အဘယ်ကြောင့် စည်းမျဉ်းများကို ကျွန်ုပ် မလိုက်နာနိုင်ရသနည်း

08.02.2023

ဘိုင်ကျင့် ပြင်သစ်နိုင်ငံ

၂၀၂၁ ခုနှစ် ဩဂုတ်လမှာ အသင်းတော် ခေါင်းဆောင်အနေနဲ့ ကျွန်မ စလုပ်တယ်။ ဧဝံဂေလိအလုပ်ကို ကြီးကြပ်တဲ့ လီလီယန်နဲ့ ကျွန်မ ဆက်ဆံရာမှာ၊ သူက လူတွေမှာရှိတဲ့ ပြဿနာလေးတွေကို မကြာခဏ ရေးကြီးခွင့်ကျယ် လုပ်ပြီး၊ လူတိုင်းဆီ ပြောတာ သတိထားမိတယ်။ တခြားလူတွေနဲ့ ကောင်းကောင်း အလုပ်မလုပ်နိုင်သလို၊ အမှန်တရားနဲ့ ဆန့်ကျင်တဲ့ အရာတွေကို အမြဲ ပြောတယ်။ တစ်ခါ စုဝေးပွဲတစ်ခုမှာ၊ ပြောင်းရွေ့ခံခဲ့ရတဲ့ အသင်းတော် ခေါင်းဆောင်က ဧဝံဂေလိ အလုပ်ကို အာရုံမစိုက်သလို၊ သူ့အလုပ် ဘယ်လိုအခြေအနေရှိလဲဆိုတာကို လုံးဝ မမေးခဲ့ဘူးလို့ သူက ပြောတယ်။ ဒါပေမဲ့ တကယ်တော့ အဲဒီခေါင်းဆောင်က သူ့အလုပ်ကို အမြဲ နောက်ဆက်တွဲ လုပ်ပေးခဲ့တာလေ။ အလုပ်က တကယ်ကို ကောင်းမွန်နေတယ်လို့လည်း သူ သတင်းပို့လို့ သူကြီးကြပ်တဲ့အရာက ပုံမှန် ရှေ့ဆက်နေတယ်လို့ လူတွေ ထင်ခဲ့ကြတယ်။ တကယ်တော့ တကယ့် အလုပ်တစ်ခုကိုမှ သူ လုပ်ခဲ့တာ မဟုတ်ဘူး။ စုဝေးပွဲတစ်ခုမှာ၊ သူ့အလုပ်မှာ ရှိတဲ့ အခက်အခဲတွေကို သူဆက်အလေးပေးပြောနေတယ်၊ သူ့အဖွဲ့ဝင်တွေ မတော်ကြဘူးတဲ့၊ ဒါပေမဲ့ အသေးစိတ် ကျွန်မ စစ်ဆေးကြည့်တော့၊ သူ မလုပ်ခဲ့တဲ့ အလုပ်တွေမှ အများကြီးပဲ၊ ဒါကြောင့် အဲဒီလိုပြောဖို့အတွက် အခြေခံအကြောင်းရင်း သူ့မှာ မရှိဘူး။ လက်တွေ့အလုပ်မလုပ်သလို၊ အပြစ်လွှဲချတဲ့အတွက် သူ့ကို ကျွန်မ ထောက်ပြခဲ့တယ်။ သူက ဘာကိုမှ ပြန်မပြောခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ချက်တချို့ သူလုပ်ခဲ့ပြီလို့ ကျွန်မ ထင်လိုက်တယ်။ ဒါပေမဲ့ အံ့ဩစရာကောင်းတာက၊ ကျွန်မနဲ့ ဘာကိုမှ အတူထပ်မလုပ်ချင်တော့ဘူး၊ ကျွန်မ ပြဿနာတွေ့တဲ့အခါ ကြောင်းကျိုးမမြင်ဘဲ သူ့ကို ကိုင်တွယ်ဖြေရှင်းပြီး၊ သူ့ရဲ့ တကယ့် အခက်အခဲတွေကို နားမလည်ဘူးဆိုတဲ့ စာတစ်ခုကို ကျွန်မ တွဲဖက်အစ်မမာယာဆီ သူက ပို့လိုက်တယ်။ သူက ကျွန်မလို ဖြစ်လို့မရဘဲ၊ ညီအစ်ကို မောင်နှမတွေကို ချစ်ခြင်းမေတ္တာ၊ သည်းခံခြင်းနဲ့ ဆက်ဆံရမယ်လို့လည်း ပြောတယ်။ ဒါကို ကျွန်မဖတ်တော့၊ ခဏကြာ ကြက်သေသေသွားတယ်။ သူ့တာဝန်မှာ ပြဿနာတွေ အများကြီးပဲလေ။ အဲဒါကိုကို ကျွန်မက ထောက်ပြရုံ ထောက်ပြတာ၊ သူ့ကို ဘယ်မှာမှပြုပြင်၊ ကိုင်တွယ်ဖြေရှင်းတာ မဟုတ်ဘူး။ ကြောင်းကျိုးမမြင်ဘဲ သူ့ကို ကိုင်တွယ်ဖြေရှင်းတယ်လို့ ပြောနိုင်ရတာလဲ။ အဲဒီလိုဖြစ်ခဲ့တာမှ မဟုတ်တာ။ ဘာလို့သူက အရမ်း မယုံကြည်စရာဖြစ်ပြီး ဉာဏ်များရတာလဲ။ မာယာဆီ ကိစ္စတွေကို ကျွန်မ ရှင်းပြချင်ခဲ့ပေမဲ့၊ သူ့ဆီ မက်ဆေ့ချ်တစ်စောင် ပို့တော့မလို တစ်ဝက်တစ်ပျက်နဲ့ တုံ့ဆိုင်းသွားတယ်။ လီလီယန်ရဲ့ ပြဿနာတွေကို ရှင်းပြ၊ ဖော်ပြတဲ့ စာကို ပို့လိုက်ရင်၊ ကျွန်မက ပြဿနာတွေနဲ့ ရင်ဆိုင်ရာမှာ ကိုယ့်ကိုယ်ကိုယ် သိစိတ်မရှိသလို၊ လူတွေကို မှန်မှန်ကန်ကန် မဆက်ဆံဘူးလို့ မာယာ တွေးကောင်းတွေးနိုင်တယ်။ ဒီအတွေးနဲ့ စာကို ကျွန်မ မပို့တော့ဘူး။ လီလီယန်က သူ့ကို ကျွန်မ နောက်ခံအကြောင်းအရာကို မသိဘဲ ကြောင်းကျိုးမမြင် ကိုင်တွယ်ဖြေရှင်းပြီး၊ အဲဒါက သူ့ကို စိတ်မချမ်းမသာဖြစ်စေတယ်လို့ ယိုးမယ်ဖွဲ့တဲ့အနေနဲ့ တခြားလူတွေဆီ သူ ရင်ဖွင့်လေ့ရှိတာကို နောက်ပိုင်းမှာ ကျွန်မ ကြားရတယ်။ ဒါကို ကြားရတာ ကျွန်မအတွက် တကယ်ကို စိတ်မချမ်းသာစရာပဲ။ နောင်မှာ သူ့အလုပ်ကို ဘယ်လိုဆက်စစ်ဆေးရမယ် မသိသလို၊ သူနဲ့အဆင်အပြေဖို့ တကယ် ခက်ခဲတယ်လို့ ခံစားရတယ်။ နှစ်ရက်အကြာမှာ၊ အလုပ်လိုအပ်ချက်တွေကြောင့်၊ လီလီယန်ရဲ့ အဖွဲ့ကနေ လူနည်းနည်းကို ရေလောင်းတဲ့အလုပ်ဆီ ကျွန်မတို့ ရွှေ့ပြောင်းချင်ခဲ့ကြတယ်။ အံ့ဩစရာက၊ သူ့ကို ကျွန်မ ပြောလိုက်တာနဲ့ မကြည်မသာပုံစံနဲ့ သူက ပြောတယ်၊ “သူတို့ကို ရွှေ့ပြောင်းချင်ရင်၊ လုပ်လိုက်လေ။ ကျွန်မ ဂရုမစိုက်ဘူး။ ဘာပဲဖြစ်ဖြစ်၊ ကျွန်မအလုပ်ရလဒ်တွေ ကောင်းသွားမှာ မဟုတ်တာတော့ သေချာတယ်”တဲ့။ နောက်ပိုင်းမှာ သူက ပွင့်ပွင့်လင်းလင်း ပြောတယ်။ ရေလောင်းတဲ့အလုပ်ကို ကြီးကြပ်တဲ့ ညီအစ်မနဲ့ သူ့မှာ ပြဿနာတစ်ခုရှိသလို၊ အဲဒါကြောင့် သူတို့ကို သူ မရွှေ့ပြောင်းချင်တာပါတဲ့။ အဲဒီညီအစ်မကြောင့် နောက်ထပ်ပြဿနာ ထပ်ပေါ်လာလို့ သူကောင်းကောင်းမဆက်ဆံခဲ့ရင် သူ့ကို ဘယ်သူမှ အဆိုးဆိုလို့ မရဘူးလို့လည်း ပြောသေးတယ်။ သူ့စကားတွေမှာ ခြိမ်းခြောက်မှုပါတာ ကြားရတော့၊ သူက အဆင်ပြေဖို့ ခက်ရုံသာမက၊ မကောင်းတဲ့ လူ့သဘာဝလည်း ရှိသလို၊ သူ့အလုပ်နဲ့ ပတ်သက်လို့ နောက်ဆက်တွဲ လုပ်ပေးတဲ့အခါ သတိထားရမယ်၊ မဟုတ်ရင် ကျွန်မကို ရမယ်ရှာပြီး ကြည့်မရဖြစ်နေမှာပဲလို့ ခံစားရတယ်။

