ကြွားဝါခြင်း၏ အရှက်မဲ့မှု

23.01.2022

ဝမ်ရှင်းဖင် တရုတ်နိုင်ငံ

၂၀၂၀ ခုနှစ်၊ မတ်လမှာ အသင်းတော်သစ်ကို ကျွန်မပြောင်းတယ်။ အရင်အသင်းတော်မှာ ကျွန်မက ခေါင်ဆောင်တစ်ယောက်ဖြစ်ပြီး ညီအစ်ကို မောင်နှမတွေက ကျွန်မကို သိပ်အထင်ကြီးကြတာ။ သူတို့ပြဿနာရှိတဲ့အခါတိုင်း ဖြေရှင်းပေးဖို့ ကျွန်မဆီ လာကြတယ်။ ဒါပေမဲ့ ဒီအသင်းတော်သစ်မှာ ညီအစ်ကို မောင်နှမတွေက ကျွန်မနဲ့ မရင်းနှီးကြဘူး။ နာမည်မရှိတဲ့ အသုံးခံတစ်ယောက်လိုခံစားရပြီး အရမ်းစိတ်ပျက်စရာကောင်းတယ်။ ကျွန်မတွေးမိတယ်၊ “ငါက ဧဝံဂေလိဖြန့်တာ တော်တော်လေး ကျွမ်းခဲ့တာ။ ဒီတော့ ခုချိန်မှာ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံအောင် ပိုများတဲ့ လူတွေကို ငါဦးဆောင်လမ်းပြဖို့ ငါ့အရည်အချင်းကို သုံးနိုင်ရင် ငါ့မှာ အစွမ်းအစရှိပြီး တခြားလူတွေထက် တာဝန်ကို ပိုထိထိရောက်ရောက် ထမ်းဆောင်မှန်း လူတိုင်းကို ပြရာရောက်မှာပဲ၊ အဲဒါဆိုရင် ငါထင်ပေါ်နိုင်မှာပဲ” လို့ပေါ့။ ဒီတော့ မနက်ကနေ ညထိ နေရာတိုင်းမှာ ကျွန်မ ဧဝံဂေလိ စဟောတယ်၊ တစ်ခါတလေ အစာမစားအားတဲ့အထိ သိပ်အလုပ်များခဲ့တာ။ သိပ်မကြာခင်မှာပဲ ကျွန်မဟောလို့ လူတစ်ဒါဇင်ကျော်က ဘုရားရဲ့ အမှုတော်ကို လက်ခံခဲ့ကြတယ်။ ကျွန်မတွေးမိတယ်၊ “ငါ့တာဝန်တွေကို ငါကောင်းကောင်းထမ်းဆောင်ခဲ့ပုံကြောင့် ငါ့ရဲ့ ညီအစ်ကို မောင်နှမတွေက အမြင်သစ်နဲ့ ငါ့ကို ကြည့်ကြမှာ သေချာတယ်” လို့ပေါ့။ ညီအစ်ကို မောင်နှမတွေကို တွေ့တော့ ကိုယ့်ကိုယ်ကိုယ် မကြွားဝါဘဲ မနေနိုင်ခဲ့ဘူး။ သူတို့က အားကျပြီး ပြောကြတယ်၊ “ဧဝံဂေလိဟောဖို့ အစ်မအတွက် သိပ်လွယ်ပေမဲ့ ကျွန်မတို့ မလုပ်နိုင်ဘူး။ နားမထောင်တဲ့အပြင် အယူအဆတွေရှိတဲ့ ဧဝံဂေလိပစ်မှတ်တွေကို ကျွန်မတို့ ဆုံရတဲ့အခါ သူတို့ကို ဘာပြောရမှန်း မသိဘူး” တဲ့။ အမှန်ကတော့ ကျွန်မလည်း ဒီအခြေအနေကို မကြာခဏ ကြုံခဲ့ရပြီး အဲဒီလို လူတွေနဲ့ ခရီးမတွင်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ဒီပြဿနာနဲ့ ရှုံးနိမ့်မှုတွေအကြောင်းကို ကျွန်မပြောခဲတယ်၊ ဒါမှမဟုတ် လုံးဝကို မပြောတာ။ ဒါတွေကို လူတိုင်းသိသွားရင် ကျွန်မကို အစွမ်းအစရှိတယ်လို့ မမြင်တော့မှာ၊ အထင်မကြီးတော့မှာ စိုးလို့လေ။ ကျွန်မတွေးမိတယ်၊ “ကျွန်မ တာဝန်‌တွေကို ဘယ်လောက် ကောင်းကောင်း ထမ်းဆောင်မှန်း ရှင်တို့မြင်နိုင်အောင် ကျွန်မရဲ့ အောင်မြင်တဲ့ ဧဝံဂေလိဟောတဲ့ အတွေ့အကြုံတွေကို ပြောရမယ်” လို့ပေါ့။ ဒါကြောင့် ကျွန်မပြောလိုက်တယ်၊ “ဧဝံဂေလိဟောတာ မခက်ပါဘူး။ ဧဝံဂေလိပစ်မှတ်တွေကို တွေ့တဲ့အခါ သူတို့ကို ကျွန်မမိတ်သဟာယပြုပုံက ဒီလို...” ဆိုပြီးပေါ့။ အဲဒါကို ကြားတော့ ညီအစ်ကို မောင်နှမတွေက ကျွန်မကို သိပ်လေးစားကြတယ်။ အဲဒီနောက် ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လေ့လာစူးစမ်းချင်တဲ့ မိတ်ဆွေတို့၊ ဆွေမျိုးတို့ တစ်ယောက်ယောက်မှာ ရှိတဲ့အခါ တခြားလူတွေက “ကျီပင်းကို သွားဟောခိုင်းလိုက်ပါ။ မင်းလိုချင်တာ ကျီပင်းပဲ” လို့ ပြောကြတယ်။ ဒါလူတိုင်းရဲ့ သဘောထားမှန်း သိရတော့ ကျွန်မသိပ်ပျော်ခဲ့တယ်။ မကြာခင် အသင်းတော်တချို့အပေါ် ရေလောင်းပေးတဲ့အလုပ်ကို ကြီးကြပ်ဖို့ ကျွန်မကို ထောက်ခံကြရော။ ကျွန်မလည်း ပိုတောင်ဂုဏ်ယူရတာပေါ့၊ ကိုယ့်ပါရမီတွေကို ထုတ်ပြဖို့ ပိုတောင်ကြီးမားတဲ့ အခွင့်အရေးရပြီလို့ တွေးခဲ့တယ်။ ဧဝံဂေလိမျှဝေတာတို့၊ လူသစ်တွေကို ရေလောင်းပေးတာတို့မှာ ညီအစ်ကို မောင်နှမတွေက အခက်အခဲတွေ့ပြီး လက်ရှောင်ကြတဲ့အခါ၊ ဆင်းရဲဒုက္ခမခံချင်၊ အဖိုးအခ မပေးချင်လာကြတဲ့အခါ၊ သူတို့ကို ကျွန်မခွန်အားပေးပြီး ဧဝံဂေလိဟောရာမှာ ကျွန်မဆင်းရဲဒုက္ခခံခဲ့ရပုံတွေကို ပြောပြခဲ့တယ်။ ကျွန်မဧဝံဂေလိဟောတုန်းကဆို တစ်ခါတလေ ဆောင်းတွင်းကြီး အနုတ်တစ်ဆယ်ဒီဂရီအောက်၊ လေကလည်း မျက်နှာကို ဓားတစ်စင်းလို ဖြတ်တိုက်တယ်၊ ဒါပေမဲ့ အဲဒီလို ရာသီဥတုမျိုးမှာတောင် ကျွန်မထွက်ဟောခဲ့ပါတယ်ပေါ့။ မိုးသည်းထဲမှာ တံတားအောက်က ရေစီးကြမ်းပြီး ဖိနပ်တွေ စိုကုန်တဲ့အခါ ဖိနပ်ခုံတွေကို ရေညှစ်ထုတ်လို့ အိတ်ကပ်ထဲထည့်ပြီး တရားဟောဖို့ ဆက်သွားခဲ့ပါတယ်ပေါ့။ တစ်ခါဆို အနုတ်တစ်ဆယ်ဒီဂရီအောက် အပူချိန်မှာ လူသစ်တစ်ယောက်ကို ကျွန်မသွားတွေ့ခဲ့တယ်၊ သူမလာခင် အပြင်မှာ တစ်နာရီကျော် ကျွန်မစောင့်ခဲ့ရတာလို့ပေါ့။...ညီအစ်ကို မောင်နှမတွေက ဒါကို ကြားတော့ ကျွန်မကို သဘောကျတဲ့အကြည့်နဲ့ကြည့်ပြီး ဆင်းရဲဒုက္ခခံနိုင်တဲ့အတွက် လေးစားကြတယ်၊ အဲဒါကြောင့် ကျွန်မ အမြဲပျော်ရတယ်။

နောက်ပိုင်းမှာ ကျွန်မရဲ့ ခေါင်းဆောင်တွေက ပိုများတဲ့ အသင်းတော်တွေရဲ့ ရေလောင်းတဲ့အလုပ်အတွက် ကျွန်မကို တာဝန်ပေးတယ်။ ကျွန်မတွေးမိတယ်၊ “သုံး လေးလအတွင်းမှာပဲ ငါရာထူးတိုးခံရပြန်ပြီ။ ဒီတော့ ညီအစ်ကို မောင်နှမတွေက ငါ့ကို ပိုလို့တောင် အထင်ကြီးတော့မှာပဲ” ပေါ့။ အဲဒီကာလအတောအတွင်းမှာ ဘုရားဆီ ကျွန်မ မကြာခဏ ဆုတောင်းခဲ့တယ်၊ လူသစ်တွေကို ရေလောင်းပေးတာနဲ့စပ်လျဉ်းတဲ့ သမ္မာတရား သွင်ပြင်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ဖို့ကြိုးစားခဲ့တယ်။ တဖြည်းဖြည်းနဲ့ ကျွန်မတာဝန်တွေမှာ ရှေ့ဆက်ရမဲ့လမ်းကြောင်း ရှာတွေ့ခဲ့တယ်။ ကျွန်မရဲ့ မိတ်သဟာယကို နားထောင်ရတာ သူတို့အတွက် အထောက်အကူဖြစ်တယ်လို့ ညီအစ်ကို မောင်နှမအားလုံးက ခံစားကြရတယ်။ ကျွန်မမသိလိုက်ဘဲနဲ့ ကျွန်မရဲ့ အတ္တက ပြန်ပြီး စပေါ်လာခဲ့သလို စည်းဝေးပွဲတွေမှာ ထပ်ပြီး စကြွားဝါလာခဲ့တယ်။ လူသစ်တွေ တင်ပြလာတဲ့ ဘာသာရေး အယူအဆတွေကို ဘယ်လိုဖြေရှင်းရမလဲလို့ ညီအစ်ကို မောင်နှမတွေ မေးတဲ့အခါ ကျွန်မတွေးမိတာက “ဒီနယ်ပယ်မှာ ငါ့ရဲ့ ကျွမ်းကျင်မှုကို လူတိုင်းမြင်အောင်လို့ ဒါနဲ့ပတ်သက်ပြီး ငါသူတို့ကို ကောင်းကောင်း ပြောပြမယ်” လို့ပေါ့။ နောက်တော့ ကျွန်မရဲ့ အတွေးနဲ့ အတွေ့အကြုံတွေ သူတို့ကို အသေးစိတ် ပြောပြလိုက်တယ်၊ တဖြည်းဖြည်းနဲ့ လူတိုင်းက ကျွန်မကို တစ်မူထူးပြီး ကြည့်လာကြတယ်။ ကျွန်မပြောတဲ့အရာတိုင်းကို အာရုံတစူးတစိုက်နဲ့ နားထောင်ကြတယ်၊ ကျွန်မသွားတဲ့နေရာတိုင်းမှာ ညီအစ်ကို မောင်နှမတွေက ကျွန်မကို ကြိုဆိုကြပြီး ကျွန်မရဲ့ မိတ်သဟာယယကို မကြားဖူးတဲ့ ညီအစ်ကိုမောင်နှမတွေကတောင် ကျွန်မပြောတာနားထောင်ဖို့ တောင်းဆိုကြတယ်။ နောက်ပိုင်းမှာ ဧဝံဂေလိပြုတာနဲ့ ရေလောင်းတဲ့ အလုပ်မှာ ကြုံရတဲ့ ဘုံပြဿနာတွေကို ကျွန်မထုတ်လိုက်ပြီး စည်းမျဉ်း တစ်ဆယ့်ခုနစ်ခု ရေးလိုက်တယ်၊ အဲဒါကို အစည်းအဝေးတွေမှာ ယူသွားပြီး ညီအစ်ကို မောင်နှမတွေနဲ့ အကြီးအကျယ် ဆွေးနွေးခဲ့တယ်။ အဲဒီတုန်းက ညီမတစ်ယောက်မှာ ရွာကေဒါတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ဘုရားယုံကြည်မှုကို ဆန့်ကျင်တဲ့ ယောကျာ်းရှိတယ်လေ။ သူက ခေါင်းခဲရတဲ့ မေးခွန်းတွေအများကြီးမေးပြီး တမင်သက်သက် ကျွန်မတို့ကို အခက်တွေ့အောင် လုပ်တာ။ ပြီးတော့ ကျွန်မကို နာမည်တပ်ခေါ်ပြီး မိတ်သဟာယဖွဲ့ခိုင်းတယ်။ အဲဒါနဲ့ပတ်သက်လို့ အရမ်းသောကရောက်ရပြီး ဘုရားကို ဆုတောင်းရင်းနဲ့ သူ့မေးခွန်းတစ်ခုစီတိုင်းကို ချေပခဲ့တယ်၊ နောက်ဆုံးတော့ သူ့မှာ ပြောစရာဘာမှ မရှိတော့ဘူး။ နောက်တော့ ဒီညီမရဲ့ ယောက်ျားမေးခဲ့တဲ့ မေးခွန်းတွေကို ယူပြီး ဧဝံဂေလိဖြန့်ဝေခြင်းနဲ့ပတ်သက်လို့ မကြာခဏ အမေးခံရလေ့ရှိတဲ့ မေးခွန်းတွေထဲမှာ ထည့်လိုက်တယ်။ အစည်းအဝေးလုပ်တဲ့အခါတိုင်းမှာ အဲဒါကို ကျွန်မတမင်ထုတ်ပြီး ကွက်ကွက်ကွင်းကွင်း ဆွေးနွေးတယ်။ ပြီးတော့ ကျွန်မ အစွမ်းအစရှိပြီး ဉာဏ်ပညာရှိမှန်း ညီအစ်ကို မောင်နှမတွေ မြင်အောင်လို့ ကျွန်မရဲ့ အောင်မြင်တဲ့ အတွေ့အကြုံတွေကို အသုံးပြုခဲ့တယ်။ အစည်းအဝေးတွေပြီးတော့ တချို့ညီအစ်ကို မောင်နှမတွေက ပြောတယ်၊ “အစ်မ၊ ကျွန်မတို့နဲ့ နောက်တစ်ရက် ထပ်နေပြီး မိတ်သဟာယ ထပ်ပြုပေးလို့ရမလား” တဲ့။ လူတိုင်း ကျွန်မကို လေးစားအားကျပုံကို မြင်တော့ ကျွန်မဂုဏ်မယူဘဲ မနေနိုင်ခဲ့ဘူး။ ကျွန်မက အရေးပါတဲ့ လူတစ်ယောက်ဖြစ်ပြီး တာဝန်တွေမှာ ဆင်းရဲဒုက္ခခံလို့ အဖိုးအခ ပေးနိုင်မှန်း ညီအစ်ကို မောင်နှမတွေ သိအောင်လို့ ပေါ့ပေါ့ပါးပါး ဟန်ဆောင်ပြီးတောင် ပြောခဲ့တယ်၊ “ကျွန်မက အသင်းတော် အများကြီးကို ကြီးကြပ်ရတာ၊ နောက်အသင်းတော်တစ်ခုမှာ ချိန်းထားတာ ရှိနှင့်ပြီးပြီ။ ညီအစ်ကို မောင်နှမတွေအများကြီးက ကျွန်မကို စောင့်နေကြတာ။ အလုပ်များလွန်းလို့ အနားယူဖို့တောင် အချိန်မရှိဘူး...” ဆိုပြီးပေါ့။ ညီအစ်ကို မောင်နှမတွေနဲ့ ကျွန်မ စကားပြောတဲ့အခါ ဒီလိုလည်း တမင်ပြောတာ၊ “အစည်းအဝေးတစ်ခု ကျွန်မသွားတိုင်းမှာ တစ်နေ့လုံး အချိန်ကုန်သွားတယ်။ အရင်က ကျွန်မ ခါးရိုးကျိုးဖူးတယ်၊ တကယ်ကို ဒီလို ထိုင်နေလို့မရဘူး” လို့ပေါ့။ ညီမတစ်ယောက်က ကြားပြီး တလေးတစားနဲ့ ပြောတယ်၊ “အစ်မက တကယ်ကို အလုပ်ကြိုးစားတော့ ကျန်းမာရေးကို အာရုံစိုက်မှဖြစ်မယ်” တဲ့။ ညီအစ်ကို မောင်နှမတွေကြားမှာ ဒီလို ကျွန်မ မကြာခဏ ကြွားဝါတော့ ကျွန်မက အတော်လေး ဆင်းရဲဒုက္ခခံနိုင်ပြီး ကျွန်မတာဝန်တွေကို ထမ်းဆောင်ရာမှာ ဝန်ထုပ်ထမ်းနိုင်တယ်လို့ ထင်ကြတယ်။

အဲဒီအတောအတွင်းမှာ အစည်းအဝေးတွေ၊ မိတ်သဟာယတွေနဲ့ ကျွန်မအရမ်းအလုပ်ရှုပ်ပြီး တစ်ခါတလေ ကျွန်မစိတ်နှလုံးက ဟာတာတာဖြစ်ခဲ့သလို ဘာအကြောင်း ပြောရမှန်း မသိခဲ့ဘူး။ ဒါပေမဲ့ ညီအစ်ကို မောင်နှမတွေရဲ့ အကြည့်တွေမှာ မျှော်လင့်ချက်ကို မြင်တော့ ကျွန်မတွေးမိတယ်၊ “ညီအစ်ကို မောင်နှမတွေက သမ္မာတရားအပေါ် ငါရှင်းရှင်းလင်းလင်း မိတ်သဟာယပြုတယ်လို့ အခုခံစားရပြီး ငါသွားတဲ့နေရာတိုင်းမှာ လူတိုင်းက ငါ့ကို အထင်ကြီးကြတယ်။ ဘယ်လိုမိတ်သဟာယပြုရမှန်း မသိဘူးလို့ သူတို့ကို ငါပြောလိုက်ရင် သူတို့စိတ်နှလုံးထဲမှာ ငါစိုက်ထူထားတဲ့ ပုံရိပ်ကောင်းက ပျက်သွားမှာ မဟုတ်လား” လို့ပေါ့။ ဒါကြောင့် စိတ်တည်ငြိမ်သလို ဟန်ဆောင်ပြီး သူတို့ကို အရင်မိတ်သဟာယပြုခိုင်းလိုက်တယ်။ ကျွန်မတွေးမိတယ်၊ “အရင်ဆုံး လူတိုင်းပြောတာကို ငါနားထောင်လိုက်မယ်၊ ပြီးမှ သူတို့ပြောတာကို ငါအကျဉ်းရုံးပြီး ငါ့ရဲ့ သိနားလည်မှုကို မျှဝေလိုက်မယ်။ ဒါဆို သမ္မာတရားကို ငါက ပိုပြည့်ပြည့်စုံစုံနဲ့ ရှင်းရှင်းလင်းလင်း ရထားတဲ့ပုံ ပေါက်မှာပဲ” လို့ပေါ့။ နောက်ဆုံးမှာ ကျွန်မက စေ့စေ့စပ်စပ် မိတ်သဟာယပြုပေးတယ်လို့ ညီအစ်ကို မောင်နှမတွေက ခံစားရကြရော။ ပြီးတော့ ရိုးရိုးကုပ်ကုပ်နဲ့ ကျွန်မဟန်ဆောင်ပြောလိုက်တယ်၊ “ကျွန်မှာ ဒီတာဝန်ရှိလို့ ဘုရားက တစ်မူထူးခြားစွာ ဉာဏ်အလင်းပေးခဲ့တာပါ” ပေါ့။ ဒါကို ကျွန်မပြောတော့ ညီအစ်ကို မောင်နှမတွေက ကျွန်မအပေါ် ပိုအားထားလာခဲ့ကြတယ်။ အဲဒီကာလအတောအတွင်း ဧဝံဂေလိဟောရာမှာ ဘာပြဿနာပဲ သူတို့ကြုံကြုံ၊ ဆုမတောင်း၊ မရှာဖွေကြတော့ဘဲ အဲဒါတွေကို ကျွန်မမိတ်သဟာယပြုပြီး ဖြေရှင်းပေးဖို့ မျှော်လင့်ကြတယ်။ အဲဒီတုန်းက လေးစားအားကျတာနဲ့ လေးစားအားကျခံရတာရဲ့ အန္တရာယ်တွေအကြောင်း ကျွန်မလည်း တွေးမိပြီး နည်းနည်းမသက်မသာ ခံစားခဲ့ရတယ်။ ဒါပေမဲ့ ကျွန်မတွေးမိတယ်၊ “ငါ့မိတ်သဟာယက ဘုရားနှုတ်ကပတ်တော်အပေါ် ငါ့ရဲ့ သိနားလည်မှုအကြောင်းနဲ့ ညီအစ်ကို မောင်နှမတွေအတွက် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတချို့ကို ထောက်ပြတဲ့အကြောင်းချည်းပဲ။ အဲဒါတွေအားလုံးဟာ ငါတို့အလုပ်က ရလဒ်တွေ ရနိုင်ဖို့ပဲလေ။ အဲဒါနဲ့ ပတ်သက်လို့ ဘာမှမမှားပါဘူး” လို့ပေါ့။ ဒီတော့ အဲဒီစိုးရိမ်၊ ပူပန်မှုတွေက ကျွန်မစိတ်ထဲ ဖျတ်ခနဲ ပေါ်လာရုံလေးပါပဲ။ ဒါပေမဲ့ တာဝန်ကို ထမ်းဆောင်ဖို့ စိတ်ပြင်းပြ၊ ထက်သန်မှုနဲ့ ပြည့်သွားတဲ့အခါမှာပဲ နှစ်အတန်ကြာတောင် ထမဖောက်ခဲ့တဲ့ ကျွန်မရဲ့ အရေပြားရောဂါက ပြန်ထလာရော။ ကျွန်မ ခြေ၊ လက်နဲ့ မျက်နှာတွေမှာတောင် အကွက်ကြီးတွေ ရှိလာတယ်။ အရမ်းယားပြီး၊ သိပ်ကို အနေခက်လို့ အစည်းအဝေးတွေ မသွားနိုင်ခဲ့ဘူး။ ဆေးအမျိုးမျိုး သုံးပေမဲ့ ဘာမှမထူးဘူး။ ဒီတစ်ခါက အရင်ကထက် ပိုဆိုးတယ်။ ရောဂါက မတော်တဆမဟုတ်သလို သင်ယူရမဲ့ သင်ခန်းစာရှိရမယ်လို့ အသိတရားရလိုက်တယ်။ ဘုရားကို ကျွန်မရှာဖွေဆုတောင်းခဲ့ပေမဲ့ အဲဒီတုန်းက ကျွန်မပြဿနာ ဘာဖြစ်မှန်း သဘောမပေါက်ခဲ့ဘူး။

