အမှုတော်နှင့် ဝင်ရောက်ခြင်း (၃)
ဘုရားသခင်သည် လူသားများထံ များစွာ အပ်နှံပြီးဖြစ်ကာ မရေမတွက်နိုင်သော နည်းလမ်းများဖြင့် ၎င်းတို့၏ ဝင်ရောက်မှုကိုလည်း မိန့်ကြားပြီးဖြစ်သည်။ သို့သော် လူတို့၏ အရည်အချင်းမှာ အတော် ညံ့ဖျင်းသောကြောင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာသည် အမြစ်မတွယ်နိုင်ခဲ့ပေ။ လူသားအတွေးနှင့် ကိုယ်ကျင့်တရားတို့ ဖောက်ပြန်ပျက်စီးခြင်းနှင့် ကောင်းမွန်စွာ ပြုစုပျိုးထောင်မှု မရှိခြင်း၊ လူသား၏နှလုံးသားကို အလေးအနက် ထိန်းချုပ်ထားသော ရှေးရိုးစွဲ အယူသီးမှုများ၊ လူ့စိတ်နှလုံး၏ အနက်ရှိုင်းဆုံးသော နေရာများတွင် ဒုက္ခပြဿနာများကို သိုထားသည့် အကျင့်ပျက်ပြားပြီး ယိုယွင်းသော အသက်ရှင်နေထိုင်မှု ပုံစံများ၊ ယဉ်ကျေးမှုဆိုင်ရာ အသိပညာကို အပေါ်ယံ သဘောပေါက်ခြင်း၊ ကိုးဆယ့်ရှစ်ရာခိုင်နှုန်းနီးပါးရှိသော လူများက ယဉ်ကျေးမှုဆိုင်ရာ အသိပညာချို့တဲ့ခြင်း၊ ထို့အပြင် ပိုမိုမြင့်မားသော အဆင့်များရှိသည့် ယဉ်ကျေးမှုဆိုင်ရာ ပညာကို ရရှိသောသူများ အလွန် နည်းပါးနေခြင်းကဲ့သို့သော ဤညံ့ဖျင်းသော အရည်အချင်းအတွက် အမျိုးမျိုးသော အကြောင်းရင်းများ ရှိပေသည်။ ထို့ကြောင့်၊ လူတို့သည် အခြေခံအားဖြင့် ဘုရားသခင် သို့မဟုတ် ဝိညာဉ်တော်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသည်ကို မသိကြဘဲ၊ ရှေးရိုးစွဲ အယူသီးမှုများမှ ရရှိသည့် ဘုရားသခင်နှင့်ဆိုင်သော မရေရာသကဲ့သို့ မရှင်းလင်းသော အမြင်တစ်ခုသာ ရှိကြလေသည်။ နှစ်ထောင်ပေါင်းများစွာ ရှိခဲ့သည့် “မြင့်မြတ်သော အမျိုးသားရေးစိတ်ဓာတ်” က လူသား၏ စိတ်နှလုံးထဲတွင် နက်နက်ရှိုင်းရှိုင်း ချန်ခဲ့သည့် မသိမသာနှင့် ဖျက်လိုဖျက်ဆီး လုပ်သည့်သဘောရှိသော လွှမ်းမိုးမှုများအပြင်၊ လွတ်လပ်မှု တစ်စက်မျှမရှိဘဲ၊ ဆန္ဒပြင်းပြဖို့ သို့မဟုတ် မဆုတ်မနစ် လုံ့လထုတ်ဖို့ လိုအင်ဆန္ဒမရှိဘဲနှင့်၊ တိုးတက်စေဖို့ ဆန္ဒမရှိဘဲ၊ ယင်းအစား မတုန်မလှုပ်နှင့် ခေတ်နောက်ပြန် ဆွဲမြဲဆွဲနေရင်း၊ ကျေးကျွန်စိတ်နေသဘောထားတွင် ခိုင်မာစွာ အမြစ်တွယ်လျက်၊ လူတို့ ပိတ်မိပြီး ချည်နှောင်ခံရသည့် ရှေးရိုးစွဲ အတွေးအခေါ် စသဖြင့်- ဤဓမ္မဓိဋ္ဌာန်ကျသော အကြောင်းရင်းများသည် လူသားမျိုးနွယ်၏ သဘောတရားဆိုင်ရာ အမြင်၊ စံများ၊ ကိုယ်ကျင့်တရားနှင့် စိတ်သဘောထားတို့ထံ ဖျက်မရသည့် ညစ်ညူးပြီး အကျည်းတန်သော အသွင်ကို ပေးပြီးဖြစ်သည်။ လူသားများသည် ၎င်းတို့ထဲမှ မည်သူမျှ ကျော်လွန်ဖို့ မကြိုးစားကြသည့် အကြမ်းဖက်မှု အမှောင်ကမ္ဘာ၌ အသက်ရှင်နေကြသည်ဟု ထင်ရပြီး အကောင်းဆုံး လောကတစ်ခုသို့ ပြောင်းရွှေ့ခြင်းငှာ ၎င်းတို့ထဲမှ မည်သူမျှ မစဉ်းစားကြချေ။ ယင်းထက်၊ ၎င်းတို့သည် အသက်တာထဲတွင် မိမိတို့၏ နေ့ရက်များကို သားသမီးများမွေးကာ ပြုစုပျိုးထောင်ရင်း၊ ကြိုးပမ်းရင်း၊ ချွေးပြန်ရင်း၊ အိမ်မှုဝေယျာဝစ္စများကို လုပ်ဆောင်ရင်း၊ သက်သောင့်သက်သာရှိပြီး ပျော်ရွှင်ဖွယ်ကောင်းသည့် မိသားစုတစ်ခု၊ အိမ်ထောင်ရေး ချစ်ခင်မှု၊ သားသမီးဝတ်ကျေပွန်သော သားသမီးများကို စိတ်ကူးယဉ်အိပ်မက်မက်ရင်း၊ မိမိတို့၏ ဘဝများကို အေးချမ်းစွာ အသက်ရှင်နေထိုင်ကြသည်နှင့်အမျှ ဘဝ၏ နေဝင်ချိန် နှစ်များတွင် ပျော်ရွှင်မှုတို့ကို စိတ်ကူးယဉ်အိပ်မက်မက်ရင်းဖြင့် မိမိတို့၏ ဘဝကံကြမ္မာကို ရောင့်ရဲတင်းတိမ်နေကြလေသည်...