အသက်ကြီးသူပင်လျှင် သမ္မာတရားကို လိုက်စားရန် ကြိုးပမ်းသင့်သည်

12.06.2024

အသက် ၄၆နှစ်ထဲဝင်တဲ့ နှစ်မှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ သိခဲ့ရတာက ဒါဟာ လူတွေကို ကယ်တင်ဖို့ ဘုရားအမှုတော်ရဲ့ နောက်ဆုံးအဆင့်ဖြစ်တယ်၊ အဆုံးမှာ၊ ဘုရားက သူကယ်တင်ခဲ့သူတွေကို ခေတ်သစ်ထဲ ခေါ်သွားမယ်ဆိုတာပါပဲ။ ကျွန်မ အထူးသဖြင့် စိတ်လှုပ်ရှားမိတယ်။ အဆတစ်ရာ ပိုများတဲ့ ယုံကြည်ခြင်းနဲ့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်၊ အသုံးခံပြီး ကိုယ့်တာဝန်ကို ထမ်းခဲ့တယ်။ အဲဒီတုန်းက ကျွန်မက တော်တော်ငယ်တယ်။ အားအင်အများကြီးရှိခဲ့ပြီး၊ ငယ်တဲ့ ညီအစ်ကို မောင်နှမတွေနဲ့ ကျွန်မတာဝန်ကို လုပ်တဲ့အခါ၊ ကိုယ့်ကိုယ်ကိုယ် အိုစာတယ်လို့ လုံးဝ သဘောမထားခဲ့ဘူး။ ကျွန်မ တက်ကြွမှုအပြည့်နဲ့ သီချင်းဆိုပြီး ကခုန်တယ်။ တစ်ခါတလေ ဧဝံဂေလိ ဖြန့်ဖို့ ခြောက်မိုင်လောက်ကို မပင်မပန်း စက်ဘီးစီးသွားတယ်။ ဘုရားအတွက် ဒီလို ကိုယ့်ကိုယ်ကိုယ် အသုံးခံပြီး ကိုယ့်တာဝန်ကို လုပ်ရင် ဘုရားအမှုတော် ပြီးဆုံးတဲ့အခါ ကျွန်မက သေချာပေါက်ကယ်တင်ခံရမှာပဲလို့ ကျွန်မ ခံစားမိခဲ့တယ်။ ကျွန်မ အသက် ၆၅ နှစ်ရောက်တော့၊ ကျွန်မရဲ့ နားတစ်ဖက်က အူနေပြီးတော့ နားထဲမှာ ခဏခဏ တစ်ဝီဝီမြည်နေခဲ့တယ်။ စဖြစ်တဲ့အချိန်မှာ၊ ကျွန်မ သိပ်ဂရုမစိုက်ခဲ့သလို၊ နည်းနည်းကြာရင် သက်သာသွားမှာပါလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ နောက်တော့၊ ပိုပိုပြီး ဆိုးလာတယ်။ တစ်ခါတလေ တခြားလူတွေ ဘာပြောလဲဆိုတာ ရှင်းရှင်း မကြားရဘူး။ ပြင်းထန်တဲ့အချိန်မှာဆို ကျွန်မ ခေါင်းမူးလာတယ်။ ဆေးစစ်ဖို့ ဆေးရုံကိုသွားတော့၊ ကျွန်မနားက အသုံးမဝင်တော့သလို၊ ကုဖို့ နည်းလမ်းမရှိဘူးလို့ ဆရာဝန်က ပြောတယ်။ အဲဒီတုန်းက ကျွန်မ အထူးသဖြင့် အပျက်သဘောဆောင်ခဲ့တယ်။ “ငါတော့ သွားပြီ။ ဒီနားက ထိုင်းပြီး တခြားလူတွေကို ရှင်းရှင်းလင်းလင်း မကြားရဘူး။ ဒီဟာက ငါ့ရဲ့ တာဝန်ထမ်းဆောင်မှုကို ထိခိုက်မှာပဲ။ ဒါဆိုရင် ဘုရားအိမ်တော်မှာ ငါ ဘာအသုံးဝင်မှာလဲ။ ငါ့တာဝန်ကို ငါမလုပ်နိုင်ရင်၊ ကယ်တင်ခြင်း ရရှိမဲ့ မျှော်လင့်ချက်တစ်ခုခု ရှိပါ့မလား။ ငါ့လို နားထိုင်းပြီး အနီးမှုန်ဖြစ်တဲ့လူတစ်ယောက်ကို နိုင်ငံတော်မှာ အလိုရှိပါဦးမလား”လို့ တွေးနေမိတယ်။ အဲဒီအကြောင်းတွေးလေ၊ အပျက်သဘောဆောင်လေပဲ။ ဘုရားကို ကျွန်မ ဆုတောင်းပြီး ကျွန်မရဲ့ အပျက်သဘော အခြေအနေကနေ ကျွန်မကို ခေါ်ထုတ်ဖို့ သူ့ကို တောင်းလျှောက်ခဲ့တယ်။

တစ်နေ့ ဘုရားနှုတ်ကပတ်တော်တွေမှာ ဒါကို ဖတ်ရတယ်- “စုံလင်စေခြင်း ခံရဖို့ လိုလားလျက် ရှိသူအားလုံးသည် စုံလင်စေခြင်း ခံရဖို့ အခွင့်အရေးရှိ၏၊ ထို့ကြောင့် အယောက်တိုင်း စိတ်အေးလက်အေးထားရမည်- အနာဂတ်တွင် သင်တို့အားလုံး ပန်းတိုင်ထဲသို့ ဝင်ရောက်ကြလိမ့်မည်ဖြစ်သည်။ သို့ရာတွင် သင်သည် စုံလင်စေခြင်းခံရရန် လိုလားမနေသကဲ့သို့၊ အံ့သြဖွယ်ကောင်းသော နယ်ပယ်ထဲသို့ဝင်ရောက်ရန် လိုလားနေခြင်း မရှိပါက၊ ဤသည်မှာ သင်ကိုယ်တိုင်၏ ပြဿနာ ဖြစ်၏။...လူတိုင်း စုံလင်စေခြင်း ခံရမည့် အခွင့်အရေးရှိ၏- သင်သည် လိုလားခြင်းရှိမှသာ၊ သင်သည် လိုက်စားရှာဖွေခြင်းရှိမှသာ၊ အဆုံးတွင် သင်သည် ဤရလဒ်ကို ရရှိနိုင်လိမ့်မည် ဖြစ်ပြီး၊ သင်တို့ထဲမှ တစ်ဦးမျှ စွန့်ပစ်ခံရမည် မဟုတ်ပေ။ သင်သည် အရည်အချင်းညံ့ဖျင်းပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏ သတ်မှတ်ချက်များသည် သင်၏ညံ့ဖျင်းသည့် အရည်အချင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် အရည်အချင်းမြင့်မားပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင်၏မြင့်မားသည့် အရည်အချင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် မသိနားမလည်ဖြစ်ကာ စာမတတ်ပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင်၏ စာမတတ်ခြင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် စာတတ်ပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင် စာတတ်မြောက်သည့် အချက်နှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် သက်ကြီးရွယ်အို တစ်ဦးဖြစ်ပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင်၏ အသက်နှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် ဧည့်ဝတ်ပျူငှာနိုင်စွမ်း ရှိပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် ဤတတ်စွမ်းနိုင်မှုနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် ဧည့်ဝတ်ပျူငှာမှုမပေးနိုင်ဘဲ၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းဖြစ်စေ၊ အသင်းတော်ကို စောင့်ရှောက်ခြင်းဖြစ်စေ၊ အခြားသော အထွေထွေအရေးကိစ္စများကို အာရုံစိုက်လုပ်ဆောင်ခြင်း ဖြစ်စေ၊ တာဝန်တချို့ကိုသာ လုပ်ဆောင်နိုင်သည်ဟု သင်ဆိုပါက သင့်ကို ငါ၏စုံလင်စေခြင်းသည် သင်ဆောင်ရွက်သည့် တာဝန်နှင့်အညီ ဖြစ်လိမ့်မည်။ သစ္စာစောင့်သိခြင်း၊ တကယ့်အဆုံးထိ နာခံခြင်းနှင့် ဘုရားသခင်ကို