ကျွန်မ အဖမ်းခံရသည့်ည

23.01.2022

ကောလီ တရုတ်နိုင်ငံ

၂၀၁၁ ခုနှစ် ဧပြီလ ည ၈ နာရီအကျော်မှာ အစ်မလုနဲ့ ကျွန်မနဲ့က ကျွန်မတို့အခန်းထဲမှာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကိုဖတ်နေတုန်း ရုတ်တရက်တံခါးကိုထုရိုက်တဲ့အသံကြားရပြီး ရဲတွေက အတင်းဝင်လာကြတယ်။ ရဲနှစ်ယောက်က ကျွန်မကိုလှမ်းဆွဲလိုက်ပြီးတော့ လက်ကိုနောက်ကျောဘက်မှာ အကြမ်းပတမ်း လိမ်ပြီးချုပ်ထားတယ်။ ကျန်တဲ့ရဲတွေက အခန်းကိုပိုက်စိပ်တိုက်ရှာကြတယ်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်နဲ့ MP4 စက်တစ်ခုကိုတွေ့သွားတယ်။ ကျွန်မအရမ်းကြောက်သွားတယ်။ ကျွန်မကိုရဲတွေက ဘာလုပ်မလဲမသိဘူးပေါ့။ ကျွန်မရဲ့သက်တမ်းတလျှောက်မှာ တကယ့်အခက်အခဲတွေနဲ့ တစ်ခါမှမခံခဲ့ရပါဘူး။ တကယ်လို့ရဲတွေကကျွန်မကိုနှိပ်စက်ရင် ကျွန်မခံနိုင်ပါ့မလား။ အဲဒီတစ်ချိန်လုံး ကျွန်မရင်ထဲမှာဆုတောင်းနေခဲ့တယ်။ “ဘုရားသခင်၊ ကျွန်မရဲ့ဝိညာဥ်ရင့်ကျက်မှုက အရမ်းသေးငယ်ပါတယ်။ ယုံကြည်မှုနဲ့ ခွန်အားကိုပေးသနားပြီး ရဲတွေရဲ့ရက်စက်လှတဲ့နှိပ်စက်ငြှင်းပန်းမှုတွေကို တောင့်ခံနိုင်အောင် လမ်းပြပေးတော်မူပါ” လို့ပြောခဲ့ပါတယ်။ ဆုတောင်းပြီးတော့ ကျွန်မစိတ်ထဲမှာ ရှင်းရှင်းလင်းလင်း အတွေးတစ်ခုပေါ်လာတယ်။ ယုဒလိုဖြစ်မယ့်အစားတော့ အသေပဲခံလိုက်မယ်။ ဘုရားသခင်ကိုတော့ သစ္စာမဖောက်ဘူးလို့။ ၁၀ နာရီဝန်းကျင်လောက်မှာ ကျွန်မနဲ့ အစ်မလုကို ရဲတွေက ဒေသရဲစခန်းကိုခေါ်သွားတယ်။ အဲဒီမှာ ကျွန်မတို့ကို သက်သက်စီခွဲပြီးစစ်ကြတယ်။ ရဲနှစ်ယောက်က “မင်းကခေါင်းဆောင်လား။ သာသနာပြုအလုပ်တွေ တော်တော်လုပ်လား။ မင်းကဘယ်ကလဲ” လို့အော်ပြီးမေးတယ်။ ကျွန်မစကားတစ်ခွန်းမှမပြောခဲ့ဘူး။ ကျွန်မရင်ထဲမှာ “အသင်းတော်ကိုဦးဆောင်တာသာ ငါဝန်မခံရင် သူတို့ငါ့ကိုအရမ်းကြီးမနှိပ်စက်လောက်ဘူး။ မကြာခင်ပြန်လွှတ်ပေးမှာပါ” လို့တွေးမိတယ်။ ရဲတစ်ယောက်က ကျွန်မကိုဒူးထောက်ဖို့အမိန့်ပေးတာကြားရတော့ ကျွန်မအံ့သြသွားတယ်။ ကျွန်မကငြင်းတော့ ကျွန်မဒူးအနောက်ကို အားနဲ့ကန်လိုက်လို့ ဒူးထောက်လျက်သားဖြစ်သွားတယ်။ အတင်းအကြပ်ဒူးထောက်ခိုင်းပြီးတော့ သူကကျွန်မကိုဆက်ပြီးစစ်တယ်။ မိနစ် ၂၀ လောက်ဒူးထောက်ပြီးတော့ ကျွန်မဒူးတွေနာလာတယ်။ အဲဒါနဲ့ကျွန်မကနည်းနည်းကြွလိုက်တော့ ရဲကကျွန်မမျက်နှာကို စာအုပ်နဲ့လွှဲရိုက်တယ်။ မျက်နှာမှာ ပူခနဲဖြစ်ပြီး နာကျင်မှုကိုခံစားခဲ့ရတယ်။ နားတွေအူသွားတယ် မျက်လုံးမဖွင့်နိုင်ဘူး။ ခဏကြာတော့ ကျွန်မခြေထောက်တွေထုံလာတယ်။ ဆက်ပြီးတောင့်မခံနိုင်တော့လို့ အနောက်ကိုနည်းနည်းမီလိုက်မိတယ်။ သူတို့က ကျွန်မကျောကိုပိတ်ကန်ကြတယ်။ ကျွန်မ နှစ်နာရီလောက် တော်လျှောက်ဒူးထောက်ခဲ့ရပြီး အဲဒီအချိန်တွင်းမှာ သူတို့ကျွန်မကို ထပ်ခါထပ်ခါ ရိုက်နှက်တာ ၁၀ ခါမကခဲ့ပါဘူး။ ပြင်းပြင်းထန်ထန်ရိုက်နှက်ခံရလို့ ကျွန်မခေါင်းတွေမူးပြီး ကြမ်းပြင်ပေါ်လဲကျတော့မလိုတောင်ဖြစ်ခဲ့တယ်။ ကျွန်မခြေထောက်နှစ်ဘက်လုံးက ထုံပြီးတော့ ဘာကိုမှမခံစားရတော့ဘူး။ ပြီးတော့ တခြားအခန်းကနေ အစ်မလုအော်သံကိုလည်းကြားရတယ်။ ကျွန်မသူ့အတွက်အရမ်းစိတ်ပူသွားပြီး သူ့ကိုလည်းဘယ်လိုနှိပ်စက်နေကြလဲမသိဘူး။ ဒီရက်စက်တဲ့နှိပ်စက်မှုတွေကို သူခံနိုင်ပါ့မလားပေါ့။ ကျွန်မရင်ထဲကနေ ဘုရားသခင်ကို တိတ်တိတ်လေးဆုတောင်းခဲ့တယ်။ ကျွန်မတို့ကို ယုံကြည်မှုနဲ့ ခွန်အားကိုပေးအပ်ပြီး သက်သေခံနိုင်အောင် လမ်းပြပေးဖို့တောင်းဆိုခဲ့တယ်။ အချိန်နည်းနည်းကြာတော့ ရဲကကျွန်မကိုပြောတယ် “ဘာလို့မင်းကိုနောက်ဆုံးမှစစ်တာလဲသိလား။ ဘာလို့လဲဆိုတော့ မင်းအတွက်အဆိုးဆုံးနှိပ်စက်နည်းကိုချန်ထားလို့ပဲ။ မင်းဘယ်လောက်နှုတ်ဆိတ်နေနိုင်မလဲကြည့်တာပေါ့။ မင်းနေရာတကာမှာ သာသနာလိုက်ပြုနေတာ။ မင်ကခေါင်းဆောင်ကြီးကြီးတစ်ယောက်ပဲဖြစ်ရမယ်။” တဲ့။ သူအဲဒီလိုပြောတာကြားရတော့ ကျွန်မအရမ်းကြောက်သွားတယ်။ သူတို့ကကျွန်မကိုခေါင်းဆောင်ကြီးကြီးတစ်ယောက်လို့ မှတ်ထားလိုက်ပြီ။ အဲဒီတော့ဘယ်နည်းနဲ့မှ လွှတ်ပေးတော့မှာမဟုတ်ဘူး။ ကျွန်မကိုဘယ်လိုရက်ရက်စက်စက်နည်းလမ်းတွေသုံးပြီး နှိပ်စက်မလဲမသိခဲ့ဘူး။ တခြားညီအစ်ကိုမောင်နှမတွေအဖမ်းခံရတဲ့ အတွေ့အကြုံတွေကို ပြန်စဥ်းစားမိတယ်။ ရဲတွေက ရက်စက်တဲ့နှိပ်စက်နည်းတွေ အကုန်သုံးလေ့ရှိတယ်။ ကျွန်မလည်းအဲဒီလိုနှိပ်စက်ခံရမှာကိုကြောက်မိတယ်။ တွေးမိလေ ကြောက်လေပါပဲ။ ကျွန်မရင်ထဲကနေဘုရားသခင်ကို အသည်းအသန် အကူအညီတောင်းခံရုံပဲတတ်နိုင်ပါတော့တယ်။ “ဘုရားသခင်၊ ရဲတွေကကျွန်မကိုနှိပ်စက်ပြီး အချိန်မရွေးသတ်ပစ်လိုက်မှာ ကြောက်ရွံ့မိပါတယ်။ ကျွန်မကိုလမ်းပြပြီးတော့ ယုံကြည်မှုပေးသနားပါ။” လို့ပြောခဲ့တယ်။ ဆုတောင်းပြီးတော့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို စဥ်းစားခဲ့တယ်။ “သင်သည် ဤအရာ ထိုအရာတို့ကို ကြောက်ရွံ့ခြင်း မရှိအပ်။ မည်မျှများပြားသော အခက်အခဲများနှင့် အန္တရာယ်များ သင်ရင်ဆိုင်ရစေကာမူ၊ ငါ၏ အလိုကို မပိတ်ဆီးဘဲ ဆောင်ရွက်နိုင်ဖို့အလို့ငှာ၊ သင်သည် မည်သည့် အဟန့်အတားမျှဖြင့် ပိတ်ဆို့ခံရခြင်းမရှိဘဲ ငါ၏ရှေ့၌ မြဲမြံလျက် နေနိုင်စွမ်းရှိသည်။ ဤသည်မှာ သင်၏ တာဝန်ဖြစ်သည်။...ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါ၏မစခြင်းဖြင့်၊ အဘယ်သူသည် ဤလမ်းကို တစ်ကြိမ်တစ်ခါမျှ ပိတ်ဆို့နိုင်မည်နည်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၀” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) ဟုတ်တယ်။ ဘုရားသခင်က ကျွန်မနဲ့အတူရှိနေမှတော့ ဘာကိုကြောက်စရာရှိလဲ။ ကျွန်မရဲ့သေရေးရှင်ရေးက ဘုရားသခင်ရဲ့လက်ထဲမှာပါ။ ဘုရားသခင်ရဲ့ခွင့်ပြုချက်မရဘဲ စာတန်က ကျွန်မရဲ့အသက်ကို ကျွန်မဆီကခိုးယူလို့မရပါဘူး။ အဲဒီလိုတွေးမိတော့ ကျွန်မအရမ်းမကြောက်တော့ဘူး။ ကျွန်မရဲ့အသက်ကိုစတေးပြီး ဘုရားသခင်အတွက် သက်သေခံဖို့ စိတ်ပိုင်းဖြတ်နိုင်လာပါတယ်။

