ဘုရားသခင်အား ယုံကြည်ခြင်းတွင် သမ္မာတရားကို ရရှိခြင်းသည် အရေးပါဆုံးဖြစ်၏

လူအချို့သည် ဘုရားသခင်အား နှစ်ချီပြီး ယုံကြည်လာခဲ့သော်လည်း အစားအစာ၊ အဝတ်အစားတို့နှင့် သက်ဆိုင်သော သာယာမှုများ၊ ဇာတိပကတိနှင့် သက်ဆိုင်သော အခြားမွေ့လျော်မှုများကို ဖက်တွယ်ထားဆဲ ဖြစ်သည်။ ဤအရာများသည် လူ့စိတ်နှလုံး၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သလော။ ဘုရားသခင်ကို နှစ်ပေါင်းများစွာကြာအောင် ယုံကြည်လာခဲ့သောသူအချို့သည်ပင် လူတို့အလိုအပ်ဆုံးသောအရာကို ရှင်းလင်းစွာ မသိကြပေ။ လူအချို့က တစ်စုံတစ်ယောက်အား တစ်ခုခု ငါပေးသည်ကို မြင်ပြီး “ဘုရားသခင်က ထိုသူအား ဂရုစိုက်ပြီး ငါ့အား ဂရုမစိုက်သည်မှာ အဘယ်သို့ ဖြစ်ရသနည်း။ ငါ့ထံ၌ ထိုအရာမရှိသေး” ဟု ပြောဆိုလျက် မကျေမနပ် စတင်ညည်းညူကြသည်။ လက်တွေ့တွင် သင်သည် အစာရေစာ မလုံလောက်ခြင်း မရှိ။ အဝတ်အစား ရှားပါးနေခြင်းလည်း မရှိ။ သင်သည် လောဘကြီးနေခြင်းသာဖြစ်သည်။ ရောင့်ရဲခြင်းကို သင်မသိ။ ယှဉ်ပြိုင်ရယူရသည်ကို သင်နှစ်သက်၏။ သင်တို့ကို ဂရုစိုက်ပေးဖို့က ငါ၏ ဝတ္တရားမဟုတ်ပေ။ သင်သည် စည်းမျဉ်းများနှင့်အညီ ကျင့်ကြံပြုမူရမည်။ မိမိ၏ အကျိုးစီးပွားများအတွက် သို့မဟုတ် အကျိုးအမြတ်များအတွက် လုံးဝ မယှဉ်ပြိုင်နှင့်။ ဤအရာများအားလုံးသည် အပြင်ပန်းသာ ဖြစ်သည်။ သမ္မာတရားနှင့် အသက်ကို သင်ရရှိခြင်းနှင့် အစားထိုး၍ရသည့် အရာများ မဟုတ်ပေ။ အပြင်ပန်းတွင် မည်မျှကောင်းမွန်စွာ ဝတ်စားဆင်ယင်ထားပါစေ သမ္မာတရားကို မရရှိသေးလျှင် စိတ်နှလုံးက အနှစ်မဲ့နေဆဲဖြစ်မည်။ အပြောသက်သက်ဖြစ်သောအခါ၌ လူတို့သည် ဤအရာများကို နားလည်ကြသော်လည်း ယင်းတို့ကို အမှန်တကယ် ထိပ်တိုက်ရင်ဆိုင်တွေ့သောအခါတွင်မူ မိမိတို့ကိုယ်ကို မထိန်းနိုင်ကြ။ ယင်းတို့ကို အရှိအတိုင်း မသိနိုင်ကြပေ။ ဤကမ္ဘာလောကတွင် စည်းစိမ်ဥစ္စာနှင့် ဩဇာအာဏာရှိသောသူ များစွာရှိသည်။ ဤလူများသည် မည်သို့သောဘဝမျိုးကို နေထိုင်ကြသနည်း။ အားလုံးက စားခြင်း၊ သောက်ခြင်း၊ မိမိတို့ကိုယ်ကို ပျော်ရွှင်စေခြင်းတို့သာ ဖြစ်သည်။ နေ့စဉ် စားသောက်ပျော်ပါးခြင်း၊ ဧည့်သည်များကို ဧည့်ခံခြင်းနှင့် လက်ဆောင်များ ပေးခြင်း၊ မဆင်မခြင် ပြုမူဆောင်ရွက်ခြင်းတို့သာ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ အသက်ရှင်သည့်ပုံစံဖြစ်သည်။ ၎င်းတို့တွင် လူသားဘဝ ရှိသလော။ မရှိပေ။ ၎င်းတို့ တစ်နေကုန် အာရုံစိုက်သောအရာမှာ မူးမော်သည်အထိ တဝတပြဲ စားသောက်ခြင်း၊ ဒီဇိုင်နာ အမှတ်တံဆိပ်များကို ဝတ်ဆင်ခြင်း၊ ၎င်းတို့ သွားသည့်နေရာတိုင်းတွင် ကြွားဝါခြင်း၊ မိမိအရှိန်အဝါကို အသုံးချ၍ အနိုင်ကျင့်ခြင်းတို့ဖြစ်သည်။ ဤသို့သော လူတို့သည် မည်သည့်အရာများ ဖြစ်သနည်း။ ၎င်းတို့ကို စာတန်မာရ်နတ်က ပိုင်ဆိုင်၏။ ၎င်းတို့သည် လူ့တိရစ္ဆာန်များ ဖြစ်ကြသည်။ ချမ်းသာသောသူအချို့က ၎င်းတို့၏ သာယာမှုများကို စိတ်ကုန်သွားသောအခါ အသက်ရှင်ခြင်းအပေါ် စိတ်ဝင်စားမှုမရှိတော့ဘဲ မိမိတို့ကိုယ်ကို သတ်သေကြသည်။ ၎င်းတို့က အစားအစာ၊ အဝတ်အစား၊ အပျော်အပါးတို့ကို စိတ်ကုန်သွားကြခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အဘယ်ကြောင့် မိမိတို့ကိုယ်ကို သတ်သေကြသနည်း။ ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်း၊ စည်းစိမ်ဥစ္စာ၊ အစားအစာ၊ အဝတ်အစား၊ ပျော်ပါးမှုတို့သည် လူတို့အမှန်တကယ် လိုအပ်သည့်အရာများ လုံးဝ မဟုတ်သည်ကို ဤအရာမှတစ်ဆင့် မြင်နိုင်သည်။ ထိုအရာများကို သင်တို့ မလိုက်စားရ။ သင်တို့သည် ကယ်တင်၍ မရတော့အောင် ဆုတ်ယုတ်သွားသည့်အချိန်အထိ စောင့်ပြီးမှ နောက်ကြောင်းလှည့်လျှင် အလွန်နောက်ကျသွားမည်ဖြစ်သည်။ ဉာဏ်ရှိသောသူတစ်ဦးက အခြားသူတစ်ဦး ကျရှုံးသည်ကို မြင်သောအခါတွင် သူကိုယ်တိုင် တွေ့ကြုံဖို့ မလိုအပ်ဘဲ ထိုအဖြစ်မှ အတွေ့အကြုံကို တိုက်ရိုက်ရယူ၏။ အခြားတစ်ဖက်တွင်မူ ဉာဏ်မဲ့သောသူတစ်ဦးသည် ကျရှုံးမှုကို တစ်ခုပြီးတစ်ခု တွေ့ကြုံရသော်လည်း ယင်းတို့မှနေ၍ သင်ခန်းစာမယူနိုင်ဆဲ ဖြစ်နိုင်သည်။ ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်ပေးသည့် နောက်တွင်သာ ၎င်းတို့သည် စတင်၍ အနည်းငယ် သတိမူမိလာကြသည်။ သို့သော် ထိုအချိန်တွင် အလွန်နောက်ကျသွားပြီ ဖြစ်သည်။ အလွန်အမင်း ဉာဏ်မဲ့သောသူတို့သည် သမ္မာတရားကို မရရှိနိုင်ကြပေ။ ဘုရားအမှုတော်ကို တွေ့ကြုံသည့် ဉာဏ်ရှိသောသူတို့သာ သမ္မာတရားကို ရရှိနိုင်သည်။ အမှန်မှာ လူသားအားလုံးက သမ္မာတရားကို လိုအပ်သည်။ သမ္မာတရားကို လိုက်စားခြင်းအားဖြင့်သာ ကယ်တင်ခြင်းခံရနိုင်သည်။ သင်သည် ဘုရားသခင်ရွေးချယ်ထားသော လူများထဲမှ တစ်ဦးဖြစ်နေသည်ဖြစ်စေ၊ မယုံကြည်သူတစ်ဦးဖြစ်နေသည်ဖြစ်စေ သမ္မာတရား၏ ပံ့ပိုးမှုကို သင်လိုအပ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်းကို သင် လိုအပ်သည်။ လူအချို့သည် လူ့သဘာဝ လုံးဝ မရှိသည့်အပြင် သမ္မာတရားကိုလည်း အနည်းငယ်မျှပင် လက်မခံကြပေ။ ဤသို့သောသူတို့သည် လူ့တိရစ္ဆာန်များ ဖြစ်သည်။ ၎င်းတို့သည် စုဝေးပွဲများကို တက်ရောက်ကောင်း တက်ရောက်နိုင်သော်လည်း ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့ လိုက်စားသည့်အရာမှာ အပြစ်ရှိသော သာယာမှုများ၊ အစားအစာ၊ အဝတ်အစား၊ အပျော်အပါးတို့နှင့် သက်ဆိုင်သော သာယာမှုများဖြစ်ပြီး ၎င်းတို့၌ ဤအရာများဖြင့် ပြည့်နေသည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ မရှာဖွေကြပေ။ ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားမဲ့ဝါဒအမြင်များအပြင် ဆင့်ကဲဖြစ်စဉ် သီအိုရီနှင့်ပတ်သက်သော အယူဆများဖြင့် ပြည့်နေသည်။ သင်သည် သမ္မာတရားနှင့်ပတ်သက်ပြီး ၎င်းတို့ကို မည်သို့ မိတ်သဟာယပြုပေးပါစေ ၎င်းတို့က နားမဝင်ပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းသောအရာဖြစ်သည်ကို ၎င်းတို့သိပြီး ၎င်းတို့၏ ယုံကြည်မှုကို ထိန်းသိမ်းနိုင်သော်လည်း ၎င်းတို့သည် သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းပေါ်တွင် စတင်မလျှောက်လှမ်းနိုင်ပေ။ ဤအတွက်ကြောင့် သမ္မာတရားအပေါ် ချစ်ခြင်းမရှိသူတို့သည် ဘုရားသခင်က သူ၏ ကယ်တင်ခြင်းအတွက် ကြိုတင်စီမံထားသောသူများ မဟုတ်ခြင်းဖြစ်သည်။

လူများစွာတို့သည် လက်ရှိတွင် ဘုရားသခင်အပေါ် အလွန်အမင်း ရှုပ်ထွေးနေသော ယုံကြည်မှုတစ်ခု ရှိကြသည်။ ဘုရားသခင်အား ယုံကြည်ရာတွင် မည်သည့်အရာကို ရရှိသင့်ကြောင်း ၎င်းတို့ မသိကြပေ။ ဘုရားသခင်အား ယုံကြည်ခြင်းသည် မည်သည့်အတွက်ဖြစ်ကြောင်း ၎င်းတို့ နားမလည်ကြ။ လုံးဝ မသိကြပေ။ လူသည် မည်သည့်အရာအတွက် အသက်ရှင်သင့်သည်၊ သို့မဟုတ် မည်သည့်အရာနှင့်အညီ အသက်ရှင်သင့်သည် သို့မဟုတ် တန်ဖိုးရှိပြီး အရေးပါသော နည်းလမ်းဖြင့် မည်သို့အသက်ရှင်ရမည်တို့ကို ၎င်းတို့ လုံးဝ မသိကြပေ။ သင်သည် ဘုရားသခင်အား အဘယ်ကြောင့်ယုံကြည်ရမည်ကို သင်၏ စိတ်နှလုံး၌ မသေချာလျှင် ဘုရားသခင်အား သင်၏ ယုံကြည်ခြင်းကြောင့် ခံစားရသည့် ဖိနှိပ်မှုနှင့် ဝေဒနာသည် တန်ဖိုး၊ သို့မဟုတ် အဓိပ္ပာယ် မရှိပေ။ လူတို့သည် ဘုရားသခင်အား ယုံကြည်ရာတွင် အတိအကျအားဖြင့် မည်သည့်အရာကို ရရှိရန် ရည်ရွယ်သနည်း။ သင်၏ ယုံကြည်ခြင်းသည် သမ္မာတရားနှင့် အသက်ကို ရရှိရန်မဟုတ်လျှင် ဘုရားသခင်၏ အမှုတော်ပြီးဆုံးပြီး လူတို့၏ အဆုံးသတ်ကို ဆုံးဖြတ်သောအခါ၌ သင်သည် နောင်တနှင့် ပြည့်နေမည် မဟုတ်လော။ သင်သည် ဘုရားသခင်နောက်သို့ လိုက်ရန် ရှေးဦးစွာ စိတ်ပိုင်းဖြတ်သောအခါ ယင်းသည် တဒင်္ဂခဏ ရုတ်တရက် ဖြစ်ပေါ်သော ဆန္ဒတစ်ခုသာဖြစ်သလော၊ သို့မဟုတ် သင်၏ ဆုံးဖြတ်ချက်ကို မချမီတွင် ဘုရားသခင်အား ယုံကြည်ခြင်း အမှုကိစ္စကို အသေအချာ စဉ်းစားပြီး အဖြေရှာခဲ့သလော။ သင်သည် အတိအကျ မည်သည့်အရာအတွက် အသက်ရှင်နေသနည်း။ ဘဝတွင် သင်၏ ဦးတည်ချက်မှာ အဘယ်နည်း။ သင်၏ ပန်းတိုင်များမှာ အဘယ်နည်း။ သင်သည် အဆုံးတိုင်အောင် ဘုရားသခင်နောက်သို့ လိုက်ပြီး နောက်ဆုံးတွင် သမ္မာတရားကို ရရှိရန် စိတ်ပိုင်းဖြတ်ချက် ရှိသလော။ လမ်းတစ်ဝက်တွင် လက်မလျှော့ပစ်ဖို့ သေချာအောင် လုပ်နိုင်သလော။ မည်သည့်အခြေအနေများ ဖြစ်ပေါ်ကောင်း ဖြစ်ပေါ်လာနိုင်ပါစေ၊ မည်သည့်ဆင်းရဲဒုက္ခများ၊ စမ်းသပ်မှုများ၊ အခက်အခဲများ၊ သို့မဟုတ် ပြဿနာများကို သင် ရင်ဆိုင်ရပါစေ သင်၏တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်နိုင်သလော။ လူအချို့သည် ဤယုံကြည်ခြင်းအနည်းငယ်မျှပင် မရှိ၊ သို့မဟုတ် သမ္မာတရားအား လိုက်စားရန် စိတ်ခိုင်မာမှုပင် မရှိပေ။ ဤသို့ဆိုလျှင် သမ္မာတရားကို ရရှိဖို့က လွယ်ကူမည်မဟုတ်။ လူတို့သည် သမ္မာတရားကို စိတ်မဝင်စားသောအခါ ၎င်းတို့၏ တာဝန်ကို လိုလားစွာ မထမ်းဆောင်နိုင်သကဲ့သို့ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို ရိုးသားစစ်မှန်စွာလည်း အသုံးမခံပေ။ ဤသို့သောလူတို့သည် ဘုရားသခင်နောက်သို့ အဆုံးထိ အဘယ်သို့ လိုက်နိုင်မည်နည်း။ သင်က ၎င်းတို့အား “သင်သည် ဘုရားသခင်ကို အဘယ်ကြောင့် ယုံကြည်သနည်း၊ ဘုရားသခင်အား ယုံကြည်ခြင်းမှ မည်သည့်အရာကို ရရှိလိုသနည်း။ မည်သည့်လမ်းကြောင်းကို သင်လျှောက်လှမ်းသင့်သနည်း” ဟု မေးလျှင် ၎င်းတို့သည် သိမည် မဟုတ်သကဲ့သို့ ဖြေနိုင်မည်လည်း မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့သည် သမ္မာတရားနှင့် အသက်ကို ရရှိရန် ဘုရားသခင်နောက်သို့ လိုက်နေခြင်းမဟုတ်ဘဲ ကောင်းချီးများရရှိရန် အခွင့်အလမ်းအား ရှာဖွေနေခြင်းဖြစ်သည်ကို သက်သေပြသည်။ ဤသို့သောသူတစ်ယောက်က သူ၏တာဝန်ကို အဘယ်သို့ ရိုးသားစစ်မှန်စွာ ထမ်းဆောင်နိုင်မည်နည်း။ သမ္မာတရားကို အမှန်တကယ် ချစ်သူတို့က သမ္မာတရားကို နားလည်လေလေ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် စိတ်အားထက်သန်လေလေဖြစ်သည်။ သမ္မာတရားကို နားမလည်သူတို့သည် ၎င်းတို့တာဝန်ကို ထမ်းဆောင်ရာတွင် မကြာခဏ အပျက်သဘောဆောင်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို လက်မခံနိုင်လျှင် နုတ်ထွက်ကြလိမ့်မည်ဖြစ်သည်။ သမ္မာတရားကို လိုက်စားသူတို့ကား ဤသို့မဟုတ်ပေ။ ၎င်းတို့တာဝန်ကို ထမ်းဆောင်လေလေ သမ္မာတရားကို နားလည်လေလေဖြစ်သည်။ သမ္မာတရားကို နားလည်သောအခါတွင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုက သန့်စင်စေခြင်း ခံရသည်။ လူတစ်ယောက်သည် သမ္မာတရားကို နားလည်လေလေ ဘုရားသခင်နောက်သို့ လိုက်ခြင်းအားဖြင့် သူရရှိသည့်အရာသည် အလွန်ပင်ပို၍ ကြီးမားလေလေဖြစ်သည်ဟု ခံစားရသည်။ ပြီးလျှင် ဘုရားသခင်နောက်သို့ လိုက်သည့် လမ်းကြောင်းကို ၎င်းတို့ လိုက်လျှောက်သည်မှာ ကြာမြင့်လေလေ ထိုလမ်းကြောင်းက လင်းလက်တောက်ပလေလေ ဖြစ်သည်ကို ၎င်းတို့ ခံစားနိုင်ကြသည်။ ဤသည်တို့မှာ သမ္မာတရားကို ရရှိပြီးဖြစ်သောသူများ ဖြစ်ကြသည်။ လူတို့သည် သမ္မာတရားကို အမှန်တကယ် နားလည်လျှင် ဘုရားသခင်နောက်သို့ လိုက်ရာတွင် ယုံကြည်စိတ်ချမှု ရှိကြမည်ဖြစ်ပြီး အဆုံးတိုင်အောင် သစ္စာမြဲလျက် ရှိနေကြမည်ဖြစ်သည်။

