ကျွန်မရဲ့တာဝန် အရောင်းအဝယ်ဆန်ဆန် ဖြစ်လာခဲ့ပုံ

23.01.2022

ကာနန် တရုတ်နိုင်ငံ

၂၀၁၇ ဧပြီလမှာပေါ့၊ ကျွန်မက သွေးတိုးရောဂါ ဖြစ်နေတာ။ ဒါနဲ့ အိမ်ပြန်နားလို့ရအောင်ဆိုပြီး ခေါင်းဆောင်က ကျွန်မတာဝန်ကို ခဏ ရပ်ခိုင်းလိုက်တယ်။ ကျွန်မ တကယ် ဝမ်းနည်းသွားတာ။ စဉ်းလည်း စဉ်းစားတယ်၊ “ဘုရားသခင်က သူ့အမှုတော်ကို အဆုံးသတ်တော့မှာ၊ ဒါကြောင့် အခုအချိန်က ကိုယ့်တာဝန်ကို လုပ်ဖို့၊ ကောင်းမှုတွေ ပြင်ဆင်ဖို့ အရေးကြီးတယ်။ လုပ်စရာတာဝန် မရှိဘူးဆိုရင်၊ ငါ့မှာ ကောင်းတဲ့ပန်းတိုင်နဲ့ ကောင်းတဲ့အဆုံးသတ် ရှိနိုင်ပါ့မလား။ ဒီလောက် နှစ်ပေါင်းများစွာ ကြိုးစားလာတာ၊ အဖိုးအခ ပေးလာတာတွေက အလကားဖြစ်သွားမှာလား။ ငါက ကိုယ့်တာဝန်ကို အချိန်ပြည့်လုပ်ဖို့ ကိုယ့်ဆေးခန်းတောင် ပိတ်ပစ်ခဲ့တာ။ ငါ့ယောက်ျား သွေးတိုးစမ်းတုန်းကလည်း၊ ငါ ဘုရားသခင်နောက် လိုက်တာကို သူ တားလို့မရခဲ့ဘူး။ အခုဆို ကွာရှင်းပြီးပြီ၊ ငါ့မှာ မိသားစုမရှိတော့ဘူး။ တရုတ်ကွန်မြူနစ်ပါတီကလည်း ငါ့နောက် လိုက်နေတာ။ ငါ ဘယ်မှာလဲဆိုပြီး ငါ့မိဘတွေဆီ အမြဲတမ်း သွားမေးနေကြတာ။ ကိုယ့်မိဘအိမ်တောင် ပြန်နိုင်တာမဟုတ်ဘူး။ ဘယ်သွားရမှန်း ငါ တကယ် မသိတော့ဘူး” ပေါ့။ အစ်မတစ်ယောက်ကတော့ ကျွန်မကို သူ့အိမ်မှာ ခေါ်ထားတယ်။ သူက ဘုရားသခင်အလိုတော်အကြောင်း မိတ်သဟာယပြုပေးတယ်။ ကျွန်မ နာခံသင့်တယ်လို့ပဲ ပြောတာပေါ့။ ဒါပေမဲ့ သူက သူ့တာဝန်နဲ့ အမြဲအလုပ်များနေတာကို မြင်ရတော့၊ ကျွန်မ တကယ် မနာလိုဖြစ်မိတယ်။ ကျွန်မကျတော့ ကျန်းမာရေးမကောင်းလို့ ဘာတာဝန်မှ မလုပ်နိုင်ဘူးလေ။ ဘုရားက ကျွန်မရဲ့တာဝန်ကို ဖြုတ်ပစ်ဖို့၊ ကျွန်မကို ဖော်ထုတ်ပြီး ဖယ်ရှင်းပစ်ဖို့၊ ဒီကျန်းမာရေးအခြေအနေကို အသုံးပြုနေတာလား။ ကျွန်မလည်း ဒီအတွေးနဲ့ အားမရှိတော့သလို ဖြစ်သွားတယ်။ စိတ်မချမ်းမသာဖြစ်ပြီး၊ မျှော်လင့်ချက်မဲ့သလို ခံစားရတာ။ ဘုရားသခင်ကို အထင်လွဲတာတွေ၊ မကျေမနပ်ဖြစ်တာတွေလည်း ပေါ်လာတာပေါ့။ ကျွန်မက အရာအားလုံး စွန့်လွှတ်ပြီး၊ တစ်စက်ကလေးမှ မညည်းညူဘဲ ဆင်းရဲဒုက္ခတွေအများကြီး ခံထားတာ။ ဘယ်လိုဖြစ်ပြီး ကိုယ့်တာဝန်ကိုတောင် လုပ်ခွင့်မရတော့တဲ့အထိ ဖြစ်သွားရတာလဲပေါ့။ အဲဒီအချိန်ကစပြီး၊ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တကယ် နားမလည်နိုင်တော့ဘူး။ ဆုတောင်းရင်လည်း ဘုရားသခင်ကို ဘာပြောရမှန်း မသိတော့ဘူး။ စားသောက်ချင်စိတ်တွေ ပျောက်ပြီး၊ အိပ်လို့လည်း မရခဲ့ဘူး။ တော်တော်ကို စိတ်ဓာတ်ကျလွန်းတော့၊ အပြင်ထွက်ပြီး အလုပ်တစ်ခု ရှာဖို့တောင် စဉ်းစားမိတယ်။ ကျွန်မ ဒီလိုဖြစ်နေတာကို မြင်တော့၊ အဲဒီအစ်မက ကျွန်မကို ကိုင်တွယ်ဖြေရှင်းတာပေါ့၊ “ညီမက ဘုရားနှုတ်ကပတ်တော်တွေကို တကယ်လည်း မဖတ်ဘူး။ ပိုက်ဆံရှာဖို့တောင် စဉ်းစားနေတယ်။ ညီမက လုံးလုံး အရင်လိုမဟုတ်တဲ့လူ ဖြစ်နေပြီ။ သမ္မာတရားကိုလည်း မရှာဖွေဘူး” ပေါ့။ ဒါက ကျွန်မအတွက် ကြားရတာ တကယ် စိတ်မချမ်းသာစရာပဲ။ ကျွန်မလည်း ရှာဖွေတဲ့အနေနဲ့ ဘုရားသခင်ဆီ ဆုတောင်းတယ်၊ “ဘုရားသခင်၊ ဒီအဖြစ်ကို ဘယ်လိုခံစားရမှန်း မသိတော့ပါဘူး။ ကိုယ့်အနာဂတ်လမ်းက ဘယ်လိုဆိုတာလည်း မသိတော့ပါဘူး။ ကျွန်မ အမှောင်ထဲမှာ နေထိုင်နေရတယ်။ စိတ်မချမ်းမသာ ဖြစ်ရပါတယ်။ ကိုယ်တော့်အလိုကို သိအောင် ကျွန်မကို အသိဉာဏ်ဖွင့်ပေးပါ၊ လမ်းပြတော်မူပါ” ပေါ့။

