ပိုကောင်းသည့် သက်သေခံတစ်ဦးဖြစ်ဖို့ သင်ယူခြင်း

23.01.2022

မော့ယန် တရုတ်နိုင်ငံ

ပြီးခဲ့တဲ့နှစ် ဇွန်လကပေါ့၊ ရေလောင်းတဲ့ သင်းထောက်တစ်ယောက်အဖြစ်၊ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုကို လက်ခံပြီးခါစ လူတွေကို ရေလောင်းဖို့ ကြီးကြပ်သူအနေနဲ့တာဝန်ပေးခံခဲ့ရတယ်။ ကိုယ့်ဘာသာတွေးမိတယ်။ “ဘုရားက ငါ့ကို အရမ်းအရေးကြီးတဲ့တာဝန်နဲ့ ချီးမြှောက်တာဆိုတော့ ကိုယ့်တာဝန်ကို ကောင်းကောင်းလုပ်ပြီး ဘုရားရဲ့မေတ္တာကို ပြန်ပေးဆပ်ဖို့ လိုတယ်” ပေါ့။ ပထမတော့ အလုပ်မှာ အခက်အခဲတွေ အများကြီးပဲ။ တချို့ညီအစ်ကိုမောင်နှမတွေက အလုပ်တွေရှုပ်နေကြပြီး စည်းဝေးပွဲတွေကို မှန်မှန်မတက်ကြဘူး။ တချို့ကတော့ ဘာသာရေးသမားတွေနဲ့ စီစီပီတို့ရဲ့ အသရေဖျက်တာနဲ့ လှည့်စားခံရပြီး စည်းဝေးပွဲတွေတက်ဖို့ တွန့်ဆုတ်နေကြတာ။ တချို့ကျပြန်တော့ သူတို့မိသားစုတွေရဲ့ဟန့်တားမှုတွေကြောင့် မတုန်မလှုပ်နဲ့ အားနည်းပြီး ကိုယ့်တာဝန်ကို မလုပ်နိုင်ကြဘူး။ ဒါတွေကို တွေးမိတော့ ကျွန်မ တော်တော် စိတ်ဖိစီးတယ်။ ဒီညီအစ်ကိုမောင်နှမတွေ သမ္မာတရားနားလည်ပြီး မှန်ကန်တဲ့ လမ်းကြောင်းပေါ် အခြေချနိုင်အောင် ကောင်းကောင်းရေလောင်းပေးဖို့ဆိုတာက လုပ်စရာတွေ အများကြီးပဲ။ အဲဒီအချိန်အတောအတွင်း ကျွန်မ ဘုရားကို ဆုတောင်းတယ်၊ ကိုးစားတယ်။ သူတို့ပြဿနာအခက်အခဲတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေခဲ့တယ်။ အချိန်အတော်ကြာတော့ သူတို့အများစုက စည်းဝေးပွဲတွေ ပုံမှန်တက်လာကြတာပေါ့။ တချို့ကတော့ ကိုယ့်တာဝန်ကို ဖြည့်ဆည်းခြင်းရဲ့အဓိပ္ပာယ်ကို သင်ယူပြီးလို့ တာဝန်တွေ ထမ်းဆောင်ကြတယ်။ ဒီရလဒ်တွေကို တွေ့တော့ ကျွန်မက ကြည်နူးနေခဲ့တာ။ ကိုယ့်ကိုယ်ကိုယ်လည်း အသိအမှတ်မပြုဘဲ မနေနိုင်ဘူး။ “ဒီအလုပ်မှာ ငါတော်တာ ဖြစ်ရမယ်။ ဒီလောက်ကောင်းတဲ့ ရလဒ်တွေကို ငါ တခြားဘယ်လိုနည်းနဲ့ ရနိုင်မှာလဲ” ပေါ့။ အဲဒီနောက်မှာ ညီအစ်ကိုမောင်နှမတွေက သူတို့အခြေအနေတွေနဲ့ အခက်အခဲတွေ အကြောင်းပြောတာ ကြားရတဲ့အခါ၊ ကျွန်မက သူတို့ထက် ပိုတော်ပြီး ပိုအတွေ့အကြုံရှိကြောင်းကို အလိုအလျောက် ကြွားလုံးထုတ်မိတော့တာပဲ။

တစ်ခါက ရေလောင်းတဲ့တာဝန်တွေကို စခါစ ညီအစ်မတချို့နဲ့ စည်းဝေးပွဲမှာ၊ လူသစ်တချို့က စီစီပီရဲ့ ကသုတ်ကရက် ဖိနှိပ်ပြီး ဖမ်းဆီးတာတွေကို ရင်ဆိုင်ရကြောင်း အပျက်သဘောဆောင်၊ အားနည်း၊ ထိတ်လန့်ပြီး ကြောက်ရွံ့နေကြောင်း သူတို့ ထုတ်ပြောလာတယ်။ ဒါကိုဖြေရှင်းဖို့ ဘယ်လိုမိတ်သဟာယပြုရမယ်ဆိုတာကို ဒီညီအစ်မတွေ မသိကြဘူး။ ဒီပြဿနာတွေကို လတ်တလောတင် ဖြေရှင်းပြီး ရလဒ်တချို့ ရထားတဲ့အတွက် ဒါတွေကို ဖြေရှင်းဖို့၊ ကျွန်မက သမ္မာတရားကို ဘယ်လို မိတ်သဟာယပြုခဲ့တယ်ဆိုတာကို သူတို့ကို ပြောပြဖို့နဲ့ ကျွန်မက သမ္မာတရားကိုနားအလည်ဆုံးနဲ့ လုပ်နိုင်စွမ်းအရှိဆုံး အမှုတော်ဆောင်ဆိုတာ ပြဖို့ အခွင့်ကောင်းပဲလေ။ ဒီတော့ ကျွန်မက ယုံကြည်မှုအပြည့်နဲ့ ပြောခဲ့တယ်။ “လတ်တလောမှာ ဒီအခြေအနေမှာ ရှိနေကြတဲ့ ညီအစ်ကိုမောင်နှမ နည်းနည်းကို အစ်မရေလောင်းခဲ့တယ်။ အဲဒီအချိန်မှာ အစ်မက သိပ်စိုးရိမ်တာပေါ့။ ဒီတော့ သူတို့ကို ကောင်းကောင်း ရေလောင်းဖို့၊ သူတို့အတွက် စည်းဝေးပွဲတွေ အများကြီး လုပ်ပြီး သူတို့အခြေအနေကို ပစ်မှတ်ထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်၊ သမ္မာတရားကို မိတ်သဟာယပြုလိုက်တာ။ အဲဒီနေရာကို စက်ဘီးနဲ့ အသွားအပြန် ကီလိုမီတာ ၅၀ကျော် နင်းခဲ့ရတယ်။ သူတို့ကို အချိန်အတော်ကြာ ရေလောင်းပြီးတော့ ဘုရားရဲ့အမှု၊ အရာခပ်သိမ်းကို တတ်နိုင်စွမ်းခြင်း၊ ဉာဏ်ပညာတို့နဲ့ဆိုင်တဲ့ အသိပညာ နည်းနည်းရသွားကြတယ်။ ဘုရားက သူ့အမှုထဲမှာ အဆင်းနီတဲ့ နဂါးကြီးကို အဖြည့်ခံအဖြစ် ဘယ်လိုအသုံးပြုခဲ့တာကို နားလည်ပြီး သူတို့ ဘုရားကို ယုံကြည်မှု ရခဲ့ကြတယ်လေ။ သူတို့က စီစီပီရဲ့ ညှဉ်းပန်းမှုတွေကြောင့် ဘောင်ခတ်ခံရတယ်လို့ မခံစားရတော့ဘဲ၊ ဘုရားအမှုကို သက်သေခံဖို့ ဧဝံဂေလိတောင် ဖြန့်ဝေချင်ကြတာ...” လို့ပေါ့။ ကျွန်မ မိတ်သဟာယပြုပြီးတော့၊ ညီအစ်မတွေက မှင်တက်နေသလို ကြည့်နေကြတယ်။ ကျွန်မက စိတ်ချမ်းသာပြီး စကားပြောလေ ခွန်အားပိုရလေပဲ။ စကားပြောလို့ပြီးတဲ့ခါ၊ ညီအစ်မတစ်ယောက်က စိတ်လှုပ်ရှားပြီး ပြောခဲ့တယ်။ “အစ်မရဲ့ အတွေ့အကြုံတွေ အားလုံးကြောင့် ပြဿနာတွေကို ညီမ ရှင်းရှင်းလင်းလင်း တွေ့ရပါပြီ။ ကျွန်မသာဆို တော်တော် စိတ်ရှုပ်ထွေးနေမှာ” တဲ့။ နောက်တစ်ယောက်က အားကျပြီး ပြောခဲ့တာ။ “ဒီပြဿနာတွေကို ဖြေရှင်းတာက အစ်မအတွက် အရမ်းလွယ်တာပဲ။ အစ်မမှာ နောက်ထပ် အတွေ့အကြုံကောင်းလေတွေ ရှိသေးရင်၊ ညီမတို့ကို မိတ်သဟာယပြုပေးပါဦး၊ ဒါမှ ညီမတို့ အစ်မဆီက သင်ယူနိုင်မှာ” တဲ့။ သူတို့ချီးမွမ်းတာတွေ ကြားတဲ့အခါ ကျွန်မက ကြည်နူးနေခဲ့တာပေါ့။ ကျွန်မအလုပ်ရဲ့ ရလဒ်တွေက ဘုရားလမ်းပြမှု သက်သက်ကြောင့်ပါ၊ ကျွန်မရဲ့ အားထုတ်မှုကြောင့် မဟုတ်ပါဘူးလို့ပြောခဲ့ပေမဲ့၊ စိတ်ထဲမှာတော့၊ ကျွန်မ ဒီရလဒ်တွေအတွက် ဒုက္ခခံစားပြီး အဖိုးအခပေးခဲ့တယ်လို့ ခံစားနေတာ။ အဲဒီနောက်တော့ ကျွန်မက ပိုလို့တောင် ကြွားချင်သေးတာ။

