နှင်ထုတ်ခံရပြီးနောက် နိုးထခြင်း

16.11.2024

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်တို့သည် အနည်းငယ်သော ချုပ်တည်းမှု၊ သို့မဟုတ် အခက်အခဲတစ်ခုကို ကြုံရသည့်အခါ ၎င်းမှာ သင်တို့အတွက် ကောင်းသည်၊ အကယ်၍ သင်တို့သည် လွယ်ကူသက်သာသော အချိန်တစ်ခုကို ပေးခြင်းခံရပါက၊ သင်တို့သည် ပျက်စီးကြလိမ့်မည်ဖြစ်၍ သင်တို့သည် မည်ကဲ့သို့ အကာအကွယ်ပေးခြင်းကို ခံနိုင်ကြမည်နည်း။ ယနေ့တွင် သင်တို့သည် ပြစ်တင်ဆုံးမခံရခြင်း၊ တရားစီရင်ခံရခြင်းနှင့် ကျိန်ဆဲခံရခြင်းကြောင့် အကာအကွယ်ပေးခြင်းကို ခံကြရခြင်း ဖြစ်သည်။ သင်တို့သည် များစွာဒုက္ခခံစားထားသောကြောင့် ကာကွယ်ခံရခြင်းဖြစ်သည်။ ထိုသို့မဟုတ်လျှင် သင်တို့သည် ကြာနှင့်ပြီကတည်းက ဆိုးယုတ်ခြင်းထဲသို့ ကျဆင်းခဲ့မည် ဖြစ်သည်။ ဤသည်မှာ သင်တို့အတွက် အမှုအရာများကို တမင်တကာ ခက်ခဲအောင်လုပ်နေခြင်း မဟုတ်ပေ၊ လူသား၏ သဘာဝမှာ ပြောင်းလဲရန် ခက်ခဲပြီး လူတို့၏ စိတ်သဘောထားများကို ပြောင်းလဲရန် ဤနည်းဖြင့်သာ ဖြစ်ရမည်။ ယနေ့ သင်တို့၌ ပေါလု၏ အသိစိတ်၊ သို့မဟုတ် အသိတရားကိုပင် ပိုင်ဆိုင်ခြင်း မရှိသည့်အပြင်၊ သူ၏မိမိကိုယ်ကို သိခြင်းပင် မရှိကြပေ။ သင်တို့ကို အမြဲတစေ ဖိအားပေးရန် လိုအပ်ပြီး၊ သင်တို့၏ ဝိညာဉ်များ နိုးထစေရန် သင်တို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို အမြဲခံရန် လိုအပ်ကြသည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှာ သင်တို့၏ အသက်တာအတွက် အကောင်းဆုံးအရာများ ဖြစ်သည်။ ထို့အပြင် မဖြစ်မနေ လိုအပ်သောအခါ အမှန်တရားများ၏ ပြစ်တင်ဆုံးမမှု သင့်အပေါ် ကျရောက်လာခြင်းလည်း ရှိရမည်ဖြစ်သည်၊ ထိုအခါမှသာ သင်တို့သည် အပြည့်အဝ ကျိုးနွံနာခံကြမည် ဖြစ်သည်။ သင်တို့၏ သဘာဝများမှာ ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ဆဲခြင်း မရှိပါက သင်တို့၏ ဦးခေါင်းများကို ကိုင်းညွတ်ရန်နှင့် ကျိုးနွံနာခံရန် မလိုလားသော သဘာဝမျိုး ဖြစ်သည်။ သင်တို့၏ မျက်စိရှေ့တွင် အမှန်တရားများ မရှိပါက မည်သည့်သက်ရောက်မှုမျှ ရှိနိုင်မည်မဟုတ်ပေ။ သင်တို့သည် အလွန်အောက်တန်းကျပြီး စာရိတ္တပိုင်းတွင် သုံးစား၍ မရကြပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း မရှိပါက သင်တို့ကို သိမ်းပိုက်ရန် ခက်ခဲလိမ့်မည်ဖြစ်ပြီး၊ သင်တို့၏ မဖြောင့်မတ်ခြင်းနှင့် နာခံမှုမရှိခြင်းတို့ကို ချိုးနှိမ်နိုင်ရန် ခဲယဉ်းလိမ့်မည်ဖြစ်သည်။ သင်တို့၏ သဘာဝဟောင်းသည် အလွန်နက်ရှိုင်းစွာ အမြစ်တွယ်လျက်ရှိသည်။ အကယ်၍ သင်တို့ကို ပလ္လင်ပေါ်တွင် နေရာချထားမည်ဆိုပါက၊ စကြဝဠာရှိ သင်၏နေရာကို သင်သိမည်မဟုတ်ပေ။ မည်သည့်နေရာသို့ သင်တို့ ဦးတည်နေကြောင်းကို သာ၍ပင် သိမည်မဟုတ်ချေ။ မည်သည့်နေရာမှ မိမိတို့လာကြောင်းကိုပင် သင်တို့ မသိကြသဖြင့် သင်တို့သည် ဖန်ဆင်းခြင်း၏ အရှင်သခင်ကို အဘယ်သို့ သိနိုင်ကြမည်နည်း။ ယနေ့ အချိန်မီ ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ဆဲခြင်းတို့ မရှိပါက၊ သင်တို့၏ နောက်ဆုံးသောနေ့ရက် ရောက်ခဲ့သည်မှာ ကြာနှင့်ပြီ ဖြစ်လိမ့်မည်။ သင်တို့ကံကြမ္မာအကြောင်း မဆိုထားနှင့်၊ ၎င်းသည် အန္တရာယ်ကျရောက်ဆဲဆဲ ပိုဖြစ်လိမ့်မည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၆)) ဒီဘုရားနှုတ်ကပတ်တော်ပိုဒ်ကို ဖတ်ရင်းနဲ့ ကျွန်မ အချိန်အတော်ကြာ ကိုယ့်ကိုယ်ကို သိစိတ်ကင်းမဲ့ခဲ့ပုံ၊ မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ အသက်ရှင်ရင်း မကောင်းမှုကို လုပ်ပြီး အသင်းတော် အလုပ်ကို အဖျက်အမှောင့်လုပ်ပြီးတော့ အသင်းတော်ကနေ နှင်ထုတ်ခံခဲ့ရပုံကို သုံးသပ်မိတယ်။ အဲဒီအချိန်အတောအတွင်းမှာ၊ ကျွန်မ စိတ်ဆင်းရဲပြီး ဆင်းရဲဒုက္ခခံရပေမဲ့၊ လူတွေအပေါ် ဘုရားရဲ့ ပြစ်တင်ဆုံးမခြင်းနဲ့ တရားစီရင်ခြင်းတွေက တကယ်ကို ချစ်ခြင်းဖြစ်ပြီး ကြီးမားတဲ့ ကွယ်ကာမှုလည်းဖြစ်မှန်း ကျွန်မ အရမ်း နားလည်မိတယ်။

၂၀၀၇ခုနှစ်မှာ၊ အသင်းတော် ခေါင်းဆောင်အနေနဲ့ အရွေးမခံရခင် တစ်နှစ်ကျော်လေးမှာတင်ဘုရားကို ကျွန်မ ယုံကြည်ခဲ့တယ်။ အဲဒီတုန်းက ကျွန်မ အရမ်းစိတ်ထက်သန်ခဲ့တယ်။ စုဝေးပွဲတွေကို တက်တက်ကြွကြွ တက်ခဲ့တယ်။ လူသစ်တွေကို ရေလောင်းပေးပြီး နေ့တိုင်း ဧဝံဂေလိ ဖြန့်နေခဲ့တာလေ။ ဒီလိုအချိန်ကာလတစ်ခုကြာလုပ်ပြီးတော့ ဧဝံဂေလိအလုပ်၊ ရေလာင်းတဲ့အလုပ်နဲ့ လူတွေကို ပျိုးထောင်ပေးတာတွေအားလုံးက ရလဒ်တွေ ထွက်တယ်။ နောက်ပိုင်းမှာ၊ အသင်းတော် တစ်ပါးပါးက မကောင်းတဲ့ အသင်းတော် အသက်တာ ဒါမှမဟုတ် အလုပ်ရလဒ်တွေ တွေ့ကြုံရတဲ့အခါတိုင်းမှာ အထက်ခေါင်းဆောင်က သွားပံ့ပိုးဖို့ ကျွန်မကို ခိုင်းတယ်။ အဲဒီကို ကျွန်မရောက်လို့ နည်းနည်းကြာတာနဲ့ အဲဒီအသင်းတော်ရဲ့ အလုပ်ကဏ္ဍတိုင်းက လုပ်ငန်းလည်ပတ်တာ ပုံမှန်ပြန်ဖြစ်သွားတယ်။ ပြီးတော့ အကျိုးဆက်အနေနဲ့ ညီအစ်ကို မောင်နှမတွေက ကျွန်မကို တော်တော်ကိုလေးစားကြတယ်။ ကျွန်မ အရမ်း ဂုဏ်ယူပြီး ဂုဏ်ယူဝင့်ကြွားစွာနဲ့ လျှောက်ခဲ့တယ်။ ကျွန်မ တွေးမိတယ်။ “ငါက ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ တခြား အသင်းတော် ခေါင်းဆောင်တွေထက် ပိုတော်ပြီး ပိုအရည်အချင်းရှိတယ်။ ငါ ခဏလေး ပံ့ပိုးပေးခဲ့တဲ့ အသင်းတော်တွေအားလုံးက ရလဒ်တွေ သိသာတယ်။ ကြည့်ရတာ ငါ တကယ်ပဲ အသင်းတော်မှာ ပါရမီရှိတဲ့ အုပ်ချုပ်သူတစ်ယောက် ဖြစ်ပုံပဲ”လို့ပေါ့။ ဒီလိုနဲ့၊ ခုနစ်နှစ်ဆက်တိုက် အသင်းတော် ခေါင်းဆောင်အနေနဲ့ ကျွန်မ အစေခံခဲ့တယ်။ ကျွန်မ စိတ်နှလုံးထဲမှာ ကျွန်မက ခေါင်းဆောင်မှုအတွက် အရမ်းသင့်တော်တယ်လို့ ခံစားခဲ့တယ်။ ဒါကြောင့် ကျွန်မ ပိုပိုပြီး မာနထောင်လွှားလာခဲ့တယ်။

၂၀၁၅ ဆောင်းရာသီမှာ၊ အစ်မ စီယုနဲ့ ကျွန်မက အသင်းတော် အလုပ်အတွက် တာဝန်ယူဖို့ တွဲရတယ်။ သူက ဘုရားကို ယုံကြည်တာ ကျွန်မထက် ပိုကြာပြီး သူ့တာဝန်တွေကို တာဝန်သိသိနဲ့ ဝန်တာစိတ်ထားပြီး လုပ်ခဲ့တယ်။ ဒါပေမဲ့ သူနဲ့ အချိန်အတန်ကြာ ဆက်ဆံပြီးတဲ့နောက်မှာ၊ သူ့ရဲ့ ချင့်ချိန်နိုင်စွမ်းနဲ့ သမ္မာတရားကို မိတ်သဟာယပြုတာက ကျွန်မလောက် မကောင်းတဲ့အပြင် သူ့တာဝန်တွေကို လုပ်ရာမှာ သူ့ရဲ့ ကျွမ်းကျင်မှုကလည်း ကျွန်မလောက် မမြင့်တာကို တွေ့ခဲ့ရတယ်။ ကျွန်မရဲ့ အတွင်းစိတ်နှလုံးထဲကနေ သူ့ကို အထင်သေးခဲ့တယ်။ အရင်က တာဝန်အမျိုးမျိုးကို သူ ထမ်းဆောင်ခဲ့ပေမဲ့ ကျွန်မက သူ့ထက် ပိုတော်နေတုန်းပဲလို့ တွေးပြီးတော့ပေါ့။ တစ်ခါ၊ ညီအစ်ကိုတစ်ယောက်ပြောတာ ကျွန်မ ကြားတယ်။ ဧဝံဂေလိ ဖြန့်ဝေတဲ့နေရာမှာ ဘာရလဒ်မှ သူ မရဘဲ အခက်အခဲထဲမှာ အသက်ရှင်နေခဲ့ရတုန်းက စီယုက အဲဒီပြဿနာကို အဲဒီအချိန်မှာ မရိပ်စားမိခဲ့ဘူး။ ပြီးတော့ သူ့ရဲ့ မိတ်သဟာယနဲ့ ဖြေရှင်းချက်က မထိရောက်ခဲ့ဘူးတဲ့။ ဒီအခြေအနေကို သိပြီးတဲ့နောက်မှာ ကျွန်မစိတ်နှလုံးထဲမှာ စီယုအပေါ် တော်တော်ကြီးကို အထင်သေးခဲ့တယ်။ ပြီးတော့ ကျွန်မတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေရှေ့မှာ သူ့ကို ဒီလိုပြောပြီး ကျယ်ကျယ်လောင်လောင် အပြစ်တင်ဆုံးမခဲ့တယ်။ “အစ်မလို မိတ်သဟာယမျိုးနဲ့ ဘယ်လိုလုပ် ပြဿနာတွေကို အစ်မ ဖြေရှင်းနိုင်မှာလဲ။ ညီအစ်ကို မောင်နှမတွေက ဘယ်လိုလုပ် လမ်းခရီး ရှာတွေ့နိုင်မှာလဲ”လို့ပေါ့။ စီယုက ခေါင်းညိတ်ပြီး ညင်ညင်သာသာ ပြောတယ်။ “အဲဒါက ကျွန်မရဲ့ မကောင်းတဲ့ မိတ်သဟာယကြောင့် ဖြစ်တာပါ”တဲ့။ အဲဒီတုန်းက ကျွန်မက ကိုယ့်ပြဿနာကိုယ် သတိမပြုခဲ့ရုံမက ခွင့်မလွှတ်တတ်ခဲ့တဲ့အပြင် သူ့ကို ဆက်ဝေဖန်ခဲ့တယ်။ ကျွန်မ စိတ်နှလုံးထဲမှာ တွေးမိတယ်။ “နင်က ဘာမှဖြစ်ဖြစ်မြောက်မြောက်ကို မရှိဘူး။ အထွေထွေကိစ္စတချို့ကို နင်မကိုင်တွယ်ခဲ့ရင်၊ ငါတို့ နင်မပါဘဲ လုပ်လို့ရတယ်”လို့ပေါ့။

