သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၄)

ပြီးခဲ့သည့်အခေါက်က လူတို့၏ လိုက်စားမှုများ၊ စံထားရာများနှင့် ဆန္ဒများကို လက်လွှတ်ခြင်းဟူသည့် ပိုမိုကျယ်ပြောသည့် အကြောင်းအရာအတွင်းမှ မိသားစုနှင့်ပတ်သတ်သည့် အကြောင်းအရာများကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည်။ ငါတို့ မိတ်သဟာယဖွဲ့ခြင်းသည် မိသားစုနှင့်ပတ်သက်သော အကြောင်းအရာ၏ မည်သည့်အပိုင်းဖြစ်သနည်း။ (ပြီးခဲ့သည့်အခေါက်က ဘုရားသခင်သည် “လမ်းအတူလျှောက်နေသည့် မည်သည့်လူသုံးဦးတွင်မဆို မိမိ၏ဆရာ ဆရာဖြစ်နိုင်သည့်သူ အနည်းဆုံးတစ်ဦးရှိ၏”၊ “လူများကြည့်နေသည့်အချိန်တွင် ဂုဏ်ရှိသည့် ပုံပေါ်လိုလျှင် သူတို့ မကြည့်နေသည့်အချိန်တွင် ဒုက္ခခံရမည်”၊ “ခြံစည်းရိုးသည် ဒေါက်သုံးဒေါက်ပေါ်တည်သကဲ့သို့ လူတစ်ယောက်သည်လည်း အခြားလူသုံးယောက်၏ ထောက်ပံ့မှုကို လိုအပ်သည်”၊ “ဂုဏ်သရေရှိအမျိုးသမီးတစ်ဦးသည် သူ့ကို သဘောကျသည့်သူများအတွက် ကိုယ့်ကိုယ်ကိုယ် လှပအောင် ပြင်ဆင်မည်ဖြစ်သော်လည်း ဂုဏ်သရေရှိအမျိုးသားတစ်ဦးမှာမူ သူ့ကို နားလည်သည့်သူများအတွက် သူ၏အသက်ကို စတေးလိမ့်မည်”၊ “သမီးများအား ချမ်းသာသောကလေးများကဲ့သို့ ပျိုးထောင်သင့်ပြီး သားများအား ဆင်းရဲသောကလေးများကဲ့သို့ ပျိုးထောင်သင့်သည်”၊ “လူတို့တွင် မြင့်မားသော ဉာဏ်ရည်ပြကိန်း ရှိဖို့မလိုအပ်ဘဲ မြင့်မားသော စိတ်ခံစားမှု ပြကိန်း ရှိဖို့သာလိုအပ်သည်”၊ “တစ်ယောက်ယောက်က မောင်းထုလျှင် မောင်းသံကို နားထောင်ပါ၊ တစ်ယောက်ယောက်က စကားပြောလျှင် သူ့အသံကို နားထောင်ပါ”နှင့် “မိဘက အမြဲတစေ မှန်သည်” တို့ကဲ့သို့သော မိသားစု၏ ပုံစံသွင်းခြင်းမှ လာသည့် ဆိုရိုးအချို့ကို မိတ်သဟာယဖွဲ့ခဲ့သည်။ စုစုပေါင်း အဆိုပါ ဆိုရိုး ရှစ်ခုကို ဆွေးနွေးခဲ့ကြသည်။) မိသားစု၏ ပုံစံသွင်းခြင်းကို လက်လွှတ်ခြင်း အကြောင်း၊ မိသားစု၏ ပုံစံသွင်းခြင်းကို မည်သည့်အကြောင်းအရာက လွှမ်းခြုံထားကြောင်းနှင့် လူတစ်ယောက်၏ အတွေးများအတွက် သွန်သင်လေ့ကျင့်ပေးခြင်းတို့ကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ အချို့ဆိုရိုးများကို အသေးစိတ် မိတ်သဟာယဖွဲ့ခဲ့ကြသော်လည်း အခြားဆိုးရိုးတို့ကိုမူ အကျဉ်းမျှသာ ဖော်ပြခဲ့ကာ သေသေချာချာ မိတ်သဟာယမဖွဲ့ခဲ့ပေ။ လူတစ်ယောက်ချင်းစီ၏ အသက်တာတွင် မိသားစုသည် များစွာ အရေးပါလှသည်။ ယင်းမှာ လူတို့ အမှတ်တရများ ဖန်တီးရာ၊ ကြီးပြင်းရာနှင့် သူတို့၏ မျိုးစုံသော အတွေးများ စတင်ဖြစ်တည်ရာ နေရာပင်ဖြစ်သည်။ လူတို့သည် ကျင့်ကြံပြုမူပုံ၊ ပြုမူနေထိုင်ပုံ၊ ကိစ္စများကို ကိုင်တွယ်ဖြေရှင်းပုံ၊ အခြားသူများနှင့် ဆက်ဆံပုံ၊ အခြေအနေ အမျိုးမျိုးကို ရင်ဆိုင်ပုံ၊ ထို့အပြင် ထိုအခြေအနေများနှင့် ရင်ဆိုင်သည့်အခါတွင် ဝေဖန်ပိုင်းခြားပုံနှင့် မည်သည့် ရှုထောင့်များနှင့် ရပ်တည်ချက်တို့မှ ယင်းကိစ္စတို့ကို ကိုင်တွယ်သင့်ကြောင်း အစရှိသည်တို့မှာ သူတို့၏ အတွေးများနှင့် အမြင်ရှုထောင့်များတို့သည် နိဒါန်းအဆင့်မျှဖြစ်သည်ဖြစ်စေ၊ ပိုမိုခိုင်မာသည်ဖြစ်စေ အားလုံးတို့သည် မိသားစု၏ ပုံစံသွင်းခြင်းတွင် အဓိကအားဖြင့် အခြေခံသည်။ ဆိုလိုသည်မှာ လူတို့သည် လူ့အဖွဲ့အစည်းသို့ သတ်သတ်မှတ်မှတ်ဝင်ရောက်ကာ လူမှုအစုအဖွဲ့များကို မပူးပေါင်းရသေးမီ သူတို့ အတွေးများနှင့် အမြင်ရှုထောင့်များတို့၏ ကနဦးအဆင့်များ အားလုံးသည် သူတို့၏ မိသားစုထံမှလာသည်။ ထို့ကြောင့် မိသားစုသည် လူတိုင်းအတွက် များစွာပင် အရေးကြီးသည်။ ယင်း၏ အရေးပါမှုမှာ ရုပ်ပိုင်းဆိုင်ရာ ကြီးထွားမှုသာမကပေ။ ပိုမို အရေးကြီးသည်မှာ လူတို့ လူ့အဖွဲ့အစည်းသို့ မဝင်မီတွင် သူတို့သည် လူ့အဖွဲ့အစည်း၊ လူမှုအစုအဖွဲ့များနှင့် သူတို့၏ အနာဂတ်ဘဝတို့ကို ချဉ်းကပ်ပုံတွင် အသုံးချသင့်သည့် များစွာသော အတွေးများနှင့် အမြင်ရှုထောင့်များတို့ကို အိမ်၌သင်ကြားရသည်။ ယင်းအတွေးများနှင့် အမြင်ရှုထောင့်များတို့သည် လူတစ်ယောက် ရင့်ကျက်လာသည့်အခါ တိတိကျကျဖြစ်စေ၊ သေသေချာချာဖြစ်စေ ပေါ်လွင်လာခြင်း မရှိသော်လည်း လူတို့ လူ့အဖွဲ့အစည်းသို့ မဝင်မီတွင် ဤမျိုးစုံသော အတွေးများနှင့် အမြင်ရှုထောင့်များ၊ ဤမျိုးစုံသော နည်းစနစ်များ၊ စည်းကမ်းများအပြင် လောကကြီးကို ကိုင်တွယ်ဖြေရှင်းရာတွင် အသုံးပြုသည့် နည်းလမ်းများကို ၎င်းတို့အပေါ် မိဘများ၊ လူကြီးသူမများ၊ သို့မဟုတ် အခြားမိသားစုဝင်များက အခြေခံအားဖြင့်လည်းကောင်း၊ အဓိကအားဖြင့်လည်းကောင်း သွတ်သွင်း၍ လွှမ်းမိုးကာ ပုံစံသွင်းထားပြီးသား ဖြစ်သည်။ ဤသွတ်သွင်းခြင်း၊ လွှမ်းမိုးခြင်းနှင့် ပုံစံသွင်းခြင်း အလေ့အကျင့်တို့ကို လူတို့ မိမိတို့၏မိသားစုအတွင်းတွင် ကြီးပြင်းလာသည့်အချိန်အတွင်းတွင် ဆောင်ရွက်ကြသည်။ သို့ကြောင့်ပင် လူတိုင်းအတွက် မိသားစုသည် အလွန်အရေးကြီးခြင်းဖြစ်သည်။ ဤအရေးပါမှုသည် လူတစ်ချင်းစီ လူ့အဖွဲ့အစည်းသို့ ဝင်ရောက်ကာ လူမှုအစုအဖွဲ့များကို ပါဝင်ပူးပေါင်းသည့်အဆင့်နှင့် ဘဝထဲသို့ ဝင်ရောက်ကာ အရွယ်ရောက်ခြင်း ဖြစ်တည်လာသည့်အဆင့်တို့အတွက် ရည်မှန်းထားရုံသာရှိသည်။ ယင်းကို ရုပ်ပိုင်းဆိုင်ရာ တည်ရှိမှုအဆင့်ဖြင့် ကန့်သတ်ထားသည်။ ဤအရာက လူ့အဖွဲ့အစည်းနှင့် အရွယ်ရောက်သည့်ဘဝတို့ကို လူတစ်ဦး ဝင်ရောက်ခြင်းအတွက် မိသားစု၏ ပုံစံသွင်းခြင်းသည် မည်မျှပင်အရေးကြီးကြောင်းကို ဖော်ပြသည်။ ဆိုလိုသည်မှာ အရွယ်ရောက်ကာ လူ့အဖွဲ့အစည်းသို့ ဝင်ရောက်သည့်အချိန်တွင် လောကကြီးကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် သူတို့၏ အတွေးအခေါ်အများစုသည် သူတို့၏ မိဘများ၏ အမွေအနှစ်နှင့် သူတို့မိသားစု၏ လွှမ်းမိုးမှုတို့မှ အရင်းခံလာခြင်းဖြစ်သည်။ ဤရှုထောင့်မှကြည့်လျှင် လူ့အဖွဲ့အစည်း၏ အသေးငယ်ဆုံး အစိတ်အပိုင်းဖြစ်သည့် မိသားစုအနေဖြင့် လောကကြီးကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် လူတစ်ယောက်၏ အတွေးများသာမက မျိုးစုံသော နည်းလမ်းများနှင့် စည်းမျဉ်းများအပြင် သူတို့၏ ဘဝအပေါ် အမြင်ကိုပင် ပုံဖော်ရာတွင် ပထမဦးဆုံး ပုံ‌သွင်းပေးသည့် အခန်းကဏ္ဍတွင် ဆောင်ရွက်သည်ဟုလည်း ဆိုနိုင်သေးသည်။ ဤမျိုးစုံသော အတွေးများ၊ အမြင်ရှုထောင့်များ၊ လောကကြီးကို ကိုင်တွယ်သည့် နည်းစနစ်များနှင့် တည်ရှိမှုအပေါ်အမြင်များသည် အပျက်သဘောဆောင်ကာ သမ္မာတရားနှင့်မကိုက်ညီသလို သမ္မာတရားနှင့် မသက်ဆိုင်သည်ကိုထောက်လျှင် သို့မဟုတ် သမ္မာတရားနှင့် ဆန့်ကျင်သည်ဟုပင် ဆိုနိုင်ပြီး ယင်းတို့သည် ဘုရားသခင်ထံမှ အစမပြုသောကြောင့် မိမိတို့မိသားစု၏ ပုံစံသွင်းခြင်းကို လက်လွှတ်ရန် လူတို့အတွက် လိုအပ်လာပေသည်။ မိသားစု၏ ပုံစံသွင်းခြင်း၏ အကျိုးဆက်များကို ဆင်ခြင်သုံးသပ်သည့်အခါ ယင်းသည် သမ္မာတရားနှင့် ကွဲလွဲဆန့်ကျင်ကာ မကိုက်ညီသည်ကိုလည်းကောင်း၊ ဘုရားသခင်ကို ဆန့်ကျင်သည်ကိုလည်းကောင်း ငါတို့မြင်ရသည်။ ထို့ပြင် အခြေခံအားဖြင့် မိသားစုများသည် လူတို့အား ဘုရားသခင်ကို ငြင်းပယ်ရန်၊ သူ့ကို အာခံရန်နှင့် အသက်တာတွင် မှားယွင်းသော လမ်းကြောင်းနောက်လိုက်ရန် ဦးဆောင်လျက် လူသားမျိုးနွယ်ကို စာတန်က ဖောက်ပြန်ပျက်စီးစေသည့် နေရာများဖြစ်သည်ဟု ဆိုနိုင်သည်။ ဤရှုထောင့်မှကြည့်လျှင် လူ့အဖွဲ့အစည်း၏ အသေးငယ်ဆုံး အစိတ်အပိုင်းဖြစ်သည့် မိသားစုသည် လူတို့ ကနဦး၌ ဖောက်ပြန်ပျက်စီးစေခြင်း ခံရသည့် နေရာဟု ဆိုနိုင်သလော။ စာတန်နှင့် လူမှုရေပန်းစားမှုများသည် လူတို့ကို ဖောက်ပြန်ပျက်စီးစေသည်ဟု ဆိုခြင်းသည် ယေဘုယျ အမြင်ရှုထောင့် ဖြစ်သော်လည်း အသေးစိတ်အချက်အလက်များနှင့် ပတ်သက်သည့်အခါတွင် မိသားစုသည် လူတို့က ဖောက်ပြန်ပျက်စီးမှုများ၊ အပျက်သဘောဆောင်သည့် အတွေးများ၊ ဆိုးယုတ်သည့် ရေပန်းစားမှုများနှင့် စာတန်၏ အမြင်ရှုထောင့်များတို့ကို ကနဦး လက်ခံသည့်နေရာဖြစ်သည်ဟု မှတ်ယူသင့်သည်။ ပို၍ တိတိကျကျဆိုရလျှင် လူတစ်ယောက်ချင်းစီ လက်ခံထားသည့် ဖောက်ပြန်ပျက်စီးမှုသည် သူတို့၏ မိဘများ၊ လူကြီးသူမများ၊ အခြားမိသားစုဝင်များနှင့် သူတို့ မိသားစု တစ်ခုလုံး၏ ဓလေ့များ၊ စံနှုန်းများ၊ ရိုးရာများ အစရှိသည်တို့မှ အစပြုသည်။ မည်သည့် အခြေအနေတွင်မဆို မိသားစုသည် လူတို့ ဖောက်ပြန်ပျက်စီးမှုများကို ကြုံတွေ့ရာ၊ စာတန်၏ ဆိုးယုတ်သည့် အတွေးများနှင့် ရေပန်းစားမှုတို့ကို လက်ခံရာ စမှတ်ဖြစ်ပြီး လူတို့ကို ပုံသွင်းပေးသည့် နှစ်ကာလများအတွင်း မျိုးစုံသော ဖောက်ပြန်ပျက်စီးပြီး ဆိုးယုတ်သည့် အတွေးများကို ၎င်းတို့ စတင်၍ လက်ခံရာနေရာဖြစ်သည်။ လူ့အဖွဲ့အစည်းသို့ဝင်ကာ လူမှုအစုအဖွဲ့များသို့ မပူးပေါင်းမီ စာတန်၏ ဆိုးယုတ်သည့် ရေပန်းစားမှုများမှ မျိုးစုံသော အတွေးများနှင့် အမြင်ရှုထောင့်များကို လူတစ်ယောက်ချင်းစီအား မိတ်ဆက်ပေးသည့် လူ့အဖွဲ့အစည်း တစ်ခုလုံးအနေဖြင့်သော်လည်းကောင်း၊ လူမှုရေပန်းစားမှုများသည်သော်လည်ကောင်း၊ စာတန်သည်သော်လည်းကောင်း မလုပ်ဆောင်နိုင်သည့် ကဏ္ဍကို မိသားစုက လုပ်ဆောင်ပေးသည်။ မည်သို့ပင် ဖော်ပြစေကာမူ မိသားစုသည် စာတန်နှင့် သက်ဆိုင်သည့် သင်၏ အတွေးများနှင့် အမြင်ရှုထောင့်များ၏ မူလအရင်းအမြစ်ပင်ဖြစ်သည်။ သို့ဖြစ်၍ လူတို့ကို သူတို့၏ မှားယွင်းသော အတွေးနှင့် အမြင်ရှုထောင့်မျိုးစုံအား လက်လွှတ်ရာတွင် ကူညီရန်အတွက် လူ့အဖွဲ့အစည်းမှ ပျံ့နှံ့ပြီးဖြစ်သော မှားယွင်းသည့် အတွေးများနှင့် အမြင်ရှုထောင့်များကိုသာမက မိသားစု၏ ပုံစံသွင်းခြင်းမှလာသည့် မျိုးစုံသော အတွေးများနှင့် အမြင်ရှုထောင့်များနှင့်အတူ လောကကြီးကို ကိုင်တွယ်ဖြေရှင်းသည့် စည်းမျဉ်းများကိုပါ ပိုင်းခြားသိမြင်ပြီး စိတ်ဖြာ လေ့လာဆွေးနွေးရန် လိုအပ်သည်။ မိသားစု ကိုယ်၌ကပင်လျှင် လူ့အဖွဲ့အစည်းတစ်ခုလုံး၏ အစိတ်အပိုင်းတစ်ခုဖြစ်ကာ ယင်းမှာ အသင်းတော် သို့မဟုတ် ဘုရားသခင်၏ အိမ်တော်မဟုတ်သလို ကောင်းကင်နိုင်ငံတော်လည်း သေချာပေါက် မဟုတ်ပေ။ ယင်းမှာ ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်တို့အကြား ဖန်တီးထားသည့် လူ့အဖွဲ့အစည်း၏ အသေးဆုံး အစိတ်အပိုင်းမျှသာဖြစ်ပြီး ဤအသေးဆုံးအစိတ်အပိုင်းကိုလည်း ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်ဖြင့် ဖွဲ့စည်းသည်။ သို့ဖြစ်၍ လူတစ်ယောက်သည် မှားယွင်းသော အတွေးနှင့် အမြင်ရှုထောင့်မျိုးစုံ၏ ချုပ်တည်းမှုများ၊ ချည်နှောင်မှုများနှင့် ပြဿနာများမှ လွတ်မြောက်လိုလျှင် မိသားစု၏ ပုံစံသွင်းခြင်းမှရရှိသည့် ၎င်းတို့ရရှိသည့် မျိုးစုံသော အတွေးများနှင့် အမြင်ရှုထောင့်များကို လက်လွှတ်နိုင်သည့် အနေအထားသို့ရောက်သည်အထိ ဦးစွာ ဆင်ခြင်သုံးသပ်ကာ နားလည်ပြီး စိတ်ဖြာလေ့လာဆွေးနွေးသင့်သည်။ ယင်းမှာ လူတို့ မိသားစု၏ ပုံသွင်းခြင်းကို လက်လွှတ်ရန်အတွက် တိကျမှန်ကန်သည့် လက်တွေ့လုပ်ဆောင်မှုစည်းမျဉ်းတစ်ခုဖြစ်သည်။

ယခင်က ဘဝအပေါ် လူတို့၏ အမြင်၊ ရှင်သန်ခြင်း၏ စည်းကမ်းများ၊ ပြုမူနေထိုင်ခြင်းနှင့် လောကကြီးကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် စည်းမျဉ်းများနှင့် နည်းစနစ်များနှင့် လူ့အဖွဲ့အစည်းသို့ ဝင်ရောက်ရာတွင် ထုံးတမ်းသဖွယ် လိုက်နာလျက်ရှိသော ဥပါယ်တံမျဉ်စည်းကမ်းများစသည့် အရေးကိစ္စတို့နှင့် သက်ဆိုင်သည့် လူတို့၏ မိသားစု၏ ပုံစံသွင်းခြင်းနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ဤအကြောင်းအရာတွင် ပါဝင်သည့် ဘဝအပေါ်အမြင် အချို့မှာ အဘယ်နည်း။ ဥပမာ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏”နှင့် “သစ်မှာ အခေါက်၊ လူမှာ ဂုဏ်သိက္ခာ” တို့ဖြစ်ကြသည်။ လောကကြီးကို ကိုင်တွယ်ဖြေရှင်းရာ၌ လူတို့ကို မိသားစုများက သွတ်သွင်းပေးသည့် စည်းမျဉ်းများအနက်မှ အချို့မှာ မည်သည်နည်း။ “သဟဇာတဖြစ်ခြင်းသည် ဘဏ္ဍာသိုက်တစ်ခုဖြစ်သည်၊ သည်းခံစိတ်ရှည်ခြင်းက အကျင့်ကောင်းတစ်ခုဖြစ်သည်”နှင့် “အလျှော့ပေးခြင်းသည် ပဋိပက္ခတစ်ရပ်ကို ဖြေရှင်းရန် ပို၍လွယ်ကူစေ၏” တို့ဖြစ်ကြသည်။ အခြား မည်သည့်အရာရှိသေးသနည်း။ “ခြံစည်းရိုးသည် ဒေါက်သုံးဒေါက်ပေါ်တည်သကဲ့သို့ လူတစ်ယောက်သည်လည်း အခြားလူသုံးယောက်၏ ထောက်ပံ့မှုကို လိုအပ်သည်”နှင့် “တစ်ယောက်ယောက်က မောင်းထုလျှင် မောင်းသံကို နားထောင်ပါ၊ တစ်ယောက်ယောက်က စကားပြောလျှင် သူ့အသံကို နားထောင်ပါ”တို့ဖြစ်ကြသည်။ ဤအရာတို့သည်လည်း လောကကြီးကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် နည်းလမ်းများနှင့် စည်းမျဉ်းများဖြစ်ကြသည်။) “ထီးထီးကြီး ထင်ပေါ်နေသည့်ငှက်သည် သေနတ်ဖြင့် အပစ်ခံရသည့် ငှက်ဖြစ်သည်” ကဲ့သို့ လူမှုရေးဥပါယ်တံမျဉ် စည်းကမ်းများ ရှိသလော။ (ရှိပါသည်။) “စကားများပါက အမှားများတတ်သည်” အခြား မည်သည့်အရာရှိသေးသနည်း။ (သင်လုပ်သည့်အတိုင်း ပြန်ခံရခြင်းဖြစ်သည်။) ယင်းမှာလည်း တစ်ခုဖြစ်သည်။ သို့သော် ယင်းကို ပြီးခဲ့သည့်အခေါက်က ငါတို့ မိတ်သဟာယမဖွဲ့ခဲ့ကြချေ။ ထို့အပြင် မိဘများသည် သင့်ကို “အပြင် လောကကြီးတွင် သင်၏ ဝေဖန်ပိုင်းခြားနိုင်စွမ်းသည် ပါးနပ်ချက်ချာသင့်သည်။ သင့်အပြောသည် ညက်ညောပြီး သင့်မျက်လုံးသည် စူးရှထက်မြက်သင့်သည်။ ‘သင့်မျက်စိကို လမ်းတိုင်းသို့ဖွင့်ကာ နားကို အဘက်ဘက်သို့ စွင့်ထား’သင့်သည်။ အလွန်အမင်း ပုံသေကားကျ မဖြစ်နှင့်” ဟုမကြာခဏ ဆိုကြသည်။ “ချီးကျူးခြင်းကြောင့် ဘယ်တော့မှအရှုံးမရှိ”နှင့် “သင်သည် မည်သည့်နေရာရောက်ရောက် ရေလိုက်ငါးလိုက်နေသင့်သည်။ အယောက်တိုင်းက ချိုးဖောက်နေချိန်တွင် ဥပဒေ မသက်ရောက်နိုင်။ မရေမရာအချိန်တွင် လူအများနောက်သို့လိုက်ပါ” ဟုလည်း ရှိသေးသည်။ ယင်းတို့မှာ ဥပါယ်တံမျဉ် စည်းကမ်းအမျိုးအစားအားလုံးပင် ဖြစ်ကြသည်။ ထို့နောက်တွင် “ဂုဏ်သရေရှိမိန်းမကောင်းတစ်ယောက်သည် သူ့ကို သဘောကျသည့်သူများအတွက် ကိုယ့်ကိုယ်ကိုယ် လှပအောင် ပြင်ဆင်မည်ဖြစ်သော်လည်း ဂုဏ်သရေရှိအမျိုးသားတစ်ဦးမှာမူ သူ့ကို နားလည်သည့်သူများအတွက် သူ၏အသက်ကို စတေးလိမ့်မည်” နှင့် “မလှသည့် အမျိုးသမီးဟူမရှိ ပျင်းရိသူသာရှိ၏” သကဲ့သို့ ဆိုရိုးများလည်း ရှိသေးသည်။ ယင်းတို့သည် မည်သည့် အမျိုးအစားတွင် ပါဝင်သနည်း။ ယင်းတို့သည် နေ့စဉ်ဘဝ အမျိုးအစားတွင်ပါဝင်ကာ သင်မည်သို့နေထိုင်ပြီး သင်၏ ရုပ်ခန္ဓာကို မည်သို့ သဘောထားရမည်ကို သင့်အား ပြောပြသည်။ ထို့နောက်တွင် “မိဘက အမြဲတစေ မှန်သည်”၊ “အမေသည် ကမ္ဘာတွင် အကောင်းဆုံးပင်”၊ “ဒီပုတ်ထဲက ဒီပဲ” နှင့် “မသင်ပြဘဲ ကျွေးမွေးရုံသာ ကျွေးမွေးခြင်းသည့် ဖခင်၏ အပြစ်ဖြစ်သည်” ကဲ့သို့ ဆိုရိုးများလည်း ရှိသေးသည်။ ယင်းတို့သည် မိသားစု ခင်တွယ်မှုနှင့် ခံစားချက်ဆိုင်ရာ အတွေးများနှင့် အမြင်ရှုထောင့်တို့ဖြင့် သက်ဆိုင်သည်။ လူတို့သည် “သေသူသည် ရှင်သူ၏ အမြင်တွင် ကြီးမြတ်သည်” ဟုလည်း မကြာခဏ ဆိုကြသည်။ သေလွန်ပြီး အခါတွင် လူတစ်ယောက်သည် ကြီးမြတ်လာသည်။ သင်သည် ပိုမြင့်သော အဆင့်အတန်းကိုလိုချင်လျှင် လူတို့ သင့်အကြောင်း အကောင်းပြောကာ သင့်ကို လေးစားစေလိုလျှင် သင်သေရမည်။ သင်သေသည်နှင့် သင်သည် ကြီးမြတ်လာလိမ့်မည်။ “သေသူသည် ရှင်သူ၏ အမြင်တွင် ကြီးမြတ်သည်” ဤယုတ္တိသည် အဓိပ္ပာယ်ကင်းသည် မဟုတ်လော။ “လူတစ်ယောက်သေလွန်ပြီးလျှင် သူ့အကြောင်း မကောင်းမပြောလေနှင့်။ သေသူသည် ရှင်သူ၏ အမြင်တွင် ကြီးမြတ်သည်။ သူတို့ကို လေးစားပါ။”ဟု ဆိုကြသည်။ ဤလူတစ်ယောက်သည် မည်မျှပင် မကောင်းသည့်အရာများကို လုပ်ခဲ့စေကာမူ သေလွန်ပြီးချိန်တွင် ကြီးမြတ်လာသည်။ ယင်းမှာ ကောင်းမှုနှင့် မကောင်းမှုတို့အကြား ပိုင်းခြားသိမြင်မှု လုံးလုံးလျားလျား မရှိခြင်းနှင့် လူတို့၏ ကျင့်ကြံပြုမူပုံတွင် စည်းမျဉ်းများ မရှိခြင်းကို မပြသလော။ (ပြပါသည်။) “မိဘက အမြဲတစေ မှန်သည်”ကို ငါတို့ ပြီးခဲ့သည့်အခေါက်က အသေးစိတ် မိတ်သဟာယဖွဲ့ခဲ့ကြသည်။ “မသင်ပြဘဲ ကျွေးမွေးရုံသာ ကျွေးမွေးခြင်းသည့် ဖခင်၏ အပြစ်ဖြစ်သည်”နှင့် “ဒီပုတ်ထဲက ဒီပဲ” ကဲ့သို့သော ဤအခြားဆိုရိုးများသည် မိတ်သဟာယဖွဲ့ရာတွင် မပါဝင်ခဲ့သော်လည်း ယင်းတို့ကို ပိုင်းခြားသိမြင်ရန် မလွယ်ကူသလော။ “မသင်ပြဘဲ ကျွေးမွေးရုံသာ ကျွေးမွေးခြင်းသည့် ဖခင်၏ အပြစ်ဖြစ်သည်”ဟူသည့် ဆိုရိုးသည် မှန်ကန်ပါ၏လော။ ယင်းသည် ဖခင်၏ သွန်သင်မှုသည် လွန်စွာအရေးကြီးသကဲ့သို့ မြင်စေ၏။ ဖခင်တစ်ယောက်သည် လူတို့ကို မည်သည့်လမ်းကြောင်းမျိုးသို့ ဦးဆောင်သွားနိုင်သနည်း။ သူသည် မှန်ကန်သော လမ်းကြောင်းသို့ သင့်ကို ဦးဆောင်နိုင်သလော။ ဘုရားသခင်ကို ကိုးကွယ်ကာ စစ်မှန်သော လူကောင်းတစ်ယောက်ဖြစ်လာနိုင်ရန် ဦးဆောင်နိုင်သလော။ (ဦးမဆောင်နိုင်ပါ။) သင့်ဖခင်က “ယောက်ျားမျက်ရည် လွယ်လွယ်မကျ” ဟု သင့်ကိုပြောသည်။ သို့သော် သင်သည် ငယ်ရွယ်ကာ မတရားသဖြင့် ဆက်ဆံခံရသည်ဟု ခံစားရပါက ငိုသည်။ သင့်ဖခင်က “ထိန်းထားစမ်း။ ယောကျ်ားပီသလော့။ နည်းနည်းဖြစ်သည်နှင့် ငိုတတ်သည်။ အဖြစ်မရှိသူ တစ်ယောက်ပင်” ဟုဆိုကာ သင့်ကို ဆူသည်။ ယင်းသို့ ဖြစ်ပြီးသည့်နောက်တွင် သင်သည် “ငါမျက်ရည်ကျ၍မရ။ ငါငိုလျှင် ငါသည် အဖြစ်မရှိသူဖြစ်သည်” ဟုတွေးသည်။ သင့်မျက်ရည်ကို ထိန်းထားကာ မငိုရဲတော့ဘဲ ညအချိန်ရောက်မှ တိတ်တဆိတ် ပုန်းကွယ်ပြီး ငိုလေသည်။ ယောကျ်ားတစ်ယောက်အနေဖြင့် သင်၏ စိတ်ခံစားချက်များကို သဘာဝအလျောက် ဖော်ထုတ်ခွင့် သို့မဟုတ် အသိပေးခွင့်ပင် မရှိပေ။ သင့်တွင် ငိုဖို့ ရွေးချယ်ရန် အခွင့် မရှိ။ သင်သည် မတရားသဖြင့် ဆက်ဆံခံရသည်ဟု ခံစားရသည့် အခါတိုင်းတွင် ချုပ်တည်းကာထားရသည်။ ဤသည်မှာ သင်၏ ဖခင်ထံမှ သင်ရရှိသည့် သွန်သင်မှုပင်။ ထို့ပြင် ယင်းသည် “မသင်ပြဘဲ ကျွေးမွေးရုံသာ ကျွေးမွေးခြင်းသည့် ဖခင်၏ အပြစ်ဖြစ်သည်”၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ သင့်ဖခင်၊ သင့်မိခင်နှင့် ရှေးမျိုးဆက်များ အားလုံးသည် ဤသွန်သင်မှုကို စွဲကိုင်ကာ “ကောင်လေး၊ မင်းသည် နည်းနည်းဖြစ်သည်နှင့် ငိုတတ်သည်။ မတရားသဖြင့် ဆက်ဆံခံရသည်ဟု ခံစားရတိုင်း၊ အပြင်မှာ အနိုင်ကျင့်ခံရသည့်အခါ ငိုတတ်သည်။ အဖြစ်ကို မရှိ။ သူတို့ မင်းကို ရိုက်လျှင် မင်းက အဘယ်ကြောင့် ပြန်မရိုက်ခဲ့သနည်း။ သူတို့က မင်းကို ရိုက်သောကြောင့် သူတို့နှင့် မကစားတော့နှင့်။ သူတို့ကို ထပ်မြင်သည့်အခါ သူတို့ကို ရိုက်နှက်၍ ရသလောကြည့်ပြီးနောက် ရိုက်လိုက်ပါ။ မရိုက်နိုင်လျှင် ထွက်သာပြေးလော့။ ဟန်ရှင်းသည်က အခြားသူ၏ ခြေထောက်ကြားထဲ အတင်းအဓမ္မ တွားသွားခိုင်းသည်ကို ခံရကာ အရှက်ခွဲခြင်းကို ခါးစည်းခံခံခဲ့ပုံကို ကြည့်ပါလေ။ သူမငိုခဲ့။ ယင်းမှာ ယောက်ျားပီသသူဟူသည့်အရာ ဖြစ်သည်”ဟု ဆိုကြသည်။ ဤသည်မှာ ဖခင်တို့က သူတို့၏ သားကို သွန်သင်ပေးကာ ယောက်ျားပီသခြင်းနှင့်ပတ်သက်သော အတွေးကို သူတို့ထံ သွတ်သွင်းပေး ပုံပင်ဖြစ်သည်။ ယောက်ျားတို့သည် သူတို့၏ ပြဿနာများကို ထုတ်ပြော၍မရဘဲ မျက်ရည်လည်း မကျရကာ ချုပ်တည်းထားရမည်။ ယောက်ျားတို့ မတရားမှု မည်မျှ ခံစားရသနည်း ငါ့ကို ပြောလော့။ ဤလူ့အဖွဲ့အစည်းတွင် ယောကျ်ားတို့သည် သူတို့၏ မိသားစုကို ထောက်ပံ့ရမည်၊ လူကြီးသူမများကို သားသမီးဝတ်ကျေပွန်ရမည်၊ ထို့ပြင် သူတို့ မည်မျှပင် ပင်ပန်းနေစေကာမူ မညည်းတွားရဲကြချေ။ မတရားမှု မည်မျှပင် ခံစားရစေကာမူ ရင့်ဖွင့်၍မရ။ ယင်းမှာ ယောက်ျားထုအတွက် မတရားမဖြစ်သလော။ (ဟုတ်ပါသည်။ မတရားပါ။) သင်တို့၏ ဖခင်များသည် သင်တို့ကို ဤကဲ့သို့ သွန်သင်ပေးသည့်အခါ သင်တို့ မည်သို့ခံစားခဲ့ရသနည်း။ သင် အခါအားလျော်စွာ ငိုကြွေးချင်သည့်အခါ သင်၏ ဖခင်ကမည်သို့ ပြောသနည်း။ “ငါ မည်သူမည်ဝါသည် ငါ့ဘဝတစ်လျှောက်လုံး အမြော်အမြင်ရှိကာ ထူးချွန်ရန် စိတ်ပြင်းပြခဲ့သည်။ မင်းကဲ့သို့ ပျော့ညံ့သူတစ်ယောက်ကို အဘယ်သို့များ ပျိုးထောင်နိုင်ခဲ့ရသနည်း။ မင်းအရွယ်တွင် ငါသည် ငါ့မိသားစုကို ငါ့ဘာသာ ထောက်ပံ့နေပြီးသားဖြစ်ခဲ့သည်။ မင်းကို ကြည့်ပါလေ။ အလိုလိုက်ခံရကာ ပျက်စီးနေသည်။ အဖြစ်ကိုမရှိ” ဟူ၍ ဖြစ်သည်။ သင်တို့ မည်သို့ ခံစားခဲ့ရသနည်း။ သင်၏ မိဘများနှင့် ဘိုးဘွားများက “ယောက်ျားတစ်ယောက်သည် မိသားစု၏ ထောက်တိုင်ဖြစ်သည်။ ငါတို့ မင်းကို အဘယ်ကြောင့် ထောက်ပံ့ကြသနည်း။ ငါတို့ မင်းကို အဘယ်ကြောင့် ကောလိပ်ကျောင်း ထားခဲ့သနည်း။ မင်း မိသားစုကို ထောက်ပံ့ရာတွင် အထောက်အကူဖြစ်စေရန်ဖြစ်သည်။ တစ်ခုခုကြုံရတိုင်း ငိုနေပြီး မတရားသဖြင့် ဆက်ဆံခံရသည်ဟု ခံစားနေရရန် မဟုတ်” ဟုဆိုကာ သွန်သင်ပေးကြသည်။ သင်၏ ဖခင်နှင့် လူကြီးသူမများ ဤသို့ဆိုသည့်အချိန်က သင်မည်သို့ ခံစားခဲ့ရသနည်း။ သင်သည် မတရားသဖြင့် ဆက်ဆံခံရသည်ဟု ခံစားခဲ့ရသလော သို့မဟုတ် တည်တည်ငြိမ်ငြိမ် ကိုင်တွယ်ဖြေရှင်းခဲ့သလော။ (ကျွန်ုပ်သည် စိတ်ဓာတ်ကျကာ မတရားသဖြင့် ဆက်ဆံခံရသည်ဟု ခံစားခဲ့ရပါသည်။) သင့်တွင် လက်ခံရုံမှတစ်ပါး အခြားမရှိခဲ့သလော သို့မဟုတ် သင်၏ စိတ်နှလုံးတွင် မကျေမချမ်းဖြစ်ခြင်း ခံစားခဲ့ရသလော။ (မကျေမချမ်းဖြစ်ခြင်း ခံစားခဲ့ရသော်လည်း လက်ခံခဲ့ရပါသည်။) အဘယ်ကြောင့် သင် လက်ခံခဲ့သနည်း။ (အဘယ်ကြောင့်ဆိုသော် ယင်းကဲ့သို့ လူမှုစနစ် အခြေအနေအောက်တွင် အခြားရွေးစရာမရှိဟု ခံစားခဲ့ရသောကြောင့် ဖြစ်သည်။) ယင်းမှာ လူ့အဖွဲ့အစည်းက ယောက်ျားတို့ကို နေရာသတ်မှတ်ပေးပုံပင်ဖြစ်သည်။ သူတို့သည် ဤကဲ့သို့ လူမှုအခြေအနေတွင်‌ မွေးဖွားလာရကာ မည်သူမျှ ရွေးချယ်စရာ မရှိခဲ့။ သင်၏ ဖခင်နှင့် လူကြီးသူမများထံမှ ရရှိသည့် သွန်သင်မှုသည် လူ့အဖွဲ့အစည်းမှ အရင်းခံလာသည်။ သူတို့သည် ဤအတွေးအမြင်သဘောတရား သွန်သင်မှုကို ရရှိပြီးသည့်နောက်တွင် လူ့အဖွဲ့အစည်းမှ ဤအတွေးများကို သင့်ထံ သွတ်သွင်းပေးခဲ့ကြသည်။ လက်တွေ့တွင်မူ သူတို့၏ ပုံစံပေးခံရသည့် နှစ်ကာလများအတွင်းတွင် ဤအတွေးများနှင့် အမြင်ရှုထောင့်များကို သူတို့ လက်ခံခဲ့စဉ်တွင် သူတို့သည်လည်း စိတ်မပါဘဲ လက်ခံခဲ့ရပေသည်။ သူတို့ အသက်ကြီးလာသောအခါ ဤအတွေးများကို နောက်ထပ်မျိုးဆက်ဆီသို့ လက်ဆင့်ကမ်းပေးသည်။ ဤသည်မှာ သူတို့ ကြီးပြင်းလာခဲ့ရပုံ ဖြစ်သဖြင့် နောက်ထပ်မျိုးဆက်သည် ဤအတွေးများနှင့် အမြင်ရှုထောင့်များကို လက်ခံသင့်၊ မခံသင့် သို့မဟုတ် ယင်းတို့သည် မှန်မမှန်ကို သူတို့ မစဉ်းစားခဲ့ပေ။ သူတို့သည် လူတို့ ဤနည်းအားဖြင့် နေထိုင်သင့်သည်ဟု တွေးကြသည်။ သင်သည် မတရားသဖြင့် ဆက်ဆံခံရပါကလည်း အရေးကြီးသလော။ အရေးကြီးသည်မှာ ဤအတွေးများကို လက်ခံခြင်းသည် သင့်ကို လူ့အဖွဲ့အစည်းတွင် သင်၏ခြေကုပ်ကို ရှာတွေ့ကာ အခြားသူများ၏ အနိုင်ကျင့်ခြင်း မခံရစေရန် အထောက်အကူပြုလိမ့်မည်။ သူတို့သည် သင့်ကဲ့သို့ပင် ဤမကျေနပ်ချက်များကို ခံစားခဲ့ရကာ စိတ်ဓာတ်ကျကာ မကျေမချမ်းဖြစ်ခဲ့သည့်တိုင် အဘယ်ကြောင့် ဤအတွေးများနှင့် အမြင်ရှုထောင့်များကို သင့်ထံသို့ လက်ဆင့်ကမ်း ပေးကြသေးသနည်း။ အကြောင်းပြချက်တစ်ခုမှာ သူတို့ကို လူ့အဖွဲ့အစည်းတွင် သူတို့၏ခြေကုပ်ရစေရန် အထောက်အကူပြုလျက် လူမှုရေးပန်းစားမှုများအတွင်း အံဝင်ခွင်ကျဖြစ်စေသည့် လူ့အဖွဲ့အစည်းအတွင်းမှ အတွေးများနှင့် အမြင်ရှုထောင့်များ အမျိုးမျိုးတို့ကို သူတို့ သဘာဝအလျောက်ပင် လက်ခံခဲ့သောကြောင့် ဖြစ်သည်။ လူတိုင်းသည် ဤအတွေးများနှင့် အမြင်ရှုထောင့်များကို မည်သူမျှ မေးခွန်းမထုတ်ဘဲ သို့မဟုတ် ချိုးဖျက်ရန် သို့မဟုတ် စွန့်လွှတ်ရန် ဆန္ဒမရှိဘဲ ရှင်သန်ရေးအတွက် လမ်းညွှန်ချက်များနှင့် စံနှုန်းများအဖြစ် လိုက်နာကြသည်။ ဤသည်မှာ အသက်ရှင် နေထိုင်နိုင်ရန်အတွက် ရှုထောင့် တစ်ခုပင်ဖြစ်သည်။ အဓိကရှုထောင့်ဖြစ်သည့် အခြားရှုထောင့်တစ်ခုမှာ ယင်းသည် လူတို့သည် အပြုသဘောဆောင်သည့် အရာများနှင့် အပျက်သဘောဆောင်သည့် အရာများကို ခွဲခြားနိုင်သည့် အစွမ်း မရှိခြင်းပင်ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ယင်းမှာ လူတို့သည် သမ္မာတရားကို နားမလည်ကြဘဲ သူတို့တွင် ရှင်သန်ရေး၊ လောကကြီးကို ကိုင်တွယ်ဖြေရှင်းခြင်းတို့နှင့် စပ်လျဉ်း၍ သို့မဟုတ် သူတို့ လိုက်လျှောက်သင့်သည့်လမ်းကြောင်းနှင့်စပ်လျဉ်း၍ မှန်ကန်သော အတွေးများနှင့် အမြင်ရှုထောင့်များ မရှိခြင်းကြောင့် ဖြစ်သည်။ လူ့အဖွဲ့အစည်းနှင့် လိုက်လျောညီထွေရှိစေရန်၊ သဟဇာတရှိစေရန်နှင့် လူ့အဖွဲ့အစည်းအတွင်းနှင့် လူမှုအစုအဖွဲ့များတွင် ရှင်သန်နိုင်စေရန် လူတို့သည် လောကကြီးကို ကိုင်တွယ်ဖြေရှင်းရန် စည်းမျဉ်းအမျိုးမျိုးနှင့် လူ့အဖွဲ့အစည်းက သတ်မှတ်ထားသည့် ဥပါယ်တံမျဉ် စည်းကမ်းများကို တက်ကြွစွာဖြစ်စေ၊ မထုံတက်သေးဖြင့်ဖြစ်စေ မဖြစ်မနေ လက်ခံကြရသည်။ လိုက်လျောညီထွေရှိခြင်း၏ ရည်ရွယ်ချက်မှာ လူတို့သည် လူ့အဖွဲ့အစည်းအတွင်းတွင် မိမိတို့ကိုယ်ကို ထူထောင်နိုင်ရန်နှင့် အသက်ရှင် နေနိုင်ရန်ဖြစ်သည်။ သို့သော် လူတို့သည် သမ္မာတရားကို နားမလည်သဖြင့် သူတို့သည် လောကကြီးကို ကိုင်တွယ်ဖြေရှင်းရန် ဤစည်းမျဉ်းများနှင့် လူ့အဖွဲ့အစည်းမှ သတ်မှတ်သည့် ဥပါယ်တံမျဉ်စည်းကမ်းများကို ရွေးချယ်ရန်မှ တစ်ပါး အခြားမရှိချေ။ ထို့ကြောင့် ယောက်ျားတစ်ယောက် အနေဖြင့် သင်၏ဖခင်က သင့်ကို “ယောက်ျားမျက်ရည် လွယ်လွယ်မကျ”ဟု သွန်သင်ပေးသည့်အခါတွင် သင်သည် မတရားသဖြင့် ဆက်ဆံခံရသည်ဟု ခံစားရကာ သင်၏ အလိုမကျခြင်းတို့ကို ရင်ဖွင့်လိုသော်လည်း သင့်တွင် သူ့ကို ချေပရန် နည်းလမ်းမရှိခဲ့သလို သူဆိုနေသည့်အရာကိုလည်း ကောင်းစွာ မသိမြင်နိုင်ခဲ့ချေ။ နောက်ဆုံးတွင် သင့်စိတ်နှလုံးတွင် ဤသည်ကို လက်ခံလိုက်ရသည့် အကြောင်းအရင်းမှာ “ငါ့ဖခင်၏ စကားများမှာ အတော်အတန် ကြမ်းတမ်းပြီး နားထောင်ရခက်ခဲသည့်အပြင် ဤစကားများကို လက်ခံခြင်းသည် ငါ့အလိုကို ဆန့်ကျင်သော်လည်း သူက ငါကောင်းဖို့ လုပ်ပေးနေခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ငါလက်ခံသင့်သည်” ဟုဖြစ်သည်။ သားသမီးတစ်ယောက်အနေဖြင့် မိမိ၏ အသိစိတ်နှင့် သားသမီးဝတ်တို့ကြောင့် လူတို့သည် လိုက်လျောမှုများ လုပ်ဆောင်ကာ ဤအတွေးနှင့် အမြင်များကို လက်ခံလိုက်သည်။ လူတို့၏ မိသားစု၏ ပုံစံသွင်းခြင်း ၏ သွင်ပြင်လက္ခဏာမှာ မည်သည့်အရာဖြစ်ပါစေ ၎င်းတို့သည် နောက်ဆုံးတွင် မိမိတို့၏ အလိုကို ဆန့်ကျင်ကာ ယင်းတို့ကို လက်ခံရသည်အထိ ဤနည်းစနစ်များအားဖြင့် အဆက်မပြတ် သွတ်သွင်းခံနေရကြသည့် အခြေအနေမျိုးတွင် မကြာခဏ ရှိနေသည်။ ဤစဉ်ဆက်မပြတ် လက်ခံခြင်း ဖြစ်စဉ်တစ်လျှောက် ဤမှားယွင်း၍ အပျက်သဘောဆောင်သော အတွေးများနှင့် အမြင်ရှုထောင့်များသည် လူတစ်ယောက်၏ အတွင်းအကျဆုံး နေရာအထိ တဖြည်းဖြည်း စိမ့်ဝင်လာကာ သို့မဟုတ် သူတို့၏ အတွေးများနှင့် အမြင်ရှုထောင့်များထဲသို့ ဖြည်းဖြည်းနှင့် မှန်မှန် ထိုးဖောက်ဝင်ရောက်လာကာ သူတို့ ပြုမူပုံနှင့် လောကကို ကိုင်တွယ်ဖြေရှင်းပုံအတွက် မတူညီသော အခြေခံမျိုးစုံဖြစ်လာသည်။ မှားယွင်းသော အတွေးများနှင့် အမြင်ရှုထောင့်များကို လက်ခံခြင်းဖြစ်စဉ်သည် ဖောက်ပြန်ပျက်စီးခြင်း ဖြစ်စဉ်လည်း ဖြစ်သဖြင့် ဤဖြစ်စဉ်ကို လူတစ်ယောက်သည် ဖောက်ပြန်ပျက်စီးမှုကို ကြုံတွေ့နေခြင်းဟု ချက်ကျလက်ကျ ဆိုနိုင်ပေသည်။ သို့ဆိုလျှင် လူတို့ကို မည်သူက ဖောက်ပြန်ပျက်စီးစေသနည်း။ ယေဘုယျသဘောတွင် သူတို့ကို စာတန်ကလည်းကောင်း၊ ဆိုးယုတ်သော ရေပန်းစားမှုတို့ကလည်းကောင်း ဖောက်ပြန်ပျက်စီးစေသည်။ အသေးစိတ်ဆိုရလျှင် သူတို့၏ မိသားစုက ဖောက်ပြန်ပျက်စီးစေသည်။ ပို၍ အသေးစိတ်ဆိုရလျှင်မူ သူတို့၏ မိဘများက ဖောက်ပြန်ပျက်စီးစေသည်။ ဤသည်ကို လွန်ခဲ့သည့် ဆယ်နှစ်က ငါပြောခဲ့ပါက သင်တို့ မည်သူမျှ ယင်းကို လက်ခံနိုင်ခဲ့မည် မဟုတ်ကောင်း မဟုတ်သည့်အပြင် သင်တို့အားလုံး ငါ့ကို ရန်လိုကောင်း ရန်လို နိုင်ကြသေးသည်။ သို့သော် ယခုတွင်မူ သင်တို့မှ အများစုသည် ဤအဆိုကို မှန်ကန်သည်ဟု ကျိုးကြောင်းညီညွတ်စွာ လက်ခံနိုင်ပြီး ယင်းကို “အာမင်” ထူးနိုင်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအဆိုမှ အဘယ်ကြောင့် မှန်ကန်ရသနည်း။ ယင်းကို နားလည်ရန် လူတို့သည် ယင်းကို သူတို့၏ အတွေ့အကြုံတစ်လျှောက် တဖြည်းဖြည်းချင်း အသိအမှတ်ပြုလာနိုင်ရန် လိုအပ်သည်။ သင်၏ အသိမှတ်ပြုမှုသည် ပိုမို၍ အသေးစိတ်ကျကာ လေးနက်လေလေ၊ သင်၏ အတွေ့အကြုံသည် ဤအရာကို ပိုမို၍ ထင်ဟပ်လာလေလေ ဤအဆိုကို သင်ထောက်ခံလာနိုင်လေလေဖြစ်သည်။

