အန္တိခရစ်တစ်ဦးကို ကျွန်ုပ်တိုင်ကြားခဲ့ပုံ

08.02.2023

ဝိန်ကျင့် တရုတ်နိုင်ငံ

ပြီးခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ကျွန်မ ကိုယ့်တာဝန်ကို လုပ်ဖို့ မြို့ပြင်ကနေ ဒေသန္တရအသင်းတော်ဆီ ပြန်လာခဲ့တယ်။ ရေလောင်း သင်းထောက်က ရှောင်လျူဖြစ်တယ်လို့ ခေါင်းဆောင် ကျန်းစင်းက ပြောတာ ကြားရတော့၊ ကျွန်မ ကြက်သေသေသွားတယ်။ ရှောင်လျူက အချင်းချင်းရန်တိုက်ပေးတဲ့အပြင် လူတွေကို ဖိနှိပ်၊ အပြစ်ပေးတတ်မှန်း ကျွန်မ သိတယ်။ သင်းတော်မှာ အာဏာရဖို့ သူနဲ့ မကောင်းမှုပြုသူတွေက အသင်းတော်မှာ ပရမ်းပတာဖြစ်စေရင်း၊ ခေါင်းဆောင်နဲ့ အမှုဆောင်တွေကို အယောင်ဆောင်လို့ တိုက်ခိုက်ခဲ့တယ်။ အဲဒီတုန်းက ညီအစ်ကို မောင်နှမတွေက သူ့ရဲ့ အပြုအမူအရ မကောင်းမှုပြုသူလို့ သူ့ကို ခွဲခြားသိမြင်ခဲ့ကြပြီး၊ ထုတ်ပယ်ဖို့ စာရွက်စာတမ်းတွေ ပြင်ဆင်နေခဲ့ကြတာလေ။ အခု ဘာလို့ ရေလောင်းသင်းထောက် ဖြစ်နေခဲ့တာလဲ။ ကျန်းစင်းကို မေးကြည့်တော့၊ ရှောင်လျူက အခု ပြောင်းလဲသွားပြီဖြစ်ပြီး သူ့တာဝန်မှာ ဝန်ထမ်းသလို၊ သူ့ကို ကြီးထွားရင့်ကျက်တဲ့ ရှုထောင့်ကနေ ချစ်ချစ်ခင်ခင် ရှုမြင်သင့်တယ်လို့ သူက ပြောတယ်။ ကျွန်မမှာ သံသယတွေ ရှိပေမဲ့၊ ပြန်လာရုံပဲရှိသေးလို့ ဘာဖြစ်ခဲ့လဲ မသိသလို၊ ခေါင်းဆောင်အနေနဲ့ လူတွေကို ရွေးချယ်ရာမှာ ကျန်းစင်းက စည်းမျဉ်းတွေကို ဆန့်ကျင်မှာ မဟုတ်ဘူးလို့ တွေးမိလို့ နောက်ထပ် မမေးတော့ဘူး။ အရင်က ခေါင်းဆောင်အနေနဲ့ သူ့ရဲ့ တွဲဖက်ဖြစ်ခဲ့တဲ့ အစ်မဖန်းလင်းက တာဝန်မလုပ်ဘူး၊ အထုတ်ခံရကတည်းက စုဝေးပွဲတွေကို မတက်တော့လို့ သူ့ကို ရှင်းထုတ်ရမှာဖြစ်တယ်လို့လည်း ကျန်းစင်းကပြောပြသလို၊ ဖန်းလင်းရဲ့ ဆိုးယုတ်တဲ့ အပြုအမူနဲ့ဆိုင်တဲ့ နမူနာတွေ ပေးဖို့ ကျွန်မကို တောင်းဆိုခဲ့တယ်။ ဒါက ကျွန်မကို သံသယရှိစေခဲ့တယ်။ ဖန်းလင်းက သူ့တာဝန်မှာ တကယ်ကို ဝန်ထမ်းခဲ့တာ မဟုတ်ဘူး။ လက်တွေ့အလုပ် မလုပ်ခဲ့တဲ့ အယောင်ဆောင် ခေါင်းဆောင်ပဲ။ ဒါပေမဲ့ အထုတ်ခံရပြီးတဲ့နောက်မှာ၊ ဧဝံဂေလိကို ဟောတုန်းပဲ၊ အထွေထွေ ကိစ္စတွေကို အာရုံစိုက်သလို ဘာမကောင်းမှုမှ မလုပ်ခဲ့ဘူးလေ။ ဘာလို့ သူ့ကို ရှင်းထုတ်ရမှာလဲ။ အဲဒီအကြောင်းတွေးလေ၊ မမှန်ဘူးလို့ ခံစားရလေပဲ။ ကျန်းစင်းနဲ့ အရင်က ဆက်သွယ်တုန်းက၊ လက်စားချေဖို့ သူ့ဆန္ဒအရမ်း အားကောင်းတာကို သတိရမိတယ်။ ကျန်းစင်းက သူ့တာဝန်ကို ဝန်မထမ်းဘဲ လုပ်တယ်လို့ အထက်ခေါင်းဆောင်တွေဆီ ဖန်းလင်းက တစ်ခါ တိုင်ခဲ့တယ်။ ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ သူက မလိုမုန်းတီးမှု ကိုင်စွဲထားပြီး ဖန်းလင်းကို လက်စားချေချင်ခဲ့တာများ ဖြစ်နိုင်မလားပေါ့။ အဲဒီလိုသာဆိုရင် ကျန်းစင်းက ဖန်းလင်းကို အပြစ်ပေးနေပြီး မကောင်းမှု လုပ်နေတာပဲ။ ဒါပေမဲ့ ဖန်းလင်းရဲ့ လတ်တလော အပြုအမူကို ကျွန်မ မသိသေးတာကိုလည်း သဘောပေါက်မိတယ်။ ဒါကြောင့် ကျန်းစင်းမှာ ပြဿနာရှိမှန်း ကျွန်မ မသေချာနိုင်ခဲ့ဘူး။ ကျွန်မ သေချာသိတဲ့အထိ စောင့်ဖို့ ဆုံးဖြတ်လိုက်တယ်။

နောက်ပိုင်းမှာ၊ ကျန်းစင်းက စုဝေးပွဲမှာ အမှန်တရားတွေကို လိုရာစွဲ ပြောပြီး ဖန်းလင်းကို ဝေဖန်တာ ကြားရတယ်။ ညီအစ်မတစ်ယောက်က သူ့ကို ချေပတော့၊ အဲဒီညီအစ်မနဲ့ ဖန်းလင်းကို ခေါင်းဆောင်မှုကို တိုက်ခိုက်ဖို့ အုပ်စုဖွဲ့တယ်လို့ ရှုတ်ချပြီး၊ အဲဒီညီအစ်မကို သီးခြားနေဖို့ စီစဉ်ခဲ့တယ်တဲ့။ ဖန်းလင်းက တခြားလူတွေကို ချစ်ချစ်ခင်ခင် ဆက်ဆံတယ်လို့ တခြားညီအစ်မက ပြောတယ်။ ကျန်းစင်းက အဲဒီညီအစ်မရဲ့ လုံခြုံဘေးကင်မှု အန္တရာယ်ရှိတယ်လို့ ပြောပြီး လိမ်သလို၊ သုံးလကြာ အိမ်မှာ သီးခြားနေခိုင်းခဲ့တယ်။ ကျန်းစင်းကို အကြံပေးမိလို့ပဲ ကျန်းစင်းက သူ့တာဝန်ကနေ ရပ်ခိုင်းခဲ့တဲ့ အထွေထွေ ကိစ္စတွေကို ကြီးကြပ်တဲ့ ညီအစ်မတစ်ယောက်လည်း ရှိသေးတယ်။ ကျွန်မလည်း လန့်သွားခဲ့တာ။ ကျန်းစင်းက ဘယ်လိုဖြစ်ပြီး ဘုရားကို ကြောက်ရွံ့မှု မရှိနိုင်ရတာလဲ။ လူတွေကို ဖိနှိပ်ဖို့ မကောင်းတာတွေ အများကြီး သူ လုပ်ခဲ့တယ်။ သူ ဖိနှိပ်တဲ့လူတွေက အသင်းတော်မှာ သမ္မာတရားလိုက်စားတဲ့ လူတွေပဲ။ ကျန်းစင်းနဲ့ ပတ်သက်လို့ ပြဿနာရှိတာ သေချာတယ်။ လူသစ်တွေကို ရေလောင်းတဲ့ အစ်မလီရှင်းရူရီဆီ မိတ်သဟာယပြုပြီး ပြဿနာကို ပိုင်းခြားသိမြင်ဖို့ ကျွန်မ သွားတယ်။ ရှင်းရူရီက ကျွန်မကို ပြောပြတယ်။ “ရှောင်လျူက ဘာနောင်တမှ လုံးဝ မပြခဲ့ဘူး။ သူတက်တဲ့ စုဝေးပွဲတိုင်းမှာ အသင်းတော် အသက်တာကို အနှောင့်အယှက်ဖြစ်စေရင်းနဲ့ ငြင်းခုံပြီး ခုခံပြောဆိုနေတုန်းပဲ။ ဖန်းလင်းက ခေါင်းဆောင်ဖြစ်တဲ့အချိန်မှာ၊ ရှောင်လျူရဲ့ မကောင်းတဲ့ အပြုအမူကို သူ စစ်ဆေးခဲ့လို့၊ ဖန်းလင်းအပေါ် လက်စားချေချင်တယ်လို့ ရှောင်လျူက ပြောတယ်”တဲ့။ ကျွန်မ ဒေါသထွက်သွားတယ်။ ရှောင်လျူ နောင်တရခဲ့ပြီးပြီလို့ ကျန်းစင်းက တကယ်ပြောခဲ့တာလေ။ အသင်းတော်ကို နှောင့်ယှက်နေတဲ့ မကောင်းမှုပြုသူကို သူက တကယ် လျစ်လျူပြုနေတာပဲ။ ဒါအယောင်ဆောင် ခေါင်းဆောင်မှုရဲ့ သရုပ်သကန်တစ်ခု မဟုတ်လား။ ဒါပေမဲ့ ကျန်းစင်းက ခေါင်းဆောင်ဖြစ်တာ မကြာသေးသလို၊ ဘာမိတ်သဟာယနဲ့မှ သူ့ကို ကျွန်မ မကူညီရသေးဘူးလို့လည်း တွေးမိတယ်။ သူ့ကို ဒီပြဿနာတွေ အရင်ဆုံး ထောက်ပြမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကျန်းစင်းနဲ့ တွေးပြီးတဲ့နောက်မှာ၊ သူက အဲဒီညီအစ်မတွေကို သူတို့တာဝန်တွေ မလုပ်အောင် တားဆီးရာမှာ စည်းမျဉ်းတွေ ချိုးဖောက်တယ်လို့ ကျွန်မ ပြောပြတယ်။ မမျှော်လင့်ဘဲ၊ သူက ကျွန်မကို တကယ် အော်ပြောခဲ့တယ်။ “လူတချို့က ကျွန်မကို နာခံဖို့ ငြင်းကြသလို၊ ကျွန်မနောက်ကွယ်မှာ မကောင်းတာ ပြောကြတယ်။ ကျွန်မနဲ့ပတ်သက်လို့ ဘယ်သူ့မှာ အယူအဆတွေရှိလဲ ကျွန်မ အတိအကျသိတယ်။ သူတို့ ကျွန်မကို မနာခံချင်ရင်၊ အထက်ခေါင်းဆောင်တွေဆီ သွားတိုင်လိုက်လေ။ ကျွန်မလုပ်သမျှ တရားမျှတပြီး ဖြောင့်မတ်တယ်။ ကျွန်မအကြောင်း ပြောတဲ့သူ ဘယ်သူ့ကိုမဆို မကြောက်ဘူး”တဲ့။ ဒါပေမဲ့ သူ့ရဲ့ ကြမ်းတမ်းတဲ့ တုံ့ပြန်ချက်ကြောင့် ကျွန် လန့်သွားတယ်။ အခု အသင်းတော်မှာ သူတစ်ယောက်ထဲပဲ ဆုံးဖြတ်ပိုင်ခွင့်ရှိပြီး၊ သူပြောတာ နားမထောင်တဲ့သူတိုင်းကို သူက ဖိနှိပ်၊ နှိပ်စက်တာလေ။ သူက အာဏာရှင်တစ်ယောက်ပဲ။ ပြဿနာတစ်ခုကို ကျွန်မ ထောက်ပြပြီး သူက အရမ်းကြောက်စရာကောင်းလို့ ကိစ္စတွေကို ကျွန်မ ဆက်ထောက်ပြပြီး သူ့ကို ဖော်ထုတ်ရင်၊ ကိုယ့်တာဝန်ကို မလုပ်ဖို့ သူတားမြစ်မှာကို ကျွန်မ ကြောက်မိတယ်။ အဲဒီလိုဖြစ်ရင် ကျွန်မဘဝ ထိခိုက်နစ်နာမှာ မဟုတ်လား။ အဲဒါကိုတွေးမိတာနဲ့ သူ့ပြဿနာတွေ ထောက်ပြတာကို ကျွန်မ ရပ်လိုက်တယ်။ အိမ်ရောက်တော့ အရမ်းအပြစ်ရှိတဲ့စိတ် ခံစားရတယ်။ မကောင်းမှုပြုသူက အသင်းတော်ကို နှောင့်ယှက်‌နေပြီး ညီအစ်ကို မောင်နှမတွေက ဖိနှိပ်ခံနေရတယ်။ ပြဿနာကို ကိုင်တွယ်မဲ့အစား၊ ကျန်းစင်းက လူတွေကို ဖိနှိပ်နေပြီး၊ သူ့ပြဿနာကို ကျွန်မ ထောက်ပြတော့ သူ လက်မခံခဲ့ဘူး။ ဒီအခြေအနေကို အထက်ခေါင်းဆောင်တွေဆီ တင်ပြသင့်မှန်း ကျွန်မ သိခဲ့တယ်။ အဲဒီနောက် ရှင်းရူရီကို ကျွန်မ သွားတွေ့တယ်။ တိုင်ကြားစာရေးတဲ့ စည်းမျဉ်းတွေကို ကျွန်မတို့ ဆွေးနွေးပြီး ကျန်းစင်းကို တိုင်ဖို့ ပြင်ဆင်ကြတယ်။ ဒါပေမဲ့ ကျန်းစင်းရဲ့ မကောင်းတဲ့ အပြုအမူကို ထုတ်ရေးတာ ပြီးသွားပြီး စာကို အပ်ဖို့ ပြင်နေချိန်မှာ၊ ကျွန်မ တွန့်ဆုတ်နေမိပြန်တယ်။ ကျွန်မတို့ရဲ့ တိုင်ကြားစာအကြောင်းကို ကျန်းစင်းက သိသွားရင်၊ ကျွန်မတို့ကို သူ စွပ်စွဲရင်၊ အမှုဆင်ပြီး နှင်ထုတ်ခံရအောင်လုပ်ရင် ကျွန်မတို့ ဘာလုပ်ရမလဲ။ ကျွန်မ အထုတ်ခံရရင် ဘယ်လိုလုပ် ကယ်တင်ခံရနိုင်မှာလဲ။ ဒါကိုတွေးမိတော့၊ အချိန်အတော်ကြာ စာကို ကျွန်မ မအပ်ခဲ့ဘူး။ ဒါပေမဲ့ အသင်းတော်ထဲက ပရမ်းပတာအခြေအနေကို ကြည့်ရင်းနဲ့ မတိုင်ကြားတာကို စိတ်မကောင်းဖြစ်ရတယ်။

