အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)

ဘုရားသခင်၏ သန့်ရှင်းခြင်း (၁)

ငါတို့၏ နောက်ဆုံး အစည်းအဝေးအတွင်းတွင် ဘုရားသခင်၏ သြဇာအာဏာနှင့် ပတ်သက်သည့် နောက်ထပ် မိတ်သဟာယ အချို့ကို ငါတို့ ပြုခဲ့ကြသည်။ ယခုတွင်၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအကြောင်းကို ငါတို့ ဆွေးနွေးနေမည်မဟုတ်။ ယနေ့ ငါတို့ ဆွေးနွေးနေမည့်အရာသည် လုံးဝ ခေါင်းစဉ်အသစ် တစ်ခုဖြစ်သည့်- ဘုရားသခင်၏ သန့်ရှင်းခြင်း ဖြစ်သည်။ ဘုရားသခင်၏ သန့်ရှင်းခြင်းသည် ဘုရားသခင်၏ အတုမရှိသော အနှစ်သာရ၏ နောက်ထပ် သွင်ပြင်လက္ခဏာတစ်ခုဖြစ်သည်၊ ထို့ကြောင့် ဤခေါင်းစဉ်အကြောင်း ငါတို့ မိတ်သဟာယပြုသည်မှာ အရေးပါလှသည်။ ငါသည် ယခင်က ဘုရားသခင်၏ အနှစ်သာရနှင့် သက်ဆိုင်သော အခြားသွင်ပြင်လက္ခဏာနှစ်ခု- ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့် ဘုရားသခင်၏ သြဇာအာဏာတို့အကြောင်းကို မိတ်သဟာယပြုခဲ့သည်။ ဤသွင်ပြင်လက္ခဏာများနှင့် ယနေ့ ငါ မိတ်သဟာယပြုမည့် သွင်ပြင်လက္ခဏာသည် အားလုံး အတုမရှိဖြစ်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်၏ သန့်ရှင်းခြင်းသည်လည်း အတုမဲ့ဖြစ်သည်၊ ထို့ကြောင့် ယနေ့ ငါတို့၏ မိတ်သဟာယအတွက် အဓိကဆိုလိုရင်းသည် ဤအတုမရှိခြင်း၏ အခြေခံနှင့် အရင်းအမြစ်တို့ ပါဝင်သည့်အရာ ဖြစ်သည်။ ယနေ့တွင် ဘုရားသခင်၏ အတုမရှိ အနှစ်သာရဖြစ်သည့် သူ၏ သန့်ရှင်းခြင်းအကြောင်းကို ငါတို့ မိတ်သဟာယပြုကြမည်။ သင်တို့ထဲမှ အချို့သည် ဒွိဟအချို့ရှိကောင်းရှိမည်ဖြစ်ပြီး၊ “ဘုရားသခင်၏ သန့်ရှင်းခြင်းအကြောင်းကို ငါတို့ အဘယ်ကြောင့် မိတ်သဟာယပြုသင့်သနည်း။” ဟု မေးနေကြ၏။ စိတ်မပူနှင့်၊ သင်တို့ကို ငါအစမှအဆုံး ပြောပြသွားမည်။ ငါပြောရမည့်အရာကို သင်တို့ ကြားပြီးသည်နှင့်တစ်ပြိုင်နက်၊ ဤခေါင်းစဉ်နှင့်ပတ်သက်၍ မိတ်သဟာယပြုဖို့ ငါ့အတွက် အဘယ်ကြောင့် အလွန် လိုအပ်သည်ကို သင်တို့သိကြလိမ့်မည်။

ပထမဦးစွာ၊ “သန့်ရှင်း” ဟူသည့် စကားလုံးကို အဓိပ္ပာယ် ဖွင့်ကြစို့။ သင်တို့၏ အမြင်နှင့် သင်တို့ ရရှိကြပြီးဖြစ်သည့် အသိပညာအားလုံးကို အရင်းခံ၍၊ “သန့်ရှင်း” ဟူသည့် အရာ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို မည်သည့်အရာဖြစ်သည်ဟု သင် နားလည်ပါသနည်း။ (“သန့်ရှင်း” ဆိုသည်မှာ အစွန်းအထင်း မရှိသည့်အရာ၊ လူသား ဖောက်ပြန်ပျက်စီးခြင်း သို့မဟုတ် အပြစ်အနာအဆာများ လုံးဝ မရှိခြင်းကို ဆိုလိုသည်။ အတွေးထဲ၌ ဖြစ်စေ၊ အပြော သို့မှမဟုတ် အလုပ်၌ဖြစ်စေ၊ သန်ရှင်းခြင်းသည် အပြုသဘောဆောင်သော အရာအားလုံးကို ထင်ဟပ်လေသည်။) အလွန်ကောင်းပေ၏။ (“သန့်ရှင်း” ဆိုသည်မှာ ဘုရားသဘောသဘာဝ၊ မစွန်းထင်းသည့်အရာ၊ လူသားက ပုန်ကန်ပြစ်မှား၍ မရနိုင်သည့် အရာဖြစ်သည်။ ယင်းသည် အတုမရှိဖြစ်သည်၊ ဘုရားသခင် တစ်ပါးတည်းနှင့် သက်ဆိုင်ပြီး သူ၏ သင်္ကေတဖြစ်သည်။) ဤသည်မှာ သင်တို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်သည်။ လူအသီးသီး၏ စိတ်နှလုံးထဲတွင် “သန့်ရှင်း” ဟူသည့် ဤစကားလုံးသည် အတိုင်းအတာ တစ်ခု၊ အဓိပ္ပာယ်ဖွင့်ဆိုချက် တစ်ခုနှင့် အနက်ဖွင့်ချက်တစ်ခုတို့ ရှိလေသည်။ အနည်းဆုံးအနေဖြင့် “သန့်ရှင်း” ဟူသည့် စကားလုံးကို သင်တို့ တွေ့သည့်အခါ၊ သင်တို့၏စိတ်များသည် ဗလာမဖြစ်ပေ။ သင့်၌ဤစကားလုံးအတွက် အဓိပ္ပာယ်ဖွင့်ဆိုချက် အတိုင်းအတာ တစ်ခုခု ရှိပြီး၊ လူတချို့၏ ဆိုရိုးများသည် ဘုရားသခင်၏ စိတ်သဘောထားနှင့်ပတ်သက်သည့် အနှစ်သာရကို အဓိပ္ပာယ်ဖွင့်ဆိုသည့် ဆိုရိုးများနှင့် အတော်အတန် နီးစပ်လေသည်။ ဤသည်မှာ အလွန်ကောင်းပေသည်။ လူအများစုက “သန့်ရှင်း” ဟူသည့် စကားလုံးကို အပြုသဘောဆောင်သည့်စကားလုံးတစ်ခုအဖြစ် ယုံကြည်ကြပြီး ဤသည်မှာ သေချာပေါက် မှန်ကန်ပေသည်။ သို့သော် ယနေ့တွင်၊ ငါတို့သည် ဘုရားသခင်၏ သန့်ရှင်းခြင်းအကြောင်း မိတ်သဟာယ ပြုကြသည်နှင့်အမျှ၊ ငါသည် အဓိပ္ပာယ်ဖွင့်ဆိုချက်များ သို့မဟုတ် ရှင်းပြချက်များကိုမျှ ပြောဆိုနေမည်မဟုတ်။ ယင်းအစား ဘုရားသခင် သန့်ရှင်းသည်ဟု ငါအဘယ်ကြောင့် ပြောရသည် ဆိုသည်နှင့် ဘုရားသခင်၏ အနှစ်သာရကို ဖော်ပြရန် “သန့်ရှင်း” ဟူသည့် စကားလုံးကို ငါအဘယ်ကြောင့် အသုံးပြုရသည်ကို သင့်အား ပြသရန် အမှန်တရားများကို သက်သေအဖြစ် ငါ တင်ပြမည်။ ငါတို့၏ မိတ်သဟာယပြုမှု ပြီးဆုံးသွားသည့်အချိန်တွင်၊ ဘုရားသခင်၏ အနှစ်သာရကို အဓိပ္ပာယ်ဖွင့်ဆိုရန်နှင့် ဘုရားသခင်ကို ရည်ညွှန်းရာတွင် “သန့်ရှင်း” ဟူသည့် စကားလုံးကို အသုံးပြုခြင်းသည် အပြည့်အဝ ခိုင်လုံပြီး အသင့်လျော်ဆုံး ဖြစ်သည်ကို သင်ခံစားရလိမ့်မည်။ အနည်းဆုံးအနေဖြင့်၊ လူသားတို့၏ လက်ရှိဘာသာစကားအရ၊ ဘုရားသခင်ကို ရည်ညွှန်းရန် ဤစကားလုံးကို အသုံးပြုခြင်းသည် အထူးသဖြင့် ဆီလျော်သည်- လူသား ဘာသာစကား၏ စကားလုံးများ အားလုံးထဲမှ ထိုစကားလုံးသည်သာလျှင် ဘုရားသခင်ကို ရည်ညွှန်းရန် လုံးဝ သင့်တော်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။ ဤစကားလုံးသည် ဘုရားသခင်ကို ရည်ညွှန်းရန် အသုံးပြုသည့်အခါတွင်၊ အနှစ်မဲ့သော စကားလုံး မဟုတ်သကဲ့သို့၊ အခြေအမြစ်မရှိသည့် ချီးကျူးခြင်း သို့မဟုတ် အနှစ်မဲ့သည့် မြှောက်လုံးပင့်လုံး မဟုတ်ပေ။ ငါတို့မိတ်သဟာယ၏ ရည်ရွယ်ချက်မှာ ဘုရားသခင့် အနှစ်သာရနှင့်သက်ဆိုင်သည့် ဤသွင်ပြင်လက္ခဏာ၏ အမှန်တရားကို လူတိုင်း သတိပြုခွင့် ပေးရန် ဖြစ်သည်။ ဘုရားသခင်သည် လူ၏ သိနားလည်မှုကို မစိုးရိမ်ပေ၊ သို့သော် လူ၏ နားလည်မှုလွဲခြင်းကိုသာ စိုးရိမ်ခြင်း ဖြစ်သည်။ သူ၏အနှစ်သာရနှင့် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းကို အယောက်စီတိုင်း သိရှိဖို့ ဘုရားသခင် ဆန္ဒရှိ၏။ ထို့ကြောင့် ဘုရားသခင့် အနှစ်သာရ၏ သွင်ပြင်လက္ခဏာတစ်ခုကို ငါတို့ ပြောဆိုသည့် အခါတိုင်းတွင်၊ ဘုရားသခင်၏ အနှစ်သာရနှင့်သက်ဆိုင်သည့် ဤသွင်ပြင်လက္ခဏာ အမှန်တကယ် တည်ရှိသည်ကို လူတို့အား သိမြင်ခွင့်ပေးရန် အချက်အလက် များစွာကို ငါတို့ အားကိုးနိုင်သည်။

ယခု “သန့်ရှင်း” ဟူသည့် စကားလုံး၏ အဓိပ္ပာယ် ဖွင့်ဆိုချက်တစ်ခု ငါတို့တွင် ရှိပြီဖြစ်သည့်အတွက်၊ ဥပမာအချို့ကို ဆွေးနွေးကြစို့။ လူတို့၏ အယူအဆများတွင်၊ ၎င်းတို့သည် အမှုအရာများစွာနှင့် လူများစွာတို့ကို “သန့်ရှင်း” မည်ဟု စိတ်ကူးမိကြသည်။ ဥပမာအားဖြင့်၊ လူသားမျိုးနွယ်၏ အဘိဓာန်များတွင် လူပျိုယောက်ျားလေးများနှင့် အပျိုမိန်းကလေးများကို သန့်ရှင်းသကဲ့သို့ အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ သို့သော် ၎င်းတို့သည် အမှန်တကယ် သန့်ရှင်းကြသလော။ ဤ “သန့်ရှင်း” သည်ဟု ခေါ်ဆိုကြသည့် အရာနှင့် ယနေ့ ငါတို့ မိတ်သဟာယပြုမည့် “သန့်ရှင်း” ဟူသည့်အရာသည် တစ်ခုတည်း ဖြစ်သလော။ ခန့်ညားပြီး ယဉ်ကျေးသော အပြောအဆိုရှိသူ၊ မည်သူ့ကိုမျှ မနာကျင်စေဖူးသည့်သူနှင့် ၎င်းတို့ ပြောဆိုသည့် စကားများဖြင့် သူတစ်ပါးကို စိတ်လက်ချမ်းသာစေပြီး နှစ်သက်ဖွယ်ဖြစ်စေသည့် ကိုယ်ကျင့်တရားများ ကောင်းမွန်သူများ ထဲမှ လူများ- ၎င်းတို့သည် သန့်ရှင်းကြသလော။ ကောင်းသည့်အရာကို မကြာခဏလုပ်ကြပြီး မရှိဆင်းရဲသားများကို ရက်ရောတတ်သကဲ့သို့၊ သူတစ်ပါးကို ကြီးစွာ အထောက်အပံ့ပေးသည့် သူများ၊ လူများ၏ အသက်တာများထဲသို့ ပျော်ရွှင်မှုများစွာ ဆောင်ကြဉ်းသည့် သူများ- ၎င်းတို့ သန့်ရှင်းကြသလော။ ကိုယ်ကျိုးဖက်သည့် အတွေးများကို မသိုထားသည့်သူများ၊ မည်သူတစ်ဦးတစ်ယောက်အပေါ်မျှ ပြင်းထန်သည့် တောင်းဆိုမှုများ မထားရှိသူများနှင့် မည်သူကိုမဆိုအား သည်းခံသောသူများ- ၎င်းတို့သည် သန့်ရှင်းကြသလော။ မည်သူနှင့်မျှ လုံးဝ ခိုက်ရန်ဖြစ်ခြင်းမရှိ၊ သို့မဟုတ် မည်သူ့ကိုမျှ အခွင့်အရေးမယူတတ်သူများ- ၎င်းတို့သည် သန့်ရှင်းကြသလော။ ပြီးလျှင် သူတစ်ပါး ကောင်းကျိုးအတွက် အလုပ်လုပ်သောသူများ၊ တခြားသူများကို အကျိုးပြုပြီး နည်းလမ်းတိုင်းဖြင့် အခြားသူများကို တည်ဆောက်မှု ယူဆောင်ပေးသူများ- ၎င်းတို့သည် သန့်ရှင်းကြသလော။ မိမိတို့၏ တစ်ဘဝလုံး ရှာဖွေစုဆောင်းထားသည်များအားလုံးကို အခြား သူများအား ပေးပစ်ပြီး ရိုးရှင်းသည့် ဘဝတစ်ခုကို အသက်ရှင်ကြသူများ၊ မိမိတို့ကိုယ်ကိုယ် စည်းကမ်း ကြပ်မတ်သော်လည်း၊ အခြားသူများကို လွတ်လွတ်လပ်လပ် ဆက်ဆံသည့်သူများ- ၎င်းတို့သည် သန့်ရှင်းကြပါသလော။ (မသန့်ရှင်းကြပါ။) သင်တို့၏ မိခင်များသည် သင်တို့ကို မည်သို့ ပြုစုစောင့်ရှောက်ခဲ့ပြီး စိတ်ကူးနိုင်သမျှနည်းလမ်းတိုင်းဖြင့် ကြည့်ရှုစောင့်ရှောက်ခဲ့သည်ကို သင်တို့အားလုံး မှတ်မိကြ၏- ၎င်းတို့သည် သန့်ရှင်းကြသလော။ ကျော်ကြားသည့် လူများဖြစ်စေ၊ နာမည်ကျော်များ သို့မဟုတ် ကြီးမြတ်သည့် လူများဖြစ်စေ၊ သင်တို့မြတ်နိုးကြသည့် အသည်းကြော်များ- ၎င်းတို့သည် သန့်ရှင်းကြသလော။ (မသန့်ရှင်းကြပါ။) လူများစွာက မသိကြသည့် အနာဂတ်နှင့် ပတ်သက်သည့် အရာများကို ပြောဆိုနိုင်ခဲ့ကြသည့် သမ္မာကျမ်းစာထဲက ပရောဖက်များကို ယခုကြည့်ကြစို့- ဤလူများသည် သန့်ရှင်းခဲ့ကြပါသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏ အမှုနှင့် သက်ဆိုင်သည့် အချက်အလက်များကို သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်နိုင်ခဲ့ကြသည့် လူများ- ၎င်းတို့သည် သန့်ရှင်းခဲ့ကြသလော။ မောရှေသည် သန့်ရှင်းခဲ့သလော။ အာဗြဟံသည် သန့်ရှင်းခဲ့သလော။ (မသန့်ရှင်းခဲ့ပါ။) ယောဘရော အဘယ်သို့နည်း။ သူသည် သန့်ရှင်းခဲ့သလော။ (မသန့်ရှင်းခဲ့ပါ။) ဖြောင့်မတ်သောသူဟု ဘုရားသခင်၏ ခေါ်ဆိုခြင်းကို ယောဘ ခံခဲ့ရ၏၊ ထို့ကြောင့် သူ့ကိုပင်လျှင် မသန့်ရှင်းပါဟု အဘယ်ကြောင့် ဆိုရသနည်း။ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သောလူတို့သည် အမှန်တကယ် မသန့်ရှင်းကြပါသလော။ ၎င်းတို့သည် သန့်ရှင်းကြသလော သို့မဟုတ် မသန့်ရှင်းကြသလော။ (မသန့်ရှင်းကြပါ။) သင်တို့သည် အနည်းငယ် မရေမရာဖြစ်ကြသည်၊ သင်တို့သည် အဖြေကို မသေချာကြသကဲ့သို့၊ “သန့်ရှင်းခြင်းမရှိ” ဟု မပြောဝံ့ကြဘဲ၊ “သန့်ရှင်းသည်” ဟုလည်း မပြောဝံ့ကြပေ၊ ထို့ကြောင့် နောက်ဆုံးတွင် စိတ်မပါ့တပါဖြင့် “သန့်ရှင်းခြင်းမရှိ” ဟု သင်တို့ ဆိုကြလေသည်။ နောက်ထပ် မေးခွန်းတစ်ခုကို ငါမေးပါရစေ။ ကမ္ဘာမြေသို့ ဘုရားသခင် စေလွှတ်သည့် တမန်များဖြစ်သော ဘုရားသခင်၏ စေတမန်များ- ၎င်းတို့သည် သန့်ရှင်းကြပါသလော။ ကောင်းကင်တမန်များသည် သန့်ရှင်းကြပါသလော။ (မသန့်ရှင်းကြပါ။) စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံခဲ့ရသည့် လူသားမျိုးနွယ်- ၎င်းတို့သည် သန့်ရှင်းကြပါသလော။ (မသန့်ရှင်းကြပါ။) သင်တို့သည် မေးခွန်းတိုင်းကို “မသန့်ရှင်းပါ” ဟုသာ ဖြေမြဲဖြေနေကြသည်။ မည်သည့်အခြေခံအကြောင်းအရင်းအရ ဖြစ်ပါသနည်း။ သင်တို့ စိတ်ရှုပ်ထွေးနေကြ၏၊ ဟုတ်သည် မဟုတ်လော။ ထို့ကြောင့် ကောင်းကင်တမန်များကိုပင်လျှင် အဘယ်ကြောင့် သန့်ရှင်းခြင်းမရှိဟု ဆိုရသနည်း။ ယခု သင်တို့ မရေမရာ ဖြစ်နေကြသည်၊ ဟုတ်သည်မဟုတ်လော။ သို့ဆိုလျှင် ယခင်က ငါတို့ပြောဆိုခဲ့သည့် လူများ၊ အမှုအရာများ သို့မဟုတ် ဖန်ဆင်းမခံထားရသော သတ္တဝါများသည် မည်သည့်အခြေခံ အကြောင်းအရင်းအရ မသန့်ရှင်းကြသည်ကို သင်တို့ ဖော်ထုတ်နိုင်ပါသလော။ သင်တို့မဖော်ထုတ်နိုင်သည်မှာ ငါ သေချာသည်။ သို့ဆိုလျှင် သင်တို့၏ “မသန့်ရှင်းပါ” ဟူသည့် စကားသည် အနည်းငယ် တာဝန်မဲ့နေသည် မဟုတ်လော။ သင်တို့သည် ကျိုးကြောင်းမမြင်ဘဲ ဖြေနေကြသည် မဟုတ်လော။ တချို့လူများက- “သင်၏ မေးခွန်းကို ဤနည်းဖြင့် စီကုံးသည့်အတွက်၊ အဖြေမှာ သေချာပေါက် ‘မသန့်ရှင်းပါ’ ဖြစ်ရပေမည်” ဟု တွေးဆနေကြသည်။ နှုတ်ပေါ့လွန်းသော အဖြေများကို ငါ့အား မပေးကြနှင့်။ အဖြေက “သန့်ရှင်းသည်” သို့မဟုတ် “မသန်ရှင်းပါ” ဆိုသည်ကို သေချာ စဉ်းစားကြလော့။ နောက်လာမည့် အကြောင်းအရာကို ငါတို့ မိတ်သဟာယပြုသည်နှင့်တစ်ပြိုင်နက်၊ အဖြေက အဘယ်ကြောင့် “မသန့်ရှင်းပါ” ဖြစ်သည်ကို သင်တို့ သိကြလိမ့်မည်။ မကြာမီတွင် သင်တို့ကို ငါအဖြေပေးမည်။ ပထမဦးစွာ၊ ကျမ်းစာကို ဖတ်ကြည့်ကြစို့။

