အဖိုးတန်လှသည့် ဆင်းရဲဒုက္ခ

22.05.2022

ကျွမ်းရှင် တရုတ်နိုင်ငံ

ပထမအကြိမ်က ၁၉၉၇၊ ဇူလိုင် ၁ ရက်နေ့မှာပေါ့။ ဘုရားနှုတ်ကပတ်တော်စာအုပ်တွေ ထည့်ထားတဲ့ သေတ္တာနှစ်ပုံးနဲ့ လမ်းဘေးမှာ လူတစ်ယောက်ကို စောင့်နေခဲ့တာ။ ရဲတစ်ယောက်က လမ်းလျှောက်လာတယ်။ ပြီးတော့ သေတ္တာတွေကို စစ်ဆေးဖို့ ရဲကင်းဆီ ယူလာခိုင်းတယ်။ ကျုပ်ဖြင့် တကယ်ကြောက်သွားတာပဲ။ ကျုပ်တွေးမိတယ်။ “ဒီဘုရားနှုတ်ကပတ်တော် စာအုပ်တွေ ငါ့ဆီမှာ ရှိနေတာ ရဲက တွေ့သွားရင် ငါ့ကို ဘယ်လိုနှိပ်စက်ကြမလဲ မသိဘူး” ပေါ့။ ဘုရားသခင်ကို တိတ်တဆိတ် ဆုတောင်းလိုက်တယ်။ ဒီအခြေအနေကို ရင်ဆိုင်ဖို့ ယုံကြည်ခြင်းရှိအောင် စိတ်နှလုံးကို စောင့်ရှောက်ပေးပါဆိုပြီးတော့လေ။ ရဲကင်းကို ရောက်တာနဲ့ ရဲအရာရှိက သေတ္တာကို ဖွင့်ကြည့်လိုက်တယ်။ ဘုရားနှုတ်ကပတ်တော် စာအုပ်တစ်အုပ်ကို ကောက်ကိုင်ပြီး လှန်လှောကြည့်ရင်း ကျုပ်ကို ပြူးတူးပြဲတဲ ဟောက်ရော။ “ငါ့မျက်စိရှေ့တည့်တည့်မှာ ဒီဘာသာရေးစာအုပ်တွေကို သယ်ပို့ရဲတယ်ပေါ့။ ငါ့အကြောင်း သိစေရမယ်” တဲ့။ ပြီးတာနဲ့ သူ့လက်ထိတ်ကို ထုတ်ပြီးတော့ ကျုပ်ကို လက်ထိတ်ခတ်တယ်။ ပြီးတော့ သုံးပေလောက်ရှည်တဲ့ ရော်ဘာတုတ်ကို ကိုင်ပြီး ကျုပ်ရဲ့ ညာပေါင်ကို ဒေါသတကြီး ရိုက်တယ်။ ပေါင်ရိုးက နှစ်ခြမ်းကွဲလုမတတ်ပဲ၊ နာလွန်းလို့ အော်ခဲ့ရတာဗျာ။ ကျုပ်ပုံစံကို မြင်တော့ ကျုပ်ကို အပြင်ဆွဲထုတ်ပြီး ချစ်ချစ်တောက်ပူတဲ့ နေရောင်အောက် ကွန်ကရစ်ခြံစည်းရိုးမှာ လက်ထိတ်ခတ်ထားတယ်။ အဲဒီလို တစ်နာရီလောက် နေလှန်းထားပြီးနောက် ရဲသုံးယောက် ထပ်ရောက်လာပြီး ခရိုင်ပြည်သူ့လုံခြုံရေးဌာနခွဲဆီ ကျုပ်ကို ခေါ်သွားတယ်။ အဲဒီကိုရောက်တော့ ရဲတစ်ယောက်က ကျုပ်ကို လေသံမာမာနဲ့ မေးရော။ “မင်းဘယ်ကလဲ။ နာမည်ဘယ်လိုခေါ်လဲ။ ဒီစာအုပ်တွေက ဘယ်ကလဲ” တဲ့။ ကျုပ်လည်း ဒါတွေကို တခြားလူအတွက် သယ်ပို့ပေးတာပါ။ ဘယ်ကလာလဲ မသိပါဘူးလို့ ပြန်ဖြေလိုက်တယ်။ သူဒေါကန်ကန်နဲ့ ထရပ်ပြီး စားပွဲကို လက်နဲ့ရိုက်တယ်။ ကျုပ်ဆီလာပြီး ကျုပ်ကို အားနဲ့ ရိုက်တယ်။ တစ်ချက်တည်းနဲ့ လဲအောင် ပိတ်ကန်တယ်။ ပြီးတော့ ရက်ရက်စက်စက် ပြောတယ်လေ။ “စာအုပ်တွေ ဘယ်ကလာလဲပြောစမ်း မပြောရင် မင်းကို ငါကိုယ်တိုင် ရိုက်သတ်ပစ်မယ်ကွ” တဲ့။ နောက်ရဲတစ်ယောက်က ကျုပ်ကို ဆံပင်ကနေ တရွတ်တိုက်ဆွဲပြီး ဒီလိုကြိမ်းဝါးတယ်။ “ပြောသလိုလုပ်။ ငါတို့သိချင်တာကို မပြောပြရင် ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲနော်” တဲ့။ ကျုပ်က နှုတ်ဆိတ်နေတော့ သူက စားပွဲကို လက်နဲ့ရိုက်ပြီး အော်ပြောရော။ “မင်းနှုတ်ဆိတ်နေလည်း ရတယ်။ မင်းကို ထောင်ချလိုက်ရုံပဲ။ ဒါဆို မင်းကိစ္စတုံးပြီ” တဲ့။ ပြီးတာနဲ့ တခြားရဲတွေကို သူမျက်စိတစ်ဖက် မှိတ်ပြတယ်။ သူတို့က ပြေးဝင်လာပြီး ကျုပ်ကို လဲကျအောင် ကန်တယ်။ ပြီးတော့ ဝိုင်းအုံပြီး ကန်ကျောက်ထိုးနှက်ကြတယ်။ နာလွန်းတာများ အရိုးတွေကျိုးလုမတတ်ပဲ။ တစ်ကိုယ်လုံးလည်း ထိုးထိုးပြီးတော့ နာတယ်။ အဲဒီနောက်တော့ ရဲတစ်ယောက်က ကျုပ်ကို အင်္ကျီကော်လာကနေ ဆွဲမတယ်။ နောက်တစ်ယောက်ကတော့ ရော်ဘာတုတ်ကြီးနဲ့ ကျုပ်နောက်စေ့ကို ထိုးထားတယ်။ ပြီးတော့ ဒီလိုဆွယ်တယ်၊ “ပြောလေကွာ။ ဒီစာအုပ်တွေက မင်းဟာမှ မဟုတ်တာ။ ‘မင်းတာဝန်ယူပြီး ခေါင်းခံနေစရာ ဘာလိုလို့လဲ’ တဲ့။ မင်းမပြောပြရင် ထောင်ဒဏ်ချခံရလိမ့်မယ်။ မင်းမိန်းမနဲ့ မင်းကလေးနဲ့အတူ မနေချင်ဘူးလား။ ပြောပြရင်ရပြီ။ ဒါဆို နေ့ခင်းကျရင် အိမ်ပြန်ပို့ပေးမယ်” တဲ့။ ကျုပ်တစ်ခွန်းမှ မဟတော့ သူဆက်ပြောတယ်။ “မမိုက်စမ်းပါနဲ့။ မင်းမပြောရင်လည်း အကုန်လုံး မင်းဝန်ခံလိုက်ပြီလို့ ငါတို့ပြောမှာပဲ။ ဒါဆို မင်းပြန်လွတ်ရင် မင်းအသင်းတော်က မင်းကို လိုချင်တော့မှာ မဟုတ်ဘူး” တဲ့။ ကျုပ်ဒီလိုတွေးမိတယ်လေ။ “အားလုံးကို ဘုရားမြင်တယ်။ ငါယုဒဟုတ်မဟုတ် သူသိမှာပဲ။ ဒါပေမဲ့ ငါမပြောပြရင်လည်း ထောင်ကျဖို့က ကျိန်းသေတယ်။ ငါ့သမီးက သုံးနှစ်ပဲ ရှိသေးတာ။ နှစ်တချို့ ငါထောင်ကျသွားရင် မိန်းမက ကလေးကို တစ်ယောက်တည်းကြည့်ရမှာ။ သူအရမ်းခက်ခဲမှာပဲ။ ဒါပေမဲ့ သူတို့ကို ပြောပြလိုက်ရင်လည်း ငါက ယုဒဖြစ်သွားမှာ။ ဒါက ဘုရားကို သစ္စာဖောက်တာဖြစ်မှာပဲ” လို့လေ။ စိတ်ထဲမှာ ဒီလိုလွန်ဆွဲနေရင်း ဘုရားကို မနားတမ်း ဟစ်အော်ခဲ့တယ်။ လမ်းပြပေးပါလို့လေ။ နောက်တော့ ဒီဘုရားနှုတ်ကပတ်တော် ဓမ္မသီချင်းကို အမှတ်ရသွားရော။ “သမ္မာတရားအတွက် ခက်ခဲမှုကို သင်ခံစားရမည်၊ သမ္မာတရားထံ သင့်ကိုယ်သင် ပေးအပ်ရမည်၊ သမ္မာတရားအတွက် အရှက်တကွဲ ဖြစ်ခြင်းကို သင်ခံရမည်၊ ထို့နောက် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။ ငြိမ်းချမ်းသော မိသားစုဘဝ တစ်ခုအတွက် သမ္မာတရားကို သင်လက်မလွှတ်ရ၊ တဒင်္ဂပျော်ရွှင်မှု အတွက် သင့်ဘဝ၏ ဂုဏ်သိက္ခာနှင့် သမာဓိကို အဆုံးရှုံးမခံရ။ နှစ်သက်ဖွယ်ဖြစ်ကာ ကောင်းမွန်သောအရာအားလုံးကို သင် လေ့လာလိုက်စားသင့်ပြီး၊ အသက်တာတွင် ပိုမိုအဓိပ္ပာယ် ရှိသော လမ်းကြောင်းကို သင် လိုက်စားသင့်သည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “သမ္မာတရားအတွက် အရာအားလုံးကို စွန့်လွှတ်သင့်”) ဘုရားနှုတ်ကပတ်တော်က ကျုပ်ကို သတိပေးတာလေ။ ဘုရားကို သစ္စာဖောက်အောင် မျှားဖို့ ရဲတွေက ကျုပ်ခံစားချက်ကို သုံးချင်နေတာ။ ကျုပ်ယုံစားလိုက်လို့ မရဘူး။ မိသားစု ဇာတိချမ်းသာဖို့အတွက်လေးနဲ့ ရှက်ဖွယ်လိလိဖြစ်တဲ့ ယုဒတစ်ယောက် အဖြစ်မခံနိုင်ဘူးလေ။ သက်သေရပ်တည်ပြီး ဘုရားကျေနပ်အောင် လုပ်ရမယ်။ ကျုပ်တွေးမိတယ်။ ဘုရားက ဖန်ဆင်းရှင်ဖြစ်ပုံနဲ့ လူတိုင်းရဲ့ရှေ့ရေးနဲ့ ကံကြမ္မာက သူ့လက်ထဲမှာ ရှိပုံကိုပေါ့။ ကျုပ်ထောင်ဒဏ်ကျမကျ၊ ကျုပ်ဇနီးနဲ့ သမီးက ဒုက္ခရောက်မရောက် အားလုံးကို ဘုရားကပဲ ဆုံးဖြတ်တာ။ သူတို့ကို ကျုပ်စိတ်ပူပြီး သောကပွားနေလည်း ဘာမှအကျိုးမထူးဘူး။ ဒါကို သိသွားတော့ ကျုပ်ငြိမ်သက်ခြင်း ရသွားတယ်။