တစ်ညမှာ ရှင်းရူရီရဲ့ အိမ်ကို သွားတော့၊ ကျန်းစင်းက ရုတ်တရက် ရောက်လာပြီး၊ အသင်းတော်မှာ သူ့ကို ဖော်ထုတ်တဲ့အပေါ် ရှင်းရူရီကို ရန်လိုစွာနဲ့ စွပ်စွဲခဲ့တယ်။ သူ့ရဲ့ ကြမ်းတမ်းတဲ့ သဘောထားကို မြင်တော့၊ ကျွန်မ အရမ်းဒေါသထွက်မိတယ်။ သူ အရမ်းကို နိုင်လိုမင်းထက်လုပ်တာပဲ။ အသင်းတော်ထဲမှာ သူက ဒေါသတကြီး လျှောက်ရမ်းပေမဲ့ တခြားလူတွေကို သူ့ကို မဖော်ထုတ်ဖို့ မြစ်တားနေတယ်။ လူတွေမှာ စကားပြောပိုင်ခွင့်တောင် မရှိသလို၊ အသင်းတော်တစ်ခုလုံးက သူ့ထိန်းချုပ်မှုအောက်မှာ ရှိနေခဲ့တယ်။ တရားမျှတမှုအတွက် ကျွန်မ ထရပ်ပြီး အသင်းတော် အလုပ်ကို ကာကွယ်ဖို့ ကျန်းစင်းကို ဖော်ထုတ်ရမယ်။ ဒါပေမဲ့ သူ မာနထောင်လွှားပုံ၊ ဘယ်သူ့ကိုမှ သူ နားမထောင်သလို၊ လက်စားချေဖို့ အင်မတန် အားကောင်းတဲ့ စိတ်ဆန္ဒရှိပုံကို စဉ်းစားမိတော့၊ သူ့ကို ကျွန်မ ဆွပေးလိုက်ရင်၊ သူ အပြစ်ပေးတဲ့ နောက်တစ်ယောက်က ကျွန်မ ဖြစ်သွားမှာ။ ကျွန်မကို နှင်ထုတ်ခံရအောင် စွပ်စွဲချက်တချို့ သူ ဖန်တီးချင်ဖန်တီးမှာပဲ။ ကျွန်မ အရမ်းဒွိဟဖြစ်နေခဲ့တယ်။ ဒါကြောင့် သတ္တိနဲ့ စိတ်ချယုံကြည်မှု ပေးဖို့ ဘုရားဆီ တိတ်တဆိတ် ဆုတောင်းခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ကို တွေးမိတယ်။ “အသင်းတော်တိုင်း၌ အသင်းတော်ကို ဒုက္ခပေးသူများ သို့မဟုတ် ဘုရားသခင်၏အမှုတော်၌ စွက်ဖက်သော သူများရှိသည်။ ၎င်းတို့အားလုံးသည် ရုပ်ဖျက်ကာ ဘုရားသခင်၏ အိမ်တော်ကို ထိုးဖောက်ဝင်ရောက်သည့် စာတန်များဖြစ်သည်။...ဤလူများသည် ၎င်းတို့၏ အပျက်သဘောကို ဖြန့်ဝေလျက်၊ သေခြင်းတရားကို ထုတ်လွှတ်လျက်၊ မိမိတို့ သဘောရှိ လုပ်ဆောင်လျက်၊ မိမိတို့ သဘောရှိ ပြောဆိုလျက်နှင့် ၎င်းတို့ကို တားဆီးရန် မည်သူမျှ မဝံ့ရဲကြဘဲ၊ အသင်းတော်တွင် ဆူပူရမ်းကား ကြလေသည်။ ၎င်းတို့သည် စာတန်၏ စိတ်သဘောထားများဖြင့် ပြည့်လျှံကြလေသည်။ ဆူပူလှုပ်ရှားမှုကို ၎င်းတို့ ဖြစ်စေသည်နှင့် တစ်ပြိုင်နက် သေခြင်းတရား၏ အငွေ့အသက်တစ်ခုသည် အသင်းတော်ထဲကို ဝင်ရောက်လာသည်။ အသင်းတော်အတွင်း သမ္မာတရားကို လက်တွေ့ဆောင်ရွက်သောသူများသည် ပစ်ပယ်ခြင်းခံရပြီး သူတို့၏ ရှိသမျှ အစွမ်းကုန် မကြိုးစားနိုင်ကြသော်လည်း အသင်းတော်ကို နှောင့်ယှက်၍ အသင်းတော်အတွင်း သေခြင်းတရားကို ပြန့်စေသော သူများသည် စည်းလွတ်ဘောင်လွတ် ဖြစ်နေကြ၏၊ ထို့အပြင် လူအများစုက သူတို့နောက်သို့ လိုက်ကြသည်။ ဤကဲ့သို့သော အသင်းတော်မျိုးသည် အကယ်ပင် စာတန်၏ အုပ်စိုးမှုအောက်၌ရှိပြီး နတ်ဆိုးသည် သူတို့၏ဘုရင်ဖြစ်သည်။ အကယ်၍ အသင်းတော်က လူများသည် ထကြွကာ ထိုမကောင်းဆိုးဝါး ခေါင်းဆောင်များကို မငြင်းပယ်ပါက၊ သူတို့သည်လည်း အနှေးနှင့်အမြန် ပျက်စီးသွားမည်ဖြစ်သည်။ ယခုမှစ၍ ဤကဲ့သို့သော အသင်းတော်များကို အရေးယူရပေမည်။ အကယ်၍ သမ္မာတရားအနည်းငယ်ကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းရှိသူတို့သည် မကြိုးပမ်းပါက၊ ထိုအသင်းတော်သည် ဖျက်ပစ်ခံရမည်ဖြစ်သည်။ အကယ်၍ အသင်းတော် တစ်ခုတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိသူ တစ်ဦးမျှ မရှိပါက၊ ထို့အပြင် ဘုရားသခင်အတွက် သက်သေခံနိုင်သောသူ တစ်ဦးမျှ မရှိပါက၊ ထိုအသင်းတော်ကို လုံးဝ သီးခြားဖြစ်သွားစေရမည်ဖြစ်ပြီး အခြားအသင်းတော်များနှင့် ထိုအသင်းတော်၏ ချိတ်ဆက်မှုများ ဖြတ်တောက်ရမည်။ ဤသည်ကို ‘သေခြင်းကို မြေမြှုပ်ခြင်း’ ဟုခေါ်သည်၊ ယင်းသည် စာတန်ကို ပစ်ပယ်ခြင်းကို ဆိုလိုသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်) ဘုရားနှုတ်ကပတ်တော်တွေက သတ္တိနဲ့ ခွန်အားပေးပြီး ကျွန်မ မကြောက်တော့ဘူး။ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားက ဘယ်ပုန်ကန်ပြစ်မှားမှုကိုမှ သည်းမခံဘူး။ ပြီးတော့ အဲဒီ အစွန်းရောက် မကောင်းမှုပြုသူတွေနဲ့ အန္တိခရစ်တွေအတွက်၊ ဘုရားမှာ အမုန်းနဲ့ စက်ဆုပ်မှုပဲ ရှိတယ်။ သူတို့ အသင်းတော်မှာ တစ်ခဏ အာဏာစွဲကိုင်ပြီး သောင်းကျန်းရင်တောင်၊ နောက်ဆုံးမှာ ထုတ်ဖော်ခံရပြီး ထုတ်ပယ်ခံရတာပဲ။ ဘုရားနှုတ်ကပတ်တော်တွေက အရမ်းရှင်းတယ်။ ဆိုးယုတ်သူနဲ့ အန္တိခရစ်တွေက အသင်းတော်မှာ အာဏာစွဲကိုင်တဲ့အခါ၊ ဘယ်သူမှ သမ္မာတရားကို လက်တွေ့မလုပ်ရင်၊ ဒီလူတွေက အသင်းတော်မှာ သောင်းကျန်းနေတဲ့ ဆိုးယုတ်တဲ့ အင်အားစုတွေကို လိုက်လျောနေတာပဲ။ အဲဒီလို အသင်းတော်ကို စာတန်က အုပ်စိုးပြီး၊ အသင်းသားတွေ နောင်တမရရင်၊ ဘုရားရဲ့ စွန့်လွှတ်ပြီး ထုတ်ပယ်တာကို ခံရမှာပဲ။ ကျွန်မ တုန်လှုပ်သွားတယ်။ ကျန်းစင်းက ညီအစ်ကို မောင်နှမတွေကို တိုက်ခိုက်၊ အပြစ်ပေးရင်းနဲ့ အသင်းတော်မှာ နိုင်လိုမင်းထက် ပြုသူဖြစ်ပေမဲ့၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့၊ ဒါကို ကျွန်မ ရင်ဆိုင်ပြီး ဖော်ထုတ်၊ တားဆီးတာမျိုးမရှိဘူး။ သူနဲ့ ရှောင်လျူကို မကောင်းမှုပြုပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်ခွင့်ပေးခဲ့တယ်။ စာတန်ဘက်မှာ ကျွန်မလည်း ရပ်နေပြီး ဘုရားကို ခုခံနေခဲ့တာပဲ။ သူတို့ရဲ့ မကောင်းမှုကို ကျွန်မ မျှလုပ်နေခဲ့တာ။ ဒါကို သဘောပေါက်တော့၊ တခြားလူတွေကို အပြစ်ပေးဖို့ သူ့ရာထူးကို သုံးပြီး၊ အန္တိခရစ် လမ်းကြောင်းကို လျှောက်ရင်းနဲ့ မကောင်းမှုပြုသူကို ကာကွယ်တဲ့အတွက် ကျန်းစင်းကို ဖော်ထုတ်ဖို့ သတ္တိ ကျွန်မ ရှာတွေ့ခဲ့တယ်။ ဒါကိုကြားတော့၊ ကျန်းစင်းက အာစေးမိသွားတယ်။ အကြောင်းအရာကို ချက်ချင်း သူ ပြောင်းလိုက်တယ်၊ ဖန်းလင်းကို အသင်းတော်ထဲ ပြန်ဝင်ခွင့်ပေးဖို့ သဘောတူပြီးတော့ သူ ထွက်သွားတယ်။

အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်က ကျွန်မကို ချင့်ချိန်နိုင်စွမ်းတချို့ ပေးပြီး၊ ကျန်းစင်းရဲ့ အနှစ်သာရကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်က ပြောတယ်။ “အန္တိခရစ်တစ်ဦး၏ အနှစ်သာရနှင့်သက်ဆိုင်သည့် အသိသာဆုံးသော ဝိသေသလက္ခဏာများထဲမှ တစ်ခုမှာ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ အာဏာရှင်စနစ်ကို အုပ်ချုပ်မင်းလုပ်နေသည့် အာဏာရှင်များကဲ့သို့ဖြစ်သည်- ၎င်းတို့သည် မည်သူ့ကိုမျှ နားမထောင်ပေ၊ ၎င်းတို့သည် လူတိုင်းကို အထင်သေးပြီး၊ လူတို့၏ အားသာချက်များ၊ သို့မဟုတ် လူတို့ပြောဆိုလုပ်ဆောင်သည့်အရာ၊ သို့မဟုတ် ၎င်းတို့ ရှိသည့် အသိအမြင်၊ ထင်မြင်ချက်များက မည်သို့ရှိသည်ဖြစ်စေ ၎င်းတို့က အရေးမစိုက်ပေ။ မည်သူကမျှ ၎င်းတို့နှင့်အတူ အလုပ်လုပ်ရန်၊ သို့မဟုတ် ၎င်းတို့လုပ်ဆောင်သည့်အရာမှန်သမျှတွင် ပါဝင်ရန် အရည်အချင်း မပြည့်မီသည့်အလား ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားမျိုးဖြစ်သည်။ ဤသည်မှာ ညံ့ဖျင်းသော လူ့သဘာဝရှိခြင်းဖြစ်သည်ဟု လူအချို့က ပြောကြသည်— ဤသည်မှာ ထူးမခြားနားသော ညံ့ဖျင်းသည့်လူ့သဘာဝမျှသာ မည်သို့လျှင် ဖြစ်နိုင်မည်နည်း။ ဤသည်မှာ လုံးလုံး ဆိုးယုတ်သည့် စိတ်သဘောထားတစ်ခု ဖြစ်ပေသည်။ ဤစိတ်သဘောထားမျိုးသည် အလွန့်အလွန် ခက်ထန်သည်။ ၎င်းတို့၏ စိတ်သဘောထားသည် အလွန့်အလွန် ခက်ထန်သည်ဟု ငါ အဘယ့်ကြောင့် ပြောသနည်း။ အန္တိခရစ်တို့သည် အသင်းတော်နှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို လုံးလုံး ၎င်းတို့၏ကိုယ်ပိုင်အဖြစ်၊ အခြားမည်သူမျှ ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ ၎င်းတို့သာ လုံးလုံး စီမံခန့်ခွဲသင့်သည့် ကိုယ်ရေးကိုယ်တာ ပိုင်ဆိုင်မှုအဖြစ် ယူဆကြသည်။ အသင်းတော်အလုပ်ကို လုပ်ဆောင်သောအခါတွင် ၎င်းတို့စဉ်းစားသည့် တစ်ခုတည်းသောအရာမှာ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွား၊ ဂုဏ်အဆင့်အတန်းနှင့် ၎င်းတို့၏ ကိုယ်ပိုင် ပုံရိပ်တို့ဖြစ်သည်။ ၎င်းတို့သည် အစွမ်းအစရှိသော၊ မိမိတို့၏ အတွေ့အကြုံနှင့် သက်သေခံချက်ကို ပြောဆိုနိုင်သောသူတစ်ဦးတစ်လေကို ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာအား ခြိမ်းခြောက်ခွင့်ပြုဖို့ မဆိုထားနှင့်။ မည်သူ့ကိုမျှ ၎င်းတို့၏ အကျိုးစီးပွားကို ထိခိုက်ခွင့်မပြုပေ။ ထို့ကြောင့် ၎င်းတို့သည် အတွေ့အကြုံများနှင့် သက်သေခံချက်ကို ပြောဆိုနိုင်သည့်အပြင် သမ္မာတရားကို မိတ်သဟာယဖွဲ့နိုင်ပြီး ဘုရားသခင် ရွေးချယ်ထားသောသူများအတွက် ပံ့ပိုးပေးနိုင်သောသူတို့ကို ပြိုင်ဖက်များအဖြစ် အားနည်းစေပြီး ဖယ်ကြဉ်ရန် ကြိုးစားကြသည်။ ၎င်းတို့သည် ထိုသူတို့ကို အခြားလူတိုင်းနှင့် သီးခြားခွဲထားရန်၊ နာမည်ပျက်အောင် ပြုလုပ်ရန်နှင့်၊ ပြိုလဲစေရန် အသည်းအသန်ကြိုးစားကြသည်။ ထိုအခါမှသာ အန္တိခရစ်များက စိတ်အေးလက်အေး ဖြစ်ကြလိမ့်မည်။...၎င်းတို့သည် ဘုရားသခင် အိမ်တော်၏ အကျိုးစီးပွားများကို ဆင်ခြင်ထောက်ထားနေခြင်းလော။ မဟုတ်ပေ။ ၎င်းတို့သည် မည်သည့်အရာကို စဉ်းစားနေကြသနည်း။ ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်အဆင့်အတန်းအား မည်သို့ ထိန်းသိမ်းထားရမည်ကိုသာ စဉ်းစားကြသည်။ ၎င်းတို့သည် တကယ့်အလုပ်ကို လုပ်ဆောင်နိုင်စွမ်း မရှိသည်ကို မိမိတို့ကိုယ်ကိုယ် သိကြသော်လည်း သမ္မာတရားကို လိုက်စားသော အစွမ်းအစကောင်းရှိသည့်လူများကို ပျိုးထောင်ခြင်း၊ သို့မဟုတ် ရာထူးတိုးပေးခြင်း မပြုကြပေ။ ၎င်းတို့ ရာထူးတိုးပေးသည့်သူများမှာ ၎င်းတို့ကို မြှောက်ပင့်ပြောဆိုသူများ၊ သူတစ်ပါးတို့ကို ကိုးကွယ်တတ်သူများ၊ စိတ်နှလုံးထဲတွင် ၎င်းတို့ကို ချီးမွမ်းပြီး လေးစားသောသူများ၊ လူလည်ဖြစ်သူများ၊ သမ္မာတရားကို နားလည်ခြင်းမရှိဘဲ ခွဲခြားသိမြင်နိုင်စွမ်းမရှိသော သူများသာ ဖြစ်သည်။ အန္တိခရစ်များသည် ၎င်းတို့ကို အစေခံစေရန်အတွက် ဤလူများကို ၎င်းတို့ဘက်သို့ ရာထူးတိုးပေးပြီး ၎င်းတို့သွားသည့်နေရာ မှန်သမျှတွင် ဤလူတို့သည် ၎င်းတို့နှင့်အတူရှိကာ ၎င်းတို့ခိုင်းသည့်အရာကို လုပ်ဆောင်လျက် နေ့စဉ် အချိန်ကုန်သည်။ ယင်းက အသင်းတော်တွင် အန္တိခရစ်များကို အာဏာရရှိစေပြီး လူများစွာက ၎င်းတို့နှင့် နီးကပ်စွာနေသည်၊ ၎င်းတို့နောက်သို့ လိုက်သည်၊ မည်သူကမျှ ၎င်းတို့ကို မရှုတ်ချရဲကြဟူသည့် သဘောဖြစ်သည်။ အန္တိခရစ်များက စည်းရုံးသော ဤလူအားလုံးသည် သမ္မာတရားကို မလိုက်စားသောသူများဖြစ်ကြသည်။ ၎င်းတို့အများစုသည် ဝိညာဉ်ရေးရာကိစ္စများကို နားမလည်ကြသလို စည်းကမ်းအတိုင်းလုပ်ဆောင်ခြင်းမျှလွဲ၍ မည်သည့်အရာကိုမျှ မသိပေ။ ၎င်းတို့သည် ခေတ်ရေစီးကြောင်းများနှင့် အာဏာရှိသူများနောက်သို့ လိုက်လိုကြသည်။ ၎င်းတို့သည် အစွမ်းထက်သော အရှင်သခင်တစ်ယောက်ရှိခြင်းအားဖြင့် ရဲဆေးတင်ကြသော အမျိုးအစားများဖြစ်သည်။ လူမိုက်အုပ်စုဖြစ်သည်။ အန္တိခရစ်များသည် မိမိတို့ကိုယ်ကို ဤလူတို့၏ ဂိုဏ်းခေါင်းဆောင်အဖြစ် သတ်မှတ်ပြီး ၎င်းတို့ခိုင်းသည့်အတိုင်းလုပ်ရန် ဤလူတို့အား လက်သပ်မွေးထားသည်။ အန္တိခရစ်တစ်ယောက်သည် အသင်းတော်တစ်ခုတွင် အာဏာရလာသည့်အခါတိုင်းတွင် သူသည် လူမိုက်များ၊ ရန်လိုသူများကို သူ၏ ကူဖော်လောင်ဘက်များအဖြစ် အစဉ် စုဆောင်းလိမ့်မည်ဖြစ်သော်လည်း သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်နိုင်သော၊ အလုပ်ကို တာဝန်ယူနိုင်သော အစွမ်းအစရှိသည့်လူများ၊ အထူးသဖြင့် လက်တွေ့အလုပ်ကို လုပ်နိုင်စွမ်းရှိသော ထိုခေါင်းဆောင်များ၊ အမှုဆောင်များကို ဖယ်ကြဉ်ပြီး ဖိနှိပ်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈ (အပိုင်း ၁)) “အမြင်မတူသူအဖြစ် အန္တိခရစ်မြင်သောသူများက မည်သူများဖြစ်သနည်း။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် အန္တိခရစ်ကို ခေါင်းဆောင်အဖြစ် အလေးအနက် မမှတ်ယူသောသူများ ဖြစ်သည်။ အန္တိခရစ်များကို အထင်ကြီး လေးစားခြင်းမရှိသော၊ သို့မဟုတ် မကိုးကွယ်သော၊ အန္တိခရစ်များကို သာမန်လူအဖြစ် ဆက်ဆံသောသူများ ဖြစ်သည်။ ဤသည်မှာ အမျိုးအစားတစ်မျိုးဖြစ်သည်။ ထို့နောက်တွင် သမ္မာတရားကို ချစ်သော၊ သမ္မာတရားကို လိုက်စားသော၊ မိမိတို့၏ စိတ်သဘောထား ပြောင်းလဲအောင် ကြိုးပမ်းအားထုတ်သော၊ ဘုရားသခင်အတွက် ချစ်ခြင်းကို လိုက်စားသောသူများ ရှိကြသည်။ ၎င်းတို့သည် အန္တိခရစ်တစ်ယောက်နှင့် မတူညီသော လမ်းကို လျှောက်ကြသည်။ ၎င်းတို့သည် အန္တိခရစ်၏ အမြင်တွင် အမြင်မတူသူများ ဖြစ်သည်။ ထို့အပြင် အန္တိခရစ်အား ကိုယ်ပိုင်အကြံများပေးပြီး ဖော်ထုတ်ရဲသော၊ သို့မဟုတ် ကိုယ်ပိုင်ရှုထောင့်အမြင်က အန္တိခရစ်များ၏ ရှုထောင့်အမြင်နှင့်မတူသော မည်သူမဆိုကို အန္တိခရစ်များက အမြင်မတူသူများအဖြစ် မြင်ကြသည်။ ပြီးလျှင် အခြားအမျိုးအစားတစ်ခုရှိသည်။ အစွမ်းအစနှင့် အရည်အချင်းတွင် အန္တိခရစ်နှင့် ညီမျှသောသူများ၊ ပြောဆိုပြုမူနိုင်စွမ်းက အန္တိခရစ်နှင့် ထပ်တူညီသောသူများ၊ သို့မဟုတ် ၎င်း၏ အထက်တွင်ရှိပြီး ၎င်းကို ခွဲခြားဖော်ထုတ်နိုင်သည်ဟု အန္တိခရစ်မြင်သောသူများ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တစ်ယောက်အတွက် လက်မခံနိုင်စရာဖြစ်သည်။ ၎င်း၏ အဆင့်အတန်းအပေါ် ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။ ဤသို့သောသူများသည် အန္တိခရစ်အတွက် အကြီးမားဆုံးသော သဘောထားကွဲလွဲသူများ ဖြစ်သည်။ အန္တိခရစ်သည် ဤသို့သောသူများကို လျစ်လျူမရှုရဲပေ၊ သို့မဟုတ် အနည်းငယ်မျှပင် လျှော့မပေးရဲပေ။ အန္တိခရစ်က ၎င်းတို့ကို ခလုတ်ဆူးငြောင့်များအဖြစ် သတ်မှတ်သည်။ အန္တိခရစ်သည် ၎င်းတို့ကို အချိန်ပြည့်သတိထားပြီး ကာကွယ်သည်။ သူလုပ်ဆောင်သမျှတွင် ၎င်းတို့ကို ရှောင်ကြဉ်သည်။ အန္တိခရစ်က အမြင်မတူသူတစ်ယောက်သည် သူ့ကို ရွေးထုတ်ပြီး ဖော်ထုတ်တော့မည်ကို မြင်သောအခါ အထူးပင် ထိတ်လန့်သည်။ ဤသို့သော အမြင်မတူသူတစ်ယောက်ကို အသည်းအသန် ဖယ်ကြဉ်ပြီး တိုက်ခိုက်သည်။ ထိုအမြင်မတူသူက အသင်းတော်မှ ဖယ်ရှားမခံရမချင်း သူကျေနပ်မည် မဟုတ်သည်အထိပင် ဖြစ်သည်။ ဤအရာများဖြင့် ပြည့်နေသည့် ထိုသို့သော စိတ်ဓာတ်နှင့် စိတ်နှလုံးတို့ဖြင့် ၎င်းတို့သည် မည်သို့သောအရာမျိုးကို လုပ်ဆောင်နိုင်စွမ်း ရှိသနည်း။ ဤညီအစ်ကိုမောင်နှမများကို ရန်သူများအဖြစ် ဆက်ဆံမည်လော။ ၎င်းတို့ကို နှိပ်ကွပ်ပြီး ဖယ်ရှားပစ်ရန် နည်းလမ်းများ စဉ်းစားမည်လော။ သေချာပေါက် လုပ်ဆောင်မည်ဖြစ်သည်။ ၎င်းတို့သည် ဤသို့သောအရာကို လုပ်ဆောင်နိုင်သည်မှာ အဆိုးဆုံးလုပ်ရပ်များမဟုတ်သလော။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်းမဟုတ်သလော။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၂) အန္တိခရစ်တွေရဲ့ သဘာဝက အထူးသဖြင့် အန္တရာယ်များပြီး ရက်စက်တယ်။ အာဏာကို လက်ဝါးကြီးအုပ်ပြီး လွတ်လပ်တဲ့ တိုင်းပြည်တည်ထောင်ဖို့၊ သူတို့ရဲ့ ညာလက်ရုံးတွေဖြစ်ဖို့ သူတို့ကြိုက်တဲ့လူတွေကို ရာထူးတိုးပေးပြီး၊ တစ်ယောက်ယောက်က သူတို့ရဲ့ ချွတ်ယွင်းချက်တွေ ထောက်ပြ၊ ဖော်ထုတ်ရင်၊ သူတို့အဆင့်အတန်းကို ခြိမ်းခြောက်ရင်၊ အဲဒီလိုလူတွေကို ဆူးငြောင့်ခလုတ်လို ယူမှတ်တယ်၊ တတ်နိုင်သမျှ နည်းနဲ့ တိုက်ခိုက်ပြီး ဖယ်ကြဉ်သလို၊ အသင်းတော်ကနေတောင် နှင်ထုတ်ကြတယ်။ အန္တိခရစ်တွေရဲ့ အနှစ်သာရက မကောင်းမှုပြုသူတွေရဲ့ အနှစ်သာရပဲ။ သူတို့က သမ္မာတရားကို ငြီးငွေ့ပြီး အသိစိတ်၊ ဆင်ခြင်တုံတရား မရှိကြသလို၊ တခြားလူတွေကို ဘယ်လောက်ပဲ အပြစ်ပေးပါစေ၊ အပြစ်တင်တဲ့စိတ် မခံစားရဘူး။ ကျန်းစင်းရဲ့ အပြုအမူကို ကြည့်တဲ့အခါ၊ ခေါင်းဆောင်အနေနဲ့ အသင်းတော်ရဲ့ အလုပ်ကို သူ လုံးဝ မထိန်းသိမ်းသလို၊ အသင်းတော်ကို ထိန်းချုပ်ဖို့နဲ့ သဘောကွဲလွဲသူတွေကို တိုက်ခိုက်၊ ဖယ်ကြဉ်ဖို့ အပေါင်းအသင်းတွေကို ပျိုးထောင်ဖို့ သူ့အာဏာကို သုံးခဲ့တယ်။ ရှောင်လျူက မကောင်းမှုပြုသူဖြစ်ပြီး နှင်ထုတ်ခံရဖို့ လိုပေမဲ့၊ ကျန်းစင်းကို ခုခံပြောဆိုပေးလို့၊ ကျန်းစင်းက သူ့ကို ရာထူးတိုးပေးခဲ့ပြီး၊ သူ့အပြစ်ကို ဖြေဖို့ အကြောင်းရင်း အမျိုးမျိုး ရှာခဲ့တယ်။ ဒါပေမဲ့ ဖန်းလင်းက သူ့ပြဿနာတွေကို ထောက်ပြတော့၊ မလိုမုန်းတီးမှု ထားခဲ့တယ်။ ဖန်းလင်း အထုတ်ခံရချိန်မှာ၊ လက်စားချေဖို့ အခွင့်အရေးကို ကျန်းစင်းက တွေ့ခဲ့တယ်။ ဒါကြောင့် အသင်းတော်ကနေ ဖန်းလင်းကို ရှင်းထုတ်ဖို့ ဖြစ်နိုင်သမျှ လုပ်ခဲ့တာပဲ။ ဖန်းလင်းကို ရှုတ်ချရာမှာ တခြားညီအစ်မ တော်တော်များများက သူ့နောက်မလိုက်တဲ့အခါ၊ သူတို့ကို ဖိနှိပ်ပြီး အပြစ်ပေးခဲ့တယ်။ ကျန်းစင်းက မကောင်းသလို ရက်စက်တယ်၊ သူ့အဆင့်အတန်းကို ခြိမ်းခြောက်သူ၊ သူ့ကို မနာခံသူ ဘယ်သူကိုမဆို သူ အပြစ်ပေးပြီး၊ အသင်းတော်ထဲမှာ သောင်းကျန်းတဲ့၊ နောင်တလုံးဝ မခံစားရတဲ့ နိုင်လိုမင်းထက်ပြုသူတစ်ယောက်ပဲ။ အန္တိခရစ် စစ်စစ်ပေါ့။ ကျန်းစင်းကို ပိုင်းခြားသိမြင်ပြီးတဲ့နောက်မှာ တိုင်ကြားစာကို ကျွန်မတို့ အပ်လိုက်တယ်။