နောက်တော့ ခေါင်းဆောင်တွေက ဧဝံဂေလိဟောတဲ့ ညီအစ်ကို မောင်နှမ အနည်းငယ်နဲ့ မိတ်သဟာယဖွဲ့ပြီး သူတို့ပြဿနာတွေ ဖြေရှင်းပေးဖို့ ကျွန်မအတွက် စီစဉ်ပေးတယ်။ ကျွန်မတွေးမိတာက၊ “ငါ့ရဲ့လုပ်ကိုင်နိုင်စွမ်းကို ပြဖို့ သူတို့နဲ့ ကောင်းကောင်းလုပ်မှရမယ်” လို့ပေါ့။ နောက်တော့ ကျွန်မက အစည်းအဝေးတစ်ခုမှာ အစီရင်ခံစာ တင်ပြတဲ့ ကုမ္ပဏီ အလုပ်အမှုဆောင်လို ဖြစ်သွားတယ်။ ဧဝံဂေလိဟောတဲ့အခါ မိတ်သဟာယရဲ့ အဓိကအချက်တွေကို ဘယ်လိုနားလည်ရမယ်၊ ဧဝံဂေလိဟောရာမှာ ဘုံပြဿနာတွေကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သူတို့ကို မိတ်သဟာယပြုခဲ့တယ်။ ညီအစ်ကို မောင်နှမတွေက အာရုံစိုက် နားထောင်ကြတယ်။ တချို့ဆို ကျွန်မပြောတာကို လွတ်သွားမှာ ကြောက်လို့ မှတ်စုတွေတောင် မကြာခဏ ချရေးကြတာ၊ ကျွန်မတို့ကို ဧည့်ခံတဲ့ အစ်မလည်း တံခါးမှာထိုင်ပြီး ဂရုတစိုက်နားထောင်သလို မကြာမကြာ ကျွန်မကို ရေယူပေးတယ်။ ကျွန်မရဲ့ မိတ်သဟာယကို လူတိုင်း ဘယ်လောက်နှစ်သက်ကြတယ်ဆိုတာ မြင်ရတော့ တကယ်ကြည်နူးရတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ နည်းနည်း စိတ်မသက်မသာ ဖြစ်ရတယ်။ ဒါတွေအားလုံးက ကျွန်မရဲ့ ကိုယ်ပိုင် နားလည်မှုတွေပဲဖြစ်လို့ အမှားဆိုတာ ရှောင်လွှဲမရဘူးလေ၊ ဒီတော့ ကျွန်မပြောတာကို လူတိုင်း ချရေးနေတာက သင့်တော်ပါ့မလားပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်မတွေးမိတယ်၊ “ညီအစ်ကို မောင်နှမတွေက သူတို့တာဝန်ကို ဖြည့်ဆည်းရာမှာ အထောက်အကူပြုတဲ့ လက်တွေ့လုပ်ဆောင်မှုကောင်းတချို့ကို မှတ်ထားချင်ကြတာပဲ ဖြစ်မှာပါလေ။ အဲဒါနဲ့ပတ်သက်လို့ ဘာမှ မမှားနိုင်ပါဘူး” လို့ပေါ့။ ကျွန်မ အဲဒီလိုတွေးလိုက်တာနဲ့ အစည်းအဝေးတွေမှာ မှတ်စုတွေယူခွင့်ပေးဖို့ ကျွန်မဆုံးဖြတ်လိုက်တယ်။ နောက်နေ့ အစည်းအဝေးမှာ ညီမတစ်ယောက် ပြန်လာပြီး ပြောတယ်၊ “မနေ့က အစ်မကျီပင်းရဲ့ မိတ်သဟာယကို ချမရေးလိုက်မိလို့ ဒီနေ့ အဲဒါကို ကျွန်မပြန်နားထောင်မယ်” တဲ့။ အစည်းအဝေးပြီးသွားတော့ ညီအစ်မနှစ်ယောက် အချင်းချင်း ပြောတာ ကြားရတယ်။ တစ်ယောက်က၊ “နင်အသံသွင်းထားလိုက်လား” တဲ့။ တခြားတစ်ယောက်က အပြစ်တင်တယ်၊ “ဘာလို့ အသံမသွင်းထားလိုက်တာလဲ” တဲ့။ ဒါကို ကြားတော့ နည်းနည်း ကြောက်သွားမိတယ်- “လူတိုင်းက ငါ့စကားကို သိပ်အရေးကြီးတယ်လို့ စဉ်းစားနေရင် လူတွေကို ငါ့ရှေ့လာနေအောင် လုပ်နေမိတာပဲ မဟုတ်လား” လို့ပေါ့။ ကျွန်မပိုတွေးလေ ပိုကြောက်လေပဲ၊ ဒါကြောင့် အိမ်ပြန်သွားပြီး ဘုရားဆီ ဆုတောင်းတယ်၊ ကိုယ့်ကိုယ်ကိုယ် သိနိုင်အောင် ဉာဏ်အလင်းပေးဖို့ တောင်းလျှောက်ခဲ့တယ်။

ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ် ကျွန်မဖတ်ခဲ့တယ်။ “မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ပြီး သက်သေခံခြင်း၊ မိမိတို့ကိုယ်ကိုယ် ဝါကြွားခြင်း၊ လူတွေ အထင်ကြီးအောင် ကြိုးစားခြင်း— ဤအရာတို့ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က လုပ်ဆောင်နိုင်စွမ်းရှိကြသည်။ ဤသည်မှာ လူများသည် ၎င်းတို့၏ စာတန်ဆန်သော သဘာဝများ၏အုပ်စိုးခြင်းကို ခံရသောအခါ အလိုအလျောက် တုံ့ပြန်ကြသည့် ပုံစံဖြစ်ပြီး ယင်းက ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ် တစ်ရပ်လုံးအဖို့ ဖြစ်လေ့ရှိသည်။ လူများသည် မိမိတို့ကိုယ်ကိုယ် ပုံမှန်အားဖြင့် မည်သို့ ချီးမြှောက်ပြီး သက်သေခံသနည်း။ ၎င်းတို့သည် ဤရည်မှန်းချက်ကို မည်သို့စွမ်းဆောင်ရရှိသနည်း။ တစ်နည်းမှာ ၎င်းတို့ မည်မျှဒုက္ခခံစားပြီးဖြစ်သည်၊ ၎င်းတို့သည် အလုပ်မည်မျှ လုပ်ဆောင်ပြီးဖြစ်သည်နှင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မည်မျှ အသုံးခံပြီး ဖြစ်သည်တို့ကို သက်သေခံဖို့ ဖြစ်သည်။ ၎င်းတို့သည် ဤအရာများအကြောင်းကို ကိုယ်ရေးကိုယ်တာ အရင်းအနှီး ပုံစံတစ်ခုအဖြစ် ပြောကြသည်။ တစ်နည်းအားဖြင့်ဆိုသော် ၎င်းတို့သည် ဤအရာများကို သူတို့ကိုယ်သူတို့ ချီးမြှောက်ရန်အတွက် အသုံးပြုကြသည်။ လူတို့၏ စိတ်ထဲတွင် ၎င်းတို့သည် ပိုမိုမြင့်မားသော၊ ခိုင်မြဲသော၊ လုံခြုံသောနေရာတို့ကို ရရှိစေသောအရာအဖြစ် ၎င်းတို့က အသုံးပြုကြသည်။ ဤသို့ဖြင့် သာ၍များသော လူတို့သည် ၎င်းတို့အား တန်ဖိုးထားကြရန်၊ အားကျရန်၊ လေးစားကြရန်၊ အမွန်အမြတ်ထားရန်၊ ကိုးကွယ်ရန်နှင့် ၎င်းတို့နောက်သို့ လိုက်ရန်အတွက် ဖြစ်သည်။ ယင်းမှာ အဆုံးစွန် အကျိုးဖြစ်သည်။ ဤရည်မှန်းချက်ကို စွမ်းဆောင်ရရှိဖို့ ၎င်းတို့လုပ်ဆောင်သည့် အရာများသည်၊ ၎င်းတို့၏ မိမိကိုယ်ကိုယ် ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်း အားလုံးသည် အကျိုးအကြောင်း ဆီလျော်သလော။ ယင်းတို့က အကျိုးအကြောင်း မဆီလျော်ပေ။ ၎င်းတို့သည် ဆင်ခြင်တုံတရားနယ်ပယ်ကို ကျော်လွန်သွားသည်။ ဤလူများ၌ အရှက်မရှိပေ။ ၎င်းတို့သည် ဘုရားသခင်အတွက် ၎င်းတို့ လုပ်ဆောင်သည့်အရာနှင့် သူ့အတွက် ၎င်းတို့မည်မျှ ဒုက္ခခံစားပြီးဖြစ်သည်တို့ကို မရှက်မကြောက် သက်သေခံကြသည်။ ၎င်းတို့သည် ၎င်းတို့၏ဆုကျေးဇူးများ၊ ပင်ကိုစွမ်းရည်၊ အတွေ့အကြုံနှင့် အထူးကျွမ်းကျင်မှုများ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် ပြုမူဆောင်ရွက်ခြင်းအတွက် ၎င်းတို့၏ပါးနပ်သော နည်းစနစ်များနှင့် လူများကို လှည့်စားဖို့ ၎င်းတို့အသုံးပြုသည့် နည်းလမ်းများကိုပင် ၎င်းတို့က ကြွားလုံးထုတ်သည်။ ၎င်းတို့၏ မိမိကိုယ်ကိုယ် ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်း နည်းစနစ်သည် မိမိတို့ကိုယ်ကိုယ် မာန်မာနထုတ်လျက် ဝင့်ဝါပြပြီး အခြားသူများကို သေးသိမ်စေဖို့ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ဉာဏ်ထက်မြက်ခြင်းများကိုသာ အစဉ် မြင်တွေ့ဖို့အလို့ငှာ၊ ၎င်းတို့၏ပျော့ကွက်များ၊ အားနည်းချက်များ၊ ချို့ယွင်းချက်များကို လူများမသိစေဖို့ ဖုံးကွယ်လျက်၊ မိမိတို့ကိုယ်ကိုယ် စိတ်ရင်းကိုဖုံးကွယ်ပြီး အခြေအနေမှန်ကို ဖုံးကွယ်ကြသည်။ ၎င်းတို့က အပျက်သဘောဆောင်ခြင်းကို ခံစားရသည့်အခါ အခြားလူများကိုပင် မပြောဝံ့ပေ။ ၎င်းတို့က သူတို့ကို ရင်ဖွင့်ပြီး မိတ်သဟာယပြုဖို့ သတ္တိမရှိကြပေ။ ပြီးလျှင် ၎င်းတို့ တစ်စုံတစ်ခု အမှားပြုလုပ်သည့်အခါ၊ ယင်းကို ဖုံးထားဖို့နှင့် ထိမ်ချန်ကွယ်ဝှက်ထားဖို့ အစွမ်းကုန် ကြိုးစားကြသည်။ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သည့် ကာလတွင် ၎င်းတို့ကြောင့် ဘုရားသခင်၏အိမ်တော် အပေါ် ဖြစ်ပေါ်စေခဲ့သည့် ထိခိုက်နစ်နာမှုကို ၎င်းတို့ မည်သည့်အခါမျှ မပြောပြပေ။ ၎င်းတို့က အသေးစား ဖြည့်ဆည်းမှုအချို့ကို ပြုလုပ်ပြီးသည့်အခါ သို့မဟုတ် အောင်မြင်မှုလေးအချို့ စွမ်းဆောင်ရရှိပြီးသည့်အခါ၊ ယင်းကို အလျင်အမြန် ကြွားဝါကြသည်။ ၎င်းတို့သည် မည်မျှ စွမ်းဆောင်နိုင်သည်၊ ၎င်းတို့၏အစွမ်းအစ မည်မျှ မြင့်မားသည်၊ ၎င်းတို့သည် မည်မျှ ထူးခြားသည်၊ ပြီးလျှင် ၎င်းတို့သည် သာမန်လူများထက် မည်မျှတော်သည်တို့ကို တစ်ကမ္ဘာလုံးကို အသိပေးဖို့ မစောင့်နိုင်ကြပေ။ ဤသည်မှာ မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်း နည်းလမ်းတစ်ခု မဟုတ်သလော။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်”)တဖြည်းဖြည်း ဆိုးရွားလာနေသော သူအပေါင်းသည် မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ပြီး ကိုယ့်အကြောင်းကိုယ် သက်သေခံကြသည်။ ၎င်းတို့သည် မိမိတို့အကြောင်းကို လှည့်ပတ်ကြွားဝါတတ်ကြပြီး မိမိ၏အရှိန်အဝါကို ဖြန့်ကြက်ကြသည့်အပြင် ဘုရားသခင်ကို စိတ်နှလုံးသွင်းခြင်း လုံးဝမရှိပေ။ ငါပြောပြနေသောအရာနှင့် ပတ်သက်ပြီး သင်တို့၌ အတွေ့အကြုံတစ်စုံတစ်ရာ ရှိသလော။ လူများစွာသည် ၎င်းတို့အကြောင်းကို အဆက်မပြတ် သက်သေခံနေကြသည်- ‘ငါသည် ဤပုံစံ ထိုပုံစံဖြင့် ဒုက္ခဆင်းရဲခံခဲ့သည်၊ ငါသည် ဤအလုပ် ထိုအလုပ်ကို လုပ်ဆောင်ခဲ့ပြီ၊ ဘုရားသခင်သည် ငါ့ကို ဤနည်းထိုနည်းဖြင့် ဆက်ဆံခဲ့သည်။ သူသည် ဤသို့ထိုသို့လုပ်ရန် ငါ့ကို စေခိုင်းခဲ့သည်၊ ကိုယ်တော်သည် အထူးသဖြင့် ငါ့ကို အထင်ကြီးသည်။ ယခုအခါ ငါသည် ဤကဲ့သို့ ထိုကဲ့သို့ ဖြစ်သည်။’ ၎င်းတို့သည် အသံနေအသံထားတစ်ခုခုဖြင့် တမင်သက်သက် စကားပြောကြပြီး ဟန်ပန်အမူရာတစ်မျိုးမျိုးကို ရွေးချယ်ကြသည်။ နောက်ဆုံးတွင် လူအချို့က ဤလူတို့သည် ဘုရားသခင်ဖြစ်ကြောင်း ယူဆခြင်းဖြင့်အဆုံးသတ်ကြသည်။ ၎င်းတို့သည် ယင်းအဆင့်သို့ ရောက်သည်နှင့် သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့ကို စွန့်ခွာခဲ့သည်မှာ ကြာမြင့်နေပြီး ဖြစ်လိမ့်မည်။ လောလောဆယ်အချိန်တွင် ၎င်းတို့သည် လျစ်လျူရှုခြင်းကို ခံရပြီး နှင်ထုတ်ခြင်းကို မခံရသော်လည်း ၎င်းတို့၏ကံကြမ္မာကို သတ်မှတ်ပြီးဖြစ်၍ ၎င်းတို့လုပ်နိုင်သောအရာတစ်ခုတည်းမှာ ၎င်းတို့၏ အပြစ်ဒဏ်ပေးခြင်းကို စောင့်ရန်သာဖြစ်၏။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူတို့သည် ဘုရားသခင်ကို အလွန်မြောက်မြားစွာ တောင်းဆိုကြသည်”) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ အခြေအနေကို တိတိကျကျ ထုတ်ဖော်ပြတာ။ ကျွန်မ ဒီလို မကြာခဏ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ပြီး ကြွားဝါခဲ့မိတယ်။ အသင်းတော်သစ်မှာ ပထမဆုံး အစပြုခဲ့တုန်းက ကိုယ့်ကိုယ်ကိုယ် လူမသိသူမသိနဲ့ အရေးမပါဘူးလို့ ခံစားခဲ့ရတယ်၊ ဒါကြောင့် တခြားလူတွေ လေးစားပြီး ကျွန်မနောက်လိုက်အောင် ဧဝံဂေလိဟောတာကို အခွင့်အရေးတစ်ခုလို တွေးခဲ့တယ်။ ကျွန်မရဲ့ လုပ်ကိုင်နိုင်စွမ်း လူတိုင်းကို ပြဖို့နဲ့ ကျွန်မကို လူတိုင်း အမြင်သစ်နဲ့ ကြည့်စေဖို့ ကျွန်မရဲ့ ကိုယ်ပိုင် ကျရှုံးတဲ့ အတွေ့အကြုံတွေအကြောင်း မပြောခဲ့ဘူး၊ အဲဒီအစား ဧဝံဂေလိ ဘယ်လိုဟောခဲ့တယ်၊ လူဘယ်လောက်များများကို ပြောင်းလဲစေခဲ့တယ်၊ ခက်ခဲတဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းခဲ့တယ်ဆိုတဲ့ အကြောင်းတွေ အများကြီး ပြောခဲ့တာ။ လူတွေကို အထင်မှားစေပြီး ဘယ်အရာမဆို ကျွန်မစွမ်းဆောင်နိုင်တယ်လို့ ထင်အောင် လုပ်ဖို့လေ။ ကျွန်မရာထူးတိုးခံရတာနဲ့အမျှ ပိုများတဲ့လူတွေရဲ့ အထင်ကြီးတာကို လိုချင်ခဲ့ပြီး သူတို့စိတ်နှလုံးမှာ ကျွန်မအတွက် နေရာရှိချင်ခဲ့တယ်။ ဒါကြောင့် ကျွန်မ ဘယ်လောက်အလုပ်များပြီး ဘယ်ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံခဲ့ရတယ်ဆိုတာ ညီအစ်ကို မောင်နှမတွေကို အမြဲပြောခဲ့တယ်။ ဒါပေမဲ့ သမ္မာတရားကို ကျွန်မလိုက်စားနိုင်တယ်၊ အဖိုးအခပေးနိုင်ပြီး တာဝန်တွေမှာ ဝန်ထုပ်ထမ်းနိုင်တယ်လို့ လူတွေထင်အောင် ကျွန်မရဲ့ ကိုယ်ပိုင် အားနည်းချက်နဲ့ ဖောက်ပြန်ပျက်စီးခြင်းတွေအကြောင်း ဘယ်တော့မှ မပြောခဲ့ဘူး။ ဒါက ညီအစ်ကို မောင်နှမတွေကို လှည့်ဖြားနေတာပဲ မဟုတ်လား။ အဆင်းနီတဲ့ နဂါးကြီးက တခြားလူတွေ လေးစားပြီး သူ့နောက်လိုက်အောင် သူ့ရဲ့ “ကြီးမြတ်၊ အသရေရှိပြီး မှန်ကန်တဲ့” ပုံရိပ်ကို အမြဲဟောတယ်။ ဒါပေမဲ့ လောကလူတွေကို လှည့်ဖြားဖို့ နည်းလမ်းတစ်ခုအနေနဲ့ သူတိတ်တဆိတ် လုပ်တဲ့ မကောင်းမှုတွေကို နည်းပေါင်းစုံနဲ့ ဖုံးထားတတ်တယ်။ ကျွန်မလုပ်နေတာနဲ့ အဆင်းနီတဲ့ နဂါးကြီးကြားမှာ ဘာကွားခြားတာ ရှိလို့လဲ။ ဧဝံဂေလိလက်လှမ်းမီတဲ့နေရာကို တိုးချဲ့ဖို့နဲ့ ဘုရားရဲ့ ကယ်တင်ခြင်းရနိုင်အောင် ပိုများတဲ့လူတွေကို ဘုရားရှေ့မှောက် ခေါ်ဆောင်ဖို့ ကျွန်မရဲ့ ကဏ္ဍကို လုပ်နိုင်အောင်လို့ ဘုရားက ဆုကျေးဇူးနဲ့ ပါရမီတွေကို ဧဝံဂေလိ ဟောကြားဖို့အတွက် ပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ဒီဆုကျေးဇူးနဲ့ ပါရမီတွေကို နေရာတိုင်းမှာ ကြွားဝါပြီး ကိုယ့်ကိုယ်ကိုယ် ပြစားဖို့ သုံးခဲ့သလို ညီအစ်ကို မောင်နှမတွေရဲ့ ရိုသေမှုနဲ့ ကြည်ညိုလေးစားမှုကို မွေ့လျော်ခဲ့တယ်။ ကျွန်မသိပ်အရှက်မဲ့တာပဲ။ ညီအစ်ကို မောင်နှမတွေကို လှည့်ဖြားဖို့ ကိုယ့်ကိုယ်ကိုယ် အမြဲ ချီးမြှောက်ပြီး ကြွားဝါတာကြောင့် ပြဿနာတွေရှိတဲ့အခါ ဘုရားကို သူတို့မရှာဖွေ၊ ဆုမတောင်းကြတော့ဘဲ အဲဒါတွေကို ဖြေရှင်းဖို့ ကျွန်မနဲ့ မိတ်သဟာယပြုကြတယ်။ ဘုရားရဲ့နေရာကို ကျွန်မယူဖို့ ကြိုးစားနေခဲ့တာ မဟုတ်လား။ ဘုရားကို ကျွန်မအာခံနေခဲ့တာပဲ။ ဒီအကြောင်းတွေးမိတော့ ကျွန်မ သိပ်ကြောက်သွားတယ်။ ဘုရားရှေ့မှောက် ကျွန်မပြန်ဒူးထောက်ပြီး ဆုတောင်းရင်းနဲ့ ငိုမိတယ်၊ “ဘုရားသခင်၊ သမီးမှားမိပါတယ်။ တခြားလူတွေ သမီးကို ကြည်ညိုလေးစားအောင် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ပြီး ကြွားဝါမိပါတယ်။ ကိုယ်တော့်ကို အာခံတဲ့ အဖတ်ဆယ်လို့မရတဲ့ လမ်းကြောင်းကို လျှောက်မိခဲ့တယ်။ သမီးနောင်တရချင်ပါတယ်” လို့ပေါ့။

