အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)
လူသားချို့တဲ့သည့်အရာမှာ ဝိညာဉ်ရေးရာအသက်တာ၏ ထောက်ပံ့မှုနှင့် ဘုရားသခင်ကို သိရှိခြင်း အတွေ့အကြုံသာမက- သာ၍ပင် မရှိမဖြစ် အရေးကြီးသည့်အရာမှာ- ၎င်း၏ စိတ်သဘောထားထဲက ပြောင်းလဲမှုများ ဖြစ်သည်ကို နားလည်ရန် လူသားသည် ယနေ့ထိတိုင် အချိန်ယူခဲ့ရသည်။ မိမိကိုယ်တိုင်၏ မျိုးရိုးနှင့်ဆိုင်သည့် သမိုင်းနှင့် ရှေးဟောင်းယဉ်ကျေးမှုတို့ကို လူသား၏ လုံးဝ မသိနားမလည်မှုကြောင့် အကျိုးဆက်မှာ လူသားသည် ဘုရားသခင်၏ အမှုနှင့် ပတ်သက်၍ မည်သည့်အရာမျှ လုံးဝ မသိပေ။ လူသားအနေဖြင့် မိမိစိတ်နှလုံး၏ နက်ရှိုင်းသောနေရာတွင် ဘုရားသခင်ကို သံယောဇဉ် ရှိနိုင်ရန် လူသားအားလုံးက မျှော်လင့်သော်လည်း၊ လူသား၏ ဇာတိပကတိသည် လွန်ကဲစွာ ဖောက်ပြန်ပျက်စီးပြီး၊ ထုံထိုင်းကာ အကင်းလည်းမပါးသောကြောင့်၊ ဤအရာက လူသားအနေဖြင့် ဘုရားသခင်နှင့်သက်ဆိုင်၍ မည်သည့်အရာမျှ လုံးဝ မသိဖို့ ဖြစ်စေခဲ့သည်။ ယနေ့ လူသားတို့အလယ် ကြွလာခြင်းတွင်၊ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ နှစ်သန်းပေါင်းများစွာကြာ လူတို့၏ အတွေးများနှင့် စိတ်ဝိညာဉ်များအပြင်၊ ၎င်းတို့ စိတ်နှလုံးများ ထဲ၌ ရှိခဲ့ပြီးဖြစ်သော ဘုရားသခင်၏ ပုံသဏ္ဌာန်ကိုပါ ပြောင်းလဲစေဖို့ထက် အခြားမည်သည့်အရာမျှ မဟုတ်ပေ။ သူသည် လူသားကို စုံလင်စေဖို့ ဤအခွင့်အရေးကို ယူလိမ့်မည်ဖြစ်သည်။ ဆိုလိုသည်မှာ လူသား၏ အသိပညာအားဖြင့်၊ ဘုရားသခင်ကို သိရှိလာခြင်းတွင် ထူးထူးကဲကဲ အောင်မြင်သည့် အသစ်သော အစပြုခြင်းကို လူအားပြုလုပ်နိုင်စေရင်း၊ ထိုသို့ဖြင့် လူသား၏ စိတ်ဝိညာဉ် အသစ်ပြုပြင်ခြင်းနှင့် ပြောင်းလဲခြင်းတို့ကို ရရှိစေလျက်၊ ဘုရားသခင်သည် သူ့ကို လူတို့ သိရှိလာသည့် နည်းလမ်းနှင့် သူ့အပေါ် ၎င်းတို့ ထားရှိသော သဘောထားကို ပြောင်းလဲမည်ဖြစ်သည်။ သိမ်းပိုက်ခြင်းနှင့် အသစ်ပြုပြင်ခြင်းတို့သည် ပန်းတိုင်များ ဖြစ်စဉ်၊ ကိုင်တွယ် ဖြေရှင်းခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းသည် နည်းလမ်းများဖြစ်သည်။ မရေရာသော ဘုရားသခင်နှင့် ပတ်သက်၍ လူသား စွဲကိုင်ထားသော အယူသီးသည့် အတွေးများကို ပပျောက်စေခြင်းသည် ဘုရားသခင်၏ ထာဝရ ရည်ရွယ်ချက် ဖြစ်ပြီး မကြာသေးမီက ဤအရာသည် သူ့အဖို့ အရေးတကြီး ကိစ္စလည်း ဖြစ်လာခဲ့သည်။ လူအားလုံးသည် ဤကိစ္စကို ထည့်တွက် စဉ်းစားရာတွင် ရေရှည်အမြင် ရှိလျှင်ကောင်းလိမ့်မည်။ ဘုရားသခင်၏ ဤအရေးတကြီး ရည်ရွယ်ချက်သည် မကြာမီ အောင်မြင်ခြင်းသို့ ရောက်ရှိဖို့အလို့ငှာနှင့် ကမ္ဘာမြေပေါ်တွင် ဘုရားသခင်၏အမှု၏ နောက်ဆုံးအဆင့်သည် ပြည့်စုံခြင်းသို့ လုံးဝ ရောက်ရှိနိုင်ဖို့အလို့ငှာ၊ လူတစ်ဦးချင်းစီ၏ တွေ့ကြုံသည့်နည်းလမ်းကို ပြောင်းလဲလော့။ သင်တို့ ဘုရားသခင်ကို ပြုအပ်သည့် သစ္စာစောင့်သိခြင်းကို သူ့အား ပေးပြီး နောက်ဆုံးအကြိမ်အနေဖြင့် ဘုရားသခင်၏ စိတ်နှလုံးကို နှစ်သိမ့်မှုပေးလော့။ ညီအစ်ကို မောင်နှမများထဲတွင်၊ မည်သူမျှ ဤတာဝန်ဝတ္တရားကို ခေါင်းရှောင်ခြင်း သို့မဟုတ် ဟန်ဆောင်လုပ်ပြဖို့ ဟိတ်ဟန်ထုတ်ရုံမျှ မထုတ်လျှင် ကောင်းလိမ့်မည်။ ဘုရားသခင်သည် ဖိတ်ခေါ်ချက်ကို အဖြေပေးသည့်အနေနှင့် လူသား၏အခြေအနေကို ဗြောင်တုံ့ပြန်မှုအနေဖြင့် ဤအကြိမ်တွင် လူ့ဇာတိဖြင့် ကြွလာပေသည်။ ဆိုလိုသည်မှာ၊ သူသည် လူသား လိုအပ်သော အရာဖြင့် လူသားကို ဖြည့်ဆည်းပေးရန် ကြွလာပေသည်။ လူသား၏ အရည်အချင်း သို့မဟုတ် ကောင်းမွန်သော သွန်သင်ပျိုးထောင်ပေးမှု မည်သို့ပင်ဖြစ်ပါစေ၊ တိုတိုပြောရလျှင် ဘုရားသခင်၏ မူလမျက်နှာသည် လူသား၏ စိတ်နှလုံး အတွင်းနက်ရှိုင်းသော နေရာများတွင် ခိုင်မြဲစွာ အမြစ်တွယ်ဖို့အလို့ငှာ၊ ဘုရားသခင်သည် လူသား၏အတွေးများနှင့် အယူအဆများကို ပြောင်းလဲလျက်၊ လူသားကို သူ၏ နှုတ်ကပတ်တော်အား မြင်နိုင်စေမည်ဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်မှ ဘုရားသခင်၏ တည်ရှိခြင်းနှင့် သရုပ်သကန်တို့ကို မြင်နိုင်စေကာ လူသားကို ဘုရားသခင်၏ စုံလင်စေခြင်းအား လက်ခံနိုင်စေမည်ဖြစ်သည်။ ဤသည်မှာ ကမ္ဘာမြေပေါ်တွင် ဘုရားသခင်၏ တစ်ခုတည်းသော အလိုဆန္ဒ ဖြစ်သည်။ လူသား၏ မွေးရာပါသဘာဝသည် မည်မျှ ကြီးမြတ်ပါစေ၊ သို့မဟုတ် လူသား၏ အနှစ်သာရ မည်မျှညံ့ဖျင်းပါစေ သို့မဟုတ် လူသား၏ အပြုအမူသည် အတိတ်တွင် မည်သည့်အရာနှင့် အမှန်တကယ် တူခဲ့သည်ဖြစ်စေ၊ ဘုရားသခင်သည် ဤအရာများကို အရေးမထားပေ။ လူသားအနေဖြင့် ၎င်း၏ အတွင်းစိတ်နှလုံးထဲတွင် ရှိသည့် ဘုရားသခင်၏ ပုံသဏ္ဌာန်ကို လုံးလုံးလျားလျား အသစ်ဖြစ်စေဖို့ရန်နှင့် လူသားမျိုးနွယ်၏ အနှစ်သာရကို သိရှိလာဖို့ရန်နှင့်၊ ထိုသို့ဖြင့် လူသား၏ သဘောတရား ဆိုင်ရာ အမြင် ပြောင်းလဲခြင်းသို့ ရောက်ရှိဖို့ရန်နှင့် နက်ရှိုင်းသော နေရာများမှ ဘုရားသခင်ကို တောင့်တပြီး သူနှင့် ထာဝရ တွယ်တာမှုတစ်ခု နိုးကြားစေနိုင်ဖို့ရန်သာ သူ မျှော်လင့်ပေသည်။ ဤသည်မှာ လူသားကို ဘုရားသခင် ပြုသည့် တစ်ခုတည်းသော တောင်းဆိုချက်ဖြစ်သည်။
နှစ်ထောင်ပေါင်း အချို့ လွှမ်းခြုံသည့် ရှေးဟောင်းယဉ်ကျေးမှုနှင့် သမိုင်းနှင့်ဆိုင်သော အသိပညာသည် လူသား၏အတွေးအခေါ်၊ အယူအဆများနှင့် သူ၏ စိတ်ပိုင်းဆိုင်ရာ အမြင်တို့ကို အလွန်တင်းကျပ်စွာ ပိတ်ထားခဲ့သည်မှာ သြဇာမသက်ရောက်နိုင်သော အရာနှင့် မပျက်စီးနိုင်သောအရာ၁ ဖြစ်စေဖို့ ဖြစ်သည်။ လူတို့သည် ဘယ်သောအခါမျှ အလင်း မမြင်နိုင်သည့် မြေအောက် အကျဉ်းတိုက်များထဲသို့ ဘုရားသခင်၏ နှင်ထုတ်ခြင်းကို ခံကြရပြီးဖြစ်သည့်အလားပင်၊ ငရဲ၏ ဆယ့်ရှစ်ခုမြောက် သံသရာထဲ၌ အသက်ရှင်ကြလေသည်။ ကံကျွေးချစနစ်ဆိုင်ရာ အတွေးအခေါ်သည် လူတို့ကို ဖိနှိပ်ထားလွန်းသည်မှာ ၎င်းတို့သည် အသက်ရှူနိုင်ရုံမျှဖြစ်ပြီး မွန်းကျပ်လျက်ရှိကြပေသည်။ ၎င်းတို့သည် ခုခံရန် ခွန်အား စိုးစဉ်းမျှပင် မရှိကြချေ။ ၎င်းတို့ လုပ်ဆောင်သမျှမှာ တိတ်ဆိတ်စွာ ခံရပ်ပြီးရင်း ခံရပ်ဖို့သာ ဖြစ်သည်။...မည်သူမျှ ဖြောင့်မတ်ခြင်းနှင့် တရားမျှတမှု အတွက် ရုန်းကန်ရန် သို့မဟုတ် ရပ်တည်ရန် လုံးဝမဝံ့ရဲကြချေ။ လူတို့သည် ကံကျွေးချစနစ်ဆိုင်ရာ ကျင့်ဝတ်များ၏ ထိုးနှက်မှုများနှင့် မတရားဖိနှိပ်မှုအောက်၌ တိရစ္ဆာန်တစ်ကောင်ထက် ဆိုးရွားသော အသက်တာကို တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ် ရှင်သန်ကာမျှ ရှင်သန်ကြလေသည်။ ၎င်းတို့သည် လူ့လောကထဲတွင် ပျော်ရွှင်မှုကို ခံစားရန် ဘုရားသခင်ကို ရှာဖွေဖို့ မည်သည့်အခါမှ မတွေးတောဖူးကြပေ။ ယင်းမှာ လူတို့သည် ညှိုးနွမ်းခြောက်သွေ့သော ဝါညိုညို ဆောင်းဦးရွက်ကြွေများကဲ့သို့ ဖြစ်သည်အထိ ရိုက်ချခံကြရပြီး ဖြစ်သည်။ လူတို့သည် အချိန်ကြာမြင့်စွာကတည်းက ၎င်းတို့၏ မှတ်ဉာဏ်ကို ဆုံးရှုံးခဲ့ကြပြီး ဖြစ်သည်။ ၎င်းတို့သည် လူ့လောကဟု ခေါ်ဆိုသော ငရဲနှင့်အတူ ပျက်စီးဆုံးရှုံးနိုင်ကြဖို့အလို့ငှာ နောက်ဆုံးသော နေ့ရက် ရောက်ရှိလာခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့ တောင့်တသည့် နောက်ဆုံးသော နေ့ရက်သည် အေးအေးလူလူရှိသော ငြိမ်သက်ခြင်းကို လူသား မွေ့လျော်မည့် နေ့ရက်ဖြစ်သည့်အလား ဤငရဲတွင် ခိုကိုးရာမဲ့စွာ အသက်ရှင်ကြလေသည်။ ကံကျွေးချ စနစ်ဆိုင်ရာ ကျင့်ဝတ်များသည် လူသား၏ ခုခံရန် အစွမ်းတန်ခိုးကို သာ၍အားနည်းစေရင်း လူသား၏အသက်တာကို “မရဏနိုင်ငံ” ထဲသို့ ယူဆောင်သွားပြီဖြစ်သည်။ ဖိနှိပ်မှု မျိုးစုံတို့သည် လူသားကို ဘုရားသခင်ထံမှ ဝေးသထက်ဝေးသွားစေလျက်၊ မရဏထဲသို့ သာ၍နက်ရှိုင်းစွာ တစ်ဆင့်ပြီးတစ်ဆင့် ကျဆင်းဖို့ တွန်းလေသည်၊ ယနေ့ထိတိုင် ၎င်းသည် ဘုရားသခင်အဖို့ သူစိမ်းလုံးလုံးပင် ဖြစ်သွားပြီးဖြစ်ကာ ၎င်းတို့ဆုံတွေ့ကြသောအခါ သူ့ကို အလျင်အမြန် ရှောင်ရှားလေသည်။ လူသားသည် ဘုရားသခင်ကို မည်သည့် အခါတွင်မျှ မသိဖူးသကဲ့သို့၊ သူ့ကို ယခင်က မမြင်ဖူးသည့်အလား သူ့ကို အရေးမစိုက်ဘဲ တစ်ဖက်တွင် တစ်ကိုယ်တည်း ရပ်နေစေရစ်လေသည်။ သို့တိုင် ဘုရားသခင်သည် သူ၏ မချုပ်တည်းနိုင်သော အမျက်ဒေါသကို လူသားအပေါ် မည်သည့် အခါတွင်မျှ မကျရောက်စေဘဲလျက်၊ တိတ်ဆိတ်စွာ စောင့်ဆိုင်းရုံမျှ စောင့်ဆိုင်းရင်း၊ စကားတစ်ခွန်း မဟဘဲ၊ လူသားအနေဖြင့် နောင်တရရန်နှင့် အသစ်တဖန် စတင်ရန် လူ့အသက်တာ၏ ရှည်လျားသော ခရီးလမ်းတစ်လျှောက်လုံးတွင် ဘုရားသခင်သည် လူသားကို စောင်းဆိုင်းလျက်ရှိနေပြီးဖြစ်သည်။ ဘုရားသခင်သည် လူ့လောက၏ ဆင်းရဲဒုက္ခများကို လူသားနှင့်အတူ မျှဝေခံစားဖို့ လူ့လောကထဲသို့ အချိန်ကြာမြင့်စွာက ကြွလာခဲ့ပေသည်။ လူသားနှင့်အတူ အသက်ရှင်ပြီးဖြစ်သော နှစ်ကာလများအားလုံးတွင်၊ သူ၏ တည်ရှိခြင်းကို မည်သူမျှ ရှာဖွေတွေ့ရှိခြင်း မရှိလေပြီ။ ဘုရားသခင်သည် သူကိုယ်တိုင် ယူဆောင်လာသည့် အမှုကို ဆောင်ရွက်နေစဉ်တွင်၊ လူ့လောကထဲရှိ ယုတ်ညံ့ခြင်း၏ ဝေဒနာကို တိတ်တဆိတ် သည်းခံ၍သာ နေလေသည်။ သူသည် ယခင်က လူသား လုံးဝမကြုံတွေ့ဖူးသည့် ဆင်းရဲဒုက္ခများကို ကြုံရရင်း၊ ခမည်းတော် ဘုရားသခင်၏ အလိုနှင့် လူသားမျိုးနွယ်၏ လိုအပ်ချက်များအတွက် ဆက်လက်သည်းခံလေသည်။ လူသား၏ရှေ့မှောက်တွင် ဘုရားသခင်သည် လူသားကို တိတ်ဆိတ်စွာ စောင့်ဆိုင်းခဲ့ကာ လူသား၏ ရှေ့မှောက်တွင် သူသည် ခမည်းတော် ဘုရားသခင်၏ အလိုအတွက်နှင့် လူသားမျိုးနွယ်၏ လိုအပ်ချက်များအတွက်လည်း မိမိကိုယ်ကိုယ် နှိမ့်ချခဲ့သည်။ ရှေးဟောင်းယဉ်ကျေးမှုနှင့် သက်ဆိုင်သည့် အသိပညာသည် လူသားကို ဘုရားသခင်၏ မျက်မှောက်မှ ခိုးကြောင်ခိုးဝှက် ခိုးယူသွားပြီးဖြစ်ကာ သူ့ကို နတ်ဆိုးတို့၏ ရှင်ဘုရင်နှင့် ၎င်း၏ သားများထံ လွှဲအပ်လိုက်ပြီး ဖြစ်သည်။ စာအုပ်လေးအုပ်နှင့် ဂန္တဝင်ကျမ်းငါးကျမ်းက တို့သည် လူသား၏ အတွေးအခေါ်နှင့် အယူအဆတို့ကို အခြားသော ပုန်ကန်ခြင်းခေတ်ထဲသို့ ဆောင်ယူသွားပြီးဖြစ်ကာ၊ ထိုစာအုပ်၊ ဂန္တဝင်မှတ်တမ်းတို့ကို ပြုစုခဲ့ကြသူများကို ယခင်ထက် တိုး၍ လွန်လွန်ကဲကဲ မြှောက်စားမှု ပေးစေရင်းနှင့် အကျိုးဆက်အနေဖြင့် ဘုရားသခင်နှင့် ပတ်သက်သည့် လူသား၏ အယူအဆများကို တိုး၍ ပိုမိုဆိုးရွားစေလေသည်။ လူသားက မသိဘဲနှင့်၊ နတ်ဆိုးတို့၏ ရှင်ဘုရင်သည် ဘုရားသခင်ကို လူသား၏ စိတ်နှလုံးမှ သနားကြင်နာမဲ့စွာ မောင်းထုတ်ပြီး၊ ထို့နောက် ယင်းကို ၎င်းကိုယ်တိုင် အားရဝမ်းသာဖြင့် သိမ်းပိုက်လေသည်။ ထိုအချိန်ကတည်းက၊ လူသားသည် နတ်ဆိုးတို့ ရှင်ဘုရင်၏ အကျည်းတန်ကာ ဆိုးယုတ်သော ဝိညာဉ်နှင့် မျက်နှာကို ပိုင်ဆိုင်လာခဲ့၏။ ဘုရားသခင်ကို မုန်းတီးခြင်းသည် ၎င်း၏ ရင်တွင်ပြည့်ကာ၊ လူသား လုံးဝ ဝါးမျိုခံခဲ့ရသည်အထိ နတ်ဆိုးများ၏ ရှင်ဘုရင်၏ မလိုတမာစိတ်သည် လူသားအတွင်းတွင် တစ်နေ့ပြီးတစ်နေ့ ပျံ့နှံ့လေသည်။ လူသားသည် လွတ်လပ်မှု အနည်းငယ်မျှ မရှိတော့သကဲ့သို့၊ နတ်ဆိုးတို့၏ ရှင်ဘုရင်၏ ထောင်ချောက်မှ လွတ်မြောက်ရန် နည်းလမ်း လုံးဝ မရှိခဲ့ပေ။ လူသားသည် ထိုနေရာတွင်ပင် အဖမ်းခံရပြီး၊ ၎င်း၏ မျက်မှောက်တွင် အညံ့ခံကာ ပြိုလဲကျရုံမှလွဲပြီး ရွေးချယ်စရာ မရှိခဲ့ပေ။ ကြာမြင့်စွာသောအချိန်က၊ လူသား၏ စိတ်နှလုံးနှင့် ဝိညာဉ်တို့သည် ကနဦးအဆင့်တွင် ရှိဆဲဖြစ်ခဲ့ချိန်တွင်၊ နတ်ဆိုးတို့၏ ရှင်ဘုရင်သည် လူသားကို “သိပ္ပံနှင့် နည်းပညာကို သင်ယူပါ။ ခေတ်နှင့်အမီလိုက်ခြင်း လေးချက်ကို နားလည်ပါ။ ပြီးလျှင် လောက၌ ဘုရားသခင်ဟူသည် မရှိ” ဟူသကဲ့သို့သော ယုတ္တိအမှားများကို သွန်သင်ရင်း၊ ယင်းအထဲ၌ ဘုရားမဲ့ဝါဒီနှင့်ဆိုင်သည့် အကျိတ်၏ အစေ့ကို စိုက်ပျိုးခဲ့သည်။ ထိုမျှသာမက၊ ၎င်းသည် မိမိတို့၏ နိုင်ငံအဖို့ သစ္စာရှိသည့် အမှုထမ်းခြင်းကို ပေးဖို့ရန် ကလေးဘဝမှ ပြင်ဆင်ထားဖို့ အယောက်စီတိုင်းကို တောင်းဆိုရင်း၊ “လှပသော ဇာတိမြေကို တည်ဆောက်ဖို့ ကျွန်ုပ်တို့၏ ဝီရိယရှိသော အားထုတ်မှုကို အမှီပြုကြစို့” ဟု အခွင့်အခါသင့်တိုင်း အော်ဟစ်လေသည်။ ဂုဏ်ပြုလေးစားမှုအားလုံးကို (ဆိုလိုသည်မှာ ဘုရားသခင်သည် လူသားမျိုးနွယ် အားလုံးကို သူ၏ လက်၌ ထိန်းသိမ်းထားခြင်းအတွက် ဘုရားသခင်နှင့်သက်ဆိုင်သော ဂုဏ်ပြုလေးစားမှုကို) မဆိုင်းမတွ ပိုင်စိုးပိုင်နင်း မိမိကိုယ်ကိုယ် ပေးသည့်နေရာဖြစ်သည့် ၎င်း၏ မျက်မှောက်သို့ လူသားသည် မရည်ရွယ်ပါဘဲနှင့် ခေါ်ဆောင်လာခြင်း ခံခဲ့ရလေသည်။ ၎င်းသည် မည်သည့်အခါတွင်မျှ ရှက်စိတ် တစ်ခုတစ်လေ မရှိခဲ့ပေ။ ထို့အပြင်၊ ၎င်းသည် ဘုရားသခင်၏လူတို့ကို အရှက်မရှိ ဖမ်းဆီးကာ၊ စားပွဲပေါ်သို့ ကြွက်တစ်ကောင်ကဲ့သို့ ခုန်တက်ကာ လူသားအား ၎င်းကို ဘုရားသခင်ကဲ့သို့ ကိုးကွယ်စေသည့် နေရာဖြစ်သော ၎င်း၏အိမ်ထဲသို့ ပြန်လည် တရွတ်တိုက် ဆွဲခေါ်လေသည်။ ထင်ရာစိုင်းသူတစ်ဦး ပါတကား။ ၎င်းသည် “လောကကြီး၌ ဘုရားသခင် ဟူသည် မရှိ။ လေသည် သဘာဝနိယာမများအရ အသွင်ပြောင်းလဲခြင်းများမှ လာသည်။ မိုးရေဆိုသည်မှာ ရေငွေ့က အေးသောအပူချိန်များနှင့် ဆုံတွေ့လျက်၊ ကမ္ဘာမြေပေါ်သို့ ကျသည့် မိုးစက်များအဖြစ်သို့ ငွေ့ရည်ဖွဲ့သည့်အခါ ဖြစ်လာသည်။ မြေငလျင်ဆိုသည်မှာ ဘူမိဗေဒဆိုင်ရာ ပြောင်းလဲခြင်းများကြောင့် ကမ္ဘာ့မျက်နှာပြင် တုန်ခါခြင်း ဖြစ်သည်၊ မိုးခေါင်ခြင်းဆိုသည်မှာ နေမင်း၏ မျက်နှာပြင်ပေါ်က အဏုမြူ ဒြပ်မှုန်များ ပြိုကွဲပျက်စီးမှုအားဖြင့် ဖြစ်ပေါ်လာသော လေထုထဲရှိ ခြောက်သွေ့မှုကြောင့် ဖြစ်သည်။ ဤအရာများသည် သဘာဝ ဖြစ်စဉ်များ ဖြစ်သည်။ ဤအရာအားလုံးတွင်၊ ဘုရားသခင်၏ လုပ်ဆောင်ချက် အဘယ်မှာ ရှိပါသနည်း” ဟူသကဲ့သို့သော မတော်တရော် တုန်လှုပ်ဖွယ် အရာများကို ဟစ်ကြော်လေသည်။ ၎င်းသည် အောက်ပါ ထွက်ဆိုချက်များကဲ့သို့သော မဖွင့်ဟသင့်သည့် ထွက်ဆိုချက်များကို ကြွေးကြော်သောသူများပင် ရှိလေသည်- “လူသားမှာ ရှေးအတိတ်ကာလက မျောက်ဝံများမှ ဆင်းသက်လာပြီး၊ ယနေ့ လောကကြီးသည် ခန့်မှန်းခြေအားဖြင့် လွန်ခဲ့သော ကပ်ကမ္ဘာမှ စတင်သည့် ရှေးကျသော လူ့အဖွဲ့အစည်းများ တစ်ခုပြီးတစ်ခုမှ လာသည်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ကြီးပွားခြင်း သို့မဟုတ် ကျရှုံးခြင်းသည် ထိုနိုင်ငံ၏ ပြည်သူများ လက်ထဲတွင် လုံးဝ မူတည်သည်” ဟူ၍ ဖြစ်သည်။ နောက်ခံအကြောင်းအရာတွင်၊ ၎င်းသည် လူသားကို ၎င်းအား ဂါရဝပြုစေဖို့ ယင်းကို နံရံပေါ်၌ ချိတ်ဆွဲစေသည် သို့မဟုတ် စားပွဲပေါ် တင်စေလေသည်။ ၎င်းက “ဘုရားသခင် မရှိ” ဟု ဟစ်အော်သည့် တစ်ချိန်တည်းတွင်၊ ဘုရားသခင်၏နေရာတွင် ရပ်တည်ပြီး နတ်ဆိုးတို့၏ ရှင်ဘုရင် အခန်းကဏ္ဍကို ခံယူလျက် ဘုရားသခင်ကို ကမ္ဘာ၏ အကန့်အသတ် အတိုင်းအတာ ပြင်ပသို့ ရုတ်တရက် ကြမ်းတမ်းစွာ တွန်းထုတ်ခြင်းဖြင့်၊ ၎င်းသည် မိမိကိုယ်ကိုယ် ဘုရားသခင်အဖြစ် သတ်မှတ်လေသည်။ ကျိုးကြောင်း လုံးဝ ကင်းမဲ့လှပေတကား။ ၎င်းသည် လူတစ်ယောက်ကို မခံမရပ်နိုင်အောင် ၎င်းအား တကယ်ကို မုန်းတီးစေသည်။ ဘုရားသခင်နှင့် ၎င်းတို့သည် မပြေနိုင်သော ရန်သူများဖြစ်ပုံရပြီး နှစ်ဦး အတူတကွ မတည်ရှိနိုင်ပေ။ ၎င်းသည် ပညတ်တရား လက်လှမ်းမမီသည့်ပြင်ပတွင် လွတ်လွတ်လပ်လပ် သွားလာစဉ်တွင်၂ ၎င်းသည် ဘုရားသခင်ကို မောင်းထုတ်ရန် ကျိတ်ကြံလေသည်။ ၎င်းမှာ နတ်ဆိုးတို့၏ ရှင်ဘုရင် ဖြစ်လိုက်လေသည်တကား။ ၎င်း၏ တည်ရှိမှုကို အဘယ်သို့ သည်းခံ၍ရနိုင်မည်နည်း။ ၎င်းသည် ဘုရားသခင်၏ အမှုကို ကမောက်ကမဖြစ်စေပြီး လုံးလုံး ဖရိုဖရဲ၃ ဖြစ်ကျန်ရစ်စေသည်အထိ အနားယူမည်မဟုတ်သည်မှာ ၎င်းသည် ဘုရားသခင်ကို တမင်တကာ ဆန့်ကျင်ပြီး သာ၍ပင် အင်တိုက်အားတိုက် ချဉ်းကပ်လျက်၊ ငါးသေလျှင်သေ သို့မဟုတ် ကွန်ပျက်လျှင်ပျက်ဆိုသည်အထိ ဘုရားသခင်ကို အကြိတ်အနယ် နောက်ဆုံးပွဲသိမ်းသည်အထိ ဆန့်ကျင်လိုသည့်အလား ဖြစ်သည်။ ၎င်း၏ အကျည်းတန်သော မျက်နှာသည် ကြာမြင့်စွာကတည်းက လုံးလုံးလျားလျား ဖော်ထုတ်ခြင်းခံခဲ့ရပြီး ယခုတွင်မူ ပွန်းပဲ့ကာ ရိုက်ချိုးခံရပြီး၄ ဆိုးဆိုးရွားရွား အခြေအနေတွင် ရှိသော်လည်း၊ ၎င်းသည် ဘုရားသခင်ကို တစ်လုတ်စာ ဝါးမျိုခြင်းဖြင့်သာ မိမိ၏ စိတ်နှလုံးထဲတွင် လှောင်ထားသော အမုန်းကို သက်သာရာ ရစေနိုင်မည့်အလား၊ ဘုရားသခင်အပေါ် မိမိ၏ မုန်းတီးခြင်းကို လျှော့မည်မဟုတ်ပေ။ ဘုရားသခင်၏ ဤရန်သူကို ငါတို့သည် မည်သို့ သည်းခံနိုင်မည်နည်း။ ၎င်း၏ အမြစ်ဖြတ် ချေမှုန်းခံရခြင်းနှင့် လုံးလုံးလျားလျား သုတ်သင်ခံရခြင်းသည်သာ ငါတို့အသက်တာ၏ အလိုဆန္ဒကို အောင်မြင်ခြင်းသို့ ရောက်ရှိစေလိမ့်မည်ဖြစ်သည်။ ၎င်းကို ဆက်လက် ပြေးလွှားသောင်းကျန်းခွင့် အဘယ်သို့ ပေးနိုင်ရမည်နည်း။ ယင်းသည် လူသားကို ဖောက်ပြန်ပျက်စီးစေပြီးဖြစ်သည်မှာ လူသားသည် ကောင်းကင်နေမင်းကို မသိသည့်အတိုင်းအတာ အထိဖြစ်ပြီး၊ ထုံထိုင်းကာ ခံစားချက်ကင်းမဲ့လာပြီဖြစ်သည်။ လူသားသည် ပုံမှန် လူသား ဆင်ခြင်တုံတရား ဆုံးရှုံးပြီဖြစ်သည်။ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုအားလုံးကို ဖယ်ထုတ်ဖို့နှင့် ဘုရားသခင်၏ အမှုကို မကြုံစဖူးသော ခံညားထည်ဝါမှုသို့ အဆောတလျင် ရောက်ရှိစေခွင့်ပြုရန်၊ ၎င်းကို