၁။ လူသားထံ ယေဟောဝါ ဘုရားသခင်၏ အမိန့်

ကမ္ဘာဦးကျမ်း ၂:၁၅-၁၇ ထိုအခါ ယေဟောဝါ ဘုရားသခင်သည် လူကိုယူပြီး ဧဒင်ဥယျာဉ်ထဲတွင် ပြုစုစောင့်ရှောက်စေရန် ထားတော်မူ၏။ ယေဟောဝါဘုရားသခင်က ဥယျာဉ်ထဲရှိသည့် ခပ်သိမ်းသောအပင်တို့ကို သင်သည် လွတ်လပ်စွာ စားသုံး နိုင်၏။ သို့သော် အကောင်း၊ အဆိုး သိကျွမ်းရာအပင်ကို သင်သည် မစားရ။ သင်စားသောနေ့တွင် ဧကန်မုချ သေရမည်ဟု လူကို အမိန့်ပေးတော်မူ၏။

၂။ လူမိန်းမကို မြွေ၏ သွေးဆောင်ဖြားယောင်းခြင်း

ကမ္ဘာဦးကျမ်း ၃:၁-၅ ယခုတွင်၊ မြွေသည် ယေဟောဝါ ဘုရားသခင် ဖန်ဆင်းတော်မူသော မြေပေါ်ရှိ မည်သည့်တိရစ္ဆာန်မဆိုထက် ပိုမို လိမ္မာပါးနပ်လေသည်။ သူက လူမိန်းမထံ၊ ဥယျာဉ်ထဲမှ အပင်တိုင်းကို သင်တို့ မစားရဟု အမှန်စင်စစ် ဘုရားသခင် မိန့်တော်မူခဲ့သလောဟု မေးလေသည်။ လူမိန်းမကလည်း၊ ကျွန်မတို့သည် ဥယျာဉ်ထဲရှိ အပင်များ၏ အသီးများကို စားသုံးနိုင်ကြပါ၏၊ သို့သော်၊ ဥယျာဉ်အလယ်၌ရှိသော အပင်၏အသီးကိုမူ၊ ဘုရားသခင်က၊ သင်တို့ သေမည်စိုးရသဖြင့် ယင်းကို သင်သည် မစားရသကဲ့သို့ ထိလည်း မထိရဟု မိန့်တော်မူကြောင်း မြွေကို ပြောကြားလေသည်။ မြွေကလည်း သင်တို့ ဧကန်မုချ သေရမည်ကား မဟုတ်နိုင်၊ သင်တို့စားသောနေ့တွင် သင်တို့၏ မျက်စိများပွင့်ပြီး သင်တို့သည် ဘုရားကဲ့သို့ဖြစ်ကာ အကောင်းနှင့် အဆိုးကို သိမည်အကြောင်း ဘုရားသခင် သိသည့်အတွက်ကြောင့် ဖြစ်သည်ဟု လူမိန်းမအား ဆိုလေသည်။

ဤကျမ်းပိုဒ်နှစ်ပိုဒ်သည် သမ္မာကျမ်းစာထဲက ကမ္ဘာဦးကျမ်းမှ ကောက်နုတ်ချက်များ ဖြစ်သည်။ ဤကျမ်းပိုဒ်နှစ်ပိုဒ်ကို သင်တို့အားလုံး ရင်းနှီးကြသလော။ ၎င်းတို့သည် လူသားမျိုးနွယ် ပထမဦးဆုံး ဖန်ဆင်းခံခဲ့ရသည့်အချိန်ကာလဖြစ်သည့် အစအဦးက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များနှင့် ဆက်နွှယ်လေသည်။ ဤအဖြစ်အပျက်များသည် စစ်မှန်ကြပေသည်။ ပထမဦးစွာ ယေဟောဝါ ဘုရားသခင်က အာဒံနှင့်ဧဝကို မည်သည့်အမိန့်မျိုး ပေးခဲ့သည်ကို ကြည့်ကြစို့။ ဤအမိန့်၏ ပါဝင်သော အကြောင်းအရာသည် ယနေ့ငါတို့၏အကြောင်းအရာအတွက် အလွန်အရေးကြီး၏။ “ယေဟောဝါ ဘုရားသခင်က ဥယျာဉ်ထဲရှိသည့် ခပ်သိမ်းသောအပင်တို့ကို သင်သည် လွတ်လပ်စွာ စားသုံးနိုင်၏။ သို့သော် အကောင်း၊ အဆိုး သိကျွမ်းရာအပင်ကို သင်သည် မစားရ။ သင်စားသောနေ့တွင် ဧကန်မုချ သေရမည်ဟု လူကို အမိန့်ပေးတော်မူ၏။” ဤကျမ်းပိုဒ်ထဲက လူသားကိုပေးသည့် ဘုရားအမိန့်၏ ဆိုလိုရင်းမှာ အဘယ်နည်း။ ပထမအနေဖြင့် ဘုရားသခင်က လူသားကို မည်သည့်အရာ စား၍ရသည်၊ အတိအကျအားဖြင့် အပင်အမျိုးစုံ၏ အသီးများကို ပြောလေသည်။ အန္တရာယ်မရှိသကဲ့သို့၊ အဆိပ်မရှိပေ။ အားလုံးကို စား၍ရပြီး စိုးရိမ်မှုနှင့် သံသယမရှိဘဲ၊ လူက ဆန္ဒရှိသည်အတိုင်း စား၍ရလေသည်။ ဤသည်မှာ ဘုရားအမိန့်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ နောက်တစ်ပိုင်းသည် သတိပေးချက်ဖြစ်၏။ ဤသတိပေးချက်တွင်၊ ကောင်းမကောင်း သိကျွမ်းရာအပင်၏ အသီးကို မစားရဟု ဘုရားသခင်က လူသားကို ပြောသည်။ ဤအပင်မှ အသီးကို သူစားပါက မည်သည့်အရာဖြစ်လိမ့်မည်နည်း။ ဘုရားသခင်က လူသားကို- သင်စားပါက ဧကန်အမှန်သေရမည်ဟု ပြော၏။ ဤစကားများသည် ရိုးစင်းသည် မဟုတ်လော။ အကယ်၍ ဘုရားသခင်က သင့်ကို ဤအရာပြောပြပြီး သင်က အကြောင်းရင်းကို နားမလည်ပါက၊ သင်သည် သူ၏ စကားများကို လိုက်နာရမည့် စည်းမျဉ်းတစ်ခု သို့မဟုတ် ညွှန်ကြားချက်တစ်ခုအဖြစ် သဘောထားမည်လော။ ထိုသို့သော စကားများကို လိုက်နာသင့်သည်။ သို့သော် လူသည် ထိုအရာကို လိုက်နာနိုင်သည်ဖြစ်စေ လိုက်မနာနိုင်သည်ဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ပြတ်သားပေသည်။ လူသားအနေနှင့် အဘယ်အရာကို စား၍ရသည်၊ အဘယ်အရာကို စား၍မရဆိုသည်နှင့် သူမစားသင့်သည့်အရာကို သူစားလိုက်လျှင် မည်သို့ဖြစ်သည်ဟူသည့် အရာများကို ဘုရားသခင်က သူ့ကို အင်မတန် ရှင်းရှင်းလင်းလင်း ပြောပြထား၏။ ဘုရားသခင်ပြောခဲ့သည့် ဤနှုတ်ကပတ်တော် အကျဉ်းချုပ်ထဲတွင် ဘုရားသခင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့်အရာ တစ်ခုတလေကို သင်တွေ့နိုင်ပါသလော။ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များသည် မှန်ကန်ပါသလော။ လှည့်ဖြားမှု တစ်ခုတစ်လေ ရှိသလော။ မမှန်ကန်မှုတစ်ခုတစ်လေ ရှိသလော။ ခြိမ်းခြောက်မှု တစ်ခုတလေ ရှိပါ၏လော။ (မရှိပါ။) လူသားက မည်သည့်အရာစား၍ရသည်ဆိုသည်နှင့် မည်သည့်အရာကို စား၍မရဆိုသည်တို့ကို ဘုရားသခင်သည် ရိုးရိုးသားသား၊ မှန်မှန်ကန်ကန်၊ စိတ်ရင်းအမှန်နှင့် လူကို ပြောပြခဲ့သည်။ ဘုရားသခင်သည် ရှင်းရှင်းလင်းလင်းနှင့် ထင်ထင်ရှားရှား ပြောဆိုခဲ့သည်။ ဤနှုတ်ကပတ်တော်များထဲတွင် ဖုံးကွယ်ထားသည့် အဓိပ္ပာယ်တစ်ခုတလေ ရှိသလော။ ဤနှုတ်ကပတ်တော်များသည် တိကျပြတ်သားသည် မဟုတ်လော။ ထင်ကြေးပေးစရာ တစ်ခုတစ်လေ လိုအပ်သလော။ မှန်းဆချက် မလိုပေ။ ၎င်းတို့၏ အဓိပ္ပာယ်သည် တစ်ချက်ကြည့်ရုံမျှဖြင့် သိသာပေသည်။ ၎င်းတို့ကို ဖတ်ရှုရာတွင်၊ ၎င်းတို့၏ အဓိပ္ပါယ်နှင့် ပတ်သက်၍ လုံးဝ ရှင်းလင်းပေသည်။ ဆိုလိုသည်မှာ၊ ဘုရားသခင် ပြောလိုသောအရာနှင့် သူဖော်ပြလိုသော အရာများသည် သူ၏ စိတ်နှလုံးမှ လာပေသည်။ ဘုရားသခင် ဖော်ပြသည့် အရာများသည် ရှင်းလင်း၏၊ ရိုးစင်းပြီး ပြတ်သားလေသည်။ ခိုးကြောင်ခိုးဝှက် ရည်ရွယ်ချက်များ မရှိသကဲ့သို့ ကွယ်ဝှက်ထားသော မည်သည့် အဓိပ္ပာယ်မျှလည်း မရှိပေ။ လူသားအနေဖြင့် မည်သည့်အရာကို စား၍ရသည်၊ မည်သည့်အရာကို စား၍မရဆိုသည်ကို ပြောပြရင်း သူသည် လူသားကို တိုက်ရိုက် ပြောဆိုခဲ့၏။ ဆိုလိုသည်မှာ၊ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များမှတစ်ဆင့် ဘုရားသခင်၏ စိတ်နှလုံးက ရှင်းလင်းပြီး မှန်ကန်သည်ကို လူသားက မြင်နိုင်ပေသည်။ ဤတွင် မုသားအရိပ်အယောင်တစ်ခုမျှ မရှပေ။ ယင်းမှာ စားကောင်းသည့်အရာကို သင်စား၍မရဟု ပြောဆိုခြင်း၊ သို့မဟုတ် သင် စား၍မရသည့်အရာများနှင့် ပတ်သက်ပြီး “လုပ်ကြည့်ပြီး မည်သည့်အရာ ဖြစ်ပျက်သည်ကို ကြည့်လော့” ဟု သင့်ကိုပြောနေခြင်း မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင် ရည်ရွယ်သောအရာ မဟုတ်ပေ။ သူ၏ စိတ်နှလုံးတွင် ဘုရားသခင်၏တွေးသည့် အရာမှန်သမျှသည် သူပြောသည့် အရာဖြစ်၏။ ဘုရားသခင်သည် ဤနှုတ်ကပတ်တော်များ အတွင်းတွင် ဤနည်းလမ်းဖြင့် သူ့ကိုယ်သူ ပြသပြီး ထုတ်ဖော်ပြသောကြောင့်၊ ဘုရားသခင် သန့်ရှင်းသည်ဟု ငါဆိုပါက၊ ငါသည် ဘာမျှမဟုတ်သည့်အရာကို ရေးကြီးခွင့်ကျယ်လုပ်နေသည် သို့မဟုတ် ဆိုလိုရင်းတစ်ခုကို ငါသည် အနည်းငယ် ချဲ့ကားလွန်းသည်ဟု သင် ခံစားကောင်းခံစားရနိုင်သည်။ ထိုသို့ဖြစ်ပါက၊ စိတ်မပူနှင့်။ ငါတို့ မပြီးဆုံးသေးပေ။

ယခု “လူမိန်းမကို မြွေ၏သွေးဆောင်ဖြားယောင်းမှု” အကြောင်းကို ပြောကြစို့။ မြွေဆိုသည်မှာ အဘယ်သူနည်း။ စာတန်ဖြစ်ပါသည်။ ၎င်းသည် ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်တွင် အဖြည့်ခံ၏ အခန်းကဏ္ဍကို ပါဝင်လုပ်ဆောင်ပြီး၊ ယင်းမှာ ဘုရားသခင်၏ သန့်ရှင်းခြင်းအကြောင်းကို ငါတို့မိတ်သဟာယပြုသည့်အချိန်တွင် ငါတို့ ဖော်ပြရမည့် အခန်းကဏ္ဍတစ်ခုဖြစ်သည်။ ဤအရာကို ငါ အဘယ်ကြောင့် ပြောသနည်း။ အကယ်၍ သင်တို့သည် စာတန်၏ မကောင်းမှုနှင့် ဖောက်ပြန်ပျက်စီးခြင်းကို မသိပါက၊ သင်တို့သည် စာတန်၏ သဘာဝကို မသိပါက၊ သင်သည် သန့်ရှင်းခြင်းကို အသိအမှတ်ပြုဖို့ နည်းလမ်း မရှိသကဲ့သို့၊ သန်ရှင်းခြင်းဆိုသည်မှာ အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို သင် မသိနိုင်ပေ။ စိတ်ရှုပ်ထွေးမှုဖြင့်၊ လူတို့သည် ဤဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမျိုးအတွင်းတွင် အသက်ရှင်ကြသည့်အတွက်၊ စာတန်လုပ်သည့်အရာက မှန်သည်ဟူ၍ ယုံကြည်ကြ၏။ အဖြည့်ခံမရှိဘဲနှင့်၊ နှိုင်းယှဉ်စရာ အကြောင်းရင်း ဘာမျှမရှိဘဲနှင့်၊ သန့်ရှင်းခြင်းက မည်သည့်အရာဖြစ်သည်ကို သင်မသိနိုင်ပေ။ ယင်းမှာ စာတန်ကို ဤနေရာတွင် ဖော်ကိုဖော်ပြရမည့် အကြောင်းအရင်း ဖြစ်သည်။ ထိုသို့သော ဖော်ပြချက်သည် အနှစ်မဲ့သော အပြောမဟုတ်ပေ။ စာတန်၏ စကားများနှင့် လုပ်ရပ်များမှတစ်ဆင့်၊ စာတန်မည်သို့ လုပ်ဆောင်သည်၊ လူသားမျိုးနွယ်ကို စာတန်က မည်သို့ဖျက်ဆီးသည် ဆိုသည်နှင့် စာတန်၏သဘာဝနှင့် မျက်နှာထားက မည်သည့်အရာ ဖြစ်သည်ဆိုသည်တို့ကို ငါတို့မြင်ရလိမ့်မည်။ ထို့ကြောင့် လူမိန်းမက မြွေကို မည်သည့်အရာ ပြောဆိုခဲ့သနည်း။ ယေဟောဝါ ဘုရားသခင်က သူမကို ပြောခဲ့သည့် အရာကို လူမိန်းမက မြွေကို အသေးစိတ် ပြန်ပြောပြခဲ့၏။ ဤစကားများကို သူမ ပြောခဲ့ချိန်တွင်၊ ဘုရားသခင်က သူမကို ပြောခဲ့သည့် အရာသည် မှန်ကန်သည်ဟု သူမ သေချာခဲ့ပါသလော။ သူ မသေချာနိုင်ခဲ့ပေ။ မကြာခင်က ဖန်ဆင်းခံခဲ့ရသည့် တစ်စုံတစ်ဦးအနေဖြင့်၊ သူမသည် အကောင်းနှင့် အဆိုးကို သိမြင်နိုင်စွမ်းမရှိခဲ့သကဲ့သို့၊ သူမ၏ အနီးအနားရှိ မည်သည့်အရာမဆိုနှင့်ပတ်သက်၍ သိမြင်ခြင်းလည်း မရှိခဲ့ပေ။ မြွေကို သူမ ပြောခဲ့သည့် စကားများဖြင့် အကဲဖြတ်ရလျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှန်ကန်သည်ကို သူမ၏ စိတ်နှလုံးထဲတွင် မသေချာခဲ့ပေ။ ယင်းမှာ သူမ၏ စိတ်နေသဘောထားဖြစ်သည်။ ထို့ကြောင့် လူမိန်းမက ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် မသေချာသည့် သဘောထားရှိသည်ကို မြွေက တွေ့သွားသည့်အခါ၊ “သင်တို့ ဧကန်မုချ သေရကြမည်မဟုတ်၊ သင်တို့စားသောနေ့တွင် သင်တို့၏ မျက်စိများပွင့်ပြီး သင်တို့သည် ဘုရားကဲ့သို့ဖြစ်ကာ အကောင်းနှင့် အဆိုးကို သိမည်အကြောင်း ဘုရားသခင် သိသည့်အတွက်ကြောင့် ဖြစ်သည်” ဟု လူမိန်းမအား ဆိုလေသည်။ ဤစကားလုံးများ အတွင်းတွင် ပြဿနာဖြစ်စေသည့်အရာ တစ်ခုခုရှိသလော။ ဤဝါကျကို သင်တို့ ဖတ်ရှုသည့်အခါတွင်၊ မြွေ၏ ရည်ရွယ်ချက်နှင့်သက်ဆိုင်သည့် ခံစားမှုကို သင်တို့ ရရှိပါသလော။ ထိုရည်ရွယ်ချက်များမှာ အဘယ်နည်း။ မြွေက ဤလူမိန်းမကို ဘုရားသခင်၏ နှုတ်ကပတ်တော်အား အလေးဂရုပြုခြင်းမှ တားဆီးရန် သွေးဆောင်ချင်ခဲ့သည်။ သို့သော် ဤအရာများကို သူတိုက်ရိုက် မပြောခဲ့ပေ။ ထို့ကြောင့် သူသည် အင်မတန် စဉ်းလဲသည်ဟု ငါတို့ပြောနိုင်၏။ လူသားဆီမှ ဖုံးကွယ်ထားသည့် သူ၏ စိတ်အတွင်းရှိ ဝှက်ထားသည့် သူ၏ ရည်ရွယ်ထားသော ရည်မှန်းချက်ကို လက်လှမ်းမီဖို့အလို့ငှာ လှည့်ဖြားပြီး ဝေ့လည်ကြောင်ပတ် နည်းမျိုးဖြင့် သူ၏ ဆိုလိုရင်းအဓိပ္ပာယ်ကို သူဖော်ပြလေသည်— ယင်းမှာ မြွေ၏စဉ်းလဲမှု ဖြစ်သည်။ ဤသည်မှာ စာတန်၏ ပြောဆို လုပ်ဆောင်သည့် နည်းလမ်း အမြဲဖြစ်ခဲ့ပေသည်။ သူသည် တစ်ခုမဟုတ်၊ နောက်တစ်ခုကို အတည်ပြုခြင်းမရှိဘဲ၊ “ဧကန်မုချကား မဟုတ်နိုင်” ဟုပြော၏။ သို့သော် ဤအရာကို ကြားလိုက်သည်နှင့်၊ ဤမသိနားမလည်သည့် လူမိန်းမ၏ နှလုံးသားက လှုပ်ရှားသွားခဲ့ပေသည်။ သူ၏စကားလုံးများသည် လိုချင်သည့် အကျိုးတရားကို ရရှိခဲ့ပြီးဖြစ်သောကြောင့် မြွေက ကျေနပ်ခဲ့သည်— ယင်းမှာ မြွေ၏ စဉ်းလဲသည့်ရည်ရွယ်ချက် ဖြစ်သည်။ ထို့အပြင်၊ လူသားများအဖို့ လိုချင်ဖွယ်ဖြစ်သော ရလဒ်တစ်ခုကို ကတိပေးရင်း၊ ၎င်းက “သင်တို့စားသောနေ့တွင် သင်တို့၏ မျက်စိများပွင့်ပြီး။” ဟု ဆိုလျက် လူမိန်းမကို သွေးဆောင်ဖြားယောင်းခဲ့၏။ ထို့ကြောင့်- “ငါ၏မျက်စိ ပွင့်လင်းသည်မှာ ကောင်းသည့်အရာဖြစ်၏။” ဟု လူမိန်းမက တွေးဆလေသည်။ ထို့နောက်တွင် သာ၍ပင် ဆွဲဆောင် အားကောင်းသော အရာတစ်ခု၊ ယခင်က လူသား လုံးဝမသိသည့် စကားများ၊ ကြားရသူများအပေါ် ကြီးမားသည့် သွေးဆောင်မှု တန်ခိုးကို စွဲကိုင်ထားသော စကားများဖြစ်သည့် “သင်တို့သည် ဘုရားကဲ့သို့ဖြစ်ကာ အကောင်းနှင့် အဆိုးကို သိမည်အကြောင်း” ဟု ၎င်းက ပြောခဲ့၏။ ဤစကားများသည် လူသားအဖို့ အားကောင်းလှစွာ စွဲမက်စရာ ဖြစ်သည် မဟုတ်လော။ ယင်းမှာ တစ်စုံတစ်ဦးက သင့်ကို၊ “သင်၏ နာတံသည် အနည်းငယ် တိုနေသည်မှအပ၊ သင့်မျက်နှာသည် အလွန့်အလွန် အချိုးအစား ကျပေ၏။ ထိုအရာကို ပြင်လိုက်မည်ဆိုပါက သင်သည် ကမ္ဘာ့အဆင့်မီ အချောအလှတစ်ယောက် ဖြစ်သွားမည်ဖြစ်၏။” ဟု ပြောဆိုနေသကဲ့သို့ ဖြစ်သည်။ အလှအပဆိုင်ရာ ခွဲစိတ်ပြုပြင်မှု ရှိရန် ယခင်က စိတ်ဆန္ဒတစ်ခုတစ်လေမျှ လုံးဝ မသိုထားဖူးသည့် သူတစ်ဦး၏ စိတ်နှလုံးကို ဤစကားလုံးများက လှုပ်ရှားစေ မည်လော။ ဤစကားလုံးများသည် စွဲမက်စရာ မကောင်းပါသလော။ ဤဖြားယောင်းသွေးဆောင်မှုသည် သင့်ကို သွေးဆောင်နေခြင်း မရှိပါသလော။ ဤသည်မှာ ဖြားယောင်းသွေးဆောင်မှုတစ်ခု မဟုတ်သလော။ (ဟုတ်ပါသည်။) ဘုရားသခင်သည် ဤကဲ့သို့သော အရာများကို ပြောပါသလော။ ငါတို့ ယခုလေးတင် ဖတ်ရှုလိုက်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ဤအရာနှင့် ပတ်သက်သည့် အရိပ်အမြွက်တစ်ခုတလေများ ရှိခဲ့ပါသလော။ ဘုရားသခင်သည် သူ၏ စိတ်နှလုံးထဲ၌ တွေးသည့်အရာကို ပြောပါသလော။ ဘုရားသခင်၏ စိတ်နှလုံးကို သူ၏နှုတ်ကပတ်တော်များမှတစ်ဆင့် လူသားက မြင်နိုင်သလော။ (မြင်နိုင်ပါသည်။) သို့သော် ဤစကားများကို မြွေက လူမိန်းမကို ပြောခဲ့ချိန်တွင်၊ သူ၏စိတ်နှလုံးကို သင်မြင်နိုင်ခဲ့သလော။ မမြင်နိုင်ခဲ့ပါ။ ပြီးလျှင် လူသား၏ မသိနားမလည်မှုကြောင့် လူသည် မြွေ၏ စကားလုံးအားဖြင့် အလွယ်တကူ သွေးဆောင်ဖြားယောင်းခံရပြီး အလွယ်တကူ လှည့်စားခံရလေသည်။ ထို့ကြောင့် စာတန်၏ ရည်ရွယ်ချက်များကို သင်မြင်နိုင်ခဲ့ပါသလော။ စာတန် ပြောသည့်အရာ၏ နောက်ကွယ်မှ ၎င်း၏ ရည်ရွယ်ချက်ကို သင်မြင်နိုင်ခဲ့သလော။ စာတန်၏ ကြံစည်မှုများနှင့် လှည့်ကွက်များကို သင်မြင်နိုင်ခဲ့သလော။ (မမြင်နိုင်ခဲ့ပါ။) စာတန်၏ စကားပြောဆိုသည့် နည်းလမ်းသည် မည်သည့် စိတ်သဘောထားမျိုးကို ကိုယ်စားပြုသနည်း။ ဤစကားများမှတစ်ဆင့် မည်သည့် အနှစ်သာရမျိုးကို စာတန်၏ အထဲတွင် သင်မြင်ရလေပြီနည်း။ ယင်းသည် ယုတ်မာသည် မဟုတ်လော။ အပေါ်ယံတွင် ၎င်းက သင့်ကို ပြုံးပြကောင်း ပြုံးပြမည် သို့မဟုတ် မျက်နှာအမူအရာ ဘာဆိုဘာမျှ ပြကောင်းပြမည်မဟုတ်။ သို့သော် ၎င်း၏ စိတ်နှလုံးထဲတွင် ၎င်း၏ ရည်မှန်းချက်အား မည်သို့ရရှိမည်ကို ၎င်းက အမြဲတွက်ချက်နေပြီး၊ သင် မမြင်နိုင်သည်မှာ ဤရည်မှန်းချက် ဖြစ်ပေသည်။ သင့်ကို ၎င်းပြုသည့် ကတိများအားလုံး၊ ၎င်းဖော်ပြသည့် အကျိုးအမြတ်များအားလုံးသည် ၎င်း၏ ဖြားယောင်းသွေးဆောင်မှု အယောင်ဆောင်ထားခြင်း ဖြစ်သည်။ ဤအရာများကို ကောင်းသည်ဟု သင်မြင်သည်၊ ထို့ကြောင့် ၎င်းပြောသည့် အရာများသည် ဘုရားသခင်ပြောသည့် အရာများထက် သာ၍ အသုံးဝင်သည်၊ သာ၍ ကုံလုံသည်ဟု သင်ခံစားရ၏။ ဤအရာဖြစ်သည့်အခါတွင်၊ လူသည် ကျိုးနွံနာခံသည့် အကျဉ်းသားတစ်ဦး ဖြစ်လာသည် မဟုတ်လော။ စာတန်အသုံးပြုသည့် ဤမဟာဗျူဟာသည် အလွန်ဆိုးယုတ်သည် မဟုတ်လော။ သင်သည် မိမိကိုယ်ကိုယ် အကျင့်ပျက်မှုထဲသို့ နှစ်မြှုပ်စေ၏။ စာတန်သည် အားထုတ်စရာမလိုဘဲ၊ ဤဝါကျလေး နှစ်ကြောင်းကို ပြောခြင်းမျှဖြင့် သင်သည် သူနှင့်အတူ လိုက်ဖို့၊ စာတန်ကို လိုက်နာဖို့ ပျော်ရွှင်လာလေသည်။ ထို့ကြောင့်၊ စာတန်၏ ရည်ရွယ်ချက် ရရှိသွားပေပြီ။ ဤရည်ရွယ်ချက်သည် အန္တရာယ်ပြုမည့် လက္ခဏာရှိသည် မဟုတ်လော။ ဤသည်မှာ စာတန်၏ မူလဘူတအကျဆုံး မျက်နှာထား ဖြစ်သည် မဟုတ်လော။ စာတန်၏ စကားများမှ၊ ၎င်း၏ အန္တရာယ်ပြုမည့်လက္ခဏာရှိသည့်ရည်ရွယ်ချက်များကို လူက မြင်နိုင်၏၊ ၎င်း၏အကျည်းတန်သည့် မျက်နှာကို မြင်နိုင်ပြီး၊ ၎င်း၏အနှစ်သာရကို မြင်နိုင်လေသည်။ ထိုသို့ ဖြစ်သည် မဟုတ်လော။ ဤဝါကျများကို နှိုင်းယှဉ်ရာတွင်၊ စိတ်ဖြာလေ့လာခြင်း မရှိဘဲနှင့် ယေဟောဝါ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ငြီးငွေ့စရာကောင်းသည့်အလား၊ သာမညောင်ညဖြစ်ပြီး မဆန်းသည့်အလား၊ ဘုရားသခင်၏ ရိုးသားခြင်းကို စိတ်အားထက်သန်စွာ ချီးမွမ်းခန်းဖွင့်ဖို့ မသင့်လျော်ဟု သင်ခံစားရနိုင်သည်။ သို့သော် စာတန်၏ စကားများနှင့် ၎င်း၏ အကျည်းတန်သည့် မျက်နှာထားကို အဖြည့်ခံအဖြစ် ငါတို့ သဘောထားသည့်အခါတွင်၊ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များသည် ယနေ့လူများအတွက် အရေးပါသည့် သြဇာညောင်းမှုကို သယ်ဆောင်သည် မဟုတ်လော။ (သယ်ဆောင်ပါသည်။) ဤနှိုင်းယှဉ်ချက်မှတစ်ဆင့်၊ လူသည် ဘုရားသခင်၏ အပြစ်အနာအဆာမဲ့မှုစစ်စစ်ကို မြင်နိုင်၏။ စာတန်ပြောသည့် စကားလုံးတိုင်းအပြင်၊ စာတန်၏ ကြံရွယ်ချက်များ၊ ရည်ရွယ်ချက်များနှင့် သူပြောဆိုသည့်ပုံ- ထိုအရာအားလုံးသည် မစင်ကြယ်ပေ။ စာတန်၏ စကားပြောဆိုပုံနှင့် သက်ဆိုင်သည့် အဓိကအင်္ဂါရပ်မှာ အဘယ်နည်း။ စာတန်သည် ၎င်း၏ တမင် လိမ်လည်လှည့်စားခြင်းကို သင့်အား ရိပ်မိစေခွင့်မပေးသကဲ့သို့၊ ၎င်း၏ ရည်မှန်းချက်များကို သိမြင်ဖို့ သင့်ကို အခွင့်မပေးဘဲ၊ သင့်ကို သွေးဆောင်ဖို့ လှိမ့်လုံးများကို အသုံးပြုလေသည်။ စာတန်က သင့်ကို ငါးစာ ဟပ်ခွင့်ပေးသည်၊ သို့သော် သင်သည်လည်း ၎င်း၏ ကောင်းမြတ်မှုကို ချီးမွမ်းကာ သီဆိုရမည်ဖြစ်သည်။ ဤပရိယာယ်မှာ စာတန်၏ လုပ်လေ့လုပ်ထရှိသော ရွေးချယ်သည့်နည်းစနစ် မဟုတ်လော။ (ဟုတ်ပါသည်။) စာတန်၏ အခြားမည်သည့် စကားများနှင့် အသုံးအနှုန်းများက ၎င်း၏ အကျည်းတန်သည့် မျက်နှာကို လူအား တွေ့မြင်ခွင့်ပေးသည်ကို ယခုကြည့်ကြစို့။ ကျမ်းစာမှ နောက်ထပ်ကျမ်းအချို့ကို ဖတ်ကြည့်ကြစို့။