၂၀၁၆ ဖေဖော်ဝါရီလမှာ၊ တရားဟောဆရာနဲ့ လုပ်ဖော်ကိုင်ဖက်တွေ တွေ့ကြတဲ့ အစည်းအဝေးတစ်ခုမှာ၊ တရားဟောဆရာက မေးခွန်းတစ်ခု မေးတော့ စီယုက ပထမဆုံး ဖြေခဲ့တယ်။ ကျွန်မ စိတ်နှလုံးထဲမှာ ဝမ်းမသာဘဲ “ငါ့ရဲ့ ကျော်ကြားမှုကို နင်ခိုးဖို့ ကြိုးစားနေတာလား။ ဒီမှာ ငါရောက်နေပြီး ငါတောင် စကားမပြောရသေးဘူး။ ဘယ်လိုဖြစ်ပြီး နင်စကားပြောရမဲ့ အလှည့်ရောက်သွားရတာလဲ” လို့ တွေးမိတယ်။ အဲဒီနောက်မှာ သူ့စကားကို ဖြတ်ပြီး ကျွန်မအရင်ဦးအောင်ပြောလိုက်တယ်။ ဒီအချိန်မှာပဲ၊ စီယုက ပြောတယ်။ “အစ်မကြောင့် ဘောင်ခတ်သလို ခံစားရတယ်”တဲ့။ ကျွန်မ ချက်ချင်း ဒေါသထွက်သွားတယ်။ “နင့်က တရားဟောဆရာနဲ့ သင်းထောက်တချို့ရှေ့မှာ ငါ့ကို မကောင်းပြောနေတယ်။ ငါ သိက္ခာကျအောင် လုပ်နေတယ်။ အနာဂတ်မှာ ငါ ဘယ်လိုလုပ် ဒီအသင်းတော်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်မှာလဲ။ လူတိုင်းက ငါ့ကို ဘယ်လို မြင်ကြမလဲ”လို့ တွေးပြီးတော့ပေါ့။ ကျွန်မ ဒေါသတကြီး ပြောလိုက်တယ်။ “ကျွန်မက အစ်မကို ဘယ်လိုပုံစံနဲ့ ဘောင်ခတ်နေလို့လဲ”ပေါ့။ စီယုက စကားထပ်မပြောရဲဘူး။ အဲဒီအချိန်ကစပြီး သူ့အပေါ် ကျွန်မ အာဃာတ ထားခဲ့တယ်။ စုဝေးပွဲတစ်ခုမှာ၊ စီယုရဲ့ မိတ်သဟာယက နည်းနည်း ရှည်သွားတော့၊ ကျွန်မ ချက်ချင်း စိတ်ဆိုးလာမိတယ်။ သူ့ကို စကားဖြတ်ပြီး မကျေမနပ် ပြောလိုက်တယ်။ “အတိုချုပ်ပဲ ပြောပါ။ အရမ်းကြီး အသေးစိတ် မလုပ်ပါနဲ့။ အစ်မက အချိန်ဖြုန်းနေတာပဲ”လို့ပေါ့။ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အစည်းအဝေးတွေမှာတောင် ကျွန်မက သူ့ထက် ပိုတော်တယ်ဆိုတာပြဖို့ လုပ်ဖော်ကိုင်ဖက်တချို့ရှေ့မှာ သူ့ကို ကျွန်မ တမင်ဝေဖန်တယ်၊ အရှက်ရအောင် လုပ်ခဲ့တယ်။ တာဝန်တွေကို သူ ထမ်းဆောင်ရာမှာ သွေဖည်တာတွေကို ကျွန်မ သတိပြုမိတဲ့အခါလည်း သူ့ကို ဝေဖန်ခဲ့တယ်။ ဒီအရာအားလုံးက သူ့ကို ပိုလို့တောင် ဘောင်ခတ်သလို ခံစားရအောင် လုပ်ခဲ့တယ်။ အဲဒီနောက် စုဝေးပွဲတွေမှာ စီယုရဲ့ မိတ်သဟာယက နည်းသွားပြီး စကားပြောနေတုန်း သူက ကျွန်မရဲ့ တုံ့ပြန်ချက်တွေကို အမြဲ စောင့်ကြည့်တယ်။ ပြီးတော့ ကျွန်မမရှိတုန်း ကိစ္စတွေ ပေါ်လာတဲ့အခါ၊ သူ ဘာဆုံးဖြတ်ချက်မှ မချရဲခဲ့ဘူး။ သင်းထောက်တချို့ကလည်း သူတို့ ပြဿနာတစ်ခုခုကို ဖြေရှင်းပေးဖို့ ကျွန်မကို တိုက်ရိုက်တိုင်ပင်ကြတယ်။ အသင်းတော်ထဲက ကိစ္စတိုင်းကို ကျွန်မ စီမံရပြီး ကျွန်မပဲ ဆုံးဖြတ်ချက်ချခဲ့ရတယ်။ အဲဒီအချိန်မှာ ကျွန်တော် နည်းနည်း စိတ်မသက်မသာ ခံစားခဲ့ရပေမဲ့၊ ကျွန်မလုပ်နေတာက အသင်းတော်အလုပ်ကို ထိန်းသိမ်းဖို့ဖြစ်တယ်၊ ဝန်ထုပ်တစ်ခု၊ တာဝန်သိစိတ်နဲ့ လုပ်တာပဲလို့လည်း ခံစားခဲ့တယ်။ ပြီးတော့ ဒီအသင်းတော်ကို ကျွန်မ ရောက်လာကတည်းက၊ အသင်းတော် အသက်တာက တကယ် တိုးတက်ခဲ့ပြီး အလုပ်အမျိုးမျိုးက တိုးတက်တာဖြစ်ခဲ့တယ်။ ကျွန်မ လုပ်ခဲ့တာက အပြုသဘောဆောင်တယ်လို့ ယုံခဲ့တယ်။ ဒါကြောင့် အဲဒါနဲ့ပတ်သက်လို့ ကျွန်မ အများကြီးထပ် မစဉ်းစားခဲ့ဘူး။ အဲဒီနောက်ပိုင်း အရင်အတိုင်း ဆက်လုပ်ခဲ့တယ်။ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ညီအစ်ကို မောင်နှမတွေက သူတို့တာဝန်တွေမှာ အမှားလေးတွေလုပ်မိတာ တွေ့တဲ့အခါတိုင်း ကျွန်မက အထက်စီးကနေ သူတို့ကို ပြစ်တင်မောင်းမဲခဲ့တယ်။ ညီအစ်ကို မောင်နှမတွေက သူတို့ကို ကျွန်မ ပြုပြင်မှာ စိုးကြပြီး နောက်ထပ် မစုဝေးချင်ကြတော့ဘူး။ ကျွန်မ တွဲလုပ်ရတဲ့ ညီအစ်မက ကျွန်မရဲ့ ဘောင်ခတ်မှုကြောင့် အချိန်အတော်ကြာ စိတ်ဓာတ်ကျနေခဲ့တယ်။ ငိုးပြီး နုတ်ထွက်ချင်နေခဲ့တယ်။ ဒီရလဒ်ကို ကျွန်မမြင်တဲ့အခါ၊ အတော်လေး အပြစ်တင်တာခံစားရတယ်။ တခြားလူတွေကို အမြဲ ပြစ်တင်မောင်းမဲပြီး ဝေဖန်တာက မသင့်တော်ဘူးလို့ သဘောပေါက်မိတယ်။ ဒါပေမဲ့ နောက်တော့ “နင်တို့ကောင်းဖို့အတွက် ဒါကို ငါ လုပ်တာ။ ငါ့မှာ မကောင်းတဲ့ ရည်ရွယ်ချက် တစ်ခုမှ မရှိဘူး”လို့ တွေးမိတယ်။ ဒီလိုတွေးပြီးတော့ ကျွန်မ စိတ်နှလုံးထဲက ကျန်နေတဲ့ အပြစ်တင်စိတ်တစ်ခုတလေက ပျောက်သွားတယ်။

၂၀၁၆ စက်တင်ဘာလမှာ ကျွန်မတို့အသင်းတော်နဲ့အတူ နောက်ထပ်အသင်းတော်တစ်ပါး လာပေါင်းပြီး အဲဒီအသင်းတော်ကနေ ချန်ကျင်းနဲ့ ကျင်းလုဆိုတဲ့ ညီအစ်မနှစ်ယောက်က အဖွဲ့ခေါင်းဆောင်တွေ ဖြစ်လာတယ်။ အဲဒီအချိန်မှာ ရေလောင်းတာနဲ့ပတ်သက်လို့ အဖွဲ့ခေါင်းဆောင်တစ်ယောက်ကို ကျွန်မတို့ ပြုစုပျိုးထောင်ပေးဖို့လိုခဲ့တယ်။ အစ်မ ကျောက်ယွီကို ကျွန်မတို့ စဉ်းစားမိတယ်။ သမ္မာတရားနဲ့ပတ်သက်လို့ သူ့မိတ်သဟာယက ချို့တဲ့ပေမဲ့ သူက အားကိုးလို့ရသလို၊ ဝန်တာစိတ်ရှိတယ်၊ တကယ့်အလုပ်တချို့ကို လုပ်နိုင်တယ်။ ဒီတော့ သူ့ကို ကျွန်မတို့ ပျိုးထောင်ချင်ခဲ့တယ်။ ကျင်းလုက သိသွားတော့ သူ့မှာ ကန့်ကွက်စရာတချို့ ရှိခဲ့တယ်။ ယုံကြည်ခြင်းမှာ အတော်လေး စိမ်းနေပြီး ပိုအသက်ငယ်ပေမဲ့ တခြားညီအစ်မတစ်ယောက်က တိုးတက်မှုအတွက် အလားအလာပိုရှိပြီး ကျောက်ယွီထက် ပိုသင့်တော်တယ်လို့ သူယုံကြည်ခဲ့တယ်။ စီယုက ပြန်လာပြီးတော့ ဒါကို ကျွန်မဆီ လာအကြောင်းကြားတယ်။ ကျွန်မ စိတ်နှလုံးထဲမှာ ချက်ချင်းပဲ ဒေါသတလိပ်လိပ်တက်လာတယ်။ “ဒါက ငါ တာဝန်ယူတဲ့ အသင်းတော်ဆိုတော့ ငါ့မှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ ဒါတောင် နင်က ကိုယ်နဲ့မဆိုင်တာ ဝင်စွက်ဖက်နေတယ်။ နင်က တခြားအသင်းတော်ကလာတာတောင် ငါ့တာဝန်နဲ့ဆိုင်တဲ့ နယ်ပယ်မှာ ပြောင်ပြောင်တင်းတင်း နှောင့်ယှက်ပြီး အဖျက်အ‌မှောင့်လုပ်နေတာပဲ။ နင့်ကိုတာဝန်ကို ငါလုပ်ခွင့်ပေးမှာ မဟုတ်ဘူး။ ပြီးတော့ နောက်ထပ် နှောင့်ယှက်တာဖြစ်ဖြစ်၊ အဖျက်အမှောင့်လုပ်တာဖြစ်ဖြစ် မလုပ်နိုင်အောင် နင့်ကို ခွဲထားမယ်။ ဒါဟာ ငါ့ပိုင်နက်ပဲ။ ငါ့စကား နားမထောင်ရင် ထွက်သွားလို့ရတယ်။ ငါတို့ အသင်းတော်မှာ နင်နေလို့မရဘူး” လို့ ကျွန်မ တွေးနေမိတယ်။ သင်းထောက်တချို့ကို ကျွန်မ ဒေါသနဲ့ ပြောခဲ့တယ်။ “ကျင်းလုက အလုပ်ကို အဖျက်အမှောင့်လုပ်နေတယ်။ ဒီနေရာကို သူ နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်နေတာ တားဆီးဖို့ သူ့တာဝန်တွေကို ရပ်ပြီး ခွဲထားလိုက်ကြ”လို့ပေါ့။ အဲဒီအချိန်မှာ ညီအစ်မတစ်ယောက်က ကျွန်မကို သတိပေးတယ်။ “အစ်မ လုပ်နေတာ မသင့်တော်ဘူး။ သူတစ်ခုခု အမှားလုပ်မိရင်၊ သူနဲ့ ကျွန်မတို့ မိတ်သဟာယပြုပြီး လမ်းပြမှု ပေးသင့်တယ်။ ဒီလို ကိုင်တွယ်တာက ဖယ်ကြဉ်တာနဲ့ တူတယ်”တဲ့။ ကျွန်မဘာသာ တွေးမိတယ်။ “သူက ငါတို့ အသင်းတော်နဲ့တောင် ဆိုင်တာ မဟုတ်ဘူး။ ဘယ်သူ့ကို ပျိုးထောင်ပေးသင့်တယ်၊ မပေးသင့်ဘူးဆိုတာကို ငါ ဘယ်လိုလုပ် မသိရမှာလဲ။ ပြီးတော့ ကျောက်ယွီမှာ အားနည်းချက်တွေရှိပေမဲ့ သူက အားကိုးလို့ရသလို တကယ့်အလုပ်ကို လုပ်နိုင်တယ်။ ကျင်းလုကိုတော့ ငါ သည်းမခံနိုင်တော့သလို သူနဲ့ မိတ်သဟာယ မပြုချင်ပါဘူး”လို့ပေါ့။ နောက်ပိုင်းမှာ၊ အသင်းတော် မောင်နှမတွေကို အသိမပေးဘဲ ကျွန်မက ကျင်းလုကို သီးခြားခွဲထားလိုက်တယ်။

ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားက ပိုပိုပြီး ကြီးလာတော့ တချို့ ညီအစ်ကို မောင်နှမတွေက ကျွန်မကို တိုင်ကြတယ်။ အကျိုးဆက်အနေနဲ့ အထက်ခေါင်းဆောင်က အခြေအနေကို စုံစမ်းစစ်ဆေးဖို့ တစ်ယောက်ယောက်ကို စီစဉ်ခဲ့ပြီး၊ ညီအစ်ကို မောင်နှမတွေဆီက ရတဲ့ တိုင်ကြားစာကို ကျွန်မကို ဖတ်ပြတယ်။ မာနထောင်လွှားတာ၊ ကိုယ်မှန်တယ်ထင်တာ၊ တခြားလူတွေကို ပြစ်တင်မောင်းမဲပြီး ချုပ်ချယ်တာတွေနဲ့ဆိုင်တဲ့ ကျွန်မရဲ့ မပြောင်းလဲတဲ့ စိတ်သဘောထားနဲ့ပတ်သက်လို့ ကျွန်မကို မကောင်းတဲ့ လူ့သဘာဝရှိတဲ့ အယောင်ဆောင် ခေါင်းဆောင်အနေနဲ့ သတ်မှတ်လိုက်ပြီး ဖယ်ရှားလိုက်ကြတယ်။ ဒီအရာအားလုံးကို ကြားတော့ ကျွန်မ လုံးဝ လက်မခံနိုင်ခဲ့ဘူး။ ကျွန်မ ကိုယ့်ဘာသာတွေးမိတယ်။ “ငါ ဘယ်လိုလုပ်ပြီး အထုတ်ခံရတာလဲ။ ငါက အလုပ်လုပ်ပြီး ငါ့ကိုယ်ငါ အသုံးခံရင်းနဲ့ ငါ့နေ့ရက်အချိန်တွေကို ကုန်ဆုံးပြီးတော့ ဆယ်နှစ်ကျော် ဘုရားကို ယုံကြည်ပြီးပြီ။ အသင်းတော်ထဲမှာ ငါက အရာရာရဲ့ ရှေ့မှာ အမြဲ ရှိခဲ့တာ။ ဘယ်လိုလုပ် ထုတ်ပယ်ခံရနိုင်တာလဲ”လို့ပေါ့။ ကျွန်မ အရမ်းမတရားခံရသလို ခံစားခဲ့ရပြီး အိမ်ကို လမ်းလျှောက်ရင်းနဲ့ မျက်ရည်တွေက ထိန်းမရအောင် ကျနေခဲ့တယ်။ အဲဒီတုန်းက အလုပ်ကို လွှဲယူဖို့ ဘယ်သူ့ကိုမှ တာဝန်မပေးခဲ့ဘူး။ ဒါကြောင့် တချို့အလုပ်တာဝန်တွေကို ကျွန်မ ယာယီ ပူးပေါင်းလုပ်ခဲ့တယ်။ ဒါကို နောင်တအတွက် ဘုရားပေးတဲ့ အခွင့်အရေးတစ်ခုလို့ ကျွန်မ မတွေးခဲ့ဘူး။ အဲဒီအစား၊ ကျွန်မ အထုတ်ခံခဲ့ရပေမဲ့ အလုပ်ဆက်လုပ်နိုင်သေးတယ်။ အသင်းတော်က ကျွန်မမရှိဘဲနဲ့ မဖြစ်နိုင်တဲ့ပုံပဲလို့ တွေးခဲ့တယ်။ မကြာခင်မှာ၊ အသင်းတော်ကို ထပ်ဦးဆောင်ရမှာပဲပေါ့။ အဖွဲ့စုဝေးပွဲလေးတစ်ခုမှာ ညီအစ်မတစ်ယောက်က ကျွန်မကို ပြောတယ်။ “ဒီရက်တွေမှာ အစ်မက ပိုပိန်လာသလိုပဲ”တဲ့။ ကျွန်မက ပြောလိုက်တယ်။ “ကျွန်မကိုယ်ကျွန်မ သုံးသပ်ပြီး အိမ်မှာ ဝတ်ပြုခြင်းနဲ့ဆိုင်တဲ့ မှတ်စုတွေ ရေးနေခဲ့တာလေ။ စာရေးနေတုန်း ကျွန်မကိုယ်ကျွန်မ မုန်းမိပြီး ငိုမိတယ်”လို့ပေါ့။ အဲဒီညီအစ်မက ပြောတယ်။ “အစ်မက သမ္မာတရားကို တကယ် လိုက်စားတာပဲ။ ဖယ်ရှားခံရပြီးတဲ့နောက်မှာတောင် ဝတ်ပြုခြင်းနဲ့ဆိုင်တဲ့ မှတ်စုတွေ ရေးသေးတယ်”တဲ့။ တခြားနှစ်ယောက်က ပြောတယ်။ “အစ်မရေ၊ အစ်မက အများကြီး သည်းညည်းခံပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံနိုင်တယ်။ အစ်မ ဖယ်ရှားခံရတာကို ကျွန်မတို့ လက်ခံလို့မရဘူး။ ခေါင်းဆောင်က တကူးတက စုဝေးပြီး ကျွန်မတို့ကို မိတ်သဟာယပြုခဲ့တယ်”တဲ့။ ကျွန်မက သူတော်ကောင်းယောင်ဆောင်ပြီး ပြောလိုက်တယ်။ “ကျွန်မကအယောင်ဆောင် ခေါင်းဆောင်ဖြစ်ပြီး ဖယ်ရှားခံရထိုက်ပါတယ်။ အစ်မတို့က ကျွန်မဘက်မှာ မရပ်တည်သင့်ဘူး။ သမ္မာတရားဘက်မှာ ရပ်တည်သင့်တယ်”လို့ပေါ့။ ဒါပေမဲ့ စိတ်ထဲမှာတော့ ကျွန်မ အရမ်းပျော်နေတာ။ “ညီအစ်ကို မောင်နှမတွေက ငါ့အကြောင်းကို သိပြီး ငါ မတရားခံရတာကို သိသွားတဲ့ပုံပဲ။ အသင်းတော်မှာ ငါ အလုပ်အများကြီး လုပ်ခဲ့တာ သူတို့ သိတယ်။ ငါ့ရဲ့ တွဲဖက် ညီမကို အထက်ခေါင်းဆောင်တွေက ထုတ်လို့ရပေမဲ့ ငါ့ကိုတော့ သူတို့ မထုတ်ပယ်သင့်ဘူး”လို့ပေါ့။ အဲဒီနေ့မှာ ကျွန်မကို ဖတ်ပြခဲ့တဲ့ တိုင်ကြားစာ အများစုက ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေဆီက ဖြစ်မှန်းကိုလည်း ကျွန်မ တွေးမိတယ်။ ဒါက ကျွန်မကို ပိုလို့တောင် အတိုက်အခံဖြစ်စေပြီး လက်ခံဖို့ မလိုမလားဖြစ်မိတယ်။ သူတို့ကိုယ်ကျိုးအတွက် သူတို့ကို ကျွန်မပြုပြင်ခဲ့တာလေ။ ဒါပေမဲ့ ကျွန်မက သူတို့ကို ပြစ်တင်မောင်းမဲခဲ့တယ်လို့ သူတို့ပြောပြီး ကျွန်မကို ဖော်ကြတယ်။ ကျွန်မ ဖယ်ရှားခံရအောင် လုပ်ကြတယ်။ အပြုသဘောဆောင်တဲ့ အရာတွေကို ကျွန်မလုပ်ခဲ့တာ သိသာပေမဲ့ သူတို့ မမြင်ကြဘူး။ ဘာအသိအမှတ်မှမပြုခံရဘဲ ကျွန်မ တကယ် အလုပ်ကြိုးစားခဲ့တာ။ အနာဂတ်မှာ သူတို့ပြဿနာတွေကို ကျွန်မ ထောက်ပြမှာ မဟုတ်တော့သလို၊ ကျွန်မ မရှိဘဲ သူတို့ ဘယ်လို စီမံမလဲ ကြည့်ရတာပေါ့။ အဲဒီကာလမှာ၊ အပြင်ပန်းမှာတော့ ကျွန်မက ကျွန်မတာဝန်တွေကို ထိန်းသိမ်းပေမဲ့ စိတ်ထဲမှာတော့ အတိုက်အခံဖြစ်ပြီး ရုန်းကန်နေခဲ့တယ်။ ကျွန်မကို ဖော်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေအပေါ် အမုန်းတရားတွေ တေးထားခဲ့တယ်။ သူတို့ ကျွန်မကို စကားပြောတဲ့အခါ ကျွန်မ လျစ်လျူရှုတယ်၊ စုဝေးပွဲတွေမှာ ကျွန်မ စကားမပြောသလောက်ပဲ။ သူတို့က ကျွန်မကြောင့် ဘောင်ခတ်ခံရတယ်။ အမြဲ ကျွန်မရဲ့ အမူအရာကို စောင့်ကြည့်ပြီး စုဝေးပွဲတွေက မထိရောက်ခဲ့ဘူး။ ဒီအဖြစ်ကို မြင်တော့၊ ကျွန်မမှာ နောင်တတစ်စက်မှ မရှိရုံမက၊ ကျွန်မ ခံစားရတဲ့ နာကျင်မှုက သူတို့ရဲ့ တိုင်ကြားချက်တွေနဲ့ ဖော်ထုတ်မှုကြောင့်ဖြစ်တာလို့ တကယ် ခံစားခဲ့တယ်။ သူတို့ မသိနားမလည်ဘဲ လုပ်ခဲ့ကြတာပဲ။ ညီအစ်ကို မောင်နှမတွေရှေ့မှာတောင် ကျွန်မ မကျေနပ်တာ ဖွင့်ထုတ်ခဲ့တယ်။ “ကျွန်မ အထုတ်ခံရပြီး သူတို့က လုပ်ဖော်ကိုင်ဖက် အစည်းအဝေးတွေကို တက်ဖို့ ကျွန်မကို တောင်းဆိုနေတုန်းပဲ။ ကျွန်မ ခေါင်းဆောင် မဟုတ်တော့ဘူးဆိုတော့ ဘာလို့ သွားရမှာလဲ”လို့ ပြောပြီးတော့ပေါ့။ ကျွန်မဘာသာတောင် တွေးမိတယ်။ “ငါ အထုတ်ခံလိုက်ရပြီးတာတောင် သူတို့က ဟိုဟာ၊ ဒီဟာ လုပ်ဖို့ တောင်းဆိုနေကြသေးတယ်။ အရာရာက ငါ့အပေါ် မူတည်နေတုန်းပဲ”လို့ပေါ့။ တစ်လအကြာမှာ၊ ကျွန်မ အထုတ်ခံရပြီးတဲ့နောက် ကျွန်မကိုယ်ကျွန်မ မသုံးသပ်ခဲ့တဲ့အပြင် ညီအစ်ကို မောင်နှမတွေကို မကျေနပ်တာတောင် ထုတ်ပြောနေတယ်ဆိုတာကို ခေါင်းဆောင်ပိုင်းက သိသွားတယ်။ ဒါကြောင့် သူတို့က ကျွန်မကို မိတ်သဟာယပြုပြီး ဖော်ထုတ်တယ်။ ဒါပေမဲ့ ကျွန်မက အဲဒါကို လက်မခံခဲ့ဘဲ အခြေအနေကို တိုင်ကြားခဲ့တဲ့ ညီအစ်မအပေါ် အာဃာတ ထားခဲ့တယ်။ “ငါက နင့်ကို ယုံကြည်ခဲ့တာ၊ နင်ကတော့ ငါ့ပြဿနာတွေကို တိုင်ပြီးတော့ ငါ့ကို သစ္စာ‌ဖောက်ခဲ့တယ်။ နင့်ကို ထပ်တွေ့တဲ့အခါ သေချာပေါက် ဝေဖန်မှာ”လို့ တွေးပြီးတော့ပေါ့။ စုဝေးပွဲတစ်ခုမှာ၊ အဲဒီညီအစ်မကို ကျွန်မ ဒေါသတကြီး စွပ်စွဲတယ်။ “နင့်ကို ငါ လုံးဝ ထပ်ပြီး စိတ်ချယုံကြည်မှာ မဟုတ်ဘူး။ ငါ့ရဲ့ ဖောက်ပြန်ပျက်စီးမှုတချို့ကို ပြောပြတဲ့အတွက် နင်က ငါ့ကို တိုင်ခဲ့တယ်”လို့ ပြောပြီးတော့ပေါ့။ အဲဒီညီအစ်မက ထိုင်ပြီး အကူအညီမဲ့နေခဲ့တယ်။ နောက်တော့ မကျေနပ်တဲ့စိတ်နဲ့ ကျွန်မ ပြောလိုက်တယ်။ “ငါ လုံးဝ ထပ်ပြီး ဦးဆောင်မှာမဟုတ်ဘူး။ သူတို့ ငါ့ကို ထုတ်ပြီး အိမ်ပြန်ခွင့်မပေးဘူး၊ ဒီမှာပဲကိုယ့်ကိုယ်ကိုယ် အရှက်ရခိုင်းတယ်။ တုံးနေတဲ့ ဓားနဲ့ အထိုးခံနေရသလိုမျိုးပဲ”လို့ပေါ့။ ဒါကို ကြားတော့ လုပ်ဖော်ကိုင်ဖက်တွေက ကျွန်မကို တအံ့တဩ ကြည့်ကြတယ်။ စုဝေးပွဲက ကျွန်မကြောင့် ထပ်ပြီး ဖရိုဖရဲ ဖြစ်သွားပြန်တယ်။ နောက်ပိုင်းမှာ ကျွန်မနဲ့တွဲလုပ်တဲ့ ညီအစ်မက ဒါဟာ အပျက်သဘောကို ဖွင့်ထုတ်တာဖြစ်တယ်လို့ ကျွန်မကို သတိပေးတယ်။ ဒါပေမဲ့ ကျွန်မ အဲဒါကို လုံးဝ နားမလည်ခဲ့ဘူး။

