ကျမ်းစာကို ယုံကြည်ခြင်းက ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် တူသလား

03.04.2021

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နှစ်ပေါင်းများစွာ ကြာအောင်၊ လူတို့၏ (ကမ္ဘာပေါ်က အဓိက ဘာသာကြီး သုံးခုအနက် တစ်ခုဖြစ်သည့် ခရစ်ယာန်ဘာသာ၏) အစဉ်အလာ နည်းလမ်းဖြင့် ယုံကြည်မှုသည် သမ္မာကျမ်းစာကို ဖတ်ရှုခြင်း ဖြစ်ခဲ့သည်။ သမ္မာကျမ်းစာမှ သွေဖည်ခြင်းသည် သခင်ကို မယုံကြည်မှုဖြစ်သည်၊ သမ္မာကျမ်းစာမှ သွေဖည်ခြင်းသည် အများနှင့်ကွဲလွဲဆန့်ကျင်ခြင်းနှင့် မိစ္ဆာဒိဋ္ဌိ ဖြစ်ပြီး၊ လူများ အခြားစာအုပ်များကို ဖတ်ရှုကြလျှင်ပင်၊ ယင်းစာအုပ်များ၏ အခြေခံအုတ်မြစ်မှာ သမ္မာကျမ်းစာအား ရှင်းလင်းဖော်ပြမှု ဖြစ်ရပေမည်။ ဆိုလိုသည်မှာ၊ သင်က သခင့်ကို ယုံကြည်လျှင်၊ သမ္မာကျမ်းစာကို ဖတ်ရှုရမည်၊ သမ္မာကျမ်းစာမှလွဲ၍ သမ္မာကျမ်းစာနှင့် မပတ်သက်သည့် မည်သည့် စာအုပ်ကိုမျှ သင် မကိုးကွယ်ရပေ။ သင်က ထိုသို့ ပြုလုပ်လျှင်၊ ဘုရားသခင်အား သစ္စာဖောက်နေခြင်း ဖြစ်သည်။ သမ္မာကျမ်းစာ ရှိသည့် အချိန်မှ စ၍၊ သခင့်အပေါ် လူတို့၏ ယုံကြည်မှုသည် သမ္မာကျမ်းစာအား ယုံကြည်မှုပင် ဖြစ်ခဲ့သည်။ လူများသည် သခင်ကို ယုံကြည်ကြသည်ဟု ပြောမည့်အစား၊ သူတို့သည် သမ္မာကျမ်းစာကို ယုံကြည်ကြသည်ဟု ပြောလျှင် ပိုကောင်းသည်။ သူတို့သည် သမ္မာကျမ်းစာကို စတင် ဖတ်ရှုနေကြပြီဟု ပြောမည့်အစား၊ သူတို့သည် သမ္မာကျမ်းစာကို စတင်ယုံကြည်နေကြပြီဟု ပြောလျှင် ပိုကောင်း မည်ဖြစ်ပြီး၊ သူတို့သည် သခင့်ရှေ့မှောက် ပြန်လာခဲ့ကြပြီဟု ပြောမည့်အစား သူတို့သည် သမ္မာကျမ်းစာရှေ့မှောက် ပြန်လာခဲ့ကြပြီဟု ပြောလျှင် ပိုကောင်းလိမ့်မည်။ ဤနည်းဖြင့်၊ လူတို့သည် သမ္မာကျမ်းစာကို ဘုရားသခင်သဖွယ်၊ ၎င်းသည် သူတို့၏ အသက်သွေးကြောသဖွယ် ကိုးကွယ်ကြပြီး၊ သမ္မာကျမ်းစာကို ဆုံးရှုံးခြင်းသည် သူတို့၏ အသက်ကို ဆုံးရှုံးရခြင်းနှင့် တူညီလေသည်။ လူများသည် သမ္မာကျမ်းစာကို ဘုရားသခင်ကဲ့သို့ပင် မြင့်မြတ်သည်ဟု မြင်ပြီး၊ ဘုရားသခင်ထက်ကိုပင် ပိုမြင့်မြတ်သည် ဟု မြင်သူများပင် ရှိကြသည်။ လူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုမပါဘဲ၊ သူတို့သည် ဘုရားသခင်ကို မခံစားနိုင်ကြဘဲ၊ ဆက်ပြီး အသက်ရှင် နေထိုင်နိုင်ကြသည်— သို့သော် သူတို့သည် သမ္မာကျမ်းစာ ပျောက်သွားပါက၊ သို့မဟုတ် သမ္မာကျမ်းစာထဲမှ နာမည်ကြီး အခန်းကြီးများနှင့်၊ ပြောဆိုချက်များ ပျောက်သွားပါက၊ သူတို့၏ အသက်များကို ဆုံးရှုံးသွားသည့်အလား ဖြစ်သည်။...သမ္မာကျမ်းစာသည် လူများ၏ စိတ်ထဲမှာ ကိုးကွယ်ရာတစ်ခု ဖြစ်လာပြီး၊ ၎င်းသည် သူတို့၏ ဦးနှောက်များထဲ၌ ပဟေဠိတစ်ခု ဖြစ်လာ၍၊ ဘုရားသခင်သည် သမ္မာကျမ်းစာ၏ပြင်ပတွင် အမှုပြုနိုင်သည်ကို ၎င်းတို့ တကယ့်ကို ယုံကြည်လက်ခံနိုင်စွမ်း မရှိကြပေ၊ လူတို့သည် ဘုရားသခင်ကို သမ္မာကျမ်းစာ၏ ပြင်ပတွင် ရှာတွေ့နိုင်ခြင်းကို ယုံကြည်နိုင်စွမ်း မရှိကြသည့်အပြင်၊ နောက်ဆုံးသော အမှုအတွင်းမှာ ဘုရားသခင်သည် သမ္မာကျမ်းစာက သွေဖည်လျက် အသစ်တစ်ဖန် စတင်နိုင်ခြင်းကို ယုံကြည်နိုင်စွမ်း သာ၍ပင် မရှိကြပေ။ လူတို့သည် ဤအရာကို မစဉ်းစားရဲကြပေ။ သူတို့သည် ၎င်းကို မယုံနိုင်ကြသလို၊ ၎င်းကို စိတ်ကူးကြည့်၍ပင် မရနိုင်ကြပေ။ လူတို့အနေနှင့် ဘုရားသခင်၏ အမှုသစ်ကို လက်ခံရေးတွင် သမ္မာကျမ်းစာသည် ဧရာမအဟန့်အတားတစ်ခု ဖြစ်လာကာ ဘုရားသခင်၏ ဤအမှုသစ် တိုးချဲ့ရေးအတွက် အခက်အခဲ ဖြစ်လာသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ကျွန်မတို့ ဟိုအရင် သခင့်ကို ယုံကြည်ခြင်းမှာ ရှိခဲ့တဲ့ ပြဿနာတွေကို အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ဖော်ထုတ်ပြတာပါ။ ဟိုအရင် ကျွန်မ ဘာသာရေးလုပ်ခဲ့တုန်းကတော့၊ ကျမ်းစာကို ယုံကြည်တယ်ဆိုတာ ဘုရားကို ယုံကြည်တာပဲဆိုပြီး ထင်ခဲ့တာ။ ကျမ်းစာက ဘုရားရဲ့အထက်မှာ ရှိတယ်လို့တောင် ယုံကြည်မိတာ။ အထူးသဖြင့် သိပ်ကောင်းတဲ့ ကျမ်းပိုဒ်တွေဆို ကျွန်မ အစွဲဆုံးပဲ။ တကယ်တော့ ကျွန်မက ဘုရားရဲ့အသံကို နားထောင်ခဲ့တာ မဟုတ်ပါဘူး။ အထူးသဖြင့် သခင့်ကို ကြိုဆိုတာနဲ့ပတ်သက်လို့ပေါ့။ သခင်ယေရှုက အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်ကြွလာပြီ၊ သမ္မာတရားတွေကို မိန့်ဆိုနေတယ်၊ နောက်ဆုံးသောကာလရဲ့ တရားစီရင်ခြင်းအမှုကို ပြုနေတယ်ဆိုပြီး သက်သေခံတာတွေ ကြားမိပေမဲ့၊ ကျွန်မ မရှာဖွေခဲ့ဘူး။ သခင့်ကို ကြိုဆိုခွင့်နဲ့ လွဲလုနီးပါး ဖြစ်ခဲ့တာပါ။ ဘုရားရဲ့ အံ့သြစရာကောင်းတဲ့ လမ်းပြမှုကြောင့်သာ၊ ကျွန်မ သခင့်ကို ကြိုဆိုမိခဲ့တာပါ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကိုလည်း လက်ခံမိခဲ့တာပါ။

ကျွန်မက ၂၀၀၁ ခုနှစ်မှာ နှစ်ခြင်းခံယူပြီးတော့၊ သခင်ယေရှုကို တရားဝင် လက်ခံခဲ့တာပါ။ နောက်တော့ အသင်းတော်အတွက် အလုပ်တွေမှာ ကျွန်မ တော်တော် တက်ကြွလာတယ်။ ဒါပေမဲ့ သိပ်မကြာခင် ကျွန်မ သိလာရော။ သင်းအုပ်က ဒီတရားတွေကိုပဲ ပြန်ပြန်ပြီး ဟောတယ်။ ဟောစရာတရား အသစ် မရှိဘူးလေ။ သူက အသင်းတော်ရန်ပုံငွေတွေကိုလည်း အလွဲသုံးစားလုပ်သေးတယ်။ တွဲဖက်အကျိုးဆောင်တွေဆို ဂုဏ်အတွက် အမြဲတမ်း ပြိုင်နေကြတာ။ ဒါတွေအားလုံးက တော်တော် စိတ်ပျက်စရာပါ။ ကျွန်မလည်း အသင်းတော်အလုပ်ကနေ နုတ်ထွက်လိုက်တယ်။ နောက်ပိုင်းနှစ်တွေမှာ ဆုတောင်းတာနဲ့ ကျမ်းစာဖတ်တာပဲ လုပ်နေမိတယ်။ ဒါပေမဲ့ ဝိညာဉ်ရေးပိုင်းမှာ အဓိပ္ပာယ်မဲ့သလို အမြဲ ခံစားရတယ်။ ကျွန်မလည်း ပိုကောင်းတဲ့လမ်းကို စပြီး ရှာမိတယ်။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက် ရှိတဲ့ အသင်းတော်တစ်ခုဖြစ်ဖြစ်၊ ဝိညာဉ်ရေးလမ်းညွှန်ဖြစ်ဖြစ် တွေ့မလားလို့ပေါ့။ ဝိညာဉ်ရေး အဓိပ္ပာယ်မဲ့နေတာကိုလည်း နှစ်သိမ့်ပေးနိုင်တာမျိုးပေါ့။

နောက်တော့ ၂၀၁၈ မှာ ညီမလီနဲ့ အွန်လိုင်းမှာ ဆုံမိတယ်။ သူက ကျွန်မကို ပြောတယ်။ သခင်ယေရှုက အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်ကြွလာပြီဆိုတဲ့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို သူ စူးစမ်းနေတယ်၊ ကျွန်မလည်း လေ့လာကြည့်သင့်တယ်ပေါ့။ ကျွန်မ အံ့သြသွားတယ်။ စဉ်းလည်း စဉ်းစားတယ်၊ “သင်းအုပ်နဲ့ အကြီးအကဲတွေက အမြဲ ပြောတယ်လေ။ သမ္မာကျမ်းဆိုတာ စစ်မှန်တဲ့ ခရစ်ယာန် ကျမ်းရင်းပဲ။ အကြွင်းမဲ့ အာဏာရှိတယ်။ ငါတို့ယုံကြည်ခြင်းက သမ္မာကျမ်းကို အခြေခံတာ။ အပြင်ကဟာတွေက အယူမှားပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ရဲ့လမ်းစဉ်က ကျမ်းစာကို ကျော်နေတယ်။ ဒီတော့ ဘယ်လောက်ပဲ ကောင်းတယ် ထင်ရထင်ရ၊ နားထောင်ဖို့ ဖတ်ကြည့်ဖို့ဆိုတာ မဖြစ်ဘူး။ အဆက်အသွယ် လုပ်ဖို့တောင် မဖြစ်ဘူး” ပေါ့။ ကျွန်မလည်း ညီမလီကို ယဉ်ယဉ်ကျေးကျေး ငြင်းလိုက်တယ်။ ဒါပေမဲ့ နောက်တော့ အဲဒီကိစ္စကို ကျွန်မ နည်းနည်း ဘဝင်မကျဖြစ်မိတယ်။ စဉ်းလည်း စဉ်းစားတာပေါ့၊ “သခင် ပြန်လာခြင်းဆိုတာ ပေါ့သေးသေးကိစ္စ မဟုတ်ဘူး။ သခင်က ငါ့ကို မစူးစမ်းမိအောင် မျက်စိစုံမှိတ် ငြင်းစေချင်တာလား။ သခင်ယေရှု ပြောခဲ့တယ်လေ၊ ‘စိတ်နှလုံးနှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။(ရှင်မဿဲခရစ်ဝင် ၅:၃) သခင် ပြန်ကြွလာပြီလို့ ကြားတာကို ငါက ပွင့်လင်းတဲ့စိတ်နဲ့ ရှာဖွေသင့်တယ်” ပေါ့။ ဒါပေမဲ့ သင်းအုပ်ရဲ့စကားတွေကို စဉ်းစားမိတော့၊ မလုပ်ရဲပြန်ဘူး။ အဲဒီညမှာ ဟိုလှည့်ဒီလှည့်နဲ့ အိပ်လို့ကိုမရဘူး။ ရင်ထဲမှာ တော်တော် ပဋိပက္ခဖြစ်သွားတာ။ ဘာလုပ်ရမှန်းလည်း မသိဘူး။ လမ်းပျောက်သလို ဖြစ်နေတာနဲ့ ကျွန်မ သခင့်ဆီ ဆုတောင်းတယ်။ မှန်တဲ့ရွေးချယ်မှု လုပ်မိအောင် ကျွန်မကို လမ်းပြပေးဖို့ပေါ့။ နောက်တစ်ရက်နှစ်ရက်ကျတော့၊ အင်တာနက်မှာ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်နဲ့ သူတို့လမ်းခရီးအကြောင်း အများကြီး တွေ့တယ်။ သူတို့ မကောင်းကြောင်း ရေးထားတာတွေ တွေ့တော့၊ ချီတုံချတုံဖြစ်သေးတယ်။ “ငါ စူးစမ်းသင့်ရဲ့လား” ပေါ့။ ဒါပေမဲ့ နောက်တော့ သခင် ပြန်လာခြင်းဆိုတာ ဘယ်လောက် အရေးကြီးမှန်း အသိဝင်လာတယ်။ သူများ ပြောတာတွေပဲ ရမ်းသန်း နားထောင်လို့မဖြစ်ဘူး။ အများနောက် လိုက်လို့မဖြစ်ဘူးလေ။ အဲဒါကို အမှန်တကယ် လေ့လာရမယ်။ ကျွန်မလည်း အသင်းတော်ရဲ့ဝဘ်ဆိုက်နဲ့ ဗီဒီယိုတွေကို ဝင်ကြည့်တယ်။ ဓမ္မတေး သီချင်းဗီဒီယိုတစ်ခုလည်း တွေ့တယ်၊ “ခရစ်တော်၏နိုင်ငံတော်သည် နွေးထွေးသောအိမ်တော် ဖြစ်သည်” တဲ့။ တော်တော်ကို နွေးနွေးထွေးထွေး ခံစားရတယ်။ ကျွန်မ ချက်ချင်း စိတ်ဝင်စားသွားတယ်။ ကျန်တဲ့ဟာတွေလည်း လိုက်ကြည့်မိတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က ထုတ်ထားတဲ့ ရုပ်ရှင်တွေ ဗီဒီယိုတွေ မျိုးစုံပဲ တွေ့တယ်။ သံပြိုင်တေးတွေ၊ တေးဂီတဗီဒီယိုတွေ၊ ဧဝံဂေလိရုပ်ရှင်တွေ၊ ဘုရားနှုတ်ကပတ်တော်တွေကို ရွတ်ပြတာတွေ၊ ဓမ္မတေးတွေ၊ ကိုယ်တွေ့သက်သေခံချက် ရုပ်ရှင်တွေလည်း ပါတယ်။ အားလုံးက အတုယူစရာတွေနဲ့ တကယ်ကို အားမာန်အပြည့်ပဲ။ ကျွန်မ တော်တော် စိတ်လှုပ်ရှားမိတယ်။ အဲဒါနဲ့ တစ်ကားပြီးတစ်ကား စကြည့်တော့တာပဲ။