ဆယ်စုနှစ်၊ ထောင်စုနှစ်၊ သောင်းစုနှစ်ချီသည့် နှစ်ကာလများစွာကြာ ယခုထိတိုင်၊ လူတို့သည် စုံလင်သော အသက်တာတစ်ခုကို ဖန်တီးခြင်းမရှိဘဲနှင့်၊ ၎င်းတို့၏ အချိန်ကို ဤနည်းဖြင့် အချည်းနှီး ကုန်လွန်နေခဲ့ကြသည်၊ ကျော်ကြားမှုနှင့် အခွင့်အလမ်းများအတွက် ပြိုင်ဆိုင်ခြင်းနှင့် တစ်ဦးနှင့်တစ်ဦး လျှို့ဝှက်ကြံစည်ကြခြင်းဖြင့် အားလုံးသည် ဤအမှောင်ကမ္ဘာလောက၌ အချင်းချင်း အပြန်အလှန် သတ်ဖြတ်ဖို့သာ စိတ်ပိုင်းဖြတ်ထားကြလေသည်။ မည်သူသည် ဘုရားသခင်၏အလိုကို ရှာဖွေဖူးသနည်း။ ဘုရားသခင်၏အမှုကို တစ်ဦးတစ်လေက အရေးစိုက်ဖူး သလော။ အမှောင်စွမ်းအား၏ နေရာယူခြင်းခံထားရသော လူသားမျိုးနွယ်၏ အစိတ်အပိုင်းအားလုံးသည် အချိန်ကြာမြင့်စွာကတည်းက လူ့သဘာဝဗီဇ ဖြစ်လာပြီးဖြစ်ကာ၊ ထို့ကြောင့် ဘုရားသခင်၏ အမှုကို ဆောင်ရွက်ရန် အတော်အတန် ခက်ခဲပြီး၊ ယနေ့တွင် ၎င်းတို့ကို ဘုရားသခင်က အပ်နှံပြီးဖြစ်သည့်အရာကို လူတို့သည် သာ၍ပင် အာရုံစိုက်ချင်စိတ်မရှိကြချေ။ မည်သို့ပင်ဖြစ်စေ၊ ငါပြောနေသည့် အရာသည် နှစ်ထောင်ပေါင်းများစွာ၏ သမိုင်းဖြစ်သည့်အတွက် ဤနှုတ်ကပတ်တော်များအား မိန့်မြွက်နေသည့် ငါ့ကို လူတို့ ဂရုစိုက်ကြမည်မဟုတ်ဟု ငါယုံကြည်သည်။ သမိုင်းနှင့်ပတ်သက်၍ ပြောဆိုခြင်းသည် အမှန်တရားများအပြင်၊ အားလုံးအဖို့ သိသာထင်ရှားသော မကောင်းသတင်းများကို ဆိုလိုသည်၊ သို့ဖြစ်၍ အမှန်တရားနှင့် ဆန့်ကျင်သော အရာကို ပြောဆိုခြင်းသည် မည်သည့် အကျိုးရှိပါသနည်း။ သို့သော် ဆင်ခြင်တုံတရားရှိသောသူများသည် ဤနှုတ်ကပတ်တော်များကို မြင်တွေ့သောအခါ၊ နိုးထကြလိမ့်မည်ဖြစ်ပြီး တိုးတက်မှုအတွက် ကြိုးပမ်းကြလိမ့်မည်ဟုလည်း ငါယုံကြည်သည်။ လူသားများသည် ငြိမ်သက်ခြင်းနှင့် ရောင့်ရဲမှုဖြင့် အသက်ရှင်ကာ အလုပ်လုပ်နိုင်နေစဉ် တစ်ချိန်တည်းတွင် ဘုရားသခင်ကို ချစ်နိုင်ကြလိမ့်မည်ဟု ဘုရားသခင် မျှော်လင့်သည်။ လူသားမျိုးနွယ်အားလုံး ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်နိုင်ဖို့မှာ ဘုရားသခင်၏ အလိုဖြစ်သည်။ ဤအရာထက်၊ နယ်မြေတစ်ခုလုံးကို ဘုရားသခင်၏ ဘုန်းအသရေနှင့် ပြည့်စေခြင်းသည် ဘုရားသခင်၏ ကြီးမားသည့် ဆန္ဒဖြစ်သည်။ လူသားတို့သည် သတိလွတ်ခြင်းတွင် နစ်မြုပ်နေပြီး မနိုးထဘဲနေကြသည်မှာ ဝမ်းနည်းစရာ တစ်ခုသာ ဖြစ်သည်၊ ၎င်းတို့သည် စာတန်၏ အလွန်ဆိုးရွားစွာ ဖျက်ဆီးခြင်းခံကြရသည်မှာ ယနေ့တွင် လူသားများ၏ အသွင်သဏ္ဌာန် မရှိကြတော့ပေ။ ထို့ကြောင့် လူသားအတွေး၊ ကိုယ်ကျင့်တရားနှင့် ပညာရေးတို့သည် အရေးကြီးသည့် ကွင်းဆက်တစ်ခုကို ဖြစ်ပေါ်စေပြီး၊ လူသားများ၏ ယဉ်ကျေးမှုပညာတွင် လေ့ကျင့်ခြင်းသည် ဒုတိယကွင်းဆက်ကို ဖြစ်ပေါ်စေသောကြောင့်၊ လူသားများ၏ ယဉ်ကျေးမှုဆိုင်ရာ အရည်အချင်းကို မြှင့်တင်ပြီး ၎င်းတို့၏ ဝိညာဉ်ရေးရာအမြင်ကို ပြောင်းလဲခြင်းမှာ သာ၍ ကောင်းပေသည်။
အမှန်တွင်၊ လူသားမျိုးနွယ်နှင့်ဆိုင်သည့် ဘုရားသခင်၏ သတ်မှတ်ချက်များမှာ ဤမျှမမြင့်မားပေ၊ သို့သော် လူတို့၏ အရည်အချင်းနှင့် ဘုရားသခင် တောင်းဆိုသော စံနှုန်းကြားက ကွာဟချက်သည် ကြီးမားလွန်းသောကြောင့်၊ လူအများစုသည် ဘုရားသခင်၏ သတ်မှတ်ချက်များ၏ ရှိရာသို့ ၎င်းတို့၏ ခေါင်းများမော့ကာ ကြည့်ရုံသာကြည့်ကြသော်လည်း၊ ၎င်းတို့ကို ဖြည့်ဆည်းရန် အစွမ်းမရှိကြချေ။ မွေးဖွားပြီးနောက် ၎င်းတို့ ပြင်ဆင်ခြင်းခံလာရသည့်အရာနှင့်အတူ၊ လူတို့၏ မွေးရာပါ ပင်ကိုအရည်အချင်းများသည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီဖို့ အလွန် မလုံလောက်ပေ။ သို့သော် ဤအချက်ကို သတိပြုမိရုံ ပြုမိခြင်းသည် သေချာပေါက် ဖြေရှင်းချက်တစ်ခု မဟုတ်ပေ။ အဝေး၌ရှိသည့် ရေသည် လက်ငင်း ရေငတ်မှုကို မပြေစေနိုင်ပေ။ လူတို့သည် မိမိတို့ကိုယ်ကိုယ် မြေမှုန့်ထက် နိမ့်ကျသူများအဖြစ် သိရှိလျှင်ပင်၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီဖို့ အဆင့်မြင့်နည်းလမ်းကို သုံးဖို့မဆိုထားနှင့်၊ ဘုရားသခင်၏ စိတ်နှလုံးကို ဖြည့်ဆည်းဖို့ ၎င်းတို့ စိတ်ဆုံးဖြတ်ချက် မရှိပါက၊ ထိုအသိပညာမျိုးသည် မည်သည့် တန်ဖိုးရှိပါသနည်း။ ယင်းသည် ဝါးခြင်းတောင်းဖြင့် ရေခပ်ခြင်းကဲ့သို့- လုံးဝ အချည်းနှီးဖြစ်သည် မဟုတ်လော။ ငါပြောနေသည့် အရာ၏ အခရာမှာ ဝင်ရောက်မှုနှင့် သက်ဆိုင်သည်။ ယင်းသည် အဓိက အကြောင်းအရာဖြစ်သည်။
လူသား၏ ဝင်ရောက်မှုဖြစ်စဉ်အတွင်းတွင်၊ အသက်တာသည် အမြဲ ပျင်းစရာကောင်းသည်၊ ဆုတောင်းခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ သို့မဟုတ် စုဝေးပွဲများကို ဖွဲ့စည်းခြင်းကဲ့သို့သော ဝိညာဉ်ရေးရာ အသက်တာ၏ ငြီးငွေ့ဖွယ်ကောင်းသော အရိပ်လက္ခဏာများ အပြည့် ဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်ခြင်းသည် မည်သည့်ကြီးမားသော မွေ့လျော်မှုမျှမရှိဟု လူတို့ အမြဲ ခံစားရကြသည်။ ထိုသို့သော ဝိညာဉ်ရေးရာ လုပ်ဆောင်ချက်များကို စာတန်၏ ဖျက်ဆီးခြင်းခံရပြီးဖြစ်သည့် လူသားမျိုးနွယ်၏ မူလ စိတ်သဘောထားနှင့်အညီ အမြဲဆောင်ရွက်ပေသည်။ လူတို့သည် တစ်ခါတစ်ရံ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းကို ရရှိနိုင်ကြသော်လည်း၊ ၎င်းတို့၏ မူလအတွေးအခေါ်၊ စိတ်သဘောထား၊ ဘဝနေထိုင်မှုပုံစံများနှင့် အမူအကျင့်တို့သည် အတွင်း၌ အမြစ်တွယ်ဆဲဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့၏ သဘာဝသည် မပြောင်းမလဲရှိနေသည်။ လူတို့ ပါဝင်ပတ်သက်ကြသည့် အယူသီးသော လုပ်ဆောင်မှုများသည် ဘုရားသခင် အမုန်းဆုံးသော အရာများဖြစ်သော်လည်း၊ ဤအယူသီးသော လုပ်ဆောင်မှုများကို ဘုရားသခင် ချမှတ်ထားသည့်အရာများအဖြစ် တွေးထင်ရင်း၊ လူများစွာတို့သည် ထိုအရာများကို လက်မလွှတ်နိုင်ကြသေးသကဲ့သို့၊ ယနေ့တွင်ပင် ထိုအရာများကို လုံးဝ ခါမချနိုင်ကြသေးပေ။ ထိမ်းမြားမင်္ဂလာ စားသောက်ပွဲများနှင့် သတို့သမီး