဆက်တွေကို ခေါင်းဆောင်က ပြောပြီး ရဲတွေက အစ်မကို စောင့်ကြည့်နေနိုင်လို့ ဘယ်သူကမှ အစ်မကို ဆက်သွယ်လို့မရဘူးဆိုတာကို သေချာပြောတယ်တဲ့။ ဒီအချိန်မှာ အစ်မသဘောပေါက်သွားရော။ ငါ့တာဝန်ကနေ ဆိုင်းငံ့ခံရတာက အလျဉ်းသင့်သလိုဖြစ်တာမဟုတ်ဘူး၊ ဘုရားသခင်ရဲ့ အမျက်ဒေါသက ငါ့အပေါ် ကျလာတာပဲ၊ ငါ့အစေခံမှုကို ရုပ်သိမ်းဖို့ သူပြင်ဆင်တာပဲလို့ပေါ့။ အစ်မဆင်ခြင်ဖို့အတွက် ဘုရားရှေ့ကို တိုးဝင်ခဲ့တယ်။ သူများတွေ အစ်မကို ချီးမွမ်းပြီး အစ်မရဲ့ မိတ်သဟာယကို တောင့်တနေကြတဲ့ အခိုက်အတန့်တွေအားလုံး အစ်မမျက်စိရှေ့မှာ ပေါ်လာတယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ ထောက်ခံမှုက တကယ်ပဲ အစ်မမိတ်သဟာယရဲ့ အရည်အသွေးကြောင့်လားဆိုတာ ကိုယ့်ကိုယ်ကိုယ် မေးရင်းနဲ့ ကိုယ့်စိတ်နှလုံးကို ဆန်းစစ်တယ်။ အဲဒါက မှန်တယ်ဆိုရင် ဒီလောက်တောင် ကြာနေပြီကို သူတို့က ဘာလို့ သမ္မာတရားကို နားမလည်တာလဲ၊ ကိစ္စတွေကို စည်းမျဉ်းနဲ့အညီ မလုပ်တာလဲပေါ့။ ဒုက္ခရောက်တဲ့အချိန်မှာ သူတို့က ဘာကြောင့် ဘုရားကို ဆုမတောင်း၊ အမှီမပြုဘဲ ငါ့ကို အားကိုးကြတာလဲပေါ့။ ဘုရားရဲ့နေရာကို ငါယူနေတာ မဟုတ်ဘူးလားပေါ့။ အဲဒီအချိန်မှာပဲ အစ်မ စပြီး ကြောက်သွားခဲ့တယ်။ ဒါကို ဆင်ခြင်နေရင်း ဘုရားနှုတ်ကပတ်တော်အပိုဒ်တချို့ကို အစ်မဖတ်တယ်။ “သင်တို့အားလုံးနှင့်စပ်လျဉ်း၍ ပြောရလျှင်မူ အသင်းတော်တစ်ခုကို သင်တို့၏လက်ထဲအပ်နှံ၍ ခြောက်လကြာ သင်တို့ကို မည်သူတစ်ဦးမျှ ကြီးကြပ်နေခြင်းမရှိပါက သင်တို့သည် စတင်၍ လမ်းလွဲကြလိမ့်မည်။ သင့်ကို တစ်နှစ်ကြာ မည်သူမျှ ကြီးကြပ်ခဲ့ခြင်း မရှိပါက သင်သည် ထိုသူတို့ကို ဝေးရာနှင့် လမ်းမှားသို့ ဦးဆောင်သွားလိမ့်မည်။ နှစ်နှစ်ကျော်သွားပြီး မည်သူမျှ သင့်ကို ကြီးကြပ်နေခြင်း မရှိသေးပါက သင်သည် ယင်း၏အသင်းဝင်များကို သင့်ရှေ့မှောက်သို့ ခေါ်ဆောင်လာလိမ့်မည်။ ဤသို့ အဘယ်ကြောင့် ဖြစ်သနည်း။ သင်တို့ ဤမေးခွန်းကို ယခင်က စဉ်းစားခဲ့ဖူးသလော။ သင်တို့ ဤသို့များ ဖြစ်နေနိုင်သလော။ သင်တို့၏ အသိပညာသည် လူတို့ကို ကာလတစ်ခုအထိသာ ပံ့ပိုးပေးနိုင်သည်။ အချိန်ကုန်လွန်လာသည်နှင့်အမျှ အကယ်၍ သင်သည် တူညီသောအရာတစ်ခုကိုသာ ဆက်၍ပြောနေပါက လူအချို့တို့သည် သတိပြုမိကြလိမ့်မည်၊ ၎င်းတို့က သင်သည် အပေါ်ယံဆန်လွန်းကြောင်း၊ နက်နဲစေ့စပ်မှု ကင်းမဲ့လွန်းကြောင်း ဆိုကြလိမ့်မည်။ သင်၌ ရွေးချယ်စရာမရှိဘဲ အယူဝါဒများကို ပြောခြင်းဖြင့် လူများကို ကြိုးစားပြီး လှည့်ဖြားရလိမ့်မည်။ အကယ်၍ ဤကဲ့သို့ သင်ဆက်လုပ်နေပါက သင့်အောက်မှ လူများသည် သင်၏ နည်းစနစ်များ၊ ခြေလှမ်းများ၊ ယုံကြည်ခြင်းနမူနာနှင့် လက်တွေ့ခံစားရခြင်း နမူနာနောက်သို့ လိုက်ကြလိမ့်မည် ဖြစ်၍ ၎င်းတို့သည် ထိုစကားများနှင့် အယူဝါဒများကို လက်တွေ့ကျင့်ဆောင်ကြလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့် သင်ဆက်လက်ဟောပြောသောကြောင့် ၎င်းတို့သည် အဆုံးတွင် သင့်ကို စံပြတစ်ဦးအဖြစ် အသုံးပြုလာကြလိမ့်မည်။ အယူဝါဒ ပြောကြားခြင်းတွင် သင်ဦးဆောင်သောကြောင့်၊ သင့်အောက်မှ လူများသည် သင့်ထံမှ အယူဝါဒများကို လေ့လာသင်ယူကြလိမ့်မည်၊ ထို့နောက် အခြေအနေများ တိုးတက်လာသည်နှင့်အမျှ သင်သည် လမ်းမှားနောက်သို့ လိုက်လျှောက်နေပြီးဖြစ်လိမ့်မည် ဖြစ်သည်။ သင့်အောက်မှ လူများသည် သင်ဖောက်သည့် မည်သည့်လမ်းကိုမဆို လိုက်လျှောက်ကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့အားလုံးသည် သင့်ထံမှ သင်ယူလေ့လာကာ သင့်နောက်သို့ လိုက်ကြသဖြင့် ‘ငါသည် ယခုသြဇာတိက္ကမကြီးမားပေ၏၊ လူများစွာသည် ငါ့စကားကို နားထောင်ကြပြီး အသင်းတော်သည် ငါ၏စေလိုရာစေဖြစ်သည်’ ဟု သင်ခံစားရလိမ့်မည်။ လူသားအတွင်းရှိ ဤသစ္စာမဲ့ခြင်းသဘာဝသည် သင့်အား ဘုရားသခင်ကို ပြယုဂ်တစ်ခုမျှအဖြစ်သို့ မရည်ရွယ်ဘဲ အသွင်ပြောင်းမိအောင် ပြုစေသည်၊ ထို့နောက် သင်ကိုယ်တိုင် ဂိုဏ်းဂဏတစ်မျိုးမျိုးကို တည်ထောင်တော့သည်။ အမျိုးမျိုးသော ဂိုဏ်းဂဏများ မည်ကဲ့သို့ ဖြစ်ပေါ်လာသနည်း။ သူတို့မှာ ဤနည်းဖြင့် ဖြစ်ပေါ်လာကြသည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်းသည်သာ ဘုရားသခင်အား စစ်မှန်သောယုံကြည်ခြင်းဖြစ်သည်”) “တဖြည်းဖြည်း ဆိုးရွားလာနေသော သူအပေါင်းသည် မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ပြီး ကိုယ့်အကြောင်းကိုယ် သက်သေခံကြသည်။ ၎င်းတို့သည် မိမိတို့အကြောင်းကို လှည့်ပတ်ကြွားဝါတတ်ကြပြီး မိမိ၏အရှိန်အဝါကို ဖြန့်ကြက်ကြသည့်အပြင် ဘုရားသခင်ကို စိတ်နှလုံးသွင်းခြင်း