အဲဒီတစ်ပတ်မှာတင် ကြည့်လိုက်တာ ဇာတ်ကား ၁၂ ကားကျော်တယ်။ ဇာတ်ကားတွေထဲမှာပါတဲ့ မိတ်သဟာယက လက်တွေ့ကျတယ်၊ အသိဉာဏ်ပွင့်စေတယ်ဆိုတာ ကျွန်မ သိလိုက်တယ်။ ဘာသာရေးလောကက ဘာလို့ အနှစ်သာရမဲ့ပြီး၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက် ကင်းမဲ့နေသလဲ ဆိုတာကို အဲဒါတွေက ဖော်ထုတ်ပြတယ်။ ကျွန်မတို့က သခင့်ကို ဘယ်လိုကြိုဆိုသင့်သလဲဆိုတာကိုလည်း အရှင်းဆုံး ပြောပြပေးတယ်။ ဘုရားက ဘယ်သူ့ကို ကောင်းချီးပေးလဲ၊ ဘယ်သူ့ကို အပြစ်ဒဏ်ပေးလဲ စသဖြင့် ရှင်းပြထားတယ်။ ကျွန်မ နှစ်တွေအကြာကြီး ဝေခွဲမရခဲ့တဲ့၊ ဆုံးဖြတ်ရခက်တဲ့ မေးခွန်းတွေ တော်တော်များများက ရှင်းသွားတယ်။ အသင်းတော်ရဲ့ရုပ်ရှင်တွေက တော်တော် အကျိုးရှိတာပဲ၊ ကျေနပ်စရာကောင်းတယ်ဆိုပြီး ခံစားမိတယ်။ စဉ်းလည်း စဉ်းစားမိတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က အယူမှားတာမျိုးမှ မဟုတ်တာ။ ဒီအသင်းတော်က တကယ် မဟုတ်မမှန်ဘူးဆိုရင်၊ ဒီလို အသိဉာဏ်ဖွင့်ပေးတဲ့ ကျေနပ်စရာကောင်းတဲ့ ရုပ်ရှင်တွေကို ရိုက်နိုင်ပါ့မလား။ ဂိုဏ်းဂဏတွေအားလုံးက စစ်မှန်တဲ့ယုံကြည်ခြင်းပါတို့၊ သခင်ယေရှုခရစ်တော် ဖြစ်ပါတယ်တို့ ကြွေးကြော်ကြတယ်။ ဒါပေမဲ့ ဘုရားကို သက်သေခံတဲ့ ရုပ်ရှင်တွေ ဒီလောက်အများကြီးကို ဘယ်သူမှ မထုတ်ခဲ့ဖူးဘူး။ သင်းအုပ်နဲ့ အကြီးအကဲတွေ ပြောတာကိုလည်း ကျွန်မ စဉ်းစားမိတယ်၊ ဂိုဏ်းဂဏအမျိုးမျိုးက စစ်မှန်တဲ့ ယုံကြည်သူတွေ တော်တော်များများက အနန္တတန်ခိုးရှင်ဘုရားသခင်ကို လက်ခံသွားကြပြီ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က အခုဆို ကမ္ဘာအနှံ့ ပျံ့နေပြီဆိုတာလေ။ ဂါမလျေလ ပြောခဲ့တာကို သွားသတိရတယ်၊ “ဤအကြံ ဤအမှုသည် လူ၏အကြံ လူ၏အမှုဖြစ်လျှင် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။ ဘုရားသခင်၏ အကြံအမှုဖြစ်လျှင် သင်တို့သည် မဖျက်ဆီးနိုင်ကြ။ သင်တို့သည် ဘုရားသခင်၏ အာဏာတော်ကို ဆန်သောသူ မဖြစ်မည်အကြောင်း သတိပြုကြလော့” (တမန်တော်ဝတ္ထု ၅:၃၈-၃၉) ဘုရားသခင်ဆီက လာတာတွေက ရှင်ကိုရှင်သန်မှာပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကလည်း တကယ်ကို ဘုရားသခင်ဆီက လာတာ ဖြစ်ဖို့များတယ်ပေါ့။ ဒါပေမဲ့ ကျွန်မမှာ မေးခွန်းတွေအများကြီး ရှိနေတုန်းပဲ၊ “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုတဲ့ ဒီစာအုပ်ကို သူတို့ရုပ်ရှင်တွေတိုင်းမှာ ဖော်ပြတယ်။ သူတို့အသင်းတော်ဝင်တွေက သမ္မာကျမ်းလည်း မဖတ်ဘူးလား။ အဲဒါက ကျမ်းစာကို ပစ်ပယ်နေတာမဟုတ်ဘူးလား။ သင်းအုပ်နဲ့ အကြီးအကဲတွေဆို အမြဲတမ်း အထပ်ထပ် ပြောကြတယ်၊ သမ္မာကျမ်းဆိုတာ ခရစ်ယာန်ဘာသာရဲ့ကျမ်းရင်းပဲ။ အကြွင်းမဲ့ အာဏာရှိတယ်။ အားလုံးထက် အရေးကြီးဆုံးက ကျမ်းစာကို လိုက်နာတာပဲ။ ကျန်တာတွေက အယူမှားပဲဆိုတာတွေပေါ့” ကျွန်မလည်း အဲဒါတွေကို အထပ်ထပ် စဉ်းစားကြည့်တယ်။ ဘယ်လိုမှ အဖြေရှာမရဘူး။ အဲဒီအချိန်မှာ သခင်ယေရှုရဲ့ ဒီ ပြောစကားတွေက ခေါင်းထဲရောက်လာရော၊ “တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။(ရှင်မဿဲခရစ်ဝင် ၇:၇) ကျွန်မကိုယ်ကျွန်မ ပြောမိတယ်၊ “လူတွေက သခင်ယေရှု ပြန်ကြွလာပြီလို့ ပြောနေတယ်ဆိုတော့၊ ငါ့မှာ သံသယတွေ ဘယ်လောက်ပဲရှိရှိ၊ အဲဒါက အမှန်ဖြစ်နိုင်ခြေ နည်းလွန်းတယ်ဆိုရင်တောင်၊ အဲဒီ မျှော်လင့်ချက်နည်းနည်းလေးနောက်ကို ငါ မဖြစ်မနေ လိုက်ရမယ်။ သခင့်ကို ကြိုဆိုခွင့်နဲ့ လွဲလို့မဖြစ်ဘူး” ပေါ့။

တစ်ခါတော့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ရဲ့ဝဘ်ဆိုက်မှာ လျှောက်ကြည့်နေရင်း၊ ကျမ်းစာထဲက ထွက်ခဲ့ပါ ဆိုတဲ့ ရုပ်ရှင်ထဲက အပိုင်းတစ်ခုကို ကြည့်မိတယ်။ ခေါင်းစဉ်က “ဘုရားသခင်သည် ကျမ်းစာနှင့်အညီ အမှုတော်ပြုသလား” ဆိုတော့ ကျွန်မ ချက်ချင်းနီးပါး အံ့အားသင့်မိတာ။ မနေနိုင်တော့ဘူး။ ဒါနဲ့ ဇာတ်ကားကို စကြည့်ရင်း အဲဒီမှာ တရားဟောဆရာ အစ်မဝမ်က သင်းအုပ်တစ်ယောက်ကို မေးလိုက်တယ်၊ “ဘုရားက ကယ်တင်ခြင်းအမှုကို ပြုဖို့ ကျမ်းစာကို သွေဖည်လို့မရဘူး၊ သမ္မာကျမ်းအပြင်မှာ ရှိသမျှက အယူမှားပဲဆိုပြီး ရှင်က ပြောတယ်။ အဲဒါဆို ဘယ်ဟာက အရင်ဖြစ်ခဲ့တာလဲ။ ကျမ်းစာလား၊ ဘုရားရဲ့အမှုတော်လား” တဲ့။ အဲဒီမေးခွန်းကို ကြားလိုက်တော့၊ ကျွန်မရဲ့အသိစိတ်ကနေ “ဘုရားရဲ့အမှုတော်က ကျမ်းစာမတိုင်ခင် ဖြစ်ခဲ့တာပေါ့” ဆိုပြီး ဝင်ဖြေတယ်။ အစ်မဝမ်ကလည်း ပြောသွားတယ်၊ “အဦးအစမှာ ဘုရားက ကောင်းကင်၊ မြေကြီးနဲ့ အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တာပဲ။ ကမ္ဘာကြီးကို ရေလွှမ်းမိုးစေခဲ့တယ်။ သောဒုံနဲ့ ဂေါမောရမြို့တွေကို မီးတိုက်ပစ်ခဲ့တယ် စသဖြင့်ပေါ့။ ဘုရားက ဒါတွေအားလုံးကို ပြီးမြောက်တဲ့အချိန်မှာ ဓမ္မဟောင်းကျမ်းက ရှိခဲ့လို့လား” တဲ့။ ကျွန်မအသိစိတ်ကလည်း အဖြေပေးနေမိပြီ၊ “မရှိခဲ့ဘူးပေါ့။ ဘုရားသခင်ဆိုတာ အဦးအစပဲ။ သမ္မာကျမ်းဆိုတာ ဝေးလို့၊ စာအရေးအသား မပေါ်ခင်ကတည်းက ဘုရားက အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တာ” ပေါ့လေ။ အစ်မဝမ်က ဆက်ပြောတယ်၊ “ဘုရားက သူ့အမှုတော်ကို လုပ်ဆောင်ချိန်မှာ ဘာကျမ်းစာတွေမှ မရှိခဲ့ဘူး။ တစ်နည်းပြောရင် ဘုရားရဲ့အမှုတော်က ဦးဆုံး ပြီးစီးတယ်။ နောက်တော့မှ အဲဒါကို ကျမ်းစာတွေထဲ ရေးထားတာ။ ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုက အမှုတော်ပြုဖို့ ကြွလာချိန်မှာလည်း၊ ဓမ္မသစ်ကျမ်းဆိုတာ မရှိခဲ့ဘူး။ နောက် နှစ်ပေါင်းသုံးရာကျော်တော့မှ၊ ကမ္ဘာအနှံ့က ဘာသာရေးခေါင်းဆောင်တွေ စုဝေးပြီး ညီလာခံတစ်ခု လုပ်ခဲ့ကြတာ။ သူတို့က ခရစ်ဝင်ကျမ်းလေးခုကို သခင်ယေရှုအမှုတော်ရဲ့ မှတ်တမ်းတွေဆိုပြီး ရွေးချယ်တယ်။ တမန်တော်တွေရဲ့ အသင်းတော်တွေဆီ ပေးစာတွေနဲ့ ရှင်ယောဟန် မှတ်တမ်းတင်တဲ့ ဗျာဒိတ်ကျမ်းကိုလည်း ထပ်ပေါင်းထည့်တယ်။ သူတို့က ဒါတွေအားလုံးကို ကျွန်မတို့ အခု သိကြတဲ့ ဓမ္မသစ်ကျမ်းအဖြစ် ပြုစုခဲ့ကြတာပဲ။ ဘုရားရဲ့အမှုတော်က ဦးဆုံး ဖြစ်ခဲ့တယ်။ နောက်တော့မှ ကျမ်းစာထဲ ရေးမှတ်ခဲ့ကြတယ်ဆိုတာကို၊ သမ္မာကျမ်းကို ပြုစုခဲ့တဲ့ လုပ်ငန်းစဉ်ကနေ မြင်နိုင်တယ်။ ဘုရားရဲ့အမှုတော် မရှိခဲ့ရင်၊ သမ္မာကျမ်းဆိုတာ ရှိမှာတောင် မဟုတ်ဘူး။ ဆိုလိုတာက၊ ဘုရားက ကျမ်းစာကို အခြေခံပြီး လုပ်ဆောင်တာ မဟုတ်ဘူး။ ကျမ်းစာနဲ့ ကန့်သတ်ထားတာမဟုတ်ဘူး။ ကိုယ်တော်က သူ့ကိုယ်ပိုင်အစီအစဉ်နဲ့ လူသားတွေရဲ့ အသေးစိတ် လိုအပ်ချက်တွေနဲ့အညီ လုပ်ဆောင်တာပါ တဲ့။ ဒါကြောင့် ကျွန်မတို့က ဘုရားရဲ့အမှုတော်ကို သမ္မာကျမ်းထဲ ပါသလောက်နဲ့ အတင်းအကျပ် ဘောင်ခတ်တာမျိုး၊ ကျမ်းစာကို အသုံးချပြီး သူ့အမှုတော်ကို ကန့်သတ်တာမျိုး လုပ်လို့မရဘူး။ သမ္မာကျမ်းကို ကျော်လွန်တာမှန်သမျှ အယူမှားတယ်ဆိုပြီး ပြောလို့မရဘူး”