တစ်ခါ၊ အထက်ခေါင်းဆောင်တစ်ယောက်က ကျွန်မတို့ကို သန့်ရှင်းရေးလုပ်ခိုင်းတယ်၊ အသင်းတော်မှာ မကောင်းမှုလုပ်သူ၊ အန္တိခရစ်တွေ ရှိမရှိဆိုတာ စစ်ဆေး၊ လေ့လာဖို့နဲ့ တစ်ယောက်ယောက် ပေါ်လာခဲ့ရင်၊ အသင်းတော်ကနေ ဖယ်ရှား၊ နှင်ထုတ်ဖို့ပေါ့။ လီလီယန် စိတ်ထဲရောက်လာတယ်။ သူ့ရဲ့ လူ့သဘာဝက မကောင်းသလို၊ သမ္မာတရားကို လက်ခံဖို့ သူ ငြင်းတယ်။ သူ့ဆီ ပြဿနာတွေ ပြောပြတဲ့ ဘယ်သူကိုမဆို သူက အာဃာတထားသလို၊ ကိစ္စတွေကို လိုရာဆွဲ မမှန်မကန်ပြောတယ်၊ အဖြူအမဲ ရှုပ်ထွေးစေပြီး နောက်ကွယ်မှာ အမြင်စောင်းတာတွေ ဖြန့်တယ်လေ။ သူ့ရဲ့ ယေဘုယျ အပြုအမူကို စစ်ဆေးသင့်တယ်လို့ ကျွန်မ တွေးမိတယ်။ ဒါပေမဲ့ နောက်တော့ သူ့အလုပ်ကို ကျွန်မ စစ်ဆေးတာကို အစ်မယန် ကလန်ကဆန် လုပ်ခဲ့ပြီး၊ သူ့ကို ကြောင်းကျိုးမမြင်ဘဲ ကျွန်မ ကိုင်တွယ်ဖြေရှင်းတယ်လို့ နောက်ကွယ်မှာ ပြောခဲ့ပုံကို တွေးမိတယ်။ ဒီတစ်ခါ သူ့အပေါ် အကဲဖြတ်ချက်တွေ သွားစုဆောင်းရင်၊ သူ့အပေါ် လက်စားချေဖို့ အဲဒီအခွင့်အရေးကို ကျွန်မ သုံးနေတယ်လို့ ညီအစ်ကို မောင်နှမတွေက ထင်သွားကြမလား။ အဆင့်အတန်းကို ကျွန်မ အရမ်းချစ်ပြီး၊ ကျွန်မပြဿနာတွေကို ထောက်ပြတဲ့ ဘယ်သူကိုမဆို ဒေါသတကြီး ရမ်းဖို့ အခွင့်အရေးတွေ ရှာတယ်လို့ ကျွန်မတွဲဖက်က ထင်သွားမလား။ အဲဒါဆိုရင် လူတိုင်းက ကျွန်မကို ကြောက်ပြီး ရှောင်ကြမှာဖြစ်သလို၊ ကျွန်မပြဿနာတွေကို သူတို့ ပိုင်းခြားသိမြင်ဖို့ ကြိုးစားပြီး အယောင်ဆောင် ခေါင်းဆောင်လို ကျွန်မကို တိုင်ကြားခဲ့ရင် ပြဿနာကြီးကြီး ဖြစ်မှာပဲလို့ပေါ့။ ထားလိုက်ပါတော့လို့ တွက်ဆမိတယ်။ သူ့ပြဿနာတွေကို သူများတွေ့ပြီးတော့မှပဲ ကျွန်မ ဖြေရှင်းလို့ရတာပဲ။ မဟုတ်ရင် ကိုယ်က ဒီအကြောင်း အရင်ဆုံး ပြောတဲ့သူဖြစ်ခဲ့ရင်၊ အထင်လွဲသွားနိုင်တယ်လေ။ ဒါကြောင့် အဲဒီပြဿနာကို မတင်ပြတော့ဘူး။ မကြာခင်မှာ၊ လီလီယန်ရဲ့ လူ့သဘာဝက မကောင်းဘူးလို့ မာယာက ပြောပြီး သူ့အပြုအမူကို စစ်ဆေးကြည့်ချင်ခဲ့တယ်။ သူအဲဒီလိုပြောတော့ ဝမ်းလည်းသာမိသလို၊ နည်းနည်း အပြစ်တင်စိတ်လည်း ရှိတယ်။ လီလီယန်အကြောင်းကို ကျွန်မ သိပြီးသားပဲ၊ သူ့အပြုအမူကို ချက်ချင်း စုံစမ်းခဲ့သင့်ပေမဲ့၊ သူ့ကို ဒေါသတကြီးရမ်းသလိုမျိုး တခြားလူတွေက အထင်လွဲမှာစိုးလို့ ဘာတစ်ခုမှ ကျွန်မ မပြောခဲ့ဘူးလေ။ အသင်းတော်အလုပ်ကို ကျွန်မ ကာကွယ်မနေခဲ့ဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ တခြားတစ်ယောက်က တစ်ခုခု ပြောလိုက်ပြီဖြစ်လို့၊ ကျွန်မ စိုးရိမ်စရာ မလိုတော့ဘူး။ လီလီယန်အပေါ် အကဲဖြတ်ချက်တွေ စုဆောင်ပြီးတဲ့နောက်မှာ၊ အဲဒါတွေကို ရေးတဲ့သူအများစုက သူ့ကို သိပ်မသိကြသလို၊ ရေးပေးကြတဲ့ အချက်အလက်က အရမ်းနည်းတာကို ကျွန်မတို့ တွေ့ရတယ်။ သူ့ပြဿနာတွေကို သတိထားမိတဲ့သူ နည်းနည်းပဲ ရှိတယ်။ ဒီအခြေအနေတွေအောက်မှာ လုပ်ဖို့ မှန်ကန်တဲ့အရာက သူနဲ့ ရေရှည် ဆက်ဆံခဲ့ကြတဲ့ လူတွေကို လိုက်ရှာဖို့ဖြစ်မှန်း ကျွန်မ သိခဲ့ပေမဲ့၊ သူ့ကို ကျွန်မ ပစ်မှတ်ထားနေတယ်၊ ကိုယ်ရေးကိုယ်တာ လက်စားချေဖို့ အဲဒါကို သုံးနေတယ်လို့ တခြားလူတွေ ပြောမှာ ပူပန်မိတာကြောင့် ဘာကိုမှ ကျွန်မ မပြောချင်ခဲ့ဘူး။ အဲဒီအချိန်မှာပဲ ကိစ္စတွေ ဘယ်လိုရှိလဲ ဆိုတာကို ဆက်စောင့်ကြည့်သင့်တယ်လို့ မာယာက ပြောခဲ့ပြီး၊ ကျွန်မ နောက်ထပ်ဘာမှ မပြောတော့ဘူး။

နောက်ပိုင်းမှာ လီလီယန်ကို တခြား ညီအစ်ကို မောင်နှမတွေက အကြံတွေ ပေးခဲ့ကြပြီး အဲဒါတွေကို သူ လက်မခံခဲ့ရုံမက သူတို့အပေါ် မမှန်ကန်တဲ့ တန်ပြန်စွပ်စွဲတာတွေ လုပ်ခဲ့မှန်း သိလိုက်ရတယ်။ တစ်ခါ ရေလောင်းသူတစ်ယောက်က လီလီယန်ကို တုံ့ပြန်ချက်တချို့ ပေးတယ်၊ ဧဝံဂေလိ အမှုဆောင်တွေ တရားဟောတဲ့ လူတချို့မှာ မကောင်းတဲ့ လူ့သဘာဝရှိပြီး စည်းမျဉ်းတွေနဲ့ မကိုက်ဘူးလို့ပေါ့။ ဒါကို လီလီယန်က လက်ခံဖို့ ငြင်းခဲ့ရုံမက၊ သူ့အမြင်စောင်းမှုနဲ့ မကျေနပ်ချက်တွေကို ဧဝံဂေလိဝေမျှတဲ့ မောင်နှမတွေရှေ့မှာ ထုတ်ပြောလိုက်တယ်။ သူတို့အားလုံးက ကိုယ့်တာဝန်မှာ စည်းမျဉ်းတွေကို လိုက်လျှောက်နေခဲ့ကြပေမဲ့ သူတို့ကြိုးစားပမ်းစား ပြောင်းထားတဲ့သူတွေဟာ ရေလောင်းသူတွေက သမ္မာတရားကို ရှင်းလင်းအောင် မိတ်သဟာယမပြုပေးလို့ ယုံကြည်သူအသစ် တချို့ ကောလာဟလတွေနဲ့ လှည့်စားခံရပြီး ထွက်ကုန်တယ်တဲ့။ စုဝေးပွဲတစ်ခုမှာ၊ ဒီပြဿနာရဲ့ အဖြစ်အနှစ်ကို လီလီယန်ရဲ့ အပြုအမူကို ပစ်မှတ်ထားပြီး မာယာနဲ့ ကျွန်မက မိတ်သဟာယပြုခဲ့ကြတယ်။ အဲဒီနောက်မှာ ကျွန်မတို့ နောက်ထပ် အကြိမ်တော်တော် များများ သူနဲ့ မိတ်သဟာယပြုခဲ့တယ်။ သူ ကိုယ့်ကိုယ်ကိုယ် သုံးသပ်မယ်လို့ ကျွန်မထင်ခဲ့ပေမဲ့၊ သူက တုပ်တုပ်မလှုပ်သလို၊ ရေလောင်းသူတွေပေါ် အမြင်စောင်းတာတွေ ဆက်ဝေမျှနေခဲ့တယ်။ သူက စိတ်ပျက်အားလျော့နေပြီး သူ့အလုပ်ကို ဘယ်လိုလုပ်လို့ရနိုင်မယ်မှန်း မသိဘူးတဲ့။ စိတ်ဝမ်းကွဲအောင် သွေးထိုးပေးလို့ တချို့ ညီအစ်ကို မောင်နှမတွေက အချင်းချင်း မကျေမနပ်ပြောနေကြပြီး၊ အတွဲညီတဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခုမှ မရှိတော့ဘူး။ လီလီယန်က ကြီးကြပ်ရေးမှူး ဖြစ်ဖို့ မကိုက်သလို၊ ချက်ချင်း ထုတ်ပယ်ခံရသင့်မှန်း ကျွန်မ သိခဲ့တယ်။ အမြန် စုံစမ်းပြီး အစကတည်းကနေ သူ့ကို မထုတ်ပယ်ခဲ့တာကို ကျွန်မ တကယ် နောင်တရမိတယ်။ သူ့မှာ မကောင်းတဲ့ လူ့သဘာဝရှိတာ ကျွန်မ သိပေမဲ့၊ အသင်းတော်အလုပ်ကို ဆက်နှောင့်ယှက်ဖို့ နောက်ထပ် အခွင့်အရေး ပေးခဲ့မိတယ်။ ဆိုးဆိုးရွားရွား ကျွန်မ ခံစားရတယ်။ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြီး သိအောင် လမ်းပြဖို့ တောင်းလျှောက်ရင်းနဲ့ ဘုရားဆီ ဆုတောင်းခဲ့တယ်။