ပြီးတော့ရဲတွေက အသင်းတော်အကြောင်းကို ထပ်ပြီးမေးတယ်။ ကျွန်မကမဖြေတော့ ကျွန်မကိုဝိုင်းကန်ကြလို့ လဲကျသွားပြန်တယ်။ သူတို့ငါးယောက်၊ ခြောက်ယောက်လောက်က ကျွန်မကိုဝိုင်းပြီးတော့ ထိုးကြ၊ ကန်ကြတယ်။ ကျွန်မရဲ့ခါး၊ ခေါင်းနဲ့ ခြေထောက်အောက်ပိုင်းတွေကို ရိုက်နှက်ကန်ကြောက်ပြီး ကျွန်မကိုအော်ကြတယ်။ ကျွန်မအရိုက်ခံရတာအရမ်းများလို့ ခေါင်းတစ်ခုလုံး မူးနောက်ပြီးလည်ထွက်နေတယ်။ ကျွန်မကိုရိုက်နေရင်းနဲ့ “မင်းက တော်တော်ငြိမ်နေပါလား။ ဒါပေမဲ့ ငါမင်းကိုပြောအောင်လုပ်မှာ” လို့အော်ပြီးပြောတယ်။ အဲဒီလိုပြောပြီး ကျွန်မကိုလက်ထပ်ခတ်လိုက်တယ်။ ပြီးတော့ ကျွန်မကို ကြမ်းပြင်ပေါ်မှာ ဒူးကိုဖက်ထားပြီး ဆောင့်ကြောင့်ထိုင်ခိုင်းတယ်။ ရဲနှစ်ယောက်က သံတုတ်တစ်ချောင်းယူလာပြီး ကျွန်မဒူးအောက်မှာထားပြီးတော့ “မင်းမပြောလို့ကတော့ မင်းကိုဒီမှာတွဲလောင်းချိတ်ထားပြီး သေတဲ့အထိနှိပ်စက်ပစ်မယ်” လို့ခြိမ်းခြောက်တယ်။ ကျွန်မရင်ထဲမှာပိုကြောက်ပြီး စိတ်ပင်ပန်းလာတယ်။ သူတို့ရဲ့ရက်ရက်စက်စက် ငြင်းပန်းနှိပ်စက်မှုတွေကို ငါခံနိုင်ပါ့မလားပေါ့။ ကျွန်မရဲ့ရင်ထဲမှာတော့ ဘုရားသခင်ကို အသည်းအသန်ငိုယိုအကူအညီတောင်းရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ပါဘူး။ “ဘုရားသခင်၊ ယခုလိုငြင်းပန်းနှိပ်စက်မှုတွေကနေ ကျော်လွှားနိုင်အောင် ကူညီပေးပါ။ ကျွန်မဘယ်လောက်ပဲခံစားရပါစေ စာတန့်ဆီတော့လုံးဝအညံ့မခံဘူး” လို့ပြောခဲ့ပါတယ်။ ရဲတွေက သံတုတ်ကိုကျွန်မရဲ့ဒူးအောက်မှာထည့်ပြီးတော့ အစွန်းတဘက်ကို ပြတင်းပေါက်ဘောင်မှာတင်ပြီးတော့ နောက်တစ်ဘက်ကို စားပွဲပေါ်တင်လိုက်တယ်။ ကျွန်မကိုအဲဒီအတိုင်းတွဲလောင်းချိတ်ထားတယ်။ ကျွန်မခန္ဒာကိုယ်က ဘောလုံးလို ခွေခွေလေးဖြစ်နေတယ်။ ရဲတစ်ယောက်က အားနဲ့ဆောင့်တွန်းပြီး ရှေ့နောက်လွှဲနေတယ်။ နောက်တော့ ကျွန်မပြင်းပြင်းထန်ထန်နာကျင်မှုတစ်ခုကို ခံစားလိုက်ရတယ်။ ကျွန်မလက်ကောက်ဝတ်ကျိုးသွားသလိုပါပဲ။ တစ်ကိုယ်လုံးကသွေးတွေက ခေါင်းထဲရောက်သွားပြီး ကျွန်မမျက်နှာကပူဖောင်းလိုပဲ ယောင်ကိုင်းလာတယ်။ မျက်လုံးတွေကလည်း ဖူးယောင်ပြီးပိတ်နေတယ်။ ဖွင့်လို့မရဘူး။ သူတို့ကတော့ ကျွန်မကိုရှေ့နှောက်လွှဲနေတုန်းပါပဲ။ ကျွန်မနေမကောင်းဖြစ်လာတယ်။ အန်ချင်လာတယ်။ နှလုံးက တဒုန်းဒုန်းခုန်နေပြီး အသက်ကိုမနည်းရှုနေရတယ်။ ပြီးတော့ နှလုံးက ရင်ဘတ်ထဲကခုန်ထွက်သွားတော့မလိုခံစားခဲ့ရတယ်။ ကျွန်မအသက်ရှုရပ်သွားတော့မလိုဖြစ်လာတယ်။ သူတို့ကတော့ ကျွန်မကိုအဲဒီအတိုင်းလွှဲနေတုန်းပဲ။ လုံးဝဆက်ပြီးမခံစားနိုင်တော့တဲ့အဆုံး “တော်ပါတော့။ ကျွန်မကိုအောက်ချပေးပါတော့” လို့အော်လိုက်တယ်။ ရဲတစ်ယောက်က ကျွန်မကိုခြိမ်းခြောက်ပြီး “တော်ပါတော့ဟုတ်လား။ မင်းဝန်ခံရင်ဝန်ခံ။ ဝန်မခံလို့ကတော့ မင်းသေတဲ့အထိဒီတိုင်းတွဲလောင်းဆွဲထားမယ်” လို့ပြောတယ်။ နောက်ရဲတစ်ယောက်ကအော်ပြောတယ် “မင်းရဲ့ဘုရားသခင်အတွက် အမြဲတမ်း ဟိုဒီပြေးလွှားပြီး အလုပ်တွေလုပ်နေတာပဲ။ အခုသူကဘာလို့လာမကယ်တာလဲ” တဲ့။ အဲဒီလိုပြောပြီး သူတို့ကခွက်ထိုးခွက်လန်ရယ်ကြတယ်။ သူတို့ရဲ့မျက်နှာပေါ်က အရိုင်းအစိုင်းအကြည့်တွေကိုမြင်ရတာ ကျွန်မအရမ်းဒေါသထွက်မိတယ်။ ကျွန်မစိတ်ဓာတ်မခိုင်မာခဲ့တာကို မုန်းမိတယ်။ သူတို့ကိုညှာတာဖို့ တောင်းပန်မိတာကိုနောင်တရခဲ့မိတယ်။ သူတို့ကတော့ ကျွန်မကိုရှေ့နောက်ဆက်လွှဲနေတယ်။ ကျွန်မခေါင်းမူးပြီးတော့ သတိလစ်မလိုဖြစ်လာတယ်။ ကျွန်မရင်ထဲကနေ ဘုရားသခင်ကို ငိုယိုပြီးအဆက်မပြတ် အကူညီတောင်းခံဖို့ပဲတတ်နိုင်ပါတော့တယ်။ “ဘုရားသခင်၊ ကယ်တော်မူပါ။ ကျွန်မဒါကိုကြာကြာဆက်တောင့်ခံနိုင်မှာမဟုတ်တော့ဘူး။ ကျွန်မကိုကျေးဇူးပြုပြီး ကာကွယ်ပေးပါ” လို့ပြောခဲ့တယ်။ တစ်နာရီခွဲလောက်ကြာတော့ ရဲတွေကကျွန်မကိုအောက်ချပေးတယ်။ သံချောင်းကိုမဖြုတ်ပေးတဲ့အတွက် ကျွန်မဆောင့်ကြောင့်ပဲထိုင်လို့ရပြီး လှုပ်ရှားလို့မရပါဘူး။ ကျွန်မရဲ့ခြေထောက်တွေထုံနေပြီး ဘာမှမခံစားရတော့ဘူး။ ပြီးတော့ အားနည်းပြီး ခြေထောက်ကလည်း ထော့နင်းထော့နင်းဖြစ်နေတယ်။ ရဲတွေကတော့ အသင်းတော်ရဲ့အချက်အလက်တွေကို အတင်းမေးနေတုန်းပဲ။ ကျွန်မကလည်းဘာမှမပြောပြသေးပါဘူး။ သူတို့ကကျွန်မရဲ့ခေါင်းနဲ့ ကျောကိုထိုးကြတယ်။ ပြီးတော့ ကန်လည်းကန်တယ်။ ကျွန်မကိုမရပ်မနားတမ်း ရိုက်နှက်ပြီးမေးကြတယ်။ ကျွန်မတစ်ကိုယ်လုံးနာကျင်နေပါတယ်။ ရဲတစ်ယောက်ကအော်ပြီးပြောတယ် “မင်းပြောမှာလား မပြောဘူးလား။ မပြောလို့ကတော့ ငါတို့နည်း ငါတို့ဟန်နဲ့မင်းကိုကိုင်တွယ်ရမှာပဲ။ မပြောမချင်း မင်းကိုနောက်တစ်ခေါက် တွဲလောင်းချိတ်ထားမယ” တဲ့။ ရိုးရိုးသားသားပြောရရင် နောက်တစ်ခေါက်ထပ်ပြီး တွဲလောင်းချိတ်ခံရမှာကိုတွေးမိရင် ကျွန်မအရမ်းတုန်လှုပ်ခြောက်ခြားမိတယ်။ ကျွန်မအဲဒီလိုတကယ်ထပ်မခံစားချင်တော့ဘူး။ စိတ်တွေရှုပ်ထွေးလာတယ်။ ကျွန်မပြောလိုက်ရမလား။ ဆက်ပြီးနှုတ်ဆိတ်နေရမလား။ ကျွန်မသာမပြောရင် ရဲတွေကကျွန်မကိုလုံးဝလွှတ်ပေးမှာမဟုတ်ဘူး။ အဲဒီနေရာ အဲဒီညမှာပဲ ကျွန်မသေသွားနိုင်ပါတယ်။ ဒါပေမဲ့ ပြောလိုက်ရင် ဘုရားသခင်ကိုကျောခိုင်းရာရောက်သွားပါလိမ့်မယ်။ အဲဒီအချိန်မှာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေထဲက ဒါကိုတွေးမိပါတယ်။ “သို့ရာတွင် ဆင်းရဲဒုက္ခကြီးစွာ ခံစားရချိန်များတွင် ငါ့အပေါ် စိုးစဉ်းမျှ သစ္စာစောင့်သိမှု မပြသခဲ့သူများအား ငါသည် နောက်ထပ် သနားကြင်နာတော့မည် မဟုတ်ဘဲ ငါ၏ကရုဏာသည် အကန့်အသတ်ရှိကြောင်းကို ငါရှင်းလင်းစေရမည်။ ထို့ပြင် တစ်ချိန်က ငါ့ကို သစ္စာဖောက်ခဲ့သူ မည်သူ့ကိုမျှ ငါနှစ်သက်ခြင်းမရှိ၊ ၎င်းတို့၏မိတ်ဆွေများ၏ အကျိုးအပေါ် သစ္စာဖောက်သူများနှင့် ငါသည် သာ၍ပင် ပတ်သက်ဆက်နွှယ်လိုခြင်း မရှိ။ ထိုသူသည် မည်သူပင်ဖြစ်စေ ဤသည်မှာ ငါ၏စိတ်သဘောထား ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့”) ဘုရားသခင်ရဲ့ဖြောင့်မတ်တဲ့စိတ်သဘောထားက ပုန်ကန်ပြစ်မှားတာကို သည်းခံမှာမဟုတ်ဘူးဆိုတာကို အဲဒီအချိန်မှာကျွန်မခံစားမိတယ်။ မိတ်ဆွေတွေကိုသစ္စာဖောက်တဲ့သူကို ဘုရားသခင်က နှစ်မြို့မှာမဟုတ်ပါဘူး။ ဒီယာယီရုပ်ပိုင်းဆိုင်ရာနာကျင်မှုကနေ လွတ်မြောက်ဖို့ ကျွန်မက ဘုရားသခင်ကိုသစ္စာဖောက်ပြီး ညီအစ်ကိုမောင်နှမတွေကို ကျောခိုင်းခဲ့မယ်ဆိုရင် ဘုရားသခင်ရဲ့အထင်သေးစက်ဆုပ်ခြင်းကိုခံရပြီးတော့ သူ့ရဲ့စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသလိုဖြစ်လိမ့်မယ်။ ယုဒလိုမျိုးပဲ ရှုံ့ချ ပြစ်ဒဏ်ပေးခံရပါလိမ့်မယ်။ ကျွန်မအဲဒီလိုလူစားလုံးဝ အဖြစ်မခံနိုင်ခဲ့ပါဘူး။ ကျွန်မကိုသေတဲ့အထိနှိပ်စက်ရင်တောင်မှပဲ ဘုရားသခင်အတွက် ကျွန်မသက်သေခံဖို့လိုအပ်ပါသေးတယ်။

အဲဒီအတွေးတွေကြောင့် ကျွန်မစိတ်အားတက်လာတယ်ပြီးတော့ နာကျင်မှုကိုတောင့်ခံတယ်လို့သိလာခဲ့တယ်။ သူတို့ ကျွန်မကိုတွဲလောင်းထပ်ချိတ်ပြီး ဒန်းလိုပဲလွှဲနေခဲ့ကြပါတယ်။ ကျွန်မရဲ့လက်ကောက်ဝတ်နဲ့ ဒူးတွေပြုတ်ထွက်သွားတော့မလိုပါပဲ။ နာကျင်လွန်းလို့ ကျွန်မအော်ငိုခဲ့မိပါတယ်။ ကျွန်မတွေးမိတယ် “လူတိုင်းခံစားတတ်တဲ့နှလုံးသားရှိကြပါတယ်။ ငါငိုရင်တော့ သူတို့သနားပြီး အောက်ချပေးလောက်တယ်” လို့ပေါ့။ သူတို့ကပိုပြီးတောင် ကြမ်းကြမ်းတမ်းတမ်း ကျွန်မကိုလွှဲလာတဲ့အတွက် ကျွန်မတုန်လှုပ်ခဲ့ရပါတယ်။ ကျွန်မနေလို့မကောင်းဘဲ အန်ချင်လာတယ်။ အသက်ရှုကြပ်နေသလိုပဲ ခံစားရတယ်။ တော်တော်ကိုနာကျင်ခံစားခဲ့ရပါတယ်။ သူတို့ရဲ့ယုတ်မာရိုင်းစိုင်းမှုတွေကို မြင်ပြီးတော့ ကျွန်မဘယ်လောက်တောင်ရူးမိုက်ပြီး အသိတရားကင်းမဲ့ခဲ့လဲဆိုတာကိုလည်း သဘောပေါက်လာပါတယ်။ အစပိုင်းမှာ ကျွန်မကအသင်းတော်ခေါင်းဆောင်ဆိုတာကိုသာ ဝန်မခံရင် သူတို့ကကျွန်မကို အရမ်းမနှိပ်စက်လောက်ဘူးလို့ထင်ခဲ့တယ်။ မျက်ရည်ခံထိုးဖို့လည်းကြိုးစားခဲ့တယ်။ နောက်ဆုံးမှာတော့ သူတို့မှာ လူ့သဘာဝလုံးဝပျောက်ဆုံးနေတာကို သဘောပေါက်လိုက်ပါတယ်။ အဲဒီအရိုင်းအစိုင်းတွေဟာ လူအသွင်ရှိပေမယ့် ရိုင်းစိုင်းလှတဲ့ စိတ်နှလုံးနဲ့ မကောင်းဆိုးဝါးတွေပါပဲ။ ရဲတွေကကျွန်မကိုဆက်လွှဲပြီးတော့ “ဝန်ခံရင်ဝန်ခံ။ ဝန်ခံရင် အောက်ချပေးမယ်။ မင်းဝန်မခံမချင်း ဇောက်ထိုးဆွဲထားမယ်။ ဆက်ပြီးနှုတ်ဆိတ်နေလို့ကတော့ ဒီမှာသေပြီသာမှတ်လိုက်” လို့အော်ပြောတယ်။ အဲဒီလိုကြားရတော့ အရမ်းကြောက်သွားတယ်။ “ငါကငယ်သေးတယ်။ အခုမှ ၃၀ ကျော်ပဲရှိသေးတာ။ ငါတကယ်ပဲ ဒီညနှိပ်စက်ခံရပြီးသေတော့မှာလား” လို့တွေးမိတယ်။ အဲဒီတစ်ချိန်လုံး “ဘုရားသခင်၊ ကျွန်မကိုကယ်ပါဦး။ ကျွန်မတကယ်ပဲဆက်ပြီး မခံနိုင်တော့ဘူး။ ကျွန်မ စိတ်ဓာတ်ခိုင်မာမှုမရှိတော့ဘဲ ဘုရားသခင်ကိုသစ္စာဖောက်မိမှာကို အရမ်းကြောက်မိပါတယ်။ ဒီမိစ္ဆာတွေရဲ့ ညှင်းပန်းနှိပ်စက်မှုကို ကျော်လွှားနိုင်အောင် ကူညီပေးတော်မူပါ” လို့ပြောပြီး ကျွန်မရဲ့စိတ်နှလုံးထဲကနေ ဘုရားသခင်ကိုတောင်းပန်တိုးလျှိုးနေခဲ့ပါတယ်။ ဆုတောင်းပြီးတော့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေထဲက ဒါကိုတွေးမိပါတယ်။ “ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သော သူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်ကို ငရဲ၌ ဖျက်ဆီးနိုင်သောသူကို သာ၍ ကြောက်ကြလော့။” (ရှင်မဿဲခရစ်ဝင် ၁၀:၂၈) ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက ကျွန်မကိုယုံကြည်မှုနဲ့ ခွန်အားကို ပေးသနားပါတယ်။ ဟုတ်တယ်။ ရဲတွေက ကျွန်မ ကိုယ်ခန္ဓာ ကိုပဲသတ်လို့ရမယ်။ ကျွန်မရဲ့စိတ်ဝိညာဥ်ကိုတော့ ဖျက်ဆီးလို့မရပါဘူး။ ကျွန်မရဲ့ဖြစ်တည်မှုတစ်ခုလုံးက ဘုရားသခင်ရဲ့လက်ထဲမှာပါ။ ဒီလူတွေဘယ်လောက်ပဲ ကျွန်မကိုနှိပ်စက်ပါစေ၊ ဘုရားသခင်ကသာ ခွင့်မပြုရင် သူတို့ကျွန်မကိုသတ်လို့မရပါဘူး။ ကျွန်မရဲ့ကိုယ်ပိုင်ဘဝကို အရမ်းချစ်ခဲ့တဲ့အတွက် စာတန်က ကျွန်မရဲ့အားနည်းချက်တွေကို အသုံးချပြီး ကျွန်မကိုတိုက်ခိုက်ခဲ့တာကိုလည်း သဘောပေါက်လာခဲ့ပါတယ်။ ကျွန်မ ဘုရားသခင်ကိုသစ္စာဖောက်အောင်လို့ ဖိအားပေးနေခဲ့ပါတယ်။ ကျွန်မသာဘုရားသခင်ကိုသစ္စာဖောက်ပြီး ယုဒလိုဖြစ်လာခဲ့မယ်ဆိုရင် ထာဝရအဆုံးထိ ပြစ်တင်ရှုံ့ချခြင်းကိုခံရမှာပါ။ ဒါပေမဲ့ ဘုရားသခင်အတွက်သာ ကျွန်မသက်သေခံခဲ့မယ်ဆိုရင် ကျွန်မသေတဲ့အထိနှိပ်စက်ခံရမယ်ဆိုရင်တောင် အဲဒါက ဖြောင့်မတ်မှုရဲ့အကျိုးအတွက် အသက်စွန့်ရတာဖြစ်ပြီးတော့ ကျွန်မအသက်ပေးခဲ့ခြင်းက အဓိပ္ပါယ်ရှိနေမှာပါ။ အဲဒီလိုတွေးမိလာတဲ့အတွက် ကျွန်မမကြောက်တော့ပါဘူး။ ကျွန်မရဲ့ခေါင်းက အားမရှိတော့ဘဲ ထိုးစိုက်နေပြီးတော့ မျက်လုံးတောင်မဖွင့်နိုင်တော့တာကို ရဲတွေကတွေ့သွားတယ်။ ကျွန်မသေသွားရင် သူတို့အမှုပတ်မှာစိုးလို့ ကျွန်မကိုအောက်ချပေးတယ်။ အားနည်းချိနဲ့ပြီး ထော့နင်း ထော့နင်းဖြစ်နေတယ်။ ကျွန်မသေရတော့မလို ခံစားခဲ့ရပါတယ်။ သူတို့ကတော့ အသင်းတော်အကြောင်းမေးခွန်းတွေမေးနေတုန်းပါပဲ။ ကျွန်မအရမ်းကြောက်ခဲ့တယ်။ နောက်တစ်ခေါက်ထပ်ပြီး တွဲလောင်းချိတ်ခံရမှာကိုကြောက်ခဲ့ပါတယ်။ အဲဒါကိုတွေးမိတာနဲ့တင် တော်တော်ဆိုးရွားပြီးတော့ ကျွန်မရဲ့စိတ်နှလုံးကို ကြောက်စိတ်ကလွှမ်းမိုးနေပါတယ်။ သူတို့ကဘယ်လောက်တောင် ရက်စက်ရိုင်းစိုင်းလဲဆိုတာိကု ကျွန်မတွေ့ခဲ့ရပြီးတော့ ဘယ်နှစ်ခေါက်လောက်များ ကျွန်မကိုချိတ်ထားမလဲမသိပါဘူး။ အဲဒီအတိုင်းသာထပ်လုပ်နေမယ်ဆိုရင် ကျွန်မနောက်နေ့မကူးခင်သေသွားမှာပါ။ ကျွန်မရှိသမျှအားနဲ့ ဘုရားသခင်ကိုဆုတောင်းခဲ့ပါတယ်။ အတွေ့အကြုံဆိုင်ရာ ဓမ္မတေးတစ်ပုဒ်ကို စိတ်ထဲတွေးမိခဲ့ပါတယ်။ “ကျွန်ုပ်၏ ချစ်ခြင်းနှင့် သစ္စာစောင့်သိခြင်းကို ဘုရားသခင်အား ကျွန်ုပ်ပေးကာ၊ ဘုရားသခင်ကို ဘုန်းထင်ရှားစေဖို့ ကျွန်ုပ်၏ တာဝန်ကို ဖြည့်ဆည်းမည်။ ဘုရားသခင်အပေါ် သက်သေခံချက်အတွက် ရပ်တည်ကာ စာတန်ကို လုံးဝ အလျှော့မပေးဖို့ ကျွန်ုပ် စိတ်ပိုင်းဖြတ်ထားသည်။ အို ကျွန်ုပ်၏ ဦးခေါင်းကွဲကြေပြီး သွေးများ စီးဆင်းနိုင်၏၊ သို့သော် ဘုရားသခင်၏ လူတို့၏ သတ္တိသွေးများ မဆုံးရှုံးနိုင်ပေ။ ဘုရားသခင်၏ တိုက်တွန်းမှုက စိတ်နှလုံးတွင် တည်ထားသည်၊ နတ်ဆိုးစာတန်ကို အရှက်ရစေရန် ကျွန်ုပ် ဆုံးဖြတ်သည်။ နာကျင်ခြင်းနှင့် ဆင်းရဲဒုက္ခများကို ဘုရားသခင် ကြိုတင်ပြဠာန်းထားပေ။ ကိုယ်တော့်ကို သေသည်အထိ သစ္စာရှိပြီး နာခံမည်။ ဘုရားသခင်ကို တစ်ဖန် ဘယ်သောအခါမျှ ကျွန်ုပ် မျက်ရည်ကျစေမည် မဟုတ် သို့မဟုတ် စိုးရိမ်စေမည် မဟုတ်ပေ။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “ဘုရားသခင်၏ ဘုန်းကြီးသော နေ့ကို ကျွန်ုပ် မြင်တွေ့လိုသည်”) ကျွန်မရဲ့စိတ်နှလုံးထဲမှာ အဲဒီသီချင်းကိုစဆိုပြီးတော့ ကျွန်မဟာ သူရဲဘောကြောင်တဲ့သူတစ်ယောက် လုံးဝမဖြစ်စေရဘူးလို့ စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။ ဘုရားသခင်ရဲ့လူသားတွေထဲကတစ်ယောက်လိုမျိုး ကျွန်မမှာ စိတ်ဓာတ်ကျောရိုးခိုင်မာမှုရှိရမယ်။ ပြီးတော့ စာတန့်ဆီမှာ အညံ့ခံလို့လုံးဝမဖြစ်ဘူး။ ကျွန်မဘယ်လောက်ပဲခံစားရပါစေ ဘုရားသခင်အတွက် သက်သေခံဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်မရဲ့ယုံကြည်မှုဖြစ်ခဲ့တဲ့ နှစ်တွေအားလုံးမှာ ဘုရားသခင်နှုတ်ကပတ်တော်တွေရဲ့ ရေလောင်းပေါင်းသင်မှုနဲ့ အာဟာရထောက်ပံ့မှုတွေမှာ ဘယ်လိုမွေ့လျော်ခဲ့လဲဆိုတာကို စဥ်းစားမိခဲ့တယ်။ ဘုရားသခင်ဟာ ကျွန်မကိုသန့်စင်စေပြီး ပြောင်းလဲပေးဖို့ အများကြီးရင်းနှီးခဲ့ပါတယ်။ ဒါပေမဲ့ တာဝန်ထမ်းဆောင်ရာမှာ အခက်အခဲတွေနဲ့ ပင်ပန်းဆင်းရဲမှုတွေကို ကြံ့ကြံ့ခံရမယ့်အချိန်မှာ ကျွန်မရဲ့ဇာတိပကတိအတွက်ပဲ စိုးရိမ်နေခဲ့တယ်။ ကျွန်မရဲ့တာဝန်ကိုကျေပွန်အောင်မထမ်းဆောင်နိုင်ခဲ့ပါဘူး။ ကျွန်မရဲ့စိတ်နှလုံးထဲမှာ ဘုရားသခင်ကို အကြွေးတင်နေသလို ခံစားခဲ့ရတယ်။ ကျွန်မသာအသက်ရှင်လျက်လွတ်မြောက်နိုင်ခဲ့မယ်ဆိုရင်တော့ ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကိုပြန်ပေးဆပ်ပြီးတော့ ကျွန်မရဲ့တာဝန်ကိုကျေပွန်အောင် သေချာပေါက်ထမ်းဆောင်ရမှာပါ။