အဲဒီနောက်မှာ အစ်မယန်ဆိုတဲ့ ဇာတ်ကောင် မိတ်သဟာယပြုတာက ပိုပြီး အကျိုးရှိသွားပြန်ရော၊ “သခင်ယေရှုက သူ့အမှုတော်ကို ဓမ္မဟောင်းကျမ်းနဲ့အညီ လုပ်ဆောင်ခဲ့တာ မဟုတ်ပါဘူး။ ကိုယ်တော်က နောင်တလမ်းကို ဟောကြားခဲ့တယ်၊ နာမကျန်းသူတွေကို ပျောက်ကင်းစေပြီး၊ မိစ္ဆာတွေကို နှင်ထုတ်ခဲ့တယ်။ ဥပုသ်နေ့မှာတောင် အမှုတော်ပြုခဲ့တယ်။ အဲဒါတွေကို ကျမ်းစာတွေထဲမှာ အဲဒီအချိန်တုန်းက မရေးခဲ့ကြပါဘူး။ ဓမ္မဟောင်းကျမ်း ပညတ်တွေနဲ့ ဆန့်ကျင်သလိုတောင် ဖြစ်ခဲ့တာပါ။ ယဇ်ပရောဟိတ်တွေ၊ ကျမ်းပြုဆရာတွေနဲ့ ဖာရိရှဲတွေ အားလုံးက သခင်ယေရှုရဲ့အမှုတော်နဲ့ ပြောစကားတွေကို အဲဒီတုန်းက ကျမ်းစာတွေနဲ့ ဆန့်ကျင်တယ်ဆိုပြီး၊ သူ့ကို ရှုတ်ချခဲ့ကြတာပါ။ ကျမ်းစာအပြင်မှာရှိသမျှ အယူမှားတယ်ချည်းပဲ ပြောမယ်ဆိုရင်၊ ခေတ်အဆက်ဆက် ဘုရားရဲ့လုပ်ဆောင်ချက် အားလုံးကို ရှုတ်ချသလို ဖြစ်မနေဘူးလား” ဆိုပြီး သူက ပြောတာပါ။

ကျွန်မလည်း တုန်လှုပ်သွားတယ်။ အဲဒါ အမှန်ပဲဆိုပြီး ရုတ်တရက် သဘောပေါက်မိတယ်။ သခင်ယေရှုက ဥပုသ်နေ့မှာ တရားဟောပြီး အမှုတော်ပြုတယ်။ နာမကျန်းသူတွေကို ကုသပေးပြီး၊ မိစ္ဆာတွေကို နှင်ထုတ်ခဲ့တယ်။ အဲဒါတွေကို ဓမ္မဟောင်းကျမ်းမှာ လုံးဝ မဖော်ပြထားခဲ့ဘူး။ သူ့လုပ်ဆောင်ချက်က ကျမ်းစာတွေကို ကျော်လွန်နေတာဆိုတော့၊ ယဇ်ပရောဟိတ်တွေ၊ ကျမ်းပြုဆရာတွေနဲ့ အထူးသဖြင့် ဖာရိရှဲတွေက သခင်ယေရှုရဲ့လုပ်ဆောင်ချက်ကို အယူမှားဆိုပြီး ရှုတ်ချတယ်။ နောက်ဆုံး ကိုယ်တော့်ကို သေစေတဲ့အထိ ကားတိုင်တင်မိကြတယ်။ သူတို့လည်း ဘုရားရဲ့အပြစ်ဒဏ်ပေးခြင်း ခံခဲ့ရတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်က အမှန်တကယ် ပြန်ကြွလာတဲ့ သခင်ယေရှု ဖြစ်တယ်၊ ကျွန်မတို့ကလည်း ကျမ်းစာကလွဲရင် အယူမှားဆိုပြီး ယုံကြည်တယ်ဆိုရင်၊ အဲဒါက ဘုရားရဲ့လုပ်ဆောင်ချက်ကို ရှုတ်ချမိနေတာ မဟုတ်ဘူးလား။ ဘုရားကို ပုန်ကန်ပြစ်မှားမိသွားမှာပေါ့။ ဒီအတွေးနဲ့ ကျွန်မလည်း တော်တော်လေး လန့်သွားတယ်။ ကိုယ့်ထင်မြင်ချက်အဟောင်းတွေကို ဆက်ပြီး ဖက်တွယ်ထားလို့ မဖြစ်တော့မှန်း သိလိုက်တယ်။ ဇာတ်ကားကိုလည်း ဆက်ကြည့်တယ်။