လုံးဝမရှိပေ။ ငါပြောပြနေသောအရာနှင့် ပတ်သက်ပြီး သင်တို့၌ အတွေ့အကြုံတစ်စုံတစ်ရာ ရှိသလော။ လူများစွာသည် ၎င်းတို့အကြောင်းကို အဆက်မပြတ် သက်သေခံနေကြသည်- ‘ငါသည် ဤပုံစံ ထိုပုံစံဖြင့် ဒုက္ခဆင်းရဲခံခဲ့သည်၊ ငါသည် ဤအလုပ် ထိုအလုပ်ကို လုပ်ဆောင်ခဲ့ပြီ၊ ဘုရားသခင်သည် ငါ့ကို ဤနည်းထိုနည်းဖြင့် ဆက်ဆံခဲ့သည်။ သူသည် ဤသို့ထိုသို့လုပ်ရန် ငါ့ကို စေခိုင်းခဲ့သည်၊ ကိုယ်တော်သည် အထူးသဖြင့် ငါ့ကို အထင်ကြီးသည်။ ယခုအခါ ငါသည် ဤကဲ့သို့ ထိုကဲ့သို့ ဖြစ်သည်။’ ၎င်းတို့သည် အသံနေအသံထားတစ်ခုခုဖြင့် တမင်သက်သက် စကားပြောကြပြီး ဟန်ပန်အမူရာတစ်မျိုးမျိုးကို ရွေးချယ်ကြသည်။ နောက်ဆုံးတွင် လူအချို့က ဤလူတို့သည် ဘုရားသခင်ဖြစ်ကြောင်း ယူဆခြင်းဖြင့်အဆုံးသတ်ကြသည်။ ၎င်းတို့သည် ယင်းအဆင့်သို့ ရောက်သည်နှင့် သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့ကို စွန့်ခွာခဲ့သည်မှာ ကြာမြင့်နေပြီး ဖြစ်လိမ့်မည်။ လောလောဆယ်အချိန်တွင် ၎င်းတို့သည် လျစ်လျူရှုခြင်းကို ခံရပြီး နှင်ထုတ်ခြင်းကို မခံရသော်လည်း ၎င်းတို့၏ကံကြမ္မာကို သတ်မှတ်ပြီးဖြစ်၍ ၎င်းတို့လုပ်နိုင်သောအရာတစ်ခုတည်းမှာ ၎င်းတို့၏ အပြစ်ဒဏ်ပေးခြင်းကို စောင့်ရန်သာဖြစ်၏။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူတို့သည် ဘုရားသခင်ကို အလွန်မြောက်မြားစွာ တောင်းဆိုကြသည်”) ဘုရားသခင်ရဲ့ တရားစီရင်ခြင်း နှုတ်ကပတ်တော်တိုင်းကြောင့် အစ်မသိပ်စိတ်ထိခိုက်ရတယ်၊ တကယ့်ကြောက်ရွံ့စိတ်ကလည်း အစ်မကို ချုပ်ကိုင်ထားခဲ့တယ်။ အစ်မက ဘုရားနှုတ်ကပတ်တော် ဖော်ပြထားတဲ့အတိုင်း အတိအကျဖြစ်နေတာ သဘောပေါက်မိတယ်။ ဘုရားနှုတ်ကပတ်တော်ကို အစ်မမိတ်သဟာယဖွဲ့တဲ့အခါ ဟန်ပန်တစ်မျိုး၊ တင်ပြချက်တစ်မျိုးရှိတယ်။ ဘုရားနှုတ်ကပတ်တော်အပေါ် အစ်မရဲ့ တိုက်ရိုက်သိမြင်မှုနဲ့ အယူဝါဒဆိုင်ရာ နားလည်မှုကို သူများတွေကို ပေးတယ်။ ကိစ္စတွေကို ဘယ်လိုလုပ်ရမယ်၊ ဘာကို လက်တွေ့လုပ်ဆောင်ရမယ်ဆိုတာကို ပြောတယ်။ သူတို့တွေအားလုံးက ဘုရားရဲ့လမ်းပြမှုကို မရှာဘဲ အစ်မရဲ့ မိတ်သဟာယကို စံနှုန်းအဖြစ် အသုံးပြုနေကြပြီး အစ်မရဲ့ မိတ်သဟာယကို စောင့်ကြတာ။ အစ်မလည်း ကိုယ့်အတွေ့အကြုံကို အမြဲဝေမျှနေတယ်။ ကိုယ့်ကို လူတိုင်းလေးစားအောင် အစ်မရဲ့ အနစ်နာခံမှုတွေနဲ့ ဒုက္ခခံမှုတွေအကြောင်းကို အခွင့်အရေးရတိုင်းမှာ မနားတမ်း ပြောတယ်။ အစ်မက ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ပြီး ကြွားဝါနေတာ၊ လူတွေကို ကိုယ့်ရှေ့ ခေါ်ဆောင်နေတာ မဟုတ်ဘူးလား။ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို ရှာဖွေနိုင်ဖို့၊ ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံဖို့၊ လူတွေကို ဘုရားရှေ့ ခေါ်လာဖို့အတွက် ဘုရားသခင်က အစ်မကို ခေါင်းဆောင်အဖြစ် မြှင့်တင်ပေးခဲ့တယ်။ ဒါပေမဲ့ အစ်မက လူတွေရဲ စိတ်နှလုံးထဲမှာ နေရာတစ်နေရာ ရချင်ခဲ့တယ်။ ဒါကြောင့် အစ်မက ကိုယ့်ပြဿနာတွေကို ဖြေရှင်းဖို့အတွက် သမ္မာတရားကိုရှာဖွေပြီး လက်တွေ့လုပ်ဆောင်ဖို့မဟုတ်ဘဲ သူများတွေရှေ့မှာ ကြွားလုံးထုတ်ဖို့အတွက် တိုက်ရိုက်အသိပညာနဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ဖို့ ဘုရားနှုတ်ကပတ်တော်တွေကို အမြဲတမ်းဖတ်နေခဲ့တယ်။ ဆန်းသစ်တဲ့နားလည်မှုတွေ စိတ်ကူးရလာဖို့ ဦးနှောက်ခြောက်ခံ စဉ်းစားတယ်။ နောက်ဆုံးမှ မိတ်သဟာယပြုတဲ့သူဖြစ်အောင် အကွက်ဆင်ပြီး အားလုံးကို အနှစ်ချုပ်ပြောတယ်။ ပိုတော်တဲ့ပုံပေါက်အောင်လေ။ ကိုယ့်ဂုဏ်အဆင့်အတန်းမှာ ပျော်မွေ့နေရင်း ကြွားဝါဖို့နဲ့ သူများတွေ လေးစားလာအောင် လုပ်ဖို့အတွက် ပြဿနာဖြေရှင်းတာကို အခွင့်အရေးတစ်ခုအဖြစ် အစ်မအသုံးချခဲ့တယ်။ သူများတွေကို ဝေဖန်အကဲဖြတ်ဖို့အတွက် ဘုရားနှုတ်ကပတ်တော်ကို အသုံးပြုရင်း၊ ကိုယ့်ဂုဏ်သိက္ခာကို တည်ဆောက်ဖို့အတွက် ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ဖို့ သူများတွေကို လေသံမာမာနဲ့ အမိန့်ပေးရင်း အထက်စီးတောင်ဆန်ခဲ့တယ်။ အစ်မက ဖန်ဆင်းခံတစ်ယောက်၊ ဖောက်ပြန်ပျက်စီးတဲ့သူတစ်ယောက်သက်သက်ပါ။ ဒါပေမဲ့ လူတွေရဲ့ လေးစားမှုကို ရဖို့အတွက် အစ်မက ဘုရားကိုယ်တိုင်ဖြစ်နေသလိုပုံစံနဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်နေခဲ့တယ်။ ကိုယ့်အာဏာရှေ့ ဦးညွှတ်လာကြစေဖို့ ဘုရားသခင်ရဲ့ ခက်ထန်တဲ့ နှုတ်ကပတ်တော်တွေနဲ့ လူတွေကို တရားစီရင်နေခဲ့တယ်။ အစ်မက ကိုယ့်ကိုယ်ကိုယ် ဘုရားလိုလို ပုံမှားရိုက်နေခဲ့တာ။ လူသားတစ်ယောက်လို ပြုမူနေတာမဟုတ်ဘဲ မကောင်းဆိုးဝါးလို၊ စာတန်လို ပြုမူနေခဲ့တာ။ အဲဒီမှာ အစ်မက ဘယ်လောက်မယုံနိုင်လောက်အောင် ဆိုးယုတ်ပြီး အရှက်မဲ့သလဲဆိုတာ သဘောပေါက်လိုက်တယ်။ အစ်မက သာမန် ဖောက်ပြန်ပျက်စီးတဲ့လူတစ်ယောက်တင်မဟုတ်ဘဲ ငရဲချခံသင့်တဲ့ အသက်ရှင်နေတဲ့ စာတန်တစ်ကောင်ပဲ။ ဒါပေမဲ့ အစ်မက မိတ်သဟာယပြုနိုင်တဲ့ ကိုယ့်အရည်အချင်းကို လူတိုင်းရှေ့ အရှက်မရှိ ကြွားဝါနေတုန်းပဲ။ ဒါကြောင့် သူများတွေက ပြဿနာတွေ ကြုံရတဲ့အခါမှာ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေရမဲ့အစား အစ်မပြင်ပေးတာကို စောင့်နေကြတယ်။ အစ်မတာဝန်က ဆိုင်းငံ့ခံနေရတုန်းမှာတောင် အစ်မနဲ့အတူလုပ်တဲ့ ညီအစ်မက အသင်းတော်အလုပ်နဲ့ပတ်သက်လို့ အစ်မကို လာတိုင်ပင်ဖို့အတွက် နေ့တိုင်း အရဲစွန့်ခဲ့တယ်။ ဘယ်ကိစ္စမှာမဆို သမ္မာတရားစည်းမျဉ်းတွေ သူ့မှာ မရှိခဲ့ဘူး။ ညီအစ်ကိုမောင်နှမတွေက သူ့ကို အထင်သေးကြတယ်။ အစ်မမိတ်သဟာယက ပိုကောင်းတယ်လို့ထင်ပြီး သူ့ရဲ့ ခေါင်းဆောင်မှုကို လက်မခံကြဘူး။ အစ်မက လူတိုင်းကို ကိုယ့်ရှေ့ ခေါ်ဆောင်နေတာပဲ။ အစ်မက အန္တိခရစ်တစ်ယောက်လို လူတွေကို လှည့်စားနေတာ၊ ကိုယ့်ရှေ့ကို ခေါ်ဆောင်နေတာ၊ ကိုယ်ပိုင်နယ်မြေ တည်ဆောက်နေတာကို သဘောပေါက်ပြီး ပိုပြီးတော့ ကြောက်လာခဲ့တယ်။ အစ်မပြဿနာက ဘယ်လောက်ဆိုးတယ်ဆိုတာ ပိုပိုပြီး မြင်လာတယ်။
ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို အစ်မဖတ်ခဲ့တယ်။ ဘုရားသခင်က ပြောသည်- “အားလုံးထဲတွင် အပုန်ကန်ဆုံးသူများသည် ဘုရားသခင်ကို တမင်သက်သက် ဖီဆန်ပြီး အာခံသောသူများ ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ ရန်သူများ၊ အန္တိခရစ်များပင် ဖြစ်သည်။ သူတို့၏စိတ်သဘောမှာ အမြဲတစေပင် ဘုရားသခင်၏ အမှုသစ်အပေါ် ရန်လိုသော စိတ်သဘောထား ဖြစ်သည်။ သူတို့၌ နာခံဖို့အတွက် ဆန္ဒသဘော စိုးစဉ်းမျှမရှိသကဲ့သို့၊ သူတို့သည် ဝမ်းမြောက်စွာ ကျိုးနွံနာခံခြင်း မရှိခဲ့ဖူး၊ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် နှိမ့်ချခြင်း မရှိခဲ့ဖူးပေ။ သူတို့သည် အခြားလူတို့ရှေ့၌ မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ပြီး မည်သူ့ကိုမျှ နာခံခြင်း မရှိခဲ့ဖူးပေ။ သူတို့က ဘုရားသခင်၏ရှေ့၌ မိမိတို့ကိုယ်ကိုယ် နှုတ်ကပတ်တော်ကို ဟောကြားရာ၌ အကျွမ်းကျင်ဆုံး၊ အခြားသူများအပေါ် အမှုပြုရာတွင် အကျွမ်းကျင်ဆုံးအဖြစ် သတ်မှတ်ကြသည်။ သူတို့၏ လက်ဝယ် ပိုင်ဆိုင်ထားပြီးသော ‘ရတနာများ’ ကို သူတို့ မည်သည့်အခါမျှ မစွန့်ပစ်ဘဲ ဝတ်ပြုကိုးကွယ်ရန်၊ အခြားသူများကို တရားဟောရန်အတွက် ယင်းတို့ကို မိသားစုဆိုင်ရာ ဘိုးစဉ်ဘောင်ဆက် အမွေပစ္စည်းများအဖြစ် သဘောထားပြီး သူတို့သည် မိမိတို့အား ပုဂ္ဂိုလ်ရေးကိုးကွယ်သော ထိုအရူးများကို ဆုံးမသင်ကြားရန်အတွက် ယင်းတို့ကို အသုံးပြုကြသည်။ အမှန်တွင် အသင်းတော်ထဲ၌ ဤကဲ့သို့သောလူတို့မှာ အရေအတွက် အတိုင်းအတာတစ်ခုအထိ ရှိလေသည်။ သူတို့မှာ ဘုရားသခင်၏အိမ်တော်၌ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် နေထိုင်သော ‘နှိမ်နင်း၍မရသည့် သူရဲကောင်းများ’ ဖြစ်သည်ဟု ဆိုနိုင်သည်။ သူတို့သည် နှုတ်ကပတ်တော် (အယူဝါဒ) ဟောပြောခြင်းကို သူတို့၏ အမြင့်မားဆုံးသော တာဝန်အဖြစ် မှတ်ယူကြသည်။ တစ်နှစ်ပြီးတစ်နှစ်၊ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် သူတို့၏ ‘အလေးထားအပ်ပြီး မချိုးဖောက်အပ်သော’ တာဝန်ကို အကျိုးသက်ရောက်မှု ရှိစေရန် အားသွန်ခွန်စိုက် လုပ်နေကြသည်။ မည်သူကမျှ သူတို့ကို မထိရဲ၊ တစ်ယောက်တလေကမျှ သူတို့ကို လူပုံအလယ် အပြစ်မတင်ရဲပေ။ သူတို့သည် တစ်ခေတ်ပြီးတစ်ခေတ် အခြားသူများကို နိုင်လိုမင်းထက်ပြုမူပြီး သောင်းကျန်းမွှေ့ယမ်းလျက် ဘုရားသခင်၏အိမ်တော်၌ ‘ဘုရင်များ’ ဖြစ်လာကြသည်။ ထိုနတ်ဆိုးအုပ်စုသည် လက်တွဲပြီး ငါ့အမှုကို ဖျက်ဆီးရန် ကြိုးစားကြသည်။ အသက်ရှင်နေသော ဤနတ်မိစ္ဆာများကို ငါ့မျက်စိရှေ့၌ အဘယ်သို့ ရှိနေခွင့် ပေးနိုင်မည်နည်း။ စိတ်နှလုံးထဲ၌ နာခံမှု စိုးစဉ်းမျှမရှိသော ဤအာဏာရှင်များကို မဆိုထားဘိ၊ နာခံမှု တစ်ဝက်တစ်ပျက်သာ ရှိသူများပင် အဆုံးတိုင်အောင် ရှေ့မဆက် နိုင်ကြပါတကား။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်) ဘုရားသခင်ဆီက ဒီခက်ထန်တဲ့ တရားစီရင်ခြင်း နှုတ်ကပတ်တော်တွေကြောင့် ဘုရားသခင်က ဒီနားမှာတင် ရှိနေသလိုမျိုး၊ အစ်မရဲ့ အဆုံးသတ်ကို ကြေညာနေသလိုမျိုး အစ်မခံစားသွားရပြီး မြေပေါ်ကို တုံးခနဲ ပြိုလဲကျသွားရော။ အစ်မက လူတွေ အစ်မကို လေးစားအောင်၊ အားကိုးအောင်၊ အစ်မရဲ့ ခေါင်းဆောင်မှုကို မှီခိုအောင် ဘုရားနှုတ်ကပတ်တော်အပေါ် အစ်မရဲ့ တိုက်ရိုက်နားလည်မှုအကြောင်း အမြဲတမ်း တကျည်ကျည်ပြောတယ်၊ လူတွေကို လမ်းလွဲအောင်လုပ်ဖို့ အခွင့်အရေးတစ်ခုအနေနဲ့ သူတို့ပြဿနာတွေကို ဖြေရှင်းဖို့ မိတ်သဟာယကို အသုံးပြုတယ်။ ကိုယ့်ကိုယ်ကိုယ်နဲ့ သမ္မာတရားကို မိတ်သဟာယဖွဲ့နိုင်တဲ့ ကိုယ့်စွမ်းရည်ကို အချိန်တိုင်း ဂုဏ်တင်နေခဲ့တယ်။ လူတစ်ယောက်ကဆို အစ်မကို ဘုရားလို့တောင် မှားထင်ခဲ့တယ်။ အစ်မက အန္တိခရစ်တစ်ယောက်လိုမျိုး လူတွေရဲ့ စိတ်နှလုံးထဲက ဘုရားရဲ့နေရာကို ယူနေတာမဟုတ်ဘူးလား။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားလူ့ဇာတိခံတာဟာ မယုံနိုင်စရာ အခွင့်အလမ်းပဲ။ လူတိုင်းကံကောင်းလို့ စစ်မှန်တဲ့ဘုရားကို တွေ့ရတာလေ။ ဒါပေမဲ့ အစ်မက ကိုယ့်ကိုယ်ကိုယ် သက်သေထူဖို့ ကိုယ့်ရဲ့တာဝန်ထမ်းခွင့်ကို အသုံးချနေခဲ့တယ်။ အမှတ်တမဲ့နဲ့ လူတွေကို ဘုရားသခင်ဆီက ခိုးယူရင်း၊ လူတွေရဲ့ စိတ်နှလုံးထဲက ဘုရားရဲ့နေရာကို ယူရင်းပေါ့။ လူတွေက အစ်မကို သူတို့ရဲ့ အရှင်သခင်အဖြစ် မှတ်ယူပြီး ဘုရားသခင်ရဲ့ အာဟာရ၊ လမ်းပြမှုနဲ့ ကောင်းချီးတွေကို မေ့နေကြတယ်။ အစ်မက ညီအစ်ကိုမောင်နှမတွေဆီကနေ သူတို့ရဲ့ ကယ်တင်ခံရခွင့်ကို လုယူနေတာပဲ။ အာဏာအရှိဆုံးလူလို ပြုမူရင်း အရမ်းကို အောက်တန်းကျမိလိမ့်မယ်လို့ ကိုယ့်ကိုယ်ကိုယ် တစ်ခါမှ စိတ်မကူးမိဘူး။ အဲဒီနောက်မှာ အစ်မက အပြစ်ရှိစိတ်၊ နောင်တစိတ်တွေနဲ့ ပြည့်သွားပြီး ကိုယ့်ကိုယ်ကိုယ် တကယ်စက်ဆုပ်ခဲ့တယ်။ ဘုရားကို ဦးညွှတ်ပြီး ဝန်ချခဲ့တယ်။ “ဘုရားသခင် သမီးစီရင်ခံထိုက်ပါတယ်။ သမီးဟာ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ပြီး ကြွားဝါနေခဲ့တယ်။ ကိုယ်တော်ရဲ့လူတွေကို သမီးရှေ့ ခေါ်ဆောင်နေခဲ့မိတယ်။ သမီးရဲ့တာဝန်ကို ဆိုင်းငံ့လိုက်ခြင်းနဲ့ ကိုယ်တော်ရဲ့ ဖြောင့်မတ်ခြင်းကိုသာ မပြသခဲ့ရင် မကောင်းမှု ဘယ်လောက်ထပ်များများ သမီးလုပ်မိမလဲ မသိဘူး။ သမီးဟာ တစ်နှစ်ကျော်ကြာ အသင်းတော်ခေါင်းဆောင် ဖြစ်ခဲ့ပါတယ်။ ကိုယ်တော့်ကို နားလည်အောင် သူများတွေကို မကူညီပေးနိုင်ခဲ့တဲ့အပြင် အတားအဆီးတစ်ခုဖြစ်လာပြီး သူတို့ကို လမ်းလွဲစေပြီးတော့ ကိုယ်တော့်ဆီကနေ ပိတ်ပင်ခဲ့မိပါတယ်။ သူတို့ကို သမီးအကျိုးယုတ်စေခဲ့ပါတယ်။ ဒါတင်မကဘဲ သမီးက ကိုယ်တော်ရဲ့ ကယ်တင်ခြင်းနဲ့ မထိုက်တန်ပါဘူး။ သမီးဟာ ရှင်သန်ဖို့တောင် မထိုက်တန်ပါဘူး။ ကိုယ်တော့်ဆီက အပြစ်ဒဏ်ပေးခြင်းအားလုံးနဲ့ ထိုက်တန်ပါတယ်” ဆိုပြီး ဆုတောင်းလိုက်တယ်။ အဲဒီနောက် အတန်ကြာတဲ့အထိ အစ်မမျက်ရည်တွေက နည်းနည်းမှ ရပ်မသွားဘူး။ ငရဲတံခါးကို တကယ်ဖွင့်ခဲ့မိပြီး ဘုရားသခင်ရဲ့ ဖော်ထုတ်တာနဲ့ ဖယ်ရှားတာကို ခံရတော့မယ်လို့ အစ်မခံစားမိတာ။ အစ်မကို ဘုရားအချိန်မဆွဲဘဲ မြန်မြန်ရှင်းပစ်ဖို့တောင် အစ်မမျှော်လင့်နေတာ။ ဘုရားကို ဆန့်ကျင်တဲ့ဘဝမျိုး အစ်မ မရှင်သန်ရအောင်ပေါ့။
ဒီဝေဒနာအလယ်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို အစ်မဖတ်ခဲ့ရတယ်။ အဲဒါကို မျှဝေချင်တယ်။ ဘုရားသခင်က ပြောသည်- “ယခု သင်တို့သည် မျှော်လင့်ခြင်း အနည်းငယ်မျှ ရှိကြသရွေ့၊ သင်၏အတိတ်မှ ပြစ်မှားခြင်းများကို ဘုရားသခင် အမှတ်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ ဤစိတ်နေစိတ်ထားကို သင်တို့ ထိန်းသိမ်းသင့်သည်- ‘ကျွန်ုပ်၏ စိတ်သဘောထားထဲတွင် ပြောင်းလဲမှုတစ်ခုကို ကျွန်ုပ် ရှာဖွေရမည်၊ ဘုရားသခင်ကို သိကျွမ်းဖို့ ကြိုးစားရမည်၊ စာတန်အားဖြင့် ဘယ်သောအခါမှ တစ်ဖန် အရူးလုပ်ခံရမည်မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ နာမတော်ကို အရှက်ရစေမည့် အရာတစ်ခုခုကို တစ်ဖန် ဘယ်သောအခါမျှ လုပ်ရမည်မဟုတ်။’ သင်သည် ကယ်တင်ခံရနိုင်၊ မခံရနိုင်ဆိုသည်နှင့် သင့်အတွက် မျှော်လင့်ချက် ရှိ၊ မရှိကို ဆုံးဖြတ်သည့် အဓိက ကဏ္ဍများမှာ၊ တရားဒေသနာတစ်ခုကို နားထောင်ပြီးနောက်၊ သမ္မာတရားကို သင် ရရှိနိုင်ခြင်း ရှိမရှိ၊ သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိ ဆိုသည်နှင့် သင် ပြောင်းလဲနိုင်ခြင်း ရှိ မရှိဆိုသည့်တို့ ဖြစ်သည်။ သင်သည် နောင်တကိုသာ ခံစားရလျှင်၊ သင့်အတွက် အရေးယူလုပ်ဆောင်ဖို့ အချိန်တွင် လမ်းဟောင်းကိုသာ သင် ဆက်တွေးနေပြီးနောက် လျော်ညီစွာ တစ်ဖန် လုပ်ဆောင်မိလျှင်၊ ထို့အပြင်၊ ဤကိစ္စရပ်ကို သင် လုံးဝနားမလည်ဘဲ၊ ယင်းအစား ဆိုးသထက် ဆိုးနေမိလျှင်၊ သင့်အတွက် မျှော်လင့်ချက် ရှိလိမ့်မည် မဟုတ်သကဲ့သို့ ပယ်ရှင်းခံရသင့်ပေသည်။ ဘုရားသခင်ကို