အဲဒီအချိန်မှာ၊ အထုတ်ခံရတာကု ကျွန်မ အတိုက်အခံဖြစ်ပြီး လက်ခံဖို့ မလိုမလားဖြစ်ခဲ့တယ်။ မကျေနပ်ချက်တွေ ဖြန့်တယ်။ အပျက်သဘောကို ဖွင့်ထုတ်ပြီး အသင်းတော် အသက်တာကို နှောင့်တယ်၊ အဖျက်အမှောင့်လုပ်တယ်။ နှစ်လကြာပြီးတဲ့နောက်မှာ၊ အသင်းတော် အလုပ်ကို ကျွန်မ နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်တဲ့ အဖြစ်အပျက် နှစ်ဆယ်ကျော်ကို ညီအစ်ကို မောင်နှမတွေက ဖော်ထုတ်ခဲ့ကြတယ်။ ညီအစ်ကို မောင်နှမတွေ ရေးထားတဲ့ စွပ်စွဲချက်တွေ တစ်ခုပြီးတစ်ခု နားထောင်ရင်းနဲ့ ကျွန်မ အရမ်းကို ကသိကအောက်ဖြစ်ပြီး ပျောက်ကွယ်သွားလိုက်ချင်တယ်။ ခေါင်းဆောင်က၊ “ညီအစ်ကို မောင်နှမတွေဆီက တိုင်ကြားချက်တွေကနေတစ်ဆင့်၊ အစ်မက အသင်းတော်မှာရှိတဲ့ တခြားလူတွေကို တစ်သမတ်တည်း ဘောင်ခတ်တယ်၊ ပြစ်တင်မောင်းမဲပြီး အပြစ်တောင်ပေးတယ်ဆိုတာ ကျွန်မတို့ တွေ့ရတယ်။ အစ်မက ထင်ရာမြင်ရာနဲ့ မဆင်မခြင် ပြုမူဆောင်ရွက်ခဲ့တယ်။ ပြီးတော့ ညီအစ်ကို မောင်နှမတွေကို အစ်မ ဘောင်ခတ်ခဲ့တယ်။ အသင်းတော်မှာ အစ်မက ထင်ရာစိုင်းခဲ့တယ်။ ဖယ်ရှားခံရပြီးတဲ့နောက်မှာ၊ အစ်မက အတိုက်အခံလုပ်ပြီး မကျေမနပ်ဖြစ်နေတုန်းပဲ။ အသင်းတော် အသက်တာကို အဖျက်အမှောင့်လုပ်တယ်၊ တခြားလူတွေကို အထင်အမြင်မှားအောင် အယူအဆတွေ ဖြန့်တယ်။ ပြီးတော့ ညီအစ်ကိုမောင်နှမတွေ အစ်မဘက်က ရပ်တည်အောင် လုပ်တယ်။ အစ်မရဲ့ လုပ်ရပ်တွေအရ၊ အစ်မက အန္တိခရစ်တစ်ယောက်အနေနဲ့ အသင်းတော်ကနေ အထုတ်ခံရတာပဲ”တဲ့။ အဲဒီအချိန်မှာ ကျွန်မ လုံးဝ မှင်တက်သွားတယ်။ ဒါက ကျွန်မ လုံးဝ စိတ်မကူးမိခဲ့တဲ့ အရာတစ်ခုလေ။ ကျွန်မက ဘုရားကို နှစ်တွေအများကြီး ယုံကြည်ခဲ့ပြီးပြီဖြစ်ပေမဲ့ အဲဒီလိုနေရာတစ်ခုမှာ အဆုံးသတ်သွားရတယ်။ ကျွန်မ စိတ်နှလုံးက အရမ်းနာကျင်နေခဲ့ပြီး၊ ကောင်းကင် ပြိုကျနေသလိုမျိုး ခံစားရတယ်။ ငိုတာကလွဲလို့ ဘာလုပ်ရမှန်း မသိခဲ့ဘူး။ ဘုရားမရှိဘဲနဲ့ ရှေ့မှာ ဘာလမ်းကြောင်း ရှိနေလို့လဲ။ အဲဒီအကြောင်းကို ကျွန်မ တွေးတောင်မတွေးရဲဘူး။ ဘုရားနဲ့ပတ်သက်တဲ့ ကျွန်မဘဝ အဆုံးသတ်လာသလိုမျိုး ခံစားရတယ်။ နောက်ရက်တွေမှာ၊ ဘုရားဆီ ကျွန်မ ဆုတောင်းတဲ့အခါ၊ သူက အရမ်းဝေးနေတယ်လို့ ခံစားရတယ်။ သူ့မျက်မှောက်တော်ကို မခံစားရတော့ဘူး။ ဘုရားနှုတ်ကပတ်တော်တွေကို ရောက်တတ်ရာရာ လှန်လှောနေမိခဲ့တယ်။ စိတ်ထဲမှာ အမှောင်နဲ့ အနှစ်မဲ့မှုကို ခံစားရပြီး သူ့နှုတ်ကပတ်တော်တွေကို စားသောက်တာက ဘာအလင်းမှ မပေးဘူး။ ဘုရားနှုတ်ကပတ်တော်မှာ လမ်းကြောင်းတစ်ခု ကျွန်မ ရှာတွေ့ချင်ခဲ့ပေမဲ့၊ ဒီနေ့က အတိတ်နဲ့ မတူဘူးလို့ ခံစားရတယ်။ ကျွန်မက ဘုရားအိမ်တော်သားတစ်ယောက် မဟုတ်တော့တဲ့အပြင် သူက ကျွန်မကို အလိုမရှိတော့ဘူး။ ဒီတော့ နေ့တိုင်းက အမြဲ ကြောက်ရွံ့ရတဲ့ အခြေအနေတစ်ခုနဲ့ ကုန်သွားတယ်။ နောက်တော့ ကျွန်မ ရောဂါ ဝင်လာတယ်။ အဲဒီအချိန်အတောအတွင်းမှာ၊ နေ့တိုင်း စွပ်ပြုတ်ကျဲကျဲတစ်ခွက်ပဲ သောက်ခဲ့ရတယ်။ စိတ်ဆင်းရဲပြီး ခဏခဏ ငိုနေမိတယ်။ လမ်းလျှောက်နေတဲ့ အလောင်းတစ်လောင်းလို တွေဝေပြီး အသက်ရှင်နေခဲ့တယ်။ ကျွန်မ ဆက်အသက်မရှင်နိုင်တော့သလိုမျိုး ခံစားရလို့ ဘုရားဆီ အရေးတကြီး ဆုတောင်းခဲ့တယ်။ တစ်မနက်မှာ၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် စိတ်ထဲ ဖျတ်ခနဲပေါ်လာတယ်။ “မိခင်တစ်ဦးက သူ၏ ကလေးကို နားလည်သည့်ပုံစံအတိုင်း လူတိုင်းကို ဘုရားသခင် နားလည်သည်။ လူတစ်ဦးစီ၏ အခက်အခဲများ၊ ၎င်းတို့၏ အားနည်းချက်များနှင့် လိုအပ်ချက်များကို သူနားလည်သည်။ ထိုထက်သာ၍ပင်၊ လူတို့က ၎င်းတို့၏ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု ဖြစ်စဉ်တွင် မည်သည့် အခက်အခဲများ၊ အားနည်းချက်များနှင့် ကျရှုံးမှုများ ရင်ဆိုင်ရလိမ့်မည်ကို ဘုရားသခင် နားလည်သည်။ ဤသည်တို့မှာ ဘုရားသခင်က အကောင်းဆုံး နားလည်သည့်အရာများ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏စိတ်သဘောထားပြောင်းလဲခြင်းအပေါ် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း) ဒါက ဘုရားရဲ့ ဉာဏ်အလင်းပေးတာဖြစ်မှန်း ကျွန်မ ရှင်းရှင်းလင်းလင်း သဘောပေါက်လိုက်တယ်။ ဘုရားက ကျွန်မကို လုံးဝ စွန့်ပစ်လိုက်တာ မဟုတ်ဘူးလို့ ခံစားရတယ်။ သူက ကျွန်မကို စောင့်ရှောက်ပြီး ကျွန်မဘေးမှာ ရှိနေတုန်းပဲ။ ကျွန်မ ငိုပြီး ဘုရားဆီ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်။ ဒီတော့ ကိုယ်တော်က ကျွန်မအပေါ် လက်မလျှော့သေးဘူးပေါ့။ ကိုယ်တော်က ကျွန်မဘေးမှာ ရှိနေတုန်းပဲ၊ ကျွန်မကို အဖော်ပြုပြီး ဦးဆောင်လမ်းပြနေတုန်းပဲ”လို့ပေါ့။ ဘုရားနှုတ်ကပတ်တော်တွေက အထူးသဖြင့် နှစ်သိမ့်စရာဖြစ်တယ်၊ ကျွန်မကို သေမင်းချောက်ကမ်းပါးစွန်းကနေ ပြန်ဆွဲခေါ်နေပြီး၊ ဆက်အသက်ရှင်ဖို့ သတ္တိပေးနေတယ်လို့ ခံစားရတယ်။ ကျွန်မ စိတ်နှလုံးက သိပ်မျှော်လင့်ချက်မဲ့မနေတော့ဘူး။ အဲဒီနောက်မှာ ကျွန်မအခြေအနေကို ပြောင်းလဲဖို့ ဘုရားဆီ စဆုတောင်းခဲ့တယ်။

တစ်နေ့မှာ “ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်ကို အသစ်တစ်ဖန် ကျွေးမွေးပြုစုသည်”လို့ ခေါင်းစဉ်တပ်ထားတဲ့ အတွေ့အကြုံဆိုင်ရာ ဓမ္မတေးတစ်ပုဒ်ကို ကျွန်မ ကြားရတယ်။ “၃ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်၏ နှလုံးသားအဖို့ ဓားတစ်စင်းကဲ့သို့ တရားစီရင်ခဲ့ပြီး ကျွန်ုပ် မည်သို့ အကြီးအကျယ် ဖော်ပြန်ပျက်စီးခဲ့ပြီးဖြစ်သည်ကို ကျွန်ုပ် မြင်ခဲ့ရ။ ကျွန်ုပ်သည် လူသားနှင့် မည်သည့်အရာမျှ မတူခဲ့။ ကျွန်ုပ်သည် အလွန် မာနထောင်လွှားခဲ့သည်မှာ မည်သည့် ဆင်ခြင်တုံတရား တစ်စက်မျှ သို့မဟုတ် ဘုရားသခင်အပေါ် မည်သည့် ကြောက်ရွံ့မှုနှင့် နာခံမှုမျှမရှိခဲ့ပေ။ ကျွန်ုပ်၏ စိတ်သဘောထား မပြောင်းလဲ့ခဲ့သေးပေ၊ ကျွန်ုပ်သည် စာတန်နှင့် သက်ဆိုင်ဆဲဖြစ်ခဲ့သည်၊ ကျွန်ုပ်သည် ဘုရားသခင်ကို ခုခံသည့် အမျိုးအစား အမှန်တကယ် ဖြစ်ခဲ့သည်။ ထပ်သလဲလဲဖြစ်သော တရားစီရင်ခြင်းနောက်တွင်မှ ကျွန်ုပ် နိုးထခဲ့သည်။ ထိုအခါမှ ကျွန်ုပ်၏ စိတ်နှလုံးတွင် နောင်တနှင့် မိမိကိုယ်ကိုယ် စက်ဆုပ်မှု ရှိခဲ့သည်။ နာကျင်မှုအလယ်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်၏ လဲကျသည့် အခြေအနေမှ နောက်တစ်ကြိမ် ထရပ်နိုင်စေရင်း၊ ကျွန်ုပ်ကို နှစ်သိမ့်ကာ ခွန်အားပေးခဲ့သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ရန်နှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ လူသား၏ တာဝန်ကို‌ ထမ်းဆောင်ရန် သစ္စာရှိကာ နာခံဖို့ ကျွန်ုပ် ဆန္ဒရှိသည်။ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်းကို တရားစီရင်ခြင်းနှင့် သန့်ရှင်းခြင်းတို့အတွက် ဘုရားသခင်၏ ကျေးဇူးတော် ချီးမွမ်းပါသည်။ သူ၏ ချစ်ခြင်းမေတ္တာ မည်မျှ ကြီးမြတ်သည်ကိုသာ ကျွန်ုပ် တွေ့ကြုံရလေပြီ- အို ဘုရားသခင်။ သမ္မာတရားကို ကောင်းမွန်စွာ လိုက်စားရန်၊ အသစ်သော ပုံသဏ္ဍာန်ကို အသက်ရှင်နေထိုင်ဖို့နှင့် ကိုယ်တော်၏ စိတ်နှလုံးကို နှစ်သိမ့်မှု ဆောင်ကြဉ်းရန် ကျွန်ုပ် ဆန္ဒရှိသည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ) ဒီဓမ္မတေးကို ကျွန်မ ထပ်တလဲလဲ နားထောင်နေမိတယ်။ မျက်ရည်တွေက မရပ်မနား စီးကျလာတယ်။ သီချင်းစာကြောင်းတိုင်းက ကျွန်မ စိတ်နှလုံးကို တို့ထိခဲ့တယ်။ ကျွန်မ စိတ်မှာရှိတဲ့အရာကို အတိအကျ ဖော်ပြနေခဲ့တယ်။ ကျွန်မရဲ့ အသိစိတ်က အရမ်းကို လိပ်ပြာမသန့်ဖြစ်ခဲ့ရတယ်။ ကျွန်မ ရင်ဆိုင်ရတဲ့ စွပ်စွဲချက်တွေနဲ့ ဖယ်ရှားမှုတွေကို သုံးသပ်တဲ့အခါ၊ ဒီအရာတွေအားလုံးက ဘုရားချမှတ်ထားတဲ့ ပတ်ဝန်းကျင်တွေပါပဲ။ ရည်ရွယ်ချက်က ကျွန်မကိုနိုးထစေဖို့၊ နောင်တနဲ့ ဘုရားဆီ ပြန်လှည့်စေဖို့ပဲ။ ဒါက ဘုရားရဲ့ မေတ္တာနဲ့ ကယ်တင်ခြင်းပဲ။ ဒါပေမဲ့ ကျွန်မ အဲဒါကို တစ်လျှောက်လုံး တွန်းထုတ်နေခဲ့တယ်။ ဘုရားဆီကနေ တစ်ခါမှ လက်မခံခဲ့သလို ကျွန်မကို ဘုရားက သွန်သင်ဖို့ ကြိုးစားနေတဲ့ သင်ခန်းစာတွေကို မသင်ယူခဲ့မိဘူး။ ကျွန်မကို ဘုရားပေးတဲ့ အခွင့်အရေးတွေကို အကြိမ်ကြိမ် လွဲချော်ခဲ့တယ်။ အခု နောက်ထပ် အခွင့်အရေး မကျန်တော့ဘူး။ ကျွန်မ နောင်တ၊ အကြွေးတင်တာတွေနဲ့ ပြည့်သွားတယ်။ ကျွန်မရဲ့ မျက်ရည်တွေက ထိန်းမရအောင် ကျလာတယ်။ နောက်တော့၊ ကျွန်မက ဖန်ဆင်းခံတစ်ယောက်ပဲဖြစ်ပြီး၊ ကျွန်မမှာရှိတဲ့ ဒီထွက်သက်ဝင်သက်ကို ဘုရားပေးထားတာဖြစ်မှန်း သဘောပေါက်လိုက်တယ်။ ကျွန်မကို ဘုရားက အလိုမရှိတော့ရင်တောင်၊ ကျွန်မ အသက်ရှိသရွေ့၊ ဘုရားရဲ့မေတ္တာကို ပြန်ဆပ်သင့်နေတုန်းပဲ။ ကျွန်မ နှင်ထုတ်ခံရရုံနဲ့ ဘုရားကို ယုံကြည်တာ ရပ်လို့မရဘူး။ ကျွန်မရဲ့ နောက်ဆုံးထွက်သက် သိမ်းယူမခံရခင်မှာ၊ ဘုရားနောက်ကို ဆက်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် သုံးသပ်၊ သိရမယ်။ ဒီအရာတွေကို ကျွန်မ သတိပြုမိတဲ့အခါ၊ စစဉ်းစားမိတယ်။ ဘုရားကို နှစ်တွေအများကြီး ယုံကြည်ပြီးတဲ့နောက်မှာ၊ ကျွန်မ နှင်ထုတ်ခံလိုက်ရတာနဲ့အဆုံးသတ်တာက ဘာကြောင့်လဲပေါ့။

နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ရတယ်။ “သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးဖြစ်သော်လည်း၊ ဘုရားသခင်ကို မည်သည့်အခါမျှ ကျိုးနွံနာခံခြင်း မရှိခဲ့သည့်အပြင် သူ၏ နှုတ်ကပတ်တော် အလုံးစုံကို လက်မခံဘဲ၊ ထိုအစား ဘုရားသခင်အနေဖြင့် သင့်ကို နာခံရန်နှင့် သင်၏ အယူအဆများအတိုင်း ပြုမူရန် တောင်းဆိုလျှင်၊ သင်သည် လူများ အားလုံးထဲတွင် အပုန်ကန်ဆုံးသူ၊ မယုံကြည်သူတစ်ဦးပင် ဖြစ်သည်။ ထိုကဲ့သို့သော လူတို့က လူသား၏ အယူအဆများနှင့် ကိုက်ညီမှုမရှိသော ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်များကို မည်သို့ကျိုးနွံနာခံနိုင်မည်နည်း။ အားလုံးထဲတွင် အပုန်ကန်ဆုံးသူများသည် ဘုရားသခင်ကို တမင်သက်သက် ဖီဆန်ပြီး အာခံသောသူများ ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ ရန်သူများ၊ အန္တိခရစ်များပင် ဖြစ်သည်။ သူတို့၏စိတ်သဘောမှာ အမြဲတစေပင် ဘုရားသခင်၏ အမှုသစ်အပေါ် ရန်လိုသော စိတ်သဘောထား ဖြစ်သည်။ သူတို့၌ နာခံဖို့အတွက် ဆန္ဒသဘော စိုးစဉ်းမျှမရှိသကဲ့သို့၊ သူတို့သည် ဝမ်းမြောက်စွာ ကျိုးနွံနာခံခြင်း မရှိခဲ့ဖူး၊ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် နှိမ့်ချခြင်း မရှိခဲ့ဖူးပေ။ သူတို့သည် အခြားလူတို့ရှေ့၌ မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ပြီး မည်သူ့ကိုမျှ နာခံခြင်း မရှိခဲ့ဖူးပေ။ သူတို့က ဘုရားသခင်၏ရှေ့၌ မိမိတို့ကိုယ်ကိုယ် နှုတ်ကပတ်တော်ကို ဟောကြားရာ၌ အကျွမ်းကျင်ဆုံး၊ အခြားသူများအပေါ် အမှုပြုရာတွင် အကျွမ်းကျင်ဆုံးအဖြစ် သတ်မှတ်ကြသည်။ သူတို့၏ လက်ဝယ် ပိုင်ဆိုင်ထားပြီးသော ‘ရတနာများ’ ကို သူတို့ မည်သည့်အခါမျှ မစွန့်ပစ်ဘဲ ဝတ်ပြုကိုးကွယ်ရန်၊ အခြားသူများကို တရားဟောရန်အတွက် ယင်းတို့ကို မိသားစုဆိုင်ရာ ဘိုးစဉ်ဘောင်ဆက် အမွေပစ္စည်းများအဖြစ် သဘောထားပြီး သူတို့သည် မိမိတို့အား ပုဂ္ဂိုလ်ရေးကိုးကွယ်သော ထိုအရူးများကို ဆုံးမသင်ကြားရန်အတွက် ယင်းတို့ကို အသုံးပြုကြသည်။ အမှန်တွင် အသင်းတော်ထဲ၌ ဤကဲ့သို့သောလူတို့မှာ အရေအတွက် အတိုင်းအတာတစ်ခုအထိ ရှိလေသည်။ သူတို့မှာ ဘုရားသခင်၏အိမ်တော်၌ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် နေထိုင်သော ‘နှိမ်နင်း၍မရသည့် သူရဲကောင်းများ’ ဖြစ်သည်ဟု ဆိုနိုင်သည်။ သူတို့သည် နှုတ်ကပတ်တော် (အယူဝါဒ) ဟောပြောခြင်းကို သူတို့၏ အမြင့်မားဆုံးသော တာဝန်အဖြစ် မှတ်ယူကြသည်။ တစ်နှစ်ပြီးတစ်နှစ်၊ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် သူတို့၏ ‘အလေးထားအပ်ပြီး မချိုးဖောက်အပ်သော’ တာဝန်ကို အကျိုးသက်ရောက်မှု ရှိစေရန် အားသွန်ခွန်စိုက် လုပ်နေကြသည်။ မည်သူကမျှ သူတို့ကို မထိရဲ၊ တစ်ယောက်တလေကမျှ သူတို့ကို လူပုံအလယ် အပြစ်မတင်ရဲပေ။ သူတို့သည် တစ်ခေတ်ပြီးတစ်ခေတ် အခြားသူများကို နိုင်လိုမင်းထက်ပြုမူပြီး သောင်းကျန်းမွှေ့ယမ်းလျက် ဘုရားသခင်၏အိမ်တော်၌ ‘ဘုရင်များ’ ဖြစ်လာကြသည်။ ထိုနတ်ဆိုးအုပ်စုသည် လက်တွဲပြီး ငါ့အမှုကို ဖျက်ဆီးရန် ကြိုးစားကြသည်။ အသက်ရှင်နေသော ဤနတ်မိစ္ဆာများကို ငါ့မျက်စိရှေ့၌ အဘယ်သို့ ရှိနေခွင့် ပေးနိုင်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် ကျိုးနွံနာခံသောသူတို့သည် ဘုရားသခင်၏ ရယူခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်) ဘုရားနှုတ်ကပတ်တော်တွေမှာရှိတဲ့ တရားစီရင်ခြင်းက ကျွန်မရဲ့ ထုံထိုင်းနဲ့ နှလုံးသားကို နိုးထစေခဲ့တယ်။ အထူးသဖြင့်၊ “မယုံကြည်သူ”၊ “အန္တိခရစ်” နဲ့ “နတ်ဆိုး”ဆိုတဲ့ စကားတွေပေါ့။ အဲဒါတွေက ကျွန်မ နှလုံးသားကို ထွင်းဖောက်ပြီး၊ အထူး စိတ်သောကရောက်ရတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆက်သုံးသပ်ပြီး မေးနေမိတယ်။ “ဘုရားကို နှစ်နဲ့ချီ ယုံကြည်ပြီးတဲ့နောက်မှာ၊ ငါ့မိသားစုနဲ့ အလုပ်အကိုင်ကို စွန့်လွှတ်၊ ဆင်းရဲဒုက္ခကို ခါးစီးခံပြီး ငါ့တာဝန်တွေကို ဝီရိယနဲ့ လုပ်ပြီးတဲ့နောက်မှာ၊ ငါက မယုံကြည်သူတစ်ယောက်၊ အန္တိခရစ်နဲ့ နတ်ဆိုးတစ်ယောက်လိုတောင် ဘယ်လိုလုပ်ပြီး အမည်တပ်ခံခဲ့ရတာလဲ”လို့ပေါ့။ ပြန်ကြည့်တဲ့အခါ၊ နှစ်တွေအများကြီး ကျွန်မ ဦးဆောင်နေခဲ့တယ်၊ လုပ်ဖော်ကိုင်ဖက် တချို့ထက် အလုပ်ကို ပိုပြီး ဖြစ်မြောက်အောင်လုပ်ခဲ့တယ်၊ ပိုများတဲ့ ပြဿနာတွေကို ဖြေရှင်းခဲ့သလို၊ အထက်ခေါင်းဆောင်တွေရဲ့ အရမ်းတန်ဖိုးထားတာ ခံခဲ့ရတယ်လို့ တွေးမိတယ်။ ဒါတွေကို ကျွန်မရဲ့ သင့်တော်တဲ့ အရည်အချင်းတွေအနေနဲ့ သဘောထားခဲ့တယ်။ ကျွန်မက တခြားလူတွေထက် ပိုအစွမ်းအစကောင်းတယ်၊ အလုပ်လုပ်နိုင်စွမ်း ရှိပြီး ပါရမီရှင်လို့ ယုံကြည်ခဲ့တယ်။ ဒါက ကျွန်မကို ပိုလို့တောင် မာနထောင်လွှားလာစေခဲ့တယ်။ အထူးသဖြင့်၊ ပိုအားနည်းတဲ့ အသင်းတော်တွေကို ပံ့ပိုးပေးဖို့ ကျွန်မ စေလွှတ်တာ ခံရပြီး၊ လက်တွေ့ကျတဲ့ ပူးပေါင်းလုပ်ဆောင်မှုကတစ်ဆင့် တိုးတက်မှုတွေကို မြန်မြန်ဆန်ဆန် တွေ့ရတဲ့အခါ၊ ဒီအောင်မြင်မှုကို ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူစရာလို့ သဘောထားခဲ့တယ်။ အရာရာမှာ ထူးချွန်နိုင်စွမ်းရှိတယ်လို့ ခံစားပြီး ကိုယ့်ကိုယ်ကိုယ် တခြားလူတွေထက် သာတယ်လို့ စဉ်းစားခဲ့တယ်။ ကျွန်မ လူတိုင်းကို မတူမတန် သဘောထားလာခဲ့တယ်။ တရားဟောဆရာက အလုပ်အကြောင်း လာမေးတဲ့အခါ၊ ကျွန်မကိုယ်ကျွန်မ အသင်းတော်မှာ အရေးပါတဲ့သူ၊ စကားပြောဖို့ ဩဇာအာဏာအရှိဆုံးသူလို မြင်ခဲ့တယ်။ ကျွန်မရဲ့ တွဲဖက် ညီအစ်မက အရင်စကားပြောတာကို မြင်တော့ သူက ကျွန်မရဲ့ ကျော်ကြားမှုကို ခိုးနေတယ်လို့ တွေးခဲ့တယ်။ ကျွန်မရဲ့ တာဝန် သက်တမ်းမှာ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အားသာချက်တွေကို ကျွန်မ လျစ်လျူရှုပြီး၊ ကျွန်မရဲ့ ဝါရင့်မှုအရ သူတို့ကို မာနထောင်လွှားစွာနဲ့ ဩဝါဒပေးပြီး ဝေဖန်ခဲ့တယ်။ ကျွန်မရဲ့ တွဲဖက်အစ်မရှေ့မှာ အထက်လူကြီးတစ်ယောက်လို ပြုမူခဲ့တယ်။ ကျွန်မ သဘောမကျတာတစ်ခုခု သူ လုပ်တိုင်းမှာ ကျွန်မ သူ့ကို ပြစ်တင်မောင်းမဲတယ်။ သူ့ကို ကျွန်မကြောင့် ဘောင်ခတ်ခံရသလို ခံစားရပြီး သူ့တာဝန်တွေမှာ တွန့်ဆုတ်အောင် လုပ်တယ်။ ကျွန်မရဲ့ စိတ်ခံစားမှု အခြေအနေကို သူ စောင့်ကြည့်နေခဲ့ရတယ်။ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို လုံးဝ ဘေးဖယ်ထားပြီးတော့ အသင်းတော် အလုပ်မှာ ဆုံးဖြတ်ချက်အားလုံးကို ကျွန်မ ဘာသာချတယ်။ ကျွန်မရဲ့ ရွေးချယ်မှုနဲ့ပတ်သက်လို့ အဖွဲ့ခေါင်းဆောင်က သံသယတွေ ပြတဲ့အခါ၊ သူက ကျွန်မရဲ့ ခေါင်းဆောင်မှုကို မလေးစားဘူးလို့ ခံစားပြီး သူ့ကို သည်းမခံနိုင်ခဲ့ဘူး။ ပြီးတော့ ကျွန်မကိုယ်တိုင်ရဲ့ သိက္ခာ မြဲမြံဖို့ ဘယ်သူ့ကိုမှ မတိုင်ပင်ဘဲ သူ့ကို သီးခြားခွဲထားတယ်။ သူ့တာဝန်တွေကို အဆုံးသတ်သွားအောင် လုပ်ခဲ့တယ်။ ဒီလုပ်ရပ်တွေအားလုံးကို ပြန်ကြည့်တဲ့အခါ၊ ကျွန်မက ကျွန်မတာဝန်ကို တကယ် လုပ်နေခဲ့ရဲ့လား။ ကျွန်မက အသင်းတော်မှာ ဗိုလ်ကျပြီး ထင်ရာမြင်ရာ လုပ်နေခဲ့တာပဲ။ ညီအစ်ကို မောင်နှမတွေအားလုံးကို ကျွန်မစကားနားထောင်ပြီး ကျွန်မရဲ့အလိုဆန္ဒအတိုင်း ပြုမူအောင် လုပ်နေခဲ့မိတာပဲ။ ကျွန်မက အာဏာကို လက်ဝါးကြီးအုပ်နေခဲ့ပြီး အသင်းတော်မှာ ဆုံးဖြတ်ချက်အားလုံးကို ချနေခဲ့တာ မဟုတ်လား။ ကျွန်မရဲ့ ထုံအမှုနဲ့ စိတ်နှလုံးခိုင်မာမှုကြောင့် သိတောင်မသိလိုက်ဘဲ မကောင်းမှုတွေအများကြီး ကျွန်မ ကျူးလွန်ခဲ့မိတယ်။ ကျွန်မကို တိုင်ကြားဖို့ ဘုရားက ညီအစ်ကို မောင်နှမတွေကို အသုံးပြုပြီး ကျွန်မရာထူးကနေ အထုတ်ခံရတဲ့အချိန်မှာ၊ ဒါကို ဘုရားရဲ့မေတ္တာနဲ့ ဖြောင့်မတ်ခြင်းက ကျွန်မအပေါ် ရောက်လာတာပဲလို့ မစဉ်းစားခဲ့ဘူး။ ကျွန်မကိုယ်ကျွန်မ သုံးသပ်ပြီး သိဖို့ ပျက်ကွက်ခဲ့တယ်။ အဲဒါထက်၊ အရင်က စတေးခဲ့တာတွေ၊ အသုံးခံတာတွေကို အရင်းအနှီးအနေနဲ့ သုံးပြီး ကျွန်မ ဆက်အာခံနေခဲ့သလို မကျေမနပ်ဖြစ်နေခဲ့တယ်။ ကျွန်မက အထုတ်မခံရသင့်တဲ့ ချီးမွမ်းထိုက်တဲ့ အရာရှိတစ်ယောက်ပဲလို့ ယုံကြည်နေမိခဲ့တာပါ။ ကျွန်မကို ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖော်ထုတ်တာက သူတို့ ကျွန်မနဲ့ အဆင်မပြေနိုင်လို့ပဲလို့တောင် တွေးခဲ့တယ်။ လုပ်ဖော်ကိုင်တွေ စုဝေးပွဲတွေမှာ ကျွန်မက အပေါက်ဆိုးတဲ့သူလို ပြုမူခဲ့တယ်။ ပရမ်းပတာတွေဖြစ်အောင်လုပ်ပြီး စိတ်ထိခိုက်အောင် ပြုမူခဲ့တယ်။ အသင်းတော် အသက်တာကို ပြင်းပြင်းထန်ထန် အဖျက်အမှောင့်လုပ်ခဲ့တယ်။ အဲဒါအပြင် ကျွန်မရဲ့ ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိကို အလွဲလွဲအမှားမှား ဖော်ပြခဲ့တယ်။ ညီအစ်ကို မောင်နှမတွေကို ကျွန်မဘက်မှာ ရပ်တည်ပြီး ကျွန်မကို ခုခံကာကွယ်ပေးအောင် အထင်အမြင်မှားစေခဲ့တယ်။ လူတွေကို ကျွန်မစကားနားထောင်အောင်လုပ်ပြီး အသင်းတော်မှာ အာဏာကို လက်ဝါးကြီးအုပ်ခဲ့တဲ့အပြင် ကျွန်မကို ဆန့်ကျင်သူတွေကိုတောင် တိုက်ခိုက်ပြီး ဖယ်ကြဉ်ခဲ့တယ်။ ကျွန်မက အထုတ်ခံရတာကို ကျိုးနွံနာခံဖို့ ငြင်းခဲ့တယ်။ အဲဒါကို ကန့်ကွက်ပြီး ဆန့်ကျင်တယ်၊ ညီအစ်ကို မောင်နှမတွေကို အထင်အမြင်မှားအောင် အယူအဆတွေ ဖြန့်ခဲ့တယ်။ ကျွန်မရဲ့ လုပ်ရပ်တွေကို ကြည့်တဲ့အခါ၊ သူတို့က ဘုရားနှုတ်ကပတ်တော်တွေ ဖော်ထုတ်တဲ့အတိုင်းပါပဲ။ “တစ်ယောက်တလေကမျှ သူတို့ကို လူပုံအလယ် အပြစ်မတင်ရဲပေ။ သူတို့သည် ဘုရားသခင်၏အိမ်တော်၌ ‘ဘုရင်များ’ ဖြစ်လာကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် ကျိုးနွံနာခံသောသူတို့သည် ဘုရားသခင်၏ ရယူခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်) ဘယ်သူကမှ ကျွန်မကို ရန်မစရဲဘူး၊ စိတ်အနှောင့်အယှက် မပေးရဲဘူး။ ဘယ်သူကမှ ကျွန်မကို ဖော်ထုတ်ဖို့၊ စွပ်စွဲဖို့ မတတ်နိုင်ဘူး။ ကျွန်မရဲ့ မာနထောင်လွှားတဲ့ သဘာဝက ကယောင်ချောက်ချားဖြစ်တဲ့ အဆင့်ထိ မြင့်တက်သွားတယ်။ ကျွန်မက သာမန် ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားသက်သက် မဟုတ်ဘဲ စာတန်ဆန်တဲ့ သဘာဝ ပွင့်ထွက်တာကို ထုတ်ဖော်နေခဲ့တာပါ။ ဒါကြောင့် ကျွန်မကို အန္တိခရစ်အနေနဲ့ အမျိုးအစားသတ်မှတ်တာက ပုံကြီးချဲ့တာ မဟုတ်ဘူး။ ကျွန်မကို ဘုရားအိမ်တော် ကိုင်တွယ်တဲ့ နည်းလမ်းက ဘုရားရဲ့ ဖြောင့်မတ်ခြင်းဖြစ်ပြီး ကျွန်မ လိုလိုလားလား လက်ခံခဲ့တယ်။ ဘုရားအပေါ် အတိုက်အခံလုပ်တာ အများကြီး ကျွန်မ ကျူးလွန်ခဲ့တယ်။ ကျွန်မရဲ့ ဒုစရိုက်အမှုတွေကို သေခြင်းကတောင် ပြန်ဆပ်လို့ မရနိုင်ဘူး၊ ကျွန်မ ကျိန်ခြင်းခံထိုက်တယ်။ ဘုရားဆီ ကျွန်မ ထပ်တလဲလဲ ဆုတောင်းခဲ့တယ်။ “အို ဘုရားသခင်။ ကျွန်မ မကောင်းမှုအများကြီး လုပ်မိပါပြီ။ ကျွန်မနှင်ထုတ်တာခံရပြီး ကိုယ်တော်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထား ကျွန်မဆီ ထုတ်ဖော်မပြခဲ့ရင်၊ ကျွန်မ နောက်ထပ် မကောင်းမှုဘယ်လောက် လုပ်ခဲ့မိမယ် မသိပါဘူး။ ဘုရားသခင်၊ ကျွန်မ ကိုယ်တော့်ရှေ့မှာ ဝန်ချပြီး နောင်တရဖို့ လိုလားနေပါတယ်။ အခု ကျွန်မကို ကိုယ်တော် သေခွင့်ပေးရင်တောင် တာဝန်သိသိနဲ့ ကျိုးနွံနာခံဖို့ လိုလားနေပါတယ်”လို့ပေါ့။

