အမှားများကို ဝန်ခံရန် အဘယ်ကြောင့် အလွန်ခက်ခဲရသနည်း
ကျွန်မရဲ့ အသင်းတော်မှာ ကျွန်မက ဗီဒီယိုအလုပ်ကို တာဝန်ယူရတယ်။ တစ်နေ့မှာ၊ ညီအစ်မတစ်ယောက်က ကျွန်မကို အလောတကြီး ဖုန်းခေါ်တယ်။ သူက ဗီဒီယိုတစ်ခုကို ကောင်းကောင်း မစစ်ဆေးခဲ့လို့ ပြန်လုပ်ဖို့ လိုတယ်၊ အဲဒါက နှောင့်နှေးတာတွေ ဖြစ်စေပြီး လူအင်အားနဲ့ အရင်းအနှီးတွေ ကျွန်မတို့ ရင်းခဲ့ရတယ်။ ဗီဒီယိုရဲ့နာမည်ကို ကြားလိုက်ရချိန်မှာ အဲဒီဗီဒီယိုကို ကျွန်မလည်း ကူစစ်ပေးခဲ့ပေမဲ့၊ ဘာပြဿနာမှ မတွေ့ခဲ့ရတာကို သဘောပေါက်လိုက်တယ်။ ဖုန်းဆက်ခံရပြီးတဲ့နောက်မှာ၊ ဒီပြဿနာဘာလဲဆိုတာကို ကျွန်မ အမြန်သိအောင် လုပ်ခဲ့ပြီး၊ ဗီဒီယိုရဲ့ နာမည် စာလုံးပေါင်းမှားတာကို တွေ့လိုက်ရတယ်။ အလုပ်က အမှားတွေကို ခေါင်းဆောင်ဆီ တိုင်ကြားသင့်တာ၊ နောင်မှာ အဲဒီလိုအမှားမျိုးကို ရှောင်ဖို့ လူတိုင်းအတွက် မီးမောင်းထိုးပေးရမှာ မှန်တယ်။ ဒါပေမဲ့ နောက်တော့ ကျွန်မ အဲဒီလို အခြေခံကျတဲ့ အမှားမျိုး ဘယ်လိုလုပ်မိခဲ့သလဲဆိုတာ စဉ်းစားမိပြီး၊ နောက်ပိုင်းမှာ ခေါင်းဆောင်က ကျွန်မကို ဘယ်လိုမြင်မလဲ တွေးမိတယ်။ ကျွန်မက တာဝန်မှာ အလေးအနက်မရှိဘူး၊ အားကိုးမရဘူးလို့ ထင်မှာလား။ အဲဒီလိုဆိုရင် ကြီးကြပ်ရေးမှူးအနေနဲ့ ကျွန်မရာထူးကို ဆုံးရှုံးသွားမှာပဲ။ နောက်တော့ ဗီဒီယို ဖန်တီးရာမှာ အာရုံစိုက်မှု အရေးကြီးတာကို ညီအစ်ကို မောင်နှမတွေဆီ ကျွန်မ အမြဲ အလေးပေးပြောခဲ့ပုံကို ကျွန်မ တွေးမိတယ်။ ကျွန်မ ဒီအမှားလုပ်ခဲ့မိတာကို လူတိုင်း သိရင်၊ ကြီးကြပ်ဖို့ ကျွန်မ မသင့်တော်ဘူးလို့ ထင်ကြမလား။ အဲဒါဆိုရင် ကျွန်မရဲ့ ဂုဏ်သတင်းက ဘယ်လိုလုပ် တွေ့ကြုံရမလဲ။ ဒါပေမဲ့ အဲဒီအချိန်မှာ၊ ဒီအသိစိတ် ကျွန်မမှာ မရှိခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ်အတွက် ဆင်ခြေတွေ ရှာခဲ့တယ်။ “ကျွန်မတို့က တမင် အမှုမဲ့အမှတ်မဲ့ ဖြစ်တာမဟုတ်ဘူး။ ကျွန်မတို့ စစ်သင့်တာကို စစ်တာ။ ဒီအထူးတလည် အခြေအနေတွေကို ကျွန်မတို့ ကြိုခန့်မှန်းလို့ ရတာမဟုတ်ဘူး။ ဖြစ်ပြီးသွားတဲ့ နှစ်နာဆုံးရှုံးမှု မဖြစ်အောင် ပြန်လုပ်လို့မရပေမဲ့၊ နောင်မှာ ပိုဂရုစိုက်သရွေ့ အဆင်ပြေမှာပဲ။ ဒါ့အပြင်၊ ဒီဗီဒီယိုကို စစ်တာ ကျွန်မ တစ်ယောက်တည်းပဲ မဟုတ်ဘူး။ ဘာဖြစ်တယ်ဆိုတာကို လူတိုင်း သိရင်တောင်၊ အပြစ်တင်ခံရမဲ့သူက ကျွန်မတစ်ယောက်တည်း မဟုတ်ဘူး။ ဒီကိစ္စ ဒီမှာအဆုံးသတ်လို့ရတယ်။ သက်ဆိုင်သူအားလုံးက သိပြီဆိုတော့ လုံလောက်ပြီလေ”လို့ပေါ့။ ဒါကြောင့် ခေါင်းဆောင် ဒါမှမဟုတ် အဖွဲ့ထဲက ညီအစ်ကို မောင်နှမတွေကို မပြောပြခဲ့ဘူး။ ကျွန်မ စိတ်မသက်မသာဖြစ်ပြီး၊ တာဝန်ကို ရှောင်နေတာ သိပေမဲ့၊ ဒီအမှားက ကျွန်မရဲ့ ဂုဏ်သတင်းနဲ့ ရာထူးကိုတောင် ဘာဖြစ်စေမယ်ဆိုတာကို တွေးမိခဲ့အခါ၊ ဘာမှမဖြစ်ခဲ့သလိုမျိုး ကျွန်မ ဒီအတိုင်း ဆက်လုပ်ခဲ့တယ်။
တစ်နေ့မှာ၊ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “ဖောက်ပြန်ပျက်စီးသောလူသားများသည် မိမိတို့ကိုယ်ကို ဟန်ဆောင်ရာတွင် ကျွမ်းကျင်သည်။ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့်ဖောက်ပြန်ပျက်စီးမှုကို ပြသည်ဖြစ်စေ မိမိတို့ကိုယ်ကို အစဉ် ဟန်ဆောင်ကြသည်။ တစ်စုံတစ်ခုမှားယွင်းလျှင်၊ သို့မဟုတ် ၎င်းတို့သည် တစ်ခုခုကို မှားယွင်းစွာ လုပ်ဆောင်လျှင် အပြစ်ကို သူတစ်ပါးတို့အပေါ် ပုံချချင်သည်။ ၎င်းတို့သည် ကောင်းသောအရာများအတွက် အသိအမှတ်ပြုခံရခြင်းကို ၎င်းတို့ကိုယ်တိုင်အတွက် ရချင်သည်။ မကောင်းသောအရာများအတွက် အပြစ်ကို သူတစ်ပါးတို့ထံသို့ ရောက်စေချင်သည်။ လက်တွေ့ဘဝတွင် ဤသို့ဖြစ်သော ဟန်ဆောင်မှုများစွာမရှိသလော။ အလွန်ပင်များလွန်းသည်။ အမှားပြုလုပ်ခြင်း၊ သို့မဟုတ် အယောင်ဆောင်ခြင်းတွင် မည်သည့်အရာက စိတ်သဘောထားနှင့် သက်ဆိုင်သနည်း။ အယောင်ဆောင်ခြင်းသည် စိတ်သဘောထားနှင့်ဆိုင်သည်။ ယင်းသည် မာနထောင်လွှားသော စိတ်သဘောထား၊ ဆိုးယုတ်မှု၊ သစ္စာဖောက်မှုပါဝင်သည်။ ဘုရားသခင်က အလွန်အမင်း အထင်သေးသည်။ အမှန်တကယ်တွင် သင်က သင့်ကိုယ်သင် အယောင်ဆောင်သောအခါ လူတိုင်းက မည်သည့်အရာဖြစ်ပျက်နေသည်ကို နားလည်သည်။ သို့သော် သူတစ်ပါးတို့က မမြင်ဟု သင်က ထင်သည်။ သင်သည် သိက္ခာဆည်ပြီး သင်သည် လုံးဝ အမှားမလုပ်ခဲ့ဟု လူတိုင်းကို ထင်စေရန် အားထုတ်သည့်အနေဖြင့် ငြင်းခုံပြီး သင့်ကိုယ်သင် မှန်ကန်ကြောင်းပြရန် အစွမ်းကုန်ကြိုးစားသည်။ ဤသည်မှာ မမိုက်မဲသလော။ ဤအရာကို သူတစ်ပါးတို့က မည်သို့ ထင်သနည်း။ မည်သို့ ခံစားရသနည်း။ စိတ်ကုန်ပြီး ရွံရှာကြသည်။ သင်သည် အမှားတစ်ခုကို ပြုလုပ်ပြီးနောက်တွင် ယင်းကို မှန်မှန်ကန်ကန် ကိုင်တွယ်နိုင်လျှင်၊ ယင်းကို အခြားလူတိုင်းအား ပြောဆိုဆွေးနွေးခွင့်ပြုပြီး ယင်းနှင့်ပတ်သက်၍ ၎င်းတို့ မှတ်ချက်ပေးခြင်း၊ ပိုင်းခြားသိမြင်ခြင်းကို ခွင့်ပြုလျှင်၊ ယင်းနှင့်ပတ်သက်၍ ပွင့်လင်းစွာပြောဆိုနိုင်ပြီး ပိုင်းခြားစိစစ်နိုင်လျှင်၊ သင့်အပေါ် လူတိုင်း၏ ထင်မြင်ချက်သည် မည်သို့ ဖြစ်လိမ့်မည်နည်း။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံ ဖွင့်ဟထားသောကြောင့် သင်သည် ရိုးသားသူတစ်ယောက်ဖြစ်သည်ဟု ၎င်းတို့က ပြောလိမ့်မည်။ သင်၏ လုပ်ရပ်များ၊ အပြုအမူများမှ တစ်ဆင့်သင့်စိတ်နှလုံးကို ၎င်းတို့ မြင်နိုင်လိမ့်မည်။ သို့သော် သင်သည် သင့်ကိုယ်သင် အယောင်ဆောင်ပြီး လူတိုင်းကို လှည့်စားဖို့ ကြိုးပမ်းလျှင် လူတို့သည် သင့်ကို အထင်အမြင်သေးလိမ့်မည်။ သင်သည် မိုက်မဲသောသူဖြစ်ပြီး ဉာဏ်မရှိသောသူတစ်ယောက်ဖြစ်သည်ဟု ပြောကြလိမ့်မည်။ သင်သည် ဟန်ဆောင်ဖို့ မကြိုးစားပါက၊ သို့မဟုတ် ဆင်ခြေမပေးပါက၊ သင်၏ အမှားများကို ဝန်ခံနိုင်ပါက သင်သည် ရိုးသားပြီး ဉာဏ်ပညာရှိသည်ဟု လူတိုင်းက ပြောကြလိမ့်မည်။ ပြီးလျှင် သင့်ကို အဘယ်အရာက ဉာဏ်ပညာရှိစေသနည်း။ လူတိုင်း အမှားလုပ်ကြသည်။ လူတိုင်း၌ အမှားများနှင့် ချို့ယွင်းချက်များရှိကြသည်။ ပြီးလျှင် စင်စစ်အားဖြင့် လူတိုင်း၌ တူညီသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားရှိကြသည်။ သင်သည် အခြားသူများထက် သာ၍မြင့်မြတ်သည်၊ စုံလင်ပြီး ကြင်နာသည်ဟု သင့်ကိုယ်သင် မတွေးထင်လေနှင့်။ ယင်းမှာ လုံးလုံး ယုတ္တိမတန်ခြင်းဖြစ်ပေသည်။ လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပြင် လူ့ဖောက်ပြန်ပျက်စီးခြင်း၏အဖြစ်အနေနှင့် အမှန်တရားတို့က သင့်အဖို့ ရှင်းလင်းသွားသည်နှင့်တစ်ပြိုင်နက် သင်၏ကိုယ်ပိုင်အမှားများကို ဖုံးကွယ်ရန် ကြိုးစားမည်မဟုတ်သကဲ့သို့ အခြားလူများ၏ အမှားကို ဆုပ်ကိုင်အသုံးချခြင်းကိုလည်း လုပ်ဆောင်မည်မဟုတ်ပေ။ သင်သည် နှစ်ခုလုံးကို မှန်ကန်စွာ ရင်ဆိုင်နိုင်လိမ့်မည်။ သို့မှသာ သင်သည် ထိုးထွင်းအမြင်ရှိပြီး မိုက်မဲသောအရာများကို လုပ်ဆောင်မည်မဟုတ်ပေ၊ ယင်းက သင့်ကို ဉာဏ်ပညာရှိသူတစ်ဦးဖြစ်စေလိမ့်မည်။ ဉာဏ်ပညာမရှိသူများသည် မိုက်မဲသူများဖြစ်ပြီး နောက်ကွယ်တွင် ခိုးကြောင်ခိုးဝှက်နေလျက် မိမိတို့၏ အသေးစားအမှားများကို တဝဲလည်လည် အစဉ်တွေးတောနေကြသည်။ မြင်ရသည်မှာ ရွံရှာစက်ဆုပ်ဖွယ် ဖြစ်သည်။ အမှန်တွင် သင်လုပ်ဆောင်နေသည့်အရာသည် အခြားလူများအဖို့ ချက်ချင်း သိသာထင်ရှားသော်လည်း သင်သည် ပေါ်တင် ဟန်ဆောင်နေဆဲဖြစ်သည်။ အခြားသူများအဖို့ ယင်းမှာ လူပြက်တစ်ဦး ဖျော်ဖြေတင်ဆက်ခြင်းကဲ့သို့ ဖြစ်သည်။ ဤသည်မှာ မမိုက်မဲသလော။ ယင်းမှာ အမှန်တကယ် မိုက်မဲပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် အခြေခံသဘောတရားများ) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ သဘောပေါက်လိုက်တယ်။ ကိုယ့်အမှားကို ဟန်ဆောင်၊ ဖုံးဖိပြီး ဝန်ခံဖို့ ပျက်ကွက်တာက အမှားတွေ ဒီအတိုင်း လုပ်မိတာထက် အများကြီး ပိုဆိုးတယ်။ သူတို့က လှည့်ဖြားတတ်ပြီး စိတ်မချရဘူး။ အပြန်အလှန်အနေနဲ့၊ လူတွေက ကိုယ့်ကိုယ်ကိုယ် ဖွင့်ချပြီး အမှားအတွက် တာဝန်ယူတဲ့အခါ၊ သူ့ကို တခြားလူတွေက အထင်သေးကြမှာ မဟုတ်ရုံမက၊ အမှန်တရားကို ရိုးရိုးရှင်းရှင်းနဲ့ ပွင့်ပွင့်လင်းလင်း စကားပြောတဲ့အတွက် အဲဒီလူကို လေးလည်းလေးစားကြမှာပဲ။ ကျွန်မတို့အားလုံးမှာ အမှားလုပ်မိတဲ့အချိန် ရှိတယ်။ ဘုရားက လူတွေကို သူတို့အမှားတွေအတွက် သာမန်ကာလျှံကာ မရှုတ်ချဘူး။ နောက်ပိုင်းမှာ သူတို့ အစစ်အမှန် နောင်တရနိုင်လားဆိုတာ ကြည့်တယ်။ ဒါပေမဲ့ ဒါကို ကျွန်မ နားမလည်ခဲ့ဘူး။ အမှားတွေလုပ်မိဖို့က ရှက်စရာလို့ ကျွန်မ ထင်ခဲ့တယ်။ အထူးသဖြင့် ကြီးကြပ်ရေးမှူးအနေနဲ့ပေါ့။ အခြေခံကျတဲ့ အမှားတွေ လုပ်မိရင်၊ လူတွေက အထင်သေးမယ်လို့ တွေးခဲ့တယ်။ ကျွန်မက ညီအစ်ကို မောင်နှမတွေထက် မတော်ဘူးလို့ သူတို့ တွေးပြီး ကျွန်မ အစားထိုးခံရနိုင်တယ်။ ဒါကြောင့် ကျွန်မ စစ်ဆေးတဲ့ ဗီဒီယိုမှာ အမှားတစ်ခုတွေ့တော့၊ အဲဒါကို ဝန်မခံရဲသလို၊ ဆက်ပြီး ဖုံးဖိခဲ့တယ်။ တာဝန်ကို ရှောင်ဖို့ ဘာမှမဖြစ်ခဲ့သလို ပြုမူခဲ့ပြီး၊ ပြဿနာကို ဖုံးဖိထားခဲ့တယ်။ အဲဒါနဲ့ပတ်သက်လို့ ကျွန်မ အပြစ်ရှိတဲ့စိတ် ခံစားရပေမဲ့ လူတိုင်းကို အမှန်တရား ပြောဖို့ မလိုမလား ဖြစ်နေတုန်းပဲ။ ကျွန်မ အရမ်းလှည့်စားတတ်ခဲ့တာပဲ။ အသင်းတော်အလုပ်ကို ကျွန်မ သိသိသာသာ ထိခိုက်နစ်နာစေခဲ့ပေမဲ့၊ စကားတစ်ခွန်းမှ မပြောခဲ့သလို၊ ကိုယ့်အမှားကို ဖုံးဖိဖို့ ကြိုးစားခဲ့တယ်။ ခေါင်းဆောင်နဲ့ ညီအစ်ကို မောင်နှမတွေကို ကိုယ့်အမှားမဟုတ်ဘဲ၊ ကိုယ့်ရဲ့ အကောင်းဘက်ကိုပဲ မြင်ခွင့်ပေးခဲ့တယ်။ အဲဒီလိုနဲ့ ကျွန်မအလုပ်မှာ ကျွန်မက လေးနက်ပြီး လက်တွေ့ကျတယ်လို့ လူတိုင်းက ထင်ကြမှာလေ။ ကြီးကြပ်ရေးမှူးအနေနဲ့ ကိုယ့်ပုံရိပ်နဲ့ ရာထူးကို ထိန်းသိမ်းနိုင်ခဲ့တယ်။ ပြုမူဖို့အတွက် အင်မတန် စက်ဆုပ်စရာနည်းလမ်းတစ်ခုပဲ။ ကျွန်မအမှား လူတွေ သိသွားမှာကို ကြောက်လို့ ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်ဖို့ တတ်နိုင်သမျှ လုပ်ခဲ့မိတယ်။ ကိုယ့်ရဲ့ အကျည်းတန်တဲ့ ဘက်ကို ဖိုးဖိခဲ့တယ်၊ လူတွေကို လှည့်စားပြီး သူတို့ဆီကနေ အမှန်တရားကို ဖုံးကွယ်ခဲ့တယ်။ ကိုယ်ကျင့်တရား၊ သိက္ခာမရှိဘဲ အသက်ရှင်နေခဲ့တယ်။ ကိုယ့်အမှားတွေကို ဆက်ဖုံးဖိပြီး တခြားလူတွေကို ကျွန်မ လှည့်စားနေလို့ မဖြစ်တော့ဘူး။ ဒါကြောင့် အခြေအနေကို အသိပေးတဲ့ စာကို ခေါင်းဆောင်ဆီ ကျွန်မရေးလိုက်ပြီး၊ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးခြင်းအကြောင်း လူတိုင်းကို ကျွန်မ ဖွင့်ပြောလိုက်တယ်။ ကျွန်မရဲ့ ဥပမာကနေ သင်ယူလို့ရအောင်လို့ သူတို့ကို အမှန်တရားပြောပြခဲ့တယ်။ ဒါကိုလုပ်ပြီးတဲ့နောက်မှာ၊ ကျွန်မ နည်းနည်း ပိုပြီး စိတ်အေးလက်အေး ဖြစ်သွားတယ်။
ဒါပေမဲ့ ကိုယ့်အလုပ်စာရင်းကို ဖွင့်လိုက်တဲ့အခါ၊ နောက်ဗီဒီယိုတစ်ခုကို နှစ်ကြိမ်လုပ်ခဲ့တာ ဖြစ်နိုင်မှန်း သိလိုက်ရတယ်။ အဲဒါကို အမှန်လို့ကို မယုံနိုင်ခဲ့ဘူး။ ကိုယ်အလုပ်တာဝန်ပေးခဲ့သူတွေကို ကျွန်မ မျက်ခြေမပြတ်ကြည့်ခဲ့တာလေ။ ဒီတော့ ဘယ်လိုလုပ် နောက်ထပ်အမှား ဖြစ်နိုင်ခဲ့တာလဲ။ ဒါပေမဲ့ စစ်ကြည့်လိုက်တဲ့အခါ၊ အဲဒီဗီဒီယိုကို တကယ် နှစ်ကြိမ်လုပ်ထားတာပဲ။ အဲဒီတုန်းက ကျွန်မ ကြက်သေသေသွားတယ်။ ဆိုးတာပဲ။ ခေါင်းဆောင်ဆီ ကျွန်မအမှားကို ဒီအတိုင်း ဝန်ခံလိုက်ပြီး၊ သူက အခြေအနေအသေးစိတ်တောင် နားမလည်သေးဘူး ကိုယ်က အမှားထပ်လုပ်မိပြန်ပြီ။ သူ ကျွန်မကို ဘာများထင်မလဲ။ ကျွန်မက ကိစ္စတွေကို အမြဲ မှားနေပြီး ကြီးကြပ်ရေးမှူးဖြစ်ဖို့ မသင့်တော်ဘူးလို့ တွေးမလား။ တခြားညီအစ်ကို မောင်နှမတွေက သိသွားရင်၊ ကျွန်မက အရမ်းကို အားကိုးလို့မရဘူးလို့ ထင်ကြမလား။ ဒီလိုအခြေခံ အမှားတွေ ဆက်ဖြစ်နေရင်၊ ကိုယ့်တာဝန်တွေမှာ အလေးအနက်ထားပြီး တာဝန်ယူတတ်ဖို့အကြောင်း နောက်တစ်ခါ ကျွန် မိတ်သဟာယပြုတဲ့အခါ သူတို့ အလေးအနက် ထားပါဦးမလား။ မဖြစ်ဘူး၊ ဒီအမှားအတွက် အကြောင်းပြချက်က အတိအကျက ဘာလဲဆိုတာ သိရမှဖြစ်မယ်။ ပြီးတော့ ကျွန်မက အဓိက တာဝန်ရှိသူ မဖြစ်ဖို့ မျှော်လင့်ရတာပဲ။ အပြစ်တင်တာကို တစ်စိတ်တစ်ပိုင်း ကျွန်မ မျှဝေခံခဲ့ပေမဲ့၊ ပိုနည်းရမယ်လေ။ အဲဒီလိုနဲ့ သိက္ခာကျမှာ မဟုတ်သလို ကိုယ့်အဆင့်အတန်းလည်း ဘေးကင်းမှာ။ နောက်ဆုံး သေချာစစ်ဆေးပြီးတဲ့နောက်မှာ၊ ကျွန်မ အလုပ်တာဝန် ခွဲပေးပြီးတဲ့နောက်မှာ၊ အဲဒါကို အလုပ်စာရင်းဟောင်းမှာပဲ မှတ်တမ်းတင်ခဲ့တာကို တွေ့ရတယ်။ အဲဒါကြောင့် အဖွဲ့ခေါင်းဆောင်က အဲဒီအလုပ်ကို ပြန်တာဝန်ပေးခဲ့တာပဲ။ ကျွန်မက အဓိကတာဝန်ရှိတယ်ဆိုတာ သေချာတယ်။ ဒါကို သဘောပေါက်တဲ့အခါ ကျွန်မ ထိတ်လန့်သွားတယ်။ ဘာလို့ ကျွန်မ အရမ်းကို ကံမကောင်းနိုင်ဖြစ်ခဲ့ရတာလဲ။ မဖြစ်သင့်တဲ့ ဒီပြဿနာအားလုံးကို ကျွန်မ ကြုံရတယ်။ ဆိုးလိုက်တဲ့ကံပဲ။ ကျွန်မ လုံးဝ ဘာလုပ်ရမှန်း မသိခဲ့ဘူး။ ဒီအမှားနဲ့ ပတ်သက်လို့ ခေါင်းဆောင်ကို ပြောသင့်လား၊ မပြောသင့်ဘူးလား။ ဒီအခြေခံကျတဲ့ အမှားနှစ်ခုကို တစ်ဆက်တည်း ကျွန်မ လုပ်မိခဲ့တာကို လူတိုင်းသိရင်၊ ကျွန်မကို ဘာများထင်ကြမလဲ။ အရင်က ဖတ်ခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို တွေးမိတယ်။ အလိမ်အညာတွေနဲ့ လှည့်စားမှုက အမှားတွေထက် အများကြီးပိုဆိုးပြီး၊ အဲဒါတွေကို ဘုရားက ပိုတောင်စက်ဆုပ်တယ်။ စိတ်နှလုံးထဲမှာ ကျွန်မကြောက်သွားတယ်။ မတတ်သာလို့ ဒီအမှားနဲ့ ပတ်သက်ပြီး ခေါင်းဆောင်ကို ပြောရမှာ ဖြစ်ပေမဲ့၊ ကိုယ့်အကြောက်တရားတွေကို လက်မလွှတ်နိုင်ခဲ့ဘူး။ ပူပန်မှုတွေနဲ့ ပြည့်သွားတယ်။ ကျွန်မ စိတ်နှလုံးက ခဲနဲ့ ဖိစီးခံရသလိုမျိုး လေးလံသွားခဲ့တယ်။ ကိုယ့်တာဝန်ကို လုပ်နေချိန်မှာ အာရုံပျက်ပြီး ညမှာ မအိပ်နိုင်ခဲ့ဘူး။ ဒီအခြေအနေ မမှန်တာကို သိလို့၊ ကိုယ့်ကိုယ်ကိုယ် သိအောင် လမ်းပြဖို့ တောင်းလျှောက်ရင်းနဲ့ ဘုရားဆီ ဆုတောင်းခဲ့တယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ဖတ်ပြီး ကိုယ့်အခြေအနေကို သိနားလည်မှု ရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အန္တိခရစ်တစ်ယောက်သည် မှားယွင်းသည့်အရာများကို မည်မျှလုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့်မှားယွင်းသည့်အရာမျိုးကို လုပ်ဆောင်သည်ဖြစ်စေ၊ ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများကို ခိုးယူခြင်းဖြစ်စေ၊ ဖြုန်းတီးခြင်းဖြစ်စေ၊ သို့မဟုတ် အလွဲသုံးစားလုပ်ခြင်းဖြစ်စေ၊ သို့မဟုတ် အသင်းတော်၏ အလုပ်ကို နှောင့်ယှက်ဖျက်ဆီးခြင်းဖြစ်စေ၊ အသင်းတော်အလုပ်တွင် ကြီးမားသော အမှားကို ပြုလုပ်ပြီး ဘုရားသခင်၏ အမျက်ဒေါသကို ဆွသည်ဖြစ်စေ ၎င်းတို့သည် အစဉ်သဖြင့် စိတ်တည်ငြိမ်အေးဆေးပြီး ပူပင်မှုမရှိပေ။ အန္တိခရစ်တစ်ယောက်သည် မည်သည့်မကောင်းမှုမျိုးကို လုပ်ဆောင်သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်အကျိုးဆက်များကို ဖြစ်ပေါ်စေသည်ဖြစ်စေ မိမိတို့၏ အပြစ်များကို အမြန်ဆုံးဝန်ချပြီး နောင်တရရန် ဘုရားသခင်ရှေ့သို့ လုံးဝ မလာပေ။ ၎င်းတို့သည် ၎င်းတို့၏ မှားယွင်းလုပ်ဆောင်မှုများကို ဝန်ခံရန်၊ ၎င်းတို့၏ ပြစ်မှားမှုများကို သိရှိလာရန်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုကို ဝန်ခံပြီး ၎င်းတို့၏ မကောင်းမှုများကို နောင်တရရန်အတွက် မိမိတို့ကိုယ်ကို ဖွင့်ဟပြီး ဖွင့်ပြောသည့် သဘောထားတစ်ခုဖြင့် ညီအစ်ကိုမောင်နှမများရှေ့ကို မည်သည့်အခါမျှ မလာပေ။ ထိုအစား ၎င်းတို့၏ ကိုယ်ပိုင်သိက္ခာနှင့် အဆင့်အတန်းကို ပြန်လည်ရရှိရန်အတွက် တာဝန်ကိုရှောင်ပြီး အပြစ်ကို သူတစ်ပါးတို့အပေါ် ပုံချရန် အမျိုးမျိုးသော ဆင်ခြေများကို ရှာဖွေဖို့ ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်။ ၎င်းတို့ ဂရုစိုက်သည့်အရာမှာ အသင်းတော်၏ အလုပ်မဟုတ်ဘဲ ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ထိခိုက်ခြင်း၊ သက်ရောက်ခြင်းရှိမရှိပင်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ပြစ်မှားမှုများကြောင့် ဘုရားအိမ်တော်တွင် ဖြစ်ပွားသော ဆုံးရှုံးမှုများအတွက် ဖာထေးရန် နည်းလမ်းများကို စဉ်းစားတွေးတောခြင်းမရှိသကဲ့သို့ ဘုရားသခင်အပေါ် တင်ရှိသည့် အကြွေးများကိုလည်း ပေးဆပ်ရန် မကြိုးစားပေ။ ဆိုလိုသည်မှာ ၎င်းတို့သည် မှားယွင်းသည့်အရာတစ်ခုခုကို လုပ်နိုင်စွမ်းရှိကြောင်း၊ သို့မဟုတ် အမှားတစ်ခုလုပ်ခဲ့ကြောင်း မည်သည့်အခါမျှ ဝန်မခံပေ။ အန္တိခရစ်များ၏ စိတ်နှလုံးတွင် အမှားများကို ကိုယ်ကစ၍ဝန်ခံခြင်းနှင့် ဖြစ်ရပ်မှန်ကို အမှန်အတိုင်း ဖြစ်ကြောင်းကုန်စင်ပြောခြင်းတို့သည် မိုက်မဲခြင်းနှင့် အရည်အချင်းမရှိခြင်းဖြစ်သည်။ ၎င်းတို့၏ မကောင်းမှုများကို လူသိသွားပြီး ဖော်ထုတ်ခံရလျှင် အန္တိခရစ်များသည် ခဏတာပေါ့ဆသည့်အမှားတစ်ခုကိုသာ ဝန်ခံမည်ဖြစ်ပြီး တာဝန်ဝတ္တရားများကို ၎င်းတို့ကိုယ်တိုင် တမင်ပျက်ကွက်သည်ကို မည်သည့်အခါမျှ ဝန်ခံမည်မဟုတ်ပေ။ ပြီးလျှင် ၎င်းတို့၏ မှတ်တမ်းမှ အစွန်းအထင်းကို ဖယ်ရှားရန်အတွက် အခြားတစ်ယောက်အပေါ်သို့ တာဝန်ကို ပုံချဖို့ ကြိုးစားလိမ့်မည်။ ဤသို့သောအချိန်မျိုးတွင် အန္တိခရစ်များသည် ဘုရားအိမ်တော်အပေါ် ဖြစ်ပွားသည့် ထိခိုက်မှုကို ပြုပြင်ဖို့နည်းလမ်း၊ ၎င်းတို့၏ အမှားများကို ဝန်ခံရန် ဘုရားသခင်ရွေးချယ်ထားသောလူတို့ကို ဖွင့်ပြောဖို့နည်းလမ်း၊ သို့မဟုတ် ဖြစ်ပျက်ခဲ့သည့်အရာကို ဖြစ်ကြောင်းကုန်စင် ပြောပြဖို့နည်းလမ်းတို့ကို အရေးမစိုက်ပေ။ ၎င်းတို့သည် ကြီးသည့်ပြဿနာကို ငယ်အောင်၊ ငယ်သည့်ပြဿနာကို ပပျောက်အောင် နည်းလမ်းများရှာခြင်းကို အရေးစိုက်ကြသည်။ သူတစ်ပါးတို့က ၎င်းတို့ကို နားလည်ပြီး ကြင်နာသနားလာအောင်ပြုလုပ်ရန် ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းပြချက်များကို ပေးကြသည်။ ၎င်းတို့သည် အထက်မှ တာဝန်ခံခိုင်းခြင်း၊ ထုတ်ပယ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် အပြစ်ဒဏ်ပေးခြင်းကို မည်သည့်အခါမျှ မခံရဖို့အလို့ငှာ အခြားလူများ၏ အမြင်တွင် ၎င်းတို့၏ ဂုဏ်သတင်းများကို ပြန်လည်ရရှိစေရန် ၎င်းတို့၏ ပြစ်မှားမှုများ၏ အပျက်သဘောဆောင်သော သက်ရောက်မှု ၎င်းတို့အပေါ်ကျရောက်ခြင်းကို နည်းနိုင်သမျှနည်းအောင်လုပ်ရန်၊ အထက်က ၎င်းတို့အပေါ်တွင် မည်သည့်အခါမျှ မကောင်းသောအမြင်မရှိအောင် သေချာစေရန်အတွက် အစွမ်းကုန် ကြိုးစားကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများ မထိခိုက်စေဖို့အတွက် ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ပြန်လည်ရရှိစေရန် အန္တိခရစ်များသည် မည်သည့်ဒုက္ခပမာဏကိုမဆို ခံရန် လိုလားကြသည်။ ပြီးလျှင် မည်သည့်အခက်အခဲကိုမဆို ဖြေရှင်းရန် အကောင်းဆုံး ကြိုးစားလိမ့်မည်။ ၎င်းတို့၏ ပြစ်မှားမှု၊ သို့မဟုတ် အမှား၏ တကယ့်အစမှနေ၍ အန္တိခရစ်များသည် ၎င်းတို့လုပ်ဆောင်သည့် မှားယွင်းသောအရာများအတွက် မည်သည့်တာဝန်ခံယူမှုကိုမဆို ထားရှိရန် လုံးဝ မည်သည့်ရည်ရွယ်ချက်မျှမရှိပေ။ ၎င်းတို့လုပ်ဆောင်သည့် မှားယွင်းသောအရာများနောက်ကွယ်ရှိ အရင်းခံအကြောင်းများ၊ ရည်ရွယ်ချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အသိအမှတ်ပြုရန်၊ မိတ်သဟာယဖွဲ့ရန်၊ ဖော်ထုတ်ရန် သို့မဟုတ် စိစစ်ရန် ရည်ရွယ်ချက်လုံးဝ မရှိပေ။ အသင်းတော်အလုပ်အပေါ်သို့ ၎င်းတို့ ဖြစ်စေသည့် ထိခိုက်မှုနှင့် ဘုရားသခင်ရွေးချယ်ထားသောလူတို့၏ အသက်ဝင်ရောက်မှုအပေါ် ဖြစ်စေသော နစ်နာမှုအတွက် ဖာထေးလုပ်ဆောင်ပေးရန် သေချာပေါက် မည်သည့်ရည်ရွယ်ချက်မျှ မရှိပေ။ ထို့ကြောင့် အကြောင်းအရာကို