၃၀။ ဖော်ရွေတတ်ခြင်းသည် ကောင်းသောလူ့သဘာဝအတွက် သင့်လျော်သောစံတစ်ခု ဖြစ်ပါသလား
ငယ်ငယ်တုန်းကတော့ ကျွန်မကို ပြောလို့ဆိုလို့ရတယ်၊ ယဉ်ကျေးတယ်လို့ လူတွေက အမြဲပြောကြတယ်။ တိုတိုပြောရရင် လိမ္မာတဲ့ကလေးပေါ့။ ကျွန်မက သူများတွေကို စိတ်ဆိုးခဲတယ်။ ဘာပြဿနာမှလည်း မရှာခဲ့ဖူးဘူး။ ယုံကြည်ခြင်းထဲ ဝင်ရောက်လာပြီးတော့လည်း၊ ကျွန်မက တခြားညီအစ်ကိုမောင်နှမတွေနဲ့ တော်တော်ကို ဖော်ဖော်ရွေရွေပါပဲ။ သည်းခံတယ်၊ စိတ်ရှည်တယ်၊ ချစ်ခင်တတ်တယ်။ တစ်ခါတုန်းက တချို့သက်ကြီးပိုင်း အသင်းဝင်တွေကို ကွန်ပျူတာအသုံးပြုနည်း သင်ပေးခဲ့ရတာကို ကျွန်မ မှတ်မိတယ်။ ကျွန်မက သူတို့ကို စိတ်ရှည်ရှည်နဲ့ ထပ်ခါထပ်ခါ သင်ပေးခဲ့တာ။ တစ်ခါတလေ သူတို့က သင်ယူတာ နှေးကွေးပြီး၊ ကျွန်မလည်း နည်းနည်း စိတ်အနှောင့်အယှက် ဖြစ်လာရင်တောင်၊ စိတ်မရှည်တာကို မပြမိဖို့ ကြိုးစားခဲ့တယ်။ သူများတွေက ကျွန်မမှာ ချစ်ခြင်းမေတ္တာ မရှိဘူးလို့ ပြောမှာကို ကြောက်လို့လေ။ အကျိုးဆက်အနေနဲ့၊ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို ကောင်းတဲ့လူ့သဘာဝ ရှိတယ်လို့ မကြာမကြာ ပြောကြတယ်။ ကျွန်မရဲ့ခေါင်းဆောင်ကလည်း ကျွန်မကို လူသစ်တွေကို ရေလောင်းပေးဖို့ ရွေးချယ်လိုက်တယ်၊ အဲဒီတာဝန်ကို စိတ်ရှည်ပြီး ကြင်နာတတ်တဲ့ လူတွေပဲ ကောင်းကောင်းမွန်မွန် လုပ်နိုင်တာတဲ့။ အဲဒါကို ကြားရတဲ့အချိန်မှာ ကျွန်မ အရမ်း ကိုယ့်ကိုယ်ကိုယ်ကျေနပ်သွားတယ်။ ဖော်ရွေကြင်နာတတ်တာက ကောင်းတဲ့လူ့သဘာဝ လက္ခဏာတစ်ခုပဲဆိုတာကို ပိုပြီးတော့ သေချာသွားတယ်။
နောက်တော့ အစ်မလိမင်နဲ့ ကျွန်မက အသင်းတော်မှာ ခေါင်းဆောင်တွေအဖြစ် တွဲလုပ်ရတယ်။ အချိန်တစ်ခုစာလောက် အတူတူတွဲလုပ်ကြပြီးတော့၊ ကျွန်မ မြင်မိတာက၊ လိမင်က အကြောင်းကိစ္စတွေကို သူ့စိတ်ကြိုက် လုပ်ချင်တယ်။ နည်းနည်းလည်း ဒေါသစိတ်ရှိတယ်။ အကြောင်းကိစ္စတွေက သူ့စိတ်ကြိုက် မဖြစ်ဘူးဆိုရင်၊ သူက ခဏခဏ ဒေါသဖြစ်လာရော။ ပြီးတော့လည်း သူက သူ့အလုပ်မှာ ရှင်းရှင်းလင်းလင်း မရှိဘူး။ မကြာမကြာ လှည့်ဖြားတတ်တယ်။ စည်းမျဉ်းတွေနဲ့အညီ မလုပ်ဆောင်ဘူး။ အသင်းတော်ရဲ့အလုပ်ကိုလည်း မကာကွယ်ဘူး။ သူက ညီအစ်ကိုမောင်နှမတွေကို ဆက်သွယ်ဖို့ အချိန်တော်တော်ကြာတဲ့အထိ သူ့ဆဲလ်ဖုန်းကိုပဲ ဆက်သုံးနေတာ။ ဒီဟာကြောင့် ရဲတွေက ကျွန်မတို့ကို စောင့်ကြည့်နိုင်သွားမယ်၊ အသင်းတော်အတွက်လည်း ဒုက္ခရောက်စေနိုင်တယ်ဆိုတာ ကျွန်မ သိတယ်။ သူ့ကို ပိတ်ပင်ဖို့ ကျွန်မလည်း ခဏခဏ စဉ်းစားမိတယ်။ ဒါပေမဲ့ ထုတ်ပြောတော့မယ်ဆိုလိုက်တိုင်း ကျွန်မ နောက်တွန့်သွားရော။ သူ့ပြဿနာကို တိုက်ရိုက် ထောက်ပြလိုက်ရင်၊ သူက ကျွန်မကို အပြင်ပန်းမှာ လူကောင်းတစ်ယောက်လို ပြုမူပေမဲ့၊ ကျွန်မရဲ့စကားတွေ၊ လုပ်ရပ်တွေမှာကျတော့ တော်တော် မငဲ့ညှာတတ်ဘူး၊ ဒီတော့ ပေါင်းရသင်းရ ခက်တယ်ဆိုပြီး၊ ထင်လာနိုင်တယ်လို့ ကျွန်မက ယူဆမိတယ်လေ။ အဲဒါကို သေချာစဉ်းစားကြည့်ပြီးတော့၊ ကျွန်မလည်း အလျှော့ပေးဖို့နဲ့၊ သူ့ဆဲလ်ဖုန်းကို သုံးနေလား မသုံးနေဘူးလားဆိုတာပဲ မေးကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူ သုံးနေတယ်ဆိုတာကို ဝန်မခံတော့ဘူးဆိုတဲ့ အချိန်ကျမှ၊ သူ လိမ်နေမှန်း ကျွန်မ သိသွားတယ်။ ဒါပေမဲ့ ကျွန်မတို့ကြားမှာ စိတ်ဝမ်းကွဲတာ ဖြစ်လာလိမ့်မယ်၊ သူလည်း ကျွန်မကို အထင်သေးလာလိမ့်မယ်ဆိုပြီး စိုးရိမ်ရင်းနဲ့၊ သူ့ကို မဖော်ထုတ်ခဲ့ဘူး၊ မဟန့်တားမိခဲ့ဘူး။ နောက်ပိုင်းမှာ လိမင်ရဲ့ပြဿနာတွေက ပိုပိုပြီး စိုးရိမ်စရာဖြစ်လာတယ်လို့ ကျွန်မ မြင်မိတယ်။ တစ်ခါကျတော့ ညီအစ်ကိုမောင်နှမတချို့က ကျွန်မကို ပြောကြရော၊ စည်းဝေးပွဲတွေမှာ သူ့အမျိုးသားက ဩဝါဒတွေအကြောင်းကို ကြွားဖို့အတွက်ပဲ အမြဲပြောဆိုနေတယ်၊ လက်တွေ့ပြဿနာတွေကို မဖြေရှင်းဘူးတဲ့။ သူများတွေကိုလည်း သူ့ကို လေးစားကြအောင်ဆိုပြီး သူ ဘယ်လောက် ဒုက္ခခံခဲ့တယ်၊ သူ့တာဝန်မှာ ဘယ်လောက် ပေးဆပ်ခဲ့တယ်ဆိုတဲ့အကြောင်းတွေ ပြောတယ်တဲ့။ စုံစမ်းကြည့်ပြီးတဲ့အခါမှာ သူက ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ မသင့်တော်ဘူး၊ ထုတ်ပယ်သင့်တယ်လို့ ဆုံးဖြတ်လိုက်ကြရော။ ကျွန်မက လိမင်ကို ဒီအကြောင်း ပြောပြလိုက်တော့၊ သူက ညီအစ်ကိုမောင်နှမတွေရဲ့အကဲဖြတ်ချက်က မမှန်ကန်ဘူး၊ သူ့အမျိုးသားအတွက် မမျှတဘူးလို့ ပြောရင်းနဲ့၊ အရမ်း စိတ်ဆိုးလာတယ်။ ကျွန်မတို့က ဘာဖြစ်လို့ ပြဿနာကို သတင်းပို့သူတွေကို မစစ်ဆေးဘဲ၊ သူ့အမျိုးသားကိုပဲ စုံစမ်းစစ်ဆေးရတာလဲဆိုပြီးတော့တောင် သူက မေးခွန်းထုတ်သေးတာ။ ကျွန်မလည်း တုန်လှုပ်သွားတယ်။ လိမင်ဆီမှာ အဲဒီလို ညံ့ဖျင်းတဲ့သဘောထားမျိုး ရှိလိမ့်မယ်လို့ လုံးဝ မထင်ခဲ့ဘူး။ ကျွန်မလည်း ကိစ္စတွေ ချောမွေ့သွားအောင် ကြိုးစားကြည့်မယ်ဆိုပြီး သူ့ကို ပြောပြတယ်၊ “ဒီကိစ္စမှာ အစ်မစိတ်နှလုံးကို ငြိမ်သက်အောင်လုပ်ပြီး၊ ဘုရားအလိုတော်ကို ရှာဖွေပါ။ ကိုယ့်စိတ်ခံစားချက်တွေက ကိုယ့်ကို မလွှမ်းမိုးမိအောင် ကြိုးစားပါ” ပေါ့။ ဒါပေမဲ့ သူက ကျွန်မကို လုံးဝ နားမထောင်ဘူး။ အလျှော့ကို မပေးတော့တာ။ လိမင်က ခေါင်းမာမာနဲ့ တားဆီးတာတွေကြောင့်၊ သူ့အမျိုးသားရဲ့ပြဿနာကို မဖြေရှင်းဘဲ ထားလိုက်ရတယ်။ အဲဒီနောက်မှာ စည်းဝေးပွဲတစ်ခု လုပ်နေတုန်း၊ လိမင်က ညီအစ်ကိုမောင်နှမတွေကို အပြစ်တင်ဆုံးမတယ်။ ညီအစ်မတစ်ယောက်ဆို မျက်ရည်ကျတဲ့အထိတောင် ဖြစ်သွားတယ်။ လိမင်ရဲ့ပြဿနာက တော်တော် ဆိုးရွားလာခဲ့တာပါ။ တခြားသူတွေက သူ့အမျိုးသားကို မျှမျှတတနဲ့ အရှိအတိုင်း အကဲဖြတ်ပြီး၊ အဖြစ်မှန်တွေကိုပဲ ဖော်ထုတ်ပြကြတာ။ ဒါပေမဲ့ ဒါက သူ့အကျိုးစီးပွားကို ခြိမ်းခြောက်တာဆိုတော့၊ သူက စိတ်ဆိုးပြီး အဲဒီလူတွေကို နင့်နင့်သီးသီး ပြောဆိုတာပဲ။ သူ့မှာ ယုတ်ညံ့တဲ့လူ့သဘာဝ ရှိနေတာပါ။ ကျွန်မလည်း သူ့ပြဿနာကို အပေါ်က ကျွန်မတို့ခေါင်းဆောင်ဆီ တင်ပြချင်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်မ စဉ်းစားတယ်၊ “အဲဒါဆို သတင်းပေးဘဝ ရောက်ပြီး သူ့နောက်ကျော ဓားနဲ့ထိုးနေတာ မဟုတ်ဘူးလား။ ပြီးတော့ ငါက သူ့ကို တိုင်ကြားလိုက်ရင်၊ ခေါင်းဆောင်က သူ့ကို မိတ်သဟာယပေးဖို့ လှမ်းခေါ်မှာဆိုတော့၊ သူ့ကို တိုင်တဲ့လူက ငါဖြစ်မှန်း သူ သိသွားရင်၊ သူ ငါ့ကို ဘယ်လို ထင်လာမလဲ။ ငါက သူ့ကို နောက်ကွယ်မှာ မတရားသဖြင့် ပြောနေတယ်၊ ငါ့မှာ ယုတ်ညံ့တဲ့လူ့သဘာဝ ရှိတယ်လို့ ပြောမှာမဟုတ်ဘူးလား” ပေါ့။ ဒါကို နားလည်ရင်းနဲ့ ကျွန်မလည်း သူ့ကို တိုင်ကြားဖို့ ရှောင်လိုက်မိတယ်။ ဒါပေမဲ့ နည်းနည်း ချုပ်တည်းလိုက်ရတာမျိုးပဲ။ မချိတင်ကဲဖြစ်ရတယ်။ ကိုယ့်ကို အနိုင်ကျင့်တဲ့လူတစ်ယောက်က ရန်လုပ်တာကို ခံနေရသလိုမျိုးပဲ။
နောက်တော့ တခြားလူတွေက သူ့ကို တိုင်ကြားကြတာနဲ့၊ လိမင်လည်း နောက်ဆုံး ထုတ်ပယ်ခံရတယ်။ နောက်ဆက်တွဲအနေနဲ့ အပေါ်ကခေါင်းဆောင်က ကျွန်မကိုပါ ဖော်ထုတ်တော့တာပဲ။ “အပြင်ပန်းမှာတော့ ခင်ဗျားက လူတိုင်းနဲ့ အဆင်ပြေသလို ထင်ရပေမဲ့၊ ခင်ဗျားမှာ ဘုရားရှင်အပေါ် စစ်မှန်တဲ့ သစ္စာစောင့်သိခြင်း မရှိဘူး။ လိမင်ရဲ့ပြဿနာကို သတိပြုမိတဲ့အချိန်မှာ ဘာဖြစ်လို့ သူ့ကို ဖော်ထုတ်ပြီး မဟန့်တားခဲ့တာလဲ။ အဲဒီလို အရေးကြီးတဲ့ကိစ္စမျိုးကို ဘာလို့ အစီရင်မခံဘဲနေရတာလဲ။ ခင်ဗျားက အသင်းတော်ရဲ့အလုပ်ကို ကာကွယ်ချင်လား၊ မကာကွယ်ချင်ဘူးလား” တဲ့။ ကိုယ့်ခေါင်းဆောင်က ကိုင်တွယ်ဖြေရှင်းတာကို ခံလိုက်ရတော့မှပဲ ကျွန်မလည်း သတိဝင်သွားတယ်။ ဘုရားကို ဆုတောင်းပြီး ဆင်ခြင်လာမိတယ်။ ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ခုကိုလည်း အမှတ်မထင် တွေ့တယ်။ အဲဒီမှာ မိန့်ဆိုတာက၊ “ကောင်းမွန်သော လူ့သဘာဝ ရှိခြင်းအတွက် စံနှုန်းရှိရမည်။ ယင်းသည် တော်သင့်ရုံ လမ်းကြောင်းကို လျှောက်လှမ်းခြင်း၊ အခြေခံသဘောတရားများကို မလိုက်နာခြင်း၊ မည်သူကိုမျှ စိတ်အနှောင့်အယှက်မဖြစ်စေဖို့ ကြိုးပမ်းအားထုတ်မှု၊ သင် သွားသည့် နေရာတိုင်းတွင် မျက်နှာလို မျက်နှာရ လုပ်ခြင်း၊ သင် တွေ့ဆုံသည့် လူတိုင်းကို ပြေပြစ်စွာ ဆက်ဆံခြင်းနှင့် လူတိုင်းကို သင့်အား အကောင်းပြောစေခြင်းတို့ မပါဝင်ပေ။ ဤသည်မှာ စံနှုန်းမဟုတ်။ ထိုသို့ဆိုလျှင် မည်သည်မှာ စံနှုန်းဖြစ်သနည်း။ ဘုရားသခင်နှင့် သမ္မာတရားကို ကျိုးနွံနာခံနိုင်ခြင်း ဖြစ်သည်။ မိမိ၏တာဝန်၊ လူ၊ ဖြစ်ရပ်၊ အမှုအရာမျိုးစုံတို့ကို စည်းမျဉ်းများနှင့် တာဝန်သိစိတ်တို့ဖြင့် ချဉ်းကပ်ခြင်း ဖြစ်သည်။ ဤသည်မှာ အားလုံးမြင်နိုင်လောက်အောင် ရိုးရှင်းပေသည်။ လူတိုင်းက မိမိတို့၏စိတ်နှလုံးထဲတွင် ဤအရာနှင့်ပတ်သက်၍ ရှင်းလင်းကြသည်။ ထို့အပြင် ဘုရားသခင်က လူများ၏ စိတ်နှလုံးများကို ရှာဖွေပြီး ၎င်းတို့၏အခြေအနေ တစ်ခုချင်းစီတိုင်းကို သိသည်။ ၎င်းတို့ မည်သူဖြစ်ပါစေ၊ မည်သူမျှ ဘုရားသခင်ကို မလှည့်စားနိုင်ပေ။ အချို့သော လူတို့သည် ကောင်းမွန်သော လူ့သဘာဝကို ၎င်းတို့ ပိုင်ဆိုင်ကြကြောင်း၊ ၎င်းတို့သည် အခြားသူများအကြောင်း မည်သည့်အခါမျှ မကောင်းမပြောကြောင်း၊ အခြားမည်သူမဆို၏ အကျိုးစီးပွားများကို မည်သည့်အခါမျှ မထိခိုက်စေကြောင်း အမြဲ ကြွားဝါကြပြီး အခြားသူများ၏ ပိုင်ဆိုင်မှုကို ၎င်းတို့ မည်သည့်အခါမျှ ငမ်းငမ်းတက်မလိုချင်ဖူးကြောင်း အခိုင်အမာ ပြောဆိုကြလေသည်။ အကျိုးစီးပွားနှင့်ပတ်သက်၍ ငြင်းခုံမှုဖြစ်သည့်အခါတွင် အခြားသူများကို အခွင့်ကောင်းယူခြင်းထက် ၎င်းတို့သာ ဆုံးရှုံးနစ်နာခံပြီး လူတိုင်းက သူတို့ကို လူကောင်းများဟု ထင်သည်ကို နှစ်သက်လေသည်။ သို့သော် ဘုရားသခင်၏ အိမ်တော်ထဲ၌ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်နေချိန်တွင်၊ ၎င်းတို့သည် အစဉ် မိမိတို့ကိုယ်တိုင်အတွက် ကြံစည်လျက်၊ ဉာဏ်များကာ စိတ်မချရပေ။ ၎င်းတို့သည် မည်သည့်အခါတွင်မျှ ဘုရားသခင့်အိမ်တော်၏ အကျိုးကျေးဇူးများကို မတွေးကြ၊ ဘုရားသခင်က အရေးတကြီးဖြစ်သည်ဟု သဘောထားသောအရာကို အရေးတကြီးဖြစ်သည်ဟု ၎င်းတို့ လုံးဝ သဘောမထားကြ သို့မဟုတ် ဘုရားသခင် တွေးသကဲ့သို့ မတွေးကြပေ၊ ပြီးလျှင် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကို လုံးဝ ဘေးမဖယ်ထားနိုင်ကြပေ။ ၎င်းတို့၏ အကျိုးစီးပွားများကို ၎င်းတို့ လုံးဝ မစွန့်လွှတ်ကြချေ။ မကောင်းမှုပြုသူများက မကောင်းမှု ကျူးလွန်နေကြသည်ကို ၎င်းတို့ မြင်သည့်အချိန်တွင်ပင်၊ ထိုသူတို့ကို မဖော်ထုတ်ကြချေ။ ၎င်းတို့သည် မည်သည့်ကိုယ်ကျင့်တရားများ တစ်ခုတလေမျှ မရှိကြပေ။ ဤသည်မှာ မည်သည့် လူ့သဘာဝမျိုးဖြစ်သနည်း။ ကောင်းသောလူ့သဘာဝမဟုတ်ပေ။ ထိုသို့သောလူများ ပြောသည့်အရာကို အာရုံမစိုက်လေနှင့်။ သူအသက်ရှင် နေထိုင်သည့်အရာ၊ သူ ထုတ်ဖော်ပြသည့်အရာနှင့် သူ၏ တာဝန်များကို ဆောင်ရွက်ချိန်တွင် သူ၏သဘောထား မည်သည့်အရာ ဖြစ်သည် ဆိုသည့်အပြင် သူ၏ အတွင်းပိုင်းအခြေအနေ မည်သည့်အရာ ဖြစ်ပြီး သူ မည်သည့်အရာ ချစ်သည်ကို သင် မြင်ရမည်။ ၎င်းတို့၏ ကိုယ်ပိုင်ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ၎င်းတို့ချစ်ခြင်းသည် ဘုရားသခင်အပေါ် ၎င်းတို့သစ္စာရှိခြင်းထက် ပိုလွန်ပါက၊ ၎င်းတို့၏ ကိုယ်ပိုင် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ချစ်ခြင်းသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများထက် သာလွန်ပါက၊ သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင် ကျော်ကြားမှုနှင့် အကျိုးအမြတ်များကို ချစ်ခြင်းသည် ဘုရားသခင်ကို ၎င်းတို့ပြသည့် အရေးထားမှုထက် သာလွန်ပါက၊ ထိုသို့သောလူများသည် လူ့သဘာဝကို ပိုင်ဆိုင်ကြသလော။ ၎င်းတို့သည် လူ့သဘာဝရှိသည့်သူများ မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ရာတွင် မိမိသည် သမ္မာတရားကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကတစ်ဆင့် ကျွန်မ နားလည်သွားတယ်။ လူတစ်ယောက်ရဲ့လူ့သဘာဝကို အကဲဖြတ်နိုင်ဖို့ဆိုတာက သူတို့မှာ နူးညံ့တဲ့စိတ်ထား ရှိရဲ့လား၊ လူတွေရဲ့နောက်ကွယ်မှာ ပြောဆိုတတ်လား၊ ဒါမှမဟုတ် သူများတွေနဲ့ သင့်သင့်မြတ်မြတ် ပေါင်းသင်းနိုင်ရဲ့လားဆိုတဲ့ အပြင်ပန်းလက္ခဏာတွေကို အခြေခံလို့ မရဘူး။ တကယ်တမ်းက ဘုရားရှင်နဲ့ သမ္မာတရားအပေါ် သူတို့ရဲ့သဘောထား၊ သူတို့ရဲ့တာဝန်မှာ စိတ်ချယုံကြည်ရရဲ့လား၊ ပြီးတော့ ကိစ္စရပ်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ဘုရားနဲ့အတူ ရပ်တည်ပြီး၊ သမ္မာတရားနဲ့ စည်းမျဉ်းတွေနဲ့အညီ လုပ်ဆောင်ရဲ့လားဆိုတာတွေကို အခြေခံရမယ်။ ဟိုအရင်ကတော့ ကျွန်မမှာ ကောင်းမွန်တဲ့လူ့သဘာဝ ရှိတယ်လို့ ထင်ခဲ့မိတာ။ ကျွန်မက အပြင်ပန်းအရ ကြင်နာတတ်တယ်။ ချိုသာတဲ့ ပင်ကိုစရိုက်လည်း ရှိတယ်ပေါ့။ ဒါပေမဲ့ လိမင်က ညီအစ်ကိုမောင်နှမတွေကို ဆက်သွယ်ဖို့ သူ့ဆဲလ်ဖုန်းကို သုံးနေမှန်း ကျွန်မ မြင်မိတဲ့အခါ၊ အဲဒါက အသင်းတော်ရဲ့လုံခြုံရေးကို ထိခိုက်စေတယ်လေ၊ သူ့ကို လူသိရှင်ကြား တိုက်ရိုက်ပြောလိုက်ရင်၊ ကျွန်မတို့ဆက်ဆံရေး ပျက်စီးနိုင်တယ်လို့ ကျွန်မက စိုးရိမ်မိတာ။ ဒီတော့ သူ့ကို အလိမ္မာနဲ့ သိမ်သိမ်မွေ့မွေ့ပဲ သတိပေးလိုက်မိတယ်။ သူက သူ့အပြုအမူကို ဝန်မခံတဲ့အခါမှာလည်း ကျွန်မက သူ့ကို မဖော်ထုတ်ခဲ့ဘူး၊ မဟန့်တားခဲ့ဘူး။ ကိုယ့်ဘာသာ တွေးလိုက်တာက၊ “တစ်ခုခု မှားယွင်းခဲ့ရင်၊ ငါက သူ့ကို သတိမပေးခဲ့ပါဘူးလို့ သူ ပြောလို့မရဘူး” ပေါ့လေ။ ဒီလို လုပ်ပုံလုပ်နည်းက ကိုယ့်ပုံရိပ်ကို မထိခိုက်တဲ့အပြင်၊ တစ်ခုခု မှားယွင်းခဲ့ရင်လည်း ကိုယ်က တာဝန်ကနေ လွတ်တယ်ပေါ့။ ကျွန်မက ကိုယ့်ကိုယ်ကျိုးတွေ၊ ဂုဏ်အဆင့်အတန်းနဲ့ ပုံရိပ်ကိုပဲ စဉ်းစားပြီး၊ အသင်းတော်ရဲ့အလုပ်နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့လုံခြုံရေးကိုကျတော့ လုံးဝ ဂရုမစိုက်ခဲ့ဘူး။ တော်တော် တစ်ကိုယ်ကောင်းဆန်ခဲ့တာ၊ သစ္စာဖောက်ခဲ့တာပါ။ လိမင်က သူ့အမျိုးသားရဲ့ကိစ္စမှာ စိတ်ခံစားချက်တွေ ဖြစ်ပြီး၊ တခြားသူတွေကို နင့်နင့်သီးသီး ပြောတာတွေကို မြင်ရတဲ့အချိန်မှာ၊ ကျွန်မက ဒါကို အပေါ်က ကျွန်မတို့ခေါင်းဆောင်ဆီ ချက်ချင်း အစီရင်ခံခဲ့သင့်တာပါ။ ဒါပေမဲ့ သူ့ကို နောက်ကျော ဓားနဲ့ထိုးနေတယ်လို့ ထင်မှာကို စိုးရိမ်တာနဲ့၊ ကျွန်မက တိတ်တိတ်ပဲနေခဲ့မိတာ။ ဒါက အသင်းတော်ရဲ့အလုပ်ကို အပျက်သဘော လွှမ်းမိုးမှု ရှိခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေကိုလည်း ထိခိုက်နစ်နာစေခဲ့ပါတယ်။ ကျွန်မရဲ့လူ့သဘာဝက ဘယ်ရောက်သွားသလဲ။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုနဲ့ ဖော်ထုတ်ပြမှုမှာ ကိုယ့်လုပ်ရပ်တွေကို သုံးသပ်ဆင်ခြင်ရင်းနဲ့၊ ကျွန်မမှာ တော်တော် အပြစ်ရှိသလို ခံစားမိတယ်။ ကိုယ့်မှာ ကောင်းတဲ့လူ့သဘာဝ ရှိတယ်လို့ပဲ အမြဲ ထင်ခဲ့တာ။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ထုတ်ဖော်ခြင်းကြောင့်ရော၊ အဖြစ်မှန်တွေကတစ်ဆင့် ဖော်ထုတ်ခံရတာကြောင့်ရော၊ ကိုယ့်ကိုယ်ကိုယ် သိမြင်နားလည်မှုက လုံးလုံး ပြောင်းလဲသွားတယ်။ အပြင်ပန်းအရ ကျွန်မက သဘောကောင်းတယ်။ ဒါပေမဲ့ အဲဒီသဘောကောင်းခြင်းနောက်ကွယ်မှာ ရွံစရာကောင်းတဲ့ ရည်ရွယ်ချက်တစ်ခု ရှိခဲ့တယ်။ ကျွန်မက ကိုယ်ကျိုးကိုပဲ ဂရုစိုက်ခဲ့တာ၊ အသင်းတော်ရဲ့အလုပ်ကို လုံးဝ မကာကွယ်ခဲ့ဘူး။ အယောင်ဆောင် သဘောကောင်းခြင်းကို အပေးအယူလုပ်ပြီး၊ လူတိုင်း ကျေနပ်အောင် ကြိုးစားခဲ့တာ။ ကျွန်မက ဟန်ပြ ဘာသာရေးကိုင်းရှိုင်းတဲ့လူ၊ ဖောက်ပြန်တဲ့လူတစ်ယောက်ပဲ။ အဲဒီနောက်ပိုင်းမှာ ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ် ကောင်းတဲ့လူ့သဘာဝ ရှိတဲ့လူတစ်ယောက်အဖြစ် ပုံမဖော်ရဲတော့ဘူး။
နောက်တော့ ဘုရားနှုတ်ကပတ်တော်ကျမ်းပိုဒ် နောက်တစ်ခုကို အမှတ်မထင် တွေ့ပြန်ရော။ “ချဉ်းကပ်ရလွယ်ပြီး ဖော်ရွေခြင်းကဲ့သို့သော ‘ကောင်းသော’ အပြုအမူ၏ နောက်ကွယ်ရှိ အနှစ်သာရကို စကားတစ်ခွန်းဖြင့် ဖော်ပြနိုင်သည်။ အယောင်ဆောင်ခြင်းဖြစ်သည်။ ဤသို့သော ‘ကောင်းသော’ အပြုအမူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ပေါက်ဖွားလာခြင်းမဟုတ်သကဲ့သို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ သို့မဟုတ် စည်းမျဉ်းနှင့်အညီ ဆောင်ရွက်ခြင်း၏ ရလဒ်တစ်ခုလည်းမဟုတ်ပေ။ မည်သည့်အရာက ယင်းကို ဖြစ်ပေါ်စေသနည်း။ ယင်းသည် လူတို့၏ ရည်ရွယ်ချက်များ၊ အကြံအစည်များမှလာသည်။ ၎င်းတို့၏ ဟန်ဆောင်ခြင်း၊ အယောင်ဆောင်ခြင်း၊ လှည့်စားခြင်းမှ လာသည်။ ဤ ‘ကောင်းသော’ အပြုအမူများကို လူတို့က ဖက်တွယ်ထားသောအခါတွင် ရည်ရွယ်ချက်မှာ ၎င်းတို့အလိုရှိသောအရာများကို ရရှိရန်ဖြစ်သည်။ ဤသို့မဟုတ်လျှင် ၎င်းတို့သည် မည်သည့်အခါမျှ ဤနည်းလမ်းဖြင့် မိမိတို့ကိုယ်ကို ထိခိုက်စေပြီး ၎င်းတို့၏ ကိုယ်ပိုင်ဆန္ဒများကို ဆန့်ကျင်ကာ အသက်ရှင်လိမ့်မည်မဟုတ်ပေ။ ၎င်းတို့၏ ကိုယ်ပိုင်ဆန္ဒများကို ဆန့်ကျင်ကာ အသက်ရှင်ခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းသည် ၎င်းတို့၏ စစ်မှန်သော သဘာဝက လူတို့ ထင်မြင်သကဲ့သို့ ကောင်းမွန်စွာ ပြုမူဆောင်ရွက်ခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ သိမ်မွေ့ခြင်း၊ ကြင်နာခြင်း၊ ကိုယ့်ကျင့်တရားကောင်းခြင်းတို့ မဟုတ်ပေ။ ၎င်းတို့သည် အသိစိတ်၊ ဆင်ခြင်တုံတရားဖြင့် အသက်မရှင်ပေ။ ထိုအစား ရည်ရွယ်ချက်၊ သို့မဟုတ် တောင်းဆိုမှုတစ်ခုခုကိုရရှိရန် အသက်ရှင်ကြသည်။ လူသား၏စစ်မှန်သော သဘာဝသည် အဘယ်နည်း။ ယင်းသည် ပေါ့တန်ပြီး မသိနားမလည်ခြင်းဖြစ်သည်။ ဘုရားသခင် ချပေးသော တရားတော်များနှင့် ပညတ်တော်များမရှိဘဲ အပြစ်တရားသည် အဘယ်အရာဖြစ်သည်ကို လူတို့ လုံးဝ သိမည်မဟုတ်ပေ။ ဤသည်မှာ လူသားမျိုးနွယ်က ဖြစ်လေ့ရှိခဲ့သည့်အရာမဟုတ်လော။ ဘုရားသခင်က တရားတော်များ၊ ပညတ်တော်များကို ထုတ်ပြန်ခဲ့သောအခါမှသာ လူတို့တွင် အပြစ်တရားနှင့်သက်ဆိုင်သော အယူအဆအချို့ရှိကြသည်။ သို့သော် ၎င်းတို့သည် အမှန်နှင့်အမှား၊ သို့မဟုတ် အပြုသဘောနှင့် အပျက်သဘောဆောင်သောအရာများနှင့်ပတ်သက်ပြီး အယူအဆမရှိကြသေးပေ။ ဤသို့ဖြစ်လျက် ၎င်းတို့သည် ပြောဆိုပြုမူခြင်းအတွက် မှန်ကန်သော စည်းမျဉ်းများကို မည်သို့ သတိပြုမိနိုင်မည်နည်း။ ၎င်းတို့သည် မည်သည့်ပြုမူပုံနည်းလမ်းများ၊ မည်သည့်ကောင်းသောအပြုအမူများကို သာမန်လူ့သဘာဝတွင် တွေ့ရှိသင့်သည်ကို သိနိုင်သလော။ မည်သည့်အရာက အမှန်တကယ် ကောင်းမွန်သော အပြုအမူကို ဖြစ်ပေါ်စေသည်၊ လူသားပုံသဏ္ဌာန်တစ်ခုနှင့် အသက်ရှင်နေထိုင်ရန်အတွက် မည်သည့်လမ်းခရီးကို လိုက်လျှောက်သင့်သည်တို့ကို ၎င်းတို့ သိနိုင်သလော။ မသိနိုင်ပေ။ လူတို့၏ ဆိုးယုတ်သော သဘာဝကြောင့်၊ ၎င်းတို့၏ ဗီဇကြောင့် ၎င်းတို့သည် သင့်တင့်လျောက်ပတ်စွာ အသက်ရှင်ရန်၊ ဂုဏ်သိက္ခာဖြင့် အသက်ရှင်ရန် ဟန်ဆောင်ပြီး အယောင်ဆောင်ခြင်းသာ ပြုလုပ်နိုင်သည်။ ဤအတွက်ကြောင့် ယဉ်ကျေးသိမ်မွေ့ပြီး အသိတရားရှိခြင်း၊ ရည်မွန်ခြင်း၊ ယဉ်ကျေးခြင်း၊ လူကြီးကို လေးစားပြီး လူငယ်ကို ဂရုစိုက်ခြင်း၊ ဖော်ရွေပြီး ချဉ်းကပ်ရလွယ်ခြင်းတို့ကဲ့သို့သော လှည့်စားမှုများဖြစ်ပေါ်လာကြသည်။ ဤနည်းအားဖြင့် ဤလှည့်စားမှုလှည့်ကွက်များနှင့် နည်းလမ်းများထွက်ပေါ်လာသည်။ ဤသို့ ထွက်ပေါ်လာသည်နှင့် လူတို့သည် ဤလှည့်စားမှုတစ်ခု၊ နှစ်ခုကို ရွေးချယ်ပြီး ဖက်တွယ်ထားကြသည်။ လူအချို့က ဖော်ရွေပြီး ချဉ်းကပ်ရလွယ်ခြင်းကို ရွေးချယ်ကြသည်။ လူအချို့က ယဉ်ကျေးသိမ်မွေ့ပြီး အသိတရားရှိခြင်း၊ ရည်မွန်ခြင်းကို ရွေးချယ်ကြသည်။ အချို့က ယဉ်ကျေးခြင်း၊ လူကြီးကို လေးစားပြီး လူငယ်ကို စောင့်ရှောက်ခြင်းကို ရွေးချယ်သည်။ အချို့က ဤအရာများအားလုံးကို ရွေးချယ်သည်။ သို့တိုင်အောင် ငါသည် ဤသို့သော ‘ကောင်းသော’ အပြုအမူများရှိသည့်လူများကို