ကျွန်မအသက် ၂၀ တုန်းက
ကျွန်မအသက် ၂၀ တုန်းက ဘုရားကို ယုံကြည်လို့ ရဲတွေရဲ့ ဖမ်းဆီးပြီး နှိပ်စက်တာကို ခံခဲ့ရတယ်။ အဲဒီအတွေ့အကြုံကို ဘယ်တော့မှမေ့မှာ မဟုတ်ဘူး။ ဇွန်လတစ်ရက်မှာပေါ့၊ မနက် ၇ နာရီစွန်းစွန်းမှာ အစ်မတစ်ယောက်အိမ်ရဲ့ အိပ်ခန်းထဲ တခြားညီအစ်မသုံးယောက်နဲ့ တွေ့ဆုံစည်းဝေးနေခဲ့တာ။ အဲဒီအချိန် ဧည့်ခန်းထဲက အစ်မက ရုတ်တရက် အော်ပြောတယ်။ “ရှင်တို့ဘယ်သူလဲ။ ဘာကိစ္စလဲ” တဲ့။ ယောက်ျားတစ်ယောက် ပြန်ဖြေတယ်။ “ငါတို့က ရဲတွေပဲ။ မင်းအိမ်ထဲ ဝင်ရှာဖို့ ရောက်လာတာ” တဲ့။ ကြားလိုက်ရတော့ ကျွန်မကြောက်ပြီး ရင်တွေတုန်လာရော။ ဒီတော့ အိပ်ခန်းတံခါးကို အမြန်ကလန့်ချပြီး ဘုရားစာအုပ်တွေကို ဖွက်လိုက်တယ်။ ဘုရားကိုလည်း စိတ်ထဲကနေ အထပ်ထပ်ဆုတောင်းခဲ့တယ်။ သက်သေရပ်တည်နိုင်အောင်လို့ စိတ်နှလုံးကို ကာကွယ်ပြီး သတ္တိနဲ့ ဉာဏ်ပညာ ပေးတော်မူပါလို့လေ။ ဆုတောင်းပြီးနောက် နှုတ်ကပတ်တော်ပြောထားတာကို တွေးမိသွားတယ်။ “သင်သည် ဤအရာ ထိုအရာတို့ကို ကြောက်ရွံ့ခြင်း မရှိအပ်။ မည်မျှများပြားသော အခက်အခဲများနှင့် အန္တရာယ်များ သင်ရင်ဆိုင်ရစေကာမူ၊ ငါ၏ အလိုကို မပိတ်ဆီးဘဲ ဆောင်ရွက်နိုင်ဖို့အလို့ငှာ၊ သင်သည် မည်သည့် အဟန့်အတားမျှဖြင့် ပိတ်ဆို့ခံရခြင်းမရှိဘဲ ငါ၏ရှေ့၌ မြဲမြံလျက် နေနိုင်စွမ်းရှိသည်။ ဤသည်မှာ သင်၏ တာဝန်ဖြစ်သည်။...ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါ၏မစခြင်းဖြင့်၊ အဘယ်သူသည် ဤလမ်းကို တစ်ကြိမ်တစ်ခါမျှ ပိတ်ဆို့နိုင်မည်နည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀)) နှုတ်ကပတ်တော်ကနေ သတ္တိနဲ့ ယုံကြည်ခြင်း ရသွားတယ်။ ဘုရားက အရာရာစွမ်းတယ်၊ ကိုယ့်နောက်မှာ ဘုရားရှိနေတော့ ဘာကြောက်စရာလဲပေါ့။ ဘုရားအတူပါရှိတာကို ခံစားရလို့ တဖြည်းဖြည်းနဲ့ စိတ်အေးသွားခဲ့တယ်။ ခဏနေတော့ ရဲတွေက တံခါးကို စကန်ဖျက်တော့တာပဲ။ မကြာလိုက်ဘူး၊ တံခါးမှာ အပေါက်ကြီး ပေါက်သွားရော။ ရဲတချို့က ပြေးဝင်လာပြီး ကျွန်မတို့ကို ဧည့်ခန်းဆီ ခေါ်သွားတယ်။ ဧည့်ခန်းက လုံးဝဗြောင်းဆန်နေတာပဲ။ ဘုရားစာအုပ်တစ်ပုံကြီးကို ကြမ်းပြင်မှာ ခင်းထားတယ်။ ကျွန်မဖြင့် စိတ်ဆိုးနာကြည်းသွားတာ။ ရဲတွေက လူမိုက်တွေလို အိမ်ထဲ ဖျက်ဝင်လာပြီး အကုန်လုံးကို မွှေနှောက်ရှာတာလေ။ ဥပဒေမဲ့ ထင်တိုင်းကြဲကြတာ။
ရဲစခန်းကို ရောက်တော့ ကျွန်မတို့ကို လူခွဲပြီး စစ်မေးတယ်။ စစ်ကြောခန်းထဲမှာ ရဲသားတွေ လေး၊ ငါး၊ ခြောက်ယောက်လောက်ရှိတယ်။ အကုန်လုံးက လူကောင်ထွားထွားနဲ့ ရုပ်ကြမ်းကြမ်း ယောက်ျားတွေ။ တစ်ယောက်ကတော့ လက်ထဲမှာ တစ်လက်မခွဲလောက်ထူပြီး တစ်ပေခွဲလောက်ရှည်တဲ့ သံတုတ်ကြီးနဲ့။ ပြုံးဖြဲဖြဲနဲ့ သူပြောတယ်။ “မင်းတို့ကို ငါတို့စောင့်ကြည့်နေတာ ကြာပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံဖို့ ဘယ်သူဟောတာလဲ။ ဒီဘုရားစာအုပ်တွေကို ဘယ်ကရတာလဲ” တဲ့။ ကျွန်မက ပြန်မဖြေတော့ သူက ရယ်ပြီး ပြောတယ်။ “မပြောဘူးပေါ့လေ။ ရတယ်လေ၊ အခုတော့ မင်းကို မရိုက်သေးဘူး။ မင်းစိတ်ပျော့အောင် အရင်လုပ်ဦးမယ်။ လုံးဝစိတ်ဆင်းရဲအောင် လုပ်မှာ” တဲ့။ အဲဒီနောက် လက်ဆန့်၊ တစ်ဝက်ထိုင် ထိုင်ခိုင်းတယ်။ ထိုင်ပုံမမှန်ဘူးလို့ သူထင်ရင် ခြေထောက်ကို အားနဲ့ပိတ်ကန်တယ်။ လက်တွေညွတ်ကျလာတာကို မြင်ရင်လည်း သံတုတ်နဲ့ လက်မောင်းတွေကို ရိုက်တယ်။ မကြာခင်မှာပဲ ကျွန်မလက်မောင်းတွေကို မပင့်ထားနိုင်တော့ဘူး။ ခြေထောက်တွေလည်း တအားကိုက်လာသလို ခန္ဓာကိုယ်လည်း တုန်ယင်လာတယ်။ ဒီတော့ သံဗီရိုကို မှီပြီး တစ်ဝက်ထိုင် ဆက်ထိုင်ဖို့ သူအမိန့်ပေးတယ်။ ၁၀ မိနစ်လောက် တစ်ဝက်ထိုင် ထိုင်ပြီးသွားတော့ လုံးဝဆက်မထိုင်နိုင်တော့ဘဲ ကြမ်းပြင်ပေါ် ပုံကျသွားတာပဲ။ ရဲနှစ်ယောက်က ကျွန်မကို လာထူပြီး ဆက်ထိုင်ဖို့ အမိန့်ပေးတယ်။ ပြီးတော့ ဆက်စစ်မေးတယ်။ ကျွန်မဘာမှမပြောဘူး၊ ဒီတော့ တစ်ယောက်က ကျွန်မကို ဆံပင်ဆွဲပြီး သံဗီရိုပေါ် ဖိတွန်းရော။ ဆံပင်လည်း အထွေးလိုက် ကျွတ်သွားတာပဲ။ လျှပ်စစ်တုတ်ကိုင်ထားတဲ့ နောက်ရဲတစ်ယောက်က တစ်ခါတစ်ခါ တုတ်ကို ဖွင့်လိုက် ပိတ်လိုက် လုပ်နေတယ်။ လေထဲက လျှပ်စစ်တဖျစ်ဖျစ်မြည်သံကို ကြားနေရတယ်။ သူက ဒီလိုကြိမ်းတာ။ “မင်းကို ငါပြောမယ်။ ဒီတုတ်က စက်ဖွင့်ထားရင် အသေနာတာနော်။ အတို့ခံရရင် အသားတောင်ကျက်တယ်။ မင်းစမပြောဘူးဆိုရင် ဒီလျှပ်စစ်တုတ်နဲ့ မင်းကို တီးရလိမ့်မယ်” တဲ့။ ကျွန်မတွေးမိတယ်။ “ဒီရဲတွေက မလုပ်ရဲတာ ဘာမှမရှိဘူး။ လျှပ်စစ်တုတ်နဲ့ ငါ့ကို သူတကယ်ရိုက်ရင် ငါခံနိုင်ပါ့မလား” ပေါ့။ တွေးလေ၊ ကြောက်လေပဲ။ ဒီတော့ လမ်းပြပေးတော်မူပါဆိုပြီး ဘုရားကို ဆုတောင်းလိုက်တယ်။ ဒီလိုနဲ့ သခင်ယေရှုပြောထားတာ မှတ်မိသွားရော။ “ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သော သူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်ကို ငရဲ၌ ဖျက်ဆီးနိုင်သောသူကို သာ၍ ကြောက်ကြလော့။” (ရှင်မဿဲခရစ်ဝင် ၁၀:၂၈) ကျွန်မနားလည်သွားတယ်။ စာတန်က ကိုယ်ခန္ဓာကိုပဲ ဖျက်ဆီးနိုင်တာ၊ ဝိညာဉ်ကို မဖျက်ဆီးနိုင်ဘူး။ ရဲတွေ နှိပ်စက်လို့ ကျွန်မသေရရင်တောင် ကိုယ်ခန္ဓာသေခြင်းပဲ ဖြစ်မှာ။ ကျွန်မဝိညာဉ်က ဘုရားလက်ထဲမှာပဲ။ ဇာတိခန္ဓာကိုပဲ ဂရုစိုက်နေရင် အဓိပ္ပာယ်မဲ့ ယုတ်ညံ့တဲ့ဘဝနဲ့ ယုဒဖြစ်သွားမှာ။ နောက်ဆုံးမှာ စိတ်၊ ဝိညာဉ်နဲ့ ခန္ဓာက ဖျက်ဆီးခံရပြီး အပြစ်ဒဏ်ပေးခံရမှာ။ ဘုရားက အရာရာကို ထိန်းချုပ်ပုံနဲ့ အရာအားလုံးရဲ့ သခင်ဖြစ်ပုံကိုလည်း တွေးမိတယ်။ ဘုရားရဲ့ခွင့်ပြုချက်မရှိရင် စာတန်က ကျွန်မအသက်ကို မနုတ်ယူရဲပါဘူး။ စာတန်က ယောဘကို သွေးဆောင်ခဲ့တုန်းကလိုပေါ့။ ဘုရားခွင့်မပြုလို့ စာတန်က ယောဘကို မသတ်ရဲခဲ့ဘူးလေ။ ဒီအရာတွေကို တွေးမိတော့ ကျွန်မသိပ်မကြောက်တော့ဘူး။ ဓာတ်လိုက်သေရမယ်ဆိုရင်တောင် ဘုရားကိုရော ညီအစ်ကိုမောင်နှမတွေကိုပါ သစ္စာမဖောက်ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ ဒီတော့ ပြောလိုက်တယ်။ ကျွန်မဘာမှမသိဘူးလို့လေ။ လျှပ်စစ်တုတ်နဲ့ သူဒေါသတကြီး ရွယ်ပြီး ကျွန်မကို တို့တယ်။ မမျှော်လင့်ဘဲ လျှပ်စစ်တုတ်က ရုတ်တရက် အားမရှိတော့ဘူး။ စိတ်ရှုပ်ရှုပ်နဲ့ သူပြောရော။ “ဟင်၊ ဘာလို့အားမရှိရတာလဲ။ ခုနတင် ရှိပါသေးတယ်” တဲ့။ ဘုရားကို ကျွန်မအထပ်ထပ် ကျိတ်ကျေးဇူးတင်မိတာ။ ဒီလှည့်ကွက်က အလုပ်မဖြစ်တာ ရဲတွေမြင်တော့ တခြားတစ်ခုကို သုံးကြတယ်။ ရဲတချို့က ကျွန်မကို ဖိထားပြီး လက်ကို စီးကရက်မီးနဲ့ တို့ကြရော။ ကျွန်မလည်း နာလို့အော်တယ်။ ဒါပေမဲ့ သူတို့က သေချာချုပ်ထားကြတော့ လှုပ်လို့မရဘူး။ အဲဒီအခိုက်မှာ လုံးဝစိတ်ဆင်းရဲပြီး ကူကယ်ရာမဲ့ခဲ့ရတာ။ ကျွန်မတွေးမိတယ်။ “စစ်ကြောမှု အစမှာကတည်းက ငါ့ကို နှိပ်စက်ဖို့ နည်းပေါင်းစုံကို သုံးနေကြပြီ။ ဒီပုံစံအတိုင်းဆိုရင် ငါခံနိုင်ပါ့မလား” ပေါ့။ အဲဒီအချိန်မှာ ဓမ္မသီချင်းတစ်ပုဒ်ကို အမှတ်ရသွားတယ်။ “ကျွန်ုပ်၏ ချစ်ခြင်းနှင့် သစ္စာစောင့်သိခြင်းကို ဘုရားသခင်အား ကျွန်ုပ်ပေးကာ၊ ဘုရားသခင်ကို ဘုန်းထင်ရှားစေဖို့ ကျွန်ုပ်၏ တာဝန်ကို ဖြည့်ဆည်းမည်။ ဘုရားသခင်အပေါ် သက်သေခံချက်အတွက် ရပ်တည်ကာ စာတန်ကို လုံးဝ အလျှော့မပေးဖို့ ကျွန်ုပ် စိတ်ပိုင်းဖြတ်ထားသည်။ ကျွန်ုပ်၏ ဦးခေါင်းကွဲကြေပြီး သွေးများ စီးဆင်းနိုင်၏၊ သို့သော် ဘုရားသခင်၏ လူတို့၏ သတ္တိသွေးများ မဆုံးရှုံးနိုင်ပေ။ ဘုရားသခင်၏ တိုက်တွန်းမှုက စိတ်နှလုံးတွင် တည်ထားသည်၊ နတ်ဆိုးစာတန်ကို အရှက်ရစေရန် ကျွန်ုပ် ဆုံးဖြတ်သည်။ နာကျင်ခြင်းနှင့် ဆင်းရဲဒုက္ခများကို ဘုရားသခင် ကြိုတင်ပြဠာန်းထားပေ။ ကိုယ်တော့်ကို သေသည်အထိ သစ္စာရှိပြီး နာခံမည်။ ဘုရားသခင်ကို တစ်ဖန် ဘယ်သောအခါမျှ ကျွန်ုပ် မျက်ရည်ကျစေမည် မဟုတ် သို့မဟုတ် စိုးရိမ်စေမည် မဟုတ်ပေ။...” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “ဘုရားသခင်၏ ဘုန်းကြီးသော နေ့ကို ကျွန်ုပ် မြင်တွေ့လိုသည်”) ချက်ချင်းပဲ စိတ်ချမှုနဲ့ ခွန်အား ရသွားတယ်။ ရဲတွေရဲ့ ဖမ်းဆီးနှိပ်စက်တာကို ခံရပေမဲ့ ခန္ဓာဒုက္ခခံစားရရုံနဲ့ စာတန်ကို အရှုံးပေးလို့ မဖြစ်ဘူးလေ။ ဒီတော့ မျက်ရည်မကျအောင် ထိန်းပြီး ဘာမှမပြောပြလိုက်ဘူး။
ရဲတစ်ယောက်က မေးခွန်းတွေ အတင်းဆက်မေးတယ်။ “မင်းရဲ့တာဝန်က ဘာလဲ။ ခေါင်းဆောင်က ဘယ်သူလဲ။ အလှူငွေတွေ ဘယ်မှာလဲ” တဲ့။ မသိဘူးလို့ ပြောလိုက်တယ်။ သူပေါက်ကွဲသွားပြီး သူ့ဖုန်းနဲ့ ကျွန်မပါးကို ဘယ်ပြန်ညာပြန် အခါခါရိုက်တယ်။ ဒီလိုလည်း ဟောက်တယ်။ “ပြောချင်စိတ်ပေါက်လာပြီလား။ အခုပြောစမ်း” တဲ့။ ကျွန်မကို သူဘယ်နှစ်ကြိမ်ရိုက်လဲ မသိဘူး။ ဒါပေမဲ့ မျက်နှာက ပွန်းပဲ့ဖူးရောင်ကုန်ပြီး ထုံကျဉ်စပြုလာတယ်။ သူ့ဘေးမှာရှိတဲ့ ရဲက ပြောတယ်။ “ဖုန်းသုံးတာက ပျော့လွန်းတာပေါ့။ ဒါကို ကြည့်ထား” တဲ့။ ပြောရင်းဆိုရင်း သံတုတ်ကို သူကောက်ကိုင်ပြီး ရိုက်မလို့လုပ်တာ။ ဒါပေမဲ့ ရဲတစ်ယောက်က သူ့ကို တားပြီး ကျွန်မကို ဟန်ဆောင်ပန်ဆောင် ပြောတယ်။ “နင်ပြန်ဖြေရင် ပိုကောင်းလိမ့်မယ်။ အဲဒီသံတုတ်နဲ့ သူရိုက်ရင် နင်ခံနိုင်ပါ့မလား” တဲ့။ ကျွန်မပြန်မဖြေဘူး။ ဒီတော့ သံတုတ်ကိုင်ထားတဲ့ ရဲသားက သံတုတ်နဲ့ ရွယ်ပြီး ကျွန်မခါးနဲ့ ခြေထောက်ကို အားကုန်သုံးပြီး အကြိမ်ကြိမ် ရက်ရက်စက်စက် ရိုက်ရော။ ကျွန်မလည်း လူးလိမ့်အော်နေရတယ်။ ကျွန်မအော်သံကြောင့် တခြားလူတွေ လန့်ကုန်မှာ ကြောက်တာနဲ့ ကျွန်မခြေအိတ်တွေ အတင်းချွတ်ခိုင်းပြီး ကျွန်မပါးစပ်ထဲ ထိုးထည့်ကြတယ်လေ။ ပြီးတာနဲ့ ကျွန်မတင်ပါးကို သံတုတ်နဲ့ ဆက်ရိုက်ကြတာပဲ။ မသိစိတ်နဲ့ ကျွန်မရှောင်မိတော့ ရဲသုံးယောက်က ရုတ်တရက် ခုန်ဝင်လာတယ်။ တစ်ယောက်က ကျွန်မခေါင်းကို ချုပ်တယ်၊ တစ်ယောက်က ခါးကို ချုပ်တယ်။ တစ်ယောက်က ခြေကို ချုပ်တယ်။ ပြီးတော့ ဆက်ရိုက်တာပဲ။ တစ်ချက်ရိုက်ခံရတိုင်း ဆိုးဆိုးရွားရွား နာတယ်။ ၇ ချက်၊ ၈ ချက်လောက်ထပ် ရိုက်ပြီးတော့ ကျွန်မကို ပြန်ထူပြီး ထပ်မေးတယ်။ “မင်းတို့ခေါင်းဆောင် ဘယ်သူလဲ။ အလှူငွေတွေ ဘယ်မှာလဲ” တဲ့။ ကျွန်မပြန်မဖြေဘူး။ ဒီတော့ ကျွန်မကို ကုတင်ပေါ် ဖိထားပြီး ဆက်ရိုက်ကြတယ်။ သိပ်မကြာခင်မှာပဲ ကျွန်မတင်ပါးတစ်ခြမ်းက အရမ်းဖူးရောင်လာတာကို ခံစားရတယ်။ အဲဒီလို ကျွန်မကို အထပ်ထပ် စစ်မေးခဲ့ကြတာ။ နောက်တော့ ကျွန်မ မခံနိုင်တော့ဘူး။ ဒီလိုတွေးမိတယ်။ “ဒီလိုရိုက်နှက်နှိပ်စက်မှုက ဘယ်လောက်ကြာဦးမှာလဲ မသိဘူး။ ငါ့ကို သေတဲ့အထိ တကယ်နှိပ်စက်ကြမှာများလား” ပေါ့။ သိပ်အားနည်းလာလို့ ဘုရားကို အကြိမ်ကြိမ် ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ရဲတွေနှိပ်စက်တာကို သမီးမခံနိုင်မှာ စိုးပါတယ်။ သမီးကို စိတ်ချမှုနဲ့ ခွန်အားပေးတော်မူပါ။ အခိုင်အမာ သက်သေရပ်တည်နိုင်အောင် လမ်းပြတော်မူပါ” ပေါ့။ ဆုတောင်းပြီးတဲ့နောက် နှုတ်ကပတ်တော်တစ်ကြောင်းကို မှတ်မိသွားရော။ “လူတို့သည် ၎င်းတို့၏ဘဝများကို စွန့်လွှတ်ရန် အဆင်သင့်ဖြစ်သည့်အခါ၊ အရာရာတိုင်းသည် အသေးအဖွဲ ဖြစ်လာကြပြီး၊ မည်သူမျှ ၎င်းတို့ကို ခက်ခဲအောင် ပြုလုပ်နိုင်ခြင်းမရှိတော့ချေ။ အသက်ထက် မည်သည့်အရာသည် သာ၍အရေးကြီးနိုင်မည်နည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၃၆)) ကျွန်မက သေရမှာကြောက်လို့ အားနည်းနေတာကို နားလည်သွားတယ်လေ။ စာတန်က ကျွန်မအားနည်းချက်ကို တွေ့သွားပြီး ဘုရားကို ကျွန်မသစ္စာဖောက်အောင် ဖိအားပေးဖို့ နှိပ်စက်မှုကို သုံးနေတာ။ သူလှည့်စားတာ ခံလို့မဖြစ်ဘူး။ အဲဒီနေ့မှာ ကျွန်မသေသေရှင်ရှင် ဘုရားရဲ့ စီမံခန့်ခွဲချက်တွေကို