မကြာခင်မှာပဲ ကျန်းစင်းက ကျွန်မတို့ကို လက်စားချေခဲ့တယ်။ ကျန်းစင်းက ကျွန်မကို အန္တရာယ်ရှိတယ်ဆိုပြီး အိမ်မှာ သီးခြားထားတယ်။ ကျန်းစင်းအပေါ် အစ်မလီနဲ့ အစ်မရွမ်စီယူတို့က ချင့်ချိန်နိုင်စွမ်းရှိကြလို့၊ သူတို့နှစ်ယောက်လုံးကိုလည်း အိမ်မှာ အဆက်ဖြတ်ထားတယ်။ နည်းနည်းကြာပြီးတဲ့နောက်မှာ၊ အသင်းတော်မှာ ပရမ်းပတာ ဖြစ်စေပြီး၊ မကောင်းမှုပြုသူတွေဖြစ်သလို ခေါင်းဆောင်မှုအတွက် ပြိုင်ဆိုင်တယ်ဆိုပြီး ကျွန်မနဲ့ ရှင်းရူရီကို အမှုဆင်တယ်၊ ပြီးတော့ ညီအစ်ကို မောင်နှမတွေကို ကျွန်မတို့အပေါ် ပစ်ပယ်ခိုင်းတယ်။ ညီအစ်ကို မောင်နှမတချို့က ချင့်ချိန်နိုင်စွမ်း မရှိဘဲ ကျန်းစင်းရဲ့ စကားတွေကို နားထောင်ပြီး၊ လမ်းမှာတွေ့တဲ့အခါ ကျွန်မကို အေးတိအေးစက် လျစ်လျူရှုကြတယ်။ ဒီအရာဖြစ်တော့၊ ကျွန်မ နာကျင်ပြီး မတရား ခံရသလို ခံစားခဲ့ရတယ်။ သမ္မာတရားကို လက်တွေ့လုပ်ပြီးတဲ့နောက် ဘာလို့ ဆိုးယုတ်မှု အင်အားစုရဲ့ ဖိနှိပ်၊ အပြစ်ပေးပြီး အမှုဆင်တာကို ကျွန်မတို့ ခံနေရတာလဲ။ ပြီးတော့ ကျန်းစင်းက အသင်းတော်မှာ မကောင်းမှု လုပ်နေပေမဲ့ ကြီးပွားနိုင်ရတာလဲ။ ဘာလို့ ညီအစ်ကို မောင်နှမတွေက ကျွန်မတို့ကို အထင်လွဲ၊ ပစ်ပယ်ခဲ့ကြတာလဲ။ ကျွန်မ နာကျင်ရတယ်။ နောင်မှာ ကိုယ့်လမ်းကြောင်းကို ဘယ်လို လျှောက်ရမယ်မှန်း ကျွန်မ မသိသလို၊ အပျက်သဘောထဲမှာ ပိတ်မိနေခဲ့တယ်။ ဒီရက်တွေအတွင်း စုဝေးပွဲတွေမှာ ကျန်းစင်းရဲ့ အပြုအမူကို ညီအစ်မတွေက သိမြင်တဲ့အခါ၊ ကျွန်မ စကားမပြောချင်ခဲ့ဘူး။ ကျွန်မ တွေးမိတယ်၊ “ကျန်းစင်းကို ငါရင်ဆိုင်ပြီးဖော်ထုတ်ခဲ့ပေမဲ့ ငါ အဖိနှိပ်ခံရတာ ထားလိုက်၊ ခေါင်းဆောင်ဖြစ်ချင်သလိုမျိုး ညီအစ်ကို မောင်နှမတွေရဲ့ အထင်လွဲတာ ခံရပြီးပြီ။ အခု ငါ သီးခြားအထားခံရပြီး ဖိနှိပ်ခံရတယ်။ ငါ့အတွက် ဘယ်သူ စကားပြောပေးမှာလဲ။ ထားလိုက်ပါ၊ အသင်းတော် အရေးကိစ္စတွေကို ငါ မပူပန်ချင်တော့ဘူး”လို့ပေါ့။ အထူးသဖြင့် ကျွန်မ အားနည်းပြီး ဝိညာဉ်ရေး အမှောင်နက်နက်ထဲမှာ ရှိခဲ့တယ်။ စိတ်ဆင်းရဲမှုနဲ့၊ ဘုရားရှေ့မှာ မျက်ရည်တွေနဲ့ ကျွန်မ အကြိမ်တော်တော်များများ ဒူးထောက်ပြီး ဘုရားကို ပြောခဲ့တယ်၊ “ဘုရားသခင်။ ဒီပတ်ဝန်းကျင်မှာ၊ ကျွန်မ နာကျင်ရပါတယ်။ အသင်းတော်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ သမ္မာတရားကို လက်တွေ့လုပ်တဲ့အတွက် ကျွန်မ ဘာလို့ ဖိနှိပ်၊ ပစ်ပယ်ခံနေရတာလဲ။ ဘုရားသခင်၊ ကိုယ်တော့် အလိုတော်ကို နားလည်ဖို့ လမ်းပြတော်မူပါ”လို့ပေါ့။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်မှာ ဖတ်ရတယ်။ “လက်တွေ့ဘဝ ပြဿနာများကို ရင်ဆိုင် ရသည့်အခါ ဘုရားသခင်၏ သြဇာအာဏာနှင့် သူ၏အချုပ်အခြာ အာဏာတို့ကို သင် မည်သို့သိပြီး နားလည်သင့်သနည်း။ ဤပြဿနာများနှင့် သင် ရင်ဆိုင်ရပြီး ၎င်းတို့ကို မည်သို့နားလည် ရမည်၊ ကိုင်တွယ်ရမည်၊ တွေ့ကြုံရမည်ကို သင်မသိသည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံဖို့ သင်၏ ရည်ရွယ်ချက်၊ ဆန္ဒနှင့် သင်၏ ကျိုးနွံနာခံခြင်း နှင့်ဆိုင်သော စစ်မှန်မှုကို ပြသဖို့ရန် သင် မည်သို့ သဘောထားမျိုး ခံယူသင့်သနည်း။ ပထမဆုံးအနေဖြင့် စောင့်ဆိုင်းဖို့ သင် သင်ယူရပါမည်။ ထို့နောက် ရှာဖွေဖို့ သင်ယူရမည်။ ထို့နောက် ကျိုးနွံနာခံဖို့ သင်ယူရမည်။ ‘စောင့်ဆိုင်းခြင်း’ က ဘုရားသခင်၏ အချိန်ကို စောင့်ခြင်းကို ဆိုလိုသည်။ သင့်အတွက် ဘုရားသခင် စီစဉ်ထားသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများကို စောင့်ဆိုင်းခြင်းဖြစ်သည်။ သူ၏အလိုကို သင့်ဆီကို သူ့ဘာသာ တဖြည်းဖြည်း ထုတ်ဖော်ပြသဖို့ စောင့်ခြင်း ဖြစ်သည်။ ‘ရှာဖွေခြင်း’ ဆိုသည်မှာ သူချပြပေးခဲ့သည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများမှ တစ်ဆင့် သင့်အတွက် ထောက်ထားသော ဘုရားသခင်၏ ရည်ရွယ်ချက်များကို လေ့လာခြင်းနှင့် သိနားလည်ခြင်း၊ ၎င်းတို့မှတစ်ဆင့် သမ္မာတရားကို သိနားလည်ခြင်း၊ လူသားက ပြီးမြောက်ရမည့် အရာနှင့် ၎င်းတို့ စောင့်ထိန်းလိုက်နာရမည့် လမ်းခရီးများကို သိနားလည်ခြင်း၊ ဘုရားသခင်က လူသားများထဲမှ မည်သည့်ရလဒ်များကို ရရှိရန် ရည်ရွယ်သည်၊ လူသားများထဲမှ မည်သည့် အောင်မြင်မှုများကို ရယူရန် ရည်ရွယ်သည်တို့ကို နားလည်ခြင်းအား ဆိုလိုသည်။ ဟုတ်ပေ၏၊ ‘ကျိုးနွံနာခံခြင်း’ ဆိုသည်မှာ ဘုရားသခင် စီစဉ်ညွှန်ကြားသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများကို လက်ခံခြင်း၊ သူ၏ အချုပ်အခြာအာဏာကို လက်ခံခြင်းနှင့် ၎င်းမှတစ်ဆင့် ဖန်ဆင်းရှင်က လူသားကံကြမ္မာကို မည်သို့ ပြဋ္ဌာန်းသည်၊ သူ့၏အသက်ဖြင့် လူသားများကို သူ မည်သို့ထောက်ပံ့သည်၊ လူသားအတွင်း၌ သမ္မာတရားကို သူမည်သို့ လုပ်ဆောင်သည်ကို သိလာခြင်းအား ရည်ညွှန်းပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) နှုတ်ကပတ်တော်ကို စဉ်းစားပြီးတဲ့နောက် ရုတ်တရက် နားလည်သွားတယ်။ ရှင်းရှင်း မမြင်နိုင်ခဲ့ ကိစ္စတွေ ဖြစ်တဲ့အခါ၊ ကျိုးနွံနာခံတဲ့ သဘောထား ရှိသင့်တယ်၊ ဘုရားအလိုတော်ကို ရှာဖို့ သင်ယူပြီး၊ ဘုရားရဲ့ အချိန်မှာ ကိစ္စတွေ ဆက်ဖြစ်ဖို့ စောင့်ဆိုင်းသင့်တယ်။ တိုင်ကြားစာကို ကျွန်မတို့ အပ်ပြီးတဲ့နောက်မှာ၊ အထက်ခေါင်းဆောင်တွေ အဲဒါကို ကိုင်တွယ်ဖို့ လုပ်ငန်းစဉ်တစ်ခု ရှိမှန်း သဘောပေါက်မိတယ်။ သူတို့ မကိုင်တွယ်နိုင်ခင်မှာ၊ ကျန်းစင်းက မကောင်းမှုကို သေချာပေါက် လုပ်မှာဖြစ်ပြီး သဘောကွဲလွဲသူတွေကို တိုက်ခိုက်၊ ဖယ်ကြဉ်မှာပဲ၊ အဲဒါက သူ့ရဲ့မကောင်းမှုပြုသူ သဘာဝကို သူ ထုတ်ဖော်ပြနေတာပဲ။ ဒီကာလအတောအတွင်းမှာ၊ ကျွန်မတို့ စိတ်ရှည်ပြီး စောင့်ဆိုင်းရမယ်။ ဒါက လုပ်ငန်းစဉ်ရဲ့ လိုအပ်တဲ့ အပိုင်းပဲ။ ဒါပေမဲ့ ကျွန်မမှာ နာခံပြီး စောင့်ဆိုင်းဖို့ စိတ်နှလုံး မရှိခဲ့သလို၊ ဒီပတ်ဝန်းကျင်မှာ သင်ခန်းစာတွေ သင်ယူဖို့ မကြိုးစားခဲ့ဘူး။ ကျန်းစင်းက ကိုင်တွယ်မခံရသလို၊ အဲဒီအစား ကျွန်မ ဖိနှိပ်၊ ရှုတ်ချခံရတာကိုမြင်တော့၊ ဘုရားအပေါ် အထင်လွဲပြီး မကျေမနပ်ဖြစ်ခဲ့တယ်။ ဘုရားက မတရားဘူးလို့ တွေးပြီး၊ သူနဲ့ပတ်သက်လို့ စိတ်တောင်ပျက်ခဲ့တယ်။ အရမ်းကို ယုတ္တိမတန်တာပဲ။

