သင်သည် အသက်ရှင်ခြင်းသို့ ရောက်လာပြီးသူတစ်ဦးဖြစ်သလော
သင်သည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားပြီး ပုံမှန်လူ့သဘာဝ၏ အသက်ရှင်နေထိုင်မှုကို ရရှိပြီးသည့်အခါမှသာ စုံလင်အောင်ပြုခြင်း ခံရလိမ့်မည်။ ပရောဖက်ပြုချက်များကိုသော်လည်းကောင်း၊ မည်သည့်လျှို့ဝှက်ဆန်းကြယ်မှုမဆိုကိုသော်လည်းကောင်း သင်ပြောဆိုနိုင်လိမ့်မည် မဟုတ်သော်လည်း လူတစ်ဦး၏ ပုံသဏ္ဌာန်ကို သင်အသက်ရှင်နေထိုင်ကာ ထုတ်ဖော်နေလိမ့်မည်ဖြစ်၏။ ဘုရားသခင်သည် လူကို ဖန်ဆင်းခဲ့သော်လည်း၊ ထို့နောက်တွင် လူသည် စာတန်၏ ဖောက်ပြန်ပျက်စီးအောင်လုပ်ဆောင်ခြင်းကို ခံခဲ့ရသဖြင့် လူတို့သည် “သေနေသောသူများ” ဖြစ်လာခဲ့ကြ၏။ သို့ဖြစ်၍ သင်ပြောင်းလဲပြီးသည့်နောက်တွင် ဤသေနေသောသူများနှင့် သင်တူတော့မည် မဟုတ်ပေ။ လူတို့၏ဝိညာဉ်များကို ပြန်ရှင်သန်အားကောင်းလာစေသည့်အရာမှာ ဘုရားနှုတ်ကပတ်တော်များ ဖြစ်ပြီး လူတို့၏ဝိညာဉ်များ ပြန်ရှင်သန်အားကောင်းလာသည့်အခါ ၎င်းတို့သည် အသက်ရှင်လာကြပြီးဖြစ်လိမ့်မည်။ ငါသည် “သေနေသောသူများ” ဟု ပြောဆိုသည့်အခါ ဝိညာဉ် မရှိသော အလောင်းများကိုလည်းကောင်း၊ မိမိတို့အတွင်း၌ ဝိညာဉ် သေဆုံးသွားခဲ့ပြီးဖြစ်သော လူများကိုလည်းကောင်း ရည်ညွှန်းခြင်းဖြစ်၏။ လူတို့၏ဝိညာဉ်များ ရှင်သန်အားကောင်းလာသည့်အခါ လူတို့သည် အသက်ရှင်လာကြ၏။ ယခင်က ပြောဆိုခဲ့သည့် သန့်ရှင်းသောသူများဆိုသည်မှာ အသက်ရှင်လာပြီးဖြစ်သည့်သူများ၊ စာတန်၏ စွမ်းအားအောက်၌ ရှိခဲ့သော်လည်း စာတန်ကို အောင်နိုင်ခဲ့သူများကို ရည်ညွှန်းခြင်းဖြစ်၏။ တရုတ်ပြည်၏ ရွေးချယ်ထားသော လူများသည် အဆင်းနီသော နဂါးကြီး၏ ရက်စက်ပြီး လူမဆန်သော ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် လှည့်ဖြားခြင်းတို့ကို ကြံ့ကြံ့ခံခဲ့ကြရသည်၊ ယင်းသည် ၎င်းတို့အား စိတ်ပိုင်းဆိုင်ရာ ဆိုးရွားစွာ ဖျက်ဆီးခြင်းကို ခံရခဲ့ပြီး အသက်ရှင်ရန် အနည်းငယ်မျှသော သတ္တိပင် မရှိတော့အောင် ပြုလုပ်ခဲ့ပြီး ဖြစ်၏။ သို့ဖြစ်၍ ၎င်းတို့၏ဝိညာဉ်များ နိုးထလာခြင်းသည် ၎င်းတို့၏အနှစ်သာရဖြင့် စတင်ရမည်ဖြစ်၏။ ၎င်းတို့၏အနှစ်သာရတွင် ၎င်းတို့၏ဝိညာဉ်များသည် တစ်စပြီးတစ်စ နိုးထလာရမည်။ တစ်နေ့တွင် ၎င်းတို့အသက်ရှင်လာသည့်အခါ အတားအဆီးများ ရှိတော့မည်မဟုတ်၊ အရာအားလုံးသည် ချောမွေ့စွာ ဆက်လက်ဖြစ်ပျက်သွားလိမ့်မည်။ လက်ရှိတွင် ဤသည်မှာ မဖြစ်မြောက်နိုင်သေးသည့်အရာ ဖြစ်နေဆဲဖြစ်၏။ လူအများစုသည် သေခြင်းဆိုင်ရာ စိတ်ခံစားချက်များစွာကို ဆောင်ကြဉ်းသော နည်းလမ်းဖြင့် အသက်ရှင်ကြ၏၊ ၎င်းတို့သည် သေခြင်းတရား၏ အရှိန်အဝါဖြင့် ဖုံးလွှမ်းခြင်း ခံထားရပြီး ၎င်းတို့၌ ကင်းမဲ့နေသော အရာများစွာ ရှိ၏။ လူအချို့၏ စကားများသည် သေခြင်းတရားကို ဆောင်ကြဉ်း၏၊ ၎င်းတို့၏ လုပ်ရပ်များသည် သေခြင်းကို ဆောင်ကြဉ်း၏၊ ၎င်းတို့ အသက်ရှင်နေထိုင်သော အရာအားလုံးနီးပါးတွင် သေခြင်းတရား ပါဝင်၏။ ယနေ့တွင် လူတို့သည် လူအများရှေ့၌ ဘုရားသခင်အတွက် သက်သေခံကြပါက ဤတာဝန်ကို ၎င်းတို့ အောင်မြင်စွာ ထမ်းဆောင်နိုင်မည်မဟုတ်ချေ၊ အကြောင်းမူကား ၎င်းတို့သည် အပြည့်အဝ အသက်ရှင်မလာကြသေးဘဲ သင်တို့ကြားတွင် သေနေသောသူများ လွန်စွာ များပြားနေသောကြောင့်ဖြစ်၏။ ဘုရားသခင်သည် တစ်ပါးအမျိုးသားများကြား၌ သူ၏အလုပ်ကို လျင်မြန်စွာ ပြန့်ပွားစေနိုင်ရန်အတွက် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အချို့ကို အဘယ်ကြောင့် ပြသခြင်းမရှိသနည်းဟု ယနေ့တွင် လူအချို့က မေးမြန်းကြ၏။ သေနေသောသူများသည် ဘုရားသခင်အတွက် သက်သေမခံနိုင်ကြပေ၊ ဤသည်မှာ အသက်ရှင်သောသူများသာ ပြုလုပ်နိုင်သည့်အရာဖြစ်သော်လည်း ယနေ့တွင် လူအများစုသည် သေနေကြ၏၊ လွန်စွာများပြားသော လူတို့သည် စာတန်၏စွမ်းအားအောက်၊ သေခြင်းတရား၏ ဖုံးလွှမ်းမှုအောက်တွင် အသက်ရှင်ကြပြီး ယင်းကို မကျော်လွှားနိုင်ကြပေ။ ဤသို့ ဖြစ်နေပါက ၎င်းတို့သည် ဘုရားသခင်အတွက် မည်သို့သက်သေခံနိုင်ကြပါမည်နည်း။ ဧဝံဂေလိအလုပ်ကို မည်သို့ပြန့်ပွားစေနိုင်ကြပါမည်နည်း။
အမှောင်၏စွမ်းအားအောက်၌ အသက်ရှင်သူအပေါင်းတို့သည် သေခြင်းတရားကြား၌ အသက်ရှင်သူများ၊ စာတန်၏ ပူးကပ်ခြင်းခံရသူများ ဖြစ်ကြ၏။ လူတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို မခံရဘဲ သေခြင်းတရား၏ စွမ်းအားအောက်မှ မလွတ်မြောက်နိုင်ကြပေ။ ၎င်းတို့သည် အသက်ရှင်သောသူများ ဖြစ်မလာနိုင်ကြပေ။ ဤကဲ့သို့ သေနေသောသူများသည် ဘုရားသခင်အတွက် သက်သေမခံနိုင်ကြသကဲ့သို့ ဘုရားသခင်၏ အသုံးပြုခြင်းကိုလည်း မခံရနိုင်ကြပေ၊ နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်းမှာမူ သာ၍ပင် မဖြစ်နိုင်ချေ။ ဘုရားသခင်သည် သေနေသောသူများ၏ သက်သေခံချက်ကို အလိုရှိခြင်း မဟုတ်ဘဲ အသက်ရှင်သောသူများ၏ သက်သေခံချက်ကို အလိုရှိခြင်းဖြစ်၏၊ သူသည် သေနေသောသူများကို တောင်းဆိုခြင်း မဟုတ်ဘဲ၊ အသက်ရှင်သောသူများကို သူ့အတွက် အလုပ်လုပ်ပေးရန် တောင်းဆိုခြင်းဖြစ်၏။ “သေနေသောသူများ” ဆိုသည်မှာ ဘုရားသခင်ကို ဆန့်ကျင်ပြီး ပုန်ကန်သောသူများ ဖြစ်ကြ၏။ ၎င်းတို့သည် ဝိညာဉ်တွင် ထုံထိုင်းပြီး ဘုရားနှုတ်ကပတ်တော်များကို နားမလည်ကြသောသူများ ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိသကဲ့သို့ ဘုရားသခင်အပေါ် အနည်းငယ်မျှပင် သစ္စာမရှိသူများ ဖြစ်ကြပြီး စာတန်၏အာဏာအောက်တွင် အသက်ရှင်ကာ စာတန်၏ အသုံးချခြင်းကိုခံရသူများ ဖြစ်ကြ၏။ သေနေသောသူများ၏ ထုတ်ဖော်ပြသမှုများသည် သမ္မာတရား၏ ဆန့်ကျင်ဘက်တွင် ရပ်တည်ခြင်း၊ ဘုရားသခင်ကို ပုန်ကန်ခြင်း၊ နိမ့်ကျခြင်း၊ စက်ဆုပ်ဖွယ်ကောင်းခြင်း၊ ရက်စက်ခြင်း၊ စိုးမိုးချုပ်ကိုင်လိုခြင်း၊ ကောက်ကျစ်ခြင်းနှင့် မသိမသာ မကောင်းကြံခြင်းတို့ ဖြစ်ကြ၏။ ထိုသို့သောလူများသည် ဘုရားနှုတ်ကပတ်တော်များကို စားသောက်လျှင်ပင် ဘုရားနှုတ်ကပတ်တော်များကို အသက်ရှင်နေထိုင်နိုင်ခြင်း မရှိကြပေ။ ၎င်းတို့သည် အသက်ရှင်နေကြသော်လည်း လှုပ်ရှားနေသော အလောင်းများ၊ အသက်ရှူနေသော သေလူများမျှသာ ဖြစ်ကြ၏။ သေနေသောသူများသည် ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်စွမ်း လုံးဝမရှိကြချေ၊ သူ့အား အကြွင်းမဲ့ ကျိုးနွံနာခံခြင်းမှာမူ သာ၍ပင် မဖြစ်နိုင်ပေ။ ၎င်းတို့သည် သူ့ကို လှည့်ဖြားရန်၊ ပြစ်မှားစော်ကားရန်နှင့် သစ္စာဖောက်ရန်သာ ပြုလုပ်နိုင်ကြပြီး၊ ၎င်းတို့ အသက်ရှင်နေထိုင်သောအရာများသည် စာတန်၏သဘာဝ ထုတ်ဖော်ချက်များ လုံးလုံးဖြစ်၏။ လူတို့သည် အသက်ရှင်သော လူများ ဖြစ်လာလိုပါက၊ ဘုရားသခင်အတွက် သက်သေခံလိုပါက၊ ပြီးလျှင် ဘုရားသခင်၏ ထိုက်တန်သည်ဟု တွေ့ရှိခြင်းကို ခံရလိုပါက ဘုရားသခင်၏ ကယ်တင်ခြင်းကို ၎င်းတို့ လက်ခံရမည်ဖြစ်၏။ ၎င်းတို့သည် သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ဝမ်းမြောက်စွာ ကျိုးနွံနာခံရမည်ဖြစ်ပြီး ဘုရားသခင်၏ ပြုပြင်ခြင်းကို ဝမ်းမြောက်စွာ လက်ခံရမည်ဖြစ်၏။ ထိုသို့ပြုလုပ်မှသာလျှင် ဘုရားသခင် သတ်မှတ်ထားသော သမ္မာတရားအားလုံးကို ၎င်းတို့ လက်တွေ့လုပ်ဆောင်နိုင်ကြမည်ဖြစ်ပြီး၊ ထိုသို့ပြုလုပ်မှသာလျှင် ဘုရားသခင်၏ ကယ်တင်ခြင်း ကျေးဇူးတော်ကို ၎င်းတို့ ရရှိကြကာ အသက်ရှင်သော လူများ ဧကန်အမှန် ဖြစ်လာကြလိမ့်မည်။ အသက်ရှင်သောသူများဆိုသည်မှာ ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရသောသူများ ဖြစ်ကြ၏။ ၎င်းတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ခံခဲ့ရပြီးဖြစ်၏၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆက်ကပ်လိုကြပြီး ဘုရားသခင်အတွက် မိမိတို့၏အသက်ကို ပေးအပ်ရန် ဝမ်းမြောက်ကြကာ ဘုရားသခင်အတွက် မိမိတို့၏ ဘဝတစ်ခုလုံးကို ဝမ်းမြောက်စွာ အသုံးခံကြ၏။ အသက်ရှင်သောသူများက ဘုရားသခင်အတွက် သက်သေခံသည့်အခါမှသာ စာတန်ကို အရှက်ရစေနိုင်၏။ အသက်ရှင်သောသူများသာလျှင် ဘုရားသခင်၏ ဧဝံဂေလိအလုပ်ကို ပြန့်ပွားစေနိုင်ကြ၏၊ အသက်ရှင်သောသူများသာလျှင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီဖြစ်ပြီး အသက်ရှင်သောသူများသာလျှင် စစ်မှန်သောလူများ ဖြစ်ကြ၏။ မူလတွင် ဘုရားသခင် ဖန်ဆင်းခဲ့သော လူသည် အသက်ရှင်ခဲ့၏၊ သို့ရာတွင် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကြောင့် လူသည် သေခြင်းတရားကြားတွင် အသက်ရှင်ပြီး စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်လေ၏၊ သို့ဖြစ်၍ ဤနည်းဖြင့် လူတို့သည် ဝိညာဉ်ကင်းမဲ့သော သေလူများ ဖြစ်လာခဲ့ကြ၏၊ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်သည့် ရန်သူများ ဖြစ်လာခဲ့ကြ၏၊ ၎င်းတို့သည် စာတန်၏ ကိရိယာများ ဖြစ်လာခဲ့ကြပြီး စာတန်၏ ဖမ်းဆီးချုပ်နှောင်ခံရသူများ ဖြစ်လာခဲ့ကြ၏။ ဘုရားသခင် ဖန်ဆင်းခဲ့သည့် အသက်ရှင်သောသူများသည် သေနေသောသူများ ဖြစ်လာခဲ့ကြပြီဖြစ်ရာ ဘုရားသခင်သည် သူ၏သက်သေခံချက်ကို ဆုံးရှုံးခဲ့ရပြီးဖြစ်သကဲ့သို့ သူဖန်ဆင်းခဲ့သော၊ သူ၏ထွက်သက်ရှိသည့် တစ်ခုတည်းသော အရာဖြစ်သော လူသားမျိုးနွယ်ကိုလည်း ဆုံးရှုံးခဲ့ရပြီး ဖြစ်၏။ ဘုရားသခင်သည် သူ၏သက်သေခံချက်ကို ပြန်လည်ရယူလိုပါက၊ သူ့လက်နှင့် ကိုယ်တိုင်ဖန်ဆင်းခဲ့သော်လည်း စာတန်၏ ဖမ်းဆီးချုပ်နှောင်ခြင်း ခံခဲ့ရသောသူများကို ပြန်လည် ရယူလိုပါက အသက်ရှင်သော သတ္တဝါများ ဖြစ်လာကြစေရန် ၎င်းတို့ကို သူရှင်ပြန်ထမြောက်စေရမည်ဖြစ်ပြီး သူ၏အလင်း၌ ၎င်းတို့ အသက်ရှင်ကြစေရန် ၎င်းတို့ အားလုံးကို အကောင်းပြန်ဖြစ်အောင် ပြုပြင်ပေးရမည် ဖြစ်၏။ သေနေသောသူများဆိုသည်မှာ ဝိညာဉ်ကင်းမဲ့သောသူများ၊ အလွန်အမင်း ထုံထိုင်းသူများ၊ ဘုရားသခင်ကို