ရဲတွေကကျွန်မကို တတိယအကြိမ်ထပ်ပြီး ချိတ်ထားပြန်ပါတယ်။ ကျွန်မခေါင်းကပွင့်ထွက်သွားတော့မလိုခံစားခဲ့ရတယ်။ ကျွန်မရဲ့ခြေတွေလက်တွေက တဆစ်ဆစ်နဲ့နာကျင်နေတယ်။ အဲဒီအချိန် ဒေသရဲချုပ်က သူတော်ကောင်းယောင်ဆောင်ပြီး ပြောသေးတယ် “တစ်ခုခုပြော။ မင်းသိသမျှငါတို့ကိုပြောပြရင် မင်းဘာမှမဖြစ်စေရဘူးလို့ အာမခံတယ်” တဲ့။ ကျွန်မသူ့ကိုပြန်မဖြေခဲ့ပါဘူး။ ရဲတစ်ယောက်က သံတုတ်ယူပြီး ကျွန်မခြေကျင်းဝတ်ကိုရိုက်လိုက်တယ်။ နာလွန်းလို့ ကျွန်မထအော်မိပါတယ်။ သူတို့ကတော့ ကျွန်မကိုရှေ့နောက်ဆက်လွှဲနေကြတုန်းပဲ။ အဲဒါကအရမ်းနာကျင်ရပါတယ်။ သေသွားတာတောင်ကောင်းပါဦးမယ်။ ကျွန်မလုံးဝမခံနိုင်တော့ဘဲ သေဖို့ကိုတွေးမိလာခဲ့တယ်။ ပြင်းထန်လှတဲ့ နာကျင်ခံစားရမှုကနေ လွတ်မြောက်ဖို့ ကျွန်မသေဖို့တောင့်တခဲ့ပါတယ်။ ရဲတစ်ယောက်က ကျွန်မမျက်လုံးတွေမှိတ်ထားတာကိုတွေ့ပြီး “သူ့ဘုရားဆီကို ဆုတောင်းနေတာ တွေ့လား” လို့ပြောတယ်။ အဲဒါကိုကြားလိုက်ရတော့ ကျွန်မအသိစိတ်ပြန်ဝင်လာပြီးတော့ “ငါဘာလို့များ ဘုရားသခင်ကို အားကိုးဖို့မစဥ်းစားခဲ့တာလဲ” လို့တွေးမိတယ်။ ကျွန်မ ဘုရားသခင်ရဲ့ရှေ့မှောက်ကို အမြန်သွားပြီး “ဘုရားသခင်၊ နာကျင်ခံစားရမှုတွေရဲ့ ဒဏ်ကိုခံရတဲ့အချိန်မှာ ကျွန်မအနေနဲ့ဒါကိုပြီးဆုံးချင်စိတ်ပဲရှိခဲ့ပါတယ်။ ကျွန်မရဲ့အသက်ကိုနုတ်ယူသွားဖို့ကိုတောင် မလျော်မကန် တောင်းဆိုခဲ့မိပါတယ်။ ဒီရဲကနေတစ်ဆင့် ကျွန်မကိုသတိပေးတာ ကျေးဇူးတင်ပါတယ် ဘုရားသခင်။ ကျွန်မမသေချင်တော့ပါဘူး။ ဘုရားသခင်ကိုအားကိုးပြီးတော့ ဘာပဲဖြစ်လာ ဖြစ်လာ ရင်ဆိုင်သွားပါ့မယ်” လို့ဆုတောင်းခဲ့ပါတယ်။ ဆုတောင်းပြီးတော့ ဘုရားသခင်နှုတ်ကပတ်တော်တွေထဲက ဒါကိုသွားသတိရပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နောက်ဆုံးသောကာလ၏ လူစုထဲက ငါ၏အမှုသည် မကြုံစဖူးသော လုပ်ငန်းတစ်ခု ဖြစ်ပြီး၊ ထို့ကြောင့်၊ ငါ၏ဘုန်းအသရေသည် စကြဝဠာကို ပြည့်နိုင်ဖို့အလို့ငှာ၊ လူအားလုံးသည် ငါ့အတွက် နောက်ဆုံးသော ဆင်းရဲဒုက္ခကို ခံစားကြရမည်။ သင်တို့သည် ငါ၏ အလိုကို နားလည်ကြသလော။ ဤသည်မှာ လူသားနှင့်သက်ဆိုင်သည့် ငါပြုသော နောက်ဆုံးသတ်မှတ်ချက်ဖြစ်သည်၊ ဆိုလိုသည်မှာ လူအားလုံးသည် အဆင်းနီသောနဂါးကြီးရှေ့တွင် အားကောင်းသည့်၊ ထူးကဲသော သက်သေကို ခံနိုင်ကြရန်၊ ၎င်းတို့သည် နောက်ဆုံးသော အကြိမ် မိမိတို့ကိုယ်ကိုယ် ငါ့အတွက် ပူဇော်နိုင်ပြီး၊ နောက်ဆုံးအကြိမ် ငါ၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ငါမျှော်လင့်သည်။ သင်တို့သည် ဤအရာကို အမှန်တကယ် လုပ်ဆောင်နိုင်ကြသလော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၃၄” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ) အဲဒီခက်ခဲကြမ်းတမ်းမှုတွေနဲ့ ကြုံတွေပြီးတော့ ကျွန်မအဲဒါကိုနားလည်လာခဲ့ပါတယ်။ ဘုရားသခင်ရဲ့အလိုတော်က စာတန်ကို အရှက်တကွဲဖြစ်စေဖို့ သူ့ရှေ့မှာတင် ဘုရားသခင်အတွက် သက်သေခံစေချင်တာပါ။ ဒါပေမဲ့ ကျွန်မရဲ့ခန္တာကိုယ်နာကျင်ရမှုကိုပဲ သက်သာချင်ခဲ့ပြီးတော့ ဘုရားသခင်ကို ကျွန်မရဲ့အသက်ကို နုတ်ယူဖို့တောင်းဆိုခဲ့ပါတယ်။ သေခြင်းကနေတစ်ဆင့် လွတ်မြောက်ရဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒါက သက်သေခံတာလုံးဝမဟုတ်ပါဘူ။ ဘုရားသခင်မနှစ်မြို့အောင်လုပ်မိပြီလို့ ခံစားခဲ့ရပါတယ်။ စာတန်က ဒီရက်စက်လှတဲ့ နှိပ်စက်ငြှင်းပန်းမှုကို အသုံးပြုပြီးတော့ ကျွန်မကိုချိုးဖျက်ပြီး ဘုရားသခင်ကို သစ္စာဖောက်အောင်လုပ်နေတာပါ။ အဲဒီလိုနဲ့ နောက်ဆုံးမှာ ကျွန်မဟာငရဲကျပြီးတော့ အဲဒီမကောင်းမှုနဲ့အတူတူ ဖျက်ဆီးခံရဖို့အတွက်ပါ။ သေခြင်းကိုလိုလားတာက စာတန်ရဲ့လှည့်ကွက်ထဲ သားကောင်အဖြစ်ကျရှုံးတာပဲမဟုတ်ဘူးလား။ အဲဒါကိုစဥ်းစားမိတော့ ဒီတစ်ခါတော့ ဘုရားသခင် ကျေနပ်နှစ်သက်အောင်လုပ်မယ်လို့ ကျွန်မစိတ်ပိုင်းဖြတ်နိုင်ခဲ့ပါတယ်။ ရဲတွေကျွန်မကိုဘယ်လိုပဲနှိပ်စက်ပါစေ စာတန်အရှက်တကွဲဖြစ်ပြီးတော့ သက်သေခံနိုင်ဖို့ ဘုရားကိုအားကိုးပြီးတော့ ခိုင်ခိုင်မာမာယုံကြည်သွားမှာပါ။ ကျွန်မဘုရားသခင်ရဲ့ရှေ့မှောက်ကိုသွားပြီးတော့ “ဘုရားသခင်၊ ရဲတွေကကျွန်မကိုဘယ်နှစ်ခေါက်ပဲ တွဲလောင်းချိတ်ထားပါစေ၊ သက်သေခံနိုင်ဖို့အတွက် အရှင့်ကိုပဲအားကိုးသွားပါမယ်” လို့စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။ တစ်နာရီခွဲလောက်ကြာတော့ ရဲတွေကကျွန်မကိုအောက်ချပေးတယ်။

