သေဘေးမှ လွတ်မြောက်ခြင်း

16.02.2022

ကျိန်းရှင်း တရုတ်နိုင်ငံ

၂၀၀၃ ခုနှစ်၊ မေလမှာပေါ့။ တစ်ရက်မှာ ဂိုဏ်းခွဲတစ်ခုက လူတစ်ယောက်ကို ဧဝံဂေလိဟောဖို့ ညီမတစ်ယောက်နဲ့ သွားကြတယ်။ သူက လက်မခံဘူး။ အစ်မတို့ကို ပြင်းပြင်းထန်ထန် ရိုက်တယ်။ ရဲကိုလည်း တိုင်တယ်။ ရဲတွေ ရောက်လာပြီး၊ အစ်မတို့ကို ပြည်သူ့လုံခြုံရေးဌာနဝင်းထဲကို ခေါ်သွားကြရော။ ရောက်သွားတဲ့အချိန်မှာ အစ်မတို့ကို ကားထဲကနေ ဆွဲထုတ်ပြီး မြေကြီးပေါ်ကို တွန်းချတာ။ နောက်တော့ ရဲတွေက အစ်မကို မေးခွန်းတွေ ဖိမေးတယ်၊ “ဘယ်က လာတာလဲ။ ခင်ဗျားရဲ့ခေါင်းဆောင်က ဘယ်သူလဲ” ဆိုတာတွေပေါ့။ အစ်မကလည်း မဖြေဘူး။ သူတို့က အစ်မကို တစ်နာရီလောက် ကြိုးကြားကြိုးကြား ရိုက်နှက်ကြတယ်။ အဲဒီနောက်မှာ အစ်မလည်း မူးနောက်ပြီး နာနေတာပေါ့။ အဲဒီအချိန်မှာ ရဲတွေက အစ်မနဲ့အတူ အဖမ်းခံရတဲ့ညီမကို ခေါ်လာကြရော။ သူက ဒဏ်ရာဒဏ်ချက်တွေနဲ့ ခက်ခက်ခဲခဲ လျှောက်လာနေတာကို မြင်ရတော့၊ အစ်မလည်း မငိုဘဲ မနေနိုင်တော့ဘူး။ အဖမ်းခံရပြီးစမှာ ဒီလို နှိပ်စက်တယ်ဆိုရင်၊ သူတို့က ရှေ့ဆက်ပြီး ဘယ်လိုတွေညှဉ်းပန်ဦးမယ်၊ ငါလည်း ခံနိုင်ပါ့မလားဆိုတာ အတတ်မပြောနိုင်ဘူးဆိုပြီး သဘောပေါက်သွားတယ်။ ဒါနဲ့ ကျွန်မကို ယုံကြည်ခြင်းနဲ့ ခွန်အားပေးတော်မူပါလို့ ဘုရားကို ဆုတောင်းလိုက်တယ်။ ဆုတောင်းပြီးသွားတော့ ဘုရားရဲ့နှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ခုကို စဉ်းစားမိရော၊ “အာဏာရှိသော သူတို့သည် အပြင်ပန်းအားဖြင့် ကြောက်စရာကောင်းသည်ဟု ထင်ရသော်လည်း ကြောက်ရွံ့ခြင်း မရှိနှင့်၊ အဘယ့်ကြောင့်ဆိုသော် ဤသည်မှာ သင်တို့တွင် ယုံကြည်မှု အနည်းငယ်သာ ရှိခြင်းကြောင့်ဖြစ်သည်။ သင်တို့၏ယုံကြည်ခြင်း ကြီးထွားသည့် ကာလပတ်လုံး မည်သည့်အရာမျှ အလွန်တရာ ခက်ခဲလိမ့်မည်မဟုတ်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၇၅)) အမှန်ပဲလေ။ ရဲတွေက ဘယ်လိုပဲ အန္တရာယ်ပေးမယ့်သဘောရှိရှိ၊ သူတို့လည်း ဘုရားရဲ့လက်ထဲမှာပဲ ရှိတယ်။ ဘုရားခွင့်မပြုရင်၊ အစ်မရဲ့အသက်ကို သူတို့ ယူလို့မရဘူး။ အဲဒါကို တွေးမိတော့ အစ်မလည်း ယုံကြည်ခြင်းနဲ့ ခွန်အား ရသွားတယ်။ ကိုယ့်အသက်ကို စွန့်ရမယ်ဆိုရင်တောင်၊ ဘုရားအတွက် ခိုင်ခိုင်မာမာ ရပ်တည်ပြီး သက်သေခံမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ရဲတွေက အစ်မတို့ကို ကားနဲ့တွဲပြီး လက်ထိတ်ခတ်ထားတာ။ သုံးနာရီလောက်ကြာအောင် ကုန်းကုန်းကွကွပုံစံမျိုးနဲ့ ထားပစ်ခဲ့ကြတာ။ နေ့လယ် ၂ နာရီလောက်ကျတော့ ခပ်ထွားထွား လူလေးယောက် ရောက်လာတယ်၊ အားလုံးက ရှော့ခ်ရိုက်တုတ်တွေ ကိုင်လာကြတာ။ ပြီးတော့ အစ်မတို့ကို အပေါ်ထပ်ကို ဆွဲခေါ်သွားရော။ သူတို့ထဲကတစ်ယောက်က၊ “ငါတို့က မင်းတို့ကို ညှာလိမ့်မယ်လို့ မထင်နဲ့။ မေးတာ မဖြေဘူးဆိုရင်၊ ဟောဒီတုတ်စာ မိမယ်” ဆိုပြီး အော်သေးတာ။ ပြောပြီးသွားတော့ သူက အစ်မရဲ့ပါးစပ်ကို အဲဒီတုတ်နဲ့ ရိုက်တယ်။ အစ်မရဲ့နှာခေါင်းနဲ့ ပါးစပ်မှာ သွေးတွေထွက်လာရော။ နောက်တော့ အစ်မ သတိလစ်သွားတယ်။ သတိပြန်ရလာတော့ မူးနောက်နေတာပေါ့။ ရဲနှစ်ယောက်က အစ်မရဲ့လက်နှစ်ဖက်ကို ချုပ်ထားတယ်။ ကျန်တဲ့ညီမလည်း အဲဒီပုံစံအတိုင်းပဲဆိုတာ မြင်လိုက်ရတယ်။ အစ်မတို့ သက်သေရပ်တည်သင့်တယ်ဆိုတာကို အစ်မက မျက်လုံးနဲ့ အချက်ပြတယ်။ စကားမပြောနိုင်ကြပေမဲ့၊ ဘာလုပ်ရမယ်ဆိုတာကို အစ်မတို့နှစ်ယောက်လုံး နားလည်တယ်လေ။