နောက်တော့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်မိတယ်။ ငါ့မိတ်သဟာယထဲက အလင်းဟာ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးမှုဖြစ်မှန်း ရှင်းရှင်းလင်းလင်း ငါသိခဲ့တာပဲ။ ဒီတော့ ဘာလို့ အမှတ်တမဲ့ ကိုယ့်ကိုယ်ကိုယ် ကြွားဝါပြီး ချီးမြှောက်မိခဲ့တာလဲလို့ပေါ့။ နောက်တော့ ဘုရားနှုတ်ကပတ်တော်ထဲမှာ ဖတ်ရတယ်။ “လူအချို့သည် ပေါလုကို အထူးသဖြင့် ပုဂ္ဂိုလ်ရေးကိုးကွယ်ကြသည်။ ၎င်းတို့သည် အပြင်ထွက်၍ ဟောပြောခြင်းနှင့် အမှုပြုခြင်းကို နှစ်သက်ကြသည်။ ၎င်းတို့သည် စုဝေးပွဲများ တက်ရောက်ပြီး ဟောပြောခြင်းကို နှစ်သက်ကြသည်၊ ထို့အပြင် သူတို့သည် သူတို့ကို နားထောင်နေသည့်၊ သူတို့ကို ကိုးကွယ်နေသည့်၊ သူတို့ကို ဗဟိုပြုနေသည့် သူများကို နှစ်သက်ကြသည်။ သူတို့သည် အခြားသူများ၏စိတ်ထဲ၌ ဂုဏ်ဒြပ်ရှိလိုကြပြီး အခြားသူများက သူတို့ ပြသသည့် ပုံရိပ်ကို တန်ဖိုးထားရှိသည့်အခါ သဘောကျကြသည်။ ဤအပြုအမူများမှတစ်ဆင့် သူတို့၏ သဘာဝဗီဇများကို ခွဲခြမ်းစိတ်ဖြာကြပါစို့- ၎င်းတို့၏ သဘာဝမှာ အဘယ်နည်း။ အကယ်၍ ထိုသူသည် ဤကဲ့သို့ အမှန်တကယ် ပြုမူပါက သူတို့သည် မောက်မာ၍ ထောင်လွှားသော သူများဖြစ်ကြောင်း ပြသရန် လုံလောက်၏။ သူတို့သည် ဘုရားသခင်ကို လုံးဝ မကိုးကွယ်ပေ။ မြင့်မားသော ရာထူးဂုဏ်ဒြပ်ကို သူရှာဖွေပြီး၊ အခြားသူများအပေါ် သြဇာအာဏာ ရှိလိုကာ ထိုသူများကို ပိုင်ဆိုင်လိုပြီး ၎င်းတို့၏ စိတ်များထဲ၌ ဂုဏ်ရှိလိုသည်။ ဤသည်မှာ စာတန်၏ စံနမူနာ ပုံရိပ်ပင် ဖြစ်သည်။ ပိုမိုပေါ်လွင်နေသည့် ၎င်းတို့ သဘာဝဗီဇ၏ လက္ခဏာသွင်ပြင်များမှာ မောက်မာမှုနှင့် စိတ်ကြီးဝင်ခြင်းဖြစ်ပြီး၊ ဘုရားသခင်ကို ကိုးကွယ်ရန် မလိုလားမှုနှင့် အခြားသူများ၏ ကိုးကွယ်ခြင်းကို ခံလိုမှုတို့ ဖြစ်သည်။ ထိုသို့သော အပြုအမူများသည် ၎င်းတို့၏ သဘာဝဗီဇထဲသို့ အလွန်ရှင်းလင်းသော အမြင်ကို သင့်အား ပေးနိုင်ပေသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း”)လူတို့သည် သဘာဝနှင့် အနှစ်သာရတွင် တိုး၍ မာနထောင်လွှားလာသည်နှင့်တစ်ပြိုင်နက်၊ သူတို့သည် ဘုရားသခင်အား မကြာခဏ မနာခံဘဲ ပုန်ကန်ကြသည်၊ သူ၏ နှုတ်ကပတ်တော်များကို အရေးမစိုက်ဘဲ၊ သူ့အကြောင်း အယူအဆများကို ထားရှိကြသည်၊ သူ့ကို သစ္စာဖောက်သည့်အရာများ လုပ်ဆောင်ကြပြီး မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ပြီး သက်သေခံသည့် အရာများကို ပြုလုပ်နိုင်ကြသည်။ သင်သည် မာနထောင်လွှားခြင်းမရှိဟု ပြောသော်လည်း အသင်းတော်တစ်ခုကို သင့်အားပေးပြီး ယင်းတို့ကို ဦးဆောင်ရန်အခွင့်ပေးသည် ဆိုကြပါစို့၊ ငါသည် သင့်ကို ကိုင်တွယ်ဖြေရှင်းခြင်း မရှိခဲ့သကဲ့သို့၊ ဘုရားသခင်၏ မိသားစုထဲမှ မည်သူမျှ သင့်ကို ပြုပြင်ခြင်း မရှိခဲ့ဟု ဆိုကြပါစို့- ၎င်းတို့ကို သင် ခဏကြာ ဦးဆောင်ပြီးသည့်နောက်တွင် သင်သည် ၎င်းတို့ကို သင့်ခြေသို့ ဆောင်ကြဉ်းမည်ဖြစ်ပြီး၊ သင်၏ ရှေ့တွင် ကျိုးနွံနာခံစေမည် ဖြစ်သည်။ ဤသို့ဆိုလျှင် အဘယ့်ကြောင့် သင် ထို့သို့ ပြုမိမည်နည်း။ ဤသည်ကို သင်၏သဘာဝက သတ်မှတ်ပေမည်။ ယင်းမှာ သဘာဝအလျောက် ထုတ်ဖော်ခြင်းမှတစ်ပါး အခြားအရာဖြစ်မည် မဟုတ်ပေ။ သင်သည် ဤအရာကို အခြားသူများထံမှ မလိုအပ်ပေ၊ သို့မဟုတ် ၎င်းတို့က သင့်အား သင်ပေးဖို့ လိုအပ်မှုတစ်စုံတစ်ရာ မရှိပေ။ သင်သည် ဤအရာတစ်ခုကို လုပ်ဆောင်ဖို့ အခြားသူများက သင့်အား ညွှန်ကြားဖို့၊ သို့မဟုတ် အတင်းအကျပ်ခိုင်းဖို့ မလိုအပ်ပေ။ ဤသို့သော အခြေအနေမျိုးသည် အလိုအလျောက် ဖြစ်လာပေသည်။ သင်လုပ်သမျှသည် သင့်ရှေ့၌ လူတို့အား ကျိုးနွံစေခြင်း၊ သင့်အား ကိုးကွယ်စေခြင်း၊ သင့်အား ချီးမြှောက်စေခြင်း၊ သင့်အကြောင်းကို သက်သေခံစေခြင်းနှင့်၊ အရာခပ်သိမ်းတွင် သင့်အား နာခံစေခြင်းတို့ဖြစ်သည်။ သင့်အား ခေါင်းဆောင်ဖြစ်ခွင့်ပေးခြင်းသည် ဤအခြေအနေကို အလိုအလျောက် ဖြစ်စေသည်။ ဤအခြေအနေများမှာ အဘယ်သို့ဖြစ်လာသနည်း။ ယင်းတို့ကို လူသား၏ မာနထောင်လွှားသော သဘာဝက ချမှတ်ထားခြင်း ဖြစ်သည်။ မာနထောင်လွှားမှု၏သရုပ်သကန်မှာ ဘုရားသခင်ကို ပုန်ကန်ခြင်းနှင့် ဆန့်ကျင်ခြင်းဖြစ်၏။ လူတို့မာနထောင်လွှား၍ မိမိဘာသာ ကြီးကျယ်နေကာ မိမိဘာသာ ဖြောင့်မတ်သည်ဟု ထင်နေသောအခါ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ သီးခြား နိုင်ငံတော်များကို တည်ထောင်ကာ ၎င်းတို့လိုချင်သည့်အတိုင်း လုပ်ဆောင်လေ့ရှိကြ၏။ အခြားသူများကိုလည်း ၎င်းတို့၏ လက်ထဲသို့ဆွဲသွင်းကာ ၎င်းတို့၏ ပိုက်ထွေးမှုအတွင်း ဆွဲသွင်းကြ၏။ လူတို့သည် ဤကဲ့သို့သောအရာများကို လုပ်ကိုင်နိုင်သောကြောင့်၊ ယင်းမှာ ၎င်းတို့၏ မာနထောင်လွှားသော သဘာဝ၏ အနှစ်သာရမှာ စာတန်၏ အနှစ်သာရဖြစ်သည်ဟု အဓိပ္ပာယ်ရသည်။ ယင်းမှာ ကောင်းကင်တမန်မင်း၏အနှစ်သာရဖြစ်သည်။ ၎င်းတို့၏ မာနထောင်လွှားမှုနှင့် မိမိဘာသာ ကြီးကျယ်နေမှုသည် အဆင့်တစ်ရပ်သို့ ရောက်သည့်အခါ၊ ၎င်းတို့သည် ကောင်းကင်တမန်မင်းဖြစ်လာပြီး၊ ဘုရားသခင်အား ဘေးဖယ်ထားရမည်ဟု ဖြစ်သည်။ သင်၌ ဤသို့ မာနထောင်လွှားသော သဘာဝရှိပါက သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင်အတွက် နေရာရှိမည် မဟုတ်ပေ။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူသား၏ မာနထောင်လွှားသော သဘာဝသည် ဘုရားသခင်အပေါ် သူဆန့်ကျင်ခြင်း၏ အရင်းအမြစ် ဖြစ်သည်”) ဘုရားနှုတ်ကပတ်တော်တွေကနေ တွေ့လိုက်ရတာက ကျွန်မရဲ့ သဘာဝက အရမ်းမာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် မှန်တယ်ထင်နေတာပဲ။ ကျွန်မက အကြည်ညိုခံပြီး အလေးစားခံချင်ခဲ့တဲ့ ပေါလုလိုပဲပေါ့။ ပထမတော့ ကိုယ့်တာဝန်ကို ကောင်းကောင်း ဆောင်ရွက်ချင်ခဲ့ရုံပဲ၊ ဒါပေမဲ့ မာနထောင်လွှားပြီး ကိုယ်မှန်တယ်ထင်တဲ့ သဘာဝရဲ့ ထိန်းချုပ်တာခံလိုက်ရတယ်၊ ဒီတော့ အဖွဲ့တွေထဲမှာ အမှတ်တမဲ့ ကြွားဝါမိပြီး ကိုယ့်ကိုယ်ကိုယ် မြင်သာအောင် ပြမိတယ်။ ကျွန်မစကားတွေမှာ ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်နဲ့ ကြံရွယ်ချက်တွေ ပါမှန်းသိခဲ့ပေမဲ့ ကိုယ့်ရဲ့ ရည်မှန်းချက်နဲ့ ဆန္ဒတွေကို လုံးဝ မထိန်းချုပ်နိုင်ခဲ့ဘူး။ အမြဲ အလေးစားခံပြီး အချီးမွမ်းခံချင်ခဲ့တယ်။ ငယ်ငယ်က မိသားစုရဲ့ ဖူးဖူးမှုတ် အလိုလိုက်တာကို ခံခဲ့ရတယ်။ ကြီးပြင်းလာတော့ စီးပွားရေးလုပ်ငန်းထဲ ဝင်ခဲ့ပြီး လူသိများတဲ့ အမျိုးသမီး လုပ်ငန်းရှင်တစ်ဦး ဖြစ်လာခဲ့တယ်။ အိမ်နဲ့ အလုပ်မှာ အမြဲ ဆုံးဖြတ်ရတယ်။ သွားတဲ့နေရာတိုင်းမှာ တခြားလူတွေရဲ့ ချီးမွမ်း၊ လေးစားတာ ကြားခဲ့ရတယ်၊ ကောင်းကင်က အတောက်ပဆုံး ကြယ်ဖြစ်ရပြီး လူတိုင်းရဲ့ အားပေးတာ ခံရတဲ့ ခံစားချက်ကို အရသာတွေ့ခဲ့တယ်။ ဘုရားကို ယုံကြည်ပြီးတဲ့နောက် အသင်းတော်ထဲမှာ သာမန်ဖြစ်ပြီး လူမသိသူမသိ ဖြစ်ရတာကို လုံးဝ စိတ်မကျေနပ်ခဲ့ဘူး။ တခြားလူတွေ ကျွန်မကို လေးစားပြီး အထင်ကြီးအောင် လုပ်ဖို့ အခွင့်အရေးတွေ အမြဲရှာခဲ့တယ်။ ပေါလုရဲ့ သဘာဝက အထူးသဖြင့် မာနထောင်လွှားပြီး သူက တခြားလူတွေကို သူ့အပေါ် ကြည်ညိုပြီး အထင်ကြီးစေချင်ခဲ့တာလေ။ ဒါကြောင့် သူဘယ်လောက်အလုပ်လုပ်ပြီး ဘယ်လောက်ဒုက္ခခံခဲ့တယ်ဆိုတာ သွားလေရာရာမှာ ကြွားဝါခဲ့တယ်။ သူ့စာတွေထဲမှာ ခရစ်တော်ကို သူလုံးဝ သက်သေမခံခဲ့ဘူး။ အဲဒီအစား အသင်းတော်ကို ထောက်ပံ့တယ်ဆိုတဲ့ အောင်လံအောက်မှာ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ခဲ့တယ်။ နောက်တော့ ခရစ်တော်လို အသက်ရှင်ခဲ့တယ်ဆိုပြီး အရှက်မရှိ သက်သေခံခဲ့တယ်။ ယုံကြည်သူတွေက သူ့ကို ကြည်ညိုကြတယ်၊ ချီးမြှောက်ကြတယ်၊ စံတစ်ခုအနေနဲ့ အသုံးပြုခဲ့ကြတယ်၊ သူ့ရဲ့စကားတွေကို ဘုရားစကားတွေလိုတောင် သဘောထားခဲ့ကြတယ်။ အနှစ် ၂၀၀၀ ကြာပြီးတဲ့ အခုခေတ်မှာ ဘာသာရေး ယုံကြည်သူတွေ အများကြီးက ပေါလုရဲ့စကားတွေကို ဖက်တွယ်ပြီး ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံဖို့ ငြင်းကြတဲ့အထိပါပဲ။ ပေါလုက လူတွေကို သူ့ရှေ့ ခေါ်ဆောင်ခဲ့တယ်၊ အဲဒါက ဘုရားရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခဲ့လို့ ဘုရားအပြစ်ပေးတာ သူခံခဲ့ရတယ်။ အခု ကျွန်မက အရမ်းမာနထောင်လွှားပြီး ကိုယ်မှန်တယ်ထင်သလို “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏”၊ “ကျန်သူတွေထက် ထင်ပေါ်သည်” ဆိုတာနဲ့ အလားတူ ဆိုးယုတ်တဲ့ စိတ်ကူး၊ အမြင်ရှုထောင့်တွေနဲ့ အသက်ရှင်ခဲ့တယ်။ တခြားလူတွေရဲ့အထက်မှာ ကျွန်မ အမြဲရှိချင်ခဲ့တယ်၊ ကြွားဝါချင်ခဲ့ပြီး ကိုယ့်ပါရမီကို ထုတ်ပြချင်ခဲ့တယ်။ ကိစ္စတွေဖြစ်တဲ့အခါ ဒါတွေကြောင့် ညီအစ်ကို မောင်နှမတွေက ကျွန်မကိုပဲ နားထောင်ကြရော၊ ကျွန်မဘာပဲပြောပြော လက်ခံကုန်ကြရော၊ ကျွန်မရဲ့ မိတ်သဟာယကို အပြည့်အဝ မှတ်စုမယူမိတဲ့အခါ ထေမိဖို့ နည်းလမ်းတွေ တွေးကြပြီး ကျွန်မရဲ့ စကားတွေကို ဘုရားရဲ့ စကားတွေထက် အရေးကြီးသလို မြင်ကြလို့ အသံတောင် သွင်းထားကြတယ်။ အဲဒီအချိန်မှာတောင် ကိုယ့်ကိုယ်ကိုယ် သုံးသပ်ရကောင်းမှန်း မသိခဲ့ဘူး။ အဲဒီအစား အလေးစားခံရတဲ့ သာယာမှုထဲမှာ ကိုယ့်ကိုယ်ကိုယ် မြှုပ်နှံထားခဲ့တယ်။ ကျွန်မ အရမ်းမာနထောင်လွှားပြီး အရှက်မဲ့ခဲ့တာပဲ။ ကိုယ့်ရဲ့ ကိုယ်ပိုင်လက္ခဏာကို ကျွန်မ မသိခဲ့တာပါ။ ကျွန်မက အဖန်ဆင်းခံတစ်ယောက်၊ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေတာ ခံခဲ့ရတဲ့ လူတစ်ယောက်ဖြစ်မှန်း နားမလည်ခဲ့ဘူး၊ ကိုယ့်ကိုယ်ကိုယ် အရှက်မရှိ ဖျာလိုလိပ် ထိပ်ပေါ်တင်ထားခဲ့တယ်။ တခြားလူတွေရဲ့ စိတ်နှလုံးမှာ ကျွန်မအတွက် နေရာရှိစေချင်ခဲ့တယ်၊ ကျွန်မကို နားထောင်ပြီး ထောက်ခံစေချင်ခဲ့တယ်။ ကျွန်မဆက်ကြွားဝါနေမိခဲ့လို့ ညီအစ်ကို မောင်နှမတွေက သူတို့စိတ်နှလုံးမှာ ကျွန်မအတွက် နေရာတကယ်ရှိခဲ့တယ်။ သူတို့ ကျွန်မကို ပိုလေးစားလေ ဘုရားဆီကနေ သူတို့ ပိုဝေးလေပဲ။ ကျွန်မက လူတွေအတွက် ဘုရားနဲ့ ပြိုင်နေတာပဲ မဟုတ်လား။ နိုင်ငံတော်ခေတ်ရဲ့ ပထမဆုံး စီမံခန့်ခွဲမှုဆိုင်ရာ အမိန့်ကို တွေးမိတယ်။ “လူသားသည် မိမိကိုယ်ကိုယ် မကြီးမြတ်စေသင့်သကဲ့သို့၊ မိမိကိုယ်ကိုယ် မချီးမြှောက်သင့်ပေ။ ဘုရားသခင်ကို ကိုးကွယ်ကာ ချီးမြှောက်သင့်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်၌ ဘုရားသခင် ရွေးချယ်ထားသောသူများ လိုက်နာရမည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တော် ဆယ်ရပ်) လူတွေကို ဘုရားဖန်ဆင်းခဲ့တာ၊ ဒီတော့ ဘုရားကို ကျွန်မတို့ ကိုးကွယ်ပြီး သူ့ကို အားလုံးအထက်မှာ အလေးထားသင့်တယ်၊ ဒါပေမဲ့ လူတွေ ကျွန်မကို လေးစားအောင်၊ အထင်ကြီးပြီး အားလုံးအထက်မှာ ကျွန်မကို အလေးထားအောင် လုပ်မိခဲ့တယ်။ ဒီစီမံခန့်ခွဲမှုဆိုင်ရာ အမိန့်ကို ကျွန်မချိုးဖောက်နေခဲ့တာ မဟုတ်လား။ အဲဒီအချိန်မှာ သိပ်ကြောက်သွားတယ်။ တခြားလူတွေ ကိုယ့်ကို ကြည်ညိုပြီး အထင်ကြီးအောင် ကြွားဝါတဲ့ ဆိုးရွားတဲ့ သဘာဝကို ကျွန်မသဘောပေါက်လိုက်တယ်။ ဒါတွေ ကျွန်မဆက်လုပ်နေရင် ငရဲကို သေချာပေါက်ရောက်ပြီး ပေါလုလို အပြစ်ပေးခံရမှာပဲ။ ကျွန်မရဲ့ နာမကျန်းမှုက ကျွန်မကို ဘုရား ဆုံးမပဲ့ပြင်နေတာပဲ။ ကျွန်မလမ်းလွဲနေတာကို နာမကျန်းမှုကတစ်ဆင့် သူသတိပေးနေတာ။ ဒါဟာ ကျွန်မအတွက် ဘုရားရဲ့ ကယ်တင်ခြင်းပဲ။

နောက်တော့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို သတိရမိတယ်။ “ဘုရားသခင်က သူသည် ဖန်ဆင်းရှင်ဖြစ်ပြီး လူသားသည် သူ၏ဖန်ဆင်းခြင်း ဖြစ်သည်ဟု ပြောသော်လည်း၊ ယင်းသည် အဆင့်အတန်းဖြင့် ကွာခြားမှုအနည်းငယ် ရှိသည်ဟု ထင်ကောင်းထင်ရနိုင်သော်လည်း၊ လက်တွေ့အရှိတရားမှာ လူသားမျိုးနွယ်အတွက် ဘုရားသခင် လုပ်ဆောင်ပြီးဖြစ်သည့် အရာတိုင်းသည် ဤသဘောသဘာဝနှင့်သက်ဆိုင်သည့် ဆက်နွှယ်မှုကို များစွာကျော်လွန်ပေသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ချစ်၏၊ လူသားမျိုးနွယ်ကို ဂရုစိုက်ပြီး၊ လူသားမျိုးနွယ်အတွက် ပူပန်မှုကို ပြသည့်အပြင်၊ လူသားမျိုးနွယ်အတွက် စဉ်ဆက်မပြတ် ရပ်တန့်ခြင်း မရှိဘဲ ထောက်ပံ့ပေးလျက်ရှိသည်။ ဤသည်မှာ အပိုအလုပ်ဖြစ်ပြီး နာမည်ကောင်းများစွာ ရထိုက်သည့်အရာ ဖြစ်သည် သို့မဟုတ် များစွာ ချီးကျူးထိုက်သည့်အရာတစ်ခုဟု သူ၏နှလုံးသားတွင် ဘုရားသခင်သည် လုံးဝ မခံစားရပေ။ လူသားမျိုးနွယ်ကို ကယ်တင်ခြင်း၊ ထောက်ပံ့ခြင်းနှင့် အရာရာ ပေးအပ်ခြင်းသည် လူသားမျိုးနွယ်ကို ဧရာမ အထောက်အကူပြုခြင်းတစ်ခု ဖြစ်သည်ဟုလည်း သူမခံစားရချေ။ သူသည် လူသားမျိုးနွယ်ကို သူ၏ ကိုယ်ပိုင်နည်းလမ်း၊ သူ၏အနှစ်သာရနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းတို့မှတစ်ဆင့် တိတ်ဆိတ်စွာနှင့် ငြိမ်သက်စွာ သက်သက် ထောက်ပံ့ ပေးလေသည်။ လူသားမျိုးနွယ်သည် သူ့ထံမှ မည်မျှထောက်ပံ့မှုနှင့် မည်မျှအကူအညီတို့ကို ရရှိသည် ဖြစ်စေ၊ ဘုရားသခင်သည် ချီးကျူးမှုရဖို့ လုံးဝ မစဉ်းစား သို့မဟုတ် မကြိုးစားပေ။ ဤအရာကို ဘုရားသခင်၏ အနှစ်သာရက သတ်မှတ်ပေးထားပြီး ဘုရားသခင်၏ စိတ်သဘောထား၏ စစ်မှန်သည့် ဖော်ပြချက်လည်း အတိအကျ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)) ဘုရားက ဖန်ဆင်းရှင်ဖြစ်ပြီး စာတန်ရဲ့ ကျေးကျွန်ဘဝကနေ လူတွေကို ကယ်တင်ဖို့၊ လူတွေကြားမှာ အမှုပြုဖို့ ကိုယ်တိုင်ကိုယ်ကျ လူ့ဇာတိခံလာခဲ့ပြီး လူတွေရဲ့ ရှုတ်ချ၊ အသရေဖျက်တာကို သည်းခံခဲ့တယ်။ ဘုရားက