အဲဒါပြီးတော့ ရဲတွေက လှည့်ကွက်တွေသုံးပြီးတော့ ကျွန်မကိုချော့မေးဖို့လုပ်တယ်။ “မင်းနဲ့အတူဖမ်းမိတဲ့သူက ငါတို့ကိုအကုန်လုံးပြောပြီးတာ ကြာလှပြီ။ ဒီမှာမင်းပဲကျန်တော့တာ။ အဲဒီတော့ပြောစရာရှိတာကို ပြောတော့။” လို့သူတို့ကပြောတယ်။ စာတန်ကကောက်ကျစ်တယ်ဆိုတာကို ကျွန်မသိခဲ့ပါတယ်။ သူကဒီနည်းလမ်းကိုအသုံးပြုပြီးတော့ ညီအစ်ကိုမောင်နှမတွေကို ကျွန်မသစ္စာဖောက်အောင် လှည့်ဖျားနေတာပါ။ “ငါသူတို့ကိုလုံးဝသစ္စာမဖောက်ဘူး။ ငါလုံးဝသစ္စာမဖောက်ဘူး။ လူမဆန်တဲ့နှိပ်စက်မှုတွေကိုသူတို့ကို မခံခိုင်းဘူး” လို့။ ကျွန်မအံကိုကြိတ်ပြီး ဆက်လက် နှုတ်ဆိတ််နေခဲ့ပါတယ်။ မိနစ်နည်းနည်းကြာတော့ ကျွန်မသန့်စင်ခန်းသွားဖို့တောင်းဆိုခဲ့ပါတယ်။ ရဲတစ်ယောက်က အကျင့်ယုတ်ပြီး လှမ်းအော်တယ် “အောင့်ထား” တဲ့။ တခြားရဲတစ်ယောက်က ရယ်ပြီးတော့ပြောတယ် “တကယ်မအောင့်နိုင်တော့ရင် ကြမ်းပြင်ပေါ်ပေါက်ချလိုက်” တဲ့။ နောက်ထပ်မိနစ်နှစ်ဆယ်ကျော်ကြာတဲ့အထိ ကျွန်မသန့်စင်ခန်းသွားဖို့ လေးခါပြောခဲ့ပါတယ်။ ရဲတွေကပေးမသွားခဲ့ပါဘူး။ နောက်ဆုံးတော့ ကျွန်မမအောင့်ထားနိုင်တော့ဘူး။ ကျွန်မဘောင်းဘီထဲမှာပဲ အပေါ့သွားခဲ့မိပါတယ်။ ရဲငါးယောက်က ကျွန်မအနားဝိုင်းလာပြီးတော့ “ကြည့်စမ်း။ ဒီမိန်းမ သေးပေါက်ချလိုက်ပြီ” လို့ပြောတယ်။ သူတို့ရဲ့ လှောင်ပြောင်စော်ကာားမှုကိုကြားရတာ ကျွန်မ အရမ်းကိုအရှက်ရမိပါတယ်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ကို ရဲတစ်ယောက်ကယူပြီးတော့ ဆီးအိုင်ထဲကိုပစ်ထည့်လိုက်တယ်။ ပြီးတော့ ကျွန်မကို ဘုရားနှုတ်ကပတ်တော်တွေအပေါ် တက်နင်းခိုင်းပြီးတော့ တံတွေးနဲ့ထွေးခိုင်းတယ်။ ကျွန်မအပြင်းအထန်ငြင်းဆန်ခဲ့ပါတယ်။ အဲဒါနဲ့ သူကတက်နင်းပြီးတော့ သူ့ခြေထောက်နဲ့ နင်းခြေခဲ့ပါတယ်။ ပြီးတော့သူက ရိုင်းစိုင်းလှတဲ့ စပ်ဖြဲဖြဲမျက်နှာပေးနဲ့ “ကြည့်စမ်း။ ငါတက်နင်းလိုက်တာ ဘာမှမဖြစ်ဘူး။ မင်းအဲဒါကိုတက်နင်းရင် လွှတ်ပေးမယ်။ ပြီးတော့ ဘုရားသခင်ကို မင်းယုံကြည်မှုအရလုပ်တာတွေကို ဘာမှမထောက်လှမ်းတော့ဘူး” လို့ပြောတယ်။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို သူတက်နင်းပြီးတော့ ဘုရားသခင်ကို ပစ်မှားစော်ကားနေတာကိုမြင်ရတဲ့အချိန်မှာ ကျွန်မရဲ့စိတ်နှလုံးမှာ မကောင်းဆိုးဝါးစာတန်ကို မုန်းတီးတဲ့စိတ်တွေပြည့်လာပါတယ်။ “တံတွေးလည်းမထွေးဘူး။ တက်လည်းမနင်းဘူး” လို့ကျွန်မအော်လိုက်တယ်။ သူကပြောတယ် “တံတွေးနဲ့မထွေးရင် ဆဲလို့လည်းရတယ်။ ငါကပြောပြမယ်။ မင်းကငါ့လိုလိုက်ပြော။ မင်းဆဲရင်ကိုပဲ ငါမင်းကိုလွှတ်ပေးမယ်” လို့ပြောတယ်။ ကျွန်မ မခံမရပ်နိုင်ဖြစ်လာပြီးတော့ “မဆဲနိုင်ဘူး” လို့ပြောခဲ့တယ်။ ရဲတစ်ယောက်က “မင်းကအာဇာနည်ဘွဲ့ခံချင်တာလား။ မင်းလိုလူတွအသတ်ခံရလည်း ဘယ်သူမှဂရုမစိုက်ဘူး။ မင်းမပြောလို့ကတော့ မင်းဘဝဆုံးပြီသာမှတ်လိုက်တော့။ ရှစ်နှစ်ကနေ ဆယ်နှစ်အထိထောင်ကျမှာ။ အခုပြောမလား မပြောဘူးလား” တဲ့။ ကျွန်မစဥ်းစားတယ် “ငါရှစ်နှစ်ကနေ ဆယ်နှစ်အထိထောင်ကျခဲ့ရင်တောင်မှ ညီအစ်ကိုမောင်နှမတွေကို ငါသစ္စာမဖောက်ဘူး။ ဘုရားကိုကျောမခိုင်းဘူး” လို့။ ကျွန်မအဲဒီလိုစိတ်ပိုင်းဖြတ်မှုကိုရရှိပြီးတဲ့အချိန်မှာပဲ ရဲတစ်ယောက်က “ထပ်မစစ်နဲ့တော့” လို့ရုတ်တရက်ထပြောတယ်။ ကျွန်မခေါင်းကိုမော့ကြည့်လိုက်တော့ သူတို့ရဲ့စိတ်ပျက်လက်ပျက်မျက်နှာတွေကို မြင်ရပြီး ကျွန်မ စိတ်ခံစားမှုတွေနဲ့ ပြည့်သွားတယ်။ ကျွန်မအသက်ကိုစတေးချင် စတေးရပါစေ ဘုရားသခင်ကိုသစ္စာမဖောက်ဖို့ စိတ်ပိုင်းဖြတ်လိုက်တဲ့အချိန်မှာပဲ စာတန်ဟာ လုံးဝကိုအရှက်တကွဲ အရေးနိမ့်သွားခဲ့ရပါတယ်။