ဖျက်ဆီးဖို့နှင့် ၎င်းကို မီးရှို့ပစ်လိုက်ဖို့ ငါတို့၏ ဖြစ်တည်ခြင်း တစ်ခုလုံးကို အဘယ်ကြောင့် ငါတို့ မဆက်ကပ်ကြသနည်း။ ဤလူယုတ်မာ အုပ်စုသည် လူ့လောကထဲသို့ လာကြပြီး ယင်းကို ဝရုန်းသုန်းကားအခြေအနေသို့ အခြေဆိုက်စေပြီဖြစ်သည်။ ၎င်းတို့သည် လူသားတို့၏ အလောင်းကောင်များကို ဝါးမျိုနိုင်ဖို့အလို့ငှာ လူသားတို့ကို အစိတ်စိတ် အမွှာမွှာ ရိုက်ခတ်ခံရစေဖို့ တွန်းချရန် တိတ်တဆိတ် စီစဉ်ရင်း၊ လူသားမျိုးနွယ်အားလုံးကို ချောက်ကမ်းပါး အစွန်းသို့ ခေါ်ဆောင်ခဲ့ကြသည်။ ၎င်းတို့သည် အန်စာတစ်ချက်ပစ်ကာ အရာရာကို လောင်းကြေးထပ်ရင်း၅ ဘုရားသခင်၏ အစီအစဉ်ကို ဖြိုခွဲရန်နှင့် ဘုရားသခင်နှင့် ယှဉ်ပြိုင်မှုထဲသို့ ဝင်ရောက်ရန် အချည်းနှီး မျှော်လင့်လေသည်။ ဤသည်မှာ လုံးဝလွယ်ကူသည် မဟုတ်ချေ။ အဆုံးတွင်တော့၊ အယုတ်မာဆုံးသော ပြစ်မှုများအဖို့ အပြစ်ရှိသော နတ်ဆိုးတို့၏ ရှင်ဘုရင်အတွက် ကားတိုင်သည် ပြင်ဆင်ထားပြီး ဖြစ်သည်။ ဘုရားသခင်သည် လက်ဝါးကပ်တိုင်နှင့် မသက်ဆိုင်ပေ။ သူသည် ထိုကားတိုင်ကို မာရ်နတ်အတွက် ဘေးသို့ ပစ်လိုက်နှင့်ပြီး ဖြစ်သည်။ ဘုရားသခင်သည် ယခုမတိုင်မီ ယခင်ကြာမြင့်စွာ ကတည်းက အောင်နိုင်လျက် ထွက်ပေါ်ပြီးဖြစ်ကာ လူသားမျိုးနွယ်၏ အပြစ်များအပေါ် ပူဆွေးခြင်းကို မခံစားရတော့ဘဲ၊ လူသားမျိုးနွယ် အားလုံးထံ ကယ်တင်ခြင်းကို ဆောင်ယူလာမည် ဖြစ်သည်။
ထိပ်ဖျားမှ အောက်ခြေအထိနှင့် အစအဦးမှ အဆုံးအထိ စာတန်သည် ဘုရားသခင်၏ အမှုကို နှောင့်ယှက်နေခဲ့ပြီးဖြစ်ကာ သူ့ကို ဆန့်ကျင်လျက် ပြုမူနေခဲ့ပြီး ဖြစ်သည်။ “ရှေးဟောင်း ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်” နှင့် ပတ်သက်သည့် ဤပြောဆိုဆွေးနွေးခြင်း၊ အဖိုးထိုက်တန်သော “ရှေးဟောင်း ယဉ်ကျေးမှု၏ အသိပညာ”၊ “တာအိုဝါဒနှင့် ကွန်ဖြူးရှပ်ဝါဒတို့၏ သွန်သင်မှုများ”နှင့် “ကွန်ဖြူးရှပ်ဝါဒ၏ ဂန္တဝင် ကျမ်းများနှင့် ကံကျွေးချစနစ်ဆန်သော ထုံးတမ်းများ” အားလုံးသည် လူသားကို ငရဲထဲသို့ ခေါ်ဆောင်သွားပြီးဖြစ်သည်။ မျက်မှောက်ခေတ် အဆင့်မြင့် သိပ္ပံပညာနှင့် နည်းပညာတို့အပြင် အလွန်တိုးတက်သော စက်မှုလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေးနှင့် စီးပွားရေးတို့ကို မည်သည့် နေရာမှာတွင်မျှ မတွေ့မြင်ရပေ။ ယင်းထက်၊ ၎င်း လုပ်ဆောင်သမျှမှာ ဘုရားသခင်၏အမှုကို တမင်တကာ နှောင့်ယှက်ရန်၊ ဆန့်ကျင်ရန်နှင့် ဖြိုဖျက်ရန်အလို့ငှာ ရှေးကာလ၏ “မျောက်ဝံများ” အားဖြင့် ဖြန့်ခဲ့သည့် ကံကျွေးချစနစ်ဆိုင်ရာ ထုံးတမ်းများကို အလေးပေးရန် ဖြစ်သည်။ ၎င်းသည် လူသားကို ယနေ့ထိတိုင် ဆက်လက် ဒုက္ခပေးသည်သာမက၊ လူသားကို အကောင်လိုက်ဝါးမျို၆ ရန်ပင် ဆန္ဒရှိလေသည်။ ကံကျွေးချစနစ်နှင့်ဆိုင်သည့် ကိုယ်ကျင့်တရားနှင့် လူ့ကျင့်ဝတ်ဆိုင်ရာ သွန်သင်မှုများကို တစ်ဆင့်ပေးခြင်းနှင့် ရှေးဟောင်း ယဉ်ကျေးမှု၏ အသိပညာကို လက်ဆင့်ကမ်းခြင်းတို့သည် လူသားကို နတ်ဆိုး အကြီး အသေးများအဖြစ်သို့ ပြောင်းလဲစေလျက်၊ လူသားမျိုးနွယ်ကို ကူးစက်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ ဘုရားသခင်ကို ဝမ်းမြောက်ဝမ်းသာ လက်ခံသောသူ နည်းပါးပေသည်၊ ဘုရားသခင်၏ ကြွလာခြင်းကို အထူးအားရ ရွှင်လန်းစွာ ကြိုဆိုကြမည့်သူ နည်းပါးပေသည်။ လူသားမျိုးနွယ်၏ မျက်နှာသည် လူသတ်မည့်အကြံနှင့် ပြည့်နေပြီး နေရာတိုင်းတွင်၊ သတ်ဖြတ်လိုသည့် အငွေ့အသက်က လေထုထဲတွင် ပျံ့နှံ့နေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ဤနယ်မြေမှ နှင်ထုတ်ရန် ကြိုးစားကြသည်၊ လက်ထဲတွင် ဓားများ၊ ဓါးရှည်များဖြင့်၊ ၎င်းတို့သည် ဘုရားသခင်ကို “အမြစ်ဖြတ်ချေမှုန်း” ရန် စစ်ပွဲအခင်းအကျင်းဖြင့် မိမိတို့ကိုယ်ကိုယ် စီမံကြလေသည်။ ဘုရားသခင်မရှိဟု လူသားသည် စဉ်ဆက်မပြတ် သွန်သင်ခြင်းခံရသည့်နေရာ၊ ရုပ်တုဆင်းတုများ ပျံ့နှံ့သည့်နေရာဖြစ်သည့် ဤနတ်ဆိုး၏ နယ်မြေအနှံ့ရှိ အားလုံးနှင့် အပေါ်လေထုသည် မီးလောင်နေသော စာရွက်များနှင့် အမွှေးနံ့သာတို့၏ ညှီစို့စို့အနံ့ဖြင့် စိမ့်ဝင်ပျံ့နှံ့နေပြီး ထိုအနံ့မှာ အသက်ရှူရကျပ်စေသည်အထိ အလွန်ပင်ထူထပ်ပေသည်။ ယင်းမှာ အဆိပ်ရှိသော မြွေ၏ ထွန့်ထွန့်လူးခြင်းဖြင့် လေနှင့်ပါလာသည့် အနည်အနှစ်တို့၏ အနံ့ဆိုးကဲ့သို့ဖြစ်သည်မှာ မပျို့အန်ဘဲ မနေနိုင်သည်အထိ ဖြစ်သည်။ ဤအရာအပြင်၊ ဝေးကွာလှသော ငရဲမှ လာသည်ဟု ထင်ရသော အသံတစ်ခုဖြစ်သည့်၊ ကျမ်းစာများကို သံပြိုင်ရွတ်ဆိုနေကြသည့် ဆိုးယုတ်သော မကောင်းဆိုးဝါးများ၏ အသံကို ယဲ့ယဲ့ကြားရသည်မှာ ကျောမချမ်းဘဲမနေနိုင်သည်အထိ ဖြစ်သည်။ နယ်မြေကို ကာမဂုဏ်အာရုံ သာယာကြည်နူးမှု လောကကြီးတစ်ခုအဖြစ် ပြောင်းလဲသွားစေလျက်၊ ဤနယ်မြေထဲက နေရာတိုင်းတွင် သက်တံရောင်စုံရှိသည့် ရုပ်တုဆင်းတုများ ထားရှိသော်လည်း၊ နတ်ဆိုးများ၏ ရှင်ဘုရင်သည် ၎င်း၏ ယုတ်မာသော အကြံအစည် အောင်မြင်သွားသည့်အလား ကောက်ကျစ်စဉ်းလဲစွာ ရယ်မောပြီးရင်း ရယ်မောနေပေသည်။ ထိုအချိန်အတောအတွင်းတွင်၊ လူသားသည် လုံးဝ သတိမမူမိသကဲ့သို့၊ အသိမဲ့လာပြီး ရှုံးနှိမ့်မှုဖြင့် သူ၏ဦးခေါင်း ငိုက်စိုက်ကျသည့် အခြေအနေအထိ နတ်ဆိုးက သူ့ကို ဖျက်ဆီးနှင့်ပြီးဖြစ်သည်ကို သူသည် မည်သည့် အရိပ်အမြွက်မျှ မသိပေ။ ၎င်းသည် ဘုရားသခင်နှင့်ပတ်သက်သည့် အရာတိုင်းကို တစ်ချက်တည်းနှင့် ရှင်းလင်းဖယ်ရှားရန်နှင့် ဘုရားသခင်ကို နောက်တစ်ဖန် ဖျက်ဆီးရမ်းကားပြီး လုပ်ကြံသတ်ဖြတ်ရန် ဆန္ဒရှိလေသည်။ ၎င်းသည် ဘုရားသခင်၏အမှုကို ဖြိုဖျက်ရန်နှင့် နှောင့်ယှက်ရန် ကြံစည်လေသည်။ ၎င်းသည် ဘုရားသခင်ကို တန်းတူအဆင့်အတန်း ဖြစ်ရန် အဘယ်သို့အခွင့်ပြုနိုင်မည်နည်း။ ကမ္ဘာမြေပေါ်တွင် လူတို့အကြား ၎င်း၏အလုပ်ကို ဘုရားသခင် “ဝင်ရောက်စွက်ဖက်ခြင်း” ကို ၎င်းသည် အဘယ်သို့ သည်းခံနိုင်မည်နည်း။ ၎င်း၏ အကျည်းတန်သော မျက်နှာကို ဖော်ထုတ်ရန် ဘုရားသခင်အား အဘယ်သို့နှင့် ခွင့်ပြုနိုင်မည်နည်း။ ၎င်း၏ အလုပ်ကို ဘုရားသခင်က ကစဉ့်ကလျားဖြစ်စေရန် ၎င်းသည် အဘယ်သို့ ခွင့်ပြုနိုင်မည်နည်း။ ဒေါသဖြင့် ယမ်းပုံမီးကျဖြစ်နေသော ဤနတ်ဆိုးသည် ကမ္ဘာမြေပေါ်ရှိ ၎င်း၏ အင်ပါယာနန်းတော်အပေါ် ဘုရားသခင်အား ထိန်းချုပ်ခွင့် အဘယ်သို့ ပေးနိုင်မည်နည်း။ ၎င်းထက် သာလွန်သော ကိုယ်တော်၏အင်အားကို ၎င်းသည် ဘယ်သို့ လိုလိုလားလား ဦးညွှတ်နိုင်မည်နည်း။ ၎င်း၏ အကျည်းတန်းသော မျက်နှာသည် အဖြစ်ကိုအဖြစ်အတိုင်း ဖော်ထုတ်ခံရပြီးဖြစ်သည်၊ သို့ဖြစ်၍ လူတစ်ဦးအနေဖြင့် ရယ်ရမည်၊ ငိုရမည်ဆိုသည်ကို မသိသကဲ့သို့ ယင်းသည် ပြောဆိုဖို့ရန် အမှန်တကယ် ခက်ခဲလေသည်။ ဤသည်မှာ ၎င်း၏ အနှစ်သာရဖြစ်သည် မဟုတ်လော။ အကျည်းတန်သော ဝိညာဉ်ဖြင့်၊ ၎င်းသည် မယုံနိုင်လောက်အောင်ပင် လှပသည်ဟု ၎င်းက ယုံကြည်ဆဲဖြစ်သည်။ ပြစ်မှုထဲက ဤကြံရာပါ၇ အုပ်စု။ ကမ္ဘာလောကသည် ပြောင်းလဲလွယ်ပြီး မတည်တံ့သော နေရာဖြစ်လာကာ၊ လူသား၏ နှလုံးသားသည် ကြောက်လန့်မှုနှင့် စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်သည်အထိ ၎င်းတို့သည် အမှုအရာများကို အလွန် မွှေနှောက်ကြလျက်၊ ၎င်းတို့သည် အပျော်အပါး၌ မွေ့လျော်ရန်နှင့် ရုတ်ရုတ်သဲသဲဖြစ်စေဖို့၊ သေမျိုးဖြစ်သော နယ်ပယ်ထဲသို့ ဆင်းသက်လာကာ၊ ၎င်းတို့သည် လူသားကို အလွန်ကစားခဲ့ကြသည်မှာ လူသား၏ သွင်ပြင်သည် အလွန့်အလွန် အကျည်းတန်လျက် စိုက်ကွင်း၏ လူမဆန်သော သားရဲတစ်ကောင်၏ သွင်ပြင်ဖြစ်လာပြီးဖြစ်ကာ၊ ယင်းမှ မူလက သန့်ရှင်းသောလူ၏ နောက်ဆုံး အရိပ်အယောင်သည် ပျောက်ဆုံးသွားပြီးဖြစ်သည်။ ထို့အပြင်၊ ၎င်းတို့သည် ကမ္ဘာမြေပေါ်တွင် အချုပ်အခြာအာဏာကို သိမ်းပိုက်ရန်ပင် ဆန္ဒရှိကြ၏။ ၎င်းတို့သည် ဘုရားသခင်၏ အမှုကို အလွန် ပိတ်ဆို့ကြသည်မှာ အရှေ့သို့ နည်းနည်းမျှ တိုးရန် အနိုင်နိုင်ဖြစ်ပြီး၊ ၎င်းတို့သည် လူသားကို ကြေးနီနှင့် သံမဏိတံတိုင်းများတမျှ တင်းကျပ်စွာ ပိတ်ထား၏။ များစွာသော ဆိုးရွားသည့် အပြစ်များကို ကျူးလွန်ပြီး များစွာသော ကပ်ဘေးဒုက္ခများ ဖြစ်စေပြီးနောက်၊ ၎င်းတို့သည် ပြစ်တင်ဆုံးမခြင်းမှလွဲ၍ အခြားတစ်စုံတစ်ရာကို မျှော်လင့်နေကြသေး သလော။ မကောင်းဆိုးဝါးများနှင့် ဆိုးယုတ်သော ဝိညာဉ်များသည် ကမ္ဘာမြေပေါ်၌ အချိန်ကာလတစ်ခုကြာအောင် ဒေါသတကြီး လျှောက်ရမ်းနေခဲ့ပြီး ဘုရားသခင်၏အလိုနှင့် အပင်ပန်းခံ အားထုတ်မှုတို့ကို ပိတ်ပင်ထားခဲ့သည်မှာ ၎င်းတို့သည် ထွင်းဖောက် မရနိုင်ပေ။ အမှန်ပင်၊ ဤသည်မှာ သေထိုက်သော အပြစ်ပါတကား။ ဘုရားသခင်သည် အဘယ်သို့ မစိုးရိမ်ဘဲနှင့် နေနိုင်မည်နည်း။ ဘုရားသခင်သည် အဘယ်သို့ အမျက်ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏အမှုကို ဆိုးရွားစွာ တားဆီးပြီး ဆန့်ကျင်ခဲ့ကြသည်။ ပုန်ကန်လိုက်လေတကား။ မကောင်းဆိုးဝါး ကြီးငယ်တို့သည်ပင် ခြင်္သေ့နောက် ထပ်ကျပ်မခွာလိုက်သည့် ခွေးအများကဲ့သို့ ပြုမူကြပြီး ၎င်းတို့ သွားကြသည်နှင့်အမျှ အတားအဆီးများကို ဖန်တီးရင်း ဆိုးယုတ်သော ရေစီးကြောင်းနောက် လိုက်ကြလေသည်။ သမ္မာတရားကို သိလျက်၊ ၎င်းတို့သည် သမ္မာတရားကို တမင်သက်သက် ဆန့်ကျင်ကြသည်၊ အဓမ္မလူများပါတကား။ ဤသည်မှာ ယခုတွင် ၎င်းတို့၏ ငရဲဘုရင်သည် မင်းမြောက်ပလ္လင်သို့ တက်ကြွခဲ့ပြီး ၎င်းတို့သည် အခြားသူများ အားလုံးကို အထင်အမြင်သေးခြင်းဖြင့် ဆက်ဆံရင်း ဘဝင်ခိုက် လာကြပြီး မိမိဘာသာ အားရကျေနပ်လာကြသည့်အလား ဖြစ်သည်။ ၎င်းတို့ထဲတွင် မည်မျှသည် သမ္မာတရားကို ရှာဖွေပြီး ဖြောင့်မတ်ခြင်းတရားကို လိုက်လျှောက်ကြသနည်း။ ၎င်းတို့ အားလုံးသည် ဘဝင်ခိုက်ကာ ကိုယ်ကျောကိုယ်သပ်ခြင်းဖြင့် ၎င်းတို့၏ ဦးခေါင်းများကို လှုပ်ယမ်းရင်းနှင့် ဒုက္ခပြဿနာမျိုးစုံကို လှုံ့ဆော်ရင်း၈ ဝက်များနှင့် ခွေးများထက် သာ၍မကောင်းသည့် နောက်ချေးပုံအလယ်တွင် နံဟောင်သော ယင်ကောင်တစ်အုပ်ကို ဦးဆောင်သော သားရဲများ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့ ကိုယ်တိုင်က နံဟောင်သော ယင်ကောင်များထက် မပိုသည်ကို မသိသလောက်ဖြစ်လျက်၊ ၎င်းတို့၏ ငရဲဘုရင်သည် အားလုံးထဲမှ အကြီးမြတ်ဆုံးသော ရှင်ဘုရင်ဖြစ်သည်ဟု ယုံကြည်ကြလေသည်။ သို့သော်လည်း ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကို အပုပ်ချဖို့ မိမိတို့၏မိဘများအဖြစ် ရှိနေကြသည့် ဝက်များနှင့် ခွေးများ၏ တန်ခိုးအာဏာကို အသုံးချကြသေးသည်။ အလွန်သေးငယ်သော ယင်ကောင်များအနေဖြင့်၊ ၎င်းတို့သည် ၎င်းတို့၏မိဘများကို ဝေလငါးပြာများ၉ တမျှ ကြီးမားသည်ဟု ထင်မြင်ကြသည်။ ၎င်းတို့ကိုယ်တိုင်က သေးငယ်လှသော်လည်း၊ ၎င်းတို့၏မိဘများမှာ ၎င်းတို့ထက် အဆသန်းရာပေါင်းများစွာ သာ၍ကြီးမားသော မသန့်ရှင်းသည့် ဝက်များနှင့်ခွေးများ ဖြစ်သည်ကို မသိသလောက် ဖြစ်သည်။ မိမိတို့ကိုယ်တိုင်၏ နိမ့်ကျခြင်းကို သတိမမူဘဲလျက်၊ ၎င်းတို့သည် အနာဂတ်မျိုးဆက်များကို ပေါက်ပွားစေရန် အချည်းနှီး စဉ်းစားရင်း၊ အရှက်ရခြင်းကို သတိမမူဘဲ ဒေါသတကြီး လျှောက်ရမ်းဖို့ ထိုဝက်များနှင့် ခွေးများမှ ထွက်သော ပုပ်ပွသည့် အနံ့ဆိုးအပေါ် အားထားလေသည်။ ၎င်းတို့၏ ကျောပေါ်တွင် တောင်ပံစိမ်းများဖြင့်၊ (ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သည်ဟု ၎င်းတို့ အခိုင်အမာဆိုခြင်းကို ရည်ညွှန်း၏)၊ ၎င်းတို့သည် သွေးနားထင်ရောက်ကြပြီး၊ နေရာတကာတွင် မိမိတို့၏ အလှတရားနှင့် ဆွဲဆောင်မှုတို့ကို ကြွားဝါကြသော်လည်း၊ မိမိတို့ ကိုယ်တိုင်၏ ခန္ဓာကိုယ်များပေါ်က မစင်ကြယ်မှုများကို လူသားအပေါ်သို့ လျှို့ဝှက်စွာ ပစ်ကြလေသည်။ ထို့အပြင်၊ ၎င်းတို့ကိုယ်တိုင်၏ မစင်ကြယ်မှုများကို ဖုံးကွယ်ရန် သက်တံရောင် တောင်ပံတစ်စုံကို ၎င်းတို့ အသုံးပြုနိုင်ကြသည့်အလား၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်နှင့်ပတ်သက်၍ အလွန့်အလွန် ကျေနပ်နေကြပြီး၊ ဤနည်းများဖြင့် ၎င်းတို့သည် စစ်မှန်သော ဘုရားသခင်၏ တည်ရှိခြင်းအပေါ် သူတို့၏ ဖိနှိပ်ခြင်းကို ယူဆောင်လာကြလေသည် (ဤသည်မှာ ဘာသာရေးလောကထဲက ဖြစ်အင်များနောက်ကွယ်တွင် ဖြစ်နေသည့်အရာကို ရည်ညွှန်းသည်)။ ယင်ကောင်တစ်ကောင်၏ တောင်ပံများသည် နှစ်သက်ကြည်နူးဖွယ် လှပသလောက်၊ ယင်ကောင်ကိုယ်၌ကမူ နောက်ဆုံးတွင် အညစ်အကြေးများ နှင့်ပြည့်သော ဝမ်းဗိုက်နှင့် ရောဂါပိုးများနှင့် ဖုံးလွှမ်းနေသည့် ခန္ဓာကိုယ်ဖြင့် သေးငယ်သည့် သတ္တဝါတစ်ကောင်ထက် ဘာမျှ မပိုသည်ကို လူသားသည် မည်သို့သိမည်နည်း။ မိဘများအနေဖြင့် ၎င်းတို့၌ရှိကြသည့် ဝက်များနှင့်ခွေးများ၏ ခွန်အားကိုမှီ၍၊ ၎င်းတို့သည် နယ်မြေတစ်လျှောက် ၎င်းတို့၏ ကြမ်းကြုတ်ရက်စက်မှုတွင် အထိန်းအကွပ်မဲ့လျက် ဒေါသတကြီး ပတ်ရမ်းကြလေသည် (ဤသည်မှာ စစ်မှန်သောဘုရားသခင်နှင့် သမ္မာတရားကို