အခြားသူများကို အမြဲ ကျေနပ်စေခြင်းမှ ဖြစ်လာသည့်အရာ
ရှင်းချန် အမေရိကန်နိုင်ငံ အသင်းတော်မှာ ဧဝံဂေလိအလုပ်ကို ကျွန်မ ကိုင်တွယ်ရတယ်။ အစ်မဝမ်နဲ့ ကျွန်မက အဖွဲ့ခေါင်းဆောင် အတူလုပ်ကြတယ်။ အစမှာ၊...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ဒီပြီးခဲ့တဲ့ သုံးလေးနှစ်မှာ၊ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါက ကမ္ဘာတစ်ဝှမ်း ပျံ့နှံ့ခဲ့တော့၊ ရောဂါပိုး ကူးစက်ခံရတဲ့လူတွေ ပိုများသထက်များခဲ့ပြီး သူတို့ထဲက အတော်များများ သေဆုံးသွားကြတယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်။ “ဘုရားအမှုတော် အဆုံးသတ်ပြီးရင် ကပ်ဘေးကြီး ရောက်လာမှာဖြစ်သလို၊ မကောင်းမှုလုပ်ပြီး ဘုရားကို အာခံတဲ့သူအားလုံး ကပ်ဘေးထဲကျပြီး ဖျက်ဆီးခံရမယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတွေကို လက်ခံပြီး သန့်စင်ခံရသူတွေပဲ ဘုရားရဲ့ ကွယ်ကာခြင်းကို ရနိုင်ပြီး၊ ဘုရားရဲ့နိုင်ငံတော်ထဲကို ဝင်နိုင်တယ်။ ငါ့ရဲ့ ဧဝံဂေလိဖြန့်တာ၊ တာဝန်ထမ်းဆောင်တာတွေကို အရှိန်မြှင့်ပြီး ကောင်းမှုတွေကို ပိုပြင်ဆင်ရမယ်။ အဲဒီအခါမှပဲ ကောင်းတဲ့ အဆုံးသတ်နဲ့ ခရီးပန်းတိုင်ကို ငါ ရမှာပဲ”လို့ပေါ့။ ပြီးတော့လည်း “ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီးတဲ့နောက်မှာ၊ ဧဝံဂေလိဖြန့်ဖို့ ငါ့အလုပ်ကို ငါ စွန့်လွှတ်ခဲ့တယ်။ အကြိမ်အတော်များများ အဖမ်းခံခဲ့ရသလို၊ ညီအစ်ကို မောင်နှမတွေကို၊ ဒါမှမဟုတ် အသင်းတော်ကို ငါ လုံးဝ သစ္စာမဖောက်ခဲ့ဘူး။ နောက်ပိုင်းမှာ၊ အရင်လိုပဲ ဧဝံဂေလိကို ငါ ဆက်ဖြန့်ခဲ့တယ်။ ပြီးတော့ ဒီနှစ်တွေမှာ လူအတော်များများကို ငါ ရထားပြီးပြီ။ ငါ အသက် ၇၀ ရှိနေပြီဖြစ်ပေမဲ့ ငါက အသင်းတော်တချို့ရဲ့ ဧဝံဂေလိကို ကြီးကြပ်နေရတုန်းပဲဖြစ်ပြီး သူတို့ရဲ့ ရလဒ်တွေက မဆိုးဘူး။ ငါ့တာဝန်ကို မှန်မှန်ကန်ကန် မလျှော့တမ်းလုပ်သရွေ့၊ အနာဂတ်မှာ ဘုရားက ငါ့ကို သေချာပေါက် ကယ်မှာပဲ”လို့ တွေးမိတယ်။ ဒါကို တွေးမိတော့၊ ကျွန်မ စိတ်နှလုံးမှာ ဝမ်းမြောက်ပြီး၊ ကိုယ့်တာဝန်မှာ အရမ်းတက်ကြွခဲ့တယ်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလထဲက ရက်တစ်ရက်မှာ မနက်မှာ ကျွန်မ အိပ်ရာထတော့၊ လည်ချောင်းက ယားကျိကျိနဲ့ ချောင်းဆိုးပြီး ကိုယ်နည်းနည်းပူနေတယ်။ လတ်တလောမှာ ကျွန်မက ကိုဗစ်ရောဂါရှိတဲ့သူနဲ့ ထိတွေ့ခဲ့တာရှိတယ်ဆိုတော့ ကျွန်မလည်း ကူးစက်ခံခဲ့ရတာဖြစ်မယ်လို့ သံသယရှိသွားတယ်။ ဒါပေမဲ့ ရောဂါလက္ခဏာတွေက အဲဒီတုန်းက သိပ်မဆိုးခဲ့သလို၊ ကျွန်မ ခံနိုင်သေးတယ်။ ဒါကြောင့် အဲဒါကို ကျွန်မ သိပ်အလေးအနက်မထားခဲ့ဘူး။ အိမ်မှာ နှစ်ရက်လောက် အနားယူပြီးတော့ ကျွန်မ နည်းနည်း သက်သာသွားတယ်။ အဲဒီအချိန်မှာ ကျွန်မ အတော်လေး ဝမ်းသာခဲ့တယ်။ ဒီနှစ်တွေမှာ ဘုရားကို ကျွန်မ ယုံကြည်ခဲ့ပြီး အသင်းတော်မှာ ကိုယ့်တာဝန်ကို အမြဲ လုပ်နေခဲ့တဲ့အတွက်၊ ဘုရားက ကျွန်မကို မြန်မြန် နာလံထူခွင့်ပေးခဲ့တာပဲ။ ဒါကြောင့် ဧဝံဂေလိကို ကျွန်မ အထူးဖြန့်ဝေပြီး ကောင်းမှုတွေကို ပိုပြင်ဆင်သင့်တယ်လို့ တွေးမိတယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲ၊ ကျွန်မ နေမကောင်းဖြစ်တာက နောက်ပိုင်းမှာ ပိုဆိုးလာတယ်။ တစ်နေ့၊ ဧဝံဂေလိ ဖြန့်ပြီးတော့ ကျွန်မ ပြန်လာတဲ့အချိန်မှာ ရုတ်တရက် ကျွန်မရဲ့ ခန္ဓာကိုယ်တစ်ခုလုံး အားနည်းသွားတယ်။ ကျွန်မ အဖျားကြီးနေပြီး ခေါင်းလည်းမူးတယ်။ နောက်တစ်နေ့မှာ၊ အဖျားက လျော့မသွားဘဲ ကြီးနေတုန်းပဲ။ အဲဒီအချိန်မှာ ကျွန်မက၊ “ငါ နေမကောင်းဖြစ်တုန်းက၊ မညည်းဘဲ တာဝန်ကို ပုံမှန်အတိုင်း ဆက်လုပ်နေခဲ့တယ်။ ဘုရားရဲ့ ကွယ်ကာမှုကို ငါ ရခဲ့သင့်တာ။ ဒါဆို ဘာလို့ ငါ ရုတ်တရက် ပိုဆိုးသွားတာလဲ။ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ကတည်းက၊ ကမ္ဘာတစ်ဝှမ်းမှာ လူအများကြီး သေပြီးပြီ။ သူတို့ထဲက အတော်များများက သက်ကြီးရွယ်အိုတွေ။ ငါ အခြေအနေဆက်ဆိုးနေရင်၊ ငါလည်း သေမှာလား”လို့ တွေးရင်းနဲ့ လန့်လာတယ်။ အဲဒီနှစ်ရက်သုံးရက်အတွင်းမှာ၊ ကျွန်မရဲ့ အဖျားကျအောင်လို့ ဆေးတချို့သောက်တယ်။ ဒါပေမဲ့ အဖျားက မြင့်တဲ့ဘက်မှာ ရှိနေတုန်းပဲ။ ကျွန်မက မောနေပြီး အဆက်မပြတ် ချောင်းဆိုးတယ်။ အထူးသဖြင့် ကျွန်မသိတဲ့ သက်ကြီးရွယ်အိုတွေ ကိုဗစ်ကြောင့် ဆုံးပါးကြတဲ့အကြောင်းကို ကြားတော့၊ ကျွန်မ နည်းနည်း ကြောက်ပြီး စိုးရိမ်သောကဖြစ်တယ်။ “ဘုရားအမှုတော် မကြာခင် ပြီးဆုံးတော့မှာ။ အခု ငါ သေသွားရင်၊ ကယ်တင်ခံရဦးမှာလား။ ဒီနှစ်တွေမှာ ငါ အသုံးခံခဲ့တာတွေအားလုံး အချည်းနှီးဖြစ်သွားမှာလား။ အသင်းတော်မှာ ဘာတာဝန်မှ မလုပ်တဲ့ လူတချို့ရှိတယ်။ ဘယ်လိုဖြစ်ပြီး သူတို့က ကူးစက်မခံရသေးတာလဲ။ ဒီအချိန်မှာ ငါကတော့ ကိုယ့်မိသားစုနဲ့ အသက်မွေးအလုပ်ကို စွန့်ပြီး၊ ကိုယ့်တာဝန်ကို အမြဲ ထမ်းဆောင်ခဲ့တယ်။ ဆင်းရဲဒုက္ခအများကြီးခံစားပြီး အဖိုးအခ အတော်လေး ပေးခဲ့တယ်။ ဘာလို့ ဘုရားက ငါ့ကို မကွယ်ကာခဲ့တာလဲ”လို့ တွေးရင်းနဲ့ပေါ့။ ဒါကို တွေးမိတော့၊ ကျွန်မ စိတ်ဓာတ်မကျဘဲ မနေနိုင်ခဲ့ဘူး။ ကျွန်မ ဘာကိုမှ မပြောခဲ့ဘဲ ကိုယ့်တာဝန်ကို ဆက်လုပ်ခဲ့ပေမဲ့၊ ကျွန်မစိတ်နှလုံးက တက်ကြွမှု ပျောက်ဆုံးသွားခဲ့ပြီဖြစ်သလို ကျွန်မတာဝန်မှာ ဆင်းရဲဒုက္ခမခံချင်ခဲ့ဘူး၊ အဖိုးအခ မပေးချင်ခဲ့ဘူး။ တခြား အသင်းတော်နှစ်ခုသုံးခုရဲ့ ဧဝံဂေလိ အလုပ်ကို ကျွန်မကို ကြီးကြပ်ခိုင်းဖို့နဲ့ပတ်သက်ပြီး ခေါင်းဆောင်က ကျွန်မကို စကားပြောတဲ့အချိန်မှာ၊ ကျွန်မ အဲဒါနဲ့ပတ်သက်လို့ သိပ်ပြီး ဝမ်းမသာခဲ့ဘူး။ ကျွန်မကိုယ်ကျွန်မ ကျန်းမာအောင်နေတာက ပိုအရေးကြီးတယ်လို့ ထင်ခဲ့တယ်။ ကျွန်မမှာ ကိစ္စအများကြီးကို စိုးရိမ်နေရရင်၊ ကျွန်မရဲ့ခန္ဓာကိုယ်က အဲဒါကို ခံနိုင်မှာ မဟုတ်ဘူးလေ။ နောက်ပြီးတော့ ပြီးခဲ့တဲ့ ကိုဗစ်ရောဂါဝေဒနာကနေ ကျွန်မ လုံးဝ သက်သာသွားတာ မဟုတ်သေးဘူး။ ကျွန်မ ထပ်ကူးစက်ခံလိုက်ရရင်၊ ဒါကို ကျွန်မ တကယ် မကျော်နိုင်လောက်ဘူး။ အဲဒီနောက် ကျွန်မတာဝန်ကို လုပ်ရာမှာ၊ ကျွန်မ ချမ်းပြီး ချောင်းဆိုးတဲ့အခါတိုင်း ကိစ္စတွေ ပိုဆိုးသွားမှာကို ကျွန်မ စိုးရိမ်ပြီး ခဏခဏ စိတ်ပူပြီး ကြောက်နေခဲ့တယ်။ ကျွန်မအခြေအနေ မမှန်မှန်း သိခဲ့ပြီး ဘုရားဆီ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်။ ကိုယ်တော် ကျွန်မကို ဒီရောဂါ ရှိခွင့်ပေးခဲ့တယ်။ ဒါပေမဲ့ ကိုယ်တော့်ကို ကျွန်မ တောင်းဆိုမှုတွေလုပ်ပြီး၊ လုံးဝ မကျိုးနွံမနာခံနိုင်ခဲ့ဘူး။ ကိုယ့်တော်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့နဲ့ သမ္မာတရားကို ရှာပြီး အဲဒီကနေ သင်ခန်းစာယူဖို့ ကျွန်မကို ကျေးဇူးပြုပြီး လမ်းပြတော်မူပါ”လို့ပေါ့။