ရဲတွေက အဲဒီညီမကို ဒုတိယထပ်မှာရှိတဲ့ စစ်ကြောရေးအခန်းဆီ အတင်းခေါ်သွားကြရော။ အစ်မကိုကျတော့ တတိယထပ်ကို ခေါ်သွားပြီး၊ ကြမ်းပြင်ပေါ် ပစ်ချထားတယ်။ မျက်မှန်နဲ့ အရာရှိတစ်ယောက်က အစ်မကို ခပ်စိန်းစိန်းကြည့်ပြီး၊ “မင်း ဘယ်ကလာတာလဲ။ အိမ်က ဘယ်မှာလဲ။ မင်းတို့ခေါင်းဆောင်က ဘယ်သူလဲ” ဆိုပြီး မေးတယ်။ အစ်မက မဖြေဘူး။ သူက အစ်မဆီ လျှောက်လာပြီး ခြေထောက်နဲ့ ကန်တယ်၊ ဆောင့်နင်းတယ်။ ပါးစပ်ကလည်း၊ “မင်း ပြောရင်ပြော၊ မပြောရင် မင်းကို သေအောင် ရိုက်သတ်မယ်” ဆိုပြီးပြောတာ။ တစ်နာရီလောက် ကန်ကျောက်ပြီးတော့၊ အစ်မကလည်း မပြောသေးဘူးဆိုတာ မြင်တော့၊ သူက တော်တော် ဒေါသထွက်ပြီး၊ ရှော့ခ်ရိုက်တုတ်ကို ယူလိုက်တယ်။ ပြီးတော့ အစ်မရဲ့ပါးစပ်ကို နှစ်ချက် ရိုက်တယ်။ နောက်တော့ အစ်မကို ထပ်ပြီး ထိုးတယ်၊ ကန်တယ်။ အစ်မတစ်ကိုယ်လုံး နာကျင်ကုန်တာ။ နာလွန်းလို့ အော်မိတယ်။ ရင်ထဲမှာလည်း ဘုရားကို၊ “ကျွန်မရဲ့ဇာတိပကတိက အားနည်းလွန်းပါတယ် ဘုရားသခင်။ ကျွန်မ ယုဒတစ်ယောက် ဖြစ်မလာချင်ပါဘူး။ ဒါကြောင့် ကျွန်မရဲ့စိတ်နှလုံးကို ကာကွယ်ပေးပါ။ ဒီဒုက္ခကနေ ကူညီပေးတော်မူပါ” ဆိုပြီး အကြိမ်ကြိမ် တိုင်တည်မိတယ်။ ဆုတောင်းပြီးသွားတော့၊ ဘုရားရဲ့နှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ခုကို တွေးမိတယ်၊ “လူတို့သည် ၎င်းတို့၏ဘဝများကို စွန့်လွှတ်ရန် အဆင်သင့်ဖြစ်သည့်အခါ၊ အရာရာတိုင်းသည် အသေးအဖွဲ ဖြစ်လာကြပြီး၊ မည်သူမျှ ၎င်းတို့ကို ခက်ခဲအောင် ပြုလုပ်နိုင်ခြင်းမရှိတော့ချေ။ အသက်ထက် မည်သည့်အရာသည် သာ၍အရေးကြီးနိုင်မည်နည်း။ ထို့ကြောင့် စာတန်သည် လူတို့အထဲတွင် နောက်ထပ် မည်သည့်အရာမျှ လုပ်ဆောင်နိုင်စွမ်း ရှိမလာပေ၊ လူနှင့် ပတ်သက်၍ ၎င်းလုပ်ဆောင်နိုင်သည့်အရာ မည်သည့်အရာမျှ မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၃၆)) ဘုရားရဲ့နှုတ်ကပတ်တော်က အစ်မကို ခွန်အားပေးလိုက်တာပဲ။ အသက်ကို တွယ်တာလို့မဖြစ်ဘူး၊ သေခြင်းကို ကြောက်လို့မဖြစ်ဘူးဆိုတာ သိသွားတယ်။ ဘုရားအတွက် သက်သေရပ်တည်ဖို့၊ စာတန်ကို အရှက်ခွဲဖို့အတွက် ကိုယ့်အသက်ကို ပေးဆပ်ရမယ်။ အဲဒီအရာရှိက အစ်မကို တော်တော်လေးကြာအောင် ရိုက်နှက်တယ်။ ဒါပေမဲ့ အစ်မက ဘာမှကို မပြောသေးဘူး။ ဒါနဲ့ သူက အစ်မကို ဆက်ပြီး ဆဲဆိုရင်း၊ အစ်မရဲ့မျက်နှာကို သူ့သားရေဖိနပ်နဲ့ အတင်း ဆောင့်နင်းတာ။ အစ်မရဲ့ပါးစပ်ရော နှာခေါင်းရော ကွဲပြဲကုန်တာပေါ့။ အစ်မလည်း နာလွန်းလို့ ကြမ်းပြင်ပေါ်မှာ လူးလှိမ့်နေတာ။ အဲဒီအချိန်မှာ အောက်ထပ်ကညီမရဲ့ အော်သံတွေကိုလည်း ကြားရတယ်။ အစ်မလည်း တော်တော်ကြီးကို ပူပန်သွားတာပေါ့။

ခဏကြာတော့ ရဲနှစ်ယောက် ဝင်လာပြီး၊ အစ်မကို ပြောတယ်၊ “အောက်ထပ်ကအမျိုးသမီးက ငါတို့ကို အားလုံးပြောပြလိုက်ပြီးပြီ။ ဒီတော့ မင်းက မပြောဘူးဆိုရင်တောင် ငါတို့က သိနေပြီ။ အခု ဝန်မခံဘူးဆိုရင်၊ မင်းအတွက် အခြေအနေတွေ ပိုဆိုးလာလိမ့်မယ်” တဲ့။ အစ်မလည်း စဉ်းစားတယ်၊ “နင်တို့မကောင်းဆိုးဝါးတွေက လှည့်ကွက်တွေ အများကြီးရှိတယ်။ ငါ့ညီမ အော်နေ၊ ငိုနေတာကို ငါ မကြားရဘူးလို့ ထင်နေလား။ သူက ဝန်ခံလိုက်တယ်ဆိုရင်၊ နင်တို့က ဆက်ပြီး နှိပ်စက်နေပါ့မလား။ ငါ့အသက်ကို စွန့်ရရင်တောင် ဘုရားကို သစ္စာမဖောက်ဘူးလို့ ငါက ဆုံးဖြတ်ထားတာ။ ဒီတော့ နင်တို့ ငါ့ဆီက ဘာသတင်းမှ ရမှာမဟုတ်ဘူး” ပေါ့။ အစ်မက ဘာမှမပြောသေးဘူးဆိုတာ မြင်တော့၊ မျက်မှန်နဲ့ အရာရှိက ဒေါသထွက်ထွက်နဲ့၊ အစ်မအင်္ကျီကို ကိုင်ပြီး ဆွဲထူလိုက်ရော၊ “မင်းက နည်းနည်းလောက် ရိုက်နှက်ပေးဖို့ လိုသေးတယ်နဲ့တူတယ်။ မင်းကို ရိုက်မစစ်ဘူးဆိုရင်၊ မင်းက ဝန်ခံမှာမဟုတ်ဘူး” ဆိုပြီး ပြောသေးတာ။ သူက ပြောရင်းနဲ့၊ အစ်မကို ဆက်ပြီး ကန်တယ်၊ ဆောင့်နင်းတယ်။ နာလွန်းတော့ အစ်မလည်း ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တော့ဘဲ၊ ကြမ်းပေါ်ကို ခွေကျသွားတာ။ ပါးစပ်ဆိုရင် တော်တော် ဖူးရောင်နေတော့ နှာခေါင်းထက်ကို ပြူးထွက်နေတာ။ အစ်မလည်း စိတ်နှလုံးထဲမှာ ဘုရားကိုပဲ ဆက်ပြီး တိုင်တည်တယ်၊ “ကျွန်မရဲ့ခံနိုင်ရည်က အဆုံးအထိ ရောက်နေပါပြီ၊ ဘုရားသခင်။ ရဲတွေက ကျွန်မကို ဘာတွေဆက်လုပ်ဦးမယ်ဆိုတာလည်း မသိပါဘူး။ ကျွန်မအနေနဲ့ ကိုယ့်သက်သေခံချက်မှာ မြဲမြဲရပ်တည်နိုင်အောင်၊ လမ်းပြပေးဖို့ တောင်းလျှောက်ပါတယ်” ပေါ့။ ဆုတောင်းပြီးသွားတော့၊ ဘုရားရဲ့နှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ခုကို တွေးမိပြန်ရော၊ “ဤနောက်ဆုံးသောကာလအတောအတွင်း သင်တို့သည် ဘုရားသခင်ကို သက်သေခံကြရမည်။ သင်တို့၏ ဒုက္ခဝေဒနာက မည်မျှပင်ကြီးမားပါစေ သင်တို့သည် ဆုံးခန်းတိုင်အောင် လျှောက်သွားသင့်သည်၊ ထို့အပြင် သင်တို့၏နောက်ဆုံး ထွက်သက်၌ပင်လျှင် သင်တို့သည် ဘုရားသခင်ကို သစ္စာရှိပြီး ဘုရားသခင်၏စီစဉ်ညွှန်ကြားမှုကို ကျိုးနွံနာခံနေရမည်။ ဤအရာသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းဖြစ်ပြီး၊ ဤအရာသည်သာလျှင် ခိုင်မာ၍ ထူးကဲသည့် သက်သေခံချက်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်ကြည့်တော့မှ၊ အစ်မလည်း ယုံကြည်ခြင်းနဲ့ ခွန်အား ရသွားတယ်။ အသက်ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ၊ အစ်မက သက်သေရပ်တည်ပြီး စာတန်ကို အရှက်ခွဲရမှာပဲလေ။ အစ်မလည်း ကိုယ့်အသက်ကို စွန့်မယ်လို့ ဆုံးဖြတ်မိသွားတဲ့အချိန်မှာ၊ သူတို့ ဘယ်လောက်ပဲ ထိုးထိုး ကန်ကန်၊ အများကြီး မနာကျင်တော့ဘူး။ အိပ်ပျော်သလို ဖြစ်သွားတာ။