လူအချို့သည် ဖျားနာခြင်းကို ရင်ဆိုင်ရပြီး ၎င်းတို့၏ ဘဝက မရေမရာ ဖြစ်နေသောအခါတွင် ၎င်းတို့ကို ကယ်တင်ပေးပါရန် ဘုရားသခင်အား တောင်းဆိုကြကာ ထိုအဖြစ်ကို ကျော်ဖြတ်ပြီးသည်နှင့် သမ္မာတရားအနည်းငယ်ကို နားလည်လာကြသည်။ သို့သော် သေရေး၊ ရှင်ရေးအခြေအနေတစ်ခုတွင် ဘုရားသခင်အား ခေါ်ခြင်း အတွေ့အကြုံကို လူတိုင်းတွေ့ကြုံဖို့ မလိုအပ်ပေ။ လူအချို့တွင်ရှိသော အတွေ့အကြုံများကိုသာ ကြည့်ပြီး ၎င်းတို့၏ မိတ်သဟာယပြုချက်နှင့် ၎င်းတို့၏ ခံစားချက်များကို နားထောင်လော့။ ထိုအခါ ယင်းတို့ထံမှ သင်ရရှိနိုင်လိမ့်မည်။ သင်ကိုယ်တိုင် တွေ့ကြုံရခြင်း မရှိလျှင်ပင် သူတစ်ပါးတို့၏ အတွေ့အကြုံများမှတစ်ဆင့် အချို့ကို သင်နားလည်သဘောပေါက်နိုင်သည်။ လူအချို့သည် သေခြင်းနှင့် နီးကပ်လာသောအခါတွင် ၎င်းတို့သည် လွန်စွာ ပြောင်းလဲခဲ့ခြင်း မရှိဟုလည်းကောင်း၊ ဘုရားသခင်အား အနည်းငယ်သာ သိမြင်သည်ဟုလည်းကောင်း၊ ဘုရားသခင်အတွက် ၎င်းတို့ လုပ်ဆောင်ခဲ့ပြီး အသုံးခံခဲ့သောအရာသည် နည်းပါးသည်ဟုလည်းကောင်း ခံစားကြရသည်။ ၎င်းတို့သည် ဘုရားသခင်အား ယုံကြည်သည့် နှစ်များအတွင်းတွင် သမ္မာတရားအား လိုက်စားခြင်းမရှိခဲ့ဟုလည်းကောင်း၊ ၎င်းတို့ ရရှိခဲ့သည်မှာ နည်းပါးလွန်းလှပြီး ဘုရားသခင်အပေါ် များစွာ အကြွေးတင်သည်ဟုလည်းကောင်း ခံစားကြရသည်။ ၎င်းတို့သည် အမှန်ပင် သေဖို့ဖြစ်လာလျှင် လိုလိုလားလား သေဆုံးကြမည်မဟုတ်ပေ။ ၎င်းတို့တွင် နောင်တရရန် အခွင့်အလမ်းရှိမည် မဟုတ်တော့သောကြောင့် ဖြစ်သည်။ ယောဘက စမ်းသပ်မှုများကို ရင်ဆိုင်ရသောအခါ သူ၏ ကိုယ်ခန္ဓာသည် အနာစိမ်းများဖြင့် ဖုံးလွှမ်းသွားသည်။ သူ၏ မိန်းမက သူ့ကို နားမလည်ခဲ့ဘဲ လှောင်ပြောင်ခဲ့သည်။ သူ၏ မိတ်ဆွေများက သူသည် မကောင်းသည့်အရာ တစ်စုံတစ်ခုကို ကျိန်းသေပေါက် လုပ်ထားပြီး ယေဟောဝါဘုရားသခင်ကို ပုန်ကန်ပြစ်မှားခဲ့ခြင်း ဖြစ်ရမည်ဟု ယုံကြည်လျက် သူ့ကို နားမလည်ခဲ့ဘဲ သူ့အား ဝေဖန်အပြစ်တင်ခြင်း၊ ရှုတ်ချခြင်းပင် ပြုခဲ့ကြသည်။ ၎င်းတို့က ယောဘအား စကားပြောခဲ့ပြီး “သင်သည် ယေဟောဝါဘုရားသခင်အား အဘယ်သို့ ပုန်ကန်ပြစ်မှားခဲ့သနည်း။ သင်၏ အပြစ်များကို ဝန်ချရန် လုပ်ဆောင်လော့။ ယေဟောဝါဘုရားသခင်သည် ဖြောင့်မတ်သည်” ဟု ဆိုသည်။ သို့သော် ယောဘသည် သူ၏ စိတ်နှလုံးတွင် နားလည်ပြီး မကောင်းသည့်အရာ မည်သည့်အရာကိုမျှ သူလုပ်ခဲ့သည်ဟု မခံစားရပေ။ သို့တိုင်အောင် ဤသို့သော စမ်းသပ်မှုကို ရင်ဆိုင်ရသည်မှာ သူ့အတွက် နာကျင်ဖွယ်ဖြစ်သည်။ သူသည် ဒုက္ခခံရစဉ်တွင် ရှင်ခြင်းထက် သေခြင်းကို ရှာဖွေခဲ့သည်။ သူသည် ဒုက္ခဝေဒနာကို အလွန်အမင်း ခံစားရ၍ သေခြင်းကသာ တစ်ခုတည်းသော လွတ်မြောက်ရာ ဖြစ်သည်ဟုလည်းကောင်း၊ သေသွားလျှင် အဆုံးသတ်သွားလိမ့်မည်ဟုလည်းကောင်း ထင်မြင်ခဲ့သည်။ သို့တိုင်အောင် သူသည် သူ၏ စိတ်နှလုံးတွင် ဘုရားသခင်ကို ချီးမွမ်းနိုင်ဆဲဖြစ်သည်။ ဤသည်မှာ သာမန်လူတစ်ယောက်က စွမ်းဆောင်ရရှိနိုင်သည့်အရာတစ်ခု မဟုတ်ပေ။ လူအများစုသည် ဝေဒနာခံစားရသောအချိန်တွင် ဘုရားသခင်ကို မချီးမွမ်းကြပေ။ ဘုရားသခင်အပေါ် တောင်းဆိုမှုများသာ ပြုကြသည်။ “ဘုရားသခင် ကျွန်ုပ်ကို နောက်ထပ်တစ်ကြိမ် အသက်ရှင်ခွင့်သာ ပေးတော်မူပါ။ ကျွန်ုပ်အား အလျင်အမြန် နောက်တစ်ဖန် ကျန်းမာစေပါ။ ကျွန်ုပ်နေကောင်းသောအခါ ကိုယ်တော် ကျွန်ုပ်အပေါ် အလိုရှိသမျှတိုင်းကို လုပ်ဆောင်ပါမည်” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် အပေးအယူ ပြုလုပ်ရန် စတင်ကြိုးစားလာသည်။ ဖျားနာခြင်း ရောက်ရှိလာသောအခါ ယင်းကို သင်မည်သို့ တွေ့ကြုံသင့်သနည်း။ ဘုရားသခင်ရှေ့သို့လာပြီး ဆုတောင်းသင့်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်ကို ရှာဖွေပြီး စူးစမ်းကြည့်သင့်သည်။ သမ္မာတရားကို ဆန့်ကျင်သည့် မည်သည့်အရာကို သင်ပြုလုပ်ခဲ့သည်၊ သင်၌ရှိသော မည်သည့်ဖောက်ပြန်ပျက်စီးမှုကို မဖြေရှင်းရသေးသည်ဆိုသည်တို့ကို ရှာတွေ့ရန် သင့်ကိုယ်သင် ဆန်းစစ်သင့်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ဒုက္ခဝေဒနာကို မခံစားရဘဲနှင့် မပြေလည်သွားနိုင်ပေ။ ဒုက္ခဝေဒနာနှင့် ထိန်းညှိခြင်းခံရမှသာ လူတို့သည် အပျော်အပါး၌ မွေ့လျော်ခြင်းမရှိနိုင်ဘဲ ဘုရားသခင်ရှေ့တွင် အချိန်ပြည့် အသက်ရှင်နိုင်သည်။ တစ်စုံတစ်ယောက်သည် ဒုက္ခခံရသောအခါ အစဉ်သဖြင့် ဆုတောင်းသည်။ အစားအစာ၊ အဝတ်အစားနှင့် သက်ဆိုင်သော သာယာမှုများနှင့် အခြားသော အပျော်အပါးများကို တွေးတောခြင်းမရှိပေ။ ၎င်းတို့သည် စိတ်နှလုံးတွင် စဉ်ဆက်မပြတ် ဆုတောင်းသည်။ မှားသည့်အရာ တစ်စုံတစ်ခုကို ၎င်းတို့ ပြုလုပ်ခဲ့ခြင်းရှိမရှိ ကြည့်ရန်၊ သို့မဟုတ် မည်သည့်နေရာတွင် သမ္မာတရားအား ဆန့်ကျင်မိသည်ကို မြင်တွေ့ရန် မိမိတို့ကိုယ်ကို ဆန်းစစ်ကြသည်။ သာမန်အားဖြင့် သင့်အား အလွန်အမင်း မရှုမလှ ဒုက္ခဝေဒနာခံစားရစေသည့် ဆိုးရွားသော ဖျားနာမှု၊ သို့မဟုတ် ထူးဆန်းသော ရောဂါတစ်ခုကို သင်ရင်ဆိုင်ရသည့်အခါ ဤသည်မှာ ကြုံသလို ဖြစ်ပျက်ခြင်းမဟုတ်ပေ။ သင်က ဖျားနာသည်ဖြစ်စေ၊ ကျန်းမာရေးကောင်းသည်ဖြစ်စေ ယင်းတွင် ဘုရားသခင်၏ အလိုတော် ရှိနေသည်။ သန့်ရှင်းသော ဝိညာဉ်တော်က အလုပ်လုပ်ပြီး သင်က ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်သောအခါ ပုံမှန်အားဖြင့် ဘုရားသခင်ကို သင်ရှာဖွေနိုင်သည်။ သို့သော် သင်နာမကျန်းဖြစ်ပြီး ဒုက္ခဝေဒနာ ခံရသောအခါ ဘုရားသခင်အား မရှာဖွေတော့သကဲ့သို့ မည်သို့ရှာဖွေရမည်ကိုလည်း မသိပေ။ သင်သည် ဖျားနာလျက် နေထိုင်ပြီး မည်သည့်ကုသမှုက သင့်အား ပို၍မြန်ဆန်စွာ သက်သာစေလိမ့်မည်ဆိုသည်ကို အစဉ်တွေးတောလျက် ရှိသည်။ ဤသို့သော အချိန်များတွင် သင်သည် ဖျားနာခြင်းမရှိသောသူများကို အားကျသည်။ သင်၏ ဖျားနာခြင်းနှင့် ဝေဒနာကို တတ်နိုင်သမျှ အမြန်ဆုံး ဖယ်ရှားလိုသည်။ ဤသည်တို့မှာ အပျက်သဘောဆောင်သော၊ အတိုက်အခံပြုသော ခံစားချက်များဖြစ်သည်။ လူတို့သည် နာမကျန်း ဖြစ်သောအခါ တစ်ခါတစ်ရံတွင် “ဤဖျားနာမှုသည် ငါကိုယ်တိုင်၏ အသိပညာခေါင်းပါးမှုကြောင့် ဖြစ်ပေါ်လာသလော၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော်ဖြစ်သလော” ဟူ၍ စဉ်းစားကြသည်။ ၎င်းတို့သည် အကယ်ပင် အဖြေမရှာနိုင်ကြချေ။ အမှန်တကယ်တွင် အချို့သော ဖျားနာမှုများမှာ သာမန်ဖြစ်သည်။ အအေးမိခြင်း သို့မဟုတ် ရောင်ရမ်းခြင်း သို့မဟုတ် တုပ်ကွေးကဲ့သို့သော အရာများဖြစ်သည်။ သင့်အား ရုတ်တရက် အိပ်ရာထဲ လဲစေသော၊ ဒုက္ခခံမည့်အစား သေသာသေလိုက်ချင်သော အကြီးစားဖျားနာမှုကို သင်ခံရသောအခါ၌ ဤသို့သော ဖျားနာမှုသည် ကြုံသလို မဖြစ်ပျက်ပေ။ နာမကျန်းဖြစ်ခြင်းနှင့် ဒုက္ခဝေဒနာသည် သင့်ထံသို့ ရောက်လာသောအခါ သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး ဘုရားသခင်ထံမှ ရှာဖွေသလော။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုသည် သင့်အား အဘယ်သို့လမ်းပြပြီး ဦးဆောင်သနည်း။ သူသည် သင့်အား ဉာဏ်အလင်းဖွင့်ပြခြင်း၊ အလင်းပေးခြင်းကိုသာ လုပ်ဆောင်သလော။ ဤသည်မှာ သူ၏ တစ်ခုတည်းသော နည်းလမ်းမဟုတ်ပေ။ သူသည် သင့်အား စမ်းသပ်ခြင်း၊ စစ်ဆေးခြင်းကိုလည်း ပြုလုပ်လိမ့်မည်။ ဘုရားသခင်က လူတို့အား အဘယ်သို့ စမ်းသပ်သနည်း။ သူသည် လူတို့အား ဒုက္ခဝေဒနာကို ခံစေခြင်းအားဖြင့် မစမ်းသပ်သလော။ ဒုက္ခဝေဒနာကို ခံရခြင်းသည် စမ်းသပ်ခံရခြင်းနှင့် ဒွန်တွဲနေသည်။ စမ်းသပ်ခြင်းမဟုတ်လျှင် လူသည် အဘယ်ကြောင့် ဒုက္ခဝေဒနာကို ခံရမည်နည်း။ လူတို့သည် ဒုက္ခဝေဒနာ မခံရဘဲ အဘယ်သို့ ပြောင်းလဲနိုင်သနည်း။ ဒုက္ခဝေဒနာကို ခံရခြင်းသည် စမ်းသပ်ခံရခြင်းနှင့် ဒွန်တွဲနေသည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုဖြစ်သည်။ တစ်ခါတစ်ရံတွင် ဘုရားသခင်သည် လူတို့အား ဒုက္ခဝေဒနာအချို့ကို ပေး၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဤသို့မဟုတ်လျှင် စကြဝဠာအတွင်းရှိ ၎င်းတို့၏ နေရာကို သိမည်မဟုတ်ဘဲ မောက်မာရိုင်းပျလာမည်ဖြစ်သောကြောင့် ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သမ္မာတရားအပေါ် မိတ်သဟာယဖွဲ့ခြင်း တစ်ခုတည်းမှတစ်ဆင့် အပြည့်အဝ မဖြေရှင်းနိုင်ပေ။ အခြားလူများသည် သင်၏ ပြဿနာများကို ထောက်ပြကောင်း ထောက်ပြနိုင်သည်။ သင်ကိုယ်တိုင်လည်း ထိုပြဿနာများကို သိကောင်း သိနေနိုင်သည်။ သို့သော် ယင်းတို့ကို သင် မပြောင်းလဲနိုင်ပေ။ သင်သည် သင့်ကိုယ်သင် ချုပ်တည်းရန် သင်၏ စိတ်စွမ်းအားအပေါ် မည်မျှ အမှီပြုပါစေ၊ မိမိမျက်နှာကို မိမိရိုက်ခြင်း၊ မိမိခေါင်းကို မိမိရိုက်ခြင်း၊ မိမိကိုယ်ကို နံရံဖြင့် တိုက်ခြင်း၊ မိမိ၏ သွေးသားခန္ဓာကို အနာတရဖြစ်အောင် လုပ်ခြင်းတို့သည်ပင် သင်၏ ပြဿနာများကို ပြေလည်စေမည် မဟုတ်ပေ။ သင့်အား စဉ်ဆက်မပြတ် ညှဉ်းပန်းသော၊ နှောင့်ယှက်သော၊ သင့်အား အတွေးနှင့် အယူအဆမျိုးစုံပေးသော ဆိုးယုတ်သည့် စိတ်သဘောထားသည် သင်၏ အတွင်း၌ ရှိနေသောကြောင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ပွင့်ထွက်လာလိမ့်မည်။ ဤသို့ဆိုလျှင် ယင်းကို မဖြေရှင်းနိုင်ပါက မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ သင့်အား ဖျားနာခြင်းမှတစ်ဆင့် စစ်ဆေးရမည်။ လူအချို့သည် ဤစစ်ဆေးခြင်းတွင် အလွန်အမင်း ဒုက္ခဝေဒနာ ခံစားရသဖြင့် မခံနိုင်ဘဲ စတင်၍ ဆုတောင်းရှာဖွေကြသည်။ သင်သည် နေမကောင်းမဖြစ်သောအခါ အပျော်အပါး၌ အလွန်မွေ့လျော်ပြီး အထိန်းအကွပ်မဲ့ မာနထောင်လွှားသည်။ သင်သည် နေမကောင်းသောအခါ နာခံရိုကျိုးလာသည်။ ထိုအချိန်တွင် သင်သည် အထိန်းအကွပ်မဲ့ မာနထောင်လွှားနိုင်သေးသလော။ သင်သည် စကားပြောဆိုရန် လုံလောက်သော အားအင် မရှိလုနီးပါး ဖြစ်နေသောအခါ သူတစ်ပါးတို့ကို ဩဝါဒပေးနိုင်သလော၊ သို့မဟုတ် မာနထောင်လွှားနိုင်သလော။ ဤသို့သောအချိန်များတွင် သင်သည် တောင်းဆိုမှုများ မပြုပေ။ သင်သည် မည်သည့်အစားအစာ၊ အဝတ်အစား၊ သို့မဟုတ် အပျော်အပါးကိုမျှ တွေးခြင်းမရှိဘဲ သင်၏ ဒုက္ခဝေဒနာကိုသာ ဖယ်ရှားပစ်လိုသည်။ သင်တို့အများစုသည် ထိုခံစားချက်ကို မတွေ့ကြုံရသေးပေ။ သို့သော် တွေ့ကြုံသောအခါ၌ သင်တို့ နားလည်လိမ့်မည်။ ယခုတွင် ရာထူးနေရာအတွက်၊ ဇာတိပကတိ၏ သာယာမှုများအတွက်၊ မိမိကိုယ်ပိုင် အကျိုးစီးပွားအတွက် ယှဉ်ပြိုင်ကြိုးစားသောသူအချို့ရှိသည်။ ဤသို့ဖြစ်ရခြင်းမှာ ၎င်းတို့၏ သက်သာခြင်းသည် အလွန်ကြီးမားသောကြောင့်၊ ၎င်းတို့၏ ဒုက္ခဝေဒနာသည် အလွန်နည်းပါးလွန်းသောကြောင့်၊ ၎င်းတို့သည် သိက္ခာမရှိသောကြောင့်သာ ဖြစ်သည်။ ဤလူတို့၏ ရှေ့တွင် ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်းရှိနေသည်။

တစ်ခါတစ်ရံတွင် ဘုရားသခင်သည် သင့်အတွက် အခြေအနေအချို့ကို စီစဉ်ပေးလိမ့်မည်ဖြစ်ပြီး သင့်အနီးတွင်ရှိသော လူတို့မှတစ်ဆင့် သင့်အား ကိုင်တွယ်ဖြေရှင်းလိမ့်မည်။ သင့်အား ဒုက္ခဝေဒနာ ခံစေလိမ့်မည်။ သင့်အား သင်ခန်းစာများ ရရှိစေပြီး သမ္မာတရားကို နားလည်စေကာ အမှုအရာများကို အရှိအတိုင်း မြင်စေလိမ့်မည်။ သင်၏ အသွေးအသားကို ဒုက္ခဝေဒနာ ခံစေခြင်းအားဖြင့် ဘုရားသခင်က ဤအမှုကို ယခုပင် လုပ်ဆောင်နေသည်။ ဤသို့ဖြင့် သင်သည် သင်ခန်းစာရနိုင်ရန်အတွက်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းပြီး သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်ရန်အတွက် ဖြစ်သည်။ ပေါလုက သူ၏ ကိုယ်တွင် ဆူးတစ်ချောင်းရှိသည်ဟု မကြာခဏပြောဆိုခဲ့သည်။ ဤဆူးမှာ အဘယ်နည်း။ ယင်းသည် ဖျားနာခြင်းဖြစ်ပြီး ထိုအရာမှ သူ မလွတ်မြောက်နိုင်ပေ။ ထိုဖျားနာခြင်းက မည်သည့်အရာ ဖြစ်သည်ကိုလည်းကောင်း၊ ထိုဖျားနာခြင်းသည် သူ၏ စိတ်သဘောထားနှင့် သူ၏ သဘောသဘာဝအပေါ် ဦးတည်ထားခြင်း ဖြစ်သည်ကိုလည်းကောင်း သူကောင်းစွာသိသည်။ သူသည် ဤဆူးဖြင့် စူးခြင်းကို မခံခဲ့ရလျှင်၊ ဤဖျားနာမှု၏ နောက်က ကပ်လိုက်နေခြင်းကို မခံရလျှင် သူသည် အချိန်မရွေး၊ နေရာမရွေး သူ၏ ကိုယ်ပိုင်နိုင်ငံတော်ကို တည်ဆောက်ကောင်း တည်ဆောက်နိုင်သည်။ သို့သော် သူ၏ မကျန်းမာမှုကြောင့် သူ့တွင် အားအင်မရှိပေ။ ထို့ကြောင့် အချိန်တော်တော်များများတွင် မကျန်းမာခြင်းသည် လူတို့အတွက် “အကာအကွယ်ပေးသော ထီး” တစ်ချောင်းကဲ့သို့ ဖြစ်သည်။ သင်သည် နေမကောင်းမဖြစ်ဘဲ အားအင်အပြည့်ဖြစ်နေလျှင် မကောင်းမှုတစ်မျိုးမျိုးကို ပြုလုပ်ပြီး ပြဿနာတစ်မျိုးမျိုးကို ဖြစ်စေနိုင်ခြေများသည်။ လူတို့သည် အထိန်းအကွပ်မဲ့စွာ မာနထောင်လွှားပြီး အပျော်အပါး၌ မွေ့လျော်သောအခါတွင် ၎င်းတို့၏ အသိစိတ်ကို အလွယ်တကူ ဆုံးရှုံးနိုင်သည်။ ၎င်းတို့သည် မကောင်းမှုကို ပြုလုပ်ထားပြီးသောအခါ၌ နောင်တရလိမ့်မည်ဖြစ်သော်လည်း ထိုအချိန်ရောက်လျှင် မိမိတို့ကိုယ်ကို ထိန်းနိုင်မည် မဟုတ်ပေ။ ဤအတွက်ကြောင့် အနည်းငယ် ဖျားနာမှုရှိခြင်းသည် ကောင်းသောအရာတစ်ခုဖြစ်သည်။ လူတို့အတွက် အကာအကွယ်တစ်ခုဖြစ်သည်။ သင်သည် အခြားလူတို့၏ ပြဿနာအားလုံးကို ဖြေရှင်းကောင်း ဖြေရှင်းပေးနိုင်မည်။ သင့်ဘာသာ စဉ်းစားလျက် ပြဿနာအားလုံးကို သင် ဖြေရှင်းနိုင်မည်။ သို့သော် သင်သည် ဖျားနာခြင်း မပျောက်ကင်းသောအခါတွင် သင်လုပ်ဆောင်နိုင်သည့်အရာ တစ်ခုမျှမရှိပေ။ ဖျားနာခြင်းသည် အမှန်ပင် သင်ထိန်းချုပ်၍ မရသောအရာ ဖြစ်သည်။ သင်သည် နေမကောင်းဖြစ်ပြီး ကုသရန် နည်းလမ်းမရှိလျှင် ယင်းသည် သင်ခါးစည်းခံသင့်သည့် ဒုက္ခဝေဒနာဖြစ်သည်။ ယင်းကို ဖယ်ရှားဖို့ မကြိုးစားနှင့်။ သင်သည် ရှေးဦးစွာ နာခံရမည်။ ဘုရားသခင်ထံ ဆုတောင်းရမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေရမည်။ “အို ဘုရားသခင်၊ ကျွန်ုပ်သည် ဖောက်ပြန်ပျက်စီးပြီး ကျွန်ုပ်၏ သဘောသဘာဝက ဆိုးသည်ကို ကျွန်ုပ်သိပါသည်၊ ကျွန်ုပ်သည် ပုန်ကန်ပြီး ကိုယ်တော်ကို ဆန့်ကျင်အာခံသည့် အမှုအရာများ၊ ကိုယ်တော်ကို ထိခိုက်ပြီး နာကျင်စေသောအရာများကို လုပ်ဆောင်နိုင်စွမ်းရှိပါသည်၊ ကိုယ်တော်သည် ဤဖျားနာခြင်းကို ကျွန်ုပ်အား ပေးသည်မှာ အလွန်ပင် ကောင်းလှပါသည်၊ ဤအရာကို ကျွန်ုပ် နာခံသင့်ပါ၏၊ ကျွန်ုပ်ကို ဉာဏ်အလင်းဖွင့်ပြတော်မူပါ၊ ကိုယ်တော်၏ အလိုတော်က မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ ကျွန်ုပ်၌ မည်သည့်အရာကို ကိုယ်တော်က ပြောင်းလဲပြီး စုံလင်စေလိုသည်ဆိုသည်ကို နားလည်စေပါ၊ သမ္မာတရားကို ကျွန်ုပ်နားလည်နိုင်ပြီး ဘဝ၏ မှန်ကန်သော လမ်းကြောင်းပေါ်တွင် စတင် လျှောက်လှမ်းနိုင်ရန်အလို့ငှာ ကျွန်ုပ်ကို ကိုယ်တော်လမ်းပြပေးဖို့အတွက်သာ တောင်းလျှောက်ပါသည်” ဟု ပြောလော့။ သင်သည် ရှာဖွေပြီး ဆုတောင်းရမည်။ နေမကောင်းဖြစ်နေခြင်းက အထွေအထူး မဟုတ်ကြောင်း၊ ဤသည်မှာ ဘုရားသခင်ကို ပုန်ကန်ပြစ်မှားခြင်းအတွက် ရင်ဆိုင်ရသည့် ပဲ့ပြင်ဆုံးမမှု မဖြစ်နိုင်ကြောင်း ယုံကြည်လျက် ဇဝေဇဝါဖြစ်နေ၍ မရပေ။ အလျင်စလို အကဲဖြတ်မှုများကို မပြုလုပ်နှင့်။ သင်သည် အမှန်ပင် စိတ်နှလုံး၌ ဘုရားသခင်ရှိသောသူတစ်ယောက်ဖြစ်လျှင် မည်သည့်အရာကို သင်ကြုံရသည်ဖြစ်စေ သင့်ကို ကျော်မသွားစေနှင့်။ သင်သည် ဆုတောင်းပြီး ရှာဖွေသင့်သည်။ အမှုကိစ္စတိုင်းတွင် ဘုရားသခင်၏ အလိုတော်ကို ခံစားကြည့်သင့်သည်။ ပြီးလျှင် ဘုရားသခင်ကို နာခံတတ်ရန် သင်ယူသင့်သည်။ သင်သည် နာခံနိုင်သည်၊ ဘုရားသခင်အပေါ် နာခံခြင်း စိတ်နှလုံးရှိသည်ဆိုသည်ကို ဘုရားသခင် မြင်သောအခါ သူသည် သင်၏ ဒုက္ခဝေဒနာကို သက်သာစေလိမ့်မည်။ ဘုရားသခင်သည် ဒုက္ခဝေဒနာနှင့် စစ်ဆေးခြင်းနည်းများအားဖြင့် ဤသို့သော အကျိုးသက်ရောက်မှုများကို ရယူသည်။