လိုက်နာမှရမယ်။ ကျွန်မကို သတ်မယ်ဆိုရင်တောင် ဘုရားကိုရော ညီအစ်ကိုမောင်နှမတွေကိုပါ သစ္စာမဖောက်ဘူး။ အသက်နဲ့ရင်းဖို့အတွက် ဆုံးဖြတ်ချက်ချလိုက်တော့ သိပ်လည်း မနာကျင်တော့ဘူးလေ။ သူတို့လိုချင်တဲ့အဖြေ ကျွန်မဆီက မရနိုင်တာ ရဲတွေသိသွားတော့ ညီမတစ်ယောက်ကို ခေါ်သွင်းလာတယ်။ အဲဒီညီမရှေ့မှာ ကျွန်မကို ကုတင်ပေါ်ဖိပြီး ရိုက်ပြရော။ ပြီးတော့ ကျွန်မကို အခန်းထဲက ထုတ်သွားတယ်။ အဲဒီညီမအော်သံကို အပြင်ကနေ အတိုင်းသားကြားနေရတော့ ကျွန်မလည်း မျက်ရည်ဖြိုင်ဖြိုင်ကျလာရော။ အကြီးအကျယ်လည်း နာကြည်းရတယ်။ ဒီရဲတွေရဲ့ ရက်စက်ပုံက နှစ်ယောက်မရှိဘူး။ ပထမ ကျွန်မကို နှိပ်စက်တယ်၊ အခုတော့ ညီမကိုပါ နှိပ်စက်နေပြီ။ စိတ်ထဲမှာ ဘုရားကို တိတ်တဆိတ် ဆုတောင်းလိုက်တယ်။ ရဲတွေနှိပ်စက်တာကို ကျော်လွှားပြီး အခိုင်အမာ သက်သေရပ်တည်နိုင်ဖို့ သူ့ကို လမ်းပြပေးတော်မူပါလို့လေ။
အဲဒီအချိန်မှာ ရဲတစ်ယောက်က ပေါင်မုန့်နဲ့ သောက်စရာ ကျွန်မကို ယူလာပေးပြီး လေသံချိုချိုနဲ့ ပြောတယ်။ “တော်တော်နာနေတယ် မဟုတ်လား။ ဘာလို့ဒုက္ခရှာရတာလဲ။ မင်းသိထားတာတွေ ပြောပြရင် ဒုက္ခရောက်စရာ မလိုဘူးလေ။ မင်းလို ဘုရားကို ယုံကြည်သူတွေက မကောင်းတာတွေ မလုပ်တာ ငါသိပါတယ်။ ဒါပေမဲ့ တရုတ်မှာက ဒီလိုပဲလေ။ ကွန်မြူနစ်ပါတီက ဘုရားကို မယုံခိုင်းရင် ယုံလို့မရဘူး” တဲ့။ သူ့ကို လျစ်လျူရှုပြီး ဒီလိုတွေးလိုက်တယ်။ “ရှင်ဘာပဲပြောပြော၊ ညီအစ်ကိုမောင်နှမတွေနဲ့ ဘုရားကို ကျွန်မသစ္စာဖောက်မှာ မဟုတ်ဘူး” လို့ပေါ့။ နည်းနည်းကြာတော့ အဲဒီညီမကို ထုတ်လာကြတယ်။ သူ့ဆံပင်တွေက ရှုပ်ပွနေပြီး လမ်းကြိုးစားလျှောက်နေရတာကို တွေ့ရတယ်။ ရဲတွေရိုက်နှက်၊ နှိပ်စက်တာကို သူခံထားရတာ အသိသာကြီးပဲ။ ကျွန်မနာကြည်းကြေကွဲခဲ့ရတယ်။ နောက်တော့ ကျွန်မနာမည်ကို ထပ်ခေါ်လာရော။ ကျွန်မလည်ချောင်းထဲ ဆို့နင့်သွားတာပဲ။ ဒီတစ်ခေါက်ရော ကျွန်မကို ဘယ်လိုနှိပ်စက်ကြမလဲ မသိဘူးလေ။ ခုနရထားတဲ့ ဒဏ်ရာတွေက ပြင်းလွန်းတော့ လှုပ်လိုက်တိုင်း နာတယ်။ ဒီဒုက္ခတွေ ဘယ်တော့ငြိမ်းမှာလဲပေါ့။ စစ်ကြောခန်းထဲ ဝင်သွားတော့ ရဲတစ်ယောက်က သံတုတ်ကို ကောက်ပြီး ကျွန်မကို ရိုက်မလို့လုပ်တယ်။ ဒါပေမဲ့ ခုန ရေနဲ့ ပေါင်မုန့်ယူပေးတဲ့ ရဲက ကျွန်မနဲ့ သီးသန့်စကားပြောချင်တယ်တဲ့လေ။ သူကျွန်မကို အခန်းထဲက ထုတ်သွားရော။ ပြီးတော့ ဒီလိုပြောတယ်။ “ဒီက အခြေအနေကို အခုမင်းနားလည်ပြီပဲ။ မင်းမပြောသေးရင် သူတို့မင်းကို ထပ်ရိုက်ကြလိမ့်မယ်။ မင်းတကယ် ဆက်အရိုက်ခံချင်တာလား” တဲ့။ အဲဒီအချိန်မှာ ကျွန်မအကျိုးအတွက် သူပြောပေးနေတဲ့ပုံ ပေါက်နေတယ်လေ။ ကျွန်မတွေးမိတယ်။ “အရေးမကြီးတာလေး သူတို့ကို ပြောပြလိုက်ရင် ကောင်းမလား။ ဒါကို ငါကျော်ဖြတ်နိုင်ရင် ထပ်အရိုက်ခံရမှာ မဟုတ်ဘူး” ပေါ့။ အဲဒီအချိန်မှာ နှုတ်ကပတ်တော်ကို တွေးမိသွားတယ်။ “အချိန်တိုင်းတွင်၊...စာတန်၏ စဉ်းလဲသည့် အကြံအစည်များကို သတိထားသင့်ပေသည်။...စာတန်၏ ထောင်ချောက်ထဲသို့ ကျဆင်းချိန်တွင် နောင်တရဖို့ရန် အလွန် နောက်ကျသွားလိမ့်မည် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၃)) နှုတ်ကပတ်တော်က သတိပေးတာလေ။ ကျွန်မသဘောပေါက်သွားတယ်။ ဒီရဲက ဟန်ဆောင်ဂရုစိုက်ပြနေတာ၊ တကယ်ကူညီနေတာ မဟုတ်ဘူးလို့ပေါ့။ ဘုရားနဲ့ ညီအစ်ကိုမောင်နှမတွေကို ကျွန်မသစ္စာဖောက်အောင် သူလှည့်စားချင်တာ။ အစက ကျွန်မကို ဖုန်းနဲ့ရိုက်တဲ့လူက သူပဲဆိုတာ ကျွန်မမှတ်မိသွားတယ်။ ပြီးတော့ တခြားရဲက ကျွန်မကို သံတုတ်နဲ့ ရိုက်နေတုန်းမှာလည်း သူက ကူချုပ်ပေးခဲ့တာ။ အခုကျတော့ ကျွန်မကို ချွေးသိပ်ပေးဖို့ စားစရာတွေ ယူလာပေးပြီး စကားချိုတွေ ပြောတာလေ။ သိပ်လျှို့ဝှက်ယုတ်မာလွန်းတယ်၊ ကျွန်မယုံစားမိခါနီးလေးပဲ။ ကျွန်မ ဘာမှမပြောတော့ သူမေးရော။ “မင်းနှုတ်ဆိတ်နေလို့ အရိုက်ခံရတာက တကယ်တန်ရဲ့လား” တဲ့။ ပြတ်ပြတ်သားသား ကျွန်မဖြေလိုက်တယ်။ “တန်တယ်။ ညီအစ်ကိုမောင်နှမနဲ့ ဘုရားကို လုံးဝသစ္စာမဖောက်ဘူး” လို့ပေါ့။ ကျွန်မရဲ့သန္နိဋ္ဌာန်ကို သူမြင်တော့ ရက်ရက်စက်စက် ပြောရော။ “အပျော့နည်းက မင်းနဲ့ အလုပ်မဖြစ်မဲ့ပုံပဲ” တဲ့။ အခန်းထဲရောက်တော့ အသင်းတော်အကြောင်းနဲ့ ခေါင်းဆောင်တွေက ဘယ်သူလဲဆိုတာကို ရဲတွေက ဆက်မေးတယ်။ ကျွန်မကတော့ နှုတ်ဆိတ်နေတုန်းပဲ။ ရဲတစ်ယောက်က ဒေါသထွက်သွားပြီး သံတုတ်ကို ကောက်ကိုင်လို့ ဒဏ်ရာရထားတဲ့ ကျွန်မတင်ပါးကို အကြိမ်ကြိမ် ဒေါသတကြီး ရိုက်ရော။ အချက်တိုင်းက ဟနေတဲ့ ဒဏ်ရာပေါ် ဆားဖြူးသလိုပဲ။ ကျွန်မ လူးလိမ့်အော်နေခဲ့ရတာ။ နောက်ရဲတစ်ယောက်က ကျွန်မကို ကြိမ်းတယ်။ “ခဏနေ ဝိုင်ယာကြိုးတချို့ရှာပြီး လျှော့တိုက်ပြမယ်၊ မင်းပြောမလား ကြည့်တာပေါ့” တဲ့။ သူက ပြောရင်းဆိုရင်း ကျွန်မကော်လာကို ဆွဲကိုင်ပြီး ကျွန်မကို အခန်းထောင့်ဆီ တွန်းတယ်။ ပါးကိုလည်း အားနဲ့ ရိုက်တယ်။ သူမောပြီး ချွေးထွက်လာမှပဲ အရိုက်ရပ်တော့တယ်။ မျက်နှာက တစစ်စစ်နဲ့ တအားနာတာပဲ။ တအားမူးဝေလွန်းလို့ အန်တောင် အန်ချင်လာတယ်။ အဲဒီနောက် သံခမောက်ကို သူယူလာပြီး ကျွန်မခေါင်းပေါ် ဆောင်းပေးရော။ ပြီးတော့ ခမောက်ကို သံတုတ်နဲ့ တအားလွှဲရိုက်တာ။ ခမောက်ကို ဆက်ရိုက်ရင်း ကျွန်မကို လှောင်မေးမေးတယ်။ “ကောင်းရဲ့လား။ တစ်သက်လုံး မင်းနားထဲ ဒီအသံပဲ မြည်နေအောင် ငါလုပ်ပြမယ်” တဲ့။ နားထဲ အူနေတဲ့အသံက မရပ်တော့ တကယ့်ကို နာကျင်ခဲ့ရတာ။ သုံး၊ လေးမိနစ်ကြာတော့ ကျွန်မခေါင်းတွေ မူးဝေလာပြီး အသက်မရှူနိုင်တော့ဘူး။ အဲဒီနောက်တော့ ခမောက်ကို ပြောင်းပြန်ဆောင်းပေးကြတယ်။ ကျွန်မ ဘာမှမမြင်ရဘူး၊ ဒါပေမဲ့ သူတို့တွေ ခုန်ပြီး ခမောက်ကို ကန်တာတော့ ကြားရတယ်။ ကျွန်မလည်း ဗိုင်းခနဲ လဲသွားရော။ ကျွန်မကို သူတို့တွေ ပြန်ထူပြီး ခမောက်ကို