အဲဒီနောက်မှာ၊ ကိုယ့်အခြေအနေနဲ့ ပတ်သက်လို့ ဘုရားဆီ ဆုတောင်းပြီး၊ သူ့ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို သိကျွမ်းရာမှာ လမ်းပြဖို့ တောင်းလျှောက်ခဲ့တယ်။ နောက်တော့၊ ဘုရားနှုတ်ကပတ်တော်မှာ ဒါကို ဖတ်ရတယ်။ “လူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို မည်ကဲ့သို့ သိကျွမ်း၍ နားလည်သဘောပေါက်သနည်း။ ဖြောင့်မတ်သောသူတို့သည် ကိုယ်တော်၏ကောင်းချီး မင်္ဂလာများကို ရရှိကြ၍ မတရားသောသူတို့သည် ကိုယ်တော်၏ကျိန်ခြင်းကို ခံရသောအခါ ဤအရာများသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်း၏ သာဓကများ ဖြစ်ကြသည်ကို ၎င်းတို့ နားလည်ကြသည်။ ဘုရားသခင်သည် ကောင်းမြတ်သူကို ဆုလာဘ်ချီးမြှင့်ပြီး ဆိုးယုတ်သူကို အပြစ်ဒဏ်ပေးကာ လူသားတိုင်းကို ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့်အညီ အကျိုးပေးသည်ဟု ဆိုထားသည်။ ဤသည်မှာ မှန်ကန်သော်လည်း၊ ယခုနေ့ရက်ကာလတွင် လူတို့၏ အယူအဆများနှင့် မကိုက်ညီသည့် အဖြစ်အပျက်အချို့ရှိနေသည်။ အတိအကျပြောရသော် ဘုရားသခင်အား ယုံကြည်ပြီး ကိုးကွယ်သောသူများသည် အသေသတ်ခြင်း ခံရကြသည်၊ သို့မဟုတ် သူ၏ ကျိန်ခြင်းအမင်္ဂလာကိုခံရကြသည်။ သို့မဟုတ် ကိုယ်တော်၏ကောင်းချီးပေးခြင်းကို မည်သည့် အခါမှ မခံစားရ၊ သို့မဟုတ် ကိုယ်တော်၏ အသိအမှတ်ပြုခြင်းကို မခံရကြပေ။ ထိုသူတို့သည် ဘုရားသခင်ကို မည်မျှကိုးကွယ် ကြစေကာမူ ကိုယ်တော်သည် သူတို့အား လျစ်လျူရှုသည်။ ဘုရားသခင်သည် မတရားသောသူတို့အား ကောင်းချီးမပေးသလို အပြစ်ဒဏ်လည်းမပေးပေ၊ သို့သော်လည်း ၎င်းတို့သည် ချမ်းသာကြွယ်ဝ၍ သားသမီး မြောက်မြားစွာရှိကြကာ ၎င်းတို့အတွက် အစစအရာရာ အဆင်ပြေသည်။ ၎င်းတို့သည် အရာရာတိုင်း၌ အောင်မြင်ကြသည်။ ဤအရာသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ဖြစ်ပေသလော။ လူအချို့က ‘ကျွန်ုပ်တို့သည် ကိုယ်တော်ကို ကိုးကွယ်သော်လည်း ကိုယ်တော်ထံမှ မည်သည့်အခါမျှ ကောင်းချီးမရသေးသော်ငြားလည်း ကိုယ်တော့်အား မကိုးကွယ်ဘဲ ခုပင်ခုခံကြသည့် ဆိုးယုတ်သူများသည် ကျွန်ုပ်တို့ထက် ပိုကောင်းပြီး ပို၍ ကြီးပွားသော ဘဝ၌ အသက်ရှင်နေကြသည်။ ဘုရားသခင်သည် ဖြောင့်မတ်ခြင်း မရှိ။’ဟု ဆိုကြသည်။ ဤအရာက သင်တို့အား မည်သည့် အချက်ကို ဖေါ်ပြသနည်း။ ငါသည် သင်တို့အား ဥပမာ နှစ်ခုသာ ပေးခဲ့သည်။ မည်သည့် ဥပမာက ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ပြောဆိုသနည်း။ လူအချို့က ‘ထိုဥပမာနှစ်ခုစလုံးသည် ဘုရားသခင့်ဖြောင့်မတ်ခြင်းကို ထင်ရှားပြသနေသည်တကား။’ ဟုဆိုကြသည်။ ၎င်းတို့ အဘယ်ကြောင့် ဤသို့ပြောဆို ကြသနည်း။ ဘုရားသခင်၏ လုပ်ရပ်များတွင် စည်းမျဉ်းများရှိသည်။ လူတို့က ၎င်းတို့ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခြင်းသာဖြစ်သည်။ ရှင်းလင်းစွာ မမြင်နိုင်သောကြောင့် ဘုရားသခင်က ဖြောင့်မတ်သည်ဟု ၎င်းတို့ မပြောနိုင်ကြပေ။ လူသားသည် အပေါ်ယံတွင်ရှိသည့်အရာကိုသာ မြင်နိုင်သည်။ အမှုအရာများကို အရှိအတိုင်း မရိပ်စားမိနိုင်ပေ။ ထို့ကြောင့် ဘုရားသခင် လုပ်ဆောင်သည့်အရာသည် ဖြောင့်မတ်သော်ငြားလည်း၊ လူသား၏ အယူအဆများ၊ စိတ်ကူးများနှင့် ကိုက်ညီမှု နည်းပါးလှသည်။ ဘုရားသခင်က မဖြောင့်မတ်ဟု အစဉ် ညည်းတွားသောလူများစွာရှိကြသည်။ ဤသည်မှာ ၎င်းတို့သည် အခြေအနေကို အရှိအတိုင်း နားမလည်သောကြောင့်ဖြစ်သည်။ လူတစ်ယောက်သည် အမှုအရာများကို သူ၏ အယူအဆများ၊ စိတ်ကူးများအရ အစဉ် ကြည့်ရှုသောအခါ အမှားများပြုလုပ်ရန် လွယ်ကူသည်။ လူတို့၏ အသိပညာသည် ၎င်းတို့ကိုယ်တိုင်၏ အတွေးများ၊ အမြင်များတွင်၊ သို့မဟုတ် ကောင်းမှု၊ မကောင်းမှု၊ အမှန်နှင့် အမှား၊ သို့မဟုတ် တွေးခေါ်ပုံစနစ်အပေါ် ၎င်းတို့၏ အမြင်ရှုထောင့်များအတွင်းတွင် တည်ရှိသည်။ လူတစ်ယောက်သည် ဤသို့သော အမြင်ရှုထောင့်များမှ အမှုအရာများကို မြင်သောအခါ ထိုသူသည် ဘုရားသခင်အား နားလည်မှုလွဲဖို့၊ အယူအဆများဖြစ်ပေါ်ဖို့ လွယ်ကူသည်။ ထိုသူသည် ဘုရားသခင်ကို အာခံပြီး စောဒကတက်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး)သင်တို့ မည်သည့်အရာကို ပြောမည်နည်း- စာတန်ကို ဘုရားသခင်၏ ဖျက်ဆီးခြင်းက သူ့ဖြောင့်မတ်ခြင်း၏ ဖော်ပြချက် တစ်ခုလော။ (ဟုတ်ပါသည်။) စာတန်ကို သူဆက်လက် တည်ရှိခွင့်ပေးခဲ့ပါက၊ မည်သည့်အရာဖြစ်မည်နည်း။ သင် မပြောဝံ့သည် မဟုတ်လော။ ဘုရားသခင်၏ အနှစ်သာရမှာ ဖြောင့်မတ်ခြင်း ဖြစ်သည်။ ကိုယ်တော်ပြုသောအမှုကို နားလည်ရန် မလွယ်ကူသော်လည်း ကိုယ်တော်ပြုသော အမှုအားလုံးသည် ဖြောင့်မတ်ပေသည်။ လူတို့က နားမလည်ကြခြင်းသာ ဖြစ်သည်။ ဘုရားသခင်က ပေတရုကို စာတန်ထံပေးသောအခါ ပေတရုက မည်သို့ တုံ့ပြန်သနည်း။ ‘လူသားမျိုးနွယ်သည် ကိုယ်တော်ပြုသောအမှုကို နားလည်နိုင်စွမ်း မရှိပေ၊ သို့သော် ကိုယ်တော်ပြုသည့်အမှုအားလုံးတွင် ကိုယ်တော်၏ စိတ်စေတနာကောင်းပါဝင်၏၊ ထိုအမှုတစ်ရပ်လုံးတွင် ဖြောင့်မတ်ခြင်းပါရှိသည်။ ကိုယ်တော်၏ ဉာဏ်ပညာနှင့် လုပ်ဆောင်မှုများအတွက် ကျွန်ုပ်သည် အဘယ်သို့ မချီးမွမ်းဘဲ နေနိုင်မည်နည်း။’ ဘုရားသခင်သည် လူသားကို သူကယ်တင်သည့်အချိန်တွင် စာတန်ကို မဖျက်ဆီးရသည့်အကြောင်းအရင်းမှာ လူသားများကို စာတန်က မည်သို့ ဖျက်ဆီးခဲ့ကြောင်း၊ လူသားများကို ဖျက်ဆီးခဲ့သည့် အတိုင်းအတာနှင့် ဘုရားသခင်က လူသားတို့ကို မည်သို့ သန့်စင်ပြီး ကယ်တင်ကြောင်းတို့ကို လူသားများ ရှင်းလင်းစွာ မြင်နိုင်ဖို့ဖြစ်သည်ကို သင်သည် ယခုအခါ သိမြင်သင့်ပေသည်။ အဆုံးတွင် လူတို့သည် သမ္မာတရားကို နားလည်ပြီး စာတန်၏ စက်ဆုပ်ဖွယ် အမူအရာကို ရှင်းရှင်းလင်းလင်းမြင်ပြီး၊ ၎င်းတို့ကို စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းနှင့်သက်ဆိုင်သော ကြောက်စရာကောင်းသော အပြစ်တရားကို ရှုမြင်ပြီးသည့်အခါတွင် ဘုရားသခင်သည် စာတန်ကို ဖျက်ဆီးကာ လူတို့အား သူ၏ ဖြောင့်မတ်ခြင်းကို ပြလိမ့်မည်။ ဘုရားသခင်က စာတန်ကို ဖျက်ဆီးသည်မှာ မည်သည့်အချိန်တွင်ဖြစ်စေ ယင်းတွင် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဉာဏ်ပညာပါဝင်လိမ့်မည်။ ဘုရားသခင် ပြုသောအမှုအားလုံးသည် ဖြောင့်မတ်သည်။ ယင်းသည် လူတို့အတွက် မတွေးတတ်အောင် ခက်ခဲနက်နဲနိုင်သော်လည်း ၎င်းတို့သည် မိမိတို့သဘောရှိ ဝေဖန်တိက မပြုသင့်ပေ။ ဘုရားပြုသော အမှုတစ်စုံတစ်ရာသည် လူတို့အတွက် ကျိုးကြောင်းမဆီလျော်သကဲ့သို့ ထင်ရလျှင်၊ သို့မဟုတ် ၎င်းတို့၌ ထိုအရာနှင့်ပတ်သက်၍ အယူအဆများရှိပြီး ယင်းကြောင့် ဘုရားသခင်သည် မဖြောင့်မတ်ဟု ၎င်းတို့ပြောလျှင် သင်သည် အကျိုးသင့်အကြောင်းသင့် မရှိဆုံးဖြစ်သည်။ ပေတရုသည် အချို့သောအမှုအရာများကို နားမလည်နိုင်ကြောင်း တွေ့ရှိသော်လည်း ထိုအမှုအရာများထဲတွင် ဘုရားသခင်၏ဥာဏ်ပညာ ပါရှိပြီး ကိုယ်တော်၏စိတ်စေတနာ ပါဝင်ကြောင်း သူသေချာသည်ကို သင်တွေ့ရမည်။ လူတို့သည် အရာခပ်သိမ်းကို နားလည်သဘောပေါက်နိုင်စွမ်း မရှိပေ။ ၎င်းတို့ နားလည်သဘောမပေါက်နိုင်သော အရာများစွာ ရှိသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ချင့်ချိန်စဉ်းစားရင်းနဲ့၊ ကျွန်မရဲ့ အယူအဆမှာ၊ ဖြောင့်မတ်ခြင်းဆိုတာ တရားမျှတမှုနဲ့ ယုတ္တိတန်မှုကို ဆိုလိုတယ်လို့ ယံကြည်မှန်း သဘောပေါက်သွားတယ်။ မကောင်းမှုပြုသူနဲ့ အန္တိခရစ်တစ်ယောက်က အသင်းတော်အလုပ်ကို နှောင့်ယှက်ခဲ့သလို၊ ဖော်ထုတ်ပြီး တိုင်ကြားဖို့ ထရပ်ခြင်းအားဖြင့် အသင်းတော် အကျိုးစီးပွားကို ကျွန်မတို့ ကာကွယ်တဲ့အတွက် ဘုရားက ကျွန်မတို့ကို စောင့်ရှောက်သင့်တယ်၊ ကွယ်ကာပြီး ဖိနှိပ်ခံခွင့် မပေးသင့်သလို၊ မကောင်းမှုပြုသူနဲ့ အန္တိခရစ်က ချက်ချင်း နှင်ထုတ်ခံရသင့်တယ်လို့ပေါ့။ ဒါက ဘုရားရဲ့ ဖြောင့်မတ်ခြင်းလို့ ထင်ခဲ့တာ။ တိုင်ကြားစာကို ရေးပြီးတဲ့နောက်မှာ၊ မကောင်းမှုပြုသူနဲ့ အန္တိခရစ်တွေ ကိုင်တွယ်မခံရဘဲ၊ အသင်းတော်မှာ ရာထူးမြင့်တာတွေ ကိုင်ထားကြသေးသလို၊ ကျွန်မတို့က သီးခြားထားခံရ၊ ရှုတ်ချခံရတာကို မြင်တော့ ဘုရားရဲ့ ဖြောင့်မတ်ခြင်းနဲ့ ပတ်သက်လို့ သံသယစရှိလာပြီး၊ ဘုရားရဲ့ ဖြောင့်မတ်ခြင်း ဘယ်မှာလဲလို့ မတော်တရော် မေးမိခဲ့တယ်။ အရမ်း မာနထောင်လွှားခဲ့တာ။ ပေတရုက အစစ်ဆေးခံရချိန်မှာ၊ နာကျင်စရာ စစ်ဆေးမှုကို သူ ကြုံခဲ့ရပုံကို တွေးမိတယ်။ ဘုရား ဘာလုပ်နေတယ်ဆိုတာ ကျွန်မ နားမလည်နိုင်ခဲ့ပေမဲ့၊ ဘုရားက ဘာပဲလုပ်ပါစေ၊ ဖြောင့်မတ်ပြီး၊ အဲဒီအထဲမှာ ဘုရားရဲ့ ဉာဏ်ပညာရှိတယ်လို့ သူ ယုံကြည်ခဲ့တယ်။ ဒါကြောင့် ဘုရားကို သူနာခံနိုင်ခဲ့ပြီး၊ နောက်ဆုံးမှာ ဘုရားအတွက် အဆုံးစွန် ချစ်ခြင်းရှိခဲ့တယ်၊ သေတဲ့အထိ နာခံခဲ့ပြီး၊ လှပတဲ့ သက်သေခံချက် ဖြစ်စေခဲ့တယ်။ သမ္မာတရားကို ကျွန်မ နားမလည်ခဲ့ဘဲ၊ ကိုယ့်ရှေ့မှာ မြင်လို့ရတဲ့ အရာနည်းနည်းကိုပဲ အခြေခံပြီး၊ အပေးအယူ ရှုထောင့်အမြင်ကနေ ဘုရားရဲ့ ဖြောင့်မတ်ခြင်းကို ကျွန်မ ဆန်းစစ်ခဲ့တယ်။ ကိုယ်လိုချင်တဲ့အတိုင်း၊ ကိုယ့်ကို အကျိုးရှိစေတာတွေကို ဘုရား လုပ်တဲ့အခါ၊ ဘုရားက ဖြောင့်မတ်တယ်လို့ တွေးပြီး ချီးမွမ်းနိုင်ခဲ့တယ်။ အန္တိခရစ်ရဲ့ဖိနှိပ်တာခံရပြီး ကျွန်မအနာဂတ်နဲ့ ကံကြမ္မာ ပါဝင်ပတ်သက်တဲ့အခါ၊ ဘုရားကို ယုံကြည်ခြင်း ပျောက်ဆုံးခဲ့သလို၊ ဘုရားရဲ့ ဖြောင့်မတ်ခြင်းကိုတောင် သံသယရှိပြီး၊ ဘုရားအိမ်တော်မှာ သမ္မာတရားနဲ့ ဖြောင့်မတ်ခြင်း အုပ်စိုးတာကို ငြင်းခဲ့တယ်။ ကျွန်မ အကျိုးရှိနိုင်ခြင်း ရှိမရှိပေါ် လုံးဝ အခြေခံပြီး ဘုရားရဲ့ ဖြောင့်မတ်ခြင်းကို ကျွန်မ ဆန်းစစ်ခဲ့တာပဲ။ ကျွန်မ လုံးဝကို အဓိပ္ပာယ်မရှိခဲ့တာပါ။ ဘုရားက ဖန်ဆင်းရှင်ဖြစ်တယ်၊ သူ့ရဲ့ အနှစ်သာရက ဖြောင့်မတ်ခြင်းဖြစ်ပြီး ဆိုးယုတ်မှုကို ဘုရား မုန်းတယ်။ အဲဒါကို သူ့ရဲ့ အနှစ်သာရအားဖြင့် ဆုံးဖြတ်ပါတယ်။ အသင်းတော်က မကောင်းမှုပြုသူနဲ့ အန္တိခရစ်ကို လောလောဆယ် မထုတ်ပယ်ပေမဲ့၊ အဲဒါက သူတို့လုပ်ရပ်တွေကို ဘုရားက မစက်ဆုပ်ဘူးလို့ သေချာပေါက် မဆိုလိုဘူး။ မဆိုးယုတ်မှုကို ဘုရားက မစက်ဆုပ်ဘူးလို့ မဆိုလိုသလို၊ သ အသင်းတော်မှာ သမ္မာတရား မအုပ်စိုးဘူးလို့ မဆိုလိုပါဘူး။ ဖြစ်နေတဲ့အရာထဲမှာ ဘုရားရဲ့ ဉာဏ်ပညာနဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေ ရှိတယ်။ ကျွန်မကသာ နားမလည်ခဲ့တာပါ။ ကျွန်မ ယုတ္တိတန်ရမယ်၊ အဖန်ဆင်းခံရဲ့ နေရာမှာ ရပ်ရမယ်၊ ဘုရားရဲ့ အချုပ်အခြာ အစီအစဉ်တွေကို ကျိုးနွံနာခံရမယ်၊ ရှာဖွေဖို့ ဘုရားဆီ ဆုတောင်းပြီး သူ့ရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ လမ်းပြမှုကို စောင့်ဆိုင်းရမယ်။ ဒါကို သဘောပေါက်လိုက်တာနဲ့၊ ကျွန်မစိတ်နှလုံး လင်းလက်သွားပြီး ဘုရားအပေါ် အထင်လွဲတာတွေ ပျောက်သွားတယ်။ အသင်းတော်ထဲက ညီအစ်ကို မောင်နှမတချို့က ကျန်းစင်းကို မသိမြင်သေးမှန်းလည်း သဘောပေါက်မိတယ်။ ဒီအခြေအနေတွေကတစ်ဆင့်၊ နည်းနည်းချင်း ကျန်းစင်းရဲ့ အနှစ်သာရကို သူတို့အားလုံး မြင်လာကြမှာပါ။ သူ့ကို သူတို့ မငြင်းပယ်ခင် သိမြင်ရမယ်။ ဒီပတ်ဝန်းကျင်က ချင့်ချိန်နိုင်စွမ်း ဖြစ်စေဖို့အတွက် အရမ်းအကျိုးပြုတယ်။ ဒါကို နားလည်ပြီးတဲ့နောက်မှာ၊ ဘုရားရဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံပြီး ဒီပတ်ဝန်းကျင်မှာ သင်ခန်းစာတွေ သင်ယူချင်တယ်လို့ ပြောဖို့ ဘုရားဆီ ဆုတောင်းခဲ့တယ်။

နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော်မှာ ဖတ်ရတယ်။ “သင်သည် ကယ်တင်ခြင်းခံရလိုပါက၊ အဆင်းနီသော နဂါးကြီးနှင့်ဆိုင်သော အကျပ်အတည်းကို သင်ကျော်လွန်ရမည်သာမက၊ ပြီးလျှင် အဆင်းနီသော နဂါးကြီးကို သိမြင်ဖို့၊ ယင်း၏ အကျည်းတန်သော မျက်နှာကို ရိပ်စားမိဖို့နှင့် ယင်းကို လုံးလုံး စွန့်ပစ်ဖို့ လုပ်နိုင်စွမ်းရှိရမည်သာမက၊ သင်ကျော်ဖြတ်ဖို့ အန္တိခရစ်တို့နှင့်ဆိုင်သည့် အကျပ်အတည်းကလည်း ရှိနေသည်။ အသင်းတော်၌ အန္တိခရစ်တစ်ဦးသည် ဘုရားသခင်၏ ရန်သူဖြစ်ရုံသာမက၊ ဘုရားသခင် ရွေးချယ်ထားသောသူများ၏ ရန်သူလည်း ဖြစ်ပေသည်။ သင်သည် အန္တိခရစ်တစ်ဦးကို ခွဲခြားဖော်ထုတ်နိုင်ခြင်း မရှိပါက၊ လှည့်စားခံရပြီး သိမ်းသွင်းစည်းရုံးခံရနိုင်ကာ၊ အန္တိခရစ်၏ လမ်းကြောင်းကို လျှောက်ပြီး ဘုရားသခင်၏ ကျိန်ဆဲခြင်းနှင့် အပြစ်ဒဏ်ပေးခြင်း ခံရဖို့ ဖြစ်နိုင်ပေသည်။ ထိုသို့ဖြစ်ပါက၊ ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်းသည် လုံးလုံး ကျရှုံးပြီးဖြစ်သည်။ ကယ်တင်ခြင်းပေးအပ်ခံရဖို့ လူများသည် မည်သည့်အရာကို ပိုင်ဆိုင်ရမည်နည်း။ ဦးစွာ ၎င်းတို့သည် သမ္မာတရားများစွာကို နားလည်ရမည်ဖြစ်ပြီး အန္တိခရစ်တစ်ဦး၏ အနှစ်သာရ၊ စိတ်သဘောထားနှင့် လမ်းကြောင်းတို့ကို ခွဲခြားဖော်ထုတ်နိုင်ရမည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်စဉ် လူများကို မကိုးကွယ်ဖို့၊ သို့မဟုတ် နောက်မလိုက်ဖို့ သေချာစေရန် တစ်ခုတည်းသော နည်းလမ်းဖြစ်ပြီး၊ တကယ့်အဆုံးထိ ဘုရားနောက်လိုက်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ အန္တိခရစ်တစ်ဦးကို ခွဲခြားဖော်ထုတ်နိုင်သည့် လူများသာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်နိုင်ကာ၊ ဘုရားသခင်နောက်ကို အမှန်တကယ် လိုက်ပြီး ဘုရားသခင်အတွက် သက်သေခံနိုင်ပေသည်။ အန္တိခရစ်တစ်ဦးကို ခွဲခြားဖော်ထုတ်ခြင်းသည် ရိုးရှင်းသောကိစ္စမဟုတ်သကဲ့သို့၊ ၎င်းတို့၏ အနှစ်သာရကို ရှင်းလင်းစွာမြင်နိုင်ကာ ၎င်းတို့ လုပ်ဆောင်သမျှ နောက်ကွယ်ရှိ လျှို့ဝှက်ကြံစည်မှုများ၊ လှည့်ကွက်များနှင့် ရည်ရွယ်ထားသည့် ပန်းတိုင်များကို ရိပ်စားမိနိုင်စွမ်း ရှိဖို့ လိုအပ်သည်။ ထိုသို့ဖြင့် သင်သည် ၎င်းတို့၏ လှည့်စားခြင်း၊ သို့မဟုတ် ထိန်းချုပ်ခြင်းကို ခံရမည်မဟုတ်သကဲ့သို့၊ ခိုင်မာစွာ ရပ်တည်နိုင်ကာ၊ သမ္မာတရားကို ဘေးကင်းစွာနှင့် လုံခြုံစွာ လိုက်စားနိုင်ပြီး သမ္မာတရားကို လိုက်စားခြင်းနှင့် ကယ်တင်ခြင်း ရရှိခြင်း လမ်းကြောင်းပေါ်တွင် တည်မြဲနိုင်ပေမည်။ သင်သည် အန္တိခရစ်တစ်ဦးကို ခွဲခြားဖော်ထုတ်နိုင်ခြင်း မရှိပါက၊ သင်သည် ကြီးမားသော အန္တရာယ်တွင်ရှိနေပြီး အန္တိခရစ်၏ လှည့်စားပြီး ဖမ်းဆီးခံရကာ စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်လာရနိုင်ဖွယ်ရှိသည်ဟု ဆိုနိုင်ပေသည်။...ထို့ကြောင့် သင်သည် ကယ်တင်ခြင်း ရရှိနိုင်သည့် နေရာသို့ ရောက်ရှိလိုပါက၊ သင်အောင်မြင်ရမည့် ပထမဆုံး စစ်ဆေးချက်မှာ စာတန်ကို ရိပ်စားမိနိုင်ခြင်းဟူသော စစ်ဆေးချက်တစ်ခု ဖြစ်ပြီး၊ သင်သည် ထရပ်ကာ စာတန်ကို ဖော်ထုတ်ကာ စွန့်ပစ်ဖို့ သတ္တိလည်း ရှိရမည်။ သို့ဆိုလျှင် စာတန် အဘယ်မှာရှိသနည်း။ စာတန်သည် သင့်နံဘေးနှင့် သင်၏ ဘက်ပေါင်းစုံတွင် ရှိသည်။ သူသည် သင့်စိတ်နှလုံးအတွင်းတွင်ပင် အသက်ရှင်နေနိုင်သည်။ သင်သည် စာတန်၏ စိတ်သဘောထားအတွင်းတွင် အသက်ရှင်နေပါက၊ သင်သည် စာတန်နှင့် သက်ဆိုင်သည်ဟု ဆိုနိုင်၏။ သင်သည် ဝိညာဉ်လောကနှင့်ဆိုင်သည့် စာတန်နှင့် ဆိုးယုတ်သော ဝိညာဉ်များကို မမြင်နိုင်၊ သို့မဟုတ် မထိတွေ့နိုင်သော်လည်း လက်တွေ့ဘဝတွင် တည်ရှိသည့် စာတန်နှင့် အသက်ရှင်သော နတ်ဆိုးများသည် နေရာတကာတွင် ရှိ၏။ သမ္မာတရားကို စိတ်ကုန်သည့်သူ မည်သူမဆိုသည် ဆိုးယုတ်ပြီး သမ္မာတရားကို လက်မခံသည့် မည်သည့်ခေါင်းဆောင်၊ သို့မဟုတ် မည်သည့်အမှုတော်ဆောင်မဆိုသည် အန္တိခရစ်တစ်ဦး၊ သို့မဟုတ် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ထိုသို့သော လူများသည် စာတန်များနှင့် ရှင်သန်နေသည့်နတ်ဆိုးများ ဖြစ်ကြသည် မဟုတ်လော။ ဤလူများမှာ သင်ကိုးကွယ်ပြီး ကြည်ညိုသည့်သူများစင်စစ် ဖြစ်နေနိုင်၏။ ၎င်းတို့မှာ သင့်ကို ဦးဆောင်သော လူများ၊ သို့မဟုတ် သင်၏စိတ်နှလုံးထဲတွင် သင်ကြာမြင့်စွာ လေးစားနေခဲ့ရသူများ၊ ယုံကြည်ကိုးစားပြီး အားကိုးနေခဲ့ရသူများနှင့် မျှော်လင့်နေခဲ့ရသူများ ဖြစ်နိုင်သည်။ သို့သော်၊ စင်စစ်အားဖြင့် ၎င်းတို့သည် သင့်ကိုတားဆီးနေပြီး သမ္မာတရားကို လိုက်စားခြင်းနှင့် ကယ်တင်ခြင်းကို ရရှိခြင်းတို့မှ သင့်ကိုဟန့်တားနေသည့် လမ်းဆို့များဖြစ်သည်။ ၎င်းတို့သည် အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များဖြစ်ကြ၏။ ၎င်းတို့သည် သင်၏ဘဝနှင့် သင်လျှောက်လှမ်းသည့် လမ်းကြောင်းတို့ကို ထိန်းချုပ်နိုင်ပြီး၊ ကယ်တင်ခြင်း ပေးအပ်ခံရမည့် သင်၏အခွင့်အရေးကို ဖျက်ဆီးနိုင်သည်။ ၎င်းတို့ကို သင်မခွဲခြားနိုင်သကဲ့သို့ မရိပ်စားမိနိုင်ပါက၊ အချိန်မရွေး၊ သင်သည် ၎င်းတို့၏ လှည့်စားခြင်း၊ ၎င်းတို့၏ ဖမ်းဆီးခြင်းနှင့် ခေါ်ဆောင်သွားခြင်းကို ခံရနိုင်ပေသည်။ ထို့ကြောင့်၊ သင်သည် ကြီးမားသော အန္တရာယ်တွင် ရှိ၏။ ဤအန္တရာယ်မှ သင့်ကိုယ်သင် မလွတ်မြောက်စေနိုင်ပါက၊ သင်သည် စာတန်၏ ပူဇော်ရာ သားကောင်ဖြစ်ပေသည်။ အန္တိခရစ်တစ်ဦး၏ လှည့်စားခြင်းနှင့် ထိန်းချုပ်ခြင်းခံရကာ အန္တိခရစ်တစ်ဦး၏ နောက်လိုက်များဖြစ်လာသည့် လူများသည် မည်သို့ပင်ဖြစ်စေကာမူ ကယ်တင်ခြင်းကို မည်သည့်အခါမျှ မရရှိနိုင်ပေ။ အကြောင်းမှာ ၎င်းတို့သည် သမ္မာတရားကို မချစ်သလို၊ လိုက်စားခြင်း မရှိသောကြောင့်၊ ၎င်းတို့သည် အန္တိခရစ်တစ်ဦး၏ လှည့်စားခြင်းခံရနိုင်ပြီး နောက်လိုက်မိနိုင်သည်။ ဤသည်မှာ ရှောင်လွှဲ၍မရနိုင်သော ရလဒ်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၃) နှုတ်ကပတ်တော်ကို စဉ်းစားပြီးတဲ့နောက်မှာ ဘုရားအလိုတော်ကို နားလည်သွားတယ်။ ဘုရားက အသင်းတော်မှာ မကောင်းမှုပြုသူနဲ့ အန္တိခရစ်တွေကို ပေါ်လာခွင့်ပေးပြီး ဒါရဲ့နောက်မှာ သူ့ဉာဏ်ပညာရှိတယ်။ လူတွေက စာတန်ရဲ့ အမှောင်လွမ်းမိုးမှုကနေ လွတ်မြောက်ပြီး ကယ်တင်ခြင်း ရရှိနိုင်အောင် ချင့်ချိန်နိုင်စွမ်းပေးဖို့ သူတို့ရဲ့ နှောင့်ယှက်မှုနဲ့ လှည့်ဖြားမှုကို ဘုရားက သုံးနေတာပဲ။ ကျန်းစင်းက ကျွန်မကို ဖိနှိပ်ပြီး မပြစ်ပေးသလို၊ ညီအစ်ကို မောင်နှမတွေက ကျွန်မကို အထင်လွဲပြီး ပစ်ပယ်ခဲ့ကြတယ်။ အဲဒါက ကျွန်မကို ဆင်းရဲဒုက္ခတချို့ ဖြစ်စေခဲ့ပေမဲ့၊ ဒီဖြစ်စဉ်အတောအတွင်းမှာ၊ အန္တိခရစ်တွေက လူတွေကို လှည့်ဖြားပြီး ထိခိုက်နစ်နာစေပုံကို အထူးသဖြင့် ကျွန်မ တွေ့ခဲ့ရတယ်။ အသိပညာနဲ့ ချင့်ချိန်နိုင်စွမ်း ကျွန်မ ရခဲ့ပြီး၊ ကျန်းစင်းက သမ္မာတရားကို မုန်းပြီး ဘုရားကို ရန်လိုတဲ့ အန္တိခရစ်တစ်ယောက်ဖြစ်မှန်း ရှင်းရှင်းလင်းလင်း မြင်ခဲ့တယ်။ ဒါကြောင့် သူ့အားဖြင့် စိတ်မကျဉ်းကျပ်သလို ထိန်းချုပ်မခံရတော့ဘူး၊ ပြီးတော့ သူ့ရဲ့ ကျရှုံးမှုတွေကနေ သင်ယူပြီး မမှန်တဲ့ လမ်းကြောင်းလျှောက်တာကို ရှောင်ရှားနိုင်ခဲ့တယ်။ ဒီအရာအားလုံးက ဘုရားရဲ့ မေတ္တာနဲ့ ကယ်တင်ခြင်းပဲ မဟုတ်လား။ အဲဒီအကြောင်းကို တွေးလေ၊ ဘုရားက ဖြောင့်မတ်ပြီး အမြော်အမြင်ရှိတယ်လို့ သဘောပေါက်လေ ဖြစ်ရသလို၊ ဘုရားရဲ့ ဖြောင့်မတ်ခြင်း မသိခဲ့တာကို နောင်တရလေပဲ။ အန္တိခရစ်တွေရဲ့ ဖိနှိပ်တာကို ခံခဲ့ရလို့ မတရားတာအားလုံးအတွက် ဘုရားအပေါ် ကျွန်မ အပြစ်ပုံချခဲ့ပြီး၊ ဘုရားနဲ့ ပတ်သက်လို့ အထင်လွဲပြီး မကျေမနပ် ပြောခဲ့တယ်။ အရမ်း ပုန်ကန်တတ်ခဲ့တာပဲ။ ဒါကို သဘောပေါက်တာနဲ့၊ ဘုရားကို အရမ်းအကြွေးတင်တယ်လို့ ခံစားရပြီး နောင်တရချင်ခဲ့တယ်။ အယောင်ဆောင် ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေကို ဖော်ထုတ်တာက ကောင်းမွန်၊ ဖြောင့်မတ်တဲ့ လုပ်ရပ်ဖြစ်ပြီး၊ ကျွန်မရဲ့ တာဝန်နဲ့ ဝတ္တရား ဖြစ်ပါတယ်။ မကောင်းမှုပြုသူကို ဖော်ထုတ်၊ နှင်ထုတ်နိုင်ခဲ့ပြီး၊ ညီအစ်ကို မောင်နှမတွေက ကောင်းမွန်တဲ့ အသင်းတော် အသက်တာရှိနိုင်ရင်၊ ညီအစ်ကို မောင်နှမတွေက ကျွန်မကို အထင်လွဲရင်တောင်၊ အန္တိခရစ်ရဲ့ နှင်ထုတ်တာ ကျွန်မ ခံရရင်တောင်၊ နောင်တရစရာ ဘာမှမရှိဘူး။ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို တွေးမိတယ်။ “ကောက်ကျစ်စဉ်းလဲသော လူများသည် အစဉ်အမြဲ ကောက်ကျစ်စဉ်းလဲကြပြီး၊ အပြစ်ဒဏ်ပေးခြင်းနေ့ရက်မှ မည်သည့်အခါမျှ လွတ်မြောက်လိမ့်မည် မဟုတ်ပေ။ ကောင်းမြတ်သောလူများသည် အစဉ်အမြဲ ကောင်းမြတ်ကြပြီး၊ ဘုရားသခင်၏အမှု အဆုံးသို့ရောက်သောအခါ၊ ထုတ်ဖော်ခြင်းကို ခံရကြလိမ့်မည်။ မတရားသောသူ တစ်ယောက်မျှ ဖြောင့်မတ်သည်ဟု သတ်မှတ်ခြင်း ခံရမည်မဟုတ်သကဲ့သို့၊ ဖြောင့်မတ်သောသူ တစ်ယောက်မျှ ဆိုးယုတ်သည်ဟု သတ်မှတ်ခြင်း ခံရမည်မဟုတ်ချေ။ ငါသည် လူတစ်ဦးတစ်ယောက်ကို မတရားစွပ်စွဲခြင်း ခံစေမည်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်) ဘုရားနှုတ်ကပတ်တော်တွေအားလုံးက ရှင်းလွန်းပါတယ်။ ဘုရားက ဖြောင့်မတ်တယ်၊ သူကို အစစ်အမှန် ချစ်သူတွေအတွက် ကရုဏာနဲ့ ကယ်တင်ခြင်း သူ့မှာရှိသလို၊ မကောင်းမှုပြုသူနဲ့ အန္တိခရစ်တွေကို သူ ကျိန်ဆဲပြီး အပြစ်ပေးတယ်။ အဲဒါကို ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားက ဆုံးဖြတ်တာပဲ။ ကျွန်မ ကယ်တင်ခံရခြင်း ရှိမရှိက ဘုရားရဲ့ သဘောပဲ၊ အန္တိခရစ်သဘော မဟုတ်ဘူး။ အသင်းတော်က အန္တိခရစ်ရဲ့ ထိန်းချုပ်တာ ခံခဲ့ရသလို၊ ကျွန်မတို့ ဖိနှိပ်ခံခဲ့ရပေမဲ့၊ ဒါက ခဏတာပါပဲ။ ဘုရားက အရာရာကို မြင်တယ်၊ သန့်ရှင်းသော ဝိညာဉ်တော်က အရာရာကို ထုတ်ဖော်ပြပြီး၊ အနှေးနဲ့အမြန် အန္တိခရစ်က ထုတ်ဖော်ခံရပြီး ထုတ်ပယ်ခံရမှာပဲ။ အဲဒီရက်တွေအတွင်းမှာ၊ နှုတ်ကပတ်တော်ကို ကျွန်မ မကြာခဏ တွေးဆခဲ့ပြီး၊ တဖြည်းဖြည်းနဲ့၊ ကိုယ့်စိတ်နှလုံးမှာ လွတ်မြောက်မှုခံစားရပြီး၊ ဘုရားအမှုတော်ကို ယုံကြည်ခဲ့တယ်။