၃။ ယေဟောဝါ ဘုရားသခင်နှင့် စာတန်အကြားမှ အပြန်အလှန် ပြောစကား

ယောဘ ဝတ္ထု ၁:၆-၁၁ ယခုတွင် ဘုရားသခင်၏ သားတို့သည် ယေဟောဝါရှေ့မှောက်၌ ကိုယ်တိုင်လာရောက်ခစားရသော နေ့ရက် ရောက်ရှိခဲ့ပြီး စာတန်သည်လည်း သူတို့အလယ်တွင် လာခဲ့လေသည်။ ယေဟောဝါက၊ အသင် အဘယ်အရပ်က လာသနည်းဟု စာတန်ကို မေးတော်မူ၏။ ထို့နောက် စာတန်က၊ မြေကြီးပေါ်တွင် ခေါက်တုံ့ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာသည်ဟု ယေဟောဝါကို ဖြေဆိုလေသည်။ ယေဟောဝါက စာတန်အား၊ ငါ၏ အစေခံ ယောဘကို သင် ဆင်ခြင်မိပြီလော၊ မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်ဟု ဆိုလေသည်။ စာတန်က၊ ယောဘသည် ဘုရားသခင်ကို အချည်းနှီး ကြောက်ရွံ့သလော။ ကိုယ်တော်သည် သူနှင့် သူ၏အိမ်၊ ပိုင်ဆိုင်သမျှတို့ကို အဘက်ဘက်မှ အကာအကွယ်ပြုထားသည် မဟုတ်လော။ သူ့လက်ဖြင့်လုပ်သော အမှုကို ကိုယ်တော်သည် ကောင်းကြီးပေးပြီး မြေတွင် သူ၏ပိုင်ဆိုင်မှု တိုးပွားပေပြီ။ သို့သော်၊ ယခု ကိုယ်တော်၏လက်ကို ဆန့်ကာ သူပိုင်ဆိုင်သမျှတို့ကို ထိပါလော့၊ သူသည် ကိုယ်တော်၏ မျက်နှာကို စေ့စေ့ကြည့်ကာ ကျိန်ဆဲလိမ့်မည်ဟု ယေဟောဝါကို ဖြေကြားလေသည်။

ယောဘ ဝတ္ထု ၂:၁-၅ နောက်တစ်ဖန် ဘုရားသခင်၏ သားတို့သည် ယေဟောဝါရှေ့မှောက်၌ ကိုယ်တိုင်လာရောက်ခစားရသော နေ့ရက် ရောက်လာပြန်၏။ စာတန်သည်လည်း ယေဟောဝါရှေ့မှောက်၌ ကိုယ်တိုင်လာရောက်ခစားရန် သူတို့အလယ်သို့ လာခဲ့လေသည်။ ယေဟောဝါက၊ အသင် အဘယ်အရပ်က လာသနည်းဟု စာတန်ကို မေးတော်မူ၏။ ထို့နောက် စာတန်က၊ မြေကြီးပေါ်တွင် ခေါက်တုံ့ ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာသည်ဟု ယေဟောဝါကို ဖြေဆိုလေသည်။ ယေဟောဝါက စာတန်အား၊ ငါ၏ အစေခံ ယောဘကို သင် ဆင်ခြင်မိပြီလော၊ မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်၊ အကြောင်းမရှိဘဲ သူ့ကို ဖျက်ဆီးရန် သင်သည် ငါ့ကို သူ့နှင့်ဆန့်ကျင်စေသော်လည်း သူသည် သူ၏တည်ကြည်မှုကို မြဲမြံစွာ စွဲကိုင်လျက်ရှိသေး၏ဟု မိန့်တော်မူ၏။ စာတန်ကလည်း၊ အရေအဖို့အရေ ဆိုသကဲ့သို့ လူသည် သူ၏အသက်အတွက် ပိုင်ဆိုင်သမျှတို့ကို အမှန်စင်စစ် ပေးပါလိမ့်မည်။ သို့သော် ယခု ကိုယ်တော်၏လက်ကို ဆန့်ကာ သူ၏အရိုးနှင့် အသွေးအသားတို့ကို ထိပါလော့၊ သူသည် ကိုယ်တော်၏ မျက်နှာကို စေ့စေ့ကြည့်ကာ ကျိန်ဆဲလိမ့်မည်ဟု ယေဟောဝါကို ဖြေကြားလေသည်။

ဤကျမ်းပိုဒ်နှစ်ပိုဒ်သည် ဘုရားသခင်နှင့် စာတန်အကြားက အပြန်အလှန် ပြောစကား လုံးလုံးပါရှိ၏။ ဘုရားသခင် ပြောသည့်အရာနှင့် စာတန်ပြောသည့်အရာများကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ဘုရားသခင်သည် များစွာ မပြောဆိုခဲ့သကဲ့သို့ အလွန်ရိုးရှင်းစွာ ပြောဆိုခဲ့၏။ ဘုရားသခင်၏ သန့်ရှင်းခြင်းကို သူ၏ ရိုးရှင်းသည့် နှုတ်ကပတ်တော်များ အတွင်းတွင် ငါတို့ မြင်နိုင်သလော။ အချို့က ဤအရာကို လုပ်ဆောင်သည်မှာ မလွယ်ကူဟု ပြောလိမ့်မည်။ ထို့ကြောင့် စာတန်၏ အဖြေများထဲတွင် သူ၏အကျည်းတန်မှုကို ငါတို့မြင်နိုင်သလော။ ယေဟောဝါ ဘုရားသခင်က စာတန်ကို မည်သည့်မေးခွန်းမျိုး မေးခဲ့သည်ကို ဦးစွာကြည့်ကြပါစို့။ “အသင် အဘယ်အရပ်က လာသနည်း။” ဤသည်မှာ ရိုးရိုးစင်းစင်း မေးခွန်းတစ်ခု မဟုတ်လော။ ဖုံးကွယ်ထားသည့် အဓိပ္ပာယ် တစ်ခုတစ်လေ ရှိပါသလော။ မရှိပါ။ ယင်းသည် ရိုးရှင်းသည့် မေးခွန်း တစ်ခုသက်သက်ဖြစ်၏၊ “သင်မည်သည့်နေရာက လာသနည်း” ဟု သင်တို့ကို ငါမေးမည်ဆိုပါက၊ သင်တို့ မည်သို့ ဖြေကြမည်နည်း။ ဤသည်မှာ အဖြေရခက်သည့် မေးခွန်း တစ်ခုလော။ “လှည့်လည်၍ အရပ်ရပ် သွားလာသည့်အမှုထဲက လာပါသည်” ဟု သင်တို့ ပြောမည်လော။ (မဟုတ်ပါ။) သင်တို့သည် ဤသို့ ပြန်ဖြေကြမည် မဟုတ်။ ထို့ကြောင့်၊ စာတန်က ဤသို့သောနည်းဖြင့် ပြန်ဖြေသည်ကို သင်တို့ မြင်သည့်အခါ မည်သို့ခံစားရသနည်း။ (စာတန်သည် ယုတ္တိမတန်ဘဲ လှည့်ဖြားလည်း လှည့်ဖြားတတ်သည်ဟု ခံစားရပါသည်။) ငါမည်သည့်အရာ ခံစားနေရသည်ကို သင်တို့ ပြောနိုင်သလော။ စာတန်၏ ဤစကားများကို ငါမြင်သည့်အချိန်တိုင်းတွင် စာတန်သည် စကားပြောဆိုသော်လည်း၊ သူ၏ စကားများက အနှစ်သာရမရှိသောကြောင့် ငါ စက်ဆုပ်ရွံရှာ၏။ ဘုရားသခင်၏ မေးခွန်းကို စာတန် ဖြေခဲ့ပါသလော။ မဖြေခဲ့ပါ၊ စာတန် ပြောဆိုသည့် စကားလုံးများသည် အဖြေတစ်ခု မဟုတ်ပေ၊ ထိုစကားများသည် မည်သည့်အရာမျှ မထုတ်ဖော်ပေ။ ထိုအရာများသည် ဘုရားသခင်၏ မေးခွန်းအဖို့ အဖြေ မဟုတ်ခဲ့ပေ။ “မြေကြီးပေါ်တွင် ခေါက်တုံ့ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာသည်” ဤစကားလုံးများနှင့် သက်ဆိုင်၍ သင်၏ သိနားလည်မှုမှာ အဘယ်နည်း။ စာတန် မည်သည့်နေရာက လာသနည်း။ ဤမေးခွန်းအဖို့ အဖြေတစ်ခုကို သင်တို့ ရကြပြီလော။ (မရပါ။) ဤသည်မှာ စာတန်၏ စဉ်းလဲသော အကြံအစည်များနှင့် သက်ဆိုင်သည့် “ဉာဏ်ထက်မှု” ဖြစ်သည်- မည်သည့်အရာအား အမှန်တကယ် ပြောနေသည်ကို မည်သူ့ကိုမျှ သိခွင့်မပေးခြင်း ဖြစ်သည်။ ဤစကားများကို ကြားလျက်၊ ၎င်းက ဖြေကြား ပြီးသွားသော်လည်း၊ မည်သည့်အရာ ပြောသွားသည်ကို သင် မသိမြင်နိုင်သေးပေ။ သို့သော် စာတန်က တိတိကျကျ သူဖြေလိုက်သည်ဟု ထင်နေ၏။ ထိုအခါတွင် သင်သည် မည်သို့ ခံစားရသနည်း။ စက်ဆုပ်ရွံရှာသလော။ (ရွံရှာသည်။) ယခု သင်သည် ဤစကားများကို တုန့်ပြန်သည့်အနေဖြင့် စတင်ရွံရှာမိသည်။ စာတန်၏ စကားများတွင် ထူးခြားသော လက္ခဏာတစ်မျိုးရှိသည်။ စာတန်ပြောသည့်အရာသည် သင့်ကို ခေါင်းရှုတ်စေပြီး သူ့စကား၏ အရင်းအမြစ်ကို မသိမြင်နိုင်ပေ။ တစ်ခါတစ်ရံတွင် စာတန်သည် ရည်ရွယ်ချက်များရှိပြီး တမင်သက်သက် စကားပြောဆိုသည်။ တစ်ခါတစ်ရံတွင် ၎င်း၏ သဘာဝ၏ ထိန်းချုပ်ခြင်းကို ခံရပြီး ထိုကဲ့သို့သောစကားများက အလိုအလျောက်ထွက်ပေါ်လာပြီး စာတန်၏ ပါးစပ်မှ တိုက်ရိုက်ထွက်လာသည်။ စာတန်သည် ထိုကဲ့သို့သောစကားများကို ကြာရှည်စွာ ချိန်ဆမနေပေ။ ထိုအစား ယင်းတို့သည် မစဉ်းစားဘဲ ဖော်ပြခြင်းဖြစ်သည်။ ဘယ်ကနေလာသည်ကို ဘုရားသခင်က မေးသည့်အခါတွင် စာတန်က အဓိပ္ပာယ်မပြတ်သားသော စကားအချို့ဖြင့် ဖြေသည်။ သင့်အနေဖြင့် စာတန် မည်သည့်နေရာက အမှန်တကယ် လာသည်ကို သိရှိခြင်းမရှိဘဲ၊ အလွန် အကြံအိုက်သွားလေသည်။ သင်တို့ထဲတွင် ဤသို့ ပြောဆိုသည့်သူများ ရှိသလော။ ဤသို့ ပြောဆိုသည်မှာ မည်သို့သော နည်းလမ်းမျိုးဖြစ်သနည်း။ (ဟိုလိုလို သည်လိုလိုနှင့် တိကျသည့် အဖြေကို မပေးသည့် နည်းလမ်းဖြစ်ပါသည်။) ဤသို့ပြောဆိုပုံကို ဖော်ပြရန် မည်သို့သောစကားလုံးမျိုးများကို ငါတို့ သုံးသင့်သနည်း။ အာရုံကို လွှဲပြောင်းစေခြင်းနှင့် လှည့်စားခြင်း ဖြစ်သည်။ တစ်ယောက်ယောက်သည် မနေ့က မည်သည့်အရာလုပ်ခဲ့သည်ကို အခြားသူများအား မသိစေချင်ဟု ဆိုပါစို့။ “မနေ့ညတွင် သင့်ကို တွေ့မိသေး၏။ အဘယ်အရပ်သို့ သွားခဲ့သနည်း။” ဟု သင်က သူ့ကို မေးသည်။ ၎င်းတို့က ၎င်းတို့ မည်သည့်နေရာ သွားခဲ့သည်ကို သင့်ကို တိုက်ရိုက် မပြောပေ။ ယင်းထက်၊ ၎င်းတို့က၊ “မနေ့က တော်တော်ကို အလုပ်ရှုပ်သည့် နေ့ဖြစ်သည်။ အလွန်ပင်ပန်းသည်။” ဟု ပြောလေသည်။ ၎င်းတို့က သင်၏မေးခွန်းကို ဖြေခဲ့ပါသလော။ ဖြေခဲ့၏၊ သို့သော် သင်လိုချင်သည့် အဖြေကို ၎င်းတို့ မပေးခဲ့ကြပေ။ ဤသည်မှာ လူ့ အပြောအဆို၏ မာယာအတွင်းရှိ “ဉာဏ်ထက်မြက်မှု” ဖြစ်သည်။ ၎င်းတို့ အဘယ်အရာဆိုလိုသည်ကို သင် လုံးဝ မသိရှိနိုင်သကဲ့သို့၊ ၎င်းတို့ စကားများ၏ အရင်းအမြစ် သို့မဟုတ် ရည်ရွယ်ချက်ကို မသိမြင်နိုင်ပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့၏ကိုယ်ပိုင် ဇာတ်လမ်းရှိကြသောကြောင့် အဘယ်အရာကို ၎င်းတို့ ရှောင်ရှားရန် ကြိုးစားနေကြသည်ကို သင် မသိချေ- ဤသည်မှာ ယုတ်မာသောအရာ ဖြစ်သည်။ သင်တို့အထဲတွင်လည်း ဤသို့ စကားပြောသူ ရှိသလော။ (ရှိပါသည်။) သို့ဆိုလျှင် သင်တို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ တစ်ခါတစ်ရံ သင်တို့၏ ကိုယ်ပိုင်အကျိုးစီးပွားကို ကာကွယ်ရန်၊ တစ်ခါတစ်ရံ သင်တို့၏ ကိုယ်ပိုင်မာန၊ ရာထူးနှင့်ပုံရိပ်ကို ထိန်းသိမ်းရန်၊ သင်တို့ ကိုယ်ရေးကိုယ်တာ ဘဝ၏ လျှို့ဝှက်ချက်များကို ကာကွယ်ရန်ဖြစ်သလော။ မည်သည့် ရည်ရွယ်ချက် ရှိပါစေ၊ ယင်းသည် သင်၏ကိုယ်ကျိုးများမှ ခွဲခြားမရပေ၊ သင်၏ ကိုယ်ကျိုးများနှင့် ဆက်စပ်လေသည်။ ဤသည်မှာ လူသား၏ သဘာဝ ဖြစ်သည်မဟုတ်လော။ ဤသို့သော သဘာဝရှိသူအားလုံးသည် စာတန်နှင့်၊ သို့မဟုတ် စာတန်၏ မိသားစုနှင့် နီးကပ်စွာ ဆက်နွှယ်နေသည်။ ငါတို့ ဤကဲ့သို့ ပြော၍ရနိုင်၏၊ ဟုတ်သည် မဟုတ်လော။ အများအားဖြင့် ဤသရုပ်သကန်သည် စက်ဆုပ်စရာဖြစ်ပြီး ရွံရှာစရာ ကောင်းပေသည်။ သင်တို့သည်လည်း ယခု ရွံရှာနေကြသည် မဟုတ်လော။ (ဟုတ်ပါသည်။)