ဆန့်ကျင်သူများနှင့် သာ၍ပင်လျှင် ဘုရားသခင်ကို မသိသောသူများ ဖြစ်ကြ၏။ ဤလူတို့၌ ဘုရားသခင်ကို ကျိုးနွံနာခံရန် အနည်းငယ်မျှသော ရည်ရွယ်ချက်ပင် မရှိကြပေ။ ၎င်းတို့သည် သူ့ကို ပုန်ကန်ရန်နှင့် ဆန့်ကျင်ရန်သာ ပြုကြပြီး အနည်းငယ်မျှသော သစ္စာရှိမှုမျှ မရှိကြပေ။ အသက်ရှင်သောသူများဆိုသည်မှာ ဝိညာဉ်များ ပြန်ရှင်သန်အားကောင်းပြီးသူများ၊ ဘုရားသခင်ကို ကျိုးနွံနာခံရန် သိရှိသူများ၊ ဘုရားသခင်အပေါ် သစ္စာရှိသူများ၊ သမ္မာတရားနှင့် သက်သေခံချက် ပိုင်ဆိုင်သူများ ဖြစ်ကြ၏။ ဤလူများသည်သာလျှင် ဘုရားသခင်၏အိမ်တော်၌ ဘုရားသခင်ကို နှစ်သက်ကျေနပ်စေသောသူများ ဖြစ်ကြ၏။ ဘုရားသခင်သည် အသက်ရှင်လာနိုင်သောသူများ၊ ဘုရားသခင်၏ ကယ်တင်ခြင်း ကျေးဇူးတော်ကို မြင်တွေ့နိုင်သောသူများ၊ ဘုရားသခင်အပေါ် သစ္စာရှိနိုင်သောသူများ၊ ဘုရားသခင်ကို ရှာဖွေလိုသောသူများ၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကို ယုံကြည်သောသူများနှင့် ဘုရားသခင်၏ပေါ်ထွန်းခြင်းကို ယုံကြည်သောသူများကို ကယ်တင်၏။ လူအချို့သည် အသက်ရှင်လာနိုင်ကြပြီး အချို့မှာမူ အသက်ရှင်မလာနိုင်ကြပေ။ ဤသည်မှာ ၎င်းတို့၏သဘာဝသည် ကယ်တင်ခံရနိုင်ခြင်း ရှိမရှိဆိုသည့်အပေါ်၌ မူတည်ပေ၏။ လူအများသည် ဘုရားနှုတ်ကပတ်တော်များစွာကို ကြားနာခဲ့ကြပြီးဖြစ်သော်လည်း ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်ကြသေးဘဲ ၎င်းတို့ကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိကြသေးပေ။ ထိုသို့သောလူများသည် မည်သည့်သမ္မာတရားကိုမျှ အသက်ရှင်နေထိုင်နိုင်စွမ်း မရှိကြသကဲ့သို့ ဘုရားသခင်၏အလုပ်ကိုလည်း တမင်ရည်ရွယ်၍ နှောင့်ယှက်ကြ၏။ ၎င်းတို့သည် ဘုရားသခင်အတွက် မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်နိုင်ကြဘဲ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံနိုင်ခြင်းလည်း မရှိကြပေ။ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့သည် အသင်းတော်၏ငွေကို လျှို့ဝှက်စွာ သုံးစွဲကြပြီး ဘုရားသခင်၏အိမ်တော်ကို အလကား မှီခိုကြ၏။ ဤလူတို့သည် ကယ်တင်ခြင်း မခံရနိုင်သော သေနေသောသူများ ဖြစ်ကြ၏။ ဘုရားသခင်သည် သူ၏အလုပ်ကြားတွင် ရှိသောသူအပေါင်းတို့ကို ကယ်တင်သော်လည်း သူ၏ ကယ်တင်ခြင်း ကျေးဇူးတော်ကို မခံယူနိုင်သော လူတစ်စု ရှိ၏။ လူနည်းစုမျှသာ သူ၏ ကယ်တင်ခြင်း