မိသားစု၏ ပုံစံသွင်းခြင်းတွင် ပြုမူနေထိုင်ခြင်းနှင့် လောကကြီးကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် နောက်ထပ်သော ဥပါယ်တံမျဉ်စည်းကမ်းများ များစွာပါဝင်ရန် ဖြစ်နိုင်ချေအများဆုံး ဖြစ်သည်။ ဥပမာ မိဘများက “လူတစ်ယောက်သည် အခြားသူများကို ထိခိုက်စေရန် မည်သောအခါမျှ မကြံရွယ်သင့်သော်လည်း အခြားသူများက လာရောက် ထိခိုက်နိုင်သည်ကို အမြဲကာကွယ်သင့်သည်။ မင်းက လွန်စွာ ရူးမိုက်ကာ ယုံလွယ်သည်” ဟု မကြာခဏဆိုကြသည်။ မိဘများက ဤကဲ့သို့ စကားမျိုးကို မကြာခဏ ထပ်ခါထပ်ခါဆိုကြကာ လူကြီးသူမများကပင် သင့်ကို “လူကောင်းတစ်ယောက် ဖြစ်အောင်နေပါ။ အခြားသူများကို ဒုက္ခမပေးနှင့်။ သို့သော် သင်သည် အခြားသူများက လာရောက် ထိခိုက်နိုင်သည်ကို အမြဲကာကွယ်ထား ရမည်။ လူတို့အားလုံးသည် ကောက်ကျစ်သည်။ တစ်စုံတစ်ယောက်က သင့်ကို အပြင်ပန်းတွင် အကောင်းပြောနေသည်ကို မြင်ရနိုင်သော်လည်း သူတို့ မည်သည့်အရာ တွေးနေသည်ကို သင်မသိ။ လူတို့၏ စိတ်နှလုံးသည် အရေပြားအောက်တွင် ပုန်းနေသည်။ ထို့ပြင် ကျားတစ်ကောင်ပုံဆွဲရာတွင် သူ၏အရေပြားကို ပြသော်လည်း အရိုးကိုမပြ။ ထို့အတူ လူတစ်ယောက်ကို သိရာတွင် သူ၏မျက်နှာကိုသိကောင်း သိနိုင်သော်လည်း သူ၏စိတ်နှလုံးကိုကား မသိနိုင်။” ဟု ပြောရင်း မကြာခဏ တကျည်ကျည် လုပ်ကြသည်။ ဤစကားစုများတွင် မှန်ကန်သောဘက် ရှိပါသလော။ ၎င်းတို့ တစ်ခုချင်းစီကို တိုက်ရိုက်အဓိပ္ပာယ်ကောက်ရလျှင် ထိုသို့သော စကားစုများနှင့်ပတ်သက်၍ မှားယွင်းနေခြင်းမရှိပေ။ လူတစ်ယောက်သည် အတွင်းစိတ်တွင် မည်သည့်အရာကို အမှန်တကယ် တွေးနေကြောင်းနှင့် သူ၏ စိတ်နှလုံးသည် ရက်စက်သည်ဖြစ်စေ၊ ကြင်နာသည်ဖြစ်စေ မသိနိုင်။ လူတစ်ယောက်၏ စိတ်ဝိညာဉ်အတွင်းသို့ မြင်ရန် မဖြစ်နိုင်။ ဤစကားစုများ၏ နောက်ကွယ်ရှိ အဓိပ္ပာယ်သည် အပြင်ပန်းအားဖြင့် မှန်ကန်နေသော်လည်း ယင်းတို့သည် အယူဝါဒတစ်မျိုးသာဖြစ်ကြသည်။ လူတို့သည် လောကကြီးကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဤစကားစုနှစ်စုမှနေ၍ နောက်ဆုံးတွင် ထုတ်နုတ်ယူလိုက်သည်မှာ မည်သည့်စည်းမျဉ်း ဖြစ်သနည်း။ ယင်းမှာ “လူတစ်ယောက်သည် အခြားသူများကို ထိခိုက်စေရန် မည်သောအခါမျှ မကြံရွယ်သင့်သော်လည်း အခြားသူများက လာရောက် ထိခိုက်နိုင်သည်ကို အမြဲကာကွယ်ထားသင့်သည်။”ဟူ၍ ဖြစ်သည်။ ယင်းမှာ ရှေးမျိုးဆက်တို့ ဆိုကြသည့်အရာပင် ဖြစ်သည်။ မိဘများနှင့် လူကြီးသူမများသည် ယင်းကို မကြာခဏပြောကြကာ သင့်ကို “သတိထားပါ။ ရူးမိုက်ပြီး ကိုယ့်စိတ်နှလုံးတွင် ရှိသမျှကို ထုတ်ဖော်မပြလေနှင့်။ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်ရန် သင်ယူပြီး နိုးနိုးကြားကြားရှိပါ။ မိတ်ဆွေကောင်းများနှင့်ပင် မင်းပင်ကိုပုံစံစစ်စစ်ကို မပြသနှင့်။ သို့မဟုတ် စိတ်နှလုံးကို ချမပြနှင့်။ သူတို့အတွက်နှင့် မင်းဘဝကို မစွန့်စားနှင့်” ဟုပြောကာ အမြဲမပြတ် အကြံပေးနေသည်။ သင်၏ လူကြီးသူမများထံမှ ဤသတိပေးချက်သည် မှန်ကန်သလော။ (မမှန်ကန်ပါ။ ယင်းသည် လူတို့ကို ကောက်ကျစ်သည့် နည်းလမ်းများ သင်ကြားပေးသည်။) သဘောတရားအရမူ ယင်းတွင် ကောင်းမွန်သော အခြေခံရည်ရွယ်ချက်ရှိသည်။ သင့်ကိုကာကွယ်ရန်၊ အန္တရာယ်များသော အခြေအနေများသို့ ကျရောက်ခြင်းမှ သင့်ကို တားဆီးရန်၊ အခြားသူများက သင့်ကို ဒုက္ခပေးခြင်းဖြစ်စေ၊ လှည့်ဖြားခြင်းဖြစ်စေ ကာကွယ်ရန်၊ သင်၏ ရုပ်ပိုင်းဆိုင်ရာအကျိုးစီးပွားများ၊ ပုဂ္ဂလိက လုံခြုံမှုနှင့် သင်၏ ဘဝတို့ကို စောင့်ရှောက်ရန်တို့ ဖြစ်သည်။ သင့်ကို ပြဿနာများ၊ အမှုအခင်းများနှင့် စုံစမ်းသွေးဆောင်ခြင်းများမှ ဝေးစေကာ နေ့တိုင်း ငြိမ်းချမ်းစွာ၊ ချောမွေ့စွာနှင့် ပျော်ရွှင်စွာ နေထိုင်အသက်ရှင်ရစေရန်အတွက်ဖြစ်သည်။ မိဘများနှင့် လူကြီးသူမများတို့၏ အခြေခံရည်ရွယ်ချက်မှာ ရိုးရိုးရှင်းရှင်းပင် သင့်ကို ကာကွယ်ရန်ဖြစ်သည်။ သို့သော် သူတို့ သင့်ကို ကာကွယ်ပုံ၊ သင်လိုက်နာရန် သူတို့ အကြံပေးသော စည်းမျဉ်းများနှင့် သင့်ကို သွတ်သွင်းပေးသော အတွေးများအားလုံးတို့သည် မမှန်ကန်ပေ။ သူတို့၏ အခြေခံရည်ရွယ်ချက်သည် မှန်ကန်သော်လည်း သူတို့ သွတ်သွင်းပေးသော အတွေးများသည် သင့်ကို အမှုမဲ့အမှတ်မဲ့ဆိုသလို အစွန်းရောက်စေသည်။ သူတို့ သင့်ထံတွင် သွတ်သွင်းပေးသော အတွေးများသည် သင်လောကကြီးကို ကိုင်တွယ်ဖြေရှင်းပုံအတွက် စည်းမျဉ်းများနှင့် အခြေခံများဖြစ်လာသည်။ အတန်းဖော်များ၊ လုပ်ဖော်ကိုင်ဖက်များ၊ အလုပ်လက်တွဲဖော်များ၊ အထက်အရာရှိများ၊ လူအဖွဲ့စည်းအတွင်းမှ လူအမျိုးအစားတိုင်း၊ လူ့အလွှာတိုင်းမှ လူများနှင့် သင် ဆက်ဆံသည့်အခါတွင် သင့်မိဘများက သွတ်သွင်းပေးသော ဤကာကွယ်ရေးအတွေးများသည် လူအချင်းချင်းဆက်ဆံရေးများ ပါဝင်သည့် ကိစ္စများကို သင် ကိုင်တွယ်သည့်အခါတိုင်း သင်၏ အခြေခံအကျဆုံး အဆောင်နှင့် စည်းမျဉ်းများ အမှုမဲ့အမှတ်မဲ့ ဖြစ်လာသည်။ ဤကား မည်သည့်စည်းမျဉ်းနည်း။ ဤကား ကျွန်ုပ်သည် သင့်ကို ဒုက္ခမပေးပါ။ သို့သော် သင် ကျွန်ုပ်အား လှည့်ဖြားခြင်းမှ သို့မဟုတ် လိမ်လည်ခြင်းမှ တားဆီးရန်၊ ပြဿနာတက်ခြင်းနှင့် အမှုအခင်းများကို ရှောင်ကြဉ်ရန်၊ မိသားစု ကြွယ်ဝမှု ဆုံးရှုံးခြင်းနှင့် မိသားစု အတွင်းမှလူများ အသက်ဆုံးရှုံးရခြင်းတို့မှ ဟန့်တားရန်နှင့် ကျွန်ုပ် ထောင်ကျခြင်းဖြင့် အဆုံးသတ်ခြင်းမှ တားဆီးရန် သင့်အပေါ်တွင် ကျွန်ုပ်သည် အချိန်တိုင်း သတိထားနေရမည်။ ထိုအတွေးနှင့် အမြင်ရှုထောင့်များ၏ ထိန်းချုပ်မှုအောက်တွင် နေထိုင်ရင်း၊ လောကကြီးကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ထိုကဲ့သို့ သဘောထားရှိသည့် လူမှုအစုအဖွဲ့တွင် နေထိုင်ရင်း သင်သည် ပို၍ စိတ်ဓာတ်ကျလာကာ ပို၍ပင်ပန်းနွမ်းနယ်ကာ သင်၏ စိတ်ရော ခန္ဓာတွင်ပါ ပို၍နွမ်းနယ်လာရုံသာ ဖြစ်နိုင်သည်။ နောက်ပိုင်းတွင် သင်သည် ဤလောကနှင့် လူသားမျိုးနွယ်ကို ပိုမို အတိုက်အခံပြုပြီး ငြင်းပယ်လာကာ သူတို့ကို ပိုမို စက်ဆုပ်လာသည်။ အခြားသူများကို စက်ဆုပ်ရာတွင် သင့်ကိုယ်သင် အထင်သေးလာပြီး သင်သည် လူတစ်ယောက်နှင့် တူညီသည့် နည်းလမ်းဖြင့်နေထိုင်နေခြင်းမဟုတ်ဘဲ၊ ထိုအစား ပင်ပန်းကာ စိတ်ဓာတ်ကျသည့် ဘဝတွင်နေထိုင်နေသကဲ့သို့ သင်ခံစားရသည်။ အခြားသူများမှ ဒုက္ခပေးလာခြင်းကို ရှောင်ရှားရန် သင်သည် အစဉ်အမြဲသတိရှိနေရပြီး သင့်အလိုမဟုတ်သည့်အရာများကို လုပ်ကိုင် ပြောဆို နေရသည်။ သင်၏ ကိုယ်ပိုင် အကျိုးစီးပွားနှင့် ပုဂ္ဂလိက လုံခြုံမှုတို့ကို ကာကွယ်ရန် လိုက်စားရာတွင် သင်သည် သင့်ဘဝ၏ကဏ္ဍတိုင်းတွင် မှန်သော စကားတစ်ခွန်းမှ မပြောရဲဘဲ မျက်နှာဖုံးအတု တစ်ခုကိုတပ်ကာ သင့်ကိုယ်သင် ရုပ်ဖျက်ထားသည်။ ဤအခြေအနေတွင် ဤအသက်ရှင်ရေး အနေအထားတွင် သင်၏ အတွင်းစိတ်သည် လွတ်ငြိမ်းခြင်း သို့မဟုတ် လွတ်လပ်ခြင်းကို မရှာဖွေနိုင်။ သင့်ကို ဒုက္ခမပေးဘဲ သင်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ မခြိမ်းခြောက်မည့်လူတစ်ဦး၊ သင့်စကားများအတွက် တာဝန်ယူစရာမလိုဘဲ၊ ဟာသ အလုပ်မခံရဘဲ၊ အငေါ့ခံရဘဲ၊ အလှောင်ပြောင်မခံရဘဲ သို့မဟုတ် အကျိုးဆက်တစ်ခုမျှ မခံစားရဘဲ သင်၏ အတွင်းအကျဆုံး အတွေးများကို မျှဝေကာ သင်၏ အလိုမကျခြင်းတို့ကို ရင်ဖွင့်၍ရမည့်လူတစ်ဦးကို မကြာခဏ သင်လိုအပ်သည်။ “လူတစ်ယောက်သည် အခြားသူများကို ထိခိုက်စေရန် မည်သောအခါမျှ မကြံရွယ်သင့်သော်လည်း အခြားသူများက လာရောက် ထိခိုက်နိုင်သည်ကို အမြဲကာကွယ်ထားသင့်သည်။”ဟူသည့် အတွေးနှင့် အမြင်ရှုထောင့်တို့သည့် လောကကြီးကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် သင်၏ စည်းမျဉ်း ဖြစ်နေသည့်အခြေအနေတွင် သင်၏ အတွင်းကျကျစိတ်သည် ကြောက်ရွံ့မှုနှင့် စိတ်အားငယ်မှုများနှင့် ပြည့်နေသည်။ သဘာဝအလျောက်ပင် သင်သည် စိတ်ဓာတ်ကျကာ လွတ်ငြိမ်းမှုကို ရှာမတွေ့နိုင်ဘဲ သင့်ကို နှစ်သိမ့်စေရန်နှင့် အတွင်းစကားပြောရန် လူတစ်ယောက်လိုအပ်သည်။ သို့ဆိုလျှင် ဤရှုထောင့်များမှ အကဲဖြတ်လျှင် “လူတစ်ယောက်သည် အခြားသူများကို ထိခိုက်စေရန် မည်သောအခါမျှ မကြံရွယ်သင့်သော်လည်း အခြားသူများက လာရောက် ထိခိုက်နိုင်သည်ကို အမြဲကာကွယ်ထားသင့်သည်။”ဟူသည့် သင့်မိဘများက သွန်သင်ပေးသည့် လောကကြီးကို ကိုင်တွယ်ဖြေရှင်းရန် စည်းမျဉ်းသည် သင့်ကို ကာကွယ်ရာတွင် အောင်မြင်နိုင်သော်လည်း ယင်းသည် ကောင်းဆိုးဒွန်တွဲနေသည်။ သင်၏ ရုပ်ပိုင်း အကျိုးစီးပွားနှင့် ပုဂ္ဂလိက လုံခြုံရေးတို့ကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်‌သော်လည်း သင့်ကို စိတ်ဓာတ်ကျကာ စိတ်မချမ်းမြေ့ရအောင်လည်း လုပ်သည်။ လွတ်ငြိမ်းမှုကို ရှာမတွေ့နိုင်စေဘဲ သင့်ကို ဤလောကနှင့် လူသားမျိုးနွယ်အား ပို၍မနှစ်မြို့စေအောင်ပင် လုပ်သေးသည်။ တစ်ချိန်တည်းတွင်ပင် သင်သည် ဤကဲ့သို့ ကောက်ကျစ်သော ခေတ်ကြီးတွင် ဤကဲ့သို့ ကောက်ကျစ်သော လူစုအကြား၌ မွေးဖွားလာရခြင်းကိုလည်း စိတ်ထဲတွင် တရေးရေး စတင်ကာ စိတ်ကုန်လာသည်။ သင်သည် လူတို့အနေဖြင့် အဘယ်ကြောင့် အသက်ရှင်နေထိုင်ကြရကြောင်း၊ ဘဝသည် အဘယ်ကြောင့် ခြေကုန်လက်ပန်းကျဖွယ် ရှိနေကြောင်း၊ သူတို့သည် အဘယ်ကြောင့် မည်သည့်နေရာသို့သွားသွား မျက်နှာဖုံးစွပ်ကာ ရုပ်ဖျက်နေရကြောင်း၊ သို့မဟုတ် သင့်ကိုယ်ပိုင် အကျိုးစီးပွားအတွက် အဘယ်ကြောင့် အခြားသူများကို အစဉ်အမြဲ သတိမူနေရမည်ဖြစ်ကြောင်းတို့ကို သင်နားမလည်နိုင်။ သင်သည် အမှန်ကို ပြောနိုင်ဖို့ ဆန္ဒရှိသော်လည်း အကျိုးဆက်များကြောင့် သင် မပြောနိုင်။ သင်သည် စစ်မှန်သောသူတစ်ယောက် ဖြစ်လိုကာ ပွင့်ပွင့်လင်းလင်း ပြောဆိုပြီး ကျင့်ကြံပြုမူလိုသည်။ ထို့ပြင် ယုတ်ညံ့သောသူတစ်ဦးဖြစ်ခြင်း သို့မဟုတ် ယုတ်မာပြီး ရှက်ဖွယ်ကောင်းသော လုပ်ဆောင်ချက်များကို တိတ်တဆိတ် လုပ်ဆောင်ခြင်း၊ အမှောင်ထဲတွင်သာ သီးသန့်နေထိုင်ခြင်းတို့မှ ရှောင်ရှားလိုသည်။ သို့သော် ယင်းကို တစ်ခုမျှ သင် မလုပ်ဆောင်နိုင်ချေ။ အဘယ်ကြောင့် သင် တည်ကြည်စွာ မနေနိုင်သနည်း။ သင်၏ အတိတ်က လုပ်ဆောင်ချက်များကို ဆင်ခြင်သုံးသပ်ကြည့်လျှင် သင်သည် အထင်သေးမှု ရေးရေးခံစားရလာသည်။ ဤကောက်ကျစ်သော ရေပန်းစားမှုနှင့် ကောက်ကျစ်သော လောကကြီးကို သင်မုန်းတီးကာ စက်ဆုပ်သည်။ တစ်ချိန်တည်းတွင်ပင် သင်သည် သင့်ကိုယ်သင် နက်နက်ရှိုင်းရှိုင်း ရွံရှာလာကာ သင်ဖြစ်လာသည့် လူမျိုးကို သင်စက်ဆုပ်လာသည်။ သို့တိုင်အောင် သင်လုပ်နိုင်သည်ကား မရှိ။ သင်၏ မိဘများသည် သူတို့၏ စကားများနှင့် အပြုအမူတို့မှ တစ်ဆင့် သင့်ကို ဤအဆောင် လက်ဆင့်ကမ်းပေးလာကြသော်လည်း ယင်းသည် သင့်ကို သင့်ဘဝတွင် ပျော်ရွှင်မှု သို့မဟုတ် လုံခြုံသော အသိစိတ်ကင်းမဲ့သည်ဟု ခံစားရအောင် လုပ်သေးသည်။ သင်သည် ဤ ပျော်ရွှင်မှု ကင်းမဲ့မှု၊ လုံခြုံရေး ကင်းမဲ့မှု၊ ရိုးသားခြင်း ကင်းမဲ့မှုနှင့် ဂုဏ်သိက္ခာကင်းမဲ့မှု တို့ကို ခံစားရသည့် အခါတွင် သင့်မိဘများက သင့်ကို ဤအဆောင် ပေးခဲ့သဖြင့် ကျေးဇူးတင်ခြင်းနှင့်အတူ သင့်အပေါ်တွင် သူတို့ထားခဲ့သည့် နှောင်ကြိုးများနှင့်ပတ်သက်၍ မကျေမချမ်းဖြစ်ရသည်ကို သင့်ကိုယ်သင် မြင်လာသည်။ သင့်မိဘများသည် သင့်အား ဤနည်းဖြင့် ကျင့်ကြံပြုမူရမည်ဟု အဘယ်ကြောင့် ပြောခဲ့ကြောင်းနှင့် လူအဖွဲ့အစည်းတွင် ခြေကုပ်ရရန်၊ ဤလူမှုအစုအဖွဲ့တွင် အံဝင်ခွင်ကျဖြစ်ရန်နှင့် မိမိကိုယ်ကို ကာကွယ်ရန်အလို့ငှာ အဘယ်ကြောင့် ဤကဲ့သို့ သင် ကျင့်ကြံပြုမူရကြောင်းတို့ကို သင်နားမလည်။ ဤသည်မှာ အဆောင်တစ်ခုဖြစ်သော်လည်း သင့်နှလုံးသားတွင် ချစ်ခြင်းရော မုန်းခြင်းပါ ခံစားရစေသည့် ကျော့ကွင်းတစ်မျိုးကဲ့သို့လည်း ဖြစ်သည်။ သို့သော် သင်မည်သည့်အရာကို လုပ်နိုင်သနည်း။ သင့်ဘဝတွင် မှန်ကန်သော လမ်းကြောင်း မရှိ။ မည်သူကမျှ သင့်ကို မည်သို့ နေထိုင်ရမည်၊ သို့မဟုတ် ကြုံကြိုက်လာသည့်အရာများကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို မပြော။ ထို့ပြင် မည်သူကမျှ သင်လုပ်ဆောင်နေသည့်အရာက မှန်သည်ဟုဖြစ်စေ၊ မှားသည်ဟုဖြစ်စေ သို့မဟုတ် သင့်ရှေ့ရှိ လမ်းများကို သင်မည်သို့ လျှောက်လှမ်းရမည်ကို မပြောပေ။ သင်သည် စိတ်ရှုပ်ထွေးခြင်း၊ ချီတုံချတုံဖြစ်ခြင်း၊ နာကျင်မှုနှင့် စိတ်မသက်မသာဖြစ်ခြင်းတို့ဖြင့်သာ ဖြတ်သန်းသွားနိုင်သည်။ ဤသည်တို့မှာ ရိုးရှင်းသောလူတစ်ယောက်ဖြစ်လိုသည့် သင်၏ အရိုးရှင်းဆုံးသော ဆန္ဒ၊ အတိအကျဆိုရလေလျှင် လောကကြီးကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် ဤနည်းလမ်းများကို မသုံးစွဲဘဲ တည်ကြည်စွာ ကျင့်ကြံပြုမူနိုင်ဖို့ သင်၏ဆန္ဒသည် အကောင်အထည်မဖော်နိုင်အောင်အထိ ဖြစ်စေလျက် လောကကြီးကို ကိုင်တွယ်ဖြေရှင်းရန် သင်၏ မိဘများနှင့် မိသားစုတို့က သင့်အား သွတ်သွင်းပေးသည့် အတွေးအမြင်၏ အကျိုးဆက်များပင်ဖြစ်သည်။ သင်သည် အပေးအယူများလုပ်ကာ သင်၏ ဂုဏ်သတင်းအတွက် အသက်ရှင်နေထိုင်ရင်း၊ အခြားသူများထံမှ ကာကွယ်နိုင်ရန် မိမိကိုယ်မိမိ အထူးပင် ခက်ထန်အောင် လုပ်လျက်၊ အနိုင်ကျင့်ခံရခြင်းရှောင်ကြဉ်ရန် ခက်ထန်ဟန်၊ မြင့်မားကာ ခွန်အားရှိဟန်နှင့် အစွမ်းရှိကာ ထူးခြားဟန်တို့ ယောင်ဆောင်လျက် ယုတ်ညံ့သည့်ဟန်ပန်ဖြင့်သာ သင်နေထိုင်နိုင်သည်။ သင်သည် သင်၏ ဆန္ဒနှင့် ဆန့်ကျင်ကာ ဤကဲ့သို့သာ နေနိုင်သည်။ ယင်းသည် သင့်ကိုယ်သင် ရွံရှာစေသော်လည်း သင့်တွင် ရွေးချယ်စရာမရှိ။ သင့်တွင် လောကကြီးကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် ဤနည်းလမ်းများနှင့် ဗျူဟာများမှ ရုန်းထွက်ရန် အစွမ်း သို့မဟုတ် လမ်းကြောင်းမရှိသဖြင့် သင်၏ မိသားစုနှင့် မိဘများက ပုံစံသွင်းထားသည့် အတွေးများက သင့်ကို ခြယ်လှယ်သည်ကို ခွင့်ပြုရန်သာ တတ်နိုင်သည်။ လူတို့သည် ဤသတိမမူမိသည့် ဖြစ်စဉ်အတွင်း သူတို့၏ မိသားစုနှင့် မိဘများက သွတ်သွင်းထားသည့် အတွေးများက အရူးလုပ်ကာ ထိန်းချုပ်ခြင်းကို ခံနေရသည်မှာ သူတို့သည် သမ္မာတရားကို သို့မဟုတ် မည်သို့နေထိုင် သင့်သည်ကို နားမလည်သဖြင့် ကံစီမံရာအတိုင်းသာ နေနိုင်ကြသောကြောင့် ဖြစ်သည်။ သူတို့၏ အသိစိတ်သည် ခံစားချက် အနည်းငယ်မျှ ရှိသေးလျှင်ပင် သို့မဟုတ် လူသားပုံသဏ္ဌာန်ဖြင့် နေထိုင်လိုကာ အခြားသူများနှင့် သင့်မြတ်ပြီး မျှတစွာ ယှဉ်ပြိုင်လိုသည့်ဆန္ဒ အနည်းငယ်မျှပင် ရှိသည်ဆိုလျှင်ပင် သူတို့ မည်သည်ကို ဆန္ဒရှိနိုင်သည်ဖြစ်စေ သူတို့၏ မိသားစုထံမှလာသည့် အတွေးနှင့် အမြင်ရှုထောင့်မျိုးစုံ၏ ပုံစံသွင်းခြင်းနှင့် ထိန်းချုပ်ခြင်းတို့မှ ရုန်းမထွက်နိုင်ဘဲ အဆုံးတွင် သူတို့တွင် အခြားလမ်းကြောင်း မရှိသဖြင့်၊ အခြာရွေးစရာ မရှိသဖြင့် “လူတစ်ယောက်သည် အခြားသူများကို ထိခိုက်စေရန် မည်သောအခါမျှ မကြံရွယ်သင့်သော်လည်း အခြားသူများက လာရောက် ထိခိုက်နိုင်သည်ကို အမြဲကာကွယ်ထားသင့်သည်။”ဟူသည့် သူတို့၏ မိသားစုက ပုံစံသွင်းထားသည့် အတွေးနှင့် အမြင်ရှုထောင့်ဆီသို့သာ ပြန်လာနိုင်သည်။ ဤအရာအားလုံးသည် လူတို့၏ သမ္မာတရားနားလည်မှု ကင်းမဲ့ခြင်းနှင့် သမ္မာတရား ရရှိရန် အရေးနိမ့်ခြင်းကြောင့် ဖြစ်သည်။ သင်၏ မိဘများက သင့်ကို “ကျားတစ်ကောင်ပုံဆွဲရာတွင် သူ၏အရေပြားကိုပြသော်လည်း အရိုးကိုမပြ။ ထို့အတူ လူတစ်ယောက်ကို သိရာတွင် သူ၏မျက်နှာကိုသိကောင်း သိနိုင်သော်လည်း သူ၏စိတ်နှလုံးကိုကား မသိနိုင်။”ဟု ပြောသေးသည်မှာ အမှန်ပင်။ သူတို့သည် အခြားသူများထံမှ ကာကွယ်ခြင်း ပညာအကြောင်းကို သင့်ကို ပြောပြီး လူတိုင်းသည် ဉာဏ်နီဉာဏ်နက်များသောကြောင့် ဤအရာကို လုပ်ဆောင်ရန် သင့်အားပြောသည်။ လူတစ်ယောက်၏ အတွင်းကျကျအတွေးများသည် အပြင်ပန်းသဏ္ဌာန်နှင့် မတူနိုင်ဘဲ အပေါ်ယံတွင် ဖြောင့်မတ်ပြီး ကြင်နာတတ်သည်ဟု မြင်ရသော်လည်း သူတို့၏ စိတ်နှလုံးသည် မြွေသဖွယ် သို့မဟုတ် ကင်းမြီးကောက်သဖွယ် အဆိပ်ပြင်းနေတတ်သဖြင့် သင်သည် လူတို့ကို မရိပ်စားမိနိုင်လျှင် အလှည့်ဖြားခံရရန် လွယ်ကူသောကြောင့်သော်လည်းကောင်း၊ လူတစ်ယောက်သည် အပေါ်ယံတွင် စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်းတို့ အကြောင်း ပြောကာ မှန်ကန်သည့် အရာများ အားလုံးကို ပြောနေ၍ သူ၏ မိန့်ခွန်းများသည် ဖြောင့်မတ်ခြင်းနှင့် ကိုယ်ကျင့်တရားအပြုအမူတို့နှင့် ပြည့်နေသော်လည်း သူ၏ စိတ်နှလုံးနှင့် ဝိညာဉ်တို့၏ အတွင်းနက်နက်တွင်မူ သူတို့သည် အထူးသဖြင့် ညစ်ညမ်းပြီး စက်ဆုပ်ဖွယ်ကောင်းကာ နိမ့်ကျ၍ မကောင်းမှုတို့ဖြင့် ပြည့်နေသောကြောင့်သော်လည်းကောင်း သူတို့သည် သင့်ကို ဤသို့လုပ်ဆောင်ရန်ပြောခြင်းဖြစ်သည်။ ထို့ကြောင့် သင်သည် သင့်မိဘများက သင့်ထံ သွတ်သွင်းထားသည့် အတွေးများနှင့် အမြင်ရှုထောင့်များကို အခြေခံ၍သာ အခြားသူများကို ချဉ်းကပ်ကာ ထိတွေ့ဆက်ဆံနိုင်သည်။

“လူတစ်ယောက်သည် အခြားသူများကို ထိခိုက်စေရန် မည်သောအခါမျှ မကြံရွယ်သင့်သော်လည်း အခြားသူများက လာရောက် ထိခိုက်နိုင်သည်ကို အမြဲကာကွယ်ထားသင့်သည်။” နှင့် “ကျားတစ်ကောင်ပုံဆွဲရာတွင် သူ၏အရေပြားကိုပြသော်လည်း အရိုးကိုမပြ။ ထို့အတူ လူတစ်ယောက်ကို သိရာတွင် သူ၏မျက်နှာကိုသိကောင်း သိနိုင်သော်လည်း သူ၏စိတ်နှလုံးကိုကား မသိနိုင်။” တို့သည် လောကကြီးကို ကိုင်တွယ်ဖြေရှင်းရာတွင် မိဘများ သင့်ထံတွင် သွတ်သွင်းပေးလိုက်သည့် အခြေခံအကျဆုံး စည်းမျဉ်းများဖြစ်သည်သာမက လူတို့ကို ရှုမြင်ခြင်းနှင့် သူတို့ကို အမြဲသတိမူနေခြင်းတို့အတွက် အခြေခံ အကျဆုံး စံနှုန်းများလည်း ဖြစ်သည်။ မိဘများ၏ အခြေခံရည်ရွယ်ချက်မှာ သင့်ကို ကာကွယ်ရန်နှင့် သင့်ကိုယ်သင်ကာကွယ်ရာတွင် အထောက်အကူပြုရန် ဖြစ်သည်။ သို့သော် အခြားရှုထောင့် တစ်ခုမှကြည့်လျှင် ဤစကားများ၊ အတွေးများနှင့် အမြင်ရှုထောင့်များတို့က သင့်အား လောကကြီးသည် အန္တရာယ်များကာ လူတို့သည် မယုံကြည်ရဟု ပို၍ပင်ခံစားရစေနိုင်ကာ အခြားသူတို့အပေါ် အပြုသဘောဆောင်သည့် ခံစားချက် အတိကင်းမဲ့သည်အထိပင် ဖြစ်ကောင်း ဖြစ်စေနိုင်သည်။ သို့သော် သင်သည် လူတို့ကို မည်ကဲ့သို့ အမှန်တကယ် ပိုင်းခြားသိမြင်ကာ အခြားသူများကို မည်ကဲ့သို့ မြင်ရမည်နည်း။ မည်သည့်လူများနှင့် သင်သည် သင့်မြတ်နိုင်ပြီး လူတို့အကြား သင့်လျော်သည့် ဆက်ဆံရေးသည် မည်သည့်အရာ ဖြစ်သင့်သနည်း။ လူတစ်ယောက်သည် စည်းမျဉ်းများပေါ်အခြေခံ၍ အခြားသူများနှင့် မည်သို့ ထိတွေ့ဆက်ဆံကာ အခြားသူများနှင့် မည်သို့ မျှတစွာနှင့် သဟဇာတဖြစ်စွာ ထိတွေ့ဆက်ဆံနိုင်သနည်း။ မိဘများသည် ဤကိစ္စများနှင့် ပတ်သက်၍ မည်သည်မျှ မသိ။ ၎င်းတို့သည် အခြားသူတို့ကို မည်မျှထိခိုက်ပါစေ အခြားသူများ၏ ဒုက္ခပေးခြင်းမှ မိမိတို့ကိုယ်ကို ကာကွယ်ဖို့အလို့ငှာ လူများကို သတိထားကာကွယ်ရန်၊ ပြီးလျှင် အခြားသူများကို အခွင့်ကောင်းယူဖို့နှင့် ထိန်းချုပ်ဖို့ လောကကြီးကို ကိုင်တွယ်ဖြေရှင်းရန်အတွက် လှည့်ကွက်များ၊ အကြံအစည်များအပြင် မျိုးစုံသော ဥပါယ်တံမျဉ် စည်းကမ်းများနှင့် နည်းဗျူဟာများကို မည်သို့အသုံးပြုရမည်ကိုသာ သိကြသည်။ ဤအတွေးနှင့် အမြင်ရှုထောင့်များကို မိမိတို့၏ သားသမီးများကို သွန်သင်ရာတွင် မိဘများက သူတို့ထံ သွတ်သွင်းပေးသည့်အရာများသည် လောကကြီးကို ကိုင်တွယ်ရန် နည်းဗျူဟာအချို့မျှသာ ဖြစ်သည်။ ယင်းတို့သည် နည်းဗျူဟာများထက် စိုးစဉ်းမျှမပို။ ယင်းဗျူဟာများတွင် မည်သည်တို့ ပါဝင်သနည်း။ လှည့်ကွက်မျိုးစုံ၊ ဥပါယ်တံမျဉ် စည်းကမ်းမျိုးစုံ၊ အခြားသူများကို ကျေနပ်စေနည်းမျိုးစုံ၊ မိမိ၏ ကိုယ်ပိုင် အကျိုးစီးပွားကို ကာကွယ်နည်းမျိုးစုံနှင့် တစ်ကိုယ်ရေ အကျိုးအမြတ်ကို အများဆုံးဖြစ်စေနည်းမျိုးစုံ တို့ပါဝင်သည်။ ယင်းစည်းမျဉ်းတို့သည် သမ္မာတရား ဖြစ်သလော။ (မဟုတ်ကြပါ။) ယင်းတို့သည် လူတို့ လိုက်လျှောက်ရန် မှန်ကန်သော လမ်းကြောင်းများ ဖြစ်သလော။ (မဟုတ်ပါ။) ယင်းတို့မှ မည်သည်ကမျှ မှန်ကန်သော လမ်းကြောင်းမဟုတ်။ သို့ဆိုလျှင် မိဘများက သင့်ထံ သွတ်သွင်းသည့် ဤအတွေးများ၏ အနှစ်သာရကား အဘယ်နည်း။ ယင်းတို့သည် သမ္မာတရားနှင့် ကိုက်ညီခြင်း မရှိ။ ယင်းတို့သည် မှန်ကန်သော လမ်းကြောင်း မဟုတ်သကဲ့သို့ အပြုသဘောဆောင်သော အရာများ မဟုတ်ပေ။ သို့ဆိုလျှင် ယင်းတို့သည် မည်သည်နည်း။ (ယင်းတို့သည် ကျွန်ုပ်တို့ကို ဖောက်ပြန်ပျက်စီးစေသော စာတန်၏ အတွေးအမြင်များ လုံးလုံးလျားလျား ဖြစ်ကြသည်။) ရလဒ်ကိုကြည့်လျှင် ယင်းတို့သည် လူတို့ကို ဖောက်ပြန်ပျက်စီးစေသည်။ သို့ဆိုလျှင် ဤအတွေးများ၏ အနှစ်သာရသည်ကား အဘယ်နည်း။ “လူတစ်ယောက်သည် အခြားသူများကို ထိခိုက်စေရန် မည်သောအခါမျှ မကြံရွယ်သင့်သော်လည်း အခြားသူများက လာရောက် ထိခိုက်နိုင်သည်ကို အမြဲကာကွယ်ထားသင့်သည်။”ကဲ့သို့ပင် ဖြစ်သည်။ ဤသည်မှာ အခြားလူများနှင့် ထိတွေ့ဆက်ဆံခြင်းအတွက် မှန်ကန်သော စည်းမျဉ်းဖြစ်ပါသလော။ (မဟုတ်ပါ။ ယင်းတို့သည် စာတန်ထံမှလာသည့် အလုံးစုံ အပျက်သဘောဆောင်သည့် အရာများဖြစ်ကြသည်။) ယင်းတို့သည် စာတန့်ထံမှလာသည့် အပျက်သဘောဆောင်သည့် အရာများဖြစ်သည်။ သို့ဆိုလျှင် ယင်းတို့၏ အနှစ်သာရနှင့် သဘာဝမှာကား အဘယ်နည်း။ ယင်းတို့သည် လှည့်ကွက်များ မဟုတ်လော။ ယင်းတို့သည် နည်းဗျူဟာများ မဟုတ်လော။ ယင်းတို့သည် အခြားသူများကို သိမ်းသွင်းစည်းရုံးရန် နည်းဗျူဟာများ မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းတို့သည် သမ္မာတရားသို့ ဝင်ရောက်ရန် လက်တွေ့လုပ်ဆောင်ရသော စည်းမျဉ်းများ သို့မဟုတ် ဘုရားသခင်က လူတို့ကို မည်သို့ကျင့်ကြံပြုမူရမည်ကို သွန်သင်ပေးသည့် အပြုသဘောဆောင်သော စည်းမျဉ်းများနှင့် လမ်းညွှန်ချက်များမဟုတ်ပေ။ ယင်းတို့သည် လောကကြီးကို ကိုင်တွယ်ဖြေရှင်းရန် နည်းဗျူဟာများဖြစ်သည်။ ယင်းတို့သည် လှည့်ကွက်များဖြစ်သည်။ ထို့အပြင် “ကျားတစ်ကောင်ပုံဆွဲရာတွင် သူ၏အရေပြားကိုပြသော်လည်း အရိုးကိုမပြ။ ထို့အတူ လူတစ်ယောက်ကို သိရာတွင် သူ၏မျက်နှာကိုသိကောင်း သိနိုင်သော်လည်း သူ၏စိတ်နှလုံးကိုကား မသိနိုင်။”ကဲ့သို့သော စကားစု၏ သဘာဝသည်လည်း တူညီသလော။ (တူညီပါသည်။) ဤစကားစုတို့သည် သင့်ကို ကောက်ကျစ်လာစေရန်၊ မရိုးရှင်းစေရန်၊ မရိုးဖြောင့်စေရန် သို့မဟုတ် မတည်ကြည်စေရန်၊ နားလည်ရ ခက်ခဲစေရန်နှင့် အခြားသူများ သင့်ကို ရိပ်စားမိဖို့ ခက်ခဲစေရန် မပြောသလော။ ဤအတွေးနှင့် အမြင်ရှုထောင့်များက ဆောင်ယူလာသည့် လောကကြီးကို ကိုင်တွယ်ဖြေရှင်းရန် သီးခြားစည်းမျဉ်များသည် သင့်ကို အခြားလူများနှင့် ထိတွေ့ဆက်ဆံသည့်အခါတွင် နည်းဗျူဟာများ သုံးစွဲရန်၊ အခြားသူများအား သိမ်းသွင်းစည်းရုံးနည်းကို သင်ယူရန်နှင့် ခေတ်တိုင်းတွင် လူများအကြား ပျံ့နှံ့နေသည့် ဥပါယ်တံမျဉ် စည်းကမ်းများကို သင်ယူရန် မပြောသလော။ (ပြောပါသည်။) လူအချို့က “မိဘများသည် အခြားသူများထံမှ မိမိကိုယ်ကို ကာကွယ်ရန်နှင့် လူများကို မည်သို့ရှုမြင်ပုံကို သင်ယူရန် ညွှန်ကြားဖို့အတွက် ဤစကားများကို ပြောသည်”ဟု ဆိုကြသည်။ အခြားသူများကို မည်သို့ ရှုမြင်ရမည်ကို သူတို့က ပြောခဲ့သလော။ သူတို့က အခြားသူများကို မည်သို့ ရှုမြင်ရမည်ကို မပြောခဲ့။ သူတို့က မတူညီသည့် လူများကို မှန်ကန်သည့် စည်းမျဉ်းအလိုက် ချဉ်းကပ်ရန်ကို မပြောခဲ့။ သို့သော် မတူညီသော လူများ၏ လိုအပ်ချက်နှင့် နည်းဗျူဟာအလိုက် လိုအပ်ချက်ဖြည့်တင်းပေးသည့် ဆီလျော်သော လှည့်ကွက်များနှင့် အကြံအစည်များကို သုံးရန်ပြောခဲ့သည်။ ဥပမာ သင်၏ သူဌေးသို့မဟုတ် အထက်အရာရှိသည် သိက္ခာကင်းမဲ့ပြီး မိန်းမလိုက်စားသူဖြစ်သည်။ သင်က “သူဌေးသည် အပေါ်ယံတွင် လေးစားဖွယ်ကောင်းသည် ဖြောင့်မတ်သည်ဟု ထင်ရသည်။ သို့သော် ယင်းတို့အားလုံးအောက်တွင် သူသည် စင်စစ်အားဖြင့် မိန်းမလိုက်စားသူတစ်ဦးသာဖြစ်သည်။ ဤသည်မှာ သူ၏ စိတ်ဝိညာဉ်အတွင်းနက်နက်တွင် လူယုတ်မာမျိုးသာဖြစ်သည်။ ဤကား အဆင်ပြေပါသည်။ ငါသည် သူ၏ ကြိုက်နှစ်သက်မှုအလိုက် လုပ်ဆောင်မည်။ မည်သည့် အမျိုးသမီးသည် ကြည့်ကောင်းသည်ကို ကြည့်ကာ ချဉ်းကပ်ပြီး သူဌေးစိတ်ကျေနပ်အောင် သူနှင့် မိတ်ဆက်ပေးမည်”ဟု တွေးသည်။ ဤကား လောကကြီးကို ကိုင်တွယ်ဖြေရှင်းရန် ဗျူဟာတစ်ခုဖြစ်လော။ (ဟုတ်ပါသည်။) ဥပမာ သင်သည် အမြတ်ထုတ်ရန်တန်ဖိုးရှိပြီး သင်ထိတွေ့ဆက်ဆံထိုက်သည့် လူတစ်ယောက်ကို သင်တွေ့သော်လည်း သူသည် သွားထိရန် မလွယ်ကူသဖြင့် သင်သည် “သူကြားလိုသည့် အချိန်တိုင်း သူ့ကို မြှောက်လုံးပင့်လုံးများ ပြောရမည်”ဟု တွေးသည်။ ထိုသူက “ယနေ့ ရာသီဥတု သာယာသည်”ဟု ဆို၏။ သင်က “ယနေ့ ရာသီဥတုသည် အမှန်တကယ် သာယာသည်။ မနက်ဖြန်လည်း သာယာလိမ့်ဦးမည်”ဟုဆိုသည်။ သူက “ယနေ့ အမှန်ပင် အေးသည်”ဟု ဆိုသည်။ သင်က “ဟုတ်သည်။ အေးပါသည်။ နွေးနွေးထွေးထွေး တစ်ခုခု အဘယ်ကြောင့် မဝတ်သနည်း။ ကျွန်ုပ်၏ အနွေးထည်သည် နွေးထွေးသည်။ ဝတ်လိုက်ပါ”ဟုဆိုသည်။ သူက သမ်းလျှင် သမ်းချင်း သင်က ခေါင်းအုံးကို မြန်မြန်ကမ်းပေးသည်။ သူက ဆေးပုလင်းထုတ်လျှင် သင်က ရေအမြန်ငှဲ့ပေးသည်။ သူက စားပြီး၍ ထိုင်လျှင် သင်က လက်ဖက်ရည် မြန်မြန်ဖျော်ပေးသည်။ ယင်းတို့သည် လောကကြီးကို ကိုင်တွယ်ဖြေရှင်းရန် နည်းဗျူဟာများ မဟုတ်သလော။ (ဟုတ်ပါသည်။) ယင်းတို့သည် လောကကြီးကို ကိုင်တွယ်ဖြေရှင်းရန် နည်းဗျူဟာများ ဖြစ်ကြသည်။ အဘယ်ကြောင့် သင်သည် ဤဗျူဟာများကို အသုံးပြုနိုင်ရသနည်း။ အဘယ်ကြောင့် သင်က သူ့ကို မြှောက်ပင့်လိုသနည်း။ အကယ်၍ သူ့ကို သင်မလိုဘဲ သူသည် သင့်အတွက် အကျိုးအမြတ် မရှိပါက သင်သူတို့ကို ဤသို့ ဆက်ဆံလိမ့်မည်လော။ (မဆက်ဆံပါ။) မဆက်ဆံပေ။ ဤကား “ဆုလာဘ်မရှိဘဲ လုံးဝ မလုပ်နှင့်”ဟု လူတို့ ပြောလေ့ရှိသကဲ့သို့ပင်။ ယင်းမှာ စားပင် စိုက်ခင်းသို့ ရေအိုး ယူဆောင်သွားကာ အသုံးတည့်သည့်အရာများသာ ရေလောင်းသည် ဟူသကဲ့သို့ပင်ဖြစ်သည်။ သင်သည် သင့်အတွက် အသုံးဝင်သူများကို တက်ကြွစွာ သွားရောက် မြှောက်ပင့်သည်။ သူတို့သည် မိမိတို့ရာထူးမှ ဆင်းသည်နှင့် သို့မဟုတ် ဖယ်ရှားခံလိုက်ရသည်နှင့် သူတို့အပေါ် သင်၏ စိတ်အားထက်သန်မှုသည် ချက်ချင်း အေးသွားကာ သူတို့ကို ဥပေက္ခာပြုလိုက်တော့သည်။ သူတို့ သင့်ကို ဖုန်းခေါ်ပါက သင်သည် သင့်ဖုန်းကို ပိတ်ထားသည်၊ သို့မဟုတ် လိုင်းမအားသလို ဟန်ဆောင်ကာ မကိုင်ပေ။ သူတို့ သင့်ကို တွေ့သည့်အခါတွင် နှုတ်ဆက်ကာ “ယနေ့ ရာသီဥတု သာယာသည်”ဟုဆိုသည်။ သင်က “အာ ဟုတ်ပါသည်။ သွားလိုက်ပါဦးမည်။ နောက်မှ တစ်ခုခုပေါ်လာလျှင် စကားပြောကြစို့။ ကျွန်ုပ် သင့်ကို တစ်ခါတစ်ရံ မုန့်လိုက်ကျွေးပါမည်” ဟုပြောကာ စကားစဖြတ်လိုက်လေသည်။ အနှစ်မဲ့သော ကတိများသာ။ ထို့နောက်တွင်သည် သူတို့ကို ဥပေက္ခာပြုကာ မဆက်သွယ်ဘဲ အဆက်အသွယ်ပင် ဖြတ်လိုက်သေးသည်။ မိဘများက လူတို့ကို သွတ်သွင်းထားသည့် အတွေးနှင့် အမြင်ရှုထောင့်မျိုးစုံတို့သည် သူတို့၏ စိတ်နှလုံးအပေါ်တွင် မမြင်နိုင်သော အကာအကွယ်နံရံတစ်ခု တည်ထောင်စေသည်။ တစ်ချိန်တည်းတွင်ပင် လူတို့ကို မည်သို့လှေနံနှစ်ဖက်နင်းဖို့နှင့် လူမှုအစုအဖွဲ့တစ်ခုတွင် မည်သို့အံဝင်ခွင်ကျဖြစ်ရမည်ကိုလည်းကောင်း၊ လူ့အဖွဲ့အစည်းတွင် မိမိကိုယ်ကို မည်သို့ ဂုဏ်တင်ရမည်ကို လည်းကောင်း၊ ပြီးလျှင် လူအဖွဲ့တစ်ခုတွင် အနိုင်ကျင့်မခံရအောင် မည်သို့နေရမည်ကိုလည်းကောင်း လူတို့ကို သွန်သင်ပေးကာ သူတို့သည် လောကကြီးကို ကိုင်တွယ်ဖြေရှင်းရန် သို့မဟုတ် ရှင်သန်နိုင်ရန် အခြေခံနည်းလမ်းအချို့ကိုလည်း သွတ်သွင်းသေးသည်။ သင် လူ့အဖွဲ့အစည်းထဲသို့ မဝင်မီတွင် သင်၏ မိဘများက သီးခြားအခြေအနေများကို မည်သို့ ကိုင်တွယ်ရမည်ဟု တိတိကျကျ လမ်းမညွှန်ခဲ့သော်လည်း လောကကြီးကို ကိုင်တွယ်ဖြေရှင်းရန် ဤနည်းလမ်းများနှင့် စည်းမျဉ်းများအရ သင့်မိဘများ သို့မဟုတ် မိသားစု၏ ပုံစံသွင်းခြင်းသည် သင့်အား လောကကြီးကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အခြေခံ အမြင်ရှုထောင့်များနှင့် စည်းမျဉ်းများ ပေးခဲ့ပြီးသည်ဖြစ်သည်။ လောကကြီးကို ကိုင်တွယ်ဖြေရှင်းရန် ဤအခြေခံ အမြင်ရှုထောင့်များနှင့် စည်းမျဉ်းများသည်ကား အဘယ်နည်း။ လူတို့နှင့် ထိတွေ့ဆက်ဆံတိုင်းတွင် မည်သို့မျက်နှာဖုံး စွပ်ထားရမည်ကိုလည်းကောင်း၊ လူမှု အစုအဖွဲ့တိုင်းတွင် မျက်နှာဖုံးဖြင့်သာ မည်သို့နေထိုင်ရမည်ကိုလည်းကောင်း၊ ပြီးလျှင် သင်၏ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကို ဆုံးရှုံးမှု ခံစားရခြင်းမှ ကာကွယ်ကာ တစ်ချိန်တည်းမှာပင် သင်လိုလားသော ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကို ရရှိခြင်း သို့မဟုတ် ပုဂ္ဂလိက လုံခြုံရေးနှင့်ပတ်သက်သော အခြေခံအာမခံချက်ရရှိခြင်း ဟူသည့် ပန်းတိုင်ကို နောက်ဆုံးတွင် ရရှိခြင်းကိုလည်းကောင်း ယင်းတို့က သွန်သင်ပေးသည်။ လောကကြီးကို ကိုင်တွယ်ဖြေရှင်းရန်အတွက် သင်၏ မိဘများက သင့်ထံတွင် သွတ်သွင်းထားသည့် အတွေးများ၊ အမြင်ရှုထောင့်များနှင့် မျိုးစုံသော နည်းဗျူဟာများမှ မိဘများက သင့်ကို ပို၍သိက္ခာရှိသော လူတစ်ယောက် မည်သို့ဖြစ်လာစေရန်၊ စစ်မှန်သော လူတစ်ယောက်မည်သို့ ဖြစ်စေရန်၊ ကောင်းမွန်သော ဖန်ဆင်းခံတစ်ယောက် မည်သို့ ဖြစ်စေရန် သို့မဟုတ် သမ္မာတရားကို ပိုင်ဆိုင်သော လူတစ်ယောက် မည်သို့ဖြစ်စေရန်ကို သင်ကြားခဲ့ခြင်းမရှိကြောင်း တွေ့နိုင်သည်။ ဆန့်ကျင်ဘက်အနေနှင့်မူ သူတို့သည် အခြားလူများကို မည်သို့ လှည့်ဖျားရန်၊ အခြားသူများထံမှ မည်သို့ သတိထားကာကွယ်ထားရန်၊ လူအမျိုးမျိုးတို့နှင့် ထိတွေ့ဆက်ဆံရာတွင် နည်းဗျူဟာများကို မည်သို့အသုံးပြုရန်တို့အပြင် လူတို့၏ စိတ်နှလုံးသည် မည်သို့ရှိသည်နှင့် လူသားမျိုးနွယ်သည် မည်သို့ရှိသည်တို့ကို သင့်အား ပြောပြသည်။ သင့်မိဘများထံမှ ယင်း အတွေးနှင့် အမြင်ရှုထောင့်များ၏ ပုံစံသွင်းခြင်းအောက်တွင် သင်၏ အတွင်းစိတ်သည် အဆက်မပြတ် ပို၍ အန္တရာယ်ပြုမည့်လက္ခဏာ ရှိလာကာ လူတို့ကို မနှစ်သက်မှု ဖြစ်တည်လာသည်။ လောကကြီးကို ကိုင်တွယ်ဖြေရှင်းရန် နည်းဗျူဟာများ မရှိသေးမီကပင် သင်၏ ငယ်ရွယ်သော စိတ်နှလုံးတွင် လူသားမျိုးနွယ်အတွက် မည်ကာမတ္တ ဖြစ်သော၊ အခြေခံကျသော အဓိပ္ပာယ်ဖွင့်ဆိုချက်အပြင် လောကကြီးကို မည်သို့ကိုင်တွယ်ဖြေရှင်းရန် မည်ကာမတ္တ ဖြစ်သော အခြေခံ စည်းမျဉ်းများ ရှိနှင့်နေပြီဖြစ်သည်။ သို့ဖြစ်၍ သင်၏ လောကကြီးကို ကိုင်တွယ်ဖြေရှင်းခြင်းတွင် မိဘများက မည်သည့်အခန်းကဏ္ဍ၌ ပါဝင်သနည်း။ သူတို့သည် သင့်ကို မှားယွင်းသော လမ်းကြောင်းတစ်လျှောက် လမ်းညွှန်ခြင်း ကဏ္ဍ၌ ဧကန်မုချ ပါဝင်သည်။ သူတို့သည် သင့်ကို ကောင်းမွန်သော လမ်ကြောင်းကို လျှောက်လှမ်းရန် ဦးဆောင်ရမည့်အစား သို့မဟုတ် အပြုသဘောဆောင်ပြီး တက်ကြွသောနည်းလမ်းဖြင့် သင့်ကို လူသားဘဝတွင် မှန်ကန်သော လမ်းကြောင်းသို့ လမ်းညွှန်ရမည့်အစား သင့်ကို လမ်းလွဲသွားစေသည်။

