၃၆။ ကြီးကြပ်မှုကို အတိုက်အခံပြုပြီးနောက် ဆင်ခြင်သုံးသပ်ခြင်း
၂၀၂၁မှာ ကျွန်မက အသင်းတော်မှာ ရေလောင်းအလုပ်ကို ဦးဆောင်ရပါတယ်။ အဲဒီအချိန်ကာလမှာ ကျွန်မတို့ ခေါင်းဆောင်က ကျွန်မတို့အလုပ်ကို ကြီးကြပ်ပြီး နောက်ဆုံးရအချက်အလက်တွေ သိထားဖို့အတွက် အလုပ်တိုးတက်မှုအကြောင်းကို ခဏခဏ မေးပါတယ်။ အလုပ်မှာ ပြဿနာတစ်ခုခုရှိသလားဆိုတာကိုလည်း ခေါင်းဆောင်က ကျွန်မကို မေးတယ်။ အစတော့ ကျွန်မက တက်တက်ကြွကြွနဲ့ ပြန်ပြောတယ်။ ဒါပေမဲ့ နည်းနည်းကြာလာတော့ စိတ်မရှည်ဖြစ်လာတယ်။ ကျွန်မ စဉ်းစားတယ်။ “တိုးတက်မှုကို ခေါင်းဆောင်ကို အသိပေးနေရတာက တော်တော်စိတ်ရှုပ်ဖို့ကောင်းတယ်။ ဒါက အချိန်တွေအများကြီး ဖြုန်းတီးနေတာပဲ။ ငါ့အလုပ်ကို လုပ်တာကို မထိခိုက်ဘူးလား။ ငါ အလုပ်လုပ်တာ မကောင်းရင် ခေါင်းဆောင်က ငါ့ကို ထုတ်မှာမဟုတ်ဘူးလား” ပေါ့။ ဒါကို သတိထားမိပြီး ကျွန်မတို့အလုပ်ကို ခေါင်းဆောင်က ကြီးကြပ်တာကို ကျွန်မ တော်တော်အတိုက်အခံဖြစ်လာတယ်။
တစ်ခါတော့ ခေါင်းဆောင်က ကျွန်မဆီကို အလုပ်ဘယ်လိုအခြေအနေရှိလဲဆိုတာ မေးတဲ့ စာတစ်စောင်ပို့တယ်။ သူက အဲဒီလမှာ ဧဝံဂေလိလက်ခံခဲ့တဲ့သူ ဘယ်နှစ်ယောက်ရှိတယ်၊ အဖွဲ့ဝင်ဘယ်နှစ်ယောက်က ပုံမှန် စုဝေးပွဲမတက်သလဲ၊ ဘာကြောင့်လဲ ဘယ်ဘာသာရေးအယူအဆတွေကို သူတို့ကိုင်စွဲထားသလဲ၊ အဲဒါတွေကို ကျွန်မတို့က မိတ်သဟာယကတစ်ဆင့် ဘယ်လိုဖြေရှင်းသလဲဆိုတာတွေကို မေးတယ်။ ကျွန်မက ဒီမေးခွန်းတွေအားလုံးကို ရင်ဆိုင်ရပြီး နည်းနည်း စိတ်မချမ်းသာဘူး။ လုပ်စရာအကြောင်းအရာတွေက အများကြီးရှိနေပြီး ကျွန်မက ရေလောင်းအမှုဆောင်တွေနဲ့ ဆွေးနွေးပြီး အကုန် စစ်ကြည့်ရမှာ။ ဒါဆိုရင် ကျွန်မတို့အလုပ်က အရမ်း နှောင့်နှေးသွားမှာ။ ကျွန်မက အတိုက်အခံဖြစ်လာတယ်။ “ရှင်က ဒီမေးခွန်းတွေနဲ့ အရမ်းအသေးစိတ်မေးနေတာပဲ။ ဘယ်လောက်ကြာအောင် နှောင့်နှေးနေမှာလဲ။ ကျွန်မတို့ ရေလောင်းအလုပ်မှာ ရလဒ်တွေမထွက်ရင် ကျွန်မက လက်တွေ့အလုပ်မလုပ်ဘူး၊ အရည်အချင်းမရှိဘူးလို့ ပြောမှာလား” ပေါ့။ ကျွန်မနဲ့တွဲလုပ်ရတဲ့ အစ်မတွေကလည်း စိုးရိမ်တာတွေရှိနေတာကို ကျွန်မ သတိထားမိတော့ စဉ်းစားမိတယ်။ “ဒီဟာကြောင့် နှောင့်နှေးသွားမယ်လို့ သူတို့ကလည်း ထင်တယ်ဆိုရင် ငါတို့က အကြံတစ်ခုကို တင်ပြလို့ရနိုင်တယ်။ ဒါဆို ခေါင်းဆောင်က အလုပ်အကြောင်းသိထားအောင်လုပ်တဲ့အချိန်မှာ ဒီလိုအသေးစိတ်မေးခွန်းတွေ မေးမှာမဟုတ်ဘူး။ ဒါဆိုရင် ငါ့အလုပ်က မလုံလောက်တာတွေက သိပ်ပြီး ဖော်ထုတ်ခံရမှာမဟုတ်ဘူး” ပေါ့။ အဲဒါနဲ့ ကျွန်မက ပျောင်သလိုနောက်သလို ပြောလိုက်တယ်။ “ခေါင်းဆောင်က ဒီအသေးစိတ်မေးခွန်းတွေအကုန်လုံးမေးနေတာ ကျွန်မတို့အတွက် တော်တော်စိတ်ပူတာဖြစ်ရမယ်” ပေါ့။ ချက်ချင်းပဲ ညီအစ်မတစ်ယောက်က သဘောတူပြီးတော့ “အပြန်အလှန် စစ်မေးနေသလိုပဲ” ဆိုပြီး ပြောတယ်။ ညီအစ်မတစ်ယောက် သဘောတူတာကို ကြားတာနဲ့ တစ်ပြိုင်နက် ကျွန်မက ရီပြီး ပြန်ပြောလိုက်တယ်။ “ကျွန်မတို့က အခုတောင် အလုပ်ရှုပ်နေတာ။ ဒီလို အသေးစိတ်မေးခွန်းတွေကို ဖြေရတာက အရမ်း စိတ်ရှုပ်ဖို့ကောင်းမယ်။ ကျွန်မတို့ရေလောင်းအလုပ် ရလဒ်တွေကို မထိခိုက်ဘူးလား” ပေါ့။ တခြားညီအစ်မတွေက ခေါင်းညိတ်ပြီး သဘောတူကြတယ်။ ကျွန်မက ကြိတ်ပြီး ဝမ်းသာနေတာပေါ့။ “ကြည့်ရတာ ဒါကို ဆန့်ကျင်တာ ငါတစ်ယောက်တည်းမဟုတ်ဘူး။ ငါတို့အကြံတွေကို ခေါင်းဆောင်ကို အတူပေးလိုက်လို့ရတယ်။ ဒါဆိုရင် ငါတို့အလုပ်မှာ နောက်ဆုံးအခြေအနေတွေကို သူ အမြဲတမ်းမေးနေမှာမဟုတ်ဘူး” ပေါ့။ ကျွန်မက လှုံ့ဆော်တော့ ကျွန်မတို့အလုပ်ကြောင်းကိုသိအောင် ခေါင်းဆောင်ကလာမေးတိုင်းမှာ ကျွန်မတွဲဖက်တွေက မျက်နှာထိမျက်နှာထားနဲ့နေပြီး သူတို့က ပြန်ဖြေရင်တောင် ဝတ်ကျေတန်းကျေမှတ်ချက်တွေပဲ ပေးတယ်။ ကျွန်မတို့အလုပ်က ကိစ္စတွေနဲ့ ပြဿနာတွေကို အသေးစိတ်တင်ပြတာတွေမလုပ်ဘူး။ ရလဒ်အနေနဲ့ ကျွန်မတို့မှာရှိနေတဲ့ ပြဿနာတွေကို ခေါင်းဆောင်က နားမလည်နိုင်ဖြစ်ပြီး ရေလောင်းအလုပ်က မတိုးတက်နိုင်ဘူး။
နောက်တစ်ခါမှာတော့ ကျွန်မတို့က ရေလောင်းအမှုဆောင်တွေကို ပျိုးထောင်ဖို့ အာရုံစိုက်မနေဘူးဆိုတာ ခေါင်းဆောင်က သတိထားမိသွားတယ်။ အဲဒါနဲ့ သူက ကျွန်မတို့ဆီကို ဒီအလုပ်ကဏ္ဍရဲ့ အရေးကြီးမှုကို မိတ်သဟာယပြုထားတဲ့ စာတစ်စောင်ပို့ပြီး လက်တွေ့လုပ်ဖို့ လမ်းကြောင်းနည်းနည်းပေးတယ်။ ကျွန်မတို့က ဒီပရောဂျက်အတွက် တာဝန်ခံယူမှုမရှိဘူး၊ အချိန်ဆွဲနေပြီး ထိရောက်မှုမရှိဘူးလို့လည်း သူက ထောက်ပြတယ်။ ရလဒ်အနေနဲ့ လူသစ်တွေကို သင်တန်းမပေးရဘူး။ ဒီဟာက ရေလောင်းအလုပ်အပေါ် တိုက်ရိုက်သက်ရောက်မှုရှိနေတယ်။ ဒီပြဿနာကို စအာရုံစိုက်ဖို့ သူကျွန်မတို့ကိုပြောတယ်။ လာမယ့်လမှာ ကျွန်မတို့ရဲ့ ရလဒ်တွေတိုးတက်ရမယ်၊ လူသစ်တချို့ကို ရေလောင်းသူတွေဖြစ်အောင် အမြန်သင်တန်းပေးဖို့ကိုလည်း တောင်းဆိုတယ်။ ဒီစာကို မြင်တော့ ကျွန်မ နည်းနည်းအတိုက်အခံဖြစ်တယ်။ “ဒါ တောင်းဆိုတာ များလွန်းတယ်။ ဒီလူသစ်တွေက တာဝန်စလုပ်တာ မကြာသေးဘူး။ သူတို့ကိုပျိုးထောင်ဖို့က အဲလောက် မလွယ်ဘူး။ ရှင်က လူတွေကို ပျိုးထောင်တဲ့နေရာမှာ အတွေ့အကြုံအများကြီးရှိတယ်။ ရှင့်စံနှုန်းနဲ့ ကျွန်မတို့ကို ယှဉ်ကြည့်လို့မရဘူးလေ” ပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်မ တွေးမိတယ်။ “ငါက တိုက်ရိုက်စောဒကတက်ရင် ငါက အရည်အချင်းရှိတဲ့ အမှုဆောင်မဟုတ်ဘူးလို့ သူ ထင်မှာမဟုတ်လား။ မဖြစ်ဘူး။ ငါတို့တစ်ဖွဲ့လုံးက ဒီတောင်းဆိုချက်တွေကို လုပ်နိုင်စွမ်းမရှိဘူးဆိုတာ သူ့ကို ပြရမယ်။ ဒါဆိုရင် သူက အလျှော့ပေးဖို့က လွဲပြီး ရွေးချယ်စရာမရှိဘူး။ ငါတစ်ယောက်တည်း တာဝန်ခံရမှာမဟုတ်တော့ဘူး” ပေါ့။ အဲဒါနဲ့ ကျွန်မ မျက်မှောင်ကျုံ့လိုက်ပြီး စိုးရိမ်တဲ့လေသံနဲ့ ပြောလိုက်တယ်။ “ခေါင်းဆောင်ရဲ့ တောင်းဆိုချက်တွေက နည်းနည်းမြင့်လွန်းတယ်။ ကျွန်မတို့က သူ့လောက် အတွေ့အကြုံမရှိဘူး။” ပေါ့။ တခြားညီအစ်မတွေက