ရုတ်တရက်ဖြစ်သော မျက်စိရောဂါက ရိုက်ခတ်သောအခါ

15.11.2024

၂၀၀၂ ခုနှစ် အစောပိုင်းမှာ၊ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မလက်ခံခဲ့တယ်။ သိပ်မကြာခင်မှာပဲ၊ ဧဝံဂေလိကို ကျွန်မ စဖြန့်ပြီး လူသစ်တွေကို ရေလောင်းတယ်။ ဘုရားကို ယုံကြည်ခြင်းနဲ့ ပြည့်ခဲ့သလို၊ ကျွန်မတာဝန်တွေကို တစ်နေ့ပြီးတစ်နေ့ ဆက်တိုက်လုပ်ခဲ့တယ်။ နေပူသည်ဖြစ်စေ၊ မိုးရွားသည်ဖြစ်စေ၊ လေတိုက်သည်ဖြစ်စေ၊ နှင်းကျသည်ဖြစ်စေ၊ ဘယ်အရာကမှ ကျွန်မတာဝန်တွေကို မလုပ်အောင် တားလို့မရဘူး။ တစ်ခါ ကျွန်မ ဧဝံဂေလိ ဖြန့်နေတုန်းမှာ၊ ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိတဲ့သူက ကျွန်မကို ငြင်းရုံမက ကျွန်မကို လက်ညိုးထိုး ဆဲဆိုပြီး ရဲခေါ်မယ်လို့ ခြိမ်းခြောက်ခဲ့တာကိုလည်း သတိရမိသေးတယ်။ ကျွန်မ အဲဒီအချိန်မှာ အရမ်းအရှက်ရပြီး၊ အပျက်သဘောဆောင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မကိုယ့်ဘာသာ တွေးမိတယ်။ “ဧဝံဂေလိ ဖြန့်တဲ့အတွက် လှောင်ပြောင်၊ စော်ကားတာတွေကို ငါ သည်းညည်းခံနိုင်ရင်၊ ဘုရားက ငါ့ကို ကောင်းချီးပေးမှာ သေချာတယ်”လို့ပေါ့။ ဒီအတွေးနဲ့ ကျွန်မ စိတ်သက်သာရာရပြီး ကျွန်မတာဝန်တွေကို ဆက်လုပ်ခဲ့တယ်။ နှစ်တွေကုန်သွားပြီး၊ ကျွန်မတာဝန်ကို လုပ်တဲ့ ဒီအချိန်တစ်လျှောက်မှာ၊ ကျွန်မရဲ့ဇာတိခန္ဓာက ဒုက္ခခံစားရပြီး ကျွန်မရဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားစိတ် ထိခိုက်ခဲ့ပေမဲ့၊ ဘုရားဆီကနေ ကောင်းချီးအများကြီးနဲ့ ကျေးဇူးတော်ကိုလည်း မွေ့လျော်ခံစားခဲ့ရတယ်။ ဘုရားကို ယုံကြည်ခဲ့တဲ့ ဒီနှစ်တွေမှာ၊ ကျွန်မရဲ့ မိသားစုက ငြိမ်သက်ခြင်းကို တွေ့ကြုံခံစားခဲ့ရပြီး၊ ကပ်ဘေး ဒါမှမဟုတ် အခက်အခဲတွေကနေ လွတ်ခဲ့တယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်။ “ဘုရားအပေါ် ငါ့ရဲ့ ယုံကြည်ခြင်းက စစ်မှန်တာ သေချာပါတယ်” ပေါ့။ ကျွန်မ ဝမ်းသာနေတုန်းမှာပဲ၊ မမျှော်လင့်တဲ့အရာတစ်ခု ဖြစ်ခဲ့တယ်။

၂၀၀၈ ခုနှစ် ဇွန်လမှာပေါ့။ ကျွန်မမျက်စိက ရုတ်တရက် နည်းနည်း မှုန်သွားတယ်။ တစ်ခုခုက ကာထားသလိုမျိုးပဲ။ မျက်လုံးယားတာလောက်ပဲ ဖြစ်မှာပါလို့ တွေးမိတယ်။ အဲဒါနဲ့ ကျွန်မ အာရုံ သိပ်မစိုက်ခဲ့ဘဲ ကိုယ့်တာဝန်တွေကို ပုံမှန်အတိုင်း ဆက်လုပ်နေခဲ့တယ်။ ဘုရားကို ကျွန်မ ယုံကြည်တာကြောင့်၊ ဘုရားက ကျွန်မကို ကာကွယ်ပေးမှာဖြစ်ပြီး နေမကောင်းဖြစ်ရင်တောင်၊ ကျွန်မတာဝန်တွေကို လုပ်တာ မရပ်သင့်ဘူးလို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ကျွန်မမျက်စိတွေက သူ့ဘာသာ သက်သာသွားမှာပါပေါ့။ ဒါပေမဲ့ မမျှော်လင့်ဘဲ၊ ကျွန်မရဲ့ အခြေအနေက ပိုကောင်းမဲ့အစား ပိုဆိုးသွားခဲ့တယ်။ ကျွန်မရဲ့ အမြင်အာရုံက ပိုပိုပြီး ဝေဝါးလာခဲ့သလို၊ အဝေးကို ကြည့်ရင် ကျွန်မ မျက်လုံးတွေက အာရုံစိုက်လို့ မရတော့ဘဲ ခေါင်းမူးတယ်။ ဒီအချိန်မှာ၊ ကျွန်မ စိုးရိမ်လာတယ်။ ချက်ချင်း ကုသဖို့ မကြိုးစားရင်၊ ကုသဖို့ အကောင်းဆုံးအချိန်နဲ့လွဲပြီး ကျွန်မမျက်လုံး ကန်းသွားရင် ဘယ်လိုလုပ်မလဲပေါ့။ ဆေးစစ်ဖို့အတွက် ကောင်တီဆေးရုံကို ကျွန်မ အမြန်သွားလိုက်တယ်။ ဆရာဝန်က အကြီးစားပြဿနာ မရှိဘူး၊ နှစ်ရက်သုံးရက်လောက် ဆေးထိုးလိုက်ရင် အဆင်ပြေသွားမယ်လို့ ပြောတယ်။ ဒါကိုကြားပြီးတော့ ကျွန်မ စိတ်သက်သာရာရသွားတယ်။ ဒါပေမဲ့ သက်သာတာမရှိဘဲ နှစ်ရက်သုံးရက် ဆေးထိုးပြီးတဲ့နောက်မှာ၊ ကျွန်မရဲ့ စိုးရိမ်စိတ်တွေ ပြန်ဖြစ်လာတယ်။ ငါ့မျက်လုံးတွေ ကန်းသွားရင် ဘယ်လိုလုပ်မလဲပေါ့။ ဒါပေမဲ့ ကျွန်မ ပြန်တွေးမိတယ်။ “ဘုရားကို ယုံကြည်တဲ့ နှစ်တွေတစ်လျှောက်မှာ၊ ငါ ဧဝံဂေလိ ဖြန့်ပြီး လူသစ်တွေကို ရေလောင်းနေခဲ့တာလေ။ ဥစ္စာပစ္စည်းတွေကို ငါ စွန့်လွှတ်ပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံခဲ့တာကို ထောက်ပြီး ဘုရားက ငါ့ကို သေချာပေါက် ကာကွယ်ပေးမှာပါ။ ငါ့မျက်လုံးတွေ ကန်းမှာ မဟုတ်ဘူး။ င့ါကိုယ်ငါ လန့်အောင်မလုပ်သင့်ဘူး။ နောက်ပြီး ဒီနေ့ခေတ် အဆင့်မြင့် ဆေးပညာနဲ့ဆိုရင်၊ ငါ့ မျက်စိရောဂါက သေချာပေါက် ကုလို့ရမှာပါ” ပေါ့။