အချိန်တစ်ခုစာလောက် ကုန်သွားပြီးတော့မှ၊ ရဲတွေဆီက တဝါးဝါးရယ်သံတွေ ထွက်နေတာနဲ့ သတိပြန်ဝင်လာရော။ သူတို့ထဲကတစ်ယောက်က၊ “အခန်းထဲကတစ်ယောက်ကို ကြည့်စမ်း။ သူ့ဘောင်းဘီကြီး ပြဲထွက်နေတယ်” ဆိုပြီး ပြောတာကို ကြားလိုက်တယ်။ အစ်မရဲ့ဘောင်းဘီက ပေါင်ကနေ ဒူးအထိ ပြဲထွက်နေမှန်း အဲဒီအချိန်ကျမှ သဘောပေါက်တယ်။ အထဲက အတွင်းခံကလည်း ပေါ်နေရော။ သူတို့ရယ်သံတွေကို ကြားရတော့ ပိုပြီး ရှက်မိတာပေါ့။ အစ်မလည်း အဲဒီမကောင်းဆိုးဝါးတွေကို အူထဲအသည်းထဲကကို မုန်းမိတယ်။ အဲဒီနေ့ညနေ ၅ နာရီခွဲလောက်မှာ ရဲတွေက အစ်မတို့နှစ်ယောက်ကို ကျန်းမာရေးစစ်ဆေးဖို့ ဆေးရုံကို ခေါ်သွားကြတယ်။ အဲဒီအချိန်မှာ အစ်မတို့နှစ်ယောက်လုံး ဒဏ်ရာဒဏ်ချက်တွေ ပြည့်နေပြီ။ အစ်မရဲ့မျက်နှာနဲ့ ပါးစပ်က ဖူးရောင်နေတာ။ အစ်မရဲ့ဘောင်းဘီကလည်း ရိုက်နှက်ခံထားရတော့ စုတ်ပြတ်နေတာ။ အဝတ်အစားတွေမှာ သွေးတွေစွန်းနေတယ်။ အစ်မတို့နှစ်ယောက် ပြင်ပလူနာခန်းထဲ ထော့နဲ့ထော့နဲ့ ဝင်သွားကြတော့၊ တခြားလူနာတွေက အထိတ်တလန့်နဲ့ ကြည့်ပြီး၊ “ဒီလို အရိုက်ခံရလောက်အောင် ဘာပြစ်မှုများ ကျူးလွန်ကြလို့လဲ။ ကြည့်တောင် မကြည့်ဝံ့စရာတွေပဲ” ဆိုပြီး တိုးတိုးပြောကြတယ်။ လူသတ်သမားတွေ၊ မီးရှို့တဲ့လူတွေ၊ သူခိုးဓားပြတွေက သောင်းကျန်းခွင့်ရချိန်မှာ၊ ငါတို့ကျတော့ ဘုရားသခင်ကို ယုံကြည်ပြီး ဧဝံဂေလိ ဟောပြောရုံကလေးနဲ့၊ ကွန်မြူနစ်ပါတီရဲ့ အရှက်ခွဲနှိပ်စက်တာတွေကို ခံရတယ်ဆိုပြီး စဉ်းစားမိတော့ အစ်မ တော်တော် မကျေမနပ်ဖြစ်သွားတယ်။ ဒီအချိန်မှာပဲ ဘုရားရဲ့နှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ခုကို တွေးမိတယ်၊ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)” ထဲကပါ။ “ထိုအခါ လူ့ဇာတိခံယူ ဘုရားသခင်သည် လုံးလုံး ကွယ်ဝှက်လျက် ရှိမြဲရှိနေသည်မှာ သိပ်အံ့သြစရာ မဟုတ်ချေ။ မကောင်းဆိုးဝါးများက အကြင်နာမဲ့ပြီး လူမဆန်သည့် ဤကဲ့သို့သော အမှောင်လူ့အဖွဲ့အစည်းတွင် မျက်တောင် တစ်ချက်မျှ မခတ်ဘဲ လူများကို သတ်သော နတ်ဆိုးတို့၏မင်းသည် ချစ်ခင်ဖွယ်ဖြစ်ပြီး ကြင်နာကာ သန့်လည်းသန့်ရှင်းသော ဘုရားသခင်၏ တည်ရှိမှုကို မည်သို့ သည်းခံနိုင်မည်နည်း။ ဘုရားသခင်၏ ကြွရောက်လာခြင်းကို ၎င်းသည် အဘယ်သို့ ဂုဏ်ပြုကာ သြဘာ ပေးနိုင်မည်နည်း။ ဤလက်ပါးစေတို့။ ၎င်းတို့သည် ကြင်နာခြင်းကို မုန်းတီးခြင်းဖြင့် ပြန်ဆပ်ကြသည်၊ ၎င်းတို့သည် ကြာမြင့်စွာကတည်းက ဘုရားသခင်အား အထင်အမြင်သေးကြပြီးဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်အား ညှဉ်းပန်းနှိပ်စက်ကြသည်၊ ၎င်းတို့သည် အဆုံးစွန် ရိုင်းစိုင်းကြသည်၊ ၎င်းတို့သည် ဘုရားသခင်ကို အနည်းငယ်မျှ အရေးထားမှု မရှိကြပေ၊ ၎င်းတို့သည် အဓမ္မလုယူကာ လုယက်တိုက်ဖျက်ကြသည်၊ ၎င်းတို့သည် အသိတရား လုံးလုံး ပျောက်ဆုံးကြပြီးဖြစ်သည်၊ အသိတရား အလုံးစုံကို ၎င်းတို့ ဆန့်ကျင်ကြကာ အပြစ်မဲ့သောသူကို အသိစိတ်မဲ့ခြင်းသို့ သွေးဆောင်ကြလေသည်။ ရှေးကာလ၏ ဘိုးဘေး များလော။ ချစ်မြတ်နိုးရသော ခေါင်းဆောင်များလော။ ၎င်းတို့ အားလုံးသည် ဘုရားသခင်အား ဆန့်ကျင်ကြ၏။ ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုသည် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို မှောင်မိုက်ခြင်း နှင့် ပရမ်းပတာဖြစ်ခြင်း အခြေအနေတစ်ခုတွင် ချန်ထားပြီးဖြစ်၏။ ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် အပြစ်ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ကွန်မြူနစ်ပါတီက အပြင်ပန်းမှာ ဘာသာရေးယုံကြည်မှု လွတ်လပ်ခွင့်ကို လူသိရှင်ကြား ထောက်ခံတယ်ဆိုပေမဲ့၊ သူတို့က ခရစ်ယာန်တွေကို လူမသိအောင် ရက်ရက်စက်စက် နှိပ်စက်ကြတာ။ သူတို့က ဘုရားသခင်ကို ယုံကြည်သူအားလုံးကို သေအောင် တိုက်ထုတ်ဖို့ ကြိုးစားတယ်။ ဘုရားအမှုတော်ကိုလည်း နှောင့်ယှက်ဖျက်ဆီးဖို့ ကြိုးစားတယ်။ ကွန်မြူနစ်ပါတီဆိုတာ ဘုရားကို ခုခံတဲ့ နတ်ဆိုးတွေ၊ မကောင်းဆိုးဝါးတွေနဲ့ ဖွဲ့စည်းထားတဲ့ အုပ်စုတစ်ခုပဲ။ ရဲတွေက အစ်မကို ဘုရားအပေါ် မဖြစ်မနေ သစ္စာဖောက်လာအောင်၊ သူတို့တတ်နိုင်သမျှ နည်းတွေ သုံးပြီး ဒုက္ခပေး နှိပ်စက်ကြတယ်။ ဒါပေမဲ့ အစ်မကြောင့် သူတို့အကြံအစည် မအောင်မြင်စေရဘူးပေါ့။