ကျုပ်နှုတ်ဆိတ်နေတော့ ရဲတချို့က ကျုပ်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ကြိမ်းရော။ “မင်းက ဘာသာရေးငကြောင်ကောင်ပဲ၊ ခေါင်းကလည်း မာလိုက်သလား မမေးနဲ့။ မင်းကို ထောင်ချဖို့ပဲ ရှိတော့တဲ့ပုံပဲ။ တစ်ကြိမ်ထပ်မေးမယ်၊ မင်းပြောပြမှာလား မပြောဘူးလား” တဲ့။ ကျုပ်ဒီလိုဖြေလိုက်တယ်၊ “ပြောဖို့ လိုသမျှအကုန် ပြောပြပြီးပြီပဲ။ အကြိမ်တစ်ရာ ထပ်မေးလည်း ဒီလိုပဲ ကျုပ်ပြန်ဖြေမှာ” လို့ပေါ့။ သူဒေါကန်သွားပြီး ကျန်နှစ်ယောက်ကို ဒီလိုပြောလိုက်တယ်။ “ခြံထဲခေါ်သွားပြီး သေတဲ့အထိ နေပူလှန်းပေးလိုက်” တဲ့။ ပြီးတော့ နေပူစပ်ခါးအောက် ခြံထဲမှာ ကျုပ်ကို လက်ထိတ်ခတ်လိုက်ကြတယ်။ ဇူလိုင်လဆိုတော့ ရာသီဥတုက ကျောကွဲမတတ် ပူတာ။ နေပူဒဏ်ကို ခံရပုံများ ကျုပ်ချွေးတွေ ပြိုက်ပြိုက်ကျလာတဲ့အထိပဲ။ ကိုယ်ပေါ်က ဒဏ်ရာတွေထဲ ချွေးတွေစီးဝင်သွားရင် စပ်လိုက်တဲ့ဖြစ်ခြင်း။ ဒါ့အပြင် ခြင်တစ်သိုက်ကလည်း ကျုပ်မျက်နှာနဲ့ ခြေထောက်ကို လာလာကိုက်တယ်။ တကယ့်ကို ခံရခက်တာပဲ။ ကျုပ်လည်း ခံနိုင်ရည် သိပ်မရှိတော့ဘူး၊ ဒီတော့ ဘုရားကို မနားတမ်း ဟစ်ခေါ်ခဲ့တယ်။ သက်သေရပ်တည်နိုင်အောင် ဒုက္ခခံလိုတဲ့ သန္နိဋ္ဌာန် ချပေးပါလို့လေ။ ဆုတောင်းပြီးနောက် ဒီကျမ်းပိုဒ်ကို ကျုပ်သတိရသွားတယ်။ “စိတ်မပျက်နှင့်၊ အားမနည်းနှင့်၊ ထိုအခါ ငါသည် သင့်အတွက် အမှုအရာများကို ရှင်းလင်းစေမည်။ နိုင်ငံတော်သို့ သွားရာလမ်းသည် သိပ်ချောမွေ့ခြင်းမရှိ။ မည်သည့်အရာမျှ ထိုမျှ မရိုးရှင်းပေ။ ကောင်းချီးများ သင့်ထံ အလွယ်တကူ ရောက်လာသည်ကို သင် လိုချင်သည် မဟုတ်လော။ ယနေ့တွင် အယောက်တိုင်းသည် ခါးသီးသော စမ်းသပ်ခြင်းများ ရင်ဆိုင်ဖို့ ရှိလိမ့်မည်။ ထိုသို့သော စမ်းသပ်မှုများမရှိပါက၊ သင်တို့၌ ရှိသည့် ငါ့ကိုချစ်သော နှလုံးသားသည် တိုး၍ အားကောင်းလာလိမ့်မည် မဟုတ်သကဲ့သို့၊ သင်တို့သည် ငါ့အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ ရှိလိမ့်မည်မဟုတ်။ ဤစမ်းသပ်မှုများတွင် အရေးမပါသော အခြေအနေများသာ ပါရှိလျှင်ပင်၊ အယောက်တိုင်း ၎င်းတို့ကို ကျော်ဖြတ်ရမည်။ စမ်းသပ်မှုများ၏ ခက်ခဲမှုက လူတစ်ဦးနှင့်တစ်ဦး ခြားနား လိမ့်မည်သာ ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၄၁” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) ကျုပ်တကယ်ပဲ စိတ်သက်သာရာရသွားရော။ ကျုပ်မြင်လိုက်တယ်လေ။ ကျုပ်တို့ယုံကြည်ခြင်းနဲ့ ဒုက္ခခံဖို့ ဆုံးဖြတ်ချက်ကို စုံလင်စေဖို့ ဘုရားက ဒီလိုခက်ထန်တဲ့ အခြေအနေတွေ သုံးတာကိုပေါ့။ ဒါက ဘုရားထံကလာတဲ့ ကောင်းချီးပဲ။ အဲဒီနေ့ ၈ နာရီကနေ ၁၂ နာရီထိ လေးနာရီကြာ ကျုပ်ကို ရိုက်နှက်ရင်း၊ စစ်ကြောရင်း နှိပ်စက်ခဲ့ကြတယ်။ ချော့တစ်ခါ၊ ခြောက်တစ်လှည့် လုပ်ကြတယ်။ တစ်လျှောက်လုံး ကျုပ်ကို ဘုရားက ဦးဆောင်ပေးတယ်။ ဒီလိုအချိန်မှာ ဘုရားအပေါ် ယုံကြည်ခြင်းပိုရှိမှ ရမယ်လေ။ သူတို့ကျုပ်ကို ဘယ်လောက်နှိပ်စက်ပါစေ၊ သက်သေရပ်တည်ပြီး ဘုရားစိတ်ကျေနပ်အောင် လုပ်ရမှာ ကျုပ်သိခဲ့တယ်။ အဲဒီနေ့ခင်းမှာ လေးနာရီကြာလောက် နေပူလှန်းခံခဲ့ရတယ်။ ကျုပ်ဆို ရေတွေလည်းငတ်၊ ဗိုက်တွေလည်းဆာနဲ့ ခေါင်းတွေပါ မူးလာတာ။ အပူလျှပ်သလိုခံစားခဲ့ရတယ်။