မည်သည့်ရှုထောင့်ဖြင့် ကြည့်ပါစေ အန္တိခရစ်များသည် မိမိတို့၏ မှားယွင်းလုပ်ဆောင်မှုများကို မည်သည့်အခါမျှ ဝန်မခံဘဲ၊ မည်သည့်အခါမျှ နောင်တမရသောလူများဖြစ်ကြသည်။ အန္တိခရစ်များသည် ရွေးနုတ်ကယ်တင်ရန် မျှော်လင့်ချက်လုံးဝမရှိတော့အောင် အရှက်မဲ့ပြီး အရေထူသည်။ ၎င်းတို့သည် အသက်ရှင်နေသော စာတန်များမှလွဲ၍ အခြားမဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၁) အန္တိခရစ်တွေက သူတို့ရဲ့ အဆင့်အတန်းနဲ့ ဂုဏ်သတင်းကို အထူး တန်ဖိုးထားကြမှန်း ဘုရားနှုတ်ကပတ်တော်ကနေ တွေ့ရတယ်။ သူတို့တာဝန်မှာ အပြစ်အနာအဆာတွေ၊ ထိမ်ချန်တာတွေ ဘယ်လောက်လုပ်မိပါစေ၊ အသင်းတော်အလုပ်ကို သူတို့ ဘယ်လောက် ထိခိုက်နစ်နာစေပါစေ၊ အမှားကို လုံးဝ ဝန်မခံကြဘူး။ တခြားလူတွေက သူတို့ အားနည်းချက်တွေကို မြင်ပြီး၊ အထင်သေးမှာ ကြောက်ကြတယ်။ ဒါကြောင့် သူတို့ကိုယ်သူတို့ ဂုဏ်ပျက်စေမဲ့ အမှားတစ်ခု လုပ်မိတာကို သိလိုက်တာနဲ့ နေမထိထိုင်မသာဖြစ်တယ်၊ ကောင်းကောင်း မစားနိုင်၊ မအိပ်နိုင် ဖြစ်ကြတယ်။ သူတို့ခြေရာတွေကို ဖုံးကွယ်ပြီး သူတို့ ကိုယ်ပိုင် ဂုဏ်သတင်းကို ပြန်ထိန်းသိမ်းဖို့ နည်းလမ်းတွေ တွေးရင်းနဲ့ ဦးနှောက်ခြောက်ခံစဉ်းစားကြလိမ့်မယ်။ ကျွန်မရဲ့ အပြုအမူလည်း အဲဒီအတိုင်းပါပဲ။ ကိုယ့်အဆင့်အတန်းနဲ့ ဂုဏ်သတင်းကို အရမ်း အရေးကြီးသလို ကျွန်မ မြင်ခဲ့တယ်။ အလုပ်မှာ ပြဿနာတစ်ခု တွေ့တဲ့အခါ၊ ကိုယ်သတိမမူမိခဲ့တဲ့အတွက် ဘာနောင်တမှ မရခဲ့ဘူး။ နောင်အမှားတွေကို ရှောင်ရှားဖို့ ဘာဖြစ်ခဲ့တယ်ဆိုတာကို မသုံးသပ်ခဲ့ဘူး။ ကျွန်မ တွေးနိုင်ခဲ့သမျှက ကျွန်မ အဲဒီလို အခြေခံကျတဲ့ အမှားတွေ လုပ်မိတာကို လူတိုင်းက သိသွားတဲ့အခါ ကျွန်မကို ဘယ်လိုမြင်ကြမယ်ဆိုတာနဲ့ ကျွန်မကို အထင်သေးကြမလား၊ ကိုယ့်အလုပ်ကိုလုပ်ဖို့ အဆင့်မမီဘူးလို့ ထင်ကြမလားဆိုတာပဲ။ ကိုယ့်အဆင့်အတန်းနဲ့ ဂုဏ်သတင်းကို ထိန်းသိမ်းဖို့ တစ်နေ့လုံး စိတ်မသက်မသာဖြစ်တာက အိပ်လို့မရနိုင်တဲ့အထိပဲ။ ကျွန်မ စဉ်းစားသမျှက ကိုယ့်အမှားတွေကို ဘယ်လို ဖုံးဖိပြီး အသိမခံရအောင် ရှောင်ရမယ်ဆိုတာပဲ။ ကိုယ့်တာဝန်ကို ကျွန်မ ခေါင်းရှောင်ချင်ခဲ့တယ်။ ကိုယ့်အမှားတွေကို ဖုံးကွယ်ပြီး တခြားလူတွေ မသိအောင် တားချင်ခဲ့တယ်။ ထရပ်ပြီး အမှားကို ဝန်မခံချင်ခဲ့ဘူး။ တကယ်ကို ကိုယ်ကျင့်တရား၊ သိက္ခာမရှိဘဲ လှည့်စားတတ်ခဲ့တာပဲ။ အမှန်တော့ ကြီးကြပ်သူအနေနဲ့ အဲဒီလုပ်ငန်းစဉ်တွေကို ကျွန်မ ကောင်းကောင်းသိတယ်။ ကျွန်မက အဓိက တာဝန်ရှိသူဖြစ်တာ သေချာတယ်။ ဒါတောင် အဲဒါနဲ့ပတ်သက်လို့ လွတ်နိုင်မယ်၊ ပတ်ဝန်းကျင်ကို အပြစ်ဖြန့်ဖို့ သက်သေအထောက်အထား ရှာလို့ရမယ်လို့ မျှော်လင့်ခဲ့တယ်။ နောက်ဆုံးမှာ၊ တာဝန်ကို ခေါင်းရှောင်လို့ မရမှန်း ကျွန်မ သဘောပေါက်တော့၊ မကောင်းတဲ့ကံကို အကြောင်းတရားအနေနဲ့ ယူဆရင်းနဲ့ ခံရသူလို ဆက်လုပ်ပြနေခဲ့တယ်။ အဲဒါကို ဘုရားဆီကနေ ကျွန်မ လက်မခံခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ် မသုံးသပ်ခဲ့ဘူး။ ကိုယ့်ရဲ့ မကောင်းတဲ့ ကံကိုပဲ ညည်းညူခဲ့တယ်။ ကိုယ့်အမှားတွေကို ဖုံးဖိပြီး ကိုယ့်အဆင့်အတန်းကို ကာကွယ်ဖို့ လှည့်စားရာမှာ ပါဝင်ပတ်သက်ခဲ့တယ်။ အဲဒါ အန္တိခရစ်တစ်ယောက်ရဲ့ အပြုအမူပဲ။ ဒါကို သဘောပေါက်သွားတဲ့အခါ ကျွန်မ ကြောက်သွားတယ်။ အန္တိခရစ်လိုပဲ နောင်တမရဘဲ ဒီလိုဆက်လုပ်ဖို့က ကျွန်မအတွက် ဘယ်လောက် အန္တရာယ်များမှန်း သိခဲ့တယ်။
ကျွန်မ အရမ်းခေါင်းမာပြီး အမှားဝန်ခံဖို့ မလိုလားရတဲ့ အကြောင်းရင်း တစ်စိတ်တစ်ပိုင်းက ကြီးကြပ်သူအနေနဲ့ ကျွန်မရာထူးရဲ့ ချည်နှောင်၊ ထိန်းချုပ်တာ ခံခဲ့ရတာကြောင့်ပါပဲ။ အဲဒါက ကျွန်မအမှားတွေကို မမှန်မကန် ကိုင်တွယ်ဖြေရှင်းစေခဲ့တယ်။ ဒါနဲ့ ပတ်သက်လို့ ဘုရားစကားတချို့ ရှာတွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ရိုးရိုးနှင့် သာမန်လူတစ်ဦးဖြစ်ဖို့ သင်မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဤသည်ကို မည်သို့ လုပ်ဆောင်နိုင်သနည်း။...ရှေးဦးစွာ သင့်ကိုယ်သင် ရာထူးတစ်ခုပေးပြီး ထိုရာထူးဖြင့် ကန့်သတ်ခြင်းကို မခံနှင့်။ ‘ငါက ခေါင်းဆောင်ဖြစ်တယ်။ အဖွဲ့ရဲ့ ဦးဆောင်သူဖြစ်တယ်။ ကြီးကြပ်ရေးမှူးဖြစ်တယ်။ ဘယ်သူကမှ ဒီအလုပ်ကို ငါ့ထက်ပိုမသိဘူး။ ကျွမ်းကျင်မှုတွေကို ဘယ်သူမှ ငါ့လောက်နားမလည်ဘူး’ ဟူ၍ မပြောနှင့်။ သင် ကိုယ်တိုင်ခန့်ထားသောရာထူးတွင် ပိတ်မိမနေနှင့်။ ပိတ်မိသည်နှင့် တစ်ပြိုင်နက် ယင်းသည် သင်၏ လက်နှင့်ခြေများကို ချည်နှောင်လိမ့်မည်။ သင်ပြောသည့်၊ လုပ်ဆောင်သည့်အရာအပေါ် သက်ရောက်လိမ့်မည်။ သင်၏ ပုံမှန် စဉ်းစားပုံနှင့် အကဲဖြတ်ပုံကိုလည်း သက်ရောက်လိမ့်မည်။ ဤအဆင့်အတန်း၏ အချုပ်အနှောင်များမှ သင့်ကိုယ်သင် လွတ်မြောက်အောင် ပြုလုပ်ရမည်။ ရှေးဦးစွာ ဤတရားဝင်ရာထူးနှင့် နေရာမှ သင့်ကိုယ်သင် နှိမ့်ချပြီး