ညနေစောင်းတော့ ရဲတွေက အစ်မတို့ကို ထိန်းသိမ်းရေးစခန်းကို ပို့တယ်။ ရဲမေတစ်ယောက်က အခန်းတစ်ခုထဲ ခေါ်ပြီး၊ အစ်မတို့ကို စစ်ဆေးဖို့ အဝတ်အစားတွေ ချွတ်ခိုင်းတယ်။ အဝတ်အစားတွေနဲ့ ခါးပတ်တွေက ကြယ်သီးတွေကိုလည်း ဆွဲဖြုတ်ပစ်တာ။ ပြီးတော့ အစ်မတို့နေရမယ့် အကျဉ်းခန်းဆီ ခေါ်သွားတာပေါ့။ အဲဒီညမှာ အစ်မတို့နှစ်ယောက်လုံး ဘာမှမပါတဲ့ အင်္ဂတေခုတင်ပေါ်မှာ အိပ်ရတယ်။ တစ်နေ့လုံး ဘာမှမစားခဲ့ရတာရော၊ တစ်ကိုယ်လုံး နာကျင်နေတာတွေရောဆိုတော့၊ အစ်မလည်း လှဲနေရင်း အိပ်မပျော်နိုင်ဘူး။ ကိုယ့်တင်ပါးကို ခုတင်ပေါ် ရဲရဲတင်းတင်း မချရဲဘူး။ ကိုယ်ကို တစ်ဖက်စောင်းပြီး ကွေးနေလိုက်ရတယ်။ အစ်မလည်း စိတ်မချမ်းသာဘူးပေါ့။ ဖြစ်နေသမျှအားလုံးက ခံနိုင်ဖို့ ခက်ခဲသလိုပဲ။ ကွန်မြူနစ်ပါတီက အစ်မတို့ကို ဘယ်လိုပြစ်မှုနဲ့ စွဲချက်တင်မယ်ဆိုတာ မသိသေးဘူး။ ထောင် ၈ နှစ်ကနေ ၁၀ နှစ်လောက် ကျမယ်ဆိုရင်၊ ကိုယ့်ဘဝလက်ကျန်အချိန်တွေကို ထောင်ထဲမှာပဲ ကုန်ရတော့မယ့်သဘော မဟုတ်ဘူးလား။ ကိုယ့်မိသားစုဖြစ်ဖြစ်၊ အသင်းတော် ညီအစ်ကိုမောင်နှမတွေကိုဖြစ်ဖြစ် ဘယ်တော့မှ တွေ့ရတော့မှာ မဟုတ်ဘူး။ အစ်မလည်း တော်တော် အားငယ်သွားတာ။ ဒါနဲ့ ဘုရားသခင်ကို၊ “ကျွန်မကို ယုံကြည်ခြင်းနဲ့ ခွန်အားပေးဖို့၊ ကိုယ်တော့်အလိုကို နားလည်အောင် လမ်းပြပေးဖို့ တောင်းပန်ပါတယ် ဘုရား” ဆိုပြီး ဆုတောင်းမိတယ်။ ဆုတောင်းပြီးတော့၊ ဘုရားရဲ့နှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ခုကို တွေးမိပြန်ရော၊ “ဘုရားသခင်၏အမှုသည် လူသား ထင်သကဲ့သို့ ရိုးရှင်းပါသလော” ဆိုတာထဲကပါ၊ “အဆင်းနီသောနဂါးကြီးသည် ဘုရားသခင်ကို ညှဉ်းပန်းနှိပ်စက်ပြီး၊ သူသည် ဘုရားသခင်၏ရန်သူ ဖြစ်၏။ သို့ဖြစ်၍ ဤပြည်၌ ဘုရားသခင်ကို ယုံကြည်သူများသည် အရှက်ကွဲခြင်းနှင့် ဖိနှိပ်ခြင်းတို့ကို ဤသို့ ခံကြရပြီး၊...ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သော ပြည်တွင် စတင်သောကြောင့် ဘုရားသခင်၏အမှုအားလုံးသည် ကြီးမားသော အတားအဆီးများကို ရင်ဆိုင်ရပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များစွာ ပြီးမြောက်ခြင်းသည် အချိန်ကြာလေသည်။ ဤအကြောင်းကြောင့်၊ ဘုရားသခင်၏နှုတ်ကပတ်တော်၏ အကျိုးဆက်အဖြစ်၊ လူတို့သည် စစ်ဆေးခံကြရကာ ယင်းသည် ဒုက္ခဆင်းရဲ၏ အစိတ်အပိုင်းလည်း ဖြစ်ပေသည်။ အဆင်းနီသောနဂါးကြီး၏ ပြည်တွင် သူ၏အမှုကို ဆောင်ရွက်ရန် ဘုရားသခင်အတွက် အလွန်တရာ ခဲယဉ်းလေသည်- သို့သော် ဘုရားသခင်သည် သူ၏ဉာဏ်ပညာနှင့် သူ၏ အံ့ဘွယ်လုပ်ဆောင်ချက်များကို ထင်ရှားစေလျက်၊ ပြီးလျှင် ဤလူစုကို စုံလင်စေရန် ဤအခွင့်အရေးကို အသုံးပြုရင်း၊ သူ၏ အမှု အဆင့်တစ်ခုကို ဘုရားသခင် လုပ်ဆောင်သည်မှာ ဤအခက်အခဲမှတစ်ဆင့် ဖြစ်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဘုရားရဲ့နှုတ်ကပတ်တော်ကနေ အစ်မ နားလည်သွားတယ်။ ကွန်မြူနစ်ပါတီဆိုတာ ဘုရားရဲ့ရန်ဘက် ဖြစ်နေတော့၊ သူတို့က အထူးသဖြင့် ဘုရားနဲ့ သမ္မာတရားကို မုန်းတီးကြတယ်။ ဒီတော့ ဘုရားကို မယုံကြည်အောင် အစ်မတို့ကို တားဖို့ အစွမ်းကုန်လုပ်တယ်။ ဘုရားအပေါ် သစ္စာဖောက်အောင် အစ်မတို့ကို အကျပ်ကိုင်ဖို့ နှိပ်စက်နည်းမျိုးစုံ သုံးတယ်။ အဆင်းနီတဲ့နဂါးကြီးရဲ့နိုင်ငံမှာ ဘုရားသခင်ကို ယုံကြည်တယ်ဆိုရင်၊ ဒီလိုနှိပ်စက်ညှဉ်းပန်းတာကို သေချာပေါက် ခံရမှာပဲ။ ဒါပေမဲ့ ဒီဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံတယ်ဆိုတာ အစ်မတို့အတွက် ဘုရားကို သက်သေခံဖို့ အခွင့်အရေး ရတာပဲ။ အဲဒါကြောင့် ဒါက အစ်မအတွက် ကောင်းချီးတစ်ခု၊ ဂုဏ်ယူစရာကိစ္စတစ်ခုပဲ။ အဖမ်းခံရချိန်ကစပြီး ကိုယ့်အတွေ့အကြုံတွေကို ပြန်စဉ်းစားကြည့်တော့၊ အစ်မအနေနဲ့ စာတန်ရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ကျော်လွှားနိုင်အောင်၊ ဘုရားက သူ့နှုတ်ကပတ်တော်တွေနဲ့ အသိဉာဏ်ဖွင့်ပေးခဲ့တယ်၊ လမ်းပြပေးခဲ့တယ်ဆိုတာ အစ်မ မြင်သွားတယ်။ ဘုရားက အစ်မကို ကာကွယ်ပေးဖို့ အနားမှာ အမြဲရှိခဲ့တယ်ဆိုတာကို သဘောပေါက်သွားတယ်။ ငါ့ကို ထောင်ဒဏ်ချတာပဲဖြစ်ဖြစ်၊ ငါကတော့ ဘုရားရဲ့ စီစဉ်ညွှန်ကြားမှုတွေကို နာခံဖို့အသင့်ရှိတယ်၊ သက်သေရပ်တည်ဖို့ ဘုရားကိုပဲ အားကိုးချင်တယ်ဆိုပြီး တွေးမိတယ်။ ဒါကို နားလည်သွားတော့၊ ဖြစ်နေတာတွေကို သိပ်ပြီး ခက်ခဲတယ်လို့ မခံစားတော့ဘူး။