ဆုတောင်းပြီးတော့ ဘုရားနှုတ်ကပတ်တော်တချို့ ဖတ်ခဲ့တယ်။ “လူတို့သည် ဘုရားသခင် စီစဉ်ညွှန်ကြားသည့် ပတ်ဝန်းကျင်များနှင့် သူ၏ အချုပ်အခြာအာဏာတို့ကို မရိပ်စားမိနိုင်သည့်အခါ၊ နားလည်၊ လက်ခံခြင်း၊ သို့မဟုတ် ကျိုးနွံနာခံခြင်း မရှိနိုင်သည့်အခါ၊ မိမိတို့၏ နေ့စဉ်ဘဝများတွင် အခက်အခဲအမျိုးမျိုးကို လူတို့ ရင်ဆိုင်ရသည့်အခါ၊ သို့မဟုတ် ဤအခက်အခဲများသည် ပုံမှန်လူတို့ ခံနိုင်သည့်အရာကို ကျော်လွန်သည့်အခါ၊ ၎င်းတို့သည် စိုးရိမ်မှုနှင့် ပူပန်သောကမျိုးစုံကို မသိစိတ်၏စေ့ဆော်မှုအရ ခံစားရပြီး စိတ်ဖိစီးမှုပင် ခံစားကြရသည်။ မနက်ဖြန်၊ သို့မဟုတ် ဖိန်းနွှဲခါက မည်ကဲ့သို့ဖြစ်မည်၊ သို့မဟုတ် အနည်းငယ်သော နှစ်ကာလအတွင်း အမှုအရာများ မည်သို့ဖြစ်မည်၊ သို့မဟုတ် ၎င်းတို့၏ အနာဂတ်က မည်သို့ဖြစ်မည်ဆိုသည်တို့ကို ၎င်းတို့ မသိကြသောကြောင့် အမှုအရာမျိုးစုံနှင့်ပတ်သက်၍ စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့ကို ခံစားကြလေသည်။ အမှုအရာမျိုးစုံနှင့်ပတ်သက်၍ စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့ကို လူတို့ ခံစားရသည့် အခြေအနေမှာ မည်သည့်အရာ ဖြစ်သနည်း။ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ၎င်းတို့ မယုံကြည်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ၎င်းတို့ မယုံကြည်နိုင်သကဲ့သို့ မရိပ်စားမိနိုင်ခြင်း ဖြစ်သည်။ မိမိတို့ ကိုယ်ပိုင် မျက်စိများဖြင့် ထိုအရာကို မြင်လျှင်ပင် နားလည်ကြမည်မဟုတ်၊ သို့မဟုတ် ယုံကြည်ကြမည် မဟုတ်ပေ။ ဘုရားသခင်က ၎င်းတို့၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ကြောင်း ၎င်းတို့ မယုံကြည်ကြ။ ၎င်းတို့၏ အသက်တာများက ဘုရားသခင်၏ လက်ထဲတွင်ရှိသည်ကို ၎င်းတို့ မယုံကြည်ကြ။ ထို့ကြောင့် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များအပေါ် မယုံကြည်မှုက ၎င်းတို့ စိတ်နှလုံးများတွင် ထွက်ပေါ်ပြီးနောက် အပြစ်တင်မှု ဖြစ်ပေါ်ကာ ၎င်းတို့ ကျိုးနွံနာခံနိုင်ခြင်း မရှိကြချေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) “နာမကျန်းမှုတစ်ခု ရှိသည့်လူများသည် ‘အို ငါ၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် ငါစိတ်ပိုင်းဖြတ်ထားသော်လည်း ဤနာမကျန်းမှု ငါ ရလေပြီ။ အန္တရာယ်မှ ကွယ်ကာရန် ဘုရားသခင်ကို ငါတောင်းလျှောက်ပြီး ဘုရားသခင်၏ ကွယ်ကာမှုဖြင့် ငါစိုးရွံ့ရန် မလိုပါ။ သို့သော် ငါ၏ တာဝန်များကို ထမ်းဆောင်နေချိန် ငါ ခြေကုန်လက်ပန်း ကျသွားသည့်အခါ ငါ၏ ရောဂါ ပြန်ထလိမ့်မည်လား။ ငါ၏ ရောဂါ အမှန်တကယ် ထလာခဲ့လျှင် မည်သည့်အရာကို ငါ လုပ်ရမည်နည်း။ ခွဲစိတ်မှုခံရန် ဆေးရုံတက်ဖို့ ငါ လိုအပ်ပါက ထိုအတွက် ပေးရမည့် ငွေ ငါ့မှာမရှိပါ။ ထို့ကြောင့် ငါ၏ ကုသမှုအတွက် ပေးဖို့ ငွေမချေးလျှင် ငါ၏ ရောဂါ သာ၍ပင် ဆိုးသွားလိမ့်မည်လော။ တကယ်ကို ဆိုးလာလျှင် ငါသေလိမ့်မည်လော။ ထိုသို့သော သေခြင်းကို ပုံမှန်သေခြင်းတစ်ခုအဖြစ် မှတ်ယူနိုင်မည်လော။ ငါ အမှန် သေဆုံးလျှင် ငါ ထမ်းဆောင်ပြီးဖြစ်သည့် တာဝန်များကို ဘုရားသခင် အောက်မေ့လိမ့်မည်လော။ ကောင်းမှုများ လုပ်ဆောင်ပြီးဖြစ်သည်ဟု ငါ မှတ်ယူခံရလိမ့်မည်လော။ ငါသည် ကယ်တင်ခြင်းကို ရရှိမည်လော’ဟု မကြာခဏ စဉ်းစားကြသည်။...ဤအရာများကို ၎င်းတို့ စဉ်းစားသည့်အခါတိုင်းတွင် ၎င်းတို့၏ စိတ်နှလုံးများ၌ နက်နဲသည့် ပူပန်သောကတစ်ခု ထွက်ပေါ်နေသည်ကို ခံစားကြရသည်။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအား မည်သည့်အခါတွင်မျှ ၎င်းတို့ ရပ်တန့်ခြင်း မရှိကြသကဲ့သို့ လုပ်သင့်သည့်အရာကို အမြဲ လုပ်ကြသော်လည်း မိမိတို့၏ နာမကျန်းမှု၊ မိမိတို့၏ ကျန်းမာရေး၊ အနာဂတ်အကြောင်းနှင့် မိမိတို့၏ အသက်တာနှင့် သေခြင်းတို့အကြောင်း စဉ်ဆက်မပြတ် စဉ်းစားနေကြသည်။ နောက်ဆုံးတွင် ‘ဘုရားသခင်က ငါ့ကို အနာငြိမ်းစေလိမ့်မည်၊ ဘုရားသခင်က ငါ့ကို ဘေးကင်းလုံခြုံစေလိမ့်မည်။ ငါ့ကို ဘုရား စွန့်ပစ်မည် မဟုတ်သကဲ့သို့ ငါ နေမကောင်းဖြစ်သည်ကို မြင်လျှင် ဘုရားသခင်က ရပ်နေပြီး မည်သည့်အရာမျှ မလုပ်ဆောင်ဘဲ နေမည်မဟုတ်’ဟု ဆန္ဒရှိစွာ တွေးတောလျက် ကောက်ချက်ချလိုက်ကြသည်။ ထိုသို့သော အတွေးများအတွက် အခြေခံအကြောင်းရင်း မရှိသကဲ့သို့ ထိုအရာများကို အယူအဆတစ်မျိုးအဖြစ်ပင် ပြော၍ ရနိုင်သည်။ ထိုသို့သော အယူအဆများနှင့် ဤကဲ့သို့သော စိတ်ကူးများဖြင့် လူတို့သည် ၎င်းတို့၏ လက်တွေ့ကျသော အခက်အခဲများကို လုံးဝ ဖြေရှင်းနိုင်လိမ့်မည် မဟုတ်သကဲ့သို့ ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးများတွင် ၎င်းတို့၏ ကျန်းမာရေး၊ နာမကျန်းမှုများနှင့်ပတ်သက်၍ ရေးတေးတေး စိတ်ဖိစီး၊ သောကရောက်ပြီး စိုးရိမ်ကြလေသည်။ ဤအရာများအတွက် မည်သူက တာဝန်ယူမည်၊ သို့မဟုတ် ၎င်းတို့အတွက် တစ်ဦးတလေက တာဝန်ယူမည်၊ မယူမည်ကို ၎င်းတို့ လုံးဝ မသိကြချေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) လူတွေက ဘုရားရဲ့ အနန္တတန်ခိုးနဲ့ အချုပ်အခြာအာဏာကို တကယ် နားမလည်ကြသလို အမြဲ သေမှာကို ကြောက်ကြတယ်လို့ ဘုရားက ဖော်ထုတ်ခဲ့တယ်။ ဒါကြောင့် သူတို့က စိုးရိမ်ပြီး ပူပန်နေရတဲ့ အပျက်သဘောဆောင်တဲ့ စိတ်ခံစားမှုတွေထဲမှာ အသက်ရှင်ကြတာပဲ။ ကျွန်မ အခြေအနေက ဘုရားဖော်ထုတ်ခဲ့တဲ့ အခြေအနေမျိုး အတိအကျပဲ။ ကိုဗစ်ရောဂါရပြီးတဲ့နောက်မှာ ပထမတော့ အမြန် သက်သာသွားတယ်။ ဒါကြောင့် ကျွန်မ ဝမ်းသာပြီး ဘုရားကို သူ့ရဲ့ ဂရုစိုက်မှုနဲ့ ကွယ်ကာမှုအတွက် ကျေးဇူးတင်ခဲ့တယ်။ နောက်ပိုင်းမှာ၊ ကျွန်မ အခြေအနေ ဆိုးလာပြီး၊ အဖျားကြီးတဲ့အခါ ကျွန်မ ကြောက်လာတယ်။ ကျွန်မက အသက်ကြီးတော့၊ ကျွန်မရောဂါ ပိုဆိုးသွားရင် ဒီရောဂါပိုးကြောင့် သေသွားနိုင်တယ်လို့ စိုးရိမ်နေမိခဲ့တယ်။ ကျွန်မ စိတ်ဓာတ်ကျပြီး အသက်ရှင်တယ်။ ကိုယ့်တာဝန်ကို လုပ်တဲ့အခါ အားမရှိဘူး။ အထူးသဖြင့် ခေါင်းဆောင်က ကျွန်မကို တခြားအသင်းတော် တော်တော်များများရဲ့ ဧဝံဂေလိ အလုပ်ကို ကြီးကြပ်စေချင်တဲ့အခါမှာ၊ ကျွန်မရဲ့ တာဝန်က အရမ်းပင်ပန်းခက်ခဲရင်၊ ကျွန်မအခြေအနေ ပိုဆိုးသွားပြီး ကိုဗစ်ကြောင့် ကျွန်မ သေသွားရမှာကို ကြောက်ခဲ့တယ်။ ဒါကြောင့် လက်မခံရဲခဲ့ဘူး။ ဒီရောဂါအလယ်မှာ စိုးရိမ်သောက၊ ကြောက်ရွံ့မှုနဲ့ ခဏခဏ အသက်ရှင်ခဲ့တယ်။ လုပ်သင့်တဲ့ တာဝန်ကို လုပ်ဖို့ မှန်ကန်တဲ့ စိတ်အခြေအနေမှာတောင် မရှိခဲ့ဘူး။ ဘုရားသခင်က အရာရာအပေါ် အချုပ်အခြာအာဏာရှိပြီး ထိန်းချုပ်တဲ့ ဖန်ဆင်းရှင်ဖြစ်တယ်။ ကျွန်မနေမကောင်းဖြစ်တဲ့အချိန်၊ နာလန်ထူတဲ့အချိန်၊ ကျွန်မဘဝ အဆုံးသတ်ချိန်၊ ဒါတွေအားလုံး ဘုရားလက်ထဲမှာရှိတယ်။ သူ့ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျွန်မ ကျိုးနွံနာခံသင့်တယ်။ ဒါပေမဲ့ ဘုရားရဲ့ အချုပ်အခြာအာဏာကို ကျွန်မ ယုံကြည်ချက်မရှိခဲ့ဘူး၊ အရာရာကို သူ ထိန်းချုပ်တယ်ဆိုတာကို မယုံခဲ့ဘူး။ ပူပန်မှုနဲ့ ကြောက်ရွံ့မှုထဲမှာ အမြဲ အသက်ရှင်နေခဲ့တယ်။ ကျွန်မ အရမ်းမိုက်မဲခဲ့တာပဲ။ ဘုရားက ဒီရောဂါကို ခံစားခွင့်ပေးခဲ့ပြီးပြီ။ ကျွန်မအနေနဲ့ သမ္မာတရားကို ရှာဖွေပြီး အဲဒီကနေ သင်ခန်းစာတွေ ယူသင့်တယ်။ ဒီအပျက်သဘောဆောင်တဲ့ စိတ်ခံစားမှုနဲ့ အမြဲ အသက်ရှင်ရင်၊ တစ်နေ့မှာ သေခြင်းကို ကျွန်မတကယ် ရင်ဆိုင်တွေ့ရတဲ့အခါ ကျွန်မ ညည်းညူဦးမှာ၊ ဘုရားကို အထင်လွဲပြီး အပြစ်တင်နေမိဦးမှာပဲ။ တစ်ချိန်တည်းမှာပဲ သူ့ကို အာခံတဲ့ စကားတွေတောင် ပြောနေမိမှာ။ အဲဒါကို သူ အရမ်းမုန်းပြီး ရှုတ်ချမှာပဲ။ ဒါကို တွေးမိတော့ ကျွန်မ ကြောက်လာတယ်။ ပြီးတော့ အရေးတကြီးဖြစ်တဲ့ စိတ်လည်းခံစားရတယ်။ သမ္မာတရားကို ရှာပြီး ဒီအခြေအနေကို ဖြေရှင်းချင်တယ်။
ကျွန်မ ရှာဖွေကြည့်ရင်းနဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ရတယ်။ “မည်သည့်အကြောင်းရင်းအရ သင်သည်- ဖန်ဆင်းခံသတ္တဝါ တစ်ဦး- ဘုရားသခင်ကို တောင်းဆိုမှုများပြုသနည်း။ လူများသည် ဘုရားသခင်ကို တောင်းဆိုမှုများ ပြုဖို့ အရည်အချင်းမပြည့်မီပေ။ ဘုရားသခင်ကို တောင်းဆိုမှုများပြုခြင်းထက် သာ၍မလျော်ကန်သည့်အရာ မည်သည့်အရာမျှမရှိပေ။ ဘုရားသခင်၏အလိုတော်သည် သူပြုသင့်သည့်အမှုကို ပြုမည်ဖြစ်ပြီး ကိုယ်တော်၏စိတ်သဘောထားသည် ဖြောင့်မတ်ပေသည်။ ဖြောင့်မတ်ခြင်းတရားသည် တရားမျှတခြင်း သို့မဟုတ် ကျိုးကြောင်းဆီလျော်ခြင်း မည်သို့မျှ မဟုတ်ပေ၊ ယင်းသည် သာတူညီမျှရေးဝါဒ မဟုတ်၊ သို့မဟုတ် သင်လုပ်ဆောင် ပြီးစီးသည့် အလုပ်နှင့်အညီ သင်ရသင့်ရထိုက်သောအရာကို ခွဲဝေသတ်မှတ်ပေးခြင်း မဟုတ်ပေ၊ သို့မဟုတ် သင် လုပ်ဆောင်ပြီးစီးသည့် မည်သည့်အလုပ်မဆိုအတွက် ပေးချေခြင်း သို့မဟုတ် သင်၏ အားစိုက်ထုတ်ခြင်းအရ ပေးထိုက်သောအရာကို ပေးခြင်း မဟုတ်ပေ။ ဤအရာသည် ဖြောင့်မတ်ခြင်း မဟုတ်ပေ။ သမာသမတ်ကျပြီး သင့်မြတ်လျော်ကန်ခြင်းမျှသာ ဖြစ်သည်။ လူနည်းစုကသာလျှင် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သိကျွမ်းနိုင်စွမ်း ရှိသည်။ ယောဘက ဘုရားသခင် အကြောင်းသက်သေခံပြီးနောက်တွင် ကိုယ်တော်က သူ့ကို သုတ်သင်ရှင်းလင်းလိုက်သည် ဆိုပါစို့။ ဤသည်မှာ ဖြောင့်မတ်ပါမည်လော။ စင်စစ်အားဖြင့် ဖြောင့်မတ်ပေလိမ့်မည်။ ဤအရာကို ဖြောင့်မတ်ခြင်းဟု အဘယ်ကြောင့် ခေါ်သနည်း။ ဖြောင့်မတ်ခြင်းကို လူတို့က မည်သို့ရှုမြင်ကြသနည်း။ တစ်စုံတစ်ခုသည် လူတို့၏ အယူအဆများနှင့်ကိုက်ညီလျှင် ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ၎င်းတို့ပြောရန် အလွန်လွယ်ကူသည်။ သို့ရာတွင် ထိုအရာသည် ၎င်းတို့၏အယူအဆများနှင့် ကိုက်ညီသည်ဟု မမြင်ပါက၊ ယင်းသည် ၎င်းတို့ နားလည်နိုင်သည့် တစ်စုံတစ်ရာ မဟုတ်ပါက ၎င်းတို့အနေဖြင့် ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ပြောရန် ခက်ခဲပေလိမ့်မည်။ ဘုရားသခင်သည် ယောဘကို ထိုအချိန်က ဖျက်ဆီးခဲ့ပါက၊ လူများက သူသည် ဖြောင့်မတ်သည်ဟု ပြောပြီးဖြစ်လိမ့်မည် မဟုတ်ပေ။ အမှန်တွင် လူများသည် ဖောက်ပြန်ပျက်စီးပြီးဖြစ်စေ မပျက်စီးပြီးဖြစ်စေ၊ ၎င်းတို့သည် အလွန့်အလွန် ဖောက်ပြန်ပျက်စီးပြီးဖြစ်စေ၊ မပျက်စီးပြီးဖြစ်စေ ဘုရားသခင် ၎င်းတို့ကို ဖျက်ဆီးသည့် အချိန်တွင် သူ၏လုပ်ရပ်အတွက် အကျိုးသင့်အကြောင်းသင့် ရှင်းပြဖို့ လိုသလော။ သူသည် မည်သည့်အကြောင်းရင်းအရ ထိုသို့လုပ်ဆောင်သည်ကို လူများကို ရှင်းပြဖို့ လိုအပ်သင့်သလော။ ဘုရားသခင်က သူပြဋ္ဌာန်းထားသည့် စည်းကမ်းများကို လူတို့အား ပြောပြရမည်လော။ မလိုအပ်ပေ။ ဘုရားသခင်၏အမြင်တွင် တစ်စုံတစ်ဦးသည် ဖောက်ပြန်ပျက်စီးပြီး ဘုရားကို ဆန့်ကျင်နိုင်ခြေ ရှိသည့်အပြင် အဘယ်တန်ဖိုးမျှ မရှိလျှင် ထိုသူကို ဘုရားက မည်သို့ကိုင်တွယ်သည်ဖြစ်စေ သင့်တော်နေပေလိမ့်မည်၊ ပြီးလျှင် အားလုံးသည် ဘုရားသခင်၏ အစီအစဉ်များဖြစ်သည်။ သင်သည် ဘုရားသခင်၏အမြင်တွင် သဘောမကျဖြစ်စေပါက၊ ပြီးလျှင် သင်၏သက်သေခံချက်ပြီးသည့်နောက် သူ့အတွက် သင်သည် အသုံးမတည့်တော့သောကြောင့် သင့်ကို ဖျက်ဆီးခဲ့သည် ဟု သူပြောခဲ့ပါက၊ ဤသည်မှာရော သူ၏ဖြောင့်မတ်ခြင်း ဖြစ်မည်လော။ ဖြောင့်မတ်ခြင်း ဖြစ်ပေမည်။...ဘုရားသခင် ပြုသောအမှုအားလုံးသည် ဖြောင့်မတ်သည်။ ယင်းသည် လူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို သိမှတ်နားလည်ခြင်း မရှိနိုင်သော်လည်း ၎င်းတို့သည် မိမိတို့သဘောရှိ ဝေဖန်တိက မပြုသင့်ပေ။ ဘုရားပြုသော အမှုတစ်စုံတစ်ရာသည် လူတို့အတွက် ကျိုးကြောင်းမဆီလျော်သကဲ့သို့ ထင်ရလျှင်၊ သို့မဟုတ် ၎င်းတို့၌ ထိုအရာနှင့်ပတ်သက်၍ အယူအဆများရှိပြီး ယင်းကြောင့် ဘုရားသခင်သည် မဖြောင့်မတ်ဟု ၎င်းတို့ပြောလျှင် သင်သည် အကျိုးသင့် အကြောင်းသင့် မရှိဆုံးဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်ရင်းနဲ့ အရင်တုန်းက၊ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ကျွန်မ တကယ် နားမလည်ခဲ့တာကို သဘောပေါက်လိုက်တယ်။ ကျွန်မတာဝန်ကို လုပ်နေတုန်းမှာ ဘုရားအတွက် ကိုယ့်ကိုယ်ကိုယ် အသုံးခံခဲ့တဲ့အတွက်၊ ဘုရားရဲ့ ဂရုစိုက်မှုနဲ့ ကွယ်ကာမှုရသင့်ပြီး၊ ရောဂါ ဒါမှမဟုတ် သေခြင်းနဲ့တောင် မရင်ဆိုင်သင့်ဘူးလို့ ကျွန်မ အမြဲတွေးခဲ့တယ်။ ဒါက ဘုရားရဲ့ ဖြောင့်မတ်ခြင်းပဲလို့ ကျွန်မ တွေးခဲ့တယ်။ ဒီမှားယွင်းတဲ့ အမြင်ရဲ့ လွှမ်းမိုးမှုအောက်မှာ၊ ဘုရားကို နှစ်အတော်များများ ယုံကြည်ခဲ့ပြီးပြီဖြစ်တဲ့အတွက် ဆင်းရဲဒုက္ခအများကြီး ခံစားပြီး အဖိုးအခ အတော်များများ ပေးခဲ့ပြီးပြီဖြစ်သလို၊ ကိုဗစ်ရောဂါ ရပြီးတဲ့နောက်မှာ ကိုယ့်တာဝန်ကိုတောင် မဆုတ်မနစ်လုပ်ခဲ့ပြီးပြီဖြစ်တဲ့အတွက် ဘုရားက ကျွန်မကို ဘေးကင်းအောင် ထိန်းသိမ်းသင့်တယ် ဒါမှမဟုတ် အနာရောဂါကနေ မြန်နိုင်သမျှမြန်မြန် နာလန်ထူအောင် ကူညီသင့်တယ်လို့ အမြဲ တွေးခဲ့တယ်။ ဒါပေမဲ့ ကိစ္စတွေက ကျွန်မမျှော်လင့်တဲ့အတိုင်း မဖြစ်တဲ့အခါ၊ ဘုရားကို အထင်လွဲပြီး ညည်းညူခဲ့တယ်။ ကိုယ့်တာဝန်ကို လုပ်တဲ့အခါ အားမရှိခဲ့ဘူး။ အထူးသဖြင့် ကျွန်မက စိတ်ထက်ထက်သန်သန်နဲ့ ကိုယ့်ကိုယ်ကို အမြဲ အသုံးခံပြီး ကိုယ့်တာဝန်ကို လုပ်ခဲ့ပေမဲ့ ကူးစက်ခံရတဲ့အချိန်မှာ ဘာတာဝန်မှမလုပ်တဲ့ ညီအစ်ကို မောင်နှမတချို့က ကိုဗစ်မရတာကို မြင်တဲ့အခါ၊ ဒါ မမျှတဘူးလို့ ခံစားပြီး ဘုရားက မဖြောင့်မတ်ဘူးလို့ တွေးခဲ့တယ်။ ကိုယ့်တာဝန်အတွက် ကိုယ့်ကိုယ်ကိုယ် မဆက်ကပ်တော့သလို၊ နောက်ထပ် အသင်းတော်အလုပ် အနည်းငယ်ကို ကြီးကြပ်ဖို့တောင် မလိုမလားဖြစ်နေခဲ့တယ်။ နဂိုက ဘုရားသခင်ကို နှစ်ချီယုံကြည်ပြီး ကိုယ့်တာဝန်မှာ အမြဲ မဆုတ်မနစ်လုပ်ပြီးတဲ့နောက်မှာ၊ ဘုရားအပေါ် ကျိုးနွံနာခံမှု နည်းနည်း ရှိခဲ့တယ်လို့ ထင်ခဲ့ပေမဲ့၊ သေခြင်းကို ရင်ဆိုင်ရတာနဲ့တစ်ပြိုင်နက်၊ ကျွန်မရဲ့ ပုန်ကန်မှုနဲ့ အတိုက်အခံလုပ်တာတွေက ပေါ်လာတယ်။ ကျွန်မမှာ ကျိုးနွံနာခံမှု ဘာဆိုဘာမှ မရှိခဲ့ပါဘူး။ ဘုရားနှုတ်ကပတ်တော်တွေကနေ ရေလောင်းပေးတာနဲ့ ထောက်ပံ့တာတွေ အများကြီး ခံစားခဲ့ရတယ်။ ကျွန်မတာဝန်ကို ထမ်းဆောင်တာ၊ ကိုယ့်ကိုယ်ကို နည်းနည်း အသုံးခံတာတွေက ကျွန်မ လုပ်သင့်တဲ့အရာတွေပဲလေ။ ဒါပေမဲ့ အဲဒါတွေကို ဘုရားနဲ့ အပေးအယူလုပ်ပြီး အရောင်းအဝယ်တွေလုပ်ဖို့ အရင်းအနှီးအနေနဲ့ သုံးတဲ့အထိ ကျွန်မ ဖြစ်ခဲ့တယ်။ ကျွန်မဆန္ဒတွေ မပြည့်တော့ ဘုရားအပေါ် စောဒကတက်ခဲ့တယ်။ ကျွန်မ တကယ်ကို အရမ်းကျိုးကြောင်းမသင့်ခဲ့တာပဲ။ ဘုရားက ဖန်ဆင်းရှင်ဖြစ်တယ်။ ဘုရားက ဘာပဲလုပ်ပါစေ၊ လူတွေကို ဘယ်လိုပဲ ဆက်ဆံပါစေ၊ အားလုံးက ဖြောင့်မတ်ပြီး၊ အားလုံးမှာ သူ့ရဲ့ ရည်ရွယ်ချက် ရှိတယ်။ ဘုရားလုပ်တဲ့အရာတွေကို ကျွန်မရဲ့ အယူအဆနဲ့ စိတ်ကူးတွေပေါ် အခြေခံပြီး ကျွန်မ မဝေဖန်ရပါဘူး။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေးမိတယ်။ “သင့်ကိုယ်သင်အတွက် ဆုံးဖြတ်၍မရနိုင်သည့် အရာများနှင့်ပတ်သက်၍ စိတ်ဖိစီး၊ သောကရောက်ပြီး စိုးရိမ်ခြင်းသည် မိုက်မဲသည် မဟုတ်လော။ (မိုက်မဲပါသည်။) လူတို့သည် မိမိတို့ဘာသာ ဖြေရှင်းနိုင်သည့် အရာများကို ဖြေရှင်းခြင်းအား အစပြုသင့်ပြီး မိမိတို့ဘာသာ မလုပ်ဆောင်နိုင်သည့် အရာများအတွက်မူ ဘုရားသခင်ကို စောင့်ဆိုင်းသင့်၏။ လူတို့သည် ဘုရားသခင်ကို တိတ်ဆိတ်စွာ ကျိုးနွံနာခံပြီး ၎င်းတို့ကို ကွယ်ကာရန် တောင်းလျှောက်သင့်သည်။ ဤသည်မှာ လူတို့ရှိသင့်သည့် တွေးခေါ်မှု အလေ့အထဖြစ်သည်။ နာမကျန်းဖြစ်ခြင်းက အမှန်တကယ် ထိုးနှက်ပြီး သေခြင်းက အမှန်တကယ် နီးကပ်လာသည့်အခါတွင် လူတို့သည် ကျိုးနွံနာခံသင့်ပြီး ဘုရားသခင်ကို စောဒကမတက်သင့်၊ သို့မဟုတ် မပုန်ကန်သင့်၊ သို့မဟုတ် ဘုရားသခင်ကို ပြစ်မှားစော်ကားသည့်အရာများ၊ သို့မဟုတ် သူ့ကို တိုက်ခိုက်သည့်အရာများအား မပြောဆိုသင့်ပေ။ ထိုအစား လူတို့သည် အဖန်ဆင်းခံများအဖြစ် ရပ်တည်ပြီး ဘုရားသခင်ထံမှ လာသည့်အရာအားလုံးကို တွေ့ကြုံကာ အသိအမှတ်ပြုသင့်သည်။ ၎င်းတို့သည် အမှုအရာများကို ၎င်းတို့ကိုယ်တိုင်အတွက် ရွေးချယ်ရန် မကြိုးစားသင့်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၄)) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်ရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ပိုလို့တောင် အပြစ်တင်မိပြီး ရှက်မိတယ်။ ဘုရားရဲ့ တောင်းဆိုချက်တွေကို ပြည့်မီဖို့ ကျွန်မ တော်တော်အလှမ်းဝေးခဲ့တယ်။ ကျွန်မရဲ့ ကျန်းမာရေး၊ ကျွန်မရဲ့ သေခြင်းနဲ့ တခြား ကျွန်မနဲ့ဆိုင်တဲ့ အရာရာတိုင်းကို ဘုရားက စီစဉ်ညွှန်ကြားထားတာပဲလေ။ ကိုဗစ်ရောဂါက ကျွန်မရဲ့ အသက်ကို ယူသွားရင်၊ ဒါက ဘုရားခွင့်ပြုတဲ့အရာတစ်ခု ဖြစ်မှာဖြစ်သလို၊ ကျွန်မ သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ၊ သူ့ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံသင့်တယ်။ ဒါက ဖန်ဆင်းခံတစ်ယောက် ပိုင်ဆိုင်သင့်တဲ့ အနည်းဆုံး ဆင်ခြင်တုံတရား ပမာဏပဲ။ ဒါကြေောင့် ကျွန်မ ဒူးထောက်ပြီး ဘုရားဆီ ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ ကျွန်မ အရမ်းပုန်ကန်တတ်ပါတယ်။ ကျွန်မရဲ့ ရောဂါ သက်သာသည်ဖြစ်စေ၊ မသက်သာသည်ဖြစ်စေ၊ ကိုယ်တော်ရဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ ကျွန်မ လိုလားပါတယ်။ ကိုယ်တော်နဲ့ပတ်သက်လို့ ကျွန်မ စောဒကတက်မှာမဟုတ်တော့သလို၊ ကိုယ်တော့်အပေါ် ကျိုးကြောင်းမသင့်တဲ့ တောင်းဆိုမှုတွေ လုပ်တော့မှာ မဟုတ်ပါဘူး”လို့ပေါ့။
နောက်ပိုင်းမှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ခဲ့တယ်။ “ရောဂါ ဒါမှမဟုတ် ကပ်ဘေးကို ငါ ရင်မဆိုင်ရတုန်းက၊ ငါ့တာဝန်မှာ ငါ တက်ကြွနိုင်တယ်။ ငါတို့က ဘာပဲဖြစ်ဖြစ်၊ ဘုရားရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ငါတို့ အမြဲ ကျိုးနွံနာခံရမယ်ဆိုပြီး ညီအစ်ကို မောင်နှမတွေနဲ့ ခဏခဏ မိတ်သဟာယပြုနိုင်တယ်။ ဒါဆို ငါ့ရောဂါ ပိုဆိုးသွားတဲ့အခါ ဘုရားကို ငါ ဘာလို့ အထင်လွဲ၊ စောဒကတက်ပြီး ငါ့တာဝန်ကို လုပ်ဖို့တောင် အားမရှိတော့တာလဲ။ ဒီပုန်ကန်မှုနဲ့ အာခံမှုတွေကို ငါဘာလို့ ထုတ်ဖော်ပြခဲ့တာလဲ။” ရှာဖွေနေတုန်းမှာ၊ ဘုရားနှုတ်ကပတ်တော်တစ်ချို့ ကျွန်မ ဖတ်ရတယ်။ “အန္တိခရစ်တို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် မဆုံးဖြတ်မီတွင် မိမိတို့၏ ရှေ့ရေးများ၊ ကောင်းချီးများ ရရှိခြင်း၊ ပန်းတိုင်ကောင်းတစ်ခုအပြင် သရဖူတစ်ခုတို့အပေါ် မျှော်လင့်ချက်များဖြင့် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ပြည့်လျှံလျက်ရှိကြသည်။ ပြီးလျှင် ဤအရာများကို ကြိုးပမ်းရရှိရာတွင် ၎င်းတို့၌ အဆုံးစွန်သော ယုံကြည်ချက်ရှိကြ၏။ ၎င်းတို့သည် ဘုရားအိမ်တော်သို့ ထိုသို့သော ရည်ရွယ်ချက်များနှင့် ပြင်းပြသောဆန္ဒတို့ဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် လာကြသည်။ သို့ဖြစ်၍ တာဝန်ကို ၎င်းတို့၏ထမ်းဆောင်မှုသည် ဘုရားသခင် တောင်းဆိုသော မှန်ကန်ခြင်း၊ စစ်မှန်သော ယုံကြည်ခြင်းနှင့် သစ္စာစောင့်သိခြင်းတို့ ပါဝင်သလော။ လူတိုင်းသည် မိမိတို့၏ တာဝန်ကို မထမ်းဆောင်မီတွင် လုံးလုံးလျားလျား အပေးအယူလုပ်ခြင်း စိတ်ဓာတ်တစ်ခု ထားသိုသောကြောင့် ၎င်းတို့၏ စစ်မှန်သော သစ္စာစောင့်သိခြင်း၊ ယုံကြည်ခြင်း သို့မဟုတ် မှန်ကန်ခြင်းတို့ကို ယခုအခြေအနေတွင် မမြင်နိုင်သေးချေ။ လူတိုင်းက အကျိုးစီးပွားများဖြင့် တွန်းအားပေးခံရသည့်အပြင် မိမိတို့၏ ပြည့်လျှံသော ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ကြိုတင်သတ်မှတ်ခြင်းကို အခြေပြု၍လည်း မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် ဆုံးဖြတ်ချက်ချကြသည်။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် အန္တိခရစ်တို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ အပေးအယူလုပ်ရန်၊ အလဲအထပ်လုပ်ရန် ဖြစ်၏။ ဤသည်တို့မှာ တာဝန်ထမ်းဆောင်ရန်အတွက် ၎င်းတို့ သတ်မှတ်ထားသော လိုအပ်ချက်များ ဖြစ်သည်ဟု ဆိုနိုင်သည်။ ‘ငါ၏ တာဝန်ကို လုပ်ဆောင်လျှင် ငါသည် ကောင်းချီးများ ရရှိပြီး ခရီးပန်းတိုင်ကောင်းကို ပိုင်ဆိုင်ရမှဖြစ်မည်။ လူသားမျိုးနွယ်အတွက် ပြင်ဆင်ပေးထားသည်ဟု ဘုရား ပြောသည့် ကောင်းချီးများနှင့် အကျိုးအမြတ်များ အားလုံးကို ငါရမှဖြစ်မည်။ ယင်းတို့ကို ငါမရနိုင်လျှင် ဤတာဝန်ကို ငါလုပ်ဆောင်မည် မဟုတ်’ ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ထိုသို့သော ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် အလိုဆန္ဒများဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် ဘုရားအိမ်တော်သို့ လာကြ၏။ ၎င်းတို့သည် ရိုးသားမှုအချို့ အမှန်တကယ် ရှိသည့်ပုံပေါ်သည်။ ယုံကြည်သူအသစ်များနှင့် တာဝန်ကို စတင်ထမ်းဆောင်ခါစသာ ရှိသေးသူများအတွက်မူ ယင်းကို စိတ်အားထက်သန်မှုဟုလည်း ခေါ်ဆိုနိုင်သည်မှာ အမှန်ပင်။ သို့ရာတွင် ဤအရာ၌ စစ်မှန်သော ယုံကြည်မှု၊ သို့မဟုတ် သစ္စာစောင့်သိမှု မရှိပေ။ ထိုစိတ်အားထက်သန်မှု အတိုင်းအတာသာ ရှိ၏။ ယင်းကို ရိုးသားမှုဟု ခေါ်၍မရနိုင်ပေ။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် အန္တိခရစ်တို့၌ ရှိသော ဤသဘောထားကို သုံးသပ်ကြည့်ရလျှင် ယင်းမှာ အလုံးစုံ အပေးအယူဆန်ပြီး ကောင်းချီးများ ရရှိခြင်း၊ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ခြင်း၊ သရဖူ ရရှိခြင်းနှင့် ဆုလာဘ်များ လက်ခံရရှိခြင်းတို့ကဲ့သို့ အကျိုးအမြတ်များကို ရလိုသည့် ၎င်းတို့၏ အလိုဆန္ဒများဖြင့် ပြည့်နေသည်။ သို့ဖြစ်၍ အပြင်ပန်းတွင် အန္တိခရစ်များစွာတို့သည် နှင်ထုတ်ခြင်းမခံရမီတွင် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေကာ သာမန်လူတစ်ဦးထက်ပင် သာ၍ စွန့်လွှတ်ပြီး သာ၍ ဒုက္ခခံစားသည်ဟု ထင်ရသည်။ ၎င်းတို့ အသုံးခံသည့်အရာနှင့် ၎င်းတို့ အဖိုးအခပေးသည့်အရာတို့သည် ပေါလုနှင့်တူညီပြီး ၎င်းတို့ ပြေးလွှားလှုပ်ရှားကြသည်မှာလည်း ပေါလုထက် မနည်းခဲ့ပေ။ ဤသည်မှာ လူတိုင်းမြင်နိုင်သည့်အရာဖြစ်သည်။ ဒုက္ခခံစားပြီး အဖိုးအခပေးရန် ၎င်းတို့၏ အပြုအမူနှင့် ၎င်းတို့၏ စိတ်စွမ်းအားအရ ၎င်းတို့သည် မည်သည့်အရာမျှ မရရှိခြင်း မဖြစ်အပ်ချေ။ သို့ရာတွင် ဘုရားသခင်သည် လူတစ်ဦးအပေါ် သူ၏ အပြင်ပန်းအပြုအမူအရ ကြည့်ခြင်းမဟုတ်ဘဲ သူ၏ အနှစ်သာရ၊ သူ၏ စိတ်သဘောထား၊ သူထုတ်ဖော်သည့်အရာနှင့် သူလုပ်ဆောင်သမျှ၏ သဘာဝနှင့် အနှစ်သာရတို့အရ ကြည့်ခြင်းဖြစ်သည်။ လူတို့က အခြားသူများအား ဝေဖန်သုံးသပ်ပြီး ဆက်ဆံသည့်အခါတွင် ထိုလူတို့၏ အပြင်ပန်းအပြုအမူ၊ ထိုသူတို့ မည်မျှဒုက္ခခံစားသည်၊ ပြီးလျှင် မည်သည့်အဖိုးအခကို ပေးသည်တို့အပေါ်တွင်သာ အခြေပြုပြီး ထိုသူတို့သည် မည်သူဖြစ်သည်ကို ဆုံးဖြတ်ကြသည်။ ပြီးလျှင် ဤသည်မှာ ကြီးလေးသော အမှားတစ်ခုဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၇)) ဘုရားဖော်ထုတ်တဲ့အရာကတစ်ဆင့်၊ ကျွန်မ နောက်ဆုံးမှာ နားလည်သွားတယ်။ ဒီနှစ်တွေအတွင်းမှာ ကျွန်မတာဝန်ကို လုပ်နေခဲ့ပြီး ကိုယ့်ကိုယ်ကို စိတ်ထက်ထက်သန်သန်နဲ့ အသုံးခံနေခဲ့တုန်းက ကျွန်မက ဖန်ဆင်းခံအနေနဲ့ ဘုရားရဲ့ ရည်ရွယ်ချက်တွေအပေါ်နဲ့ တာဝန်ထမ်းဆောင်တဲ့အပေါ်ကို တကယ်ထောက်ထားခဲ့တာမဟုတ်သလို အဲဒါက ကျွန်မရဲ့ ရိုးသားစစ်မှန်မှု ဒါမှမဟုတ် ဘုရားအပေါ် သစ္စာစောင့်သိမှုကနေ လာတာ မဟုတ်ဘူး။ အဲဒါထက် ကျွန်မတာဝန်ထမ်းဆောင်တာကို ကောင်းချီးတွေ ရဖို့ဆိုတဲ့ ကျွန်မဆန္ဒကို ဖြည့်ဆည်းဖို့ အသုံးပြုတဲ့ တန်ဆာပလာတစ်ခုနဲ့ အပေးအယူတစ်ခုအနေနဲ့ ပြောင်းလဲခဲ့တယ်။ အနာဂတ်မှာ ကျွန်မ ရှင်သန်ပြီး ထာဝရ ကောင်းချီးတွေ မွေ့လျော်ခံစားဖို့ အဲဒါကို လုပ်နေခဲ့တာပဲ။ ကပ်ဘေးတွေက တစ်ခုပြီးတစ်ခု ဖြစ်ပွားနေပြီး ဘုရားအမှုတော် ပြီးလုနီးပါးဖြစ်နေတာကို မြင်တဲ့အခါ၊ ကိုယ့်ကိုယ်ကို ဂုဏ်ပြုခဲ့တယ်။ ကျွန်မက ဘုရားအတွက် စွန့်လွှတ်ပြီး ကိုယ့်ကိုယ်ကို အသုံးခံခဲ့သလို ကိုယ့်တာဝန်ကို ထမ်းဆောင်ခဲ့တော့ သူ့ရဲ့ ကွယ်ကာမှုကို သေချာပေါက်ရပြီး နောက်ဆုံးမှာ အသက်ရှင်ကျန်ရစ်မှာပဲလို့ တွေးနေရင်းနဲ့ပေါ့။ ဒါပေမဲ့ ကျွန်မ ကိုဗစ်ရောဂါကို ရပြီး ကျွန်မရဲ့ အခြေအနေ ပိုဆိုးသွားတဲ့အခါ၊ ကျွန်မ အသက်ကြီးတဲ့အတွက် ဒီဗိုင်းရပ်စ်ကြောင့် သေသွားနိုင်တယ်လို့ စိုးရိမ်ခဲ့တယ်။ ဒါကြောင့် ကျွန်မ စိတ်ပျက်အားလျော့ပြီး ကျွန်မရဲ့ ယုံကြည်ခြင်း ပျောက်ဆုံးခဲ့တယ်။ ဘုရားနဲ့ ကျိုးကြောင်းသင့်ပြောဖို့ ကျွန်မရဲ့ အရင်းအနှီးလို့ ခေါ်တဲ့အရာကိုတောင် စသုံးခဲ့တယ်။ ကျွန်မတာဝန်မှာ အရမ်း ဆင်းရဲဒုက္ခခံပြီး၊ ဧဝံဂေလိ ဖြန့်တဲ့အခါ ရလဒ်တွေ ဖြစ်စေခဲ့လို့ ဘုရားက ကျွန်မကို ကွယ်ကာသင့်တယ်လို့ တွေးရင်းနဲ့ပေါ့။ ကျွန်မရဲ့ လွန်ကဲတဲ့ အလိုဆန္ဒတွေ မပြည့်ခဲ့တဲ့အခါ၊ ဘုရားက ကျွန်မကို မကွယ်ကာခဲ့သလို၊ မမျှမတ ဆက်ဆံနေခဲ့တယ်လို့ တွေးပြီး၊ ကျွန်မတာဝန်ကို လုပ်တဲ့အခါ အားမရှိခဲ့ဘူး။ အမှန်တရားတွေ ထုတ်ဖော်ပြခံရတဲ့အခါ၊ ဘုရားကို ကျွန်မ စယုံကြည်ကတည်းက၊ ကောင်းချီးတွေရဖို့ ယုံကြည်နေခဲ့တာဖြစ်မှန်း ကျွန်မ နောက်ဆုံးမှာ တွေ့ခဲ့ရတယ်။ ဘုရားကို ကျွန်မ ယုံကြည်တယ်၊ ကျွန်မတာဝန်ကို ထမ်းဆောင်တာက လုံးဝ သဘာဝကျပြီး လျော်ကန်သင့်မြတ်တယ်လို့ ကျွန်မ အကြိမ်ကြိမ် ပြောခဲ့ပေမဲ့၊ တကယ်တော့၊ ဘုရားကို ကျွန်မ အသုံးချပြီး လိမ်လည်လှည့်စားနေခဲ့တာပဲ။ ကျွန်မ တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး လှည့်စားတတ်ခဲ့တာပဲ။ ကျေးဇူးတော်ခေတ်အတွင်းမှာ ဧဝံဂေလိ ဖြန့်ရင်း၊ ဆင်းရဲဒုက္ခအများကြီး ခံစားပြီး လူအများကြီးကို ပြောင်းလဲစေခဲ့တဲ့ ဥရောပအနှံ့သွားခဲ့တဲ့ ပေါလုကို တွေးမိတယ်။ ဒါပေမဲ့ သူ့ရဲ့ အသုံးခံခြင်းနဲ့ ဆင်းရဲဒုက္ခတွေက ကောင်းကင်နိုင်ငံထဲဝင်ပြီး ဆုလာဘ်တွေ ရနိုင်အောင်လို့ လုပ်ခဲ့တာချည်းပါပဲ။ အဲဒါ အပေးအယူဆန်ပြီး လိမ်လည်လှည့်ဖြားတာပဲ။ သူ့ရဲ့ အသုံးခံခြင်းကို ဘုရားက အသိအမှတ်မပြုရုံမက အရမ်း စက်ဆုပ်မုန်းတီးတယ်။ အဆုံးမှာ၊ ဘုရားရဲ့ ကောင်းချီးပေးတာခံရမဲ့အစား၊ ပေါလုက အပြစ်ပေးခံခဲ့ရတယ်။ ဘုရားရဲ့ စိတ်သဘောထားက ဖြောင့်မတ်ပြီး သန့်ရှင်းတယ်။ ကျွန်မတို့ရဲ့အဆုံးသတ်နဲ့ ခရီးပန်းတိုင်တွေကို သူ ဆုံးဖြတ်တဲ့အခါ၊ အပေါ်ယံမှာ ကျွန်မတို့ ဘယ်လောက် ဆင်းရဲဒုက္ခခံပြီး အလုပ်လုပ်တယ် ဒါမှမဟုတ် ကျွန်မတို့ ဘယ်လောက် အပြုအမူကောင်း ပြတယ်ဆိုတဲ့အပေါ် အခြေခံပြီး သူ အကဲမဖြတ်ဘူး။ အဲဒါထက် သမ္မာတရားကို ကျွန်မတို့ ရရှိပြီးခြင်းရှိမရှိဆိုတာနဲ့ ကျွန်မတို့ စိတ်သဘောာထား ပြောင်းလဲခြင်းရှိမရှိဆိုတဲ့အပေါ် အခြေခံတယ်။ ကျွန်မအနေနဲ့ အလုပ်များပြီး ကိုယ့်ကိုယ်ကို အသုံးခံခြင်းအတွက် အပြန်အလှန်အနေနဲ့ ကောင်းမွန်တဲ့ အဆုံးသတ်နဲ့ ခရီးပန်းတိုင်ကို အမြဲ လိုချင်ခဲ့ရင်၊ သမ္မာတရားကို မလိုက်စားဘဲနေရင် ဒါမှမဟုတ် ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုကို မသန့်စင်စေရင်၊ ကျွန်မရဲ့ အဆုံးသတ်က ပေါလုလိုပဲ ဖြစ်မှာ။ ဘုရားရဲ့ ဖယ်ရှားရှင်းလင်းပြီး အပြစ်ပေးတာခံရမှာပဲ။ ပေါလုရဲ့ ကျရှုံးမှုက ကျွန်မအတွက် နှိုးဆော်မှုနဲ့ သတိပေးချက်တစ်ခုအဖြစ် အသုံးဝင်ပါတယ်။ အဲဒီနောက်မှာ ဘုရားက ကျွန်မတို့ဆီကနေ ဘာကိုမှ သတ်မှတ်တာ၊ တောင်းဆိုတာတွေ လုံးဝ မလုပ်ဘဲ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအတွက် အပြည့်အဝ စိတ်နှစ်ပြီး အားကုန်စိုက်ထုတ်တာ၊ အဖိုးအခအားလုံး ပေးဆပ်တာကို ကျွန်မ တွေးမိတယ်။ ဘုရားက အရမ်းကို ကိုယ်ကျိုးမငဲ့ပါဘူး။ ဒီအချိန်မှာ ကျွန်မကတော့ ဘုရားရဲ့ ရည်ရွယ်ချက်တွေကို လုံးဝ ထည့်မစဉ်းစားဘဲ ဘုရားသခင် ပေးအပ်ခဲ့တဲ့ အရာရာတိုင်းကို မွေ့လျော်ခံစားခဲ့တယ်။ ကောင်းမွန်တဲ့ ခရီးပန်းတိုင်ရဖို့ဆိုတဲ့ ရည်ရွယ်ချက်အတွက် ကျွန်မတာဝန်ကို ထမ်းဆောင်နေချိန်မှာ ဘုရားနဲ့ အပေးအယူတွေတောင် လုပ်ခဲ့တယ်။ ကျွန်မ တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာ ဖြစ်ခဲ့တယ်။ ဘုရားကို အသုံးချလို့ရပြီး လိမ်လည်လှည့်စားလို့ရတဲ့ သူတစ်ယောက်လို သဘောထားခဲ့တယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် အသုံးခံတဲ့ပုံစံကို ကြည့်ရင် ဘုရားက ဘယ်လိုလုပ် မစက်ဆုပ်၊ မမုန်းတီးဘဲ နေနိုင်မလဲ။ ဒါကို နားလည်သွားတဲ့အခါ၊ ကျွန်မ ကိုယ့်ကိုယ်ကို အပြစ်တင်ပြီး ဘုရားကို အကြွေးတင်မိတယ်။ ကျွန်မစိတ်နှလုံးမှာ ဘုရားဆီ ဆုတောင်းခဲ့တယ်။ ကောင်းချီးတွေ ရဖို့ သူနဲ့ အပေးအယူတွေ မလုပ်ချင်တော့သလို၊ အဲဒီအစား သမ္မာတရားကို မှန်မှန်ကန်ကန် လိုက်စားချင်တယ်၊ ဖန်ဆင်းခံအနေနဲ့ ကျွန်မတာဝန်ကို ထမ်းဆောင်ပြီး သူ့ကို စိတ်ကျေနပ်စေချင်တယ်လို့ ပြောရင်းနဲ့ပေါ့။
နောက်ပိုင်းမှာ၊ အတော်လေး တို့ထိစရာဖြစ်တယ်လို့ ကျွန်မ မြင်တဲ့ ဘုရားနှုတ်ကပတ်တော်နောက်တစ်ပိုဒ် ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ထိုတာဝန်သည် မိမိတို့လုပ်ဆောင်နိုင်သည့် အသင့်လျော်ဆုံးသောအရာဖြစ်သည်။ လူသားမျိုးနွယ်ကြားတွင် အလှပဆုံး၊ တရားအမျှတဆုံးသောအရာ ဖြစ်သည်။ ဖန်ဆင်းခံများအနေဖြင့် လူတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်သင့်သည်။ ထိုအခါမှသာ ဖန်ဆင်းရှင်၏ လက်ခံအတည်ပြုခြင်းကို ၎င်းတို့ ရရှိနိုင်သည်။ ဖန်ဆင်းခံတို့သည် ဖန်ဆင်းရှင်၏ စိုးမိုးမှုအောက်တွင် အသက်ရှင်ပြီး ဘုရားသခင် ပံ့ပိုးသည့်အရာအားလုံးနှင့် ဘုရားသခင်ဆီကလာသည့် အရာရာတိုင်းကို ၎င်းတို့ လက်ခံသည်။ ထို့ကြောင့် ၎င်းတို့၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်သင့်သည်။ ဤသည်မှာ လုံးဝ သဘာဝကျပြီး ခိုင်လုံသည်။ ဘုရားသခင်က စီမံခဲ့ခြင်း ဖြစ်သည်။ လူတို့အတွက် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် ကမ္ဘာမြေပေါ်တွင် နေထိုင်စဉ် လုပ်ဆောင်သည့် မည်သည့်အရာမဆိုထက်ပို၍တရားမျှတသည်၊ လှပသည်၊ မြင့်မြတ်သည်ကို ဤအရာမှ မြင်နိုင်သည်။ ဖန်ဆင်းခံတစ်ဦးနှင့်ဆိုင်သည့် တာဝန်ကို ထမ်းဆောင်ခြင်းထက် လူသားမျိုးနွယ်ကြားတွင် မည်သည့်အရာကမျှ ပို၍အဓိပ္ပာယ်မရှိ၊ သို့မဟုတ် ပို၍တန်ဖိုးမရှိသည့်အပြင် မည်သည့်အရာကမျှ ဖန်ဆင်းခံဖြစ်သူတစ်ဦး၏ အသက်တာအတွင်းသို့ သာ၍ကြီးမားသော အဓိပ္ပာယ်နှင့် အနှစ်သာရကို မဆောင်ကြဉ်းပေ။ ကမ္ဘာမြေပေါ်တွင် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို အမှန်တကယ်၊ ရိုးသားစွာ ထမ်းဆောင်သော လူအုပ်စုသာလျှင် ဖန်ဆင်းရှင်ကို ကျိုးနွံနာခံသောသူများဖြစ်သည်။ ဤအုပ်စုသည် လောကီ၌ ရေပန်းစားသောအရာများနောက်သို့ မလိုက်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ ခေါင်းဆောင်မှုနှင့် လမ်းပြမှုကို ကျိုးနွံနာခံသည်။ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကိုသာ နားထောင်သည်။ ဖန်ဆင်းရှင် ဖော်ပြသော သမ္မာတရားများကို လက်ခံသည်။ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်သည်။ ဤသည်မှာ အမှန်ကန်ဆုံး၊ အထူးကဲဆုံးသော သက်သေခံချက်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အပေါ် ယုံကြည်ခြင်း၏ အကောင်းဆုံး