ရှာဖွေရာမှာ၊ ဘုရားနှုတ်ကပတ်တော်က ဒီလိုပြောတာ တွေ့ရတယ်။ “လူတို့သည် ၎င်းတို့်တာဝန်အပေါ် တာဝန်ယူမှုမရှိသောအခါ၊ ပေါ့ဆပြီး ဝတ်ကျေတန်းကျေပုံစံဖြင့် လုပ်ဆောင်သောအခါ၊ မည်သူနှင့်မဆို သဘောတူသူ အဖြစ်ပြုမူပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မကာကွယ်သောအခါတွင် ယင်းသည် မည်သည့်စိတ်သဘောထားဖြစ်သနည်း။ ဤသည်မှာ ဉာဏ်များခြင်းဖြစ်သည်။ စာတန်၏ စိတ်သဘောထားဖြစ်သည်။ အသက်ရှင်သန်ဖို့အတွက် လူသား၏ အတွေးအခေါ်များထဲတွင် အပေါ်လွင်ဆုံးဖြစ်သောအချက်သည် ဉာဏ်နီဉာဏ်နက်များခြင်းပင်ဖြစ်၏။ လူတို့သည် ၎င်းတို့ဉာဏ်နီဉာဏ်နက်မများလျှင် သူတို့ကိုယ်သူတို့ ကာကွယ်နိုင်မည်မဟုတ်ဘဲ အခြားသူများအား စိတ်မကျေမနပ်ဖြစ်စေတတ်သောသူဖြစ်မည်ဟု တွေးထင်ကြ၏။ ၎င်းတို့သည် မည်သူ့ကိုမှ မနာကျင်စေဘဲ သို့မဟုတ် စိတ်မကျေမနပ်မဖြစ်စေဘဲ အတော်အသင့် ဉာဏ်နီဉာဏ်နက်များရမည်၊ ထိုသို့အားဖြင့် သူတို့ကိုယ်သူတို့ လုံခြုံအောင် ထိန်းသိမ်းကြကာ သူတို့၏ အသက်မွေးဝမ်းကျောင်းအား ကာကွယ်ကြပြီး လူထုကြားတွင် ခိုင်ခံ့သောအခြေကုပ် ရယူနိုင်ကြသည်ဟု သူတို့ထင်မှတ်ကြ၏။ မယုံကြည်သူများအားလုံးက စာတန်၏ အတွေးအခေါ်ဖြင့် အသက်ရှင်ကြသည်။ ၎င်းတို့အားလုံးသည် မှန်ပါ့သမားများဖြစ်ပြီး မည်သူ့ကိုမျှ စိတ်ဆိုးအောင် မပြုလုပ်ကြပေ။ သင်သည် ဘုရားအိမ်တော်သို့ လာသည်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်သည်။ ဘုရားအိမ်တော်၏ တရားဒေသနာများကို နားထောင်သည်။ ဤသို့ဆိုလျှင် သင်သည် အဘယ်ကြောင့် အစဉ်သဖြင့် မှန်ပါ့သမား လုပ်နေရသနည်း။ မှန်ပါ့သမားများသည် ၎င်းတို့၏ အကျိုးစီးပွားကိုသာ ကာကွယ်သည်။ အသင်းတော်၏ အကျိုးစီးပွားကို မကာကွယ်ပေ။ တစ်ယောက်ယောက်က မကောင်းမှုပြုလုပ်ပြီး အသင်းတော်၏ အကျိုးစီးပွားအား ထိခိုက်နစ်နာစေသည်ကို ၎င်းတို့မြင်သောအခါ လျစ်လျူရှုကြသည်။ ၎င်းတို့သည် မှန်ပါ့သမားများ ဖြစ်လိုကြသည်။ မည်သူ့ကိုမျှ စိတ်ဆိုးအောင်မပြုပေ။ ဤသည်မှာ တာဝန်မသိတတ်ခြင်းဖြစ်သည်။ ဤသို့သော လူစားမျိုးသည် ဉာဏ်များလွန်းပြီး မယုံကြည်ထိုက်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူတစ်ယောက်၏စိတ်သဘောထားကိုသိခြင်းသည် ၎င်းပြောင်းလဲခြင်း၏ အခြေခံအုတ်မြစ်ဖြစ်၏) ဘုရားနှုတ်ကပတ်တော် ထုတ်ဖော်ပြခြင်းကနေ နားလည်သွားတယ်။ လီလီယန်ကို မကျေမနပ်ဖြစ်စေမှာ စိုးလို့၊ ကျွန်မရဲ့ ပုံရိပ်နဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့ အားထုတ်ရာမှာ၊ အသင်းတော်အလုပ်ကို သူ နှောင့်ယှက်နေတာ တွေ့တော့ ခုခံဖို့ ရင်မဆိုင်ခဲ့ဘူး။ အဲဒီအစား သိလျက်နဲ့ မသိကျိုးကျွန်ပြုပြီး လူ့အကြိုက်လိုက်သူတစ်ယောက် ဖြစ်ခဲ့တယ်။ အဲဒါက တာဝန်မဲ့တဲ့၊ ဉာဏ်များတဲ့ အပြုအမူပဲ။ မယုံကြည်သူတွေက ကိုယ်ကျိုးစီးပွားတွေကို ကာကွယ်နိုင်အောင် ဆိုးယုတ်တဲ့ အတွေးအခေါ်တွေနဲ့ အသက်ရှင်ကြတယ်။ စကားပြောနေချိန်မှာ တခြားလူတွေကို သေချာ စောင့်ကြည့်ပြီး၊ အရိပ်အကဲ ကြည့်ကြတယ်။ တကယ်ကို ကောက်ကျစ်ကြတာ။ ကိုယ့်တာဝန်မှာ၊ မယုံကြည်သူလို သဘောထား ကျွန်မရှိခဲ့တာပဲ။ လီလီယန်ဟာ လူ့သဘာဝ မကောင်းသလို အသင်းတော်အလုပ်မှာ အနှောင့်အယှက် ဖြစ်လာပြီးသားဆိုတာကို အသေအချာ မြင်ခဲ့တယ်။ သူ အထုတ်ခံရခဲ့သင့်တာ။ ဒါပေမဲ့ ကျွန်မက သူ့ကို ကြိမ်းမောင်းပြီး လက်စားချေနေတယ်လို့ တခြားလူတွေကို ကျွန်မ မထင်စေချင်လို့၊ သံသယဖြစ်စေနိုင်မဲ့ ဘယ်အရာကိုမှ လုပ်ဖို့ မကြိုးစားခြင်းအားဖြင့် ပြဿနာကို ကျွန်မ ရှောင်ရှားပြီး လီလီယန်ကို ကိုင်တွယ်တာ ဆိုင်းထားခဲ့တယ်။ သူ့အပေါ် ညီအစ်ကို မောင်နှမတွေက ချင့်ချိန်နိုင်စွမ်း ရှိတဲ့အထိ စောင့်ချင်ခဲ့တယ်။ ကိုယ့်ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ချင်လျက်နဲ့၊ သူက အသင်းတော် အလုပ်ကို နှောင့်ယှက်နေမှန်း သိတာတောင် အသင်းတော်ရဲ့ အကျိုးစီးပွားကို ထိခိုက်နစ်နာစေပြီး၊ စည်းမျဉ်းတွေ မလိုက်လျှောက်ဖို့၊ သူ့ကိုမဖော်ထုတ်၊ မကိုင်တွယ်ဖို့ကိုပဲ ပိုနှစ်သက်တုန်းပါပဲ။ ကျွန်မ တကယ်ကို ကောက်ကျစ်၊ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာဖြစ်ခဲ့တာပါ။ ဒီအတွေးနဲ့ ကျွန်မ တကယ်ကို နောင်တရပြီး အပြစ်ရှိတဲ့ စိတ်ခံစားရတယ်။ သိလျက်နဲ့ မသိကျိုးကျွန်ပြုပြီး ကိစ္စတွေကို ဆက်လုပ်လို့ မဖြစ်ဘဲ၊ လီလီယန်ရဲ့ ပြဿနာတွေကို စည်မျဉ်းအတိုင်း ကိုင်တွယ်ရမယ်မှန်း ကျွန် မသိခဲ့တယ်။ ကိုယ်ကျိုးစီးပွားကို ကျွန်မ ဆက်ကာကွယ်နေလို့ မဖြစ်ဘူး။

အဲဒီနောက်မှာ မာယာနဲ့ ကျွန်မက လီလီယန်ကို သွားစကားပြောတယ်။ ကိစ္စတွေကို သူ မလိမ့်တစ်ပတ်လုပ်ခဲ့ပြီး ညီအစ်ကို မောင်နှမတွေကြားက ဆက်ဆံရေးတွေကို တမင်ဖျက်ဆီး၊ ထိခိုက်စေရင်းနဲ့ တခြားလူတွေအကြောင်း မလိုမုန်းထားမှုတွေကို ဖြန့်ဝေပုံနဲ့ အသင်းတော်အလုပ်အတွက် သူက အနှောင့်အယှက် ဖြစ်လာခဲ့ပြီဆိုတာကို ဖော်ထုတ်ရင်းနဲ့ပေါ့။ အဲဒါကို သူ လုံးဝ လက်မခံဘဲ၊ ကျွန်မတို့ကို ဒေါသတကြီး ပြန်ရမ်းတော့ ကျွန်မ အံ့ဩမိတယ်။ သူက ဒေါကန်ပြီး ပြောတယ်၊ “ပြဿနာတွေကို ရှင်တို့ကို ကျွန်မ ဝေမျှပြီး၊ ရှင်တို့က မဖြေရှင်းပေးရုံမက၊ ကျွန်မကို အပြစ်မရှိ အပြစ်ရှာကြတယ်။ ရှင်တို့ ဘာလက်တွေ့အလုပ်မှ လုံးဝ မလုပ်တာကို ကျွန်မ မြင်လို့ရတယ်”တဲ့။ ကိုယ့်ကိုယ်ကိုယ် သိစိတ်လုံးဝမရှိဘဲ သူမောက်မာလွန်းနေပုံကို မြင်တော့၊ သူ့စကားတွေနဲ့ လုပ်ရပ်တွေရဲ့ သဘာဝနဲ့ အကျိုးဆက်တွေကို ဆီလျော်တဲ့ ဘုရားနှုတ်ကပတ်တော်တွေနဲ့ ကျွန်မ စိတ်ဖြာဆွေးနွေးခဲ့ပေမဲ့၊ ဘာပြောပြော လက်မခံဘဲ ကျိုးကြောင်းပြငြင်းခုံရင်း စကားကပ်ပြောနေခဲ့တယ်။