နောက်ပိုင်းမှာ ဒါကို ဘုရားနှုတ်ကပတ်တော်တွေမှာ ကျွန်မ ဖတ်ရတယ်။ “သင်၏စိတ်နှလုံးထဲတွင် သင်သည် သမ္မာတရားကို အမှန်တကယ် နားလည်ပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ ဘုရားသခင်ကို ကျိုးနွံနာခံဖို့ နည်းလမ်းအား သင်သိလိမ့်မည် ဖြစ်ပြီး သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းပေါ်ကို သင် အလိုအလျောက် စတင်လိမ့်မည် ဖြစ်သည်။ သင်လျှောက်သည့် လမ်းကြောင်းသည် မှန်ကန်သည့် လမ်းကြောင်းဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီပါက၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် သင့်ကို စွန့်ခွာလိမ့်မည် မဟုတ်ချေ။ ထိုအခြေအနေတွင် ဘုရားသခင်အား သင် သစ္စာဖောက်ဖို့အလားအလာ နည်းသည်ထက် နည်းလာပေလိမ့်မည်။ သမ္မာတရားမရှိပါက မကောင်းမှုပြုရန် လွယ်ကူပြီး မရည်ရွယ်ဘဲ ယင်းကို သင်လုပ်မိလိမ့်မည် ဖြစ်သည်။ ဥပမာ၊ သင့်တွင် မာနထောင်လွှားပြီး စိတ်ကြီးဝင်သော စိတ်သဘောထားတစ်ခုရှိလျှင် ဘုရားသခင်ကို မဆန့်ကျင်ရန် ပြောဆိုခံရခြင်းသည် ထူးခြားမှုမရှိပေ။ သင်သည် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ပေ။ သင်ထိန်းချုပ်နိုင်သည်ထက် ကျော်လွန်သည်။ သင်သည် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်မည်မဟုတ်ပေ။ သင်၏ မောက်မာပြီး ထောင်လွှားသော သဘာဝဗီဇ၏ အုပ်စိုးမှုအောက်၌ သင် ထိုသို့ပြုလိမ့်မည်။ သင်၏ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်။ ထိုအရာတို့သည် သင့်ကိုယ်သင် ချီးမြှောက်အောင် လုပ်လိမ့်မည်ဖြစ်ပြီး သင့်ကိုယ်သင် အစဉ်တစိုက် ပြစားဝင့်ဝါအောင် လုပ်လိမ့်မည် ဖြစ်သည်။ ယင်းတို့က သင့်အား အခြားသူများကို အထင်အမြင်သေးစေမည်၊ သင့်စိတ်နှလုံးထဲတွင် သင်ကိုယ်တိုင်မှလွဲ၍ အခြားမည်သူကိုမျှ ထားမည် မဟုတ်ချေ။ ယင်းတို့က သင်၏ စိတ်နှလုံးထဲမှ ဘုရားသခင်၏နေရာကို လုယူလိမ့်မည်။ ပြီးလျှင် နောက်ဆုံးတွင် သင့်အား ဘုရားသခင်၏နေရာတွင် ထိုင်ဖို့ဖြစ်စေပြီး သင့်ကိုယ်ပိုင်အတွေးများ၊ အကြံဉာဏ်များနှင့် အယူအဆများကို သမ္မာတရားအဖြစ် ကြည်ညိုလေးစားစေလျက်၊ သင့်ကို ကျိုးနွံနာခံဖို့ တောင်းဆိုစေမည် ဖြစ်သည်။ မိမိတို့၏ မောက်မာ၍ ထောင်လွှားသော သဘာဝ၏ အုပ်စိုးမှုအောက်၌ လူတို့သည် များပြားလှသော ဒုစရိုက်မှုကို ပြုကြသည်။ မကောင်းမှု ပြုခြင်း၏ ပြဿနာကို ဖြေရှင်းရန်အလို့ငှာ သူတို့သည် မိမိတို့သဘာဝကို ဦးစွာဖြေရှင်းရမည်။ စိတ်သဘောထား ပြောင်းလဲခြင်းမရှိဘဲ ဤပြဿနာအတွက် အခြေခံဖြေရှင်းချက် ဖြစ်ပေါ်ရန် ဖြစ်နိုင်မည်မဟုတ်ချေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်သွားတယ်။ အသင်းတော်ကို လက်ဝါးကြီးအုပ်ဖို့၊ ကြီးကြပ်ဖို့၊ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ပြစ်တင်မောင်းမဲပြီး ဘောင်ခတ်ဖို့နဲ့ ကိုယ်နဲ့ မတူတဲ့ သူတွေကို ဖယ်ကြဉ်ဖို့ ကျွန်မရဲ့ လုပ်နိုင်စွမ်းက မာနထောင်လွှားပြီး စိတ်ကြီးဝင်တဲ့ သဘာဝရဲ့ အုပ်စိုးခြင်းခံရတာကနေ အရင်းခံတယ်ဆိုတာပေါ့။ ကျွန်မကိုယ်ကျွန်မ အထင်ကြီးအောင်လုပ်ခဲ့တာက ဒီမာနထောင်လွှားပြီး စိတ်ကြီးဝင်တဲ့ သဘာဝပဲ။ ကျွန်မ လုပ်ခဲ့သမျှတိုင်းက မှန်တယ်၊ ပြီးတော့ ညီအစ်ကို မောင်နှမတွေက ကျွန်မကို နာခံရမယ်လို့ ယုံကြည်ပြီးတော့ပေါ့။ ကျွန်မနဲ့ သဘောမတူတဲ့သူ ဘယ်သူမဆို ဖယ်ကြဉ်ခံရပြီး အပြစ်ပေးခံခဲ့ရတယ်။ “ကောင်းကင်နှင့်မြေကြီးတစ်လျှောက်လုံးတွင် ငါသည်သာ ငါ၏အရှင်သခင်ဖြစ်၏”ဆိုတာနဲ့ “ငါ့ကိုနာခံသူများ ရှင်သန်စေ၊ ငါ့ကိုခုခံသူများ ပျက်စီးစေ”ဆိုသလိုမျိုး စာတန်ရဲ့ အဆိပ်တွေက ကျွန်မကို ပိုပိုမာနထောင်လွှားစေပြီး စိတ်ကြီးဝင်စေတယ်။ အသင်းတော်မှာ ကျွန်မ လုပ်ချင်တဲ့ ဘယ်အရာမဆို လုပ်တယ်၊ သောင်းကျန်းတဲ့၊ ထိန်းချုပ်လို့မရတဲ့ လူတတ်ကြီးဖြစ်လာပြီး၊ ဘာလူ့သဘာဝမရှိဘဲ အသိတရားနဲ့ အသိစတ်အားလုံး ပျောက်ဆုံးသွားတယ်။ ကျွန်မ မပြောင်းလဲရင်၊ နောက်ဆုံးမှာ ဘုရားနဲ့ ရန်ဘက်ဖြစ်တဲ့အတွက် သူ့ရဲ့ ဖယ်ရှားရှင်းလင်းပြီး အပြစ်ပေးတာ ခံရမှာပဲ။ ကျွန်မကို ဘုရားက ပျိုးထောင်ပေးခဲ့ပြီး ခေါင်းဆောင်မှုကို လက်တွေ့လုပ်ဖို့ အခွင့်အရေးတွေ ပေးခဲ့ပုံကို တွေးမိတယ်။ ကျွန်မအတွက် သူ့ရဲ့ ရည်ရွယ်ချက်က အဲဒီလို အခွင့်အရေးတွေကနေတစ်ဆင့် သမ္မာတရား လိုက်စားဖို့နဲ့ ညီအစ်ကို မောင်နှမတွေကို အားပေးကူညီဖို့ သမ္မာတရားကို မိတ်သဟာယပြုဖို့လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မက အသင်းတော်ထဲမှာ ဘုရင်ကြီးလို နေပြီး အာဏာကို လက်ဝါးကြီးအုပ်ခဲ့တယ်။ ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်တဲ့ ဘယ်ညီအစ်ကို မောင်နှမကိုမဆို ပြစ်တင်မောင်းမဲပြီး ဒေါသနဲ့ဝေဖန်နေခဲ့တယ်။ သူတို့ကို ဆူပူကြိမ်းမောင်းပြီး အပြစ်ပေးရမဲ့ ကျွန်တွေလို သဘောထားနေမိခဲ့တယ်။ ကျွန်မရဲ့ ဆုံးဖြတ်ချက်ကို တစ်ယောက်ယောက်က မေးခွန်းထုတ်တဲ့အခါတိုင်းမှာ၊ သူတို့ကို ကျွန်မ ဖိနှိပ်ပြီး အပြစ်ပေးတယ်။ ကျွန်မ အရမ်းရက်စက်ခဲ့တာပဲ။ ကျွန်မရဲ့ ညီအစ်ကို မောင်နှမတွေကို နာကျင်မှု ဘယ်လောက်ပဲ ကျွန်မ ဖြစ်စေခဲ့ပါစေ၊ အသင်းတော်အသက်တာကို ကျွန်မ အဖျက်အမှောင့် ဘယ်လောက် ဖြစ်စေခဲ့ပါစေ၊ ကျွန်မက စာနာစိတ်ကင်းပြီး အကြင်နာမဲ့နေခဲ့တယ်။ ကျွန်မရဲ့ လုပ်ရပ်တွေကြောင့် အသင်းတော်က ကျွန်မကို ထုတ်ပြီးတဲ့နောက်မှာတောင်၊ ကျွန်မ နောင်တမရသေးဘူး။ ကျွန်မ ပါရမီရှိပြီး ဘုရားအိမ်တော်အတွက် မရှိမဖြစ်လို့ တွေးနေခဲ့ပြီးတော့ပေါ့။ အသင်းတော်ထဲမှာ ကျွန်မ ဆက်အဖျက်အမှောင့်လုပ်တယ်၊ နှောင့်ယှက်ပြီး မကျေနပ်ချက်တွေ ဖြန့်ခဲ့တယ်။ ကျွန်မကို ကာကွယ်ပေးဖို့ ညီအစ်ကို မောင်နှမတွေကို ကျွန်မဘက် ဆွဲခေါ်တယ်။ ဒီလုပ်ရပ်တွေရဲ့ သဘာဝက ကျွန်မအပေါ် အသင်းတော်ရဲ့ ဆက်ဆံမှုကို အာခံတာပဲ။ ဘုရားကို အတိုက်အခံလုပ်ပြီး ရန်လုပ်တာပဲ။ အသင်းတော်ကိုနေ နှင်ထုတ်ခံရတာက ဘုရားရဲ့ ဖြောင့်မတ်မှုကို အပြည့်အဝ ထုတ်ဖော်ခဲ့ပြီး အဲဒါက ကျွန်မကိုယ်တိုင်ရဲ့ အပြစ်လုံးလုံး ဖြစ်နေခဲ့တယ်။ အတိတ်က ဖြစ်ရပ်တစ်ခုစီကို သတိရမိတဲ့အခါ၊ ကျွန်မ အရမ်းရှုတ်ချခံတယ်။ ကိုယ့်ကိုယ်ကိုယ် အရန်းမုန်းလွန်းလို့ ကိုယ့်ပါးကိုယ် သုံးလေးခေါက် ရိုက်မိတယ်။ ဒါပေမဲ့ ကျွန်မရဲ့ ပြစ်မှားမှုတွေက ပြင်မရခဲ့ဘူး။ ကျွန်မ နာကျင်စေခဲ့တဲ့ ညီအစ်ကို မောင်နှမတွေကို စဉ်းစားတဲ့အခါ၊ ကျွန်မ အားကိုးလို့ရတဲ့ ညီအစ်မတစ်ယောက်ရဲ့ အိမ်ကို ကျွန်မ ပထမဆုံး သွားတယ်။ သူ့ဆီ ငိုပြီး ကျွန်မပြောတယ်။ “ကျွန်မမှာ လူသားပုံသဏ္ဌာန်မရှိခဲ့တာ ကျွန်မ အခု သိပါပြီ။ ကျွန်မတို့ အတူအလုပ်လုပ်တုန်းက၊ အစ်မအပေါ် အထင်သေးဖို့ အကြောင်းပြချက် အများကြီး ရှာခဲ့မိတယ်။ အစ်မကို ပြစ်တင်မောင်းမဲပြီး ဘောင်ခတ်ဖို့ နာကျင်စရာကောင်းတာတွေ ပြောခဲ့မိတယ်။ ကျွန်မက လူတောင်မဟုတ်ခဲ့တာကို အခု သဘောပေါက်သွားပါပြီ။ ကျွန်မ အရမ်း မာနထောင်လွှားခဲ့တာပါ။ အစ်မကို တောင်းပန်ပါတယ်”လို့ပေါ့။ အဲဒီအစ်မက ကျွန်မနဲ့ မိတ်သဟာယပြုပြီး ဒီအခြေအနေကနေ ကျွန်မရဲ့ သင်ခန်းစာကို သင်ယူဖို့ တိုက်တွန်းရင်းနဲ့ ကျွန်မကို နှစ်သိမ့်ပေးခဲ့တယ်။ ဒီလိုနှင်ထုတ်ခံရတာကို ကျွန်မ နောက်ဆုံးမှာ ကျိုးနွံနာခံလိုက်တဲ့အခါ၊ အများကြီးပိုပြီး စိတ်အေးချမ်းသွားတယ်။ လွှမ်းမိုးနေတဲ့ အကြောက်တရားနဲ့ ကူကယ်ရာမဲ့တဲ့ ခံစားချက်က လျော့နည်းလာတယ်။ ကျွန်မ လုပ်ခဲ့ပြီးသမျှကို သုံးသပ်ကြည့်တဲ့အခါ၊ အဲဒါက ကျွန်မနှလုံးသားကို ထွင်းဖောက်တဲ့ ဆူးတွေလိုပဲ။ ပြန်ကြည့်လို့မရနိုင်အောင်ဖြစ်ခဲ့တယ်။ နောက်ဆုံးမှာ ကောင်းမွန်တဲ့ အဆုံးသတ် မရှိခဲ့ရင်တောင်၊ ကျွန်မ ကျိုးနွံနာခံပြီး နောင်တရဖို့ လိုလားခဲ့တယ်။ ကျွန်မရဲ့ အကြွေးတွေကို ထေမိအောင်လို့၊ အားနည်းပြီး အပျက်သဘောဆောင်တဲ့ ညီအစ်ကို မောင်နှမတွေကို ကျွန်မ အစွမ်းကုန် ပံ့ပိုးပေးခဲ့တယ်။ စုဝေးပွဲအတွက်လည်း ကျွန်မအိမ်မှာ ညီအစ်ကို မောင်နှမတွေကို ဧည့်ခံခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေထဲကို ကျွန်မကိုယ်ကျွန်မ နှစ်မြှုပ်ထားတယ်၊ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးတွေ ရေးပြီး၊ ဘုရားရဲ့ မျက်မှောက်တော်ကို ကျွန်မ အမှုမဲ့အမှတ်မဲ့ ပြန်ခံစားလာရတယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုနဲ့ ဦးဆောင်မှုကို ကျွန်မ တွေ့ကြုံခဲ့ရပြီး၊ ကျွန်မရဲ့ စိတ်နှလုံးက အများကြီး ပိုကျေနပ်အားရခဲ့တယ်။