ဇာတ်ကားထဲက အစ်မက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြထားတယ်။ “သမ္မာကျမ်းစာသည် ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် သမိုင်းဆိုင်ရာမှတ်တမ်းတစ်ခု သက်သက်ဖြစ်ပြီး၊ ဘုရားသခင်၏ ယခင်အမှုအဆင့်နှစ်ဆင့်ဆိုင်ရာ သက်သေဖြစ်ကာ၊ ယင်းသည် ဘုရားသခင်၏အမှု၏ ရည်မှန်းချက်များနှင့်ဆိုင်သည့် သိနားလည်မှုကို သင့်ကို လုံး၀ မပေးကြောင်း သမ္မာကျမ်းစာ၏ အရှိတရားကို မည်သူမျှ မသိရှိချေ။ သမ္မာကျမ်းစာကို ဖတ်ရှုဖူးသူတိုင်းက ၎င်းသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် အတောအတွင်း ဘုရားသခင်၏အမှု အဆင့်နှစ်ဆင့်ကို မှတ်တမ်းတင်ထားခြင်း ဖြစ်ကြောင်း သိကြသည်။ ဓမ္မဟောင်းကျမ်းသည် ဣသရေလနိုင်ငံ၏ သမိုင်းနှင့် ဖန်ဆင်းခြင်းအချိန်မှစပြီး ပညတ်တော်ခေတ် ပြီးဆုံးသည်အထိ ယေဟောဝါ၏ လုပ်ဆောင်မှုကို မှတ်တမ်းတင်ထားသည်။ ဓမ္မသစ်ကျမ်းသည် ခရစ်ဝင်ကျမ်း လေးကျမ်းတွင်ပါရှိသည့် ကမ္ဘာမြေပေါ်တွင် ယေရှု၏ အလုပ်နှင့် ပေါလု၏ အလုပ်တို့ကို ဖော်ပြထားသည်- ဤအရာတို့သည် သမိုင်းဆိုင်ရာ မှတ်တမ်းများ မဟုတ်ပေလော။” “သမ္မာကျမ်းစာသည် သမိုင်းအခြေခံသော စာအုပ်တစ်အုပ် ဖြစ်သည်၊ သင်သည် ဓမ္မဟောင်းကျမ်းကို ကျေးဇူးတော်ခေတ်ထဲတွင် စားသောက်ခဲ့မည်ဆိုလျှင်၊ ဓမ္မဟောင်းကျမ်း ခေတ်က သတ်မှတ်ထားခဲ့သည့် အရာကို ကျေးဇူးတော်ခေတ်ထဲတွင် လက်တွေ့ကျင့်သုံးခဲ့ပါက၊ ယေရှုသည် သင်တို့ကို ငြင်းပယ်ခဲ့ပြီး ရှုတ်ချခဲ့မည်ဖြစ်သည်၊ သင်က ဓမ္မဟောင်းကျမ်းကို ယေရှု၏အမှု၌ ကျင့်သုံးခဲ့လျှင် သင်သည် ဖာရိရှဲဖြစ်ခဲ့လိမ့်မည်။ သင်သည် ယနေ့တွင် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်း နှစ်ခုစလုံးကို စားသောက်ရန်အတွက် ပေါင်းစည်းကာ လက်တွေ့လုပ်ဆောင်မည်ဆိုလျှင်၊ ယနေ့၏ ဘုရားသခင်သည် သင့်ကို ရှုတ်ချလိမ့်မည်၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ယနေ့အလုပ်၌ နောက်ကျနေခဲ့မည် ဖြစ်သည်။ အကယ်၍ သင်သည် ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းကို စားသောက်လျှင်၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်း အပြင်၌ ရှိနေသူ ဖြစ်သည်။ ယေရှု၏ လက်ထက်၌၊ ယေရှုသည် ထိုစဉ်က သန့်ရှင်းသော ဝိညာဉ်တော်က သူ့ထဲတွင် အလုပ်လုပ်ခဲ့သည်နှင့်အညီ ယုဒလူများနှင့် သူ၏ နောက်သို့လိုက်သူများ အားလုံးကို လမ်းပြခဲ့သည်။ ယေရှုသည် မိမိပြုခဲ့သည့် အမှုများအတွက် သမ္မာကျမ်းစာကို အခြေခံအဖြစ် မခံယူခဲ့ဘဲ၊ မိမိ၏အမှုနှင့်အညီ ပြောဆိုခဲ့သည်။ သမ္မာကျမ်းစာထဲ မိန့်ဆိုထားသည်များကို သူဂရုမစိုက်ခဲ့သလို၊ သူ၏ နောက်လိုက်များကို ဦးဆောင်ရမည့် လမ်းကြောင်းကိုလည်း သမ္မာကျမ်းစာထဲမှာ မရှာခဲ့ပေ။ သူသည် စတင် အမှုပြုသည့်အခါမှစ၍ ဓမ္မဟောင်းကျမ်း၏ ပရောဖက်ပြုခြင်းများ၌ လုံးဝ မဖော်ပြထားခဲ့သည့် စကားတစ်လုံးဖြစ်သည့်- နောင်တရခြင်း လမ်းခရီးကို သူ ဖြန့်ဝေခဲ့လေသည်။ ယေရှုသည် သမ္မာကျမ်းစာနှင့်အညီ မပြုမူခဲ့သည့်အပြင်၊ သူသည် လမ်းကြောင်းအသစ်ကိုလည်း ဦးဆောင်လမ်းပြခဲ့ပြီး အမှုသစ်ကို ဆောင်ရွက်ခဲ့သည်။ ယေရှုက တရားဟောရာတွင် သမ္မာကျမ်းစာကို မည်သည့်အခါမျှ မကိုးကားခဲ့ပေ။ ပညတ်တော်ခေတ်အတွင်း၌၊ နာမကျန်းသော သူများကို ကုသပေးရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့နှင့် သက်ဆိုင်သော သူ၏ အံ့ဖွယ်အရာများကို မည်သူမျှ တစ်ခါမျှ လုပ်ပြနိုင်စွမ်း မရှိခဲ့ကြပေ။ ယေရှု၏ အမှု၊ သူ၏ သွန်သင်ချက်များနှင့် ပညတ်တော်ခေတ်တုန်းက မည်သည့် လူသားကိုမဆို ကျော်လွန်သည့် သူ့နှုတ်ကပတ်တော်များ၏ ဩဇာအာဏာနှင့် တန်ခိုးတော်တို့မှာလည်း ထို့အတူပင်ဖြစ်ခဲ့ကြသည်။ ယေရှုက သူ၏ သာ၍သစ်သော အမှုကိုသာ လုပ်ခဲ့သည်၊ ထို့အပြင် လူအများအပြားတို့က သမ္မာကျမ်းစာကို အသုံးချပြီး သူ့ကို ပြစ်တင်ရှုတ်ချခဲ့ကြသည့်တိုင်အောင်၊ သူ့အား လက်ဝါးကပ်တိုင်ပေါ်ကို တင်၍ အဆုံးစီရင်ရန် ဓမ္မဟောင်းကျမ်းကိုပင် အသုံးပြုခဲ့ကြသည့်တိုင်အောင်၊ သူ၏ အမှုသည် ဓမ္မဟောင်းကျမ်းကို ကျော်လွန်သွားခဲ့သည်၊ ထိုသို့သာမဟုတ်ခဲ့လျှင်၊ လူများက သူ့ကို လက်ဝါးကပ်တိုင်ပေါ်၌ သံမှိုစွဲခဲ့ကြသည်မှာ အဘယ်ကြောင့်နည်း။ ထိုသို့ ဖြစ်ခဲ့ရသည်မှာ ဓမ္မဟောင်းကျမ်းထဲတွင် ယေရှု၏ သွန်သင်မှုများအပြင်၊ သူ၏ နာမကျန်းသော သူများကို ကုသပေးနိုင်စွမ်းနှင့် နတ်ဆိုးများကို နှင်ထုတ်ပေးနိုင်စွမ်းတို့အကြောင်း တစ်လုံးတစ်ပါဒမျှ မိန့်ကြားမထားခြင်းကြောင့် မဟုတ်သလော။ ယေရှု၏ အမှုသည် လမ်းကြောင်းအသစ်ဖြင့် ဦးဆောင်လမ်းပြရန်ဖြစ်သည်၊ သမ္မာကျမ်းစာနှင့် တိုက်ပွဲ တမင်ဆင်နွှဲရန် သို့မဟုတ် ဓမ္မဟောင်းကျမ်းကို တမင်မသုံးဘဲ ဖယ်ထားရန် မဟုတ်ပေ။ ယေရှုသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့နှင့်၊ ၎င်းကို တမ်းတ၍ ရှာဖွေခဲ့ကြသူတို့ထံသို့ အမှုသစ်ကို ယူဆောင်လာဖို့သက်သက် လာခဲ့ခြင်း ဖြစ်သည်။ ယေရှုသည် ဓမ္မဟောင်းကျမ်းကို ရှင်းပြရန် သို့မဟုတ် ယင်း၏ အမှုကို အတည်ပြုရန် လာခဲ့ခြင်း မဟုတ်ပေ။ ယေရှု၏ အမှုမှာ ပညတ်တော်ခေတ်ကို ဆက်လက်ပြီး ဖွံ့ဖြိုးစေရန် မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် သူ၏အမှုသည် သမ္မာကျမ်းစာကို အခြေခံထားခဲ့ခြင်း ရှိ မရှိ ထည့်သွင်း မစဉ်းစားထားသောကြောင့် ဖြစ်သည်။ ယေရှုသည် ၎င်းအနေနှင့် ပြုအပ်သည့်အမှုကို ဆောင်ရွက်ဖို့သက်သက် လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်၊ ယေရှုသည် ဓမ္မဟောင်းကျမ်းထဲက ပရောဖက်ပြုချက်များကို ရှင်းမပြခဲ့သလို၊ ဓမ္မဟောင်းကျမ်း ပညတ်တော်ခေတ်၏ နှုတ်ကပတ်တော်များနှင့် အညီလည်း မဆောင်ရွက်ခဲ့ပေ။ သူသည် ဓမ္မဟောင်းကျမ်းက ဆိုထားသည်များကို လျစ်လျူရှုခဲ့သည်၊ ထိုကျမ်းသည် သူ၏အမှုနှင့် ကိုက်ညီခြင်း ရှိ၊ မရှိကို ဂရုမစိုက်ခဲ့ပေ၊ ထို့အပြင် အခြားသူတို့က သူ၏အမှုအကြောင်း မည်သည့်အရာများ သိရှိကြသည်၊ သို့မဟုတ် သူတို့က ၎င်းအား မည်သို့ ရှုတ်ချခဲ့ကြသည်ကိုလည်း ဂရုမစိုက်ခဲ့ပေ။ လူအများအပြားတို့က ဓမ္မဟောင်းကျမ်းထဲက ပရောဖက်တို့၏ ကြိုတင်ဟောကိန်းများကို အသုံးပြုပြီး ယေရှုကို ရှုတ်ချခဲ့ကြသော်လည်း၊ သူသည် လုပ်ဆောင်အပ်သည်များကိုသာ ဆက်ပြီးလုပ်ဆောင်ခဲ့သည်။ လူတို့အတွက်၊ ယေရှု၏ အမှုမှာ အခြေခံအကြောင်းရင်း မရှိသကဲ့သို့ ထင်စရာဖြစ်ခဲ့ပြီး၊ ဓမ္မဟောင်းကျမ်းထဲက မှတ်တမ်းများနှင့် မကိုက်ညီသည့် အချက်များ အများအပြား ရှိခဲ့ပုံ ထင်ရသည်။ ဤအချက်မှာ လူသား၏ အမှားဖြစ်သည် မဟုတ်လော။ ဘုရားသခင်၏ အမှုတွင် အယူဝါဒများကို အသုံးချဖို့ရန် လိုအပ်သလော။ ထို့အပြင် ဘုရားသခင်သည် ပရောဖက်များ၏ ကြိုတင်ဟောကိန်းများနှင့် အညီ လုပ်ကိုင်ရမည်လော။ အမှန်စင်စစ် ပိုကြီးမြတ်သည်က မည်သည့်အရာနည်း- ဘုရားသခင်လော၊ သမ္မာကျမ်းစာလော။ ဘုရားသခင်သည် မည်သည့်အတွက်ကြောင့် သမ္မာကျမ်းစာနှင့်အညီ အမှုပြုရမည်နည်း။ ဘုရားသခင်သည် သမ္မာကျမ်းစာကို ကျော်လွန်ခွင့် မရှိခြင်းကြောင့်များ ဖြစ်နိုင်သလော။ ဘုရားသခင်သည် သမ္မာကျမ်းစာမှ သွေဖည်လျက် အခြားအမှုကို မပြုနိုင်ပေဘူးလော။ ယေရှုနှင့် သူ၏ တပည့်များက ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ကြသည်မှာ အဘယ့်ကြောင့်နည်း။ ယေရှုသည် ဥပုသ်နေ့ကို စောင့်ထိန်းလျက် ဓမ္မဟောင်းကျမ်းလာ ပညတ်များကို လက်တွေ့လုပ်ဆောင်ခဲ့မည် ဆိုပါက၊ သူလာပြီးနောက် ယေရှုသည် ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ဘဲနှင့် ယင်းအစား ခြေကိုဆေးကြောခြင်း၊ ခေါင်းကိုဖုံးအုပ်ခြင်း၊ မုန့်ကိုချိုးဖဲ့ခြင်းနှင့် စပျစ်ရည်ကို သောက်သုံးခြင်း ပြုလုပ်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ထိုအချက်များ အားလုံးသည် ဓမ္မဟောင်းကျမ်းလာ ပညတ်များ၌ ကင်းမဲ့နေသည် မဟုတ်လော။ ယေရှုက ဓမ္မဟောင်းကျမ်းကို လေးစားခဲ့သည်ဆိုလျှင်၊ သူသည် ထိုအယူဝါဒများကို ချိုးဖောက်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ဦးစွာလာသည်မှာ ဘုရားသခင်လော၊ သမ္မာကျမ်းစာလော ဆိုသည်ကို သင် သိသင့်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)