သာမန်လူတစ်ယောက်၏ နေရာတွင် ရပ်တည်ပါ။ ရပ်တည်လျှင် သင်၏စိတ်နေစိတ်ထားက ပုံမှန်ဖြစ်လာလိမ့်မည်။ သင်သည် ‘ဒါကို ဘယ်လိုလုပ်ရမလဲ ငါမသိဘူး။ အဲဒါကိုလည်း နားမလည်ဘူး။ သုတေသနနဲ့ လေ့လာတာတွေ နည်းနည်းလုပ်ရမယ်’ သို့မဟုတ် ‘ဒါကို ငါ လုံးဝ မကြုံဖူးဘူး။ ဒါကြောင့် ဘာလုပ်ရမယ်ဆိုတာ ငါမသိဘူး’ ဟူ၍လည်း ဝန်ခံပြီး ပြောရမည်။ သင်သည် အမှန်တကယ်ထင်မြင်သည့်အရာကို ပြောခြင်း၊ ရိုးသားစွာ စကားပြောဆိုခြင်းကို လုပ်ဆောင်နိုင်စွမ်းရှိသောအခါ ပုံမှန်အသိစိတ်ကို သင် ပိုင်ဆိုင်လိမ့်မည်။ သူတစ်ပါးတို့က သင်၏ အစစ်အမှန်ကို သိလိမ့်မည်။ ထိုသို့ဖြင့် သင့်အပေါ်တွင် သာမန်အမြင်ရှိလိမ့်မည်။ သင်သည် ဟန်လုပ်ဖို့လိုမည်မဟုတ်သကဲ့သို့ သင့်အပေါ် ကြီးမားသော ဖိအားတစ်ခုတလေရှိမည်မဟုတ်ပေ။ ထို့ကြောင့် သင်သည် လူတို့နှင့် ပုံမှန်ဆက်သွယ်ပြောဆိုနိုင်လိမ့်မည်။ ဤသို့ အသက်ရှင်ခြင်းသည် လွတ်လပ်ပြီး လွယ်ကူသည်။ အသက်ရှင်ရသည်မှာ ပင်ပန်းသည်ဟု မြင်သော မည်သူမဆိုသည် မိမိတို့ကိုယ်တိုင်ကြောင့် ဤသို့ ဖြစ်ခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည်) “အသင်းတော်ရှိ တစ်စုံတစ်ယောက်သည် ခေါင်းဆောင်ဖြစ်ရန်အတွက် ရာထူးတိုးမြှင့်ခံရပြီး ပျိုးထောင်ခံရသည့်အခါတွင် ထိုသူသည် အရိုးရှင်းဆုံးသော အဓိပ္ပာယ်ဖြင့် ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ခံရခြင်းသာဖြစ်သည်။ ယင်းမှာ ထိုသူသည် အရည်အသွေးပြည့်မီသော ခေါင်းဆောင်တစ်ယောက်၊ သို့မဟုတ် ကျွမ်းကျင်မှုရှိသောသူတစ်ယောက် ဖြစ်နှင့်ပြီးဖြစ်ကြောင်း၊ ထိုသူသည် ခေါင်းဆောင်တစ်ယောက်၏ အလုပ်ကို တာဝန်ယူဆောင်ရွက်နိုင်စွမ်း ရှိနေပြီဖြစ်ပြီး တကယ့်အလုပ်ကို လုပ်ဆောင်နိုင်ကြောင်း အဓိပ္ပာယ်မသက်ရောက်ပေ။ ဤကဲ့သို့ မဟုတ်ပေ။ လူအများစုသည် ဤအရာများကို ရှင်းလင်းစွာ မမြင်ကြသလို၊ ရာထူးတိုးခံရပြီး ပျိုးထောင်ခြင်းခံရသည့်သူများကို အထင်ကြီးကြသည်၊ သို့ရာတွင် ဤသည်မှာ အမှားတစ်ခုဖြစ်သည်။ ၎င်းတို့သည် နှစ်ပေါင်းမည်မျှ ယုံကြည်ပြီးဖြစ်ပါစေ၊ ရာထူးတိုးခြင်း ခံရသည့်သူများသည် သမ္မာတရား၏ လက်တွေ့အရှိတရားကို အမှန်တကယ် ပိုင်ဆိုင်သလော။ သေချာပေါက် လုပ်ဆောင်နိုင်ခြင်းမျိုး မဟုတ်ပေ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်နိုင်သလော။ သေချာပေါက် လုပ်ဆောင်နိုင်ခြင်းမျိုး မဟုတ်ပေ။ ၎င်းတို့၌ တာဝန်ယူစိတ်တစ်ခု ပိုင်ဆိုင်သလော။ ၎င်းတို့၌ သန္နိဋ္ဌာန် ရှိသလော။ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်သလော။ အရေးကိစ္စတစ်ခုကို ကြုံတွေ့ရသည့်အခါတွင် ၎င်းတို့သည် သမ္မာတရားကို ရှာဖွေနိုင်သလော။ ဤအရာအားလုံးတို့ကို မသိရှိရပေ။ ဤလူများ၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသလော။ ဘုရားသခင်အပေါ် သူ၏ကြောက်ရွံ့မှုမှာ မည်မျှကြီးမားသနည်း။ အမှုအရာများကို ဆောင်ရွက်သည့်အခါတွင် သူ၏ ကိုယ်ပိုင်စိတ်ဆန္ဒနောက်ကို လိုက်တတ်သလော။ ၎င်းတို့သည် ဘုရားသခင်ကို ရှာဖွေနိုင်သလော။ ခေါင်းဆောင်တို့၏ အလုပ်ကို ဆောင်ရွက်သည့်အချိန်ကာလတွင် ထိုသူသည် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေရန် ဘုရားသခင်ရှေ့မှောက်သို့ ပုံမှန်၊ မကြာခဏလာရောက်သလော။ ၎င်းတို့သည် သမ္မာတရား၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်မှုတွင် လူတို့ကို လမ်းပြနိုင်သလော။ ၎င်းတို့သည် ဤအရာများကို သေချာပေါက်ပင် ချက်ချင်းစွမ်းဆောင်နိုင်ခြင်းမရှိပေ။ ၎င်းတို့သည် လေ့ကျင့်ပေးခြင်းမခံထားရသေးဘဲ အတွေ့အကြုံ နည်းပါးလွန်းသည်။ ထို့ကြောင့် ဤအရာများကို မစွမ်းဆောင်နိုင်ပေ။ ဤအတွက်ကြောင့် တစ်စုံတစ်ယောက်ကို ရာထူးတိုးမြှင့်ပေးခြင်းနှင့် ပျိုးထောင်ခြင်းက ထိုသူသည် သမ္မာတရားကို နားလည်ပြီးဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်သကဲ့သို့ သူ၏ တာဝန်ကို ကျေနပ်ဖွယ် ဆောင်ရွက်နိုင်စွမ်းရှိပြီးဖြစ်သည်ဟု ဆိုခြင်းလည်း မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်သွားတယ်။ ခေါင်းဆောင်၊ ကြီးကြပ်သူ ဖြစ်တာက ကိုယ်ဟာ အရည်အချင်းပြည့်မိတယ်၊ တခြားလူတွေထက် ပိုမြင့်တယ်၊ ပိုတော်တယ်ဆိုတဲ့ သဘော အလိုလို မသက်ရောက်မှန်းကိုပေါ့။ အဲဒါက ကိုယ့်ကျွမ်းကျင်မှုတွေကို တိုးတက်စေပြီး အလုပ်ကတစ်ဆင့် လေ့ကျင်ဖို့ အခွင့်အရေးတစ်ခုပါ။ လေ့ကျင့်တာက လူတွေရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ထုတ်ဖော်ပြပြီး ဆုတ်ဆိုင်းမှုနဲ့ ကျရှုံးမှုတွေ အမြဲရှိမှာပဲ။ အဲဒါ လုံးဝ ပုံမှန်ပဲလေ။ ဒါပေမဲ့ ကျွန်မကိုယ်ကျွန်မ ကြီးကြပ်သူနေရာမှာ ထားလိုက်တဲ့အခါ၊ တခြားလူတွေလို အလားတူ အမှားတွေကို မလုပ်ဘဲ၊ အလားတူ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်မပြဘဲ သူတို့ထက် ပိုတော်ဖို့ လိုအပ်တယ်လို့ တွေးတော့တာ။ ဒါကြောင့် အမှားလုပ်မိတဲ့အခါ၊ ဝန်မခံချင်ခဲ့ဘူး။ ဆက်ဟန်ဆောင်၊ ဖုံးဖိခဲ့တယ်။ ခက်ခဲပင်ပန်းတဲ့ ဘဝကို ရှင်သန်ရင်းနဲ့ စိုးရိမ်ပူပန်မှုနဲ့ တစ်ချိန်လုံး ပြည့်နေခဲ့တယ်။ အားလုံးက ကိုယ့်အဆင့်အတန်းနဲ့ ဂုဏ်သတင်းကို ကျွန်မ တန်ဖိုးထားခဲ့လို့ပဲ။ အမှားတွေ လုပ်မိပြီး သိက္ခာကျတာက သေချာပေါက် မကောင်းတဲ့ ကိစ္စတွေ မဟုတ်မှန်းလည်း သဘောပေါက်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော် ပြောတဲ့အတိုင်းပေါ့။ “သင့်ကိုယ်သင် ဂုဏ်သရေညှိုးအောင်လုပ်ခြင်းသည် ကောင်းသောအရာဖြစ်သည်။ ယင်းသည် သင်၏ ကိုယ်ပိုင်အားနည်းချက်များနှင့် သင်၏ ဘဝင်မာနကို ချစ်ခြင်းအား မြင်ရန် ကူညီပေးသည်။ သင်၏ ပြဿနာများက မည်သည့်နေရာတွင် တည်ရှိသည်ကို ပြပြီး သင်သည် ပြည့်စုံသောသူမဟုတ်သည်ကို ရှင်းလင်းစွာ နားလည်ရန် ကူညီပေးသည်။ ပြည့်စုံသောသူဟူသည်မှာ မရှိသလို သင့်ကိုယ်သင် ဂုဏ်သရေညှိုးအောင်လုပ်ခြင်းသည် အလွန်ပင် သာမန်ဖြစ်သည်။ လူအားလုံးသည် မိမိတို့ကိုယ်ကို ဂုဏ်သရေညှိုးအောင်လုပ်သော၊ သို့မဟုတ် အရှက်ရသော အချိန်များကို တွေ့ကြုံကြရသည်။ လူအားလုံး ကျရှုံးကြသည်။ အနှောင့်အယှက်များ ကြုံတွေ့ရသည်။ အားနည်းချက်များ ရှိကြသည်။ သင့်ကိုယ်သင် ဂုဏ်သရေညှိုးအောင်လုပ်ခြင်းသည် မဆိုးရွားပေ။ သင်သည် သင့်ကိုယ်သင် ဂုဏ်သရေညှိုးအောင်လုပ်မိသော်လည်း ရှက်ခြင်း၊ သို့မဟုတ် စိတ်ဓာတ်ကျခြင်းမရှိသောအခါတွင် သင်က အရှက်ကင်းမဲ့သည်ဟု မဆိုလိုပေ။ ယင်းသည် သင့်ကိုယ်သင် ဂုဏ်သရေညှိုးအောင်လုပ်ခြင်းကြောင့် သင်၏ ဂုဏ်သတင်းကို ထိခိုက်ခြင်းရှိမရှိကို သင် ဂရုမစိုက်ဟု ဆိုလိုသည်။ သင်၏ ဘဝင်မာနသည် သင်၏ အတွေးများထဲတွင် နေရာယူနေခြင်းမရှိတော့ဟု ဆိုလိုသည်။ သင်၏ လူ့သဘာဝတွင် ရင့်ကျက်ပြီးဖြစ်သည်ဟု ဆိုလိုသည်။ ဤသည်မှာ အလွန်ကောင်းသည်။ ဤသည်မှာ ကောင်းသောအရာမဟုတ်သလော။ ကောင်းသောအရာဖြစ်သည်။ သင့်ကိုယ်သင် ဂုဏ်သရေညှိုးအောင်လုပ်သောအခါ သင်သည် ကောင်းစွာ ထမ်းဆောင်ခဲ့ခြင်းမရှိ၊ သို့မဟုတ် သင့်တွင် မကောင်းသောကံရှိသည်ဟု မထင်မြင်နှင့်။ ဤနောက်ကွယ်တွင်ရှိသော အရှိအတိုင်းဖြစ်သည့် အကြောင်းရင်းများကို မရှာဖွေနှင့်။ ဤသည်မှာ သာမန်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) တကယ်တော့ ဒီအမှားတစ်သီတစ်တန်းနဲ့ အဲဒါတွေကို ဖုံးကွယ်ဖို့ ကျွန်မရဲ့ ရှက်စရာ အားထုတ်မှုတွေရဲ့ နောက်မှာ၊ ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိတချို့ နောက်ဆုံးမှာ ကျွန်မ ရခဲ့တယ်။ ကျွန်မက ညီအစ်ကို မောင်နှမတွေထက် မတော်မှန်းကို မြင်ခဲ့တယ်။ ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် ပူပန်မှုကို အရမ်းပြပြီးတော့ ကိုယ့်တာဝန်ကို ကျွန်မ အမှုမဲ့အမှတ်မဲ့ လုပ်ခဲ့တယ်။ ကိုယ့်အမှားတွေကို ဝန်ခံဖို့တောင် သတ္တိမရှိခဲ့ဘူး။ အဲဒါ ဖုံးဖိချင်ခဲ့ပြီး လူတိုင်းကို လှည့်စားချင်ခဲ့တယ်။ ကျွန်မက ဖောက်ပြန်တဲ့ သူတော်ကောင်း အယောင်ဆောင်ပဲ။ တကယ်တော့၊ ကိုယ့်တာဝန်ကို လုပ်နေချိန်မှာ ပြဿနာတွေကို ရင်ဆိုင်ဖို့ဆိုတာ လန့်စရာမကောင်းပါဘူး။ ကိုယ်က ပွင့်လင်းသရွေ့၊ ရိုးသားတဲ့လူဖြစ်ပြီး နောင်မှာ အလားတူ အမှားတွေကို ရှောင်ရှားနိုင်အောင် အဲဒါတွေကို သုံးသပ်ရင်းနဲ့ ကိုယ့်အမှားတွေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်သရွေ့၊ တစ်ခုခုကို ရနိုင်ပါသေးတယ်။ ဒါက လူတွေ ရှိသင့်တဲ့ သဘောထားနဲ့ ဆင်ခြင်တုံတရားပဲ။ ဘုရားအလိုတော်ကို အခု နားလည်သွားတော့၊ တခြားလူတွေ ဘာတွေးမယ်ဆိုတာ ဂရုမစိုက်တော့ဘူး။ အလုပ်ကို ကျွန်မ ထိခိုက်ခဲ့ပြီးသားပဲ။ နောင်မှာ အဲဒီလိုအမှားတွေ လုပ်မိတာကို ရှောင်ဖို့ အဲဒါတွေကို ဖြစ်စေတဲ့အရာရဲ့ အကြောင်းရင်းမှန်ကို ကျွန်မ စူးစမ်းဖော်ထုတ်ရမယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ် ဖတ်ခဲ့တယ်။ “လူတစ်ဦးသည် အလေးအနက်ထားနိုင်သောအခါ၊ တာဝန်ယူနိုင်ပြီး သူ၏ စိတ်နှလုံးအကြွင်းမဲ့ ပေးနိုင်သောအခါတွင် အလုပ်သည် သင့်လျော်စွာ ပြီးမြောက်မည်ဖြစ်သည်။ တစ်ခါတစ်ရံတွင် သင်သည် မှားယွင်းသည့် စိတ်အခြေအနေတွင် ရှိနေသည်။ အလွန်ရှင်းလင်းသော အမှားတစ်ခုကို သင် ရှာဖွေ တွေ့ရှိနိုင်ခြင်း မရှိပေ။ သင်သည် မှန်ကန်သည့် စိတ်အခြေအနေတွင် ရှိလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် လမ်းပြမှုအားဖြင့် ဤပြဿနာကို ဖော်ထုတ်နိုင်လိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်က သိမြင်မှုကို သင့်အား လမ်းပြပြီး ပေးအပ်ခဲ့ကာ စိတ်နှလုံးထဲတွင် ကြည်လင်မှုကို ခံစားစေပြီး အမှားတည်ရှိသည့်နေရာကို သိစေလျှင် သင်သည် လမ်းလွဲခြင်းကို ပြုပြင်နိုင်ပြီး သမ္မာတရားစည်းမျဉ်းများအတွက် ကြိုးစားနိုင်လိမ့်မည်။ သင်က မှားယွင်းသည့် စိတ်အခြေအနေတွင်ရှိနေခဲ့ပြီး