သမိုင်းတစ်လျှောက်တွင် ဘာသာရေးကိုင်းရှိုင်းသော ခရစ်ယာန်များ၊ တပည့်တော်များ၊ တမန်တော်များ၊ ပရောဖက်များသည် ကျောက်ခဲဖြင့် ပေါက်သတ်ခြင်းကို ခံရသည်။ မြင်းများဖြင့် တရွတ်တိုက်ဆွဲ၍ အသတ်ခံရသည်။ အပိုင်းပိုင်းအဖြတ်ခံသည်။ ဆီထဲ ထည့်ပြုတ်ခံရသည်။ ကားစင်အတင်ခံရသည်။ ၎င်းတို့သည် နည်းလမ်းမျိုးစုံဖြင့် သေဆုံးခဲ့ကြသည်။ ဤအရာကို ပြောခြင်းအားဖြင့် ငါဆိုလိုသည်မှာ သင်သည် ဘုရားသခင်နောက်သို့ လိုက်သောအခါတွင် သက်သာခြင်းဖြင့် အဖော်ပြုရန် မစီစဉ်နှင့်။ ဤအရာကို မတောင်းဆိုနှင့်။ ဤအရာကို လွန်ကဲစွာ ဆန္ဒရှိခြင်း မရှိနှင့်။ လူတို့အနေဖြင့် ဘုရားသခင်အပေါ် တောင်းဆိုမှုများပြုသည်မှာ မှားယွင်းသည်ဟု ငါ အဘယ်ကြောင့်ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် မည်သည့်တောင်းဆိုမှုအနည်းငယ်မဆိုသည် လွန်ကဲသော ဆန္ဒတစ်ခုနှင့် ညီမျှသောကြောင့်ဖြစ်ပြီး သင့်တွင် ဤအရာများ မရှိသင့်သောကြောင့်ဖြစ်သည်။ “အို ဘုရားသခင်၊ ဝတ်ကောင်းစားလှများ ဝတ်ဆင်ရန် ကျွန်ုပ်၌ အကြောင်းရင်း ရှိနေသောကြောင့် ကိုယ်တော်သည် ကျွန်ုပ်ကို ကောင်းစွာ ဝတ်စားဆင်ယင်ပေးတော်မူသည်။ အို ဘုရားသခင်၊ ယခုတွင် ကျွန်ုပ်၏ တာဝန်ကို ကျွန်ုပ် ထမ်းဆောင်နေပါသည်။ ထို့ကြောင့် ကိုယ်တော်သည် ကျွန်ုပ်ကို ကောင်းချီးပေးပြီး ကောင်းသော ကျန်းမာရေးပေးဖို့ ကျွန်ုပ် တောင်းဆိုရန် အကြောင်းရင်းကောင်း ရှိပါသည်” ဟု ပြောလျက် အမှုအရာများကို ဆန္ဒမပြုနှင့်။ သင်သည် တစ်နေ့တွင် နေမကောင်းဖြစ်လျှင် အပျက်သဘောဆောင်သွားမည်လော။ ဘုရားသခင်အား ယုံကြည်ခြင်းကို ရပ်တန့်လိုက်မည်လော။ သင်သည် မကျန်းမာလျှင် သင့်တာဝန်ကို ထမ်းဆောင်ဆဲဖြစ်မည်လော။ သင့်တာဝန်ကို ထမ်းဆောင်ခြင်းသည် မည်သို့ပင်ဖြစ်စေ သင်လုပ်ဆောင်နေသင့်သည့်အရာ မဟုတ်လော။ ယင်းသည် ကောင်းကင်ဘုံမှ စေလွှတ်ထားသော အလုပ်တာဝန်တစ်ခုဖြစ်သည်။ လွှင့်ပစ်၍မရသည့် တာဝန်တစ်ခုဖြစ်သည်။ မည်သူကမျှ မလုပ်ဆောင်လျှင်ပင် သင့်တာဝန်ကို သင်ထမ်းဆောင်သင့်သည်။ ဤသည်မှာ သင့်တွင်ရှိရမည့် စိတ်ခိုင်မာမှု ဖြစ်သည်။ လူများစွာက “ငါသည် ဘုရားသခင်ကို ယုံကြည်သောအချိန်တွင် ဒုက္ခဝေဒနာခံရဆဲဖြစ်လျှင် အဘယ်အတွက်ကြောင့် ဘုရားသခင်နောက်သို့ လိုက်ရသနည်း။ ငါသည် ဘုရားသခင်၏ ကောင်းချီးများကို ခံစားရန်အတွက် ဘုရား၏နောက်သို့ လိုက်ခြင်းဖြစ်သည်။ ခံစားစရာ ကောင်းချီးများမရှိလျှင် ဘုရားနောက်သို့ ငါလိုက်မည်မဟုတ်” ဟု စဉ်းစားကြသည်။ ဤသည်မှာ ဤအရာအပေါ် မှားယွင်းသည့် ရှုမြင်နည်း မဟုတ်သလော။ သမ္မာတရားကို အမှန်တကယ် လိုက်စားသောသူတို့အတွက် လူတို့ထင်မြင်သကဲ့သို့ ၎င်းတို့အပေါ်တွင် ရှင်းလင်းစွာ မြင်နိုင်သော ကောင်းချီးများမရှိကြောင်းကို သင်တို့အားလုံးသည် ဤနှစ်များတစ်လျှောက် သင်တို့၏ အတွေ့အကြုံ၌ တွေ့မြင်ပြီးဖြစ်သည်။ နေ့စဉ် ပျော်ရွှင်ချမ်းမြေ့ပြီး ပူပင်ကြောင့်ကြမဲ့ခြင်း၊ ကောင်းစွာ ဝတ်စားဆင်ယင်ခြင်း၊ အရာရာတိုင်း ချောမွေ့အဆင်ပြေခြင်း၊ ကမ္ဘာလောကတွင် အောင်မြင်ကြီးပွားခြင်းတို့သည် မည်သူ့အတွက်မျှ မှန်နေသည် မဟုတ်ပေ။ ၎င်းတို့အားလုံးသည် ဘဝကို တစ်ရက်ပြီး တစ်ရက် ဖြတ်သန်းရသည်။ အတားအဆီးတစ်ခုပြီးတစ်ခု ကြုံရသည်။ လူအချို့သည် အခြားတစ်နေရာတွင်ရှိသော ၎င်းတို့၏အလုပ်၌ ခွဲခြားဆက်ဆံခံရပြီး အနိုင်ကျင့်ခံရသည်။ လူအချို့သည် ရောဂါက အစဉ်သဖြင့် နောက်မှ ကပ်လိုက်ခြင်းကို ခံရသည်။ အခြားလူများသည်လည်း စီးပွားရေးတွင် မအောင်မြင်ပေ။ ပြီးလျှင် ၎င်းတို့၏ ယုံကြည်သူမဟုတ်သော မိသားစုဝင်များက ၎င်းတို့ကို စွန့်ပစ်ကြသည်။ ဘဝသည် အတက်အကျ ရှိသည်။ မည်သည့်အခါမျှ အဆင်ပြေချောမွေ့နေခြင်းသာ မဟုတ်ပေ။ လူတစ်ယောက်သည် သမ္မာတရားကို လိုက်စားလေလေ ဒုက္ခခံရလေလေဖြစ်ပြီး သမ္မာတရားကို လုံးဝ မလိုက်စားသူတို့မှာမူ သက်သောင့်သက်သာရှိသော ဘဝများကို နေထိုင်ကြသည်။ ၎င်းတို့တွင် ဖျားနာမှု၊ သို့မဟုတ် ပြဿနာများမရှိပေ။ ၎င်းတို့အတွက် အရာရာက အဆင်ပြေချောမွေ့နေသည်။ သူတစ်ပါးတို့က ၎င်းတို့ကို အားကျသည်။ သို့တိုင်အောင် ၎င်းတို့တွင် အသက်သို့ ဝင်ရောက်မှု အနည်းငယ်မျှပင် မရှိပေ။ ပြီးလျှင် ၎င်းတို့သည် မယုံကြည်သူများကဲ့သို့ အသက်ရှင်သည်။ ဘုရားသခင်နောက်သို့ ရိုးသားစစ်မှန်စွာ လိုက်သူတို့သည် ဖိနှိပ်မှုနှင့် ဆင်းရဲဒုက္ခကို မလွှဲမရှောင်သာ ခံစားရမည်။ ဖိနှိပ်မှုနှင့် ဆင်းရဲဒုက္ခကို သင်ခံစားရသောအခါ ထိုအဖြစ်က မည်သည့်အရာကို သက်သေပြသနည်း။ ဘုရားသခင်က သင့်အား ပစ်မထားခဲ့သည်ကိုလည်းကောင်း၊ ဘုရားသခင်က သင့်အား မစွန့်ပစ်သည်ကိုလည်းကောင်း၊ ဘုရားသခင်၏ လက်တော်သည် အစဉ်သဖြင့် သင့်အပေါ်တွင်ရှိပြီး လွှတ်မချသည်ကိုလည်းကောင်း သက်သေပြသည်။ သူသည် အမှန်ပင် လွှတ်ချလိုက်ပြီး သင်က စာတန်၏ ကျော့ကွင်းထဲသို့ ကျရောက်သွားလျှင် သင်သည် အန္တရာယ်တွေ့မည် မဟုတ်လော။ သင်သည် ကျော်ကြားမှုနှင့် စည်းစိမ်ကို ရှာဖွေလျက်၊ သာယာမှုကို တပ်မက်လျက်၊ သောက်စားခြင်း၊ လောင်းကစားပြုလုပ်ခြင်း၊ လိင်ကိစ္စရှုပ်ပွေခြင်းတို့ကို ပြုလုပ်ပြီး အကျင့်ယိုယွင်းပျက်စီးလျက် နေ့စဉ် အပြစ်ထဲ၌ အသက်ရှင်လျှင် ဘုရားသခင်က သင့်ကို စွန့်ပစ်လိမ့်မည်။ သူသည် သင့်ကို ဆက်လက်၍ အာရုံစိုက်တော့မည် မဟုတ်ပေ။ ပြီးလျှင် သင်သည် အသေအချာပင် ဖယ်ရှားခြင်းခံရမည်။ သင်သည် လောကီချမ်းသာနှင့် အဆင့်အတန်းကို ရကောင်းရနိုင်သည်။ သို့သော် အမှန်တွင် သင်သည် အားလုံးထဲ၌ တန်ဖိုးအရှိဆုံးအရာဖြစ်သည့်၊ ထာဝရအသက်ဖြစ်သည့် သမ္မာတရားကို ဆုံးရှုံးသွားပြီးဖြစ်လိမ့်မည်။ ယင်းကို သင်သည် သိပင် မသိလိုက်ပေ။

လူအချို့က ပြောကြသည်မှာ “ဘုရားသခင်သည် အဘယ်ကြောင့် ငါ့အား အစဉ် ပဲ့ပြင်ဆုံးမနေသနည်း။ ငါသည် အစဉ်သဖြင့် မကျန်းမာနေစဉ်တွင် အဘယ်ကြောင့် အခြားလူများက အလွန်ကျန်းမာရေး ကောင်းနေသနည်း။ ငါသည် အဘယ်ကြောင့် အစဉ်သဖြင့် ဒုက္ခခံနေရသနည်း။ ငါ၏ မိသားစုသည် အဘယ်ကြောင့် အလွန်ဆင်းရဲသနည်း။ ငါတို့သည် အဘယ်ကြောင့် မချမ်းသာနိုင်သနည်း။ ငါသည် အဘယ်ကြောင့် ဝတ်ကောင်းစားလှများကို အစဉ် မဝတ်နိုင်ရသနည်း။ အခြားလူများက ဝတ်ကောင်းစားလှများကို ဝတ်နိုင်သည်မှာ အဘယ်သို့ ဖြစ်ရသနည်း” ဟူ၍ ဖြစ်သည်။ အခြားသော လူများက ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးများအား မည်မျှခံစားရသည်ကို မနာလိုမဖြစ်နှင့်။ ယင်းမှာ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် သေးငယ်ပြီး ဘုရားသခင်က ၎င်းတို့၏ အားနည်းချက်ကို နားလည်သောကြောင့် ဖြစ်နိုင်သည်။ ထို့ကြောင့် သူသည် ၎င်းတို့ ခံစားရန်အတွက် ကျေးဇူးတော်အချို့ကို ပေးအပ်ပြီး အနည်းငယ်ချင်းစီ တွေ့ကြုံစေခြင်း ဖြစ်သည်။ ဤသို့အားဖြင့် သူ၏ လုပ်ဆောင်မှုများကို ၎င်းတို့ တဖြည်းဖြည်းချင်း နားလည်လာရန် ဖြစ်သည်။ သင့်အတွက်ကား ဘုရားသခင်တွင် အလွန့်အလွန် တင်းကျပ်သော သတ်မှတ်ချက်များရှိသည်။ လူ၏ အမြင်အရမူ သင်၏ ဘဝသည် ပျော်ရွှင်ခြင်း လုံးဝ မရှိဘဲ သင်သည်လည်း စဉ်ဆက်မပြတ် ဒုက္ခခံရသည်။ သို့တိုင်အောင် သင်သည် သမ္မာတရားများစွာကို နားလည်ခဲ့ပြီး ဖြစ်၍ ဘုရားသခင်ကို လွန်စွာ ကျေးဇူးတင်ပြီး ချီးမွမ်းသင့်၏။ ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်မှုများကို သိသောသူတစ်ယောက် ဖြစ်သည်။ တစ်စုံတစ်ယောက်သည် သမ္မာတရားကို နားလည်နိုင်သရွေ့ မည်သည့်အရာကို ဒုက္ခခံရကောင်း ခံရနိုင်ပါစေ ယင်းသည် ဘုရားသခင်၏ အကြီးဆုံးသော ကောင်းချီးဖြစ်သည်။ သင့်အနေဖြင့် သင်ခန်းစာများကို သင်ယူရရှိနိုင်ပြီး သမ္မာတရားများကို နားလည်နိုင်သည်အထိ ဘုရားသခင်၏ ပဲ့ပြင်ဆုံးမခြင်းကို မကြာခဏ ခံရခြင်း၊ စမ်းသပ်မှုများကို မကြာခဏ ရင်ဆိုင်ရခြင်းတို့သည် ဘုရားသခင်၏ ချစ်ခြင်းက သင့်နောက်သို့ လိုက်သည်ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ သင်သည် အစဉ်သဖြင့် ကာမဂုဏ်လွန်ကျူးပြီး ပဲ့ပြင်ဆုံးမခြင်း မခံရသေးလျှင်၊ ကာမဂုဏ်လွန်ကျူးခြင်းက မည်မျှကြာရှည်နေသည်ဖြစ်စေ သင့်ကို ကိုင်တွယ်ဖြေရှင်းသူ သို့မဟုတ် သင့်အား သတိပြုမိသူ တစ်ဦးမျှ မရှိဘဲ ပဲ့ပြင်ဆုံးမခြင်းကို သင်မခံရလျှင် သင်သည် ဇာတ်သိမ်းပြီဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က သင့်ကို စွန့်ပစ်သွားခဲ့ပြီဟု အဓိပ္ပာယ်ရသည်။ မည်သည့်တာဝန်ကိုမျှ မထမ်းဆောင်သော၊ မည်သည့်တာဝန်ခံယူမှုမျှ မရှိသောသူအချို့ ရှိသည်။ ၎င်းတို့သည် စိမ်ပြေနပြေရှိပြီး ပူပင်ကြောင့်ကြမဲ့သော ဘဝကို အလွန်ပင် သက်သာစွာ နေထိုင်ကြသည်။ ၎င်းတို့သည် မည်သည့်သင်ခန်းစာကိုမျှ မသင်ယူနိုင်ဘဲ မည်သည့်အရာကိုမျှလည်း မရရှိကြပေ။ ဤသည်မှာ ပျော်ရွှင်မှုဖြစ်သလော။ ကာမဂုဏ်လွန်ကျူးရန် ၎င်းတို့ကိုယ်တိုင် လိုလားနေသည့် အဖြစ်မှ၊ လွတ်လပ်မှုနှင့် ၎င်းတို့၏ ဇာတိပကတိ သာယာမှုများကို ၎င်းတို့လိုက်စားနေသည့် အဖြစ်မှ မည်သည့်အရာကို ၎င်းတို့ ရရှိနိုင်သနည်း။ သင်သည် ဒုက္ခခံပြီး အပန်းတကြီးဖြင့် သင့်တာဝန်ကို ထမ်းဆောင်သည်။ လူတိုင်းကလည်း သင့်ကို ဂရုစိုက်သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့က သင့်အား ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းသည်။ ဤသည်မှာ ဘုရားသခင်က သင့်ကို ချစ်ပြီး သင့်အတွက် တာဝန်ခံယူကြောင်းကို ပြပေ၏။ အမှုအရာများစွာတွင် သင်သည် ရှာဖွေရမည်။ ဘုရားသခင်ထံ ပို၍ ဆုတောင်းရမည်။ ဤသို့ဆိုလျှင် သင်သည် သူ၏ အလိုတော်ကို နားလည်နိုင်လိမ့်မည်။ မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ သင်သည် မည်သည့်အခြေအနေ၌မဆို ထိန်းကျောင်းရခက်ခြင်းဖြစ်စေ၊ ကာမဂုဏ်လွန်ကျူးခြင်းဖြစ်စေ၊ ပေါ့ဆပြီး ဝတ်ကျေတမ်းကျေ ဆန်ခြင်းဖြစ်စေ၊ သင်၏ လမ်းလွဲသော နည်းလမ်းများကို မလျှော့တမ်း ပေလုပ်နေခြင်းဖြစ်စေ မရှိရ။ သင့်တွင် ပြဿနာတစ်ခုရှိသောအခါ သမ္မာတရားကို အလျင်အမြန် ရှာဖွေလော့။ အရေးအကြီးဆုံးမှာ သင့်တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင် စိတ်ကျေနပ်အောင် လုပ်နိုင်ရန်ဖြစ်သည်။ ပြီးလျှင် သင်၏ စိတ်နှလုံးသည် ငြိမ်သက်ခြင်းနှင့် ရွှင်လန်းခြင်းကို အလိုအလျောက် ခံစားနိုင်လိမ့်မည်။ သင်သည် အလွန်အမင်း တစ်ဇွတ်ထိုး လုပ်ဆောင်လွန်းလျှင် သို့မဟုတ် ကာမဂုဏ်လွန်ကျူးလွန်းလျှင်၊ ပဲ့ပြင်ဆုံးမခြင်းကို လက်မခံလျှင်၊ အတော်လေးလည်း ခေါင်းမာလျှင် အန္တရာယ်ရှိလိမ့်မည် ဖြစ်သည်။ သင်သည် ဖယ်ရှားခံရလိုက်သည်နှင့် နောက်ထပ်အခွင့်အရေးများ ရှိတော့မည် မဟုတ်ပေ။ နောင်တရရန် အလွန်နောက်ကျသွားမည် ဖြစ်သည်။ လူအချို့သည် ၎င်းတို့ နာမကျန်းဖြစ်ချိန် အစပိုင်းတွင် အချိန်ပြည့် ဆုတောင်းကြသည်။ သို့သော် နောက်ပိုင်းတွင်မူ ၎င်းတို့၏ ဆုတောင်းချက်များကြောင့် ၎င်းတို့သက်သာပျောက်ကင်းခြင်းလည်း မရှိသည်ကို မြင်သောအခါ ၎င်းတို့သည် ဖျားနာခြင်းတွင် နစ်မွန်းနေပြီး အချိန်ပြည့် ညည်းညူကြတော့သည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် “ဘုရားသခင်အား ယုံကြည်ခြင်းသည် ငါ့အတွက် မည်သည့်ကောင်းကျိုးမျှလည်း မပေး။ ငါဖျားနာနေသော်လည်း ဘုရားသခင်က ငါ့ကို ကုသမပေး” ဟု ဆိုကြသည်။ ဤသည်မှာ စစ်မှန်သော ယုံကြည်ခြင်း မဟုတ်ပေ။ ဤတွင် နာခံခြင်း လုံးဝမရှိ။ ၎င်းတို့သည် ညည်းညူ၍ ပြီးသွားသည်နှင့် ထွက်လာသည့် ရလဒ်မှာ သေခြင်းဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ဇာတိခန္ဓာကို ဘုရားသခင်က ပြန်လည်ရုပ်သိမ်းခြင်းနှင့် ၎င်းတို့ကို ငရဲသို့ ပို့ခြင်းဖြစ်သည်။ ယင်းသည် ၎င်းတို့အတွက် အရာရာ နိဂုံးချုပ်ခြင်းဖြစ်၏။ ၎င်းတို့သည် ဤဘဝတွင် ကယ်တင်ခြင်းကို ရရှိရန် အခွင့်အရေးမရှိဘဲ ၎င်းတို့၏ ဝိညာဉ်သည် ငရဲသို့ သွားရမည်။ ဤသည်မှာ လူသားမျိုးနွယ်ကို ကယ်တင်သည့် ဘုရားအမှုတော်၏ နောက်ဆုံးအဆင့်ဖြစ်သည်။ သို့ဖြစ်ရာ တစ်စုံတစ်ယောက်က ဖယ်ရှားခြင်းခံရလျှင် သူသည် မည်သည့်အခါမျှ နောက်ထပ် အခွင့်အရေးရှိတော့မည် မဟုတ်ပေ။ ဘုရားသခင်က သူ၏ ကယ်တင်ခြင်းအမှုကို လုပ်ဆောင်နေစဉ်၌ သင်သေဆုံးလျှင် ဤသေခြင်းသည် အပြစ်ဒဏ်ဖြစ်ပြီး သာမန်သေခြင်းမဟုတ်။ အပြစ်ဒဏ်အနေဖြင့် သေသူတို့သည် ကယ်တင်ခြင်းခံရရန် အခွင့်အရေးမရှိပေ။ ပေါလုသည် မရဏနိုင်ငံတွင် စဉ်ဆက်မပြတ် အပြစ်ဒဏ်ခံနေရသည် မဟုတ်လော။ နှစ်နှစ်ထောင်ကြာရှိပြီဖြစ်ပြီး သူသည် အပြစ်ဒဏ်ခံရလျက် ထိုနေရာတွင် ရှိနေဆဲဖြစ်သည်။ သင်သည် သိလျက်ဖြင့် မှားယွင်းသောအရာတစ်ခုကို လုပ်ဆောင်သောအခါ၌ ပို၍ပင် ဆိုးသည်ဖြစ်ရာ အပြစ်ဒဏ်က ပို၍ပင် ပြင်းထန်လိမ့်မည်။

လူအချို့က “ငါသည် အစဉ်သဖြင့် ဖျားနာသည်၊ အစဉ် ဒုက္ခခံရပြီး ဝေဒနာ ခံစားနေရသည်၊ ငါ့အနီးတွင် အခြေအနေတစ်ခုမဟုတ်တစ်ခု အမြဲရှိနေ၏၊ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကိုကား မည်သည့်အခါမျှ ငါမခံစားရ” ဟု ဆိုကြသည်။ ဤသည်မှာ မှန်သည်။ ဤသည်မှာ အချိန်အများစုတွင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သည့်ပုံစံ ဖြစ်သည်။ ယင်းကို သင်မခံစားနိုင်ပေ။ ယင်းသည် စစ်ဆေးခြင်းဖြစ်၏။ တစ်ခါတစ်ရံတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အား ဉာဏ်အလင်းဖွင့်ပြပြီး မိတ်သဟာယပြုချက်မှတစ်ဆင့် သင့်အား သမ္မာတရားအချို့ကို နားလည်စေလိမ့်မည်။ တစ်ခါတစ်ရံတွင် သူသည် သင့်အား သင်၏ပတ်ဝန်းကျင်မှတစ်ဆင့် တစ်စုံတစ်ခုကို သဘောပေါက်စေလိမ့်မည်။ ထိုပတ်ဝန်းကျင်တွင် သင့်အား စမ်းသပ်လိမ့်မည်။ စစ်ဆေးလိမ့်မည်။ လေ့ကျင့်ပေးလိမ့်မည်။ ထိုသို့ဖြင့် သင့်အား ကြီးထွားတိုးတက်စေလိမ့်မည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သည့် ပုံစံဖြစ်သည်။ သင်တို့သည် သင်တို့၏ စိတ်နှလုံးတွင် သမ္မာတရားအား ရှာဖွေခြင်းကို အာရုံမစိုက်သောကြောင့် ယခင်က အမှုအရာများကို ကြုံတွေ့ဖြတ်သန်းရသောအခါ သင်တို့၌ အသိအမြင်မရှိပေ။ လူတစ်ယောက်သည် သမ္မာတရားကို နားမလည်သောအခါ မည်သည့်အရာကိုမဆို အရှိအတိုင်း မမြင်နိုင်ဘဲ သူ၏ နားလည်မှုက အစဉ် လွဲချော်နေသည်။ ဤသည်မှာ လူတစ်ယောက်က နာမကျန်းဖြစ်သည့်အခါ ယင်းသည် ဘုရားသခင်က သူ့ကို ပဲ့ပြင်ဆုံးမနေခြင်း ဖြစ်သည်ဟု ယုံကြည်သည့်အချိန်ကဲ့သို့ ဖြစ်သည်။ အမှန်တကယ်တွင်မူ အချို့သော ဖျားနာမှုများသည် လူကြောင့်ဖြစ်ပြီး ရှင်သန်နေထိုင်ရေး စည်းမျဉ်းများကို နားလည်မှုမရှိသောကြောင့် ဖြစ်လာရခြင်း ဖြစ်သည်။ သင်သည် စိတ်လွတ်လက်လွတ် စားသောက်ပြီး ကျန်းကျန်းမာမာ နေထိုင်ခြင်းကို နားမလည်သောအခါ ပုံစံမျိုးစုံဖြင့် ဖျားနာတော့သည်။ သို့တိုင်အောင် ဤသည်မှာ ဘုရားသခင်၏ ပဲ့ပြင်ဆုံးမမှုဖြစ်သည်ဟု သင်ဆိုသည်။ အမှန်တကယ်တွင်မူ ယင်းသည် သင်ကိုယ်တိုင်၏ မသိနားမလည်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သို့သော်လည်း ပြောရလျှင် ဖျားနာမှုတစ်ခုသည် လူသားကြောင့် ဖြစ်လာခြင်းဖြစ်စေ၊ သန့်ရှင်းသော ဝိညာဉ်တော်က ပေးအပ်ထားခြင်းဖြစ်စေ ယင်းသည် ဘုရားသခင်ထံမှ လာသည့် အထူးကြင်နာမှုပင် ဖြစ်သည်။ သင့်အား သင်ခန်းစာယူစေရန် ရည်ရွယ်သည်။ သင်သည် ဘုရားသခင်ကို ကျေးဇူးတင်ရမည်ဖြစ်ပြီး မညည်းညူရ။ သင်၏ညည်းညူချက် တစ်ခုစီတိုင်းသည် အစွန်းအထင်းတစ်ခု ထင်ကျန်ရစ်စေသည်။ ယင်းသည် ဆေးကြော၍ မရနိုင်သည့် အပြစ်တစ်ခုဖြစ်၏။ သင်သည် ညည်းညူသောအခါ သင်၏ အခြေအနေကို ပြောင်းလဲရန် အချိန်မည်မျှ ကြာမည်နည်း။ သင်သည် အနည်းငယ် အပျက်သဘောဆောင်သောအခါ တစ်လကြာပြီးနောက်တွင် ပုံမှန်ပြန်ဖြစ်လာနိုင်သည်။ သင်သည် ညည်းညူပြီး အပျက်သဘောဆောင်သော ခံစားချက်တချို့ကို ထုတ်ပြောသောအခါ၌မူကား တစ်နှစ်ကြာပြီးနောက်တွင်ပင် ပုံမှန် ပြန်မဖြစ်လာဘဲ ရှိနေနိုင်သည်။ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော်ကလည်း သင့်အပေါ်တွင် အလုပ်လုပ်မည် မဟုတ်ပေ။ သင်သည် အစဉ် ညည်းညူနေလျှင် သင့်အတွက် ဆိုးဝါးလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ရရှိရန် သင့်အတွက် ပို၍ပင် ခက်ခဲလိမ့်မည်။ မိမိ၏ စိတ်ဓာတ်ကို မှန်ကန်အောင် ပြုပြင်ရန်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုတချို့ကို ရရှိရန်အတွက် အကြင်သူသည် ဆုတောင်းရာ၌ များစွာ အားစိုက်ထုတ်ရသည်။ စိတ်ဓာတ်တစ်ခုကို အပြည့်အဝ ပြောင်းလဲဖို့ရန်မှာ လွယ်ကူသောအရာ မဟုတ်ပေ။ သမ္မာတရားကို ရှာဖွေခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် အလင်းပေးခြင်းကို ရရှိခြင်းဖြင့်သာ ထိုသို့ လုပ်ဆောင်၍ ရနိုင်သည်။ အမှန်တွင် သင်တို့၏ ကိုယ်ပိုင်အတွေ့အကြုံ၌ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို သင်တို့ရရှိသည့် အချိန်များရှိသည်။ ဤအချိန်အများစုမှာ ဖိနှိပ်မှုနှင့် ဆင်းရဲဒုက္ခ သို့မဟုတ် ဖျားနာမှုနှင့် ဝေဒနာတို့ကို သင်ရင်ဆိုင်နေရသည့် အချိန်ဖြစ်သည်။ ထိုအခါမှသာ သင်သည် ဘုရားသခင်ကို အလေးအနက် ဆုတောင်းသည်။ သင့်အား ကုသပေးရန်၊ သင့်အား ယုံကြည်ခြင်းနှင့် ခွန်အား ပေးသနားရန် ဘုရားသခင်ကို တောင်းလျှောက်သည်။ ဤအရာတစ်ခုကိုသာ သင်ဆုတောင်း၏။ သင့်အနေဖြင့် ပို၍ ဆုတောင်းပြီး ဘုရားသခင်၏ အလိုတော်ကို ရှာဖွေလိုခြင်း ရှိကောင်း ရှိနိုင်သည်။ သို့သော် မည်သည့်အရာ ပြောရမည်ကို သင်မသိပေ။ သင်သည် သင်၏ စိတ်နှလုံးမှ စကားတချို့ကို ဘုရားသခင်အား အသိပေးလိုသော်လည်း သင့်တွင် ကမ်းလှမ်းစရာ မည်သည့်အရာမျှ မရှိပေ။ သင်၏ ဝိညာဉ်ရင့်ကျက်မှုမှာ သေးငယ်လွန်းသည်။ တစ်ခါတစ်ရံတွင် ဘုရားသခင်သည် သင့်အနီးတွင်ရှိသော လူများမှတစ်ဆင့် သင့်ကို အခက်တွေ့အောင် လုပ်လိမ့်မည်။ ထိုအချိန်များတွင် သင်သည် ဘုရားသခင်ထံသို့ ပြန်လာပြီး ဤကဲ့သို့ စတင်၍ ဆင်ခြင်သုံးသပ်ခြင်းမှလွဲ၍ မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ပေ။ “အတိအကျ မည်သည့်အရာကို ကျွန်ုပ်မှားယွင်းစွာ လုပ်ဆောင်ခဲ့သနည်း။ ဘုရားသခင်၊ ကျွန်ုပ်ကို ဉာဏ်အလင်းဖွင့်ပြပြီး နားလည်စေတော်မူပါ။ ဘုရားသခင်က ကျွန်ုပ်ကို ဉာဏ်အလင်းဖွင့်မပြလျှင် ကျွန်ုပ်သည် ဆက်၍သာ ဆုတောင်းမည်။ ဆုတောင်းပြီးနားမလည်သေးလျှင် ဤအမှုကိစ္စ၌ ကျွန်ုပ် ဆက်၍ ရှာဖွေမည် သမ္မာတရားကို နားလည်သူတစ်ယောက်နှင့် ကျွန်ုပ်ရှာဖွေမည်” ဟူ၍ ဖြစ်သည်။ သင့်ကိုယ်သင်အတွက် တာဝန်ယူခြင်း ဟူသည်မှာ ဤအရာပင် ဖြစ်သည်။ လူတချို့သည် ၎င်းတို့ထံ၌ အမှုအရာများ ဖြစ်ပျက်လာသောအခါ သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေပေ။ ၎င်းတို့သည် အယူဝါဒဆိုင်ရာ စကားလုံးအချို့နှင့် စကားစုတချို့ကို နားလည်၍ မိမိတို့ကိုယ်မိမိ သမ္မာတရားကို နားလည်သည်ဟု ထင်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို လှည့်စားကြပြီး ဤသည်မှာ မိုက်မဲမှုပင် ဖြစ်ပေတော့၏။ ၎င်းတို့သည် လူတို့ထဲတွင် အမိုက်မဲဆုံး၊ မသိနားမလည်ဆုံးဖြစ်၍ တစ်ခုတည်းသော ဖြစ်နိုင်ခြေရှိသည့် ရလဒ်မှာ မည်သည့်သမ္မာတရားကိုမျှ ၎င်းတို့ လုံးဝ မရရှိဘဲ မိမိတို့ကိုယ်ကို ထိခိုက်အောင် လုပ်ပြီး ဖျက်ဆီးကြမည့်အဖြစ်သာ ဖြစ်သည်။