ကျွန်မလည်း နောက်သုံးလေးရက်လောက်အထိ ဆုတောင်းရှာဖွေတာတွေ အများကြီး ဆက်လုပ်တယ်။ တစ်မနက်ကျတော့ ဘုရားနှုတ်ကပတ်တော်တွေထဲက တစ်ခုက ခေါင်းထဲကို ရုတ်တရက် ဝင်လာရော၊ “ကောင်းချီးမင်္ဂလာများကို ခံစားနိုင်သူ၏မျက်နှာကို ပိုင်ဆိုင်ခြင်း ရှိသလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်) အဲဒီကျမ်းပိုဒ်တွေကို ရှာဖို့ ကျွန်မလည်း ကွန်ပျူတာကို အမြန်ဖွင့်မိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နှစ်ထောင်ပေါင်းများစွာ ဖောက်ပြန်ပျက်စီးခဲ့ပြီးနောက် လူသားသည် ထုံတေပြီး နုံအသည်၊ လူသား၏ ဘုရားသခင်ကို တော်လှန်ပုန်ကန်မှုသည် သမိုင်းစာအုပ်များတွင် မှတ်တမ်းတင်ရပြီး လူသားကိုယ်တိုင်ပင် မိမိ၏ပုန်ကန်သည့် အပြုအမူနှင့် ပတ်သက်သည့် ဖြစ်စဉ်ကို ကုန်စင်အောင် ဖော်ပြနိုင်စွမ်း မရှိသည့်အတိုင်းအတာအထိ ဘုရားသခင်ကို ဆန့်ကျင်သော နတ်ဆိုးဖြစ်လာခဲ့သည်- အဘယ်ကြောင့်ဆိုသော် လူသားသည် စာတန်၏ အကြီးအကျယ် ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး စာတန်၏ လမ်းလွဲသွားစေခြင်းကို ခံရပြီးဖြစ်သည်မှာ သူသည် မည်သည့်အရာကို ရှေ့ဆက်လုပ်ရမည်ကို လုံးဝ မသိသောကြောင့် ဖြစ်သည်။ ယနေ့ပင်လျှင် လူသားသည် ဘုရားသခင်ကို သစ္စာဖောက်လျက်ရှိသည်- လူသားသည် ဘုရားသခင်ကို တွေ့မြင်သောအခါ၊ သူ့ကို သစ္စာဖောက်သည်၊ ဘုရားသခင်ကို မမြင်မတွေ့နိုင်သောအခါတွင်လည်း၊ သူ့ကို သစ္စာဖောက်သည်။ ဘုရားသခင်၏ ကျိန်ဆဲခြင်းနှင့် အမျက်တော်ကို မျက်မြင်တွေ့ခဲ့ရပြီးနောက်၊ ဘုရားသခင်ကို သစ္စာဖောက်ဆဲဖြစ်သည့်သူများပင် ရှိသေးသည်။ ထို့ကြောင့် လူ့အသိစိတ်သည် ယင်း၏နဂိုအသုံးဝင်မှု ပျောက်ဆုံးကာ လူ့အသိတရားသည်လည်း နဂိုအသုံးဝင်မှု ပျောက်ဆုံးလေပြီဟု ငါဆိုသည်။ ငါကြည့်မျှော်သော လူသားသည် လူအရေခြုံထားသော သားရဲတစ်ကောင်၊ အဆိပ်ပြင်းသော မြွေတစ်ကောင်ဖြစ်သည်၊ ပြီးလျှင် ငါ့မျက်စိရှေ့တွင် သနားဖွယ်ဖြစ်ပုံပေါက်ဖို့ သူ မည်မျှကြိုးစားသော်လည်း၊ ငါသည် သူ့ကို မည်သည့်အခါမျှ သနားကရုဏာ ထားရှိမည်မဟုတ်၊ အဘယ်ကြောင့်ဆိုသော် လူသားသည် အဖြူနှင့်အမဲကြားရှိ ခြားနားချက်ကို နားလည်ခြင်းမရှိ၊ သမ္မာတရားနှင့် သမ္မာတရား မဟုတ်ခြင်းကြားရှိ ခြားနားချက်ကို နားလည်ခြင်း မရှိသောကြောင့် ဖြစ်သည်။ လူသား၏အသိစိတ်သည် ထုံထိုင်းလှသော်လည်း၊ ကောင်းချီးမင်္ဂလာများကို ရရှိရန် သူ တောင့်တဆဲဖြစ်သည်။ သူ၏ လူ့သဘာဝသည် အလွန်ဂုဏ်အသရေမဲ့သော်လည်း၊ သူသည် ရှင်ဘုရင်၏ အချုပ်အခြာအာဏာကို ပိုင်ဆိုင်ရန် ဆန္ဒရှိဆဲဖြစ်သည်။ ထိုကဲ့သို့သော အသိစိတ်ဖြင့် သူသည် မည်သူတို့၏ ရှင်ဘုရင် ဖြစ်နိုင်မည်နည်း။ ထိုသို့သော လူ့သဘာဝဖြင့် ရာဇပလ္လင်ပေါ်တွင် သူ မည်သို့တက်ထိုင်နိုင်မည်နည်း။ လူသားသည် အကယ်စင်စစ်ပင် အရှက်မရှိပေတကား။ သူသည် စိတ်ကြီးဝင်နေသော အကောင်ယုတ် ဖြစ်ပေသည်။ သင်တို့အထဲတွင် ကောင်းချီးမင်္ဂလာများကို ရယူလိုသူများအတွက် ကြည့်မှန်တစ်ခုကို အရင်ရှာပြီး အကျည်းတန်သော မိမိ၏ ပုံရိပ်ကို ရှုစားကြရန် ငါအကြံပြုသည်။ သင့်တွင် ရှင်ဘုရင်ဖြစ်ရန်အရည်အသွေး ရှိသလော။ ကောင်းချီးမင်္ဂလာများကို ခံစားနိုင်သူ၏မျက်နှာကို ပိုင်ဆိုင်ခြင်း ရှိသလော။ သင်၏ စိတ်သဘောထားထဲ၌ ပြောင်းလဲခြင်း စိုးစဉ်းမျှ မရှိဘဲ၊ သင်သည် မည်သည့် သမ္မာတရားကိုမျှလည်း လက်တွေ့လုပ်ဆောင်ခြင်း မရှိသော်လည်း၊ အံ့မခန်းဖွယ် မနက်ဖြန်ကို တောင့်တနေသေးသည်။ သင်သည် မိမိကိုယ်ကိုယ် လှည့်ဖြားနေ၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်)လူတစ်ဦးသည် ကောင်းချီးမင်္ဂလာများ ရရှိရန်အလို့ငှာ ဘုရားသခင်ကို ယုံကြည်သည်— ဤသည်မှာ လူတိုင်း၏ စိတ်နှလုံးထဲ၌ရှိသော အရာတစ်ခု မဟုတ်သလော။...ကောင်းချီးမင်္ဂလာများ ရရှိဖို့ ဤလှုံ့ဆော်မှုမရှိလျှင် သင်တို့သည် မည်သို့ခံစားရမည်နည်း။ မည်သည့်သဘောထားနှင့် တာဝန်ကို ထမ်းဆောင်မည်နည်း။ အကယ်၍ ဤလှုံ့ဆော်မှုကို ဖယ်ရှားခဲ့ပါက၊ သို့မဟုတ် အကယ်၍ လူတို့ကိုယ်တိုင်က ဤအရာကို မလိုချင်ကြတော့ဘဲ အလျှော့ပေးခဲ့ပါက သူတို့အများအပြားသည် သူတို့၏တာဝန်ကို ထကြွလုံ့လမပါဘဲ ထမ်းဆောင်ပြီး ဘုရားသခင်အား ယုံကြည်ခြင်းက ဘာမျှမထူးဟု ခံစားကြမည် ဖြစ်သည်။ သူတို့၏ စိတ်ဝိညာဉ်က နုတ်ယူခံလိုက်ရသကဲ့သို့ ဖြစ်လိမ့်မည်။ ဤအရာမှာ လူတို့စိတ်နှလုံး၏ အနက်ရှိုင်းဆုံးအပိုင်း၌ ရှိနေပေသည်။ သူတို့သည် မိမိတို့၏တာဝန်ကို ထမ်းဆောင်သောအခါ၊ သို့မဟုတ် အသင်းတော်၏ အသက်တာကို နေထိုင်သောအခါ ကောင်းချီးမင်္ဂလာရရှိခြင်းက သူတို့အထဲ၌ သူတို့ကို မလှုံ့ဆော်တော့ဟု ခံစားကောင်း ခံစားကြမည်ဖြစ်သည်။ သို့သော် ဘုရားသခင်က ထိုသို့မယူဆပေ။ လူတို့က သူတို့၏ အပြင်ပန်းကိုကြည့်၍ မိမိကိုယ်ကို ကောင်းသည်ဟု ထင်မြင်ကြပြီး သူတို့ပြောင်းလဲသွားပြီဟု တွေးထင်ကြသည်။ သူတို့သည် မိမိတို့၏တာဝန်ကို ထမ်းဆောင်ရာ၌ စိတ်ထက်သန်ပြင်းပြသော အဆင့်မှ သမ္မာတရားကို လိုက်စားသော အဆင့်သို့ ကူးပြောင်းသွားပြီဖြစ်ကြောင်း၊ သူတို့သည် ယင်းကို ထမ်းဆောင်ရန်အတွက် စိတ်ထက်သန်ပြင်းပြမှုအပေါ်၊ သို့မဟုတ် တဒင်္ဂစေ့ဆော်မှုအပေါ် အမှီမပြုတော့ဘဲ သမ္မာတရားကို လိုက်စားနိုင်ပြီး သူတို့၏တာဝန်ကို ထမ်းဆောင်သောအခါ စံနှုန်းနှင့်အညီ ထမ်းဆောင်ရန် ကြိုးပမ်းနိုင်ကြောင်း၊ ထို့ပြင် သူတို့သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းပြီး ဖန်ဆင်းခံ သတ္တဝါများအနေဖြင့် အသင့်အတင့်ဖြစ်ရန်အလို့ငှာ သူတို့ကိုယ်သူတို့ အဆက်မပြတ် သန့်စင်နေကြကြောင်းနှင့် သူတို့သည် အတော်အတန် ကျိုးနွံနာခံနိုင်စွမ်းလည်း ရှိကြောင်း တွေးထင်ကြသည်။ သို့သော် မိမိတို့၏ ပန်းတိုင်နှင့် အဆုံးသတ်တို့နှင့် တိုက်ရိုက်သက်ဆိုင်သည့် အရာတစ်ခုခု ပေါ်ပေါက်လာသောအခါ လူတို့၏ သရုပ်မှန်တို့မှာ သူတို့၏ပြုမူနေထိုင်ပုံ၌ လုံးလုံးလျားလျား ပေါ်ထွက်လာလေသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘဝတွင် တိုးတက်ခြင်း၏ အညွှန်းခြောက်ခု”) ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုကြောင့် ကျွန်မလည်း ဖုံးကွယ်စရာမရှိအောင် ဖြစ်သွားတာပါ။ ယုံကြည်ခြင်းဆိုတာ ကောင်းချီးတွေအတွက်ချည်းပဲ မဖြစ်နိုင်မှန်း၊ ဟိုအရင်တုန်းက ကျွန်မ သဘောတရားအရ သိခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် မသိခဲ့ဘူး။ ကောင်းချီးတွေ ရဖို့ဆိုတဲ့ ကျွန်မရဲ့စိတ်အရင်းခံကို ဒီအခြေအနေက လုံးဝ ဖော်ထုတ်လိုက်တာပဲ။ ကျွန်မက ကုန်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး အရာရာတိုင်းကို စွန့်လွှတ်ခဲ့တာ၊ ကိုယ်ပိုင်ဆေးခန်းကို ပိတ်ပစ်ခဲ့တယ်၊ အသင်းတော်မှာ ကိုယ့်တာဝန်ကို လုပ်ခဲ့တယ်။ ဘာတွေပဲဖြစ်လာဖြစ်လာ ဆင်းရဲဒုက္ခတွေအများကြီး ခံခဲ့တယ်။ ကိုယ့်ယုံကြည်ခြင်းမှာ အဲဒီလိုပေးဆပ်တာတွေ လုပ်တဲ့အတွက် ကျွန်မက ဘုရားရဲ့သဘောကျမှုနဲ့ ကောင်းချီးတွေကို သေချာပေါက် ရလိမ့်မယ်၊ ကောင်းတဲ့ပန်းတိုင်တစ်ခုလည်း ရလိမ့်မယ်ဆိုပြီး ထင်ခဲ့တာ။ ဒီတော့ ကိုယ့်တာဝန်မှာ တကယ်ကို တက်ကြွခဲ့တာပေါ့။ အခုတော့ ကိုယ့်ကျန်းမာရေးကြောင့် ကျွန်မက ကိုယ့်တာဝန်ကို မလုပ်နိုင်ဘူး၊ ဒီတော့ ငါ့ပန်းတိုင်ကို လက်လွှတ်လိုက်ရပြီ၊ ငါ့ရဲ့ ကောင်းချီးအိပ်မက်တွေ ပြိုကွဲပြီဆိုပြီး ထင်သွားတာ။ ဘာမှမလုပ်ချင်လောက်အောင် စိတ်ဓာတ်ကျသွားတာ။ ကျွန်မက စွန့်လွှတ်ခဲ့သမျှကို နောင်တရရုံတင်မကဘူး၊ ဘုရားကို အပြစ်တင်တယ်၊ ခံပြောတယ်၊ ဆန့်ကျင်မိခဲ့တယ်။ ကိုယ် ပေးဆပ်တာတွေကို ဘုရားဆီက ကောင်းချီးတွေနဲ့ အလဲအလှယ်လုပ်ဖို့ အရင်းအနှီးပဲဆိုပြီး သဘောထားခဲ့တာလေ။ ကျွန်မ ဆောင်ရွက်ပေးတာတွေ၊ ဆင်းရဲဒုက္ခတွေကြောင့် ဘုရားက ကျွန်မကို ကောင်းတဲ့ပန်းတိုင်နဲ့ အဆုံးသတ်တစ်ခု ပေးဖို့ ဝတ္တရားရှိတယ်ဆိုပြီး စဉ်းစားတာ။ အဲဒါတွေလည်း မရှိရော၊ ကျွန်မက ဘုရားကို မကျေမနပ်ဖြစ်ပြီး အပြစ်တင်တော့တာ။ ဒါဆို ကောင်းချီးပေးခံရဖို့ဆိုတဲ့ ရည်ရွယ်ချက်က ညီမရဲ့ အပျက်သဘောနောက်မှာ ပုန်းနေတာပေါ့။ အဲဒါနဲ့ ကျွန်မလည်း ဘုရားနှုတ်ကပတ်တော်တွေကို သတိရသွားတယ်၊ “ဘုရားသခင်ကို သင်တို့ယုံကြည်ကြခြင်း၏ ရည်ရွယ်ချက်မှာ သင်တို့၏ ကိုယ်ပိုင်ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန် သူ့ကို အသုံးချဖို့ဖြစ်၏။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားကို သင်တို့စော်ကားခြင်း အကြောင်း နောက်ထပ်အချက်အလက်တစ်ခုဖြစ်သည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိရှိနိုင်ပုံ) ဘုရားသခင်ရဲ့စိတ်သဘောထားက သူ့နှုတ်ကပတ်တော်တွေထဲမှာ ပေါ်လွင်နေတာပါ။ ကျွန်မရဲ့ယုံကြည်ခြင်းမှာ ခုနအမြင်မျိုးက ဘုရားသခင်နဲ့ အရောင်းအဝယ်လုပ်နေတာမျိုးပဲ၊ ကိုယ်တော့်ကို လိမ်လည်နေတာ၊ ကိုယ် လိုချင်တဲ့ ကောင်းချီးတွေရဖို့ သူ့ကို အသုံးချနေတာ။ အဲဒါက ကိုယ်တော့်စိတ်သဘောထားကို ပုန်ကန်ပြစ်မှားတာပဲ။ ရှင်ပေါလုရဲ့ ဆောင်ရွက်ချက်တွေ၊ ပေးဆပ်တာတွေ အားလုံးက ဘုရားဆီကနေ ဖြောင့်မတ်ခြင်းသရဖူကို တောင်းဖို့အတွက်ပဲလေ။ ဒါက ဘုရားရဲ့စိတ်သဘောထားကို ပြင်းပြင်းထန်ထန် ပုန်ကန်ပြစ်မှားမိတာဆိုတော့၊ သူလည်း အပြစ်ဒဏ်ပေးခံရတယ်။ ကျွန်မဆိုလည်း ပေးဆပ်တာတွေ လုပ်ပြီးတဲ့နောက်မှာ၊ ဆုလာဘ်တွေ၊ သရဖူတွေ၊ ထောက်ခံမှုနဲ့ ကောင်းချီးတွေကို သူ့လိုပဲ တောင်းဆိုခဲ့တာ။ ကျွန်မ မျှော်လင့်တာကို မရဘူးလည်းဆိုရော၊ ဘုရားကို အထင်လွဲပြီး အပြစ်တင်တယ်။ ကိုယ်တော့်ကို သစ္စာဖောက်ဖို့တောင် စဉ်းစားမိခဲ့တယ်။ ကျွန်မရဲ့အသိစိတ်နဲ့ ဆင်ခြင်ဉာဏ်က ဘယ်ရောက်သွားတာလဲ။ ကျွန်မလို စာတန်အတန်းအစားမျိုး တစ်ယောက်က ကောင်းချီးတွေကို စိတ်ကူးယဉ်နေတယ်ဆိုတာ တော်တော်ကို အရှက်မရှိတာပဲ။ အကယ်၍ ကျန်းမာရေးကြောင့် ကိုယ့်တာဝန်ကို ရပ်လိုက်ရတာ မရှိခဲ့ဘူးဆိုရင်၊ ကိုယ့်ယုံကြည်ခြင်းထဲက မရိုးသားတဲ့ အားထုတ်မှုကို ကျွန်မ လုံးဝ မြင်ခဲ့မိမှာမဟုတ်ဘူး။ လမ်းမှားကိုပဲ ဆက်လျှောက်မိပြီးတော့၊ နောက်ဆုံးမှာ ရှင်ပေါလုလိုပဲ အဆုံးသတ်သွားမှာ။ ဒါနဲ့ ကျွန်မလည်း နည်းနည်း ကြောက်သွားမိတယ်။ ဘုရားက ဒါကို စီစဉ်နေတယ်ဆိုတာ ကျွန်မအတွက် သူ့ရဲ့ချစ်ခြင်းနဲ့ ကယ်တင်ခြင်းပဲဆိုတာကို နားလည်သွားတယ်။ ဘုရားအလိုတော်ကို နားလည်သွားတဲ့အချိန်မှာ ကျွန်မလည်း နောင်တရလို့မဆုံးဘူး။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လို့မဆုံးတော့ဘူး။ ဆုတောင်းရင်းနဲ့ ငိုလည်း ငိုမိတယ်၊ “အို ဘုရားသခင်၊ ကိုယ်တော့်ကယ်တင်ခြင်းကို ကျွန်မ သိပ်ပြီး ကျေးဇူးတင်ပါတယ်။ ဒီလိုဖော်ထုတ်ခံရတာ မရှိခဲ့ရင်၊ ကျွန်မက ကိုယ်တော့်ကို ဆန့်ကျင်မိပြီး၊ အကြောင်းရင်းမှန်ကို မသိဘဲ ငရဲကျမှာပါ။ ဘုရားသခင်ဆီမှာ ကျွန်မ နောင်တရချင်ပါတယ်။ ကောင်းချီးတွေနောက် လိုက်တာကိုလည်း ရပ်ပစ်ချင်ပါတယ်။ သမ္မာတရားကိုပဲ အားထုတ်ချင်ပါတယ်။ ကျွန်မရဲ့ အကျင့်ပျက် စိတ်သဘောထားကို စွန့်ပစ်ပြီး၊ လူသားပုံသဏ္ဌာန်တစ်ခုနဲ့ အသက်ရှင်နေထိုင်ချင်ပါတယ်” ပေါ့။