မိဘများသည် သားများကို “ယောက်ျားမျက်ရည် လွယ်လွယ်မကျ” ကဲ့သို့သော ဆိုရိုးစကားများနှင့် ပုံစံသွင်းခြင်းအပြင် မကြာခဏ ပြောလေ့ရှိသည်မှာ “‘ကြက်ဖကောင်းသည်‌ ခွေးနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းမပြု။ ယောက်ျားကောင်းသည် မိန်းမတို့နှင့် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းမပြု’ မိန်းကလေးများနှင့် ပလူးပလဲနေခြင်း သို့မဟုတ် ယှဉ်ပြိုင်တိုက်ခိုက်ခြင်း မပြုနှင့်။ သူတို့၏ အဆင့်သို့ မဆင်းလေနှင့်။ သူတို့သည် မိန်းကလေးများ ဖြစ်သည်။ ပြီးလျှင် သင်က အလျှော့ပေးသင့်သည်” ဟူ၍ဖြစ်သည်။ သင်သည် အဘယ်ကြောင့် သူတို့ကို အလျှော့ပေးသင့်သနည်း။ အကယ်၍ သူတို့သည် အမှားတစ်ခုခု လုပ်မိပါက သင်သည် သူတို့ကို အလျှော့မပေးသင့်ပေ၊ သို့မဟုတ် အလိုမလိုက်သင့်ပေ။ အမျိုးသားနှင့် အမျိုးသမီးများသည် တန်းတူညီမျှသည်။ သင်ကဲ့သို့ပင် သူတို့ကို အမေနှင့် အဖေက မွေးဖွားကာ ပျိုးထောင်ပေးခဲ့သည်။ သို့ဆိုလျှင် အဘယ်ကြောင့် သင်က သူတို့ကို အလျှော့ပေးသင့်သနည်း။ သူတို့သည် အမျိုးသမီးများ ဖြစ်နေခြင်းကြောင့် သက်သက်ဖြစ်သလော။ သူတို့သည် အမှားလုပ်မိသည့်အခါ အပြစ်ပေးခံရသင့်သည်။ ယင်းအတွက် သွန်သင်ဆုံးမခံရသင့်သည်။ သူတို့၏ အမှားကို ဝန်ခံသင့်သည်။ တောင်းပန်သင့်သည်။ သူတို့ မည်သည့်အရာကို အမှားပြုလုပ်ခဲ့ကြောင်းနှင့် ယင်းကိစ္စနှင့် နောက်တစ်ကြိမ် ကြုံတွေ့သည့်အခါ ထိုသို့သော အမှားမျိုးကို ထပ်မပြုလုပ်သင့်ကြောင်းတို့ကို သူတို့ နားလည်သင့်သည်။ ယင်းအခြေအနေကို ချဉ်းကပ်ရန် သင်၏ မိဘများက သင့်ကို သွန်သင်ပေးခဲ့သည့် “ယောက်ျားကောင်းသည် မိန်းမတို့နှင့် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းမပြု”ဆိုသည့် စည်းမျဉ်းကို လိုက်နာနေမည့်အစား သင်သည် သူတို့ကို မည်သို့ ကူညီရမည်ကို လေ့လာသင့်သည်။ မိန်းမများရော ယောက်ျားများပါ လူများအားလုံးသည် တစ်ကြိမ်မဟုတ် တစ်ကြိမ်တွင် အမှားပြုလုပ်မိသည်ချည်းသာဖြစ်သည်။ ပြုလုပ်မိသည့်အခါတွင် ၎င်းတို့သည် မိမိတို့၏ အမှားများကို ဝန်ခံကာ နောင်တရသင့်သည်။ မိဘများက ပြောသည့်အရာဖြစ်သော “ကြက်ဖကောင်းသည် ခွေးနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းမပြု။ ယောက်ျားကောင်းသည် မိန်းမတို့နှင့် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းမပြု”ဆိုသည်ကို စောင့်ထိန်းလိုက်နာနေမည့်အစား ယောက်ျားများရော မိန်းမများပါ လမ်းမှန်ကို လျှောက်ကာ ဂုဏ်သိက္ခာနှင့် နေထိုင်သင့်သည်။ ယောက်ျားကောင်းတစ်ယောက်သည် မိန်းမများနှင့် ယှဉ်ပြိုင်တိုက်ခိုက်မှု မပြုခြင်းဖြင့် မိမိကိုယ်ကို ဂုဏ်မဖော်သကဲ့သို့ မိန်းမများ၏ အဆင့်သို့ မဆင်းခြင်းဖြင့်လည်း မိမိကိုယ်ကို ဂုဏ်မဖော်ပေ။ သင်မြင်သလော၊ မိဘများက “မိန်းမများသည် ဆံပင်ရှည်သော်လည်း မျက်တောင်တစ်ဆုံးသာ ကြည့်ကြသည်။ သူတို့တွင် အလားအလာမရှိကြ။ သူတို့ကဲ့သို့ မဖြစ်စေနှင့်။ သူတို့ကို အလေးအနက်မထားနှင့်။ သို့မဟုတ် သူတို့ကို အာရုံမစိုက်နှင့်”ဟု မကြာခဏ ပြောလေ့ရှိသည်။ “သူတို့ကို အာရုံမစိုက်နှင့်” ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ စည်းမျဉ်းများ၏ ပြဿနာများကို ရှင်းလင်းကာ ရှင်းပြရန် လိုအပ်သည်။ မည်သူက အမှားကို ပြုလုပ်သည်ကိုလည်းကောင်း၊ မည်သူက အပြုသဘောဆောင်သည့်အရာကို ပြောသည် သို့မဟုတ် အပျက်သဘောဆောင်သည့် အရာကို ပြောသည်ကိုလည်းကောင်း၊ စည်းမျဉ်းများ၊ လမ်းကြောင်းများနှင့် ကျင့်ကြံပြုမူမှုတို့ပါဝင်သည့် ကိစ္စများဖြစ်သည့် မည်သူ၏ လမ်းကြောင်း ဖော်ပြမှုသည် မှန်ကန်သည်ကိုလည်းကောင်း ရှင်းလင်းပြရမည်။ အမှားနှင့် အမှန်ကြားရှိ စည်းကို မဝေဝါးစေနှင့်။ မိန်းမတစ်ယောက်အတွက်ပင်လျှင် ကိစ္စများကို ရှင်းလင်းစေသင့်သည်။ သင်သည် သူ့အတွက် အမှန်တကယ် ထည့်သွင်းစဉ်းစားနေလျှင် သင်သည် သူ့ကို လူတို့ နားလည်သင့်သည့် သမ္မာတရားကိုပြောပြသင့်သည်။ သူ့ကို လမ်းကြောင်းမှန် လျှောက်စေရန် ကူညီပေးသင့်သည်။ သူ့ကို အလိုမလိုက်နှင့်။ ထို့အပြင် သူသည် အမျိုးသမီးတစ်ယောက် ဖြစ်နေရုံဖြင့် ကိစ္စများကို အလေးအနက်ထား ဆွေးနွေးခြင်း သို့မဟုတ် ရှင်းလင်းပြခြင်းတို့ကို မရှောင်ရှားနှင့်။ အမျိုးသမီးများသည်လည်း ဂုဏ်သိက္ခာရှိစွာ နေထိုင်သင့်ပြီး အမျိုးသားများက သူတို့ကို အလျှော့ပေးရုံဖြင့် မိမိတို့ကိုယ်ကို အလိုလိုက်ခြင်း သို့မဟုတ် အကျိုးသင့် အကြောင်းသင့်ရှိရန် ငြင်းဆန်ခြင်းမပြုသင့်ပေ။ အမျိုးသားများနှင့် အမျိုးသမီးများသည် ၎င်းတို့၏ ဇီဝကမ္မဗေဒအရသာ ကွဲပြားသော်လည်း ဘုရားသခင်၏အမြင်တွင်မူ ၎င်းတို့၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းသည် အတူတူပင်ဖြစ်သည်။ ၎င်းတို့နှစ်ဦးစလုံးသည် ဖန်ဆင်းခံများဖြစ်ကြပြီး ၎င်းတို့၏ လိင်ကွဲပြားမှုများမှလွဲ၍ ၎င်းတို့ကို ကွဲပြားစေသည့် အရာများစွာမရှိပေ။ ၎င်းတို့နှစ်ဦးစလုံးသည် ဖောက်ပြန်ပျက်စီးမှုကို တွေ့ကြုံခံစားကြပြီး တူညီသောကျင့်ကြံပြုမူမှု စည်းမျဉ်းများ ရှိကြသည်။ ဘုရားသခင်၏ သတ်မှတ်ထားသောစံနှုန်းများသည် အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးစလုံးအတွက် ကွဲပြားခြင်းမရှိဘဲ ထပ်တူညီသည်။ သို့ဖြစ်၍ “ယောက်ျားကောင်းသည် မိန်းမတို့နှင့် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းမပြု” ဆိုသည့် မိဘများ၏ သွန်သင်ချက်မှာ မှန်ကန်ပါ၏လော။ (မမှန်ကန်ပါ။) သို့ဆိုလျှင် မှန်ကန်သော ချဉ်းကပ်နည်းသည်ကား အဘယ်နည်း။ ဤသည်မှာ ယှဉ်ပြိုင်တိုက်ခြင်းများတွင် ပါဝင်ပတ်သက်ခြင်းခြင်းအကြောင်း မဟုတ်ဘဲ သင်၏ လက်တွေ့လုပ်ဆောင်မှုကို စည်းမျဉ်းများနှင့် ချိန်ညှိခြင်း ဖြစ်သည်။ ဤကဲ့သို့ မှတ်ချက်စကားများဖြင့် မိဘများသည် မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းသည် သမီးများထက် သားများကို ဦးစားပေးခြင်း မဟုတ်ပေလော။ သူတို့က ပြောနေသည်မှာ “မိန်းမများသည် ဆံပင်ရှည်သော်လည်း မျက်တောင်တစ်ဆုံးသာ ကြည့်ကြသည်။ သူတို့သည် နုံအကာ သူတို့၏ ဉာဏ်ရည်ဉာဏ်သွေးမှာ မပြောပလောက်ဖွယ်ဖြစ်သည်။ အဘယ်ကြောင့် သူတို့ကို အကျိုးသင့်အကြောင်းသင့်ပင် ပြောရမည်နည်း။ သူတို့ နားလည်မည် မဟုတ်။ ‘ရင်သားကြီးသည့် အမျိုးသမီးများသည် ဦးနှောက်မရှိ၊ သူတို့သည် ဆံပင်ရှည်သော်လည်း မျက်တောင်တစ်ဆုံးသာ ကြည့်ကြသည်’ ဟူသည့် ဆိုရိုးစကားအတိုင်းပင် ဖြစ်သည်။ အဘယ်ကြောင့်အမျိုးသမီးများအတွက် သင်အပင်ပန်းခံနေမည်နည်း၊ သို့မဟုတ် ၎င်းတို့ကို အလေးအနက် ထားနေမည်နည်း” ဟူသည့် ပုံစံပေါက်နေသည်။ အမျိုးသမီးများသည် လူသားမဟုတ်သလော။ ဘုရားသခင်သည် အမျိုးသမီးများကို မကယ်တင်သလော။ သူသည် သူတို့အား သမ္မာတရားကို မဝေမျှသလော သို့မဟုတ် အသက်ကို မပေးသလော။ ဤသည်မှာ မှန်ကန်သလော။ (မမှန်ကန်ပါ။ ယင်းမှာ မမှန်ကန်ပါ။) အကယ်၍ ဘုရားသခင်က ဤသို့မလုပ်လျှင်၊ သူသည် အမျိုးသမီးများကို မတရားစွာ မဆက်ဆံလျှင် သင်သည် မည်သို့ ပြုမူသင့်သနည်း။ ဘုရားသခင်က သင့်ကို သွန်သင်ပေးသည့် စည်းမျဉ်းများနှင့်အညီ အမျိုးသမီးများကို ဆက်ဆံလော့။ သင့်မိဘများ၏ အတွေးအမြင်များကို လက်မခံနှင့်၊ သို့မဟုတ် ဖိုဝါဒ လိုလားမှုများကို အားမပေးနှင့်။ သင်၏အရိုးများနှင့် ကြွက်သားများသည် အမျိုးသမီးများထက် အနည်းငယ် ပိုသန်မာနေနိုင်ကာ သင့်တွင် ပိုကြီးသော ခန္ဓာကိုယ်နှင့် ကာယကြံ့ခိုင်မှု ပိုရှိနိုင်ပြီး သင်သည် အစားပို စားသုံးနိုင်သည့်တိုင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ ပုန်ကန်တတ်မှုနှင့် သမ္မာတရားကို သင်နားမလည်မှု အတိုင်းအတာတို့သည် အမျိုးသမီးများနှင့် မကွာခြားချေ။ သင်ထူးချွန်သည့် ဘဝကျွမ်းကျင်မှုများသည် အမျိုးသမီးများ ထူးချွန်သည့် ကျွမ်းကျင်မှုများနှင့် ကွဲပြားကောင်း ကွဲပြားနိုင်သည်။ သင်သည် အီလက်ထရောနစ်ပစ္စည်းများနှင့် စက်ပစ္စည်းများကို ကျွမ်းကျင်စဉ်တွင် အမျိုးသမီးများသည် ပန်းထိုးခြင်း၊ စက်ချုပ်ခြင်းနှင့် ဖာထေးပြုပြင်ခြင်းတို့တွင် တော်ကြသည်။ ထိုအရာများကို သင်လုပ်နိုင်ပါ၏လော။ အမျိုးသားများသည် ကျွမ်းကျင်သော တည်ဆောက်သူများ ဖြစ်ကြစဉ်တွင် အမျိုးသမီးများသည် အလှဆင်မှုတွင် ထူးချွန်ကြသည်။ အမျိုးသားများသည် စက်ယန္တရားနှင့် ကိရိယာတန်ဆာပလာမျိုးစုံကို မောင်းနှင်လည်ပတ်နိုင်စဉ်တွင် အမျိုးသမီးများသည်လည်း လိုအပ်ချက်မရှိပေ။ အမျိုးသမီးများသည် တိတိကျကျ မည်သည့်နေရာတွင် စံမမီသနည်း။ ထိုသို့သော နှိုင်းယှဉ်မှုများ အားလုံးသည် အဓိပ္ပာယ်မရှိပေ။ ဤနေရာတွင် အဓိကအချက်သည် သင်၏ ဖိုဝါဒကို လက်လွှတ်ရန်ဖြစ်သည်။ “ယောက်ျားကောင်းသည် မိန်းမတို့နှင့် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းမပြု” ဟူသကဲ့သို့ အတွေးများကို လက်မခံနှင့်။ မိဘများပြောသည့်အရာများသည် သမ္မာတရားမဟုတ်။ ယင်းတို့သည် သင့်အား အန္တရာယ်ဖြစ်စေသည်။ အမျိုးသမီးများအား ချိုးနှိမ်သော ဤအရာများကို မည်သည့်အခါမျှ မပြောနှင့်။ ယင်းသည် ဆင်ခြင်တုံတရားနှင့် လိုက်နာဖွယ် ကျင့်ဝတ်တို့ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်သည်။ အမျိုးသမီးများကို မလေးစားခြင်းသည် မည်ကဲ့သို့ပြဿနာမျိုးဖြစ်သနည်း။ ဤကဲ့သို့သော အရာများကို လုပ်ဆောင်သူများသည် လူ့သဘာဝကိုပင် ပိုင်ဆိုင်ကြ၏လော။ (သူတို့မပိုင်ဆိုင်ပါ။) သူတို့သည် လူ့သဘာဝ ကင်းမဲ့နေသည်။ အကယ်၍ သင်သည် အမျိုးသမီးများအား မလေးမစားပြုပါက သင့်မိခင်အပြင် သင့်အဖွားရော၊ သင်၏ အစ်မညီများပါ အားလုံးသည် အမျိုးသမီးများဖြစ်ကြောင်း အမှတ်ရလော့။ သူတို့သည် ဤကဲ့သို့ မလေးစားမှုကို လက်ခံလိုကြသလော။ အချို့သော မိခင်များသည် “ယောက်ျားကောင်းသည် မိန်းမတို့နှင့် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းမပြု”ဟုပင် သူတို့၏ သားများကို ပြောတတ်ကြသည်။ ဤကဲ့သို့ မိခင်များသည် မရူးမိုက်သလော။ ဤကဲ့သို့သော မိခင်များသည် ရိုးအသောစိတ်ထားရှိပြီး သူတို့ကိုယ်တိုင် အမျိုးသမီးဖြစ်နေလျက်နှင့် သူတို့၏တန်ဖိုးကို ကိုယ်တိုင် လျော့ပါးစေသည်။ သူတို့သည် သူတို့ ပြောနေသည့်အရာသည် မည်သည့်အရာဖြစ်မှန်းကိုပင် မသိသည့် ကမောက်ကမ ဖြစ်စေသူများဖြစ်သည်မှာ ရှင်းပေသည်။ “ယောက်ျားကောင်းသည် မိန်းမတို့နှင့် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းမပြု” ဟူသော အဆိုသည် ဆင်ခြင်တုံတရားနှင့်လည်းကောင်း၊ လိုက်နာဖွယ်ကျင့်ဝတ်တို့ကိုလည်းကောင်း ပြောင်ပြောင်တင်းတင်း ဆန့်ကျင်သည်။ ဘုရားသခင်သည် အမျိုးသမီးများကို ဤနည်းဖြင့် မည်သောအခါကမျှပင် အဓိပ္ပာယ်မဖွင့်ဆိုသကဲ့သို့ “အမျိုးသမီးများသည် နုနယ်သည်။ သူတို့သည် ဆံပင်ရှည်သော်လည်း မျက်တောင်တစ်ဆုံးသာ ကြည့်ကြကာ ဘဝပေးအသိ ကင်းမဲ့သည်။ သူတို့နှင့် ယှဉ်ပြိုင်မတိုက်ခိုက်နှင့်။ သင် ယှဉ်ပြိုင်တိုက်ခိုက်လျှင်ပင် သင်သည် ကိစ္စများကို သေချာစွာ ဖြေရှင်းနိုင်လိမ့်မည်မဟုတ်။ အရာရာတွင် ခွင့်လွှတ်ပြီး လိုက်လျောညီထွေ ရှိလော့။ သူတို့ကို အလေးအနက်မထားနှင့်။ အမျိုးသားများသည် သဘောထားကြီးပြီး အရာရာကို လက်သင့်ခံနိုင်သင့်သည်”ဟု ဆိုကာ အမျိုးသားများကို မတိုက်တွန်းဖူးပေ။ ဘုရားသခင်သည် ဤကဲ့သို့သော အရာတစ်ခုခုကို ပြောဖူးသလော။ (မပြောဖူးပါ။) ဘုရားသခင်သည် ထိုသို့သောစကားကို တစ်ခါမျှ မပြောဖူးသောကြောင့် ယင်းတို့ကို မလုပ်နှင့် သို့မဟုတ် အမျိုးသမီးများကို ထိုသို့သောအမြင်ဖြင့် မကြည့်နှင့်။ ဤသည်မှာ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံခြင်းနှင့် မလေးစားခြင်းပင်ဖြစ်သည်။ အမျိုးသမီးများက လိုအပ်သော ကျွမ်းကျင်မှုမရှိသည့် နေရာတွင် သင် ဖြည့်စွက်ပေးနိုင်သော်လည်း သင်ကျွမ်းကျင်မှုမရှိဟု တွေ့ရသည့်နေရာတွင် သူတို့က ဖြည့်စွက်ပေးသည်ကိုလည်း သင်လိုအပ်သည်။ အပြန်အလှန် မှီခိုမှုနှင့် တစ်ဦးကိုတစ်ဦး ဖြည့်ဆည်းပေးခြင်းသည် မှန်ကန်သော အမြင်ဖြစ်သည်။ ဤသည်က အဘယ်ကြောင့် မှန်ကန်သော အမြင်ဖြစ်သနည်း။ အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးစလုံး၏ အားသာချက်များသည် ဘုရားသခင်က စီမံထားခြင်းဖြစ်သောကြောင့်တည်း။ အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးလုံး၏ အားသာချက်များသည် ဘုရားသခင်က စီမံထားသည် ဟူသည့်အချက်ကို ချဉ်းကပ်ရန် မည်သည့် အတွေးများနှင့် အမြင်များကို သင်ခံယူသင့်သနည်း။ တစ်ဦးကို တစ်ဦး ဖြည့်ဆည်းရန်အတွက်ဖြစ်သည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းဖြစ်သည်။ အမျိုးသားများသည် အမျိုးသမီးများကို ခွဲခြားဆက်ဆံခြင်းမပြုသင့်ပေ။ ထို့ပြင် အမျိုးသမီးများသည်လည်း “နောက်ဆုံးတွင် အသင်းတော်၌ ညီအစ်ကို တစ်ယောက်ရပြီဖြစ်သည်။ ခွန်အားမဏ္ဍိုင် တစ်ခုဖြစ်သည်။ ယခုကျွန်မတို့၏ အသင်းတော်သည် ပြည့်စုံသွားပြီဖြစ်သည်။ ကျွန်မတို့ကို ကူညီပံ့ပိုးပေးမည့်သူ၊ ကိစ္စများကို ကျွန်မတို့ကိုယ်စား ကိုင်တွယ်ဖြေရှင်းမည့်သူ၊ ကျွန်မတို့ကို ဦးဆောင်ပေးမည့်သူတစ်ဦး ရှိပြီဖြစ်သည်”ဟုတွေးကာ အမျိုးသားများကို အလွန်အမင်း လေးစားရိုကျိုးခြင်း မရှိသင့်ပေ။ သင်သည် နိမ့်ကျသလော။ သင်၏ ယုံကြည်မှုကို အမျိုးသားများ အပေါ်တွင် ထားရှိသလော။ အသင်းတော်တစ်ခုတွင် ညီအစ်မများသာ ပါဝင်ပါက သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်းမရှိတော့ဟု ဆိုလိုမည်လော။ သင်သည် ကယ်တင်ခြင်းမခံရနိုင် သို့မဟုတ် သမ္မာတရားကို နားမလည်နိုင်ဟု ဆိုလိုသလော။ “သင်တို့၏ အသင်းတော်တွင် အဘယ်ကြောင့် ညီအစ်ကိုများ တစ်ယောက်မျှ မရှိသနည်း”ဟု တစ်စုံတစ်ဦးမှ လက်လွတ်စပယ် မှတ်ချက်ပေးသောအခါ သင်သည် နှလုံးသားကို ဓားဖြင့်ထိုးခံလိုက်ရသကဲ့သို့ ခံစားရကာ “ဤသည်ကို အစမဖော်နှင့်။ ယင်းသည် ကျွန်မတို့အသင်းတော်၏ တစ်ခုတည်းသော ချို့ယွင်းချက်ဖြစ်သည်။ ယင်းကို ထောက်ပြခြင်းခံရသည်ကို ကျွန်မတို့ မလိုချင်ပါ။ ကျွန်မတို့၏ တစ်ခုတည်းသောနောင်တကို လာပြီးထိခိုက်လေသည်” ဟုဆိုသည်။ ပြီးလျှင် သင်သည် “ဘုရားသခင် ကျွန်မတို့၏ အသင်းတော်အတွက် ညီအစ်ကိုတစ်ဦးကို မည်သည့်အချိန်တွင် ပြင်ဆင်ပေးမည်နည်း”ဟု ဆုတောင်းလေသည်။ အသင်းတော်ကို ညီအစ်ကိုများက ထောက်မသလော။ ညီအစ်ကိုများ မပါဘဲ မရပ်တည်နိုင်သလော။ ဘုရားသခင် ဤသို့ပြောဖူးသလော။ (မပြောဖူးပါ။) ဘုရားသခင်က ဤသို့ တစ်ခါမျှ မပြောခဲ့ဖူးသလို အသင်းတော်တစ်ခု မတည်ထောင်မီတွင် လိင်နှစ်မျိုးလုံးရှိရမည် သို့မဟုတ် လိင်တစ်မျိုးတည်းဖြင့် မတည်ထောင်နိုင်ဟုလည်း မပြောခဲ့ဖူးပေ။ ဤသည်ကို သူပြောဖူးသလော။ (မပြောဖူးပါ။) ဤအရာအားလုံးသည် မိသားစု၏ ပုံစံသွင်းသည့် ဖိုဝါဒ၏ အကျိုးဆက်များသာဖြစ်သည်။ သင်သည် အရာရာတိုင်းအတွက် အမျိုးသားများအပေါ် အားထားပြီး တစ်စုံတစ်ရာ ပေါ်လာသည်နှင့် “ကျွန်မခင်ပွန်း ပြန်လာသည့်အခါ ယင်းကို ဆွေးနွေးရန် စောင့်ဖို့ လိုအပ်သည်” သို့မဟုတ် “ကျွန်မတို့အသင်းတော်၏ ညီအစ်ကိုများမှာ လတ်တလော အလုပ်များနေသောကြောင့် မည်သူကမျှ ဤကိစ္စကို ဦးဆောင်ကာ ကိုင်တွယ်ခြင်းမရှိပါ”ဟု ဆိုလေသည်။ သို့ဆိုလျှင် အမျိုးသမီးများသည် မည်သည်အတွက် ဖြစ်သနည်း။ သင်သည် ဤအလုပ်များကို မကိုင်တွယ်နိုင်သလော။ သင့်တွင် ပါးစပ် သို့မဟုတ် ခြေထောက်များ မရှိသလော။ သင့်တွင် မည်သည့်အရာမျှ မချို့တဲ့။ သင်သည် သမ္မာတရား စည်းမျဉ်းများကို နားလည်ပြီး လိုက်လျောညီထွေစွာ ပြုမူသင့်သည်။ အမျိုးသားများသည် သင်၏ အကြီးအကဲများ မဟုတ်သလို အရှင်သခင်များလည်း မဟုတ်ကြပေ။ သူတို့သည် သာမာန်လူများ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ဝင်များသာ ဖြစ်သည်။ သင်လုပ်ဆောင်သမျှတွင် ဘုရားသခင်နှင့် သူ၏နှုတ်ကပတ်တော်များကို အားကိုးရန် သင်ယူလော့။ ဤသည်မှာ မည်သည့်လူတစ်ဦးအပေါ်ကိုမဆို မှီခိုနေမည့်အစား သင်လိုက်နာသင့်သည့် စည်းမျဉ်းနှင့် နည်းလမ်းဖြစ်သည်။ ငါသည် ဖိုဝါဒကို မထောက်ခံသော်ငြားလည်း အမျိုးသမီးများ၏ လူ့အခွင့်အရေးကို မြှင့်တင်ရန် သို့မဟုတ် ၎င်းတို့အတွက် ခုခံချေပပေးရန် ငါလုပ်နေခြင်း မဟုတ်ဘဲ သမ္မာတရား၏ သွင်ပြင်လက္ခဏာကို နားလည်စေဖို့ လူတို့ကို ကူညီပေးရန်အတွက်သာ လုပ်ဆောင်ခြင်းဖြစ်သည်။ သမ္မာတရား၏ မည်သည့်သွင်ပြင်လက္ခဏာနည်း။ “ယောက်ျားကောင်းသည် မိန်းမတို့နှင့် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းမပြု”ဟူသည့် သင့်မိဘများက သင့်တွင် သွတ်သွင်းထားသည့် ဆိုရိုးသည် မမှန်ကြောင်း၊ ယင်းသည် မှားယွင်းသော အတွေးကို သွတ်သွင်းကာ လမ်းပြနေကြောင်းတို့ပင်ဖြစ်သည်။ သင်သည် အမျိုးသားတစ်ဦးအဖြစ် သင့်အခန်းကဏ္ဍတွင် သို့မဟုတ် အမျိုးသမီးများအပေါ် သင်ဆက်ဆံသည့်ပုံစံတွင် ဤအတွေးအမြင်၏ ဦးဆောင်ခြင်းမခံရသင့်။ ဤသည်မှာ သင်နားလည်သင့်သည့် သမ္မာတရား၏ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ “ငါသည် ယောက်ျားတစ်ယောက် ဖြစ်သည်။ ယောက်ျားတစ်ယောက်၏ အမြင်ရှုထောင့်မှ ပြသနာများကို ဆင်ခြင်စဉ်းစားသင့်သည်။ ဤညီအစ်မများအပေါ် ထောက်ထားစာနာမှု ပြသင့်ပြီး သူတို့ကို ယောက်ျားတစ်ယောက်၏ ရပ်တည်မှုမှ ကာကွယ်၍ သည်းခံကာ ခွင့်လွှတ်သင့်သည်။ သူတို့ထဲမှ တစ်ယောက်ကိုမျှ အလေးအနက် မထားသင့်။ ညီအစ်မတစ်ယောက်သည် အသင်းတော်၏ ခေါင်းဆောင်တစ်ယောက်အဖြစ် ရွေးကောက်ပွဲဝင်လိုလျှင် သူ့ကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံပြီး သူ့ကို ဦးဆောင်ခွင့်ပေးမည်”ဟု အမြဲမတွေးနှင့်။ မည်သည့် အကြောင်းပြချက်ကြောင့်နည်း။ သင်သည် အမျိုးသားတစ်ယောက် ဖြစ်ရုံဖြင့် အရာအားလုံးကို လက်သင့်ခံနိုင်သည်ဟု သင်ထင်သလော။ သင်သည် သူတို့ကို သည်းခံနိုင်သလော။ သင့်ကိုယ်သင်ပင် သင်သည်းမခံနိုင်။ အသင်းတော်၏ ခေါင်းဆောင်မှုသည် ထိုနေရာအတွက် မည်သူက သင့်လျော်မှု ရှိမရှိဆိုသည်အားဖြင့် ဆုံးဖြတ်သင့်သည်။ အကယ်၍ ညီအစ်ကိုမောင်နှမများသည် သင့်ကိုရွေးချယ်လျှင် ဤဝန်တာကို သင်ထမ်းသင့်သည်။ ယင်းမှာ သင်၏ ဝတ္တရားနှင့် တာဝန် နှစ်ခုလုံးပင်ဖြစ်သည်။ အဘယ်ကြောင့် သင်သည် သာမာန်ကာလျှံကာ ငြင်းဆိုလိုက်ရသနည်း။ သင်သည် မည်မျှ မြင့်မြတ်သည်ကို ပြသရန်လော။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းလော။ ဤသည်မှာ သမ္မာတရားနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) ယင်းကို ငြင်းဆိုခြင်းသည်လည်းကောင်း၊ ယင်းအတွက် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းသည်လည်းကောင်း မှားယွင်းပေသည်။ သို့ဆိုလျှင် သင့်တော်မှန်ကန်သည့် ပြုမူနည်းမှာ အဘယ်နည်း။ သင့်တော်မှန်ကန်သည့် နည်းလမ်းမှာ သင်၏လုပ်ဆောင်မှုများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် အခြေခံပြီး သမ္မာတရားကို သင်၏ စံသတ်မှတ်ချက်အဖြစ် ခံယူရန်ဖြစ်သည်။ သင်တို့၏ မိဘများသည် သင်တို့ကို “ယောက်ျားကောင်းသည် မိန်းမတို့နှင့် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းမပြု”ဟု သွန်သင်ပေးခဲ့သည်။ ဤဖိုဝါဒ အတွေးနှင့် အမြင်ဖြင့် သင်တို့ နှစ်ကာလမည်မျှ နေထိုင်ပြီးပြီနည်း။ လူအများသည် “လျှော်ဖွပ်ခြင်းနှင့် ဖာထေးပြုပြင်ခြင်းတို့သည် အမျိုးသမီးများ၏ အလုပ်သာဖြစ်သည်။ အမျိုးသမီးများအား ယင်းတို့ကို ကိုင်တွယ်ခွင့်ပေးလိုက်ပါ။ ယင်းအလုပ်များကို လုပ်ရသည့်အခါတွင် ငါ စိတ်အနှောင့်အယှက်ဖြစ်သည်။ ငါသည် ယောက်ျားမပီသသလို ခံစားရသည်”ဟု တွေးကြသည်။ သို့ဆိုလျှင် ယင်းအလုပ်များကို သင်လုပ်လျှင် မည်သည့်အရာဖြစ်မည်နည်း။ သင်သည် ယောက်ျားမဟုတ်တော့လေသလော။ လူအချို့က “ကျွန်တော့်အဝတ်များကို အမေ၊ အစ်မ သို့မဟုတ် အဖွားက အမြဲလျှော်ပေးသည်။ ကျွန်တော်သည် ‘အမျိုးသမီးအလုပ်’ ကို တစ်ခါမျှ မလုပ်ဖူးပါ”ဟု ဆိုကြသည်။ ယခု သင်သည် သင်၏တာဝန်ကို ထမ်းဆောင်နေပြီး အမှီအခိုကင်းရမည်။ ဤသည်မှာ သင်လုပ်ဆောင်သင့်သောအရာဖြစ်သည်။ ယင်းသည် လူတို့ထံမှ ဘုရားသခင် တောင်းဆိုသောအရာဖြစ်သည်။ သင်လုပ်မည်လော။ (လုပ်ပါမည်။) သင်၏ စိတ်နှလုံးသည် အတိုက်အခံလုပ်နေကာ ဆန္ဒမရှိဘဲ ဤကိစ္စကြောင့် သင့်မိခင်အကြောင်းကို အမြဲတွေးနေလျှင် သင်သည် တကယ်ပင် အဖြစ်မရှိပေ။ အမျိုးသားများတွင် ဤဖိုဝါဒ အတွေးများရှိကြပြီး ကလေးထိန်းခြင်း၊ အိမ်သန့်ရှင်းရေးလုပ်ခြင်း၊ အဝတ်လျှော်ခြင်းနှင့် သန့်ရှင်းရေးလုပ်ခြင်းကဲ့သို့ အချို့သောအလုပ်များကို အထင်အမြင်သေးကြသည်။ အချို့တွင် ပြင်းထန်သော ဖိုဝါဒ လိုလားမှုများရှိကြပြီး ဤအိမ်မှုကိစ္စများကို အထင်အမြင်သေးကာ လုပ်ဆောင်ရန် ဆန္ဒမရှိကြပေ၊ သို့မဟုတ် လုပ်ဆောင်ပါကလည်း အခြားသူများက ၎င်းတို့အား အထင်အမြင်သေးမည်ကို စိုးရိမ်၍ စိတ်မပါလက်မပါဖြင့် လုပ်ကြသည်။ သူတို့သည် “ငါ ဤအိမ်မှုကိစ္စများကို အမြဲလုပ်နေလျှင် ငါသည် မိန်းမဆန်လာမည် မဟုတ်လော”ဟု တွေးကြသည်။ ဤသည်ကို မည်သည့်အတွေးနှင့် အမြင်က အုပ်စိုးထားသနည်း။ သူတို့၏ အတွေးတွင် ပြဿနာမရှိသလော။ (ဟုတ်ပါသည်။ ရှိပါသည်။) သူတို့၏ အတွေးသည် ပြဿနာရှိ၏။ အမျိုးသားများသည် ခါးစည်းများ ဝတ်ကာ ဟင်းချက်လေ့ရှိသည့် ဒေသအချို့ကို ကြည့်လော့။ အမျိုးသမီးသည် အလုပ်မှ အိမ်ပြန်ရောက်သောအခါ အမျိုးသားက “အနည်းငယ်စားကြည့်ပါ။ ဤသည်မှာ တကယ်ပင် အရသာရှိသည်။ ယနေ့ မင်းအကြိုက်ဆုံးအရာများသာ ငါချက်ထားသည်”ဟု ဆိုကာ စားစရာပြင်ဆင်ပေးသည်။ အမျိုးသမီးသည် ထိုက်သည့်အားလျော်စွာ အဆင်သင့်ပြင်ထားသော ဟင်းလျာကို စားသုံးပြီး အမျိုးသားသည် အိမ်ရှင်မကဲ့သို့ မည်သောအခါမျှ မခံစားရဘဲ ထိုက်သည့်အားလျော်စွာ ပြင်ဆင်ပေးသည်။ သူသည် အိမ်ပြင်ထွက်ပြီး သူ့ခါးစည်းကို ချွတ်လိုက်သည်နှင့် ယောက်ျားတစ်ယောက် ဖြစ်နေဆဲပင် မဟုတ်သလော။ ဖိုဝါဒ အထူးအားကောင်းသည့် ဒေသအချို့တွင် သူတို့ကို မိသားစု၏ ပုံစံသွင်းမှုနှင့် သြဇာလွှမ်းမိုးမှုတို့က ဆိုဖွယ်ရာမရှိအောင်ပင် ဖျက်ဆီးထားသည်။ ဤပုံစံသွင်းခြင်းသည် သူတို့ကို ကယ်တင်ခဲ့သလော သို့မဟုတ် ထိခိုက်နစ်နာစေခဲ့သလော။ (သူတို့ကို ထိခိုက်နစ်နာစေခဲ့ပါသည်။) ယင်းသည် သူတို့ကို ထိခိုက်နစ်နာစေခဲ့ပါသည်။ အသက်သုံးဆယ်၊ လေးဆယ် သို့မဟုတ် ငါးဆယ်ကျော်ရှိသော အမျိုးသားအချို့သည် သူတို့၏ ခြေအိတ်များကိုပင် မလျှော်နိုင်ကြပေ။ အတွင်းခံ စွပ်ကျယ်တစ်ထည်ကို လဝက်လောက်ဝတ်ထားကာ ညစ်ပတ်နေပြီဖြစ်သော်လည်း သူတို့မလျှော်ချင်ကြ။ မည်သို့လျှော်ရမည်၊ ရေ သို့မဟုတ် ဆပ်ပြာမည်မျှအသုံးပြုရမည်နှင့် မည်ကဲ့သို့ ပြောင်အောင်လျှော်ရမည်ကို မသိကြ။ သူတို့သည် ထိုအတိုင်းသာ ဝတ်ဆင်ကြပြီး “ငါ နှစ်လနေမှ တစ်ခါ လျှော်၍ရအောင် နောင်တွင် ငါ့အမေ သို့မဟုတ် ငါ့မိန်းမကို စွပ်ကျယ်အင်္ကျီနှင့် ခြေအိတ်များ ထပ်ဝယ်ခိုင်းရမည်။ ငါ့အမေ သို့မဟုတ် မိန်းမက ငါ့အတွက် လာလျှော်ပေးရန် အခွင့်ရေးများရှိလျှင် အလွန်ကောင်းလိမ့်မည်”ဟု သူတို့ကိုယ်သူတို့ တွေးကြသည်။ ဤအလုပ်များအား လုပ်ဆောင်ရန် သူတို့ မနှစ်သက်ရခြင်း၏ အရင်းအမြစ်သည် သူတို့၏ မိသားစုနှင့် မိဘများထံမှ ရရှိခဲ့သော သွန်သင်ဆုံးမမှုနှင့် ဆက်စပ်မှု တစ်စုံတစ်ရာရှိနေသည်။ မိဘများ သွတ်သွင်းခဲ့သည့် အတွေးများနှင့် အမြင်များသည် ရှင်သန်မှုအတွက် အခြေခံအကျဆုံးနှင့် အရိုးရှင်းဆုံးစည်းကမ်းများသာမက လူများနှင့်ပတ်သက်သည့် မှားယွင်းသော အမြင်အချို့ပါ ပါဝင်ပတ်သက်လေသည်။ အချုပ်အားဖြင့်ဆိုရသော် ဤအရာအားလုံးသည် လူတို့၏ အတွေးများကို မိသားစု၏ ပုံစံသွင်းခြင်းတွင် ပါဝင်သည်။ ယင်းတို့သည် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်းနှင့် ဖြစ်တည်မှု လမ်းကြောင်းတစ်လျှောက်၌ လူတစ်ဦး၏ဘဝတွင် မည်မျှအကျိုးသက်ရောက်မှု ရှိသည်ဖြစ်စေ၊ ယင်းတို့သည် အခက်အခဲနှင့် အဆင်မပြေမှုများ မည်မျှပင် သယ်ဆောင်လာသည်ဖြစ်စေ ယင်းတို့တွင် ပင်ကိုအားဖြင့် မိဘများ၏ အတွေးအခေါ်ဆိုင်ရာ သွန်သင်ဆုံးမမှုနှင့် ပတ်သက်မှုအချို့ရှိသည်။ သင်သည် ယခုအခါ အရွယ်ရောက်လာပြီး ဤအတွေးများနှင့် အမြင်များအတိုင်း နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ပါက ယင်းတို့သည် နေ့ချင်းညချင်း ပြောင်းလဲသွားလိမ့်မည် မဟုတ်ပေ။ အချိန်ယူရသည်။ အကယ်၍ ဤအတွေးများနှင့် အမြင်များသည် အကြင်သူ၏တာဝန်ကို ဖြည့်ဆည်းခြင်း သို့မဟုတ် ပြုမူကျင့်ကြံခြင်းနှင့် လောကကြီးကို ကိုင်တွယ်ဖြေရှင်းခြင်းဆိုင်ရာ စည်းမျဉ်းများနှင့်သက်ဆိုင်ပါက၊ ပြီးလျှင် သင်သည် သမ္မာတရားကို လိုက်စားနေပါက ဤပြဿနာများကို ပြောင်းလဲရန်နှင့် သမ္မာတရားစစ်မှန်မှုသို့ မြန်နိုင်သမျှ အမြန်ဆုံးဝင်ရောက်ရန် သင်ကြိုးစားသင့်သည်။ ယင်းတို့သည် အကြင်သူ၏ တစ်ကိုယ်ရေဘဝ၏ သွင်ပြင်လက္ခဏာများနှင့်သာ ဆက်နွှယ်ပါက၊ သင်သည် ပြောင်းလဲလိုစိတ်ရှိပါက သာ၍ ကောင်းလိမ့်မည်။ အကယ်၍ သင်သည် ဤသည်ကို မရရှိနိုင်ပါက၊ ယင်းသည် အနည်းငယ် ပင်ပန်းပုံ သို့မဟုတ် ခက်ခဲပုံပေါက်နေပါက၊ သို့မဟုတ် သင်သည် ဤနေထိုင်မှုပုံစံကိုပင် ကျင့်သားရနေပြီး မပြောင်းလဲနိုင်ပါက သင့်အား မည်သူကမျှ အတင်းအကျပ် ခိုင်းစေမည်မဟုတ်ပေ။ သင်တို့ မည်သည့်အရာက မှန်ပြီး မည်သည့်အရာက မှားသည်ကို သိစေရန် ငါသည် ယင်းတို့ကို ညွှန်ပြနေရုံမျှသာဖြစ်သည်။ ဤတစ်ကိုယ်ရေ ဘဝနေထိုင်မှုပုံစံ ပြဿနာများအတွက်မူ ယင်းတို့ကို သင်ကိုယ်တိုင် ချိန်ဆကြည့်လော့။ ငါတို့သည် ယင်းကိစ္စကို တွန်းအားပေးမည် မဟုတ်။ သင့်ခြေအိတ်များကို မည်မျှကြာမှ တစ်ခါလျှော်သည်၊ ယင်းတို့ ပေါက်ပြဲသည့်အခါ ဖာထေးသည်ဖြစ်စေ၊ စွန့်ပစ်သည်ဖြစ်စေ ယင်းသည် သင့်ကိစ္စဖြစ်သည်။ သင်၏အခြေအနေများအပေါ် အခြေခံ၍လုပ်ဆောင်လော့။ တိကျသည့် စည်းကမ်းများ ငါတို့သတ်မှတ်မည်မဟုတ်။