အဆုံးစွန် ချစ်ခြင်းရှိဖို့ ကြိုးစားခြင်း- ဤသည်မှာ သင် ဖြစ်မြောက်ရမည့်အရာ ဖြစ်ပြီး၊ ဤအရာသုံးခုထက် သာ၍ ကောင်းမွန်သော လက်တွေ့လုပ်ဆောင်မှုများ မရှိပေ။ နောက်ဆုံးတွင် လူသားသည် ဤအရာသုံးခုကို ရရှိရန်လိုအပ်ပြီး၊ ၎င်းတို့ကို ရရှိနိုင်ပါက စုံလင်စေခြင်းခံရလိမ့်မည်ဖြစ်သည်။ သို့ရာတွင်၊ အရေးကြီးဆုံးမှာ သင်သည် အမှန်တကယ် လိုက်စားရှာဖွေရမည်၊ သင်သည် ရှေ့သို့နှင့် အထက်သို့ တက်ကြွစွာ တက်လှမ်းရမည်ဖြစ်ပြီး၊ ယင်းနှင့်ပတ်သက်၍ မတုန်မလှုပ် မနေရ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း) ဘုရားနှုတ်ကပတ်တော်တွေကနေ ဘုရားရဲ့ ဖြောင့်မတ်ခြင်းကို ကျွန်မ မြင်ခဲ့ရတယ်။ ဘုရားကို လူတိုင်းကို ကယ်တင်ခြင်းရပြီး စုံလင်ခြင်းခံရမဲ့ အခွင့်အရေးပေးတယ်။ သူတို့ရဲ့ အသက်အရွယ်ပေါ်အခြေခံပြီး ဘုရားက လူတွေကို မကယ်တင်သလို၊ တာဝန်ဘယ်လောက် ဖြည့်ဆည်းတယ်ဆိုတဲ့အပေါ် အခြေခံပြီး စုံလင်စေတာ မဟုတ်ဘူး။ အဲဒီအစား သူတို့ရဲ့ အစွမ်းအစတွေပေါ် အခြေခံပြီး တာဝန်တွေကို ထမ်းဖို့၊ သမ္မာတရားကို လိုက်စားပြီး သူ့အပေါ် သစ္စာစောင့်သိခြင်းနဲ့ ကျိုးနွံနာခံခြင်းတွေကို စွမ်းဆောင်ရရှိဖို့နဲ့ ဘုရားကို ချစ်တဲ့ စိတ်နှလုံးရှိဖို့ လူတွေကို သူတောင်းဆိုတယ်။ ဒါက ဘုရားရဲ့လက်ခံမှုကို ရရှိတဲ့အရာပဲ။ ကိုယ့်အသက်အရွယ်ဘာဖြစ်ပါစေ၊ ဘာတာဝန်ကို လုပ်သည်ဖြစ်စေ၊ ဘုရားက ကိုယ့်ရဲ့သစ္စာစောင့်သိမှုနဲ့ ကျိုးနွံနာခံမှုကို လိုချင်တယ်။ ဘုရားရဲ့ အလိုတော်ကို ကျွန်မ နားမလည်ခဲ့ဘူး။ ပြီးတော့ ကျွန်မက အသက်ကြီးပြီး နားတစ်ဖက်ထိုင်းသလို၊ ဘာတာဝန်မှ မလုပ်နိုင်လို့ ကယ်တင်ခြင်း ရရှိမဲ့ မျှော်လင့်ချက် ဆုံးရှုံးမှာပဲလို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ဒါတွေက ကျွန်မရဲ့ အယူအဆနဲ့ စိတ်ကူးတွေဖြစ်ခဲ့တယ်။ သက်ကြီးရွယ်အိုတွေဟာ သက်ကြီးရွယ်အိုအတွက် သတ်မှတ်ချက်တွေနဲ့အညီ ဖြစ်သင့်တယ်လို့ ဘုရားက ပြောတယ်။ ကျွန်မက အသက်ကြီးပြီး နားတစ်ဖက်ထိုင်းပေမဲ့၊ ဘုရားနှုတ်ကပတ်တော်တွေကို နားထောင်နိုင်တဲ့ နားတစ်ဖက် ရှိသေးတယ်။ တာဝန်ကြီးတစ်ခု မလုပ်နိုင်ရင်၊ ကျွန်မ တတ်စွမ်းနိုင်တဲ့ တာဝန်ငယ်လေးတစ်ခုကို လုပ်နိုင်တယ်။ နောက်ပိုင်းမှာ၊ အသင်းတော်ကညီအစ်ကို မောင်နှမတွေနဲ့ ကျွန်မ ဧဝံဂေလိ ဖြန့်ပြီး ကျွန်မ အတော်လေး ပျော်ခဲ့တယ်။

၂၀၂၃ခုနှစ် မတ်လမှာ၊ ကျွန်မ ကားမတော်တဆမှုဖြစ်ပြီး ဘယ်ဘက်ခြေထောက် ကျိုးသွားတယ်။ အိမ်မှာ နာလံထူနေတုန်းမှာ၊ အမြဲ ပူပန်သောကရောက်တဲ့ အခြေအနေတစ်ခုမှာ ရှိနေခဲ့တယ်။ အခု ကျွန်မ အသက် ၇၀ ရှိနေပြီ။ ကျွန်မရဲ့ ကျန်းမာရေးက လည်း ညံ့နေပြီ။ အကြားအာရုံ မရှိတော့ဘူး၊ အမြင်အာရုံက ပိုဆိုးလာတယ်။ အခု၊ ကျွန်မရဲ့ ဘယ်ခြေထောက် ကျိုးတော့၊ အနာဂတ်မှာ ဘာလုပ်နိုင်မှာလဲ။ နဂိုက ကျွန်မ ဧဝံဂေလိကို ဖြန့်ချင်ခဲ့ပြီး၊ ကျွန်မရဲ့ သစ္စာစောင့်သိမှုကို ပြချင်ခဲ့သလို၊ ကောင်းမှုတချို့ကိုလည်း လုပ်ဖို့ ပြင်ဆင်နေခဲ့တယ်။ ကျွန်မခြေထောက် ကျိုးသွားမယ်လို့ လုံးဝမတွေးမိခဲ့ဘူး။ ပြီးတော့ ဘယ်အချိန် ပြန်ကောင်းမယ်ဆိုတာ ဘယ်သူသိမှာလဲ။ အနာဂတ်မှာ ကျွန်မတာဝန်ကို မလုပ်နိုင်ခဲ့ရင်၊ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်တစ်ခုခု ရှိပါဦးမလား။ အဲဒီအကြောင်းတွေးလေ၊ ပိုဝမ်းနည်းလေဖြစ်ပြီး၊ မရည်ရွယ်ဘဲ ကျွန်မ စညည်းမိတယ်။ “သခင့်ကို ငါ စယုံကြည်ခြင်းထားကတည်းက၊ ကိုယ့်ကိုယ်ကိုယ် ထက်ထက်သန်သန် အသုံးခံခဲ့တယ်။ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီးတဲ့နောက်မှာ၊ ကိုယ့်တာဝန်ကိုလုပ်နိုင်အောင် ငါ့ရဲ့ စားသောက်ဆိုင်ကိုတောင် ပိတ်ခဲ့တယ်။ သုံးလေးကြိမ်လောက် အဖမ်းခံရလုနီးပါးဖြစ်ပြီး အိမ်မပြန်နိုင်အောင်ဖြစ်ခဲ့တယ်။ အနှစ် ၂၀ကျော်၊ အများကြီး အားထုတ်ပြီး ပျာယာခတ် အလုပ်များနေခဲ့တယ်။ ဒီလိုဆက်လုပ်ရင်၊ ကယ်တင်ခြင်းရမယ်လို့ တွေးခဲ့တယ်။ ဒါပေမဲ့ ဘုရားအမှုတော်က ပြီးတော့မဲ့အချိန်မှာ ငါ့တာဝန်ကိုတောင် ငါ လုပ်နိုင်မှာမဟုတ်တာကို မမျှော်လင့်မိခဲ့ဘူး။ ငါ့မှာ ကယ်တင်ခြင်း မျှော်လင့်ချက် ရှိသေးလား။ ငါက အသက် ဆယ်နှစ်၊ အနှစ်နှစ်ဆယ် ပိုငယ်ရင်၊ ငါ့တာဝန်ကို အချိန်ကြာကြာ ပိုလုပ်နိုင်မှာဖြစ်ပြီး၊ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်တချို့ ရှိမှာပဲ။ ငါဘာလို့ အဲဒီအချိန်မှာ မွေးခဲ့ရတာလဲ။ အခု ငါက နှစ်တိုင်း အသက်ပိုကြီးကြီးလာသလို၊ ငါ့ ခန္ဓာကိုယ်က မလှုပ်ရှားချင်တော့ဘူး။ အနာဂတ်မှာ ဘာမျှော်လင့်ချက်မျိုး ငါ့မှာ ရှိမှာလဲ”ပေါ့။ ဗီဒီယိုတွေမှာ အသက်ငယ်တဲ့ ညီအစ်ကို မောင်နှမတွေက သီချင်းဆိုပြီး ကခုန်တာကို မြင်တော့၊ ကျွန်မ အရမ်း အားကျခဲ့တယ်။ “ဒီညီအစ်ကို မောင်နှတွေက ကောင်းတဲ့ ဆယ်စုနှစ်မှာ တကယ် မွေးခဲ့ကြတာပဲ။ သူတို့က ငယ်ရွယ်တယ်၊ သူတို့ရဲ့ ခွန်အားက ရှင်သန်နေပြီး၊ သူတို့မှာ မှတ်ဉာဏ်ကောင်းရှိတယ်။ သူတို့က ကိစ္စတွေကို မြန်မြန်ဆန်ဆန် သင်ယူပြီး တာဝန်အများကြီး လုပ်နိုင်ကြတယ်။ အခုက လူတွေကို စုံလင်စေဖို့ ဘုရားအတွက် အရမ်းအရေးပါတဲ့ အချိန်ပဲ။ ဘုရားရဲ့အမှုတော် ပြီးတဲ့အခါ ဒီလူငယ်တွေက ကယ်တင်ခြင်းကို သေချာပေါက် ရရှိပြီး ရှင်သန်နိုင်မှာပဲ။ ငါသာ ၈၀ ခုနှစ် ဒါမှမဟုတ် ၉၀ ခုနှစ်ဝန်းကျင်မှာ မွေးခဲ့ရင်၊ အချိန်မီမှာပဲ။ ဘာလို့ ၅၀ ခုနှစ်ဝန်းကျင်မှာ ငါ မွေးခဲ့ရတာလဲ။ ဘုရားရဲ့ အမှုတော်က ပြီးတော့မှာဖြစ်ပေမဲ့ ငါကအသက်ကြီးပြီဖြစ်သလို ငါ့တာဝန်ကို ငါ မလုပ်နိုင်ဘူး။ ဘာကယ်တင်ခြင်း မျှော်လင့်ချက် ငါ့မှာ ရှိလဲ။ အခုဆိုရင် ဘယ်နေ့မှာမဆို ငါ ဆုံးပါးသွားနိုင်တယ်”ပေါ့။ အဲဒီအတောအတွင်းမှာ ကျွန်မ အထူးသဖြင့် အပျက်သဘောဆောင်ပြီး၊ အဲဒီအကြောင်းတွေးတဲ့အခါ၊ ကျွန်မ စိတ်နှလုံးကြေကွဲပြီး မျက်ရည်တွေကျမိတယ်။ ကျွန်မတို့မိသားစုထဲက မယုံကြည်သူတွေက စားတာ၊ သောက်တာတွေ၊ အပျော်အပါးတွေနဲ့ ကိုယ့်ဘာသာ အလုပ်များနေကြတာကို ကျွန်မ စောင့်ကြည့်ခဲ့တယ်။ ကျွန်မပျော်အောင် သူတို့ ကြိုးစားကြပေမဲ့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် အားတက်အောင် လုံးဝ မလုပ်နိုင်ခဲ့ဘူး။ ကျွန်မရဲ့ ဘဝက မျှော်လင့်ချက်မရှိဘူးလို့ ခံစားရတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို နေ့တိုင်းဖတ်ပေမဲ့ ဝတ်ကျေတမ်းကျေပဲ လုပ်နေခဲ့ပြီး ကျွန်မရဲ့ ဆုတောင်းခြင်းကလည်း ထုံးတမ်းဓလေ့လိုဖြစ်နေခဲ့တယ်။ ဒါကြောင့် ကျွန်မစိတ်နှလုံးက ဘုရားဆီကနေ အရမ်းဝေးနေပြီလို့ ခံစားရတယ်။ ကျွန်မရဲ့ ကိုယ်ပိုင် အခြေအနေက မမှန်တာကို ကျွန်မ သဘောပေါက်လို့ ဘုရားဆီ ဆုတောင်းပြီး၊ ဒီအပျက်သဘော အခြေအနေကနေ ကျွန်မကို ခေါ်ထုတ်ဖို့ တောင်းလျှောက်ခဲ့တယ်။

တစ်နေ့တော့ ဘုရားနှုတ်ကပတ်တော်တွေမှာ ကျွန်မကို အရမ်းတို့ထိခဲ့တဲ့ စာတစ်ပိုဒ်ကို တွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ညီအစ်ကို မောင်နှမများထဲတွင် အသက် ၆၀ မှ ၈၀ သို့မဟုတ် ၉၀ ခန့်ထိရှိပြီး၊ မိမိတို့၏ အိုမင်းသည့် အသက်အရွယ်ကြောင့် အချို့သော အခက်အခဲများလည်း တွေ့ကြုံကြရသည့် သက်ကြီးရွယ်အိုများလည်း ရှိသည်။ ၎င်းတို့၏ အသက်အရွယ် ထိုသို့ဖြစ်စေကာမူ၊ ၎င်းတို့၏ အတွေးအခေါ်သည် သေချာပေါက် မှန်ကန်ခြင်း သို့မဟုတ် ယုတ္တိတန်ခြင်း သိပ်မရှိသကဲ့သို့၊ ၎င်းတို့၏ စိတ်ကူးများနှင့် အမြင်များသည် သမ္မာတရားနှင့် သေချာပေါက် ကိုက်ညီခြင်း မရှိပေ။ ဤသက်ကြီးရွယ်အိုများသည် အလားတူ ပြဿနာများသာ ရှိကြပြီး၊ ၎င်းတို့က၊ ‘ငါ့ ကျန်းမာရေး သိပ်မကောင်းတော့သကဲ့သို့ မည်သည့်တာဝန်ကို ငါ ထမ်းဆောင်နိုင်သည်နှင့်ပတ်သက်၍ အကန့်အသတ်ရှိသည်။ ဤသေးငယ်သည့် တာဝန်ကိုသာ ငါ ထမ်းဆောင်လျှင်၊ ဘုရားသခင်က ငါ့ကို သတိရပါမည်လား။ တစ်ခါတရံတွင် ငါ နာဖျားတတ်ပြီး ငါ့ကို စောင့်ရှောက်ဖို့ တစ်စုံတစ်ဦး လိုအပ်သည်။ ငါ့ကို စောင့်ရှောက်ရန် မည်သူမျှ မရှိသည့်အခါ၊ ငါ့တာဝန်ကို ငါ ထမ်းဆောင်နိုင်ခြင်း မရှိပါ။ ထို့ကြောင့် မည်သည့်အရာကို ငါ လုပ်ဆောင်နိုင်သနည်း။ ငါသည် အိုမင်းပြီး၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်သည့်အခါ ထိုနှုတ်ကပတ်တော်များကို သတိမရသကဲ့သို့ သမ္မာတရားကို နားလည်ရန် ငါ့အတွက် ခက်ခဲသည်။ သမ္မာတရားနှင့် ပတ်သက်၍ မိတ်သဟာယပြုနေချိန်တွင်၊ ကမောက်ကမဖြစ်ပြီး ယုတ္တိမရှိသော ပုံစံဖြင့် ငါ စကားပြောပြီး ဝေမျှထိုက်သည့် မည်သည့် အတွေ့အကြုံမျှ မရှိပါ။ ငါသည် အိုမင်းပြီဖြစ်ပြီး၊ လုံလောက်သည့် အားအင်မရှိပါ။ ငါ့အမြင်အာရုံသည် သိပ်မကောင်းသကဲ့သို့ ငါ မသန်မာတော့ပါ။ အရာရာသည် ငါ့အတွက် ခက်ခဲ၏။ ငါ့တာဝန်ကို ငါ မထမ်းဆောင်နိုင်ရုံမက၊ အမှုအရာများကို ငါ အလွယ်တကူ မေ့ပြီး၊ တလွဲဖြစ်စေသည်။ တစ်ခါတရံ ငါ စိတ်ရှုပ်ထွေးပြီး အသင်းတော်နှင့် ငါ၏ ညီအစ်ကို မောင်နှမများအတွက် ပြဿနာများဖြစ်စေသည်။ ငါသည် ကယ်တင်ခြင်း ရရှိလိုပြီး သမ္မာတရားကို လိုက်စားလိုသော်လည်း၊ အလွန်ခက်ခဲသည်။ မည်သည့်အရာကို ငါ လုပ်နိုင်သနည်း’ဟု အမြဲ စိုးရိမ်ပူပန်ကြလေသည်။ ဤအရာများကို ၎င်းတို့ တွေးသည့်အခါ၊ ‘ဘုရားသခင်ကို ငါ ဤအသက်အရွယ်တွင်သာ စတင် ယုံကြည်လာခဲ့သည်မှာ အဘယ်သို့ ဖြစ်ရသနည်း။ မိမိတို့ အသက် ၂၀ နှင့် ၃၀ ခန့်အရွယ်တွင် ရှိကြသူများ သို့မဟုတ် မိမိတို့ အသက် ၄၀၊ ၅၀ ခန့်အရွယ်တွင်ရှိသူများနှင့်ပင် ငါ အဘယ်သို့ မတူရသနည်း။ အလွန်အိုမင်းသည့် ယခုအချိန်တွင်သာ ဘုရားသခင်၏ အမှုတော်ကို ငါ အဘယ်သို့ အမှတ်မထင် ကြုံလာရသနည်း။ ငါ့ ကံကြမ္မာ ဆိုးခြင်းတော့ မဟုတ်ပါ။ အနည်းဆုံးအနေဖြင့် ဘုရားသခင်၏ အမှုတော်ကို ယခု ငါ ကြုံရပြီဖြစ်သည်။ ငါ့ ကံကြမ္မာ ကောင်းမွန်ပြီး၊ ဘုရားသခင်က ငါ့ကို သနားကြင်နာလေပြီ။ ငါ ပျော်ရွှင်ချမ်းမြေ့ခြင်းမရှိသည့်အရာ တစ်ခုသာရှိပြီး ထိုအရာမှာ ငါ အိုမင်းလွန်းခြင်း ဖြစ်သည်။ ငါ့ မှတ်ဉာဏ် သိပ်မကောင်းသကဲ့သို့၊ ငါ့ ကျန်းမာရေးလည်း ထိုမျှမကောင်းပါ။ သို့သော် ငါ့မှာ ခိုင်ခံ့ပြီး မယိမ်းယိုင်သည့် အတွင်းခွန်အား ရှိပါသည်။ ငါ့ ခန္ဓာကိုယ်က ငါ့ကို မနာခံတော့ခြင်းသာဖြစ်ပြီး၊ စုဝေးပွဲများတွင် အတန်ငယ် နားထောင်ပြီးနောက် ငါ အိပ်ငိုက်သွားသည်။ တစ်ခါတရံ ငါ ဆုတောင်းဖို့ မျက်လုံးများမှိတ်ပြီးနောက် အိမ်မောကျသွားကာ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ချိန်တွင် ငါ့စိတ်က ပျံ့လွင့်နေသည်။ အနည်းငယ်မျှ ဖတ်ပြီးနောက်တွင်၊ ငါ အိပ်ငိုက်သွားပြီး၊ တစ်မှေးအိပ်မိကာ နှုတ်ကပတ်တော်များကို သဘောမပေါက်ပါ။ ငါ မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ ထိုသို့သော လက်တွေ့ကျသည့် အခက်အခဲများဖြင့်၊ သမ္မာတရားကို ငါ လိုက်စားပြီး နားလည်နိုင်သေးပါသလား။ နားမလည်နိုင်လျှင်၊ သမ္မာတရား စည်းမျဉ်းများအတိုင်း ငါ လက်တွေ့လုပ်ဆောင်နိုင်ခြင်းမရှိလျှင်၊ ငါ၏ ယုံကြည်မှုအားလုံးသည် အချည်းနှီးဖြစ်မည် မဟုတ်ပါလား။ ကယ်တင်ခြင်း ရရှိရန် ငါ ပျက်ကွက်မည်မဟုတ်ပါလား။ မည်သည့်အရာကို ငါ လုပ်ဆောင်နိုင်သနည်း။ ငါ အလွန် စိုးရိမ်မိသည်။...’...ငယ်ရွယ်သောလူများက စားနိုင်၊ သောက်နိုင်သည်ကို၊ ပြေးနိုင်၊ ခုန်နိုင်သည်ကို ၎င်းတို့ မြင်ကြပြီး၊ အားကျကြလေသည်။ ငယ်ရွယ်သောလူများက ထိုသို့သော အရာများ လုပ်ဆောင်သည်ကို ၎င်းတို့ မြင်လေ၊ ‘ငါ့တာဝန်ကို ငါ ကောင်းစွာ ထမ်းဆောင်ပြီး သမ္မာတရားကို လိုက်စားကာ နားလည်ချင်သည်။ ပြီးလျှင် သမ္မာတရားကို လက်တွေ့လည်း လုပ်ဆောင်ချင်သည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့် အလွန် ခက်ခဲရသနည်း။ ငါ အလွန် အိုမင်းပြီး အသုံးမကျပါ။ ဘုရားသခင်သည် အိုမင်းသော လူများကို အလိုမရှိပါသလား။ အိုမင်းသော လူများသည် အမှန်တကယ် အသုံးမဝင်ပါသလား။ ငါတို့သည် ကယ်တင်ခြင်းကို မရနိုင်ပါသလား’ဟု တွေးလျက်၊ သာ၍ စိတ်ဖိစီးမှု ခံစားကြလေသည်။ ၎င်းတို့သည် ထိုအကြောင်းကို မည်သို့ စဉ်းစားသည်ဖြစ်စေ၊ ဝမ်းနည်းပြီး ပျော်ရွှင်ချမ်းမြေ့ခြင်း မခံစားနိုင်ကြပေ။ ထိုသို့သော အံ့ဩဖွယ် အချိန်ကာလတစ်ခုနှင့် ထိုသို့သော ကြီးမြတ်သည့် အခွင့်အရေးတစ်ခုကို ၎င်းတို့ မလွဲချော်ချင်ကြသည့်တိုင်၊ ငယ်ရွယ်သည့်လူများ လုပ်ဆောင်သကဲ့သို့ မိမိတို့ကိုယ်ကိုယ် အသုံးမခံနိုင်ကြသကဲ့သို့ မိမိတို့တာဝန်ကို ၎င်းတို့၏ စိတ်နှလုံးနှင့် စိတ်ဝိညာဉ် အကြွင်းမဲ့ဖြင့် မထမ်းဆောင်နိုင်ကြချေ။ ဤသက်ကြီးရွယ်အိုများသည် ၎င်းတို့၏ အသက်အရွယ်ကြောင့်၊ နက်ရှိုင်းသည့် စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုထဲသို့ ကျဆင်းကြသည်။ အခက်အခဲ၊ အနှောင့်အယှက်၊ ဆင်းရဲဒုက္ခ သို့မဟုတ် အတားအဆီးအချို့ကို ၎င်းတို့ ကြုံရသည့်အချိန်တိုင်းတွင်၊ မိမိတို့၏ အသက်အရွယ်ကို ၎င်းတို့ အပြစ်တင်ကြပြီး၊ မိမိတို့ကိုယ်ကိုယ် မုန်းတီးကာ မိမိတို့ကိုယ်ကိုယ် သဘောမကျကြပေ။ သို့ရာတွင် မည်သို့ပင်ဖြစ်စေ အကြောင်းမထူး၊ ဖြေရှင်းချက် မရှိသကဲ့သို့ ရှေ့ဆက်ရမည့်လမ်း မရှိကြချေ။ ၎င်းတို့တွင် အမှန်တကယ် ရှေ့ဆက်ရမည့်လမ်း မရှိခြင်းများ ဖြစ်နိုင်မည်လော။ ဖြေရှင်းချက် တစ်ခုတလေ ရှိပါသလော။ (သက်ကြီးရွယ်အိုများသည်လည်း မိမိတို့တာဝန်များကို မိမိတို့ တတ်နိုင်သလောက် ထမ်းဆောင်သင့်ပါသည်။) သက်ကြီးရွယ်အိုများက ၎င်းတို့ တတ်နိုင်သလောက် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းမှာ လက်ခံနိုင်စရာဖြစ်သည်မဟုတ်လော။ သက်ကြီးရွယ်အိုများသည် မိမိတို့၏ အသက်အရွယ်ကြောင့် သမ္မာတရားကို မလိုက်စားနိုင်တော့သည်လော။ သမ္မာတရားကို ၎င်းတို့ နားလည်နိုင်စွမ်း မရှိသလော။ (နားလည်နိုင်စွမ်း ရှိကြပါသည်။) သက်ကြီးရွယ်အိုများသည် သမ္မာတရားကို နားလည်နိုင်ကြသလော။ ၎င်းတို့သည် အချို့ကို နားလည်နိုင်ကြပြီး၊ ငယ်ရွယ်သည့် လူများပင်လည်း အားလုံးကို နားမလည်နိုင်ကြချေ။ သက်ကြီးရွယ်အိုများသည် ၎င်းတို့ စိတ်ရှုပ်ထွေးကြကြောင်း၊ ၎င်းတို့ မှတ်ဉာဏ်မကောင်းကြောင်းနှင့် ထို့ကြောင့် သမ္မာတရားကို ၎င်းတို့ နားမလည်နိုင်ကြောင်း ယုံကြည်လျက်၊ အမြဲ နားလည်မှုလွဲခြင်းတစ်ခုရှိကြသည်။ ၎င်းတို့ မှန်ကန်ပါသလော။ (မမှန်ပါ။) ငယ်ရွယ်သောလူများသည် သက်ကြီးရွယ်အိုများထက် သာ၍ များစွာ အားအင်ရှိကြပြီး၊ ရုပ်ပိုင်းအရ သာ၍ သန်မာကြသော်လည်း၊ အမှန်တွင် ၎င်းတို့၏ နားလည်၊ သဘောပေါက်ပြီး သိနိုင်စွမ်းသည် သက်ကြီးရွယ်အိုများနှင့် အတူတူပင် ဖြစ်သည်။ သက်ကြီးရွယ်အိုများသည်လည်း တစ်ချိန်က ငယ်ရွယ်ခဲ့ကြသည် မဟုတ်လော။ ၎င်းတို့သည် မွေးရာပါ အိုမင်းကြခြင်း မဟုတ်သကဲ့သို့၊ ငယ်ရွယ်သည့်လူများသည်လည်း တစ်နေ့တွင် အားလုံး အိုမင်းသွားကြမည်ဖြစ်သည်။ သက်ကြီးရွယ်အိုများက ၎င်းတို့ အိုမင်းကြသောကြောင့်၊ ရုပ်ပိုင်းအရ အားနည်းပြီး နေထိုင်မကောင်းသကဲ့သို့ မကောင်းသည့် မှတ်ဉာဏ်များ ရှိကြသောကြောင့် ငယ်ရွယ်သော လူများနှင့် ကွာခြားကြသည်ဟု အမြဲ တွေးမနေရပေ။ အမှန်တွင်၊ ကွာခြားမှုမရှိ။ ကွာခြားမှုမရှိဟု ဆိုသည့်အခါ မည်သည့်အရာကို ငါ ဆိုလိုသနည်း။ တစ်စုံတစ်ဦးသည် အိုမင်းသည်ဖြစ်စေ၊ ငယ်ရွယ်သည်ဖြစ်စေ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ အတူတူပင်ဖြစ်သည်၊ အမှုအရာမျိုးစုံအပေါ် ၎င်းတို့၏ သဘောထားနှင့် အမြင်များ တူညီပြီး၊ အမှုအရာမျိုးစုံအပေါ် ၎င်းတို့၏ ရှုထောင့်အမြင်နှင့်ရပ်တည်ချက်တို့သည် အတူတူပင်ဖြစ်သည်။...