ဆုတောင်းပြီးသွားတော့ ဘုရားနှုတ်ကပတ်တော်တွေကို ပိုပြီး ဖတ်မိတယ်၊ “ယခုအခါ ပေတရုသည် ငါနှင့် သူ၏ နောက်ဆုံးနိဂုံး မည်သည့်အရာဖြစ်သည်တို့ကို မည်ကဲ့သို့ သိလာပုံကို သင်တို့အား ဖော်ပြခြင်းအပေါ် ငါ အာရုံစိုက်မည်။...ငါသည် သူ့ကို မရေမတွက်နိုင်သော စမ်းသပ်မှုများ- အလိုအလျောက်အားဖြင့် သူ့ကိုသေလုမျောပါး ဖြစ်စေခဲ့သည့် စမ်းသပ်မှုများ- ခံစားစေခဲ့သော်လည်း ရာနှင့်ချီသော ထိုစမ်းသပ်မှုများ၏ အလယ်တွင် သူသည် ငါ့အား ယုံကြည်ခြင်းကို တစ်ကြိမ်မျှပင် ပျောက်ဆုံးသွားခြင်း မရှိခဲ့၊ သို့မဟုတ် ငါ့အား စိတ်ပျက်ခဲ့ခြင်း မရှိခဲ့ချေ။ ငါသည် သူ့အား စွန့်ပစ်ခဲ့ပြီးဖြစ်သည်ဟု ပြောခဲ့သည့်အချိန်တွင်ပင်၊ သူသည် စိတ်ပျက်အားလျော့ခြင်း မရှိခဲ့ဘဲ၊ လက်တွေ့ကျသော နည်းလမ်းတစ်ခုနှင့် အတိတ်မှ လက်တွေ့လုပ်ဆောင်ခြင်း အခြေခံသဘောတရားများနှင့်အညီ ငါ့ကို ဆက်ချစ်ခဲ့သည်။ သူသည် ငါ့ကို ချစ်ခဲ့သော်ငြားလည်း၊ ငါသည် သူ့ကို ချီးကျူးမည် မဟုတ်ကြောင်း၊ အဆုံးတွင် သူ့အား စာတန်၏ လက်ထဲသို့ ပစ်ချလိမ့်မည်ဖြစ်ကြောင်းတို့ကို ငါသူ့အား ပြောခဲ့သည်။ သို့သော် သူ၏ဇာတိခန္ဓာပေါ် ကျရောက်ခဲ့ခြင်း မဟုတ်ဘဲ၊ နှုတ်ကပတ်တော်များ အားဖြင့် စမ်းသပ်မှုသာဖြစ်သည့် ထိုကဲ့သို့သော စမ်းသပ်မှုများ အလယ်တွင် သူသည် ငါ့ထံ ဆုတောင်းဆဲဖြစ်ပြီး၊ ‘အိုး ဘုရားသခင်၊ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့အလယ်တွင် အနန္တတန်ခိုးရှင် ဖြစ်သော ကိုယ်တော်၏ လက်တော်ထဲ၌ မရှိသော လူသားတစ်ယောက်တစ်လေ၊ ဖန်ဆင်းခံသတ္တဝါတစ်ကောင်တစ်လေ၊ သို့မဟုတ် အမှုအရာ တစ်ခုတစ်လေ ရှိလေသလော။ ကိုယ်တော်သည် အကျွန်ုပ်အား သနားကရုဏာ ရှိသောအခါ၊ အကျွန်ုပ်၏ စိတ်နှလုံးသည် ကိုယ်တော်၏ သနားကရုဏာဖြင့် ကြီးစွာရွှင်လန်း ဝမ်းမြောက်ပါ၏၊ ကိုယ်တော်သည် အကျွန်ုပ်အား တရားစီရင်သောအခါ၊ အကျွန်ုပ်သည် မထိုက်တန်နိုင်သော်ငြားလည်း၊ ကိုယ်တော်သည် သြဇာအာဏာ၊ ဉာဏ်ပညာတို့နှင့် ပြည့်ဝတော်မူသောကြောင့် ကိုယ်တော့် ဆောင်ရွက်ချက်များ၏ ဉာဏ်မမီနိုင်သောနက်နဲမှုကို သာ၍ကြီးမားသော ခံစားမှုတစ်ခု ရရှိပါ၏။ အကျွန်ုပ်၏ဇာတိခန္ဓာသည် ဆင်းရဲဒုက္ခ ခံစားရသော်ငြားလည်း၊ အကျွန်ုပ်၏ဝိညာဉ်သည် သက်သာရာရပါ၏။ ကိုယ်တော်၏ ဉာဏ်ပညာနှင့် လုပ်ဆောင်ချက်များကို အကျွန်ုပ်သည် မည်သို့လျှင် မချီးမွမ်းဘဲနှင့် နေနိုင်ပါမည်နည်း။ ကိုယ်တော့်ကို သိကျွမ်းလာပြီးနောက်တွင် သေရမည်ဆိုလျှင်ပင်၊ ကျွန်ုပ်သည် အဘယ်သို့များ အလွန်ဝမ်းမြောက်စွာနှင့် ပျော်ရွှင်စွာ မသေဘဲ နေနိုင်မည်နည်း။...’” “ငါ၏ရှေ့မှောက်၌ သူ၏သစ္စာစောင့်သိမှုကြောင့်၊ ပြီးလျှင် သူ့အတွက် ငါ၏ ကောင်းချီးမင်္ဂလာများကြောင့် သူသည် လူသားတို့အတွက် နှစ်ထောင်ပေါင်းများစွာကြာအောင် စံနမူနာတစ်ဦးနှင့် စံပြတစ်ဦး ဖြစ်ခဲ့သည်။ ဤသည်မှာ သင်တို့အတုယူသင့်သောအရာ အတိအကျပင်ဖြစ်သည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၆)) ရှင်ပေတရုကို ကံတရားနဲ့ဖြစ်ဖြစ် ပန်းတိုင်နဲ့ဖြစ်ဖြစ် ချုပ်ကိုင်လို့မရခဲ့ဘူးဆိုတာ ဘုရားနှုတ်ကပတ်တော်တွေထဲမှာ မြင်လိုက်ရတာပဲ။ ရှင်ပေတရုမှာ ချစ်မြတ်နိုးခြင်းရှိပေမဲ့ သူ့ကို ထောက်ခံမှာမဟုတ်ဘူး၊ နောက်ဆုံးမှာ သူ့ကို စာတန်ဆီ ပေးအပ်လိုက်မယ်ဆိုပြီး ဘုရားသခင်က ပြောဆိုတဲ့အခါမှာတောင်၊ ရှင်ပေတရုက ဘုရားသခင်အပေါ် ချစ်မြတ်နိုးမှုကို ဆက်ပြီး အားထုတ်တယ်၊ သေတဲ့အထိ နာခံသွားတယ်။ ဘုရားသခင်အပေါ် ရှင်ပေတရုရဲ့ချစ်မြတ်နိုးမှုက အရောင်းအဝယ်သဘောမျိုး၊ မရိုးသားတာမျိုး တစ်ခုမှမရှိခဲ့ဘူး။ စစ်မှန်တဲ့ ချစ်ခြင်းနဲ့ နာခံခြင်းပဲ ရှိခဲ့တာပါ။ လက်တွေ့လုပ်ဆောင်ဖို့ လမ်းတစ်ခုကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ တွေ့လိုက်တယ်။ ရှင်ပေတရုလိုပဲ ဘုရားကို ချစ်တတ်အောင် ကြိုးစားချင်တာတွေ၊ စိတ်သဘောထား အပြောင်းအလဲကို ရှာဖွေတဲ့လမ်းကြောင်းမှာ လျှောက်လှမ်းချင်တာတွေ ဖြစ်လာတယ်။ ဘုရားသခင်က ကျွန်မကို ဘယ်လိုပဲဆက်ဆံပါစေ၊ ကိုယ့်အဆုံးသတ်နဲ့ ပန်းတိုင်က ဘယ်လိုပဲဖြစ်ပါစေ၊ ဘုရားသခင်ရဲ့ အုပ်စိုးမှုနဲ့ အစီအစဉ်တွေကိုပဲ ကျွန်မ နာခံတော့မယ်။ ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် အသုံးခံတော့မယ်ပေါ့။ ကျွန်မက အသင်းတော်မှာ ဟိုအရင်ကလိုတော့ ကိုယ့်တာဝန်ကို မလုပ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ နောက်ပိုင်းတစ်နှစ်၊ နှစ်နှစ်မှာ ဘုရားနှုတ်ကပတ်တော်တွေရဲ့ အာဟာရကို ခံစားလာခဲ့ရတယ်။ အတွေ့အကြုံတချို့လည်း ရခဲ့တယ်။ ဒါနဲ့ ဘုရားကို သက်သေခံဖို့အတွက် သူ့အမှုတော်ကနေ ကျွန်မ သိလာတာတွေကို စာတွေရေးနိုင်ခဲ့တယ်ပေါ့။ ဒါကလည်း ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို လုပ်ဆောင်တာပါပဲ။ ကျွန်မက နှုတ်ကပတ်တော်တွေကိုလည်း ဆင်ခြင်ရင်း၊ ကိုယ်တွေ့သက်သေခံချက်တွေကိုလည်း ရေးရင်းနဲ့၊ ဘုရားသခင်ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် အများကြီး ငြိမ်သက်ခြင်းရှိသွားတယ်။ ဘုရားသခင်နဲ့ အများကြီး ပိုပြီးရင်းနှီးလာသလို ခံစားရတာပါ။ ကိုယ့်အနာဂတ်နဲ့ အလားအလာတွေကို ပူပန်တာလည်း ရပ်သွားတယ်။ တော်တော်ကြီး လွတ်မြောက်သွားသလို ခံစားရတာပါ။ ကျွန်မ ထူထူထောင်ထောင်ပြန်ဖြစ်ပြီးတော့၊ သွေးတိုးတာတွေလည်း ပုံမှန်ပြန်ဖြစ်သွားတယ်ပေါ့။ အသင်းတော်က ကိုယ့်တာဝန်ကိုလည်း ပြန်စလုပ်တယ်။

