အမှုတော်နှင့် ဝင်ရောက်ခြင်း (၂)
သင်တို့၏ အလုပ်နှင့် ဝင်ရောက်မှုသည် အလွန်အားနည်းလေသည်၊ လူသည် အလုပ်လုပ်ရမည့်ပုံကို တန်ဖိုးမထား၊ အသက်တာဝင်ရောက်မှုကိုဆိုလျှင် သာ၍ပင် ဂရုမစိုက်ကြ။ လူသည် ထိုသို့ဖြစ်နေခြင်းကို သူတို့ ဝင်ရောက်သင့်သည်ဟူသည်နှင့်ပတ်သတ်သောသင်ခန်းစာများအဖြစ် မသတ်မှတ်ကြပေ။ ထို့ကြောင့် သင်၏ အတွေ့အကြုံ၌ သူတို့မြင်သည့် အရာအားလုံးနီးပါးက ကောင်းကင်ထက်က ရဲတိုက်များသာ ဖြစ်သည်။ အလုပ်နှင့် ပတ်သက်လျှင် သင်တို့ကို များများစားစား မတောင်းဆိုပါ၊ သို့သော် ဘုရားသခင်က စုံလင်အောင် ပြုလုပ်ပေးသည်ကို ခံရမည့်သူများ အနေနှင့် သင်တို့သည် ဘုရားသခင်အတွက် အလုပ်လုပ်ခြင်းနှင့်ဆိုင်သော သင်၏သင်ခန်းစာများကို သင်ယူသင့်သည်၊ သိပ်မကြာခင်မှာပင် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီနိုင်ဖို့အတွက် ဖြစ်သည်။ ခေတ်အဆက်ဆက်တွင် ဘုရားသခင်အတွက် အလုပ်လုပ်ခဲ့ကြသူများကို အမှုဆောင်များ သို့မဟုတ် တမန်တော်များဟု ခေါ်ကြပြီး ထိုအခေါ်အဝေါ်သည် ဘုရားသခင် အသုံးပြုခဲ့သည့် လူအနည်းငယ်ကို ရည်ညွှန်းသည့် အခေါ်အဝေါ် ဖြစ်သည်။ သို့သော် ယနေ့ ငါပြောသည့် အလုပ်သည် ထိုအမှုဆောင်များ သို့မဟုတ် တမန်တော်များကိုသာ မရည်ညွှန်းပေ၊ ဘုရားသခင် စုံလင်အောင် ပြုလုပ်ပေးမည့် သူများအားလုံးကို ရည်ရွယ်ပြီး ပြောသော အလုပ်ဖြစ်သည်။ ထိုအလုပ်ကို စိတ်သိပ်မဝင်စားသောသူ အများအပြားရှိကောင်းရှိမည် ဖြစ်သည်၊ သို့သော်လည်း ဝင်ရောက်မှုနှင့်ဆိုင်သော အကျိုးအတွက် ထိုအမှန်တရားအကြောင်းကို ဆွေးနွေးလျှင် အကောင်းဆုံး ဖြစ်မည် ဖြစ်သည်။
အလုပ်နှင့်ပတ်သက်၍ လူသားသည် အလုပ်ဆိုသည်မှာ ဘုရားသခင်အတွက် ဟိုဟိုသည်သည် ပြေးခြင်း၊ နေရာတိုင်း၌ တရားဟောခြင်းနှင့် သူ့အတွက် သုံးစွဲခြင်းဖြစ်သည်ဟု ယုံကြည်သည်။ ထိုသို့ ယုံကြည်ခြင်းသည် မှန်သော်လည်း တစ်ဖက်သတ် ဆန်လွန်းလှသည်။ ဘုရားသခင်က လူကို တောင်းဆိုသည့်အရာမှာ သူ့အတွက် ဟိုပြေးသည်ပြေးလုပ်ရန်သာ မဟုတ်ပေ၊ ထိုထက် ကျော်လွန်၍ ဤအမှုသည် ဝိညာဉ်တော်အတွင်း၌ အမှုတော်ဆောင်ဖို့နှင့် ထောက်ပံ့မှုတို့နှင့်ပါ သက်ဆိုင်သည်။ ညီအစ်ကိုမောင်နှမ တော်တော်များများသည် နှစ်ပေါင်းများစွာ အတွေ့အကြုံရရှိပြီး သည့်တိုင် ဘုရားသခင်အတွက် အလုပ်လုပ်ဖို့ တစ်ခါမျှ မစဉ်းစားဖူးပေ၊ အဘယ်ကြောင့်ဆိုသော် လူသား ထင်မြင်ထားသော အလုပ်ဟူသည့် အရာသည် ဘုရားသခင် တောင်းဆိုသည့်အရာနှင့် မလိုက်ဖက်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူသားသည် အလုပ် ကိစ္စတွင် မည်သည့်အရာပင်ဖြစ်စေ စိတ်ဝင်စားမှု လုံးဝမရှိပေ၊ ထို့ကြောင့် လူသား၏ ဝင်ရောက်မှုသည်လည်း အလွန်ပင် တစ်ဖက်သတ် ဖြစ်နေခြင်း ဖြစ်သည်။ သင်တို့အားလုံးသည် ဘုရားသခင်အတွက် အလုပ်လုပ်ခြင်းအားဖြင့် စတင်ဝင်ရောက် သင့်သည်၊ ယင်းနှင့် ဆိုင်သော ကဏ္ဍအားလုံးကို သင်တို့ သာ၍ ကြုံတွေ့ခံစားနိုင်ဖို့ ဖြစ်သည်။ ယင်းသည် သင်တို့ ဝင်ရောက်သင့်သည့်အရာ ဖြစ်သည်။ အလုပ်ဆိုသည်မှာ ဘုရားသခင်အတွက် ဟိုဟိုသည်သည် ပြေးခြင်းကို မရည်ညွှန်းဘဲ၊ လူသား၏အသက်တာနှင့် လူသား၏ အသက်ရှင်ခြင်းသည် ဘုရားသခင်အတွက် ပျော်ရွှင်မှုပေးနိုင်ခြင်း ရှိမရှိကို ရည်ညွှန်းသည်။ အလုပ်ဆိုသည်မှာ လူသားတို့က ဘုရားသခင် အပေါ်၌ထားသော သူတို့၏ ဆက်ကပ်ခြင်းနှင့် သူတို့၌ ရှိသည့် အသိပညာကို ဘုရားသခင်အကြောင်း သက်သေခံရန်နှင့် လူသားအပေါ် အမှုတော်ဆောင်ရန်အတွက်လည်း အသုံးပြုခြင်းကို ရည်ညွှန်းသည်။ ထိုအရာသည် လူသား၏တာဝန် နှင့် လူသားများအားလုံး နားလည်သဘောပေါက်သင့်သည့် အရာဖြစ်သည်။ သင်တို့၏ ဝင်ရောက်မှုသည် သင်တို့၏ အလုပ်ဖြစ်ပြီး၊ ဘုရားသခင်အတွက် အလုပ်လုပ်နေစဉ်တွင် သင်တို့သည် ဝင်ရောက်ဖို့ ကြိုးစားနေသည်ဟု ဆိုနိုင်သည်။ ဘုရားသခင်၏အလုပ်အား တွေ့ကြုံခြင်းဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မှီဝဲသုံးဆောင်ပုံကို သိခြင်းသာ မဟုတ်ပေ၊ သာ၍ အရေးကြီးသည်မှာ သင်တို့သည် ဘုရားသခင်၏အကြောင်း သက်သေခံပုံကို သိရမည်ဖြစ်ပြီး ဘုရားသခင်ကို အစေခံနိုင်ရမည်ဖြစ်ကာ၊ လူသားအပေါ် အမှုတော်ဆောင်ကာ လူသားကို ထောက်ပံ့ပေး နိုင်ရမည်။ ယင်းသည် အလုပ်ဖြစ်သည်၊ သင်တို့၏ ဝင်ရောက်မှုလည်း ဖြစ်သည်၊ ဤသည်ကား လူတိုင်း ပြီးမြောက်အောင် လုပ်သင့်သည့်အရာ ဖြစ်သည်။ ဘုရားသခင်အတွက် ဟိုဟိုသည်သည် ပြေးလွှားပြီး နေရာအားလုံး၌ တရားဟောခြင်းတို့ကိုသာ အာရုံစိုက်ပြီး ၎င်းတို့၏ ကိုယ်ပိုင် အတွေ့အကြုံကို သတိမထားမိသူများ၊ ၎င်းတို့၏ ဝိညာဉ်အသက်တာသို့ ဝင်ရောက်ခြင်းကို လျစ်လျူရှုထားသောသူ များစွာ ရှိသည်။ ယင်းသည် ဘုရားသခင်ကို အစေခံသူများအား ဘုရားသခင်ကို ခုခံသူများ ဖြစ်လာစေသည့် အကြောင်းအရင်း ဖြစ်သည်။ နှစ်ပေါင်းများစွာကြာအောင် ဘုရားသခင်ကို အစေခံနေခဲ့သူများနှင့် လူသားတို့အပေါ် အမှုတော်ဆောင်နေခဲ့ သူများသည် အလုပ်လုပ်ခြင်းနှင့် တရားဟောခြင်းကို ဝင်ရောက်မှု အဖြစ်သာ သတ်မှတ်ခဲ့ကြပြီး၊ မည်သူကမျှ ၎င်းတို့၏ ဝိညာဉ်ရေးရာ နှင့်ဆိုင်သော ကိုယ်ပိုင်အတွေ့အကြုံကို အရေးကြီးသော ဝင်ရောက်မှုအဖြစ် မသတ်မှတ်ခဲ့ကြပေ။ ထိုသို့ သတ်မှတ်မည့်အစား၊ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်ကရသည့် ဉာဏ်အလင်းပေးခြင်းကို အခြားသူများကို