ဝတ်စုံတန်ဆာများအတွက် လူငယ်များ ပြုလုပ်သည့် အစီအစဉ်များကဲ့သို့သော အရာများ၊ ငွေကြေး လက်ဆောင်များ၊ ဂုဏ်ပြုထမင်းစားပွဲများနှင့် ပျော်ရွှင်ဖွယ် အခါသမယများကို ကျင်းပသည့် အလားတူ နည်းလမ်းများ၊ လက်ဆင့်ကမ်း လာကြပြီးဖြစ်သည့် ရှေးခေတ် လုပ်နည်းစနစ်များ၊ လူသေများနှင့် ၎င်းတို့၏ ဈာပနအခမ်းအနားအတွက် ဦးစီးဦးရွက်ပြုသည့် အဓိပ္ပာယ်မရှိသော အယူသီးသည့် လုပ်ဆောင်ချက်များ အားလုံး- ဤအရာများသည် ဘုရားသခင်အတွက် သာ၍ စက်ဆုပ်ဖွယ် ဖြစ်ပေသည်။ ဝတ်ပြုရာနေ့ပင်လျှင် (ဘာသာရေးလောကက စောင့်ထိန်းသည်နှင့်အညီ၊ ဥပုသ်နေ့အပါအဝင်) သူ့အဖို့ စက်ဆုပ်ဖွယ် ဖြစ်ကာ၊ လူမှုဆက်ဆံရေးများနှင့် ယောက်ျားအချင်းချင်းကြား လောကီဆန်သည့် အပြန်အလှန် ပေါင်းသင်းဆက်ဆံရေးများသည် ဘုရားသခင် သာ၍ပင် စက်ဆုပ်ရွံရှာကာ ငြင်းပယ်သော အရာများ ဖြစ်သည်။ အဆုံးကာရန်တူ လုံးရေညီ နှစ်ကြောင်းကဗျာများ၊ ဗြောက်အိုးများ၊ မီးပုံးများ၊ သန့်ရှင်းသော ပွဲတော်မင်္ဂလာ၊ ခရစ္စမတ် လက်ဆောင်များနှင့် ခရစ်စမတ်ပွဲများကဲ့သို့သော ပျော်ပွဲသဘင် အခါသမယများအတွက် ကစားစရာအရုပ်များ၊ တန်ဆာဆင်မှုများကို မဆိုထားနှင့်၊ လူတိုင်းသိကြသည့် နွေဦးပွဲတော်နှင့် ခရစ်စမတ်နေ့တို့ကိုပင်လျှင် ဘုရားသခင် အမိန့်ပေးထားသည် မဟုတ်ပေ- ၎င်းတို့သည် လူတို့၏ စိတ်ထဲ၌ရှိသော ရုပ်တုဆင်းတုများ ဖြစ်သည်မဟုတ်လော။ ဥပုသ်နေ့၌ မုန့်ကို ချိုးဖဲ့ခြင်း၊ စပျစ်ရည်နှင့် စားပွဲခင်းအထည်အကောင်းစားတို့သည် သာ၍ပင် လူတို့အတွက် ရုပ်တုဆင်းတုများ ဖြစ်သည်မှာ သေချာပေသည်။ နဂါးခေါင်းမြှင့်တင်သည့်နေ့၊ နဂါးလှေပွဲတော်၊ ဆောင်းဦးလယ်ပွဲတော်၊ လားဘာပွဲတော်နှင့် နှစ်သစ်ကူးနေ့ ကဲ့သို့သော တရုတ်နိုင်ငံ၌ လူသိများသည့် ရိုးရာပွဲတော်များအားလုံးနှင့် အီစတာပွဲတော်၊ ဗတ္တိဇံနေ့နှင့် ခရစ္စမတ်နေ့ ကဲ့သို့သော ဘာသာရေးလောကထဲက ပွဲတော်များ၊ ဤမလျော်ကန်သော ပွဲတော်များအားလုံးကို ရှေးကတည်းက ယနေ့ထိတိုင် လူများစွာက စီစဉ်ထားကြပြီး လက်ဆင့်ကမ်းလာခဲ့ကြပေသည်။ ထိုပွဲတော်များကို ယနေ့ထိ လက်ဆင့်ကမ်းခွင့်ပေးခဲ့သည်မှာ လူသားမျိုးနွယ်၏ ကြွယ်ဝသော စိတ်ကူးစိတ်သန်းနှင့် ထွင်တတ်သော စိတ်ကူးဖြစ်သည်။ ၎င်းတို့သည် အပြစ်အနာအဆာ ကင်းပုံပေါ်သော်လည်း၊ အမှန်တွင် လူသားမျိုးနွယ်အပေါ် စာတန်လုပ်ဆောင်သော လှည့်စားမှုများဖြစ်သည်။ နေရာတစ်နေရာသည် စာတန်များဖြင့် စုပြုံလေလေ၊ ထိုနေရာသည် ခေတ်နောက်ကျပြီး ခေတ်နောက်ပြန်ဆွဲလေလေ၊ ယင်း၏ ရှေးရိုးစွဲ ဓလေ့ထုံးစံများသည် နက်ရှိုင်းစွာ အမြစ်တွယ်လေလေဖြစ်သည်။ ဤအရာများသည် လူတို့ကို လုံးဝ လှုပ်ရှားခွင့် မပေးဘဲ၊ တင်းကျပ်စွာ ချည်နှောင်လေသည်။ ဘာသာရေးလောကထဲက ပွဲတော် အများအပြားသည် ကြီးမြတ်သည့် တီထွင်နိုင်မှုကို ပြသပုံပေါ်ပြီး၊ ဘုရားသခင်၏ အမှုသို့ ပေါင်းကူးတံတားတစ်ခု ဖန်တီးပေးသည်ဟု ထင်ရသော်လည်း၊ အမှန်တကယ်တွင် ၎င်းတို့သည် လူတို့ကို စာတန် ချည်နှောင်ပြီး ဘုရားသခင်ကို သိရှိလာခြင်းမှ လူတို့ကို တားဆီးသည့် မမြင်ရသော ကြိုးများ ဖြစ်သည်- ၎င်းတို့ အားလုံးသည် စာတန်၏ ကလိမ်ကကျစ် ပရိယာယ်များ ဖြစ်သည်။ အမှန်တွင်၊ ဘုရားသခင်၏ အမှုအဆင့်တစ်ခု ပြီးသောအချိန်၌ ဘုရားသခင်သည် ထိုကာလက လက်နက်များနှင့် ပုံစံကို မည်သည့်သဲလွန်စမျှ မချန်ဘဲ ဖျက်ဆီးလိုက်ပြီးဖြစ်သည်။ သို့သော်လည်း “ဘုရားတရား ရိုသေကိုင်းရှိုင်းသော ယုံကြည်သူများ” သည် လက်ဆုပ်လက်ကိုင်ပြနိုင်သော ရုပ်ဝတ္ထု ပစ္စည်းများကို ဆက်လက် ကိုးကွယ်ကြလေသည်။ ထိုအချိန်အတောအတွင်း၌ အမှန်တကယ်တွင် ဘုရားသခင်ကို အိမ်အပြင်သို့ တွန်းထုတ်ခဲ့သည်မှာ ကြာပြီဖြစ်ပြီး စာတန်ကို ဝတ်ပြုစားပွဲထက် ထားရှိခဲ့သည်မှာ ကြာပြီဖြစ်သည့်အချိန်တွင်၊ ၎င်းတို့သည် ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာနှင့် ပြည့်ဝပုံပေါ်လျက်၊ ဘုရားသခင်၏ ရှိခြင်းကို ဆက်လက်လေ့လာခြင်းမရှိဘဲ၊ စိတ်တွင် ချောင်ထိုးထားလိုက်ကြလေသည်။ ယေရှု၏ ရုပ်ပုံများ၊ လက်ဝါးကပ်တိုင်၊ မာရိ၊ ယေရှု၏ ဗတ္တိဇံနှင့် နောက်ဆုံး ညစာစားပွဲ- ဤအရာများကို ကောင်းကင်ဘုံရှင်အဖြစ် အမွန်အမြတ်ထားကြစဉ် တစ်လျှောက်လုံးတွင် “သခင်၊ ကောင်းကင်ဘုံရှင် အဖ” ဟု ထပ်သလဲလဲ အော်ခေါ်ကြသည်။ ဤအရာအားလုံးသည် ရယ်ဖွယ်ရာဖြစ်သည် မဟုတ်လော။ ဤနေ့ထိ၊ လူသားမျိုးနွယ်ကြား လက်ဆင့်ကမ်း လာခဲ့ကြသည့် ဆင်တူသော ဆိုရိုးစကားများနှင့် ဓလေ့ထုံးစံများစွာသည် ဘုရားသခင်အဖို့ မုန်းတီးဖွယ်ရာ ဖြစ်လေသည်။ ထိုအရာများသည် ဘုရားသခင်အတွက် ရှေ့ဆက်လမ်းကို ဆိုးရွားစွာ ပိတ်ဆို့သည့်အပြင်၊ လူသားမျိုးနွယ်၏ ဝင်ရောက်မှုအဖို့ ကြီးမားသော အနှောင့်အယှက်များ ဖန်တီးလေသည်။ စာတန်က လူသားမျိုးနွယ်ကို ဖျက်ဆီးသည့်အတိုင်းအတာကို မေ့ထားလိုက်ပါက၊ လူတို့၏ အတွင်းပိုင်းများသည် သက်သေခံလီ၏ ဥပဒေသကဲ့သို့သော အရာများ၊ လောရင့်စ်၏ အတွေ့အကြုံများ၊ စောင့်ကြည့်သူနီ၏ ဆန်းစစ်လေ့လာချက်များနှင့် ပေါလု၏ လက်ရာများဖြင့် လုံးဝပြည့်နေပေသည်။ ၎င်းတို့အတွင်းတွင် တစ်ကိုယ်တော်ဝါဒ၊ ဥပဒေသများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ စနစ်များနှင့် အလားတူမျိုးများ အလွန်များလှသောကြောင့်၊ ဘုရားသခင်သည် လူသားများအပေါ် အမှုပြုဖို့ နည်းလမ်း တကယ်ကို မရှိပေ။ လူတို့၏ ရှေးရိုးစွဲ အယူသီးမှု လားရာများအပြင် ဤအရာများသည် လူသားမျိုးနွယ်ကို ဖမ်းဆီးကာ ဝါးမျိုထားပြီး ဖြစ်သည်။ ယင်းမှာ လူတို့၏ အတွေးများသည် တိမ်များစီးနေသည့် ထူးထူးဆန်းဆန်း သတ္တဝါများပါသည့် အရောင်အသွေး အစုံအလင်ဖြင့် ဒဏ္ဍာရီနတ်သမီးပုံပြင် တစ်ပုဒ်ကို ဖြစ်ကြောင်းကုန်စင်ဖော်ပြနေသော စိတ်ဝင်စားစရာ ရုပ်ရှင်တစ်ခုအလား အလွန် စိတ်ကူးဉာဏ်ရှိသည်မှာ ၎င်းတို့သည် လူများကို မှင်တက်ကာ အာစေးမိစေရစ်လျက် အံ့အားသင့်စေလေသည်။ အမှန်ကို ပြောရမည်ဆိုလျှင်၊ ယနေ့ ဘုရားသခင် လုပ်ဆောင်ရန် လာသည့် အမှုသည် အဓိကအားဖြင့် လူသားများ၏ အယူသီးသည့် ပင်ကိုအရည်အချင်းများကို ကိုယ်တွယ်ဖြေရှင်းကာ ပပျောက်စေပြီး ၎င်းတို့၏ စိတ်သဘောထားအမြင်ကို လုံးလုံးလျားလျား ပြောင်းလဲစေဖို့ ဖြစ်သည်။ ဘုရားသခင်၏ အမှုသည် မျိုးဆက်များမှတစ်ဆင့် လူသားမျိုးနွယ်က လက်ဆင့်ကမ်းပြီးဖြစ်သော အမွေအနှစ်ကြောင့် ယနေ့ထိတိုင် မတည်တံ့လေပြီ။ ယင်းသည် ကြီးမြတ်သော ဝိညာဉ်ရေးရာ လူတစ်ဦးဦး၏ အမွေကို ဆက်ခံခြင်းမလိုအပ်ဘဲ၊ သို့မဟုတ် အခြားခေတ်ကာလတစ်ခုခု၌ ဘုရားသခင် လုပ်ဆောင်ခဲ့သည့် ကိုယ်စားပြု သဘာဝ၏ မည်သည့် အမှုကိုမျှ အမွေခံရန်မလိုအပ်ဘဲ၊ ဘုရားသခင် ကိုယ်တိုင်ကိုယ်ကျ အစပြုခဲ့ပြီး ပြီးဆုံးစေခဲ့သည့် အမှုဖြစ်သည်။ လူသားများသည် ဤအရာများ တစ်ခုတစ်လေကိုမျှ စိတ်ဝင်စားဖို့မလိုပေ။ ယနေ့ ဘုရားသခင်သည် အခြားသော စကားပြောပုံနှင့် အလုပ်လုပ်ပုံ ရှိ၏၊ ထို့ကြောင့် လူသားများသည် အဘယ်ကြောင့် ကိုယ့်ဒုက္ခကိုယ် ရှာသင့်သနည်း။ လူသားများသည် ၎င်းတို့ “ဘိုးဘေးများ” ၏ အမွေအနှစ်ကို ဆက်လက် ထိန်းသိမ်းစဉ် ယခုရေစီးကြောင်းအတွင်း ယနေ့၏လမ်းကြောင်းကို လျှောက်လှမ်းကြပါက၊ ၎င်းတို့၏ ပန်းတိုင်ကို ရောက်ရှိကြမည် မဟုတ်ပေ။ ဘုရားသခင်သည် လူ့လောက၏ နှစ်ကာလများ၊ လများနှင့် နေ့ရက်များကို စက်ဆုပ်ရွံရှာသကဲ့သို့၊ လူသား၏ ဤသီးခြား အပြုအမူပုံစံများအတွက် ကြီးမားသည့် ရွံရှာမှု ခံစားရလေသည်။
လူ့စိတ်သဘောထားကို ပြောင်းလဲဖို့ အကောင်းဆုံးသော နည်းလမ်းမှာ လူတို့ကို ၎င်းတို့၏ အတွေးနှင့် ကိုယ်ကျင့်တရားကို စတင်ပြောင်းလဲခွင့်ပေးလျက်၊ အကြီးအကျယ် အဆိပ်ခတ်ခံရပြီးဖြစ်သည့် လူတို့၏ အတွင်းကျကျ စိတ်နှလုံးများ၏ အစိတ်အပိုင်းများကို ကုသဖို့ ဖြစ်သည်။ ပထမဦးဆုံးအနေနှင့်၊ လူတို့သည် ဤဘာသာရေးဓလေ့များ၊ ဘာသာရေး လှုပ်ရှားမှုများ၊ နှစ်များ၊ လများနှင့် ပွဲတော်များအားလုံးတို့သည် ဘုရားသခင်အဖို့ မုန်းတီးဖွယ်ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်ဖို့ လိုအပ်သည်။ ၎င်းတို့သည် ထိုရှေးဆန်သော အတွေးများ၏ ချုပ်နှောင်မှုများမှ ရုန်းထွက်ပြီး အယူသီးမှုများနှင့်ပတ်သက်၍ ၎င်းတို့ အရိုးစွဲနေသည့် အလေ့အထရှိခြင်း အရိပ်လက္ခဏာတိုင်းကို အမြစ်ဖြတ်သင့်ပေသည်။ ဤအရာများအားလုံးသည် လူသားမျိုးနွယ်၏ ဝင်ရောက်မှုတွင် ပါဝင်လေသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်အား အဘယ်ကြောင့် လောကီဆန်သော ကမ္ဘာလောကမှ ဦးဆောင်ခေါ်ထုတ်သွားသည်ကို သင်တို့ နားလည်ရမည်ဖြစ်ပြီး အဘယ်ကြောင့် စည်းမျဉ်း၊ စည်းကမ်းများနှင့် ဝေးရာသို့ လူသားမျိုးနွယ်အား ဦးဆောင်ခေါ်သွားသည်ကိုလည်း နားလည်ရမည်။ ဤသည်မှာ သင်တို့ ဖြတ်၍ဝင်ရောက်မည့် ဂိတ်တံခါးဖြစ်ပြီး၊ ဤအရာများသည် သင်တို့၏ ဝိညာဉ်ရေးရာ အတွေ့အကြုံနှင့် မည်သို့မျှ မသက်ဆိုင်သော်လည်း၊ ၎င်းတို့သည် သင်တို့၏ ဝင်ရောက်မှုကို ပိတ်ဆို့နေသည့်၊ သင့်ကို ဘုရားသခင်အား သိကျွမ်းခြင်းမှ ဟန့်တားနေသည့် အကြီးမားဆုံးသော အတားအဆီးများဖြစ်သည်။ ၎င်းတို့သည် လူတို့ကို ရုန်းမထွက်သာအောင်မိစေသည့် ပိုက်ကွန်တစ်ခု ဖြစ်ပေါ်စေသည်။ များစွာသော လူတို့သည် ကျမ်းစာကို အလွန်များစွာဖတ်ရှုကြပြီး၊ ကျမ်းစာထဲမှ ကျမ်းပိုဒ်အမြောက်အမြားကို အလွတ်ပင်ရွတ်ဆိုနိုင်ကြသည်။ ယနေ့ ၎င်းတို့၏ ဝင်ရောက်မှုတွင်၊ လူတို့သည် ဘုရားသခင်၏အမှုထဲက ဤအဆင့်၏ အခြေခံသည် ကျမ်းစာဖြစ်ပြီး ယင်း၏ အရင်းအမြစ်သည် ကျမ်းစာဖြစ်သည့်အလား၊ ဘုရားသခင်၏ အမှုကို အကဲဖြတ်ဖို့ ကျမ်းစာကို မရည်ရွယ်ဘဲ အသုံးပြုကြလေသည်။ ဘုရားသခင်၏ အမှုသည် ကျမ်းစာနှင့် ကိုက်ညီသောအခါ၊ လူတို့သည် ဘုရားသခင်၏ အမှုကို ခိုင်မာစွာ အားပေးကြကာ အသစ်ရရှိသော ရိုသေကြည်ညိုမှုဖြင့် သူ့ကို အလေးထားကြသည်။ ဘုရားသခင်၏ အမှုသည် ကျမ်းစာနှင့် သဘောကွဲလွဲသောအခါတွင်၊ လူတို့သည် အလွန် စိုးရိမ်ကြောင့်ကြကြသည်မှာ ဘုရားသခင်၏ အမှုနှင့်ဆိုင်သော အခြေခံ အကြောင်းရင်းအတွက် ကျမ်းစာထဲတွင် ရှာဖွေရင်း၊ ချွေးပြန်သည်အထိ ဖြစ်ကြလေသည်။ ဘုရားသခင်၏ အမှုကို ကျမ်းစာ၌ မဖော်ပြထားပါက၊ လူတို့သည် ဘုရားသခင်ကို လျစ်လျူရှုကြပေလိမ့်မည်။ ယနေ့ ဘုရားသခင်၏ အမှုနှင့် ပတ်သက်ပါက၊ လူအများစုသည် ယင်းကို မဝံ့မရဲနှင့် သတိဖြင့် လက်ခံကြသည်၊ ၎င်းတို့သည် ဘုရားသခင်၏ အမှုကို နာခံလိုသည့်အရာကို ရွေးပြီးနာခံကြကာ၊ ယင်းကို သိရှိခြင်းအပေါ် စိတ်မဝင်စားကြဟု ဆိုနိုင်ပေသည်။ အတိတ် အရာများအတွက်မူ၊ ၎င်းတို့သည် တစ်ဝက်ကို ထိန်းသိမ်းပြီး အခြားတစ်ဝက်ကို စွန့်လွှတ်ကြ၏။ ဤအရာကို ဝင်ရောက်မှုဟု ခေါ်နိုင်ပါသလော။ အခြားသူများ၏ စာအုပ်များကို ရတနာများသဖွယ် ကိုင်စွဲရင်းနှင့် ၎င်းတို့ကို နိုင်ငံတော်၏ တံခါးအဖို့ ရွှေသော့သဖွယ် သဘောထားရင်းဖြင့်၊ လူတို့သည် ယနေ့ ၎င်းတို့ကို ဘုရားသခင် တောင်းဆိုသည့်အရာ၌ တကယ်ကို စိတ်ဝင်စားမှုမပြကြချေ။ ထို့အပြင် “ဉာဏ်ထက်သော ပညာရှင်” များစွာက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ ဘယ်လက်၌ ကိုင်ပြီး အခြားသူများ၏ “အပြောင်မြောက်ဆုံးလက်ရာများ” ကို ညာလက်တွင် ကိုင်ကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှန်ကန်သည်ကို အပြည့်အဝ သက်သေပြရန်အလို့ငှာ ဤအပြောင်မြောက်ဆုံးလက်ရာများအထဲတွင် ယနေ့နှင့်ဆိုင်သည့် ဘုရား နှုတ်ကပတ်တော်များ၏ အခြေပြုချက်ကို ရှာတွေ့လိုကြသည့်အလားဖြစ်ပြီး၊ ထိုအပြောင်မြောက်ဆုံး လက်ရာများက အလုပ်လုပ်နေသည့်အလား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ထိုအရာများနှင့် ပေါင်းစပ်ခြင်းအားဖြင့် အခြားသူများအား ရှင်းပင်ရှင်းပြကြလေသည်။ အမှန်ကို ပြောရလျှင်၊ လူသားမျိုးနွယ်ကြားတွင် ယနေ့ခေတ် နောက်ဆုံး သိပ္ပံဆိုင်ရာ အောင်မြင်မှုများ၊ အစဉ်အလာမရှိသည့် သိပ္ပံဆိုင်ရာ အောင်မြင်မှုများကို (ဆိုလိုသည်မှာ ဘုရားသခင်၏ အမှု၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အသက်ထဲသို့ ဝင်ရောက်မှုအတွက် လမ်းကြောင်း) လုံးဝ အထင်မကြီးဖူးသည့် “သိပ္ပံ သုတေသနပညာရှင်များ” အများအပြားရှိသည်၊ သို့ဖြစ်၍ လူအားလုံးသည် ၎င်းတို့၏ ကျလောက်အောင် ပြောဆိုနိုင်စွမ်းကို အသုံးပြု၍ အကြီးအကျယ် “တရားဟော” ရင်းနှင့် “ဘုရားသခင်၏ကောင်းမြတ်သော နာမ” ကို ကြွားလုံးထုတ်ရင်း၊ “ကိုယ့်ကိုယ်ကိုယ် အားကိုးနေကြသူများ” ဖြစ်ကြသည်။ ထိုစဉ်အတောအတွင်းတွင်၊ ၎င်းတို့ကိုယ်တိုင်၏ ဝင်ရောက်မှုသည် ကြီးမားသော အန္တရာယ်၌ ရှိနေပြီး၊ ဖန်ဆင်းခြင်းသည် ဤအခိုက်အတန့်နှင့် ဝေးကွာနေသကဲ့သို့ ၎င်းတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ဝေးကွာနေသည်ဟု ထင်ရလေသည်။ ဘုရားသခင်၏ အမှုကို လုပ်ဆောင်ရန် မည်မျှလွယ်ကူသနည်း။ လူတို့သည် ဤသည်မှာ ၎င်းတို့၏ အသိစိတ်ကို သက်သာစေပြီး စိတ်နှစ်သိမ့်မှုတစ်ခုခုကို ခံစားရဖို့ နည်းလမ်းဖြစ်သည့်အလား၊ ၎င်းတို့ကိုယ်တိုင်၏ ထက်ဝက်ကို ယမန်နေ့တွင် ထားရစ်ဖို့နှင့် ကျန်တစ်ဝက်ကို ယနေ့သို့ ယူဆောင်လာရန်၊ တစ်ဝက်ကို စာတန်ထံသို့ ပေးပြီး ကျန်တစ်ဝက်ကို ဘုရားသခင်ထံ ဆက်သရန် စိတ်ပိုင်းဖြတ်နှင့်ကြပြီး ဖြစ်သည်ဟု ထင်ရသည်။ လူတို့၏ အတွင်းကမ္ဘာသည် မသိမသာနှင့် စိမ့်ဝင်ပျံ့နှံ့တတ်လွန်းသဖြင့်၊ စာတန်နှင့် ဘုရားသခင် ဖြစ်ပုံရသော်လည်း၊ မဖြစ်သေးပုံလည်းရသည့် ယနေ့၏ ဘုရားသခင်ကို စော်ကားမိမည်ကို အလွန်အမင်း စိုးရွံ့ကြလျက်၊ ၎င်းတို့သည် မနက်ဖြန်ကိုသာမက ယမန်နေ့ကိုလည်း ဆုံးရှုံးရမည်ကို စိုးရွံ့နေကြသည်။ လူတို့သည် ၎င်းတို့၏ အတွေးအခေါ်နှင့် ကိုယ်ကျင့်တရားတို့ကို ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်နိုင်ခြင်း မရှိခဲ့ကြသောကြာင့်၊ ၎င်းတို့သည် ချင့်ချိန်နိုင်စွမ်း၌ အထူးတလည် ချို့တဲ့နေကြပြီး၊ ယနေ့နှင့်ဆိုင်သော အမှုသည် ဘုရားသခင်၏အမှု ဟုတ်သည်၊ မဟုတ်သည်ကို တကယ်မပြောနိုင်ကြပေ။ ယင်းမှာ လူတို့၏ ရှေးရိုးစွဲပြီး အယူသီးသည့် အတွေးအခေါ်သည် အလွန်နက်ရှိုင်းလွန်းသဖြင့် ၎င်းတို့သည် အယူသီးမှုများနှင့် သမ္မာတရား၊ ဘုရားသခင်နှင့် ရုပ်တုဆင်းတုများ၊ ဤအရာများကြား ခွဲခြားဖို့ အရေးစိုက်ခြင်း မရှိဘဲ၊ အမျိုးအစားတစ်ခုတည်းတွင် အချိန်ကြာမြင့်စွာက ထားရှိကြပြီးဖြစ်ကာ၊ ၎င်းတို့ ဦးနှောက်ခြောက်အောင် စဉ်းစားသော်ငြား၊ ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်ပုံမရသောကြောင့် ဖြစ်ကောင်းဖြစ်ပေမည်။ ယင်းမှာ လူသားများသည် ၎င်းတို့၏ လမ်းကြောင်းများတွင် ရပ်တန့်ပြီး ရှေ့ဆက်မသွားကြတော့သည့် အကြောင်းရင်း ဖြစ်သည်။ ဤပြဿနာများအားလုံးသည် လူတို့၏ ဝင်ရောက်မှုအတွက် ကြီးမားသော အခက်အခဲများ ဖန်တီးသည့် မှန်ကန်သော သဘောတရားဆိုင်ရာ ပညာရေးမျိုး လူတို့၌ချို့တဲ့ခြင်းမှ ထွက်ပေါ်လေသည်။ အကျိုးဆက်အနေနှင့်၊ လူတို့သည် စစ်မှန်သော ဘုရားသခင်၏ အမှုကို မည်သည့်အခါတွင်မျှ စိတ်မဝင်စားကြဘဲ၊ (ထူးချွန်သော ပုဂ္ဂိုလ်များဟု သူတို့မြင်သည့်သူများကဲ့သို့) လူသား၏အလုပ်ဖြင့် တံဆိပ်ခတ်ခံထားရသည့်အလား ယင်းကို မရမက ဖက်တွယ်ထားကြလေသည်။၁ ဤအရာများသည် လူသားမျိုးနွယ် ဆွေးနွေးသင့်သည့် နောက်ဆုံး အကြောင်းအရာများဖြစ်သည် မဟုတ်လော။
အောက်ခြေမှတ်စု(များ)-
၁။ “မရမက ဖက်တွယ်ထားကြလေသည်” ဟူသည့်စကားကို သရော်သည့်အနေဖြင့် အသုံးပြုထားခြင်းဖြစ်သည်။ ဤစကားစုက လူတို့အနေဖြင့် ခေတ်နောက်ကျသည့် အရာများကို စွဲကိုင်ထားကြပြီး ၎င်းတို့ကို လက်လွှတ်ရန် လိုလားခြင်းမရှိဘဲလျက်၊ ခေါင်းမာပြီး ပေကတ်ကတ်နိုင်သည်ကို ပြပါသည်။