နောက်ပိုင်းမှာ လီလီယန်ရဲ့ အနှစ်သာရကို နားလည်စေတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ကျွန်မ ဖတ်ရတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “အသင်းတော်၏ အလုပ်နှင့် အသက်တာကို မကြာခဏ နှောင့်ယှက်သောသူ၊ ဘုရားသခင်ရွေးချယ်ထားသောလူတို့၏ အသက်ဝင်ရောက်မှုကို ပြင်းပြင်းထန်ထန် ဝင်ရောက်စွက်ဖက်သူ အားလုံးသည် အသင်းတော်မှ ရှင်းလင်းပစ်ရမည့် မယုံကြည်သူများနှင့် ဆိုးယုတ်သောလူများ ဖြစ်သည်။ ၎င်းတို့သည် မည်သူဖြစ်စေ၊ ယခင်က မည်သို့ပြုမူခဲ့သည်ဖြစ်စေ အသင်းတော်၏ အလုပ်နှင့် အသက်တာကို မကြာခဏနှောင့်ယှက်လျှင်၊ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းကို လက်မခံသကဲ့သို့၊ ၎င်းတို့ကိုယ်တိုင်၏ မမူမှန်သော တွေးခေါ်မှုစနစ်ကို အစဉ်သဖြင့် ပြောဆိုလျှင် ၎င်းတို့ကို ရှင်းလင်းပစ်ရမည်။ ဤသည်မှာ အသင်းတော်၏အလုပ် ပုံမှန် တိုးတက်စေရန်၊ ဘုရားသခင်ရွေးချယ်ထားသော လူတို့၏ အကျိုးစီးပွားများကို ကာကွယ်ရန် သက်သက် လုပ်ဆောင်ခြင်းဖြစ်သည်။ ယင်းမှာ သမ္မာတရား စည်းမျဉ်းများနှင့် ဘုရားသခင်၏ အလိုတော်နှင့် လုံးဝ ကိုက်ညီသည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ)ကြမ်းတမ်းသော စိတ်သဘောထားရှိသူတို့သည် မည်သည့်အမှားများကို ပြုလုပ်ပြီးဖြစ်စေ၊ သို့မဟုတ် မည်သည့်မကောင်းသောအရာများကို လုပ်ဆောင်ပြီးဖြစ်စေ၊ ၎င်းတို့သည် သူတစ်ပါးတို့ကို ၎င်းတို့အား ဖော်ထုတ်ခွင့်ပြုမည်မဟုတ်ပေ။ တစ်စုံတစ်ယောက်က ၎င်းတို့အား ဖော်ထုတ်ပြီး စိတ်ဆိုးစေလျှင် ၎င်းတို့သည် ဒေါသထွက်လိမ့်မည်။ လက်တုံ့ပြန်လိမ့်မည်။ ဤပြဿနာကို မည်သည့်အခါမျှ လွတ်ချမည်မဟုတ်ပေ။ ၎င်းတို့သည် အခြားလူများအပေါ် စိတ်ရှည်ခြင်း၊ သည်းခံခြင်းမရှိပေ။ လိုက်လျောခြင်းမရှိပေ။ ၎င်းတို့၏ အပြုအမူသည် မည်သည့်စည်းမျဉ်းကို အခြေခံသနည်း။ ‘ကောင်းကင်အောက်မှာရှိနေတဲ့သူတွေကို သူတို့ထဲက တစ်ယောက်က ငါ့ကို စိတ်ဆိုးအောင်လုပ်မယ့်အစား သူတို့အားလုံးကိုပဲ ငါစိတ်ဆိုးအောင်လုပ်မယ်။’ တစ်နည်းအားဖြင့်ဆိုလျှင် မည်သူဆိုက ၎င်းတို့ကို စိတ်ဆိုးအောင်လုပ်ခြင်းကို ၎င်းတို့က သည်းမခံပေ။ ဤသည်မှာ ဆိုးယုတ်သောလူတို့၏ တွေးခေါ်ပုံမဟုတ်လော။ ဤသည်မှာ အတိအကျပင် ဆိုးယုတ်သောလူများ၏ တွေးခေါ်ပုံဖြစ်သည်။ မည်သူ့ကိုမျှ ၎င်းတို့ကို စိတ်မကျေမနပ်ဖြစ်အောင် လုပ်ခွင့်မပေးပေ။ ၎င်းတို့အတွက် မည်သူမဆိုက ၎င်းတို့ကို အနည်းငယ်မျှပင် ထိခြင်းသည် လက်မခံနိုင်ဖွယ်ဖြစ်သည်။ ဤသို့ပြုလုပ်သောသူ မည်သူကိုမဆို ၎င်းတို့က မုန်းတီးသည်။ ၎င်းတို့သည် ထိုသူနောက်သို့ လိုက်နေမည်ဖြစ်ပြီး ဤကိစ္စကို လုံးဝ လက်လွတ်မည်မဟုတ်ပေ။ ဤသည်မှာ ဆိုးယုတ်သောလူများ၏ ပုံစံဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) ဆိုးယုတ်တဲ့ လူတွေမှာ ကြမ်းတမ်းတဲ့ စိတ်သဘောထားရှိပြီး သမ္မာတရားကို နည်းနည်းမှ လက်ခံမှာ မဟုတ်မှန်း ဘုရားနှုတ်ကပတ်တော်ကနေ တွေ့ရတယ်။ သူတို့ပြဿနာတွေကို ဖော်ထုတ်၊ ထောက်ပြသူ ဘယ်သူကိုမဆို သူတို့ အမုန်းပွားကြပြီးတော့၊ ရန်သူလိုမြင်သလို၊ ဒေါသတကြီး ပြန်ရမ်းပြီး လက်စားချေနိုင်တယ်။ ဒီနှုတ်ကပတ်တော်ကို လီလီယန်ရဲ့လုပ်ရပ်နဲ့ ယှဉ်တွေးမိတယ်။ သူက ကိုယ့်ကိုယ်ကိုယ် လုံးဝ မသုံးသပ်ဘူး၊ ပြဿနာတွေကို ရင်ဆိုင်ရာမှာ သူ့ကိုယ်သူ မလေ့လာသလို၊ သူ့ကို အကြံပေးတဲ့သူ ဘယ်သူကိုမဆို ရန်သူလိုမြင်ပြီး မုန်းတယ်။ အမှန်တရားကို မလိမ့်တစ်ပတ်လုပ်၊ အဖြူအမဲကို ရှုပ်ထွေးစေတယ်၊ တခြားလူတွေနဲ့ ပတ်သက်လို့ သူ့ရဲ့ မလိုမုန်းထားမှုတွေ၊ မကျေနပ်ချက်တွေကို အကြိမ်ကြိမ် ဖြန့်တယ်၊ ညီအစ်ကို မောင်နှမတွေရဲ့ ဆက်ဆံရေးမှာ ပြဿနာတွေ လှုံ့ဆော်တယ်။ ဒါက သူတို့ကို လက်တွဲညီညီ အတူ အလုပ်မလုပ်စေနိုင်ခဲ့သလို၊ ဧဝံဂေလိအလုပ်ကို နှောင့်ယှက်၊ ဟန့်တားခဲ့တယ်။ တခြားလူတွေက သူ့ကို ထောက်ပြချက်တွေ ပေးပြီး အကြိမ်အတော်များများ ကူညီခဲ့ပေမဲ့၊ လက်မခံခဲ့ဘူး။ သူတို့အပေါ် ရန်လိုလာပြီး မမှန်တဲ့ တန်ပြန်စွပ်စွဲချက်တွေ လုပ်ခဲ့တယ်၊ နောင်တတစ်စက်မှမရှိဘဲ လုပ်ခဲ့တာ။ သမ္မာတရားကို မုန်းပြီး သဘာဝအရ ငြီးငွေ့တယ်။ မကောင်းတဲ့လူအဖြစ် သူ ပေါ်သွားခဲ့ပြီဖြစ်သလို၊ အသင်းတော်မှာ သူ့ကို ကျွန်မတို့ ဆက်နေခွင့်ပေးရင်၊ အသင်းတော်အလုပ်ကို ဒုက္ခပိုရောက်စေရုံပဲ ဖြစ်မှာ။ ဒါကြောင့် လီလီယန်ရဲ့ အပြုအမူအပေါ် ကျွန်မတို့ရဲ့ ပိုင်းခြားသိမြင်မှုကို မာယာနဲ့ ကျွန်မက စည်းမျဉ်းတွေအတိုင်း မိတ်သဟာယပြုခဲ့ပြီး၊ မဲပေးမှုကတစ်ဆင့် ညီအစ်ကို မောင်နှမတွေရဲ့ ထောက်ခံမှုရပြီးတဲ့နောက်မှာ သူ့ကို ထုတ်ပယ်လိုက်တယ်။ သီးခြားနေပြီး ကိုယ့်ကိုယ်ကိုယ်သုံးသပ်ဖို့ သတ်မှတ်ပေးပြီး နောက်ထပ် နှောင့်ယှက်တာတွေဖြစ်ရင် သူ့ကို နှင်ထုတ်တော့မှာ။