နောက်တော့ ကျုပ်ကို ထိန်းသိမ်းရေးစခန်းဆီ ခေါ်သွားကြတယ်။ အဲဒီက ညွှန်ကြားရေးမှူးကကျုပ်ကို ပိုပြီးတော့တောင် အထူးအရေးပေး လက်စွမ်းပြတာ။ အချုပ်တန်းစီးကို သူသေချာမှာတယ်လေ။ “ဒီတစ်ယောက်ကို သေချာဂရုစိုက်ပြလိုက်” တဲ့။ အဲဒီနောက် ထောင်သားဒါဇင်ကျော်က ပြေးဝင်လာပြီး လက်တီးလက်မောင်းတန်းရင်း ကျုပ်ကို ဝိုင်းထားတယ်။ တန်းစီးက ကျုပ်ကို အဝတ်အစားတွေ ချွတ်ခိုင်းတယ်။ ကျုပ်တစ်ကိုယ်လုံး ညိုမည်းဒဏ်ရာစွဲနေတာပဲ။ ခြေထောက်က ဒဏ်ရာတစ်ခုဆို သွေးတွေ စိမ့်ထွက်နေတုန်း။ ထောင်သားတချို့က ရေအေးတွေ ဇလုံလိုက် မလာပြီး ကျုပ်ပေါ်ကို လောင်းချတယ်။ ပြီးတော့ အဝတ်လျှော် ဆပ်ပြာရည်တွေနဲ့ ကျုပ်ကျောကုန်းကို ပွတ်ကြတယ်။ ဒဏ်ရာတွေက ရှိမ်းခနဲ ရှိမ်းခနဲ ပူလောင်နေတာများ ဓားနဲ့ ထိုးခံရတဲ့အတိုင်းပဲ။ ပြီးတော့ နံရံကို ကျောပေးရပ်ခိုင်းပြီး ကျုပ်ကို လက်မြှောက်ခိုင်းကြတယ်။ မျက်လုံးဖွင့်ပြီး ပါးစပ်ဟခိုင်းထားတယ်။ ပြီးတော့ ကျုပ်ကို ရေအေး သုံးဇလုံ ထပ်လောင်းကြရော။ ကျုပ်နှာခေါင်းနဲ့ ပါးစပ်တွေထဲ ရေတွေပြည့်သွားတာ။ ကျုပ်လည်း ရေမွန်းလွန်းလို့ တစ်ခေါင်းလုံး ချာချာလည်နေတာ မူးမေ့လုမတတ်ပဲ။ နောက်တော့ ကျုပ်ကို တည့်တည့်မတ်တပ် ထပ်ရပ်ခိုင်းပြီး ကျုပ်ရင်ဘတ်ကို သုံးကြိမ် အားနဲ့ ထိုးကြတယ်။ “အသည်းခွဲသမားကွ” လို့ အော်ရင်းလေ။ ကျုပ်ဝေဒနာက မပြယ်သေးဘူး။ ကျုပ်ကျောကုန်းကို သူတို့က သုံးလေးကြိမ်လောက် ထပ်ပြီး ထိုးနှက်ကြတယ်။ ကျုပ်လည်း ကြမ်းပြင်ပေါ် ဘိုင်းခနဲ လဲသွားရော။ ကျောနဲ့ ရင်ဘတ်က ဝေဒနာက အရိုးခိုက်အောင် နာသွားတာပဲ။ တန်းစီးက ကျုပ်ကို အလွတ်မပေးသေးဘဲ ကျုပ်လက်တစ်ဖက်ကို ကြမ်းပြင်ပေါ် ထောက်ခိုင်းထားတယ်။ ပြီးတော့ ကျုပ်ကျောပေါ် သူခွထိုင်ပြီး လေယာဉ်လို ပတ်ပတ်လည်ခိုင်းရော။ ကျုပ်တစ်ပတ်ပဲ လှည့်နိုင်ပြီး ပုံလဲကျသွားတယ်။ အဲဒီနောက် ထောင်သားနောက်တစ်ယောက်က ကျုပ်ကို ပြန်ဆွဲထူရင်း ရယ်ပြီး ပြောတယ်။ “ကြည့်ပါဦး၊ ငါတို့ အကွက်သုံးကွက်ကိုပဲ မင်းခံနိုင်တယ်။ ၁၀၈ ကွက်လုံးကို မင်းအပေါ် ထုတ်သုံးလိုက်ရင် မင်းတော့ သေချာပေါက် ကိစ္စတုံးပြီပဲ” တဲ့။ အဲဒါကို ကြားလိုက်ရတော့ ကျုပ်ထိတ်လန့်သွားပြီး တွေးမိရော။ “အဲဒီသုံးကွက်နဲ့တင် ငါက သေမတတ်ဖြစ်နေပြီ။ သူတို့မှာ ၁၀၈ ကွက်ရှိတယ်ဆိုရင် ငါတော့ လုံးဝ ခံနိုင်မှာ မဟုတ်ဘူး။ ဧကန္တ၊ ငါ့ကို ဒီထဲမှာ တကယ်ရိုက်သတ်ကြမှာများလား” ပေါ့။ အဲလိုတွေးမိတော့ ကျုပ်လုံးဝမျက်ရည်မဆည်နိုင်တော့ဘူး။ ဒုက္ခဝေနေတုန်း ကျမ်းပိုဒ်တစ်ပိုဒ်ကို မှတ်မိသွားတယ်။ “ယုံကြည်ခြင်းသည် သစ်လုံးတစ်လုံးတည်း တံတားကဲ့သို့ ဖြစ်သည်- အသက်ကို လက်မှိုင်ချလျက် ဖက်တွယ်ထားသူတို့သည် ယင်းတံတားကို ဖြတ်ကူးရာတွင် အခက်ကြုံလိမ့်မည် ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် စွန့်လွှတ်အနစ်နာခံရန် အသင့်ရှိသော သူတို့သည် ခြေမြဲကာ စိုးရိမ်မှုကင်းလျက် ဖြတ်ကူးနိုင်ကြ၏။ အကယ်၍ လူသားသည် တွန့်ဆုတ်ကာ ကြောက်ရွံ့သော အတွေးများ သိုထားပါက၊ ယင်းမှာ ဘုရားသခင်ထဲသို့ ဝင်ရောက်ဖို့ ယုံကြည်ခြင်း တံတားအား ငါတို့ ဖြတ်ကူးမည်စိုးလျက်၊ စာတန်သည် ၎င်းတို့ကို လှည့်စားပြီး ဖြစ်သောကြောင့် ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) နှုတ်ကပတ်တော်ကို တွေးဆရင်း ကျုပ်အရှက်ရသွားရော။ အမှန်တရားနဲ့ ရင်ဆိုင်ရတော့ ကျုပ်က သတ္တိနည်းပြီး ယုံကြည်ခြင်းမဲ့တဲ့ အကျည်းတန် အမှန်တရားကို တွေ့လိုက်ရတာ။ ကျုပ်တို့သေရေးရှင်ရေးအပါအဝင် အရာအားလုံးကို ဘုရားက အုပ်စိုးတယ်။ သူတို့ကျုပ်ကို အသေရိုက်မရိုက်ဆိုတာက သူတို့သဘောမဟုတ်ဘူး။ ဘုရားသဘောပဲလေ။ ဘုရားလက်ထဲမှာ အရာခပ်သိမ်းရှိတာ ယုံရမယ်၊ စာတန်လှည့်စားတာ ယုံလို့မဖြစ်ဘူးလို့ သိလိုက်တယ်။ အံ့သြစရာက ကျုပ်အတွေးကို ပြင်လိုက်တာနဲ့ တန်းစီးက စိတ်မပါ့တပါနဲ့ ပြောရော။ “ထားလိုက်တော့၊ ဒုက္ခခံမနေကြနဲ့” တဲ့။ ဒါကို ကြားတော့ ကျုပ်လည်း သက်ပြင်းမောချလိုက်ပြီး ဘုရားကို ကျေးဇူးတင်မိတယ်။

သုံး၊ လေးရက်အကြာ နေ့လယ်ပိုင်းမှာ ကျုပ်အိပ်နေတုန်း ကျုပ်ကျောကုန်းက ရုတ်တရက် စူးခနဲ နာသွားတယ်။ ကျုပ်မျက်လုံးဖွင့်ကြည့်လိုက်တော့ ထောင်သားလေးယောက်က ဆေးလိပ်ဘူးက ထုပ်ပိုးပလတ်စတစ်ကို မီးရှို့ပြီး ကျုပ်ကျောမှာ လာကပ်ထားတာ တွေ့လိုက်ရရော။ ကျုပ်ဖြင့် နာလွန်းလို့ လူးလိမ့်အော်ရင်း တွေးမိတယ်။ “ဘုရားကို ငါသစ္စာဖောက်အောင် ရဲတွေက ထောင်သားတွေသုံးပြီး ငါ့ကို နှိပ်စက်နေတာ ယုတ်မာလိုက်လေခြင်း။ ဒီပုံစံအတိုင်းဆိုရင် ငါသေရင်သေ မသေရင် ဒုက္ခိတဖြစ်သွားမှာပဲ” လို့ပေါ့။ ပိုတွေးလေ ပိုစိတ်ဆင်းရဲပြီး ပိုခိုကိုးရာမဲ့လေပဲ။ ဘုရားကို အထပ်ထပ်ဆုတောင်းမိတယ်။ ဒါကို ကျော်ဖြတ်နိုင်ဖို့ သန္နှိဋ္ဌာန်ရှိအောင် လမ်းပြပေးပါဆိုပြီးတော့လေ။ နောက်တော့ ကျမ်းပိုဒ်တစ်ပိုဒ်ကို တွေးမိသွားရော။ “လူတို့သည် ၎င်းတို့၏ဘဝများကို စွန့်လွှတ်ရန် အဆင်သင့်ဖြစ်သည့်အခါ၊ အရာရာတိုင်းသည် အသေးအဖွဲ ဖြစ်လာကြပြီး၊ မည်သူမျှ ၎င်းတို့ကို ခက်ခဲအောင် ပြုလုပ်နိုင်ခြင်းမရှိတော့ချေ။ အသက်ထက် မည်သည့်အရာသည် သာ၍အရေးကြီးနိုင်မည်နည်း။ ထို့ကြောင့် စာတန်သည် လူတို့အထဲတွင် နောက်ထပ် မည်သည့်အရာမျှ လုပ်ဆောင်နိုင်စွမ်း ရှိမလာပေ၊ လူနှင့် ပတ်သက်၍ ၎င်းလုပ်ဆောင်နိုင်သည့်အရာ မည်သည့်အရာမျှ မရှိပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၃၆” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက်) ကွန်မြူနစ်ပါတီက ဘုရားကို ကျုပ်သစ္စာဖောက်အောင် ကိုယ်ထိလက်ရောက် နှိပ်စက်ဖို့ နည်းပေါင်းစုံကို ထုတ်သုံးနေတာ။ သူ့အကြံအောင်မြင်ခွင့် ကျုပ်ပေးလို့မရဘူး။ ကျုပ်အသက်ကို စွန့်လွှတ်ဖို့ အသင့်ဖြစ်နေရင် ကျုပ်မခံနိုင်တာ ဘာရှိဦးမှာတဲ့လဲ။ အရာရာကို ဘုရားအုပ်စိုးတာ၊ ဒီတော့ ကျုပ်သေသေ၊ ရှင်ရှင် သူ့သဘောပဲ။ သခင်ယေရှု အမှုပြုနေခဲ့တဲ့ အချိန်တုန်းက လာဇရုဆုံးသွားတာ လေးရက်ကြာနေပြီး အလောင်းတောင် ပုပ်ဆွေးစ ပြုနေပေမဲ့ သခင်ယေရှုက စကားသုံးလေးလုံးနဲ့ သူ့ကို ပြန်ရှင်စေခဲ့တာ ကျုပ်တွေးမိတယ်။ ဒါက ဘုရားသြဇာအာဏာရဲ့ သရုပ်သကန်တစ်ခုပဲ။ ကိုယ့်ကိုယ်ကိုယ် ဘုရားလက်ထဲထည့်ဖို့ အသင့်ပဲလို့ ခံစားရတယ်။ ဒီကိစ္စကို ကျုပ်ကျော်ဖြတ်နိုင်ရင်လည်း ဘုရားကျေနပ်အောင် သူ့ဧဝံဂေလိတရားကို ဆက်ဝေငှဦးမှာပဲ။ ကိုယ့်အသက်ကို စွန့်လွှတ်ဖို့ လိုလိုလားလား သန္နိဋ္ဌာန်ချလိုက်တော့ ဘုရားက ကျုပ်အတွက် ထွက်ပေါက်ဖွင့်ပေးဖို့ အမှုအရာတွေ စီစဉ်ပေးတယ်။ ဇူလိုင် ၂၁ ရက် နေ့ခင်းပိုင်းမှာ ကျုပ်ပြန်လွတ်လာတယ်။ ကျုပ်ဇနီးက သူ့အဆက်အသွယ်ကို သုံးပြီး လူတစ်ယောက်ကို ငွေသုံးသိန်း ထည့်ပေးလိုက်လို့ ကျုပ်ပြန်လွတ်လာတယ်ဆိုတာ အိမ်ပြန်ရောက်တော့ ကျုပ်သိလိုက်တယ်။ ရက် ၂၀ အတွင်းမှာတင် ကျုပ်က အရိုးပေါ် အရေတင်ဖြစ်သွားတဲ့အထိ နှိပ်စက်ခံခဲ့ရတာ။ အသက်လေးဆယ်ကျော်အရွယ်မှာ ကျုပ်ရုပ်က ၆၀၊ ၇၀ အဖိုးကြီးပုံပေါက်သွားတယ်။ ကျုပ်သိတယ်လေ။ ဘုရားရဲ့ ကွယ်ကာမှုကြောင့်သာ ကျုပ်အသက်ရှင်နေတာကိုပေါ့။ ဘုရားကို စိတ်ထဲက ကျေးဇူးတင်မိခဲ့တယ်။