သာ၍ များပြားစွာ သိကျွမ်းခြင်းနှင့် သင့်ကိုယ်သင် သာ၍ နက်ရှိုင်းစွာ သိကျွမ်းခြင်းတို့ဖြင့် သင်သည် မိမိကိုယ်ကို သာ၍ ထိန်းသိမ်းနိုင်စွမ်းရှိလေ ဖြစ်လိမ့်မည်။ သင်၏သဘာဝနှင့် ပတ်သက်၍ ပိုမိုနှံ့စပ်သည့် သိနားလည်မှုတစ်ခု သင်၌ရှိလေ၊ သင်ကာကွယ်ခံရလိမ့်မည်မှာ ပို၍ လွယ်ကူလေဖြစ်သည်။ သင်၏ အတွေ့အကြုံများနှင့် သင် ရခဲ့သည့် သင်ခန်းစာများကိုကို ပေါင်းရုံးသုံးသပ်ပြီးသည့်နောက်၊ သင် ဘယ်သောအခါမျှ နောက်တစ်ဖန် ကျရှုံးလိမ့်မည် မဟုတ်။ တကယ့်အမှန်တရားတွင်၊ အယောက်တိုင်းအပေါ်၌ ပြစ်ချက်များ ရှိပြီး၊ ၎င်းတို့သည် အတာချမခံရခြင်းသာ ဖြစ်သည်။ လူတိုင်းတွင် ပြစ်ချက်များရှိ၏— အချို့တွင် ပြစ်ချက်အသေးစားများ ရှိပြီး အချို့တွင် ပြစ်ချက်အကြီးစားများ ရှိသည်။ အချို့က ဘွင်းဘွင်းရှင်းရှင်း ပြောပြီး အချို့က လျှို့ဝှက်ကြသည်။ အချို့လူများသည် အခြားသူများ သိသည့်အမှုအရာများကို လုပ်ဆောင်ကြသော်လည်း အချို့လူများကမူ အခြားသူများ မသိဘဲ အမှုအရာများကို လုပ်ဆောင်ကြသည်။ လူတိုင်းတွင် ပြစ်ချက်များ ရှိကြသည်၊ ပြီးလျှင် မာနထောင်လွှားခြင်း သို့မဟုတ် စိတ်ကြီးဝင်ခြင်းကဲ့သို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအချို့ကို ၎င်းတို့အားလုံး ထုတ်ဖော်ပြကြသည်၊ ၎င်းတို့အားလုံး ပြစ်မှားကြပြီးဖြစ်ကာ၊ မိမိတို့၏အလုပ်၌ အားလုံး စံသွေပြီးဖြစ်သည်၊ သို့မဟုတ် ရံဖန်ရံခါ ပုန်ကန်တတ်ကြသည်။ ပြီးလျှင် ဤအရာအားလုံးကို ခွင့်လွှတ်၍ရနိုင်သကဲ့သို့၊ ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်က ရှောင်လွှဲ၍မရနိုင်ပေ။ သို့ရာတွင် လူများသည် သမ္မာတရားကို နားလည်သည်နှင့်၊ ယင်းကို ရှောင်နိုင်ကာ၊ နောက်ထပ် ပြစ်မှားခြင်းမပြုတော့ဖို့ ဖြစ်နိုင်ပေသည်၊ ပြီးလျှင် ယခင်ပြစ်မှားခြင်းများအားဖြင့် အမြဲ သောကရောက်ဖို့ မလိုအပ်ပေ။ အဓိကအချက်မှာ လူများ နောင်တရခြင်း ရှိမရှိ၊ ၎င်းတို့အမှန်တကယ် ပြောင်းလဲပြီးခြင်း ရှိမရှိ ဖြစ်သည်။ နောင်တရပြီး ပြောင်းလဲသူများသည် ကယ်တင်ခြင်း ခံရသူများဖြစ်သော်လည်း၊ တစ်လျှောက်လုံး နောင်တ မရသေးသကဲ့သို့၊ မပြောင်းလဲသေးသည့်သူများသည် သုတ်သင်ဖယ်ရှင်းခံရမည် ဖြစ်သည်။ သမ္မာတရားကို နားလည်ပြီးသည့်နောက် လူများသည် တမင်တကာ ပြစ်မှားကျူးလွန်ဆဲဖြစ်ပါက၊ ၎င်းတို့သည် စွဲစွဲမြဲမြဲ နောင်တမရဘဲရှိကာ၊ လုံးလုံး မပြောင်းလဲဘဲ၊ မည်သို့ ပြုပြင်ခံရကာ၊ ကိုင်တွယ်ဖြေရှင်းခံရပါစေ၊ သို့မဟုတ် သတိပေးခံရပါစေ၊ အလုပ်ဖြစ်မည် မဟုတ်ပါက၊ ထိုသို့သော လူများသည် ကယ်တင်၍မရနိုင်ပေ။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်အတွက် အစေခံရန် လူတစ်ဦးသည် ပေတရု၏ လမ်းကြောင်းကို လျှောက်သင့်သည်”) ဒီကျမ်းပိုဒ်က အစ်မကို တကယ်တို့ထိပြီး အပြစ်ရှိတဲ့စိတ်တွေနဲ့ ပြည့်စေခဲ့တယ်။ ကိုယ့်ဆိုးယုတ်မှုအားလုံးကို အစ်မစဉ်းစားမိတယ်။ အစ်မက တကယ်နောင်တမရသေးဘဲ ဘုရားကို အထင်လွဲနေတုန်းပဲ။ အစ်မက တော်တော်ကို လွန်ပြီး ကျိုးကြောင်းမဆီလျော်ခဲ့တာပါ။ ဖောက်ပြန်ပျက်စီးမှုဘယ်လောက် အစ်မတို့ဖော်ပြသလဲဆိုတာကို ဘုရားက ဂရုမစိုက်ဘူး။ အဓိကက သမ္မာတရားကို အစ်မတို့ လက်ခံနိုင်သလား၊ အမှန်တကယ် နောင်တရပြီး ပြောင်းလဲနိုင်သလားဆိုတာပဲ။ ဘုရားသခင်အပေါ် အထင်လွဲနေတာကို ရပ်ရမယ်၊ အားတင်းပြီး သမ္မာတရားကို အားထုတ်ရမယ်၊ ကိုယ့်ကိုယ်ကိုယ် တကယ်ဆင်ခြင်ရမယ်ဆိုတာ အစ်မသိခဲ့တယ်။ ဒါက ကြွားဝါတာနဲ့ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်တာကို ရပ်ဖို့ တစ်ခုတည်းသောနည်းလမ်းပဲ။ အစ်မအတွက် ဘုရားသခင်က ဘယ်လိုအဆုံးသတ်ကိုပဲ သတ်မှတ်ထားပါစေ သမ္မာတရားကို အားထုတ်ပြီး ဝင်ရောက်ရမယ်။ ပြောင်းလဲမှုကို အားထုတ်ရမယ်။ ဘုရားကို အာခံပြီး ထိခိုက်စေတာကို ရပ်ရမယ်။ ဒါတွေအားလုံးကို အစ်မသဘောပေါက်သွားတော့ သိပ်စိတ်မဖိစီးတော့ဘူး။ ဆီလျော်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို အစ်မစပြီး ရှာတယ်။