လူသားမျိုးနွယ်အတွက် အရာရာ စတေးခဲ့ပေမဲ့ ဘယ်တော့မှ မကြွားဝါခဲ့ဘူး။ လူတွေနဲ့ အပြန်အလှန်ဆက်ဆံချိန်မှာတောင် ဘုရားဆိုတဲ့ သူ့ကိုယ်ပိုင်လက္ခဏာကို လုံးဝ အမြတ်မထုတ်ခဲ့ဘူး။ သမ္မာတရား၊ အသက်နဲ့ ကျွန်မတို့ကို တိတ်တိတ်လေး ထောက်ပံ့ရုံထောက်ပံ့ခဲ့တယ်။ ဘုရားရဲ့ အနှစ်သာရက လှပပြီး ကောင်းမြတ်သလို သူဟာ မာနထောင်လွှားတာ၊ ဂုဏ်ယူတာတစ်ခုမှ မရှိဘဲ နှိမ့်ချ၊ ကွယ်ဝှက်မှန်း ကျွန်မတွေ့ရတယ်။ ကျွန်မကတော့ နဂိုက ဘာမှမရှိတဲ့သူ၊ စာတန်ကြောင့် ဖောက်ပြန်ပျက်စီးတဲ့ လူတစ်ယောက်ပဲ။ ဒါတောင် ဘုရားက ကျွန်မကို တာဝန်နဲ့ မြှင့်တင်ခဲ့ပြီး ကျွန်မရဲ့ တာဝန်တစ်လျှောက်မှာ လမ်းပြလို့ ဉာဏ်အလင်းပေးခဲ့တယ်၊ ဒါပေမဲ့ လူတွေရဲ့ စိတ်နှလုံးထဲမှာ မြင့်မားတဲ့ ပုံရိပ် တည်ဆောက်ပြီး သူတို့ရဲ့ လေးစား၊ တန်ဖိုးထားတာကို ရအောင်လို့ သွားတဲ့နေရာတိုင်းမှာ ကြွားဝါဖို့ အဲဒါကို အရင်းအနှီးတစ်ခုအနေနဲ့ ကျွန်မအသုံးပြုခဲ့တယ်။ ကျွန်မအရှက်မဲ့လွန်းခဲ့ပြီး ဘုရားရဲ့အမြင်မှာ အရမ်းစက်ဆုပ်စရာ၊ မသတီစရာ ဖြစ်ခဲ့တာပါ။ ဘုရားရှေ့ ကျွန်မတိုးဝင်ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ သမီးမှားခဲ့ပါတယ်။ ကိုယ်တော့်ဆီ သမီးအပြစ်တွေ ဝန်ချပြီး နောင်တရချင်ပါတယ်။ သမီးမကြွားဝါချင်တော့ပါဘူး။ သမီးကို လမ်းပြပြီး သမီးရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့ လမ်းကြောင်းပြပေးဖို့ တောင်းလျှောက်ပါတယ်” လို့ပေါ့။

ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ် ကျွန်မဖတ်ခဲ့တယ်။ “မိမိကိုယ်ကိုယ် မချီးမြှောက်ဖို့နှင့် သက်သေ မခံဖို့အလို့ငှာ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ထိုကဲ့သို့ အလားတူ အရေးကိစ္စတွင်၊ သင့်ကိုယ်သင် ဝါကြွားလျှင်၊ သင့်ကိုယ်သင် ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်းအပြင်၊ အခြားသူများ၌ ကြည်ညိုကိုင်းရှိုင်းမှုကို စေ့ဆော်ပေးခြင်းဖြစ်သည့် သင်၏ရည်မှန်းချက်ကို သင် ရရှိလိမ့်မည်— သို့ရာတွင် သင်၏ စစ်မှန်သောကိုယ်ကို ဖွင့်ပြောပြပြီး ချခင်းပြလျှင်၊ အနှစ်သာရက ကွဲပြားခြားနားပေသည်။ ဤအရာက အသေးစိတ်အချက်များသို့ ရောက်လာသည် မဟုတ်သလော။ ဥပမာအနေဖြင့် သင်၏ ကြံရွယ်ချက်များနှင့် စဉ်းစားဆင်ခြင်ခြင်းများကို ချခင်းပြသည့်အခါ၊ မိမိကိုယ်ကို သိကျွမ်းခြင်းဖြစ်သည့် စကားသုံးနှုန်းပုံနှင့် သင့်ကိုယ်သင် ဖော်ပြသည့်နည်းလမ်းများအပြင်၊ အခြားသူများက သင့်အား ကြည်ညိုစေဖို့ အလို့ငှာ သင့်ကိုယ်သင် ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်းတို့ကို ဖြစ်စေသည့် သင့်ကိုယ်သင် ဝါကြွားခြင်းတို့အကြား ခွဲခြားသိမြင်နိုင်ရမည် ဖြစ်သည်။ စမ်းသပ်မှုများကြားတွင် သက်သေခံလျက်၊ သင်မည်သို့ ဆုတောင်းကာ သမ္မာတရားကို ရှာဖွေပြီးဖြစ်သည်ကို သင် ပြန်ပြောလျှင်၊ ဤသည်မှာ ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံခြင်း ဖြစ်သည်။ ဤလက်တွေ့လုပ်ဆောင်မှုမျိုးသည် သင့်ကိုယ်သင် ဝါကြွားခြင်းနှင့် သက်သေခံခြင်း လုံးဝ မဟုတ်ပေ။ သင်သည် သင့်ကိုယ်သင် ကြွားလုံးထုတ်ပြီး သက်သေခံနေခြင်း ရှိမရှိဆိုသည်မှာ သင်ပြောသည့်အရာကို သင်အမှန်တကယ် တွေ့ကြုံပြီးခြင်း ရှိမရှိနှင့်၊ ဘုရားသခင်အဖို့ သက်သေခံခြင်း၏ အကျိုးကို စွမ်းဆောင်ရရှိပြီးခြင်း ရှိမရှိတို့ပေါ်တွင် မူတည်သည်။ ထို့နည်းတူစွာ သင်၏ အတွေ့အကြုံများနှင့် သက်သေခံချက်တို့ကို သင် ပြောဆိုသည့်အခါတွင်၊ သင်၏ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များက အဘယ်အရာဖြစ်သည်ကို ကြည့်ဖို့ လိုအပ်သည်။ ဤအရာများအားလုံးသည် ကွဲပြားခြားနားချက်ကို သိဖို့ လွယ်ကူစေသည်။ သင်သည် သင့်ကိုယ်သင် ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးသည့်အခါ သင်၏ရည်ရွယ်ချက်သည်လည်း ပါဝင်ပတ်သက်နေသည်။ သင်၏ရည်ရွယ်ချက်က သင်၏ဖောက်ပြန်ပျက်စီးခြင်း မည်သို့ သိသာထင်ရှားလာသည်ကိုလည်းကောင်း၊ သင်မည်သို့ ပြောင်းလဲပြီးဖြစ်သည်ကိုလည်းကောင်း လူတိုင်းကို ပြပြီး ဤအရာမှ အခြားသူများအား အကျိုးခံစားခွင့်ပြုဖို့ ဖြစ်ပါက၊ သင်၏စကားများသည် အလွန်လေးနက်ပြီး မှန်ကန်ကာ၊ အမှန်တရားများနှင့် ကိုက်ညီလေသည်။ ထိုသို့သော ရည်ရွယ်ချက်များသည် မှန်ကန်ပြီး သင့်ကိုယ်သင် ဝါကြွားခြင်း၊ သို့မဟုတ် သက်သေခံနေခြင်း မဟုတ်ပေ။ သင်၏ရည်ရွယ်ချက်က သင်အမှန်တကယ် ကြုံတွေ့ခဲ့သည့်အရာကိုလည်းကောင်း၊ သင်သည် ပြောင်းလဲပြီး သမ္မာတရား၏ လက်တွေ့အရှိတရားကို ပိုင်ဆိုင်ကြောင်းကိုလည်းကောင်း လူတိုင်းကိုပြပြီး၊ ထိုသို့ဖြင့် ၎င်းတို့၏လေးစားမှုနှင့် ကြည်ညိုမှုတို့ကို ရရှိဖို့ ဖြစ်လျှင်၊ ဤရည်ရွယ်ချက်များ မှားယွင်းပေသည်— ပြီးလျှင် ယင်းကို ဖော်လည်း ဖော်ထုတ်သင့်သည်။ သင်ပြောသည့် အတွေ့အကြုံများနှင့် သက်သေခံချက်တို့သည် အတုအယောင်ဖြစ်ပါက၊ လူများကို လှည့်စားဖို့၊ သင်၏ စစ်မှန်သောဘက်ကို မြင်ခြင်းမှ ၎င်းတို့အား တားဆီးဖို့၊ သင်၏ ရည်ရွယ်ချက်များ၊ ဖောက်ပြန်ပျက်စီးခြင်း၊ အားနည်းခြင်း၊ သို့မဟုတ် အပျက်သဘောဆောင်ခြင်းများကို အခြားသူများထံ ထုတ်ဖော်ပြခြင်းမှ ဟန့်တားဖို့ ယင်းတို့ကို အမှားပြင်ဆင်ပြီး အသုံးတည့်အောင် စီစဉ်စီမံထားခြင်းဖြစ်ပါက၊ ထိုသို့သော စကားများသည် လှည့်စားတတ်ပြီး တမင်လိမ်လည်ခြင်းဖြစ်သည်။ ဤသည်မှာ အယောင်ဆောင် သက်သေခံချက် ဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်ကို လှည့်စားခြင်းဖြစ်သည်၊ ဘုရားသခင်ကို အရှက်ရစေပြီး ဘုရား အမုန်းဆုံးသော အရာပင် ဖြစ်လေသည်။ ဤအခြေအနေများအကြားတွင် သိသာသော ကွဲပြားခြားနားချက်များရှိသည်၊ ယင်းတို့သည် ကြံရွယ်ချက်အရ ကွဲပြားခြားနားကြလေသည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်”)ဘုရားသခင်အတွက် သက်သေခံသောအခါတွင် ဘုရားသခင် လူတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမပုံ၊ လူတို့ကို စစ်ဆေးရန်နှင့် သူတို့၏ စိတ်သဘောထားများကို ပြောင်းလဲရန် မည်သည့်စမ်းသပ်မှုများအား သူအသုံးပြုသည့် အကြောင်းတို့ကို ပို၍ အဓိက ပြောသင့်သည်။ သင်တို့၏ အတွေ့အကြုံထဲတွင် ဖောက်ပြန်ပျက်စီးခြင်း မည်မျှ ထုတ်ဖော်ထားကြောင်း၊ သင်တို့ အဘယ်မျှ ခံစားခဲ့ပြီးကြောင်းနှင့် နောက်ဆုံးတွင် ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို အဘယ်သို့ ခံခဲ့ရကြောင်းကိုလည်းကောင်း ပြောသင့်သည်၊ သင်တို့၌ ဘုရားသခင်၏အမှုအပေါ် စစ်မှန်သောသိခြင်း အဘယ်မျှ ရှိကြောင်းနှင့် ဘုရားသခင်အတွက် အဘယ်သို့ သက်သေခံပြီး သူ၏ချစ်ခြင်းမေတ္တာကို အဘယ်သို့ ပြန်ပေးဆပ်သင့်ကြောင်းတို့ကိုလည်း ပြောသင့်သည်။ သင်တို့သည် ဤကဲ့သို့သော စကားအသုံးအနှုန်းမျိုးကို ရိုးရှင်းသောပုံစံဖြင့် ပြောလျက် ပို၍ အနှစ်သာရရှိရှိ ပြောသင့်သည်။ အနှစ်သာရမဲ့သော သီအိုရီများအကြောင်းကို မပြောလေနှင့်။ ပိုမို၍ လက်တွေ့ကျအောင် ပြောလော့။ နှလုံးသားထဲမှ စကားပြောလော့။ ဤသည်မှာ သင်တွေ့ကြုံသင့်ပုံ ဖြစ်သည်။ ဝါကြွားရန် အားထုတ်သည့်အနေဖြင့် လေးနက်ဟန်ရှိသော၊ အနှစ်သာရမဲ့သော သီအိုရီများနှင့် မိမိကိုယ်ကို မပြင်ဆင်လေနှင့်။ ဤသို့ပြုခြင်းက သင်တို့ကို အတော်ပင် စိတ်ကြီးဝင်ပြီး အသိတရားမဲ့ဟန် ပေါ်စေမည်။ သင်သည် စစ်မှန်ပြီး နှလုံးသားထဲမှဖြစ်သည့် သင်၏ တကယ့် အတွေ့အကြုံမှ စစ်မှန်သောအရာများကို ပို၍ပြောသင့်သည်။ ဤသည်မှာ အခြားသူများအတွက် အကျိုးပြုဆုံးဖြစ်ပြီး သူတို့တွေ့မြင်ရန် အသင့်လျော်ဆုံးဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်”) ဘုရားနှုတ်ကပတ်တော်တွေကနေ နားလည်လိုက်တာက ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ပြီး သက်သေခံတာကို ရပ်ချင်ရင် ဘုရားမျက်မှောက်တော်မှာ မကြာခဏ အသက်ရှင်ဖို့၊ ဘုရားကို ကြောက်ရွံ့တဲ့ ဘုရားတရားကိုင်းရှိုင်းတဲ့ စိတ်နှလုံး ပိုင်ဆိုင်ဖို့၊ ညီအစ်ကို မောင်နှမတွေရှေ့မှာ ကျွန်မစိတ်နှလုံးကို ဖွင့်ဟဖို့၊ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို သတိရှိရှိ ဖွင့်ဟ၊ စိစစ်ဖို့နဲ့ ကိုယ့်ရဲ့ တကယ့်အတွေ့အကြုံတွေကို ဆွေးနွေးဖို့ လိုတယ်ဆိုတာပဲ။ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်၊ သက်သေခံချင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ပြီး ရည်ရွယ်ချက်တွေကို အမှန်ပြင်ရမယ်။ ကိုယ်တိုင်ရဲ့အထဲက ဖောက်ပြန်ပျက်စီးခြင်းနဲ့ ပုန်ကန်မှုကို မကြာခဏ ပိုဖော်ထုတ်၊ စိစစ်ရမယ်၊ ပြီးတော့ ဘုရားရဲ့ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုတွေနဲ့ စစ်ဆေးခြင်းတွေကို တွေ့ကြုံပြီးတဲ့နောက်မှာ ဘုရားအမှုတော်နဲ့ဆိုင်တဲ့ ကျွန်မရဲ့ အသိကို မိတ်သဟာယပြုရမယ်။ ညီအစ်ကို မောင်နှမတွေက အကျိုးခံစားရပြီး ကျွန်မရဲ့ စစ်မှန်တဲ့ဘက်ကို မြင်နိုင်အောင်လို့ စိတ်ရင်းနဲ့ ကျွန်မစကားပိုပြောသင့်တယ်။ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု ရှိသွားတော့ ဒီအတောအတွင်းက ကိုယ့်ရဲ့ အတွေ့အကြုံနဲ့ နားလည်မှုကို ညီအစ်ကို မောင်နှမတွေနဲ့ လုပ်တဲ့ အစည်းအဝေးတွေမှာ ကျွန်မဖွင့်ချလိုက်တယ်။ ပြီးတော့ ကျွန်မရဲ့ မိတ်သဟာယထဲက အလင်းအနည်းငယ်ဟာ လုံးဝ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးမှုကနေ လာပြီး ကျွန်မရဲ့ တကယ့် ဝိညာဉ်ရင့်ကျက်မှုကနေ မဟုတ်မှန်း ပြောပြလိုက်တယ်။ ဘုရားလမ်းပြမှု မရှိဘဲနဲ့၊ ဘာကိုမှ ကျွန်မ မလုပ်နိုင်ပါဘူး။ ကျွန်မကို ကြည်ညိုပြီး အထင်ကြီးတာ သူတို့အတွက် မှားမှန်းလည်း အသိတရားရသွားကြသလို နောင်မှာ လူတွေကို နောက်ထပ်အထင်ကြီးမှာ မဟုတ်တော့ဘူးလို့ ပြောကြတယ်။ ပြဿနာတွေရှိတဲ့အခါ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးမှု ရဖို့ ဘုရားကို ဆုတောင်းပြီး သူ့ရဲ့ လမ်းပြမှုကို ရှာမယ်လို့ ပြောကြတယ်။ နောက်တော့ အစည်းအဝးတွေမှာ ကျွန်မရှိတဲ့အခါ ကျွန်မသိပ်နားမလည်တဲ့ ပြဿနာတွေကို တစ်ခါတလေ ကြုံရပေမဲ့ ကိုယ့်အတ္တကို လက်လွတ်ပြီး ညီအစ်ကို မောင်နှမတွေနဲ့ ပွင့်ပွင့်လင်းလင်း ရှာဖွေနိုင်ခဲ့တယ်။ ဒါကို ကြားပြီးတဲ့နောက် တစ်ခါတလေ ကျွန်မ နားမလည်တဲ့ အရာတွေနဲ့ပတ်သက်တဲ့ သူတို့ရဲ့ ကိုယ်ပိုင်သိနားလည်မှုနဲ့ အသိပညာတွေအကြောင်း သူတို့မိတ်သဟာယပြုနိုင်ခဲ့ကြတယ်။ အဲဒါ ကျွန်မအတွက် သိပ်အထောက်အကူ ဖြစ်ခဲ့တယ်။ အရင်လို ကျွန်မကို သူတို့ မကိုးကွယ်ကြတော့ဘူး။ ပြီးတော့ ကျွန်မနဲ့ပတ်သက်လို့ ပြဿနာတွေ သူတို့ရှာတွေ့တဲ့အခါ တိုက်ရိုက် ထောက်ပြနိုင်ခဲ့ကြတယ်။ နောက်ထပ် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ပြီး ကြွားဝါချင်တဲ့ ဆန္ဒရှိလိုက်တာနဲ့ ဘုရားကို ဆုတောင်းတယ်၊ သူ့ရဲ့ စစ်ဆေးမှုကို လက်ခံပြီး တစ်ချိန်တည်းမှာပဲ ညီအစ်ကို မောင်နှမတွေဆီ ကိုယ့်ရဲ့စိတ်နှလုံးကို ဖွင့်ဟခဲ့တယ်၊ ကျွန်မရဲ့ အားနည်းချက်တွေနဲ့ ချွတ်ယွင်းချက်တွေ သူတို့ကို သိခွင့်ပေးပြီး သူတို့ကြီးကြပ်တာကို လက်ခံခဲ့တယ်။ ဒီလို လက်တွေ့လုပ်ဆောင်လိုက်တော့ လုံခြုံပြီး စိတ်အေးလက်အေး ဖြစ်သွားသလို သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းရဲ့ ချိုမြိန်မှုကိုလည်း မြည်းစမ်းခဲ့ရတယ်။ ကျွန်မရဲ့ မာနထောင်လွှားတဲ့ သဘာဝနဲ့ လျှောက်ခဲ့တဲ့ လမ်းကြောင်းမှားကို သဘောပေါက်လိုက်တာနဲ့ ဘုရားဆီ နောင်တရခဲ့တယ်။ ကျွန်မရဲ့ အရေပြားရောဂါက တဖြည်းဖြည်း ပျောက်သွားပြီး နည်းနည်းချင်း ကျွန်မ သက်သာလာခဲ့တယ်။

ဘုရားရဲ့ ဆုံးမပဲ့ပြင်မှုနဲ့ ရိုက်နှက်မှုကို တွေ့ကြုံရပြီးတဲ့နောက် ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားက သိပ်ပြတ်သားပြီး စစ်မှန်မှန်း တကယ်ခံစားခဲ့ရတယ်။ ဆင်းရဲဒုက္ခတချို့ကို သည်းခံခဲ့ရပေမဲ့ ဘုရားရဲ့ ရည်ရွယ်ချက်က ကျွန်မရဲ့ ဆိုးယုတ်၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကနေ ကျွန်မကို ကယ်တင်ဖို့ပဲလေ၊ အဲဒါက ဘုရားရဲ့ သိပ်စစ်မှန်တဲ့ မေတ္တာကို ပြခဲ့တယ်။ မကောင်းမှု လုပ်ရာကနေ ကျွန်မကို တားပြီး အန္တရာယ်ချောက်ကမ်းပါးကနေ ကျွန်မကို ပြန်ဆွဲခေါ်ခဲ့တာက ဘုရားရဲ့ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနဲ့ ရိုက်နှက်ခြင်းတွေပါ။ ဘုရားကျေးဇူးတော်ပဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ပြဿနာတစ်ခုကို တိုင်ကြားခြင်းအပေါ် စိုးရိမ်ပူပန်ခြင်း

၂၀၂၁ စက်တင်ဘာမှာ ကျွန်တော်က အသင်းတော်မှာ ဧဝံဂေလိမျှဝေတယ်။ အချိန်နည်းနည်းကြာတော့ ဧဝံဂေလိအလုပ် ကြီးကြပ်ရေးမှူးက သူ့တာဝန်မှာ ဘာမှ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
စာလုံးသေးမည်
စာလုံးကြီးမည်
ဘောင်အပြည့်ချဲ့ကြည့်မည်
ဘောင်အပြည့်ချဲ့ကြည့်ခြင်းမှ ထွက်မည်