နောက်ပိုင်းမှာ၊ လီလီယန်နဲ့ အလုပ်လုပ်တာ တကယ် စိတ်ကျဉ်းကျပ်ရတယ်လို့ ညီအစ်ကို မောင်နှမတချို့က တစ်ယောက်ပြီးတစ်ယောက် ပြောကြတယ်။ လူတွေကို သူ အမြဲ ပိုင်စိုးပိုင်နင်း ဆူနေခဲ့သလို၊ သူ့ကို ကြောက်တဲ့သူ အများကြီးရှိခဲ့တယ်။ သူတို့အလုပ်ကို သူ လာစစ်ဆေးတဲ့အခါ၊ တစ်ခုခုကို ကောင်းကောင်း မရှင်းပြရင် သူဆူမှာစိုးလို့ လူတိုင်းက ကြိုတင် ပြင်ဆင်ကြတယ်။ ကျွန်မ တကယ်ကို မသက်မသာဖြစ်မိတယ်။ ညီအစ်ကို မောင်နှမတွေကို အရမ်းထိခိုက်စေရင်းနဲ့ လီလီယန်က မကောင်းမှု အများကြီး ကျူးလွန်ခဲ့တာလေ။ ကျွန်မက အသင်းတော်ခေါင်းဆောင်ဖြစ်ပေမဲ့၊ မကောင်းမှုပြုသူတစ်ယောက်ကို သိတဲ့အခါ ကျွန်မ ကိုင်တွယ်ခဲ့သေးဘူး။ ဒါဆို ကျွန်မက လက်တွေ့ကျတဲ့ အထောက်အကူတစ်ခုမှ မပေးခဲ့ဘူးလား။ တကယ့်အလုပ်ကို ကျွန်မ လုပ်မနေခဲ့ဘူး။