အဲဒီအတွေ့အကြုံကို ရပြီးတဲ့နောက်မှာ၊ ဘုရားသခင်ကို ယုံကြည်ခြင်းနဲ့ပတ်သက်တဲ့ ကိုယ့်အမြင်တွေအပေါ် နားလည်မှုနည်းနည်း ရခဲ့ပြီလို့ပဲ ကျွန်မ ထင်မိတယ်။ ကောင်းချီးတွေအတွက် မျှော်လင့်ချက်တွေနဲ့ အနှောင့်အယှက် ဖြစ်တော့မှာမဟုတ်ဘူးပေါ့။ ဒါပေမဲ့ ခဏလောက်ကြာသွားပြီးတော့ အဲဒီဆန္ဒက ခေါင်းပြန်ထောင်လာပြန်ရော။

ကျွန်မက အသင်းတော်ခေါင်းဆောင်တစ်ယောက်အဖြစ် အရွေးခံရတယ်။ စည်းဝေးပွဲတစ်ခုမှာ ကျွန်မတို့ခေါင်းဆောင်က ကျွန်မတို့ကို အဖွဲ့ခေါင်းဆောင်တစ်ယောက်စီရဲ့ လက်တွေ့ကျကျ အလုပ်လုပ်နိုင်စွမ်းကို စစ်ဆေးခိုင်းတယ်။ ဉာဏ်များတဲ့လူတွေ၊ သမ္မာတရားကို လက်ခံမှာမဟုတ်တဲ့လူတွေကို အဲဒီရာထူးမှာ လုံးဝမရှိစေရဘူးလို့ ပြောတာ။ ကျွန်မလည်း အဲဒါကို တတ်နိုင်သမျှ အမြန်ဆုံး လုပ်ရမယ်လို့ ယူဆတယ်။ မသင့်တော်တဲ့လူကို သုံးနေတာက အသင်းတော်ရဲ့အလုပ်နဲ့ ညီအစ်ကိုမောင်နှမတွေကို ထိခိုက်နိုင်တယ်လေ။ ကျွန်မမှာလည်း ခေါင်းဆောင်ဆိုတဲ့ ကိုယ့်တာဝန်ကို ဆုံးရှုံးနိုင်ရုံမကဘူး၊ အဲဒါက ပြစ်မှားခြင်းဆိုတဲ့ ဒုစရိုက်မှုတစ်ခု ဖြစ်သွားမှာ။ တစ်လကြာတော့ လိုအပ်တဲ့ အပြောင်းအလဲတွေ လုပ်ပြီးသွားတယ်။ ကျွန်မလည်း တော်တော် ပျော်မိတာပေါ့။ ဒါပေမဲ့ မမျှော်လင့်ဘဲ၊ ကျွန်မ ရွေးချယ်ထားတဲ့တစ်ယောက်က ဉာဏ်များတဲ့လူတစ်ယောက် ဖြစ်နေတာကို ကျွန်မတို့ခေါင်းဆောင်က သိပ်မကြာခင် တွေ့သွားရော။ ဒီကိစ္စက ကျွန်မအတွက် တကယ်ကို စိတ်မချမ်းသာစရာပဲ။ ငါတော့ ကိုယ့်တာဝန်ကို သေချာမလုပ်မိခဲ့ဘူး၊ အသင်းတော်ရဲ့ အလုပ်ကို နှောင့်ယှက်မိပြီလို့ တွေးမိတယ်။ သိပ်မကြာခင်မှာတင်၊ ကျွန်မ ရွေးထားတဲ့နောက်တစ်ယောက်က မာနထောင်လွန်းတယ်ဆိုပြီး ညီအစ်ကိုမောင်နှမတွေက တိုင်လာပြန်ရော။ ကျန်တဲ့သူတွေက ကျိုးသင့်ကြောင်းသင့် အကြံပေးတာတွေကို သူက ပယ်ချတယ်။ သူတို့ကို ဆူပူပြီး ချုပ်ကိုင်တယ်ပေါ့။ သူ့ကို ရာထူးကဖြုတ်စေချင်တယ်ပေါ့။ ပြဿနာတစ်ခုပြီးတစ်ခု ပေါ်လာတာမြင်ရတော့ ကျွန်မ ဘာမှမလုပ်နိုင်သလို ဖြစ်သွားတယ်။ တော်တော် စိတ်ပျက်သွားတယ်။ ကျွန်မအနေနဲ့ သမ္မာတရားကို အပေါ်ယံ နားလည်မှုမျိုးပဲ ရှိတယ်လို့ ထင်မိတယ်။ လက်တွေ့ကျတဲ့ သမ္မာတရား မရှိဘူးပေါ့။ နောက်ထပ် တစ်ခုခုလွဲချော်သွားလို့ အသင်းတော်ရဲ့ အလုပ်ကို ထိခိုက်သွားမယ်ဆိုရင်၊ တော်တော်ကြီး ဆိုးဆိုးဝါးဝါး ဖြစ်သွားမှာ။ အဲဒါဆို ကျွန်မရဲ့အနာဂတ်၊ ကံကြမ္မာ၊ အဆုံးသတ်နဲ့ ပန်းတိုင်ဆိုတာတွေက ပျက်စီးပြီမဟုတ်ဘူးလား။ ကျွန်မအနေနဲ့ တခြားတာဝန်တစ်ခုကို ချက်ချင်း ပြောင်းသင့်တယ်လို့ ထင်မိတယ်။ တစ်မနက်ကျတော့ ကျွန်မလည်း မူးသလိုလို စဖြစ်လာရော။ သွေးပေါင်ကလည်း ပုံမှန်ထက် အများကြီးတက်နေတာ တွေ့တယ်။ ကျွန်မလည်း ခေါင်းဆောင်ကို အဲဒီအကြောင်း ပြောပြတာပေါ့။ ကိုယ့်ကျန်းမာရေး ပြဿနာက ပြန်ပေါ်လာပြီဆိုတော့၊ သူ့အနေနဲ့ ကျွန်မကို တခြားတာဝန် ပြောင်းပေးမယ်ဆို သိပ်ကောင်းမှာပဲဆိုပြီး စဉ်းစားမိတာ။ အဲဒါဆို ကျွန်မက အများကြီး တာဝန်ယူစရာ ရှိတော့မှာမဟုတ်ဘူး။ ကျွန်မနဲ့အတူလုပ်တဲ့ ညီမကိုလည်း အေးအေးဆေးဆေး ပြောပြမိတယ်၊ “အစ်မတော့ ဖြစ်နိုင်ရင် ဒီရာထူးကနေ ထွက်ချင်နေတယ်။ နောက်တော့မှ ကိုယ် လုပ်နိုင်တဲ့ တာဝန်တစ်ခုခုကို လုပ်တော့မယ်” ပေါ့။ အဲဒီညီမက ကျွန်မကို ကိုင်တွယ်ဖြေရှင်းပေးသေးတယ်။ ကျွန်မက အပျက်သဘောပြနေတယ်၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ကြည့်သင့်တယ်ပေါ့။ အဲဒါကို ကျွန်မက လက်မခံချင်ဘူး။ ငါ့မှာ နာခံချင်စိတ်ရှိတယ်၊ ကိုယ်လုပ်နိုင်တဲ့ ဘယ်တာဝန်ကိုမဆို လုပ်ချင်စိတ်ရှိတယ်လို့ပဲ ထင်မိတယ်။ အဲဒါက အပျက်သဘောဟုတ်ပါ့မလား။ ဒါပေမဲ့ ဘုရားသခင်က သူ့ကို အဲဒီလိုပြောစေတာပဲဆိုတာကို ကျွန်မ စဉ်းစားမိပြန်ရော။ ဒါနဲ့ ကိုယ့်အခြေအနေမှန်ကို သိနိုင်အောင်၊ ဘုရားသခင်ရဲ့လမ်းညွှန်မှု ရဖို့ ဆုတောင်းလိုက်တယ်။

နောက်တော့ ဘုရားနှုတ်ကပတ်တော်တွေထဲက ဒီစာပိုဒ်ကို ဖတ်မိတယ်၊ “၎င်းတို့ကို မည်မျှ ကြိုးစားစေကာမူ၊ စိတ်နှလုံးထဲတွင် ဘုရားသခင်ရှိထားသူများ၏ သစ္စာခံခြင်းသည် မပြောင်းမလဲ ရှိနေသည်။ သို့သော် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်မရှိသော သူများအတွက်၊ ဘုရားသခင်၏ အမှုသည် ၎င်းတို့ဇာတိပကတိအတွက် အကျိုးမပြုသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်နှင့်ဆိုင်သည့် ၎င်းတို့၏အမြင်ကို ၎င်းတို့ ပြောင်းလဲကြပြီး၊ ဘုရားသခင်ထံမှပင် စွန့်ခွာကြလေသည်။ ထိုသို့သောသူများသည် အဆုံးတွင် မြဲမြံစွာ မရပ်တည်မည့်သူများ၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကိုသာ ရှာဖွေပြီး မိမိတို့ကိုယ်ကိုယ် ဘုရားသခင်အတွက် အသုံးခံရန်နှင့် မိမိတို့ကိုယ်ကိုယ် သူ့အဖို့ ဆက်ကပ်ရန် ဆန္ဒမရှိကြသူများ ဖြစ်သည်။ ထိုသို့သော ယုတ်ညံ့သည့်လူများအားလုံးသည် ဘုရားသခင်၏အမှု အဆုံးသတ်သို့ ရောက်လာသည့်အချိန်တွင် နှင်ထုတ်ခံရလိမ့်မည်ဖြစ်ပြီး၊ မည်သည့် စာနာထောက်ထားခြင်းနှင့်မျှ မထိုက်တန်ကြချေ။ လူ့သဘာဝ မရှိသူများသည် ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်စွမ်း မရှိကြချေ။ ပတ်ဝန်းကျင်က လုံခြုံပြီး စိတ်ချရသောအခါ၊ သို့မဟုတ် အကျိုးအမြတ်များ ရှိသည့်အခါတွင်၊ ၎င်းတို့သည် ဘုရားသခင်ကို လုံးဝ နာခံကြသော်လည်း၊ ၎င်းတို့ ဆန္ဒရှိသည့်အရာသည် အထိခိုက် ခံရသည့်အခါ သို့မဟုတ် နောက်ဆုံးတွင် ငြင်းဆန်ခြင်းခံရသည့်အခါတွင်၊ ချက်ချင်း ပုန်ကန်ကြလေသည်။ တစ်ညတာ အချိန်လေးတွင်ပင်၊ ၎င်းတို့သည် ယုတ္တိယုတ္တာ သို့မဟုတ် အကြောင်းပြချက် မရှိဘဲ၊ ယမန်နေ့က ၎င်းတို့၏ ကျေးဇူးရှင်ကို ၎င်းတို့ အသေအကြေတိုက်မည့် ရန်သူအဖြစ် ရုတ်တရက် ဆက်ဆံရင်း၊ ပြုံးရွှင်နေသည့်၊ ‘စိတ်နှလုံးကောင်း’ ရှိသည့် ပုဂ္ဂိုလ်အဖြစ်မှ ကြည့်ရဆိုးပြီး ရက်စက်ကြမ်းကြုတ်သည့် လူသတ်သမားအဖြစ်သို့ ပြောင်းလဲ သွားနိုင်လေသည်။ မျက်တောင်ပင်မခတ်ဘဲ သတ်ဖြတ်မည့် ဤမကောင်းဆိုးဝါးများကို မနှင်ထုတ်လျှင်၊ ၎င်းတို့သည် ကွယ်ဝှက်သော အန္တရာယ်ဖြစ်လာမည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု) ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုက ကိုယ့်အရှိုက်ကို လာထိတာမျိုးပဲ။ ကျွန်မက ကိုယ်တော် ထုတ်ဖော်ပြနေတဲ့ လူစားမျိုး မဟုတ်ဘူးလား။ ကိုယ့်တာဝန်ကနေ ကောင်းချီးတွေ ရလိမ့်မယ်လို့ ထင်မိတဲ့အခါမျိုးဆို၊ ကျွန်မက ထက်ထက်သန်သန်နဲ့ ကြိုးစားအားထုတ်တယ်။ အဲဒီလိုမှမဟုတ်ရင် ကျွန်မက မပျော်မရွှင်ဖြစ်ပြီး၊ အဲဒီတာဝန်ကို ဆက်မလုပ်ချင်တော့ဘူး။ ကျွန်မက ကိုယ့်အနာဂတ်နဲ့ ပန်းတိုင်အတွက်ပဲ စဉ်းစားနေတာ။ အမှားတွေ လုပ်မိပြီဆိုရင်လည်း၊ ကျွန်မက ကိုယ့်မအောင်မြင်မှုတွေကို ဆင်ခြင်ကြည့်ပြီး၊ သမ္မာတရားကို မရှာဖွေဘူး။ ကိုယ့်ချို့ယွင်းချက်တွေကို ကာမိအောင် ပိုပြီး ကြိုးစားရမယ့်အစား၊ တာဝန်ယူရတာတွေ၊ ကိုယ့်အနာဂတ် ထိခိုက်တာတွေကိုပဲ စိုးရိမ်ခဲ့တာပါ။ သိပ်ပြီး တာဝန်မယူရတဲ့ အလုပ်တစ်ခု ပြောင်းလုပ်လို့ရအောင် သွေးတိုးတာတွေကို ဆင်ခြေပေးပြီး၊ လက်ရှိတာဝန်ကို ထားပစ်ခဲ့ချင်တာ။ ကျွန်မက အပြင်ပန်းမှာ တကယ်ကို အသိစိတ်ရှိတယ်လို့ ထင်ရပေမဲ့၊ ရွံစရာကောင်းတဲ့ ရည်ရွယ်ချက်တွေက အဲဒီနောက်မှာ ပုန်းနေတာပါ။ ကျွန်မက တော်တော် ဉာဏ်များခဲ့တာပဲ။