နှစ်နှစ်ကြာပြီးတဲ့နောက်မှာ အသင်းတော်က ကျွန်မကို ပြန်လက်ခံချင်တယ်လို့ ညီအစ်မတစ်ယောက်ပြောတာကို ကြားရတဲ့နေ့ရောက်လာတယ်။ ကျွန်မ စိတ်ထဲမှာ ဝမ်းသာသွားပေမဲ့ သိပ်မယုံကြည်နိုင်သေးဘူး။ ကျွန်မဘာသာ တွေးမိတယ်။ “အသင်းတော်ကို တစ်ခါ ငါ ပြန်သွားရင်၊ အရင်က လုပ်ခဲ့တဲ့ ပုံစံနဲ့ မကောင်းမှုကို ငါ လုပ်မှာမဟုတ်တော့ဘူး”လို့ပေါ့။ မမျှော်လင့်ဘဲ၊ နှစ်ရက်အကြာမှာ၊ ခေါင်းဆောင်က ကျွန်မကို တွေ့ပြီး ပြောတယ်။ “နှင်ထုတ်ခံရပြီးတဲ့နောက်မှာ အစ်မရဲ့ နောင်တရတဲ့ အပြုအမူကို ကျွန်မတို့ သိခဲ့ရတယ်။ ညီအစ်ကို မောင်နှမတွေကို ဧည့်ခံပြီး ပံ့ပိုးပေးတာ၊ အစ်မ ကိုယ့်မကောင်းမှုကိုယ် ဖော်ထုတ်တာတွေ အပါအဝင်ပေါ့။ စည်းမျဉ်းတွေနဲ့အညီ အကဲဖြတ်ချက်တစ်ခုကို အခြေခံပြီး၊ အစ်မရဲ့ အသင်းတော် အသက်တာကို ပြန်လက်ခံဖို့ အသင်းတော်က ဆုံးဖြတ်ခဲ့တယ်။ အစ်မ ပြန်လာချင်စိတ်ရှိလား”တဲ့။ ကျွန်မ အရမ်း စိတ်လှုပ်ရှားလွန်းလို့၊ “ပြန်လာချင်တယ်၊ ပြန်လာချင်တယ်”လို့ ဆက်ပြောနေမိတယ်။ အိမ်ပြန်လာတော့၊ ကျွန်မရဲ့ စိတ်နှလုံးက ဝမ်းမြောက်ခြင်းနဲ့ ပြည့်နေခဲ့ပြီး၊ “ဘုရားသခင်။ ဘုရားသခင်။ ကိုယ်တော်ရဲ့ အိမ်တော်ထဲ ကျွန်မ နောက်တစ်ကြိမ် ပြန်ရောက်ပြီ”လို့ ကျယ်ကျယ် အော်လိုက်ချင်ခဲ့တယ်။ အဲဒီအချိန်မှာပဲ အရာရာက နှစ်သက်စရာ ကောင်းခဲ့ပြီး၊ အတိတ်ရဲ့ ခါးသီးမှုက ပျောက်ကွယ်သွားတယ်။ ကျွန်မ အိမ်ရောက်တော့၊ အရမ်းဝမ်းသာလွန်းလို့ ဘုရားကို ဘာပြောရမှန်း မသိခဲ့ဘူး။ ကျွန်မမျက်လုံးတွေမှာ မျက်ရည်တွေနဲ့ ဆုပဲတောင်းနေမိခဲ့တယ်။ “ဘုရားသခင်၊ ကျွန်မ ညီအစ်ကို မောင်နှမတွေနဲ့ အသင်းတော် အသက်တာကို ထပ်ပြီး အသက်ရှင်နိုင်ပါပြီ။ ဘုရားသခင်၊ ကိုယ်တော်ကို ကျေးဇူးတင်ပါတယ်။ ဘုရားသခင်၊ ကိုယ်တော်ကို ကျေးဇူးတင်ပါတယ်”လို့ပေါ့။ နောက်ပိုင်းမှာ၊ ကျွန်မရဲ့ တာဝန်တွေကို ကျွန်မ ထပ်ပြီး ထမ်းဆောင်ခဲ့တယ်။ ကျွန်မရဲ့ တာဝန်တွေကို လုပ်ဖို့ ဒီအခွင့်အရေးကို ကျွန်မ တန်ဖိုးထားပြီး၊ အရင်လို ဒုစရိုက်အမှုတွေနဲ့ ဘုရားသခင်ကို အာမခံချင်တော့ဘူး။ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားက အထင်းသားဖြစ်ပြီး စစ်မှန်တာကို ကျွန်မ ပြင်းပြင်းထန်ထန် တွေ့ကြုံခဲ့ရတယ်။ လူတွေအပေါ် ဘုရားက ဒေါသထွက်သည်ဖြစ်စေ၊ သနားကရုဏာထားပြီး သည်းခံသည်ဖြစ်စေ၊ အဲဒါက သူ့ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားရဲ့ သရုပ်သကန်ပဲ။ လူတွေအပေါ်ဘုရားရဲ့ လုပ်ရပ်တွေက ချစ်ခြင်းကြောင့်ဖြစ်ပြီး ကယ်တင်ခြင်းအတွက် ဖြစ်ပုံကို မြင်ခဲ့ရတယ်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလ၊ အသင်းတော် ရွေးကောက်ပွဲမှာ၊ ဧဝံဂေလိ သင်းထောက်အနေနဲ့ ကျွန်မ အရွေးခံခဲ့ရတယ်။ ကျွန်မရဲ့ အတိတ်က မကောင်းမှုတွေက အသင်းတော် အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခဲ့ပုံကို ပြန်စဉ်းစားတဲ့အခါ၊ ဒီတစ်ခါ၊ ဘုရားရဲ့အိမ်တော်က ကျွန်မကို နောင်တရဖို့ အခွင့်အရေးပေးတာဖြစ်ပြီး ကျွန်မ ကောင်းကောင်း လုပ်ရမယ်လို့ သဘောပေါက်ခဲ့တယ်။ ကျွန်မတာဝန်တွေကို ထမ်းဆောင်ဖို့ ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို မှီခိုလို့ မရတော့ဘူး။ တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ရတယ်။ “ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုတော်ဆောင်တစ်ဦး အနေဖြင့် သင်သည် သင့်အဆင့်အတန်း၏ အကျိုးအမြတ်များ၌ အစဉ်မွေ့လျော်လျက်၊ သင်၏ကိုယ်ပိုင်အစီအစဉ်များကို အစဉ် ချမှတ်လျက်၊ သင်၏ ကိုယ်ပိုင်ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို အစဉ်ထည့်စဉ်းစားပြီး မွေ့လျော်လျှင်၊ သင်၏ ကိုယ်ပိုင်လုပ်ငန်းကို အစဉ်စီမံလျှင်၊ ပြီးလျှင် ပိုမိုမြင့်မားသော အဆင့်အတန်းရရှိရန်၊ ပိုမိုများသောလူတို့ကို စီမံထိန်းချုပ်ရန်နှင့် သင်၏ အာဏာနယ်ပယ်ကို ချဲ့ထွင်ရန် အစဉ်ကြိုးစားလျှင် ဤသည်မှာ ပြဿနာဖြစ်သည်။ အစိုးရအရာရှိတစ်ဦးဖြစ်သည့်အလား အရေးကြီးသောတာဝန်တစ်ခုကို သင်၏ ရာထူးအား မွေ့လျော်ခံစားရန် အခွင့်အလမ်းတစ်ခုအဖြစ် မှတ်ယူခြင်းသည် အလွန် အန္တရာယ်ရှိသည်။ သင်သည် အခြားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒမရှိဘဲ၊ သင်၏ အာဏာကို မလျော့ပါးစေလိုသကဲ့သို့ အခြားမည်သူနှင့်မျှ မျှဝေရန် အလိုမရှိဖြစ်လျက်၊ အခြားမည်သူ့ကိုမျှ သင့်အစား နာမည်ကောင်းယူရန်၊ သင်၏ထင်ပေါ်မှုကို ခိုးယူရန် အလိုမရှိဘဲ ဤသို့ အစဉ်ပြုမူဆောင်ရွက်လျှင်၊ အာဏာကို သင်ကိုယ်တိုင်သာ ခံစားချင်လျှင် သင်သည် အန္တိခရစ်တစ်ဦးဖြစ်သည်။ သို့သော် သင်သည် သမ္မာတရားကို မကြာခဏ ရှာဖွေလျှင်၊ သင်၏ ဇာတိပကတိ၊ သင်၏ကြံရွယ်ချက်များနှင့် အယူအဆများအား ပုန်ကန်ခြင်းကို လက်တွေ့လုပ်ဆောင်လျှင်၊ အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် ကိုယ်တိုင်စတင်လုပ်ဆောင်နိုင်လျှင်၊ အခြားသူများနှင့် တိုင်ပင်ပြီး ရှာဖွေရန် သင်၏ စိတ်နှလုံးကို ဖွင့်ဟလျှင်၊ အခြားသူများ၏ စိတ်ကူးများ၊ အကြံပြုချက်များကို အာရုံစိုက် နားထောင်လျှင်၊ မည်သူ့ဆီကလာသည်ဖြစ်စေ မှန်ကန်ပြီး သမ္မာတရားနှင့်ညီသော အကြံကို လက်ခံလျှင် သင်သည် ဉာဏ်ပညာရှိပြီး မှန်ကန်သောပုံစံဖြင့် လက်တွေ့လုပ်ဆောင်နေခြင်းဖြစ်ကာ မှားယွင်းသောလမ်းကြောင်းကို လျှောက်ခြင်းအား ရှောင်ကြဉ်နိုင်သည်။ ဤသည်မှာ သင့်အတွက် အကာအကွယ်ဖြစ်သည်။ ခေါင်းဆောင်ရာထူးများကို သင် စွန့်လွှတ်ရမည်။ ဂုဏ်အဆင့်အတန်း၏ ညစ်ညမ်းသော အသွင်သဏ္ဌာန်ကို စွန့်လွှတ်ရမည်။ သင့်ကိုယ်သင် သာမန်လူတစ်ယောက်အဖြစ် မှတ်ယူပြီး အခြားသူများနှင့် တူညီသောအဆင့်တွင် ရပ်ရမည်။ သင့်တာဝန်အပေါ် တာဝန်သိသော သဘောထားတစ်ခုရှိရမည်။ သင်သည် သင်၏တာဝန်ကို တရားဝင်ရာထူးနှင့် ဂုဏ်အဆင့်အတန်းအဖြစ်၊ သို့မဟုတ် အောင်မြင်မှုသရဖူမျိုး အဖြစ် အစဉ် မှတ်ယူလျှင်၊ အခြားလူများက သင်၏ရာထူးအတွက် အလုပ်လုပ်ပြီးအစေခံရန်ရှိနေသည်ဟု စိတ်ကူးလျှင် ဤသည်မှာ ဒုက္ခပေးတတ်သည်။ ဘုရားသခင်က သင့်အား အလွန်မုန်းတီးပြီး ရွံရှာလိမ့်မည်။ သင်က အခြားလူများနှင့် တန်းတူညီဖြစ်သည်၊ သင်က ဘုရားသခင်ထံမှ စေခိုင်းချက်နှင့် တာဝန်ကို အနည်းငယ် ပို၍ရှိခြင်းသာဖြစ်သည်ဟု ယုံကြည်လျှင်၊ ၎င်းတို့နှင့် သင့်ကိုယ်သင် တန်းတူညီရပ်တည်ရန် သင်ယူနိုင်လျှင်၊ အခြားလူများ ထင်မြင်သည့်အရာကို နှိမ့်ချစွာပင် မေးမြန်းနိုင်လျှင်၊ ၎င်းတို့ပြောသည့်အရာကို လေးနက်စွာ၊ နီးကပ်စွာ၊ အာရုံစိုက်စွာဖြင့် နားထောင်နိုင်လျှင် သင်သည် အခြားလူများနှင့် သဟဇာတဖြစ်စွာပူးပေါင်းဆောင်ရွက်လိမ့်မည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို လက်တွေ့လုပ်ဆောင်ရမဲ့ လမ်းကြောင်း ပြခဲ့တယ်။ ကျွန်မတို့အတွက် ဘုရားရဲ့ သတ်မှတ်ချက်က ကျွန်မတို့ရဲ့ ခေါင်းဆောင်မှု ဟိတ်ဟန်ကို စွန့်လွှတ်ပြီး၊ တခြားလူတွေနဲ့ သဘောညီညီ ပူးပေါင်းလုပ်ဆောင်ဖို့ပဲ။ ကိုယ်ပိုင် နည်းလမ်းတွေကို မရမကမလုပ်ဖို့၊ တခြားလူတွေရဲ့ အကြံကို ပိုနားထောင်ပြီး၊ သူတို့ရဲ့ အားသာချက်တွေကနေ သင်ယူဖို့ပေါ့။ အဲဒီလို လုပ်မှပဲ ကျွန်မတို့တာဝန်တွေကို ပြည့်ပြည့်ဝဝ ကျွန်မတို့ ထမ်းဆောင်နိုင်တယ်။ အရင်တုန်းက၊ ကျွန်မအနေနဲ့ ခေါင်းဆောင်မှု တာဝန်တွေကို နှစ်အများကြီး ထမ်းဆောင်ခဲ့ပြီး အလုပ်အတွေ့အကြုံရှိသလို ဒါက အရင်းအနှီးတစ်မျိုးပဲလို့ ထင်လေ့ရှိခဲ့တယ်။ ကျွန်မက တခြားလူတွေထက် ပိုတော်တယ်လို့ အမြဲ ယုံကြည်ခဲ့တယ်၊ ကျွန်မရဲ့ ညီအစ်ကို မောင်နှမတွေရဲ့ အားသာချက်တွေကို မမြင်နိုင်ခဲ့သလို သူတို့ကို ကျွန်မ ဖြစ်စေခဲ့သမျှက ထိခိုက်နစ်နာမှုပါပဲ။ အသင်းတော်ရဲ့ အလုပ်ကို ကျွန်မ ပံ့ပိုးခဲ့သမျှက အဖျက်အမှောင့်ဖြစ်ခဲ့တယ်။ အခု ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မရဲ့ တွဲဖက် ညီအစ်မက သူ့တာဝန်ကို ထမ်းဆောင်ရာမှာ တည်ငြိမ်ပြီး ဝန်တာထမ်းတယ်။ တစ်ယောက်ယောက်က စည်းမျဉ်းတွေ ဆန်ကျင်ပြုမူနေတာကို သတိပြုမိရင်၊ သူက လမ်းပြမှုနဲ့ အကူအညီပေးတယ်။ ဒါပေမဲ့ သူ့ရဲ့ အားသာချက်ကို ကျွန်မ အသိအမှတ်မပြုခဲ့တဲ့အပြင် သူ့ကို ခဏခဏ အထင်သေးခဲ့တယ်။ အချိန်အများစုမှာ သူ့ရဲ့ အကြံကို ကျွန်မ အလေးမထားခဲ့ဘဲ သူ့ကို ဘောင်ခတ်ခဲ့တယ်။ ဒါကို သုံးသပ်တဲ့အခါ၊ ကျွန်မ ရှက်မိပြီး ကျွန်မရဲ့ညီအစ်မအပေါ် နောင်တရမိတယ်။ လူတိုင်းမှာ သူ့အားသာချက်နဲ့သူ ရှိတယ်။ ကျွန်မတို့ အချင်းချင်း ကူညီလို့ရအောင်၊ အချင်းချင်းဆီကနေ သင်ယူပြီး ကျွန်မတို့တွေ လမ်းလွဲသွားတာကို တစ်ယောက်ကိုတစ်ယောက် တားဆီးဖို့ တာဝန်ယူတတ်အောင်လို့ ဘုရားက ကျွန်မတို့ကို တွဲပေးခဲ့တာပဲ။ ဒီလို လက်တွေ့လုပ်ဆောင်မှုမျိုးက အသင်းတော် အလုပ်အတွက် အကျိုးရှိတယ်။ အခု ကျွန်မ ပြောင်းလဲမှုတစ်ခု လုပ်ဖို့လိုတယ်။ ကျွန်မတာဝန်တွေကို လုပ်တဲ့နေရာမှာ၊ ကျွန်မ သမ္မာတရားကို ရှာရမယ်၊ တခြားလူတွေရဲ့ အကြံကို ပိုနားထောင်ရမယ်။ ပြီးတော့ ကျွန်မရဲ့ ကိုယ်ပိုင် အတွေ့အကြုံနဲ့ အရည်အချင်းတွေကို အမှီမပြုရဘူး။ ဘုရားနှုတ်ကပတ်တော်တွေ ပြတဲ့လမ်းကြောင်းကို ကျွန်မ လိုက်လျှောက်ရမယ်။