အောက်ပါအပိုဒ်များကို ကြည့်ကြပါစို့။ စာတန်သည် ယေဟောဝါ၏ မေးခွန်းကို၊ “ယောဘသည် ဘုရားသခင်ကို အချည်းနှီး ကြောက်ရွံ့သလော။” ဟု တစ်ဖန် ပြန်ဖြေလေသည်။ စာတန်သည် ယေဟောဝါ၏ ယောဘအပေါ် အကဲဖြတ်ချက်ကို စတင်တိုက်ခိုက်ခြင်း ဖြစ်ကာ၊ ဤတိုက်ခိုက်မှုကို ရန်လိုမှုဖြင့် ခြယ်မှုန်းထား၏။ “ကိုယ်တော်သည် သူနှင့် သူ၏အိမ်၊ ပိုင်ဆိုင်သမျှတို့ကို အဘက်ဘက်မှ အကာအကွယ်ပြုထားသည် မဟုတ်လော။” ဤသည်မှာ ယောဘ အပေါ်ပြုသော ယေဟောဝါ၏ အမှုကို စာတန်၏ နားလည်သဘောပေါက်မှုနှင့် အကဲဖြတ်မှု ဖြစ်သည်။ စာတန်က၊ “သူ့လက်ဖြင့်လုပ်သော အမှုကို ကိုယ်တော်သည် ကောင်းကြီးပေးပြီး မြေတွင် သူ၏ပိုင်ဆိုင်မှု တိုးပွားပေပြီ။ သို့သော်၊ ယခု ကိုယ်တော်၏လက်ကို ဆန့်ကာ သူပိုင်ဆိုင်သမျှတို့ကို ထိပါလော့၊ သူသည် ကိုယ်တော်၏ မျက်နှာကို စေ့စေ့ကြည့်ကာ ကျိန်ဆဲလိမ့်မည်” ဟု ဆိုရင်း ထိုအရာကို ဤသို့ အကဲဖြတ်လေသည်။ စာတန်သည် အမြဲ မရေမရာ ပြောဆိုသော်လည်း၊ ဤနေရာတွင် သေချာသည့် စကားဖြင့် ပြောလေသည်။ သို့သော် သေချာသော စကားဖြင့် ပြောထားသော်လည်း၊ ဤစကားလုံးများသည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သော ယေဟောဝါ ဘုရားသခင်ကို ဝေဖန်ထိုးနှက်ခြင်း၊ ပြစ်မှားစော်ကားခြင်းနှင့် အာခံသည့် လုပ်ရပ်တစ်ခု ဖြစ်သည်။ ဤစကားများကို ကြားရသည့်အခါ၊ သင်တို့ မည်ကဲ့သို့ ခံစားကြရသနည်း။ မနှစ်သက်ခြင်းကို ခံစားရသလော။ စာတန်၏ ရည်ရွယ်ချက်များကို သင် ရိပ်စားမိနိုင်ပါသလော။ ပထမဦးဆုံးအနေဖြင့်၊ စာတန်သည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းမှုကို ရှောင်သည့် လူတစ်ယောက်ဖြစ်သည့် ယောဘနှင့်သက်ဆိုင်သည့် ယေဟောဝါ၏ အကဲဖြတ်ချက်အား ငြင်းပယ်လိုက်သည်။ ထို့နောက် ယောဘ ပြောဆို၊ လုပ်ဆောင်သမျှအရာတိုင်းကို စာတန်က ငြင်းပယ်လေသည်၊ ယင်းမှာ ယောဘ၏ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအား ၎င်းက ငြင်းပယ်ခြင်း ဖြစ်သည်။ ဤသည်မှာ စွပ်စွဲရိပ်လွှမ်းသည် မဟုတ်လော။ စာတန်သည် ယောဟောဝါ ပြောဆို၊ လုပ်ဆောင်သမျှကို စွပ်စွဲသည်၊ ငြင်းပယ်ပြီး သံသယဝင်နေပေသည်။ ၎င်းက “အမှုအရာများက ဤသို့ဆိုပြီး ကိုယ်တော်ကပြောပါက၊ ယင်းကို ကျွန်ုပ် အဘယ်သို့ မမြင်ရပါသနည်း။ ကိုယ်တော်သည် သူ့ကို ကောင်းချီးအများအပြား ပေးထားပေသည်၊ ထို့ကြောင့် သူသည် ကိုယ်တော့်ကို မကြောက်ရွံ့ဘဲ အဘယ်သို့နေနိုင်မည်နည်း” ဟု ဆိုရင်း ၎င်းက မယုံကြည်ပေ။ ဤသည်မှာ ဘုရားသခင်ပြုသမျှကို ငြင်းပယ်နေခြင်း မဟုတ်လော။ စွပ်စွဲခြင်း၊ ငြင်းပယ်ခြင်း၊ ပြစ်မှားစော်ကားခြင်း- စာတန်၏ စကားများသည် သဲကြီးမဲကြီးတိုက်ခိုက်မှုတစ်ခု ဖြစ်သည် မဟုတ်လော။ ထိုအရာများသည် စာတန်က ၎င်း၏ နှလုံးသားထဲ၌ တွေးသည့်အရာ၏ မှန်ကန်သော ဖော်ပြချက်တစ်ခု ဖြစ်သည် မဟုတ်လော။ ဤစကားများသည် ယခုလေးတင် ငါတို့ဖတ်ခဲ့သည့် “မြေကြီးပေါ်တွင် ခေါက်တုံ့ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာသည်” ဟူသော စကားလုံးများနှင့် သေချာပေါက် မတူပေ။ ထိုစကားလုံးများသည် လုံးဝ ကွဲပြားခြားနားပေသည်။ ဤစကားလုံးများမှတစ်ဆင့် စာတန်သည် ဘုရားသခင်အပေါ် ၎င်း၏သဘောထားနှင့် ယောဘ၏ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအား ၎င်း၏ စက်ဆုပ်မှုဖြစ်သည့် ၎င်း၏ စိတ်နှလုံးထဲက အကြောင်းအရာများကို လုံးဝ ဖွင့်ချပြလေသည်။ ဤအရာဖြစ်ပျက်သည့်အခါတွင်၊ ၎င်း၏ မလိုမုန်းထားမှုနှင့် ဆိုးယုတ်သည့် သဘာဝသည် လုံးလုံးလျားလျား ဖော်ထုတ်ခံရလေသည်။ ၎င်းက ဘုရားသခင်ကို ကြောက်ရွံ့သူများကို စက်ဆုပ်၏၊ မကောင်းမှု ရှောင်ကြဉ်သူများကို စက်ဆုပ်ပြီး၊ လူသားအပေါ် ကောင်းချီးများ ချပေးခြင်းအတွက် ယေဟောဝါကို သာ၍ပင် စက်ဆုပ်လေသည်။ ၎င်းက၊ “ယောဘက ကိုယ်တော့်ကို ကြောက်ရွံ့ပြီး မကောင်းသည့်အကျင့်ကို ရှောင်သည်ဟု ကိုယ်တော် ပြောသည်။ ကျွန်ုပ်မူကား ထို့သို့မမြင်ပါ။” ဟု ပြောလျက်၊ ဘုရားသခင်က သူ၏ လက်ဖြင့် ပျိုးထောင်ခဲ့သည့် ယောဘကို ဖျက်ဆီးရန်၊ ပျက်စီးစေရန် ဤအခွင့်အရေးကို အသုံးချချင်လေသည်။ ၎င်းသည် ယေဟောဝါကို ရန်စဖို့ရန်နှင့် သွေးဆောင်ဖို့ရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြုပြီး၊ ယေဟောဝါ ဘုရားသခင်က ယောဘကို အကြောင်းမဲ့သက်သက် ခြယ်လှယ်ခြင်း ခံရစေရန်၊ ဘေးပြုခံရစေရန်နှင့် ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ခြင်း ခံရစေရန် စာတန်ထံသို့ လွှဲပြောင်းပေးဖို့အလို့ငှာ နည်းလမ်းအမျိုးမျိုးကို အသုံးပြုလေသည်။ ဘုရားသခင်၏ အမြင်တွင် ဖြောင့်မတ်ပြီး စုံလင်သည့် ဤလူကို ဖျက်စီးရန် ဤအခွင့်အရေးကို သူအသုံးချချင်လေသည်။ စာတန်ကို ဤစိတ်နှလုံးမျိုး ရှိစေသည်မှာ ခဏတာ စိတ်ကူးပေါက်ခြင်းလော။ မဟုတ်ပေ။ ယင်းကို အကောင်အထည်ဖော်ထားသည်မှာ ကြာပြီဖြစ်သည်။ ဘုရားသခင် အမှုပြုသည့်အခါ၊ လူတစ်ဦးကို စောင့်ရှောက်ပြီး ဤလူအပေါ် ကြည့်ရှုစစ်ဆေးသည့်အခါ၊ ပြီးလျှင် ဤလူကို သူ မျက်နှာသာပေးပြီး လက်ခံသည့်အခါ၊ စာတန်ကလည်း ထိုလူကို လှည့်စားပြီး ထိခိုက်စေဖို့ ကြိုးစားရင်း၊ အနီးကပ် နောက်ယောင်ခံလိုက်နေသည်။ ဘုရားသခင်က ဤလူကို ရရှိဖို့ ဆန္ဒရှိလျှင်၊ စာတန်သည် ၎င်း၏ ကွယ်ဝှက်ထားသည့် ရည်မှန်းချက်များ ရရှိဖို့အလို့ငှာ ဘုရားသခင် လုပ်ဆောင်သည့် အမှုကို စုံစမ်းသွေးဆောင်ရန်၊ နှောင့်ယှက်ပြီး ထိခိုက်စေရန် ဆိုးယုတ်သော နည်းလမ်းအမျိုးမျိုးကို အသုံးပြုရင်း၊ ဘုရားသခင်ကို တားဆီးဖို့ မိမိတတ်စွမ်းသမျှ အရာရာကို လုပ်ဆောင်မည် ဖြစ်သည်။ ဤရည်မှန်းချက်မှာ အဘယ်နည်း။ ၎င်းသည် ဘုရားသခင်အား ဘယ်သူ့ကိုမျှ မရစေချင်ပေ။ ဘုရားသခင် ရယူဖို့ ဆန္ဒရှိသည့်သူများကို လုယူပိုင်ဆိုင်လိုသည်၊ ထိုသူများက ၎င်းအား ကိုးကွယ်ရန်၊ မကောင်းမှုလုပ်ရပ်များ ကျူးလွန်ရာတွင် ၎င်းတို့သည် ၎င်းအား ပူးပေါင်းပြီး ဘုရားသခင်ကို ခုခံရန်အလို့ငှာ ၎င်းက ထိုသူများကို ထိန်းချုပ်ချင်သည်၊ ထိုသူများကို စီမံကွပ်ကဲချင်လေသည်။ ဤသည်မှာ စာတန်၏ ဘေးပြုတတ်သော ကြံရွယ်ချက် မဟုတ်လော။ သင်တို့က စာတန်သည် အင်မတန် ဆိုးယုတ်သည်၊ အင်မတန် ဆိုးရွားသည်ဟု မကြာခဏ ဆိုသော်လည်း၊ ယင်းကို သင်တို့ မြင်ဖူးကြပါသလော။ လူသားမျိုးနွယ် မည်မျှဆိုးရွားသည်ကို သင်မြင်နိုင်သည်။ တကယ့်စာတန်သည် မည်မျှဆိုးရွားသည်ကို သင်မမြင်ရသေးပေ။ သို့တိုင် ယောဘ၏ ကိစ္စတွင် စာတန်မည်မျှ ဆိုးယုတ်သည်ကို သင် ရှင်းလင်းစွာ သတိပြုမိပြီး ဖြစ်သည်။ ဤကိစ္စသည် စာတန်၏ အကျည်းတန်သော မျက်နှာထားနှင့် သူ၏အနှစ်သာရတို့ကို အလွန်ရှင်းလင်းစေပြီးဖြစ်သည်။ ဘုရားသခင်နှင့် စစ်ဖြစ်ရင်းနှင့် ဘုရားသခင်နောက်တစ်လျှောက် နောက်ယောင်ခံလိုက်ရင်း၊ စာတန်၏ရည်မှန်းချက်မှာ ဘုရားသခင် ပြုလိုသည့် အမှုမှန်သမျှကို ဖြိုချရန်၊ ဘုရားသခင် ရရှိလိုသော သူများကို သိမ်းပိုက်ရန်နှင့် ထိန်းချုပ်ရန်၊ ဘုရားသခင် ရရှိလိုသောသူများကို လုံးဝ ကွယ်ပျောက်စေရန် ဖြစ်သည်။ အကယ်၍ ၎င်းတို့ မကွယ်ပျောက်ပါက၊ စာတန်၏အသုံးပြုခြင်းကို ခံရရန် စာတန်၏ ပိုင်ဆိုင်မှုများ ဖြစ်လာသည်- ဤသည်မှာ ၎င်း၏ ရည်မှန်းချက် ဖြစ်ပေသည်။ ဘုရားသခင်သည် မည်သည့်အရာကို လုပ်ဆောင် ပါသနည်း။ ဤကျမ်းပိုဒ်တွင် ဘုရားသခင်သည် ရိုးစင်းသည့် စာတစ်ကြောင်းကိုသာ ပြောခဲ့၏။ ဘုရားသခင်ပြုသည့် မည်သည့်အရာမျှ နောက်ထပ် မှတ်တမ်းတင်ထားခြင်း မရှိဘဲ၊ စာတန် ပြောဆို၊ လုပ်ဆောင်သည့်အရာများနှင့် ပတ်သက်သည့် နောက်ထပ် မှတ်တမ်းများစွာကို ငါတို့မြင်ရ၏။ အောက်ပါ သမ္မာကျမ်းစာ၏ ကျမ်းပိုဒ်တွင် ယေဟောဝါက စာတန်ကို “အသင် အဘယ်အရပ်က လာသနည်း” ဟုမေးခဲ့၏။ စာတန်၏ အဖြေမှာ အဘယ်နည်း။ (ယင်းမှာ “မြေကြီးပေါ်တွင် ခေါက်တုံ့ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာသည်” ဟူ၍ ဖြစ်နေဆဲဖြစ်သည်။) ယင်းမှာ တူညီသောဝါကျ ဖြစ်နေဆဲဖြစ်၏။ ဤသည်မှာ စာတန်၏ ဆောင်ပုဒ်၊ စာတန်၏ လိပ်စာကဒ်ပြား ဖြစ်လာပြီးဖြစ်သည်။ ဤသည်မှာ ထိုသို့ အဘယ်သို့ဖြစ်ရသနည်း။ စာတန်သည် မုန်းဖွယ် ဖြစ်သည် မဟုတ်လော။ ဤရွံရှာဖွယ် ဝါကျကို တစ်ကြိမ်သာ မိန့်မြွက်သည်မှာ ဧကန်မုချ လုံလောက်ပေသည်။ အဘယ်ကြောင့် စာတန်သည် ယင်းကို ထပ်တလဲလဲ ပြောမြဲပြောရပါသနည်း။ ဤအရာက အချက်တစ်ချက်ကို သက်သေပြ၏- စာတန်၏ သဘာဝသည် ပြောင်းလဲခြင်းမရှိပေ။ စာတန်သည် သူ၏ အကျည်းတန်သော မျက်နှာကို ဖုံးကွယ်ဖို့ ဟန်ဆောင်မှုကို အသုံးမပြုနိုင်ပေ။ ဘုရားသခင်သည် ၎င်းကို မေးခွန်းတစ်ခု မေးလိုက်ပြီး ဤသည်မှာ ၎င်းက ပြန်ဖြေသည့်ပုံ ဖြစ်သည်။ ထိုသို့ ဖြစ်သည့်အတွက်၊ ၎င်းက လူကို မည်သို့ ဆက်ဆံမည်ကို စိတ်ကူးကြည့်လော့။ စာတန်သည် ဘုရားသခင်ကို မစိုးရွံ့ပေ၊ ဘုရားသခင်ကို မကြောက်ရွံ့သကဲ့သို့၊ ဘုရားသခင်ကို မနာခံပေ။ ထို့ကြောင့် ဘုရားသခင်၏ ရှေ့မှောက်တွင် လက်လွတ်စပယ် ရဲတင်းဝံ့လေသည်၊ ဘုရားသခင်၏ မေးခွန်းကို ဘေးချိတ်ရန် တူညီသည့် ဤစကားများကို အသုံးပြုဝံ့သည်၊ ဘုရားသခင်၏ မေးခွန်းအဖို့ ဤအဖြေတစ်ခုတည်းကိုသာ ထပ်တလဲလဲ အသုံးပြုဝံ့သည်၊ ဘုရားသခင်ကို ဝေခွဲမရဖြစ်သွားစေခြင်းငှာ ဤအဖြေကို အသုံးပြုရန် ကြိုးပမ်းဝံ့လေသည်- ဤသည်မှာ စာတန်၏ အကျည်းတန်သော မျက်နှာဖြစ်ပေသည်။ ၎င်းသည် ဘုရားသခင်၏ အနန္တတန်ခိုးကို မယုံကြည်ပေ၊ ဘုရားသခင်၏ ဩဇာအာဏာကို မယုံကြည်သကဲ့သို့၊ ဘုရားသခင်၏ အုပ်စိုးမှုကို ကျိုးနွံနာခံရန် လုံးဝ လိုလားခြင်း မရှိပေ။ ၎င်းသည် ဘုရားသခင် ပြုသည့်အရာအားလုံးကို စဉ်ဆက်မပြတ် ထိုးနှက်တိုက်ခိုင်းရင်း၊ ဘုရားသခင်ပြုသည့် အရာအားလုံးကို ဖျက်ဆီးရန်ကြိုးပမ်းရင်း စဉ်ဆက်မပြတ် ဘုရားသခင်ကို ဆန့်ကျင်ရာတွင်ရှိလေသည်- ဤသည်မှာ ၎င်း၏ ဆိုးယုတ်သော ရည်မှန်းချက်ဖြစ်သည်။