ဒုတိယအကြိမ် ဖမ်းခံရတာက ၂၀၀၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့မှာပေါ့။ ဧဝံဂေလိကို အပြင်ထွက်ဝေငှပြီးလို့ တည်းနေတဲ့အိမ်ကို ပြန်ရောက်ခါစ ဖင်တောင် မပူသေးဘူး၊ ရဲခြောက်ယောက်က တံခါးဖျက်ဝင်လာရော။ ကျုပ်ဘာမှမတုံ့ပြန်နိုင်ခင်မှာဘဲ သူတို့ထဲက တစ်ယောက်က ကျုပ်ကို လက်ထိတ်နောက်ပြန်ခတ်လိုက်တယ်။ ကျုပ်ကို လဲကျအောင် ပိတ်ကန်ပြီးတော့ လျှပ်စစ်တုတ်တွေနဲ့ အကြိမ်ကြိမ် စလျှော့တိုက်ကြတယ်။ မနားတမ်းလည်း ကန်ကျောက်တယ်။ သိပ်မကြာခင်မှာပဲ ကျုပ်ပါးစပ်ထဲကနေ အမြှုပ်တစီစီ ထွက်လာရော။ ရဲတစ်ယောက်က ဒီလိုပြောတာကို ဝိုးတဝါး ကြားလိုက်တယ်။ “ခွေးကောင်၊ သေချင်ယောင်ဆောင်နေတယ်” တဲ့။ အဲဒီနောက် ကျုပ်ပါးစပ်ပေါ် နံစော်နေတဲ့ သူ့သားရေဖိနပ်ကို ဖိပြီး သုံး၊ လေးကြိမ် ဖနောင့်နဲ့ ပေါက်တယ်။ သွေးနံ့ခပ်ပြင်းပြင်း ထွက်လာတာ ကျုပ်ရှူမိပြီး သိပ်မကြာခင်မှာပဲ ကျုပ်သတိလစ်သွားရော။ အချိန်တွေ ဘယ်လောက်ကြာသွားလဲ မသိဘူး၊ ညီအစ်ကိုဂိုရဲ့ အော်သံကို ကြားမှပဲ ကျုပ်နိုးလာတယ်။ ကျုပ်တွေးလိုက်မိတယ်။ “အခုကတည်းက ငါတို့ကို အသေရိုက်နှက်နေကြပြီ။ ရဲစခန်းကို ရောက်ရင်တော့ ငါတို့ကို ဘယ်လိုလုပ်ကြမလဲ ပြောလို့မရဘူး။ ဒါ့အပြင် ငါ့မှာက မှတ်တမ်းနဲ့။ ဒီတစ်ခါ ငါ့ကို အသေရိုက်ကြမလား မသိဘူး” ပေါ့။ ဒီလိုတွေးမိတော့ ကျုပ်တကယ်ကြောက်သွားရော။ ဒါကြောင့် ဘုရားကို အမြန်ဆုတောင်းလိုက်တယ်။ သူ့နှုတ်ကပတ်တော်တစ်ကြောင်းကို တွေးမိသွားတယ်။ “မကြောက်နှင့်၊ ကောင်းကင်ဗိုလ်ခြေတို့၏ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင်နှင့်အတူ ဧကန်အမှန် ရှိလိမ့်မည်။ သူသည် သင့်ကို ထောက်မပေးပြီး သူသည် သင်၏ ဒိုင်းလွှားဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) ဒီလိုနဲ့ ကျုပ်လည်း ယုံကြည်ခြင်းနဲ့ ခွန်အားပြည့်သွားရော။ ကျုပ်နံဘေးမှာ ဘုရားရှိနေတာ တွေးမိတော့ ကျုပ်ရဲ့ကြောက်စိတ်တွေ လျော့ကျသွားတယ်လေ။ ရဲတွေက တစ်အိမ်လုံးကို မြေလှန်ပြီး လိုက်ရှာကြတယ်။ ဘုရားနှုတ်ကပတ်တော်စာအုပ် ၁၃၀ ကျော်ကို ရှာတွေ့သွားကြရော။ ကျွန်တော့်ရဲ့ ပေဂျာစက်နဲ့ ငွေငါးသောင်းကျော်ကိုလည်း တွေ့သွားလို့ အားလုံးသိမ်းသွားကြတယ်။ ပြီးတော့ ကျုပ်တို့ကို ရဲကားပေါ် တက်ခိုင်းပြီး မြို့ထဲက ရဲစခန်းဆီ ခေါ်သွားတယ်။