အစ်မဝမ်က ဒီလိုပြောပြထားတယ်၊ “ကျွန်မတို့က ဘုရားနဲ့ ကျမ်းစာကို တန်းတူထားလာခဲ့တာ နှစ်ပေါင်းများစွာ ရှိပါပြီ။ ကိုယ်တော့်အမှုတော်က ကျမ်းစာကို မကျော်လွန်နိုင်ဘူးဆိုတာမျိုး၊ ကျမ်းစာအပြင်မှာရှိတဲ့ ယုံကြည်ခြင်းတွေကို ယုံကြည်ခြင်းလို့ မခေါ်နိုင်ဘူး၊ အယူမှားပဲဆိုတာမျိုးတွေ ထင်လာကြတာ။ အမှန်တော့ သမ္မာကျမ်းဆိုတာ ဘုရားအမှုတော်ရဲ့ ပထမအဆင့် နှစ်ခုကိုပဲ မှတ်တမ်းတင်ထားတာပါ။ ဘုရားက ကောင်းကင်၊ မြေကြီးနဲ့ အရာခပ်သိမ်းအပြင်၊ လူသားကိုပါ ဖန်ဆင်းပြီးတဲ့နောက်မှာ၊ လူသားကို လမ်းပြကယ်တင်တဲ့ သူ့အမှုတော်ရဲ့ ပထမအဆင့်နှစ်ခုကို သက်သေခံချက်ပါပဲ။ လူသားကို ကယ်တင်တဲ့ သူ့လုပ်ဆောင်ချက်အားလုံးကို ကိုယ်စားမပြုပါဘူး တဲ့။ ကျမ်းစာထဲက ဘုရားနှုတ်ကပတ်တော်တွေက အကန့်အသတ်ရှိလွန်းတယ်။ ဘုရားရဲ့အသက်စိတ်သဘောထားအကြောင်း အရိပ်အမြွက်လောက်ပဲ ပါတယ်။ အားလုံး မပါဝင်ဘူး။ ဘုရားက ကျမ်းစာနဲ့အညီ လုပ်ဆောင်တာမဟုတ်သလို၊ သူ့အမှုတော်မှာ ကျမ်းစာကို ရည်ညွှန်းတာတောင် မလုပ်ဘူး။ သူ့နောက်လိုက်တွေအတွက် လမ်းကို သတ်မှတ်ပေးဖို့၊ ကျမ်းစာကို မသုံးပါဘူး။ ကိုယ်တော့်အမှုတော်က အမြဲတမ်း ရှေ့ကိုတိုးနေတာပါ။ ဘုရားသခင်က ခေတ်သစ်တစ်ခုကို စတင်လိုက်ပါပြီ။ အမှုတော်သစ်ကိုလည်း လုပ်ဆောင်နေတယ်။ ကျွန်မတို့အနေနဲ့ ပိုပြီးကြီးမားတဲ့ ကယ်တင်ခြင်းကို ရနိုင်ကြအောင်၊ ကိုယ်တော်က ပိုပြီးကြီးမားတဲ့ သမ္မာတရားတွေနဲ့ လမ်းသစ်တစ်ခုကို ပြနေပါတယ် တဲ့။ ဒါကြောင့် ဘုရားသခင်ဟာ သူ့အမှုတော်ဟောင်းကို အခြေခံပြီး လူသားတွေကို လမ်းပြတာမဟုတ်ဘူး။ တစ်နည်းပြောရင် ဘုရားက ကျမ်းစာကို အခြေခံပြီး မလုပ်ဆောင်ပါဘူး။ ကိုယ်တော်က ဥပုသ်ရဲ့သခင် ဖြစ်သလို၊ ကျမ်းစာရဲ့သခင်လည်း ဖြစ်တယ်။ သူ့ကိုယ်ပိုင်အစီအစဉ်နဲ့ လူသားမျိုးနွယ်ရဲ့လိုအပ်ချက်တွေကို အခြေခံတဲ့ အမှုတော်သစ်ကို လုပ်ဆောင်ဖို့အတွက်၊ သူ့မှာ ကျမ်းစာကို ကျော်လွန်လုပ်ဆောင်ခွင့် အပြည့်အဝ ရှိပါတယ်။ ဘုရားအမှုတော်ဆိုတာ ခေတ်တစ်ခုနဲ့ တစ်ခု လုံးလုံး မတူညီနိုင်ပါဘူး။ သမ္မာကျမ်းအပြင်မှာရှိသမျှ အယူမှားပဲလို့ ပြောတာက ဘယ်လိုပဲစဉ်းစားစဉ်းစား မခိုင်လုံဘူး” တဲ့။

ဒါကို ကြည့်မိတော့မှ ကျွန်မလည်း ရှက်မိတယ်။ အဲဒီအစ်မ မျှဝေတဲ့ မိတ်သဟာယက အချက်အလက်တွေနဲ့ ညီညွတ်တယ်။ ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုရဲ့လုပ်ဆောင်ချက်က ဓမ္မဟောင်းကျမ်းကို ကျော်လွန်ခဲ့တယ်လေ။ အဲဒါက ဖန်ဆင်းခြင်းရဲ့သခင် ဖြစ်တဲ့ ဘုရားသခင်ဟာ ကျမ်းစာကို ကျော်လွန်ပြီး အပြည့်အဝ လုပ်ဆောင်နိုင်စွမ်း ရှိတယ်ဆိုတာကို မပြဘူးလား။ ဒါတွေအားလုံးကို ကျွန်မ ဟိုအရင်က ဘာလို့ မစဉ်းစားဖူးခဲ့တာလဲ။ ကျမ်းစာအပြင်မှာ ရှိတဲ့ဟာမှန်သမျှ အယူမှားပဲလို့ ပြောတာက မှားနေတယ်၊ မခိုင်လုံဘူးလေ။ ကျွန်မက တော်တော် စဉ်းစားဉာဏ်မရှိခဲ့တာပဲ။

ကျွန်မလည်း ဆက်ကြည့်နေရင်းနဲ့၊ အဲဒီအစ်မ ပြောလိုက်တာတစ်ခုကို တော်တော် စိတ်ဝင်စားသွားပြန်ရော။ “သမ္မာကျမ်းဆိုတာ သက်သေခံချက်သက်သက်ပဲ၊ ဘုရားအမှုတော်ရဲ့ မှတ်တမ်းပဲ။ ကျမ်းစာဆိုတာ ထာဝရအသက်ကို မပေးနိုင်ဘူး။ ဒါက အစဉ်အလာခံယူချက်တွေနဲ့ ကွဲလွဲတယ်ဆိုပေမဲ့၊ ငြင်းလို့မရနိုင်ဘူး။ ဘာလို့လဲဆိုတော့ သခင်ယေရှုက ဟိုတစ်ချိန်က ဖာရိရှဲတွေကို အပြစ်တင်ခဲ့တယ်၊ ‘ကျမ်းစာအားဖြင့် ထာဝရအသက်ကို ရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကို စေ့စေ့ကြည့်ရှုကြ၏။ ထိုကျမ်းစာပင် ငါ၏သက်သေဖြစ်၏။ သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှါ အလိုမရှိကြ။(ရှင်ယောဟန်ခရစ်ဝင် ၅:၃၉-၄၀) ကျမ်းစာတွေထဲမှာ ထာဝရအသက်ကို ရှာတွေ့မှာမဟုတ်ဘူး၊ အဲဒါတွေထဲမှာ ထာဝရအသက်ကို ရှာဖို့ကြိုးစားတယ်ဆိုတာ မှားယွင်းတယ်လို့ သခင်ယေရှုက ရှင်းရှင်းလင်းလင်း ပြောခဲ့တာပဲ။ ကျမ်းစာတစ်ခုတည်းနဲ့တင် သမ္မာတရားနဲ့ အသက်ကို ရဖို့ မလုံလောက်ဘူး။ အဲဒါတွေကို ခရစ်တော်ကိုယ်တော်တိုင်ဆီမှာပဲ ရှာတွေ့နိုင်တယ်” လို့ သူက ပြောတယ်။ ဒါကို ကြားလိုက်ရတော့ မျက်စိပွင့်သွားသလိုပဲ။ ကျမ်းစာထဲမှာ ထာဝရအသက် မရှိဘူးဆိုတာကို သခင်ယေရှုက ဟိုးအရင်ကတည်းက ပြောခဲ့မှန်း၊ ကျွန်မ မြင်သွားတယ်။ ဘုရားကသာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်တယ်။ ဘုရားကသာ ကျွန်မတို့ကို ထာဝရအသက် ပေးနိုင်တယ်။ အဲဒီစာသားကို ဟိုအရင် ဖတ်ခဲ့တုန်းက၊ ကျွန်မ ဘာလို့ ဒါကို သဘောမပေါက်မိခဲ့တာလဲ။