ရိုက်နှက်ခံရလို့ အစ်မရဲ့သွားတွေ နဲ့ကုန်တာရော၊ ပါးစပ်ကလည်း တော်တော်ကြီး ဖူးရောင်နေတာရောဆိုတော့၊ ပါးစပ် မဟနိုင်၊ အစာမစားနိုင်လောက်အောင် နာကျင်လွန်းတယ်။ သုံးရက်တိတိ ဘာမှမစားဖြစ်တဲ့အချိန်မှာ ဗိုက်ဆာလွန်းတော့ လူက အားနည်းလာတယ်၊ မူးနောက်လာတယ်။ တတ်နိုင်တာဆိုလို့ ပေါက်စီတစ်လုံးကို လက်သည်းခွံအရွယ်လေးတွေ ဖဲ့ပြီး၊ ပါးစပ်ထဲကို ဖြည်းဖြည်းချင်း ထည့်ရတာ။ အစ်မက အဲဒါကိုလည်း မဝါးရဲဘူး။ ဒါနဲ့ ရေသောက်ပြီး မျှောချရတယ်။ အဲဒီလိုဖြစ်နေတာတောင် အစောင့်တွေက အစ်မကို အေးအေးဆေးဆေး နေခွင့်မပေးဘူး။ အစ်မတို့ကို အဆိုင်းတွေနဲ့ အလှည့်ကျ စောင့်ကြည့်တာ။ တစ်ညလုံး အိပ်မရအောင် အစ်မတို့ကို အပိုတာဝန်တွေလည်း ပေးတယ်။ ခန္ဓာကိုယ်အားနည်းတာရော၊ အလုပ်များတာတွေရောဆိုတော့၊ အစ်မလည်း မခံနိုင်တော့တဲ့အဆုံး နှစ်ခါတိတိ သတိလစ်သွားတာ။ သုံးခါမြောက်ကျတော့ အဲဒီမှာရှိတဲ့ဆရာဝန်က ရဲတွေကို၊ “သူ နောက်ထပ်အများကြီး နေရတော့မှာမဟုတ်ဘူး။ သူ့ကို မလွှတ်ပေးဘူးဆိုရင်၊ သူ့အသက်အန္တရာယ် ရှိလာလိမ့်မယ်” ဆိုပြီး ပြောတယ်။ အစ်မက အဲဒီထဲမှာ သေပြီး သူတို့ တာဝန်ယူရမှာကို ရဲတွေက ကြောက်တယ်။ ဒါနဲ့ အစ်မကို နေရာရွှေ့ဖို့ ဆုံးဖြတ်ကြရော။ နေ့လယ် ၃ နာရီလောက်မှာ ရဲနှစ်ယောက်က အစ်မကို၊ “ကားနောက်ဖုံးထဲ သွားဝင်စမ်း။ မင်းကို ပိုပြီးကြီးတဲ့ အပြစ်ဒဏ်မျိုး ပေးတော့မှာ။ အဲဒီကျမှ ထုတ်ပြောမလား ကြည့်တာပေါ့” ဆိုပြီး ခြိမ်းခြောက်သလို ပြောတယ်။ အစ်မလည်း ကားနောက်ဖုံးထဲကို ခက်ခက်ခဲခဲ ဝင်ရတာပေါ့။ ပြီးတော့ ရဲနှစ်ယောက်က သော့ခတ်လိုက်တယ်။ အစ်မလည်း ကိုယ်ကို ကျုံ့နေအောင် ကွေးထားရတယ်။ ခေါင်းကလည်း တအားကိုက်နေတာ။ နေရတာ မွန်းကျပ်လွန်းတော့ အသက်ရှူကျပ်တော့မှာပဲလို့ ထင်မိတယ်။ လူက နာကျင်လွန်းတယ်၊ တော်တော်လည်း ဝမ်းနည်းမိတယ်။ ငါ သေရတော့မယ်လို့ပဲ ထင်မိတာ။ ဒါနဲ့ အစ်မလည်း ဘုရားကို ရင်ထဲမှာ အကြိမ်ကြိမ် တိုင်တည်တယ်။ အဲဒီအချိန်မှာ နားလည်သွားမိတယ်။ အစ်မကို စာတန်ရှေ့မှောက်မှာ သက်သေရပ်တည်ခွင့်ပေးဖို့၊ အစ်မရဲ့ယုံကြည်ခြင်းနဲ့ နာခံခြင်းကို စုံလင်စေဖို့၊ အဆင်းနီတဲ့နဂါးကြီးရဲ့ ယုတ်ညံ့တဲ့အနှစ်သာရကို ရှင်းရှင်းလင်းလင်း မြင်စေဖို့ နည်းလမ်းတစ်ခုအနေနဲ့၊ ဘုရားက အဆင်းနီတဲ့နဂါးကြီးကို အစ်မအပေါ် နှိပ်စက်ခွင့်ပေးတာပဲ။ အဲဒါမှ အစ်မက သူ့လှည့်စားမှုနဲ့ အချုပ်အနှောင်ကို ဆက်ပြီး မခံရတော့မှာလေ။ ဒါက အစ်မအတွက် ဘုရားရဲ့မေတ္တာပဲပေါ့။ ဒီလို တွေးလိုက်မိတော့ လှိုက်ခနဲခံစားရတယ်။ ယုံကြည်ခြင်းလည်း ရသွားတယ်။ ရှေ့ဆက်ဖြစ်လာသမျှကို ရင်ဆိုင်ဖို့ ဘုရားကိုပဲ အားကိုးမယ်ဆိုတဲ့စိတ် ဖြစ်သွားတာ။ အဲဒီအချိန်မှာ ခေါင်းလည်း မကိုက်တော့ဘူး၊ အားနည်းတာလည်း မရှိတော့ဘူး။ ဝမ်းနည်းတာလည်း မဖြစ်တော့ဘူး။