စည်းဝေးပွဲတစ်ခုမှာ ညီအစ်မတစ်ယောက်က သူ့ရေလောင်းခြင်း တာဝန်တွေ ရလဒ်ကောင်းမရလို့ အပျက်သဘောဆောင်နေပြီး၊ အခက်အခဲတွေ အများကြီးအကြောင်း သူပြောပြခဲ့တယ်။ ကျွန်မ တွေးမိတယ်။ “ဒီအခက်အခဲမျိုးနဲ့ ပျော့ကွက်တွေရှိတဲ့အကြောင်းသာ ငါပြောမိရင်၊ သူများတွေက ငါ့ကို အထင်သေးကြမှာ မဟုတ်လား။ သူ့အလုပ်အတွက် ငါ့မှာ တာဝန်ရှိလို့ ငါ့ရဲ့ အောင်မြင်တဲ့အတွေ့အကြုံတွေအကြောင်း သူ့ကို ပြောပြလိုက်မယ်။ ဒီပြဿနာတွေနဲ့ အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်တဲ့အခါမှာ ပြဿနာတွေ ဖြေရှင်းဖို့ သမ္မာတရားကို ငါဘယ်လိုမိတ်သဟာယပြုခဲ့တယ်ဆိုတာ သူတို့ကို ပြလိုက်မယ်။ အဲဒီလိုနဲ့၊ သူတို့ပြဿနာတွေကို ဖြေရှင်းနိုင်သလို၊ သူတို့ငါ့ကို ပိုအထင်ကြီးအောင်လည်း လုပ်နိုင်မှာ” ပေါ့။ ဒါကို တွေးလိုက်မိတာနဲ့၊ ကိုယ့်အားနည်းချက်တွေနဲ့ ပျော့ကွက်တွေအကြောင်း ပြောတာကို ရှောင်ပြီး အဲဒီအစား ကိုယ့်တာဝန်မှာ ဘယ်လောက်ထိရောက်တဲ့အကြောင်း သူတို့ကို ကြွားလုံးထုတ်လိုက်တယ်လေ။ ကျွန်မ ပြောလိုက်တယ်။ “ဒီကာလအတောအတွင်း၊ ညီအစ်ကိုမောင်နှမ ငါးယောက်ကို ရေလောင်းထောက်ပံ့ခဲ့တယ်။ တချို့မှာ ဘာသာရေးအယူအဆတွေ ရှိတယ်။ တချို့ကျတော့ ငွေကို မက်မောပြီး စည်းဝေးပွဲတွေ ပုံမှန်မတက်ကြဘူး။ တချို့က အိမ်ကပြဿနာတွေကြောင့် အားနည်းပြီး အပျက်သဘောဆောင်တယ်။ အစ်မ သူတို့ဆီကို တစ်ယောက်ပြီးတစ်ယောက် သွားခဲ့တာ။ အခက်အခဲတချို့ကို အောင်မြင်ကျော်လွှားတယ်။ ဘုရားနှုတ်ကပတ်တော်တွေ အများကြီး ရှာဖွေခဲ့တယ်။ ပြီးတော့ ဒီပြဿနာတွေကို ဖြေရှင်းဖို့ သူတို့တစ်ယောက်ချင်းစီကို မိတ်သဟာယပြုခဲ့တယ်။ သူတို့သမ္မာတရားကို နားလည်ပြီး၊ သူတို့အယူအဆတွေကို စွန့်လွှတ်၊ စည်းဝေးပွဲတွေ ပုံမှန်တက်ပြီး တာဝန်တွေကို လိုလိုလားလား လုပ်တဲ့အထိပေါ့။ ညီအစ်ကိုတစ်ယောက်ရှိခဲ့တယ်။ ပါရမီရှိတဲ့ ပညာရှင်တစ်ယောက်ပဲ။ သူက လောကီ ဂုဏ်ဒြပ်နဲ့ ကျော်ကြားမှုတွေကို လိုက်စားလို့ စည်းဝေးပွဲတွေ လာခဲတယ်။ သူ့ကို ထောက်ပံ့ရာမှာ အစ်မ အခက်အခဲတွေ အများကြီးရှိခဲ့တယ်။ ဒါပေမဲ့ ဘုရားကို ကိုးစားတယ်၊ သူ့ကို ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြပြီး ဘုရားအလိုတော်အကြောင်း မိတ်သဟာယပြုပေးခဲ့တယ်။ အဲဒါက ဘုရားကို ယုံကြည်သူတွေအတွက် သမ္မာတရား လိုက်စားခြင်းရဲ့ တန်ဖိုးကို သူ့ကို နားလည်စေခဲ့သလို၊ ဂုဏ်သတင်းနဲ့ ဂုဏ်ဒြပ်တို့ကို လိုက်စားတာက အနှစ်မရှိဘူးဆိုတာရယ်၊ ဘုရားနောက်လိုက်တာနဲ့ပဲ သမ္မာတရားနဲ့ အသက်ကို ရပြီး ဘုရားရဲ့ ကယ်တင်ခြင်းခံနိုင်တယ်ဆိုတာ သူ့ကို မြင်စေခဲ့တယ်။ ဒါကြောင့် သူကလည်း သမ္မာတရားကို လိုက်စားပြီး သူ့တာဝန်တွေကို ဖြည့်ဆည်းချင်လာတယ်” လို့ပေါ့။ ကျွန်မ မိတ်သဟာယပြီးတော့ ညီအစ်မတွေ မျက်နှာမှာ အားကျပြီး ကြည်ညိုတဲ့ အကြည့်တွေကို တွေ့လိုက်ရတယ်။ ပြီးတော့ သူတို့က ကျွန်မရဲ့မိတ်သဟာယထဲက ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်တွေ ချရေးကြတယ်။ ညီအစ်မတစ်ယောက်က အံ့ဩတကြီးနဲ့ပြောတယ်။ “သူတို့ပြဿနာတွေ ဖြေရှင်းဖို့ အစ်မက သမ္မာတရားကို သုံးခဲ့တယ်။ သူတို့ ဘုရားအလိုတော်ကို နားလည်ဖို့၊ ဘုရားနောက်လိုက်ဖို့နဲ့ သူတို့တာဝန်တွေ ဖြည့်ဆည်းဖို့ ကူညီခဲ့တယ်။ အစ်မမှာ သမ္မာတရား စစ်မှန်မှုတွေသာ မပိုင်ဆိုင်ခဲ့ရင် အဲဒါကို အစ်မလုပ်နိုင်မှာ မဟုတ်ဘူး” တဲ့။ နောက်ထပ် ညီအစ်မတစ်ယောက်က လေးစားအားကျပြီး ပြောတာပေါ့။ “ဒီပြဿနာတွေကိုသာ ကျွန်မ ကြုံရရင်၊ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ အစ်မမှာ အတွေ့အကြုံပိုရှိလို့ ဒီပြဿနာတွေ ဖြေရှင်းတဲ့နေရာမှာ အစ်မက ကျွန်မတို့ထက် တော်တာပေါ့” တဲ့။ အစ်မလည်း အဲဒီအချိန်က သတိပြုမိခဲ့ပါတယ်။ ကျွန်မတို့ စကားပြောပြီးတော့ ညီအစ်မတစ်ယောက်က နည်းနည်း အပျက်သဘောဆောင်နေခဲ့တယ်။ သူ့အစွမ်းအစက နည်းပြီး လူသစ်တွေရဲ့ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို မသုံးနိုင်လို့ပေါ့။ ကျွန်မ တွေးမိတယ်။ “ငါများ ကိုယ့်ရဲ့ အောင်မြင်တဲ့ အတွေ့အကြုံတွေအကြောင်း အရမ်းပြောမိနေလား။ သူတို့ကြုံရတဲ့ ပြဿနာတွေက ကျွန်မအတွက်တော့ ရိုးရှင်းပြီး ဖြေရှင်းဖို့လွယ်တယ်။ ဒါကြောင့် သူတို့မှာ လုပ်နိုင်စွမ်းမရှိသလို ခံစားရပြီး ကျွန်မကို အထင်ကြီးကြသလို သူတို့ ပြဿနာတွေအားလုံး ဖြေရှင်းဖို့ ကျွန်မကို မှီခိုကြတာများလား” ပေါ့။ လေးစားအားကျတာနဲ့ လေးစားအားကျခံရတာတွေရဲ့ အန္တရာယ်တွေအကြောင်း ကျွန်မ တွေးမိတယ်။ ဒါပေမဲ့ နောက်တော့ ကျွန်မ တွေးလိုက်တယ်။ “ငါက ကိုယ့်ကိုယ်ပိုင် အတွေ့အကြုံတွေအကြောင်း သူတို့ကို ပြောပြတာဆိုတော့ ပြဿနာ မရှိလောက်ပါဘူး” ပေါ့။ အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် မဆင်ခြင်ခဲ့ဘဲ အဲဒီကိစ္စလည်း ပြီးသွားတယ်။ နောက်ပိုင်းမှာ ရေလောင်းတဲ့ ညီအစ်မနှစ်ယောက်ကို သူတို့အလုပ်အကြောင်း မေးဖို့ တွေ့ခဲ့တယ်။ ကျွန်မရောက်သွားတာနဲ့၊ တစ်ယောက်က စိတ်လှုပ်ရှားပြီးပြောတော့တာပဲ။ “အစ်မရောက်လာလို့ တော်သေးတယ်။ ဒီမှာ ညီအစ်ကိုမောင်နှမတချို့ ရှိတယ်။ သူတို့ပြဿနာတွေကို ညီမတို့ ဘယ်လိုဖြေရှင်းရမှန်း မသိဘူး။ အစ်မရောက်လာပြီဆိုတော့၊ အဲဒါတွေအကြောင်း အစ်မကို မေးလို့ရပြီ” တဲ့။ သူ့မျက်လုံးထဲက မျှော်လင့်တဲ့အကြည့်ကြောင့် ကျွန်မ စိတ်လှုပ်ရှားရသလို၊ စိတ်လည်းပူမိတယ်။ သူက ကျွန်မကို အထင်ကြီးလို့ စိတ်လှုပ်ရှားရတယ်။ ဒါပေမဲ့ စိတ်ပူတာကတော့ ကိုယ့်အလုပ်က ရလဒ်တွေကို ဘယ်လိုရတဲ့အကြောင်း ကျွန်မ အမြဲပြောနေတာက သူ ကိုယ့်ကို လေးစားအောင် လုပ်သလိုများဖြစ်နေသလားလို့ပေါ့။ ကျွန်မရဲ့ နောက်ထပ်တွေးမိတဲ့ အတွေးက၊ “လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းပေးဖို့ သူတို့နဲ့ ငါ့အောင်မြင်မှုတွေအကြောင်း ငါအမြဲပြောခဲ့တယ်။ အဲဒါက ဘုရားအိမ်တော်ရဲ့အလုပ်ကို ကာကွယ်တာပဲလေ။ အဲဒီအပြင် ငါ့တကယ့် အတွေ့အကြုံတွေ အကြောင်းကိုပဲ ငါပြောတာပါ။ ချဲ့ကားပြီးလည်း မပြောပါဘူး” ပေါ့။ ဒီတော့ ကျွန်မရဲ့အောင်မြင်တဲ့ အတွေ့အကြုံကို ကျွန်မ ထပ်မိတ်သဟာယပြုလိုက်ပြန်တယ်။ သူတို့ကတော့ ပုံမှန် လေးစားအားကျမှုတွေနဲ့ တုံ့ပြန်တာပေါ့။ ကျွန်မမှာတော့ ကြည်နူးနေခဲ့တာ။

အဲဒီနောက်တော့ စည်းဝေးပွဲတိုင်းမှာ ကျွန်မတာဝန်တွေမှာ ဘယ်လောက် ဒုက္ခခံပြီး အဖိုးအခတွေ ပေးခဲ့တဲ့အကြောင်း၊ ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ဘယ်လိုမိတ်သဟာယပြုခဲ့ကြောင်းနဲ့၊ ကိုယ့်ရဲ့ အောင်မြင်တဲ့ ပုံသက်သေတစ်ခုစီအကြောင်း ပြောခဲ့တယ်။ ဖြည်းဖြည်းချင်းဆိုသလို ကျွန်မရဲ့ ညီအစ်ကိုမောင်နှမတွေအားလုံးက ကျွန်မကို စကိုးကွယ်လာတာပေါ့။ သူတို့ရဲ့ပြဿနာတွေ အားလုံးကို ဖြေရှင်းပေးဖို့ ကျွန်မကို စောင့်နေခဲ့ကြတာ။ အထင်ကြီးပြီး ကိုးကွယ်ခံရတဲ့ ခံစားချက်ကို ကျွန်မ သိပ်သာယာမိတယ်။ စည်းဝေးပွဲတွေက အပြန်မှာ ကိုယ့်ညီအစ်ကိုမောင်နှမတွေရဲ့ လေးစားတဲ့၊ ရိုသေကြည်ညိုတဲ့ မျက်နှာအမူအရာက ဘယ်လိုရှိတယ်ဆိုတာ ပြန်တွေးရင်း ကျွန်မ ဘဝင်မခိုက်ဘဲ မနေနိုင်ဘူး။ ကျွန်မတာဝန်တွေမှာ ခဏကြာပြီးတော့ တော်တော်များများရဲ့ လေးစားပြီး ကြည်ညိုတာကို ခံရတယ်။ အတွေးနဲ့တင် ကျွန်မရဲ့တာဝန်တွေမှာ ခွန်အား၊ လှုံ့ဆော်မှုတွေနဲ့ ပြည့်သွားတယ်။ ဒါပေမဲ့ ကျွန်မ ကိုးကွယ်ခံရခြင်းရဲ့ ဝမ်းမြောက်မှုကို ခံစားနေတုန်းမှာပဲ မမျှော်လင့်တဲ့ ပြုပြင်ခြင်းနဲ့ ကိုင်တွယ်ဖြေရှင်းခြင်းကို ကျွန်မ ရင်ဆိုင်ခဲ့ရတယ်။