ဇာတ်ကားထဲမှာ အဲဒီအစ်မက ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ဖတ်ပြထားတယ်။ “ပိုမြင့်မားသည့် လမ်းခရီး ရှိနေသောကြောင့်၊ နိမ့်ကျပြီး ဟောင်းနေသည့် လမ်းခရီးကို အဘယ့်ကြောင့် လေ့လာနေသနည်း။ ပိုသစ်သည့် မိန့်မြွက်ချက်များနှင့် ပိုသစ်သည့်အမှု ရှိနေလျှင်၊ သမိုင်းမှတ်တမ်း အဟောင်းများအကြားတွင် အဘယ့်ကြောင့် နေထိုင်နေသေးသနည်း။ မိန့်ကြားချက် အသစ်များက သင့်ကို ပံ့ပိုးပေးနိုင်သည်၊ ဤအချက်က ယင်းသည် အမှုသစ် ဖြစ်ကြောင်းကို သက်သေပြနေသည်၊ မှတ်တမ်းအဟောင်းများက သင့်ကိုဆန္ဒ ပြည့်ဝစေနိုင်ခြင်း၊ သင်၏လက်ရှိ လိုအပ်ချက်များကို ဖြည့်ဆည့်းပေးနိုင်ခြင်း မရှိဘဲ၊ ၎င်းတို့သည် သမိုင်းဖြစ်ပြီး ယခုအချိန် ယခုနေရာ၏ အမှုမဟုတ်ကြောင်းကို သက်သေပြနေသည်။ အမြင့်ဆုံးလမ်းခရီးသည် အသစ်ဆုံးအမှုဖြစ်ပြီး၊ အမှုသစ်နှင့်ဆိုလျှင် အတိတ်က လမ်းခရီး မည်မျှပင် မြင့်မားခဲ့ပါစေ၊ ၎င်းသည် လူတို့၏ ပြန်ပြောင်းဆင်ခြင် သုံးသပ်ချက်များ၏ သမိုင်းဖြစ်နေဆဲ ဖြစ်ပြီး၊ ရည်ညွှန်း ပြောဆိုချက်အဖြစ် ၎င်း၏တန်ဖိုးမှာ မည်သို့ပင်ရှိပါစေ၊ ယင်းသည် လမ်းခရီးဟောင်း ဖြစ်နေဆဲ ဖြစ်သည်။ ၎င်းကို ‘သန့်ရှင်းသည့် ကျမ်းစာအုပ်’ ထဲ မှတ်တမ်းတင်ထားစေကာမူ၊ လမ်းခရီးဟောင်းသည် သမိုင်းဖြစ်သည်၊ ‘သန့်ရှင်းသည့် ကျမ်းစာအုပ်’ ထဲမှာ မည်သို့မျှ ရေးမှတ် မထားသော်လည်း၊ လမ်းခရီးသစ်သည် ယခုအချိန် ယခုနေရာမှာ ရှိနေ၏။ ၎င်းလမ်းခရီးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည့် အတွက်ကြောင့်၊ သင့်ကို ကယ်တင်နိုင်ပြီး ဤလမ်းခရီးသည် သင့်ကို ပြောင်းလဲနိုင်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) နောက်တော့ သူက ဒါကို ပြောပြတယ်၊ “သမ္မာကျမ်းဆိုတာ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်အကြောင်း ပရောဖက်ပြုချက်တွေပဲ ပါတာပါ။ အမှုတော်ရဲ့ဖြစ်စဉ်တွေ မပါဘူး။ ဒီအမှုတော်က တကယ်တော့ လူသားရဲ့လက်ရှိ လိုအပ်ချက်တွေကို အခြေခံထားတဲ့၊ ပိုပြီး လေးနက် မြင့်မားတဲ့ အမှုတော်အဆင့်တစ်ခုပါ။ ပညတ်တော်ခေတ် နှောင်းပိုင်းမှာ လူတိုင်းက ပျက်စီးလွန်းလာတော့၊ ပညတ်အရ အသေသတ်ခြင်းကို အချိန်မရွေး ခံရနိုင်တဲ့ကိန်း ဆိုက်ခဲ့တယ်။ ဘုရားက ကိုယ်တော်တိုင် လူ့ဇာတိခံပြီး၊ ကမ္ဘာမြေကို ကြွလာရတယ်။ ပြီးတော့ လူသားအတွက် အပြစ်ဖြေရာယဇ်အနေနဲ့ ကားတိုင်တင်ခံခဲ့တယ်။ ဘုရားက ပညတ်ရဲ့လုပ်ဆောင်ချက်ကို အခြေခံပြီး ရွေးနုတ်ခြင်းအမှုကို ပြုခဲ့တာပါ။ အဲဒီအမှုတော်ကို ကျမ်းစာတွေထဲမှာ ရေးထားတာ မရှိခဲ့ပေမဲ့၊ ကိုယ်တော်က သူ့ကိုယ်ပိုင်အစီအစဉ်နဲ့ လူသားရဲ့လိုအပ်ချက်တွေအရ လုပ်ဆောင်ခဲ့တာပါ။ ကိုယ်တော်က ပညတ်ကို လုံးဝ ဖယ်ရှားခဲ့တာမဟုတ်ဘူး၊ ပညတ်ကို ပြည့်စုံစေခဲ့တာ။ အခု နောက်ဆုံးသောကာလမှာလည်း၊ ဘုရားသခင်က သခင်ယေရှုရဲ့ ရွေးနုတ်ခြင်းအမှုကို အခြေခံပြီးတော့၊ သူ့အစီအစဉ်နဲ့ လူသားရဲ့လိုအပ်ချက်တွေနဲ့အညီ အမှုတော်ပြုနေတယ်။ ကျွန်မတို့ကို လွဲမှားတဲ့ သဘာဝကနေ ကယ်တင်ဖို့၊ အပြစ်ရဲ့အချုပ်အနှောင်တွေကနေ လုံးဝ လွတ်လပ်စေဖို့၊ ကျွန်မတို့ကို ထာဝရလှပတဲ့ ပန်းတိုင်ဆီ လမ်းပြဖို့အတွက်၊ ကိုယ်တော်က ဘုရားအိမ်တော်ကနေ စတင်တဲ့ သူ့ရဲ့တရားစီရင်ခြင်းအမှုကို လုပ်ဆောင်နေတာပါ တဲ့။ အနန္တတန်ခိုးရှင်ဘုရားသခင်က လူသားတွေကို သန့်စင်ကယ်တင်ဖို့ သမ္မာတရားအားလုံးကို မိန့်ဆိုပါတယ်။ သူ့စီမံခန့်ခွဲမှုအစီအစဉ်ရဲ့ နက်နဲမှုတွေ အားလုံးကို ထုတ်ဖော်ပြတယ်။ ကိုယ်တော်က ဒီနှုတ်ကပတ်တော်တွေကို ပညတ်တော်ခေတ်နဲ့ ကျေးဇူးတော်ခေတ်မှာ လုံးဝ မမိန့်ဆိုခဲ့ဘူး။ ဒါက နောက်ဆုံးသောကာလမှာ ဖွင့်တဲ့ စာစောင်၊ တံဆိပ်ခုနစ်ချက်ပါပဲ။ ဗျာဒိတ်ကျမ်းထဲက ဒီပရောဖက်ပြုချက်ကိုပါ ပြည့်စုံစေတာပါ၊ ‘ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။(ဗျာဒိတ်ကျမ်း ၂:၇) ပြီးတော့ ဒီတစ်ခုလည်း အတူတူပါပဲ၊ ‘ယုဒအမျိုးခြင်္သေ့တည်းဟူသော ဒါဝိဒ်၏အမြစ်သည် ထိုစာစောင်ကိုလည်းကောင်း၊ တံဆိပ်ခုနစ်ချက်တို့ကိုလည်းကောင်း၊ ဖွင့်ခြင်းငှါ အောင်မြင်လေပြီဟု ငါ့ကို ပြောဆို၏။(ဗျာဒိတ်ကျမ်း ၅:၄-၅) အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို နိုင်ငံတော်ခေတ်အတွက် ကျမ်းစာဖြစ်တဲ့ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ထဲမှာ တွေ့ရပါတယ်။ ဒါတွေက လိုက်နာကျင့်သုံးရမဲ့ သီးခြားနှုတ်ကပတ်တော်တွေပါ၊ ဘုရားက လူသားကို ပေးအပ်တဲ့ ထာဝရအသက်လမ်းပါ၊ အပြည့်အဝ ကယ်တင်ခြင်းအတွက် တစ်ခုတည်းသော စစ်မှန်တဲ့လမ်းပါ။ ကျွန်မတို့က ဒါကို လက်ခံဖို့ငြင်းတယ်ဆိုရင်၊ ဘုရားရဲ့အသက်စမ်းရေအားဖြင့် ထောက်ပံ့တာကို ဘယ်တော့မှ ခံရတော့မှာမဟုတ်ဘူး။ သမ္မာတရားနဲ့ အသက်ကိုလည်း ရကြတော့မှာ မဟုတ်ဘူး” တဲ့။