သင်တို့သည် သာမန်အားဖြင့် များစွာ ဆုတောင်းခြင်း မရှိသည်မဟုတ်လော။ လူတို့သည် ဆုတောင်းခြင်း သိပ်မရှိသောအခါ ရှာဖွေခြင်း သိပ်မရှိပေ။ ရှာဖွေခြင်း သိပ်မရှိလျှင် ၎င်းတို့အတွက် သမ္မာတရားကို နားလည်ရန် ခက်ခဲပြီး ၎င်းတို့၌ နာခံခြင်းလည်း မရှိ။ သင့်တွင် ရှာဖွေသော သဘောထားမရှိလျှင် အဘယ်သို့ နာခံခြင်းရှိနိုင်မည်နည်း။ ဘုရားသခင်၏ လုပ်ဆောင်မှုများကို အဘယ်သို့ နားလည်နိုင်မည်နည်း။ သင့်အပေါ်၌ ဘုရားသခင်က အဘယ်သို့ အလုပ်လုပ်သည်ကိုပင် သင်မသိသကဲ့သို့ မည်သူ့ကို သင်နာခံသင့်သည် သို့မဟုတ် မည်သူ့စကားများကို အရေးစိုက်သင့်သည်ကိုလည်း သင်မသိပေ။ နာခံခြင်းသည် သင့်အတွက် ဖြစ်နိုင်ခြေမရှိပေ။ နာခံခြင်းဟူသည်မှာ မရေရာသော အရာတစ်ခု မဟုတ်။ နာခံဖို့အတွက် ရည်ရွယ်ချက်နှင့် ရည်မှန်းချက်တစ်ခု လိုအပ်သည်။ ဘုရားသခင်က သမ္မာတရားအား အဘယ်ကြောင့် ဖော်ပြသည် သို့မဟုတ် မည်သည့်အရာကို သူလုပ်ဆောင်သည်ကိုပင် သင်မသိပါက သင်မည်သို့ နာခံနိုင်မည်နည်း။ နာခံခြင်းဆိုသည့် စကားကို သင်ပြောသောအခါတွင် ယင်းသည် အနှစ်မရှိသော စကားဖြစ်သွား၏။ သင့်တွင် တစ်စုံတစ်ခု ဖြစ်ပျက်လာသောအခါ၌ သင်သည် မည်သို့ဆုတောင်းသင့်သနည်း။ သင်၏ စိတ်နှလုံး၌ ရှိသည့်အရာကို ပြောဆိုခြင်းအားဖြင့် မည်သို့ရှာဖွေသင့်သနည်း။ မည်သည့်အရာကို ရှာဖွေသင့်သနည်း။ သင်သည် အမှန်တကယ် ဆုတောင်းခြင်း မရှိနိုင်မီတွင် ဤအရာများကို ရှင်းလင်းစွာ သိထားရမည်။ သင်ဆုတောင်းသောအခါ အခြားလူများ ပြောသည့်အရာကို အတုမခိုးနှင့်။ “ကိုယ်တော်၏ အလိုတော် ပြည့်စုံပါစေသော” ဆိုသည့် ယေရှု၏ စကားများကို ပို၍ပင် အတုမခိုးနှင့်။ ဤစကားများကို မျက်စိစုံမှိတ်၍ လိုက်တုပြီး မပြောနှင့်။ သင့်တွင်ရှိသော အရာသည် ဉာဏ်အလင်းပွင့်ခြင်းနှင့် အလင်းပေးခံရခြင်းတို့သာ ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ အလိုတော် အထမြောက်ခြင်းနှင့် မညီမျှနိုင်ပေ။ တစ်ခါတစ်ရံတွင် သင်သည် ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်းခံရသောအခါ သို့မဟုတ် ဒုက္ခအချို့ကို ခံရသောအခါ ဤသည်မှာ ဘုရားသခင်က သင့်ကို စုံလင်အောင် ပြုနေခြင်း ဖြစ်သည်ဟုသော်လည်းကောင်း၊ သူ၏ အလိုတော် ဖြစ်သည်ဟုသော်လည်းကောင်း မဆိုနှင့်။ ဤသို့ဆိုခြင်းမှာ မှားယွင်း၍ သင်သည် ဤသို့ ဆုမတောင်းရ။ သင်သည် မှားယွင်းသော အနေအထားကို နေရာယူနေခြင်းဖြစ်၍ သန့်ရှင်းသော ဝိညာဉ်တော်က သင့်အပေါ်၌ အလုပ်လုပ်မည် မဟုတ်ပေ။ လူအချို့က ယေရှု၏ ဆုတောင်းချက်ကို အတုခိုးပြီး “သို့သော်လည်း အကျွန်ုပ်အလိုရှိသည့်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည့်အတိုင်း ဖြစ်ပါစေသော်။” ဟု ဆိုကြသည်။ သင့်ကိုယ်သင် ဘုရားသခင်နှင့်တန်းတူ အနေအထားတွင် ထားရှိခြင်းသည် အလုပ်ဖြစ်မည်လော။ ခရစ်တော်သည် ကောင်းကင်ဘုံ၌ရှိသော ဝိညာဉ်တော်ထံသို့ ထိုဆုတောင်းချက်ကို ဇာတိပကတိ၏ အမြင်ရှုထောင့်မှနေ၍ တောင်းလျှောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် တန်းတူ အနေအထားတွင် ရှိပြီး တူညီသော အဆင့်အတန်းရှိသည်။ ၎င်းတို့သည် ဘုရားတစ်ပါးတည်းဖြစ်ပြီး ရှုထောင့်တွင်သာ ခြားနား၏။ ခရစ်တော်သည် ဤသို့ ဆုတောင်းသည်။ လူတို့သည်လည်း ဤသို့ ဆုတောင်းလျှင် ၎င်းတို့၌ အသိတရား မရှိကြောင်း ပြသည်ဖြစ်ရာ သန့်ရှင်းသော ဝိညာဉ်တော်က ၎င်းတို့ကို လုံးဝ ဉာဏ်အလင်းမဖွင့်ပြသည်မှာ မဆန်းပေ။ သင်ပြောသော ဤစကားများသည် အတုခိုးပြီး ပြောသည့် စကားများဖြစ်ပြီး စိတ်နှလုံးမှပြောသော စကားများမဟုတ်။ ယင်းတို့သည် လုံးဝ အနှစ်မဲ့ပြီး အစစ်အမှန်လည်း မဟုတ်ပေ။ ဤသည်မှာ သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် သတ်မှတ်ချက်များကို နားလည်နိုင်စွမ်းရှိရန်အတွက် သေးငယ်လွန်းနေကြောင်း ပြသည်။ သန့်ရှင်းသော ဝိညာဉ်တော်က သင့်အား အဘယ်သို့ ဉာဏ်အလင်းဖွင့်ပြမည်နည်း။ လူတို့သည် အလွန် စိတ်ရှုပ်ထွေးနေကြသည်။ ၎င်းတို့သည် ဤအရာကိုပင် အဖြေမရှာနိုင်လျှင် သမ္မာတရားကို မည်သည့်အခါမျှ နားလည်မည်မဟုတ်ပေ။ သင်ဆုတောင်းသောအခါ သူတစ်ပါးတို့ကို ကြုံသလို အတုမခိုးနှင့်။ သင့်တွင် ကိုယ်ပိုင်အတွေးအမြင်များ ရှိရမည်။ သင်သည် တစ်စုံတစ်ခုကို နားမလည်လျှင် သမ္မာတရားကို ရှာဖွေရမည်။ သင့်အပေါ်သို့ မတူညီသော အမှုအရာများ ဖြစ်ပျက်လာသောအခါ မည်သို့ဆုတောင်းရမည်ကို မကြာခဏ ချင့်ချိန်စဉ်းစားရမည်။ ရှေ့ဆက်ရန်လမ်းကို ရှာတွေ့လျှင် သင်၏ ညီအစ်ကိုမောင်နှမများကိုလည်း ဤနည်းဖြင့် ဆုတောင်းရန် သင်ဦးဆောင်ရမည်။ ဤသည်မှာ ဘုရားသခင်က အားရဝမ်းမြောက်သောအရာ ဖြစ်သည်။ လူတိုင်းသည် ဘုရားသခင်ရှေ့သို့ အဘယ်သို့လာရမည်ကို သင်ယူရမည်။ အရာရာတိုင်းကို သင့်ဘာသာ မစဉ်းမစားဖြင့် ကိုင်တွယ်ရန် မကြိုးစားနှင့်။ သင်လုပ်ဆောင်သည့် အရာကို သင်၏ စိတ်ကူးထင်မြင်မှုအပေါ်တွင် အခြေမခံနှင့်။ ဤသို့ လုပ်ဆောင်ရာတွင် သင်သည် အနှောင့်အယှက်၊ အဖျက်အဆီးများ ဖြစ်စေပြီး ဘုရားအလိုတော်ကို ဆန့်ကျင်သည့် အရာများကို လုပ်ဆောင်လျှင် ဤသည်မှာ ပြဿနာ ဖြစ်စေလိမ့်မည်။ သင့်အနေဖြင့် အသင်းတော်တစ်ပါးကို ဦးဆောင်ရန် ခိုင်းစေခံရချိန်၌ အယူဝါဒစကားများကို အစဉ်ဟောပြောနေကာ ဘုရားနှုတ်ကပတ်တော်များကို မည်သို့စားသောက်ရမည် သို့မဟုတ် ဘုရားသခင်ထံ မည်သို့ဆုတောင်းရမည်ကို မိတ်သဟာယမဖွဲ့ပြလျှင် သင်သည် လမ်းလွဲပြီဖြစ်သည်။ သင်သည် အယူဝါဒစကားများကို အစဉ်ဟောကြားနေပြီး လူတို့အား အနှစ်မရှိသော ဆုတောင်းချက်များကို သွန်သင်နေကာ ထိုဆုတောင်းချက်များတွင် လူတို့သည် ကျမ်းစာမှ နှုတ်ကပတ်တော်အချို့နှင့် အယူဝါဒစကားများကိုသာ ရွတ်ဆိုနေလျှင် ၎င်းတို့သည် မည်သို့ဆုတောင်းပါစေ ရလဒ်ရှိမည် မဟုတ်ပေ။ ၎င်းတို့၏ ဘဝသည် တိုးတက်မည်မဟုတ်။ ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးသည် ပုံမှန်ဖြစ်သော ဆက်ဆံရေးဖြစ်မည် မဟုတ်ပေ။ ဤသည်မှာ သင်သည် ၎င်းတို့ကိုလည်း လမ်းလွဲစေမည်ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ ရလဒ်များကို ရရှိစေသည်မှာ မည်သို့သောဆုတောင်းချက်မျိုး ဖြစ်သနည်း။ စိတ်နှလုံးဖွင့်ဟလျက် ဘုရားသခင်နှင့် မိတ်သဟာယပြုခြင်းပင် ဖြစ်သည်။ အရေးကြီးဆုံးမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ဘုရားသခင်ထံ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေရမည်။ ဤသည်မှာ စိတ်ပါလက်ပါ လုပ်ဆောင်ရန် လိုအပ်သည်။ စိတ်ပါလက်ပါ မလုပ်ဆောင်သောသူများသည် ဤအရာကို ရရှိရန် ခက်ခဲသည်ကို တွေ့ရလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်က မည်သို့သောသူမျိုးကို ဉာဏ်အလင်းဖွင့်ပြသနည်း။ စူးရှထက်မြက်ပြီး အတွေးအခေါ် ပါးနပ်သိမ်မွေ့သောသူများဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်က ၎င်းတို့ကို ခံစားချက်တစ်ခု ပေးသောအခါ သို့မဟုတ် ဉာဏ်အလင်းဖွင့်ပြသောအခါ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုဖြစ်သည်ကိုလည်းကောင်း၊ ဘုရားသခင်က လုပ်ဆောင်နေခြင်း ဖြစ်သည်ကိုလည်းကောင်း ၎င်းတို့ ခံစားသိရှိနိုင်သည်။ သို့မဟုတ် တစ်ခါတစ်ရံတွင် ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြခြင်း သို့မဟုတ် အပြစ်တင်ခြင်းကို ခံရသောအခါ ချက်ချင်းသိနိုင်ပြီး မိမိတို့ကိုယ်ကို ချုပ်တည်းနိုင်သည်။ ဤသူတို့မှာ သန့်ရှင်းသော ဝိညာဉ်တော်က ဉာဏ်အလင်းဖွင့်ပြသည့်သူမျိုး ဖြစ်သည်။ လူတစ်ယောက်သည် ပေါ့ဆပြီး ဝိညာဉ်ရေးကိစ္စများကို နားမလည်လျှင် သန့်ရှင်းသော ဝိညာဉ်တော်က ၎င်းတို့ကို ခံစားချက်တစ်ခု ပေးသောအခါ၌ သတိပြုမိမည် မဟုတ်ပေ။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို အရေးမစိုက်ကြ။ သန့်ရှင်းသော ဝိညာဉ်တော်က ၎င်းတို့ကို သုံးလေးကြိမ် ဉာဏ်အလင်းဖွင့်ပြကောင်း ဖွင့်ပြနိုင်သော်လည်း ၎င်းတို့ကမူ လက်မခံဆဲဖြစ်သည်။ ထို့ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်က ၎င်းတို့အပေါ်၌ အလုပ်လုပ်တော့မည် မဟုတ်ပေ။ လူအချို့မှာ ဆက်လက်၍ ယုံကြည်လျက်ရှိသည့်တိုင်အောင် ဘုရားသခင်ကို မဆက်သွယ်နိုင်ဘဲ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သည်ကို မခံစားနိုင်ဘဲ စိတ်အတွင်းတွင် မှောင်မိုက်ပြီး စိတ်ဓာတ်ကျကာ အားအင်မရှိသည်မှာ အဘယ်ကြောင့်နည်း။ ၎င်းတို့တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှု လုံးဝ မရှိပေ။ ၎င်းတို့သည် ထိုအသက်မပါသော အရာများ၊ အယူဝါဒများဖြင့် အဘယ်သို့ အားအင်တစ်စုံတစ်ရာ ရှိနိုင်မည်နည်း။ စိတ်အားထက်သန်ခြင်းသက်သက်ဖြင့် ကြာရှည်မခံနိုင်ပေ။ ခွန်အားရှိရန်အတွက် သမ္မာတရားကို နားလည်ရမည်။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်ရန်အတွက် အတွေးအခေါ် ပါးနပ်သိမ်မွေ့ရမည်ဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၊ မိမိကိုယ်ကို သိမြင်ခြင်း၊ သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်ခြင်းတို့အပေါ် အာရုံစိုက်ရမည်။ ထိုအခါမှသာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုနှင့် ဦးဆောင်မှုကို ရရှိနိုင်သည်။ လူအချို့သည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်းတစ်ခုသာ ရှိပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကိုမူ မည်သည့်အခါမျှ ကြည့်ရှုလေ့လာခြင်း၊ သို့မဟုတ် တွေ့ကြုံဖူးခြင်း မရှိပေ။ ဆက်လက်၍ သင်တို့သည် အသိမ်မွေ့ဆုံးသော ခံစားချက်နှင့် အသိမ်မွေ့ဆုံးသော အလင်းအပေါ် အာရုံစိုက်ရမည်။ သင့်ထံ၌ တစ်စုံတစ်ခု ဖြစ်ပျက်လာသည့် အချိန်တစ်ခုစီတိုင်းတွင် သင်သည် ယင်းကို သမ္မာတရားနှင့်အညီ ရှုမြင်ပြီး ကိုင်တွယ်ဆက်ဆံသင့်၏။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်း၏ မှန်ကန်သော လမ်းကြောင်းပေါ်သို့ တဖြည်းဖြည်းချင်း သင်ရောက်ရှိလာမည့် နည်းလမ်းဖြစ်သည်။ သင်သည် အရာရာတိုင်းကို သင်၏ ဇာတိပကတိအကြည့်ဖြင့် ရှုမြင်လျှင်၊ အယူဝါဒ၊ ယုတ္တိဗေဒ၊ စည်းမျဉ်းများကို အသုံးပြုပြီး အရာရာတိုင်းကို စိစစ်လျှင်၊ လူသားအတွေးအပေါ် အခြေခံပြီး အရာရာတိုင်းကို စိစစ်ကာ ကိုင်တွယ်လျှင် ဤသည်မှာ သမ္မာတရားကို ရှာဖွေခြင်းမဟုတ်၍ သင်သည် ဘုရားသခင်အား နာခံနိုင်စွမ်း ရှိမည်မဟုတ်ပေ။ သင်သည် ဘုရားသခင်အား ယုံကြည်လာသည်မှာ မည်မျှကြာနေပြီဖြစ်စေ ဘုရားနှုတ်ကပတ်တော်များ၏ ပြင်ပတွင် ရှိနေလိမ့်မည်။ အပြင်လူတစ်ယောက် ဖြစ်နေလိမ့်မည်။ သမ္မာတရားကို သင်နားလည်နိုင်မည် မဟုတ်ပေ။ သင်တို့သည် ယခုတွင် မိမိတို့၏ အာရုံစိုက်မှုကို ဤဦးတည်ချက်သို့ တဖြည်းဖြည်းချင်း ရွှေ့ပြီး သမ္မာတရားကို ရဖို့ ကြိုးပမ်းရမည်။ နှစ်အနည်းငယ် တွေ့ကြုံပြီးနောက်တွင် သင်သည် ဝိညာဉ်ရင့်ကျက်မှု အနည်းငယ် ကြီးထွားလာပြီး သမ္မာတရားအချို့ကို နားလည်နိုင်လိမ့်မည်။ ဘုရားသခင်အား နောက်ကျမှ ယုံကြည်လာခြင်းသည် ပြဿနာ မဟုတ်ဟုသော်လည်းကောင်း၊ အခြားလူများက သမ္မာတရားစစ်မှန်မှုအတွင်းသို့ ဝင်ရောက်ထားပြီဖြစ်ရကား သင်သည်လည်း ဝင်ရောက်နိုင်မည်ဟုသော်လည်းကောင်း၊ သင်သည် မည်သည့်အခါမျှ နောက်ကျကျန်ရစ်မည် မဟုတ်ဟုသော်လည်းကောင်း မထင်မြင်လေနှင့်။ သင်သည် ဤသို့ မထင်မြင်ရ။ ဤသို့ ထင်မြင်လျှင် သင်သည် နောက်ကျကျန်ရစ်ရန် သေချာသည်။ သင်သည် ဘုရားသခင်အား နောက်ကျမှ ယုံကြည်လာခြင်း ဖြစ်လျှင် ပို၍ပင် အလောတကြီး လုပ်ဆောင်သင့်သည်။ သင်သည် လိုက်မီရန်အတွက် သင်တတ်နိုင်သမျှအားလုံးကို လုပ်ဆောင်ရမည်။ ထိုအခါမှသာ ဘုရားအမှုတော်၏ ခြေလှမ်းများကို သင်အမီလိုက်နိုင်မည် ဖြစ်ပြီး နောက်ကျကျန်ရစ်၍ ဖယ်ရှားခြင်းမခံရအောင် တားဆီးနိုင်မည် ဖြစ်သောကြောင့်ပင်။

သင့်တွင် မည်သည့်အရာ ဖြစ်ပျက်လာပါစေ သင်သည် အမှုအရာများကို ဘုရားနှုတ်ကပတ်တော်များနှင့်အညီ ရှုမြင်ပြီး သမ္မာတရား၏ ရှုထောင့်မှနေ၍ ကိုင်တွယ်ရမည်။ ပြဿနာများကို ဤနည်းဖြင့် ရှာဖွေတွေ့ရှိရန် လွယ်ကူသည်။ အမှုအရာများကို ဘုရားနှုတ်ကပတ်တော်များနှင့်အညီ ရှုမြင်ခြင်းအားဖြင့် သင်သည် အမှုအရာများ၏ အနှစ်သာရကို အလွယ်တကူ ရိပ်စားမိနိုင်လိမ့်မည်။ လူအချို့သည် သင်ယူလေ့လာထားချက်အပေါ် အခြေခံပြီး အမှုအရာများကို အစဉ်သဖြင့် ရှုမြင်၏။ ၎င်းတို့သည် အစဉ်အမြဲပင် ၎င်းတို့ ဦးနှောက်ဖြင့် အမှုအရာများကို လေ့လာပြီး စိစစ်သည် သို့မဟုတ် ၎င်းတို့၏ ဇာတိပကတိ အကြည့်ဖြင့် အမှုအရာများကို ရှုမြင်ပြီး သဘောထားသည်။ ထို့ကြောင့် ၎င်းတို့သည် ပြဿနာများ၏ အနှစ်သာရကို မသိမြင်နိုင်ဘဲ အစဉ်သဖြင့် လမ်းကြောင်းလွဲကြ၏။ ဤသည်မှာ ဆယ်စုနှစ်နှင့်ချီ၍ ဆက်လက် ဖြစ်နေနိုင်သည်။ ၎င်းတို့သည် အမှုအရာများကို ရှင်းလင်းစွာ မမြင်ဘဲ သေဆုံးသွားရနိုင်သည်။ ဥပမာ တစ်ခါတစ်ရံတွင် သင်သည် ဖျားနာခြင်းတစ်ခုကို ရင်ဆိုင်ရပြီး ယင်းသည် အရှိအတိုင်းဖြစ်သော အကြောင်းရင်းများရှိသည့် သာမန် ဖျားနာမှုသက်သက် ဖြစ်သည်ဟုလည်းကောင်း၊ ဘုရားသခင်၏ ပဲ့ပြင်ဆုံးမခြင်း မဟုတ်၊ ပြဿနာတစ်ခု မဟုတ်ဟုလည်းကောင်း ထင်မြင်သော်လည်း အမှန်တကယ်တွင်မူ ယင်း၌ ကြီးမားသော ပြဿနာတစ်ခု ရှိနေသည်။ သင်သည် ဤအမှုကိစ္စတွင် အတွေးအခေါ် ပါးနပ်သိမ်မွေ့ပြီး ဘုရားသခင်ထံ ဆုတောင်းနိုင်ကာ သမ္မာတရားကို ရှာဖွေနိုင်လျှင် တစ်ခါတစ်ရံ၌ သန့်ရှင်းသော ဝိညာဉ်တော်က သင့်အား အဓိပ္ပာယ်တစ်ခု သိရှိစေသောအခါ၌ သင်သည် သင်ကိုယ်တိုင်တွင် ရှိနေသော အားနည်းချက်အချို့ကိုဖြစ်စေ၊ သင်၏ စိတ်သဘောထားတွင် ရှိနေသော ပြဿနာများကိုဖြစ်စေ သိမြင်နိုင်လိမ့်မည်။ ဘုရားသခင်က သင့်အား ဖျားနာခြင်းကို ပေးသည်မှာ သင့်ကို စစ်ဆေးရန်အတွက်၊ ဒုက္ခခံစေရန်အတွက်ဖြစ်ပြီး ဤဖျားနာခြင်းက အတိအကျအားဖြင့် မည်သည့်အရာနှင့် သက်ဆိုင်သည်ကို မြင်ရန် အနီးကပ် ဆန်းစစ်၍ ချင့်ချိန်စဉ်းစားဖို့ ဝိညာဉ်အတွင်းသို့ သင်ပြန်လာအောင် လုပ်ရန်အတွက်ဖြစ်သည်။ သင်သည် သင့်ကိုယ်သင် ဆန်းစစ်ရန်အတွက် ဝိညာဉ်အတွင်း နက်ရှိုင်းရာသို့ ပြန်လာသောအခါ ပြဿနာ၏ အရင်းအမြစ်ကို မြင်နိုင်ပြီး သင်၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးမှုအပေါ် သိမြင်မှုတချို့ရှိလာနိုင်သည်။ ဒုက္ခအနည်းငယ် မရှိလျှင် သင့်ကိုယ်သင် အလွန်တော်သည်ဟု အစဉ်ထင်မြင်မည် ဖြစ်ပြီး ဤဖောက်ပြန်ပျက်စီးမှုကို ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။ ဤသို့ဆိုလျှင် သင်သည် သင်လိုအပ်သော သမ္မာတရားကို နားလည်နိုင်မည် မဟုတ်။ သင်တို့တွင် ဤအတွေ့အကြုံ ရှိခဲ့သလော။ သန့်ရှင်းသော ဝိညာဉ်တော်သည် အရာခပ်သိမ်းကို အလွန် အချိန်သင့်အခါသင့်ဖြစ်သော နည်းဖြင့်လည်းကောင်း၊ အားလုံးကို လူတို့လိုအပ်သည့်အရာနှင့်အညီ၊ အားလုံးကို လူတို့၏ လက်ရှိ ဝိညာဉ်ရင့်ကျက်မှု၊ လက်ရှိ အခြေအနေနှင့်အညီလည်းကောင်း လုပ်ဆောင်သည်။ ဘုရားအမှုတော်သည် အချိန်မှန်ပြီး ချင့်ချိန်မှုရှိကာ မည်သည့်နှောင့်နှေးမှုမျှ မရှိဘဲ အလွန် အချိန်သင့်အခါသင့် ဖြစ်သည်ဟု ယခင်က ပြောခဲ့သည်။ သင်သည် သင်၏ တကယ့်အတွေ့အကြုံတွင် ဤအရာကို မြင်တွေ့ပြီးဖြစ်သည်။ တစ်စုံတစ်ခုကို သင်ကြုံတွေ့သည့် အချိန်တိုင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်က သင့်အား ရုတ်ချည်းတို့ထိပြီး ဉာဏ်အလင်းဖွင့်ပြသည်။ သို့သော် သင်ကမူ ညံ့ဖျင်းစွာ ပူးပေါင်းဆောင်ရွက်၏။ သင်သည် ထုံထိုင်းလွန်းသည်။ တစ်ခါတစ်ရံတွင် သင်သည် မည်သည့်အရာ ဖြစ်ပျက်နေသည်ကို ခံစားမိသော်လည်း ယင်းကို ပို၍ လေးနက်စွာ နားလည်ရန် ကြိုးစားခြင်းမရှိဘဲ ထားခဲ့လိုက်သည်။ သင်သည် သိမြင်မှုဆိုင်ရာ နားလည်ခြင်းမျှဖြင့်သာ ကျေနပ်ပြီး ထိုမျှဖြင့် သင်နားလည်သည်ဟု ထင်မြင်သည်။ သို့သော် သင်သည် အမှန်တကယ်တွင် စစ်မှန်သော နားလည်မှုကို မရောက်ပေ။ သင်သည် ရှေ့ဆက်ရန် လမ်းမရှိခင်တွင် သင်၏ သိမြင်မှုဆိုင်ရာ နားလည်ခြင်းကို ယုတ္တိတန်သော နားလည်ခြင်းသို့ မြှင့်တင်ရမည်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို နောက်တစ်ဖန် တို့ထိသော်လည်း သင်သည် ယင်းကို လျစ်လျူရှုပြီး သင်၏ မှတ်စုစာအုပ်၌ ချမရေးလိုလျှင် မကြာမီ မေ့လျော့သွားမည် ဖြစ်သည်။ ဤအလင်းကို၊ ဤစစ်မှန်သော အရာကို သင်ရရှိလိုက်မည် မဟုတ်ပေ။ ဤသည်မှာ အလွန်ပင် စိတ်မကောင်းစရာ ဖြစ်လိမ့်မည်။ လုံ့လရှိသော သူတို့သည် ၎င်းတို့၏ မှတ်စုစာအုပ်တွင် အကြောင်းအရာများကို ချရေးကြပြီး နောက်ပိုင်း၌ ၎င်းတို့၏ မှတ်စုစာအုပ်ကို တစ်ဖန်ပြန်ကြည့်သောအခါ အလွန်ပျော်ရွှင်မှု ရှိကြသည်။ ဤအခြေခံအုတ်မြစ်အပေါ်တွင် ၎င်းတို့သည် အလင်းအချို့ကို ရရှိနိုင်ကြ၏။ ပေါ့ဆပြီး ဝိညာဉ်ရေးကိစ္စများကို နားလည်ခြင်းမရှိသော သူတစ်ယောက်မူကား ဤအလင်းကို မခံစားနိုင်ပေ။ အလင်းဆိုသည်မှာ မည်သည့်အရာ ဖြစ်သည်ကိုပင် သူမသိ။ ဤအလင်းသည် ၎င်းတို့အတွင်းတွင် လျှပ်တပြက်လင်းလက်ပြီး ပျောက်ကွယ်သွားသည်။ ၎င်းတို့သည် အစဉ်သဖြင့် ဤသို့ဖြစ်နေလျှင် သန့်ရှင်းသော ဝိညာဉ်တော်က ၎င်းတို့၌ အလုပ်လုပ်မည် မဟုတ်ပေ။ သင်သည် သမ္မာတရားကို လိုက်စားရန်အတွက် အာရုံစူးရှပြီး အတွေးအခေါ် ပါးနပ်သိမ်မွေ့ရမည်။ မပျင်းရိရပေ။ သင်သည် မဆိုင်းမတွ ပူးပေါင်းဆောင်ရွက်ခြင်းလည်း ရှိရမည်။ သင်သည် သိမြင်မှုဆိုင်ရာ နားလည်မှုကို ရရှိသောအခါ ကိုင်ဆုပ်ထားသင့်သည်။ အလျင်အမြန် ချင့်ချိန်စဉ်းစားသင့်သည်။ ပြီးလျှင် ဘုရားသခင်ထံ ဆုတောင်းသင့်သည်။ အဘယ်သို့ ဆုတောင်းသင့်သနည်း။ သင်၏ ဆုတောင်းချက်ကို သင်ရရှိထားသော ဉာဏ်အလင်းဖွင့်ပြမှုအပေါ် ဗဟိုပြုလော့။ တစ်ခါတစ်ရံတွင် ယင်းသည် သင်ကိုယ်တိုင်၏ အတွေးကဲ့သို့ ခံစားရနိုင်၏။ ဤသည်မှာ ပြဿနာမရှိပေ။ ပျော်မွေ့မှုနှင့် ရှင်းလင်းမှုကို ခံစားရသရွေ့ သင်သည် ဆုတောင်းပြီး ရှာဖွေသင့်သည်။ အရေးအကြီးဆုံးမှာ ဤအလင်းသစ်ကို အဖြေရှာပြီး မှန်မှန်ကန်ကန် နားလည်ဖို့ပင် ဖြစ်သည်။ သင်ဆုတောင်းသောအခါတွင် စကားများက အထူးပင် ချောချောမွေ့မွေ့ ထွက်လာလျှင်၊ သင်သည် စိတ်သက်သာလျှင်၊ တစ်ဖန် ဉာဏ်အလင်း ဖွင့်ပြခြင်း ခံရလျှင်၊ သင်၏ စိတ်သည် အလင်းပေးခြင်းခံရလျှင် ဤအလင်းသစ်ကို မှတ်သားသင့်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် တစ်ခါတစ်ရံ သင်သည် ကောင်းသော အခြေအနေ၌ ရှိစဉ်တွင် မှတ်မိနိုင်သော်လည်း မကောင်းသော အခြေအနေတွင်မူ မေ့လျော့သောကြောင့်ဖြစ်၏။ လူတို့သည် ဆောင်းပါးတစ်ပုဒ်ကို ရေးသောအခါ စာမျက်နှာအချို့ကို ရေးသားနိုင်သည်။ သို့သော် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် သို့မဟုတ် ဘုရားသခင်အပေါ် ၎င်းတို့၏ သိမြင်မှုနှင့် ပတ်သက်လျှင်မူ စာလုံးတစ်လုံးကိုမျှ မရေးနိုင်ပေ။ ၎င်းတို့သည် လက်တွေ့အရှိတရား ကင်းမဲ့ဆဲဖြစ်သည်။ သမ္မာတရားကို ချစ်သောသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် အလင်းပေးမှုအပေါ် အာရုံစိုက်သည်။ သမ္မာတရားကို မချစ်သောသူတို့မူကား သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကို တန်ဖိုးမထားပေ။ ဤသည်မှာ ၎င်းတို့သည် မည်သည့်အရာက အရေးကြီးသည်ကိုဖြစ်စေ၊ မည်သည့်အရာက သာမညသာ ဖြစ်သည်ကိုဖြစ်စေ၊ မည်သည့်အရာက အရေးပါသည်ကိုဖြစ်စေ၊ မည်သည့်အရာကို ၎င်းတို့ရရှိသင့်သည်ကိုဖြစ်စေ မသိကြကြောင်း ပြသည်။ ဤအတွက်ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကို ၎င်းတို့ ဆုံးရှုံးရသည်။ သင်နှင့်အတူ မှတ်စုစာအုပ်ငယ်တစ်အုပ်ကို သယ်ဆောင်ထားခြင်းက အကောင်းဆုံး ဖြစ်သည်။ ဤသို့အားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်က သင့်အား ဉာဏ်အလင်းဖွင့်ပြကာ အလင်းသစ်ကို သင်ရရှိသည့်အချိန်တိုင်းတွင် ချက်ချင်း ကိုင်စွဲပြီး ချ၍ရေးမှတ်နိုင်ရန် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်က အချိန်မရွေး၊ နေရာမရွေး အလုပ်လုပ်သည်။ လူတစ်ယောက်သည် မည်သည့်အခြေအနေတွင် ရှိနေသည်ဖြစ်စေ ဘုရားနှုတ်ကပတ်တော်များကို ချင့်ချိန်စဉ်းစားပြီး သမ္မာတရားကို ရှာဖွေနိုင်သရွေ့ သန့်ရှင်းသော ဝိညာဉ်တော်က ထိုသူကို ဉာဏ်အလင်းဖွင့်ပြသည်။ သင်သည် အလုပ်ရှုပ်ပြီး အလွန်ပင်ပန်းသည့်အချိန်တွင်ပင် ရှာဖွေပြီး ဆုတောင်းလျှင် သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို ဉာဏ်အလင်းဖွင့်ပြသည်။ ဘုရားနှုတ်ကပတ်တော်များကို သင်ဖတ်သောအခါ သို့မဟုတ် သမ္မာတရားကို မိတ်သဟာယပြုသောအခါ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို ဉာဏ်အလင်းဖွင့်ပြသည်။ ဘုရားနှုတ်ကပတ်တော်များကို ချင့်ချိန်စဉ်းစားပြီး သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်သောအခါတွင် သူသည် သင့်အား ဉာဏ်အလင်းဖွင့်ပြသည်။ သန့်ရှင်းသော ဝိညာဉ်တော်က သင့်အား ဉာဏ်အလင်းဖွင့်ပြသောအခါ ယင်းကို ချရေးပြီး ဆက်လက်၍ ချင့်ချိန်စဉ်းစားလော့။ ထိုအခါ သင်၏ စိတ်နှလုံးသည် ရှင်းလင်းလာလိမ့်မည်။ သမ္မာတရားကို အမှန်တကယ် နားလည်လာသောအခါ သင်သည် လုံးဝ လွတ်မြောက်သွားလိမ့်မည်။ ဘုရားအမှုတော်ကို ဤသို့ ကြုံတွေ့သောအခါတွင် သင်ရိတ်သိမ်းသည့် သီးနှံသည် ပိုပို၍ ကြီးထွားလာလိမ့်မည်။ အမှန်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုများစွာသည် သင်တို့၏ ဖျက်ဆီးခြင်းကို ခံရသည်။ သင်တို့သည် လူချမ်းသာ မိသားစုမှ မိမိတို့၏ အမွေအနှစ်ကို ဖြုန်းတီးပစ်သော သားသမီးများကဲ့သို့ ဖြစ်ပြီး သင်တို့အပေါ် သန့်ရှင်းသော ဝိညာဉ်တော်က လုပ်ဆောင်သည့် အမှုအားလုံးကို လွဲချော်ကာ ဘုရားသခင်၏ စုံလင်အောင် ပြုပေးခြင်းကို ခံရရန် အခွင့်အရေးများစွာကိုလည်း ဆုံးရှုံးနေကြလေတော့သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် အလုပ်များစွာကို လုပ်ဆောင်ထားပြီ ဖြစ်သည်။ သို့တိုင်အောင် သင်သည် ယင်းကို ဆုပ်ကိုင်ရန် မတတ်နိုင်ပေ။ ဘုရားသခင်က သင့်အပေါ် ကြင်နာမှုမရှိဟု သင်အမှန်တကယ် ဆိုနိုင်သလော။ အမှန်မှာ ဘုရားသခင်က သင့်အား ကြင်နာမှုကို လုံလောက်စွာ မပြသခြင်းမဟုတ်ဘဲ သင်က ယင်းကို မရယူခြင်းသာ ဖြစ်သည်။

သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုတွင် ပုံစံတစ်ခုရှိပြီး ယင်းကို ကောက်ချက်များချဖို့ လိုအပ်သည်။ အကြင်သူသည် ကောက်ချက်များချရာ၌ ဝါယမစိုက်ထုတ်လျှင် အမှုအရာများစွာကို ကောက်ချက်ချနိုင်လိမ့်မည်။ ယင်းတွင် အသေအချာပင် တစ်စုံတစ်ခုကို ရရန်ရှိသည်။ ဥပမာ ဆုတောင်းခြင်းကို ကြည့်လော့။ ဆုတောင်းခြင်းမှ ဉာဏ်အလင်းဖွင့်ပြမှုများစွာကို သင်ရရှိနိုင်သည့် အချိန်များရှိသည်။ သို့သော် သင်က အာရုံမစိုက်လျှင် သတိပြုမိမည် မဟုတ်ပေ။ ဉာဏ်အလင်းဖွင့်ပြသည့် စကားအချို့သည် သင့်နှုတ်မှ ထွက်လာနိုင်သော်လည်း အာရုံမစိုက်လျှင် သင်သတိပြုမိမည် မဟုတ်ပေ။ အမှန်တကယ်တွင် သင်၏ ဆုတောင်းချက်အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော်က ဉာဏ်အလင်းဖွင့်ပြပြီး အလင်းပေးသော စကားများ ရှိနေသော်လည်း သင်ကမူ ကောင်းစွာ ဆုတောင်းခဲ့သည်ကိုသာ သိလိမ့်မည် ဖြစ်သည်။ ဤအရာအားလုံးမှာ အလင်းသစ်ဖြစ်သော်လည်း သင်က ယင်းတို့ကို လွတ်ထွက်သွားစေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုက လူတို့ကို အကူအညီအပေးဆုံးသော နည်းလမ်းမှာ ၎င်းတို့ကို ဉာဏ်အလင်းဖွင့်ပြခြင်းနှင့် အလင်းပေးခြင်း၊ သမ္မာတရားနှင့် ဘုရားအလိုတော်ကို နားလည်စေခြင်း၊ ဘုရားသခင်၏ တောင်းဆိုချက်များနှင့်အညီ လုပ်ဆောင်နိုင်စေခြင်း၊ လမ်းမှန်မှနေ၍ သွေဖည်မသွားစေခြင်းတို့ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်ပြုသည့် လူတို့ကို ဉာဏ်အလင်းဖွင့်ပြသော အလုပ်၏ ပန်းတိုင်မှာ အဘယ်နည်း။ တစ်ခါတစ်ရံတွင် ထိုအလုပ်၏ ရည်ရွယ်ချက်မှာ လမ်းကို ညွှန်ပြပေးရန် ဖြစ်သည်။ တစ်ခါတစ်ရံတွင် ထိုအလုပ်က သင်၌ အသိတရားတချို့ရှိဖို့ သတိပေးချက်အဖြစ် လုပ်ဆောင်သည်။ တစ်ခါတစ်ရံတွင် သင့်ကို အလင်းပေးပြီး သမ္မာတရားကို နားလည်စေရန် ကူညီပေး၍ လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းတစ်ခု ပေးသည်။ သင်၏ ကိုယ်ပိုင်လမ်းကြောင်းပေါ်သို့ သင်သွေဖည်သွားသောအခါတွင် သူသည် ချိုင်းထောက်တစ်ခုကဲ့သို့ သင့်ကို ပံ့ပိုး၍ ကူညီပေးကာ သင့်အား လမ်းမှန်ပေါ်သို့ ခေါ်ဆောင်ပြီး လမ်းပြပေးသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့အား မည်သည့်အလင်းနှင့် အသိအမြင်ကို ဉာဏ်အလင်းဖွင့်ပြသည်ဖြစ်စေ ယင်းသည် လူတို့၏ တစ်ကိုယ်ရေနောက်ခံများကြောင့် ကွဲပြားကောင်း ကွဲပြားနေနိုင်သော်လည်း သမ္မာတရားနှင့် ဆန့်ကျင်ခြင်း သို့မဟုတ် ကွဲလွဲခြင်းကား လုံးဝ မရှိပေ။ လူတိုင်းက စစ်မှန်သော ရှာဖွေခြင်းနှင့် ဆုတောင်းခြင်းရှိပြီး စစ်မှန်သော နာခံခြင်းရှိသည့် ပုံစံဖြင့် ကြုံတွေ့ကာ သန့်ရှင်းသော ဝိညာဉ်တော်ကလည်း ၎င်းတို့အား ဉာဏ်အလင်းဖွင့်ပြပြီး လမ်းပြရန်အတွက် အဆက်မပြတ် အလုပ်လုပ်နေလျှင်၊ ထို့ပြင် ၎င်းတို့သည် စူးရှထက်မြက်ပြီး အတွေးအခေါ် ပါးနပ်သိမ်မွေ့ကာ သန့်ရှင်းသော ဝိညာဉ်တော်က ဉာဏ်အလင်းဖွင့်ပြသော ထိုအရာများကို လက်တွေ့လုပ်ဆောင်၍ ဝင်ရောက်နိုင်လျှင် ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန်လျင်မြန်စွာ ကြီးထွားလာလိမ့်မည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် အခွင့်အလမ်းကို အမိအရ ဆုပ်ကိုင်ထားပြီး ဖြစ်လိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်ပြုသည့် လုပ်ဆောင်မှု၏ စရိုက်လက္ခဏာတစ်ခုမှာ အလွန်မြန်ဆန်ခြင်း ဖြစ်သည်။ ထိုအလုပ်က လျှပ်တစ်ပြက်အတွင်း ပြီးဆုံးသွားသည်။ အခြားမည်သည့်နည်းလမ်းနှင့်မျှ လူတို့မလုပ်ဆောင်နိုင်တော့သည်အထိ ၎င်းတို့ကို အမှုအရာများ လုပ်ရန် အစဉ်တွန်းအားပေးပြီး ဖိအားပေးနေသည့် ဝိညာဉ်ဆိုးများ၏ အလုပ်ကဲ့သို့ မဟုတ်ပေ။ တစ်ခါတစ်ရံတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့ အန္တရာယ်ကျရောက်လုနီးနီးတွင် ၎င်းတို့ကို ခံစားချက်တစ်ခုပေးပြီး စိတ်မသက်မသာ ဖြစ်စေကာ အလွန်အမင်း စိတ်သောကရောက်စေခြင်းအားဖြင့် အလုပ်လုပ်သည်။ ယင်းသည် အထူးအခြေအနေများအောက်၌ ဖြစ်ပျက်သည်။ သာမန်အားဖြင့် ဘုရားသခင်ထံ လူတို့တိုးဝင်ချဉ်းကပ်ပြီး သမ္မာတရားကို ရှာဖွေသည့် အချိန်တိုင်းတွင် သို့မဟုတ် ဘုရားနှုတ်ကပတ်တော်ကို လူတို့ဖတ်ရှုသောအချိန်တွင် သန့်ရှင်းသော ဝိညာဉ်တော်က ၎င်းတို့ကို ခံစားချက်တစ်ခုဖြစ်စေ၊ သိမ်မွေ့သော အတွေး သို့မဟုတ် အယူအဆတစ်ခုဖြစ်စေ ပေးသည်။ သို့တည်းမဟုတ် သူသည် သင့်အား ထုတ်ပြန်ချက်တစ်ခုဖြစ်စေ၊ သတင်းစကားတစ်ခုဖြစ်စေ အသိပေးနိုင်သည်။ ဤသည်မှာ အသံတစ်သံ ရှိနေသကဲ့သို့ဖြစ်သော်လည်း အသံမရှိသကဲ့သို့လည်း ဖြစ်နေပြန်သည်။ ယင်းသည် သတိပေးချက်တစ်ခုကဲ့သို့ဖြစ်ပြီး မည်သည့်အရာ ဆိုလိုသည်ကို သင်နားလည်နိုင်သည်။ သင်သည် ဆက်လက်၍ သင်နားလည်သည့် အဓိပ္ပာယ်ကို ယူပြီး သင့်လျော်သော စကားများဖြင့် ဖော်ပြလျှင် တစ်စုံတစ်ခုကို ရရှိပေမည်။ ပြီးလျှင် သူတစ်ပါးတို့ကိုလည်း တည်ဆောက်စရာ ဖြစ်စေလိမ့်မည်။ လူတို့သည် အစဉ်သဖြင့် ဤသို့တွေ့ကြုံလျှင် သမ္မာတရားများစွာကို တဖြည်းဖြည်းချင်း နားလည်လာလိမ့်မည်။ လူတို့အနီးတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှု အစဉ်အမြဲ ရှိနေလျှင်၊ ၎င်းတို့ကို ဦးဆောင်နေသည့် အလင်းသစ်တစ်ခု အစဉ်အမြဲ ရှိနေလျှင် ၎င်းတို့သည် စစ်မှန်သော လမ်းမှ မည်သည့်အခါမျှ သွေဖည်မသွားဖို့ သေချာသည်။ မည်သူကမျှ သင်နှင့် လုံးဝ မိတ်သဟာယမဖွဲ့လျှင်ပင်၊ မည်သူကမျှ သင့်ကို လမ်းမပြလျှင်ပင်၊ သင်၌ အလုပ်အစီအစဉ်များ မရှိလျှင်ပင် သင့်အား သန့်ရှင်းသော ဝိညာဉ်တော် ညွှန်ပြသည့် ဦးတည်ရာအတိုင်း လျှောက်ပါက သင်သည် လမ်းမလွဲဖို့ သေချာ၏။ သခင်ယေရှု ရှင်ပြန်ထမြောက်ကာ ကောင်းကင်ဘုံသို့ တက်ကြွသွားပြီးနောက်တွင် ပေတရုက သခင်ယေရှုကို မြင်ခဲ့သော်လည်း အကြိမ်အနည်းငယ်မျှသာ ဖြစ်သည်။ သူသည် လူတို့ထင်မြင်သကဲ့သို့ သခင်ယေရှုကို မကြာခဏ မြင်နိုင်ခဲ့သည်မဟုတ် သို့မဟုတ် သူဆန္ဒရှိသည့် မည်သည့်အချိန်တွင်မဆို သခင်ယေရှုကို မြင်နိုင်ခဲ့သည်မဟုတ်။ သူနားမလည်သည့်အရာတစ်ခုခုအကြောင်း ဆုတောင်းသည့်အခါတိုင်းတွင်လည်း သခင်ယေရှုကို မြင်နိုင်ခဲ့သည် မဟုတ်။ ဤကဲ့သို့မဟုတ်ပေ။ ဘုရားသခင်ကို မြင်ရန် ဤမျှ လွယ်ကူသလော။ ဘုရားသခင်က လူတို့ထံသို့ လိုလိုလားလား မပေါ်ထွန်းပေ။ အချိန်အများစုတွင် ဘုရားသခင်သည် ပေတရုအား သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုမှတစ်ဆင့် အမှုအရာများကို နားလည်စေခဲ့ခြင်း ဖြစ်သည်။ သင်တို့သည် ပေတရုက စွမ်းဆောင်နိုင်ခဲ့သောအရာကို အဘယ်ကြောင့် မစွမ်းဆောင်နိုင်သနည်း။ နောက်ဆုံး ခြုံငုံကြည့်လိုက်လျှင် ဤသည်မှာ မည်သည့်အရာကို သက်သေပြသနည်း။ သင်တို့၏ အစွမ်းအစသည် မလုံလောက်သည်ကိုလည်းကောင်း၊ သင်တို့တွင် နားလည်နိုင်သည့် စွမ်းအားမရှိသည်ကိုလည်းကောင်း၊ သင်တို့သည် အမှုအရာများကို ချင့်ချိန်စဉ်းစားခြင်းမှတစ်ဆင့် အဖြေမရှာနိုင်သည်ကိုလည်းကောင်း သက်သေပြ၏။ မည်သည့်အရာကို ရင်ဆိုင်ရပါစေ ဘုရားနှုတ်ကပတ်တော်များတွင် ရှိသော သမ္မာတရားနှင့်အညီ ယင်းကို မှတ်ယူရမည်။ လူတို့သည် ၎င်းတို့၌ အမှုအရာများ ဖြစ်ပျက်သောအခါ ၎င်းတို့၏ ကိုယ်ပိုင်အတွေးများနှင့် ဦးနှောက်အတွင်းတွင် အစဉ်သဖြင့် နေထိုင်လျှင်၊ ထို့ပြင် ထိုအရာများကို လူသား၏ နည်းလမ်းများဖြင့် ကိုင်တွယ်လျှင် ၎င်းတို့သည် မည်သည့်အရာကိုမျှ ရရှိမည်မဟုတ်ပေ။ ပေတရုသည် သူ၌ တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ မည်သည့်အရာကို စဉ်းစားသနည်း။ သူသည် ယင်းကို သခင်ယေရှု၏ နှုတ်ကပတ်တော်များနှင့်အညီ စဉ်းစားပြီး ချင့်ချိန်သည်။ ဤသို့ဖြင့် ဘုရားသခင်၏ အလိုတော်ကို အဖြေရှာနိုင်ခဲ့သည်။ နောက်ပိုင်းတွင် သခင်ယေရှုက ကောင်းကင်ဘုံသို့ တက်ကြွသွားသောအခါ ပေတရုသည် ဘုရားသခင်၏ အလိုတော်ကို အဘယ်ကြောင့် အဖြေရှာနိုင်ဆဲ ဖြစ်သနည်း။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြခြင်းမှတစ်ဆင့် ထိုသို့ သူလုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကို မခံစားမိနိုင်ခဲ့လျှင်၊ သခင်ယေရှုက ရှင်ပြန်ထမြောက်ကာ ကောင်းကင်ဘုံသို့ တက်ကြွသွားပြီးနောက် သူ့ထံ မပေါ်ထွန်းခဲ့လျှင် ဘုရားအလိုတော်ကို သူအဘယ်သို့ နားလည်နိုင်မည်နည်း။ ဇာတိခန္ဓာတွင် ရှိသော ဘုရားသခင်သည် လူတို့ထင်မြင်သကဲ့သို့ လူတို့ကို စုံလင်အောင် ပြုပေးရန်အတွက် နေ့စဉ် လူတို့ကို ကိုယ်တိုင်ကိုယ်ကျ မရပ်မနား လမ်းပြလျက် အလုပ်လုပ်ခြင်း မရှိပေ။ ဤသို့မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်က တွဲဖက်၍ ရှိနေသည်။ ဝိညာဉ်တော်၏ တွဲဖက်အလုပ်က အများစုကို လုပ်ဆောင်ခြင်း ဖြစ်၏။ ဇာတိခန္ဓာက ရှေ့ဆောင်အလုပ်ကို လုပ်သည်။ ထိုအလုပ်ပြီးသွားသောအခါ ကျန်ရှိသော အသေးစား ကိစ္စရပ်များသည် သန့်ရှင်းသော ဝိညာဉ်တော်က လူတို့နားလည်အောင် ဉာဏ်အလင်းဖွင့်ပြသည့် အရာများဖြစ်သည်။ လူတို့သည် ဤအရာကို မဖမ်းဆုပ်ထားနိုင်ဘဲ တစ်စိတ်တစ်ပိုင်းသာ ရနိုင်လျှင် နောက်ထပ် အသေးစိတ် အချက်အလက်များကို ရနိုင်မည်မဟုတ်။ ထိုအရာများကို မရနိုင်လျှင် ၎င်းတို့သည် ပြောင်းလဲမည် မဟုတ်သကဲ့သို့ တိုးတက်မှုရှိမည်လည်း မဟုတ်ပေ။

သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှု သို့မဟုတ် ဉာဏ်အလင်းဖွင့်ပြမှုကို မတွေ့ကြုံရသေးသောသူများအတွက် ထိုအရာများကို နားလည်ရန် မလွယ်ကူပေ။ အမှန်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုနှင့် ဉာဏ်အလင်းဖွင့်ပြမှုတွင် ပုံစံတစ်ခုရှိသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုနှင့် ဉာဏ်အလင်းဖွင့်ပြမှုအကြောင်း ပြောသည့်အခါတိုင်း၌ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို မရရှိနိုင်မီတွင် များစွာ ဒုက္ခခံပြီး ကြီးမားသော အဖိုးအခကို ပေးရမည်ဟု ထင်လျက် အစဉ်သဖြင့် နားလည်မှုလွဲကြ၏။ ဤသည်မှာ လူသား၏ အယူအဆဖြစ်သည် မဟုတ်သလော။ လူတို့သည် ပျင်းရိပြီး ၎င်းတို့၏ စိတ်နှလုံးသည် အလွန်ကြမ်းတမ်းသောကြောင့် ပုံမှန်အားဖြင့် ၎င်းတို့၏ ဝိညာဉ်တွင်ရှိသော ခံစားချက်များကို မည်သည့်အခါမျှ အာရုံမစိုက်ပေ။ ထိုနေရာတွင် အလင်းနှင့် ဉာဏ်အလင်းဖွင့်ပြမှု အနည်းငယ်ရှိလာသောအခါတွင် ၎င်းတို့သည် ထိုအရာကို မည်သည့်အရာမျှ မဟုတ်သကဲ့သို့ သဘောထားကြ၏။ သင်သည် သင်၏ အရေးကိစ္စများ၌ တစ်နေကုန် အသက်ရှင်ပြီး အယူဝါဒစကားများ၊ စည်းမျဉ်းများကို ဖက်တွယ်ထားကာ ဇာတိပကတိဘဝနှင့် အချစ်ရေးဆန်သော ချစ်ခြင်းဘဝကို အသက်ရှင်လျှင် သန့်ရှင်းသော ဝိညာဉ်တော်က သင့်အား ဉာဏ်အလင်းမဖွင့်ပေးနိုင်၊ လမ်းပြမပေးနိုင်ပေ။ သူသည် ယင်းကို လုပ်ဆောင်ရန် မဖြစ်နိုင်ပေ။ သင်သည် ပို၍ ဆုတောင်းရမည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ရှာဖွေရမည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို လက်ခံပြီး လွတ်ထွက်မသွားစေရန် နည်းလမ်းကို ရှာရမည်။ ဘုရားသခင်ထံ ဆုတောင်းလော့။ “အို ဘုရားသခင်၊ ကျွန်ုပ်အပေါ် အလုပ်လုပ်တော်မူပါ၊ ကျွန်ုပ်ကို စုံလင်စေပြီး ပြောင်းလဲပေးတော်မူပါ၊ အရာရာ၌ ကိုယ်တော်၏ အလိုတော်ကို နားလည်စေပြီး ကိုယ်တော်၏ ရည်ရွယ်ချက်များကို နာခံစေပါ၊ ကိုယ်တော်၏ ကြီးမြတ်သော ချစ်ခြင်းနှင့် ကိုယ်တော်၏ အလိုတော်သည် ကျွန်ုပ်အပေါ် ကိုယ်တော်၏ ကယ်တင်ခြင်းတွင် ရှိပါသည်၊ လူတို့သည် ကိုယ်တော်ကို မနာခံဘဲ အာခံကြသော်လည်း၊ ၎င်းတို့သည် သဘောသဘာဝအရ ပုန်ကန်ကြသော်လည်း လူတို့ကို ကယ်တင်ရာတွင် ကိုယ်တော်၏ အလိုတော်ကို ယခု ကျွန်ုပ်နားလည်ပါပြီ။ ကိုယ်တော်နှင့်အတူ ပူးပေါင်းလုပ်ဆောင်လိုပါသည်။ ကျွန်ုပ်ကို အခြေအနေများ၊ စမ်းသပ်မှုများ၊ ဆင်းရဲဒုက္ခများ ပို၍ ပေးပြီး ဤဆင်းရဲဒုက္ခများတွင် ကိုယ်တော်၏ လက်တော်ကို ကျွန်ုပ်အား မြင်စေပါ။ ကိုယ်တော်၏ လုပ်ဆောင်မှုများကို မြင်စေပါ။ သို့မှသာ ကျွန်ုပ်သည် ကိုယ်တော်၏ အလိုတော်ကို နားလည်ပြီး နာခံနိုင်သောသူတစ်ယောက် ဖြစ်နိုင်ပါသည်။ ကျွန်ုပ်ကို ကာမဂုဏ် မလွန်ကျူးစေဘဲ မြေပေါ်တွင် ခြေထောက်ကို မြဲမြံစွာ ချထားသူတစ်ယောက် ဖြစ်စေပါ” ဟူ၍ ဖြစ်သည်။ ဤသို့ ဆုတောင်းလော့။ မကြာခဏ ဤသို့ ဆုတောင်းလော့။ သင့်အပေါ်တွင် အစဉ်သဖြင့် အလုပ်လုပ်ပြီး သင့်အား ဦးဆောင်ပေးပါရန် သန့်ရှင်းသော ဝိညာဉ်တော်ကို တောင်းလျှောက်လော့။ သင်သည် လမ်းမှန်ကို လျှောက်နေပြီး သင်အာရုံစိုက်သင့်သည့်အရာအပေါ် အာရုံစိုက်နေသည်ကို သန့်ရှင်းသော ဝိညာဉ်တော်က မြင်သောအခါ သူသည် သင့်ကို စမ်းသပ်ရန် အခြေအနေတအချို့ ရှေးဦးစွာ သင့်အား ပေးပြီး သင်ကျော်လွှားနိုင်ခြင်း ရှိမရှိ ကြည့်ရန် ကြီးလေးသော စမ်းသပ်မှုတစ်ခုကို ပေးသည်။ လူအချို့က ယင်းကို မခံနိုင်ဘဲ ရှိကောင်း ရှိနိုင်သည်။ ၎င်းတို့က “အို ဘုရားသခင်၊ ဤအခြေအနေသည် လွန်ကဲလွန်းသည်။ ကျွန်ုပ်မခံနိုင်ပါ” ဟု ဆိုကြလိမ့်မည်။ ထို့နောက်တွင် ၎င်းတို့သည် ဤအမှုကိစ္စ၌ ကျရှုံးသွားပြီး ဖြစ်လိမ့်မည်။ သင်ရောက်ရှိနေသည့် အခြေအနေသည် သင့်အတွက် လွန်ကဲလွန်းသည်ဟု အမှန်တကယ် ခံစားရလျှင် ဘုရားသခင်ထံ ဤသို့ ဆုတောင်းလော့။ “အို ဘုရားသခင်၊ ကိုယ်တော်ကျွန်ုပ်ကို ပေးသည့် အခြေအနေသည် လွန်ကဲလွန်းပါ၏။ ကျွန်ုပ်မခံနိုင်ပါ။ သို့သော် ကျွန်ုပ်ကြိုးပမ်းလိုစိတ် ရှိပါသည်။ ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုနှင့်အညီ ကျွန်ုပ်ကို ပံ့ပိုးပေးတော်မူပါ။ ကျွန်ုပ်အနေဖြင့် ပြင်းထန်သော ဒုက္ခကို ဖြတ်သန်းရသည်ဖြစ်စေ၊ ပေါ့ပါးသော ဒုက္ခကို ဖြတ်သန်းရသည်ဖြစ်စေ ကိုယ်တော့်ကို သစ္စာဖောက်ခြင်း သို့မဟုတ် ညည်းညူခြင်း မရှိဘဲ ကိုယ်တော်၏ အလိုတော်ကို နားလည်စေတော်မူပါ။ ကိုယ်တော်ကို ကျေနပ်စေသည်အထိ အပြည့်အဝ နာခံနိုင်အောင် လုပ်ပေးတော်မူပါ။ ကျွန်ုပ်သည် ပြင်းထန်သော ဒုက္ခကို ဖြတ်သန်းရသည်ဖြစ်စေ၊ ပေါ့ပါးသော ဒုက္ခကို ဖြတ်သန်းရသည်ဖြစ်စေ ကိုယ်တော်၏ အလိုတော်ဖြစ်နေသရွေ့ ညည်းညူခြင်း လုံးဝ မရှိဘဲ နာခံလိုစိတ်ရှိပါသည်၊ ကျွန်ုပ်သည် ကိုယ်တော်၏ ရည်ရွယ်ချက်များကို ဆန့်ကျင်လိုစိတ်မရှိပါ၊ ဒုက္ခက မည်မျှပြင်းထန်ပါစေ ကျွန်ုပ် တောင့်ခံနိုင်သရွေ့ ထိုဒုက္ခကို ကျွန်ုပ်အား ပေးရန် ကိုယ်တော်ကို တောင်းဆိုပါသည်” ဟူ၍ ဖြစ်သည်။ သင်သည် မိမိကိုယ်ကို ယုံကြည်မှုရှိစွာ၊ ရဲရင့်စွာ ဆုတောင်းရမည်။ ထွက်မပြေးနှင့်၊ သို့မဟုတ် မတွန့်ဆုတ်နှင့်။ သင်က လမ်းမှန်အား လျှောက်လှမ်းနေသည်ကိုလည်းကောင်း၊ သင်လုပ်ဆောင်ရမည့်အရာကို အလွန်ပင် လုပ်ဆောင်နေသည်ကိုလည်းကောင်း၊ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ကို အမှန်ပင် အလိုရှိသည်ကိုလည်းကောင်း၊ သမ္မာတရားအား သင်လိုက်စားသည်ကိုလည်းကောင်း သန့်ရှင်းသော ဝိညာဉ်တော် မြင်သောအခါတွင် သူသည် သင့်အား ကြီးလေးသော အခြေအနေတစ်ခုနှင့် ထိုအခြေအနေကို ကျော်လွှားဖို့ ကြီးမားသော ခွန်အားကို ပေးကောင်း ပေးလိမ့်မည်။ ထို့နောက်တွင် သင်သည် အနိုင်ရရှိပြီး ဖြစ်လိမ့်မည်။ သင့်အနေဖြင့် အထူးပင် ကြီးလေးခက်ခဲသော အခြေအနေတစ်ခုကို ကျော်လွှားခြင်းသည် အယူဝါဒစကားအချို့ကို နားလည်ခြင်းသက်သက်ထက် အလွန်ပင် ပို၍ အဆင့်မြင့်သည်။ ယင်းသည် သက်သေခံခြင်းနှင့် သက်ဆိုင်သော အမှုကိစ္စဖြစ်၏။

လူတို့သည် နေ့စဉ်ဘဝတွင် လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများ မျိုးစုံဖြင့် ထိတွေ့ကြသည်။ ၎င်းတို့တွင် သမ္မာတရားမရှိသကဲ့သို့ ဆုတောင်းခြင်းနှင့် သမ္မာတရားကို ရှာဖွေခြင်းလည်း မရှိလျှင် ၎င်းတို့သည် စုံစမ်းသွေးဆောင်မှုကို ဖယ်ရှားရန် ခက်ခဲသည်ကို တွေ့ရလိမ့်မည်။ ဥပမာ ယောက်ျားနှင့် မိန်းမကြားရှိ ဆက်ဆံမှုများကို ကြည့်လော့။ လူအချို့သည် ဤသို့သော စုံစမ်းသွေးဆောင်မှုများကို မခံနိုင်ပေ။ ဤအခြေအနေမျိုးကို ၎င်းတို့ ရင်ဆိုင်ရသည်နှင့်တစ်ပြိုင်နက် ကျရှုံးကြသည်။ ဤသည်မှာ ၎င်းတို့သည် ဝိညာဉ်ရင့်ကျက်မှု သေးငယ်လွန်းသည်ကို မပြသလော။ သမ္မာတရားမရှိသောသူတို့သည် ဤသို့ သနားစဖွယ်ဖြစ်ပြီး မည်သည့်သက်သေကိုမျှ လုံးဝ မခံပေ။ လူအချို့သည် ငွေကြေးနှင့် ဆက်နွှယ်သော အခြေအနေများကို ကြုံရသည့်အခါ စုံစမ်းသွေးဆောင်မှုအတွင်းသို့ သက်ဆင်းသွားကြသည်။ ငွေကြေးရှိသော အခြားလူတစ်ယောက်ကို မြင်သောအခါ ၎င်းတို့က “ထိုသူတို့မှာ အလွန်ငွေကြေးရှိပြီး ငါမူကား အလွန်ဆင်းရဲနေသည်မှာ အဘယ်သို့ ဖြစ်ရသနည်း။ မျှတမှုမရှိ” ဟု ညည်းညူကြသည်။ ၎င်းတို့တွင် ဤသို့ ဖြစ်ပျက်သောအခါ၌ ညည်းညူကြသည်။ ၎င်းတို့သည် ဘုရားသခင်ထံမှ သဘောပေါက်ရယူနိုင်ခြင်း မရှိကြပေ သို့မဟုတ် သူ၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်ကို မနာခံနိုင်ကြပေ။ ဂုဏ်အဆင့်အတန်းကို အစဉ် အာရုံစိုက်သောသူတချို့လည်း ရှိသည်။ ၎င်းတို့သည် ဤစုံစမ်းသွေးဆောင်မှုမျိုးနှင့် ရင်ဆိုင်ရသောအခါ မကျော်လွှားနိုင်ကြပေ။ ဥပမာ မယုံကြည်သူတစ်ယောက်သည် ၎င်းတို့ကို အရာရှိရာထူးတစ်ခုအတွက် အလုပ်ခန့်အပ်လိုပြီး အကျိုးကျေးဇူးများစွာ ပေးလိုသောအခါ ၎င်းတို့က ခိုင်မာစွာ မရပ်တည်နိုင်ပေ။ “ငါလုပ်သင့်သလော” ဟူ၍ ၎င်းတို့စဉ်းစားကြသည်။ ၎င်းတို့သည် ဆုတောင်း၏။ ချင့်ချိန်စဉ်းစား၏။ ထို့နောက် “ဟုတ်ပြီ၊ ငါလုပ်ရမည်” ဟူ၍ ဖြစ်သွားလေသည်။ ၎င်းတို့စိတ်ပိုင်းဖြတ်လိုက်ပြီဖြစ်ရာ ၎င်းတို့၏ အားထုတ်ကြိုးပမ်းမှုတွင် အဓိပ္ပာယ်မရှိတော့ပေ။ ၎င်းတို့သည် ဤအရာရှိရာထူးကို ယူပြီး ယင်း၏ အကျိုးအမြတ်များကို ယူရန် ရှင်းလင်းစွာ ဆုံးဖြတ်လိုက်ကြပြီ ဖြစ်သည်။ သို့သော်လည်း ၎င်းတို့သည် ဘုရားသခင်အား ယုံကြည်ခြင်းတွင်ရှိသော ကောင်းချီးများအား ဆုံးရှုံးရမည်ကို ကြောက်ရွံ့ပြီး ပြန်လာ၍ ဘုရားသခင်ကိုလည်း ယုံကြည်လိုကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်အား “ဘုရားသခင်၊ ကျွန်ုပ်ကို စမ်းသပ်တော်မူပါ” ဟု ဆုတောင်းကြသည်။ သင့်အား စမ်းသပ်ရန် မည်သည့်အရာ ကျန်ရှိသနည်း။ သင်သည် သင်၏ အရာရှိရာထူးကို ယူရန် ဆုံးဖြတ်နှင့်ပြီးဖြစ်သည်။ သင်သည် ဤအမှုကိစ္စတွင် ခိုင်မာစွာ မရပ်တည်ခဲ့ဘဲ ကျရှုံးခဲ့ပြီးဖြစ်သည်။ သင်သည် စမ်းသပ်ခြင်းခံရဖို့ လိုအပ်သေးသလော။ သင်သည် ဘုရားသခင်၏ စမ်းသပ်ခြင်းနှင့် မထိုက်တန်ပေ။ သင်သည် သင်၏ သနားစဖွယ်ကောင်းလောက်အောင် သေးငယ်သော ဝိညာဉ်ရင့်ကျက်မှုနှင့် ယင်းကို ခံနိုင်မည်လော။ မိမိတို့မြင်သည့် မည်သည့်အကျိုးအမြတ်ကိုမဆို ယှဉ်ပြိုင်ရယူသော စက်ဆုပ်ဖွယ်လူအချို့ပင် ရှိကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အပါးတွင် ရှိနေပြီး မည်သည့်အမြင်များကို ၎င်းတို့ ဖော်ပြသည်၊ ၎င်းတို့၏ သဘောထားက မည်သည့်အရာဖြစ်သည်ဆိုသည်တို့ကို ကြည့်ရန် ၎င်းတို့ကို စောင့်ကြည့်ပြီး ၎င်းတို့ကို စတင်စမ်းသပ်သည်။ လူတချို့က မိမိတို့ဘာသာ စဉ်းစားကြသည်မှာ “ဤအရာက ငါ့အပေါ် ဘုရားသခင်၏ ကြင်နာမှုဖြစ်လျှင်ပင် ငါအလိုမရှိ။ ငါ့တွင် အလုံအလောက် ရှိနေပြီ ဖြစ်သည်။ ဘုရားသခင်က ငါ့အပေါ် ကြင်နာမှု ပြသလွန်းသည်၊ ကောင်းစွာ စားသောက်ရခြင်း၊ ကောင်းစွာ ဝတ်စားဆင်ယင်ရခြင်းကို ငါ ဂရုမစိုက်၊ သမ္မာတရားအား လိုက်စားခြင်းနှင့် ဘုရားသခင်အား ရယူခြင်းကိုသာ ငါ ဂရုစိုက်သည်၊ ငါ ရရှိခဲ့သော သမ္မာတရားသည် ဘုရားသခင်က ငါ့အား အခမဲ့ပေးခဲ့ခြင်းဖြစ်သည်၊ ဤအရာများဖြင့် ငါ မထိုက်တန်” ဟု ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့၏ စိတ်နှလုံးကို စိစစ်ပြီး ၎င်းတို့ကို ပို၍ပင် ဉာဏ်အလင်းဖွင့်ပြကာ ပို၍ နားလည်စေသည်။ ပို၍ ခွန်အားရရှိစေသည်။ ပြီးလျှင် ၎င်းတို့အတွက် သမ္မာတရားကို ပို၍ ပွင့်လင်းမြင်သာစေသည်။ သို့ရာတွင် ထိုစက်ဆုပ်ဖွယ်လူများကမူ ထုတ်ပေးသော အကျိုးအမြတ်ကို မြင်ပြီး “မည်သူကမျှ ရယူရန် မကြိုးပမ်းနိုင်မီတွင် ငါသည် ယင်းကို ရယူရန် ကြိုးပမ်းမည်။ ၎င်းတို့က အခြားတစ်စုံတစ်ယောက်ကို ပေးပြီး ငါ့အား မပေးလျှင် ငါသည် သူတို့ကို ပယ်ပယ်နယ်နယ် ကြိမ်းမောင်းပြီး အခက်တွေ့အောင် လုပ်ပစ်မည်။ ၎င်းတို့ကို ငါ့အကြောင်းပြပစ်မည်။ ပြီးလျှင် နောက်တစ်ခါ၌ မည်သူအား ၎င်းတို့ပေးသည်ကို ကြည့်ကြစို့” ဟု စဉ်းစားကြသည်။ ၎င်းတို့သည် ဤသို့သော အမျိုးအစားဖြစ်သည်ကို သန့်ရှင်းသော ဝိညာဉ်တော်က မြင်ပြီး ၎င်းတို့ကို ဖော်ထုတ်သည်။ ၎င်းတို့၏ အကျည်းတန်မှုက ဖော်ထုတ်ခြင်းခံရသည်။ ဤလူစားမျိုးသည် အပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်။ နှစ်ပေါင်းမည်မျှကြာ ၎င်းတို့ယုံကြည်သည်ဖြစ်စေ ၎င်းတို့အတွက် အကျိုးဖြစ်မည်မဟုတ်။ မည်သည့်အရာကိုမျှ ၎င်းတို့ရရှိနိုင်မည် မဟုတ်ပေ။ အကြိမ်များစွာတွင် သန့်ရှင်းသော ဝိညာဉ်တော်က လူတို့အား ကြင်နာမှုပြသောအခါ ၎င်းတို့သည် မမျှော်လင့်သော အချိန်၌ ရရှိကြသည်။ ဘုရားသခင်က သင့်အား ကြင်နာမှုမပြလျှင် သင့်အတွက် အပြစ်ဒဏ်သည်လည်း သင်မမျှော်လင့်သောအချိန်တွင် ဖြစ်လိမ့်မည်။ ဤသည်မှာ သမ္မာတရားကို မလိုက်စားသောသူတို့အတွက် မည်မျှအန္တရာယ်ရှိပုံ ဖြစ်သည်။