နောက်တော့၊ ကျွန်မယောက်ျားက မျက်စီအထူးကုနဲ့ပြပြီး မျက်စိ စီတီစကင်ဖတ်ခိုင်းဖို့ ကျွန်မကို မြို့ဆေးရုံကြီးဆီ ခေါ်သွားတယ်။ ဆရာဝန်က ကျွန်မမှာ မျက်စိအာရုံခံလွှာပျက်စီးတဲ့ရောဂါရှိတာကို တွေ့ခဲ့တယ်။ အစမှာတော့၊ ဆေးရည်ကုထုံးကို နှစ်ရက်သုံးရက်လောက်လုပ်တာက နည်းနည်း တိုးတက်မှုပြပေမဲ့၊ ကြာကြာမခံခဲ့ဘူး။ အဲဒီအစား ကျွန်မရဲ့ အခြေအနေက ဆေးရည်ကုထုံးလုပ်လေ ပိုဆိုးလေ ဖြစ်ခဲ့တယ်။ ပြီးတော့ ဆရာဝန်က ဟိုမုန်းနဲ့ဆိုင်တဲ့ ဆေးကို ညွှန်းပေးလိုက်လို့ ကျွန်မရဲ့ တစ်ကိုယ်လုံး ရောင်ကိုင်းလာခဲ့တယ်။ ကျွန်မအမြင်အာရုံက ဆိုးသွားပြီး အမြင်အားက အရမ်းမှုန်လာတော့ ဘယ်သူ့ကိုမဆို ကျွန်မ မမှတ်မိနိုင်လောက်အောင် ဖြစ်ခဲ့တယ်။ မြို့ဆေးရုံကြီးဆီ ကျွန်မ ငါးကြိမ် သွားခဲ့ပြီး၊ သွားတဲ့အကြိမ်တိုင်း ကျွန်မမျက်လုံးအခြေအနေ ပိုဆိုးခဲ့တယ်။ ဆရာဝန်က ဘာမှမတတ်နိုင်သလိုဖြစ်ပြီး ကျွန်မကို အရမ်းပဲ လေးလေးနက်နက်နဲ့ ပြောတယ်။ “အစ်မရဲ့ မျက်စိရောဂါက ကုရခက်တယ်။ တစ်နှစ်မှာ အကြိမ်တော်တော်များများ ရောဂါ ပြန်ထနိုင်တယ်။ ပြီးတော့ ခဏခဏ ရောဂါထလို့ မျက်လုံးနှစ်ဖက်လုံး ကန်းသွားနိုင်တယ်။ နောက်ပြီး အစ်မရဲ့ ဆံပင်တွေအကုန် ကျွတ်ပြီး နားလေးတာလည်း ခံစားရနိုင်တယ်။ ပြီးတော့ ဟိုမုန်းဆေးတွေကို ရေရှည်အသုံးပြုတာက အစ်မရဲ့ အရိုးတွေကို အားနည်းစေနိုင်တယ်။ အစ်မ လဲကျရင်၊ အစ်မရဲ့ ခန္ဓာကိုယ်တစ်လျှောက်လုံးမှာ အရိုးတွေ အက်သွားနိုင်တယ်”တဲ့။ ဆရာဝန်ရဲ့ စကားတွေက ကျွန်မကို ရုတ်တရက် မိုးကြိုးပစ်ချလိုက်သလိုပါပဲ။ ကျွန်မ တစ်ကိုယ်လုံး ချည့်နှဲ့သွားပြီး၊ ဆရာဝန်ပြောတာ အမှန်လို့ မယုံနိုင်အောင် ဖြစ်ခဲ့တယ်။ ဆရာဝန်ကို ကျွန်မ ထပ်မေးပြီး အဲဒီအတိုင်းကို အမှန်ဖြစ်နေခဲ့တယ်။ အဲဒီအချိန်မှာပဲ၊ ကျွန်မရဲ့ တစ်ကိုယ်လုံး ထိန်းချုပ်လို့မရအောင် တုန်တုန်ယင်ယင် ဖြစ်လာခဲ့တယ်။ အဲဒါပါပဲ။ ကျွန်မရောဂါက ကုလို့မရဘူး။ အိမ်ကို ပြန်ရောက်တော့၊ ကျွန်မ အရမ်းစိတ်ဓာတ်ကျပြီး ဂနာမငြိမ်ဖြစ်တယ်။ ဘုရားက ကျွန်မကို ကာကွယ်ပေးမနေခဲ့ဘူးလို့ စတွေးပြီး ဘုရားဆီ ဆုမတောင်းချင်ခဲ့ဘူး။ ကျွန်မရဲ့ မျက်စိတွေက ရှင်းရှင်းလင်းလင်း မြင်ဖို့ခက်အောင်ကို ဆက်မှုန်ဝါးနေခဲ့တယ်။ တစ်ကြိမ်မှာ ကျွန်မရဲ့ဝမ်းကွဲက ကျွန်မဆီ လာလည်တယ်။ သူ စကားမပြောရင်၊ ဘယ်သူမှန်း ကျွန်မ သိမှာမဟုတ်ဘူး။ ကျွန်မရှေ့မှာ အရိပ်မဲတစ်ခုကိုပဲ မြင်တယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်။ “ငါ အရမ်းငယ်သေးတာ။ ငါ့မျက်လုံးတွေ တကယ်ကန်းသွားရင်၊ ငါက အသုံးမဝင်ဘဲ ဖြစ်လာမှာ မဟုတ်လား။ ခုကစပြီး ငါ့ဘဝကို ဘယ်လို အသက်ရှင်ရမှာလဲ”လို့ပေါ့။ တဖြည်းဖြည်းနဲ့ ကျွန်မ ဘယ်သူနဲ့မှ မဆက်ဆံချင်တော့ဘူး၊ အိမ်မှာ ကိုယ့်ကိုယ်ကိုယ် လှောင်ပိတ်ပြီး လူတွေကို ရှောင်တတ်လာတယ်။ ကျွန်မ မကြာမကြာ ငိုမိတယ်။ နေ့တိုင်းက အဆုံးမရှိသလို ခံစားရတယ်။ စိုက်ခင်းတွေမှာရော အိမ်မှာပါ အလုပ်များရတဲ့ ကျွန်မယောက်ျားက စိတ်မရှည်ဖြစ်လာတယ်။ သူက ကျွန်မကို အကြိမ်အတော်များများ ပြောတယ်။ “မင်းက မြင်တောင်မမြင်ရဘူး၊ ဘာအလုပ်မှ မလုပ်နိုင်ဘူး။ ဘာအသုံးဝင်တာရှိလဲ။ မင်းကို ငါ ဒီအတိုင်း စွန့်ပစ်လိုက်သင့်တယ် ထင်တာပဲ”တဲ့။ ဒါက ကျွန်မကို ပိုလို့တောင် စိတ်ဖိစီးပြီး နာကြည်းဝမ်းနည်းစေတယ်။ ကျွန်မရဲ့ ဝေဒနာနဲ့ အကူအညီမဲ့ချိန်မှာ ဘုရားဆီ ကျွန်မ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ဘာလို့ ကျွန်မ ဒီရောဂါကို ရတာပါလဲ။ အခု ကျွန်မ မမြင်နိုင်ဘူးဆိုတော့ ဘယ်လို ကိုယ်တော့်ကို ဆက်ယုံကြည်ပြီး ကျွန်မတာဝန်ကို လုပ်ရမှာလဲ။ ကျွန်မမျက်လုံးတွေ တကယ် ကန်းသွားရင်၊ ကျွန်မ အလုပ်တစ်ခုခု လုပ်ဖို့မပြောနဲ့ ကိုယ့်ကိုယ်ကိုယ်တောင် ဂရုစိုက်နိုင်မှာ မဟုတ်ပါဘူး။ အရာရာအတွက် ကျွန်မယောက်ျားကို အားကိုးရင်၊ သူက ကျွန်မကို သေချာပေါက် တမင်အဖက်လုပ်မှာ မဟုတ်ဘူး။ ကျွန်မ အမြဲ ကိုယ့်ကိုယ်ကိုယ် အရမ်းတန်ဖိုးထားခဲ့ပြီး တခြားလူတွေ အထင်သေးတာကို မလိုချင်ခဲ့ဘူး။ ခုကစပြီး ကျွန်မ ဘယ်လို အသက်ရှင်ရမှာလဲ။ ဘုရားသခင်၊ ကျွန်မရဲ့ လက်မောင်းတွေ၊ ခြေထောက်တွေ သုံးမရအောင် ဖြစ်လာရင်တောင်၊ မမြင်ရတာထက် ပိုကောင်းပါတယ်။ ဘုရားသခင်၊ ကျွန်မ အရမ်းစိတ်ဆင်းရဲရပါတယ်။ ကျေးဇူးပြုပြီး ဒီရောဂါကို ဖယ်ရှားပေးပါ။ ကျွန်မ နာလန်ထူရင်၊ ကိုယ်တော်ခိုင်းတဲ့ ဘယ်တာဝန်ကိုမဆို လုပ်ပါ့မယ်”လို့ပေါ့။ နောက်ပိုင်းမှာ တိုးတက်မှုမရှိဘဲနဲ့ အချိန်ခဏလောက်ထိ ဘုရားကို ဆုတောင်းပြီးတဲ့နောက် ကျွန်မ ယုံကြည်ချက်ပျောက်ဆုံးပြီး ဆုမတောင်းတော့ဘူး။ ဘုရားက ကျွန်မကို မကာကွယ်၊ မကယ်တင်သလို၊ ကျွန်မယောက်ျားက ကျွန်မကို မလိုချင်မှတော့၊ အသက်ရှင်ရတာ ဘာအဓိပ္ပာယ်ရှိလို့လဲလို့ ယုံကြည်ခဲ့တယ်။ သေဖို့ ကျွန်မ စစဉ်းစားလာတယ်။ ဒါပေမဲ့ နောက်တော့ ကျွန်မတွေးမိတယ်။ “ငါသေရင်၊ ငါ့ရဲ့ ငယ်ရွယ်တဲ့ သားလေးကို ဘာတွေဖြစ်မလဲ” လို့ပေါ့။ နောက်တော့၊ မျက်စိရောဂါတွေ ကုသဖို့အတွက် နာမည်ကြီးတဲ့ နောက်ထပ် ဆေးရုံတစ်ရုံအကြောင်းကို ကျွန်မ ကြားရတယ်။ အဲဒါနဲ့ ကျွန်မယောက်ျားနဲ့ ကျွန်မက အဲဒီကို ကားနဲ့အမြန် သွားလိုက်တယ်။ ဆေးကုဖို့အတွက် ဆေးရုံမှာ ကျွန်မတို့ ဆယ်ရက်ကျော် နေခဲ့ရပေမဲ့ နောက်ဆုံးမှာ ရောဂါမပျောက်ခဲ့ဘူး။ ခြောက်လကုန်သွားပြီး၊ ကျွန်မတို့ရဲ့ စုငွေတွေကို အကုန် ကျွန်မတို့ သုံးပြီးသွားပြီ။ ကျွန်မရဲ့ မျက်စိအခြေအနေက မသက်သာခဲ့ဘူး။ အမှန်တော့ ပိုဆိုးသွားခဲ့တယ်။ ကျွန်မရဲ့ မျက်စိရောဂါ ကုဖို့မျှော်လင့်ချက် ကျွန်မမှာ လုံးဝ မရှိတော့ဘူး။