အချို့သောမိသားစုများတွင် ၎င်းတို့၏ အခွင့်ထူးခံနောက်ခံကြောင့် မိဘများသည် သားသမီးများကို မကြာခဏ ပြောလေ့ရှိသည်မှာ “မင်းအပြင်ထွက်သည့်အခါ မင်းသည် မည်သူ့ထံမှ ဆင်းသက်လာသည်နှင့် မင်း၏ဘိုးဘေးများကား မည်သူဖြစ်သည်ကို သတိရပါ။ မင်းက လူမှုအဖွဲ့များအကြားတွင် ငါတို့၏ မိသားစုနာမည်ကို ဂုဏ်နှင့် ကျက်သ‌ရေ ဆောင်မည့် ပုံစံမျိုးပြုမူသင့်သည်။ ငါတို့ဘိုးဘေးများ၏ ဂုဏ်သတင်းကို ဘယ်သောအခါမျှ မစွန်းထင်းစေနှင့်။ ငါတို့ ဘိုးဘေးများ၏ သွန်သင်ဆုံးမမှုများကို အမြဲသတိရပြီး ငါတို့မျိုးရိုးကို အရှက်ရအောင် မလုပ်နှင့်။ တစ်နေ့ မင်း အမှားလုပ်မိပါက လူတို့သည် ‘မင်းက ထင်ရှားပြီး ဂုဏ်သရေရှိသော မိသားစုမှ မဟုတ်လော။ ဤကဲ့သို့ အရာမျိုးကို မင်း မည်သို့လုပ်နိုင်လေသနည်း’ဟု ဆိုကြလိမ့်မည်။ သူတို့သည် မင်းကို လှောင်ရယ်လိမ့်မည်။ သို့သော် သူတို့သည် မင်းကိုသာ ရယ်ကြမည်မဟုတ်ဘဲ ငါတို့ တစ်မိသားစုလုံးကို လှောင်ရယ်လိမ့်မည်ဖြစ်သည်။ ဤသို့ဆိုလျှင် မင်းသည် ငါတို့မိသားစုမျိုးရိုး နာမည်ကို ညစ်စွန်းစေလိမ့်မည်ဖြစ်ပြီး ငါတို့ဘိုးဘေးများကို အရှက်ရစေလိမ့်မည်။ ဤသည်မှာ လက်ခံဖွယ်ရာမရှိ” ဟူ၍ဖြစ်သည်။ အချို့သောမိဘများသည် သူတို့၏ သားသမီးများအား “ငါတို့နိုင်ငံသည် ကြီးမြတ်သော နိုင်ငံတော်ဖြစ်ပြီး ရှေးကျသော ယဉ်ကျေးမှု လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ ငါတို့၏ လက်ရှိဘဝသည် လွယ်လွယ်ဖြင့် မရခဲ့ပေ။ သို့ကြောင့် ယင်းကို မြတ်နိုးပါ။ အထူးသဖြင့် နိုင်ငံခြား ရောက်သည့်အခါ တရုတ်လူမျိုးများအတွက် မင်း ဂုဏ်နှင့် ကျက်သရေဆောင်ရမည်။ ငါတို့နိုင်ငံကို အသရေ ညှိုးစေမည့်အရာဖြစ်စေ၊ တရုတ်လူမျိုးများ၏ ဂုဏ်သတင်းကို ထိခိုက်စေမည့်အရာဖြစ်စေ မလုပ်ပါနှင့်” ဟုလည်း ပြောကြသည်။ တစ်ဖက်တွင် သင့်မိသားစုနှင့် ဘိုးဘေးများအတွက် ဂုဏ်နှင့် ကျက်သရေဆောင်ရန် မိဘများက သင့်အားပြောကာ အခြားတစ်ဖက်တွင်မူ သင့်နိုင်ငံနှင့် လူမျိုးအတွက် သင့်နိုင်ငံအား အရှက်ရအောင် မလုပ်ရန် သင့်ကို တိုက်တွန်းသည်။ ကလေးသူငယ်များသည် ငယ်စဉ်အခါကပင် မိဘများက ဤနည်းဖြင့် သွန်သင်ဆုံးမခြင်း ခံရကြပြီး ကျောင်းတက်သည့်အခါတွင် ဆရာများက ထိုနည်းအတိုင်းပင် သွန်သင်ဆုံးမကာ “ငါတို့အတန်း၊ ငါတို့ကျောင်း၊ ငါတို့မြို့၊ ငါတို့တိုင်းပြည်အတွက် ဂုဏ်ဆောင်ပါ။ ငါတို့သည် အစွမ်းအစမရှိ သို့မဟုတ် စာရိတ္တညံ့ဖျင်းသည်ဟု နိုင်ငံခြားသားများက ငါတို့ကို မလှောင်ပြောင်စေနှင့်” ဟုဆိုကြသည်။ အသင်းတော်ရှိ အချို့က “ငါတို့ တရုတ်လူမျိုးများသည် ပထမဦးဆုံး ယုံကြည်ခဲ့ကြသည်။ ငါတို့သည် နိုင်ငံခြားသား ညီအစ်ကိုမောင်နှမများနှင့် ထိတွေ့ဆက်ဆံသည့်အခါ တရုတ်လူမျိုးအတွက် ဂုဏ်ဆောင်ကာ သူတို့၏ ဂုဏ်သတင်းကို ထိန်းသိမ်းသင့်သည်”ဟုပင် ဆိုကြသည်။ ဤအဆိုစကားများအားလုံးသည် မိသားစုက လူတို့ထံသို့ သွတ်သွင်းခဲ့သည့်အရာများနှင့် တိုက်ရိုက်သက်ဆိုင်သည်။ ဤသို့ သွတ်သွင်းခြင်းမျိုးသည် မှန်ကန်ပါ၏လော။ (မမှန်ကန်ပါ။) အဘယ်ကြောင့် မမှန်ကန်သနည်း။ သူတို့သည် မည်သည့် ဂုဏ်ကို ရှာဖွေကြသနည်း။ ဤသို့သော ဂုဏ်ကိုရှာဖွေရာတွင် အသုံးကျမှုရှိသလော။ (မရှိပါ။) တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းမှ အမျိုးသားတစ်ဦးသည် မတူညီသော အသင်းတော်များသို့ သွားရောက်လည်ပတ်စဉ်တွင် အသင်းတော်၏ ပူဇော်သက္ကာရငွေမှ ယွမ် ၁၀,၀၀၀ ကို ယူကာ မိမိ၏နေအိမ်တွင်သာ တစ်ရက်ပြီးတစ်ရက် ကျော်ဖြတ်သွားဖို့ အိမ်သို့ ပြန်ပြေးခဲ့သည့် အဖြစ်အပျက်တစ်ခု ရှိခဲ့ဖူးသည်။ အရှေ့မြောက်ဒေသမှ ညီအကိုမောင်နှမများ သိသွားသည့်အခါ အချို့က “ဤလူသည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်။ သူသည် အသင်းတော်၏ ပူဇော်သက္ကာရငွေများကိုပင် ယူဝံ့သည်။ သူသည် အရှေ့မြောက်ဒေသမှ လူများ၏ ဂုဏ်သတင်းကို လုံးဝ ညစ်စွန်းစေသည်။ နောက်တစ်ကြိမ် သူ့ကိုတွေ့လျှင် သူ့ကို သင်ခန်းစာပေးသင့်သည်”ဟု ဆိုကြသည်။ ဤအဖြစ်အပျက်အပြီးတွင် အရှေ့မြောက်ဒေသမှ လူများသည် သူတို့၏ ဂုဏ်ကို ဆုံးရှုံးလိုက်ရသလို ခံစားရသည်။ တခြားပြည်နယ်များမှ ညီအကို မောင်နှမများအပါး စကားပြောသည့်အခါတိုင်း ဤကိစ္စကို စကားမဟဝံ့ကြ။ သူတို့သည် ရှက်ရွံ့ကြပြီး အခြားသူများက “သင်တို့၏ အရှေ့မြောက်ဒေသမှ မည်သူမည်ဝါသည် ပူဇော်သက္ကာရငွေများနှင့် ထွက်ပြေးသွားသည်”ဟု ပြောမည်ကို ကြောက်ကြသည်။ သူတို့သည် အခြားသူများ ဤကိစ္စအား ပြောမည်ကို ကြောက်ကြပြီး သူတို့ကိုယ်တိုင် စကားစရန် မရဲကြပေ။ ဤအပြုအမူသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) အဘယ်ကြောင့် မှားသနည်း။ (ပူဇော်သက္ကာရငွေကို မည်သူယူသည်ဆိုသည်မှာ အခြားသူများနှင့် မသက်ဆိုင်ပါ။ လူတိုင်းသည် သူတို့ကိုယ်သူတို့ ကိုယ်စားပြုသည်။) မှန်၏။ ပူဇော်သက္ကာရငွေ ယူသည့်သူသည် သူ့ကိစ္စသာဖြစ်သည်။ အကယ်၍ ယင်းကို သင်က ရှာဖွေတွေ့ရှိပြီး တားဆီးလိုက်ပါက ထိုနည်းအားဖြင့် ဘုရားအိမ်တော်၏ ဆုံးရှုံးမှုကို အဖတ်ဆယ်လိုက်ကာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိန်းသိမ်းစောင့်ရှောက်လိုက်၍ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်ပြီးဖြစ်လိမ့်မည်။ အကယ်၍ သင့်တွင် တားဆီးရန် အခွင့်အလမ်းမရှိခဲ့၍ ဆုံးရှုံးမှုကို အဖတ်မဆယ်နိုင်ခဲ့ပါက ထိုသူသည် မည်ကဲ့သို့သော ဆိုးယုတ်သူမျိုးဖြစ်သည်ကို သတိပြုမိသင့်ကာ သင့်ကိုယ်သင် သတိပေးပြီး ထိုသို့သော အဖြစ်အပျက်မျိုးမှ သင့်အား ကာကွယ်ရန် ဘုရားသခင်ထံ ဆုတောင်း၍ အလားတူ စုံစမ်းသွေးဆောင်မှုထဲသို့ မကျရောက်ရန် သေချာအောင် လုပ်သင့်သည်။ ဤပြဿနာကို သင် မှန်ကန်စွာ ထုတ်ဖော်သင့်သည်။ သူသည် သင်၏ ဒေသမှ ဖြစ်သော်လည်း သူ၏ လုပ်ဆောင်ချက်များသည် သူ တစ်ဦးတစ်ယောက်တည်းကိုသာ ကိုယ်စားပြုသည်။ ထိုဒေသရှိ လူများက သူ့ကို ဤသို့ ပြုမူရန် သွန်သင်ခြင်းမျိုးဖြစ်စေ၊ အားပေးခြင်းမျိုးဖြစ်စေ မဟုတ်ချေ။ ယင်းမှာ အခြားမည်သူနှင့်မျှ ဆက်စပ်မှု မရှိပေ။ အခြားသူများသည် မပြည့်မီသော ကြီးကြပ်မှု သို့မဟုတ် လမ်းညွှန်မှုအတွက်သာ အလွန်ဆုံး တာဝန်ရှိနိုင်သော်လည်း သူ့အမှား၏အကျိုးဆက်များကို ခံယူရန် မည်သူမျှ တာဝန်မရှိပေ။ သူသည် ဘုရားသခင်ကို ဆန့်ကျင်ပြုမူပြီး စီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်များကို ပုန်ကန်ပြစ်မှားခဲ့ကာ မည်သူကမျှ သူ့အတွက် အကျိုးဆက်များကို ခံယူရန် တာဝန်မရှိပေ။ သူ၏ နာမည်ပျက်ခြင်းသည် သူ၏ကိစ္စဖြစ်သည်။ ထို့အပြင် ဤကိစ္စသည် သိက္ခာကျခြင်း သို့မဟုတ် ဂုဏ်ရရှိခြင်းတို့နှင့် မသက်ဆိုင်ပေ။ ယင်းသည် လူတစ်ဦး၏ သဘာဝအနှစ်သာရနှင့် သူလျှောက်လှမ်းခဲ့သော လမ်းတို့ဖြင့် သက်ဆိုင်သည်။ အစတွင် လူတို့သည် သူ၏ စရိုက်အမှန်ကို ပိုင်းခြားသိမြင်ရန် ပျက်ကွက်ခဲ့ကြသည်သော်လည်း ဤဖြစ်ရပ်ပြီးနောက် သူ၏ ဇာတိရုပ်များ ထုတ်ဖော်ခြင်းခံရသည်ဟုသာ ဆိုနိုင်သည်။ ယင်းသည် ထိုဒေသရှိ အခြားညီအစ်ကို မောင်နှမများ၏ ဂုဏ်သတင်းနှင့် သို့မဟုတ် ဂုဏ်သိက္ခာနှင့် လားလားမျှ မသက်ဆိုင်ပေ။ သူသည် သင်နှင့် ဒေသတစ်ခုတည်းမှ ဖြစ်သောကြောင့် သူသည် သင့်ကို ဂုဏ်သရေပျက်စေသည်ဟု သင်ခံစားရပါက ထိုသို့သောအမြင်နှင့် နားလည်မှုသည် လုံးဝလမ်းလွဲနေသည်။ ဘုရားအိမ်တော်သည် လူတစ်ဦး၏အပြစ်အတွက် မိသားစုတစ်ခုလုံးကို မည်သည့်အခါမျှ အပြစ်မပေးပေ။ ဘုရားသခင်သည် လူတစ်ဦးချင်းစီအား သီးခြားဖြစ်တည်မှုတစ်ခုစီအဖြစ် ရှုမြင်သည်။ သင်သည် မည်သည့်နေရာမှ လာသည်ဖြစ်စေ တူညီသော မိသားစု သို့မဟုတ် မိဘများမှလာလျှင်ပင် ဘုရားသခင်သည် လူသားတိုင်းကို သီးခြားဖြစ်သည့် ဖြစ်တည်မှုတစ်ခုအဖြစ် ရှုမြင်သည်။ လူတစ်ဦး၏အမှားကြောင့် ဘုရားသခင်သည် သက်ဆိုင်သူတစ်ဦးကိုမျှ မည်သည့်အခါမျှ မငြိစွန်းစေပေ။ ဤသည်မှာ စည်းမျဉ်းဖြစ်ပြီး ယင်းသည် သမ္မာတရားနှင့် ကိုက်ညီသည်။ သို့သော်လည်း သင့်၏ ဒေသမှ တစ်စုံတစ်ဦး၏ အမှားလုပ်ဆောင်ခြင်းသည် သင်၏ ဂုဏ်သတင်းကို ထိခိုက်စေကာ သင့်ကိုလည်း ငြိစွန်းစေသည်ဟု သင်တွေးပါက ဤသည်မှာ သင်၏ မှားယွင်းသော နားလည်မှု ကြောင့်ဖြစ်ပြီး သမ္မာတရားနှင့် လားလားမျှ မသက်ဆိုင်ပေ။ ထို့ကြောင့် မိဘများက သင့်အား “ငါတို့တိုင်းပြည်၊ မိသားစု၊ သို့မဟုတ် မျိုးရိုးအမည်အတွက် ဂုဏ်ဆောင်ပါ”ဟု ပြောသောအခါ ယင်းမှာ မှန်ကန်ပါ၏လော။ (မမှန်ကန်ပါ။) အဘယ်ကြောင့် မမှန်ကန်သနည်း။ ယင်းသည် မည်သည့် စကားစုနှင့် တူညီသော သဘာဝကို ဆောင်သနည်း။ ယင်းသည် ငါတို့ အစောက ဆွေးနွေးခဲ့သော အတွေးနှင့် တူညီသော သဘာဝမရှိသလော။ အတိအကျဆိုရသော် “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏” ဟူ၍ဖြစ်သည်။ လူတစ်ဦး၏ဘဝတွင် အပြုသဘောဆောင်သော လုပ်ဆောင်ချက်တို့ကို လုပ်ဆောင်ခြင်း၊ မှန်ကန်သောလမ်းကြောင်းကို လျှောက်လှမ်းခြင်း၊ အပြုသဘောဆောင်သော အရာများနှင့် သမ္မာတရားကို လက်ခံယုံကြည်ခြင်းတို့ထဲမှ တစ်ခုမျှသည် မိမိအတွက် ဂုဏ်ရရန်အလို့ငှာ လုပ်ဆောင်ခြင်းမဟုတ်။ ယင်းအစား လူတို့အနေဖြင့် ဤသည်မှာ ၎င်းတို့၏ ဝတ္တရား၊ သူတို့လျှောက်လှမ်းရမည့် လမ်းကြောင်းနှင့် ၎င်းတို့၏ တာဝန်ဖြစ်သကဲ့သို့ ကျင့်ကြံပြုမူသင့်သည်။ မှန်ကန်သောလမ်းကြောင်းကို လျှောက်လှမ်းခြင်း၊ အပြုသဘောဆောင်သောအရာများနှင့် သမ္မာတရားတို့ကို လက်ခံယုံကြည်ခြင်းနှင့် ဘုရားသခင်ထံ ကျိုးနွံနာခံခြင်းတို့သည် လူတို့၏ ဝတ္တရားနှင့် တာဝန်ဖြစ်သည်။ ယင်းတို့သည် ကယ်တင်ခြင်းကို ရရှိရန်အတွက်လည်းဖြစ်ကာ မိမိကိုယ်တိုင်အတွက်ဖြစ်စေ၊ ဘုရားသခင်အတွက်ဖြစ်စေ ဂုဏ်သိက္ခာရှိရန်အတွက် မဟုတ်သလို သင့်တိုင်းပြည်၏ လူထုအတွက် ဂုဏ်သိက္ခာရှိရန်လည်း မဟုတ်သည်မှာ အမှန်ပင်။ ပြီးလျှင် မျိုးရိုးအမည်တစ်ခုခုအတွက်ဖြစ်စေ၊ လူမျိုးတစ်မျိုးမျိုးအတွက်ဖြစ်စေ၊ မျိုးနွယ်စုတစ်စုစုအတွက်ဖြစ်စေ သေချာပေါက်မဟုတ်ပေ။ သင့်နိုင်ငံရှိ လူများ အတွက် ဂုဏ်ဆောင်ရန်အတွက် သင်သည် ကယ်တင်ခံလာရခြင်းဟုတ်ပေ။ ပြီးလျှင် သင့်မိသားစုအတွက် ဂုဏ်ဆောင်ရန် သေချာပေါက် မဟုတ်ပေ။ “ဂုဏ်ဆောင်ခြင်း” ဟူသော အယူအဆသည် သီအိုရီတစ်ခုမျှသာဖြစ်သည်။ သင်၏ကယ်တင်ခြင်းသည် ထိုလူများနှင့် မသက်ဆိုင်ပေ။ သင်၏ ကယ်တင်ခြင်းမှ သူတို့ မည်သည့်အကျိုးဖြစ်ထွန်းမှု ရရှိနိုင်သနည်း။ အကယ်၍ သင်သည် ကယ်တင်ခြင်းကို ရရှိလျှင် ယင်းမှ သူတို့မည်သည်ကို ရရှိနိုင်သနည်း။ သူတို့သည် မှန်ကန်သောလမ်းကြောင်း နောက်မလိုက်ကြသလို ဘုရားသခင်သည်လည်း သူတို့ကို သူ၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့်အညီ ဆက်ဆံလိမ့်မည်။ သူသည် သူတို့ကို ဆက်ဆံခံထိုက်သည့်အတိုင်း ဆက်ဆံလိမ့်မည်။ ဤ “ဂုဏ်ဆောင်ခြင်း” ဟု ဆိုလေသောအရာသည် သူတို့အတွက် မည်သည်ကို ယူဆောင်လာသနည်း။ ယင်းသည် သူတို့နှင့် သက်ဆိုင်ခြင်း လားလားမျှ မရှိပေ။ သင်လျှောက်သော လမ်းကြောင်းအတွက် အကျိုးဆက်များကို သင်လက်ခံပြီး သူတို့၏ လမ်းကြောင်းအတွက် အကျိုးဆက်များကို သူတို့လက်ခံရသည်။ ဘုရားသခင်သည် လူတစ်ဦးချင်းစီတိုင်းကို သူ၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့်အညီ ဆက်ဆံသည်။ အကြင်သူ၏ လူမျိုး၊ မိသားစု သို့မဟုတ် မျိုးရိုးအမည်အတွက် ဂုဏ်ဆောင်ခြင်းသည် မည်သူတစ်ဦးတစ်ယောက်၏ ဝတ္တရားမျှ မဟုတ်။ သင်သည် ဤဝတ္တရားကို တစ်ယောက်တည်း မခံယူသင့်သလို စင်စစ်အားဖြင့် ခံယူနိုင်ခြင်းလည်း မရှိသည်မှာ သဘာဝကျပေသည်။ မိသားစု သို့မဟုတ် မျိုးနွယ်စု တစ်စု၏ ထွန်းကားမှုဖြစ်စေ၊ ကျရှုံးခြင်းဖြစ်စေ ယင်း၏ လမ်းကြောင်းနှင့် ယင်း၏ကံကြမ္မာသည် သင်ဂုဏ်ဆောင်ခြင်း မဆောင်ခြင်းနှင့် မသက်ဆိုင်။ ထို့ပြင် ယင်းသည် သင်လျှောက်သည့် လမ်းကြောင်းနှင့် သက်ဆိုင်ခြင်း မရှိသည်မှာ အမှန်ပင်။ အကယ်၍ သင်သည် ကောင်းမွန်စွာ ကျင့်ကြံပြုမူပြီး ဘုရားသခင်ထံ ကျိုးနွံနာခံနိုင်လေလျှင် ယင်းသည် သူတို့အတွက် ဂုဏ်ဆောင်ရန် သို့မဟုတ် သူတို့ကို ဂုဏ်ရရန် မဟုတ်သလို သူတို့ကိုယ်စား ဘုရားသခင်ထံမှ ဆုလာဘ် တစ်စုံတစ်ရာ တောင်းခံရန် သို့မဟုတ် သူတို့၏ပြစ်ဒဏ်မှ ကင်းလွတ်ခွင့် တစ်ခုခုကို သေချာစေရန်လည်း မဟုတ်ပေ။ သူတို့၏ ထွန်းကားမှု၊ သူတို့၏ ကျရှုံးမှုနှင့် သူတို့၏ကံကြမ္မာသည် သင်နှင့် လားလားမျှ မသက်ဆိုင်။ အထူးသဖြင့် သူတို့ ဂုဏ်ရှိသည်ဟု ခံစားရခြင်း ရှိမရှိ၊ သူတို့အတွက် သင် ဂုဏ်ဆောင်ခြင်း ရှိမရှိတို့နှင့်ပတ်သက်၍ သင်နှင့် ဆက်စပ်မှု မရှိပေ။ သင်သည် သူတို့အား သင့်ပခုံးပေါ်၌ ထမ်းရွက်နိုင်ခြင်း မရှိသည့်အပြင် ထိုသို့လုပ်ဆောင်ရန် သင့်တွင် ဝတ္တရား သို့မဟုတ် တာဝန်မရှိပေ။ ထို့ကြောင့် သင့်မိဘများက သင့်အား “ငါတို့၏နိုင်ငံ၊ မိသားစု သို့မဟုတ် မျိုးရိုးနာမည်အတွက် ဂုဏ်ဆောင်ရမည်။ ထို့ပြင် ငါတို့၏ ဘိုးဘေးများ၏ ဂုဏ်သတင်းကို ညစ်စွန်းအောင် မလုပ်ရ၊ သို့မဟုတ် ငါတို့၏နောက်ကွယ်တွင် အခြားသူများက ကဲ့ရဲ့ရှုတ်ချသည်ကို ခွင့်မပေးနှင့်” ဟုပြောသောအခါ ယင်းစကားများသည် သင့်အပေါ် အပျက်သဘောဆောင်သည့် စိတ်ပိုင်းဆိုင်ရာ ဖိအားကိုသာ ဖြစ်ပေါ်စေသည်။ သင်သည် သူတို့၏ မျှော်မှန်းချက်များအတိုင်း လျော်ညီအောင်မနေနိုင်သလို ထိုသို့လုပ်ဆောင်ရန် သင့်တွင် တာဝန်မရှိ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဘုရားသခင်သည် သင့်ကို သူ့ရှေ့မှောက်၌ ဖန်ဆင်းခံတစ်ဦးအဖြစ် သင့်တာဝန်ကို ဖြည့်ဆည်းရန်သာ လိုအပ်သောကြောင့် ဖြစ်သည်။ သင့်ကို သင်၏ နိုင်ငံ၊ မိသားစု သို့မဟုတ် မျိုးရိုးအမည်အတွက် တစ်စုံတစ်ရာ လုပ်ဆောင်ရန် သို့မဟုတ် တာဝန်ယူရန် မတောင်းဆိုပေ။ ထို့ကြောင့် သင့်နိုင်ငံ သို့မဟုတ် မိသားစုအတွက် ဂုဏ်ဆောင်ခြင်း သို့မဟုတ် သင့်၏ မျိုးရိုးအမည်အတွက် ဂုဏ်နှင့် ကျက်သရေဆောင်ခြင်း သို့မဟုတ် တစ်စုံတစ်ရာ လုပ်ဆောင်ခြင်းသည် သင့်တာဝန်မဟုတ်ပေ။ သင်နှင့် လားလားမျှ မသက်ဆိုင်။ သူတို့၏ကံကြမ္မာသည် ဘုရားသခင်လက်ထဲတွင် လုံးဝဥဿုံ ရှိပြီး သင်သည် မည်သည့်ဝန်ထုပ်ဝန်ပိုးကိုမျှ ထမ်းရွက်ရန် လုံးဝ မလိုအပ်ပေ။ သင်အမှားလုပ်မိပါက သူတို့အပေါ် အပြစ်ရှိသကဲ့သို့ မခံစားသင့်ပေ။ ကောင်းမှုတစ်ခုခုလုပ်လျှင် သင်သည်ကံကောင်းသည်ဟူသော စိတ်ဓာတ်မျိုး သို့မဟုတ် သင်၏ နိုင်ငံ၊ မိသားစု သို့မဟုတ် မျိုးရိုးနာမည်အတွက် ဂုဏ်ဆောင်လိုက်သည်ဟု တွေးထင်ခြင်းမျိုး မရှိသင့်ပေ။ ဤအရာများနှင့်ပတ်သက်၍ ဝမ်းမြောက်ခြင်း မရှိလေနှင့်။ ထို့ပြင် အကယ်၍ သင် ကျရှုံးပါက သောကကြောင့် မကြောက်ရွံလေနှင့် သို့မဟုတ် စိတ်မဖိစီးနှင့်။ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်နှင့်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် သင်နှင့် လုံးဝ သက်ဆိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ ယင်းကို တွေးပင် မတွေးလေနှင့်။ ဤမျှပင် ရိုးရှင်းပါသည်။ ထို့ကြောင့် မတူညီသော လူမျိုးများမှ လူများနှင့် ပတ်သက်၍ တရုတ်လူမျိုးများကို ဘုရားသခင်က ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သူတို့သည် ဘုရားသခင် ရှေ့မှောက်သို့ ရောက်ရှိလာပြီး ဖန်ဆင်းခံများဖြစ်သည်။ အနောက်တိုင်းသားများသည်လည်း ဘုရားသခင်ရှေ့မှောက်သို့ ရောက်ရှိလာကြပြီး သူတို့သည်လည်း ဖန်ဆင်းခံများဖြစ်သည်။ အာရှသားများ၊ ဥရောပတိုက်သားများ၊ မြောက်အမေရိကနှင့် တောင်အမေရိကသားများ၊ အိုရှင်းနီးယားရှိလူများနှင့် အာဖရိကလူမျိုးများတို့လည်း ဘုရားသခင်ရှေ့မှောက်သို့ လာရောက်ကြကာ သူ၏အလုပ်ကို လက်ခံကြသည်။ ပြီးလျှင် သူတို့သည်လည်း သူ၏ ဖန်ဆင်းခံများဖြစ်သည်။ လူတစ်ဦးသည် မည်သည့်နိုင်ငံမှဖြစ်စေ သူလုပ်သင့်သည့် တစ်ခုတည်းသောအရာမှာ ဖန်ဆင်းခံတစ်ယောက်အဖြစ် သူ၏တာဝန်ကို ဖြည့်ဆည်းရန်၊ ဘုရားနှုတ်ကပတ်တော်များကို လက်ခံရန်၊ ဘုရားနှုတ်ကပတ်တော်များကို ကျိုးနွံနာခံရန်နှင့် ကယ်တင်ခြင်း ရရှိရန်ဖြစ်သည်။ သူတို့သည် ယင်းတို့၏ လူမျိုးကို အခြေခံ၍ သူတို့ကိုယ်သူတို့ အုပ်စုများ သို့မဟုတ် လူမျိုးများ အဖြစ် ခွဲခြားကာ မျိုးစုံသော မျိုးနွယ်စုအုပ်စုများ မဖွဲ့စည်းသင့်ပေ။ လူမျိုးရေးဂုဏ်ကို မိမိတို့ ရုန်းကန်လှုပ်ရှားမှု၏ ရည်ရွယ်ချက်အဖြစ်ဖြစ်စေ၊ အခြေခံစည်းမျဉ်းအဖြစ်ဖြစ်စေ ခံယူသည့် အရာအားလုံးသည် မှားယွင်းသည်။ ဤသည်မှာ လူတို့လျှောက်သင့်သည့်လမ်းမဟုတ်ပေ။ ထို့ပြင် ယင်းသည် အသင်းတော်အတွင်း၌ မပေါ်လာသင့်သည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။ အာရှလူမျိုးတစ်ဦးသည် ဥရောပလူမျိုးတစ်ဦးနှင့် ဆုံရနိုင်သည့်အချိန်၊ ဥရောပလူမျိုးတစ်ဦးသည် အမေရိကန်တစ်ဦးနှင့် ဆုံရနိုင်သည့်အချိန်၊ ပြီးလျှင် အမေရိကန်တစ်ဦးသည် အာရှလူမျိုးတစ်ဦးကိုဖြစ်စေ၊ အာဖရိကလူမျိုးတစ်ဦးကိုဖြစ်စေ ဆုံရနိုင်သည့်အချိန် စသည်ဖြင့် ကွဲပြားသော နိုင်ငံများမှလူများသည် ပိုမိုကျယ်ပြန့်စွာ ကူးလူးဆက်ဆံကြပြီး ကမ္ဘာ၏ ပိုမိုကျယ်ပြန့်သော နယ်ပယ်သို့ ဝင်ရောက်ခွင့်ရှိသည့် နေ့ရက်တစ်ရက် ရောက်လာလိမ့်မည်။ မတူညီသော လူမျိုးစုများ စုဝေးကြသောအခါ မိမိတို့၏ လူမျိုးဂုဏ်အတွက် အားလုံးကြိုးပမ်းနေကြကာ မိမိတို့၏ လူမျိုးအတွက် အမှုကိစ္စများ လုပ်ဆောင်နေသည့် လူမျိုးကိုအခြေခံ၍ ဖွဲ့စည်းထားသော အဖွဲ့များ ရှိပါက အသင်းတော်သည် မည်သည်ကိုစတင်ကြုံတွေ့ရမည်နည်း။ ကွဲထွက်မှုကို ကြုံတွေ့ရမည်။ ဤသည်မှာ ဘုရားသခင် စက်ဆုပ်ရွံရှာပြီး ပြစ်တင်ရှုတ်ချသော အရာဖြစ်သည်။ ဤသည်ကို လုပ်ဆောင်သူ မည်သူမဆိုသည် ကျိန်ဆဲခြင်းခံရသည်။ ဤနည်းဖြင့် ပြုမူသောသူ မည်သူမဆိုသည် စာတန်၏ အစေခံဖြစ်သည်။ ထို့ပြင် ဤကဲ့သို့ အပြုအမူဖြင့် ပြုမူသောသူ မည်သူမဆိုသည် အပြစ်ပေးခြင်းခံရသူ ဖြစ်လိမ့်မည်။ သူတို့သည် အဘယ်ကြောင့် အပြစ်ပေးခံရမည်နည်း။ အဘယ်ကြောင့်ဆိုသော် ယင်းသည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်ခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ မည်သောအခါမျှ ဤအရာကို မလုပ်နှင့်။ သင်သည် ဤကဲ့သို့ ပြုမူနိုင်ပါက ယင်းသည် သင့်မိဘများ၏ ပုံစံသွင်းခြင်း၏ ဤသွင်ပြင်လက္ခဏာကို သင်လက်မလွှတ်သေးကြောင်း သက်သေပြသည်။ သင်သည် သင့်အား ဖန်ဆင်းခံတစ်ဦးအဖြစ် ဘုရားသခင်က ပေးထားသည့် ပင်ကိုလက္ခဏာကို လက်မခံသေးဘဲ သင့်ကိုယ်သင် တရုတ်လူမျိုး သို့မဟုတ် လူဖြူ၊ လူမည်း သို့မဟုတ် လူညိုတစ်ဦး၊ မတူညီသောလူမျိုး၊ မျိုးရိုးအမည် သို့မဟုတ် နိုင်ငံသားတစ်ဦးအဖြစ်မြင်နေသေးသည်။ သင့်နိုင်ငံ၊ လူမျိုး သို့မဟုတ် မိသားစုအတွက် ဂုဏ်ဆောင်ချင်နေသေးကာ သင့်စိတ်တွင် ဤအတွေးများနှင့် ပြုမူလျှင် အကျိုးဆက်သည် ဆိုးရွားလိမ့်မည်။ ယနေ့တွင် ဤကိစ္စကို ဤနေရာတွင် ငါတို့ တည်ကြည်စွာ ကြေညာပြီး လေးလေးနက်နက် ရှင်းလင်းပြသည်။ တစ်နေ့တွင် တစ်စုံတစ်ယောက်သည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်၏ ဤသွင်ပြင်လက္ခဏာကို ဆန့်ကျင်ပါက သူသည် အကျိုးဆက်ကို ခံစားရမည်။ ထိုအခါတွင် “သင် ကျွန်ုပ်အား မပြောခဲ့။ ကျွန်ုပ် မသိလိုက်ပါ။ ကျွန်ုပ် နားမလည်ခဲ့ပါ”ဟု ပြောကာ အထွန့်မတက်နှင့်။ သင်သည် ဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ပင်ကိုလက္ခဏာကို ကြာမြင့်စွာကတည်းက သိထားပြီးဖြစ်သည့်တိုင် ဤနည်းအတိုင်း ပြုမူနေနိုင်ဆဲဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် မသိနားမလည်ခြင်း မဟုတ်ဘဲ တမင်တကာ သိလျက်ဖြင့် ပုန်ကန်ပြစ်မှားခြင်းကို ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။ သင်သည် ပြစ်ဒဏ်ကို ရင်ဆိုင်သင့်သည်။ စီမံအုပ်ချုပ်ရေးအမိန့်များကို ဆန့်ကျင်ခြင်း၏ အကျိုးဆက်မှာ မတွေးတတ်အောင်ပင် ဖြစ်၏။ သင်နားလည်ပါ၏လော။ (ကျွန်ုပ်တို့ နားလည်ပါသည်။)

အချို့မိဘများသည် သူတို့၏ သားသမီးများကို “မည်သည့်နေရာသို့ သွားသွား ငါတို့၏ အမျိုးဇာတိကို မမေ့နှင့်။ ငါတို့သည် မည်သည့်နေရာတွင် မွေးဖွားကာ ကြီးပြင်းခဲ့သည် သို့မဟုတ် ငါတို့သည် မည်သူမည်ဝါဖြစ်သည်ကို မေ့၍မရပေ။ မည်သည့်နေရာသို့သွားသွား တစ်မြို့တည်းသားချင်းများနှင့် တွေ့သည့်အခါတွင် သူတို့ကို စောင့်ရှောက်သင့်သည်။ အသင်းတော်ခေါင်းဆောင်များ သို့မဟုတ် ကြီးကြပ်ရေးမှူးများကို ရွေးချယ်သည့်အခါ သင့်မွေးရပ်မြေမှ လူများကို ဦးစားပေးပါ။ အသင်းတော်တွင် ပစ္စည်းဥစ္စာ ခံစားခွင့် ရှိသည့်အခါ မိမိမွေးရပ်မြေမှ လူများကို ဦးစွာခံစားခွင့်ပြုပါ။ အဖွဲ့တစ်ဖွဲ့အတွက် အဖွဲ့ဝင်များကို ရွေးချယ်ပါက သင့်မွေးရပ်မြေမှ လူများကို ဦးစွာရွေးချယ်ပါ။ တစ်မြို့တည်းသားချင်းများ အလုပ်အတူတူလုပ်သည့်အခါ မင်းတို့သည် စိတ်တူကိုယ်တူရှိကြပြီး ရင်းနှီးမှုတစ်ခု ရှိသည်”ဟု ပြောကြသည်။ ဤသည်ကို မည်သို့ ခေါ်ဆိုသနည်း။ “တစ်မြို့တည်းသားချင်းများနှင့် တွေ့သည့်အခါ မျက်လုံးထဲတွင် မျက်ရည်များဝဲလာသည်။” “ဦးလေးနှင့် အဒေါ်များသည် ဆွေစဉ်မျိုးဆက် ဆွေမျိုးများဖြစ်သည်။ အရိုးများသည် ကျိုးကောင်းကျိုးနိုင်သော်လည်း အရွတ်များမှာမူ ဆက်မြဲဆက်လျက်ရှိသည်” ဟူသော ဆိုရိုးစကားလည်း ရှိသေးသည်။ အချို့သောလူများသည် သူတို့၏ မိဘများနှင့် လူကြီးသူမများ၏ ညွှန်ကြားမှုကြောင့် ပြည်နယ်အတူမှ သို့မဟုတ် မြို့အတူမှ တစ်စုံတစ်ဦး လာသည်ဟု ကြားသည်နှင့် သို့မဟုတ် လူတစ်ဦးသည် သူတို့၏ ဇာတိမြေ၏ လေယူလေသိမ်းဖြင့် ပြောဆိုသည်ကို ကြားလိုက်ရသည်နှင့် သူတို့သည် ထိုသူကို အလွန်နှစ်သက်လာသည်။ အတူတူစားကြ၊ စုဝေးပွဲများတွင် အတူတူထိုင်ကြ၊ အရာရာကို အတူတူလုပ်ကြသည်။ သူတို့သည် အထူးပင် ရင်းနှီးကြသည်။ တစ်မြို့တည်းသား တစ်ဦးနှင့် တွေ့သောအခါ အချို့သောလူများက “‘တစ်မြို့တည်းသားချင်းများနှင့် တွေ့သည့်အခါ မျက်လုံးထဲတွင် မျက်ရည်များဝဲလာသည်’ဟု လူအများ ပြောကြသည်ကို သင်လည်း သိပါသည်။ တစ်မြို့တည်းသားချင်း လူတစ်ယောက်နှင့်တွေ့သောအခါ ကျွန်ုပ်သည် သူနှင့် ရင်းနှီးသည်ဟု ခံစားရသည်။ သင်နှင့် တွေ့သောအခါ သင်သည် မိသားစုဖြစ်သည့်အလား ခံစားရသည်” ဟုပြောကောင်း ပြောနိုင်သည်။ ၎င်းတို့သည် တစ်မြို့တည်းသားချင်းများကို အထူးဂရုစိုက်ကြသည်။ သူတို့၏ တစ်မြို့တည်းသားချင်းများသည် ဘဝ သို့မဟုတ် အလုပ်တွင် အခက်အခဲများ ကြုံတွေ့ရပါက သို့မဟုတ် ဖျားနာပါက သူတို့သည် အထူး စောင့်ရှောက်ကြသည်။ ဤသည်မှာ ကောင်း၏လော။ (မကောင်းပါ။) အဘယ်ကြောင့် မကောင်းသနည်း။ (လူများကို ဤကဲ့သို့ ဆက်ဆံခြင်းသည် စည်းမျဉ်းများ ကင်းမဲ့ပါသည်။) ယင်းသည် စည်းမျဉ်းများ ကင်းမဲ့ပြီး ဤလူသည် လူ့ငရှုပ်ဖြစ်သည်။ သူသည် တစ်မြို့တည်းသားချင်း မည်သူ့ကိုမဆို ချစ်ခင်မှု ပေးသော်လည်း တစ်မြို့တည်းသားချင်းများကား မည်သည်များ ဖြစ်ကြသနည်း။ သူတို့သည် လူကောင်းများလော။ သူတို့သည် စစ်မှန်သော ညီအစ်ကိုမောင်နှမများလော။ သူတို့အပေါ် သင်၏ အားပေးမှုသည် စည်းမျဉ်းများနှင့် ညီ၏လော။ သူတို့ကို သင်၏ထောက်ခံခြင်းသည် စည်းမျဉ်းများနှင့် ကိုက်ညီပါ၏လော။ သူတို့သည် ထိုအလုပ်ဖြင့် သင့်တော်ပါ၏လော။ သင်၏ သူတို့အပေါ် စောင့်ရှောက်မှုနှင့် သူတို့နှင့် ရင်းနှီးမှုသည် တရားမျှတပါ၏လော။ ယင်းသည် သမ္မာတရားနှင့် စည်းမျဉ်းများဖြင့် ကိုက်ညီပါ၏လော။ မကိုက်ညီပါက သူတို့အတွက် သင်လုပ်ဆောင်နေသည့်အရာသည် မလျော်ကန်ပေ။ ပြီးလျှင် ယင်းသည် ဘုရားသခင်အတွက် စက်ဆုပ်ရွံရှာဖွယ်ဖြစ်သည်။ သင်နားလည်ပါ၏လော။ (ကျွန်ုပ်နားလည်ပါသည်။) သို့ကြောင့် သင်၏မိဘများက “တစ်မြို့တည်းသားချင်းများကို ကြုံဆုံရပါက စောင့်ရှောက်ပါ” ဟု သင့်ကို ပြောသည့်အခါ ယင်းသည် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော စကားတစ်ခွန်းဖြစ်ပြီး ယင်းကို တစ်ဖက်နားမှ ထွက်စေကာ ဥပေက္ခာပြုသင့်သည်။ အနာဂတ်တွင် သင့်မိဘများက “ငါတို့၏ တစ်မြို့တည်းသား ထိုသူသည် သင်နှင့် အသင်းတော်တစ်ခုတည်း ဖြစ်သည်။ မင်း သူ့ကို ဂရုစိုက်ခဲ့၏လော” ဟုမေးပါက သင် မည်ကဲ့သို့ တုံ့ပြန်သင့်သနည်း။ (ဘုရားသခင်၏ အိမ်တော်တွင် ကျွန်ုပ်တို့သည် လူတိုင်းကို တန်းတူညီမျှ ဆက်ဆံပါသည်ဟူ၍ ဖြစ်သည်။) သင်သည် “ကျွန်ုပ်သည် ဤကဲ့သို့ လုပ်ရန် တာဝန်မရှိ။ တစ်မြို့တည်းသားချင်းဆိုသည်ကို အပထား သင်တို့ ဘုရားသခင်ကို ဆန့်ကျင်လျှင် ကျွန်ုပ်သည် သင်တို့ကိုပင် စောင့်ရှောက်မည်မဟုတ်”ဟု ပြောသင့်သည်။ ဤကဲ့သို့ မိသားစု ရိုးရာအယူအဆမျိုးတို့၏ ကြီးကြီးမားမား လွှမ်းမိုးခြင်းခံထားရသူ အချို့ရှိသည်။ သူတို့နှင့် တစ်စုံတစ်ရာ ဆွေမျိုးတော်စပ်သူတစ်ယောက်ကိုသော်လည်းကောင်း၊ တူညီသော မျိုးရိုးအမည်ကို ရှိသည့်သူတစ်ယောက်ကိုသော်လည်းကောင်း၊ တူညီသောမျိုးနွယ်စုတွင် ပါဝင်သည့်သူတစ်ယောက်ကိုသော်လည်းကောင်း တွေ့ဆုံရသည်နှင့် သူတို့သည် ထိုသူ့အား မရှောင်ရှားနိုင်ပေ။ တစ်စုံတစ်ယောက်သည် သူတို့ကဲ့သို့ မျိုးရိုးအမည် ရှိသည်ကို ကြားသိရသည်နှင့်တစ်ပြိုင်နက် “ကောင်းလိုက်လေခြင်း။ ကျွန်ုပ်တို့အားလုံးသည် ဤနေရာတွင် မိသားစုပင်။ ကျွန်ုပ်၏ လက်ရှိ မိသားစုနေရာအရ သူ့ကို ဖွားလေးဟု ခေါ်သင့်သည်။ ကျွန်ုပ်သည် သူနှင့်ယှဉ်လျှင် မြေးများထဲမှ တစ်ယောက်ဖြစ်သည်”ဟု ဆိုကြသည်။ သူတို့သည် သူတို့ကိုယ်သူတို့ မြေးများအဖြစ် လိုလိုချင်ချင် ရည်ညွှန်းကြပြီး သူမကို တွေ့သည့်အခါ ညီအစ်မတစ်ယောက်အဖြစ် သို့မဟုတ် အခြားသောသူတစ်ယောက်အဖြစ် မရည်ညွှန်းဝံ့ဘဲ သူမကို “ဖွားလေး” ဟု အမြဲခေါ်ကြသည်။ အချို့သောလူများသည် မျိုးရိုးနာမည် တူသောသူနှင့် ဆုံတွေ့သောအခါ ထိုသူသည် မည်ကဲ့သို့သော လူစားမျိုးပင်ဖြစ်စေကာမူ အထူးရင်းနှီးသည်ဟု ခံစားရသည်။ ဤသည်မှာ မှန်ပါ၏လော။ (မမှန်ပါ။) အထူးသဖြင့် အချို့သော မိသားစုများသည် တူညီသော မျိုးနွယ်စုမှ လူများကို အထူးဂရုစိုက်သည့် အစဉ်အလာရှိပြီး ထိုသူတို့နှင့် မကြာခဏ နွေးထွေးပျူငှာကြကာ ရင်းနှီးစွာဆက်ဆံတတ်ကြသည်။ ထို့ကြောင့် သူတို့၏အိမ်သည် လူများနှင့်လည်းကောင်း၊ လုပ်ဆောင်မှုများနှင့်လည်းကောင်း အမြဲစည်ကားနေကာ မိသားစုသည် အထူးအသက်ဝင်တက်ကြွပြီး ထွန်းကားပုံပေါက်နေသည်။ တစ်စုံတစ်ရာဖြစ်လာလျှင် ဆွေမျိုးတော်စပ်သူများအားလုံးသည် အကြံဉာဏ်နှင့် တိုက်တွန်းချက်များပေးကာ ထောက်ပံ့မှုနှင့် အကူအညီပေးရန် ရောက်ရှိလာကြသည်။ ဤမိသားစုထုံးတမ်းဓလေ့၏ လွှမ်းမိုးခံရသဖြင့် အချို့က ဤကဲ့သို့ ပြုမူကျင့်ကြံခြင်းသည် ကောင်းသည့် လုပ်ရပ်တစ်ခု ဖြစ်သည်ဟု ခံစားကြသည်။ အနည်းဆုံးအနေဖြင့် သူတို့သည် သီးခြားဖြစ်မနေဘဲ သို့မဟုတ် အထီးကျန်မနေဘဲ ကိစ္စများ ပေါ်ပေါက်လာသည့်အခါ ကူညီပေးရန် လူများရှိသည်။ တခြားသူများတွင် မည်ကဲ့သို့ အယူအဆရှိသနည်း။ “လူများကြားတွင် ရှင်သန်နေထိုင်ရန် ခင်ခင်မင်မင် ပြုမူတတ်ရမည်” ဟူသည့် ဤဆိုရိုးသည် ရှင်းပြရန် ခက်ခဲသော်လည်း အဓိပ္ပာယ်ကို လူတိုင်းနားလည်နိုင်သည်။ “လူတစ်ယောက်သည် လူ့စိတ်ခံစားချက်ဖြင့် နေထိုင်ရမည်။ လူ့စိတ်ခံစားချက်မရှိလျှင် အကြင်သူကို လူသားဟု ခေါ်နိုင်သေးသလော။ သင်သည် အစဉ်အမြဲ လေးနက်ပြီး စိတ်ထက်သန်နေပါကလည်းကောင်း၊ သင်သည် စည်းမျဉ်းများနှင့် ရပ်တည်ချက်များအပေါ် အစဉ်သဖြင့် အလေးထားပါကလည်းကောင်း အဆုံးတွင် သင်သည် ဆွေမျိုးများဖြစ်စေ၊ သူငယ်ချင်းများဖြစ်စေ တစ်ယောက်မျှ မရှိဘဲ ကျန်ရစ်လိမ့်မည်။ လူမှုအဖွဲ့များကြားတွင် နေထိုင်စဉ်တွင် လူ့စိတ်ခံစားချက်ရှိရန် လိုအပ်သည်။ ကျွန်ုပ်တို့၏ မျိုးရိုးအမည်နှင့် မည်သည်မျှမဆိုင်သောသူများသည် သီးခြားကိစ္စဖြစ်သည်။ သို့သော် မျိုးရိုးအမည် သို့မဟုတ် မျိုးနွယ်စု တူသူတို့ အကြားတွင်မူ လူတိုင်းသည် ရင်းနှီးကြသည်မဟုတ်လော။ သူတို့ထဲမှ မည်သူ့ကိုမျှ သင် ချန်ထားခဲ့၍ မရ။ သင်သည် နာမကျန်းမှု၊ အိမ်ထောင်ရေး၊ အသုဘကဲ့သို့သော အရာများ သို့မဟုတ် အခြားကိစ္စကြီး၊ ကိစ္စငယ်များဖြင့် ရင်ဆိုင်ရသောအခါ သင်နှင့် ဆွေးနွေးရန် တစ်ဦးတစ်ယောက်ကို လိုအပ်သည်မဟုတ်လော။ အိမ်တစ်လုံး၊ ကားတစ်စီး သို့မဟုတ် မြေတစ်ကွက် ဝယ်သောအခါ မည်သူမဆိုသည် ကူညီပံ့ပိုးပေးနိုင်သည်။ သင်သည် ဤလူများကို ချန်ထား၍မရ။ ဘဝတွင် ထိုသူတို့အပေါ် အားထားရမည်” ဟူ၍ဖြစ်သည်။ သင်သည် ဤမိသားစုထုံးတမ်းဓလေ့၏ နက်နက်ရှိုင်းရှိုင်း လွှမ်းမိုးမှုကို ခံထားရသောကြောင့် သင်အပြင်ထွက်လျှင် အထူးသဖြင့် အသင်းတော်တွင် တူညီသောမျိုးနွယ်စုမှ တစ်စုံတစ်ဦးကို တွေ့သောအခါ သင်သည် သူတို့အပေါ် အထူးနှစ်သက်မှုခံစားရ၍ မကြာခဏ သူတို့အပါ် အထူးစောင့်ရှောက်မှုနှင့် ဆက်ဆံမှုပေးပြီး သူတို့နှင့် အထူးပုံစံတစ်ခုဖြင့် အဆင်ပြေကာ အမှုမဲ့အမှတ်မဲ့ သူတို့ဖက်သို့ တိမ်းညွတ်မိသည်။ သူတို့ အမှားလုပ်လျှင်ပင် သင်သည် သူတို့အပေါ် မကြာခဏ သက်ညှာတတ်သည်။ သွေးသားမတော်စပ်သူများအတွက်မူ သင်သည် သမာသမတ်ကျစွာ ဆက်ဆံသည်။ သို့သော် သင့်မျိုးနွယ်စုမှ လူများအတွက်မူ သင်သည် သူတို့ကို အကာအကွယ်နှင့် မျက်နှာသာပေးတတ်သည်။ ယင်းကို ရိုးရှင်းသော အသုံးအနှုန်းအရ “ဆွေမျိုးသားချင်းအပေါ် ဘက်လိုက်ခြင်း”ဟုခေါ်သည်။ အချို့သောလူများသည် ဤအတွေးများဖြင့် မကြာခဏ လမ်းလွဲနေကာ ဘုရားသခင် သွန်သင်ပေးသည့်စည်းမျဉ်းများကို အခြေခံ၍ လူများကို မဆက်ဆံဘဲ သို့မဟုတ် ကိစ္စများကို မကိုင်တွယ်ဘဲ မိသားစု ထုံးတမ်းဓလေ့၏ လွှမ်းမိုးမှုအပေါ် အခြေခံကြသည်။ ယင်းသည် မမှားသလော။ (မှားပါသည်။) ဥပမာအားဖြင့် ကျန်း ဟူသော မျိုးရိုးအမည်ရှိသူတစ်ဦးသည် နှစ်အနည်းငယ် အသက်ပိုကြီးသည့် နောက်ထပ် မျိုးရိုးအမည်တူသူတစ်ဦးကို “အစ်မကြီး”ဟု ခေါ်ကောင်း ခေါ်နိုင်သည်။ အခြားသူများက သူတို့သည် တကယ့်ညီအစ်မများဖြစ်သည်ဟု ထင်ကောင်းထင်နိုင်သော်လည်း အမှန်တွင်မူ သူတို့သည် မျိုးရိုးအမည်တူသည့် ဆွေမတော်မျိုးမတော်သူများဖြစ်ပြီး သွေးမတော်သားမစပ်ပေ။ သူသည် အဘယ်ကြောင့် ဤကဲ့သို့ ခေါ်ရသနည်း။ ယင်းသည် မိသားစုထုံးတမ်းဓလေ့၏ လွှမ်းမိုးမှုပင်ဖြစ်သည်။ မည်သည့်နေရာသို့သွားပါစေ သူတို့နှစ်ဦးသည် မခွဲခွာနိုင်ကြဘဲ သူသည် သူ့ “အစ်မကြီး”နှင့် အရာအားလုံးကို မျှဝေခံစားကာ အပြင်လူများနှင့်မူ မျှဝေခံစားခြင်း မရှိပေ။ အဘယ်ကြောင့်နည်း။ “သူသည် ကျွန်မကဲ့သို့ပင် ကျန်း တစ်ယောက်ဖြစ်သောကြောင့် ဖြစ်သည်။ ကျွန်မတို့သည် မိသားစုဖြစ်ကြသည်။ သူ့ကို ကျွန်မအကုန်ပြောပြမည်။ သူ့ကိုမှ မပြောလျှင် မည်သူ့ကို ပြောမည်နည်း။ ကျွန်မ မိသားစုကို ယုံကြည်ရမည့်အစား သူစိမ်းများကို ယုံကြည်လျှင် ယင်းမှာ မရူးမိုက်သလော။ သင်မည်သို့ပင် ချဉ်းကပ်ပါစေ အပြင်လူများသည် အားမထားထိုက်ဘဲ မိသားစုကိုသာ ယုံကြည်၍ရနိုင်သည်” ဟူ၍ဖြစ်သည်။ အသင်းတော် ခေါင်းဆောင်များကို ရွေးချယ်သည့်အခါ သူသည် သူ့ “အစ်မကြီး”ကို ရွေးချယ်ပြီး လူများက “အဘယ်ကြောင့် သူ့ကို ရွေးချယ်ခဲ့သနည်း” ဟု မေးသောအခါ သူက “ကျွန်မနှင့် မျိုးရိုးနာမည်တူသောကြောင့်ပင်။ သူ့ကို ကျွန်မ မရွေးချယ်ခဲ့လျှင် ဆင်ခြင်တုံတရားနှင့် ကျင့်ဝတ်စည်းကမ်းအားလုံးကို ဆန့်ကျင်ရာ မကျသလော။ ကျွန်မ သူ့ကိုမရွေးချယ်ခဲ့လျှင် ကျွန်မက လူသားပင်ဖြစ်ပါဦးမလော” ဟု ပြောသည်။ အသင်းတော်တွင် ပစ္စည်းဥစ္စာ ခံစားခွင့် သို့မဟုတ် ကောင်းသောအရာများ ကမ်းလှမ်းစရာ ရှိလျှင် သူ့ကို ဦးစွာအလေးပေးစဉ်းစားသည်။ “အဘယ်ကြောင့် သူ့ကို ဦးစွာ အလေးပေးစဉ်းစားသနည်း” “သူ့တွင် ကျွန်မနှင့်တူသော မျိုးရိုးနာမည် ရှိသောကြောင့် သူသည် ကျွန်မမိသားစုတွင် ပါဝင်သည်။ ကျွန်မ သူ့ကို မစောင့်ရှောက်လျှင် မည်သူက စောင့်ရှောက်မည်နည်း။ ဤအခြေခံလူ့စိတ်ခံစားချက် မရှိလျှင် ကျွန်မသည် လူသားပင် ဟုတ်ပါဦးမည်လော” ဟူ၍ ဖြစ်သည်။ ဤအရာများသည် ချစ်ခင်တွယ်တာမှုမှ၊ သို့မဟုတ် တစ်ကိုယ်ကောင်းဆန်သော ကြံရွယ်ချက်မှ ဖြစ်ပေါ်လာသည်ဖြစ်စေ အတိုချုပ်ဆိုရလျှင် သင်သည် သင့်မိသားစုထံမှ ဤအတွေးများဖြင့် လွှမ်းမိုးခြင်းနှင့် ပုံစံသွင်းခြင်းကို ခံနေရသည်။ သင်သည် ဤနည်းစနစ်များသုံး၍ ပြုမူနေထိုင်ခြင်း၊ အမှုကိစ္စများကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် လူတို့အား ဆက်ဆံခြင်းတို့ကို ရပ်တန့်သင့်ပြီး ချက်ချင်းပင် ပြောင်းလဲသင့်သည်။ ဤနည်းစနစ်များသည် မည်မျှကျဉ်းမြောင်းနိုင်သည်ဖြစ်စေ ကျယ်ပြန့်နိုင်သည်ဖြစ်စေ ယင်းတို့သည် သင့်အား ဘုရားသခင် သင်ကြားပေးထားသည့် စည်းမျဉ်းများနှင့် နည်းစနစ်များ မဟုတ်ပေ။ အနည်းဆုံးအနေဖြင့် ယင်းတို့သည် သင်လက်လွှတ်သင့်သည့် အတွေးများနှင့် အမြင်များဖြစ်ကြသည်။ အတိုချုပ်ဆိုရလျှင် ဘုရားသခင်က သင့်ကို သင်ကြားပေးသည့် စည်းမျဉ်းများနှင့် မကိုက်ညီသည့် မည်သည့် မိသားစု၏ ပုံစံသွင်းခြင်းကိုမဆို လက်လွှတ်သင့်သည်။ သင်သည် ဤနည်းစနစ်များကို အသုံးပြု၍ အခြားသူများကို ဆက်ဆံခြင်း သို့မဟုတ် သူတို့နှင့် အပြန်အလှန် ဆက်ဆံခြင်းတို့မပြုသင့်သကဲ့သို့ ကိစ္စများကိုလည်း ဤနည်းဖြင့် မကိုင်တွယ်သင့်ပေ။ အချို့က “ကျွန်ုပ်သည် ဤနည်းဖြင့် မကိုင်တွယ်လျှင် ယင်းတို့ကို မည်သို့ကိုင်တွယ်ရမည်ကို လုံးဝ သိမည်မဟုတ်ပါ” ဟု ငြင်းချက်ထုတ်နိုင်သည်။ ယင်းကို လွယ်ကူစွာ စီမံနိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အမျိုးမျိုးသောကိစ္စရပ်များကို ကိုင်တွယ်ရန်အတွက် စည်းမျဉ်းများ ပေးသည်။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းကို ရှာမတွေ့ပါက ဤသမ္မာတရားကို နားလည်သော ညီအစ်ကို မောင်နှမ တစ်ဦးဦးကို ရှာဖွေကာ သူ့အား မေးမြန်းလော့။ သင်နားလည်ရန် သူက အမှုကိစ္စများကို ရှင်းလင်းပေးလိမ့်မည်။ လူမျိုးစု၊ မျိုးရိုးနာမည် နှင့် လောကကြီး၏ ထုံးတမ်းဓလေ့များနှင့် ပတ်သက်သည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် ဤအရာများသည် လူတို့လက်လွှတ်သင့်သော အရာများဖြစ်သည်။