လူတို့သည် ၎င်းတို့ထံ ဖြစ်ပျက်လာသော အမှုအရာများအပေါ် သိမြင်မှုမရှိဘဲ လုပ်ဆောင်ဖို့ သင့်လျော်သည့် အရာကိုလည်း မသိသောအခါတွင် ၎င်းတို့လုပ်ဆောင်သင့်သည့် ပထမဆုံးသောအရာမှာ အဘယ်နည်း။ ၎င်းတို့သည် ရှေးဦးစွာ ဆုတောင်းသင့်သည်။ ဆုတောင်းခြင်းက အဦးဆုံးလာ၏။ ဆုတောင်းခြင်းက မည်သည့်အရာကို ထုတ်ဖော်ပြသသနည်း။ သင်သည် ဘုရားတရားကိုင်းရှိုင်းသည်ကိုလည်းကောင်း၊ သင့်ထံ၌ ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်းတချို့ရှိသည့် စိတ်နှလုံးရှိသည်ကိုလည်းကောင်း၊ ဘုရားသခင်အား ရှာဖွေရမည်ကို သင်သိသည်ကိုလည်းကောင်း ထုတ်ဖော်ပြသည်ဖြစ်ရာ သင်သည် ဘုရားသခင်အား ဦးစားပေးသည်ကို သက်သေပြ၏။ ဘုရားသခင်သည် သင်၏ စိတ်နှလုံးတွင်ရှိပြီး ဘုရားအတွက် သင်၏ စိတ်နှလုံး၌ နေရာတစ်နေရာ ရှိသောအခါ၊ ဘုရားသခင်ကို သင်နာခံနိုင်သောအခါ သင်သည် ဘုရားတရားကိုင်းရှိုင်းသော ခရစ်ယာန်တစ်ယောက်ဖြစ်သည်။ ပုံမှန်အချိန်နှင့် ပုံမှန်နေရာတွင် ဒူးထောက်၍ ဆုတောင်းသော သက်ကြီးရွယ်အို ယုံကြည်သူများစွာ ရှိသည်။ ၎င်းတို့သည် တစ်ကြိမ်တစ်ကြိမ်တွင် တစ်နာရီ၊ နှစ်နာရီကြာ ဒူးထောက်ကြသည်။ သို့သော် ဤသို့ ၎င်းတို့ဒူးထောက်လာခဲ့သည်မှာ နှစ်မည်မျှကြာသည်ဖြစ်စေ ၎င်းတို့၏ အပြစ်နှင့်သက်ဆိုင်သော ပြဿနာများစွာက မပြေလည်သေးဘဲ ဖြစ်နေသည်။ ဤသို့သော ဘာသာရေးဆန်ဆန် ဆုတောင်းချက်သည် အသုံးဝင်ခြင်းရှိမရှိကို ဦးစွာ ဘေးဖယ်ထားကြစို့။ အနည်းဆုံးအနေဖြင့် ဤသက်ကြီးရွယ်အို ညီအစ်ကိုမောင်နှမများသည် အနည်းငယ် ဘုရားတရားကိုင်းရှိုင်းသည်။ ဤနေရာတွင် ၎င်းတို့သည် လူငယ်များထက် အလွန်ပို၍ သာသည်။ သင်သည် ဘုရားရှေ့တွင် အသက်ရှင်လိုပြီး ဘုရားအမှုတော်ကို တွေ့ကြုံလိုလျှင် သင့်ထံ၌ တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ သင်လုပ်ဆောင်သင့်သည့် ပထမဆုံးသောအရာမှာ ဆုတောင်းခြင်းဖြစ်သည်။ ဆုတောင်းခြင်းဟူသည်မှာ စိတ်တွင် မှတ်သားထားသော စကားစုများကို အကြောင်းမဲ့ ရွတ်ဆိုနေသည့် အမှုကိစ္စသက်သက်မျှ မဟုတ်ပေ။ ဤသို့ဆိုလျှင် မည်သို့မျှ ထူးခြားမည်မဟုတ်။ သင်သည် သင်၏ စိတ်နှလုံးဖြင့် ဆုတောင်းခြင်းကို လေ့ကျင့်ရမည်။ သင်သည် ပြသစရာရလဒ် သိပ်မရှိဘဲ ဤကဲ့သို့ ရှစ်ကြိမ်၊ ကိုးကြိမ်ခန့် ဆုတောင်းကောင်း ဆုတောင်းရလိမ့်မည်။ သို့သော် စိတ်ဓာတ်မကျနှင့်။ သင်သည် ဆက်လက်၍ လေ့ကျင့်ရမည်။ သင့်ထံ၌ တစ်စုံတစ်ခု ဖြစ်ပျက်သောခါ ဦးစွာ ဆုတောင်းလော့။ ရှေးဦးစွာ ဘုရားသခင်ကို ပြောပြပြီး သူ့ကို ဦးဆောင်စေလော့။ ဘုရားသခင်အား သင့်ကို ကူညီခွင့်ပြုလော့။ သင့်အား ညွှန်ပြပြီး လမ်းပြခွင့်ပေးလော့။ ဤသည်မှာ သင့်တွင် ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးရှိပြီး ဘုရားသခင်ကို သင်ဦးစားပေးကြောင်းကို သက်သေပြလိမ့်မည်။ သင်၌ တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ သို့မဟုတ် အခက်အခဲတစ်ခုခုကို သင်ကြုံရ၍ အပျက်သဘောဆောင်ကာ စိတ်ဆိုးသောအခါ ဤသည်မှာ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်မရှိခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့မှု သင့်တွင် ကင်းမဲ့နေခြင်းတို့၏ သရုပ်သကန်ပင် ဖြစ်သည်။ လက်တွေ့ဘဝတွင် မည်သည့်အခက်အခဲကို သင်ရင်ဆိုင်ရသည်ဖြစ်စေ ဘုရားသခင်ရှေ့သို့ လာရမည်။ ပထမဆုံး လုပ်ဆောင်ရမည့်အရာမှာ ဒူးထောက်၍ ဆုတောင်းရန်ဖြစ်သည်။ ဤသည်မှာ အရေးပါဆုံးသောအရာဖြစ်သည်။ ဆုတောင်းခြင်းက သင့်စိတ်နှလုံးတွင် ဘုရားသခင်အတွက် နေရာတစ်နေရာရှိသည်ကို ထုတ်ဖော်ပြသည်။ သင်သည် ဒုက္ခရောက်သောအခါ ဘုရားသခင်အား မျှော်ကိုးခြင်း၊ ဘုရားထံ ဆုတောင်းခြင်း၊ ဘုရားသခင်ထံမှ ရှာဖွေခြင်းသည် သင်၏ စိတ်နှလုံး၌ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းတချို့ရှိကြောင်း ပြသည်။ ဘုရားသခင်က သင့်စိတ်နှလုံး၌ မရှိလျှင် သင်ဤသို့ လုပ်ဆောင်မည်မဟုတ်ပေ။ လူအချို့က “ကျွန်ုပ်ဆုတောင်းသော်လည်း ဘုရားသခင်က ကျွန်ုပ်ကို ဉာဏ်အလင်းဖွင့်မပြသေးပါ” ဟု ဆိုကြသည်။ ဤကဲ့သို့ ပြောဆိုခြင်းက နည်းလမ်းမကျပေ။ သင်သည် သင့်ဆုတောင်းချက်နောက်ကွယ်ရှိ ရည်ရွယ်ချက်က မှန်မမှန်ကို ဦးစွာ ကြည့်ရမည်။ သင်သည် ရိုးသားစစ်မှန်စွာဖြင့် သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်ထံ မကြာခဏ ဆုတောင်းလျှင် ဘုရားသခင်က သင့်အား ဉာဏ်အလင်းဖွင့်ပြပြီး နားလည်စေသည့် အမှုကိစ္စတစ်ခုခု ရှိဖို့များသည်။ မည်သို့ပင်ဖြစ်စေ ဘုရားသခင်က သင့်ကို နားလည်စေလိမ့်မည်။ ဘုရားသခင်က သင့်အား ဉာဏ်အလင်းဖွင့်မပြလျှင် သင့်ဘာသာ နားလည်နိုင်မည်မဟုတ်ပေ။ သင့်တွင် နားလည်နိုင်စွမ်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သင်၏ အစွမ်းအစက မည်သို့ရှိသည်ဖြစ်စေ လူသား၏ အတွေးဖြင့် မရရှိနိုင်သော အရာအချို့ရှိသည်။ သင်သည် အမှန်ပင် နားလည်သောအခါ၌ ယင်းသည် သင်၏ အတွေးအခေါ်မှ လာသလော။ ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ သန့်ရှင်းသော ဝိညာဉ်တော်ပြုသည့် လုပ်ဆောင်မှု၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ သန့်ရှင်းသော ဝိညာဉ်တော်က သင့်အား ဉာဏ်အလင်းဖွင့်မပြလျှင် သင်သည် သိမြင်မှုရှိသော တစ်စုံတစ်ယောက်ကို ရှာတွေ့မည်မဟုတ်ပေ။ ဘုရားသခင်ကိုယ်တိုင်က သူဆိုလိုသည့်အရာကို သင့်အား ပြောသည့်အခါမှသာ သင်သိလိမ့်မည်။ ထို့ကြောင့် သင့်ထံ၌ တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ ပထမဆုံး လုပ်ဆောင်ရမည့်အရာမှာ ဆုတောင်းရန်ဖြစ်သည်။ သင်ဆုတောင်းသောအခါ နာခံခြင်း စိတ်နေစိတ်ထားဖြင့် ဘုရားသခင်အား သင်၏ အတွေး၊ အမြင်၊ သဘောထားတို့ကို ဖော်ပြသင့်ပြီး သူ့ထံမှ သမ္မာတရားကို ရှာဖွေသင့်သည်။ ဤသည်မှာ လူတို့ လက်တွေ့လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ဝတ်ကျေတမ်းကျေသာ လုပ်ဆောင်လျှင် မည်သည့်ရလဒ်ကိုမျှ ရရှိမည်မဟုတ်ပေ။ ဤသို့ဖြစ်၍ သန့်ရှင်းသော ဝိညာဉ်တော်က သင့်အား ဉာဏ်အလင်းဖွင့်ပြခြင်းမရှိဟု မညည်းညူသင့်။ လူတချို့သည် ဘုရားသခင်အပေါ် ၎င်းတို့ယုံကြည်မှုတွင် ဘာသာရေးအခမ်းအနားများသာ ကျင်းပပြီး ဘာသာရေးလှုပ်ရှားမှုများကိုသာ လုပ်ဆောင်ကြသည်ကို ငါတွေ့ရသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် သူ့အတွက် နေရာလုံးဝမရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကိုပင် ၎င်းတို့ ငြင်းဆန်ကြသည်။ ၎င်းတို့သည် ဆုတောင်းခြင်း သို့မဟုတ် ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရှုခြင်း မရှိ။ ၎င်းတို့သည် စုဝေးပွဲကိုသာ သွားသွားတက်နေပြီး ထိုထက်မပိုပေ။ ဤသည်မှာ ဘုရားသခင်အပေါ် ယုံကြည်ခြင်း ဖြစ်သလော။ ၎င်းတို့သည် ၎င်းတို့ ယုံကြည်သည့်ပုံစံအတိုင်း ဆက်လက်၍ ယုံကြည်ကြသည်။ သို့တိုင်အောင် ၎င်းတို့၏ ယုံကြည်ခြင်းတွင် ဘုရားသခင်မရှိပေ။ ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးတွင် မရှိ၍ ၎င်းတို့သည် ဘုရားသခင်ထံ ဆုမတောင်းလိုတော့ပေ။ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုလိုစိတ် မရှိတော့ပေ။ ဤသို့ဆိုလျှင် ၎င်းတို့သည် မယုံကြည်သူများ ဖြစ်မသွားသလော။ အထွေထွေ အရေးကိစ္စများကို မကြာခဏ ကိုင်တွယ်သော ခေါင်းဆောင်နှင့် အမှုဆောင်အချို့ အထူးသဖြင့် ရှိသည်။ ၎င်းတို့သည် အသက်သို့ ဝင်ရောက်မှုကို မည်သည့်အခါမျှ အာရုံမစိုက်သော်လည်း အထွေထွေ အရေးကိစ္စများဆိုင်ရာ အလုပ်ကိုမူ ၎င်းတို့၏ အဓိကအလုပ်အဖြစ် ခံယူသည်။ ၎င်းတို့သည် အလုပ်မန်နေဂျာသက်သက်ထက် မပိုသောသူများ ဖြစ်လာကြပြီး ခေါင်းဆောင်များ၊ အမှုဆောင်များ၏ အဓိကအလုပ် တစ်ခုကိုမျှ မလုပ်ပေ။ ရလဒ်အနေဖြင့် ၎င်းတို့သည် အနှစ်နှစ်ဆယ်၊ သုံးဆယ်ကြာ ဘုရားသခင်ကို ယုံကြည်ပြီးနောက်တွင် ၎င်းတို့၏ ဘဝအတွေ့အကြုံနှင့်ပတ်သက်ပြီး ပြောစရာစကား မရှိသကဲ့သို့ ဘုရားသခင်အပေါ် အမှန်တကယ် သိမြင်ခြင်းလည်း မရှိပေ။ အယူဝါဒစကားနှင့် စကားစုအနည်းငယ်ကိုသာ ပြောဆိုနိုင်သည်။ ဤသို့အားဖြင့် ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များ ဖြစ်မလာသလော။ ဤသည်မှာ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် ၎င်းတို့၏ သင့်လျော်သော တာဝန်များကို အရေးမစိုက်သောကြောင့် သို့မဟုတ် သမ္မာတရားကို မလိုက်စားသောကြောင့် ဖြစ်သည်။ အယူဝါဒစကားအချို့အား နားလည်ခြင်းကိုသာ အမှီပြုခြင်းသည် မည်သည့်အရာကိုမျှ ဖြေရှင်းပေးမည် မဟုတ်ပေ။ ၎င်းတို့သည် စမ်းသပ်ခြင်းခံရသည်နှင့် သို့မဟုတ် ဘေးဒုက္ခကို ခံရသည်နှင့် သို့မဟုတ် ဖျားနာသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်ကို စောဒကတက်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် သိမြင်ခြင်း လုံးဝမရှိကြပေ။ ၎င်းတို့တွင် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်လည်း လုံးဝမရှိပေ။ ဤသည်မှာ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်လာခဲ့သည့် ဤနှစ်များတွင် သမ္မာတရားအား မလိုက်စားခဲ့သည်ကိုလည်းကောင်း၊ ပြင်ပအရာများဖြင့်သာ မိမိတို့ဘာသာမိမိတို့ အလုပ်ရှုပ်နေခဲ့၍ ရလဒ်အနေဖြင့် မိမိတို့ကိုယ်ကို ပျက်စီးရာပျက်စီးကြောင်း ဖြစ်စေခဲ့သည်ကိုလည်းကောင်း ပြသသည်။ လူတို့သည် ဘုရားသခင်ကို ယုံကြည်သည်မှာ နှစ်မည်မျှကြာသည်ဖြစ်စေ ကျရှုံးခြင်း သို့မဟုတ် မကောင်းမှုကျူးလွန်ခြင်း သို့မဟုတ် ဖယ်ရှားခံရခြင်းတို့ မရှိဖို့ သေချာအောင် လုပ်ဆောင်မည်ဆိုလျှင် အနည်းဆုံးအနေဖြင့် သမ္မာတရားအချို့ကို နားလည်လာရမည်။ ဤသည်မှာ ၎င်းတို့ ပြင်ဆင်ထားသင့်သည့် အနည်းဆုံးသောအရာဖြစ်သည်။ လူတချို့သည် တရားဒေသနာများကို နားထောင်သောအခါ စိတ်မပါ့တပါ ဖြစ်နေပြီး ဘုရားနှုတ်ကပတ်တော်များကိုလည်း ချင့်ချိန်စဉ်းစားခြင်း မရှိပေ။ ၎င်းတို့၌ မည်သည့်အရာဖြစ်ပျက်ပါစေ သမ္မာတရားကို မရှာဖွေကြပေ။ ၎င်းတို့သည် သမ္မာတရားအား ရရှိပြီးဖြစ်သည်ဟု ယူဆလျက် ကျမ်းဟောင်းတရားများနှင့် အယူဝါဒစကားများဖြင့်သာ ကျေနပ်နေကြသည်။ ထို့နောက် စမ်းသပ်မှုတစ်ခု လာသောအခါ ၎င်းတို့သည် လုံးဝ သိမြင်မှုမရှိကြပေ။ ၎င်းတို့၏ စိတ်နှလုံးတွင် ကျယ်လောင်စွာ ပြောဆိုလိုသော်လည်း မပြောဆိုရဲသည့် နာကြည်းချက်များ၊ ညည်းညူချက်များဖြင့် ပြည့်နေကြသည်။ ဤသို့သောသူများသည် အလွန်ပင် သနားစဖွယ်သာဖြစ်သည် မဟုတ်လော။ လူများစွာတို့သည် ၎င်းတို့၏ တာဝန်အား ထမ်းဆောင်ရာတွင် အစဉ်ပေါ့ဆပြီး ဝတ်ကျေတမ်းကျေဆန်ကြသည်။ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရသောအခါ ဆင်ခြင်သုံးသပ်ခြင်း သို့မဟုတ် မိမိကိုယ်ကို နားလည်အောင် ကြိုးစားခြင်း မရှိကြပေ။ ၎င်းတို့သည် အစဉ်သဖြင့် ရှာကြံအကြောင်းရှာနေကြသည်။ ထို့ကြောင့် ၎င်းတို့၏ အကျည်းတန်မှုသည် မတူညီသော ပုံစံများစွာဖြင့် ပေါ်ထွက်ပြီး ၎င်းတို့သည် ဖော်ထုတ်ခံရကာ ဖယ်ရှားခံရသည်။ အဆုံးတိုင်အောင် မိမိတို့ကိုယ်ကို သိနိုင်စွမ်းမရှိကြပေ။ ဤသို့ဆိုလျှင် ထိုအယူဝါဒများကို ၎င်းတို့ နားလည်ခြင်း၌ မည်သည့်အဓိပ္ပာယ်ရှိသနည်း။ လုံးဝ အဓိပ္ပာယ်မရှိပေ။ လူတို့သည် ဘုရားသခင်ကို ယုံကြည်သည်မှာ နှစ်မည်မျှကြာသည်ဖြစ်စေ အယူဝါဒကို နားလည်ပြီး ပြောဆိုနိုင်ရုံမျှသည် အသုံးမဝင်ပေ။ ၎င်းတို့သည် သမ္မာတရားကို မရရှိဘဲ လမ်းလွဲသွားကြလေပြီ။ ထို့ကြောင့် သင့်ထံ၌ တစ်စုံတစ်ခုဖြစ်ပျက်ပြီး သင်က ဘုရားသခင်အား ဆုတောင်းသောအခါ၊ သူ၏ ရည်ရွယ်ချက်များကို ရှာဖွေသောအခါ ပြဿနာကို ဖြေရှင်းဖို့ဆိုလျှင် အဓိကအချက်မှာ သမ္မာတရားကို နားလည်လာရန် ဖြစ်သည်။ ဤသည်မှာ မှန်ကန်သော လမ်းကြောင်းဖြစ်၏။ သင်သည် ဤသို့သော လက်တွေ့လုပ်ဆောင်မှုကို စဉ်ဆက်မပြတ် ဆက်လက်လုပ်ဆောင်သင့်သည်။

၁၉၉၇

အရှေ့သို့- လောကီဆင်းရဲဒုက္ခကို ဘုရားသခင် မြည်းစမ်းခြင်း၏ အဓိပ္ပာယ်

နောက်တစ်ခုသို့- မာနထောင်လွှားသော သဘာဝတစ်ခုသည် ဘုရားသခင်အပေါ် လူသား၏ခုခံခြင်း၏ အရင်းအမြစ်၌ ရှိသည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။