ဝေါဟာရတစ်ခုဖြင့် အဓိပ္ပာယ်သတ်မှတ်သည်။ ထိုဝေါဟာရသည် အဘယ်နည်း။ ‘ချောမွေ့သော ကျောက်ခဲများ’ ဖြစ်သည်။ ချောမွေ့သော ကျောက်ခဲများသည် အဘယ်နည်း။ မြစ်ကမ်းပါးတွင် နှစ်ပေါင်းများစွာ ရေများဖြတ်သန်းစီးဆင်းခြင်းအားဖြင့် ချွန်သော အစွန်းထွက်များတိုက်စားပြီး ပြောင်နေသော ချောမွေ့သော ကျောက်ခဲများဖြစ်သည်။ ၎င်းတို့သည် တက်နင်းလျှင် မနာကျင်နိုင်သော်လည်း ဂရုမစိုက်လျှင် လူတို့သည် ထိုအရာများအပေါ်တွင် ချော်လဲနိုင်သည်။ ပုံသဏ္ဌာန်နှင့်၊ အသွင်အပြင်တို့တွင် ဤကျောက်ခဲများသည် အလွန်လှပသည်။ သို့သော် အိမ်သို့ယူသွားပြီးသည်နှင့် ၎င်းတို့သည် အလွန်ပင် အသုံးမဝင်တော့ပေ။ သင်သည် ၎င်းတို့ကို လွှင့်မပစ်ရက်ပေ။ သို့သော် သိမ်းဆည်းထားရန်လည်း အဓိပ္ပာယ်မရှိပေ။ ဤသည်မှာ ‘ချောမွေ့သော ကျောက်ခဲ’ ဖြစ်သည်။ ငါ့အတွက် ဤကောင်းသောအပြုအမူများဟု သိရသောအရာများရှိသော လူတို့သည် အပေါ်ယံဖြစ်သည်။ ၎င်းတို့သည် အပြင်ပန်းတွင် ကောင်းသည့်ဟန်ဆောင်သည်။ သို့သော် သမ္မာတရားကို လုံးဝ လက်မခံပေ။ ၎င်းတို့သည် ကြားကောင်းသောအရာများကိုပြောကြသည်။ သို့သော် စစ်မှန်သည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ပေ။ ၎င်းတို့သည် အခြားမဟုတ်ဘဲ ချောမွေ့သောကျောက်ခဲများဖြစ်ကြသည်။ သင်သည် ၎င်းတို့ကို သမ္မာတရားနှင့် စည်းမျဉ်းများအကြောင်း မိတ်သဟာယဖွဲ့လျှင် ၎င်းတို့သည် သင့်အား နူးညံ့သိမ်မွေ့သော အမူအကျင့်နှင့် ယဉ်ကျေးခြင်းအကြောင်းကို ပြောလိမ့်မည်။ သင်သည် ၎င်းတို့အား အန္တိခရစ်များကို ပိုင်းခြားသိမြင်ခြင်းအကြောင်းပြောလျှင် ၎င်းတို့သည် သင့်အား အသက်ကြီးသူများကို ရိုသေပြီး ငယ်သူကို ဂရုစိုက်ခြင်း၊ ယဉ်ကျေးသိမ်မွေ့ခြင်း၊ အသိတရားရှိခြင်းအကြောင်း ပြောလိမ့်မည်။ သင်သည် ၎င်းတို့ကို မိမိ၏ အပြုအမူတွင် စည်းမျဉ်းရှိရမည်၊ မိမိတာဝန်တွင် စည်းမျဉ်းများကိုရှာပြီး တစ်ဇွတ်ထိုးမလုပ်ဆောင်ရဟု ပြောလျှင် ၎င်းတို့၏ သဘောထားသည် မည်သို့ဖြစ်မည်နည်း။ ၎င်းတို့က ‘သမ္မာတရားစည်းမျဉ်းတွေနဲ့အညီ ပြုမူတာက တခြားကိစ္စပဲ။ ကျွန်တော်က ယဉ်ကျေးသိမ်မွေ့ပြီး အသိတရားပဲရှိချင်တာ။ ကျွန်တော့်အပြုအမူတွေကို သူများတွေ လက်ခံစေချင်တာ။ အသက်ကြီးသူကို ကျွန်တော် ရိုသေပြီး ငယ်သူကို ဂရုစိုက်သရွေ့၊ အခြားလူတွေက လက်ခံသရွေ့ လုံလောက်ပြီ’ ဟု ပြောလိမ့်မည်။ ၎င်းတို့သည် အပြုအမူကောင်းများကိုသာ ဂရုစိုက်ကြပြီး သမ္မာတရားကို အာရုံမစိုက်ကြပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားခြင်း အဓိပ္ပာယ် (၃)) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ သဘောပေါက်သွားတာက၊ အစဉ်အလာယဉ်ကျေးမှုအရ ကောင်းတယ်လို့ မှတ်ယူတဲ့ ဖော်ရွေမှု၊ ခင်မင်တတ်မှုဆိုတဲ့ အပြုအမူတွေဟာ အနှစ်သာရအရတော့ ဟန်ဆောင်မှုသက်သက်ပါပဲ။ ဒီလိုပြုမူတဲ့သူတွေဟာ လူတွေရဲ့လေးစားမှုကို ရဖို့၊ သူတို့ကို ချီးမွမ်းလေးစားအောင် လူတွေကို လှည့်စားဖို့အတွက်၊ အတုအယောင် ဟန်ပန်တစ်ခုနဲ့ အယောင်ဆောင်နေကြတာပဲ။ ကျိတ်ကြံတာတွေ၊ ဖောက်ပြန်တာတွေချည်းပါပဲ။ ဒီလို ပြုမူတယ်ဆိုတာ လူလိမ်တစ်ယောက် ဖြစ်သွားတာပဲ။ ကျွန်မ ထပ်ပြီး နားလည်သွားသေးတယ်။ လူကောင်းတစ်ယောက်ဖြစ်ဖို့ ဒီလောက်နှစ်တွေအများကြီး ကြိုးစားလာခဲ့တာတောင်၊ ကျွန်မအနေနဲ့ အရမ်း တစ်ကိုယ်ကောင်းဆန်ပြီး ဖောက်ပြန်မိနေသေးတဲ့ အကြောင်းအရင်းက ဒါတွေအားလုံးရဲ့နောက်ကွယ်မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိခဲ့တာကြောင့်ပဲ။ ကျွန်မကို ချီးမွမ်းလေးစားကြအောင်ဆိုပြီး လူတွေကို ကျွန်မအပေါ် အထင်အမြင်ကောင်း ရှိစေချင်ခဲ့တယ်။ ကျွန်မက ငယ်ငယ်လေးကတည်းက အစဉ်အလာယဉ်ကျေးမှုအရ ကောင်းတဲ့အပြုအမူကို တန်ဖိုးထားအောင် ပုံစံသွင်း ပညာပေးခံခဲ့ရတာ။ အပြုအမူကောင်း ရှိတာကြောင့် ကိုယ့်ပတ်ဝန်းကျင်က လူတွေရဲ့ချီးကျူးမှုကို ရလိမ့်မယ်လို့ တွေးခဲ့တာ။ ယုံကြည်ခြင်းထဲ ဝင်ရောက်ပြီးတော့လည်း၊ ဖော်ရွေ ခင်မင်တတ်သူတစ်ယောက် ဖြစ်အောင် ဆက်ပြီး ကြိုးစားခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေကြားမှာလည်း ကောင်းတဲ့ပုံရိပ်တစ်ခုနဲ့ အဆင့်အတန်းတစ်ခုကို ဆက်ထိန်းထားခဲ့တယ်။ အထူးသဖြင့် လိမင်နဲ့အတူ တွဲလုပ်ရတဲ့အချိန်ပေါ့။ သူက သူ့ဖုန်းကို အကြိမ်တော်တော်များများ သုံးပြီး စည်းမျဉ်းတွေကို ချိုးဖောက်နေတယ်၊ ညီအစ်ကိုမောင်နှမတွေကို အန္တရာယ်ပေးနေတယ်၊ အသင်းတော်ရဲ့အကျိုးကို လျစ်လျူရှုနေတယ်ဆိုတာ ကျွန်မ မြင်တယ်။ ဒီတော့ ကျွန်မက သူ့ကို ဖော်ထုတ်ပြီး ဟန့်တားခဲ့သင့်တယ်။ ဒါပေမဲ့ သူက ကျွန်မအပေါ် မကောင်းတဲ့အမြင် ဖြစ်လာမှာကို စိုးရိမ်တာနဲ့၊ ကျွန်မက မသိချင်ယောင်ဆောင်လိုက်တာ။ လိမင်က သူ့အမျိုးသားကို ကာကွယ်နေတယ်၊ ညီအစ်ကိုမောင်နှမတွေကိုတောင် ဖိနှိပ်တယ်၊ ပြီးတော့လည်း ဒါက သာမန် ဖောက်ပြန်ပျက်စီးမှုကိစ္စတစ်ခု မဟုတ်မှန်း၊ ကျွန်မ ရှင်းရှင်းလင်းလင်း