ချက်ချင်းခေါင်းညိတ်ပြီး သဘောတူကြတယ်။ တစ်ယောက်ကပြောတယ်။ “ခေါင်းဆောင်က အစွမ်းအစကောင်းရှိပြီး သူ့အလုပ်မှာ အရမ်းထိရောက်မှုရှိတယ်။ ကျွန်မတို့က သူနဲ့ ဘယ်လိုလုပ် ယှဉ်လို့ရနိုင်မှာလဲ” တဲ့။ နောက်တစ်ယောက်ကပြောတယ်။ “ခေါင်းဆောင်က ကျွန်မတို့ကို တောင်းဆိုတာ များလွန်းတယ်။ ဒီအလုပ်ကို ကျွန်မတို့က ဘယ်လိုပြီးအောင်လုပ်ရမှာလဲ” တဲ့။ လူတိုင်းက စိတ်ကူးတူနေတာမြင်ရတော့ ကျွန်မ အရမ်းပျော်သွားတယ်။ ခေါင်းဆောင်က လျှော့ပေးဖို့ကလွဲပြီး ရွေးစရာရှိမှာမဟုတ်ဘူး။ တကယ်တော့လည်း တစ်ဖွဲ့လုံးကို သူထုတ်လို့မရဘူးလေ။ နောက်တစ်နေ့ကျတော့ ကျွန်မတို့ရဲ့ လက်ရှိအခြေအနေအကြောင်းကို ခေါင်းဆောင်သိအောင်လုပ်ဖို့ သူ့ရဲ့စာကို ကျွန်မ ပြန်ဖြေလိုက်ပြီး အလုပ်မှာ ကျွန်မတို့ရှိနေတဲ့ ပြဿနာတွေကို ပြောပြလိုက်တယ်။ အဆုံးမှာ ကျွန်မက စာတစ်ကြောင်းထပ်ဖြည့်ပြီး “ဒါက လောလောဆယ်မှာ ကျွန်မတို့အကောင်းဆုံး လုပ်နိုင်တဲ့ပမာဏပဲ။ ဆက်ပြီးမြှင့်ဖို့က ခက်လိမ့်မယ်” လို့ ပြောလိုက်တယ်။ ပြီးတော့ စာထဲမှာ “ကျွန်မတို့” ဆိုတဲ့စကားကို သေချာအလေးပေးပြောတယ်။ ဒါက ကျွန်မတို့ စုပေါင်းထားတဲ့ ထင်မြင်ချက်ဆိုတာ ခေါင်းဆောင်သိအောင်ပေါ့။ ဒါဆိုရင် ခေါင်းဆောင်က ကျွန်မတို့ကို ဒီလို စံနှုန်းမြင့်ပြီး ထားမှာမဟုတ်ဘူး ပေါ့။ ဒါပေမဲ့ ကျွန်မ အံ့ဩသွားရတာက နောက်စုဝေးပွဲမှာ ခေါင်းဆောင်က ကျွန်မကို ကိုင်တွယ်ဖြေရှင်းပြီး ဖော်ထုတ်တယ်။ ကျွန်မက တာဝန်ယူမှုမရှိဘူး၊ တိုးတက်အောင်လုပ်ဖို့ စိတ်မပါဘူး၊ ညီအစ်ကိုမောင်နှမတွေကြားမှာ မကောင်းတဲ့ စိတ်ကူးတွေဖြန့်တယ်၊ ကျွန်မနဲ့အတူ ခေါင်းဆောင်ကို ဆန့်ကျင်ဖို့ အဖွဲ့တွေလုပ်ပြီး သူများတွေကို ဆွပေးတယ်လို့ ပြောတယ်။ ကျွန်မက လူသစ်တွေကို ပျိုးထောင်တဲ့နေရာမှာ အချိန်ဆွဲနေတယ်၊ အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး အဖွဲ့ရဲ့အလုပ်မှာ ဘယ်နေရာကမှ ဝင်မလုပ်ဘူးဆိုပြီးတော့လည်း ပြောတယ်။ နောက်ဆုံးတော့ အဲဒီနောက်မှာ ကျွန်မ အထုတ်ခံလိုက်ရတယ်။
အထုတ်ခံရပြီးတော့ ကျွန်မ တော်တော်အပြစ်ရှိသလိုခံစားရပြီး စိတ်မချမ်းသာဘူး။ ကျွန်မက ပြဿနာလုပ်ခဲ့တယ်၊ မကောင်းမှုလုပ်ပြီး ဘုရားကို ပုန်ကန်ပြစ်မှားခဲ့တယ်ဆိုတာ ကျွန်မ သိတယ်။ ပြဿနာတွေ ပေါ်တဲ့အခါမှာ သမ္မာတရားကို မရှာဘူး။ လူတိုင်းကို အပျက်သဘောဆောင်ပြီး မတက်ကြွတဲ့အခြေအနေမှာ အသက်ရှင်အောင် အယူအဆတွေကိုတောင် ဖြန့်ခဲ့တယ်။ အသင်းတော်အလုပ်ကို ကျွန်မ တကယ်ကို ပိတ်ဆို့ခဲ့တာပါ။ နောက်ပိုင်းတော့ ဆင်ခြင်သုံးသပ်ရင်းနဲ့ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မ တွေ့မိတယ်။ “အန္တိခရစ်များသည် မိမိတို့ စိတ်နှလုံးတွင် ခရစ်တော်၏ ဘုရားသဘာဝကို အမြဲ သံသယထားပြီး မနာခံသော စိတ်သဘောထား အမြဲ ရှိကြသောကြောင့် ခရစ်တော်က ၎င်းတို့ကို အမှုအရာများ လုပ်ဆောင်ရန် အပ်နှံသောအခါ ယင်းတို့ကို အမြဲ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး ဆွေးနွေးကြသကဲ့သို့ ယင်းတို့သည် မှန်ကန်ခြင်း ရှိမရှိ၊ မှားယွင်းခြင်း ရှိမရှိဆိုသည်ကို လူတို့အား မေးမြန်းကြသည်။ ဤသည်မှာ အလွန်ဆိုးရွားသော ပြဿနာ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ဤအရာများကို သမ္မာတရားအား နာခံခြင်း ရှုထောင့်အမြင်မှ ချဉ်းကပ်ခြင်း မရှိကြချေ။ ထိုအစား ဘုရားသခင်ကို ဆန့်ကျင်ခြင်းဖြင့် ယင်းတို့ကို ချဉ်းကပ်ကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ စိတ်သဘောထား ဖြစ်သည်။ ခရစ်တော်၏ အမိန့်များနှင့် အလုပ်အစီအစဉ်များကို ၎င်းတို့ ကြားသည့်အခါ ယင်းတို့ လက်ခံကာ နာခံခြင်းမရှိဘဲ စတင် ဆွေးနွေးကြသည်။ မည်သည့်အရာကို ၎င်းတို့ ဆွေးနွေးကြသနည်း။ ခရစ်တော်၏ စကားများနှင့် အမိန့်များက မှန်ကန်ခြင်း ရှိမရှိ၊ မှားယွင်းခြင်း ရှိမရှိဆိုသည်ကို ဆွေးနွေးကြပြီး ယင်းတို့ကို ဆောင်ရွက်သင့်ခြင်း ရှိမရှိဆိုသည်ကို ဆန်းစစ်ကြသည်။ ၎င်းတို့၏ သဘောထားသည် ဤအရာများကို တကယ် ဆောင်ရွက်လိုသည့် သဘောထားဖြစ်သလော။ မဟုတ်ပါ။ ၎င်းတို့သည် ပိုများသောလူတို့ကို မိမိတို့ကဲ့သို့ဖြစ်ရန် ဤအရာများကို မလုပ်ဆောင်ရန် တိုက်တွန်းအားပေးကြသည်။ ယင်းတို့ကို မလုပ်ဆောင်ခြင်းသည် နာခံမှု သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သလော။ မဟုတ်သည်မှာ သိသာသည်။ သို့ဆိုလျှင် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်နေကြသနည်း။ (ပုန်ကန်နေကြသည်။) ၎င်းတို့ကိုယ်တိုင်က ဘုရားသခင်ကို ပုန်ကန်နေကြသည်သာမက စုပေါင်း ပုန်ကန်မှုကိုလည်း မျှော်လင့်စောင့်စားကြသည်။ ဤသည်မှာ ၎င်းတို့ လုပ်ရပ်များ၏ သဘောသဘာဝ ဖြစ်သည် မဟုတ်လော။ စုပေါင်း ပုန်ကန်မှုသည် ခရစ်တော်၏ ဆုံးဖြတ်ချက်နှင့် အမိန့်များကို စုပေါင်း ဆန့်ကျင်ရင်း လူတိုင်းကို ၎င်းတို့ကဲ့သို့ ဖြစ်စေခြင်း၊ လူတိုင်းကို ၎င်းတို့ကဲ့သို့ တွေးစေခြင်း၊ ၎င်းတို့ကဲ့သို့ ပြောစေခြင်း၊ ၎င်းတို့ကဲ့သို့ ဆုံးဖြတ်စေခြင်း ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ လုပ်နည်းလုပ်ဟန် ဖြစ်သည်။ အန္တိခရစ်များ၏ ယုံကြည်မှုမှာ ‘လူတိုင်းလုပ်လျှင် ပြစ်မှုမဟုတ်’ ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ထိုသို့ဖြစ်ပါက ဘုရားအိမ်တော်က ၎င်းတို့ကို လုပ်နိုင်သည့်အရာ မည်သည့်အရာမျှ ရှိလိမ့်မည်မဟုတ်ဟု တွေးထင်လျက် ဘုရားသခင်ကို ပုန်ကန်ရန် အခြားသူများကို ၎င်းတို့ တိုက်တွန်းကြသည်။ ဤသည်မှာ မိုက်မဲသည် မဟုတ်လော။ ဘုရားသခင်ကို ဆန့်ကျင်တိုက်ခိုက်ရန် အန္တိခရစ်များ၏ ကိုယ်ပိုင် အစွမ်းအစမှာ အလွန် နည်းပါးသည်၊ ၎င်းတို့ တစ်ကိုယ်တည်းသာ ရှိကြသည်။ ထို့ကြောင့် ၎င်းတို့ စိတ်နှလုံးထဲတွင် ‘ငါသည် လူတစ်စုကို လှည့်စားပြီး ငါလုပ်သည့်အတိုင်း သူတို့ကို စဉ်းစားကာ ဆောင်ရွက်စေမည်။ ငါတို့အတူတူ ခရစ်တော်၏ စကားများကို ငြင်းကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဟန့်တားပြီး အကျိုးဖြစ်ထွန်းလာခြင်း မရှိအောင်တားမည်။ ငါ၏ အလုပ်ကို တစ်စုံတစ်ဦးက လာစစ်ဆေးသည့်အခါ ယင်းကို ဤသို့လုပ်ဆောင်ရန် လူတိုင်း ဆုံးဖြတ်ကြသည်ဟု ငါ ပြောမည်။ ထို့နောက် ယင်းကို ကိုယ်တော် မည်သို့ ကိုင်တွယ်မည်ကို ငါတို့ ကြည့်မည်။ ကိုယ်တော့်အတွက် ထိုအရာကို ငါလုပ်မည်မဟုတ်။ ဤအရာကို ငါ ဆောင်ရွက်မည်မဟုတ်။ ပြီးလျှင် ငါ့ကို ကိုယ်တော် မည်သည့်အရာ လုပ်မည်ဆိုသည်ကို ကြည့်ကြစို့’ ဟု တွေးလျက် ဘုရားသခင်ကို စုပေါင်း ဆန့်ကျင်ရန် လူတို့ကို စည်းရုံးဖို့ ၎င်းတို့ ကြိုးစားကြလေသည်။...