နောက်တစ်နေ့ နေ့ခင်း ၄ နာရီလောက်ကျတော့ မှုခင်းရဲဌာနက ဆရာရှုဆိုတဲ့လူက ကျုပ်ကို လာစစ်မေးတယ်။ အသင်းတော်ကိစ္စတွေ ကွပ်ကဲတဲ့ အစ်ကိုဂိုနဲ့ ရှောက်ကျန်းတို့ကို ကျုပ်သိလားတဲ့လေ။ မသိဘူးလို့ ပြောလိုက်တယ်။ အဲဒီအခါ ကျုပ်မျက်နှာကို သူဖြတ်ရိုက်ပြီး ကျုပ်ကို လဲသွားအောင် ပိတ်ကန်တယ်။ ပြီးတော့ ရက်ရက်စက်စက် ပြောရော။ “မင်းပါးစပ်ဟအောင်လုပ်ဖို့ ဘယ်လောက်ခက်မလဲ ကြည့်ရသေးတာပေါ့။ ငါမင်းကို လနဲ့ချီ စောင့်ကြည့်နေတာ။ အရင်က မင်းပြစ်ဒဏ်မကျခဲ့ပေမဲ့ ဒီတစ်ခေါက်တော့ ဒေသပါတီကော်မတီကတောင် ဘာဖြစ်နေလဲ သိတယ်။ ပြောသလို မလုပ်ရင် မိသားစုနဲ့ မိတ်ဆွေတွေကို လုံးဝပြန်မတွေ့စေရဘူး” တဲ့။ အဲဒီအချိန်မှာပဲ နောက်ရဲတစ်ယောက်က ရဲနံပါတ်တုတ်နဲ့ ကျုပ်ကို အကြိမ်ကြိမ် ရိုက်နှက်ရော။ ဆရာရှုက အံကြိတ်ပြီး ကျုပ်ကို စစ်မေးတယ်၊ “ဟိုစာအုပ်တွေက ဘယ်ကလာတာလဲ။ ဒီလူတွေနဲ့ ဘယ်လိုတွေ့တာလဲ” တဲ့။ ကျုပ်ဖြေလိုက်တယ်။ “စာအုပ်တွေ ဘယ်ကလာလဲ ကျုပ်မသိဘူး။ ဆရာပြောနေတဲ့ လူတွေအကြောင်းလည်း ကျုပ်မသိဘူး။ ကျုပ်ဘာသာ ဧဝံဂေလိကိုပဲ ဝေငှတာပါ” ပေါ့။ အဲဒီနောက် ခရိုင်ပြည်သူ့လုံခြုံရေးဌာနဆီ ကျုပ်ကို ခေါ်သွားတယ်။ အဲဒီက စစ်ကြောခန်းထဲမှာ နှိပ်စက်တဲ့ ကိရိယာစုံကို တွေ့လိုက်တယ်။ လျှပ်စစ်တုတ်၊ ရော်ဘာတုတ်၊ လက်ထိတ်၊ ခြေထိတ်တွေပေါ့။ နှိပ်စက်ခုံလည်း ရှိတယ်။ အဲဒါကို မြင်တာနဲ့တင် ကြောက်သွားတာပဲ။ အဲဒီနောက် ဆရာရှုက မှုခင်းရဲဌာနကို ဦးစီးတဲ့ ဆရာကျန်းဆိုတဲ့လူကို လက်ညှိုးထိုးပြပြီး မေးတယ်။ “သူဘယ်သူလဲ မင်းသိလား။ ပြည်သူ့လုံခြုံရေးဌာနက စစ်မေးသူတွေထဲမှာ ဆရာကျန်းက ဆရာတစ်ဆူပဲ၊ ခက်ခဲထူးဆန်းတဲ့ အမှုတွေကိုပဲ သူလိုက်တယ်။ ငါတို့ပြောသလို မင်းလုပ်ပြီး မင်းသိတာတွေနဲ့ မင်းဘယ်ရောက်နေခဲ့လဲဆိုတာတွေ ငါတို့ကို ပြောပြမယ်လို့ မျှော်လင့်တယ်။ မဟုတ်ရင် မင်းထိုက်နဲ့ မင်းကံပဲ” တဲ့။ သူ့စကားကြားလိုက်တော့ ကျုပ်လည်း နည်းနည်းထိတ်သွားရော။ ဒါကြောင့် ဘုရားကို စိတ်ထဲကနေ ဆုတောင်းလိုက်တယ်။ အဲဒီနောက် ဆရာရှုက ကျုပ်ကို ဟိန်းဟောက်တယ်။ “ဧဝံဂေလိဝေငှတဲ့အတွက် အဖမ်းခံရမှာ သိသိကြီးနဲ့ ဘာလို့ဝေငှရတာလဲ” တဲ့။ “ဒါက ဘုရားတောင်းဆိုထားတဲ့ အရာပါ” လို့ ပြန်ဖြေလိုက်တယ်။ “သခင်ယေရှု ပြောခဲ့သည်မှာ- ‘သင်တို့သည် လောကီနိုင်ငံအရပ်ရပ် ရှိသမျှသို့သွား၍၊ ဝေနေယျသတ္တဝါအပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့။’ (ရှင်မာကုခရစ်ဝင် ၁၆:၁၅) ဧဝံဂေလိဝေငှခြင်းနဲ့ ဘုရားအသံတော်ကို တခြားလူတွေ ကြားအောင်၊ နောက်ဆုံးကာလက ဘုရားအမှုကို လက်ခံပြီး ကယ်တင်ခံရအောင် ကူညီပေးတာပါ။ ဒါက လူတွေကို ကယ်တင်နေတာ၊ သိပ်ကောင်းတဲ့ အရာပါလို့ပေါ့။ ကွန်မြူနစ်ပါတီက ကျုပ်တို့ကို ဘာလို့ဖမ်းချင်ရတာလဲ” လို့လေ။ ဒေါသတကြီး သူပြောရော။ “ဒီလောကမှာ ကယ်တင်ရှင် မရှိဘူးကွ။ ကွန်မြူနစ်ပါတီက ဘုရားပဲ။ ပါတီက မင်းတို့ဗိုက်ကို ဖြည့်ပေးပေမဲ့ မင်းတို့က ဘုရားကို ယုံပြီး တရားလျှောက်ဟောတယ်။ ဒါက ပါတီကို ဆန့်ကျင်တာပဲကွ။ မင်းတို့အမြင်မှန်ရအောင် ငါတို့လုပ်နိုင်မှာပါ” တဲ့။ ဘုရားကို စော်ကားတဲ့ သူ့စကားတွေကို ကြားရတော့ ကျုပ်ဒေါသထွက်သွားပြီး ပြန်ပြောလိုက်တယ်၊ “ရှေးအတီတေကတည်းက ဘုရားရှိနေတာ။ သခင်ယေရှုရဲ့ ဧဝံဂေလိက ကမ္ဘာစွန်းတိုင် ရောက်နေပြီ၊ လူတိုင်းလည်း ဒါကို သိကြတယ်။ ကျုပ်တို့အားလုံး ယုံကြည်သူဖြစ်နေရင် မကောင်းတာလုပ်တဲ့လူ ရှိမှာမဟုတ်ဘူး” လို့ပေါ့။ အဲဒီနောက် ဆရာကျန်းက ရဲတစ်ယောက်ကို မျက်စိတစ်ဖက်မှိတ်ပြလိုက်တယ်။ အဲဒီရဲက ကျုပ်ဆီလာပြီး ပါးရိုက်တဲ့အပြင် လဲကျအောင် ပိတ်ကန်လိုက်ပြီး ရက်ရက်စက်စက်ပြောရော။ “ငါ့နှယ်၊ မင်းက ငါတို့ကိုတောင် ဧဝံဂေလိဟောနေပါလား” တဲ့။ အဲဒီနောက် ရော်ဘာနံပါတ်တုတ်ကို သူကောက်ကိုင်ပြီး ကျုပ်ကို အားပါးတရ စရိုက်တော့တယ်။ အဲဒီအချိန်မှာ စားပွဲပေါ်တင်ထားတဲ့ ကျုပ်ရဲ့ပေဂျာစက်က အသံမြည်လာရော။ ကျုပ်ဖြင့် ချက်ချင်းရင်ထိတ်သွားတာပဲ။ ဖုန်းဆက်တဲ့လူက ညီအစ်ကို၊ ညီအစ်မ တစ်ယောက်ယောက် ဖြစ်မှာပဲလေ။ ဆရာရှုက အဲဒီနံပါတ်ကို ချက်ချင်းပြန်ဆက်တယ်။ ဒါပေမဲ့ ဟိုဘက်က တန်းဖုန်းချလိုက်ရော၊ ဒီတော့ ကျုပ်လည်း တဖြည်းဖြည်း စိတ်အေးသွားတော့တယ်။ ဆရာရှုက ဖုန်းဆက်ကြည့်တာ မရတော့ တကယ်ဒေါကန်သွားပြီး ကျုပ်ကို ဟောက်ရင်းနဲ့ ပါးနှစ်ဖက်လုံးကို ဘယ်ပြန်ညာပြန် စရိုက်တော့တာပဲ။ “ငါ့အထင်တော့ မင်းက ဧဝံဂေလိပဲ ဟောတာ မဟုတ်လောက်ဘူး။ ဒီအသင်းတော်မှာ မင်းက ခေါင်းဆောင်ကြီးပဲ ဖြစ်ရမယ်။ မင်းနဲ့အတူ ဖမ်းလာတဲ့ ဟိုဂိုဆိုတဲ့ကောင်က မင်းကိုသိတယ်တဲ့။ မင်းကတော့ သူ့ကို မသိဘူးလို့ အတင်းငြင်းတယ်။ မင်းကို တီးရဦးမဲ့ပုံပဲ” တဲ့။ အဲဒီနောက် ရဲသုံးယောက်ရောက်လာပြီး ကျုပ်ကို လဲကျအောင် ကန်ချကြတယ်။ ပြီးတာနဲ့ ကျုပ်ကို စခြေဆောင့်ကန်ကျောက်ကြတာပဲ။ ဒီလိုနဲ့ သူတို့ရှူးဖိနပ်ထိပ်ချွန်တစ်ခုက ကျုပ်နံကြားကို ထိသွားရော။ နာလိုက်တာများ ကျုပ်အသက်ရှူတောင် ရပ်သွားတာပဲ။ ရိုက်နှက်တာ နည်းနည်းကြာတော့ ဆရာရှုက ကျုပ်ကို ခပ်ကြမ်းကြမ်း မေးတယ်။ “မင်းလုံးဝမပြောချင်ဘူးပေါ့လေ။ စိန်လောက် မင်းမာနေရင်တောင် မင်းပါးစပ်ကို ငါဆွဲဟပြမယ်ကွ” တဲ့ သူ့ရက်စက်ပုံကို မြင်တော့ ကျုပ်လန့်သွားပြီး တွေးမိတယ်။ “ဒီအတိုင်းဆက်လုပ်နေကြရင် သူတို့ ငါ့ကိုမသတ်လည်း ငါဒုက္ခိတဖြစ်သွားမှာပဲ။ မိသားစုမှာ ငါပဲ အဓိကရှာကျွေးနေရတာ။ ငါဒုက္ခိတဖြစ်သွားရင် ဘာနဲ့ ရပ်တည်ရတော့မှာလဲ” လို့လေ။ ဒီလိုတွေးမိတော့ ကျုပ်စိတ်အားလျော့စပြုလာလို့ ဘုရားကို ဆုတောင်းလိုက်တယ်။ ဒီဒုက္ခကို ခံနိုင်ဖို့ ယုံကြည်ခြင်းနဲ့ သန္နိဋ္ဌာန် ချပေးပါလို့လေ။ အဲဒီအချိန်မှာပဲ ဒီကျမ်းပိုဒ်ကို တွေးမိသွားရော။ “မောရှေက ကျောက်တုံးကို ရိုက်ခဲ့သည့်အခါ ယေဟောဝါပေးသနားသောရေ ပန်းထွက်လာခဲ့ခြင်းသည် သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ဒါဝိဒ်သည် နှလုံးသားထဲ ရွှင်လန်းခြင်း အပြည့်နှင့် ငါယေဟောဝါကို ချီးမွမ်း၍ စောင်းတီးခဲ့သောအခါ သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ယောဘသည် တောင်များအပေါ် ပြည့်လျှံနေသော သူ၏ခြံမွေးတိရစ္ဆာန်နှင့် သူ၏ မပြောပြနိုင်လောက်သော စည်းစိမ်ချမ်းသာများ ဆုံးရှုံးသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်သည် အနာစိမ်းများနှင့် ဖုံးလွှမ်းခံခဲ့ရသောအခါ ယင်းမှာ သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ သူသည် ယေဟောဝါဖြစ်သော ငါ၏အသံကို ကြားနိုင်ခဲ့ပြီး၊ ငါ၏ ဘုန်းအာနုဘော်ကို မြင်နိုင်ခဲ့သောအခါ ယင်းမှာ သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ပေတရုသည် ယေရှုခရစ်တော်နောက် လိုက်နိုင်ခဲ့ခြင်းမှာလည်း သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ သူသည် ငါ့အတွက်ကြောင့် ကားတိုင်ပေါ်မှာ သံမှိုစွဲနှက်ခြင်းခံရပြီး ကောင်းမြတ်သော သက်သေခံနိုင်ခဲ့သည်မှာလည်း သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁)”) ဘုရားနှုတ်ကတ်တော်ကနေ ကျုပ်မြင်လိုက်ရတယ်။ ယောဘက ဒီစမ်းသပ်မှုတွေ တွေ့ကြုံနိုင်ပြီး ဘုရားအသံတော်ကို ကြားနိုင်တာဟာ ဘုရားအပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်းရှိခဲ့လို့ပဲ ဆိုတာကိုပေါ့။ ပေတရုကလည်း သူ့ယုံကြည်ခြင်းကြောင့်ပဲ ဘုရားအတွက် သက်သေရပ်တည်နိုင်ခဲ့တာ။ သူတို့ယုံကြည်ခြင်းကို ဘုရားက လက်ခံပြီး ကောင်းချီးပေးခဲ့တယ်။ ကျုပ်ကတော့ အဲဒီလိုအခြေအနေမျိုးထဲ ရောက်တိုင်း ရိုက်သတ်ခံရမှာ၊ ဒုက္ခိတဖြစ်သွားမှာ ကြောက်နေမိတယ်။ ကိုယ့်တစ်ကိုယ်ရေအကျိုးကိုပဲ စဉ်းစားမိတယ်။ ဘုရားအပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်းရော ဒုက္ခခံလိုတဲ့ သန္နိဋ္ဌာန်ပါ မရှိခဲ့ဘူး။ ဘုရားလုပ်ရပ်တွေကို ကျုပ်ဘယ်လိုလုပ် အဲဒီလိုမြင်ရတာတဲ့လဲ။ ဘုရားအပေါ် ယုံကြည်ခြင်းရှိပြီး သူ့လက်တော်ထဲ အရာအားလုံး ပုံအပ်ရမှာ သိလိုက်တယ်။ သူတို့ ကျုပ်ကို ဘယ်လိုနှိပ်စက်ပါစေ ဘုရားနဲ့ ညီအစ်ကိုမောင်နှမတွေကို လုံးဝသစ္စာမဖောက်နိုင်ဘူး။ ကျုပ်ရေငုံနှုတ်ပိတ်ဆက်နေနေတော့ ရဲတွေက ကျုပ်ကို ထိန်းသိမ်းရေး စခန်းဆီ ခေါ်သွားရော။ သုံး၊ လေးရက် တစ်ကြိမ် ကျုပ်ကို စစ်မေးတယ်။ သုံးလအတွင်း စစ်မေးခံရတာ အကြိမ် ၂၀ ကျော်ခဲ့တယ်။ ကျုပ်ကို ချော့တစ်ခါ၊ ခြောက်တစ်လှည့်နဲ့ လူမဆန်အောင် ရိုက်ကြတယ်။ နှိပ်စက်နည်းမျိုးစုံလည်း သုံးတာပဲ။ ကျုပ်တစ်ကိုယ်လုံး အတွင်းရော အပြင်ပါ ဒဏ်ရာရတဲ့ထိ ရိုက်နှက်ကြတယ်။ ဘယ်နေရာကို လာထိထိ လျှပ်စစ်တို့ခံရသလိုပဲ။ မခံနိုင်အောင် နာတာ။ အထူးသဖြင့် ညညရောက်ရင် လဲအိပ်ရတာ မချိလှဘူး၊ ရပ်နေရင်လည်း မခံသာဘူး။ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခံရတာလည်း ရှိသေးတယ်။ အိပ်မက်ဆိုးတွေကြောင့် တစ်ချိန်လုံး လန့်နိုးနေရတာ။