အဲဒီနောက်ပိုင်း တခြားရုပ်ရှင်တစ်ခုမှာ ဖတ်ပြတဲ့ အနန္တတန်ခိုးရှင်ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ ကြားရပြန်ရော။ “နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက် ယူဆောင်လာပြီး၊ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသားက အသက်ရရှိသည့် လမ်းကြောင်းဖြစ်ပြီး၊ လူသားက ဘုရားသခင်ကို သိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့် ဘုရားသခင်၏ လက်ခံခြင်းခံရမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလ၏ ခရစ်တော်ပေးသည့် အသက်၏လမ်းခရီးကို သင်မရှာဖွေပါက၊ သင်သည် သမိုင်း၏ ရုပ်သေးရုပ်ရော အကျဉ်းသားပါ ဖြစ်သည့်အတွက်၊ ယေရှု၏ လက်ခံမှုကို မည်သည့်အခါမျှ သင် ရရှိမည်မဟုတ်သကဲ့သို့၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းမီမည် မဟုတ်ပေ။ စည်းမျဉ်းစည်းကမ်းများ၊ ကျမ်းဟောင်းတရားများ၏ ထိန်းချုပ်မှုခံရပြီး၊ သမိုင်း၏ ချုပ်နှောင်မှုခံရသူများသည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ အသက်၏ ထာဝရလမ်းခရီးကို ရရှိနိုင်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုသူတို့အားလုံးသည် ပလ္လင်မှ စီးဆင်းသည့် အသက်ရေ ဖြစ်မည့်အစား နှစ်ပေါင်းထောင်ပေါင်းများစွာ တစ်နေရာတည်းတွင် ရှိနေသော နောက်ကျိသည့် ရေများ ဖြစ်ကြသောကြောင့် ဖြစ်၏။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) အဲဒီရုပ်ရှင်ထဲက အစ်ကိုက ဒီလိုပြောပြတယ်၊ “နောက်ဆုံးသောကာလရဲ့ ခရစ်တော်၊ အနန္တတန်ခိုးရှင်ဘုရားသခင်က လူသားကို ကယ်တင်ဖို့ သမ္မာတရားတွေကို မိန့်ဆိုပါတယ်။ အဲဒီသမ္မာတရားတွေက စုံလင်ကျယ်ပြန့်လွန်းတယ်။ ဘုရားသခင်ဆီက အာဟာရကို အမှန်တကယ် ထောက်ပံ့ပေးတာပါ။ အားလုံးက မျက်စိပွင့်စရာ၊ အသိဉာဏ်ပွင့်စရာတွေပါ တဲ့။ ခရစ်တော်ဆိုတာ လမ်းခရီး၊ သမ္မာတရားနဲ့ အသက်ဖြစ်တယ်။ ထာဝရအသက်လမ်း ဖြစ်တယ်ဆိုတာကို အဲဒါတွေအားလုံးက ပြပေးတယ် နိုင်ငံတော်ခေတ်အတွက် ဘုရားရဲ့နှုတ်ကပတ်တော်တွေက ပညတ်တော်ခေတ်နဲ့ ကျေးဇူးတော်ခေတ် နှစ်ခုပေါင်းစာ နှုတ်ကပတ်တော်တွေထက် ပိုများပါတယ်။ အထူးသဖြင့်၊ ‘နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏’ ကျမ်းထဲက ‘စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ’ ဆိုတာ ဘုရားက လူသားမျိုးနွယ်ဆီ ပထမဆုံးအကြိမ် အတိအလင်း မိန့်ဆိုတာပါ။ လူသားအားလုံးကို မိန့်ဆိုထားတဲ့ ဖန်ဆင်းခြင်းသခင်ရဲ့ နှုတ်ကပတ်တော်တွေကို လူသားတွေအနေနဲ့ ပထမဆုံးအကြိမ် ကြားရခြင်းပါ။ အဲဒီနှုတ်ကပတ်တော်တွေက စကြဝဠာကို ကိုင်လှုပ်ပြီး၊ ကျွန်တော်တို့အားလုံးကို မျက်စိဖွင့်ပေးလိုက်တာပါ တဲ့။ နိုင်ငံတော်ခေတ်ဆိုတာ ဘုရားက သူ့ရဲ့တရားစီရင်ခြင်းအမှုကို လုပ်ဆောင်တဲ့အချိန်၊ သူ့ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို လူသားဆီ အပြည့်အဝ ထုတ်ဖော်ပြတဲ့အချိန်ပါ။ အဲဒါကြောင့် ဒီခေတ်မှာ လူသားကို တရားစီရင်၊ သန့်စင်ပေးပြီး စုံလင်စေတဲ့ နှုတ်ကပတ်တော်တွေကို မိန့်ဆိုတာဖြစ်တယ်။ ကိုယ်တော်က ကပ်ဘေးတွေကို ကျရောက်စေတယ်၊ ကောင်းသူကို ဆုလာဘ်ပေးပြီး မကောင်းသူကို အပြစ်ဒဏ်ပေးတယ်၊ သူ့ရဲ့ဖြောင့်မတ်ခြင်းကို ထုတ်ဖော်ပြတယ်။ လူသားကို သန့်စင်ကယ်တင်ပြီး အမှန်တကယ် စုံလင်စေဖို့၊ အနန္တတန်ခိုးရှင်ဘုရားသခင် မိန့်ဆိုတဲ့ သမ္မာတရားတွေဟာ နောက်ဆုံးသောကာလမှာ ကိုယ်တော်က လူသားကို ပေးအပ်တဲ့ ထာဝရအသက်လမ်းပါပဲ။ အဲဒါတွေက ကိုယ်တော့်ပလ္လင်တော်ကနေ စီးဆင်းလာတဲ့ အသက်စမ်းရေတွေပါ” တဲ့။

ဒီအချိန်မှာပဲ ကျွန်မ လုံးလုံး နားလည်သွားတယ်။ အနန္တတန်ခိုးရှင်ဘုရား မိန့်ဆိုတဲ့ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုတာ နောက်ဆုံးသောကာလမှာ ဘုရားက လူသားကို ပေးအပ်တဲ့ ထာဝရအသက်လမ်းပဲ။ ဘုရားရဲ့ အသက်စမ်းရေအာဟာရနဲ့ အပြည့်အဝ ကယ်တင်ခြင်းကို ရဖို့အတွက်၊ ကျွန်မက ဘုရားရဲ့အမှုတော်သစ်ကို မီအောင်လိုက်ရမယ်။ သူ့နှုတ်ကပတ်တော်သစ်တွေ အားလုံးကို ဖတ်ရမယ်။ နောက်တော့ ကျွန်မလည်း အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို မြန်မြန်လေး ဆက်သွယ်လိုက်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ပိုပြီး ဖတ်ကြည့်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်က နက်နဲမှုတွေအားလုံးကို အမှန်တကယ် ထုတ်ဖော်ပြမှန်း၊ ကျွန်မ မြင်သွားတယ်။ ဘုရားရဲ့စီမံခန့်ခွဲမှုအစီအစဉ်နဲ့ လူ့ဇာတိခံယူခြင်းဆိုတဲ့ နက်နဲမှုတွေ၊ သမ္မာကျမ်းရဲ့ တကယ့် အတွင်းဇာတ်ကြောင်း၊ ပြီးတော့ သမ္မာတရားရဲ့ လက္ခဏာသွင်ပြင်အားလုံးကို ထုတ်ဖော်ပြတာပါ။ ဘုရားကို ယုံကြည်ခဲ့တဲ့ ဆယ်နှစ်ကျော်အချိန်အတွင်းမှာ ရခဲ့ဖူးတာတွေထက် အများကြီး ပိုပြီး သိသွားခဲ့တာပါ။ နောက်ဆုံးတော့ ကျွန်မလည်း အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံမိခဲ့တယ်။

သင်းအုပ်နဲ့ အကြီးအကဲတွေကြောင့် ကျွန်မ လမ်းမှားခဲ့တာတွေကိုလည်း ပြန်စဉ်းစားကြည့်တယ်။ ဘုရားရဲ့အမှုတော်နဲ့ နှုတ်ကပတ်တော်တွေဆိုတာ ကျမ်းစာထဲမှာပဲ ရှိတယ်လို့ ယုံကြည်ခဲ့မိတာလေ။ တခြားဟာတွေက အယူမှားပဲဆိုပြီး ထင်ခဲ့တာ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က လူတွေက သခင်ယေရှုရဲ့ပြန်လာခြင်းအကြောင်း သက်သေခံတာကို ကြားမိပေမဲ့၊ ကျွန်မက မစူးစမ်းခဲ့ဘူး။ အသင်းတော်ဆရာတော်တွေကိုပဲ မျက်ကန်း နာခံတယ်။ ကိုယ့်ယုံကြည်မှုအဟောင်းတွေအတွက် ဘုရားအမှုတော်ကို ငြင်းပယ်ခဲ့မိတယ်။ ကျွန်မက ယုံကြည်သူဆိုပေမဲ့၊ ဘုရားကို ခုခံခဲ့တာပါ။ တော်တော်ကို စဉ်းစားဆင်ခြင်ဉာဏ် မရှိခဲ့တာပဲ။ ကံကောင်းလို့၊ ဘုရားရဲ့လမ်းပြမှုကြောင့် သူ့အသံတော်ကို အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်နဲ့ သူတို့ရုပ်ရှင်တွေထဲမှာ ကြားခွင့်ရခဲ့တာပါ။ ကိုယ့်ယုံကြည်မှုအဟောင်းတွေကိုလည်း အမှန်တကယ် စွန့်လွှတ်နိုင်ခဲ့တာပါ။ ကျွန်မက သမ္မာကျမ်းကို မျက်ကန်း ကိုးကွယ်သူတစ်ယောက် မဟုတ်တော့ဘူး။ အဲဒါက အစစ်အမှန် ယုံကြည်တာမဟုတ်ဘူး၊ ကျမ်းစာက ထာဝရအသက်ကို မပေးဘူးဆိုတာကို ကျွန်မ သိသွားပြီလေ။ ခရစ်တော်ကသာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ပါ။ နောက်ဆုံးသောကာလရဲ့ ခရစ်တော်ကသာ ကျွန်မတို့ကို ထာဝရအသက်လမ်း ပြပေးနိုင်တယ်။ နောက်ဆုံးသောကာလရဲ့ခရစ်တော်၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့်သာ သမ္မာတရားနဲ့ အသက်ကို ရနိုင်တယ်။ အဲဒါကသာ ဘုရားသခင် လက်ခံတဲ့ ယုံကြည်ခြင်းမျိုးပါပဲ။ သခင့်ကို ကြိုဆိုခြင်းဆိုတာ ဘုရားရဲ့ကျေးဇူးတော်နဲ့ ကောင်းချီးတွေ အားလုံးပါပဲ။ ဘုရားသခင်ရဲ့ သနားကရုဏာနဲ့ ကယ်တင်ခြင်းကို ကျေးဇူးတင်မိပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကြိုးစားအားထုတ်ခြင်းက ကောင်းကင်နိုင်ငံသို့ ဝင်ခွင့် ရနိုင်သလား

ရှီလာ ကင်ညာနိုင်ငံ ကျွန်မက ဘာသာရေးကိုင်းရှိုင်းတဲ့ ကက်သလစ်ဘာသာဝင် မိသားစုမှာ မွေးတာပါ။ ကျွန်မတို့ဆရာတော်က အမြဲပြောတတ်တယ်။...

ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအား ဖြေရှင်းရန်နည်းလမ်းကို ကျွန်ုပ်သိပြီ

ရမ်ဆီ ဖာနန်ဒို မာရီယို၊ မက္ကဆီကိုနိုင်ငံ ကျွန်တော်သည် ကတ်သလစ် မိသားစု၌ ကြီးပြင်းလာပြီး ငယ်စဉ်ကတည်းက သူတို့နှင့်အတူ သခင့်ကို ကျွန်တော်...

ခရစ်တော်အစစ်အမှန်နဲ့ အတုအယောင်တွေကို ကျွန်မ အခု ခွဲခြားတတ်ပါပြီ

ကင်ရှင်း တရုတ်နိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်သည်၊ ထို့ကြောင့် လူတို့ကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။