အစ်မရဲ့ မာနကြီးမှုကို ပိုနားလည်အောင်ကူညီပေးတဲ့ ကျမ်းပိုဒ်တချို့ရှိတယ်။ ဘုရားသခင်က ပြောသည်- “လူအချို့သည် ပေါလုကို အထူးသဖြင့် ပုဂ္ဂိုလ်ရေးကိုးကွယ်ကြသည်။ ၎င်းတို့သည် အပြင်ထွက်၍ ဟောပြောခြင်းနှင့် အမှုပြုခြင်းကို နှစ်သက်ကြသည်။ ၎င်းတို့သည် စုဝေးပွဲများ တက်ရောက်ပြီး ဟောပြောခြင်းကို နှစ်သက်ကြသည်၊ ထို့အပြင် သူတို့သည် သူတို့ကို နားထောင်နေသည့်၊ သူတို့ကို ကိုးကွယ်နေသည့်၊ သူတို့ကို ဗဟိုပြုနေသည့် သူများကို နှစ်သက်ကြသည်။ သူတို့သည် အခြားသူများ၏စိတ်ထဲ၌ ဂုဏ်ဒြပ်ရှိလိုကြပြီး အခြားသူများက သူတို့ ပြသသည့် ပုံရိပ်ကို တန်ဖိုးထားရှိသည့်အခါ သဘောကျကြသည်။ ဤအပြုအမူများမှတစ်ဆင့် သူတို့၏ သဘာဝဗီဇများကို ခွဲခြမ်းစိတ်ဖြာကြပါစို့- ၎င်းတို့၏ သဘာဝမှာ အဘယ်နည်း။ အကယ်၍ ထိုသူသည် ဤကဲ့သို့ အမှန်တကယ် ပြုမူပါက သူတို့သည် မောက်မာ၍ ထောင်လွှားသော သူများဖြစ်ကြောင်း ပြသရန် လုံလောက်၏။ သူတို့သည် ဘုရားသခင်ကို လုံးဝ မကိုးကွယ်ပေ။ မြင့်မားသော ရာထူးဂုဏ်ဒြပ်ကို သူရှာဖွေပြီး၊ အခြားသူများအပေါ် သြဇာအာဏာ ရှိလိုကာ ထိုသူများကို ပိုင်ဆိုင်လိုပြီး ၎င်းတို့၏ စိတ်များထဲ၌ ဂုဏ်ရှိလိုသည်။ ဤသည်မှာ စာတန်၏ စံနမူနာ ပုံရိပ်ပင် ဖြစ်သည်။ ပိုမိုပေါ်လွင်နေသည့် ၎င်းတို့ သဘာဝဗီဇ၏ လက္ခဏာသွင်ပြင်များမှာ မောက်မာမှုနှင့် စိတ်ကြီးဝင်ခြင်းဖြစ်ပြီး၊ ဘုရားသခင်ကို ကိုးကွယ်ရန် မလိုလားမှုနှင့် အခြားသူများ၏ ကိုးကွယ်ခြင်းကို ခံလိုမှုတို့ ဖြစ်သည်။ ထိုသို့သော အပြုအမူများသည် ၎င်းတို့၏ သဘာဝဗီဇထဲသို့ အလွန်ရှင်းလင်းသော အမြင်ကို သင့်အား ပေးနိုင်ပေသည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း”) “သင်သည် သင့်အတွင်း၌ သမ္မာတရားကို အမှန်တကယ် ပိုင်ဆိုင်ပါက သင်လျှောက်လှမ်းသည့် လမ်းကြောင်းမှာ အလိုအလျောက်မှန်ကန်သော လမ်းကြောင်းဖြစ်လိမ့်မည်။ သမ္မာတရားမရှိပါက မကောင်းမှုပြုရန် လွယ်ကူပြီး မရည်ရွယ်ဘဲ ယင်းကို သင်လုပ်မိလိမ့်မည် ဖြစ်သည်။ ဥပမာ၊ အကယ်၍ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင်၏အတွင်းတွင် တည်ရှိခဲ့ပါက၊ ဘုရားသခင်ကို ဖီဆန်ခြင်းမှ ထိန်းထားဖို့ မဖြစ်နိုင်ပေ။ သင်သည် သူ့ကိုဖီဆန်ရန် လှုံ့ဆော်ခြင်းခံရမည်။ သင်သည် ရည်ရွယ်ချက်ရှိရှိနှင့် ထိုအရာကို ပြုမည်မဟုတ်၊ သင်၏ မောက်မာပြီး ထောင်လွှားသော သဘာဝဗီဇ၏ အုပ်စိုးမှုအောက်၌ သင် ထိုသို့ပြုလိမ့်မည်။ သင်၏ မောက်မာခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်။ ထိုအရာတို့သည် သင့်ကိုယ်သင် ချီးမြှောက်စေလိမ့်မည်ဖြစ်ပြီး အစဉ်တစိုက် မိမိကိုယ်ကို ထုတ်ဖော်ကြွားဝါစေလိမ့်မည် ဖြစ်ကာ နောက်ဆုံးတွင် သင့်ကို ဘုရားသခင်၏ နေရာတွင် ထိုင်စေ၍ သင့်ကိုယ်သင်အတွက် သက်သေခံစေလိမ့်မည် ဖြစ်သည်။ သင်သည် အကိုးကွယ်ခံရဖို့ရန် မိမိကိုယ်ပိုင် စိတ်ကူးများ၊ မိမိကိုယ်ပိုင် အတွေးအခေါ်နှင့် မိမိကိုယ်ပိုင် အယူအဆများကို သမ္မာတရားများအဖြစ် ပြောင်းလဲလိမ့်မည်။ မိမိတို့၏ မောက်မာ၍ ထောင်လွှားသော သဘာဝ၏ အုပ်စိုးမှုအောက်၌ လူတို့သည် မည်မျှများပြားလှသော ဒုစရိုက်မှုကို ပြုကြသည်ကို ကြည့်လော့။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်”) မာနကြီးတဲ့ ကိုယ့်သဘာဝရဲ့ အုပ်စိုးခြင်းကို ခံရတာကြောင့် အစ်မဟာ အန္တိခရစ်ရဲ့လမ်းကြောင်းပေါ် ရောက်နေပြီး အဲဒီမကောင်းမှုတွေအားလုံးကို လုပ်နေတာဆိုတာ ဒါကို ဖတ်ကြည့်တော့ အစ်မရှင်းသွားတယ်။ “ကောင်းကင်နှင့် မြေကြီးတစ်လျှောက်လုံးတွင် ငါသည်သာ ငါ၏ အရှင်သခင်ဖြစ်၏”၊ “လူတို့သည် ၎င်းတို့နှင့်တစ်ခေတ်တည်းမွေးသူများထက် ပိုမိုသာလွန်ရန် အစဉ်ကြိုးစားသင့်သည်” ဆိုတာမျိုး အယူအဆတွေက အစ်မရဲ့ အသက်သွေးကြောပဲ။ ကြီးကြီးကျယ်ကျယ်နေတာ၊ လူတွေကို ကိုယ့်အနား စုဝေးစေတာဟာ ဂုဏ်ကျက်သရေရှိတဲ့ဘဝကိုနေဖို့ တစ်ခုတည်းသောနည်းလမ်းပဲလို့ ထင်ခဲ့တယ်။ ဒီအဆိပ်တွေက အစ်မအရိုးတွေထဲထိ ထိုးထွင်းထားတာ။ အစ်မသွေးကြောတွေတစ်လျှောက် စီးဆင်းနေတာ။ အစ်မရဲ့ သဘာဝဖြစ်လာပြီး အစ်မကို အရမ်းမာနကြီးလာစေတာ။ အစ်မက သူများအပေါ် အမြဲတမ်း ဆရာကြီးလုပ်ချင်ပြီး အာရုံအစိုက်ခံချင်ခဲ့တယ်။ လူတိုင်းက လေးစားအောင်၊ အစ်မနားမှာ စုဝေးအောင် အစ်မစကား နားထောင်အောင် ကြွားဝါဖို့ တချို့အယူဝါဒတွေကို သင်ယူတယ်။ အစ်မက အရမ်းဘဝင်မြင့်နေပြီး သူများတွေချီးမြှောက်တာကို ခံစားတဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ် အရမ်းဂုဏ်ယူနေခဲ့တယ်။ ရွံစရာကောင်းပါတယ်။ အစ်မက ကိုယ့်ကိုယ်ကိုယ် သိမြင်မှုမရှိသလို ကိုယ်က တကယ်တမ်း ဘာဆိုတာ လုံးဝ မသိခဲ့ဘူး။ မိတ်သဟာယနည်းနည်း အစ်မပြုနိုင်ပြီး သူများရဲ့ ပြဿနာတွေကို ကူရှင်းပေးနိုင်တယ်ဆိုတာကလည်း သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လမ်းပြခြင်းကနေ လာတာပါ။ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့အလုပ်ကို အစ်မ မသိခဲ့တော့ အစ်မက တကယ်ကို ထူးခြားတယ်၊ အစ်မမှာ သမ္မာတရားရဲ့ စစ်မှန်မှုရှိတယ်လို့ ထင်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အရှက်မရှိ ကြွားလုံးထုတ်ခဲ့တယ်။ အမှန်တကယ်ကတော့ သမ္မာတရားရဲ့ စစ်မှန်မှုရှိတဲ့သူတွေက အယူဝါဒတွေအကြောင်း လေကြောရှည်မနေဘူး။ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ အဖြစ်အနေနဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းအပေါ် အမှန်တကယ်နားလည်မှုရှိတယ်။ သူတို့မှာ သာမန်လူ့သဘာဝနဲ့ အသိစိတ်ရှိတယ်။ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့အလုပ်နဲ့ သူတို့ရဲ့ကိုယ်ပိုင်ဝိညာဉ်ရင့်ကျက်မှုကိုလည်း ခွဲခြားနိုင်တယ်။ သူတို့ရဲ့ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးမှုကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို ရှာဖွေရင်း ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံကြတယ်။ ဘုရားရှေ့မှာ အမြဲတမ်း အသက်ရှင်ကြတယ်။ သူတို့ဟာ အစ်မလုပ်ခဲ့သလိုမျိုး အရှက်မရှိကြွားဝါတာ ဘယ်တော့မှမလုပ်ဘူး။ ပေါလုက လေးစားခံရတာ ကြိုက်ခဲ့ပုံကို အစ်မစဉ်းစားမိတယ်။ သူက အဆင့်မြင့်တဲ့ အယူဝါဒတွေ၊ ကျမ်းစာအသိပညာတွေ၊ ဓမ္မပညာတွေကို ဟောကြားတဲ့အပေါ်မှာ အမြဲတမ်း အာရုံစိုက်ခဲ့တာလေ။ သူ့ကို လူတွေလေးစားလာအောင် လုပ်ပြီးတဲ့အခါမှာ သူအရမ်းမာနကြီးသွားပြီး ဒီလိုတောင် ပြောခဲ့တယ်။ “အသက်ရှင်သည်အရာမှာ ခရစ်တော်ဖြစ်၏။ သေလျှင်မူကား၊ သာ၍အကျိုးရှိ၏။” (ဖိလိပ္ပိ သြဝါဒစာ ၁:၂၁) အဲဒီလိုပြောတာဟာ သူက ဘုရားဖြစ်သလိုမျိုး ပွင့်ပွင်းလင်းလင်း ပြုမူနေတာပဲ။ သူ့ကိုယ်သူ ခရစ်တော်လိုလို သက်သေခံပြီး ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားနေတာပဲ။ သူက ဘုရားသခင်ရဲ့ အပြစ်ဒဏ်ပေးခြင်းကို ခံနေရတုန်းပဲ။ အစ်မရဲ့ စိတ်ထက်သန်မှု၊ လိုက်စားမှုတွေနဲ့ အစ်မလမ်းကြောင်းက ပေါလုနဲ့ မတူနေဘူးလား။ အစ်မ အဲဒီလို တွေးမိသွားတော့ ပိုပြီးတော့တောင် ကြောက်ပြီး နောင်တရလာတယ်။ ဘယ်ပုန်ကန်ပြစ်မှားမှုကိုမှ သည်းမခံတဲ့ ဘုရားရဲ့ ဖြောင့်မတ်ခြင်းကို အစ်မခံစားရနိုင်တယ်။ ဘုရားသခင်အပေါ် စစ်မှန်တဲ့ကြောက်ရွံ့မှုကို အစ်မခံစားရပြီး တခြားလူတွေရဲ့လေးစားမှုနောက်ကို လိုက်တာဟာ ဆိုးယုတ်တဲ့ စိတ်သဘောထားဖြစ်ပြီး ဘုရားသခင်ကို ဆန့်ကျင်တာပဲဆိုတာကို အစ်မသဘောပေါက်ခဲ့တယ်။
ဘုရားကို ချီးမြှောက်ပြီး သက်သေခံခြင်းနဲ့ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်တွေအများကြီးကို စုဆောင်းပြီး အဲဒါတွေကို စိတ်နှစ်ပြီး ဖတ်တယ်။ အစ်မစိတ်ထဲ အထူးသဖြင့် စွဲမှတ်သွားစေခဲ့တဲ့ ကျမ်းပိုဒ်တချို့ရှိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်အတွက် သက်သေခံသောအခါတွင် ဘုရားသခင် လူတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမပုံ၊ လူတို့ကို စစ်ဆေးရန်နှင့် သူတို့၏ စိတ်သဘောထားများကို ပြောင်းလဲရန် မည်သည့်စမ်းသပ်မှုများအား သူအသုံးပြုသည့် အကြောင်းတို့ကို ပို၍ အဓိက ပြောသင့်သည်။ သင်တို့၏ အတွေ့အကြုံထဲတွင် ဖောက်ပြန်ပျက်စီးခြင်း မည်မျှ ထုတ်ဖော်ထားကြောင်း၊ သင်တို့ အဘယ်မျှ ခံစားခဲ့ပြီးကြောင်းနှင့် နောက်ဆုံးတွင် ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို အဘယ်သို့ ခံခဲ့ရကြောင်းကိုလည်းကောင်း ပြောသင့်သည်၊ သင်တို့၌ ဘုရားသခင်၏အမှုအပေါ် စစ်မှန်သောသိခြင်း အဘယ်မျှ ရှိကြောင်းနှင့် ဘုရားသခင်အတွက် အဘယ်သို့ သက်သေခံပြီး သူ၏ချစ်ခြင်းမေတ္တာကို အဘယ်သို့ ပြန်ပေးဆပ်သင့်ကြောင်းတို့ကိုလည်း ပြောသင့်သည်။ သင်တို့သည် ဤကဲ့သို့သော စကားအသုံးအနှုန်းမျိုးကို ရိုးရှင်းသောပုံစံဖြင့် ပြောလျက် ပို၍ အနှစ်သာရရှိရှိ ပြောသင့်သည်။ အနှစ်သာရမဲ့သော သီအိုရီများအကြောင်းကို မပြောလေနှင့်။ ပိုမို၍ လက်တွေ့ကျအောင် ပြောလော့။ နှလုံးသားထဲမှ စကားပြောလော့။ ဤသည်မှာ သင်တွေ့ကြုံသင့်ပုံ ဖြစ်သည်။ ဝါကြွားရန် အားထုတ်သည့်အနေဖြင့် လေးနက်ဟန်ရှိသော၊ အနှစ်သာရမဲ့သော သီအိုရီများနှင့် မိမိကိုယ်ကို မပြင်ဆင်လေနှင့်။ ဤသို့ပြုခြင်းက သင်တို့ကို အတော်ပင် စိတ်ကြီးဝင်ပြီး အသိတရားမဲ့ဟန် ပေါ်စေမည်။ သင်သည် စစ်မှန်ပြီး နှလုံးသားထဲမှဖြစ်သည့် သင်၏ တကယ့် အတွေ့အကြုံမှ စစ်မှန်သောအရာများကို ပို၍ပြောသင့်သည်။ ဤသည်မှာ အခြားသူများအတွက် အကျိုးပြုဆုံးဖြစ်ပြီး သူတို့တွေ့မြင်ရန် အသင့်လျော်ဆုံးဖြစ်သည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်”) “အသင်းတော်၌ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့်၊ သင်တို့သည် ဘုရားသခင်ရွေးချယ်ထားသော လူတို့ကို သမ္မာတရား၏ စစ်မှန်မှုထဲသို့ ခေါ်ဆောင်လိုပြီး ဘုရားသခင်၏ သက်သေခံများအဖြစ် အစေခံလိုပါက၊ အရေးကြီးဆုံးအနေဖြင့် သင်သည် လူတို့ကို ကယ်တင်ရာ၌ ဘုရားသခင်၏ ရည်မှန်းချက်နှင့် သူ့အလုပ်၏ ရည်ရွယ်ချက်တို့အပေါ် ပို၍နက်နဲသော သိနားလည်ခြင်း ရှိရမည်။ ဘုရားသခင်၏ အလိုတော်နှင့် လူတို့အပေါ် သူ၏ အမျိုးမျိုးသော သတ်မှတ်ချက်များကို သင်နားလည်ရမည်။ သင်၏ ကြိုးစားအားထုတ်မှုများ၌ လက်တွေ့ကျရမည်။ သင်နားလည်သမျှလောက်ကိုသာ လက်တွေ့လုပ်ဆောင်ပြီး သင်သိထားသည့်အရာအပေါ်၌သာ မိတ်သဟာယပြုလော့။ မကြွားဝါနှင့်၊ ပုံကြီးမချဲ့နှင့်၊ ပြီးလျှင် တာဝန်မဲ့သော မှတ်ချက်များကို မပြောလေနှင့်။ အကယ်၍ သင်သည် ပုံကြီးချဲ့ပြောလျှင် လူတို့က သင့်ကို မုန်းတီးလိမ့်မည်ဖြစ်၍ ထို့နောက်တွင် အပြစ်တင်ခံရလိမ့်မည်။ ဤသည်မှာ အလွန်တရာပင် မသင့်လျော်ပါပေ။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား၏ လက်တွေ့အရှိတရား ရှိသူများသာလျှင် ဦးဆောင်လမ်းပြနိုင်သည်”) ဒါတွေကို ဖတ်လိုက်တော့ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းစစ်စစ်ကို အစ်မရသွားတယ်။ ဘုရားသခင်ကို သက်သေခံတယ်ဆိုတာ လူတွေကို ဘုရားနှုတ်ကပတ်တော်ဖတ်ပြပြီး အဲဒါတွေကို လက်တွေ့လုပ်ဆောင်ဖို့ပြောရုံသက်သက်၊ လူတွေကို သွန်သင်ဖို့ အဆင့်မြင်ပုံရတဲ့ သီအိုရီတချို့ကို မျှဝေရုံသက်သက်မဟုတ်ဘဲ ဘုရားအလိုတော်နဲ့ သတ်မှတ်ချက်တွေကို မိတ်သဟာယဖွဲ့ပြတာ၊ ဘုရားနှုတ်ကပတ်တော်အပေါ် ကိုယ်ရဲ့ အတွေ့အကြုံတွေဖြစ်တဲ့ ဘုရားနှုတ်ကပတ်တော်အားဖြင့် ဘယ်လိုတရားစီရင်ခံရပြီး ပြစ်တင်ဆုံးမခံရတယ်ဆိုတာမျိုး၊ ဘယ်လိုဖောက်ပြန်ပျက်စီးမှုကို ဖွင့်ပြတယ်၊ ဘုရားနှုတ်ကပတ်တော်က ကိုယ့်ကို ဘယ်လိုဖော်ထုတ်ပြီး အဲဒါတွေကို ကိုယ်က ဘယ်လိုနားလည်တယ်၊ အဲဒီနောက်မှာ ဒါတွေကို ဘယ်လိုလက်တွေ့လုပ်ဆောင်တယ်၊ ဘုရားသခင်ရဲ့ အမှုနဲ့ စိတ်သဘောထားနဲ့ပတ်သက်ပြီး ဘာကို သင်ယူခဲ့ရတယ်ဆိုတာမျိုးတွေကို မျှဝေခြင်းဖြစ်တယ်ဆိုတာ အစ်မမြင်ခဲ့တယ်။ အစ်မက တကယ့်ဘဝမှာ လက်တွေ့လုပ်ဆောင်မှုကို မစဉ်းစားဘဲ အနှစ်မရှိတဲ့ပုံစံနဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ရေရွတ်ပြောဆိုနေခဲ့တာ။ ဒီနှစ်တွေတစ်လျှောက်လုံးမှာ အစ်မက မတိုးတက်မပြောင်းလဲလာဘဲ ပိုပြီးတော့ မာနကြီးလာတယ်။ ကိုယ့်ကိုယ်ကိုယ် ထိခိုက်စေပြီး သူများတွေကို လမ်းလွဲစေခဲ့တာ။ ဒီအချိန်မှာ ကိုယ်ပိုင်လက်တွေ့လုပ်ဆောင်မှုနဲ့ ဝင်ရောက်မှုကို အစ်မပိုပြီး အာရုံစိုက်ရမယ်၊ ဘုရားအလိုတော်ကို ပိုရှာဖွေရမယ်၊ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ အမှားတွေကို ပိုပြီး ဆင်ခြင်သုံးသပ်ရမယ်ဆိုတာ အစ်မသိခဲ့တယ်။ ဘုရားသခင်ကို သက်သေခံဖို့အတွက် ကိုယ့်နေရာကို သိပြီး ဘုရားနှုတ်ကပတ်တော်အပေါ် ကိုယ့်အတွေ့အကြုံနဲ့ နားလည်မှုကို အသုံးပြုရမယ်ဆိုတာရောပေါ့။
အဲဒီနောက်ပိုင်း ဘုရားနှုတ်ကပတ်တော်အပေါ် အစ်မမိတ်သဟာယဖွဲ့တဲ့အခါ အစ်မစိတ်နှလုံးထဲမှာ ကြောက်ရွံ့မှုတွေအများကြီး ပိုပြီး ခံစားမိခဲ့တယ်။ ကိုယ့်ရဲ့ တိုက်ရိုက်နားလည်မှုကို မကြွားရဲတော့ဘဲ ကိုယ်ပိုင်အတွေ့အကြုံကိုပဲ မျှဝေတော့တယ်။ ကိုယ်နားလည်တာကိုပဲ ပြောခဲ့ပြီး သူများတွေရဲ့ လေးစားမှုအကြောင်း မစဉ်းစားတော့ဘူး။ ဘုရားသခင်ကို အမှန်တကယ် သက်သေခံတဲ့အရာတွေကိုပဲ အစ်မပြောချင်တော့တယ်။ ကိုယ့်နားလည်မှုကို မျှဝေတဲ့အခါ ဒါဟာ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးမှုပါ၊ အစ်မရဲ့ ကိုယ်ပိုင်ဝိညာဉ်ရင့်ကျက်မှုကနေ လာတာ မဟုတ်ပါဘူးလို့ပြောပြီး ဘုရားဘုန်းထင်ရှားအောင် သေချာလုပ်ခဲ့တယ်။ လေးစားခံရတာကို စပြီး ကြောက်လာတယ်။ ချီးမွမ်းခံရရင် အစ်မရင်ထိတ်လာပြီး ဒါဟာ ဘုရားရဲ့လုပ်ဆောင်မှုကြောင့်ဆိုတာကို သူများတွေသိအောင် ဘုရားအတွက် အလျင်စလို သက်သေခံတယ်။ အရင်လို အစ်မဘဝင်မမြင့်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ် ကျေနပ်မနေတော့ဘူး။ ဒီလိုလုပ်တော့ ငြိမ်ချမ်းတဲ့ခံစားချက်ကို အစ်မရပြီး ဘုရားသခင်နဲ့ ပိုပြီးနီးလာတယ်။ အစ်မတာဝန်မှာ ရဖို့လိုအပ်တာက ဘုရားသခင်ရဲ့ သမ္မာတရားနဲ့ အသိပညာဖြစ်ပြီး ဘယ်သူ့ရဲ့ လေးစားမှုမှ မဟုတ်ဘူးဆိုတာကိုလည်း အစ်မသင်ယူခဲ့ရတယ်။ အရမ်းမြှောက်စားတာကို လိုချင်တဲ့ အစ်မရဲ့ အရင်က ဆန္ဒကို အစ်မရွံရှာလာပြီး ရှက်မိလာတယ်။ အခုတော့ အစ်မရလိုက်တဲ့ နားလည်မှုနဲ့ ပြောင်းလဲမှုပမာဏမှန်သမျှက အစ်မအတွက် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းပဲဆိုတာ အစ်မ တကယ်နားလည်သွားပြီ။ ဘုရားသခင်ကို သိပ်ကျေးဇူးတင်မိတယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။