မြင်ခဲ့တာပါ။ သူ့လူ့သဘာဝက ယုတ်ညံ့တယ်၊ သူက သင့်တော်တဲ့ ခေါင်းဆောင်တစ်ယောက် မဟုတ်ဘူး။ သူ့ကို ချက်ချင်းပဲ တိုင်ကြားခဲ့သင့်တာပါ။ ဒါပေမဲ့ အဲဒီအစား ကျွန်မက ကိုယ့်အဆင့်အတန်းနဲ့ ပုံရိပ်ကို ထပ်ပြီးကာကွယ်ဖို့အတွက် နှုတ်ဆိတ်နေဖို့ကိုပဲ ရွေးချယ်မိတယ်။ ကိုယ့်ပုံရိပ်ကို ကာကွယ်ဖို့အတွက် ကျွန်မက ကိုယ့်ကို ကျွေးတဲ့လက်ကို ပြန်ကိုက်လိုက်တာ။ အသင်းတော်ရဲ့အကျိုးကို လုံးဝ မကာကွယ်ခဲ့ဘူး။ ဖော်ရွေ ခင်မင်စရာဖြစ်အောင် ကြိုးစားတယ်ဆိုတာ ပျက်စီးတဲ့ ကိုယ့်စိတ်သဘောထားကို ပြောင်းလဲအောင် အထောက်အကူ မပေးတဲ့အပြင်၊ တကယ်တော့ ကိုယ့်ကို ပိုပိုပြီး ဖောက်ပြန်လာစေတယ်ဆိုတာကို ကျွန်မ လေးလေးနက်နက် သတိမူမိလာတယ်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမယ့်အစား၊ ကျွန်မက အပြုအမူကောင်းဖို့ပဲ ချိန်ရွယ်ခဲ့တာ။ ရွံစရာကောင်းတဲ့ ကိုယ့်ရည်ရွယ်ချက်တွေကို ဖုံးကွယ်ဖို့၊ ပြီးတော့ ကိုယ့်မှာ သမ္မာတရားရဲ့စစ်မှန်မှု ရှိတယ်၊ ချစ်ခင်ကြင်နာတတ်တယ်လို့ လူတိုင်းက ထင်ကြဖို့အတွက် ဟန်ဆောင်ပုံရိပ်တစ်ခုကို ထုတ်ပြနေခဲ့တာ။ ကျွန်မကို ယုံကြည်လာအောင်၊ လေးစားထောက်ခံမှုတွေ ပေးလာအောင် သူတို့ကို အရူးလုပ်နေခဲ့တာပါ။ ကျွန်မက ဟန်ပြ ဘာသာရေးကိုင်းရှိုင်းတဲ့ ဖာရိရှဲတွေရဲ့ လမ်းကြောင်းပေါ် ရောက်ပြီး၊ ဘုရားကို ခုခံနေခဲ့တာပဲ။ အဲဒီလို ဆက်သွားခဲ့မယ်ဆိုရင်၊ ဘုရားက ကျွန်မကို ပြစ်တင်ရှုတ်ချပြီး ဖယ်ရှားသွားလိမ့်မယ်။
နောက်တော့ ကျွန်မလည်း နောက်ထပ် ဘုရားနှုတ်ကပတ်တော်ကျမ်းပိုဒ်နှစ်ခုကို ဖတ်မိတယ်။ “လူတို့က သူတို့၏ ကိုယ်ပိုင်အကျိုးစီးပွားကို အစဉ်တွေးသောအခါ၊ သူတို့၏ ကိုယ်ပိုင်သိက္ခာနှင့် ပကာသနကို ကာကွယ်ရန် အစဉ်ကြိုးစားသောအခါ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြသော်လည်း ပြုပြင်ရန်အတွက် သမ္မာတရားကို မရှာသောအခါတွင် အကျိုးဆက်မှာ အဘယ်နည်း။ ၎င်းတို့တွင် အသက်သို့ ဝင်ရောက်မှုမရှိခြင်း၊ စစ်မှန်သော အတွေ့အကြုံနှင့် သက်သေခံချက်မရှိခြင်းဖြစ်သည်။ ဤသည်မှာ အန္တရာယ်ရှိသည်မဟုတ်လော။ သင်သည် သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်လျှင်၊ အတွေ့အကြုံနှင့် သက်သေခံချက် တစ်ခုတစ်လေ ကင်းမဲ့လျှင်၊ အချိန်ကျသောအခါ ဖော်ထုတ်ခံရပြီး ထုတ်ပယ်ခံရမည်ဖြစ်သည်။ အတွေ့အကြုံနှင့် သက်သေခံချက်မရှိသောလူတို့သည် ဘုရားအိမ်တော်တွင် မည်သို့အသုံးဝင်သနည်း။ ၎င်းတို့သည် မည်သည့်တာဝန်ကိုမဆို ညံ့ဖျင်းစွာ ပြုလုပ်ကြမည်မှာ သေချာသည်။ မည်သည့်အရာကိုမျှ ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ပေ။ ၎င်းတို့သည် အမှိုက်များသာ မဟုတ်လော။ လူတို့သည် ဘုရားကို နှစ်များစွာ ယုံကြည်ပြီးနောက် သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်လျှင် ၎င်းတို့သည် မယုံကြည်သူများထဲတွင် ပါဝင်သည်။ ဆိုးယုတ်သည်။ သင်သည် သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်လျှင်၊ သင်၏ ပြစ်မှားမှုများသည် အစဉ်ပို၍ များပြားလာလျှင် သင်၏အဆုံးသတ်သည် သတ်မှတ်ပြီးဖြစ်သည်။ သင်၏ ပြစ်မှားမှုအားလုံး၊ သင်လျှောက်သည့် မှားယွင်းသောလမ်းကြောင်း၊ နောင်တရရန် ငြင်းဆန်မှု၊ ဤအရာအားလုံးသည် မကောင်းမှုအမြောက်အများအဖြစ် စုပေါင်းသွားသည်ကို ရှင်းလင်းစွာ မြင်နိုင်သည်။ ထို့ကြောင့် သင်၏ အဆုံးသတ်မှာ သင်သည် ငရဲသို့ကျမည်၊ အပြစ်ဒဏ်ပေးခံရမည်ဖြစ်သည်။ ဤသည်မှာ အသေးအဖွဲကိစ္စတစ်ခုဟု သင်တို့ ထင်သလော။ သင်သည် အပြစ်ဒဏ်ပေးခြင်းမခံရသေးလျှင် ဤသည်မှာ မည်မျှကြောက်စရာကောင်းသည်ကို သိမည်မဟုတ်ပေ။ ထိုနေ့ရက်ရောက်လာပြီး ဘေးဒုက္ခကို သင် အမှန်တကယ် ရင်ဆိုင်ရသောအခါ၊ သေခြင်းနှင့် ရင်ဆိုင်ရသောအခါ နောင်တရရန် အလွန်နောက်ကျသွားလိမ့်မည်။ ဘုရားအပေါ် သင်၏ ယုံကြည်ခြင်းတွင် သင်သည် သမ္မာတရားကို လက်မခံလျှင်၊ ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ခဲ့သော်လည်း သင့်တွင် ပြောင်းလဲခြင်းမရှိလျှင်၊ နောက်ဆုံးအကျိုးဆက်မှာ သင်သည် ထုတ်ပယ်ခံရမည်၊ စွန့်ပစ်ခံရမည်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) “လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ဆောင်ရွက်ပြုမူသည့်အခါမှသာ မှန်ကန်သော အခြေခံအုတ်မြစ်ရှိသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း ပြုမူနေထိုင်ခြင်းမရှိဘဲ ကောင်းစွာပြုမူဖို့ ဟန်ဆောင်ခြင်းအပေါ်သာ အာရုံစိုက်လျှင်၊ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် လူကောင်းများ ဖြစ်လာနိုင်သလော။ လုံးဝ မဖြစ်နိုင်ပေ။ ကောင်းသောအပြုအမူသည် လူတို့၏ အနှစ်သာရကို မပြောင်းလဲနိုင်ပေ။ သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များကသာ လူတို့၏ စိတ်သဘောထားများ၊ အတွေးများ၊ ထင်မြင်ချက်များကို ပြောင်းလဲနိုင်ပြီး ၎င်းတို့၏ အသက်ဖြစ်လာနိုင်သည်။...