ယောဘဝတ္ထုထဲတွင် မှတ်တမ်းတင်ထားသည်နှင့်အမျှ၊ စာတန် မြွက်ကြားသည့် ဤကျမ်းနှစ်ပိုဒ်နှင့် စာတန်လုပ်ဆောင်ခဲ့သည့် အရာများသည် ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို ၎င်းဆန့်ကျင်ခြင်း၏ ကိုယ်စားပြုသောအရာဖြစ်သည်- ဤတွင်၊ စာတန်၏ စရိုက်အမှန်ကို ထုတ်ဖော်ပြထားပေသည်။ စာတန်၏ စကားများနှင့် လုပ်ဆောင်ချက်များကို လက်တွေ့ဘဝတွင် သင်တွေ့ဖူးပါသလော။ ထိုအရာများကို သင်တွေ့သည့်အခါတွင်၊ စာတန်ပြောသည့်အရာများဖြစ်သည်ဟု သင် ထင်ကောင်းထင်မည်မဟုတ်ဘဲ၊ ယင်းအစား လူကပြောသည့် အရာများအဖြစ် ထိုအရာများကို သင် ထင်ကောင်း ထင်နိုင်၏။ ထိုအရာများကို လူသားက ပြောဆိုသည့်အခါတွင်၊ မည်သည့်အရာကို ကိုယ်စားပြုသနည်း။ စာတန်ကို ကိုယ်စားပြုပေသည်။ ယင်းကို သင့်အနေဖြင့် သတိပြုမိလျှင်ပင်၊ ယင်းကို စာတန်က အမှန်တကယ် ပြောဆိုထားသည်ကို သင် မမြင်နိုင်သေးပေ။ သို့သော် ယခု ဤနေရာတွင်တော့ စာတန်ကိုယ်တိုင်က ပြောပြီးသည့်အရာကို ပြတ်ပြတ်သားသား သင်မြင်သွားပေပြီ။ ယခု သင်သည် စာတန်၏အကျည်းတန်သည့် မျက်နှာနှင့် ဆိုးယုတ်မှုအကြောင်းကို ပြတ်သားကာ ရှင်းလင်းသည့် နားလည်မှုတစ်ခု သင်ရှိပေပြီ။ ထို့ကြောင့် စာတန်ပြောဆိုခဲ့သော ဤကျမ်းနှစ်ပိုဒ်သည် စာတန်၏သဘာဝနှင့်ပတ်သက်သည့် အသိပညာကို ရရှိဖို့ ယနေ့လူများကို ကူညီရာတွင် တန်ဖိုးရှိပါသလော။ ယနေ့ လူသားမျိုးနွယ်အတွက် စာတန်၏ အကျည်းတန်သည့် မျက်နှာကို သတိပြုမိနိုင်ဖို့၊ စာတန်၏ မူလ၊ စစ်မှန်သော မျက်နှာကို သတိပြုမိနိုင်ဖို့ရန် ဤကျမ်းနှစ်ပိုဒ်သည် သေချာထိန်းသိမ်းထိုက်ပါသလော။ ဤသည်မှာ ပြောဖို့ မသင့်တော်သည့်အရာတစ်ခုဟု ထင်ရသော်လည်း၊ ထိုသို့ ဖော်ပြထားသည့် ဤစကားများသည် မည်သို့ဆိုစေ တိကျမှန်ကန်သည်ဟု မှတ်ယူရနိုင်ပေသည်။ အမှန်တွင်၊ ဤသည်မှာ ဤစိတ်ကူးကို ငါ ဖော်ပြနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်၊ ယင်းကို သင်တို့ နားလည်နိုင်ပါက၊ လုံလောက်ပေသည်။ ထပ်ခါထပ်ခါ၊ စာတန်သည် ယေဟောဝါ ဘုရားသခင်ကို ယောဘ၏ ကြောက်ရွံ့မှုနှင့် ပတ်သက်သည့် စွပ်စွဲချက်များ ထုတ်ရင်း၊ ယေဟောဝါပြုသည့် အရာများကို တိုက်ခိုက်၏။ စာတန်သည် ၎င်း၏ ယောဘကို သွေးဆောင်ခြင်းအား ယေဟောဝါက လျစ်လျူပြုစေရန် ကြိုးစားရင်း၊ နည်းအမျိုးမျိုးဖြင့် ယေဟောဝါကို ရန်စရန် ကြိုးပမ်းလေသည်။ ထို့ကြောင့် ၎င်း၏စကားများသည် အလွန်အမင်း ဆွပေးသည့်သဘောသဘာဝ ရှိလေသည်။ ထို့ကြောင့် ငါ့ကို ပြောလော့၊ စာတန်သည် ဤစကားများကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက်၊ စာတန် မည်သည့်အရာ လုပ်ဆောင်လိုသည်ကို ဘုရားသခင်က ရှင်းရှင်းလင်းလင်း မြင်နိုင်သလော။ (မြင်နိုင်ပါသည်။) ဘုရားသခင်၏ စိတ်နှလုံးတွင်၊ ဘုရားသခင် အရေးထားသည်မှာ ဤလူ ယောဘ ဖြစ်လေသည်— ဖြောင့်မတ်သော လူတစ်ဦး၊ စုံလင်သော လူတစ်ဦးအဖြစ် ဘုရားသခင် သဘောထားသည်မှာ ဤဘုရားသခင်၏ အစေခံ ဖြစ်သည်— ဤလူသည် ဤသွေးဆောင်မှုမျိုးကို ကြံ့ကြံ့ခံနိုင်သလော။ (ခံနိုင်ပါသည်။) ဘုရားသခင်သည် ယင်းနှင့်ပတ်သက်၍ အဘယ်ကြောင့် သေချာလွန်းရသနည်း။ ဘုရားသခင်သည် လူ၏ စိတ်နှလုံးကို အမြဲ ဆန်းစစ်နေသလော။ (ဆန်းစစ်နေပါသည်။) သို့ဆိုလျှင် စာတန်သည် လူ၏စိတ်နှလုံးကို ဆန်းစစ်နိုင်သလော။ စာတန်က မဆန်းစစ်နိုင်ပါ။ စာတန်သည် သင်၏စိတ်နှလုံးကို မြင်နိုင်လျှင်ပင်၊ ၎င်း၏ဆိုးယုတ်သော သဘာဝက သန့်ရှင်းခြင်းကို သန့်ရှင်းခြင်းဟု သို့မဟုတ် ယုတ်ညံ့ခြင်းကို ယုတ်ညံ့ခြင်းဟု မည်သည့်အခါတွင်မျှ ယုံကြည်ခွင့် မပေးပေ။ ဆိုးယုတ်သည့် စာတန်သည် သန့်ရှင်းသည့်၊ ဖြောင့်မတ်သည့် သို့မဟုတ် တောက်ပသည့် မည်သည့်အရာကိုမျှ လုံးဝ တန်ဖိုးမထားနိုင်ပေ။ စာတန်သည် ၎င်း၏သဘာဝနှင့်အညီ၊ ၎င်း၏ဆိုးယုတ်မှုနှင့်အညီ၊ ပြီးလျှင် ၎င်း၏ လုပ်လေ့လုပ်ထရှိသော နည်းစနစ်များမှတစ်ဆင့် မမောနိုင်မပန်းနိုင် မလုပ်ဆောင်ဘဲ မနေနိုင်ပေ။ ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်း သို့မဟုတ် ဖျက်ဆီးခြင်းကို သူကိုယ်တိုင် ခံရလျှင်ပင်၊ ဘုရားသခင်ကို ခေါင်းမာမာနှင့် ဆန့်ကျင်ရန် သူဝန်မလေးပေ- ဤအရာသည် ဆိုးယုတ်မှု၊ ဤအရာသည် စာတန်၏ သဘာဝ ဖြစ်သည်။ ထို့ကြောင့် ဤကျမ်းပိုဒ်ထဲတွင် စာတန်က၊ “အရေအဖို့အရေ ဆိုသကဲ့သို့ လူသည် သူ၏အသက်အတွက် ပိုင်ဆိုင်သမျှတို့ကို အမှန်စင်စစ် ပေးပါလိမ့်မည်။ သို့သော် ယခု ကိုယ်တော်၏လက်ကို ဆန့်ကာ သူ၏အရိုးနှင့် အသွေးအသားတို့ကို ထိပါလော့၊ သူသည် ကိုယ်တော်၏ မျက်နှာကို စေ့စေ့ကြည့်ကာ ကျိန်ဆဲလိမ့်မည်” ဟု ဆိုပေသည်။ လူသား၏ ဘုရားသခင်ကို ကြောက်ရွံ့မှုသည် ဘုရားသခင်ထံမှ အကျိုးအမြတ်များစွာ လူသားက ရရှိခြင်းကြောင့် ဖြစ်သည်ဟု စာတန်ကထင်သည်။ လူသည် ဘုရားသခင်ထံမှ အကျိုးအမြတ်များစွာ ရရှိသောကြောင့် ဘုရားသခင် ကောင်းမြတ်သည်ဟု လူသားက ပြောသည်။ သို့သော် လူက ဘုရားသခင်ကို ဤနည်းဖြင့် ကြောက်ရွံ့နိုင်သည်မှာ ဘုရားသခင် ကောင်းမြတ်သောကြောင့် မဟုတ်ဘဲ၊ လူက အကျိုးအမြတ်များစွာ ရရှိသောကြောင့် ဖြစ်ပေသည်။ ဘုရားသခင်က လူကို အကျိုးအမြတ်များ ခံစားခွင့် မပေးဘဲထားလိုက်သည်နှင့် သူက ဘုရားသခင်ကို စွန့်ပစ်လေသည်။ စာတန်၏ ဆိုးယုတ်သည့် သဘာဝတွင်၊ လူ၏ စိတ်နှလုံးက ဘုရားသခင်ကို အမှန်တကယ် ကြောက်ရွံ့နိုင်သည်ကို သူမယုံကြည်ပေ။ ၎င်း၏ဆိုးယုတ်သည့် သဘာဝကြောင့်၊ ကြောက်ရွံ့မှုရှိသည့် ကြည်ညိုမှုက မည်သည့်အရာဖြစ်သည်ကို သိရှိဖို့မဆိုထားနှင့်၊ သန့်ရှင်းခြင်းက မည်သည့်အရာဖြစ်သည်ကို သူမသိပေ။ ဘုရားသခင်ကို နာခံခြင်း သို့မဟုတ် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဆိုသည်မှာ အဘယ်အရာဖြစ်သည်ကို သူမသိပေ။ ဤအရာများကို ၎င်းက မသိသောကြောင့်၊ လူသည် ဘုရားသခင်ကို မကြောက်ရွံ့နိုင်ဟု ၎င်းကထင်လေသည်။ ငါကို ပြောလော့၊ စာတန်သည် မဆိုးယုတ်ပါသလော။ ငါတို့အသင်းတော်ကလွဲ၍ အမျိုးမျိုးသော ဘာသာတရားများနှင့် ဂိုဏ်းဂဏများ၊ သို့မဟုတ် ဘာသာရေးနှင့် လူမှုရေး အုပ်စုများထဲမှ မည်သူမျှက ဘုရားသခင် လူ့ဇာတိ ခံယူလာပြီးဖြစ်ကာ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်နေသည်ကို ယုံကြည်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြပေ။ ထို့ကြောင့် သင်ယုံကြည်သည်မှာ ဘုရားသခင်ကို မဟုတ်ဟု ၎င်းတို့က ထင်ကြ၏။ လိင်မှုရှုပ်ပွေသော လူသည် ၎င်း၏ အနီးအနားကို ကြည့်ကာ၊ အခြားအယောက်တိုင်းသည် ၎င်းကဲ့သို့ပင် လိင်မှုရှုပ်ပွေသည်ဟု မြင်လေသည်။ အမြဲ လိမ်သောလူသည် အနီးအနားကို ကြည့်ကာ မရိုးသားမှုနှင့် အလိမ်အညာများကိုသာ မြင်လေသည်။ ဆိုးယုတ်သည့်လူက အခြားအယောက်တိုင်းကို ဆိုးယုတ်သကဲ့သို့ မြင်ပြီး တွေ့ကရာလူတိုင်းကို တိုက်ခိုက်ချင် လေသည်။ ရိုးသားမှု အတိုင်းအတာတစ်ခု ရှိသူများက အခြားအယောက်တိုင်းကို ရိုးသားသကဲ့သို့ မြင်ကြ၏၊ ထို့ကြောင့် ၎င်းတို့သည် အမြဲ လှည့်စားခံရ၏၊ အမြဲ လိမ်လည်ခံရပြီး ယင်းနှင့်ပတ်သက်၍ ၎င်းတို့ လုပ်နိုင်သည့်အရာ မည်သည့်အရာမျှ မရှိချေ။ သင်တို့၏ လက်ခံယုံကြည်မှုတွင် သာ၍ ခိုင်ခံ့စေဖို့ ဤဥပမာ အနည်းငယ်ကို ငါပေးသည်- စာတန်၏ ဆိုးယုတ်သည့် သဘာဝသည် တစ်ခဏ စေ့ဆော်မှု မဟုတ်၊ သို့မဟုတ် အခြေအနေများဖြင့် ချမှတ်ထားခြင်း မဟုတ်သကဲ့သို့၊ အကြောင်းရင်းတစ်ခုတစ်လေ သို့မဟုတ် နောက်ခံအကြောင်းရင်း တစ်ခုခုမှ ဖြစ်ပေါ်လာသည့် ယာယီ သရုပ်သကန်တစ်ခုလည်း မဟုတ်။ လုံးဝကို မဟုတ်ပေ။ စာတန်သည် ဤပုံစံသာ မဖြစ်ဘဲ မနေနိုင်ပေ။ ကောင်းသည့်အရာ မည်သည့်အရာမျှ သူမလုပ်နိုင်ပေ။ နားဝင်ချိုသည့် အရာတစ်ခုခုကို သူပြောသည့်အခါတွင်ပင်၊ သင့်ကို သွေးဆောင်ဖြားယောင်းဖို့သာ ဖြစ်သည်။ နားဝင်ချိုလေလေ၊ ပါးနပ်လေလေဖြစ်ပြီး၊ ၎င်း၏ စကားများက သာ၍ သိမ်မွေ့လေလေ၊ ဤစကားများ၏ နောက်ကွယ်မှ ဆိုးယုတ်သည့် ရည်ရွယ်ချက်များသည် သာ၍ပင် မလိုမုန်းထားလေလေ ဖြစ်သည်။ ဤကျမ်းနှစ်ပိုဒ်တွင် စာတန်သည် မည်သို့သောမျက်နှာမျိုး၊ မည်သို့သော သဘာဝမျိုးကို ပြသနည်း။ (ယုတ်ညံ့ဖောက်ပြန်ခြင်း၊ မလိုမုန်းထားခြင်းနှင့် ဆိုးယုတ်ခြင်း ဖြစ်ပါသည်။) စာတန်၏အရင်းခံ ပင်ကိုလက္ခဏာမှာ ဆိုးယုတ်မှုဖြစ်သည်။ အခြားအရာများ အားလုံးထက်၊ စာတန်သည် ဆိုးယုတ်ပြီး မလိုမုန်းထားလေသည်။