စုဝေးပွဲတစ်ခုမှာ၊ ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိတဲ့ သူတစ်ယောက်နဲ့ ပတ်သက်ပြီး အခက်အခဲတွေနဲ့ ပြဿနာတွေကို ကျွန်မတို့ ဆွေးနွေးကြတယ်။ ညီအစ်မ တစ်ယောက်နဲ့ မတူတဲ့ ရှုထောင့်တစ်ခု ကျွန်မမှာ ရှိပြီး၊ ကျွန်မရဲ့ ရှုထောင့်ကို ကျွန်မ ဝေမျှတော့ သူက ကျွန်မကို သဘောမတူဘူး။ ကျွန်မ နည်းနည်း စိတ်အနှောင့်အယှက်ဖြစ်သွားတယ်။ ကိုယ့်ဘာသာ တွေးမိတယ်။ “ငါ့နည်းငါ့ဟန်အတိုင်း လိုက်လျှောက်ရင်းနဲ့ လတ်တလော ဧဝံဂေလိ ဖြန့်ဝေရာမှာ ရလဒ်တချို့ ငါရခဲ့တယ်။ ဧဝံဂေလိ အလုပ်မှာ ပိုငယ်ရွယ်ပြီး အတွေ့အကြုံမရှိတဲ့ နင်က ဒီပြဿနာတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာ ဘယ်လိုလုပ် နားလည်နိုင်မှာလဲ”လို့ပေါ့။ ကျွန်မစိတ်နှလုံးထဲမှာ ကျွန်မရဲ့ ကိုယ်ပိုင် အယူအဆကိုပဲ မာနထောင်လွှားစွာနဲ့ မရမက ပြောလာတယ်။ အဲဒီအချိန်မှာပဲ၊ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရသွားတယ်။ “သင်က အခြားလူများနှင့် တန်းတူညီဖြစ်သည်၊ သင်က ဘုရားသခင်ထံမှ စေခိုင်းချက်နှင့် တာဝန်ကို အနည်းငယ် ပို၍ရှိခြင်းသာဖြစ်သည်ဟု ယုံကြည်လျှင်၊ ၎င်းတို့နှင့် သင့်ကိုယ်သင် တန်းတူညီရပ်တည်ရန် သင်ယူနိုင်လျှင်၊ အခြားလူများ ထင်မြင်သည့်အရာကို နှိမ့်ချစွာပင် မေးမြန်းနိုင်လျှင်၊ ၎င်းတို့ပြောသည့်အရာကို လေးနက်စွာ၊ နီးကပ်စွာ၊ အာရုံစိုက်စွာဖြင့် နားထောင်နိုင်လျှင် သင်သည် အခြားလူများနှင့် သဟဇာတဖြစ်စွာပူးပေါင်းဆောင်ရွက်လိမ့်မည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)) ကျွန်မရဲ့ ရှုထောင့်ကို အဲဒီညီအစ်မ ငြင်းပယ်တာက ကျွန်မ ဆိုက်ကြီးဂိုက်ကြီးလုပ်နေတာကို လက်လွှတ်ဖို့၊ တခြားလူတွေနဲ့ သဘောညီညီ ပူးပေါင်းလုပ်ဖို့နဲ့ သူတို့ရဲ့ အကြံပြုချက်ကို နားထောင်ဖို့ သင်ယူအောင် ကူညီနိုင်ခဲ့တာကို အဲဒီအခါမှပဲ ကျွန်မ သိလာခဲ့တယ်။ သေချာ စဉ်းစားကြည့်တဲ့အခါ၊ အဲဒီညီအစ်မရဲ့ အကြံပေးချက်က သင့်လျော်ပြီး အကျိုးရှိတာကို ကျွန်မ တွေ့ခဲ့ရတယ်။ အဲဒီအချိန်မှာ၊ ကျွန်မ သဘောပေါက်သွားတယ်။ အရင်တုန်းက ကျွန်မ ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ အရမ်းထင်ခဲ့တယ်။ ကျွန်မကိုယ်ကျွန်မ သာလွန်တယ်လို့ တွေးပြီး တခြားလူတွေရဲ့ အကြံကို အလေးမထားခဲ့ဘူး။ ကျွန်မ အရမ်းမာနထောင်လွှားခဲ့တယ်။ လူတစ်ဦးစီမှာ သန့်ရှင်းသော ဝိညာဉ်တော်က မတူကွဲပြားစွာနဲ့ အလုပ်လုပ်ပုံကိုလည်း ကျွန်မ မြင်ခဲ့တယ်။ ဘယ်သူပဲဖြစ်ဖြစ် သူတို့ရဲ့အကြံတွေကို ပေးပါစေ ကျွန်မတို့ နားထောင်ပြီး ပိုရှာဖွေဖို့ ကြိုးစားရမယ်။ အလုပ်ကို ကောင်းကောင်း လုပ်ဖို့ အချင်းချင်းရဲ့ အားသာချက်နဲ့ အားနည်းချက်တွေကနေ သင်ယူရမယ်။ အခု အဲဒီညီအစ်မရဲ့ အကြံပေးချက်က သင့်လျော်လို့ ကျွန်မ လက်ခံသင့်တယ်။ ကျွန်မ ပြောလိုက်တယ်။ “ညီမရဲ့ အစီအစဉ်ကို ဆက်လုပ်ရအောင်”လို့ပေါ့။ အသင်းတော် အလုပ်အတွက် ကျွန်မရဲ့ အယူအဆတွေကို ဘေးဖယ်ပြီး အဲဒီညီအစ်မရဲ့ အကြံပြုချက်ကို နားထောင်လိုက်တဲ့အခါ၊ ကျွန်မ အရမ်းသေချာသွားတယ်။ နောက်ပိုင်းမှာ၊ တာဝန်တွေကို လုပ်တဲ့နေရာမှာ ပြဿနာတွေ ရင်ဆိုင်ရတဲ့အခါ၊ လူတိုင်းက သူတို့ ရှုထောင့်တွေကို ဝေမျှကြတယ်။ ညီအစ်ကို မောင်နှမတွေဆီကနေ ပြဿနာကို ဖြေရှင်းပေးနိုင်မဲ့ ဘယ်သင့်တော်တဲ့ အကြံဉာဏ်ကိုမဆို ကျွန်မ လက်ခံခဲ့တယ်။ တစ်ခါတလေ ညီအစ်ကို မောင်နှမတွေက ကျွန်မရဲ့ ပြဿနာတွေကို ထောက်ပြတဲ့အခါ၊ ကျွန်မ အောင့်သက်သက်ဖြစ်ပေမဲ့ လက်ခံပြီး အဲဒါတွေကို သုံးသပ်နိုင်ခဲ့တယ်။ ဒီလိုအတန်ကြာ လက်တွေ့လုပ်ပြီးတဲ့နောက်မှာ၊ ကျွန်မ တိုးတက်သွားပြီး၊ ညီအစ်ကို မောင်နှမတွေနဲ့ ပုံမှန် ဆက်ဆံပြောဆိုနိုင်ခဲ့တယ်။

နှင်ထုတ်ခံရပြီးတဲ့နောက်မှာ ကျွန်မ အရမ်းနာကျင်ခဲ့ရပေမဲ့၊ အဲဒါက ကျွန်မရဲ့ နက်နက်ရှိုင်းရှိုင်း အရိုးစွဲနေတဲ့ မာနထောင်လွှားတဲ့ သဘာဝကို သိအောင် ကူညီခဲ့တယ်။ အဲဒီလို အခြေအနေတွေကို တွေ့ကြုံတာမရှိဘဲနဲ့ အရမ်းမာနထောင်လွှားတဲ့ ကျွန်မလိုလူတစ်ယောက်အတွက် ပြောင်းလဲဖို့က ခက်ခဲခဲ့မှာပဲ။ နောက်ဆုံးမှာ မပြောင်းလဲရင် ကျွန်မ ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရမှာ။ ဒီလိုထုတ်ပယ်ခံရပြီး နှင်ထုတ်ခံရတာက ကျွန်မအတွက် ဘုရားရဲ့ ကြီးမားတဲ့ ချစ်ခြင်းနဲ့ ကယ်တင်ခြင်းဖြစ်ပါတယ်။ ကျွန်မရဲ့ စိတ်နှလုံးနက်ရှိုင်းရာကနေ ဘုရားကို စစ်မှန်တဲ့ ချီးမွမ်းခြင်း ပူဇော်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

တရားစီရင်ခြင်းမှတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် သိမြင်လာခြင်း

ဆွန်ယု နယ်သာလန်နိုင်ငံ “သူ့အသက်တာတွင် လူသားသည် သန့်ရှင်းစေခြင်းခံရရန်နှင့် သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများ စွမ်းဆောင်ရရှိရန် ဆန္ဒရှိပါက၊...

စစ်မှန်သော ခြင်းပြောင်းလဲခြင်းဆိုသည်မှာ အဘယ်နည်း

ကျင်းယူ ဟေးနန်စီရင်စု၊ နန့်ယန်းမြို့တော် အစ်ကိုမောင်တစ်ယောက်ကဖြစ်ဖြစ်၊ ညီအစ်မတစ်ယောက်ကဖြစ်ဖြစ် ကျွန်မ၏ကျရှုံးမှုများကို ထောက်ပြခဲ့ သောအခါ၊...

အမှားလုပ်ခြင်းနဲ့ပတ်သက်ပြီး ကျွန်မ ဘာကြောင့်စိုးရိမ်ရတာလဲ

ချင်းရီး ဖိလစ်ပိုင်နိုင်ငံ ညီမက အသင်းတော်အတွက် အနုပညာဒီဇိုင်းမှာ အလုပ်လုပ်တော့ အစပိုင်းမှာ အခက်အခဲနည်းနည်းရှိခဲ့တယ်။ ဒါပေမဲ့ ဘုရားကို...

အခြားသူများကို သစ္စာစောင့်သိခြင်းသည် လူကောင်းတစ်ယောက်ဖြစ်သလား

ကျွန်တော် အသင်းတော်ခေါင်းဆောင်ဖြစ်ခဲ့တဲ့ ၂၀၁၂ခုနှစ်တုန်းက ကျန်းရှင်က ကျွန်တော့်ကို အယောင်ဆောင်ခေါင်းဆောင်လို့ ဝေဖန်တဲ့အပြင် ကျွန်တော့်ကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
စာလုံးသေးမည်
စာလုံးကြီးမည်
ဘောင်အပြည့်ချဲ့ကြည့်မည်
ဘောင်အပြည့်ချဲ့ကြည့်ခြင်းမှ ထွက်မည်