အန္တိခရစ်များတွင် ပေါ်လွင်ထင်ရှားသည့် ဤအရာများသည် မနှစ်သက်ဖွယ် ဖြစ်သည် မဟုတ်လော။ (အလွန့်အလွန် မနှစ်သက်ဖွယ်ဖြစ်သည်။) ပြီးလျှင် မည်သည့်အရာက ထိုအရာများကို မနှစ်သက်ဖွယ် ဖြစ်စေသနည်း။ ဤအန္တိခရစ်များသည် ဘုရားသခင်၏ အိမ်တော်တွင် အာဏာသိမ်းလိုကြသည်၊ ၎င်းတို့ရှိသည့်နေရာတွင် ခရစ်တော်၏ စကားများကို ဆောင်ရွက်ခြင်း မရှိချေ။ ယင်းတို့ကို ၎င်းတို့က ဆောင်ရွက်ကြမည်မဟုတ်။ ခရစ်တော်၏ စကားများကို လူတို့ မနာခံနိုင်ကြသည့်အခါ အခြားသော အခြေအနေမျိုးလည်း ပါဝင်ပတ်သက်နိုင်သည်မှာ အမှန်ဖြစ်သည်။ အချို့သော လူတို့သည် အစွမ်းအစ ညံ့ကြသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြားသည့်အခါ ၎င်းတို့ နားမလည်နိုင်ကြသကဲ့သို့ ယင်းတို့ကို မည်သို့ ဆောင်ရွက်ရမည်ကို မသိကြချေ။ မည်သို့ဆောင်ရွက်ရမည်ကို ၎င်းတို့အား သင်က သင်ပေးလျှင်ပင် ၎င်းတို့ မလုပ်နိုင်ကြသေးချေ။ ဤသည်မှာ ကွဲပြားခြားနားသော ကိစ္စတစ်ခု ဖြစ်သည်။ ယခု ငါတို့ မိတ်သဟာယပြုနေသည့် အကြောင်းအရာသည် အန္တိခရစ်များ၏ အနှစ်သာရဖြစ်သည်။ ယင်းသည် အမှုကိစ္စများကို လူတို့ လုပ်နိုင်စွမ်းရှိခြင်း မရှိခြင်း၊ သို့မဟုတ် ၎င်းတို့၏ အစွမ်းအစက မည်သည့်အရာနှင့် တူသည်ဆိုသည်နှင့် မဆက်နွှယ်ပေ။ အန္တိခရစ်များ၏ စိတ်သဘောထား၊ အနှစ်သာရတို့နှင့် ဆက်နွှယ်ပေသည်။ ၎င်းတို့သည် ခရစ်တော်၊ ဘုရားအိမ်တော်၏ အလုပ် အစီအစဉ်များနှင့် သမ္မာတရား၏ စည်းမျဉ်းများကို လုံးဝ ဆန့်ကျင်ကြသည်။ ၎င်းတို့တွင် နာခံမှုမရှိ၊ ဆန့်ကျင်မှုသာ ရှိသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး ဖြစ်သည့်အရာ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၀ (အပိုင်း ၄)) ဘုရားနှုတ်ကပတ်တော် ဖတ်ပြီး သဘောပေါက်သွားတယ်။ ကျွန်မလုပ်ခဲ့တာက ကြီးလေးတဲ့ ပုန်ကန်မှုဆိုတာကိုပေါ့။ အထူးသဖြင့် အန္တိခရစ်တွေက ဘယ်လို ပုန်ကန်တဲ့စိတ်သဘောထားရှိတယ်၊ ဘုရားရဲ့ တောင်းဆိုမှုတွေနဲ့ ဘုရားအိမ်တော်ရဲ့ အလုပ်အစီအစဉ်တွေကို နည်းနည်းလေးမှ လက်မခံဘူး၊ နာခံလိုစိတ်မရှိဘူး၊ အတိုက်အခံလုပ်တာ၊ ဆန္ဒပြတာတွေများနေပြီး သူများတွေကိုတောင် သူတို့နဲ့အတူ အာခံကြဖို့ လှည့်စားတယ်ဆိုတာတွေကို ဘုရားသခင် ရှင်းပြတာကို ကျွန်မ ခံစားရတယ်။ ဖြစ်ခဲ့တာတွေကို ပြန်စဉ်းစားကြည့်တော့ ကျွန်မလည်း ဒီလိုအပြုအမူမျိုး ပြခဲ့တယ်။ ခေါင်းဆောင်က ကျွန်မတို့အလုပ်ကို အသေးစိတ် စစ်ကြည့်ချင်တဲ့အခါမှာ ကျွန်မက စိတ်ရှုပ်ပြီး ဒီဟာကြောင့် တာဝန်မှာ ကျွန်မက နှောင့်နှေးလိမ့်မယ်၊ ကျွန်မအလုပ်လုပ်တဲ့ ပမာဏာကို ထိခိုက်မယ်လို့ စိတ်ပူခဲ့တယ်။ အဲဒါနဲ့ ကျွန်မက ဒါကို လက်မခံနိုင်ဘဲ ခေါင်းဆောင်နဲ့ပတ်သက်ပြီး တစ်ဖက်သတ်အမြင်တွေ ဖြန့်ခဲ့တယ်။ ကျွန်မနဲ့အတူ ထကြွပြီး သူ့ကိုပုန်ကန်ဖို့အတွက် တခြားညီအစ်မတွေကို စည်းရုံးခဲ့တယ်။ ကျွန်မတို့တိုးတက်မှုက နှေးလွန်းတယ်၊ ရလဒ်တွေမရဘူးလို့ ခေါင်းဆောင်က ထောက်ပြပြီး ကျွန်မတို့အလုပ်ထိရောက်မှုကို ဘယ်လိုတိုးတက်အောင်လုပ်ရမယ်ဆိုတာ မျှဝေတော့ ကျွန်မက အတိုက်အခံလုပ်ပြီး ငြင်းခုံတယ်။ မနာခံဘူး။ ခေါင်းဆောင်က ကျွန်မတို့အတွက် စံနှုန်းကို အရမ်းမြှင့်ထားပြီး ကျွန်မတို့ရဲ့ တကယ့်ပြဿနာတွေကို နားမလည်ဘူးလို့ ကျွန်မ ထင်ခဲ့တယ်။ ခေါင်းဆောင်က ကျွန်မတို့ထိရောက်မှုတိုးတက်ဖို့အတွက် နည်းလမ်းတွေကို မိတ်သဟာယဖွဲ့တော့ ကျွန်မက နားမထောင်ဘူး။ ခေါင်းဆောင်က ကျွန်မတို့ကို အလျှော့ပေးပြီး သူ့စံနှုန်းတွေကို လျှော့ချအောင်လုပ်ဖို့ ကျွန်မတို့အလုပ်က မကောင်းတဲ့ရလဒ်တွေက ကျွန်မတစ်ယောက်တည်းကြောင့်မဟုတ်ဘူးဆိုတာ သူသေချာသိအောင်လုပ်ဖို့အတွက် ကျွန်မက ခေါင်းဆောင်ရဲ့ တောင်းဆိုချက်တွေက မြင့်လွန်းတယ်ဆိုတဲ့ စိတ်ကူးကို သူများတွေကြားထဲဖြန့်ပြီး ခေါင်းဆောင်က ကျွန်မတို့ကို ဖိအားပေးလွန်းတယ်လို့ သူတို့ယုံအောင်တိုက်တွန်းတယ်။ ကျွန်မတစ်ယောက်တည်း တာဝန်မခံရအောင်လို့ ကျွန်မနဲ့အတူ အာခံအောင် သူတို့ကို လှုံ့ဆော်တယ်။ ကျွန်မက အရမ်းကို ဒုက္ခပေးပြီး ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေ၊ ဆိုးယုတ်တဲ့ ဖောက်ပြန်မှုတွေနဲ့ စကားပြောတယ်။ ကျွန်မစဉ်းစားနိုင်သမျှက ကျွန်မရည်ရွယ်ချက်တွေရဖို့အတွက် တခြားလူတွေကို ဘယ်လိုအသုံးပြုရမယ်ဆိုတာပဲ။ ကျွန်မတို့မှာရှိတဲ့ ပြဿနာတွေကို အချိန်မီရှာဖွေပြီး ပြုပြင်ဖို့အတွက်၊ ကျွန်မတို့အလုပ် ထိရောက်မှုကို မြင့်အောင်ကူညီပေးပြီး လူသစ်တွေကို သူတို့တာဝန်ကို အမြန်ဆုံးလုပ်နိုင်အောင် လေ့ကျင့်ပေးဖို့အတွက် ခေါင်းဆောင်က ကျွန်မတို့အလုပ်ရဲ့ အသေးစိတ်အချက်တွေကို မေးတာပါ။ သူက ဘုရားသခင် တောင်းဆိုတာတွေနဲ့ အသင်းတော်ရဲ့ အစီအစဉ်တွေအရပဲ လုပ်နေတာပါ။ ဒါပေမဲ့ ကျွန်မက မနာခံဘဲ အတိုက်အခံလုပ်ခဲ့တယ်။ ဒါက ကျွန်မခေါင်းဆောင်နဲ့ သဘောမတူတာမဟုတ်ဘူး။ အသင်းတော်အလုပ်နဲ့ ဘုရားသခင် တောင်းဆိုတာတွေကို အတိုက်အခံလုပ်တာပဲ။ ကျွန်မက ဘုရားကို လုံးဝ ဆန့်ကျင်ပြီး ပြုမူနေတာပါ။ ကျွန်မက လူတိုင်းကို ကျွန်မဘက်ကရပ်ဖို့အတွက် လှည့်စားပြီး လှုံ့ဆော်ခဲ့တယ်။ အသင်းတော်ရဲ့ အစီအစဉ်တွေကို ဆန့်ကျင်ရာမှာ ကျွန်မတို့အားလုံးက ယုံကြည်ချက်တူပြီး တစ်လေသံတည်းထွက်မယ်ပေါ့။ ကျွန်မက အန္တိခရစ်ရဲ့ စိတ်သဘောထားကို ပြခဲ့ပြီး