အချို့သောမိဘများသည် မိမိတို့၏ သမီးများကို “မိန်းမတစ်ယောက်အနေဖြင့် မိမိလက်ထပ်သော လင်ယောက်ျားသည် ကြက်ဖြစ်ချင်ဖြစ်ပါစေ၊ ခွေးဖြစ်ချင်ဖြစ်ပါစေ သူ့နောက်သို့ လိုက်သင့်သည်။ ကြက်မိသားစုဝင်ဖြင့် လက်ထပ်လိုက်ပါက ကြက်ကဲ့သို့ ပြုမူရမည်။ ခွေးမိသားစုဝင်ဖြင့် လက်ထပ်လိုက်ပါက ခွေးကဲ့သို့ ပြုမူရမည်”ဟု မကြာခဏ တကျည်ကျည်ပြောကြသည်။ ဆိုလိုရင်းမှာ သင်သည် လူကောင်းတစ်ဦးဖြစ်ရန် မကြိုးစားသင့်ဘဲ သင့်ကိုယ်သင် ကြက်တစ်ကောင် သို့မဟုတ် ခွေးတစ်ကောင်အဖြစ်သို့ ကျိတ်မှိတ်လက်ခံလိုက်ရန်ပင် ဖြစ်သည်။ ဤသည်မှာ ကောင်းမွန်သည့် လမ်းကြောင်းလော။ ကြားလိုက်သည်နှင့် ယင်းမှာ ကောင်းသည့်လမ်းကြောင်း မဟုတ်သည်ကို မည်သူမဆို ပိုင်းခြားသိနိုင်မည်ဖြစ်သည်မှာ သိသာထင်ရှား မဟုတ်ပေလော။ “မိမိလက်ထပ်သော လင်ယောက်ျား နောက်သို့လိုက်” ဆိုသည့် စကားစုသည် အမျိုးသမီးများအား ဦးတည်သည်မှာ သေချာပေသည်။ သူတို့၏ ကံကြမ္မာသည် ဤမျှကြေကွဲဖွယ်ပင်ဖြစ်သည်။ မိသားစု၏ လွှမ်းမိုးမှုနှင့် ပုံစံသွင်းခြင်းအောက်တွင် အမျိုးသမီးများသည် မိမိတို့ကိုယ်ကို ယုတ်ညံ့သောသူအဖြစ် ကျိတ်မှိတ်လက်ခံလိုက်ကြရသည်။ ကောင်းသောလမ်းကို လျှောက်လှမ်းရန် မကြိုးစားဘဲ မိဘများစေခိုင်းသမျှကို လုပ်ဆောင်ရင်း ကြက်တစ်ကောင်ဖြင့် ယူမိပါက ကြက်နောက်သို့ သို့မဟုတ် ခွေးတစ်ကောင်ဖြင့် ယူမိပါက ခွေးနောက်သို့ အမှန်တကယ်ပင် လိုက်ကြရသည်။ သင့်မိဘများက ဤအတွေးကို သွတ်သွင်းသော်လည်း ထိုအတွေးသည် မှန်သည် သို့မဟုတ် မှားသည်ကိုလည်းကောင်း၊ သင်၏ ကျင့်ကြံပြုမူပုံအတွက် အကျိုးဖြစ်စေသည် သို့မဟုတ် အပြစ်ဖြစ်စေသည်ကိုလည်းကောင်း သင်ပိုင်းခြားသိမြင်သင့်သည်။ ဤသွင်ပြင်လက္ခဏာကို အိမ်ထောင်ရေးအား လက်လွှတ်ခြင်းဆိုင်ရာ အကြောင်းအရာထဲ၌ ငါတို့ မိတ်သဟာယပြုထားပြီးဖြစ်သောကြောင့် ယင်းတို့ကို ဤနေရာတွင် အထူးပြု စိစစ်၍ ပိုင်းခြားဝေဖန်ခြင်း ပြုတော့မည်မဟုတ်သည်မှာ ပြောရန်မလိုအပ်ပေ။ အတိုချုပ်ပြောရလျှင် မိဘများထံမှ ဤမမှန်ကန်သော၊ ဘက်လိုက်သော၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော၊ အပေါ်ယံဆန်သော၊ ရူးမိုက်သော၊ ဆိုးယုတ်ကာ ယိုပင် ယိုယွင်းနေသော အတွေးများနှင့် အမြင်များ အားလုံးတို့သည် သင်လက်လွှတ်သင့်သည့်အရာများ ဖြစ်ကြသည်။ အထူးသဖြင့် ငါတို့ အခုပင် ဆွေးနွေးခဲ့သော “မိမိလက်ထပ်သော လင်ယောက်ျားသည် ကြက်ဖြစ်ချင်ဖြစ်ပါစေ၊ ခွေးဖြစ်ချင်ဖြစ်ပါစေ သူ့ နောက်သို့ လိုက်လော့”ဆိုသည့် ဆိုရိုးနှင့် “အဝတ်အထည်နှင့် စားစရာအတွက် ယောက်ျားယူပါ” ကဲ့သို့သော ဆိုရိုးစကားများပင်ဖြစ်သည်။ သင်သည် ဤအဆိုများကို ပိုင်းခြားသိမြင်သင့်ကာ “ငါလက်ထပ်သည့် ယောက်ျားထံသို့ ငါသည် ရောင်းစားခံရပြီးဖြစ်သည်။ သူက ငါ့သခင်ဖြစ်သည်။ ငါသည် သူဖြစ်စေချင်သည့် သူဖြစ်ကာ သူပြောသမျှကို လုပ်ရမည်။ ပြီးလျှင် ငါ့ကံကြမ္မာသည် သူ့ထံတွင် ချည်နှောင်ထားပြီးဖြစ်သည်။ ငါတို့လက်ထပ်လိုက်ပြီးသည်နှင့် ငါတို့နှစ်ယောက်လုံးသည် ကြိုးတစ်ချောင်းတည်းတွင် ချည်ထားသော နှံကောင်နှစ်ကောင်ကဲ့သို့ စည်းနှောင်ထားပြီ ဖြစ်သည်။ သူကောင်းစားလျှင် ငါလည်းကောင်းစားမည်။ သူမကောင်းစားလျှင် ငါလည်းမကောင်းစား။ သို့ကြောင့် ‘မိမိလက်ထပ်သော လင်ယောက်ျားသည် ကြက်ဖြစ်ချင်ဖြစ်ပါစေ၊ ခွေးဖြစ်ချင်ဖြစ်ပါစေ သူ့ နောက်သို့ လိုက်လော့’ ဟူသည့် ငါ့မိဘများ၏ ဆိုရိုးမှာ အမြဲမှန်လိမ့်မည်။ အမျိုးသမီးများသည် အမှီအခိုမကင်းသင့် သို့မဟုတ် လိုက်စားမှုတစ်စုံတစ်ရာမရှိသင့်ဘဲ သူတို့တွင် အသက်အပေါ် မှန်ကန်သောအမြင်ကို သတ်မှတ်ထားရှိခြင်းနှင့် ဘဝလမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းခြင်းတို့အတွက် စိတ်ကူးစိတ်သန်းများနှင့် ဆန္ဒများ အသေအချာပင် မရှိသင့်ပါ။ သူတို့သည် ‘ မိမိလက်ထပ်သော လင်ယောက်ျားသည် ကြက်ဖြစ်ချင်ဖြစ်ပါစေ၊ ခွေးဖြစ်ချင်ဖြစ်ပါစေ သူ့ နောက်သို့ လိုက်လော့’ ဟူသည့် သူတို့မိဘများ၏ စကားကိုသာ ရိုရိုကျိုးကျိုး လိုက်နာသင့်သည်”ဟု ယုံကြည်ကာ သင့်မိဘများက သွတ်သွင်းထားသည့် ထိုအတွေးများအားဖြင့် လမ်းမလွဲသင့်ပေ။ ဤသည်မှာ ထားရှိသင့်သည့် မှန်ကန်သော အတွေးပေလော။ (မဟုတ်ပါ။) အဘယ်ကြောင့် မှားရသနည်း။ “မိမိလက်ထပ်သော လင်ယောက်ျားသည် ကြက်ဖြစ်ချင်ဖြစ်ပါစေ၊ ခွေးဖြစ်ချင်ဖြစ်ပါစေ သူ့ နောက်သို့ လိုက်လော့”နှင့် အဓိပ္ပာယ်တူသော နောက်ထပ်စကားစုတစ်ခုလည်း ရှိသေးသည်။ ယင်းမှာ “ကြိုးတစ်ချောင်းတည်းတွင် ချည်ထားသော နှံကောင်နှစ်ကောင်” ပင်ဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် ထိုသူကို လက်ထပ်ပြီးသည်နှင့် သင်၏ ကံကြမ္မာသည် သူနဲ့ ချည်နှောင်ပြီးဖြစ်သည်။ သူကောင်းစားလျှင် သင်လည်းကောင်းစားမည်။ သူမကောင်းစားလျှင် သင်လည်းမကောင်းစား။ ဤသည်မှာ ဟုတ်၏လော။ (မဟုတ်ပါ။) “သူကောင်းစားလျှင် သင်လည်းကောင်းစားမည်” ဟူသည့် ဆိုရိုးကို ဦးစွာဆွေးနွေးကြစို့။ ဤသည်မှာ အမှန်တရားတစ်ခုလော။ (မဟုတ်ပါ။) ဤကိစ္စကို ချေပရန် တစ်စုံတစ်ဦးသည် တန်ပြန်ဥပမာတစ်ခု ပေးနိုင်သလော။ တစ်ခုခု မစဉ်းစားနိုင်သလော။ ငါ ဥပမာတစ်ခု ပေးမည်။ ဥပမာအားဖြင့် အမျိုးသမီးတစ်ဦးသည် အမျိုးသားတစ်ဦးနှင့် လက်ထပ်သောအခါတွင် သူသည် သူ့ခင်ပွန်းနောက်လိုက်ရန် အခိုင်အမာ ဆုံးဖြတ်ပြီးသားဖြစ်သွားသည်။ ဤသည်မှာ “ယနေ့မှစ၍ ကျွန်မသည် သင်နှင့် သက်ဆိုင်သည်”ဟု အမျိုးသမီးများ ပြောလေ့ရှိသည့် အတိုင်းပင် “ကျွန်မသည် သင့်ထံသို့ ရောင်းစားခံရပြီး ဖြစ်ကာ ကျွန်မ၏ကံကြမ္မာသည် သင့်ထံတွင် ချည်နှောင်ထားသည်” ဟု သဘောသက်ရောက်သည်။ အမျိုးသမီးသည် မိမိကိုယ်မိမိ ယုတ်ညံ့သူအဖြစ် ကျိတ်မှိတ်လက်ခံခြင်းကို အပထားကာ “သူကောင်းစားလျှင် သင်လည်းကောင်းစားမည်” ဟူသော စကားစုသည် မှန် မမှန်ကို ယခု အာရုံစိုက်ကြစို့။ သူကောင်းစားလျှင် သင်လည်း အလိုအလျောက် ကောင်းစားလာမည်မှာ မှန်သလော။ သင့်ခင်ပွန်းသည် လုပ်ငန်းတစ်ခုစပြီး စိန်ခေါ်မှုများစွာကို ရင်ဆိုင်ရခြင်း၊ နေရာတိုင်းတွင် အခက်အခဲများကြုံတွေ့ရခြင်း၊ ရန်ပုံငွေ၊ အဆက်အသွယ်များ၊ ဆိုင်ဖွင့်ရန် သင့်တော်သောနေရာတစ်ခု၊ စီးပွားရေးလုပ်ရန် စျေးကွက်တစ်ခုနှင့် ကူညီမည့် လူများ ပြတ်လပ်ခြင်းတို့ဖြင့် အကျပ်အတည်းရောက်နေသည် ဆိုကြပါစို့။ သူ့ဇနီးအဖြစ် သင်သည် သူ့နောက်သို့ လိုက်ရန် အခိုင်အမာ ဆုံးဖြတ်ထားသည်။ သူ မည်သည့်အရာကိုလုပ်လုပ် သင်သည် သူ့ကို မည်သည့်အခါမျှ စက်ဆုပ်ရွံရှာမနေဘဲ သူ့အား ခြွင်းချက်မရှိ ထောက်ပံ့သည်။ အချိန်ကြာလာသည်နှင့်အမျှ သူ၏လုပ်ငန်းသည် ကြီးထွားလာပြီး တစ်ဆိုင်ပြီးတစ်ဆိုင် ဖွင့်လှစ်ကာ ဆတက်ထမ်းပိုး ပိုမိုကောင်းမွန်သော စီးပွားရေးအကျိုးအမြတ်များနှင့် သာလွန်သော ဝင်ငွေတို့ကို ရရှိလာသည်။ သင့်ခင်ပွန်းသည် သူဌေးဖြစ်လာပြီး သူဌေးတစ်ယောက်အဖြစ်မှ ချမ်းသာကြွယ်ဝသော လုပ်ငန်းရှင်သူဌေးကြီး တစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။ သူသည် ကောင်းစားနေသည် မဟုတ်လော။ ဤလူ့အဖွဲ့အစည်းနှင့် ဤကောက်ကျစ်ဆိုးညစ်သော လောကကြီး၏ အဖြစ်မှန်ဖြစ်သည်မှာ ပြောစရာမလိုသည့် “ငွေရှိသူသည် ပျက်စီးသည်” ဟူသော ဆိုရိုးရှိသည့်အတိုင်းပင်။ သင့်ခင်ပွန်းသည် သူဌေးဖြစ်လာပြီး နောက်ဆုံးတွင် လုပ်ငန်းရှင်သူဌေးကြီးဖြစ်လာသည်နှင့် ဖောက်ပြန်ပျက်စီးလာရန် သူ့အတွက် မည်မျှလွယ်ကူသနည်း။ အချိန်ခဏလေးအတွင်း၌ပင် ဖြစ်သွားသည်။ သူသည် သူဌေးဖြစ်လာပြီး ကောင်းစားလာပြီးနောက်တွင် သင်၏ကောင်းသောနေ့ရက်များသည် ကုန်ဆုံးသွားရလိမ့်မည်။ အဘယ်ကြောင့်နည်း။ သင့်စိုးရိမ်မှုများသည် စတင်ဝင်ရောက်လာသည်။ “သူ့မှာ အပြင်တွင် အခြားမိန်းမရှိသလော။ သူငါ့အပေါ် ဖောက်ပြန်မည်လော။ တစ်ယောက်ယောက်က သူ့ကို သွေးဆောင်ဖြားယောင်းနေသလော။ သူငါ့ကို ငြီးငွေ့လာမည်လော။ သူသည် အချစ်ကုန်သွားမည်လော” ဟူ၍ ဖြစ်သည်။ သင်၏ ကောင်းသောနေ့ရက်များ ကုန်ဆုံးသွားပြီလော။ သူနှင့် ပင်ပန်းဆင်းရဲမှုများကို နှစ်ပေါင်းများစွာ မျှဝေခံစားပြီးသည့်အခါ သင်သည် စိတ်ဆင်းရဲကာ ပင်ပန်းခြင်းကို ခံစားရသည်။ သင်၏ နေထိုင်မှု အခြေအနေများသည် ညံ့ဖျင်းလာသည်။ သင့်ကျန်းမာရေးသည် ယိုယွင်းလာသည်။ ထို့ပြင် သင့်ရုပ်ရည်ကိုလည်း ဆုံးရှုံးလာရသည်။ သင်သည် မျက်နှာ ဝါမှိုင်းမှိုင်းနှင့် မိန်းမအိုကြီး တစ်ယောက်ဖြစ်လာတော့သည်။ သူ၏အမြင်တွင် သူတစ်ချိန်က စွဲလမ်းခဲ့ဖူးသော မိန်းမပျိုလေး၏ ဆွဲဆောင်မှု သင့်ထံတွင် မရှိတော့ပေ။ “ယခု ငါက ချမ်းသာပြီး သြဇာညောင်းလာပြီဖြစ်သည့်အတွက် ပိုသာသည့် သူတစ်ယောက်ကို ငါရှာနိုင်သည်” ဟု သူတွေးကောင်းတွေးနိုင်သည်။ သူသည် စိမ်းကားလာသည်နှင့်အမျှ တက်ကြွသည့် အတွေးများ စတင်ဝင်လာပြီး စတင်ပြောင်းလဲလာသည်။ ထိုအခါ သင်သည် အန္တရာယ်ရှိသည် မဟုတ်လော။ သင်သည် မျက်နှာ ဝါမှိုင်းမှိုင်း မိန်းမအိုကြီး ဖြစ်လာချိန်တွင် သူသည် သူဌေးကြီး ဖြစ်လာသည်။ သင်တို့ အကြားတွင် ကွာဟမှုနှင့် မညီမျှမှု တစ်မျိုး ရှိသည်မဟုတ်လော။ ဤကာလများတွင် သင်က သူနှင့် မထိုက်တန်သူဖြစ်သည် မဟုတ်သလော။ သူသည် သင့်အဆင့်ထက် သာသည်ဟု သူ မခံစားရသလော။ သူသည် သင့်အား တစ်ဆထက် တစ်ဆပိုကာ ရွံရှာလာသည် မဟုတ်လော။ သို့ဆိုလျှင် သင်၏ ခက်ခဲသောနေ့ရက်များသည် စတင်ရုံသာ ရှိသေးသည်။ နောက်ဆုံးတွင် သူသည် သူ၏ဆန္ဒအတိုင်း လုပ်ဆောင်ကာ အခြားအမျိုးသမီးတစ်ဦးကို ရှာဖွေကောင်း ရှာဖွေနိုင်ပြီး အိမ်တွင် အချိန်နည်းသည်ထက်နည်း၍သာ နေတော့သည်။ သူပြန်လာသည့်အခါတွင်လည်း သင်နှင့် ငြင်းခုံရန်အတွက်သာ အများစုဖြစ်ပြီး တံခါးကို ဆောင့်ပိတ်ကာ ချက်ချင်း ပြန်ထွက်သွားတော့သည်။ ရံဖန်ရံခါတွင် အဆက်အသွယ်မရှိဘဲ ရက်အကြာကြီး ရှိနေတတ်သည်။ သင်တို့၏ အတိတ်ဆက်ဆံရေးကို ထောက်လျှင် သင် အဆုံးစွန် မျှော်လင့်နိုင်သမျှမှာ သူသည် သင်၏ နေ့စဉ်လိုအပ်ချက်များအတွက် သင့်အား ပိုက်ဆံပေးပြီး ထောက်ပံ့ပေးကောင်း ပေးနိုင်သည်။ အကယ်၍ သင်သည် ဆူညံသောင်းကျန်းပါက သင်၏ နေထိုင်စရိတ်ကိုပင် သူကန့်သတ်ကောင်း ကန့်သတ်နိုင်သည်။ သို့လျှင် ဤသည်မှာ အဘယ်သို့နည်း။ သူစတင်ကောင်းစားလာရုံနှင့် သင်၏ကံကြမ္မာသည် လုံးဝတိုးတက်လာသလော။ သင်သည် ပိုပျော်ရသလော ပိုမပျော်ရသလော။ (ပိုမပျော်ရပါ။) သင်သည် ပိုမပျော်ရပေ။ သင်၏ ကံဆိုးမှု နေ့ရက်များ ရောက်လာပေပြီ။ ဤကဲ့သို့ အခြေအနေမျိုးနှင့် ကြုံတွေ့ရသည့်အခါ အမျိုးသမီးအများစုသည် ချုံးပွဲချငိုကြွေးကြပြီး “သင်တို့၏ ညစ်ပတ်သော အဝတ်များကို လူမြင်ကွင်းတွင် မလှန်းနှင့်” ဟူ၍ ၎င်းတို့၏ မိဘများက ပြောသည့်စကားကြောင့် “ငါ့သားကြီးပြင်းလာပြီး ငါ့ကို ထောက်ပံ့နိုင်သည်အထိ တောင့်ခံလိုက်မည်။ ပြီးလျှင် ငါ့ယောက်ျားကို ငါဖယ်ထုတ်လိုက်မည်”ဟုတွေးကာ သည်းခံကြလိမ့်မည်။ အချို့အမျိုးသမီးများမှာ သူတို့၏ သားဖြစ်သူသည် သူတို့၏ ခွန်အားထောက်တိုင်များ ဖြစ်လာသည့်နေ့ကို မြင်တွေ့ရလောက်အောင် ကံကောင်းသော်လည်း အချို့မှာ ထိုမျှလောက်အထိ မရောက်ကြပေ။ သူတို့၏သားငယ်စဉ်တွင် ယောက်ျားဖြစ်သူက ကလေးကို ခေါ်ထားရန် ဆုံးဖြတ်ပြီး သူ့မိန်းမဖြစ်သူကို “သွားလော့ မျက်နှာ ဝါမှိုင်းမှိုင်းနှင့် အဘွားကြီး”ဟုပြောလေကာ သူတောင်းစားတစ်ယောက်ကဲ့သို့ သူ့အိမ်မှ နှင်ထုတ်ခံရကောင်း ခံရနိုင်သည်။ သို့လျှင် သူကြီးပွားသည့်အခါတွင် သင်သည်လည်း သေချာပေါက် ကြီးပွားဦးမည်လော။ သင်တို့၏ ကံကြမ္မာသည် အမှန်တကယ်ပင် စည်းနှောင်ထားသလော။ (မဟုတ်ပါ။) သူ၏လုပ်ငန်းသည် အမြဲမပြတ် ရုန်းကန်နေရပါက သို့မဟုတ် သူ၏ဆန္ဒနှင့် ဆန့်ကျင်နေပါက သူသည် သင်၏ ပံ့ပိုးမှု၊ အားပေးမှု၊ ပေါင်းသင်းမှုနှင့် စောင့်ရှောက်မှုတို့ကို လိုအပ်ပြီး ဖောက်ပြန်ပျက်စီးသွားရန် အရည်အချင်းနှင့် အခွင့်အလမ်းများ ချို့တဲ့နေစဉ်တွင် သူသည် သင့်အား ချစ်မြတ်နိုးနေဆဲ ဖြစ်ကောင်း ဖြစ်နိုင်သည်။ သူ မကောင်းစားနေချိန်တွင် သင်သည် ပိုမိုလုံခြုံသည်ဟု ခံစားရကောင်း ခံစားရနိုင်ပြီး သင့်ကို အဖော်ပြုရန် တစ်စုံတစ်ယောက်ရှိနေနိုင်ကာ အိမ်ထောင်ရေး၏ နွေးထွေးမှုနှင့် ပျော်ရွှင်မှုကို ခံစားရနိုင်လိမ့်မည်။ သူသည် မကောင်းစားသည့်အခါတွင် မည်သည့်ပြင်ပလူကမျှ သူ့အား အာရုံစိုက်မည်မဟုတ်သောကြောင့် သို့မဟုတ် တန်ဖိုးထားမည် မဟုတ်သောကြောင့် သင်သည် သူအားထားနိုင်သော တစ်ဦးတည်းသောလူ ဖြစ်လာသဖြင့် သူသည် သင့်ကို တန်ဖိုးထားသည်။ ထိုအခြေအနေမျိုးတွင် သင်သည် လုံခြုံသည်ဟု ခံစားရပြီး အတော်အတန်ပင် ပိုအဆင်ပြေကာ ပိုပျော်ရွှင်မည်ဖြစ်သည်။ သို့သော် သူကောင်းစားလာ၍ ဘဝတွင် အခြေကျလာလျှင်မူ သူထွက်သွားလိမ့်မည်။ သို့သော် သင့်ကိုတစ်ပါတည်း ခေါ်ဆောင်သွားလိမ့်မည်လော။ “မိမိလက်ထပ်သော လင်ယောက်ျားသည် ကြက်ဖြစ်ချင်ဖြစ်ပါစေ၊ ခွေးဖြစ်ချင်ဖြစ်ပါစေ သူ့ နောက်သို့ လိုက်လော့” ဟူသည့် မိဘများထံမှ ဆိုရိုးသည် မှန်ကန်ပါ၏လော။ (မဟုတ်ပါ။ မမှန်ပါ။) ယင်းသည် အမျိုးသမီးများကို ဒုက္ခတွင်းနက်ထဲ တွန်းပို့နေသည်မှာ သိသာထင်ရှားပေသည်။ “သူသည် မှန်ကန်သောလမ်းကို လျှောက်ပါက ငါသူ့နောက်ကို လိုက်မည်။ သူ မလျှောက်ပါက သူ့ကို ထားရစ်မည်”ဟူသော စည်းမျဉ်းသည်ကော မည်သို့ရှိသနည်း။ ဤစည်းမျဉ်းသည်လည်း မှားယွင်းနေပါသည်။ ထိမ်းမြားလက်ထပ်ခြင်းသည် သင်သည် သင့်ကိုယ်သင် သူ့ထံ ရောင်းစားပြီးဖြစ်သည်ဟု မဆိုလိုသကဲ့သို့ သူ့ကို အပြင်လူတစ်ယောက်အဖြစ်လည်း မဆက်ဆံသင့်ပါ။ အိမ်ထောင်ရေးတွင် သင်၏ တာဝန်များကို ဖြည့်ဆည်းရုံဖြင့် သင့်အတွက် လုံလောက်ပေသည်။ ကိစ္စများ အဆင်ပြေနေပါက ကောင်း၏။ မဟုတ်ပါကမူ လမ်းခွဲလိုက်ပါ။ သင်သည် သင်၏ဝတ္တရားများကို လိပ်ပြာသန့်သန့်ဖြင့် ဖြည့်ဆည်းခဲ့ပြီး ဖြစ်သည်။ အကယ်၍ သူနှင့် ယှဉ်တွဲကာ သင်၏တာဝန်များကို ဖြည့်ဆည်းရန် သူသည် သင့်အား လိုအပ်ပါက ထိုသို့ လုပ်ဆောင်ပါလေ။ သို့မဟုတ်လျှင် လမ်းခွဲလိုက်ပါ။ ဤသည်မှာ စည်းမျဉ်းပင်ဖြစ်သည်။ “မိမိလက်ထပ်သော လင်ယောက်ျားသည် ကြက်ဖြစ်ချင်ဖြစ်ပါစေ၊ ခွေးဖြစ်ချင်ဖြစ်ပါစေ သူ့ နောက်သို့ လိုက်လော့” ဟူသည့် စကားစုသည် အဓိပ္ပာယ်မရှိ။ ယင်းသည် အန္တရာယ်ဖြစ်နိုင်သည်။ အဘယ်ကြောင့် အဓိပ္ပာယ်မရှိသနည်း။ ယင်းတွင် စည်းမျဉ်းများ ကင်းမဲ့နေသည်။ ယောက်ျားတစ်ယောက်သည် မည်ကဲ့သို့လူစားမျိုး ဖြစ်နေစေကာမူ သင်သည် သူ့နောက်သို့ လက်လွတ်စပယ် လိုက်သည်။ သင်သည် လူကောင်းတစ်ယောက်နောက်သို့ လိုက်မိပါက သင့်ဘဝသည် တန်ဖိုးရှိကောင်း ရှိနိုင်သည်။ သို့သော် သင်သည် လူဆိုးတစ်ယောက်နောက်သို့ လိုက်မိပါက သင်သည် မိမိကိုယ်ကို ကံဆိုးမိုးမှောင် ကျအောင် လုပ်ဆောင်နေခြင်း မဟုတ်လော။ ထို့ကြောင့် သူသည် မည်ကဲ့သို့ လူစားမျိုးပင် ဖြစ်စေကာမူ သင့်ထံတွင် အိမ်ထောင်ရေးအပေါ် တိကျသော ရပ်တည်ချက်ရှိသင့်သည်။ သမ္မာတရားသည်သာလျှင် စစ်မှန်သော အကာအကွယ်ကိုပေးကာ ဂုဏ်သိက္ခာရှိသော ဘဝအတွက် လမ်းကြောင်းနှင့် စည်းမျဉ်းများကို ထောက်ပံ့ပေးကြောင်း သင်နားလည်ရန် လိုအပ်ပါသည်။ မိဘများ ပေးသောအရာများသည် သူတို့၏ ချစ်မြတ်နိုးမှု သို့မဟုတ် ကိုယ်ကျိုးစီးပွားအပေါ် အခြေခံသည့် သေးငယ်သော အတွေ့အကြုံ သို့မဟုတ် နည်းဗျူဟာ အစိတ်အပိုင်းများမျှသာဖြစ်သည်။ ထိုသို့သော အကြံဉာဏ်သည် သင့်ကို လုံးဝမကာကွယ်နိုင်သကဲ့သို့ လက်တွေ့လုပ်ဆောင်မှုအတွက်လည်း မှန်ကန်သော စည်းမျဉ်းများကို ထောက်ပံ့ပေးနိုင်စွမ်းရှိမည်မဟုတ်ပေ။ “မိမိလက်ထပ်သော လင်ယောက်ျားသည် ကြက်ဖြစ်ချင်ဖြစ်ပါစေ၊ ခွေးဖြစ်ချင်ဖြစ်ပါစေ သူ့ နောက်သို့ လိုက်လော့” ဟူသောဆိုရိုးကို ဥပမာအဖြစ်ယူလော့။ ယင်းသည် သင့်ကို အိမ်ထောင်ရေးနှင့် ပတ်သက်၍ အသိမဲ့လာစေပြီး မှန်ကန်သော အသက်လမ်းကြောင်းကို ရွေးချယ်ရန် ဂုဏ်သိက္ခာနှင့် အခွင့်အရေးကို ဆုံးရှုံးစေရန်ကိုသာ ဦးတည်စေနိုင်သည်။ ပို၍အရေးကြီးသည်မှာ ယင်းသည် သင့်အား ကယ်တင်ခံရခြင်းအခွင့်ကိုလည်း ဆုံးရှုံးစေနိုင်သည်။ သို့ကြောင့် မိဘများ၏ စကားနောက်ကွယ်မှ ရည်ရွယ်ချက်သည် စိုးရိမ်ကြောင့်ကြမှုကြောင့်ဖြစ်စေ၊ အကာအကွယ် ပေးမှုကြောင့်ဖြစ်စေ၊ ချစ်မြတ်နိုးမှုကြောင့်ဖြစ်စေ၊ ကိုယ်ကျိုးစီးပွားကြောင့်ဖြစ်စေ သို့မဟုတ် တခြားကြံရွယ်ချက်တစ်ခုခုကြောင့်ဖြစ်စေ သူတို့၏ အမျိုးမျိုးသော ဆိုးရိုးများကို သင် ပိုင်းခြားသိမြင်သင့်သည်။ သူတို့၏ ကနဦး ရည်ရွယ်ချက်သည် သင်၏ သုခနှင့် အကာအကွယ်အတွက် ဖြစ်စေကာမူ ယင်းတို့အား ပေါ့ပေါ့ဆဆနှင့် မိုက်မိုက်မဲမဲ လက်မခံသင့်ပေ။ ယင်းအစား သင်သည် ယင်းတို့အား ပိုင်းခြားသိမြင်သင့်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံသည့် လက်တွေ့လုပ်ဆောင်ရန် တိကျသောစည်းမျဉ်းများကို ရှာဖွေသင့်ပြီး သင့်မိဘများ၏ စကားနှင့်အညီ လက်တွေ့မလုပ်ဆောင်သင့် သို့မဟုတ် မကျင့်ကြံမပြုမူသင့်ပေ။ အထူးသဖြင့် ရှေးမျိုးဆက်ဟောင်းများ မကြာခဏပြောလေ့ရှိသည့် “အဝတ်အထည်နှင့် စားစရာအတွက် ယောက်ျားယူပါ” ဆိုသည်မှာ သာ၍ပင် မှားယွင်းနေသည်။ အမျိုးသမီးများသည် ခြေလက်များ ချို့တဲ့နေသလော။ သူတို့သည် ကိုယ်တိုင်အသက်မွေးဝမ်းကြောင်းမှု မပြုနိုင်သလော။ ၎င်းတို့သည် အဝတ်အထည်နှင့် စားစရာအတွက် ယောက်ျားများကို အဘယ်ကြောင့် အားထားရမည်နည်း။ အမျိုးသမီးများသည် မလည်မဝယ်များ ဖြစ်သလော။ အမျိုးသားများနှင့် နှိုင်းယှဉ်လျှင် အမျိုးသမီးများသည် မည်သည့်အရာကို ချို့တဲ့နေသနည်း။ (မည်သည့်အရာမျှ မချို့တဲ့ပါ။) မှန်သည်။ သူတို့သည် မည်သည့်အရာမျှ မချို့တဲ့ပါ။ အမျိုးသမီးများတွင် ဘုရားသခင်က အပ်နှင်းထားသည့် အမှီအခိုကင်းစွာ ရပ်တည်နိုင်စွမ်းရှိသည်။ အမျိုးသမီးများတွင် အမှီအခိုကင်းစွာ နေထိုင်နိုင်စွမ်းရှိသဖြင့် ဝမ်းရေးအတွက် အမျိုးသားများကို အဘယ်ကြောင့် အားထားသင့်သနည်း။ ယင်းသည် မှားယွင်းသည့် အတွေးတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းသည် မှားယွင်းသည့် အတွေးတစ်ခုအား သွတ်သွင်းခြင်း ဖြစ်သည်။ အမျိုးသမီးများသည် မိမိတို့၏ အခြေခံလိုအပ်ချက်များအတွက် အမျိုးသားများပေါ် မှီခိုကာ ဤဆိုရိုးကြောင့် မိမိကိုယ်ကို တန်ဖိုးလျှော့ခြင်း သို့မဟုတ် အဆင့်လျှော့ခြင်း မပြုသင့်ပေ။ မိမိ၏ဇနီးဖြစ်သူသည် စားစရာနှင့် ဝတ်စရာ လုံလုံ‌လောက်လောက်ရှိကြောင်း သေချာစေကာ မိမိ၏ဇနီးသည်နှင့် မိသားစုအတွက် စားဝတ်နေရေး စရိတ်အားလုံးကို ထောက်ပံ့ပေးခြင်းသည် ခင်ပွန်းဖြစ်သူ၏ ဝတ္တရားဖြစ်သည်မှာ ဟုတ်ပေသည်။ သို့သော်လည်း အမျိုးသမီးများသည် အစားအသောက်နှင့် အဝတ်အထည် သီးသန့်အတွက်သာ လက်ထပ်ခြင်းကို မပြုသင့် သို့မဟုတ် ထိုကဲ့သို့သော အတွေးများနှင့် အမြင်များကို လက်ကိုင်မထားသင့်ပေ။ သင့်တွင် အမှီအခိုကင်းစွာ နေထိုင်နိုင်စွမ်းရှိသဖြင့် အခြေခံလိုအပ်ချက်များအတွက် ယောက်ျားတစ်ဦးကို အဘယ်ကြောင့် မှီခိုနေရဦးမည်နည်း။ ဤသည်မှာ မိဘများ၏ လွှမ်းမိုးမှုနှင့် မိသားစု အတွေးများ၏ ပုံစံသွင်းခြင်းကြောင့်ဖြစ်သည်မှာ အတိုင်းအတာတစ်ခုအထိ မဟုတ်သလော။ အကယ်၍ အမျိုးသမီးတစ်ဦးသည် မိသားစု၏သွန်သင်ပေးမှု၏ ဤပုံစံသွင်းခြင်းကို လက်ခံပါက သူသည် ပျင်းရိကာ မည်သည့်အရာမျှ မလုပ်ချင်ဘဲ အစားအသောက်နှင့် အဝတ်အထည် ကိစ္စများအတွက် အခြားသူတစ်ယောက်ယောက်ကို မှီခိုအားကိုးရန် ဆန္ဒရှိခြင်းဖြစ်လျှင်ဖြစ်၊ သို့မဟုတ် အမျိုးသမီးများသည် တန်ဖိုးမရှိကာ ဤအစားအသောက်နှင့် အဝတ်အထည် ကိစ္စများကို ကိုယ်တိုင် မဖြေလည်း မဖြေရှင်းနိုင် မဖြေလည်း မဖြေရှင်းသင့်ဘဲ ယောက်ျားများကိုသာ အားကိုးသင့်သည်ဟု ယုံကြည်ရင်း မိဘများ၏ အတွေးများကို လက်ခံခြင်းဖြစ်လျှင်ဖြစ် ထိုထဲမှ တစ်ခုခုပင်ဖြစ်သည်။ ယင်းသည် မိမိကိုယ်ကို ယုတ်ညံ့သောသူအဖြစ် ကျိတ်မှိတ်လက်ခံလိုက်ခြင်းပင် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်း အတွေးများနှင့် အမြင်များကို လက်ခံခြင်းသည် အဘယ်ကြောင့် မှားယွင်းရသနည်း။ ယင်းသို့သည် မည်သည့်အရာအပေါ် သက်ရောက်သနည်း။ အဘယ်ကြောင့် ဤကဲ့သို့ ယုတ်ညံ့သော အတွေးများကို လက်လွှတ်သင့်သနည်း။ အကယ်၍ ယောက်ျားတစ်ယောက်သည် သင်၏ အစားအသောက်နှင့် အဝတ်အထည်ကို ထောက်ပံ့ပေးသဖြင့် သူ့ကို သင်၏သခင်၊ သင်၏အထက်လူကြီး၊ အရာရာကို ဦးစီးသူအဖြစ် သင်မြင်ပါက သင်သည် ကိစ္စကြီးငယ်တိုင်းအတွက် သူ့ကို တိုင်ပင်မည် မဟုတ်လော။ (ဟုတ်ပါသည်။) ဥပမာ သင်သည် ဘုရားသခင်ကို ယုံကြည်ပါက “ဘုရားသခင်ကို ယုံကြည်ခွင့်ရှိမရှိ အိမ်ထောင်ဦးစီးကို ငါမေးမည်။ သူက ယုံဆိုလျှင် ငါယုံမည်။ မယုံနှင့်ဆိုလျှင် ငါမယုံ”ဟု တွေးကောင်းတွေးနိုင်သည်။ ဘုရားသခင်၏ အိမ်တော်သည် လူများကို သူတို့၏ တာဝန်များကို ဖြည့်ဆည်းရန် တောင်းဆိုသည့်အခါတွင်ပင်လျှင် သင်သည် သူ၏ ခွင့်ပြုချက်ကို တောင်းရန်လိုသေးသည်။ သူက လိုလိုချင်ချင်ရှိပြီး သဘောတူလျှင် သင်သည် သင်၏တာဝန်ကို ဖြည့်ဆည်းနိုင်သော်လည်း ယင်းသို့ မဟုတ်ပါက သင်မဖြည့်ဆည်းနိုင်ပေ။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့် သင်သည် ဘုရားသခင်၏ နောက်ကို လိုက်လျှောက်နိုင်ခြင်း ရှိမရှိ ဆိုသည်မှာ သင့်ခင်ပွန်း၏ သဘောထားနှင့် သင့်အပေါ် ဆက်ဆံမှုတို့တွင် မူတည်နေသည်။ ဤလမ်းခရီးသည် မှန်သည် မှားသည်ကို သင့်ခင်ပွန်းသည် ပိုင်းခြားသိမြင်နိုင်သလော။ သူ့စကားကို နားထောင်ခြင်းသည် ကယ်တင်ခြင်းနှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ခြင်းတို့ကို သေချာစေမည်လော။ အကယ်၍ သင့်ခင်ပွန်းသည် ဉာဏ်ပညာရှိပြီး ဘုရားသခင်၏ အသံကို ကြားနိုင်လျှင်လည်းကောင်း၊ သူသည် ဘုရားသခင်၏ သိုးတစ်ကောင်ဖြစ်လျှင်လည်းကောင်း၊ သင်သည် သူနှင့်အတူ အကျိုးရှိနိုင်သော်လည်း သင်သည် သူနှင့်အတူ အကျိုးရှိနေရုံမျှသာဖြစ်သည်။ သို့သော် သူသည် လူဆိုးတစ်ဦးနှင့် အန္တိခရစ်တစ်ဦးဖြစ်ပြီး သမ္မာတရားကို နားမလည်နိုင်ပါက သင် မည်သည့်အရာကို လုပ်မည်နည်း။ သင်ဆက်လက်၍ ယုံကြည်ဦးမည်လော။ သင့်တွင် နားရွက်များ သို့မဟုတ် ဦးနှောက်မရှိသလော။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမထောင်နိုင်သလော။ ယင်းတို့ကို ကြားပြီးချိန်တွင် သင်ကိုယ်တိုင် ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသလော။ သင့်ခင်ပွန်းသည် သင်၏ကံကြမ္မာကို ဆုံးဖြတ်နိုင်သလော။ သင်၏ကံကြမ္မာကို သူက ထိန်းချုပ်ပြီး စီစဉ်ညွှန်ကြားသလော။ သင့်ကိုယ်သင် သူ့ထံ ရောင်းစားထားပြီးဖြစ်သလော။ လူတိုင်းသည် ဤအယူဝါဒများနှင့်ပတ်သက်၍ ရှင်းလင်းသော်လည်း စည်းမျဉ်းများပါဝင်သည့် အချို့သော ပြဿနာများနှင့် ပတ်သက်လာလျှင်မူ လူတို့သည် သူတို့၏မိသားစုက ဤအတွေးများနှင့် အမြင်များဖြင့် ပုံစံသွင်းခြင်းကို အမှုမဲ့အမှတ်မဲ့ လွှမ်းမိုးခြင်း ခံရလေ့ရှိသည်။ ဤအတွေးများနှင့် အမြင်များသည် သင့်အပေါ် လွှမ်းမိုးလာသောအခါ သင်သည် မှားယွင်းသော ဆုံးဖြတ်မှုများ ပြုလုပ်လေ့ရှိပြီး အဆိုပါ မှားယွင်းသော ဆုံးဖြတ်ချက်များ၏ နောက်ကွယ်မှ အတွေးများဖြင့် လမ်းညွှန်ခြင်းခံရကာ သင်သည် မှားယွင်းသော ရွေးချယ်မှုများ ပြုလုပ်လေသည်။ ထို့နောက် ယင်းသည် သင့်အား မှားယွင်းသော လမ်းကြောင်းပေါ်သို့ ဦးဆောင်သွားကာ အဆုံးစွန်တွင် ပျက်စီးခြင်းဆီသို့ ဦးဆောင်သွားသည်။ သင့်တာဝန်ကို ဖြည့်ဆည်းရန် အခွင့်အရေး၊ သမ္မာတရားရရှိရန် အခွင့်အလမ်းနှင့် ကယ်တင်ခြင်းရရန် အခွင့်အရေးတို့ကို သင် လက်လွတ်ဆုံးရှုံးခဲ့သည်။ သင့်ကို ပျက်စီးစေခဲ့သည်မှာ အဘယ်အရာနည်း။ အပေါ်ယံတွင် သင်သည် ယောက်ျားတစ်ဦး၏ လှည့်ဖြားမှုနှင့် လွှမ်းမိုးမှု ခံရကာ သူက သင့်ကို ဖျက်ဆီးသွားပုံရသည်။ သို့သော် လက်တွေ့တွင်မူ သင့်ကို ဖျက်ဆီးခဲ့သည်မှာ သင်၏ ကိုယ်ပိုင် အစွဲပင် ဖြစ်လေသည်။ ဆိုလိုသည်မှာ ဤအဆုံးသတ်၏ မူလဇာစ်မြစ်မှာ “မိမိလက်ထပ်သော လင်ယောက်ျားသည် ကြက်ဖြစ်ချင်ဖြစ်ပါစေ၊ ခွေးဖြစ်ချင်ဖြစ်ပါစေ သူ့နောက်သို့ လိုက်လော့” ဟူသော အတွေးပင်ဖြစ်သည်။ ထို့ကြောင့် ဤအတွေးကို စွန့်လွှတ်ရန်မှာ လွန်စွာ အရေးကြီးသည်။