ကိုယ့်ယုံကြည်ခြင်းမှာ ကောင်းချီးတွေကိုပဲ အမြဲတမ်း ရှာနေမိတဲ့ တကယ့် အကြောင်းရင်းခံက ဘာလဲဆိုတာကို ကျွန်မ စပြီး ဆင်ခြင်ကြည့်တာပါ။ ဘုရားနှုတ်ကပတ်တော်တွေထဲမှာလည်း ဒါကို ဖတ်မိတယ်၊ “ဖောက်ပြန်ပျက်စီးသော လူသားအားလုံး ၎င်းတို့ကိုယ်တိုင်အတွက် အသက်ရှင်နေထိုင်ကြ၏။ မိမိကိုယ်သာ ကိုးကွယ်ရာ၊ ဤသည်မှာ လူ့သဘာဝ၏ အနှစ်ချုပ်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် မိမိအတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ ၎င်းတို့သည် အမှုအရာများကို စွန့်လွှတ်ကြသည်၊ သူ့အတွက် မိမိကိုယ်ကို အသုံးခံပြီး သူ့အပေါ် သစ္စာရှိကြသည်၊ သို့သော် ၎င်းတို့သည် ဤအရာအားလုံးကို မိမိကိုယ်ကျိုးအတွက် လုပ်ဆောင်ခြင်းသာဖြစ်၏။ အတိုချုပ်အားဖြင့် ယင်းမှာ မိမိအတွက် ကောင်းချီးမင်္ဂလာများ ရရှိရန် ရည်ရွယ်ချက်အတွက်ချည်းသာ ဖြစ်၏။ လူ့အဖွဲ့အစည်းတွင် အရာခပ်သိမ်းကို ကိုယ်ကျိုးအတွက် လုပ်ကြခြင်း ဖြစ်၏။ ကောင်းချီးမင်္ဂလာများ ရရှိရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်ကြခြင်းဖြစ်၏။ ကောင်းချီးမင်္ဂလာများ ရရှိရန်အတွက် လူတို့သည် အရာခပ်သိမ်းကို စွန့်ပယ်ခြင်းဖြစ်ကာ များစွာသော ဒုက္ခကို ကြံ့ကြံ့ခံနိုင်ခြင်းဖြစ်သည်။ ဤအရာအားလုံးမှာ လူသား၏ ဖောက်ပြန်ပျက်စီးသော သဘောသဘာဝအပေါ် လက်တွေ့ကိုအခြေခံသော အထောက်အထားဖြစ်၏။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အပြင်ပန်းပြောင်းလဲမှုများနှင့် စိတ်နေသဘောထားပြောင်းလဲမှုများကြားက ခြားနားချက်”) ဒီကနေ ကျွန်မ သိလိုက်ရတယ်၊ ကျွန်မက စာတန်ကြောင့် ဆိုးဆိုးဝါးဝါး ဖောက်ပြန်ပျက်စီးခဲ့တဲ့အတွက် အမြဲတမ်း ကိုယ့်အတွက်ချည်းပဲ စဉ်းစားနေတာ။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော”၊ “ဆုလာဘ်တစ်ခု မရှိဘဲ ဘယ်တော့မှ လက်ညှိုးမထောင်နဲ့” ဆိုတာမျိုးတွေပေါ့။ ဒီလို မကောင်းတဲ့ ရှင်သန်ရေးစည်းမျဉ်းတွေက ကျွန်မရဲ့သဘာဝ ဖြစ်လာတာဆိုတော့၊ ကျွန်မက ပိုပြီး တစ်ကိုယ်ကောင်းဆန်လာတယ်၊ ရွံစရာကောင်းလာတယ်၊ အကျိုးရှိမှလုပ်မယ်ဆိုတာမျိုး ဖြစ်လာတယ်။ ကိုယ်လုပ်သမျှအရာတိုင်းမှာ ကိုယ့်အတွက် ရဖို့ပဲ စဉ်းစားမိတယ်။ ကုန်ခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ ယုံကြည်ခြင်းမှာ ကျွန်မ လျှောက်ခဲ့တဲ့လမ်းကို ကြည့်လိုက်ရင်၊ ကိုယ့်တာဝန်ကို စလုပ်ခဲ့တဲ့အချိန်မှာ ကောင်းချီးပေးခံရတယ်။ ဆုလာဘ်တွေ ရခဲ့တယ်။ နောက်ဆုံးမှာလည်း ကောင်းကင်နိုင်ငံတော်ဆီ ဝင်ရောက်ရမယ်ဆိုတာမျိုးပေါ့။ ကျွန်မအနေနဲ့ နှစ်တွေအများကြီး ကြိုးစားအားထုတ်တာတွေ၊ ဒုက္ခခံတာတွေက ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို လုပ်နေတာမျိုး မဟုတ်ဘူး၊ ဘုရားအတွက် ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် အသုံးခံခဲ့တာလည်း မဟုတ်ဘူး။ အဲဒါတွေက ဘုရားကို အသုံးချဖို့၊ သူ့ကို လှည့်စားဖို့၊ သူနဲ့ အပေးအယူလုပ်ဖို့ပဲ။ ဘုရားသခင်ကို ချစ်မြတ်နိုးဖို့၊ သူ ကျေနပ်စေဖို့ဆိုတာတွေ လုံးဝ မဟုတ်ဘူး။ ကျွန်မက ယုံကြည်သူတစ်ယောက် ဖြစ်ခဲ့ရဲ့လား။ ကျွန်မက မယုံကြည်သူတစ်ယောက် ဖြစ်ခဲ့တာပါ။ သမ္မာတရားကို လက်တွေ့အသုံးချပြီး ပြဿနာတွေကို ဖြေရှင်းတတ်အောင်၊ ချင့်ချိန်နိုင်စွမ်းနဲ့ ထိုးထွင်းဉာဏ်ကို သင်ယူတတ်အောင်ဆိုပြီး၊ ဘုရားက ကျွန်မကို အသင်းတော်ခေါင်းဆောင်အဖြစ် အစေခံဖို့ မြှင့်တင်ပေးတယ်။ ဒါပေမဲ့ ကျွန်မက အခွင့်အရေးကို တန်ဖိုးမထားခဲ့ဘူး။ သမ္မာတရားနဲ့အတူ မဝင်ရောက်ခဲ့ဘူး။ ကိုယ့်အနာဂတ်နဲ့ ကံကြမ္မာအတွက်ပဲ စဉ်းစားခဲ့တယ်။ ကျွန်မက ဘုရားနဲ့ ဆန့်ကျင်ဘက် လမ်းကြောင်းပေါ် ရောက်ခဲ့တာပါ။ ကျွန်မအနေနဲ့ နောင်တရပြီး သမ္မာတရားကို အားထုတ်ရမယ်ဆိုတာ သိလိုက်တယ်။ မဟုတ်ရင် သေချာပေါက် ဖျက်ဆီးခြင်းခံရတော့မှာလေ။