သက်သေခံချက် ဖြစ်သည်။ ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဖန်ဆင်းခံတစ်ဦးနှင့်ဆိုင်သည့် တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ခြင်း၊ ဖန်ဆင်းရှင်ကို ကျေနပ်မှုပေးနိုင်ခြင်းသည် လူသားမျိုးနွယ်ကြားတွင်အလှပဆုံးသောအရာဖြစ်ပြီး၊ ယင်းသည် လူအားလုံးက ချီးမွမ်းရန်အတွက် ပုံပြင်တစ်ခုအဖြစ် ဖြန့်သင့်သည့်အရာ ဖြစ်သည်။ ဖန်ဆင်းရှင်က ဖန်ဆင်းခံများထံ အပ်နှံထားသော မည်သည့်အရာကိုမဆို ၎င်းတို့က အကြွင်းမဲ့လက်ခံသင့်သည်၊ ယင်းသည် လူသားမျိုးနွယ်အတွက်ပျော်ရွှင်ခြင်းနှင့် အထူးအခွင့်အရေး နှစ်မျိုးလုံးနှင့်ဆိုင်သော ကိစ္စဖြစ်ပြီး ဖန်ဆင်းခံတစ်ဦး၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်စွမ်းရှိသော သူများအားလုံးအတွက် မည်သည့်အရာကမျှ ပို၍ လှပဖွယ်၊ သို့မဟုတ် အောက်မေ့ဂုဏ်ပြုထိုက်ဖွယ် မကောင်းပေ၊ ဤသည်မှာ အပြုသဘောဆောင်သောအရာပင် ဖြစ်သည်။...ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဖန်ဆင်းရှင် ရှေ့မှောက်သို့ လာသည့်အခါ၊ မိမိတာဝန်ကို ထမ်းဆောင်သင့်သည်။ ဤသည်မှာ လုပ်ဆောင်ရန် အလွန်သင့်တော်သည့် အရာတစ်ခုဖြစ်ပြီး ဤတာဝန်ကို ဖြည့်ဆည်းသင့်သည်။ ဖန်ဆင်းခံများက မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအပေါ်တွင် အခြေခံပြီး ဖန်ဆင်းရှင်သည် လူသားမျိုးနွယ်အကြားတွင် သာ၍ပင် ကြီးမြတ်သော အမှုတော်ကို ဆောင်ရွက်ပြီးဖြစ်ကာ လူတို့အပေါ် အမှု၏နောက်ထပ်တစ်ဆင့်ကို သူ ဆောင်ရွက်ပြီးဖြစ်သည်။ ပြီးလျှင် ယင်းမှာ အဘယ်အမှုနည်း။ လူသားမျိုးနွယ်သည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ် သူ့ထံမှ သမ္မာတရားကို ရရှိပြီး ထိုသို့အားဖြင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားဖို့နှင့် သန့်စင်ခြင်းခံရဖို့ ခွင့်ပြုလျက် သူက ၎င်းတို့အား သမ္မာတရားကို ပေးသည်။ ထိုသို့ဖြင့် ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို စိတ်ကျေနပ်စေလာပြီး၊ အသက်တာ၌ လမ်းကြောင်းမှန်ပေါ် စတင်လျှောက်လှမ်းကာ အဆုံး၌ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်ကြသည်၊ စုံလင်သော ကယ်တင်ခြင်းကို ရရှိနိုင်ပြီး စာတန်၏ ဒုက္ခပေးမှုများကို မခံရတော့ပေ။ ဤသည်မှာ မိမိတို့၏တာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့် အဆုံးသတ်၌ ဘုရားသခင်က လူသားမျိုးနွယ်တို့အား စွမ်းဆောင်ရရှိစေလိုမည့်အကျိုးတရားဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၇)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတော့ ကျွန်မ နားလည်သွားတယ်။ ဖန်ဆင်းခံတွေက သူတို့တာဝန်တွေကို ဖန်ဆင်းရှင်ရှေ့မှာ တာဝန်ယူတာက အဓိပ္ပာယ်အရှိဆုံးနဲ့ အကောင်းဆုံးသောအရာပဲ။ အဲဒါက မိဘတွေအပေါ် သားသမီးတွေက သားသမီးဝတ်ကျေပွန်တာနဲ့တူတယ်။ ဘာအပေးအယူမှ မရှိဘဲ၊ တောင်းဆိုချက် ဘာဆိုဘာမှမရှိဘဲ လူတွေ ဖြည့်ဆည်းသင့်တဲ့ တာဝန်နဲ့ ဝတ္တရားတစ်ခုပဲ။ ပိုအရေးကြီးတာက၊ ကျွန်မတို့ တာဝန်တွေကို လုပ်ဆောင်ရာမှာ၊ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်းတွေနဲ့ အားနည်းချက်တွေကို ထုတ်ဖော်ပြတဲ့ အခြေအနေအမျိုးမျိုးကို ဘုရားက ခင်းကျင်းပေးတယ်။ ဒီလိုနဲ့ ကျွန်မတို့ကို သမ္မာတရား ရှာဖွေခွင့်၊ ကိုယ့်ကိုယ်ကိုယ် နားလည်ခွင့်၊ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖြေရှင်းခွင့်၊ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးခြင်းနဲ့ အန္တရာယ်တွေကို မခံစားရတော့ဘဲ လူတွေနဲ့ ကိစ္စတွေကို သူ့နှုတ်ကပတ်တော်တွေပေါ် အခြေခံပြီး အကဲဖြတ်ခွင့်ပေးပြီး၊ နောက်ဆုံးမှာ ကယ်တင်ခြင်းရရှိခွင့် ပေးပါတယ်။ ဒါက ဘုရားရဲ့ ရည်ရွယ်ချက်ပဲ။ နှစ်ကာလတစ်လျှောက်မှာ၊ ကျွန်မ အကြိမ်တော်တော်များများ ရဲတွေဖမ်းတာ ခံခဲ့ရတယ်။ ကျွန်မရဲ့ နာကျင်မှုအလယ်မှာ၊ ကျွန်မကို ယုံကြည်ခြင်းနဲ့ ခွန်အားပေးပြီး အဲဒီမကောင်းဆိုးဝါးတွေရဲ့ ရက်စက်မှုကို အောင်မြင်ခွင့်ပေးရင်းနဲ့ ဉာဏ်အလင်းပေး၊ လမ်းပြခဲ့တာက ဘုရားနှုတ်ကပတ်တော်တွေပဲ။ ပြီးတော့ ကျွန်မတာဝန်မှာ မာနထောင်လွှားတဲ့ စိတ်သဘောထားကို ထုတ်ဖော်ပြရင်းနဲ့ ကျွန်မကိုယ်ကျွန်မ ချီးမြှောက်ပြီး ကြွားဝါတဲ့အခါ၊ ကျွန်မကို ရိုက်နှက်၊ ဆုံးမပဲ့ပြင်ဖို့ အခြေအနေတွေကို ဘုရားက ဖြစ်ပေါ်စေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေက ဖော်ထုတ်တဲ့အရာကတစ်ဆင့်၊ ကိုယ့်ကိုယ်ကိုယ် သိနားလည်မှုတချို့ ရခဲ့သလို၊ ဘုရားထံမှာ ချက်ချင်းနောင်တရနိုင်ခဲ့တယ်။ ဒီအရာအားလုံးက ဘုရားရဲ့ ကယ်တင်ခြင်းပါပဲ။ ကျွန်မအပေါ် ဘုရားက အများကြီး အသုံးခံခဲ့ပြီးပြီ။ ဒါပေမဲ့ ကျွန်မက သမ္မာတရားကို မလိုက်စားခဲ့ဘူး၊ သူ့မေတ္တာကို ပြန်မဆပ်ခဲ့ဘူး။ ကျွန်မတာဝန်ကို လုပ်နေချိန်မှာ ကောင်းချီးတွေကိုပဲ အာရုံစိုက်နေခဲ့တယ်။ ကျွန်မမှာ အသိစိတ် ဘာဆိုဘာမှ တကယ်ကို မရှိခဲ့တာပါ။ ဒီတစ်ခါ နေမကောင်းဖြစ်တော့၊ သမ္မာတရားကို ရှာပြီး ကိုယ့်ကိုယ်ကို သုံးသပ်ဆင်ခြင်ပြီးတဲ့နောက်မှာ၊ ဒီနှစ်တွေအားလုံးမှာ ကောင်းချီးရဖို့ပဲ ကိုယ့်တာဝန်ကို လုပ်နေခဲ့တဲ့ ကျွန်မရဲ့ စက်ဆုပ်စရာ ရည်ရွယ်ချက်ကို နောက်ဆုံးမှာ ရှင်းရှင်းလင်းလင်း မြင်သွားတယ်။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအပေါ် သိနားလည်မှုတချို့လည်း ရခဲ့တယ်။ ဒီအရာအားလုံးက ကျွန်မကို ဘုရား ကယ်တင်တာပါပဲ။ အခု၊ ဘုရားက ကျွန်မကို ထွက်သက်ဝင်သက် ပေးခဲ့ပြီး အသက်ရှင်ခွင့်ပေးခဲ့တယ်။ ဒါက သူ့ရဲ့ သနားကရုဏာနဲ့ ကျေးဇူးတော်ပဲ။ ကောင်းချီးတွေ ရဖို့ဆိုတဲ့ ကျွန်မရဲ့ ရည်ရွယ်ချက်ကို စွန့်ပြီး ကျွန်မတာဝန်ကို ကောင်းကောင်း လုပ်ရမယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် ပိုပြီး ဖတ်ခဲ့တယ်။ “ဤကမ္ဘာတွင် မွေးဖွားလာသည့် လူတိုင်း အတွက်၊ မွေးဖွားခြင်းက လိုအပ်ပြီး သေဆုံးခြင်းက ရှောင်လွှဲလို့မရနိုင်ပေ။ မည်သူမှ အမှုအရာများ၏ ဖြစ်စဉ်ကို မကျော်လွန်နိုင်ပါ။ လူတစ်ယောက်က ဤကမ္ဘာကမှ နာကျင်မှုမရှိဘဲ ထွက်ခွာဖို့ ဆန္ဒရှိလျှင်၊ ဘဝ၏ နောက်ဆုံးဆုံမှတ်ကို ဝန်လေးမှု သို့မဟုတ် စိုးရိမ်မှုမရှိဘဲ ရင်ဆိုင်နိုင်ဖို့ ဆန္ဒရှိပါက၊ တစ်ခုတည်းသော နည်းလမ်းမှာ နောင်တများကို မချန်ထားရစ်ဖို့ဖြစ်သည်။ နောင်တများမပါဘဲ စွန့်ခွာဖို့ တစ်ခုတည်းသောနည်းလမ်းမှာ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိဖို့၊ သူ၏ သြဇာအာဏာကို သိဖို့နှင့် ဤအရာများကို ကျိုးနွံနာခံဖို့ ဖြစ်ပေသည်။ ဤနည်းဖြင့်သာ လူသား၏ ခိုက်ရန်ဒေါသ၊ မကောင်းမှု၊ စာတန်၏ ကျေးကျွန်ဘဝမှ ဝေးရာတွင် နေနိုင်ပေသည်။ ဤနည်းဖြင့်သာ ဖန်ဆင်းရှင်၏ လမ်းပြခြင်းနှင့်ကောင်းကြီးပေးမှုခံရသည့် ယောဘ၏ဘဝကဲ့သို့သော ဘဝတစ်ခု၊ လွတ်လပ်ပြီး အချုပ်အနှောင်ကင်းသည့်ဘဝတစ်ခု၊ တန်ဖိုးရှိပြီး အဓိပ္ပါယ်ရှိသည့်ဘဝတစ်ခု၊ ရိုးသားပြီး ပွင့်လင်းသည့် ဘဝတစ်ခုကို အသက်ရှင်၏။ ဤနည်းဖြင့်သာ ယောဘကဲ့သို့ ဖန်ဆင်းရှင်၏ စမ်းသပ်မှုများနှင့် ပိတ်ပင်မှုများ၊ ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်မှုများကို ကျိုးနွံနာခံနိုင်ပေသည်။ ဤနည်းဖြင့်သာ ယောဘပြုသကဲ့သို့ မိမိ၏ဘဝတစ်ခုလုံး ဖန်ဆင်းရှင်ကို ကိုးကွယ်နိုင်ပြီး သူ၏ချီးကျူးခြင်းကို ရရှိနိုင်ကာ သူ၏ အသံကို ကြားပြီး၊ သူ ပေါ်ထွန်းသည်ကို မြင်နိုင်၏။ ဤနည်းဖြင့်သာ ယောဘကဲ့သို့ နာကျင်မှုမရှိ၊ စိုးရိမ်မှုမရှိ၊ နောင်တများမရှိဘဲ ပျော်ရွှင်စွာ အသက်ရှင်နေထိုင်ပြီး သေဆုံး နိုင်သည်။ ဤနည်းဖြင့်သာ ယောဘကဲ့သို့ အလင်းထဲတွင် အသက်ရှင်နေထိုင်ကာ ဘဝဆုံမှတ်တိုင်းကို အလင်းထဲတွင် ဖြတ်သန်းနိုင်သည်၊ မိမိ၏ခရီးကို ချောမွေ့စွာနှင့် အလင်းထဲတွင် ပြီးဆုံးနိုင်သည်၊ ဖန်ဆင်းခံတစ်ယောက်အနေဖြင့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို တွေ့ကြုံဖို့၊ သင်ယူဖို့နှင့် သိမြင်လာဖို့ ဖြစ်သော မိမိ၏ တာဝန်ကို အောင်မြင်စွာ ပြီးဆုံးနိုင်ပြီး အလင်းထဲတွင် သေဆုံးနိုင်ပေသည်၊ ပြီးလျှင် ဖန်ဆင်းခံ လူသားအနေဖြင့် သူ၏ချီးကျူးခြင်းခံရလျက် ဖန်ဆင်းရှင်၏ နံဘေးတွင် အမြဲထာဝရရပ်တည်နိုင်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတဲ့နောက်မှာ ကျွန်မစိတ်နှလုံးက ပိုတောက်ပသွားတယ်။ အရင်က၊ ကျွန်မ အသက်ကြီးပြီး၊ ကျွန်မရဲ့ ရောဂါက ပိုဆိုးသထက်ဆိုးနေခဲ့တော့၊ အချိန်မရွေး အသက်ဆုံးရှုံးမဲ့ အန္တရာယ်ရှိသလို၊ ကိုဗစ်ကြောင့် ကျွန်မ သေဆုံးသွားခဲ့ရင်၊ ကောင်းမွန်တဲ့ အဆုံးသတ်နဲ့ ခရီးပန်းတိုင် ရှိမှာမဟုတ်ဘူးလို့ ကျွန်မ အမြဲ တွေးခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်သွားတယ်။ အမှန်တော့၊ လူတိုင်းက သေမှာ။ ဒါပေမဲ့ လူတွေရဲ့ သေခြင်းတွေမှာ ကွဲပြားတဲ့ သဘောသဘာဝတွေရှိတယ်။ လူတချို့ရဲ့ သေခြင်းတွေက ဘုရားရဲ့ ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းတာကို သူတို့ခံရတယ်ဆိုတာကို ပြတယ်။ တစ်ချိန်တည်းမှာပဲ တခြားလူတွေရဲ့ ခန္ဓာကိုယ်တွေက အပေါ်ယံမှာ သေပေမဲ့ သူတို့ ဝိညာဉ်တွေက ကယ်တင်ခံရမယ်ဆိုတာပေါ့။ ဥပမာအနေနဲ့ ဘုရားကို စစ်မှန်တဲ့ ယုံကြည်ခြင်းရှိပြီး၊ စမ်းသပ်မှုတွေအလယ်မှာတောင် ဘုရားကို ထောမနာပြုပြီး ဘုရားရှေ့မှာ စစ်မှန်တဲ့ သက်သေခံချက်ရှိတဲ့၊ ဖန်ဆင်းခံအနေနဲ့ သူ့တာဝန်ကို ပြီးစီးနိုင်ခဲ့တဲ့ ယောဘကို ကြည့်။ ယောဘသေတော့၊ သူ့မှာ ဘာသောက၊ ကြောက်ရွံ့မှုမှ မရှိခဲ့ဘူး။ အဲဒီအစား လောကကို သူ စွန့်ခွာခဲ့ချိန်မှာ ကျေနပ်ပြီး ကျေးဇူးတင်ခဲ့တယ်။ သူ့ခန္ဓာကိုယ် သေသွားခဲ့ပေမဲ့ သူ့ဝိညာဉ်က ကယ်တင်ခြင်းခံခဲ့ရတယ်။ သူ့ဘဝတစ်ခုလုံး ဘုရားကို ချစ်ပြီး စိတ်ကျေနပ်စေဖို့ အားထုတ်ခဲ့သလို၊ စမ်းသပ်မှုတွေနဲ့ အတိဒုက္ခတွေကို ရင်ဆိုင်ရာမှာ သေတဲ့အထိ ကျိုးနွံနာခံနိုင်ခဲ့တဲ့ ပေတရုလည်း ရှိသေးတယ်။ နောက်ဆုံးမှာ၊ သူက ဘုရားအတွက် ဇောက်ထိုး ကားစင်တင်ခံခဲ့ရတယ်။ ကောင်းမွန်တဲ့ သက်သေခံချက် ခံပြီး ဘုရားရဲ့ အသိအမှတ်ပြုတာကို ရခဲ့တယ်။ အခု ကျွန်မ နားလည်သွားတယ်။ ကိုယ့်ရဲ့ ခန္ဓာသေခြင်းဆိုတာ မကောင်းတဲ့ အဆုံးသတ်နဲ့ ခရီးပန်းတိုင်ရမယ်လို့ မဆိုလိုဘူးဆိုတာပေါ့။ အရေးကြီးတာက သမ္မာတရားကို လိုက်စားနိုင်ခြင်းရှိမရှိနဲ့ ကိုယ့်ဘဝတစ်သက်တာအတွင်းမှာ ဖန်ဆင်းခံအနေနဲ့ ကိုယ့်တာဝန်ကို ဖြည့်ဆည်းနိုင်ခြင်း ရှိမရှိဆိုတာပဲ။ ဒါက လူတစ်ယောက်က နောက်ဆုံးမှာ ကောင်းမွန်တဲ့ အဆုံးသတ်နဲ့ ခရီးပန်းတိုင် ရှိမရှိဆိုတာကို ဆုံးဖြတ်ပေးတဲ့ သော့ချက်စစ်စစ်ပဲ။ ကျွန်မ လုပ်သင့်တဲ့အရာက ဖန်ဆင်းခံအနေနဲ့ ကျွန်မရဲ့ နေရာမှာ ခိုင်ခိုင်မာမာ ရပ်တည်ပြီး၊ ဘုရားရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ပဲ။ ကျွန်မ အသက်ရှင်သရွေ့၊ သမ္မာတရား လိုက်စားပြီး ကျွန်မတာဝန်ကို လုပ်ဆောင်ရာမှာ စည်းမျဉ်းတွေအတိုင်း အမှုအရာတွေကို လုပ်ရင်းနဲ့ ဘုရားအပေါ် မှီခိုပြီး ကျွန်မတာဝန်ကို ကောင်းကောင်း လုပ်ရမယ်။ အဲဒီလိုနဲ့ ကျွန်မတာဝန်ကို လုံလုံလောက်လောက်လုပ်ပြီး ဘုရားရဲ့ စိတ်နှလုံးကို နှစ်သိမ့်ပေးရမယ်။ ဒါကို နားလည်သွားတဲ့အခါ၊ ကျွန်မ အများကြီး ပိုစိတ်ငြိမ်သွားသလို၊ ကျွန်မရဲ့ ရောဂါကြောင့် စိတ်မကျဉ်းကျပ်တော့ဘူး။ ကျွန်မ မမျှော်လင့်ခဲ့တာကတော့ ရက်အတော်ကြာပြီးတဲ့နောက်မှာ ကျွန်မအခြေအနေ သက်သာလာခဲ့တာပါပဲ။
ကိုဗစ်ရောဂါရတဲ့ ဒီအတွေ့အကြုံက ကျွန်မရဲ့ ယုံကြည်ခြင်းမှာ မမှန်တဲ့ အမြင်တွေ ရှိတယ်ဆိုတာ၊ ကောင်းချီးတွေ ရဖို့နဲ့ ဘုရားနဲ့ အပေးအယူတွေလုပ်ဖို့ အရာရာကို ကျွန်မ လုပ်ဆောင်ခဲ့တာဆိုတာတွေကို မြင်အောင် ကူညီခဲ့တယ်။ ကောင်းချီးတွေရဖို့ဖြစ်တဲ့ ကျွန်မရဲ့ အလိုဆန္ဒတချို့ကို လက်လွှတ်ပြီး၊ ကျွန်မတာဝန်ကို လုပ်ဆောင်ခြင်းအတွက် ကျွန်မရဲ့ ရည်ရွယ်ချက်တွေကို ပြုပြင်နိုင်ခဲ့တာက ကျွန်မကို ကယ်တင်တဲ့ ဘုရားရဲ့ နည်းလမ်းပါပဲ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
ရှင်းချန် အမေရိကန်နိုင်ငံ အသင်းတော်မှာ ဧဝံဂေလိအလုပ်ကို ကျွန်မ ကိုင်တွယ်ရတယ်။ အစ်မဝမ်နဲ့ ကျွန်မက အဖွဲ့ခေါင်းဆောင် အတူလုပ်ကြတယ်။ အစမှာ၊...
ကျိုင်းလင် ဖိလစ်ပိုင်နိုင်ငံ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။...
ကျွန်မမိသားစုက အမြဲ တော်တော် ဆင်းရဲခဲ့တယ်၊ ငွေကြေး အရမ်းမကျပ်တည်းအောင်လို့ ဘဏ်အမှုဆောင်တစ်ယောက်ဖြစ်ဖို့၊ လူ့အဖွဲ့အစည်းမှာ...
လီရန် တရုတ်နိုင်ငံ ၂၀၂၀၊ အောက်တိုဘာလကုန်ခါနီးမှာပေါ့။ ကျွန်မက လက်တွေ့အလုပ်မလုပ်တဲ့အတွက် ခေါင်းဆောင်ရာထူးကနေ အထုတ်ခံရတယ်။ ကျွန်မရဲ့...