ယခုတွင် ကမ္ဘာလောက၊ လှည့်ကွက်စည်းမျဉ်းများ၊ ကမ္ဘာလောက၏ လုပ်နည်းကိုင်နည်းများ၊ လူမျိုး၊ ယောက်ျား၊ မိန်းမ၊ အိမ်ထောင် စသည်တို့အား ကိုင်တွယ်ခြင်းအတွက် စည်းမျဉ်းများနှင့် နည်းဗျူဟာများပါဝင်ပတ်သက်သည့် ငါတို့ မိတ်သဟာပြုခဲ့သည့် မိဘများနှင့် မိသားစုများထံမှ အတွေးများနှင့် အမြင်များကို ပြန်ကြည့်လျှင် ဤအရာများထဲတွင် အပြုသဘောဆောင်သောအရာ တစ်စုံတစ်ခု ရှိသလော။ သင့်အား သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းဆီသို့ အတိုင်းအတာတစ်ခုအထိ လမ်းပြပေးနိုင်သည့် တစ်စုံတစ်ခုရှိသလော။ (မရှိပါ။) တစ်ခုကမျှ သင့်အား စစ်မှန်သော၊ သို့မဟုတ် အရည်အချင်းပြည့်မီသော ဖန်ဆင်းခံဖြစ်ရန် အထောက်အကူမပြုပေ။ ပြောင်းပြန်ပင်ဖြစ်သည်။ တစ်ခုချင်းစီက သင့်အား နက်နဲစွာ ထိခိုက်နစ်နာစေသည်။ ဤသို့သော အတွေးများနှင့် အမြင်များ၏ ပုံသွင်းခြင်းမှတစ်ဆင့် သင့်အား ဖျက်ဆီးသည်။ ယနေ့ခတ်လူတို့အား ၎င်းတို့၏ အတွင်းကျဆုံးသော ဖြစ်တည်မှုတွင် အမျိုးမျိုးသော အဓိပ္ပာယ်မဲ့ပြီး လွဲမှားသည့် အတွေးများနှင့် အမြင်များအားဖြင့် ချည်နှောင်ခြင်း၊ ထိန်းချုပ်ခြင်း၊ လွှမ်းမိုးခြင်းနှင့် ဒုက္ခပေးခြင်းကို ခံရစေသည်။ လူတို့၏ စိတ်နှလုံးအတွင်းထဲ၌ မိသားစုသည် နွေးထွေးသည့်နေရာတစ်ခု၊ ကလေးဘဝ အမှတ်ရစရာများနှင့် ပြည့်နေပြီး စိတ်ဝိညာဉ်အတွက် နားခိုရာနေရာတစ်ခု ဖြစ်သော်လည်း မိသားစုက လူတို့အားပေးသည့် အပျက်သဘောဆောင်သော လွှမ်းမိုးမှုအမျိုးမျိုးကို လျှော့မတွက်သင့်ပေ။ မိသားစုနွေးထွေးမှုသည် ဤမှားယွင်းသော အတွေးများကို မပပျောက်စေနိုင်ပေ။ မိသားစုနွေးထွေးမှုနှင့် ယင်းက ယူဆောင်ပေးသည့် လှပသောအမှတ်တရများသည် ရုပ်ပိုင်းဆိုင်ရာ ချစ်ခင်မှုအဆင့်ရှိ ဖြေသိမ့်မှုနှင့် ကျေနပ်မှုတစ်ခုကိုသာ ပေးသည်။ သို့ရာတွင် မည်သို့ကျင့်ကြံပြုမူပြီး ကမ္ဘာလောကကို ကိုင်တွယ်ရမည်၊ မိမိလျှောက်သင့်သည့် လမ်းကြောင်း၊ သို့မဟုတ် ဘဝအပေါ် မည်သည့်ရှုမြင်သုံးသပ်ချက်မျိုးနှင့် စံနှုန်းများကို ထားရှိရမည်ဆိုသည့်အရာများနှင့် ပတ်သက်လျှင် မိသားစု ပုံစံသွင်းခြင်းသည် အလုံးစုံပင် ထိခိုက်နစ်နာစေသည်။ ဤရှုထောင့်မှကြည့်လျှင် အကြင်သူတစ်ဦးသည် လူ့အဖွဲ့အစည်းသို့ မဝင်မီတွင်ပင် မိမိ၏မိသားစုတွင်ရှိသော အတွေးအမြင်အမျိုးမျိုး၏ ဖျက်ဆီးခြင်းကို ခံရပြီးဖြစ်သည်။ မှားယွင်းသော အတွေးအမြင်အမျိုးမျိုး၏ ပုံစံသွင်းမှု၊ ထိန်းချုပ်မှုနှင့် လွှမ်းမိုးမှုတို့ကို ခံရပြီး ဖြစ်သည်။ မိသားစုသည် မှားယွင်းသောအတွေးများနှင့် အမြင်အားလုံးကို ဦးစွာ ရရှိသည့်နေရာ၊ ဤအရာများ စတင်အကောင်အထည် ပေါ်လာပြီး လွတ်လပ်စွာ အသုံးချသည့်နေရာဖြစ်သည်ဟု ဆိုနိုင်သည်။ မိသားစုသည် လူတိုင်း၏ဘဝနှင့် နေ့စဉ်အသက်တာတွင် ဤသို့သောအခန်းကဏ္ဍမျိုး၌ ပါဝင်လုပ်ဆောင်သည်။ ဤအကြောင်းအရာအပေါ် ငါတို့၏ မိတ်သဟာယသည် ချစ်ခင်မှုနှင့်ပတ်သက်ပြီး မိသားစုကို လက်လွှတ်ရန်၊ သို့မဟုတ် သတ်သတ်မှတ်မှတ် ခွဲထွက်ရန်၊ သို့မဟုတ် မိသားစုနှင့် အဆက်အသွယ်ဖြတ်ရန် လူတို့အားတောင်းဆိုခြင်း မဟုတ်။ မိသားစုက သွတ်သွင်းသော မှားယွင်းသည့် အတွေးအမြင်အမျိုးမျိုးကို အတိအကျ သိမြင်ရန်၊ ပိုင်းခြားရန် လူတို့အား တောင်းဆိုခြင်းမျှသာဖြစ်ပြီး ပို၍တိကျစွာနှင့် လက်တွေ့ကျစွာ လက်လွှတ်ရန် တောင်းဆိုခြင်းဖြစ်သည်မှာလည်း အမှန်ပင်ဖြစ်သည်။ ဤသည်မှာ မိသားစုနှင့် သက်ဆိုင်သော အကြောင်းအရာများကို ကိုင်တွယ်ရာတွင် သမ္မာတရားအား လိုက်စားသူက ခံယူသင့်သည့် သတ်သတ်မှတ်မှတ်ဖြစ်သော လက်တွေ့လုပ်ဆောင်မှုဖြစ်သည်။

မိသားစုနှင့် သက်ဆိုင်သည့် နောက်ထပ် အကြောင်းအရာများစွာ ရှိသည်။ မိသားစုက လူတို့အတွင်းသို့ ပုံစံသွင်းသည်ဟူသော ငါတို့ မိတ်သဟာယပြုခဲ့သည့် ဤဆိုရိုးစကားများသည် အလွန်အတွေ့ရများသည်မှာ မမှန်သလော။ (မှန်ပါသည်။) မိသားစုများကြားတွင် ယင်းတို့အကြောင်းပြောသည်ကို ငါတို့ မကြာခဏကြားရသည်။ မိသားစုတစ်ခု၌မဟုတ်လျှင် အခြားတစ်ခု၌ ပြောကြသည်။ ဤဆိုရိုးစကားများသည် ပျံ့နှံ့နေပြီး သဘောထား မထင်ဟပ်သလော။ မိသားစုအများစုက ဤအတွေးများနှင့် အမြင်များကို အတိုင်းအတာအမျိုးမျိုးဖြင့် သွတ်သွင်းခဲ့ကြသည်။ ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့် ဆိုရိုးစကားတိုင်းသည် မိသားစုအများစုတွင် နည်းလမ်းအမျိုးမျိုးဖြင့် ဖြစ်ပေါ်ပြီး လူတစ်ယောက် ကြီးထွားသည့် အဆင့်အမျိုးမျိုးတွင် သွတ်သွင်းခြင်းခံရသည်။ အကြင်သူတစ်ဦးသည် လူမှန်းသိတတ်ကတည်းက ဤအတွေးများ သွတ်သွင်းခြင်းခံရသည်မှာ သူသည် ယင်းတို့ကို စတင်လက်ခံလာပြီး ယင်းတို့အပေါ် သိမြင်မှုနှင့် လက်ခံမှုတစ်ခုခုကို ရရှိသည်။ ထို့နောက်တွင် မိမိကိုယ်ကို ခုခံကာကွယ်ရန် အရည်အချင်းမရှိဘဲ သူသည် အနာဂတ်တွင် နေထိုင်ရှင်သန်ရန်အတွက် ကမ္ဘာလောကကို ကိုင်တွယ်သည့် သူ၏နည်းဗျူဟာများနှင့် နည်းလမ်းများအဖြစ် ဤအတွေးအမြင်များကို ခံယူသည်။ လူများစွာတို့သည်လည်း လူ့အဖွဲ့အစည်းတွင် ခြေကုပ်ရယူရန်အတွက် ယင်းတို့ကို ၎င်းတို့၏ အခြေခံစည်းမျဉ်းအဖြစ် ယူကြသည်မှာ အမှန်ပင် ဖြစ်သည်။ ဤသို့ဖြင့် ဤအတွေးအမြင်များသည် လူတို့၏ နေ့စဉ်ဘဝများ၌ နေရာတကာ သက်ရောက်မှုရှိရုံသာမက ၎င်းတို့၏ စိတ်အတွင်းပိုင်းနှင့် ရှင်သန်ရေးလမ်းကြောင်းပေါ်ရှိ ၎င်းတို့ ကြုံတွေ့ရသည့် ပြဿနာအမျိုးမျိုးတို့အပေါ်သို့လည်း သက်ရောက်သည်။ မတူညီသော ပြဿနာများ ဖြစ်ပေါ်သောအခါ လူတို့၏ စိတ်နှလုံးအတွင်းတွင် သိမ်းဆည်းထားသော အတွေးအမြင်အမျိုးမျိုးတို့သည် ဤအမှုကိစ္စများကို လူတို့ ကိုင်တွယ်သည့် နည်းကို ညွှန်ပြသည်။ ဤမတူညီသော ပြဿနာများ ဖြစ်ပေါ်သောအခါ ၎င်းတို့သည် မတူညီသော အတွေးများနှင့်အမြင်များအပြင် ကမ္ဘာလောကအား ကိုင်တွယ်ခြင်းအတွက် စည်းမျဉ်းများနှင့် နည်းဗျူဟာတို့၏ ကြီးစိုးခြင်း၊ ထိန်းချုပ်ခြင်းကို ခံရသည်။ လူတို့သည် လက်တွေ့ဘဝတွင် ဤမှားယွင်းသော အတွေးအမြင်များကို ကျင်လည်စွာ အသုံးချနိုင်သည်။ လူတို့သည် မှားယွင်းသော အတွေးအမြင်အမျိုးမျိုး၏ လမ်းပြမှုအောက်တွင် မမှန်ကန်သောလမ်းကြောင်းကို အလိုအလျောက် လျှောက်လှမ်းကြသည်။ ၎င်းတို့၏ လုပ်ရပ်၊ အပြုအမူ၊ ဘဝနှင့် ဖြစ်တည်မှုတို့သည် မှားယွင်းသော အတွေးများ၏ ဩဇာပေးခြင်းကို ခံရသောကြောင့် ဘဝတွင် ၎င်းတို့ လျှောက်သည့်လမ်းကြောင်းများမှာလည်း လွဲမှားနေသည်မှာ မလွဲဧကန်ဖြစ်သည်။ ၎င်းတို့ကို လမ်းညွှန်သော အတွေးများ၏ အရင်းအမြစ်က မှားယွင်းနေသည့်အတွက် ၎င်းတို့၏ လမ်းကြောင်းကလည်း အလိုအလျောက် မှားယွင်းနေလေသည်။ ၎င်းတို့လမ်းကြောင်း၏ ဦးတည်ချက်သည် တိမ်းစောင်းနေသဖြင့် နောက်ဆုံးရလဒ်က အလွန်ပင် ရှင်းလင်းနေသည်။ မိမိတို့မိသားစု၏ အမျိုးမျိုးသော အတွေးများ၏ ပုံသွင်းခြင်းကို ခံရသောလူများသည် လမ်းမှားကို လျှောက်ကြသည်။ ထို့နောက် ၎င်းတို့သည် ဤလမ်းမှားကြောင့် လမ်းလွဲကုန်ကြသည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ငရဲသို့၊ ပျက်စီးခြင်းသို့ ဦးတည်ကြသည်။ အဆုံးတွင် ၎င်းတို့၏ ကံဆိုးမိုးမှောင်ကျမှု၏ အကြောင်းရင်း ဇာစ်မြစ်မှာ ၎င်းတို့မိသားစုက ပုံသွင်းပေးသည့် မှားယွင်းသော အတွေးအမျိုးမျိုးထဲတွင် တည်ရှိသည်။ ပြင်းထန်သော အကျိုးဆက်များကို ကြည့်လျှင် လူတို့သည် ၎င်းတို့မိသားစုက ၎င်းတို့အားပေးသည့် အတွေးအမျိုးမျိုး၏ ပုံစံသွင်းခြင်းကို လက်လွှတ်သင့်သည်။ လက်ရှိတွင် လူတို့အပေါ် မှားယွင်းသော အတွေးအမျိုးမျိုးဖြင့် ပုံသွင်းခြင်း၏ လွှမ်းမိုးမှုသည် လူတို့အား သမ္မာတရားကို လက်မခံစေရန် တားဆီးဖို့ ဖြစ်သည်။ လူတို့သည် ဤမှားယွင်းသောအတွေးများက လမ်းပြခြင်းကို ခံရပြီး ယင်းတို့ တည်ရှိနေခြင်းကြောင့် သမ္မာတရားကို အများအားဖြင့် သဘောပေါက်နားလည်နိုင်ခြင်း မရှိသည့်အပြင် ၎င်းတို့၏ စိတ်နှလုံးတွင် သမ္မာတရားကို ငြင်းဆန်ပြီး ခုခံသည်။ ပို၍ပင် ဆိုးသည်မှာ လူအချို့သည် ဘုရားသခင်အား သစ္စာဖောက်ရန် ဆုံးဖြတ်ချက်ချကောင်း ချနိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ ဤသည်မှာ ယခုဖြစ်ပျက်နေသည့် ပုံစံဖြစ်သည်။ သို့သော် ရေရှည်ကြည့်လျှင် လူတို့က သမ္မာတရားကို လက်မခံနိုင်သည့်၊ သို့မဟုတ် သမ္မာတရားကို သစ္စာဖောက်သည့် အခြေအနေများအောက်တွင် ဤမှားယွင်းသော အတွေးများသည် ၎င်းတို့အား သမ္မာတရားနှင့်ဆန့်ကျင်သည့် လမ်းလွဲသောလမ်းကြောင်းကို လျှောက်စေပြီး ဘုရားသခင်ကို သစ္စာဖောက်ကာ ငြင်းပယ်စေသည်။ ဤသို့သော မှားယွင်းသည့် လမ်းကြောင်း၏ လမ်းပြမှုအောက်တွင် ၎င်းတို့သည် ဘုရားသခင် စကားပြောသည်ကို နားထောင်ပြီး သူ၏ အမှုတော်ကို လက်ခံသည့် ပုံစံရှိလျှင်ပင် ၎င်းတို့ရောက်ရှိနေသည့် လမ်းမှားကြောင့် ၎င်းတို့သည် အဆုံး၌ အမှန်တကယ် ကယ်တင်ခြင်း မခံရနိုင်ပေ။ ဤသည်မှာ အမှန်ပင် နောင်တရဖွယ်ဖြစ်သည်။ ထို့ကြောင့် သင့်မိသားစု၏ လွှမ်းမိုးမှုသည် ဤသို့သော ပြင်းထန်သည့် အကျိုးဆက်များအား ဖြစ်စေနိုင်သည်ကို ကြည့်လျှင် ဤအတွေးများကို အရေးမကြီးဟု မမှတ်ယူသင့်ပေ။ သင်သည် သင့်မိသားစုထံမှ ပြဿနာအမျိုးမျိုးနှင့်ပတ်သက်သည့် မှားယွင်းသောအတွေးများ၏ ပုံစံသွင်းခြင်းကို ခံထားရလျှင် သင်သည် ယင်းတို့ကို ဆန်းစစ်ပြီး လက်လွှတ်သင့်သည်။ ယင်းတို့အား လုံးဝ ဆက်လက်၍ ကိုင်စွဲမထားနှင့်။ ထိုအတွေးမှာ မည်သို့ဖြစ်စေ မှားယွင်းပြီး သမ္မာတရားအား ဆန့်ကျင်လျှင် သင်ရွေးချယ်သင့်သည့် တစ်ခုတည်းသော မှန်ကန်သည့်လမ်းကြောင်းမှာ ယင်းကို လက်လွှတ်ရန် ဖြစ်သည်။ လက်လွှတ်ခြင်း၏ တိကျသော လက်တွေ့လုပ်ဆောင်မှုမှာ ဤသို့ ဖြစ်သည်။ ဤအမှုကိစ္စကို သင်ရှုမြင်သည့်၊ လုပ်ဆောင်သည့်၊ သို့မဟုတ် ကိုင်တွယ်သည့် စံသတ်မှတ်ချက်သည်၊ သို့မဟုတ် အခြေပြုချက်သည် သင့်မိသားစုက သွတ်သွင်းထားသည့် မှားယွင်းသော အတွေးများ မဖြစ်သင့်တော့ဘဲ ဤအစား ဘုရားနှုတ်ကပတ်တော်အပေါ် အခြေခံသင့်သည်။ ဤဖြစ်စဉ်သည် သင့်အနေဖြင့် အဖိုးအခတစ်ခုခု ပေးဆပ်ဖို့ လိုအပ်ကောင်း လိုအပ်နိုင်ပြီး သင်သည် မိမိ၏စိတ်ဆန္ဒကို ဆန့်ကျင်ပြီး လုပ်ဆောင်နေသည်ဟုလည်းကောင်း၊ သင်သည် သိက္ခာကျနေသည်ဟုလည်းကောင်း ခံစားရစေနိုင်သော်လည်း ရလဒ်အဖြစ် သင်၏ ဇာတိပကတိ အကျိုးများ၌ ဆုံးရှုံးမှုတစ်ခုကို ခံရခြင်းပင် ဖြစ်နိုင်သော်လည်း မည်သည့်အရာကို သင်ရင်ဆိုင်ရပါစေ သင်သည် သင်၏ လက်တွေ့လုပ်ဆောင်မှုကို ဘုရားနှုတ်ကပတ်တော်နှင့် ဘုရားသခင်က သင့်အားပြောသော စည်းမျဉ်းများနှင့် စဉ်ဆက်မပြတ် ကိုက်ညီစေသင့်ပြီး လက်မလျှော့သင့်ပေ။ ဤပြောင်းလဲမှု ဖြစ်စဉ်သည် အသေအချာပင် ခက်ခဲလိမ့်မည်။ အဆင်ပြေချောမွေ့မည် မဟုတ်။ အဘယ်ကြောင့် အဆင်ပြေချောမွေ့မည် မဟုတ်သနည်း။ ဤသည်မှာ အပျက်သဘောဆောင်သောအရာများနှင့် အပြုသဘောဆောင်သောအရာများကြား ယှဉ်ပြိုင်မှုတစ်ခု၊ စာတန်ထံမှ စာတန်ဆန်သော အတွေးများနှင့် သမ္မာတရားကြား ယှဉ်ပြိုင်မှုတစ်ခုဖြစ်ပြီး သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများကို လက်ခံရန် သင်၏ စိတ်ဆန္ဒ၊ သင်၏ လိုအင်နှင့် သင့်စိတ်နှလုံးရှိ မှားယွင်းသောအတွေးများ၊ အမြင်များကြား ယှဉ်ပြိုင်မှုတစ်ခု ဖြစ်သည်။ ယှဉ်ပြိုင်မှုတစ်ခုရှိသည့်အတွက် ဒုက္ခခံရနိုင်ပြီး အဖိုးအခ ပေးဆပ်ရလောက်သည်။ ဤသည်မှာ သင်လုပ်ဆောင်ရမည့်အရာဖြစ်သည်။ လူတစ်ယောက်သည် သမ္မာတရားအား လိုက်စားပြီး ကယ်တင်ခြင်းရယူသည့် လမ်းကြောင်းကို လျှောက်လိုလျှင် သူသည် ဤအချက်တို့ကို လက်ခံပြီး ဤယှဉ်ပြိုင်မှုများကို တွေ့ကြုံရမည်။ ဤယှဉ်ပြိုင်ပွဲအတွင်းတွင် သင်သည် အသေအချာပင် အဖိုးအခတစ်ခုခုကို ပေးဆပ်ရမည်။ ဝေဒနာတစ်ခုခုကို ခံစားရမည်။ အချို့သောအရာများကို စွန့်လွှတ်ရမည်။ ဖြစ်စဉ်က မည်သည့်ပုံစံရှိပါစေ အဆုံးတွင် ဘုရားသခင်အား ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းအား ရရှိနိုင်ခြင်း၊ သမ္မာတရားအား ရရှိခြင်းနှင့် ကယ်တင်ခြင်းအား ရယူခြင်းတို့သည် အဆုံးစွန်ပန်းတိုင်ဖြစ်သည်။ ထို့ကြောင့် ဤသည်မှာ အမှန်ကန်ဆုံးသော ပန်းတိုင်ဖြစ်ပြီး အရည်အချင်း ပြည့်မီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်ရန် သင်လိုက်စားသင့်သည့် အရာဖြစ်သောကြောင့် ဤပန်းတိုင်အတွက် ပေးဆပ်သည့် မည်သည့်အဖိုးအခမဆိုသည် ထိုက်တန်သည်။ ဤပန်းတိုင်ကို ရရှိရန်အတွက် မည်သည့်အားစိုက်ထုတ်မှု၊ သို့မဟုတ် အဖိုးအခကို သင်ပေးဆပ်ရမည်ဖြစ်စေ သင်သည် အလျှော့မပေးသင့်ပေ။ မရှောင်သင့်ပေ၊ သို့မဟုတ် မကြောက်ရွံ့သင့်ပေ။ အဘယ်ကြောင့်ဆိုသော် သမ္မာတရားကို သင်လိုက်စားပြီး ဘုရားသခင်အား ကြောက်ရွံ့ရန်၊ မကောင်းမှုကို ရှောင်ကြဉ်ပြီး ကယ်တင်ခြင်းခံရန် ရည်ရွယ်သရွေ့ မည်သည့်ယှဉ်ပြိုင်မှု၊ သို့မဟုတ် တိုက်ခိုက်မှုကိုမဆို သင်ရင်ဆိုင်ရသောအခါ သင်သည် တစ်ဦးတည်းမဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်က သင့်ကို အဖော်ပြုလိမ့်မည်။ သင်၏ အထောက်အပံ့အဖြစ် သင့်တွင် ဘုရားသခင်နှင့် သူ၏နှုတ်ကပတ်တော်များရှိသည်။ ထို့ကြောင့် သင်သည် မကြောက်ရွံ့သင့်ပေ။ မှန်သလော။ (မှန်ပါသည်။) ထို့ကြောင့် ဤအချက်အနည်းငယ်မှ ကြည့်လျှင် မိသားစုမှ ပုံသွင်းသည့် မှားယွင်းသော အတွေးများဖြစ်စေ၊ အခြားသော အရင်းအမြစ်တစ်ခုခုမှ ဖြစ်စေ လက်လွှတ်ရန် ရွေးချယ်သင့်သည်။ ဥပမာ ငါတို့ ယခု မိတ်သဟာယ ပြုခဲ့သည့်အတိုင်း သင့်မိသားစုက သင့်အား “လူတစ်ယောက်သည် အခြားသူများကို ထိခိုက်စေရန် မည်သောအခါမျှ မကြံရွယ်သင့်သော်လည်း အခြားသူများက လာရောက် ထိခိုက်နိုင်သည်ကို အမြဲကာကွယ်သင့်သည်” ဟု မကြာခဏပြောသည်။ လက်တွေ့တွင် ဤအတွေးကို လက်လွှတ်ခြင်းနှင့်သက်ဆိုင်သည့် လက်တွေ့လုပ်ဆောင်မှုသည် ရိုးရှင်းသည်။ ဘုရားသခင်က လူတို့အားပြောသည့် စည်းမျဉ်းများအတိုင်းသာ လုပ်ဆောင်လော့။ “ဘုရားသခင်က လူတို့အားပြောသည့် စည်းမျဉ်းများ” ဆိုသည့် ဤစကားသည် အလွန်ကျယ်ပြန့်သည်။ အတိအကျ မည်သို့ လက်တွေ့လုပ်ဆောင်ရသနည်း။ သင်သည် အခြားသူများကို ထိခိုက်စေရန် ရည်ရွယ်ချက်ရှိမရှိ ပိုင်းခြားစိစစ်ရန် မလိုသကဲ့သို့ အခြားသူများက သင့်ကို မထိခိုက်အောင် ကာကွယ်ဖို့လည်း မလိုပေ။ ဤသို့ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ တစ်ဖက်တွင် သင်သည် သူတစ်ပါးတို့နှင့် သဟဇာတဖြစ်သော ဆက်ဆံရေးကို သင့်လျော်စွာ ထိန်းသိမ်းနိုင်သင့်သည်။ အခြားတစ်ဖက်တွင် သင်သည် လူအမျိုးမျိုးနှင့် ဆက်ဆံသောအခါတွင် ၎င်းတို့သည် မည်သို့သောသူမျိုးဖြစ်သည်ကို ပိုင်းခြားသိမြင်ရန်အတွက် ဘုရားနှုတ်ကပတ်တော်ကို အခြေပြုချက်အဖြစ်လည်းကောင်း၊ သမ္မာတရားကို စံသတ်မှတ်ချက်အဖြစ်လည်းကောင်း အသုံးပြုသင့်သည်။ ထို့နောက် လိုက်လျောညီထွေသော စည်းမျဉ်းများကို အခြေခံပြီး ၎င်းတို့ကို ဆက်ဆံသင့်သည်။ ဤမျှ ရိုးရှင်းသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ ဖြစ်လျှင် ထိုသို့ ဆက်ဆံလော့။ ၎င်းတို့သည် ၎င်းတို့၏ လိုက်စားမှုတွင် လေးနက်လျှင်၊ အနစ်နာခံမှုများ ပြုလုပ်ပြီး မိမိတို့ကိုယ်ကို အသုံးခံလျှင် ၎င်းတို့အား မိမိတာဝန်ကို ရိုးသားစစ်မှန်စွာ ထမ်းဆောင်သည့် ညီအစ်ကိုမောင်နှမများအဖြစ် ဆက်ဆံလော့။ ၎င်းတို့သည် မယုံကြည်သူများဖြစ်လျှင်၊ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်လိုစိတ် မရှိလျှင်၊ ၎င်းတို့၏ဘဝကိုသာ ရှင်သန်လိုစိတ် ရှိလျှင် သင်သည် ၎င်းတို့ကို ညီအစ်ကိုမောင်နှမများအဖြစ် မဆက်ဆံသင့်ဘဲ မယုံကြည်သူများအဖြစ် ဆက်ဆံသင့်သည်။ သင်သည် လူတို့ကို ကြည့်ရှုသောအခါတွင် မည်သို့သောသူမျိုး ဖြစ်သည်ကို ကြည့်ရှုသင့်သည်။ ၎င်းတို့၏ စိတ်သဘောထား၊ လူ့သဘာဝနှင့် ဘုရားသခင်နှင့် သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားတို့ကို ကြည့်ရှုသင့်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ပြီး လက်တွေ့လုပ်ဆောင်လိုစိတ် ရှိလျှင် ၎င်းတို့ကို စစ်မှန်သော ညီအစ်ကိုမောင်နှမများအဖြစ်၊ မိသားစုအဖြစ် ဆက်ဆံလော့။ ၎င်းတို့၏ လူ့သဘာဝက မကောင်းလျှင်၊ ၎င်းတို့သည် သမ္မာတရားကို လိုလားစွာ လက်တွေ့လုပ်ဆောင်ရန်အတွက် နှုတ်ဖြင့်သာ ပြောဆိုလျှင်၊ အယူဝါဒကို ဆွေးနွေးနိုင်စွမ်းရှိသော်လည်း သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်လျှင် ၎င်းတို့ကို အစေခံသူများအဖြစ်သာ ဆက်ဆံပြီး မိသားစုအဖြစ် မဆက်ဆံနှင့်။ ဤစည်းမျဉ်းများက သင့်အား မည်သည့်အရာကို ပြောနည်း။ ယင်းတို့က သင့်အား မတူညီသော လူအမျိုးအစားများကို ဆက်ဆံရမည့် စည်းမျဉ်းကို ပြသည်။ ဤသည်မှာ ငါတို့ မကြာခဏ ဆွေးနွေးသည့် စည်းမျဉ်းဖြစ်သည်။ ယင်းမှာ လူတို့အား ဉာဏ်ပညာဖြင့် ဆက်ဆံခြင်းဖြစ်သည်။ ဉာဏ်ပညာသည် အကြမ်းဖျဉ်းဝေါဟာရ ဖြစ်သည်။ အတိအကျဆိုရလျှင်မူ မတူညီသော လူအမျိုးအစားများအား ဆက်ဆံရာတွင် ထင်ရှားသောနည်းလမ်းများနှင့် စည်းမျဉ်းများရှိခြင်းဖြစ်သည်။ အားလုံးက သမ္မာတရားအပေါ်တွင် အခြေခံသည်။ တစ်ကိုယ်ရေခံစားချက်၊ တစ်ကိုယ်ရေနှစ်သက်မှု၊ တစ်ကိုယ်ရေအမြင်များအပေါ်တွင်လည်းကောင်း၊ သင့်အတွက် ၎င်းတို့က ပေးအပ်သည့် အားသာချက်များနှင့် အားနည်းချက်များအပေါ်တွင်လည်းကောင်း၊ ၎င်းတို့၏ အသက်အရွယ်အပေါ်တွင်လည်းကောင်း အခြေမခံဘဲ ဘုရားနှုတ်ကပတ်တော်တစ်ခုတည်းအပေါ်တွင်သာ အခြေခံသည်။ ထို့ကြောင့် သင်သည် လူတို့နှင့် ဆက်ဆံရာတွင် သင့်၌ သူတစ်ပါးတို့ကို ထိခိုက်နစ်နာစေရန် ရည်ရွယ်ချက်ရှိမရှိ ဆန်းစစ်ရန်၊ သို့မဟုတ် သူတစ်ပါးတို့အား သတိထား ကာကွယ်ရန် မလိုအပ်ပေ။ သင်သည် ဘုရားသခင်က သင့်အားပေးသည့် စည်းမျဉ်းများ၊ နည်းလမ်းများဖြင့် လူတို့ကို ဆက်ဆံလျှင် စုံစမ်းသွေးဆောင်မှုအားလုံးကို ရှောင်ကြဉ်လိမ့်မည်။ သင်သည် မည်သည့်စုံစမ်းသွေးဆောင်မှု၊ သို့မဟုတ် ပဋိပက္ခများအတွင်းသို့မျှ ကျရောက်မည်မဟုတ်။ ဤမျှ ရိုးရှင်းသည်။ ဤစည်းမျဉ်းမှာ မယုံကြည်သူများ၏ အသိုင်းအဝိုင်းနှင့် ဆက်ဆံရာတွင်လည်း သင့်လျော်သည်။ သင်သည် လူတစ်ယောက်ကို မြင်သောအခါ “သူသည် ဆိုးယုတ်သည်။ နတ်ဆိုးတစ်ကောင်၊ မကောင်းဆိုးဝါးတစ်ကောင်၊ လူဆိုး သို့မဟုတ် လူမိုက်တစ်ယောက်ဖြစ်သည်။ ငါသည် သူ့အားသတိထား ကာကွယ်ရန် မလိုအပ်ပေ။ ငါသည် သူ့ကို အရေးစိုက်မည်မဟုတ်၊ သို့မဟုတ် ရန်စမည်မဟုတ်။ အလုပ်အရ ဆက်ဆံဖို့ လိုအပ်လာလျှင် ငါသည် တရားဝင်သည့်ပုံစံဖြင့်လည်းကောင်း၊ သမာသမတ်ကျသည့် ပုံစံဖြင့်လည်းကောင်း ကိုင်တွယ်မည်။ မလိုအပ်လျှင် ထိတွေ့မှု၊ သို့မဟုတ် ဆက်စပ်မှုကို ရှောင်မည်။ သူ့ကို ခုခံပေးမည်လည်းမဟုတ်၊ ဖော်လံဖားမည်လည်းမဟုတ်ပေ။ သူသည် ငါ့အား အမှားရှာ၍ ရမည်မဟုတ်။ သူသည် ငါ့ကို အနိုင်ကျင့်လိုလျှင် ငါ၌ ဘုရားသခင်ရှိသည်။ ဘုရားသခင်ကို ကိုးစားမည်။ ဘုရားသခင်က သူ့အား ငါ့ကို အနိုင်ကျင့်ခွင့်ပေးလျှင် ငါသည် လက်ခံပြီး နာခံမည်။ ဘုရားသခင်က ခွင့်မပြုလျှင် သူသည် ငါ့ခေါင်းပေါ်ရှိ ဆံချည်တစ်မျှင်ကိုမျှ ထိခိုက်နိုင်မည်မဟုတ်” ဟု တွေးလိမ့်မည်။ ဤသည်မှာ စစ်မှန်သော ယုံကြည်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် ဤစစ်မှန်သော ယုံကြည်ခြင်းရှိရမည်ဖြစ်ပြီး သူ့အား မကြောက်ရွံ့ရပေ။ သူသည် နယ်ခံလူမိုက်တစ်ယောက်၊ သို့မဟုတ် အရေးမပါသော သူတစ်ယောက်သာ ဖြစ်သည်ဟု မပြောနှင့်။ အဆင်းနီသော နဂါးကြီးကို ရင်ဆိုင်ရသည့်အချိန်တွင်ပင် ဤစည်းမျဉ်းကို ငါတို့ လိုက်နာသည်။ အဆင်းနီသောနဂါးကြီးက သင့်အား ဘုရားကို မယုံကြည်ရန် တားမြစ်လျှင် သင်က ယင်းကို ကျိုးကြောင်းပြပြောဆိုသလော။ တရားဟောသလော။ (မဟောပါ။) အဘယ်ကြောင့် မဟောသနည်း။ (ယင်းကို တရားဟောခြင်းသည် အကျိုးမရှိပါ။) ယင်းသည် နတ်ဆိုးတစ်ကောင် ဖြစ်သည်။ တရားဒေသနာများကို နားထောင်ရန် မထိုက်တန်ပေ။ ပုလဲကို ဝက်ရှေ့တွင် ချမထားရပေ။ သမ္မာတရားကို သားရဲတိရစ္ဆာန်များ၊ သို့မဟုတ် နတ်ဆိုးများအတွက် ပြောဆိုခြင်းမဟုတ်။ လူသားများအတွက် ရည်ရွယ်ခြင်း ဖြစ်သည်။ နတ်ဆိုးများ၊ သို့မဟုတ် သားရဲတိရစ္ဆာန်များက နားလည်နိုင်လျှင်ပင် ၎င်းတို့ကို ဟောကြားမည်မဟုတ်။ ၎င်းတို့နှင့် မထိုက်တန်ပေ။ ဤစည်းမျဉ်းမှာ အဘယ်သို့ရှိသနည်း။ (ကောင်းပါသည်။) အသင်းတော်တွင်ရှိသည့် ဆိုးယုတ်သည့် လူ့သဘာဝ ရှိသောသူများ၊ ဆိုးယုတ်သူ၊ မရေမရာ ဖြစ်သောသူများ၊ ကျိုးကြောင်းမသင့်သော အနိုင်ကျင့်သူများ၊ သို့မဟုတ် အရေးပါအရာရောက်သော မိသားစုများမှလာသော၊ သို့မဟုတ် ထင်ပေါ်ကျော်စောမှုတစ်ခုခုကို ပိုင်ဆိုင်သော လူ့အဖွဲ့အစည်းတွင် အာဏာအချို့ရှိသောသူများကို သင်မည်သို့ ဆက်ဆံသနည်း။ ၎င်းတို့ဆက်ဆံခံရသင့်သည့်အတိုင်း ၎င်းတို့ကို ဆက်ဆံလော့။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ ဖြစ်လျှင် ၎င်းတို့နှင့် ပေါင်းသင်းလော့။ မဟုတ်လျှင် မယုံကြည်သူများအဖြစ် ၎င်းတို့ကို လျစ်လျူရှုပြီး ဆက်ဆံလော့။ ၎င်းတို့သည် ဧဝံဂေလိမျှဝေရန် စည်းမျဉ်းများနှင့် ကိုက်ညီလျှင် ၎င်းတို့အား ဧဝံဂေလိ မျှဝေလော့။ ၎င်းတို့သည် ဧဝံဂေလိမျှဝေခြင်း ခံရသည့်သူများ မဟုတ်လျှင် ဤဘဝသက်တမ်းတွင် ၎င်းတို့နှင့် မတွေ့ဆုံနှင့်၊ သို့မဟုတ် မပေါင်းသင်းနှင့်။ ဤမျှ ရိုးရှင်းသည်။ နတ်ဆိုးများနှင့် စာတန်နှင့်ပတ်သက်ပြီး သင့်ကိုယ်သင် သတိထားကာကွယ်ရန်၊ ၎င်းတို့အား အမှုဆင်ရန်၊ သို့မဟုတ် လက်စားချေရန် မလိုအပ်ပေ။ ၎င်းတို့အား လျစ်လျူသာရှုလော့။ ၎င်းတို့အား ရန်မစနှင့်။ ၎င်းတို့နှင့် မပေါင်းသင်းနှင့်။ အကြောင်းတစ်ခုခုကြောင့် ၎င်းတို့နှင့် ဆက်ဆံခြင်း၊ သို့မဟုတ် ကိုင်တွယ်ဖြေရှင်းခြင်းကို မလွှဲမရှောင်နိုင်လျှင် တရားဝင်ဖြစ်ပြီး သမာသမတ်ကျသည့် ပုံစံဖြင့် စည်းမျဉ်းများအပေါ် အခြေခံပြီး အမှုကိစ္စများကို ကိုင်တွယ်ဖြေရှင်းလော့။ ထိုမျှ ရိုးရှင်းသည်။ ပြုမူလုပ်ဆောင်ရန် ဘုရားသခင်က လူတို့အား သွန်သင်ပေးသည့် စည်းမျဉ်းများနှင့် နည်းလမ်းများသည် သင့်အား ဂုဏ်သိက္ခာဖြင့် ကျင့်ကြံပြုမူစေရန် ထောက်ကူပေးပြီး ပို၍ပို၍ လူသားပုံသဏ္ဌာန်ဖြင့် အသက်ရှင်ခွင့်ပေးသည်။ သင့်မိဘများက သင့်အား သွန်သင်သည့်ပုံစံမှာမူ အပေါ်ယံ၌ သင့်အားကာကွယ်သည့်၊ သင့်အား ကြည့်ရှုစောင့်ရှောက်သည့် ပုံစံရှိသော်လည်း အမှန်တကယ်တွင် သင့်အား အထင်အမြင်မှားစေပြီး ဒုက္ခတွင်းနက်ထဲသို့ တွန်းချသည်။ ၎င်းတို့ သွန်သင်သည့်အရာသည် မှန်ကန်သည့်၊ သို့မဟုတ် ဉာဏ်ပညာရှိသည့် ကျင့်ကြံပြုမူနည်းမဟုတ်ဘဲ သမ္မာတရားနှင့် ဆန့်ကျင်ပြီး ဆက်စပ်ခြင်းမရှိသော လှည့်ဖြားတတ်သော၊ စက်ဆုပ်ဖွယ်ဖြစ်သော နည်းလမ်းဖြစ်သည်။ ထို့ကြောင့် သင့်မိဘများက သင့်အားပုံသွင်းပေးခဲ့သည့် အတွေးများကိုသာ သင်လက်ခံလျှင် သင့်အနေဖြင့် သမ္မာတရားကို လက်ခံရန် ခက်ခဲပင်ပန်းလာသည်။ ပြီးလျှင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းက အခက်အခဲဖြစ်လာသည်။ သို့ရာတွင် သင်သည် သင့်မိသားစုထံမှလာသည့် ကမ္ဘာလောကအား ကိုင်တွယ်ခြင်းအတွက် ကျင့်ကြံပြုမူမှုနှင့် စည်းမျဉ်းများနှင့်ပတ်သက်သည့် အတွေးများကို လက်လွှတ်လိုစိတ် အမှန်တကယ်ရှိလျှင် သမ္မာတရားအား လက်ခံခြင်းက ပို၍လွယ်ကူလာပြီး သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကလည်း ထို့အတူဖြစ်သည်။

မိသားစုက ပုံစံသွင်းခြင်းနှင့်ပတ်သက်ပြီး ငါတို့ပြောခဲ့ပြီးသည့် အတွေးများနှင့် အမြင်များအပြင် အခြားမည်သည့်အရာ ရှိသနည်း။ ကျေးဇူးပြုပြီး အနှစ်ချုပ်လော့။ မိသားစုထံမှလာသည့်အရာများစွာရှိသည်။ ပြီးလျှင် တရုတ်နိုင်ငံတွင် လူတို့က ဤအရာကို “ထမင်းစား စားပွဲ ထုံးတမ်းဓလေ့” ဟု ခေါ်သည်။ ဥပမာ ထမင်းစား စားပွဲတွင် ကလေးတစ်ယောက်က “ကျွန်တော်တို့၏ အခန်းမော်နီတာ၊ အင်္ကျီလက်တွင် အစင်းသုံးစင်းနှင့် ထိုမိန်းကလေးသည် ကျွန်တော်၏ အိမ်စာကို အစဉ်အမြဲ စစ်ပြီး ကျွန်တော် အိမ်စာလုပ်၍ပြီးပြီဖြစ်သော်လည်း မပြီးသေးဟု ပြောသည်။ သူမသည် ကျွန်တော့်အား အစဉ်ရမယ်ရှာသည်” ဟု ပြောကောင်းပြောနိုင်သည်။ မိဘများက “သင်သည် ယောက်ျားလေးဖြစ်ပြီး သူမသည် မိန်းကလေးဖြစ်သည်။ သင်သည် အဘယ်ကြောင့် သူမနှင့်ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်နေသနည်း။ သင်၏စာများကို အာရုံစိုက်ပြီး သင့်မိခင်ကို ဂုဏ်ယူရအောင် လုပ်ဆောင်ပါ။ သင်က အခန်းမော်နီတာဖြစ်သောအခါတွင် သင်သည် သူမ၏အိမ်စာကို စစ်ဆေးနိုင်ပြီး ဤသို့ဆိုလျှင် ကိစ္စများ အဆင်ပြေသွားလိမ့်မည် မဟုတ်လော” ဟု ပြန်ပြောကောင်း ပြန်ပြောနိုင်သည်။ ကလေးသည် ဤအရာကို ကြားပြီး “ဤသည်မှာ အဓိပ္ပာယ်ရှိသည်။ ငါသည် ယောက်ျားလေး ဖြစ်သည်။ သူမသည် အခန်းမော်နီတာ ဖြစ်လျှင်ပင် မိန်းကလေးသာ ဖြစ်သည်။ သူမကြောင့် စိတ်အနှောင့်အယှက် မဖြစ်သင့်။ သူမက ငါ့ကို နောက်တစ်ဖန် စတင်နှောင့်ယှက်လျှင် ငါသည် သူ့ကိုသာ လျစ်လျူရှုလိုက်ပြီး ဤသို့ဖြင့်သာ ပြီးဆုံးသွားလိမ့်မည်။ သူမက ငါ့အား နှောင့်ယှက်လေလေ၊ ငါသည် ပို၍ ကြိုးစားသင်လေလေ ဖြစ်မည်။ ငါသည် သူမအား ကျော်တက်မည်။ နောက်တစ်တန်းတွင် ငါသည် အခန်းမော်နီတာ ဖြစ်ပြီး သူမကို ကြီးကြပ်ရမည်။ ဤသို့ဆိုလျှင် အဆင်ပြေသင့်သည်” ဟု တွေးနိုင်သည်။ ဤသည်မှာ ထမင်းစား စားပွဲ ထုံးတမ်းဓလေ့၏ ဥပမာတစ်ခု ဖြစ်သည်။ ထမင်းစား စားပွဲတွင် ယောက်ျားလေးတစ်ယောက်က စတင်၍ ငိုယိုလျှင် မိဘများက “မျက်ရည်ထိန်းထားစမ်း။ ဘာလို့ငိုနေတာလဲ။ အလကားကောင်” ဟု ပြောကောင်း ပြောနိုင်သည်။ ငိုခြင်းက သင်သည် အလကားလူဟု ဆိုလိုသလော။ မငိုသောလူများသည် အလားလာရှိသည်ဟု ဆိုလိုသလော။ မည်သည့်အခါမျှ မငိုခဲ့ဖူးသော ယောက်ျားလေးတိုင်းသည် အလားအလာ ရှိသောသူ ဖြစ်သလော။ အောင်မြင်ဖို့ အလားအလာရှိသော လူများကို ကြည့်ကြည့်လော့။ ၎င်းတို့ ငယ်စဉ်က ငိုပြီး မျက်ရည်ကျခဲ့သလော၊ မကျခဲ့သလော။ ၎င်းတို့၌ စိတ်ခံစားချက်များ ရှိခဲ့သလော။ ၎င်းတို့သည် ဝမ်းမြောက်မှု၊ ဒေါသ၊ ပူဆွေးမှုနှင့် ပျော်ရွှင်မှုတို့ကို တွေ့ကြုံခဲ့သလော။ ဤအရာအားလုံးကို ၎င်းတို့ ကြုံတွေ့ခဲ့သည်။ လူတစ်ယောက်သည် ထင်ပေါ်ကျော်စောသောသူဖြစ်စေ၊ သာမန်လူဖြစ်စေ လူတိုင်း၌ လူသား၏ နုနယ်သောဘက်၊ သို့မဟုတ် လူသားဗီဇဘက်တစ်ခုရှိသည်။ မိဘ၏ သွန်သင်မှုနှင့် လူမှုနောက်ခံကြောင့် လူတို့သည် ဤဘက်ကို အားနည်းခြင်း၊ ကြောက်တတ်ခြင်း၊ အရည်အချင်းမရှိခြင်း၊ သို့မဟုတ် အလွယ်တကူ အနိုင်ကျင့်ခံရခြင်းအဖြစ် အများအားဖြင့် မြင်ကြသည်။ ၎င်းတို့သည် ဤဘက်ကို မည်သည့်အခါမျှ ပွင့်လင်းစွာ ဖွင့်မပြရဲပေ။ ဤအစား ၎င်းတို့သည် ချောင်တစ်ချောင်တွင် လျှို့ဝှက်စွာဖြင့် ဖွင့်ဟကြသည်။ ထင်ပေါ်ကျော်စောသော ပုဂ္ဂိုလ်အချို့သည် ၎င်းတို့၏ အသက်မွေးအလုပ်တွင် အခက်အခဲအဖြစ်ဆုံးအချိန်များကို ရင်ဆိုင်ရသောအခါ၊ ၎င်းတို့အား ကူညီမည့်သူ၊ သို့မဟုတ် ပံ့ပိုးမည့်သူ မည်သူမျှမရှိသောအခါတွင် ၎င်းတို့အနီးရှိ စစ်သားများ၊ လက်အောက်ခံများနှင့် အစေခံများအားလုံး နောက်ဆုတ်သည်အထိ စောင့်ကောင်းစောင့်နိုင်သည်။ ထို့နောက်တွင် ၎င်းတို့သည် ရေချိုးကန်အတွင်းရှိ ဝံပုလွေများကဲ့သို့ အူလျက် ၎င်းတို့၏ စိတ်ခံစားချက်များကို ဖွင့်ထုတ်ကြသည်။ အော်ဟစ်ပြီးနောက်တွင် ၎င်းတို့သည် “တစ်စုံတစ်ယောက်များ ကြားသွားသလော။ ငါသည် အလွန်ပင် ထိန်းမနိုင်သိမ်းမရဖြစ်သွားသလော။ အနည်းငယ် လေသံလျှော့လိုက်လျှင် ပိုကောင်းမည်” ဟု တွေးသည်။ သို့သော် လေသံလျှော့ချခြင်းသည် မလုံလောက်သည့် ပုံစံရှိသည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့ပါးစပ်ကို တဘက်ဖြင့်အုပ်ပြီး ဝံပုလွေကဲ့သို့ ဆက်လက်၍ အူလေသည်။ သာမန်လူ့သဘာဝသည် စိတ်ခံစားချက်အမျိုးမျိုးကို ထုတ်လွှတ်ခြင်းနှင့် ဖော်ပြခြင်းအား လိုအပ်သည်။ သို့ရာတွင် ဤလူ့အဖွဲ့အစည်း၏ ကြီးမားသော ဖိအားနှင့် လူအများ၏ ထင်မြင်ချက်အမျိုးမျိုးတို့၏ ဖိနှိပ်မှုအောက်တွင် မည်သူကမျှ ၎င်းတို့၏ စိတ်ခံစားချက်များကို ပုံမှန် မဖော်ပြရဲပေ။ အဘယ်ကြောင့်ဆိုသော် မိသားစု သွန်သင်ဆုံးမမှုနှင့် ပုံစံသွင်းမှုမှစ၍ လူတစ်ဦးချင်းစီတိုင်းသည် “ယောက်ျားတစ်ယောက်သည် ကိုယ့်အားကိုယ်ကိုးသင့်သည်”၊ “သံကို ပုံသွင်းရန်အတွက် ကိုယ်က သန်မာရမည်”၊ “ဖြောင့်မှန်လျှင် ကောလာဟလများကို စိတ်ပူရန်မလို”၊ “ကိုယ့်လိပ်ပြာလုံလျှင် တံခါးခေါက်သည့်သရဲတစ္ဆေများကို ကြောက်ဖို့မလို” ဟူသကဲ့သို့သော မှားယွင်းသော ယုံကြည်မှုအချို့ကို သွတ်သွင်းခြင်းခံခဲ့ရသည်။ “နူးညံ့သိမ်မွေ့သောမြင်းသည် အစီးခံရသကဲ့သို့ သဘောကောင်းသောသူသည် အနိုင်ကျင့်ခြင်းခံရသည်” ဟူသည်လည်း ရှိသည်။ ဤသည်မှာ လွယ်ကူသော ပစ်မှတ်မဖြစ်ရန် ရှောင်သင့်သော်လည်း ဤအစား သူတစ်ပါးတို့ကို အနိုင်ကျင့်သင့်သည် ဟူသည့် အချက်ကို သိရှိစေသည်။ “နူးညံ့သိမ်မွေ့သောမြင်းသည် အစီးခံရသကဲ့သို့ သဘောကောင်းသောသူသည် အနိုင်ကျင့်ခြင်းခံရသည်” ဆိုသည့်အကြောင်းအရာတွင် “သဘောကောင်းသော” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဟန်ဆောင်မှုကင်းခြင်း၊ ရိုးရှင်းခြင်း၊ သစ္စာရှိခြင်း၊ ကြင်နာခြင်းနှင့် ဖြောင့်မှန်ခြင်းကို ဆိုလိုသည်။ ဤသည်မှာ ဤသို့သောလူများသည် လွယ်ကူသော ပစ်မှတ်များ ဖြစ်သောကြောင့် သင်သည် ဤသို့သောသူမျိုးဖြစ်ခြင်းကို ရှောင်သင့်သည်ဟု အကြံပြုသည်။ ဤသို့ဆိုလျှင် ထိုအစား သင်သည် မည်သည့်အရာ ဖြစ်သင့်သနည်း။ သင်သည် လူရမ်းကား၊ လူမိုက်၊ လူလိမ်လူညစ်၊ လူဆိုး၊ မကောင်းမှုလုပ်သူ၊ လူဆိုးလူပေဖြစ်သင့်သည်။ ဤသို့ဆိုလျှင် မည်သူကမျှ သင့်အား ပြဿနာရှာရဲမည်မဟုတ်။ မည်သည့်နေရာသို့ သင်သွားသည်ဖြစ်စေ ကျိုးကြောင်းပြပြောဆို၍ အလုပ်မဖြစ်လျှင် သင်သည် လူလိမ်လူညစ်တစ်ယောက်ကဲ့သို့ ပြုမူရမည်။ ပြီးလျှင် သောင်းကျန်းပြရမည်။ ဝုန်းဒိုင်းကျဲရမည်။ ကျိုးကြောင်းမသင့် လုပ်ဆောင်ရမည်။ ထို့ပြင် ဖရိုဖရဲဖြစ်အောင် လုပ်ရမည်။ ဤသို့ပြုမူသောလူတို့သည် တိုးတက်ရှင်သန်ကြသည်။ မည်သည့်အလုပ်နေရာ၊ သို့မဟုတ် လူမှုအုပ်စုတွင်မဆို လူအများစုသည် ဤသို့သောသူများကို ကြောက်ကြသည်။ ပြီးလျှင် မည်သူကမျှ ၎င်းတို့ကို ရန်မစရဲပေ။ ၎င်းတို့သည် နံစော်နေသောခွေးချီး၊ သို့မဟုတ် စိတ်ရှုပ်စရာကောင်းသော ပိုးမွှားများကဲ့သို့ ဖြစ်သည်။ ထို့ပြင် သင့်အပေါ်သို့ ၎င်းတို့ရောက်လာသည်နှင့် ခါချရန် ခက်သည်။ သင်သည် ဤသို့သောသူမျိုး ဖြစ်ရမည်။ သင်သည် လွယ်ကူသောပစ်မှတ်၊ သို့မဟုတ် အလွယ်တကူ ရန်စ၍ရသည်ဟု လူတို့အား မထင်စေနှင့်။ သင့်ကိုယ်ခန္ဓာတွင် ဆူးငြှောင့်များအပြည့် ရှိနေသင့်သည်။ မည်သည့်ဆူးငြှောင့်မျှ မရှိလျှင် သင်သည် ဤလူ့အဖွဲ့အစည်းတွင် သင့်ကိုယ်သင် အခြေခိုင်အောင် လုပ်နိုင်မည်မဟုတ်။ အစဉ်သဖြင့် သင့်အား အနိုင်ကျင့်မည့် သူတစ်ယောက် ရှိနေလိမ့်မည်။ မိသားစုသွန်သင်မှုသည် သင်၏ဘဝလမ်းကြောင်းအတွက် လမ်းပြအဖြစ် အသုံးတည့်သည့်အပြင် မည်သို့ကျင့်ကြံပြုမူရမည်ဆိုသည်နှင့်ပတ်သက်၍ တိကျသော သွန်သင်မှုနှင့် စည်းမျဉ်းချမှတ်မှုအဖြစ် အသုံးဝင်သည် ဟူ၍ ဖြစ်လေသည်။ ဆိုလိုသည်မှာ မိဘများသည် မည်သို့ ကျင့်ကြံနေထိုင်ရမည်၊ ပြုမူရမည်၊ ပြီးလျှင် အမှုအရာများကို ကိုင်တွယ်ဖြေရှင်းရမည်ဆိုသည်တို့နှင့်ပတ်သက်ပြီး သင့်အား သွန်သင်ဆုံးမရန်အတွက် ဤအတွေးများနှင့် ဆိုရိုးစကားများကို အသုံးပြုသည်။ မိဘများက သင့်အား မည်သို့သောသူမျိုးဖြစ်ရန် ပြောသနည်း။ အပေါ်ယံတွင် အချို့မိဘများက “ငါ၏ကလေးသည် ထင်ပေါ်ကျော်စောမှု ရရှိရန်၊ သို့မဟုတ် နာမည်ကြီးသူဖြစ်ရန် မလို။ လူကောင်းတစ်ယောက်ဖြစ်ခြင်းသည် လုံလောက်သည်” ဟူသကဲ့သို့သော ကြားကောင်းသည့်အရာများကို ပြောနိုင်သည်။ သို့ရာတွင် ၎င်းတို့သည် ၎င်းတို့၏ သားသမီးများအား “လူတစ်ယောက်သည် အခြားသူများကို ထိခိုက်စေရန် မည်သောအခါမျှ မကြံရွယ်သင့်သော်လည်း အခြားသူများက လာရောက် ထိခိုက်နိုင်သည်ကို အမြဲကာကွယ်သင့်သည်”၊ “နူးညံ့သိမ်မွေ့သောမြင်းသည် အစီးခံရသကဲ့သို့ သဘောကောင်းသောသူသည် အနိုင်ကျင့်ခြင်း ခံရသည်”၊ “ယောက်ျားတစ်ယောက်သည် ကိုယ့်အားကိုယ် ကိုးသင့်သည်” ဟူသကဲ့သို့သော စကားများကိုလည်း ပြောသည်။ ဤသို့ဆိုလျှင် များစွာပြောဆိုပြီးနောက်တွင် ၎င်းတို့သည် သားသမီးများအား လူကောင်းများ ဖြစ်ရန်ပြောဆိုနေခြင်းဖြစ်သလော၊ သို့မဟုတ် အခြားတစ်ခုခု ဖြစ်ရန် ပြောဆိုနေခြင်းလော။ (၎င်းတို့သည် သားသမီးများအား ရက်စက်ကြမ်းကြုတ်ရန်၊ သို့မဟုတ် အနည်းဆုံးအနေဖြင့် မိမိကိုယ်ကို ကာကွယ်နိုင်စွမ်းရှိရန် အားပေးနေခြင်း ဖြစ်သည်။) ပြောလော့။ မိဘအများစုသည် ၎င်းတို့သားသမီးများက သူတစ်ပါးတို့အား အနိုင်ကျင့်သည်ကို မြင်လိုစိတ်ရှိသလော၊ သို့မဟုတ် သားသမီးများသည် အထူးပင် ဖြောင့်မှန်ပြီး လမ်းမှန်ကို လျှောက်သော်လည်း မကြာခဏပင် အနိုင်ကျင့်ခံရကာ ပယ်ကြဉ်ခြင်းတစ်ခုခုအား ခံရသည်ကိုသာ မြင်လိုသလော။ မိဘများကို အပျော်ရွှင်ဆုံး၊ ဂုဏ်အယူဆုံး ဖြစ်စေရန်၊ ၎င်းတို့၏ မျက်နှာကို အရောင်အတောက်ပဆုံး ထွက်စေရန်အတွက် သားသမီးက မည်သို့သောသူမျိုး ဖြစ်သင့်သနည်း။ (သားသမီးများက အခြားလူများကို အနိုင်ကျင့်နိုင်သောအခါ မိဘများက ဂုဏ်ယူကြသည်။ သို့သော် သားသမီးများက လမ်းမှန်ကို လျှောက်နေစဉ်တွင် မကြာခဏ ကောင်းစွာ ဆက်ဆံခြင်းမခံရလျှင် ရှက်ဖွယ်ဖြစ်သည်ဟု သတ်မှတ်ကြသည်။) သင်သည် လမ်းမှန်ကိုလျှောက်ပြီး မကြာခဏ မကောင်းစွာဆက်ဆံခြင်းခံရလျှင် သင့်မိဘများက ပူဆွေးခြင်း၊ ဝမ်းနည်းခြင်း၊ စိတ်နှလုံးနာကျင်ခြင်းကို ခံစားရမည်ဖြစ်ပြီး ဤသို့ ဖြစ်ခွင့်ပေးလိုစိတ်ရှိမည်မဟုတ်။ ဤအရာ၏ အရင်းအမြစ်၌ မည်သည့်အရာတည်ရှိသနည်း။ အကြောင်းရင်းက မည်သို့ဖြစ်စေ မည်သို့ကျင့်ကြံပြုမူပြီး လုပ်ဆောင်ရမည်ဆိုသည်နှင့်ပတ်သက်ပြီး မိဘများက သားသမီးများအား သွန်သင်ပေးသည့် အတွေးနှင့် အမြင်တိုင်းသည် မမှန်ကန်ဘဲ သမ္မာတရားနှင့် ဆန့်ကျင်ကွဲလွဲသည်။ အတိုချုပ်အားဖြင့် မိဘများက သင့်တွင် သွတ်သွင်းသည့် ဤအတွေးအမြင်များသည် သင့်အား ဘုရားသခင်၏ မျက်မှောက်တော်သို့ မည်သည့်အခါမျှ ခေါ်ဆောင်မည် မဟုတ်သကဲ့သို့ သင့်အား သမ္မာတရားကို လိုက်စားခြင်းလမ်းကြောင်းပေါ်သို့လည်း လမ်းပြမည်မဟုတ်။ လူတို့သည် ဤသို့သော အတွေးများနှင့် အမြင်များ၏ လမ်းပြမှုအောက်တွင် မည်သည့်အခါမျှ ကယ်တင်ခြင်းကို ရရှိမည်မဟုတ်သည်မှာ အမှန်ပင် ဖြစ်သည်။ ဤသည်မှာ ငြင်းဆန်၍မရနိုင်သောအချက် ဖြစ်သည်။ ထို့ကြောင့် သင့်မိဘများ၏ ရည်ရွယ်ချက်များ၊ သို့မဟုတ် အရင်းခံအကြောင်းရင်းများက မည်သို့ဖြစ်စေ၊ ၎င်းတို့သည် သင့်အပေါ်၌ မည်သည့်လွှမ်းမိုးမှုရှိသည်ဖြစ်စေ သင်အသက်ရှင်နေထိုင်သည့်အရာသည် သမ္မာတရားနှင့် ကွဲလွဲလျှင်၊ သမ္မာတရားကို ဆန့်ကျင်လျှင်၊ သင့်အား ဘုရားသခင်နှင့် သမ္မာတရားကို မနာခံရန် ပိတ်ပင်လျှင် သင်သည် ဤအရာကို လက်လွှတ်သင့်သည်။