တစ်နေ့မှာ အသင်းတော်ခေါင်းဆောင်က ကျွန်မဆီလာပြောတယ်။ “ဒီအသင်းတော် ရွေးကောက်ပွဲမှာ ညီမကို အကဲဖြတ်ဖို့ ညီအစ်ကိုမောင်နှမတွေကို ခိုင်းထားတယ်။ လူတိုင်းက ညီမက ကြွားရတာ ကြိုက်တယ်လို့ ပြောကြတယ်” တဲ့။ ဒါကိုကြားတော့ ကျွန်မ မျက်နှာက ရှက်လို့ ချက်ချင်းရဲသွားတာပေါ့။ ကျွန်မတွေးမိတယ်။ “ငါကြွားရတာကြိုက်တယ်လို့ သူတို့အားလုံးက ဘယ်လိုလုပ် ပြောနိုင်ကြတာလဲ။ ခေါင်းဆောင်က ကျွန်မအကြောင်း ဘာတွေးလဲ။ တစ်ယောက်ယောက်ကို ငါ ထပ်ပြီး ဘယ်လို မျက်နှာချင်းဆိုင်ရမလဲ” လို့ပေါ။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ရှင်းပြဖို့ အသည်းအသန် ကြိုးစားခဲ့တယ်။ “ကျွန်မ တော်တော် မာနထောင်လွှားပြီး တစ်ခါတလေ အလိုအလျောက် ကြွားတတ်တာကို ဝန်ခံပါတယ်။ ဒါပေမဲ့ တမင်တကာတော့ မကြွားပါဘူးရှင်။ ကျွန်မရဲ့အတွေ့အကြုံနဲ့ ဗဟုသုတတွေကို ဖြစ်ကြောင်းကုန်စင် ပြောမိတာပဲရှိတာပါ” လို့ပေါ့။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် မသိတာကို ကျွန်မ ခေါင်းဆောင်က မြင်သွားပြီး ပြောခဲ့တယ်။ “ညီမက ကိုယ့်အတွေ့အကြုံအကြောင်း ပြောပေမဲ့ ညီအစ်ကိုမောင်နှမတွေက ဘုရားကို မှီခိုပြီး သမ္မာတရား ရှာဖွေရမယ့်အစား၊ ညီမကို ဘာဖြစ်လို့ ကြည်ညိုပြီး မှီခိုကြတာလဲ။ ညီမက တမင်တကာ မကြွားပါဘူးလို့သာ ပြောတာ၊ ဒါပေမဲ့ ကိုယ့်ဖောက်ပြန်ပျက်စီးခြင်း၊ ပျော့ကွက်တွေ၊ အပျက်သဘောဆောင်ခြင်း၊ အားနည်းချက်၊ ညီမရဲ့ တကယ့် အတွင်းစိတ်တွေအကြောင်း ဘာဖြစ်လို့ မပြောတာလဲ။ ညီမက အကောင်းတွေပဲပြောတယ်။ ညီမရဲ့ ဖောက်ပြန်ပျက်စီးခြင်း၊ အားနည်းချက်တို့ကို မပြောဘူး။ အဲဒါက ညီမက သမ္မာတရားကို လိုက်စားပြီး ဘယ်လိုတွေ့ကြုံဖို့ကို သိတယ်ဆိုတဲ့ အထင်ရောက်စေတယ်လေ။ အဲဒါဟာ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ပြီး ကြွားနေတာပဲ မဟုတ်လား” တဲ့။ ကျွန်မရဲ့ခေါင်းဆောင် ဖော်ထုတ်ပြီး ဝေဖန်တဲ့အရာအတွက် ကျွန်မမှာ အဖြေမရှိဘူး။ စည်းဝေးပွဲတွေမှာ ကျွန်မရဲ့ အောင်မြင်တဲ့ အတွေ့အကြုံအကြောင်းပဲ ပြောနေကျဖြစ်ပေမဲ့၊ ကျွန်မတာဝန်မှာရှိတဲ့ ကိုယ့်ရဲ့လမ်းလွဲမှုတွေနဲ့ ရှုံးနိမ့်မှုတွေအကြောင်း လုံးဝ မပြောခဲ့တာကို ပြန်တွေးမိတယ်။ ကျွန်မ တကယ်ကို ကြွားနေခဲ့တာပဲ။ ညီအစ်ကိုမောင်နှမ အများကြီးရှေ့မှာ ကျွန်မ ဘယ်လို ကြွားခဲ့ပြီး အခု သူတို့အားလုံးက ကျွန်မနဲ့ပတ်သက်ပြီး ခွဲခြားသိမြင်ခဲ့ပုံကို တွေးရင်းနဲ့ ကျွန်မမှာ ရှက်ပြီး ကသိကအောက်ဖြစ်လွန်းလို့ မြေကြီးထဲ အရည်ပျော်ဝင်သွားချင်မိတယ်။ ကျွန်မ ပိုတွေးလေ၊ ပိုစိတ်မချမ်းသာလေ ဖြစ်ပြီး မငိုဘဲမနေနိုင်ဘူး။ ဘုရားရှေ့မှာ ဒူးထောက်ပြီး ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ကျွန်မ မကြွားချင်တော့ပါဘူး။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပြီး သိလာနိုင်ဖို့ ကျွန်မကို လမ်းပြတော်မူပါ” လို့ပေါ့။

နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ပိုဒ်ကို ဖတ်ခဲ့ရတယ်။ “မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ပြီး သက်သေခံခြင်း၊ မိမိတို့ကိုယ်ကိုယ် ဝါကြွားခြင်း၊ လူတွေ အထင်ကြီးအောင် ကြိုးစားခြင်း— ဤအရာတို့ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က လုပ်ဆောင်နိုင်စွမ်းရှိကြသည်။ ဤသည်မှာ လူများသည် ၎င်းတို့၏ စာတန်ဆန်သော သဘာဝများ၏အုပ်စိုးခြင်းကို ခံရသောအခါ အလိုအလျောက် တုံ့ပြန်ကြသည့် ပုံစံဖြစ်ပြီး ယင်းက ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ် တစ်ရပ်လုံးအဖို့ ဖြစ်လေ့ရှိသည်။ လူများသည် မိမိတို့ကိုယ်ကိုယ် ပုံမှန်အားဖြင့် မည်သို့ ချီးမြှောက်ပြီး သက်သေခံသနည်း။ ၎င်းတို့သည် ဤရည်မှန်းချက်ကို မည်သို့စွမ်းဆောင်ရရှိသနည်း။ တစ်နည်းမှာ ၎င်းတို့ မည်မျှဒုက္ခခံစားပြီးဖြစ်သည်၊ ၎င်းတို့သည် အလုပ်မည်မျှ လုပ်ဆောင်ပြီးဖြစ်သည်နှင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မည်မျှ အသုံးခံပြီး ဖြစ်သည်တို့ကို သက်သေခံဖို့ ဖြစ်သည်။ ၎င်းတို့သည် ဤအရာများအကြောင်းကို ကိုယ်ရေးကိုယ်တာ အရင်းအနှီး ပုံစံတစ်ခုအဖြစ် ပြောကြသည်။ တစ်နည်းအားဖြင့်ဆိုသော် ၎င်းတို့သည် ဤအရာများကို သူတို့ကိုယ်သူတို့ ချီးမြှောက်ရန်အတွက် အသုံးပြုကြသည်။ လူတို့၏ စိတ်ထဲတွင် ၎င်းတို့သည် ပိုမိုမြင့်မားသော၊ ခိုင်မြဲသော၊ လုံခြုံသောနေရာတို့ကို ရရှိစေသောအရာအဖြစ် ၎င်းတို့က အသုံးပြုကြသည်။ ဤသို့ဖြင့် သာ၍များသော လူတို့သည် ၎င်းတို့အား တန်ဖိုးထားကြရန်၊ အားကျရန်၊ လေးစားကြရန်၊ အမွန်အမြတ်ထားရန်၊ ကိုးကွယ်ရန်နှင့် ၎င်းတို့နောက်သို့ လိုက်ရန်အတွက် ဖြစ်သည်။ ယင်းမှာ အဆုံးစွန် အကျိုးဖြစ်သည်။ ဤရည်မှန်းချက်ကို စွမ်းဆောင်ရရှိဖို့ ၎င်းတို့လုပ်ဆောင်သည့် အရာများသည်၊ ၎င်းတို့၏ မိမိကိုယ်ကိုယ် ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်း အားလုံးသည် အကျိုးအကြောင်း ဆီလျော်သလော။ ယင်းတို့က အကျိုးအကြောင်း မဆီလျော်ပေ။ ၎င်းတို့သည် ဆင်ခြင်တုံတရားနယ်ပယ်ကို ကျော်လွန်သွားသည်။ ဤလူများ၌ အရှက်မရှိပေ။ ၎င်းတို့သည် ဘုရားသခင်အတွက် ၎င်းတို့ လုပ်ဆောင်သည့်အရာနှင့် သူ့အတွက် ၎င်းတို့မည်မျှ ဒုက္ခခံစားပြီးဖြစ်သည်တို့ကို မရှက်မကြောက် သက်သေခံကြသည်။ ၎င်းတို့သည် ၎င်းတို့၏ဆုကျေးဇူးများ၊ ပင်ကိုစွမ်းရည်၊ အတွေ့အကြုံနှင့် အထူးကျွမ်းကျင်မှုများ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် ပြုမူဆောင်ရွက်ခြင်းအတွက် ၎င်းတို့၏ပါးနပ်သော နည်းစနစ်များနှင့် လူများကို လှည့်စားဖို့ ၎င်းတို့အသုံးပြုသည့် နည်းလမ်းများကိုပင် ၎င်းတို့က ကြွားလုံးထုတ်သည်။ ၎င်းတို့၏ မိမိကိုယ်ကိုယ် ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်း နည်းစနစ်သည် မိမိတို့ကိုယ်ကိုယ် မာန်မာနထုတ်လျက် ဝင့်ဝါပြပြီး အခြားသူများကို သေးသိမ်စေဖို့ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ဉာဏ်ထက်မြက်ခြင်းများကိုသာ အစဉ် မြင်တွေ့ဖို့အလို့ငှာ၊ ၎င်းတို့၏ပျော့ကွက်များ၊ အားနည်းချက်များ၊ ချို့ယွင်းချက်များကို လူများမသိစေဖို့ ဖုံးကွယ်လျက်၊ မိမိတို့ကိုယ်ကိုယ် စိတ်ရင်းကိုဖုံးကွယ်ပြီး အခြေအနေမှန်ကို ဖုံးကွယ်ကြသည်။ ၎င်းတို့က အပျက်သဘောဆောင်ခြင်းကို ခံစားရသည့်အခါ အခြားလူများကိုပင် မပြောဝံ့ပေ။ ၎င်းတို့က သူတို့ကို ရင်ဖွင့်ပြီး မိတ်သဟာယပြုဖို့ သတ္တိမရှိကြပေ။ ပြီးလျှင် ၎င်းတို့ တစ်စုံတစ်ခု အမှားပြုလုပ်သည့်အခါ၊ ယင်းကို ဖုံးထားဖို့နှင့် ထိမ်ချန်ကွယ်ဝှက်ထားဖို့ အစွမ်းကုန် ကြိုးစားကြသည်။ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သည့် ကာလတွင် ၎င်းတို့ကြောင့် ဘုရားသခင်၏အိမ်တော် အပေါ် ဖြစ်ပေါ်စေခဲ့သည့် ထိခိုက်နစ်နာမှုကို ၎င်းတို့ မည်သည့်အခါမျှ မပြောပြပေ။ ၎င်းတို့က အသေးစား ဖြည့်ဆည်းမှုအချို့ကို ပြုလုပ်ပြီးသည့်အခါ သို့မဟုတ် အောင်မြင်မှုလေးအချို့ စွမ်းဆောင်ရရှိပြီးသည့်အခါ၊ ယင်းကို အလျင်အမြန် ကြွားဝါကြသည်။ ၎င်းတို့သည် မည်မျှ စွမ်းဆောင်နိုင်သည်၊ ၎င်းတို့၏အစွမ်းအစ မည်မျှ မြင့်မားသည်၊ ၎င်းတို့သည် မည်မျှ ထူးခြားသည်၊ ပြီးလျှင် ၎င်းတို့သည် သာမန်လူများထက် မည်မျှတော်သည်တို့ကို တစ်ကမ္ဘာလုံးကို အသိပေးဖို့ မစောင့်နိုင်ကြပေ။ ဤသည်မှာ မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်း နည်းလမ်းတစ်ခု မဟုတ်သလော။ သင့်ကိုယ်သင် ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်းသည် သာမန်လူ့သဘာဝ၏ ဆင်ခြင်တုံတရား ရှိသော အတိုင်းအတာထဲ၌ ရှိသလော။ မဟုတ်ပေ။ ထို့ကြောင့် လူများက ဤသည်ကို လုပ်ဆောင်သည့်အခါ၊ မည်သည့် စိတ်သဘောထားကို ပုံမှန်အားဖြင့် ထုတ်ဖော်ပြသနည်း။ မာနထောင်လွှားသည့် စိတ်သဘောထားသည် အဓိက သရုပ်သကန်များထဲမှ တစ်ခုဖြစ်သည်၊ ထို့နောက်တွင် လှည့်စားတတ်ခြင်းပါရှိကာ၊ ယင်းနောက်တွင် အခြားလူများက ၎င်းတို့ကို အလွန်တန်ဖိုးထားစေဖို့ ဖြစ်နိုင်သည့်အရာမှန်သမျှကို အစွမ်းကုန် လုပ်ဆောင်ခြင်း ပါဝင်ပေသည်။ ၎င်းတို့၏ ဇာတ်ကြောင်းများသည် လုံးလုံး ကောင်းမွန်ပြည့်စုံသည်။ ၎င်းတို့၏စကားများသည် ကြံရွယ်ချက်များနှင့် အကြံအစည်များ ပါဝင်ပြီး ၎င်းတို့ ကြွားဝါနေသည် ဆိုသည့်အချက်ကို ဖုံးကွယ်ဖို့ နည်းလမ်းတစ်ခု ရှာတွေ့ပြီးဖြစ်သော်လည်း၊ ၎င်းတို့ ပြောသည့်အရာ၏ ရလဒ်မှာ ၎င်းတို့သည် အခြားသူများထက် သာလွန်ပြီး၊ မည်သူမျှ ၎င်းတို့နှင့် တန်းတူမဟုတ်ကြောင်း၊ အခြားလူတိုင်းသည် ၎င်းတို့ထက် နိမ့်ပါးကြောင်းကို လူများအား ခံစားစေမြဲ ဖြစ်သည်။ ပြီးလျှင် ဤရလဒ်သည် လျှို့ဝှက်သော နည်းလမ်းအားဖြင့် စွမ်းဆောင်ရရှိခြင်း မဟုတ်သလော။ ထိုသို့သောနည်းလမ်းများ၏ အဓိကအချက်မှာ မည်သည့် စိတ်သဘောထား ဖြစ်သနည်း။ ကောက်ကျစ်စဉ်းလဲခြင်း၏ အရိပ်အယောင် တစ်ခုတစ်လေ ရှိသလော။ ဤသည်မှာ ကောက်ကျစ်သော စိတ်သဘောထား အမျိုးအစားတစ်ခုဖြစ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်”) ဘုရားနှုတ်ကပတ်တော်က ထုတ်ဖော်တဲ့အရာက ကျွန်မစိတ်နှလုံးကို တို့ထိတယ်။ ကျွန်မအပြုအမူက ဘုရားနှုတ်ကပတ်တော်မှာ ထုတ်ဖော်ထားတဲ့ ကြွားပြီး ကိုယ့်ကိုယ်ကိုယ် သက်သေခံတဲ့ အပြုအမူ အတိအကျပဲ မဟုတ်ဘူးလား။ ကျွန်မ တာဝန် ထမ်းဆောင်ရင်းနဲ့ ကိုယ့်ဒုက္ခတွေအကြောင်းနဲ့ ကိုယ့်တာဝန်တွေရဲ့ အောင်မြင်တဲ့ရလဒ်တွေအကြောင်းပဲ ပြောဖြစ်ခဲ့တာကို သတိပြုမိတယ်။ စည်းဝေးပွဲတွေမှာ ကျွန်မရဲ့ ညီအစ်ကိုမောင်နှမတွေက သူတို့ဘယ်လိုဖြေရှင်းရမှန်းမသိတဲ့ ပြဿနာတွေကို ပြောပြခဲ့ပေမဲ့ ကျွန်မက သမ္မာတရားကို မိတ်သဟာယမပြုသလို၊ ဘုရားအလိုတော်ကို နားလည်ဖို့မကူညီဘဲ၊ သူတို့တာဝန်တွေမှာ ဘုရားကို မှီခိုဖို့ မပြောခဲ့ဘူး။ အဲဒီအစား ကိုယ့်ဒုက္ခတွေနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းတွေကိုပဲ သက်သေခံခဲ့တယ်။ လူတွေကို ရေလောင်းဖို့ ကျွန်မ ဘယ်လောက်ဝေးဝေး ခရီးသွားပြီး အဖိုးအခပေးဆပ်ခဲ့ရကြောင်း အမြဲပြောခဲ့တယ်။ ကျွန်မမှာ အခက်အခဲတွေ ရှိတဲ့အခါ ကျွန်မ ဖော်ထုတ်တဲ့ အားနည်းချက်၊ ပျော့ကွက်တွေအကြောင်း လုံးဝ မပြောခဲ့ဘူး။ ပုံမှန်ဆို စည်းဝေးပွဲတွေမှာ အပြုသဘောဆောင်တဲ့ ဝင်ရောက်ခြင်း၊ ဝန်ထုပ်တွေကို ဘယ်လိုထမ်းပြီး ဘုရားအလိုတော်ကို ဘယ်လိုထည့်တွက်စဉ်းစားခဲ့တယ်၊ ကျွန်မရဲ့ ညီအစ်ကိုမောင်နှမတွေ ပြဿနာတွေ ရှိတဲ့အခါမှာ အမှုကိစ္စတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ဘယ်လိုရှာဖွေခဲ့တယ်၊ ကျွန်မရဲ့ ရေလောင်းခြင်းနဲ့ အထောက်အပံ့ကြောင့် ဘယ်နှယောက် စည်းဝေးပွဲတွေ တက်ပြီး သူတို့တာဝန်တွေကို ဖြည့်ဆည်းခဲ့တယ်ဆိုတာတွေပဲ ပြောတယ်။ ကျွန်မက သမ္မာတရားကို နားလည်ပြီး ပြဿနာတွေကို ဖြေရှင်းနိုင်တယ်လို့ သူတို့တွေ တွေးအောင်လို့ပေါ့။ သူတို့ကို သမ္မာတရားနားလည်စေဖို့၊ ယုံကြည်မှုရှိအောင်၊ သူတို့တာဝန်တွေကို ဖြည့်ဆည်းချင်အောင်လို့ ခွင့်ပြုပေးတာက ဘုရားနှုတ်ကပတ်တော်ဆိုတာ အရှင်းကြီးပါ။ ဒါတွေက ဘုရားနှုတ်ကပတ်တော်က စွမ်းဆောင်ရရှိတဲ့ ရလဒ်တွေပဲ။ ဒါပေမဲ့ ကျွန်မက ဘုရားကို မချီးမြှောက်ခဲ့ဘူး။ ဘုရားနှုတ်ကပတ်တော်နဲ့ အမှုတော်ကို သက်သေမခံခဲ့ဘူး။ ကျွန်မ အတွေ့အကြုံကိုကြားရတာဟာ ဘယ်သူ့ကိုမှ ဘုရားကို သိကျွမ်းခြင်းမပေးဘဲ သူတို့က ကျွန်မကို ကိုးကွယ်ခဲ့ကြတယ်။ သူတို့က ပြဿနာတွေရှိတဲ့အခါ၊ ဘုရားကို မမှီခိုဘူး၊ သမ္မာတရားကို မရှာဖွေဘူး။ အဲဒီအစား အမှုကိစ္စတွေကို ဖြေရှင်းဖို့ ကျွန်မရဲ့ မိတ်သဟာယကို ရှာဖွေကြတယ်။ သူတို့က ကျွန်မကို သူတို့ဘဝတွေကို ကယ်တင်နိုင်တဲ့သူလိုတောင် မြင်ကြတယ်လေ။ ကျွန်မက လူတွေကို ကျွန်မရှေ့ကို ခေါ်နေခဲ့တာပဲ။ ကျွန်မက အဆင့်အတန်းအတွက် လူတွေကို လှည့်စားပြီး ဘုရားနဲ့ ယှဉ်ပြိုင်နေခဲ့တယ်။ အဲဒီနောက်မှာတောင် ကျွန်မက ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်နေတယ်၊ ကြွားဝါနေတယ်လို့ မခံစားခဲ့ရဘူး။ ကျွန်မက ကိုယ့်ရဲ့ တကယ့်အတွေ့အကြုံကို ဆွေးနွေးနေခဲ့တာလို့ ထင်နေတုန်းပဲ။ ကျွန်မရဲ့ အတွေ့အကြုံတွေကို ဆွေးနွေးတဲ့အခါမှာ ကျွန်မမှာ စက်ဆုပ်စရာ ရည်ရွယ်ချက်တွေရှိခဲ့မှန်း ကျွန်မ အခုမြင်ခဲ့ပါတယ်။ ကျွန်မက လူတွေရဲ့စိတ်နှလုံးတွေမှာ မြင့်မားတဲ့နေရာတစ်ခုကို ရဖို့ကြိုးစားနေခဲ့တယ်။ ပိုတွေးလေ၊ ကျွန်မဟာ စက်ဆုပ်စရာကောင်းပြီး အရှက်မရှိဘူးလို့ ပိုခံစားရလေပဲ။ ဒီရေလောင်းတဲ့တာဝန်နဲ့ ဘုရားက ကျွန်မကို ချီးမြှောက်ခဲ့တာပါ။ ပြဿနာတွေကို ဖြေရှင်းဖို့၊ လူတွေကို ဘုရားရှေ့ ဦးဆောင်ပေးပြီး သူတို့ သမ္မာတရားကို နားလည်အောင်၊ ဘုရားကို သိလာအောင် ကူညီပေးဖို့ သူ့နှုတ်ကပတ်တော်ကို ကျွန်မ မိတ်သဟာယပြုနိုင်အောင်လို့ပေါ့။ ဒါပေမဲ့ ကျွန်မရဲ့ တာဝန်တွေမှာ လူတွေ ကိုယ့်ကို ကိုးကွယ်အောင် နေရာတိုင်းမှာ ကြွားခဲ့မိတယ်။ သန့်ရှင်းသောဝိညာဉ်တော်အလုပ်ရဲ့ အကျိုးတွေကို ကိုယ့်အားထုတ်မှုရဲ့ အကျိုးတွေအဖြစ် မြင်ပြီး ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင်ဖို့ အရင်းအနှီးလို သုံးခဲ့တယ်။ ဘုရားရဲ့ဘုန်းအသရေကို ခိုးပြီး ကျွန်မညီအစ်ကိုမောင်နှမတွေရဲ့ လေးစားပြီး ကိုးကွယ်တာကို အရသာတွေ့ခဲ့သလို လုံးဝ မရှက်ခဲ့ဘူး။ အသိစိတ်နဲ့ ဆင်ခြင်တုံတရားတစ်စက်မှ မရှိခဲ့ဘူး။ ကျွန်မကို ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းဖို့၊ ကျွန်မလျှောက်နေတဲ့ လမ်းမှာကို ပြန်ဆင်ခြင်ဖို့နဲ့ အချိန်မီ နောက်ကြောင်းပြန်လှည့်ဖို့ ဘုရားက ညီအစ်မတစ်ယောက်ကို စီစဉ်ပေးခဲ့တယ်။ အဲဒါက ကျွန်မအတွက် ဘုရားရဲ့ ချစ်ခြင်းနဲ့ ကယ်တင်ခြင်းပါပဲ။ ဘုရားရဲ့စိတ်နှလုံးကို ကျွန်မ နာကျင်အောင်လုပ်လို့မရတော့တာကို သိခဲ့တယ်။ ကျွန်မ နောင်တရရမယ်။