လူတို့စကားနှင့် လုပ်ရပ်များ၏ အခြေခံအကြောင်းရင်းသည် မည်သည့်အရာ ဖြစ်သင့်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်။ သို့ဆိုလျှင် လူတို့၏ စကားနှင့် လုပ်ရပ်များအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် စံနှုန်းများမှာ အဘယ်နည်း။ (ထိုအရာများသည်လူတို့အဖို့ အပြုသဘောဆောင်ရမည် ဖြစ်သည်။) မှန်ပေသည်။ အခြေခံအကျဆုံးအားဖြင့် သင်သည် သမ္မာတရားကို ပြောရမည်၊ ရိုးသားစွာ စကားပြောပြီး အခြားသူများကို အကျိုးပြုရမည် ဖြစ်သည်။ အနည်းဆုံးအနေဖြင့် စကားသည် လူတို့ကို တည်ဆောက်ပေးရမည်ဖြစ်ပြီး လှည့်စားရမည်မဟုတ်၊ လူတို့၏ အားနည်းချက်များကို မလှောင်ရ၊ မလှည့်စားရ၊ မသရော်ရ၊ မစော်ကားရ၊ ဘောင်မခတ်ရ၊ မနာကျင်စေရ၊ မဖော်ထုတ်ရ၊ သို့မဟုတ် လူတို့ကို မလှောင်ပြောင်ရပေ။ ဤသည်မှာ ပုံမှန် လူ့သဘာဝ၏ ဖော်ပြချက်ဖြစ်သည်။ လူ့သဘာဝ၏ သူတော်ကောင်းတရား ဖြစ်သည်။...ထို့အပြင် အထူးဖြစ်ရပ်များတွင် အခြားသူများအနေဖြင့် သမ္မာတရားနှင့်ဆိုင်သော အသိကို ရရှိကာ နောင်တရလိုစိတ်ရှိဖို့အလို့ငှာ သူတို့၏ အမှားများကို တိုက်ရိုက်ဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းကာ ပြုပြင်ဖို့ လိုအပ်သည်။ ထိုအခါမှသာ မျှော်လင့်ထားသော အကျိုးကို ရရှိပေသည်။ ဤသို့လက်တွေ့လုပ်ဆောင်ခြင်းနည်းလမ်းသည် လူတို့အတွက် အလွန်အကျိုးဖြစ်သည်။ ဤသည်မှာ ၎င်းတို့အတွက် တကယ့်အကူအညီဖြစ်ပြီး ၎င်းတို့အတွက် အပြုသဘောဆောင်သည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားခြင်း အဓိပ္ပာယ် (၃)) ဘုရားနှုတ်ကပတ်တော်တွေကြောင့် ကျွန်မလည်း လန့်သွားတယ်။ လူတစ်ယောက်ဟာ အခြေအနေတွေ တစ်ခုပြီးတစ်ခုအတွင်းမှာ ကိုယ်ကျိုးကိုပဲ ထိန်းသိမ်းဖို့ ရွေးချယ်ပြီး၊ သမ္မာတရားကို ဘယ်တော့မှ လက်တွေ့မလုပ်ဆောင်ဘူးဆိုရင်၊ သူတို့ဆီမှာ ပြစ်မှားခြင်းတွေ ပိုပိုပြီး စုပုံလာလိမ့်မယ်။ နောက်ဆုံးမှာ စေ့စေ့စပ်စပ် ဖော်ထုတ်ခံရပြီး၊ ဘုရားရဲ့ဖယ်ရှားခြင်းကို ခံရလိမ့်မယ်။ ကိုယ့်ညီအစ်ကိုမောင်နှမတွေရဲ့ လုံခြုံမှု ခြိမ်းခြောက်ခံရပြီး၊ အသင်းတော်ရဲ့အလုပ်လည်း ထိခိုက်နေတာကို မြင်မိတဲ့အချိန်မှာတောင်၊ ကျွန်မက စည်းမျဉ်းတွေကို မထိန်းသိမ်းခဲ့ဘူး။ အသင်းတော်ရဲ့အလုပ်ကို မကာကွယ်ခဲ့ဘူး။ အဲဒီအစား လူကောင်းတစ်ယောက်ဆိုတာမျိုး ဖြစ်အောင် အမြဲကြိုးစားနေမိတယ်။ ကျွန်မက သူများတွေရဲ့လေးစားထောက်ခံမှုကို ရခဲ့တယ်ဆိုရင်တောင်၊ ဘုရားရဲ့အမြင်မှာ ကျွန်မက မကောင်းမှုလုပ်တဲ့သူပဲ။ နောက်ဆုံးမှာ ဘုရားရဲ့ရွံရှာခြင်းကို ခံရပြီး၊ အပြစ်ဒဏ်ပေးခံရလိမ့်မယ်။ ကျွန်မလည်း ဒီအကျိုးဆက်တွေကို နားလည်မိတဲ့အချိန်မှာ ကြောက်သွားတာပေါ့။ ကိုယ့်ရဲ့ လွဲမှားတဲ့ လိုက်စားမှုကို ပြုပြင်ဖို့လည်း အသင့်ပြင်မိတယ်။ ဘုရားနှုတ်ကပတ်တော်တွေက မှန်ကန်တဲ့ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကိုလည်း ပြပေးလိုက်တာပါ။ ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ ပြုမူပြောဆိုခြင်းအားဖြင့်သာ ကျွန်မတို့က အကျိုးခံစားရပြီးတော့၊ သူများတွေကိုလည်း စာရိတ္တမြှင့်ပေးနိုင်မယ်။ ကျွန်မတို့အနေနဲ့ ဘယ်လိုပြောဆိုတယ်၊ လေသံပြင်းပြင်း လေသံပျော့ပျော့နဲ့ ပြောဆိုတတ်လား၊ ဒါမှမဟုတ် ကိုယ့်စကားတွေက ဘယ်လို လိမ္မာပါးနပ်သလဲဆိုတာတွေက အရေးမကြီးပါဘူး။ အရေးကြီးဆုံးက ညီအစ်ကိုမောင်နှမတွေအတွက် စာရိတ္တမြင့်မားစေတဲ့ နည်းလမ်းမျိုးနဲ့ ပြောဆိုဖို့ပါပဲ။ သမ္မာတရားကို လက်ခံနိုင်တဲ့၊ သင့်တော်တဲ့လူတစ်ယောက် ဖြစ်နေသရွေ့၊ ကျွန်မတို့က သူတို့ကို မေတ္တာနဲ့ ကူညီသင့်တယ်။ သူတို့က သမ္မာတရားကို နားမလည်ဘူး၊ အလုပ်ကိုလည်း ထိခိုက်စေတယ်ဆိုရင်၊ ကျွန်မတို့က လမ်းပြမှုနဲ့ အထောက်အပံ့ပေးဖို့အတွက် သူတို့ကို မိတ်သဟာယဖွဲ့ပေးလို့ရတယ်။ မိတ်သဟာယပေးပြီးတဲ့နောက်မှာ အမှန်တကယ် တိုးတက်မှု မရှိသေးဘူးဆိုရင်၊ ကျွန်မတို့က သူတို့ပြဿနာရဲ့ အနှစ်သာရကို ဖော်ထုတ်ပြရင်း၊ ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်ပေးနိုင်တယ်။ အဲဒါက ပြင်းထန်သလိုရှိတယ်၊ လူတွေရဲ့ခံစားချက်တွေကို လျစ်လျူရှုတယ်လို့ ထင်ရတယ်ဆိုရင်တောင်၊ ဒီလိုပြုမူပုံနည်းလမ်းက သူတို့ကို အမှန်တကယ် အကျိုးပြုနိုင်တယ်၊ ထောက်ပံ့ပေးနိုင်တယ်။ သူတို့တွေက အသင်းတော်ရဲ့အလုပ်ကို နှောင့်ယှက်နေတဲ့ အန္တိခရစ်တွေ၊ မကောင်းမှုလုပ်တဲ့သူတွေ ဖြစ်နေရင်လည်း၊ အသင်းတော်ရဲ့အလုပ်ကို ထိန်းသိမ်းဖို့နဲ့ ညီအစ်ကိုမောင်နှမတွေ လှည့်စားနှောင့်ယှက် မခံရအောင် ကာကွယ်ဖို့အတွက်၊ အဲဒီလူတွေကို ဖော်ထုတ်ဟန့်တားဖို့ဖြစ်ဖြစ်၊ ကိုယ့်အထက်လူကြီးတွေဆီ တိုင်ကြားဖို့ဖြစ်ဖြစ်၊ ကျွန်မတို့က မားမားရပ်တည်သင့်တယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့်သာ ကျွန်မတို့က သမ္မာတရားကို တကယ် လက်တွေ့လုပ်ဆောင်နေတာ။ စစ်မှန်တဲ့ လူ့သဘာဝနဲ့ ကြင်နာမှုကို ထင်ရှားစေတာပါ။ ကျွန်မလည်း ကိုယ့်မှာရှိတဲ့ မှားယွင်းတဲ့အမြင်တစ်ခုကို ပြင်ခဲ့ရသေးတယ်။ စည်းမျဉ်းတွေ ချိုးဖောက်တဲ့အတွက် လူတစ်ယောက်ကို တိုင်ကြားတယ်ဆိုတာ အတင်းပြောတာပဲ၊ နောက်ကျော ဓားနဲ့ထိုးတာပဲ၊ သစ္စာမဲ့တာပဲဆိုပြီး ကျွန်မက ထင်ခဲ့တာပါ။ ဒါက လွဲမှားတဲ့အမြင်တစ်ခုပဲ။ အဲဒီလိုလုပ်တာက တကယ်တော့ အသင်းတော်ရဲ့အလုပ်ကို ကာကွယ်တာပါ။ ကောင်းမှုတစ်ခုပါ။ အမှန်တကယ်တော့ ညီအစ်ကိုမောင်နှမတွေကို ချုပ်ကိုင်နေတဲ့၊ ထိခိုက်နေစေတဲ့ ပြဿနာတစ်ခုက လိမင်မှာ ရှိနေမှန်း ကျွန်မ မြင်မိတဲ့အချိန်မှာ၊ ဒါက အသင်းတော်ရဲ့အလုပ်နဲ့ သက်ဆိုင်တဲ့ စည်းမျဉ်းကိစ္စတစ်ခုဆိုတော့၊ ကျွန်မအနေနဲ့ အဲဒါကို အထက်ကခေါင်းဆောင်ဆီ ချက်ချင်း ပြောဆိုခဲ့သင့်တာပါ။ တိုင်တောင် တိုင်ကြားခဲ့သင့်တာ။ ဒါက နောက်ကျောကို ဓားနဲ့ထိုးနေတာ မဟုတ်ပါဘူး။ အသင်းတော်ရဲ့အလုပ်ကို ကာကွယ်နေတာပါပဲ။ ဒါကို သဘောပေါက်ပြီးတော့မှ၊ ကိုယ့်ရဲ့ပူပန်မှုတွေ တော်တော်များများက ပျောက်ကွယ်သွားတယ်။ ပိုပြီး စိတ်သက်သာရာရသွားတယ်။
နောက်ပိုင်းမှာ ညီအစ်ကိုတစ်ယောက်က အမြဲတစေ လျော့ရိလျော့ရဲ လုပ်နေတယ်၊ အခက်အခဲမှန်သမျှ ရှောင်နေတယ်လို့ တစ်ယောက်က တိုင်တယ်။ တခြားသူတွေကလည်း ဒါကို ထောက်ပြကြတော့၊ သူ့ကို လေးငါးကြိမ်လောက် ကိုင်တွယ်ဖြေရှင်းပြီးတော့လည်း၊ သူက လုံးဝ လက်ခံမလာသေးဘူး။ ကျွန်မတို့လည်း စည်းမျဉ်းတွေအပေါ် အခြေခံပြီး၊ သူကတော့ ထုတ်ပယ်ဖို့ လိုတယ်၊ သူ့ကိုယ်သူ ဆင်ခြင်နိုင်အောင်၊ သူ့ပြဿနာတွေကို ကျွန်မတို့က ရှင်းရှင်းလင်းလင်း ဆွေးနွေးသင့်တယ်လို့ ဆုံးဖြတ်ကြတယ်။ အဲဒီအချိန်မှာ ကျွန်မ စဉ်းစားတယ်၊ “လူတစ်ယောက်ရဲ့ပြဿနာတွေကို ခွဲခြားသုံးသပ်တယ်ဆိုတာ အဲဒီလူကို စော်ကားသလို ဖြစ်နိုင်တယ်။ ငါ့တွဲဖက်ကိုပဲ သူနဲ့ မိတ်သဟာယပေးခိုင်းလိုက်တာ အဆင်ပြေနိုင်တယ်။ ငါလည်း ကင်းကင်းရှင်းရှင်း နေလို့ရတယ်။ မဟုတ်ရင် သူက ငါ့အပေါ် မကောင်းတဲ့ အထင်အမြင် ရှိလာနိုင်တယ်” ပေါ့။ ဒါပေမဲ့ ကျွန်မက ကိုယ့်အဆင့်အတန်းနဲ့ ပုံရိပ်ကို ကာကွယ်ဖို့၊ ထပ်ပြီး ကြိုးစားနေပြန်ပြီဆိုတာ ရုတ်တရက် နားလည်သွားတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ပြန်သတိရလိုက်တယ်။ ဘာတွေလဲဆိုတော့၊ “မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းနေသည့်သူများ အားလုံးအတွက်မူ၊ သမ္မာတရားကို ၎င်းတို့၏နားလည်ခြင်းသည် မည်မျှ နက်နဲပါစေ၊ သို့မဟုတ် မည်မျှပေါ့တန်ပါစေ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ဖို့ အရိုးရှင်းဆုံး လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းမှာ အရာအားလုံး၌ ဘုရားသခင့် အိမ်တော်၏ အကျိုးစီးပွားများကို တွေးဖို့ရန်နှင့် တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများ၊ တစ်ဦးချင်းစီ၏ ရည်ရွယ်ချက်များ၊ ကြံရွယ်ချက်များ၊ မာနနှင့် ဂုဏ်အဆင့်အတန်းတို့ကို လက်လွှတ်ဖို့ ဖြစ်သည်။ ဘုရားသခင့် အိမ်တော်၏ အကျိုးစီးပွားများကို ဦးစားပေးလော့— ဤသည်မှာ အနည်းဆုံး လုပ်ဆောင်သင့်သည့် အရာဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာလွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို လက်တွေ့လုပ်ဆောင်မှုလမ်းတစ်ခု ပြပေးတာပါ။ ပြဿနာတွေနဲ့ ရင်ဆိုင်ရပြီဆိုရင်၊ ကျွန်မတို့က ကိုယ့်ဆန္ဒတွေနဲ့ ဂုဏ်ဒြပ်ကို ဘေးဖယ်ထားရမယ်။ အသင်းတော်ရဲ့အကျိုးကို ဦးစားပေးရမယ်။ ဘုရားအလိုတော်ကို အလေးထားရမယ်။ ဒါက ပွင့်လင်းရိုးရှင်းတဲ့ တစ်ခုတည်းသော ပြုမူလုပ်ဆောင်ပုံပဲ။ ဘုရားရဲ့ချီးကျူးခြင်းကိုလည်း ခံရလိမ့်မယ်။ ကျွန်မလည်း ဘုရားရဲ့တောင်းဆိုချက်တွေကို နားလည်မိမိချင်း၊ တက်ကြွသွားတယ်။ အဲဒါနဲ့ ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ အဲဒီညီအစ်ကိုရဲ့အပြုအမူကို အသေးစိတ် ခွဲခြားသုံးသပ်တယ်။ ဒီလိုမျိုး လက်တွေ့လုပ်ဆောင်ပြီးသွားတော့၊ ကျွန်မ တော်တော်ကို ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားတာ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ ကျွန်မတို့အနေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းပျော်ရွှင်မှုကို ရနိုင်တယ်လို့ နားလည်သွားတယ်။
ဒီအတွေ့အကြုံနောက်ပိုင်းမှာ ကျွန်မလည်း ဘုရားရှင်ကို ကျေးဇူးတင်မဆုံး ဖြစ်ခဲ့ရတယ်။ ဖော်ရွေပျူငှာတတ်ခြင်းအပေါ် အစဉ်အလာယဉ်ကျေးမှုရဲ့ အလေးထားမှုက ဘယ်လို အဓိပ္ပာယ်မဲ့တယ်၊ လူတွေအပေါ် ဘယ်လိုထိခိုက်မှု ဖြစ်စေတယ်ဆိုတာကို၊ ကျွန်မ မြင်လာအောင် ဘုရားရဲ့နှုတ်ကပတ်တော်က ကူညီခဲ့တာပါ။ အစဉ်အလာယဉ်ကျေးမှုရဲ့ ချုပ်ချယ်မှုတွေကို ချိုးဖောက်ထွက်ရာကနေ ရလာတဲ့ လွတ်လပ်ငြိမ်းအေးမှုတွေကိုလည်း ကျွန်မကို တွေ့ကြုံခံစားခွင့်ပေးခဲ့တာပါ။ ဘုရားရဲ့ကယ်တင်ခြင်းအတွက် ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။