အာရုံမစိုက်ဘဲ ပေါ့ဆလျှင် အမှားကို သင် သတိပြုနိုင်မည်လော။ သတိပြုနိုင်မည်မဟုတ်ပေ။ ဤအခြင်းအရာမှ ဘယ်အရာကို မြင်ရသနည်း။ လူတို့သည် မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ရန်မှာ ပူးပေါင်းဆောင်ရွက်ရန် အလွန်အရေးကြီးကြောင်းကို ပြသည်။ ၎င်းတို့၏ စိတ်နေစိတ်ထားသည် အလွန်အရေးကြီးသည်။ ပြီးလျှင် ၎င်းတို့၏ အတွေးများနှင့် ရည်ရွယ်ချက်များကို အဘယ်နေရာသို့ ဦးတည်သည်မှာ အလွန်အရေးကြီးသည်။ လူတို့သည် မိမိတာဝန်ကို ထမ်းဆောင်ရာတွင် မည်သည့် စိတ်အခြေအနေတွင် ရှိနေသည်၊ စွမ်းအင်မည်မျှကို ၎င်းတို့ အသုံးချသည်တို့ကို ဘုရားသခင်မှ စိစစ်ပြီး မြင်နိုင်သည်။ လူတို့သည် ၎င်းတို့လုပ်သည့်အရာ၌ စိတ်နှလုံးနှင့်ခွန်အား အလုံးစုံကို အသုံးပြုရန်မှာ အလွန်အရေးပါသည်။ ပူးပေါင်းဆောင်ရွက်ခြင်းသည် အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ လူတို့သည် ၎င်းတို့ ပြီးမြောက်ခဲ့သော တာဝန်များနှင့် ၎င်းတို့ လုပ်ဆောင်ခဲ့သော အရာများအပေါ်တွင် နောင်တမရရှိရန် ကြိုးပမ်းမှသာလျှင်၊ ဘုရားသခင်အား အကြွေးတင်ခြင်း မရှိမှသာလျှင် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးနှင့်ခွန်အား အလုံးစုံဖြင့် ပြုမူဆောင်ရွက်မည် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) တစ်ယောက်ယောက်ရဲ့ စိတ်နေစိတ်ထားက မှားပြီး ကိုယ့်တာဝန်မှာ မေ့တတ်သလို၊ ဖြစ်ကတတ်ဆန်းနိုင်တဲ့အခါ၊ သူတို့ မျက်စိရှေ့တည့်တည့်မှာရှိတဲ့ အမှားတွေကို မမြင်နိုင်ဘူးလို့ ဘုရားနှုတ်ကပတ်တော်က ဖော်ပြတယ်။ ကျွန်မအခြေအနေက ဘုရားပြောတဲ့အတိုင်းပါပဲ။ ဒီအမှားနှစ်ခုက ကျွန်မရှေ့ အရှင်းသားပေါ်နေခဲ့တယ်။ နည်းနည်းလေး ပိုအာရုံစိုက်ခဲ့ရင်၊ အဲဒါတွေကို အလွယ်တကူ တွေ့ခဲ့မှာပဲ။ ဒါပေမဲ့ အဲဒါတွေကို ကျွန်မ သတိမပြုမိခဲ့ဘူး။ ဗီဒီယိုတစ်ခုကို ပြန်လုပ်ခဲ့ရပြီး နောက်တစ်ခုကို နှစ်ခါလုပ်ခဲ့ရတယ်။ ကျွန်မတို့ကို လူအင်အားနဲ့ အရင်းအမြစ်တွေ ကုန်ကျသွားစေခဲ့တယ်။ တကယ်တော့ ဒါက အဲဒီတုန်းက ကျွန်မရဲ့ စိတ်နေစိတ်ထားနဲ့ အများကြီး ဆိုင်တယ်။ ဒီအလုပ်မှာ ကျွန်မက ဝါရင့်ဖြစ်တယ်၊ အလုပ်ရဲ့ အသွားအလာကို ကျွန်မကောင်းကောင်းသိတယ်လို့ တွေးခဲ့တယ်။ ဒါကြောင့် စလုပ်တုန်းကလောက် ကျွန်မ သတိမထားခဲ့ဘူး။ မာနထောင်လွှားပြီး အမှုမဲ့အမှတ်မဲ့ ဖြစ်ခဲ့တယ်။ အထူးသဖြင့် ကနဦး စစ်ဆေးချက်တွေနဲ့ စပ်လျဉ်းပြီးတော့ အဲဒါ ရိုးရှင်းတယ်၊ အရင်က ကိုယ့်ရဲ့ အတွေ့အကြုံအရ ဖြစ်သလိုလုပ်လိုက်ရင် ရတယ်လို့ ကျွန်မတွေးခဲ့တယ်။ ကျွန်မ အာရုံမစိုက်ခဲ့ဘူး၊ အလုပ်ကို သေချာ မစစ်ဆေးခဲ့ဘူး။ နောက်ဆုံးမှာ အဲဒီလို အခြေခံကျတဲ့ အမှားတွေ လုပ်မိခဲ့တာပဲ။ ဒါက ဘာလို့လဲဆိုတော့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ ကျွန်မ အသက်ရှင်ပြီး ကိုယ့်တာဝန်မှာ အိုးနင်းခွက်နင်းနဲ့ ပြီးသွားခဲ့လို့ပဲ။ နောက်ပိုင်းမှာ၊ ကိုယ့်တာဝန်မှာ လုပ်ခဲ့တဲ့ အမှားတွေနဲ့ ပတ်သက်လို့ ညီအစ်ကို မောင်နှမတွေဆီ ကျွန်မ ဖွင့်ပြောခဲ့တယ်။ ကျွန်မတို့အလုပ်မှာ ရှိတဲ့ ပြဿနာတွေကို အကျဉ်းချုပ်ပြီး နောင်မှာ အလားတူ ပြဿနာတွေကို ကူတားဆီးပေးမဲ့ စံတချို့ကို ကျွန်မ အကြံပြုလိုက်တယ်။ ဒီအရာကတစ်ဆင့်၊ ကျွန်မ စိတ်အေးချမ်းမှု နည်းနည်းရသွားတယ်။
မကြာခင်မှာ ပရောဂျက်အသစ်တစ်ခုကို ကျွန်မ ကြီးကြပ်ရတယ်။ ဒါပေမဲ့ ဒီလိုဗီဒီယိုမျိုးကို အရင်က မလုပ်ဖူးခဲ့တော့ အားလုံးကို ခရေစေ့တွင်းကျ သေချာသဘောမပေါက်ခဲ့လို့၊ ထုတ်လုပ်နေတုန်းမှာ ပြဿနာတချို့ ပေါ်လာခဲ့တယ်။ တခြားလူတွေ ဘာတွေးမလဲလို့ ကျွန်မ တစ်ခါတလေ စိုးရိမ်မိပေမဲ့၊ ကိုယ့်မာနရဲ့ ထိန်းချုပ်မှုမခံဘဲ မှန်ကန်တဲ့ စိတ်အခြေအနေနဲ့ ပြဿနာတွေကို ကျွန်မ သုံးသပ်ဝေဖန်ခဲ့တယ်။ အမှားတစ်ခုစီနဲ့ ပတ်သက်လို့ ကျွန်မ မှတ်တမ်းတင်ပြီး အဲဒီလို ထပ်မဖြစ်အောင် တားရမဲ့ နည်းလမ်းရှာတွေ့ဖို့ လွဲနေတာတွေကို အကျဉ်းချုံးတယ်။ ဒီလိုလုပ်ပြီးတဲ့နောက်မှာ၊ ဘုရားရဲ့ လမ်းပြမှုကို ကျွန်မ မြင်နိုင်ခဲ့တယ်။ အသင်းတော်ကို ဆုံးရှုံးမှုတစ်ခုတစ်လေ မဖြစ်စေခင်မှာ ပြဿနာအများကြီးကို သဘောပေါက်ပြီး ပြင်နိုင်ခဲ့တယ်။ ဒီအတွေ့အကြုံကတစ်ဆင့်၊ ကျွန်မ သိလိုက်တယ်။ ကိုယ့်တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ လုပ်ခြင်းအားဖြင့် ဘုရားရဲ့ လမ်းပြမှုနဲ့ ကွယ်ကာမှုကို ရမယ်ဆိုတာပေါ့။ တစ်ချိန်တည်းမှာပဲ သင်ယူခဲ့ရတယ်။ အမှားတွေ၊ ကျရှုံးမှုတွေကတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် အရှက်ရတာက မကောင်းတဲ့ အရာတစ်ခုမဟုတ်ဘူး။ အဲဒါက ကိုယ့်ရဲ့ အားနည်းချက်နဲ့ ဖောက်ပြန်ပျက်စီးမှုကို မြင်အောင်၊ ကိုယ့်ရဲ့ ဝင့်ဝါမှုကို ဘေးဖယ်ပြီး ကိုယ့်ကိုယ်ကိုယ် မှန်မှန်ကန်ကန် သဘောထားဖို့ ကူညီခဲ့တယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။