ထို့ကြောင့် သက်ကြီးရွယ်အိုများသည် သမ္မာတရားကို မလိုက်စားနိုင်ခြင်း မဆိုထားနှင့်၊ လုပ်ဆောင်ရန် မည်သည့်အရာမျှ မရှိကြခြင်း မဟုတ်သကဲ့သို့၊ မိမိတို့တာဝန်များကို မထမ်းဆောင်နိုင်ကြခြင်းလည်း မဟုတ်ပေ။ ၎င်းတို့အတွက် လုပ်ဆောင်စရာများစွာ ရှိ၏။ သင်၏ တစ်သက်တာအတွင်း သင် စုဆောင်းပြီးဖြစ်သည့် အမျိုးမျိုးသော အယူလွဲများနှင့် အတွေးမှားများအပြင်၊ အမျိုးမျိုးသော အစဉ်အလာ စိတ်ကူးများနှင့် အယူအဆများ၊ မသိနားမလည်သည့်၊ ခေါင်းမာသည့်အရာများ၊ ရှေးရိုးစွဲ အရာများ၊ ယုတ္တိမရှိသည့် အရာများနှင့် သင် စုဆောင်းပြီးသည့် အဓိပ္ပာယ်မရှိသော အရာများအားလုံး သင့်စိတ်နှလုံးတွင် စုပုံနေပြီးဖြစ်ကာ ဤအရာများကို ဖော်ထုတ်၊ စိတ်ဖြာလေ့လာပြီး သတိပြုရန် သင်သည် သာ၍ပင် အချိန်ကုန်ဆုံးသင့်ပေသည်။ သင့်အနေဖြင့် လုပ်ဆောင်ရန် မည်သည့်အရာမျှ မရှိသည်မှာ မဟုတ်ပေ၊ သို့မဟုတ် သင် မျှော်လင့်ချက် ကုန်ဆုံးသည့်အခါ စိတ်ဖိစီး၊ ပူပန်သောကရောက်သင့်သည်ဆိုသည်မှာ မဟုတ်ပေ။ ဤသည်မှာ သင်၏ အလုပ်မဟုတ်သကဲ့သို့ တာဝန်လည်း မဟုတ်ချေ။ ဦးစွာပထမ၊ သက်ကြီးရွယ်အိုများသည် မှန်ကန်သည့် တွေးခေါ်မှုအလေ့အထ ရှိသင့်ကြသည်။ သင်သည် နှစ်ကာလများတွင်နောက်ကျနိုင်ပြီး ရုပ်ပိုင်းအရ အတော်အတန် အိုမင်းနေနိုင်သော်လည်း၊ ငယ်ရွယ်သည့် တွေးခေါ်မှု အလေ့အထ ရှိသင့်နေဆဲ ဖြစ်သည်။ သင်သည် အသက်အိုမင်းလာနေသော်လည်း၊ သင်၏ တွေးခေါ်ခြင်းသည် နှေးကွေးပြီး သင်၏ မှတ်ဉာဏ်အားနည်းသော်လည်း၊ သင့်ကိုယ်သင် သိရှိနိုင်ဆဲ၊ ငါပြောသည့် စကားများကို နားလည်နိုင်ဆဲဖြစ်ပြီး၊ သမ္မာတရားကို နားလည်နိုင်ဆဲဖြစ်ပါက၊ ယင်းမှာ သင်သည် အိုမင်းခြင်းမရှိကြောင်းနှင့် သင်၏ အစွမ်းအစသည် ချို့တဲ့ခြင်း မရှိကြောင်း သက်သေပြပေသည်။ တစ်စုံတစ်ဦးသည် အသက် ၇၀ အရွယ်ခန့်တွင်ရှိသော်လည်း၊ သမ္မာတရားကို နားမလည်နိုင်ပါက၊ ဤအရာက ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန် သေးငယ်ပြီး၊ အလုပ်နှင့် မကိုက်ကြောင်းကို ပြပေသည်။ ထို့ကြောင့် အသက်အရွယ်သည် သမ္မာတရားနှင့် ဆက်စပ်မှုမရှိသကဲ့သို့၊...(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ကျွန်မတို့ သက်ကြီးရွယ်အိုတွေက ကိုယ့်ကိုယ်ကိုယ် ဒီအခြေအနေမှာ ရှိတာကို တွေ့ရမယ်ဆိုတာ ဘုရားသိတယ်။ ဒါကြောင့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို ပြဖို့ ဒီနှုတ်ကပတ်တော်တွေကို ဖော်ပြတာပဲ။ ဒါက ကျွန်မတို့အတွက် ဘုရားဆီမှာ ချစ်ခြင်းမေတ္တာ အများကြီးရှိတာကို ပြတာပဲ။ လူ့စိတ်နှလုံးကို ဘုရားက စိစစ်တယ်။ ပြီးတော့ ဒီဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ စစ်မှန်တဲ့ အခြေအနေကို ပြောပြတယ်။ ငယ်ရွယ်တဲ့ ညီအစ်ကို မောင်နှမတွေရဲ့ စိတ်တွေက ပေါ့ပါးဖျတ်လတ်ပုံ၊ သူတို့ရဲ့ ခွန်အား ရှင်သန်ပုံ၊ ဘုရားအိမ်တော်မှာ တာဝန်တိုင်းကို လုပ်ဆောင်နိုင်ကြပုံကို ကျွန်မမြင်တဲ့အခါ၊ စိတ်ထဲမှာ အားကျပြီး၊ လူတွေကို ဘုရားက စုံလင်စေဖို့အတွက်ဖြစ်တဲ့ သင့်တော်တဲ့အချိန်မှာ သူတို့ ရှိခဲ့ကြပေမဲ့၊ အားနည်းတဲ့ အမြင်အာရုံနဲ့ အားနည်းတဲ့ မှတ်ဉာဏ်ရှိတဲ့ ကျွန်မရဲ့ အသက်အရွယ်မှာ ကျွန်မက ဘုရားနှုတ်ကပတ်တော်တွေမှာ ဘာဖတ်ရတယ်ဆိုတာ မမှတ်မိနိုင်ဘူးလေ။ အထူးသဖြင့် အခု ကျွန်မခြေထောက်က ကျိုးပြီး ကျွန်မတာဝန်ကို ကျွန်မ မလုပ်နိုင်ဘူး။ ကျွန်မဘဝမှာ​ မျှော်လင့်ချက် မကျန်တော့သလို၊ ကယ်တင်ခံရမဲ့ ကျွန်မရဲ့ အခွင့်အရေးတွေက ပိုနည်းနေပြီလို့ ခံစားရတယ်။ ဒါကြောင့် အပျက်သဘော အခြေအနေမှာ ကျွန်မ မကြာခဏ အသက်ရှင်ပြီး၊ အဆိုးမြင်နေခဲ့တယ်။ မျှော်လင့်ချက်မဲ့နေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မအတွက် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ထောက်ပြခဲ့တယ်။ လူတွေက အသက်ကြီးပြီး သူတို့တာဝန်ကို မလုပ်နိုင်တာနဲ့ သူတို့မှာ လျှောက်ရမဲ့လမ်း မရှိတော့တာ မဟုတ်ပါဘူး။ သူတို့ အသက်ကြီးပြီး အပြင်မထွက်နိုင်သလို သူတို့တာဝန်ကို မလုပ်နိုင်ရင်၊ သမ္မာတရားကို လိုက်စားပြီး သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းလို့ရသေးတယ်။ အဲဒါက ကျွန်မအနေနဲ့ အသက်ကြီးတာကို ကျိုးနွံနာခံခြင်းမရှိဘဲ လူငယ်တွေကို အမီလိုက်ဖို့ ကိုယ့်ကိုယ်ကိုယ် ဖိအားပေးသလိုမျိုးဖြစ်ခဲ့တယ်။ ဒါက ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားပဲ။ ကျွန်မ အသက်ကြီးလာတာနဲ့ အရေးပါတဲ့ တာဝန်တွေကို လုပ်နိုင်မှာမဟုတ်ဘူးလို့ အမြဲ ခံစားခဲ့တယ်။ ဒါကြောင့် ကျွန်မ ကယ်တင်မခံရမှာကို စိုးရိမ်ခဲ့တယ်။ ဘုရားအပေါ် အ​မြဲ တောင်းဆိုမှုတွေလုပ်ပြီး၊ သူ့ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံနိုင်ခြင်း မရှိခဲ့ဘူး။ ဒါကလည်း ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားပဲ။ ပြီးတော့ ကျွန်မတာဝန်ကို