သင်ကြားပေးရန်အတွက် အရင်းအနှီးအဖြစ် သတ်မှတ်ခဲ့ကြသည်။ တရားဟောသောအခါ၌ သူတို့သည် အလွန်အမင်း ဝန်ပိနေကြလျက် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို လက်ခံကြပြီး၊ ဤနည်းအားဖြင့် သူတို့သည်သန့်ရှင်းသော ဝိညာဉ်တော်၏အသံကို ထွက်လာ စေသည်။ ဤအချိန်၌၊ အလုပ်လုပ်သော သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ၎င်းတို့၏ ကိုယ်ပိုင်ဝိညာဉ်ရေးရာ အတွေ့အကြုံကဲ့သို့ ခံစားရပြီး ကိုယ့်ကိုယ်ကို အလွန်အမင်း အားရ ကျေနပ်နေကြသည်။ သူတို့ ပြောနေသည့် စကားများအားလုံးသည် သူတို့၏ ကိုယ်ပိုင်အဖြစ် သူတို့ ခံစားရသော်လည်း သူတို့၏ ကိုယ်ပိုင်အတွေ့အကြုံသည် သူတို့ ပြောပြသလောက် မရှင်း သလိုလည်း ခံစားရသည်။ ထို့အပြင် စကားမပြောမီတွင် သူတို့ မည်သည့်အရာ ပြောမည်ကို အရိပ်အမြွက်ပင် မသိကြ။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်က သူတို့အတွင်း၌ အလုပ်လုပ် သောအခါ သူတို့၏စကားများသည် သူတို့ထံမှ အဆက်မပြတ် တရစပ် ထွက်လာတတ်သည်။ သင်သည် ထိုသို့ တစ်ကြိမ် တရားဟောဖူးပြီးချိန်တွင် သင်၏ ဝိညာဉ်အသက်တာအစစ်သည် အရင်က သင်ထင်ထားသလောက် မသေးငယ်ဟု ခံစားရပြီး၊ ထို့နောက်တွင် သန့်ရှင်းသော ဝိညာဉ်တော်က သင်၌ အကြိမ်ကြိမ် အလုပ်လုပ် ပြီးသောအခြေအနေတွင်ကဲ့သို့ သင့်မှာ ဝိညာဉ်အသက်တာ ရှိပြီးဖြစ်သည်ဟု ဆုံးဖြတ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် သင်၏ ကိုယ်ပိုင် ဝင်ရောက်မှုနှင့် သင်၏ဖြစ်တည်မှုဖြစ်သည်ဟု လွဲမှားစွာ ယုံကြည်တတ်သည်။ သင်သည် ထိုသို့ အစဉ်အမြဲ တွေ့ကြုံခံစားရသောအခါ သင်၏ ကိုယ်ပိုင် ဝင်ရောက်မှုနှင့် ပတ်သက်ပြီး လျော့တိလျော့ရဲ ဖြစ်လာတတ်သည်၊ သင်သည် သတိမထားမိဘဲ ပျင်းရိလာတတ်ပြီး၊ သင်ကိုယ်တိုင်၏ဝင်ရောက်မှုကို အရေးကြီးသည်ဟု လုံးဝ သဘောမထားဘဲ နေလာတတ်သည်။ ဤအကြောင်းကြောင့် သင်သည် အခြားသူတို့အပေါ် အမှုတော်ဆောင်သောအခါ၌ သင်၏ ဝိညာဉ်အသက်တာနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရှင်းရှင်းလင်းလင်း ခွဲခြားသိမြင်ရမည်။ ထိုသို့ သိမြင်ခြင်းက သင်၏ ဝင်ရောက်မှုကို သာ၍ လွယ်ကူချောမောစေလိမ့်မည် ဖြစ်ပြီး သင်၏ အတွေ့အကြုံကို သာ၍ အကျိုးရှိစေလိမ့်မည်။ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မိမိတို့ကိုယ်တိုင်၏ အတွေ့အကြုံအဖြစ် သတ်မှတ်သောအခါ ယင်းသည် ဆုတ်ယုတ်မှု၏ အစဖြစ်သွားသည်။ ထို့ကြောင့် သင်တို့သည် မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ သင်တို့၏ ဝင်ရောက်မှုကို အရေးကြီးသော သင်ခန်းစာတစ်ခုအဖြစ် သင်တို့ မှတ်ယူသင့်သည်ဟု ငါပြောခြင်း ဖြစ်သည်။