အဲဒီအချိန်မှာ၊ ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ပိုဒ်ကို ပြန်တွေးမိတယ်။ “‘အတွေ့အကြုံများ မျှဝေခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်း’ ဆိုသည်မှာ သင်၏ စိတ်နှလုံးထဲမှ အတွေးတိုင်း၊ သင်၏အခြေအနေတိုင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သင်၏အတွေ့အကြုံများနှင့် သိခြင်းတိုင်းသာမက သင်၏ အတွင်းမှ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတိုင်းကို ထုတ်ဖော်ပြောဆိုခြင်း ဖြစ်သည်၊ ထို့နောက်တွင် အခြားသူများအား ဤအရာများကို ဝေဖန်ပိုင်းခြားစေပြီး အပြုသဘောဆောင်သော အပိုင်းများကို လက်ခံပြီး မည်သည့်အရာသည် အပျက်သဘောဆောင်ကြောင်းကို အသိအမှတ်ပြုကြသည်။ ဤအရာသည်သာလျှင် မျှဝေခြင်းဖြစ်ပြီး ဤအရာသည်သာလျှင် စစ်မှန်စွာ မိတ်သဟာယဖွဲ့ခြင်း ဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်”) ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ချိန်ဆရင်းနဲ့ နားလည်လိုက်တယ်။ အတွေ့အကြုံနဲ့ပတ်သက်လို့ မိတ်သဟာယပြုတာမှာ ကိုယ်ပိုင် ရည်ရွယ်ချက်တွေ၊ ရည်မှန်းချက်တွေနဲ့ အလိုဆန္ဒတွေ မပါသင့်ဘူးဆိုတာကိုလေ။ အပြုသဘောဖြစ်ဖြစ်၊ အပျက်သဘောဖြစ်ဖြစ်၊ ကျွန်မက ညီအစ်ကိုမောင်နှမတွေကို ကျွန်မရဲ့ အခြေအနေမှန်ကို အမြဲ ဖွင့်ပြောသင့်တယ်။ ဒါမှသာ ကျွန်မရဲ့ အတွေ့အကြုံကနေ သူတို့က အပြုသဘောဆောင်တာကို မှတ်သားပြီး အပျက်သဘောကို ခွဲခြားသိမြင်ဖို့ သင်ယူနိုင်မှာ။ ကျွန်မလည်း ပုန်ကန်တတ်ပြီး ဖောက်ပြန်ပျက်စီးတယ်ဆိုတာကို သူတို့ မြင်နိုင်သလို ကျွန်မကို အထင်ကြီး၊ လေးစားအားကျမှာ မဟုတ်ဘူး။ အဲဒီနည်းနဲ့ ကျွန်မရဲ့အတွေ့အကြုံက သူတို့ကို သင်ခန်းစာတွေ သင်ပေးနိုင်ပြီး သူတို့ လမ်းကြောင်းအမှားတွေကို ရှောင်ဖို့ ကူညီနိုင်တယ်။ နောက်နေ့ စည်းဝေးပွဲမှာ ကျွန်မအခြေအနေကို ဆွေးနွေးဖို့ သတ္တိမွေးလိုက်တယ်။ ကျွန်မကို သူများတွေ အထင်ကြီးအောင်လို့ ကျွန်မ ဘယ်လို ကြွားဝါတယ်၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ဆင်ခြင်ပြီး သိလာခဲ့တယ်ဆိုတာကို ကျွန်မ ဆန်းစစ်ပြီး ဖော်ထုတ်ခဲ့တယ်။ စည်းဝေးပွဲမှာ ကျွန်မ ကြီးမားတဲ့ လုံခြုံစိတ်နဲ့ ဝမ်းသာစိတ်တို့ကို ခံစားခဲ့ရတယ်။

နောက်ပိုင်းမှာ ညီအစ်မတစ်ယောက်က အရမ်းစိတ်ဓာတ်ကျနေတယ်လို့ ကြားရတယ်။ ကျွန်မတို့ စကားပြောတော့ သူက ပြောတယ်။ “စည်းဝေးပွဲတွေမှာ အစ်မရဲ့အတွေ့အကြုံနဲ့ သူများတွေကို ဘယ်လိုထိထိရောက်ရောက် ကူညီခဲ့တယ်ဆိုတာ ကျွန်မ အမြဲတမ်း ကြားရတယ်။ ဒါပေမဲ့ ကျွန်မက သမ္မာတရား စစ်မှန်မှုတွေ မရှိသလို၊ ကျွန်မရဲ့ အစွမ်းအစကလည်း ညံ့ဖျင်းလွန်းတယ်။ ပြဿနာတွေ ဖြစ်လာတော့၊ ကျွန်မ မဖြေရှင်းနိုင်ဘူး။ အရမ်းစိတ်ဖိစီးတာပဲ။ ဒီတာဝန်ကို ကျွန်မ မကိုင်တွယ်နိုင်ဘူး” တဲ့။ သူပြောတာကို ကြားတော့၊ ကျွန်မ တော်တော် အရှက်ရမိတယ်။ ကျွန်မတွေးမိတာပေါ့။ “သူအပျက်သဘောဆောင်တဲ့အတွက် ကျွန်မကို တိုက်ရိုက်အပြစ်တင်ရမှာပါ။ ကျွန်မရဲ့တာဝန်တွေမှာ ဘုရားကို ကျွန်မ မချီးမြှောက်ခဲ့ဘူး။ ကျွန်မညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်ခြင်းမှာ လက်တွေ့ကျတဲ့ပြဿနာတွေကို ကျွန်မ မဖြေရှင်းပေးခဲ့ဘူး။ ပြီးတော့ ကျွန်မ အမြဲ ချဲ့ကားပြီး ကြွားဝါခဲ့တယ်လေ။ အဲဒါနဲ့ ကျွန်မက သမ္မာတရားကို နားလည်သလို ဝိညာဉ်ရင့်ကျက်မှု ရှိတယ်လို့ သူ့ကို တလွဲထင်စေခဲ့တယ်။ ကျွန်မရဲ့အမှားကို ထပ်လုပ်လို့မရဘူး။ ကျွန်မ သူ့ကို ဖွင့်ပြောပြပြီး ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်ပြရမယ်” လို့ပေါ့။ ဒါကြောင့် ကျွန်မ သူ့ကို အကုန်ပြောပြခဲ့တယ်။ ဒီကာလအတောအတွင်းမှာ ကျွန်မအခြေအနေနဲ့ ကျွန်မ ဘယ်လို ကြွားခဲ့တာတွေ အပါအဝင်ပေါ့။ ကျွန်မမှာ သမ္မာတရား စစ်မှန်မှု တကယ် မပိုင်ဆိုင်ခဲ့ဘူးဆိုတာ၊ ကျွန်မတာဝန်တွေရဲ့ ရလဒ်တွေက သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အမှုနဲ့ လမ်းပြမှုတွေကနေ လာတယ်ဆိုတာ၊ ကိုယ့်ဘာသာ ဘာတစ်ခုမှ မရနိုင်ဘူးဆိုတာကို သူ့ကို အသိပေးခဲ့တယ်။ ကျွန်မ ညီအစ်မက တို့ထိခံရပြီး ပြောခဲ့တယ်။ “ကျွန်မက သမ္မာတရား မလိုက်စားခဲ့ဘူး၊ ကျွန်မရဲ့စိတ်နှလုံးထဲမှာ ဘုရားအတွက် နေရာမရှိသလို၊ ကျွန်မက အပြင်ပန်းဆုကျေးဇူးတွေကို အထင်ကြီးပြီး အဲဒါတွေက ဘုရားအမှုနဲ့ လမ်းပြမှုပဲဆိုတာ မသိခဲ့ဘူး။ အပျက်သဘောဆောင်ခြင်းနဲ့ အားနည်းခြင်းမှာ မနေချင်ပါဘူး။ ဘုရားကို မှီခိုပြီး ကိုယ့်တာဝန်တွေကို ဖြည့်ဆည်းချင်ပါတယ်” တဲ့။