လုပ်နေတုန်းမှာ၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို စဉ်ဆက်မပြတ် လိုက်စားနေခဲ့ပြီး လူတွေကို ကျွန်မအပေါ်​ လေးစားစေချင်ခဲ့တယ်။ ဒါတွေအားလုံးက ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေဖြစ်ပြီး၊ အဲဒါတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ကျွန်မ ရှာပြီးတော့ သုံးသပ်ဖို့၊ သိဖို့လိုပါတယ်။ နောက်ပြီးတော့ နှစ်ပေါင်းများစွာ ဘုရားသခင်ကို ယုံကြည်ပြီးတဲ့နောက်မှာ၊ ကျွန်မမှာ ဘုရားနှုတ်ကပတ်တော်တွေနဲ့ဆိုင်တဲ့ အတွေ့အကြုံနဲ့ အသိပညာတချို့ ရှိခဲ့တယ်။ ကျွန်မ အပြင်ထွက်ပြီး ကိုယ့်တာဝန်ကို မလုပ်နိုင်ခဲ့ပေမဲ့၊ အိမ်မှာနေပြီး၊ ဘုရားအတွက် သက်သေခံဖို့ အတွေ့အကြုံဆိုင်ရာ ဆောင်းပါးတွေကို ရေးလို့ရတယ်။ ဒါကလည်း တာဝန်တစ်ခုခုကို လုပ်တာပဲ မဟုတ်လား။ နောက်ပြီး လူငယ်တွေမှာ မှတ်ဉာဏ်ကောင်းတွေရှိပြီး သူတို့ရဲ့ စိတ်တွေ၊ တုံ့ပြန်ချက်တွေနဲ့ လုပ်ဆောင်မှုတွေက မြန်ဆန်ပေမဲ့၊ ဒါက သူတို့မှာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ မရှိတဲ့ သဘော မဟုတ်ဘူး။ သက်ကြီးရွယ်အိုတွေလိုပဲ သူတို့က ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမှုတွေကို တွေ့ကြုံဖို့ လိုတယ်။ အခု ကျွန်မက အသက်ကြီးပေမဲ့၊ ဖြေရှင်းဖို့ သမ္မာတရား ရှာဖို့လိုတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ အများကြီး ရှိသေးတယ်။ ဒါက ကျွန်မ လုပ်သင့်တဲ့အရာတစ်ခုပဲ။

ကျွန်မ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တယ်- “ငါသည် လူတစ်ဦးစီ၏ ပန်းတိုင်ကို အသက်၊ ဝါရင့်ခြင်း၊ ဒုက္ခခံရသည့်ပမာဏနှင့် အနည်းဆုံးအနေဖြင့် ၎င်းအပေါ် သနားစိတ်ပေါ်စေသည့် အတိုင်းအတာတို့ကို အခြေပြု၍ ဆုံးဖြတ်ခြင်း မဟုတ်ဘဲ၊ သမ္မာတရားကို ၎င်းတို့ ပိုင်ဆိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်၏။ ဤအရာမှတစ်ပါး တခြားရွေးချယ်စရာ မရှိ။ ဘုရားသခင်၏ အလိုတော်ကို မလိုက်သူအားလုံး အပြစ်ပေးခြင်း ခံရမည်ကို သင်တို့ သဘောပေါက်ရမည်။ ဤသည်မှာ မပြောင်းလဲနိုင်သော အချက်ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့)လက်ရှိ ခေတ်ရေစီးကြောင်းထဲတွင် ဘုရားသခင်ကို စစ်မှန်စွာ ချစ်မြတ်နိုးသော လူအားလုံးသည် ကိုယ်တော်၏ စုံလင်စေခြင်းကို ခံရရန် အခွင့်အလမ်းရှိသည်။ အသက်ငယ်သည် ဖြစ်စေ၊ အသက်ကြီးသည်ဖြစ်စေ ၎င်းတို့သည် သူ့ကို ကျိုးနွံနာခံပြီး သူ့ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသမျှ သူ၏ စုံလင်စေခြင်းကို ခံစားရနိုင်သည်။ ဘုရားသခင်သည် လူသားတို့ကို သူတို့၏ မတူညီသော လုပ်ငန်းဆောင်တာများ အပေါ်မူတည်၍ စုံလင်စေသည်။ သင်၏ ခွန်အားရှိသရွေ့ကို အားထုတ်ပြီး ဘုရားသခင်၏ အမှုတော်ကို နာခံသည်နှင့်အမျှ သင်သည် ကိုယ်တော်၏ စုံလင်စေခြင်းကို ခံရနိုင်သည်။ ယခုတွင် သင်တို့၌ မည်သူမျှ စုံလင်ခြင်း မရှိကြ။ တစ်ခါတစ်ရံတွင် သင်တို့သည် အလုပ်တာဝန်တစ်မျိုးကို လုပ်ဆောင်နိုင်စွမ်း ရှိပြီး အခြားအချိန်များတွင် အလုပ်တာဝန် နှစ်မျိုးကို ထမ်းရွက်နိုင်သည်။ ဘုရားသခင်အတွက် သင်တို့ကိုယ်သင်တို့ အသုံးတော်ခံရန် သင်တို့၏ အစွမ်းရှိသမျှ လုပ်ဆောင်သရွေ့၊ နောက်ဆုံးတွင် သင်တို့သည် ကိုယ်တော်၏ စုံလင်စေခြင်းကို ခံရလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိတို့၏ အလုပ်တာဝန်ကို ထမ်းဆောင်ကြသော အယောက်တိုင်းနှင့်ပတ်သက်၍) ဘုရားနှုတ်ကပတ်တော်တွေကနေ နားလည်လိုက်တယ်။ ဘုရားက လူတွေကို သူတို့ရဲ့ အသက်အရွယ် ဒါမှမဟုတ် သူတို့ ဘယ်လောက် ဆင်းရဲဒုက္ခခံခဲ့တယ်ဆိုတဲ့အပေါ်မဟုတ်ဘဲ သူတို့မှာ သမ္မာတရား ရှိမရှိဆိုတာနဲ့ သူတို့ရဲ့ အသက်စိတ်သဘောထား ပြောင်းလဲခြင်းရှိမရှိဆိုတဲ့အပေါ် အခြေခံပြီး စုံလင်စေတယ်ဆိုတာပေါ့။ အရင်တုန်းက လူငယ်တွေရဲ့ ခွန်အားက ရှင်သန်ပြီး သူတို့ရဲ့ စိတ်တွေက မြန်တယ်၊ အသစ်အဆန်းကိစ္စတွေကို မြန်မြန်ဆန်ဆန် လက်ခံပြီး ဘုရားအိမ်တော်မှာ တာဝန်အများကြီး လုပ်နိုင်တယ်။ ဒီလူစားမျိုးက ကယ်တင်ခံရနိုင်တယ်လို့ ကျွန်မ အမြဲ ယုံကြည်ခဲ့တယ်။ အထူးသဖြင့် လူငယ်အတော်များများ ရာထူးတိုးခံရတာကို ကျွန်မ မြင်တဲ့အခါ၊ သက်ကြီးရွယ်အိုတွေက ဘုရားအိမ်တော်မှာ အသုံးမဝင်တော့ဘူး၊ ဘုရားက သူတို့ကို မလိုချင်တော့သလို သူတို့အတွက် ကယ်တင်ခြင်း မျှော်လင့်ချက် မရှိတော့ဘူးလို့ ထင်ခဲ့တယ်။ ကျွန်မက ဘုရားအိမ်တော်ကို မယုံကြည်သူတွေရဲ့ လောကအတွက် အလုပ်ရုံတစ်ခုလို မြင်ခဲ့ပြီး၊ လူငယ်တွေက နေရမှာဖြစ်ပေမဲ့ သက်ကြီးရွယ်အိုတွေကိုတော့ အလိုမရှိတော့ဘူးလို့ ယုံကြည်ခဲ့တယ်။ ဒါက ဘုရားအပေါ် ကျွန်မရဲ့ အထင်လွဲမှားမှုဖြစ်ခဲ့ပြီး၊ သူ့ကို ပြစ်မှားစော်ကားတာပဲ။ အမှန်တော့ ဘုရားအိမ်တော်က ဧဝံဂေလိအလုပ်ရဲ့ လိုအပ်ချက်တွေကြောင့် လူတွေကို ရာထူးတိုးပေးပြီး၊ အလုပ်တိုင်းက အထူးကျွမ်းကျင်တဲ့ လူမျိုးစုံ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်။ ဒါပေမဲ့ အဲဒါက လူတွေ အသက်ကြီးသွားတာနဲ့ ဘုရားက သူတို့ကို မလိုချင်ဘူးလို့ လုံးဝ မဆိုလိုသလို၊ သူတို့မှာ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်တစ်ခုမှ မရှိဘူးလို့လည်း သေချာပေါက် မဆိုလိုပါဘူး။ ဘုရားအမြင်မှာ အသက်ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ အရေးမကြီးဘူး၊ အားလုံး တန်းတူပဲ။ လူတွေရဲ့ အသက်အရွယ်တွေက မတူသလို သူတို့ရဲ့ ရုပ်ပိုင်ဆိုင်ရာ အခြေအနေတွေလည်း မတူတဲ့သဘောပါပဲ။ ဒါပေမဲ့ ဘုရားက လူတွေအားလုံးကို သမ္မာတရားထဲ ဝင်ရောက်ဖို့ အတူတူပဲ တောင်းဆိုတယ်။ ဘုရားက ဖြောင့်မတ်တာကို ကျွန်မ မြင်ခဲ့တယ်။ ဘုရား လူတွေကို သူတို့ရဲ့ အသက်အရွယ်ပေါ် အခြေမခံဘဲ၊ သူတို့ သမ္မာတရားကို လိုက်စားပြီး ရရှိနိုင်ခြင်း ရှိမရှိဆိုတဲ့အပေါ် အခြေခံပြီး အကဲဖြတ်တာပါ။ သမ္မာတရား မလိုက်စားသလို ကိစ္စရပ်တွေကို ကိုင်တွယ်ပုံမှာ စည်းမျဉ်းမရှိရင်၊ ငယ်ရွယ်ရင်တောင်၊ အစွမ်းအစပိုင်ဆိုင်ပြီး အရေးပါတဲ့တာဝန် လုပ်နိုင်ရင်တောင်၊ ဘုရားသခင်ကို အတိုက်အခံလုပ်နေသေးတာပဲ။ ကျွန်မက အသက်ကြီးပြီး အရေးပါတဲ့ ဘာတာဝန်ကိုမှ မလုပ်နိုင်ပေမဲ့၊ ဘုရားနှုတ်ကပတ်တော်တွေကို နားလည်နိုင်ပြီး ကျွန်မစိတ်နဲ့ ဆင်ခြင်တုံတရားက ပုံမှန် ဖြစ်သေးတယ်။ ဒါကြောင့် သမ္မာတရားကို ကျွန်မ လိုက်စားပြီး ကျွန်မ အသက်ရှင်တဲ့ နေ့တိုင်းကို တန်ဖိုးထားသင့်တယ်။ ဒါမှ ကျွန်မက အသီးအပွင့်ဖြစ်ထွန်းမှာလေ။

နောက်ပိုင်းမှာ၊ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို အမှတ်မထင် တွေ့တယ်- “ယခု သင်တို့ထဲမှ မည်သူသည် ဘုရားသခင်အိမ်တော်ရှိ သင်၏တာဝန်ကို မတော်တဆ ဖြည့်ဆည်းမိသည့်သူ ရှိသနည်း။ သင်၏တာဝန်ကို ဖြည့်ဆည်းရန် မည်သည့်နောက်ခံအခြေအနေမှ ရောက်ရှိလာသည်ဖြစ်စေ မည်သည်ကမျှ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်လာသည်မရှိပေ။ ဤတာဝန်သည် ယုံကြည်သူအသစ်များကို ကြုံသလိုရှာဖွေပေးရုံဖြင့် ဖြည့်ဆည်း၍မရပေ။ ဤသည်မှာ ခေတ်များမတိုင်မီကပင် ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားသော အရာတစ်ခုဖြစ်ခဲ့သည်။ တစ်စုံတစ်ခုကို ကြိုတင်ပြဋ္ဌာန်းထားသည်ဆိုသည်မှာ မည်သည့်သဘောဖြစ်သနည်း။ တိတိကျကျမှာ မည်သည်နည်း။ ယင်းမှာ ဘုရားသခင်သည် သူ၏ စီမံခန့်ခွဲမှုအစီအစဉ်တစ်ခုလုံးတွင် အချိန်ကြာမြင့်စွာကပင် သင် ကမ္ဘာပေါ်သို့ အကြိမ်မည်မျှ လာရောက်မည်၊ နောက်ဆုံးသောကာလတွင် သင်သည် မည်သည့်အမျိုးအနွယ်နှင့် မည်သည့် မိသားစုထဲတွင် မွေးဖွားမည်၊ ဤမိသားစု၏ အနေအထား မည်သို့ရှိမည်၊ သင်သည် ယောကျ်ား သို့မဟုတ် မိန်းမ မည်သည်ဖြစ်မည်၊ သင်၏ အားသာချက်များမှာ မည်သည့်အရာများ ဖြစ်မည်၊ သင်သည် မည်သည့်ပညာအရည်အချင်း အဆင့်ရှိမည်၊ သင်သည် မည်မျှ ရှင်းလင်းစွာ ပြောဆိုနိုင်မည်၊ သင်၏အစွမ်းအစမှာ မည်သည်ဖြစ်မည်နှင့် သင်၏ အဆင်းမှာ မည်သို့ရှိမည်တို့ကို စီစဉ်ခဲ့သည်ဟူသည့် သဘောဖြစ်သည်။ သူသည် သင်ဘုရားသခင်၏ အိမ်တော်သို့ လာရောက်ကာ သင်၏တာဝန်ကို စတင်ဖြည့်ဆည်းရမည့် အသက်အရွယ်နှင့် မည်သည့်အချိန်တွင် မည်သည့်တာဝန်ကို သင်ထမ်းဆောင်ရမည်ဟူ၍လည်း စီစဉ်ခဲ့သည်။ ဘုရားသခင်က သင့်အတွက် အဆင့်တစ်ခုချင်းစီကို အစောကတည်းက ကြိုတင်ပြဋ္ဌာန်းထားသည်။ သင် မမွေးဖွားမီနှင့် သင်ရှေးလွန်ခဲ့သော ဘဝများစွာက ကမ္ဘာသို့လာခဲ့စဉ်ကပင် အမှု၏ဤနောက်ဆုံးအဆင့် အတောအတွင်းတွင် မည်သည့်တာဝန် သင်ဖြည့်ဆည်းရမည်ကို ဘုရားသခင်သည် စီစဉ်ပေးထားပြီး ဖြစ်သည်။ ဤသည်မှာ ဟာသတစ်ခုမဟုတ်ပေ။ ဤနေရာတွင် သင်ဒေသနာ ကြားနာနိုင်သည်ဟူသည့်အချက်သည် ဘုရားသခင်က ကြိုတင်သတ်မှတ်ထားသည်။ ယင်းကို ပေါ့ပေါ့တန်တန် မှတ်ယူရမည့်အရာ မဟုတ်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကနေ နားလည်လိုက်တယ်။ ကျွန်မ ဘယ်နှစ်မှာ မွေးပြီး သူ့ကို ဘယ်အချိန် ယုံကြည်မယ်ဆိုတာကို ဘုရားက စီမံခဲ့တာဖြစ်တယ်ဆိုတာပေါ့။ ကျွန်မတာဝန်ကို နောက်ပိုင်းမှာ ကျွန်မ လုပ်နိုင်ခြင်း ရှိမရှိဆိုတာနဲ့ ဘယ်ခရီးပန်းတိုင်နဲ့ ကံကြမ္မာမျိုးရှိမယ်ဆိုတာကတော့ အားလုံးက ဘုရားလက်ထဲမှာ ရှိတယ်။ ကျွန်မက ကောင်းမွန်တဲ့ ဆယ်စုနှစ်တစ်ခုမှာ မမွေးခဲ့ဘူးလို့ အမြဲ ညည်းညူခဲ့တယ်။ ကျွန်မ လုံးဝ ကျိုးနွံနာခံခြင်းမရှိခဲ့သလို၊ အရမ်းမာနထောင်လွှားပြီး အကျိုးသင့်အကြောင်းသင့် မဖြစ်ခဲ့ဘူး။ ကျွန်မက ၅၀ ခုနှစ်ဝန်းကျင်မှာ မွေးခဲ့ပေမဲ့၊ ဘုရားက နောက်ဆုံးသောကာလမှာ ပေါ်ထွန်းပြီး အမှုပြုတာကို ကျွန်မ အချိန်မီခဲ့တယ်၊ ဘုရားနှုတ်ကပတ်တော်တွေကို ကြားပြီး သူ့ရဲ့ ပေါ်ထွန်းခြင်းကို မြင်ဖို့နဲ့ သူ့ရဲ့ ရေလောင်းပေးခြင်းနဲ့ ထိန်းကျောင်းပေးခြင်းကို လက်ခံရဖို့၊ နှစ်ပေါင်းများစွာကြာကနေ ဒီနေ့ထိ ဘုရားနောက်လိုက်ရဖို့အထိ ကံကောင်းတယ်ဆိုတဲ့ အချက်က ဒါက ကျွန်မအပေါ် ဘုရားရဲ့ ကြီးမြတ်တဲ့ ကျေးဇူးတော်နဲ့ ချီးမြှောက်ခြင်း ဖြစ်နေပါပြီ။ ကျွန်မလို အသက်အရွယ်ရှိတဲ့ မယုံကြည်သူတွေကတော့ ဒီကမ္ဘာမြေပေါ် ဘာလို့ ရောက်လာရတယ်၊ ဘာလို့ လူတွေ အသက်ရှင်ရမယ်ဆိုတာတွေကို မသိဘဲ သူတို့ တစ်ဘဝလုံးကို အသက်ရှင်ခဲ့ကြတယ်။ သူတို့တစ်ဘဝလုံးမှာ ငွေရှာဖို့၊ တခြားလူတွေနဲ့ ပြိုင်ဆိုင်ပြီး၊ ဇာတိပကတိကို မွေ့လျော်ခံစားဖို့ပဲ သိခဲ့ကြတယ်။ သူတို့အပြစ်တွေမှာ ရုန်းကန်ကြရတယ်။ ဒါပေမဲ့ ကျွန်မက ဘုရားရှေ့ကိုလာနိုင်ပြီး သမ္မာတရားတချို့ကို နားလည်နိုင်ခဲ့တယ်။ ဘာလို့ လူတွေအသက်ရှင်ကြတယ်ဆိုတာနဲ့ ဘယ်ဘဝမျိုးက တန်ဖိုးရှိတယ်ဆိုတာကို သိနိုင်ခဲ့သလို၊ လူတွေရဲ့ ကံကြမ္မာက ဘုရားရဲ့ ထိန်းချုပ်မှုအောက်မှာရှိမှန်းနဲ့ လူတွေ လုပ်သင့်တဲ့ တာဝန်၊ ပြီးတော့ လူသားမျိုးနွယ်ရဲ့ ခရီးပန်းတိုင် စတာတွေကို ကျွန်မ သိနိုင်ခဲ့တယ်။ အဲဒီလောက် ကြီးမားတဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို ဘုရားဆီကနေ ကျွန်မ မွေ့လျော်ခံစားခဲ့တယ်။ ဒါပေမဲ့ စိတ်မကျေမနပ် ဖြစ်နေတုန်းပဲ။ ပြီးတော့ ဘာလို့ ဘုရားက ကျွန်မကု ၈၀ ခုနှစ် ဒါမှမဟုတ် ၉၀ ခုနှစ်ဝန်းကျင်မှာ မွေးခွင့်မပေးခဲ့တာလဲလို့တောင် အပြစ်တင်ခဲ့တယ်။ ဘုရားကို ကျိုးကြောင်းပြပြောပြီး ငြင်းခုံခဲ့တယ်။ ကျွန်မမှာ တကယ်ကို လုံးဝ လူ့သဘာဝ မရှိခဲ့တာပါ။ ကျွန်မအထဲမှာ ဘုရားက အများကြီး အမှုပြုခဲ့တယ်။ ဘုရားက ကျွန်မအတွက် တွေ့ကြုံဖို့ လူတွေ၊ အဖြစ်အပျက်တွေနဲ့ ကိစ္စတွေကို စီစဉ်ညွှန်ကြားခဲ့ပြီး၊ ကျွန်မ အပျက်သဘောဆောင်တိုင်း ဘုရားက ညီအစ်ကို မောင်နှမတွေကို ကျွန်မနဲ့ မိတ်သဟာယပြုစေခဲ့သလို၊ သူ့နှုတ်ကပတ်တော်တွေကတစ်ဆင့် ကျွန်မကို တစ်ခေါက်ပြီးတစ်ခေါက် ဉာဏ်အလင်းပေးပြီး လမ်းပြခဲ့တယ်။ ပြီးတော့ သူ့ရဲ့ ရည်ရွယ်ချက်ကို နားလည်စေပြီး အပျက်သဘောကနေ ထွက်သွားစေခဲ့တယ်။ ဒီအရာအားလုံးက ဘုရားရဲ့ မေတ္တာမဟုတ်လား။ ဒီအရာတွေကို တွေးမိတော့၊ ကျွန်မ အပြစ်ရှိသလို ခံစားရပြီး၊ ကျွန်မမှာ အသိစိတ် တကယ်မရှိခဲ့မှန်းကို ယုံကြည်ခဲ့တယ်။ ဒါကြောင့် ဘုရားဆီ ဒီလိုပြောပြီ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ကိုယ့်တော်ရဲ့ ကြင်နာမှုကို အသိအမှတ်ပြုဖို့ ကျွန်မ ပျက်ကွက်မိပါပြီ။ ကိုယ်တော်က ကျွန်မကို ကျေးဇူးပြုပြီး ဆက်ဆံခဲ့ပေမဲ့ ကိုယ်တော့်ကို ကျွန်မ အမြဲအထင်လွဲခဲ့တယ်။ အခု ကျွန်မခြေထောက် ကျိုးသွားတော့၊ နောက်ဆုံးမှာ ဆင်ခြင်မိပါပြီ။ မဟုတ်ရင်၊ ဟိုသည်ပြေးလွှားပြီး ဧဝံဂေလိ ဖြန့်ခြင်းအားဖြင့် ကောင်းချီးတွေကို ကျွန်မ ရနိုင်တယ်လို့ ထင်နေမိဦးမှာပါ။ ကိုယ်ပိုင် အယူအဆတွေမှာ အသက်ရှင်ပြီး၊ မသိဘဲနဲ့ ကိုယ်တော့်ကို အတိုက်အခံလုပ်နေမိဦးမှာပါ။ အနာဂတ်မှာ ကိုယ်တော် ဘာပဲလုပ်ပါစေ၊ ကျွန်မရဲ့ရလဒ်က ဘာပဲဖြစ်ပါစေ၊ အဲဒါက ကိုယ်တော်ရဲ့ ဖြောင့်မတ်ခြင်းပါပဲ၊ ကိုယ်တော်ရဲ့ အချုပ်အခြာအာဏာကို ကျွန်မ ကျိုးနွံနာခံပါတယ်”လို့ပေါ့။ ဘုရားရဲ့ ရည်ရွယ်ချက်တွေကို နားလည်သွားတော့၊ ကျွန်မရဲ့ အခြေအနေက တော်တော်လေးတိုးတက်သွားတယ်။ နောက်ပိုင်းမှာ၊ အိမ်မှာ ဆောင်းပါးတွေရေးတာကို ကျွန်မ လေ့ကျင့်တယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် သုံးသပ်တာကို လေ့ကျင့်ပြီး ကိုယ့်စိတ်နှလုံးကို ဘုရားရှေ့မှာ ငြိမ်သက်စေခဲ့တယ်။

နှစ်လသုံးလကြာပြီးတဲ့နောက်မှာ၊ ကျွန်မရဲ့ ခြေထောက်က တဖြည်းဖြည်း သက်သာသွားတယ်။ ကျွန်မ လမ်းပြန်စလျှောက်နိုင်ပြီး ကျွန်မတာဝန်ကို ယူနိုင်ခဲ့တယ်။ ကျွန်မတာဝန်ကို လုပ်နေတုန်းမှာ၊ သမ္မာတရား ရှာတာနဲ့ ကိုယ့်ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းတာတွေအပေါ်လည်း အလေးထားခဲ့သလို၊ ကျွန်မ အသက်အရွယ်ကြောင့် စိတ်ကျဉ်းကျပ်တာ၊ ချည်နှောင်တာတွေ မခံစားရတော့ဘူး။ ဒါတွေကို မှန်မှန်ကန်ကန် သဘောထားနိုင်ခဲ့တယ်။ ဒီနှစ်နှစ် သုံးနှစ်မှာ၊ ကျွန်မအသက်အရွယ်ကြောင့် အမြဲ စိတ်ကျဉ်းကျပ်ခဲ့ရတယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုကြောင့်သာ မဟုတ်ရင်၊ အဲဒါကနေ ကျွန်မ လုံးဝ လွတ်လာမှာမဟုတ်ဘူး။ ကျွန်မရဲ့ အိုမင်းတဲ့ အသက်အရွယ်ကြောင့် ကယ်တင်မခံရတာ ဒါမှမဟုတ် ရလဒ်ကောင်းတစ်ခု မရတာနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်၊ သောကရောက်တာ မခံစားရတော့အောင် ကျွန်မစိတ်နှလုံးထဲက လေးလံတဲ့ ကျောက်ကို ထွက်ကျစေခဲ့တာက ဘုရားနှုတ်ကပတ်တော်တွေပါ။ ကျွန်မစိတ်နှလုံးက လွတ်လပ်မှုနဲ့ လွတ်မြောက်မှုကို ရှာတွေ့ခဲ့ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

သင်အသုံးပြုသည့်သူများကို သံသယမဝင်နှင့်- ဤသည်မှာ မှန်ပါသလား

လင်းဖိန် တရုတ်နိုင်ငံ ၂၀၂၀ ဇူလိုင်လမှာ၊ အသင်းတော် အတော်များများရဲ့ အလုပ်ကို ကြီးကြပ်ရင်းနဲ့ ခေါင်းဆောင်အနေနဲ့ ကျွန်တော်အစေခံခဲ့တယ်။...

ရိုးရာအကျင့်သီလများကို လက်ခံလိုက်နာသင့်ပါသလား

ရှောင်ရှန့် ပြင်သစ်နိုင်ငံ ကျွန်မ မူလတန်းကျောင်းတုန်းက ကျွန်မအပေါ် တော်တော်သက်ရောက်သွားတဲ့ စာတစ်ခုရှိတယ်။ သစ်တော်သီးလက်ဆောင်ပေးတဲ့...

ဘဝ၏လမ်းမှန်ကို ယခုမှ ကျွန်မ စလျှောက်ခဲ့ခြင်းဖြစ်သည်

ရှီဟန်၊ ဟူဘေစီရင်စု ကျွန်မသည် ဆင်းရဲသော တောင်သူလယ်သမားမိသားစုတစ်စု၌ မွေးဖွားခဲ့ပါသည်။ ကျွန်မသည် ကလေးဘဝ၌ပင် စဉ်းစားတတ်ခဲ့ပြီး အခြားသော...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။