လူတစ်ဦးအနေဖြင့် ဘုရားသခင်၏ အလိုတော်ပြည့်စုံစေရန်၊ ဘုရားသခင်၏ စိတ်နှလုံးနှင့် တွေ့သောသူများအားလုံးကို ဘုရားသခင်၏ ရှေ့သို့ ခေါ်ဆောင်လာရန်၊ လူကို ဘုရားသခင်ထံ ခေါ်ဆောင်လာရန်နှင့် လူသားကို သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် ဘုရားသခင်၏ လမ်းပြမှုတို့နှင့် မိတ်ဆက်ပေးရန်တို့အတွက် အလုပ်လုပ်ပြီး၊ ဤနည်းအားဖြင့် ဘုရားသခင်၏ အလုပ်၏ အကျိုးကျေးဇူးများကို စုံလင်စေသည်။ ထို့ကြောင့် သင်တို့သည် အလုပ်၏ အနှစ်သာရကို နားလည်ဖို့ အလွန်အရေးကြီးသည်။ ဘုရားသခင် အသုံးပြုသည်ကို ခံရသော သူတစ်ဦးအနေနှင့်၊ လူသားအားလုံးသည် ဘုရားသခင်အတွက် အလုပ်လုပ်ရန် ထိုက်တန်သောသူများ ဖြစ်ကြသည်၊ ဆိုလိုသည်မှာ လူတိုင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုမှုကို ခံဖို့ အခွင့်အလမ်း ရှိသည်။ သို့သော် သင်တို့ နားလည်သဘောပေါက် ရမည့် အချက်တစ်ချက်ရှိသည်- လူသားသည် ဘုရားသခင်မှ စေခိုင်းသည့်အလုပ်ကို လုပ်သောအခါ ဘုရားသခင် အသုံးပြုခြင်းကို ခံရမည့် အခွင့်အရေး ပေးအပ်ခံခဲ့ရခြင်း ဖြစ်သည်။ သို့သော် လူသားပြောသည့်အရာနှင့် လူသားသိသည့် အရာသည် လူသား၏ ဝိညာဉ်အသက်တာ တစ်ရပ်လုံး မဟုတ်ပေ။ သင်တို့လုပ်နိုင်သည်မှာ သင်တို့အလုပ်လုပ်နေစဉ် သင်တို့ကိုယ်တိုင်၏ လိုအပ်ချက်များကို ပိုမို ကောင်းမွန်စွာ သိလာရန်သာ ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးမှုကို ပိုမိုရရှိလာရန်သာ ဖြစ်သည်။ ဤနည်းအားဖြင့် သင်တို့သည် သင်တို့ အလုပ်လုပ်နေစဉ်တွင် ပိုမိုကောင်းမွန်သော ၀င်ရောက်မှု ရရှိစေခြင်း ခံရမည်ဖြစ်သည်။ လူသားသည် ဘုရားသခင်၏ ထံမှလာသည့် လမ်းပြမှုကို ၎င်းတို့ကိုယ်တိုင်၏ ၀င်ရောက်မှုအဖြစ်နှင့် ၎င်းတို့၏အထဲ၌ မွေးကတည်းကရှိသည့် အရာအဖြစ် သတ်မှတ်လျှင် လူသား၏ ဝိညာဉ်အသက်တာ ကြီးထွားဖို့ အလားအလာ မရှိပေ။ လူသား၌ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သည့် အသိဉာဏ်ပွင့်လင်းစေခြင်းသည် လူသားတို့က ပုံမှန်အခြေအနေ၌ ရှိကြသည့်အခါ ဖြစ်ပေါ်ပေသည်။ ထိုသို့သောအချိန်များ၌ လူတို့သည် သူတို့ လက်ခံရရှိသော ဉာဏ်အလင်းကို သူတို့၏ ကိုယ်ပိုင် ဝိညာဉ်အသက်တာအစစ်အမှန်အဖြစ် လွဲမှားစွာ ထင်မြင်ယူဆလေ့ ရှိကြသည်။ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းသော ဝိညာဉ်တော် ဉာဏ်အလင်းပေးသည့်နည်းသည် ထူးကဲစွာသာမန်အဖြစ်ဆုံးဖြစ်ပြီး လူသား၏အထဲ၌ မွေးကတည်းက ရှိသည့်အရာကို အသုံးပြုသောကြောင့် ဖြစ်သည်။ လူတို့ အလုပ်လုပ်သည့်အခါ သို့မဟုတ် စကားပြောသည့်အခါ၊ သို့မဟုတ် ဆုတောင်း၍ ၎င်းတို့၏ ဝိညာဉ်ရေးရာနှင့်ဆိုင်သော