ဇူလိုင်လလယ်က ညတစ်ညကိုတော့ ကျုပ်ဘယ်လိုမှ မေ့ဖျောက်ပစ်လို့ မရဘူး။ ကျုပ်ကို ရဲသုံးယောက်က ရဲကားပေါ်တင်တယ်။ ပြီးတော့ ဟိုကွေ့ဒီပတ် အကြာကြီးမောင်းပြီး အစွန်အဖျားကျတဲ့ နေရာကို ခေါ်သွားတယ်။ ငါးလွှာက စတုရန်းပေ ၇၀၊ ၈၀ လောက်ရှိတဲ့ အခန်းထဲ ကျုပ်ကို ပိတ်ထားကြတယ်။ သစ်ပင်တွေ အုပ်ဆိုင်းနေတဲ့ တောင်ကုန်းကို ပြတင်းပေါက်ကနေ မြင်နေရတယ်။ ခဏနေတော့ ဆရာရှုက ၅ လက်မလောက်ရှည်တဲ့ လျှပ်စစ်တုတ်သေးနဲ့ ဝင်လာတယ်။ သူလှောင်ရယ်ပြီး ပြောရော။ “ဘာသာရေးငကြောင်ကောင်၊ ဒီည မင်းမပြောဘဲ မနေစေရဘူး။ မင်းပါးစပ်က သံမဏိနဲ့ လုပ်ထားရင်တောင် ငါအတင်းဆွဲဟပြမယ်ကွ။ မင်းဘယ်လောက်ပဲအော်အော် ဘယ်သူမှ ကြားမှာမဟုတ်ဘူး။ မင်းကို ငါရိုက်သတ်ရင်တောင် တောင်ကုန်းတစ်နေရာရာမှာ သွားမြှုပ်လိုက်ရုံပဲ၊ ဘယ်သူမှ သိမှာမဟုတ်ဘူး” တဲ့။ သူအဲဒီလိုပြောတော့ ကျုပ်လည်း နည်းနည်းကြောက်သွားပြီး တွေးမိတယ်။ “ဒီနတ်ဆိုးတွေက သူတို့ပြောသလို တကယ်လုပ်ကြမှာ။ ဒီည ငါ့ကို တကယ်ပဲ ရိုက်သတ်ကြမှာများလား” ပေါ့။ ချက်ချင်းပဲ ကျုပ်ဆုတောင်းလိုက်တယ်။ အဲဒီအခါ နောက်ကျမ်းပိုဒ်တစ်ခုက အတွေးထဲ ဝင်လာရော။ “ငါ ဆန္ဒရှိသည်မှာ ယခု သင်၏သစ္စာစောင့်သိမှုနှင့် နာခံမှု၊ ယခု သင်၏ ချစ်ခြင်းမေတ္တာနှင့် သက်သေခံချက်တို့ ဖြစ်သည်။ သင်သည် ဤအခိုက်အတန့်တွင် မည်သည့် သက်သေခံချက် ဖြစ်သည် သို့မဟုတ် မည်သည့် ချစ်ခြင်းမေတ္တာ ဖြစ်သည်ကို မသိလျှင်ပင်၊ ငါ့ထံ သင်၏ အရာအားလုံးကို ယူဆောင်လာသင့်ပြီး၊ သင်၌ တစ်ခုတည်းသော ရတနာများ- သင်၏ သစ္စာစောင့်သိမှုနှင့် နာခံခြင်း- ကို ငါ့ထံ လွှဲအပ်သင့်ပေသည်။ လူသားကို ငါ၏ လုံးဝ သိမ်းပိုက်ခြင်း သက်သေခံချက်ကဲ့သို့၊ စာတန်ကို ငါ၏ အောင်နိုင်ခြင်းနှင့်ဆိုင်သော သက်သေခံချက်သည် လူသား၏ သစ္စာစောင့်သိမှုနှင့် နာခံမှုအတွင်းတွင် တည်ရှိသည်ကို သင် သိသင့်သည်။ ငါ၌ သင့်ယုံကြည်ခြင်းနှင့်ဆိုင်သော တာဝန်မှာ ငါ့အဖို့ သက်သေခံရန်၊ ငါ့ကို သစ္စာစောင့်သိရန်နှင့် အခြားမည်သူ့ကိုမျှ သစ္စာမစောင့်သိရန်၊ ပြီးလျှင် အဆုံးတိုင်အောင် နာခံရန် ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း”) ကျုပ်ဒါကို တွေးမိတော့ တကယ်ပဲ လုံးဝအရှက်ရသွားတယ်။ ဘယ်လိုနှိပ်စက်မှုမျိုးကိုမှ မကြုံရတဲ့အခါမှာတော့ သက်သေရပ်တည်မယ်၊ ဘုရားကျေနပ်အောင် လုပ်မယ်ဆိုပြီး အများကြီး လျှောက်ပြောနေခဲ့ပေမဲ့ သေရေးရှင်ရေးအခြေအနေဖြစ်လာတော့ ကိုယ့်တစ်ကိုယ်ရေ ဘေးကင်းဖို့ပဲ တွေးမိခဲ့တယ်။ ဒါက ဘုရားကို ကျိုးနွံတာ ဆက်ကပ်တာ မဟုတ်ဘူး။ ပိုတွေးလေ၊ ပိုလိပ်ပြာမသန့်ဘဲ နောင်တရမိလေပဲ။ ဒီတစ်ကြိမ်တော့ ဘုရားစိတ်နာ၊ စိတ်ပျက်အောင် လုပ်လို့မဖြစ်တော့ဘဲ သူစိတ်ကျေနပ်အောင် လုပ်မှဖြစ်မယ်လို့ သိခဲ့တယ်။ ဒါကြောင့် သူတို့ကို ပြောလိုက်တယ်။ “ကျုပ်ကို အကြာကြီး စစ်မေးပြီးပြီပဲ။ ပြောဖို့လိုသမျှကို ကျုပ်ပြောပြီးပြီ။ ဆက်မေးလည်းရတယ်၊ ကျုပ်ပြောမှာတော့ ဒါအကုန်ပဲ”လို့ပေါ့။ ရဲက ဒေါကန်ပြီး ကျုပ်ကို လက်ရှေ့ဆန့် တစ်ဝက်ထိုင် ထိုင်ခိုင်းတယ်။ အဲဒီနောက် ဆန့်ထားတဲ့ လက်နှစ်ဖက်ပေါ် ရော်ဘာနံပါတ်တုတ်ကို တင်လိုက်ပြီး တစ်ပေါင်လောက်လေးတဲ့ ပစ္စည်းတစ်ခုစီ အစွန်းနှစ်ဖက်ပေါ် ချိတ်လိုက်တယ်။ ဆရာရှုကတော့ သူ့လျှပ်စစ်တုတ်နဲ့ ကျုပ်ပါးစပ်ကို ဆက်လျှော့တိုက်ရင်း အကြိမ်တိုင်း မေးတယ်။ “မင်းစာအုပ်တွေ ဘယ်ကလာတာလဲ။ မင်းတို့အသင်းတော်ခေါင်းဆောင်က ဘယ်သူလဲ” တဲ့။ ပါးစပ်ကို အဲဒီလို လျှပ်စစ်အတို့ခံရတော့ တစ်ကိုယ်လုံး ထုံသွားပြီး ပါးစောင်တွေက တဆန့်ငင်ငင် ဖြစ်လာရော။ ကျုပ်ဖြင့် နာလွန်းလို့ အော်ဟစ်နေရတာပဲ။ ငါးမိနစ်မပြည့်သေးဘူး၊ ကျုပ်အဝတ်အစားက ချွေးတွေနဲ့ ရွှဲနစ်ကုန်တာ။ ကျုပ်နောက်မှာရှိတဲ့ ရဲအရာရှိတစ်ယောက်ကလည်း ကျုပ်ဒူးကွေးကို မကြာမကြာ ပိတ်ကန်တယ်။ ကျုပ်လဲကျသွားရော၊ နောက်တော့ သူတို့က ကျုပ်ကို ပြန်ဆွဲထူပြီး တစ်ဝက်ထိုင် ဆက်ထိုင်ခိုင်းတယ်။ ဒီလိုပုံစံနဲ့ သူတို့က ကျုပ်ကို နှိပ်စက်လိုက်၊ စစ်မေးလိုက် လုပ်ကြတာ။ ဘာမှမပြောရင် ကျုပ်ခေါင်းကို လက်သီးတွေနဲ့ သူတို့ထိုးကြတယ်။ လဲအောင် ထပ်ပိတ်ကန်ပြီး ထိုးနှက်ကန်ကျောက်ကြတယ်။ ဆရာကျန်းက ဒီလိုခြိမ်းခြောက်ပြောတယ်။ “ငါတို့ကို မင်းဘာမှမပြောရင် မင်းကို ရိုက်သတ်ပြီး ခြံနောက်မှာ မြှုပ်လိုက်မှာ” တဲ့။ ကျုပ်တွေးလိုက်တယ်။ “သူတို့အဲလိုလုပ်ရင်တောင် ငါတစ်ခွန်းမှ မပြောဘူး” လို့ပေါ့။ အသက်စွန့်ဖို့ အသင့်ဖြစ်သွားတာနဲ့ သူတို့လျှပ်စစ်နဲ့ပဲတို့တို့၊ ခြေနဲ့ပဲကန်ကန် တစ်စက်မှ ကျုပ်မနာတော့ဘူး။ ကျုပ်ဝေဒနာကို ဘုရားက ပြေပျောက်စေတာပဲလို့ သိလိုက်တယ်။ နောက်တော့ တခြားရဲတစ်ယောက်က ပြောတယ်။ “လေပေါ်ပျံရတာ ဘယ်လိုနေလဲ သူ့ကို ပြရအောင်” တဲ့။ အဲဒီနောက် တစ်ယောက်က ကျုပ်လက်ကိုဆွဲတယ်၊ တစ်ယောက်က ကျုပ်ခြေကို ဆွဲတယ်။ ပြီးတော့ ကျုပ်ကို လေပေါ်မပြီး တစ်နှစ်သုံးရေရင်း အရှိန်နဲ့ အောက်ပစ်ချကြတယ်။ ခုနစ်ကြိမ်၊ ရှစ်ကြိမ်လောက် ဒီလိုဆက်တိုက်လုပ်ကြတာ။ ကျုပ်ခေါင်းက နှစ်ခြမ်းကွဲမတတ်ခံစားနေရပြီး၊ လုံးဝကို မူးဝေနေတာပဲ။ ကျုပ်တင်ပါးကလည်း ရောင်ကိုင်းလာသလို ကျုပ်မလှုပ်ရှားနိုင်တော့ဘူး။ ဒါတောင်မှ သူတို့က အလွတ်မပေးသေးဘူး။ ကျုပ်ကို မအိပ်ခိုင်းဘဲ နံရံကို မှီရပ်ခိုင်းထားတယ်။ ကျုပ်မျက်စိမှိတ်လိုက်တာနဲ့ လျှပ်စစ်တုတ်နဲ့ ထိုးတာမျိုး၊ စာအုပ်နဲ့ ခေါင်းကို ရိုက်တာမျိုးတွေ လုပ်တယ်။ သူတို့နှိပ်စက်လို့ ကျုပ်သေဖို့ လက်မတင်ကလေးပဲ လိုတော့တယ်။ အသင်းတော်ခေါင်းဆောင်က ဘယ်သူလဲဆိုတာပဲ ဆက်တိုက်မေးတယ်။ ကျုပ်ဘာမှမပြောပြဘူး။ ကျုပ်ဆီကနေ ဘာမှမေးလို့ရမှာမဟုတ်တာ သဘောပေါက်သွားကြရော။ ဒီတော့ ပြည်သူ့ငြိမ်ဝပ်ပိပြားရေးကို နှောင့်ယှက်မှုနဲ့ ပညာပေးအလုပ်ကြမ်း ပြစ်ဒဏ် တစ်နှစ်ခွဲချလိုက်ကြတယ်။ အလုပ်ကြမ်းစခန်းကို ရောက်တော့ တန်းစီးက ကျုပ်ကို ဝမ်းလျားမှောက်ခိုင်းပြီး အကြိမ် ၃၀ လောက် တင်ပါးကို ရိုက်တယ်။ အသံတစ်စက်မှ မထွက်ခိုင်းဘူး။ အဲဒီနောက် ကျုပ်ဖြင့် ထိုင်တောင် မထိုင်နိုင်တော့ဘူး။