တခြား မကောင်းတဲ့ လူတွေနဲ့ အန္တိခရစ်တွေကို ဘာလို့ ကျွန်မ ကောင်းကောင်းမွန်မွန် မကိုင်တွယ်နိုင်ဘဲ၊ ရှောင်ရှားပြီး လီလီယန်ရဲ့ ကိစ္စကို မကိုင်တွယ်ခဲ့တာလဲလို့ ရက်အနည်းငယ်ကြာ သုံးသပ်နေမိတယ်။ ဘုရားနှုတ်ကပတ်တော်တချို့ကို ဖတ်ရတယ်။ “အန္တိခရစ်များသည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အရင်ဦးဆုံး ထည့်စဉ်းစားပြီး အရာအားလုံးကို သေချာစဉ်းစားတွေးတောပြီးမှသာ ဆောင်ရွက်ကြသည်။ ၎င်းတို့သည် ညှိနှိုင်းခြင်းမရှိဘဲ သမ္မာတရားကို မှန်ကန်စွာ၊ ရိုးသားစစ်မှန်စွာ၊ အပြည့်အဝ လိုက်နာခြင်းမရှိဘဲ စိစိစစ်စစ်ရှိစွာနှင့် အခြေအနေပေါ်မူတည်၍ ဆောင်ရွက်ကြသည်။ ဤသည်မှာ မည်သည့်အခြေအနေဖြစ်သနည်း။ ဤသည်မှာ ၎င်းတို့၏ ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းကို အကာအကွယ်ပေးရမည်ဖြစ်ပြီး၊ မည်သည့်ဆုံးရှုံးမှုကိုမျှ မခံရစေခြင်းဖြစ်သည်။ ဤအခြေအနေနှင့် ကိုက်ညီပြီးမှသာ ၎င်းတို့သည် မည်သည့်အရာလုပ်ဆောင်ရမည်ကို ဆုံးဖြတ်ပြီး ရွေးချယ်သည်။ ဆိုလိုသည်မှာ အန္တိခရစ်တို့သည် သမ္မာတရားစည်းမျဉ်းများ၊ ဘုရားသခင်၏ စေခိုင်းချက်များနှင့် ဘုရားအိမ်တော်၏ အလုပ်၊ သို့မဟုတ် ၎င်းတို့ရင်ဆိုင်ရသည့်အရာများကို မည်သို့ကိုင်တွယ်ရမည်ဆိုသည်ကို အလေးအနက် စဉ်းစားကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို မည်သို့ဖြည့်ဆည်းရမည်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်ခြင်းမှ မည်သို့ထိန်းသိမ်းကာကွယ်ရမည်၊ ဘုရားသခင်ကို မည်သို့ ကျေနပ်စေရမည်၊ သို့မဟုတ် ညီအစ်ကိုမောင်နှမတို့အား မည်သို့ အကျိုးဖြစ်စေရမည်တို့ကို မစဉ်းစားပေ။ ဤအရာတို့သည် ၎င်းတို့ ထည့်စဉ်းစားသည့် အရာများမဟုတ်ပေ။ အန္တိခရစ်များသည် မည်သည့်အရာကို ထည့်စဉ်းစားသနည်း။ ၎င်းတို့၏ ကိုယ်ပိုင် အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့ ထိခိုက်ခြင်းရှိမရှိနှင့် ၎င်းတို့၏ ဂုဏ်သိက္ခာ နိမ့်ကျခြင်းရှိမရှိတို့ဖြစ်သည်။ သမ္မာတရားစည်းမျဉ်းများအတိုင်း တစ်စုံတစ်ခုကို လုပ်ဆောင်ခြင်းသည် အသင်းတော်အလုပ်နှင့် ညီအစ်ကိုမောင်နှမများအတွက် အကျိုးရှိစေသော်လည်း ၎င်းတို့၏ ဂုဏ်သတင်းကို ထိခိုက်စေပြီး လူများစွာတို့အား ၎င်းတို့၏ တကယ့် ဝိညာဉ်ရင့်ကျက်မှုကို နားလည်သဘောပေါက်မိစေပြီး ၎င်းတို့တွင် မည်သည့်သဘာဝနှင့် အနှစ်သာရမျိုး ရှိသည်ကိုသိစေလျှင် ၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများအရ သေချာပေါက် လုပ်ဆောင်မည်မဟုတ်ပေ။ လက်တွေ့အလုပ်ကို လုပ်ဆောင်ခြင်းသည် ၎င်းတို့ကို လူများက ပို၍ အထင်ကြီးစေလျှင် လေးစားစေလျှင်၊ အားကျစေလျှင်၊ သို့မဟုတ် ၎င်းတို့၏ စကားများအား သြဇာအာဏာကို သယ်ဆောင်စေပြီး ပိုများသော လူတို့အား ၎င်းတို့ကို နာခံကြစေလျှင် ထိုနည်းအတိုင်းလုပ်ဆောင်ရန် ရွေးချယ်ကြလိမ့်မည်။ ဤသို့မဟုတ်လျှင် ၎င်းတို့သည် ဘုရားအိမ်တော်၊ သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားခြင်းကြောင့် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို လျစ်လျူရှုရန် ရွေးချယ်ခြင်းကို မည်သည့်အခါမျှ ပြုလုပ်လိမ့်မည်မဟုတ်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ သဘာဝနှင့် အနှစ်သာရဖြစ်သည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) “တစ်စုံတစ်ဦးက ၎င်းသည် သမ္မာတရားကို ချစ်ကြောင်းနှင့် ၎င်းသည် သမ္မာတရားကို လိုက်စားကြောင်း ပြောသော်လည်း၊ အနှစ်သာရအားဖြင့် ၎င်းတို့လိုက်စားသည့် ပန်းတိုင်သည် ဂုဏ်အဆင့်အတန်း ရဖို့၊ မိမိကိုယ်ကို ထင်ပေါ်ဂုဏ်တက်စေဖို့၊ ကြွားဝါဖို့၊ လူများက ၎င်းကို အထင်ကြီးစေဖို့၊ မိမိ၏တစ်ကိုယ်ရေ အကျိုးစီးပွားကို ရရှိဖို့ဖြစ်ပြီး ၎င်း၏တာဝန်ကို ထမ်းဆောင်ခြင်းသည် ဘုရားသခင်ကို နာခံဖို့ဖြစ်စေ၊ စိတ်ကျေနပ်စေဖို့ဖြစ်စေ မဟုတ်ဘဲ၊ ထိုအစား ဂုဏ်သိက္ခာနှင့် ဂုဏ်အဆင့်အတန်းကို ရရှိဖို့ ဖြစ်ပါက ၎င်း၏လိုက်စားမှုသည် လျော်ကန်ခြင်းမရှိပေ။ ထိုသို့ဖြစ်၍ အသင်းတော်၏အလုပ်နှင့်ပတ်သက်ပါက ၎င်းတို့ ၏ လုပ်ရပ်များသည် အဟန့်အတားတစ်ခုဖြစ်သလော၊ သို့မဟုတ် ၎င်းတို့သည် ရှေ့ဆက်တိုးတက်ဖို့ ကူညီပေးသလော။ ၎င်းတို့သည် အဟန့်အတားဖြစ်သည်မှာ သိသာထင်ရှားပေသည်။ ၎င်းတို့သည် ရှေ့ဆက်တိုးတက်အောင် မလုပ်ပေ။ အသင်းတော်၏ အလုပ်ကို လုပ်ဆောင်သည့် အောင်လံတံခွန် လွှင့်သော်လည်း မိမိတို့၏ကိုယ်ပိုင် သိက္ခာနှင့် ဂုဏ်အဆင့်အတန်းကို လိုက်စားကာ၊ မိမိတို့၏ကိုယ်ပိုင် လုပ်ငန်းကို လုပ်ဆောင်ပြီး၊ မိမိတို့၏ကိုယ်ပိုင် အုပ်စုလေး၊ မိမိတို့၏ကိုယ်ပိုင် နိုင်ငံလေးကို ဖန်တီးသူအချို့— ဤလူအမျိုးအစားသည် မိမိ၏တာဝန်ကို ထမ်းဆောင်နေခြင်းလော။ ၎င်းတို့ လုပ်သမျှ အလုပ်အားလုံးသည် အသင်းတော်၏အလုပ်ကို အထူးသဖြင့် အဆက်ပြတ်စေကာ၊ နှောင့်ယှက်ပြီး၊ ထိခိုက်စေသည်။ အဆင့်အတန်းနှင့် သိက္ခာတို့ကို ၎င်းတို့ လိုက်စားခြင်း၏ အကျိုးဆက်မှာ အဘယ်နည်း။ ပထမဦးစွာ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောသူများက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ပုံနှင့် သမ္မာတရားကို နားလည်ပုံကို ထိခိုက်သည်။ ၎င်းတို့၏ အသက်ဝင်ရောက်မှုကို တားဆီးသည်။ ယင်းက ၎င်းတို့အား ဘုရားသခင်ကို ယုံကြည်ခြင်း၌ မှန်ကန်သော လမ်းကြောင်းသို့ ဝင်ရောက်ခြင်းမှ တားဆီးပြီး လမ်းမှားသို့ ဆိုက်ရောက်စေသည်— ယင်းသည် ရွေးချယ်ခံရသူများကို ဘေးဖြစ်စေပြီး ၎င်းတို့အား ပျက်စီးစေသည်။ ပြီးလျှင် ယင်းက အဆုံးတွင် အသင်းတော်၏ အလုပ်ကို အဘယ်အရာ ဖြစ်စေသနည်း။ ဖြိုဖျက်ခြင်း၊ နှောင့်ယှက်ခြင်းနှင့် အဟန့်အတားတို့ ဖြစ်စေသည်။ ဤသည်မှာ လူတို့၏ ကျော်ကြားမှုနှင့် ဂုဏ်အဆင့်အတန်းနောက်သို့ လိုက်ခြင်းမှ ဖြစ်ပေါ်လာသော အကျိုးဆက်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၁)) အန္တိခရစ်တွေက သူတို့လုပ်ရပ်တွေမှာ ကိုယ်ပိုင် နာမည်နဲ့ အဆင့်အတန်းကိုပဲ စဉ်းစားတယ်လို့ ဘုရားနှုတ်ကပတ်တော်က ထုတ်ဖော်ပြတယ်။ သူတို့ ဂုဏ်သတင်း တိုးတက်စေမဲ့ အရာတစ်ခုခု လုပ်လို့ရရင်၊ အန္တိခရစ်တွေက လုပ်ကြမှာပဲ။ စည်းမျဉ်းတွေအတိုင်း လုပ်တာက သူတို့ရဲ့ ဂုဏ်သတင်း၊ အဆင့်အတန်းကို ထိခိုက်နစ်နာစေရင်၊ အန္တိခရစ်တွေက စည်းမျဉ်းတွေကို ဘေးဖယ်ထားမှာဖြစ်ပြီး၊ သူတို့ကိုယ်ပိုင် အကျိုးစီးပွားတွေကို ဘာက ကာကွယ်ပေးမယ်၊ ဘာက သူတို့ကို အကျိုးရှိစေမယ်ဆိုတာပဲ စဉ်းစားကြမှာ။ တကယ် တစ်ကိုယ်ကောင်းဆန်ပြီး ဆိုးယုတ်တာ။ ကျွန်မက အန္တိခရစ်လို ပြုမူနေခဲ့တာပဲ။ လီလီယန်က မကောင်းတဲ့ လူ့သဘာဝမရှိတာ၊ သမ္မာတရား မလိုက်စားတာကို ကျွန်မ သိခဲ့တာ ကြာပြီ။ သူ့ကို အကြံပေးတဲ့သူတိုင်းကို သူ အထင်သေးတယ်၊ အပြစ်ရှာ၊ ဝေဖန်ပြီး တိုက်ခိုက်တယ်။ သူ့ကို ချက်ချင်း မထုတ်ပယ်တာ၊ ကိစ္စတွေကို မဖြေရှင်းတာက အသင်းတော် အလုပ်ကို ဟန့်တားမှာပဲလေ။ ဒါပေမဲ့ သူ ကျွန်မအပေါ် အမြင်စောင်းခဲ့လို့၊ အဲဒီအခြေအနေအောက်မှာ သူ့ကို စုံစမ်းစစ်ဆေးပြီး လေ့လာဖို့၊ သူ့ကို ကျွန်မ အပြစ်ပေးနေသလိုမျိုး တခြားလူတွေ အထင်လွဲမှာ၊ ကျွန်မကို အယောင်‌ဆောင် ခေါင်းဆောင်လို့တောင် ထင်ကြမှာကို စိုးခဲ့တယ်။ ကျွန်မရာထူး ထိခိုက်မှာကို ခံစားခဲ့တယ်။ လီလီယန်ရဲ့ စိတ်သဘောထားကြောင့်၊ ကျွန်မ သူ့ကို ထုတ်လိုက်ရင်၊ သူ ကျွန်မနောက်ကွယ်မှာ ကျွန်မကို ဝေဖန်မှာ၊ ရှုတ်ချ၊ တိုင်ကြားမှာကို ကျွန်မ စိုးရိမ်ပူပန်ခဲ့တယ်။ သူ့ကို ကိုင်တွယ်တာက ကျွန်မကို ထိခိုက်ရုံပဲ ဖြစ်စေမှာ၊ အကူအညီ မဖြစ်နိုင်သလို၊ ကျွန်မရဲ့ ဂုဏ်သတင်းနဲ့ ရာထူးကို အလွယ်တကူ ထိခိုက်နိုင်တယ် ခံစားရလို့ စောင့်ကြည့်တဲ့ သဘောထားကို ခံယူပြီး ကိစ္စတွေကို တာဝန်မယူခဲ့ဘူး။ ဘာလူ့သဘာဝမှမရှိဘဲ၊ ကောက်ကျစ်ပြီး တစ်ကိုယ်ကောင်းဆန်ခဲ့တာ။ အရင်က သန့်ရှင်းရေးအလုပ် အတောအတွင်း ရှင်းထုတ်၊ နှင်ထုတ်သင့်တဲ့ လူတွေကို ကျွန်မ ရှာတွေ့ခဲ့ချိန်မှာ၊ စည်းမျဉ်းအတိုင်း ကျွန်မ ကိုင်တွယ်နိုင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ အဲဒီလူအများစုကို ကျွန်မ မသိခဲ့လို့ပဲ။ အရေးအကြီးဆုံးက၊ ကျွန်မရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို သူတို့က ခြိမ်းခြောက်မှု မပေးခဲ့ကြဘူးလေ။ အသင်းတော်ကနေ သူတို့ကို ရှင်းထုတ်လိုက်ရင်၊ ခေါင်းဆောင်အနေနဲ့ ကျွန်မက သမ္မာတရား နားလည်ပြီး ချင့်ချိန်နိုင်စွမ်းရှိတယ်၊ လက်တွေ့အလုပ် လုပ်နိုင်တယ်လို့ ညီအစ်ကို မောင်နှမတွေက ထင်ကြမှာ။ ဒါပေမဲ့ လီလီယန်ကို ကိုင်တွယ်နေချိန်မှာ၊ ကျွန်မကိုယ်ပိုင် ဂုဏ်သတင်းနဲ့ တိုက်ရိုက် ပတ်သက်တာ မြင်တော့၊ ကိုယ့်ကိုယ်ကျိုးစီးပွားတွေကို ကာကွယ်ဖို့ ကြိုးစားရင်းနဲ့ ကျွန်မက မျက်စိစုံမှိတ် မျက်ကွယ်ပြုသူတစ်ယောက်လို ဖြစ်ခဲ့တယ်။ အရင်က စည်းမျဉ်းတွေကို စွဲမြဲနိုင်ခဲ့တာဟာ ကျွန်မရဲ့ ကိုယ်ကျိုးစီးပွားနဲ့ မပတ်သက်တာ သေချာခဲ့လို့ပါ။ အသင်းတော်အလုပ်ကို ကျွန်မ တကယ် ကောင်းကောင်း လုပ်ချင်ခဲ့လို့ မဟုတ်ဘူး။ ဘုရားနှုတ်ကပတ်တော်ကနေ သဘောပေါက်လိုက်တယ်။ ကိုယ့်ကိုယ်ပိုင် နာမည်နဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ အလုပ်လုပ်တာက အနှစ်သာရအားဖြင့် အသင်းတော်အလုပ်ကို တမင်ဖျက်ဆီး၊ နှောင့်ယှက်နေတာပဲ။ အလုပ်ရဲ့ ပုံမှန် တိုးတက်မှုကို ဟန့်တားနေတာ။ ကိုယ့်ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ချင်တော့၊ မကောင်းတဲ့လူကို ကျွန်မ အမြန်မ မကိုင်တွယ်ခဲ့ဘူး။ အဲဒီပြဿနာရဲ့ သဘောသဘာဝက တကယ် ဆိုးရွားတယ်။ ဖောက်ပြန်ပျက်စီးခြင်း နည်းနည်းလေးပဲ သူ့ဘာသာ ပြနေတာ မဟုတ်ဘဲ၊ မကောင်းမှုလုပ်သူကို လက်သင့်ခံနေတာ၊ အသင်းတော်အလုပ်ကို သူ နှောင့်ယှက်တာကို လိုက်လျောနေတာပဲ။ အဲဒါက စာတန်ရဲ့ လက်ပါးစေအနေနဲ့ ပြုမူနေတာဖြစ်ပြီး မကောင်းမှု လုပ်နေတာပဲ။ ဒီအပိုင်းက အထူးသဖြင့် စိတ်ထိခိုက်စရာပါ။ “ဆိုးယုတ်သော အနှစ်သာရရှိသည်ကို သင် တွေ့ရှိသည်နှင့် တစ်ပြိုင်နက် ကြီးမားသော မကောင်းမှုကို ၎င်းတို့ မလုပ်နိုင်မီတွင် ဆိုးယုတ်သောလူများကို ချုပ်ထိန်းသင့်သည်၊ သို့မဟုတ် ရှင်းလင်းပစ်သင့်သည်။ ဤသို့ဖြင့် ၎င်းတို့ပြုလုပ်သည့် ထိခိုက်မှုကို အနည်းဆုံးဖြစ်စေလိမ့်မည်။ ဤသည်မှာ ဉာဏ်ရှိသော ရွေးချယ်မှုဖြစ်သည်။ ဆိုးယုတ်သောလူတစ်ယောက်ကို ကိုငတွယ်ရန်အတွက် ထိုသူက ဘေးဒုက္ခတစ်မျိုးမျိုးပြုလုပ်ပြီးသည်အထိ ခေါင်းဆောင်များ၊ အမှုဆောင်များက စောင့်နေလျှင် ၎င်းတို့သည် အလွန်ပင် လှုပ်ရှားမှုနည်းလွန်းသည်။ ဤသည်မှာ ခေါင်းဆောင်များ၊ အမှုဆောင်များက အလွန်မိုက်မဲသည်၊ ၎င်းတို့၏ လုပ်ရပ်များအပေါ်တွင် စည်းမျဉ်းမရှိဆိုသည်ကို သက်သေပြလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) ဘုရားနှုတ်ကပတ်တော်တွေကို အချိန်ယူတွေးကြည့်တော့ ဆိုးဆိုးရွားရွားနဲ့ တကယ် အပြစ်ရှိတဲ့ စိတ်ခံစားရတယ်။ ခေါင်းဆောင်အနေနဲ့၊ ကျွန်မတာဝန်က မကောင်းမှုပြုသူတွေရဲ့ ဖိနှိပ်မှုနဲ့ နှောင့်ယှက်မှုကနေ ဘုရားရွေးချယ်ထားသူတွေကို ကာကွယ်ဖို့၊ အသင်းတော် အလုပ်က ကောင်းကောင်းမွန်မွန်နဲ့ စနစ်တကျ ရှေ့ဆက်နိုင်အောင် အသင်းတော်ရဲ့ ကောင်းမွန်တဲ့ အသက်တာကို ကာကွယ်ဖို့ပဲ။ ဒါပေမဲ့ မကောင်းတဲ့ လူတစ်ယောက် အသင်းတော်မှာ ပေါ်လာတော့၊ ကျွန်မ အချိန်ဆွဲပြီး ဘာမှမလုပ်ခဲ့ဘူး။ ခေါင်းဆောင်ရဲ့ တာဝန်တွေကို ကျွန်မ ဖြည့်ဆည်းမနေခဲ့ဘူး။ အဲဒါက လူတွေဟာ မကောင်းမှုပြုသူအားဖြင့် စိတ်ကျဉ်းကျပ်၊ နှောင့်ယှက်ခံရပြီး သူတို့ အသက်တာ ထိခိုက်ခံခဲ့ရတဲ့ သဘောပဲ။ အသင်းတော် အလုပ်လည်း နှောင့်ယှက်ခံခဲ့ရတယ်။ ကျွန်မလုပ်ခဲ့မိတာ ဘုရားအတွက် အရမ်း စက်ဆုပ်စရာပဲ။