နောက်ဆုံးကျတော့ “အများပြည်သူတည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက်မှု” နဲ့ကျွန်မကို ဆယ်ရက်ဖမ်းထားပါတယ်။ ပြန်လွတ်တဲ့အခါကျတော့ ရဲတစ်ယောက်က “ဒီကလွတ်ရင် ဘုရားသခင်ကိုဆက်မကိုးကွယ်နဲ့တော့။ နောက်တစ်ခါထပ်ဖမ်းခံရင် မင်းကိုထောင်ဒဏ်ချပြီသာမှတ်” လို့ခြိမ်းခြောက်ပြီးပြောတယ်။ မတရားမှုအတွက် ကျွန်မဒေါသထွက်ခဲ့ရပြီးတော့ “ကျွန်မကဘုရားသခင်ကိုယုံကြည်ပြီးတော့ မှန်ကန်တဲ့ဘဝလမ်းကြောင်းကိုလျှောက်လှမ်းတယ်။ ရှင်တို့ကကျွန်မကိုဖမ်းပြီးတော့ နှိပ်စက်တယ်။ ဘုရားသခင်ကိုငြင်းပယ်ပြီး သူ့ကိုကျောခိုင်းဖို့ အတင်းအကြပ်ဖိအားပေးခဲ့ကြတယ်။ ကျွန်မကိုလွှတ်ပေးလိုက်ပေမယ့်လည်း ရှင်တို့က ကျွန်မကို တကယ်လွှတ်ပေးတာမဟုတ်သေးပါဘူး။ ရှင်တို့က ယုတ်မာမိုက်ရိုင်းတဲ့သူတွေပဲ” လို့တွေးမိပါတယ်။ ကွန်မြူနစ်ပါတီရဲ့ မကောင်းဆိုးဝါးဆန်တဲ့သဘာဝနဲ့ ဘုရားသခင်ကိုဘယ်လိုဆန့်ကျင်ပြီး လူတွေကိုဒုက္ခပေးလဲဆိုတာကိုကျွန်မ တွေ့ခဲ့ရတယ်။ ကျွန်မပိုပြီးသိမြင်လာသလို သူတို့တွေ နောက်ဆိုကျွန်မကို လှည့်ဖျားလို့မရတော့ပါဘူး။ ပြီးတော့ ကျွန်မအတွက် ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာနဲ့ ကယ်တင်ခြင်းကိုလည်း ကျွန်မကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီမကောင်းဆိုးဝါးတွေရဲ့ ရက်စက်တဲ့နှိပ်စက်ငြှင်းပန်းမှုတွေနဲ့ ကြုံတွေ့ရပြီးတော့ ကျွန်မရဲ့ခန္ဒာကိုယ်က ဆက်ပြီးတောင့်မခံနိုင်တော့အခါမှာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက ကျွန်မကိုအသိဉာဏ်ပေးခဲ့ပြီးတော့ သူတို့ရဲ့ရက်စက်မှုတွေကို အောင်နိုင်ဖို့ လမ်းပြပေးခဲ့ပါတယ်။ ကျွန်မရဲ့ယုံကြည်မှုက အများကြီးပိုခိုင်မာလာတာကို ခံစားမိတယ်။ ဘုရားသခင်က ဘယ်လောက်တောင် ဉာဏ်အမြော်အမြင်ကြီးလဲဆိုတာကိုလည်း တွေ့ခဲ့ရပါတယ်။ ဘုရားသခင်က ကျွန်မတို့ကို သူ့ရဲ့နှုတ်ကပတ်တော်တွေနဲ့ လမ်းပြထောက်ပံ့ပေးရုံတင်မကဘဲ လူတွေ၊ အဖြစ်အပျက်တွေနဲ့ အခြေအနေတွေကိုလည်း လိုသလိုကြိုးကိုင်ပြီးတော့ ကျွန်မတို့ကို သင်ခန်းစာတွေပေးပါတယ်။ ကျွန်မတို့ ထိုးထွင်းသိမြင်နိုင်ပြီးတော့ အသိတရားပိုရလာအောင် စာတန်ရဲ့ကြိုးပမ်းမှုတွေကို အသုံးချပြီးတော့ လေ့ကျင့်ပေးပါတယ်။ ကျွန်မလည်း ဘုရားသခင်ရဲ့ကြင်နာမှုနဲ့ ကျွန်မကိုကယ်တင်ဖို့ ဘုရားသခင်ရဲ့အလေးအနက်အားထုတ်မှုတို့ကို တကယ်ကြုံတွေ့ခံစားခဲ့ရပါတယ်။ ဒါတွေအကုန်လုံးကို ကြုံတွေ့ဖြတ်သန်းခဲ့ရတာက ဘုရားသခင်ရဲ့ ထူးခြားတဲ့ကောင်းချီးတစ်ခုပဲဆိုတာကိုလည်း ကျွန်မလေးလေးနက်နက်ခံစားမိပါတယ်။ အနာဂတ်မှာ ဘယ်လိုအခြေအနေတွေနဲ့ပဲကြုံတွေ့ရပါစေ ကျွန်မရဲ့ယုံကြည်မှုကို ဆုပ်ကိုင်ပြီးတော့ ဘုရားသခင်နောက်ကိုပဲ အဆုံးစွန်ထိလိုက်မှာပါ။ ကျွန်မရဲ့တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်ပြီး ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်နိုင်ဖို့ ကျွန်မစိတ်ပိုင်းဖြတ်ထားပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