ဝတ်ပြုကိုးကွယ်မှုများကို ပြုသောအခါ၌၊ သမ္မာတရားသည် ထိုသူတို့အတွက် ရုတ်တရက် ရှင်းလင်းသွား လိမ့်မည်။ သို့သော် လက်တွေ့တွင် လူသားမြင်သောအရာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုသာ (ဤအရာသည် လူသား၏ ပူးပေါင်းလုပ်ဆောင်မှုနှင့် ဆက်စပ်နေသည်မှာ မှန်ပေသည်) ဖြစ်ပြီး လူသား၏ ဝိညာဉ်အသက်တာအစစ်ကို ကိုယ်စားမပြုပေ။ အချို့သော အခက်အခဲများနှင့် စမ်းသပ်မှုများကို လူသားက ရင်ဆိုင်ကြုံရသည့် အချိန်ကာလတစ်ရပ် နောက်ပိုင်းတွင်၊ လူသား၏ ဝိညာဉ် အသက်တာအစစ်သည် ထိုသို့သော အခြေအနေများတွင် သိသာ ထင်ရှားလာသည်။ ထိုသို့သောအခါ၌သာ မိမိ၏ ဝိညာဉ် အသက်တာသည် သိပ်မကြီးကြောင်း လူသားသည် တွေ့ရှိလာပြီး တစ်ကိုယ်ကောင်းဆန်မှု၊ မိမိအပေါ် သက်ရောက်သည့် အရာများနှင့် လူသား၏ လောဘတို့အားလုံး ပေါ်လာသည်။ ထိုသို့သော အတွေ့အကြုံ သံသရာကို အကြိမ်ကြိမ် တွေ့ကြုံပြီးမှသာ ၎င်းတို့၏ ဝိညာဉ်အတွင်း နိုးထလာသည့်သူ များစွာက အတိတ်က ၎င်းတို့ ကြုံတွေ့ခဲ့ရသည်ကား ၎င်းတို့၏ကိုယ်ပိုင် တစ်ဦးချင်း လက်တွေ့တရား မဟုတ်ဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ခဏတာ အလင်းပေးခြင်းသာ ဖြစ်ကြောင်းနှင့် လူသားသည် ဤအလင်းကို ရရှိခဲ့ပြီးဖြစ်ကြောင်းတို့ကို နားလည်သဘောပေါက်မည် ဖြစ်သည်။ သမ္မာတရားကို နားလည်စေရန် သန့်ရှင်းသော ဝိညာဉ်တော်က လူသားကို ဉာဏ်အလင်းပေးသောအခါ အများအားဖြင့် အမှုအရာများ မည်သို့ ပေါ်ပေါက်လာခဲ့သည် သို့မဟုတ် မည်သည့်နေရာသို့ သွားနေသည်ကို မရှင်းပြဘဲ ရှင်းလင်းထင်ရှားသော နည်းတစ်နည်းဖြင့် ဖြစ်သည်။ ဆိုလိုသည်မှာ သူသည် လူသား၏ အခက်အခဲများကို ဤဗျာဒိတ်တော်၌ ပေါင်းစပ်မည့်အစား၊ သမ္မာတရားကို တိုက်ရိုက် ထုတ်ဖော်ပြသည်။ လူသားသည် ဝင်ရောက်ခြင်း လုပ်ငန်းစဉ်၌ အခက်အခဲများနှင့် ကြုံသောအခါ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှု ပါဝင်အောင် လုပ်ပါက ယင်းသည် လူသား၏ တကယ့်အတွေ့အကြုံ ဖြစ်သွားသည်။ ဥပမာ- မိဿဟာရဖွဲ့သောအခါ၌ အိမ်ထောင်မကျသေးသော ညီမတစ်ယောက်က “ကျွန်မတို့ ဂုဏ်ရဖို့လည်း မကြိုးစားဘူး၊ ချမ်းသာကြွယ်ဝမှုကို ရဖို့လည်း မကြိုးစားဘူး၊ လင်နှင့် မယားအကြားမှာရှိတဲ့ ပျော်ရွှင်မှုကိုလည်း မတပ်မက်ဘူး။ သန့်ရှင်းတဲ့ နှလုံးသားနှင့် တကိုယ်တည်းနေခြင်းကိုသာ ဘုရားသခင်အတွက် ဆက်ကပ်ဖို့ပဲ ကျွန်မတို့ ကြိုးစားတယ်” ဟု ပြောပြီး “လူတွေက လက်ထပ်ပြီးတာနဲ့ သူတို့ကို အဘက်ဘက်က ဝန်းရံတိုက်ခိုက်တဲ့ အရာတွေအများကြီး ရှိလာပြီး ဘုရားသခင်ကို ချစ်တဲ့ သူတို့ရဲ့ နှလုံးသားကလည်း မစစ်မှန်တော့ဘူး။ သူတို့ရဲ့ နှလုံးသားက မိသားစုအကြောင်း၊ သူတို့ရဲ့ အိမ်ထောင်ဖက်အကြောင်းနဲ့ အမြဲတမ်း ပြည့်နေတယ်။ အဲဒါကြောင့် သူတို့ရဲ့ နှလုံးသားက တော်တော်လေးကို ပိုရှုပ်ထွေးလာတယ်...” ဟု ဆက်ပြောသည်။ သူမ စကားပြောသောအခါ၌ သူမပြောသော စကားများသည် သူမ၏ နှလုံးသားထဲ၌ တွေးနေသည့် အရာများကဲ့သို့ ဖြစ်သည်။ သူမ၏ စကားများသည် ဟိန်းထွက်နေပြီး အားအင်နှင့် ပြည့်ဝနေသည်။ သူမ ပြောသမျှအားလုံးသည် သူမ၏ နှလုံးသားထဲရှိ နက်ရှိုင်းသောနေရာမှ လာသကဲ့သို့ ဖြစ်သည်။ သူမသည် မိမိကိုယ်ကို ဘုရားသခင်ထံ လုံးဝ ဆက်ကပ်နိုင်ဖို့ ဆန္ဒရှိပြီး ညီအစ်ကို မောင်နှမများသည် သူမလို ဆုံးဖြတ်ချက်မျိုး ချနိုင်ဖို့ မျှော်လင့်သည်။ သင်၏ ဆုံးဖြတ်ချက်နှင့် ဤအချိန်၌ နှိုးဆော်မှုကို ခံရသည့် ခံစားချက်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှု လုံးလုံးလျားလျား ဖြစ်သည်ဟု ပြောနိုင်သည်။ ဘုရားသခင် အလုပ်လုပ်သည့် နည်းပြောင်းလဲသွားသောအခါ သင်သည် နှစ်အနည်းငယ် အသက်ကြီးလာပြီဖြစ်သည်။ အသက်တူသော သင်၏ ကျောင်းနေဖက်များနှင့် မိတ်ဆွေများအားလုံး၌ ယောက်ျားရှိသည်ကို သင်မြင်သည်၊ သို့မဟုတ် “ဟိုတစ်ယောက်ကတော့ အိမ်ထောင်ကျပြီးနောက်မှာ သူ့ရဲ့ ယောက်ျားက သူ့ကို မြို့မှာ နေဖို့ ခေါ်သွားတယ်၊ အဲဒီမှာ သူအလုပ်ရသည်ဟု သင်ကြားသည်။ သူမကို သင်တွေ့သောအခါ သင့်နှလုံးသားထဲ၌ မနာလိုစဖြစ်သည်။ သူမက ဆွဲဆောင်မှု အပြည့်အဝရှိပြီး နဖူးမှ ခြေဖဝါးအထိ ကျက်သရေရှိကြောင်း၊ သူမ စကားပြောသောအခါ၌ အတွေ့အကြုံကျယ်ပြန့်သော ဟန်ပန်ရှိပြီး သူမ၌ ကျေးလက်တောသားလူနုံ၏ အရိပ်အယောင် မရှိတော့ကြောင်းကို သင်မြင်သည်။ ဤသည်ကို မြင်သည့်အခါ သင့်အထဲ၌ ခံစားချက်မျိုးစုံ ရှိလာသည်။ ဘုရားသခင်အတွက် တချိန်လုံး အချိန်ပေးခဲ့သောကြောင့် သင့်မှာ မိသားစုလည်းမရှိ၊ အလုပ်အကိုင်လည်းမရှိ၊ ဆုံးမမှုမျိုးစုံကိုလည်း ခံခဲ့ပြီး လူလတ်ပိုင်းအသက်သို့ ရောက်လာသည်မှာလည်း ကြာပြီဖြစ်သည်၊ သင်၏ ငယ်ရွယ်နုပျိုမှုသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပြီဖြစ်ပြီး အိမ်မက်ထဲ၌ အသက်ရှင်ခဲ့သလို ဖြစ်သည်။ ယနေ့တိုင် သင်သည် ဤလမ်းကို လျှောက်လှမ်းလာခဲ့သော်လည်း မည်သည့်နေရာ၌ အခြေချရမလဲဆိုတာကိုတော့ သင်မသိပေ။ ထိုသို့သောအချိန်၌ သင်၏ အတွေးများ ကစဉ့်ကလျားဖြစ်ကာ သင်သည် တစ်ခုခုကို အရူးအမူးစွဲလမ်းနေသကဲ့သို့ဖြစ်နေသည်။ တကိုယ်တည်းရှိပြီး နှစ်နှစ်ချိုက်ချိုက် အိပ်မပျော်နိုင်ဖြစ်ကာ တညလုံး အိပ်လို့မရဘဲ သင့်ကိုယ်သင် မသိလိုက်ခင်မှာပင် သင်၏ ဆုံးဖြတ်ချက်နှင့် ဘုရားသခင်အားပေးခဲ့သော သင်၏ လေးနက်သော ကတိသစ္စာများအကြောင်းကို