ထပ်ကန်ကြတယ်။ ကျွန်မလည်း ထပ်လဲကျသွားတာပဲ။ ကန်ချက်တိုင်းက ပိုပြင်းလာတယ်။ ကျွန်မလဲကျသွားတိုင်း ထိခိုက်ထားတဲ့ တင်ပါးဒဏ်ရာက တစ်ကိုယ်လုံး ပျံ့သွားတာ။ သူတို့တွေ ဖတ်ဖတ်မောတဲ့အထိ ကျွန်မကို ကန်ကြတယ်။ နည်းနည်းကြာတော့ ကျွန်မကို ခမောက်ဆောင်းရင်း လက်ဆန့်တစ်ဝက်ထိုင် ပြန်ထိုင်ခိုင်းတယ်။ ကျွန်မခေါင်းက ချာချာလည်နေပြီး မူးဝေနေတာလေ။ မတ်တပ်ရပ်ဖို့တောင် အနိုင်နိုင်။ သူတို့က ကျွန်မကို လက်နှစ်ဖက် ရှေ့ထုတ်ဆန့်ခိုင်းထားပြီး လက်ပေါ်ကို ရေခွက်နှစ်ခွက် တင်ကြတယ်။ ခြေလက်တွေက ကိုက်ခဲလွန်းတဲ့အပြင် ခြေကလည်း ဆက်တိုက်တုန်ယင်နေတော့ ဘယ်လိုမှ မတောင့်ထားနိုင်ဘူး။ ကျွန်မကိုယ်ဟန်ပျက်သွားတာ သူတို့မြင်တိုင်း ခြေထောက်ကို ပိတ်ကန်ကြတယ်။ နောက်တော့ ရဲတချို့က ကျွန်မကို ဆိုဖာပေါ် ဖိထားကြရော။ နောက်တစ်ယောက်က သံတုတ်ကို ယူပြီး ကျွန်မတင်ပါးနဲ့ ကျောအောက်ပိုင်းကို ရိုက်တယ်။ ရဲနောက်တစ်ယောက်က ပြောတယ်၊ “သူ့ခန္ဓာကိုယ် တစ်နေရာတည်းကိုပဲ မဲပြီး အသေရိုက်။ ကြာကြာခံနိုင်မှာ မဟုတ်ဘူး၊ ထုတ်ပြောမှာပဲ” တဲ့။ ကျွန်မကို သူရိုက်တိုင်း စူးခနဲ စူးခနဲ နာသွားလို့ မအော်ဘဲ မနေနိုင်ဘူး။ ဒီတော့ ကျွန်မပါးစပ်ထဲ အဝတ်စုတ် ထိုးထည့်ကြတယ်။ ရဲတွေရဲ့ မပြီးနိုင် မစီးနိုင် နှိပ်စက်တာကို ခံရတော့ ကြောက်လန့်ပြီး ကူကယ်ရာမဲ့ ဖြစ်ခဲ့ရတယ်။ ဘုရားကိုပဲ ကျိတ်အော်ဟစ်တမ်းတခဲ့ရတယ်။ “ဘုရားသခင်။ သမီးမခံနိုင်တော့ပါဘူး။ ဒီအခြေအနေကို တွေ့ကြုံနိုင်အောင် သမီးကို ယုံကြည်ခြင်းပေးပြီး လမ်းပြတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးနောက် ဒီနှုတ်ကပတ်တော်ကို တွေးမိသွားတယ်။ “ယုံကြည်ခြင်းသည် သစ်လုံးတစ်လုံးတည်း တံတားကဲ့သို့ ဖြစ်သည်- အသက်ကို လက်မှိုင်ချလျက် ဖက်တွယ်ထားသူတို့သည် ယင်းတံတားကို ဖြတ်ကူးရာတွင် အခက်ကြုံလိမ့်မည် ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် စွန့်လွှတ်အနစ်နာခံရန် အသင့်ရှိသော သူတို့သည် ခြေမြဲကာ စိုးရိမ်မှုကင်းလျက် ဖြတ်ကူးနိုင်ကြ၏။ အကယ်၍ လူသားသည် တွန့်ဆုတ်ကာ ကြောက်ရွံ့သော အတွေးများ သိုထားပါက၊ ယင်းမှာ ဘုရားသခင်ထဲသို့ ဝင်ရောက်ဖို့ ယုံကြည်ခြင်း တံတားအား ငါတို့ ဖြတ်ကူးမည်စိုးလျက်၊ စာတန်သည် ၎င်းတို့ကို လှည့်စားပြီး ဖြစ်သောကြောင့် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆)) နှုတ်ကပတ်တော်ကို ဆင်ခြင်ပြီးတဲ့နောက် နားလည်သွားရော။ ကျွန်မရဲ့ ဒုက္ခဝေဒနာကို ကြောက်စိတ်ကြောင့် ဒီအခြေအနေကနေ လုံးဝလွတ်မြောက်ချင်နေခဲ့ပြီး စာတန်ရဲ့ လှည့်စားခံထားရတာကိုပေါ့။ ကျွန်မအသက်က ဘုရားလက်ထဲမှာလေ။ ဘုရားခွင့်ပြုချက် မရှိရင် စာတန်က ကျွန်မကို ဘာမှမလုပ်နိုင်ဘူး။ ဒီတော့ ကျွန်မ မကြောက်တော့ဘူး။
ညစာစားပြီးနောက် သူတို့က ကျွန်မကို ဒုစခန်းမှူးရဲ့ ရုံးခန်းဆီ ခေါ်သွားကြတယ်။ ဒုစခန်းမှူးက ပြုံးပြီး ပြောတယ်လေ။ “မင်းနဲ့အတူ ဖမ်းခံရတဲ့ ရှောက်ကျောက်က ဝန်ခံပြီးပြီ သူ့ကို အခု ပြန်လွှတ်တော့မှာ။ မင်းလည်းဝန်ခံရင် မင်းအတွက် ညစာချက်ချင်းပြင်ပေးမယ်။ ပြီးတာနဲ့ ရထားလက်မှတ် ဝယ်ပေးပြီး သူနဲ့အတူ အိမ်ပြန်ခွင့်ပေးမယ်။ ဘယ်လိုလဲ။ ငါမင်းကို စဉ်းစားချိန် သုံးလေးမိနစ်လောက် ပေးမယ်။ မင်းဘာမှမပြောရင် ဟိုအခန်းထဲကိုပဲ ပြန်သွားရလိမ့်မယ်။ သူတို့မင်းကို ဘယ်လိုရိုက်နှက်၊ နှိပ်စက်ပါစေ ငါမထိန်းနိုင်ဘူး” တဲ့။ ကျွန်မတွေးမိတယ်။ “သူတို့မေးတာ မဖြေရင် ငါ့ကို ဆက်နှိပ်စက်ကြမှာပဲ။ ပြစ်ဒဏ်လည်း ချခံရနိုင်သေးတယ်” ပေါ့။ တွေးလေ၊ ဝမ်းနည်းမိလေပဲ။ ဘုရားသခင်နဲ့ ကျွန်မဝေးကွာနေတာ သိတော့ စိတ်ထဲကနေ ဘုရားကို အကြိမ်ကြိမ် ခေါ်ခဲ့တယ်။ “ဘုရားသခင်၊ သမီးထောင်ကျမှာ ကြောက်ပါတယ်။ ဒါကြောင့် သမီးကို ဝေဒနာခံလိုတဲ့စိတ် ပေးပြီး ဇာတိအားနည်းမှုကို ကျော်လွှားဖို့ လမ်းပြတော်မူပါ” ပေါ့။ ဆုတောင်းပြီးတော့ နှုတ်ကပတ်တော် ဓမ္မတေးတစ်ပုဒ်ကို တွေးမိရော။ “သင်သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည်- သင်သည် ဘုရားသခင်ကို ကိုးကွယ်သင့်ပြီး အဓိပ္ပါယ်ရှိသော အသက်တာကို လိုက်စားရှာဖွေသင့်သည်မှာ အမှန်ပင် ဖြစ်ပေသည်။ သင်သည် လူသားတစ်ဦး ဖြစ်သည့်အတွက်၊ သင့်ကိုယ်သင် ဘုရားသခင်အတွက် အသုံးခံသင့်ပြီး ဆင်းရဲဒုက္ခအားလုံးကို ခံရပ်သင့်ပေသည်။ သင်သည် ယနေ့ခံစားရသော ဆင်းရဲဒုက္ခအနည်းငယ်ကို ဝမ်းမြောက်စွာနှင့် အသေအချာ လက်ခံသင့်ပြီး ယောဘနှင့် ပေတရုကဲ့သို့ အဓိပ္ပါယ်ရှိသော အသက်တာတစ်ခုကို အသက်ရှင်သင့်သည်။ သင်တို့သည် လမ်းကြောင်းမှန်ကို လိုက်စားရှာဖွေသောသူများ၊ တိုးတက်မှုကို ရှာဖွေသောသူများ ဖြစ်ကြသည်။ သင်တို့သည် အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံထဲတွင် ထမြောက်ကြသူများ၊ ဘုရားသခင်က ဖြောင့်မတ်သည်ဟု ခေါ်ဆိုသောသူများ ဖြစ်ကြသည်။ ယင်းမှာ အဓိပ္ပါယ်အရှိဆုံး အသက်တာ ဖြစ်သည် မဟုတ်လော။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “အဓိပ္ပာယ်ပြည့်ဝဆုံး အသက်တာ”) နှုတ်ကပတ်တော်ကို ဆင်ခြင်လိုက်တော့ နားလည်သွားတယ်။ ဘုရားကို ယုံကြည်လို့ ကျွန်မဖမ်းဆီးခံခဲ့ရပြီး နှိပ်စက်ခံရတယ်၊ ထောင်တောင် ကျနိုင်တယ်။ ဒါက ဖြောင့်မတ်ခြင်းအတွက် ညှဉ်းဆဲခံရတာ။ ကျွန်မရဲ့ဒုက္ခက အဓိပ္ပာယ်ရှိပြီး ဘုရားချီးကျူးတာ ခံရမှာပဲ။ သွေးသားဝေဒနာခံစားနေရရုံနဲ့ ဘုရားကို သစ္စာမဖောက်နိုင်ဘူး။ ညီအစ်ကိုမောင်နှမတွေကို သစ္စာဖောက်မဲ့အစား ထောင်သာ အကျခံလိုက်မယ်။ အဲဒီနောက်ပိုင်း ကျွန်မကို သူဘယ်လိုလှည့်ဖြားပါစေ ကျွန်မဘာမှမပြောဘူး။ စိတ်ပျက်လက်ပျက်နဲ့ သူခေါင်းခါတယ်။ နောက်ရဲတစ်ယောက်က သံတုတ်ကို ကောက်ကိုင်ပြီး ကျွန်မရဲ့ခါးနဲ့ တင်ပါးကို ထပ်ရိုက်တယ်။ အရိုက်ခံရတိုင်း ဝေဒနာက တစ်ကိုယ်လုံးကို ပျံ့သွားတာ။ မခံမရပ်နိုင်လောက်အောင်ပဲ။ ကွန်မြူနစ်ပါတီဆိုတဲ့ မကောင်းဆိုးဝါးကို ကျွန်မ ပိုတောင်မုန်းလာတယ်။ သူကျွန်မကို ဘယ်လိုရိုက်ရိုက်၊ ကျွန်မအံကြိတ်ခံတယ်။ ဆုံးလည်း ဆုံးဖြတ်လိုက်တယ်၊ ဘုရားအတွက် သက်သေရပ်တည်မယ်လို့ပေါ့။ ဒီလိုနဲ့ ညဉ့်တော်တော်နက်သွားတယ်။ ကျွန်မဆီက ဘာသတင်းမှ အစ်ထုတ်လို့မရတာ ဒုစခန်းမှူးက မြင်တော့ ပြန်သွားရော။ နောက်တော့ ပေါင်မုန့်ယူလာပေးတဲ့ ရဲက ဒီလိုပြောတယ်၊ “အခုထိ မပြောသေးဘူးပေါ့။ ဒါဆို ငါဒီညမအိပ်ဘူး။ မင်းလုံးဝစိတ်ဆင်းရဲအောင် ငါလုပ်မယ်။ မင်းပါးစပ်ကို ငါဆွဲဟပြမယ်” တဲ့။ ၁ ပေ၊ ၁ ပေကျော်လောက်ရှည်တဲ့ ပေတံကို သူယူလာတယ်။ ကျွန်မလက်တစ်ဖက်ကို ဆွဲပြီး အဲဒီပေတံနဲ့ လက်ဖဝါးကို ရက်ရက်စက်စက် ရိုက်ရော။ တစ်ချက်ရိုက်ခံရတိုင်း လက်ဖဝါးက ရှိမ်းခနဲ နာသွားတာပဲ။ ကျွန်မလည်း ကမန်းကတန်း ပြန်ဆွဲတယ်။ ဒါပေမဲ့ သူက အသေကိုင်ပြီး လက်ဖဝါးကို ဆက်ရိုက်တာပဲ။ ကျွန်မရဲ့ လက်နှစ်ဖက်လုံး ရောင်ကိုင်းလာရော။ အဲဒီနောက် သူက သံတုတ်ကို ကောက်ကိုင်ပြီး ကျွန်မတင်ပါးကို ထပ်ရိုက်တယ်။ သံတုတ်နဲ့ ရိုက်ခံရတိုင်း ဝေဒနာဆိုးကြီးက တစ်ကိုယ်လုံးပျံ့သွားတာ။ နာလွန်းလို့ ချွေးစေးတွေ ပြန်လာတယ်။ မအော်ဘဲလည်း မနေနိုင်ဘူး။ သူက ဒေါသတကြီး ပြောတာ။ “မင်းက နည်းမျိုးစုံ ခံရပြီးတာတောင် နှုတ်မဟသေးဘူး။ ဘယ်လိုလုပ်မှ ဘုရားကို မင်းသစ္စာဖောက်မှာလဲ။ ပြောပါဦး။ သေမှလား။ ပိုနာရမှလား” တဲ့။
ကျွန်မက ဘာမှမပြောသေးဘဲ နေနေတော့ သူက ဒေါသတကြီး ပြောရော။ “မင်းအပေါ် လက်တည့်စမ်းစရာ တစ်ပုံကြီးရှိသေးတယ်။ ဘယ်သူပိုခံနိုင်မလဲ ကြည့်ကြတာပေါ့” တဲ့။ အဲဒီနောက်တော့ သူက အနွေးထည်ဝတ်၊ အဲယားကွန်းကို အဆုံးထိ ဖွင့်ထားပြီး ကျွန်မကို အဲယားကွန်းရှေ့မှာ လက်ဆန့် တစ်ဝက်ထိုင် ထိုင်ခိုင်းတယ်။ ပြီးတော့ ကျွန်မခေါင်းနဲ့ ကိုယ်လုံးပေါ် မကြာမကြာ ရေလာလောင်းတယ်။ ကျွန်မတစ်ကိုယ်လုံး စိုရွှဲနေပြီး အေးလွန်းလို့ ခိုက်ခိုက်တုန်နေခဲ့တာ။ ဒီတော့ ကျွန်မက နွေးအောင်လို့ လက်ချပြီးတော့ လက်မောင်းတွေကို ပွတ်မိတယ်။ အဲဒါကို သူမြင်တော့ ကျွန်မလက်မောင်းကို သံတုတ်နဲ့ရိုက်ပြီး လက်ကို ဆက်ဆန့်ခိုင်းထားတယ်လေ။ နည်းနည်းကြာတော့ ကျွန်မခြေထောက်ကို ကားနိုင်သမျှ ကားခိုင်းတယ်။ ပြီးတာနဲ့ အဝတ်အစားတွေ ချွတ်ခိုင်းတော့တာပဲ၊ အတွင်းခံပဲ ဝတ်ခိုင်းပြီး ရေထဲမှာ ခြေဗလာရပ်ခိုင်းတယ်။ မချွတ်ဘူးလို့ ငြင်းတော့ သူက ငေါက်ငမ်းပြောတာ။ “ချွတ်လိုက်စမ်း ငါချွတ်ပေးရအောင် မလုပ်နဲ့” တဲ့။ ကျွန်မဘယ်လိုမှ မတတ်နိုင်ခဲ့ဘူး။ ကျွန်မလုံးဝအရှက်ခွဲခံရတာ။ ခံပြင်းလွန်းလို့ ငိုခဲ့ရတယ်။ နောက်တော့ သောက်ရေစက် အပူချိန်ကို အအေးဆုံး သူပြောင်းလိုက်တယ်။ အဲဒီရေနဲ့ ကျွန်မကို တရစပ်လောင်းတော့တာပဲ။ ကျွန်မတစ်ကိုယ်လုံး အေးလွန်းတော့ အဆက်မပြတ် ခိုက်ခိုက်တုန်နေတာ၊ ဒူးဆစ်တွေလည်း ကိုက်စပြုလာတယ်။ ရေလောင်းရင်း သူပြောတယ်။ “ဇိမ်ကျရဲ့လား။ ဒီည ငါမင်းကို ဇိမ်ခံခွင့်ပေးမယ်” တဲ့။ နာရီနည်းနည်းကြာတော့ အသက်ရှူဖို့ ခက်ခဲလာတယ်၊ ရင်လည်း အောင့်လာတယ်။ တစ်ကိုယ်လုံးလည်း အေးလို့ ပြာနှမ်းနေပြီ။ လူမဆန်အောင် နှိပ်စက်ခံရတော့ ကျွန်မ အရမ်းအားနည်းလာရော။ ငါ့အသက် ၂၀ ပဲ ရှိသေးတယ်၊ ငါသေရတော့မှာလားပေါ့။ ဘုရားသခင်ကို စိတ်ထဲကနေ ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ ရဲတွေနှိပ်စက်တာကို သမီးတကယ်မခံနိုင်ပါဘူး။ သမီးအရမ်းအားနည်းလာပါပြီ။ ကိုယ်တော့်အလိုတော်ကို နားလည်ဖို့ သမီးကို လမ်းပြတော်မူပါ” ပေါ့။ ဆုတောင်းပြီးတော့ ကျမ်းပိုဒ်တစ်ပိုဒ်ကို တွေးမိသွားတယ်။ “သင်တို့သည် ‘အကြောင်းမူကား ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်း ဒုက္ခသည် အတိုင်းအထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။’ ဟူသော စကားများကို မှတ်မိကောင်း မှတ်မိကြပေလိမ့်မည်။ ဤစကားများကို သင်တို့အားလုံး ယခင်က ကြားခဲ့ကြပြီးဖြစ်သော်လည်း သင်တို့ထဲမှ မည်သူမျှ ယင်းတို့၏စစ်မှန်သော အဓိပ္ပါယ်ကို နားမလည်ခဲ့ကြပေ။ ယနေ့တွင် သင်တို့သည် ထိုစကားများ၏ စစ်မှန်သောအရေးပါမှုကို လေးလေးနက်နက် သတိပြုမိကြသည်။ ဤစကားများသည် နောက်ဆုံးသောကာလအတွင်း၌ ဘုရားသခင်အားဖြင့် ပြည့်စုံလိမ့်မည်ဖြစ်ပြီး၊ အဆင်းနီသောနဂါးကြီး ခွေလျောင်းရာပြည်တွင် ယင်းနဂါးကြီး၏ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံခဲ့သူများ၌ ပြည့်စုံလိမ့်မည်ဖြစ်သည်။ အဆင်းနီသောနဂါးကြီးသည် ဘုရားသခင်ကို ညှဉ်းပန်းနှိပ်စက်ပြီး၊ သူသည် ဘုရားသခင်၏ရန်သူ ဖြစ်၏။ သို့ဖြစ်၍ ဤပြည်၌ ဘုရားသခင်ကို ယုံကြည်သူများသည် အရှက်ကွဲခြင်းနှင့် ဖိနှိပ်ခြင်းတို့ကို ဤသို့ ခံကြရပြီး၊ အကျိုးဆက်အနေဖြင့် ဤစကားများသည် ဤလူစုတည်းဟူသော သင်တို့၌ ပြည့်စုံလေသည်။ ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သော ပြည်တွင် စတင်သောကြောင့် ဘုရားသခင်၏အမှုအားလုံးသည် ကြီးမားသော အတားအဆီးများကို ရင်ဆိုင်ရပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များစွာ ပြီးမြောက်ခြင်းသည် အချိန်ကြာလေသည်။ ဤအကြောင်းကြောင့်၊ ဘုရားသခင်၏နှုတ်ကပတ်တော်၏ အကျိုးဆက်အဖြစ်၊ လူတို့သည် စစ်ဆေးခံကြရကာ ယင်းသည် ဒုက္ခဆင်းရဲ၏ အစိတ်အပိုင်းလည်း ဖြစ်ပေသည်။ အဆင်းနီသောနဂါးကြီး၏ ပြည်တွင် သူ၏အမှုကို ဆောင်ရွက်ရန် ဘုရားသခင်အတွက် အလွန်တရာ ခဲယဉ်းလေသည်- သို့သော် ဘုရားသခင်သည် သူ၏ဉာဏ်ပညာနှင့် သူ၏ အံ့ဘွယ်လုပ်ဆောင်ချက်များကို ထင်ရှားစေလျက်၊ ပြီးလျှင် ဤလူစုကို စုံလင်စေရန် ဤအခွင့်အရေးကို အသုံးပြုရင်း၊ သူ၏ အမှု အဆင့်တစ်ခုကို ဘုရားသခင် လုပ်ဆောင်သည်မှာ ဤအခက်အခဲမှတစ်ဆင့် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော) အဆင်းနီ နဂါးကြီးက အရာအားလုံးထက် ဘုရားကို မုန်းပြီး ခုခံတာ။ ကျွန်မက သူ့နိုင်ငံမှာ မွေးလာတာလေ။ ဘုရားကို ယုံကြည်သူတွေက ကွန်မြူနစ်ပါတီရဲ့ ညှဉ်းဆဲရက်စက်မှုကို မလွဲမသွေ ခံရတယ်။ ဒါပေမဲ့ ဘုရားက ကျွန်မတို့ယုံကြည်ခြင်းကို စုံလင်စေဖို့ ဒီညှဉ်းဆဲမှုနဲ့ ဒုက္ခကို သုံးတာ။ နောက်တော့ ကျွန်မတွေးမိတယ်။ အရင်က ဖမ်းဆီးညှဉ်းဆဲတာကို မခံရခင်မှာ ကိုယ့်ယုံကြည်ခြင်းကို သိပ်စိတ်ချနေခဲ့ပြီး ဘုရားအတွက် စွန့်လွှတ်၊ အသုံးတော်ခံဖို့ လိုလားခဲ့တာကိုပေါ့။ အခုတော့ သိသွားပြီလေ။ အဲဒါက ယုံကြည်ခြင်းအစစ်မဟုတ်ဘူး၊ တဒင်္ဂ ဆုံးဖြတ်ချက်ပဲဆိုတာကိုပေါ့။ အဲဒါကို သက်သေခံချက်လို့ ခေါ်လို့မရဘူး။ စာတန်လည်း ယုံမှာ မဟုတ်ဘူး။ အခု ညှဉ်းဆဲမှု၊ နှိပ်စက်မှုနဲ့ ဒုက္ခတွေ ကျွန်မကြုံတဲ့အခါ သက်သေရပ်တည်နိုင်ပြီး စာတန်ကို အလျှော့မပေးရင် အဲဒါကမှ ယုံကြည်ခြင်းအစစ်ပဲ။ အရင်က ကျွန်မဖတ်ဖူးတဲ့ သက်သေခံချက် ဆောင်းပါးအများကြီးထဲမှာ ညီအစ်ကိုမောင်နှမအများကြီးက အဖမ်းခံရပြီး သူတို့ခံရတဲ့ နှိပ်စက်မှုက ကျွန်မထက် ပိုဆိုးနေခဲ့ပေမဲ့ စာတန်ကို အရှုံးမပေးခဲ့ကြတာ ကျွန်မတွေးမိတယ်။ ဆုတောင်းခြင်း၊ ဘုရားကို အမှီပြုခြင်းနဲ့ ဘုရားအပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်းကနေတစ်ဆင့် ထူးကဲတဲ့ သက်သေကို ခံနိုင်ခဲ့ကြတာ။ ဒီတော့ အခု ကျွန်မလည်း ဘုရားကို အမှီပြုရမယ်၊ သူ့အတွက် သက်သေရပ်တည်ရမယ်လေ။ ဒါကို သဘောပေါက်သွားတော့ ကျွန်မခွန်အားရှိလာတယ်။
မွန်းတည့်ရောက်တော့ ကျွန်မကို ထိန်းသိမ်းရေးစခန်းဆီ ခေါ်သွားတယ်။ အဲဒီမှာ ရဲက ကြိမ်းတာ။ “ခဏနေ မင်းကို ဆေးစစ်ဖို့ ဆေးရုံခေါ်သွားမယ်။ မင်းကိုယ်ပေါ်က ဒဏ်ရာတွေက ငါတို့ကြောင့်လို့ မင်းမပြောရဘူး။ မင်းမိဘတွေ သဘောမတူပေမဲ့ ဒီမြို့ပေါ် မင်းအတင်းတက်လာလို့ သူတို့ရိုက်ထားတာလို့ပြော။ အမှန်အတိုင်း မင်းပြောရဲရင် ဒီထက် ငါပိုကြမ်းပြမယ်” တဲ့လေ။ သူ့စကားကို ကြားလိုက်ရတော့ ကျွန်မဖြင့် ဒေါသထွက်သွားတာပဲ။ ဒီရဲတွေ အရှက်မဲ့လိုက်ပုံများ ကျွန်မကို လိမ်တောင် လိမ်ခိုင်းတယ်။ ဆေးစစ်နေတုန်း ကျွန်မနှလုံးခုန်နှုန်းက သိပ်နှေးတယ်လို့ ဆရာဝန်က ပြောတယ်။ ကျွန်မလက်ဖဝါးနဲ့ မျက်နှာတွေ နီရဲပြီး ဖူးရောင်နေတာလည်း သူတွေ့တယ်။ တင်ပါးတွေလည်း ရောင်ကိုင်းနေပြီး ညိုမည်းနေတာကိုရောပေါ့။ ပေါင်တွေ ညိုမည်းစွဲနေတာလည်း သူတွေ့တယ်။ ဒီတော့ အံ့သြတကြီး သူမေးရော။ “ဒီဒဏ်ရာတွေကို ဘယ်လိုရထားတာလဲ” တဲ့။ ဘေးက ရဲကို ကျွန်မဝေ့ကြည့်လိုက်ပြီး မတတ်သာဘဲ ပြောခဲ့ရတယ်။ “သတိလက်လွတ် ချော်လဲသွားတာပါ” လို့လေ။ ထိန်းသိမ်းရေး စခန်းဆီ ပြန်ရောက်တော့ ကျွန်မတင်ပါးနဲ့ ပေါင်တွေက ဆိုးဆိုးရွားရွား ဒဏ်ရာရထားတယ်။ ညအိပ်တဲ့အခါ ကျောဆန့်ပြီး မလှဲအိပ်ရဲဘူး။ ထိုင်တဲ့အခါလည်း လက်နဲ့ထောက်ပြီးမှ ဖြည်းဖြည်းချင်းစီ ထိုင်ချရတယ်။ ရေချိုးတဲ့အခါလည်း ဒဏ်ရာရထားတဲ့ နေရာကို မတော်တဆထိမိရင် နာလွန်းလို့ တစ်ကိုယ်လုံးက ထုံတက်သွားတာ။ ကျွန်မနဲ့ အချုပ်ခန်း အတူကျတဲ့ ဆရာဝန်က ပြောတယ်။ “ဒီရဲတွေက ကမ်းကုန်အောင် ရက်စက်တာပဲ။ အဲဒီဒဏ်ရာတွေ ပျောက်ဖို့ဆို တစ်လကျော်ကြာ အချိန်ယူရမှာ” တဲ့။ အံ့သြစရာက ဆယ်ရက်ကျော်မှာတင် ကျွန်မဒဏ်ရာတွေက သိပ်မနာတော့ဘူး။ အဲဒါကြောင့် ဘုရားကို ကျွန်မ ကျေးဇူးမတင်ဘဲ မနေနိုင်ခဲ့ဘူး။
ကျွန်မ ထိန်းသိမ်းရေး စခန်းမှာရှိတဲ့ နှစ်လလောက်အတွင်းမှာ ရဲတွေက ကျွန်မကို ဆယ်ကြိမ်လောက် ရုံးတင်စစ်ကြတယ်။ ကျွန်မက ဘာမှမပြောတော့ စာသုံးစောင်ကို အတင်းလက်မှတ်ထိုးခိုင်းတယ်။ ဘုရားသခင်ကို မယုံတော့ကြောင်း၊ နောင်တရကြောင်းနဲ့ စွန့်လွှတ်ကြောင်း အာမခံတဲ့ စာတွေပေါ့။ မထိုးဘူး ငြင်းတော့ သူတို့က ကြိမ်းတယ်လေ။ “မင်းမထိုးရင် ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံရမှာနော်။ လုံးဝပြန်မလွှတ်ဘူးမှတ်” တဲ့။ ကျွန်မတွေးမိတယ်။ နှစ်ရှည်လများ ထောင်ကျမှာတွေ၊ တိုင်ပင်စရာ လူတောင် မရှိတဲ့ ဘဝတွေကိုပေါ့။ ကျွန်မနေ့တိုင်း လုပ်ရမဲ့ အလုပ်ကြမ်းတွေကိုရော၊ ထောင်စောင့်တွေ ထောင်သားတွေက အနိုင်ကျင့်၊ ရိုက်နှိပ်စက်မှာကိုရောပေါ့။ ဒီလိုဘဝမျိုးကို ဘယ်လိုခံနိုင်မှာလဲ။ ပိုတွေးလေ၊ ပိုကြောက်လာလေမို့ ဘုရားကို ဆုတောင်းရုံပဲ တတ်နိုင်ခဲ့တယ်။ “ဘုရားသခင်။ ထောင်ထဲက အမှောင်ဘဝကို တွေးမိတာနဲ့တင် သမီးအင်မတန် စိတ်ဆင်းရဲနေပါပြီ။ လာမဲ့အခြေအနေကို ရင်ဆိုင်ဖို့ ယုံကြည်ခြင်းရှိအောင် သမီးကို လမ်းပြပေးဖို့ တောင်းလျှောက်ပါတယ်” လို့ပေါ့။ ဆုတောင်းပြီးတော့ ဒီနှုတ်ကပတ်တော်ကို မှတ်မိသွားတယ်။ “အမှု၏ ဤအဆင့်တွင် ငါတို့ထံမှ အဆုံးစွန် ယုံကြည်ခြင်းနှင့် ချစ်ခြင်းတို့ လိုအပ်ပေသည်။ အမှု၏ ဤအဆင့်သည် ယခင်အဆင့်များအားလုံးမှ ကွဲပြားခြားနားသည့်အတွက်၊ အနည်းငယ်မျှသော သတိလက်လွတ်ဖြစ်ခြင်းမှ ငါတို့ ခလုတ်တိုက်မိကောင်း ခလုတ်တိုက်မိနိုင်သည်။ ဘုရားသခင် စုံလင်နေစေသည့် အရာမှာ မြင်၍မရနိုင်သကဲ့သို့၊ လက်ဆုပ်လက်ကိုင်ပြ၍လည်း မရသည့် လူသားမျိုးနွယ်၏ ယုံကြည်ခြင်း ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာမှာ နှုတ်ကပတ်တော်များကို ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် အသက်တို့အဖြစ်သို့ ပြောင်းလဲခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လမ်းကြောင်း... (၈)) နှုတ်ကပတ်တော်ကို ဆင်ခြင်ပြီး နားလည်သွားတယ်လေ။ စမ်းသပ်မှုခံနေရတုန်း ဘုရားအလိုတော်ကို ကျွန်မနားလည်လည် မလည်လည် ဘုရားကို ယုံကြည်ခြင်းရှိရမှာကိုပေါ့။ ကျွန်မအဖမ်းခံရကတည်းက ရဲတွေရဲ့ လက်ထဲမှာ နှိပ်စက်မှုတချို့ကို ခံခဲ့ရပေမဲ့လည်း ဘုရားရဲ့ကွယ်ကာမှုကို တကယ်မြင်ခဲ့ရတာ ပြန်တွေးမိတယ်။ ကိုယ့်ဘာသာဆို ရဲတွေရဲ့ လူမဆန်တဲ့ နှိပ်စက်မှုကို လုံးဝခံနိုင်ခဲ့မှာ မဟုတ်ဘူး။ အဆင့်တိုင်းမှာ ဘုရားရဲ့တိတ်တဆိတ် လမ်းပြကွယ်ကာမှု ရှိနေလို့သာ ခံနိုင်ခဲ့တာ။ ကျွန်မယုံကြည်ခြင်းကို စုံလင်စေဖို့ ဘုရားက ဒီအခြေအနေကို သုံးနေတာကိုလည်း ကျွန်မနားလည်သွားတယ်။ ကျွန်မထောင်ဒဏ်ချမှတ်ခံရရင်တောင် ဘုရားအလိုတော်ရှိလို့ပဲ ဖြစ်မှာ။ ကျွန်မနာခံရမယ်၊ တွေ့ကြုံဖို့ ဘုရားကို အမှီပြုရမယ်၊ ဘုရားလမ်းပြပေးမှာလို့ ယုံကြည်ရမယ်။ ဒီတော့ ပြတ်ပြတ်သားသား ပြောလိုက်တယ်၊ “မထိုးဘူး” လို့ပေါ့။ သူဘာမှမတတ်နိုင်ဘဲ သက်ပြင်းချရင်း ကျွန်မကို လက်ညှိုးထိုးပြောရော။ “မင်းကတော့ လုံးဝမရဘူးပဲ” တဲ့။ ပြီးတော့ စိတ်ပျက်လက်ပျက်နဲ့ သူထွက်သွားတယ်။