နောက်ဆုံးတွင် ကျွန်မ တာဝန်ကို မည်သို့ဖြည့်ဆည်းရမည်ကို ကျွန်မ သိပြီ

ရှင်းချန် အီတလီနိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူသည် တဖြည်းဖြည်း ပြောင်းလဲသည်မှာ သူ၏တာဝန်ကို လုပ်ဆောင်ခြင်း...

အသည်းကင်ဆာရရှိခြင်းမှ သင်ယူရရှိခဲ့သည့် သင်ခန်းစာများ

လီယွန် တရုတ်နိုင်ငံ ကျွန်တော် ခရစ်ယာန်ဖြစ်ပြီးသည့်နောက်မှာ တရုတ်ကွန်မြူနစ်ပါတီက ဖမ်းသည်ကို သုံးလေးကြိမ်လောက် ခံရသော်လည်း၊ သခင့်ကို...

ကျွန်မ၏သား ဆုံးပါးသွားပြီးနောက်

ဝမ်လီ တရုတ်နိုင်ငံ ၂၀၁၄ ခုနှစ် ဇွန်လ ရက်တစ်ရက်မှာ၊ ကျွန်မသမီးက မမျှော်လင့်ဘဲ ဖုန်းဆက်ပြီး ကျွန်မသားက ငါးဖမ်းနေတုန်းမှာ ဓာတ်လိုက်ခံရတယ်လို့...

သန့်ရှင်းသောဝိညာဉ်တော်သည် အခြေခံသဘောတရားအရ အလုပ်လုပ်သည်

ကင်ရှပ်တင်၊ ရှန်ဒေါင်စီရင်စု အချိန်အတော်ကြာသည်အထိ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ကျွန်မဖတ်သည့်အချိန်တိုင်း၊ ကျွန်မသည် အလင်းကို မခံစားရပေ။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။