ကျွန်မ စိတ်ဆင်းရဲပြီး မျှော်လင့်ချက်မဲ့နေတုန်းမှာပဲ၊ ညီအစ်မတစ်ယောက်ကို ကျွန်မ မမျှော်လင့်ဘဲ တွေ့ခဲ့ရတယ်။ သူက ကျွန်မကို အသိပေးတယ်။ “အစ်မရဲ့ ရောဂါထဲမှာပဲ ဆက်အသက်ရှင်နေလို့ မရဘူး။ ဘုရားရဲ့ ရည်ရွယ်ချက်ကို အစ်မ ရှာဖို့လိုတယ်။ အစ်မကိုယ်အစ်မ သုံးသပ်ပြီး ဒီရောဂါကနေ သင်ခန်းစာယူသင့်တယ်”တဲ့။ အဲဒီစကားနဲ့ ကျွန်မကို သူ လှုပ်နိုးခဲ့ပြီး ကျွန်မ တွေးမိတယ်။ “အမှန်ပဲ။ ငါ နေမကောင်းဖြစ်လာကတည်းက၊ ကိုယ့်ကိုယ်ကိုယ် လုံးဝ မသုံးသပ်ခဲ့သလို၊ ဘုရားက ငါ့နှလုံးသားမှာ နေရာမရှိခဲ့ဘူး။ ဆရာဝန်တွေကို ရှာတာတစ်ခုတည်းကိုပဲ ငါ အာရုံစိုက်ခဲ့တယ်။ ဆရာဝန်တွေနဲ့ အဆင့်အမြင့် ဆေးပညာတွေကပဲ ငါ့မျက်စိတွေကို ကုနိုင်မယ်လို့ တွေးပြီးတော့ပေါ့။ ဘုရားကို ငါ ဘာလို့ မေ့ရက်နိုင်ခဲ့တာလဲ”လို့ပေါ့။ ဒါပေမဲ့၊ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ချင်ခဲ့ပြီး၊ ဘယ်လိုပဲ ကျွန်မမျက်လုံးတွေကို ကြိုးစားအားစိုက်ခဲ့ပေမဲ့၊ မမြင်နိုင်ခဲ့ဘူး။ အဲဒါ ကျွန်မကို စိုးရိမ်သောကရောက်စေတယ်။ ကျွန်မ ဘုရားဆီ ဆုတောင်းပြီး ကျွန်မကို လမ်းပြဖို့ တောင်းလျှောက်ခဲ့ရတယ်။ နောက်ပိုင်းမှာ၊ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရခဲ့တယ်။ “နာမကျန်းမှု ပေါ်ပေါက်သည့်အခါတွင်၊ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်ပြီး၊ အတွင်းတွင် သူ၏ စေတနာကောင်း မုချ ရှိပေ၏။ သင်၏ ခန္ဓာကိုယ်သည် ဆင်းရဲဒုက္ခ အနည်းငယ် ခံစားရသော်လည်း၊ စာတန်ထံမှ မည်သည့်စိတ်ကူးမျှ လက်သင့်မခံနှင့်။ ဖျားနာခြင်းအလယ်တွင် ဘုရားသခင်ကို ချီးမွမ်းကာ၊ သင်၏ ချီးမွမ်းခြင်း အလယ်တွင် ဘုရားသခင်၌ မွေ့လျော်လော့။ နာမကျန်းဖြစ်ခြင်းကို ရင်ဆိုင်ရာတွင် စိတ်ပျက်ခြင်း မရှိနှင့်၊ အဖန်ဖန် ကြိုးစားမြဲကြိုးစားကာ လက်မလျှော့နှင့်၊ ပြီးလျှင် ဘုရားသခင်သည် သင့်ကို သူ၏ အလင်းပေးပြီး ဉာဏ်အလင်းဖွင့်ပြလိမ့်မည်။ ယောဘ၏ ယုံကြည်ခြင်းသည် အဘယ်သို့ဖြစ်ခဲ့သနည်း။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် အရာခပ်သိမ်း တတ်စွမ်းနိုင်သော သမားတော်တစ်ဦး ပေတကား။ နာမကျန်းမှု၌ တည်ခြင်းသည် မကျန်းမာဖို့ ဖြစ်သော်လည်း၊ စိတ်ဝိညာဉ်၌ တည်ခြင်းသည် ကျန်းမာဖို့ ဖြစ်၏။ သင်သည် ထွက်သက်ဝင်သက်တစ်ခု ရှိသေးသရွေ့၊ ဘုရားသခင်သည် သင့်အား သေစေလိမ့်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆)) ဟုတ်တယ်၊ အနန္တတန်ခိုးရှင် ဘုရားသခင်က အရာခပ်သိမ်းတတ်နိုင်တဲ့ သမားတော်ပဲ။ ဒီအချိန်အတောအတွင်းမှာ၊ ကျွန်မက မကျန်းမာခြင်းနဲ့ အသက်ရှင်ပြီး ဘုရားကို ယုံကြည်ခြင်း ပျောက်ဆုံးခဲ့တယ်။ ကျွန်မရဲ့ မကျန်းမာခြင်းထဲမှာ ဘုရားရဲ့ ရည်ရွယ်ချက်ကို ကျွန်မ မရှာခဲ့သလို၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြီး ကျွန်မရဲ့ ရောဂါကနေ သင်ခန်းစာ မယူခဲ့ဘူး။ ကျွန်မ တကယ်ကို နုံအခဲ့တာပဲ။ ကျွန်မရဲ့ ရောဂါက ဘုရားလက်ထဲမှာရှိတယ်။ ဘုရားအပေါ် ကျွန်မရဲ့ ယုံကြည်ခြင်း ပျောက်ဆုံးလို့မဖြစ်ဘူး။ ဘုရားရဲ့ ရည်ရွယ်ချက်ကို ကျွန်မ နားမလည်သေးပေမဲ့၊ ကိုယ့်ကိုယ်ကိုယ် စေ့စေ့စပ်စပ် ဆင်ခြင်သုံးသပ်ပြီး သိဖို့အတွက် ကျွန်မကို ဉာဏ်အလင်းပေးပြီး လမ်းပြဖို့ ဘုရားဆီကို ကျွန်မ ပိုဆုတောင်းပြီး တောင်းလျှောက်လိုစိတ်ရှိခဲ့တယ်။ ဒီအချိန်တစ်လျှောက်မှာ၊ ဘုရားနှုတ်ကပတ်တော် ဖတ်ရွတ်တာတချို့ပဲ ကျွန်မ နားထောင်နိုင်ခဲ့တယ်။ တစ်ခါတလေ၊ ရောဂါဖြစ်တဲ့အချိန်မှာ ဘုရားဆီ ဘယ်လိုဆုတောင်းရမယ်ဆိုတာနဲ့ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို ကြားရတဲ့အခါ၊ ဘုရားနှုတ်ကပတ်တော်တွေမှာရှိတဲ့ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းအတိုင်း ဆုတောင်းတာကို လက်တွေ့လုပ်ခဲ့တယ်။ ကျွန်မက၊ “ဘုရားသခင်၊ ကျွန်မရဲ့ အရင်က ဆုတောင်းချက်တွေမှာ အသိစိတ်မရှိခဲ့ပါဘူး။ ကျွန်မ အမြင်အာရုံထက် ကျွန်မရဲ့ လက်နဲ့ ခြေထောက်တွေ သုံးတာကို ဆုံးရှုံးခွင့်ပေးဖို့တောင် ကိုယ်တော့်ကို ကျွန်မ တောင်းလျှောက်ခဲ့တယ်။ ကျွန်မရဲ့ ဒီရောဂါကို ယူသွားဖို့လည်း ကိုယ်တော့်ကို ကျွန်မ တောင်းလျှောက်ပြီး ကျွန်မ နာလန်ထူရင်၊ ဘယ်တာဝန်ကိုမဆို လုပ်ဖို့ ကတိပေးခဲ့ပါတယ်။ ဘုရားသခင်၊ ကျွန်မရဲ့ အရင်ဆုတောင်းချက်တွေက တကယ်ကို ကျိုးကြောင်းမသင့်ပါဘူး”လို့ ဆုတောင်းခဲ့တယ်။

နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကြားခဲ့ရတယ်။ “ယေရှု၏ ဆုတောင်းချက်များကို စဉ်းစားလော့။ ဂေသရှေမန်ဥယျာဉ်ထဲ၌ သူသည် ‘လွန်သွားနိုင်လျှင်...’ ဟု ဆုတောင်းခဲ့သည်။ တစ်နည်းအားဖြင့် ‘ဤသို့လုပ်ဆောင်နိုင်လျှင်’ ဟူ၍ ဖြစ်သည်။ ဤအရာကို ဆွေးနွေးချက်တစ်ခု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ပြောခဲ့ခြင်းဖြစ်သည်၊ သူက ‘ကိုယ်တော့်ကို ကျွန်ုပ် အနူးအညွတ် ပန်ကြားပါသည်’ ဟု မဆိုခဲ့ပါ။ ကျိုးနွံနာခံသော နှလုံးသားနှင့် ကျိုးနွံနာခံသော အခြေအနေ၌ သူသည် ‘အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကို လွန်သွားနိုင်လျှင် လွန်သွားပါစေသော။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသော’ ဟု ဆုတောင်းခဲ့ပါသည်။ သူသည် ဒုတိယကြိမ်တွင် ဤသို့ပင် ဆက်လက် ဆုတောင်းခဲ့ပြီး၊ တတိယကြိမ်တွင် ‘ကိုယ်တော်၏ အလိုတော် ပြည့်စုံပါစေသော’ ဟု သူဆုတောင်းခဲ့သေးသည်။ ခမည်းတော်ဘုရားသခင်၏ လိုအင်ဆန္ဒများကို နားလည်သဘောပေါက်ထားသဖြင့် သူက ‘ကိုယ်တော်၏ အလိုတော် ပြည့်စုံပါစေသော’ ဟု ဆုတောင်းခြင်းဖြစ်သည်။ သူသည် မိမိ၏ ကိုယ်ပိုင်ရွေးချယ်မှုမျှမရှိဘဲ အပြည့်အဝ ကျိုးနွံနာခံနိုင်ခဲ့သည်။...သို့သော်ငြားလည်း လူတို့မှာမူ ထိုကဲ့သို့ လုံးဝ ဆုမတောင်းကြပေ။ လူတို့သည် သူတို့၏ ဆုတောင်းချက်များတွင် ‘ဘုရားသခင်၊ ဤသို့ထိုသို့ ပြုပါရန် ကိုယ်တော့်ကို ကျွန်ုပ်တောင်းဆိုပါ၏၊ ကျွန်ုပ်ကို ဤအရာ၌ ထိုအရာ၌ လမ်းပြပေးပါရန် ကိုယ်တော့်ကို တောင်းဆိုပါ၏၊ ထို့ပြင် ကျွန်ုပ်အတွက် အခြေအနေများအဆင်သင့် ပြုလုပ်ပေးရန် ကိုယ်တော့်ကို တောင်းဆိုပါ၏...’ ဟု အမြဲ ပြောတတ်ကြသည်။ သူသည် သင့်အတွက် သင့်လျော်သော အခြေအနေများကို ပြင်ဆင်မပေးဘဲ ဤဆင်းရဲဒုက္ခကို သင့်အား ခံစေပြီး သင်ခန်းစာ ပေးလိမ့်မည်။ လူတို့က ‘ဘုရားသခင်၊ ကျွန်ုပ်အတွက် ပြင်ဆင်မှုများ ပြုလုပ်ပေးဖို့နဲ့ ကျွန်ုပ်ကို ခွန်အားပေးဖို့ တောင်းဆိုပါတယ်’ ဟု အမြဲဆုတောင်းနေမည်ဆိုလျှင်မူ ထိုသို့ ဆုတောင်းခြင်းမှာ အလွန့်အလွန် ကျိုးကြောင်းဆီလျော်မှု ကင်းမဲ့ပေသည်။ ဘုရားသခင်ထံ သင်ဆုတောင်းသည့်အခါ ကျိုးကြောင်းဆီလျော်မှု ရှိရမည်ဖြစ်ပြီး ကျိုးနွံနာခံမှုရှိသည့် စိတ်နှလုံးဖြင့် သူ့ထံ သင် ဆုတောင်းသင့်သည်။ သင် မည်သည့်အရာ လုပ်မည်ဆိုသည်ကို သတ်မှတ်ရန် မကြိုးစားနှင့်။ မည်သည့်အရာ လုပ်ဆောင်ရမည်ဆိုသည်ကို သင် ဆုမတောင်းမီတွင် သတ်မှတ်ရန် ကြိုးစားပါက ဤသည်မှာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း မဟုတ်ပေ။ ဆုတောင်းခြင်းတွင် သင်၏ စိတ်နှလုံးသည် ကျိုးနွံနာခံမှုရှိရမည်ဖြစ်ပြီး ပထမဦးစွာ ဘုရားသခင်နှင့်အတူ သင် ရှာဖွေရမည်။ ဤသို့ဖြင့် သင်၏ စိတ်နှလုံးသည် ဆုတောင်းခြင်းအတောအတွင်းတွင် အလိုအလျောက် အားတက်သွားလိမ့်မည်ဖြစ်ပြီး လုပ်ဆောင်ရန် သင့်လျော်သည့်အရာကို သင် သိလိမ့်မည်။ ဆုမတောင်းမီ သင်၏ အစီအစဉ်မှ ဆုတောင်းပြီးနောက် သင်၏ စိတ်နှလုံးတွင် ဖြစ်ပေါ်သည့် ပြောင်းလဲမှုဆီသို့ ရောက်ရှိခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ ရလဒ်ဖြစ်သည်။ သင်သည် မိမိကိုယ်ပိုင် ဆုံးဖြတ်ချက်ကို ပြုလုပ်နှင့်ပြီး မည်သည့်အရာ လုပ်ဆောင်ရမည်ကို သတ်မှတ်ပြီးဖြစ်ကာ ထို့နောက်တွင် ဘုရားသခင်ထံ ခွင့်ပြုချက် တောင်းခံရန် သို့မဟုတ် သင် ဆန္ဒရှိသည့်အရာကို လုပ်ဆောင်ရန် ဘုရားသခင်ကို စေခိုင်းဖို့ ဆုတောင်းပါက ဤဆုတောင်းချက်မျိုးသည် ယုတ္တိမတန်ပေ။ ကြိမ်ဖန်များစွာ လူတို့သည် အတိအကျအားဖြင့် မည်သည့်အရာ လုပ်ဆောင်မည်ကို ဆုံးဖြတ်နှင့်ပြီးဖြစ်ကာ ဘုရားသခင်ကို ခွင့်ပြုချက် တောင်းခံရုံမျှသာဖြစ်သောကြောင့် လူတို့၏ ဆုတောင်းချက်များကို ဘုရားသခင်က မဖြည့်ဆည်းပေးပေ။ ဘုရားသခင်က ‘မည်သည့်အရာကို လုပ်ဆောင်ရန် သင်တို့ ဆုံးဖြတ်ပြီးဖြစ်သည့်အတွက် အဘယ်ကြောင့် ငါ့ကို မေးသနည်းဟု ပြော၏’ ဤဆုတောင်းချက်မျိုးသည် ဘုရားသခင်ကို လိမ်လည်လှည့်စားသကဲ့သို့ အနည်းခံစားရပြီး ထို့ကြောင့် ၎င်းတို့၏ ဆုတောင်းချက်များ ခြောက်ကပ်သွားရပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဆုတောင်းခြင်းနှင့် ယင်း၏အလေ့အထတို့၏ အရေးပါမှု) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ သဘောပေါက်လိုက်တယ်။ ဘုရားဆီ ကျွန်မရဲ့ ဆုတောင်းချက်တွေက ကျွန်မရဲ့ ရောဂါကို ဖယ်ရှားပေးဖို့ သူ့ကို တောင်းလျှောက်တဲ့အပေါ် အဓိက အာရုံစိုက်ခဲ့တယ်။ ကျွန်မ အသိစိတ်မဲ့ခဲ့တယ်။ ဖန်ဆင်းခံသက်သက်ဖြစ်တဲ့ ကျွန်မက ကျွန်မကို အနာငြိမ်းစေဖို့အတွက် ဘုရားဆီ တောင်းဆိုဖို့ ဘယ်လို အရည်အချင်းပြည့်မီနိုင်မှာလဲ။ ဘုရားကို ကျွန်မရဲ့ ကိုယ်ပိုင် အလိုဆန္ဒအတိုင်း ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားတွေကိုတောင် ဖြည့်ဆည်းစေချင်ခဲ့တယ်။ ဘုရားကို ကြောက်တဲ့စိတ်နှလုံး ကျွန်မ တကယ်ကင်းမဲ့ခဲ့တယ်။ အဲဒီအချိန်မှာ၊ သခင်ယေရှုရဲ့ ဆုတောင်းချက်ကို တွေးမိတယ်။ ကားတိုင်မှာ သံမှိုရိုက်နှက်ခံရတာက အရမ်းကို နာကျင်စရာဖြစ်မယ်ဆိုတာကို သူ သိခဲ့ပေမဲ့၊ သူ့ရဲ့ ဆုတောင်းချက်မှာ ဘုရားအပေါ် တောင်းဆိုတာတွေလုပ်ဖို့ မကြိုးစားခဲ့ဘူး။ ဆင်းရဲဒုက္ခခံစားရမဲ့သဘောဖြစ်ရင်တောင်၊ ဖခမည်းတော်ရဲ့ အလိုတော်ကို ကျိုးနွံနာခံဖို့ လိုလားနေခဲ့တယ်။ ဘုရားရဲ့ ရည်ရွယ်ချက်ကို ကျွန်မ ရှာဖွေပြီး ကျွန်မရဲ့ နာမကျန်းမှုမှာ သူ့ကို ကျိုးနွံနာခံသင့်တယ်။ အဲဒီနောက် ဘုရားဆီ ကျွန်မ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ကျိုးနွံနာခံတဲ့ စိတ်နှလုံးနဲ့ ကျွန်မ ဆုတောင်းပြီး ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကို ရှာဖွေဖို့ လိုလားနေပါတယ်။ ဒီရောဂါက အမှတ်တမဲ့ ဖြစ်ခဲ့တာ မဟုတ်ပေမဲ့ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကို ကျွန်မ နားမလည်သေးပါဘူး။ ဒီနာမကျန်းမှုကနေ ဘာသင်ခန်းစာတွေ ယူသင့်လဲဆိုတာ ကျွန်မ မသိပါဘူး။ ဘုရားသခင်၊ ကျေးဇူးပြုပြီး ကျွန်မကို ဉာဏ်အလင်းပေး၊ လမ်းပြတော်မူပါ”လို့ပေါ့။ ဒီတော့ ဘုရားဆီကို ဒီပုံစံနဲ့ အချိန်အတော်ကြာ ကျွန်မ ဆက်ဆုတောင်းခဲ့ပြီး၊ မမျှော်လင့်ဘဲ၊ ကျွန်မရဲ့ မျက်လုံးတွေက တဖြည်းဖြည်း တိုးတက်လာတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ပြန်ကြည့်တဲ့အခါ၊ ကိစ္စတွေကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့တယ်။

နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ပြီး၊ ကျွန်မရှိနေတဲ့ အခြေအနေအပေါ် ပိုနားလည်သွားတယ်။ ဘုရားသခင်က ပြောသည် “လူများအားလုံးအတွက်၊ စစ်ဆေးခြင်းသည် ဝေဒနာပြင်းထန်ပြီး၊ လက်ခံရန် အင်မတန် ခက်ခဲသည်။ သို့သော်လည်း ဘုရားသခင်သည် လူသားထံ သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို ပေါ်လွင်စေပြီး၊ လူသားအတွက် သူ၏သတ်မှတ်ချက်များကို လူသိရှင်ကြား ဖြစ်စေကာ၊ သာ၍ ဉာဏ်အလင်းပွင့်ခြင်းကို ပေးပြီး၊ သာ၍ လက်တွေ့ကျသော ပြုပြင်ခြင်းကို ပေးသည်မှာ စစ်ဆေးခြင်း အတောအတွင်းတွင် ဖြစ်သည်။ အမှန်တရားများနှင့် သမ္မာတရားကြား နှိုင်းယှဉ်ခြင်းမှတစ်ဆင့်၊ လူသည် သူကိုယ်တိုင်နှင့်ဆိုင်သည့် သာ၍ ကြီးမားသော အသိပညာနှင့် သမ္မာတရားကို ရရှိပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်သက်ဆိုင်သော သာ၍ကြီးမားသည့် သိနားလည်ခြင်းကို ရရှိ၏။ ထိုသို့ဖြင့် ဘုရားသခင်အပေါ် သာ၍စစ်မှန်ပြီး သာ၍ဖြူစင်သော ချစ်ခြင်းမေတ္တာရှိစေရန် လူသားကို အခွင့်ပေးလေသည်။ ယင်းမှာ စစ်ဆေးခြင်းအလုပ်ကို ဆောင်ရွက်ရာတွင် ဘုရားသခင်၏ ရည်မှန်းချက်များ ဖြစ်သည်။ လူသား၌ ဘုရားသခင် လုပ်ဆောင်သည့် အမှုအားလုံးသည် ကိုယ်ပိုင်ရည်ရွယ်ချက်များနှင့် အရေးပါမှုတို့ရှိသည်။ ဘုရားသခင်သည် အဓိပ္ပာယ်မရှိသောအမှုကို မလုပ်ဆောင်သကဲ့သို့၊ လူသားအဖို့ အကျိုးမရှိသည့် အမှုကိုလည်း မလုပ်ဆောင်ပေ။ စစ်ဆေးခြင်းဟူသည်မှာ ဘုရားသခင် ရှေ့မှောက်မှ လူတို့အား ဖယ်ရှားခြင်းကို မဆိုလိုသကဲ့သို့၊ ၎င်းတို့ကို ငရဲတွင် ဖျက်ဆီးခြင်းကိုလည်း မဆိုလိုပေ။ ယင်းထက်၊ စစ်ဆေးခြင်း အတောအတွင်းတွင် လူသား၏ စိတ်သဘောထားကို ပြောင်းလဲခြင်း၊ သူ၏ ရည်ရွယ်ချက်များ၊ သူ၏ အမြင်ဟောင်းများကို ပြောင်းလဲခြင်း၊ ဘုရားသခင် အတွက် သူ၏ချစ်ခြင်းကို ပြောင်းလဲပေးခြင်းနှင့် သူ၏ဘဝတစ်ခုလုံး ပြောင်းလဲပေးခြင်းတို့ကို ဆိုလိုသည်။ စစ်ဆေးခြင်းသည် လူသားအား လက်တွေ့ကျသော စစ်ဆေးမှုတစ်ခု ဖြစ်ပြီး၊ လက်တွေ့ကျသော လေ့ကျင့်မှုပုံစံတစ်ခု ဖြစ်ကာ၊ စစ်ဆေးခြင်း အတောအတွင်းတွင်သာ သူ၏ချစ်ခြင်းမေတ္တာသည် ၎င်း၏ ပင်ကိုလုပ်ငန်းတာဝန်ကို ထမ်းဆောင်နိုင်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်သွားတယ်။ ဘုရားအပေါ် ကျွန်မရဲ့ ယုံကြည်ခြင်းနဲ့ပတ်သက်ပြီး ရည်ရွယ်ချက်တွေ၊ မသန့်စင်မှုတွေကို ထုတ်ဖော်ဖို့အတွက် ဘုရားက ဒီရောဂါကို အသုံးပြုခဲ့တာပဲ။ အဓိကကတော့ ကျွန်မကို သန့်ရှင်းစေပြီး ပြောင်းလဲစေဖို့ပဲ။ ဒါက ဘုရားရဲ့ ရည်ရွယ်ချက်ဖြစ်တယ်။ ဘုရားကို ယုံကြည်ခဲ့တဲ့ ဒီနှစ်တွေမှာ၊ ဆင်းရဲဒုက္ခကို ကျွန်မ သည်းခံပြီး အဖိုးအခပေးသရွေ့၊ ဘုရားက ကျွန်မကို အောက်မေ့ပြီး သူ့ရဲ့ ကောင်းချီးတွေကို ရမယ်လို့ ကျွန်မ အမြဲ တွေးခဲ့တာ။ ဒီနှစ်တွေတစ်လျှောက်မှာ ဘာကပ်ဘေး၊ အခက်အခဲမှမရှိတဲ့ ကျွန်မတို့ရဲ့ အေးချမ်းတဲ့ မိသားစုဘဝက ဘုရားရဲ့ ကွယ်ကာမှုကို ရစေတဲ့ ကျွန်မရဲ့ ကောင်းမွန်တဲ့ ယုံကြည်ချက်ကြောင့်ဆိုတာ သေချာတယ်လို့တောင် ကျွန်မ ယုံကြည်ခဲ့တယ်။ အဲဒီနောက် ရုတ်တရက်၊ ကျွန်မရဲ့ မျက်စိက ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ဘူး။ အနာငြိမ်းဖို့အတွက် ဘုရားဆီ ကျွန်မ ဆုတောင်းခဲ့တယ်။ ကျွန်မရဲ့ တောင်းဆိုချက်တွေအတိုင်း ဘုရားက မလုပ်တဲ့အခါ၊ ဘုရားအပေါ် ယုံကြည်ခြင်း ပျောက်သွားတယ်။ အဆင့်မြင့် ဆေးပညာက ကျွန်မရဲ့ မျက်စိတွေကို ကုပေးနိုင်မယ်လို့ ယုံကြည်ရင်းနဲ့ ဆရာဝန်တွေပေါ် စအားကိုးခဲ့တယ်။ ဒါပေမဲ့ ဆရာဝန်တွေ အစွမ်းမဲ့တဲ့အခါ၊ မျှော်လင့်ချက်ပျက်သုဉ်းခြင်းထဲကို ထိုးစိုက်ကျပြီး သေဖို့တောင် စဉ်းစားခဲ့တယ်။ ဒီအချိန်တစ်လျှောက်လုံးမှာ၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဖို့ မပြောနဲ့ ဘုရားရဲ့ ရည်ရွယ်ချက်ကို ကျွန်မ လုံးဝ မရှာခဲ့ဘူး။ အခု၊ ဘုရားကို ကျွန်မ ယုံကြည်ပြီး ကျွန်မတာဝန်ကို လုပ်နေတယ်လို့ တွေးတဲ့အချိန်မှာ၊ ကျွန်မရဲ့ ရည်ရွယ်ချက်တွေ မသန့်စင်မှန်းကို တွေ့ခဲ့ရတယ်။ ကျွန်မက ဘုရားကို အသုံးပြုပြီး လှည့်စားနေခဲ့တယ်။ ဘုရားနဲ့ အပေးအယူလုပ်ဖို့ ကြိုးစားနေခဲ့တယ်။ ဘုရားကျေးဇူးတော်ပဲ။ ဒီရောဂါကတစ်ဆင့် ထုတ်ဖော်ပြတာကြောင့်မဟုတ်ရင်၊ ကိုယ့်ဘာသာ ဒါတွေကို ကျွန်မ သတိပြုမိခဲ့မှာ မဟုတ်ဘူး။