အဲဒီနောက်မှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် စပြီး ဆင်ခြင်ခဲ့တယ်။ ကြွားဝါတာက ဘုရားကို ခုခံနေတာမှန်း သိခဲ့တဲ့အချိန်မှာတောင် ကျွန်မက ဒီလမ်းကို ဘာဖြစ်လို့ အလိုအလျောက် လျှောက်မိနေတုန်းပဲ ဖြစ်ရပါလိမ့်လို့ပေါ့။ ဒီမှာ ဘာတွေဖြစ်နေပါလိမ့်။ နောက်တော့ ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ပိုဒ် ကျွန်မ ဖတ်ရတယ်။ “လူအချို့သည် ပေါလုကို အထူးသဖြင့် ပုဂ္ဂိုလ်ရေးကိုးကွယ်ကြသည်။ ၎င်းတို့သည် အပြင်ထွက်၍ ဟောပြောခြင်းနှင့် အမှုပြုခြင်းကို နှစ်သက်ကြသည်။ ၎င်းတို့သည် စုဝေးပွဲများ တက်ရောက်ပြီး ဟောပြောခြင်းကို နှစ်သက်ကြသည်၊ ထို့အပြင် သူတို့သည် သူတို့ကို နားထောင်နေသည့်၊ သူတို့ကို ကိုးကွယ်နေသည့်၊ သူတို့ကို ဗဟိုပြုနေသည့် သူများကို နှစ်သက်ကြသည်။ သူတို့သည် အခြားသူများ၏စိတ်ထဲ၌ ဂုဏ်ဒြပ်ရှိလိုကြပြီး အခြားသူများက သူတို့ ပြသသည့် ပုံရိပ်ကို တန်ဖိုးထားရှိသည့်အခါ သဘောကျကြသည်။ ဤအပြုအမူများမှတစ်ဆင့် သူတို့၏ သဘာဝဗီဇများကို ခွဲခြမ်းစိတ်ဖြာကြပါစို့- ၎င်းတို့၏ သဘာဝမှာ အဘယ်နည်း။ အကယ်၍ ထိုသူသည် ဤကဲ့သို့ အမှန်တကယ် ပြုမူပါက သူတို့သည် မောက်မာ၍ ထောင်လွှားသော သူများဖြစ်ကြောင်း ပြသရန် လုံလောက်၏။ သူတို့သည် ဘုရားသခင်ကို လုံးဝ မကိုးကွယ်ပေ။ မြင့်မားသော ရာထူးဂုဏ်ဒြပ်ကို သူရှာဖွေပြီး၊ အခြားသူများအပေါ် သြဇာအာဏာ ရှိလိုကာ ထိုသူများကို ပိုင်ဆိုင်လိုပြီး ၎င်းတို့၏ စိတ်များထဲ၌ ဂုဏ်ရှိလိုသည်။ ဤသည်မှာ စာတန်၏ စံနမူနာ ပုံရိပ်ပင် ဖြစ်သည်။ ပိုမိုပေါ်လွင်နေသည့် ၎င်းတို့ သဘာဝဗီဇ၏ လက္ခဏာသွင်ပြင်များမှာ မောက်မာမှုနှင့် စိတ်ကြီးဝင်ခြင်းဖြစ်ပြီး၊ ဘုရားသခင်ကို ကိုးကွယ်ရန် မလိုလားမှုနှင့် အခြားသူများ၏ ကိုးကွယ်ခြင်းကို ခံလိုမှုတို့ ဖြစ်သည်။ ထိုသို့သော အပြုအမူများသည် ၎င်းတို့၏ သဘာဝဗီဇထဲသို့ အလွန်ရှင်းလင်းသော အမြင်ကို သင့်အား ပေးနိုင်ပေသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း”) ဘုရားနှုတ်ကပတ်တော်က ထုတ်ဖော်တာကနေ ကျွန်မ နားလည်လိုက်တယ်။ ကျွန်မက ကိုယ့်ညီအစ်ကိုမောင်နှမတွေကို ကြွားဝါပြီး သူတို့က ကျွန်မကို အထင်ကြီးပြီး လေးစားအောင် လုပ်တယ်။ ကျွန်မက ကိုယ့်ရဲ့ မာနထောင်လွှားတဲ့ သဘာဝရဲ့ ထိန်းချုပ်တာခံခဲ့ရလို့ပဲ။ ပြီးတော့ ဒါဟာ ဘုရားကို ခုခံတဲ့ လမ်းကြောင်းလေ။ ကျွန်မရဲ့တာဝန်မှာ ရလဒ်တချို့ဖြစ်လာတာနဲ့ ကျွန်မရဲ့ မာနထောင်လွှားတဲ့ သဘာဝက ကိုယ့်ကိုယ်ကိုယ် သဘောကျစေခဲ့တယ်။ စည်းဝေးပွဲတွေမှာ ကျွန်မက ကိုယ့်အလုပ်ရဲ့ရလဒ်တွေကို အမြဲချဲ့ကားပြီး ကြွားတယ်။ ကျွန်မ လုပ်နိုင်စွမ်းရှိတာကို သက်သေပြဖို့နဲ့ ကျွန်မကို တခြားလူတွေက အထင်ကြီး၊ လေးစားစေဖို့ပေါ့။ ကျွန်မရဲ့တာဝန်တွေမှာရှိတဲ့ အခက်အခဲတွေက ကျွန်မကို အားနည်းစေပြီး ကျွန်မရဲ့ ပုန်ကန်လိုစိတ်နဲ့ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ပေမဲ့၊ ကိုယ့်ကိုယ်ကိုယ် ပေါ်လွင်ပြီး သာလွန်ပုံပေါက်စေဖို့ အဲဒါတွေကို လုံးဝ ထုတ်မပြောခဲ့ဘူး။ ဒါမှ သူများတွေက ကိုယ့်ကို ပိုအထင်ကြီးပြီး၊ လေးစားကြမှာလေ။ ညီအစ်ကိုမောင်နှမတွေ ကျွန်မကို ချီးမွမ်းတော့ ကျွန်မ အရမ်းပျော်ခဲ့ပြီး သူတို့လေးစားအားကျမှုနဲ့ ကိုးကွယ်မှုတို့ကို ကျွန်မ အရှက်မရှိ အရသာခံခဲ့တယ်။ ကျွန်မက လူတွေရဲ့စိတ်နှလုံးထဲမှာ ဘုရင်ဖြစ်လာဖို့နဲ့ လူတွေအတွက် ဘုရားနဲ့ ယှဉ်ပြိုင်ဖို့ ကြိုးစားနေခဲ့တာ မဟုတ်ဘူးလား။ ပေါလုက စည်းဝေးပွဲတွေနဲ့ တရားဟောတာတွေကို ဘယ်လောက် ပျော်မွေ့တယ်၊ သန့်ရှင်းသောဝိညာဉ်တော်အလုပ်ရဲ့ အကျိုးတွေကို သူ့ရဲ့ အရင်းအနှီးတွေအနေနဲ့ သူဘယ်လို အခိုင်အမာပြောခဲ့တယ်၊ လူတွေကို လှည့်စားဖို့ နေရာတကာမှာ သူ့ကိုယ်သူ ဘယ်လိုကြွားလုံးထုတ်ပြီး ချီးမြှောက်ခဲ့တယ်၊ ယုံကြည်သူတွေအားလုံးကို သူ့ရှေ့ကို ဘယ်လိုခေါ်လာတယ်ဆိုတာကို ကျွန်မ တွေးမိတယ်။ ဒါမှ နှစ်ပေါင်း၂၀၀၀ကြာပြီးတော့ ခုချိန်မှာတောင် ဘာသာရေးလောက တစ်ခုလုံးက ပေါလုကို ကိုးကွယ်ပြီး ချီးမြှောက်အောင် ပေါလုရဲ့စကားတွေကို ဘုရားနှုတ်ကပတ်တော်တွေအဖြစ် သဘောထားပြီး သခင်ယေရှုနဲ့ပတ်သက်ပြီး အသိပညာတစ်စက်မှ မရှိအောင်လို့ပေါ့။ ပေါလုက မာနထောင်လွှားတယ်၊ ကိုယ့်ကိုယ်ကိုယ် မှန်တယ်ထင်သလို ဘုရားကို အရေးထားမှု မရှိဘူး။ သူက ဘုရားကို ခုခံတဲ့ အန္တိခရစ်ရဲ့ လမ်းကြောင်းကို လျှောက်ခဲ့တယ်။ လူတွေရဲ့စိတ်နှလုံးထဲမှာ ဘုရားနေရာကို သူယူခဲ့တယ်၊ ဘုရားရဲ့ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ပြင်းပြင်းထန်ထန် ပုန်ကန်ပြစ်မှားခဲ့ပြီး ဘုရားရဲ့ အပြစ်ဒဏ်ပေးတာနဲ့ ကျိန်ဆဲတာကို ခံခဲ့ရတယ်။ ကျွန်မကရော ပေါလုနဲ့ တထေရာတည်း မဟုတ်ဘူးလား။ ကျွန်မလည်း မာနထောင်လွှားတယ်၊ ကိုယ့်ကိုယ်ကိုယ် မှန်တယ်ထင်တယ်၊ ချီးမြှောက်ပြီး ကြွားဝါချင်သလို၊ ကိုယ့်ကိုယ်ကိုယ် လူတွေနဲ့ဝန်းရံချင်တယ်။ အကျိုးဆက်အနေနဲ့ ကျွန်မရဲ့ “ဆောင်ရွက်မှု” နှစ်လသုံးလကြာပြီးတဲ့နောက်မှာ လူတိုင်းက ကျွန်မကို အထင်ကြီးပြီး၊ လေးစားတယ်။ သူတို့စိတ်နှလုံးထဲမှာ ဘုရားအတွက် နေရာမရှိတော့ဘူး။ ပြဿနာတွေ ဖြစ်တော့၊ မိတ်သဟာယနဲ့ ဖြေရှင်းချက်တွေအတွက် ဘုရားကို ရှာမယ့်အစား ကျွန်မကို ရှာကြတယ်။ ကျွန်မက ဘုရားကို ခုခံပြီး ကျွန်မရဲ့ညီအစ်ကိုမောင်နှမတွေကို ထိခိုက်နေတာ မဟုတ်ဘူးလား။ ကျွန်မက ဘုရားရဲ့ တာဝန်ပေးစေခိုင်းချက်ကို လက်ခံပေမဲ့ ဘုရားကို ဆန့်ကျင်ရပ်တည်ပြီး သူ့ရန်သူဖြစ်လာခဲ့တယ်။ ပြီးတော့ ဘုရားကို ခုခံတဲ့ ပေါလုရဲ့ အန္တိခရစ် လမ်းကြောင်းကို လျှောက်ခဲ့တယ်။ ကျွန်မသာ နောင်တမရခဲ့ရင် ကျွန်မရဲ့အဆုံးသတ်က ပေါလုလိုဖြစ်မှာပဲ။ ကျွန်မဟာ ဘုရားရဲ့ သုတ်သင်ဖယ်ရှင်းပြီး အပြစ်ဒဏ်ပေးတာ ခံရမှာ။ အဲဒီအခါကျမှသာ ကျွန်မဟာ ကိုယ့်ရဲ့ မာနထောင်လွှားတဲ့ သဘာဝက ထိန်းချုပ်တာခံရမှန်း သိခဲ့တယ်။ ခဏခဏဆိုသလို ကျွန်မက ကိုယ့်ကိုယ်ကိုယ် အရှက်မရှိ ကြွားပြီး အမွှမ်းတင်ခဲ့တယ်။ ကျွန်မကို ကိုးကွယ်အောင် ညီအစ်ကိုမောင်နှမတွေကို လှည့်စားခဲ့သလို၊ တစ်ခါတလေ ကျွန်မမှာ စက်ဆုပ်စရာ ရည်ရွယ်ချက်တွေတောင် ရှိတယ်။ ကြွားဖို့ လှည့်ကွက်တွေတောင် သုံးခဲ့တယ်။ ကျွန်မ အရမ်းဆိုးယုတ်ခဲ့ပါတယ်။ ကျွန်မကိုယ့်ကိုယ်ကိုယ် ရွံရှာပြီး မုန်းတီးမိခဲ့တယ်။ ပြီးတော့ ဘယ်တော့မှ ထပ်မကြွားတော့ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုလိုက်တယ်။

အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်တွေ ရွတ်ဖတ်ပြခြင်း ဗီဒီယိုတစ်ခုကို တွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့နှင့်ဆိုင်သော သင်၏ သိနားလည်မှုမှာ အဘယ်နည်း။ သူ၏ ဩဇာအာဏာနှင့် သူ၏ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်း၊ ဉာဏ်ပညာတို့နှင့်ဆိုင်သည့် သင်၏ သိနားလည်မှုမှာ အဘယ်နည်း။ လူသားမျိုးနွယ်နှင့် အရာခပ်သိမ်းတို့ကြားတွင် ဘုရားသခင်သည် နှစ်ပေါင်း မည်မျှကြာ အလုပ်လုပ်နေပြီးဖြစ်သည်ကို တစ်ဦးတစ်ယောက် သိပါသလော။ ယနေ့ထိ ဘုရားသခင် အမှုပြုပြီး လူသားမျိုးနွယ် အားလုံးကို စီမံခန့်ခွဲနေပြီးဖြစ်သည့် နှစ်ပေါင်းအရေအတွက် အတိအကျကို မည်သူမျှ မသိပေ။ ထိုသို့သော အရာကို လူသားမျိုးနွယ်အား သူ အသိမပေးပေ။ သို့သော် ဤအရာကို စာတန်က အတန်ကြာ ပြုလုပ်ခဲ့မည်ဆိုပါက၊ သူ ကြေညာလိမ့်မည်လော။ သေချာပေါက် ကြေညာပါလိမ့်မည်။ စာတန်သည် ပိုများသော လူတို့ကို လှည့်ဖြားနိုင်ဖို့အလို့ငှာနှင့် သူ့ကို ၎င်းတို့က ပိုပြီးချီးကျူးကြစေဖို့အလို့ငှာ မိမိကိုယ်ကိုယ် ကြွားဝါချင်၏။ ဤတာဝန်ယူလုပ်ဆောင်မှုကို ဘုရားသခင်သည် အဘယ်ကြောင့် အသိမပေးပါသနည်း။ နှိမ့်ချပြီး ကွယ်ဝှက်သော ဘုရားသခင်၏ အနှစ်သာရ လက္ခဏာ သွင်ပြင်တစ်ခု ရှိ၏။ နှိမ့်ချခြင်းနှင့် ကွယ်ဝှက်ခြင်းတို့ကို ဆန့်ကျင်သည့် မည်သည့်အရာများ ရှိသနည်း။ မာနထောင်လွှားခြင်း၊ မိုက်ရိုင်းခြင်းနှင့် ရည်မှန်းချက်တို့ ဖြစ်သည်။...အန္တိခရစ်များသည် မကွာခြားပေ။ ၎င်းတို့သည် ၎င်းတို့လုပ်ဆောင်သည့် သေးငယ်သောအရာတိုင်းအား လူတိုင်း၏ ရှေ့တွင် ကြွားဝါပြောဆိုကြသည်။ ၎င်းတို့ပြောသည်ကို ကြားရာတွင် ၎င်းတို့သည် ဘုရားသခင်ကို သက်သေခံနေသည့်ပုံစံရှိသည်— သို့သော် သေချာစွာ နားထောင်လျှင် ၎င်းတို့သည် ဘုရားသခင်ကို သက်သေခံနေခြင်းမဟုတ်ဘဲ ကြွားဝါနေခြင်း၊ မိမိတို့ကိုယ်ကို မြှင့်တင်နေခြင်းဖြစ်သည်ကို သင် တွေ့ရှိရလိမ့်မည်။ ၎င်းတို့ပြောသည့်အရာနောက်ကွယ်ရှိ ကြံရွယ်ချက်နှင့် အနှစ်သာရသည် ရွေးချယ်ထားသောသူတို့ကိုရဖို့ ဘုရားနှင့် ဖက်ပြိုင်ရန်၊ ဂုဏ်အဆင့်အတန်းကို ရရှိရန်ဖြစ်သည်။ ဘုရားသခင်သည် နှိမ့်ချမှုရှိပြီး ဖုံးကွယ်ထားလျက် စာတန်မှာမူ သူ့ကိုယ်သူ ဝါကြွားသည်။ ခြားနားချက် ရှိသလော။ စာတန်ကို နှိမ့်ချမှုရှိသည်ဟု ဖော်ပြ၍ ရသလော။ (မရပါ။) သူ၏ ကောက်ကျစ်စဉ်းလဲသော သဘာဝနှင့် အနှစ်သာရကို အကဲဖြတ်ရလျှင် သူသည် အသုံးမကျသော အမှိုက်စတစ်စပင် ဖြစ်သည်။ စာတန်အနေဖြင့် သူ့ကိုယ်သူ မဝါကြွားလျှင် အံ့မခန်းဖြစ်နေပေမည်။ စာတန်ကို ‘နှိမ့်ချမှုရှိသည်’ ဟု အဘယ်သို့လျှင် ခေါ်နိုင်မည်နည်း။ ‘နှိမ့်ချခြင်း’ ဟူသည်ကို ဘုရားသခင်နှင့်ပတ်သက်၍ ပြောရသည်။ ဘုရားသခင်၏ မည်သူမည်ဝါဖြစ်ခြင်း၊ အဖြစ်အနေနှင့် စိတ်နေသဘောထားတို့မှာ အလွန်မြင့်မြတ်ပြီး ဂုဏ်သရေရှိသည်၊ သို့သော် သူသည် မည်သည့်အခါမျှ မကြွားဝါပေ။ ဘုရားသခင်သည် နှိမ့်ချမှုရှိပြီး ဖုံးကွယ်ထားသည်၊ သူပြုလုပ်ထားသော အရာကို လူတို့အား မြင်တွေ့ခွင့်မပေး၊ သို့သော် သူသည် ထိုသို့မထင်မပေါ် အလုပ်လုပ်စဉ်တွင် လူသားမျိုးနွယ်မှာ ကြည့်ရှုစောင့်ရှောက်ခြင်း၊ အာဟာရပေးခြင်းနှင့် လမ်းပြခြင်းကို စဉ်ဆက်မပြတ် ခံရ၏— ဤအရာအားလုံးကို ဘုရားသခင်က စီမံထားခြင်း ဖြစ်လေသည်။ ဘုရားသခင်က ဤအရာများကို ဘယ်တော့မျှ ထုတ်မပြော၊ ဘယ်တော့မျှ မဖော်ပြသည်မှာ ဖုံးကွယ်ထားခြင်းနှင့် နှိမ့်ချခြင်းလေလော။ ဘုရားသခင်၌ နှိမ့်ချမှုရှိရခြင်း အကြောင်းရင်း အတိအကျမှာ သူသည် ဤအရာများကို ပြုလုပ်နိုင်သော်လည်း ယင်းတို့ကို မည်သည့်အခါမျှ မဖော်ပြ၊ သို့မဟုတ် ထုတ်မပြော၊ ယင်းတို့ကို လူတို့နှင့် မဆွေးနွေးသောကြောင့် ဖြစ်သည်။ သင်သည် ထိုကဲ့သို့သော အရာများကို ပြုလုပ်နိုင်စွမ်း မရှိဘဲလျက် နှိမ့်ချခြင်းအကြောင်းပြောဖို့ သင့်မှာ အဘယ်အခွင့်ရှိသနည်း။ သင်သည် ထိုအရာများ တစ်ခုကိုမျှ မလုပ်ခဲ့သော်လည်း ယင်းတို့အတွက် ချီးကျူးမှုရရန် မရမက တောင်းဆိုနေပေသည်— ဤသည်ကို အရှက်မဲ့ခြင်းဟု ခေါ်၏။ လူသားမျိုးနွယ်ကို လမ်းပြလျက် ဘုရားသခင်သည် အလွန်ကြီးမြတ်သောအလုပ်ကို လုပ်ဆောင်သည်။ စကြဝဠာတစ်ခုလုံးကို ဦးဆောင်သည်။ သူ၏အာဏာနှင့် ဘုန်းတန်ခိုးသည် အလွန်ကျယ်ပြန့်သည်။ သို့တိုင်အောင် သူသည် ‘ငါ၏ အရည်အချင်းသည် သာလွန်ထူးခြားသည်’ ဟု မည်သည့်အခါမျှ မဆိုပေ။ သူသည် အရာရာအပေါ် အုပ်စိုးလျက်၊ လူသားမျိုးနွယ်ကို ပြုစုပျိုးထောင်ပြီး ပံ့ပိုးလျက်၊ လူသားမျိုးနွယ်ကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ဆက်လက်တည်ရှိစေလျက် အရာအားလုံးအထဲတွင် သူသည် ပုန်းကွယ်မြဲ ပုန်းကွယ်လျက်ရှိသည်။ ဥပမာ လေနှင့် နေရောင်၊ သို့မဟုတ် လူသားဖြစ်တည်မှုအတွက် လိုအပ်သော မြင်နိုင်သော အရာဝတ္ထုပစ္စည်းများအားလုံးကို ကြည့်လော့— ယင်းတို့အားလုံးသည် ရပ်တန့်ခြင်းမရှိဘဲ ရှေ့ဆက်ရွေ့လျားသည်။ လူသားအတွက် ဘုရားသခင်က ထောက်ပံ့သည်မှာ မေးခွန်းထုတ်စရာမလိုပေ။ ဤသို့ဆိုလျှင် စာတန်က ကောင်းသောအရာတစ်ခုခုပြုလုပ်လျှင် တိတ်ဆိတ်စွာနေပြီး တိမ်မြုပ်နေသော သူရဲကောင်းတစ်ယောက်အဖြစ် နေမည်လော။ လုံးဝ မဟုတ်ပေ။ ဤသည်မှာ အသင်းတော်၌ ယခင်က အန္တရာယ်ရှိသောအလုပ်ကို တာဝန်ယူဆောင်ရွက်ခဲ့သော၊ သို့မဟုတ် တစ်ကြိမ်တွင် မိမိတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ထိခိုက်စေသည့်အလုပ်ကို လုပ်ခဲ့သော၊ ထောင်ကျခဲ့ရခြင်းပင်ဖြစ်နိုင်သော အန္တိခရစ်အချို့ရှိခဲ့သည့်ပုံစံကဲ့သို့ပင်ဖြစ်သည်။ ဘုရားအိမ်တော်၏အလုပ်၏ ကဏ္ဍတစ်ခုတွင် တစ်ချိန်က ပါဝင်ပံ့ပိုးခဲ့သောသူများလည်းရှိသည်။ ၎င်းတို့က ဤအရာများကို မည်သည့်အခါမျှ မမေ့ပေ။ ၎င်းတို့သည် ဤအရာတို့အတွက် တစ်သက်လုံး နာမည်ရသင့်သည်ဟု ထင်မြင်ကြသည်။ ဤအရာတို့သည် ၎င်းတို့တစ်သက်လုံးအတွက် အရင်းအနှီးဖြစ်သည်ဟု ထင်မြင်ကြသည်— ဤသညမှာ လူတို့သည် မည်မျှသေးနုပ်သည်ကို ပြသည်။ လူတို့သည် သေးနုပ်ပြီး စာတန်က အရှက်မဲ့သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “သူတို့သည် ဆိုးယုတ်ပြီး မသိမသာ အန္တရာယ်ပေးတတ်ကာ လှည့်ဖြားတတ်ကြ၏ (အပိုင်း ၂)”) ဘုရားရဲ့ ဒီနှုတ်ကပတ်တော်တွေကို တွေ့တော့ ကျွန်မ ရှက်ခဲ့တယ်။ ဘုရားသခင်က ဖန်ဆင်းရှင်ပါ။ သူက ဩဇာအာဏာနဲ့ တန်ခိုးရှိသလို၊ အမြင့်မားဆုံး အဆင့်အတန်းရှိတယ်။ ဒါပေမဲ့ ဘုရားက ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ကိုယ်တိုင်ကိုယ်ကျ လူ့ဇာတိလာခံခဲ့သလို၊ လူတွေကို ထောက်ပံ့ပြီး ကယ်တင်ဖို့ သမ္မာတရားကို တိတ်တဆိတ် ဖော်ပြတယ်။ ဘုရားက အထွတ်အထိပ်ဖြစ်ပြီး ကြီးမြတ်ပေမဲ့ ဘုရားရဲ့အဆင့်အတန်းကို ဘယ်တော့မှ ရသင့်တယ်ဆိုပြီး မတောင်းဆိုဘူး။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သူအမှုဘယ်လောက် ပြုခဲ့တယ်၊ အရှက်နဲ့နာကျင်မှု ဘယ်လောက် ခံရတယ်ဆိုတာ သူ ဘယ်တော့မှ မကြွားဘူး။ အဲဒီအစား သူ့အလုပ်ကိုလုပ်ရင်းနဲ့ လူတွေကြားမှာ နှိမ့်ချမြဲ၊ ကွယ်ဝှက်မြဲ ရှိနေတယ်။ ဒါဟာ ဘယ်ဖောက်ပြန်ပျက်စီးတဲ့ လူသားကမှ မလုပ်နိုင်တဲ့အရာတစ်ခုပါ။ ဘုရားရဲ့အနှစ်သာရက သန့်ရှင်းပြီး လှပတာကို ကျွန်မ မြင်ခဲ့တာနဲ့အမျှ၊ ကျွန်မရဲ့ မာနထောင်လွှားခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ မှတ်ယူတာ၊ ဟန်ပန်ဝင့်ဝါပြီး ကြွားတာတို့အတွက် ပိုရှက်မိတယ်။ ကျွန်မက စာတန်ကြောင့် နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးနေတဲ့ လုံးလုံး ညစ်ညမ်းတဲ့သူတစ်ယောက်ပါ။ ဘုရားအမြင်မှာ ကျွန်မက အရေးမပါသူပါ။ ဒါပေမဲ့လည်း ကိုယ့်ကိုယ်ကိုယ် အရှက်မရှိ ချီးမြှောက်တယ်၊ ကြွားဝါသလို သူများတွေ ကိုယ့်ကို အထင်ကြီးပြီး ကိုးကွယ်အောင် လုပ်ခဲ့တယ်။ ကျွန်မဟာ မာနထောင်လွှားလွန်းလို့ ကိုယ့်ရဲ့ ဆင်ခြင်တုံတရား ပျောက်သွားပြီး ဘုရားရှေ့မှောက်မှာ အသက်ရှင်ဖို့ တကယ်ကို မထိုက်တန်ပါဘူး။ အရှက်တရားနဲ့ ဘုရားကို ဆုတောင်းခဲ့ပါတယ်။ “ဘုရားသခင်၊ ကိုယ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ထုတ်ဖော်ခြင်းကတစ်ဆင့် ကျွန်မက လူသားပုံသဏ္ဌာန်နဲ့ အသက်မရှင်တာကို တွေ့ပြီးပါပြီ။ ကျွန်မ ဒီလို အသက်မရှင်ချင်တော့ပါဘူး။ ဘုရားသခင်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့၊ ကျွန်မရဲ့ဆိုးယုတ်တဲ့ စိတ်သဘောထားတွေရဲ့ ချည်နှောင်မှုနဲ့ ကန့်သတ်မှုတွေကနေ လွတ်မြောက်ဖို့ လမ်းပြတော်မူပါ” လို့ပေါ့။