အဲဒီစခန်းမှာ တစ်လလောက် ကာယလေ့ကျင့်ခန်း လုပ်ရတယ်။ ကျုပ်က သုံးလလောက် ရဲတွေရဲ့ စစ်ကြောနှိပ်စက်တာ ခံထားရတော့ ကျုပ်ရဲ့တုံ့ပြန်မှုနဲ့ မှတ်ဉာဏ်တွေက တော်တော်ဆိုးသွားတယ်လေ။ လေ့ကျင့်ခန်းတွေကို ကျုပ်မသင်ယူနိုင်ဘူး၊ ဒီတော့ ထောင်စောင့်တွေက ကျုပ်ကို အမြဲဒေါသတကြီး ကြိမ်းတယ်။ တန်းစီးက ပိုတောင်ဆိုးတယ်။ ကျုပ်ခြေထောက်တွေကို ဝါးတုတ်ကြီးနဲ့ သူရိုက်တာ။ ခြေထောက်တွေက နီရဲပြီး ရောင်ကိုင်းကုန်ရော။ သူအရိုက်ကြမ်းပုံများ တုတ်တောင်ကျိုးတယ်။ မနက် ၆ နာရီကျရင် တစ်နာရီကြာ အပြေးကျင့်ဖို့ ကျုပ်တို့က ထောင်ဝင်းထဲ ဆင်းရတယ်။ နေပူကျဲကျဲကြီးမှာ သတိစွဲပြီး ဖားခုန်လေ့ကျင့်ခန်းတွေ လုပ်ရတာ။ ကာယလေ့ကျင့်ခန်းလုပ်တာ တစ်လပြည့်တော့ ကျုပ်ကို ရောင်စုံမီးတွေလုပ်တဲ့ အလုပ်ရုံဆီ ပို့လိုက်ကြရော။ အဲဒီမှာ မနက် ၈ နာရီကနေ ည ၁၀ နာရီထိ လုပ်ရတယ်။ နေ့တိုင်း အဲဒီမီးလုံးတွေ ပေ ၁၀၀၀ လောက် ပြီးအောင်လုပ်ရတာ။ ကျုပ်အမြင်အာရုံက သိပ်မကောင်းတဲ့အပြင် မီးလုံးနဲ့ ဝိုင်ယာကြိုးတွေက တအားသေးလွန်းတယ်။ ဒီတော့ ကျုပ်ဘယ်လိုမှ မပြီးနိုင်ခဲ့ဘူး။ မပြီးတဲ့အတွက် ကျုပ်အပြစ်ပေးခံရတယ်။ ၉၀ ဒီဂရီ ခါးကိုင်းပြီးတော့ စင်္ကြံလမ်းမှာ ရပ်နေရတယ်။ ခါးက ကိုက်လည်းကိုက် နာလည်းနာနဲ့ အမြင်တွေလည်း ဝေဝါးလို့ ညကျရင် အိပ်တောင် မအိပ်နိုင်ဘူး။ ဗိုက်ပြည့်အောင်လည်း ဘယ်တော့မှ မစားရဘူး။ တစ်နှစ်ပတ်လုံး ရေအေးနဲ့ပဲ ရေချိုးရတယ်။ အမြဲတမ်း ကျုပ်အအေးမိနေပြီး ဂေါက်နာရောဂါ ရသွားတော့တယ်။ နောက်ပိုင်းမှာ ကျုပ်ကို မြေအောက်ကုန်တိုက် ဆောက်တဲ့နေရာမှာ တာဝန်ချလိုက်တယ်။ လူသုံးယောက်က တစ်ညအတွင်း မြေကြီးအတောင်း ၁၀၀ ကျော်ကို တူးထုတ်ရတာ။ တောင်းတွေကလည်း တကယ်ကြီးတယ်။ တစ်တောင်းတစ်တောင်း ပေါင် ၁၀၀ လောက်ဆံ့တယ်။ တစ်ရက်ကို ၁၂ နာရီကျော်လောက် မနားတမ်းလုပ်ရတာ။ ဒီအလုပ်က မီးဆင်ရတာထက် အများကြီး ပိုဆိုးပြီး ပိုပင်ပန်းတယ်။ ကျုပ်အလုပ်လုပ်တဲ့အခါကျရင် ဘုရားကို ဆုတောင်းပြီး သူ့ကို အားကိုးတယ်။ ဓမ္မတေးတွေကိုလည်း မနားတမ်းညည်းခဲ့တယ်။ “စုံလင်သောသူ ဘယ်လိုဖြစ်နိုင်မည်နည်း” ဆိုတဲ့ ဓမ္မတေးက အဲဒီအချိန်မှာ ကျုပ်အတွက် သိပ်ထူးခဲ့တာ။ “ဒုက္ခကို သင်ရင်ဆိုင်ရသည့်အခါ၊ သင်သည် သွေးသားဇာတိအတွက် ပူပန်မှုကို ဘေးဖယ်သည့်အပြင် ဘုရားသခင်အပေါ် ညည်းတွားချက်များ မပြုဘဲ နေနိုင်ရမည်။ ဘုရားသခင်သည် သင့်ထံမှ သူ့ကိုယ်သူ ပုန်းကွယ်နေသည့်အခါ၊ သူ့နောက်သို့လိုက်ရန်၊ သင်၏ရှိရင်းစွဲမေတ္တာကို တုံ့ဆိုင်းခွင့်မပြုဘဲ သို့မဟုတ် ပျောက်ကွယ်ခွင့်မပြုဘဲ ထိန်းသိမ်းထားရန်အတွက် သင်၌ ယုံကြည်ခြင်း ရှိနိုင်ရမည်။ ဘုရားသခင် မည်သည့်အရာကို ပြုသည်ဖြစ်စေ သင်သည် သူ၏ စီစဉ်ပုံကို ကျိုးနွံနာခံကာ သူ့အပေါ် ညည်းတွားချက်များ ပြုမည့်အစား သင်ကိုယ်တိုင်၏ ဇာတိပကတိကို ကျိန်ဆဲရန် အသင့်ဖြစ်နေရမည်။ စမ်းသပ်မှုများကို သင်ရင်ဆိုင်ရသည့်အခါ သင်မြတ်နိုးသောတစ်စုံတစ်ရာနှင့် လမ်းခွဲရန် ဝန်လေးနေပါစေ သို့မဟုတ် ခါးသီးစွာ ငိုကြွေးနေပါစေ ဘုရားသခင်ကို သင်ကျေနပ်စေရမည်။ ဤသည်သာလျှင် စစ်မှန်သောချစ်ခြင်း နှင့် ယုံကြည်ခြင်းဖြစ်သည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ) ဒီသီချင်းကို သီဆိုပြီးတိုင်း ကျုပ်ဖြင့် စိတ်တွေ နိုးကြွသွားတာပဲ။ ဒီအခက်အခဲတွေကို တွေ့ကြုံနေရတာက အဓိပ္ပာယ်ရှိပုံကိုလည်း တွေးမိတယ်လေ။ ကျုပ်ယုံကြည်ခြင်း စုံလင်စေဖို့ ဘုရားက ဒါကို သုံးနေတာကိုရောပေါ့။ အဲဒီနောက်ပိုင်း ဘယ်လိုပဲ ဝေဒနာခံစားရပါစေ အသက်စွန့်ရမယ်ဆိုရင်တောင် ဘုရားကို အမှီပြုပြီး သက်သေရပ်တည်ရမှာ သိခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ကျုပ်အပေါ် စေ့ဆော်မှုသက်သက်ကြောင့်သာ ဒါကို တစ်ဆင့်ပြီးတစ်ဆင့် ကျော်ဖြတ်ဖို့ ယုံကြည်ခြင်းနဲ့ ခွန်အားတွေ ရှိခဲ့တာပါ။