ပုန်ကန်ဖို့ ဘုရားသခင်ကို နှိပ်စက်ညှဉ်းပန်းသည့် ဘာသာရေး အရာရှိများက တိုင်းနိုင်ငံအစိုးရ၏ အားကောင်းသော အထောက်အပံ့ကို အမှီပြုသည့် နည်းလမ်းကို ရည်ညွှန်း၏)။ ယင်းမှာ ယုဒလူမျိုး ဖာရိရှဲတို့၏ တစ္ဆေများသည် ဘုရားသခင်နှင့်အတူ အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံ၊ ၎င်းတို့၏ အသိုက်ဟောင်းဆီသို့ ပြန်လာကြခဲ့သည့်အလား ဖြစ်သည်။ ၎င်းတို့သည် လွန်ခဲ့သော နှစ်ထောင်ပေါင်း အချို့က ၎င်းတို့၏ အလုပ်ကို ပြန်လည်လုပ်ကိုင်ရင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း နောက်တစ်လှည့်ကို စတင်ကြပြီ ဖြစ်သည်။ ဤအကျင့်ပျက်အုပ်စုသည် အဆုံးတွင် ကမ္ဘာမြေပေါ်၌ ပျက်စီးကြဖို့ သေချာ၏။ နှစ်ထောင်ပေါင်းအချို့ကြာပြီးနောက်၊ မသန့်ရှင်းသော ဝိညာဉ်များသည် သာ၍ပင် ကောက်ကျစ်လာပြီး လှည့်ဖြားတတ်လာပုံ ရလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုကို တိတ်တဆိတ် လျော့ပါးစေဖို့ နည်းလမ်းများကို စဉ်ဆက်မပြတ် တွေးတော နေကြသည်။ လှည့်စားမှုများနှင့် မာယာပေါများစွာဖြင့်၊ ၎င်းတို့သည် ဘုရားသခင်ကို အော်ဟစ်လုနီးပါးဖြစ်သည်အထိ ဆွပေးရင်း၊ လွန်ခဲ့သော နှစ်ထောင်ပေါင်းအချို့က အဖြစ်ဆိုးကို ၎င်းတို့၏ မွေးရပ်ဌာနေတွင် ပြန်လည်လုပ်ဆောင်ရန် ဆန္ဒရှိကြလေသည်။ ၎င်းတို့ကို အမြစ်ဖြတ်သုတ်သင်ခြင်းငှာ ဘုရားသခင်သည် တတိယကောင်းကင်ဘုံသို့ ပြန်ကြွမသွားဖို့ရန် မိမိကိုယ်ကိုယ် မနည်းထိန်းနေရ၏။ လူသားသည် ဘုရားသခင်ကို ချစ်ရန်အတွက်၊ သူသည် ဘုရားသခင်၏ အလိုကို သဘောပေါက်ရမည်၊ သူ၏ဝမ်းမြောက်မှုများနှင့် ဝမ်းနည်းခြင်းများကို သိရှိရမည်ဖြစ်ပြီး၊ သူစက်ဆုပ်သည့်အရာ မည်သည့်အရာဖြစ်သည်ကို နားလည်ရမည် ဖြစ်သည်။ ဤအရာကို လုပ်ဆောင်ခြင်းသည် လူသား၏ ဝင်ရောက်ခြင်းကို သာ၍ စေ့ဆော်လိမ့်မည်။ ဘုရားသခင်၏ အလိုဆန္ဒ အောင်မြင်ခြင်းသို့ ရောက်ရှိနိုင်ဖို့အလို့ငှာ၊ လူသား၏ ဝင်ရောက်မှု မြန်ဆန်လေလေ၊ ဘုရားသခင်၏ အလိုသည် မြန်မြန် ဖြည့်ဆည်းခံရလေလေ ဖြစ်ပြီး၊ လူသားသည် နတ်ဆိုးတို့၏ ရှင်ဘုရင်ကို ရှင်းလင်းစွာ ရိပ်စားမိလေလေ ဖြစ်ကာ ဘုရားသခင်ထံ ချဉ်းကပ်လေလေ ဖြစ်သည်။
အောက်ခြေမှတ်စု(များ)-
၁။ လူတို့အနေဖြင့် မိမိတို့၏ အသိပညာ၊ ယဉ်ကျေးမှုနှင့် ဝိညာဉ်ရေးရာ အမြင်များ တင်းကျပ်လွန်းသည်ကို ဆိုလိုရင်း၊ “မပျက်စီးနိုင်သောအရာ” ကို ဤနေရာတွင် သရော်သည့်စကားအဖြစ် ရည်ရွယ်သည်။
၂။ “ပညတ်တရား လက်လှမ်းမမီသည့်ပြင်ပတွင် လွတ်လွတ်လပ်လပ် သွားလာစဉ်တွင်” ဆိုသည်မှာ နတ်ဆိုးက ဒေါသပေါက်ကွဲပြီး လျှောက်ရမ်းသည်ကို ဖော်ညွှန်းပါသည်။
၃။ “လုံးလုံး ဖရိုဖရဲ” ဆိုသည်မှာ မာရ်နတ်၏ ကြမ်းကြုတ်သော အပြုအမူသည် မြင်ရန် မခံမရပ်နိုင်စရာ ဖြစ်ပုံကို ရည်ညွှန်းသည်။
၄။ “ပွန်းပဲ့ကာ ရိုက်ချိုးခံရပြီး” ဆိုသည်မှာ နတ်ဆိုးတို့၏ရှင်ဘုရင်၏ အကျည်းတန်သော မျက်နှာကို ရည်ညွှန်းသည်။
၅။ “အန်စာတစ်ချက်ပစ်ကာ အရာရာကို လောင်းကြေးထပ်ရင်း” ဆိုသည်မှာ နောက်ဆုံးတွင် အနိုင်ရခြင်းငှာ မျှော်လင့်ချက်များဖြင့် လောင်းကြေးတစ်ခုတွင် မိမိ၏ ရှိသမျှငွေကို ပုံအောခြင်းဟု ဆိုလိုသည်။ ဤသည်မှာ နတ်ဆိုး၏ မကောင်းသည့် ယုတ်မာသော အကြံအစည်များအတွက် တင်စားမှုတစ်ခု ဖြစ်သည်။ ဤစကားအသုံးအနှုန်းကို သရော်သည့်အနေဖြင့် သုံးထားပေသည်။
၆။ “ဝါးမျို” ဆိုသည်မှာ လူတို့ကို အလုံးစုံ အဓမ္မပြုသော နတ်ဆိုးတို့ ရှင်ဘုရင်၏ ကြမ်းကြုတ်သည့် အပြုအမူကို ရည်ညွှန်းသည်။
၇။ “ပြစ်မှုထဲက ဤကြံရာပါ” ဆိုသည်မှာ “လူရမ်းကားတစ်သိုက်” နှင့် အမျိုးအစားတူသည်။
၈။ “ဒုက္ခပြဿနာမျိုးစုံကို လှုံ့ဆော်ရင်း” ဆိုသည်မှာ မာရ်နတ်နှင့်ဆိုင်သော လူတို့သည် ဘုရားသခင်၏ အမှုကို ဟန့်တားကာ ဆန့်ကျင်ရင်း မည်သို့ သောင်းကျန်းကြမ်းတမ်းပုံကို ရည်ညွှန်းသည်။
၉။ "ဝေလငါးပြာများ” ဆိုသည်မှာ သရော်သည့်အနေဖြင့် သုံးထားခြင်း ဖြစ်သည်။ ယင်ကောင်များသည် သေးငယ်လွန်းလှသည်မှာ ဝက်များနှင့် ခွေးများသည် ၎င်းတို့အတွက် ဝေလငါးများတမျှ ကြီးမားပုံကို တင်စားခြင်း ဖြစ်သည်။
က။ စာအုပ်လေးအုပ်နှင့် ဂန္တဝင်ကျမ်းငါးကျမ်းတို့သည် တရုတ်နိုင်ငံတွင် အားထားရသော ကွန်ဖြူးရှပ်ဝါဒ စာအုပ်များဖြစ်သည်။