ယခု စာတန်နှင့်ပတ်သက်သည့် ငါတို့၏ ဆွေးနွေးမှု ပြီးဆုံးပြီဖြစ်သည်၊ ငါတို့ဘုရားသခင် အကြောင်းကို ပြန်ပြောကြစို့။ ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်အတွင်းတွင်၊ ဘုရားသခင်၏ တိုက်ရိုက်ပြော စကားထဲမှ အနည်းအကျဉ်းကိုသာ သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင် ထားပြီး၊ မှတ်တမ်းတင်ထားသည့် အရာသည် အင်မတန် ရိုးရှင်းပေသည်။ ထို့ကြောင့် အစအဦးမှ စလိုက်ကြပါစို့။ ဘုရားသခင်သည် လူသားကို ဖန်ဆင်းခဲ့ပြီး၊ ထိုအချိန်ကတည်းက လူသားမျိုးနွယ်၏အသက်တာကို အစဉ်အမြဲ လမ်းပြပြီးဖြစ်သည်။ လူသားမျိုးနွယ်အပေါ် ကောင်းချီးမင်္ဂလာများ အပ်နှင်းရာတွင်ဖြစ်စေ၊ လူများအတွက် ပညတ်တရားများနှင့် ပညတ်ချက်များကို ဖန်တီးရာတွင်ဖြစ်စေ၊ သို့မဟုတ် အသက်တာအတွက် အမျိုးမျိုးသော စည်းမျဉ်းများကို ပြဋ္ဌာန်းရာတွင် ဖြစ်စေ၊ ဤအရာများကို လုပ်ဆောင်ရာတွင် ဘုရားသခင်၏ရည်ရွယ်ထားသည့် ရည်မှန်းချက်မှာ အဘယ်အရာ ဖြစ်သည်ကို သင်တို့သိပါသလော။ ပထမဦးစွာ ဘုရားသခင်ပြုသည့် အရာအားလုံးသည် လူသားမျိုးနွယ်၏ ကောင်းကျိုးအတွက်ဖြစ်သည်ဟု သေချာမှုဖြင့် သင် ဆိုနိုင်သလော။ ဤအရာများသည် သင်တို့အဖို့ ကြီးကျယ်ခမ်းနားသည့်၊ ပေါ့တန်သော စကားများအလား ဖြစ်ပုံရသော်လည်း၊ သို့သော် အတွင်းတွင် ရှိသည့် အသေးစိတ်အချက်အလက်များကို ဆန်းစစ်ဖြင်းဖြင့်၊ ဘုရားသခင် ပြုသမျှသည် လူသားကို သာမန်ဘဝတစ်ခုအား အသက်ရှင်ခြင်းဆီသို့ ဦးဆောင်ကာ လမ်းပြဖို့ ရည်ရွယ်သည် မဟုတ်လော။ ယင်းက လူသားကို သူ၏စည်းမျဉ်းစည်းကမ်းများအား လိုက်နာစေခြင်း ဖြစ်စေ၊ သို့မဟုတ် သူ၏ပညတ်တရားများကို စောင့်ထိန်းခြင်းဖြစ်စေ၊ လူသားအတွက် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ စာတန်ကို ကိုးကွယ်ခြင်းထဲသို့ လူသားကို မကျရောက်စေဖို့နှင့် စာတန်၏ အန္တရာယ်ပေးခြင်းကို မခံရစေရန်ဖြစ်သည်။ ဤသည်မှာ အခြေခံကျဆုံး ဖြစ်ပြီး တကယ့်အစအဦးတွင် လုပ်ဆောင်ခဲ့သည့်အရာ ဖြစ်သည်။ တကယ့်အစအဦးတွင် လူသားသည် ဘုရားသခင်၏ အလိုတော်ကို နားမလည်ခဲ့သည့်အချိန်တွင်၊ ဘုရားသခင်သည် ရိုးရှင်းသည့် ပညတ်တရားများနှင့် စည်းမျဉ်းစည်းကမ်းအချို့ကို ပြုလုပ်ပြီး၊ စိတ်ကူးကြံစည်၍ရနိုင်သော ကိစ္စတိုင်းကို ခြုံငုံသည့် စည်းကမ်းချက်များကို ပြုလုပ်ခဲ့၏။ ဤစည်းကမ်းချက်များသည် အင်မတန် ရိုးရှင်းသော်လည်း ၎င်းတို့အတွင်းတွင် ဘုရားသခင်၏ အလိုတော်ထဲ ပါရှိနေပေသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို တန်ဖိုးထား၏၊ မြတ်နိုးပြီး အလွန်အမင်း ချစ်ခင်၏။ ထို့ကြောင့် သူ၏စိတ်နှလုံး သန့်ရှင်းသည်ဟု ငါတို့ပြော၍ရသလော။ သူ့နှလုံးသား စင်ကြယ်သည်ဟု ငါတို့ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) သို့ဆိုလျှင် ဘုရားသခင်သည် နောက်ထပ်ရည်ရွယ်ချက်များ ရှိနေသလော။ (မရှိပါ။) သို့ဆိုလျှင် သူ၏ ဤရည်ရွယ်ချက်သည် မှန်ကန်ပြီး အပြုသဘောဆောင်ပါသလော။ သူအမှုပြုစဉ်ကာလတစ်လျှောက်တွင်၊ သူ ဖန်တီးခဲ့သည့် စည်းမျဉ်းစည်းကမ်းများအားလုံးသည် လူသားအတွက် လမ်းခရီးကို ဦးဆောင်ရင်း၊ လူသားအပေါ် အပြုသဘောဆောင်သည့် အကျိုးသက်ရောက်မှု ရှိပြီးဖြစ်ပေသည်။ ထို့ကြောင့် ဘုရားသခင်၏ စိတ်ထဲတွင် ကိုယ်ကျိုးဖက်သည့် အတွေးများ ရှိပါသလော။ လူသားနှင့် ပတ်သက်သည့်နေရာတွင် ဘုရားသခင်သည် နောက်ထပ် ရည်ရွယ်ချက်များတစ်ခုတစ်လေ ရှိပါသလော။ ဘုရားသခင်သည် လူသားကို တခြားနည်းလမ်းဖြင့် အသုံးပြုချင်သလော။ အနည်းငယ်မျှ မဟုတ်ပါ။ ဘုရားသခင်သည် သူပြောသည့်အတိုင်း ပြု၏၊ ပြီးလျှင် သူ၏ စကားများနှင့် လုပ်ရပ်များသည် သူ၏စိတ်နှလုံးထဲက အတွေးများနှင့် ကိုက်ညီလေသည်။ စွန်းထင်းသည့် ရည်ရွယ်ချက် မရှိ၊ ကိုယ်ကျိုးဖက်သည့် အတွေးများ မရှိပေ။ သူလုပ်ဆောင်သည့် မည်သည့်အရာမျှ သူ့အတွက် မဟုတ်။ သူ လုပ်ဆောင်သမျှသည်၊ သီးသန့် ရည်ရွယ်ချက်များ မပါဘဲ၊ လူသားအတွက် သူလုပ်ဆောင်ပေသည်။ သူသည် လူသားအပေါ် ထားရှိသော အစီအစဉ်များနှင့် ရည်ရွယ်ချက်များ ရှိသော်လည်း ထိုအရာမှ မည်သည့်အရာမျှ သူကိုယ်တိုင်အတွက် မဟုတ်ပေ။ သူလုပ်သမျှ အရာရာသည် လူသားတွေအတွက် သက်သက် လုပ်ဆောင်ခြင်းဖြစ်သည်၊ လူသားမျိုးနွယ်ကို ကာကွယ်ရန်၊ လူသားမျိုးနွယ်ကို လမ်းလွဲသွားခြင်းမှ ထိန်းသိမ်းရန် ဖြစ်သည်။ ထို့ကြောင့် သူ၏ ဤနှလုံးသားသည် အဖိုးမတန်ပေဘူးလော။ ထိုသို့သော အဖိုးတန်သည့် နှလုံးသား၏ အသေးငယ်ဆုံး အရိပ်အယောင်ကိုပင် စာတန်၌ သင်တွေ့ရသလော။ ဤအရာ၏ အရိပ်အယောင် တစ်ခုတလေကိုမျှ စာတန်ထဲတွင် သင် မတွေ့နိုင်ပေ။ သင် လုံးဝ မတွေ့ရှိနိုင်ပေ။ ဘုရားသခင်ပြုသည့် အရာရာတိုင်းသည် အလိုအလျောက် ထုတ်ဖော်ပြခံရလေသည်။ ယခုတွင်၊ ဘုရားသခင် အမှုပြုသည့်နည်းလမ်းကို ကြည့်ကြစို့။ သူသည် သူ၏အမှုကို မည်သို့ လုပ်ဆောင်ပါသနည်း။ ဘုရားသခင်သည် ဤပညတ်တရားများနှင့် သူ၏နှုတ်ကပတ်တော်များကို ယူကာ လူသားအယောက်စီတိုင်းအပေါ် ချမှတ်ရင်း၊ သတ္တုကွင်းတင်းကျပ်စေသောမန္တန်က ကဲ့သို့ လူတိုင်း၏ ခေါင်းပတ်ပတ်လည်၌ တင်းတင်း ကျပ်ကျပ် ချည်နှောင်ထားသလော။ သူသည် ဤနည်းလမ်းဖြင့် သူ၏ အမှုကို ပြုပါသလော။ (မပြုပါ။) သို့ဆိုလျှင် ဘုရားသခင်သည် မည်သို့သောနည်းလမ်းဖြင့် သူ၏ အမှုကို လုပ်ဆောင်ပါသနည်း။ သူသည် ခြိမ်းခြောက်ပါသလော။ သူသည် သင်တို့ကို စကားပြောချိန်တွင် ဝေ့လည်ကြောင်ပတ် ပြောဆိုပါသလော။ (မပြောဆိုပါ။) သမ္မာတရားကို သင်နားမလည်သည့်အခါ ဘုရားသခင်သည် သင့်ကို မည်ကဲ့သို့လမ်းပြသနည်း။ ဤသို့ ပြုလုပ်ခြင်းသည် သမ္မာတရားနှင့် ကိုက်ညီခြင်းမရှိဟု သင့်ကို ရှင်းရှင်းလင်းလင်း ပြောရင်း၊ သင်တို့အပေါ် အလင်းထွန်းလင်းစေပြီးနောက်၊ သင်မည်သည့်အရာ လုပ်သင့်သည်ကို သူပြောလေသည်။ ဘုရားသခင် အမှုပြုသည့် ဤနည်းလမ်းများမှ၊ သင်သည် ဘုရားသခင်နှင့် မည်ကဲ့သို့သော ဆက်ဆံရေးမျိုး ရှိသည်ဟု ခံစားရသနည်း။ ဘုရားသခင်ကို သင် ဆက်သွယ်၍ မရနိုင်ဟု သင်ခံစားရသလော။ (မခံစားရပါ။) သို့ဆိုလျှင် ဘုရားသခင် အမှုပြုသည့် ဤနည်းလမ်းများကို သင် မြင်သည့်အခါ သင် မည်သို့ခံစားရပါသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အလွန့်အလွန်စစ်မှန်ပြီး လူသားနှင့် သူ၏ ဆက်ဆံရေးသည် အလွန်ပင် သာမန်ဖြစ်သည်။ ဘုရားသခင်သည် သင်နှင့် အထူးသဖြင့် နီးကပ်၏။ သင်နှင့် ဘုရားသခင်ကြားတွင် မည်သည့်အကွာအဝေးမျှ မရှိပေ။ ဘုရားသခင်က သင့်ကို လမ်းပြသည့်အခါ၊ သင့်ကို သူထောက်ပံ့ပေးသည့်အခါ၊ သင့်ကို ကူညီပြီး အားပေးသည့်အခါ၊ ဘုရားသခင် မည်မျှ ဖော်ရွေသည်၊ သူ လှုံ့ဆော်သည့် ကြည်ညိုမှုတို့ကို သင်ခံစားရ၏။ သူမည်မျှ နှစ်လိုဖွယ်ဖြစ်သည်ကို သင် ခံစားရသည်၊ သူ၏ နွေးထွေးမှုကို သင်ခံစားရသည်။ သို့သော် ဘုရားသခင်သည် ဖောက်ပြန်ပျက်စီးခြင်းနှင့်ပတ်သက်၍ သင့်ကို အပြစ်တင်သည့်အခါ၊ သို့မဟုတ် သူ့ကို ဆန့်ကျင်ပုန်ကန်ခြင်းအတွက် သင့်ကို သူတရားစီရင်ပြီး ဆုံးမပဲ့ပြင်သည့်အခါ၊ မည်သည့် နည်းစနစ်ကို သူ အသုံးပြုသနည်း။ သူသည် သင့်ကို နှုတ်ကပတ်တော်များဖြင့် အပြစ်တင်ပါသလော။ ပတ်ဝန်းကျင်မှတစ်ဆင့်၊ လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများမှတစ်ဆင့် သင့်ကို သူဆုံးမပဲ့ပြင်သလော။ (ပဲ့ပြင်ပါသည်။) ဘုရားသခင်သည် သင့်ကို မည်သည့်အတိုင်းအတာထိ ဆုံးမပဲ့ပြင်ပါသနည်း။ လူကို စာတန်က အန္တရာယ်ပေးသည့် အတိုင်းအတာနှင့်အလားတူ ဘုရားသခင်က လူကို ဆုံးမပဲ့ပြင်ပါသလော။ (မဟုတ်ပါ၊ လူက သည်းခံနိုင်သည့်အတိုင်းအတာထိသာ ဘုရားသခင်သည် လူကို ဆုံးမပဲ့ပြင်ပါသည်။) ဘုရားသခင်သည် သိမ်မွေ့သည့်၊ နူးညံ့သည့်၊ ချစ်ခင်ဖွယ်ဖြစ်ပြီး ဂရုတစိုက်ရှိသည့် နည်းလမ်း၊ အထူး ချင့်ချင့်ချိန်ချိန်ရှိပြီး သင့်လျော်သည့် နည်းလမ်းတစ်ခုဖြင့် အမှုပြုပေသည်။ သူ၏ နည်းလမ်းက သင့်အထဲတွင်၊ “ဘုရားသခင်သည် ငါ့ကို ဤအရာ လုပ်ခွင့်ပေးရမည်”၊ သို့မဟုတ် “ဘုရားသခင်သည် ငါ့ကို ထိုအရာလုပ်ခွင့်ပေးရမည်” ဟူသည့် ပြင်းထန်သော ခံစားချက်ဆိုင်ရာ တုန့်ပြန်မှုများ မဆွပေးပေ။ ဘုရားသခင်သည် သည်းမခံနိုင်လောက်အောင် ဖြစ်စေသည့် ထိုသို့ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ခံစားချက်ဆိုင်ရာ ပြင်းပြမှုမျိုးကို သင့်အား လုံးဝ မပေးပေ။ ထိုသို့ မဟုတ်လော။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း နှုတ်ကပတ်တော်များကို သင်လက်ခံသည့်အခါတွင်ပင် သင်မည်သို့ခံစားရသနည်း။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးကို သင်ခံစားမိသည့်အခါ သင်မည်ကဲ့သို့ ခံစားရသနည်း။ ဘုရားသခင်သည် ဘုရားသဘောသဘာဝရှိပြီး၊ အစဉ်လေးစားလိုက်နာအပ်သည်ဟု ခံစားရသလော။ ဤအချိန်များတွင် သင်ကိုယ်တိုင်နှင့် ဘုရားသခင်ကြားတွင် ဝေးကွာမှု သင်ခံစားရသလော။ ဘုရားသခင်ကို ကြောက်ရွံ့မှု သင်ခံစားရပါသလော။ မခံစားရပေ- ယင်းထက်၊ သင်သည် ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်းနှင့်ပြည့်သည့် ကြည်ညိုမှုကို ခံစားရ၏။ ဤအရာများအားလုံးကို လူတို့ ခံစားရသည်မှာ ဘုရားသခင်၏ အမှုကြောင့် ဖြစ်သည် မဟုတ်လော။ အမှုပြုနေသူမှာ စာတန်ဖြစ်ပါက၊ ဤခံစားချက်များ ၎င်းတို့ရှိကြမည်လော။ လုံးဝ မရှိပေ။ ဘုရားသခင်သည် လူသားကို အစဉ်မပြတ် ထောက်ပံ့၊ အားပေးရန် သူ၏ နှုတ်ကပတ်တော်များ၊ သူ၏သမ္မာတရားနှင့် သူ၏အသက်ကို အသုံးပြုလေသည်။ လူသားက အားနည်းသည့်အခါတွင်၊ လူသားက စိတ်ဓာတ်ကျသည့်အခါ၊ ဘုရားသခင်က၊ “စိတ်ဓာတ်မကျနှင့်။ စိတ်ဓာတ်ကျစရာအကြောင်း မည်သည့်အရာ ရှိပါသနည်း။ အဘယ်ကြောင့် သင်အားနည်းနေသနည်း။ အားနည်းနေစရာ မည်သည့်အကြောင်းရင်း ရှိပါသနည်း။ သင် အမြဲအလွန်အားနည်းပြီး အမြဲ အပျက်သဘောဆောင်၏။ သင် အသက်ရှင်ရခြင်းသည် အဘယ်အသုံးဝင်ပါသနည်း။ သေသာ သေလိုက်ပြီး အဆုံးသတ်လိုက်တော့” ဟု ဆိုရင်း၊ ကြမ်းတမ်းစွာ မပြောဆိုပေ။ ဘုရားသခင်သည် ဤနည်းလမ်းဖြင့် အမှုပြုသလော။ (မပြုပါ။) ဤနည်းဖြင့် ပြုမူရန် ဘုရားသခင်တွင် သြဇာအာဏာရှိသလော။ ရှိသည်။ သို့သော် ဘုရားသခင်သည် ဤနည်းဖြင့် မပြုမူပေ။ ဤနည်းဖြင့် သူ မပြုမူရသည့် အကြောင်းရင်းမှာ၊ ဘုရားသခင်၏ သန့်ရှင်းခြင်း အနှစ်သာရဖြစ်သည့် သူ၏ အနှစ်သာရကြောင့် ဖြစ်သည်။ သူ၏ လူသားကို ချစ်ခြင်း၊ လူသားကို သူ၏ တန်ဖိုးထားခြင်းနှင့် မြတ်နိုးခြင်းတို့ကို ဝါကျတစ်ကြောင်း နှစ်ကြောင်းမျှဖြင့် ရှင်းရှင်းလင်းလင်း ဖော်ပြ၍ မရနိုင်ပေ။ ယင်းမှာ လူသား၏ ကြွားဝါမှုအားဖြင့် ဖြစ်ပေါ်လာသည့် အရာတစ်ခု မဟုတ်ဘဲ စစ်မှန်သည့် လက်တွေ့လုပ်ဆောင်မှုဖြင့် ဘုရားသခင် ထုတ်ဆောင်သည့် အရာတစ်ခု ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ အနှစ်သာရနှင့် သက်ဆိုင်သည့် ဖွင့်ပြချက်ဖြစ်သည်။ ဘုရားသခင်အမှုပြုသည့် ဤနည်းလမ်းများ အားလုံးသည် လူသားအား ဘုရားသခင်၏ သန့်ရှင်းခြင်းကို မြင်တွေ့စေနိုင်သလော။ ဘုရားသခင်၏ ကောင်းမွန်သည့် ရည်ရွယ်ချက်များ အပါအဝင်၊ လူသားအပေါ် ဘုရားသခင် အမှုပြုလိုသည့် ရလဒ်များအပါအဝင်၊ လူသားအပေါ် အမှုပြုရန် ဘုရားသခင် ခံယူသည့် ကွဲပြားခြားနားသော နည်းလမ်းများ၊ သူပြုသည့် အမှုအမျိုးအစား၊ လူသားကို သူနားလည်စေချင်သည့် အရာအပါအဝင်၊ ဘုရားသခင် အမှုပြုသည့် နည်းလမ်းများ အားလုံးတွင်- ဘုရားသခင်၏ ကောင်းမွန်သည့် ရည်ရွယ်ချက်များ၌ ဆိုးယုတ်မှု သို့မဟုတ် လှည့်ဖြားမှုတစ်ခုတလေ သင်တွေ့ဖူးပါသလော။ (မတွေ့ဖူးပါ။) သို့ဆိုလျှင် ဘုရားသခင်ပြုသည့် အရာရာတိုင်း၊ ဘုရားသခင် ပြောဆိုသည့် အရာရာတိုင်း၊ သူ၏ စိတ်နှလုံးတွင် ဘုရားသခင်တွေးသည့် အရာရာတိုင်းအပြင် သူဖွင့်ပြသည့် ဘုရားသခင်၏ အနှစ်သာရ အားလုံးတွင်- ဘုရားသခင်ကို သန့်ရှင်းသည်ဟု ငါတို့ခေါ်ဆိုနိုင်သလော။ (ခေါ်ဆိုနိုင်ပါသည်။) ဤသန့်ရှင်းခြင်းကို လောကကြီးထဲတွင် သို့မဟုတ် မိမိကိုယ်ကိုယ်အတွင်းတွင် တစ်ဦးတစ်ယောက်က တွေ့မြင်ဖူးပါသလော။ ဘုရားသခင်မှ လွဲ၍၊ ယင်းကို လူသားတစ်ဦးတစ်လေထဲတွင် သို့မဟုတ် စာတန်အထဲတွင် သင်တွေ့ဖူးသလော။ (မတွေ့ဖူးပါ။) ယခုထိ ငါတို့၏ ဆွေးနွေးမှုအပေါ် အခြေခံ၍၊ ဘုရားသခင်ကို အတုမရှိ၊ သန့်ရှင်းသည့် ဘုရားသခင် ကိုယ်တော်တိုင်ဟု ငါတို့ ခေါ်ဆိုနိုင်သလော။ (ခေါ်ဆိုနိုင်ပါသည်။) ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ လူသားအပေါ် ဘုရားသခင်အမှုပြုသည့် မတူကွဲပြားသော နည်းလမ်းများ၊ လူကို ဘုရားသခင် ပြောပြသည့်အရာ၊ လူကို ဘုရားသခင် သတိပေးသည့်အရာ၊ သူအကြံဉာဏ်ပေးပြီး ခွန်အားပေးသည့် အရာအပါအဝင်၊ လူကို ဘုရားသခင် ပေးသည့်အရာအားလုံး- ထိုအရာအားလုံးသည် ဘုရားသခင်၏ သန့်ရှင်းခြင်းတည်းဟူသော အနှစ်သာရ တစ်ခုတည်းမှ ပေါ်ပေါက်ပေသည်။ ထို့သို့သော သန့်ရှင်းသည့် ဘုရားသခင် မရှိခဲ့ပါက၊ သူပြုသည့်အမှုကို လုပ်ဆောင်ရန် မည်သည့်လူကမျှ သူ၏နေရာကို အစားထိုးနိုင်မည် မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် ဤလူများကို စာတန်ထံ အပြည့်အဝ လွှဲပြောင်းပေးခဲ့မည်ဆိုပါက၊ ယနေ့ သင်တို့အားလုံးသည် မည်သည့် အခြေအနေမျိုးတွင် ရှိကြမည်ကို သင်တို့ စဉ်းစားဖူးကြပါသလော။ သင်တို့အားလုံးက ဤနေရာတွင် ပြီးပြည့်စုံပြီး ပကတိအတိုင်း တည်မြဲကာ ရှိကြမည်လော။ သင်တို့က၊ “မြေကြီးပေါ်တွင် ခေါက်တုံ့ ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာသည်။” ဟု ပြောကြမည်လော။ သင်တို့သည် ထိုသို့သော စကားများကို ပြောသည်နှင့်အမျှ အလွန် အရှက်မရှိ၊ အလွန် ယုံကြည်မှု အပြည့်ရှိကာ ဟိတ်ဟန်အပြည့် ဖြစ်ကြကာ ဘုရားသခင် ရှေ့တွင် အရှက်မရှိဘဲ နေကြမည်လော။ သံသယ အရိပ်အယောင်မျှမရှိဘဲ၊ သင်တို့ နေကြပေမည်။ လူသားအပေါ် စာတန်၏ သဘောထားက စာတန်၏ သဘာဝနှင့် အနှစ်သာရသည် ဘုရားသခင်နှင့်လုံးဝဥဿုံ ကွာခြားသည်ကို လူအား မြင်ခွင့်ပေး၏။ ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဆန့်ကျင်သည့် စာတန်၏ အနှစ်သာရသည် အဘယ်အရာ ဖြစ်သနည်း။ (စာတန်၏ ဆိုးယုတ်မှု ဖြစ်ပါသည်။) စာတန်၏ ဆိုးယုတ်သည့် သဘာဝသည် ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ လူအများစုက ဘုရားသခင်၏ ဤဖော်ပြချက်နှင့် ဘုရားသခင်၏ သန့်ရှင်းခြင်း အနှစ်သာရကို သတိမပြုမိသည့် အကြောင်းရင်းမှာ ၎င်းတို့သည် စာတန်၏ အုပ်စိုးမှုအောက်၊ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းနှင့် စာတန်၏ရှင်သန်မှု ခြံဝင်းအတွင်းတွင် အသက်ရှင်ကြသောကြောင့် ဖြစ်သည်။ သန့်ရှင်းခြင်းသည် အဘယ်အရာဖြစ်သည်၊ သို့မဟုတ် သန့်ရှင်းခြင်းကို မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုရမည်ကို ၎င်းတို့ မသိကြပေ။ ဘုရားသခင်၏ သန့်ရှင်းခြင်းကို သင်သိမြင်သည့် အချိန်တွင်ပင် ယင်းကို ဘုရားသခင်၏ သန့်ရှင်းခြင်းအဖြစ် သေချာမှုတစ်ခုတစ်လေဖြင့် သင်အဓိပ္ပာယ် မဖွင့်ဆိုနိုင်သေးပေ။ ဤသည်မှာ ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့်သက်ဆိုင်သည့် လူ၏ အသိပညာအတွင်းရှိ ခြားနားချက်ဖြစ်သည်။