၂၀၀၄ ခုနှစ် သြဂုတ်လမှာ ပြစ်ဒဏ်ပြည့်လို့ ပြန်လွတ်လာခဲ့တယ်။ နောက်ဆုံးတော့ ကွန်မြူနစ်ပါတီရဲ့ ငရဲထောင်ကနေ ထွက်လာနိုင်ခဲ့တယ်။ ကွန်မြူနစ်ပါတီရဲ့ အဲဒီလိုဖမ်းဆီး၊ ညှဉ်းပန်းမှုမျိုး ကြုံရတော့ သူတို့က စာတန်မာရ်နတ်ရဲ့ ပြယုဂ်ဖြစ်ပုံကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်လေ။ ဘာသာရေးလွတ်လပ်ခွင့်ကို လေးစားတယ်လို့ သူတို့အခိုင်အမာဆိုပေမဲ့ တကယ်တော့ ခရစ်ယာန်တွေကို သွေးရူးသွေးတန်း ဖိနှိပ်ဖမ်းဆီးပြီး ညှဉ်းဆဲကြတာ။ မရေတွက်နိုင်တဲ့ ညီအစ်ကိုမောင်နှမတွေက အိမ်မပြန်နိုင်ဘဲ မိသားစုတွေ ကွဲကြရတယ်။ လူအများကြီးကလည်း ရိုက်သတ်ခံရတာ မဟုတ်ရင် ဒုက္ခိတဖြစ်သွားကြတယ်။ သူတို့က အပြောချိုပေမဲ့ ယုတ်မာတာတွေပဲ လုပ်ကြတာ။ မုသားတွေနဲ့ နာမည်ကောင်းရအောင် လုပ်ထားပြီး ကမ်းကုန်အောင် ဆိုးယုတ်ကြတယ်။ ဒီကိစ္စကြောင့် ဘုရားမေတ္တာရဲ့ သိပ်စစ်မှန်ပုံကိုလည်း ခံစားခဲ့ရတယ်။ ဒီဆင်းရဲဒုက္ခရဲ့ အဆင့်တိုင်းမှာ ကျုပ်ကို ဦးဆောင်ပေးခဲ့တာက ဘုရားရဲ့စောင့်ရှောက်ကွယ်ကာမှုနဲ့ သူ့နှုတ်ကပတ်တော်ရဲ့ လမ်းပြမှုတွေပါပဲ။ အဆင်းနီ နဂါးကြီးက ကျုပ်ကို ပိုညှဉ်းပန်းလေ၊ ကျုပ်ယုံကြည်ခြင်းက ပိုခိုင်မာလေပဲ။ ဒီနောက်ပိုင်းတော့ ဘာတွေပဲဖြစ်လာပါစေ ကျုပ်တာဝန်ကို ထမ်းဆောင်မယ်၊ ဧဝံဂေလိဖြန့်ဝေပြီး ဘုရားကို သက်သေခံမယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ပိုကောင်းသည့် သက်သေခံတစ်ဦးဖြစ်ဖို့ သင်ယူခြင်း

မော့ယန် တရုတ်နိုင်ငံ ပြီးခဲ့တဲ့နှစ် ဇွန်လကပေါ့၊ ရေလောင်းတဲ့ သင်းထောက်တစ်ယောက်အဖြစ်၊ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုကို လက်ခံပြီးခါစ လူတွေကို...

အသင်းတော်အလုပ်ကို ကာကွယ်ခြင်းက ကျွန်မ၏ တာဝန်ဖြစ်သည်

ယီးရွှင် ဂျပန်နိုင်ငံ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ အသင်းတော်က ခေါင်းဆောင်သစ်ရွေးကောက်ဖို့ လိုအပ်ခဲ့တယ်။ တစ်နေ့မှာ၊ ခေါင်းဆောင်တွေက၊...

မနာလိုမှု အနှောင်အဖွဲ့များမှ လွတ်မြောက်ခြင်း

ကျိုင်းလင် ဖိလစ်ပိုင်နိုင်ငံ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။...

အလုပ်ထုတ်ခံရခြင်းမှ ကျွန်မ သင်ယူရရှိခဲ့သည့်အရာ

ကျိန်းယိ အမေရိကန်နိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူတို့သည် မိမိတို့ကိုယ်တိုင်၏ စိတ်သဘောထားများကို မပြောင်းလဲနိုင်ကြပေ။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။