တစ်နေ့မှာ အထက်ခေါင်းဆောင်က အသင်းတော်ထဲက ပရမ်းပတာအခြေအနေကို ဖြေရှင်းဖို့ ညီအစ်မနှစ်ယောက်ကို စီစဉ်ခဲ့တယ်။ ကျွန်မတို့ အရမ်းစိတ်လှုပ်ရှားခဲ့ပြီး ဘုရားကို အကြိမ်ကြိမ် ကျေးဇူးတင်မိခဲ့တယ်။ မမျှော်လင့်ဘဲ၊ ကျန်းစင်းရဲ့ မကောင်းတဲ့ အပြုအမူကို ကျွန်မတို့ မှန်မှန်ကန်ကန် တိုင်ကြားပြီးတဲ့နောက်မှာ၊ အယောင်ဆောင်ဖြစ်တဲ့အတွက် သူက ထုတ်ပယ်ရုံထုတ်ပယ်ခံခဲ့ရတယ်။ အသင်းတော် အသက်တာကို ကျွန်မတို့ အားလုံး ပြန်လုပ်ကြပေမဲ့၊ စိတ်မသက်မသာ မဖြစ်ဘဲမနေနိုင်ခဲ့ဘူး။ ကျန်းစင်းရဲ့ လူ့သဘာဝက ဆိုးယုတ်တယ်။ အဆင့်အတန်းအတွက် လူတွေကို သူက အပြစ်ပေးပြီး ဖိနှိပ်နေကျဖြစ်သလို၊ ဆိုးယုတ်သူကို ခေါ်သွင်းပြီး ခုခံပေးနေကျပဲ။ သမ္မာတရားကိုလည်း လုံးဝ လက်မခံသလို၊ နောင်တရဖို့ ငြင်းတယ်။ သူက အယောင်ဆောင်ခေါင်းဆောင်မဟုတ်ဘူး၊ အန္တိခရစ်စစ်စစ်ပဲ။ ဒါပေမဲ့ နောက်တော့ ကျွန်မတွေးမိတယ်၊ “ငါ တင်ပြလိုက်ရင်၊ သူ့ပြဿနာတွေကို လက်လွှတ်ခွင့်ပေးဖို့ ခေါင်းမာမာနဲ့ ငြင်းနေတယ်လို့ ညီအစ်ကို‌ မောင်နှမတွေက ထင်သွားမလား။ ထားလိုက်ပါ၊ ဂရုမစိုက်ပါဘူး။ ဘာပဲဖြစ်ဖြစ်၊ ခုချိန်မှာ ငါ့ကို သူ ဘာမှမလုပ်နိုင်ပါဘူး”လို့ပေါ့။ ဒီအတွေးနဲ့ ဒီအရာတွေကို ထပ်မပြောတော့ဖို့ ကျွန်မ ဆုံးဖြတ်ခဲ့တယ်။ ကျွန်မရဲ့ ဝတ်ပြုဆုတောင်းခြင်းထဲမှာ၊ အန္တိခရစ်တွေက လုံးဝ နောင်တမရဘူးလို့ ဘုရားနှုတ်ကပတ်တော်မှာ ဖတ်ရတယ်။ ကျန်းစင်းက အန္တိခရစ်တစ်ယောက်ဖြစ်သလို၊ သူ နှင်ထုတ်မခံခဲ့ရရင်၊ အသင်းတော်အသက်တာကို သေချာပေါက် သူ နှောင့်ယှက်ပြီး နောက်ထပ် အခွင့်အရေးရရင် ပရမ်းပတာ အခြေအနေ ဖန်တီးမှာဖြစ်ပြီး အဲဒီအခါမှာ ညီအစ်ကို မောင်နှမတွေက ထပ်ပြီး ဆင်းရဲဒုက္ခခံရမှာကို ကျွန်မ သိခဲ့တယ်။ ကျွန်မ ထရပ်ပြီး ကျန်းစင်းကို ဖော်ထုတ်ရမယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်လို့ မဖြစ်တော့ဘူး။ ဘုရားနှုတ်ကပတ်တော်မှာ ဖတ်ရတယ်။ “သမ္မာတရားသည် သင့်တွင် အသက်ဖြစ်လာပြီးသည်နှင့် သင်သည် ဘုရားသခင်အပေါ် ပြစ်မှားစော်ကားသော၊ ဘုရားသခင်အား မကြောက်ရွံ့သော၊ မိမိ၏တာဝန်ထမ်းဆောင်ရာတွင် ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုသော၊ သို့မဟုတ် အသင်းတော်အလုပ်ကို ကြားဝင်စွက်ဖက်သောသူကို သတိပြုမိသောအခါ သင်သည် သမ္မာတရားစည်းမျဉ်းနှင့်အညီ တုံ့ပြန်လိမ့်မည်။ ထိုသူအား လိုအပ်သလို ခွဲခြားပြီး ဖော်ထုတ်နိုင်လိမ့်မည်။ သမ္မာတရားသည် သင်၏ အသက် ဖြစ်မလာသေးသကဲ့သို့ သင်သည် သင်၏ စာတန်ဆန်သော စိတ်သဘောထားအတွင်းတွင် အသက်ရှင်ဆဲဖြစ်ပါက၊ အသင်းတော်အလုပ်ကို တုံ့ဆိုင်းမှုနှင့် အနှောင့်အယှက်များ ဖြစ်စေသည့် ဆိုးယုတ်သော လူများနှင့် နတ်ဆိုးများကို သင် ရှာဖွေတွေ့ရှိသည့်အခါ၊ သင်သည်မသိကျိုးကျွန်ပြုလိမ့်မည်ဖြစ်ပြီး ဂရုစိုက်လိမ့်မည်မဟုတ်။ လိပ်ပြာလုံစွာဖြင့် ယင်းတို့ကို သင် ဘေးဖယ်ထားလိုက်လိမ့်မည်ဖြစ်သည်။ အသင်းတော်အလုပ်ကို အနှောင့်အယှက်ဖြစ်စေနေသည့် သူတစ်ဦးမျှ သင်နှင့် မည်သည့်ပတ်သက်မှုမျှ မရှိဟုပင် သင် တွေးလိမ့်မည်။ အသင်းတော်၏အလုပ်နှင့် ဘုရားအိမ်တော်၏အကျိုးစီးပွားတို့ မည်မျှ ထိခိုက်ပါစေ၊ သင် ဂရုမစိုက်၊ ကြားဝင်စွက်ဖက်ခြင်း မရှိပေ၊ သို့မဟုတ် အပြစ်ရှိသည်ဟု မခံစားရပေ— ယင်းက သင့်အား အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရား မရှိသူတစ်ဦး၊ မယုံကြည်သူတစ်ဦး၊ အစေခံသူတစ်ဦး ဖြစ်စေသည်။ သင်သည် ဘုရားသခင်နှင့် သက်ဆိုင်သည့်အရာကို စားကာ၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် အရာကို သောက်ပြီး ဘုရားသခင်ထံမှ လာသည့်အရာများအားလုံးကို မွေ့လျော်သော်လည်း ဘုရားအိမ်တော်၏ အကျိုးစီးပွားအပေါ် မည်သည့်ထိခိုက်ခြင်းကမျှ သင်နှင့်ဆက်နွှယ်ခြင်း မရှိဟု ခံစားရသည်— ယင်းက သင့်အား ကျွေးသောလက်ကို ကိုက်သည့် သစ္စာဖောက်တစ်ဦး ဖြစ်စေသည်။ သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မကာကွယ်ပါက၊ သင်သည် လူပင် ဟုတ်ပါ၏လော။ ယင်းက အသင်းတော်ထဲသို့ အယုံသွင်း၍ ချဉ်းကပ်လာသည့် နတ်ဆိုးတစ်ကောင်ဖြစ်သည်။ သင်သည် ဘုရားသခင်၌ ယုံကြည်မှုရှိဟန်ဆောင်သည်၊ ရွေးချယ်ခံထားရသူ တစ်ဦးအဖြစ် ဟန်ဆောင်ပြီး ဘုရားသခင်၏ အိမ်တော်၌ ကပ်ပါးရပ်ပါး လုပ်လိုသည်။ သင်သည် လူသားတစ်ဦး၏ ဘဝကို ရှင်သန်မနေဘဲ၊ ရှင်းလင်းစွာပင် မယုံကြည်သူများထဲမှ တစ်ဦးဖြစ်သည်။ သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူတစ်ဦးဖြစ်လျှင်၊ သင် သမ္မာတရားနှင့် အသက် မရရှိသေးလျှင်ပင်၊ အနည်းဆုံးအနေဖြင့် သင်သည် ဘုရားသခင်၏ဘက်မှ စကားပြောကာ ပြုမူလိမ့်မည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ထိခိုက်နေသည်ကို သင်မြင်သည့်အခါ၊ အနည်းဆုံးအနေဖြင့် သင်သည် အကြောင်းမဲ့သက်သက် ရပ်နေမည် မဟုတ်ပေ။ သင် မသိကျိုးကျွန်ပြုလိုသည့်ဆန္ဒရှိသည့်အခါတွင်၊ သင်သည် အပြစ်ရှိသည်ဟု ခံစားရမည် ဖြစ်ပြီး၊ အနေရခက်လိမ့်မည်၊ ပြီးလျှင် ‘ဘုရားသခင့်အိမ်တော်၏ အကျိုးစီးပွားများ မထိခိုက်စေရန်နှင့် အသင်းတော်အသက်တာ အနှောင့်အယှက် မဖြစ်စေဖို့အလို့ငှာ၊ ငါ ဤနေရာတွင် ထိုင်ပြီး မည်သည့်အရာမျှ မလုပ်ဆောင်ဘဲ နေ၍မရချေ၊ ငါ ထရပ်ပြီး တစ်စုံတစ်ခု ပြောရမည်၊ ငါတာဝန်ယူရမည်။ ဤဆိုးယုတ်သော အပြုအမူကို ငါ ထုတ်ဖော်ရမည်၊ ငါ တားရမည်’ ဟု သင့်ကိုယ်သင် ပြောလိမ့်မည်။ သမ္မာတရားက သင်၏ အသက်ဖြစ်လာလျှင်၊ သင်၌ ဤသတ္တိနှင့် သန္နိဋ္ဌာန် ရှိပြီး ကိစ္စရပ်ကို လုံးဝ သိနားလည်နိုင်စွမ်း ရှိလိမ့်မည်သာမက၊ ဘုရားသခင်၏အမှုနှင့် သူ၏အိမ်တော် အကျိုးစီးပွားများအတွက် ယူသင့်သည့် တာဝန်ကိုလည်း သင် ဖြည့်ဆည်းလိမ့်မည် ဖြစ်ပြီး ထိုသို့ဖြင့် သင်၏ တာဝန်သည် ကျေပွန်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်ကို အမှန်တကယ် နာခံသည့်သူများသာလျှင် ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးရှိပေသည်) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးနောက်မှာ သဘောပေါက်သွားတယ်။ ကျန်းစင်းနဲ့ ရှောင်လျူတို့ရဲ့ မကောင်းတဲ့ လုပ်ဆောင်ချက်တွေပေါ် ချင့်ချိန်နိုင်စွမ်းတချို့ ကျွန်မ ရှိခဲ့တာက ဘုရားရဲ့ လမ်းပြမှုကတစ်ဆင့် ဖြစ်ပါတယ်။ ကျွန်မ သူတို့ကို ရင်ဆိုင်ပြီး မဖော်ထုတ်ခဲ့ရင်၊ ကျွန်မမှာ ဘာအသိစိတ်မှ ရှိခဲ့မှာ မဟုတ်သလို၊ အသင်းတော် အလုပ်ကို ကာကွယ်နိုင်ခဲ့မှာ မဟုတ်ဘူး။ ကျန်းစင်းကို ဖော်ထုတ်ဖို့ ကျရှုံးလို့ ကျွန်မ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာ ဖြစ်လို့ မရတော့ဘူး။ စီမံခန့်ခွဲမှုဆိုင်ရာ အမိန့်တစ်ခုကို တွေးမိတယ်။ “ဘုရားသခင်၏အမှုအတွက် အကျိုးရှိသည့်အရာတိုင်းကို ဆောင်ရွက်ပြီး ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အကျိုးစီးပွားများကို ထိခိုက်နစ်နာစေသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်နှင့်။ ဘုရားသခင်၏နာမတော်၊ ဘုရားသခင်၏ သက်သေခံချက်နှင့် ဘုရားသခင်၏အမှုတော်တို့ကို ကာကွယ်ရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်၌ ဘုရားသခင် ရွေးချယ်ထားသောသူများ လိုက်နာရမည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တော် ဆယ်ရပ်) ဘုရားရဲ့ သတ်မှတ်ချက်တွေကို ကျွန်မ ပိုနားလည်သွားတယ်။ အသင်းသားတစ်ဦးအနေနဲ့၊ အသင်းတော်အလုပ်နဲ့ ပတ်သက်တဲ့နေရာမှာ၊ ကျွန်မ ရင်ဆိုင်ပြီး ကာကွယ်ဖို့ တာဝန်ရှိတယ်။ နောက်ပိုင်းမှာ အထက်ခေါင်းဆောင်တွေက အခြေအနေကို လာစစ်ဆေးကြတယ်။ ကျန်းစင်းနဲ့ ရှောင်လျူတို့ရဲ့ မကောင်းတဲ့ အပြုအမူတွေကို ကျွန်မ တင်ပြခဲ့ပြီး၊ အထက်ခေါင်းဆောင်တွေက ကိစ္စတွေကို အတည်ပြုဖို့ ထပ်စစ်ဆေးခဲ့ကြတယ်။ အန္တိခရစ်တွေကို သိမြင်ခြင်းနဲ့ စပ်လျဉ်းတဲ့ သမ္မာတရားအပေါ် စုဝေးပွဲမှာ မိတ်သဟာယပြုခြင်းကတစ်ဆင့်၊ ညီအစ်ကို မောင်နှမတွေအားလုံးက ချင့်ချိန်နိုင်စွမ်း ဖြစ်ခဲ့ကြတယ်။ ကျန်းစင်းနဲ့ ရှောင်လျူတို့ရဲ့ မကောင်းတဲ့ လုပ်ဆောင်ချက်တွေကို တစ်ခုပြီးတစ်ခု ဖော်ထုတ်ပြီး တိုင်ကြားခဲ့ကြတယ်။ ကျန်းစင်းက အန္တိခရစ် စစ်စစ်ဖြစ်တာကို ဆုံးဖြတ်ခဲ့ပြီး အသင်းတော်ကနေ နှင်ထုတ်လိုက်တယ်။ သူ့ရဲ့ လွန်ကဲတဲ့ မကောင်းမှုအတွက် နောင်တရဖို့ ငြင်းဆန်ပြီးတဲ့နောက်မှာ၊ ရှောင်လျူဟာ အန္တိခရစ်ရဲ့ ကြံရာပါဖြစ်တဲ့အတွက် နှင်ထုတ်ခံခဲ့ရတယ်။ ကျန်းစင်းရဲ့ လှည့်ဖြားတာ ခံခဲ့ရတဲ့ ညီအစ်ကို မောင်နှမတချို့က အသိစိတ်ဝင်လာကြပြီး၊ ကျန်းစင်းကို အားလုံး ငြင်းပယ်ခဲ့ကြသလို၊ သူ့နောက် မလိုက်ကြတော့ဘူး။ အဲဒီနောက်မှာ အသင်းတော် အသက်တာက ပုံမှန် ပြန်ဖြစ်သွားခဲ့တယ်။ ဒီအန္တိခရစ်ကို တိုင်ကြားရာမှာ အလှည့်အပြောင်းတွေ ရှိခဲ့ပေမဲ့၊ ဒီအန္တိခရစ်ရဲ့ ဖိနှိပ်မှုကတစ်ဆင့်၊ အန္တိခရစ်တွေနဲ့ဆိုင်တဲ့ ချင့်ချိန်နိုင်စွမ်းတချို့၊ ထိုးထွင်းအမြင်တချို့ ကျွန်မ ရခဲ့တယ်၊ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားနဲ့ဆိုင်တဲ့ လက်တွေ့ကျတဲ့ အတွေ့အကြုံနဲ့ အသိပညာတချို့ကို ရခဲ့ပြီး၊ ဘုရားအပေါ် ကျွန်မရဲ့ ယုံကြည်ခြင်း ပိုလို့တောင် ကြီးထွားခဲ့တယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်ုပ်၏ အားနည်းချက်များကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်ပြီ