လူသားအပေါ် စာတန်၏ အလုပ်ကို မည်သည့်အရာက သွင်ပြင်လက္ခဏာဆောင်ပါသနည်း။ ဤအရာကို သင်တို့ကိုယ်တိုင်၏ အတွေအကြုံများမှတစ်ဆင့် သင်တို့ သိနိုင်သင့်၏- ယင်းသည် စာတန်စစ်စစ်၏ အင်္ဂါရပ်၊ ၎င်းက ထပ်တလဲလဲ လုပ်ဆောင်သည့်အရာ၊ လူတစ်ဦးစီတိုင်းဖြင့် လုပ်ဆောင်ရန် ၎င်းက ကြိုးစားသည့် အရာဖြစ်သည်။ သင်တို့အနေဖြင့် ဤအင်္ဂါရပ်ကို မြင်ကောင်းမြင်နိုင်မည်မဟုတ်၊ ထို့ကြောင့် စာတန်သည် အလွန် ကြောက်မက်ဖွယ်ဖြစ်ပြီး အလွန် မုန်းတီးဖွယ်ဖြစ်သည်ကို သင် မခံစားရပေ။ ဤအင်္ဂါရပ်မှာ မည်သည့်အရာဖြစ်သည်ကို တစ်ဦးတစ်ယောက်က သိရှိပါသလော။ (သူက လူသားကို ဖြားယောင်းသည်၊ ဆွယ်ကာ သွေးဆောင်ပါသည်။) ယင်းမှာ မှန်ပေသည်။ ဤအရာများမှာ ဤအင်္ဂါရပ် ထင်ရှားသည့် နည်းလမ်းအချို့ ဖြစ်သည်။ စာတန်က လူကို လှည့်ဖြားသည်၊ တိုက်ခိုက်ပြီး စွပ်စွဲလည်းစွပ်စွဲပါသည်- ဤအရာများအားလုံမှာ သရုပ်သကန်များ ဖြစ်ကြလေသည်။ နောက်ထပ်တစ်ခုတစ်လေ ရှိပါသလော။ (သူက အလိမ်အညာတွေ ပြောပါသည်။) လှည့်စားခြင်းနှင့် လိမ်ညာခြင်းသည် စာတန်ထံ အလိုအလျောက် အများဆုံးလာပေသည်။ ၎င်းက ဤအရာများကို မကြာခဏ လုပ်ဆောင်လေ့ရှိသည်။ လူများကို ဆရာလုပ်ခြင်း၊ လှုံ့ဆော်ခြင်း၊ အမှုကိစ္စများကို အတင်းအကျပ် လုပ်ဆောင်စေခြင်း၊ ၎င်းတို့ကို အမိန့်ပေးခြင်းနှင့် ၎င်းတို့ကို အတင်းရယူခြင်းတို့လည်း ရှိသည်။ ယခု သင်တို့ကို ကြက်သီးမွေးညင်း ထလောက်အောင် ထိတ်လန့်ဖွယ်ဖြစ်စေမည့် အရာတစ်ခုကို ငါပြောပြမည်၊ သို့သော် သင်တို့ကို အလန့်တကြားဖြစ်သွားစေရန် ငါပြောသည် မဟုတ်။ ဘုရားသခင်သည် လူသားအပေါ် အမှုပြုပြီး လူသားကို သူ၏ သဘောထားနှင့် စိတ်နှလုံးဖြင့်ပါ မြတ်နိုးသည်။ တစ်ဖက်တွင်မူ စာတန်သည် လူကို လုံးဝ ချစ်မြတ်နိုးခြင်း မရှိသကဲ့သို့၊ လူကို မည်သို့ထိခိုက်စေဖို့အကြောင်း တွေးရင်း ၎င်း၏အချိန်အားလုံးကို ကုန်ဆုံးလေသည်။ ယင်းမှာ အမှန်မဟုတ်သလော။ လူသားကို အန္တရာယ်ပြုခြင်းအကြောင်း သူ စဉ်းစားနေချိန်တွင်၊ သူက စိတ်အခြေအနေသည် အရေးတကြီးဖြစ်သည့် စိတ်အခြေအနေတစ်ခု ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် လူသားများအပေါ် စာတန်၏ လုပ်ဆောင်မှုနှင့် ပတ်သက်၍ စာတန်၏ ဆိုးယုတ်ပြီး မလိုမုန်းထားသည့် သဘာဝကို ပြည့်စုံလုံလောက်စွာ ဖော်ပြနိုင်သည့်၊ စာတန်၏ မုန်းတီးခြင်းကို သင်တို့အား အမှန်တကယ် သိခွင့်ပေးနိုင်သည့် စကားရပ်နှစ်ခု ငါ့မှာရှိ၏။ စာတန်၏ လူသားကို ချဉ်းကပ်မှုတွင်၊ စာတန်သည် မိမိ၏ ရည်မှန်းချက်များကို ရရှိနိုင်ဖို့နှင့် မိမိ၏ အထိန်းအကွပ်မဲ့သော ပြင်းပြသည့်ဆန္ဒကို ဖြည့်ဆည်းနိုင်ဖို့အလို့ငှာ၊ လူကို အလုံးစုံ ထိန်းချုပ်မှု ရရှိနိုင်ပြီး လူကို ဆိုးရွားစွာ အန္တရာယ်ပြုနိုင်သည့် အတိုင်းအတာထိ လူတစ်ဦးစီတိုင်းကို အမြဲ အတင်းအကျပ် နေရာယူကာ ပိုင်ဆိုင်ချင်လေသည်။ “အတင်းအကျပ် နေရာယူ” သည် ဆိုသည်မှာ မည်သည့်အရာကိုဆိုလိုသနည်း။ ယင်းသည် သင်၏သဘောတူညီချက်နှင့် ဖြစ်သည့်အရာတစ်ခုလော သို့မဟုတ် သဘောတူညီချက် မပါဘဲနှင့် ဖြစ်သည့်အရာတစ်ခုလော။ ယင်းသည် သင်သိလျက်ဖြင့် ဖြစ်သလော၊ သို့မဟုတ် သင်မသိဘဲလျက် ဖြစ်သလော။ အဖြေမှာ ယင်းသည် သင် လုံးဝ မသိဘဲလျက် ဖြစ်ပျက်ပေသည်။ ယင်းသည် သင်သတိမမူမိသည့် အခြေအနေများတွင် ဖြစ်ပျက်၏၊ သင့်ကို မည်သည့်အရာမျှ ပြောပင်မပြော သို့မဟုတ် လုပ်ပင်မလုပ်ဆောင်ဘဲ၊ အကြောင်းပြချက်မရှိ၊ ဆက်စပ်အကြောင်းအရာ မရှိဘဲ- စာတန်သည် သင့်ကို ပတ်လျက်၊ သင့်ကို ဝန်းရံလျက် ရှိပေသည်။ ခေါင်းပုံဖြတ်ရန် အခွင့်အရေးကို သူရှာနေသည်၊ ထို့နောက် သင့်ကို အလုံးစုံ ထိန်းချုပ်မှုကို ရရှိခြင်းနှင့် သင့်အပေါ် အန္တရာယ်ဖြစ်စေခြင်းတည်းဟူသော သူ၏ ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရင်း၊ သင့်ကို အတင်းအကျပ် သိမ်းပိုက်သည်၊ သင့်ကို ပိုင်ဆိုင်လေသည်။ ဤသည်မှာ လူသားမျိုးနွယ်ကို ဘုရားသခင်ထံမှ ဆွဲလုရန် အပြင်းအထန်ကြိုးပမ်းသည်နှင့်အမျှ စာတန်၏ ထုံးစံအကျဆုံး ရည်ရွယ်ချက်နှင့် အပြုအမူဖြစ်ပေသည်။ ဤအရာကို သင်တို့ ကြားရသည့်အခါ မည်သို့ခံစားရသနည်း။ (ကျွန်ုပ်တို့ စိတ်နှလုံးထဲတွင် ထိတ်လန့်ပြီး ကြောက်ရွံ့ပါသည်။) ရွံရှာသည်ဟု ခံစားရသလော။ (ခံစားရပါသည်။) ဤရွံရှာမှုကို သင်တို့ ခံစားရ သည်နှင့်အမျှ၊ စာတန်သည် အရှက်မဲ့သည်ဟု သင်တို့ ထင်သလော။ စာတန်က အရှက်မဲ့သည်ဟု သင်တို့ ထင်သည့်အခါတွင်၊ သင်တို့ကို အမြဲထိန်းချုပ်ချင်သည့် သင်တို့ အနီးနားက လူများ၊ အဆင့်အတန်းနှင့် အကျိုးအမြတ်များအတွက် အထိန်းအကွပ်မဲ့သော ရည်မှန်းချက်များရှိသည့် သူတို့ကို သင်တို့ ရွံရှာကြသလော။ (ရွံရှာပါသည်။) သို့ဖြစ်လျှင် လူသားကို အတင်းအကျပ် ပိုင်ဆိုင်ကာ နေရာယူဖို့ စာတန်သည် မည်သည့်နည်းစနစ်များကို အသုံးပြုသနည်း။ ဤအရာနှင့် ပတ်သက်၍ သင်တို့ရှင်းကြပါသလော။ “အတင်းအကျပ် နေရာယူခြင်း” နှင့် “ပိုင်ဆိုင်ခြင်း” ဟူသည့် စကားရပ်နှစ်ခုကို သင်တို့ ကြားရသည့်အခါ၊ သင်တို့ ရွံရှာကြပြီး ဤစကားများနှင့် ပတ်သက်၍ ဆိုးယုတ်မှုကို ခံစားနိုင်ကြပေသည်။ သင်တို့၏ သဘောတူညီချက် သို့မဟုတ် သင်၏ အသိမပါဘဲနှင့် စာတန်သည် သင့်ကို ပိုင်ဆိုင်သည်၊ အတင်းအဓမ္မ နေရာယူကာ သင့်ကို ဖောက်ပြန်ပျက်စီးစေလေသည်။ သင်၏ စိတ်နှလုံးထဲတွင် မည်သည့်အရာကို မြည်းစမ်းရပါသနည်း။ စက်ဆုပ်ခြင်းနှင့် ရွံရှာမှုကို ခံစားရသည် မဟုတ်လော။ (ဟုတ်ပါသည်။) စာတန်၏ ဤနည်းလမ်းများအတွက်၊ စက်ဆုပ်ခြင်းနှင့် ရွံရှာခြင်းကို သင် ခံစားရသည့်အခါ၊ ဘုရားသခင်အတွက် မည်သည့် ခံစားချက်မျိုး သင် ရှိပါသနည်း။ (ကျေးဇူးတင်ခြင်းဖြစ်ပါသည်။) သင့်ကို ကယ်တင်ခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပေသည်။ ထို့ကြောင့် ယခု၊ ဤအခိုက်အတန့်တွင်၊ ဘုရားသခင်ကို သင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို တာဝန်ယူကာ ထိန်းချုပ်ခွင့် ပေးလိုသည့် ဆန္ဒ သို့မဟုတ် လိုအင်ဆန္ဒ ရှိပါသလော။ (ရှိပါသည်။) မည်သည့် ဆက်စပ်အကြောင်းအရာဖြင့် ထိုသို့ သင် ဖြေပါသနည်း။ သင်သည် စာတန်၏ အတင်းအကျပ် နေရာယူပြီး ပိုင်ဆိုင်ခြင်း ခံရမည် စိုးသောကြောင့် “ရှိပါသည်” ဟု သင် ပြောသလော။ (ဟုတ်ပါသည်။) သင်သည် ဤသို့သော စိတ်နေစိတ်ထားမျိုး ရှိရမည်မဟုတ်။ ယင်းက မမှန်ကန်ပေ။ ဘုရားသခင်သည် ဤနေရာတွင် ရှိသည့်အတွက်၊ မကြောက်နှင့်။ ကြောက်စရာ ဘာမျှမရှိပေ။ စာတန်၏ ဆိုးယုတ်သည့် အနှစ်သာရကို သင်နားလည်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်၏ ချစ်ခြင်း၊ ဘုရားသခင်၏ ကောင်းမြတ်သည့် ရည်ရွယ်ချက်များ၊ လူသားအတွက် ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံခြင်းနှင့် သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့် သက်ဆိုင်သည့် သာ၍တိကျသည့် သိနားလည်မှု သို့မဟုတ် သာ၍လေးနက်သည့် မြတ်နိုးမှု သင့်မှာ ရှိသင့်ပေသည်။ စာတန်သည် အလွန် မုန်းတီးဖွယ်ဖြစ်၏၊ သို့သော် ဤအရာသည် ဘုရားသခင်ကို သင်၏ချစ်ခြင်းနှင့် ဘုရားသခင်၌ သင်၏ အားထားမှုနှင့် ကိုးစားမှုကို မစေ့ဆော်ပေးသေးပါက၊ သင်သည် မည်ကဲ့သို့သောလူမျိုး ဖြစ်ပါသနည်း။ သင့်ကို ထိုသို့ အန္တရာယ်ပြုရန် စာတန်ကို အခွင့်ပေးဖို့ သင် လိုလားလျက်ရှိပါသလော။ စာတန်၏ ဆိုးယုတ်မှုနှင့် အကျည်းတန်မှုကို မြင်ပြီးသည့်နောက်၊ ငါတို့ ပြန်လှည့်ပြီး ဘုရားသခင်ကို ကြည့်ကြသည်။ ဘုရားသခင်နှင့်သက်ဆိုင်သည့် သင်၏ အသိပညာသည် ပြောင်းလဲမှု တစ်ခုတစ်လေ ကြုံရပြီးပြီလော။ ဘုရားသခင်သည် သန့်ရှင်း၏ဟု ငါတို့ဆိုနိုင်သလော။ ဘုရားသခင်သည် အပြစ်အနာအဆာ မရှိဟု ငါတို့ ဆိုနိုင်သလော။ “ဘုရားသခင်သည် အတုမရှိ သန့်ရှင်းခြင်း ဖြစ်သည်”— ဘုရားသခင်သည် ဤဂုဏ်ထူးကို လျော်ညီအောင် နေနိုင်သလော။ (နေနိုင်ပါသည်။) သို့ဆိုလျှင် လောကကြီးနှင့် အရာအားလုံးအလယ်တွင် လူ၌ရှိသည့် ဘုရားသခင်နှင့် သက်ဆိုင်သည့် ဤသိနားလည်မှုနှင့် ကိုက်ညီသည်မှာ ဘုရားသခင် ကိုယ်တိုင်သာ ရှိနိုင်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် မည်သည့်အရာ လူအား ဘုရားသခင် အတိအကျ ပေးသနည်း။ သင် မသိလိုက်ဘဲနှင့် သူသည် သင့်ကို ဂရုစိုက်မှု၊ အလေးထားမှုနှင့် ထောက်ထားမှု အနည်းငယ်သာ ပေးသည်လော။ ဘုရားသခင်က လူသားကို မည်သည့်အရာ ပေးပြီးပြီနည်း။ ဘုရားသခင်သည် လူသားကို အသက်ပေးပြီးဖြစ်သည်၊ လူသားကို အရာအားလုံး ပေးပြီးဖြစ်ကာ မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ၊ ဖုံးကွယ်ထားသည့် မည်သည့် ရည်ရွယ်ချက်မျှ မရှိဘဲနှင့် ဤအရာအားလုံးကို လူသားအပေါ် ခြွင်းချက်မရှိ ပေးသနားပေသည်။ လူသားကို စာတန်၏ ဆိုးယုတ်သည့် သဘာဝနှင့် အကျည်းတန်သော မျက်နာတို့ကို ရှင်းရှင်းလင်းလင်း ရိပ်မိခွင့်ပေးရင်း၊ စာတန်၏ စုံစမ်းသွေးဆောင်ခြင်းများနှင့် မက်လုံးများမှ ဝေးရာ၊ စာတန်၏ ဘေးအန္တရာယ်ပြုခြင်းမှ ဝေးရာသို့ ခေါ်ဆောင်ရင်း၊ လူကို ဦးဆောင်လမ်းပြရန် သမ္မာတရား၊ သူ၏ နှုတ်ကပတ်တော်နှင့် သူ့အသက်ကို အသုံးပြုလေသည်။ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းနှင့် ပူပန်ခြင်းသည် စစ်မှန်ပါသလော။ ယင်းသည် သင်တို့အယောက်တိုင်း တွေ့ကြုံနိုင် သည့်အရာ တစ်ခုလော။ (ဟုတ်ပါသည်။)