သူတို့ ကားမောင်းလာတာ ဘယ်လောက်ကြာသွားမှန်း အစ်မ မသိဘူး။ ဒါပေမဲ့ သိပ်မကြာခင် ကားက တံတားတစ်ခုပေါ် မောင်းသွားတယ်။ ရဲနှစ်ယောက်က တံတားပေါ်ကလူတစ်ယောက်ကို တစ်ခုခုမသဲမကွဲ ပြောလိုက်သေးတယ်။ ပြီးတော့ ဆက်မောင်းလာကြရော။ နောက် သိပ်မကြာခင် ကားက ရပ်သွားတယ်။ အစ်မလည်း ဟိုဟိုဒီဒီ လိုက်ကြည့်တာပေါ့။ ခရီးသွားနယ်မြေတစ်ခုကို ရောက်နေသလို ထင်ရတယ်။ အနားမှာ သင်္ချိုင်းတစ်ခုလည်း ရှိတယ်။ မျက်မှန်နဲ့ ရဲအရာရှိက အစ်မကို၊ “မင်းကြောင့် ငါတို့ ဒုက္ခတွေ အများကြီးရောက်တယ်။ အဲဒီအတွက်လည်း ဘာမှပြန်မရဘူး။ ငါတို့မှာ မင်းအတွက် ပိုက်ဆံတောင် ကုန်တယ်” ဆိုပြီး ကြိမ်းမောင်းတယ်။ ပြီးတော့ အစ်မရဲ့အသင်းတော်ခေါင်းဆောင်တွေက ဘယ်သူတွေလဲဆိုပြီး ထပ်မေးရော။ ဒါပေမဲ့ အစ်မက ပြတ်ပြတ်သားသား ခေါင်းခါပြီး၊ သူ့ကို ဘာမှမပြောဘူး။ သူက ဒေါသထွက်ပြီး အစ်မကို ရှော့ခ်ရိုက်တုတ်နဲ့ ခပ်ပြင်းပြင်း ရိုက်တယ်။ ပါးစပ်ကလည်း၊ “မင်းက သေရတော့မယ့်အချိန် ရောက်ပြီ။ အဲဒါတောင် မပြောသေးဘူးလား” တဲ့။ သူ ရိုက်လိုက်လို့ အစ်မလည်း မြေပေါ် လဲကျသွားရော။ သူက ရှေ့နားက သင်္ချိုင်းကို လက်ညှိုးထိုးပြပြီး၊ အစ်မကို အဲဒီဘက်ကို အတင်းသွားခိုင်းတယ်။ အစ်မလည်း အဲဒီဘက်ကို မီတာ ၂၀၀ လောက် လျှောက်ပြီးတော့ တောင်ဘက်ကို ကွေ့ချလိုက်ရော။ အရာရှိက အဲဒါကိုမြင်တော့၊ “တောင်ဘက်ကို မကွေ့နဲ့နော်။ အနောက်ဘက်ကိုပဲ တည့်တည့်လျှောက်” ဆိုပြီးပြောတယ်။ အစ်မလည်း အနောက်ဘက်ကိုပဲ ဆက်လျှောက်ရတာပေါ့။ သူတို့က အစ်မကို နာရီဝက်လောက် စောင့်ကြည့်ပြီးမှ မောင်းထွက်သွားကြတယ်။ အစ်မလည်း ခြေကုန်လက်ပန်းကျပြီး အားမရှိတဲ့ ခန္ဓာကိုယ်ကြီးကို တရွတ်ဆွဲရင်း၊ မီတာ ၅၀ လောက် ထပ်လျှောက်လိုက်တယ်။ နောက်တော့ လယ်ကွက်ထဲ အလုပ်လုပ်နေတဲ့ လယ်သမားအဘိုးကြီးတစ်ယောက်နဲ့ ဆုံရော။ ရှေ့မှာ မြစ်တားထားတဲ့ တမံကြီးတစ်ခုပဲ ရှိတော့တယ်။ ဆက်သွားလို့ မရတော့ဘူးဆိုပြီး သူက အစ်မကို ပြောတယ်။ အဲဒီမှာ နေလို့လည်းမရဘူးတဲ့။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ လေးငါးရက်လောက်တုန်းက အမျိုးသမီးတစ်ယောက် သေထားသေးတယ်တဲ့။ အဲဒီအချိန်မှာ အစ်မ ကြောက်လန့်သွားတာ။ နာကျင်တာတွေ၊ စိုးရိမ်စိတ်တွေက ရင်ကို ဖမ်းဆုပ်လိုက်သလိုပဲ။ ခန္ဓာကိုယ်က လဲကျလုနီးပါးဖြစ်နေပြီ။ ဒီနေရာကနေ အသက်ရှင်လျက် လွတ်ဦးမှာလားဆိုတာလည်း မသိတော့ဘူး။ ငါ ဒီမှာ သေသွားရင်၊ ငါ့မိသားစုနဲ့ အသင်းတော် ညီအစ်ကိုမောင်နှမတွေလည်း လုံးဝ သိကြမှာမဟုတ်ဘူး။ ဒီနေရာမှာတင် မတရားလွန်းစွာနဲ့ တကယ်ပဲ သေရမှာလားပေါ့။ ဒီအချိန်မှာပဲ ဘုရားရဲ့နှုတ်ကပတ်တော်တွေကို အစ်မ စဉ်းစားမိတယ်၊ “မကြောက်နှင့်၊ ကောင်းကင်ဗိုလ်ခြေတို့၏ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင်နှင့်အတူ ဧကန်အမှန် ရှိလိမ့်မည်။ သူသည် သင့်ကို ထောက်မပေးပြီး သူသည် သင်၏ ဒိုင်းလွှားဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၂၆)) ဘုရားနှုတ်ကပတ်တော်တွေက အစ်မကို ယုံကြည်ခြင်းနဲ့ ခွန်အား ပေးလိုက်တာပဲ။ အစ်မကို ထောက်ပံ့ကူညီမယ့် ဘုရားသခင် ရှိတယ်လေ။ ဒီတော့ ဘာကို ကြောက်စရာရှိလဲ။ အစ်မလည်း လာခဲ့တဲ့လမ်းအတိုင်း သုံးကီလိုမီတာလောက် အားစိုက်ပြီး ပြန်လျှောက်တယ်။ တံတားဆီ ပြန်ရောက်လာတော့၊ တံတားပေါ်က ဆားစ်ရောဂါစစ်ဆေးရေးဂိတ်မှာ အလုပ်လုပ်နေတဲ့ လူလေးငါးယောက်ကို တွေ့တယ်။ သူတို့ထဲကတစ်ယောက်က အစ်မကို၊ “မင်း လာခဲ့တဲ့နေရာကိုပဲ ပြန်သွား။ တံတားကို ဖြတ်လို့မရဘူး။ ပြန်တော့၊ မပြန်ရင် ငါတို့က မရရအောင် ပြန်ခိုင်းမှာ” ဆိုပြီး လှမ်းအော်တယ်။ အစ်မလည်း အသံပျော့ပျော့ပဲ ထွက်တော့တယ်၊ “ရှင်တို့က ဒီအပြင်မှာ လူတွေ သေသေ၊ ဂရုမစိုက်ဘူးဆိုတဲ့အထိ အသည်းမာလှချည်လား” ပေါ့။ အဲဒီလူကလည်း ရက်ရက်စက်စက် ပြန်ပြောတာ၊ “အသတ်ခံချင်နေတာလား။ ထွက်သွားစမ်း။ မင်း ဒုက္ခရောက်တာတွေ နည်းသေးတယ်လို့ ထင်လို့လား။ ပိုပြီး ဒုက္ခရောက်ချင်လို့လား” တဲ့။ အဲဒါကို ကြားတော့မှ အစ်မ ရုတ်တရက် သဘောပေါက်သွားတယ်။ ရဲတွေက ဒီကိုအလာလမ်းမှာ ကားပေါ်ကဆင်းပြီး လူတစ်ယောက်နဲ့ စကားပြောတယ်ဆိုတာ ဒါကြောင့်ပဲ။ သူတို့က အစ်မကို သင်္ချိုင်းထဲမှာပဲ ဆက်ပြီး ပိတ်မိနေအောင် ပေါင်းကြံနေကြတာ။ ဒါပေမဲ့ ဘုရားက အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ရှိတာတွေ၊ ကိုယ့်ရှင်ခြင်းနဲ့ သေခြင်းကို ထိန်းချုပ်တာ ဘုရားပဲ၊ စာတန် မဟုတ်ဘူးဆိုတာတွေကို စဉ်းစားမိတယ်။ ဒီတော့ ရှေ့ဆက်ဖြစ်လာသမျှကို ရင်ဆိုင်ဖို့ ဘုရားကိုပဲ အားကိုးချင်တော့တယ်။ ဒါနဲ့ အစ်မလည်း ကမ်းပါးနားက သစ်တောလေးတစ်ခုမှာ ပုန်းနေလိုက်ရော။ ခြင်တွေ၊ ပိုးကောင်တွေက နားထဲမှာ တဝီဝီကြားနေရတယ်။ အစ်မကို မနားတမ်း ကိုက်နေကြတာ။ ဆူးပါတဲ့ အပင်ကိုင်းတွေကလည်း လူကို စူးသေးတော့၊ အစ်မမှာ နာတာတွေရော ယားတာတွေရောပေါ့။ နောက်ဆုံး မှောင်တဲ့အထိ စောင့်ပြီးတော့မှ၊ ကိုယ် အကျွမ်းတဝင်ရှိတဲ့ နေရာတစ်ခုကို ပြန်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ တံတားကို စောင့်ကြည့်နေတဲ့ ရဲတွေ ရှိနေတော့၊ တံတားကနေ မီတာ ၁၀၀ လောက်အဝေးမှာ မြစ်ကို ဖြတ်ကူးဖို့ နည်းလမ်းတစ်ခုပဲ ရှိတော့တယ်။ မြစ်က မီတာငါးဆယ်လောက် ကျယ်တယ်။ အစ်မလည်း ခြေထောက်ကို တစ်လှမ်းပြီးမှ တစ်လှမ်း၊ ဖြည်းဖြည်းချင်းပဲ မြစ်ထဲကနေ ဖြတ်တယ်။ မြစ်ကြမ်းပြင်မှာ မှန်တွေ၊ အုတ်ခဲတွေ၊ ကျောက်ခဲတွေလို အကျိုးအပဲ့တွေ ရှိနေတာဆိုတော့၊ နောက်ဆုံး မြစ်တစ်ဖက်ကမ်းကို ခက်ခက်ခဲခဲ တက်မိတဲ့အချိန်အထိ၊ ခြေလှမ်းတိုင်းကို တော်တော်ကြီး သတိထားရတယ်။ အစ်မလည်း စိတ်လှုပ်ရှားလွန်းလို့ မျက်ရည်တွေပါ ကျတယ်။ ပြီးတော့ မြေကြီးပေါ် ဒူးထောက်ပြီး ဘုရားကို ကျေးဇူးတင်ချီးမွမ်းမိတယ်။