ကျွန်မမှတ်မိနိုင်သလောက်ကတည်းက ကျွန်မ စကားထစ်ခဲ့တယ်။ ပုံမှန်ကတော့ အရမ်းမဆိုးပေမဲ့ အနားမှာ လူတွေအများကြီးရှိတဲ့အခါတိုင်း ကျွန်မ...

အယောင်ဆောင်ခရစ်တော်များကို သတိထားခြင်းမှ ရရှိခဲ့သည့် သင်ခန်းစာများ

ကျစ်ကျန်း တရုတ်နိုင်ငံ ကျွန်တော်က အိမ်တွင်းအသင်းတော်တစ်ခုမှာ တွဲဖက်အမှုဆောင်ပါ။ ၂၀၀၀ခုနှစ် နေ့တစ်နေ့မှာ အထက်ခေါင်းဆောင်တွေက...

ဘုရားသခင်အတွက် ဘယ်လိုသက်သေခံရမယ်ဆိုတာ အခု ကျွန်မသိပြီ

ရွှင်လု တရုတ်နိုင်ငံ ၂၀၂၁ခုနှစ်၊ ဧပြီလမှာ ကျွန်မက ဧဝံဂေလိ မျှဝေရင်းနဲ့ အစ်မချန်နဲ့အတူ အလုပ်လုပ်တယ်။ ကျွန်မက ဒီအလုပ်နဲ့ပတ်သက်ပြီး...

ကိုယ့်ထက်သာသွားမည်ကို အဘယ်ကြောင့် ကျွန်ုပ် အလွန်စိုးရွံ့ရသနည်း

ယန်ဖေချီ တရုတ်နိုင်ငံ ၂၀၁၇ မှာ ဘွဲ့ယူပြီးတဲ့နောက်၊ အသင်းတော်မှာ ကိုယ့်တာဝန်ကို စခဲ့တယ်။ ညီအစ်ကို မောင်နှမတွေကြားမှာ ကျွန်မက...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။