နောက်တော့ ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ပိုဒ် ကျွန်မ ဖတ်ရတယ်။ “ဘုရားသခင်အတွက် သက်သေခံသောအခါတွင် ဘုရားသခင် လူတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမပုံ၊ လူတို့ကို စစ်ဆေးရန်နှင့် သူတို့၏ စိတ်သဘောထားများကို ပြောင်းလဲရန် မည်သည့်စမ်းသပ်မှုများအား သူအသုံးပြုသည့် အကြောင်းတို့ကို ပို၍ အဓိက ပြောသင့်သည်။ သင်တို့၏ အတွေ့အကြုံထဲတွင် ဖောက်ပြန်ပျက်စီးခြင်း မည်မျှ ထုတ်ဖော်ထားကြောင်း၊ သင်တို့ အဘယ်မျှ ခံစားခဲ့ပြီးကြောင်းနှင့် နောက်ဆုံးတွင် ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို အဘယ်သို့ ခံခဲ့ရကြောင်းကိုလည်းကောင်း ပြောသင့်သည်၊ သင်တို့၌ ဘုရားသခင်၏အမှုအပေါ် စစ်မှန်သောသိခြင်း အဘယ်မျှ ရှိကြောင်းနှင့် ဘုရားသခင်အတွက် အဘယ်သို့ သက်သေခံပြီး သူ၏ချစ်ခြင်းမေတ္တာကို အဘယ်သို့ ပြန်ပေးဆပ်သင့်ကြောင်းတို့ကိုလည်း ပြောသင့်သည်။ သင်တို့သည် ဤကဲ့သို့သော စကားအသုံးအနှုန်းမျိုးကို ရိုးရှင်းသောပုံစံဖြင့် ပြောလျက် ပို၍ အနှစ်သာရရှိရှိ ပြောသင့်သည်။ အနှစ်သာရမဲ့သော သီအိုရီများအကြောင်းကို မပြောလေနှင့်။ ပိုမို၍ လက်တွေ့ကျအောင် ပြောလော့။ နှလုံးသားထဲမှ စကားပြောလော့။ ဤသည်မှာ သင်တွေ့ကြုံသင့်ပုံ ဖြစ်သည်။ ဝါကြွားရန် အားထုတ်သည့်အနေဖြင့် လေးနက်ဟန်ရှိသော၊ အနှစ်သာရမဲ့သော သီအိုရီများနှင့် မိမိကိုယ်ကို မပြင်ဆင်လေနှင့်။ ဤသို့ပြုခြင်းက သင်တို့ကို အတော်ပင် စိတ်ကြီးဝင်ပြီး အသိတရားမဲ့ဟန် ပေါ်စေမည်။ သင်သည် စစ်မှန်ပြီး နှလုံးသားထဲမှဖြစ်သည့် သင်၏ တကယ့် အတွေ့အကြုံမှ စစ်မှန်သောအရာများကို ပို၍ပြောသင့်သည်။ ဤသည်မှာ အခြားသူများအတွက် အကျိုးပြုဆုံးဖြစ်ပြီး သူတို့တွေ့မြင်ရန် အသင့်လျော်ဆုံးဖြစ်သည်။ သင်တို့သည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးသောသူများနှင့် သူ့ကို နာခံရန် အနည်းဆုံးလိုလားသူများ ဖြစ်နေကျဖြစ်သော်လည်း ယခုတွင် သိမ်းပိုက်ခြင်းကို ခံရပြီးဖြစ်သည်— ဤသည်ကို မည်သည့်အခါမျှ မမေ့လေနှင့်။ ဤကိစ္စရပ်များနှင့်ပတ်သက်၍ သင် သာ၍ တွေးဆပြီး စဉ်းစားသင့်သည်။ ၎င်းတို့ကို လူတို့ ရှင်းလင်းစွာ နားလည်ပြီးသည်နှင့်တစ်ပြိုင်နက်၊ မည်သို့ သက်သေခံရမည်ကို ၎င်းတို့ သိကြလိမ့်မည်၊ သို့မဟုတ်ပါက၊ ၎င်းတို့သည် ရှက်ဖွယ်ဖြစ်ပြီး အသိတရားမရှိသော လုပ်ဆောင်ချက်များကို ကျူးလွန်ဖွယ်ရှိလိမ့်မည် ဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်”) ဘုရားနှုတ်ကပတ်တော်တွေထဲမှာ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတွေကို ကျွန်မ တွေ့ခဲ့တယ်။ ကြွားဝါတဲ့ပြဿနာကို ဖြေရှင်းဖို့ ကျွန်မက ဘုရားကို သတိရှိရှိနဲ့ ချီးမြှောက်ပြီး သက်သေခံရမှာပါ။ ဘုရားအမှုနဲ့ စိတ်သဘောထားအပြင်၊ လူတွေအတွက် သတ်မှတ်ချက်တွေကို သက်သေခံရမယ်။ ကိုယ့်ပုန်ကန်လိုမှု၊ ဖောက်ပြန်ပျက်စီးခြင်း ကိုယ့်စက်ဆုပ်စရာ ရည်ရွယ်ချက်တွေနဲ့ အမှုကိစ္စတွေ ကျွန်မ လုပ်တဲ့အခါ အဲဒါတွေရဲ့ အကျိုးဆက်တွေကို ဖော်ထုတ်ရမယ်။ နောက်ပိုင်းမှာ ဘုရားရဲ့နှုတ်ကပတ်တော်မှာ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတို့ကို ကျွန်မ ဘယ်လိုတွေ့ကြုံပြီး ကိုယ့်ကိုယ်ကိုယ် ဘယ်လိုသိလာတဲ့အကြောင်း ပြောပြရမယ်။ ဒါမှ သူများတွေက ကျွန်မဖောက်ပြန်ပျက်စီးခြင်းကို ချင့်ချိန်နိုင်စွမ်းရှိပြီး ဘုရားအမှုနဲ့ ပတ်သက်တဲ့ အသိပညာရနိုင်မှာ။ လူတွေအတွက် ဘုရားကယ်တင်ခြင်းကို မြင်ပြီး လူတွေအတွက် ဘုရားရဲ့ချစ်ခြင်းကို သက်သေခံကြမှာ။ အဲဒီအပြင် ကျွန်မရဲ့အတွေ့အကြုံကို ဆွေးနွေးတဲ့အခါ ရိုးရိုးသားသားနဲ့ စိတ်ရင်းအတိုင်းပြောဖို့ မချဲ့ကားဖို့၊ မကြွားဖို့၊ သူများတွေပေါ်မှာ မနေဖို့ သင်ယူခဲ့ရတယ်။ ဒီလက်တွေ့လုပ်ဆောင်တဲ့ လမ်းကြောင်းတွေကို ကျွန်မ နားလည်သွားတာနဲ့ အဲဒါတွေကို ကျွန်မ သတိရှိရှိနဲ့ စပြီး လက်တွေ့လုပ်ဆောင်ခဲ့တယ်။ စည်းဝေးပွဲတစ်ခုမှာ ညီအစ်ကိုတစ်ယောက်က သူ့တာဝန်တွေမှာ ဂုဏ်သတင်းနဲ့ အဆင့်အတန်းတို့ကို လိုက်စားခြင်းအကြောင်း ပြောခဲ့တယ်။ သူက သူ့ကိုယ်သူ လူတိုင်းနဲ့ နှိုင်းယှဉ်တယ်။ အဲဒါနဲ့ပတ်သက်ပြီး စိတ်မချမ်းမသာဖြစ်ခဲ့သလို၊ ဘယ်လိုဖြေရှင်းရမှန်း မသိခဲ့ဘူး။ သူ့အခြေအနေကို ပြောပြတာကို ကျွန်မ ကြားတော့ တွေးမိတယ်။ “သူ့ပြဿနာကို ငါဖြေရှင်းလိုက်ရင်၊ အနာဂတ်မှာ သူ့အတွေ့အကြုံအကြောင်း ပြောတဲ့အခါ၊ ငါ့ရဲ့ မိတ်သဟာယက သူ့အခြေအနေကို ပြောင်းစေခဲ့တဲ့အရာပါလို့ သူပြောမှာပဲ။ ညီအစ်ကိုမောင်နှမတွေက ငါ့ကို အထင်ကြီးပြီး သမ္မာတရားကို ငါနားလည်တယ်၊ ဝိညာဉ်ရင့်ကျက်မှု ရှိတယ်လို့ ပြောကြမှာပဲ။ ငါ့အနေနဲ့ ကိုယ့်မိတ်သဟာယမှာ စကားလုံးတွေနဲ့ စိတ်ကူးတွေကို ပေါင်းထည့်ပြီး ကိုယ့်အတွေ့အကြုံအကြောင်း သူ့ကို ပြောပြရမယ်” လို့ပေါ့။ အဲဒီအချိန်မှာ ကျွန်မဟာ ကိုယ့်ရဲ့ ဆိုးယုတ်တဲ့ လုပ်ဆောင်ချက်ကို ထပ်လုပ်တော့မယ်ဆိုတာ ရုတ်တရက် သတိပြုမိသွားပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။ အဲဒီအတွေးနဲ့တင် စိတ်ထဲမှာ ရွံရှာလိုက်တာဟာ ယင်ကောင် အသေတစ်ကောင်ကို မြိုချလိုက်မိသလိုပဲ။ ဒါကြောင့် ဘုရားကို ကျွန်မ တိတ်တိတ်လေး ဆုတောင်းခဲ့တယ်။ ဒီတစ်ခေါက်တော့ ကိုယ့်ဇာတိရုပ်ကိုပြဖို့၊ ဘုရားကို ချီးမြှောက်ဖို့နဲ့ သက်သေခံဖို့ ခွန်အားတောင်းလျှောက်လိုက်တယ်။ ကျွန်မရဲ့ ညီအစ်ကိုကို ပြောလိုက်တယ်။ ကျွန်မက အတိတ်မှာ ဂုဏ်သတင်းနဲ့ ဂုဏ်အဆင့်အတန်းကို လိုက်စားခဲ့ကြောင်း၊ ကျော်ကြားမှုနဲ့ ကြွယ်ဝမှုအတွက် ကြိုးပမ်းခဲ့တဲ့အကြောင်း၊ ကျွန်မရဲ့ ရှုံးနိမ့်ခြင်းနဲ့ အစားထိုးခံရခြင်းအကြောင်း နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ထုတ်ဖော်ခြင်းတို့ကတစ်ဆင့် ကျွန်မက ဘယ်လို ဆင်ခြင်ခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ် သိပြီး ပြောင်းလဲနိုင်ခဲ့တယ်ဆိုတာတွေပေါ့။ ကျွန်မရဲ့မိတ်သဟာယအပြီးမှာ၊ သူ့သဘာဝက အရမ်းမာနထောင်လွှားပြီး ဂုဏ်သတင်းနဲ့ ဂုဏ်အဆင့်အတန်းတို့ကို လိုက်စားတာက အန္တိခရစ်ရဲ့လမ်းကြောင်းဖြစ်ကြောင်း သတိပြုမိလာခဲ့သလို၊ သူက နောင်တရချင်ခဲ့တယ်။ ကျွန်မညီအစ်ကိုရဲ့ မိတ်သဟာယကို ကြားပြီးတော့ ကိုယ့်စိတ်နှလုံးထဲမှာ ဘုရားကို ကျေးဇူးမတင်ဘဲ မနေနိုင်ခဲ့ဘူး။ ဒါက ဘုရားလမ်းပြမှု အလုပ်လုပ်နေတာပဲ။

အဲဒီနောက်မှာ ညီအစ်ကိုမောင်နှမတွေနဲ့ ကျွန်မရဲ့ မိတ်သဟာယမှာ တစ်ခါတလေ ကြွားနေသေးပေမဲ့၊ အရင်ကလောက် မသိသာဘူး၊ မဆိုးရွားတော့ဘူး။ တစ်ခါတလေ ကြွားဖို့ တွေးမိပေမဲ့ အဲဒါကို ခံစားရတဲ့အခါ၊ ဘုရားကို ဆုတောင်းပြီး ကိုယ့်ဇာတိရုပ်ကို ပြလိုက်တယ်။ ဖြည်းဖြည်းချင်း ကျွန်မ ကြွားတာ နည်းသထက် နည်းလာတယ်။ ကြွားချင်တဲ့ အခြေအနေ နည်းလာတာကို ကျွန်မ ကြုံရတယ်။ ကျွန်မကို ပြောင်းလဲစေခဲ့တာဟာ ဘုရားနှုတ်ကပတ်တော်ထဲက တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်းနဲ့ ကိုင်တွယ်ဖြေရှင်းခြင်းတွေ ဖြစ်မှန်း သိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအတွက် ကျွန်မတကယ်ကို ကျေးဇူးတင်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဂုဏ်အဆင့်အတန်းမှ လွတ်မြောက်မှုကို ရှာဖွေခြင်း

ဒေါင်အန်း ပြင်သစ်၂၀၁၉ ခုနှစ်မှာ ကျွန်မ အသင်းတော်ခေါင်းဆောင် တစ်ယောက် ဖြစ်ခဲ့သည်။ ကျွန်မသည် အကြောင်းကိစ္စများကို ကိုယ်ပိုင် နည်းလမ်းနှင့်...

ကြောင်သူတော်တစ်ယောက်၏ နောင်တ

ရှင်ယူရီ တောင်ကိုးရီးယားနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်ကို အစေခံခြင်းသည် ရိုးစင်းသည့် အလုပ်မဟုတ်ချေ။ မိမိတို့၏...

အသွင်အပြင်အားဖြင့် အကဲဖြတ်ခြင်းသည် တကယ့်ကို အဓိပ္ပါယ်မဲ့သည်

ယိဖန်၊ ဟေနန်စီရင်စု ယခင်က၊ ကျွန်မသည် နှစ်လိုဖွယ်ကောင်းကာ၊ သုတကြွယ်ပြီး စကားပြောကောင်းသော လူတို့ကို အထူးသဖြင့် အထင်ကြီးလေးစားမှု ထားရင်း၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။