သင်ယုံကြည်သည့် နှစ်များအားလုံးတွင် ဘုရားသခင် သင့်အပေါ်ပြုခဲ့သည့် အရာအားလုံးကို၊ ယခုအချိန်အထိ သင်တို့ အသက်တာများအပေါ် ပြန်ကြည့်ကြလော့။ ဤရာက သင့်အတွက် ဖြစ်ပေါ်စေသည့် ခံစားချက်များသည် နက်ရှိုင်းသည်ဖြစ်စေ ပေါ့တန်သည်ဖြစ်စေ၊ ယင်းသည် အားလုံးထဲမှ အလိုအပ်ဆုံးသော အရာ ဖြစ်ခဲ့သည် မဟုတ်လော။ ယင်းသည် သင်ရယူရန် အလိုအပ်ဆုံးသောအရာ ဖြစ်ခဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ သမ္မာတရားဖြစ်သည် မဟုတ်လော။ ဤသည်မှာ အသက်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်သည် သင့်အပေါ် ဉာဏ်အလင်းပေးခြင်းကို နှင်းအပ်ပြီးနောက်၊ သင့်ကို သူပေးပြီးသည့် အရာအားလုံးအတွက် အပြန်အလှန်အားဖြင့် သူ့ကို တစ်ခုခုပြန်ပေးရန် သင့်ကို တောင်းဆိုခဲ့ဖူးသလော။ (မတောင်းဆိုဖူးပါ။) သို့ဆိုလျှင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဘုရားသခင်က ဤအရာကို အဘယ်ကြောင့် လုပ်ဆောင်သနည်း။ ဘုရားသခင်သည် သင့်ကို သိမ်းပိုက်ခြင်းနှင့် သက်ဆိုင်သည့် ရည်ရွယ်ချက် ရှိလေသလော။ (မရှိပါ။) ဘုရားသခင်သည် လူသား၏ စိတ်နှလုံးအတွင်းတွင် နန်းတက်ချင်သလော။ (တက်ချင်ပါသည်။) သို့ဖြစ်လျှင် ဘုရားသခင်၏ နန်းတက်ခြင်းနှင့် စာတန်၏ အတင်းအကျပ် နေရာယူခြင်းကြား ကွာခြားချက်မှာ အဘယ်နည်း။ ဘုရားသခင်သည် လူ၏ စိတ်နှလုံးကို ရယူလိုသည်၊ လူ၏ စိတ်နှလုံးကို သူနေရာယူလိုသည်- ဤအရာက မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်က လူသားကို သူ၏ရုပ်သေးရုပ်များ၊ သူ၏ စက်ယန္တရားများ ဖြစ်လာစေချင်သည်ဟု ဆိုလိုသလော။ (မဟုတ်ပါ။) သို့ဖြစ်လျှင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ လူ၏ စိတ်နှလုံးကို ဘုရားသခင် နေရာယူလိုခြင်းနှင့် လူကို စာတန်၏ အတင်းအကျပ် နေရာယူခြင်း၊ ပိုင်ဆိုင်ခြင်း ကြားတွင် ကွာခြားချက်တစ်ခု ရှိပါသလော။ (ရှိပါသည်။) ကွာခြားချက်မှာ အဘယ်နည်း။ ငါ့ကို ရှင်းရှင်းလင်းလင်း ပြောပြနိုင်ပါသလော။ (စာတန်သည် အတင်းအကျပ်ဖြင့် လုပ်ဆောင်ပြီး၊ ဘုရားသခင်မှာမူ လူကို ဆန္ဒအလျောက် လုပ်ဆောင်ခွင့်ပေးပါသည်။) ဤသည်မှာ ကွာခြားချက် ဖြစ်သလော။ သင်၏ စိတ်နှလုံးကို ဘုရားသခင် ရှိခြင်းသည် အဘယ်အတွက် အသုံးဝင်ပါသနည်း။ ပြီးလျှင် ဘုရားသခင်က သင့်ကို သိမ်းပိုက်ခြင်းသည် အဘယ်အသုံးဝင်ပါသနည်း။ “လူသား၏ စိတ်နှလုံးကို ဘုရားသခင် နေရာယူသည်” ဆိုသည်ကို သင်တို့၏ စိတ်နှလုံးများထဲတွင် မည်သို့နားလည်သနည်း။ ဤတွင် ဘုရားသခင်နှင့်ပတ်သက်၍ ငါတို့ ပြောဆိုပုံတွင် မျှတရမည် ဖြစ်သည်၊ မဟုတ်ပါက လူတို့သည် အမြဲ နားလည်မှု လွဲလိမ့်မည်ဖြစ်ပြီး၊ “ဘုရားသခင်သည် ငါ့ကို အမြဲ သိမ်းပိုက်ချင်သည်။ သူသည် ငါ့ကို အဘယ်အရာအတွက် သိမ်းပိုက်ချင်သနည်း။ ငါသည် အသိမ်းပိုက်မခံချင်ပါ။ ငါသည် ငါကိုယ်တိုင်၏ ဆရာသခင်သာ ဖြစ်လိုသည်။ စာတန်က လူများကို သိမ်းပိုက်သည်ဟု သင်ပြောသည်၊ သို့သော် ဘုရားသခင်ကလည်း လူတို့ကို သိမ်းပိုက်ပေသည်။ ယင်းမှာ အတူတူပင် ဖြစ်သည် မဟုတ်လော။ ငါ့ကို သိမ်းပိုက်ဖို့ မည်သူကိုမျှ ငါ အခွင့်မပေးလိုပါ။ ငါသည် ငါကိုယ်တိုင်ဖြစ်သည်။” ဟု တွေးကြလိမ့်မည်။ ဤနေရာတွင် ကွာခြားချက်မှာ အဘယ်နည်း။ အနည်းငယ် တွေးကြည့်လော့။ “ဘုရားသခင်သည် လူကို သိမ်းပိုက်သည်” ဆိုသည်မှာ အနှစ်မဲ့သော စကားစုလောဟု သင်တို့ကို ငါမေး၏။ ဘုရားသခင်၏ လူသားကို သိမ်းပိုက်ခြင်းသည် သင့် စိတ်နှလုံးတွင် သူ အသက်ရှင်ပြီး သင်၏စကားလုံးတိုင်းနှင့် လုပ်ရှားမှုတိုင်းကို ထိန်းချုပ်သည်ဟု ဆိုလိုသလော။ သင့်ကို ထိုင်ရန် သူပြောလျှင် သင် မတ်တပ်မရပ်ဝံ့သလော။ အရှေ့ဘက်သို့ သွားရန် သူသည် သင့်ကိုပြောလျှင်၊ သင်က အနောက်ဘက်ကို မသွားဝံ့သလော။ ဤ “သိမ်းပိုက်ခြင်း” ဆိုသည်မှာ ဤစာကြောင်းများနှင့်အတူ တစ်စုံတစ်ရာကို ရည်ညွှန်းပါသလော။ (မဟုတ်ပါ၊ ဘုရားသခင်သည် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို လူသားအား အသက်ရှင်နေထိုင်စေလိုသည်။) လူသားကို ဘုရားသခင် စီမံခန့်ခွဲပြီးဖြစ်သည့် ဤနှစ်များတစ်လျှောက်တွင်၊ ဤနောက်ဆုံးအဆင့်တွင် ယနေ့အထိ လူသားအပေါ် သူ၏ အမှုပြုခြင်းတွင်၊ သူပြောဆိုပြီးဖြစ်သည့် နှုတ်ကပတ်တော်အားလုံး နှင့်သက်ဆိုင်၍ လူသားအပေါ် ရည်ရွယ်ထားသည့် အကျိုးမှာ မည်သည့်အရာဖြစ်ပါသနည်း။ ယင်းသည် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို လူက အသက်ရှင်နေထိုင်ခြင်း ဖြစ်သလော။ “လူသား၏ စိတ်နှလုံးကို ဘုရားသခင်က နေရာယူသည်။” ဆိုခြင်း၏ တိုက်ရိုက် အဓိပ္ပာယ်ကို ကြည့်ပါက၊ ယင်းမှာ ဘုရားသခင်က လူသား၏ စိတ်နှလုံးကို ယူပြီး ယင်းကို နေရာယူလိုက်သည့်အလား၊ ယင်းအထဲတွင် အသက်ရှင်ကာ ပြန်မထွက်လာတော့သည့်အလား ထင်ရ၏။ လူသည် ဘုရားသခင် လုပ်ဆောင်စေသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ရဖို့အလို့ငှာ ဘုရားသခင်သည် လူ၏ ဆရာသခင် ဖြစ်လာကာ လူ၏ စိတ်နှလုံးကို စိုးမိုးကာ သဘောရှိ ကြိုးကိုင်ခြယ်လှယ်နိုင်လေသည်။ ဤသဘောတရား၌၊ လူတိုင်းက ဘုရားသခင်ဖြစ်လာနိုင်ပြီး ဘုရားသခင်၏ အနှစ်သာရနှင့် စိတ်နေသဘောထား ပိုင်ဆိုင်နိုင်ကြသည့်အလား ထင်ရလေသည်။ ထို့ကြောင့် ဤကိစ္စရပ်တွင်၊ လူသားသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ဆောင်ရွက်နိုင်မည်လော။ “သိမ်းပိုက်ခြင်း” ဆိုသည်ကို ဤနည်းဖြင့် ရှင်းပြရနိုင်သလော။ (မရနိုင်ပါ။) သို့ဆိုလျှင် အဘယ်အရာနည်း။ ငါသည် သင်တို့ကို ဤအရာ မေး၏- လူသားကို ဘုရားသခင် ထောက်ပံ့သည့် နှုတ်ကပတ်တော်များနှင့် သမ္မာတရားအားလုံးသည် ဘုရားသခင်၏ အနှစ်သာရနှင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့၏ ထုတ်ဖော်ပြချက် ဟုတ်ပါသလော။ (ဟုတ်ပါသည်။) ဤသည်မှာ သေချာပေါက် မှန်ကန်ပါသည်။ သို့သော် လူသားကို သူထောက်ပံ့ပေးသည့် နှုတ်ကပတ်တော်အားလုံးကို ဘုရားသခင် ကိုယ်တိုင် လက်တွေ့လုပ်ဆောင်ပြီး ပိုင်ဆိုင်ရန် မုချလိုအပ်ပါသလော။ ဤအရာကို အနည်းငယ် တွေးကြည့်လော့။ ဘုရားသခင်သည် လူသားကို တရားစီရင်သည့်အခါ၊ သူသည် အဘယ်ကြောင့် တရားစီရင်ပါသနည်း။ ဤနှုတ်ကပတ်တော်များသည် အဘယ်သို့ ဖြစ်တည်လာခဲ့ပါသနည်း။ လူကို ဘုရားသခင် တရားစီရင်သည့် အချိန်တွင် ပြောဆိုသည့် ဤနှုတ်ကပတ်တော်များ၏ ပါဝင်သည့် အကြောင်းအရာမှာ အဘယ်နည်း။ ၎င်းတို့သည် မည်သည့်အရာ အပေါ် အခြေပြုထားသနည်း။ ၎င်းတို့ အခြေပြုသည်မှာ လူသား၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား ဖြစ်ပါသလော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် လူနှင့် သက်ဆိုင်သည့် ဘုရားသခင်၏ တရားစီရင်ခြင်းအားဖြင့် ရရှိသည့် အကျိုးသည် ဘုရားသခင်၏ အနှစ်သာရအပေါ် အခြေပြုထားသလော။ (အခြေပြုပါသည်။) ထို့ကြောင့် “လူသားကို ဘုရားသခင်၏ နေရာယူခြင်း” ဆိုသည်မှာ အနှစ်မဲ့သည့် စကားစုလော။ မဟုတ်သည်မှာ သေချာ၏။ သို့ဆိုလျှင် ဘုရားသခင်သည် ဤနှုတ်ကပတ်တော်များကို လူအား အဘယ်ကြောင့် ပြောဆိုသနည်း။ ဤနှုတ်ကပတ်တော်များကို ပြောဆိုရာတွင် သူ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဘုရားသခင်သည် လူသား၏အသက်အဖြစ် အသုံးတော်ခံဖို့ ဤနှုတ်ကပတ်တော်များကို အသုံးပြုချင်သည်လော။ (ဟုတ်ပါသည်။) ဘုရားသခင်သည် ဤနှုတ်ကပတ်တော်များ၌ သူပြောဆိုခဲ့သည့် ဤသမ္မာတရားအားလုံးကို လူသား၏ အသက်အဖြစ် ဆောင်ရွက်စေဖို့ အသုံးပြုချင်သည်။ လူသားသည် ဤသမ္မာတရားအားလုံးနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယူဆောင်ပြီး သူ၏ကိုယ်ပိုင် အသက်အဖြစ် ပြောင်းလဲသည့် အခါတွင်၊ လူသားသည် ဘုရားသခင်ကို နာခံနိုင်သလော။ ထို့နောက် လူသားသည် ဘုရားသခင်ကို ကြောက်ရွံ့နိုင်သလော။ ထို့နောက် လူသားသည် မကောင်းမှုကို ရှောင်ကြဉ်နိုင်သလော။ လူသားသည် ဤအဆင့်ထိ ရောက်ရှိသည့်အချိန်တွင်၊ ဘုရားသခင်၏ အချုပ်အခြာ အာဏာနှင့် စီစဉ်မှုကို သူနာခံနိုင်သလော။ သို့ဆိုလျှင် လူသားသည် ဘုရားသခင်၏ သြဇာအာဏာကို ကျိုးနွံနာခံရမည့် အနေအထားတွင် ရှိပါသလော။ ယောဘ သို့မဟုတ် ပေတရုတို့ကဲ့သို့ လူများသည် ၎င်းတို့လမ်း၏ အဆုံးကို ရောက်သည့်အခါ၊ ၎င်းတို့၏ အသက်တာသည် ရင့်ကျက်သွားပြီဟု မှတ်ယူ၍ရနိုင်သည့်အခါ၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် စစ်မှန်သော သိနားလည်မှု ရှိသည့်အခါတွင်- စာတန်သည် ၎င်းတို့ကို အဝေးသို့ ဦးဆောင်နိုင်ဆဲ ဖြစ်သလော။ စာတန်သည် ၎င်းတို့ကို နေရာယူနိုင်ဆဲဖြစ်သလော။ စာတန်က ၎င်းတို့ကို အတင်းအကျပ် ပိုင်ဆိုင်နိုင်ဆဲဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဤသည်မှာ မည်သို့သော ပုဂ္ဂိုလ်မျိုးဖြစ်သနည်း။ ဤသည်မှာ ဘုရားသခင်၏ လုံးဝ ရယူခြင်းခံရပြီးဖြစ်သည့် သူတစ်ဦးလော။ (ဟုတ်ပါသည်။) ဤအဓိပ္ပာယ်အဆင့်တွင်၊ ဘုရားသခင်၏ လုံးဝ ရယူခြင်းခံရပြီး ဖြစ်သည့် ဤလူစားမျိုးကို သင်တို့ မည်ကဲ့သို့မြင်ကြသနည်း။ ဘုရားသခင်၏ ရှုထောင့်အမြင်မှ၊ ဤအခြေအနေများအောက်တွင်၊ ဘုရားသခင်သည် ဤလူ၏နှလုံးသားကို နေရာယူနှင့်ပြီးဖြစ်သည်။ သို့သော် ဤလူက မည်သည့်အရာကို ခံစားရသနည်း။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဘုရားသခင်၏ သြဇာအာဏာနှင့် ဘုရားသခင်၏ လမ်းခရီးသည် လူသားအတွင်းရှိ အသက်ဖြစ် လာသလော၊ ဤအသက်သည် သူအသက်ရှင်သည့် အရာများအပြင် သူ၏ အနှစ်သာရကို ဘုရားသခင်အား စိတ်ကျေနပ်စေဖို့ လုံလောက်စေရင်း လူသား၏ ဖြစ်တည်ခြင်း တစ်ခုလုံးကို နေရာယူလိုက်လေသလော။ ဘုရားသခင်၏ ရှုထောင့်အမြင်မှ၊ လူမျိုးနွယ်၏ စိတ်နှလုံးသည် ဤအခိုက်အတန့်တွင် သူ၏ နေရာယူခြင်းကို ခံထားရသလော။ (ခံထားရပါသည်။) ဤအဓိပ္ပာယ် အဆင့်ကို သင်တို့ ယခု မည်သို့နားလည်သနည်း။ သင့်ကို နေရာယူသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်လော။ (မဟုတ်ပါ၊ ကျွန်ုပ်တို့ကို နေရာယူသိမ်းပိုက်သည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်ပါသည်။) သင်၏ အသက်ဖြစ်လာသည်မှာ ဘုရားသခင်၏ လမ်းခရီးနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်ပြီး၊ သင်၏ အသက်ဖြစ်လာသည်မှာ သမ္မာတရား ဖြစ်ပေသည်။ ဤအချိန်တွင်၊ လူသားသည် ဘုရားသခင်ထံမှလာသည့် အသက်ကို ပိုင်ဆိုင်သော်လည်း၊ ဤအသက်သည် ဘုရားသခင်၏ အသက် ဖြစ်သည်ဟု ငါတို့ မပြောနိုင်ပေ။ တစ်နည်းအားဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်မှ လူသားက ရရှိသင့်သည့် အသက်သည် ဘုရားသခင်၏ အသက်ဖြစ်သည်ဟု ငါတို့မပြောနိုင်ပေ။ ထို့ကြောင့် လူသားသည် မည်မျှကြာမြင့်စွာ ဘုရားသခင်နောက် လိုက်သည် ဖြစ်စေ၊ ဘုရားသခင်ထံမှ နှုတ်ကပတ်တော် မည်မျှများစွာ ရရှိသည်ဖြစ်စေ၊ လူသားသည် မည်သည့်အခါတွင်မျှ ဘုရားသခင် ဖြစ်မလာနိုင်ပေ။ အကယ်၍ တစ်နေ့တွင် ဘုရားသခင်က “သင့်နှလုံးသားကို ငါနေရာယူပြီးပြီ၊ သင်သည် ယခု ငါ၏ အသက်ကို ပိုင်ဆိုင်ပြီ” ဟု ပြောလျှင်ပင်၊ သင်သည် ဘုရားသခင်ဖြစ်သည်ဟု ခံစားရမည်လော။ (ခံစားရမည်မဟုတ်ပါ။) သို့ဖြစ်လျှင် သင်သည် အဘယ်အရာဖြစ်လာမည်နည်း။ သင်သည် ဘုရားသခင်ကို အကြွင်းမဲ့ နာခံမှု ရှိမည်မဟုတ်လော။ သင်၏ စိတ်နှလုံးသည် သင့်အပေါ် ဘုရားသခင် အပ်နှင်းသည့် အသက်နှင့် ပြည့်နေမည် မဟုတ်ဘူးလော။ ဤသည်မှာ ဘုရားသခင်က လူသား၏ စိတ်နှလုံးကို နေရာယူလိုက်သည့်အခါတွင် ဖြစ်သည့်အရာ၏ သာမန်သရုပ်သကန်တစ်ခုစင်စစ် ဖြစ်ပေမည်။ ဤသည်မှာ အမှန်တရားဖြစ်၏။ ထို့ကြောင့် ယင်းကို ဤရှုထောင့်မှ ကြည့်မည်ဆိုပါက၊ လူသားသည် ဘုရားသခင် ဖြစ်လာနိုင်သလော။ လူသားသည် ဘုရားနှုတ်ကပတ်တော်၏ စစ်မှန်မှုအတိုင်း အသက်ရှင်နေထိုင်ပြီး ဘုရားကိုကြောက်ရွံ့၍ မကောင်းမှုကို ရှောင်ကြဉ်သောသူတစ်ယောက် ဖြစ်လာလျှင် လူသားသည် အသက်အနှစ်သာရနှင့် ဘုရား၏ သန့်ရှင်းခြင်းကို ပိုင်ဆိုင်နိုင်သလော။ လုံးဝ မပိုင်ဆိုင်နိုင်ပေ။ မည်သည့်အရာ ဖြစ်ပါစေ၊ အနှစ်ချုပ်လိုက်သည့်အခါတွင်၊ လူသည် လူဖြစ်နေဆဲ ဖြစ်သည်။ သင်သည် ဖန်ဆင်းခြင်းနှင့်သက်ဆိုင်သည့် သတ္တဝါတစ်ပါး ဖြစ်သည်။ သင်သည် ဘုရားသခင်ထံမှ ဘုရားသခင်၏နှုတ်ကပတ်တော်ကို လက်ခံရရှိပြီး၊ ဘုရားသခင်၏ လမ်းခရီးကို လက်ခံရရှိခဲ့သည့် အခါတွင်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ လာသော အသက်ကိုသာ ပိုင်ဆိုင်ပြီး၊ သင်သည် ဘုရားသခင် ချီးမွမ်းသည့်လူတစ်ယောက်ဖြစ်လာသည်။ သို့သော် သင်သည် ဘုရားသခင်၏ သန့်ရှင်းခြင်းကို မဆိုထားနှင့်။ ဘုရားသခင်၏ အသက်အနှစ်သာရကိုပင် မည်သည့်အခါမျှ ပိုင်ဆိုင်မည်မဟုတ်ပေ။

ခုလေးတင် ငါတို့ ဆွေးနွေးခဲ့သည့် အကြောင်းအရာကိုငါတို့ ယခု ပြန်ပြောကြမည်။ ဤဆွေးနွေးမှုအတွင်းတွင်၊ ငါသည် သင်တို့ကို မေးခွန်းတစ်ခု မေးခဲ့၏- အာဗြဟံသည် သန့်ရှင်းပါသလော။ ယောဘသည် သန့်ရှင်းသလော။ (မသန့်ရှင်းပါ။) ဤ “သန့်ရှင်းခြင်း”သည် ဘုရားသခင်၏ အနှစ်သာရနှင့် စိတ်သဘောထားကို ကိုယ်စားပြုပြီး လူသားသည် အလွန်ပင် ကင်းမဲ့လေသည်။ လူသားသည် ဘုရားသခင်၏ အနှစ်သာရ သို့မဟုတ် ဘုရားသခင်၏ စိတ်သဘောထား မရှိပေ။ လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားလုံးကို တွေ့ကြုံပြီးဖြစ်ကာ ၎င်းတို့၏ လက်တွေ့အရှိတရားဖြင့် ပြင်ဆင်လာပြီးဖြစ်သည့်အချိန်တွင်ပင်၊ လူသည် ဘုရားသခင်၏ သန့်ရှင်းသော အနှစ်သာရကို လုံးဝ မပိုင်ဆိုင်နိုင်သေးပေ။ လူသည် လူဖြစ်၏။ သင် နားလည်ပါသလော။ သို့ဆိုလျှင် “လူသား၏ နှလုံးသားကို ဘုရားသခင်က နေရာယူသည်” ဟူသော ဤစကားစုနှင့်သက်ဆိုင်သည့် ယခု သင်တို့၏ သိနားလည်မှုမှာ အဘယ်နည်း။ (လူ၏ အသက်ဖြစ်လာသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဘုရားသခင်၏ လမ်းခရီးနှင့် သူ၏သမ္မာတရား ဖြစ်ပါသည်။) ဤစကားများကို သင်တို့ အလွတ်ရသွားကြပေပြီ။ သင်တို့အနေဖြင့် သာ၍ နက်ရှိုင်းသည့် သိနားလည်မှု ရှိလိမ့်မည်ဟု ငါမျှော်လင့်၏။ လူအချို့က၊ “သို့ဆိုလျှင် ဘုရားသခင်၏ သံတော်ဆင့်များနှင့် ကောင်းကင်တမန်များ သန့်ရှင်းခြင်းမရှိဟု အဘယ်ကြောင့် ပြောသနည်း။” ဟု မေးကောင်း မေးနိုင်သည်။ ဤမေးခွန်းနှင့်ပတ်သက်၍ သင်တို့ မည်သို့ ထင်ကြသနည်း။ ထိုအရာကို ယခင်က သင်တို့ စဉ်းစားပြီးကောင်း စဉ်းစားပြီးကြလိမ့်မည်မဟုတ်။ ရိုးရှင်းသည့် ဥပမာတစ်ခုကို ငါသုံးမည်- စက်ရုပ်တစ်ရုပ်ကို သင်စက်ဖွင့်လိုက်သည့်အခါ၊ ယင်းသည် ကနိုင်သကဲ့သို့ စကားလည်းပြောနိုင်လေသည်၊ ပြီးလျှင် ၎င်းပြောဆိုသည့်အရာကို သင် နားလည်နိုင်သည်။ ၎င်းကို ချစ်စရာကောင်းပြီး အသက်ဝင်သည်ဟု သင် ခေါ်ဆိုကောင်း ခေါ်ဆိုနိုင်သော်လည်း၊ ယင်းသည် အသက်မရှိသောကြောင့် နားလည်လိမ့်မည်မဟုတ်ပေ။ ယင်း၏လျှပ်စစ်ဓာတ်အားပေး ကိရိယာကို သင်ပိတ်လိုက်သောအခါ စက်ရုပ်သည် လှုပ်ရှားနိုင်သေး သလော။ ဤစက်ရုပ်သည် စက်ဖွင့်ခြင်း ခံရသည့်အခါတွင်၊ အသက်ဝင်ပြီး ချစ်စရာကောင်းသည်ကို သင်မြင်နိုင်သည်။ ခြေခြေမြစ်မြစ်ဖြစ်စေ အပေါ်ယံဖြစ်စေ၊ သင်သည် ထိုစက်ရုပ်ကို အကဲဖြတ်ချက်ပြုလုပ်၏၊ သို့သော် မည်သို့ပင်ဖြစ်စေ ထိုစက်ရုပ် လှုပ်ရှားနေသည်ကို သင်မြင်နိုင်သည်။ သို့သော် ၎င်း၏ လျှပ်စစ်ဓာတ်အားပေး ကိရိယာကို သင်ပိတ်လိုက်သည့်အခါ၊ ၎င်းအထဲတွင် ထူးခြားသော ပင်ကိုအရည်အသွေးတစ်မျိုးမျိုးကို သင်တွေ့ရသလော။ အနှစ်သာရ တစ်မျိုးမျိုး ထိုစက်ရုပ်က ပိုင်ဆိုင်နေသည်ကို သင်တွေ့ရသလော။ ငါပြောနေသော အရာ၏ ဆိုလိုရင်းကို သင်တို့ နားလည်ကြပါသလော။ ဆိုလိုသည်မှာ၊ ဤစက်ရုပ်သည် လှုပ်ရှားနိုင်ပြီး ရပ်တန့်နိုင်သော်လည်း၊ အနှစ်သာရ တစ်မျိုးမျိုး ရှိနေသကဲ့သို့ ၎င်းကို သင်ဖော်ပြ၍ လုံးဝမရပေ။ ဤသည်မှာ အမှန်တရား မဟုတ်ပါသလော။ ယခုတွင်၊ ဤအရာနှင့်ပတ်သက်၍ ငါတို့ နောက်ထပ်ဆွေးနွေးမည်မဟုတ်။ ယင်းမှာ အဓိပ္ပာယ်နှင့် သက်ဆိုင်သည့် ယေဘုယျ သိနားလည်မှုတစ်ခု ရရှိရန် သင်တို့အတွက် လုံလောက်ပေသည်။ ငါတို့၏ မိတ်သဟာယကို ဤနေရာ၌ အဆုံးသတ်လိုက်ကြပါစို့။ နှုတ်ဆက်ပါသည်။

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်

အောက်ခြေမှတ်စု(များ)-

က။ “သတ္တုကွင်းတင်းကျပ်စေသောမန္တန်” ဆိုသည်မှာ အနောက်အရပ်သို့ ခရီးပြုခြင်းဟူသည့် တရုတ်ဝတ္ထုထဲတွင် ဘုန်းကြီးတန်ဆန်ကျန်းအသုံးပြုခဲ့သော မန္တန်တစ်ခုဖြစ်သည်။ စွန်းဝူခုန်းကို မခံနိုင်လောက်အောင် ခေါင်းကိုက်စေပြီး ထိန်းချုပ်နိုင်ရန်အတွက် သူ၏ခေါင်းတွင် စွပ်ထားသည့် သတ္တုကွင်းကို တင်းကျပ်စေရန် ဤမန္တန်ကို ဘုန်းကြီးက အသုံးပြုခဲ့သည်။ ဤသို့ဖြင့် ၎င်းသည် လူတစ်ဦးအား ချုပ်နှောင်ထားသောအရာကို ဖော်ပြရန်အတွက် ဥပစာစကားတစ်ခု ဖြစ်လာခဲ့သည်။

အရှေ့သို့- အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)

နောက်တစ်ခုသို့- အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။