ဤနောက်ဆုံးမိတ်သဟာယကဏ္ဍအနည်းငယ်တွင် ပါဝင်ခဲ့သော မိသားစုပုံသွင်းခြင်းမှ အတွေးအမျိုးမျိုးနှင့် ပတ်သက်ပြီး ဤအတွေးများသည် လူတို့ကြား၌ ကျယ်ပြန့်စွာ အသုံးပြုပြီး အားပေးမြှင့်တင်ကြသော်လည်း ယင်းတို့ကို မည်မျှကျယ်ပြန့်စွာ လက်ခံကြသည်ဖြစ်စေ၊ လူမည်မျှက ယင်းတို့ကို လက်ခံယုံကြည်သည်ဖြစ်စေ၊ လူမည်မျှက ယင်းတို့အား အမှီပြုသည်ဖြစ်စေ လူတစ်ဦးချင်းအပေါ် ယင်းတို့က ယူဆောင်လာသည့် ထိခိုက်နစ်နာမှုကို ထည့်စဉ်းစားလျှင် လူတို့အနေဖြင့် ဤအတွေးအမြင်များကို လက်လွှတ်ရန် အလွန်အရေးကြီးသည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်၌ မှန်ကန်သော လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းနှင့် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေပြီး ဤအတွေးအမြင်များနှင့် ပတ်သက်သည့် အမှုကိစ္စအမျိုးမျိုးကို ပြန်လည်ဆန်းစစ်ရမည်၊ သို့မဟုတ် ရင်ဆိုင်ဖြေရှင်းရမည်။ ပြီးလျှင် ဤအတွေးပုံသွင်းခြင်းအား လက်လွှတ်ရန် အကြောင်းပြချက်ဖြင့် သမ္မာတရားစစ်မှန်မှုများအတွင်းသို့ ဝင်ရောက်ရမည်။ ဤသို့ဖြင့် ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်ကို ရရှိရမည်။ မိသားစုက သင့်အတွင်းသို့ ပုံစံသွင်းသည့် အတွေးအမြင်များနှင့် အမျိုးမျိုးသော သတ်သတ်မှတ်မှတ်ဖြစ်သော ဆိုရိုးစကားများနှင့် ပတ်သက်သည့် ဤမိတ်သဟာယကဏ္ဍများမှတစ်ဆင့် သင့်စိတ်ဝိညာဉ်အတွင်းထဲတွင် တည်ရှိသော အတွေးအမြင်အမျိုးမျိုးကို မည်သည့်အတိုင်းအတာအထိ သင်တို့သိမြင်ခဲ့သည်ကို ငါတွေးတောမိသည်။ အတိုချုပ်အားဖြင့်ဆိုလျှင် မည်သို့ပင်ဖြစ်စေ ဤမိတ်သဟာယကဏ္ဍများသည် သတိပေးနှိုးဆော်မှုတစ်ခုအဖြစ် အသုံးတည့်သင့်ပြီး လူတို့အား မိသားစုအယူအဆအပေါ် လတ်ဆတ်သစ်လွင်သော နားလည်မှုအပြင် မိသားစုဆွေမျိုးများ၊ မိသားစုအတွေးများ၊ မိသားစုထုံးတမ်းဓလေ့တို့၏ ပုံစံသွင်းခြင်းအပေါ် အသစ်သော နားလည်မှုနှင့် သဘောပေါက်မှုတို့ကို ပေးသင့်သည်။ ၎င်းတို့၏မိသားစုကို ၎င်းတို့ ချဉ်းကပ်သည့်ပုံစံတွင် မှန်ကန်သောရှုထောင့်နှင့် ရပ်တည်ချက်ကို ခံယူရန်အတွက် ၎င်းတို့အား အသစ်သော နည်းလမ်းသာမက အရည်အချင်းကိုပါ ပေးသင့်သည်။ သင့်မိသားစုအပေါ် သင်ချဉ်းကပ်သည့် အပြင်ပန်းပုံစံက မည်သို့ဖြစ်စေ၊ အတိုချုပ်အားဖြင့်ဆိုလျှင် သင့်မိသားစုက သင့်အား လွှမ်းမိုးသည့် လူများ၊ အမှုအရာများအပေါ် ရှုမြင်သည့်ပုံစံ၊ ကျင့်ကြံပြုမူပြီး လုပ်ဆောင်သည့်ပုံစံနှင့်ပတ်သက်သည့် မှားယွင်းသော အတွေးအမြင်များနှင့်ပတ်သက်၍ သင်သည် ယင်းတို့တစ်ခုစီကို ပိုင်းခြားသိမြင်သင့်သည်။ ထို့နောက် ဤအတွေးများကို တစ်ခုချင်းစီ လက်လွှတ်သင့်သည်။ ဘုရားသခင်က လူတို့အား သွန်သင်ပေးသည့် အမြင်ရှုထောင့်များနှင့် နည်းလမ်းများအား ရှင်းလင်းစွာနားလည်မှုဖြင့် လက်ခံယုံကြည်ရန်၊ လူများ၊ အမှုအရာများအား ရှုမြင်သည့်ပုံစံ၊ ကျင့်ကြံပြုမူပြီး လုပ်ဆောင်သည့်ပုံစံအတွက် ဘုရားသခင်က လူတို့အားပေးသည့် မှန်ကန်သော အမြင်နှင့် နည်းလမ်းအမျိုးမျိုးတို့ကို လက်ခံရန်အတွက်ဖြစ်သည်။ ဤသည်မှာ သမ္မာတရားအား စစ်မှန်စွာ လိုက်စားနေသောသူများ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။

လူတို့အတွင်းသို့ မိသားစုက သွတ်သွင်းသည့် အရေးပါသော အတွေးနှင့် အမြင်တစ်ခုမှာ လူတို့သည် မိမိတို့ကိုယ်ကို ကာကွယ်ရန်အတွက် ရက်စက်ကြမ်းကြုတ်ပြီး နည်းအမျိုးမျိုးကို အသုံးပြုသင့်သည်ဆိုသည့်အရာဖြစ်သည်။ လူတို့သည် အတွေးအမြင်အမျိုးမျိုး၏ ပုံစံသွင်းခြင်းမှတစ်ဆင့် ကမ္ဘာလောကအား ကိုင်တွယ်ခြင်းအတွက် နည်းနာနိဿယများအား ရရှိပြီးနောက်တွင် ၎င်းတို့၏ အကျိုးစီးပွား၊ အသွေးအသား၊ တစ်ကိုယ်ရေဘေးကင်းမှုအား ကာကွယ်သည့်ပုံစံကို စဉ်းစားကြည့်လျှင် မိသားစုများက ဤအတွေးများကို သွတ်သွင်းခြင်းနောက်ကွယ်၌ အဓိကရည်ရွယ်ချက်မှာ အဘယ်နည်း။ လူတစ်ဦးချင်းစီအား အနိုင်ကျင့်ခံရခြင်းမှ ကာကွယ်ရန်ဖြစ်သည်။ ယခုတွင် အနိုင်ကျင့်ခံရခြင်း၏ အနှစ်သာရကို ဆန်းစစ်ကြစို့။ အနိုင်ကျင့်ခံရခြင်းမှာ ကောင်းသလော။ ယင်းကို ရှောင်ကြဉ်နိုင်သလော။ မည်သည့်အခါမျှ အနိုင်ကျင့်ခြင်း မခံရသည့်သူ တစ်စုံတစ်ယောက်ရှိသလော။ အနိုင်ကျင့်ခံရခြင်းသည် မည်သည့်အရာကို ဖြစ်ပေါ်စေသနည်း။ မိဘများသည် ၎င်းတို့၏သားသမီးများအား လူ့အဖွဲ့အစည်းဖြင့် ပေါင်းစပ်ပြီး မိမိတို့ကိုယ်ကို ပုံမှန် အခြေခိုင်အောင်လုပ်နိုင်ဖို့ မျှော်လင့်ခြင်းအပြင် သားသမီးများ အနိုင်ကျင့်ခံရမည်ကိုလည်း စဉ်ဆက်မပြတ် ကြောက်ရွံ့ကြသည်။ ထို့ကြောင့် သင့်မိဘများသည် ကမ္ဘာလောကအား ကိုင်တွယ်ခြင်းအတွက် အချို့သော အကြံဉာဏ်များနှင့် နည်းလမ်းများကို သင့်အား မကြာခဏ အသိပေးပြီး အနိုင်ကျင့်ခံရခြင်းမှ သင့်အား ကာကွယ်ရန်နှင့် တားဆီးရန်အတွက် ဤနည်းလမ်းများကို အသုံးပြုသည်။ သင့်မိဘများက သင့်အား အချိန်ပြည့် အဖော်မပြုနိုင်သောကြောင့်၊ သို့မဟုတ် မကာကွယ်နိုင်သောကြောင့် သင်သည် ဘဝတွင် သင့်ဘာသာ စတင်အခြေချရသော အချိန်တွင် ၎င်းတို့သည် သင်အနိုင်မကျင့်ခံရဖို့ သေချာစေရန်အတွက် သင့်အား အတွေးအမြင်အချို့ ပြင်ဆင်ပေးသည်။ ဤအတွေးများနှင့် အမြင်များသည် မှန်ကန်သလော။ အနိုင်ကျင့်ခံရခြင်းကို သင်တို့ ကြောက်ရွံ့သလော။ ဤအတွေးနှင့် အမြင်များကို သင်တို့ ကိုင်စွဲသလော။ “ကျွန်ုပ်သည် လူ့အဖွဲ့အစည်းနှင့် လူမှုအုပ်စုများသို့ ရောက်ရှိသောအခါတွင်၊ အထူးသဖြင့် မယုံကြည်သူများနှင့် ဆက်ဆံသောအခါတွင် အနိုင်ကျင့်ခံရမည်ကို ကြောက်ရွံ့သည်။ ဤသည်မှာ ကျွန်ုပ် အစိုးရိမ်ဆုံးသောအရာဖြစ်သည်။ ကျွန်ုပ်သည် အကြမ်းဖျဉ်းအားဖြင့် ကျွန်ုပ်နှင့် တန်းတူညီမျှသော သူတစ်ယောက်နှင့် ကြုံလျှင် ကိုယ့်ကိုယ်ကိုယ်အတွက် ရပ်တည်နိုင်ဆဲ ဖြစ်သည်။ သို့သော် ကျွန်ုပ်ထက်ပို၍ ရက်စက်ကြမ်းကြုတ်သောသူနှင့် တွေ့ကြုံရလျှင် ကျွန်ုပ်သည် မခုခံရဲပါ။ ကျွန်ုပ်ဆီသို့ လာသည့် မည်သည့်အနိုင်ကျင့်မှုမျိုးကိုမဆိုသာ ကျွန်ုပ် လက်ခံလိုက်မည်။ ဤအရာနှင့်ပတ်သက်ပြီး မည်သည့်အရာကိုမျှ ကျွန်ုပ် မလုပ်ဆောင်နိုင်ပါ။ ၎င်းတို့၏ နောက်ကွယ်တွင် ပံ့ပိုးပေးသူများနှင့် လူများရှိပြီး ကျွန်ုပ်က ခါးစည်းခံရမည်” ဤသည်မှာ လူအများစုတွင် ဖြစ်ပေါ်သော အတွေးနှင့် အမြင်ဖြစ်သလော။ (ကျွန်ုပ်သည် ဤသို့သောအတွေးအမြင် ရှိခဲ့ဖူးသည်။ ဘုရားသခင်အပေါ် ကျွန်ုပ် ယုံကြည်ပြီးနောက်တွင် ကျွန်ုပ်သည် ညီအစ်ကိုမောင်နှမများနှင့်စတင်၍ သဟဇာတ ဖြစ်စွာ အဆင်ပြေလာသည်။ မယုံကြည်သူများနှင့် ဆက်ဆံသောအခါတွင် အနိုင်ကျင့်ခြင်းနှင့် ဖိနှိပ်ခြင်းကို ရင်ဆိုင်ရလျှင်ပင် ဤအရာအား ဘုရားသခင်က ခွင့်ပြုသည်ဆိုသည်ကို ကျွန်ုပ်သိပြီး ကျွန်ုပ် သင်ယူဖို့လိုအပ်သည့် သင်ခန်းစာတစ်ခုရှိသည်။ ထို့ကြောင့် ကျွန်ုပ်သည် များစွာကြောက်ရွံ့ရမည့်အစား ဤအရာကို တွေ့ကြုံရန် ဘုရားသခင်အပေါ် အမှီပြုဖို့ သင်ယူခဲ့သည်။) မည်သို့သောသူမျိုးသည် အထူးကြောက်ရွံ့တတ်သနည်း။ (ဘုရားသခင်အပေါ် ယုံကြည်ခြင်း မရှိသောသူများ ဖြစ်သည်။) ဤလူများအပြင် အထူးပင် တွန့်ဆုတ်သော၊ တသီးတသန့် နေတတ်ပြီး မိမိကိုယ်ကို လေးစားတန်ဖိုးထားမှုနည်းပါးသော၊ အားနည်းပြီး ချည့်နဲ့သော၊ ရုပ်ပိုင်းတွင် ဆွဲဆောင်မှုနည်းသော၊ သို့မဟုတ် ပို၍သေးနုပ်သည့် ဝိညာဉ်ရင့်ကျက်မှုရှိသော၊ ဆင်းရဲသည့်နောက်ခံမှလာသော၊ အထူးသဖြင့် မိသားစုနောက်ခံသည် လှောင်ပြောင်ခြင်း၊ ခွဲခြားဆက်ဆံခြင်း ခံရသောသူများ၊ နိမ့်ကျသည့် လူမှုအဆင့်အတန်းရှိသော၊ အရည်အချင်း၊ သို့မဟုတ် ကျွမ်းကျင်မှုကင်းမဲ့သော၊ လက်မှုအလုပ်ကြမ်းသမားအဖြစ် အလုပ်လုပ်သောသူများ၊ ပြီးလျှင် ကိုယ်ခန္ဓာမသန်စွမ်း သောသူများနှင့် ဤသို့သော အခြားသောသူများလည်းရှိသည်။ ဤလူတို့အားလုံးသည် အနိုင်ကျင့်မှုကို ပို၍ခံရနိုင်ပြီး ဤအရာကို ကြောက်ရွံ့ကြသည်။ အနိုင်ကျင့်ခြင်းသည် လူ့အဖွဲ့အစည်းတွင် ပျံ့နှံ့နေသော ပြသနာတစ်ခု ဟုတ်သလော။ (ဟုတ်သည်။) လူတို့ရှိနေသည့် မည်သည့်နေရာမဆိုတွင် ဤအရာများ ဖြစ်ပျက်လိမ့်မည်။ အနိုင်ကျင့်ခြင်းက မည်သို့ ဖြစ်ပေါ်လာသနည်း။ (လူသားမျိုးနွယ်သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီးနောက်တွင် အလွန်ဆိုးယုတ်လာပြီး ၎င်းတို့ကိုယ်တိုင် အနိုင်ကျင့်မှုကို မခံလိုဘဲ သူတစ်ပါးတို့ကို အနိုင်ကျင့်လိုစိတ် ရှိလာသည်။ ထို့ကြောင့် ဤဖိနှိပ်မှုဖြစ်ရပ်များသည် နေရာတစ်ကာတွင်ရှိသည်။) ဤသည်မှာ ရှုထောင့်တစ်ခု ဖြစ်သည်။ လူအချို့မှာ အခြားလူများ၏ အနိုင်ကျင့်ခြင်းကို မခံလိုသောကြောင့် မည်သူကမျှ ၎င်းတို့ကို အနိုင်မကျင့်ရဲရန်အတွက် ၎င်းတို့က လက်ဦးမှုယူ၍ အခြားလူများကို အနိုင်ကျင့်ကာ ခြိမ်းခြောက်သည်။ အမှန်တကယ်တွင် ၎င်းတို့သည် စိတ်အတွင်း၌ ဤသို့ မကျင့်ကြံမပြုမူလိုပေ။ ဤသည်မှာ ၎င်းတို့အတွက်လည်း ပင်ပန်းသည်။ သင်သည် အခြားသောလူတိုင်းကို ဖြိုလှဲသောအခါတွင် သင်သည်လည်း မပင်ပန်းသလော။ “ရန်သူတစ်ထောင်ကို သတ်ခြင်းဖြင့် သင့်ဘက်မှ လူရှစ်ရာကို ဆုံးရှုံးရနိုင်သည်” ဟူသည့် ဆိုရိုးစကားတစ်ခုရှိသည်။ ဥပမာ ဖြူကောင်ကိုကြည့်လော့။ သူ၏ ဆူးများကို ပစ်ပြီးနောက်တွင် သူ၏ အာရုံကြောစနစ်မှာ မပင်ပန်းသလော။ သူသည် လူတို့ကို ထိုးလျှင် နာကျင်ပြီး သူသည်လည်း မောပန်းသည်။ ဤသို့ဆိုလျှင် အလွန်မောပန်းလျှင် အဘယ်ကြောင့် လုပ်သနည်း။ မိမိရှင်သန်မှုအတွက် ကြိုးပမ်းခြင်း ဖြစ်သည်။ ဖြူကောင်သည် သူ့ကိုယ်သူ ကာကွယ်ရန်အတွက် အားအင်တစ်ခုခုကို စိုက်ထုတ်ရသည်။ ဤဆိုးယုတ်သော ကမ္ဘာသည် လူအမျိုးမျိုးအား ဆက်ဆံခြင်းအတွက် အပြုသဘောဆောင်သော၊ သို့မဟုတ် တိကျသောစည်းမျဉ်းများ ကင်းမဲ့သောကြောင့်၊ ကမ္ဘာလောကအား ကိုင်တွယ်ခြင်းအတွက် စာတန်၏ အတွေးအခေါ်နှင့် လူမှုရေးအလွှာ အနိမ့်အမြင့်တို့အရ လူတို့ကို အမျိုးအစား ခွဲခြားသတ်မှတ်သောကြောင့် မညီမျှသောခွဲဝေမှု၏ ဤစည်းမျဉ်းများ၊ စံသတ်မှတ်ချက်များကို အခြေခံပြီး လူတို့ကြားတွင် ခြားနားမှုနှင့် လူ့အလွှာအနိမ့်အမြင့်တို့ ဖြစ်ပေါ်လာသည်။ ဤသို့ဖြစ်ပျက်သောအခါ လူတို့သည် မျှတစွာနှင့် သဟဇာတဖြစ်စွာ မဆက်ဆံနိုင်ပေ။ ၎င်းတို့သည် အထက်ပိုင်းအဆင့်တွင် ရှိနေရန်၊ အကောင်းတကာ့ အကောင်းဆုံးဖြစ်ရန် ယှဉ်ပြိုင်ကြသည်။ အထက်တွင် ရှိသောသူများသည် အခြားလူများကို ဆရာလုပ်နိုင်သည်။ စိတ်ထင်သလို အနိုင်ကျင့်ပြီး ထိန်းချုပ်နိုင်သည်။ ဤလူ့အဖွဲ့အစည်းသည် မမျှတသောကြောင့် လူတို့အားဆက်ဆံခြင်းအတွက် စည်းမျဉ်းများသည် မမျှတပေ။ ဤသို့ဖြင့် လူတို့ကြား ဆက်ဆံရေးများသည် အသေအချာပင် သဟဇာတ ဖြစ်မည်မဟုတ်။ ပြီးလျှင် လူတို့အတွက် အချင်းချင်းဆက်ဆံရန် စည်းမျဉ်းများ၊ နည်းနာနိဿယများနှင့် နည်းလမ်းများအားလုံးသည် မမျှမတဖြစ်လာသည်။ ဩဇာအာဏာ၊ မိသားစုနောက်ခံ၊ အရည်အချင်း၊ ကျွမ်းကျင်မှု၊ ရုပ်အသွင်အပြင်၊ အရပ်အနိမ့်အမြင့်အပြင် နည်းဗျူဟာများ၊ အကြံအစည်များနှင့် မဟာဗျူဟာများကို နှိုင်းယှဉ်သည့်လူတို့သည် ဤမမျှတခြင်းနှင့် အတိအကျပင် သက်ဆိုင်သည်။ ဤအရာများအားလုံးက မည်သည့်နေရာမှ လာသနည်း။ ယင်းတို့သည် သမ္မာတရားထံမှ၊ သို့မဟုတ် ဘုရားသခင်ထံမှ မလာပေ။ စာတန်ထံမှ လာသည်။ စာတန်ထံမှ ဤအရာများသည် လူတို့တွင် သွတ်သွင်းခြင်းခံရပြီး လူတို့က ဤအရာများဖြင့် အသက်ရှင်သည်။ ဤသို့ဆိုလျှင် လူတို့သည် အချင်းချင်း မည်သို့ဆက်ဆံမည်ဟု သင်ထင်သနည်း။ ၎င်းတို့သည် လူတိုင်းကို မျှတစွာ ဆက်ဆံမည်လော။ (မျှတစွာ ဆက်ဆံမည်မဟုတ်ပါ။) လုံးဝ မဟုတ်ပေ။ ဆိုးယုတ်သောကမ္ဘာတွင် လည်ပတ်သည့် ဘုရားအိမ်တော်၏ အရိုးရှင်းဆုံးသော ရွေးကောက်မှု စည်းမျဉ်းသည်ပင် စာတန်၏ အုပ်စိုးခြင်းကို ခံရနိုင်သလော။ (မခံရနိုင်ပါ။) ယင်းသည် အဘယ်ကြောင့် အလုပ်မဖြစ်သည်ဆိုသည်၏ အနှစ်သာရမှာ အဘယ်နည်း။ ဤဆိုးယုတ်သော ကမ္ဘာသည် သမ္မာတရား၏ အုပ်စိုးမှုကို မခံရခြင်းဖြစ်သည်။ ယင်းသည် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများ၊ ထို့အပြင် စာတန်၏ အမျိုးမျိုးသော အတွေးများနှင့် အတွေးအခေါ်များ၏ အုပ်စိုးခြင်းကို ခံရသည်။ ထို့ကြောင့် လူတို့က တစ်ယောက်နှင့်တစ်ယောက် အနိုင်ကျင့်ပြီး ထိန်းချုပ်ခြင်းသာ ဖြစ်နိုင်သည်။ ဤသည်မှာ တစ်ခုတည်းသော ဖြစ်နိုင်ခြေရှိသော အခြေအနေဖြစ်သည်။ အနိုင်ကျင့်ခြင်းကို ရှောင်ရန် မဖြစ်နိုင်ပေ။ ဤသည်မှာ အလွန်ပင် သာမန်ဖြစ်သည်။ ကမ္ဘာသည် သမ္မာတရား၏ အုပ်စိုးမှုအောက်တွင်မရှိသောကြောင့် ဤဆိုးယုတ်သော ကမ္ဘာတွင် လူတို့သည် အချင်းချင်း ဆက်ဆံသောအခါ သင်သည် သူတစ်ပါးတို့ကို အနိုင်ကျင့်သူမဖြစ်လျှင် အနိုင်ကျင့်ခံရသူမှာ သင်ဖြစ်သည်။ သင်၏ အခန်းကဏ္ဍတွင် ဤအရာနှစ်ခုသာ ပါနိုင်သည်။ လက်တွေ့တွင် လူတိုင်းက သူတစ်ပါးကိုလည်း အနိုင်ကျင့်ပြီး အနိုင်ကျင့်ခြင်းလည်း ခံရသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် အစဉ်သဖြင့် သင်၏အထက်တွင်လည်းကောင်း၊ အောက်တွင်လည်းကောင်း လူများရှိနေသောကြောင့် ဖြစ်သည်။ သင်သည် အခြားလူများထက် ပို၍မြင့်သော အဆင့်အတန်းရှိသောကြောင့် ၎င်းတို့ကို အနိုင်ကျင့်သည်။ သို့သော် တစ်ချိန်တည်းတွင် သင်က ၎င်းတို့ကို အနိုင်ကျင့်နေစဉ်တွင် သင့်ထက်ပင် ပို၍မြင့်သော အဆင့်အတန်းနှင့် ရာထူးရှိသောသူများရှိပြီး ၎င်းတို့က သင့်အား အနိုင်ကျင့်လိမ့်မည်။ သင်က ၎င်းတို့၏ အနိုင်ကျင့်မှုကို ခါးစည်းခံရလိမ့်မည်။ လူတန်းစားတစ်ခုက အခြားလူတန်းစားတစ်ခုကို အနိုင်ကျင့်သည်။ ဤသည်မှာ လူတို့ကြား ဆက်ဆံရေးဖြစ်သည်။ အနိုင်ကျင့်ပြီး အနိုင်ကျင့်ခံရသည့် ဆက်ဆံရေး ဖြစ်သည်။ ဤသည်မှာ တစ်ခုတည်းသော ဆက်ဆံရေး ဖြစ်သည်။ စစ်မှန်သော မိသားစုချစ်ခင်မှုမရှိ၊ ချစ်ခြင်းမရှိ၊ သည်းခံခြင်းမရှိ၊ စိတ်ရှည်ခြင်းမရှိ၊ ပြီးလျှင် စည်းမျဉ်းနှင့်အညီ လူတိုင်းအား တရားမျှတစွာ၊ ညီမျှစွာ ဆက်ဆံနိုင်ခြေမရှိပေ။ ဤကမ္ဘာလောကသည် သမ္မာတရား၏ အုပ်စိုးခြင်းကို မခံရဘဲ စာတန်၏ အုပ်စိုးခြင်းကို ခံရသောကြောင့် လူတို့ကြား၌ ဖြစ်ပေါ်သော ဆက်ဆံရေးများသည် အနိုင်ကျင့်ခြင်းနှင့် အနိုင်ကျင့်ခံရခြင်း၊ အသုံးပြုခြင်းနှင့် အသုံးပြုခံရခြင်းတို့သာ ဖြစ်နိုင်သည်။ ဤသည်မှာ မလွှဲမရှောင်နိုင်ပေ။ ပြီးလျှင် မည်သူကမျှ မလွတ်မြောက်နိုင်ပေ။ သင်သည် မြေအောက်ကမ္ဘာတွင် အကြီးအကဲတစ်ဦးဖြစ်သည်၊ လူယုံတော်နှင့် လက်ပါးစေများစွာရှိသည်၊ ၎င်းတို့အားလုံးကို သင်က အနိုင်ကျင့်ပြီး ထိန်းချုပ်သည်ဟု သင်ဆိုကောင်းဆိုနိုင်သည်။ သို့သော် မြေအောက်ကမ္ဘာ အကြီးအကဲသည်ပင် အထက်လူကြီးများရှိသည်။ ပြီးလျှင် အစိုးရလည်းရှိသည်။ အရာရှိများနှင့် လူဆိုးဓားပြများသည် မိသားစုတစ်စုတည်း ဖြစ်သည်ဟု ဆိုသော်လည်း တစ်ခါတစ်ရံ၌ အစိုးရသည် တမင်တကာ ပြဿနာရှာသည်။ နိုင်ကွက်ယူသည်။ သင့်အား အလွတ်မပေးပေ။ သင်သည် ရဲစခန်းအား ငွေပမာဏတစ်ခုကို ပေးပြီး ၎င်းတို့အား ကပ်ဖားရလိမ့်မည်။ သင်သိသလော။ မြေအောက်လောက အကြီးအကဲသည် ကြီးကျယ်ခမ်းနားသည့်ပုံစံရှိသော်လည်း ရဲစခန်းသို့ သွားသောအခါတွင် သူသည် အောက်ကျို့ရဆဲ ဖြစ်သည်။ မာနမထောင်လွှားရဲပေ။ မယုံကြည်သူများ၏ ဆိုရိုးစကားများကဲ့သို့ “ဘုန်းကြီးက တစ်တိုင်တက်စဉ်တွင် နတ်ဆိုးက ဆယ်တိုင်တက်သည်”၊ “အစဉ်သဖြင့် ပို၍ ကြီးသောငါးရှိသည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ လူတိုင်းက အခြားလူများကို အနိုင်ကျင့်ပြီး အနိုင်ကျင့်ခြင်းခံရသည်ဟု ဆိုလိုသည်။ ဤသည်မှာ အနိုင်ကျင့်ခြင်း၏ အနှစ်သာရနှင့် သဘာဝဖြစ်ရပ် ဖြစ်သည်။