နောက်တော့ အစ်မလည်း ရှေ့ကို ဆက်သွားတယ်။ ကင်းလှည့်နေတဲ့ ရဲတွေကို တွေ့တယ်။ သူတို့ကား ရှေ့မီးအရောင်က အဝေးကြီးထိ ရောက်တာ။ အစ်မလည်း တွေ့သွားမှာ ကြောက်တာပေါ့။ ဒါနဲ့ ဂျုံခင်းတွေကြားက ဖြတ်ပြီး သတိနဲ့ ရှေ့ဆက်ရတယ်။ သိပ်မကြာဘူး၊ နောက်ထပ်မြစ်တစ်ခုက ရှေ့မှာ ပိတ်ဆို့ပြီးရှိနေတာကို တွေ့ပြန်ရော။ အစ်မလည်း မြစ်ထဲကို သုံး၊ လေးမီတာလောက် ဆင်းလျှောက်ကြည့်တယ်။ ရေက ခါးအထိ နစ်လာတာကို သတိထားမိတော့ အစ်မလည်း အမြန် နောက်ပြန်ဆုတ်တာပေါ့။ ကမ်းပါးပေါ် ပြန်ရောက်တော့၊ နှစ်မီတာကျော်လောက် မြင့်တဲ့ အပင်လေးတစ်ပင်ကို တွေ့တယ်။ ဒါနဲ့ အဲဒီအပင်နဲ့ ထိုးပြီး ရေအနက်ကို စမ်းကြည့်တယ်။ ရေက ပိုပြီးနက်လာတာကိုပဲ တွေ့တယ်။ မြစ်ထဲကို ဖြတ်လျှောက်လို့ မရနိုင်ဘူးဆိုတာ သဘောပေါက်သွားရော။ အစ်မလည်း ကမ်းပါးဆီပဲ ပြန်လှည့်ရတာပေါ့။ နောက်တော့ အစ်မလည်း ခလုတ်တံသင်းတွေပေါတဲ့ တမံအတိုင်း ဆက်လျှောက်လာလိုက်ရော။ ကိုယ့်အသက်ရှင်လျက် လွတ်ပါဦးမလားဆိုတာလည်း မသိဘူး။ ဒါနဲ့ ဘုရားကို ဆုတောင်းတယ်။ ပြီးတော့ ဘုရားနှုတ်ကပတ်တော်တစ်ခုကိုလည်း တွေးမိတယ်၊ “လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ဘုရားသခင်သည် လက်၌ကိုင်ဆောင်ထားပြီး၊ လူသား၏ ဘဝတစ်ခုလုံးကို ဘုရားသခင်သည် သူ၏မျက်လုံးများဖြင့် ကြည့်ရှုလျက်ရှိသည်။ သင်သည် ဤအချက်ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ် အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့်အညီ ရွေ့လျားပြောင်းလဲကာ ပြန်လည်စတင်ပြီး ကွယ်ပျောက်သွားရမည်ဖြစ်သည်။ ဤသည်မှာ အရာအားလုံးကို ဘုရားသခင်တာဝန်ယူသည့် နည်းလမ်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်) ဘုရားသခင်က လူ့အသက်ရဲ့ရင်းမြစ်ဆိုတာ အမှန်ပဲလေ။ အစ်မ လုပ်ရမှာက ဘုရားကို အားကိုးဖို့ပဲ။ ဘုရားက အစ်မကို လမ်းပြဦးဆောင်လိမ့်မယ်။ အဲဒီအချိန်မှာ အစ်မက သုံးရက်လုံးလုံး ဘာမှမစားခဲ့ရဘူး။ ဒါပေမဲ့ အဲဒီအချိန်မှာ ဗိုက်မဆာဘူး၊ ရေမငတ်ဘူး။ ပင်ပန်းတာလည်း မဖြစ်ဘူး။ ဘုရားသခင်က ကိုယ့်ဘေးမှာ အမြဲရှိနေတယ်၊ ကာကွယ်ပေးနေတယ်ဆိုတာ သိနေတော့၊ ခွန်အားတွေ ပြန်ရသွားတာပဲ။ အစ်မလည်း ရှေ့ကိုပဲ ဆက်လျှောက်တယ်။ အစ်မလည်း ကြားမှာ နားနားပြီး လျှောက်လာရင်းနဲ့၊ နောက်ဆုံး ရပ်လိုက်မိတဲ့အချိန်မှာ မနက် ၃ နာရီလောက် ရှိနေပြီ။ ဒါပေမဲ့ နောက်ထပ် ဆားစ်ရောဂါစစ်ဆေးရေးဂိတ်တစ်ခုကို ရောက်သွားတာ။ ဒီဂိတ်ကလူတွေကို အစ်မအကြောင်း သတိပေးထားလား၊ အစ်မကို ပြန်လှည့်ခိုင်းဦးမှာလားဆိုတာ အစ်မလည်း မသိဘူးလေ။ စိတ်က တော်တော်ပူပန်နေတော့၊ နောက်ပြန်လှည့်ရတာပေါ့။ ထိန်းသိမ်းရေးစခန်းမှာ မကျန်းမာခဲ့တာရော၊ တစ်ညလုံး လမ်းလျှောက်လာတာရောဆိုတော့၊ ဗိုက်ကလည်း ဆာ၊ ရေလည်း ငတ်တယ်။ လူက ခွေယိုင်ပြီး အားမရှိတော့ဘူး။ အစ်မမှာ ရှေ့ဆက်သွားဖို့ ခွန်အား မရှိတော့ဘူး။ ခြေလှမ်းနည်းနည်း လှမ်းလိုက်တိုင်း ခဏရပ်ပြီး နားရတယ်။ အစ်မမှာ အားကိုးနိုင်တာ ဘုရားသခင်တစ်ပါးပဲ ရှိတယ်ဆိုတာလည်း သိတယ်။ စိတ်နှလုံးထဲကနေ ဘုရားကိုပဲ အကြိမ်ကြိမ်ထပ်ပြီး တိုင်တည်မိတယ်၊ “ကျွန်မမှာ အခု သွားစရာနေရာ မရှိတော့ပါဘူး၊ ဘုရားသခင်။ ဘာဆက်လုပ်ရမှန်းလည်း မသိပါဘူး။ ကျွန်မကို လမ်းပြကူညီတော်မူပါ” ပေါ့။ ဆုတောင်းပြီးသွားတော့၊ ခေါင်းထဲမှာ အတွေးတစ်ခု ပေါ်သွားတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ငါ ရှေ့ကိုပဲ ဆက်ရမယ်၊ နောက်ပြန်လှည့်လို့ မဖြစ်ဘူးပေါ့။ ဒါနဲ့ အစ်မ ခဏလောက် နားလိုက်တယ်။ မိုးလင်းချိန်ရောက်တော့ လမ်းဘေးမှာ ကျနေတဲ့ ခြင်းတောင်းတစ်လုံးကို ကောက်လာလိုက်တယ်။ စစ်ဆေးရေးဂိတ်ကို ဖြတ်မယ့် ကားတစ်စီးနဲ့ လမ်းကြုံလိုက်ချင်တဲ့ စျေးသည်တစ်ယောက်လို ဟန်ဆောင်လိုက်တာ။ နှစ်နာရီနီးပါးလောက် အစ်မ စောင့်တယ်၊ ဒါပေမဲ့ ဘာကားမှ မလာဘူး။ အစ်မလည်း ဘုရားကို မပြတ်ဆုတောင်းရင်းနဲ့၊ အစ်မအတွက် လွတ်လမ်းတစ်ခု ဖွင့်ပေးဖို့ တောင်းလျှောက်တယ်။ အဲဒီအချိန်မှာတင် အစ်မ ကားကြုံလိုက်လို့မရ ဖြစ်နေတာကို စိုက်ပျိုးရေးလုပ်နေတဲ့ အဘိုးကြီးတစ်ယောက်က မြင်သွားရော။ ဒါနဲ့ သူက လှည်းတစ်စီးကို အစ်မအတွက် တားပေးတယ်။ အစ်မလည်း လှည်းပေါ် တက်ပြီး၊ စစ်ဆေးရေးဂိတ်ကို အောင်အောင်မြင်မြင်နဲ့ ဖြတ်လာလိုက်ရော။ မြို့ထဲကို အစ်မ ဝင်မိတဲ့အချိန်မှာ မွန်းတည့်နေပြီ။ လေးရက်လုံးလုံး ဘာမှမစားခဲ့ရဘူး။ ဆက်ပြီး လမ်းမလျှောက်နိုင်တော့ဘူး။ အစ်မလည်း စားသောက်ဆိုင်တစ်ခုထဲ ဝင်ပြီး၊ စားစရာတစ်ခု မှာတယ်။ ဆိုင်ရှင်က ရေတစ်ခွက် ငှဲ့ပေးတယ်။ အဲဒီအချိန်မှာ လမ်းတစ်ဖက်က ဘတ်စကားမှတ်တိုင်ဝန်းကျင်မှာ လူတွေအများကြီး ရပ်နေတာကို မြင်မိရော။ ဆိုင်ရှင်ကလည်း အစ်မကို ပြောတယ်၊ “သူတို့က ဘယ်ကလာတဲ့ကားဖြစ်ဖြစ် အကုန်လုံးကို စစ်နေတာ။ ပေကျင်းနဲ့ ဟီပေကလာတဲ့ လူတိုင်းကို ကားပေါ်က ဆင်းခိုင်းပြီး အခန်းတစ်ခုနဲ့ ထိန်းသိမ်းထားတယ်” တဲ့။ ခုနတုန်းက ကားတစ်စီးမှ တားမရခဲ့ဘူးဆိုတာ ဘုရားရဲ့ စေတနာကောင်းပဲဆိုပြီး ဒီတော့မှ နားလည်သွားတယ်။ အစ်မသာ ကားတစ်စီးနဲ့ လိုက်ခဲ့မယ်ဆိုရင်၊ ရဲတွေက အစ်မကို တွေ့သွားမှာပဲ။ ဘုရားက ငါ့ဘေးမှာ အမြဲရှိနေတာပဲ၊ ငါ့ကို အမြဲတမ်း ကာကွယ်စောင့်ရှောက်ပေးနေတာပဲဆိုပြီး သဘောပေါက်သွားတယ်။ ဒါနဲ့ အစ်မလည်း ရှေ့ဆက်ရမယ့်ခရီးကို ပိုပြီး ယုံကြည်မှုရှိသွားရော။