စာတန်ရဲ့ လက်ပါးစေအဖြစ် ပြုမူနေတာပါ။ ညီအစ်ကိုမောင်နှမတွေကို လှည့်စားဖို့အတွက် အပျက်သဘောဆောင်ပြီး ပြောဆိုခဲ့တယ်။ သူတို့တွေကို တိုးတက်ဖို့အတွက် စိတ်တွန်းအား ပျောက်သွားစေပြီး လက်ရှိအဆင့်မှာပဲ အခြေချလို့စိတ်ဖြစ်ပြီး အလုပ်မှာ ဝတ်ကျေတန်းကျေနဲ့ ဖြစ်သလိုလုပ်အောင် လုပ်ခဲ့တယ်။ ရလဒ်အနေနဲ့ ရေလောင်းအလုပ်က ရလဒ်တွေ ထွက်ဖို့ ဆက်တိုက်ပျက်ကွက်ခဲ့တယ်။ လူသစ်တွေကို သင်တန်းပေးရာမှာ ခုလို ပိတ်ဆို့ဟန့်တားတာဟာ မကောင်းမှုပဲ။ ဒါကို သဘောပေါက်သွားပြီး ကျွန်မ နည်းနည်းကြောက်သွားတယ်။ ကျွန်မက ဒီလိုဆက်သွားနေရင် မကောင်းမှုကို ပိုပြီးတော့တောင် လုပ်မိပြီး နောက်ဆုံးမှာ အန္တိခရစ်ဖြစ်လာပြီးတော့ ဖော်ထုတ်ခံရပြီး စွန့်ပစ်ခံရမှာပဲ။ အသင်းတော်က ကျွန်မကို ထုတ်တာဟာ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းနဲ့ ကွယ်ကာခြင်း နိမိတ်လက္ခဏာပဲ။ ကျွန်မ ဘုရားသခင်ရှေ့လာပြီး ဆုတောင်းတယ်။ “အဖ ဘုရားသခင်၊ သမီး ထုတ်ခံရတာက ကိုယ်တော့်ဖြောင့်မတ်ခြင်းရဲ့ လက္ခဏာတစ်ခုပါ။ ကိုယ်တော့်နှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်းကတစ်ဆင့် သမီးရဲ့ အန္တိခရစ်စိတ်သဘောထားကို သိမြင်လာပါပြီ။ ကိုယ်တော်က ဒီထုတ်ပယ်ခြင်းကနေ သမီးကို ကာကွယ်ပြီး ကယ်တင်နေတာပါ။ ကိုယ်တော့်ကို ကျေးဇူးတင်ပါတယ်” ဆိုပြီးတော့။
အဲဒီနောက်တော့ ဒီလို ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားမျိုးကို ဖွင့်ပြတဲ့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို ကျွန်မ တွေ့တယ်။ “အန္တိခရစ်များသည် လူတို့ကို လှည့်စားရန် သီအိုရီများ မကြာခဏ ဖြန့်ကြသည်။ မည်သည့် အလုပ်တစ်ခုကို အန္တိခရစ်များက ဆောင်ရွက်ကြသည်ဖြစ်စေ ၎င်းတို့ အမြဲ ဆုံးဖြတ်ပိုင်ခွင့် ရှိရမည်ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရား၏ စည်းမျဉ်းများကို လုံးဝ ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကြသည်။ ထို့ကြောင့် အန္တိခရစ်များတွင် ပေါ်လွင်ထင်ရှားသည့် အရာအားဖြင့် ဝေဖန်ပိုင်းဖြတ်ရလျှင် အန္တိခရစ်များ၏ စိတ်သဘောထားမှာ မည်သည့်အရာသာ ဖြစ်သနည်း။ အပြုသဘောဆောင်သောအရာများကို ၎င်းတို့ နှစ်သက်ကြသလော၊ သမ္မာတရားကို နှစ်သက်ကြသလော။ ဘုရားသခင်ကို စစ်မှန်သော နာခံမှု ၎င်းတို့ ရှိကြသလော။ (မရှိကြပါ။) ၎င်းတို့၏ အနှစ်သာရမှာ သမ္မာတရားအပေါ် ငြီးငွေ့ခြင်းနှင့် မုန်းတီးခြင်းတစ်ခု ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် အလွန် မာနထောင်လွှားပြီး ဆင်ခြင်တုံတရားအားလုံး ပျောက်ဆုံးကြကာ အနိမ့်ဆုံး အသိစိတ်နှင့် အသိတရားပင် ကင်းမဲ့ကြသည်။ လူများဟု ခေါ်ရန် မသင့်တော်ကြချေ။ ၎င်းတို့သည် စာတန်ကဲ့သို့ တစ်မျိုးတစ်စားတည်း ဖြစ်ကြသည်ဟုသာ ပြော၍ရနိုင်ပေသည်။ ၎င်းတို့သည် မကောင်းဆိုးဝါးများ ဖြစ်ကြသည်။ သမ္မာတရားကို လက်ခံခြင်း မရှိသူအားလုံးသည် မကောင်းဆိုးဝါးများ ဖြစ်ကြသည်၊ ယင်းနှင့် ပတ်သက်၍ သံသယထားစရာမရှိချေ။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၀ (အပိုင်း ၄)) “အန္တိခရစ်များ၏ စိတ်နှလုံးများတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ခရစ်တော်ကို နာခံခြင်းအပေါ် ၎င်းတို့၏ သဘောထားမှာ မည်သည့်အရာ ဖြစ်သနည်း။ စကားတစ်ခွန်းဖြင့်ဆိုရလျှင် ဆန့်ကျင်ခြင်း ဖြစ်သည်။ ၎င်တို့ ဆန့်ကျင်မြဲ ဆန့်ကျင်နေကြသည်။ ဤဆန့်ကျင်ခြင်းအတွင်းတွင် ပါဝင်သည့် စိတ်သဘောထားမှာ အဘယ်နည်း။ ယင်းကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ မနာခံခြင်းသည် ယင်းကို ဖြစ်ပေါ်စေသည့်အရာ ဖြစ်သည်။ စိတ်သဘောထားအရ ဤသည်မှာ သမ္မာတရားကို ငြီးငွေ့ခြင်း ဖြစ်သည်၊ မိမိတို့စိတ်နှလုံးများတွင် မနာခံမှု ရှိခြင်းဖြစ်သည်၊ ယင်းမှာ ၎င်းတို့ မနာခံလိုခြင်း ဖြစ်သည်။ ထို့ကြောင့် လူတစ်ဦးက ဦးဆောင်ဆုံးဖြတ်မည့်အစား တွဲဖက်ညီစွာ အလုပ်အတူ လုပ်ကြဖို့ကိုလည်းကောင်း၊ အမှုကိစ္စများအား မည်သို့ဆွေးနွေးရမည်ကိုလည်းကောင်း သင်ယူကြဖို့အလို့ငှာ ဘုရားအိမ်တော်က ခေါင်းဆောင်များနှင့် အမှုဆောင်များကို စေခိုင်းသည့်အခါ အန္တိခရစ်များက မိမိတို့ စိတ်နှလုံးတွင် မည်သည့်အရာကို စဉ်းစားကြသနည်း။ ‘လူတို့နှင့် အရာရာတိုင်းကို ဆွေးနွေးခြင်းမှာ အလွန်ဒုက္ခများလွန်းသည်။ ဤအရာများနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်များ ငါချနိုင်သည်။ အခြားသူများနှင့် အလုပ်လုပ်ခြင်း၊ ယင်းကို ၎င်းတို့နှင့် ဆွေးနွေးခြင်း၊ စည်းမျဉ်းအတိုင်း အမှုအရာများကို လုပ်ဆောင်ခြင်းတို့သည် မည်မျှ မိုက်မဲပြီး ကသိကအောက်ဖြစ်စရာ ဖြစ်သနည်း’ဟူ၍ ဖြစ်သည်။ သမ္မာတရားကို ၎င်းတို့ နားလည်သည်၊ ၎င်းတို့အဖို့ အရာရာ ရှင်းလင်းသည်၊ ၎င်းတို့တွင် မိမိတို့ကိုယ်ပိုင် ထိုးထွင်းအမြင်များနှင့် အမှုအရာများကို လုပ်ဆောင်နည်းများရှိသည်ဟု အန္တိခရစ်များက တွေးထင်ကြသောကြောင့် အခြားသူများနှင့် အလုပ်လုပ်နိုင်စွမ်းမရှိကြချေ။ လူတို့နှင့် မည်သည့်အရာမျှ ၎င်းတို့ မဆွေးနွေးကြ။ အရာရာကို မိမိတို့သဘောအတိုင်း လုပ်ဆောင်ကြပြီး အခြားမည်သူ့ကိုမျှ နားမထောင်ကြချေ။ အန္တိခရစ်များ၏ နှုတ်များက ၎င်းတို့ နာခံရန် လိုလားလျက်ရှိပြီး အခြားသူများနှင့် အလုပ်လုပ်ရန် လိုလားလျက်ရှိသည်ဟု ဆိုသော်လည်း အပြင်ပန်းတွင် ၎င်းတို့၏ အဖြေများက မည်မျှ ကောင်းမွန်ပုံရပါစေ၊ ၎င်းတို့၏ စကားများက မည်မျှ ကြားကောင်းပါစေ ၎င်းတို့၏ ပုန်ကန်တတ်သော အခြေအနေကို ၎င်းတို့ မပြောင်းလဲနိုင်ကြ၊ ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားများကို မပြောင်းလဲနိုင်ကြချေ။ သို့သော် စိတ်ထဲတွင် ၎င်းတို့သည် ကြမ်းကြုတ်ရက်စက်စွာ ပုန်ကန်တတ်ကြသည်။ မည်သည့် အတိုင်းအတာထိနည်း။ အသိပညာနှင့်ဆိုင်သည့် ဘာသာစကားဖြင့် ရှင်းပြရလျှင် ဤသည်မှာ မတူကွဲပြားသော သဘာဝနှစ်ခုကို အတူတကွ ထားရှိသည့်အခါ ဖြစ်ပေါ်သည့် ဖြစ်ရပ်တစ်ခု ဖြစ်သည်။ ငြင်းပယ်ခြင်း ဖြစ်သည်၊ ယင်းကို ‘အတိုက်အခံလုပ်ခြင်း’ဟု ငါတို့ အနက်ပြန်နိုင်သည်။ ဤသည်မှာ အန္တိခရစ်များ၏ စိတ်သဘောထား အတိအကျ ဖြစ်သည်။ အထက်ကို ဆန့်ကျင်ခြင်း ဖြစ်သည်။ ၎င်းတို့သည် အထက်ကို ဆန့်ကျင်ရန် နှစ်သက်ကြပြီး မည်သူ့ကိုမျှ မနာခံကြချေ။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၀ (အပိုင်း ၄)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မ နှလုံးသားကို ဓားနဲ့ထိုးလိုက်သလိုပဲ။ အန္တိခရစ်တွေရဲ့ သဘာဝနဲ့ အနှစ်သာရက သမ္မာတရားကို မုန်းတီးခြင်း၊ ဘုရားကို အာခံခြင်းဖြစ်တယ်လို့ ဘုရားက ပြောတယ်။ ကျွန်မ စိတ်သဘောထားက အန္တိခရစ်နဲ့အတူတူပဲဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မက ခေါင်းဆောင်ရဲ့ ကြီးကြပ်မှုကို စိတ်တိုပြီး အတိုက်အခံလုပ်တယ်။ ကျွန်မအလုပ်နှောင့်နှေးမယ်လို့ ထင်တယ်။ ကျွန်မတို့ အလုပ်ပမာဏကိုမြှင့်ဖို့ တောင်းဆိုတာက များလွန်းတယ်လို့ ထင်တယ်။ အဲဒါနဲ့ ကျွန်မက မနာခံဘူး။ ဆက်တိုက် အော်ဟစ်ကန့်ကွက်ပြီး ဆန္ဒပြတယ်။ တကယ်တမ်းတော့ ကျွန်မက ခေါင်းဆောင်က ကျွန်မတို့အလုပ်က ပြဿနာတွေကို ထောက်ပြနေတာကို လက်ခံဖို့ အသင့်ရှိသင့်တယ်။ ကျွန်မတို့အလုပ်မှာ ဘာကြောင့် ရလဒ်တွေ မရနိုင်သလဲ၊ ကျွန်မတို့က တာဝန်မှာ ပေါ့ပေါ့တန်တန်ဖြစ်လွန်းတာကြောင့်လား၊ အသိအမြင်ကင်းမဲ့ပြီး ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို အသုံးမပြုနိုင်တာလားဆိုတာ တာဝန်သိသိနဲ့ ဆင်ခြင်သုံးသပ်သင့်တယ်။ ပြဿနာကို ဖော်ထုတ်ပြီးတဲ့နောက်မှာ ပြုပြင်ပြီး တိုးတက်စေဖို့အတွက် အမြန်လုပ်သင့်တယ်။ ဒါပေမဲ့ ကျွန်မက သမ္မာတရားကို လုံးဝ လက်မခံခဲ့ဘူး။ မသုံးသပ်ခဲ့ဘူး။ တာဝန်ကို ကောင်းကောင်းမလုပ်လို့ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်တာ၊ လိပ်ပြာမလုံတာလည်း မဖြစ်ခဲ့ဘူး။ အထုတ်မခံရအောင်လုပ်ဖို့အတွက် သူများတွေကို ကျွန်မနဲ့အတူ ခေါင်းဆောင်ကို အာခံအောင်တိုက်တွန်းဖို့အတွက် အရမ်းကြိုးစားခဲ့တယ်။ ခေါင်းဆောင်က အလုပ်ကို နောက်ဆက်တွဲလိုက်ပြီး ကြီးကြပ်တာက အပြုသဘောဆောင်တဲ့အရာဖြစ်ပြီး ဘုရားရဲ့ တောင်းဆိုမှုဖြစ်တယ်။ ဒါပေမဲ့ ကျွန်မက အာခံပြီး ကန့်ကွက်တယ်။ အပြင်ပန်းမှာတော့ ကျွန်မက ခေါင်းဆောင်နဲ့ ငြင်းခုံနေတာပဲ။ ဒါပေမဲ့ အနှစ်သာရမှာတော့ ကျွန်မက သမ္မာတရားကို စိတ်ကုန်ပြီး အပြုသဘောဆောင်တာတွေကို မုန်းနေတာပါ။ ကျွန်မက အသင်းတော်အလုပ်ကို ကြားဖြတ်နှောင့်ယှက်ခဲ့တယ်။ ကျွန်မက သမ္မာတရားကို စိတ်ကုန်ပြီး ဘုရားကိုတောင် ဆန့်ကျင်ပုန်ကန်တာကို မြင်ရပြီး ကျွန်မ ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားကို ထိတ်လန့်မိတယ်။ အသင်းတော်က အထုတ်ခံရတဲ့ အန္တိခရစ်တချို့ကို ကျွန်မ ပြန်စဉ်းစားမိတယ်။ လူတွေက သူတို့ကို ဝေဖန်တာ၊ ကူညီတာ၊ ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းတာတွေ လုပ်တဲ့အခါမှာ သူတို့က သမ္မာတရားကို လုံးဝ လက်မခံဘူး။ သူတို့ကိုယ်သူတို့ မဆင်ခြင်ကြဘူး။ လူတွေက သူတို့အလုပ်ကို ကြီးကြပ်ရင်၊ သူတို့ကို အကြံတွေပေးရင် သူတို့က ရှက်ပြီးတော့ စိတ်ဆိုးပြီး အဲဒီလူတွေကို သူတို့ရန်သူတွေအဖြစ် မှတ်ယူတယ်။ သူတို့တွေက အဆုံးထိကို ခေါင်းမာမာနဲ့ အော်ကြီးဟစ်ကျယ်နဲ့ ကန့်ကွက်ပြီး အာခံကြတယ်။ အသင်းတော်ကို အရမ်းထိခိုက်တဲ့ မကောင်းမှုတွေကို ကျူးလွန်ရင်တောင်သူတို့က နောင်တရမှာမဟုတ်သေးဘူး။ နောက်ဆုံးမှာ အသင်းတော်ကနေ ထုတ်ပယ်တာ ခံရတယ်။ ဒါတွေအားလုံးက သမ္မာတရားကို စိတ်ကုန်ပြီး မုန်းတီးတဲ့ သူတို့ရဲ့ အန္တိခရစ် စိတ်သဘောထားကြောင့်ပဲ။ ကျွန်မပြတဲ့ စိတ်သဘောထားက အန္တိခရစ်တွေလိုမျိုးပဲမဟုတ်ဘူးလား။ ကျွန်မက နောင်တမရရင် နောက်ဆုံးမှာ ဖော်ထုတ်ခံရပြီး စွန့်ပစ်ခံရမှာပဲ။
နောက်ပိုင်းမှာ ကျွန်မက ခေါင်းဆောင်ကို အာခံဖို့အတွက် ဘာလို့ သူများတွေကို လှုံ့ဆော်ခဲ့သလဲဆိုတာကိုလည်း တွေးကြည့်တယ်။ ဒါတွေအားလုံးနောက်ကွယ်မှာရှိနေတဲ့ အကြောင်းရင်းက ဘာလဲ ပေါ့။ ကျွန်မ ရှာဖွေရင်းနဲ့ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို တွေ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူတို့သည် ဘုရားသခင်၏ အမှုကို တွေ့ကြုံရပြီး သမ္မာတရားကို နားလည်ပြီးသည်အထိ အတွင်း၌ သူတို့ကို ထိန်းချုပ်၍ အုပ်စိုးသည်မှာ စာတန်၏ သဘာဝဗီဇဖြစ်၏။ အတိအကျဆိုရလျှင် ထိုသဘာဝဗီဇကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ ဥပမာ၊ သင်သည် အဘယ်ကြောင့် တစ်ကိုယ်ကောင်းဆန်ရသနည်း။ သင်၏ကိုယ်ပိုင် ရာထူးဂုဏ်ဒြပ်ကို အဘယ်ကြောင့် ကာကွယ် သနည်း။ သင်သည် အဘယ်ကြောင့် ထိုသို့သော အားကောင်းသည့် စိတ်ခံစားချက်များ ရှိသနည်း။ ထိုမဖြောင့်မတ်သော အရာများကို သင်သည် အဘယ်ကြောင့် မွေ့လျော်ခံစားသနည်း။ သင်သည် အဘယ်ကြောင့် ထိုမကောင်းမှုများကို နှစ်သက်သနည်း။ ထိုသို့သော အရာများကို သင်၏ ကြိုက်နှစ်သက်ခြင်း၏ အခြေခံအကြောင်းရင်းက အဘယ်နည်း။ ဤအရာတို့သည် အဘယ်အရပ်က လာကြသနည်း။ ၎င်းတို့အား လက်ခံသည်ကို သင် အဘယ်ကြောင့် အလွန်ပျော်ရွှင်နေသနည်း။ ဤအရာများအားလုံး၏ နောက်ကွယ်ရှိ အဓိက အကြောင်းရင်းမှာ လူသားအတွင်းတွင် စာတန်၏အဆိပ်ရှိခြင်းကြောင့် ဖြစ်ကြောင်း ယခုတွင် သင်တို့အားလုံး နားလည်လာကြပြီ။ ဤသို့ဆိုလျှင် စာတန်၏ အဆိပ်ဆိုသည်မှာ အဘယ်နည်း။ ယင်းကို မည်သို့ ဖော်ပြနိုင်သနည်း။ ဥပမာအားဖြင့်၊ သင်က ‘လူများ အဘယ်သို့ အသက်ရှင်နေထိုင်သင့်သနည်း။ လူများသည် အဘယ်အရာအတွက် အသက်ရှင်သင့်သနည်း’ ဟု မေးပါက၊ သူတို့က ‘လူတိုင်း ကိုယ့်အတွက်သာ ကိုယ်ကြည့်ပြီး၊ ဘယ်သူသေသေ ငတေမာပြီးရော ဖြစ်သည်’ ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသော စကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ အတွေးအခေါ်နှင့် တွေးခေါ်မှုစနစ်သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ လူများသည် အဘယ်အရာနောက်သို့ လိုက်သည်ဖြစ်စေ၊ မိမိတို့ကိုယ်တိုင်အတွက်သာ လုပ်ဆောင်ခြင်းဖြစ်သည်— ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုအတွက်သာ အသက်ရှင်ကြသည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရော’ ဟူသော ဤအရာမှာ လူသား၏အသက် ဒဿနအမြင်ဖြစ်ပြီး ယင်းက လူသား၏ သဘာဝကိုလည်း ကိုယ်စားပြုလေသည်။ ဤစကားများသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ သဘာဝ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဆိုးယုတ်သော သဘာဝ၏ အမှန်တကယ် ပြယုဂ်ဖြစ်လာနှင့်ပြီးဖြစ်သည်။ ဤဆိုးယုတ်သော သဘာဝသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဖြစ်တည်မှုအတွက် အခြေခံအချက်ဖြစ်လာနှင့်ပြီးဖြစ်သည်။ နှစ်ထောင်ချီကြာသည်အထိ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် လက်ရှိအချိန်ကာလအထိ စာတန်၏ အဆိပ်ဖြင့် အသက်ရှင်ခဲ့ပြီးဖြစ်သည်။ စာတန်လုပ်သမျှအရာတိုင်းသည် သူကိုယ်တိုင်၏ အာသာရမ္မက်၊ ရည်မှန်းချက်နှင့် ဦးတည်ချက်များအတွက်ဖြစ်သည်။ သူသည် ဘုရားသခင်ကို ကျော်လွန်ချင်သည်။ ဘုရားသခင်ထံမှ လွတ်မြောက်ချင်သည်။ ဘုရားသခင်ဖန်ဆင်းသောအရာအားလုံးကို ချုပ်ကိုင်ချင်သည်။ ယခုအခါတွင် လူတို့သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရသည်အထိဖြစ်လာခဲ့သည်။ ၎င်းတို့အားလုံးတွင် ဆိုးယုတ်သော သဘာဝများရှိသည်။ ၎င်းတို့အားလုံးသည် ဘုရားကို ငြင်းပယ်ပြီး ဆန့်ကျင်ဖို့ ကြိုးစားသည်။ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ ကံကြမ္မာကို ထိန်းချုပ်လိုပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို ဆန့်ကျင်ဖို့ ကြိုးစားသည်။ ၎င်းတို့ ရည်မှန်းချက်များနှင့် အာသာရမ္မက်တို့သည် စာတန်နှင့် အတိအကျပင် တူညီသည်။ ထို့ကြောင့် လူသား၏ သဘာဝသည် စာတန်၏ သဘာဝဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း) ကျွန်မက ဒီလို အရမ်းကို ဘုရားကို အာခံတဲ့လုပ်ရပ်ကို ကျူးလွန်နိုင်စွမ်းရှိတာက ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ပြတာ သက်သက်မဟုတ်ဘဲ ကျွန်မရဲ့ ဆိုးယုတ်တဲ့ သဘာဝနဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားကြောင့်ဖြစ်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ဖတ်ပြီးတော့ ကျွန်မ သဘောပေါက်သွားတယ်။ ရလဒ်အနေနဲ့ ကျွန်မက ဘုရားကို အချိန်မရွေး အာခံနိုင်နေတယ်။ ကျွန်မက စာတန်က ဖျက်ဆီးတာကို တော်တော်လေးခံထားရတာကို မြင်ခဲ့ပါတယ်။ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏” ဆိုတဲ့ ဆိုးယုတ်တဲ့ အတွေးအခေါ်အတိုင်း ကျွန်မ အသက်ရှင်ခဲ့ပြီး အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး လှည့်စားတတ်လာတယ်။ ကျွန်မလုပ်သမျှ၊ ပြောသမျှအားလုံးက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီး ကိုယ့်အကျိုးစီးပွားတွေကို ထိန်းသိမ်းဖို့အတွက်ပဲ။ ခေါင်းဆောင်က ကြီးကြပ်နေတုန်းမှာ ကျွန်မအလုပ်က ပြဿနာတွေ၊ ကိစ္စတွေကို တွေ့တဲ့အခါမှာ ကျွန်မက အရည်အချင်းမရှိဘူးလို့ ခေါင်းဆောင်ကပြောပြီး ကျွန်မကို ထုတ်မှာစိတ်ပူတော့ ကျွန်မက ပူးပေါင်းကြံစည်ပြီး ခေါင်းဆောင်အပေါ် မကျေမနပ်မှုတွေဖြစ်အောင် သွေးထိုးတယ်။ ကျွန်မနဲ့ပူးပေါင်းဆန့်ကျင်ဖို့အတွက် ရပ်တည်ဖို့၊ ခေါင်းဆောင်ရဲ့ ကြီးကြပ်မှုကို ကန့်ကွက်ဖို့၊ မထိရောက်ဘဲ လုပ်နေတာက ကျွန်မ တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ၊ ကျွန်မတို့အားလုံးရဲ့ ပြဿနာဆိုတာအသိပေးဖို့အတွက် သူများတွေကို သွေးဆောင်ပြီး လှုံ့ဆော်တယ်။ ကျွန်မရဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့အတွက် ခေါင်းဆောင်ကို တိုက်ခိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် အသေးစိတ်ကြံစည်ခဲ့တယ်။ ဒါကြောင့် အသင်းတော်အလုပ်က အရမ်းထိခိုက်သွားတယ်။ ကျွန်မ ပြန်ဆင်ခြင်ကြည့်လေလေ၊ ကျွန်မက ဘယ်လောက်တစ်ကိုယ်ကောင်းဆန်၊ စက်ဆုပ်စရာကောင်းပြီး အရှက်မဲ့သလဲဆိုတာ မြင်လေလေပဲ။ အရမ်းအန္တရာယ်ရှိတာ တစ်ခုခုလုပ်နိုင်ဖို့ဆိုတာ ကျွန်မက လူ့သဘာဝလုံးလုံးကင်းမဲ့နေတာ ရှင်းပါတယ်။ ကျွန်မ အရမ်းကိုနောင်တရပြီး ဘုရားကို ဆုတောင်းခဲ့တယ်။ “အဖဘုရားသခင်၊ သမီး မကောင်းမှုကျူးလွန်ပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်ခဲ့ပါတယ်။ အပြည့်အဝ နောင်တရဖို့၊ သမီးရဲ့ ခေါင်းဆောင်ရဲ့ ကြီးကြပ်မှုနဲ့ လမ်းပြမှုကို လက်ခံဖို့၊ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ သမီးတာဝန်ကို အလေးအနက်ထမ်းဆောင်ဖို့ အသင့်ဖြစ်နေပါပြီ” ဆိုပြီးတော့။
အဲဒီနောက်တော့ ကျွန်မ ဘုရားနှုတ်ကပတ်တော်အပိုဒ်တချို့ကို ဖတ်တယ်။ ခေါင်းဆောင်ရဲ့ ကြီးကြပ်မှုနဲ့ လမ်းပြမှုအပေါ်ထားဖို့ မှန်ကန်တဲ့ သဘောထားကို ပြပေးခဲ့ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယခုခေတ်တွင် လူများစွာက တာဝန်တစ်ခုကို ထမ်းဆောင်သော်လည်း သမ္မာတရားကို လိုက်စားသောသူ အနည်းငယ်သာရှိသည်။ လူတို့သည် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်လျက်ဖြင့် သမ္မာတရားကို လိုက်စားပြီး သမ္မာတရား၏ စစ်မှန်မှုသို့ ဝင်ရောက်သည်မှာ ရှားပါးသည်။ လူအများစုအတွက် အမှုအရာများကို ၎င်းတို့လုပ်ဆောင်သည့်ပုံစံတွင် စည်းမျဉ်းများမရှိသေးပေ။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ်နာခံသောသူများမဟုတ်သေးပေ။ ၎င်းတို့သည် သမ္မာတရားကိုချစ်သည်၊ သမ္မာတရားကို လိုက်စားလိုစိတ်ရှိသည်၊ သမ္မာတရားအတွက် ကြိုးပမ်းလိုစိတ်ရှိသည်ဟု ၎င်းတို့နှုတ်မှ ပြောရုံသာရှိသည့်တိုင်အောင် ၎င်းတို့၏ စိတ်ခိုင်မာမှုသည် မည်မျှတည်တံ့မည်ကို မသိရသေးပေ။ သမ္မာတရားကို မလိုက်စားသောသူတို့သည် အချိန်မရွေး၊ နေရာမရွေး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖွင့်ပြတတ်သည်။ သမ္မာတရားကို မလိုက်စားသောသူတို့သည် ၎င်းတို့၏ တာဝန်အပေါ် တာဝန်သိတတ်စိတ် လုံးဝမရှိပေ။ ၎င်းတို့သည် မကြာခဏ ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုသည်။ ၎င်းတို့ဆန္ဒရှိသလို လုပ်ဆောင်ကြသည်။ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို လက်ခံနိုင်စွမ်းပင် မရှိကြပေ။ သမ္မာတရားကို မလိုက်စားသောလူတို့သည် အပျက်သဘောဆောင်ပြီး အားနည်းလာသည်နှင့်တစ်ပြိုင်နက် အရှုံးပေးတတ်ကြသည်။ ဤသို့ မကြာခဏ ဖြစ်ပျက်သည်။ ဤထက်ပို၍ အဖြစ်များသောအရာမရှိပေ။ ဤသည်မှာ သမ္မာတရားကို မလိုက်စားသောသူအားလုံး ပြုမူဆောင်ရွက်သည့်ပုံစံဖြစ်သည်။ ထို့ကြောင့် လူတို့သည် သမ္မာတရားကို မရရှိသေးသည့်အခါတွင် စိတ်မချရဘဲ မယုံကြည်ထိုက်ပေ။ ၎င်းတို့သည် မယုံကြည်ထိုက်သည်ဆိုသည်မှာ မည်သည့်အဓိပ္ပာယ်ဖြစ်သနည်း။ ဤသည်မှာ ၎င်းတို့သည် အခက်အခဲများ၊ သို့မဟုတ် ဆုတ်ဆိုင်းမှုများ ကြုံတွေ့ရသောအခါတွင် ကျရှုံးနိုင်ခြေများပြီး အပျက်သဘောဆောင်ကာ အားနည်းလာနိုင်ခြေများသည်ကို ဆိုလိုသည်။ မကြာခဏ အပျက်သဘောဆောင်ပြီး အားနည်းသူသည် ယုံကြည်ထိုက်သောသူတစ်ယောက်ဖြစ်သလော။ သေချာပေါက်မဟုတ်ပေ။ သို့သော် သမ္မာတရားကို နားလည်သောသူတို့သည် ဤသို့မဟုတ်ပေ။ သမ္မာတရားကို အမှန်တကယ် နားလည်သောသူတို့သည် အသေအချာပင် ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံး၊ ဘုရားသခင်ကို နာခံသောစိတ်နှလုံးရှိကြသည်။ ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးရှိသောလူတို့သည်သာ ယုံကြည်ထိုက်သောလူများဖြစ်သည်။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိသောသူတို့သည် မယုံကြည်ထိုက်ပေ။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိသောသူတို့ကို မည်သို့ ချဉ်းကပ်သင့်သနည်း။ ချစ်ခင်သော ကူညီပံ့ပိုးမှုကို ၎င်းတို့အား ပေးသင့်သည်မှာ မှန်ပေသည်။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သောအခါ ၎င်းတို့ကို ပို၍ စစ်ဆေးကြည့်ရှုသင့်သည်။ ပို၍ လမ်းပြကူညီပေးသင့်သည်။ ထိုအခါမှသာ ၎င်းတို့တာဝန်ကို ထိရောက်စွာ ထမ်းဆောင်ရန် စိတ်ချနိုင်သည်။ ဤသို့လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်သည် အဘယ်နည်း။ အဓိက ရည်ရွယ်ချက်မှာ ဘုရားအိမ်တော်၏ အလုပ်ကို ထိန်းသိမ်းရန်ဖြစ်သည်။ ဒုတိယအနေဖြင့် ပြဿနာများကို ချက်ချင်း ခွဲခြားဖော်ထုတ်ရန်၊ ၎င်းတို့ကို ချက်ချင်းပံ့ပိုးရန်၊ ထောက်ပံ့ရန်၊ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်ရန်၊ ၎င်းတို့၏ လမ်းလွဲမှုများကို တည့်မတ်ရန်၊ ၎င်းတို့၏ အားနည်းချက်များ၊ ချို့ယွင်းချက်များကို ဖာထေးလုပ်ဆောင်ရန်ဖြစ်သည်။ ဤသည်မှာ လူတို့အတွက် အကျိုးဖြစ်သည်။ ဤအရာနှင့်ပတ်သက်၍ မလိုမုန်းထားခြင်းတစ်ခုမျှမရှိပေ။ လူတို့ကို ကြီးကြပ်ခြင်း၊ စောင့်ကြည့်ခြင်း၊ ၎င်းတို့ကို သိကျွမ်းအောင်လုပ်ဆောင်ခြင်းတို့အားလုံးသည် ဘုရားသခင်အား ယုံကြည်ရာတွင် မှန်ကန်သောလမ်းကြောင်းကို ၎င်းတို့ဝင်ရောက်စေဖို့ ကူညီပေးရန်၊ ၎င်းတို့တာဝန်ကို ဘုရားသခင်တောင်းဆိုသည့်အတိုင်းနှင့် စည်းမျဉ်းနှင့်အညီ ထမ်းဆောင်နိုင်အောင် ပြုလုပ်ပေးရန်ဖြစ်သည်။ ဤသို့ဖြင့် မည်သည့်အနှောင့်အယှက်၊ အဖျက်အဆီးကိုမျှ ၎င်းတို့ မဖြစ်စေရန်၊ အချိန်မဖြုန်းစေရန်ဖြစ်သည်။ ဤသို့လုပ်ဆောင်ခြင်း၏ ရည်ရွယ်ချက်သည် ၎င်းတို့အပေါ်တွင်လည်းကောင်း။ ဘုရားအိမ်တော်၏အလုပ်အပေါ်တွင်လည်းကောင်း ရှိသောတာဝန်မှ လုံးလုံးလျားလျား ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဤတွင် မလိုမုန်းထားခြင်းမရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) “ဘုရားသခင်၏ အိမ်တော်သည် တာဝန် ထမ်းဆောင်သူတို့ကို ကြီးကြပ်၊ စောင့်ကြည့်ကာ စစ်ဆေးသည်။ ဘုရားသခင့် အိမ်တော်၏ ဤစည်းမျဉ်းကို သင်တို့ လက်ခံနိုင်သလော။ (လက်ခံနိုင်ပါသည်။) သင့်အား ကြီးကြပ်ရန်၊ စောင့်ကြည့်လေ့လာရန်၊ စစ်ဆေးရန် ဘုရားအိမ်တော်ကို သင်အခွင့်ပေးနိုင်လျှင် အလွန်ကောင်းသောအရာဖြစ်သည်။ သင့်တာဝန်ကို ထမ်းဆောင်ရာတွင်၊ သင်၏ တာဝန်ကို ကျေနပ်ဖွယ်ရာ ထမ်းဆောင်ပြီး ဘုရားအလိုတော်ကို ဖြည့်ဆည်းခြင်းတွင် ယင်းက သင့်အတွက် အထောက်အကူ ဖြစ်သည်။ ယင်းသည် မကောင်းသည့်အချက် လုံးဝ မရှိဘဲ လူတို့ကို အကျိုးပြုပြီး ကူညီပေး၏။ ဤအရာနှင့် စပ်လျဉ်းသည့် စည်းမျဉ်းများကို လူတစ်ယောက်က နားလည်သွားသည်နှင့် ထိုသူသည် ခေါင်းဆောင်များ၊ အမှုဆောင်များ၊ ဘုရားသခင်ရွေးချယ်ထားသော လူများ၏ ကြီးကြပ်မှုကို အတိုက်အခံဖြစ်သော၊ ခုခံသော ခံစားချက်တစ်ခုတလေ မရှိသင့်တော့သလော၊ သို့မဟုတ် ရှိသင့်သလော။ သင်သည် ရံဖန်ရံခါ စစ်ဆေးခံရခြင်း၊ စောင့်ကြည့်ခံရခြင်း ရှိနိုင်ပြီး သင်၏ အလုပ်သည်လည်း စောင့်ကြည့်ခံရနိုင်သည်။ သို့သော် ဤသည်မှာ ပုဂ္ဂိုလ်ရေးကို ထိပါးသည်ဟု မှတ်ယူရမည့်အရာ မဟုတ်ပေ။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ယခုတွင် သင်၏ အလုပ်များ၊ သင်ထမ်းဆောင်သော တာဝန်နှင့် သင်လုပ်ဆောင်သော မည်သည့်အလုပ်မဆိုသည် မည်သူတစ်ဦးတစ်ယောက်မျှ၏ အတွင်းရေးကိစ္စများ၊ သို့မဟုတ် ကိုယ်ရေးကိုယ်တာအလုပ် မဟုတ်ပေ။ ယင်းတို့သည် ဘုရားအိမ်တော်၏ အလုပ်နှင့် ဆက်စပ်နေပြီး ဘုရားအလုပ်၏ တစ်စိတ်တစ်ပိုင်းနှင့် ဆက်နွှယ်နေသည်။ ထို့ကြောင့် တစ်စုံတစ်ယောက်သည် အချိန်အနည်းငယ်သုံး၍ သင့်ကို စောင့်ကြည့်စစ်ဆေးသည့်အခါ၊ သို့မဟုတ် လေ့လာသည့်အခါ၊ သို့မဟုတ် အသေးစိတ်မေးခွန်းများ မေးသောအခါတွင်လည်းကောင်း၊ တစ်ခါတစ်ရံတွင် ၎င်းတို့၏ သဘောထားသည်ပင် အနည်းငယ် ကြမ်းတမ်းသောအခါ၊ သင့်ကို အနည်းငယ် ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်သောအခါ၊ ပဲ့ပြင်ဆုံးမပြီး အပြစ်တင်သောအခါတွင်လည်းကောင်း ဤအရာအားလုံးတို့သည် ဘုရားအိမ်တော်၏ အလုပ်အပေါ်တွင် ၎င်းတို့၌ သိတတ်မှုရှိသော၊ တာဝန်သိတတ်သော သဘောထားတစ်ခု ရှိသောကြောင့်ဖြစ်သည်။ ဤအပေါ်တွင် သင်သည် အပျက်သဘောဆောင်သော အတွေးများ၊ သို့မဟုတ် ခံစားချက်များ မရှိသင့်ပေ။ အခြားလူတို့၏ ကြီးကြပ်မှု၊ စောင့်ကြည့်လေ့လာမှုနှင့် မေးခွန်းထုတ်မှုတို့ကို သင်လက်ခံနိုင်လျှင် ယင်းမှာ အဘယ်အဓိပ္ပာယ်ရသနည်း။ ယင်းကသင့်စိတ်နှလုံးတွင် သင်သည် ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံသည်ဟု အဓိပ္ပာယ်ရသည်။ သင်သည် သင့်အပေါ် လူတို့၏ ကြီးကြပ်မှု၊ စောင့်ကြည့်လေ့လာမှုနှင့် မေးခွန်းထုတ်မှုတို့ကို လက်မခံလျှင်၊ ဤအရာအားလုံးတို့ကို သင်က ငြင်းဆန်လျှင် ဘုရားသခင်၏ စိစစ်မှုကို သင်လက်ခံနိုင်စွမ်းရှိသလော။ ဘုရားသခင်၏ စိစစ်ခြင်းသည် ပို၍ အသေးစိတ်ကာ နှံ့စပ်ပြီး လူတို့၏မေးခွန်းထုတ်ခြင်းထက် ပို၍ တိကျမှန်ကန်သည်။ ဘုရားသခင်တောင်းဆိုသောအရာသည် ဤထက် ပို၍ အသေးစိတ်ပြီး တိကျမှုရှိကာ နှံ့စပ်၏။ ထို့ကြောင့် ဘုရားသခင်ရွေးချယ်ထားသောသူများ၏ စောင့်ကြည့်စစ်ဆေးခြင်းကို သင် လက်မခံနိုင်လျှင်၊ ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံနိုင်ကြောင်း သင်၏ အခိုင်အမာပြောဆိုချက်သည် အနှစ်မဲ့သော စကားများ မဟုတ်သလော။ ဘုရားသခင်၏ စိစစ်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို သင်လက်ခံနိုင်ဖို့အတွက်၊ သင်သည် ဘုရားအိမ်တော်၏ စောင့်ကြည့်စစ်ဆေးခြင်းကို ဦးစွာ လက်ခံနိုင်ရမည် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) ကျွန်မတို့အတွင်းထဲမှာ ဆိုးယုတ်တဲ့၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေရှိတာကြောင့် ကျွန်မတို့အလုပ်မှာ ခဏခဏ တစ်ဇွတ်ထိုးလုပ်တတ်ကြတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် ကျွန်မ သဘောပေါက်သွားတယ်။ ပြီးတော့ ကျွန်မတို့ရဲ့ ညံ့ဖျင်းပြီး ပျင်းရိတဲ့သဘာဝကြောင့် တာဝန်တွေမှာ ကျွန်မတို့က ခဏခဏ ဝတ်ကျေတန်းကျေလုပ်ပြီး ရလဒ်ကောင်းတွေထွက်ဖို့ မကြိုးစားဘူး။ ပြီးတော့လည်း စည်းမျဉ်းတွေကို နည်းပေါင်းစုံနဲ့ ဆန့်ကျင်ကြတယ်။ ဒါကြောင့် အသင်းတော်အလုပ်က ချောမွေ့စွာ တိုးတက်အောင် သေချာလုပ်ဖို့အတွက် ကြီးကြပ်ပြီး စစ်ဆေးဖို့ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေ လိုပါတယ်။ ဒါက ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေအပေါ် ဘုရားသခင် တောင်းဆိုတဲ့အရာဖြစ်ပြီး သူတို့အလုပ်ရဲ့ အရေးကြီးတဲ့ ကဏ္ဍတစ်ခုဖြစ်တယ်။ ဒါကြောင့် ခေါင်းဆောင်နဲ့ အမှုဆောင်တွေရဲ့ ကြီးကြပ်မှုနဲ့ လမ်းပြမှုကို ကျွန်မ နာခံပြီး လက်ခံသင့်တယ်။ ပြီးတော့ ကျွန်မက ခေါင်းဆောင်က ကြီးကြပ်တာ၊ စစ်ဆေးတာတွေက ကျွန်မတာဝန်မှာ ကျွန်မကို နှောင့်နှေးစေပြီး ကျွန်မအလုပ်လုပ်တာကို ထိခိုက်မယ်လို့ ထင်ပြီးတော့ မမှန်ကန်တဲ့ အယူအဆကို လက်သင့်ခံခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်းတော့ ခေါင်းဆောင်တွေက ပြဿနာတွေကို ရှာဖွေဖို့၊ ကျွန်မတို့ ကိစ္စတွေကို ကူဖြေရှင်းပေးပြီး ပြဿနာတွေကို ပြုပြင်ဖို့အတွက် အလုပ်ရဲ့ အသေးစိတ်အချက်တွေကို စူးစမ်းတာပါ။ ဒါကြောင့် တကယ်တမ်းမှာ ကျွန်မတို့အလုပ် စွမ်းဆောင်မှုကို တိုးတက်စေတယ်။ တိုးတက်မှုကို နှောင့်နှေးအောင်မလုပ်ဘူး။ ဥပမာ တစ်ခါတော့ ခေါင်းဆောင်က ကျွန်မတို့အလုပ်ကို စစ်နေတဲ့အချိန်မှာ ကျွန်မတို့က လူသစ်တွေကို ချစ်ခြင်း၊ စိတ်ရှည်ခြင်းနဲ့ ရေလောင်းမပေးဘဲ သူတို့အပေါ် ကျွန်မတို့ တောင်းဆိုတာတွေက မြင့်လွန်းနေတယ်ဆိုတာ သူက သတိထားမိတယ်။ ဒါကြောင့် တချို့ လူသစ်တွေက အပျက်သဘောဆောင်ပြီး သူတို့တာဝန်ကို မထမ်းဆောင်ကြတော့ဘူး။ ခေါင်းဆောင်ရဲ့ မိတ်သဟာယကတစ်ဆင့်ပဲ အလုပ်မှာရှိနေတဲ့ ပြဿနာတွေကို ကျွန်မတို့ မြင်နိုင်ကြတယ်။ အဲဒီနောက်တော့ ကျွန်မတို့က လူသစ်တွေရဲ့ ပြဿနာတွေကို ကိုင်တွယ်ဖို့အတွက် ဘုရားနှုတ်ကပတ်တော်ကို အသုံးပြုပြီး သူတို့နဲ့ မိတ်သဟာယဖွဲ့တယ်။ သူတို့တာဝန်တွေကို ထမ်းဆောင်ရခြင်း အဓိပ္ပာယ်ကို အသိပေးတယ်။ လူသစ်တွေကို သူတို့ရဲ့ တကယ့်ဝိညာဉ်ရင့်ကျက်မှုကို အခြေခံပြီး အလုပ်တွေ ချပေးတယ်။ အဲဒီနောက်တော့ သူတို့အခြေအနေတွေက တိုးတက်ပြီး သူတို့တာဝန်တွေကို ပုံမှန် လုပ်နိုင်ကြတယ်။ ခေါင်းဆောင်ရဲ့ ကြီးကြပ်မှုနဲ့ လမ်းပြမှုက ကျွန်မတို့အလုပ်အပေါ် မကောင်းတဲ့ သက်ရောက်မှု မရှိရုံမကဘဲ ကျွန်မတာဝန်မှာ ကျွန်မကို စည်းမျဉ်းတွေ ပိုနားလည်စေတယ်ဆိုတာ မြင်သွားတယ်။ ဒါတွေအားလုံးက အလုပ်အပေါ် ခေါင်းဆောင်ရဲ့ ကြီးကြပ်မှုနဲ့ လမ်းပြမှုကို လက်ခံခြင်းရဲ့ အကျိုးအမြတ်တွေပဲ။ ခေါင်းဆောင်ရဲ့ ကြီးကြပ်မှုကို လက်ခံတာဟာ အသင်းတော်အလုပ်အပေါ် တာဝန်သိတတ်တဲ့ သဘောထားတစ်ခုပဲ၊ ကိုယ့်တာဝန်မှာ ကိုယ်ထားရှိရမယ့် လက်တွေ့လုပ်ဖို့ စည်းမျဉ်းတစ်ခုပဲဆိုတာ ကျွန်မ နားလည်သွားတယ်။
အချိန်နည်းနည်းကြာပြီးတဲ့နောက်မှာ ခေါင်းဆောင်က ကျွန်မကို လူသစ်တွေကို ရေလောင်းတာ ဆက်လုပ်ဖို့ တာဝန်ပေးတယ်။ ဘုရားသခင်ကို ကျွန်မ အရမ်းကျေးဇူးတင်မိတယ်။ အဲဒီနောက်တော့ ခေါင်းဆောင်က ကျွန်မတို့အလုပ်မှာ ကျွန်မတို့ကို စစ်ဆေးပြီး လမ်းပြတဲ့အခါ ကျွန်မ အတိုက်အခံမဖြစ်တော့ဘူး။ ခေါင်းဆောင်ရှာတွေ့တဲ့ ပြဿနာတွေကို အာရုံစိုက်နိုင်တယ်။ ကျွန်မတို့ တွဲဖက်တွေနဲ့အတူ တာဝန်တွေမှာ ပြဿနာတွေကို တက်တက်ကြွကြွဆွေးနွေးပြီး အနှစ်ချုပ်တယ်။ ကျွန်မတို့အလုပ်မှာရှိနေတဲ့ ပြဿနာတွေအကြောင်း ပိုပြီး ရှင်းရှင်းလင်းလင်း သိလာတဲ့အခါမှာ ကျွန်မတို့အလုပ် စွမ်းဆောင်မှုက တဖြည်းဖြည်းချင်း ပြောင်းလဲလာတယ်။ ကျွန်မတို့ တာဝန်တွေမှာ ခေါင်းဆောင်တွေရဲ့ ကြီးကြပ်မှုနဲ့ လမ်းပြမှုကို လက်ခံခြင်း၊ သမ္မာတရားအပေါ် လက်ခံတဲ့ သဘောထားရှိခြင်း၊ စည်းမျဉ်းတွေနဲ့အညီ အလုပ်ကို ဆောင်ရွက်ခြင်းတွေအားဖြင့်သာ တာဝန်တွေမှာ ရလဒ်ကောင်းတွေရနိုင်တယ်လို့ ကျွန်မ တကယ် ခံစားမိခဲ့တယ်။ ကျေးဇူးတော်ပဲ။