ကျေးဇူးတော်ကို ခံယူနိုင်ကြ၏။ အကြောင်းမူကား လူအများစုသည် အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးခဲ့ပြီး သေနေသောသူများ ဖြစ်လာခဲ့ပြီးဖြစ်သဖြင့် ၎င်းတို့ကို ကယ်တင်၍ မရနိုင်တော့သောကြောင့် ဖြစ်၏။ ၎င်းတို့သည် စာတန်၏ အသုံးချခြင်းကို လုံးဝခံခဲ့ရပြီးဖြစ်ကာ ၎င်းတို့၏သဘာဝတွင်လည်း လွန်စွာ မလိုမုန်းထားကြ၏။ ထိုလူနည်းစုသည် ဘုရားသခင်ထံ အပြည့်အဝ ကျိုးနွံနာခံရန်လည်း မစွမ်းဆောင်နိုင်ကြပေ။ ၎င်းတို့သည် အစကတည်းက ဘုရားသခင်အပေါ် အကြွင်းမဲ့ သစ္စာရှိခဲ့ကြသူများ သို့မဟုတ် အစကတည်းက ဘုရားသခင်ကို အများဆုံးသော ချစ်ခြင်းမေတ္တာ ရှိခဲ့ကြသူများ မဟုတ်ပေ။ ထိုအစား ဘုရားသခင်၏ သိမ်းပိုက်ခြင်း အလုပ်ကြောင့် ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံသူများ ဖြစ်လာကြ၏၊ ဘုရားသခင်၏ အမြင့်မြတ်ဆုံးသော ချစ်ခြင်းမေတ္တာကြောင့် ဘုရားသခင်ကို ၎င်းတို့ မြင်တွေ့ကြ၏၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကြောင့် စိတ်သဘောထား ပြောင်းလဲမှုကို ၎င်းတို့ ရရှိကြ၏။ လက်တွေ့ကျပြီး ပုံမှန်ဖြစ်သော ဘုရားသခင်၏ အလုပ်ကြောင့် ဘုရားသခင်ကို ၎င်းတို့ သိရှိလာကြ၏။ ဘုရားသခင်၏ ဤအလုပ် မရှိဘဲ ဤလူတို့သည် မည်မျှပင် ကောင်းမွန်ပါစေ စာတန်နှင့်ဆိုင်နေဆဲ ဖြစ်လိမ့်မည်၊ သေခြင်းတရားနှင့်ဆိုင်နေဆဲ ဖြစ်လိမ့်မည်၊ သေနေဆဲ ဖြစ်လိမ့်မည်။ ယနေ့တွင် ဘုရားသခင်၏ ကယ်တင်ခြင်း ကျေးဇူးတော်ကို ဤလူတို့ လက်ခံရရှိနိုင်ကြသည့်အချက်မှာ ၎င်းတို့သည် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိကြသောကြောင့်သက်သက်သာ ဖြစ်ပေ၏။
အသက်ရှင်သောသူများသည် ဘုရားသခင်အပေါ် ၎င်းတို့၏ သစ္စာရှိမှုကြောင့် ဘုရားသခင်၏ ရယူခြင်းကို ခံရမည်ဖြစ်ပြီး သူ၏ကတိတော်များကြား၌ အသက်ရှင်ကြလိမ့်မည်။ ဘုရားသခင်ကို ၎င်းတို့၏ ဆန့်ကျင်မှုကြောင့် သေနေသောသူများသည် ဘုရားသခင်၏ ပစ်ပယ်ခြင်းကို ခံရမည်ဖြစ်ပြီး သူ၏ အပြစ်ဒဏ်ပေးခြင်းနှင့် ကျိန်ဆဲခြင်းတို့ကြား၌ အသက်ရှင်ကြရလိမ့်မည်။ ဤသည်မှာ မည်သူမျှ ပြောင်းလဲ၍မရနိုင်သည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား ဖြစ်၏။ လူတို့သည် မိမိတို့၏ ကိုယ်ပိုင်ရှာဖွေမှုကြောင့် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိကြပြီး အလင်းထဲ၌ အသက်ရှင်ကြ၏၊ မိမိတို့၏ အကြံအစည်များကြောင့် ဘုရားသခင်၏ ကျိန်ဆဲခြင်းကို ခံကြရပြီး အပြစ်ဒဏ်ပေးခြင်းထဲသို့ ဆင်းသက်ကြရ၏၊ မိမိတို့၏ ဒုစရိုက်အမှုများကြောင့် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံကြရပြီး မိမိတို့၏ တောင့်တမှုနှင့် သစ္စာရှိမှုတို့ကြောင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိကြ၏။ ဘုရားသခင်သည် ဖြောင့်မတ်တော်မူ၏။ သူသည် အသက်ရှင်သောသူများကို ကောင်းချီးပေးပြီး သေနေသောသူများကိုမူ သေခြင်းတရားကြားတွင် အစဉ်ရှိနေကြစေရန်နှင့် ဘုရားသခင်၏ အလင်းထဲတွင် မည်သည့်အခါမျှ အသက်မရှင်ရန် ကျိန်ဆဲတော်မူ၏။ ဘုရားသခင်သည် အသက်ရှင်သောသူများကို သူနှင့်အတူ ထာဝစဉ် တည်ရှိစေရန် သူ၏နိုင်ငံတော်နှင့် ကောင်းချီးမင်္ဂလာများထဲသို့ ဆောင်ကြဉ်းမည်ဖြစ်၏။ သို့သော် သေနေသောသူများကိုမူ ထာဝရ သေခြင်းတရားသို့ သူအပ်နှံတော်မူမည်ဖြစ်သည်။ ၎င်းတို့သည် ပျက်စီးမည့်သူများဖြစ်ပြီး စာတန်၏ ပိုင်ဆိုင်မှုအဖြစ် အစဉ်တည်ရှိကြမည့်သူများ ဖြစ်ကြ၏။ ဘုရားသခင်သည် မည်သူ့ကိုမျှ မတရားစွာ ဆက်ဆံမည် မဟုတ်ပေ။ ဘုရားသခင်ကို စစ်မှန်စွာ ရှာဖွေသောသူအပေါင်းတို့သည် ဘုရားသခင်၏ အိမ်တော်၌ မလွဲဧကန် ဆက်လက်ရှိကြလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို ပုန်ကန်၍ ဘုရားသခင်နှင့် လိုက်လျောညီထွေမှု မရှိသောသူအပေါင်းတို့သည် ဘုရားသခင်၏အပြစ်ဒဏ်ပေးခြင်းကြား၌ မလွဲဧကန် အသက်ရှင်ကြရလိမ့်မည်။ ဘုရားသခင်၏ လူ့ဇာတိခံထားသော ဇာတိပကတိက ပြုလုပ်ခဲ့သည့် အလုပ်နှင့် ပတ်သက်၍ သင်မရေမရာ ဖြစ်ကောင်းဖြစ်ပေလိမ့်မည်၊ သို့သော် တစ်နေ့တွင် ဘုရားသခင်၏ ဇာတိပကတိသည် လူ၏အဆုံးသတ်ကို တိုက်ရိုက် စီမံခန့်ခွဲလိမ့်မည် မဟုတ်ချေ၊ ထိုအစား သူ၏ဝိညာဉ်တော်သည် လူ၏ ခရီးဆုံးပန်းတိုင်ကို စီမံခန့်ခွဲလိမ့်မည်ဖြစ်၏။ ထိုအချိန်၌ ဘုရားသခင်၏ ဇာတိပကတိနှင့် သူ၏ဝိညာဉ်တော်သည် တစ်သားတည်းဖြစ်ကြောင်း၊ သူ၏ဇာတိပကတိသည် အမှားမလုပ်ကြောင်း၊ သူ၏ ဝိညာဉ်တော်သည် သာ၍ပင် အမှားမလုပ်ကြောင်း လူတို့ သိရှိကြလိမ့်မည်။ နောက်ဆုံးတွင် သူသည် အသက်ရှင်လာပြီးဖြစ်သူများကို သူ၏နိုင်ငံတော်ထဲသို့ မလွဲဧကန် ဆောင်ကြဉ်းလိမ့်မည်၊ တစ်ဦးမျှ ပိုခြင်း သို့မဟုတ် လျော့ခြင်း ရှိမည်မဟုတ်။ အသက်ရှင်မလာခဲ့ကြသည့် သေနေသောသူများမူကား စာတန်၏ ခိုအောင်းရာ နေရာအတွင်းသို့ မလွဲဧကန် လွှင့်ပစ်ခြင်း ခံကြရလိမ့်မည်။