အနိုင်ကျင့်ခြင်းကိစ္စနှင့်ပတ်သက်၍ ယင်းသည် မည်သူမျှ မရှောင်နိုင်သည့်အရာတစ်ခု ဖြစ်သောကြောင့် လူတစ်ယောက်သည် ယင်းကို မည်သို့ ကိုင်တွယ်သင့်သနည်း။ အသင်းတော်တွင် သင်သည် အနိုင်ကျင့်ခံရခြင်းကို မကြောက်ကောင်း မကြောက်နိုင်သော်လည်း ဤအရာမျိုး ရှိသလော။ ဤသို့ ဖြစ်နိုင်သလော။ သင်သည် မယုံကြည်သူများနှင့် ဆက်ဆံသောအခါတွင် ၎င်းတို့၏ အနိုင်ကျင့်ခြင်းကို ခံရကောင်း ခံရနိုင်သည်။ ထို့ကြောင့် ဤသည်မှာ အသင်းတော်အတွင်းတွင် မဖြစ်ပွားသလော။ (ဖြစ်ပွားပါသည်။) အတိုင်းအတာအမျိုးမျိုးဖြင့် ဖြစ်ပွားသည်။ အဘယ်ကြောင့်ဆိုသော် လူအားလုံးသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရသောကြောင့် ဖြစ်သည်။ လူတို့သည် ကယ်တင်ခြင်းကို မရယူမီတွင် ဖောက်ပြန်ပျက်စီးမှုကို မကြာခဏ ဖွင့်ပြကြသည်။ ပြီးလျှင် ထိုဖောက်ပြန်ပျက်စီးမှုအား ဖွင့်ပြခြင်းများ၏ ရှုထောင့်တစ်ခုမှာ သူတစ်ပါးတို့အား မိမိစိတ်ထင်သလို ဆက်ဆံခြင်း၊ မျှတစွာ မဆက်ဆံခြင်း ဖြစ်သည်။ ဤသို့ အခြားလူတို့အပေါ် မမျှမတ ဆက်ဆံခြင်း ဖြစ်ပေါ်သောအခါ အနိုင်ကျင့်ခြင်းနှင့် အနိုင်ကျင့်ခံရခြင်းသည်လည်း ဖြစ်ပေါ်လာသည်။ ထို့ကြောင့် ဤအရာများသည် အမှန်ပင် ရံဖန်ရံခါ ဖြစ်ပျက်ပြီး လူတို့သည် ယင်းတို့ကို မလွတ်မြောက်နိုင်၊ သို့မဟုတ် မရှောင်ကြဉ်နိုင်ပေ။ ဤအမှုကိစ္စကို ကိုင်တွယ်ခြင်းနှင့် ဖြေရှင်းခြင်းအတွက် မှန်ကန်သော စည်းမျဉ်းမှာ အဘယ်နည်း။ (ဘုရားနှုတ်ကပတ်တော်နှင့်အညီ၊ စည်းမျဉ်းများနှင့်အညီ ဖြစ်သည်။) သဘောတရားအရ ဤသို့ ပြောဆိုထားသည်။ လက်တွေ့လုပ်ဆောင်ရန် တိကျသော နည်းလမ်းမှာ အဘယ်နည်း။ အနိုင်ကျင့်ခြင်းနှင့် အနိုင်ကျင့်ခံရခြင်း ကိစ္စကို သင် မည်သို့ နားလည်သနည်း။ ဥပမာ သင်သည် အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်၏ ပြဿနာများကို တိုင်ကြားရန် စာတစ်စောင်ရေးသည်၊ အယောင်ဆောင်ခေါင်းဆောင်က သင့်အား အနိုင်ကျင့်လိုပြီး “သင်သည် ကောင်းကောင်းမနေလျှင်၊ ငါ၏ ပြဿနာများအား အထက်သို့ ဆက်လက်၍ တိုင်ကြားနေလျှင်၊ ငါ့အကြောင်း သတင်းပေးလျှင်၊ သို့မဟုတ် ငါ့ကို အကဲဖြတ်မှုများတွင် အပျက်သဘောဆောင်သောအရာ တစ်ခုခုရေးလျှင် သင့်အား ငါ သတ်မည်။ ငါသည် သင့်အား နှင်ထုတ်နိုင်စွမ်းရှိသည်။ သင်မကြောက်သလော” ဟု ပြောသည် ဆိုပါစို့။ ဤအခြေအနေကို သင်မည်သို့ ကိုင်တွယ်မည်နည်း။ သူသည် သင့်အား ခြိမ်းခြောက်နေသည်။ အတိအကျဆိုရလျှင် သူသည် သင့်အား အနိုင်ကျင့်နေသည်။ သူ့၌ ဩဇာအာဏာရှိသည်။ သင်က သာမန်ယုံကြည်သူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူသည် စည်းမျဉ်း၊ သို့မဟုတ် အခြေပြုချက်မရှိဘဲ သင့်အား ထင်ရာမြင်ရာ ညှဉ်းပန်းနှိပ်စက်သည်။ သူသည် သင့်အား စာတန်က လူတို့ကို ဆက်ဆံသည့်ပုံစံအတိုင်း ဆက်ဆံသည်။ ခိုင်လုံစွာပြောရလျှင် သူသည် သင့်အား အနိုင်ကျင့်နေခြင်း မဟုတ်လော။ သင့်အား ညှဉ်းပန်းရန် ကြိုးစားနေခြင်း မဟုတ်လော။ (ဟုတ်သည်။) ဤသို့ဆိုလျှင် ဤအရာကို သင်မည်သို့ ကိုင်တွယ်မည်နည်း။ သင်သည် အလျှော့ပေးမည်လော၊ သို့မဟုတ် စည်းမျဉ်းများအတိုင်း ရပ်တည်မည်လော။ (စည်းမျဉ်းများအတိုင်း ရပ်တည်ပါမည်။) သဘောတရားအရ လူတို့သည် စည်းမျဉ်းများအတိုင်း ရပ်တည်ပြီး ဤအယောင်ဆောင်ခေါင်းဆောင်ကို မကြောက်သင့်ပေ။ ဤအတွက် အခြေပြုချက်မှာ အဘယ်နည်း။ သင်သည် သူ့အား အဘယ်ကြောင့် မကြောက်သင့်သနည်း။ သူသည် သင့်အား အမှန်ပင် နှင်ထုတ်လျှင် သင်ကြောက်လန့်မည်လော။ သူသည် သင့်အား အမှန်ပင် နှင်ထုတ်နိုင်သောကြောင့် သင်သည် စည်းမျဉ်းများအတိုင်း မရပ်တည်ရဲခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ကြောက်ကောင်း ကြောက်နိုင်သည်။ ဤအမှုကိစ္စသည် မည်သည့်နေရာတွင် ပိတ်မိနေသနည်း။ သင်သည် မည်သို့ဖြစ်၍များ ကြောက်ရွံ့နိုင်သနည်း။ (ဘုရားအိမ်တော်သည် သမ္မာတရား၏ အုပ်စိုးမှုအောက်တွင်ရှိသည်ကို ကျွန်ုပ် မယုံကြည်သောကြောင့် ဖြစ်သည်။) ဤသည်မှာ ရှုထောင့်တစ်ခု ဖြစ်သည်။ သင်သည် ဤယုံကြည်ခြင်းရှိပြီး “သင်သည် ဆိုးယုတ်သူတစ်ဦးဖြစ်သည်။ သင်သည် ယခုတွင် ခေါင်းဆောင် ဖြစ်ရုံသက်သက်ဖြင့် ငါ့အား နှင်ထုတ်နိုင်စွမ်းရှိသည်ဟု မထင်နှင့်။ ငါ့အား နှင်ထုတ်ခြင်းသည် မှားယွင်းလိမ့်မည်။ ဤအမှုကိစ္စသည် အနှေးနှင့် အမြန် ပေါ်လာလိမ့်မည်။ ဘုရားအိမ်တော်သည် သင်တစ်ဦးတည်း၏ အာဏာအောက်တွင် ရှိသည် မဟုတ်။ သင်သည် ယနေ့ငါ့ကို နှင်ထုတ်လျှင် နောက်ဆုံး၌ သင် အပြစ်ဒဏ်ခံရမည်။ သင်မယုံလျှင် စောင့်၍သာ ကြည့်ပါ။ ဘုရားအိမ်တော်ကို သမ္မာတရားက၊ ဘုရားသခင်က အုပ်စိုးသည်။ လူတို့သည် သင့်အား အပြစ်ဒဏ်မပေးနိုင်သော်လည်း ဘုရားသခင်က သင့်အား ထုတ်ဖော်နိုင်ပြီး ဖယ်ရှားနိုင်သည်။ သင်၏ အမှားများ ပေါ်လွင်လာသောအခါ ဤသည်မှာ သင်၏ အပြစ်ဒဏ်ကို ရင်ဆိုင်ရသောအချိန် ဖြစ်လိမ့်မည်” ဟု ပြောဖို့ လိုအပ်သည်။ သင့်တွင် ဤယုံကြည်ခြင်းရှိသလော။ (ရှိပါသည်။) ရှိသလော။ ဤသို့ဆိုလျှင် သင်တို့သည် အဘယ်ကြောင့် ဤသို့ မပြောနိုင်သနည်း။ သင်သည် ဤသို့သောအခြေအနေများကို ကြုံရလျှင် အန္တရာယ် ကျရောက်မည့် ပုံစံရှိသည်။ သင့်တွင် သတ္တိနှင့် စစ်မှန်သော ယုံကြည်ခြင်း ကင်းမဲ့သည်။ ဤအမှုကိစ္စများကို သင်အမှန်တကယ် ရင်ဆိုင်သောအခါ၊ ဤမျှ ရက်စက်ကြမ်းကြုတ်သော၊ လူတို့ကို ညှဉ်းပန်းရာတွင် နည်းလမ်းများက အဆင်းနီသောနဂါးကြီး၏ နည်းလမ်းများဖြင့် နှိုင်းယှဉ်၍ ရနိုင်သော ဆိုးယုတ်သူများနှင့် အန္တိခရစ်များကို သင်ကြုံရသောအခါ မည်သည့်အရာကို သင်လုပ်ဆောင်မည်နည်း။ သင်သည် စတင်ငိုယိုပြီး “အို ငါသည် ဝိညာဉ်ရင့်ကျက်မှုတွင် သေးနုပ်သည်။ ငါသည် တွန့်ဆုတ်သည်။ ပြဿနာကို အစဉ် ကြောက်ရွံ့သည်။ ကျလာသော သစ်ရွက်က ငါ၏ခေါင်းအား ထိမည်ကိုပင် ကြောက်သည်။ ဤသို့သောလူများကို ငါရင်မဆိုင်ရရန် အမှန်ပင် မျှော်လင့်သည်။ ၎င်းတို့သည် ငါ့အား အနိုင်ကျင့်လျှင် မည်သို့ပြုလုပ်ရမည်နည်း” ဟု ပြောလိမ့်မည်။ ၎င်းတို့သည် သင့်အား အနိုင်ကျင့်နေသလော။ ၎င်းတို့က သင့်အား အနိုင်ကျင့်နေခြင်း မဟုတ်။ ယင်းမှာ သင့်အား စာတန်က ညှဉ်းပန်းနေခြင်း ဖြစ်သည်။ လူသားရှုထောင့်မှကြည့်လျှင် သင်သည် “ဤသူသည် အထင်ကြီးရလောက်သည်။ အဆင့်အတန်းရှိသည်။ အဆင့်အတန်းမရှိသည့် ရိုးသားသောလူများအား အနိုင်ကျင့်သည်” ဟု ဆိုလိမ့်မည်။ ဤသို့ ဖြစ်ပျက်နေခြင်း ဖြစ်သလော။ သမ္မာတရား၏ ရပ်တည်ချက်မှကြည့်လျှင် ယင်းသည် အနိုင်ကျင့်ခြင်းမဟုတ်။ စာတန်က လူတို့အား ဒုက္ခခံရအောင်လုပ်ဆောင်နေခြင်း၊ လူတို့အား ညှဉ်းပန်းနေခြင်း၊ အရူးလုပ်နေခြင်း၊ ဖျက်ဆီးနေခြင်း၊ နင်းချေနေခြင်း ဖြစ်သည်။ စာတန်ထံမှ ဤလုပ်ရပ်များကို သင်မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ ကြောက်ရွံ့သင့်သလော။ (မကြောက်ရွံ့သင့်ပါ။ ကျွန်ုပ်သည် ၎င်းတို့အား တိုင်ကြားပြီး ဖော်ထုတ်သင့်သည်။) သင်၏ စိတ်နှလုံးတွင် ၎င်းတို့ကို မကြောက်သင့်ပေ။ ၎င်းတို့ပြဿနာများကို တိုင်ကြားခြင်းနှင့် ၎င်းတို့နှင့် ယှဉ်ပြိုင်ခြင်းသည် လက်ရှိအချိန်အခိုက်အတန့်တွင် မသင့်လျော်လျှင် သင်သည် ၎င်းတို့အား ခဏတာသည်းညည်းခံသင့်ပြီး နောက်ပိုင်း၌ ၎င်းတို့အား တိုင်ကြားရန် သင့်တော်သောအချိန်ကို ရှာသင့်သည်။ ညီအစ်ကိုမောင်နှမများကြားတွင် သင့်ကဲ့သို့သော ပိုင်းခြားသိမြင်တတ်သောသူများရှိလျှင် သင်တို့သည် ၎င်းတို့၏ မကောင်းမှုများကို တိုင်ကြားပြီး ဖော်ထုတ်ရန် ပေါင်းစည်းသင့်သည်။ အခြားမည်သူကမျှ ပိုင်းခြားသိမြင်မှုမရှိဘဲ သင်က ၎င်းတို့အား တိုင်ကြားရန် ရှေ့ထွက်သောအခါ လူတိုင်းက သင့်အား ငြင်းဆန်လျှင် လက်ရှိအချိန်၌ စိတ်ရှည်ခြင်းကို ကျင့်သုံးလော့။ အထက်ပိုင်းအဆင့်ခေါင်းဆောင်များက အလုပ်ကို စစ်ဆေးပြီး နောက်ဆက်တွဲလုပ်ဆောင်ရန် သင်တို့အသင်းတော်သို့ လာသောအခါ၌ ထိုခေါင်းဆောင်များထံသို့ ၎င်းတို့ပြဿနာများကို တိုင်ကြားရန် သင့်တော်သောအချိန်ကိုရှာပြီး ၎င်းတို့၏ မကောင်းမှုများကို အသေးစိတ်ရှင်းလင်းစွာ ဖော်ပြကာ ခေါင်းဆောင်များအား ၎င်းတို့ကို ဖယ်ရှားစေလော့။ ဤသည်မှာ ဉာဏ်ပညာရှိခြင်း ဟုတ်သလော။ (ဟုတ်သည်။) တစ်ဖက်တွင် သင်သည် ယုံကြည်ခြင်းရှိရမည်ဖြစ်ပြီး ဆိုးယုတ်သောသူများ၊ အန္တိခရစ်များ၊ သို့မဟုတ် စာတန်ကို မကြောက်ရွံ့ရပေ။ အခြားတစ်ဖက်တွင် သင်သည် သင့်အပေါ် ၎င်းတို့၏ လုပ်ဆောင်မှုများအား လူတစ်ယောက်က အခြားတစ်ယောက်ကို အနိုင်ကျင့်ခြင်းအဖြစ် မမြင်သင့်ပေ။ ဤအရာ၏ အနှစ်သာရကို စာတန်က လူတို့အား အရူးလုပ်နေခြင်း၊ ညှဉ်းပန်းနေခြင်း၊ နင်းချေနေခြင်းအဖြစ် မြင်သင့်သည်။ ထို့နောက် အခြေအနေအပေါ် မူတည်ပြီး သင်သည် ၎င်းတို့၏ ညှဉ်းပန်းမှုကို ကိုင်တွယ်ရန် ဉာဏ်ပညာကို အသုံးချသင့်သည်။ ၎င်းတို့ကို ဖော်ထုတ်ပြီး တိုင်ကြားရန် သင့်တော်သောအချိန်ကို ရှာသင့်သည်။ ဘုရားအိမ်တော်နှင့် အသင်းတော်အလုပ်၏ အကျိုးစီးပွားများကို ကာကွယ်ပေးသင့်သည်။ ဤသည်မှာ သင်ခိုင်မာစွာ ရပ်တည်သင့်သည့် သက်သေခံချက်ဖြစ်ပြီး လူတစ်ယောက်အနေဖြင့် သင်ဖြည့်ဆည်းသင့်သည့် တာဝန်၊ ဝတ္တရားဖြစ်သည်။ ၎င်းတို့က သင့်အား မည်သို့ အနိုင်ကျင့်သည်ဖြစ်စေ၊ မမျှတစွာ ဆက်ဆံသည်ဖြစ်စေ အနိုင်ကျင့်ခြင်းအဖြစ် မမြင်နှင့်။ သင့်အား အနိုင်ကျင့်နေသည်မှာ ၎င်းတို့မဟုတ်။ ဤသည်မှာ စာတန်က လူတို့အား အရူးလုပ်နေခြင်း၊ နင်းခြေနေခြင်းနှင့် ညှဉ်းပန်းနေခြင်း ဖြစ်သည်။ အဆင်းနီသောနဂါးကြီးက ဘုရားသခင်အား ယုံကြည်သူများကို ဖိနှိပ်သောအခါတွင် သူသည် သင့်အား အနိုင်ကျင့်နေသည်ဟု သင်ပြောမည်လော။ (မပြောပါ။) သူသည် သင့်အား အနိုင်ကျင့်နေခြင်းမဟုတ်။ သူသည် သင့်အား အဘယ်ကြောင့် ဖိနှိပ်သနည်း။ (သူ၏ အနှစ်သာရသည် ဘုရားသခင်အား အာခံရန်ဖြစ်သောကြောင့် ဖြစ်သည်။) သူ၏ အနှစ်သာရသည် ဘုရားသခင်ကို အာခံရန် ဖြစ်သည်။ သူသည် ဘုရားသခင်အား ရန်သူအဖြစ် မှတ်ယူပြီး ဘုရားသခင်၏ အမှုတော်အားလုံးကို သူ၏မျက်လုံးမှ သံအဖြစ်၊ သူ၏နံဘေးမှ ဆူးအဖြစ် မြင်သည်။ သူသည် ဘုရားသခင်က ရွေးချယ်သော လူတို့ကိုလည်း ရန်သူများအဖြစ် သဘောထားသည်။ သင်သည် ဘုရားသခင်နောက်လိုက်လျှင် သူသည် သင့်အား မုန်းလိမ့်မည်။ ကျမ်းစာတွင် ပြောသကဲ့သို့ “လောကီသားတို့သည် သင်တို့ကိုမုန်းလျှင်၊ သင်တို့ကို မမုန်းမှီ ငါ့ကိုမုန်းကြသည်ကို သိမှတ်ကြလော့။” (ရှင်ယောဟန်ခရစ်ဝင် ၁၅:၁၈) ဟူ၍ ဖြစ်သည်။ အဆင်းနီသော နဂါးကြီးသည် လူတို့ကို မုန်းသည်။ ဘုရားကို မုန်းသည်။ ဘုရားအား ရန်သူအဖြစ် မှတ်ယူသည်။ ထို့အပြင် ဘုရားနောက်လိုက်သူများကို၊ အထူးသဖြင့် သမ္မာတရားအား လက်တွေ့လုပ်ဆောင်သူများကို ရန်သူများအဖြစ် မှတ်ယူသည်။ ဤအတွက်ကြောင့် သူသည် သင့်အား ဖိနှိပ်လိုခြင်း၊ သတ်လိုခြင်း၊ ဘုရားနောက်သို့ သင်လိုက်ခြင်းအား တားဆီးလိုခြင်း၊ သင့်ကို သူ့အား ကိုးကွယ်လိုက်လျှောက်ရန် လုပ်ဆောင်လိုခြင်း၊ သင့်အား ဘုရားသခင်ကို ကျိန်ဆဲရန် လုပ်ဆောင်လိုခြင်း ဖြစ်သည်။ သင်က “ငါသည် သူ့ကို ကျိန်ဆဲမည်မဟုတ်” ဟု ဆိုကောင်းဆိုနိုင်သည်။ ဤသို့ဆိုလျှင် သူသည် “သင်သည် ဘုရားသခင်ကို မကျိန်ဆဲလျှင် သေမည်”ဟု သင့်အား ခြိမ်းခြောက်မည်။ သူသည် သင့်အား “ကွန်မြူနစ်ပါတီသည် ကောင်းသည်” ဟု ပြောရန် အတင်းအကျပ်ခိုင်းစေဖို့ ကြိုးစားမည်။ ပြီးလျှင် သင်က “ငါသည် ထိုသို့ပြောမည်မဟုတ်” ဟု တုံ့ပြန်မည်။ ထို့နောက် သူသည် “သင်မပြောလျှင် ငါသည်သင့်ကို အခက်တွေ့အောင် လုပ်မည်။ ငါသည် သင့်အား ရက်စက်သော နှိပ်စက်မှုဖြင့် ဆက်ဆံပြီး တုံ့ပြန်မည်” ဟု ပြောလိမ့်မည်။ ဤသည်မှာ သင့်အား အနိုင်ကျင့်ခြင်း ဖြစ်သလော။ မဟုတ်ပေ။ ဤသည်မှာ စာတန်က လူတို့အား နှိပ်စက်နေခြင်း ဖြစ်သည်။ သင် နားလည်သလော။ (နားလည်ပါသည်။) အနိုင်ကျင့်ခြင်းကိစ္စနှင့် ကိုင်တွယ်ဖြေရှင်းသောအခါ မှန်ကန်သောနားလည်မှုရှိရမည်။ လူ့အဖွဲ့အစည်းနှင့် လူအုပ်စုထဲတွင် သင်သည် လူသားရှုထောင့်မှ ကြည့်လျှင် လူတိုင်းက အနိုင်ကျင့်သူနှင့် အနိုင်ကျင့်ခြင်း ခံရသည့်နေရာနှစ်ခုလုံးကို ခံယူကြရသည်။ သို့သော် သမ္မာတရားရှုထောင့်မှ ကြည့်လျှင် ဤသို့ မမြင်သင့်ပေ။ သင့်အား အနိုင်ကျင့်ပြီး ထိန်းချုပ်လိုသော မည်သူမဆို၏ အပြုအမူ၏ အနှစ်သာရကို အနိုင်ကျင့်ခြင်းဖြင့် မသတ်မှတ်ပေ။ ထိုအစား ယင်းမှာ စာတန်က အရူးလုပ်နေခြင်း၊ နှိပ်စက်နေခြင်း၊ ကြိုးကိုင်ခြယ်လှယ်နေခြင်း၊ နင်းချေနေခြင်းနှင့် ဖျက်ဆီးနေခြင်း ဖြစ်သည်။ အတိအကျဆိုရလျှင် ၎င်းတို့သည် သင့်အား ဆင်ခြင်တုံတရားရှိပြီး လူသားဆန်သော နည်းလမ်းများဖြင့် ဆက်ဆံနေခြင်း မဟုတ်၊ ၎င်းတို့သည် သင့်အား မျှတစွာ ဆက်ဆံနေခြင်းမဟုတ်၊ ထိုထက် ၎င်းတို့သည် စာတန်၏ ရှုထောင့်နှင့် ရပ်တည်ချက်ကို ခံယူနေခြင်း၊ သင့်အား ၎င်းတို့ ဆက်ဆံသည့်၊ ပြောဆိုသည့်၊ သင်နှင့်အပြန်အလှန်ဆက်ဆံသည့်ပုံစံတွင် ၎င်းတို့၏ လမ်းညွှန်အဖြစ် စာတန်၏ အတွေးများကို အသုံးပြုနေခြင်း ဖြစ်သည်ဟု ဆိုလိုသည်။ ဥပမာ သင်နှင့် ဆိုးယုတ်သူတစ်ယောက်သည် တစ်ခန်းထဲတွင် အတူနေသည်ဆိုပါစို့။ သင်က ဦးစွာရောက်သောကြောင့် သင့်တော်သောနေရာကို သင် ဦးစွာရွေးခွင့်ရသင့်သည်။ သင်သည် ကုတင်အောက်ထပ်ကို ရွေးသည်။ ထိုသူသည် ရောက်လာပြီး ဤအရာကို မြင်သည်နှင့် တစ်ပြိုင်နက် “သင့်အနေဖြင့် ကုတင်အောက်ထပ်ကို ရွေးချယ်ခြင်းသည် မှန်ကန်သင့်တော်သလော။ ကျွန်ုပ်သည်ပင် မရွေးချယ်ရသေးပါ။ သင့်အလှည့်ဖြစ်သလော။ ကျွန်ုပ်ရှိနေရက်သားနှင့် သင်သည် ကုတင်အောက်ထပ်တွင် အိပ်ရဲသလော။ ရဲတင်းလှသည်။ သင်သည် ကျွန်ုပ်နှင့်ပင် မဆွေးနွေးဘဲ ကုတင်အောက်ထပ်ကို အိပ်ရန်အတွက် ရွေးချယ်ပစ်လိုက်သည်။ ကုတင်အပေါ်ထပ်သို့ သွားပါ” ဟု ဆိုသည်။ သင်က “သင်က အဘယ်ကြောင့် ကုတင်အပေါ်ထပ်တွင် မအိပ်သင့်သနည်း။ သင်သည် ကျွန်ုပ်နောက်မှ ရောက်လာသည်။ ထိုအစီအစဉ်အရ သင်က ကုတင်အပေါ်ထပ်တွင် အိပ်သင့်သည်” ဟု တုံ့ပြန်သည်။ ထိုသူက “အစီအစဉ် ဟုတ်သလော။ မည်သည့်အစီအစဉ် နောက်သို့မျှ ငါ လုံးဝ မလိုက်ခဲ့ပါ။ ငါသည် မည်သည့်နေရာတွင်မျှ တန်းမစီပါ။ ငါသည် သမ္မတကို တွေ့ဖို့ကိုပင် တန်းမစီပါ။ ငါမည်သူဖြစ်သည်ဆိုသည်ကို သိရန်ပင် သင်အားထုတ်ခဲ့သလော။ သင်သည် ငါ့အား တန်းစီသည့်အကြောင်းကို ပြောရဲသည်။ ရဲတင်းလှသည်။ သင်သေလိုသလော။ ကုတင်အပေါ်ထပ်သို့ သွား” ဟု ဆိုသည်။ ထို့ကြောင့် သင်သည် နာခံစွာဖြင့် ကုတင်အပေါ်ထပ်၌ သွားအိပ်ရသည်။ ဤသည်မှာ သင့်အား အနိုင်ကျင့်ခြင်း ဖြစ်သလော။ လူသားရှုထောင့်မှကြည့်လျှင် ဤသည်မှာ အနိုင်ကျင့်သည့် ပုံစံရှိသည်။ သူသည် သင့်အား ရိုးအသည်ဟုမြင်သည်။ သူ ကြိုးကိုင်ခြယ်လှယ်နိုင်သည့်သူအဖြစ် မြင်သည်။ သူမည်သူဖြစ်သည်ဆိုသည်ကို သင်နားလည်စေရန်အတွက် သူသည် သင့်အား ဦးစွာ အာဏာပြခြိမ်းခြောက်ပြီး သင်ခန်းစာပေးသည်။ ဤသည်မှာ လူသားရှုထောင့်မှဖြစ်စေ၊ လူသားခံစားချက်များ၏ ရှုထောင့်မှဖြစ်စေ၊ ဇာတိပကတိရှုထောင့်မှဖြစ်စေ ကြည့်ခြင်း ဖြစ်သည်။ သို့သော် ဤအရာကို သမ္မာတရားရှုထောင့်မှကြည့်လျှင် သင်သည် ထိုနည်းအတိုင်း မြင်နိုင်သလော။ သင်သည် ကုတင်အောက်ထပ်ကို ဦးစွာရွေးခဲ့သည်။ အရာရာတိုင်းက အစီအစဉ်တကျဖြစ်သည်။ သို့သော် သင့်ကို နေရာရွှေ့ရန် သူက မရမကတောင်းဆိုပြီး သင့်အား ကုတင်အပေါ်ထပ်သို့ပြောင်းအောင် စိတ်အနှောင့်အယှက်ပေးသည်။ ဤသည်မှာ ကျိုးကြောင်းမသင့်ခြင်း မဟုတ်သလော။ ဤသည်မှာ သူက သင့်အား ညှဉ်းပန်းနေခြင်း မဟုတ်သလော။ သူသည် သင့်အား လူသားတစ်ဦးအဖြစ် မဆက်ဆံခြင်း မဟုတ်လော။ သူသည် သင့်အား မလေးစားခြင်း မဟုတ်သလော။ သူသည် အကြီးအကဲကဲ့သို့ ပြုမူနေခြင်း၊ သင့်အား အစေခံ၊ သို့မဟုတ် ကျွန်အဖြစ် ဆက်ဆံနေခြင်း မဟုတ်လော။ သူ့အတွေးရှိ ကျိုးကြောင်းဆင်ခြင်ပုံမှာ အဘယ်နည်း။ သူကဲ့သို့ လူမရှိန်လောက်သောသူတိုင်းသည် သူ၏ အစေခံ၊ သူ အမိန့်ပေးနိုင်သောသူ၊ သူညှဉ်းပန်းနိုင်သောသူဖြစ်သည်။ သမ္မာတရားရှုထောင့်မှ ကြည့်လျှင် ဤအရာကို အနိုင်ကျင့်ခြင်းဟု မဆိုနိုင်ပေ။ လူတို့အား ညှဉ်းပန်းခြင်းနှင့် သက်ဆိုင်သည်။ မည်သူက လူတို့အား ညှဉ်းပန်းနိုင်သနည်း။ ဆိုးယုတ်သောလူများ၊ မကောင်းဆိုးဝါးများ၊ လူမိုက်များ၊ လူရမ်းကားများ၊ လူလိမ်လူညစ်များ၊ ကျိုးကြောင်းမသင့်သော၊ လူ့သဘာဝကင်းမဲ့သော၊ ပြီးလျှင် မည်သူ့အပေါ်မျှ လေးစားမှုမရှိသောလူများ ဖြစ်သည်။ ၎င်းတို့သည် မည်သို့နေရာသို့ သွားပါစေ စည်းကမ်းများကို မလိုက်နာပေ။ ၎င်းတို့သည် အကြီးအကဲဖြစ်သည့်အလား၊ ကောင်းသော၊ အခွင့်သာသော၊ သို့မဟုတ် အကျိုးရှိသော မည်သည့်အရာမဆိုကို ၎င်းတို့သာ ပိုင်ဆိုင်သည့်အလား ပြုမူသည်။ အခြားလူများက ဤသို့သောအရာများကို လုံးဝ မျှဝေယူခွင့်မရှိ၊ သို့မဟုတ် ဤအရာများအား ယူဖို့ စဉ်းစားခွင့်ပင်မရှိ။ ဤသည်မှာ လူလိမ်လူညစ် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ လူလိမ်လူညစ်များနှင့် မကောင်းဆိုးဝါးများ လုပ်ဆောင်သည့်အရာ ဖြစ်သည်။ ၎င်းတို့သည် သင့်အား ဤသို့ ညှဉ်းပန်းနေသောကြောင့် သင်သည် ကြောက်ရွံ့မည် မဟုတ်လော။ သင်က “အလို၊ ဤသို့ဆိုလျှင် အမှန်တွင် ဤမျှ ဖြုံရလောက်သောသူများ ရှိနေသည်။ ကုတင်အောက်ထပ်တွင် ငါအိပ်ခြင်းသည် မှားသည်ဟုပင် ၎င်းတို့က ထင်သည်။ မည်သို့ ဖြစ်ပျက်နေသနည်း” ဟု တွေးလိမ့်မည်။ သင်သည် ကြောက်ရွံ့လိမ့်မည်။ ပြီးလျှင် ထိုအချိန်မှစ၍ သင်သည် ၎င်းတို့ကို စကားပြောသောအခါ သေချာစိစစ်၍ ပြောရမည်။ ချင့်ချိန်တွေးဆပြီး “ငါသည် သူ့အား စိတ်မကြည်မသာဖြစ်အောင် လုပ်ဆောင်၍မဖြစ်။ သူ့ကို ရန်စ၍ မဖြစ်။ ရန်စလျှင် သူသည် ငါ့အတွက် အခက်အခဲဖြစ်အောင် လုပ်ဆောင်လိမ့်မည်” ဟု သင် တွေးရလိမ့်မည်။ သင့်တွင် ဤသို့သော စိတ်နေစိတ်ထားမျိုးရှိလျှင် ၎င်းတို့သည် ၎င်းတို့၏ပန်းတိုင်ကို ရရှိပြီး ဖြစ်သည်။ ၎င်းတို့၏ပန်းတိုင်မှာ အဘယ်နည်း။ ၎င်းတို့သည် သင့်အား ခြောက်လှန့်လိုသည်။ သင့်အား ၎င်းတို့ကို ကြောက်အောင် လုပ်ဆောင်လိုသည်။ သင်နှင့် ၎င်းတို့ကြားတွင် ၎င်းတို့က အကြီးအကဲဖြစ်ပြီး သင်က အစေခံဖြစ်သည့် အထက်အောက်ကွာခြားမှုတစ်ခုကို ဖန်တီးလိုသည်။ ပြီးလျှင် မည်သည့်နေရာသို့ သင်သွားသည်ဖြစ်စေ သင်သည် ၎င်းတို့ကို နားထောင်ပြီး အလျှော့ပေးရမည်။ ဤသည်မှာ စာတန်က အမှုအရာများကို လုပ်ဆောင်သည့်ပုံစံနှင့်သက်ဆိုင်သည့် စည်းမျဉ်းများ မဟုတ်လော။ ၎င်းတို့သည် သင်၏ အကြီးအကဲဖြစ်ရပြီး သင်သည် ၎င်းတို့၏ အစေခံဖြစ်ရသည်။ သင်သည် ၎င်းတို့၏ ထင်ရာမြင်ရာ အရေးယူအပြစ်ပေးခြင်း၊ ဆရာလုပ်ခြင်းနှင့် ဆော့ကစားခြင်းကို ခံရမည်။ သင်သည် အရာရာတိုင်း၌ ၎င်းတို့ကို အလျှော့ပေးရမည်။ သင်သည် ၎င်းတို့နှင် တန်းတူညီစွာ ရပ်တည်၍မရပေ။ သင်သည် ၎င်းတို့နှင့် တန်းတူညီလိုလျှင် ဤသို့ သင် တန်းတူဖြစ်နိုင်သည့် တစ်ခုတည်းသော အခြေအနေမှာ ၎င်းတို့ သေသည့်အချိန်ဖြစ်သည်။ သင်သည် သေသူနှင့်သာ တန်းတူညီဖို့ ထိုက်တန်သည်။ ငါ့ကို ပြောလော့။ မည်သည့်အတိုင်းအတာအထိ ၎င်းတို့၏ အနိုင်ကျင့်ခြင်းကို သင်ခံရပြီး ဖြစ်သနည်း။ သင့်စိတ်နှလုံးအတွင်းထဲတွင် ၎င်းတို့၏ မကောင်းမှုများနှင့် တင်စီးသည့်ဟန်ပန်သည် သင့်အား ကြောက်လန့်စေသလော။ (ကြောက်လန့်စေပါသည်။) ဤအချက်ကို သင်လက်ခံပြီးဖြစ်သည်။ သင်သည် အထိခိုက်ခံရပြီး ဖြစ်သည်။ ဤသို့ဆိုလျှင် အကျိုးဆက်အနေဖြင့် သင်သည် ၎င်းတို့၏ ဖျက်ဆီးခြင်းကို ခံရသည်ဟု ဆိုနိုင်သလော။ ၎င်းတို့သည် သင့်အား ၎င်းတို့လက်ထဲတွင် ခိုင်မာစွာ ဆုပ်ကိုင်ထားသည်။ မကောင်းသောအရာများကို ၎င်းတို့ လုပ်ဆောင်ပြီး စည်းမျဉ်းများကို ချိုးဖောက်သောအခါ ထိုအချိန်က ၎င်းတို့သည် သင့်အား ခြေတစ်ချက်ကန်ရုံမျှဖြင့် ကုတင်အောက်ထပ်မှ ကုတင်အပေါ်ထပ်သို့ ပို့ခဲ့သောကြောင့် သင် ထုတ်ပြောပြရဲမည် မဟုတ်ပေ။ သင်သည် ၎င်းတို့ကို နောက်တစ်ဖန် ရန်စရဲမည် မဟုတ်ပေ။ ၎င်းတို့ကို သင်မြင်သောအခါ ၎င်းတို့ကို ရှောင်ကွင်းပြီး သင်လျှောက်မည် ဖြစ်သည်။ ၎င်းတို့၏အကြောင်း ပြောဆိုရုံမျှဖြင့် သင်သည် ဇောချွေးများပြန်လာမည် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ကြောင့် ကြောက်လန့်ခြင်း မဟုတ်လော။ သင်သည် ၎င်းတို့ကို စည်းမျဉ်းများနှင့်အညီ မျှတစွာ မဆက်ဆံရဲပေ။ ၎င်းတို့သည် သင့်အား ၎င်းတို့လက်ထဲတွင် မြဲမြံစွာ ဆုပ်ကိုင်ထားသည်။ ၎င်းတို့လက်ထဲတွင် သင့်အား မြဲမြံစွာ ဆုပ်ကိုင်ထားခြင်း၏ အနှစ်သာရမှာ အဘယ်နည်း။ ဤသည်မှာ ၎င်းတို့က သင့်အား ပိုင်ဆိုင်ပြီး သင့်အား ထိန်းချုပ်သည်ဟု ဆိုလိုသည်။ ဤသို့ မဟုတ်သလော။ (ဟုတ်သည်။) ဤသို့ဆိုလျှင် လူတို့သည် ၎င်းတို့၏ ထိန်းချုပ်ခြင်းကို ရှောင်ကြဉ်ရန်အတွက် ဤအခြေအနေကို မည်သို့ ချဉ်းကပ်သင့်သနည်း။ သင်သည် ဆိုးယုတ်သောသူများက လူတို့အား အနိုင်ကျင့်သည့်ကိစ္စကို စာတန်က လူတို့အား ဖျက်ဆီးပြီး နှိပ်စက်နေသည့်ဖြစ်ရပ်အဖြစ် မှတ်ယူသင့်သည်။ ဤအနှစ်သာရကို သင်သိမြင်ပြီးသည့်နောက်တွင် ဤအရာကို သင်မည်သို့ ချဉ်းကပ်သင့်သနည်း။ သင့်စိတ်နှလုံးအတွင်းထဲတွင် ဆိုးယုတ်သောသူများကို စက်ဆုပ်ပြီး ငြင်းပယ်သင့်သည်။ မကြောက်ရွံ့သင့်ပေ။ သင်သည် “အို သင်သည် ငါ့အား ကုတင်အပေါ်ထပ်တွင် အိပ်စေလိုပါသလား။ ကောင်းပါပြီ။ ကုတင်အပေါ်ထပ်တွင် ငါအိပ်မည်။ သို့သော် ယနေ့တွင် ငါသည် အခြားသောဆိုးယုတ်သူတစ်ယောက်၏ လုပ်ရပ်များကို တွေ့ခဲ့ရသည်။ နောက်ထပ်ဆိုးယုတ်သူတစ်ဦး၏ အနှစ်သာရကို ငါသိမြင်ခဲ့သည်။ ယခုမှစ၍ ငါသည် ဆိုးယုတ်သူများက ၎င်းတို့၏ နေ့စဉ်အသက်တာတွင်၊ လူတို့၏ နောက်ကွယ်တွင် ပါဝင်လုပ်ဆောင်သည့် နောက်ထပ်အပြုအမူအမျိုးအစားတစ်ခုကို ပိုင်းခြားသိမြင်နိုင်လိမ့်မည်။ ပြီးလျှင် ယနေ့မှစ၍ ၎င်းတို့ပြောသည့်၊ လုပ်ဆောင်သည့်အရာကိုလည်းကောင်း၊ လှည့်စားမှုကို ၎င်းတို့ ပါဝင်လုပ်ဆောင်ခြင်း ရှိမရှိကိုလည်းကောင်း ငါနီးကပ်စွာ စောင့်ကြည့်မည်။ ဘုရားအိမ်တော်က ၎င်းတို့ကို အသုံးပြုလျှင် ၎င်းတို့က စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ခြင်း ရှိမရှိကိုလည်းကောင်း၊ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများအား ထိန်းသိမ်းခြင်းရှိမရှိကိုလည်းကောင်း၊ လှူဖွယ်ပစ္စည်းများကို ၎င်းတို့ ဖြုန်းတီးခြင်းရှိမရှိကိုလည်းကောင်း၊ ၎င်းတို့သည် သူတစ်ပါးတို့အား ညှဉ်းပန်းဆဲရှိမရှိကိုလည်းကောင်း ငါ ကြည့်မည်” ဟု တွေးသင့်သည်။ သင့်စိတ်နှလုံးအတွင်းတွင် “ဘုရားသခင် ကျေးဇူးပြု၍ ဤဆိုးယုတ်သူကို ဖော်ထုတ်တော်မူပါ။ သူ၏ မကောင်းမှုများနှင့် သူ၏ အနှစ်သာရကို ကျွန်ုပ် ပိုင်းခြားသိမြင်နိုင်ရန် ထောက်ကူပေးတော်မူပါ။ ၎င်းတို့မကောင်းမှုများ၏ အထောက်အထားများကို ကျွန်ုပ်စုဝေးနိုင်ရန် ကူညီတော်မူပါ။ ပြီးနောက် သတ္တိကို ပေးတော်မူပါ။ ဆိုးယုတ်သူများကို ကျွန်ုပ်မကြောက်ရန်၊ ၎င်းတို့အား တိုက်ခိုက်ရန် ယုံကြည်ခြင်းနှင့် ခွန်အားရှိဖို့ ထောက်ကူပေးတော်မူပါ” ဟု ဆုတောင်းသင့်သည်။ သင်သည် ထိုသူနှင့် တစ်ခန်းတည်း အတူနေရဦးမည် ဖြစ်ပြီး အပေါ်ယံတွင် မည်သည့်အရာမျှ ပြောင်းလဲမည်မဟုတ်သော်လည်း သူက သင့်အပေါ် လုပ်ဆောင်သမျှတိုင်းသည် အနိုင်ကျင့်ခြင်း မဟုတ်သောကြောင့် သင်သည် ထိုသူကို ကြောက်ရွံ့မည်မဟုတ်။ ဤသည်မှာ သူ၏ စာတန်ဆန်သောသဘာဝအား ဖွင့်ပြခြင်း၊ ဖော်ထုတ်ခြင်းဖြစ်သည်။ သင်သည် ထိုသူအား ဤသို့ ရှုမြင်သောအခါ ထိုသူကို ကြောက်ရွံ့ဦးမည်လော။ သူထုတ်ဖော်သည့် မကောင်းမှုတိုင်းနှင့် သူဖွင့်ဟသည့် အဓိပ္ပာယ်မရှိသော စကားတိုင်းတွင် သင်သည် သင့်စိတ်နှလုံး၌ ထိုသူကို ကျိန်ဆဲပြီး “သင်သည် နတ်ဆိုးတစ်ကောင်ဖြစ်သည်။ စာတန်ဖြစ်သည်။ သင်သည် မကောင်းမှုပြုလုပ်ပြီး ဘုရားသခင်ကို အာခံသည်။ အနှေးနှင့်အမြန် သင်သည် ကျိန်ဆဲခြင်းခံရမည်။ ဘုရားသခင်က သင့်အား လွတ်မြောက်ခွင့်ပြုမည်မဟုတ်။ သင်သည် နောက်ဆုံးတွင် ဖော်ထုတ်ခြင်းခံရလိမ့်မည်” ဟု ဆိုလိမ့်မည်။ ဤသည်မှာ ဆိုးယုတ်သူများကို သင်ကိုင်တွယ်သင့်သည့်ပုံစံဖြစ်သည်။ သင်သည် ၎င်းတို့နှင့် တိုက်ခိုက်ရန်အတွက် ယုံကြည်ခြင်းနှင့် ခွန်အားရှိရမည်။ ဘုရားသခင်ထံ ဆုတောင်းရမည်။ ဤသို့ဆိုလျှင် သင့်စိတ်နှလုံးသည် ခွန်အားရှိလိမ့်မည်။ ၎င်းတို့ကို သင်ကြောက်မည်မဟုတ်။ ဤသို့ဆိုလျှင် အဘယ်နည်း။ ဤနည်းဗျူဟာများက ထိရောက်မှုမရှိသလော။ (ထိရောက်မှုရှိပါသည်။) သင်သည် သမ္မာတရား၏ ရပ်တည်ချက်မှနေ၍ ၎င်းတို့အား ဤသို့ ပိုင်းခြားသိမြင်သောအခါ “လူတစ်ယောက်သည် အခြားသူများကို ထိခိုက်စေရန် မည်သောအခါမျှ မကြံရွယ်သင့်သော်လည်း အခြားသူများက လာရောက် ထိခိုက်နိုင်သည်ကို အမြဲကာကွယ်သင့်သည်” ဆိုသည့် သင့်မိဘများက သင့်အား သင်ကြားပေးခဲ့သည့်အရာထက် ပို၍ လက်တွေ့ကျသည်မဟုတ်လော။ သတိထား ကာကွယ်ခြင်းမှာ မည်သို့အသုံးဝင်သနည်း။ စာတန်က သင့်အား နှိပ်စက်ခြင်း၊ ဖျက်ဆီးခြင်းကို သင် မကာကွယ်နိုင်ပေ။ စာတန်က သင့်အား ဖျက်ဆီးခြင်းနှင့် နှိပ်စက်ခြင်းသည် သတိထား ကာကွယ်နိုင်သည့်အရာများ မဟုတ်ပေ။ ယင်းတို့သည် နေရာတိုင်းတွင်ရှိသည်။ လူတို့အပေါ် စာတန်၏ ဖျက်ဆီးခြင်းသည် အပေါ်ယံတွင်သာမဟုတ်၊ အပြင်ပန်းတွင်သာ မဟုတ်ပေ။ သင့်အတွေးများတွင်လည်း သင့်အား ဖျက်ဆီးသည်။ ထိုအရာကို သင် သတိထားကာကွယ်နိုင်သလော။ အရေးကြီးဆုံးသောအရာမှာ သင့်အနေဖြင့် သမ္မာတရားဖြင့် သင့်ကိုယ်သင်ပြင်ဆင်ပြီး ဘုရားအပေါ် ကိုးစားရန် ဖြစ်သည်။ သင်သည် ဆိုးယုတ်သူတို့၏ လုပ်ရပ်များကို ပိုင်းခြားသိမြင်သင့်ရုံသာမက ဆိုးယုတ်သူများ၏ အနှစ်သာရကိုလည်း ပိုင်းခြားသိမြင်သင့်သည်။ တစ်ချိန်တည်းတွင် သင်သည် ဆိုးယုတ်သူများက ဖော်ပြသည့် အတွေးအမြင်အမျိုးမျိုးကို ပိုင်းခြားသိမြင်သင့်သည်။ ထို့နောက်တွင် ၎င်းတို့ကို ဖော်ထုတ်ရန်၊ စိစစ်ရန်အတွက် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားကို အသုံးပြုကာ သင့်ကိုယ်သင် သမ္မာတရားနှင့်ပြင်ဆင်လော့။ သို့မှသာ ညီအစ်ကိုမောင်နှမများသည် ပိုင်းခြားသိမြင်မှုကို ရရှိနိုင်သည်။ ထို့နောက်တွင် လူတိုင်းက ၎င်းတို့ကို အတူတကွ ငြင်းပယ်နိုင်ရန် ထကြွနိုင်သည်။ ဤသည်မှာ အဘယ်မျှကောင်းလိုက်သနည်း။ သင်သည် အစဉ်သဖြင့် ခုခံနေလျှင်၊ အစဉ်သဖြင့် သတိထားကာကွယ်နေလျှင်၊ အစဉ်ငြင်းဆန်နေလျှင်၊ သို့မဟုတ် ရှောင်နေလျှင် ဤသည်မှာ သူရဲဘောကြောင်သူဖြစ်ခြင်း ဖြစ်သည်။ အောင်မြင်သူတစ်ဦး၏ သရုပ်သကန်မဟုတ်ပေ။

ဤအရာအားလုံးကို မိတ်သဟာယဖွဲ့ပြီးသည့်နောက်တွင် သင်တို့သည် လူတို့အနိုင်ကျင့်ခံရခြင်းကိစ္စအပေါ် အမြင်သစ် ရှိသလော။ အနိုင်ကျင့်ခြင်းသည် မှန်သလော။ (မမှန်ပါ။) အနိုင်ကျင့်ခြင်း၏ သဘောသဘာဝမှာ အဘယ်နည်း။ (ဆိုးယုတ်သောလူများက အခြားလူများကို ညှဉ်းပန်းခြင်း ဖြစ်သည်။) အနှစ်သာရတွင် ဆိုးယုတ်သောလူများနှင့် စာတန်က အခြားလူများကို ညှဉ်းပန်းပြီး အရူးလုပ်နေခြင်း ဖြစ်သည်။ ယခုတွင် အနိုင်ကျင့်ခံရခြင်း၏ သဘောသဘာဝမှာ အဘယ်နည်း။ (အားနည်းခြင်း၊ သမ္မာတရားအား လက်တွေ့မလုပ်ဆောင်ခြင်း၊ မထကြွရဲသလို မခုခံရဲခြင်းတို့ဖြစ်သည်။) မှန်သည်။ ဆိုးယုတ်သူများအား ကြောက်ရွံ့ခြင်း၊ မကောင်းသော အင်အားစုများအား ကြောက်ရွံ့ခြင်း၊ စာတန်ကို တိုက်ခိုက်ရန် ယုံကြည်ခြင်း ကင်းမဲ့ခြင်း၊ စာတန်၏ အကျည်းတန်မျက်နှာကို သိမြင်ရန်၊ ပိုင်းခြားရန်နှင့် ရိပ်စားမိရန် ယုံကြည်ခြင်း ကင်းမဲ့ခြင်း၊ ပြီးလျှင် သင့်အပေါ် စာတန်၏ နင်းချေခြင်း၊ နှိပ်စက်ခြင်းအား ခုခံရန် ယုံကြည်ခြင်း ကင်းမဲ့ခြင်းတို့သည် ဤအရာ၏ သဘောသဘာဝ မဟုတ်လော။ (ဟုတ်ပါသည်။) ယုံကြည်ခြင်းမရှိသူတို့သည် ၎င်းတို့၏ စိတ်နှလုံးတွင် အစဉ်သဖြင့် အထုံးအနှောင်တစ်ခုရှိသည်။ ၎င်းတို့သည် အစဉ်ကြောက်ရွံ့ပြီး “ငါသည် အခြားလူများ၏ အနိုင်ကျင့်ခြင်းကို ခံရ၍ မဖြစ်။ ငါသည် အခြားလူများကို အနိုင်မကျင့်သကဲ့သို့ အခြားလူများက အနိုင်ကျင့်ခြင်းကို ခံရ၍ မဖြစ်။ ငါ၏ မိခင် ပြောသကဲ့သို့ ‘လူတစ်ယောက်သည် အခြားသူများကို ထိခိုက်စေရန် မည်သောအခါမျှ မကြံရွယ်သင့်သော်လည်း အခြားသူများက လာရောက် ထိခိုက်နိုင်သည်ကို အမြဲကာကွယ်သင့်သည်’ ဟူ၍ ဖြစ်သည်” ဟု တွေးကြသည်။ ၎င်းတို့သည် ဘုရားသခင်ထံ ဆုတောင်းပြီး “အို ဘုရားသခင် ကျေးဇူးပြု၍ ဆိုးယုတ်သူများနှင့် မကြုံရပါစေနှင့်။ ကျွန်ုပ်သည် ကြောက်ရွံ့တတ်သည်။ ကျွန်ုပ်သည် အစဉ်သဖြင့် ဟန်ဆောင်မှုကင်းပြီး ရိုးရှင်းသည်။ ကျွန်ုပ်သည် ကိုယ်တော်ကို ယုံကြည်ပြီး ကိုယ်တော်နောက်သို့ လိုက်သည်။ ကိုယ်တော်သည် ကျွန်ုပ်ကို ကာကွယ်ရမည်” ဟု ပြောသည်။ ဤသည်မှာ ပျော့ညံ့ခြင်း ဖြစ်သည်။ သမ္မာတရားများစွာကို သင်ကြားခဲ့ပြီးဖြစ်ကာ သမ္မာတရားများစွာကို သင်နားလည်သည်။ သင်သည် နတ်ဆိုးများနှင့် စာတန်ကို မကြောက်ပေ။ ဤသို့ဆိုလျှင် ဆိုးယုတ်သူကို သင်ကြောက်သလော။ အဆင်းနီသောနဂါးကြီးကို သင်တို့ ကြောက်သလော။ (အဖမ်းခံရလျှင် ကျွန်ုပ်ကြောက်ရွံ့ပါမည်။ သို့သော် ဘုရားသခင်ကို ဆုတောင်းပြီး ကိုးစားနိုင်ပါသည်။) ဤသည်မှာ သင်သည် ယင်း၏ ဆိုးယုတ်မှုကို ကြောက်ရွံ့ခြင်း မရှိသေးဟု ဆိုလိုသည်။ ဤသည်မှာလည်း ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ်တစ်ခုနှင့်သာလာသော သရုပ်သကန်တစ်ခု ဖြစ်သည်။ လူအချို့က “ကျွန်ုပ်သည် အဆင်းနီသောနဂါးကြီးကို ကြောက်သည်ဟု ကိုယ်တော်က ဆိုသည်။ ကျွန်ုပ်သည် အဆင်းနီသောနဂါးကြီးကို ကြောက်လျှင် ဤမျှအထိ ရောက်ရှိလာမည်လော။ ဤသည်မှာ အမှန်တရားတစ်ခု မဟုတ်လော။ သို့သော် ကျွန်ုပ်သည် အဆင်းနီသောနဂါးကြီးကို မကြောက်ဟု ပြောရန် သင်က ကျွန်ုပ်အား တောင်းဆိုလျှင် ကျွန်ုပ်သည် ဤသို့ပြောရန် အနည်းငယ်ကြောက်ရွံ့ဆဲဖြစ်သည်။ အဆင်းနီသောနဂါးကြီးက ဤအရာကို ကြားသွားလျှင် အဘယ်သို့လုပ်မည်နည်း” ဟု ဆိုကြသည်။ ကြောက်ရွံ့မှုတစ်ခုခု ရှိနေသေးသည်။ ဤသို့သောလူများသည် အဆင်းနီသောနဂါးကြီးက ကောက်ကျစ်ဆိုးညစ်ပြီး ရက်စက်သည်ဟု လူအများရှေ့၌ ပြောရန် အနည်းငယ်ကြောက်သည်။ ၎င်းတို့တွင် ထို ယုံကြည်ခြင်းကင်းမဲ့ပြီး ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုက သေးနုပ်လွန်းသည်။ ငါသည် သင့်အား အဆင်းနီသောနဂါးကြီးနှင့် ပြောင်ပြောင်တင်းတင်း ယှဉ်ပြိုင်ရန်၊ သို့မဟုတ် သူ့ကို ရန်စရန် တောင်းဆိုနေခြင်းမဟုတ်။ သို့သော် သင့်စိတ်နှလုံးအတွင်းထဲတွင် အနည်းဆုံးအနေဖြင့် အဆင်းနီသောနဂါးကြီးသည်၊ ဤမကောင်းဆိုးဝါးသည် လူတို့အား နှိပ်စက်ခြင်း၊ ဖျက်ဆီးခြင်း၊ အရူးလုပ်ခြင်း၊ နင်းချေခြင်း၊ ထို့နောက် ၎င်းတို့အား ဝါးမြိုခြင်းဖြင့် ဆက်ဆံသည်ဆိုသည်ကို သိသင့်သည်။ ဤသည်မှာ အနိုင်ကျင့်ခြင်းမဟုတ်။ ယုံကြည်သူများက ရိုးအသောကြောင့်၊ စည်းကမ်းလိုက်နာသောကြောင့်၊ ဥပဒေလိုက်နာသောကြောင့် ယင်းက ၎င်းတို့ကို အနိုင်ကျင့်ပြီး ညှဉ်းပန်းသကဲ့သို့ မဟုတ်ပေ။ ဤသည်မှာ အဓိပ္ပာယ်မရှိ။ ဤသည်မှာ ဝိညာဉ်ရေးနားလည်မှု ကင်းမဲ့သည့် ပြောဆိုချက်ဖြစ်သည်။ အဆင်းနီသောနဂါးကြီးက သင့်အား နှိပ်စက်နေခြင်း ဖြစ်သည်။ သူသည် သင့်အား မည်သို့ နှိပ်စက်နေသနည်း။ သူသည် သင့်အား ကြိမ်းဝါးသည်။ ခြိမ်းခြောက်သည်။ ဖိနှိပ်သည်။ ပြီးလျှင် နှိပ်စက်သည်။ သူသည် သင့်အား နှိပ်စက်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သင်၏ ယုံကြည်ခြင်းကို စွန့်လွှတ်စေရန်၊ ဘုရားသခင်အား သင်ငြင်းပယ်စေရန်၊ ဘုရားသခင်အား စွန့်ပစ်စေရန်၊ ပြီးလျှင် သူ့အား အလျှော့ပေးရန်၊ အဆုံး၌ သူ့ကို သင်ကိုးကွယ်စေရန်၊ နာခံရန်၊ သူ၏ လက်အောက်ခံဘဝသို့ ကျရောက်စေရန်၊ သူ၏ အတွေးအမျိုးမျိုးကို လက်ခံစေရန်နှင့် သူ၏ရှေ့တွင် ဒူးထောက်ကိုးကွယ်စေရန် ဖြစ်သည်။ သူသည် ဤအရာကို နှစ်သက်ကျေနပ်သည်။ ဤသည်မှာ သင့်အား ဖိနှိပ်ခြင်းတွင် သူ၏ ရည်ရွယ်ချက်ဖြစ်သည်။ သင်သည် ဘုရားနောက်လိုက်ပြီး သူ့နောက်မလိုက်သည်ကို သူမြင်သောကြောင့် သူသည် မနာလိုဖြစ်ပြီး သင့်အား လက်လွှတ်ပေးမည်မဟုတ်ပေ။ သင်သည် ဘုရားနောက်မလိုက်လျှင် သူသည် သင့်အား လက်လွှတ်မည်မှာ အမှန်ဖြစ်သလော။ (မဟုတ်ပါ။ ဘုရားသခင်အား မယုံကြည်သူများကိုလည်း သူ နှိပ်စက်ပါသည်။) မှန်သည်။ အရပ်စကားနှင့်ပြောလျှင် ဤသည်မှာ သူ၏ ပုံစံပင်ဖြစ်သည်။ ပို၍ အတိအကျဆိုရလျှင် ဤသည်မှာ သူ၏ သဘာဝအနှစ်သာရ ဖြစ်သည်။ သူ့နောက်သို့ လိုက်သောသူများ၊ သူ့ကို ချီးမွမ်းသူများသည်ပင် သူ၏ နှိပ်စက်ခြင်း၊ အရူးလုပ်ခြင်းနှင့် နင်းချေခြင်းကို ခံရဆဲဖြစ်သည်။ ပြီးလျှင် သူသည် ၎င်းတို့ကို အသုံးပြုပြီးနောက်တွင် ၎င်းတို့ကို လွှင့်ပစ်ပြီး ၎င်းတို့၏ နှုတ်ကို ပိတ်ရန်အတွက် ၎င်းတို့ထံမှ အချို့ကိုပင် သတ်ပစ်ကာ အဆုံးတွင် ၎င်းတို့ကို အလုံးစုံ ဝါးမြိုသည်။ မည်သို့ပင်ဖြစ်စေ ၎င်းတို့အတွက် အဆုံးသတ်မလှပေ။ မည်သည့်အရာပင်ဖြစ်စေ လူတို့အတွင်းသို့ အတွေးအမြင်အမျိုးမျိုးကို မိသားစုက ပုံစံသွင်းပြီး သွတ်သွင်းခြင်း၏ အဆုံးစွန်ရည်ရွယ်ချက်သည် ၎င်းတို့အား ကာကွယ်ပေးရန်၊ သို့မဟုတ် လမ်းမှန်ပေါ်သို့ ခေါ်ဆောင်ရန် အမှန်တကယ်မဟုတ် ဆိုသည်ကို ၎င်းတို့ ရှင်းလင်းစွာ မြင်သင့်သည်။ ဤအစား လူတို့အား ဘုရားသခင်ထံမှ အဝေးသို့ ဦးလှည့်ပေးရန်၊ လူတို့အား စာတန်၏ အတွေးအခေါ်များအတိုင်း အသက်ရှင်စေရန်၊ လူတို့အား လူ့အဖွဲ့အစည်းနှင့် စာတန်ထံမှလာသော အတွေးအမျိုးမျိုး၏ နင်းချေခြင်းနှင့် ဆိုးယုတ်သော ရေပန်းစားမှုအမျိုးမျိုး၏ ပုံစံသွင်းခြင်းကို ထပ်ခါထပ်ခါ၊ တဝဲလည်လည်ဖြင့် လက်ခံစေရန် ဖြစ်သည်။ မိသားစုက ဤသို့ လုပ်ဆောင်ခြင်း၏ ကနဦးရည်ရွယ်ချက်၊ သို့မဟုတ် အကြောင်းမှာ မည်သို့ဖြစ်စေ အဆုံးတွင် ယင်းသည် လူတို့အား လမ်းမှန်ပေါ်သို့ လမ်းပြမပေးနိုင်ပေ၊ သို့မဟုတ် လူတို့အား သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်ပြီး အဆုံး၌ ကယ်တင်ခြင်းရရှိရန် ခေါ်ဆောင်မပေးနိုင်ပေ။ ထို့ကြောင့် မိသားစုများထံမှလာသော အတွေးအမြင်အမျိုးမျိုးသည် လူတို့ လက်လွှတ်ရမည့် အရာတစ်ခု၊ သမ္မာတရားအား လိုက်စားခြင်း ဖြစ်စဉ်နှင့် သမ္မာတရားအား လိုက်စားခြင်း လမ်းကြောင်းတွင် ၎င်းတို့ လက်လွှတ်သင့်သည့်အရာတစ်ခု ဖြစ်သည်။ ကောင်းပြီ။ ယနေ့အတွက် ငါတို့၏ မိတ်သဟာယကို ဤတွင် အဆုံးသတ်ကြစို့။ နှုတ်ဆက်ပါသည်။

၂၀၂၃ ခုနှစ်၊ မတ်လ ၄ ရက်

အောက်ခြေမှတ်စု(များ)-

က။ ဟန်ရှင်းသည် ဟန်မင်းဆက်၏ ထင်ရှားကျော်ကြားသော ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သည်။ တစ်ခါက သူသည် လူသိမများလာမီတွင် သူ၏ သူရဲဘောကြောင်ခြင်းအတွက် သူ့အား လှောင်ပြောင်သော သားသတ်သမားတစ်ဦး၏ ခြေထောက်များကြားတွင် အတင်းအကျပ် တွားသွားခိုင်းခြင်းကို ခံခဲ့ရသည်။

အရှေ့သို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၃)

နောက်တစ်ခုသို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၅)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။