စက်တင်ဘာလ တစ်မနက်ကျတော့ ရဲတွေက အဒေါ်နဲ့ ဦးလေးကို ခေါ်လာတယ်လေ။ သံထိုင်ခုံမှာ လက်ထိတ်ခတ်ခံထားရတဲ့ ကျွန်မကို မြင်တော့ အဒေါ်က မျက်ရည်လည်ရွှဲပြောရော။ “ငတုံးမလေး၊ ဒီထဲမှာ ရက်အကြာကြီး ဘယ်လိုတောင့်ခံနေခဲ့တာလဲ။ အဒေါ်တို့ နင့်ကို နေရာအနှံ့ လိုက်ရှာနေတာ။ နင့်ဦးလေးဆို စိတ်ပူလွန်းလို့ မျက်လုံးတွေ ရောင်လာတာ အခု သိပ်မမြင်ရတော့ဘူး။ ဘုရားကို မယုံတော့ဘူးဆိုတဲ့ ခံဝန်ကတိပဲထိုးလိုက်။ ဒါဆို အိမ်ပြန်ခေါ်သွားပေးမယ်။ နင်ဒီမှာ ဒုက္ခခံနေစရာ မလိုပါဘူး။ ရဲအရာရှိက ပြောတယ်။ ဒီခံဝန်စာချုပ်ကို နင်လက်မှတ်ထိုးရင် အာမခံနဲ့ ပြန်လွှတ်ပေးကြမှာတဲ့။ ဒါဆို အိမ်ပြန်နိုင်ပြီ” တဲ့လေ။ ကျွန်မဘေးက ရဲအရာရှိက ပြောတယ်။ “နင့်အဒေါ်နဲ့ ဦးလေးက နင့်အပေါ် ဘယ်လောက်ကောင်းလဲကြည့်။ နင့်ကို သိပ်စိတ်ပူနေကြတာ။ သူတို့ခိုင်းသလိုလုပ်။ လက်မှတ်ထိုးပြီး အိမ်ပြန်လိုက်သွားတော့” တဲ့။ ဆံပင်တွေဖြူနေပြီး ချောင်ကျနေတဲ့ မျက်နှာနဲ့ ဦးလေးကို ကြည့်မိတယ်။ ရီဝေဝေ သူ့မျက်လုံးတွေက ရောင်ကိုင်းပြီး ပိတ်နေတာ။ ကျွန်မကို ကြည့်ရင်း သူမျက်ရည်ကျနေတယ်။ အဲဒီအချိန်မှာ ကျွန်မလည်း မျက်ရည်မဆည်နိုင်ခဲ့ဘူး။ လုံးဝစိတ်ဆင်းရဲခဲ့ရတာ။ ကျွန်မအဖမ်းခံရတာကို သူတို့စိတ်ပူလွန်းလို့ ညတွင်းချင်း အဝေးကြီး လာတွေ့ကြတာ ကျွန်မသိတယ်လေ။ ဦးလေးက ကျွန်မကို သူ့သမီးအရင်းလို အမြဲတမ်း ဆက်ဆံပေးခဲ့တာ။ အခုတော့ သူအသက်အရွယ်ရလာပြီး ကျန်းမာရေး မကောင်းတော့ဘူးလေ။ သူ့အတွက် ကျွန်မဘာမှမလုပ်ပေးနိုင်ခဲ့ဘဲ သိပ်စိတ်ပူအောင်ပဲ လုပ်နေခဲ့မိတယ်။ ဒီလိုလုပ်နေမိတာ တကယ်စိတ်မကောင်းဘူး။ အဒေါ်နဲ့ ဦးလေးတို့ မချိတင်ကဲ ငိုနေတာကို မြင်ရတော့ ကျွန်မကြေကွဲခဲ့ရတယ်။ စိတ်ထဲ တင်းခံထားတာတွေ လုံးဝပြေလျော့ကုန်တာ။ သူတို့အပေါ် အကြွေးတင်နေသလို ခံစားရတယ်။ ကျွန်မတွေးမိရော။ “ငါတကယ်လက်မှတ်ထိုးပြီး သူတို့နဲ့ ပြန်လိုက်သွားရင်ကောင်းမလား” ပေါ့။ ခံဝန်စာချုပ်မှာ ဘုရားကို ပုတ်ခတ်ရေးထားတာတွေ မပါတာ တွေ့ရတယ်လေ။ ဒီတော့ လက်မှတ်ထိုးလိုက်ရင်လည်း သိပ်မဆိုးလောက်ပါဘူးပေါ့။ လက်မှတ်ထိုးပြီး သူတို့နဲ့ အိမ်ပြန်လိုက်သွားရင် သူတို့စိတ်ပူပြီး သောကများနေရမှာ မဟုတ်တော့ဘူးလေ။ ဒါပေမဲ့ လက်မှတ်ထိုးလိုက်ရင်လည်း ဘုရားကို ငြင်းပယ်ပြီး သစ္စာဖောက်သလို ဖြစ်နေမှာ။ ကျွန်မစိတ်ထဲမှာ ဝေခွဲမရ ဖြစ်နေတုန်းမှာ အဒေါ်က ငိုယိုပြီး ပြောရော။ “ငတုံးမလေးရဲ့၊ စကားနားထောင်ပြီး လက်မှတ်ထိုးလိုက်ပါဟယ်” တဲ့။ ဦးလေးနဲ့ အဒေါ်ရဲ့ မျှော်တလင့်လင့် မျက်လုံးတွေထဲက အကြည့်ကို တွေ့တော့ ကျွန်မကြောင့် သူတို့ထပ်စိုးရိမ် ဝမ်းနည်းအောင် လုပ်လို့မဖြစ်တာ တွေးမိတယ်။ အဲဒါကြောင့်ပဲ ခံဝန်စာချုပ်မှာ ကျွန်မလက်မှတ်ထိုးလိုက်ရော။ လက်မှတ်ထိုးပြီးပြီးချင်း ကျွန်မစိတ်နှလုံးက ဟာတာတာဖြစ်သွားတာပဲ။ အဲဒီအခါမှ အသိစိတ်ဝင်လာတယ်။ ခံဝန်စာချုပ်ကို ဘာလို့လက်မှတ်ထိုးရတာလဲပေါ့။ ဒါက ဘုရားကို သစ္စာဖောက်တာ မဟုတ်လားပေါ့။ ကျွန်မလိုလူကို ဘုရားက လုံးဝထပ်လိုချင်မှာ မဟုတ်ဘူး။ ဒီတော့ ဘုရားကို ယုံတဲ့ဘဝက ပြီးသွားပြီ ဆိုတဲ့သဘော မဟုတ်လားပေါ့။ အဲဒီအချိန်မှာ ကျွန်မစိတ်က လုံးဝဟာလာဟင်းလင်း ဖြစ်နေခဲ့တာ။ အချုပ်ခန်းကို ဘယ်လိုပြန်ရောက်သွားလဲတောင် မမှတ်မိဘူး။ အဲဒီအချန်အတောအတွင်း ခံဝန်စာချုပ်လက်မှတ်ထိုးခဲ့တာကို ပြန်တွေးမိတိုင်း အကြီးအကျယ် နောင်တရပြီး စိတ်ဆင်းရဲခဲ့ရသလို အမြဲတမ်းလည်း ငိုနေခဲ့မိတယ်။ ကမ္ဘာပျက်သွားသလို ခံစားခဲ့ရတာ။ နောက်တော့ ကျမ်းပိုဒ်တစ်ခုကို အမှတ်ရသွားတယ်။ “ဆင်းရဲဒုက္ခကြီးစွာ ခံစားရချိန်များတွင် ငါ့အပေါ် စိုးစဉ်းမျှ သစ္စာစောင့်သိမှု မပြသခဲ့သူများအား ငါသည် နောက်ထပ် သနားကြင်နာတော့မည် မဟုတ်ဘဲ ငါ၏ကရုဏာသည် အကန့်အသတ်ရှိကြောင်းကို ငါရှင်းလင်းစေရမည်။ ထို့ပြင် တစ်ချိန်က ငါ့ကို သစ္စာဖောက်ခဲ့သူ မည်သူ့ကိုမျှ ငါနှစ်သက်ခြင်းမရှိ၊ ၎င်းတို့၏မိတ်ဆွေများ၏ အကျိုးအပေါ် သစ္စာဖောက်သူများနှင့် ငါသည် သာ၍ပင် ပတ်သက်ဆက်နွှယ်လိုခြင်း မရှိ။ ထိုသူသည် မည်သူပင်ဖြစ်စေ ဤသည်မှာ ငါ၏စိတ်သဘောထား ဖြစ်သည်။ ငါ၏နှလုံးကို ကြေကွဲစေသူ မည်သူမဆို ငါ့ထံမှ ဒုတိယအကြိမ် သက်ညှာမှု ရလိမ့်မည် မဟုတ်ကြောင်းနှင့် ငါ့အပေါ်သစ္စာရှိနေခဲ့သောသူ မည်သူမဆို ငါ၏နှလုံးသားတွင် ထာဝရ တည်ရှိနေမည် ဖြစ်ကြောင်း သင်တို့ကို ငါပြောကြားရမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့) ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ပြစ်မှားလို့ မရဘူး။ ဒီစမ်းသပ်မှုကို ကျွန်မတွေ့ကြုံခဲ့ရပုံတွေ ဘုရားကို မယုံတော့ဘူးလို့ လက်မှတ်ထိုးခဲ့ပုံတွေ တွေးမိရော။ ဒါဟာ စာတန်ရှေ့မှာ ဘုရားကို ငြင်းပယ် သစ္စာဖောက်တာပဲလို့ သဘောပေါက်သွားတယ်။ ကျွန်မမှာ ဖျက်လို့မရတဲ့ အစွန်းအထင်းပဲ ကျန်ခဲ့တာ။ ကိုယ့်ကိုယ်ကိုယ် မုန်းမိတယ်၊ စိတ်ထဲမှာ ဘုရားအတွက် နေရာမရှိတဲ့အပြင် စမ်းသပ်မှုရောက်လာတဲ့အခါ ဘုရားအလိုတော်ကို မရှာခဲ့မိလို့ပေါ့။ အဲဒီတုန်းက ကျွန်မသာ ပိုပြီးဆုတောင်းရှာဖွေခဲ့ရင် စာတန်လှည့်ဖြားတာ ခံခဲ့ရမှာ မဟုတ်ဘူး။ အဲဒီအချိန်အတောအတွင်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရင်း နေခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ဆင်ခြင်မိတယ်။ ဘုရားကို ဘာလို့သစ္စာဖောက်ခဲ့မိတာလဲပေါ့။ အဒေါ်နဲ့ ဦးလေးတို့က ကျွန်မကို ကောင်းကောင်းဆက်ဆံခဲ့လို့ပဲ။ သူတို့ကို စိတ်မပူစေချင်တာရယ်၊ သူတို့ကို အကြွေးတင်သလို မခံစားချင်တာရယ်ကြောင့်ပဲ။ ကိုယ့်ခံစားချက်မှာ လုံးဝပိတ်မိနေတဲ့ ဘဝကို ရှင်သန်နေခဲ့မိတာ။ တကယ်တော့ ရဲကပဲ အဒေါ်နဲ့ ဦးလေးတို့ကို ခေါ်ထားတာလေ။ ကျွန်မရဲ့ မိသားစုအပေါ် ခံစားချက်ကို သုံးပြီး ဘုရားကို သစ္စာဖောက်အောင် မျှားခဲ့တာ။ ခံစားချက်တွေ ပြင်းလွန်းပြီး ချင့်ချိန်နိုင်စွမ်းမဲ့လို့ စာတန့်လှည့်ကွက်ကို ယုံစားမိပြီး ဘုရားကို တကယ်သစ္စာဖောက်ခဲ့မိတယ်။ ကျွန်မတကယ်တုံးအခဲ့တာပါ။ ပိုတွေးလေ၊ ပိုနောင်တရပြီး ကိုယ့်ကိုယ်ကိုယ် ပိုအပြစ်တင်လေပဲ။ ကျွန်မတွေးမိတယ်။ အခွင့်အရေးလေးများ နောက်တစ်ကြိမ် ထပ်ရရင် ဘုရားကို လုံးဝမငြင်းဘူး လက်မှတ်လည်း လုံးဝမထိုးဘူးပေါ့။
အဲဒီနောက် ကျွန်မဝမ်းကွဲက ရဲတွေကို ဂျင်ဆင်းတို့၊ သမင်ဦးချိုတို့လို တန်ဖိုးကြီးဖြည့်စွက်စာတွေ အများကြီးပေးလိုက်တယ်။ ငွေ ၆ သိန်းလည်း ထပ်ပေးလိုက်တယ်။ ဦးလေးကလည်း ငွေ ၁၅ သိန်းကို အာမခံငွေအနေနဲ့ ထပ်ပေးတယ်။ အဲဒီကျမှ ရဲတွေက အာမခံနဲ့ ပြန်လွှတ်ပေးတာ။ အာမခံကိစ္စတွေ လုပ်နေတုန်းမှာ ရဲတွေက သိမ်းထားတဲ့ ကွန်ပျူတာကို ဖွင့်ခိုင်းတယ်လေ။ မဖွင့်ပေးရင် ထောင်ကျဦးမှာပဲတဲ့။ အစ်ကိုနဲ့ ကျန်မိသားစုဝင်တွေကလည်း ဖွင့်ပေးလိုက်ဖို့ ပြောတယ်။ ကျွန်မတွေးမိတယ်လေ၊ “ကွန်ပျူတာထဲမှာ အသင်းတော် အချက်အလက်တွေရှိတယ်။ အဲဒါကို ရဲတွေ တွေ့သွားရင် အသင်းတော်အလုပ်က ထိခိုက်မှာ ကျိန်းသေပေါက်ပဲ။ သက်သေရပ်တည်ဖို့ အခွင့်အရေးတစ်ခုကို ငါဆုံးရှုံးခဲ့ပြီးပြီ။ ဒီတော့ ဘုရားကို သစ္စာဖောက်ရာကျမဲ့ ဘယ်အရာမဆို မလုပ်ဘူးလို့ ငြင်းရမယ်” ပေါ့။ စကားဝှက်ကို ကျွန်မ မသိဘူးလို့ ရဲတွေကို ပြောလိုက်တယ်။ ရဲတွေက လက်မလျှော့ဘူး။ ခဏခဏ အတင်းမေးတာပဲ။ ကွန်ပျူတာကို အရင်ဖွင့်ခိုင်းပြီးတော့ စကားဝှက်ကို စဉ်းစားခိုင်းတယ်။ ဒါပေမဲ့ အံ့သြစရာက ကွန်ပျူတာ မပွင့်လာဘူးလေ။ ရဲတွေက ကွန်ပျူတာပြင်တဲ့လူကို ဖုန်းဆက်ပြီး မေးတော့ ဟာ့ဒရိုက်ဗ်က ပျက်သွားတာကြောင့်ဖြစ်မယ်လို့ ပြောတယ်။ ရဲက စိတ်ပျက်လက်ပျက် ပြောရော။ “ငွေသွင်းပြီး အာမခံကိစ္စ အပြီးသတ်ဖို့ ရုံးခန်းကို သွားလိုက်” တဲ့။ ဒါတွေကို မြင်ရတော့ ဘုရားမိန့်ခဲ့တာကို အမှတ်ရသွားတယ်။ “သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ် အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့်အညီ ရွေ့လျားပြောင်းလဲကာ ပြန်လည်စတင်ပြီး ကွယ်ပျောက်သွားရမည်ဖြစ်သည်။ ဤသည်မှာ အရာအားလုံးကို ဘုရားသခင်တာဝန်ယူသည့် နည်းလမ်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်) ဘုရားရဲ့ အာဏာက နေရာအနှံ့မှာ ရှိနေတာ တကယ်ခံစားခဲ့ရတယ်။ အရာအားလုံးက ဘုရားလက်ထဲမှာ ရှိနေတာကိုရောပဲ။ ဘုရားက ကျွန်မကို စောင့်ကြည့်လမ်းပြရင်း နံဘေးမှာ တကယ်အတူပါရှိတာကို မြင်ခဲ့ရတယ်။ ကျွန်မစိတ်က ဘုရားကို ကျေးဇူးတင် ချီးမွမ်းမှုနဲ့ ပြည့်လျှံခဲ့တာ။
နောက်တော့ အစွန်းရောက်အဖွဲ့အစည်းတွေကို စုစည်းအသုံးပြုပြီး ဥပဒေစိုးမိုးရေးကို ထိခိုက်စေတယ်ဆိုတဲ့ ပြစ်မှုနဲ့ ကွန်မြူနစ်ပါတီက ကျွန်မကို ဆိုင်းငံ့ထောင်ဒဏ် ၁ နှစ်ခွဲ ချမှတ်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေနဲ့ ဆက်သွယ်မိရင် သူတို့ဒုက္ခရောက်မှာစိုးလို့ အိမ်မှာပဲ နှုတ်ကပတ်တော်ကို တိတ်တဆိတ် ဖတ်နေခဲ့တယ်။ ကွန်မြူနစ်ပါတီက ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို ကန့်သတ်ခဲ့ပေမဲ့ ဘုရားနောက်လိုက်ချင်တဲ့ ကျွန်မဆန္ဒကိုတော့ မကန့်သတ်နိုင်ခဲ့ပါဘူး။ မေ့မရနိုင်တဲ့ ဒီအတွေ့အကြုံကြောင့် ကွန်မြူနစ်ပါတီရဲ့ သမ္မာတရားကို မုန်းပြီး ဘုရားကို ခုခံတဲ့ မာရ်နတ်အဖြစ်အနေကို ရှင်းရှင်းမြင်ခွင့်ရခဲ့တယ်လေ။ အဲဒါကို အပြည့်အဝ စွန့်လွှတ်ပြီး ငြင်းပယ်နိုင်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ရဲ့ အာဏာနဲ့ တန်ခိုးကိုလည်း ခံစားခဲ့ရတယ်။ လူမဆန်တဲ့ သွေးသားခန္ဓာနှိပ်စက်မှုကို မခံနိုင်ခဲ့တဲ့ အချိန်တွေ အများကြီး ရှိခဲ့တယ်။ နှုတ်ကပတ်တော်ကပဲ ကျွန်မကို ယုံကြည်ခြင်းနဲ့ ခွန်အားပေးပြီး နှိပ်စက်မှုဒဏ်ကို ကျော်လွှားနိုင်အောင် အဖန်တလဲလဲ လမ်းပြပေးခဲ့တာ။ ဘုရားတစ်ပါးတည်းကိုပဲ ကျွန်မအမှီပြုလို့ရမှန်း တကယ်ခံစားခဲ့ရတယ်။ ညှဉ်းဆဲမှုနဲ့ ဒုက္ခတွေ ကြုံရပြီးနောက် ကျွန်မဝိညာဉ်ရင့်ကျက်မှုက နုနယ်လွန်းတာ မြင်ခဲ့ရတယ်။ သမ္မာတရားကို နားမလည်ခဲ့တော့ ကိုယ့်ခံစားချက်တွေရဲ့ အဖြစ်အနေကို သေချာမမြင်နိုင်ခဲ့ဘူး။ မိသားစုနောက်လိုက်ပြီး လက်မှတ်ထိုးခဲ့မိတယ်။ ဒါပေမဲ့ ကျွန်မပြစ်မှားမှုအတွက် ဘုရားက ကျွန်မကို မဖယ်ရှင်းခဲ့ဘဲ နောင်တရဖို့ အခွင့်အရေး ထပ်ပေးခဲ့တယ်။ သူ့နှုတ်ကပတ်တော်နဲ့ ကျွန်မကို ဉာဏ်ပွင့်စေပြီး လမ်းပြပေးခဲ့တာ။ ကျွန်မအတွက် သူ့မေတ္တာနဲ့ ကရုဏာကိုလည်း ခံစားခဲ့ရတယ်။ ဒီတော့ သမ္မာတရားကို လိုက်စားဖို့ ဆုံးဖြတ်ချက် ပိုခိုင်သွားတယ်။ တစ်နေ့နေ့ကျရင် ကွန်မြူနစ်ပါတီဖမ်းတာ ပြန်ခံရနိုင်ပေမဲ့ ဘုရားအတွက် ထူးကဲတဲ့ သက်သေကို ခံပြီး ဘုရားစိတ်ကျေနပ်အောင် သူ့ကို အားကိုးဖို့ ကျွန်မလိုလားနေပါပြီ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။