နောက်ပိုင်းမှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော် နည်းနည်းကို ကျွန်မ ဖတ်ခဲ့ပြီး၊ ကျွန်မရဲ့ ပြဿနာတွေအပေါ် ပိုရှင်းတဲ့ သိနားလည်မှု ရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်၏သားသမီးများ နာမကျန်းဖြစ်ခြင်း ကင်းရန်အတွက်၊ သင်၏ခင်ပွန်းက အလုပ်ကောင်း ရှိရန်အတွက်၊ သင်၏သားက ဇနီးကောင်း တစ်ဦးကို ရရန်အတွက်၊ သင့်သမီးက ရည်မွန်သော ခင်ပွန်းတစ်ဦးကို ရရန်အတွက်၊ သင့် နွားများနှင့် မြင်းများက မြေကိုကောင်းစွာ ထွန်ယက်ရန်အတွက်၊ သင်၏ ကောက်ပဲသီးနှံများ အတွက် တစ်နှစ်ပတ်လုံး ရာသီဥတု ကောင်းမွန်ရန်အတွက်၊ သင် လိုက်စားသည့်အရာမှာ ဘုရားသခင်ကို ယုံကြည်ပြီးနောက် ငြိမ်သက်ခြင်း ရရှိနိုင်ရန်ဖြစ်သည်။ ဤသည်မှာ သင် ရှာဖွေသောအရာ ဖြစ်သည်။ သင်၏ လိုက်စားခြင်းမှာ သက်သောင့်သက်သာဖြင့် အသက်ရှင်ရန်၊ သင့်မိသားစုပေါ်သို့ မတော်တဆမှုများ မကျရောက်ရန်အတွက်၊ သင့်အနား လေပြည်ဖြတ်သွားရန်အတွက်၊ သင့်မျက်နှာကို မြေမှုန် မထိစေရန်အတွက်၊ သင့်မိသားစု၏ ကောက်ပဲသီးနှံများ ရေလွှမ်းမိုးခြင်း မခံရစေရန်အတွက်၊ မည်သည့် သဘာဝဘေးအန္တရာယ်ကမျှ သင့်ကို မထိခိုက်စေရန်အတွက်၊ ဘုရားသခင်၏ ထွေးပိုက်မှုထဲတွင် အသက်ရှင်ရန်၊ ဇိမ်ရှိသော အသိုက်အမြုံထဲတွင် နေထိုင်ရန် ဖြစ်သည်။ သင်ကဲ့သို့သော ဇာတိပကတိကို အမြဲလိုက်စားသည့် သတ္တိကြောင်သူ တစ်ဦး- သင်သည် စိတ်နှလုံးတစ်ခု ရှိပါသလော၊ သင်သည် စိတ်ဝိညာဉ် ရှိပါသလော။ သင်သည် သားရဲတစ်ကောင် မဟုတ်လော။ အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ၊ စစ်မှန်သော လမ်းခရီးကို သင့်အား ငါပေးခဲ့သည်၊ သို့သော် သင်သည် မလိုက်စားပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သော သူများထဲမှ တစ်ဦးလော။ ငါသည် သင့်အပေါ် စစ်မှန်သော လူ့အသက်ကို အပ်နှင်းသော်လည်း၊ သင်သည် မလိုက်စားပေ။ သင်သည် ဝက်များ၊ ခွေးများနှင့် မည်သည့် ကွာခြားမှုမျှမရှိသလော။ ဝက်များသည် လူ့အသက်ကို မလိုက်စားကြပေ၊ ၎င်းတို့သည် သန့်ရှင်းစေခြင်းကို မလိုက်စားသကဲ့သို့၊ အသက်က မည်သည့်အရာဖြစ်သည်ကို ၎င်းတို့နားမလည်ကြပေ။ နေ့စဉ်တွင် ၎င်းတို့ ဝသည်ထိစားပြီးနောက်၊ ၎င်းတို့ အိပ်ရုံသာပြုကြသည်။ ငါသည် သင့်အား မှန်သော လမ်းခရီးကို ပေးပြီးဖြစ်သော်လည်း၊ သင်သည် ယင်းကို မရယူသေးပေ။ သင်သည် လက်ချည်းသက်သက် ဖြစ်ပေသည်။ သင်သည် ဤဘဝ၊ ဝက်တစ်ကောင်၏ဘဝတွင် ဆက်လက် အသက်ရှင်ရန် လိုလားနေပါသလော။ ထိုသို့သောလူများ အသက်ရှင်ခြင်း၏ အရေးပါမှုမှာ အဘယ်နည်း။ သင်၏ အသက်တာသည် အထင်သေးဖွယ် ဖြစ်သကဲ့သို့ ရှက်ဖွယ်ဖြစ်သည်၊ သင်သည် ညစ်ညမ်းမှုနှင့် ကိုယ်ကျင့်သိက္ခာ ကင်းမဲ့မှုအလယ်တွင် အသက်ရှင်ပြီး၊ သင်သည် မည်သည့် ရည်မှန်းချက်များကိုမျှ မလိုက်စားပေ။ သင့်ဘဝသည် အားလုံးထဲတွင် ရှက်ဖွယ်အကောင်းဆုံး ဖြစ်သည်မဟုတ်လော။ ဘုရားသခင်ကို သင်ကြည့်ရှုဝံ့သလော။ ဤနည်းဖြင့် သင် ဆက်လက် တွေ့ကြုံပါက၊ သင်သည် မည်သည့်အရာကိုမျှ မရရှိဘဲ ဖြစ်လိမ့်မည် မဟုတ်လော။ သင့်ထံ မှန်ကန်သောလမ်းခရီးကို ပေးထားပြီး ဖြစ်သော်လည်း၊ နောက်ဆုံးတွင် သင်သည် ယင်းကို ရရှိနိုင်ခြင်း ရှိမရှိဆိုသည်မှာ သင်၏ ကိုယ်ရေးကိုယ်တာ လိုက်စားမှုအပေါ် မူတည်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ)ဖောက်ပြန်ပျက်စီးသော လူသားအားလုံး ၎င်းတို့ကိုယ်တိုင်အတွက် အသက်ရှင်နေထိုင်ကြ၏။ မိမိကိုယ်သာ ကိုးကွယ်ရာ၊ ဤသည်မှာ လူ့သဘာဝ၏ အနှစ်ချုပ်ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းမှာ မိမိတို့အတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး ၎င်းတို့သည် ဘုရားသခင်အတွက် အမှုအရာများကို စွန့်လွှတ်ပြီး မိမိတို့ကိုယ်ကို အသုံးခံကြသည့်အခါ ယင်းသည် ကောင်းချီးခံစားရရန်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် သစ္စာစောင့်သိသောအခါ ယင်းသည် ဆုချီးမြှင့်ခြင်းခံရရန်သာဖြစ်နေဆဲဖြစ်သည်။ အနှစ်ချုပ်လျှင် အားလုံးက ကောင်းချီးရဖို့၊ ဆုချီးမြှင့်ခြင်းခံရဖို့၊ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရဖို့ ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။ လူ့အဖွဲ့အစည်းတွင် လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် အလုပ်လုပ်သည်။ ဘုရားသခင်၏ အိမ်တော်တွင် ၎င်းတို့က ကောင်းချီးရရန် တာဝန်ထမ်းဆောင်ကြသည်။ ကောင်းချီးမင်္ဂလာများ ရရှိရန်အတွက် လူတို့သည် အရာခပ်သိမ်းကို စွန့်ပယ်ခြင်းဖြစ်ကာ များစွာသော ဒုက္ခကို ခါးစီးခံနိုင်ခြင်း ဖြစ်သည်။ လူသား၏ ဆိုးယုတ်သော သဘာဝနှင့်ပတ်သက်ပြီး ပိုကောင်းသော အထောက်အထားမရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားသခင် ထုတ်ဖော်သမျှက အဖြစ်မှန်ပဲ။ ဘုရားကို ကျွန်မ ယုံကြည်တာက ကျွန်မရဲ့ မိသားစုအတွက် အေးချမ်းမှုနဲ့ လုံခြုံမှုကို လိုက်စားတာသက်သက်ပါပဲ။ ဒါက ဘုရားကို ယုံကြည်ခြင်းဆိုတဲ့ သဘောဖြစ်တယ်လို့ ယုံကြည်နေမိခဲ့တယ်။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော”ဆိုတာနဲ့ “ဆုလာဘ်မရှိဘဲ လုံးဝ မလုပ်နှင့်”ဆိုတဲ့ စာတန်ဆန်တဲ့ အဆိပ်တွေနဲ့ ကျွန်မ အသက်ရှင်ခဲ့တယ်။ ဒါကြောင့် ကိုယ့်အတွက် ကောင်းချီးတွေနဲ့ ငြိမ်သက်ခြင်းကို ရှာဖို့ပဲ ဘုရားကို ကျွန်မ ယုံကြည်ခဲ့တာဖြစ်ပြီး၊ ကောင်းကင်နိုင်ငံမှာ ဆုလာဘ်တွေရဖို့ ကျွန်မတာဝန်တွေကို ထမ်းဆောင်ခဲ့တာ၊ အမှုအရာတွေကို စွန့်ပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံခဲ့တာပဲ။ အရာရာကို ကိုယ်ကျိုးအတွက် လုပ်နေခဲ့တာ။ ဘုရားကို ကျွန်မ ယုံကြည်ပြီး သူ့ရဲ့ ကောင်းချီးနဲ့ ကျွန်မ မိသားစုရဲ့ အေးချမ်းမှုကို မြင်ရတဲ့အခါ၊ ဘုရားအတွက် အမှုအရာတွေကို စွန့်ပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံနိုင်ခဲ့တယ်။ ကျွန်မက ဘုရားကို သစ္စာစောင့်သိပြီး သူ့ကို စစ်မှန်စွာ ယုံကြည်ခဲ့တယ်၊ သမ္မာတရားကို ချစ်တဲ့သူတစ်ယောက်ဖြစ်ခဲ့တယ်လို့ တွေးရင်းနဲ့ပေါ့။ ဒါပေမဲ့ ကျွန်မ နေမကောင်းဖြစ်ပြီး အနာငြိမ်းဖို့အတွက် ကျွန်မရဲ့ ဆုတောင်းချက်တွေ မပြည့်တော့ ဘုရားနဲ့ ခပ်ကင်းကင်းနေခဲ့သလို၊ ဘုရားကို ဆုတောင်းတာ၊ အားကိုးတာတွေကို ရပ်လိုက်တယ်။ ကျွန်မမျက်လုံးတွေနဲ့ မမြင်ရပေမဲ့၊ ဘုရားနှုတ်ကပတ်တော် ဖတ်ရွတ်ခြင်းတွေကို နားထောင်လို့ရသေးတယ်လေ။ ဒါပေမဲ့ ဘာမှမလုပ်ဘဲနဲ့ တစ်မှေးအိပ်နေတုန်းမှာတောင် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ မကြားချင်ခဲ့ဘူး။ ကျွန်မရဲ့ စိတ်နှလုံးက ဘုရားအတွက် လုံးဝ ပိတ်ထားခဲ့တယ်၊ ဘုရားဆီကို တိုးဝင်ချဉ်းကပ်ချင်စိတ် မရှိခဲ့ဘူး။ ဘုရားကို ကျွန်မ ယုံကြည်တာနဲ့ ဝမ်းပြည့်ဖို့ကိုပဲ ရှာတဲ့ ဘာသာတရားထဲမှာရှိသူတွေကြားမှာ ဘာကွာခြားတာရှိလဲ။ သူတို့က ရုပ်ဝတ္ထု အကျိုးအမြတ်တွေနဲ့ ငြိမ်သက်ခြင်းကိုရှာဖို့ပဲ ဘုရားကို ယုံကြည်ခဲ့ကြတယ်။ တစ်နှစ်ပတ်လုံး သူတို့မိသားစုတွေအတွက် ကောင်းမွန်တဲ့ ရာသီဥတုနဲ့ ကျန်းမာရေးကို လိုချင်ကြတယ်။ သူတို့လိုချင်တာ မရဘဲ တစ်ခါတလေ ကပ်ဘေးနဲ့ တွေ့တဲ့အခါ၊ ဘုရားနဲ့ ခပ်ကင်းကင်းနေပြီး သူ့ကို သစ္စာဖောက်ကြတယ်။ ကျွန်မလည်း သူတို့လိုပဲ အသိတရား၊ ဒါမှမဟုတ် အသိစိတ်တစ်ခုမှ မရှိဘဲ တစ်ကိုယ်ကောင်းဆန်ပြီး ဆိုးယုတ်တယ်ဆိုတာကို သဘောပေါက်ခဲ့တယ်။ ဘုရားက သမ္မာတရားတွေ အများကြီးဖော်ပြပြီးတာတောင် ကျွန်မက မလိုက်စားခဲ့ရုံတင်မက သန့်စင်ခြင်း၊ ဒါမှမဟုတ် ပြောင်းလဲခြင်းကိုလည်း မလိုက်စားခဲ့ဘူး။ အဲဒါဆိုရင် ကျွန်မနဲ့ ဝက်တွေ၊ ခွေးတွေလိုမျိုး တိရစ္ဆာန်တွေကြားမှာ ခြားနားတာ ဘာရှိလို့လဲ။

နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ ဖတ်ပြီး၊ ဘုရားသခင်အပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်းက ဘာလဲ၊ ဘုရားကို ယုံကြည်ခြင်းရဲ့ အရေးပါမှုတို့နဲ့ပတ်သက်တဲ့ နားလည်မှုတချို့ ရရှိခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “‘ဘုရားသခင်ကို ယုံကြည်ခြင်း’ ဆိုသည်မှာ ဘုရားသခင်တစ်ပါး ရှိသည်ကို ယုံကြည်ခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ အရိုးရှင်းဆုံး အယူအဆ ဖြစ်၏။ ထို့အပြင် ဘုရားသခင်တစ်ပါးရှိသည်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းနှင့် မတူပေ။ ယင်းထက်၊ ထိုအရာသည် ခိုင်မာသည့် ဘာသာရေး အငွေ့အသက်ပါရှိသည့် ရိုးရှင်းသော ယုံကြည်မှုတစ်မျိုး ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်း ဆိုသည်မှာ အောက်ပါအတိုင်း ဆိုလိုပေသည်- ဘုရားသခင်သည် အရာအားလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟု ယုံကြည်မှုအရ၊ သူ၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ကို လူတစ်ဦးက တွေ့ကြုံခံစားသည်၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သန့်စင်သည်၊ ဘုရားသခင်၏ရည်ရွယ်ချက်များကို ဖြည့်ဆည်းပြီး၊ ဘုရားသခင်ကို သိကျွမ်းလာပေသည်။ ဤခရီးလမ်းမျိုးကိုသာ ‘ဘုရားသခင်ကို ယုံကြည်ခြင်း’ ဟု ခေါ်ဆိုနိုင်ပေသည်။ သို့သော် လူများက ဘုရားသခင်ကို ယုံကြည်မှုသည် ရိုးရှင်းပြီး ပေါ့ပေါ့ပြက်ပြက် ကိစ္စတစ်ခုကဲ့သို့ ယေဘုယျအားဖြင့် မြင်တတ်ကြသည်။ ဤနည်းဖြင့် ဘုရားသခင်ကို ယုံကြည်သောလူများသည် ဘုရားသခင်အား ယုံကြည်ဖို့ဆိုသည်မှာ အဘယ်အရာဆိုလိုသည်ကို မျက်ခြည်ပြတ်သွားခဲ့ကြကာ၊ ၎င်းတို့သည် တကယ့်အဆုံးအထိ ဆက်လက် ယုံကြည်ကောင်း ယုံကြည်နိုင်သော်လည်း၊ ဘုရားသခင်၏ လက်ခံခြင်းကို မည်သည့်အခါတွင်မျှ ရရှိမည်မဟုတ်၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် မှားယွင်းသောလမ်းကြောင်းပေါ် နင်းလျှောက်ကြသောကြောင့် ဖြစ်သည်။ ယနေ့တွင် စကားများနှင့် အနှစ်မဲ့သည့် အယူဝါဒများအတိုင်း ဘုရားသခင်ကို ယုံကြည်သူများ ရှိနေသေးပေသည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်မှု၏ အနှစ်သာရ ကင်းမဲ့သည်ကို ၎င်းတို့ မသိကြသကဲ့သို့၊ ဘုရားသခင်၏ လက်ခံခြင်းကို ၎င်းတို့ မရရှိနိုင်ပေ။ ၎င်းတို့သည် ဘေးကင်းလုံခြုံခြင်း ကောင်းချီးမင်္ဂလာများနှင့် လုံလောက်သော ကျေးဇူးတော်ကို ဘုရားသခင်ထံ တောင်းလျှောက်ကြဆဲ ဖြစ်သည်။ ငါတို့ ရပ်တန့်ကြစို့၊ ငါတို့၏ စိတ်နှလုံးများကို ငြိမ်သက်စေပြီး မိမိတို့ကိုယ်ကိုယ် မေးကြစို့- ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကမ္ဘာပေါ်တွင် အမှန်တကယ် အလွယ်ကူဆုံးသောအရာ ဖြစ်နိုင်သလော။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ထံမှ များစွာသော ကျေးဇူးတော် ရရှိခြင်းထက် ဘာမျှမပိုဟု ဆိုလိုသလော။ ဘုရားသခင်ကို မသိဘဲလျက် ဘုရားသခင်ကို ယုံကြည်သူ၊ သို့မဟုတ် ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို ဆန့်ကျင်သူတို့သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို အမှန်တကယ် ဖြည့်ဆည်းနိုင်သလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တာကတစ်ဆင့်၊ ဘုရားကို ယုံကြည်တာက တကယ်တမ်း ဘာကိုဆိုလိုတယ်ဆိုတာကို နားလည်ခဲ့တယ်။ ဒီနှစ်တွေတစ်လျှောက်မှာ ကျွန်မက ဘုရားကို အယူအဆတွေနဲ့ မရေမရာ ယုံကြည်နေခဲ့တာပဲ။ ဘုရားကိုယုံကြည်တာက ဒီဘဝ အဆတစ်ရာသောအကျိုးနဲ့ နောင်ဘဝမှာ ထာဝရအသက်ကို ရဖို့သက်သက်ပဲဖြစ်တယ်လို့ ထင်နေမိခဲ့တယ်။ ဘုရားကို ယုံကြည်ခြင်းနဲ့ပတ်သက်လို့ ကျွန်မရဲ့ ရှုထောင့်က မှားပြီး မှားယွင်းတဲ့ လမ်းကြောင်းကို ကျွန်မ လိုက်လျှောက်ခဲ့မိတယ်။ ဒီလိုပုံစံနဲ့ဆိုရင် ဘုရားကို ကျွန်မ ဘယ်လောက်ကြာအောင် ယုံကြည်ခဲ့ပါစေ ဘုရားကို သိလာမှာမဟုတ်ဘူး။ ဘုရားကို တကယ် ယုံကြည်တဲ့သူတစ်ယောက်က ဘုရားနှုတ်ကပတ်တော်တွေနဲ့ သူ့ အမှုတော်ကို တွေ့ကြုံတယ်၊ ဘုရားကို သိလာတယ်၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖယ်ရှားပြီး ဘုရားနဲ့ သဟဇာတဖြစ်လာတယ်။ အားလုံးက အရာခပ်သိမ်းအပေါ် ဘုရားက အချုပ်အခြာအာဏာရှိတယ်လို့ အသိအမှတ်ပြုတဲ့အပေါ် အခြေခံတယ်။ ကျေးဇူးတော်ခေတ်အတွင်းက ပေတရုရဲ့ ယုံကြည်ခြင်းကို ကျွန်မ သုံးသပ်ခဲ့တယ်။ သူ့ရဲ့ လိုက်စားမှု လမ်းကြောင်းက ဘုရားရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီခဲ့တယ်။ သူက သမ္မာတရား လိုက်စားတာကို အလေးထားခဲ့ပြီး၊ နေ့စဉ်ဘဝရဲ့ အသေးဆုံး အချက်တွေမှာတောင် ဘုရားရဲ့ ရည်ရွယ်ချက်တွေကို သဘောပေါက်ဖို့ ကြိုးစားခဲ့တယ်။ ဒါ့အပြင် ပေတရုက ဖန်ဆင်းခံရဲ့ နေရာမှာ ရပ်ပြီး သူ့တာဝန်တွေကို ထမ်းဆောင်ခဲ့တယ်။ ဘုရားအပေါ် ချစ်ခြင်းနဲ့ ကျိုးနွံနာခံခြင်းတွေကို သူ လိုက်စားခဲ့တယ်။ နောက်ဆုံးမှာ ဘုရားအတွက် ဇောက်ထိုးကားစင်တင်ခံခဲ့ရပြီး နှစ်သက်စရာကောင်းတဲ့၊ ထူးကဲတဲ့ သက်သေကို ခံခဲ့တယ်။ ပေတရုနဲ့ ယှဉ်ကြည့်တဲ့အခါ၊ ကျွန်မ တကယ် ရှက်ပြီး စိတ်ကသိကအောက်ဖြစ်မိတယ်။ နောက်တနဲ့ ဘုရားဆီ ကျွန်မ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ကိုယ်တော်ရှေ့မှာ နောင်တရဖို့ ကျွန်မ လိုလားနေပါတယ်။ ကျွန်မမှာရှိတဲ့ ကျန်တဲ့အချိန်မှာ၊ သမ္မာတရားကို လေးလေးနက်နက် လိုက်စားချင်ပါတယ်။ ကျွန်မတာဝန်ကို ထမ်းဆောင်ရာမှာ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်တွေကို ရှာချင်တယ်၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြီး၊ ကျွန်မရဲ့ အသက်ဝင်ရောက်မှုကို အာရုံစိုက်ချင်ပါတယ်”လို့ပေါ့။ ဒီမျက်စိရောဂါဝေဒနာ ပြင်းပြင်းထန်ထန် ခံစားရတဲ့အချိန်ကနေ ဘုရားကို ကျွန်မယုံကြည်ခြင်းမှာရှိတဲ့ ကျွန်မရဲ့ ရှုထောင့်တွေနဲ့ ကျွန်မ လျှောက်ခဲ့တဲ့ လမ်းကြောင်းတွေကို သုံးသပ်ပြီး သိလာခဲ့တာပါ။ သင်ခန်းစာတချို့ ရလာတဲ့အချိန်မှာ ကျွန်မ မျက်လုံးတွေက တဖြည်းဖြည်းကောင်းလာတယ်။