တစ်ရက်နဲ့ တစ်ည ထွက်ပြေးလာပြီးတော့မှ၊ နောက်ဆုံး ကိုယ့်အသင်းတော်က အစ်ကိုအစ်မတွေရဲ့အိမ်ကို အစ်မ လုံလုံခြုံခြုံနဲ့ ရောက်သွားတယ်။ သူတို့က အစ်မထက် အသက်ကြီးတယ်။ အစ်မရဲ့အခြေအနေကို မြင်ကြတဲ့အချိန်မှာ သူတို့လည်း မျက်ရည်မထိန်းနိုင်ကြဘူး။ အစ်မကြီးက အစ်မအတွက် အမြန်ချက်ပြုတ်ပေးတာပေါ့။ ပြီးတော့ အစ်မ ရေချိုးပြီး စောစော နားလို့ရအောင်၊ ဇလုံကြီးနဲ့ ရေနွေးတည်ပေးတယ်။ အစ်မက ခြေအိတ်တွေကို ချွတ်ပြီလည်းဆိုရော၊ ခြေထောက်တွေက သွေးတွေနဲ့ခဲပြီး မာတောင့်နေတာကိုး။ ခြေအိတ်တွေနဲ့ ခြေထောက်က အသားတွေက ကပ်နေတာ။ ခြေအိတ်တွေ ဆွဲချွတ်ရင်းနဲ့ ခြေသည်းလေးခုပါ ကျွတ်ထွက်သွားတယ်။ အစ်မလည်း နာလွန်းလို့ အော်တာပေါ့။ အချိန်နည်းနည်းယူပြီး အားမွေးလိုက်တော့မှ ခန္ဓာကိုယ်က နာလန်ထူသွားတာ။ အဲဒီတော့မှ ကိုယ့်တာဝန်တွေ လုပ်ဖို့ တခြားဒေသတစ်ခုကို သွားတယ်ပေါ့။

အစ်မက နည်းနည်း ဒုက္ခရောက်ခဲ့တယ်ဆိုပေမဲ့၊ ဒီလို နှိပ်စက်တာတွေ၊ အခက်အခဲတွေကို ကြုံပြီးတဲ့နောက်မှာ၊ ဖြစ်ခဲ့တာတွေအားလုံးကို ပြန်စဉ်းစားကြည့်တော့၊ ဘုရားရဲ့စောင့်ရှောက်ကာကွယ်မှုသာ မရှိခဲ့ရင်၊ ပြီးတော့ ဘုရားရဲ့နှုတ်ကပတ်တော်ထဲမှာ ရှာတွေ့တဲ့ ယုံကြည်ခြင်းနဲ့ ခွန်အားသာ မရှိခဲ့ရင်၊ ရဲတွေ နှိပ်စက်လို့ သေရင်သေ၊ ဒါမှမဟုတ် လူမရှိသူမရှိတဲ့ သင်္ချိုင်းထဲမှာ သေရင်လည်းသေခဲ့မှာပဲဆိုတာ အစ်မ သိတယ်။ ဒုက္ခသုက္ခတွေကို ကျော်လွှားပြီး၊ ကိုယ့်ညီအစ်ကိုမောင်နှမတွေနဲ့ ပြန်တွေ့ခဲ့ရတယ်ဆိုတာ ဘုရားရဲ့မေတ္တာနဲ့ သနားကရုဏာကြောင့်ပဲ။ အစ်မရင်ထဲမှာ ဘုရားသခင်ကို ကျေးဇူးတင်လို့မဆုံး ဖြစ်ခဲ့ရတယ်။ ဘုရားက လူတွေကို အချစ်ခင်ဆုံးပဲ၊ ဘုရားကသာ လူတွေကို ကယ်တင်နိုင်တယ်ဆိုတာ သိသွားတယ်။ ဘုရားကို ကိုးကွယ်ဖို့ ယုံကြည်ခြင်းလည်း ပိုပြီးရသွားတယ်။ အခုဆို ဘုရားရဲ့မေတ္တာကို ပြန်ပေးဆပ်ဖို့၊ သမ္မာတရားကို အားထုတ်ပြီး ကိုယ့်တာဝန်တွေကို ကျေပွန်အောင်ပဲ လုပ်ချင်တော့တယ်။

နောက်တစ်ခုသို့- ကျွန်မ အဖမ်းခံရသည့်ည

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် လမ်းပြခံရလျက်၊ အမှောင်အင်အားများ၏ ဖိနှိပ်မှုကို ကျွန်ုပ် အောင်မြင်ကျော်လွှားခဲ့သည်

ဝမ်လီ၊ ရှီကျန်းစီရင်စုကျွန်မသည် ငယ်စဉ်ကတည်းက ကျွန်မ အမေနှင့်အတူ သခင်ယေရှုကို ယုံကြည်ခဲ့ပါသည်။ သခင်ယေရှုနောက်လိုက်ခဲ့သည် ကျွန်မ၏...

အခက်အခဲမှတစ်ဆင့် ဘုရားနှုတ်ကပတ်တော်များက လမ်းပြသည်

ရှောင်ဟော် တရုတ်နိုင်ငံ ကျွန်မမှတ်မိတာက ၂၀၀၃ ခုနှစ် ညတစ်ညမှာပေါ့။ အသင်းတော် ညီအစ်မနှစ်ယောက်နဲ့ ကျွန်မက အစည်းအဝေးတစ်ခု လုပ်နေကြပြီး ရုတ်တရက်...

ဘုရားသခင်၏နှုတ်ကပတ်တော်များသည် ကျွန်ုပ်အား သက်ရှိငရဲထဲမှ ခေါ်ထုတ်ပေးသည်

ချိုကျန်း တရုတ်နိုင်ငံ ၂၀၀၂ ခုနှစ်၊ ဩဂုတ်လတုန်းကပေါ့၊ ဧဝံဂေလိတရား ဝေငှဖို့ တခြားယုံကြည်သူငါး ယောက်နဲ့အတူ မြို့ထဲမှာ ကျွန်တော် ရောက်နေ တယ်။...

ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အသက်တာတွင် ကျွန်တော်၏ ခွန်အားဖြစ်သည်

ရှုကျီးဂန်း၊ တီရန်ဂျင်း ဒေသန္တရအုပ်ချုပ်ရေးနယ်အတိတ်တွင် ကျွန်တော်သည် တရုတ်လူမျိုးတို့၏ ရိုးရာစံနှုန်းများ အားဖြင့် အလွန်အမင်း...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။