ရက်အနည်းငယ်ကြာ ကိစ္စတွေကို ကျွန်မ ဆက်အချိန်ယူ စဉ်းစားနေမိတယ်။ မကောင်းမှုပြုသူတစ်ယောက်က အသင်းတော် အလုပ်ကို နှောင့်ယှက်နေသလို၊ မကောင်းမှုပြုသူတွေကို အမြန်ကိုင်တွယ်တာ စည်းမျဉ်းနဲ့ ညီမှန်း ကျွန်မ ကောင်းကောင်း သိခဲ့တယ်။ ဒီတော့ တခြားလူတွေ အထင်လွဲပြီး သူ့ကို ဒေါသတကြီး ရမ်းနေတယ်လို့ ပြောမှာကို ကျွန်မ ဘာလို့အမြဲ ကြောက်ခဲ့တာလဲ။ လူတစ်ယောက်ကို ဒေါသတကြီး ရမ်းတာက တကယ် ဘာလဲ။ ဒါကို ဘုရားနှုတ်ကပတ်တော်မှာ ဖတ်ရတယ်။ “အန္တိခရစ်များအတွက် အခြားလူများကို နှောင့်ယှက်ပြီး ညှင်းဆဲခြင်းသည် အဖြစ်အများဆုံးသောအရာဖြစ်သည်။ ၎င်းတို့ကို ထင်ရှားစေသည့် ခိုင်လုံသော နည်းလမ်းတစ်ခုဖြစ်သည်။ အန္တိခရစ်များသည် ၎င်းတို့၏အဆင့်အတန်းကို ထိန်းသိမ်းရန်အတွက် အခြားလူများကို ၎င်းတို့အား နာခံပြီး အရေးစိုက်ရန် အစဉ်တောင်းဆိုကြသည်။ တစ်စုံတစ်ယောက်က ၎င်းတို့ကို အရေးမစိုက်သည်ကို၊ သို့မဟုတ် ၎င်းတို့ကို မနှစ်သက်ဘဲ အတိုက်အခံပြုလုပ်သည်ကို တွေ့ရှိလျှင် ထိုသူကို ဖိနှိပ်ပြီး ညှင်းပန်းရန်၊ နှိမ်နင်းရန် ကိုင်တွယ်ဆောင်ရွက်လိမ့်မည်။ အန္တိခရစ်များသည် ၎င်းတို့၏ ထင်မြင်ချက်များနှင့် ကွဲလွဲသူများကို မကြာခဏ ဖိနှိပ်သည်။ သမ္မာတရားကို လိုက်စားပြီး မိမိတို့တာဝန်များကို သစ္စာရှိစွာ ထမ်းဆောင်သူများကို ၎င်းတို့က မကြာခဏ ဖိနှိပ်သည်။ ၎င်းတို့ကို အောက်မကျို့သော၊ သို့မဟုတ် ကပ်ဖားရပ်ဖားမလုပ်သော အတော်အတန် ယဉ်ကျေးဖွယ်ရာရှိပြီး ဖြောင့်မတ်သည့်လူများကို ၎င်းတို့က မကြာခဏ ဖိနှိပ်သည်။ ၎င်းတို့နှင့် အဆင်မပြေသောသူ၊ သို့မဟုတ် အလျော့မပေးသောသူတို့ကို ဖိနှိပ်သည်။ အန္တိခရစ်များသည် အခြားလူများအား သမ္မာတရားစည်းမျဉ်းနှင့် မဆက်ဆံပေ။ လူတို့အား မျှမျှတတ မဆက်ဆံနိုင်ပေ။ ၎င်းတို့သည် တစ်စုံတစ်ယောက်ကို မနှစ်သက်သောအခါ၊ ၎င်းတို့အဖို့ တစ်စုံတစ်ယောက်က ပင်ကိုအားဖြင့် အလျော့မပေးသည့် ပုံစံရှိသောအခါ ထိုလူကို တိုက်ခိုက်ပြီး ညှင်းပန်းရန် အခွင့်အရေးများ၊ ဆင်ခြေများ၊ မဟုတ်မမှန်သော အယောင်ဆောင်မှုများကိုပင် ရှာကြသည်။ ၎င်းတို့ကို ဖိနှိပ်ရန်အတွက် အသင်းတော်အလုပ်လုပ်နေသည်ဆိုသည့် ခေါင်းစဉ်ကိုပင် ယူသည်အထိဖြစ်သည်။ လူတို့က ကျိုးနွံနာခံမှုရှိလာပြီး ၎င်းတို့ကို မငြင်းရဲတော့သည့်အချိန်အထိ ၎င်းတို့က အလျှော့မပေးပေ။ လူတို့က ၎င်းတို့၏ အဆင့်အတန်းနှင့် အာဏာကို အသိအမှတ်မပြုမချင်း၊ ၎င်းတို့ကို ထောက်ခံပြီး နာခံမှုကို ဖော်ပြလျက်၊ ၎င်းတို့နှင့် ပတ်သက်ပြီး မည်သည့်စိတ်ကူးမျှ မရှိဝံ့ဘဲ၊ ၎င်းတို့ကို အပြုံးနှင့် ကြိုဆိုမနှုတ်ဆက်မချင်း၊ ၎င်းတို့က မလျှော့ပေ။ မည်သည့်အခြေအနေ၊ မည်သည့်အဖွဲ့တွင်မဆို ‘တရားမျှတမှု’ ဆိုသည့် စကားသည် သူတစ်ပါးအား အန္တိခရစ်၏ ဆက်ဆံမှုအပေါ် သက်ရောက်ခြင်းမရှိပေ။ ‘ချစ်ခင်ခြင်း’ ဆိုသည့်စကားသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သော ညီအစ်ကိုမောင်နှမများအား ၎င်းတို့၏ ဆက်ဆံမှုအပေါ်သို့ မသက်ရောက်ပေ။ ၎င်းတို့၏ အဆင့်အတန်းကို ခြိမ်းခြောက်မှုရှိသော မည်သူကိုမဆို ၎င်းတို့နံဘေးတွင်ရှိသော ဆူးငြှောင့်တစ်ခုအဖြစ် မှတ်ယူပြီး ထိုသူကို ညှင်းပန်းရန်အတွက် အခွင့်အရေးများ၊ မူမမှန်သော အကြောင်းပြချက်များကို ရှာဖွေလိမ့်မည်။ ၎င်းတို့သည် မနာခံမှုကို ညှင်းပန်းမှုဖြင့် ကြုံတွေ့စေသည်။ ထိုလူ ချိုးနှိမ်ခြင်းမခံရမချင်း မရပ်ပေ။ ၎င်းတို့၏လုပ်ဆောင်မှုသည် သမ္မာတရားစည်းမျဉ်းများနှင့် လုံးဝ မကိုက်ညီဘဲ သမ္မာတရားနှင့် ရန်ဘက်ဖြစ်သည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်းကို ခံသင့်သလော။ ထိုမျှတင်မဟုတ်ဘဲ ၎င်းတို့ကို ဖော်ထုတ်ခြင်း၊ ခွဲခြားသတ်မှတ်ခြင်း၊ စရိုက်လက္ခဏာသတ်မှတ်ခြင်းက အကောင်းဆုံးဖြစ်လိမ့်မည်။ အန္တိခရစ်သည် လူတိုင်းအား ၎င်းတို့၏ ကိုယ်ပိုင်နှစ်သက်မှုများ၊ ကိုယ်ပိုင်ရည်ရွယ်ချက်များနှင့် ပန်းတိုင်များအရ ဆက်ဆံသည်။ ၎င်းတို့၏ ဩဇာအာဏာအောက်တွင် ဖြောင့်မတ်ခြင်းအသိစိတ်ရှိသူ မည်သူမဆို၊ တရားမျှတစွာ ပြောဆိုနိုင်သူ မည်သူမဆို၊ တရားမမျှတမှုကို တိုက်ခိုက်ရဲသူ မည်သူမဆို၊ သမ္မာတရားစည်းမျဉ်းများကို ထိန်းသိမ်းသူ မည်သူမဆို၊ အစစ်အမှန် ပင်ကိုစွမ်းရည်ရှိပြီး ပညာကြီးသူ မည်သူမဆို၊ ဘုရားသခင်အတွက် သက်သေခံချက်ပေးနိုင်သူ မည်သူမဆို၊ ဤသို့သောလူအားလုံးတို့သည် အန္တိခရစ်၏ မနာလိုမှုနှင့် ရင်ဆိုင်ရမည်။ ဖိနှိပ်ခံရမည်။ ဖယ်ကြဉ်ခံရမည်။ အန္တိခရစ်၏ ခြေထောက်အောက်တွင်ပင် နင်းချေခံရမည်။ ဤသည်မှာ အန္တိခရစ်က လူကောင်းများကို၊ သမ္မာတရားကို လိုက်စားသောသူများကို ဆက်ဆံသည့် မုန်းတီးမှုဖြစ်သည်။ အန္တိခရစ်က မနာလိုဖြစ်ပြီး ဖိနှိပ်သော အခြေခံလူအများစုသည် အပြုသဘောဆောင်သော၊ ကောင်းသောလူများဖြစ်ကြသည်ဟု ဆိုနိုင်သည်။ လူအများစုသည် ဘုရားသခင်က ကယ်တင်မည့်သူများ၊ ဘုရားသခင်က အသုံးပြုနိုင်သည့်သူများ၊ ဘုရားသခင်က စုံလင်စေမည့် သူများဖြစ်သည်။ ဘုရားသခင်က ကယ်တင်မည့်သူ၊ အသုံးပြုမည့်သူ၊ စုံလင်စေမည့်သူများကို ဖိနှိပ်ခြင်း၊ ဖယ်ကြဉ်ခြင်းဖြစ်သည့် ဤသို့သော နည်းဗျူဟာများကို အသုံးချရာတွင် အန္တိခရစ်များသည် ဘုရားသခင်၏ ပြိုင်ဘက်များမဟုတ်သလော။ ၎င်းတို့သည် ဘုရားသခင်ကို အတိုက်အခံပြုသူများ မဟုတ်သလော။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၁) ဘုရားနှုတ်ကပတ်တော်ကို တွေးဆရင်းနဲ့ သဘောပေါက်သွားတယ်။ တစ်ယောက်ယောက်ကို ဒေါသတကြီး ရမ်းတာနဲ့ စည်းမျဉ်းကို လိုက်လျှောက်တာက သီးခြားကိစ္စနှစ်ခုပဲ။ ရှုထောင့်တစ်ခုက တစ်ယောက်ယောက်ရဲ့ လုပ်ရပ်တွေမှာ သူ့ရည်ရွယ်ချက်ကို ကြည့်ရမှာဖြစ်ပြီး၊ နောက်တစ်ခုက တခြားလူအပေါ် သူတို့ရဲ့ ဆက်ဆံမှုက ဘုရားနှုတ်ကပတ်တော်အပေါ် အခြေခံလား ကြည့်ရမယ်။ သူတို့ကို မကောင်းတဲ့လူ၊ အန္တိခရစ်လို့ သမ္မာတရား စည်းမျဉ်းတွေပေါ် အခြေခံပြီး သိရရင်၊ အသင်းတော်ကနေ ရှင်းထုတ်တာ၊ ထုတ်ပယ်တာဟာ တခြားလူတွေ မထိခိုက်အောင် ထိန်းသိမ်းပြီး စည်းမျဉ်းတွေ လိုက်လျှောက်တာ ဖြစ်တယ်။ ဒေါသတကြီး ရမ်းတာ မဟုတ်ဘူး။ ဒါပေမဲ့ အန္တိခရစ်တွေနဲ့ မကောင်းမှုပြုသူတွေက လူတွေကို ဖိနှိပ်ပြီး ဒေါသတကြီး ရမ်းတဲ့အခါ၊ အဲဒါက သူတို့ရဲ့ ရက်စက်တဲ့ ရည်ရွယ်ချက်တွေကနေ လုံးဝ လာတာပဲ။ သမ္မာတရား လိုက်စားပြီး တရားမျှတစိတ်ရှိသူတွေကို သူတို့ မနာလိုဖြစ်ကြတယ်။ သူတို့အပေါ် ချင့်ချိန်နိုင်စွမ်းရှိပြီး ထောက်ပြရဲတဲ့ သူတွေကို သူတို့ မုန်းကြတယ်။ သူတို့ကိုယ်ပိုင် အာဏာနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ သဘောထားကွဲလွဲသူတွေကို ဖယ်ရှင်းကြတယ်။ တခြားလူတွေရဲ့ ပြဿနာ အနည်းအကျဉ်းကို စိတ်ဝင်စားကြပြီး ရေးကြီးခွင့်ကျယ် လုပ်ကြတယ်။ အမှန်တရားတွေကို မလိမ့်တစ်ပတ်လုပ်ပြီး တခြားလူတွေကို အသရေဖျက်တယ်၊ သူတို့ အထုတ်ခံရအောင်လို့ စွပ်စွဲမှုမျိုးစုံ စွဲချက်တင်ရင်းနဲ့ပေါ့။ သူတို့ရဲ့ အကြောင်းရင်းနဲ့ ရည်ရွယ်ချက်တွေက လုံးဝ သမ္မာတရား၊ ဘုရားနဲ့ ဆန့်ကျင်တယ်။ ဘုရားရဲ့ ရှုတ်ချ၊ စီရင်တာကို ခံရကြတယ်။ ဘုရားနှုတ်ကပတ်တော်အတိုင်း ကျွန်မက လီလီယန်ကို မကောင်းမှုပြုသူအဖြစ် သူ့အပေါ် ကိုယ့်ရဲ့ ပိုင်းခြားသိမြင်မှုအရ ဖော်ထုတ်ပြီး ထုတ်ပယ်နေခဲ့တာပဲ။ ကိုယ်ရေးကိုယ်တာ အာဃာတကြောင့် မဟုတ်သလို၊ သူ့ကို ဒေါသကြီး ရမ်းနေခဲ့တာလည်း မဟုတ်ဘူး။ ဒေါသတကြီးရမ်းတာက တကယ်ဘာလဲဆိုတာကို ကျွန်မ မသိခဲ့သလို၊ အပေါ်ယံကိုပဲ ကြည့်ခဲ့တယ်။ တစ်ယောက်ယောက် ကျွန်မအပေါ် အာဃာတထားရင်၊ သူတို့နဲ့ ပတ်သက်တဲ့ ပြဿနာကို ကျွန်မ ကိုင်တွယ်ခဲ့ရင်၊ ဒေါသတကြီးရမ်းတာပဲလို့ ခံစားခဲ့တယ်။ သူတို့က မကောင်းမှုပြုသူ ဟုတ်မဟုတ်နဲ့ အသင်းတော်မှာ ဘာအခန်းကဏ္ဍ လုပ်ကြလဲဆိုတာကို မကြည့်ခဲ့ဘူး။ အကျိုးဆက်အနေနဲ့၊ မမှန်တဲ့ ရှုထောင့်အားဖြင့် ကျွန်မ မလှုပ်နိုင်ဖြစ်ခဲ့တယ်။ မိုက်လိုက်လေခြင်းပဲ။ ဒါကို နားလည်တာက တကယ် ကျွန်မအတွက် လွတ်လပ်စရာပဲ။

အဲဒီနောက်မှာ၊ စည်မျဉ်းတွေအတိုင်း ကိုယ့်တာဝန်ကို တမင် ကျွန်မ လက်တွေ့လုပ်ခဲ့တယ်။ ညီအစ်ကို၊ ညီအစ်မတစ်ယောက်နဲ့ ပတ်သက်လို့ ပြဿနာတစ်ခုတွေ့ရင်၊ သူတို့ကို ရှာပြီး မိတ်သဟာယပြု၊ ကူညီဖို့ အကောင်းဆုံး လုပ်တယ်။ အထူးသဖြင့် သန့်ရှင်းရေး အလုပ်နဲ့ ပတ်သက်လာတဲ့အခါ၊ နှင်ထုတ်ဖို့အတွက် တစ်ယောက်ယောက် သင့်တော်တာကို ဆုံးဖြတ်ထားရင်၊ ကျွန်မအပေါ် သူတို့ အမြင်စောင်းသည် ဖြစ်စေ၊ မစောင်းသည် ဖြစ်စေ၊ သမ္မာတရား စည်းမျဉ်းတွေအတိုင်း ကျွန်မ ကိုင်တွယ်တယ်။ အဲဒါကို ကျွန်မ လက်တွေ့လုပ်တဲ့အခါ၊ အများကြီး ပိုအေးချမ်းသွားတယ်။ တာဝန်တစ်ခုမှာ၊ အေးချမ်းမှုနဲ့ ဝမ်းမြောက်မှုကို ခံစားရဖို့ နာမည်၊ အဆင့်အတန်းနဲ့ ပတ်သက်လို့ ကိုယ့်ရည်ရွယ်ချက်တွေနဲ့ တွက်ချက်မှုတွေကို လက်လွှတ်ရမယ်ဆိုတာကို အခု ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံရပြီ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ခက်ခဲသော ပတ်ဝန်းကျင်၏ စမ်းသပ်မှု

ဂျူနီယာ အာဖရိကတိုက် ကျွန်တော် ငယ်ငယ်ကတည်းက လူ့အဖွဲ့အစည်းရဲ့ လွှမ်းမိုးမှု အမြဲခံခဲ့ရတယ်။ လုပ်သမျှမှာ သူများတွေလို လိုက်လုပ်ရတာကို ကျွန်တော်...

လွှတ်ပေးထားသည့်နည်းကို ကျွန်မ အသုံးပြုမည်မဟုတ်တော့ပါ

လီဖေး အီတလီနိုင်ငံ ၂၀၂၁ခုနှစ်၊ ဇွန်လမှာ ကျွန်မအသင်းတော်မှာ ဗီဒီယိုအလုပ်ကို ကျွန်မ ကြီးကြပ်ရတယ်။ အလုပ်က များလာတော့ နောက်ထပ် အဖွဲ့တစ်ဖွဲ့ကို...

ပိုကောင်းသည့် သက်သေခံတစ်ဦးဖြစ်ဖို့ သင်ယူခြင်း

မော့ယန် တရုတ်နိုင်ငံ ပြီးခဲ့တဲ့နှစ် ဇွန်လကပေါ့၊ ရေလောင်းတဲ့ သင်းထောက်တစ်ယောက်အဖြစ်၊ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုကို လက်ခံပြီးခါစ လူတွေကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။