ဆယ်နှစ်ကျော်ကြာသွားပြီး ကျွန်မရဲ့ မျက်စိရောဂါက ထပ်မဖြစ်သေးဘူး။ ကျွန်မရဲ့ အမြင်အာရုံ ဆုံးရှုံးလုနီးပါးဖြစ်ပြီး ရောဂါကနေ ကျွန်မ ဆင်းရဲဒုက္ခကို သည်းခံခဲ့ရပေမဲ့၊ ဒါကို ဖြတ်သန်းပြီးတဲ့နောက်မှာ၊ ဘုရားရဲ့ ကောင်းမြတ်တဲ့ ရည်ရွယ်ချက်တွေကို ကျွန်မ တွေ့ကြုံပြီး၊ စာတန်ရဲ့ ဖျက်ဆီးခြင်းကို ကျွန်မ ဘယ်လိုခံခဲ့ရတယ်ဆိုတဲ့ အမှန်တရားကိုလည်း ရှင်းရှင်းလင်းလင်း မြင်ခဲ့တယ်။ လူတွေကို ကယ်တင်တဲ့နေရာမှာ ဘုရားရဲ့ လုပ်ဆောင်မှုနည်းလမ်းနဲ့ ထောက်ထားမှုရှိတဲ့ ရည်ရွယ်ချက်တွေနဲ့ပတ်သက်ပြီး လက်တွေ့ကျတဲ့ အသိတချို့ကိုလည်း ရခဲ့တယ်။ ဒါက သက်သောင့်သက်သာဖြစ်တဲ့ ပတ်ဝန်းကျင်ကနေ ကျွန်မ လုံးဝ မရနိုင်တဲ့ အရာပဲ။ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

တာဝန်ကို ကောင်းစွာ လုပ်ဆောင်ရန် ဝေဖန်အကဲဖြတ်ချက် လိုအပ်သည်

မကြာသေးခင်က ခေါင်းဆောင်တစ်ယောက်နဲ့ သင်းထောက်နှစ်ယောက်ကို ညီအစ်မတစ်ယောက် တိုင်ကြားတဲ့စာ ရခဲ့တယ်။ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ အစ်မရှင်းက...

မကောင်းမှုပြုသူကို ရိပ်စားမိခြင်းမှ ကျွန်တော်ရရှိခဲ့သည့်အရာ

ကျန်းယိ ဂျပန်နိုင်ငံ ၂၀၁၅၊ သြဂုတ်လမှာ အစ်မချန်းက လက်တွေ့အလုပ်ကိုမလုပ်လို့ အထုတ်ခံရတာကို ကျွန်တော် သိလိုက်ရတယ်။ သူက ကျော်ကြားမှုနဲ့...

နောက်ကွယ်၌ရှိသော တာဝန်တစ်ခုရှိ ကျွန်မ၏ စိတ်အခြေအနေ

ဝူယမ် တရုတ်နိုင်ငံ ၂၀၂၁ခုနှစ်၊ ဇွန်လကုန်ခါနီးမှာ ကွန်မြူနစ်ပါတီက ခရစ်ယာန်တွေကို အရူးအမူးလိုက်ဖမ်းနေတာကြောင့် ကျွန်မရဲ့ ဧည့်ခံတဲ့အိမ်က...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
စာလုံးသေးမည်
စာလုံးကြီးမည်
​ဘောင်အပြည့်ချဲ့ကြည့်မည်
​ဘောင်အပြည့်ချဲ့ကြည့်ခြင်းမှ ထွက်မည်