ဝတ်ပြုချိန်တစ်ချိန်မှာ ဘုရားရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်မိတယ်၊ “လူ့ဇာတိခံ ဘုရားသခင်က လူ့ဇာတိအဖြစ်သို့ ကြွလာပြီးဖြစ်သည့် တစ်ခုတည်းသော အကြောင်းရင်းမှာ ဖောက်ပြန်ပျက်စီးနေသော လူသား၏ လိုအပ်ချက်များကြောင့် ဖြစ်သည်။ ယင်းသည် လူ၏ လိုအပ်ချက်များကြောင့် ဖြစ်ပြီး၊ ဘုရားသခင်၏ လိုအပ်ချက်ကြောင့် မဟုတ်ပေ၊ ပြီးလျှင် ဘုရားသခင်၏ စွန့်လွှတ်မှုများနှင့် ဆင်းရဲဒုက္ခအားလုံးသည် လူသားမျိုးနွယ်အတွက် ဖြစ်ပြီး၊ ဘုရားသခင် ကိုယ်တိုင်၏ အကျိုးအမြတ်အတွက် မဟုတ်ပေ။ ဘုရားသခင်အတွက် အကောင်းနှင့် အဆိုးများ၊ သို့မဟုတ် ဆုလာဘ်များ မရှိပေ။ သူသည် အနာဂတ် အကျိုးအမြတ်အချို့ကို ရိတ်သိမ်းလိမ့်မည် မဟုတ်ဘဲ၊ မူလက သူ့ကို အကြွေးတင်ထားခဲ့သည့် အရာတို့ကို ရိတ်သိမ်းလိမ့်မည် ဖြစ်သည်။ လူသားမျိုးနွယ်အတွက် သူ လုပ်ဆောင်ပြီး စွန့်လွှတ်သည့်အရာ အားလုံးသည် ကြီးစွာသော ဆုလာဘ်များကို သူ ရရှိရန်အလို့ငှာ မဟုတ်ဘဲ၊ လူသားမျိုးနွယ်အတွက် သက်သက် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်) ဒါကို ဆင်ခြင်ကြည့်တော့မှ၊ ဘုရားရဲ့ချစ်ခြင်းမေတ္တာကို ကျွန်မ တော်တော် လှိုက်လှိုက်လှဲလှဲ ခံစားသွားရတယ်။ အခေါင်အထွတ်ဖြစ်တဲ့၊ သန့်ရှင်းပြီး ဂုဏ်သရေနဲ့ ပြည့်စုံတဲ့ ဘုရားသခင်ဟာ ဆိုးဆိုးဝါးဝါး အကျင့်ပျက်နေတဲ့ လူတွေကို ကယ်တင်ဖို့အတွက်၊ အရှက်တကွဲဖြစ်ရတာတွေ၊ ဆင်းရဲဒုက္ခတွေကို ခံရင်းနဲ့၊ နှစ်ကြိမ်တိတိ လူ့ဇာတိခံယူထားတာပဲ။ သခင်ယေရှုက လူတွေကို ရွေးနုတ်ဖို့၊ အသက်ဆိုတဲ့ အဖိုးအခကို ပေးရင်း ကားတိုင်တင်ခံသွားတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ကတော့ လူတွေကို သန့်စင်ကယ်တင်ဖို့ သမ္မာတရားတွေကို ဖော်ပြရင်း၊ နောက်ဆုံးသောကာလ တရုတ်ပြည်မှာ လူ့ဇာတိခံယူခဲ့တယ်။ တရုတ်ကွန်မြူနစ်ပါတီနဲ့ ဘာသာရေးလောကရဲ့ ညှဉ်းပန်းနှိပ်စက်၊ စော်ကားတာတွေကို ခံရတယ်။ ကိုယ်တော်က အရာရာကို ဆင်းရဲဒုက္ခခံတယ်ဆိုတာ ကျွန်မတို့ကြားမှာ အမှုတော်ပြုဖို့၊ ကျွန်မတို့ကို အပြန်အလှန် ဘာမှမတောင်းဆိုဘဲ သူ့နှုတ်ကပတ်တော်တွေကို ပေးအပ်ဖို့၊ ပြီးတော့ ကျွန်မတို့ကို စာတန်ရဲ့လွှမ်းမိုးမှုကနေ ကယ်တင်ဖို့အတွက်ပါပဲ။ ဘုရားသခင်က လူတွေကို ကယ်တင်ဖို့အတွက် သူ့ကိုယ်ပိုင် အကျိုးအမြတ်နဲ့ ဆုံးရှုံးမှုဆိုတာတွေကို လုံးလုံး ထည့်မစဉ်းစားဘဲ၊ အဲဒီလို အဖိုးအခကြီးတွေကို ပေးဆပ်တာပါ။ ကိုယ်တော်က ကျွန်မတို့ဆီကနေ အပြန်အလှန်အားဖြင့် ဘာကိုမှ မတောင်းဆိုဘူး။ ဘာဆုလာဘ်မှလည်း မတောင်းပါဘူး။ သူ့ချစ်ခြင်းမေတ္တာက ကိုယ်ကျိုးမငဲ့ဘူး၊ စစ်မှန်တယ်။ ဘုရားသခင်ရဲ့ အနှစ်သာရက သိပ်ကို လှတယ်၊ ကောင်းမွန်ပါတယ်။ အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်မိတော့၊ ကျွန်မက ကိုယ့်မှာ ယုံကြည်ခြင်းရှိတယ်၊ ဘုရားသခင်ကို ကျေနပ်စေချင်တယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ကိုယ်တော့်အပေါ် လုံးဝ မစစ်မှန်ခဲ့ဘူး။ ကောင်းချီးတွေကို အရောင်းအဝယ်သဘော လုပ်ယူဖို့အတွက် ဘုရားသခင်ကို အသုံးချလှည့်စားရင်းနဲ့၊ ကိုယ်တော့်အတွက် အလုပ်လုပ်ပါတယ်ဆိုပြီး လူမြင်အောင် ပြခဲ့တာပဲ။ ကျွန်မက ဘယ်လောက် တစ်ကိုယ်ကောင်းဆန်တယ်၊ ဉာဏ်များတယ်၊ အောက်တန်းကျပြီး ရှက်ဖို့ကောင်းခဲ့တယ်ဆိုတာတွေကို မြင်မိတယ်။ ကျွန်မက စာတန်လို ပုံသဏ္ဌာန်တစ်ခုနဲ့ အသက်ရှင်နေထိုင်ခဲ့တာပဲ။ ဘုရားကို ခုခံတတ်တဲ့ ကျွန်မလိုလူတစ်ယောက်၊ စာတန်လို အတန်းအစားတစ်ယောက်က ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ်၊ ဘုရားရဲ့သဘောကျမှုကို ဘယ်တော့မှ ရမှာမဟုတ်ဘူး။ ဘုရားနှုတ်ကပတ်တော်တွေထဲမှာ ဒါကိုလည်း ကျွန်မ ဖတ်မိတယ်၊ “ဘုရားသခင်သည် လူ၏ ချစ်ခြင်းနှင့် ထိုက်တန်သည့်အတွက်၊ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါ တစ်ဦးအနေနှင့်၊ လူသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန် ကြိုးစားသင့်ပြီး၊ အခြားမည်သည့် ရွေးချယ်မှုမျှ မပြုဘဲ ဘုရားသခင်ကို ချစ်ရန် ကြိုးစားသင့်ပေသည်။ ဘုရားသခင်အား ချစ်ရန် ကြိုးစားသောသူတို့သည် မည်သည့်ပုဂ္ဂိုလ်ရေး အကျိုးအမြတ်များ ကိုမျှ မရှာဖွေသင့်ပေ သို့မဟုတ် ၎င်းတို့ ကိုယ်ရေးကိုယ်တာ တောင့်တသည့်အရာများကို မရှာဖွေသင့်ပေ။ ဤသည်မှာ လိုက်စားခြင်း၏ အမှန်ကန်ဆုံးသော နည်းလမ်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်) ဖန်ဆင်းခံတွေဟာ ကောင်းချီးတွေရဖို့ ယုံကြည်တာမျိုး မဖြစ်သင့်ဘူးဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေထဲမှာ ကျွန်မ မြင်သွားတယ်။ ဘုရားအတွက် ချစ်ခြင်းမေတ္တာကို အားထုတ်တာ၊ ကိုယ့်တာဝန်ကို မှန်မှန်ကန်ကန် လုပ်ဆောင်တာတွေက အသက်ရဲ့ တစ်ခုတည်းသော အဓိပ္ပာယ်ပါပဲ။ ကျွန်မလည်း ဒီဆုတောင်းချက်ကို ဘုရားသခင်ဆီ ပြောမိတယ်၊ “ဘုရားသခင်၊ ကောင်းချီးတွေ ရှာဖွေတာကို ရပ်ဖို့အတွက် မကောင်းမှုလမ်းကြောင်းကို စွန့်ပြီး ကိုယ်တော့်ဆီ နောင်တရချင်ပါတယ်။ ကျွန်မရဲ့ နောက်ဆုံးပန်းတိုင်က ဘယ်လိုပဲဖြစ်ဖြစ်၊ ကိုယ်တော့်ချစ်ခြင်းကို ပြန်ပေးဆပ်ဖို့အတွက် ကိုယ့်တာဝန်ကို ကောင်းအောင် လုပ်ချင်ပါတယ်” ပေါ့။ ကိုယ့်အခြေအနေကို မှန်အောင်ပြန်ပြင်လိုက်တော့၊ သွေးတိုးတာတွေလည်း ငြိမ်သွားတယ်။

ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြတဲ့ ဗီဒီယိုတစ်ခုနှစ်ခုလည်း ကြည့်ဖြစ်တယ်ပေါ့။ “လူ၏တာဝန်နှင့် သူ ကောင်းချီးခံစားရခြင်း သို့မဟုတ် ကျိန်ခြင်းခံရခြင်း ရှိမရှိဆိုသည်တို့ကြားတွင် အချင်းချင်း ဆက်နွှယ်နေမှု မရှိပေ။ တာဝန်သည် လူက ဖြည့်ဆည်းသင့်သည့်အရာ ဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံပေးသည့် သူ၏အသက်မွေးအလုပ် ဖြစ်ပြီး၊ ဆုလာဘ်၊ အခြေအနေများ သို့မဟုတ် အကြောင်းရင်းများပေါ်တွင် မမူတည်သင့်ပေ။ ထိုအခါမှသာ သူ၏တာဝန်ကို သူ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ကောင်းချီးမင်္ဂလာ ခံစားရဖို့ဟူသည်မှာ တစ်စုံတစ်ဦးသည် တရားစီရင်ခြင်းကို ကြုံရပြီးနောက် စုံလင်စေခြင်းခံရကာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရခြင်း ဖြစ်သည်။ ကျိန်ခြင်းအမင်္ဂလာခံရဖို့ဟူသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံရပြီးနောက် တစ်စုံတစ်ဦး၏ စိတ်သဘောထား မပြောင်းလဲခြင်း ဖြစ်သည်၊ ယင်းမှာ ၎င်းတို့သည် စုံလင်စေခြင်းကို မတွေ့ကြုံရဘဲ အပြစ်ပေးခံရသည့်အချိန် ဖြစ်သည်။ ၎င်းတို့ ကောင်းချီးပေး ခံရသည်ဖြစ်စေ၊ ကျိန်ခြင်းခံရသည်ဖြစ်စေ၊ ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရင်းနှင့် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရင်း၊ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းသင့်ကြပေသည်။ ဤသည်မှာ လူတစ်ဦး၊ ဘုရားသခင်နောက်ကိုလိုက်သည့် လူတစ်ဦးက အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ကောင်းချီးမင်္ဂလာ ခံစားရရန်သာ သင်၏တာဝန်ကို မလုပ်ဆောင်သင့်သကဲ့သို့၊ ကျိန်ခြင်း ခံရမည်ကို ကြောက်ရွံ့ခြင်းအတွက် ဆောင်ရွက်ရန် မငြင်းဆန်သင့်ပေ။ ဤအရာတစ်ခုကို သင်တို့အား ငါပြောပါရစေ- သူ၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ စွမ်းဆောင်မှုသည် သူ လုပ်ဆောင်သင့်သည့်အရာ ဖြစ်ပြီး၊ သူသည် သူ၏တာဝန်ကို ဆောင်ရွက်နိုင်စွမ်း မရှိပါက၊ ဤသည်မှာ သူ၏ ပုန်ကန်မှုကြောင့် ဖြစ်သည်။ လူသည် တဖြည်းဖြည်း ပြောင်းလဲသည်မှာ သူ၏တာဝန်ကို လုပ်ဆောင်ခြင်း ဖြစ်စဉ်မှတစ်ဆင့်ဖြစ်ပြီး သူ၏ သစ္စာစောင့်သိမှုကို ပြသသည်မှာ ဤဖြစ်စဉ်မှတစ်ဆင့် ဖြစ်ပေသည်။ ထိုသို့ဖြင့် သင်သည် သင်၏တာဝန်ကို ပို၍ လုပ်ဆောင်နိုင်လေ၊ သာ၍ များသည့် သမ္မာတရားကို သင် ရရှိလေဖြစ်လိမ့်မည် ဖြစ်ပြီး၊ သင်၏ဖော်ပြချက်သည် သာ၍ စစ်မှန်လာလေ ဖြစ်လိမ့်မည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု)လူတို့အနေဖြင့် ကယ်တင်ခြင်းကို ရနိုင်မရနိုင်ခြင်းက သူတို့ မည်သည့်တာဝန်ကို ဖြည့်ဆည်းသည် ဟူသည့်အပေါ် မူတည်ခြင်း မရှိဘဲ၊ သူတို့သည် သမ္မာတရားကို နားလည်ပြီး ရရှိထားခြင်း ရှိမရှိနှင့် သူတို့သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများကို နာခံနိုင်ပြီး စစ်မှန်သော ဖန်ဆင်းခံတစ်ဦး ဖြစ်နိုင်ခြင်း ရှိမရှိ ဟူသည့်အပေါ် မူတည်လေသည်။ ဘုရားသခင်သည် ဖြောင့်မတ်ပြီးလျှင် ဤသည်မှာ လူသားမျိုးနွယ်ခပ်သိမ်းကို သူတိုင်းတာသည့် စံနှုန်း ဖြစ်သည်။ ဤအခြေခံသဘောတရားမှာ ပြောင်းလဲ၍ မရသည့်အပြင်၊ ဤသည်ကို သင်မှတ်ထားရမည်။ ထို့ကြောင့် အခြားလမ်းကြောင်းတစ်ခုခု ရှာဖွေခြင်း သို့မဟုတ် မစစ်မှန်သည့် အရာအချို့ကို လိုက်စားခြင်းအကြောင်း မစဉ်းစားနှင့်။ ကယ်တင်ခြင်းရရှိသောသူ အားလုံးနှင့်သက်ဆိုင်သည့် ဘုရားသခင် တောင်းဆိုသော စံနှုန်းများမှာ ထာဝရ ပြောင်းလဲခြင်း မရှိပေ။ သင် မည်သူမည်ဝါ ဖြစ်စေကာမူ ယင်းတို့က အမြဲတမ်း ဤအတိုင်းဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်အပေါ် လူသားထားရှိသင့်သည့် သဘောထား”) ဒါတွေကနေ ကျွန်မ နားလည်သွားတယ်။ အဆုံးသတ်ချိန်မှာ ကောင်းချီးပေးခံရတာဖြစ်ဖြစ်၊ ကျိန်ဆိုခံရတာပဲဖြစ်ဖြစ်၊ အဲဒါက ကျွန်မတို့တာဝန်နဲ့ ဘာမှ မသက်ဆိုင်ဘူး။ အပြည့်အဝ ကယ်တင်ခံရဖို့အတွက် အဓိကကျတာက ကျွန်မတို့က ကြိုးစားအားထုတ်ပြီး သမ္မာတရားကို ရကြရဲ့လား၊ ပြီးတော့ ကိုယ့်စိတ်သဘောထားတွေကို ပြောင်းလဲနိုင်ကြရဲ့လားဆိုတာပဲ။ ကျွန်မကို ဘယ်အချိန်မှာ ဘယ်တာဝန်လုပ်ဆိုတာတွေကို ဘုရားက ဆုံးဖြတ်တာပါ။ ကျွန်မရဲ့ အဆုံးသတ်နဲ့ ပန်းတိုင်ဆိုတာလည်း ဘုရားရဲ့အုပ်စိုးမှုနဲ့ အစီအစဉ်တွေအောက်မှာပဲ ရှိနေတာပါ။ ကျွန်မ လုပ်သင့်တာက ဘုရားရဲ့စီစဉ်ညွှန်ကြားမှုတွေကို လက်ခံပြီး၊ ကိုယ့်တာဝန်ကို ထက်ထက်သန်သန် လုပ်ဖို့ပဲ။ ကျွန်မမှာ လက်တွေ့ကျတဲ့ သမ္မာတရား မရှိခဲ့တဲ့အတွက် ကိုယ့်အမှားတွေနဲ့ ချို့ယွင်းချက်တွေကို အဲဒီတာဝန်က ဖော်ထုတ်ပြခဲ့တာပဲဆိုတာလည်း ကျွန်မ နားလည်သွားတယ်။ သမ္မာတရားကို ရှာဖွေတာ၊ ဒီစည်းမျဉ်းတွေကို နားလည်တာတွေက ကိုယ့်ချွတ်ယွင်းချက်တွေကို ပြုပြင်ပေးနိုင်တယ်၊ ကျွန်မကို အသက်တာမှာ ကြီးထွားစေနိုင်တယ်။ ဒါကို မြင်သွားတော့၊ ကျွန်မလည်း ကိုယ့်အနာဂတ်နဲ့ ကံကြမ္မာအတွက် ပူပန်တာတွေ ရပ်သွားတယ်။ တာဝန်တွေလည်း မပြောင်းချင်တော့ဘူး။ ဘယ်လိုပြဿနာပဲပေါ်ပေါ် ဖြေရှင်းဖို့ သမ္မာတရားကို ရှာရင်းနဲ့ တည်တည်ငြိမ်ငြိမ်ပဲ အလုပ်လုပ်တယ်။ တချို့အခြေခံသဘောတွေကို တဖြည်းဖြည်း နားလည်လာတယ်။ ကိုယ့်တာဝန်မှာလည်း အမှားတွေ တဖြည်းဖြည်း ပိုနည်းသွားတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို လိုက်နာတာ၊ ကိုယ့်တာဝန်မှာ ကောင်းချီးတွေရဖို့ အားမထုတ်တာတွေက ကျွန်မကို အမှန်တကယ် လွတ်မြောက်စေခဲ့တာပါ။ ဘုရားရဲ့ကောင်းချီးပေး၊ လမ်းပြတာကို ကျွန်မ ရလိုက်တာပါ။ ရလဒ်တွေကလည်း ပိုပိုပြီး ကောင်းသွားတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

သင် အလုပ်ခန့်သည့် လူများကို လုံးဝ သံသယမရှိခြင်း၏ အကျိုးဆက်

ရွှင်းချို အမေရိကန်နိုင်ငံ ပြီးခဲ့တဲ့နှစ်က အသင်းတော်ရဲ့ ရေလောင်းခြင်းနဲ့ ဧဝံဂေလိအလုပ်အတွက် ကျွန်မ ကြီးကြပ်ရေးမှူးဖြစ်ခဲ့တယ်။ စခါစဆိုတော့...

လူ့သဘာဝကောင်းက တကယ်တမ်းဘာလဲဆိုတာ အခု ကျွန်မသိပြီ

မူးယံ တရုတ်နိုင်ငံ ကျွန်မရဲ့မိဘ၊ ဆရာတွေက ကျွန်မ ငယ်ငယ်ကတည်းက ကျွန်မကို သင်ပေးခဲ့တယ်။ သူများတွေနဲ့ သဟဇာတဖြစ်ခြင်းက တန်ဖိုးရှိတယ်။...

မမှန်သည့်လူကို အသုံးပြုမိပြီးနောက် သုံးသပ်ဆင်ခြင်မှုများ

ရှောင်ဖန် တရုတ်နိုင်ငံ ၂၀၂၀ခုနှစ် နွေရာသီမှာ၊ အသင်းတော်ရဲ့ စာအလုပ်ကို ကျွန်မ ကြီးကြပ်ခဲ့ရတယ်။ တစ်နေ့၊ ယန်ကန်က စကားလုံးတွေနဲ့ ပတ်သက်လို့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
စာလုံးသေးမည်
စာလုံးကြီးမည်
​ဘောင်အပြည့်ချဲ့ကြည့်မည်
​ဘောင်အပြည့်ချဲ့ကြည့်ခြင်းမှ ထွက်မည်