စတင်စဉ်းစားလာပြီး ဤသို့ဖြစ်လင့်ကစား သင်သည် အဘယ်ကြောင့် ထိုကဲ့သို့ ဆိုးရွားသော အခြေအနေထဲသို့ ကျရောက်ရသနည်း။ ရုတ်ချည်းပင် သင်သည် အသံတိတ်မျက်ရည်များနှင့် သင့်ကိုယ်သင် ကျဆင်းစေသည်။ ဆုတောင်းရန်အတွက် သင်သည် ဘုရားသခင်ရှေ့သို့ သွားပြီး ဘုရားသခင်နှင့်အတူ သင်ပျော်ရွှင်ခဲ့သည့် နေ့ရက်များ၌ ရှိခဲ့သည့် ဘုရားသခင်နှင့် သင်၏ အကြားရှိ ခင်မင်မှုနှင့် ခွဲခွာလို့မရသည့် ရင်းနှီးမှုတို့အကြောင်းကို သင်စတင်စဉ်းစားလာသည်။ သင်၏ မျက်စိထဲတွင် မြင်ကွင်းများ တစ်ခုပြီး တစ်ခု ပေါ်လာပြီး ထိုနေ့က သင်ပြုခဲ့သည့် ကျမ်းသစ္စာစကားကို သင့်နားထဲ၌ ပြန်ကြားလာပြီး “ဘုရားသခင်သာလျှင် ကျွန်မရဲ့ အရင်းနှီးဆုံး မိတ်ဆွေ မဟုတ်လား” ဟု သင်ပြောပြီး ကျယ်လောင်စွာ ငိုကြွေးကာ “ဘုရားသခင်၊ အလွန်ချစ်ခင်ရတဲ့ ဘုရားသခင်၊ ကျွန်မရဲ့ နှလုံးသားကို ဘုရားသခင်အား လုံးလုံးလျားလျား ကျွန်မ ပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်မ ဘုရားသခင်ရဲ့ သတို့သမီး အစဉ်ထာဝရ ဖြစ်လိုပါတယ်။ ကျွန်မ ဘုရားသခင်ကို တစ်သက်လုံး မပြောင်းမလဲဘဲ ချစ်ပါ့မယ်...” ဟု သင်ပြောသည်။ ထိုသို့ ပြင်းထန်စွာ နာကျင်ခံစားရသောအခါ၌သာ ဘုရားသခင် မည်မျှ ချစ်ဖွယ်ကောင်းကြောင်းကို သင်အမှန်တကယ် ခံစားရမည် ဖြစ်သည်။ ထိုသို့ ခံစားရမှသာ ‘ဟိုးအရင်တစ်ချိန်က ကျွန်မ ဘုရားသခင်ကို အားလုံးပေးအပ်ခဲ့သည်’ ဟူသည့်စကားကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်မည် ဖြစ်သည်။ ထိုသို့သော ထိုးနှက်ချက်ကို ခံစားပြီးမှသာ ဤကိစ္စ၌ သင်သည် ပို၍ အတွေ့အကြုံရှိသောသူ ဖြစ်လာမည် ဖြစ်ပြီး ထိုအချိန်၌ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် လူပိုင်သောအရာ မဟုတ်ကြောင်းကို သိမြင်လာမည် ဖြစ်သည်။ ထို့နောက်ပိုင်းတွင် သင်၏ အတွေ့အကြုံများ၌ ဤဝင်ရောက်မှုနှင့်ပတ်သက်လျှင် အကန့်အသတ်များရှိတော့မည် မဟုတ်ပေ။ သင်၏အနာရွတ်များက သင်၏ဝင်ရောက်မှုအတွက် အကျိုးများစွာပေးခဲ့သလို ဖြစ်လာမည်ဖြစ်သည်။ ထိုသို့သော အခြေအနေများနှင့် သင်ကြုံတွေ့တိုင်း ထိုနေ့၌ ကျခဲ့သည့် သင်၏ မျက်ရည်များကို သင်ချက်ချင်း ပြန်သတိရလိမ့်မည်၊ ဘုရားသခင်နှင့် သင်ပြန်လည် ဆုံဆည်းရသလို ဖြစ်လိမ့်မည်။ သင်နှင့် ဘုရားသခင် အကြားရှိ ရင်းနှီးမှု နောက်တခါ ပြတ်တောက်သွားမှာကို သင် အမြဲ ကြောက်ရွံ့နေသည်။ သင်နှင့် ဘုရားသခင် အကြားရှိ စိတ်ချင်းဆက်စပ်မှု (ပုံမှန်ဆက်ဆံရေး) ပျက်သွားမှာကို သင်အမြဲကြောက်နေသည်။ ဤသည်မှာ သင်၏ အလုပ်၊ သင်၏ ဝင်ရောက်မှုဖြစ်သည်။ ထို့ကြောင့် သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို လက်ခံသောအချိန်၌ပင် သင်တို့၏ ဝင်ရောက်မှုအပေါ်၌ သာ၍ပင် အလေးထားသင့်ပြီး တစ်ချိန်တည်းမှာပင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း၊ သင်တို့၏ဝင်ရောက်မှု ဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်းကို တိတိကျကျ မြင်ပြီး၊ သင်တို့၏ဝင်ရောက်မှု၌ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကိုလည်း ပေါင်းစပ်သင့်သည်။ ထိုသို့ပြုခြင်းဖြင့် သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ သာ၍များပြားသော နည်းများဖြင့် စုံလင်စေခြင်း ခံရမည်ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်၏ အနှစ်သာရကို သင့်အထဲ၌ ဖြစ်ပေါ်စေ နိုင်မည် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သင်တို့ ကြုံတွေ့နေသောအချိန်၌ သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်ကို သာမက သင်တို့ကိုယ်သင်တို့ သိကျွမ်းလာကြမည်၊ ထို့အပြင် အလွန်ပြင်းထန်၍ မရေမတွက်နိုင်အောင် များပြားသော ပြင်းထန်သည့် ဒုက္ခအခက်အခဲများကြားတွင် သင်တို့သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ရပ် ရှိလာကြမည် ဖြစ်ပြီး၊ ဘုရားသခင်နှင့် သင်တို့အကြားရှိ ဆက်ဆံရေးသည် တစ်ရက်ပြီးတစ်ရက် ပိုမို နီးစပ်လာလိမ့်မည်။ မရေမတွက်နိုင်အောင် ပြုပြင်ခြင်း၊ စစ်ဆေးခြင်းတို့အပြီးနောက် သင်တို့သည် ဘုရားသခင် အပေါ် စစ်မှန်သော မေတ္တာ ပေါ်ပေါက်လာမည်။ ထို့ကြောင့် ဝေဒနာ၊ ရိုက်နှက်ချက်နှင့် ဒုက္ခအခက်အခဲများသည် ကြောက်စရာ ကောင်းသော အရာများ မဟုတ်ကြောင်း သင်တို့ နားလည် သဘောပေါက်ရမည်။ ကြောက်စရာကောင်းသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သာရှိပြီး သင်တို့၏ ဝင်ရောက်မှု မရှိခြင်း ဖြစ်သည်။ ဘုရားသခင်၏အလုပ် ပြီးမြောက်သည့်နေ့ ရောက်သောအခါ သင်တို့သည် အကျိုးမဲ့ ပင်ပင်ပန်းပန်း လုပ်ဆောင်ခဲ့သလို ဖြစ်နေလိမ့်မည်၊ သင်တို့သည် ဘုရားသခင်၏ အလုပ်ကို ကြုံတွေ့ခံစားခဲ့ကြသော်လည်း သန့်ရှင်းသော ဝိညာဉ်တော် ကိုလည်း သိခဲ့မည် မဟုတ်၊ သင်တို့၏ ကိုယ်ပိုင် ဝင်ရောက်မှုလည်း ရရှိခဲ့မည် မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်က လူသား အတွင်း လုပ်ဆောင်သည့် ဉာဏ်အလင်းသည်မှာ လူသား၏ စိတ်ထက်သန်မှုကို ထိန်းထားရန် မဟုတ်ဘဲ၊ လူသား ဝင်ရောက်ရန် အတွက် လမ်းကြောင်း ဖွင့်ပေးရန်အပြင်၊ သန့်ရှင်းသော ဝိညာဉ်တော်ကို လူသား သိလာစေရန် ဖြစ်ပြီး၊ ထိုနေရာမှတစ်ဆင့် ဘုရားသခင်ကို ချစ်ကြောက်ရိုသေပြီး နှစ်သက်မြတ်နိုးသည့် စိတ်များ ပေါ်ပေါက်လာစေရန်ဖြစ်သည်။